← Chapters

အခန်း (၁၀၆-၁၀၈)

Vol. 8 Ch. 106-108

အခန်း (၁၀၆-၁၀၈)

Vol. 8 Ch. 106-108

အပိုင်း(၁၀၆)

ဟွာဆန်းက ပျက်သုန်းမှာ မဟုတ်ဘူး (၁)

ဟွာဆန်းတောင်ပေါ်တွင် တိုက်ခတ်နေသောလေထုများပင် ပြောင်းလဲသွားလေသလားဟု ထင်ရလေသည်။

မည်သူကမှလည်း ပါးစပ်မပိတ်နိုင်ကြတော့ပေ။

ကွင်းထဲတွင် မြင်လိုက်ရသည့်မြင်ကွင်းက လူတိုင်းအား စွံ့အသွားစေပြီး မည်မျှပင်ကြောက်မက်ဖွယ်ကောင်းသောမြင်ကွင်းဖြစ်သည်ကို ထုတ်ပင်မပြောနိုင်ကြတော့ပေ။ သိုင်းပညာအား နားမလည်သည့်လူများပင် ဤသည်က သာမန်ဖြစ်ရပ်မဟုတ်သည်ကို နားလည်ကြပေသည်။

အကြီးအကဲဆောင်းကမူ ချွန်းမြောင်အား တုန်လှုပ်နေသောမျက်လုံးများနှင့် ကြည့်နေလေသည်။

ဒီအခြေခံသိုင်းကွက်လေးနဲ့တင်...

ငါကပဲ ယုဘတ်ကို အထင်ကြီးလွန်းနေတာလား...

ယုဘတ်က အဲ့ဒီကလေးကို တချက်လေးတောင် မထိလိုက်ရဘူးလေ...

ထိုကလေး၏ သိုင်းကွက်များက စီးဆင်းနေသော ရေအလျင်လိုပင် အခက်အခဲအတားအဆီးမရှိ စီးဆင်းသွားခြင်း ဖြစ်လေသည်။ မည်သူကမှပင် တားဆီးထားနိုင်ခြင်း မရှိလိုက်ပေ။

ငါဆိုရင်ရော ဒီကလေးကို တားဆီးနိုင်လောက်လား...

အကြီးအကဲဆောင်း သူ၏ခေါင်းထဲတွင် ရုတ်တရက်ပေါ်လာသောမေးခွန်းကို သူကိုယ်တိုင်ပင် မဖြေနိုင်ချေ။

ယုဘတ်၏အဖြစ်ဆိုးကြီးက အကြီးအကဲဆောင်းကိုပင် ခြိမ်းခြောက်နိုင်သော ဖြစ်ရပ်ကြီးတစ်ခုဖြစ်လာလေသည်။ ဤကဲ့သို့ အခြေခံသိုင်းကွက်လေးနှင့်ပင် အဆင့်တစ်ခုရှိသောလူအား ရိုက်ချိုးလိုက်နိုင်သည်ဆိုသည်က သာမန်မဟုတ်တော့ပေ။ တမူထူးခြားနေလေသည်။

အကြီးအကဲဆောင်းသည်ပင် ချွန်းမြောင်ကဲ့သို့ အခြေခံသိုင်းကွက်လေးနှင့်ပင် အနိုင်တိုက်နိုင်မည် ဆိုသည်က မဖြစ်နိုင်သောကိစ္စပေ။ ဤသည်က မည်သူမဆို အလွယ်တကူမလုပ်နိုင်သောကိစ္စပေ။

သူက ဘယ်လိုများ လုပ်လိုက်တာလဲ...

ဤသို့ အခြေခံသိုင်းကွက်လေးနှင့် အနိုင်ပိုင်းလိုက်သည်က သူ၏သိုင်းပညာသည် သာမန်မဟုတ်ဟု သွယ်ဝိုက်ပြောဆိုနေသကဲ့သို့ပင်။ ဤအရွယ်လေးနှင့် ဤမျှတော်နေလျှင် အရွယ်ရောက်လာသည့်အချိန်တွင်မူ နှိုင်းယှဉ်၍ မရနိုင်သောသူပင် ဖြစ်လာနိုင်လေသည်။ ဟွာဆန်းအား အထောက်အကူပြုမည့် အင်အားကြီး လူတစ်ယောက်ဖြစ်လာနိုင်လေသည်။

အတွေးများနေသော အကြီးအကဲဆောင်း၏ စိတ်အား လှုံဆော်လိုက်သည့် အသံတစ်ခုက ထွက်ပေါ်လာလေသည်။

"နောက်တစ်ယောက်"

အကြီးအကဲဆောင်းက ချွန်းမြောင်ကို လှမ်းကာကြည့်လိုက်လေသည်။ ချွန်းမြောင်၏ မျက်လုံးများက အသူရာနက်သောချောက်ကဲ့သို့ပင် နက်ရှိုင်းနေပြီး သူ၏ ဓါးကလည်း တောင်ဘက်အစွန်အဖျားဂိုဏ်းဘက်သို့ ညွှန်ထားလေသည်။

သူ့ကိုတော့ သေချာပေါက် တားနိုင်မှ ဖြစ်တော့မယ်..

အကြီးအကဲဆောင်း ချွန်းမြောင်အား တားဆီးနိုင်မည့်သူကို အကြီးအကျယ်လိုအပ်နေပြီ ဖြစ်လေသည်။ မဟုတ်ပါက ဤကလေးသည် အတိတ်တွင် ကျော်ကြားခဲ့သော 'ဇီးပန်းပွင့်ဓါးသူရဲကောင်း' လိုပင် အရာအားလုံးကို တိုက်စားသွားတော့မည်ဟု ခံစားရလေသည်။

"အကြီးအကဲ"

"အင်း"

အကြီးအကဲဆောင်းသည် သူ၏တပည့်များထဲမှ မည်သူက ချွန်းမြောင်အား ယှဉ်နိုင်မည်ဆိုသည်နှင့် မည်သူ့ကိုလွတ်ရမည်ဆိုသည်ကို အတွေးများခေါင်းစားနေရပြီ ဖြစ်လေသည်။ စဉ်းစားရခက်နေသောကြောင့်လည်း အံကိုတင်းတင်းကြိတ်လိုက်လေသည်။

ငါ ဘယ်သူ့ကို လွတ်ရမလဲ...

ဂျွန်ဆိုဟန်သည် ချွန်းမြောင်အား ကြည့်ကာ ကြုံးဝါးလိုက်လေသည်။

"အကြီးအကဲ...ကျွန်တော် သွားလိုက်ပါမယ်...ကျွန်တော် သူ့ကိုပညာပေးပြီး ဟွာဆန်းက လူတွေကို သင်ခန်းစာပေးလိုက်ပါမယ်"

"..."

တောင်ဘက်အစွန်အဖျားဂိုဏ်း၏ တပည့်များကမူ ချွန်းမြောင်၏ အင်အားကို ခန့်မှန်းနိုင်ခြင်း မရှိပေ။ ထို့အပြင် သူတို့ရင်ဆိုင်နေရသည့်အရာသည်ကလည်း မည်မျှအန္တာရယ်များသည်ကို မသိသေးပေ။

ငါ ဘယ်လိုလုပ်ရမလဲ...

အကြီးအကဲဆောင်းကမူ စိုးရိမ်မှုက ကြီးမားနေရပြီ ဖြစ်လေ၏။

"ဆိုဟန်"

"ဟုတ်ကဲ့ပါ..အကြီးအကဲ"

"လွယ်လွယ်နဲ့ မရှုံးစေနဲ့... တတ်နိုင်သလောက် သူ့ကိုလည်း ဒုက္ခများအောင် လုပ်ခဲ့"

"ဘယ်လို"

"အကြီးအကဲ ဘယ်လိုများပြောလိုက်တာလဲ"

အကြီးအကဲဆောင်း၏ အမှာစကားကြောင့် ဂျွန်ဆိုဟန်အပါအဝင် အခြားသူများကပါ အံဩသွားကြလေပြီး နားမလည်စွာနှင့်ပင် ခေါင်းငြိမ့်ကြလေသည်။

"အကြီးအကဲပြောသလို ဖြစ်အောင် ကြိုးစားပါ့မယ်"

"သွားတော့"

"ဟုတ်ကဲ့"

ဂျွန်ဆိုဟန်က သူ၏လက်စွဲတော်ဓါးကိုဆွဲကာ ထွက်လာခဲ့လေသည်။ ထိုအချိန်မှသာ တစ်လျောက်လုံးတိတ်ဆိတ်နေသော ဂျင်ဂွမ်ရုန်က စကားစလာလေသည်။

"အကြီးအကဲ"

"ပြောရမှာတော့ ခက်တယ်...ဒါပေမယ့်..."

အကြီးအကဲ‌ဆောင်းက ဂျင်ဂွမ်ရုန်၏မျက်နှာကို လှမ်းကြည့်လိုက်လေသည်။ ဂျင်ဂွမ်ရုန်၏ မျက်နှာက ခက်ထန်နေပြီး လက်သီးကိုလည်း တင်းတင်းဆုပ်ထားကာ လက်ရှိအခြေအနေကိုလည်း သဘောပေါက်ပုံမရပေ။

တစ်ခုပင်။ ဂျင်ဂွမ်ရုန်က လက်ရှိအခြေအနေကြောင့် သိသိသာသာပင် အေးစက်နေပုံတော့ ပေါက်လေသည်။ ဒေါသလည်း ထွက်နေပုံရလေသည်။ ဒေါသဆိုသည်ထက် ခံပြင်းနေသည့်စိတ်က ပို၍ပင် ကဲနေသည် ထင်သည်။

အကြီးအကဲဆောင်းကမူ မမြင်ဟန်ပြုကာသာ မျက်နှာလွဲလိုက်ပြီး ဂျင်ဂွန်ရုန်၏ ဆန္ဒကို အသိအမှတ်မပြုသည်မို့ ဂျင်ဂွမ်ရုန် သက်ပြင်းရှည်ကြီးကို ချလိုက်လေသည်။

ငါက သတိလက်လွတ် လုပ်တတ်တဲ့သူလည်း မဟုတ်...ပြိုင်ဘက်ကို အထင်သေးတတ်တဲ့သူလည်းမဟုတ်...

ယုံကြည်ချက်လွန်ကဲနေတာလည်း မဟုတ်ဘဲနဲ့ ဘာလို့ငါ့ကို မလွတ်ရတာလဲ...

ဂျင်ဂွန်ရုန်သည် မိမိသာအကောင်းဆုံးကြိုးစားပါက ထိုကလေးအားသေချာပေါက်အနိုင်ယူနိုင်လိမ့်မည်ဟု ယုံကြည်လေသည်။ ယုဘတ် ထိုသို့ အဖြစ်ဆိုးနှင့်ကြုံတွေ့ရသည်က သတိလက်လွတ်ဖြစ်သွားသောကြောင့်လည်း ထင်လေ၏။

"ငါ မင်းကို ယုဘတ်အတွက် လက်စားချေပေးဖို့ အမိန့်ပေးတယ်..ပြီးတော့.."

စကားလုံးများက လည်ပင်းဝတွင် တစ်စို့နေပြီး ဆက်ကာထွက်မလာတော့ပေ။ တိတ်ဆိတ်မှုသာ စိုးမိုးသွားလေသည်။

ဂျင်ဂွန်ရုန်သည် သူတို့၏တောင်ဘက်အစွန်အဖျားဂိုဏ်း၏ တပည့်များရှေ့တွင် မားမားကြီးရပ်နေသော ချွန်းမြောင်ကို ကြည့်ကာ အရှိန်အဝါတစ်ခုကို ခံစားရသကဲ့သို့ လေးလံလာလေသည်။ ဂျွန်ဆိုဟန်သည်လည်း ဖိအားတစ်ခုကို ခံစားလာရပြီး အနည်းငယ် တုန်လှုပ်လာလေသည်။

ဒါက ဘာများလဲ...

ထိုအရှိန်အဝါက မည်သို့သောအရာက ဆင်းသက်ထွက်ပေါ်လာသည်ကို မသိသော်လည်း အတော်လေးပင် အင်အားကြီးသည်ကိုတော့ သေချာသိလေသည်။ ဤသို့သော အရှိန်အဝါမျိုးကို မည်သူ့ဆီမှ မခံစားဖူး၍ ချွန်းမြောင်ကဲ့သို့သော ကလေးတစ်ယောက်မှ ထိုသို့သော အရှိန်အဝါရှိလာမည်ဟုလည်း မထင်ထားပေ။

ဂျွန်ဆိုဟန် လေးလံနေသောစိတ်ကို အသာတင်းကာ ကွင်းထဲသို့ ဝင်လာပြီး ချွန်းမြောင်အား မျက်နှာချင်းဆိုင်လိုက်လေသည်။ သူ၏ရှေ့တွင် မားမားထီးထီး ရပ်နေသော ချွန်းမြောင်ကို မြင်လိုက်ရသည့်အခါတွင်မူ လန့်ပင်လန့်သွားလေ၏။

ချွန်းမြောင်၏ မျက်လုံးများကမူ ထီမထင်သည့်အရိပ်အယောင်များ အပြည့်နှင့်ပင်။ အန္တာရယ် များပုံလည်း ပေါ်နေလေသည်။

ဂျွန်ဆိုဟန်ကမူ အန္တာရယ်ကို နားမလည်စွာဖြင့်ပင် နေရာယူလိုက်လေသည်။

ဝှီး...

ချွန်းမြောင်က ဖြေးညင်းစွာဖြင့် ခြေလှမ်းတစ်လှမ်း လှမ်းလိုက်လေသည်။ ချွန်းမြောင် ခြေလှမ်းတစ်လှမ်းလိုက်သည်ကို အားလုံးက မြင်လိုက်ကြလေပြီး ချွန်းမြောင်ကမူ ခြေတစ်လှမ်းနှင့်ပင် ဂျွန်ဆိုဟန်၏ ရှေ့သို့ ရောက်သွားလေပြီ ဖြစ်၏။

ချွန်းမြောင်သည် မြေကြီးပေါ်တွင် ရပ်နေရင်းမှသည် ခြေတစ်ဖက်အား အားယူကာ ရှေ့ထုတ်လိုက်ပြီး လက်မှလည်း ဓါးကိုလွဲကာ အရှိန်ယူလိုက်လေသည်။ ကိုယ်ခန္ဓာအပေါ်ပိုင်း၏ လှုပ်ရှားမှုကို ထိန်းရန် ခြေတစ်ဖက်က ရှေ့ထုတ်ကာ ထိန်းထားသည့်မို့ ဓါးနှင့် ခန္ဓာကိုယ်၏ လှုပ်ရှားမှုက ဟန်ချက်ညီနေလေသည်။

ဘမ်း...

ရိုးရိုးရှင်းရှင်းပင်။ ဆန်းပြားမှု တစ်စုံတစ်ရာမပါဘဲ ခွန်အား၊ အလျင်၊ အရှိန်တို့၏ သာမန်ပေါင်းစပ်မှုတစ်ခုကပင် ပြီးပြည့်စုံသော သိုင်းကွက်တစ်ခုဖြစ်လာစေပြီး အခြေခံသိုင်းကွက်တစ်ခုကိုပင် အင်အားကြီးသော သိုင်းကွက်တစ်ခုပမာ အသွင်ပြောင်းသွားစေသည်။

ဂျွန်ဆိုဟန်ကမူ ခြေတစ်လှမ်းနှင့်ပင် သူ၏ရှေ့သို့ ရောက်ရှိလာသည်ကို မြင်သည်နှင့် ဒူးများ တုန်နေပြီဖြစ်ပြီး ချွန်းမြောင်၏ နောက်ထပ်လှုပ်ရှားမှုတွင်မူ ရှောင်ပင်မရှောင်ရှားနိုင်တော့ပေ။ ဟန်ချက်ပျက်ကာ ဓါးချက်ကို မကာကွယ်လိုက်နိုင်ဘဲ ချွန်းမြောင်၏ဓါးချက်က သူ၏ ခေါင်းပေါ်သို့ ကျလာသည်ကိုသာ မျက်စိမှိတ်ကာ လက်ခံလိုက်လေတော့သည်။

"အား..."

ကြောက်ရွံမှုကြောင့် တကိုယ်လုံးပင် တဆတ်ဆတ်တုန်ယင်နေပြီး မျက်စိလည်း မဖွင့်ရဲပေ။

ဘမ်း...

ဂျွန်ဆိုဟန်က မြေပြင်ပေါ်သို့ လဲကျကာ သွေးများ ဒလဟော ကျဆင်းလာလေတော့သည်။

ဓါးချက်တစ်ချက်တည်းပင်။

ဓါးချက်တစ်ချက်တည်းနှင့်ပင် ဂျွန်ဆိုဟန်က မေ့မြောသွားခဲ့ပြီ ဖြစ်လေသည်။ တောင်ဘက်အစွန်အဖျားဂိုဏ်း၏ ဒုတိယတန်း တပည့်တစ်ယောက်အား ဟွာဆန်း၏တတိယတန်း တပည့်တစ်ဦးက ဓါးချက်တစ်ချက်တည်းနှင့် လက်စသတ်လိုက်ခြင်းပင်။

အားလုံးက အံ့အားသင့်မှုကြောင့် နောက်တဖန်တိတ်ဆိတ်သွားလေကြပြီး ချွန်းမြောင်ကမူ အေးအေးလူလူ ထပ်ပြောလာလေသည်။

"နောက်တစ်ယောက်"

ချွန်းမြောင်က ပြောလည်းပြောကာ တောင်ဘက်အစွန်အဖျားဂိုဏ်းမှ လူများရှိရာဘက်သို့ အေးစက်စွာလည်း ကြည့်လာလေသည်။

ယခုပွဲစဉ်ပြီးနောက်တွင်မူ တောင်ဘက်အစွန်အဖျားဂိုဏ်းမှ လူများသည် လက်ရှိအခြေအနေကို နားလည်သွားကြလေပြီ ဖြစ်ပြီး သရဲ တစ္စေတစ်ကောင်နှင့် ရင်ဆိုင်နေကြရသည့်အလား မျက်နှာများ ပျက်ယွင်းလာကြလေသည်။

မပြီးသေးဘူးနော်...ကျန်သေးတယ်...

လူများအားလုံးက အံ့ဩတုန်လှုပ်နေကြပြီ ဖြစ်သော်လည်း ချွန်းမြောင်ကမူ ထပ်မံကာ ပြသရမည့် စွမ်းရည်များက ကျန်နေလေပြီး ယခုမြင်ရသည်များက ပမာဏဥပမာ ပြထားခြင်းသာ ဖြစ်လေသည်။

ကြွားဝါနေသည်မဟုတ်သော်လည်း ထိုသို့ပြုလုပ်ရန် လိုအပ်သည့်အနေအထားပေမို့ လုပ်နေရခြင်းလည်း ဖြစ်လေသည်။ တောင်ဘက်အစွန်အဖျားဂိုဏ်းကိုက ထိုက်တန်သော ပြစ်ဒဏ်ကိုတော့ ခံစားစေသင့်သည် မဟုတ်ပါလား။

ယနေ့တွင်မူ ချွန်းမြောင်သည် တောင်ဘက်အစွန်အဖျားဂိုဏ်းအား တသက်တာ မမေ့နိုင်ဖွယ်ရာ ဖြစ်ရပ်ကြီးကို ရင်ဆိုင်ခိုင်းတော့မည် ဖြစ်ပြီး တသက်တာလည်း နောင်တရနေစေရမည်ဟု ဆုံးဖြတ်ထားလေသည်။

မင်းတို့တွေက မလုပ်သင့်တာကို လုပ်ခဲ့ပြီးပြီဆိုတော့လည်း ငါကလည်း လုပ်သင့်တာကို ပြန်လုပ်ပေးရတော့မှာပါ...

ဟွာဆန်းဂိုဏ်းသည် လောကကြီးအား ကယ်တင်ရန်အတွက် အားလုံးကိုပေးဆပ်ခဲ့ပြီး အားလုံးကိုယ်စားလည်း အနစ်နာခံခဲ့လေသည်။ ဟွာဆန်း၏ အဖူးအညွှန့် သိုင်းသမားအားလုံး၏ အသက်ကိုပေးကာ သုံးလောကအား ကယ်တင်ခဲ့သော်လည်း ရလဒ်ကမူ ကျေးစွပ်ခံရခြင်းပင်။

အတွေးတို့နှင့်ပင် ဒေါသမီးက တောက်လောင်လာပြန်လေပြီး ချွန်းမြောင်၏ ရင်တွင်းမှ မီးကို ပိုမိုကာ လောင်မြိုက်စေသလိုပင်။

ငါတို့ ကာကွယ်ပေးတာကို ခံပြီး ငါတို့ရဲ့ နောက်ကျောကို ဓါးနဲ့ထိုးရဲတယ်....

တောင်ဘက်အစွန်အဖျားဂိုဏ်းက ဟွာဆန်း၏ ကာကွယ်မှုအောက်တွင် ချမ်းသာရာရခဲ့ပြီး ကျေးဇူးတရားအား မသိတတ်သည့်အပြင် ဟွာဆန်း၏ 'ဇီးပန်းပွင့်ဓါးသိုင်း' ကိုပင် ခိုးယူသွားခဲ့လေသေးသည်။ ဤမျှနှင့်ပင် မပြီးသေး။ ဟွာဆန်းဂိုဏ်းအား ပျက်စီးအောင်ပင် ဝါးထိုးကူသူများဖြစ်နေကြလေသေးသည်။

သူတို့သည်က သနားညှာတာမှုနှင့် ထိုက်တန်သော သူများမဟုတ်ကြပေ။

အကုန်လုံးကို အသိတရား ကောင်းကောင်းကြီး ရအောင် ဆုံးမပေးလိုက်မယ်...

ချွန်းမြောင်က တောင်ဘက်အစွန်အဖျားဂိုဏ်းကို စိစိညက်ညက်ချေလိုက်ခြင်သော်လည်း မတတ်နိုင်သည်မို့ အခွင့်အရေးအား စောင့်ဆိုင်းနေခဲ့သည်ဖြစ်ပြီး ယခုတွင်မူ အခွင့်အရေးက လက်တစ်ကမ်းသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်လေသည်။ ရင်ထဲတွင် နေ့စဉ်နှင့်အမျှ တောက်လောင်နေသော ဒေါသမီးကို တောင်ဘက်အစွန်အဖျားဂိုဏ်းသားများထံသို့ ပုံချကာ ယနေ့ငြိမ်းသတ်လေမည်။

ဆုံးဖြတ်ချက် ချထားပြီး ဖြစ်၍ ချွန်းမြောင် တည်တည်ငြိမ်ငြိမ်နှင့်ပင် ပြောလေသည်။

"နောက်တစ်ယောက်"

ချွန်းမြောင်၏ အသံကြောင့် တောင်ဘက်အစွန်အဖျားဂိုဏ်းမှ လူများက ထိတ်လန့်သွားလေပြီး ဂျွန်ဆိုဟန်ကို သယ်သူက သယ်သွားကြလေသည်။

တစ်ယောက်တည်းကသာ ချွန်းမြောင်နှင့် မျက်နှာချင်းဆိုင်တွင် ဓါးကိုဆွဲကိုင်ကာ ကျန်ခဲ့လေသည်။

ငါ 'ဟန်ချက်ထိန်းနည်း ခြောက်ဖြာ နည်းပညာ' ကို ပြသပြီးပြီးဆိုတော့ နောက်တစ်ဆင့်ကို ပြသရမယ့် အချိန်ပဲ..

ချွန်းမြောင် က သူ၏ ဟန်ချက်ကို ပြန်ကာပြင်လိုက်ကာ သိုင်းကွက်တစ်ချိုု့ကို ဖော်လိုက်လေသည်။

ချွန်းမြောင်၏ ဓါးချက်များကို ကြည့်ကာ သူ၏နောက်မှ အသံတစ်သံကလည်း ထွက်လာလေသည်။

"ပန်းကြွေဓါးသိုင်း"

ချွန်းမြောင်သည် အခြေခံသိုင်းကွက်တစ်ချိုု့ကို ပြသပြီးသည်နှင့် ဓါးကို ကောင်းကင်သို့ မြောက်ကာ သူ၏ရှေ့တွင်ရှိနေသော သူ၏ ဗဟိုချက်ကို ချိန်လိုက်လေသည်။ ထို့နောက်တွင်မူ တရှိန်ထိုးပြေးသွားလေတော့သည်။

ဂျိုဂု လက်သီးကို ဆုပ်ကာ ကြည့်နေလေသည်။

သူရဲ့ သိုင်းကွက်တွေက ပြောင်းသွားပြီ...

ချွန်းမြောင်၏ လှုပ်ရှားမှုအလုံးစုံက သိသိသာသာပင် ပြောင်းလဲသွားပြီ ဖြစ်လေသည်။ ယခင်သိုင်းကွက်များကဲ့သို့ တရစပ်ဖြစ်ပေါ်နေသည်မဟုတ်ဘဲ တိကျကာ သေသပ်သောလှုပ်ရှားမှုများအဖြစ်သို့ ပြောင်းလဲသွားခြင်း ဖြစ်လေသည်။

သိုင်းကွက်အနည်းငယ် ပြောင်းလဲမှုများကပင် လုံးလုံးလျားလျား ခြားနားသောပြောင်းလဲသော သိုင်းကွက်များအဖြစ်သို့ ပြောင်းလဲသွားလေပြီး လူတစ်ဦးတစ်ယောက်ထဲကပင် ဤသို့သော သိုင်းကွက်များကို ပေါင်းစပ်ပြသနေသည်က မယုံနိုင်ဖွယ်ရာပင်။

အပင်ကြီးတစ်ပင်တွင် ပွင့်နေသော ပန်းများက လေပြင်းကြောင့် ကြေလွှင့်လာကြပြီး အကိုင်းခက်များက လေအလွှင့်တွင် ယိမ်းနွဲ့နေကြသည့်နှယ်ပင်။

ချွန်းမြောင်၏ သိုင်းကွက်အပြောင်းလဲနှင့်အတူ အရှိန်ပြောင်းလဲမှုကလည်း ပြောမပြနိုင်ဖွယ်ရာ ဖြစ်လာလေသည်

။ အိမ်မက်ဆန်ဆန် လှပစွာပြသနေသော သိုင်းကွက်များနှင့် ချွန်းမြောင်သည် တဖက်လူရှိရာသို့ ချဉ်းကပ်သွားပြီး ဓါးချက်များက အဆက်မပြတ် သေသပ်စွာ ထိုးဖောက်လာလေတော့သည်။

"ခွမ်း.."

ဓါးချက်တစ်ချက်ကို ကာဆီးလိုက်လေ နောက်ထပ်ကျလာသော ဓါးချက်၏ အရှိန်နှင့် ဖိအားက ပိုများလာလေဖြစ်ပြီး ဓါးချက်များကလည်း ဆက်တိုက်ဆိုသလို ဖြစ်လာလေသည်။

တုံ့ပြန်ရန်ကြိုးစားလေ‌လေ တိုက်စစ်က ပြင်းထန်လာလေဖြစ်ပြီး ဓါးချက်များကို ဆက်ကာ မတားဆီးနိုင်တော့ပေ။

"အား"

ပိုမြန်သော ဓါးချက်က ထပ်ကျလာလေသည်။

"ခွမ်း"

ပို၍မြန်သော ဓါးချက်က ထပ်ကာကျလာလေသည်။

"အား..."

အဆုံးသတ်တွင်မူ ချွန်းမြောင်၏ ဓါးချက်ကိုပင် ရှောင်ရှားကာဆီးရန် နည်းလမ်း ရှာမတွေ့နိုင်တော့ပေ။ ဓါးချက်ကို တားဆီးလေ ဖိအားတို့က ပိုပြင်းလာလေဖြစ်ပြီး အရှံးပေးလိုက်ရန်ပင် တွန်းအားတို့ ဖြစ်လာလေတော့သည်။

ချွန်းမြောင်၏ ဓါးက တဖက်လူ၏ လည်မျိုတွင် ရပ်တန့်သွားလေပြီး အားထည့်ကာ မရိုက်လင့်ကစား တဖက်လူကမူ သေလုနီးပါးနှင့် မြေပြင်ပေါ်သို့ လဲကျသွားလေတော့သည်။

ချွန်းမြောင်ကမူ မြေပြင်ပေါ်သို့ လဲကျသွားသောသူကို ကြည့်ကာ မထုံတက်တေးပင်။ တခွန်းသာ ပြောလေသည်။

"နောက်တစ်ယောက်"

ယွန်းဂျွန်ကမူ သူ၏မြင်ကွင်းထဲတွင် မြင်လိုက်ရသည့်အရာကိုပင် မမေ့နိုင်ဖြစ်နေလေသည်။

ဒါက ပန်းကြွေဓါးသိုင်း လား...

ချွန်းမြောင်ပြသသွားသော သိုင်းကွက်များက သူတို့၏သိုင်းကွက်များနှင့် ထပ်တူဖြစ်သော်လည်း မတူကွဲပြားနေသကဲ့သို့ပင်။ 'ဟန်ချက်ထိန်းနည်း ခြောက်ဖြာ နည်းပညာ' ကပင် အစွမ်းထက်သော ဓါးသိုင်းပညာဖြစ်သည်ကို ချွန်းမြောင်က သူတို့အား ပြသလိုက်ခြင်းပင်။

အမှန်တကယ် သင်ထားရသော ဓါးသိုင်းပညာများကို မည်သို့ အသုံးချရမည် ၊ မည်သို့ အသုံးဝင်သည်ဆိုသည်ကို လက်တွေ့ပြသနေခြင်းပင် ဖြစ်လေသည်။ ရိုးရိုးသားသား ဝန်ခံရလျှင်မူ ယွန်းဂျွန် အနေနှင့် ဟွာဆန်း၏ သိုင်းပညာများသည် ဤမျှ အစွမ်းထက်လိမ့်မည်ဟု မထင်ခဲ့ဖူးပေ။ တောင်ဘက်အစွန်အဖျားဂိုဏ်း၏ သိုင်းပညာများကိုသာ ပို၍ အထင်ကြီးမိခဲ့လေသည်။ ယွန်းဂျွန်မှသာ မဟုတ်။ ဟွာဆန်း၏ တပည့်များအားလုံးတွင် ထိုအတွေးက ရှိကြသည်ဖြစ်ပြီး အားလုံးကလည်း တောင်ဘက်အစွန်အဖျားဂိုဏ်းကိုသာ အထင်ကြီးကြလေသည်။

ချွန်းမြောင်က ထိုအစွဲအား သူတို့ကို ချွတ်ပေးနေခြင်းပင်။ စကားနှင့်မပြော ...အလုပ်နှင့်သာ လက်တွေ့ပြသနေခြင်း ဖြစ်လေသည်။

"ဆရာတူအကိုကြီး ...အဲ့တာက ပန်းကြွေဓါး.."

"ဟုတ်တယ်"

"မင်းတို့တွေ မျက်စိ တစ်ချက်မလွတ်စေကြနဲ့...

ဒါတွေက ဟွာဆန်းက ဓါးသိုင်းတွေပဲ... ငါတို့ သင်ယူရမယ့် ဓါးသိုင်းတွေနဲ့ ငါတို့သင်ပြီးခဲ့တာတွေ ကြီးပဲ"

ယွန်းဂျွန်၏ စကားကို အားလုံးက ထောက်ခံကာ ခေါင်းငြိမ့်ကြလေသည်။

ယွန်းဂျွန်အနေနှင့် ယနေ့ပြီးလျှင်မူ သေချာပေါက်ပြောင်းလဲသွားမည့် အရာတစ်ခုကရှိလေသည်။

ဤသည်က ဟွာဆန်း၏ ဓါးသိုင်းပညာကို ယုံကြည်သွားခြင်းပင်။

သူတို့အား အမြဲပင် နှိမ်ချခဲ့သော တောင်ဘက်အစွန်အဖျားဂိုဏ်းမှ လူများကို ဟွာဆန်း၏ ကိုယ်ပိုင်သိုင်းပညာနှင့်ပင် အနိုင်ယူနိုင်မည်ဟု ယုံကြည်သွားပြီ ဖြစ်လေသည်။

ငါတို့ကို ဒီထက်ပိုပြီး အစွမ်းပြစမ်းပါဦး ..ချွန်းမြောင်ရာ..

ဟွာဆန်းရဲ့ သိုင်းပညာတွေက ဘာဆိုတာရော ...

ဟွာဆန်းရဲ့ သိုင်းပညာတွေက ဘယ်လောက်အင်အားကြီးတယ်ဆိုတာ ကိုရော...

ပြလိုက်စမ်းပါကွာ....

ချွန်းမြောင်၏ တိုက်ပွဲဝင်ပုံရိပ်သည် ယွန်းဂျွန်၏ မျက်ဝန်းထဲတွင် ပို၍ပို၍ပင် စိုးမိုးလာလေပြီး လောကတစ်ခွင်တွင် ချွန်းမြောင်ကိုသာ မြင်ရတော့သကဲ့သို့ ခံစားလာရလေတော့သည်။ ဤသည်က ဟွာဆန်းသိုင်း၏ စွမ်းပကား လေလားပင်။

အပိုင်း(၁၀၇)

ဟွာဆန်းက ပျက်သုန်းမှာ မဟုတ်ဘူး (၂)

ဘမ်း...

နောက်တစ်ယောက်က ထပ်ကာ လဲကျရှုံးနိမ့်သွားပြန်လေသည်။

တောင်ဘက်အစွန်အဖျားဂိုဏ်းသားများ၏ မျက်နှာကမူ တဖြည်းဖြည်းနှင့် သွေးစုပ်ဖြူရော်လာကြပြီ ဖြစ်လေသည်။

ခြောက်ယောက်..စုစုပေါင်း ခြောက်ယောက် ...

တောင်ဘက်အစွန်အဖျားဂိုဏ်းမှ ဒုတိယတန်းတပည့်ခြောက်ယောက် ရှုံးနိမ့်ပြီးဖြစ်သော်လည်း ထိုကလေးကမူ ပန်းပန်လျက် အနေအထားနှင့်ပင် ပြိုင်ပွဲအား ဦးဆောင်နေဆဲဖြစ်လေသည်။ ခြောက်ယောက် နှင့် အရှုံးမရှိသေးသည်မို့ ပွဲအနေအထားက တဖက်သတ်ကြီးပင် ဖြစ်နေလေ၏။

နောက်ဆုံးပွဲစဉ်တွင် ကျန်ရစ်သည့်သူက အနိုင်ဖြစ်သော်လည်း ယခုအချိန်ထိ တစ်ဦးတစ်ယောက်ကမှ ထိုကလေးအား အလဲမထိုးနိုင်သေးသည်ကတော့ ပြောစရာဖြစ်လာပြီ ဖြစ်၏။ တောင်ဘက်အစွန်အဖျားဂိုဏ်းမှ ဒုတိယတန်းတပည့်များသည် ဟွာဆန်း၏ တတိယတန်းကလေးတစ်ယောက်ကိုပင် မနိုင်ဆိုသည်က မဖြစ်သင့်သော ကိစ္စပင်။

သို့သော်လည်း ခြောက်ယောက်ရှုံးပြီးသည်အထိ ထိုကလေးအား တစ်ချက်ပင် မထိသေးသည်မို့ တောင်ဘက်အစွန်အဖျားဂိုဏ်း၏ တပည့်များရင်ထဲတွင် စိုးရိမ်စိတ်ကလေးက အညွှန့်တက်လာပြီ ဖြစ်လေသည်။ ခြေဖျားလက်ဖျားများပင် အေးစက်လာလေပြီး အင်အားများလည်း ဆုတ်ယုတ်လာကြသကဲ့သို့ ခံစားလာရကြလေသည်။ ထို့အပြင် ဤဖြစ်ရပ်က ဂိုဏ်း၏ ကြီးလှစွာသော အရှက်ကွဲစရာကြီး ဖြစ်နေ၍လည်း မျက်နှာပူကြသည်ကလည်း တစ်ပိုင်းဖြစ်လေသည်။

ဟွာဆန်းအတွက်မူ ပွဲသိမ်းရလဒ်သည် မည်သို့ပင် ဖြစ်နေစေကာမူ ဒုတိယတန်းခြောက်ယောက်ကိုပင် တတိယတန်းကလေးတစ်ယောက်က အနိုင်ရခဲ့သည်ဆိုသည်လောက်နှင့်ပင် ဂုဏ်တက်စရာကြီး ဖြစ်နေတော့မည် ဖြစ်ပြီး တောင်ဘက်အစွန်အဖျားဂိုဏ်းကမူ ဤကိစ္စသည် တသက်တာ အရှက်ရဖွယ်ကိစ္စကြီး ဖြစ်နေတော့မည် ဖြစ်လေသည်။

တောင်ဘက်အစွန်အဖျားဂိုဏ်း၏ တပည့်များကမူ ရင်ထဲတွင် အမျိုးမျိုးသော ဖိအားများ ခံစားနေကြရပြီ ဖြစ်လေသည်။

"နောက်တစ်ယောက်"

ချွန်းမြောင်၏ ထိုစကားသံကပင် ရင်ထိတ်ဖွယ်ရာအသံကြီးဟု ခံစားလာကြရလေသည်။

မည်သူကမှလည်း ရှေ့မတက်ရဲကြပေ။ ရှေ့တက်လျှင် ရှုံးမည်ဆိုသည်က သေချာသိလေသည်။ ယုံကြည်ချက်အပြည့်နှင့် ကွင်းထဲဝင်သွားပြီးကာမှ အကြောင်းမလှစွာ အဆုံးသတ်သွားကြသူများက ရှေ့တွင် နမူနာများစွာ ရှိပြီးဖြစ်လေသည်။ မယုံကြည်နိုင်ဖွယ်ပင် ဖြစ်သော်လည်း အမှန်တကယ်ဖြစ်နေပြီဟု သူတို့ ကြောက်ရွံနေကြခြင်း ဖြစ်လေသည်။

"တစ်ယောက်ယောက်သွားလေ"

"ငါ မသွားရဲ..."

"ဆရာတူအကိုကြီး...အကိုကြီး ..သွားရင်ရော ဘယ်လိုလဲ"

"ငါ ဘယ်လိုသွားလို့ရမှာလဲ.."

"ပျော့ညံ့မနေကြစမ်းနဲ့..."

ဂျင်ဂွမ်ရုန်က အေးစက်စက်နှင့် ငေါက်ငမ်းလေတော့သည်။

"ကြီးမြတ်တဲ့တောင်ဘက်အစွန်အဖျားဂိုဏ်းရဲ့ တပည့်တွေက ကိုယ့်ထက်ဆယ်နှစ်ကျော်တောင် ငယ်တဲ့ကလေးတစ်ယောက်ကို ကြောက်နေကြတာပေါ့...မင်းတို့ ကိုယ့်ကိုယ်ကိုယ်တောင် မရှက်တတ်ကြတော့ဘူးလား"

ဂျင်ဂွမ်ရုန်၏စကားကို လူတိုင်းက နှုတ်လှန်မထိုးရဲဘဲ ခေါင်းသာငုံ့နေကြရလေသည်။ ခေါင်းငုံ့နေကြသောလူများကိုကြည့်ကာ ဂျင်ဂွမ်ရုန်က ပြောလိုက်လေသည်။

"ငါ သွားမယ်"

"အကိုကြီး"

"ဒီလို ထောင်လွှားနေတဲ့ကလေးကို ငါ ဒီထက်ပိုပြီး သည်းမခံနိုင်တော့ဘူး... ပြီးတော့ ဂိုဏ်းကို ဂုဏ်သိက္ခာကလည်း ရှိသေးတယ်... မင်းတို့တွေကြောင့် ပြန်အဖတ်ဆယ်ဖို့ ဂုဏ်သိက္ခာဆိုတာ ကျန်သေးရဲ့လားလို့ မသေချာပေမယ့် ငါသွားမယ်..."

ဂျင်ဂွမ်ရုန်၏ မျက်နှာက ဒေါသကြောင့်ခက်ထန်နေပြီး အားလုံးကို လျစ်လျူရှုကာ ထွက်လာလေသည်။

"ရပ်စမ်း"

"..."

ဂျင်ဂွမ်ရုန် အသံကြောင့် လှည့်ကြည့်လိုက်သောအခါတွင်မူ သူ့အား စိတ်ဆိုးမာန်ဆိုးမျက်နှာနှင့် ကြည့်နေသော အကြီးအကဲဆောင်းကို တွေ့လေသည်။ အကြီးအကဲဆောင်းက သူ့အား ကြည့်နေပြီးမှ တစ်ယောက်အား ခေါ်လိုက်လေသည်။

"မန်ဂျို"

"ဟုတ်ကဲ့...အကြီးအကဲ"

"မင်းသွား"

"ကျွန်တော်...ကျွန်တော်..."

အကြီးအကဲဆောင်းက တပည့်၏စကားကို ဆုံးအောင်မပြောမခံဘဲ ဖြတ်ချကာ ပြောလိုက်လေသည်။

"အဲ့ဒီကို သွားပြီး အဲ့ခွေးသားရဲ့ ရရာနေရာကို ထိအောင် လုပ်ခဲ့... ငါ ဘာပြောချင်လဲဆိုတာ မင်းနားလည်လား"

"ဟုတ်..ဟုတ်ကဲ့"

ဂျင်ဂွမ်ရုန်ကမူ အကြီးအကဲဆောင်း၏ ဆုံးဖြတ်ချက်ကို ငြင်းဆန်ကာ သွားရန်ပြင်လိုက်သော်လည်း အကြီးအကဲဆောင်းကမူ သူ့အားတားမြစ်လိုက်လေသည်။

"ဒီကိုလာခဲ့ဦး"

"ဒါပေမယ့် တိုက်ပွဲက.."

"တိတ်စမ်း...ငါ လာခဲ့လို့ ပြောနေတယ်"

အကြီးအကဲဆောင်းက ဂျင်ဂွမ်ရုန်ကို ခေါ်ကာ လူရှင်းသောနေရာသို့ ခေါ်သွားလေသည်။ မည်သူ့မှ မကြားနိုင်ဟု ထင်ရသောနေရာသို့ ရောက်ခါမှ လေသံတိုးလေးနှင့် ပြောလာလေသည်။

"တခြားကလေးတွေက သူ့ကို နိုင်မယ်လို့ မင်းထင်လား"

ဂျင်ဂွမ်ရုန် မဖြေနိုင်ပေ။ မဖြေရဲသည်ဆိုလျှင် ပို၍မှန်ပေလိမ့်မည်။ ရှုံးမည်ဆိုသည်က အသိသာကြီးပင်။

သူတို့ဂိုဏ်းမှကလေးများသည် ညံ့ဖျင်းလွန်းနေသည် မဟုတ်ပါဘဲ ထိုကလေးကိုကပင် ထူးချွန်ထက်မြက်လွန်းနေခြင်းမို့ ကလေးများကိုလည်း အပြစ်မပြောရက်ပေ။ ချွန်းမြောင်အား သူ၏ဆရာတူညီလေးများ မနိုင်နိုင်သည်ကို သူလည်း သိလေသည်။

ဂျင်ဂွမ်ရုန်၏ နှုတ်ဆိတ်နေမှုကို အကြီးအကဲဆောင်းက အတည်ပြုပေးလေသည်။

"မင်းထင်တာ မှန်တယ်"

"တကယ်ကြီးလား"

"သူက မကောင်းဆိုးဝါးပဲ...အခုကတော့ မကောင်းဆိုးဝါးပေါက်စလေးပေါ့....

သူ့ကို အခုချိန်မှာ လွတ်ပေးထားလိုက်ရင် အရွယ်ရောက်လာတဲ့အခါ တကယ့်မကောင်းဆိုးဝါးဖြစ်လာလိမ့်မယ်"

"အကြီးအကဲ"

"ပြီးတော့ အဲ့မကောင်းဆိုးဝါးလေးက တောင်ဘက်အစွန်အဖျားဂိုဏ်းရဲ့ လမ်းကြောင်းကို ပိတ်ထားလိမ့်မယ်...

ငါ ဘာပြောချင်တယ်ဆိုတာ မင်းနားလည်ရဲ့လား"

အကြီးအကဲဆောင်း၏ စကားကြောင့် ဂျင်ဂွမ်ရုန် မျက်လုံးများပင် ပြူးကျယ်သွားလေသည်။

ဒါက ဖြစ်နိုင်လို့လား...

ဂျင်ဂွမ်ရုန်သည် ချွန်းမြောင်၏အသက်အရွယ်နှင့်မလိုက် ထူးချွန်မှုကို လေးစားသော်လည်း အကြီးအကဲပြောသည့်စကားကိုတော့ ယုံကြည်ရန် ခက်ခဲနေလေသည်။ ထိုကလေးက တောင်ဘက်အစွန်အဖျားဂိုဏ်း၏ ဆူးငြောင့်ခလုတ်တစ်ခုဖြစ်လာမည်ဟူ၍တော့ မထင်ပေ။

ဂျင်ဂွမ်ရုန် ဒွိဟကြောင့် နှုတ်ခမ်းကို ကိုက်လိုက်လေသည်။

တောင်ဘက်အစွန်အဖျားဂိုဏ်း၏ ဆူးငြောင့်ခလုတ်ဖြစ်လာမည်ဟု ဆိုလိုခြင်းက သူ ဂျင်ဂွမ်ရုန်သည်လည်း ထိုကလေးအား မကိုင်တွယ်နိုင်ဟု အကြီးအကဲစိတ်ထဲတွင် ယုံကြည်နေသည့်သဘောပင်။ ဂျင်ဂွမ်ရုန် မာနထိခိုက်သကဲ့သို့ ခံစားလိုက်ရလေသည်။ သွေးများပင် ဆူပွက်လာသလိုပင်။

ငါက ဒီကလေးကိုတောင် မကိုင်တွယ်နိုင်လောက်ဘူးလို့ ထင်နေတာလား...

ဤသို့သော စကားမျိုးက သူ့ဘဝတစ်သက်တာတွင် တကြိမ်တစ်လေမျှပင် မကြားဖူးသော စကားဖြစ်လေသည်။

ဂျင်ဂွမ်ရုန်၏ အရည်အချင်းအား နှိမ့်ချသကဲ့သို့လည်း ခံစားလိုက်ရသည်မို့ ဒေါသကိုပင် မထိန်းထားနိုင်တော့ပေ။ ဒေါသများက မျက်နှာထက်တွင် အထင်းသားပင် ပေါ်လွင်နေလေသည်။

အကြီးအကဲဆောင်းကမူ ဒေါသတကြီးဖြစ်နေသော ဂျင်ဂွမ်ရုန်ကို ကြည့်ကာ လေးလေးနက်နက်ပြောလာလေသည်။

"ဂွမ်ရုန်...မင်းက ပါရမီရှင်တစ်ယောက်ပါ"

"..."

"ဒါပေမယ့် လူတွေက လူတိုင်းကို ပါရမီရှင်လို့ ခေါ်မယ်ထင်လား...

ငါ ဒီလိုတော့ မပြောချင်ပေမယ့် မင်းတို့မျိုးဆက်ထဲမှာတောင် အရည်အချင်းရှိတဲ့သူတွေ အနည်းဆုံးဆယ်ယောက်လောက်တော့ ရှိတာပဲလေ...ဒီထက်တောင် များရင်များနေဦးမယ်"

"ဒါပေမယ့် သူတို့တွေ အားလုံးကို ပါရမီရှင်လို့ မခေါ်ဘူး....

မင်း အနာဂတ်မှာ လောကကြီးရဲ့ အသန်မာဆုံး ခွန်အားအကြီးဆုံးသူ ဖြစ်ချင်လား..."

ဂျင်ဂွမ်ရုန်သည် သူ့ခေတ်သူ့အခါတွင် အသန်မာဆုံးသူတစ်ယောက်ဖြစ်သော်လည်း အကြီးအကဲဆောင်း၏ မေးခွန်းကိုမူ ပေါ့ပေါ့ပါးပါး မဖြေရဲပေ။ ' လောကကြီးတွင် ခွန်အားအကြီးဆုံး ' ဟူသည့်ဂုဏ်ပုဒ်နှင့် ထိုက်တန်သော ပေးဆပ်မှုတို့ ပြုလုပ်ရတော့မည်ဟု သူထင်လေသည်။

ဂျင်ဂွမ်ရုန်၏ တွေဝေနေမှုကြောင့် အကြီးအကဲဆောင်းက သူ့အားမျက်မှောင်ကြုတ်ကာ ကြည့်လာလေသည်။

"ပညာရှင်... ပါရမီရှင်...အဲ့ပါရမီရှင်ဆိုတဲ့ ဂုဏ်ပုဒ်ကို သယ်ဆောင်ဖို့ လုံလောက်ပြီး တောင်ဘက်အစွန်အဖျားဂိုဏ်းကို ဦးဆောင်နိုင်မည့်အရည်အချင်း မင်းမှာရှိပါတယ်..."

"ဒါပေမယ့် လောကကြီးမှာ အကောင်းဆုံးဆိုတဲ့ ဂုဏ်ပုဒ်ကိုတော့ မင်းရနိုင်မှာမဟုတ်ဘူး"

".."

"လောကကြီးရဲ့ အကောင်းဆုံးဆိုတဲ့ ဂုဏ်ပုဒ်ကို ပိုင်ဆိုင်နိုင်တဲ့သူတွေက ပါရမီရှင်တွေ မဟုတ်ဘူး...မကောင်းဆိုးဝါးတွေပဲ...အသိစိတ်ဆိုတာကို ဘေးချိတ်...

သူတို့ကို တန်းယှဉ်လာမယ့်သူမှန်သမျှကို နင်းခြေ..သူတို့ကို ထင်ပေါ်စေမယ့်အရာအားလုံးကို တစ်ချက်မတုန့်ဆိုင်းဘဲ လုပ်နိုင်ကြတဲ့ မကောင်းဆိုးဝါးလို အကောင်တွေကပဲ လုပ်နိုင်ကြတာ..."

အကြီးအကဲဆောင်းက ပြောနေရင်းကို ခေါင်းကိုလှည့်ကာ ချွန်းမြောင်ဘက်သို့ ကြည့်လိုက်လေသည်။

"သူ့လို မကောင်းဆိုးဝါးတွေပေါ့"

ဂျင်ဂွမ်ရုန်၏ ပုခုံးများက တုန်လှုပ်နေလေသည်။

"အကြီးအကဲ...ကျွန်တော်..."

အကြီးအကဲဆောင်း၏ စကားများကြောင့် ဂျင်ဂွမ်ရုန် မွန်းကြပ်လာသလိုခံစားရပြီး ငိုမိတော့မည်လားဟုပင် ခံစားလာရလေသည်။

"သူက မကောင်းဆိုးဝါးတစ်ကောင်ဆိုရင်တောင် အခုက ကလေးပဲ ရှိသေးတယ်...

ခွေးတောင်မှ ကျားပေါက်လေးဆိုရင် ကိုက်သတ်နိုင်သေးတာပဲ"

အကြီးအကဲဆောင်း၏ စကားကြောင့် ဂျင်ဂွမ်ရုန် အံဩတုန်လှုပ်သွားလေသည်။ ဂျင်ဂွမ်ရုန် အသိစိတ်ပင်မှ မကပ်နိုင်သေး ခြောက်ကပ်၍ အသက်မဲ့သော စကားတစ်ခွန်းကို ဆက်ကာ ကြားလိုက်ရလေသည်။

"သူ့ကိုသတ်လိုက်"

"အ..အကြီး..အကဲ"

အကြီးအကဲဆောင်း၏ အသံက သွေးဆာနေသော တစ္စေတစ်ကောင်ကဲ့သို့ပင်။

"ဒါက အခုပဲဖြစ်နိုင်မှာ...သူက မကောင်းဆိုးဝါးတစ်ကောင်.. ဒါပေမယ့် အခုချိန် သတ်ရင်တော့ သေနိုင်သေးတယ်... မင်း သူ့ကို သတ်ကိုသတ်ရမယ်...

မင်း အခုသူ့ကို မသတ်ခဲ့ရင် ငါတို့ အဲ့ဒီအခွင့်အရေးကို နောက်ခါ ဘယ်တော့မှ ထပ်ပြီးရနိုင်တော့မှာ မဟုတ်ဘူး..."

"..."

"မင်း မမေ့လိုက်နဲ့...အရည်အချင်းရှိတဲ့သူတွေက အတော်ဆုံးဖြစ်လာတာ မဟုတ်ဘူး...

အရက်စက်ဆုံးသူတွေကပဲ ထိပ်ဆုံးနေရာမှာ ရပ်တည်နိုင်ကြတာ... မင်းသေချာစဉ်းစား.

မင်း သူ့ကို မသတ်နိုင်ရင်တောင် အနည်းဆုံး လက်ကိုတော့ ဖြတ်ခဲ့နိုင်ရမယ်"

အကြီးအကဲဆောင်း၏ စကားများကို ဂျင်ဂွမ်ရုန် ထိတ်လန့်စွာနှင့် နောက်သို့ ဆုတ်လာမိလေသည်။

အကြီးအကဲက ရူးသွပ်သွားပြီပဲ...

အကြီးအကဲဆောင်း၏ စကားများကြောင့် ဂျင်ဂွမ်ရုန် ထိုသို့ ယူဆခြင်းမဟုတ်ပေ။ အကြီးအကဲဆောင်း၏ မျက်လုံးတွင်လည်း ပုံမှန်မဟုတ်သော အရိပ်အယောင်များက ဖုံးလွှမ်းနေပြီး စိတ္တဇဝင်နေသူ တစ်ယောက်လိုပင် ဖြစ်နေသောကြောင့် ဖြစ်လေသည်။ ပုံမှန်ကြောင်းကျိုး ဆင်ခြင်နိုင်စွမ်းတို့ ရှိဟန်မပေါ်တော့ပေ။

"အကြီးအကဲ...ကျိုးကြောင်ဆင်ခြင်ပြီး တွေးပါဦး"

"ဆင်ခြင်ရမယ်...ဟုတ်လား"

အကြီးအကဲဆောင်းက အံကိုတင်းတင်းမကြိတ်မှီ ခါးသက်စွာ ရယ်လိုက်လေသည်။

"မင်းက မင်းဘဝတစ်လျောက်လုံး သူ့ရဲ့လောင်းရိပ်အောက်မှာပဲ နေသွားချင်တာလား"

ဂျင်ဂွမ်ရုန် အသံထွက်မလာတော့ပေ။

လောင်းရိပ်တဲ့လား...ဒီကလေးရဲ့ လေ...

ဂျင်ဂွမ်ရုန် မသိစိတ်မှ ခံပြင်းမှုကြောင့် လက်သီးကို တင်းတင်းဆုပ်လိုက်သည်က လက်သည်းများပင် အသားထဲသို့ ဝင်သွားတော့မည့်အလားပင်။ အတွေးနှင့်ပင် သွေးတို့ပွက်ပွက်ဆူလေသည်။

"မင်းသဘောပဲ..မင်းရွေးပေါ့..."

အကြီးအကဲဆောင်းက ဆက်ကာပြောလေသည်။

"မင်း ဒါတွေအားလုံးကိုလည်း တာဝန်ယူစရာမလိုပါဘူး...

မင်း မတော်တဆအမှားလေး တစ်ခု လုပ်လိုက်ရုံပဲ...

အမှားဆိုတာကလည်း သာမန်ဓါးရေးပြိုင်ပွဲတွေမှာလည်း ဖြစ်တတ်နေတာပဲလေ..

မင်းရော အဲ့လိုမထင်ဘူးလား"

ဂျင်ဂွမ်ရုန်က အကြီးအကဲဆောင်း၏ အရောင်တောက်နေသောမျက်လုံးများကို ကြည့်လိုက်လေပြီး ပြောလိုက်လေသည်။

"ပထမဆုံးအနေနဲ့ ကျွန်တော် ပြောပါ့မယ်....ကျွန်တော် ဒီလိုကလေးတစ်ယောက်ရဲ့ လောင်းရိပ်မိနေတဲ့သူဘဝနဲ့ မနေနိုင်ဘူး"

"ပြီးတော့ ..."

"ဒီကလေးရဲ့ ဖြစ်တည်မှုကသာ တောင်ဘက်အစွန်အဖျားဂိုဏ်းအတွက် အတားအဆီးတစ်ခုဖြစ်လာမယ်ဆိုရင် ဘာစည်းကမ်းတွေကိုမှလည်း လိုက်နာနေစရာ မလိုတော့ပါဘူး..."

ဂျင်ဂွမ်ရုန်၏ စကားတို့ကြောင့် ကောက်ကျစ်သော ခနဲ့ပြုံးလေးက အကြီးအကဲဆောင်း၏ မျက်နှာထက်တွင် ပွင့်လန်းလာလေသည်။

"ဒီလိုပဲ ဖြစ်ရမှာပေါ့"

ဘမ်း.....

နောက်ထပ်တပည့်တစ်ဦးက ထပ်ကာရှုံးနိမ့်သွားပြန်လေပြီ။

စုစုပေါင်း ရှစ်ဦးရှုံးနိမ့်သွားပြီဖြစ်ပြီး နှစ်ဦးသာ ကျန်လေတော့သည်။

ချွန်းမြောင်က ဓါးကို အောက်သို့ချကာ ကိုင်ထားလိုက်ပြီး တောင်ဘက်အစွန်အဖျားဂိုဏ်းဘက်ဆီသို့ ကြည့်လိုက်လေသည်။

မပြီးသေးဘူး....

ယှဉ်ပြိုင်ရသည်များက လွယ်ကူလွန်းနေလေပြီး ချွန်းမြောင်ပြင်ဆင်ထားသည်များပင် မသုံးရသေးပေ။

"ဆယ်ယောက်လုံးကိုတော့ လွယ်လွယ်နိုင်မယ် မထင်ပါဘူး"

ဂျင်ဂွမ်ရုန် ထွက်လာလျှင် တိုက်ပွဲက ပြင်းထန်တော့မည် ဖြစ်ပြီး နောက်ဆုံးရှင်ကျန်ရစ်သူဖြစ်ရန်အတွက် အသည်းအသန်ကြိုးစားတော့မည်ဆိုသည်ကို အားလုံး ခန့်မှန်းမိကြလေသည်။

ငါတော့ ဒီလိုနဲ့ပဲ ဆက်ပြီး နိုင်နေဦးမှာလား မသိဘူး...

ထို့နောက်တွင်မူ လူတစ်ယောက်က အပိုဆာလာများ ပြောနေခြင်းမရှိဘဲ ကွင်းထဲသို့ ဝင်လာလေသည်။

ချွန်းမြောင်ကမူ ကွင်းလယ်မှနေကာ ထိုလူအား ကြည့်ရင်း ပြုံးပြလိုက်လေသည်။

"ဘယ်လိုဖြစ်ရတာတုန်း"

ချွန်းမြောင်၏ စကားကြောင့် ထိုလူကလည်း ပြုံးပြုံးပင်။

"ကျွန်တော့်ကို ယှဉ်ရတာ အရမ်းလွယ်နေမှာ မှန်းတော့ သိပါတယ်...

ဒါပေမယ့်လည်း ကျွန်တော်တို့ရဲ့ ဂိုဏ်းက ဒီလိုကြီးကြုံနေရတော့ ဘေးထွက်ထိုင်ပြီး မနေနိုင်ဘူးဖြစ်နေတယ်..."

"အင်း"

ချွန်းမြောင်က နားလည်စွာနှင့်ပင် ခေါင်းငြိမ့်လိုက်လေသည်။

ဤလူသားကတော့ ဤကဲ့သို့ပင်။ လီဆုန်ဘတ်ပင် ။ အန်ဟာအစည်းအရုံးတွင် တစ်ပွဲတစ်လမ်းနွဲခဲ့ဖူးသူ ဖြစ်လေပြီး ရင်းနှီးနေပြီးသားသူလည်း ဖြစ်လေသည်။

"တောင်ဘက်အစွန်အဖျားဂိုဏ်းက ဒုတိယတန်းတပည့် လီဆုန်ဘတ် ချွန်းမြောင်ကို စိန်ခေါ်ပါတယ်"

"ဟွာဆန်းက တတိယတန်းတပည့် ချွန်းမြောင်က စိန်ခေါ်မှုကို လက်ခံပါတယ်"

နှစ်ဦးသားက ဓါးကိုယ်စီကို ဆွဲကာ အသင့်ပြင်လိုက်ကြလေသည်။

ငါ ဘယ်လိုလုပ်လိုက်ရမလဲ..

လီဆုန်ဘတ်သည် တောင်ဘက်အစွန်အဖျားဂိုဏ်းမှ ဖြစ်သော်လည်း ချွန်းမြောင် သူ့အား မမုန်းပေ။ သို့သော်လည်း ဤသည်က အရှံးအနိုင်နှင့် သက်ဆိုင်သည့် ပွဲပေမို့ အရှုံးပေး၍တော့ မရပေ။

ချွန်းမြောင် မျက်လုံးကိုမှိတ်ကာ စဉ်းစားလိုက်လေသည်။

သူ့ကို တအားနာကြင်သွားအောင်တော့ လုပ်လိုက်လို့ မဖြစ်ဘူး...

အင်း ငါပေးတဲ့အရာကို နားလည်ပြီး ကောင်းကောင်းလက်ခံနိုင်ရင်တော့ သူ့အတွက်ဆေးပေါ့..

လက်မခံနိုင်ရင်တော့လည်း ဘေးပေါ့လေ....သူ့ရွေးချယ်မှုပဲပေါ့...

"ကျား..."

လီဆုန်ဘတ်က မာန်ကုန်တင်းကာ အော်ဟစ်လိုက်ပြီး ပြေးဝင်လာလေသည်။ ချွန်းမြောင်ကမူ ဓါးကိုဖြေးဖြေးသာ လွဲလိုက်ပြီး လီဆုန်ဘတ်၏ ဓါးရေးကို အကဲခတ်လိုက်လေသည်။ လီဆုန်ဘတ်သည် တောင်ဘက်အစွန်အဖျားဂိုဏ်း၏ မူလဓါးသိုင်းကိုသာ သုံးနေသည်မို့ ချွန်းမြောင်က အနည်းငယ် ကျေနပ်သွားလေသည်။

ချွန်းမြောင်ကြည့်နေစဉ်မှာပင် လီဆုန်ဘတ်က ဓါးကိုဆွဲကိုင်ကာ ပြေးဝင်လာလေပြီး သူ၏ဓါးက ကြည့်နေစဉ်မှာပင် ပို၍ပို၍ကြီးလာလေသည်။ မြင်ကွင်းတစ်ခုလုံးပင် ဓါးက ဖုံးလွှမ်းသွားပြီး အခြားသောအရာများကိုပင် မမြင်ရတော့ဟု ထင်လာရလေသည်။ အရာအားလုံးက ပျောက်ကွယ်သွားလေပြီး သူ့အား ချိန်ရွယ်ထားသည့် ဓါးတစ်ခုတည်းကသာလျှင် လောကကြီးတွင် ရှိနေသကဲ့သို့ပင်။

မဖြစ်နိုင်တာ...

ဒါက ဓါးနှင့်တစ်ထပ်တည်းပေါင်းစည်းသွားတာလား...

လီဆုန်ဘတ်ကမူ ဓါးကိုလွဲကာ ပြေးဝင်လာနေပြီဖြစ်သော်လည်း ချွန်းမြောင်ကမူ အံအားသင့်နေရ၍ နေရာမှ မရွေ့နိုင်သေးပေ။

ဘမ်း...

သွေးများက ကျဆင်းလာပြီး လီဆုန်ဘတ်က နောက်သို့ ဆုတ်သွားကာ ယဲ့ယဲ့လေးပြုံးလိုက်လေသည်။

ကျွန်တော် မြင်လိုက်ရတယ်....

ဘမ်း.....

လီဆုန်ဘတ်က လဲကျသွားလေတော့သည်။

ကိုးယောက်မြောက်သော ပြိုင်ဘက်သည်လည်း ရှုံးနိမ့်သွားပြီ ဖြစ်လေသည်။

ယခုဆိုလျှင်မူ ယှဉ်ပြိုင်ရမည့်သူမှာ တစ်ဦးသာကျန်လေတော့သည်။

ချွန်းမြောင်ကမူ တောင်ဘက်အစွန်အဖျားဂိုဏ်းဘက်သို့ လှည့်ကာ ကျန်ရှိနေသော တစ်ဦးတည်းသော ဂိုဏ်းသားကို တည့်တည့်ကြည့်ကာ ခေါ်လိုက်လေသည်။

"ထွက်လာခဲ့"

ထိုသူသည်က ဂျင်ဂွမ်ရုန်ပင်။

အပိုင်း(၁၀၈)

ဟွာဆန်းက ပျက်သုန်းမှာ မဟုတ်ဘူး (၃)

ဟွမ်းဂျွန်ထံမှ အသက်ရှုသံများက ပြင်းပြင်းထန်ထန်ပင် ထွက်ပေါ်နေလေသည်.။ မျက်လုံးကလည်း ကွင်းလယ်မှ အခြားသောနေရာသို့ မရွေ့နိုင်ပေ။

ဟွမ်းဂျွန်၏ အကြည့်များက လီဆုန်ဘတ်ထံမှ ချွန်းမြောင်ထံသို့ ရွေ့သွားလေသည်။

နောက်တစ်ပွဲ ထပ်ကာနိုင်သွားလေပြန်ပြီ။

စုစုပေါင်း ကိုးပွဲနိုင်ပြီးသည့်နောက်တွင် ချွန်းမြောင်က သူ၏နောက်ဆုံးသောပြိုင်ဘက်ကို စောင့်နေလေသည်။

ပွဲကြည့်ပရိတ်သတ်အားလုံးကလည်း ပွဲကြီးပွဲကောင်းပေမို့ အသံပင် ထွက်မလာကြပေ။ တိတ်ဆိတ်ငြိမ်သက်ကာ ကွင်းလယ်ကိုသာ အာရုံစိုက်ကာ ကြည့်နေကြလေသည်။

လက်ရှိအခြေအနေတွင်မူ ဟွာဆန်း၏ အခြေအနေသည်က အလွန်ပင် ကောင်းမွန်နေပြီး တောင်ဘက်အစွန်အဖျားဂိုဏ်းကမူ နလန်ပင် မထူနိုင်သောအခြေအနေ ဖြစ်နေလေပြီ ဖြစ်သည်။ သို့သော်လည်း တောင်ဘက်အစွန်အဖျားဂိုဏ်း၏ သတင်းမွှေးလွန်းသော ဂိုဏ်းသားတပည့်တစ်ယောက်က ကျန်နေသေးသည်မို့ ပွဲပြီးရလဒ်ကိုမူ ကြိုတင်တွက်ဆထား၍ မရဖြစ်နေလေသည်။

ပွဲပြီးရလဒ် မည်သို့ပင် ဖြစ်စေကာမူ ဤမျှလောက်သောရလဒ်နှင့်ပင် ဟွာဆန်း၏အကြီးအကဲများက ကျေနပ်နေကြပြီ ဖြစ်လေသည်။ ကိုးပွဲနိုင်ဆိုသည့် အခြေအနေက ဂုဏ်ယူလောက်စရာပင် ဖြစ်နေသည်မို့လား။

ငါတို့ ဟွာဆန်းမှာလည်း ဒီလိုအဖြစ်ပျက်မျိုးတွေ ရှိလာသေးတယ်ပေါ့...

ဒါက သမိုင်းအဆက်ဆက်မှာတောင် မကြုံဖူးတဲ့ အောင်မြင်မှုမျိုးပဲ...

ယနေ့အခြေအနေကို ကြည့်သည်နှင့် ဟွာဆန်းသည်လည်း တောင်ဘက်အစွန်အဖျားဂိုဏ်းနှင့် တန်းတူလိုက်နိုင်လာပြီဟူသော အချက်ကိုတော့ ရှင်းရှင်းလင်းလင်းမြင်ရလေသည်။ နှိမ်ချခံနေရမည့် အနေအထား မဟုတ်တော့ပေ။ သမိုင်းတွင် စံတင်လောက်သောအောင်မြင်မှုမျိုးကိုပင် ဟွာဆန်းဂိုဏ်းက ဆောင်ရွက်ခဲ့ပြီးပြီ ဖြစ်လေသည်။

ဟွမ်းဂျွန် သိသလောက်ဗဟုသုတများအရဆိုလျှင်မူ 'ဇီးပန်းပွင့်ဓါးသူရဲကောင်း' လက်ထက်မှ လွဲ၍ ဟွာဆန်းတွင် တောင်ဘက်အစွန်အဖျားဂိုဏ်းအား ဤမျှ ကြီးမားသော အောင်မြင်မှုမျိုးနှင့် မကြုံခဲ့ဖူးပေ။ ဤသည်က ပထမဆုံးအကြိမ်ပင် ဖြစ်လေသည်။ တောင်ဘက်အစွန်အဖျားဂိုဏ်းကလည်း ဟွာဆန်းအား ဤသို့ရှုံးဖူးသည်က 'ဇီးပန်းပွင့်သူရဲကောင်း လက်ထက်တွင်သာ ရှိခဲ့ပြီး ယခုမှသာ ပြန်လည် ကြုံတွေ့ရခြင်း ဖြစ်လေသည်။

ဟွမ်းဂျွန်သည် တောင်ဘက်အစွန်အဖျားဂိုဏ်းအား ကြည့်နေသော ချွန်းမြောင်ကို ကြည့်လိုက်လေသည်။

ထိုကလေး၏မျက်နှာပေါ်တွင် မြင်နေရသည်က ယုံကြည်မှုပင်။

ဟွမ်းဂျွန်ကမူ ဤကလေးက မှန်းထားသည်ထက်ပင် ပို၍ထူးချွန်နေသောကြောင့် အံဩအထင်ကြီးမိသည်ကတော့ အမှန်ပင်။ ဤကလေးအား ကြည့်ကာ ဂုဏ်လည်းယူမိလေသည်။

ဟွာဆန်းဂိုဏ်းက တောင်ဘက်အစွန်အဖျားဂိုဏ်းကို အနိုင်မယူနိုင်ခဲ့တာ ဘယ်လောက်တောင် ကြာခဲ့ပြီလဲ...

အခုတော့ ဖြစ်လာခဲ့ပြီ...

အိုး...ဘိုးဘေးတို့...

ဝမ်းသာမှုကြောင့် ဟွမ်းဂျွန် မျက်ရည်များပင် ကျလာခဲ့လေသည်။ ဟွာဆန်း၏ ဂိုဏ်းချုပ်တစ်ယောက်အနေနှင့် ထိုသို့သော အောင်မြင်မှုမျိုးကို မကြုံတွေ့ရတော့ဟု ထင်ခဲ့ဖူးသည့် အချိန်များလည်း ရှိခဲ့လေပြီး ယခုမှသာ ဟွာဆန်း၏ အမည်ကို ပြန်လည်အဖတ်ဆယ်ပေးမည့် သူရဲကောင်းမျိုး ပေါ်လာခဲ့ပြီ ဖြစ်လေသည်။

"ဂိုဏ်းချုပ်.."

"ဘာမှ လာမပြောကြနဲ့"

ဟွမ်းဂျွန်က ဟွမ်းဆန်း၏ ခေါ်သံကို ခေါင်းခါကာ ပြောလိုက်လေသည်။

"အခုကနေစပြီး ကြည့်ပဲကြည့်နေကြ..သူ ဒီထက်ဘာတွေများ လုပ်နိုင်ဦးမလဲဆိုတာ ငါသိချင်လို့"

ဂိုဏ်းချုပ်၏စကားကြောင့် လူတိုင်းက သက်မရှည်ကြီးကို ရှိုက်ကာ ချွန်းမြောင်ကိုသာ အာရုံစိုက်ကြည့်နေကြလေတော့သည်။

ဒီနေ့က အဲ့ဒီနေ့များ ဖြစ်လာတော့မှာလား..

ငါတို့ ဟွာဆန်းက တောင်ဘက်အစွန်အဖျားဂိုဏ်းကို လုံးဝကို အပြတ်အသတ်အနိုင်ယူလိုက်နိုင်တဲ့နေ့လေ...

ဟွမ်းဂျွန်၏ ရင်ထဲတွင် တစ်ကြိမ်တစ်ခါမျှပင် မဖြစ်ပေါ်ဖူးသော မျှော်လင့်ချက်ရောင်ခြည်များကလည်း တောက်ပနေပြီး မျက်လုံးများကလည်း ပီတိတို့ကြောင့် တလက်လက်တောက်ပနေလေသည်။

ဟွာဆန်းရဲ့ ကံကြမ္မာက ပြောင်းလဲသွားတော့မှာလား...

ထူးဆန်းလိုက်တာ ..ဒီလို လေထုမျိုးကို ငါတစ်ခါမှ မခံစားဖူးဘူး...

ဂျင်ဂွမ်ရုန် တမျိုးတမည်ပြောင်းလဲနေသော လေထုကြောင့် လက်ထဲတွင် ကိုင်ထားရသည့် ဓါး၏အထိအတွေ့ကပင် ထူးဆန်းနေသကဲ့သို့ ခံစားရလာလေသည်။ ထို့အပြင် ကြီးမားသော အတားအဆီးကြီးတစ်ခုကလည်း ရှိနေသကဲ့သို့ ခံစားနေရပြီး စိတ်ထဲတွင်လည်း လေးလံနေလေသည်။

တကယ်ထူးဆန်းလိုက်တာ...

ဤသည်က ဂိုဏ်း၏အရှုံးအနိုင်ဟူသော ဝန်ထုပ်ဝန်ပိုးကြီးက သူ၏ပုခုံးပေါ်တွင် အလုံးစုံကျရောက်နေသောကြောင့် စိတ်ထဲတွင် လေးလံခြင်းဖြစ်နေဟန်လည်း ပေါ်လေသည်။ ဂိုဏ်း၏ အတော်ဆုံးသောတပည့်ဆိုသည့် ဂုဏ်ပုဒ်ကပင် ယခုအချိန်တွင်မူ ပို၍ လေးပင်နေပုံလည်းရလေသည်။

တောင်ဘက်အစွန်အဖျားဂိုဏ်းမှလူအားလုံး၏ မျှော်လင့်ချက်မျက်လုံးများကြောင့် လေထုကပို၍ပင်‌ ခက်ခဲလာသည်ဟု ခံစားလိုက်ရလေသည်။

ဂျင်ဂွမ်ရုန် ဓါးကိုမြောက်ကာ ချွန်းမြောင်ကို လှမ်းကြည့်လိုက်လေသည်။

ဒါတွေ အားလုံးက သူ့ကြောင့်ပဲ...

ဒီလို ခံစားနေရတာကလည်း သူ့ကြောင့်ပဲ...

ကလေးတစ်ယောက်အား ဤသို့ အပြစ်တင်နေခြင်းက မသင့်တော်ဟု သူ၏အသိစိတ်က ပြောနေသော်လည်း မသိစိတ်ကမူ ထိုကလေးအား အပြတ်ရှင်းပစ်ရမည်ဟူသော အသိကလည်း ကပ်နေလေသည်။ ဂျင်ဂွမ်ရုန် တသက်တာလုံးကြိုးစားခဲ့သည်များကို ထုတ်ပြရန် အချိန်တန်ခဲ့လေပြီ ဖြစ်သည်။

လွန်ခဲ့သော နာရီပိုင်းကအထိပင် မိမိသာလျှင် အတော်ဆုံးဟူသော ဂုဏ်ပုဒ်နှင့် သင့်တော်သူဟု တွေးထင်ခဲ့ရသော အတွေးတို့သည် ယခုတွင်မူ ဟုတ်မှဟုတ်လေရဲ့လားဟူသော သံသယတို့နှင့် ဝေခွဲမရဖြစ်နေခဲ့ရပြီ ဖြစ်လေသည်။ သူ ဂျင်ဂွမ်ရုန်သည်က ထိုသို့သောသံသယတို့နှင့် ရှင်သန်တတ်သူ မဟုတ်ပေ။ မိမိသည်သာလျှင် အကောင်းဆုံးဖြစ်သည်ကို သက်သေပြရန် တတ်နိုင်သမျှ ကြိုးစားမည့်သူ ဖြစ်လေသည်။

ငါက ဒီလိုသံသယဝင်ခံရမယ့် ကောင်မဟုတ်ဘူး...

ဒီလိုကလေးပိစိလေးကို ငါက ကြောက်နေရမယ်ပေါ့...သွားစမ်းပါ...

ဘယ်သူက ဘာဆိုတာကို ငါသက်သေပြပြမယ်...

ခံပြင်းစိတ်တို့ကြောင့် ဒေါသငွေ့တို့ကလည်း ဂျင်ဂွမ်ရုန်ပတ်လည်တွင် ထောင်းထောင်းထနေပြီး အေးစက်မှုများကလည်း ဖုံးလွှမ်းနေလေသည်။ ဂျင်ဂွမ်ရုန် ချွန်းမြောင်အား တချက်လှမ်းကြည့်လိုက်လေပြန်၏။

ထီမထင်မျက်နှာပေး ၊ ထူးချွန်သောကိုယ်ရည်ကိုယ်သွေးနှင့် စူးရှသောအသွင်တို့က ထင်းထင်းလင်းထင်းပင်။ ဂျင်ဂွမ်ရုန် ငယ်စဉ်ကပုံစံနှင့်ပင် တူနေလေသည်။ သို့သော်လည်း ချွန်းမြောင် ထီမထင်မျက်နှာကမူ တောင်ဘက်အစွန်အဖျားဂိုဏ်းအား အထင်မကြီးဟု အော်နေသည့်အလားပင်။

ဂျင်ဂွမ်ရုန် သက်ပြင်းရှည်ကြီးကိုချကာ အသက်ကို တဝကြီး ရှုလိုက်ပြီး ခံစားချက်မရှိသောအသံနှင့် စကားစကာ ပြောလိုက်လေသည်။

"မင်းကို အကြံတစ်ခုလောက် ပေးရမလား"

"မလိုဘူး"

ချွန်းမြောင်က ပုခုံးကို တွန့်ကာ ယတိပြတ်ပင် ငြင်းလိုက်လေသည်။

"ဘာပဲလုပ်လုပ် ဒီလောက်အဆင်ပြေနေတာကို ဘာအကြံလိုမှာလဲ"

"..."

ဂျင်ဂွမ်ရုန်က မျက်စိရှေ့မှကလေးကို အေးစက်စက်မျက်လုံးများနှင့် ကြည့်လိုက်လေသည်။

အဖြေစကားတို့က အချိုးပြေမနေပေ။

"မင်းက တောင်ဘက်အစွန်အဖျားဂိုဏ်းကိုတောင် ပမာမခန့် လုပ်ရဲတယ်ပေါ့"

"ပမာမခန့် လုပ်တယ်..ဟုတ်လား"

ချွန်းမြောင်က ဂျင်ဂွမ်ရုန်၏စကားကြောင့် ခွက်ထိုးခွက်လန် ရယ်လေသည်။

"မင်းတို့ ပမာမခန့်လုပ်တာကြ အဆင်ပြေပြီး ငါတို့ကျမှ အပြစ်ဖြစ်တော့တာလား...

ဟွာဆန်းရဲ့ အားနည်းချက်တွေကို လှောင်ပြီး အနိုင်ကျင့်ခဲ့တာကို ဂုဏ်ယူစရာလို့များ ထင်ခဲ့ကြတာလား"

ကစ်ကစ်လန်ပင် ပြန်ပြောနေလေ၏။ စကားတစ်ခွန်းပင် အလွတ်မခံပေ။

"မင်း..."

ဂျင်ဂွမ်ရုန် တုံ့ပြန်ပြောဆိုရန်ပြင်လိုက်သော်လည်း စကားလုံးတို့ကို မြိုချကာ ခေါင်းကိုခါပြီး စိတ်ထိန်းလိုက်လေသည်။

"မဟုတ်ဘူး..ရတယ်..မင်း ငါ့ကို ရိုသေနေစရာမလိုပါဘူး...

မင်းက တကယ်တော်မတော်ဆိုတာကို ကြည့်ပြီးမှပဲ ဆက်ပြောကြတာပေါ့"

"အဲ့လိုလား"

"ငါ မင်းကို အသိအမှတ်ပြုပါတယ်... မင်းအသက်အရွယ်နဲ့ မင်းစွမ်းရည်က ထောင်လွှားလောက်ပါပေတယ်...

ကိုးယောက်လုံးကို အနိုင်တိုက်လိုက်နိုင်တာကိုက လေးစားအသိမှတ်ပြုစရာ ဖြစ်နေပါပြီ..

တစ်သက်မှာ တစ်ခါလောက်ပဲပေါ်လာနိုင်တဲ့ ပါရမီရှင်မျိုးပါ...မင်းက"

ဂျင်ဂွမ်ရုန်၏ ချီးကျူးစကားများကြောင့် ချွန်းမြောင် မျက်မှောင်ကြုတ်လိုက်လေသည်။

ဂျင်ဂွမ်ရုန်က သူ၏ဓါးကို ဆွဲထုတ်လိုက်ပြီး ချွန်းမြောင်ထံသို့ ချွန်ရွယ်ထားလိုက်လေသည် ဆက်ပြောလာလေသည်။

" ဒါပေမယ့် မင်း ရဲ့ ကံမကောင်းတာက ဘာလဲသိလား"

"ဘာများလဲ"

"မင်း ငါနဲ့ ခေတ်အတူတူမှာ မွေးလာခဲ့တာပဲ"

ချွန်းမြောင်က ကျေနပ်ပြုံးကြီးပြုံးကာ ဂျင်ဂွမ်ရုန်ကို ဆက်ကာပြောလေသောစကားတို့ကိုသာ ဆက်ကာနားထောင်နေလေသည်။

"ကံမကောင်းမှုရဲ့ အကျိုးဆက်အရ မင်းတသက်လုံး ငါ့ရဲ့ နောက်မှာပဲ ရှင်သန်ရတော့မယ်...

ငါတို့ကြားက ကွာခြားချက်ကြီးက ကြီးလွန်းလို့ တသက်လုံး ငါ့ရဲ့ လောင်းရိပ်အောက်မှာပဲ မင်းရှင်သန်သွားရတော့မှာ..."

ဂျင်ဂွမ်ရုန်၏ ယုံကြည်မှုအပြည့်နှင့်စကားတို့ကြောင့် ချွန်းမြောင်က မျက်လုံးလေးပြူးကာ ခေါင်းငြိမ့်လိုက်ပြီး ပြန်ပြောလာလေသည်။

"ယုံကြည်ချက်ရှိတာကတော့ ကောင်းပါတယ်"

"ငါ ပြောလို့ မပြီးသေးဘူး"

"ဪ..အင်း..ပြောပါ'

"မင်း ဟွာဆန်းကို ရွေးချယ်လိုက်ကတည်းက တသက်လုံးငါရဲ့နောက်မှာပဲ နေရမယ့်သူဖြစ်သွားပြီ..

တကယ်လို့ ဟွာဆန်းကို မရွေးဘဲ တောင်ဘက်အစွန်အဖျားဂိုဏ်းကိုသာ ရွေးခဲ့မယ်ဆိုရင်တော့ ငါ့ကို အနိုင်ယူနိုင်ရင် ယူနိုင်သွားမှာပေါ့"

"တကယ်ကြီးလေ..မင်းက အဲ့လိုတကယ်ကြီး ထင်နေတာလား"

"ထင်တာမဟုတ်ဘူး..သေချာပေါက်ပဲ"

ဂျင်ဂွမ်ရုန်က အသက်ကိုပြင်းပြင်းရှုကာ ဆက်ပြောပြန်လေသည်။

"ဟွာဆန်းဂိုဏ်းဆိုတာက အတိတ်မှာပဲ တောက်ပခဲ့တာ... သူ့ရဲ့ ထူးချွန်လှပါတယ်ဆိုတဲ့ တပည့်တွေအကုန်လုံးကလည်း သေသွားခဲ့ပြီး သိုင်းပညာတွေလည်း အားလုံးနီးပါး ပျောက်ဆုံးထားလို့ မသေမချာနဲ့ စိတ်ထင်နဲ့ မှန်းပြီး ပြန်သင်ယူနေကြရတာ..

ငါတို့ တောင်ဘက်အစွန်အဖျားဂိုဏ်းက မင်းတို့နဲ့ မတူဘူး...အတိတ်မှာ မကျော်ကြားခဲ့ပေမယ့်...အခုဆိုရင် ဂိုဏ်းက မူနဲ့ သိုင်းပညာနဲ့ ဖန်တီးကျင့်ကြံထားတဲ့ ကျင့်စဉ်တွေနဲ့ အနာဂတ်ကို ထူထောင်နေနိုင်ပြီ"

ဂျင်ဂွမ်ရုန်၏ တောင်ဘက်အစွန်အဖျားဂိုဏ်း၏ အခြေအနေတို့ကို ဂုဏ်ယူစွာ ထုတ်ဖော်ပြောဆိုနေလေသည်။

"မင်းတို့ ဟွာဆန်းဂိုဏ်းက တောင်ဘက်အစွန်အဖျားဂိုဏ်းကို ဘယ်တော့မှ လိုက်မှီလာမှာ မဟုတ်ဘူး.."

"ဪ"

ချွန်မြောင်က အံဩသလိုဟန်လေးကို ဟန်ဆောင်ပန်ဆောင်ပြုကာ သရော်လိုက်လေသည်။ တစ်စုံတစ်ယောက်က သူတို့ဂိုဏ်း၏ ဂုဏ်အရည်သွေးတို့ကို ထိုသို့ ဝင်ကြွားစွာပြောလာမည်ဆိုပါက ထိုလူကို လေးစား၍ ချွန်းမြောင်က လက်ခုပ်လက်ဝါးတီးကာ ဂုဏ်ပြုမည်ဖြစ်လေသည်။ သို့သော် ယခုတွင်မူ ဤဂျင်ဂွမ်ရုန် ဂုဏ်ဆာနေသည့်အရာက သူတို့ ဟွာဆန်းဂိုဏ်းမှ ခိုးယူသွားသော 'ဇီးပန်းပွင့်ဓါးသိုင်း' ကို တောင်ဘက်အစွန်အဖျားဂိုဏ်း၏ ဖန်တီးထားသောသိုင်းပညာဟု ပြောကာ ဂုဏ်ယူနေခြင်းပင်။ ချွန်းမြောင် သရော်ချင်နေသည်မှလွဲ၍ အခြားခံစားချက်မရှိတော့ပေ။

ချွန်းမြောင် ဂျင်ဂွမ်ရုန်ကို ကြည့်ကာ စိတ်ထဲတွင်လည်း အတွေးများလေသည်။

ယခုလက်ရှိတွင် တောင်ဘက်အစွန်အဖျားဂိုဏ်းက အသုံးပြုနေသော ဓါးသိုင်းသည် ဇီးပန်းပွင့်ဓါးသိုင်းဖြစ်သော်လည်း ဤသိုင်းပညာ၏ မူလပိုင်ရှင်သည်က ဟွာဆန်းဂိုဏ်းဖြစ်သည်ကို မသိသူက များလေသည်။ ချွန်းမြောင်က ပြောပြကာ ထိုသိုင်းပညာအား ပြန်ပေးရန်ပြောလျှင်လည်း ချွန်းမြောင်ကိုပင် အရူးဟု လက်ညိုးထိုးကာ လှောင်ရယ်ကြပေလိမ့်မည်။ သိုင်းပညာလည်း ပြန်ရမည် မဟုတ်ပေ။

ထိုသို့ မဟုတ်ဘဲ တောင်ဘက်အစွန်အဖျားဂိုဏ်းအား မပြောလေဘဲ ဟွာဆန်းတွင်ပင် ဇီးပန်းပွင့်ဓါးသိုင်းကို သင်ကြားပါကလည်း သူတို့၏ဓါးသိုင်းကို ပုံတူပွားကာ ခိုးယူသည်ဟုက စွပ်စွဲလေဦးမည်။ ထို့သို့ စွပ်စွဲခံရပါက ဟွာဆန်းတွင် ပြန်လည်ငြင်းဆန်နိုင်သည့် အင်အားမရှိသကဲ့သို့ အများသူငါက ယုံကြည်နိုင်လောက်သည့် အာဏာလည်း မရှိပေ။ သို့ဖြစ်၍ သက်သေနှင့်တကွ ဇီးပန်းပွင့် ဓါးသိုင်းအား ပြသကာ ဟွာဆန်းသို့ ပြန်ယူနိုင်ရန် လိုအပ်လေသည်။

ထို့ကြောင့်ပင် ချွန်းမြောင်က စိတ်ရှည်လက်ရှည်နှင့် အစီအစဉ်ဆွဲကာ လုပ်ဆောင်နေခြင်း ဖြစ်လေသည်။

အဲ့ဒီအချိန်လေး ရောက်တဲ့အထိပဲ တောင့်ခံထားနိုင်ရင် ရပါပြီ...

ချွန်းမြောင်သည်လည်း တောင်ဘက်အစွန်အဖျားဂိုဏ်း၏ သူခိုးကလူပြန်ဟစ်သည့်ပုံစံကို ကြည့်ကာ သည်းခံနေရသည်ကို စိတ်ကုန်နေပြီဖြစ်သော်လည်း အချိန်မတန်သေးသည်မို့ ကြိတ်မှိတ်ကာသာ သည်းခံနေရလေသည်။အချိန်တစ်ခုအား ကျော်ဖြတ်ပြီးသွားလျှင်မူ ပြီးပြီဖြစ်လေသည်။

ခန့်မှန်းရခက်သောအပြုံးတစ်ပွင့်က ချွန်းမြောင်၏ မျက်နှာထက်တွင် ပွင့်လန်းလာလေသည်။

"တောင်ဘက်အစွန်အဖျားဂိုဏ်းရဲ့ အနာဂတ်တဲ့လား...ကြားရတာတော့ ကောင်းသားပဲ"

ချွန်းမြောင်က ဂျင်ဂွမ်ရုန်ကို ပြုံးကာပြောလိုက်လေသည်။

ချွန်းမြောင်တွင်လည်း တောင်ဘက်အစွန်အဖျားဂိုဏ်းအတွက် တွေးထားသည့်အစီအစဉ်များက တစ်ပုံတစ်ပင်ပင် ဖြစ်လေသည်။ တောင်ဘက်အစွန်အဖျားဂိုဏ်းအတွက် မည်သည့်အစီအစဉ်ကိုပင် အရင်စကာ အကောင်အထည်ဖော်ပေးရမည်ကို မတွေးတတ်အောင်ပင်။

အရေးအကြီးဆုံးအချိန်သို့ ရောက်နေပြီဖြစ်သည်မို့ ချွန်းမြောင်က အမူအရာတို့ကို ပြောင်းလဲလိုက်ပြီ ဖြစ်လေသည်။ ယခုအချိန်တွင်မူ သူသည် ဟွာဆန်းဂိုဏ်း၏ တတိယတန်းအငယ်ဆုံးတပည့်လေး မဟုတ်တော့ပေ။ ဇီးပန်းပွင့်သူရဲကောင်း ဖြစ်သွားလေပြီး ဟွာဆန်း၏ အသရေကို တင့်တယ်အောင် ဆောင်ရွက်ပေးရတော့မည့်လူ ဖြစ်သွားပြီဖြစ်လေသည်။

"အနာဂတ်အတွက်"

ချွန်းမြောင်က ဓါးကို မြောက်လိုက်လေသည်။

"ဒါကို မင်းအတွက် လက်ဆောင်အဖြစ် ပေးလိုက်မယ်"

"ဟုတ်တယ်...ဒါက မင်းတသက်လုံး ဘယ်တော့မှ မမေ့နိုင်တော့မယ့် လက်ဆောင်မျိုးပဲ...မျက်စိလျင်လျင်ထားပြီး သေချာကြည့်ထား"

ဂျင်ဂွမ်ရုန်ကမူ ချွန်းမြောင်ပြောနေသည့်အရာများကို နားမလည်စွာပင် ကြည့်နေလေသည်။ ချွန်းမြောင်ကမူ ပြုံးလျက်ပင်။

ပြီးပြည့်စုံတဲ့ လက်ဆောင်..

သို့သော်လည်း တောင်ဘက်အစွန်အဖျားဂိုဏ်းအတွက်မူ ကျိန်စာပင် ဖြစ်လေလိမ့်မည်။

ချွန်းမြောင်၏ လက်ဆောင်ကြောင့်ပင် တောင်ဘက်အစွန်အဖျားဂိုဏ်း၏ အနာဂတ်က ပရမ်းပတာဖြစ်သွားတော့မည်က သေချာလေသည်။

ဟွာဆန်းရဲ့ ဓါးသိုင်းအစစ်ကို မင်းတို့ ခံစားကြည့်လိုက်ကြစမ်းပါ...

ချွန်းမြောင်က ကျေနပ်အားရစွာပင် ရယ်လိုက်ပြီး အဆက်မပြတ်ပင် ပြုံးနေလေတော့သည်။

"ကဲ လက်ဆောင်ကို ယူလိုက်ပေတော့"

မင်းတို့ တသက်တာမမေ့နိုင်ဖြစ်သွားစေရမယ်ဆိုတာ ငါ အာမခံတယ်...

ချွန်းမြောင်က သူ၏ဓါးကို တင်းတင်းပါအောင် ဆုပ်ထားလိုက်လေသည်။

"ဘေးဖယ်စမ်း"

"နည်းပြ"

"ဘတ်ချုန်းအကိုကြီး"

ဟွာဆန်း၏ တပည့်များက ကွင်းလယ်မှ မြင်ကွင်းကြောင့် အသက်ပင်ရဲရဲမရှုရဲကြတော့သည်အထိ တိတ်ဆိတ်နေကြသော်လည်း နောက်မှထွက်လာသည့်အသံကြောင့် အနည်းငယ် ရုတ်ရုတ်သဲသဲ ဖြစ်သွားလေသည်။

ဘတ်ချုန်းကမူ ဒဏ်ရာများနှင့်ပင် ပွဲကြည့်နိုင်သည့်နေရာသို့ လာနေသည်ကို တွေ့လိုက်ရလေသည်။

"ဆရာတူအကိုကြီး အဆင်ပြေရဲ့လား"

မေးခွန်းများကို ဘတ်ချုန်းက မဖြေဘဲ လက်ကာခါပြလေသည်။ စိတ်ချလို့ရသည်ဆိုသည့် သဘောပင်။

ကွင်းလယ်မှ အခြေအနေကို မြင်ပြီးသည့်အခါတွင်မူ အော်ကာပြောလေတော့သည်။

"ကုလားထိုင်..ခုံတစ်လုံး ယူလာခဲ့ကြဟေ့"

"ဟုတ်ကဲ့..နည်းပြ"

တတိယတန်းတပည့်များထဲမှ တစ်ယောက် ချက်ချင်းဆိုသလိုပင် ဘတ်ချုန်းအတွက် ခုံသွားယူလေသည်။ ဘတ်ချုန်းကမူ ချွန်းမြောင်တို့၏ အခြေအနေကိုသာ အာရုံရနေလေသည်။

ငါ ဒါကို ကြည့်ရမှကို ဖြစ်မှာ...

သူသတိရလာသည်နှင့် ကြားလိုက်ရသည်က ချွန်းမြောင်သည် ကိုးပွဲအနိုင်ယူပြီးပြီ ဆိုသည်ကိုပင်။

ဤသတင်းကို ကြားလိုက်ရသည်နှင့် အိပ်ယာထဲတွင် ဆက်ကာလဲမနေနိုင်တော့ချေ။ ခန္ဓာကိုယ်က နာကြင်မှုကြောင့် အဆင်မပြေဖြစ်နေသေးသော်လည်း ချွန်းမြောင်အား အားပေးသင့်သည်ဟု ထင်လေသည်။ ထို့ကြောင့်ပင် အမိအရ ကြိုးစားကာ ထွက်လာခြင်းပင်။

ဂျင်ဂွမ်ရုန်နှင့် ချွန်းမြောင် ..

နှစ်ဦးစလုံးက သူ့အတွက် ထူးထူးခြားခြားဖြစ်သော လူများဖြစ်ကြလေပြီး ထိုနှစ်ဦးသား၏အားပြိုင်မှုကိုလည်း သူမြင်ချင်လေသေးသည်။

ချွန်းမြောင် နိုင်ပါစေ...

မင်းနိုင်မှ ဖြစ်မယ်...

ဘတ်ချုန်း၏ မျက်လုံးများကလည်း မျှော်လင့်ချက်တို့ကြောင့် အရောင်တလက်လက်တောက်ပနေလေသည်။

ဝှီးး

ဝှီးးး

ချွန်းမြောင်နှင့် ဂျင်ဂွမ်ရုန်တို့က ဓါးကို စတင်ကာ ကစားလာကြပြီ ဖြစ်လေသည်။

မည်သို့သော ရလဒ်ပင် ဖြစ်ခဲ့စေကာမူ ဤပြိုင်ပွဲ၏ရလဒ်က ကမ္ဘာမြေတစ်ခွင်သို့ ခမ်းနားကြီးကျယ်စွာ ပြန့်နှံ့သွားတော့မည်က သေချာလေသည်။

ဟွာဆန်း၏တပည့်ဂိုဏ်းသားများကမူ သူတို့၏မျက်လုံးများကို အစွမ်းကုန်ပင် ဖွင့်ထားကြပြီး မျက်တောင်ပင် မခတ်တော့သည့်အလားပင်။ သူတို့သည် သမိုင်းဝင်ပြိုင်ပွဲကြီး၏ အဖိုးတန်ပုံရိပ်များကို တစ်ခုလေးပင် လွတ်သွားချင်ပုံမပေါ်ကြပေ။

All Chapters