အခန်း (၁၀၉-၁၁၁)
Vol. 8 Ch. 109-111
အပိုင်း(၁၀၉)
ဟွာဆန်းက ပျက်သုန်းမှာ မဟုတ်ဘူး (၄)
"အကြီးအကဲ... ဆရာတူအကိုကြီးက နိုင်လောက်လား"
တပည့်ဂိုဏ်းသားများ၏အမေးကို အကြီးအကဲဆောင်းက မဖြေဘဲ နှုတ်ခမ်းကိုသာ တင်းတင်းကိုက်ထားလိုက်လေသည်။ နှုတ်ခမ်းကိုကိုက်ထားသည်က သွေးပင်ထွက်လာကာ သွေးများပင် စီးကျလာပြီဖြစ်သည်။
"သူနိုင်လောက်လား"
ဤသည်က ဖြေရန်ခက်ခဲသောမေးခွန်းပင်။ ချက်ချင်းဖြေလိုက်ရန်အဖြေတစ်ခု သူ့တွင်ရှိမနေပေ။
"ဘယ်လိုပဲဖြစ်ဖြစ် သူနိုင်မှပဲ ရမယ်"
ဤမကောင်းဆိုးဝါးလေး၏ အတောင်ကို ယနေ့တွင်မရိုက်ချိုးနိုင်လျှင် အချိန်ကာလတစ်ခုကြာသောအခါ ဤမကောင်းဆိုးဝါးလေးက နဂါးအဖြစ် ကောင်းကင်သို့ ပျံသန်းကာ အရာအားလုံးကို စိုးမိုးသွားလေလိမ့်မည်။ မနိုင်၍ မဖြစ်ပေ။ ထိုသို့ ဖြစ်မလာရန်တားဆီးနိုင်မည့်အခွင့်အရေးက ဤအခွင့်အရေးအပြင် နောက်တစ်ကြိမ် ရှိလာမည် မထင်တော့ပေ။
ဂျင်ဂွမ်ရုန်တော့ လုပ်နိုင်မယ်လို့ ထင်ရတာပဲ....
ဂျင်ဂွမ်ရုန်သည် ဒုတိယတန်းတပည့်တစ်ယောက်ပင်ဖြစ်သော်လည်း အကြီးအကဲများလောက်ပင် သိုင်းပညာစွမ်းရည် မြင့်မားသူဖြစ်လေသည်။ ဂျင်ဂွမ်ရုန်ထက် ထူးချွန်းနေသောသူကို ယနေ့ထိ မတွေ့ခဲ့ဖူးပေ။ ဂျင်ဂွမ်ရုန်၏ အနာဂတ်၏သူရဲကောင်းအဖြစ် လျာထားခံရသူဖြစ်လေပြီး တမူထူးခြားကာ ထက်မြက်သူလည်း ဖြစ်လေသည်။ ကံတရားသာမျက်နှာသာပေးပါက လောကကြီးတွင် အကောင်းဆုံး သိုင်းသမားပင် ဖြစ်လာနိုင်သူဖြစ်လေသည်။ ဂျင်ဂွမ်ရုန်သာ ဤကလေးကို မနှိမ်နင်းနိုင်ပါက နှိမ်နင်းနိုင်မည့်သူလည်း ရှိတော့မည် မဟုတ်ပေ။
အဲ့ကလေးကို ငါတို့ နှိမ်နင်းနိုင်မှပဲ ဖြစ်တော့မယ်...
ထို့အပြင် ဟွာဆန်းကို အချိန်စောကတည်းကပင် အလုံးစုံပျက်သုန်းသွားအောင် မလုပ်ခဲ့မိသည့်အတွက်လည်း အကြီးအကဲဆောင်း နောင်တရနေလေသည်။ ဟွာဆန်းအား ညှာတာကာ ရှင်သန်ခွင့်ပေးထားသည်က ဤသို့သောအကျိုးဆက်ကို ခံစားရသည်သာ အဖတ်တင်လေခဲ့သည်။ သူတို့၏အမှားပင်။
ဒီဟွာဆန်း မျိုးမစစ်တွေက ...မထင်ထားခဲ့ဘူး...
အကြီးအကဲဆောင်း ဟွာဆန်းဂိုဏ်းမှ လူများရှိရာဘက်သို့ ကြည့်ကာ ကြိမ်းဝါးလိုက်လေသည်။
ငါတို့တောင်ဘက်အစွန်အဖျားဂိုဏ်းကို ဂုဏ်ငယ်စေမယ့် ဒီနေ့လို ကိစ္စမျိုး ငါက လုံးဝအဖြစ်မခံနိုင်ဘူး...
လုံးဝပဲ..မင်းတို့ စောင့်ကြည့်နေကြ...
ဘယ်တော့မှပဲ...
ကွင်းလယ်ထဲရှိ ပြိုင်ပွဲဝင်များကမူ စတင်ကာ ဓါးစွမ်းရည်ပြနေကြပြီ ဖြစ်လေသည်။ ဂျင်ဂွမ်ရုန်က သူ၏ဓါးကို စတင်ကာ ကစားပြီး ဓါးရေးပြသနေပြီ ဖြစ်လေသည်။ ဂျင်ဂွမ်ရုန် သုံးနေသည့်ဓါးသိုင်းက တောင်ဘက်အစွန်အဖျားဂိုဏ်း၏ အဓိကသိုင်းပညာဖြစ်သော ' နှင်းပန်းဆယ့်နှစ်ချက် ဓါးသွားသိုင်း' ပင် ဖြစ်လေပြီး ဂျင်ဂွမ်ရုန်ကလည်း ထိုသိုင်းပညာကို အမှားအယွင်းမရှိ ပြည့်စုံစွာသုံးနိုင်သောသူဖြစ်လေသည်။
ချွန်းမြောင်ကမူ ဂျင်ဂွမ်ရုန်၏ ဓါးသိုင်းကို ကြည့်ကာ မဲ့လိုက်လေသည်။
တော်တော်လေးတော့ တူသားပဲ..
ပုံတူကူးချတာကတော့ တော်ပါပေတယ်...
ပန်းတစ်ပွင့်၏ အလှအပသည် ပန်းမညှိုးနွမ်းခင်မှာပင် ရှိနေလေပြီး ရနံ့ရှိသည့်အချိန်တွင်သာ တည်ရှိလေသည်။ သို့သော်လည်း ပန်း၏အလှအပများနောက်တွင်မူ စိတ်ဝင်စားလောက်ဖွယ်ရာ အံအားသင့်စရာတို့ကလည်း ရှိလေသည်။ ဤသည်က 'နှင်းပန်းဆယ့်နှစ်ချက်ဓါးသိုင်း' ပင်။
ဂျင်ဂွမ်ရုန် ဤဓါးသိုင်းကို သုံးသည်က လီဆုန်ဘတ်သုံးခဲ့စဉ်ကထက် ပို၍ပင် သေသေသပ်သပ်ရှိလေပြီး အမြင်အရမူ လေးစားလောက်စရာပင်။ လူတိုင်းက သေသပ်ကျော့ရှင်းသော ဓါးရေးပြမှုတွင် နစ်မြောနေကြလေသည်။
သို့သော် ဂျင်ဂွမ်ရုန်၏ ရှေ့တွင်ရှိနေသော ပြိုင်ဘက်သည်က တခြားသူမဟုတ်။ ချွန်းမြောင်ပင်။ ချွန်းမြောင်ဆိုသည်က သူတို့၏ ' နှင်းပန်းဆယ့်နှစ်ချက်ဓါးသိုင်း' ဟုခေါ်သော သိုင်း၏ ကနဦးမူလပိုင်ရှင်ကြီးဖြစ်သော ဇီးပန်းပွင့်ဓါးသိုင်းကို အကျွမ်းကျင်ဆုံးလူသားဖြစ်သည်မို့ ဤသေသပ်သော ဓါရေးပြမှု၏နောက်တွင် ဓါးချက်များကပ်ပါလာတော့မည်ကို ကြိုသိလေသည်။ ဂျင်ဂွမ်ရုန်၏ ဓါးချက်များကို ကြိုတင်ကာ မှန်းဆထားပြီးပြီမို့ ဓါးချက်များကို ရှောင်ရှားနိုင်လေသည်။
ဝှစ်..
ဂျင်ဂွမ်ရုန်၏ ဓါးချက်က ချွန်းမြောင်ဝတ်ရုံ၏ အဖျားလေးကို ခတ်မိလေသည်။
ဆံပင်ဖျားလေးကိုလည်း ဖြတ်သွားလေ၏။
ထိုမျှသာမက ချွန်းမြောင်၏ ပါးစုန့်မောက်မောက်ကိုပါ ရှသွားလေပြီး သွေးပင်စို့လာစေသည်။
ချွန်းမြောင်ကမူ ဓါးချက်များကို မထိတထိလေးရှောင်ရှားကာ အားလုံး၏ စိတ်ကို လှုံဆော်နေပြီး ပါးပြင်မှသွေးတို့ကို လက်နှင့်ယူကာပင် မြည်းကြည့်လိုက်လေသေးသည်။ ခါးသက်သက်ပင်။
"မင်း ငါ့ကို မခုခံဘဲ တချိန်လုံး ဒီလိုပဲ ပြေးနေမှာတော့ မဟုတ်ပါဘူးနော်"
ဂျင်ဂွမ်ရုန်၏ ရန်စစကားကို ချွန်းမြောင်က မတုံ့ပြန်ဘဲ တိတ်တိတ်သာ ကြည့်နေလိုက်လေသည်။
ဂျင်ဂွမ်ရုန်ကမူ စိတ်ကိုလျော့ထားပုံရပြီး အစောပိုင်းကလောက် စိတ်ဖိစီးနေပုံလည်း မရပေ။
"ဟိုးအရင်တုန်းက... ဟွာဆန်းဆိုတာ ဓါးကနေ ပန်းတွေဖန်တီးပြီး သူကိုယ်ပိုင်နာမည်ရအောင် ကြိုးစားခဲ့တာမဟုတ်ဘူးလား"
".."
"ဒါပေမယ့် အခုတော့ အဲ့တာက ပုံပြင်တစ်ပုဒ်ဖြစ်သွားပြီ... အခုတော့ ဟွာဆန်းက တောင်ဘက်အစွန်အဖျားဂိုဏ်းရဲ့ ဆန်းသစ်ထားတဲ့သိုင်းပညာတွေအောက်မှာ ကျဆုံးသွားခဲ့ပြီ...
ကမ္ဘာကြီးက ငါတို့ဂိုဏ်းရဲ့အောင်မြင်မှုတွေကိုပဲ သိကြတော့မှာ...မင်းတို့ ဂိုဏ်းရဲ့ သိုင်းပညာတွေ အကုန်လုံးကတော့ အမေ့ခံပေါ့"
ချွန်းမြောင်ကမူ တိတ်တိတ်ဆိတ်ဆိတ်ပင်။ ခွန်းတုံ့ပြန်ခြင်း မရှိပေ။
"ငါတို့ တောင်ဘက်အစွန်အဖျားဂိုဏ်းရဲ့ ဓါးသိုင်းက ဟွာဆန်းဂိုဏ်းရဲ့ သိုင်းပညာထက် အများကြီးပိုသာတယ်ဆိုတာကို သက်သေပြဖို့ ငါတို့ရဲ့ ဘိုးဘေးတွေက ဒီသိုင်းပညာကို ဖန်တီးခဲ့ကြတာ...
မင်းတို့ ဂိုဏ်းထက်အများကြီးပိုသာတယ်ဆိုတာကို ငါယုံကြည်သလို သက်သေလည်းပြလို့ရတယ်...
မင်းတို့လို ပျက်ဆီးပြီးသားဂိုဏ်းက ဘာတွေများ ရှိနေမှာမို့လို့လဲ ...ဘယ်လိုပဲဖြစ်ဖြစ်"
"ဒီဓါးသိုင်းပညာမှာ အဓိပ္ပါယ်တစ်ခုသာရှိမယ်ဆိုရင် အဲ့တာက မင်တို့ ဟွာဆန်းရဲ့ နောက်ဆုံးထွက်သက်ကို နှုတ်ယူတာပဲ ဖြစ်လိမ့်မယ်....
ကဲ ..လာစမ်းပါ...မင်းတို့ ဂိုဏ်း သေပန်းပွင့်နေတာကို ငါ အဆုံးသတ်ပေးလိုက်မယ်"
မောက်မောက်မာမာ စိန်ခေါ်မှုများနှင့် ယုံကြည်ချက်ပြည့်ဝနေသော စကားသံများက ဂျင်ဂွမ်ရုန်ဆီမှ အဆက်မပြတ် ထွက်နေလေသည်။
ချွန်းမြောင်ကမူ ဂျင်ဂွမ်ရုန်၏ အပြုအမူ ၊ အပြောအဆိုများကို အာရုံရနေသည့်ပုံမပေါ်ပေ။ မျှော်လင့်ထားပြီးသား ဖြစ်ပုံရလေသည်။
"အဟက်"
"..."
ချွန်းမြောင်က ရယ်ချင်စိတ်ကို မထိန်းနိုင်သည့်အလား ပါးစပ်ကို လက်အုပ်ထားသည့်ကြားကပင် တခွိခွိရယ်နေလေသေးသည်။
"မင်း ဘာလုပ်နေတာလဲ"
ချွန်းမြောင်က ရယ်ချင်စိတ်ကို ထိန်းချုပ်နေပုံရသော်လည်း ထိန်းနိုင်သည့်ပုံတော့ မရပေ။ လက်ကိုခါကာ ခေါင်းကိုလည်း ငုံရင်း အားနားပါးနာနှင့်ပင် ရယ်နေလိုက်သေးသည်။ ဤအပြုအမူတစ်ခုကပင် ဂျင်ဂွမ်ရုန်ကို စော်ကားလိုက်သည့်အလားပင်။
"စိတ်မရှိပါနဲ့...ထိန်းပါသေးတယ်...ဘယ်လိုမှ မထိန်းနိုင်တော့လို့ ရယ်မိသွားတာပါ...ဟီးး..ဟီးး"
ချွန်းမြောင်က သွားသုံးဆယ့်နှစ်ချောင်း ပေါ်အောင်ပင်ပြုံးကာ ရယ်နေရင်းမှပင် ဓါးကိုမြောက်ကာ ဂျင်ဂွမ်ရုန်ထံသို့ ရယ်လိုက်လေသည်။
"နားထောင်ရတော့ ကောင်းပါတယ်....သရုပ်ဆောင်နေတဲ့ပုံက လူပြက်နဲ့တောင် တူသလိုလိုပဲ"
"လူပြက် ဟုတ်လား"
"ဟုတ်တယ်လေ... ဒါပေမယ့်လည်း ရယ်ရတာတွေကို ကြိုက်ပါတယ်..ငါက ...
ငါတောင် အဲ့လိုရယ်ရအောင် မလုပ်နိုင်သေးဘူးထင်တာပဲ"
ဂျင်ဂွမ်ရုန်၏မျက်နှာက ရှက်စိတ်ကြောင့် နီရဲလာလေသည်။ အံကိုတင်းတင်းကြိတ်ပြီး မျက်မှောင်အစုံကလည်း စုမိလာလေသည်.
"မင်း က ငါရဲ့ ဓါးရေးကို ဟာသသရုပ်ဖော်နေတာနဲ့တောင် နှိုင်းရဲတယ်ပေါ့"
"အာ...အထင်မလွဲပါနဲ့...ဒါက မင်းကို အထင်သေးလို့ ပြောတာမဟုတ်ပါဘူး...
ဒီလို တောင်ဘက်အစွန်အဖျားဂိုဏ်းရဲ့ ဘိုးဘေးတွေ ပြန်လည်ဆန်းသစ် တီထွင်ထားတဲ့ ဓါးသိုင်းကို ဘယ်ကသာ အထင်သေးရဲရမှာလဲ"
ဂျင်ဂွမ်ရုန်ကမူ ချွန်းမြောင်အား စူးစူးရဲရဲ စိုက်ကြည့်နေဆဲပင်။
"မင်း ငါ့ကို ဒီလိုကြီး စိုက်ကြည့်နေဖို့ မလိုပါဘူး... ငါက မင်းကို လက်ဆောင်တစ်ခု ပေးတော့မှာ..
မင်းရဲ့ ဓါးသိုင်းထဲက ဟာကွက်တွေ အကုန်လုံးကို ငါဖြည့်ပေးလိုက်မယ်"
"မင်း ငါ့ရဲ့သိုင်းကွက်တွေနဲ့ လွတ်အောင် နည်းနည်းလောက်တော့ ဝေးဝေးနေသင့်တယ် ထင်တယ်"
"ငါမင်းကို ဒီလိုပြောတတ်တဲ့လူတစ်ယောက်လို့ မထင်ထားခဲ့မိဘူး"
ဂျင်ဂွမ်ရုန်က လက်သီးကိုတင်းတင်းဆုပ်ကာ ကြည့်နေလိုက်လေသည်။
နှင်းပန်းဆယ့်နှစ်ချက်ဓါးသိုင်းဆိုသည်က အင်အားကြီးသော ဓါးသိုင်းဖြစ်လေပြီး ပေါ့ပါးကာပုံရိပ်ယောင်များလည်း ရှိသည်မို့ ဓါးချက်ကို ရှောင်ရှားရန်က မဖြစ်နိုင်ပေ။ သို့သော်လည်း ချွန်းမြောင်ကမူ ပွတ်ကာသီကာလေးနှင့်ပင် ဓါးချက်အားလုံးကို ရှောင်ရှားခဲ့လေသည်။ ဂျင်ဂွမ်ရုန် ဓါးကို တင်းတင်းဆုပ်ကိုင်ထားမိသွားလေသည်။
ချွန်းမြောင်သည်သာလျှင် တောင်ဘက်အစွန်အဖျားဂိုဏ်းထက် ပို၍သာလွန်ကောင်းမွန်သော သိုင်းပညာကို ချပြလာခဲ့လျှင်ဟူသော သံသယရှိသော်လည်း သူတို့ဂိုဏ်း၏ သိုင်းပညာသည်ကလည်း ချွင်းချက်မရှိ ကောင်းမွန်လှသည်ဟု ယုံကြည်ထားသည်မို့ ကြည့်ကာသာ နေလိုက်လေသည်။
အားကြီးသူက အနိုင်ရစမြဲပင်။ ချွန်းမြောင် မည်မျှပင် လေကြီးနေစေကာမူ ဟွာဆန်း၏သိုင်းပညာသည်က မက်လောက်ဖွယ်ရာ မဟုတ်ပေ။ ထို့ကြောင့် ဤကလေး အရှုံးနှင့် ရင်ဆိုင်ရမည့် အချိန်ကောင်းကိုသာ ဂျင်ဂွမ်ရုန်စောင့်နေလိုက်လေသည်။
"မင်း"
"ငါ မင်းကို တစ်ခုလောက် မေးမယ်"
ချွန်းမြောင်က ဂျင်ဂွမ်ရုန်အား အတည်ပေါက် မေးလာလေသည်။
"မင်းတို့ သိုင်းပညာရဲ့ အနှစ်သာရက ဘာလဲ'
"မင်း ဘာကိုပြောချင်တာလဲ"
"ရပြီ...မပြောနဲ့တော့ ..ဒီလောက်ဆို လုံလောက်ပြီ"
ချွန်းမြောင်က ခေါင်းခါကာ ခနဲ့လိုက်လေသည်။ ခိုးယူထားသော သိုင်းပညာအတွက် တောင်ဘက်အစွန်အဖျားဂိုဏ်းတွင် နက်နက်နဲနဲ ထားရသည့် အဓိပ္ပါယ်က ရှိမနေသည့် သဘောပေ။
ချွန်းမြောင် က အချိန်တန်ပြီဟု ယူဆလိုက်ကာ အားလုံးကြားနိုင်လောက်သော အသံနှင့် စတင်ကာ ပြောပြီး ဤဇီးပန်းပွင့်ဓါးသိုင်း၏ ရည်ရွယ်ချက်နှင့် အဓိပ္ပါယ်ကို ပြောလာလေသည်။
"တော်တော်လေးကို ကောင်းတဲ့ ပုံတူခိုးပွားမှုပဲ... ဒါပေမယ့် ဒီလောက်နဲ့တော့ မရသေးဘူး...
ဟွာဆန်းရဲ့ ဓါးသိုင်းက ပိုပြီးတော့ လျင်မြန်တယ်၊ ထက်မြတယ် ၊ ပေါ့ပါးတယ်"
အားလုံးကလည်း ချွန်းမြောင်၏ အသံကို ကြားနေရလေပြီး နားထောင်နေကြလေသည်။
ဤသည်က တောင်ဘက်အစွန်အဖျားဂိုဏ်း၏ ကျိန်စာဆိုးကြီး အစပြုနေခြင်းပင်။
"မင်းက အတော် သောက်ကြွားသန်တာပါလား"
"ငါ သောက်ကြွားသန်တယ် ထင်ရင် ပါးစပ်ပိတ်သွားအောင် မင်းလာလုပ်လေ...
မင်းလည်း အဲ့လိုပဲ ကြီးကြီးကျယ်ကျယ်တွေ ကြွားထားတာပဲ မဟုတ်ဘူးလား"
"မင်း.."
ဂျင်ဂွမ်ရုန် ဆက်ကာမပြောတော့ဘဲ ဓါးကိုသာ ဆွဲမြောက်လိုက်လေသည်။ အပြောထက် အလုပ်နှင့်သက်သေပြသည်က ပို၍အဆင်ပြေသည်ဟု သူထင်လေသည်။
တစ်ကြိမ်ပဲ နိုင်လျှင်ရပြီ ဖြစ်သည်။ ဤတစ်ကြိမ်နိုင်လိုက်သည်နှင့် ရှေ့တွင်ရှုံးခဲ့သော ကိုးပွဲက အရေးမပါတော့ပေ။ သူကြိုးစားရပေလိမ့်မည်။ ဂျင်ဂွမ်ရုန်၏ ဓါးတွင် ချီစွမ်းအင်များက စတင်စီးဆင်းလာပြီး မြောက်မြားစွာသော ပန်းပွင့်များအသွင် ဆောင်နေကြလေတော့သည်။
ဤတစ်ကြိမ်ကို အနိုင်တိုက်ကာ ပြိုင်ပွဲအခြေအနေကို ပြောင်းပြန်လှန်ပြီး အောင်ပွဲနှင့်အတူ တောင်ဘက်အစွန်အဖျားဂိုဏ်းသို့ သူပြန်လေမည်။
ဂျင်ဂွမ်ရုန်က ပန်းပွင့်များကို ဖန်တီးကာ သူ့အား ကာကွယ်ထားလိုက်ပြီး ထိုပန်းများက လှပသကဲ့သို့ အန္တာရယ်လည်း များလှပေသည်။
မင်း ငါ့ဓါးချက်နဲ့ပဲ သေရမယ်....
နှင်းပန်းဆယ့်နှစ်ချက် ဓါးသိုင်းကို ဂျင်ဂွမ်ရုန်က ပြည့်စုံစွာ ပုံဖော်လိုက်ပြီး နှင်းပန်းများကလည်း ဖွေးဖွေးလှုပ် ပွင့်လာသည့်နှယ် ပုံရိပ်ယောင်များလည်း ထွက်လာလေသည်။ ပန်းပွင့်များက တဖြည်းဖြည်းဖုံးလွှမ်းကာ ချွန်းမြောင်၏ ပတ်လည်တွင်ပင် ပေါ်လာလေပြီး သူ့အား ရစ်ပတ်ကာ တဖြည်းဖြည်းဝါးမြိုသွားတော့မည့်အလားပင် ။ ပန်းပွင့်များကြားမှ ဓါးချက်များကလည်း တဖြည်းဖြည်း ပြင်းထန်လာလေသည်။
"ချွန်းမြောင်...."
အော်ဟစ်သတိပေးသံများက ကွင်းအတွင်းပြည့်လျှံသွားလေပြီး ဟွာဆန်းဂိုဏ်းသားများကမူ စိုးရိမ်စိတ်ကြောင့် လှုပ်ပင် မလှုပ်ရဲကြတော့ပေ။ အားလုံးကလည်း ဂျင်ဂွမ်ရုန်၏ သိုင်းပညာသည် အန္တာရယ်များလှသည်ကို သိရှိသွားကြပြီ ဖြစ်ပြီး စိုးရိမ်မှုများကလည်း မြင့်တက်လာလေသည်။ ရင်များလည်း တဒိတ်ဒိတ်ခုန်ကာ အသည်းများလည်း တုန်နေကြလေသည်။
ယွန်းဂျွန်သည်လည်း လက်သီးကိုတင်းတင်းဆုပ်ကာ စိတ်ကိုတင်းထားလေသည်။
လက်နှစ်ဖက်ကို ရင်ဘတ်ရှေ့တွင်စုကာ ထားပြီး တတ်နိုင်သမျှ ဆုတောင်းနေလေသည်။
ဘုရားကျေးဇူး...တော်သေးတယ်..တော်သေးတယ်...
ဂျင်ဂွမ်ရုန်၏ လျှပ်တပြက်ဓါးချက်များကို ချွန်းမြောင်က အေးအေးလူလူပင် ရှောင်ရှားနေသော်လည်း ပရိတ်သတ်များကမူ အသည်းတအေးအေးပင်။ ဘတ်ချုန်းသည်ပင် အငြိမ်နေနိုင်ပဲ အော်ဟစ်နေပြီ ဖြစ်၏။
ယုရီဆိုးကလည်း မျက်စိရှေ့မှ မြင်ကွင်းကို နှုတ်ခမ်းကိုက်ကာသာ ကြည့်နေရလေသည်။ ဂျင်ဂွမ်ရုန် အသုံးပြုနေသော ဓါးသိုင်းက သူမ အတော်လေးပင် ရင်းနှီးနေသော သိုင်းပညာဖြစ်သော်လည်း ကွဲပြားမှုအချို့တော့ ရှိနေလေသည်။ ထိုသို့ကွဲပြားနေရသည့် အကြောင်းအရင်းနှင့် ကွဲပြားမှုကို နားလည်ကာ ရှင်းပြနိုင်သည့် တစ်ဦးတည်းသောသူကမူ ကွင်းထဲတွင် ဖြစ်နေ၍ ယုရီဆိုး ရင်တထိတ်ထိတ်နှင့်ကြည့်နေရုံမှအပ မတတ်နိုင်တော့ပေ။
ဒါက ...
တူတော့ သိပ်မတူပေမယ့် တူတာတော့ တူနေတယ်.
ချွန်းမြောင်ကမူ ရှုတည်တည်မျက်နှာပေးနှင့်ပင် ပန်းပွင့်လှိုင်းများကို ကြည့်နေလေသည်။
ဒါကလည်း အတွေ့အကြုံအသစ်တစ်မျိုးပေါ့လေ...
တောင်ဘက်အစွန်အဖျားဂိုဏ်းသည် ဟွာဆန်း၏ ဇီးပန်းပွင့်ဓါးသိုင်းကို ခိုးယူခဲ့သော်လည်း သိုင်းပညာ၏ အနှစ်သာရကိုမူ ရှာတွေ့ခဲ့ပုံ မရပေ။ သိုင်းပညာ၏အနှစ်သာရကို ရှာတွေ့ကာ ထိုအနှစ်သာရနှင့် တွဲဖက်ကျင့်ကြံနိုင်မှသာ တာအိုလမ်းစဉ်ဟု ခေါ်ဆိုနိုင်လေပြီး ယခုနှင်းပန်းဆယ့်နှစ်ချက်ဓါးသိုင်းကမူ ခိုးယူထားသည့် သိုင်းပညာအဆင့်မှ တက်မလာပေ။ အခွံသက်သက် သိုင်းပညာဖြစ်နေပြီး အနှစ်မပါပေ။
ဤသည့်အချက်ကပင် သိုင်းပညာရပ်၏ အားနည်းချက်ဖြစ်လေသည်။ သို့သော်လည်း ထိုဖြစ်စဉ်ကို တောင်ဘက်အစွန်အဖျားဂိုဏ်းမှ လူများက သိမြင်နိုင်စွမ်းရှိပုံမရပေ။
ချွန်းမြောင်တို့၏ ဇီးပန်းပွင့် ဓါးသိုင်းကရော မည်သို့အခြေအနေရှိသနည်း...
ဇီးပန်းပွင့်များကို သိုင်းကွက်ဖော်လိုက်သည်နှင့်ပင် ထွက်ပေါ်လာစေသည်သလား..
မဟုတ်ပေ။ နည်းလမ်းက အသွယ်သွယ်ရှိလေသည်။
နံပါတ်တစ် နည်းကမူ ...
ချွန်းမြောင်သည် ဓါးကို ဖြေးညှင်းစွာ လွဲလိုက်ပြီး စတင်ကာ ကစားလေ၏။ ထိုမှသာ သိုင်းကွက်များကို တခြားသောတပည့်များက လိုက်ကြည့်ကာ မှတ်သားနိုင်ကြပေလိမ့်မည်။
သူတော်စင်ခုနှစ်ပါးသိုင်းကွက်လား...
ဂိုဏ်းသားများက ဤသိုင်းပညာကို ကောင်းစွာကျွမ်းဝင်ကြသည်ဖြစ်ပြီး သိလည်း သိကြလေသည် ။ သို့သော် ဤသိုင်းပညာက တောင်ဘက်အစွန်အဖျားဂိုဏ်း၏ သိုင်းကိုမူ ယှဉ်နိုင်မည်ဟု မထင်ကြပေ။
ချွန်းမြောင်က တကိုယ်တည်းရေရွတ်ကာ ဓါးသိုင်းကို ဆက်ကာပြသလေသည်။
"ဇီးပန်းပွင့်ဓါးသိုင်းက ဇီးပန်းပွင့်တွေကို ဖန်တီးပေးတာမဟုတ်ဘူး"
ပန်းပွင့်များသည် တောတောင်ထဲတွင်သာ ပွင့်တတ်သည့်အမျိုးမဟုတ်ပေ။ သစ်ကိုင်းလေးတစ်ကိုင်းရှိနေသော အပင်တွင်ပင် ပွင့်တတ်ကြလေသည်။ ထိုကဲ့သို့ပင် သူတော်စင်ခုနှစ်ပါးသိုင်း ဖြစ်စေ ဇီးပန်းပွင့်ဓါးသိုင်းဖြစ်စေ ကိုယ်စီအနှစ်သာရနှင့် အကျိုးသက်ရောက်မှုကတော့ ရှိသည်ပင်။ အကျိုးသက်ရောက်မှုကလည်း အကြီးအကဲလော၊ ဂိုဏ်းသားလော ရွေးနေမည် မဟုတ်။ မှန်ကန်စွာ အားထုတ်သူအပေါ်တွင် သက်ရောက်မည်သာ ဖြစ်လေသည်။
ဤသည်ကပင် ချွန်းမြောင်၏ ဓါးဦးထိပ်တွင် ဇီးပန်းပွင့်တစ်ခက်ကို ဖန်တီးပေးနိုင်သော အကြောင်းအရာဖြစ်လေသည်။ ဆွေးဆွေးနီနေသော ဇီးပန်းတစ်ခက်က နှင်းပန်းဖြူများကြားတွင် စတင်ကာ ပွင့်လန်းလာလေသည်။
ဆီးနှင်းထူထူးများကြားထဲတွင် ဇီးပန်းတစ်ခက် ပွင့်နေသည့်အလားပင်။ နှင်းများအကြားတွင် ပွင့်ရသည့်ဇီးပန်းက သာမန်ဇီးပန်းများထက် ပို၍ အရောင်ရင့်ကာ အနံ့ပြင်းလေသည်။ ချွန်းမြောင်၏ တစ်ခက်တည်းသော ဇီးပန်းကလည်း မွှေးရနံ့ပြင်းပြင်းနှင့် နှင်းပန်းဖြူများကြားတွင် ပို၍ပို၍များပြားလာလေသည်။
အားလုံး၏မြင်ကွင်းထဲတွင် အဖြူအနီရောစပ်နေသော ပန်းများက ဖုံးလွှမ်းနေပြီး တသက်မမေ့နိုင်ဖွယ်ရာ မြင်ကွင်းမျိုးပင်။ ရူးသွပ်သွားလောက်အောင်ပင် လှသည်ဟု ထင်ရလေသည်။
ဒါက အံဩဖို့ကောင်းလိုက်တာ..
အချိန်များက ရပ်တန့်သွားပြီး လောကတခွင်တွင် ဇီးပန်းပွင့်များသာ ကျန်နေရစ်တော့သည့်အလားပင်။
ပရိတ်သတ်အားလုံး၏အသိစိတ်တွင် ဇီးပန်းပွင့်များသာ စွဲကျန်ခဲ့လေတော့သည်။
အပိုင်း(၁၁၀)
ဟွာဆန်းက ပျက်သုန်းမှာ မဟုတ်ဘူး (၅)
ဒါက..
ဂျင်ဂွမ်ရုန် သူဖန်တီးထားသော အဖြူရောင်နှင်းပန်းကမ္ဘာကြီးထဲမှ တိုးထွက်လာသော အနီရောင်ပန်းပွင့်များကို တွေ့လိုက်ရလေသည်။
သိသာထင်ရှားသော နီနီရဲရဲပင်။
အဖြူရောင်အဝတ်စပေါ်တွင် သွေးစက်များစွန်းထင်းနေသကဲ့သို့ပင်။ ပန်းပွင့်နီက အရေအတွက်နည်းသော်လည်း ထင်ရှားနေမှုကြီးကမူ သိသိသာသာပင်။ နှင်းပန်းဖြူများကြားတွင် ဇီးပန်းပွင့်နီများက တဖြည်းဖြည်း များလာလေသည်။
တစ်ပွင့်ပြီးတစ်ပွင့် တစ်နေရာပြီးတစ်နေရာ တိုးပွားလာကြလေသည်။ တိုးပွားလာသော ဇီးပန်းပွင့်များကို တားဆီးရန် ဂျင်ဂွမ်ရုန်က သိုင်းပညာကိုထုတ်ကာသုံးလိုက်သော်လည်း ဇီးပန်းပွင့်များကို တားဆီးနိုင်ခြင်း မရှိပေ။နှင်းပန်းပွင့်များကို ဇီးပန်းပွင့်များက တဖြည်းဖြည်းဝါးမျိုသွားလေသည်။
ဇီးပန်းပွင့်တွေလား...
ဟွာဆန်းက ဇီးပန်းပွင့်ဓါးသိုင်းကို မသုံးနိုင်တော့တာ ရာစုနှစ်တစ်ခုတောင် ကျော်ခဲ့ပြီ မဟုတ်ဘူးလား...ဒါကြောင့်ပဲ ဟွာဆန်းက အားလုံးရဲ့နင်းခြေခြင်းကို ခံရပြီး ပျက်သုန်းလုနီးပါး ဖြစ်သွားတာ မဟုတ်ဘူးလား...
ဇီးပန်းပွင့်ဆိုသည်က ဟွာဆန်း၏အမှတ်သင်္ကေတပင်ဖြစ်လေပြီး ဟွာဆန်းတွင် ထိုဇီးပန်းပွင့်ဓါးသိုင်းက ပျောက်ဆုံးသွားခဲ့ပြီး သိုင်းပညာအားလုံးက သေဆုံးသွားရခြင်းလည်း ဖြစ်လေသည်။ ယခုတွင်မူ ဤကလေးက ဟွာဆန်း၏ သမိုင်းကို ထိန်းသိမ်းကာ ဇီးပန်းပွင့်များကို ဖန်တီးပြနေပြီ ဖြစ်လေသည်။ ဇီးပန်းပွင့်များသည် နီစွေးစွေးများပင်မကတော့ပေ။ အရောင်စုံလင်စွာနှင့် လှပနေပြီဖြစ်လေသည်။ ဂျင်ဂွမ်ရုန် မြင်နေရသည်ကိုပင် မယုံနိုင်တော့ပေ။
"ဘယ်လိုဖြစ်ရတာလဲ"
ချွန်းမြောင်၏ ဓါးဦးထိပ်မှ ဇီးပန်းပွင့်များ ထွက်လာသည်က မျှော်လင့်ထားပြီးသားပေမို့ သူ့အတွက် မဆန်းကြယ်သော်လည်း သူဖန်တီးထားသော နှင်းပန်းပွင့်များကို ဇီးပန်းပွင့်များက ဝါးမြိုသွားသည်ကတော့ ဆန်းကြယ်လေသည်။
ဘာလို့လဲ..
ငါသုံးထားတာ နှင်းပန်းဆယ့်နှစ်ချက် ဓါးသိုင်းလေ...
သူက ဘာလို့ ခုခံနိုင်ရတာလဲ...
နှင်းပန်းပွင့် ဓါးသိုင်းဆိုသည်က တောင်ဘက်အစွန်အဖျားဂိုဏ်းမှ နှစ်ရာကျော်အောင် အသုံးပြုလာခဲ့သော သိုင်းပညာတစ်ခုဖြစ်လေပြီး အဆင့်တစ်ခုတက်ရန်ပင် လွယ်သည့်ကိစ္စမဟုတ်ပေ။ ထို့အပြင် သာမန်အကြီးအကဲများပင် ပြည့်စုံစွာမသုံးနိုင်သော သိုင်းပညာဖြစ်လေသည်မို့ အစွမ်းထက်ကာ ခက်ခဲသော သိုင်းပညာဟုလည်း ပြော၍ရပေသည်။ ဟွာဆန်း၏ သိုင်းပညာက ပြန်လည်ဆန်းသစ်ထားသည်ဆိုလျှင်ပင် မူလရှိပြီး သိုင်းပညာကိုတော့ ယှဉ်နိုင်ရန်အကြောင်းမရှိပေ။ ဤသည်ကို မည်သို့သောအကြောင်းကြောင့် ဇီးပန်းများက ပို၍များပြားလာရသနည်း...
ဘာလို့ ဒီလိုများ ဖြစ်နေရတာလဲ...
သူ၏ နှင်းပန်းများက တဖြည်းဖြည်းပပျောက်လာလေပြီ။ ဝါးမြိုခံနေရပြီ ဖြစ်သည်။ နေရာအနှံ့တွင် ဇီးပန်းများက ဖုံးလွှမ်းလာပြီ ဖြစ်လေသည်။ နှင်းပန်းများကမူ မြေပြင်ပေါ်သို့ ကျလာကြွေလွှင့်ပျက်ဆီးသွားကြပြီ ဖြစ်လေသည်။
ဘာလို့လဲ...
ဂျင်ဂွမ်ရုန် စတင်တုန်လှုပ်လာပြီဖြစ်လေသည်။ သူ ဓါးသိုင်းကို ယခုထက်ပို၍ ပြည့်စုံကောင်းမွန်စေရန် မလုပ်တတ်တော့ပေ။ အကောင်းဆုံးဟူသော အခြေအနေသို့ရောက်အောင် ကြိုးစားထားပြီးပြီ ဖြစ်လေသည်။ ဤသည်ကိုပင် အဘယ်ကြောင့်များ ဇီးပန်းပွင့်များကို မရပ်တန့်နိုင်သည် မသိပေ။
ဤအဖြစ်အပျက်က သူတို့၏ 'နှင်းပန်းဆယ့်နှစ်ချက်ဓါးသိုင်း' က ဖျက်စီးခံလိုက်ရ ၊ အရှုံးပေးလိုက်ရပြီဆိုသည့် သဘောပင်။ ဟွာဆန်း၏ ဇီးပန်းပွင့်ဓါးသိုင်းကို ယှဉ်နိုင်ခြင်းမရှိဘဲ တချက်တည်းမှာပင် အရှုံးပေးလိုက်ရပြီဆိုသည့် သဘောပင်။
သွားလေပြီ။ သူတို့၏ ဂုဏ်သိက္ခာ ...ဂိုဏ်း၏ ဂုဏ်သိက္ခာ ။ သူ၏အနာဂတ် ..အားလုံးက ရေစုန်မြောသွားခဲ့ပြီ ဖြစ်လေသည်။ ဂျင်ဂွမ်ရုန်၏ မျှော်လင့်ချက်အလုံးစုံတို့က ချွန်းမြောင်၏ ဓါးရေးပြမှုအောက်တွင် အဆုံးသတ်သွားခဲ့ပြီ ဖြစ်လေသည်။
"ဘာလို့လဲ...."
ဂျင်ဂွမ်ရုန်က ယူကြုံးမရဖြစ်စွာနှင့် အော်ဟစ်လေ၏။
ချွန်းမြောင်ကမူ ဓါးရေးကို ဆက်လက်ပြသနေကာ ဂျင်ဂွမ်ရုန်ကို ကြည့်လာလေသည်။
ချွန်းမြောင်၏ ဓါးချက်အဝှေ့တွင် ဇီးပန်းပွင့်များက စမ်းချောင်းငယ်တစ်ခုလိုပင် စီးဆင်လာလေသည်။ ဂျင်ဂွမ်ရုန်၏ ဓါးဦးထိပ်တွင်မူ မည်သည့်ပန်းများမှ ပွင့်လန်းလာခြင်း မရှိတော့ပေ။
ယခင်ကမူ လူတိုင်းသည် ဟွာဆန်း၏ သိုင်းပညာကို အထင်သေးခဲ့ကြလေသည်။ ဟွာဆန်း၏ သိုင်းပညာကို နားမလည်သကဲ့သို့ သိလည်းမသိကြပေ။ ယခုတွင်မူ ချွန်းမြောင်ကြောင့် ဟွာဆန်း၏ သိုင်းပညာသည်က မည်မျှ အထင်ကြီးဖွယ် ဖြစ်သည်ကို သိရှိခဲ့ကြပြီ ဖြစ်လေသည်။ လှပမှုနှင့်် အနှစ်သာရတို့ ပေါင်းစပ်ထားပြီး ကောင်းမွန်အစွမ်းထက်လှသည့် သိုင်းပညာပင်။
ဤမျှသာမက ကျင့်ကြံရေးဂိုဏ်းတစ်ဂိုဏ်းလည်း ဖြစ်သည်မို့ ဟွာဆန်း၏ သိုင်းပညာတွင် သင်ခန်းစာရဖွယ် ကျင့်ကြံရေးလမ်းစဉ်တစ်ခုကလည်း ပါပေဦးလိမ့်မည်။
ဝူတန်ဂိုဏ်းသည် သူတို့၏ ထိုက်ချိ ပညာကြောင့် အစွမ်းထက်ကျော်ကြားသကဲ့သို့၊ ကန်တုံဂိုဏ်းသည် ဓါတ်ကြီးငါးပါးကို သူတို့၏ အရင်းအမြစ်ထားခြင်းကြောင့် ကျော်ကြားသကဲ့သို့ပင် ဟွာဆန်းသည်ကလည်း ဇီးပန်းပွင့်များကြောင့် ကျော်ကြားထင်ရှားခြင်း ဖြစ်လေသည်။ ဂိုဏ်းအားလုံးသည် ကမ္ဘာလောကကြီးနှင့် ဆက်စပ်နေသောအရာများကို အရင်းပြုကာ သိုင်းပညာကို လေ့ကျင့်ရင်း ကျင့်ကြံစဉ်များကိုလည်း နှလုံးသွင်းဆင်ခြင်ကြလေသည်။ ဟွာဆန်းသည်သာလျှင် ပန်းများကို အရင်းပြုသည့် ဂိုဏ်းပေမို့ ကျင့်ကြံရန် လမ်းပျောက်နေသည်ဟု အများကထင်နေကြသော်လည်း ထိုသို့မဟုတ်ပေ။ ဟွာဆန်းတွင်လည်း အနှစ်သာရနှင့် နှလုံးသွင်းဆင်ခြင်ရမည့် အရာများက ရှိပေသည်။
ချွန်းမြောင် ဓါးကို လွဲကာလွဲရင်း နားလည်လာရလေသည်။ သူသည် ဘယ်သောအခါမှ မပြီးဆုံးနိုင်သော တောင်ထိပ်သို့ တက်နေသည့်လူသားတစ်ယောက်လိုပင်။ အဆုံးမရှိသော လိုအင်ဆန္ဒတို့နောက်တွင် လိုက်ရင်းပင်ပန်းနေရသူ ဖြစ်လေပြီ။ အခြားသူများကဲ့သို့ပင်။
ဟွာဆန်း၏ ဇီးပန်းပွင့်ဓါးသိုင်းကပေးသော အနှစ်သာရသည် ဇီးပန်းပွင့်များမဟုတ်။
'ပွင့်လန်းလာခြင်း ' ဟူသော သဘောတရားပင်။
ပန်းများသည် အမြစ်မှ ရိုးတံ ၊ ရိုးတံမှ အရွက်၊ အရွက်မှ အငုံ၊ အငုံမှ အဖူး၊ အဖူး မှ အပွင့်၊ အပွင့်မှ ပင်ကြွေ၊ ပင်ကြွေ မှ ညိုးခြောက် စသည့်ဖြင့် သံသရာလည်ရပုံကို ပြသလိုခြင်းပင်။ လူဘဝသည်လည်း ထိုသို့နှယ်ပင်။ မွေးဖွား ခြင်းမှသည် သေဆုံးခြင်းမတိုင်ခင်အထိ အမျိုးမျိုးသော လိုအင်ဆန္ဒတို့ကြောင့် ရုန်းကန်ရှင်သန်ကြရပြီး အဆုံးတွင်မူ သေဆုံးခြင်းနှင့်သာ ပြီးဆုံးကြရလေသည်။ အဖန်ဖန်တလဲလဲ လည်ပတ်နေရသော သံသရာသဘောတရားကို ပြသလိုခြင်းပင်။ ဤသည်ကပင် ဟွာဆန်း၏ အနှစ်သာရအစစ်ပင်။
ဇီးပန်းပွင့် ဓါးသိုင်း၏ ဤအနှစ်သာရကို သိရှိခံစားသွားနိုင်သူကမူ သိုင်းပညာ၏အထွတ်အထိပ်သို့ ရောက်ရှိလာမည် ဖြစ်လေသည်။ သိုင်းပညာကို လေ့ကျင့်ရင်း ထိုသဘောတရားကို မမြင်နိုင်သရွေ့မူ အဖန်ဖန်ပြန်လည် လည်ပတ်ရသည့်နေရာထဲတွင်သာ ရှိနေမည်ဖြစ်ပြီး သဘောပေါက်သိရှိနိုင်မှသာလျှင် သိုင်းပညာ၏ အနှစ်သာရကို ခံစားပြီး သိုင်းပညာ၏ အဖူးအညွှန့်ကိုလည်း စားသုံးနိုင်မည် ဖြစ်လေသည်။ မဟုတ်လျှင်မူ ဤသို့မည် ထူးချွန်ထက်မြက်သော လူဖြစ်လင့်ကစား သိုင်းပညာအား အပြည့်အဝ အသုံးချနိုင်မည် မဟုတ်ပေ။ ဂျင်ဂွမ်ရုန်ကဲ့သို့ပင်။
ဂျင်ဂွမ်ရုန် ချွန်းမြောင်၏ ဓါးရေးကစားမှုကိုသာ ကြည့်နေလိုက်လေသည်။
ရှင်းလင်းလိုက်တာ..
ဘယ်လိုများ ဒီလောက်တောင် ကျွမ်းကျင်နေရတာလဲ...
လူတို့၏ မှတ်ဉာဏ်ဆိုသည်က အံဩဖွယ်ပင် ဖြစ်သောအရာတစ်ခုဖြစ်လေသည်။ တောင်ဘက်အစွန်အဖျားဂိုဏ်းသားများ၏ အာရုံထဲတွင် ချွန်းမြောင်၏
ဓါးရေးပြမှုများက စွဲထင်နေလေပြီး သူတို့၏ သိုင်းပညာကို အနိုင်ယူလိုက်သည်ကို ကောင်းကောင်းကြီး မှတ်မိသွားကြလေပြီ ဖြစ်သည်။ သူတို့သည် တောင်ဘက်အစွန်အဖျားဂိုဏ်းကို ပြန်ရောက်၍ သူတို့၏ ' နှင်းပန်းဆယ့်နှစ်ချက် ဓါးသိုင်း' ကို လေ့ကျင့်ကြသည့်အခါတိုင်း ဤမြင်ကွင်းကို ပြန်လည်သတိရနေကြတော့မည် ဖြစ်လေသည်။ ဤသည်ကပင် သူတို့အတွက် ချွန်းမြောင် ရည်စူးသည့် ကျိန်စာပင်။ သူတို့ ကြည်ညိုယုံစားသည့် သိုင်းပညာသည် ဟွာဆန်း၏ သိုင်းပညာကို မယှဉ်နိုင်သည်ကို သိသွားသည့်နောက်ပိုင်းတွင် ခံစားရမည့် နောင်တသည်ကလည်း သူတို့အတွက် ချွန်းမြောင် စီစဉ်ထားသည့် ပြစ်ဒဏ်ပင်။
ဟွာဆန်းသည် ပညာများစွာကို ရရှိခဲ့ပြီး ဖြစ်လေသည်။ မိတ်ဆွေဟန်ဆောင်ကာ ထိုးနှက်ကြသူများ ၊ သိုင်းပညာကို ဆင်တူရိုးမှားပြုကာ သုံးစွဲကြသူများ ၊ အစရှိသဖြင့် များစွာကြုံတွေ့ခဲ့ရပြီး ဖြစ်လေသည်။ ရန်သူဆိုသည်ထက် မိတ်ဆွေဟန်ဆောင်သည့် ရန်သူက ကြောက်စရာကောင်းသည်ဆိုသည်ကို သိရှိသွားပြီးဖြစ်လေသည်။ လောကဓံများစွာကို ကြုံတွေ့ခဲ့ရပြီးပြီမို့ ဟွာဆန်းက ပျက်သုန်းရန် အကြောင်းမရှိတော့ပေ။
ဟွာဆန်းက ပျောက်ကွယ်သွားတော့မည် မဟုတ်ပေ။
ဟွာဆန်း၏ အသက်သွေးကြောကလည်း ပြန်လည် ရှင်သန်လာပြီဖြစ်ပြီး ဟွာဆန်း၏ ဝိဉာဉ်ဖြစ်သော ဇီးပန်းပွင့် ဓါးသိုင်းကလည်း ပြန်လည်ရရှိလာခဲ့ပြီ ဖြစ်လေသည်။ ဟွာဆန်းသည် ဤမြေပေါ်မှ ပျောက်ကွယ်သွားရန် အကြောင်းတို့ မရှိတော့ပေ။
တောင်ဘက်အစွန်အဖျားဂိုဏ်း၏ ကံကြမ္မာကမူ မည်သို့ပင် ဆက်ပြောရမည်မသိတော့ပေ။ မိမိတို့၏ အကောင်းဆုံးဟု ယူဆထားသောသိုင်းပညာသည်က ဟွာဆန်း၏ သိုင်းပညာနှင့်ပင် ဆင်တူနေပြီး ထိုမျှလောက်လည်း အစွမ်းမရှိပေ။ သိုင်းပညာရော ဂုဏ်သိက္ခာရော ဆုံးရှုံးလိုက်ရပြီမို့ တောင်ဘက်အစွန်အဖျားဂိုဏ်း၏ ကံတရားကလည်း မတွေးရဲစရာပင် ဖြစ်နေလေပြီ။
သူ့ရဲ့ သိုင်းကွက်တွေက ရှင်းလင်းပြတ်သားလိုက်တာ...
ငါတို့ အပိုင်ဖြစ်စေချင်လိုက်တာ...
သဘောကျနှစ်သက်၍ ခိုးယူသွားခဲ့သော်လည်း အကောင်းဆုံးဖြစ်မလာသည်ကို တောင်ဘက်အစွန်အဖျားဂိုဏ်းမှ လူများသိစေရန် ချွန်းမြောင် ပြသဖို့ စဉ်းစားလိုက်လေသည်။
ချွန်းမြောင်၏ ဓါးက မိုးကိုခွင်းကာ သွားတော့မည့်အလားပင်။ ဓါးဦးထိပ်တွင် ပန်းပွင့်များက တစ်ပွင့်ပြီးတစ်ပွင့် မရပ်တန့်နိုင်ကြပေ။ နေရာအနှံ ဇီးပန်းတွေချည်းပင်။
ပန်းကမ္ဘာကြီးထဲသို့ ရောက်သွားသလိုပင်။
ယင်နှင့်ယန်က အသက်ဓါတ်ကို ဖြစ်စေပြီး ဓါတ်ကြီးငါးပါးက ကမ္ဘာလောကကြီးကို ဖြစ်စေသည်။ လူတို့သည် သံသရာမှ မလွတ်မြောက်ချိန်အထိ မွေးဖွားခြင်း နှင့် သေဆုံးခြင်းကြားတွင် ကူးသန်းနေရပြီး လွတ်မြောက်ရာကို မရှာနိုင်ကြပေ။ ဤသည်က ဟွာဆန်း၏ ဆင်ခြင်နှလုံးသွင်းရာတရားဖြစ်လေပြီး ဟွာဆန်း၏ဘိုးဘေးတို့က သိုင်းပညာကို ကျင့်ရင်း လွတ်မြောက်ရာကို ရှာဖွေခဲ့ကြသည် ဖြစ်လေသည်။ ဘိုးဘေးတို့ကို တွေးမိသည်နှင့် ချွန်းမြောင် သက်ပြင်းရှည်ကြီး ချလိုက်လေသည်။ဟွာဆန်း၏ ယခင်က ပုံရိပ်များကို တွေးမိသည်နှင့် မှတ်ဉာဏ်ဟောင်းများက ပြန်လည်ပေါ်လာလေပြီး ဝမ်းနည်းမှုကြီးကလည်း ထိုးတက်လာလေသည်။
ချွန်းမြောင် ပြိုင်ပွဲအား အဆုံးသတ်လိုက်သင့်ပြီကို သိသော်လည်း အဆုံးမသတ်သေးပေ။ ဟွာဆန်း၏ ဂိုဏ်းသားအားလုံးက တစ်ရက်တွင် ဤလမ်းစဉ်ကိုလိုက်ကာ ဤသိုင်းပညာကို လေ့ကျင့်ရင်း ကျင့်ကြံစဉ်များ ကျင့်ကြရဦးမည် ဖြစ်လေသည်မို့ အဆင့်တစ်ခုပြသရန် ဆုံးဖြတ်လိုက်လေသည်။
"အင်း..."
ဟွမ်းဂျွန်ကမူ မြင်ကွင်းကြောင့် သက်မပင် မချနိုင်ပေ။ ယခုလက်ရှိတွင် မည်သို့ ခံစားနေရသည်ကိုလည်း မဖော်ပြတတ်ပေ။ မြင်နေရသည့်မြင်ကွင်းက ရင်တွင်းသို့ တိုက်ရိုက်ထိခိုက်နေစေသလိုပင်။
ဇီးပန်းပွင့်များက ဟွာဆန်းတွင် တဖန်ပြန်လည်ပွင့်လန်းလာပြီ ဖြစ်လေသည်။ ရာသီမဟုတ်သော်လည်း ဟွာဆန်းတောင်ထိပ်တွင် ဇီးပန်းပွင့်များက ပွင့်လန်းနေပြီ ဖြစ်လေသည်။ ထို့အပြင် ဇီးပန်းပွင့်များ မပွင့်ကြသည့် နွေဦးမှာပင် ပွင့်လန်းနေခြင်းပင်။ သူမသေခင် မြင်ဖူးချင်နေခဲ့သောမြင်ကွင်းကို ယနေ့တွင် မြင်တွေ့ခွင့်ရခဲ့ပြီ ဖြစ်လေသည်။
ဟွမ်းဂျွန် မျက်ရည်ပင် မဆယ်နိုင်ရှာပေ ။ ဝမ်းသာစိတ်ကြောင့် မျက်ရည်များက တရစပ်ကျနေလေရှာသည်။
"ငါတို့ ဟွာဆန်း"
ဟွာဆန်းက ဆက်ပြီး ပျက်သုန်းသွားစရာအကြောင်းမရှိတော့ဘူး...
"ငါတို့ ဟွာဆန်းက ပျက်သုန်းမှာ မဟုတ်တော့ဘူး"
သမိုင်းများတွင်သာ ကြားဖူးခဲ့သော ဇီးပန်းပွင့်တို့က လေ့ကျင့်ရေးခန်းမများတွင် ပြန်လည်ပွင့်လန်းလာတော့မည်ကို တွေးမိသောအခါတွင်မူ ဟွမ်းဂျွန် အမှန်ပင် မျက်ရည်မထိန်းနိုင်ရှာတော့ပေ။ ငိုနေရင်းမှပင် အပြုံးကြီးကလည်း ဝင်းပနေသေး၏။
ဇီးပန်းပွင့်များကမူ ထပ်ကာထပ်ကာသာ ပွင့်နေလန်း ပန်းပင်လယ်ကြီး ဖြစ်လာသည့်အလားပင်။
အဆုံးမရှိသော ဇီးပန်းပွင့်များက ထပ်ကာ တိုးပွားနေဆဲပင်။
ဒါက ဟွာဆန်းပဲ...
ဒါက ဟွာဆန်းရဲ့ သိုင်းပညာပဲ...
အဆုံးသတ်တွင်မူ ဂျင်ဂွမ်ရုန် နားလည်သွားပြီဖြစ်သည်။ သူတို့၏အကြီးအကဲများက ဟွာဆန်း၏ ဇီးပန်းပွင့်ဓါးသိုင်းကို တုပကာ နှင်းပန်းဆယ့်နှစ်ချက်ဓါးသိုင်းကို ပြန်လည်ဖန်တီးခဲ့သည်ကို သဘောပေါက်သွားပြီ ဖြစ်လေသည်။ ထို့အပြင် သူတို့၏အကြီးအကဲများက ဟွာဆန်းအား အဘယ်ကြောင့် ထိုမျှပင်ခါးခါးသီးသီးဖြစ်ကာ ကြောက်ရွံသည်ကို နားလည်သွားပြီ ဖြစ်လေသည်။ ဟွာဆန်း၏ သိုင်းပညာက တုပယှဉ်ပြိုင်ရန် မဖြစ်နိုင်သောအရာပင်။ အရာအားလုံးကပင် အရှုံးပေးရမည်ထင်၏။ ဤသည်ကလည်း တောင်ဘက်အစွန်အဖျားဂိုဏ်းတွင် မည်သို့သောအခါတွင်မှ ရှိမလာနိုင်သောအရာပင် ဖြစ်လေသည်။
လေအဝှေ့တွင် ဇီးပန်းပွင့်များက စတင်လှုပ်ရှားကာ တညီတညွတ်တည်း ဖြစ်လာကြလေသည်။ အားလုံး၏ စိတ်ကိုလည်း ညှိ့ယူထားသည့်အလားပင်။
လှလိုက်တာ...
ဂျင်ဂွမ်ရုန် မြင်ကွင်းဆီမှ မျက်စိပင် မလွဲနိုင်ရှာပေ။ ရှုံးနိမ့်ခဲ့ပြီဖြစ်သည်ကို နားလည်သော်လည်း အကြည့်ကမူ သူ၏ရှေ့တွင် ဝေ့ဝဲနေကြသော ဇီးပန်းပွင့်များဆီမှ အကြည့်မခွာနိုင်ပေ။
ဘာတွေများ ကွာခြားသွားလို့လဲ..
သူတို့ကရော ဘာလို့ ဒီလိုသိုင်းပညာမျိုးကို မဖန်တီးနိုင်ခဲ့ရတာလဲ..
သူ့ရဲ့ ဓါးသိုင်းပညာကရော ဒီလိုရင်သပ်ရှုမောစရာ ဖြစ်မလာနိုင်တော့ဘူးလား...
ဘာလို့လဲ...
အဖြေက ဂျင်ဂွမ်ရုန်ထံတွင် မရှိပေ။ ပန်းပွင့်များကလည်း အဖြေကို မပေးပေ။ ဂျင်ဂွမ်ရုန်အား တဖြည်းဖြည်းသာ ဝါးမျိုးကာ နဖူးမှစ ခြေဖျားအထိ ဖုံးအုပ်သွားလေတော့သည်။ အရာအားလုံးက တိတ်ဆိတ်သွားလေကြပြီး ဂျင်ဂွမ်ရုန်က လုံးလုံးနစ်မြုပ်သွားလေတော့သည်။
အပိုင်း (၁၁၁)
မင်းက ဟွာဆန်းဂိုဏ်းသားဖြစ်တာနဲ့တင် လုံလောက်နေပါပြီ(၁)
နှင်းပန်းပွင့်များက ဇီးပန်းပွင့်များကသာ လောကကြီးကို ဖုံးလွှမ်းသွားတော့မည့်အလားပင်။
အရာအားလုံးကလည်း အံ့အားသင့်ဖွယ်များသာ ဖြစ်နေပြီး အိမ်မက်လေလား ၊ လက်တွေ့ဘဝလေလားပင် ဝေခွဲမရနိုင်အောင်ပင်။ အိမ်မက်ဆန်ဆန် ပန်းများကြဲလွှင့်နေသော နေရာတွင် လူနှစ်ယောက်က ထီးထီးမားမား ရပ်နေကြလေသည်။
ချွန်းမြောင်နှင့် ဂျင်ဂွမ်ရုန်ပင်။
လူတိုင်းက ထိုနှစ်ယောက်အား စူးစိုက်ကြည့်နေကြပြီး အသက်ရှုကြရန်ပင် မေ့နေကြလေသည်။
ဘာတွေ ဖြစ်သွားကြပြီလဲ..
ဘယ်သူနိုင်သွားပြီလဲ..
အဖြစ်အပျက်များက လျင်မြန်လွန်း၍ လူတိုင်းက ဖြစ်စဉ်များကို လိုက်မမှီလိုက်ကြပေ။ သူတို့မြင်ကြရသည်က အဖြူရောင်နှင်းပန်းများနှင့် အနီရောင်ဇီးပန်းပွင့်များ ရောယှက်နေကြသည့်မြင်ကွင်းသာ ဖြစ်လေသည်။ အားလုံးက အနိုင်အရှုံးရလဒ်ကို စိတ်ဝင်စားနေကြပြီး အာရုံတစ်ချက်ပင် မလွဲနိုင်ကြချေ။
အနိုင်အရှုံးရလဒ်က ကြည့်နေရင်းမှာပင် ထွက်ပေါ်လာလေသည်။
ချွန်းမြောင်နှင့် ဂျင်ဂွမ်ရုန်တို့သည် မားမားကြီး ရပ်နေကြရာမှ ဂျင်ဂွမ်ရုန်၏ ဒူးများက စတင်တုန်လှုပ်လာကာ လှုပ်ရှားရန်ကြိုးစားလိုက်သည်နှင့် ဒူးထောက်လျက်အနေအထားနှင့် မြေပြင်ပေါ်သို့ လဲကျသွားလေတော့သည်။
ဂျင်ဂွမ်ရုန် လဲကျသွားသည့်အသံက တိတ်ဆိတ်နေသော ပတ်ဝန်းကျင်တွင် ကျယ်လောင်စွာထွက်ပေါ်လာပြီး အနိုင်အရှုံးကို တိတိပပ ကြေငြာလိုက်သလိုပင်။
"..."
ဘတ်ချုန်းသည် လဲကျသွားသော ဂျင်ဂွမ်ရုန်ကို မယုံကြည်နိုင်စွာဖြင့် ကြည့်နေလေသည်။
ဂျင်ဂွမ်ရုန်က ...
ဤသည်က ဘတ်ချုန်းတသက်တာတွင်ပင် မဖြစ်နိုင်သောရလဒ်မျိုးဖြစ်လေသည်။ ဂျင်ဂွမ်ရုန်ဆိုသည်က မာနထောင်လွှားသလောက်ပင် သန်မာအင်အားကြီးသူ ဖြစ်လေသည်။ သူနှင့် ဂျင်ဂွမ်ရုန် အကြိမ်တစ်ထောင် ယှဉ်ပြိုင်လျှင်ပင် အကြိမ်တစ်ထောင်လုံး ရှုံးရမည့်သူမျိုး ဖြစ်လေသည်။ ဤသို့သော အစွမ်းအစနှင့် ပြည့်စုံသည့်လူက ယခုကဲ့သို့ မြေပြင်ပေါ်တွင် ဒူးထောက်လဲကျကာ အရှုံးသမား ဖြစ်လာလိမ့်မည်ဟု သူမထင်ထားခဲ့ဖူးပေ။
ဘတ်ချုန်း ဂျင်ဂွမ်ရုန်ကိုပင် အနိုင်ယူလိုက်နိုင်သည့် သူကို အကြည့်များက ရောက်သွားပြန်လေသည်။
ချွန်းမြောင်ကမူ မြေပြင်ပေါ်တွင် လဲကျနေသော ဂျင်ဂွမ်ရုန်ကို ကြည့်ပင်ကြည့်နေလေပြီး ထွေထွေထူထူး ဝမ်းသာနေပုံကြီးတော့ မရပေ။ သာမန်ဆန်ဆန်ပင် ဂျင်ဂွမ်ရုန်အားကြည့်နေသော ချွန်းမြောင်ကို ဘတ်ချုန်းသာမက လူတိုင်းကလည်း ကြည့်နေကြလေသည်။ ဤသည်က တသက်တွင်တစ်ခါ မြင်ရရန်လွယ်ကူသော မြင်ကွင်းမျိုးမဟုတ်ပေ။
ဟွာဆန်းမှ လူများကမူ ရင်ထဲမှ ပြောမပြတတ်သော စိတ်လှုပ်ရှားမှုတစ်မျိုးက လှိုက်တက်လာပြီး ပီတိမျက်ရည်ကျသူများက ကျနေကြပြီ ဖြစ်လေသည်။ ပွဲကြည့်ပရိတ်သတ်များအနေနှင့်လည်း ယနေ့ညီလာခံအကြောင်းက အမြဲလိုပင် ပြောစရာဖြစ်နေတော့မည်ဖြစ်ပြီး သမိုင်းတွင်ကျန်ရစ်မည့် အဖြစ်အပျက်တစ်ခုလည်း ဖြစ်လာခဲ့လေပြီ ဖြစ်သည်။ ထို့အပြင် တောင်ဘက်အစွန်အဖျားဂိုဏ်း၏ နှိမ်ချချိုးနှိမ်ခြင်းကို ခံနေရသည့်ဘဝကလည်း လွတ်မြောက်လာခဲ့ပြီ ဖြစ်လေသည်။
ပြောရမည်ဆိုလျှင်ပင် သူရဲကောင်းတစ်ယောက်က ဟွာဆန်းတွင် မွေးဖွားလာခဲ့ပြီ ဖြစ်လေသည်။
"ငါတို့ နိုင်ပြီ"
ယွန်းဂျွန်က အသိစိတ်လွတ်စွာပင် ထိုစကားကို ထပ်ကာထပ်ကာ ပြောနေလေသည်။ သူ၏မျက်လုံးများနှင့် ဆက်ဆက်မြင်လိုက်ရသည့် ရလဒ်ကိုပင် လက်မခံနိုင်သေးချေ။ ဆယ်ပွဲကို လူမလဲရဘဲနှင့် အနိုင်ပိုင်းလိုက်ခြင်း ဖြစ်လေသည်။
ဟွာဆန်း၏ တတိယတန်းတပည့်များအကြားမှ အငယ်ဆုံးတပည့်လေးသည် တောင်ဘက်အစွန်အဖျားဂိုဏ်း၏ ဒုတိယတန်းတပည့် ဆယ်ယောက်ကိုပင် အလဲထိုးနိုင်လိုက်ပြီး ရှုံးပွဲ၊ သရေပွဲလည်း မရှိခဲ့ပေ။ သူသည်က တောင်ဘက်အစွန်အဖျားဂိုဏ်း၏ အတော်ဆုံးတပည့်ဟု နာမည်ကြီးသော ဂျင်ဂွမ်ရုန်ကိုပင် အနိုင်ယူခဲ့ခြင်းဖြစ်လေသည်။
"အား..."
အတွေးများစွာက ယွန်းဂျွန်၏ ရင်ထဲတွင် ယောက်ယက်ခတ်နေကြပြီး အပျော်လုံးစို့နေသည်ဟု ပြောလျှင်လည်း မှားမည်မထင်ပေ။ ချွန်းမြောင်ကို တစိမ့်စိမ့်ကြည့်ရင်းသာ ကြည်နူးနေရလေသည်။
ရွှမ်း...
ချွန်းမြောင်က ဓါးကိုပြန်ကာ သိမ်းလိုက်ပြီး လှည့်ပတ်ကာကြည့်လိုက်လေသည်။ သူနှင့် အကြည့်ဆုံမိသူတိုင်းက မျက်လွှာကိုချကာ နောက်သို့ ဆုတ်သွားကြလေသည်။
ချွန်းမြောင် ရေးရေးပြုံးလိုက်ပြီး ခပ်ဖြေးဖြေးပြောလိုက်လေတော့သည်။
"ယခုအကြိမ် ဟွာဆန်းဂိုဏ်းနဲ့ တောင်ဘက်အစွန်အဖျားဂိုဏ်းညီလာခံမှာ ..."
သူ၏ အသံက ကျယ်လောင်သည်လည်း မဟုတ်သလို တိုးညှင်းနေသည်လည်း မဟုတ်ပေ။
"ဟွာဆန်းက ရှုံးပွဲမရှိ အနိုင်နဲ့ ပြီးဆုံးသွားပါတယ်"
ချွန်းမြောင်၏ ကြေငြာသံအဆုံးတွင်မူ အားလုံးက ပွက်ပွက်ညံသွားကြလေသည်။
"အား"
ဘတ်ချုန်းကပင် အသံပြဲကြီးနှင့် ထအော်သည်မို့ ယွန်းဂျွန်ပင် အထိတ်တလန့် ဖြစ်ရလေသည်။ ဘတ်ချုန်းနှင့် ဟွာဆန်းဂိုဏ်းတွင် အတူနေလာသည်က ကြာမြင့်ပြီဖြစ်သော်လည်း ဘတ်ချုန်းထို့ကဲ့သို့ ဣန္ဒြေမထိန်းဘဲ စိတ်လွတ်ကိုယ်လွတ် အော်ဟစ်နေသည်ကိုလည်း မမြင်ဖူးသည်မို့ အံဩနေလေသည်။ သို့သော်လည်း ဤသို့ပျော်နေသည်ကလည်း ဖြစ်သင့်သည်ဟု ခံစားနေရလေသည်။
ဘတ်ချုန်းသည်သာမက ဟွာဆန်း၏ တတိယတန်းတပည့်များနှင့် ဒုတိယတန်းတပည့်များအားလုံးကလည်း ပျော်ပါးမြူးထူးနေကြပြီး အကြီးအကဲများကလည်း ဝမ်းသာဝမ်းမြောက်ဖြစ်နေကြလေသည်။ ညီလာခံကျင်းပလာသည့်သက်တမ်းတစ်လျောက်တွင် ပထမဆုံးအကြိမ်အဖြစ် ပြန်လည်အနိုင်ရသည်ဖြစ်ပြီး ရာစုနှစ်ကျော်ကြာမှ အနိုင်ရသည့်ပွဲပေမို့ အားလုံးက စိတ်မထိန်းနိုင်လည်း ဖြစ်နေကြလေ၏။
အကြီးအကဲများက အနည်းငယ်ဣန္ဒြေထိန်းနေရသေးသော်လည်း ကလေးများကမူ အရူးအမူ ပျော်နေကြပြီဖြစ်လေသည်။
"ဝိုး..ဝူး ..ငါတို့ နိုင်သွားပြီ.. အိုး ..တောင်ဘက်အစွန်အဖျားဂိုဏ်းကို ငါတို့ နိုင်သွားပြီ"
"ဒီနှစ်တွေထဲမှာ ဒါက ပထမဆုံးအကြိမ် နိုင်တာပဲကွ... လုံးဝပထမဆုံး အကြိမ်..
ဒီတစ်ခါတော့ ခံလိုက်ရပြီပေါ့ ..ချီးတောင်ဘက်အစွန်အဖျားကောင်တွေ"
"ဆယ်ပွဲအနိုင်... ဆယ်ပွဲလုံး နိုင်တာတဲ့ကွ... ဒီသောက်ရူးကောင်က ဆယ်ပွဲလုံးကို တခါတည်းနိုင်အောင် တိုက်လိုက်နိုင်တယ်"
"ဟုတ်ပါ့ကွာ...ဟားဟားဟား...ချီး ချွန်းမြောင်...တော်လား မပြောနဲ့"
ညီလာခံများတွင် ဟွာဆန်းက တပွဲတလေနိုင်သည်ဟူသည့် ထုံးစံပင် မရှိခဲ့သည်မို့ ယနေ့ရလဒ်ကြီးက အားလုံးအတွက် ရူးသွပ်ချင်စရာဖြစ်နေလေပြီး အပြုံးများကို ရပ်ပင်မရပ်တန့်နိုင်ကြတော့ပေ။
ဒါကမှ တကယ့်သိုင်းပညာဂိုဏ်းအစစ်နဲ့တူတော့တယ်...
လူတစ်ဦးတစ်ယောက်ချင်းသည် အမြဲလိုလိုပင် သိရှိနေရန်ခက်ခဲသော်လည်း ကိုယ်စားပြုထားသည့်အရာတစ်ခုရှိသွားလျှင်မူ ထိုလူအား အကဲခတ်အသိမှတ်ပြုရန် လွယ်သွားပြီ ဖြစ်လေသည်။ ထို့ပြင်ထိုလူများ၏ ကောင်းခြင်းဆိုးခြင်းကို ကိုယ်စားပြုထားသည့် အဖွဲ့အစည်းက ခေါင်းခံရသကဲ့သို့ အဖွဲ့အစည်းက ကောင်းသတင်းဆိုးသတင်းကိုလည်း လူများက ခေါင်းခံရလေသည်။ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ သဘောပင်။
"အား...ဆရာတူအကိုကြီး... အဲ့အရူးကောင်က တကယ်ကြီး ဂျင်ဂွမ်ရုန်ကို နိုင်သွားတာနော်... ဟားဟား.."
ဂျိုဂုသည် ယွန်းဂျွန်၏ ပုခုံးကို ကိုင်ကာ ဝမ်းသာအားရ လှုပ်ခါနေသည်က ခေါင်းပင်ပြုတ်ထွက်တော့မည့်အလားပင်။ အရူးတစ်ယောက်လိုပင် ပျော်နေရှာ၏။
"ဟ..လွတ်စမ်းပါဟ"
"ဟားဟား..ဟီးဟီး...ရူးတောင် ရူးတော့မလားပဲ...တကယ်ရူးလောက်တယ်...ဆယ်ပွဲဆက်တိုက်ကို နိုင်တာနော်..
ကျွန်တော် သိတယ်...အဲ့ကောင်က လူမဟုတ်ဘူးဆိုတာကို ...အိုး..ဘုရား...ဆယ်ပွဲကြီးကွာ...ရူးတောင်ရူးချင်တယ်..
အဲ့ကောင် တကယ့်ကောင်..လုံးဝကို သာမန်မဟုတ်ဘူး"
"ဪ ..ငါ့ကို လွတ်စမ်းပါဆို သောက်ရူးရဲ့"
သူ့အား ဆွဲဖက်ကာ လှုပ်ခါယမ်းနေသော ဂျိုဂုအား အော်ငေါက်နေသည့် ယွန်းဂျွန်၏မျက်နှာထက်တွင်လည်း အပြုံးကြီးနှင့်ပင် ဖြစ်လေသည်။ ဂျိုဂုကမူ ဆဲခံနေရသည်ကိုပင် အာရုံမရနိုင်ဘဲ စိတ်လွတ်နေသူပမာ ဝမ်းသာအားရနှင့် ဆွဲခါနေဆဲပင်။ အပျော်ကြီးပျော်နေကြပုံပင် ပြောပြ၍ပင် မရနိုင်အောင် ဖြစ်နေကြလေသည်။
ချွန်းမြောင် ..မင်းတော်တယ်...မင်း ကောင်းကောင်းကြီးကို အစွမ်းပြနိုင်ခဲ့ပြီ"
ယွန်းဂျွန်က ယခုအချိန်ထိ ကွင်းလယ်တွင်ရပ်နေဆဲဖြစ်သော ချွန်းမြောင်ကို ကြည့်ကာ စိတ်ထဲမှ ချီးကျူးလိုက်လေသည်။
ချွန်းမြောင်က သူ၏လက်ကိုမြောက်ကာ မျက်နှာကို ပွတ်လိုက်လေသည်။ ရှပ်ထိထားသည့် ဒဏ်ရာက သွေးအချို့ထွက်နေပြီး လည်ချောင်းထဲသို့ ဆန်တက်လာသော သွေးများကိုလည်း မြိုချလိုက်လေသည်။
ငါ အလွန်အကြွံလုပ်မိသွားပြန်ပြီ ထင်တယ်...
ချွန်းမြောင်သည် ခန္ဓာကိုယ်သည် ယခင်အချိန်များထက် များစွာကောင်းမွန်လာပြီ ဖြစ်သော်လည်း လုပ်နိုင်စွမ်းကမူ အကန့်အသတ်ရှိနေဆဲပင် ဖြစ်လေသည်။ ဂျင်ဂွမ်ရုန်အား သူတောင်စင်ခုနှစ်ပါးသိုင်းနှင့် ကောင်းစွာအနိုင်ယူလိုက်သော်လည်း စွမ်းအားကို အများအပြားသုံးစွဲလိုက်ရသည်မို့ အတွင်းအားထိခိုက်မှုကတော့ များစွာဖြစ်သွားလေသည်။
"ကောင်းတော့ ကောင်းသွားမှာပါ"
သူ၏အတွင်းအား ပျက်စီးမှုဤမျှလောက်ကိုမူ သူကိုင်တွယ်နိုင်မည်ဟု ယူဆရလေသည်။
အတိတ်ဘဝကမူ သူသည် ဇီးပန်းပွင့်ဓါးသူရဲကောင်းဟူသော ဘဝနှင့် လူများ၏ကြောက်ရွံလေးစားမှုကို ရခဲ့သော်လည်း ယခုဘဝတွင်မူ အရာအားလုံးကအသစ်ကပြန်စကာ တည်ဆောက်နေရပြီဖြစ်လေသည်။ အတိတ်ဘဝတွင်လည်း ကြုံတွေခဲ့ရသည့်အရာများက များစွာဖြစ်လေပြီး ယခုဘဝတွင်မူ ထိုနည်းလည်းကောင်းပင် ဖြစ်လာဦးပေမည်။
ငါ ကောင်းကင်နတ်ဆိုးတွေကိုပဲ ရင်ဆိုင်ခဲ့ရတာ မဟုတ်ပါလား...
ဇီးပန်းပွင့်သူရဲကောင်းဟူသော ဂုဏ်ပုဒ်အောက်တွင် လူတိုင်းကလည်း သူ့အား သိခဲ့ကြလေပြီး သူသည်လည်း ဂုဏ်ပုဒ်နှင့် ထိုက်တန်သော တာဝန်တို့ကို အသက်ပေးကာပင် ထမ်းဆောင်ခဲ့ရသည်ပင်။ သို့သော်လည်း ယခုတွင်မူ ထိုအရာတို့က ပျောက်ကွယ်ခဲ့လေပြီ ဖြစ်သည်။ အသစ်တဖန်ပြန်လည်တည်ဆောက်ရမည့်အချိန်ပင်။
ထို့ကြောင့် ငယ်စဉ်ကပင် ပုံရိပ်ကောင်းတို့ကို စတင်တည်ဆောက်ထားသည်က ကောင်းမွန်သော ရွေးချယ်မှုပင် ဖြစ်ပေလိမ့်မည်။ ယနေ့ ညီလာခံသည်ကလည်း သမိုင်းတစ်လျောက်တွင် ပြောစမှတ်တွင်ဖွယ် ညီလာခံဖြစ်လာခဲ့ပြီး ချွန်းမြောင်၏ ဘဝအသစ်အတွက် ပုံရိပ်ကောင်းတစ်ခုဖြစ်လာပေလိမ့်မည်။
ငါကိုယ့်ငါ ဂုဏ်ဆာနေတာလား....နိုးပါ..
ဒါတွေက ထုံးစံပဲဆိုတော့ ရိုးနေပါပြီ....
ချွန်းမြောင် ခေါင်းကိုမော့ကာ တောင်ဘက်အစွန်အဖျားဂိုဏ်းမှ လူများဘက်သို့ကြည့်လိုက်လေသည်။ အားလုံးက မျက်လွှာချလိုက်ကြပြီး ချွန်းမြောင်အား မကြည့်ရဲကြပေ။ သူတို့အားလုံးသည် ယနေ့ဤနေရာတွင် ဖြစ်ခဲ့သောအဖြစ်အပျက်ကို ဘယ်သောအခါမှ မမေ့တော့မည်ကို ချွန်းမြောင်သိလေသည်။ နောင်နှစ်ပေါင်းများစွာတိုင်သည်အထိ ယနေ့တွင်ရရှိခဲ့သော အကြောက်တရားကို ရင်ဝယ်ပိုက်ကာရှင်သန်သွားရတော့မည်ကို ချွန်းမြောင်ကောင်းကောင်းကြီး သိလေသည်။
" မင်းတို့ ငါတို့တွေကို မထိခဲ့သင့်ဘူး"
တောင်ဘက်အစွန်အဖျားဂိုဏ်း၏ ယနေ့တွင်ကြုံတွေ့ခဲ့ရသောအရှုံးသည် မှတ်သားဖွယ်ရာ အတွေ့အကြုံကြီးဖြစ်သော်လည်း အနာဂတ်တွင်ပါ ထိုကဲ့သို့အရှုံးမျိုး ဆက်လက်ကြုံတွေ့ရလျှင်မူ တောင်ဘက်အစွန်အဖျားဂိုဏ်း၏အနာဂတ်က လုံးလုံးပျောက်ကွယ်သွားတော့မည် ဖြစ်လေသည်။
ယနေ့တွင်မူ ချွန်းမြောင် တောင်ဘက်အစွန်အဖျားဂိုဏ်းမှ လူများ၏ စိတ်ကိုသတ်လိုက်ပြီ ဖြစ်လေသည်။ အနာဂတ်တွင်မူ သူတို့၏ သိမ်ငယ်စိတ်များကပင် သူတို့၏ ဂိုဏ်းကို ပြန်၍သတ်သွားပေလိမ့်မည်။
ဘယ်လိုလဲ ..ဆရာတူအကိုကြီး...
ကျွန်တော့်ရဲ့ အကိုကြီး... ဒါကို ပြီးပြည့်စုံတဲ့ လက်စားချေခြင်းလို့ ခေါ်လို့ရရဲ့လား..
မင်းက တာအိုကျင့်ကြံတဲ့သူရော ဟုတ်ရဲ့လား...
ချွန်းမြောင် သူ၏အကိုကြီးက သူအား ပြန်ပြောမည့်စကားကို တွေးမိသွားသည်နှင့် မျက်နှာကြီးက ပုတ်သိုးသွားလေတော့သည်။ ကျင့်ကြံသူများတွင် ရန်သူမရှိပေ။ ထိုသို့ တွေးမိသွားသောအခါတွင်မူ လက်ရှိတွင် သူ၏ ဆရာတူအကိုကြီးရှိမနေသည်ကို ချွန်းမြောင် ဝမ်းသာသွားလေသည်။ သူ၏အကိုကြီးသာ ရှိပါက တောင်ဘက်အစွန်အဖျားဂိုဏ်းမှ အပြစ်ရှိသူများသည် ယခင်က အကြီးအကဲများဖြစ်လေပြီး ယခုဂိုဏ်းသားများကမူ မသိကြ၍ အပြစ်ကင်းများဖြစ်သည်မို့ ဤသို့မလုပ်သင့်ဟု ဆုံးမပေလိမ့်မည်။
ချွန်းမြောင်ကမူ ယခုမျှ လက်စားချေရသည်ကိုပင် မကျေနပ်သေးပေ။ နောက်ထပ်နောက်ထပ်သော ဟွာဆန်းကို ကောက်ကျစ်ခဲ့သူများ ထပ်ရှိပါက ထပ်ကာ လက်စားချေရန် ဆုံးဖြတ်ထားပြီးသားပင်။
တောင်ဘက်အစွန်အဖျားဂိုဏ်းအတွက်မူ ယခုမျှနှင့်ပင် လုံလောက်ပြီဟု တွေးကာ စိတ်ဖြေလိုက်ပြီ ဖြစ်သည်။
ညီလာခံပြီးချိန်တွင်မူ အဖွဲ့နှစ်ဖွဲ့ကွဲသွားလေပြီ ဖြစ်သည်။ ငိုကြွေးဝမ်းနည်းနေကြသည့်အဖွဲ့က တစ်ဖွဲ့ ၊ အော်ဟစ်မြူးတူးနေကြသည့်အဖွဲ့က တစ်ဖွဲ့ဖြစ်လေသည်။
"နည်းပြ"
"ဟမ်"
ယုအန်းကမူ အသိစိတ်လွတ်နေလေပြီး ချွန်းမြောင်၏ခေါ်သံကြားမှပင် အသိဝင်လာလေသည်။
ယုအန်းက ပတ်ပတ်လည်ကို ကြည့်ကာ တံတွေးမြိုချလိုက်လေသည်။
ငါ ...ငါကြေငြာလိုက်လို့ ရပြီလား..
ငါ မကြေငြာရင် ဘယ်သူကြေငြာမှာလဲ...
ယုအန်းက လက်သီးကို တင်းတင်းဆုပ်ကာ ပတ်ပတ်လည်ကို ကြည့်လိုက်လေပြီး တည်တည်ကြည်ကြည်ပင် အော်လိုက်လေသည်။
"ယနေ့ကျင်းပသော ဟွာဆန်းဂိုဏ်းနှင့် တောင်ဘက်အစွန်အဖျားဂိုဏ်း၏ ညီလာခံတွင် ဟွာဆန်းက အနိုင်ရရှိသွားကြောင်း ကြေငြာအပ်ပါသည်"
အော်ဟစ်ဂုဏ်ပြုသံများက အကျယ်ကြီးထွက်ပေါ်လာပြန်လေသည်။ ဟွာဆန်း၏ တပည့်များအားလုံးက ပျော်မြူးနေကြပြီး တစ်ယောက်နှင့်တစ်ယောက် ပွေ့ဖက်ကာ ပြေးလွှားအော်ဟစ်နေကြလေသည်။
"ကျွတ်..ကျွတ်....အရှက်တရားကို မရှိကြတော့တာပဲ"
ချွန်းမြောင်က ပြုံးကာကြည့်ရင်း ပြောလိုက်လေသည်။
ထို့နောက်တွင်မူ ချွန်းမြောင်က အနားတွင်လဲနေသော ဂျင်ဂွမ်ရုန်ကို ကြည့်လိုက်လေသည်။ ဂျင်ဂွမ်ရုန်လဲနေသည်က ကြာပြီဖြစ်သော်လည်း တောင်ဘက်အစွန်အဖျားဂိုဏ်းမှ မည်သူကမှ သူ့အား ပြန်လာမသယ်ကြပေ။ မသယ်ချင်သည်မဟုတ်ရဲ မသယ်ရဲကြသည်ဖြစ်မည်ထင်သည်။
"သူ့ကို့ လာသယ်ကြလေ"
"..."
"မင်းတို့ အကုန်လုံးလာပြီး သယ်လို့ရတာပဲလေ"
ချွန်းမြောင်က ခွင့်ပြုစကားကဲ့သို့ ပြောလိုက်မှသာ တောင်ဘက်အစွန်အဖျားဂိုဏ်းမှ တပည့်များက ရောက်လာကြပြီး သူ့အား သယ်ရန်ကြိုးပမ်းကြလေတော့သည်။
"ဆရာတူအကိုကြီး..အကိုကြီး...အကိုကြီး သတိထားပါဦး"
"ကုသခန်းထဲကို သွား...လုပ် ..မြန်မြန်"
ချွန်းမြောင်ကမူ တောင်ဘက်အစွန်အဖျားဂိုဏ်းမှ တပည့်များကို ကြည့်ကာ ခေါင်းခါလိုက်ပြီး သူ၏နေရာသို့ ပြန်လာခဲ့လေသည်။
ချွန်းမြောင် နေရာသို့ ရောက်သည်နှင့် အားလုံးက သူ့အနားသို့ ဝိုင်းအုံလာကြလေသည်.
"အိုး..ဘုရား.."
ချွန်းမြောင် စကားပင် မဆုံးလိုက်ရပေ။
"အား..ချွန်းမြောင်"
"အရူးကောင်..မင်းတကယ့်အရူး"
"မဟုတ်တာ.မင်းလို့ လူတစ်ယောက်ကလည်း ဂိုဏ်းမှာ ရှိကိုရှိဖို့ လိုတယ်...တကယ့်ကောင်ကွာ"
ဂိုဏ်းသားများက ချွန်းမြောင်နားတွင် ဝိုင်းကာ တစ်ယောက်တစ်ပေါက် ပြောဆိုနေကြပြီး ဝိုင်းကပ်လာသည်မို့ လူအုပ်ပိသလိုပင် ဖြစ်လာတော့သည်။
"အား..ငါ့ ခန္ဓာကိုယ်....အရူးတွေရဲ့ ..သေမလိုတိုးနေရလား...ငါ့ သေတော့မယ်"
"ဟားဟားဟား"
"အရူးကောင် .."
"အား...ငါ့ ကိုယ်က နာနေတာလို့ ...သောက်ရူးတွေရဲ့"
ချွန်းမြောင်၏ အော်ဟစ်ဆဲဆိုသံများက လေတွင်လွှင့်ကာ ပျောက်သွားသည့်နှယ်ပင် ။ဂိုဏ်းသားများက အတိုးမပျက် ၊ အပြောမပျက်ကြပေ။ ချွန်းမြောင်ကမူ တွန်းတွန်းတိုက်တိုက်များကြားတွင် ဆဲရေးရင် နေရလေတော့သည်။ ရံဖန်ရံခါတွင်မူ သူ့အား ရိုက်ပင် ရိုက်သွားကြသူများလည်း ရှိလေသည်။
ဘယ်ခွေးသားက ငါ့ကို လာရိုက်နေတာလဲ.....
အချိန်အတော်ကြာ တိုးဝှေ့ခံလိုက်ပြီးမှသာ ချွန်းမြောင် တိုးဝှေ့ဂုဏ်ပြုခံရခြင်းမှ လွတ်မြောက်သွားလေတော့သည်။ လူအုပ်တိုးကာ ဂုဏ်ပြုခံလိုက်ရသည်က ကွင်းလယ်တွင် တိုက်ခိုက်လိုက်ရသည်ထက်ပင် ပို၍ အထိအခိုက်များသွားသလိုပင်။ သို့သော်လည်း ချွန်းမြောင် ကျေနပ်နေရှာလေသည်။
အင်း...သိပ်တော့လည်း မဆိုးသေးပါဘူး..
ချွန်းမြောင်က ပြုံးလိုက်လေသည်။ အတိတ်တွင်လည်း ထိုသို့ပင် ချီးကျူးဂုဏ်ပြုခြင်းကို အမြဲပင် ခံခဲ့ရသည်မို့ အတိတ်ကို ပြန်ရောက်သွားသကဲ့သို့ပင်ခံစားလိုက်ရလေသည်။
သေချာသည်အရာတစ်ခုကတော့ ဟွာဆန်း၏ အနာဂတ်သည် ယနေ့မှစကာ လုံးလုံးပြောင်းလဲသွားပြီ ဖြစ်လေသည်။ ယုံကြည်ချက်ပျောက်ဆုံးနေကြသည့်ကလေးများကလည်း အောင်ပွဲကြောင့် ယုံကြည်ချက်များပြန်ရှိလာကြပြီး ကြိုးစားချင်စိတ်များနှင့်သာ ပြည့်နေကြလေသည်။
အကိုကြီး...ကျွန်တော်ကောင်းကောင်းလုပ်နိုင်ခဲ့ပြီမို့လား...
စိတ်သက်သာရာရခြင်းတစ်မျိုးက ချွန်းမြောင်၏ ရင်ထဲတွင်စီးဆင်းသွားပြီး ချွန်းမြောင်၏ မျက်နှာထက်တွင်လည်း အပြုံးကြီးက ပေါ်လာလေသည်။