← Chapters

အခန်း (၁၁၂-၁၁၄)

Vol. 8 Ch. 112-114

အခန်း (၁၁၂-၁၁၄)

Vol. 8 Ch. 112-114

အပိုင်း (၁၁၂)

မင်းက ဟွာဆန်းဂိုဏ်းသားဖြစ်တာနဲ့တင် လုံလောက်နေပါပြီ(၂)

"ဟားဟားဟား"

ဟွမ်းဆန်းက အသက်ကို တဝကြီးရှုသွင်းကာ အားယူလိုက်ပြီး တဖန်ရယ်လိုက်ပြန်သည်။

"ဒီဟာကတော့ ...ဟားဟားဟား"

ပျော်မြူးလွန်းနေသည်မို့ စကားပင် မပြောနိုင်ချေ။ ရယ်သာရယ်နေလေတော့သည်။ မည်သည့်အရာကမှလည်း သူ၏ပျော်မြူးလွန်နေမှုကို တားဆီးနိုင်မည့် ပုံမပေါ်ချေ။ အောင်ပွဲရလိုက်သည်က ပျော်ရွှင်စရာဖြစ်သော်လည်း ထိုမျှကြီးအထိ ရယ်မောနေသည်ကတော့ မဟုတ်သေးပေ။ အကြီးအကဲ တစ်ယောက်အနေနှင့် ဣန္ဒြေထိန်းရန်က လိုအပ်လေသေးသည်။

ငါသာ ပထမတန်းတပည့်ဆိုလို့ကတော့ သူတို့ကြားထဲသွားပြီးတော့ကို ပျော်နေပစ်လိုက်ဦးမယ်...

ဤသည်က ဟွမ်းဆန်း မထိန်းနိုင်မသိမ်းနိုင်အဖြစ် ပထမဆုံးအကြိမ်အဖြစ် ပျော်ဖူးခြင်းပင်။

ငါတို့တကယ် သူတို့ကို နိုင်သွားတာပဲ...

တိတိကျကျ ပြောရမည်ဆိုလျှင်မူ ဤသည်က ချွန်းမြောင်၏ အောင်ပွဲပင် ဖြစ်လေပြီး ဟွာဆန်း၏ အောင်မြင်မှုဟုတော့ ပြော၍မရပေ။ သို့သော်လည်း မည်သူက ဂရုစိုက်အရေးလုပ်နေမည်နည်း။ ချွန်းမြောင်သည် ဟွာဆန်းက တပည့်ဖြစ်၍ ဤသည်က ဟွာဆန်း၏ အောင်မြင်မှုအဖြစ်လည်း ခံယူခွင့်ရှိလေသည်။ ဟွမ်းဆန်း အကြီးအကဲဟူသော ဂုဏ်ပုဒ်ကို ထိန်းနေရ၍သာ ဤမျှပျော်မြူးနေခြင်းဖြစ်ပြီး မဟုတ်ပါက အတိုင်းထက်အလွန်ပင် ပျော်မြူးနေကာ တပည့်များကြားပင် ပြေးဝင်ကာ ပျော်မြူးလိုက်ခြင်လေသေးသည်။

"ဝူး...ငါတို့ နိုင်သွားပြီ...ငါတို့ နိုင်ပြီကွ... မင်းတို့ မြင်တယ်မို့လား...ဆရာတူအကိုကြီး... ချွန်းမြောင်က ကျွန်တော်တို့ကို ကယ်တင်လိုက်ပြန်ပြီ"

"ကယ်တင်တယ် ဟုတ်လား...မင်းဘာကို ပြောချင်တာလဲ"

"ကျွန်တော် မပြောခဲ့ဖူးလား...ဟားဟား... ရွှေဝက်ကို ဘယ်လိုမွေးရမယ်ဆိုတာ"

"ဆရာတူညီလေး... မင်းစကားပြောတာလည်း ဆင်ခြင်ပါဦး"

"ဘာတွေ ဆင်ခြင်နေရဦးမှာလဲ...ဒီလိုအခြေအနေမှာတောင် သိက္ခာတွေ ထိန်းနေရဦးမှာလား.... ဒါက ကျွန်တော် ဒီ ဟွာဆန်းကို စရောက်ကတည်းက ပထမဆုံးအကြိမ် နိုင်ဖူးတာလေ...ဘာတွေလာပြီး ပဲများခိုင်းနေတာလဲ"

"စိတ်လျော့ပါဦး...စိတ်ကို ထိန်းပါ"

"ဟီးဟီးဟီး....တောင်ဘက်အစွန်အဖျားဂိုဏ်းက ကောင်တွေရဲ့ မျက်နှာကိုလည်း ကြည့်ပါဦး...သူတို့မျက်နှာတွေက အီးမှန်ထားတဲ့ ရုပ်နဲ့...သူတို့မျက်နှာတွေကြည့်ပြီး အစားတောင် မစားနိုင်တော့ဘူး... သူတို့တွေ ဂိုဏ်းကိုပြန်တဲ့ခရီးကတော့ သူတို့အတွက် ငရဲဖြစ်တော့မှာပဲ"

ဟွမ်းဆန်းက အထိန်းကွပ်မဲ့ပျော်နေသည်ကို မနိုင်စွာနှင့်ပင် ဟွမ်းယုန်က ပြုံးကာကြည့်နေလေသည်။

သူပြောတာတွေကလည်း ဟုတ်တာပဲ... အခုအချိန်မှာတောင် ဘာတွေကို ဂရုစိုက်နေရဦးမှာတုန်း...

ဟွာဆန်းသည် အမြဲလိုပင် တဖက်ဂိုဏ်းသားများကို လေးစားကာ ရိုသေသမှုထားခဲ့သော်လည်း ပြန်ရသည်က စော်ကားခံရခြင်းပင်။ သို့ဖြစ်၍ ထိုတောင်ဘက်အစွန်အဖျားဂိုဏ်းသားများက အားနာမှုတို့နှင့် ထိုက်တန်သည့်အမျိုး မဟုတ်ပေ။

"ဟားဟားဟား..ဂိုဏ်းချုပ် မြင်ပြီမို့လား...ဂိုဏ်းချုပ်...အဲ့ချွန်းမြောင်ကိုလေ....ဟင် ဂိုဏ်းချုပ်"

ဟွမ်းယုန်က ပြုံးပြုံးကြီးနှင့် မလှုပ်မယှက်ဖြစ်နေသော ဟွမ်းဂျွန်ကို စိတ်ပူစွာဖြင့်ပင် အနားသို့ပြေးလာလေပြီး ခါယမ်းလိုက်လေသည်။ ဟွမ်းဂျွန်ကမူ အပြုံးမပျက်ပင်။

"အရာအားလုံးက ဖြစ်သင့်လို့ ဖြစ်လာတာပါပဲ"

"ဘာ...ဟိုအရူးက သေလောက်အောင်ကြိုးစားထားရတာကို ဘာဖြစ်သင့်လို့ ဖြစ်လာတာလဲ... အသိတရားလေး ကပ်စမ်းပါ,,,,အကိုကြီးရဲ့"

ဟွမ်းဂျွန်က ခေါင်းကို ခါလိုက်လေသည်။

ငါ စိတ်နဲ့လူမကပ်ရင်တောင် ဘာဖြစ်လဲ...နိုင်နေပြီပဲကို...

"ဒါက အိမ်မက်တစ်ခု မဟုတ်ဘူးနော်"

"ဒီလို ကြောက်စရာကောင်းတဲ့ အိမ်မက်မျိုးလည်း မရှိပါဘူး"

"ဟုတ်ပါတယ်...ဟုတ်ပါတယ်..မရှိပါဘူး"

ဟွမ်းဂျွန်က ချွန်းမြောင်အား ဂုဏ်ယူသော အပြုံးကြီးနှင့် ကြည့်နေလေသည်။ ချွန်းမြောင်၏ဘေးတွင် တခြားဂိုဏ်းသားများက ဝိုင်းပြီး ချီးကျူးဂုဏ်ပြု တွန်းထိုး လုပ်နေကြလေပြီး ချွန်းမြောင်ကမူ အရာအားလုံးကို ဒေါသမထွက်ဘဲ သည်းခံနေပုံရလေသည်။

ဒါပဲလေ...

ဟွာဆန်း၏ ဂိုဏ်းသားများက ထိုသို့ မပျော်ရွှင်ရသည်က မည်မျှရှိနေပြီနည်း....

ဟွမ်းဂျွန်ကမူ တောင်ဘက်အစွန်အဖျားဂိုဏ်းကို အနိုင်ရသည်ထက် ဂိုဏ်းသားတပည့်များပျော်ရွှင်နေသည်ကိုကြည့်ကာ ပို၍ပျော်ရွှင်ရလေသည်။

"ဂိုဏ်းချုပ်"

အန်းဂွန်က တောက်ပသောအပြုံးမျက်နှာကြီးနှင့် ဟွမ်းဂျွန်နားသို့ ရောက်လာလေသည်။

"ပျော်ရွှင်တာကတော့ ပြောမပြတတ်အောင်ပါပဲ..ဒါပေမယ့်လည်း ကျွန်တော်တို့ကလည်း ဒီလောက်နဲ့ပြီးဆုံးသွားမှာတော့ မဟုတ်သေးဘူး...တောင်ဘက်အစွန်အဖျားဂိုဏ်းနဲ့ ဆက်ပြီးတော့ ညီလာခံက ကျင်းပလို့ ရသွားလောက်ပြီမို့လား"

"ငါလည်း အဲ့လိုထင်တာပဲ"

ဟွမ်းဂျွန်က ပြုံးကာ အန်းဂွန်အား ကြည့်ပြီး မေးလိုက်လေသည်။

"မင်း ဒီလိုဖြစ်လာမယ်ဆိုတာ အစောကြီးထဲက ကြိုသိနေတာလား"

"ကျွန်တော် ဒီလောက်အခြေအနေထိ ဖြစ်လာမယ်လို့တော့ မတွေးထားမိပါဘူး..ဒါပေမယ့်..."

"ဒါပေမယ့် ..ဘာလဲ"

အန်းဂွန်က ချွန်းမြောင်အား ကြည့်ကာပြောလိုက်လေသည်။

"ဒီကလေးက ဟွာဆန်းရဲ့ ဂုဏ်ကိုမြှင့်တင်ပေးနိုင်တဲ့ကလေးဖြစ်လာမယ်ဆိုတာကိုတော့ ကျွန်တော် တွေးထားပါတယ်"

"မင်းက သူ့ကို မျှော်လင့်ချက်ကြီးကြီးထားထားတာပဲ"

"ဟုတ်ပါတယ်...သူက မျှော်လင့်ထားတာတွေထက်တောင် ပိုပြီးတော့ အလားအလာရှိတဲ့သူပါ"

"အင်း..ငါသိပြီ"

ချွန်းမြောင်အပေါ်တွင် သံသယတို့ရှိခဲ့သည်က မှန်သော်လည်း ချွန်းမြောင်ကမူ အလုပ်နှင့်သာသက်သေပြလေသည်။ ယခုတွင်မူ ဤကလေးအား မယုံကြည်ရန်အကြောင်းမရှိတော့ပေ။

"ငါတို့ သွားသင့်ပြီထင်တယ်... ကလေးတွေကိုတော့ ထားလိုက်ပါ...ပျော်ကြပါစေ...ငါတို့က တဖက်ဂိုဏ်းက လူတွေကိုလည်း နှုတ်ဆက်ကြရဦးမယ်လေ"

ဟွမ်းဂျွန်က ပြောပြီးသည်နှင့် ချက်ချင်းဆိုသလိုပင် ထွက်သွားလေတော့သည်။

"ကျွန်တော်တို့ သူတို့ကို လက်ဆောင်လေးပေးသင့်တယ်လို့ မထင်ဘူးလား...သူတို့ကြောင့်ပဲ ကျွန်တော်တို့က နာမည်ကြီးရတော့မှာလေ..အကိုကြီး...ပိုက်ဆံအိတ်လေးကိုဖွင့်ပြီး ပိုက်ဆံထုတ်လိုက်စမ်းပါ... ပိုက်ဆံတွေလည်း ရှိသေးတာပဲကို ..လာ ..ဒီနေရာမှာ မသုံးရင် ဘယ်နေရာသုံးမှာလဲ... ဟွာဆန်းထိလာပြီး တကူးတကအရှုံးခံတဲ့သူတွေကို အင်း..အင်း"

ဟွမ်းဂျွန် ဟွမ်းယုန်အား ဆွဲခေါ်သွားသည့် ဟွမ်းဆန်းကို ကြည့်ကာ ခေါင်း‌ခါလိုက်လေသည်။

အကြီးအကဲဆောင်းကမူ တိတ်ဆိတ်နေဆဲပင်။ ကြည့်ရသည်က ညီလာခံ၏ရလဒ်အပေါ်တွင် ထူးထူးခြားခြား ဒေါသဖြစ်နေပုံလည်း မရပေ။ အမှန်တကယ်မှာပင် ပွဲစဉ်တစ်လျောက်လုံး ဒေါသထွက်ရပြီး၍ ဆက်ကာ ဒေါသမထွက်နိုင်တော့ခြင်းပင်။ စိတ်ပျက်ခြင်းကသာ အလုံးစုံကြီးစိုးနေလေတော့သည်။

ဒီတစ်ကြိမ်ကမှ ဘယ်လိုဖြစ်ရတာလဲ...

တောင်ဘက်အစွန်အဖျားဂိုဏ်းသည် မည်သို့သောအခါကမှ မရှုံးနိမ့်ခဲ့ဖူးပေ။ ပထမဆုံးအကြိမ်အဖြစ် ရှုံးနိမ့်ခြင်းပင်။ ပြီးခဲ့သော ညီလာခံများတွင် ရှားရှားပါးပါး ရှိလှမှ သရေပွဲဆိုသည်က အလွန်ဆုံးပင်။ ယခုနှစ်တွင်မူ လုံးလုံးလျားလျားကြီးပင် ရှုံးနိမ့်ရသည်ဆိုသည်က တသက်တွင် တစ်ကြိမ်ကြုံတွေ့ရသော အဖြစ်အပျက်မျိုး ဖြစ်လေသည်။

တောင်ဘက်အစွန်အဖျားဂိုဏ်းဆိုသည်က ဂိုဏ်းကြီးဆယ်ဂိုဏ်းတွင် ပါဝင်သောဂိုဏ်းတစ်ဂိုဏ်းဖြစ်လေပြီး တသီးတသန့် ရပ်တည်နေသော ဂိုဏ်းကြီးတစ်ဂိုဏ်းလည်း ဖြစ်လေသည်။ ထိုသို့သောဂိုဏ်းကြီးက ပျက်ဆီးလုလုဖြစ်နေသော ဂိုဏ်းကိုမှ ရှုံးရသည်ဆိုသည်က အရှက်ကွဲလှသည့် ဖြစ်ရပ်ပင်။

ဘာလို့လဲ...ဘာလို့ ဒီနှစ်မှလဲ...

ယနေ့တွင် ကြုံတွေ့လိုက်ရသောအရှုံးသည် အရှုံးဟူသော ရလဒ်တစ်ခုနှင့်ပင် အဆုံးသတ်သွားမည် မဟုတ်ပေ။

ဤအရှုံးက ရှန်ရှီတခွင်တွင် ရှိနေသောအာဏာစီးဆင်းမှုကိုပါ ကယောက်ကယက်ဖြစ်သွားစေလိမ့်မည်။ ရှန်ရှီမှ လူများကလည်း တောင်ဘက်အစွန်အဖျားဂိုဏ်းတွင် ရင်းနှီးမြုပ်နှံထားမှုများကိုလည်း ဆက်လက်ကာ လုပ်ကိုင်တော့မည် မဟုတ်ပေ။ တောင်ဘက်အစွန်အဖျားဂိုဏ်း၏ အနာဂတ်က ဆက်ကာမတွေးဝံ့စရာပေ။

အကြီးအကဲဆောင်းသည် သူ၏ရှေ့တွင်ရပ်နေသော တပည့်များကို ကြည့်လိုက်လေသည်။ အချို့က စိတ်ပျက်လက်ပျက်နှင့် ထိုင်နေကြပြီး တချို့ကမူ ဒဏ်ရာရနေကြသူများကို ပြုစုလုပ်ကိုင်ပေးနေကြလေသည်။ မည်သို့ပင် ဖြစ်နေကြစေကာမူ မြင်လိုက်သည်နှင့် အရှုံးသမားများမှန်း သိသာနေလေသည်။

အကြီးအကဲဆောင်း သူ၏တပည့်များကို ကြည့်ကာ အတွေးတစ်ခုက ရင်ထဲသို့ ဝင်ရောက်လာပြီး ထိုအတွေးကြောင့် နှလုံးအိမ်များပင် လှုပ်ခတ်သွားလေသည်။

သူတို့လေးတွေတော့ ဟွာဆန်းကို ကြောက်စိတ်ဝင်သွားကြတော့မှာပဲ...

ငါတို့ ဘိုးဘေးတွေလိုတုန်းကလိုပေါ့...

နတ်ဆိုးဂိုဏ်း၏ တိုက်ခိုက်ခံရပြီးနောက်တွင်မူ ဟွာဆန်းမှလူများသည် သူတို့ကဲ့သို့ပင် အကြောက်တရားကို စတင်ခံစားဖူးခဲ့ပြီး ပျက်သုန်းလုနီးပါးဖြစ်သွားခဲ့လေသည်။ ထိုအချိန်မှစ၍ သူတို့၏ အရာအားလုံးက နလန်ပြန်ထူလာနိုင်ခဲ့ခြင်း မရှိတော့ပေ။ သို့သော် ယခုတွင်မူ...

ဒါတွေအားလုံးက သူ့ကြောင့်ပဲ...

အတွေးတို့ကြောင့် အကြီးအကဲဆောင်း၏ မျက်လုံးများက လင်းလက်လာပြန်သည်။

ငါတို့က ဟွာဆန်းကို ရှုံးတာ မဟုတ်ဘူး..

လူတစ်ယောက်ထဲကိုပဲ ရှုံးလိုက်တာ...

ချွန်းမြောင်သာ ရှိမနေလျှင် ထိုကဲ့သို့သော ရလဒ်က ထွက်လာမည်မဟုတ်သည်မှာ အသိသာကြီးပင်။ ဤသည်က တတိယတန်းကလေးတစ်ယောက်၏ မထင်မှတ်ထားသော ရလဒ်ကြောင့်ပင်။ဂိုဏ်းတစ်ခုလုံးမှ လူများက ထူးချွန်ထက်မြက်နေ၍ မဟုတ်ပေ။ ထိုမျှသာ မကသေး ။ တောင်ဘက်အစွန်အဖျားဂိုဏ်း၏ တတိယတန်းကလေးများအားလုံးက ဟွာဆန်း၏ကလေးများအားလုံးထက်လည်း ငယ်ကြလေသည်။

သို့သော်လည်း ချွန်းမြောင်က တောင်ဘက်အစွန်အဖျားဂိုဏ်း၏ ဒုတိယတန်းတပည့်များကို အညှာတာမရှိ တိုက်ခိုက်ခဲ့သည်ကမူ ပြောစရာဖြစ်နေလေသည်။ ယခုတွင်မူ ဟွာဆန်းဟု ဆိုလိုက်သည်နှင့် ချွန်းမြောင်၏အမည်ကလည်း နောက်မှကပ်ပါလာတော့မည် ဖြစ်လေသည်။

ဒါက ဘယ်လိုတောင် ရယ်စရာကောင်းလိုက်တဲ့ ဖြစ်ရပ်တုန်း...

ရှက်စရာကောင်းလိုက်တဲ့ ဖြစ်ခြင်း...တသက်တွင် ပြန်မကြုံချင်ဖွယ်ရာအဖြစ်မျိုးပင်။

"ဒီ ..."

အကြီးအကဲဆောင်းက သွားကို တင်းတင်းစိကာ အံကြိတ်လိုက်သည်ကိုမြင်လိုက်ကြသော တပည့်များကမူ ခေါင်းပင်ဖော်မလာတော့ပေ။

ဒီ..ချီးဖြစ်ရပ်ကတော့..

ယခုတွင်မူ အကြီးအကဲဆောင်း၏ မျက်ဝန်းများက ဒေါသကြောင့် တလက်လက်ပြန်တောက်လာပြန်လေသည်။ တွေးလိုက်တိုင်း ဒေါသထွက်နေသည့်အလားပင်။

"ငါ ဂိုဏ်းချုပ်ကို ဘယ်လိုမျက်နှာပြရတော့မှာလဲ"

အကြီးအကဲဆောင်း၏ တကိုယ်တည်းရေရွတ်သံကို ကြားလိုက်ကြသော တပည့်များကမူ မျက်နှာတွင် သွေးမရှိတော့သည့်အလားပင် ။ ဖြူရော်သွေးစုတ်သွားကြလေသည်။ အကြီးအကဲဆောင်း ဒေါသများအလိပ်လိပ်ထွက်နေရင်းမှပင် ဟွာဆန်း၏ ဂိုဏ်းချုပ်က သူရှိရာသို့ လာနေသည်ကို မြင်လိုက်ရလေသည်။

နှုတ်ခမ်းကို ကိုက်ထားသည့်နေရာမှ သွေးကတဖန်ပြန်ထွက်လာပြန်လေသည်။ သို့သော်လည်း အရှုံးကြောင့် ခါးသီးနာကြင်နေမှုကို သူဟွားဆန်းမှ လူများကို မပြသနိုင်ပေ။ သူ့အား နောက်ကွယ်တွင် လှောင်ရယ်ကြမည့်အဖြစ်မျိုးကို အဖြစ်မခံနိုင်ပေ။

အကြီးအကဲဆောင်းက မျက်နှာအမူအရာကို ထိန်းလိုက်ပြီး ဟွမ်းဂျွန်အား နှုတ်ဆက်လိုက်လေသည်။

"ဂုဏ်ပြုပါတယ်..ဂိုဏ်းချုပ်"

"ဟွာဆန်းဂိုဏ်းက အကောင်းဆုံးလုပ်ဆောင်နိုင်ခဲ့တာပဲ"

ဟွမ်းဂျွန် ထိုစကားကြောင့် ပြုံးလိုက်လေသည်။

"ကျုပ်တို့ ဒီတစ်ကြိမ် ကံကောင်းသွားတာပါ"

"ဒါဆိုရင် ကျုပ်တို့ကတော့ ကံဆိုးသွားတာပေါ့"

အကြီးအကဲဆောင်း၏ မျက်လုံးများတွင် ရန်လိုရိပ်တို့က အပြည့်ပင်။ ဟွမ်းဂျွန်၏ စကားကြောင့် အပြည့်အဝပင် ပြန်လှန်ပြောကာ နှုတ်လှန်ထိုးလိုက်ချင်သော်လည်း စိတ်ကိုထိန်းလိုက်ရသည်မို့ အေးစက်စက်စကားများသာ ထွက်လာလေသည်။

"ဂိုဏ်းချုပ်တို့အနေနဲ့ အနိုင်ရတုန်းကို ကောင်းကောင်းကြီးပျော်ထားပါ... ဟွာဆန်းဂိုဏ်းရဲ့ ရှားရှားပါးပါး အနိုင်ရတဲ့ ပွဲမို့လား...ဒါမျိုးပျော်ရတာက ဒါကပထမဆုံးအကြိမ်နဲ့ နောက်ဆုံးအကြိမ်ဖြစ်သွားမလားမသိတာမို့ ပျော်လို့ရတုန်းလေး ပျော်ထားလိုက်ပါ"

"ဒါက..."

အကြီးအကဲဆောင်း၏ မောက်မောက်မာမာစကားကြောင့် ဟွမ်းယုန်က အော်လိုက်ရန်ပြင်လိုက်သော်လည်း ဟွမ်းဆန်းက နောက်သို့ ဆွဲသွားလေသည်။

အကြီးအကဲဆောင်းကမူ ဆက်ကာပြောလေသည်။

"ဒီနေ့ ညီလာခံမှာကျုပ်တို့ ရှုံးသွားတာကို ကျုပ်လက်ခံပါတယ်..ဒါပေမယ့်လည်း ဟွာဆန်းဂိုဏ်းက တောင်ဘက်အစွန်အဖျားဂိုဏ်းကို နိုင်ခဲ့တာမဟုတ်ဘူးဆိုတာကိုတော့ မမေ့ပါနဲ့...တတိယတန်းကလေးတွေကပဲ မတော်တဆနိုင်ခဲ့တာပါ..ဒုတိယတန်းကလေးတွေ မနိုင်ဘူး...

ဆိုတော့ ဒီအနိုင်ရတာက ဘာမှတော့ ထူးထူးခြားခြားကြီး ပြောင်းလဲသွားမယ် မထင်ပါဘူး"

အကြီးအကဲဆောင်း၏ စကားများကို ဟွမ်းဂျွန်က အပြုံးလေးနှင့်ပင် နားထောင်ကာ ပြန်ပြောလေသည်။

"ကျွန်တော်တို့လည်း ဒီလိုပဲတွေးမိပါတယ်"

".."

"ပြီးတော့ အကြီးအကဲဆောင်းရဲ့ မှတ်ချက်တွေအတွက်လည်း ဝမ်းသာရပါတယ်...

ကျွန်တော်ရဲ့ တောင်ဘက်အစွန်အဖျားဂိုဏ်းချုပ်ကို ပေးပို့ချင်တဲ့ ဂရုဏာစာလွှာကိုပါ ယူသွားပေးရင်တော့ ပိုပြီးတော့ ဝမ်းသာမိမှာပါ"

ဟွမ်းဂျွန်၏ စကားကို ကြားလိုက်ပြီးနောက်တွင်မူ အကြီးအကဲဆောင်း၏ မျက်လုံးများက ပြူးကျယ်သွားလေသည်။

သူကများ ဒီလိုစကားမျိုး ပြောရဲတယ်...

အရင်တုန်းကဆိုရင် ငါနဲ့မျက်လုံးချင်တောင် ဆိုင်ပြီးကြည့်ရဲတာ မဟုတ်ဘူး...

တစ်ကြိမ်လေးနိုင်လိုက်တာနဲ့ ငါ့ကိုတောင် ပြန်ပြောရဲနေပြီပေါ့...

ထိုအချိန်မှာပင်...

"မင်း"

"ဟ...ပေါပေါပဲပဲ လူတွေ ဝေးဝေးသွားစမ်း'

"..."

အသံကြောင့် အကြီးအကဲဆောင်းက နောက်လှည့်ကြည့်လိုက်လေသည်။

ထိုအသံက ရင်းနှီးနေသောအသံပင်။ တသက်တွင် မေ့နိုင်မည့်အသံလည်း မဟုတ်ပေ။ ချွန်းမြောင်က သူ၏ဆရာတူအကိုကြီးများနှင့် အကြီးအကဲများရှိရာသို့ ရောက်လာခြင်း ဖြစ်လေသည်။

အကြီးအကဲဆောင်း၏ မျက်လုံးများက ချွန်းမြောင်ကိုမြင်သည်နှင့် ဒေါသကြောင့် သွေးရောင်သန်းလာကြလေသည်။

အားလုံးက သူ့ကြောင့်ပဲ...

အကြီးအကဲဆောင်းသည် ချွန်းမြောင်အား မီးပွင့်မတတ်မျက်လုံးများနှင့် လိုက်ကြည့်နေလေပြီး ချွန်းမြောင်က ထိုအကြည့်ကို မြင်လိုက်သည်နှင့် သူ၏ဘေးတွင်ရပ်နေသော ဂျိုဂုကို တချက်ထိုးလိုက်ကာ ပြောလိုက်လေသည်။

"ဆရာတူအကိုကြီး ဟုတ်လား...ပေါပေါပဲပဲ ဆန်လိုက်တာ... ဟင်း...ဘယ်လိုတောင် ပြောရမလဲ မသိဘူး...

အောက်တန်းစား"

"ဟေ့...ငါက မင်းရဲ့ ဆရာတူအကိုကြီးနော်"

"အဲ့တော့... ဆရာတူအကိုကြီးဆိုလည်း အနည်းဆုံးတော့ ကျွန်တော့်မျက်နှာကို ကာကွယ်ပေးဦးလေ...ဘာလို့ ဒီလိုရိုင်းရိုင်းစိုင်းစိုင်းကြီး ကြည့်နေရတာလဲ"

"မင်း အခုက ငါ့ကို ပြောနေတာတော့ ဟုတ်ပါတယ်နော်"

"ဒါပေါ့..မဟုတ်ရင် ဘယ်သူ့ကိုပြောရမှာလဲ"

ချွန်းမြောင်က ဂျိုဂု၏ ညို့သကျည်းကို တချက်ကန်ကာ ဟွမ်းဂျွန် ဘက်သို့ လှည့်သွားလေသည်။

"ဂိုဏ်းချုပ်...ညီလာခံက ပြီးဆုံးသွားပါပြီ...ဒါကြောင့် တဖက်ဂိုဏ်းက လူတွေကို နှုတ်ဆက် အရိုအသေပေးဖို့ ရောက်လာခဲ့တာပါ"

"..ငါသိပြီ"

သူတို့ကိုက အရိုအသေပေးစရာမလိုဘူး ..ခွေးလေးရဲ့

ဂိုဏ်းချုပ်၏ ခွင့်ပြုချက်ကို ရသည်နှင့် ချွန်းမြောင်၏ အကြည့်များက အကြီးအကဲဆောင်းထံသို့ ပြောင်းသွားလေသည်။

ထူးထူးဆန်းဆန်းအပြုံးကြီးကို ချွန်းမြောင်၏ မျက်နှာထက်တွင် မြင်လိုက်ရသည်နှင့် အကြီးအကဲဆောင်း၏ ဒေါသများက တဖန်ဆူပွက်လာပြန်သည်။

ဒါတွေအကုန်လုံးက သူ့ကြောင့်ပဲ...

သူက ငါတို့ တောင်ဘက်အစွန်အဖျားဂိုဏ်းရဲ့ အနာဂတ်မှာ အကြီးမားဆုံး အတားအဆီးဖြစ်လာမယ့်ကောင်..

အင်္ကျီလက်အတွင်းမှ အကြီးအကဲဆောင်း၏ လက်များက တုန်ယင်နေလေသည်။ သူသည် အရှက်တကွဲဘဝဖြင့် ဂိုဏ်းတွင် တသက်လုံးရှင်သန်ရတော့မည်ဖြစ်ပြီး တောင်ဘက်အစွန်အဖျားဂိုဏ်း၏ အနာဂတ်အတွက် ဂိုဏ်းသို့ ပြန်မလာတော့ရန်လည်း တွေးနေမိလေသည်။ အားလုံးက ဤကလေးကြောင့်ပင်။

ချွန်းမြောင်ကမူ အကြီးအကဲဆောင်းကို ကြည့်ကာပြုံးပြရင်း ပြောလာလေသည်။

"ကျွန်တော့်ကို ရိုက်ပစ်ချင်နေတယ်မို့လား"

"..."

အကြီးအကဲဆောင်း မျက်မှောင်ပိုကြုတ်သွားရလေသည်။

ဒီမျိုးမစစ်ကောင်ကတော့..

ဒီလောက်ငယ်ငယ်လေးနဲ့....

အကယ်၍ ချွန်းမြောင်အား ခေါင်းတစ်ချက်ငုံ့ကာ အရိုအသေပေးလိုက်ပါက လျတ်တပြက်ရိုက်ချက်နှင့်ပင် ချွန်းမြောင်အား သတ်ပစ်နိုင်မည်ဟု သူထင်နေလေသည်။ သို့သော်လည်း ချွန်းမြောင်၏ အငိုက်ဖမ်းရမည်ဖြစ်ပြီး ချွန်းမြောင်သာ ပြန်၍ခုခံပါက သူသည်လည်း မတတ်နိုင်ပေ။ သူသည်သာ ချွန်းမြောင်အား တချက်တည်းနှင့် လက်စတုံး နိုင်ခြင်းမရှိပါက နောက်ဆက်တွဲ ဖြစ်ရပ်များက ကောင်းမည်မဟုတ်ပေ။ သူတို့၏ ဂိုဏ်းသိက္ခာက ပို၍ပင် ဆိုးဝါးသွားပေလိမ့်မည်။

ချွန်းမြောင်က သူ့အား စိတ်ထဲတွင် အမြစ်ဖြတ်နေခြင်သော်လည်း လက်တွေ့တွင်မူ ဘာမှမလုပ်နိုင်သည့် အကြီးအကဲဆောင်းကို ကြည့်ကာ ပြုံးလိုက်လေသည်။

"ကျွန်တော်တို့ မကြာမကြာ တွေ့ရဦးမယ်လို့ ထင်ပါတယ်..နောက်ထပ်ပြန်ဆုံမှပဲ ကျွန်တော်ကအရင်ဦးအောင် နှုတ်ဆက်ပါ့မယ်"

အကြီးအကဲဆောင်းက ချွန်းမြောင်အား ခဏမျှကြည့်လိုက်ပြီး မျက်ထောင့်နီကြီးနှင့် ထွက်သွားလေတော့သည်။

"ငါတို့ ပြန်တော့မယ်"

သူ၏ ဂိုဏ်းသားများကိုပင် စောင့်ဆိုင်းမနေတော့ပဲ အကြီးအကဲဆောင်းက ဦးစွာထွက်သွားလေတော့သည်။

"ဒါက.."

"ဟင်း.."

အကြီးအကဲဆောင်းသွားပါက သက်ပြင်းချနိုင်ကြသော လူအုပ်ကြီးကို ကြည့်၍ ချွန်းမြောင် ရယ်လိုက်လေသည်။

ဒါက ဘယ်လိုမျိုးဟာလဲ..

သူ နားပင်မလည်ချေ...သူတို့ကလည်း အကြီးအကဲဆောင်းတစ်ခုခုလုပ်လိုက်မည်ကို စိုးရိမ်နေကြသည့်အလားပင်။

"ချွန်းမြောင်"

ချွန်းမြောင်အား ဟွမ်းဂျွန်က ခေါ်လိုက်လေသည်။ ဟွမ်းဂျွန်၏မျက်နှာက ဂုဏ်ယူနေသောမျက်နှာထားဖြစ်ပြီး ကျန်သည့်အကြီးအကဲများသည်လည်း အတူတူပင်။ ဂုဏ်ယူဝမ်းမြောက်နေကြလေသည်။

"မင်း ကြိုးကြိုးစားစားလုပ်နိုင်ခဲ့တယ်"

ချွန်းမြောင်က ပြုံးကာ ပြောလိုက်လေသည်။

"ဒါက ဘာမှမဟုတ်ပါဘူး ဂိုဏ်းချုပ်"

အပိုင်း (၁၁၃)

မင်းက ဟွာဆန်းဂိုဏ်းသားဖြစ်တာနဲ့တင် လုံလောက်နေပါပြီ(၃)

အစကောင်းရုံတင်မက အနှောင်းပါ သေချာခဲ့သော ဟွာဆန်းဂိုဏ်းသည် ညီလာခံတွင် ဇာတ်သိမ်းလှခဲ့လေ၏။

ထို့အပြင် အဖြစ်အပျက်များကလည်း များစွာဖြစ်ခဲ့လေသေးသည်။ ပထမအဖြစ်အပျက်ကမူ ဟွာဆန်းသည် မကြုံစဖူး နိုင်ရသည်မို့ စိတ်ကြိုက်အောင်ပွဲခံကြလေပြီး ဒုတိယအဖြစ်အပျက်ကမူ အကြီးအကဲဆောင်းသည် သူ၏တပည့်များကိုပင် စောင့်ဆိုင်းမနေတော့ဘဲ အလျင်စလိုပြန်သွားသည်မို့ တောင်ဘက်အစွန်အဖျားဂိုဏ်း၏ တပည့်များမှာ ရွေးချယ်စရာပင် မရှိတော့ဘဲ လိုက်ကာပြန်ကြရလေတော့သည်။

နောက်ဆုံးတွင်မူ အားလုံးကပြီးဆုံးသွားပြီ ဖြစ်လေသည်။ ထပ်၍ဖြစ်လာသည့်ဖြစ်ရပ်တစ်ခုကမူ...

"ဂိုဏ်းချုပ်...ကျွန်တော်တို့ ခဏလောက်လမ်းအတူလျောက်လို့ ရမလား"

"မတွန်းနဲ့...မတွန်းနဲ့... ငါ က ဒီကိုအရင်ဆုံးရောက်တာလေ"

"ဂိုဏ်းချုပ်... ခဏလောက်စောင့်ပါဦး...ခဏလောက်ပါ.."

အကြီးအကဲဆောင်း ထွက်သွားသည်နှင့် ရှန်ရှီမှ ကုန်သည်များက ဟွမ်းဂျွန်နောက်သို့ အစုအပြုံလိုက်ပင် လိုက်လာကြလေတော့သည်။ သူတို့အားလုံးသည် ဟွာဆန်း၏အလားအလာကို မျက်မြင်ကိုယ်တွေ့ပင် မြင်လိုက်ကြရပြီမို့ လက်ဗလာနှင့်တော့ မပြန်ကြလိုပေ။

ငါ စာချုပ်တော့ ချုပ်သွားနိုင်မှ ဖြစ်မယ်..

ဟွာဆန်းနဲ့ လုပ်ငန်းတွေ ပူးပေါင်းထားနိုင်ကာမှ တော်ကာကြမယ်ထင်တယ်..

အန်ဟာကပဲ အကျိုးအမြတ်တွေ အကုန်လုံးကို ဂုတ်သွေးစုပ်သွားမှာမျိုး အဖြစ်မခံနိုင်ဘူး...

ဟွာဆန်းက ညီလာခံကို နိုင်လိုက်သည် မှန်သော်လည်း တောင်ဘက်အစွန်အဖျားဂိုဏ်းထက် အလုံးစုံသာလွန်သွားပြီဟူ၍တော့ ပြော၍မရသေးပေ။ ယခင်ကထက် ပို၍သန်မာလာသော အခြေအနေတွင်သာ ရှိသေးလေသည်။ သို့သော်လည်း ကုန်သည်များ ထိုကဲ့သို့ ပြောင်းလဲလာသည်ကတော့ သဘာဝပင် ဖြစ်လေသည်။

အားကြီးသူထံတွင် အာဏာရှိလေပြီး အာဏာရှိသူထံတွင်သာ လူများကပ်ခိုနေချင်ကြသည်က သဘာဝပင်။ ယခုတွင်လည်း ကုန်သည်များက ထိုသဘောတရားအရပင် ဟွာဆန်း၏ ရေရှည်ကိုကြိုတွေးကာ ပူးပေါင်းထားကြလိုခြင်း ဖြစ်လေသည်။

"မင်းတို့အားလုံး ဘာဖြစ်နေကြတာလဲ"

ဟွမ်းယုန်က လုယက်တိုးဝှေ့နေကြသော ကုန်သည်များကို အော်ကာ အားလုံးကို မျက်စောင်းထိုးကာ ကြည့်လိုက်လေသည်။

ငါ သရုပ်ဆောင်တာ လွန်တော့မလွန်သွားလောက်ပါဘူးနော်...

အင်း ...သူက ဂိုဏ်းချုပ်ပဲဟာကို ..ငါ ဒီလောက်တော့ လုပ်လို့ရမှာပါ...နည်းနည်းလောက် ယဉ်ယဉ်ကျေးကျေးလုပ်လိုက်ရင်ရော...

လူတိုင်းက သူ့လာပြီး တိုးဝှေ့နေရင်တော့ သူလည်း စိတ်ရှုပ်နေမှာပါနော့်...

ဟွမ်းယုန်က တိုးဝှေ့နေသော လူများကို ကြည့်ကာ အားလုံးအား ပြတ်ပြတ်သားသား ပြောလိုက်လေသည်။

"ခင်ဗျားတို့ ဆွေးနွေးချင်တယ်ဆိုရင် ဟွာဆန်းဂိုဏ်းရဲ့ ဘဏ္ဍာရေးမှူးဖြစ်တဲ့ ကျွန်တော်နဲ့ ဆွေးနွေးလို့ရတယ်...

အားလုံးနဲ့လည်း ဆွေးနွေးပေးဖို့ ဆန္ဒရှိတာမို့လို့ ဒီဘက်ကို လိုက်ခဲ့ကြပါ.. အားလုံးနဲ့လည်း ဆွေးနွေးဖို့ အချိန်ရတာမို့ အလျင်စလို အလုအယက် မလုပ်ကြနဲ့...ဖြေးဖြေးသက်သက်သာသာ လုပ်ကြပါ"

"..."

"အာ..ပြီးတော့ အားလုံးတည်းခိုနိုင်တဲ့ အခန်းတွေလည်း ရှိပါတယ်.. ဆန္ဒရှိတယ်ဆိုရင် မည်သူမဆို တည်းနိုင်ပါတယ်....တည်းချင်တဲ့သူများ ရှိသလားခင်ဗျာ"

"..."

လူအုပ်ကြီးက ဘဏ္ဍာရေးမှူဟု မိတ်ဆက်နေသော ဟွမ်းယုန်ကိုကြည့်ကာ သက်ပြင်းကိုယ်စီချလိုက်ကြပြီး ယနေ့ဆွေးနွေးမှုက အလွယ်တကူ မပြီးတော့မည်ကို သိလိုက်ကြလေသည်။

တောင်ဘက်အစွန်အဖျားဂိုဏ်းမှ တပည့်များကလည်း ပြန်ရန်ပြင်ဆင်နေကြပြီး ချွန်းမြောင်အား ရင်းနှီးနေသော လူတစ်ယောက်က လာကာ တွေ့လေသည်။

"မင်းရဲ့ လမ်းညွှန်သင်ပြပေးမှုအတွက် ကျေးဇူးတင်ပါတယ်"

"ဘယ်လို"

"ကျေးဇူးတင်ပါတယ်...ဂိုဏ်းသားငယ်လေး"

ချွန်းမြောင်က လီဆုန်ဘတ်၏ ပျက်ယွင်းနေသော မျက်နှာကို ကြည့်လိုက်လေသည်။

"မင်းရဲ့ ဆရာတူအကိုကြီးတွေ အကုန်လုံးက ခံပြင်းဒေါသထွက်နေတဲ့အချိန်မှာ မင်းက လာပြီး ကျေးဇူးတင်စကားပြောနေတယ်"

လီဆုန်ဘက်က ခေါင်းကို ဆန့်ကာ ဟိုကြည့်ဒီကြည့်လုပ်လိုက်ပြီးမှ ပြောလိုက်လေသည်။

"ငါတို့က အစကတည်းက လမ်းမတူကြပါဘူး"

မတူကြဘူးတဲ့လား..

လီဆုန်ဘတ်အား အမြင်မှန်ရလွယ်သည် သို့မဟုတ် ရူးကြောင်ကြောင်နိုင်သည် မည်သို့ပြောရမည်ပင် မသိတော့ပေ။ သေချာသည့်အရာတစ်ခုကမူ တောင်ဘက်အစွန်အဖျားဂိုဏ်းသားအားလုံးသည် လီဆုန်ဘတ်အား အံတကြိတ်ကြိတ်နှင့် ကြည့်နေကြခြင်းပင်။ ချွန်းမြောင်အား လာရောက်ပြောဆိုနေသည်ကို ကျေနပ်ကြပုံမရပေ။

ထို့အပြင် တောင်ဘက်အစွန်အဖျားဂိုဏ်းက ဖြစ်ပါလျက်နှင့် ချွန်းမြောင်အား မုန်းတီးမှုမရှိဘဲ အသာတကြည်ဖြစ်နေသည်ကိုပင် ပို၍လက်မခံနိုင်ကြပုံ ရလေသည်။ ချွန်းမြောင်နှင့် ဟွာဆန်းအပေါ်တွင် ပေါက်ကွဲခွင့်မရသော ဒေါသတို့ကို လီဆုန်ဘတ်အပေါ်သို့ ပုံချကြတော့မည့်အလားပင်။ လီဆုန်ဘတ်အား သစ္စာဖောက် တစ်ယောက်ကဲ့သို့ပင် ဝါးစားမတတ် ကြည့်နေကြပြီး လီဆုန်ဘတ်ကလည်း အဘယ်ကြောင့် အားလုံး၏ ရှေ့တွင်ပင် ယခုကဲ့သို့ လာကာစကားပြောသည်ကို နားမလည်တော့ပေ။

လီဆုန်ဘတ်က အားလုံးက သူ့အား စိမ်းစိမ်းဝါးဝါးကြည့်နေကြသည်ကိုလည်း အရေးမစိုက်သည့် ပုံပင်။

"အရင်ကတော့ မင်း ဘာပြောတယ်ဆိုတာကို ငါနားမလည်နိုင်ခဲ့ဘူး"

လီဆုန်ဘတ်က ဆုံးဖြတ်ချက်ချထားသောမျက်နှာနှင့် ပြတ်ပြတ်သားသားပင် ပြောလာလေသည်။

"ဒါပေမယ့်.. အခုတော့ မင်း ငါ့ကို ဘာပြောချင်ခဲ့တယ်ဆိုတာကို ငါသိသွားပြီ ထင်တယ်...

ပြီးတော့ ငါ ရွေးချယ်သင့်တဲ့ လမ်းကိုလည်း ငါသိသွားပြီ"

"ဟေ့..မင်း အဲ့လိုတွေ လာပြောနေတဲ့ ငါက ဟွာဆန်းဂိုဏ်းက လူနော်.. သတိကပ်ထားဦး"

လီဆုန်ဘတ်က ချွန်းမြောင်၏စကားကြောင့် ပြုံးလိုက်လေကာ ဆက်ပြောလေ၏။

"မင်း ဘယ်ဂိုဏ်းကဖြစ်နေတော့လဲ ဘာအရေးလဲ.... မင်းကသာ ငါသင်ချင်နေတဲ့အရာကို သင်ပေးနိုင်တဲ့လူဆိုရင် ငါက မင်းဆီကနေ သင်ယူဖို့ နားထောင်ဖို့ တွေးထားပြီးသားပဲ"

"နေပါဦး..မင်းက"

"အင်း"

"မင်း ငါ့ကို ဟွာဆန်းဂိုဏ်းကို ဝင်လာချင်တာလား"

သူက ဟွာဆန်းကို ဝင်မယ်ဆိုလည်း ဝင်သင့်တဲ့သူမျိုးပါ..

သူ့ရဲ့ ကိုယ်ရည်ကိုယ်သွေးက ငါတို့ ဂိုဏ်းရဲ့ ကျင့်စဉ်နဲ့လည်း ငါ့ထက်တောင် ကိုက်ညီသေးတယ်...

"အဲ့လိုဆိုရင် မင်းက တောင်ဘက်အစွန်အဖျားဂိုဏ်းနဲ့ ရန်သူတွေဖြစ်သွားမှာနော်"

လီဆုန်ဘတ်က ခါးသီးစွာပင် ပြုံးလိုက်ပြီး ယခုထိ သတိလည်မလာသေး၍ သယ်ထုတ်သွားရသော ဂျင်ဂွမ်ရုန်ကို ကြည့်ကာ ချွန်းမြောင်အား ဆက်ပြောလေသည်။

"ဆရာတူအကိုကြီးက ဒီနေ့အတွက် အများကြီးခံစားခဲ့ရတယ်...

မင်းလည်း ဂရုစိုက်လိုက်ပါဦး...အကိုကြီးက တကယ့်ကို အံဩစရာကောင်းတဲ့သူပါ...

သူက သူရဲ့ရည်ရွယ်ချက်အတိုင်းလည်း ဖြစ်အောင်လုပ်နိုင်တဲ့သူ...သူက ပိုပြီးတော့လည်း အလားအလာရှိတဲ့သူပါ"

"ဟုတ်ပါပြီ...ဘယ်လိုပဲဖြစ်ဖြစ် ....အင်း"

ချွန်းမြောင်၏ အင်တင်တင် အမူအရာကိုကြည့်ကာ လီဆုန်ဘတ်က ခါးသီးစွာပြုံးလိုက်ပြန်လေသည်။

"ဒါတွေက မင်းအတွက်တော့ ဘာမှ ထူးထူးခြားခြားဖြစ်နေပုံတော့ မရပါဘူး...အဓိပ္ပါယ်လည်း မရှိဘူးလို့ ခံစားနေရမှာပေါ့"

"ငါ မင်းကို နောက်တစ်ခေါက် ထပ်ပြီး ကျေးဇူးတင်ချင်ရုံတင်ပါ... ဒါဆို နောက်မှ ပြန်တွေ့ကြမယ်"

"နေပါဦး"

ထိုအခါမှသာ ချွန်းမြောင်က လီဆုန်ဘတ်အား ပြန်၍ ခေါ်လိုက်လေသည်။

"ငါက လက်ခံပေးရင်ရော..."

ချွန်းမြောင်က လီဆုန်ဘတ်အား တစ်စုံတစ်ရာပြောဆိုခြင်းမရှိဘဲ အချိန်အတော်ကြာအောင် ကြည့်နေပြီးကာမှ လေသံအတည်ပေါက်ကြီးနှင့် ပြောလာလေသည်။

"ဒါက ခက်ခဲကြမ်းတမ်းတဲ့ ခရီးတစ်ခုဖြစ်လာမှာနော်"

"...."

လီဆုန်ဘတ်က ချွန်းမြောင်ကို ကြည့်ကာ သက်ပြင်းရှည်ကြီးချလိုက်လေသည်။

"မင်းက တကယ့်ကို လူကဲခတ်တဲ့နေရာမှာတော့ ဆရာကြီးပဲ...ဘာမှကို ဖုံးကွယ်ထားလို့ မရပါလား"

"မင်း သူတို့နဲ့ ပြန်လိုက်သွားမှာလား"

ချွန်းမြောင်၏အမေးကို လီဆုန်ဘတ်က ခေါင်းငြိမ့်ကာ ဖြေလိုက်လေသည်။

"ငါ အရင်က ဒီလမ်းကြောင်းကို လိုချင်လို့ ရွေးခဲ့တာ မဟုတ်ဘူးဆိုပေမယ့် အခုတော့ ငါကြိုးစားကြည့်ချင်တယ်...

ငါ ဖြစ်နိုင်မယ်လို့လည်း ယုံကြည်လို့ သူတို့နဲ့ပဲ ပြန်လိုက်သွားတော့မယ်...

ငါက ငါ့ကို အသိဝင်အောင် ပြောပေးခဲ့တဲ့ မင်းကို ကျေးဇူးတင်ချင်ရုံပါ"

ချွန်းမြောင်က လီဆုန်ဘတ်၏စိတ်ကို နားလည်လိုက်သည်မို့ ခေါင်းငြိမ့်ပြလိုက်လေသည်။

"ကောင်းပါပြီ"

ချွန်းမြောင်က သူ၏တောင်ဘက်အစွန်အဖျားဂိုဏ်းမှလူများနှင့် ပြန်၍လိုက်သွားသော လီဆုန်ဘတ်ကိုကြည့်ကာ ထူးဆန်းသော ခံစားချက်ကြီး ရလိုက်လေသည်။

လီဆုန်ဘတ်သည် ချွန်းမြောင်အား တိုက်ခိုက်ခဲ့သည့်လူများထဲတွင် တောင်ဘက်အစွန်အဖျားဂိုဏ်း၏ မူရင်းသိုင်းပညာကို သုံးခဲ့တဲ့ တစ်ဦးတည်းသော လူဖြစ်လေသည်။ တောင်ဘက်အစွန်အဖျားဂိုဏ်းမှ လူများအနေနှင့် ဟွာဆန်းမှ ကူးယူထားသော သိုင်းပညာနှင့် ဟွာဆန်းကို အနိုင်ယူမည်ဆိုသည်က မဖြစ်နိုင်သောကိစ္စပင်။ သို့သော်လည်း တောင်ဘက်အစွန်အဖျားဂိုဏ်း၏ မူရင်းသိုင်းပညာကိုမူ ထိန်းသိမ်းမည့်သူက ရှားပါးနေလေပြီး မရှိသလောက်လည်း ဖြစ်နေလေသည်။ ဟွာဆန်းကို ယှဉ်နိုင်သော ဂိုဏ်းဖြစ်လာရန်အတွက်က မူရင်းသိုင်းပညာကို ဆထက်တပိုး ကြိုးစားပြီး သိုင်းပညာ၏ အနှစ်သာရကို ရှာဖွေရမည် ဖြစ်လေသည်။ ဤသို့ လုပ်ဆောင်ရမည်ကလည်း လွယ်ကူမည် မဟုတ်ပေ။ ခက်ခဲကြမ်းတမ်းသော တိုက်ပွဲတစ်ခု ဖြစ်လာပေလိမ့်မည်။

အင်း..သူသာ လုပ်နိုင်ခဲ့ရင်တော့ သူက တောင်ဘက်အစွန်အဖျားဂိုဏ်းရဲ့ မျှော်လင့်ချက်ရောင်ခြည်ဖြစ်လာမှာပါ...

ချွန်းမြောင် စိတ်ကိုဖြေတွေးကာ ဟွာဆန်း၏ တတိယတန်းတပည့်များဘက်သို့ လှည့်လာလေသည်။

ဂျိုဂုအပါအဝင် အခြားသောသူများအားလုံးက သူ့အားပြုံးပြနေကြသည်မို့ ချွန်းမြောင် စိတ်ကိုလျော့ကာ သက်ပြင်းရှည်ကြီးသာ ချလိုက်လေတော့သည်။

ကြည့်ရတာ ဂိုဏ်းတစ်ခုတော့ လမ်းကြောင်းမှန်ပေါ် ရောက်လာတော့မယ့် ပုံပါပဲ...

ငါရဲ့ ဂိုဏ်းမှာရော အဲ့လိုလူက မရှိတော့ဘူးလား...

လီဆုန်ဘတ်လို လူတစ်ယောက်လောက်သာ ငါ့ဂိုဏ်းမှာ ရှိကြည့်ပါလား...ငါအပင်ပန်းခံနေစရာတောင် လိုမှာမဟုတ်ဘူး...

ချွန်းမြောင် အတွေးကြောင့် ခေါင်းကိုခါကာ အတွေးတို့ကို မောင်းထုတ်လိုက်လေသည်.

မရှိတော့ရော ဘာလုပ်လို့ ရမှာလဲ...

လူဆိုသည်က မိမိ၏ ပတ်ဝန်းကျင်ကို အကောင်းဆုံးဖြစ်လာစေရန် အကျိုးပြုရမည်ပင် ဖြစ်ပြီး တွတ်ကပ်နေ၍လည်း မသင့်တော်ပေ။ နိုင်သည့်ဝန်ကို ထမ်းကာ ပတ်ဝန်းကျင်အကျိုး သယ်ပိုးသည်က ဖြစ်သင့်သောကိစ္စပေမို့ ချွန်းမြောင် ၏ အတွေးတို့က မသင့်တော်သကဲ့သို့ပင် ခံစားလိုက်ရလေသည်။

တောင်ဘက်အစွန်အဖျားဂိုဏ်း၏ ဂုဏ်သိက္ခာကိုလည်း တတ်နိုင်သမျှ ဆွဲချပြီးလေပြီမို့ ချွန်းမြောင်၏ ရင်ထဲတွင် အနည်းငယ်တော့ ကျေနပ်သွးပြီဖြစ်လေသည်။ သို့သော်လည်း လက်စားချေခြင်းကမူ အဆုံးသတ်သွားပြီ မဟုတ်ပေ။ အရင်းစစ်ကို ရှာကာ ချွန်းမြောင်၏ အင်အားကြီးသည့်အချိန်ကို စောင့်ပြီး မြေလှန်ဦးမည် ဖြစ်လေသည်။ တောင်ဘက်အစွန်အဖျားဂိုဏ်းကလည်း ဟွာဆန်းနှင့် ချွန်းမြောင်အား ယခင်ကထက်ပင် သတိထားကာ စောင့်ကြည့်တော့မည်ကို သိထားလေသည်။

" သူတို့က သူတို့ရသင့်တာကို ရသွားကြတာပဲလေ"

ချွန်းမြောင် အတွေးများနေစဉ်မှာပင် လူတစ်ယောက်က အပြေးအလွှားရောက်လာကာ ချွန်းမြောင်အား လာရှာလေသည်။

"ချွန်းမြောင်"

အသံပိုင်ရှင်က ယွန်းဂျွန်ပင်။

"ဘာကိစ္စရှိလို့လဲ..အကိုကြီး"

"ဒီကိုလာဦး..မင်းကို ဂိုဏ်းချုပ်က ရှာနေတယ်"

"..."

ချွန်းမြောင်၏ ခံစားချက်များ ရုတ်တရက်ဆိုးဝါးသွားလေသည်။

ထပ်ခေါ်ပြန်ပြီလား...

ချွန်းမြောင် ခေါင်းကိုမော့ကာ ကောင်းကင်ကြီးကို ကြည့်လိုက်လေသည်။

ငါ ကိုယ့်ကိုယ်ကို ထိန်းလိုက်သင့်တာကို..

အခုတော့ နောက်ဆက်တွဲတွေက လာတော့မယ်...

ချွန်းမြောင် တောင်ဘက်အစွန်အဖျားဂိုဏ်းသားများကို အနိုင်ယူရန်အတွက် ဇီးပန်းပွင့် ဓါးသိုင်းကို ထုတ်သုံးလိုက်ပြီး ဓါးမှလည်း ဇီးပန်းပွင့်များကို ဖန်တီးလိုက်လေသေးသည်။ ဟွာဆန်း၏ အကြီးအကဲများကမူ ညီလာခံတွင် နိုင်သွားသည်က တစ်ကြောင်းဖြစ်သော်လည်း ထိုဇီးပန်းပွင့် ဓါးသိုင်းအား ချွန်းမြောင် တတ်မြောက်နေရသည့်အကြောင်းကိုမူ မေးမြန်းကြတော့မည် ဖြစ်လေသည်။

ငါ ဘယ်လို အကြောင်းပြချက်မျိုး ပေးလိုက်ရမှာလဲ...

ငါက သူတို့တွေရဲ့ ဘိုးဘေးကြီး ဇီးပန်းပွင့် ဓါးသူရဲကောင်း ဖြစ်ကြောင်း ပြောလိုက်ရမှာလား..

ဟင့်အင်း..အဲ့လိုပြောလို့ မရဘူး...

ဒါဆို ဒီသိုင်းပညာစာအုပ်ကို မတော်တဆကောက်ရပြီး လေ့ကျင့်တတ်တာပါလို့ ပြောရမှာလား...

နိုးနိုးနိုး...ပိုဆိုးသွားပြီ...

ဘယ်သူမှ အဲ့တာကို ယုံကြမှာ မဟုတ်ဘူး...

"အား"

ချွန်းမြောင် ခေါင်းကိုကုတ်ကာ စိတ်ရှုပ်စွာနှင့် ပေးရမည့် ဆင်ခြေကို ရှာနေလေသည်။ ယွန်းဂျွန်ကမူ မူမမှန်ဖြစ်နေသည့် ချွန်းမြောင်ကိုကြည့်ကာသာ စိတ်မရှည်ဖြစ်လာလေတော့သည်။

"ဘာတွေဖြစ်နေတာတုန်း...လာပါဆိုမှ..လာ ..သွားမယ်"

"ဟုတ်"

ချွန်းမြောင် သက်ပြင်းရှည်ကြီးချကာ ယွန်းဂျွန်ခေါ်ရာနောက်သို့ လိုက်သွားရလေတော့သည်။

အား..ငါ့ဘဝလေးကတော့

အခုပဲ နိုင်တယ်...အခုပဲ ဆင်ခြေဆင်လက် ရှာနေရပြီ..

သနားစရာကောင်းလိုက်တဲ့ ငါလေး...

ဆရာတူအကိုကြီးရေ..ကျွန်တော့် အဖြစ်ကိုလည်း ကြည့်လှည့်ပါဦး...

ဒီလိုကြီးပဲ တကယ်ဖြစ်နေရတော့မှာလားလို့...

မထူးပါဘူး...

တွေ့ရာပြောပြီး လိမ်လိုက်တာပဲ ကောင်းပါတယ်...

တော်တော် မဖြစ်ပါဘူးအဲ့လို....

အဆုံးသတ်တွင်မူ ချွန်းမြောင်သည် အကြီးအကဲများရှိရာသို့ သားသတ်ရုံသို့ ပို့ခံရသည့် နွားကြီးသဖွယ် ညိုမှိုင်းသော မျက်နှာကြီးနှင့် ရောက်ရှိလာလေတော့သည်။ အခန်း၏ရှေ့တွင် ဖိနပ်များစွာကို တွေ့ရလေပြီး ကြည့်ရသည်က လူရှိသမျှ ရောက်နေသည့်ပုံပင်။

"ဂိုဏ်းချုပ်...ကျွန်တော် ယွန်းဂျွန်က ချွန်းမြောင်ကို ခေါ်လာခဲ့ပါပြီ"

"ဝင်လာခဲ့ပါ"

"ဟုတ်ကဲ့"

ယွန်းဂျွန်က ချွန်းမြောင်အား အထဲမှနေကာ လက်ယက်ပြီး ခေါ်လိုက်လေသည်။

"..."

ချွန်းမြောင်က ဝင်မလာသည်မို့ ထပ်ကာ လက်ယက်ပြပြီး ခေါ်လေသည်။

"..."

"ဘာလုပ်နေတာလဲ..ဝင်လာလေ..ခွေးသားလေးရယ့်"

"...အင်း..."

ချွန်းမြောင်က ယွန်းဂျွန်၏ ဆဲသံကြားမှသာ သက်ပြင်းရှည်ကြီးချကာ ဝင်လာလေသည်။

အခန်းထဲသို့ ဝင်လိုက်သည်နှင့် မေးခွန်းများစွာကို ဖြေရတော့မည်ကိုသိ၍ မဝင်လိုပဲ ပေကပ်ကပ်လုပ်နေခြင်းပင်။ သို့သော်လည်း မရပေ။

"အိုး..ချွန်းမြောင်ပါလား"

"တကယ်တော်တယ်...ဒီနေ့... ငါတို့ရဲ့ ချွန်းမြောင်က တကယ့်ကို ကောင်းကောင်းကြီး အစွမ်းပြနိုင်ခဲ့တာပဲ"

".."

ဘာလားဟ...

ချွန်းမြောင် အခန်းထဲသို့ ရောက်သည်နှင့် စောင့်ဆိုင်းနေကြသောသူများအားလုံးက လက်ခုပ်တီးကာ ချီးကျူးကြလေသည်။ ထိုလူများအားလုံးက သူ့အား ထိုသို့ကြိုဆိုနေကြသည်က ထူးဆန်းနေသလိုပင်။ ခံစားချက် အမှန်ပင် မကောင်းတော့ချေ။

အားလုံးကလည်း ပြုံးပြနေကြပြီး ချွန်းမြောင်အား အချစ်မျက်ဝန်းများနှင့်ပင် ကြည့်နေကြလေသည်။ ဂိုဏ်းချုပ်ဖြစ်သော ဟွမ်းဂျွန်ပင် နားရွက်နှင့် ပါးစပ်ချိတ်တော့မတတ် ပြုံးနေလေသည်။

ဪ ..သူတို့က တစ်ခါမှာမှ မနိုင်ဖူးတဲ့သူတွေဆိုတော့ တအားပျော်နေကြတာပဲ..

ဒါမျိုး မခံစားကြဖူးဘူးကို...

ချွန်းမြောင် သူတို့၏ အပြုံးများကို ကြည့်ကာ စိတ်လည်း အတော်ရှုပ်ထွေးသွားလေသည်။

ခံစားချက်ကတော့ တကယ်မကောင်းလိုက်တာ..

ဘယ်လိုအခြေအနေကြီးမှန်းကို မသိဘူး...

ချွန်းမြောင် အားလုံးကို စိတ်ပျက်လက်ပျက် ကြည့်နေစဉ်မှာပင် ဟွမ်းဂျွန်က သူ့ကိုယ်သူထိန်းကာ စကားစပြောလာလေသည်။

"ချွန်းမြောင်...အင်း...မင်း...အင်း"

ဟွမ်းဂျွန်က ခေါင်းကိုငုံ့ကာ ပါးစပ်ကို လက်နှင့်ကာလိုက်လေသည်။ကြည့်ရသည်က စကားမပြောနိုင်သည်ထိပင် ပျော်နေပုံရလေ၏။

"အဟင်းဟင်းဟင်း"

"အဟွတ်...အဟွတ်"

ဂိုဏ်းချုပ်က စိတ်ကိုချုပ်တီးရလွန်း၍ ချောင်းပင် တဟွတ်ဟွတ်ဆိုးနေပြီဖြစ်သော်လည်း အပြုံးမျက်နှာကမူ မပျက်သေးပေ။

"အဟင်း..ရပြီ...မင်း အဆင်ပြေရဲ့လား..

ထိခိုက်ဒဏ်ရာရတဲ့ နေရာတွေရှိသေးလား"

"ရှပ်ထိတာလေးပဲ ရှိတာပါ"

"ဒဏ်ရာက နက်မယ့်ပုံပဲ ..ဒီက ပြန်တာနဲ့ သမားတော်ဆီကို သွားလိုက်ပါ"

ဟွမ်းဂျွန်၏ စကားကြောင့် ဟွမ်းဆန်က မျက်စောင်းထိုးကာ ပြောလိုက်လေသည်။

"သမားတော်ကို ဒီကိုခေါ်လိုက်လေ..ဘာလို့ အလုပ်များတဲ့သူကို သူ့တို့ဆီ သွာခိုင်းနေမှာလဲ"

"ဟမ်...အဲ့တာကြီးကတော့ တော်တော်ထူးဆန်းနေသလိုပဲ..ဘယ်သူက အလုပ်များတာလဲ"

"ဒီကလေးက အလုပ်များတာလေ....သမားတော်က ဘာတွေများ ထွေထွေထူးထူး လုပ်စရာရှိနေလို့လဲ"

"..."

ဟွမ်းဂျွန် ဟွမ်းဆန်း၏ စကားကြောင့် မျက်ဖြူပင် လန်မိသွားလေတော့သည်။ ဟွမ်းဆန်းကမူ သူ၏စကားကို ဂုဏ်ယူသည့်ပုံပင် ပါးကြီးကိုပင် မော်ချီထားလေသေးသည်။ အခြားသူများကလည်း ဟွမ်းဆန်း၏စကားကို ထောက်ခံကြသကဲ့သို့ ခေါင်းတငြိမ့်ငြိမ့်နှင့်မို့ ဟွမ်းဂျွန် သက်ပြင်းချလိုက်ရလေသည်။

"ဒါဆိုလည်း အဲ့လိုပဲ လုပ်ကြတာပေါ့"

"ဟုတ်ကဲ့..ဂိုဏ်းချုပ်"

"မင်းက ဟွာဆန်းရဲ့ ..."

ထို့နောက်တွင်မူ .....

ရွှမ်း...

ဟွမ်းယုန်က တံခါးကို တွန်းဖွင့်ကာ ဝင်လာလေသည်။

"ဂိုဏ်းချုပ်...ပိုက်ဆံတွေသာ ပေးလိုက်စမ်းပါ...များများပေးလေ များများဝင်လေ...

ဟားဟားဟား...ပိုက်ဆံမပါဘဲလုပ်လို့ရတာ ဘာမှရှိတယ်လို့ ကျွန်တော် မကြားဖူးဘူး...

ဒီကလေးက ကြွယ်ဝချမ်းသာခြင်း နတ်ဘုရား...တကယ် နတ်ဘုရား...

ငွေရှာပေးတဲ့နေရာမှာ အတော်ဆုံးလေး ..အိုး..ချွန်းမြောင်လေး..မင်းက ဒီမှာပါလား..."

ဟွမ်းယုန်က နှုတ်မှလည်း ပြောကာ လူကလည်း ချွန်းမြောင်ဆီသို့ အလျင်စလိုဝင်လာပြီး ပါးများကို ဆွဲဖျစ်နေလေတော့သည်။

"ဘယ်လောက်တောင် ချစ်စရာကောင်းလိုက်တဲ့ကလေးလဲ...

ဟားဟား..ငါ့မှာသာ ဒီလိုမြေးလေးတစ်ယောက်လောက် ရှိလို့ကတော့ ကျန်တာ ဘာမှကို မလိုတော့ဘူး..

ဟားဟားဟားဟီး"

ချွန်းမြောင်ကမူ သူ၏ပါးများကို ဆွဲဖျစ်ခံနေရရင်း ဘဝဆုံးပြီဟု တွေးလိုက်မိလေသည်။

အကိုကြီး...

ကျွန်တော့်ဘဝကိုလည်း တကယ်လာကြည့်ပါဦး..

ကျွန်တော့်ထက်‌တောင် ငယ်တဲ့သူက ကျွန်တော့်ကို မြေးလိုဆက်ဆံတာ ခံနေရပြီ...

ဘဝကြီးမှာ ဒီလိုပုံစံနဲ့ပဲ တကယ်ကြီးရှင်သန်သွားရတော့မှာလားလို့...

"မင်းကို ကြည့်လိုက်ပါဦး...မင်း ကြည့်ရတာ တကယ့်ကိုပျော်နေတဲ့ပုံပဲ"

"ဟမ်..ဟားဟား..ဟုတ်တာပေါ့..ကျွန်တော် အရမ်းကို ပျော်နေတာလေ..ဟင်းဟင်း"

ဟွာဆန်းဂိုဏ်းမှ အကြီးအကဲများအားလုံးက ရူးသွပ်သွားကြပြီဟု ချွန်းမြောင် ယူဆမိသွားလေတော့သည်။

ချွန်းမြောင် ယနေ့ ကံမကောင်းပါတကား...။

အပိုင်း (၁၁၄)

မင်းက ဟွာဆန်းဂိုဏ်းသားဖြစ်တာနဲ့တင် လုံလောက်နေပါပြီ(၄)

ချွန်းမြောင်က သူ့အားကျောပေးထားသော ကြိုးစားပမ်းစားတောင်တက်နေသော ဟွမ်းဂျွန်ကို ကြည့်လိုက်လေသည် ။ အားလုံးက ဂုဏ်ပြုပြီးကြသည်နှင့် ဟွမ်းဂျွန်က နှစ်ယောက်တည်းစကားပြောချင်သည်ဆိုပြီး တောင်ပေါ်သို့ ချွန်းမြောင်နှင့် နှစ်ယောက်ထဲသာ တက်လာလေသည်။

ချွန်းမြောင် စကားတစ်ခွန်းပင် မဆိုဘဲ ဟွမ်းဂျွန်၏‌ နောက်ကျောကိုသာ စိုက်ကြည့်နေလေသည်။ ဤလူအိုကြီး၏ ကျောပြင်ကို ကြည့်နေရသည်က ယခုအကြိမ်သည်က ဒုတိယအကြိမ်ပင်။ ပထမအကြိမ်ကမူ ဂိုဏ်းချုပ်သည် မြေအောက်ဂိုထောင်၏ တံခါးသော့ကို ကြိုးစားကာဖွင့်သော်လည်း အားမသန်၍ မာန်လျော့လိုက်ရသောအချိန်တုန်းက ဖြစ်လေသည်။

ထိုအချိန်တွင်က ဟွာဆန်း၏ ဝန်ပိုးမှန်သမျှကို တစ်ယောက်တည်းထမ်းပိုးကာ ဒုက္ခအလုံးစုံကို ခါးစည်းခံပြီး အားတင်းထားခဲ့သော ဟွမ်းဂျွန်၏ပုံရိပ်သည် သူ၏မျက်စိထဲမှ မပျောက်နိုင်သေးပေ။ ယခုတွင်မူ ဟွမ်းဂျွန်ထမ်းပိုးထားရသောအရာများထဲမှ အတန်ငယ်လျော့သွားလေပြီဟု ယူဆရပေမည်။

တောင်ထိပ်သို့ ရောက်သောအခါတွင်မူ ဟွမ်းဂျွန်က တောင်အောက်သို့ ပြန်ကာကြည့်လိုက်လေသည်။ ချွန်းမြောင်သည်လည်း တောင်ပေါ်ရှုခင်းကို ကြည့်ကာ သဘာဝအလှကို ခံစားလိုက်လေသည်။ ဘေးတွင် ပတ်လည်ဝန်းရံထားသော တောင်စဉ်တောင်တန်းများက မနည်းပေ။

"ချွန်းမြောင်"

"ဟုတ်ကဲ့ပါ..ဂိုဏ်းချုပ်"

"ဒါက ဟွာဆန်းမှာ အမြင့်ဆုံးတောင်ထိပ်ပဲ"

"ဟုတ်ကဲ့"

"ဒီတောင်ပေါ်ကို တက်လာတုန်းက မင်းတစ်ခုခုခံစားရတာမျိုး ရှိလား"

ဤသည်က သာမာန်မေးခွန်းပင် ဖြစ်သည်မို့ ချွန်းမြောင်လည်း စိတ်ထဲရှိရာသာ ဖြေလိုက်လေသည်။

"တော်တော်မြင့်သလိုပဲ"

"..."

ချွန်းမြောင်၏အဖြေကြောင့် ဟွမ်းဂျွန်က လှည့်ကာ ကြည့်လာလေသည်။ ချွန်းမြောင်ကမူ ပါးကြီးကို မော်ချီထားလေသည်။ သူ၏မျက်နှာက 'ကျွန်တော်ဖြေတာ မှားလို့လား' ဟု မေးနေသည့်ပုံပင်။

ဟွမ်းဂျွန် ချွန်းမြောင်၏ ကလေးဆန်ဆန်အမူအရာကြောင့် ပြုံးလိုက်လေသည်။

"ဟုတ်ပါတယ်...ဟုတ်ပါတယ်..မင်းပြောတာလည်း မှန်ပါတယ်"

ဟွမ်းဂျွန်၏ မျက်နှာက နူးနူးညံ့ညံ့ပင်။ ဒေါသအငွေ့သက်တို့ ရှိမနေပေ။

"ငါ မင်းကို ဒီကိုခေါ်လာတာက မင်းကို မေးစရာလေးရှိလို့"

စလာပြီ..စလာပြီ..

ချွန်းမြောင် ဟွမ်းဂျွန်၏စကားကြောင့် မျက်နှာကြီးက ဆူပုတ်သွားလေသည်။

မည်သို့သော မေးခွန်းများကို မေးမည်ဟုလည်း ကြိုမသိရသည်မို့ မေးခွန်းတိုင်းကို ပါးပါးနပ်နပ်နှင့် ဆင်ဝှေ့ရန်ရှောင် ဖြေရန်က ခက်ခဲမည် သေချာလေသည်။

"ချွန်းမြောင်"

"ဟုတ်ကဲ့ပါ..ဂိုဏ်းချုပ်"

"မင်းဓါးပေါ်က ဇီးပန်းပွင့်တွေက"

ချွန်းမြောင် လျှာကို ကိုက်လိုက်လေသည်။

စလာတာကိုက ဒါကြီးတဲ့လား...

"ကျေးဇူးတင်ပါတယ်"

ဟွမ်းဂျွန်က ခေါင်းကို ငုံ့ကာ ချွန်းမြောင်အား အရိုအသေပေးလိုက်လေသည်။

မမျှော်လင့်ထားသည့် ဟွမ်းဂျွန်၏လုပ်ရပ်ကြောင့် ချွန်းမြောင် ခဏမှကြောင်အသွားပြီးမှ နောက်သို့ ဆုတ်သွားလေသည်။

"ဘာလို့ ဒီလိုလုပ်နေရတာပါလဲ...ဂိုဏ်းချုပ်"

"ဒါက ဂိုဏ်းချုပ်တစ်ယောက်အနေနဲ့ လုပ်တာ မဟုတ်ပါဘူး...လူတစ်ယောက်က လူတစ်ယောက်ကို ကျေးဇူးတင်တဲ့အနေနဲ့ပါ.. ဒီလို ဇီးပန်းပွင့်ဓါးသိုင်းကို ငါမသေခင်အချိန်မှာ တစ်ကြိမ်လောက်တော့ မြင်ဖူးချင်ခဲ့တာ.."

"..."

"ခုတော့ မြင်ဖူးခဲ့ပြီ...ဒါကြောင့် ဂိုဏ်းချုပ်တစ်ယောက်ဆိုတာထက် ဆန္ဒတွေပြည့်ဝသွားတဲ့လူတစ်ယောက်အနေနဲ့ မင်းကို ကျေးဇူးတင်တာပါ...

ဒါပေမယ့် ငါ မင်းကို မေးချင်တာလေးတော့ ရှိတယ်.....'သူတော်စင်ခုနှစ်ပါး' ဓါးသိုင်းကနေ ဘယ်လိုများဇီးပန်းတွေပွင့်လာအောင် လုပ်နိုင်ရတာလဲ"

ချွန်းမြောင်က ဟွမ်းဂျွန်ကို ကြည့်ကာ ဖြေလိုက်လေသည်။

"ဒါက ဒီတိုင်းပဲ ဖြစ်သွားတာပါ"

"ဒီတိုင်းဖြစ်သွားတာ ဟုတ်လား"

"ဟုတ်ကဲ့... ကျွန်တော် ဒီတိုင်းပဲ 'သူတော်စင်ခုနှစ်ပါးဓါးသိုင်း' ကိုလေ့ကျင့်ရာကနေ ဇီးပန်းတွေ ပွင့်လာတာပါ..

ကျန်တာကတော့ ဘာလို့ပွင့်လာလဲဆိုတာ ကျွန်တော်မသိပါဘူး"

"ငါသိတယ်"

"ဒါက ဒီတိုင်းကို.."

"ဟမ်"

ချွန်းမြောင် ဟွမ်းဂျွန်၏ 'သိသည် 'ဆိုသည်က မည်သည့်အရာကို သိသနည်းဟူ၍ အထိတ်တလန့် ကြည့်လိုက်လေသည်။

"ဟွာဆန်းရဲ့ ဓါးသိုင်းတွေအကုန်လုံးက ဒီလိုပဲဖြစ်နေလို့လား"

ချွန်းမြောင်၏ အမေးကို ဟွမ်းဂျွန်က မဖြေဘဲ တောင်အောက်မြင်ကွင်းများကိုသာ ကြည့်နေလေသည်။ ထို့နောက်တွင်မူ သက်ပြင်းတစ်ချက်ချလိုက်ပြီးမှ ဖြေလိုက်လေသည်။

"တော်ပါပေတယ်"

ချွန်းမြောင်ထံတွင် ဓါးသိုင်းနှင့်ပတ်သက်၍ ပြောမပြနိုင်သော လျှို့ဝှက်ချက်များ ရှိကောင်းရှိနေနိုင်သည်မို့ ဟွမ်းဂျွန် အတင်းအကြပ်မမေးတော့ပေ။ ချွန်းမြောင်၏ အဖြေက လိမ်ညာမှုသက်သက်မှန်းသိနေသော်လည်း မသိသယောင်ပြုကာသာ လက်ခံထားလိုက်လေသည်။

ဘယ်လိုပဲဖြစ်ဖြစ် ဒါကလည်း ဟွာဆန်းက သိုင်းပညာတစ်ခုပါပဲလေ...

ချွန်းမြောင်က တခြားသူတွေကို ပြန်ပြီး မျှဝေပေးဖို့ အဆင်ပြေမှာပါ...

နောက်ဆို တခြားသူတွေပါ ဒီလိုမျိုး သိုင်းပညာကို တတ်မြောက်လာကြတော့မှာပါ...

အင်း...ဇီးပန်းပွင့်တွေ...

ဇီးပန်းများ တဖန်ပြန်လည်ပွင့်လန်းလာသည့်နေ့က ဟွာဆန်းနလန်ပြန်ထူလာမည့်နေ့ဟု ပြောကြသည်ကို ကြားဖူးလေသည်။ ထိုနေ့က ရောက်ရှိခဲ့ပြီ ဖြစ်ပုံရလေသည်။

"ဇီးပန်းပွင့်ဓါးသူရဲကောင်း"

ယခင်ကမူ နှုတ်ကပင် မထွက်ရဲခဲ့သောစကားလုံးဖြစ်လေသည်။ဇီးပန်းပွင့်ဆိုသည်က ဟွာဆန်း၏ သင်္ကေတပင်။

ဓါးမှ ဇီးပန်းပွင့်များ ပွင့်လာနိုင်စွမ်းရှိသည့်သူသာလျှင် ထိုဘွဲ့အမည်ကို လက်ခံရရှိသည်ဖြစ်ပြီး ယနေ့မတိုင်ခင်အထိ ထိုဂုဏ်ပုဒ်နှင့် ထိုက်တန်သူသည် ဟွာဆန်းတွင် မရှိခဲ့ပေ။ ယခုမှသာလျှင် ချွန်းမြောင်က ဇီးပန်းပွင့်များကို တဖန်ပြန်လည်ကာ ဖန်တီးနိုင်ခဲ့ပြီမို့ ထိုဘွဲ့ထူးကို အလိုအလျောက် ပိုင်ဆိုင်သွားနိုင်မည့်သူ ဖြစ်လာလေတော့မည်ဟု ထင်ရလေသည်။ အတပ်တော့ မပြောနိုင်သေးပေ။

"ခရီးက အရှည်ကြီးကျန်ပါသေးတယ်လေ..."

"..."

လေထုက ကောင်းမွန်နေပြီး စိတ်လက်များလည်း ပေါ့ပါးနေကြလေသည်။

ချွန်းမြောင်အား ကြည့်လိုက်ပြန်ကာ ဟွမ်းဂျွန်က နှစ်သက်စွာ ပြုံးလိုက်ပြန်သည်။ ရင်တွင်းတွင် တသိမ့်သိမ့်ဖြစ်နေသော ပီတိတို့က လှုံဆော်နေပြီး ပျော်ရွှင်နေလေသည်။ ဟွမ်းဂျွန်က အပြုံးနှင့်ပင် စကားစကာ ပြောလာလေသည်။

"ချွန်းမြောင်"

"ဟုတ်ကဲ့ပါ..ဂိုဏ်းချုပ်"

"မင်းအတွက် ဟွာဆန်းက ဘာလဲ"

ချွန်းမြောင် အဖြေပြန်မပေးသေးဘဲ ခေါင်းကိုခါကာ ကောင်းကင်ကို မော့ကြည့်လိုက်လေသည်။ သူ၏ ဆရာတူအကိုကြီးကို ကောင်းကင်ပေါ်တွင် မြင်လိုက်ရသည့်အလားပင်။

ဟွာဆန်းကလား..

"ကျွန်တော့်အတွက် ဟွာဆန်းက.."

သူရဲ့ အကိုကြီးပြောခဲ့သလို့ပါပဲ...

"ဟွာဆန်းက ဟွာဆန်းသက်သက်ပါပဲ"

အတိတ်တုန်းကမူ သူ၏အကိုကြီးစကားကို နားမလည် ဘဝင်မကျခဲ့သော်လည်း ယခုတွင်မူ နားလည်လာပြီဟု ခံစားလိုက်ရလေသည်။

ချွန်းမြောင်၏ အဖြေကို ကြားလိုက်ရသော ဟွမ်းဂျွန်ကလည်း ခေါင်းငြိမ့်လာလေသည်။

"မင်းက ဟွာဆန်းဂိုဏ်းက ဂိုဏ်းသားတစ်ယောက်ဖြစ်နေတာနဲ့တင် လုံလောက်ပါပြီ"

နွေးထွေးသောအပြုံးကြီးကလည်း ဟွမ်းဂျွန်၏ နှုတ်ခမ်းထက်တွင် တွဲခိုနေလေ၏။

"လူတွေအားလုံးက ဖြစ်သင့်တဲ့နေရာကိုပဲ ရောက်လာကြတာပါ...ကောင်းကင်ရဲ့အလိုဆန္ဒအတိုင်းပေါ့...

အရေးအကြီးဆုံးကတော့ မင်း ရောက်နေတဲ့နေရာကို အကောင်းဆုံးဖြစ်အောင် လုပ်ပေးနိုင်ဖို့ပဲ"

ချွန်းမြောင်က ဟွမ်းဂျွန်၏စကားကြောင့် သဘောတကျရယ်လိုက်လေသည်။

"ကျွန်တော် မလုပ်နိုင်လို့ကတော့ စကို စခဲ့မှာ မဟုတ်ဘူး"

"ငါသိပြီ"

"တကယ်လို့ ဟွာဆန်းက မင်းကို အရာအားလုံးကနေ ကာကွယ်ပေးမယ်ဆိုရင် မင်းယုံလား...

ငါနဲ့ ဟွာဆန်းဂိုဏ်းက မင်း ဟွာဆန်းက လူဖြစ်လာတဲ့အတွက် ကျရောက်လာမယ့် အန္တာရယ်အားလုံးကို ကာကွယ်ပေးမယ်ဆိုရင်ပေါ့"

ဟွမ်းဂျွန်၏စကားကြောင့် ချွန်းမြောင် ပြုံးလိုက်လေသည်။ ပြန်ဖြေရန် အဖြေလည်း သူ့တွင်မရှိပေ။

ချွန်းမြောင်၏ နှုတ်ဆိတ်နေမှုကြောင့် ဟွမ်းဂျွန် အနည်းငယ်စိတ်ပျက်သွားသော်လည်း ဆက်ကာမမေးတော့ပေ။ သူ့ထံတွင် ချွန်းမြောင်အား မေးရန် မေးခွန်းများစွာရှိနေသော်လည်း မမေးတော့ပေ။ ချွန်းမြောင်က ဟွာဆန်း၏ဂိုဏ်းသားတစ်ယောက်ဖြစ်နေသည်ကိုက ကျေနပ်ဖွယ်ရာအနေနှင့် ကျေနပ်လိုက်လေတော့သည်။

ဟွာဆန်းရဲ့ ဂိုဏ်းချုပ်...

ဤရာထူးနှင့် ထိုက်တန်သောအရာမျိုး ဟွာဆန်းဂိုဏ်းအတွက် လုပ်ပေးနိုင်သည့်အရာ မရှိခဲ့ပေ။ ချွန်းမြောင်ကဲ့သို့ ငယ်စဉ်ကပင် ဂိုဏ်း၏ဂုဏ်သရေကို မြှင့်တင်ပေးနိုင်ခဲ့ခြင်းလည်း မရှိသကဲ့သို့ အရွယ်ရလာသည့်အချိန်တွင်လည်း တစ်စုံတစ်ရာလုပ်ဆောင်ပေးနိုင်ခြင်း မရှိခဲ့ပေ။ ကျင့်ကြံသူတစ်ယောက်အနေနှင့်လည်း ဖြစ်ဖြစ်မြောက်မြောက်မရှိသကဲ့သို့ သိုင်းပညာရှင်တစ်ယောက်အနေနှင့်လည်း ထွန်းထွန်းပေါက်ပေါက် မရှိခဲ့ပေ။ ချွန်းမြောင်ကသာလျှင် အရွယ်ငယ်ငယ်နှင့်ပင် လေးစာဖွယ်ရာ သူ့၏ လမ်းကြောင်းနှင့်သူရွေးချယ်ထားပြီးသားပင်။

"ဂိုဏ်းချုပ်...ကျွန်တော့်ကို ကာကွယ်ပေးရမှာ မဟုတ်ပါဘူး"

ချွန်းမြောင်၏ ရုတ်တရက်ပြောလာသောစကားကြောင့် ဟွမ်းဂျွန် ကြောင်အသွားလေသည်။

"ကျွန်တော်တို့ အတူတူကာကွယ်ကြရမှာပါ...ဟွာဆန်းဆိုတဲ့ နာမည်အောက်မှာ အတူတူရှိကြရမှာ"

ချွန်းမြောင်၏ ဆက်ကာပြောလိုက်သောစကားကြောင့် ဟွမ်းဂျွန်၏မျက်နှာက တိမ်စင်လပမာ ဝင်းပသွားလေသည်။

"မင်းပြောတာ မှန်တယ်"

"ချွန်းမြောင်"

"ဟုတ်ကဲ့..ဂိုဏ်းချုပ်"

"ငါ့ကို ကတိတစ်ခုပေးပါ"

ဟွမ်းဂျွန်၏ တောင်းဆိုမှုကြောင့် ချွန်းမြောင်က ခေါင်းကိုမော့ကာ ဟွမ်းဂျွန်ကို ကြည့်လိုက်လေသည်။

"မင်း မပြောချင်တဲ့အရာတွေကို တစ်နေ့နေ့ကျရင်တော့ ငါ သိရလာမယ်လို့ ထင်ပါတယ်..."

ချွန်းမြောင်က တစ်ခုခုပြန်ပြောရန် ပါးစပ်ဟလိုက်သော်လည်း ပြန်မပြောဘဲ ပိတ်သွားလေသည်။ နှုတ်ခမ်းကို စုလိုက်ထော်လိုက်လုပ်ကာ အတွေးများနေပုံလည်း ရ၏။ စိတ်များက ရှုပ်ထွေးသွားရသည်မို့ စကားပြန်မပြောဘဲ ကောင်းကင်ကိုသာ မော့ကြည့်နေလိုက်လေသည်။

"ကျွန်တော် ပြောပြမှာပါ"

တစ်ရက်ရက်ပေါ့..

ဘယ်နေ့လို့တော့ အတိအကျမပြောနိုင်ပေမယ့် အခွင့်သင့်တဲ့တစ်ရက်ပေါ့...

အရာအားလုံးကို ရှင်းလင်းပြီးလို့ ဟွာဆန်းရဲ့ အနာဂတ်ကြီးက လှပတော့မယ်ဆိုတာ သေချာသွားတဲ့တစ်နေ့ပေါ့....

ရက်တွေ ၊ လတွေ၊ နှစ်တွေ ဘယ်လောက်ကြာမယ်ဆိုတာ မသိသေးပေမယ့် တစ်ရက်ရက်ပေါ့....

ညီလာခံကပြီးဆုံးသွားပြီ ဖြစ်သော်လည်း တတိယတန်းတပည့်များကမူ စားမြုံပြန်၍ မပြီးသေးပေ။

အောင်ပွဲအား အရသာခံကာ ပြန်ပြောနေကြတုန်းပင်။

"ငါတို့ တကယ်ကြီးကို နိုင်သွားတာနော်"

"ငါ အခုချိန်ထိ ယုံကို မယုံနိုင်သေးဘူး"

"အိမ်မက် မက်နေတာလားပဲ..ငါတို့က တကယ်ကြီးတောင်ဘက်အစွန်အဖျားဂိုဏ်းကို နိုင်သွားတယ်"

ညီလာခံတွင် ရလဒ်ကောင်းခဲ့ခြင်းက သူတို့၏ ယုံကြည်မှုနှင့် လုပ်ဆောင်နိုင်စွမ်းတို့ကို ပို၍တိုးပွားလာစေသည်။ ကလေးများကလည်း သူတို့၏အခြေအနေများသည် ယခင်ကနှင့် လုံးလုံးလျားလျား မတူညီတော့သည့်အကြောင်းကို အမှန်ပင် သိရှိ လက်ခံနိုင်လာကြလေသည်။

သူတို့၏ခွန်အားများသာမက စွမ်းရည်များလည်း တိုးလာသည်ကို မငြင်းနိုင်ဘဲ လက်ခံလိုက်ကြရပြီဖြစ်လေသည်။ ချွန်းမြောင် ပြောခဲ့သည့်အတိုင်းပင်။ နိုင်ကို နိုင်ခဲ့လေသည်။

ချွန်းမြောင်က သူတို့၏ စိတ်ဓါတ်ကျနေသောဘဝကြီးကို အလုံးစုံပြောင်းလဲပေးလိုက်သည့်အလားပင်။ စကားအပိုများမပြောဘဲ အလုပ်နှင့်ပြခဲ့သည့် သက်သေကို ကောင်းကောင်းကြီးပင် မြင်နေရပြီဖြစ်လေသည်။ သူတို့အားလုံး သန်မာစွမ်းရည်တိုးတက်လာပြီ ဖြစ်လေသည်။

"အဲ့ဒီခွေးလေးက ဘယ်လိုတွေးပြီး ဘယ်လိုအလုပ်လုပ်လဲဆိုတာကို ငါတော့ နားမလည်နိုင်သေးဘူး"

"ဘယ်သူလဲ"

"ဘယ်သူရမှာလဲ..ချွန်းမြောင်လိုလူက သူမဟုတ်ဘဲနဲ့ ဘယ်နှယောက်ရှိလို့လဲ"

အားလုံးက ထိုတစ်ယောက်၏စကားကို တညီတညွှတ်တည်း ခေါင်းငြိမ့်ကာ ထောက်ခံကြလေသည်။

ညီလာခံပြီးသွားသည်နှင့် ချွန်းမြောင်၏ စွမ်းရည်က မည်မျှပင် ကြောက်စရာကောင်းသည်ဆိုသည်ကို သူတို့အားလုံးမြင်တွေ့ခဲ့ကြပြီး ဖြစ်လေသည်။ ချွန်းမြောင်၏ တကိုယ်တော်ပြပွဲတွင် သူတို့အားလုံး ကောင်းကောင်းကြီး မြင်တွေ့လိုက်ကြပြီးပြီ မဟုတ်ပါလား...။

ချွန်းမြောင်၏ စွမ်းရည်ကို ယှဉ်နိုင်သူက တတိယတန်းတပည့်များထဲတွင်လည်း မရှိသကဲ့သို့ ဒုတိယတန်းတပည့်များကြားထဲတွင်လည်း ရှိမည်မဟုတ်ပေ။ ဤတစ်ကြိမ်တွင်မူ သူတို့အားလုံးက ချွန်းမြောင်က လက်တစ်ဖက်တည်းနှင့်ပင် လက်စတုံးလိုက်နိုင်သည်ကို သိရှိခဲ့ပြီးဖြစ်လေသည်။

အဖြစ်အပျက်တို့ကို မမေ့နိုင်သော ဂျိုဂုက ယွန်းဂျွန်အား ပြောလိုက်လေသည်။

"ဆရာတူအကိုကြီး"

"အင်း"

"ကျွန်တော် အိပ်မပျော်ဘူး"

"အဲ့တော့ မင်းကို ဂဏန်းလေးတွေ ရေပေးဖို့ ငါ့ကိုပြောချင်နေတာလား"

"မဟုတ်ဘူးလေ.."

ဂျိုဂုက ခေါင်းကိုကုတ်ကာ ပြောလာလေသည်။

"ကျွန်တော် မျက်လုံးမှိတ်လိုက်တဲ့အချိန်တိုင်း ချွန်းမြောင်ရဲ့ ဓါးရေးပြနေတဲ့ပုံကြီးပဲ မျက်လုံးထဲမှာ ပေါ်နေတယ်...ကျွန်တော့်ကို သူက ညှို့ထားလိုက်သလိုပဲ... အဲ့တာကို ကောင်းကောင်းတော့ မရှင်းပြတတ်ဘူး...

ဒါပေမယ့် အဲ့လိုတော့ ဖြစ်နေတယ်"

ဂျိုဂုစကားကြောင့် ယွန်းဂျွန် တံတွေးမြိုချလိုက်လေသည်။

သူလည်း ငါ့လိုဖြစ်နေတာပဲလား...

ယွန်းဂျွန်သည်လည်း မျက်စိမှိတ်လိုက်သည်နှင့် ချွန်းမြောင်၏ ဓါးရေးပြသည့်ပုံရိပ်များသာ မျက်ဝန်းထဲတွင် မြင်နေရလေသည်။ ဇီးပန်းပွင့်များနှင့် ချွန်းမြောင်၏ ပုံရိပ်သည် မျက်စိထဲမှ မထွက်ပေ။သို့ဖြစ်လည်း သူသည်လည်း ထိုအကြောင်းအရာကိုပင် တွေးနေခြင်းဖြစ်လေသည်။

ပြောရလျှင်မူ ညီလာခံ၏အောင်ပွဲအများစုသည် ချွန်းမြောင်၏ နိုင်ပွဲများဖြစ်သော်လည်း တတိယတန်းကလေးများကမူ ကိုယ်စီအနိုင်ရခဲ့ကြသည် ဖြစ်သည့်အတွက် ရင်ထဲတွင် ကျေနပ်မှုကိုယ်စီ ရှိကြလေသည်။ သို့သော်လည်း ချွန်းမြောင်၏ သိုင်းပညာကိုမြင်ပြီးသည့်အခါတွင်မူ ရှိနေသောအဆင့်လေးနှင့် မကျေနပ်နိုင်သော စိတ်လေးက ဝင်လာကြလေသည်။

အဲ့ဒီဓါးသိုင်း...

ဆန်းကြယ်ပြီး လှပလွန်းတယ်...

ငါတို့ရော အဲ့ဒီလိုဓါးသိုင်းမျိုးကို သင်ယူဖို့ မဖြစ်နိုင်ဘူးလား...

"ဆရာတူအကိုကြီး"

ယွန်းဂျွန်က ခေါ်သံကြောင့် ဂျိုဂုကို ကြည့်လိုက်လေသည်။

"ကျွန်တော်တို့ရော အဲ့ဒီဓါးသိုင်းကို သင်လို့ ရလောက်လား"

ယွန်းဂျွန် သူနှင့်အတွေးတူနေသော ဂျိုဂုကြောင့် သက်ပြင်းရှည်ကြီးချလိုက်လေသည်။

"ဂု"

"ဟုတ်ကဲ့..အကိုကြီး"

"ဟွာဆန်းရဲ့ တတိယတန်းတပည့်တစ်ယောက်အနေနဲ့ ဒီလိုစကားမျိုး ပြောလို့ရရဲ့လားတော့ ငါမသိဘူး..."

ယွန်းဂျွန်၏စကားကြောင့် လူတိုင်းက စိတ်ဝင်စားသွားကြပြီး အနားသို့ တိုးကပ်လာကြလေသည်။

"ရိုးရိုးသားသား ပြောရရင် ငါလည်း သန်မာချင်တယ်"

".."

ယွန်းဂျွန်က သူ၏စိတ်ထဲတွင်ရှိနေသောအရာများကို ကွယ်ဝှက်မနေဘဲ ဆက်ကာပြောလေသည်။

"ငါ ဘယ်တုန်းကမှ ထိပ်တန်းအကျော်အမော် ပညာရှင်ကြီးတွေ ဖြစ်ဖို့ ၊ ထူးခြားတဲ့သိုင်းပညာတွေကို ပြသဖို့ ဘယ်တုန်းကမှ မတွေးခဲ့ဖူးဘူး...ငါ သန်မာတဲ့သူတစ်ယောက်ပဲ ဖြစ်ချင်ခဲ့တာ"

"ကျွန်တော်တို့လည်း အတူတူပါပဲ"

"ဒါပေမယ့်...ဒီဓါးသိုင်းကို မြင်ပြီးခဲ့ အချိန်မှာတော့..."

ငါ ဆက်ပြောလို့ သင့်တော်ပါ့မလား....

စကားလုံးရွေးချယ်မှုမှားသွားမည်စိုးရိမ်၍ ယွန်းဂျွန်က စကားပြောသည်ကို ခဏရပ်ကာ စကားလုံးများကို သေချာစဉ်းစားနေလေသည်။ စကားလုံးအရွေးမှား၍ မဖြစ်သည်မို့ ထိုသို့ ခြင့်ချိန်နေရခြင်းပင်။

"ငါ့အတွေးပေါ့နော်...ဒီဓါးသိုင်းကို ငါလည်းသင်ချင်တယ်...

ဒီလိုဓါးသိုင်းမျိုးကို ငါကိုယ်တိုင် သင်ယူတတ်မြောက်ချင်တယ်"

ယွန်းဂျွန်၏ စကားကို အားလုံးက ထောက်ခံကာ ခေါင်းငြိမ့်ကြလေသည်။

ဤခံစားချက်သည်က သူတို့အားလုံး၏ရင်ထဲတွင် ဖြစ်နေသောဆန္ဒဖြစ်လေပြီး အားလုံးကလည်း သင်ယူချင်နေကြလေသည်။ သူတို့၏ ဘဝတစ်လျောက်တွင် ထိုသိုင်းပညာကို သုံးကာ ရှင်သန်သွားလိုကြလေသည်။

ဟွာဆန်းသို့ ရောက်သည့်နှစ်များကြာလာသည့်နောက်ပိုင်းတွင်မူ ဇီးပန်းပွင့် ဓါးသိုင်းကို မြင်တွေ့ခဲ့ရပြီဖြစ်ပြီး သူတို့သည်လည်းပဲ သင်ယူလိုကြလေသည်။

"ငါတို့အားလုံး တစ်ရက်ရက်မှာတော့ ဒီဓါးသိုင်းကို အပြည့်အဝသင်ယူလာနိုင်မှာပါနော်"

ထိုမေးခွန်းကို မည်သူကမှလည်း အဖြေမပေးကြပေ။ ယွန်းဂျွန်က မနေသာသူမို့ ဖြေလိုက်လေသည်။

"ငါတို့ သင်ယူနိုင်မှာပါ"

"ငါတို့က ဟွာဆန်းက ဂိုဏ်းသားတွေ ...ဟွာဆန်းရဲ့ ဂိုဏ်းသားတွေက ဟွာဆန်းရဲ့ သိုင်းပညာကို မသင်ယူနိုင်စရာ ဘာအကြောင်းရှိမှာလဲ...အပင်ပန်းခံပြီးသာ လေ့ကျင့်နိုင်ရင် ငါတို့သေချာပေါက် အဲ့ဒီသိုင်းပညာကို တတ်မြောက်သွားမှာ သေချာတယ်"

"ဆရာတူအကိုကြီး"

"ငါတို့ ကောင်းကောင်းကြိုးစားကြဖို့ပဲ လိုတယ်"

"တစ်နေ့မှာတော့ ငါတို့လည်း သိုင်းပညာအဆင့်တစ်ခုကို ရောက်လာမှာပါ...ယခုကစပြီး ငါ့မှာ ရည်မှန်းချက်ရှိသွားပြီ"

"ဟုတ်တယ်...ကျွန်တော်လည်းပဲ ကြိုးစားမယ်"

တတိယတန်းတပည့်များအားလုံးက စိတ်အားတက်ကြွစွာနှင့် ယုံကြည်မှုများတိုးပွားလာပြီး ပန်းတိုင်တူသော လူတစ်စုအဖြစ် စုမိသွားကြလေတော့သည်။

"တကယ်လို့ ငါတို့မှာ ပြဿနာတွေ ရှိလာခဲ့ရင်တောင် ချွန်းမြောင်ကတော့ ဖြေရှင်းပေးနိုင်မှာမို့လား"

"သေချာပေါက်ပေါ့...သူက လူမှမဟုတ်တာ..မှင်စာလေ..မလုပ်နိုင်တာ မရှိဘူး"

"ငါတို့ကို ဒီထက်ပိုပြီးသန်မာအောင် မလုပ်ပေးတော့ဘူးလား...သူက"

ကလေးများအားလုံးက မိမိကိုယ်ကိုအပေါ် ယုံကြည်ချက်တိုးလာကြသကဲ့သို့ ချွန်းမြောင်အပေါ်တွင်လည်း ယုံကြည်ချက်များ တိုးလာကြလေသည်။ အားလုံးက စုဝေးကာ စကားပြောနေကြစဉ်မှာပင် တံခါးက ကြမ်းတမ်းစွာ ပွင့်လာလေသည်။

ဘမ်း...

ငါ သူ့ကို တံခါးဖွင့်ရင် လက်နဲ့တွန်းဖွင့်ပါလို့ပြောတာ အကြိမ်တစ်ရာမကတော့ဘူး..

ဒါကို ဒင်းကအခုထိ တံခါးကို ကန်ဖွင့်နေတုန်း...

ယွန်းဂျွန်၏ အတွေးများကို ကြားနေရသည့်အလားပင် တံခါးကိုကန်ဖွင့်ပြီးနောက် အသာအယာပြန်ပိတ်လိုက်လေသည်။

ခြေသံစိတ်စိတ်နှင့်အတူ အလွန်တရာရင်းနှီးနေသောမျက်နှာက အားလုံးစုဝေးနေရာသို့ ပေါ်လာလေသည်။ အားလုံးက အပြုံးမျက်နှာနှင့်ပင်။

ကြည့်နေပြန်ပြီ...

သူက အခု ဘာပြောချင်နေတာလဲ...

ချွန်းမြောင်က တံခါးမဖွင့်မှီကပင် အတော်ပင်ဆူညံနေသော ဆွေးနွေးပွဲကို ကြားပြီးပြီဖြစ်လေသည်။

"အကိုကြီးတို့အကုန်လုံးက တစ်ယောက်ကိုတစ်ယောက် စိတ်နှလုံးနွေးထွေးစေမယ့် စကားလေးတွေ ပြောနေကြတာပေါ့...အကုန်လုံးက ကလေးတွေမို့လို့လား...ကလေးကလားနဲ့"

ဒီသောက်ကောင်ကို အချိုးပြေအောင် ပြင်ပေးလို့ ရမယ့်သူ မရှိကြတော့ဘူးလား...

ထားပါတော့ ...သူက တသက်လုံးလည်း အချိုးပြေမယ့်ကောင် မဟုတ်ပါဘူး...

All Chapters