အခန်း (၁၁၅-၁၁၇)
Vol. 8 Ch. 115-117
အပိုင်း (၁၁၅)
မင်းက ဟွာဆန်းဂိုဏ်းသားဖြစ်တာနဲ့တင် လုံလောက်နေပါပြီ(၅)
"မင်း ပြန်လာပြီလား"
"မင်းက တကယ့်ကိုကြိုးစားတာပဲ...နည်းနည်းလောက်တောင် နားသင့်သေး.."
လောကဝတ်အရ ပြောဆိုသော အာလာပ သလာပ စကားတို့က လေထုကို အတော်ပင် ပေါ့ပါးသွားစေသော်လည်း ချွန်းမြောင်ကမူ လောကဝတ်တို့နှင့် အသားကျသူ မဟုတ်ပေ။ သို့ဖြစ်၍ ပြောလာသည်ကို ခေါင်းပင်အသာငြိမ့်ပြလိုက်လေသည်။
သူအကျင့်တွေက မပြင်တော့ဘူးလား..
ကိစ္စကောင်းလေးတွေ ဖြစ်ထားတာတောင် ဒီပုံစံပဲ ဖြစ်နေတုန်း...
ချွန်းမြောင်က ခေါင်းကိုလှည့်ကာ စကားစပြောလာလေသည်။ အသံကမူ စိတ်မရှည်ပုံပေါ်နေပြီး ရန်လိုနေသည့်ပုံလည်း ရလေသည်။
"ကြည့်ရတာ အကိုကြီးတို့အားလုံး စိတ်ခံစားချက်တွေ ကောင်းနေကြတဲ့ပုံပဲ"
"..."
"အကုန်လုံးကလည်း အနားယူနေကြပြီးတော့ အေးအေးလူလူပဲ...အဲ့ဒီအနားယူတာကပဲ ပြဿနာအားလုံးရဲ့ အရင်းခံနော်... ကျွန်တော်သာဆို နားနေမယ့်အစား ဓါးဝှေ့ယမ်းတာကို အကြိမ်တစ်သောင်းလောက် လေ့ကျင့်နေမှာ...မဟုတ်ရင်လည်း ကိုယ်ကာယသန်မာကြံ့ခိုင်တဲ့ လေ့ကျင့်ခန်းတစ်ခုခုလုပ်နေတာ ဖြစ်ဖြစ်ပေါ့"
လောကကြီးက ခက်ခဲကြမ်းတမ်းသည်ကို သူတို့အားလုံးကသိသော်လည်း သူတို့၏ အငယ်ဆုံးသော ဆရာတူညီလေးက ငေါက်ငမ်းနေသည်ကိုတော့ ယနေ့ထိ အသားမကျသေးပေ။ ပြန်ကာပြောချင်သော်လည်း မပြောရဲကြသည်မို့ ဆင်ခြေပေးရန် တာဝန်က ယွန်းဂျွန်ဆီသို့ ကျလာလေသည့်နှယ်ပင်။ အားလုံးက ယွန်းဂျွန်အား ကြည့်လာကြလေသည်။
ဪ..ငါ့ကို ဒီချိန်ကျမှ ဆရာတူအကိုကြီးဆိုပြီး အားကိုးချင်နေကြတယ်ပေါ့လေ...ခွေးသားတွေ...
တခြားအချိန်တွေကျ အရေးတောင်မလုပ်ကြဘဲနဲ့....
သို့သော်လည်း ဆရာတူအကိုကြီးပေမယ့် အားလုံးအား ခေါင်းခံရန်တာဝန်ကလည်း ရှိနေပြန်သည်မို့ မကျေနပ်သော်လည်း နေ၍မရပေ။
"အဟင်း...ဟီး"
ယွန်းဂျွန်က ပြုံးပြုံးကြီးလုပ်ကာ စကားစပြောလေသည်။
"မင်းက ဘာလို့ ဒီလောက်တောင် စိတ်တိုနေရတာလဲ...ဒီတစ်ကြိမ်မှာ ငါတို့အားလုံးကောင်းကောင်းလုပ်နိုင်ခဲ့တယ်လို့ မင်းမထင်ဘူးလား"
ယွန်းဂျွန်က ချွန်းမြောင် စိတ်ပြေလိုပြေကြောင်း စကားလမ်းကြောင်းပေးလိုက်သော်လည်း ထိရောက်ပုံမရပေ။
"ကောင်းကောင်းလုပ်တယ်...ဟုတ်လား...
အကိုကြီးတို့ကလေ..."
ချွန်းမြောင်က ပြောလည်းပြောကာ အားလုံးကို စူးစိုက်ကြည့်လာလေသည်။ အကြည့်စူးစူးတွင် ဒေါသတို့က ရိပ်မိုးနေပြီး အခြေအနေက ခန့်မှန်း၍ မရပေ။
"ဘယ်လောက်တောင် အံဩစရာကောင်းလိုက်တဲ့လူတွေလဲ... ဒီမှာ စုရုံးပြီး အောင်ပွဲခံနေကြတာပေါ့...
အဲ့တာကြောင့် လေ့ကျင့်ရေးကို ကြိုးကြိုးစားစား လုပ်နေမယ့်အစား ဒီမှာအချိန်ဖြုန်းနေကြတာပေါ့လေ...ညီလာခံမှာ တစ်ကြိမ်လေးနိုင်လိုက်ကြတာနဲ့ ဘဝရည်မှန်းချက်ကြီးက ပြည့်စုံသွားပြီလား"
ချွန်းမြောင် စိတ်ပျက်နေသည့်ပုံနှင့်ပင် မျက်နှာအား လက်နှင့်အုပ်ကာထားလိုက်ပြီးမှ ပြန်ပြောလေသည်။
"သိကြလား...ကျွန်တော်ကလေးဘဝတုန်းကလေ ဒီနေ့ကို စစ်ပွဲရင်ဆိုင်ရပြီး ဒဏ်ရာရနေရင်တောင် နောက်ရက်မှာ နားမနေဘဲ သွားလေ့ကျင့်တာ ..ဒီနေ့ခေတ်ကလေးတွေကတော့ ...ကျွတ်..."
သူက ဘယ်အချိန်တုန်းက စစ်မြေပြင်ကို ရောက်သွားတာတုန်း..
ငါတို့က သူ့ထက်ပိုပြီး အသက်ကြီးကြတာ မဟုတ်ဘူးလား...
"တောင်ဘက်အစွန်အဖျားဂိုဏ်းကို နိုင်တာကလည်း ကောင်းတဲ့ကိစ္စတစ်ခုပဲလေ...ငါတို့ ခဏလောက်တော့ အောင်ပွဲခံသင့်တာပဲ မဟုတ်ဘူးလား"
ယွန်းဂျွန်က ပြန်မပြောရဲသော်လည်း စိတ်ကိုတင်းကာ ပြန်ပြောလိုက်လေသည်။ နှုတ်လှန်ထိုးလိုက်ရသည့် ရလဒ်ကတော့ ကောင်းနေမည်ဟု မထင်ပေ။
"သူတို့ကို နိုင်လိုက်တယ်...ဪ...အပြောကတော့ ကောင်းလိုက်တာ.."
".."
"အဲ့ဒီကလေးတွေကို ပြန်တွေးကြည့်လိုက်စမ်းပါ...မငယ်ဘူးဆိုရင်တောင် အကုန်လုံးထက် ငါးနှစ်ဆီတော့ ငယ်ကြမှာပဲ.... ကိုယ့်ထက်ငယ်တဲ့သူတွေကို နိုင်လိုက်တာကို ဂုဏ်ယူနေတာလား...မရှုံးလို့ အရှက်မကွဲလိုက်တာပဲ ကျေးဇူးတင်"
"..."
ချွန်းမြောင်က စကားနာထိုးသည့်နေရာတွင်တော့ တမူထူးခြားကာ ထက်မြက်လွန်းသူ ဖြစ်လေသည်။
မည်သို့သောစကားလုံးက အနာကြင်ဆုံးဆိုသည်ကို ရွေးချယ်ကာ ပြောတတ်လေသည်။
အခန်းတွင်းလေထုကမူ အတော့်ပင် ဆိုးဝါးနေပြီ ဖြစ်လေသည်။
"ပြိုင်ပွဲက ကောင်းကောင်းပြီးသွားတာနဲ့ လုံလောက်ပြီဆိုလည်း ကျွန်တော်ဘာမှ မပြောတော့ပါဘူး...အရှက်တကွဲဖြစ်ကြပြီဆိုမှ နောင်တမရကြနဲ့...ကိုယ့်ဘဝကိုယ် ဆွဲချနေကြတာပဲ"
ချွန်းမြောင်၏ စိတ်ဆိုးမာန်ဆိုးအပြောကြောင့် တပည့်တစ်ယောက်က ခေါင်းထောင်လာပြီး အဝေးသို့ လှမ်းကြည့်ကာ ပြောလာလေ၏။
"မင်း ဘယ်လိုများ သူတို့ကို ပုခုံးကိုချိန်ပြီး ခေါင်းကို ရိုက်နိုင်ရတာလဲ"
တခြားတစ်ယောက်ကလည်း ထပ်ကာစောဒကတက်လာလေသည်။
" အရမ်းကို တက်ကြွပြီး သူ့ကိုယ်သူဆရာကြီးပါဆိုတဲ့သူကိုတောင် တချက်တည်းရိုက်ပြီး အနိုင်ယူလိုက်နိုင်တာလဲ"
"..."
တစ်ယောက်တစ်ပေါက်ပြောဆိုနေကြသော လူများကို အော်ဟစ်ကာငေါက်ငမ်းလိုက်ချင်သော်လည်း ချွန်းမြောင်ကို စိတ်ကိုထိန်းကာ ဒေါသကို မြိုချလိုက်လေသည်။ စိတ်ထိန်းမှ ဖြစ်ပေလိမ့်မည်။ ယခုအချိန်သည်က အကြမ်းနည်းသုံးရမည်မဟုတ်။ အနုနည်းနှင့်သာ သွားရမည့်အချိန်ဖြစ်လေသည်။
"ကျွန်တော် သင်ပေးတာက မှားသွားတာပါ... ကျွန်တော်..အင်း ..ဟုတ်ပါတယ်..ဆရာတူအကိုကြီးတွေမှာ ဘာအမှားမှ မရှိပါဘူး....အခုလို ပြောမိသွားတာက ကျွန်တော့်အမှားပါ"
"..."
ချွန်းမြောင်က ရုတ်တရက်ကြီး နောက်ဆုတ်ကာ ဝန်ခံတောင်းပန်စကားဆိုလိုက်သည်မို့ ယွန်းဂျွန်နှင့်ဂျိုဂုက တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ကြလေသည်။
ဘာလားဟ..
သူ ဘာအကွက်ရွေ့နေတာလဲ..
ငါတို့နဲ့ အဆင်ပြေအောင် ကြိုးစားနေတာလား..
ဘုရားရေ...
ယွန်းဂျွန်က မျက်နှာသေကြီးနှင့် ချွန်းမြောင်အား ကြည့်ကာ ဖြစ်နိုင်ချေများကို တွက်ဆကြည့်နေလေသည်။
"ဒါပေါ့..အမှားဆိုတာကတော့ ကင်းနိုင်တဲ့အမျိုး မဟုတ်ပါဘူး... ဒါပေမယ့် အမှားတွေများလွန်းနေရင်လည်း မကောင်းဘူးပေါ့... လေ့ကျင့်တဲ့အချိန်တွေဆိုလည်း အမှားတွေက ဖြစ်နေတာပဲလေ"
"အမှားတွေ ဖြစ်တာလား"
"..."
ယွန်းဂျွန် ရုတ်တရက်ပင် သူစကားပြောမှားသွားသည်ကို ခံစားမိကာ ထိတ်လန့်သွားလေသည်။
"ဒါဆိုရင်တော့ တိုက်ပွဲမြေပြင်ပေါ်မှာလည်း အကိုကြီး သေသွားတာကလည်း အမှားတစ်ခုလည်း ဖြစ်သွားနိုင်တာပေါ့...ဟုတ်တယ်မို့လား"
သေပြီ..သေပြီ..ငါတော့ စကားပြောမှားသွားပြီ...
"လေ့ကျင့်ရေးလုပ်နေတဲ့အချိန်မှာတောင် အကိုကြီးတို့က အမှားမလုပ်ဘဲ သေချာလေး မလေ့ကျင့်နိုင်ကြဘူးလား... အမှားလုပ်တာ သဘာဝ ဟုတ်လား...ဒါမျိုးဆင်ခြေတွေက စိတ်ဓါတ်ပျော့ညံ့တဲ့ သူတွေပဲ ပြောကြတာ...ဓါးလေးကို ဟိုဘက်ယမ်း ၊ ဒီဘက်ယမ်း ဒါလေးလုပ်နေရတာတောင် မှားသေးတာတဲ့လား.."
ဒီသေနာကျလေးက ဟုတ်တော့မလိုလိုနဲ့ အကွက်ဝင်တာနဲ့ ငါတို့ကို လာငေါက်နေပြီ...
"ပြီးတော့..ဘာ...တစ်နေ့နေ့ကျ အကိုကြီးတို့လည်း ဒီသိုင်းပညာကို သင်လာနိုင်မယ် ..ဟုတ်လား"
ချွန်းမြောင် မဲ့ပြုံးကြီးကို တောက်တောက်ပပပြုံးပြလိုက်လေသည်။
"အဲ့နေက ဘယ်တော့မှ ရောက်မှာလဲ"
".."
"အခုလိုချိန်မှာ မလေ့ကျင့်ဘဲ အိပ်ယာထဲမှာ စားမြုံပြန်နေကြတဲ့အကိုကြီးတို့ကို ကျွန်တော် အံဩလို့ မဆုံးဘူး...
ဘာလဲ..နောက်ထပ်ညီလာခံတစ်ခုထပ်ရှိမှ ပြန်ပြီးလေ့ကျင့်ကြမလို့လား...
အဲ့လိုပုံစံနဲ့ အဲ့ဒီဓါးသိုင်းကို တစ်နေ့သင်နိုင်မှာပေါ့ ...ဟုတ်လား...တကယ်ကြီးလေ...တကယ်ကြီး အဲလိုထင်နေကြတာလား"
ချွန်းမြောင်၏ ငေါက်ငမ်းနေမှုကြောင့် ဂျိုဂု သူ့အမေကိုပင် သတိရသွားလေသည် ။ သူ၏အမေငေါက်သောအခါတွင်မူ ပြန်ကာအော်တတ်သော်လည်း ယခုတွင်မူ ပါးစပ်ပိတ်နေရပြီ ဖြစ်လေသည်။ သူ၏အမေသည် ကမ္ဘာပေါ်တွင် ပွစိပွစိလုပ်ကာ အငေါက်ငမ်းနိုင်ဆုံးသောသူဟု ထင်ထားခဲ့သော်လည်း မဟုတ်ပေ။ ပို၍ဆိုးသည့် ချွန်းမြောင် ရှိပေသေးသည်။
ချွန်းမြောင်ပါးစပ်ထဲမှာပါတာက လျှာလား၊ ဟုတ်ကောဟုတ်ရဲ့လား...ဓါးပါတာ မဟုတ်ဘူးလား...
ဘယ်လိုကြောင့်များ စကားနဲ့တင် ဓါးနဲ့ထိုးခံရသလို နာအောင် ပြောနေနိုင်ရတာလဲ...
မျက်နှာငယ်လေးများနှင့်ဖြစ်နေသော အကိုကြီးများ၏ မျက်နှာကိုကြည့်ကာ ချွန်းမြောင်က အသံကိုအနည်းငယ်လျော့ကာ ပြောလိုက်လေသည်။
"သိပ်ပျော်မနေကြနဲ့"
".."
"ဒါက ပထမဆုံးပြိုင်ပွဲပဲရှိသေးတာ...နောက်ထပ်မရေမတွက်နိုင်တဲ့တိုက်ပွဲတွေ အနာဂတ်မှာ ကြုံကြရဦးမှာ..
အကိုကြီးတို့အတွက်တော့ ဒါကမကြုံဖူးတဲ့ ပျော်စရာကိစ္စကြီးဖြစ်ရင်ဖြစ်နေမှာပေါ့...ဒါပေမယ့် သေချာတွေးကြည့်ရင် ဒါက ဘာမှမဟုတ်သေးဘူး..."
ချွန်းမြောင်၏စကားကြောင့် တတိယတန်းကလေးများအားလုံးက ခေါင်းငြိမ့်လာကြ၏။
"ငါ တစ်ခုလောက်မေးလို့ရမလား"
"ကြိုက်တာမေး"
"ငါတို့က မင်းပြောသလိုပဲ တကယ်ကြီးလေ့ကျင့်ရင် မင်းလိုမျိုး အဲ့ဒီဓါးသိုင်းကို သင်လာနိုင်မှာလား"
ချွန်းမြောင်၏မျက်နှာက မေးခွန်းကြောင့် တဖန်ဆူပုတ်သွားပြန်လေသည်။
"ဆရာတူအကိုကြီးတို့ကို ကြည့်ရတာ တစ်ခုခုတော့ အထင်မှားနေတဲ့ပုံပဲ"
"..."
" ဟွာဆန်းရဲ့ ဂိုဏ်းသားတွေက ဟွာဆန်းရဲ့ သိုင်းပညာကို သင်ယူလို့မရဘူးဆိုတာက အဓိပ္ပါယ်ရှိပြီး ဖြစ်နိုင်လို့လား... ပြီးတော့ သေချာသင်ယူထားရဲ့သားနဲ့ ဇီးပန်းလေးတစ်ပွင့်လောက်တောင် ပွင့်လာအောင်မလုပ်နိုင်ဘူးဆိုတာ ဟုတ်ပါ့မလား..အဲ့လိုအဖြစ်မျိုးရော ကျွန်တော်က အဖြစ်ခံမယ် ထင်လို့လား"
ထူးဆန်းလှပေသည်။
ချွန်းမြောင်၏ စကားများကြောင့် အားလုံး၏ရင်ထဲတွင် မျှော်လင့်ချက်ပန်းများ ပွင့်လန်းလာသလိုပင်။ ချွန်းမြောင်က တိုက်ရိုက်ကြီးအားပေးစကားပြောနေသည် မဟုတ်သော်လည်း ပြောနေသကဲ့သို့ပင် ခံစားလာရကာ စိတ်အားများ တက်လာလေသည်။
"မင်းက အခုဘာလုပ်နေတာလဲ"
"အင်း"
ချွန်းမြောင်က မေးစေ့ကို ဟန်ပါပါပွတ်ကာ ကြည့်လိုက်လေသည်။
"အကိုကြီးတို့ သွားရမယ်လေ...ဒီနေ့လေ့ကျင့်ရေးကို မလုပ်ဘဲ နေကြမလို့လား"
"ချွန်း..ချွန်းမြောင်...အချိန်က ....အရမ်းကို..."
"အကိုကြီးတို့ပဲ ဓါးသိုင်းကို သင်ယူချင်တယ်ဆို...မသင်ချင်ကြဘူးလား"
ဟုတ်ပေမယ့်လည်း အခုချိန်ကြီးကတော့...
ချွန်းမြောင် ရေ..အဲ့လောက်မစောလည်း ရပါတယ်....နောက်နေ့မှပဲ ဖြစ်ဖြစ်...
"အကိုကြီးတို့ သွားမှာလား..မသွားဘူးလား"
"အာ"
တတိယတန်းကလေးများက ချွန်းမြောင်၏ ပြောင်းလဲသွားသောလေသံကြောင့် ချက်ချင်းဆိုသလိုပင် အလျင်စလို လေ့ကျင့်ရေးကွင်းထဲသို့ ပြေးသွားကြလေသည်။ ချွန်းမြောင်ကမူ ပြေးသွားသောသူများကို ကြည့်ကာ သက်ပြင်းချလိုက်လေသည်။
သူတို့ကို တအားကြီး အလိုလိုက်ပြီး လွတ်ထားလို့မဖြစ်ဘူး...
ဤသည်က ပထမဆုံးခြေလှမ်းပင် ရှိလေသေးသည်။ ပွဲဦးထွက်ကောင်းလိုက်သည်က ယုံကြည်မှုကို တိုးပွားသွားစေသော်လည်း မာနကို အားပေးလာမည်ကိုလည်း စိုးရိမ်ရသည်မို့ ချွန်းမြောင် ပစားပေးကာ အနားမပေးရဲခြင်း ဖြစ်လေ၏။ ထို့ပြင် လေ့ကျင့်လေလေ အောင်ပွဲဆက်လေလေဖြစ်မည်မို့ တွန်းအားတစ်ခုနှင့် လေ့ကျင့်ရေးကို အပျက်မခံနိုင်ရခြင်းလည်း ဖြစ်လေသည်။
"ငါ ဒီလိုတွေ လုပ်နေရတာကလည်း သူတို့တွေကြီးပြင်းလာရင် ကောင်းကြဖို့ပါ"
ချွန်းမြောင် သက်ပြင်းရှည်ကြီးကို နောက်တဖန်ချကာ ထွက်သွားကြသော တတိယတန်းကလေးများ၏ နောက်မှ လိုက်ကာလာခဲ့လေသည်။ ဇီးပန်းဖြူအဆောင် တံခါးမှာပင် ရင်းနှီးနေသော လူတစ်ယောက်နှင့် တွေ့လေသည်မို့ ချွန်းမြောင် အနည်းငယ် အံဩသွားလေသည်။
"ဒီကို ဘာလာလုပ်တာပါလဲ"
"..."
ထိုလူ၏ မျက်လုံးအစုံက မည်သို့ပြန်ဖြေရမည်မသိ၍ ဒုက္ခရောက်သွားသည့်ပုံပင်။
"မင်း မင်းရဲ့နည်းပြကို တွေ့ရင် အရင်ဆုံးနှုတ်ဆက်ရမှာ မဟုတ်ဘူးလား...ဒီလိုမျိုး မေးပြီးနှုတ်ဆက်ရတယ်ဆိုတာ ဘယ်မှာရှိလို့လဲ"
ဘတ်ချုန်း၏စကားကြောင့် ချွန်းမြောင်က စိုက်ကြည့်ပြီးမှ မျက်စောင်းထိုးလိုက်လေသည်။
"အဟင်း...မင်း အချိန်ခဏလောက် ရမလား"
ဘတ်ချုန်း ချွန်းမြောင်နောက်မှလိုက်ကာ တောင်ကိုကြိုးစားပမ်းစားတက်လာခဲ့လေသည်။
'အား...ငါ့ခြေထောက်တွေ...."
ချွန်းမြောင်က သစ်ပင်၏ပင်စည်ကိုကိုင်ကာ ခဏမှနားလိုက်ပြီး ထွက်နေသောသစ်မြစ်ကြီးပေါ်တွင် ထိုင်ကာနားလိုက်လေသည်။ အသက်ရှစ်ဆယ်အဖိုးကြီးပမာပင်။
ဒီသောက်ကလေးကတော့...
အဖိုးကြီးလိုလို ဘာလိုလိုနဲ့ ပင်ပန်းပြနေသေးတယ်...
စိတ်ထဲတွင်ကြိတ်ကာပြောလိုက်သော်လည် လက်တွေ့တွင်တော့ ဘတ်ချုန်းထုတ်ပြောခြင်း မရှိပေ။
"ငါ့ကို အချိန်ပေးတဲ့အတွက် ကျေးဇူးပါပဲ"
"ရပါတယ်...နည်းပြပဲဟာ..ပေးရမှာပေါ့"
ချွန်းမြောင်စကားကြောင့် ဘတ်ချုန်း ဝမ်းသာသွားသကဲ့သို့ပင် ခံစားလိုက်ရလေသည်။
"ဒါနဲ့ မင်းက ဘာလို့ ငါ့ကို ဒီထိခေါ်လာတာလဲ... ဒီလောက်တိတ်ဆိတ်နေတဲ့နေရာမှာ...ဘာလဲ ငါကို့ ရိုက်ဦးမလို့လား"
"..."
သူတို့နှစ်ဦးသား၏ ဆက်ဆံရေးသည် ရင်းနှီးသည်လည်း မဟုတ်၊ မရင်းနှီးသည်လည်း မဟုတ်။ မိတ်ဆွေမဟုတ်၊ ရန်သူမဟုတ် ဆက်ဆံရေးပင်။ ဘတ်ချုန်းအား အပြည့်အဝကြီး သဘောကျနေသည်မဟုတ်သော်လည်း အချိန်တိုင်း ရန်လိုနေသည်တော့ မဟုတ်ပေ။
"ငါ မင်းနဲ့ ဂျင်ဂွမ်ရုန်တို့ရဲ့ တိုက်ပွဲကို ကြည့်လိုက်ရတယ်"
"သူက မင်းကို တိုက်ခိုက်နိုင်ဖို့ အများကြီးကို ကြိုးစားအားထုတ်ခဲ့တာပဲ"
"နည်းပြ စိတ်ထင်တာနေမှာပါ"
"သူလည်း အဲ့လောက်ကြီး ကြိုးစားခဲ့တာ မဟုတ်ပါဘူး"
"ငါတို့အားလုံး အဲ့တိုက်ပွဲကို မြင်လိုက်ရတော့ တုန်လှုပ်သွားတာတော့ အမှန်ပဲ...အခုတော့ ရှင်းရှင်းလင်းလင်း နားလည်သွားပါပြီ"
ဒုတိယတန်းတပည့်များသည် တတိယတန်းတပည့်များ၏ စံနမူနာဖြစ်သင့်ခဲ့သော်လည်း မဖြစ်ခဲ့ပေ။ ဤသည်က ရှက်ဖွယ်ပင်။ တတိယတန်းကလေးများကပင် သူတို့ဒုတိယတန်းတပည့်များထက် သန်မာနေကြလေ၏။ ပို၍ အရှက်ရဖွယ်ရာပင်။
"ဆိုတော့ အခုက ဘာပြောချင်တာလဲ"
"ငါတို့ သန်မာချင်တယ်"
"အိုး"
ဘတ်ချုန်းက ချွန်းမြောင်အား စိတ်ဆုံးဖြတ်ထားသော မျက်လုံးများနှင့် ကြည့်ကာ ပြောလေ၏။
"မင်း ယုံမလားတော့ မသိပေမယ့် မင်းထက်အကြီးတစ်ယောက်အနေနဲ့ ဒီလိုပြောရတာက လွယ်တော့မလွယ်ဘူး"
"ကျွန်တော် နားလည်ပါတယ်"
ဘတ်ချုန်း၏ စိတ်ခံစားချက်ကို ချွန်းမြောင်နားလည်လေပြီး ဘတ်ချုန်း၏ ပြဿနာကိုလည်း ချွန်းမြောင် ကိုယ်ချင်းစာပေး၍ ရလေသည်။
သူ့စိတ်ထဲမှာ အတော်လေးလည်း ရှုပ်ထွေးနေမှာပဲ...
ဤသည်က ဘတ်ချုန်းအပေါ်တွင် ပထမဆုံးအကြိမ်အဖြစ် စာနာစိတ်ဖြစ်မိခြင်းပင်။
"ဘယ်လိုပဲ ငါတွေးကြည့် တွေးကြည့် ဒါက အကောင်းဆုံးရွေးချယ်မှုလို့ပဲ ငါထင်တယ်...
ငါ့ရဲ့ နည်းပြတွေ ဆရာတွေကို မလေးစား မယုံကြည်တာတော့ မဟုတ်ပေမယ့် ငါ သူတို့ဆီက သင်လို့ရတာနဲ့ မင်းဆီက သင်လို့ရတာနဲ့ကတော့ ကွာခြားမယ်လို့ ထင်တယ်"
"ဆိုတော့ နည်းပြက ဂုဏ်သိက္ခာတွေကို ဘေးချိတ်ပြီး ကျွန်တော့်ကို ဒုတိယတန်းတပည့်တွေကို သင်ပေးဖို့ ပြောချင်တာပေါ့"
"အင်း"
ချွန်းမြောင်၏ ထိုစကားကြောင့် ခါးသက်ကျယ်လောင်စွာ ရယ်လိုက်လေသည်။
"ဘာလို့ ကျွန်တော်က သင်ပေးရမှာလဲ"
ချွန်းမြောင်၏ မမျှော်လင့်ထားသော တုံ့ပြန်မှုကြောင့် ဘတ်ချုန်း စိတ်ထဲတွင် ရှုပ်ထွေးသွားလေသည်။
"စိတ်ရှုပ်စရာကောင်းတယ်လေ... ဘာမှလည်း ပြန်ရတာမရှိဘူး....အကျိုးမရှိဘဲနဲ့ သဘောတူပြီးတော့ သင်ပေးသင့်တယ်လို့တော့ မထင်ပါဘူး"
"ငါက မင်းရဲ့နည်းပြလေ...ငါတို့ ဂိုဏ်းကလည်း အတူတူပဲကို"
"အဲ့ဒီတော့ ...ဒုတိယတန်းတပည့်တွေက တတိယတန်းတပည့်တွေကို ကူညီပေးဖူးလို့လား...ကိုယ့်အတွက်ကိုယ်ပဲ လေ့ကျင့်နေကြတာ မဟုတ်ဘူးလား"
ချွန်းမြောင်၏ စကားကြောင့် ဘတ်ချုန်း အသံတိတ်သွားလေသည်။ တတိယတန်းကလေးများကို သူတို့ မကူညီခဲ့ဖူးသည်က မှန်သည်။ ကူညီရန်မလိုဟု ထင်ခဲ့ခြင်းဟု ဆိုလျှင် ပို၍မှန်မည်ထင်သည်။
ထို့အပြင် အန်းဂွန်နည်းပြ၏ အပိုင်းလည်းဖြစ်သည်မို့ ဝင်မစွတ်ဖက်ခြင်းလည်း ပါလေသည်။
"ငါက နည်းပြအန်းဂွန်ရဲ့ လုပ်ပိုင်ခွင့်တွေကို ဝင်စွတ်ဖက်သလို ဖြစ်မှာဆိုးလို့ပါ"
"အဲ့လိုဆိုလည်း ဘာလို့ တတိယတန်းတပည့်တွေရဲ့ လေ့ကျင့်ရေးကို ထိန်းချုပ်ခဲ့တာလဲ"
"မင်းက ဘာလို့ အဲလိုထင်နေတာလဲ"
အမှန်တွင်မူ ချွန်းမြောင်၏ မေးခွန်းများကို ပြန်ဖြေရန်အဖြေ သူ့တွင်မရှိပေ။
သူတို့အား သင်ပြပေးရန် အကြောင်းပြချက်ကို ရှာမတွေ့ပေ။ သို့သော်....
ဘတ်ချုန်း သက်ပြင်းမောကြီးကို လေးပင်စွာချလိုက်လေသည်။
"မင်းက ငါ့ကို မင်းတပည့်အဖြစ် ခံယူစေချင်နေတာလား"
"အာ..မဟုတ်တာ..ကျွန်တော့်ကို လူဆိုးဖြစ်အောင် လုပ်နေတာပဲ...ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ"
နှုတ်မှ ငြင်းနေသော်လည်း လက်တွေ့လိုအပ်သည့်အရာကမူ ထိုအရာပင် ဖြစ်လေသည်။ ရိုသေသမှု ပင်။ ချွန်းမြောင်၏ ဆိုလိုရင်းကို ဘတ်ချုန်းနားလည်လိုက်လေပြီမို့ ရွေးချယ်စရာ မရှိတော့ပေ။
"ဘယ်လိုပဲဖြစ်ဖြစ် ငါတို့ ကဟွာဆန်းဂိုဏ်းသားပဲလေ"
"နည်းပြ"
"အင်း"
"တတိယတန်းကလေးတွေ လေ့ကျင့်ရေးဆင်းတာကို မြင်ဖူးလား"
"ငါ မြင်ဖူးတယ်"
ထိုကလေးများလေ့ကျင့်နေကြသည်က လူများနှင့်ပင် မတူပေ။
"နည်းပြတို့ အဲ့လိုလေ့ကျင့်နိုင်မယ်လို့ ထင်လား"
"..."
ငါ ငြင်းလိုက်ရင် နောက်ဆုံးအခွင့်အရေးလေးက သွားပြီပဲ...
ငါပါးပါးနပ်နပ် ပြန်ဖြေဖို့ လိုမယ်...
"ဒီလမ်းက ခက်ခဲမယ်ဆိုရင်တောင် မင်းလမ်းညွှန်ရင်တော့ အဆင်ပြေသွားမယ်လို့ ငါထင်တယ်"
"ဟုတ်ပါပြီ..ဟုတ်ပါပြီ"
သောက်ချေးလိုပဲ....ငါတော့ ပါးစပ်သရမ်းမိသွားပြီ...
ချွန်းမြောင် ခေါင်းကုတ်ကာ ဆက်ပြောလေသည်။
"တစ်ခုတော့ ရှိတယ်....အကိုကြီးတို့ ကိုယ်ကိုယ်တိုင်ပဲ လေ့ကျင့်ရမယ်...ကျွန်တော်ကိုယ်တိုင် လိုက်ပြီး မလုပ်ပေးနိုင်ဘူး...ဒုတိယတန်းတွေကို လုပ်ပေးလိုက်ရင် ပထမတန်းတပည့်တွေပါ ရောက်မလာဘူးလို့ မပြောနိုင်ဘူး"
ချွန်းမြောင်ပြောသည်က ယုတ္တိရှိသည်မို့ ဘတ်ချုန်းခေါင်းငြိမ့်လိုက်လေသည်။
"ဒါဆို ငါတို့ကို မင်းက လေ့ကျင့်ပေးလိုက်တာနဲ့ ငါတို့ ပိုပြီးသန်မာလာတော့မှာမို့လား"
"ရလဒ်ကို အကိုကြီးကိုယ်တိုင် မျက်လုံးနဲ့ မြင်ပြီးပြီး မဟုတ်ဘူးလား"
ဟုတ်ပေသည်။ သူ မြင်ပြီးပြီဖြစ်လေသည်။ ချွန်းမြောင်ကိုယ်တိုင်နှင့် တတိယတန်းတပည့်များက ကောင်းကောင်းကြီးပင် လက်တွေ့ပြခဲ့ကြပြီး ဖြစ်၏။
"ငါ အားလုံးအဆင်ပြေအောင် လုပ်ပေးပါ့မယ်"
"ဘယ်လိုမျိုးလဲ"
"လေ့ကျင့်နေတဲ့အချိန်မှာဆို နည်းပြဆိုတဲ့ ဂုဏ်ကို ထားခဲ့ပါ့မယ်...မင်းကသာ ငါတို့ရဲ့ဆရာဖြစ်ပြီး မင်းကို ငါတို့ ရိုသေပါ့မယ်"
"ဝိုး"
"ဒီလောက်နဲ့ပဲ မရသေးဘူးလေ"
"ဘာလို့လဲ"
"လေ့ကျင့်နေတဲ့ ကာလအတွင်းမှာ ကျွန်တော့်ကို ဆဲရေးတာတွေလည်း မလုပ်ရဘူး.."
"..."
"ဟင့်အင်း...ငါတို့ နည်းနည်းလေးစိတ်ဆိုးတာတောင် ရှိမှာမဟုတ်ဘူး"
"ပထမတစ်ရက် စပြီးလေ့ကျင့်တာနဲ့ နည်းပြကိုယ့်စကားကိုယ် ပြန်ပြင်ချင် သွားလိမ့်မယ်...
ကျွန်တော့် ဆရာတူအကိုကြီးတွေဆို ဆဲနေကြပဲ"
"ဒါဆို ငါတို့က ဘာလုပ်ရမှာလဲ"
"တကယ် လေ့ကျင့်မှာဆိုရင်တော့ မစခင် ရှင်းရှင်းလင်းလင်းပဲ ပြောမယ်"
"သင်ယူနေတဲ့ကာလမှာ လေ့ကျင့်နေတဲ့အချိန် ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ ကျွန်တော်က ဆရာပဲ... အမြဲ ဦးညွှတ်ရမယ်..ဒါဆို သင်ပေးမယ်...အဲ့လိုမှ မဟုတ်ရင်တော့ ဘာမှ မလုပ်ပေးနိုင်ဘူး...ကျွန်တော်လည်း ဒီလောက်လေးစားသမှူတော့ လိုအပ်တယ်"
"...."
ချွန်းမြောင်၏ တောင်းဆိုမှုကြောင့် ဘတ်ချုန်း တွေဝေသွားသော်လည်း ခဏတာ ဖြစ်လေသည်။
ငါက ဘာမာနတွေများ ထားနိုင်မှာမို့လဲ...
အားနည်းတဲ့သူ ဖြစ်နေတာထက် ရှက်စရာကောင်းတာက ဘာများရှိနေသေးလို့လဲ...
ပြီးတော့ ငါလည်း အဲ့ဒီဓါးသိုင်းကို တစ်နေ့မှာတော့ သင်ယူနိုင်တဲ့သူ ဖြစ်ချင်တယ်.....
"ကောင်းပြီ"
ဘတ်ချုန်း သဘောတူလိုက်လေသည်။
"အခုချိန်ကနေစပြီး ငါတို့က ဒုတိယတန်းတပည့်နဲ့ ဆရာတူညီလေး မဟုတ်ကြတော့ဘူး...
မင်းကို ဘယ်သူကမှ အခုချိန်ကစ အငယ်လို့ မသတ်မှတ်စေရဘူး...အာခံတဲ့သူ ငါတာဝန်ယူပြီး ဖြေရှင်းမယ်"
နောက်ဆုံးတော့လည်း ...
ချွန်းမြောင် ကျေနပ်ပြုံးလေး ပြုံးလိုက်လေသည်။
ဤငတုံးသည်က သူတွေးထားသည်ထက်ပင် ရိုးအလေပြီး ထောင်ချောက်ထဲသို့ ကိုယ့်ခြေနှင့်ကိုယ်ပင် ဆင်းလာလေသေးသည်။
"တကယ်ကြီးလား"
"တကယ်"
"သေချာပြီနော်"
"သေချာပြီ"
"ကောင်းပြီ..ဒါဆို မနက်ဖြန် လူစုပြီး မနက်ကို လာခဲ့ကြ"
"..."
"ဘယ်လို"
"အာ...ဘာမှ မပြောလိုက်ပါဘူး"
ဘတ်ချုန်းကမူ အမှားကြီးကြီး ပြုလုပ်လိုက်ပြီဖြစ်ကြောင်းကို မသိလိုက်ရှာသေးပေ။ သနားစရာပင်။
အပိုင်း(၁၁၆)
တစ်နေ့မှာတော့ ဟွာဆန်းမှာ ဇီးပန်းပွင့်တွေ ပွင့်လာလိမ့်မယ်(၁)
နောက်တစ်ရက် အာရုံတက်ချိန်တွင် ဖြစ်လေသည်။
"ဆရာတူအကိုကြီး"
"..."
"သူတို့က ဘာလို့ ဒီရောက်နေတာလဲ"
"အင်း"
ငါ ဘယ်လိုဖြေလိုက်ရင် ကောင်းမလဲမသိဘူး...
ဟွာဆန်း၏ တတိယတန်းတပည့်များကမူ ရုတ်တရက်ရောက်ရှိလာကြသော ဒုတိယတန်းတပည့်များကြောင့် ထိတ်လန့်နေကြလေ၏။ နံနက်အာရုဏ်ဦးအလင်းဖျော့ဖျော့အောက်တွင် ဒုတိယတန်းတပည့်များနှင့် တတိယတန်းတပည့်များ တဖက်စီရပ်နေကြသည်က တိုက်ပွဲဝင်ကြတော့မည့်သူများလိုပင်။
"ကျွန်တော်တို့ ဒီနေ့သေကြရတော့မှာလား"
"ငါလည်း သေချာမသိဘူး"
ဒုတိယတန်းတပည့်များက တတိယတန်းတပည့်များကို မနှောင့်ယှက်သည်က ကြာပြီဖြစ်လေသည်။ ယခုမှသာ ရုတ်တရက်ကြီး ရောက်ချလာသည်မို့ ကလေးများက ထိတ်လန့်သွားကြခြင်းလည်း ဖြစ်လေသည်။ ထို့ပြင် ထိုသို့ မတ်မတ်ကြီးရပ်နေကြသည်ကပင် ပို၍ကြောက်မက်ဖွယ်ဖြစ်နေသည်ဟု ခံစားလိုက်ရလေသည်။
ဘတ်ချုန်းကမူ နောက်ဆုံးမှသာ ရောက်လာလေပြီး အားလုံး၏ရှေ့တွင် ရပ်လိုက်လေသည်။
"အားလုံး လူစုံကြပြီလား"
"ဟုတ်..စုံပါပြီ..အကိုကြီး"
"ကောင်းပြီ"
ဘတ်ချုန်း ခေါင်းကိုငြိမ့်ကာ အားလုံးအား နူးနူးညံ့ညံ့အကြည့်နှင့်ပင် ကြည့်လိုက်လေသည်။
မဟုတ်တာ..
မဖြစ်နိုင်ဘူး...ဒါက အိမ်မက်မို့လား...
ဘတ်ချုန်း၏ အကြင်နာမျက်ဝန်းကို အားလုံးက သံသယပွားနေကြလေသည်။ထိုစဉ်မှာပင် ဇီးပန်းဖြူအဆောင်၏ တံခါးကပွင့်လာပြီး ချွန်းမြောင်က သန်းဝေကာ ထွက်လာလေသည်။
"အိပ်ချင်နေသေးတယ်...အား ဘာလို့ ငါက ဘယ်လောက်အိပ်အိပ် အိပ်ရေးမဝဘူး ဖြစ်နေရတာလဲ"
ဒါဆိုလည်း ဆက်အိပ်လိုက်လေ..ခွေးလေးရယ့်..
တရက်တလေတောင် အနားမပေးနိုင်ဘူးလား...ဘယ်လိုစိတ်နဲ့များ နေ့တိုင်းကို အဆက်မပြတ် လေ့ကျင့်ရေးလုပ်ခိုင်းနေရတာလဲ..တကယ်ကို နေ့တိုင်း...
ချီးကောင်...
ချွန်းမြောင် အိပ်ချင်မူးတူးနှင့် ခြေလှမ်းကို မလှမ်းချင်လှမ်းချင်လှမ်းကာ ယွန်းဂျွန်ဆီသို့ လျှောက်လာလေသည်။
ချွန်းမြောင်က အနားသို့ ရောက်လာသည်နှင့် ယွန်းဂျွန်က ဆွဲကာမေးလေတော့သည်။
"ချွန်းမြောင် ဘာလို့ သူတို့က ဒီကိုရောက်နေကြတာလဲ"
"အာ..နည်းပြတွေကို မေးတာလား"
"အင်း..ဟုတ်တယ်"
"အဲ့တာလား"
ချွန်းမြောင်က ယွန်းဂျွန်ကို ပုခုံးမှ သိုင်းဖက်ကာ ပြောလိုက်လေသည်။
"အကိုကြီးတို့တော့ ပြဿနာတွေအများကြီးကို ကျော်ဖြတ်ကြရတော့မယ်"
"ရုတ်တရက်ကြီးကို ဘာပြဿနာတွေလဲ"
"အကိုကြီးတို့က နည်းပြတွေရဲ့ အနိုင်ကျင့်တာကို တော်တော်ကြီးခံခဲ့ရတယ်ဆိုတာကို ကျွန်တော် နားလည်ပါတယ်"
ဘာ..သူတို့က မင်း သူတို့ကို အရင်ရန်စလို့ အဲ့လိုတွေ လုပ်ခဲ့ကြတာလေ...
ဘာကိစ္စ အခုမှအဲ့တာတွေကို ပြန်ပြီးအစဖော်နေကြတာလဲ...
"ဒါပေမယ့်..အခုတော့ စိတ်ချပါ...အခုကစပြီး အကိုကြီးတို့က အေးချမ်းသာယာစွာ နေလို့ရသွားပါပြီ..
သာတူညီမျှအခွင့်အရေးနဲ့ နေလို့ရသွားပြီ...အနည်းဆုံးတော့ လေ့ကျင့်နေတဲ့အချိန်တွေမှာ အနိုင်ကျင့်မခံရတော့ဘူးပေါ့"
"သာတူညီမျှ ဟုတ်လား"
"ဟုတ်တယ်လေ"
"သာတူညီမျှဆိုတာမျိုးက ငရဲပြည်မှာပဲ ရှိတာမဟုတ်ဘူးလား"
"ဟင်"
အကိုကြီးပြောတာကလည်း အဓိပ္ပါယ်တော့ ရှိသလိုလိုပဲ...
ယွန်းဂျွန်၏ မျက်နှာကြီးက ဆူပုတ်နေလေပြီ ဖြစ်သည်။
ချွန်းမြောင်က ဘတ် တွေကိုပါ သင်ပေးတော့မှာထင်တယ်...
ဒီကလေးရဲ့ လက်တံကတော့ အတော်ရှည်တာပဲ...
နောက်ဆို ပထမတန်းတပည့်တွေကိုပါ သင်ပေးတော့မှာများလား...
အခုတောင် ဒုတိယတန်းတပည့်တွေကို သူ့လက်ထဲထည့်ထားလိုက်ပြီ...
ငါတို့ ဟွာဆန်းမှာ ဘာတွေများ ဆက်ဖြစ်ဦးမှာလဲ...
ယွန်းဂျွန်က ထိုးတက်လာသော ဝမ်းနည်းစိတ်တို့ကို ဖိနှိပ်ကာထားလိုက်လေသည်။ ချွန်းမြောင်ကမူ အားလုံး၏ အလယ်နေရာသို့ ရောက်သွားပြီဖြစ်လေသည်။
"အကိုကြီးတို့ အားလုံးက ကြိုးကြိုးစားစားလေ့ကျင့်ကြဖို့ ဒီနေရာကို ရောက်လာခဲ့ကြပြီ "
"..."
"ဒီက ကျွန်တော်ကလည်း ကိုယ်တိုင်စိတ်ပါဝင်စားစွာနဲ့ အခုလို လာရောက်ပြီး မိမိဆန္ဒအလျောက် လေ့ကျင့်ကြတဲ့သူတွေကို တွေ့ရတဲ့အတွက် အတော်လေး ဝမ်းမြောက်ပီတိဖြစ်မိပါတယ်"
အရှက်မရှိလိုက်တဲ့ ခွေးကောင်...
ငါတို့ အဆောင်ထဲမှာနားနေတာကို အတင်းထွက်ပြီး လေ့ကျင့်ခိုင်းတုန်းက ခိုင်းပြီးမှ...
ငရဲကတော့ မင်းအတွက် နေရာများများကို ချန်ထားရတော့မှာပဲ..
ချွန်းမြောင်၏ စကားကြောင့် တတိယတန်းတပည့်များက တီးတိုးကျိန်ဆဲနေကြသော်လည်း ဒုတိယတန်းတပည့်များကမူ စိတ်ထဲထားကြပုံ မရပေ။
"ကြိုးကြိုးစားစား လေ့ကျင့်ကြပါ...လေ့ကျင့်ရေးပြီးသွားတဲ့အချိန်မှာ လန်းဆန်းနေပြီး လှုပ်လှုပ်ရှားရှားလုပ်နိုင်နေသေးရင် အဲ့တာက လေ့ကျင့်ရေးတကယ် လုပ်ထားတယ်လို့ မဆိုနိုင်ပါဘူး..
တကယ်လေ့ကျင့်ရေးလုပ်တယ်ဆိုတဲ့အနေအထားက လေ့ကျင့်ရေးပြီးတာနဲ့ လမ်းမလျောက်နိုင်၊ ကျိန်ဆဲ ၊ စားဖို့ တူတောင် ကောင်းကောင်းမကိုင်နိုင်တော့တဲ့အနေအထားကမှ တကယ်လေ့ကျင့်ရေးဖြစ်တာပါ"
ဘယ်လိုတောင် အဓိပ္ပါယ်မရှိတဲ့ ခွန်အားပေးစကားကြီးလဲ..
"သန်မာလာဖို့ ကြိုးစားတဲ့နေရာမှာ ဖြတ်လမ်းဆိုတာ မရှိပါဘူး...ပိုပိုပြီး ကြိုးစားလေလေ ၊ ပိုပြီး အားထုတ်လေလေ သန်မာလာလေလေပါပဲ......ကျွန်တော်ပြောတာကိုတာ ယုံယုံကြည်ကြည်နဲ့ လိုက်နာပြီး လေ့ကျင့်ကြမယ်ဆိုရင် သန်မာလာမှာ သေချာပါတယ်...အားလုံးပဲ ပြောတာကို နားလည်ကြပါသလား"
ချွန်းမြောင်၏ စကားကြောင့် ယွန်းဂျွန် ဆူပုတ်သွားပြန်လေသည်။
သူ နည်းပြတွေကို အဲ့လိုကြီး ပြောလို့ ဖြစ်ပါမလား...မကြိုက်ကြရင်...
"ဟုတ်ကဲ့...နားလည်ပါတယ်"
ဒုတိယတန်းတပည့်များက ကျယ်လောင်စွာပင် နားလည်ကြောင်း ထောက်ခံကြလေသည်မို့ တတိယတန်းတပည့်များက အနည်းငယ်ပင် လန့်သွားကြလေသည်။
"ဘာလား,,ဟ"
"သူတို့ကရော ဘာဖြစ်နေကြတာလဲ"
ယခင်ကဆိုလျှင်မူ ဆရာတူညီလေးတစ်ယောက်ကပင် မခန့်လေးစားပြောလျှင် ဒေါသသူပုန်ထကာ ပညာပေးတတ်သော ဒုတိယတန်းတပည့်များကသာ ငြိမ်ဝပ်ပိပြားနေကြသည်မို့ အခြေအနေက ထူးဆန်းနေသည်ကတော့ အမှန်ပင်။
ဒုတိယတန်းတပည့်များကလည်း ရင်တွင်းတွင် အတွေးကိုယ်စီနှင့်ပင်။ တတိယတန်းတပည့်များနှင့် တပြေးတည်း လေ့ကျင့်ရန်ဆိုသည်က အတွေးထဲပင် မရှိဖူးသော ကိစ္စဖြစ်လေပြီး ယခုတွင်မူ အတူလေ့ကျင့်ရတော့မည် ဖြစ်လေသည်။ ညီလာခံတွင်ပင် ဒုတိယတန်းတပည့်များက ပုံရိပ်က မကောင်းသည့်အပြင် လေ့ကျင့်ရေးတွင်ပါ မကောင်း၍တော့ မဖြစ်ပေ။ လက်ရှိတွင်မူ သူတို့သည် တတိယတန်းကလေးများထက် ပို၍ သန်မာသော်လည်း အနာဂတ်တွင်မူ မသေချာပေ။ သို့သော် သူတို့က ထိုသို့သော အခြေအနေကို အဖြစ်မခံနိုင်ပေ။ ချွန်းမြောင်ဆီတွင် တပည့်ခံ၍ သင်ကြားရသည်ကပင် အတော်လေး ရှက်ဖွယ်ကောင်းနေပြီ ဖြစ်လေသည်။ ဒုတိယတန်းတပည့်များအနေနှင့် တတိယတန်းကလေးများ၏ စံနမူနာဖြစ်နေသင့်သော်လည်း ယခုတွင်မူ ပြန်၍ တပည့်ခံကာပင် လေ့ကျင့်နေရသည်။ လေ့ကျင့်ရေးတွင် ထိုကလေးများထက်ပင် နောက်ကျ၍ကျန်ခဲ့ပါကမူ ပြောဖွယ်ရာပင် ရှိမည် မဟုတ်တော့ပေ။
ငါ အဲလိုအဖြစ်မျိုး အဖြစ်မခံနိုင်ဘူး...
အဲ့လို ဖြစ်ရတာထက်စာရင် သေသွားတာက ပိုကောင်းဦးမယ်...
ဒုတိယတန်းတပည့်များ၏ မျက်လုံးများက သွေးရောင်ကဲ့သို့ပင် ရဲရဲတောက်နေကြလေသည်။ တချို့သောအချိန်များတွင်မူ အရှက်တရားသည် အကောင်းဆုံးသော တွန်းအားပင် ဖြစ်လေသည်။
မာနကို ချနင်းထားရသည်မို့ အကောင်းဆုံးကြိုးစားကြရန် အားလုံး၏ ရင်ထဲတွင် ရှိနေလေသည်။
ဘယ်လိုဖြစ်လာမလဲတော့ သေချာမသိပေမယ့် ဒီကလေးဆီက သင်ယူလိုက်ရင်တော့ ငါတို့ တောင်ဘက်အစွန်အဖျားဂိုဏ်းကို ယှဉ်နိုင်လာမယ်ဆိုတာ သေချာတယ်...
ငါတို့ ဒီထက်မကတောင် လုပ်နိုင်ဦးမှာပါ...
ကမ္ဘာပေါ်မှာ သန်မာတဲ့ဂိုဏ်းတစ်ဂိုဏ်းဖြစ်လာအောင် ငါတို့ လုပ်ရမယ်...
ချွန်းမြောင်က မျှော်လင့်ချက်များပြည့်ဝနေသော ဒုတိယတန်းတပည့်များကို ကြည့်ကာ ပြောလိုက်လေသည်။
"ဒါပါပဲ"
သူတို့မျက်လုံးတွေက ဖြစ်ချင်တဲ့ဆန္ဒကြောင့် အရောင်တွေတောင် တောက်နေကြသလိုပဲ...
ဒုတိယတန်းတပည့်များကို ထိုသို့ မြင်ရသည့်အတွက် ချွန်းမြောင် ဂုဏ်ယူသကဲ့သို့ ပျော်လည်းပျော်ရွှင်လေသည်။
မာနကို တစ်ထစ်ချကာ ကြိုးစားလာနိုင်ခြင်းက အောင်မြင်မှုနှင့် ခြေတစ်လှမ်းပိုကာ နီးကပ်လာခြင်းပင်။
"ကောင်းပြီ"
ချွန်းမြောင်က ပြုံးလိုက်ပြီး ဆက်ကာပြောလိုက်လေသည်။
"ဘယ်အရာမှာမဆို အခြေခံက အရေးအကြီးဆုံးပဲ.....အခုက စပြီး ကိုယ်ကာယကြံ့ခိုင်ရေးလေ့ကျင့်ခန်းကို စလို့ရပြီ"
"ဆရာတူအကိုကြီးတို့ ...ဘာလုပ်နေကြတာလဲ..... နည်းပြတို့ကို ကူညီပြီး ဘယ်လိုလေ့ကျင့်ရတယ်ဆိုတာ သင်ပေးလိုက်ဦးလေ"
ထိုစကားကို ကြားလိုက်သည်နှင့် တတိယတန်းတပည့်များအားလုံးက ပြုံးသွားကြလေသည်။
"အာ...ဟုတ်ပါပြီ"
"အဟမ်း...အကောင်းဆုံးကြိုးစားပြီးတော့ သင်ကြားပေးပါ့မယ်"
တတိယတန်းတပည့်များက သူတို့ ခံစားရသည့် ဆင်းရဲဒုက္ခကို အကိုကြီးများပါ ခံစားရတော့မည်ကို သိသောအခါတွင်မူ ရင်တွင်းရှိ ပျော်ရွှင်မှုများက ထိန်း၍မရတော့ပေ။ သာတူညီမျှဆိုသည်က ဤအရာလေလားပင်။
လေ့ကျင့်ရေးလုပ်တာက အကိုကြီးတို့အတွက် ကောင်းမယ်လို့ ထင်တယ်ပေါ့...
တစ်ခါလေးလေ့ကျင့်လိုက်တာနဲ့ အကိုကြီးတို့ ညည်းညူးတာကို သုံးလလောက်ကြားနေရမယ်ဆိုတာကို အာမခံရဲတယ်...
အကိုကြီးတို့ အော်ဟစ်ကျိန်ဆဲနေတဲ့ပုံက ဘယ်လောက်တောင် မိုက်လိုက်မလဲ...
တတိယတန်းကလေးများ၏ မျက်နှာပေါ်မှ ထူးထူးဆန်းဆန်းအပြုံးများကြောင့် ဒုတိယတန်းတပည့်များ စိတ်အခြေအနေ မကောင်းဖြစ်လာကြလေတော့သည်။ အားလုံးက ကိုယ်စီအသီးသီးနေရာယူပြီးကြပြီ ဖြစ်လေသည်။
ချွန်းမြောင် စိတ်ချလက်ချနှင့် ထလိုက်ကာမှ သူ၏ရှေ့တွင် ရပ်နေသောသူကြောင့် မော့ကာကြည့်လိုက်လေသည်။
"ဘာလဲ"
"သင်ဖို့လေ"
"သင်ပေးမယ့်သူတွေက ဟိုမှာလေ"
"ဘယ်သူမှ ငါ့ဆီကို မလာကြဘူးလေ"
"ဟမ်"
ချွန်းမြောင် ခေါင်းကိုကုတ်ကာ ယုရီဆိုးကို ပြန်ကြည့်လိုက်လေသည်။
"မဖြစ်နိုင်တာ..ဘာလို့ ဘယ်သူမှ မလာတာလဲ..ဆရာတူအကိုကြီးတွေက ဘာလုပ်နေလို့လဲ"
ချွန်းမြောင်၏ စကားကိုကြားလိုက်သည့်တပည့်များက ချွန်းမြောင်အား တချက်ကြည့်ကာ ဝေးဝေးသို့ ပြေးသွားလေကြတော့၏။
"အဲ့လိုဖြစ်နေတဲ့ပုံကို ကြည့်ရတာတော့ မိန်းကလေးဖြစ်နေလို့များလား...နေပါဦး....အခုမှ စဉ်းစားမိတယ်...
ငါတို့ တတိယတန်းမှာ ဘာလို့ မိန်းကလေးတပည့်မရှိရတာလဲ....ငါတို့အကုန်လုံး ယောက်ျားလေးတွေကြီးပဲ...
ဘတ် တွေနှစ်မှာဆို မိန်းကလေးတွေမှ အများကြီးကို"
"...."
ချွန်းမြောင် စောဒကတက်ချင်ဟန်နှင့် ယွန်းဂျွန်ဆီသို့ လှည့်ကာပြောလိုက်လေသည်။
"မဟုတ်သေးဘူး...အကိုကြီး ....အကိုကြီးက တမင်မိန်းကလေးလက်မခံလို့ မို့လား....
ဒါကြောင့်ပဲ ကျွန်တော်တို့ အဆောင်ကြီး မှောင်မိုက်ပြီး ကြောက်စရာကောင်းနေတာ..."
"ချွန်းမြောင်"
"ဟင်"
ယွန်းဂျွန်က ချွန်းမြောင်အား ဒေါသထွက်နေသောမျက်နှာနှင့်ကြည့်လာလေပြီး မျက်နှာထားက စိတ်ပျော့သူဆိုလျှင် နေရာမှာပင် ငိုလောက်ပေသည်။
"လောကကြီးမှာ ပြောသင့်တာနဲ့ မပြောသင့်တာဆိုတာ ရှိတယ်"
"..."
ချွန်းမြောင် ယွန်းဂျွန်၏စကားကြောင့် ယွန်းဂျွန်အား အတော်ကြာအောင် ကြည့်လိုက်ပြီးမှ ဦးညွှတ်ကာ တောင်းပန်လိုက်လေသည်။
"ကျွန်တော်မှားသွားပါတယ်....တောင်းပန်ပါတယ်...ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ"
"အခုကစပြီး ဂရုစိုက်ပါ...."
"ကျွန်တော် သတိထားပါ့မယ်"
ချွန်းမြောင်က တောင်းပန်ပြီးသည်နှင့် ယုရီဆိုးအား ကြည့်လိုက်လေသည်။
"ကျွန်တော် အမကြီးကို မိန်းကလေးလို့ မမြင်ဘူး"
"ငါလည်း အဲ့လိုပဲ ဖြစ်စေချင်တာပါ"
"ပင်ပန်းလို့ ငိုပြနေရင်တောင် အလွတ်မပေးဘူးနော်"
"အဲ့လို ဖြစ်လာစရာအကြောင်းမရှိဘူး"
"အဲ့ဒီအစား ငါ့ကို တစ်ခုပဲ ကတိပေးစမ်းပါ"
"ဘာကြီးလဲ"
"ငါသာသေချာလိုက်လုပ်မယ်ဆိုရင် ငါ့ကိုလည်း ဇီးပန်းပွင့်တွေ ပွင့်လာအောင် သင်ပေးမယ်လို့ ကတိပေး"
"လူတိုင်းကလည်း ဘာလို့ အဲ့တာပဲပြောနေကြတာလဲ မသိဘူး"
ချွန်းမြောင်က ဆူပုတ်ပုတ်မျက်နှာထားနှင့် ပြောလိုက်လေသည်။
"ဆရာတူအကိုကြီး အမကြီးတို့က ဟွာဆန်းရဲ့ တပည့်တွေ၊ ဇီးပန်းပွင့်ဓါးသိုင်းကိုပဲ ဦးတည်ပြီးသင်ရမှာ မဟုတ်ဘူး... တကယ်တော့ အဲ့တာက သိုင်းပညာအားလုံးရဲ့ တစိတ်တဒေသပဲ ရှိသေးတာ ..
တကယ်အာရုံထားသင့်တာက သိုင်းပညာကို ပြည့်ပြည့်ဝဝသင်ယူတတ်မြောက်ဖို့ပဲ"
"ပြည့်ပြည့်ဝဝ ဟုတ်လား"
"ကောင်းပြီ..ဒါဆိုလည်း..."
"ပထမဆုံးအနေနဲ့ ဉာဏ်အလင်းပွင့်တာအတွက် အခြေခံကို စပြီး အရင်တည်ဆောက်ကြတာပေါ့"
ဒုတိယတန်းတပည့်များနှင့် တတိယတန်းတပည့်များ အားလုံးကို ကြည့်ကာ ချွန်းမြောင်ပြုံးလိုက်လေသည်။
အတိတ်ဘဝကမူ သူသည် သူ၏တိုးတက်ရေးကလွဲ၍ မည်သူ့ကိုမှ စိတ်မဝင်စားခဲ့ပေ။ မည်သူ့ကိုမှလည်း ကူညီသင်ပြပေးခဲ့ခြင်း မရှိခဲ့ပေ။ အကျိုးဆက်ကမူ ဟွာဆန်းပျက်သုန်းသွားရခြင်းပင်။ ယခုဘဝတွင်မူ ထိုသို့သောအဖြစ်ဆိုးမျိုးကို ပြန်လည်မဖြစ်စေရန် သူစတင်ကာ ပြင်ဆင်နိုင်ခဲ့ပြီ ဖြစ်လေသည်။ဂိုဏ်းရှိ လူများအားလုံး သန်မာကာ စွမ်းရည်ပြည့်ဝမှသာ အဆင်ပြေမည်ဖြစ်ပြီး တစ်ဦးတစ်ယောက်တည်းကောင်းမွန်နေရုံနှင့် အကျိုးမရှိပေ။ သန်မာသော အင်အားစုတစ်ခုကို တည်ဆောက်ထားနိုင်မှသာ ဖြစ်ပေလိမ့်မည်။
"ဟားဟားဟား...အကုန်လုံးပြီးသွားပြီး..တဂိုဏ်းလုံးသာ သန်မာသွားလို့ကတော့ တလောကလုံးကို ဇီးပန်းတွေနဲ့ ဖုံးပစ်မယ်"
ချွန်းမြောင်၏ တဟားဟားအော်ရယ်သံကြီးနှင့် ဖြစ်ပျက်နေမှုများကိုမူ ဟွာဆန်းမှတပည့်များက မမြင်မကြားယောင်သာ ဆောင်နေလိုက်ကြလေတော့သည်။
"ဟင်း"
အန်းဂွန် ခန်းမထဲတွင် လေ့ကျင့်နေကြသောတပည့်များကိုကြည့်ကာ သက်ပြင်းရှည်ကြီး ချလိုက်လေသည်။
အခုဆို ဒုတိယတန်းတပည့်တွေကပါ လေ့ကျင့်နေကြပါပြီလား...
အင်းလေ..ဒါကလည်း ဖြစ်သင့်ပါတယ်...သူတို့တွေ မျက်မြင်ကိုယ်တွေ့ မြင်ခဲ့ပြီးမှတော့ သူတို့လည်း သူတို့ကိုယ်သူတို့ မြှင့်တင်ချင်ကြမှာပေါ့"
အန်းဂွန် စဉ်းစားရင်း မနေ့က ဂိုဏ်းချုပ်က ခေါ်ကာပြောခဲ့သည့်စကားများကို သတိရသွားလေသည်။
သူ့ကို လွှတ်ပေးထားလိုက်...
သူက ငါတို့ ယုံကြည်လိုက်လို့ နောင်တရရမယ့် ကလေးမဟုတ်ဘူး...သူ့မှာ သူ့နည်းလမ်းနဲ့ သူ့လမ်းကြောင်းနဲ့ ရှိပြီးသား...
အနာဂတ်မှာလည်း ငါတို့ကိုရော ငါတို့ ဟွာဆန်းရဲ့ကလေးတွေကိုပါ မြှင့်တင်ပေးမယ့်သူပဲ...သူ့ကို လွှတ်ပေးထားလိုက်ပါ...အဲ့ဒီကလေးက တခြားသူတွေကို လမ်းမှားရောက်အောင် လုပ်မယ့်သူ မဟုတ်ဘူးလို့ ငါယုံကြည်တယ်"
ဟွမ်းဂျွန်၏ ယုံကြည်မှုနှင့် အမိန့်ကို လွန်ဆန်အာခံရန်အခွင့်အရေးနှင့် အကြောင်းအရင်း အန်းဂွန်တွင် မရှိပေ။ ရှိလျှင်လည်း အမိန့်ကို လွန်ဆန်မည် မဟုတ်ပေ။ အန်းဂွန် သဘောတူမည်သာ။ တကယ်လည်း သဘောတူခဲ့လေသည်။
ချွန်းမြောင်သည် မည်သည့်နေရာမှ ဇီးပန်းပွင့်ဓါးသိုင်းကို သင်ယူခဲ့သည်မသိရသော်လည်း သူမမေးချင်တော့ပေ။
အကြောင်းရင်းမျိုးစုံဖြစ်နိုင်သည်ဟုသာ တွေးကာ အလွတ်ပေးထားလိုက်လေတော့သည် ။ ထိုကလေးကို ယုံကြည်ရသူဟု ထင်မိသည်လည်း ပါပေလိမ့်မည်။ သိုင်းပညာခရီးဆိုသည်က ရှည်လျားလွန်းလှသည်မို့ မသိသင့်သည်ကို မသိသည်က အကောင်းဆုံးပင် ဖြစ်ပေလိမ့်မည်။
အင်း..ငါပါ ဝင်ပြီးသင်လိုက်ရင် ကောင်းမလားပဲ...
ထိုအတွေးနှင့်အတူ အန်းဂွန်ကလေးများကို ကြည့်လိုက်လေသည်။ ကြိုးကြိုးစားစားလေ့ကျင့်နေကြသောကလေးများကို ကြည့်ကာ အန်းဂွန် ပြုံးလိုက်လေသည်။
ရင်နာသောအပြုံးပင်။
ငါ လောဘကြီးမိသွားပြီ ထင်တယ်...
သူ၏အသက်အရွယ်နှင့် ကြိုးစားရန်က လွယ်ကူသောကိစ္စမဟုတ်သကဲ့သို့ ကလေးများအကြားတွင် ဝင်ကာလေ့ကျင့်ခြင်းကလည်း အဆင်ပြေမည်မဟုတ်ပေ။ ကလေးများအတွက် အခက်အခဲဖြစ်ပေလိ့မ်မည်။
ဒုတိယတန်းကလေးများဆိုသည်က သူတို့နှင့် ယှဉ်လျှင်များစွာငယ်သေးသည်ဖြစ်ပြီး အသက်အရွယ်ကွာခြားမှုကလည်း သိပ်မကြီးပေ။
ငါလည်း ဒီတိုင်းတော့ နေလို့ မဖြစ်ပါဘူး...
ကလေးများက ဤမျှကြိုးစားနေသည်ကို ကြည့်ကာ အန်းဂွန် သူတို့အကြီးအကဲများသည်လည်း သက်သက်သာသာမနေသင့်သည်ကို သတိထားမိလာသည်, ။တတ်နိုင်သရွေ့ စွမ်းသမျှ ကြိုးစားနေရပေမည်။ထိုမှသာ သင့်တော်ပေလိမ့်မည်။
"ဟွာဆန်းကတော့ ပိုပြီးတော့ သန်မာတိုးတက်လာဦးမှာပဲ"
အင်း..တောင်ဘက်အစွန်အဖျားဂိုဏ်းကလည်း ဒီလောက်နဲ့တော့ ပြီးသွားမယ် မထင်ဘူး...
ဟွာဆန်းဂိုဏ်းသည် ချွန်းမြောင် ရောက်ရှိလာသည့်အချိန်မှစ၍ တဖြည်းဖြည်းပြောင်းလဲလာခဲ့ခြင်းဖြစ်လေပြီး
အားလုံးကလည်း ထိုပြောင်းလဲမှုနှင့်အတူ အလိုက်သင့်လိုက်ပါလာခဲ့သည်ကို တွေ့ရလေသည်။ အကြီးအကဲများသည်ပင် စတင်ကာ ပြောင်းလဲလာကြပြီ ဖြစ်လေသည်။ ကလေးများ၏ လေ့ကျင့်ရေးတွင် ရှိသမျှသော အခက်အခဲတို့ကို ကူညီရန်အဆင်သင့်ဖြစ်နေကြပြီ ဖြစ်လေသည်။
ထို့နောက်တွင်မူ ထိုကလေးများ သိုင်းပညာအား အပြည့်အဝတတ်မြောက်သွားကြသည့်ရက်တွင်မူ ဟွာဆန်း၏ ဒုတိယအကြိမ် ရွှေရောင်နေ့ရက်များက ပြန်လည်ရောက်ရှိလာတော့မည် ဖြစ်လေသည်။
ဤသည်က ကြမ်းတမ်း၍ ခက်ခဲသောလမ်းခရီးရှည်ကြီးဖြစ်သော်လည်း ရောက်အောင်လှမ်းရမည်ကတော့ အသေချာပင် ဖြစ်လေသည်။
အပိုင်း(၁၁၇)
တစ်နေ့မှာတော့ ဟွာဆန်းမှာ ဇီးပန်းပွင့်တွေ ပွင့်လာလိမ့်မယ်(၂)
အန်းဂွန် ခေါင်းကို လှည့်ကာ ကလေးများ၏ အခြေအနေကို ကြည့်လိုက်ပြန်လေသည်။
"ကျောကို မတ်ထားလေ... ခါးကလည်း ဖြောင့်..အာ...
အသက်ရှုနိုင်နေသေးရင် လေ့ကျင့်တာအဆင်ပြေနေသေးတယ်ဆိုတော့ သဘောပဲ...
အမလေး...မသေပါဘူး..မသေပါဘူး...ဒီလောက်နဲ့တော့...မသေပါဘူး...
ဘာ သေတော့မယ် ဟုတ်လား...ဒါလေးလုပ်တာနဲ့ သေသွားတဲ့သူဘယ်နှယောက်မြင်ဖူးလို့လဲ...မသေဘူး ..
စိတ်ချ"
အန်းဂွန် ကြားနေရသောအသံများကြောင့် ကျောချမ်းသွားလေသည်။
"တော်ပြီဟုတ်လား..တော်ပြီဟုတ်လား... တကယ်ကြီး ပြောနေတာပေါ့လေ..
ဒီပုံစံနဲ့ သိုင်းပညာကို ဆရာကြီးဖြစ်ချင်နေတာပေါ့.. သိုင်းပညာက လုံလောက်ပြီဟုတ်လား..
လာစမ်းပါ,,,ဒါဆိုလည်း ..တပွဲတလမ်းစမ်းပြီး ရှက်လို့သေမလား လေ့ကျင့်လို့သေမလားဆိုတာ ကြည့်ရအောင်"
တတိယတန်းကလေးများက ဒေါသတကြီးဖြစ်နေသော ချွန်းမြောင်ကို ဆွဲသူကဆွဲ ၊တားသူက တားနှင့် အခြားသူများကိုလည်း လေ့ကျင့်ရန်ကူညီကြလေသည်။ အန်းဂွန်ကမူ အဖြစ်အပျက်များကို ကြည့်ကာ ကောင်းကင်သို့ မော့ကြည့်လိုက်ပြန်သည်။
ကြည့်ရတာ ခရီးက အဝေးကြီးမလိုတော့ဘူး ထင်ပါရဲ့..ချွန်းမြောင်ရဲ့ ပုံစံနဲ့ဆိုရင်...
ချွန်းမြောင် ကြာပန်းတောင်ထိပ်သို့ တက်လာခဲ့လေပြီး တောင်ထိပ်သို့ ရောက်သည်နှင့် ကောင်းကင်သို့ မော့ကာကြည့်လိုက်လေသည်။
ဤတောင်ထိပ်တွင် ပုန်းလျှိုးကွယ်လျှိုးနှင့် လေ့ကျင့်ရန်လည်း မလိုပေ။ ထို့အပြင် တောင်တက်ခြင်းကလည်း စိတ်အားငြိမ်သက်စေသည်ဟု ခံစားရလေသည်မို့ ဤတောင်ထိပ်သို့လာကာ လေ့ကျင့်ဖြစ်လေသည်။
ချွန်းမြောင် ကောင်းကင်ကို မော့ကြည့်ရင်းမှ ဟွာဆန်းကို ကြည့်လိုက်ပြန်သည်။
"အင်း"
သူသည် တောင်တစ်ခုကိုအောင်အောင်မြင်မြင်ကျော်လွှားခဲ့ပြီ ဖြစ်လေသည်။
သို့သော်လည်း ဤမျှနှင့် သူမကျေနပ်သေးပေ။
"ငါတို့တွေ နောက်ထပ်အများကြီး ရှေ့ဆက်လုပ်ဖို့ လိုနေသေးတယ်"
စိတ်ရှည်ရှည်မထားနိုင်ခြင်းက ဒေါသ၏ပထမခြေလှမ်းဖြစ်သည်ကို သိသော်လည်း ချွန်းမြောင် အနည်းငယ် စိတ်မရှည်ချင်တော့ပေ။ တတိယတန်းကလေးများ၏ တိုးတက်မှုသည်လည်း နှေးကွေးသည်တော့ မဟုတ်ပေ။ ဤနှုန်းထားအတိုင်းသာ တိုးတက်သွားပါက ကမ္ဘာပေါ်တွင် မည်သူကမှ အထင်မသေးရဲသော ဓါးသမားများ ဖြစ်လာကြပေလိမ့်မည်။သို့သော်လည်း ထိုသို့ ဖြစ်လာမည်က အနာဂတ်မှသာ ဖြစ်လေသည်။ လက်ရှိဟွာဆန်းဂိုဏ်းကမူ အားနည်းလှသောဂိုဏ်းတစ်ခုမှလွဲ၍ ဗလာနိတ္ထိပင်။
"ဒါက အစပဲရှိသေးတယ်"
ချွန်းမြောင်၏ ပုခုံးပေါ်တွင် အလွန်တရာပင် လေးလံလှသော ဝန်ထုတ်ဝန်ပိုးကြီးကို သယ်ဆောင်ထားရသကဲ့သို့ပင်။ ထို့အပြင် ယခုတွင်မူ သူသည် လူအားလုံး၏ အာရုံစိုက်ခြင်းကို ခံနေရသည်ဖြစ်ပြီး အစစအရာရာလည်း သတိထားနေရလေသည်။ နမူနာမှား တစ်ခုဖြစ်သွား၍ မဖြစ်ပေ။ အတိတ်ဘဝတွင်လည်း ထိုကဲ့သို့သော အဖြစ်များကြုံခဲ့သော်လည်း ယခုဖြစ်နေသည်နှင့်က လုံးလုံးမတူညီပေ။ ကွာခြားလှပေသည်။
"ဆရာတူအကိုကြီးတွေမှာလည်း ခက်ခဲနေကြမှာပဲ"
ထိုသို့ဖြစ်နေသည်က ဆရာတူအကိုကြီးများအတွက်လည်း မလွယ်ကူသည်ကို ချွန်းမြောင်သတိထားမိလေသည်။ ချွန်းမြောင် အတိတ်ဘဝတွင်မူ သူတစ်ဦးတည်းနှင့်သာ ဂိုဏ်းကို ကယ်တင်နိုင်သည်ဟု ထင်ခဲ့လေသည်။ ဇီးပန်းပွင့်သူရဲကောင်း ဟူသော ဂုဏ်ပုဒ်အောက်တွင် သာသာယာယာပင် ရှိခဲ့ပြီး ယခုမျှလောက်လည်း စိတ်မပင်ပန်းရပေ။ သူ၏ဖြစ်တည်မှုကပင် ဟွာဆန်းအား လုံခြုံစေနိုင်ခဲ့လေသည်။ သို့သော်လည်း ထိုအရာက အသုံးဝင်ခဲ့သလားဟု မေးလာလျှင်မူ အဖြေက ' အသုံးမဝင်ခဲ့' ဆိုသည့် အဖြေပင် ။
တွေးကြည့်ရုံနှင့်ပင် ချွန်းမြောင် ရင်နာရလေသည်။
ယခုတွင်မူ ချွန်းမြောင် ဘတ်ချုန်းကို နားလည်နိုင်လာပြီ ဖြစ်လေသည်။ ဒုတိယတန်းတပည့်များ မပြောင်းလဲလျှင်လည်း ဟွာဆန်း၏ လက်ရှိကံကြမ္မာက ပြောင်းလဲသွားမည်မဟုတ်သော်လည်း အနာဂတ်တွင်မူ ဆရာတူအကိုကြီးများနှင့် ဂိုဏ်းကို ကာကွယ်နိုင်ပေလိမ့်မည်။ တတိယတန်းတပည့်များထံတွင် ပြန်လည်သင်ယူရသည်က သေဆုံးရသည်ထက်ပင် ဆိုးဝါးသော်လည်း ကာကွယ်ပေးရမည့်အရာများ ရှိနေသောကြောင့်သာ မာနကို ဘေးချကာ လုပ်ဆောင်ရခြင်း ဖြစ်လေသည်။ မာနချရသည်ဆိုသည်က လွယ်ကူသည် မဟုတ်ပေ။
ဆရာတူအကိုကြီးများက ကြိုးစားနေသကဲ့သို့ပင် ရှေ့ဆောင်လမ်းပြဖြစ်နေသော ချွန်းမြောင်ကလည်း ကောင်းမွန်စွာကြိုးစားပြီး နမူနာယူထိုက်သူဖြစ်အောင် ကြိုးစားရပေမည်။
" ဘယ်လိုပဲဖြစ်ဖြစ် အရာအားလုံးထက် ငါ သန်မာနေမှ ဖြစ်မယ်"
ထိုမှသာလျှင် ဂိုဏ်းအားအကောင်းဆုံးကာကွယ်က အတိတ်မှဖြစ်ရပ်များကဲ့သို့ အလားတူဖြစ်ရပ်များ မဖြစ်လာအောင် ကာကွယ်နိုင်မည် ဖြစ်လေသည်။
ထို့အပြင် သိုင်းလောက၏ သဘောတရားကိုလည်း ချွန်းမြောင် ကောင်းကောင်းကြီး သဘောပေါက်လေသည်။
သဘောတူညီမှုများ၊ သစ္စာစောင့်သိမှုများ ၊မဟာမိတ်များက မရှိမဟုတ် ရှိပေသည်။ သို့သော်လည်း စကားလုံးသက်သက်နှင့် ဂိုဏ်း၏အနေအထားပေါ်တွင် မူတည်ကာ ရှိခြင်းပင်။ အင်အားတောင့်တင်းသောဂိုဏ်းတွင် ခိုင်မြဲသော သဘောတူညီမှု၊ မြဲမြံသော သစ္စာတရားနှင့် ဖေးမကောင်းမွန်သော မဟာမိတ်ဂိုဏ်းများ ရှိနိုင်သော်လည်း အင်အားနည်းသော ဂိုဏ်းတွင်မူ မဟုတ်ပေ။
' ကြီးနိုင် ငယ်ညှင်း' ၊ ' အ သူ ခံ လည်သူစားစမ်း' သာ ဖြစ်လေသည်။ လောကကြီးက ရက်စက်လွန်းလှပေ၏။
ဟွာဆန်းမှ ကလေးများကမူ ထိုသဘောတရားတို့ကို ထွေထွေထူးထူး သင်ပြပေးရန် မလိုအပ်တော့ပေ။ ပျက်သုန်းလုနီးပါးဖြစ်နေသော ဂိုဏ်းအပေါ်တွင် အားလုံးက မည်သို့ဆက်ဆံခဲ့ကြသည်ကို မျက်မြင်ကြုံတွေ့ခဲ့ကြပြီး ဖြစ်လေသည်။ ဤသည်ကပင် အားလုံးကို တွန်းအားများ ဖြစ်စေခဲ့ခြင်းပင်။
ယခုတွင်မူ ဟွာဆန်းသည် ခြေလှမ်းသစ်စကာ လောကကြီးထဲသို့ တဖန်တိုးဝင်နေပြီ ဖြစ်လေသည်။ သို့ဖြစ်၍ ထပ်မံကာ ဆိုးဝါးကြမ်းတမ်းသော လောကဓံတရားတို့ကို သူတို့ တဖန်ရင်ဆိုင်ကြရဦးမည် ဖြစ်လေသည်။ ရှေ့ဆက်ရမည့် ခရီးက မည်မျှကြမ်းတမ်းမည်ကို မည်သူမှ အတပ်မပြောနိုင်ကြပေ။
ချွန်းမြောင်အနေနှင့် ဤဝန်ထုပ်ဝန်ပိုးကြီးကို ထမ်းပိုးမထားချင်သော်လည်း လက်ရှောင်လိုက်၍ မရပေ။ အားလုံးနှင့် ဟွာဆန်းအတွက်၊ သူကိုယ်တိုင်အတွက် သူရှေ့ဆက်ကာ လုပ်ဆောင်ရဦးမည်ပင်။
ချွန်းမြောင် တင်ပျဉ်ခွေထိုင်ချကာ မျက်လုံးကို မှိတ်လိုက်ပြီး သူ၏ အခြေခံအုတ်မြစ်ကို စစ်ဆေးလိုက်လေသည်။
သူ၏ ဒန်တျန်သည်က အနည်းငယ်ကြီးထွားလာပြီဖြစ်ပြီး သစ်သီးအသေးတစ်လုံးစာမျှ ဖြစ်နေပြီ ဖြစ်၏။ ယခင်က ဒန်တျန်ကမူ သွေးစက်တစက်စာမျှ ဖြစ်လေပြီး ကြီးထွားလာနေဆဲပင် ဖြစ်လေသည်။ ကြီးထွားနှုန်းက နှေးကွေးသော်လည်း ရပ်တော့ရပ်တန့်မနေပေ။
သိုင်းပညာဆိုသည်က တစ်ဆင့်ချင်းသွားရသည့်အမျိုးပေမို့ အလောကြီး၍တော့ မရပေ။ အလျင်လို၍လည်း မဖြစ်ပေ။ဖြတ်လမ်းဟူ၍ မရှိသည်မို့ စိတ်ရှည်ရှည်နှင့် ကြိုးစားရန်သာ တတ်နိုင်လေသည်။
ငါ ပိုပြီးတော့ သန်မာလာဦးမှာပါ
တစ်ရက်ရက်မှာတော့ ငါ့ကိုအသက်ပျောက်အောင်လုပ်ခဲ့တဲ့ နတ်ဆိုးဂိုဏ်းကို ပြန်ပြီး လက်စားချေနိုင်တဲ့အခြေအနေထိ ငါကတိုးတက်လာဦးမှာပါ...
အဆုံးမဲ့သော ခရီးအတွက် ပြီးပြည့်စုံ၍ အဆုံးသတ်သည်ဟူသည်က မရှိပေ။
ချွန်းမြောင် ခေါင်းကို မော့ကာ ကြည့်လိုက်လေသည်.
ငါတို့တွေ အခုချိန်မှာ ဇီးပန်းပွင့်တွေ ဖြစ်အောင်လုပ်နိုင်ပြီလား..
ဟင့်အင်း...
ဒါပေမယ့်....
"တစ်ရက်ရက်မှာတော့ ဟွာဆန်းမှာ ဇီးပန်းပွင့်တွေ ပွင့်လာမှာပါ"
တစ်ရက်တွင်တော့ ချွန်းမြောင်၏ ဓါးမှပွင့်လာသော ဇီးပန်းများနှင့် ဟွာဆန်းကိုသာမက လောကတစ်ခွင်ကိုပါ ဖုံးအုပ်ပစ်လိုက်လေဦးမည်။
ချွန်းမြောင် ခုန်ကာထလိုက်လေသည်။
"ဆရာတူအကိုကြီး..စိတ်ချပါ"
ချွန်းမြောင် ရယ်ကာ ပြောလိုက်လေသည်။
"ကျွန်တော်က ချွန်းမြောင်ပါ"
ဤစကားသည်က ကိုယ့်ကိုယ်ကို တိုင်တည်ပြောဆိုလိုက်သော စကားတစ်ခွန်းလည်း ဖြစ်လေသည်။
ချွန်းမြောင် သဲ့သဲ့လေးပြုံးကာ တောင်အောက်သို့ ကြည့်လိုက်လေပြီး လေတွင်ပါလာသော ပန်းရနံ့တို့ကို ခံစားလိုက်လေသည်။
"နွေဦးလေးဆို ဘယ်လောက်ကောင်းလိုက်မလဲ"
ပန်းရနံ့ကို ခံစားရင်းဆင်းလားသည့် ချွန်းမြောင်၏ ခြေလှမ်းများက ပို၍ပေါ့ပါးကာ သွက်လက်နေသလိုပင်။
ပြတ်သားသောစိတ်တို့နှင့် ချွန်းမြောင်က တောင်အောက်သို့ ပြန်ဆင်းလာလေတော့သည်။
အချိန်နှင့် ဒီရေတို့သည် လူကို စောင့်ရိုးထုံးစံဟူ၍ မရှိပေ။
အချိန်တို့သည်လည်း အလီလီကုန်၍ ဇီးပန်းပွင့်တို့ပင် နှစ်ကြိမ်တိုင်တိုင် ပွင့်ခဲ့ပြီး ဖြစ်လေသည်။ အချိန်တို့ကုန်ဆုံးသည်က မြန်လှပေ၏။
အမျိုးသားတစ်ယောက်၏ သူ၏ဝန်စည်စလွယ်အလေးကြီးကို သယ်ကာ ဟွားကျေးရွာအဝင်ဝသို့ ရောက်လာလေသည်။
"ဒါက ဟွာကျေးရွာရော ဟုတ်ရဲ့လား"
သူမြင်ဖူးသည့် ဟွားကျေးရွာက ဤကဲ့သို့ပုံမျိုး မဟုတ်ပေ။ မွဲခြောက်ခြောက် ၊ ခြောက်ကပ်ကပ် ရွာပင်။ ဖွံဖြိုးခြင်းလည်း မရှိသကဲ့သို့ တိုးတက်လာမည့် အလားအလာလည်း မရှိသည့်နေရာပင်။ ယခုကမူ လုံးလုံးလျားလျားပင် သက်ဝင်ပြောင်းလဲကာ ရှုပ်ယှက်ခတ်နေလေသည်။
"ငါများ နေရာမှားပြီး ရောက်လာတာလား"
မနေနိုင်တော့၍ အနီးနားမှဖြတ်သွားသောသူတစ်ယောက်ကို လှမ်းတားကာ မေးကြည့်လိုက်လေသည်။
"တဆိတ်လောက်ပါခင်ဗျာ...ဒါက ဟွားကျေးရွာလားဗျ"
"အခုမှ ပထမဆုံးအကြိမ် ရောက်ဖူးတာလား"
"မဟုတ်ပါဘူး..ဒါက ပထမဆုံးအကြိမ်မဟုတ်ပါဘူး...လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်လောက် တစ်ကြိမ်ရောက်ဖူးပါတယ်... ကျွန်တော့်အထင် အဲ့ဒီအချိန်တုန်းက ရွာနဲ့ အခုနဲ့က တော်တော်လေးကွာခြားနေလို့ပါ"
ဖြတ်သွားဖြတ်လာလူက ချက်ချင်းဆိုသလိုပင် ပြန်ဖြေလေသည်။
"ဪ ..ခင်ဗျားက ဆယ်နှစ်ကျော်လောက် နေပြီးမှ ပြန်ရောက်လာလို့ အခုလို ဇဝေဇဝါဖြစ်နေတာပါ...ဖြစ်သင့်တာပေါ့...ဒါကလည်း...
ဟွာကျေးရွာကလည်း တစ်နှစ် နှစ်နှစ်အတွင်းမှာတင် အများကြီးပြောင်းလဲသွားတာကို"
"အာ..ဒါဆို ဟွာကျေးရွာဆိုတာ သေချာသွားပြီပေါ့"
"ဟုတ်ပါတယ်...ပြောင်းလဲတာကြီးက တအားကြီးလို့ မယုံနိုင်ဖြစ်နေတာ သိပေမယ့် ဒါက ခင်ဗျားသိထားတဲ့ ဟွာကျေးရွာပါပဲ"
"ကျေးဇူးပါဗျ...ဒါနဲ့ ရွာက ဘာကြောင့် ဒီလောက်ကြီးပြောင်းလဲသွားတာလဲ"
"ဘာလို့လဲ..ဟုတ်လား...ဟွာဆန်းဂိုဏ်းရဲ့ ကျေးဇူးကြောင့်ပေါ့ဗျာ"
"ဟင်"
"မင်း ဟွာဆန်းဂိုဏ်းကို မသိဘူးလား...ဟွာဆန်းလေ..ဟွာဆန်း"
"အာ..မဟုတ်တာ...ကျွန်တော်သိပါတယ်..
ကျွန်တော်လည်း ဟွာဆန်းဂိုဏ်းကိုတော့ သိပါတယ်"
ခရီးသွားဖြစ်သူ ဝေ့ဆိုဟုန်က လျင်လျင်မြန်မြန်ပင် ခေါင်းငြိမ့်လိုက်လေသည်။
ဟွာကျေးရွာသို့ ရောက်ရှိနေပြီး ဟွာဆန်းဂိုဏ်းကို မသိဟု ပြောပါက အသက်ရှင်ဖွယ်ရာ လမ်းမမြင်သည်မို့ သူအမြန်ပင် ရှင်းပြလိုက်ရလေသည်။ ဟွာကျေးရွာရှိလူများအတွက်မူ ဟွာဆန်းက ဂိုဏ်းတစ်ဂိုဏ်းဆိုသည်ထက်ကို ပိုလေသေးသည်။ မိသားစုတစ်ခုလိုပင်။
"ကျွန်တော်က ဟွာဆန်းဂိုဏ်းကို လာခဲ့တာပါ"
"အိုး..ဟုတ်လား...ဒါဆို မင်းက ဧည်သည့်ပေါ့... လာလာ...မသိတာရှိလို့ သိချင်ရင်လည်း ကြိုက်ရာသာမေး...
ဖြေပေးမယ်"
ဝေ့ဆိုဟုန်က ဟွာဆန်းသို့ လာသည့်ဧည့်သည်ဟူသော စကားကိုကြားသည်နှင့်တစ်ပြိုင်နက် ထိုလူ၏မျက်နှာက ပြုံးရွှင်ကာ ခရီးဦးကြို ပြုလေတော့သည်။
"ဒါနဲ့ ဟွာကျေးရွာက ဟွာဆန်းဂိုဏ်းကြောင့် ပြောင်းလဲသွားတယ်ဆိုတာက ဘာကို ပြောချင်တာလဲ"
"အာ...ကျွန်တော်ပြောပြမယ်...အခုနှစ်တွေမှာ ဟွာဆန်းဂိုဏ်းက ကောင်းကင်ဘုံရဲ့ မျက်နှာပေးတာကို ခံရတယ်လေ...သူတို့သတင်းတွေ ဒီလောက်ကြီးနေတာ ခင်ဗျားမကြားမိဘူးလား"
...မကြားမိရင် ဘယ်လိုလုပ် ကျွန်တော် ဒီကို ရောက်လာပါ့မလဲ...
ကြားရလို့သာ ရောက်လာတာပေါ့...ဒါပေမယ့် ခင်ဗျားပြောသလိုဖြစ်နေမယ်လို့တော့ ကျွန်တော် မထင်ပါဘူး...
သို့သော်လည်း ထိုစကားတို့က ဤလူ၏ရှေ့တွင် ပြော၍မဖြစ်သည်ကို သူသိလေသည်။ ဟွာဆန်းအား မယုံသင်္ကာဖြစ်မိကြောင်း ပြောမိလျှင် ဤနေရာမှာပင် အထိုးခံရ၍ မေးကွဲမည့်အရေးကို ကြိုကာမြင်မိနေလေ၏။
"ဟုတ်...ကျွန်တော် မကြားသေးဘူး"
"အဲ့လိုလား..ဒီနှစ်တွေထဲမှာ လူတွေ ဟွာဆန်းကို တအားကို လာကြတာလေ...လာတဲ့သူတိုင်းက ဟွားကျေးရွာကို ဖြတ်သွားရတယ်လေ...မင်းလည်း မြင်တဲ့အတိုင်းပဲ..အခုကို လူတွေက ရှုပ်နေတာပဲလေ"
"ဟုတ်တာပေါ့"
"လူတွေလာလေလေ ပိုက်ဆံရှာရတာ လွယ်လေလေပဲလေ...အဲ့တာကြောင့်လည်း ဒီလောက်ပြောင်းလဲသွားတာပေါ့"
"တော်တော်လေးကို မြန်တာပဲနော်...ပြောင်းတာကတော့"
"ဟားဟား..ပြောပါတယ်..ဟွာဆန်းကျေးဇူးပါဆို...
မင်းလည်း သိတယ်မို့လား...ပြီးခဲ့တဲ့ ညီလာခံတုန်းကလေ ..တောင်ဘက်အစွန်အဖျားဂိုဏ်းနဲ့ ကျင်းပတဲ့ ညီလာခံလေ...ဟွာဆန်းဂိုဏ်းက အဲ့ဒီမျိုးမစစ်ကောင်တွေကို အလဲထိုးပစ်လိုက်တာလေ"
"ကျွန်တော် ကြားမိပါတယ်"
ထိုညီလာခံသတင်းသည်က ကြားချင်သည်ဖြစ်စေ၊ မကြားချင်သည်ဖြစ်စေ ကြားနေရသောသတင်းဖြစ်လေပြီး မည်သည့်နေရာသို့သွားစေကာမူ ကြားနေရသောသတင်းလည်း ဖြစ်လေသည်။ လူသတင်း လူချင်းဆောင် ဆိုသကဲ့သို့ပင် ။ ဟွာဆန်း၏ အောင်ပွဲသတင်း လောကတခွင် ပြန့်နှံ့သွားပြီး နှစ်ပေါက်နေသည့်တိုင်း လူတိုင်းပါးစပ်ဖျားတွင် ပြောနေကြဆဲဖြစ်နေလေသည်။
လူဆိုသည်က သူတစ်ပါး၏ကျရှုံးခန်းအား အရသာခံရသည်ကို သဘောကျသည့်အမျိုးပေမို့ ထိုညီလာခံသတင်းက တောင်ဘက်အစွန်အဖျားဂိုဏ်းအား ထိုးနှက်လိုတိုင်း ပြောစရာဖြစ်လာလေပြီး ယနေ့တိုင် ရေပန်းစားဆဲ သတင်းဖြစ်လာလေသည်။
"အဲ့ဒီတောင်ဘက်အစွန်အဖျားဂိုဏ်းကိုလေ အနိုင်ယူပြီးတော့ ဟွာဆန်းရဲ့ ဂုဏ်သတင်းက ဘယ်လောက်တောင် မွှေးပျံ့သွားလဲ... ဟွာဆန်းကို လူတွေဘယ်လောက်လာနေလဲဆိုတာ ရေတောင် မရေနိုင်တော့ဘူး"
"ကျွန်တော်သိပါပြီ"
ဝေ့ဆိုဟုန်သည်လည်း ထိုသတင်းကြောင့်သာ မဟုတ်လျှင် ဤနေရာသို့ ရောက်လာခဲ့မည် မဟုတ်ပေ။ ထိုညီလာခံသတင်းကြောင့်သာ ဟွာဆန်းသို့ ရောက်လာရခြင်း ဖြစ်လေသည်။
"ဒါက ကံနည်းနည်းဆိုးသွားလို့လည်း ဖြစ်ရင်ဖြစ်မှာပေါ့"
"ဟင်"
ဝေ့ဆိုဟုန်၏ စကားကြောင့် ထိုလူက အနည်းငယ်စိတ်ဆိုးသွားသည့်ပုံပင်။
"ဒါက နှစ်နှစ်ကျော် ကြာပြီးတာတောင် ပြောစရာဖြစ်နေတုန်းပဲနော်..အခုအချိန်ဆို အဲ့လောက်တော်ချင်မှ တော်နေတော့မှာလေ"
"အာ"
"ကောင်းပြီ...မင်းသိလား.. ဒဏ္ဍာရီတွေထဲမှာ ဧရာမငှက်ကြီးအကြောင်း ဖတ်ဖူးတယ်မို့လား...
အခြားငှက်တွေလို အချိန်တိုင်း ပျံသန်းနေဖို့ မလိုဘူး...တစ်ခါတောင်ပံခတ်ရင် မိုင်တစ်သောင်းရောက်တယ်ဆိုတာလေ....
ငါတို့ ဟွာဆန်းကလည်း အဲ့လိုပဲ...အချိန်ကျရင် မင်းသိလိမ့်မယ်"
"ကဲ ထားပါ..မင်း ဟွာဆန်းဂိုဏ်းကို လာတာမို့လား...တည်းဖို့ နေရာတစ်ခုရှာလိုက်...
နေက ခဏနေရင် ဝင်တော့မှာ... မင်း အခုအချိန်မှစပြီး တောင်တက်မယ်ဆိုရင် ဟွာဆန်းကို ညသန်းခေါင်လောက်မှ ရောက်လိမ့်မယ်...အဲ့တော့ တည်းဖို့နေရာတစ်ခုခုရှာပြီး မနက်ဖြန်မနက်မှ ခရီးဆက်တာကောင်းမယ်"
"ဟုတ်ကဲ့..ကျေးဇူးတင်ပါတယ်"
"ရပါတယ်"
ထိုလူက လက်ကိုဝှေ့ယမ်းပြကာ အဝေးသို့ ထွက်သွားလေတော့မှ ဝေ့ဆိုဟုန် ညည်းညူရဲလေတော့သည်။
ရွာက တအားကို ပြောင်းလဲသွားတာပဲ...
ရွာ၏လုံးလုံးလျားလျား ပြောင်းလဲသွားမှုကို ကြည့်ကာ ဟွာဆန်းဂိုဏ်းသည်လည်း ပြောင်းလဲသွားပေလိမ့်မည်ဟု သူခန့်မှန်းမိလိုက်လေသည်။ သူသိထားသော ဟွာဆန်းနှင့် မတူညီနိုင်တော့ပေ။
ဒါဆိုရင်တော့လည်း...
ငါတို့ ဟွာဆန်းဂိုဏ်းနဲ့ ပူးပေါင်းလို့ရမယ့် အခွင့်အရေးကို ရအောင်ကို ရှာရမှာပေါ့...
ဝေ့ဆိုဟုန် စိတ်ဆုံးဖြတ်ထားသော မျက်လုံးများနှင့် ဟွာဆန်းရှိရာ တောင်ထိပ်သို့ မျှော်ကြည့်လိုက်လေသည်။
ဟွာဆန်းဂိုဏ်းက သေချာပေါက် ငါတို့ကို ကူညီမှာပါ...
ဟွာဆန်းကို သွားပြီးတော့ သေချာပေါက် အကူအညီတောင်းရမယ်...
အဖေ့ရဲ့ ကြိုတင်ခန့်မှန်းတာတွေ မမှားဖို့ မျှော်လင့်ရတာပဲ...
ဝေ့ဆိုဟုန်က နှုတ်ခမ်းကိုကိုက်ကာ ရွာထဲသို့ ဝင်သွားလေတော့သည်။