← Chapters

အခန်း (၁၂၁-၁၂၃)

Vol. 9 Ch. 121-123

အခန်း (၁၂၁-၁၂၃)

Vol. 9 Ch. 121-123

အပိုင်း (၁၂၁)

ဟွာဆန်းကို ထိရင်ဘာဖြစ်သွားမယ်ဆိုတာ ငါပြပေးမယ်(၁)

"..."

ဝေ့ဆိုဟုန်က ဘေးပတ်လည်ကို တစ်ချက်ကြည့်လိုက်လေသည်။

ဒီလူတွေက ဟွာဆန်းက လူတွေပါလား...

လက်အောက်ခံဂိုဏ်းများသည် ပင်မဂိုဏ်းကြီး၏ အုပ်ချုပ်မှုပုံစံအရသာ နေထိုင်ရသည်ဖြစ်ပြီး ဝေ့ဆိုဟုန်က တတိယတန်းကလေးများနှင့် နေရာချထားပေးခံရလေသည် ။ သူ့အနေနှင့် ဟွာဆန်းသို့ မရောက်မှီကမူ ပင်မဂိုဏ်းမှ ဂိုဏ်းသားများအပေါ်တွင် ထွေထွေထူးထူး ခံစားချက်မရှိသော်လည်း ယခုတွင်မူ အတော်ပင် စည်းကမ်းကျသော ဂိုဏ်းသားများကို လေးစားနေပြီဖြစ်လေသည်။ ယခင်က အထင်မကြီးမိခဲ့သည့် မိမိကိုယ်ပင် အပြစ်တင်မိလေသည်။

လူတိုင်းလူတိုင်းက ဓါးထက်ထက်တစ်လက်လိုပဲ..ထက်မြနေကြတာပဲ...

ယခုတွင်မူ သူ၏ဖခင်က အဘယ်ကြောင့် ဟွာဆန်းအား ကြည်ညိုလေးစားနေသည်ကို ယခုတွင်မူ နားလည်နိုင်သွားပြီ ဖြစ်လေသည်။

ဂိုဏ်းသားအားလုံးကလည်း ကြည်ညိုဖွယ်ရာအတိပင်ဖြစ်ပြီး အသွင်အပြင်ကလည်း သေသပ်ကြလေသည်။ သူနှင့် သက်တူရွယ်တူပင် ဖြစ်လင့်ကစား နေထိုင်ပုံကမူ လုံးလုံးပင် ကွဲပြားလေသည်။

စားနေသည့်အချိန်မှာပင် ဣန္ဒြေမပျက်ကြပေ။ သပ်ရပ်စွာပင် စားသုံးနေကြပြီး တာအိုကျင့်ကြံသည့်ကိုယ်တော်များ၏ ပုံရိပ်ကို သေချာထင်ဟပ်စွာ ပြသထားလေသည်။

မြမ်...မြမ်..မြမ်..

"..."

အသံလာရာသို့ ဝေ့ဆိုဟုန်၏ အကြည့်များက ရောက်သွားလေသည်။ အားလုံးက အေးဆေးတိတ်ဆိတ်စွာ စားသုံးနေကြသည့်နေရာတွင် လူတစ်ဦးတည်းကသာ အစားကို ပလုတ်ပလောင်းစားကာ ဣန္ဒြေမထိန်းနိုင် ဖြစ်နေလေသည်။

ငါတော့ သူ့ကို လုံးဝကို နားမလည်နိုင်ဘူး...

ကြက်ပေါင်တစ်ချောင်းလုံးကို ပါးစပ်ထဲသို့သွင်းကာ တစ်လုတ်တည်းနှင့် ကိစ္စဖြတ်လိုက်ပုံကြီးက ရူးလောက်ဖွယ်ရာပင်။ အရိုးများကိုပါ မည်သို့စားလိုက်သနည်းဟု အတွေးပွားဖွယ်ရာပင်။

ငါ ပြောနေတာတွေကိုတော့ သူမကြားလောက်ပါဘူးနော်...

ထို့အပြင် ပို၍ထူးဆန်းသည်က တစ်ဦးတည်းသာ အသံများထွက်သည်အထိစားနေသော ချွန်းမြောင်၏ အပြုအမူကို မည်သူကမှလည်း အရေးမလုပ်ကြခြင်းပင်။ ရှိနေ ၊ ကြားနေရသည့်ပုံကို မရှိကြသည်ပင်။

ဒီလူက တကယ်ပဲ ဟွာဆန်းရဲ့ သူရဲကောင်းလား..

ဝေ့ဆိုဟုန် မယုံကြည်နိုင်စွာဖြင့် ချွန်းမြောင်ကို ပြန်ကြည်လိုက်လေသည်။ ရုပ်ရည်အသွင်အပြင်အရမူ ဟွာဆန်း၏ နဂါးဟု တင်စားအပ်သော သူရဲကောင်းဟူသော ဂုဏ်ပုဒ်နှင့် ချွင်းချက်မရှိ ထိုက်တန်လေသည်။

သို့သော် နေထိုင်ပုံနှင့် အသွင်အပြင်ကမူ မဟုတ်သေးပေ။ အတော့်ကို ဆိုးဝါးနေလေသည်။

ငါကြားဖူးတဲ့သတင်းတွေကများ မှားနေတာများလား...

ကောလဟလဆိုသည်က အရင်းတည်ရန်အဖြစ်အပျက်ရှိမှသာ ထွက်ပေါ်လာတတ်သည့်အမျိုးပေမို့ လုံးလုံးလျားလျားကြီး မှားယွင်းနေဟန်တော့ မရပေ။ သို့ဖြစ်၍ ကြားဖူးသည့်သတင်းများမှားရန်ဆိုသည်ကလည်း မဖြစ်နိုင်ပေ။ ထို့အပြင် အမှန်တကယ်ရှုံးနိမ့်ခဲ့ခြင်းမရှိဘဲနှင့် တောင်ဘက်အစွန်အဖျားဂိုဏ်းက ထိုသို့သောသတင်းမျိုးကို ငြိမ်ခံနေမည် မဟုတ်ပေ။ အမှန်တကယ်ရှုံးခဲ့၍သာ ထိုသတင်းများကို သည်းခံနေခြင်း ဖြစ်ပေလိမ့်မည်။

ဒါဆို သူက တကယ်ပဲ တောင်ဘက်အစွန်အဖျားဂိုဏ်းက ဒုတိယတန်းတပည့်တွေအားလုံးကို အနိုင်ယူလိုက်တဲ့ကောင်ပေါ့....

ဝေ့ဆိုဟုန်အတွေးတို့နှင့် ခေါင်းရှုပ်သွားပြီး ခေါင်းကိုက်လေသည်။

လူတစ်ဦး စိတ်တစ်ကိုယ်ပေမို့ ဤသို့ဖြစ်သလိုနေတတ်သည်ကပင် သူ၏ပုံစံဟုပင် တွေးပေးရတော့မတတ် ဖြစ်သွားလေသည်။ သို့သော်လည်း မည်သို့ပင်ဖြစ်စေကာမူ မိမိ၏ဂုဏ်ပုဒ်နှင့် ထိုက်တန်သော သိက္ခာလေးတော့ ထားသင့်သည်ဟု ထင်သည်။ ချွန်းမြောင်၏ ပြီးစလွယ်နေထိုင်ပုံကြီးကမူ အတော်ပင်ဆိုးဝါးလေပြီး ဟွာဆန်းတူညီဝတ်စုံကိုပင် ချွတ်ထားလိုက်လေသေးသည်။ ကြည့်ရသည်က အနောက်အရပ်မှ ရာဇဝတ်သားများလိုပင်။

ဒီလူကို ခေါ်သွားလို့တော့ တကယ်အဆင်ပြေမှာပါနော်...

ထိုစဉ်မှာပင် တံခါးကပွင့်သွားပြီး လူတစ်ယောက်ဝင်လာလေသည်။ ယွန်းဂျွန်ပင်။

ယွန်းဂျွန်ဝင်လာသည်ကို ကြည့်လိုက်ပြီး ဝေ့ဆိုဟုန် သက်ပြင်းတစ်ချက်ချလိုက်လေသည်။

သူကမှ ဟွာဆန်းရဲ့တက်သစ်စနဂါးဆိုရင် ယုံလို့ရဦးမယ်...

ယွန်းဂျွန်က ဝေ့ဆိုဟုန်ရှိရာသို့ လှမ်းကြည့်နေသည်မို့ သူက လက်ကိုမြောက်ကာ အရိုအသေပေးလိုက်လေသည်။

ယွန်းဂျွန်ဟုခေါ်သောလူက ဝေ့ဆိုဟုန်၏ စိတ်ကူးထဲမှ ခန့်မှန်းထားသော သူရဲကောင်းပုံရိပ်နှင့် တစ်ထပ်တည်းပင်။ လူငယ်တစ်ယောက်၏ အားမာန်များနှင့် လတ်ဆတ်သော အင်အားများကို ခံစားရလေပြီး အသွင်အပြင်ကလည်း ခန့်ညားပုံ မျက်နှာကမူ ကြင်နာတတ်ပုံပေါ်လေသည်။ သူ၏ စိတ်ကူးထဲမှနှင့် တကယ့်ကို တစ်ထပ်တည်းပင်။

ဒီလူက ဘာလို့များ ဟွာဆန်းရဲ့ သူရဲကောင်း ဖြစ်မနေရတာလဲ...

ယွန်းဂျွန်က ချွန်းမြောင်ရှိရာသို့ ရောက်လာပြီး မျက်မှောင်ကြုတ်လိုက်လေသည်။

"မင်း... စားနေတာကိုလည်း ကြည့်ဦး...အစာအိမ် နာနေဦးမယ်...ဖြေးဖြေးစားပါ.."

"ကျွန်တော် ကြားထဲက လတွေ မစားခဲ့ရတာအတွက် အတိုးချပြီး စားနေတာ..."

"မင်းက သုံးလလုံး ငတ်ပြတ်နေရလို့ အဲ့လိုစားနေတာလား"

ချွန်းမြောင်က စားလက်စအသားကို မြိုချလိုက်ပြီး ရေတစ်ခွက်ကိုလည်း သောက်လိုက်လေသည်။ခွက်ကို ချလိုက်ပြီးကာမှ သူ၏ဗိုက်ကိုပုတ်ပြကာ ပြန်ပြောလာလေသည်။

"သုံးလလုံးလုံး အဲ့ဒီဆေးလုံးတွေပဲ စားလာရတာ...အခုဆိုရင် လေရှုရင်တောင် အဲ့ဆေးလုံးအရသာတွေပဲ ရနေတော့တယ်"

"..."

"အိုး...တကယ်မလွယ်ဘူး.... လူတွေက အသားလေးတော့ စားသင့်တာ အမှန်ပဲ...ရှောင်လင်ဂိုဏ်းကကောင်တွေ ဘယ်လိုလုပ်ပြီး တချိန်လုံး အသီးအရွက်ပဲ စားနေကြတာလဲ မသိတော့ဘူး"

ငါတို့လည်း အသီးအရွက်တွေချည်းပဲ စားရတဲ့အချိန် ကြုံဖူးပါတယ်...ခွေးသားလေးရယ်...အခုမှ...

မင်းက အခုမှ ဘဝမေ့နေပြီပေါ့...

"ဆိုတော့ မင်း တိုးတက်မှုတော့ ရှိခဲ့ရဲ့လား"

"တိုးတက်မှုလား...ဟီးဟီး"

ချွန်းမြောင်က ပြုံးလိုက်လေသည်။

ယခုအခါတွင်မူ သူသည် သိုင်းပညာအဆင့်တစ်ခုတက်ရန်အတွက် အချိန်အနည်းငယ်နှင့်သာ အဆင်ပြေနေပြီ ဖြစ်လေသည်။ သူ၏ အခြေခံအုတ်မြစ်ကို ယခင်ဘဝကနှင့်မတူစွာ သေချာလေ့ကျင့်တည်ဆောက်လိုက်သည်မို့ လေ့ကျင့်ရသည်က အတော်လေးပင် သက်သာသွားလေသည်။ ယခင်ကထက် များစွာပိုမိုကောင်းမွန်လာသည်ဟု ဆိုရပေမည်။ သို့ဖြစ်၍ လေ့ကျင့်ရေးများက စိုးရိမ်နေရန် မလိုတော့ပေ။

"ကျွန်တော် မရှိတဲ့အချိန်ကို လေ့ကျင့်ရေး လုပ်ဖြစ်ကြသေးလား"

"..."

ယွန်းဂျွန်က ချွန်းမြောင်အား ဆူပုတ်ပုတ်မျက်နှာနှင့် ကြည့်လိုက်လေပြီး ဆရာတူအကိုကြီးများ၏ မျက်စောင်းများကလည်း သူ့အပေါ်သို့ ကျရောက်လာလေသည်။

ဒီကလေးက တဆိတ်တော့ ဆရာကြီးလုပ်လွန်းနေတယ်လို့ မထင်ဘူးလား...

သူလေ့ကျင့်ရေးက ပြီးဖို့ လိုသေးတယ် မဟုတ်ဘူးလား....ဘာလို့ ဒီကောင်ကို ခေါ်လာကြတာတုန်း..

သူမရှိတဲ့ သုံးလလောက်ပဲ လူလိုသူလို နေလိုက်ရသေးတယ်...နေ့ရက်ကောင်းလေးတွေတော့ ပြီးသွားပါပြီ...ချီးလိုပဲ...

ဒီကောင်ကို နည်းနည်းတောင့်တဲ့ ဂူထဲမှာ ပိတ်ထားလိုက်သင့်တာကို...

ယွန်းဂျွန်က သက်ပြင်းချကာပြောလိုက်လေသည်။

"အားလုံး ကြိုးကြိုးစားစား လေ့ကျင့်ကြပါတယ်"

"ဪ...အဲ့လိုလား"

ချွန်းမြောင်၏ လေသံက မယုံသင်္ကာနှင့် အနည်းငယ် ဒေါသထွက်ပုံပေါ်လာပြီမို့ ယွန်းဂျွန်က စကားလမ်းကြောင်းလွဲရန် ပြင်လိုက်လေသည်။

"အခုအချိန်မှာ အဲ့တာက အရေးကြီးတာ မဟုတ်ပါဘူး...အရေးကြီးတာက ဟွာယုန်းဂိတ်တံခါးရဲ့ ကိစ္စပဲ"

"အာ...ဟုတ်သားပဲ...ဝူတန်မျိုးမစစ်တွေ"

ချွန်းမြောင်၏ မျက်နှာက ရှုံမဲ့နေပြီး ပြောလာလေသည်။

"ကျွန်တော်တို့ ဒီကောင်တွေကို ဆုံးမပေးဖို့ လိုတယ်အကိုကြီး...ကျွန်တော်တို့ ဘယ်အချိန် ထွက်ကြမလဲ"

"ဂိုဏ်းချုပ်က ငါတို့ကို မနက်ဖြန်မနက်ကို ထွက်ဖို့ ပြောထားတယ်"

"မနက်ဖြန်လား... သူပြောတာထက်တောင် စောနေသေးတာပဲ"

"အခြေအနေက အေးအေးဆေးဆေး လုပ်နေလို့ရတဲ့ အခြေအနေ မဟုတ်တော့ဘူးလေ...

တကယ်လို့ ဝူတန်ဂိုဏ်းက လူတွေပါ ထပ်ပြီးလိုက်လာတယ်ဆိုရင် သူတို့လည်း မကြာခင်မှာ ရောက်ကြလိမ့်မယ်..ငါတို့က သူတို့ရောက်ပြီးမှရောက်ရင် သူတို့ကိုပညာမပေးလိုက်နိုင်မှာ ဆိုးရတယ်...အဲ့တာကြောင့် သိပြီလား"

"သိပါပြီ"

"ဒါဆို မင်းက ဘယ်အချိန်စားလို့ပြီးမှာလဲ..သွား အထုတ်သွားပြင်တော့...ငါတို့ စောနိုင်သလောက်စောပြီး သွားမှဖြစ်မယ်"

"ဟုတ်ကဲ့"

ချွန်းမြောင် နေရာမှထွက်သွားပြီနှင့် တတိယတန်းကလေးများက သက်ပြင်းကိုယ်စီချလိုက်ကြလေသည်။

"ငါတော့ ငါသေတော့မယ်တောင် ထင်တယ်..."

"အခုက အသက်ရှင်နေသေးတာပဲ မဟုတ်ဘူးလား..တကယ်ကြီးလေ"

အနောက်တံခါးက ပွင့်လာလေပြီး လူတစ်ယောက်က ခေါင်းကိုဝင်ကာ ချောင်းလာလေသည်။ ထိုလူက ဟိုဟိုဒီဒီပတ်ကြည့်လိုက်လေပြီးမှ ပြောလာလေသည်။

"သူ သွားလေပြီလား"

"ဟုတ်..မရှိတော့ဘူးး"

"ဟား"

ဘတ်ဆန်းက တံခါးကိုဖွင့်ကာ ဝင်လာခဲ့လေပြီး အထဲသို့ ဝင်လာလေသည်။ သူ၏နောက်တွင်မူ ဒုတိယတန်းတပည့်များက မည်းမှောင်နေသော မျက်နှာများနှင့် ဝင်လာကြလေသည်။

"ငါ့မှာ အစားအသောက်လေး တစ်လုတ်ကိုတောင် အေးအေးလူလူး မစားနိုင်ဘူး...အေးအေးလူလူ"

"ငါတော့ နားမလည်တော့ဘူး..သူပြန်လာရမယ့်ရက်က လိုသေးတယ်မဟုတ်ဘူးလား..

ဘယ်လိုလုပ် အစောကြီး ပြန်ရောက်လာတာတုန်း"

"ငါတို့ ဘဝရဲ့ ငြိမ်းချမ်းမှုက သေသွားပြီ...မရှိတော့ဘူး..ငါတော့ သေချင်တာပဲ"

"..."

ထိုလူများပြောနေကြသည်များကို ကြည့်ကာ ဝေ့ဆိုဟုန် ပို၍နားမလည်နိုင် ဖြစ်သွားလေတော့သည်။ ဟွာဆန်းတွင် ဖြစ်နေသောအရာများအားလုံးနီးပါးကိုပင် နားမလည်တော့ပေ။

ဘာတွေ ဖြစ်နေကြတာလဲဟ...

အမြင်အားဖြင့် ဆိုရလျှင်မူ ချွန်းမြောင်သည် ဟွာဆန်း၏ အငယ်ဆုံးတပည့်ပင် ဖြစ်ပေလိမ့်မည်။ ချွန်းမြောင်၏ ဆရာတူအကိုကြီးများမဆိုထားနှင့် ဒုတိယတန်းတပည့်များကမူ ချွန်းမြောင်အား မျက်နှာချင်းဆိုင်ရဲကြပုံ မပေါ်ပေ။

ငါကြားဖူးတာကတော့ အကြီးတန်းနဲ့ အငယ်တန်းတွေရဲ့ ဆက်ဆံရေးက ဒီလိုမဟုတ်ဘူးလားလို့ပါ...

ဝေ့ဆိုဟုန်သည် ဟိုဟိုဒီဒီကို လျောက်ကြည့်ရင်းမှ ယွန်းဂျွန်ကို တွေ့ရလေသည်။

"အာ..ဂိုဏ်းသား ယွန်းဂျွန်ပဲ"

"ဪ"

ယွန်းဂျွန်ကလည်း ဝေ့ဆိုဟုန်က သူ့အားကြည့်နေသည်ကို မြင်သည်မို့ မေးဆတ်ကာ ပြလိုက်လေသည်။

"ကျွန်တော် မြင်နေရတာတွေကို ကျွန်တော် နားမလည်နိုင်တော့ဘူး"

ယွန်းဂျွန်က ဝေ့ဆိုဟုန်ကို ခဏမျှကြည့်ကာ ပြောလိုက်လေသည်။

"နားလည်အောင် တကူးတကကြီး ကြိုးစားမနေပါနဲ့ ...ဂိုဏ်းသားဝေ့"

"ဘယ်လို"

"သိပ်မကြာခင်မှာ မင်းနားမလည်ချင်ရင်တောင် နားလည်လာပါလိမ့်မယ်"

"..."

ဝေ့ဆိုဟုန်၏ ရင်ထဲတွင် ထိုစကားကြောင့် အောင့်သက်သက်ခံစားချက်ကြီး ဖြစ်သွားရလေတော့သည်။

နောက်တစ်နေ့ မနက်တွင်ဖြစ်သည်။

ဝေ့ဆိုဟုန်သည် အတူထွက်ခွာကြမည့်သူများကို ဂိုဏ်းချုပ်၏အဆောင်ရှေ့မှ စောင့်နေလေ၏။ သူ၏ဘေးတွင်မူ ယွန်းဂျွန်နှင့် ဂျိုဂုက ရှိလေနေပြီး အသီးသီး ပစ္စည်းများကို သယ်ဆောင်ထားကြလေသည်။

"သူ သိပ်မကြာခင် ရောက်လာမှာပါ"

"ဟော..သူလာပါပြီဗျာ"

ဝေ့ဆိုဟုန်က တခြားသူများ ပြသည့်ဘက်သို့ လိုက်ကာကြည့်လိုက်လေသည်။

"ဟာ..."

မရည်ရွယ်ပါဘဲ နှုတ်မှပင် အသံထွက်သွားမိလေသည်။ အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့်အမျိုးသားတစ်ယောက်က သူတို့နားသို့ လျောက်လာနေလေသည်။ ထိုသူသည်က ရာဇဝင်များထဲမှ သူရဲကောင်းတစ်ယောက်လိုပင်။

အံဩစရာ ကောင်းလိုက်တာကွာ...

မျက်စိရှေ့တွင် မြင်နေရသောသူကို မည်သို့ တင်စားရမည်မှန်းပင်မသိလောက်အောင်ပင်။ တခြားမည်သည့် အမျိုးသားများနှင့်မှ မတူသောခံစားချက်မျိုးကို ပေးနိုင်လေသည်။

ယွန်းဂျွန်က ထိုအမျိုးသားအား ဦးညွှတ်ကာ နှုတ်ဆက်လိုက်လေသည်။

"ဘတ်ချုန်း နည်းပြ...ကောင်းကောင်း အနားယူခဲ့ရပါသလား"

ဘတ်ချုန်း..ဒါဆိုသူက

ဟွာဆန်းရဲ့ ဟွားတရားမျှတမှု ဓါးသိုင်းပိုင်ရှင် ...ဘတ်ချုန်းပေါ့...

ဟွာဆန်း၏ တက်သစ်စနဂါးက ဂိုဏ်း၏ အံဩဖွယ်ရာအကောင်းဆုံးဆိုလျှင် 'ဟွားတရားမျှတမှုဓါးသိုင်း' ပိုင်ရှင်က အကျော်ကြားဆုံးပင် ဖြစ်လိမ့်မည် ။

မရေမတွက်နိုင်သောသူတို့ကို သူခိုးဓါးပြများဘေးအန္တာရယ်မှ နောက်လိုက်နောက်ပါများနှင့်အတူ ကာကွယ်ပေးတတ်သည့် သူအကြောင်းကိုက လူတိုင်း နှုတ်ဖျားတွင် ပြောနေကြသည် မဟုတ်ပါလား..။

ထိုလူက 'ဟွားတရားမျှတမှု ဓါးသိုင်း' ပိုင်ရှင် ဘတ်ချုန်းပင်။

သူကယ်ခဲ့တဲ့သူတွေအားလုံးက မျက်စိပဒါသဖြစ်စရာလေးလို့ မပြောကြဘူးလား မသိဘူး..

သူက တကယ့်ကို သူရဲကောင်းဆန်တာပဲ...

ဘတ်ချုန်းက သူတို့နားသို့ ရောက်လာသည်နှင့် နူးညံ့သောအပြုံးလေးပြုံးကာ ပြောလာလေသည်။

"မင်းသာ ငါ့နေရာမှာဆို ကောင်းကောင်းနားရမယ်လို့ ထင်လား"

"..."

ဘတ်ချုန်း၏ မျက်နှာက ရုတ်တရက်ဆူပုတ်သွားလေသည်။

"ချီး... သူပြန်လာတယ်ဆိုတာကြီးက တကယ့်ကို ကြောက်စရာပဲ...ပြီးတော့ သူနဲ့အတူပါ ခရီးကထွက်ရဦးမယ်..

ငါ ဘာတွေများလုပ်ခဲ့မိလို့ ဒီလိုဝဋ်ကြွေးတွေ ဆပ်နေရတာလဲ"

"ဘယ်လိုပဲပြောပြော နည်းပြကမှ မကျေနပ်တာကို ထုတ်ပြလို့ ရပါသေးတယ်...ကျွန်တော်တို့ဆို ညည်းလို့တောင် မရဘူး"

"အင်း..အဲ့တာ့လည်း ဟုတ်ပါတယ်"

ဘတ်ချုန်းက ခေါင်းကိုကုတ်ကာပြောလာ၏။

"ဂိုဏ်းချုပ်တောင် မသိကျေးကျွန် ပြုနေရသေးတာကို"

"အဲ့တာတော့ အမှန်ပဲ"

သုံးယောက်သားက အတူသက်ပြင်းချလိုက်ကြလေသည်။

"အဟမ်း..ကျွန်တော်က..အာ...အိုး...ဘုရား..ဘုရား"

ဝေ့ဆိုဟုန်က သူ့ကိုယ်သူ မိတ်ဆက်ရန်ပြင်လိုက်လေပြီး မိတ်ဆက်နေစဉ်မှာပင် ဘတ်ချုန်း၏ နောက်ကွယ်မှ ထွက်လာသောသူကြောင့် ခဏတာမျှ သတိလွှတ်သွားလေတော့သည်။

ဘယ်အချိန်ကတည်းက သူက ရောက်နေတာလဲ..

ဘတ်ချုန်းလာနေသည်ကိုပင် မြင်လိုက်လေပြီး သူမ မည်သည့်အချိန်က ရောက်လာသည်ကိုပင် မသိလိုက်ချေ။ ထို့အပြင် သူမအား မြင်လိုက်သည့်အချိန်တွင် ဣန္ဒြေမဆယ်နိုင် ဖြစ်သွားသူက ဝေ့ဆိုဟုန်တစ်ယောက်သာရှိလေပြီး အခြားသူများကမူ ဘာသိဘာသာပင်။

အမျိုးသမီးလားဟ...

ထိုအမျိုးသမီးအား သေချာမြင်လိုက်သည့်အချိန်တွင်မူ ဝေ့ဆိုဟုန် အောက်မေးများပင် ပြုတ်ကျသွားလေတော့သည်။

လှလိုက်တာ...

ဝေ့ဆိုဟုန်ဘဝတွင် ဤမျှလှပသော အမျိုးသမီးကို မမြင်ဖူးခဲ့ပေ။ အမျိုးသမီး၏ အမူအရာက အေးစက်ကာနေသည်မို့ သူမ၏အလှတို့က မထင်လင်းဟု ထင်ရသော်လည်း ထိုအေးစက်စက်မျက်နှာထားနှင့်ပင် အတော်လှနေလေပြီ ဖြစ်သည်။ ဆွဲဆောင်မှုရှိလှသည်ဟု ဆိုရမည်လားပင်။

"ဆရာတူညီမလေး ယု...မင်း ပစ္စည်းတွေ ပါလာပြီလား"

"ဟုတ်...အကိုကြီး"

"ဆရာတူညီမလေး ဒီခရီးကို လိုက်ခဲ့ဖို့မလိုပါဘူး"

"လိုက်မယ်လို့ ပြောထားပြီးသားပါ"

"ကောင်းပါပြီ"

ဘတ်ချုန်းက ဆက်ကာဖြောင့်ဖျချင်သေးသော်လည်း မရမည်ကိုသာ သိသည်မို့ ခေါင်းသာငြိမ့်လိုက်ပြီး ဆက်မပြောတော့ပေ။

ဘေးမှကြည့်နေသော ဝေ့ဆိုဟုန်ကမူ ထိုအဖြစ်အပျက်ကိုကြည့်ကာ ကောက်ချက်ချလိုက်လေသည်။

ဂိုဏ်းမှာ လူတွေကသာ အများကြီးရှိနေတာ ..တစ်ယောက်မှ ပုံမှန်မဟုတ်ကြဘူးပဲ...

လူတိုင်းက တစ်မျိုးစီတော့ ထူးခြားနေကြတယ်.....

အားလုံးက ထူးခြားနေကြသည်ကို ကြည့်ကာ ဝေ့ဆိုဟုန် အားလုံးနှင့်အတူ ခရီးသွားရမည့်အရေးကိုတွေးကာ ရင်လေးသွားလေသည်။

"ဟာ..အကုန်လုံးက စောလှချည်လား...မစောလွန်းကြဘူးလား"

ချွန်းမြောင်က ရောက်လာလေပြီး လူအုပ်ကြီးကို လက်ယမ်းပြကာ နှုတ်ဆက်လိုက်သည်နှင့် အားလုံးက ဆူပုတ်ကုန်ကြလေတော့သည်။ ယုရီဆိုးကမူ ပုံမှန်ပင်။

အဲ့တာများ နည်းနည်းလောက်ထပ်အိပ်နေလိုက်ဦးလေ..ဘာလို့ ထလာလဲ...

ဝီရိယကို မရှိတဲ့ကောင်...

ချွန်းမြောင်က စုဝေးနေသောလူများကို ကြည့်ကာ ခေါင်းတငြိမ့်ငြိမ့်လုပ်လိုက်ပြီး မေးလိုက်လေသည်။

"နည်းပြ ရောလား"

ဘတ်ချုန်းက ဆူပုတ်ပုတ်မျက်နှာနှင့်သာ ဖြေလေသည်။

"အဲ့လိုပဲ ဖြစ်သွားတယ်"

"ဟုတ်ပါပြီ...နည်းပြက အဆင်ပြေပါတယ်"

ချွန်းမြောင်က တစ်နေရာတွင်မူ မျက်မှောင်ကြုတ်သွားလေသည်။

"ဆရာတူအမကြီး ရောလား"

"ဟုတ်တယ်"

"တကယ်ကြီးလေ"

"ဟုတ်တယ်"

"..."

ချွန်းမြောင်က ဆက်ကာပြောချင်သေးသော်လည်း တံခါးက ပွင့်လာပြီး ဟွမ်းဂျွန်က ဝင်လာသည်မို့ စကားစက ပြတ်သွားလေသည်။

"အားလုံးစုကြပြီလား"

"ဟုတ်ကဲ့"

ဟွမ်းဂျွန်က ထွက်လာကာ ဝေ့ဆိုဟုန်၏ လက်ကိုကိုင်လိုက်လေသည်။

"ဂိုဏ်းသားဝေ့"

"ဟုတ်ကဲ့ပါ..ဂိုဏ်းချုပ်"

"မင်းမှာ စိုးရိမ်စရာတွေ များနေတာကို ငါနားလည်ပါတယ်... ဒါပေမယ့် ဒီကလေးတွေက ယုံကြည်လို့ ရပါတယ်...သူတို့က မင်းတို့ကို ကောင်းကောင်းကြီး ကူညီနိုင်မှာပါ"

"ကျေးဇူးတင်ပါတယ်..ဂိုဏ်းချုပ်"

ဟွာယုန်းဂိတ်တံခါးအနေနှင့် ဟွာဆန်းက ထိုမျှကူညီပေးလိုက်မည်ဟု မထင်ထားသောကြောင့် ဟွမ်းဂျွန်၏ နွေးထွေးမှုအား ရင်ထဲထိကာ ငိုချင်သွားလေသည်။

"အာ...ပြီးတော့ ဘတ်ချုန်း"

"ဟုတ်ကဲ့.."

"ကလေးတွေကို ကောင်းကောင်းဦးဆောင်ပါ...ငါ မင်းကို ယုံကြည်တယ်"

"ဟုတ်ကဲ့ပါ"

"ရီဆိုး..ယွန်းဂျွန်.. ဂျိုဂု..မင်းတို့ ဘတ်ချုန်းကို ကောင်းကောင်းကူညီကြ"

"စိတ်ချပါ ဂိုဏ်းချုပ်"

"ကောင်းပြီ"

နောက်ဆုံးတွင်မူ ဟွမ်းဂျွန်က ချွန်းမြောင်ဘက်သို့ လှည့်လာလေသည်။

"ချွန်းမြောင်.."

"ဟုတ်ကဲ့"

"ပြဿနာ မရှာခဲ့နဲ့နော်"

"ပြဿနာဆိုတာကို တစ်ယောက်နဲ့တစ်ယောက် ခံယူပုံခြင်း မတူကြပါဘူး...ဂိုဏ်းချုပ်"

"ကျေးဇူးပြုပြီးတော့.."

"ဟုတ်ကဲ့ပါ...ပြဿနာမရှာခဲ့ပါဘူး"

ဤသို့နှင့် ဘတ်ချုန်းနှင့်ကလေးတသိုက်က ဟွာယုန်းဂိတ်သို့ ခရီးနှင်ကြလေတော့သည်။

အပိုင်း (၁၂၂)

ဟွာဆန်းကို ထိရင်ဘာဖြစ်သွားမယ်ဆိုတာ ငါပြပေးမယ်(၂)

ဟွမ်းဂျွန်က ဟွာဆန်းတံခါးကို ဖြတ်ကာ ထွက်သွားကြသောကလေးများကို မျက်စိတဆုံးလိုက်မျှော်ကာ ကြည့်နေလေပြီး မျက်ဝန်းတွင်လည်း စိတ်မချသည့်အရိပ်အယောင်များက အပြည့်ပင်။

"သူတို့ အဆင်ပြေကြပါ့မလား"

"အဆင်မပြေမှာဆိုးလို့ပဲ သူနဲ့အတူတူ ဘတ်ချုန်းနဲ့ ယွန်းဂျွန်ကို ထည့်ပေးလိုက်တာ မဟုတ်ဘူးလား"

"မဟုတ်လည်း တခြားသူထည့်ပေးစရာရှိလို့လား"

"အခြားသူထည့်ပေးစရာလည်း မရှိပါဘူး..ဂိုဏ်းချုပ်"

ဟွမ်းဂျွန်က ယုအန်းအား လှည့်ကြည့်လာလေပြီး ယုအန်းကမူ ဟွမ်းဂျွန်နှင့် မျက်ဆုံးချင်းမဆုံရရန်အတွက် အေးအေးလူလူပင် မျက်နှာကို လှည့်သွားလေသည်။

"မင်း သူတို့ကို လိုက်ပြီးတော့ မစောင့်ကြည့်ချင်ဘူးလား"

"အဲ့လိုလုပ်လို့ မဖြစ်ဘူး...တကယ်လို့ တစ်ခုခုမှားသွားခဲ့ရင် ပြဿနာတွေက ရှင်းလို့မရအောင် ရှုပ်ထွေးသွားလိမ့်မယ်"

"ဒါပေမယ့် သူတို့ကို လွတ်ထားလိုက်တာက ပိုပြီးတော့ မဆိုးသွားလောက်ဘူးလား"

ယုအန်း မည်သို့ ပြန်ဖြေရမည် မသိတော့ပေ။

ရိုးရိုးသားသားပြောရမည်ဆိုလျှင်မူ ချွန်းမြောင်ပါ လိုက်သွားလေသည်မို့ အကြီးအကဲစိုးရိမ်နေသည်က ထူးဆန်းသည်တော့ မဟုတ်ပေ။

"ငါတော့ တော်တော်လေးကို စိုးရိမ်နေတယ်"

ဟွမ်းဂျွန်က ပြောလည်းပြောကာ သက်ပြင်းရှည်ကြီးလည်း ချလိုက်လေသည်။

ဘေးမှကြည့်နေသော ဟွမ်းဆန်းကမူ ဟွမ်းဂျွန်ကိုကြည့်ကာ ရယ်ချင်လာသည်မို့ ပြုံးစိစပ်ဖြဲကြီး ဖြစ်နေလေတော့သည်။

"ဆရာတူညီလေးကြည့်ရတာ ဒီကိစ္စကို ရယ်စရာလို့ ထင်နေတဲ့ပုံပဲ"

"ကျွန်တော် တောင်းပန်ပါတယ်..ဂိုဏ်းချုပ်... ဘယ်လိုမှ မရယ်ဘဲ မနေနိုင်လို့ပါ"

"ဘာက ရယ်ရတာလဲ...ပြောပြပါဦး"

ဟွမ်းဆန်းက ပြုံးကာ ပြောလာလေသည်။

"လွန်ခဲ့တဲ့ နှစ်နှစ်ကျော်တုန်းကလည်း ကျွန်တော်တို့ ကလေးတွေ တောင်ဘက်အစွန်အဖျားဂိုဏ်းကို ရှုံးပြီး သိက္ခာကျမှာ ကြောက်ခဲ့ကြတယ်...အခုကျ ကျွန်တော်တို့ဂိုဏ်းက ကလေးတွေက ဝူတန်ဂိုဏ်းက ကလေးတွေကို မတရားဒဏ်ရာရအောင် လုပ်လိုက်မှာကို ကြောက်နေရပြန်တယ်"

"..."

ဟုတ်ပေသည်။

ဟွမ်းဆန်းပြောသည်က မှားတော့မမှားပေ။ အပြင်လူများအနေနှင့် ဟွာဆန်းဂိုဏ်းက ကံကောင်းထောက်မကာ တောင်ဘက်အစွန်အဖျားဂိုဏ်းအား တစ်ကြိမ်လေးနိုင်ဖူးသည်ကိုပင် အကျယ်ချဲ့ကာ ဝူတန်ဂိုဏ်းကို ရိုက်ချနိုင်မည်ဟု အထင်မှားနေသည်ဟု ထင်ကောင်းထင်ကြလိမ့်မည်။ သို့သော် လွန်ခဲ့သောနှစ်နှစ်မှပင် ပြောင်းလဲလာသော ဒုတိယတန်းနှင့် တတိယတန်းတပည့်များ၏ လေ့ကျင့်ရေးများကိုကြည့်ကာ ဟွမ်းဂျွန်ကမူ စိုးရိမ်နေမိလေသည်။ သူတို့ကလေးများ၏ အခြေအနေသည် အရိုက်ခံရမည့်အနေအထား မဟုတ်တော့ပေ။ ရိုက်မည့်သူများ ဖြစ်နေကြပြီ ဖြစ်လေသည်။

"သူတို့ကို ယုံကြည်ပြီး စောင့်လိုက်ပါဦး...သူတို့တွေက မစဉ်းစားမဆင်ခြင်တတ်တဲ့ ကလေးတွေလည်း မဟုတ်ပါဘူး...ဟွာဆန်းရဲ့ ကျော်ကြားမှုကို အရောင်တင်ပေးပြီး ပြန်လာကြမယ့်ကလေးတွေပါ"

"ကျော်ကြားမှုကလည်း တစ်ခါတစ်လေမှာတော့ ဆိုးညစ်မှုနဲ့ ဒွန့်တွဲနေတာပဲ"

"တကယ်ကြီးလား"

"အရှက်ရတာကလည်း ကျော်ကြားတာနဲ့ အလွှာပါးပါးလေးပဲ ခြားထားတာ"

".."

ဟွမ်းဂျွန်က ပို၍ပို၍ ဝေးသွားကာ မြင်ပင်မမြင်ရတော့သော သူ၏ကလေးများကို ကြည့်ကာ သက်ပြင်းရှည်ကြီး ချလိုက်လေသည်။

"သူတို့တွေ အန္တာရယ်ကင်းကင်းနဲ့ ပြန်လာဖို့ မျှော်လင့်တာပဲ"

ဤသည်ကိုတော့ ဟွမ်းဆန်းက ကလေးများ သေချာပေါက်အန္တာရယ်ကင်းမည်ဟုတော့ မပြောနိုင်တော့ပေ။

ဝေ့ဆိုဟုန်၏ အမြင်အရမူ ယခုလူအုပ်နှင့်ပင် အဆင်ပြေလေသည်။

လူငယ်တွေကြီးပင်မို့ စိတ်ရှိတိုင်းခရီးရောက်မည်က သေချာလေပြီး နှောင်နှေးနောက်ဆံတင်းရန်လည်း မရှိပေ။ခြေလျင်သွားရန်ကလည်း မလွယ်သည်မို့ စီစဉ်ပေးထားသည့်အတိုင်းသာ လိုက်လာခဲ့ကြလေသည်။

ဝေ့ဆိုဟုန် ခြေလျင်ခရီးနှင်ပြီး ဟွာဆန်းသို့ရောက်သည်ကပင် တစ်ရက်ကောင်းကောင်းမပြည့်သေးသည်မို့ ခြေလျင်ခရီးဆက်နိုင်သော အနေအထား မရှိပေ ။ ထို့အပြင် ခြေလျင်ခရီးဆက်လျှင်လည်း ခရီးမပန်းသည့်အနေအထားမှာပင် ဤလူများကို အမှီမလိုက်နိုင်သည်က သေချာလေသည်။ သူ့အားလည်း ကျောပိုးသွားမည့်သူမပါသည်ကလည်း အမှန်ပေမို့ ယခုကဲ့သို့ ဟွာဆန်းမှ စီစဉ်ပေးလိုက်သည်ကိုပင် ကျေးဇူးတင်နေလေသည်။

ဟွာဆန်းမှ သူတို့အား မြင်းနှစ်ကောင်တပ် လှည်းရထားတစ်လုံးကို ပေးလိုက်လေသည်မို့ အဆင်ပြေနေလေသည်။ ရိက္ခာကိုလည်း အပြည့်ထည့်ပေးလိုက်သည်မို့ ကျန်သည့်ကိစ္စအဝဝကို ချွန်းမြောင်အား ယုံကြည်လိုက်ရန် ဝေ့ဆိုဟုန် တွေးထားလိုက်လေသည်။သို့သော် ရိက္ခာများကို လှည်းပေါ်သို့ တင်ပြီး ထွက်လာခဲ့မှပင် ရေဘူးထဲတွင်ပါသောအရာများက ရေများမဟုတ်သည်ကို သိလိုက်ရလေသည်။ အသိနောက်ကျသွားလေပြီ ဖြစ်သည်။ ထိုသို့ အသိနောက်ကျသွားသည့်ကျေးဇူးကြောင့်ပင် ....

"ဂွတ်...ဂွတ်"

ချွန်းမြောင်က လှည်းပေါ်တွင် အိပ်ကာလိုက်ပါလာရင်း သေရည်ဘူးကို မော့နေလေသည်။

"..."

ဝေ့ဆိုဟုန်က ထိုမနာလိုဖွယ်ရာမြင်ကွင်းကို မျက်စောင်းထိုးကာ ဘတ်ချုန်းဘက်သို့ လှည့်လိုက်လေသည်။

"ဒီဂိုဏ်းသားက သေရည်သောက်နေတယ်..."

"ဟွာဆန်းဂိုဏ်းမှာ သေရည်သောက်တာကို မတားမြစ်ထားဘူး"

ဘတ်ချုန်း၏ စကားကြောင့် ဝေ့ဆိုဟုန်ပို၍ မျက်နှာပုတ်သွားရလေသည်။ မည်သို့ပင် စည်းကမ်းမချမှတ်ထားစေကာမူ မိမိ၏နည်းပြများရှေ့တွင်တော့ သေရည်သောက်နေခြင်းက မသင့်တော်သောအရာပင် မဟုတ်ပါပေပြီလား...အားလုံး၏ရှေ့တွင် ထိုသို့လှဲကာ သောက်ပြနေခြင်းက ပို၍ပင် မသင့်တော်သည် မဟုတ်ပါလား...

နေပါဦး...ပြီးတော့ ဒါကလည်း ဘာတုန်း..

ချွန်းမြောင် လှဲလျောင်းနေသည့်ဘေးတွင် ထိုင်နေသော ယုရီဆိုးကမူ အမဲသားခြောက်များကို ချွန်းမြောင်အား ခွံ့ပေးနေလေသည်။ ထိုခွံပေးနေသော အသားခြောက်များကို မျိုးမစစ်လေးက အခန့်သားစားကာ သေရည်နှင့်မြည်းနေလေသည်။

"..."

အတော်ပင် မျက်စိစပါးမွှေးစူးဖွယ်ရာ မြင်ကွင်းပင်။ နည်းပြနှင့် တပည့်ကြားမှ ကြည်နူးဖွယ်ရာ မြင်ကွင်းဟု တွေးပေးရန်ကလည်း ခွံ့ပေးနေသူက ယုရီဆိုးဖြစ်နေပြီး ခွံ့နေသည့်အရာများကလည်း အသားခြောက်များဖြစ်နေ၍ ထိုသို့မြင်ကာ ခွင့်လွှတ်ပေးရန်ကလည်း မဖြစ်နိုင်ပေ။ ဝေ့ဆိုဟုန်၏ အမြင်အရမူ သခင်မှ သူ၏ခွေးလေးအား အသားကျွေးနေသည့်အလားပင်။ ဟုတ်သည်။ ဤသို့သာ မြင်နိုင်လေသည်။ လူတစ်ယောက်က ဂရုစိုက်ပေးမှ ရှင်သန်နိုင်မည့်အကောင်ဖြစ်၍ ထိုသို့ ယုရီဆိုးက ယုယနေသည်ဟုသာ သဘောထားလိုက်လေ၏။

ချွန်းမြောင်ကလည်း ဤသည်ကို စိတ်အေးလက်အေးနှင့်ပင် စားနေသည်က ပို၍ပို၍ပင် မျက်စိစူးနေရလေသည်။

ဝေ့ဆိုဟုန်က ထိုမြင်ကွင်းအား မျက်မှောင်ကြီးကြုတ်ကာ ကြည့်နေလေသည်က ဘတ်ချုန်းက သူ့အားခေါ်ကာမှ သတိဝင်လာလေတော့သည်။

"ဂိုဏ်းသားဝေ့"

"အာ...ဟုတ်ကဲ့"

"ဒါကို အဲ့လောက်ကြီး အာရုံထားမနေပါနဲ့...ဒါက မင်း မြင်ရုံပဲ မြင်နေရလို့ပါ...မင်းမြင်နေရတာအကုန်လုံးက မြင်နေရသလို မဟုတ်ပါဘူး"

ဝေ့ဆိုဟုန်က ယုရီဆိုးကို မျက်စောင်းထိုးကာ တချက်ကြည့်လိုက်လေသည်။

ဤအမျိုးသမီး ဘာလုပ်နေသည်ကိုပင် သူနားမလည်ပေ။

"ဟုတ်ပြီလား"

"..."

အားလုံးက နန်ယောင်တွင် ကူညီရန်ဟူသောရည်ရွယ်ချက်နှင့် အသီးသီးထွက်လာကြပြီးဖြစ်သော်လည်း အမှန်ပင် အကူအညီဖြစ်ပါ့မလားဟု တွေးပူလာပြီ ဖြစ်လေသည်။

ယွန်းဂျွန်နှင့် ဂျိုဂုကမူ မြင်းလှည်းရှေ့တွင်ထိုင်ကာ မြင်းဇက်ကြိုးထိန်းရင်း ပါလာကြလေသည်။

သူတို့ရဲ့မြင်းတွေက ကြည့်ရတာတော့ အဖိုးတန်မယ့်ပုံပဲ..

မြင်းမျိုးကောင်းများဖြစ်လေသည်မို့ လှည်းကလည်း အလွန်ပင် လျင်လျင်မြန်မြန်သွားနေလေပြီး လှည်းအနေအထားကလည်း ကောင်းလှပေသည်။ ဝေ့ဆိုဟုန် လှည်းထိန်းလျှင်ပင် ထိုမျှမြန်မြန်သွားလိမ့်မည် မထင်ပေ။ အထုတ်အပိုးများနှင့်ဆိုလျှင်မူ ခရီးတစ်ထောက်နားနေရမည်ဖြစ်ပြီး ယခုတွင်မူ နားရန်လည်းမလိုသည်မို့ နှောင့်နှေးခြင်းလည်း မရှိတော့ပေ။

သို့သော် ....

ဂလု...

"အား ဘဝကြီးက ကောင်းလိုက်တာကွာ"

ဝေ့ဆိုဟုန်က ချွန်းမြောင် သေရည်မြိုချလိုက်သည်ကိုကြည့်ပြီး သူပါ တွံတွေးမြိုချမိလေသည်။ ဝေ့ဆိုဟုန်က ထိုသို့မည်သူ့ကိုမှ အရေးမလုပ်ဘဲ စားသောက်နေသောသူမျိုးကို တစ်ကြိမ်မျှပင် မမြင်ဖူးချေ။ဤသို့သောအခြေအနေတွင်မူ ပို၍ပင်ဆိုးဝါးလေသည်။ ချွန်းမြောင်အား အမြင်ကပ်စွာကြည့်နေရင်းမှပင် ရင်တွင်းတွင် အမည်မသိခံစားချက်တို့ ထိုးတက်လာလေသည်။ အားကျစိတ်ဟု ဆိုရမလားပင်။

"ဂိုဏ်းသားဝေ့"

"ဟုတ်..ပြောပါ.....ဂိုဏ်းသားဘတ်ချုန်း"

"ဟွာယုန်းက ဘယ်လိုနေရာမျိုးလဲ"

ဝေ့ဆိုဟုန် မည်သို့ဖြေရမည်ကိုမသိဖြစ်နေစဉ်မှာပင် ဘတ်ချုန်းက ဆက်ကာပြောလာလေသည်။

"ကျွန်တော်က ဒီတိုင်းမေးလိုက်တာ မဟုတ်ပါဘူး... ကိစ္စရဲ့အသေးစိတ်ကိုလည်း မသိလိုက်ရဘဲ ရုတ်တရက်ဆိုသလို လိုက်လာခဲ့ရတော့ သိချင်တာလေးတွေ ရှိနေသေးလို့ပါ...ဟွာယုန်းက ဟွာဆန်းရဲ့ ဂိုဏ်းခွဲလေးဆိုတာကိုတော့ သိထားပါတယ်... ဒါပေမယ့် ကျွန်တော်ပိုပြီး သတိထားစရာတွေများ ရှိနေမလားလို့ပါ.. အစစအရာရာ သတိထားလို့ရအောင် မေးကြည့်ထားတာပါ"

"အာ ..အဲ့လို မဟုတ်ပါဘူး..မေးလို့ရပါတယ်...ကျွန်တော် ဘယ်လိုဖြေရမလဲဆိုတာ စဉ်းစားနေလို့ပါ..."

ဝေ့ဆိုဟုန်က ခေါင်းနောက်ကိုကုတ်ကာ ရှက်ရယ်ရယ်ရင်း ပြောလာလေသည်။

"ဟွာယုန်းနဲ့ ပတ်သက်ပြီးတော့ကာ ထူးထူးခြားခြားမရှိပါဘူး...ဒီတိုင်းပါပဲ"

"တော်တော်လေးကို ပြည့်စုံသွားတာပဲ"

ဘတ်ချုန်းက ဆက်ကာပြောလေသည်။

"ဟွာဆန်းဆိုတဲ့ နာမည်ကလည်း ဘာထွေထွေထူးထူး အဓိပ္ပါယ်မှ မရှိပါဘူး..ဒါပေမယ့် မင်းတို့ က ဟွာဆန်းဘာမှမဖြစ်လာခင်ကတည်းက ဟွာဆန်းရဲ့ ဂိုဏ်းခွဲအဖြစ် ဂုဏ်ယူစွာနဲ့ လက်ခံကြေငြာခဲ့တယ်...

ငါတို့ လောကကြီးတစ်ခုလုံးကို မြေလှန်ရှာရင်တောင် မင်းတို့ဟွာယုန်းဂိတ်တံခါး လို နေရာမျိုးထပ်ပြီး တွေ့နိုင်မှာ မဟုတ်တော့ပါဘူး"

ထိုစကားကြောင့် လဲလျောင်းနေသော ချွန်းမြောင်ကမူ ဝေ့ဆိုဟုန်ကို ကြည့်လိုက်လေသည်။

"ကျွန်တော်ကတော့ အဲ့လိုဖြစ်တဲ့အတွက် အထူးတလည်မခံစားခဲ့ရပေမယ့် အဖေကတော့ ဟွာဆန်းရဲ့ ဂိုဏ်းသားဖြစ်ရတာကို တအားကိုဂုဏ်ယူနေခဲ့တာ"

ဝေ့ဆိုဟုန်၏မျက်နှာက သူ့အဖေအကြောင်းကို ပြောလိုက်သည်နှင့် မျက်နှာမကောင်းတော့ပေ။

သူအများကြီးကို ခံစားခဲ့ရတဲ့ပုံပဲ...

ချွန်းမြောင် ဝေ့ဆိုဟုန်၏ စကားများကို အာရုံစိုက်ကာ နားထောင်နေလေသည်။

ဝေ့ဆိုဟုန်အနေနှင့်မူ ဟွာဆန်းကဲ့သို့ ပျက်သုန်းနေသောဂိုဏ်း၏ ဂိုဏ်းခွဲအဖြစ်နေရခြင်းကို ရပ်တန့်လိုက်ရန် အမြဲပင်စဉ်းစားခဲ့သော်လည်း သူ၏ဖခင်ကမူ ထိုသို့မဟုတ်ပေ။ သူသည်သာမက မည်သူကမှလည်း ဟွာဆန်း၏ လက်အောက်ခံဂိုဏ်းအဖြစ် မနေလိုကြတော့ပေ။ ပျက်သုန်းနေသောဂိုဏ်း၏ သိုင်းပညာကိုသင်ယူ၍ မည်သို့သောအကျိုးရှိလာမည်နည်းဟုသာ မေးခွန်းထုတ်ကာ အခြားအောင်မြင်သောဂိုဏ်းတစ်ဂိုဏ်းကိုသာ ပြောင်းလဲရွေးချယ်ရန် တိုက်တွန်းခဲ့ကြလေသည်။

"အဖေက တောင်ဘက်အစွန်အဖျားဂိုဏ်းနဲ့ ဟွာဆန်းဂိုဏ်းတို့ရဲ့ နောက်ဆုံးညီလာခံအကြောင်းကို ကြားတုန်းကဆို ဘယ်လိုပျော်သလဲ မမေးနဲ့...အဲ့အကြောင်းကို နားထောင်ရတာကို သူ့မှာရိုးသွားတယ် မရှိဘူး...

သူက ဘယ်တုန်းကမှ မသောက်တတ်တာတောင်မှ သေရည်နှစ်လုံးသောက်ပြီး ဟွာဆန်းရဲ့ အောင်ပွဲအကြောင်းကို မမောမပန်း ထိုင်ပြောနေတော့တာပဲ..."

"ဟင်"

ဘတ်ချုန်းက ခေါင်းငြိမ့်ပြကာ အသိအမှတ်ပြုလိုက်လေသည်။

"မင်းပြောချင်တာက မင်းအဖေက ဟွာဆန်းရဲ့ ဂိုဏ်းသားတွေအတွက် ဂုဏ်ယူပေးတယ်လို့ပြောလိုက်တာလား..."

"ဟုတ်ကဲ့..ပွင့်ပွင့်လင်းလင်းပြောရရင်တော့ ကျွန်တာ်ရဲ့ အဘိုးအဘေးတွေကလည်း ဟွာဆန်းဂိုဏ်းသားတွေပဲ...

အဖေကသာ ဂိုဏ်းသားမဖြစ်ခဲ့ရတာ...ပြီးတော့ အဖေ့ရဲ့ဘဝမှာ နောင်တအရဆုံးက ဟွာဆန်းဂိုဏ်းကို မဝင်ခဲ့ရတာပဲ"

"အဲ့တာနဲ့ အဖေက ဟွာယုန်းဂိတ်ကို ဟွာဆန်းဂိုဏ်းရဲ့ လက်အောက်ခံဂိုဏ်းအဖြစ် ထားနိုင်ခဲ့တာကိုပဲ သူက ဂုဏ်ယူမဆုံး ဖြစ်နေတာလေ...

ပြီးတော့ ကျွန်တော်ကလည်း ဘာမှ ထွေထွေထူးထူး လောဘရှိမနေတော့ ဒီတိုင်းလေးပဲ နေနေကြတာ...

အဲ့ဒီ လမ်းဆုံး ဆိုတဲ့ နေရာက မျိုးမစစ်ကောင်တွေသာ ပေါ်မလာခဲ့ရင်..."

"မင်း ပြောတာ ဂိတ်တံခါး ခေါင်းဆောင်က ရန်သူတွေနဲ့ တိုက်ခိုက်တာမှာ ရှုံးနိမ့်ခဲ့တယ်လို့ ပြောတယ်နော်"

"ဟုတ်ပါတယ်...ဒါပေမယ့် အဲ့တာက တော်တော်လေး ထူးဆန်းတယ်"

"ထူးဆန်းတာလား"

ဝေ့ဆိုဟုန်က ခေါင်းငြိမ့်ပြလေသည်။

"အဖေက လေ့ကျင့်ရေးကို ဘယ်တော့မှ အမေ့မခံဘူး...ပြောရမှာတော့ နည်းနည်းထူးဆန်းတယ်...

အဖေရဲ့ သိုင်းပညာနဲ့ဆို သင်တန်းသားငယ်လေးတွေကို မခုခံနိုင်စရာ အကြောင်းမှ မရှိတာကို"

ဟုတ်ပေသည်။ သိုင်းပညာဆိုသည်က ဓါးတစ်ကြောင်းကဲ့သို့ပင် ။သွေးလေလေ ထက်လေလေ.. လေ့ကျင့်လေ လေ ထက်မြက်လာလေလေဖြစ်ပြီး အချိန်ကြာလာသည်နှင့်အမျှ သိုင်းပညာအဆင့်က အားကောင်းလာရမည်ဖြစ်လေသည်။ သာမန်လူများကမူ အသက်ကြီးလေ အိုလာလေဖြစ်ပြီး သိုင်းပညာရှင်များကမူ အသက်ကြီးလေ ပညာများလာလေဖြစ်လေသည်။ သိုင်းပညာ၊ ချီစွမ်းအင် အရာအားလုံးက ငယ်စဉ်ကထက်ပင် ပို၍တိုးတက်လာလေ ဖြစ်လေ၏။

ယေဘုယျအားဖြင့်ဆိုလျှင်မူ ခေါင်းဆောင်အများစုသည် သန်မာ စွမ်းအားမြင့်မားကြသူများသာ ဖြစ်ကြလေသည်။

"လေ့ကျင့်ရေးခန်းမရဲ့ ခေါင်းဆောင်က တအားကို ငယ်သေးတာ...အဖေက ဘယ်လိုလုပ် အဲ့လောက်ငယ်သေးတဲ့ကလေးကို ရှုံးလဲဆိုတာ ကျွန်တော် နားတောင် မလည်နိုင်ဘူး"

"အင်း"

ဘတ်ချုန်းက ဝေ့ဆိုဟုန်၏စကားကို စဉ်းစားကာ မျက်မှောင်ကြုတ်မိသွားလေသည်။

ကြည်ရတာ ကြားထဲမှာ ဟာကွက်လေးတွေတော့ ရှိနေပြီထင်တယ်...

ဘတ်ချုန်းထင်ခဲ့သည်က ဂိုဏ်းနှစ်ဂိုဏ်းကြားမှ ပြဿနာဟုထင်ထားခဲ့သော်လည်း ယခုဝေ့ဆိုဟုန်၏ ပြောစကားများအရဆိုလျှင်မူ ဟုတ်ပုံမရပေ။ ထူးဆန်းသော တချို့အကြောင်းအရာများက ရှိနေလေသည်။

ထို့ကြောင့်ပင် ဂိုဏ်းချုပ်က သူ့အားခေါ်ကာ အကြံပေးလိုက်ပုံလည်း ရလေသည်။

ဝေ့ဆိုဟုန်သည် ပြောနေရင်းမှပင် ဘတ်ချုန်းအား တချက်ကြည့်ကာ ဆက်ပြောလာလေသည်။

"ပြီးတော့ ကျွန်တော် ခင်ဗျားတို့ကို တောင်းပန်သင့်ပါတယ်"

"ဘာအတွက်လဲ"

"အဖေက ဟွာဆန်းကို အကူအညီတောင်းဖို့ လွတ်လိုက်ပေမယ့် ကျွန်တော် ထင်ခဲ့တာက ဟွာဆန်းက ကူညီမှာမဟုတ်ဘူးလို့ပဲ ထင်ခဲ့တာပါ...."

"ဪ"

"ဝူတန်ဂိုဏ်းနဲ့ ဖက်ပြီး တိုက်ခိုက်ရဖို့ဆိုတာကလည်း လွယ်တာမဟုတ်တော့ ကျွန်တော် အဲ့လိုထင်ခဲ့မိတာပါ..

ဒါပေမယ့် ဟွာဆန်းက မထင်မှတ်ထားလောက်အောင်ပဲ ကျွန်တော်တို့ကို ကူညီပေးခဲ့တယ်"

ဝေ့ဆိုဟုန်က ပြောလက်စကို ခဏမျှရပ်လိုက်လေပြီး စကားလုံးရွေးချယ်နေပြန်လေသည်။

ဘတ်ချုန်းကမူ ဆက်ပြောလာမည့်စကားများကို စောင့်နေလေသည်။ ဝေ့ဆိုဟုန်ကမူ သူ၏ပါးစပ်ကိုကာလိုက်ပြီးမှ ဝမ်းနည်းနေသောအသံနှင့် ဆက်ကာပြောလာလေသည်။

"အခုတော့ အဖေက ဟွာဆန်းကို တအားသဘောကျရတဲ့အကြောင်းအရင်းကို ကျွန်တော် နားလည်သွားပြီ ထင်ပါတယ်...

ရလဒ်က ဘယ်လိုပဲဖြစ်လာပါစေ ကျွန်တော် ဘဝတစ်လျောက်လုံး ဟွာဆန်းရဲ့ကျေးဇူးကို ဆပ်ရင်း အသက်ရှင်သွားမှာပါ"

ဝေ့ဆိုဟုန်၏စကားက ရင်ကိုထိရှသွားစေလေသည်။

သို့သော် ကံမကောင်းစွာဖြင့်ပင် အသည်းနုသူတို့က လှည်းအတွင်းမပါသည်မို့ အားလုံးက တုံဏိဘာဝေပင်။

"ဘယ်လိုရလဒ်ပဲဖြစ်ဖြစ် ဟုတ်လား"

ချွန်းမြောင်က အသံကိုမြှင့်ကာ ခေါင်းထောင်လာသည်နှင့် ယုရီဆိုးက ခေါင်းကို ပြန်ကာ ဖိချလိုက်သည်မို့ ပြန်ကာ လဲလျောင်းသွားရလေသည်။ သို့သော် စကားပြောနေသည်ကမူ မရပ်ပေ။

"ဘယ်လိုရလဒ်ပဲဖြစ်ဖြစ် ဟုတ်လား... ရလဒ်က တစ်မျိုးပဲ ရှိတယ်..သူတို့ခေါင်းပေါ်မှာ တံတွေးထွေးပစ်မယ်"

"ဂိုဏ်းချုပ်က ငါတို့ကို အဲ့လိုမလုပ်ဖို့ ပြောလိုက်တယ်လေ"

"အဲ့လိုပြောလိုက်တာနဲ့ မလုပ်ဘဲ နေရမှာလား...သူလည်း အဲ့လိုလုပ်ချင်မှာပဲလေ...ဂိုဏ်းချုပ်မှာက နေရဖို့လည်း အချိန်က သိပ်ကျန်တော့တာ မဟုတ်ဘူး...ဆိုတော့ အဲ့ဒီမျိုးမစစ် ဝူတန်ကောင်တွေကို နောင်ကြဉ်သွားအောင် ဆုံးမလိုက်ပြီး စိတ်ချသွားလို့ ရကြောင်းပြရမှာ...အဲ့တာမှသာ ဂိုဏ်းချုပ်က သေခြင်းနဲ့ရှင်ခြင်းကြားထဲက မြစ်ကိုဖြတ်ကူးတဲ့အခါကျရင် စိတ်အေးအေးနဲ့ ကူးနိုင်မှာ...."

အမလေး ..လေးစားရတဲ့ ဂိုဏ်းချုပ်ကို မင်းက ဘယ်လိုတောင် ပြောနိုင်ရတာတုန်း....

ချွန်းမြောင်ပြောနေသည်များကို နားထောင်နေရင်းမှပင် တစ်ခုခုလွဲလာသကဲ့သို့ ခံစားရလေသည်။

"ပြီးတော့ ရိုးရိုးသားသား ပြောကြစမ်းပါ...အကိုကြီးတို့ရော အဲ့ဝူတန်ကောင်တွေကို ရိုက်နှက်ပစ်ချင်နေကြတာပဲမို့လား"

ဘယ်လို..

ဟ..သူက ဘယ်လိုသိတာလဲ...

"အခု ဒါက အခွင့်အရေးပဲလေ"

ချွန်းမြောင်၏ မျက်လုံးများကမူ တလက်လက်တောက်ပနေလေသည်။

"ကျွန်တော်က တတ်နိုင်သလောက် တိတ်တိတ်ဆိတ်ဆိတ် ငြိမ်ငြိမ်သက်သက်လေး နေချင်တဲ့သူပါ"

ငါတော့ မင်းပြောနေတာနဲ့ တကယ်နေချင်တာက တူတယ်လို့တော့ မထင်ပါဘူး...

"အဲ့ဒီ မျိုးမစစ်တွေက အရင်လာစတာလေ... ဆိုတော့ သူတို့ကို အပြစ်ပေးဆုံးမရမှာပေါ့...

ဆရာတူအကိုကြီး...ဘာလုပ်နေတာလဲ...မြန်မြန်လေး မောင်းလေ"

"ငါတို့ မြန်နိုင်သလောက် မြန်ထားတာပဲဟ..ငါတို့ ဒီထက်မြန်ရင် မြင်းတွေတအားပန်းသွားလိမ့်မယ်"

"ဘာ..ကျွန်တော်တို့ အဲ့မြင်းတွေကို ဘယ်လောက်တောင် ပေးထားရတာတုန်း...ရတယ်...ရတယ်..

ဘာမှ မဖြစ်ဘူး..အဲ့မြင်းတွေက သာမန်မြင်းတွေထက် နှစ်ဆတောင် မြန်အောင်ပြေးနိုင်တာ...ဘာမှမစိုးရိမ်နဲ့ ..အရှိန်သာ တင်လိုက်"

"ပြီးရော.."

ယွန်းဂျွန်က ခေါင်းကို ခါကာ မြင်းဖင်အား ကြိမ်နှင့်လှမ်းတို့လိုက်လေသည်။

ချက်ချင်းဆိုသလိုပင် အရှိန်ကမြင့်လာလေပြီး ချွန်းမြောင်၏ ကိုယ်ပင် ငြိမ်မနေတော့ပေ။

"မင်းတို့က ဘာလို့ လာလုပ်တယ်ဆိုတာ မသိပေမယ့် ဟွာဆန်းကို ထိရင် ဘာဖြစ်သွားမယ်ဆိုတာတော့ မင်းတို့ကို ပြရတော့မှာပေါ့ကွာ"

ထိုကြုံးဝါးသံကို ကြားလိုက်သည်နှင့် ဘတ်ချုန်းက သက်ပြင်းချလိုက်လေသည်။

ဟိုလူတွေကတော့ သူတို့ဘာဖြစ်သွားကြမလဲဆိုတာ တွေးကြည့်လို့တောင် ရမှာမဟုတ်ဘူး...

ဟွာဆန်း၏ မင်းမနိုင်လေးက ယခုတွင်မူ နန်ယောင်သို့ ရောက်လာခဲ့ပြီဖြစ်၍ မမျှော်လင့်ထားသော ကိစ္စများကလည်း ကြုံတွေ့ရတော့မည်က အမှန်ပင်။

ရိုးသား၍ သနားကြင်နာတတ်သော ဘတ်ချုန်းကမူ နန်ယောင်သို့ ရောက်လာကြမည်ဖြစ်သော ဝူတန်ဂိုဏ်းမှ လူများအတွက် ကြိုတင်ကာပင် ဝမ်းနည်းပူဆွေးပေးထားလိုက်လေတော့သည်။

အပိုင်း (၁၂၃)

ဟွာဆန်းကို ထိရင်ဘာဖြစ်သွားမယ်ဆိုတာ ငါပြပေးမယ်(၃)

"ဆိုဟုန်ဆီကနေ ဘာသတင်းရပြီလဲ"

"အခုထိတော့ မရသေးပါဘူး"

"သိပြီ"

ဝေ့လီရှန်းက သက်ပြင်းမောကြီးကို ချလိုက်ပြီး မျက်နှာထက်တွင်လည်း စိတ်ပျက်အားငယ်မှုတို့က အထင်းသားပေ။

"ခေါင်းဆောင်...နည်းနည်းလောက် စိတ်ရှည်ရှည်ထားပြီး စောင့်ကြည့်လိုက်ပါဦး"

"ငါသိပါတယ်...ငါသိတယ်ရယ်...ဒါပေမယ့်..."

ဝေ့လီရှန်းက သူ၏ပူပန်နေမှုများကို မည်သို့ဖော်ပြရမည်မသိဖြစ်နေသည်ကိုကြည့်ကာ ယွင်ဖုန်း သက်ပင်းချလိုက်လေသည်။

ခေါင်းဆောင်က နည်းနည်းလေးမှကို စိတ်မအေးနိုင်ဖြစ်နေတာပါလား..

'လမ်းဆုံး' လေ့ကျင့်ရေးခန်းမက နန်ယောင်တွင် ဟွာယုန်းနှင့် အတူတွဲကာပင် တည်ရှိခြင်ပုံ မရပေ။ လေ့ကျင့်ရေးခန်းမ စဖွင့်လေကတည်းကပင် သူတို့၏ စိတ်ဆန္ဒကို သိသိသာသာ ဖော်ပြခဲ့လေပြီး ယခုတွင်မူ ဟွာယုန်းကိုပင် စတင်တိုက်ခိုက်လာပြီဖြစ်လေသည်။ ဟွာယုန်းက နန်ယောင်မြေက ပျောက်ကွယ်သွားပြီး ဘယ်သောအခါမှ ပြန်ပေါ်မလာလျှင်ပင် လက်မခံနိုင်သည့်ပုံမျိုးပင်။

သည်းမခံနိုင်ဖွယ်ရာပင် အနိုင်အထက်ပြုကျင့်ကာ အလွန်အကြူး စော်ကားလာလေသည်။ သို့သော်လည်း ဟွာယုန်းတွင်က ထိုသို့သောအနိုင်ကျင့်မှုကို ပြန်လည်တုံ့ပြန်ရန်က အင်အားရှိမနေပေ။

'ကန်ဟို' ဆိုသည်က ထိုသို့သော လောကတစ်ခုပင်ဖြစ်လေမှန်းသိလေပြီး အားနည်းသူတို့အပေါ်တွင် သနားကြင်နာမှုဆိုသည်က မရှိသည်ကိုလည်း ကောင်းကောင်းကြီး သိလေသည်။ အားကြီးသူက အားနည်းသူကို ဖယ်ရှားကာ အလိုရှိသည်ကို အပိုင်သိမ်းတတ်သော ရပ်ဝန်းဖြစ်သည်ဆိုသည့်အမှန်တရားကိုမူ ယခုကောင်းကောင်းကြီး ရင်ဆိုင်နေရပြီ ဖြစ်လေသည်။

"ဝူတန်ဂိုဏ်းသားတွေရော ရောက်နေကြပြီလား"

"မရောက်သေးပါဘူး... ဒါပေမယ့် သိပ်မကြာခင်မှာတော့ ရောက်လာမယ်ထင်ပါတယ်"

"ဟုတ်လား...အဟွတ်...အဟွတ်"

"ခေါင်းဆောင် ....အဆင်ပြေပါရဲ့လား"

"ငါ အဆင်ပြေပါတယ်...ရတယ်"

"ခေါင်းဆောင် ထိခိုက်ထားတာက ပြင်းထန်ပါတယ်... ကျေးဇူးပြု၍ နားနားနေနေလေး နေပါလား"

"အင်း....ငါ နေပါ့မယ်"

ဝေ့လီရှန်း၏ နှုတ်မှ နားနားနေနေ နေပါမည်ဟုပြောသောလည်း လက်တွေ့တွင် မနေမည်ကိုတော့ သူသိလေသည်။ သို့သော်လည်း သူသည်က ခေါင်းဆောင်ပေမို့ ယွင်ဖုန်း အတင်းအကြပ်ပြောရန် မတတ်နိုင်ပေ။

ဝူတန်ဂိုဏ်းရောက်ရှိလာပါက သူတို့သည် နန်ယောင်မှ နှင်ထုတ်ခံရမည်ဖြစ်၍ ဝေ့လီရှန်း စိတ်မအေးနိုင်သည်ကိုလည်း အပြစ်ပြော၍တော့ မရပေ။ ဘဝတစ်သက်တာလုံး ထိန်းသိမ်းစောင့်ရှောက်ခဲ့ရသော ဤနေရာကို လက်လွှတ်ပေးကာ ထွက်သွားရမည်ဆိုသည်က မဖြစ်နိုင်သောကိစ္စပေ။ သူတို့၏ ဟွာယုန်းကို အပြစ်မပေးဘဲ ဖျက်ပေးလိုက်ရမည်ဆိုသည်က ပို၍ပင် မဖြစ်နိုင်သောကိစ္စပေ။

"ဂိုဏ်းသားတွေကရော ဘယ်လိုနေလဲ"

"သူတို့ကို ကြည့်ရတာတော့ စိတ်လှုပ်ရှားနေကြတဲ့ပုံပါပဲ"

"ငါ သူတို့ကို အဆင်ပြေနေစေချင်တယ်...သေချာပေါက်...သူတို့..."

ဝေ့လီရှန်းက ပြောနေရင်းမှပင် သက်ပြင်းမောကြီး ချလိုက်လေသည်။

ဂိုဏ်းသားများ သွေးပူစိတ်လှုပ်ရှားနေကြသည်ကလည်း ဖြစ်သင့်ပေသည်။ ဝူတန်ဂိုဏ်းဆိုသည်က သွား၍မထိသင့်သောဂိုဏ်းကြီးများထဲတွင် ပါဝင်လေပြီး သူ၏လွှမ်းမိုးမှုကလည်း သာမန်မဟုတ်ပေ။ သို့ဖြစ်၍ သူတို့၏ နေရာနှင့် ဂိုဏ်းကို ကာကွယ်ရန်အတွက် ရုတ်ရုတ်သဲသဲ ဖြစ်နေကြသည်ကလည်း ဆန်းတော့မဆန်းပေ။

ထိုကဲ့သို့သော သစ္စာရှိမှုကပင် ဝေ့လီရှန်းအတွက် လုံလောက်သော ဆုလာဘ်ဖြစ်နေလေပြီ ဖြစ်သည်။

"ခေါင်းဆောင်"

ယွင်ဖုန်းက သက်ပြင်းကိုချပြီးနောက် ခေါ်လိုက်လေသည်။ ယွင်ဖုန်းဆိုသည်က ဝေ့လီရှန်း၏ တပည့်ကြီးတစ်ယောက်ဖြစ်လေပြီး ဝေ့လီရှန်း၏ နောက်သို့လိုက်ပါ ခစားလာသည်ကလည်း ကာလကြာမြင့်လှပြီ ဖြစ်လေသည်။ ဝေ့လီရှန်း၏ အုပ်ချုပ်မှုအောက်တွင် ဟွာယုန်းကို စီမံလာခဲ့သည်ဖြစ်ပြီး ယခုပြဿနာကိုမူ မည်သို့ ဖြေရှင်းရမည်မှန်းပင် မသိတော့ချေ။

"ခေါင်းဆောင်...လမ်းဆုံး လေ့ကျင့်ရေးခန်းမရဲ့ ခေါင်းဆောင်နဲ့ တစ်ခေါက်လောက်ထပ်ပြီး စကားပြောကြည့်ပါဦး"

"အလုပ်ဖြစ်မှာ မဟုတ်ဘူး"

ဝေ့လီရှန်းက ခေါင်းကိုခါကာ ပြောလာလေသည်။

"တကယ်လို့ သူတို့မှာ တခြားလိုချင်တာရှိရင် ဘာပဲဖြစ်ဖြစ် ငါတို့ပေးလိုက်လို့ရတယ်...ဒါပေမယ့် သူတို့က ငါတို့ နန်ယောင်က ထွက်သွားတာကိုပဲ လိုချင်နေတာ...အဲ့တာကို ငါတို့ ဘယ်လိုများ ညှိနှိုင်းလို့ ရမှာလဲ...သူတို့က ငါတို့ကို ပျောက်ကွယ်သွားစေချင်ပေမယ့် ငါတို့က အတူယှဉ်တွဲနေထိုင်ရလည်း ဘာမှမဖြစ်သလို ဘယ်ဂိုဏ်းကိုမှလည်း ပျောက်ကွယ်မသွားစေချင်ပြီး ဝင်ရောက်စွတ်ဖက်နေတာလည်း မရှိဘူး"

"ဒါဆိုရင် ကျွန်တော်တို့က အခုလို မျက်စိရှေ့တင်ဖြစ်နေတာကြီးကို လက်ခံရမယ်ဆိုတဲ့ သဘောလား.."

"ပင်မဂိုဏ်းကြီးက မကြာခင်မှာ ဘယ်လိုလုပ်ရမလဲဆိုတာ အဖြေပေးပါလိမ့်မယ်"

"ခေါင်းဆောင်"

ယွင်ဖုန်းက မျက်နှာပျက်မျက်စိပျက်နှင့်ပင် ပြောလေသည်။

ဝေ့လီရှန်းသည် တော်ကာထက်မြက်လေပြီး ကျိုးကြောင်းဆင်ခြင်တတ်သော လူတစ်ယောက်ဖြစ်လေသော်လည်း ဟွာဆန်းနှင့် ပတ်သက်လာလျှင်မူ စုံလုံးကန်းနေသော အကျင့်ရှိလေသည်။ ဤသည်က ခေါင်းဆောင်၏ ရောဂါပင်။ ထိုရောဂါသည်က ကုသ၍ မရနိုင်ပေ။

"အခု ကျွန်တော်တို့ရဲ့ ရန်သူက ဝူတန်ဂိုဏ်းပါ...ဟွာဆန်းဂိုဏ်းက မနေ့တစ်နေ့ကမှ နာမည်လေးစပြီး ရလာတာကို ဝူတန်ဂိုဏ်းနဲ့ ဘယ်လိုလုပ်ပြီး ယှဉ်နိုင်မှာလဲ... ပြီးတော့ မယှဉ်နိုင်လောက်တဲ့အရာကို ဟွာဆန်းက ကျွန်တော်တို့ကို ဘယ်လိုလုပ်ပြီး ကူညီနိုင်မှာပါလဲ"

"..."

"တကယ်လို့ ဟွာဆန်းက အကူအညီပေးခဲ့ရင်တော့ ကောင်းပါတယ်...ဟွာဆန်းမှာလည်း ပြောပြလို့မရတဲ့ အခြေအနေတွေရှိလို့ ကြားဝင်မဖြေရှင်းပေးခဲ့ဘူးဆိုရင် ကျွန်တော်တို့ ဘယ်လိုလုပ်မှာလဲ...ဝူတန်ဂိုဏ်းနဲ့အမုန်းခံပြီး ကြားဝင်ပေးမယ့်သူဆိုတာကလည်း ရှိပါ့မလား..

ခေါင်းဆောင်...ယုတ္တိရှိရှိပဲ တွေးကြည့်ပါဦး...ဒီကိစ္စကို ဘယ်သူမှ ကူညီမှာ မဟုတ်ပါဘူး..

ဒါက ကျွန်တော်တို့ ကိုယ်တိုင် ဖြေရှင်းရမယ့်ကိစ္စပါ"

ဝေ့လီရှန်းက ယွင်ဖုန်းကို မျက်စောင်းထိုးကာ ကြည့်လာလေသည်။

ယွင်ဖုန်းပြောနေသည်ကလည်း မမှားသည်ကို သူသိလေသည်။

"စောင့်ပါဦး..."

"အဲ့လိုတွေကြောင့်ပဲ ကျွန်တော်က ဟွာဆန်းကို ထောက်ပံ့နေတာရပ်ဖို့ ပြောနေတာပါ... တကယ်အကူအညီလိုတဲ့အခါ ဘာအကူအညီမှမပေးတဲ့ ဟွာဆန်းဂိုဏ်းလို နေရာကို ထောက်ပံ့ပြီးနေမယ့်အစား ရှောင်လင်ဂိုဏ်းဖြစ်ဖြစ် ဝူတန်ဂိုဏ်းကိုဖြစ်ဖြစ် ဝင်လိုက်တာကမှ အကျိုးရှိဦးမယ်"

ယွင်ဖုန်း ပြောသည်များကလည်း မှားနေသည်တော့ မဟုတ်ပေ။

သို့သော်လည်း ဝေ့လီရှန်းကမူ ယွင်ဖုန်း၏ အကြံကို လက်မခံနိုင်ပေ။

"ငါတို့က ဟွာဆန်းဂိုဏ်းသားပဲ"

"..."

ယွင်ဖုန်း သူ၏ဆရာအား စကားဆက်ကာ မပြောချင်တော့ပေ။ သို့ဖြစ်၍ နှုတ်ပိတ်ကာသာ နေလိုက်လေတော့သည်။

"ငါတို့ရဲ့ ဇစ်မြစ်ကိုလည်း ပယ်ရှားလိုက်လို့မရသလို စွန့်ခွာလိုက်လို့လည်း မရဘူး....တွေဝေနေတဲ့စိတ်ကိုဖယ်ရှားပြီး ဟွာဆန်းကို သစ္စာရှိလိုက်တာပဲ ပိုပြီး‌တော့ ကောင်းလိမ့်မယ်"

"ခေါင်းဆောင်"

"ငါတို့ အဲ့လိုလုပ်မယ်ဆို ငါတို့ ဘယ်ပဲရောက်ရောက် အဆင်ပြေလာမှာ...တကယ်လို့ ဝူတန်ဂိုဏ်းမှာ ခိုလှုံလိုက်တယ်ပဲ ထားပါဦး..ဝူတန်ပျက်သုန်းသွားရင် ရှောင်လင်ဂိုဏ်းကို သွားမှာလား... ရှောင်လင်ဂိုဏ်းက ပျက်သုန်းရင်ရော ဘယ်ကိုသွားမှာလဲ....ငါတို့တွေ ဒီလိုပုံစံနဲ့ပဲ ရှင်သန်သွားလို့မရဘူး..."

"ဘယ်သူက သိနိုင်မှာမို့လဲ"

"ဘယ်သူမှ သိတာမသိတာကို ငါ ဂရုမစိုက်ဘူး...

ငါကာကွယ်စရာရှိတာကိုပဲ ငါကာကွယ်မယ်"

ယွင်ဖုန်း သက်ပြင်းချလိုက်လေပြီး စိတ်မောလူမောလည်း ဖြစ်သွားလေသည်။

ယွင်ဖုန်း ထိုမျှဖြောင့်ဖြပြောဆိုနေသည်က ခေါင်းဆောင်အား လေးစား၍သာဖြစ်လေသည်။

"ပြီးတော့ ငါယုံကြည်တယ်"

"ဘာကိုလဲ"

"ဟွာဆန်းက ငါတို့ကို မျက်ကွယ်ပြုနေမှာ မဟုတ်ဘူး"

ယွင်ဖုန်းက ခေါင်းကိုခါလိုက်လေသည်။

"ခေါင်းဆောင် ...ဒါက သစ္စာတွေနဲ့ ယုံကြည်ချက်တွေနဲ့ ဆိုင်တဲ့ကိစ္စမဟုတ်ဘူး...ဖြစ်နိုင်ချေနဲ့ပဲ ဆိုင်တဲ့ကိစ္စ...

ဟွာဆန်းက ဝူတန်းဂိုဏ်းကို ရင်ဆိုင်ဖို့ဆိုတာ ဖြစ်နိုင်ပါ့မလား..."

"စိတ်ရှိရင်တော့ ဖြစ်နိုင်ပါတယ်"

ယွင်ဖုန်းက သူ့၏ဆရာကို ပြန်ပြောရန်ပြင်လိုက်စဉ်မှာပင်...

ဒေါက်..ဒေါက်..ဒေါက်....

တစ်စုံတစ်ယောက်က တံခါးကို ခေါက်နေလေသည်။ တံခါးခေါက်သံကြောင့် ဝေ့လီရှန်းနှင့် ယွင်ဖုန်းတို့၏ မျက်နှာက ပျက်သွားကြလေသည်။ဂိတ်တံခါးအား သေချာပိတ်ထားကာ ဧည့်သည်လက်မခံရန် သေချာမှာကြားထားလေသည်မို့ တံခါးခေါက်သံကြားရသည်က အခြေအနေမဟန်သည့်လက္ခဏာပင်။

လာရန်အကြောင်းရှိသည့်သူကလည်း တစ်ဦးသာရှိလေသည်မို့ .......

"ခေါင်းဆောင်ဝေ့....အထဲမှာရှိတယ်မို့လား...ကျွန်တော်မှာ ခင်ဗျားနဲ့ဆွေးနွေးစရာရှိတယ်..ထွက်လာခဲ့စမ်းပါ"

အသံကြောင့် ယွင်ဖုန်း မျက်နှာပို၍ ပုတ်သိုးသွားရလေသည်။

အသံပိုင်ရှင်သည်က 'လမ်းဆုံး' လေ့ကျင့်ရေးခန်းမ၏ ခေါင်းဆောင်အသံပင်။

ချီးပဲ...သူတို့က ရောက်လာကြပြီလား...

ထိုမျိုးမစစ်က အကြောင်းကိစ္စမရှိဘဲနှင့် ဤနေရာသို့ လာမည်မဟုတ်ပေ ။

ဝူတန်ဂိုဏ်းမှ ဂိုဏ်းသားများပါ ရောက်လာလေပြီမို့ ရောက်လာပုံရလေသည်။

"ကျွန်တော်တို့ ဘာလုပ်ကြမလဲ..ခေါင်းဆောင်"

"ဘာလုပ်လို့ ရဦးမှာမို့လဲ"

ဝေ့ဆိုဟုန်က သက်ပြင်းချလိုက်လေသည်။

"ငါတို့ အပြင်ထွက်မှ ရမယ်... သူက ဒီကိုငါ့ကို တွေ့ဖို့ လာခဲ့တာ.. တကယ်လို့ ငါထွက်မတွေ့ဘူးဆိုရင် ငါ့ကိုသူရဲဘောကြောင်တဲ့သူလို့ ထင်သွားလိမ့်မယ်"

ဝေ့လီရှန်းက တုန်လှုပ်စွာဖြင့်ပင် အိပ်ယာပေါ်မှ ထလာခဲ့လေသည်။

"ဘာကိစ္စလဲ"

"ပြောထားသလိုပဲ ကျွန်တော် ခင်ဗျားနဲ့ဆွေးနွေးစရာရှိလို့ လာခဲ့တာ..."

ဝေ့လီရှန်း ထင်ထားသကဲ့သို့ပင် အမှန်ပင် သူက ဝူတန်ဂိုဏ်းမှ ဂိုဏ်းသားများကို ခေါ်လာခဲ့လေသည်။

"ငါ့မှာ ဘာမှပြောစရာမရှိဘူး"

"ဘာမှပြောစရာမရှိဘူး ..ဟုတ်လား...ခင်ဗျား တိုက်ပွဲမှာရှုံးထားတယ်လေ...နန်ယောင်ကနေ ထွက်သွားရတော့မှာ မဟုတ်ဘူးလား... ဘာကိစ္စ ဒီမှာဆက်ပြီးတော့ ရှိနေသေးတာလဲ"

"ဓါးရေးယှဉ်တာလေးတစ်ခါရှုံးရုံနဲ့ ထွက်သွားရမယ်ဆိုတဲ့ စည်းမျဉ်း ဘယ်မှာရှိလို့လဲ"

"အဲ့လို စည်းမျဉ်းမရှိလည်း ခင်ဗျားအရှက်တရားလေးတော့ ရှိသင့်ပါတယ်"

ဝေ့လီရှန်း သက်ပြင်းချလိုက်လေသည်။

ဓါးရေးယှဉ်ခြင်း တစ်ပွဲရှုံးနိမ့်သည်နှင့် ထွက်သွားရမည်ဆိုသော စည်းမျဉ်းမရှိလင့်ကစား ထွက်သွားသင့်သည်ကတော့ မှန်လေသည်။ အားနည်းသော ဂိုဏ်းအနေနှင့် မိမိထက်အင်အားကြီးမားသော ဂိုဏ်းရှိရာတွင် နေခြင်းက အကျိုးမရှိပေ။ အလဟဿ သာဖြစ်ပေလိမ့်မည်။

"ကျွန်တော်မှာ ဘာမှပြောစရာမရှိတာမို့လို့ ကျေးဇူးပြု၍ ထွက်သွားပါတော့"

"ဟင့်အင်း...မသွားနိုင်ပါဘူး"

"ခင်ဗျားတောင် သွေးအလူးလူးနဲ့ ဖြစ်နေတဲ့အချိန်မှာတောင် ကျုပ်ကိုတွေ့ဖို့လာခဲ့သေးတာပဲ..."

ခနဲ့ကာ ပြောလိုက်ရသည်မို့ 'လမ်းဆုံး' ဂိုဏ်း၏ ခေါင်းဆောင်က ကျေနပ်သွားသော်လည်း လေထုကမူ သာမန်မဟုတ်တော့ပေ။ ပိုမို အုပ်မှိုင်းသွားပြီ ဖြစ်လေသည်။

"လေ့ကျင့်ရေးခန်းမ ခေါင်းဆောင်...ကျွန်တော် ခင်ဗျားအစား ပြောပေးပါရစေ"

"အာ ..ဒီလိုသေးနုပ်တဲ့ကိစ္စကို..."

"ရပါတယ်..အဆင်ပြေပါတယ်"

"ဒါဆိုရင်တော့ ကျွန်တော်ကလည်း ဝမ်းပန်းတသာပါပဲ"

လေ့ကျင့်ရေးခန်းမဆောင်ပိုင်ရှင်၏ လေသံက ချက်ချင်းကိုပင် ပျော့ပြောင်းသွားလေပြီး စကားများကလည်း ချိုသာသွားလေသည်။ ထိုသို့အရေးပေးဆက်ဆံခံရသူကမူ အမည်းရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး လေ့ကျင်ရေးခန်းမခေါင်းဆောင်ကပင် လေးစားနေရသည့်ပုံပေါ်လေသည်။ အင်္ကျီရင်ဘတ်တွင်မူ ကြွယ်ဝချမ်းသာခြင်းကို ကိုယ်စားပြုသည့် ထင်းရှုးပင်ပုံက ထိုလူ၏ဇစ်မြစ်ကို ဖော်ပြနေလေသည်။ ကမ္ဘာပေါ်တွင်ရှိသော ဂိုဏ်းပေါင်းများစွာထဲမှ ထင်းရှုးပင်ကို သုံးသည့်ဂိုဏ်းက တစ်ခုသာရှိလေသည်။

ဝူတန်ဂိုဏ်းရဲ့ ဂိုဏ်းသားပါလား....

ထိုလူက ဝေ့လီရှန်းကို ဦးညွှတ်နှုတ်ဆက်လာလေသည်။

"တွေ့ရတာ ဝမ်းသာပါတယ်..ကျွန်တော်က ဂျင်ဟဲယွန်ပါ..ဝူတန်ဂိုဏ်းရဲ့ ဒုတိယတန်းတပည့်တစ်ယောက်ပါ"

"ဝေ့လီရှန်းပါ"

ဤသို့သောနေရာတွင် တွေ့ရခြင်းသာမဟုတ်ပါက ဝေ့လီရှန်း ဤလူအား အလွန်ပင်လေးစားမိပေလိမ့်မည်။ ယခုတွင်မူ ဝေ့လီရှန်း၏ အထင်ကြီးခြင်းတို့က နိတ္ထိပင်။ ဝေ့လီရှန်း ထိုလူအား ခဏမျှ အကဲခတ်လိုက်လေသည်။

"မင်းက ဂျင်ဟဲယွန် လို့ ပြောလိုက်တာလား..."

"ဟုတ်ပါတယ်..ခေါင်းဆောင်"

"ဒါဆို မင်းက 'ပျက်စီးခြင်းမဲ့ဓါး ဂျင်ဟဲယွန်'လား"

"အခုလိုကြားသိရတာ ဝမ်းသာပါတယ်"

ထိုလူက မည်သူဆိုသည်ကို သိလိုက်ရ၍ ဝေ့လီရှန်း၏ မျက်နှာမကောင်းတော့ပေ။

'ပျက်စီးခြင်မဲ့ဓါးသိုင်းပိုင်ရှင်' ကပါ ရောက်လာတာလား..ဒါဆိုရင်တော့ မကောင်းတော့ဘူး...

ဂျင်ဟဲယွန်ဆိုသည်က ဝူတန်ဂိုဏ်း၏ အကောင်းဆုံးတပည့်ဖြစ်လေပြီး ကျော်ကြားသူတစ်ဦးပင်။

ထို့အပြင် ဓါးနဂါးဟုပင် တင်စားကြလေသည်။ သူက ဝူတန်ဂိုဏ်း၏ ပထမဆုံးဓါးသိုင်းပညာရှင် ဖြစ်လာလေပြီး အနာဂတ်တွင်လည်း ဂိုဏ်း၏အကောင်းဆုံးဓါးသမားများ စာရင်းဝင်သူဖြစ်လေသည်။

ဝူတန်ဂိုဏ်းက ယခုပြဿနာအား အတည်ကြီးပင် မှတ်ယူထား၍ သူ့အား ဤနေရာသို့ လွတ်လိုက်ပုံ ရလေသည်။

"ကျွန်တော်တို့ လေ့ကျင့်ရေးခန်းမမှာ ဘာတွေဖြစ်ကြတယ်ဆိုတာ ကြားပြီးပါပြီ...ခေါင်းဆောင်က ဒီနန်ယောင်မှာ ဆက်ပြီး နေချင်သေးတဲ့ဆန္ဒရှိနေသေးတာလား..ခင်ဗျာ"

"ဟုတ်ပါတယ်.."

"ကျွန်တော်တော့ အဲ့တာက အကြံကောင်းတစ်ခုလို့ မထင်ပါဘူး"

သူ၏အသံက ပျော့သော်လည်း ဩဇာကမူ အပြည့်ပင်။

"နန်ယောင်က မြို့ကြီးလည်းမဟုတ်တော့ ဒီလိုနေရာသေးသေးလေးမှာ လက်အောက်ခံဂိုဏ်းခွဲနှစ်ခုရှိနေတယ်ဆိုတာက ပြဿနာတွေပဲ ဖြစ်လာစေမှာပါ...ပြီးတော့ ဂိုဏ်းသားတွေ စုဆောင်းရတဲ့ ပြဿနာကလည်း ရှိလာနိုင်ပါတယ်"

"ကျွန်တော် အဲ့ဒီပြဿနာတွေကို နားမလည်လို့ မဟုတ်ပါဘူး...

ပြီးတော့ ဒီနေရာမှာ အရင်ရှိနေတဲ့ ကျွန်တော်တို့ ဂိုဏ်းက ထွက်သွားပေးရမှာလဲ"

"ပြီးတော့ ဂိုဏ်းနှစ်ခု အတူတူရှိနေလည်း တစ်ဂိုဏ်းနဲ့တစ်ဂိုဏ်း ဒုက္ခမပေးဘဲ အတူယဉ်တွဲပြီး နေထိုင်လို့ ရတာပဲ...ပြီးတော့ အတူနေလို့ အကျိုးယုတ်ရင်လည်း ဟွာယုန်းကပဲ ပိုပြီးအကျိုးယုတ်မှာပါ"

"..."

ဂျင်ဟဲယွန်က ထိုစကားကြောင့် ပြုံးကာ ရယ်ကျဲကျဲလုပ်လိုက်လေသည်။

"ဘယ်လိုလဲ"

"အင်း"

"ဝူတန်ဂိုဏ်းက ဒီမှာလာပြီး လက်အောက်ခံဂိုဏ်းလာထားတဲ့အတွက် ခင်ဗျားတို့ဂိုဏ်းရဲ့ ဂုဏ်သတင်းကို ထိခိုက်စေတာကတော့ မှန်ပါတယ်...ပြီးတော့ အဲ့ဒီအတွက်လည်း ခင်ဗျားတို့ မကျေမချမ်း မဝင့်မရဲ ဖြစ်နေမှာပေါ့...တကယ်လို့ ခင်ဗျားတို့ နန်ယောင်ကနေသာထွက်သွားမယ်ဆိုရင် ကုန်ကျစရိတ်တွေအကုန်လုံးကို ကျွန်တော်တို့က ကျခံပါ့မယ်"

ဘေးမှနားထောင်နေသော ယွင်ဖုန်းကမူ ထိုစကားကြောင့် မျက်မှောင်ကြုတ်သွားလေသည်။

ဒီခွေးသားကတော့...

ငါတို့ ငြင်းနေတာကို ငွေကြောင့်လို့ ထင်နေတာလား မသိဘူး...

နေရာအသစ်တစ်ခုတွင် ပြန်ကာ ဂိုဏ်းတည်ထောင်ရသည်ဆိုသည်က အစစအရာအရာ အသစ်ကပြန်စရမည် ဖြစ်လေသည်။ဟွာယုန်းဆိုသည်က နန်ယောင်တွင်အစပြုခဲ့သော ဂိုဏ်းဖြစ်လေပြီး ဂိုဏ်းသားများကလည်း နန်ယောင်မှ လူများပင် ဖြစ်လေသည်။ ထို့အပြင် ဂိုဏ်းတည်ထောင်လာသည့်အချိန်မှစ၍ နန်ယောင်တွင် အခြေချခဲ့ပြီး နန်ယောင်နှင့် ဟွာယုန်းဆိုသည်က ခွဲခြားမရပင် ဖြစ်နေလေပြီဖြစ်သည်။ သို့ဖြစ်၍ ဤနေရာအား စွန့်ခွာကာ နေရာအသစ်ရှာရမည်ဆိုသည်က မဖြစ်နိုင်သောကိစ္စပေ။

"မင်းရဲ့ ကမ်းလှမ်းမှုကို ကျေးဇူးတင်ပါတယ်..ဒါပေမယ့်.."

"ဟွာယုန်းက နန်ယောင်ကနေ စွန့်ခွာဖို့ စိတ်ကူးမရှိပါဘူး"

"ဟုတ်ပြီ.."

ဝေ့လီရှန်း၏ စကားကြောင့် ဂျင်ဟဲယွန်က မဲ့ပြုံးပြုံးလိုက်လေပြီး ဝေ့လီရှန်း၏ တုံ့ပြန်မှုကို အသိအမှတ်မပြုသည့်ပုံပင်။

"ခေါင်းဆောင်"

"..."

"ခင်ဗျားတကယ်ပဲ နန်ယောင်က မပြောင်းချင်သေးဘူးဆိုရင်တော့ နောက်ထပ်ရွေးချယ်စရာ တစ်ခုရှိပါသေးတယ်"

ဂျင်ဟဲယွန်၏စကားကြောင့် ဝေ့လီရှန်းက ကြည့်လိုက်လေသည်။ ဖြစ်နိုင်လျှင် ဤပြဿနာကြီးအား အဆုံးသတ်သွားစေချင်ပြီ ဖြစ်သည်။

"အဲ့တာက ဘာများလဲ"

"တကယ်လို့ နန်ယောင်မှာပဲ ဆက်နေချင်သေးတယ်ဆိုရင် ဟွာဆန်းရဲ့ ဆိုင်းဘုတ်ကို ဖြုတ်လိုက်ပါ"

ဝေ့လီရှန်း၏ မျက်နှာက ထိုစကားကြောင့်တင်းမာသွားလေသည်။

ဝေ့လီရှန်းက ထိုစကားအား တုံပြန်ခြင်းမရှိဘဲ တိတ်ဆိတ်နေသည်ကိုကြည့်ကာ ဂျင်ဟဲယွန်က ဆက်ကာပြောလေသည်။

"လက်အောက်ခံဂိုဏ်းနှစ်ခုက အတူယှဉ်တွဲပြီး နေလို့ရတယ်ဆိုပေမယ့် ပင်မဂိုဏ်းကြီးတွေကတော့ မရဘူး...

ဟွာဆန်းရဲ့ အရှိန်အဝါက ဘယ်လောက်ပဲ တောက်ပလာတယ်ပြောပြော ဝူတန်ဂိုဏ်းနဲ့တော့ မယှဉ်နိုင်သေးတာ အမှန်ပဲ...ပြီးတော့ ဝူတန်ဂိုဏ်နဲ့လည်း အတူယှဉ်ပြီး နေနိုင်စရာ မရှိသေးဘူး"

"ဘယ်လို..."

"ရွေးပါ"

ဂျင်ဟဲယွန်က ပြတ်ပြတ်သားသားပင် ပြောလာလေသည်။

"ဟွာဆန်းရဲ့ လက်အောက်ခံဂိုဏ်းဘဝကနေ ထွက်ပြီး ကျွန်တော်တို့ ဝူတန်ဂိုဏ်းအဖြစ် နေလိုက်ပါ...ဒါဆိုရင် ဒီမှာ ဆက်ပြီးတော့ နေလို့ရမယ်... ဟွာယုန်းဂိုဏ်းကိုရော လမ်းဆုံး လေ့ကျင့်ရေးခန်းမကပါ ဝူတန်ဂိုဏ်းရဲ့ လက်အောက်က ဖြစ်သွားတဲ့အတွက် ပြဿနာဖြစ်စရာ မရှိတော့ဘူးပေါ့"

ဂျင်ဟဲယွန်၏ စကားများက နားစည်အား ဓါးထက်ထက်နှင့် ထိုးနေသကဲ့သို့ပင် နားဝင်ဆိုးလှပေသည်။

"မဟုတ်ရင်တော့ ဟွာယုန်းဆိုတဲ့ နာမည်ဟာ နန်ယောင်ကနေ ထာဝရပျောက်ကွယ်သွားရမယ်"

"ခေါင်းဆောင်ဝေ့ရဲ့ ရွေးချယ်မှုက ဘာဖြစ်မလဲ"

ဝေ့လီရှန်း၏ နှုတ်ခမ်းပါးတို့က ခံပြင်းစိတ်ကြောင့် တဆတ်ဆတ်ပင် တုန်နေကြလေသည်။

ဂျင်ဟဲယွန်၏ စကားများကိုကြားလိုက်ရချိန်တွင် ဖြစ်ပေါ်လာသောခံစားချက်တို့က ဖော်ပြ၍ပင် မရပေ။ စိတ်ငြိမ်သွားစေရန်ပင် အချိန်အတော်ယူလိုက်ရလေသည်။ စိတ်ငြိမ်သွားကာမှ ဂျင်ဟဲယွန်၏ မေးခွန်းကို ဖြေလိုက်လေသည်။

"ငါတို့ ဟွာဆန်းကို မစွန့်လွတ်နိုင်ဘူး"

"..."

"ဟွာဆန်းဆိုင်းဘုတ်ကို ဖယ်ရှားလိုက်ရရင်တောင် ငါတို့က ဟွာဆန်းရဲ့ တစ်စိတ်တစ်ဒေသ ဖြစ်နေဦးမှာပဲ...ငါတို့ ဘယ်တော့မှ စွန့်လွတ်မှာမဟုတ်ဘူး"

"အာ.."

"ဒီလိုဆိုရင်တော့လည်း ဘာမှလုပ်ပေးနိုင်တာ မရှိတော့ဘူးပေါ့... ကျွန်တော်က ရွေးချယ်စရာတွေ ပေးပေမယ့် အားလုံးကို ငြင်းပစ်လိုက်တာဆိုတော့....

ဒါဆိုရင်တော့ ခင်ဗျားတို့ နောက်ထပ်ခြောက်နာရီအတွင်းမှာ မထွက်သွားဘူးဆိုရင် ခင်ဗျားတို့ကို ထွက်သွားအောင် ကျွန်တော်တို့ကိုယ်တိုင် ရှင်းပစ်ရတော့မှာပဲ"

ဂျင်ဟဲယွန်၏စကားကြောင့် ဝေ့လီရှန်းက နှုတ်ခမ်းကိုက်လိုက်လေသည်။

"ဒါက ဝူတန်ဂိုဏ်းလို ဂိုဏ်းကြီးတစ်ခုအတွက် ရှက်စရာကောင်းတဲ့အပြုအမူမျိုး မဟုတ်ဘူးလား"

"ခင်ဗျားမှားနေပြီ"

"..."

"ဝူတန်းဂိုဏ်းက ဒါကို အနိုင်ကျင့်တဲ့အနေနဲ့ လုပ်နေတာမဟုတ်ဘူး...ဝူတန်ဂိုဏ်းရဲ့ နာမည်ကို ထိန်းသိမ်းတဲ့အနေနဲ့ လုပ်နေတာ...ပြီးတော့ ဝူတန်ဂိုဏ်းရပ်တည်နိုင်ဖို့ ဘာပဲဖြစ်ဖြစ် လိုအပ်ရင်လုပ်ရမှာပဲ...

ခင်ဗျားကသာ ကျွန်တော်တို့ရဲ့ ကမ်းလှမ်းမှုတွေကို ငြင်းပယ်လိုက်တာလေ..."

"ငါတို့"

"တော်ပါ...ကျွန်တော့်မှာ ဘာမှ ထပ်ပြောစရာမရှိတော့ဘူး..ခင်ဗျားတို့မှာ အချိန်ခြောက်နာရီ ရမယ်"

ဂျင်ဟဲယွန်က ရာဇသံပေးပြီးသည်နှင့် ဝေ့လီရှန်းကြားလောက်မည့်အသံနှင့် ဆက်ကာပြောလာလေသည်။

"အကူအညီတောင်းဖို့ ကြံစည်နေတာဆိုလည်း နေရာကောင်းကောင်းတော့ ရွေးသင့်တာပေါ့...ဟွာဆန်းက ဝူတန်းဂိုဏ်းကို ဆန့်ကျင့်ပြီးတော့ ဟွာယုန်းကို လာကူညီမယ်လို့ ထင်နေတာလား"

"ငါ.."

"ဟွာဆန်းက ဒီကိုမလာရဲပါဘူး..သူတို့ဂိုဏ်းချုပ်ကသာ စိတ်ပုံမှန်ဆိုရင်..."

"အဲ့ကောင် ဘာပြောတာလဲ...မျက်နှာနှစ်ဖက်နဲ့ မျိုးမစစ်ကောင်..."

"..."

အဝေးမှ ထွက်ပေါ်လာသောအသံကြောင့် ဂျင်ဟဲယွန်က အသံလာရာသို့ လှည့်ကြည့်လိုက်လေသည်။

"မင်းက ဘယ်သူလဲ"

"အား..ဖယ်စမ်း..ဘာကိစ္စ လမ်းပိတ်ထားကြတာလဲ"

ဆရာတူအကိုကြီးများကို တွန်းဖယ်ကာ တံခါးဝမှ ခြံဝင်းထဲသို့ ဝင်လာခဲ့လေသည့်သူက ဂျင်ဟဲယွန်နှင့် အသက်ကွာပုံ ရလေသည်။

ဘယ်သူလဲဟ...

ဂျင်ဟဲယွန်ကမူ ထိုသို့အပြောမခံရဖူးသည်မို့ ပြောလိုက်သည့်သူကို စူးစမ်းကာကြည့်နေလေသည်။

"ငါပဲလေ....အရှက်မရှိတဲ့ မျိုးမစစ်ခွေးရဲ့..."

All Chapters