အခန်း (၁၂၄-၁၂၆)
Vol. 9 Ch. 124-126
အပိုင်း (၁၂၄)
ဟွာဆန်းကို ထိရင်ဘာဖြစ်သွားမယ်ဆိုတာ ငါပြပေးမယ်(၄)
ဂျင်ဟဲယွန် ကြားလိုက်ရသည့်စကားများကို နားလည်ရန် အချိန်အတော်ကြာပင် ယူလိုက်ရလေသည်။
သူက ငါ့ကို ဆဲလိုက်တာလား...
ဤသည်က ဂိုဏ်းသားများအတွက် ထူးဆန်းဖွယ်ရာပင်။
ဂျင်ဟဲယွန်ဆိုသည်က အားလုံး၏အရေးပေးခြင်းကိုခံကာ ထိုသို့အဆက်ဆံမခံရဘူးသည်မို့ ပို၍ပင် ထူးဆန်းနေလေသည်။
ဝူတန်ဂိုဏ်းတွင်မူ ထိုသို့သောဆဲရေးခံရဖို့က ပို၍ပင် ဝေးကွာလေသေးသည်။ မျက်လုံးအကြည့်တစ်ချက်နှင့်ပင်ကိစ္စပြတ်လေပြီး ထွေထွေထူးထူး လုပ်ဆောင်နေရန်လည်း မလိုပေ။
အသက်အပိုပါနေသည့်သူသာလျှင် ထိုသို့ပြောရဲပေလိမ့်မည်။
ရှောင်လင်ဂိုဏ်းအပါအဝင် ဂိုဏ်းကြီးကိုးဂိုဏ်းတွင် သက်တမ်းအရင့်ဆုံးဂိုဏ်းများထဲမှ တစ်ဂိုဏ်းဖြစ်လေပြီး တစ်နယ်ပိုင်ဆိုင်သည့် ဂိုဏ်းပေမို့ ထိပါးရဲကြသူများလည်း မရှိပေ။ ရှောင်လင်ဂိုဏ်းတစ်ဂိုဏ်းကသာလျှင် သူတို့အား တန်းတူရည်တူ ဆက်ဆံရဲကြလေသည်။
သို့ဖြစ်၍ ဂျင်ဟဲယွန်အား ထိုသို့ဆဲရေးရဲသူက စိတ်မနှံ့ဖြစ်ကာ ရူးသွပ်သူများသာ ရှိပေလိမ့်မည်။
ဘာလဲ...သူက ရူးနေတာလား...
ထိုသူ၏အသွင်အပြင်က ရူးသွပ်နေဟန်မရှိသကဲ့သို့ အသွင်အပြင်ကလည်း ပုံမှန်ပင်။ မျက်လုံးများကလည်း တည်ငြိမ်နေလေပြီး ထက်မြက်ဟန်ပင် ပေါ်နေလေသေးသည်။ ရုပ်ရည်သွင်ပြင်အရဆိုလျှင်မူ အရူးမဖြစ်နိုင်ပေ။
မျက်နှာကမူ အနည်းငယ် ဆူပုတ်နေလေပြီး တစ်လောကလုံးအား ထမ်းပိုးထားရသည့်ပုံ ပေါ်နေလေသည်။
"မင်းက ဘယ်သူလဲ"
"သိချင်ရင် စုံစမ်းလေ"
"..."
ဒီလူက တကယ်ရူးနေတာပဲဟ...
ဂျင်ဟဲယွန်က သူ့အားပြန်ပြောနေသောထိုသူ၏ ဇစ်မြစ်ကို ပြင်းပြင်းပြပြ သိချင်လာလေတော့သည်။
"ဒီ..."
ဂျင်ဟဲယွန်က စကားစပြောမည် ကြံကာပြောရန်ပြင်လိုက်စဉ်မှာပင် တခြားအသံများက ဝင်ပေါက်ဝမှ ထပ်ကာထွက်လာပြန်လေသည်။
"သွားဖို့ လိုလို့ပါ...လမ်းလေးနည်းနည်းလောက်ဖယ်ပေးကြပါ"
"ဘယ်သူက တံခါးဝမှာ ဘာပိတ်ရပ်နေတာလဲကွ"
"ဂျိုဂု အထဲကို မြန်မြန်ဝင်စမ်းပါ"
တံခါးဝတွင် လူတစ်အုပ်ထပ်ကာ ပေါ်လာလေတော့သည်။
ဝူတန်ဂိုဏ်းသားများက ဝင်ပေါက်ဝတွင် ရပ်ကာစောင့်ဆိုင်းနေကြသည်မို့ ထိုလူအုပ်က တွန်းဖယ်ကာ ဝင်လာကြခြင်း ဖြစ်လေပြီး အလုပ်လည်းများနေကြသည့်ပုံပင်။
ဘာလား...သူတွေတို့က ဘယ်သူတွေတုန်းဟ....
'"အဖေ"
နောက်ဆုံးမှ ဝင်လာသူက ဝေ့ဆိုဟုန်ပင် ဖြစ်လေပြီး သူက ဝေ့လီရှန်းဆီသို့ တန်းကာပြေးသွားလေတော့သည်။ ဝေ့လီရှန်းကမူ အလောတကြီးပြေးဝင်လာသော သူ၏သားဖြစ်သူကို မြင်သည်နှင့် မျက်နှာက ဝင်းပသွားလေတော့သည်။
"ဆိုဟုန်"
"အဖေ...ကျွန်တော် ဟွာဆန်းကလူတွေ ခေါ်လာခဲ့ပါပြီ"
"ဪ"
အားလုံးက ဆိုဟုန်၏ စကားကိုကောင်းကောင်းကြီးပင် ကြားလိုက်ရလေပြီး အခြေအနေကို နားလည်သွားလေတော့သည်။
ဟွာဆန်းကလူတွေပေါ့...
ဂျင်ဟဲယွန် သူ၏ရှေ့မှလူအုပ်ကြီးကို မျက်မှောင်ကြုတ်ကာ ကြည့်လိုက်လေသည်။ ဟွာဆန်းဟူသော စကားလုံးကြောင့် မျက်နှာကမူ ပုတ်သိုးနေပြီ ဖြစ်လေသည်။ ယခုမှသာ သတိထားမိလေသည်။ အားလုံး၏ ဝတ်စုံများတွင် ဇီးပန်းပွင့်ပုံများကို ရေးထိုးထားကြလေသည်။ ပထမဆုံး တွေ့ဆုံသည့်ပုံစံက ကသောင်းကနင်းဖြစ်သော်လည်း ဇစ်မြစ်ကို သေချာသိလိုက်ရပြီမို့ ဂျင်ဟဲယွန်က ထပ်မံကာ အတည်ပြုမနေတော့ပေ။
"ဪ ...ဟွာဆန်းက လူတွေလား"
ဝေ့လီရှန်းကမူ အသက်ကယ်ရာရသွားသည့်အလား ဝင်းပကာပျော်ရွှင်နေလေတော့သည်။ အထူးသဖြင့် ဟွာဆန်းက သူတို့အား မဆန့်ကျင်ရဲဟု ကြွေးကြော်ထားသော လီဝေ့ရှန်းရှေ့တွင်ဖြစ်၍ ပို၍ပင် တက်ကြွနေလေတော့သည်။
နေပါဦး...ဟွာဆန်းက လူတွေဆိုတော့...
ဂျင်ဟဲယွန်က သူ၏ရှေ့တွင်ရပ်နေကြသောသူများကို သေချာစွာစေ့စေ့စပ်စပ် ကြည့်လိုက်လေသည်။
အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ကြင်နာတတ်သည့်မျက်နှာနှင့် အမျိုးသားက ဦးစွာပထမ မျက်လုံးထဲဝင်လာလေသည်။ သူ၏နောက်တွင်ရပ်နေသောသူကမူ ထက်ရှကာ ကူညီရန်အဆင်သင့်ဖြစ်နေသည့်ပုံပင်။
ထို့နောက်တွင်မူ...
အား...အနှိုင်းမဲ့အလှလေးပါလား...
အလွန်ပင် လှပသောမိန်းကလေးတစ်ယောက်ကိုပါ မြင်တွေ့လိုက်ရသည်မို့ ဂျင်ဟဲယွန် မျက်စိများပင် ကျယ်သွားလေသည်။စိတ်မနိုင်ပါက သင်ထားသော သိုင်းပညာများကိုပါ မေ့သွားစေနိုင်စွမ်းသော အလှမျိုးပင်။
ထို့နောက်တွင်မူ လူတစ်ယောက်သာ ကျန်လေတော့သည်။
သောက်ကျိုးနည်း ..သူက ဘာဖြစ်နေတာလဲဟ...
ဘယ်လိုပဲ ပြန်လည်နလန်ထလာတဲ့ဂိုဏ်းလို့ပဲ ပြောပြော တချိန်တုန်းက အောင်မြင်ခဲ့တာတွေကို ထောက်ပြီး ဒီလိုကောင်ကိုတော့ ဂိုဏ်းထဲအဝင်မခံသင့်ပါဘူးကွာ...
တခြားသော ဟွာဆန်းဂိုဏ်းသားများနှင့် ယှဉ်လျှင် ထိုလူက အတော်လေးပင် ထူးဆန်းနေလေသည်။
"ဆိုတော့ မင်းကလည်း ဟွာဆန်းဂိုဏ်းကပဲလား"
"မင်းတို့ကရော ရှောင်လင်ဂိုဏ်းကလား"
"..."
ဂျင်ဟဲယွန် ပြန်ပြောရန်ပြင်လိုက်လေပြီးမှ စိတ်ကိုထိန်းကာ ပါးစပ်ကိုပိတ်လိုက်လေသည်။
ဓါးကိုကိုင်ကာ အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသောသူကမူ ဝေ့လီရှန်းဆီသို့ သွားကာ နှုတ်ဆက်လိုက်လေသည်။
"ဟွာယုန်းဂိတ်တံခါးရဲ့ ခေါင်းဆောင်ကို နှုတ်ဆက်ပါတယ်... ဟွာယုန်းက အခက်အခဲတွေနဲ့ကြုံနေရတယ်ဆိုလို့ ကူညီပေးဖို့အတွက် ဂိုဏ်းချုပ်က ကျွန်တော်တို့ကို လွှတ်လိုက်တာပါ"
အာ...ဂိုဏ်းချုပ်ကလား"
ဝေ့လီရှန်း၏ မျက်လုံးများတွင် ကြည်နူးပီတိဖြစ်မှုကြောင့် မျက်ရည်များ ဝေ့သီလာလေတော့သည်။ရင်တွင်းတွင်လည်း တလှပ်လှပ်တုန်ယင်နေလေသည်။
ဟွာဆန်းကို သူ၏သားအား လွှတ်ကာ အကူအညီတောင်းခံခဲ့သော်လည်း ဟွာဆန်းမှ အမှန်တကယ်ကူညီလိမ့်မည်ဟု မထင်ထားခဲ့ပေ။ယွင်ဖုန်းကဲ့သို့ပင် ဟွာဆန်းကို သံသယဝင်ခဲ့သည်ပင်။သို့သော် ဟွာဆန်းသည် သူတို့အား အမှန်တကယ်ပင် လူလွှတ်ကာ ကူညီခဲ့လေပြီဖြစ်သည်။
ဝေ့လီရှန်း သူ၏မျက်စိရှေ့တွင်ရှိနေသော ဟွာဆန်းဂိုဏ်းသားများကိုကြည့်ကာ တုန်ယင်လာလေသည်။
ကြီးစွာသော လေးစားကြည်ညိုခြင်းက ရင်တွင် တစိမ့်စိမ့်ပေါက်ဖွားလာလေပြီး ကြည်နူးပီတိများလည်း ဖြစ်လာရလေပြီး သူ၏ဘေးတွင်ရှိနေသော ဂျင်ဟဲယွန်ထက်ပင် ပို၍သန်မာလာသည်ဟု ခံစားရလေသည်။
ဂျင်ဟဲယွန်သည်ပင် ဟွာဆန်း၏ကြီးမားလှသော ထောက်ထားညှာတာမှုကြောင့် အံဩမိလေသည်။
"ဒါဆို...မင်းက ဟွာဆန်းရဲ့ တက်သစ်စ နိုးထလာတဲ့နဂါး..."
"မဟုတ်ပါဘူး"
ဝေ့လီရှန်း၏ မေးခွန်းပင်မဆုံးရသေး ဘတ်ချုန်းက ကြိုတင်ကာ ပိတ်ဖြေလိုက်လေသည်။
"ကျွန်တော်က ဘတ်ချုန်းပါ...ဟွာဆန်းရဲ့ ဒုတိယတန်းတပည့်တစ်ဦးပါ"
"အာ...ဟွာဆန်းရဲ့ တရားမျှတမှုဓါးသိုင်းပိုင်ရှင်ပေါ့...မင်းအကြောင်းတွေ အများကြီးကြားဖူးထားပါတယ်"
သူတို့က ဟွာဆန်းရဲ့ တရားမျှတမှု ဓါးသိုင်းပိုင်ရှင်ကိုတောင် ထည့်ပေးလိုက်တာပဲ...
ဂိုဏ်းချုပ်က ဂိုဏ်းသားတွေကို သေချာရွေးချယ်ပြီးတော့ ထည့်ပေးလိုက်တာပဲ ဖြစ်ရမယ်...
နေပါဦး...ဒါဆိုသူတို့က ဟွာဆန်းရဲ့ နဂါးကိုကျ မထည့်ပေးလိုက်ဘူးလား...
"အဟွတ်"
ထိုစဉ်မှာပင် လူတစ်ယောက်ထွက်လာလေပြီး ခေါင်းဆောင်အား လေးစားသောအကြည့်များနှင့်ကြည့်ကာ လက်ကိုဆွဲပြီး စကားဆိုလာလေသည်။
".အာ..ခေါင်းဆောင်"
"..."
"ကျွန်တော် ခေါင်းဆောင်အကြောင်းတွေ အများကြီးကြားဖူးပါတယ်...နှစ်သုံးဆယ်တောင်...ကျွန်တော်တို့ဂိုဏ်းကို နှစ်သုံးဆယ်တိတိတောင် ငွေတွေထောက်ပံ့ခဲ့တာလို့ ပြောကြတယ်...အဲ့တာ အမှန်ပဲလား"
"ဟုတ်..ဟုတ်ပါတယ်...ဒါပေမယ့်...."
ထိုလူကို ကြည့်ရသည်က ဝေ့လီရှန်း၏ လုပ်ရပ်ကို ရင်ထဲထိသွားသည့်ပုံပင်။ ထိုလူ၏မျက်ဝန်းတွင် မျက်ရည်စအချို့ပင် မြင်လိုက်ရလေသည်။
"ကျွန်တော် ယုံတောင်မယုံနိုင်ဘူး...ဒီလိုထူးဆန်းတဲ့ လူတစ်ယောက်ရှိနေသေးတာကို...ဂိုဏ်းအားလုံးက ဟွာဆန်းကို စွန့်ပစ်တဲ့အချိန်မှာတောင် မစွန့်ပစ်ဘဲနေခဲ့တာလို့ ကြားတယ်..ကျွန်တော်ထင်တာက လောကကြီးမှာ လူကောင်းတွေအားလုံးမရှိကြတော့ဘူးလို့ ထင်ထားတာ ခင်ဗျားရှိနေသေးတာကို"
"..."
ဝေ့လီရှန်က လူကောင်ပိန်ပါးကာ သေးသွယ်သော လူတစ်ယောက်ပင်။သို့သော် ဟွာယုန်းကိုမူ ကြံကြံခံကာကွယ်ခဲ့သည်က ဆယ်စုနှစ်များစွာ ရှိပြီဖြစ်ပြီး လူပေါင်းများစွာကိုလည်း ကြုံတွေ့ခဲ့ပြီးပြီ ဖြစ်လေသည်။ သို့သော် ဤသို့ ထူးဆန်းသည့်သူကိုမူ မတွေ့ဖူးသေးပေ။
သူကလည်း ဟွာဆန်းက ဂိုဏ်းသားပဲလား...သူ့လိုလူက ဘယ်လိုလုပ်ပြီး ပါလာရတာလဲ...
ဝေ့လီရှန်းက ဆွဲခံထားရသောသူ၏လက်ကို ပြန်သိမ်းကာ မေးလိုက်လေသည်။
"မင်းက ဘယ်သူ..."
"အာ..ကျွန်တော့်နာမည်က ချွန်းမြောင်ပါ...ဂိုဏ်းချုပ်က လွှတ်လိုက်လို့ပါ"
"ဪ..ချွန်းမြောင် ဆိုတော့ မင်းက တတိယတန်းတပည့် ...ဘာ...ချွန်းမြောင် ဟုတ်လား"
"ဟုတ်ကဲ့...ကျွန်တော့်ကို ချွန်းမြောင်လို့ ခေါ်ပါတယ်...ဟီး...စိတ်မရှိရင် ကျွန်တော့်ကို အဲ့လိုပဲခေါ်လို့ရပါတယ်...ခေါင်းဆောင်"
ချွန်းမြောင် ဟုတ်လား..
တကယ်ကြီး ချွန်းမြောင်လား..
ဒီကောင်က ဘယ်လိုလုပ် ချွန်းမြောင်လဲ...
ဝေ့လီရှန်း ထင်ထားသည်က ဟွာဆန်းတွင် ချွန်းမြောင်ဟူသောအမည်နှင့် ဂိုဏ်းသားတစ်ယောက်သာရှိသည်ဟု ထင်ထားသော်လည်း ဟုတ်ပုံမရပေ။
အင်း...ငါကလည်း ဟွာဆန်းအကြောင်း အကုန်မသိပါလားနော်...
ဝေ့လီရှန်း သူ၏သားကိုသာ ရှာလိုက်လေတော့သည်။ အကြောင်းစုံသိသည့်သူကို ရှာလိုက်သည်က အတွေးများနေသည်ထက် ပို၍အဆင်ပြေမည်ဟု ခံစားရလေသည်။ ဝေ့လီရှန်း၏ အကြည့်ကိုနားလည်လိုက်သော ဝေ့ဆိုဟုန်က တုန်တုန်လှုပ်လှုပ်ပင် ခေါင်းငြိမ့်ပြလာသည်မို့ ပို၍ အံဩသွားရလေသည်။
တကယ်ကြီးပေါ့,..
ဒီကောင်က သာမန်လူလိုပဲ ဟာကို တကယ်ဟွာဆန်းရဲ့ နဂါးလား..
"ချွန်းမြောင်နော်"
ဝေ့လီရှန်းက မသေချာစွာဖြင့် ထပ်ကာခေါ်ကြည့်လေသည်။ ဂျင်ဟဲယွန်ပင် မရေမရာဖြစ်နေသည့်ပုံပင်။
ဝေ့လီရှန်း၏ မေးမြန်းမှုကို ချွန်းမြောင်က ခေါင်းငြိမ့်ပြလေသည်။
"ဒါဆို မင်းက လူတွေပြောကြတဲ့ ဟွာဆန်းရဲ့ နဂါးဆိုတာပေါ့...ဟုတ်လား"
"အပြင်ကို သိပ်ပြီးမထွက်ဖြစ်လို့ နဂါးလား ဘာလားတော့ မသိပေမယ့် ချွန်းမြောင်ဆိုတာကတော့ ကျွန်တော်ပါပဲ"
"မင်းပေါ့"
ဂျင်ဟဲယွန်ကလည်း မယုံနိုင်စွာဖြင့် မေးလာလေသည်။ ထိုသို့မေးခံရသောကြောင့် ချွန်းမြောင်က အနည်းငယ် ဇဝေဇဝါဖြစ်သွားလေသည်။
"နေပါဦး...ကျွန်တော် ခင်ဗျားတို့ကို သက်သေခံကတ်ပြားတွေ ဘာတွေပြရဦးမှာလား"
"..."
ချွန်းမြောင်က ဆူပုတ်ပုတ်ဖြင့်ပင် ဂျင်ဟဲယွန်နှကို ကြည့်လိုက်လေပြီးသည်နှင့် ဝေ့လီရှန်းကို ကြင်နာသော မျက်နှာပေးလေးနှင့် ကြည့်လိုက်လေသည်။
"မစိုးရိမ်ပါနဲ့...အခုချိန်ကနေစပြီးတော့ အကုန်လုံးကို ကာကွယ်ပေးသွားပါ့မယ်... ဂိုဏ်းချုပ်ပြောတာကတော့ ဟွာဆန်းရဲ့ ဂိုဏ်းခွဲတွေထဲမှာ ဟွာယုန်းက အကောင်းဆုံးလို့ ပြောလိုက်တယ်"
ထို့နောက်တွင်မူ ချွန်းမြောင်က ဘတ်ချုန်းတို့ဆီသို့ ကြည့်ကာ မေးလိုက်လေသည်။
"နည်းပြ..ဘာတွေလုပ်နေကြတာလဲ"
"မင်းက ပြောလို့ပြီးပြီးလား"
"အင်း"
ဘတ်ချုန်းက သက်ပြင်းချကာ ဂျင်ဟဲယွန်ကို ပြောလိုက်လေသည်။
"ငါက ဟွာဆန်းက ဘတ်ချုန်း"
"ဝူတန်ဂိုဏ်းက ဂျင်ဟဲယွန်"
"ကျွန်တော်တို့ ဒီမှာ ကျွန်တော်တို့ရဲ့ ဂိုဏ်းခွဲက ပြဿနာလေးရှိနေတယ်ဆိုလို့ လာခဲ့တာပါ..မင်းက ခေါင်းဆောင်နဲ့ တိုက်ရိုက်ပြောနေပုံ ရပေမယ့် အခုကစပြီး ဒီကိစ္စကို ကျွန်တော်နဲ့ပဲ ဆွေးနွေးလို့ရပါပြီ"
"မင်းတို့ ပြောချင်တာက ဒီကိစ္စကို ဟွာဆန်းက ကြားဝင်မယ်ဆိုတဲ့သဘောလား"
"ကြားဝင်လို့ မရတဲ့အကြောင်းပြချက်များ ရှိလို့လား"
ဘတ်ချုန်း၏ တုံ့ပြန်မှုကြောင့် ဂျင်ဟဲယွန်က မျက်မှောင်ကြုတ်လိုက်လေသည်။
သူတို့တွေကများ လုပ်ရဲတယ်….
ဟွာဆန်းဆိုသည်က ပျက်သုန်းပြီး နလန်ထကာစဂိုဏ်းဖြစ်သည်ကိုပင် ဝူတန်ဂိုဏ်းအား အာခံရဲလေသည်။ ဤသို့သော လက်အောက်ခံဂိုဏ်းလေးအတွက် ထိုသို့လုပ်ပေးသည်က သည်းမခံနိုင်ဖွယ်ရာပင်။
ထို့အပြင် ပို၍အရေးကြီးသည့် ကိစ္စတစ်ခုကလည်း ရှိလေသေးသည်။
ဂျင်ဟဲယွန်က ချွန်းမြောင်ကို လှမ်းကာကြည့်လိုက်လေသည်။
ဆိုတော့ သူက ဟွာဆန်းရဲ့ တက်သစ်စနဂါး ချွန်းမြောင်ပေါ့…
ချွန်းမြောင်ဟူသော အမည်နာမက လွန်ခဲ့သောနှစ်နှစ်ခန့်ကပင် ရေပန်းစားကျော်ကြားလာခဲ့သည်ဖြစ်ပြီး ဂျင်ဟဲယွန်၏ နားသို့ရောက်ခဲ့သည်ဖြစ်လေသည်။ သို့ဖြစ်၍ ထိုအမည်ကို ကောင်းကောင်းကြီးပင် မှတ်မိနေလေသည်။
သူသည်က ဝူတန်၏ ဓါးနဂါးဖြစ်လေပြီး ချွန်းမြောင်က ဟွာဆန်း၏ တက်သစ်စနဂါးဖြစ်လေသည်။
(ကန်ဟို ဆိုတာ သိုင်းပညာလောကပါနော်)
ယခင်က ကန်ဟိုတွင် နဂါးခြောက်ကောင်ဟူ၍ ရှိလေသည်ဖြစ်ပြီး ဂိုဏ်းအသီးသီးမှ ထူးချွန်ကာဂိုဏ်းဂုဏ်ဆောင်သော သူများကို ထိုသို့ တင်စားခေါ်ဝေါ်ခြင်းလည်း ဖြစ်လေသည်။ ထိုလူငယ်များက တစ်ချိန်တွင် သိုင်းပညာလောကကို ဦးဆောင်မည့်သူများဟူ၍လည်း ယုံကြည်ကြလေသည်။
ဂျင်ဟဲယွန်အနေနှင့် ထိုသို့သောကျော်ကြားမှုများကို အာရုံမထားသော်လည်း ဟွာဆန်းနဂါး၏ကျော်ကြားမှုကမူ သူ့ထက်ပင်ကျော်လွန်နေ၍ လွတ်ထား၍တော့မရပေ။
ဒီကလေးက ငါ့ထက်ပိုပြီး သန်မာတယ်တဲ့လား..မဖြစ်နိုင်တာ…
အသက်အရွယ်အရသော်လည်းကောင်း ၊ အသွင်အပြင်အရသော်လည်းကောင်း ချွန်းမြောင်နှင့် ဂျင်ဟဲယွန်က အကွာကြီးပင်။ အသက်တူလျှင်မူ ချွန်းမြောင်က ပို၍သန်မာကောင်း သန်မာနိုင်သော်လည်း ယခုတွင်မူ သန်မာသည်ဟု မထင်ရပေ။
ဂိုဏ်းချုပ်ပြောတာ မှန်သားပဲ…
တကယ်လို့ ဟွာဆန်းက နန်ယောင်ကို လူလွတ်ခဲ့ရင် သေချာပေါက် ချွန်းမြောင်လည်း ပါလာလိမ့်မယ်…
ဒီလိုဖြစ်လာပြီဆိုရင် ဟွာဆန်းဂိုဏ်းက လူက ဝူတန်ဂိုဏ်းက လူကို မယှဉ်နိုင်ဘူးဆိုတာ ပြဖို့လိုတယ်…
ထိုအကြောင်းပြချက်ကြောင့်ပင် သူက ဤနေရာသို့ရောက်နေခြင်းဖြစ်လေသည်မို့
ဂျင်ဟဲယွန် ပြုံးလိုက်လေသည်။
"ဆိုတော့ မင်းတို့က ဘယ်လိုကြားဝင်ဖို့ စဉ်းစားထားတာလဲ"
ဂျင်ဟဲယွန်သည်က ဘတ်ချုန်းအား အထင်သေးသောမျက်လုံးနှင့်ကြည့်ကာ မေးလိုက်လေသည်။
ချွန်းမြောင်နှင့် ယှဉ်လျှင် ဤလူက ပို၍ပင် စကားပြောရသည်က အဆင်ပြေလေပြီး ပို၍လည်း တာဝန်ရှိသူနှင့် ပိုတူလေသည်။ ထိုအပြင် အသွင်အပြင်မှ ရနေသော အရှိန်အဝါကလည်း သာမန်တော့မဟုတ်ပေ။
သူ့ကိုကြည့်ရတာ ပေါ့သေးသေးတော့ မဟုတ်တဲ့ပုံပဲ…
ဟို နဂါးချွန်းမြောင်နဲ့တော့ တခြားစီပဲ…
"ငါတို့က ဒီပြဿနာကို အေးအေးချမ်းချမ်းပဲ ပြီးသွားစေချင်တာပါ…ဒါပေမယ့်…"
ဘတ်ချုန်းက ပြုံးကာ ဆက်ပြောလေသည်။
"မင်းတို့ကတော့ ပြီးချင်ပုံမရဘူး …ဟုတ်တယ်မို့လား"
"ဟားဟား…နားလည်မှုလေး နည်းနည်းတော့ လွဲနေပြီထင်တယ်…
မင်းတို့ ဒီကိုလာပြီး သံတမန်လို ဖြေရှင်းပေးတာကတော့ ကောင်းပါတယ်…ဒါပေမယ့် ဖြေရှင်းပုံကတော့ မှားနေသလိုပဲ…ကြည့်ရတာ ဆွေးနွေးတာ အလုပ်မဖြစ်တော့ဘူးထင်တယ်"
"အဲ့လို မဖြစ်လည်း ရတာပဲလေ"
"ဒါဆို မင်းတို့က ဒီပြဿနာကို ဘယ်လိုဖြေရှင်းမှာလဲ…ဓါးရေးပြိုင်ပြီးတော့လား…
ငါတို့ကတော့ သွေးကြောင်ပြီးတော့ နောက်ဆုတ်မှာ မဟုတ်ဘူးနော်"
"ကြည့်ရတာ ဝူတန်ဂိုဏ်းရဲ့ ပြဿနာဖြေရှင်းနည်းတွေက ငါထင်ထားတာထက် ပိုပြီးကြမ်းတဲ့ပုံပဲ"
"ကြမ်းတမ်းတယ်ဆိုတာထက် ထိရောက်တဲ့ နည်းလမ်းကို သုံးတယ်လို့ ပြောတာပိုမှန်မယ်…တစ်ယောက်အချိန် တစ်ယောက်ဖြုန်းနေကြလို့လဲ အကျိုးမှမရှိတာကို"
"အာ…မင်းတို့ရဲ့အချိန်က ချီးလောက်တောင် အဖိုးမတန်ဘူးကို"
"…"
"…"
ဝင်ပြောလာသူက ချွန်းမြောင်ပင်။
ရုတ်တရက်ဝင်ပြောလာသောသူကြောင့် ဘတ်ချုန်းရော ဂျင်ဟဲယွန်ပါ သူ့အား လှည့်ကြည့်လိုက်ကြလေသည်။
ဘတ်ချုန်းကမူ ချွန်းမြောင်ကြောင့် စိတ်ညစ်သွားပြီး ကြိတ်ကာဆုတောင်းနေလေသည်။
ကျေးဇူးပြု၍ ငြိမ်ငြိမ်လေး နေပေးလို့မရဘူးလား…ချီးထုပ်လေးရယ့်…
ဂျင်ဟဲယွန်ကမူ စိတ်ကိုထိန်းနေသည်ကိုပင် မရတော့သည့် မျက်နှာမျိုး ဖြစ်နေလေသည်။ ဒေါသကြောင့် မျက်နှာက နီရဲနေပြီး သွေးကြောများပင် ထောင်နေလေသည်။
"မင်းတို့ဟွာဆန်းက ယဉ်ကျေးမှုဆိုတာကို မသင်ပေးထားဘူးလား"
"ယဉ်ကျေးမှုလား"
ချွန်းမြောင်က တဟားဟားအော်ရယ်လိုက်လေသည်။
"ဘာချီးစကားတွေ လာပြောနေတာလဲ"
"မင်း…"
"မင်းတို့က သူများဂိုဏ်းအခြေချထားတဲ့နေရာကိုလာတယ်…ပြီးတော့ ဂိုဏ်းကိုပိတ်ပြီး ထွက်သွားခိုင်းတယ်…
ဘာလို့လဲဆိုတော့ မင်းတို့ ဒီနေရာကို လိုချင်လို့…မထွက်သွားတော့ အကြမ်းဖက်တာပါ လုပ်လိုက်သေးတယ်…
မင်းလိုလူက ယဉ်ကျေးမှုဆိုတဲ့ စကားလုံးနဲ့ တန်လို့လား…မင်းလိုလူအတွက် ယဉ်ကျေးမှုဆိုတာ စာရွက်ပေါ်က စာလုံးတွေသက်သက်ပဲ မဟုတ်ဘူးလား"
"…"
ဂျင်ဟဲယွန်က နှုတ်ခမ်းကို တင်းတင်းကိုက်ကာ ကြိတ်လိုက်လေသည်။
ချွန်းမြောင်၏ စကားလုံးများက မှန်လွန်းနေ၍ အသည်းခိုက်မတတ်ပင် နာကြင်နေလေပြီ ဖြစ်သည်။
"မင်းတို့ကောင်တွေနဲ့ ဘာကိစ္စ ဆွေးနွေးနေရမှာလဲ…မင်းတို့ ကြိုက်တာလုပ်ကြ"
"မင်း ဘာကိုပြောချင်တာလဲ"
"မင်းတို့ ဒီနေရာကို နောက်ထပ်ခြောက်နာရီကြာရင် ပြန်လာဖို့ လုပ်နေကြတာမို့လား"
"…"
"အင်း…ပြီးရင် မင်းတို့ပြန်လာခဲ့ကြ.. မင်းတို့ ဂုဏ်ဆာနိုင်သလောက်လည်း ဂုဏ်ဆာထားကြ…ပြီးရင်တော့.."
ချွန်းမြောင်က ပြုံးလိုက်လေသည်။
"မင်းတို့ ခေါင်းပြုတ်ပြီး ပြန်ကြရမယ်ဆိုတာ သိထား..မင်းတို့တွေကို ငါသတိပေးလိုက်ပြီးပြီနော်…အဲ့ဒီစကားကို မမေ့လိုက်ကြနဲ့"
ဂျင်ဟဲယွန်၏ မျက်နှာကမူ သွေးများပင် ထွက်နေသည့်အလား ရဲနေပြီဖြစ်လေသည်။ ဒေါသသည်က အထိပ်အထိတ်သို့ ရောက်ရှိနေပြီဖြစ်လေသည်။
အပိုင်း (၁၂၅)
ဟွာဆန်းကို ထိရင်ဘာဖြစ်သွားမယ်ဆိုတာ ငါပြပေးမယ်(၅)
မင်းတို့ရဲ့အစွမ်းတွေကို ဂုဏ်ဆာထား တဲ့လား..
ထိုစကားလုံးက ဂျင်ဟဲယွန်အား ဓါးတုံးတုံးနှင့် တတိတိလှီးဖြတ်နေသလို ခံစားရလေသည်။ဒေါသကို ထိန်းရန်ဆိုသည်က လုံးလုံးပင် မဖြစ်နိုင်သောကိစ္စဖြစ်လေတော့သည်။
ယခုလက်ရှိ နေရာတွင် ဝူတန်ဂိုဏ်းက ဂိုဏ်းသားက အားလုံးပေါင်းလျှင် ဂျင်ဟဲယွန်အပါအဝင် ဆယ်ယောက်ရှိလေပြီး ဟွာဆန်းဂိုဏ်းသားကမူ ငါးယောက်သာ ရှိလေသည်။ အလွန်ပင်ရဲဝံ့နေလျှင်ပင် တောင်းဆိုသင့်သည်က တစ်ယောက်ခြင်းတိုက်ပွဲကိုသာ တောင်းဆိုသင့်သည်ဖြစ်ပြီး ယခုတွင်မူ စိတ်ရှိသလို တိုက်၍ရသည်ဟူ၍ပင်။ ထိုစကားက သူတို့အား မခန့်လေးစားလုပ်သည်နှင့်အတူတူပင် ဖြစ်လေသည်။
"မင်း.."
ဂျင်ဟဲယွန်ကမူ ဒေါသတို့ကြောင့် စကားလုံးတို့က လည်ချောင်းဝတင်ပင် တစ်နေသကဲ့သို့ပေ၊။ ဒေါသတို့က ဆူဝေနေပြီး ပြန်ပြောရန်စကားလုံးတို့ကလည်း ထွက်မလာပေ။သို့သော် သူတို့အား စိန်ခေါ်ထားပြီးပြီဖြစ်၍ ဤဟွာဆန်းမှလူများကိုမူ အလွတ်ပေးမည် မဟုတ်တော့ပေ။ မှတ်သားလောက်သည်အထိ ဆုံးမရပေလိမ့်မည်။
"အဆုံးမရှိသော ဘဝတို့၏ ကျမ်းပညတ်တော်"
ဒေါသထိန်းချုပ်ရန်အတွက် သင်ကြားထားရသောကျမ်းတော်များကို ပြန်လည်အမှတ်ရကာ ဒေါသကိုတတ်နိုင်သမျှ ထိန်းနေ၍သာ တော်လေတော့သည်။ ရင်ထဲတွင် ဒေါသတို့ကိုထိန်းနေသော်လည်း မျက်နှာပေါ်မှ ဒေါသအရိပ်အယောင်တို့ကမူ မပျောက်ကွယ်သွားသေးပေ။ ဒေါသမျက်နှာနှင့်သာ ဘတ်ချုန်းအား လှည့်ကာမေးလိုက်လေသည်။
"ဟွာဆန်းရဲ့ ဆန္ဒအတိုင်း ငါကလိုက်ပြီးတော့ လုပ်ပေးလိုက်သင့်လား"
ဂျင်ဟဲယွန် ထိုသို့မေးခြင်းက ဘတ်ချုန်းသည် ရောက်လာသောသူများထဲတွင် အကြီးဆုံးဖြစ်သည်ကို သတိပြုမိ၍ ဖြစ်လေသည်။ ဘတ်ချုန်းကမူ ဂျင်ဟဲယွန်၏အမေးကို ပုံခုံးသာတွန့်ပြလေပြီး ပြန်ဖြေလေသည်။
"ငါတို့က ပြောပြီးသားစကားကို ပြန်ရုတ်သိမ်းလိုက်ရင် ဟွာဆန်းက လူဟားစရာကြီး ဖြစ်သွားတော့မှာပေါ့"
"…"
"ပြီးတော့.."
"ငါတို့က အေးအေးလူလူပြီးသွားချင်ရင်လည်း မင်းကိုကြည့်ရတာ အဲ့လိုပြီးစေချင်တဲ့ပုံမရပါဘူး"
"အကိုကြီး အမြင်မှန်ရသွားပြီပဲ"
ဘတ်ချုန်းနှင့် ဂျင်ဟဲယွန်တို့၏ ကြားထဲတွင် ဝင်ပြောလိုက်သော ချွန်းမြောင်၏စကားကြောင့် ဂျင်ဟဲယွန် နှုတ်ခမ်းကိုက်လိုက်လေသည်။ ဤကလေးက တဆိတ်စော်ကားလွန်းနေသည်ဟု ထင်လေ၏။
ဂျင်ဟဲယွန်သည် ဝူတန်၏ ကိုယ်စားပြုဂိုဏ်းသားပင်ဖြစ်ပြီး သူ့အား မလေးစားခြင်းသည် ဝူတန်ဂိုဏ်းအား မလေးစားခြင်းနှင့် အတူတူပင် ဖြစ်လေသည်။
"ခြောက်နာရီလား"
ချွန်းမြောင်အား ဂျင်ဟဲယွန်က စိမ်းစိမ်းဝါးဝါးကြည့်နေလေပြီဖြစ်သည်။
"တစ်ရက်…မင်းတို့ကို အချိန်တစ်ရက်ပေးမယ်…မနက်ဖြန်ဒီလိုအချိန်မှာ မင်းပြောသလို ဟွာယုန်းကို ငါတို့ သိမ်းမယ်… မင်းမှတ်ထားပါ…ဒါကမင်းတို့အရင်စတယ်ဆိုတာကို …ပြီးရင်တော့ ဖြစ်သမျှဘယ်ဟာကိုမှ အာမခံပြီး တာဝန်ယူပေးမှာ မဟုတ်ဘူးဆိုတာ"
"ဟုတ်ပြီလေ..မနက်ဖြန်ထိ စောင့်ချင်ရင်လည်း သဘောပဲ…စိတ်ရှိလို့ အခုတိုက်ခိုက်ချင်ရင်လည်း ရတယ်နော်"
ချွန်းမြောင်က လက်ညိုးလေးကွေးကာ စိန်ခေါ်လိုက်လေသည်။
"လာလေ.."
"…"
ဂျင်ဟဲယွန် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလေပြီး ဒေါသကိုချုပ်ထိန်းရလွန်း၍ မျက်နှာများပင် ဖြူရော်နေပြီ ဖြစ်လေသည်။
ဤမြင်ကွင်းကိုကြည့်ကာ ယွန်းဂျွန်ကမူ ခေါင်းတခါခါဖြစ်နေလေပြီ ဖြစ်သည်။
သူကတော့ တိုက်ပွဲမစခင် သွေးတက်တာနဲ့ သေတော့မှာပဲ..
ဟွာဆန်းမှ ဂိုဏ်းသားများ အားလုံးကမူ ချွန်းမြောင်၏ သိုင်းပညာစွမ်းရည်ကိုလည်း သိသကဲ့သို့ ဒေါသအလိပ်လိပ်ထွက်အောင် ပြောတတ်သည့် နှုတ်သီးကောင်းလျှာပါးစွမ်းရည်ကိုလည်း သိလေသည်။ အပြောစွမ်းရည်က သိုင်းပညာထက်ပင် သာလွန်သေးမည်ဟု ထင်ရလေ၏။
ယွန်းဂျွန်၏ ချွန်းမြောင်နှင့်အတူနေစဉ်ကာလများမှရသော အတွေ့အကြုံများအရ ချွန်းမြောင်၏ အပြောစွမ်းရည်က ဩချလောက်ဖွယ် ဆိုးဝါးကာ သေမတတ်ပင် ဒေါသဆွပေးနိုင်သည်ကို သိခဲ့ပြီးဖြစ်လေသည်မို့ ယခုတွင်လည်း ချွန်းမြောင်နှင့် ပြောနေသော ဂျင်ဟဲယွန်ကို ကိုယ်ချင်းစာပေးရုံမှအပ လုပ်ပေးနိုင်သည့်အရာ မရှိတော့ပေ။
ဝူတန်ဂိုဏ်းကတော့ ထင်ထားတဲ့အတိုင်းပဲ…
အိုးဘုရား….သူက သူ့ဒေါသကို တော်တော်ထိန်းနိုင်တာပဲ…ဒီလောက်ကို သည်းခံနိုင်တယ်..
ကြည့်ရတာ အဆင်ပြေနေသေးတဲ့ပုံပဲ….
ချွန်းမြောင်၏ ရန်စမှုကို ကြံ့ကြံ့ခံနေသော ဂျင်ဟဲယွန်ကိုကြည့်၍ အားလုံးက ချီးကျူးချင်ကြလာလေတော့သည်။
"မနက်ဖြန်…မနက်ဖြန်ဒီအချိန်မှာ.."
ဂျင်ဟဲယွန်က ပြောနေရင်းမှပင် အံကိုတင်းနေအောင် ကြိတ်ထားလေသည်။
"မနက်ဖြန် ဒီအချိန်မှာ ပြန်တွေ့ကြမယ်…အဲ့အချိန်ကျမှာ ငါ့ကို သနားညှာတာပေးဖို့ လာမပြောနဲ့…
အဲ့အချိန်မှာ မင်းတို့က ဘာလို့ ဟွာဆန်းဖြစ်နေပြီး ငါတို့က ဘာလို့ ဝူတန်ဖြစ်နေရလဲဆိုတာကို ရှင်းရှင်းလင်းလင်း သိသွားစေရမယ်…"
"ဟုတ်ပါပြီ…ဟုတ်ပါပြီ"
"…"
ချွန်းမြောင်က ဂျင်ဟဲယွန်အား ဂရုမစိုက်လေဟန်နှင့် နောက်သို့ပြန်လှည့်သွားလေသည်။
"ကဲ..သူက ကျွန်တော်တို့ ကိုယ့်ကိုကိုယ် ယုံကြည်ရင် မနက်ဖြန်အထိ ထွက်မပြေးနဲ့လို့ ပြောနေတာဆိုတော့ အခုကျွန်တော်တို့ အထဲဝင်ပြီး နားလို့ရပြီမို့လား"
ချွန်းမြောင်၏စကားကြောင့် ယွန်းဂျွန် ပါးစပ်ဟောင်းလောင်းဖြစ်သွားရလေသည်။ တံခါးပိတ်လေ့ကျင့်ရေးသုံးလပြီးသည်နှင့် သူ၏ ဒေါသထွက်အောင် ဆွနိုင်စွမ်းက ပို၍တိုးတက်လာပုံရလေသည်။
ဂျင်ဟဲယွန်ကမူ အဆုံးစွန်အထိ သည်းခံထားပုံရလေပြီး ချွန်းမြောင်အား အရေးမထားတော့သည်ပုံပင်။ အေးစက်စက်အကြည့်တစ်ခုနှင့်သာ ကြည့်လိုက်လေပြီး ပြောလာလေ၏။
"မင်းနဲ့ငါ မနက်ဖြန်ကျ တွေ့ကြတာပေါ့"
ထိုစကားကိုပြောပြီးသည်နှင့် ဂျင်ဟဲယွန်က ဟွာယုန်းထဲမှ ထွက်သွားလေတော့သည်။
"ဆရာတူအကိုကြီး.."
ဝူတန်ဂိုဏ်းမှ ကျန်သည့်ဂိုဏ်းသားများက ဂျင်ဟဲယွန်နောက်သို့ အပြေးအလွှားပင် လိုက်သွားကြလေတော့၏။
"အကိုကြီး ..ဘာလို့ အဲ့ဒီဂျိုကြွနေတဲ့ကောင်ကို ဒီတိုင်းလွတ်ပေးလိုက်ရတာလဲ…ကျွန်တော်တို့ မနက်ဖြန်ထိတောင် စောင့်နေစရာ မလိုပါဘူး..အဲ့ကောင်ကို အခုချက်ချင်း အချိုးပြင်ပေးလိုက်လို့ ရတယ်"
"ဟုတ်တယ်..ကျွန်တော့်ဘဝမှာ အဲ့ဒီကောင်လောက် ရိုင်းစိုင်းတဲ့ကောင် မတွေ့ဖူးဘူး…အသိတရားရတဲ့အထိ ပါးစပ်ကိုဖြဲပြီး ဆုံးမပေးလိုက်ချင်တာ…မဟုတ်ဘူး…ရူးနေတာ ပြန်ကောင်းသွားတဲ့အထိ ဆုံးမပေးလိုက်သင့်တာ..
ဒါတောင်မှ မသေချာသေးဘူး"
သူ၏ဆရာတူညီလေးများ၏ စကားများကိုကြားရသောအခါတွင်မူ ဂျင်ဟဲယွန်က ရပ်လိုက်လေသည်။
"အခုလား"
"ဟုတ်တယ်..အခုပဲ"
"မနက်ဖြန်ထိ စောင့်ရမယ်လို့ ငါဘာလို့ ပြောခဲ့တာလဲ သိလား"
"ကျွန်တော်တို့….မသိ"
"ဒီနေ့အခုပဲ တိုက်ခိုက်မယ်ဆိုရင် သွေးချောင်းစီးလိမ့်မယ်"
ဂိုဏ်းသားတိုင်းက တိုက်ပွဲများကိုကြုံတွေ့ရသည်ဖြစ်ပြီး တိုက်ပွဲမဝင်ဖူးသည့် ဂိုဏ်းသားဆိုသည်က မရှိပေ။ နှစ်ကာလကြာမြင့်ပြီဖြစ်သော ဝူတန်ဂိုဏ်းသားများအနေနှင့် တိုက်ပွဲဝင်ရသည်က ပြောဖွယ်ရာပင် မရှိပေ။ တိုက်ပွဲများတွင် အခြားသူများအားလည်း ဒဏ်ရာရစေသကဲ့သို့ မိမိတို့ကိုယ်တိုင်ကလည်း ဒဏ်ရာရကြလေသည်။ ဂျင်ဟဲယွန်သည်ပင် များစွာထိခိုက်ဒဏ်ရာရဖူးလေပြီး သူ၏ဓါးတွင်လည်း သွေးစွန်းဖူးသည်ကလည်း အကြိမ်ကြိမ် ဖြစ်လေသည်။
ယခုတွင်လည်း ဂျင်ဟဲယွန်ပြောသည့်အဓိပ္ပါယ်ကို အားလုံးက နားလည်လိုက်သည်မို နှုတ်ပိတ်၍သာ နေကြလေတော့သည်။ ယခုသာတိုက်ပါက သူချွန်းမြောင်အား သတ်မိတော့မည်ဆိုသည့် အဓိပ္ပါယ်ပင်။ တိုက်ပွဲဖြစ်၍ရသော်လည်း လူသေသည်အထိတော့ မဖြစ်သင့်သေးပေ။
ဂျင်ဟဲယွန် နောက်ပြန်လှည့်ကာ ဟွာယုန်းအား ကြည့်ရင်း ပြောလိုက်လေသည်။
"သိပ်မကြာခင်မှာ သူတို့ဘာလုပ်မိသွားလဲဆိုတာ သူတို့ နားလည်လာတော့မှာပါ… တစ်ရက်ဆိုတဲ့အချိန်က သူတို့တွေ ကြုံရတော့မယ့် ကံဆိုးမှုကြီးကို တွေးပြီးကြောက်ဖို့ အချိန်ကောင်းကောင်းရပါတယ်"
"ဟုတ်ကဲ့ပါ..ဆရာတူအကိုကြီး"
"လာ..ပြန်ကြစို့"
ဂျင်ဟဲယွန်က လမ်းဆုံး လေ့ကျင့်ရေးခန်းမဆီသို့ ပြန်သွားလေပြီဖြစ်သည်မို့ လေ့ကျင့်ရေးခန်းမခေါင်းဆောင်ကလည်း အလျင်အမြန်ပင် အမှီလိုက်ကာလာလေသည်။
"အတူတူသွားရအောင်လေ"
"သွားတာပေါ့"
"သူတို့တွေ ထွက်သွားကြပြီ"
အားလုံးက ထွက်သွားကြသော ဝူတန်ဂိုဏ်းသားများကိုကြည့်ကာ ငေးနေကြလေသည်။ အေးအေးလူလူလည်း ဖြစ်နေကြပုံပင်။ မအေးဆေးနိုင်သူက တစ်ယောက်သာရှိနေလေ၏။ ဝေ့လီရှန်းပင်။
"ဘာ..ဘာတွေ ဖြစ်သွားကြတာလဲ…"
ဟွာဆန်းအား အကူညီခေါ်လိုက်သည်က မှန်သော်လည်း ထိုအကူညီက ဝူတန်ဂိုဏ်းနှင့် တိုက်ပွဲဖြစ်ရန်မဟုတ်ပေ။
ဝေ့လီရှန် မျော်လင့်ထားသည်က အတိတ်အချိန်တုန်းက ဟွာဆန်းသည်လည်း ဂိုဏ်းကြီးကိုးဂိုဏ်းတွင် ပါဝင်ခဲ့သည်ဖြစ်ပြီး ဝူတန်ဂိုဏ်းနှင့်လည်း ကောင်းမွန်သောဆက်ဆံရေးရှိလေသည်။ သို့ဖြစ်၍ ထိုဆက်ဆံရေးကို ထောက်ရှုကာ အတူညှိနှိုင်းပြီး အသာတကြည် အဆင်ပြေသွားကြရန်သာဖြစ်ပြီး ထိုသို့သော အခြေအနေမဟုတ်ပေ။ ယခုအခြေနေကမူ အတော်လေးပင် ဆိုးဝါးသွားပြီဟု ထင်လေသည်။
ဝေ့လီရှန်း၏ မသက်မသာဖြစ်နေသော ပုံစံကိုမြင်သောအခါတွင်မူ ချွန်းမြောင်က ပြုံးကာပြောလာလေသည်။
"အခု ခေါင်းဆောင် ခြေဆန့်လက်ဆန့်လေးလုပ်ပြီး အေးအေးဆေးဆေး အိပ်ယာဝင်လို့ ရပါပြီ"
ခြေဆန့်လက်ဆန့်လုပ်ရမယ် ဟုတ်လား..
ချီး….
အဆုံးသတ်တွင်မူ ဝေ့လီရှန်းသည် နောက်သို့ အနည်းငယ်မျှဆုတ်ကာ လဲကျသွားလေတော့သည်။
"ဟာ..အဖေ"
"ခေါင်းဆောင်"
ဝေ့ဆိုဟုန်နှင့် ယွင်ဖုန်းက အပြေးအလွှားပင် လာရောက်ကာ ပွေ့ချီလိုက်ကြပြီး ခေါ်သွားသည်ကိုကြည့်ကာ ချွန်းမြောင်က ပြောလိုက်လေသည်။
" ငါက သူ့ကို့ ဒီမှာကြီးတော့ ချက်ချင်းလှဲလိုက်ပါလို့ မပြောမိပါဘူး…သူကလည်း စိတ်အတော်ကြီးပုံတော့ ရတယ်"
ဟွာဆန်းက ဂိုဏ်းသားများကမူ သက်ပြင်းကိုယ်စီသာ ချလိုက်ကြလေတော့သည်။
"ဟမ်း"
ဝေ့လီရှန်းက အိပ်ယာပေါ်မှ အလန့်တကြား ထလာလေပြီး ဘေးဘီကိုကြည့်လိုက်လေသည်။ သူ၏အိပ်ယာထဲတွင် ဖြစ်လေသည်။
ခဏမျှကြာအောင် နေလိုက်ပြီးကာမှ နဖူးမှ ချွေးစေးများကိုသုတ်လိုက်လေသည်။
အင်း…အိမ်မက်ပဲ ဖြစ်မှာပါ…
သေချာပေါက်..အိမ်မက်ပဲ…
အဲ့လိုကိစ္စမျိုးဆိုတာ လက်တွေ့ဘဝမှာ ဖြစ်မှမဖြစ်နိုင်တာကို…
တော်သေးတာပေါ့…
ဝေ့လီရှန်းထိုမှသာ စိတ်သက်သာရာရကာ သက်ပြင်းရှည်ကြီးကို ချလိုက်လေပြီး ရေကရားကိုယူကာ ရေတခွက်ကိုမော့သောက်လိုက်လေသည်။
ရေအေးအေးအား သောက်လိုက်ပြီးသည့်နောက်တွင်မူ အနည်းငယ် စိတ်အေးသွားသလိုပင်၊
ထိုအချိန်မှာပင် တံခါးကပွင့်လာလေပြီး ယွင်ဖုန်းက ဝင်လာလေသည်။
"နိုးနေပြီလား..ခေါင်းဆောင်"
"ငါ အိပ်ပျော်သွားတာ ဘယ်လောက်ကြာပြီလဲ"
"လေးနာရီလောက်ရှိပါပြီ"
"အင်း.."
ဝေ့လီရှန်း၏ ခန္ဓာကိုယ်က တိုက်ခိုက်မှုတွင် ထိခိုက်ပြီးချိန်မှစ၍ အားနည်းနေသည်ဖြစ်ပြီး ယခုအချိန်ထိ မသက်သာနိုင်သေးပေ။ ပြန်လည်ကောင်းမွန်လာစေရန် အချိန်ယူရမည်ဖြစ်သော်လည်း အခြေအနေများမရ အနားမရနိုင်သေးသည်မို့ ပြန်လည်ကာ ကောင်းမွန်လာသည့်နှုန်းကလည်း အတော်ပင် ကြာမြင့်နေလေသည်။
"ငါ ထမှဖြစ်တော့မယ်..ဝူတန်ဂိုဏ်းက ကောင်တွေက ဘယ်အချိန် လာမယ်မသိနဲ့"
"သူတို့ မနက်ဖြန်မှပဲ လာမှာပါ"
"မနက်ဖြန်ဟုတ်လား"
"ဟုတ်ပါတယ်"
"ငါ အိပ်နေတဲ့အချိန်မှာ သူတို့လာသွားသေးလား"
ယွင်ဖုန်း မျက်မှောင်ကြုတ်ကာ ကြည့်လိုက်ပြီး မေးလိုက်လေသည်။
"ခေါင်းဆောင် အိမ်မက်တွေဘာတွေ မက်သေးလား"
"အင်း..တော်တော် ထူးဆန်းတဲ့အိမ်မက်ပဲ… ဟွာဆန်းက လာတဲ့သူတစ်ယောက်က ဝူတန်ဂိုဏ်းကလူကို အမှိုက်သရိုက်လို ဆက်ဆံပြီး ဟွာယုန်းရဲ့ အနာဂတ်အတွက် တိုက်ခိုက်မယ်ဆိုပြီး ပြောနေတာတဲ့"
"…"
"အိမ်မက်ထဲမှာတောင် တော်တော်လေးဆိုးဝါးတာပဲ…ငါ့မှာ အိမ်မက်ထဲမှာတောင် မူးလဲမတတ်ဖြစ်သွားတယ်တဲ့…ဟွာဆန်းကနေ အဲ့လိုရူးကြောင်ကြောင်လူရောက်လာမှာက ဖြစ်နိုင်စရာလား…သူက သူ့ကိုယ်သူ ဟွာဆန်းရဲ့ တက်သစ်စနဂါးဆိုပြီးက ပြောလိုက်သေးတာ..ဟားဟား..
ငါ့ကျန်းမာရေးက ငါထင်တာထက်ကို ပိုပြီးဆိုးဝါးနေပြီပဲ…"
ဝေ့လီရှန်း ရယ်နေရင်းမှပင် ယွင်ဖုန်း၏ မျက်နှာပေးကြောင့် ရပ်သွားလေသည်။
မဟုတ်သေးပါဘူး…
"အဲ့တာက မဖြစ်နိုင်…"
"ဖြစ်နေပါပြီ"
"ငါတော့ မယုံဘူး"
"မယုံချင်စရာ ရှိလို့လား"
ဝေ့လီရှန်း စတင်ကာ တုန်လှုပ်လာလေသည်။
"တကယ်ကြီး ဖြစ်နေတာပေါ့"
"စိတ်လျော့ပါ..ခေါင်းဆောင်..ရေတွေဖိတ်ကုန်တော့မယ်..အခုကျွန်တော်တို့က နောက်ဆုံးအချိန်ကို ရောက်နေပြီ… အခုကျွန်တော်တို့ ထွက်ပြေးကြရင် မကောင်းဘူးလား"
"ညကြီးကိုလေ..ထွက်ပြေးမှာလား"
"သေရတာထက်စာရင်တော့ ထွက်ပြေးတာက ပိုမကောင်းဘူးလား… ဒေါသထွက်နေတဲ့ ဂျင်ဟဲယွန်ရဲ့ မျက်နှာကိုပြန်တွေးလိုက်ရင် နောက်နေ့ရောက်မှာတောင် ကြောက်လာတယ်…သူက ဘယ်သူ့ကိုမဆို သေချာပေါက် သတ်မှာပဲ"
"သူက တာအိုကျင့်တဲ့ကိုယ်တော်လေ"
"ခေါင်းဆောင် …လက်တွေ့ကျကျပဲ တွေးကြည့်စမ်းပါ..ဂိုဏ်းကြီးကိုးဂိုဏ်းရဲ့ လက်ချက်နဲ့ လူတွေ ဘယ်လောက်တောင် သေခဲ့ကြပြီးပြီလဲ…မြစ်ဝါမြစ်ကိုတောင် ဖို့လို့ ရလောက်တယ်…သူတို့တွေကိုတကယ်ပဲ မရက်စက်ဘူးလို့ ထင်နေတာလား"
ဝေ့လီရှန်း မပြောနိုင်ပေ မည်သို့ ဖြေရမည်မသိဖြစ်နေလေသည်။
"ကျွန်တော်တို့ အသက်ရှင်ချင်ရင် မြန်မြန်လေး လုပ်မှဖြစ်မယ်…အချိန်က တစ်ရက်တောင် ကျန်တော့တာ မဟုတ်ဘူး"
"ဟွာဆန်းဂိုဏ်းသားတွေက ဘယ်မှာလဲ"
"တိုးချဲ့ဆောင်မှာပါ..သူတို့ အဲ့ဒီမှာ ရှိကြမယ်ထင်တယ်"
"သိပြီ.."
ဝေ့လီရှန်း စဉ်းစားနေရပြီ ဖြစ်လေသည်။ သူ့တွင်လည်းကိုယ်ပိုင်မိသားစုရှိသကဲ့သို့ သူ၏ဂိုဏ်းသားများတွင်လည်းရှိသည်။ သူ ဟွာယုန်းအား တည်ထောင်ခဲ့သည်က စွန့်ပစ်ရန်မဟုတ်သကဲ့သို့ သူ၏ဂိုဏ်းသားများကိုလည်း အထိခိုက်မခံနိုင်ပေ။ ဤသည်က သူ၏လောဘဆိုလျှင်လည်း ဟုတ်ပေသည်ဟုသာ ဝန်ခံရလေမည်။ ငြင်းနိုင်စွမ်း မရှိပေ။ သူ၏ စောင့်ရှောက်ဖန်တီးထားရသောအရာအားလုံးကို ဝူတန်ဂိုဏ်း၏ ဓါးချက်အောက်တွင် အပျက်စီးမခံနိုင်သည်က အမှန်ပင် ဖြစ်လေသည်။
"ဖုန်း"
"ဟုတ်ကဲ့ပါ…ခေါင်းဆောင်"
"ငါတို့ ဟွာယုန်းကနေ တခြားတစ်နေရာကို ထွက်သွားကြမလား"
"…"
"နန်ယောင်မဟုတ်ရင်တောင် ငါတို့ ဟွာယုန်းဆိုတဲ့နာမည်ကို ထိန်းနိုင်သေးရင် တော်ပြီ မဟုတ်ဘူးလား"
"ခေါင်းဆောင်"
ဝေ့လီရှန်းကမူ အားလုံးအားကာကွယ်နိုင်ရန်အတွက် အကောင်းဆုံးထင်သော ရွေးချယ်မှုကို ချနေပြီဖြစ်လေသည်။ ထို့အပြင် ယခင်ကပင် ဖယ်ရှားပေးလိုက်လျှင်လည်း အကောင်းသားဟု တွေးနေမိလေသည်။ ဤနည်းလမ်းက သူလိုချင်သောအဖြေမဟုတ်သော်လည်း မတတ်နိင်တော့ပေ။
အခန်းထဲသို့ ဝင်လာသော ဝေ့ဆိုဟုန်ကမူ ကယောင်ခြောက်ခြားဖြစ်နေသော သူ၏ဖခင်ကို နှစ်သိမ့်လေသည်။
"ဒါက အဖေမျှော်လင့်ထားတဲ့ အဖြေမှ မဟုတ်တာ…အဖေ"
"ဟူး"
"မင်း ဘာကိုပြောချင်တာလဲ…ဒီလိုမလုပ်ရင် ငါတို့ ဘယ်လိုလုပ်ကြရမှာလဲ"
"အဖေက အခုအချိန်မှ အရှုံးပေးနေရင်တောင် ဟွာဆန်းက ဂိုဏ်းသားတွေက ထွက်သွားမယ်လို့ ထင်နေလို့လား"
"ဘာလို့လဲ"
"အဖေ သူတို့ကို သေချာကြည့်…ထူးဆန်းနေတယ်လို့ မထင်ရဘူးလား… သူတို့အကုန်လုံး ဝူတန်ဂိုဏ်းကို ရှုံးမယ်ထင်ပြီး ကြောက်နေတဲ့သူတစ်ယောက်မှ မပါတာကို သတိထားမိလား"
ထိုစကားကြောင့် ဝေ့လီရှန်း မျက်မှောင်ကြုတ်သွားလေသည်။ တွေးကြည့်လျှင်လည်း ဟုတ်ပေသည်။ ဟွာဆန်း၏ တရားမျှတမှု ဓါးသိုင်းပိုင်ရှင်ကြီးပင် ဤနေရာသို့ ရောက်ရှိနေသည်ကို သူထိုမျှ စိုးရိမ်နေရန်မလိုဟု တွေးမိသွားလေသည်။
မကြောက်ရအောင် သူတို့က ဘာတွေမို့လို့လဲ…ငရဲသားတွေလား..မကောင်းဆိုးဝါးတွေလား…
"ငါ ဘတ်ချုန်းနဲ့ တွေ့ဖို့ လိုတယ်"
ဝေ့ဆိုဟုန်၏ မျက်နှာက သူ့ဖခင်၏စကားကြောင့် အရောင်လက်သွားလေသည်။
"ဒါဆိုရင်တော့ အတော်ပဲ…"
"ဘာကလဲ"
"အင်း..အဖေ သတိရလာရင် သူ့ကို ပြောဖို့ ကျွန်တော့်ကို တောင်းဆိုထားတဲ့သူရှိလို့"
"ဘယ်သူလဲ…ဘတ်ချုန်းကလား"
"မဟုတ်ဘူး.."
ဝေ့ဆိုဟုန် ရယ်ကျဲကျဲ မျက်နှာနှင့် ပြောလာလေသည်။
"ဟွာဆန်းရဲ့ တက်သစ်စနဂါးလေးကပဲ"
လာပြန်ပြီ…ဒီချီးနဂါး…
"ဘာတက်သစ်စနဂါးလဲ…သူက ချီးနဂါးပဲ ဖြစ်သင့်တာ"
ဝေ့ဆိုဟုန်ကမူ သူဖခင်၏ ဆဲရေးမှုကြောင့် အံဩတကြီးဖြစ်သွားလေတော့သည်။
အပိုင်း (၁၂၆)
ဟွာဆန်းရဲ့ သိုင်းပညာက အခြေခိုင်သန်မာလာပြီ(၁)
လက်ရှိဟွာဆန်းဂိုဏ်းသည် ဂိုဏ်း၏ပျက်သုန်းခဲ့ပြီးဖြစ်သော အရှိန်အဝါတို့ကို ပြန်လည်တည်ဆောက်နေပြီ ဖြစ်လေသည်။ ဟွာဆန်းဂိုဏ်းသည် တချိန်ကမူ ဂိုဏ်းများအားလုံးထက် တောက်ပခဲ့သည်ဖြစ်ပြီး ဝေ့လီရှန်း၏ဖခင်သည်လည်း ဟွာဆန်း၏ဂိုဏ်းသားဟူသော ဂုဏ်ပုဒ်နှင့် ဘဝတစ်လျောက်လုံးတင့်တယ်စွာ နေခဲ့လေသည်။
ဂလု..ဂလု
ဟွာဆန်းဝတ်စုံကို ဝတ်ဆင်ထားသည့်ချွန်းမြောင်ကမူ သေရည်အိုးကိုသာ ထိုင်သောက်နေလေသည်။
"အား ..အရသာကောင်းလိုက်တဲ့ သေရည်ကွာ…သေရည်က အကောင်းဆုံးပဲ"
"အသားလေးဘာလေး ရှိရင်ပေးကြပါဦး…ကျွန်တော့်ကို ပေးဦးလို့..ဆရာတူအကိုကြီး ပေးပါဦးဆို"
"ဘာ …ငါတို့စားဖို့တောင် မင်းပဲ ဘာမှမချန်တာလေ… မင်းပဲ အားလုံးစားလိုက်တာမဟုတ်ဘူးလား..ဒါတောင်လာပြီး ထပ်တောင်းနေသေးတယ်…ကိုယ့်လက်ပဲ ကိုယ်ဖြတ်စားလိုက်"
"ဟင့်…တကိုယ်ကောင်းဆန်လိုက်ကြတာ"
ဟွာဆန်းသည် တချိန်က ရှိခဲ့ဖူးသော နေ့ရက်များနှင့် အောင်မြင်မှုများကို ပြန်လည်ရှာဖွေနေသည်ဖြစ်ပြီး ယခင်ကကဲ့သို့ သန်မာလာမှုမရှိခြင်းကို ယနေ့ခတ်ဂိုဏ်းသားများကိုလည်း အပြစ်တင်၍ မရပေ။ ပြန်လည်ကြိုးစားနေကြပြီဖြစ်၍ ပို၍ပင် အပြစ်တင်၍ မရနိုင်ပေ။ ယခုတွင်ပင် ဟွာဆန်းက ဟွာယုန်းအား ကယ်တင်ရန် ကြိုပမ်းနေပြီ မဟုတ်ပါလား…
"အား..ဟွာဆန်းပျက်သုန်းတာက ငါ့ဘဝလေးကို ပိုပြီးတော့တောင် အသက်ဝင်လာစေသလိုပဲ"
"နည်းပြတွေက ဒီနားမှာရှိနေတာကို ဘယ်လိုတွေပြောနေတာလဲ…စကားပြောတာကို ဆင်ခြင်စမ်းပါ…ခွေးသားလေးရယ့်"
"ရပါတယ်…နည်းပြလည်း ကျွန်တော်တွေးသလို တွေးနေမှာပဲရယ်..ကိစ္စမရှိဘူး"
"မဟုတ်တာ..ငါက မင်းနဲ့အတူ နေရလို့ သေချင်သလိုတောင် ဖြစ်နေတာ"
"ဟားဟားဟား…ကောင်းလိုက်တဲ့ဟာသကွာ"
"ငါလည်း ဟာသအဖြစ်ပဲ ပြောချင်တာပါ…မဟုတ်တာလေး တစ်ခုပဲ"
တစ်ဦးနှင့်တစ်ဦး ပြောဆိုကာ သေရည်သောက် ပျော်ပါးနေကြသည့် ဟွာဆန်းဂိုဏ်းသားတစ်စုကိုကြည့်ကာ ဝေ့လီရှန်း ပြုံးလိုက်လေသည်။
ဒီမြင်ကွင်းကို ငါ့အဖေကို ပြချင်လိုက်တာ..
လူတွေပြောကြတယ်..ဘာတဲ့..
သေရွာကပြန်လာပြီ…ပြာပုံထဲကနေ နိုးထလာပြီ ….ဟုတ်လား..
ကြည့်စမ်းပါဦး…
ဟွာဆန်းက လုံးလုံးပျက်စီးနေပါပြီ.,.အဖေရယ်…
ဒီမြင်ကွင်းကြီးက ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်လဲ..
ဝေ့လီရှန်း တွေးနေရင်းမှပင် သူ၏အစာအိမ်မှ နာနေသည်ကို သတိထားလိုက်မိလေသည်။ နာကြင်မှုက ပြင်းထန်လွန်းလှလေပြီး လက်သည်းချွန်များနှင့် အသားနုအား ကုတ်ခြစ်နေသလိုပင်။ သက်ပြင်လေးတစ်ချက်ချလိုက်သည်ကိုပင် နာကြင်မှုက ထိုးတက်လာလေသည်။
"အား.."
ဝေ့လီရှန်း၏ အမှတ်တမဲ့ထွက်သွားသော ညည်းသံက ဆူညံနေကြသော ဟွာဆန်းမှလူများအားလုံး၏ အာရုံကိုဆွဲဆောင်လိုက်သကဲ့သို့ ဖြစ်သွားလေပြီး အားလုံးကလှည့်ကြည့်လာလေသည်။
"အာ.."
ချွန်းမြောင်က ဝေ့လီရှန်းဆီသို့ကြည့်ကာ သေရည်ပုလင်းကို မြောက်ပြပြီး မေးလိုက်လေသည်။
"သောက်ဦးမလား"
"သူက အခုမှ နလန်ထစကာလေ…"
"ခေါင်းဆောင်က အတွင်းဒဏ်ရာတွေ ရထားတာ ရှိတာလား"
"စဉ်းစဉ်းစားစားလေးနဲ့ စကားကိုပြောစမ်းပါ…"
"မဟုတ်ဘူး…ခွေးသားရဲ့"
အသံများက တဖန်ပြန်ဆူလာကြလေပြီး ဝေ့လီရှန် အစာအိမ်က ပို၍ပင် နာလာသလိုပင်။
တကယ်ကို ဟွာဆန်းရဲ့ နာမည်နဲ့သိက္ခာတွေက သေဆုံးသွားပြီပဲ…
ဝေ့လီရှန်း ဆယ်နှစ်သားခန့်က ဟွာဆန်းသို့ ရောက်ဖူးလေပြီး ပျက်သုန်းကာစ ဟွာဆန်း၏ အရှိန်အဝါကိုပင် လေးစားအားကျခဲ့ရလေသည် ဖြစ်သော်လည်း ယခုနလန်စကာစ ဟွာဆန်းကမူ ထိုသို့သော အရှိန်အဝါသိက္ခာများ ပျောက်ဆုံးနေသည့်ပုံပင်။ အားလုံးက ကွာခြားနေလေသည်။
ဝေ့လီရှန်းက မည်သည့်စကားကိုမှ မဆိုလေဘဲ ကြည့်သာကြည့်နေသည်မို့ ဘေးတွင်ရပ်နေသောယွင်ဖုန်းက ဝင်ကာပြောလေသည်။
"ဒီကိုကြည့်ကြပါ"
"ဟုတ်ကဲ့"
"အခု ကျွန်တော်တို့က ဘယ်လိုအခြေအနေမျိုးကို ကျရောက်နေတာလဲဆိုတာ ခင်ဗျားတို့ သတိရောထားမိကြရဲ့လား"
ဘတ်ချုန်းက ထိုစကားကြောင့် မတ်တပ်ထလာကာ ဦးညွတ်တောင်းပန်လေသည်။
"ကျွန်တော် တောင်းပန်ပါတယ်..ကလေးတွေက နည်းနည်းလွတ်လွတ်လပ်လပ်နေတတ်ကြလို့ပါ"
ဘတ်ချုန်း၏ တောင်းပန်စကားကြောင့် ဝေ့လီရှန်းက သက်ပြင်းချလိုက်လေသည်.
"ကျွန်တော်တို့ ခင်ဗျားကို အပြစ်တင်နေတာ မဟုတ်ပါဘူး…တရက်ပိုပြီးအချိန်ရအောင် လုပ်ပေးလို့တောင် ကျေးဇူးတင်နေတာပါ…ဒါပေမယ့် ဂိုဏ်းသားဘတ်ချုန်း ကျွန်တော်တို့ ဆုံးဖြတ်ချက်ချပြီးသွားပါပြီ…"
"ဆုံးဖြတ်ချက်လား"
"အရာအားလုံးကို စွန့်ပစ်ပြီး အိမ်ကနေ စွန့်ခွာရမယ်ဆိုတာက တကယ်တော့ မလွယ်ပါဘူး..ဒါပေမယ့် အခုတော့ အဲ့လိုပဲ ဖြစ်လာတယ်..တခြားနည်းလမ်းလည်း မရှိတော့လို့ပါ…ဟွာယုန်းဂိတ်က နန်ယောင်ကို စွန့်လွတ်လိုက်ပါတော့မယ်….ဒါကြောင့် မင်းတို့လည်း စကားကိုနားထောင်ပြီး ဟွာဆန်းကို ပြန်ကြပါတော့"
"ဂိုဏ်းချုပ်"
ဘတ်ချုန်းက စိတ်ရှုပ်ထွေးသွားသောမျက်နှာနှင့် ကြည့်လာလေသည်။
"ကိစ္စတွေက နည်းနည်းလေး စည်းကျော်ပြီး ကမောက်ကမဖြစ်နေတယ်ဆိုတာတော့ သိပါတယ်..ဒါပေမယ့်…"
"အဲ့လို မဟုတ်ပါဘူး…ရင်ဆိုင်ရမယ့် ရန်သူက ဝူတန်ဂိုဏ်းမဟုတ်ရင် အဲ့လိုရွေးချယ်မှာ မဟုတ်ပါဘူး…အဆုံးထိ မင်းတို့နဲ့အတူ တိုက်ခိုက်ပြီး ရှိသွားမှာပါ…ဒါပေမယ့် ဝူတန်ဂိုဏ်းဆိုတာက မင်းတို့လည်း သိတာပဲ…သူ့ကိုဆန့်ကျင်ပြီး နေလို့မရနိုင်ဘူး…သူတို့ရဲ့တပည့်တွေကို လွတ်ပြီး နန်ယောင်ကို သိမ်းခိုင်းကတည်းက ဝူတန်ဂိုဏ်းကလည်း ဒီကိစ္စကို ပေါ့သေးသေးထားတာ မဟုတ်ဘူးဆိုတာ သိလိုက်လို့ပါ"
"အင်း"
"မင်းတို့ သူတို့ကို ဒီတစ်ကြိမ်တားလိုက်နိုင်ရင်တောင် နောက်ထပ်တွေပြန်ပြီး ကြိုးစားလာဦးမှာပဲ"
ဝေ့လီရှန်း၏စကားများကို ချွန်းမြောင်က သေရည်ငှဲ့ရင်း နားထောင်နေလေကာ ပြောလိုက်လေသည်။
"ကျွန်တော်တစ်ခုလောက် မေးလို့ရမလား"
"မေးပါ"
"ဒီနေရာမှာ ဘာများထူးထူးခြားခြားရှိတာလဲ…သူတို့က ဘာလို့ ဒီနေရာကို အဲ့လောက်လိုချင်နေရတာလဲ"
ချွန်းမြောင် သိထားသည့်ဝူတန်ဂိုဏ်းဆိုသည်က အရေးကိစ္စမရှိဘဲနှင့် နယ်ချဲ့ကြမည် မဟုတ်သည်က သေချာလေသည်။ ဝူတန်ဂိုဏ်းဆိုသည်က ကျင့်ဝတ်နှင့် တပါးသူကို လေးစားမှုအထားကြဆုံးသော ဂိုဏ်းများထဲမှ တစ်ဂိုဏ်းဖြစ်လေသည်။
သူတို့က သူတို့ရဲ့ ပညတ်တော်တွေကိုတော့ အကြောင်းမရှိဘဲ ဖောက်ဖျက်မယ့်သူမျိုးတွေ မဟုတ်ဘူး…
အချိန်ကာလတွေ ကြာမြင့်ပြီဖြစ်၍ ပြောင်းလဲသွားလျှင်မူ မပြောတတ်သော်လည်း ဝူတန်၏ကျင့်ဝတ်များအရဆိုလျှင်မူ ထိုသို့ပြုလုပ်မည်မဟုတ်သည်ကို ချွန်းမြောင်ကောင်းကောင်းကြီး သိလေသည်။ ဝူတန်ဂိုဏ်း နန်ယောင်အထိ နယ်ချဲ့လာရသည့် အဓိကအကြောင်းအရင်းကို ချွန်းမြောင် သိရရန် လိုအပ်လေသည်။
တစ်ခုခုတော့ ရှိနေတာ သေချာတယ်…
ဝေ့လီရှန်းက ပြန်မေးလာလေသည်။
“ထူးထူးခြားခြားလား”
“အင်း”
“အဲ့တာမျိုးတော့ ဒီမှာမရှိပါဘူး…နန်ယောင်မှာသာ ထူးထူးခြားခြားရှိရင် လူတွေက ဘယ်လိုလုပ် နန်ယောင်ကနေ ထွက်သွားကြမှာလဲ”
“ဟုတ်ပါပြီ..”
ချွန်းမြောင် မျှော်လင့်ထားသော အဖြေကို မရလိုက်သော်လည်း စိတ်တော့ မပျက်သွားပေ။ ဝေ့လီရှန်းတွင် သိထားသည့်သတင်းရှိပါက သတင်းက ပျံ့နှံ့နေပြီဖြစ်လေတော့မည်။ အမှန်တကယ် အကြောင်းပြချက်ကို ဝေ့လီရှန်းမသိသည်က ပို၍ပင် ကောင်းလေသည်ဟု ချွန်းမြောင်တွေးလိုက်လေသည်။
အင်း…သူတို့မသိတော့လည်း ငါကိုယ်တိုင်ပဲ ဝူတန်ဂိုဏ်းက ဒီနေရာထိရောက်လာတဲ့အကြောင်းပြချက်ကို ရှာရတာပေါ့…
“မင်းတို့အားလုံး မနက်ဖြန်နေထွက်တာနဲ့ ဟွာဆန်းကို ပြန်လိုက်ကြပါ…ကျန်တာကို ကျွန်တော်ပဲ ကြည့်ရှင်းလိုက်ပါမယ်”
“ဘယ်လို…အဲ့လို လုပ်ဖို့ မဖြစ်နိုင်ဘူး”
“မဖြစ်နိုင်ဘူးလား”
“ဟုတ်ပါတယ်…ဂိုဏ်းချုပ်က ကျွန်တော်တို့ကို ဟွာယုန်းက ပြဿနာတွေကို ဖြေရှင်ပေးဖို့ မှာလိုက်တာပါ..ကျွန်တော်ကို ဟွာယုန်းကို ဒီအတိုင်းထားခဲ့ပြီး ခေါင်းဆောင်တို့သာ နန်ယောင်က ထွက်သွားရရင် ကျွန်တော်တို့ရဲ့ ဂိုဏ်းချုပ်က စိတ်မကောင်းဖြစ်လို့ မဆုံးနိုင်ဘဲ သုံးလေးလလောက် ပူဆွေးနေလောက်ပါတယ်”
“ဟုတ်လား…ကျွန်တော်အဲ့တာကို မတွေးမိဘူးဖြစ်သွားတယ်”
“ကျွန်တော်တို့ ခေါင်းဆောင်ကို ကိုယ်ချင်းစာပေးလို့ ရပါတယ်..ဟုတ်တယ်မို့လား..ဆရာတူအကိုကြီးတို့”
ဂျိုဂုနှင့် ယွန်းဂျွန်တို့ကလည်း ထောက်ခံကာခေါင်းငြိမ့်ပြကြလေသည်။ သူတို့သည်လည်း နန်ယောင်တို့လာခဲ့လေပြီးမှ အကျိုးမရှိပြန်ရ၍ ဂိုဏ်းချုပ်၏ ယူကြုံးမရဖြစ်ခြင်းကို မမြင်ချင်ကြပေ။
“ကြည့်ပါလား…ကျွန်တော် ဟာသနေတာမဟုတ်ပါဘူးဆို”
“ကျွန်တော်တို့လည်း ဟာသလုပ်နေတာ မဟုတ်ပါဘူး”
ဝေ့လီရှန်း က မည်သို့လုပ်ရမည်မသိဖြစ်နေသည်ကိုကြည့်ကာ ချွန်းမြောင်က ဆုံးဖြတ်ချက်ခိုင်မာသောအသံနှင့် ပြောလာလေသည်။
“ကျွန်တော်တို့ ဟွာဆန်းက ဟွာယုန်းရဲ့ ကျေးဇူးကြွေးတွေကို မမေ့ပစ်ပါဘူး”
ဝေ့လီရှန်း ထိုစကားကြောင့် ရင်ထဲတွင် တုန်လှုပ်လာလေသည်။ ယခင်ကနှင့် မတူစွာပင် ချွန်းမြောင်က စကားကိုအတည်အတန့်ပြောနေလေပြီး ချွန်းမြောင်၏မျက်လုံးများကလည်း ယုံကြည်လောက်ဖွယ်အရောင်အဝါများလည်း ထွက်နေလေသည်။ ရုတ်တရက်ပင် ချွန်းမြောင်၏ ညှို့ယူခြင်းကို ခံလိုက်ရသကဲ့သို့ပင်။
“ယခုက ဟွာဆန်းက ဟွာယုန်းအပေါ်မှာရှိနေတဲ့ကျေးဇူးကြွေးကို ပြန်ပြီးပေးဆပ်ရမယ့် အချိန်ပါ…
အဲ့လိုကျေးဇူးဆပ်ဖို့ကို ဟွာဆန်းက ဘာကြောင့်မှ တွန့်ဆုတ်နေမှာမဟုတ်သလို တုံ့ဆိုင်းနေမှာလည်း မဟုတ်ပါဘူး…ပြီးတော့ ဟွာဆန်းက ဟွာယုန်းဘက်မှာရှိတယ်ဆိုတာ တစ်လောကလုံးလည်း ရှင်းရှင်းလင်းလင်း သိသွားစေရပါမယ်”
ဝေ့လီရှန်း ချွန်းမြောင်၏စကားများကို မသိလိုက်ခင်မှာပင် ထောက်ခံကာခေါင်းငြိမ့်နေလေတော့သည်။ ချွန်းမြောင်မှအရောင်အဝါများပင် ထွက်လာသကဲ့သို့ပင်။
ချွန်းမြောင်…ဟွာဆန်းရဲ့ နဂါးဆိုတာ ဒါမျိုးပါလား…
ဝေ့လီရှန်း ချွန်းမြောင်အား အထင်မှားခဲ့လေသည်ဟု စတင်ကာတွေးမိလာပြီဖြစ်လေသည်။ ကပြောင်ကချော် ပုံစံနောက်ကွယ်တွင် ဤသို့ယုံကြည်လောက်ဖွယ် သူရဲကောင်းပုံရိပ်ကလည်း ရှိနေလေသေးသည်။
“ပြီးတော့ ….ဒါတွေ အားလုံးထက်”
“ဟုတ်ကဲ့..”
“ကျွန်တော် ခေါင်းဆောင်ကို မေးစရာတစ်ခုရှိတယ်..”
“ဟုတ်ကဲ့..မေးပါ…ကျွန်တော်သိတာ ဘာမဆို ဖြေဖို့ အဆင်သင့်ပါပဲ”
“အဲ့တာဆိုလည်း..”
ချွန်းမြောင်က မျှော်လင့်တကြီးစောင့်ဆိုင်းနေသော ဝေ့လီရှန်းကို လက်ထဲမှ ပုလင်းကို ခါပြကာ မေးလိုက်လေသည်။
“ဟွာယုန်းမှာ သေရည်ပုလင်းထပ်ရှိသေးရင် ထပ်ပြီးတော့ တစ်ပုလင်းလောက် ပေးပါဦး..ဟီး”
“…”
“မဟုတ်သေးဘူး..သုံးပုလင်းလောက် ပေးပါ”
“..”
“..မဟုတ်သေးဘူး…ရှိသလောက်..ရှိတော့ ရှိသေးတယ်မို့လား”
“…”
ဝေ့လီရှန်း၏ ရင်ထဲမှ ကြီးမြတ်ထူးကဲသော နဂါးသူရဲကောင်း၏ပုံရိပ်လေးက ချက်ချင်းပင် ပြန်လည်ပျက်စီးသွားလေတော့သည်။
“အားလုံး ပြင်ဆင်ပြီးသွားပါပြီ..ဂိုဏ်းသား ဂျင်ဟဲယွန်”
ဂျင်ဟဲယွန်က ခေါင်းငြိမ့်ပြလိုက်လေသည်။
“ပင်ပန်းသွားရပြီ”
“ဒီတစ်ရက်ပြီးတာနဲ့ အလုပ်က ပြီးပါပြီ…တွေးကြည့်ရမယ်ဆိုရင် ဒီရာထူးက ကျွန်တော်နဲ့ အဆင်မပြေသလိုတောင် ခံစားရတယ်”
“ခင်ဗျားဘယ်လိုကြိုးစားတယ်ဆိုတာ ပင်မဂိုဏ်းကြီးက သတိထားမိပါတယ်…ဒီကိစ္စပြီးသွားရင် ပင်မဂိုဏ်းကို ပြန်ခေါ်ရင် ခေါ်လောက်တယ်…”
“အိုး..မဟုတ်တာ..အဲ့လိုအခွင့်အရေးမျိုးကို ဘယ်လိုလုပ်ပြီး ကျွန်တော်က မျှော်လင့်ရဲရမှာလဲ…
ဒီမှာနေပြီး လေ့ကျင့်ရေးခန်းမကို ဦးဆောင်ပေးနေတာကပဲ အကူအညီဖြစ်ရင် တော်ပါပြီ”
ဂျင်ဟဲယွန်က နားလည်စွာပင် ပြုံးကာ ခေါင်းတငြိမ့်ငြိမ့် လုပ်လေသည်။ စကားအလှများနှင့် မည်သို့ပင် ငြင်းနေစေကာမူ ပင်မဂိုဏ်းကြီးက အလုပ်ပြီးမြောက်သည်နှင့် ဆုလာဘ်ချီးမြှင့်ကာ ရာထူးလည်း တိုးပေးမည်က အသေအချာပင်ဖြစ်လေသည်။ သို့ဖြစ်၍ ဂျင်ဟဲယွန် အတင်းအကြပ် မပြောတော့ပေ။
“မင်းက ခရီးရှည်ကြီးကနေ လာခဲ့ရတာဆိုတော့ ဒီမှာနေပြီး မင်းအချိန်တွေကို မဖြုန်းတော့ပါဘူး… “
“မဟုတ်တာ..ရပါတယ်”
“ရပါတယ်..ကောင်းကောင်းနားပါ…မနက်ဖြန်မှ ပြန်တွေ့ကြမယ်”
“ဒါဆိုလည်း ကောင်းသောညချမ်းလေးပါ”
လေ့ကျင့်ရေးခန်းမခေါင်းဆောင် ထွက်သွားသည်နှင့် ဂျင်ဟဲယွန်က သက်ပြင်းတစ်ချက်ချလိုက်လေသည်။
“ဆရာတူအကိုကြီး”
ဂျင်ဟဲယွန်၏ဆရာတူညီလေး ဂျင်မုက ခေါ်လာလေ၏။
“ဆရာတူအကိုကြီး ဟွာဆန်းက လာမယ်လို့ ထင်ထားတာလား”
“ငါ မထင်ပါဘူး..ဂိုဏ်းချုပ်က လာနိုင်တယ်လို့ ကြိုပြီးပြောလိုက်တာ..ဂိုဏ်းချုပ်ရဲ့ အာရုံခံနိုင်စွမ်းကတော့ လိုက်မမှီအောင်ပဲ”
“သူက အမျှော်အမြင်အရမ်းရှိပြီး တော်တော်လေးကို နှိမ်နှိမ်ချချနေတတ်လို့..ဂိုဏ်းချုပ်က ကောင်းကင်ဘုံကိုတောင် သိနိုင်စွမ်းရှိလောက်တယ်”
“ဟုတ်တယ်..”
“ဆရာတူအကိုကြီး ဘယ်လိုထင်လဲ..လေ့ကျင့်ရေးခန်းမခေါင်းဆောင် ပြောသလို ဟွာယုန်းဂိတ်ကလူတွေ ဒီညပဲထွက်ပြေးကြမယ်လို့ထင်လား”
“ဟွာယုန်းက လူတွေကတော့ ပြေးကောင်းပြေးလိမ့်မယ်”
ဂျင်ဟဲယွန်က တည်တည်ငြိမ်ငြိမ်နှင့်ပင် ဆက်ကာပြောလာလေသည်။
“ဒါပေမယ့် ဟွာဆန်းဂိုဏ်းက ဂိုဏ်းသားတွေကတော့ ပြေးကြမှာ မဟုတ်ဘူး”
“ဘာလို့ မပြေးကြမှာလဲ”
“ဘာလို့လဲဆိုတော့ သူတို့ကလောလောလတ်လတ်မှ စပြီး နာမည်ကြီးလာတာလေ”
“အာ..အဲ့လိုလား”
ဂျင်ဟဲယွန်က ပြုံးကာဆက်ပြောလေသည်။
“ပုံမှန်ဆိုရင် လူတွေက နာမည်ကျော်ကြားတာမျိုးမရှိသေးဘူးဆိုရင် ဝံ့ဝံ့ကြွားကြွား သိပ်ပြီးတော့ မဖြစ်ကြသေးဘူး…ဒါပေမယ့် စပြီးကျော်ကြားလာပြီဆိုတာနဲ့ သူတို့က ပိုပြီးကျော်ကြားချင်လာကြတော့တာပဲ..
သူတို့က ဘယ်လောက်ပဲ ဖြစ်နိုင်တယ်ဆိုတာကို မသိကြတော့ဘူး…
ယခုလည်း ဟွာဆန်းက တက်သစ်စနဂါးက နာမည်ကျော်ကြားလာတာက မကြာသေးဘူး..ပြီးတော့ သူက ဒီလိုတွေစိန်ခေါ်ထားပြီးမှ ထွက်ပြေးသွားရင် သူက တစ်လောကလုံးရဲ့ တံတွေးခွက်မှာ ပက်လက်မြောပြီး လူဟားစရာ ဖြစ်တော့မှာ”
“ဒါပေမယ့်လည်း သူနေပြီး ကျွန်တော်တို့နဲ့ တိုက်ခိုက်လို့ရှုံးရင်လည်း သူ့ဂုဏ်သိက္ခာကာ ထိခိုက်မှာပဲလေ”
ဂျင်ဟဲယွန်၏ မျက်ခုံးများက အလိုမကျမှုကြောင့် တွန့်ချိုးသွားလေသည်။
“မင်းက ငါ့လိုလူတစ်ယောက်ဆီမှာ သူရှုံးရတာကို အရှက်ရစရာလို့ ပြောလိုက်တာလား”
“ကျွန်တော် အဲ့လိုဆိုလိုချင်တာ မဟုတ်ပါဘူး..ဆရာတူအကိုကြီး”
ဂျင်မုက ထိတ်ပြာသလဲရှင်းပြလာသည်မို့ ဂျင်ဟဲယွန်က ကျောကိုပုတ်ကာ ပြောလာလေသည်။
“ငါက စတာပါ…သူတို့က ငါတို့ကို ဘာလို့ မစောင့်ဘဲနေမှာလဲ..
ရှုံးနိမ့်တာက ထွက်ပြေးတာထက်တော့ ဂုဏ်ရှိသေးတယ်လေ”
“သူတို့တွေလည်း အရှက်တရားက ဘာဆိုတာ သင်ယူလိုက်ရတော့ ပိုကောင်းသွားတာပေါ့…
မဟုတ်ရင် သူတို့က သဘောတရားနဲ့ အခြေအနေကို နားလည်ပုံမရဘူး”
“ဟီးဟီးဟီး…အကိုကြီးပြောတာ ဟုတ်တယ်”
ဂျင်ဟဲယွန်ပြုံးလိုက်လေပြီး သူ၏စိတ်ထဲတွင် ချွန်းမြောင်က မျက်နှာက ပြန်ပေါ်လာလေသည်။
ဒီထောင်လွှားနေတဲ့ မျိုးမစစ်ကောင်ကိုတော့…
ဂျင်ဟဲယွန် ချွန်းမြောင်၏ အခြေအနေကို နားလည်၍ ရလေသည်။ ငယ်ငယ်ရွယ်ရွယ်နှင့်ပင် ကြီးမားသောအောင်မြင်မှုတို့ကို ရရှိထား၍ ထောင်လွှားနေခြင်းပင်။ အကြီးအငယ် သဘာဝကိုပင်မေ့လျော့ကာ သူ့အား မခန့်လေးစားလုပ်ရဲသော ထိုကလေးကို ပညာပေးရန် ဂျင်ဟဲယွန် ဆုံးဖြတ်ထားပြီ ဖြစ်လေသည်။
အကြီးတွေရဲ့ တာဝန်က အငယ်တွေကို ဆုံးမပေးဖို့ပဲ မဟုတ်လား..
“သူတို့က မသိကြဘူးဆိုတော့လည်း ငါတို့က သူတို့ကို နားလည်အောင် လုပ်ပေးရမှာပေါ့…”
“ဒါပေါ့”
“ဒါပေမယ့်”
ဂျင်ဟဲယွန်က အတည်အတန့်လေသံဖြင့် ပြောလာလေသည်။
“ငါတို့ ဒီကိစ္စကိုပဲ အာရုံစိုက်နေလို့ မရဘူး….ငါတို့ ဒီကိုလာရတဲ့ အဓိကအကြောင်းအရင်းကိုလည်း မေ့ထားလို့ မဖြစ်ဘူး…”
“ဟုတ်ကဲ့ပါ ..ဆရာတူအကိုကြီး..ကျွန်တော် အဲ့ဒီကိစ္စကို တစ်စက္ကန့်လေးတောင် မမေ့ပါဘူး”
ထိုကိစ္စသည်က ဂျင်ဟဲယွန်နှင့် ဂျင်မုသည်သာ သိလေပြီး တခြားသော သူများက မသိကြပေ။အရေးကြီးကိစ္စဖြစ်၍ လျို့ဝှက်ထားသောကိစ္စဖြစ်လေပြီး ဂျင်မုသည်ပင် အပြည့်အစုံမသိရပေ။
“ဟွာယုန်းဖြစ်ဖြစ် ဟွာဆန်းဖြစ်ဖြစ် သူတို့က နန်ယောင်က ထွက်သွားအောင် လုပ်လိုက်နိုင်တာနဲ့ ငါတို့ဂိုဏ်းရဲ့အဆင့်က ရှောင်လင်ဂိုဏ်းထက်သာသွားပြီး လောကကြီးရဲ့ အထွတ်အထိပ်ကို ရောက်သွားပြီ”
“ဟုတ်ကဲ့..ကျွန်တော် မှတ်ထားပါ့မယ်”
ဂျင်ဟဲယွန် ပြတင်းပေါက်မှ အဝေးကိုမျှော်ကြည့်လိုက်လေသည်။ လရောင်က တောက်ပနေပြီး ကြယ်ပွင့်များကလည်း လရောင်နှင့်အပြိုင်ပင် တောက်ပနေကြလေသည်။
“ဓါးသင်္ချိုင်း..”
ဓါးတစ်ချောင်းအား မြုပ်နှံထားသည့်နေရာ…
ဤသည်ကပင် သူတို့ နန်ယောင်တွင် အယောင်ပြလက်အောက်ခံဂိုဏ်းခွဲတစ်ခု ထားကာ ပြဿနာကိုဖန်တီးပြီး ဤနေရာသို့ ရောက်ရှိစေလာသော အကြောင်းပြချက်စစ်စစ် ဖြစ်လေသည်။
“ပထမဆုံး ငါတို့ ဟွာဆန်းက မျိုးမစစ်ကောင်တွေကို နန်ယောင်က မောင်းထုတ်ကြမယ်…ပြီးပြီဆိုရင် ငါတို့ရဲ့ အဓိကကိစ္စကို ဖြည်းဖြည်းချင်း လုပ်ကြမယ်…”
“ဟုတ်ကဲ့ပါ..ဆရာတူအကိုကြီး”
ဂျင်ဟဲယွန်၏ နှုတ်ခမ်းပါးထက်တွင် အပြုံးရေးရေးက ထင်ဟတ်လာလေသည်။
သိပ်မကြာခင်မှာ တစ်လောကလုံးက ဝူတန်ဂိုဏ်းရဲ့ ခြေဖဝါးအောက်ကို ရောက်လာတော့မှာပါကွာ…
ည၏အမှောင်သည် လျှို့ဝှက်ချက်များကိုပင် ဖုံးလွှမ်းသွားလေတော့သည်။