← Chapters

အခန်း (၁၂၇-၁၂၉)

Vol. 9 Ch. 127-129

အခန်း (၁၂၇-၁၂၉)

Vol. 9 Ch. 127-129

အပိုင်း (၁၂၇)

ဟွာဆန်းရဲ့ သိုင်းပညာက အခြေခိုင်သန်မာလာပြီ(၂)

ဝေ့လီရှန်းက အိပ်မရသည်မို့ ကောင်းကင်ကိုသာ ရဲရဲနီနေသောမျက်လုံးတို့နှင့် ငေးကြည့်နေလေသည်။

နေက စတင်ကာထွက်လာပြီဖြစ်လေသည်။

ထူးဆန်းလိုက်တာ..

မနေ့ညကမူ ဝေ့လီရှန်းသည် ချွန်းမြောင်၏ စိတ်အားတက်ဖွယ်စကားများတွင် မြောပါသွားကာ ချွန်းမြောင်ဦးဆောင်သော သောက်ပွဲစားပွဲတွင် ကိုယ်တိုင်ပါဝင်ခဲ့လေသည်။ သူ၏အသက်အရွယ်နှင့် ကလေးတစ်ယောက်၏စကားများတွင် နစ်ဝင်သွားသည်က မဖြစ်သင့်သော်လည်း ဖြစ်သွားလေပြီဖြစ်လေသည်။

နောက်ဆုံးတွင်မူ ချွန်း‌မြောင်သည် ဟွာယုန်းတွင်ရှိသမျှသော သေရည်အားလုံးကုန်သွားလေကာမှ သိုလှောင်ရုံထဲတွင် အိပ်ပျော်ကာ အဆုံးသတ်သွားလေတော့သည်။ နေရာတွင်အတူရှိနေကြသော သူ၏ဆရာတူအကိုကြီးများကလည်း သူ့အားတားဆီးကြခြင်း မရှိကြပေ။

ဒါက တကယ်ကြီး အဆင်ပြေပါ့မလား…

ဟွာဆန်းမှ ကလေးများသဘည် မနေ့က လွန်လွန်ကြူးကြူး ပြုမူခဲ့ကြသည်ဖြစ်ပြီး ဝူတန်ဂိုဏ်းကမူ ထိုသို့ဆက်ဆံခံရသည့်အတွက် သက်ညှာသနားပေးတော့မည် မဟုတ်သည်က သေချာလေသည်။ အကယ်၍ ဟွာဆန်းမှကလေးများနှင့် ဝူတန်မှလူများ တိုက်ခိုက်ခဲ့လျှင် အထိနာမည့်သူမှာ ဟွာဆန်းမှကလေးများသာ ဖြစ်ကြလေသည်။ သို့သော်..

ဝေ့လီရှန်း ပြတင်းကိုဖွင့်ကာ အပြင်သို့ကြည့်လိုက်သည်နှင့် နေပူစာလှုံနေသော ဟွာဆန်းမှ ကလေးများကိုတွေ့လေသည်။

“ဝါး….”

ဂျိုဂုက သန်းဝေရင်းနှင့် အိပ်မှုန်စုံမွှားမျက်လုံးများနှင့် ယွန်းဂျွန်အား ကြည့်လာလေသည်။

“သူတို့က ဘယ်အချိန်မှ လာမှာလဲ”

“သူတို့ ဒီနေ့လာမယ်လို့ ပြောသွားတာပဲ မဟုတ်လား?”

“နေတောင် မြင့်နေပြီကို.”

“သူတို့က မနက်ဖြန်ဒီလိုအချိန်ကျမှ ပြန်လာခဲ့မယ်လို့ ပြောသွားတာလေ..အချိန်တွေအများကြီး ကျန်နေသေးတာကို ..သွားသွား ..လုပ်စရာမရှိရင် သွားပြန်အိပ်ချည်”

“မနက်စောစောထရတာ အကျင့်ဖြစ်နေတော့ ပြန်အိပ်လို့ မရတော့ဘူး”

“… နှမြောစရာပဲ”

ထိုခံစားချက်ကို ယွန်းဂျွန်လည်းပဲ သိလေသည်။ ချွန်းမြောင်၏ လေ့ကျင့်ရေးများကြောင့် အမြဲလိုပင် အိပ်ယာစောစောထနေရသည်မို့ ခန္ဓာကိုယ်က အကျင့်ပါကာ အခွင့်အရေးရလျှင်ပင် အိပ်မရတော့ပေ။ သူသည်လည်း ထို့ကြောင့်ပင် ထွက်ကာထိုင်နေခြင်း ဖြစ်လေသည်။

“ချွန်းမြောင်ကရော”

“အိပ်နေတုန်းလေ..ဒီလောက်သောက်ထားတာကို အစောကြီးနိုးနေတယ်ဆိုမှ ထူးဆန်းနေဦးမယ်...”

“…သွား..သူ့ကို နှိုးချည်…ဝူတန်ဂိုဏ်းက ခဏနေရင် လာတော့မှာကို.”

“ကျွန်တော်နှိုးရင်ရော သူက ထလာပါ့မလား..”

“မထရင် ရေနဲ့လောင်းလိုက်.”

“… ဟုတ်ကဲ့.”

ဝေ့လီရှန်းတံခါးကို လျင်မြန်စွာပင် ပိတ်လိုက်လေသည်။

အဖေရေ..ကျွန်တော်တော့ ဘာမှကို မသိတော့ဘူး…

ဝေ့လီရှန်း စိတ်ဓါတ်ကျစွာဖြင့် ကွယ်လွန်သွားပြီးဖြစ်သော ဖခင်ကိုတမ်းတကာ ပြောလိုက်လေသည်။ သူ၏ဖခင်က သူ့အား ကောင်းကင်ဘုံမှ ကြည့်ကာ ကူညီနေသကဲ့သို့ပင် ခံစားရလေသည်။

ဝေ့လီရှန်း အတွေးများနေစဉ်မှာပင် ရုတ်တရက်ဆိုသလို ယွင်ဖုန်းနှင့် ဝေ့ဆိုဟုန်တို့က အခန်းထဲသို့ ဝင်လာကြလေသည်။

“အဖေ...”

“… ဘာကိစ္စလဲ?”

“ကျွန်တော်တို့ ဘာလုပ်ကြမလဲ?”

“ဟမ်?”

“သိပ်မကြာခင်မှာ ဝူတန်ဂိုဏ်းကလူတွေက လာပြီးတိုက်ခိုက်ကြတော့မယ်..ကျွန်တော်တို့ အတူတိုက်ကြမလား”

ဝေ့လီရှန်း သက်ပြင်းရှည်ကြီးကို ချလိုက်လေသည်။ အမှန်စင်စစ်မူ သူ မည်သို့လုပ်ရမည်ကို မဆုံးဖြတ်ရသေးပေ။ ပြောရလျှင်မူ ဝူတန်ဂိုဏ်းကို ရန်စခဲ့သူများသည် ဟွာဆန်းမှဖြစ်ကြလေပြီး ဟွာယုန်းမှ လူများမဟုတ်ကြပေ။ သူတို့ကမူ အဆိုးဆုံးအခြေအနေကို မျှော်မှန်းကာ နန်ယောင်မှ ထွက်သွားပေးရန်ပင် စီစဉ်ခဲ့လေပြီး ဝူတန်ဂိုဏ်းနှင့် ယှဉ်ကာတိုက်ခိုက်ရန် အတွေးမရှိခဲ့ပေ။ ထိုသို့မတိုက်ခိုက်ခြင်းဖြင့် အနည်းဆုံးအနေနှင့် ဟွာယုန်းမှလူများ နာကြင်ထိခိုက်ကြရတော့မည် မဟုတ်ပေ။ သူတို့သာ နန်ယောင်မှ အသာတကြည်ထွက်သွားပါက ဝူတန်ဂိုဏ်းမှလည်း သူတို့အား အတင်းအကြပ်ရန်ပြုခြင်းမျိုး ပြုလိမ့်မည်ဟု မထင်ပေ။

သို့သော် ဝူတန်ဂိုဏ်းနှင့် တိုက်ခိုက်မည်ဆိုပါက လူတိုင်းနီးပါး ထိခိုက်ဒဏ်ရာ ရနိုင်လေပြီး အနိုင်အရှုံးကလည်း မသေချာပေ။ ထို့အပြင် လူတိုင်းကလည်း တိုက်ပွဲအတွက် ပြင်ဆင်ရမည်ဖြစ်လေ၏။

ငါ ဘာဆက်လုပ်ရမလဲ…ဘာလုပ်သင့်လဲ..

.ကြီးစွာသော စိုးရိမ်ပူပန်မှုက ဝေ့လီရှန်း၏ စိတ်နှလုံးအား ကောင်းကောင်းကြီး နှိပ်စက်နေလေတော့သည်။ ဆုံးဖြတ်ချက်ပင် မချနိုင်တော့ပေ။ ဝေ့လီရှန်း ဝေ့ဆိုဟုန်ကိုကြည့်ကာ မေးလိုက်လေသည်။

“ဘာဆက်လုပ်သင့်တယ်လို့ မင်းထင်လဲ.”

မေးခွန်းက မေးလိုက်သည်မှန်သော် ဝေ့လီရှန်းအနေနှင့် သူ၏သားထံမှ အဖြေကိုတော့ အတည်ကြီးမျှော်လင့်ထားခြင်း မဟုတ်ပေ။ စိတ်သက်သာရာရငြားမေးလိုက်သောမေးခွန်းဖြစ်လေပြီး သူ၏သားက အတည်ကြီး ပြန်ဖြေလာမည်ဟုလည်း မထင်ထားခဲ့ပေ။

“ကျွန်တော်တို့ပါ ဝင်ပြီးတော့ တိုက်ခိုက်သင့်တယ်လို့ ထင်ပါတယ်”

“… ဘာလို့လဲ..”

“သူတို့က ဧည့်သည်တွေ့ပါ..ကျွန်တော်တို့ကသာ ဟွာယုန်းရဲ့ပိုင်ရှင်ပါ…ကိုယ့်ကို ကူညီဖို့လာတဲ့ ဧည့်သည်ကို ကိုယ့်နေရာအတွက် တိုက်ခိုက်ခိုင်းပြီး ကိုယ်က ခေါင်းရှောင်နေတယ်ဆိုတာ မဖြစ်သင့်ပါဘူး…လုပ်လည်း မလုပ်သင့်တဲ့အရာပါ”

“…”

“ပြီးတော့…”

ဝေ့ဆိုဟုန်က ဆက်ကာပြောလာလေသည်။

“ကျွန်တော် အဖေ့ကို လေးစားသလို ဟွာယုန်းကိုလည်း ထပ်တူချစ်ပါတယ်…အဖေ ဟွာယုန်းကိုသဘောကျသလောက် ကျွန်တော်ကလည်း ဟွာယုန်းအတွက် ဂုဏ်ယူတယ်…ပြီးတော့ အဖေက ဟွာဆန်းကို ထောက်ပံ့ရတာအတွက် ဘယ်တုန်းကမှလည်း စိတ်မပျက်ခဲ့သလို ဘာကိုမှလည်း မမျှော်လင့်ခဲ့ဘူး…ဘာလို့လဲဆိုတော့ အဖေရဲ့ ရင်ထဲမှာ အဖေက ဟွာဆန်းကလူဖြစ်နေခဲ့လို့ပဲ”

“…အင်း”

“ကျွန်တော်တို့က လက်အောက်ခံဂိုဏ်းခွဲလေးက လူပဲဆိုရင်တောင် ဟွာဆန်းဂိုဏ်းက ဂိုဏ်းသားပါပဲ…ဘယ်လိုလုပ်ပြီးတော့ သူများတွေတိုက်ခိုက်နေတာကိုပဲ ထိုင်ကြည့်နေနိုင်မှာလဲ”

ဝေ့လီရှန်း ခေါင်းကို တဖက်သို့လှည့်လိုက်လေသည်။ ယခုအချိန်တွင် သူ သူ၏သားကိုပင် မကြည့်ဝံချေ။

“ကျွန်တော် ဂိုဏ်းချုပ်ကို တွေ့လိုက်တာနဲ့ ဂိုဏ်းချုပ်က တစ်ချက်တောင် တုန့်ဆိုင်းမနေဘဲ ကျွန်တော်တို့ကို ကူညီဖို့ အကူအညီတွေ လွတ်ပေးခဲ့တယ်.. သူတို့ရဲ့ ဖြေရှင်းနည်းက မမှန်ရင်တောင် သူတို့ရဲ့စိတ်ထားကတော့ စစ်မှန်နေတာပဲလေ..ဒီနေ့မှာ ကျွန်တော်သေရမယ်ဆိုရင်တောင် သူတို့ကို ကူညီတိုက်ခိုက်ရင်းနဲ့ပဲ သေသွားမယ်”

ဝေ့ဆိုဟုန်၏ ပြတ်သားသောစကားများကြောင့် ဝေ့လီရှန်း သူ့ကိုယ်သူရှက်ရွံသွားရလေသည်။

သူကြောက်ရွံတုန်လှုပ်နေချိန်တွင် သူ၏သားက ပြတ်သားသောစိတ်နှင့် လုပ်သင့်သည့်အရာများကို ဆုံးဖြတ်ကာ ပြတ်ပြတ်သားသား လုပ်ဆောင်ရန် ဆုံးဖြတ်ပြီးနေပြီ ဖြစ်လေသည်။ သူကမူ ဂိုဏ်း၏ခေါင်းဆောင် ဖြစ်နေပါလျက်နှင့် ကြောက်ရွံကာ တုန်လှုပ်နေလေသည်။ ဦးဆောင်တိုက်ခိုက်ရမည် ဆိုသည့်အတွေးက ရှိမနေခဲ့ပေ။ မရှက်ရွံ့ဘဲ သူမည်သို့ နေနိုင်ပါမည်နည်း…

“ယွင်ဖုန်း.”

“ဟုတ်ကဲ့ပါ..ခေါင်းဆောင်.”

“ဂိုဏ်းသားတွေကို ပြောလိုက်ပါ..အတူတိုက်ခိုက်ချင်တဲ့သူတွေက ဒီမှာနေခဲ့လို့ရပြီး မတိုက်ခိုက်ချင်တဲ့သူတွေက ထွက်သွားလို့ရတယ်လို့ ပြောလိုက်ပါ.”

“… ခေါင်းဆောင်”

“အဲ့လိုထွက်သွားတဲ့အတွက် ဘာမှအရေးယူမှာလည်း မဟုတ်သလို တကယ်လို ဟွာယုန်းက မပျက်စီးဘဲရှိခဲ့တယ်ဆိုရင် ဆန္ဒရှိတဲ့အချိန် အချိန်မရွေးပြန်လာလို့ ရတယ်..ဘယ်အချိန်ဖြစ်ဖြစ် ငါတို့က လက်ခံတယ်ဆိုတာကို ပြောလိုက်တာ..”

“ဒီလိုဆိုရင် ဘယ်သူမှ ကျန်နေခဲ့မှာ မဟုတ်တော့ဘူး.”

“မင်းမှားသွားပြီ.”

ဝေ့လီရှန်းက ပြုံးလိုက်လေသည်။

“ငါနဲ့ဆိုဟုန်တို့ ကျန်နေခဲ့ကြမှာ”

“…”

“ဒီလောက်ပဲဆိုရင်တောင် လုံလောက်ပါပြီ..ငါတို့ ဟွာဆန်းအတွက် တိုက်ခိုက်ကြမယ်”

ယွင်ဖုန်းကမူ ခေါင်းခါကာ ပြောလာလေသည်။

“ခေါင်းဆောင်တို့ အဲ့လိုလုပ်သင့်ပါတယ်..ရွေးချယ်တာ မှန်ပါတယ်.”

“မင်းကရော ထွက်သွားမှာလား”

“ကျွန်တော်ကတော့ ဟွာယုန်းဂိတ်တံခါးရဲ့ ဂုဏ်သိက္ခာအတွက် တိုက်ခိုက်မှာ..ဟွာဆန်းအတွက် မဟုတ်ဘူး.”

“…”

“ဒီနေ့ ရာသီဥတုလေးက ကောင်းတယ်နော်..ခေါင်းဆောင်”

ထိုစကားကို ဝေ့လီရှန်းက ပြုံးပြကာ ခေါင်းငြိမ့်ထောက်ခံလေသည်။

“”ဟုတ်ပါ့”

ဝေ့လီရှန်းက ကောင်းကင်ကြီးကို မော့ကြည့်ကာ ပြောလာလေသည်။

“ရာသီဥတုက ဘယ်လောက်တောင် ကောင်းနေလိုက်လဲ”

“အား..ကျွန်တော်‌တော့ အဲ့လို မခံစားရပါဘူး.”

“… သေအောင်သောက်တာကို လျော့လေ..”

“ငမူးငရူးကောင်”

ချွန်းမြောင်က ခေါင်းကိုကုတ်ကာ ပြောလာလေသည်။

“အာ..မငေါက်ကြစမ်းပါနဲ့..ခေါင်းကိုက်လို့ပါ ဆိုနေ”

“ဘာတုန်း မင်းက ဒီလိုအခြေအနေတွေကြားထဲမှာတောင် ထပ်သောက်ဖို့ ပြင်နေတာပေါ့…ငါတို့မကြာခင် တိုက်ခိုက်ရတော့မှာနော်.”

“အမူးပြေလေ ဖြေမလို့ပါ.”

ချွန်းမြောင်က သူ၏လက်ကိုက်လိုက်လေပြီး သူ၏လက်ချောင်းမှ ငွေဖြူရောင် မြူနှင်းဆီပန်းတစ်ပွင့်က ပွင့်လာလေသည်။ ထို့နောက်တွင်မူ ချွန်းမြောင်က ထိုနှင်းဆီပန်းနှင့် အရက်နာကျနေသည့်ဒဏ်များကို သန့်စင်ဖယ်ရှားလိုက်လေတော့သည်။

ထိုအဖြစ်အပျက်များကို ထိုင်ကြည့်နေသော ဘတ်ချုန်းကမူ ချွန်းမြောင်သည်လည်း ပြီးစီးသွားလေပြီမို့ ထလာကာ အတည်ကြီးပင် ပြောလာလေ၏။

“အားလုံးပဲ နားထောင်ကြပါ”

“ဟုတ်ကဲ့”

“အခုချိန်မတိုင်ခင်အထိ မင်းတို့ဘာလုပ်လုပ် ငါဘာမှမပြောခဲ့ဘူးး… ဒါပေမယ့် အခုကစပြီး မတူတော့ဘူး..

ဒီနေ့တိုက်ပွဲဟာ ငါတို့ကိုယ်ပိုင် ရန်ပွဲလေးမဟုတ်ဘူး… ငါတို့တိုက်ပွဲရဲ့နောက်မှာ ငါတို့ရဲ့ ဂိုဏ်းသိက္ခာရှိနေတယ်ဆိုတာ မမေ့ကြပါနဲ့”

“ကျွန်တော်တို့ မှတ်သားထားပါ့မယ်”

ဂျိုဂု ၊ ယွန်းဂျွန်နှင့် ယုရီဆိုးတို့ကမူ ပြတ်သားသောမျက်နှာထားကိုယ်စီနှင့် ခေါင်းငြိမ့်ကြလေပြီး ချွန်းမြောင်ကမူ အပြုံးလေးနှင့်သာ ခေါင်းငြိမ့်လာလေသည်။

ဂိုဏ်းချုပ် ပြောခဲ့သလိုပဲ..ဒီနေ့တိုက်ပွဲဟာ ဟွာဆန်းက လောကကြီးထဲကို ပြန်ပြီးတိုးဝင်နေပြီဆိုတာကို သက်သေပြနိုင်တဲ့အဖြစ်အပျက်တစ်ခု ဖြစ်စေကြရမယ်.”

ဘတ်ချုန်းက ချွန်းမြောင်ကို ကြည့်လာလေသည်။

“ချွန်းမြောင်”

“သိပါတယ်..သိပါတယ်…ညင်ညင်သာသာ လုပ်ရမယ်…အရမ်းကြီး ဒဏ်ရာရအောင် မလုပ်ရဘူး”

“မဟုတ်ဘူး”

“—ဟမ်..”

ချွန်းမြောင် ဘတ်ချုန်းက မည်သို့ပြောချင်သည်ကို မသိ၍ မျက်လုံးပြူးလေနှင့်ကြည့်လာလေသည်။

“မင်း တိုက်ခိုက်တော့မယ်ဆိုရင် လုံးဝအလုံးစုံပြီးပြည့်နေစုံအောင် တိုက်ခိုက်ရမယ်..ဘာဖြစ်ဖြစ်”

“ဪ”

ဘတ်ချုန်းထံမှ ထိုသို့ခွင့်ပြုပေးသောစကားကြားရသည်က ရှားရှားပါးပါးပင်။

“ငါတို့ ဝူတန်ဂိုဏ်းကို မရှုံးဖို့က အဓိကပဲမို့ ဘယ်လောက်ကြမ်းကြမ်း တကယ်အနိုင်အရှုံး ရှင်းရှင်းလင်းလင်းပေါ်ဖို့ပဲ အရေးကြီးတယ်”

“ဂိုဏ်းချုပ်ကတော့ ကျွန်တော့်ကို အဲ့လိုမလုပ်ဖို့ မှာလိုက်တယ်နော်”

“ဂိုဏ်းချုပ်က သူမသေခင်အချိန်လေးမှာ ဝူတန်ဂိုဏ်းကကောင်တွေ ငါတို့ကိုနိုင်ပြီး အသေအလဲရိုက်နေတာကို မြင်သွားချင်မယ်လို့ မင်းထင်လို့လား”

“အာ”

ဘတ်ချုန်း၏ စကားကြောင့် ချွန်းမြောင်က ပြုံးလိုက်လေသည်။

ဒီလိုမျိုးပဲ ဖြစ်နေရမှာကွ…ငါကလည်း ဒါမျိုးပဲ ကြိုက်တာ’

အတိတ်က ဘတ်ချုန်းသည် ထိုသို့သော လူမျိုးမဟုတ်ခဲ့သော်လည်း ချွန်းမြောင်၏ သင်ကြားပေးမှုအောက်တွင် နှစ်ကြာလာသည့်အခါတွင်မူ ဂိုဏ်းချုပ်၏စကားများကို စတင်ကာ လျစ်လျူရှုတတ်လာပြီဖြစ်လေသည်။ ပြောရလျှင်မူ ထင်ရာစိုင်းတတ်လာပြီဟု ပြောရပေမည်။ ချွန်းမြောင်၏ ခြေရာအား လိုက်နိုင်လာပြီဖြစ်လေသည်။

“ဝိုး ..ဒါဆို ကြမ်းကြတော့မှာပေါ့”

“…”

ချွန်းမြောင်ကမူ အပြုံးတို့ပင် မရပ်နိုင်တော့ပေ။

“ဒါနဲ့ အကိုကြီးကအဲ့တာက ဘာပြောချင်တာလဲဆိုတာကို သိလား”

“ဘာပြောချင်တာလဲ”

“ဟွာဆန်းက ပြင်ပလှုပ်ရှားမှုတွေ ပြန်ပြီးစနေပြီလို့ ပြောတာ”

“… မူရင်းအတိုင်း ဘာသာပြန်တာတော့ မဟုတ်လေ..ဗန်းစကား”

ချွန်းမြောင်က သူ၏တုံးအသောအကိုကြီးများကို ကြည့်ကာ ခါးသက်သက်ပြုံးလိုက်လေပြီး ရှင်းပြလာလေသည်။

“ပြင်ပလှုပ်ရှားမှုဆိုတာက ကျွန်တော်တို့ကလည်း ဂိုဏ်းပြင်ပမှာဖြစ်နေတဲ့ကိစ္စတွေကို အာရုံစိုက်လာပြီဆိုတဲ့သဘောလေ…ပြီးတော့ ဟွာဆန်းကလည်း လောကကြီးထဲကို တိုးဝင်ပြီး လှုပ်ရှားတော့မယ်ဆိုတဲ့သဘော”

“… ဟုတ်ပါပြီ.”

“အကိုကြီးတို့ ဟွာယုန်းဂိတ်က ဘာလဲဆိုတာ သိကြတယ်မို့လား”

“လက်အောက်ခံဂိုဏ်းခွဲဆိုတာကို ပြောချင်တာလား”’

ချွန်းမြောင်က ခေါင်းငြိမ့်လေသည်။

“ဟုတ်တယ်…ကျွန်တော်တို့ ကဂိုဏ်းရဲ့ ဩဇာကို အခုကစပြီး တိုးချဲ့နေပြီဆိုတဲ့သဘောပဲ.. အခုလိုအဖြစ်မျိုးတွေက အနာဂတ်မှာ ထပ်ထပ်ပြီးတော့ ဖြစ်လာနိုင်ပြီး ဖြစ်လာပြီဆိုရင် နေရာတွေ၊ ရာထူးတွေအားလုံးကလည်း ပြောင်းပြန်လှန်သွားတာမျိုး ဖြစ်လာနိုင်တယ်”

“ဟမ်”_

“ပြောချင်တာကတော့ သာသာယာယာနေရတဲ့ ရက်တွေက ကုန်ဆုံးသွားပြီဆိုတဲ့သဘောပဲ”

“မင်းပြောချင်တဲ့ သာသာယာယာနေ့ရက်တွေက လေ့ကျင့်ရေးလုပ်ရတဲ့ရက်တွေကို ပြောနေတာလား”

“လေ့ကျင့်ရေးလုပ်ရတဲ့အချိန်တွေက အကောင်းဆုံးပဲ မဟုတ်ဘူးလား”

“မင်းပြောတာ မှားနေပြီထင်တယ်”

. ချွန်းမြောင် သူ့အားအသည်းအသန်ပင် ငြင်းနေကြသော အကိုကြီးများကို ကြည့်ကာ သွေးတက်ချင်သလိုဖြစ်သွားလေသည်။

ထိုစဉ်မှာပင် ဝေ့လီရှန်းက ဦးဆောင်ကာ ဝေ့ဆိုဟုန်၊ ယွင်ဖုန်းနှင့် ဟွာယုန်း၏ဂိုဏ်းသားဆယ်ယောက်ခန့်ပါ ပါဝင်သောလူအုပ်ကြီးက ချွန်းမြောင်တို့နားသို့ ချဉ်းကပ်လာလေသည်။

ဝေ့လီရှန်းက ချွန်းမြောင်၏ရှေ့တည့်တည့်တွင် ရပ်လိုက်ပြီးကာမှ ဘတ်ချုန်းရှိရာသို့ ဆက်သွားလေသည်။

“ ဂိုဏ်းသား ဘတ်ချုန်း…ကျွန်တော်က ကျွန်တော့်ရဲ့ တာဝန်ကို လစ်ဟင်းမိတဲ့အတွက် များစွာမှကို စိတ်မကောင်းဖြစ်ရပါတယ်…ဂိုဏ်းသားကိုရော၊ ဂိုဏ်းသားရဲ့ အဖွဲ့ကိုရော၊ ကျွန်တော်တို့ကို ချက်ချင်းကူညီပေးခဲ့တဲ့ ဟွာဆန်းကိုရော ကျေးဇူးတင်တာကို ဖော်ပြတဲ့အနေနဲ့ အရိုအသေပေးပြီးတော့ နှုတ်ဆက်ပါတယ်”

ဝေ့လီရှန်းက ဦးခေါင်းကိုညွတ်ကာ အရိုသေပေးလိုက်သည်နှင့် ဘတ်ချုန်းက ခုန်ရှောင်ကာ ဝေးဝေးသို့ သွာကာရပ်လေသည်။

“အဲ့လိုမလုပ်ပါနဲ့..ခေါင်းဆောင်..ကျွန်တော်တို့က ဒီတိုင်း ကိုယ်လုပ်သင့်တာကိုပဲ လုပ်တာပါ”

“ဒီနေ့ တိုက်ပွဲမှာ ဘယ်လိုရလဒ်မျိုး ဖြစ်လာမယ်ဆိုတာကို မသိပေမယ့် ကျွန်တော်ကတော့ မင်းတို့ဘေးမှာ ဟွာယုန်းက လူတွေကို ဦးဆောင်ပြီး တိုက်ခိုက်သွားမှာပါ”

ဝေ့လီရှန်း၏ မျက်နှာထက်တွင် တုံ့ဆိုင်းတွေဝေနေခြင်းတို့ကို မတွေ့ရပေ။ စိတ်ပိုင်းဖြတ်ထားပုံရကာ သွက်လက်နေသည်မို့ ဘတ်ချုန်းအနည်းငယ် စိတ်သက်သာသွားရလေသည်။

မျှော်လင့်ထားသလိုပါပဲ

ဤလူအိုကြီးက ဘဝတစ်လျှောက်လုံးတွင် တိုက်ပွဲအလီလီကို ဆင်နွဲခြင်း မရှိခဲ့သော်လည်း ခေါင်းဆောင်ကောင်းတစ်ယောက်ပီသစွာ တိုက်ပွဲတွင်းသို့ ဝင်လာခဲ့လေသည်။ ချီးကျူးဖွယ်ရာပင်။

“ကျေးဇူးတင်ပါတယ်..ဂိုဏ်းချုပ်.”

“ဝိုး..”

ချွန်းမြောင်က လက်ခုပ်တီးကာ ချီးကျူးလာလေသည်။

“ထင်ထားသလိုပဲ..တကယ့်ကို သစ္စာရှိတဲ့သူပဲ”

“…”

ဘတ်ချုန်း၏ နားထဲတွင်မူ ချွန်းမြောင်ပြောသည့် သစ္စာ ဟူသောစကားသည် ပိုက်ဆံ ဟူသော စကားနှင့် အဓိပ္ပါယ်အတူတူထွက်သည်ဟုပင် ခံစားနေရလေသည်။

“အင်း..ဒါနဲ့”

“အရေအတွက်က ဘယ်လောက်လဲ”

“မထွက်သွားဘဲ နေခဲ့တဲ့သူ အရေအတွက်လေ”

“အခုထိ တော်တော်များများကတော့ မထွက်သွားကြဖို့ပဲ ရွေးချယ်ထားကြပါတယ်”

ချွန်းမြောင်ခေါင်းကို ငြိမ့်ကာ ချီးကျူးလိုက်လေသည်။

“နေရာလည်းကောင်းသလို လူတွေကလည်း ကောင်းကြတာပဲ”

ချွန်းမြောင်က အတည်အတန့်ကြီး ပြောနေသည့်အခါတွင်မူ အားလုံးက သူ၏စကားတွင် အာရုံစိုက်လာကြလေသည်။

””ကဲ…ဟုတ်ပါပြီ”

ချွန်းမြောင်က တစ်စုံတစ်ခုအား ဆက်ကာပြောချင်နေသေးသော်လည်း မပြောတော့ပေ။ ပြုံးရုံသာ ပြုံးလေလိုက်လေတော့သည်။

အတိတ်တုန်းက ဟွာဆန်းလည်း ဒီလိုပဲ ဖြစ်ခဲ့တာပါပဲလေ…

အင်း…အခု ဟွာဆန်းလည်း အတူတူပါပဲ…

“ဟုတ်ပြီ…ကြည့်ရတာတော့ ခင်ဗျားတို့က ဘာမှတော့ ထူးထူးခြားခြား လုပ်နိုင်ကြမယ့်ပုံတော့လည်း မပေါ်ပါဘူး”

“… ဘာကြီး”

”ဟမ်..ဘယ်လိုရှင်းပြရမလဲပေါ့နော်…စောင့်သာကြည့်နေလိုက်ပါ…သိလာပါလိမ့်မယ်

.ချွန်းမြောင်က တဖက်မှ အတွေးများနေကြသူများကို အရေးမစိုက်တော့ဘဲ ခေါင်းကို လှည့်ကြည့်လိုက်လေသည်။

များမကြာမီမှာပင် သူ၏မျက်လုံးများက ဂိုဏ်းတံခါးဝသို့ အကြည့်ရောက်သွားလေတော့သည်။

“လာနေကြပြီထင်တယ်”

“သူတို့ကို အာရုံခံမိနေပြီလား”

“သူတို့က အရှေ့ပေါက်ကလာခဲ့တာနော်…အကိုကြီးတို့က အေးအေးဆေးဖြစ်နေကြလွန်းမနေဘူးလား”

“… မကောင်းဆိုးဝါလို မျိုးမစစ်လေးကတော့”

ဘတ်ချုန်းက ခေါင်းကိုခါပြလိုက်လေသည်။ ချွန်းမြောင်က အခြေအနေတစ်ခုလုံးကို သုံးသပ်၍ရနေပြီဖြစ်သော်လည်း သူကမူ ထိုလူများ၏ ဖြစ်တည်မှုကိုပင် ခံစား၍ မရသေးပေ။ ချွန်းမြောင်သည် ယခုမတိုင်မှီအထိပင် သေရည်သောက်ထားသည်ဖြစ်သော်လည်း အာရုံခံနိုင်စွမ်းကမူ အကောင်းပတိသူ့ထက်ပင် အသာကြီးဖြစ်လေသည်။

“သူတို့ လာနေကြပြီ”

ဘတ်ချုန်း..၊ ယွန်းဂျွန်၊ ဂျိုဂုနှင့် ယုရီဆိုးတို့က ဓါးကို အဆင့်သင့်ဆောင်ထားကြပြီး ရှေ့သို့ တဖြည်းဖြည်းချင်း ကပ်လာကြလေသည်။ လျှပ်တပြက်အတွင်းမှာပင် ဝူတန်ဂိုဏ်းနှင့် ရင်ဆိုင်တိုက်ပွဲက ရောက်လာခဲ့ပြီ ဖြစ်လေသည်။

“ငါတို့ ဘာကိုမှ ကြောက်နေစရာမလိုဘူး”

ဘတ်ချုန်း လေသံတိုးလေးနှင့် ညင်ညင်သာသာပင် ပြောလာလေ၏။

“မင်းတို့ လေ့ကျင့်ထားကြတာတွေကို မမေ့နဲ့..ဒါဆို ငါတို့ ဘယ်သူ့ကိုမှ ရှုံးမှာမဟုတ်ဘူး..ငါတို့က ဟွားဆန်းဂိုဏ်းက ဂိုဏ်းသားတွေပဲ”

“ဟုတ်ကဲ့ပါ..နည်းပြ”

“ဟုတ်ကဲ့ပါ..ဆရာတူအကိုကြီး”

အားလုံးက စိတ်ပိုင်းဖြတ်ထားလိုက်ကြလေပြီး လှုပ်ရှားနေကြသောစိတ်အစုံကလည်း တည်ငြိမ်သွားကြလေသည်။ ဓါးသမားတစ်ယောက် အသွင်အပြင်နှင့်စိတ်ဓါတ်သာ ကျန်နေလေတော့သည်။

ယခုတွင်မူ ဘတ်ချုန်းသည် ရန်သူ၏ ချီစွမ်းအင်ကို အာရုံခံမိလာပြီဖြစ်လေသည်။

“အဆင်သင့်ပဲလား”

အားလုံးကလည်း အဓိကဝင်ပေါက်ကြီးကိုသာ စိုက်ကြည့်နေကြပြီး ရန်သူကိုစောင့်ဆိုင်းနေကြလေသည်။

ထိုစဉ်မှာပင် အမည်းရောင်ဝတ်စုံကို ဝတ်ဆင်ထားသော ဝူတန်ဂိုဏ်းသားသုံးယောက် တံခါးမကြီးကို ခုန်ကျော်ကာ ဝင်လာသည်ကို တွေ့လိုက်ရလေသည်။

သုံးယောက်ဆိုတော့..တစ်ယောက်ချင်းစီ တာဝန်ယူပြီး ရှင်းလို့ရ…

ရုတ်တရက်ပင်..

“လာပြီဗျာ”

ဘတ်ချုန်းတို့နောက်မှ နမိတ်မကောင်းသောအငွေ့အသက်တစ်ခုရလိုက်လေပြီး တံတိုင်းကို ကျော်ကာ ဝင်လာသည့် ဝူတန်ဂိုဏ်းသားသုံးယောက်ဆီသို့ မြူနှင်းသလင်းရောင်အလင်းတစ်ခုက ခုန်ဝင်သွားလေတော့သည်။

ဘန်း..ဘန်း..ဘန်း..

ဝူတန်ဂိုဏ်းသားများက သူတို့ဝင်လာခဲ့သောအရှိန်ထက် နှစ်ဆပိုပြင်းသောအရှိန်နှင့် အပြင်သို့ လွှင့်ထွက်သွားလေကြတော့သည်။

ဟွာဆန်း၏ ကျန်သည့်သူလေးဦးကမူ တင်းထားရသော အရှိန်များက ပျောက်သွားလေပြီး သူတို့၏ စုစည်းထားသော ချီစွမ်းအင်များကလည်း လျော့ရဲသွားကြလေတော့သည်။

”ဟမ်”

သူတို့၏ ဖြစ်ပျက်သွားပုံကိုမြင်လိုက်ရသောအခါတွင်မူ ခေါင်းကုတ်လိုက်လေသည်။

“”သူတို့ကို အရင်တိုက်ခိုင်းလိုက်ရမှာကို”

“…”

သောက်ကျိုးနည်း..ခွေးကောင်လေး..

မင်းက အကုန်လုံးကို မင်းပဲ ရှင်းပစ်ဖို့ တွေးထားတာလား…

အပိုင်း (၁၂၈)

ဟွာဆန်းရဲ့ သိုင်းပညာက အခြေခိုင်သန်မာလာပြီ(၃)

“ဘ..ဘာဖြစ်တာလဲ”

ဆရာတူညီလေးတွေက ဘာလို့ လွှင့်ပြီးထွက်လာကြတာလဲ..

ပြီးတော့ သူတို့ပြန်ထွက်လာတာက ဝင်သွားတုန်းကထက် နှစ်ဆလောက်တောင် ပိုပြီးတော့ မြန်နေသေးတယ်..

ဝူတန်ဂိုဏ်းသားများက လွှင့်ထွက်လာသော ဆရာတူညီလေးများကို အချိန်မီဖမ်းဆွဲထားလိုက်လေသည်။

"အဟက်."

"မင်းတို့ကို တစ်ယောက်ယောက်က ရိုက်လိုက်တာလား"

ကံကောင်းထောက်မစွာဖြင့်ပင် ပြန်ထွက်လာသော သူသုံးယောက်သည် သူတို့မည်သို့ဖြစ်သွားမှန်းပင် မသိလိုက်ချေ။ သူတို့ တံတိုင်းကို ကျော်လိုက်ချိန်မှာပင် ပြန်ကန်ထွက်လာသည်ကို သိလိုက်ပြီး ထူးဆန်းစွာပင် ဒဏ်ရာများလည်း ရထားကြလေသည်။

"ဘာဖြစ်ခဲ့တာလဲ"

"… ကျွန်တော်လည်း မသိဘူး..ကျွန်တော် အဖြူရောင်လိုလို အရိပ်တစ်ခုပဲ မြင်လိုက်တာ.”

ဂျင်ဟဲယွန်၏ မျက်နှာက မှောင်မိုက်သွားလေသည်။

သူတို့က ဘယ်လိုတိုက်ခိုက်လိုက်တာလဲဆိုတာတောင် မမြင်လိုက်ရဘူးဆိုတဲ့သဘောလား..

ကြားရသည်က မဖြစ်နိုင်သောကိစ္စပင်။ သို့သော်လည်း ဝင်သွားသည့်သုံးယောက်လုံးက ထိုသို့ပင် ထွက်ပေါ်လာပြီဖြစ်၍ မဖြစ်နိုင်သောကိစ္စမဟုတ်တော့ပေ။ ဖြစ်ကိုဖြစ်နေလေပြီဖြစ်သည်။ မည်သို့သောအရာက သူတို့အား တိုက်ခိုက်လိုက်၍ မမြင်နိုင်ခဲ့သည်ဆိုသည်ကိုသာ စုံစမ်းရန် လိုပေတော့မည်။ သူ၏ဆရာတူညီလေးသုံးဦးကို ထိုသို့တစ်ပြိုင်နက်တိုက်ခိုက်လိုက်သည်ဆိုသည်က သာမန်သိုင်းပညာနှင့်မရဘဲ သိုင်းပညာအဆင့် အလွန်မြင့်မားနေမှသာ ဖြစ်နိုင်မည့်ကိစ္စပင်။

'ငါတို့နဲ့တိုက်ရမယ့်သူတွေက ဟွာဆန်းကသူတွေနဲ့ ဟွာယုန်းက လူတွေပဲ ရှိတာပါ..အဲ့တာက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ…

အပြန်ပြန်အလှန်လှန် စဉ်းစားပြီးနောက်တွင်မူ ဂျင်ဟဲယွန်တွင် သင့်တော်သော အဖြေတစ်ခုရလာလေတော့သည်။

“ကြည့်ရတာ မင်းတို့ ထောင်ချောက်မိသွားတာပဲ ဖြစ်ရမယ်..မသေချာပေမယ့် ငါတော့ အဲလိုပဲ တွေးမိတယ်”

"အကိုကြီးပြောချင်တာက ဒါက လူကတိုက်ခိုက်လိုက်တာ မဟုတ်ဘူးလို့ ပြောချင်တာလား"

“ဒါက ပုံမှန်တိုက်ခိုက်မှုဆိုရင် ဘယ်လိုလုပ် ဒီလိုဒဏ်ရာသေးသေးလေးနဲ့ အဆုံးသတ်သွားမှာလဲ…

ပြီးတော့ သူတို့ထဲမှာ အဲ့လိုလုပ်နိုင်မယ့်သူရှိရင်လည်း တော်တော်လေးကို ဆန်းကြယ်နေပြီ”

“အာ..ဟုတ်ကဲ့..သိပါပြီ…အကိုကြီးပြောတာ ဖြစ်နိုင်ပါတယ်”

ဂျင်ဟဲယွန် နှုတ်ခမ်းကိုကိုက်လိုက်လေသည်။

ဒါက တကယ်ပဲ ထောင်ချောက်လား..မဟုတ်ရင် ဘာလဲ..ဘာဖြစ်နိုင်မလဲ..

မမျှော်လင့်ထားသည့် တိုက်ခိုက်မှုက ရုတ်တရက်ပင်ဖြစ်လာလေပြီး သူတို့ဘက်မှ လူတစ်ချို့ကိုလည်းတိုက်ခိုက်သွားလေသည်။ ဟွာဆန်းဘက်မှ သူများက ဓါးရေးပြိုင်ရန် မတောင်းဆိုဘဲ တိုက်ပွဲဆင်နွဲရန် တောင်းဆိုသည့် အကြောင်းအရင်းက ဤအချက်ကြောင့်ပင် ဖြစ်ပေလိမ့်မည်။

“သူတို့က လှည့်ကွက်တွေ လုပ်ထားကြတာပေါ့”

ဂျင်ဟဲယွန်က ဓါးကိုထုတ်ကာ ရှေ့သို့ နှစ်လှမ်းမျှ တိုးလိုက်လေသည်။

“ငါ့နောက်က လိုက်ခဲ့ကြ..သူတို့က ဘယ်လိုထောင်ချောက်မျိုးကို သုံးထားတာမှန်းမသိဘူး..ဆိုတော့ ငါဦးဆောင်ပြီး ဖောက်ဝင်မယ်..ငါ့နောက်က လိုက်ခဲ့ကြ”

“ဟုတ်ကဲ့ပါ..ဆရာတူအကိုကြီး”

ဂျင်ဟဲယွန်က မျက်စိကိုလျင်လျင်ထားကာ ဟွာယုန်း၏ ပိတ်ထားသော တံခါးမကြီးကို ကြည့်လိုက်လေသည်။

ဒီတံခါးနောက်မှာ ဘာတွေရှိနေလောက်လဲ…နောက်ထပ် ထူးခြားတဲ့ ထောင်ချောက်တွေ ဆင်ထားလောက်လား..

"ဝင်ကြစို့.."

ပြောပြီးသည်နှင့် ဂျင်ဟဲယွန်က ဆရာတူညီလေးများ၏ စကားပြန်ကိုပင် မစောင့်တော့ဘဲ တံခါးကို ကန်ကာဖွင့်လိုက်လေသည်။

ဘမ်း….

တံခါးမကြီးက အသံကျယ်ကြီးနှင့်အတူ အက်ကွဲရာများလိုက်လာကာ အစိတ်စိတ်အမွှာမွှာပင် ကွဲသွားလေ၏။

ဖုန်များကလည်း နေရာအနှံ့ပင် တသောသောထသွားပြီး အားလုံးမွှန်ထူသွားကြလေသည်။ အရာအားလုံးကလည်း တိတ်ဆိတ်နေပြီး မည်သို့သော ထူးထူးခြားခြားဖြစ်လာခြင်းမျိုးမှလည်း မရှိပေ။

ထောင်ချောက်က ဘယ်မှာလဲ…

ဂျင်ဟဲယွန်မြင်လိုက်သည်က ဟွာဆန်း၏တပည့်များက သူ့အား ခပ်လှမ်းလှမ်းအကွာအဝေးမှ အံဩတကြီး ပြူးကာ ကြည့်နေကြသည်ကိုပင်။

“ဂါး..ဘာကိစ္စနဲ့ တံခါးကို ဖျက်စီးလိုက်တာတုန်း..ငါတို့ကဖြင့် သော့တောင် မခတ်ထားတာကို..

ဒီခေတ်ကလေးတွေကတော့ အရာအားလုံးကို ခပ်လွယ်လွယ်ပဲ သဘောထားပြီး ဖျက်စီးနေကြတော့တာကို”

ချွန်းမြောင်က စုပ်သပ်ကာ ပြောလာလေသည်။ ချွန်းမြောင်၏စကားကို ယွန်းဂျွန်က လှမ်းကာငေါက်လိုက်ချင်သော်လည်း မငေါက်လိုက်ပေ။ ယခုအခြေအနေသည်က တိုက်ပွဲအလယ်တွင် ဖြစ်နေ၍ နှုတ်ပိတ်ကာသာ နေလိုက်လေတော့သည်။

ထို့အပြင် ချွန်းမြောင်က ဂျင်ဟဲယွန်၏ ဘေးဘီဝဲယာကို ကြည့်လိုက်လေပြီး မေးလာလေသည်။

"လူက ဒါပဲလား"

"ဘာ.."

ချွန်းမြောင်၏ မေးခွန်းကြောင့် ဂျင်ဟဲယွန်က ဒေါသပုန်ထလာလေ၏။

“မင်းတို့ လူဒီလောက်လေးနဲ့ပဲ ငါတို့ကို နိုင်အောင်တိုက်ပါဦး…အဲ့လိုတိုက်နိုင်ရင်တောင် အထင်ကြီးစရာဖြစ်နေပါပြီ….မင်းတို့က စိတ်ကြီးဝင်နေတာလား ..ယုံကြည်ချက်ပဲ ရှိလွန်းနေကြတာလား”

ချွန်းမြောင်က ယွန်းဂျွန်အား နှုတ်ခမ်းဆူကာ ကြည့်လာလေပြီး ပြောလာလေသည်။

“သူက ဘာတွေပြောနေတာလဲ”

“အင်း ..အဲ့လိုခံစားချက်မျိုးကို ရင်းရင်းနှီးနှီးကြီးကို ရဖူးလိုက်တာနော်”

ချွန်းမြောင်က အပြုံးလေးနှင့်ဆက်ကာ ပြောလာလေသည်။

“သူ့ကို ကြည့်ရတာ အရင်တုန်းက ဘတ်ချုန်းနည်းပြရဲ့ ပုံစံနဲ့ တူတယ်လို့ မခံစားရဘူးလား”

မဆီမဆိုင်ပင် စကားဝိုင်းထဲသို့ ဆွဲထည့်ခံလိုက်ရသော ဘတ်ချုန်းကမူ သွားစေ့ကာ အံကြိတ်နေပြီဖြစ်လေသည်။

”မတူဘူး…”

"မတူဘူးလား."

"ဟေ့”

ဘတ်ချုန်း၏ မျက်နှာက ရှက်စိတ်ကြောင့် ရဲရဲနီနေပြီဖြစ်၏။

မည်သို့ပင် ဘတ်ချုန်းက သူနှင့်မတူဟု ငြင်းဆန်နေစေကာမူ အတူတူပင်ဖြစ်သည်ကို သူကိုယ်တိုင်လည်း သိပေသည်။ တစ်တောင်ထက် တစ်တောင်မြင့်တတ်သော သဘောတရားကို နားမလည်စွာနှင့် မောက်မာတတ်ခဲ့သည်အချိန်က ဘတ်ချုန်းသည်လည်း ဂျင်ဟဲယွန်နှင့် အလားတူပင်။

ဘတ်ချုန်း၏ စိတ်များက ချွန်းမြောင်၏ ရိုက်ချိုးမှုကြောင့် မာန်စွယ်ကျိုးကာ လုံးလုံးလျားလျား အရှုံးပေးလိုက်ရသည့်အချိန်မှသာ သူသည်လည်း လက်ရှိအခြေအနေကို သဘောပေါက်ကာ အရှိကိုအရှိအတိုင်း လက်ခံနိုင်လာခြင်း ဖြစ်လေသည်။ ယခုအချိန်တွင်မူ အလုံးစုံပြောင်းလဲနိုင်ခဲ့ပြီဖြစ်သော်လည်း သူ့အနေနှင့်မူ ထိုရှက်ရွံဖွယ်အတိတ်ကို ပြန်မကြားလိုတော့ပေ။

"ဒါကို မြန်မြန်လေး အဆုံးသတ်လိုက်ကြရအောင်."

ဘတ်ချုန်းက ရဲရဲနီနေသော မျက်နှာနှင့် ပြောလာသည်ကိုကြည့်ကာ ယွန်းဂျွန်နှင့် ဂျိုဂုတို့က ရယ်ချင်စိတ်ကိုထိန်းကာ ထားရလေသည်။

ဂျင်ဟဲယွန်ကမူ ထိုမြင်ကွင်းကိုကြည့်ကာ စိတ်ထဲတွင် ဇဝေဇဝါပင် ခံစားလာရလေသည်။

ဘာလားဟ..သူတို့ကို ကြည့်ရတာ ပေါ့ပေါ့ပါးပါးပဲ ဖြစ်နေကြတဲ့ပုံပါလား..

ဘာလဲ..နောက်ထပ် ထောင်ချောက်တွေ ထပ်ရှိသေးလို့လား…

စိတ်ထဲတွင် သံသယမကင်း၍ အနီးအနားအား အာရုံခံကြည့်သော်လည်း မည်သို့သော စွမ်းအင်ကိုမှ မခံစားမိ၍ မည်သို့သော ထောင်ချောက်ကို သုံးထားသနည်းဟုပင် အတွေးများလာရလေသည်။

ပြီးတော့ သူတို့ကရော ငါ့ကို ဒီလိုပုံစံနဲ့ ယှဉ်ပြီး တိုက်ရဲတယ်ပေါ့..

ဂျင်ဟဲယွန်၏ မျက်နှာက မခံချင်စိတ်ကြောင့် ပူတက်လာလေသည်။

ဒီစိတ်ကြီးဝင်နေတဲ့ကောင်တွေကတော့ …

“မင်းတို့တွေ ဘယ်လိုကြောင့် သောက်ကျိုးနည်း ယုံကြည်ချက်တွေရှိနေမှန်းမသိပေမယ့်… အတိတ်မှာတုန်းကတော့ ဟွာဆန်းက ဝူတန်ဂိုဏ်းကို ဘယ်တုန်းကမှ အနိုင်ရခဲ့တာမျိုး မရှိဖူးဘူး”

ထိုစကားကြောင့် ချွန်းမြောင်က အူလှိုက်သည်းလှိုက်ပင် ရယ်လေတော့သည်။

“ဘယ်သူက အမြဲမနိုင်တာလဲ… နှစ်တစ်ရာကျော်အကြာက ငါတို့ဟွာဆန်းက မင်းတို့ဝူတန်ဂိုဏ်းထက်တောင် ပိုပြီးတော့ အင်အားကောင်းသေးတာကို”

ဟွာဆန်းသည် ဝူတန်းဂိုဏ်းထက် အင်အားကောင်းခဲ့သည်က မှန်သော်လည်း ထိုအဖြစ်မှန်ကို မည်သူကမှ မသိကြတော့ပေ။

“ဟား.. နှစ်တစ်ရာကျော် အကြာက ဟုတ်လား”

ဂျင်ဟဲယွန်က ပြုံးကာ လှောင်ရယ်လေတော့သည်။

“ဟုတ်သားပဲ…နှစ်တစ်ရာကျော်အကြာက …မင်းတို့ သိပ်ကိုဂုဏ်ယူရတဲ့ ဇီးပန်းပွင့် ဓါးသူရဲကောင်းခေတ်ကို ပြောချင်တာပေါ့”

“ဟမ်”

ချွန်းမြောင်ကမူ အံဩသွားလေသည်။ ဝူတန်းဂိုဏ်းမှ ဂိုဏ်းသားတစ်ယောက်ထံမှ ဇီးပန်းပွင့် ဓါးသူရဲကောင်းဟူသော စကားလုံးထွက်လာခြင်းက အတော်လေးပင် ထူးဆန်းလေသည်။ ဟွာဆန်းတွင်ပင် ကြားရန်မလွယ်တော့သည် ထိုစကားလုံးကို အဘယ်ကြောင့် ဝူတန်ဂိုဏ်းမှ လူက အမှတ်ရကာ ပြောဆိုနေသည်ကို စိတ်ဝင်စားသွားလေသည်။

“မင်းတို့သိပ်ကို ဂုဏ်ယူရတဲ့ ဇီးပန်းပွင့်သူရဲကောင်းကြီးကလည်း ငါတို့ရဲ့ ဝူတန်ဂိုဏ်းက ထိုက်ချိဓါးဘုရင်ကို အရှုံးပေးခဲ့ရတယ်ဆိုတာကို မင်းတို့ မသိကြဘူးမို့လား”

“ဘယ်လို”

ဘတ်ချုန်းသည်ပင် ခေါင်းထောင်လာလေသည်။

”ဘာသောက်အဓိပ္ပါယ်မရှိတာတွေ ပြောနေတာလဲ”

“ဟားဟားဟား..အဓိပ္ပါယ် မရှိဘူး..ဟုတ်လား…တစ်ချိန်တုန်းက သူတို့နှစ်ယောက် ဓါးရေးယှဉ်ခဲ့ကြဖူးတယ်..

ဇီးပန်းပွင့် ဓါးသူရဲကောင်းဆိုတဲ့ သူ့ရဲ့ဂုဏ်ပုဒ်ကို လေးစားသောအားဖြင့် ငါတို့ရဲ့ ဘိုးဘေးတွေက ဒီကိစ္စကို ဖုံးကွယ်ပေးထားခဲ့ကြတာ”

”ဒါက”

“မင်းတို့ သိထားတာက ဟွာဆန်းနဲ့ ဝူတန်ဂိုဏ်းက ဘယ်တုန်းကမှ ဓါးရေးမပြိုင်ခဲ့ကြဖူးဘူးလို့ သိထားကြတာမို့လား”

ဂျင်ဟဲယွန်က စကားကိုဆက်ပြောလေ ဟွာဆန်းမှ လူများက ပို၍ ဒေါသထွက်လေ ဖြစ်လာလေတော့သည်။ သူတို့အား အထင်သေးသည်က ခံနိုင်သော်လည်း သူတို့၏ဘိုးဘေးများကို စော်ကားသည်ကတော့ ခွင့်မလွှတ်နိုင်စရာပင်။ ထို့အပြင် ဇီးပန်းပွင့်ဓါးသူရဲကောင်းဆိုသည်က ဟွာဆန်း၏ ဂုဏ်ဆောင်ဖြစ်သောကြောင့် ပို၍ပင် အထိမခံနိုင်ချေ။

‘ငါတို့ရဲ့ ဘိုးဘေးတွေကို မင်းဘယ်လိုတောင် စော်ကားပြီးပြောရဲရတာလဲ”

“မင်း လွန်လွန်းသွားပြီ..မင်း စည်းကျော်သွားပြီ”

“သူက မင်းရဲ့ပါးစပ်က အခုလို လက်လွတ်စပယ်ပြောရမယ့်သူ မဟုတ်ဘူး”

”ငါ မင်းကို လုံးဝခွင့်မလွတ်ဘူး”

ဟွာဆန်းမှ ဂိုဏ်းသားများ၏တုံ့ပြန်မှုကို မြင်လိုက်ရသောအခါတွင်မူ ချွန်းမြောင်၏ရင်ထဲတွင် အမည်မသိသော ဝမ်းနည်းမှုကြီးက ထိုးတက်လာလေသည်။

သူတို့က ဒီလိုကြီး…ဒီလောက်ကြီး ကာကွယ်ပေးနေကြတယ်…ငါ့ကိုလေ…တကယ်ကြီး ငါ့ကိုလေ…

ကလေးတို့ရယ်..မင်းတို့ရဲ့ ဘိုးဘေးကြီး ဇီးပန်းပွင့်သူရဲကောင်းကြီးက ဒီမှာပါကွာ…

အိုး…ချီး..ချီး.. ငါသူတို့ကို အမှန်တရားကို ပြောပြလို့မှ မရတာ..ဘယ်လောက်တောင် သတိလက်လွတ်ဖြစ်လိုက်သလဲ…

ဟွာဆန်းမှ ကလေးများကြောင့် ချွန်းမြောင်ရင်ထဲတွင် ထိရှသွားသော်လည်း ဂျင်ဟဲယွန်၏ စကားများကိုမူ ထွေထွေထူးထူး ခံစားရခြင်း မရှိပေ။ ဤသည်က အထင်မှားခြင်းသက်သက်ဟုသာ သူတွေးလိုက်လေသည်။

အင်း ..ဒီလို ပြောင်းပြန်လှန်ပြီး တလွဲတချော်ဖြစ်သွားတဲ့ ရာဇဝင်လည်း ရှိသေးတာပဲ….

အဲ့ဒီတောက်ကျင့်ကြံတဲ့ ခွေးသားက အဲ့လိုအတွေးကြောင့် သူသေရမယ်ဆိုရင်တောင် ငါနဲ့ပြိုင်ရမှဖြစ်မယ်ဆိုပြီး ပြောခဲ့တာကို…ပြီးတော့ ဒါကို လျှို့ဝှက်ထားပါ့မယ်ဆိုပြီးပြောခဲ့ပြီးတော့ …ငါကဖြင့် သူ့လို အင်အားမရှိတဲ့သူနဲ့ မပြိုင်ချင်တာကို တချိန်လုံးတောင်းဆိုနေခဲ့ပြီးတော့…

အခုကျတော့ ဘာ…ဘယ်သူက ဘယ်သူ့ကို နိုင်တာ…

- မင်းရဲ့ လှည့်ကွက်တွေက အတော်လေးလွန်သွားပြီ…တောက်ကျင့်ကြံတဲ့ သူတစ်ယောက်အနေနဲ့ ငါမင်းကို အမှန်တကယ် ကောင်းမွန်တဲ့ တောက် လမ်းစဉ်ကို ပြမယ်… ပြီးမှတော့ ငါ့ရဲ့ ဓါးသိုင်းက ပြင်းထန်လွန်းတယ်ဆိုပြီး မင်းမညည်းနဲ့… ငါက မင်းလုပ်ခဲ့တဲ့အရာရဲ့ အကျိုးရလဒ်ကို ပြပေးရုံလေးပဲ

ဒါ..ဒါက ကျွန်တော်က ကျွန်တော်ထက် သာလွန်တဲ့အကိုကြီးရဲ့ အင်အားကို အားကျလို့ပါ… ကျွန်တော့်ရဲ့ လိုအပ်ချက်တွေကို သိလာပြီမို့ ကျွန်တော်ပြန်ပြီး အစကပြန်စချင်ပါတယ်… ကျွန်တော် နောက်ထပ်လည်း ထွက်မသွားတော့ပါဘူး…

အား..နေပါဦး…အကိုကြီး ကျွန်တော့်ကို မရိုက်ပါနဲ့တော့..အကိုကြီး နိုင်ပါတယ်….

ဘယ်လိုလုပ်ပြီးတော့ တောက်ကျင့်ကြံတဲ့သူတစ်ယောက်က ဒါမျိုး လုပ်နိုင်ရတာလဲ… အား…အား..

အကိုကြီး …ကျွန်တော်က အဲ့လိုပြောတာ မဟုတ်ပါဘူး…အား…

အကိုကြီး…ကျွန်တော်နဲ့ ဓါးရေးယှဉ်ပေး….

သူက ငါ့ရဲ့ ညီအကိုကောင်း တစ်ယောက်ဖြစ်ခဲ့တာကို…

သူအသက်အရွယ်ရလာသည်အထိ ချွန်းမြောင်အား တရိုတသေဆက်ဆံခဲ့သည်ဖြစ်ပြီး အကိုကြီးဟုပင် သဘောထားခဲ့ခြင်း ဖြစ်လေသည်။ သို့သော်လည်း အဆုံးသတ်တွင်မူ ဤသို့သော ကိစ္စများက ရှိလာလေတော့သည်။

“ဪ”

‘ဒါက ဘာမှလည်း ဟုတ်မနေပါဘူး”

ချွန်းမြောင်က မထူးဆန်းဟန်နှင့် လက်ကိုဝေ့ယမ်းကာ ပြောလိုက်လေသည်။

ချွန်းမြောင်သည် ဝူတန်ဂိုဏ်းနှင့် နောက်ပိုင်းများတွင် အရောက်ပေါက်မရှိတော့သော်လည်း ထိုတစ်ယောက် ထိုက်ချိဓါးဘုရင်ဟု နာမည်ကြီးလာချိန်အထိ ဆက်ဆံရေးကောင်းလေး ရှိလေသည်။ နေရာများစွာသို့ ခရီးများလည်း အတူတကွထွက်ခဲ့ကြပြီး အတွေ့အကြုံပေါင်းများစွာကိုလည်း ရခဲ့ကြလေသည်။ နေရာကောင်းများ ၊ ထိပ်တန်းစားသောက်ဆိုင်များသို့ပင် ခေါ်ကာ ကျွေးမွေးပြုစုခဲ့သည်ဖြစ်ပြီး ဝူတန်ဂိုဏ်းကိုလည်း ငွေရှင်းခိုင်းခြင်းမျိုး မရှိခဲ့ပေ။ ချွန်းမြောင်ကသာ ဒကာခံခဲ့သည်ကြီးပင်။ထို့အပြင် ထိုက်ချိဓါးဘုရင်၏ စိတ်ပျက်ဖွယ်ကောင်းသောအမူအကျင့်များကိုလည်း ရယ်ကာမောကာပင် သည်းခံပေးခဲ့လေသည်။

မဟုတ်သေးဘူး…မဟုတ်သေးဘူး…အခုက စားမြုံပြန်နေရမယ့် အချိန်မဟုတ်ဘူး…..

ရာဇဝင်က များစွာပြောင်းလဲသွားသည်ဖြစ်သော်လည်း အမှန်ကိုသိကာ ပြင်ပေးနိုင်သည့်သူ မရှိသကဲ့သို့ ပြင်ရန်သက်သေလည်း မရှိပေ။

ချွန်းမြောင်၏ အတွေးများနေသောအမူအရာကို အဓိပ္ပါယ်ကောက်လွဲသွားသော ဂျင်ဟဲယွန်ကမူ ချွန်းမြောင်အား လှမ်းကာ ခနဲ့လာလေသည်။

“ဟွာဆန်းက အင်အားအကောင်းဆုံးပါဆိုတဲ့ ဓါးသမားတောင် ဝူတန်ဂိုဏ်းနဲ့ဆို ရှုံးခဲ့သေးတာ.. မင်းတို့ကရော ငါတို့ကို ယှဉ်နိုင်မယ်လို့ ထင်နေတာလား..မင်းတို့ဂိုဏ်းရဲ့ ဂုဏ်သိက္ခာဆိုတာ…”

“ဟေ့…ပါးစပ်ပိတ်ပြီး လာတာ တိုက်လိုက်….လာစမ်းပါ”

“…”

ချွန်းမြောင်က သက်ပြင်းရှည်ကြီးကို လေးလေးပင်ပင် ချလိုက်လေသည်။

“မင်းလည်း သိပါတယ်…လွန်ခဲ့တဲ့ နှစ်တစ်ရာက ဘာဖြစ်ခဲ့လဲဆိုတာက အရေးမကြီးဘူးဆိုတာ…

လွန်ခဲ့တဲ့ နှစ်တစ်ရာက လူတွေက အခုမင်းကိုလာပြီး ဘယ်သူက ချီးကျူးဩဘာပေးနိုင်လို့လဲ…အကုန်လုံးက သေပြီးသွားကြပြီကွ…မျိုးမစစ်ကောင်ရ….မင်း သူတို့လို အဖိုးကြီးတွေကို သိပ်ကိုသဘောကျနေတယ်ဆိုလည်း မင်းလည်း ဝူတန်ဂိုဏ်းကို သွားလိုက်လေ…အာ…မေ့လို့…မင်းက အစကတည်းက ဝူတန်ဂိုဏ်းက ချီးထုပ်ကောင်ပဲကို”

ဘာ …ငါက ချီးထုပ်..

“…. မင်း ဘယ်လိုတောင် ….”

“ပြီးတော့ မင်းတို့လို ခေတ်ကို နောက်ပြန်ဆွဲနေတဲ့ကောင်တွေ….”

သူ၏အတိတ်ကို ကပြောင်းကပြန်လုပ်ကာ လုပ်ကြံဖန်တီးထား၍ ချွန်းမြောင်စိတ်မဆိုးပေ။ သူ ကောင်းကင်နတ်ဆိုးကိုသာ ရှုံးနိမ့်ကာ အသက်ဆုံးခဲ့သည်ကို သူသိလေသည်။ သမိုင်းက မည်သို့ပင်မှားနေပါစေ အရေးမစိုက်ပေ။ယခုလက်ရှိအချိန်ကသာ အရေးကြီးဆုံးဖြစ်လေသည်။

ဝူတန်ဂိုဏ်းဆိုသည်က ဘယ်သောအခါမှပင် ဟွာဆန်းက သူတို့ထက်သာလွန်သည်ဟူသော အမှန်တရားကို လက်ခံရဲ ခဲ့ကြသည်မဟုတ်ပေ။ ယခုလက်ရှိတွင်လည်း ဟွာဆန်း၏တန်ခိုးတောက်လာမှုကြောင့် သူတို့၏စိုးရိမ်မှုကို ပိုမိုလှုံဆော်ပေးသကဲ့သို့ ဖြစ်လာလေပြီး အတိတ်ကအကြောင်းကို စားမြုံပြန်ကာ စိတ်ဖြေနေခြင်း ဖြစ်သည်ကို ချွန်းမြောင် ကောင်းကောင်းသိလေသည်။သမိုင်းထဲတွင်သာ ရှိသောသူတို့၏ တန်ခိုးရောင်ဝါကို သူတို့ထိန်းသိမ်းနေကြခြင်းပင်။ ထိုကိစ္စနှင့်ပတ်သက်၍ ချွန်းမြောင် အထွန့်တက်ရန် ဆန္ဒမရှိပေ။

ငါက သန်မာပြီးသား…

အားလုံးက ငါ့မှာရှိပြီးသားပဲ…

ဤပြဿာနာကို ဖြေရှင်းလိုက်သည်နှင့် ဝူတန်ဂိုဏ်းကို ဟွာဆန်းက ဖြုတ်ချနိုင်ပြီးသား ဖြစ်သွားပေလိမ့်မည်။

သမိုင်းအား မှန်သည်မှားသည်ဟူ၍ ငြင်းခုန်ပေးနေရန် မလိုအပ်တော့ပေ။ ယခုအချိန်တွင် ချွန်းမြောင် လိုအပ်သည်က ယခင်ဇီးပန်းပွင့် ဓါးသူရဲကောင်းတည်ဆောက်ခဲ့သော ဂုဏ်သတင်းထက် ပို၍မြင့်မားသော အောင်မြင်မှုကို တည်ဆောက်ရန်ပင် ဖြစ်လေသည်။

“မင်းတို့ မင်းတို့ စိတ်တွေပုံမှန်ပြန်ဖြစ်သွားဖို့ သွေးထွက်သံယို…….”

“ဟေ့…ဂိုဏ်းသားငယ်လေး ဝေ့..ဝေ့ ဂိုဏ်းသား”

ဂျင်ဟဲယွန်က သူတို့အား ကြုံးဝါးနေသည့်စကားမဆုံးလိုက်ခင်မှာပင် ချွန်းမြောင်က ဝေ့ဆိုဟုန်ကို လှမ်းကာခေါ်လိုက်လေသည်။ချွန်းမြောင်က ရုတ်တရက်ခေါ်လာသည်မို့ နောက်မှကြည့်နေသောဝေ့ဆိုဟုန်က ဇဝေဇဝါမျက်နှာနှင့် သူ့အား လှမ်းကြည့်လာလေသည်။

“ဟုတ်ကဲ့”

“ကျွန်တော်ပြောတာ အကုန်လုံး လုပ်ထားပြီးသွားပြီလား…”

“အာ..ကောလဟလ လွှင့်ခိုင်းတာကိုလား…ဟုတ်…ကျွန်တော် နန်ယောင်မြို့ထဲကို လူတွေလွှတ်ထားပြီးပါပြီ”

“ကောင်းတယ်…ဒါဆို…”

ချွန်းမြောင်က ဓါးကိုဆွဲကာထုတ်လိုက်လေသည်နှင့် ဝူတန်ဂိုဏ်းမှ ဂိုဏ်းသားများက နောက်သို့ ဆုတ်ကာသွားကြလေသည်။

ချက်ချင်းဆိုသလိုပင် ချွန်းမြောင်က သူ့၏ဓါးကို ဝှေ့ယမ်းလိုက်လေပြီး ချီစွမ်းအင်များက တရှိန်ထိုးထွက်လာလေသည်။

ချွန်းမြောင်၏ ဓါးမှ ချီစွမ်းအင်များသည် ဝူတန်ဂိုဏ်းသားများဆီသို့ ရောက်လာသည်မဟုတ်ဘဲ ဟွာယုန်းဂိုဏ်း၏ တံတိုင်းဆီသို့သာ ဦးတည်သွားလေပြီး တံတိုင်းကို ချီစွမ်းအင်များက ပိုင်းဖြတ်ကာ အစိတ်စိတ်အမွှာမွှာ ပြိုကျသွားလေတော့သည်။

“မင်း ဘာလုပ်နေတာလဲ”

ဝေ့လီရှန်းကမူ မျက်လုံးပြူး မျက်ဆန်ပြုးကာ ချွန်းမြောင်အား အော်လေတော့သည်။

ဘာလို့ ဒီခွေးသူတောင်းစားက သူတို့လက်အောက်ခံဂိုဏ်းရဲ့ တံတိုင်းကို ဖြိုချလိုက်ရတာလဲ…

သောက်အဓိပ္ပါယ် မရှိတာ…

“

“အာ”

ထို့နောက်တွင်မူ ဝေ့လီရှန်းသည် ချွန်းမြောင်၏ ရည်ရွယ်ချက်ကို နားလည်သွားလေပြီး အသံတိတ်သွားလေတော့သည်။

တံတိုင်း၏အပြင်တွင် နန်ယောင်မြို့ထဲမှ လူများက ဟွာယုန်းတွင် ဖြစ်နေသောအဖြစ်အပျက်များကိုကြည့်ရန် တစ်စုတစ်ဝေးတည်း ရောက်ရှိနေကြပြီ ဖြစ်လေသည်။ ဝူတန်ဂိုဏ်းနှင့် ဟွာဆန်းဂိုဏ်းတို့၏ တိုက်ပွဲကို ကြည့်ရမည်ဖြစ်၍ ထိုအခွင့်အရေးကို မည်သူကမှလည်း လက်လွတ်ခံမည့်ပုံမရပေ။ ထိုသို့သောတိုက်ပွဲ အလွန်ပင် ရှားပါးသည်ဟု ပြောနိုင်လေသည်။

“ဟီးဟီး…ကျွန်တော်က နာမည်ကြီးတာကို ကြိုက်တဲ့သူမျိုးလေ”

ချွန်းမြောင်က တခစ်ခစ်ရယ်ကာ ပြောလာလေသည်။

လာကြည့်ကြသူ့သူများကလည်း နယ်ခံဂိုဏ်းဖြစ်သော ဟွာယုန်းဂိုဏ်းကို ကူညီမည်ဟူသောစိတ်နှင့် လာကြသည်မဟုတ်ဘဲ ဟွာဆန်းဂိုဏ်းနှင့် ဝူတန်ဂိုဏ်းတို့၏ တိုက်ပွဲကို ကြည့်ရှုချင်ကြ၍သာ လာကြခြင်း ဖြစ်လေသည်။ ဟွာဆန်းအနိုင်ရခဲ့လျှင် ထိုလူများက ဟွာဆန်း၏အောင်ပွဲကို အရသာခံကာ ပြောပေးကြသည့်သူများ ဖြစ်လာကြပေလိမ့်မည်။

“ဒါက တော်တော်လေး အံဩဖို့ကောင်းတာပဲ”

ဘတ်ချုန်း၏ စကားကိုကြားလိုက်သည့်အခါတွင်မူ ချွန်းမြောင်က ပြုံးလိုက်လေသည်။

“အကိုကြီး လုပ်တော့မှာဆိုရင် ပြီးပြည့်စုံအောင် လုပ်….”

“ဟုတ်ပြီ”

“ဒါဆို ငါတို့လုပ်သင့်တာ တစ်ခုပဲကျန်တော့တယ်”

ချွန်းမြောင်က ဝူတန်ဂိုဏ်းသားများကို ကြည့်လိုက်လေသည်။

“အကိုကြီး ..ဘယ်နှယောက် တာဝန်ယူမှာလဲ”

“အင်း..နှစ်ယောက်”

“ငါစဉ်းစားနေတာ ငါ သုံးယောက် တာဝန်ယူရမလားလို့”

“ဟုတ်ပြီ…ဒါဆို ငါးယောက်ရှိပြီ”

“ဆရာတူအမကြီး ယုက လေးယောက်တာဝန်ယူလိုက်…

နည်းပြဘတ်ချုန်း က ဂျင်ဟဲယွန်ကို ကိုင်တွယ်လိုက်”

“မင်းကရော..”

“ကျွန်တော်ရော တိုက်ရဦးမှာလား”

“ထားလိုက်ပါတော့..”

လူတွေဒီလောက်ရှိနေတာကို ကိုယ့်ကိုယ်ကိုယ် ထိန်းစမ်းပါ..ကျေးဇူးပြု၍…ခွေးသားလေးရဲ့…

“အာ့ဆို …သွားလိုက်ကြတော့ …နည်းပြ…ဆရာတူ အမကြီး …အကိုကြီးတို့”

“အေးအေး”

“ဟင်း”

“ဟူး”

ဟွာဆန်းမှ ဂိုဏ်းသားများက သက်ပြင်းကိုယ်စီချပြီးသည်နှင့် ရှေ့သို့တက်ကာသွားကြလေတော့သည်။

“တစ်ယောက်ယောက်ကတော့ ဒီနေ့ရှုံးမှပဲ ရတော့မယ်”

ဘတ်ချုန်း၏မျက်နှာသည် ဆုံးဖြတ်ချက်တို့ကြောင့် အေးစက်တည်တန့်ကာ အရောင်အဝါတစ်မျိုးပင် ထွက်နေလေတော့သည်။

“သူတို့က ဝူတန်ဂိုဏ်းရဲ့ တပည့်တွေဆိုပေမယ့် ငါတို့ရဲ့လေ့ကျင့်ခဲ့တာတွေက သူတို့ကို အနိုင်ယူနိုင်တယ်ဆိုတာထက်တောင် ပိုသေးတယ်…အဲ့ဒီမျိုးမစစ်ကောင်တွေကို ဟွာဆန်းရဲ့ ဓါးသိုင်းကဘာလဲဆိုတာ ပြလိုက်ကြရအောင်”

“ဟုတ်ကဲ့..နည်းပြ”

“ဟုတ်ကဲ့ပါ..ဆရာတူအကိုကြီး”

အားတက်သရောတုံ့ပြန်သံများကြောင့် အနောက်မှ အသံတစ်ခုက ထွက်လာလေသည်။

“ကျွန်တော်ပြောတာလည်း အတူတူပဲကို ဘာလို့တုံ့ပြန်မှုက အဲ့လောက်ကြီးကွာခြားရတာလဲ”

သောက်ကလေးရယ်..မင်းပါးစပ်လေးကို ခဏလောက်ဖြစ်ဖြစ် ပိတ်ထားစမ်းပါကွာ…

အပိုင်း (၁၂၉)

ဟွာဆန်းရဲ့ သိုင်းပညာက အခြေခိုင်သန်မာလာပြီ(၄)

“ကြည့်ရတာ တိုက်ပွဲဖြစ်နေကြတာထင်တယ်ဟ”

“အိုး.ဘုရား.. ဝူတန်ဂိုဏ်းနဲ့ ဟွာဆန်းဂိုဏ်းပါလား”

အခြေအနေကို မြင်လိုက်ရသည့်သူတိုင်းက အံအားတကြီးဖြစ်သွားကြလေသည်။

“ဒါဆိုရင်တော့ အခြေအနေမကောင်းဘူး …ငါတို့ နောက်ပြန်ဆုတ်သင့်တယ်ထင်တယ်နော်”

“ဒါမျိုးတိုက်ပွဲကို ငါတို့ဘယ်မှာကြုံနိုင်မှာလဲ…အံဩစရာကောင်းလိုက်တာကွာ…ဒါနန်ယောင်မှာ တသက်နေလို့ တစ်ခါတောင် မြင်ရနိုင်တဲ့မြင်ကွင်းမျိုး မဟုတ်ဘူး…သေချင်သေပါစေ…ငါကတော့ ကြည့်ကိုကြည့်ဦးမှာ”

“ဟုတ်တာတော့ ဟုတ်ပါရဲ့..ဒါပေမယ့်..”

လာကြည့်သူများ၏ သံသယနှင့် မျှော်လင့်ချက်များက ပို၍ပို၍ မြင့်မားလာနေကြလေပြီး မည်သူကမှလည်း နောက်ပြန်မဆုတ်ကြပေ။ဤသို့သော တိုက်ပွဲကို မျက်ဝါးထင်ထင်မြင်ရသည်က တသက်တွင်တစ်ခါပင်ရနိုင်သော အခွင့်အရေးဖြစ်၍ လက်မလွတ်ကြခြင်းလည်း ဖြစ်ကောင်းဖြစ်နိုင်လေသည်။

လာကြည့်ကြသည့် ပရိတ်သတ်များတွင် ဝူတန်ဂိုဏ်းအား အားပေးထောက်ခံသူက အများစုဖြစ်လေပြီး ဟွာဆန်းကို အားပေးကြသည့်ပရိတ်သတ်ကလည်း မနည်းပေ။ အများစုမှာ ဟွာဆန်းကို မသိကြလေဘဲ ဟွာယုန်း၏ မိခင်ပင်မဂိုဏ်းကြီးဖြစ်၍သာ ဟွာယုန်းကိုထောက်ခံသည့်အနေနှင့် ဟွာဆန်းကို အားပေးကြခြင်း ဖြစ်လေသည်။

ဟွာယုန်းဂိုဏ်းသည် နန်ယောင်တွင်တည်ထောင်ခဲ့သည်က ကြာပြီဖြစ်လေပြီး နန်ယောင်မှ မြို့ခံများနှင့်လည်း တသားတည်းဖြစ်နေလေပြီ ဖြစ်လေသည်။ ထို့အပြင် ဟွာယုန်းသည် ဟွာဆန်း၏လက်အောက်ခံဂိုဏ်းခွဲဖြစ်ရသည့်အပေါ် အလွန်ပင် ကျေနပ်ဂုဏ်ယူလေပြီး နှစ်ဂိုဏ်းကြားဆက်ဆံရေးကို ထိန်းသိမ်းထားနိုင်သည့်အတွက် အလွန်ပင်ဂုဏ်ယူလေသည်။

ပင်မဂိုဏ်းကြီးဖြစ်သည့် ဟွာဆန်းအနေနှင့်လည်း ထိုသို့သောသစ္စာရှိလက်အောက်ခံဂိုဏ်းတစ်ခုရှိသည်က ဂုဏ်ယူစရာပင်။ လက်အောက်ခံဂိုဏ်းဆိုသည်က မိမိတို့ဂိုဏ်း၏ အင်အားကို ဖြန့်ကျက်ထားခြင်း တစ်မျိုးပင်။ ထို့ကြောင့်ပင် ဂိုဏ်းများ ကြီးထွားတိုးတက်လာပြီဆိုသည်နှင့် လက်အောက်ခံဂိုဏ်းခွဲများ၊ ဂိတ်တံခါးများ

၊ လေ့ကျင့်ရေးခန်းမများ ဖွင့်လှစ်ပြီး လောကကြီးကို အင်အားဖြန့်ကျက် ပြသခြင်းဖြစ်လေသည်။

“ဟွာဆန်းက နိုင်လောက်မယ်ထင်တယ်နော်”

“ဟေ့..သူတို့ရင်ဆိုင်ရမှာက ဝူတန်ဂိုဏ်းနော်”

“ အဲ့တော့ ဘာဖြစ်လဲ….ပြီးခဲ့တဲ့ညီလာခံတုန်းက ဟွာဆန်းဂိုဏ်းက တောင်ဘက်အစွန်အဖျားဂိုဏ်းကို အနိုင်ပိုင်းလိုက်တာ ငါကြားဖူးတယ်”

“တောင်ဘက်အစွန်အဖျားဂိုဏ်းနဲ့ ဝူတန်ဂိုဏ်းက တူမလား…ဝူတန်က ဝူတန်ပဲ”

“ဟေ့..တိတ်တိတ်နေကြစမ်း”

လူများက တီးတိုးပြောဆိုသံများကြောင့် ဂျိုဂုသက်ပြင်းရှည်ကြီးကို ခိုးချလိုက်လေသည်။ သူ၏မျက်စိရှေ့တွင်မူ အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် ဝူတန်ဂိုဏ်းသားက ရှိနေလေသည်။

ငါ လုပ်နိုင်ပါ့မလား…

ယခင်အချိန် ဂျိုဂုဆိုလျှင်မူ မလုပ်နိုင်သည်က သေချာလေသည်။သူ ဟွာဆန်းကို ဝင်ရောက်ကာ သိုင်းပညာများကို သင်ယူလေ့လာခဲ့သော်လည်း သူ့ကိုယ်သူ တစ်ကြိမ်တစ်ခါမျှပင် သိုင်းသမားဖြစ်လေပြီးဟု မတွေးထင်ထားခဲ့ဖူးပေ။

သို့သော် ယခုတွင်မူ

တကယ်လို့ ငါမနိုင်ခဲ့ရင် ပြဿနာက ပိုရှုပ်ထွေးသွားလိမ့်မယ်…

သေချာသည့်အရာတစ်ခုကမူ ဟွာဆန်းမှ ဓါးသမားအားလုံးသည် ယခင်နှစ်နှစ်ကထက် ပို၍သန်မာလာကြပြီဖြစ်လေသည်။ သူတို့အားလုံး သက်သက်သာသာဖြင့် လေ့ကျင့်ခဲ့ရသည်မဟုတ်ဘဲ တိရစ္ဆာန်များကဲ့သို့ပင် လေ့ကျင့်ခဲ့ရသည် ဖြစ်လေသည်။ ထိတ်လန့်ဖွယ်ကောင်းအောင်ပင် လေ့ကျင့်ခဲ့ရသည်။

မလေ့ကျင့်၍လည်း မရပေ။ သူတို့၏နောက်တွင် မကောင်းဆိုးဝါးကြီးတစ်ကောင်က စောင့်ကြပ်ကာ လေ့ကျင့်ပေးနေခြင်းလည်း ဖြစ်သည်မို့ အားလုံးက လေ့ကျင့်ကို လေ့ကျင်ရလေသည်။

ချွန်းမြောင်သည် အမှန်ပင် ခန့်မှန်းရခက်လေသည်။ တခါတရံတွင် မကောင်းဆိုးဝါးတစ်ကောင်ကဲ့သို့ ဖြစ်နေတတ်ပြီး တချို့အချိန်များတွင်မူ ဓါးသမားသူရဲကောင်း တစ်ယောက် ဖြစ်နေတတ်လေပြန်သည်။ ရံဖန်ရံခါတွင်မူ လောကကြီး၏အကြောင်းအား ကောင်းစွာနားလည်သည့် ပညာရှိကြီးတစ်ယောက်ကဲ့သို့ဖြစ်နေတတ်ပြီး ရံဖန်ရံခါတွင်မူ အရူးတစ်ယောက်လိုပင် ဖြစ်နေတတ်လေသေးသည်။ ချွန်းမြောင်က ထိုသို့သော အသွင်အမျိုးမျိုးနှင့် သူတို့အား လေ့ကျင့်ပေးခဲ့ခြင်း ဖြစ်လေသည်။

ဂျိုဂုအနေနှင့် လွန်ခဲ့သောနှစ်နှစ်ကမူ လေ့ကျင့်ရေးလုပ်ရသည်ကိုပင် တုန်လှုပ်မောပန်းနေတတ်ပြီး ယခုတွင်မူ မလုပ်နိုင်သော လေ့ကျင့်ရေးမျိုးပင် မရှိတော့ဟု ပြောရပေမည်။ သို့သော်လည်း တောင်ဘက်အစွန်အဖျားဂိုဏ်းနှင့် ညီလာခံပြီးကတည်းက သူ၏ ယုံကြည်ချက်အားလုံးက ပျက်စီးသွားလေပြီး ရည်မှန်းချက်အသစ်တစ်ခုရလာခဲ့လေသည်။ ထို့ကြောင့်ပင် ချွန်းမြောင်၏ သေမတတ်လေ့ကျင့်ပေးမှုများတွင် သေကောင်ပေါင်းလဲ လေ့ကျင့်ခဲ့ရလေသည်။ ယခုတွင်မူ အရာအားလုံးနှင့်အသားကျကာ သူသည်လည်း သန်မာလာလေပြီဖြစ်လေသည်။ ရောက်သင့်သည် အခြေအနေတစ်ခုကိုလည်း ရောက်နေပြီဟု ဆိုရပေမည်။

ဂျိုဂု ဝူတန်မှ ဓါးသမားကို ကြည့်လိုက်လေသည်။

ယုံကြည်ချက်ရှိမှ ဖြစ်မယ်….

လွန်ခဲ့သောနှစ်များကမူ ယုံကြည်ချက်ဆိုသည့်အရာက တစ်စုံတစ်ဦးအား အမှီခိုရှိမှသာဖြစ်နိုင်သောအရာဖြစ်လေသော်လည်း ထိုသို့မဟုတ်သည်ကို နားလည်ခဲ့လေပြီဖြစ်၏။ စွမ်းရည်နှင့်အင်အားကသည်သာလျှင် ယုံကြည်မှုကို တည်ဆောက်ပေးနိုင်လေပြီး မဟုတ်လျှင် မည်သို့ပင် ပြုလုပ်စေကာမူ မဖြစ်လာနိုင်ပေ။ ယုံကြည်ချက်ဆိုသည်က မိမိကိုယ်တိုင် တည်ဆောက်မှသာ ဖြစ်လာနိုင်သော အရာဖြစ်သည်ကို နားလည်သွားပြီဖြစ်လေသည်။

“နှစ်ယောက်တစ်ယောက်ပေါ့”

ဂျိုဂုက ပြုံးလိုက်လေသည်။

ဒါက ငါတို့ဂိုဏ်းရဲ့ ဂုဏ်အတွက်ပဲ….

လူလေးဦးက ရှေ့သို့တက်ကာ သွားကြလေသည်။ သူတို့သည်က လူနည်းစုမှန်း သိသာသော်လည်း တဖက်လူများအား ရိုက်ချိုးပစ်ရန် အဆင်သင့်ဖြစ်နေကြပြီဖြစ်လေသည်။ ထို့အပြင် အစီအစဉ်ကလည်း ချပြီးနေပြီဖြစ်လေသည်။ မျှတသည် မမျှတသည်က အရေးမဟုတ်ပေ။ အရေးကြီးသည်က အနိုင်ရရန်သာ ဖြစ်လေသည်။ အရေအတွက် အဓိကမဟုတ်ပေ။ အရည်အချင်းကသာ အဓိကဖြစ်လေသည်။

ဂျိုဂု၏ရှေ့တွင်ရှိနေသော ဝူတန်ဂိုဏ်းမှ ဓါးသမားကမူ သူ၏ဓါးကိုဆွဲထုတ်ကာ ဂျိုဂုဆီသို့ ဓါးကို ဦးတည်ထားလေသည်။ ဂျိုဂု သူနှင့်ယှဉ်ပြိုင်ရမည့် ဓါးသမားကို ကြည့်ကာ ဘာရယ်မဟုတ် ပြုံးလိုက်မိလေသည။ ဂျိုဂုပြုံးလိုက်သည်ကို မြင်သောဝူတန်ဂိုဏ်းမှ ဓါးသမားကမူ ထိုသို့ပြုံးလိုက်ခြင်းကြောင့် မျက်မှောင်ကြုတ်သွားလေသည်။

“မင်း ငါ့ကို ရယ်လိုက်တာလား”

"အာ …အဲ့လို မဟုတ်ပါဘူး…မင်းကို ရယ်တာ မဟုတ်ပါဘူး..”

ဂျိုဂုက ရယ်နေသည်ကို ရပ်လိုက်သော်လည်း မျက်နှာကအပြုံးကမူ ဖျောက်ပစ်၍ မရသေးပေ။

“ဒါက ဒီတိုင်းပဲရယ်လိုက်တာပါ…ကျွန်တော် တိုးတက်လာတာကို ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူမိသွားလို့…

မင်းနဲ့ ဘာမှမပတ်သက်ပါဘူး”

“မင်းရူးနေတာလား…”

အင်း…ရူးနေကောင်း ရူးနေလောက်တယ်….

ဂျိုဂုက ခန္ဓာကိုယ်ကို လှုပ်ကာ ချီစွမ်းအင်ကို စုစည်းလိုက်လေသည်။ ဂျိုဂု သူ၏ရှေ့တွင်ရှိနေသောသူကို တချက်ကြည့်လိုက်သည်နှင့် ပြောနိုင်လေသည်။ ဤလူသည် သူ၏ပြိုင်ဘက်မဟုတ်ပေ။ အားနည်းသည်က သိသာနေလေသည်။

ထိုသူ၏ ဓါးကိုင်ထားသည့် ပုံစံ၊ မတ်တပ်ရပ်ကာ ခြေကို အားပြုထားသည့်အနေအထား၊ သူ၏ ခန္ဓာကိုယ်မျှခြေ၊ ပြီးနောက်တွင်မူ သူထံတွင်စီးဆင်းနေသော ချီစွမ်းအင် အားလုံးကို ဂျိုဂုမြင်နိုင်နေလေပြီး ခန့်မှန်း၍လည်း ရနေလေသည်။

ဂျိုဂု တဖက်လူ၏အနေအထားကို မြင်နေရသောကြောင့် အနည်းငယ်အံဩသွားလေပြီး ချွန်းမြောင်သည်လည်းပဲ သူတို့အား ထိုသို့မြင်နေရသလားဟု တွေးမိသွားလေသည်။

အဲ့လိုမြင်နေရလို့များ သူကပွစိပွစိလုပ်တာကို မရပ်နိုင်ဖြစ်နေတာများလား…..

“ဝူတန်ဂိုဏ်းက ဂျင်ဂုန်း”

"ဟွာဆန်းက ဂျိုဂု"

မိတ်ဆက်သည်က ဤမျှနှင့်ပင် အဆုံးသတ်သွားလေပြီး တိုက်ပွဲကို စတင်ရန်ပြင်လိုက်ကြလေတော့သည်။

ဂျိုဂုကလည်း အဆင်သင့်ဖြစ်နေလေပြီးဖြစ်ပြီး ဂျင်ဂုန်ကလည်း သူ၏ဂုဏ်ပုဒ်အရ ဂျိုဂုအား စတင်ကာတိုက်ခိုက်ခြင်း မပြုလာပေ။ ဂျိုဂုမှ တိုက်ခိုက်လာမည်ကို စောင့်နေလေသည်။

ဂျိုဂုက အင်အားများကို ခြေဖျားလေးတွင်စုစည်းကာ ဂျင်ဂုန်ထံသို့ တရှိန်ထိုးပြေးဝင်သွားလေတော့သည်။

ဂျိုဂု၏ဓါးက နှေးတလှည့်၊ မြန်တခါ၊ သွက်လက်တလှည့်၊ ကြမ်းတမ်းတလှည့်နှင့် အမျိုးမျိုးသော နည်းပညာတို့ကို ပြသနေလေတော့သည်။ အမျိုးမျိုးသော သိုင်းကွက်တို့ကြောင့် တဖက်လူကမူ ဓါးချက်အစစ်လေလား ပုံရိပ်ယောင်များလားပင် ခွဲမရတော့ပေ။ ဟွာဆန်း၏ အခြေခံသိုင်းပညာများကို ဂျိုဂုက အမျိုးမျိုးအဖုံဖုံပြသကာ ဟွာဆန်း၏ဂုဏ်ကိုဆောင်နေလေတော့သည်။

“အား..”

ဝူတန်ဂိုဏ်း၏ဂိုဏ်းသားက နာကြင်မှုကြောင့် အသံထွက်လာလေသည်။

ဒါမဖြစ်နိုင်ဘူး…

နောက်ပြန်ဆုတ်သောခြေလှမ်းတစ်ကွက်မှာပင် ဓါးချက်ကထိသွားလေပြီဖြစ်သည်။ သူ ထိုသို့သော ဓါးသိုင်းမျိုးပင် တစ်ကြိမ်တစ်ခါပင် မမြင်ဖူးဟု ခံစားရလေသည်။

ဂျင်ဂုန်ကမူ နှုတ်ခမ်းကိုကိုက်ကာ သူ၏ဓါးသိုင်းကို အပြည့်အစုံပြသရန် စတင်လိုက်လေတော့သည်။

နူးညံချောမွတ်ကာ သွက်လက်သော လှုပ်ရှားမှုများနှင့် ဓါးသိုင်းက အစပြုလာပြီဖြစ်လေသည်။

ဝူတန်၏ဓါးသိုင်းပင်….

ဂျိုဂုကမူ ဝူတန်ဂိုဏ်း၏ ဓါးသိုင်းကိုမြင်ဖူးသည်က ပထမဆုံးအကြိမ်ဖြစ်သော်လည်း သူ၏ရန်သူမှ ခင်းကျင်းပြသလာသော ဓါးသိုင်းများထဲတွင် သူ့ကိုဓါးချက်တစ်ချက်ပင် မထိသေးပေ။ ရန်သူကို အသာစီးမှနေကာ ဖိတိုက်နေဆဲပင်။

ဂျိုဂု ချွန်းမြောင်နှင့် တစ်ခါလေ့ကျင့်ခဲ့ဖူးသည်ကို သတိရသွားလေသည်။

[မင်း ဘယ်လိုတောင် စိတ်ပုတ်တာလဲ…

အကိုကြီး လောကကြီးက အမှန်တကယ်အတွေ့အကြုံရဖို့ဆိုရင် ဘာပဲဖြစ်ဖြစ် မမှားဘူး…လုပ်ရမှာပဲ…ဒီလိုမှပဲ တိုးတက်လာမှာ…ဒါမှပဲ ဘယ်လိုတုံ့ပြန်ရမလဲဆိုတာ သင်ယူလာနိုင်မှာ ဓါးပညာခြင်းတူရင်တောင် သုံးတဲ့ဓါးအပေါ်မှာမူတည်ပြီး ကွဲပြားမှုရှိသေးတာ …

ဟွာဆန်းရဲ့ ဓါးကသေးသွယ်ပြီး ပေါ့ပါးတယ်…တောင်ဘက်အစွန်အဖျားဂိုဏ်းရဲ့ ဓါးသိုင်းကရှုပ်ထွေးလေးလံတယ်…

ဝူတန်ဂိုဏ်းရဲ့ ဓါးသိုင်းက နူးညံ့ပျော့ပြောင်းတယ်…

ဆိုတော့ မင်းပြောချင်တာက ငါက အပြင်လောကက ဓါးသိုင်းပညာအတွေ့အကြုံယူရမယ်ဆိုတဲ့ သဘောလား…

မဟုတ်ဘူး..အကိုကြီး…ကျွန်တော် ဒီမှာရှိနေပြီဆိုမှတော့ အကိုကြီးတို့ကို ဓါးသိုင်းအမျိုးမျိုးနဲ့ တိုက်ခိုက်ပေးတော့မှာ ..လောလောဆယ် လေ့ကျင့်တဲ့ အချိန်မှာတော့ အကိုကြီးလောကထဲတိုးဝင်ပြီး အတွေ့အကြုံရှာစရာ မလိုသေးပါဘူးး….

ကဲအခု အကိုကြီးကို ညင်သာပျော့ပြောင်းပါတယ်ဆိုတဲ့ ဝူတန်ရဲ့ ဓါးသိုင်းနဲ့ တိုက်မယ်…..

ဘာလို့ ငါ သိုင်းပေါင်းစုံနဲ့ အရိုက်ခံနေရတာတုန်း….

ဂျိုဂု မေးခွန်းကို ချွန်းမြောင်က အဖြေမပေးခဲ့ပေ။သို့သော် ချွန်းမြောင်၏ ဝူတန်ဂိုဏ်းဓါးချက်များကိုတော့ ကောင်းကောင်းခံခဲ့ရပြီး ဖြစ်လေသည်။]

ဒါဆို…

ချွန်းမြောင်၏ ဝူတန်ဓါးသိုင်းနှင့်ယှဉ်လျှင် ယခုလက်ရှိပြိုင်ဘက်၏ဓါးသိုင်းက နူးညံပျော့ပြောင်းခြင်း မရှိပေ။ သူ၏လက်ရှိ ရန်သူထက်စာလျှင် ချွန်းမြောင်ပြသသော ဝူတန်ဂိုဏ်း၏ဓါးသိုင်းက ပို၍ပင် ပြီးပြည့်စုံသည်ဟု ထင်ရလေသည်။ သို့ဖြစ်၍ သူ၏ရန်သူကို ကိုင်တွယ်ရမည်က မခက်ခဲမည်ကို သိသွားလေတော့သည်။

ဂျိုဂု သူ၏အရှိန်ကို တင်လိုက်လေသည်။

ပို၍ပေါ့ပါးသွက်လက်ကာ …ပို၍လျင်မြန်စွာ….

ဝူတန်၏ဓါးသိုင်းသည်က တိကျသော ပစ်မှတ်ကို ဦးတည်ကာ တိုက်ခိုက်သော သဘောသဘာဝရှိလေသည်မို့ ဂျိုဂုပြုလုပ်ရန် လိုအပ်သည်က ပြိုင်ဘက်၏ပစ်မှတ်အား ထွေပြားသွားစေရန်ပင်။ ဓါးချက်များက ရှုပ်ထွေးလာလေလေ ပစ်မှတ်က ဝေဝါးလာသည်မို့ ရန်သူကို အနိုင်ပိုင်းရန်က တစ်ဝက်သေချာသွားပြီဖြစ်လေသည်။ ထို့ကြောင့်ပင် သူအရှိန်ကို မြှင့်လိုက်ခြင်း ဖြစ်လေသည်။

[ပြီးတော့ ဒီနားမှာ သတိထားစရာတစ်ခုရှိတယ်…တကယ်လို့ တစ်ယောက်ယောက် ကိုယ့်ရဲ့အရှိန်တင်ထားတာကို တားဆီးလာပြီဆိုရင် လုပ်ရမှာကတစ်ခုပဲရှိတယ်…လုံးဝ တွန်းကန်အားအပြည့်ထုတ်လိုက်တာပဲ..လောကကြီးမှာ အကုန်လုံးက ဆက်စပ်နေတာ…ရေနဲ့မီးကို သတ်နိုင်ပေမယ့် ရေနည်းနည်း မီးကြီးကြီးဆို ရေက မီးကိုမသတ်နိုင်တော့ဘူး…ရေငွေ့ပြန်တာပဲ ဖြစ်နိုင်တော့မှာ…အဲ့သဘောပဲ…တစ်ခုခုထက်ပိုသာတဲ့ အင်အားနဲ့ တစ်ချက်ကောင်း ထိုးဖောက်နိုင်ဖို့က အရေးကြီးဆုံးပဲ]

ဘမ်း…

ဂျိုဂု၏ ဓါးသွားက လေဟုန်ကို ခွင်းဖောက်သွားလေသည်။ဓါးချက်များက အလွန်ပင် လျင်မြန်လာလေပြီး ရန်သူအား ထိုးဖောက်ရန် အခွင့်အရေးလေးတစ်ခုမျှပင် မပေးတော့ချေ။

နှေးတယ်…နှေးလိုက်တာ…

ချွန်းမြောင်ကို မပြောလေနှင့်…သူ၏ဓါးကို နှစ်ဆမျှမြန်လိုက်လျှင်ပင် သူတို့နည်းပြ၏ဓါးအရှိန်ကို မှီမယ်မထင်ပေ။

ဤသည်က ဓါးသိုင်းတို့၏သဘောသဘာဝ ကွာခြားမှုကြောင့်ပင်။

ဂျိုဂု ပြုံးလိုက်လေသည်။

ငါသန်မာလာခဲ့ပြီ…

ဝူတန်ဂိုဏ်း၏တပည့်သည် သူ၏ရှေ့တွင် အင်အားချိနဲ့နေပြီး သူ၏ဓါးသိုင်းသော်လည်းကောင်း၊ ကိုယ်ခန္ဓာကသော်လည်းကောင်း အစွမ်းမပြနိုင်တော့ပေ။ ဂျိုဂုကမူ ပြည့်စုံသောဓါးသိုင်းနှင့် သန်မာကိုယ်ခန္ဓာကြောင့် ပြီးပြည့်စုံသော ဓါးသိုင်းကို ပြသနိုင်ခဲ့ပြီ ဖြစ်လေသည်။ အပြင်းအထန်လေ့ကျင့်ခဲ့ရသည်များက ထိုက်ထိုက်တန်တန် အစွမ်းပြလာခဲ့ပြီ ဖြစ်လေသည်။

ဝူတန်ဂိုဏ်းမှလူကမူ ဖြစ်နေသောအရာများကို မကိုင်တွယ်နိုင်တော့သည့်အလား ဂျိုဂုကို အံအားတကြီး ကြည့်လာလေတော့သည်။ ဂျိုဂုကမူ သူ၏ဓါးကို နောက်တဖန် ပြန်လည် ယမ်းလိုက်ပြန်သည်။ ယွန်းဂျွန်နှင့် တိုက်ခိုက်နေရသော ဂျင်ဟွာသည်လည်း အလားတူပင်။

ဒါက မဖြစ်နိုင်တာ…

ဂျင်ဟွာ၏မျက်နှာက အတော်လေးပင် ပျက်နေလေပြီး မထိန်းနိုင်တော့ပေ။

ငါက ဒီလို ဟွာဆန်းမျိုးမစစ်တွေရဲ့ လက်တွေထဲမှာ ရှုံးရတော့မှာလား…

ဤသည်က ရှက်ဖွယ်ပင်။ သူတို့နှင့်တိုက်ခိုက်နေသော ကလေးများက သူတို့ထက်မျိုးဆက်တစ်ခုမျှ ငယ်သည်ကို ဂျင်ဟွာ သိလေသည်။ သူသည် ဒုတိယတန်းတပည့်တစ်ယောက်ဖြစ်လေပြီး ယွန်းဂျွန်ဟု ခေါ်သောထိုကလေးကမူ တတိယတန်းတပည့်တစ်ယောက်ဖြစ်သည်ကို သိရှိထားပြီးဖြစ်လေသည်။ ဟွာဆန်း၏ တတိယတန်းတပည့်တစ်ယောက်ကို ဝူတန်ဂိုဏ်းမှ ဒုတိယတန်းတပည့်က ရှုံးရသည်ဆိုသည်က မဖြစ်သင့်သောကိစ္စပင် ဖြစ်လေသည်။ သို့သော်လည်း ယွန်းဂျွန်၏ ဓါးချက်များစွာက သူ့အပေါ်သို့ ကျရောက်နှင့်နေလေပြီ ဖြစ်လေသည်။

“အား..”

မထိန်းချုပ်နိုင်တော့အဆုံးတွင်မူ သူ၏နှုတ်မှ နာကြင်သောအသံက ထွက်လာလေပြီဖြစ်လေသည်။

“ဒါက ဘယ်လိုမှ မဖြစ်နိုင်ဘူး”

ဂျင်ဟွာက လက်မခံနိုင်စွာဖြင့်ပင် ဒေါသတကြီးနှင့် ဓါးကိုယမ်းကာ လွဲလိုက်လေသည်။ ဟာကွက်လေးတစ်ခုက ဂျင်ဟွာ၏ဓါးချက်များထဲတွင် ပေါ်လာလေပြီး ယွန်းဂျွန်ကလည်း ထိုအခွင့်အရေးကို လက်လွတ်မခံပေ။

ဟာကွက်ကလေးကိုပင် အမိအရဖမ်းဆုပ်ကာ ယွန်းဂျွန်က ဂျင်ဟွာ၏သိုင်းကွက်ကို ပျက်စီးသွားစေရန် ရိုက်ချလိုက်လေသည်။ ယွန်းဂျွန်၏ ဓါးချက်က ဂျင်ဟွာ၏ မျှခြေကို ဖျက်စီးလိုက်လေပြီး သိုင်းကွက်တို့က ပျက်ပြားသွားပြီဖြစ်လေသည်။ ထို့နောက်တွင်မူ အလွန်ပင်လျင်မြန်ကာ ထက်ရှသော ဓါးချက်တစ်ချက်က ဖြစ်ပေါ်လာလေတော့သည်။

“အား”

ဂျင်ဟွာက ထိုဓါးချက်ကို မရှောင်လိုက်နိုင်သကဲ့သို့ ထိုဓါးချက်မှလည်း မျက်လုံးမခွာနိုင်ပေ။

ယွန်းဂျွန်၏ မျက်လုံးများကမူ အေးစက်နေလေသည်။

ဘယ်လိုလုပ်ပြီးတော့ ဒီလိုဖြစ်နိုင်ရတာလဲ…

နှိုင်းယှဉ်၍ မရနိုင်အောင်ပင် ထက်မြကာ တိကျသောဓါးချက်များနှင့် ထိုသိုင်းပညာက မည်သို့ဖြစ်လာသနည်း..

သို့သော်လည်း သူအရှုံးပေး၍ မဖြစ်နိုင်ပေ။

“ငါက ဝူတန်ဂိုဏ်းရဲ့ တပည့်”

ဂျင်ဟွာအသံကုန်ဟစ်ကာ အော်လိုက်လေပြီး ဓါးကိုဆွဲကိုင်ကာ ယွန်းဂျွန်ထံသို့ ပြေးဝင်သွားလေတော့သည်။ ကြောက်မက်ဖွယ်ရာပင် အားကုန်ထုတ်ကာ သုံးထားလေပြီး ယွန်းဂျွန်ကို ဓါးချက်ထိကို ထိရမည်ဟု ဆုံးဖြတ်ထားလေသည်။

ယွန်းဂျွန်ကမူ တချက်သာကြည့်လာလေပြီး နောက်သို့ ခြေတစ်လှမ်းသာ ဆုတ်လိုက်လေသည်။ အတိအကျ ခြေတစ်လှမ်းပင် နောက်ဆုတ်လိုက်ခြင်းပင်။

သူ၏ဓါးမှ အရောင်လက်သွားလေပြီး ဂျင်ဟွာ၏ပုခုံးတွင် ကန့်လန့်ဖြတ်ဓါးရာကြီးပေါ်လာကာ သူ၏သွေးများက မြေကြီးပေါ်သို့ တတောက်တောက် ကျလာလေတော့သည်။

အား…

ပုခုံးက တိတိပပပင် ပြတ်သွားလေပြီး သွေးများက မတိတ်တော့ပေ။

ဂျင်ဟွာ၏ ဓါးက လက်မှလွတ်ကျသွားလေပြီး သူ၏မျက်နှာကလည်း မယုံကြည်နိုင်မှုအပြည့်နှင့်ပင်…

“မင်း”

ယွန်းဂျွန်ကမူ အခြေအနေကို လက်မခံနိုင်သေးဖြစ်နေသော ဂျင်ဟွာကိုကြည့်ကာပြောလိုက်လေသည်။

“မင်းရဲ့ ဓါးသိုင်းက မဆိုးပါဘူး,….ဒါပေမယ့်”

"…"

"မင်းနဲ့ ငါ့ရဲ့ တိုးတက်မှုနှုန်းက တအားကြီးကို ကွာနေလို့ပါ…."

"…"

"သွားတော့…."

ဂျင်ဟွာကမူ သူ၏ပုခုံးကို ထိန်းကိုင်ကာ ဒယိမ်းဒယိုင်နှင့် ထွက်သွားလေတော့သည်။

ယွန်းဂျွန်ကမူ ထိုမြင်ကွင်းအား မျက်စိလွဲလိုက်ပြီး တွေးလိုက်လေသည်။

ငါ တအားကို သန်မာလာတာပဲ…

ယွန်းဂျွန် တွေးကာ အနောက်သို့ လှည့်ကြည့်လိုက်သည်နှင့် သူ့အားကြည့်နေသည့် ချွန်းမြောင်နှင့် မျက်လုံးချင်းဆုံသွားသည်မို့ အလျင်အမြန်ပင် မျက်နှာလွဲလိုက်လေသည်။ ချွန်းမြောင်၏ မကျေမနပ်ဖြစ်နေပုံပေါ်သော မျက်နှာထားက သူ့အား ပွစိပွစိလှမ်းပြောနေသကဲ့သို့ပင်။ သို့သော်လည်း ခံစားချက်ဆိုးဆိုးဝါးဝါးတော့ မရပေ။

ယွန်းဂျွန် တကိုယ်တည်း တိုးတိုးလေး ရေရွတ်လိုက်လေသည်။

"ဟွာဆန်းရဲ့ ဓါးသိုင်းကလည်း အခြေခိုင်လာပြီ."

ယခုတွင်မူ ဟွာဆန်း၏အခြေအနေကို လောကကြီးအား ပြသရမည့် အချိန်ရောက်လာပြီဖြစ်လေသည်။

(စာကြွင်း။ ။[]ဒီလို လေးထောင့်ကွင်းထဲက စာတွေက အရင်တုန်းက ကြံုခဲ့ဖူးတဲ့အဖြစ်အပျက်တွေကို ပြောတာပါနော်)

All Chapters