အခန်း (၁၃၀-၁၃၂)
Vol. 9 Ch. 130-132
အပိုင်း (၁၃၀)
ဟွာဆန်းရဲ့ သိုင်းပညာက အခြေခိုင်သန်မာလာပြီ(၅)
“ဟင်..”
ဝေ့လီရှန်း၏ မျက်လုံးများက ပြူးကျယ်လွန်း၍ ထွက်ပင်ကျလာတော့မည့်အလားပင်။
“ဟား..မဖြစ်နိုင်တာ..ဒါကြီးက…ဘယ်လိုတုန်း”
သူ၏မျက်လုံးနှင့်တပ်အပ်မြင်၍သာ ယုံနေရသော်လည်း အစစ်အမှန်ဟုပင် မခံစားရချေ။ ထို့ကြောင့် မြင်ကွင်းမှ အကြည့်ပင် မလွဲနိုင်ချေ။
ငါတို့က နိုင်တော့မှာလား..
အင်း..ပြောရရင် နိုင်သလောက်နီးပါးတောင် ဖြစ်နေပြီကို….
ဟွာဆန်း၏ဂိုဏ်းသားများက အစဉ်အလာကောင်းသော ဝူတန်ဂိုဏ်းသားများကို စွမ်းစွမ်းတမံတိုက်ခိုက်ကာ အနိုင်ယူနေကြလေသည်။ ဝေ့လီရှန်း သူ၏မျက်လုံးကိုပင် မယုံနိုင်ချေ။
ဝူတန်ဂိုဏ်းဆိုသည်က မြောက်ပိုင်း ကန်ဟိုအသိုင်းအဝိုင်း၏ စံပြဖြစ်လေပြီး လောက၏အထွတ်အထိပ်တွင်ရှိသော ဂိုဏ်းတစ်ခုလည်း ဖြစ်လေသည်။ မည်သည့်ဂိုဏ်းမှ ရန်မစရဲသော ဂိုဏ်းတစ်ဂိုဏ်းလည်း ဖြစ်လေပြီး ပြိုင်ဘက်ကင်း ဂိုဏ်းလည်းဖြစ်လေသည်။ သို့သော်လည်း လတ်တလောတွင်မူ ဝူတန်ဂိုဏ်းသားများက အရေးနိမ့်နေလေသည်။
“ဒါကြီးက မဖြစ်နိုင်တာပဲ”
ဝေ့လီရှန်း လုံးလုံးပင် မယုံကြည်နိုင်ဖြစ်နေလေ၏။ ဟွာဆန်းဂိုဏ်းသားများ၏ ထူးချွန်မှုအတွက် ဝမ်းမြောက်ဝမ်းသာဖြစ်သော်လည်း ဝူတန်ဂိုဏ်းကို အနိုင်ယူလိုက်သည်ကိုတော့ မယုံနိုင်အောင်ပင် ဖြစ်နေရလေသည်။ ဖြစ်ချင်သည့်ဆန္ဒနှင့် ဖြစ်နိုင်စွမ်းဟူသည်က မတူသောအရာများဖြစ်လေပြီး ဟွာဆန်းဂိုဏ်းသားများကမူ ဆန္ဒနှင့်ဖြစ်နိုင်စွမ်းကို တထပ်တည်းကျနိုင်သည်အထိ အစွမ်းပြလျက်ရှိကြပေသည်။
ဝေ့လီရှန်း အမှန်ပင် အံဩရလေသည်။ သူသည် ဟွာဆန်းကဲ့သို့ နလန်ထစကာ ဂိုဏ်းတစ်ဂိုဏ်းမှ ထိုမျှထူးချွန်နေမည်ဟု မမျှော်လင့်ထားပေ။ ယခုတွင်မူ မမျှော်လင့်ထားသည်များက တစ်ခုပြီးတစ်ခု ဖြစ်နေလေသည်။ ထို နလန်ထစဂိုဏ်းကပင် သူတို့အား လာရောက်ကာ ကာကွယ်ပေးပြီး အနိုင်ပင် ရတော့မည်ထင်လေသည်။
ဝေ့လီရှန်း သူ၏မေးစေ့ကို သူပြန်ပွတ်ကာ ကြည့်နေလိုက်ရင်း ရင်များလည်း တဒိတ်ဒိတ်ခုန်နေလေသည်။ ရင်တုန် စိတ်လှုပ်ရှားနေသည်ဟု ပြောလျှင် ပို၍မှန်ပေလိမ့်မည်။
“အဖေ..”
“အင်း”
ဝေ့ဆိုဟုန်ကလည်း မယုံနိုင်သောမျက်လုံးများနှင့် ဝေ့လီရှန်းနောက်မှ ကြည့်ကာနေလေသည်။
“သူတို့တွေကလည်း အင်အားကောင်းပြီး သန်မာကြတယ်”
ဝေ့ဆိုဟုန် ထိုထက်ပို၍ မည်သို့ပြောရမည်မသိတော့ပေ။ စိတ်လှုပ်ရှားမှုတို့ကလည်း အသောမတတ်နိုင်သေးပေ။
ဂလု..ဂလု…
“…”
ဝေ့လီရှန်းက ခေါင်းကိုလှည့်ကာ ကြည့်လိုက်လေသည်။
ချွန်းမြောင်က ကြမ်းပြင်ပေါ်တွင် ကျကျနနထိုင်ကာ သေရည်ပုလင်းတစ်လုံးကို မော့ကာသောက်နေလေသည်ကို တွေ့လိုက်ရလေ၏။
“…”
“အဟမ်း”
ဝေ့လီရှန်း၏ အကြည့်တို့ကို ခံစားမိသည်မို့ ချွန်းမြောင်က သူတို့ဘက်သို့ လှည့်လာလေပြီး မေးလာလေသည်။
“ခေါင်းဆောင်ရော သောက်ချင်လို့လား”
“….”
ဟွာဆန်းဂိုဏ်းက တကယ်ကိုပြောင်းလဲသွားပြီပဲ…
ဂိုဏ်းသားတွေက အရင်တုန်းကထက် ပိုပြီးတော့လည်း သန်မာလာကြသလို
ရူးရူးနှမ်းနှမ်းတစ်ယောက်ကလည်း ရှိနေတာပဲ…
ဝေ့လီရှန်းအနေနှင့်မူ ချွန်းမြောင်အားကြည့်ကာ အံအားသင့်နေရုံမှအပ တခြားတတ်နိုင်သောအရာမရှိပေ။ ချွန်းမြောင် ထိုသို့ မကူညီလျှင် အစကတည်းကပင် ပါမလာခဲ့လျှင်လည်း အဆင်ပြေသည်ဟုပင် တွေးမိလာလေသည်။
အာ…မဟုတ်သေးပါဘူး…အခုက အဲ့လိုတွေ တွေးနေရမယ့်အချိန်မဟုတ်သေးပါဘူး..
“ဂိုဏ်းသားလေး…မင်းရဲ့ ဆရာတူအကိုကြီးတွေနဲ့ နည်းပြတွေက တိုက်ခိုက်နေတာကို မင်းက ဘယ်လိုတောင် သောက်နေနိုင်ရတာလဲ”
“ဟုတ်ကဲ့..ဖြည်းဖြည်းပဲ သောက်နေတာပါ..”
“အာ..ဟုတ်လား”
ဒါဆို မင်းက ဘာလုပ်ဖို့ လာပြီး အခုက ဘာလုပ်နေတာလဲ…
ဝေ့လီရှန်း ထုတ်မပြောရဲဘဲ စိတ်ထဲမှ ကြိတ်ကာပြောလိုက်လေသည်။
ချွန်းမြောင်ကမူ ဝေ့လီရှန်း၏ မကျေမချမ်း မအီမသာမျက်နှာကိုကြည့်ကာ ပြုံးလိုက်လေသည်။
“ကျွန်တော်က ကျွန်တော့်ရဲ့အပိုင်းကို လုပ်ပြီးသွားပါပြီ…အခု ဒီကလေးတွေက သူတို့လုပ်ရမယ့်အပိုင်းကို ပြီးဆုံးအောင် မလုပ်နိုင်ဘူးဆိုရင် ကျွန်တော်သူတို့ကို နှာခေါင်းထဲရေစက်ချပြီး ရေမွန်းသတ်လိုက်လို့ ရပါတယ်”
“ဘာ..”
ချွန်းမြောင်ပြောချင်သည့်အဓိပ္ပါယ်ကို ဝေ့လီရှန်းက နားမလည်သည်မို့ ပြန်ကာမေးလိုက်လေသည်။သို့သော်လည်း ချွန်းမြောင်က ပြန်လည်ရှင်းပြကာ ဖြေကြားခြင်းမရှိတော့ဘဲ ရယ်ရယ်မောမောသာ ဆက်လုပ်နေလေတော့သည်။ ထို့နောက်တွင်မူ တိုက်ပွဲ၏အခြေအနေကို လှမ်းကြည့်လိုက်လေသည်။
သူတို့က ဘယ်သူသင်ပေးထားတာမို့လဲ…ဟင်းဟင်း..
ချွန်းမြောင်သည် သူတို့အားလုံးအား လုံလုံလောက်လောက် သန်မာလာသည်အထိ သင်ကြားပြသပေးခဲ့ပြီးပြီ ဖြစ်လေသည်။
အခုက စိတ်ကြီးဝင်နေတာလို့ ထင်လား…
အင်း…ထင်တဲ့သူတွေကလည်း ထင်မှာပေါ့လေ….
မည်သို့ပင်ဆိုစေကာမူ ကမ္ဘာပတ်ကာရှာလျှင်ပင် ချွန်းမြောင်ကဲ့သို့ သင်ပြပေးနိုင်သောဆရာက ဤလောကကြီးတွင် ရှိမည်မဟုတ်ပေ။ ချွန်းမြောင်၏ အတိတ်ဘဝတစ်ခုလုံးကို ရင်းကာ သင်ကြားပြသပေးထားရသည်မို့ ပညာကပေါ့သေးသေးမဟုတ်ပေ။ မည်သူကမှ ချွန်းမြောင်ကဲ့သို့ မည်သို့သောအချိန်တွင်မှ သင်ပြပေးလာနိုင်မည် မဟုတ်ပေ။ ထို့အပြင် တတိယတန်းကလေးများသာမက ဒုတိယတန်းတပည့်များကိုပါ အနိုင်ကျင့်ကာ အခြေခံမှစ၍ သင်ကြားပေးသောသူကလည်း သူမှလွဲ၍ မည်သူမှ ရှိမည် မဟုတ်ပေ။ ချွန်းမြောင်ကဲ့သို့သော လူရှိလာခဲ့လျှင်ပင် ချွန်းမြောင်ကဲ့သို့သော ဖြစ်လာမည်မဟုတ်ပေ။ ဂိုဏ်းချုပ်ကိုယ်တိုင်ကလည်း လက်မြောက်ကာထားရပြီး တားဆီး၍မရနိုင်သည့် သူကလည်း သူတစ်ဦးတည်းသာ ရှိပေလိမ့်မည်။ သို့သော်လည်း ဤသည်က ဖြစ်သင့်သည့်သဘောတရားပင် ဖြစ်လေသည်။ ဂိုဏ်းချုပ်ပင် မစွမ်းနိုင်သော သိုင်းပညာကို တတ်မြောက်ထားသည့်သူက တခြားသူများအား လက်ဆင့်ကမ်းသင်ကြားပေးရသည်က သဘာဝပင်ဖြစ်သည်မို့ ဖြစ်နေသည့်အရာအားလုံးက သဘာဝကျကျဖြစ်နေသည်ဟုပင် ပြော၍ရလေသည်။
ယခုတွင်မူ ဝူတန်ဂိုဏ်းသားများသည် သူတို့အမြဲပင် ကြိတ်ကာ လှောင်ရယ်ခဲ့သော ဇီးပန်းပွင့်ဓါးသူရဲကောင်း၏ ဂိုဏ်းမှ ဂိုဏ်းသားများ၏လက်တွင် ရှုံးနိမ့်ကြရလေတော့မည်။ ဝူတန်၏ဂိုဏ်းသားများသည် ထူးချွန်ကြသည်မှန်သော်လည်း အထူးတလည်လေ့ကျင့်ထားရသည့် ဟွာဆန်းမှ လူများကိုမူ မယှဉ်နိုင်တော့ပေ။
ထို့အပြင် ချွန်းမြောင်၏ အဓိကအားသာချက်မှာ ချွန်းမြောင်သည် ဂိုဏ်းတိုင်း၏ သိုင်းပညာများကို နားလည်ကာ အားနည်းချက်ကို ကောင်းကောင်းကြီး သိခြင်းပင်။ ထို့ကြောင့်ပင် ဟွာဆန်းမှ ဂိုဏ်းသားများကို ဂိုဏ်းတိုင်း၏ ဓါးသိုင်းပညာနှင့် ကြုံလာခဲ့လျှင် မည်သို့ပြန်လည်တိုက်ခိုက်ရမည်ဆိုသည်ကို သင်ကြားပေးနိုင်လေသည်။ ဤသည်က တခြားသောဂိုဏ်းများတွင် မရနိုင်သော သင်ကြားမှုပင်။
ချွန်းမြောင်သည်လည်း အရှုံးကို မတွေ့ကြုံခဲ့ရသည်မဟုတ်ပေ။ တွေ့ကြုံခဲ့ဖူးလေသည်။ သူ၏မျက်စိရှေ့တွင်ပင် သေဆုံးသွားကြသော သူ၏ဆရာတူအကိုကြီးများကို မကယ်တင်နိုင်သကဲ့သို့ ကိုယ်တိုင်သည်လည်း အသက်ဆုံးပါးခဲ့ရလေသည်။ ထို့ကြောင့်ပင် ပို၍ တင်းကြပ်ကာ လေ့ကျင့်ရေးတို့ ပြင်းထန်လာခြင်းလည်း ဖြစ်လေသည်။ ထိုသို့သော အဖြစ်မျိုးကို သူနောက်တစ်ကြိမ် မကြုံလိုတော့ပေ။ မကြုံရရန်ကလည်း ဟွာဆန်းသည် လောကတွင် အသန်မာဆုံး ဖြစ်နေရန်လိုအပ်လေသည်။ ယခုတွင်မူ ဟွာဆန်းသည် ယခင်ကထက် ပို၍သန်မာကာ အင်အားလည်းကြီးလာလေပြီ ဖြစ်၏။ သို့ဖြစ်၍ ချွန်းမြောင် သမိုင်းတွင် မရှိခဲ့ဖူးသော ကျော်ကြားမှုမျိုးကို ဟွာဆန်းအား တဖန်ပြန်လည် အသက်သွင်းပေးနိုင်လာမည်ဟု ယုံကြည်လေသည်။
ဂလု..ဂလု..
“အား.”
ချွန်းမြောင်က သေရည်ပုလင်းကို ထပ်ကာမော့သောက်လိုက်ပြီး ပေပွသွားသောပါးစပ်ကို အင်္ကျီလက်နှင့် သုတ်လိုက်လေသည်။
“ဆရာတူအကိုကြီး ဂျိုဂုက ..အမှားလုပ်တာ သုံးခု ရှိနေပြီ…မဟုတ်ဘူး…လေးခုဖြစ်သွားပြီ”
ဒီကိစ္စကို နောက်မှရှင်းမယ်။
ဘတ်ချုန်းသည် သူ၏ခေါင်းကိုနောက်သို့လှည့်ကာ ဂျိုဂုကို ကြည့်လိုက်လေသည်။ သူသည်လည်း ချွန်းမြောင်၏ တီးတိုးရေရွတ်သံကို ကြားလိုက်လေပြီး ဂျိုဂုကမူ ကြားမည်မဟုတ်ပေ။ဂျိုဂုကမူ အမှန်တကယ်ပင် ကြမ်းရမ်းကာ တိုက်ခိုက်နေပြီ ဖြစ်လေသည်။
ငါလည်း မှားလုပ်လို့တော့ မဖြစ်တော့ဘူး…
ဘတ်ချုန်း ရှေ့သို့ပြန်လှည့်ကာ သူ့အား ဆုံးဖြတ်ချက်ပိုင်နိုင်သောအကြည့်နှင့် ကြည့်နေသော ဂျင်ဟဲယွန်ကိုကြည့်လိုက်လေပြီး စကားလှမ်းပြောလိုက်လေသည်။
“မင်း ဘာလုပ်နေတာလဲ”
“ဘာ..”
“မင်းကိုကြည့်ရတာ လူတစ်ဖက်သားကို ထိုင်ကြည့်နေရတာကြိုက်တဲ့လူနဲ့လည်း မတူပါဘူး”
ဂျင်ဟဲယွန်က ဘတ်ချုန်းပြောချင်သည့် အဓိပ္ပါယ်ကို နားလည်သွားလေပြီမို့ နှုတ်ခမ်းကို ကိုက်လိုက်လေပြီး အလျင်စလိုပင် တုံ့ပြန်ရန် ပြင်လိုက်လေသည်။
“ဆရာတူအကိုကြီးကို ကာကွယ်ကြ”
‘ဆရာတူအကိုကြီးလား”
“… မင်းတို့ ဘာလုပ်နေကြတာလဲ…ဖယ်ကြစမ်း….အခုချက်ချင်းနော်”
“ဟုတ်ကဲ့”
ဂျင်ဟဲယွန်အား ကာကွယ်ရန်ရောက်လာကြသော ဂိုဏ်းသားများက ဝေးဝေးသို့ မသွားဘဲ ဂျင်ဟဲယွန်၏နောက်တွင် အသင့်အနေအထားနှင့် စောင့်ဆိုင်းနေကြလေသည်။
ဘတ်ချုန်းကမူ ဂျင်ဟဲယွန်ကိုကြည့်ကာ ပြုံးလိုက်လေသည်။
“ဒီမြင်ကွင်းကတော့ မြင်တဲ့လူတိုင်း အမှတ်ရနေကြတော့မှာပဲ…ဝူတန်ရဲ့ဂိုဏ်းသားတွေက ဟွာဆန်းကဂိုဏ်းသားတစ်ယောက်ထဲကို တိုက်ဖို့ အတွက် အကုန်လုံးစုပေါင်းပြီး တိုက်ကြရတယ်ဆိုပြီးတော့လေ”
“…”
ဘတ်ချုန်း၏ခနဲ့စကားကို ဂျင်ဟဲယွန် မတုံပြန်လိုက်နိုင်ပေ။ မဲ့ပြုံးတစ်ခုသာ သူ၏မျက်နှာတွင် အရိပ်ထင်လာလေသည်။
ချီးပဲ…
အားလုံးစုပေါင်းကာ တိုက်ခိုက်ပြီးမှ အနိုင်ရလျှင်လည်း ထိုအောင်နိုင်မှုက ဂုဏ်မရှိပေ။ လူများ နှာခေါင်းရှုံဖွယ်ရာပင် ဖြစ်လေဦးမည်။
“ဒါက မရယ်ရဘူးနော်”
ဂျင်ဟဲယွန် သက်ပြင်းလေးကြီးကို ချလိုက်လေပြီး မျက်လုံးကို မှိတ်လိုက်လေသည်။ တောက်လောင်နေသော ဒေါသမီးကို ဂျင်ဟဲယွန်၏မျက်နှာတွင် မြင်လိုက်ရသောအခါတွင်မူ ဘတ်ချုန်းက ခေါင်းငြိမ့်လိုက်လေသည်။
တော်လှချည်လားဟ..
ဂျင်ဟဲယွန်၏ ဒေါသကို ထိန်းချုပ်နိုင်စွမ်းသည် အမိုက်စားပင်။ ဘတ်ချုန်းသည်ပင် ထိုမျှ ထိန်းချုပ်နိုင်ခြင်း မရှိပေ။
ထို့နောက်တွင်မူ ဂျင်ဟဲယွန်က စကားစကာပြောလာလေသည်။
“ငါတစ်ခုလောက် မေးလို့ရမလား”
“ရတာပေါ့”
“မင်းတို့ အရမ်းကို သန်မာလာတယ်ဆိုတာက ဘာကိုပြောချင်တာလဲ..ဘာလို့လဲ”
“…အင်း ..ဒါက ငါမျှော်လင့်ထားတဲ့ ပျော်စရာမေးခွန်းလေတော့ မဟုတ်ဘူးပဲ..အကြောင်းပြချက်ကတော့ ရိုးရိုးလေးပါ…ငါတို့ ကောင်းကောင်း ကြိုးစားထားလို့ပေါ့”
“မင်း ငါ့ကို နောက်နေတာလား”
ဘတ်ချုန်းက ပုခုံးကိုတွန့်ကာ ပြလိုက်လေသည်။
သူကအမှန်ကို ပြောလျှင်ပင် မည်သူကမှ မယုံကြပေ။ ဟုတ်ပေသည် သူတို့သည် မအိပ်နိုင် မစားနိုင်၊ အော့အန် ၊ သွေးချောင်းဆိုး၊ သေလုနီးပါးဖြစ်သည်အထိပင် လေ့ကျင့်ခဲ့ရသည်ဟု ပြောလျှင် မည်သူမှ မယုံကြည်ကြပေ။ သို့ဖြစ်၍ ဂျင်ဟဲယွန်၏ တုံ့ပြန်မှုကို ဘတ်ချုန်း မည်သို့မှ မခံစားရပေ။ ထိုသို့သော တုံ့ပြန်မှုကို အသားကျနေပြီဖြစ်လေသည်။
ထိုသို့သော လေ့ကျင့်ရေးမျိုးက စိတ်ပြင်းထန်ရုံနှင့် မရပေ။ ထို့သို့ သေလုနီးပါးဖြစ်နေသောဂိုဏ်းသားများကို ရင်မနာဘဲကြည့်နေနိုင်ကာ တွန်းအားမပြတ်ပေးနိုင်သော ဆရာတစ်ယောက်လည်း လိုအပ်လေသေးသည်။ ဝူတန်တွင် ထိုသို့သော ဆရာမျိုးမရှိ၍ ထိုသို့သော လေ့ကျင့်မှုမျိုးကိုလည်း ပြုလုပ်နိုင်မည် မဟုတ်ပေ။ ဟွာဆန်းမှ ဂိုဏ်းသားများသာ လုပ်နိုင်စွမ်းသော လေ့ကျင့်ရေးဖြစ်လေသည်။
“ဘာပဲဖြစ်ဖြစ်ပါ…မင်းတို့ လူတွေ သန်မာတယ်ဆိုတာကိုတော့ လက်ခံပါတယ်…ဒါပေမယ့် အခုက အဲ့လောက်နဲ့ မရဘူးလေ”
ဂျင်ဟဲယွန်၏ ထိန်းချုပ်ထားသော ဒေါသတို့က တစ်စတစ်စ ပျက်ပြယ်လာပြီဖြစ်လေသည်။
“ဟေ့…အဲ့ဒီကောင်က ဘာလို့ ရှေ့ကို တက်မလာတာလဲ… သူက ဝူတန်ဂိုဏ်းကို အလေးမထားဘူးဆိုတဲ့သဘောလား… ဘာလဲ မဟုတ်ရင်လည်း သူက သူ့ရဲ့ဂုဏ်သိက္ခာကို ကာကွယ်လို့ ရအောင်လုပ်နေတာလား”
ဒီတစ်ယောက်ကတော့…
ဘတ်ချုန်းက အသံပိုင်ရှင် ချွန်းမြောင်ကို လှည့်ကြည့်လိုက်လေတော့ ချွန်းမြောင်က စပ်ဖြဲဖြဲပင်။
“အကိုကြီးကို ကြည့်ရတာ လူရွေးမှားနေပြီထင်တယ်နော်”
“မှားနေတာလား..”
“သူက အကိုကြီးနဲ့စွမ်းရည်အဆင့်ချင်းက တူလို့လား… အကိုကြီးအဆင့်ကို သူက ယှဉ်နိုင်မယ့်ပုံ မပေါ်ဘူးနော်…ကျွန်တော်တို့ရဲ့ သိုင်းပညာကို ကောင်းကောင်းကြီးပြပြီး ဂိုဏ်းရဲ့ဂုဏ်ကိုဆောင်လိုက်စမ်းပါ…
ချွန်းမြောင်၏စကားတို့ကြောင့် ဂျင်ဟဲယွန်၏မျက်နှာက လုံးလုံးပင် မဲမှောင်နေပြီဖြစ်သည်။
“ဒါပေမယ့်လည်း စိတ်တော့ တိုမနေပါနဲ့တော့… အဲ့လိုပဲဖြစ်တတ်ပါတယ်…ခြေထောက်သုံးချောင်းပါတဲ့ ကြက်တို့…အမြီးနှစ်ခုပါတဲ့ မြွေတို့… ခေါင်းသုံးလုံးနဲ့ လက်ခြောက်ချောင်း မိစ္ဆာတို့ အစုံပဲ ကြုံရတတ်တယ်ရယ်…
ကိုယ်ရင်ဆိုင်ရတဲ့ ရန်သူက ဘာပဲဖြစ်ဖြစ် ရင်သာရင်ဆိုင်လိုက်”
“ခေါင်းသုံးလုံးနဲ့ လက်ခြောက်ချောင်းလား”
“မစိုးရိမ်ပါနဲ့…..ကျွန်တော်က ခင်ဗျားနဲ့ ယှဉ်ပြိုင်ပေးပါ့မယ်… ဟွာဆန်းရဲ့ တရားမျှတမှုဓါးသမားနဲ့ ဝူတန်ဂိုဏ်းရဲ့ မဖျက်စီးနိုင်တဲ့ ဓါးသမားတို့ ယှဉ်ပြိုင်ရတယ်ဆိုတာ မဖြစ်သင့်ပါဘူး”
ချွန်းမြောင်၏ ပေါက်ပန်းဈေးစကားများကို ဂျင်ဟဲယွန် သည်းမခံနိုင်တော့ပေ။ ဘတ်ချုန်းအား လှည့်ကာမေးလာလေသည်။
“မင်းက သူ့ရဲ့နည်းပြမဟုတ်ဘူးလား”
“မျိုးဆက်နိမ့်တဲ့သူက အဲ့လိုလာပြီး စီမံနေတာ ရလို့လား”
တစ်ချိန်တုန်းကမူ ဘတ်ချုန်းသည်လည်း ထိုသို့ခံယူထားသည်ပင် ။ ယခုတွင်မူ ပညာရကာ ပို၍သန်မာပြီး အင်အားကောင်းလာရေးကိုသာ အဓိကထားတော့သည်မို့ ဂျင်ဟဲယွန်၏ စကားကို မတုံ့ပြန်လိုက်ပေ။
“ငါတို့ စပြီးတိုက်သင့်နေပြီ…မဟုတ်ရင် အဲ့ဒီမျိုးမစစ်လေးက လာပြီး တိုက်လိမ့်မယ်…
ဒါနဲ့ ငါတို့ မတိုက်ခင် ကတိတစ်ခုလုပ်ထားချင်တယ်”
ဘတ်ချုန်းက ဂျင်ဟဲယွန်အား ကြည့်ကာပြောလိုက်လေသည်။
“မင်း ဒီတိုက်ပွဲမှာ ရှုံးခဲ့ရင် နန်ယောင်ကနေ ထွက်သွားရမယ်…ပြီးတော့ ဘယ်တော့မှ ဟွာယုန်းကို မထိရဘူး..
အဲ့လိုမလုပ်ခဲ့ရင်တော့ မင်းက အရှက်တရားဆိုတာကို နားမလည်လို့ဘဲ”
ဂျင်ဟဲယွန်၏ မျက်နှာက ခက်ထန်သွားလေသည်။
“ငါရဲ့ နာမည်ကို သက်သေထားပြီး ငါကတိပေးတယ်…ငါ ရှုံးခဲ့ရင် ဘယ်တော့မှ မလုပ်တော့ဘူး”
“ကောင်းပြီ…ဒါဆို”
ရွမ်း……
ဘတ်ချုန်းက ဓါးကို ဆွဲထုတ်လိုက်ပြီး ဂျင်ဟဲယွန်ကလည်း သူ၏ဓါးကို ဖြည်းဖြည်းချင်း မြှောက်လိုက်လေသည်။
စကားဝိုင်းက ပြီးသွားပြီဖြစ်ပြီး ဓါးသိုင်းအစွမ်းပြရတော့မည့် အချိန်ရောက်လာပြီဖြစ်လေသည်။
“ကျား..”
ဂျင်ဟဲယွန်က တချက်လေးပင် တွန့်ဆုတ်မနေဘဲ ဘတ်ချုန်းထံသို့ ပြေးဝင်လာလေသည်။
ငါ သူ့ကို တစက်လေးတောင် အနားမရစေရဘူး…
တိုက်ပွဲတွင် သနားညှာတာြခင်းသည် ကိုယ့်ကိုယ်ကိုယ် သတ်ခြင်းပင်။ ရန်သူကို ညှာတာပါက မိမိအား ပြန်လည်တိုက်ခိုက်ရန် အခွင့်အရေးပေးသလိုသာဖြစ်လေသည်မို့ ဂျင်ဟဲယွန်က ညှာတာရန် အတွေးမရှိပေ။
ဂျင်ဟဲယွန်က အပြေးဝင်လာသော်လည်း ဘတ်ချုန်းကမူ မလှုပ်သေးပေ။
ငါပြန်ပြီး တွေးကြည့်ရမယ်…သူ ငါတို့ကို လေ့ကျင့်ပေးထားခဲ့တာတွေထဲက
- [အကိုကြီးရဲ့ စိတ်က ဗလာဖြစ်နေရမယ်…အတွေးတွေနဲ့ ရှုပ်နေလို့ မရဘူး…
- ဒီနေ့ နည်းပြ ဆယ့်နှစ်ကြိမ်တောင် ရှုံးခဲ့တာ… တိုက်ပွဲမှာဆို သေနေလောက်ပြီ…တကယ်ပဲ သေချင်နေတော့တာလား… ဒီလိုမျိုးပဲ မသေမချင်း ဒီအမှားကိုပဲ ထပ်ကာထပ်ကာ လုပ်နေတော့မှာလား… ကောင်းပြီ…ဒီနေ့ တစ်နေ့လုံး အဲ့တာပဲ မမှန်မချင်း ပြန်လုပ်ကြတာပေါ…]
“ကျား…”
ဘတ်ချုန်းက မေ့ပစ်ချင်သော အတွေးတို့ကြောင့် အံကိုကြိတ်ကာ သူ၏ဓါးကို ယမ်းလိုက်လေသည်။ သူသည်လည်း သူထံသို့ ပြေးဝင်လာသော ဂျင်ဟဲယွန်ထံသို့ ပြေးဝင်သွားလေတော့သည်။
ဓါးနဂါးဟုတ်လား…လောကကြီးထဲက အကောင်းဆုံး ဓါးသမားတွေထဲက တစ်ယောက်ဟုတ်လား..
ဂျင်ဂွမ်ရုန်နဲ့ စွမ်းရည်တူပဲ ဟုတ်လား….
ဘတ်ချုန်း၏ မျက်လုံးတွင် အေးစက်မှုတို့က အပြည့်ပင်။
ဂျင်ဟဲယွန်၏ဓါးကလည်း အပြာရောင်ချီစွမ်းအင်များနှင့် တောက်ပနေလေပြီး လေကိုခွင်းကာ လာလေသည်။ ကောင်းကင်ပြာပေါ်တွင် အပြာရောင်အလင်းတန်းကြီးက ရွေ့လျားလာသည့်အလားပင်။ အံဩဖွယ်ရာပင်။
အမှန်ပင် ချီးကျူးဖွယ်ဖြစ်သော ဓါးသိုင်းပင်.
ထို့နောက်တွင်မူ ဘတ်ချုန်းက သူ၏ဓါးကို စတင်ကာ လှုပ်ရှားလိုက်လေတော့သည်။
ဖောက်….
အနီရောင် ဇီးပန်းပွင့်တစ်ပွင့်က ဘတ်ချုန်း၏ ဓါးဦးထိပ်တွင် စတင်ကာပွင့်လန်းလာလေတော့သည်။
ငါ ပန်းပွင့်အောင် လုပ်နိုင်ခဲ့ပြီ…
များစွာသော လေ့ကျင့်ရေးတို့ အပြီးတွင် သူလုပ်နိုင်ခဲ့ပြီ ဖြစ်လေသည်။ သူ၏ဓါးဦးထိပ်တွင် ဇီးပန်းပွင့်က အမှန်ပင် ပွင့်လန်းလာခဲ့ပြီဖြစ်လေသည်။
ဇီးပန်းပွင့်တို့သည် တစ်ပွင့်မှစကာ တစ်ပွင့်ပြီး တစ်ပွင့်ပွင့်လန်းလာလေပြီး ရာချီထောင်ချီဖြစ်လာလေပြီး ပန်းမိုးရွာလာသည့်အလားပင်။
ဂျင်ဟဲယွန်၏မျက်လုံးကမူ မယုံနိုင်မှုတို့ကြောင့် ပြူးကျယ်လာပြီး ထိုမြင်ကွင်းတွင်ပင် ဆွဲညှို့ခံထားရသူလိုပင် မျက်စိမလွဲနိုင်ချေ။
ဘမ်း…
ဘတ်ချုန်းက မြေပြင်ပေါ်သို့ လဲကျသွားသော ဂျင်ဟဲယွန်ကိုကြည့်ကာ သူ၏ဓါးကိုဆွဲနှုတ်ပြီး ဓါးအိမ်ထဲသို့ ပြန်သွင်းလိုက်လေသည်။
“မင်းကို ဓါးနဂါးဆိုပြီး နာမည်ပေးတာ စောသွားတယ်ထင်တယ်”
တိကျပြတ်သားသော ကြေငြာသံတစ်ခုလိုပင်။
အားလုံး၏ နားထဲတွင် ဟိန်းထွက်သွားလေတော့သည်။
ထို့နောက်တွင်မူ ပြောင်စပ်စပ်စကားသံက ကပ်လိုက်လာလေသည်။
“ဝိုး …ဒီမိမိုက်နေတဲ့ ကောင်ချောလေးကို ကြည့်လိုက်ပါဦး…”
“အဲ့လိုတွေ မလုပ်စမ်းပါနဲ့.”
.သောက်ကျိုးနည်း မျိုးမစစ်လေးရယ့်..
အပိုင်း (၁၃၁)
အခုကစပြီး ကျွန်တော့်အလုပ်စပြီပေါ့…(၁)
လျှပ်တပြက်အကြည့်နှင့်ပင် သူ့ဆီသို့ လာနေကြသော ဝူတန်ဓါးသမားများကို ကြည့်ကာ ယွန်းဂျွန် ၏မျက်နှာက ဆူပုတ်သွားလေသည်။
“အာ..အဲ့လိုကြီး ဖြစ်နေရမှာ မဟုတ်ဘူးလေ..”
"မင်းတို့က ငါ့ကို ငကြောက်လို့ ခေါ်ချင်နေတာလား..အခုလိုပြောနေတာက ကြောက်လို့မဟုတ်ဘူး..”
"…အဲ့လိုမဟုတ်ပါဘူးနော်”
ကြည့်ရအောင် …အင်း…သူတို့က လေးယောက်…
"ဒါကြီးက မဖြစ်သင့်တာကြီးကိုကွာ"
ယွန်းဂျွန်က သူ၏ပထမဦးဆုံးသောရန်သူကို ရှင်းပြီးလိုက်သည်နှင့် ကျန်သည့်တခြားသောသူများက သူ့ထံသို့သာ တစ်အုပ်တစ်မကြီး စုပြုံကာ လာနေကြလေသည်။
“မင်းတို့ အဲ့လိုမလုပ်သင့်ဘူးနော်"
"တအားစကားများတာပဲ."
"အဲ့လို မဟုတ်ပါဘူး"
ယွန်းဂျွန် စတင်ကာ ညည်းတွားလေတော့သည်။
“ဟ…ငါက အင်အားအကြီးဆုံးသူ မဟုတ်ဘူးဟ..အားနည်းတဲ့သူတွေထဲကပါဆို”
"…"
“ဘတ်ချုန်း ဆရာတူအကိုကြီးက အင်အားအကောင်းဆုံးပဲ…ဘာ ..သူမအားရင် ဒုတိယအင်အားအကောင်းဆုံးကို သွားရှာလေ”
ယွန်းဂျွန်က ဆူပုတ်ပုတ်မျက်နှာနှင့် သူထံသို့ ဦးတည်လာကြသော ဝူတန်ဂိုဏ်းသားများကို မြည်တွန်တောက်တီးနေလေတော့သည်။ ယွန်းဂျွန်၏ မျက်နှာထားကြောင့် ဝူတန်ဂိုဏ်းသားများမှာ ဒေါသပင် မထွက်နိုင်ကြချေ။ မအီမသာနှင့်သာ ကြည့်နေကြရလေသည်။ ယွန်းဂျွန်ပြောဆိုနေကြသည်များကိုလည်း နားမလည်ကြပေ။
"ဘယ်သူက ဒုတိယအင်အားအကောင်းဆုံးလဲ…"
လူတစ်ယောက် ထိုမေးခွန်းကို မေးလာသည့်အခါတွင်မူ ယွန်းဂျွန်က ချက်ချင်းပင် ညွှန်ပြလိုက်လေတော့သည်။
“ဟိုတစ်ယောက်…ဟိုမှာ…မြင်တယ်မို့လား”
ယွန်းဂျွန်၏ ဝမ်းသာအားရညွှန်ပြမှုကို ဝူတန်ဂိုဏ်းသားများက မယုံတဝက် ယုံတဝက်နှင့်ပင် လှည့်ကြည့်လိုက်ကြလေသည်။
သူလား….
ဓါးက နေရာအနှံ့ပျံသန်းနေပြီး ဟွာဆန်း၏ဓါးသိုင်းကို ပြသနေသောသူကလည်း တခြားသောဓါးသမားများထက်ပင် ဓါးချက်များကို ရှင်းလင်းအောင် ပြသနေလေသည်။ထို့ပြင် ဓါးသိုင်းအဆင့်များကလည်း ငန်းကလေးတစ်ကောင် ကောင်းကင်အလယ်တွင် ကူးခတ်နေသည့်အလားပင် ကျော့ရှင်းကာ ကျက်သရောအဖြာဖြာနှင့် ပြည့်စုံနေလေသည်။
ယုရီဆိုး၏ဓါးချက်များက ကောင်းကင်တခွင်ကိုပင် ထိုးဖောက်သွားတော့မည့်အလားပင်…..
သူမ၏ ဓါးချက်များကပင် ပြီးပြည့်စုံမှုကို ခံစားရလေပြီး ဆွဲငင်ညှို့ယူမှုများလည်း ရှိနေသည့်အလားပင်။ ကြည့်နေမိသော ဝူတန်ဂိုဏ်းသားများ၏ မျက်လုံးများပင် မလွဲနိုင်တော့ပေ။ဆွဲဆောင်ခံလိုက်ရပြီ ဖြစ်လေသည်။
“ဆိုတော့ ..ကျွန်တော်နဲ့ တိုက်စရာမလိုတော့ဘူးနော်”
မတရားပစ်မှတ်ထားခံနေရသည့် ယွန်းဂျွန်က ပြောလိုက်လေတော့သည်။
ယုရီဆိုးသည် ပင်ကိုကပင် စွမ်းရည်ကောင်းမွန်သောသူဖြစ်လေသည်။တောင်ဘက်အစွန်အဖျားဂိုဏ်းနှင့် ညီလာခံတွင်ပင် ပါဝင်ခွင့်ရသောသူတစ်ယောက်ဖြစ်လေပြီး ငယ်စဉ်ကတည်းကပင် အလားအလာရှိသောဓါးစွမ်းရည်တို့ကို ပြသခဲ့သူတစ်ယောက်လည်း ဖြစ်လေသည်။ ပွင့်ပွင့်လင်းလင်းပြောရလျှင်မူ ဘတ်ချုန်းကမှလွဲ၍ ဒုတိယတန်းတပည့်များထဲတွင် သူမအား နိုင်သည့်သူမရှိပေ။ထိုသို့သော မွေးရာပါပင်ကိုအရည်အချင်းနှင့်ပြည့်စုံသည့်သူမက ချွန်းမြောင်ထံတွင် တပည့်ခံထားလေသည်။ သူမ၏ လက်ရှိသန်မာမှုသည်ကလည်း အံအားသင့်ဖွယ်ရာပင်။
သူမကလည်း တစ်မျိုးတော့ ထူးဆန်းနေတာပဲ…
အားလုံးက ချွန်းမြောင်နှင့် ဝေးရာသို့ ရှောင်ရှားနေချိန်တွင် သူမကမူ တတ်နိုင်သမျှ ပညာဆည်းပူးနိုင်ရန် ချွန်းမြောင်နားသို့သာ ကပ်နေလေ့ရှိလေသည်။ ထို့အပြင် ချွန်းမြောင် သင်သမျှသော အရာအားလုံးကိုလည်း မှတ်သားကာ အသုံးချတတ်လေသည်။ သို့ဖြစ်၍ လွန်ခဲ့သောနှစ်နှစ်နှင့် ယှဉ်လျှင် သူမ၏ဓါးသိုင်းပညာသည် မည်သို့မှပင် ယှဉ်လို့မရတော့ပေ။ များစွာ တိုးတက်သာလွန်သွားပြီဖြစ်လေသည်။
ယွန်းဂျွန်ကမူ ဘတ်ချုန်းထက် သာသည်ဖြစ်စေ ၊ မသာသည်ဖြစ်စေ ယုရီဆိုး၏ အရည်အချင်းကို ယုံကြည်သည်မို့ ရန်သူများအား သူမထံသို့ လမ်းညွှန်လိုက်ပြီ ဖြစ်လေသည်။
ဘမ်း…ဘမ်း…ဘမ်း…
ယုရီဆိုးအား တိုက်ခိုက်ရန်ထွက်သွားကြသောလူအားလုံးသည် အတုံးအရုံးပင်။
နာကြင်မှုကြောင့် ဟစ်အော်သံများကသာ ဆူညံနေလေသည်။
“အား”
ညည်းညူအော်ဟစ်သံများက တောက်လျောက်ထွက်လာလေပြီး တိတ်ဆိတ်ခြင်းကို ဖျက်စီးနေကြလေသည်။
ဂျိုဂုအား သွားရောက်တိုက်ခိုက်ကြသည့် ဂိုဏ်းသားများကလည်း သူတို့၏သွေးစက်လက်ကျနေသော ခြေထောက်ကို တရွတ်ဆွဲကာ သွားနေကြပြီး အော်ဟစ်ညည်းညူနေကြလေသည်။
လေးယောက်….
ဝူတန်ဂိုဏ်းသားလေးယောက် ကျရှုံးသွားခဲ့ပြီဖြစ်လေသည်။ ပို၍ပင် တုန်လှုပ်ဖွယ်ရာဖြစ်သည်က ကျရှုံးသွားသော လေးယောက်တွင် ဂျင်ဟဲယွန် ပါဝင်နေခြင်းပင်။
ဆရာတူအကိုကြီး….
အကိုကြီးက လူတစ်ယောက်ထဲဆီမှာတင်….
ဝူတန်ဂိုဏ်းသားများက သူတို့၏နှုတ်ခမ်းကို ခံပြင်းစိတ်ကြောင့် တင်းတင်းကိုက်ထားကြလေသည်။
ဂျင်ဟဲယွန်သည်က သူတို့ထဲတွင် စွမ်းရည်အမြင့်မားဆုံးသော သူဖြစ်လေပြီး ဂျင်ဟဲယွန်ကိုပင် အနိုင်တိုက်နိုင်သည်ဆိုပါက သူတို့ကို အလွယ်လေးပင် ချေမှုန်းပစ်လိုက်နိုင်မည် ဖြစ်လေသည်။ သူတို့သည် ထိုလူများ၏ ပြိုင်ဘက်မဖြစ်နိုင်တော့ပေ။ သူတို့ မည်သို့ပင်တိုက်ခိုက်စေကာမူ ရလဒ်က အရှုံးပင်ဖြစ်မှာ သေချာလေသည်။ ထို့အပြင် အားလုံးက အထိနာနေကြပြီဖြစ်လေသည်။
လေးယောက်ရှုံးကာ ခြောက်ယောက်ကျန်သေးသည့် အနေအထားဖြစ်သော်လည်း ဂျင်ဟဲယွန်၏ ရှုံးနိမ့်ခြင်းက သူတို့အား အနိုင်အရှုံးကို မီးမောင်းထိုးပြလိုက်သည့်အလားပင်။ သူတို့သည် လူဦးရေပိုများလင့်ကစား ဟွာဆန်းမှ ထိုဂိုဏ်းသားလေးယောက်ကို အနိုင်တိုက်နိုင်မည်မဟုတ်သည်ကို သေချာပင် သိကြလေသည်။
ကျန်နေသေးသော ဝူတန်ဂိုဏ်းသားများသည် နေရာမှာပင် တုန်ယင်နေကြကာ လှုပ်ပင်မလှုပ်ရဲကြတော့ပေ။ ထိုဂိုဏ်းသားများ၏ အမူအရာကို နားလည်လိုက်သော ဘတ်ချုန်းကမူ သူတို့အားကြည့်ကာ မေးလိုက်လေသည်။
“မင်းတို့တွေ ဆက်ပြီးတော့ တိုက်ချင်ကြသေးလား”
"…"
ရန်သူများကိုပင် ချမ်းသားပေးစတမ်း ထုံးစံက ရှိကြသည်မို့ ဘတ်ချုန်း ကျန်နေသေးသော ဂိုဏ်းသားများကို လက်စတုန်းလိုက်ရန် ရည်ရွယ်ချက်မရှိပေ။
“မင်းတို့ ဆက်ပြီးတိုက်ချင်သေးတယ်ဆိုရင်တော့လည်း အဆင်ပြေပါတယ်…ဒါပေမယ့် ဒဏ်ရာရနေတဲ့သူတွေကတော့ သူတို့ရဲ့ဒဏ်ရာတွေကို အခုမကုသဘူးဆိုရင် ဒုက္ခရောက်လိမ့်မယ်….အဲ့လိုဆိုရင်တော့
မင်းတို့ ဆရာတူအကိုကြီးတွေရဲ့ အနာဂတ်ကိုတော့ တွေးကြည့်ပေါ့….
“အင်း..”
“တော်လိုက်တော့….ဒီတိုက်ပွဲမှာ ငါတို့နိုင်တယ်…မင်းတို့အကိုကြီးတွေကို ခေါ်လာပြီး သူတို့ကိုကုသပေးလိုက်ပါ…
ပြီးရင် နန်ယောင်ကနေ ညတွင်းချင်းပဲ ထွက်သွားကြ…မင်းတို့ရဲ့ ဆရာတူအကိုကြီးက သူ့ရဲ့ဂုဏ်သိက္ခာနဲ့ရင်းပြီး ကတိပေးထားတယ်…ဆိုတော့ နောက်ဆိုရင်လည်း ဟွာယုန်းဂိတ်ရဲ့ ကိစ္စတွေကိုလည်း ဝူတန်ဂိုဏ်းက ဝင်ပြီးစွတ်ဖက်စရာ မလိုတော့ဘူး…မင်းတို့ရဲ့ လေ့ကျင့်ရေးခန်းမကြီးကိုလည်း တခါတည်းအမြစ်ပြတ်ရှင်းသွားကြ…”
ဂျင်မု အံကိုကြိတ်ကာ သူ၏ဆရာတူအကိုကြီးများကို ကြည့်လိုက်လေသည်။ ဂျင်ဟဲယွန် ရှုံးသွားကတည်းကပင် သူက တာဝန်ရှိသူဖြစ်လာလေပြီး ယခုအခြေအနေနှင့်ပတ်သက်၍ တစ်စုံတစ်ခုပြုလုပ်ရန် လိုအပ်သည်ကိုလည်း သိလေသည်။
ငါတို့တွေ ဘယ်လိုမှ မနိုင်နိုင်တော့ဘူး….
တိုက်ပွဲက ကြာလာလေလေ သူတို့ဘက်မှ ထိခိုက်မှုများလေလေပင် ဖြစ်လာလေလိမ့်မည်။ထို့ကြောင့်ပင် ဂျင်မု လက်သီးကိုတင်းတင်းဆုပ်ကာ ဆုံးဖြတ်ချက်ချလိုက်လေတော့သည်။
“ဟွာဆန်းရဲ့ ဒီကြင်နာမှုအတွက် ကျွန်တော်တို့ ကျေးဇူးတင်ပါတယ်…ဒီနေ့တိုက်ပွဲမှာ ကျွန်တော်တို့ ရှုံးနိမ့်သွားတယ်ဆိုတာကို ကျွန်တော်တို့ လက်ခံပါတယ်”
ဘတ်ချုန်းက ခေါင်းငြိမ့်ပြလိုက်လေသည်။
“မင်းတို့ကို ထပ်ပြီးတော့ မတွေ့ချင်တော့ဘူး”
“ဟုတ်ကဲ့ပါ”
ဂျင်မုက ထိခိုက်ဒဏ်ရာမရှိသော ဂိုဏ်းသားများကို ဒဏ်ရာရရှိထားသူများအား တွဲကာ ခေါ်ဆောင်စေပြီး ဟွာဆန်းမှ ဂိုဏ်းသားများကို တချက်ကြည့်ကာ ပင်မတံခါးမကြီးမှ ထွက်သွားလေတော့သည်။
“ဘေးဖယ်”
ဝူတန်ဂိုဏ်းသားများက ဝိုင်းအုံကာ ကြည့်နေကြသော ပရိတ်သတ်များကို တွန်းဖယ်ကာ သူတို့၏လက်အောက်ခံဂိုဏ်းရှိရာသို့ တိုးဝှေ့ကာ ပြန်သွားကြလေတော့သည်။.
ပွဲကြည့်ပရိတ်သတ်များကမူ မျက်စိရှေ့တွင်ပင် ဖြစ်ပျက်သွားသောအဖြစ်အပျက်များကိုကြည့်ကာ မည်သို့ပြောရမည်မှန်းပင် မသိတော့ပေ။သူတို့က သိုင်းကွက်များကို ကျကျနနမြင်လိုက်ရသည်မဟုတ်ဘဲ လက်ကာလင်းကာ ထွက်လာသောအလင်းများနောက်တွင် လူများတစ်ဦးပြီးတစ်ဦးထိခိုက်သွားကြသည်ကိုသာ မြင်လိုက်ရလေသည်။ မည်သို့ပင် ဆိုစေကာမူ ဝူတန်ဂိုဏ်းက အရေးနိမ့်သွားသည်ကိုတော့ အားလုံးမျက်မြင်ပင် ဖြစ်လေသည်။
အိုး…ဘုရား…ဘုရား…ဝူတန်ဂိုဏ်းက…
ဟွာဆန်းက သူတို့ကို အနိုင်ပိုင်းလိုက်ပြီ…
ဒီလိုမျိုး ဖြစ်လာမယ်လို့ ဘယ်သူမှ ထင်ထားမှာလဲ…
ဟွာဆန်းဂိုဏ်းက ဝူတန်ဂိုဏ်းကို နိုင်သွားတာတဲ့လေ….
အများအမြင်တွင် ဝူတန်ဂိုဏ်းကသာလျှင် အင်အားအကောင်းဆုံးသောဂိုဏ်းဖြစ်လေသည်မို့ ဟွာဆန်းဂိုဏ်းမှ ဂိုဏ်းသားများက နိုင်သွားသည်ကို မြင်နေရက်နှင့်ပင် မယုံကြည်နိုင် ဖြစ်နေကြလေသည်။ ဤသည်က ပြောစမှတ်တွင်ဖွယ် တိုက်ပွဲတစ်ခုဖြစ်သွားလေပြီ ဖြစ်သည်။ ယုံကြည်နိုင်ဖွယ်မရှိသော ဟွာဆန်း၏အောင်မြင်မှုပင်…
“ဟင်း….သူတို့ပြောသလိုပဲ ဟွာဆန်းက သူတို့ရဲ့ဂုဏ်ရောင်ဝါတွေကို ပြန်ရလာပြီဆိုတာ တကယ်ပဲထင်ပါရဲ့”
“ဟုတ်တယ်လေ..ဘယ်လောက်တောင် ခမ်းနားလိုက်လဲ…သူတို့တွေ ဝူတန်ဂိုဏ်းကိုတောင် တိုက်ခိုက်ပြီး ဟွာယုန်းကို ကာကွယ်ပေးခဲ့တယ်”
“အဲ့လိုနေရာမျိုးကို ရွေးချယ်မိခဲ့တာ တကယ်ကို တန်ပါပေတယ်..အင်း…ထိုက်တန်လှပါပေတယ်”
လူအုပ်ကြီးက တိုက်ပွဲပြီးသွားသည်နှင့် ကြည့်လိုက်ရသည့်တိုက်ပွဲအား ဝေဖန်လေကန်နေကြလေသည်။ ဘတ်ချုန်းက သူတို့အား တချက်ကြည့်လိုက်လေပြီး အဝေးသို့လှည့်ကာ သွားလေတော့သည်။ ဘတ်ချုန်း တည်တည်ငြိမ်ငြိမ်နှင့်ပင် ဝေ့လီရှန်းနားသို့ ကပ်သွားလေ၏။
"ခေါင်းဆောင်”
“အာ..ဟုတ်ကဲ့”
ဝေ့လီရှန်းက ဘတ်ချုန်း၏ခေါ်သံကြောင့် အသိစိတ်ပြန်ကပ်သွားလေပြီး ဘတ်ချုန်အား ကြည့်လာလေသည်။ သို့သော်လည်း စကားတော့ ကောင်းကောင်း ပြောမထွက်သေးပေ။
“ဟွာဆန်းက ဟွာယုန်းဂိတ်တံခါးကို အပြည့်အဝကာကွယ်ပေးခဲ့ပါပြီ”
"…"
ဘတ်ချုန်းနှင့်သူ၏ ဆရာတူညီလေးများက အစဉ်လိုက်စီလိုက်ကြလေသည်။ ဤသည်ကို ကြည့်ကာ ဝေ့လီရှန်းက နှုတ်ခမ်းကိုကိုက်ကာ မျက်လုံးအတွင်းတွင်လည်း ငွေ့ရည်များဖွဲ့လာလေသည်။ ဝမ်းသာမျက်ရည်ဆိုသည်က ဤသို့သောမျက်ရည်ကို ဆိုလိုသည် ထင်သည်။
“ဟွာယုန်းရဲ့ ခေါင်းဆောင်အနေနဲ့ ဟွာဆန်းဂိုဏ်းကို ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်”
ဝေ့လီရှန်းက အရိုအသေပေးလာသည်နှင့် ဘတ်ချုန်းက တားလိုက်လေသည်။
"အဲ့လိုလုပ်ဖို့ မလိုပါဘူး…ကျွန်တော်တို့က ကျွန်တော်တို့ လုပ်သင့်တာကို လုပ်ခဲ့ရုံပါပဲ”
ဝေ့လီရှန်းကမူ သူ့အားပြုံးကာကြည့်နေသော ဟွာဆန်းမှ ဂိုဏ်းသားများကိုပင် မကြည့်ရဲ့တော့ချေ။ သူ အထင်သေးခဲ့မိလေသည်မို့လား..။
ထိုမြင်ကွင်းကို မြင်နေရသောအခြားသူများကမူ သက်ပြင်းကိုယ်စီချလိုက်သည်မှ လွဲ၍ တခြားသောလုပ်နိုင်သည့်အရာ မရှိကြတော့ပေ။
“ဝိုး …ဘယ်လောက်တောင် ရင်ထဲထိစရာကောင်းတဲ့ မြင်ကွင်းလေးလဲ…ဟီး”
"…"
ဘယ်လိုလုပ် အကုန်လုံးကို သောက်ခွက်ပြောင်နေနိုင်ရတာတုန်း …ခွေးသားလေးရဲ့
"ဂုဏ်ယူပါတယ်…ဂိုဏ်းချုပ်ဝေ့.."
"ဒါက တအားကို အံဩဂုဏ်ယူဖို့ ကောင်းတာပဲ"
“ဟားဟား…ခင်ဗျား ဘဝတစ်လျှောက်လုံး ဟွာဆန်းအတွက်ရှိခဲ့တယ်…အခုတော့ ဟွာဆန်းက ခင်ဗျားထိုက်တန်တာကို ပြန်ပေးခဲ့ပြီ….ကောင်းလိုက်တာဗျာ”
ဝေ့လီရှန်းက ပြုံးနေလိုက်သည်မှာ ပါးစပ်က နားရွက်တတ်ကာ ချိတ်တော့မည့်အလားပင်။
“ကျေးဇူးပါ…ကျေးဇူးပါ…”
ဝူတန်ဂိုဏ်းသားများ ထွက်သွားပြီးသည့်နောက်တွင် ဝေ့လီရှန်းသည် အနားမရနိုင်သေးပေ။ နန်ယောင်မှလူများက တစ်ယောက်ပြီးတစ်ယောက် လာရောက်ကာ ချီးကျူးနေကြလေသည်။
ထိုသို့ လာရောက်ချီးကျူးနေကြသူများထဲမှ အများစုသည် ဝူတန်ဂိုဏ်းကိုရော ဟွာဆန်းကိုပါ မယုတ်မလွန် ထောက်ခံထားကြသူများဖြစ်လေပြီး မည်သည့်ဂိုဏ်းမှ အနိုင်ရမည်ကို မသိ၍စောင့်ကြည့်နေသူများလည်း ဖြစ်လေသည်။ယခုတွင်မူ ဟွာဆန်းက လုံးလုံးအနိုင်ရသွားလေပြီမို့ ဟွာယုန်းဂိတ်တံခါးခေါင်းဆောင် ဝေ့လီရှန်းကို လာရောက်ကာ ချီးကျူးနေကြခြင်း ဖြစ်လေသည်။ အကယ်၍ ဝူတန်ဂိုဏ်းသာ နိုင်ခဲ့ပါက လေ့ကျင့်ရေးခန်းမခေါင်းဆောင်ကို သွားရောက်ကာ ချီးကျူးကြလေမည် ဖြစ်သည်။ မည်သို့ပင် ဆိုစေကာမူ ဝေ့လီရှန်းကမူ အားလုံးအား အပြုံးလေးနှင့်သာ တုံ့ပြန်နေလေသည်။
အနိုင်ရသူအတွက်သာ ကောင်းချီးတို့က ရှိလေသည်ကို သူသိပြီးထားပင်။ ထို့ကြောင့်ပင် ဤလူများ၏လုပ်ရပ်ကို သူလက်ခံနိုင်လေသည်။
“ဟွာဆန်းက ဒီလောက်သန်မာလိမ့်မယ်လို့ မထင်ထားဘူး”
ငါလည်း မထင်ထားခဲ့ဘူး…..
“ဒါကြောင့်လည်း ခေါင်းဆောင်က ဟွာဆန်းအတွက် အမြဲဂုဏ်ယူပြီး ယုံကြည်နေတာကို”
တော်ကြပါတော့..
ထိုသို့သောစကားများကို ကြားလေတိုင်း ဟွာဆန်းအပေါ် သံသယဝင်ခဲ့မိသည်ကို ဝေ့လီရှန်း နောင်တရနေရလေသည်။ ရဲရဲဝံ့ဝံ့ပင် မပြုံးနိုင်တော့ပေ။ အားတင်းကာ ပြုံးထားရလေသည်။
ဧည့်သည်များနှင့် ဝေ့လီရှန်းက အလုပ်ရှုပ်နေသည်မို့ ဘတ်ချုန်းတို့က တည်းခိုရာနေရာသို့ ပြန်လာခဲ့ကြလေတော့သည်။
ဝေ့လီရှန်းသည်လည်း ဧည့်သည်များအားလုံးပြန်သွားသည့်နောက်တွင်တော့ ပင်မအဆောင်သို့ပြန်လာကာ နားလေတော့သည်။ သူ၏ခန္ဓာကိုယ်က လုံးလုံးပြန်မကောင်းသေးသော်လည်း စိတ်ကမူ ပေါ့ပါးကာသွက်လက်နေလေသည်။ ယနေ့တွင်ဖြစ်ပျက်သွားသောအရာများက များပြားလွန်း၍ ဝေ့လီရှန်းငိုရခက် ရယ်ရခက်ပင်။
ဟွာဆန်း၏ အင်အားကောင်း သန်မာမှုကို မျက်ဝါးထင်ထင် မြင်လိုက်ရပြီးဖြစ်လေသည်။
အဖေ…အဖေပြောတာ မမှားခဲ့ဘူးပဲ….
သူ့ဖခင်၏ ကျေးဇူးကြောင့်သာ ယနေ့မြင်ကွင်းမျိုးကို သူမြင်ရခြင်းဖြစ်လေသည်။
ဝေ့လီရှန်း အတွေးတို့က မရပ်နိုင်သေးပေ။ သူတို့၏ဟွာယုန်းသည် လုံခြုံစိတ်ချ၍ ရသွားပြီဖြစ်လေသည်။ ဟွာဆန်းမှ ကလေးများကမူ အောင်ပွဲခံနေလောက်သည်ဟု သူထင်လေသည်။ ထိုကလေးများကို သူအထင်သေးခဲ့သည်ကို သူတောင်းပန်မှ ဖြစ်ပေလိမ့်မည်။ မဟုတ်လျှင် လိပ်ပြာလုံနိုင်မည် မထင်ပေ။
ဝေ့လီရှန်း တံခါးမကြီးကိုဖွင့်ကာ ဘတ်ချုန်းတို့ ရှိရာသို့ ဝင်လာခဲ့လေသည်။
“မင်းကို နေဦးလို့ ပြောနေ……”
စကားက မဆုံးလိုက်ရပေ။
“မစောင့်ဘူး….အေးနော်…အရူးတွေရဲ့…ရပ်ကြစမ်း”
“မင်းက အခုဘာလုပ်ချင်နေတာလဲ…ဟမ်…ကောင်စုတ်လေး”
"ဖမ်းထားစမ်း..အဲ့ခွေးသားလေးကို မိအောင်ဖမ်းထားကြ”
"…"
အခန်းတွင်း အခြေနေက ပရမ်းပတာဖြစ်နေပုံပင်။ အရာအားလုံးက ဇောက်ထိုးမိုးမျှော်ဖြစ်နေကာ ရှုပ်ပွနေလေသည်။ ရုန်းရင်းဆန်ခတ်ဖြစ်နေပုံရသောအခြေအနေကြောင့် ဝေ့လီရှန်းက အသိမပေးဘဲ တိတ်တိတ်ကလေးသာ နေလိုက်လေသည်။
ဝူတန်ဂိုဏ်းကလူတွေများ ပြန်ရောက်နေတာလား…
မဟုတ်ပေ….မဖြစ်နိုင်ပေ….
ဆိုလျှင် ဘာဖြစ်နေသနည်း…
ဘုန်း…
ချွန်းမြောင်ကို ချုပ်ထားရန်ပြင်နေသော ဂျိုကုက အကန်ခံလိုက်ရပြီး အခန်းထောင့်တွင် ခွေခွေလေးကျသွားကာ အလွန်နာကြင်သွားဟန်နှင့် ညည်းညူနေလေတော့သည်။
သူက ဝူတန်ဂိုဏ်းကလူတွေကို ရှယ်ဝုန်းလိုက်တဲ့ တစ်ယောက်ဆိုတာ သေချာပါတယ်ဟ..
အဲ့လိုလူကိုတောင် အသာလေးကန်ချပစ်မယ်…ဟိုကလည်း ထတောင် မထနိုင်တော့ဘူး….
ငါအိမ်မက်များ မက်နေတာလား..
ဒါက တကယ်ဖြစ်နေတာတော့ မဖြစ်နိုင်ဘူး…
သူ၏ဆရာတူအကိုကြီးများ အားလုံးကို တွန်းထိုးကန်ကျောက်ထားသော ချွန်းမြောင်က အထုတ်တစ်ထုတ်ကို ဆွဲကာထုတ်လာလေပြီး တစ်စုံတစ်ခုအား ထုတ်ယူလိုက်လေသည်။
အဝတ်ပါလား….
ဘယ်လိုအဝတ်မျိုးမို့လို့ ဒီလိုတွေတောင် ဖြစ်နေကြတာပါလိမ့်…ဘယ်လိုအဝတ်..
ဘာလား…
ချွန်းမြောင် ထုတ်လိုက်သည့်အဝတ်က သာမန်အနက်ရောင်ဝတ်စုံတစ်စုံပင်။ ထိုအနက်ရောင် ဝတ်စုံကို ချွန်းမြောင်က တစ်ကိုယ်လုံးကို တင်းတင်းကြပ်ကြပ်ပတ်ကာ ဝတ်ဆင်ထားလေသည်။ မျက်နှာပင် မချန် ဖုံးထားလေ၏။
ဟားဟားဟိုးဟိုး…ဒီဝတ်စုံကြည့်ရတာ သူခိုးလိုလို ဓါးပြလိုလိုနဲ့….
နေပါဦး…သူက ဒီဝတ်စုံကို အခုအချိန်ကြီး ဘာလုပ်ဖို့ ဝတ်တာတုန်း…
ခဏအတွင်းမှာပင် ချွန်းမြောင်က ဝတ်ဆင်၍ပြီးသွားပြီဖြစ်၍ သူ၏ဆရာတူအကိုကြီးများကို ကြည့်လိုက်လေသည်။
ဘတ်ချုန်းသည်ပင် ချွေးပေါက်ပေါက်ကျနေပြီး သူတို့က ချွန်းမြောင်အား ထိန်းမရသည့်ခွေးရူးတစ်ကောင်ကို ကြည့်နေရသကဲ့သို့ ကြည့်နေလေတော့သည်။ဤကလေးအား သူတို့မနိုင်ပေ။
“ချွန်းမြောင် ..စိတ်လေးလျော့ပြီး တွေးကြည့်ပါဦး….ဝူတန်ဂိုဏ်းက သွားလေပြီပဲကို…ဒီလိုကြီး လုပ်ပြီးလုပ်ဖို့ မလိုတော့ပါဘူး”
"သွားပြီဟုတ်လား”
"ဟုတ်တယ်လေ…သူတို့ ထွက်သွားပြီလေ..ငါတို့ အလုပ်ကလည်း ပြီးပြီလေ..အခု ငါတို့ ဟွာဆန်းကို ပြန်ရုံပဲကျန်တော့တာ..ပြီးတော့ ဂိုဏ်းချုပ်ကလည်း မင်းကိုမှာလိုက်တယ်လေ..ပြဿနာမရှာနဲ့လို့”
ထိုစကားကြောင့် ချွန်းမြောင်က တောက်တောက်ပပပင်ပြုံးကာ ခေါင်းငြိမ့်လိုက်လေသည်။
“အာ…ဟုတ်သားပဲ….နည်းပြ…ဆရာတူအမကြီး..နဲ့ ချစ်ရတဲ့ဆရာတူအကိုကြီးတို့….အကိုကြီးတို့ အလုပ်က ပြီးသွားပါပြီ…မစိုးရိမ်ပါနဲ့……အကိုကြီးတို့ တိုက်ပွဲမှာ အမှားတွေ အများကြီးဖြစ်ခဲ့ပေမယ့် ကျွန်တော့်အလှည့်မှာတော့ မဖြစ်စေရပါဘူး…ဒါပေမယ့် အကိုကြီးတို့ကို ပြောစရာလေးတွေတော့ ရှိသေးတယ်ဆိုပေမယ့် တိုက်ပွဲမှာနိုင်ခဲ့လို့ မပြောတော့ပါဘူး….အကိုကြီးဂျိုဂုကိုက လွဲရင်ပေါ့..”
“ငါကကျ ဘာလို့တုန်း”
ချွန်းမြောင်က ဆူပုတ်နေသော ဂျိုဂုကို ကြည့်ကာပြုံးလိုက်လေသည်။
“ဒါပေမယ့်…နည်းပြ..”
“အင်း..”
“နည်းပြရဲ့ သိုင်းကွက်တွေကတော့ ပြည့်စုံပါတယ်”
ပြောပြီးသည်နှင့် ချွန်းမြောင်က အားလုံးအား မျက်စိမှိတ်ပြကာ ပြောလိုက်လေသည်။
“အခု ကျွန်တော့်အလုပ်စပြီ”
"…"
“ဒီမှာပဲ စောင့်နေကြ…ကျွန်တော်စုံစမ်းခဲ့ပြီးရင် အဲ့ဒီမျိုးမစစ်ကောင်တွေ ဘာကြံစည်နေလဲဆိုတာကို ပြောပြပေးမယ်”
မင်းကမှ ပေါက်ကရတွေ ကြံစည်နေတာ ..ချီးလေးရဲ့
‘နောက်မှ တွေ့မယ်”
“သူ့ကို ဖမ်းထားကြဟ”
“ဖမ်းကြစမ်း…ဖမ်းလို့…ဖမ်းကြဟ..သူ့လမ်းကို ပိတ်ထားလိုက်”
ရုန်းရင်းဆန်ခတ် တဖန်ပြန်ဖြစ်ကာ အလျင်အမြန်ပင် ဖမ်းချုပ်နေကြသူများကို ခုန်ပျံကျော်လွှားလုပ်ကာ ချွန်းမြောင် တံခါးမှ ခုန်ထွက်သွားလေတော့သည်။
“…”
တံခါးအပြင်တွင် ရပ်နေသောဝေ့လီရှန်းကိုပင် မျက်စိတစ်ဖက်မှိတ်ပြသွားလေသေးသည်။
“ငါတို့တော့ သေပါပြီ”
"…မဖြစ်ရဘူးလေ..အဲ့လိုကြီး”
အဝေးသို့ ထွက်ပြေးကာ တဖြည်းဖြည်းပျောက်ကွယ်သွားပြီဖြစ်သော ချွန်းမြောင်ကိုကြည့်ကာ ဟွာဆန်းတပည့်များက စိတ်ပျက်လက်ပျက် ညည်းညူနေကြလေသည်။ မယုံနိုင်ဖွယ်ရာပင်။ လေးယောက်တစ်ယောက်ကိုပင် မနိုင်ကြပေ။
ဝေ့လီရှန်း ညကောင်းကင်ကို မော့ကြည့်ကာ ကောင်းကင်ဘုံမှ သူ၏ဖခင်ကို ပြောလိုက်လေသည်။
အဖေ…ကြည့်ရတာဒီနေရာမှာ တစ်ခုခုတော့ လွဲနေသလိုပဲ…
သူ၏ဖခင်သည်လည်း ကောင်းကင်ဘုံမှ သူ့အား ထိုသို့ပင် ပြန်ပြောနေမည်ကိုတော့ ဝေ့လီရှန်း မကြားနိုင်တော့ပေ။
အပိုင်း (၁၃၂)
အခုကစပြီး ကျွန်တော့်အလုပ်စပြီပေါ့…(၂)
“ဆရာတူအကိုကြီး…သတိရလာပြီလား..”
ဂျင်ဟဲယွန်က မျက်လုံးကို ဖြေးဖြေးချင်းဖွင့်လိုက်လေပြီး ဘေးဘီကိုကြည့်လိုက်လေတော့ ဂျင်မုနှင့် မဲမှောင်နေသော ကောင်းကင်ကြီးကိုတွေ့လေသည်။
“ဒါက…”
“အခုကျွန်တော်တို့က ဝူတန်ဂိုဏ်းကို ပြန်တဲ့လမ်းမှာပါ… ကျွန်တော်တို့ ပင်မတောင်တန်းကြီးကိုတော့ မရောက်သေးပါဘူး”
ဂျင်ဟဲယွန်က ထိုစကားကို ကြားလိုက်သည်နှင့် အိပ်ယာပေါ်မှ ခုန်ကာထလိုက်လေသည်။
“အား”
“အကိုကြီးရဲ့ အတွင်းဒဏ်ရာက တော်တော်လေးနက်ပါတယ်…အရမ်းကြီး မလှုပ်ရှားပါနဲ့ဦး…ဂရုစိုက်ဖို့ လိုပါတယ် …အကိုကြီး”
“ဒဏ်ရာလား”
ဂျင်ဟဲယွန် တုန်လှုပ်သွားလေသည်။ ရုတ်တရက်ဆိုသလိုပင် သူဇီးပန်းပွင့်များနှင့် ဓါးချက်ကို သတိရသွားလေသည်။
ငါရှုံးသွားတာပဲ….
ဂျင်ဟဲယွန် မြင်ခဲ့ရသည့် မြင်ကွင်းကိုလည်း မငြင်းဆန်နိုင်သကဲ့သို့ အမှန်တရားကိုလည်း မြန်မြန်ဆန်ဆန်ပင် လက်ခံနိုင်လိုက်လေသည်။
“တခြားသူတွေကရော…”
“အကိုကြီး ရှုံးသွားပြီးတဲ့နောက်မှာ ကျန်တဲ့သူတွေလည်း ရှုံးသွားကြပါတယ်….အဲ့တာကြောင့် ကျွန်တော် အရှုံးပေးပြီး လက်နက်ချလိုက်ပါတယ်ဗျ”
စကားတို့ကြောင့် ဂျင်ဟဲယွန် ဂျင်မုအား အကြည့်စိမ်းကြီးနှင့် ကြည့်လိုက်လေပြီးမှ စိတ်ကိုလျော့ကာ မည်သို့မှ မပြောတော့ပေ။
ဘာမှလည်း ထပ်လုပ်လို့မှ မရတော့တာကို…
ဂျင်ဟဲယွန် ဂျင်မု၏ သူရဲဘောကြောင်မှုကို ပြစ်တင်ရှုံချခြင်သော်လည်း ရလဒ်ကပြောင်းလဲသွားတော့မည် မဟုတ်ပေ။ သူက အစပြုကာ ရှုံးနိမ့်လိုက်သတည်းကပင် အနိုင်အရှုံးက သိသာသွားပြီ ဖြစ်လေသည်။ ဆက်ကာတိုက်ခိုက်လျှင်လည်း ဒဏ်ရာများပိုရသည်ကလွဲလျှင် ထူးထူးခြားခြားရှိလာတော့မည် မဟုတ်ပေ။ ဂျင်မုက လုပ်သင့်သည်ကို လုပ်ခဲ့လေသည်ဟုသာ တွေးလိုက်လေတော့သည်။
“တော်တယ်…”
“ကျွန်တော်တောင်းပန်ပါတယ်…ဆရာတူအကိုကြီး”
“ဒါက မင်းအမှားမဟုတ်ပါဘူး..ငါ့အမှားပါ….မင်းကိုယ်မင်း အပြစ်မတင်ပါနဲ့”
ဂျင်ဟဲယွန် အံကိုကြိတ်လိုက်လေသည်။
သူအရှုံးကြီး ရှုံးခဲ့သည်ပင်…
မမြင်နိုင်သော ဖိအားတစ်ခုက သူ့အပေါ်တွင် လေးလေးပင်ပင်ပင် ဖိစီးထားသည်ဟု ခံစားရလေပြီး မည်သို့သော အမှားမျိုးကြောင့် သူရှုံးနိမ့်သွားရသည်ဆိုသည်ကိုလည်း နားမလည်နိုင်ပေ။
ငါနောက်ဆုံးအချိန်ထိတောင် ဓါးကိုမြင်လိုက်ရတာ မဟုတ်ဘူး…
ဟုတ်ပေသည်…သူမြင်ရသည်က ဇီးပန်းပွင့်များပင်။
ယနေ့ဖြစ်စဉ်ကို ကြည့်ကာ ဟွာဆန်း၏ အကျော်ဇေယျ တက်သစ်စနဂါးကို မဆိုလေနှင့် သာမန်ဓါးသမားတစ်ယောက်လောက်မျှပင် သူမသန်မာသည်ကို သိလိုက်ရလေသည်။ မယုံကြည်နိုင်ဖွယ်ရာပင်။
“ဆရာတူညီလေးတွေ အကုန်လုံးရှုံးရတဲ့အကြောင်းပြချက်က သူတို့ဆီကလူတွေလောက်တောင် ငါတို့တစ်ယောက်မှ မသန်မာလို့ပဲ”
ဟွာဆန်းက ဝူတန်ထက် သန်မာသည့် သဘောပင်။ ယုံကြည်နိုင်ဖွယ်မရှိသော်လည်း အမှန်ပင်ဖြစ်လေသည်မို့ လက်ခံလိုက်ရလေသည်။
“ဒါနဲ့ လေ့ကျင့်ရေးခန်းမကရော..”
“ကျွန်တော် အကိုကြီးရဲ့ကတိအတိုင်း လေ့ကျင့်ရေးခန်းမက မနက်ဖြန်အကုန် အပြီးရှင်းထားဖို့ ပြောခဲ့ပါတယ်…”
ဂျင်ဟဲယွန်က မျက်လုံးကိုမှိတ်လိုက်လေသည်။
သူ၏ ဂုဏ်သိက္ခာနှင့်ရင်းကာ လောင်းကြေးထပ်ခဲ့သည့်အရာက ယခုတွင်မူ ပြဿနာဖြစ်လာလေပြီဖြစ်သည်။ သူပေးထားခဲ့သည့်ကတိကို တည်နိုင်မည်ဆိုသည်က မသေချာပေ။
ငါတော့ ဝူတန်ဂိုဏ်းကို နာမည်ဖျက်မိပြီ...
သူတို့၏တိုက်ပွဲကို လူပေါင်းများစွာက မြင်ပြီးသွားခဲ့ပြီဖြစ်၍ ထိုလူများ၏ ပါးစပ်များကလည်း အငြိမ်နေကြမည် မဟုတ်ပေ။ ဘူးတစ်ထောင် ပိတ်ရန်လွယ်သော်လည်း ပါးစပ်တစ်ပေါက်ကမူ မဖြစ်နိုင်ပေ။ တောင်ဘက်အစွန်အဖျားဂိုဏ်းကို နိုင်သည်ဟူသော ဂုဏ်နှင့်ပင် ဟွာဆန်း၏ ဂုဏ်သတင်းက ကျော်ကြားနေပြီးဖြစ်သည်ကို ယခုတွင်မူ ဝူတန်ဂိုဏ်းကိုပါ နိုင်သွားပြီဖြစ်လေသည်။ မည်မျှပင် နာမည်ကြီးလာမည်ကို မသိတော့ပေ။
အခုမှတော့ ဘာများလုပ်နိုင်တော့မှာလဲ…
နာမည်ကျော်ကြားမှုက အရေးကြီးသည်ဖြစ်သော်လည်း နန်ယောင်သို့ သူတို့ဝူတန်သွားရသည့်အကြောင်းအရင်းက သပ်သပ်ရှိလေသေးသည်။ ဂျင်ဟဲယွန် မည်သို့လုပ်ရမည်မှန်းပင် မသိတော့ပေ။အံကိုတင်းတင်းကြိတ်ကာ ဂျင်မုကို လှမ်းကာပြောလိုက်လေသည်။
“ဂျင်မု”
“ဟုတ်ကဲ့ပါ.ဆရာတူအကိုကြီး”
“ငါတို့ အခုချက်ချင်း ပင်မဂိုဏ်းကြီးကို ပြန်ပြီး အခြေအနေကို သတင်းပေးရမယ်”
“အကိုကြီး ပြောလိုက်တာက…”
"ဆရာတူညီလေးတွေက ဒီနေရာမှာနေခဲ့ပြီး သူတို့ရဲ့ဒဏ်ရာတွေကို ကုသရင်းနဲ့ ပင်မဂိုဏ်းချုပ်ကြီးက ပေးလာမယ့် အမိန့်ကိုစောင့်နေလိုက်….အခုက ငါတို့ လွယ်လွယ်လမ်းလျောက်ပြီးတော့လည်း ပြန်နိုင်မှာ မဟုတ်ဘူး”
“ကျွန်တော် နားလည်ပါပြီ”
ဂျင်ဟဲယွန်၏မျက်နှာက ပြောနေရင်းမှာပင် ခက်ထန်လာလေသည်။
ဂျင်ဟဲယွန် သူ၏ဂုဏ်သိက္ခာကို ချနင်းရတော့မည့်အဖြစ်ကို တွေးမိ၍ ထိုသို့ ဖြစ်လာခြင်းပင်။
ငါ နန်ယောင်က ထွက်သွားဖို့ ကတိပေးခဲ့တဲ့အတိုင်း ငါက နန်ယောင်က ထွက်လာခဲ့ပြီပဲ…ငါပြောခဲ့တာ ဝူတန်ဂိုဏ်းက ထွက်သွားပါ့မယ်လို့ ပြောခဲ့တာမှ မဟုတ်တာ…အဆင်ပြေပါတယ်….
ဂျင်ဟဲယွန် တွေးရင်းကပင် ပြုံးမိသွားပြန်လေသည်။ သူ၏ညံ့ဖျင်းမှုကြောင့်ပင် ထိုသို့သောအဖြစ်မျိုး ကြုံတွေ့ရခြင်းပင်။ သူမည်မျှပင် နာမည်ပျက်ကာ ဂုဏ်သိက္ခာမရှိသူဟု သတင်းထွက်လာစေကာမူ သူတို့၏ဝူတန်ဂိုဏ်း အထက်သို့ရောက်ကာ တိုးတက်သွားလျှင် တန်လေပြီ ဖြစ်သည်။ သစ်ကိုင်းတစ်ကိုင်း တိုးထွက်လာရန်အတွက် တခြားသစ်ကိုင်းတစ်ခု အခုတ်ခံရသကဲ့သို့ပင် ဝူတန်ကောင်းစားရေးအတွက် သူ၏နာမည်ကို ချနင်းရလည်း ဖြစ်လေသည်။ သူ့အား လူများက မျက်နှာပြောင်တိုက်ကာ အရေထူသူဟု ပြောဆိုကြလျှင်လည်း ကိစ္စမရှိပေ။
“ဂျင်မု …သွားကြစို့”
“ဟုတ်ကဲ့..ဆရာတူအကိုကြီး”
“မင်းတို့ သွားဖို့ မလိုပါဘူး”
လူတိုင်းက စကားသံကြောင့် လှည့်ကြည့်လိုက်သောအခါ သစ်ပင်များလှုပ်ခတ်သွားသည်ကိုတွေ့လိုက်ရပြီး လူတစ်ဦးကို တွေ့လိုက်ရလေသည်။
“န..နည်းပြ”
“ဘယ်ကနေ..ဘယ်လိုလုပ်ပြီးတော့”
အားလုံးက ထိတ်လန့်လည်း ထိတ်လန့်သွားကြလေသည်။
အလွန်ပင်ရင်းနှီးနေသောသူက တံခါးဝတွင်ပေါ်လာလေသည်။ ထိုလူအား မြင်လိုက်သည့်အခါတွင်မူ ဂျင်ဟဲယွန် မျက်မှောင်ကြုတ်မိသွားလေသည်။
“မင်းတို့က ရှုံးခဲ့တာလား”
ဂျင်ဟဲယွန်က နှုတ်ခမ်းကို ကိုက်လိုက်လေ၏။
“ကျွန်တော် တောင်းပန်ပါတယ်…”
“မင်းက ရှုံးခဲ့တယ်…ဘာလဲ…ဟွာဆန်းက လူတွေ မတော်မတရား အများကြီး လွှတ်လိုက်လို့လား…
ဒါမဟုတ် တခြားဂိုဏ်းတွေကပါ ဝင်ပြီးတော့ ကူပေးကြလို့လား”
“…”
ဂျင်ဟဲယွန် မည်သို့ ပြောရမည်ပင် မသိတော့ချေ။
သူ၏ရှေ့တွင်ရှိနေသောသူက ဝူတန်၏အကောင်းဆုံးသော ဓါးသမားများထဲမှ တစ်ယောက်ဟုပြောနိုင်လေပြီး ဝူတန်ဂိုဏ်း၏ ပထမတန်းတပည့်လည်းဖြစ် သူ၏နည်းပြလည်း ဖြစ်သူ ဝူတန်၏သိုင်းသမားသုံးဖော်ထဲမှ တစ်ယောက်ဖြစ်သော မုဂျင်ပင်။
“ဂိုဏ်းချုပ်က တအားကို စိုးရိမ်နေပြီး ငါ့ကို လွတ်ပြီး အခြေအနေကြည့်ခိုင်းလိုက်တာ ….ကြည့်ရတာ ဂိုဏ်းချုပ်ရဲ့ အထင်တွေက မှန်နေတာပဲ…မဟုတ်ဘူးလား ဂျင်ဟဲယွန်”
“ဟုတ်ပါတယ်..နည်းပြ”
“ငါ့ကို သေချာလေးရှင်းပြစမ်းပါ…နန်ယောင်မှာ ဘာတွေဖြစ်ခဲ့တာလဲ”
မုဂျင်၏စစ်မေးမှုကို ဂျင်ဟဲယွန်ရှင်းပြရခက်နေလေသည်။ဂျင်ဟဲယွန် ခက်ခဲနေသည်ကို မြင်သော ဂျင်မုက မနေနိုင်တော့ပေ။ ရှေ့သို့ တက်လာကာ ပြောလေသည်။
“နည်းပြ …ကျွန်တော်ရှင်းပြပါ့…”
“ဂျင်မု…မင်းနေရာ မင်းသိစမ်း..”
“ဆရာတူအကိုကြီး”
နေရာတွင် ခဏတာမျှ တိတ်ဆိတ်သွားလေပြီးမှ ဂျင်ဟဲယွန်က စတင်ကာပြောလာလေသည်။
“ကျွန်တော် ရှင်းပြပါ့မယ့် နည်းပြ”
“အင်း”
မုဂျင်က သူ၏နှုတ်ခမ်းမွှေးများကို သပ်ကာ ဂျင်ဟဲယွန်ပြောလာမည့်စကားများကို နားထောင်နေလေသည်။
ဂျင်ဟဲယွန်က ဖြစ်ကြောင်းကုန်စင်ကို ပြောရလိုက်သည့်အချိန်တွင်မူ မုဂျင်၏အသွင်အပြင်က ဂျင်ဟဲယွန်ထက်ပင် ဆိုးဝါးသွားလေတော့သည်။
“ဟွာဆန်းက အဲ့လောက်သန်မာသလား”
သိုင်းပညာဆိုသည့်အမျိုးက အစကောင်းမှသာ အနှောင်းကောင်းသော ပညာရပ်မျိုးဖြစ်လေပြီး မျိုးဆက်သစ်များကို ပျိုးထောင်ပေးသည့် အကြီးအကဲများက နုံချာနေပါလျက်နှင့် မျိုးဆက်သစ်ကလေးများက တော်နေထက်နေသည်က မဖြစ်နိုင်သောအရာပေ။ ထို့အပြင် ဝူတန်ဂိုဏ်းမှ ကလေးများကိုပါ အနိုင်ယူလိုက်လေသေးသည်.။ပို၍ပင် ယုံကြည်နိုင်ဖွယ်ရာမရှိပေ။
“အင်း..”
မုဂျင်က ခေါင်းကိုတငြိမ့်ငြိမ့်လုပ်ကာ တွေးဟန်ပြုလိုက်ပြီးမှ ဂျင်ဟဲယွန်အား ကြည့်လိုက်လေသည်။
ဒီကလေးတွေကတော့ ငါ့ကို လိမ်စရာအကြောင်းမရှိပါဘူးလေ…”
"ဂျင်ဟဲယွန် "
“ဟုတ်ကဲ့ ..နည်းပြ."
"မင်း မင်းရဲ့နာမည်ကို သက်သေထားပြီး အာမခံခဲ့တယ်မို့လား"
"… ဟုတ်ပါတယ်..ဒါပေမယ့် ..ကျွန်တော်ရဲ့နာမည်နဲ့ ဒီလိုကိစ္စဆိုတာက…."
"မင်း…"
မုဂျင်က တိုးတိုးလေးပြောလာလေသည်။၏
“မင်း နာမည်ညစ်နွမ်းသွားတာက အရေးမဟုတ်ပေမယ့် မင်းက ဘယ်ဂိုဏ်းကလဲ…မင်း ဘယ်နေရာကလာတာလဲ..ဘယ်သူက မင်းနာမည်ကို အရေးစိုက်ကြလဲ…မင်းဘယ်ကလူလဲဆိုတာကိုပဲ အရေးစိုက်တာ…မင်းသာ အရှက်မရှိလုပ်ခဲ့မယ်ဆိုရင် လူတွေက ဝူတန်ဂိုဏ်းကိုပဲ ကဲ့ရဲ့ကြမှာ..မင်းကို မဟုတ်ဘူး…. မင်းလုပ်ခဲ့တဲ့အရာက ဝူတန်ဂိုဏ်းပေါ်မှာ ဘယ်လိုအကျိုးသက်ရောက်မှုရှိတယ်ဆိုတာတောင် မင်းမသိဘူးလား”
“ကျွန်တော် တောင်းပန်ပါတယ်..”
ဂျင်ဟဲယွန်၏ တောင်းပန်မှုကို မုဂျင်က မျက်ခုံးတစ်ဖက်ပင့်ကာ ကြည့်လိုက်လေသည်။
“ဓါးသမားတစ်ယောက်ဆိုတာ စကားကို လွယ်လွယ်မပြောရဘူး..ကိုယ့်ရဲ့ ဂုဏ်ပုဒ်ကိုလည်း ဘယ်တော့မှ လက်လွတ်စပယ် မလုပ်ရဘူး”
“ဟုတ်ကဲ့ပါ”
“နန်ယောင်ကို လက်လျော့လိုက်တော့”
“နည်းပြ..”
“နန်ယောင်က ငါတို့ ဒီအတိုင်းအယောင်ပြလို့ရအောင် လုပ်ထားတဲ့နေရာတစ်ခုပဲ… ငါတို့ရဲ့ အဓိကပန်းတိုင်မဟုတ်ဘူး… အခုကိစ္စလည်း ဖြစ်သွားပြီဆိုတော့ နန်ယောင်ကိစ္စကို ထားလိုက်တော့..ဓါးသင်္ချိုင်းကိစ္စကိုပဲ အာရုံထားတော့”
“ဒါပေမယ့် ကျွန်တော်တို့ အခုထိ ဓါးသင်္ချိုင်းရဲ့နေရာကို မသိရသေးဘူးလေ…အဲ့တာကြောင့်ပဲ ကျွန်တော်တို့ နန်ယောင်မှာ နေနေရတာ မဟုတ်ဘူးလား။
“စိတ်မပူနဲ့…ငါ ဓါးသင်္ချိုင်းရဲ့နေရာကို သိခဲ့ပြီးပါပြီ”
“အာ..”
ဂျင်ဟဲယွန် ဂဏာမငြိမ်ပင် ဖြစ်သွားလေသည်။
ယခုတွင်မူ နန်ယောင်တွင် သူတို့အချိန်ဖြုန်းရန် မလိုတော့ပေ။ လိုရင်းကိစ္စကိုသာ တိုက်ရိုက်လုပ်ဆောင်နိုင်သွားပြီ ဖြစ်လေသည်။
“ဟွာဆန်းကို ရှုံးခဲ့တာက ငါတို့အတွက်တော့ ရှက်စရာပဲ…ဒါပေမယ့် ငါတို့အခုလုပ်ရမှာနဲ့ ယှဉ်ကြည့်တော့လည်း သိပ်တော့ အရေးမပါတော့သလိုပါပဲ…အနာဂတ်မှာ ပြန်ပြီး သိက္ခာကို အဖတ်ဆယ်ဖို့ အခွင့်အရေးတွေ ထပ်ပြီးတော့ ရလာဦးမှာပါ…ဆိုတော့ အခုကိစ္စကိုပဲ စိတ်နှစ်ထားကြ”
“ဟုတ်ကဲ့…နည်းပါ”
ဂျင်ဟဲယွန်၏ မျက်လုံးများသည် အရောင်တလက်လက်နှင့် တောက်ပနေလေသည်။
ငါတို့သာ ဓါးသင်္ချိုင်းကို ဖွင့်နိုင်သွားရင် အခုအရှက်ကွဲခဲ့ရတာအတွက် ပြန်ပေးဆပ်နိုင်သွားပြီ…
“ဒဏ်ရာပြင်းပြင်းထန်ထန်ရထားတဲ့သူတွေက အခုပဲ ပြန်သင့်ပြီ…ပင်မဂိုဏ်းကြီးကနေ အကူကလည်း သိပ်မကြာခင်မှာ ရောက်လာမှာမို့ ဘာမှထပ်ပြီး သိပ်မလုပ်ကြနဲ့တော့…. အကောင်းတိုင်းရှိပြီး အလုပ်လုပ်နိုင်သေးတဲ့သူတွေကပဲ ငါနဲ့လိုက်ခဲ့ကြ”
ကလေးများက မလှုပ်ကြသည်ကို တွေ့သောအခါတွင်မူ မုဂျင် တွေးသွားရလေသည်။
ဘာလဲ…ဒီကလေးတွေက ဒဏ်ရာတွေကို အရေးမလုပ်ဘဲ ငါနဲ့အတူ ခရီးထွက်ချင်နေကြတာလား…
“ မင်းတို့ကို စိတ်အေးအေးထားဖို့ ငါပြောချင်တယ်….အခုချိန်မှာ ဒဏ်ရာရနေတဲ့သူတွေ အတူလိုက်ခဲ့ရင်လည်း မင်းတို့ရဲ့ ညီအကိုတွေကို ဒုက္ခများစေတာပဲ အဖတ်တင်လိမ့်မယ်…မင်းတို့က အဲ့လိုဖြစ်စေချင်ကြတာလား”
ထိုအခါမှသာ ဂိုဏ်းသားသုံးယောက် ခေါင်းငုံ့ကာ နောက်သို့ဆုတ်သွားကြလေသည်။
“တောင်းပန်ပါတယ်…နည်းပြ”
“ဒါက တောင်းပန်စရာမဟုတ်ပါဘူး…မင်းတို့ ဒဏ်ရာတွေကြောင့်သာ မင်းတို့ မပါဝင်နိုင်တာပါ…
ပြန်ပြီးတော့သာ ဒဏ်ရာတွေကို ကုသပါ…ကျန်တာတွေကို ငါကိုင်တွယ်လိုက်မှာမို့ ပြန်သာပြန်ကြပါ”
“ဟုတ်ကဲ့ပါ…ကျွန်တော်တို့ကလည်း နည်းပြကို ယုံကြည်ပြီးသားပါ…လုပ်နိုင်မှာပါ..နည်းပြ”
"ကဲ…ဒါဆို”
“ပင်မဂိုဏ်းကို ပြန်ပြီးတော့ နန်ယောင်မှာ ဘာဖြစ်ခဲ့တယ်ဆိုတာကို ပြောပြလိုက်…ငါကတော့ ဓါးသင်္ချိုင်းကို တိုက်ရိုက်သွားမယ်”
“ဟုတ်ကဲ့ပါ”
အားလုံး ထွက်သွားကြသည်နှင့် မုဂျင်က ဂျင်ဟဲယွန်ကို ကြည့်လိုက်လေသည်။
“မင်းက ငါနဲ့လိုက်ခဲ့မလို့လား”
“ကျွန်တော် ဝန်ထုပ်ဝန်ပိုး မဖြစ်စေရပါဘူး”
“ကောင်းပြီလေ..”
မုဂျင်က ခေါင်းငြိမ့်ကာ လက်ခံလိုက်လေသည်။
“ဒါဆိုလည်း ငါ့နောက်လိုက်ခဲ့”
ရုတ်တရက်ဆိုသလိုပင် မုဂျင်က ခေါင်းကို တဖက်သို့ လှည့်လိုက်လေသည်။
“နည်းပြ..ဘာဖြစ်လို့ပါလဲ”
မုဂျင်က အနီးအနားတွင် တစ်ယောက်ယောက်ရှိနေသည်ကို ခံစားမိသောအခါတွင်မူ မျက်မှောင်ကြုတ်သွားလေသည်.။
“ဘယ်သူလဲ”
“ဟင်”
ဂျင်ဟဲယွန်၏အကြည့်များကလည်း မုဂျင်ကြည့်နေရာသို့ ရောက်သွားလေတော့သည်။
ခြေသံစိပ်စိပ်ကို ကြားလိုက်ရပြီး အနက်ရောင်ဝတ်စုံကို ခေါင်းစခြေဆုံး ဝတ်ဆင်ထားသည့် အမျိုးသားတစ်ယောက်က ထွက်လာလေသည်။
အနက်ရောင်ဝတ်စုံနဲ့ပါလား…
“မင်္ဂလာပါ…ဖြတ်သွားဖြတ်လာဓါးပြတစ်ယောက်က မေးချင်တာလေး ရှိလို့ပါ…ဓါးသင်္ချိုင်းဆိုတာ ဘာပါလဲ”
“…”
“…”
ဖြတ်သွားဖြတ်လာ ဓါးပြလား..
ဘယ်ဓါးပြက သူတို့ကို သူတို့ ဓါးပြဆိုပြီး ထုတ်ပြောတာလဲ…
မုဂျင်က အကဲခတ်ကာကြည့်နေလေသည်။
ဤသို့သောဓါးပြမျိုးကို သူ၏ဘဝတစ်သက်တာတွင် မတွေ့ဖူးသည်မို့ သေချာအကဲဖြတ်နေခြင်းပင်။
‘တောင်တန်းတွေပေါ်ကနေ ရွေ့ပြောင်းလာတဲ့ ဓါးပြလား…”
“ဟင်”
မျက်နှာဖုံးနှင့် လူက အေးအေးပင် ပြန်ဖြေလာသည်။
‘”အဲ့လိုပဲ ဆိုပါတော့…”
သူက ရူးနေတာများလား..
ဓါးပြဆိုသူကို ကြည့်ကာ အားလုံးတွေးမိသည်က အရူးလားဟူ၍ပင်။
အင်း…ဟုတ်လောက်မယ်ထင်တယ်…
သူတို့အားလုံး၏အတွေးကို ဂျင်ဟဲယွန်၏စကားက ဖျက်စီးလိုက်လေသည်။
“ဟွာဆန်းရဲ့ နဂါးဆိုတဲ့တစ်ယောက်..”
“…”
ထိုလူက ခေါင်းကိုခါကာ ငြင်းလာလေသည်။
“မဟုတ်တာ…ငါက အဲ့လို သိုင်း..အင်း…ငါက အဲ့လိုဂိုဏ်းတွေ ဘာတွေနဲ့ လူမဟုတ်ဘူး”
ဂျင်ဟဲယွန် ပို၍သေချာသွားသည်မို့ မျက်နှာက ခက်ထန်လာလေသည်။
အဖြေက ပေါ်နေပြီ…ခွေးမသားရယ့်..
“ဟွာဆန်းရဲ့ ဂိုဏ်းသားတစ်ယောက်ဖြစ်နေတာကိုတောင် ဓါးပြလိုဝတ်ပြီး ပြောရဲတယ်…မင်း တစ်စက်မှကို အရှက်တရားဆိုတာ မရှိတာပဲ…မင်း မရှက်တတ်ဘူးလား”
“အင်းလေ…မင်းဘယ်လိုပဲပြောပြော ငါမဟုတ်ပါဘူးဆိုမှ မနာပါဘူး”
“မင်းက တကယ့်ကို…”
“ဟေ့ မင်းတို့က အထင်လွဲနေတာနော်…ငါကတော့ မဟုတ်ဘူးပဲ”
“ဟင်”
“မကြာခင်မှာ မင်းပြောတဲ့သူက ငါမဟုတ်ပါဘူးဆိုတာကို မင်းလက်ခံသွားလိမ့်မယ်…ဟုတ်ပြီလား”
“မင်းဘယ်လိုတောင် အခွက်ပြောင်…”
ဂျင်ဟဲယွန်က ဆက်ကာပြောရန်ပြင်လိုက်သော်လည်း မုဂျင်က လက်ကာကာ တားလိုက်သည်မို့ ရပ်သွားရလေသည်။
မုဂျင်က ပြုံးကာ ပြောလာလေသည်။
“ဒါဆို …မင်းက ဟွာဆန်းက ဂိုဏ်းသားမဟုတ်ဘဲ…ဓါးပြတစ်ယောက်ပေါ့..”
“ကဲ…နောက်ဆုံးတော့ စကားကိုနားလည်ပြီး ကောင်းကောင်းပြောတတ်တဲ့သူ တစ်ယောက်ပေါ်လာပြီ”
“ဟုတ်တယ်…မင်းက ဘယ်လိုမှ ဟွာဆန်းက ဂိုဏ်းသားမဖြစ်နိုင်ဘူး”
“ဟင်”
မုဂျင်က သူ၏ဓါးကိုထုတ်ကာ ဓါးပြဆိုသူကို ဓါးနှင့်ရွယ်ထားလိုက်လေသည်။
“ဟွာဆန်းက လူတစ်ယောက်မှ ဒီနေရာမှာ ရှိနေတာမဟုတ်လို့ မင်းသေသွားရင်လည်း ဓါးပြတစ်ယောက်သေသွားတာပဲ…ဟုတ်တယ်မို့လား”
“အင်း..”
ဒီလူက အကင်းပါးသားပဲဟ….
“မင်း မျက်နှာဖုံးကို ဖယ်ပြီး အခုပဲငါတို့ကို တောင်းပန်ပါ… ဒါဆို ဒီကိစ္စကို ဒီအတိုင်းကျော်သွားပေးမယ်… မဟုတ်ဘဲနဲ့ ဆက်ပြီးတော့ အရူးကွက်နင်းပြီး အချိန်ဖြုန်းနေမယ်ဆိုရင်တော့ ငါ့ရဲ့ဓါးမှာ နှလုံးသား မပါဘူးနော်”
“ဪ..တကယ်ကြီးလေ’
“ဒါဆို ငါကလည်း ပြောရတာပေါ့…မင်းတို့ ငါ့ကို ဓါးသင်္ချိုင်းဆိုတာ ဘာလဲဆိုတာ ပြောပြ …ဒါဆိုရင် မင်းတို့ဂိုဏ်းကိုတော့ မင်းတို့ ပြန်နိုင်လောက်တဲ့အထိ သက်ညှာပေးလိုက်မယ်…မဟုတ်ရင်တော့”
“…”
“မင်းတို့ လူကောင်းလို မပြန်နိုင်တော့ဘူးဆိုတာကို ငါအာမခံတယ်”
ဓါးပြ၏စကားကြောင့် မုဂျင်က ပြုံးလိုက်လေသည်။
“ဟွာဆန်းက သန်မာလာပြီလို့ ပြောကြတယ်”
“ဘယ်လောက်တောင် အံဩစရာကောင်းလိုက်လဲ”
“သူတို့တွေထဲမှာမှ ဟွာဆန်းရဲ့တက်သစ်စနဂါးလို့ခေါ်တဲ့တစ်ယောက်က အသန်မာဆုံးတဲ့”
“ဟားဟား…အခုက ဟာသပြောနေတာလား”
ဂျင်ဟဲယွန် လက်မြောက်အရှုံးပေးလိုက်လေပြီ…။ ဤလူကို အငိုက်ဖမ်းရသည်က မလွယ်သည့်ကိစ္စပင်။
“ဒါဆိုလည်း …”
မုဂျင်က ဓါးကိုဆွဲထုတ်လိုက်လေသည်။
“ဟွာဆန်းရဲ့ နဂါးက ဘယ်လောက်စွမ်းလဲ ကြည့်ကြတာပေါ့…”
“ငါက ဟွာဆန်းက မဟုတ်ပါဘူးလို့ ပြောနေတာကို နားမလည်ဘူးလား”
ချွန်းမြောင်သည်လည်း သူ၏ဓါးကို ဆွဲကာထုတ်လိုက်လေသည်။
“မင်းရဲ့ဓါးပေါ်မှာ ဇီးပန်းပွင့်ပုံ ရှိနေတာပဲ”
ချွန်းမြောင် မျက်မှောင်ကြုတ်လိုက်လေတော့သည်။
“မမြင်ချင်ယောင်ဆောင် ပေးထားလို့ မရဘူးလား…ယဉ်ကျေးမှုရှိစမ်းပါ”
“ဒါပေါ့လေ…ရပါတယ်”
“ဒါနဲ့…မင်း ဒဏ်ရာတွေရသွားရင်တောင် ငါ ဘာနောက်ဆက်တွဲကိုမှတော့ စိုးရိမ်ပေးဖို့ မလိုဘူးဆိုတာ သေချာပါတယ်နော်…ဒီလိုဆိုရင်တော့ ပြင်ဆင်ထားပေတော့”
“နှစ်တွေ ဒီလောက်ကြာတာတောင် ဝူတန်ဂိုဏ်းကတော့ မပြောင်းလဲသေးဘူးပဲ”
ချွန်းမြောင်ကလည်း သူ၏ဓါးကိုမြောက်ကာ မုဂျင်ထံသို့ ချိန်ရွယ်ထားလိုက်လေသည်။
“ငါ တစ်ခုလောက် ထပ်ပြောလို့ရမလား”
“ဘာလဲ”
ချွန်းမြောင်က ပြောင်ချော်ချော်ပြုံးလိုက်ပြီး ပြောလိုက်လေသည်.
“မင်းရဲ့ခေါင်းကို သတိထားနော်..ငါက အကျင့်ဖြစ်နေလို့”
မဲ့ပြုံးတစ်ပွင့်က မုဂျင်နှုတ်ခမ်းတွင် ချိတ်ဆွဲလာလေတော့သည်။