အခန်း (၁၃၉-၁၄၁)
Vol. 10 Ch. 139-141
အပိုင်း (၁၃၉)
ဒါကို ရဖို့ သေရမယ်ဆိုလည်း ငါရမှဖြစ်မယ်(၄)
“ဟင်း…”
ဝေ့လီရှန်း သက်ပြင်းကို ဖြေးညင်းစွာချပြီး သူ၏ရင်ဘက်ကိုအသာအယာ ပွတ်သပ်လိုက်လေသည်။
သူ၏ အတွေ့အကြုံများအရ ပြောနိုင်လေသည့်အရာတစ်ခုက ရှိနေပြီး အကြောက်တရားတစ်ခုက သူ့နောက်သို့ အဆက်မပြတ် လိုက်နေသကဲ့သို့ပင်။ သူ၏ ဒဏ်ရာများက အခုထိတိုင် အရှင်းပျောက်ကင်းခြင်းမရှိသကဲ့သို့ သက်သာလာခြင်းလည်း မရှိပေ။
အတွင်းဒဏ်ရာများဆိုသည်က သာမန်သမားတော်များနှင့် ကုသ၍ပျောက်ကင်းသည့်ရောဂါမျိုး မဟုတ်ဘဲ ခန္ဓာကိုယ်တွင်းရှိ ချီစွမ်းအင်များက မွန်းမံကုသရသည့်အရာမျိုး ဖြစ်လေသည်။ ဝေ့လီရှန်း၏ အတွင်းဒဏ်ရာများကမူ သက်သာသွားခြင်းမရှိဘဲ နေ့စဉ်နေ့တိုင်းပင် သူ့အားနှိပ်စက်လျက်ရှိလေသည်။
ငါ ပိုပြီးအခြေအနေကောင်းလာရင် ကောင်းမယ်…
ဟွာဆန်း၏ ဂိုဏ်းသားများက ဝူတန်မှလူများကို အနိုင်ရခဲ့သည့်အပေါ် စိတ်လှုပ်ရှားမှုက ပြင်းထန်လှသည်မို့ သူ၏ဒဏ်ရာကို သတိမထားမိခဲ့သည်မို့ ဒဏ်ရာက မသက်သာသည်ကို မသိခဲ့ပေ။ ယခုမှသာ သေချာသတိထားမိလာလေပြီး ဒဏ်ရာမှနာကြင်မှုကလည်း တစ်နေ့တခြား ဆိုးဝါးလာလေသည်။
နာကြင်မှုကလည်း ပိုမိုကာ သိသာလာလေသည်။
“အဖေ…ကောင်းကောင်းအိပ်ပျော်ပါစေနော်”
“အင်း”
ဝေ့လီရှန်း သူသား၏နှုတ်ဆက်မှုကို သာမန်သာတုံပြန်လိုက်ပြီး အခန်းထဲမှထွက်သွားသော သူ၏သားကို ကြည့်နေလိုက်လေသည်။
သူသည် သူ၏ဒဏ်ရာများ မသက်သာကြောင်းကို သူ၏သားဖြစ်သူကိုပင် အသိမပေးထားပေ။ ဂိုဏ်းချုပ်တစ်ယောက်၏ အားနည်းချက်များကို လူသိခံ၍ မဖြစ်ပေ။ ဂိုဏ်းချုပ်အားနည်းခြင်းသည် ဂိုဏ်းအားနည်းခြင်းပင် ဖြစ်ပြီး သူ၏နာမကျန်းမှုကို အခွင့်ကောင်းယူကာ အခြားသူများက ရန်ပြုလာမည်ကိုလည်း စိုးရိမ်မိလေသည်။
ဟွာယုန်းသည်က ယခုလေးတင်မှပင် အန္တာရယ်ခံတွင်းဝမှ လွတ်မြောက်လာသည်ဖြစ်ပြီး စိတ်ပင်အေးရသေးသော အခြေအနေမဟုတ်ပေ။ သူ၏နာမကျန်းမှုကြောင့် ဟွာယုန်းတွင် ပြဿနာများ ဆက်ကာဖြစ်လာမည်ကိုလည်း မလိုလားပေ။
ငါ ဒီလို အဖြစ်မခံနိုင်ဘူး….
ဟွာယုန်းသည် ကယောက်ကယက် အခြေအနေသည် ယခုမှပင် စကာအခြေငြိမ်စဖြစ်သည်မို့ ပြန်လည်ကာ ရှုပ်ထွေးသွားမည်ကိုလည်း ဝေ့လီရှန်း စိုးရိမ်လှပေသည်.
အတွေးတို့ကြောင့် စိတ်မောသွားရသည်မို့ ဝေ့လီရှန်း သက်ပြင်းကိုချလိုက်သည်နှင့် အတွင်းဒဏ်ရာနေမှ
စူးရဲစွာပင် နာလာလေသည်။
“အား…အင်း”
ဝေ့လီရှန်း သက်ပြင်းကို ဖြေးဖြေးချကာ အိပ်ယာပေါ်တွင် လှဲလိုက်လေသည်။
အင်း…ဒီနေ့ သတင်းက ပြန့်သွားပြီဆိုရင် ဟွာယုန်းဂိတ်တံခါးက တိုးတက်လာဦးမှာပဲ…အဲ့အချိန်ကျ ငါ့လုပ်ဆောင်ချက်တွေနဲ့ လုပ်ပုံကိုင်ပုံတွေက ဟွာဆန်းကို ပုံရိပ်ထင်စေမှာပါလား….
မဖြစ်ဘူး…ငါ အားနည်းတဲ့ပုံ လုပ်နေလို့ မဖြစ်ဘူး”
ရရှိလာသော အောင်မြင်မှုများကို ထိန်းသိမ်းရန်အတွက်မူ သူသည် အားအင်တောင့်တင်းကာ သန်မာနေရန်လိုအပ်ပြီး မဟုတ်ပါက ရရှိထားသမျှ အားလုံး ပြန်လည်ဆုံးရှုံးသွားလိမ့်မည် ဖြစ်လေသည်။ သူရရှိထားသော အခွင့်အရေးကို လက်လွတ်မခံနိုင်ပေ. ။
ဝေ့လီရှန်း သက်ပြင်းကို ထပ်ကာချလိုက်ပြီး စောင်ကို ဆွဲကာခြုံလိုက်လေသည်။
ငါ အိပ်ရမယ်….
ဝေ့လီရှန်း ခဏမျှပင် အနားမရသေးသည်မို့ အိပ်ရန်ပြင်လိုက်လေတော့သည်။ မနက်ဖြန်တွင်လည်း သူလုပ်ရမည့်အလုပ်များက များစွာရှိနေလေသေးသည်.။
ဘဝကလည်း ကံကောင်းမနေပါလားနော်…
ဝေ့လီရှန်း တသက်တာတွင် ဆန္ဒတစ်ခုသာရှိခဲ့လေပြီး ထိုဆန္ဒက ဟွာယုန်းတိုးတက်သည်ကို မြင်ရဖို့ပင်။ သို့သော်လည်း ဟွာယုန်းတိုးတက်ရန် လမ်းစမြင်ရကာမှ သူ၏အခြေအနေက မကောင်းပေ။ သူ့ဘဝ၏ ကံမကောင်းအကြောင်းမလှပုံကို သူပြောပင်မပြောလိုတော့ပေ။
ဝေ့လီရှန်း အတွေးတို့ကို ဆက်ပင်မတွေးချင်တော့ပေ။ စောင်ကိုတင်းတင်းခြုံကာ အိပ်ရန်ပြင်လိုက်လေတော့သည်။
ကလစ်….
“ဟမ်…အိပ်တောင် နေပြီလားဟ”
“….”
ဝေ့လီရှန်း သူ၏အခန်းထဲသို့ ညကြီး ခိုးဝင်လာသောသူကို သိလိုက်သည်မို့ ဘာမှမပြောနိုင်တော့ပေ ။ရှေ့ရက်များက ထိုလူ၏အသွင်အစစ်အမှန်ကို သိရရန်ကြိုးစားခဲ့သော်လည်း မသိရပေ။ ထိုလူက သူ့စိတ်ကူးနှင့်သူ ရှင်သန်နေသူမို့ ခန့်မှန်းရခက်လွန်းလှ ပေသည်။
“ဘာကိစ္စရှိလို့လဲ…ဂိုဏ်းသားလေး…တစ်ခုခုဖြစ်လို့လား”
ဝေ့လီရှန်းက ချွန်းမြောင်သည် ဤနေရာသို့ တစ်ခုခုမေးရန် ရောက်လာသည်အထင်နှင့် မေးလိုက်လေသည်။ သို့သော်လည်း ပြန်ရသည့်အဖြေကမူ သူမျှော်လင့်ထားသည်နှင့် တခြားစီပင်။
“တစ်ခုခုဖြစ်တာ ကျွန်တော် မဟုတ်ပါဘူး…ခေါင်းဆောင် ဖြစ်နေတာပါ…ဟုတ်တယ်မို့လား”
“….”
ချွန်းမြောင်က တံခါးကိုပိတ်လိုက်ပြီး အခန်းထဲသို့ ဝင်လာခဲ့လေသည်။
“ရောက်ကတည်းက အရေးကြီးတာတွေ အရင်လုပ်နေရလို့ ဒီကိုရှင်းဖို့ အခုမှပဲ လာရတော့တယ်”
“ဘာကို ရှင်းဖို့လဲ”
“ခင်ဗျားရဲ့ အတွင်းဒဏ်ရာတွေလေ…သူတို့ကို ကုသဖို့ပေါ့”
ဝေ့လီရှန်း မျက်လုံးများပင် ပြူးသွားလေ၏။
“မင်း ပြောလိုက်တာက မင်းက ငါ့ရဲ့ အတွင်းဒဏ်ရာတွေကို ကုသမယ် လို့ ပြောချင်တာလား”
“ဟုတ်တယ်လေ”
ဝေ့လီရှန်း ချွန်းမြောင်အား အံဩတကြီး မျက်လုံးများနှင့်ကြည့်လိုက်လေသည်။
အတွင်းဒဏ်ရာများကို ကုသသည့်နည်းလမ်းက နှစ်ခုရှိလေသည်။ တစ်ခုက မိမိ၏ကိုယ်ပိုင်ချီစွမ်းအင်များက ကိုယ်တိုင်ကုသခြင်းပင်။ နောက်တစ်နည်းကမူ တခြားသူတစ်ယောက်၏ ချီစွမ်းအင်များကို လွဲပြောင်းလက်ခံလေပြီး ထိုလွဲပြောင်းပေးသူက ချီများကို ချုပ်ကိုင်ကာ ကုသပေးခြင်း ဖြစ်လေသည်။ သို့သော်လည်း ဒုတိယကုသနည်းက အန္တာရယ်များလွန်း၍ လူတိုင်းက လက်ရှောင်ကြလေသည်။ အခန့်မသင့်လျှင် ကုသပေးသူနှင့် ကုသမှုခံယူသည် နှစ်ဦးသားလုံး အသက်အန္တာရယ်ရှိနိုင်လေသည်။
ထို့ကြောင့်ပင် ဝေ့လီရှန်းက သူ၏ဒဏ်ရာများကို မည်သူ့ကိုမှ မပြသဘဲကြိတ်ကာ ခံနေခြင်း ဖြစ်လေသည်။
ဟွာဆန်းမှ လူများကလည်း တိုက်ခိုက်ရေးတွင် ကျွမ်းကျင်သော်လည်း ထိုသို့ကုသရာတွင်မှု ယုံကြည်၍ မရဟု ခံစားရသောကြောင့် သူ မတောင်းဆိုခြင်းဖြစ်လေသည်။
သို့သော် ဤကလေးက သူ့စိတ်သဘောနှင့်သူ ဝေ့လီရှန်းအား ကုသရန် ရောက်လာခဲ့လေသည်။
“ဂိုဏ်းသားလေး…ဒါက မင်းထားသလောက် လွယ်တဲ့ကိစ္စ မဟုတ်ပါဘူး”
“အင်း…သိတယ်လေ”
“တကယ်လို့ အမှားအယွင်းတစ်ခုခုသာ ဖြစ်ခဲ့ရင် မင်းကိုတောင်မှ အကြီးအကျယ် ထိခိုက်စေလိမ့်မယ်”
“အာ..ရပါတယ်…ကိစ္စမရှိပါဘူး…”
“…”
ချွန်းမြောင်၏ ပြုံးပြုံးကြီးပြန်ဖြေလာသည်ကိုကြည့်ကာ ဝေ့လီရှန်း ရင်များပင် တလှပ်လှပ် တုန်လာလေသည်။
မဟုတ်ဘူးလေ…ငါပြောချင်တာကို နားမလည်ဘူးလား…ခွေးလေးရယ့်…
မင်းနားတွေက ကန်းနေတာလား…ကြားချင်တာပဲ ကြားတာလား….
“အဟမ်း…”
ဝေ့လီရှန်းက ချောင်းတစ်ချက်ဟန့်လိုက်ပြီး ချွန်းမြောင်ကို ပြတ်ပြတ်သားသားပင် ပြောလေတော့သည်။
“ဒီမှာ..ဂိုဏ်းသားလေး….မင်းက စေတနာကောင်းနဲ့ ကုသပေးချင်တာကိုတော့ ငါနားလည်ပါတယ်…ဒါပေမယ့် ဒါမျိုးက မင်းစမ်းချင်တိုင်း စမ်းလို့ရတဲ့အရာမျိုး မဟုတ်ဘူး…တစ်ခုခုသာ မှားသွားခဲ့ရင် မင်းရောငါရော သေသွားနိုင်တယ်…အဲ့တော့ အရေးတကြီးကုသစရာမလိုတဲ့အချိန်အထိ ဒီတိုင်းထားတာပဲ ကောင်းလိမ့်မယ်”
“မဟုတ်တာ..ဒီတိုင်း ပစ်ထားတာကြာလေ ဒဏ်ရာကို ပိုပြီးတော့ နက်နက်တိုက်စားလေပဲ ….ဒီတိုင်းထားလိုက်ရင် ပိုဆိုးသွားပါလိမ့်မယ်…ဒါကို အမြန်ဆုံးကုသလိုက်ဖို့ လိုပါတယ်”
မကုချင်ပါဘူးဆို,…ဒီမျိုးမစစ်လေးကလည်း…
မင်း တစ်ခုခုမှားကုလိုက်ပြီး ငါသေသွားတာမျိုး မဖြစ်ချင်ဘူး…သိလား…အရူးရဲ့…
ငါပြောတာကိုတာ နားထောင်စမ်းပါ….
သူ့ကို ဘယ်သူကများ ဟွာဆန်းရဲ့ တက်သစ်စနဂါးဆိုပြီး ခေါ်လိုက်တာတုန်း…သူနဲ့လိုက်ဖက်တဲ့ နာမည်မျိုး ပေးလိုက်ကြပါလား…သောက်ချေးလိုပဲ…..
အမည်ကြားရုံနှင့်ပင် အားကိုးချင့်စဖွယ်ဖြစ်နေသောသူတစ်ယောက်က ဤမျှ အရှုပ်များကို လုပ်ကာ လူတိုင်းအား ဒုက္ခပေးနိုင်လိမ့်မည်ဟု သူမထင်ထားခဲ့ပေ။ သူ၏ မှန်းချက်နှင့် လက်တွေ့က ကွာခြားလှသည်မို့ မျက်ရည်များပင် ဝဲလာသကဲ့သို့ ခံစားရလေသည်။
ဝေ့လီရှန်း သက်ပြင်းရှည်ကြီးကို မှုတ်ထုတ်ကာ ချွန်းမြောင်ကို ကြည့်လိုက်လေသည်။
“ဂိုဏ်းသားလေး…မင်းနားလည်အောင် ငါဘယ်လိုပြောရမလဲတော့ ငါလည်း မသိဘူး… မင်းပြောချင်တာကိုတော့ ငါကောင်းကောင်းကြီး နားလည်ပါတယ်…ဒါပေမယ့် လောကကြီးမှာက ရည်ရွယ်ချက်ကောင်းနေတိုင်းလည်း အထမမြောက်နိုင်တဲ့ကိစ္စတွေ ရှိတယ်”
“မင်းကို တကယ်ကျေးဇူးတင်တာပါ”
ဝေ့လီရှန်းက သူ့အားကုသပေးရန် စိတ်အားထက်သန်နေသော ချွန်းမြောင်အား နားချနေလေသည်။
ပုံစံလေးကြည့်ရတာတော့ လူကောင်းလေး ဖြစ်မလိုပုံလေးပါပဲ….ဒါပေမယ့်…
ခေါင်းမာကာ သူ၏အခန်းထဲမှ မထွက်သွားသေးသော ချွန်းမြောင်ကိုကြည့်ကာ ဤကလေးက ဟွာဆန်းမှ ဟုတ်ရော ဟုတ်ပါလေစဟု သူ အတွေးဝင်လာမိလေသည်။
“ခေါင်းဆောင် ဘာကို ငြင်းမိနေသလဲဆိုတာ အင်း…ခေါင်းဆောင် မသိပါဘူး”
“ဟမ်”
“လှဲသာ လှဲလိုက်ပါ…ကျွန်တော်က အလုပ်များတယ်…အလုပ်တွေလည်း အများကြီးကို လုပ်စရာရှိသေးတာ..
မြန်မြန်ပြီးမှ ဖြစ်မှာ”
“အား…မလိုပါဘူး….ငါ အဆင်ပြေပါတယ်”
“ကျွန်တော် အဆင်မပြေဘူး”
မင်းက ဘာကိစ္စ အဆင်မပြေရတာတုန်း..ငါ့ခန္ဓာကိုယ် ငါ့စိတ်ကြိုက်ပဲ ဖြစ်ရမှာပေါ့…
“တော်ပြီ…အခု ငါ့အခန်းထဲက ထွက်….”
ချွန်းမြောင်ကမူ စိတ်မရှည်တော့သည်မို့ ဝေ့လီရှန်းအား အိပ်ယာပေါ်သို့ တွန်းချလိုက်ပြီး ဝေ့လီရှန်းကမူ ရုန်းရန်ပင် အချိန်မရလိုက်ပေ။
“မလုပ်နဲ့…”
ချွန်းမြောင်က ဝေ့လီရှန်း၏ လက်ကိုဆွဲယူလိုက်ပြီး ချီစွမ်းအင်များကို စတင်လွဲပြောင်းလေတော့သည်။
ဝေ့လီရှန်းကမူ မျက်လုံးကြီးနှင့်ပင် ….
ဒီသောက်ရူးကတော့…
ဝေ့လီရှန်းသည် ရုန်းကန်ချင်သော်လည်း မလှုပ်နိုင်ပေ။ အော်ဟစ်ချင်သော်လည်း မရပေ။ သူ့ဘဝက ချွန်းမြောင်၏ လက်ခုပ်ထဲမှ ရေဖြစ်သွားချေပြီ။ သွန်လိုသွန် ၊ မှောက်လိုမှောက်ပင်။ ကောင်းကင်နှင့် မြေကြီးကိုတိုင်တည်ကာ ဆုတောင်းနေရန်သာ တတ်နိုင်လေတော့သည်။သို့သော်လည်း သူ့အား မည်သူကမှ ဤအခြေအနေကြီးမှ ကယ်တင်နိုင်မည်ဟု မခံစားရပေ။
“ဒါကြီးကို ကြည့်လိုက်စမ်းပါဦး..ဒါတောင် မကုချင်ဘူးတဲ့..ရူးလိုက်တာ”
ဝေ့လီရှန်း အသံကိုကြားလိုက်သော်လည်း တုံ့ပြန်ရန် အသာထား ခေါင်းပင် လှုပ်မရပေ။ ကျောက်တုံးတစ်တုံးကဲ့သို့ တောင့်တင်းနေလေသည်။ အားတင်းပြီး ကြည့်သည့်အခါတွင်မူ သူ့အား မျက်မှောင်ကြီးကြုတ်ကာ ကြည့်နေသည့် ချွန်းမြောင်ကို တွေ့လေသည်။
ငါပဲ နားကြားမှားလိုက်တာလား…
“တော်သေးတာပေါ့…အကုန်လုံး ဆိုးဆိုးဝါးဝါးကြီး မထိသွားလို့”
ဝေ့လီရှန်း၏ မျက်လုံးများ တဖန်ပြူးသွားလေပြန်သည်။
သူစကားပြောလိုက်တာလား…
ချီစွမ်းအင် လွဲပြောင်းနေချိန်တွင် စကားပြောခြင်းသည် ချီစွမ်းအင်များ ရွေ့လျားမှုကို အနှောင့်အယှက်ဖြစ်စေသည်မို့ ဆရာကြီးများပင် မပြုလုပ်ကြပေ။
ဒီလို တတိယတန်းကလေးတစ်ယောက်က ချီစွမ်းအင် လွဲပြောင်းပေးရုံမကဘူး….စကားပါပြောနိုင်တယ်….
ငါ အိမ်မက်များ မက်နေတာလား….
အိမ်မက်မဟုတ်သည်ကို သူထံသို့ စီးဝင်နေသော ချီစွမ်းအင်များက သက်သေပြနေလေသည်။ သူ့ခန္ဓာကိုယ်ထဲသို့ စီးဝင်လာသော ချီစွမ်းအင်များသည် အလွန်တရာပင် သန့်စင်လှပြီး သိပ်သည်းဆကလည်း ပြင်းလှပေသည်။ ရေတံခွန်မှ စီးကျလာသောရေများကဲ့သို့ပင် ပြင်းထန်လေပြီး စိမ့်စမ်းရေလိုပင် ကြည်လင်သန့်စင်လှလေသည်. ။ ထိုသို့ ကြည်လင်သန့်စင်လှသော ချီစွမ်းအင်မျိုးကို ဝေ့လီရှန်း မကြုံခဲ့ဖူးပေ။
နွေးထွေးသလိုနှင့် အေးမြမှုကိုပါ တွဲစပ်ထားသော ချီစွမ်းအင်များသည် သူ၏ကိုယ်တွင်းတွင် လှည့်လည်နေပြီ ဒဏ်ရာနေရာနားတွင် တဝဲလည်လည်လုပ်ကာ ဒဏ်ရာများကို ကုသတိုက်စားနေလေသည်။ ဝေ့လီရှန်း ထိုအရာတို့ကို ခံစားမိနေလျက်မှပင် အိပ်ချင်လာလေသည်။
“ခဏလောက် သည်းခံလိုက်ဦး…ပြီးတော့မှာပါ…”
ချွန်းမြောင်ပြောသောစကားကိုထက် ဝေ့လီရှန်းက သူ့ကိုယ်အား ပြုပြင်ပေးနေသော ချီစွမ်းအင်များကိုသာ အာရုံရောက်နေလေသည်။
တာအိုကျင့်ကြံသည့် ကိုယ်တော်တစ်ပါး၏ ချီစွမ်းအင်များ…
ချွန်းမြောင်၏ ချီစွမ်းအင်များသည် ဝေ့လီရှန်း အမြဲပင် လေးစားခဲ့ရသော တာအိုကျင့်ကြံသူကြီးများ၏ ချီများထက်ပင် သန့်စင်ကာ စွမ်းအားကောင်းမွန်လေသည်။
ဒီကလေးက တကယ့်ကို ဟွာဆန်းရဲ့ တက်သစ်စနဂါးပဲ…
အဆုံးသတ်တွင်မူ ဤကလေး၏ ဂုဏ်ပုဒ် မည်သို့ရလာသည်ကို သူနားလည်သွားပြီဖြစ်ပြီး ဂုဏ်ပုဒ်နှင့် ထိုက်တန်သည်ကိုလည်း သူလက်ခံနိုင်သွားပြီ ဖြစ်လေသည်။
ထိုအချိန်မှာပင် ချွန်းမြောင်၏ချီစွမ်းအင်များကလည်း ဒဏ်ရာအား အလုံးစုံတိုက်စားပြီး ပြန်လည် အသစ်ပြုပြင်နေပြီ ဖြစ်လေသည်။ နွေးထွေးသော ချီစွမ်းအင်များက သူ့ကိုယ်တွင်းတွင် ပြည့်နှက်လာပြီး ဒဏ်ရာမှ နာကြင်မှုများက လုံးလုံးမရှိတော့ပြီ။
ဝေ့လီရှန်းမား နေ့နေ့ညညနှိပ်စက်နေသော နာကြင်မှုကြီးက ပျောက်သွားလေပြီ ဖြစ်ပြီး ရပ်တန့်နေသော သူ၏ ချီစွမ်းအင်များကလည်း ပြန်လည်စီးဆင်းလာပြီ ဖြစ်လေသည်။ ချွန်းမြောင်၏ ချီများက သူ၏ လမ်းပျောက်နေသော ချီများကို စီးဆင်ရမည့် နေရာများသို့ လမ်းပြခေါ်ဆောင်ပေးနေလေသည်. ။တစ်နေရာပြီးသည်နှင့် တစ်နေရာပင်။ ချီစွမ်းအင်နှစ်ခု ယှဉ်တွဲစီးဆင်းနေကာမှ သူ၏ချီစွမ်းအင်နှင့် ချွန်းမြောင်၏ ချီကို မည်မျှ ကွာခြားသည်ကို သိလာရလေတော့သည်။
ဒဏ်ရာသည် အလုံးစုံပျောက်ကင်းသွားပြီဖြစ်ပြီး ချီစွမ်းအင်ကလည်း ပုံမှန်ပြန််ဖြစ်သွားပြီ ဖြစ်လေသည်။
ထိုအခါမှသာ ချွန်းမြောင်၏ ချီစွမ်းအင်များက သူ့ထံမှ ပြန်လည်ထွက်ခွာကာ ချွန်းမြောင်ထံသို့ ပြန်လည်ရောက်ရှိသွားလေတော့သည်။ ချွန်းမြောင်က သူ၏ချီစွမ်းအင်များကို အလုံးစုံ ပြန်လည်ရယူပြီးမှသာ ကိုင်ထားသောလက်ကို လွှတ်ပေးလိုက်လေသည်။
ချွန်းမြောင် လက်ကို လွှတ်လိုက်သည်နှင့် ဝေ့လီရှန်းက မျက်လုံးဖွင့်လာလေပြီး အစောကနှင့် မတူသောမျက်နှာအား လေးလေးနက်နက် ကြည့်လာလေသည်။
“ဂိုဏ်းသားလေး…”
“ဟွာဆန်းကို အမြဲသတိရနေမှာပါ.”
“…..”
ဟွာဆန်း၏ တက်သစ်စနဂါးတစ်ဖြစ်လဲ ဟွာဆန်းက တတိယတန်းတပည့်လေးဖြစ်သူ ချွန်းမြောင်ပြောလိုက်သည်က ကြေငြာသံတစ်ခုလိုပင်။ သူ၏ ကျေးဇူးတရားတို့ကို ဟွာဆန်းက အမြဲသတိရနေသကဲ့ပင် သူသည်လည်း ဟွာဆန်း၏ ကျေးဇူးတရားကို သတိရရပေမည်။
“ဟွာဆန်းက ကျေးဇူးတရားကို ဘယ်တော့မှ မမေ့ပါဘူး…ခေါင်းဆောင်ရဲ့ ဟွာဆန်းကျရှုံးချိန်မှာ ရှိခဲ့တဲ့သစ္စာတရားတွေကို ဟွာဆန်းကလည်း အမြဲကြည့်မှာပါ….ကျေးဇူးပြုပြီး ဟွာဆန်းရဲ့ နာမည်ကို ဆက်ပြီးထိန်းသိမ်းပေးပါဦး…ဟွာယုန်းလည်း ဟွာဆန်းနဲ့အတူ လောကကြီးမှာ အောင်မြင်လာရပါစေမယ်လို့ အာမခံပါတယ်”
ချွန်းမြောင်၏ တဖက်ခြမ်းကို ဝေ့လီရှန်း ယခုမှ မြင်လိုက်ရသကဲ့သို့ပင် ခံစားလိုက်ရလေသည်။
“ငါ…”
စိတ်ခံစားချက်များက ဝမ်းနည်းဝမ်းသာဖြစ်ခြင်းများနှင့် လွန်ဆွဲကာ ရောထွေးနေပြီး စကားများကလည်း မထွက်လာလေပေ။ ဝေ့လီရှန်း နှုတ်ခမ်းကိုသပ်ကာ တုန်ယင်စွာနှင့် မျက်ရည်များနှင့် ပြောလာလေသည်။
“သေချာပေါက် အဲ့လိုလုပ်ပါ့မယ်….”
ဤသည်က ဟွာယုန်းသည် ဟွာဆန်းအား ရေရှည်သစ္စာခံမည်ဟု ကြေငြာလိုက်ခြင်းပင် ဖြစ်လေတော့သည်။
အပိုင်း (၁၄၀)
ဒါကိုရဖို့ သေရမယ်ဆိုလျှင် ငါရမှ ဖြစ်မယ်(၅)
နေ့သစ်တစ်ခုက အစပြုလာပြီ ဖြစ်လေသည်။
“အင်း…ကောင်းလိုက်တာ”
ချွန်းမြောင်က လန်းလန်းဆန်းဆန်းပင် နိုးလာကာ ပြတင်းပေါက်ကို ဖွင့်လိုက်လေသည်။
အာရုဏ်ဦး နေရောင်ဖျဖျက အခန်းတွင်းသို့ တိုးဝင်နေပြီး ချွန်းမြောင်က နေရောင်နွေးနွေးကို ကြည့်ကာပြုံးလိုက်လေသည်။
ချွန်းမြောင် နေရောင်နွေးနွေးနှင့် သဘာဝပတ်ဝန်းကျင်အလှကိုကြည့်ကာ အင်အားသစ်များရရှိလာသလိုပင် ခံစားလိုက်ရလေသည်။ ညောင်းညာနေသော ခန္ဓာကိုယ်ကိုလည်း လှည့်ကာ အကြောလျော့လိုက်ပြီး တံခါးကိုဖွင့်ကာ ထွက်လာလေသည်။
“အစောကြီးနိုးလာပြီလား”
“ဟမ်”
ချွန်းမြောင်က ကြားလိုက်ရသောအသံကြောင့် လှည့်ကြည့်လိုက်လေတော့ ဝေ့လီရှန်းက သူ့အဆောင်၏ မျက်နှာစာရှေ့မှ အမှိုက်များကို ကိုယ်တိုင်လှဲကျင်းနေလေသည်။
“ခေါင်းဆောင်က ကိုယ်တိုင်တံမြက်စည်း လှဲနေတယ်”
“ဟားဟား”
ဝေ့လီရှန်းက ချွန်းမြောင်၏စကားကြောင့် ရယ်လိုက်လေသည်။
“မနေ့ညကစပြီး ပြန်လည်မွေးဖွားလာသလိုမျိုး ခံစားရတယ်…အဲ့တာကြောင့် တတ်နိုင်သမျှ အသေးအမွှားလေးတွေကစပြီး ကိုယ်တိုင်လိုက်လုပ်နေတာပါ…ကျွန်တော် တကယ်ကြီး အသစ်ပြန်လည်မွေးဖွားထားသလို ဖြစ်နေတယ်ဆိုတာ သေချာအောင်လို့လေ”
“ဪ..အဲ့လိုလား”
ချွန်းမြောင်က ပြုံးကာ ပြောလိုက်လေသည်။
ခေါင်းဆောင် ပြောချင်သည်များကို နားလည်သည်မို့ ချွန်းမြောင်က ဆက်ကာမပြောတော့ပေ။ ပြုံးကာ နေလိုက်လေတော့သည်။
“ဂိုဏ်းသားလေးက မနေ့က ကောင်းကောင်းနားရရဲ့လား”
“အိပ်လိုက်ကတည်းက တရေးပဲမို့ ကောင်းကောင်းအနားရလိုက်ပါတယ်….”
ဝေ့လီရှန်းက သက်ပြင်းရှည်ကြီးကို ချလိုက်လေသည်။
သူပြောတာက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ….
မနေ့ညက ချွန်းမြောင်သည် အိပ်ရေးဝဝလင်လင် အိပ်မရသည်ကို သိလေသည်. ။လင်းအာရုဏ် တက်ခါနီးအချိန်အထိ သူ့အားကုသပေးသွားရသည်ဖြစ်ပြီး အချိန်နှောင်းမှ ပြန်သွားရသည်ကို သိလေသည်။ ယခုတွင်မူ အာရုဏ်တက်ခါစသာ ရှိသေး၍ ဤကလေးအိပ်ရသည်က တစ်နာရီကျော်မှသာ ဖြစ်သည်ကို သိလိုက်လေသည်။ ထိုသို့ အိပ်ချိန်ခဏလေးပင် ရသည်ကို အိပ်ရေးဝသည်လားဟု ဝေ့လီရှန်း တွေးမိသည်ကတော့ အမှန်ပင်။
သူက တကယ်အံဩစရာကောင်းလိုက်တာ…
ဝေ့လီရှန်းက ချွန်းမြောင်းအား ရူးရူးနှမ်းနှမ်း လူတစ်ယောက်ဟု ထင်မိခဲ့သော်လည်း လက်တွေ့တွင်မူ အနေအထိုင်ထူးဆန်းသည်သာဖြစ်ပြီး အမှန်တကယ် အရည်အချင်းရှိသည်ကို သိခဲ့ပြီဖြစ်လေသည်။
ဘယ်လိုလုပ်ပြီးတော့များ ဒီလောက်သန့်စင်တဲ့ချီစွမ်းအင်နဲ့ လူတွေရှိနိုင်ရတာလဲ…
ငါ လူတွေအပေါ်မှာ နောက်ဆို အမြင်နဲ့တင် အကဲမခတ်ဖို့ သင်ခန်းစာရသွားတာပေါ့…
ဝေ့လီရှန်း ချွန်းမြောင်အား ပြုံးကာကြည့်နေသည်မို့ ချွန်းမြောင်က ပြန်လည်ပြုံးပြကာ မေးလာလေသည်။
“ကျွန်တော့်ရဲ့ နည်းပြတွေနဲ့ ဆရာတူအကိုကြီးတွေ ထွက်မလာကြသေးဘူးလား”
“ဂိုဏ်းသားလေးက လွဲရင် ဘယ်သူမှ ထွက်မလာသေးပါဘူး”
“နေကမြင့်နေပြီကို မထကြသေးဘူးလား”
“…”
နေက ယခုမှ ကောင်းကင်မှ စထွက်ပြူကာစပဲ ရှိလေသေးသည်။ နေမြင့်ရန်ဆိုသည်က ဝေးပင်။ ဤသည်ကိုပင် နေမြင့်ပြီဆိုသည်က ဤကလေးသည် မနက်အစောကြီးထနေကြဟူသော အဓိပ္ပါယ်လေလားပင်။
“ကျွတ်…သူတို့ကို မနက်အပြီးလုပ်ထားပါလို့ ပြောထားတာကို”
ချွန်းမြောင်က တကိုယ်တည်းရေရွတ်ကာ ပင်မဆောင်ဘက်သို့ လှည့်သွားလေသည်။
“ဟေ့ ..မင်းက ဘယ်သွားမလို့လဲ”
“အာ…နည်းပြနဲ့ ဆရာတူအကိုကြီးတို့ကို ခိုင်းထားတာလေး ရှိလို့ သွားကြည့်မလို့”
ဟမ်…
ဘယ်သူက ဘယ်သူ့ကို ခိုင်းတာ…
ဝေ့လီရှန်း ခေါင်းကို ယမ်းခါလိုက်လေသည်။ သူအကြားမှားသည်ဟု ထင်မိခြင်းပင်။
ဟုတ်ပါတယ်…ငါ အကြားမှားတာပဲ နေမှာပါ….
ဝေ့လီရှန်းက အကြားမှားသည်ဟု ထင်ခြင်းကို ပြန်လည်တွေးတောကာ အတွေးများနေသည့်အချိန်မှာပင် ချွန်းမြောင်က ပင်မဆောင်ရှိရာသို့ သွားလေတော့သည်။ ပင်မဆောင်သို့ ရောက်သောအခါတွင်မူ တွန့်ဆုတ်မှုရှိမနေဘဲ တံခါးကို ဖွင့်လိုက်လေ၏။
“ပြီးသွားကြပြီလား…ဘယ်မလဲ…အဲ့တာက..အား”
ချွန်းမြောင် သူမြင်လိုက်ရသောမြင်ကွင်းကြောင့် မျက်လုံးများပင်ပြူးလာပြီး လန့်ဖြတ်သွားလေသည်။ ထူးဆန်းသော မြင်ကွင်းကြောင့် ပါးစပ်ပင် စိမရချေ။
နည်း..နည်းပြ….
ဘတ်ချုန်း၏ ရဲရဲနီနေသောမျက်လုံးများနှင့် မှင်ကွင်းထားသကဲ့သို့ပင် မည်းမှောင်နေသော မျက်ကွင်းညိုကြီးကို ကြည့်ကာ ချွန်းမြောင် လန့်သွားသည်က အမှန်ပင်။ ကြမ်းပြင်ပေါ်တွင် စာရွက်များကလည်း ပြန့်ကျဲနေပြီး အကြီးအကျယ် အဖြေထုတ်ထားကြသည်က အသိသာကြီးပင်။
“ဟင့်အင်း….အဲ့တာကြီးက ဘယ်လိုမှ မဖြစ်နိုင်ဘူး…မလုပ်နိုင်ဘူး…”
ရူးများ သွားတော့တာလား…
လက်တဖက်ကလည်း စာရွက်ပေါ်တွင် တစ်စုံတစ်ခုကို ရေးနေလေပြီး နှုတ်မှလည်း တတွက်တွက် ရေရွတ်ကာ နေလေသည်။ ထို့ပြင် လက်မတစ်ဖက်ကိုလည်း ဆက်တိုက် ကိုက်ကာ တုန်လှုပ်နေသလိုပင်။
“ဒီလိုကြီး မဖြစ်သင့်ဘူး…ဒီလောက်ကြိုးစားနေတာ ..တစ်ခုခုတော့ ထွက်လာသင့်တယ်”
ချွန်းမြောင်က အသိလွတ်သူသဖွယ်ဖြစ်နေသော ဘတ်ချုန်းကို မျက်နှာလွဲလိုက်ပြီး အခြားတစ်ဖက်သို့ ကြည့်လိုက်လေသည်။
တုတ်…တုတ်…တုတ်…
အသံလာရာသို့ ကြည့်လိုက်လတော့ ဂျိုဂုက စားပွဲဘေးတွင်ထိုင်ကာ စားပွဲနှင့်နဖူးကို ထိုင်ဆောင့်နေလေသည်။
“ငါက အမှိုက်…အမှိုက်..အမှိုက်…ငါက အမှိုက်ပဲ…သုံးစားမရတဲ့အမှိုက်ပဲ”
“…”
ယွန်းဂျွန်ကမူ မြေပုံကို ငူငူကြီးကြည့်ကာ သူ၏ဆံပင်ကို ဆွဲဆောင့်နေလေသည်။ တချို့ဆံပင်များပင် ကျွတ်ကာကျနေပြီ ဖြစ်လေသည်။ ယုရီဆိုးကမူ ခပ်လှမ်းလှမ်းတွင် စိတ်ဓတ်ကျသော မျက်နှာနှင့် ထိုင်နေလေပြီး သူမ၏ မျက်ကွင်းသည်လည်း အညိုစွဲနေပြီ ဖြစ်လေသည်။
“အကိုကြီးတို့ ဘာဖြစ်နေကြတာလဲ…ဘာလုပ်နေကြတာလဲ”
ချွန်းမြောင်က ထူးဆန်းလွန်းသော မြင်ကွင်းကြောင့် မခံစားနိုင်တော့ဘဲ ထကာမေးလိုက်လေသည့်အခါမှ လေးယောက်သားက တချိန်တည်းမှာပင် သူ့အားလှည့်ကြည့်လာပြီး သက်ပြင်းရှည်ကြီးများ ချလိုက်လေသည်။
“အကိုကြီးတို့ အဖြေမထုတ်နိုင်ကြဘူးလား”
“အဖြေမထုတ်နိုင်ရုံ မကဘူး”
ဘတ်ချုန်းက တုန်လှုပ်နေသောအသံနှင့် ပြောလာလေသည်။ လက်မကိုမူ ဆက်ကာကိုက်နေဆဲပင်။
“ငါက ဘယ်လိုမေးခွန်းကိုမဆို ဖြေရှင်းနိုင်တဲ့ သူတစ်ယောက်ပါ..မရေတွက်နိုင်တဲ့ ပုစ္ဆာတွေလည်း ဖြေရှင်းခဲ့ဖူးတယ်…ဒါပေမယ့် ဒီတကြိမ်တော့ မရတော့ဘူး….ငါ အဖြေ မထုတ်နိုင်ဘူး…”
“အဲ့လိုလား”
ဘတ်ချုန်းက ခေါင်းငြိမ့်ပြလေသည်။
“ဒါကို ဖြေရှင်းနိုင်တဲ့ ဉာဏ်ကြီးရှင်ဆိုတာလည်း ရှိမှာ မဟုတ်လောက်ဘူး…
ငါတို့ဒါကို အဖြေထုတ်ဖို့ လောကမှာဉာဏ်အကောင်းဆုံးဆိုတဲ့သူကို ရှာရမယ်လို့ ငါပြောရဲတယ်”
“ဝူတန်ဂိုဏ်းက အဖြေရှာနိုင်တယ်နော်”
“တကယ်ကြီးလေ”
“…”
“….”
ဘတ်ချုန်း ချောင်းပင်သီးလာလေတော့သည်။
“ဝူတန်ဂိုဏ်းမှာက တအားကိုတော်တဲ့ ဉာဏ်ကြီးရှင်ရှိတာပဲ ဖြစ်ရမယ်”
“ဘယ်သူက ပြောတာလဲ…တချို့ဟာတွေကို နည်းပြတွေပဲ အဖြေထုတ်သွားကြတာ…လူအင်အားနဲ့ နည်းနည်းချင်းစီ ဖြေရှင်းလိုက်တော့ အဖြေထွက်လာတာပေါ့”
“ဪ”
ချွန်းမြောင် ခေါင်းကိုခါလိုက်လေသည်။ အားလုံးက မျက်ကွင်းညိုကြီးများနှင့်ပင်။ ကြိုးစားထားကြသည်က အသိသာကြီးပင်။သို့သော်လည်း အဖြေကမူ ထွက်မလာသေးပေ.။ အဖြေမထွက်သည်ကို အကိုကြီးများအား အပြစ်တင်နေ၍လည်း မရပေ။
ငါတို့ မဖြေရှင်းတတ်တဲ့ပုံစံမျိုးများလား…
“ဘယ်လိုပဲဖြစ်ဖြစ်…ကျွန်တော်တို့ သေချာကြိုးစားကြည့်ရင်တော့ ဝူတန်ဂိုဏ်းလို ဒါကိုဖြေရှင်းသွားနိုင်မယ် ထင်တယ်…ဒါက ကျွန်တော်တို့ လုပ်နိုင်တာထက်လည်း ပိုနေတယ်ဆိုတော့ ဒီလိုအရာတွေကို ပညာရှင်ကျကျလေ့လာထားတဲ့သူ လိုအပ်မယ်”
“ဘာကို လေ့လာတာ..”
“ချီ အသုံးပြုပုံ၊ နည်းပညာတွေနဲ့ လုပ်ဆောင်ချက်တွေကို နားလည်တဲ့သူလေ”
“ဟမ်….ဘယ်သူက အဲ့လိုမျိုးတွေကို လေ့လာလို့လဲ”
“ဟုတ်ပြီ….အဲ့လိုမျိုးလူကို ငါတို့ ဒီလောက်အမြန်နဲ့ ဘယ်လိုရှာမှာလဲ”
“ဒီမှာလား”
“….”
ဘတ်ချုန်းက ခေါင်းကိုလှည့်ကာ ပြတင်းပေါက်မှ အပြင်သို့ ကြည့်လိုက်လေသည်။
ဤနေရာက နန်ယောင် ဖြစ်လေသည်။ ဟွာကျေးရွာကဲ့သို့ သူတို့ကျွမ်းကျင်သော နယ်မြေမဟုတ်ပေ။ ထိုသို့ ကျွမ်းကျင်သူကို မည်သို့ရှာရမည် သူတို့မသိကြလေပေ။ ကောက်ရိုးပုံထဲတွင် အပ်ပျောက်ရှာသကဲ့သို့ပင် ဖြစ်လိမ့်မည်။
“အခုကစပြီး မြို့ထဲထွက်ပြီး နီးတဲ့မြို့ကိုသွားပြီး ဒါကိုဖြေရှင်းနိုင်မယ့်သူ ရှာတာမကောင်းဘူးလား”
“အခုလား…မဖြစ်နိုင်ဘူး”
ချွန်းမြောင်က ခေါင်းကိုခါကာ ပြောလိုက်လေသည်။ ယွန်းဂျွန်၏ အဆိုပြုမှုက မဖြစ်နိုင်ပေ။ ချွန်းမြောင်သည်လည်း ခေါင်းမီးတောက်နေပြီ ဖြစ်သည်။
“ခဏနေတာနဲ့ ဝူတန်က လူတွေက အမဲလိုက်ခွေးတွေလို အုပ်လိုက်ကြီး ရောက်ချလာတော့မှာ… နောက်တစ်မြို့ကိုသွားပြီး လူရှာဖို့ဆိုတာ မဖြစ်နိုင်တဲ့ကိစ္စပဲ”
‘…”
ဘတ်ချုန်းတို့သည်လည်း အကြပ်ရိုက်ကာ မွန်းကြပ်လာကြပြီ ဖြစ်လေသည်။
မြေပုံအား မဖြေရှင်းနိုင်ခြင်းကြောင့် ကိုယ့်ကိုယ်ကိုယ်လည်း ဒေါသထွက်လာရလေသည်။ ချွန်းမြောင်ကမူ သူပင် မဖြေရှင်းနိုင်၍ အကိုကြီးများလက်သို့ အပ်လိုက်သည်မို့ သူ၏နည်းပြနှင့် ဆရာတူအကိုကြီးများ အဖြေမထုတ်နိုင်သည်ကို အပြစ်မပြောပေ။ သူ တခြားနည်းလမ်းတစ်မျိုး ပြောင်းကာစဉ်းစားလိုက်လေသည်။
ဘတ်ချုန်းကမူ ချွန်းမြောင်၏ အရောင်ပြောင်းလာသော မျက်လုံးများကြောင့် ထိတ်လန့်လာပြီ ဖြစ်လေသည်။ ချွန်းမြောင်၏ မျက်နှာကို ကြည့်ရုံနှင့် သူထပ်ကာ ကြံစည်နေသောအရာကို မသိနိုင်ပေ။
“ငါတို့ တခြားနည်းလမ်းတော့ ရှိဦးမှာပါ”
“တခြားနည်းလမ်းလား…အဟင်း”
ချွန်းမြောင်က ထူးထူးဆန်းဆန်းပင် ပြုံးလိုက်လေပြီး သူ၏ မကောင်းဆိုးဝါးဆန်ဆန် အပြုံးကို တွေ့သောအခါတွင်မူ အားလုံးက ကျောချမ်းသွားကြလေသည်။
“မင်း ဘာလုပ်မလို့ ကြံနေတာလဲ”
“ကျွန်တော် ဒါကြီးကို ဖြေရှင်းလိုက်တော့မယ်”
ချွန်းမြောင်က လက်လှမ်းလိုက်သည်မို့ ယွန်းဂျွန်က မြေပုံကို အလျင်အမြန်ပင် ကောက်ကာ ချွန်းမြောင်အား ပေးလိုက်လေသည်။
“ဒါက အစစ်လား”
“အစစ်နဲ့တော့ တူပါတယ်…ကြည့်ရတာလည်း ခက်တယ်…နားလည်း မလည်လွယ်ဘူး…ဒါကို ဖြေရှင်းဖို့ အချိန်လည်း လိုဦးမှာ…ဒါပေမယ့် အခုက အချိန်မရဘူး”
‘ဆိုတော့ ဒီမြေပုံက အစစ်နော်…သေချာတယ်နော်”
ချွန်းမြောင်က မြေပုံကို သေချာကြည့်လိုက်လေသည်။
“ဒါဆို ဒီမြေပုံကို သေချာပေါက် ဝူတန်က ကောင်တွေက အဖြေထုတ်တတ်မှာပဲ”
“…”
“ကောင်းပြီလေ…ငါတို့က အဖြေမထုတ်နိုင်တော့ ဓါးသင်္ချိုင်းက နန်ယောင်ရဲ့ ဘယ်နားမှာဆိုတာ မသိဘူးပေါ့…ဝူတန်က ကောင်တွေကတော့ ဝူတန်ကို ပြန်ရောက်တာနဲ့ ဒီကိုချက်ချင်းပြန်လာကြမှာ သေချာတယ်…ဒါပေမယ့် လမ်းမှာ သူတို့ သွားချိန်လာချိန်တော့ ကြာဦးမှာပဲ….ဟုတ်တယ်မို့လား”
“သူတို့ ပြန်လာမှ သူတို့နောက်က ခိုးလိုက်ပြီး ဝူတန်ဂိုဏ်းကကောင်တွေ သွားတဲ့နေရာကို ကြည့်ပြီး အချက်အလက်တွေ စုကြမလား…”
ဝူတန်ဂိုဏ်းနှင့် ဆေးလုံးများ…
ဤသည်က ချွန်းမြောင်အကြောက်ဆုံးသော ပေါင်းစည်းမှုပင်။ ဝူတန်ဂိုဏ်းမှလူများ ဆေးလုံးကို ရသွား၍ မဖြစ်ပေ။ မုဂျင်ကိုကြည့်ရုံနှင့်ပင် သိသာလေသည်။ မုဂျင်သည်သာ ဆေးလုံးအားစားပြီး ခွန်အားများတိုးလာမည်ဆိုပါက ချွန်းမြောင်မှလွဲ၍ ဟွာဆန်းမှ လူများအားလုံးကိုပင် အနိုင်ယူသွားနိုင်လေသည်။ ဝူတန်ဂိုဏ်းမှ လူများ ဆေးလုံးကို ရရန်ဆိုသည်က မဖြစ်သင့်ပေ။
“အင်း’
ချွန်းမြောင် သက်ပြင်းရှည်ကြီးချရင်း စဉ်းစားလိုက်လေသည်။
ငါ ဘာလုပ်ရမလဲ….
ယွန်းဂျွန်ကမူ အတွေးများနေသောချွန်းမြောင်ကိုကြည့်ကာ လေသံတိုးလေးနှင့် ပြောလာလေသည်။
“ချွန်းမြောင်”
“အင်း”
“ငါတို့ ဒါကြီးကို မလုပ်နိုင်ကြဘူး…ဝူတန်ကောင်တွေကိုလည်း တကယ်တိုက်ရင် ငါတို့ နိုင်မှာမဟုတ်ဘူး….နိုင်နိုင်လောက်လို့လား”
“….”
“ဒါကို လက်လျော့လိုက်ကြရအောင်ပါ”
“ဆရာတူအကိုကြီး…ဘယ်လိုပြောလိုက်တာလဲ”
“အာ…လက်လျော့ဖို့”
“ဟင့်အင်း….အဲ့တာ မတိုင်ခင်တော့ လက်မလျော့နိုင်ဘူး”
“ကျွန်တော်တို့လေးပဲနဲ့ ဝူတန်ကကောင်တွေကို မရှင်းနိုင်ဘူးဆိုတာ ဟုတ်တယ်”
“ဟုတ်တယ်..ကျွန်တော်တို့ မရှင်းနိုင်ဘူး”
ချွန်းမြောင်၏ မျက်နှာထက်တွင် ထူးထူးဆန်းဆန်း အပြုံးကြီးက ပေါ်လာလေသည်။
“ဒါပေမယ့် ဘယ်သူက ကျွန်တော်တို့ပဲလို့ ပြောလဲ”
“ဟမ်”
“လှည့်ကွက်လေးတစ်ခုလောက် လုပ်လိုက်ကြရအောင်”
ယွန်းဂျွန်နှင့် ဂျိုဂုက ချွန်းမြောင်ပြောသည်ကို နားမလည်၍ ဇဝေဇဝါ ဖြစ်သွားလေသည်။
သူ ဘာတွေ လုပ်ဖို့ ကြံစည်နေပြန်တာလဲ…
“ဟုတ်တယ်..ကျွန်တော်တို့ ဝူတန်ဂိုဏ်းကို မရင်ဆိုင်ဘူး…သိတဲ့အတိုင်း ကျွန်တော်က မုဂျင်ကို ကောင်းကောင်းရိုက်ခဲ့တာဆိုတော့ သူတို့က တအုပ်တမကြီး ပြန်လွှတ်မှာပဲ”
“အင်း”
“အဲ့တော့ လှည့်ကွက်လေးတွေ နည်းနည်းလုပ်တာက ပိုပြီးတော့ အဆင်ပြေမယ်”
“ဘယ်လိုမျိုးလဲ”
“ကျွန်တော်တို့ ဒီမှာ ဓါးသင်္ချိုင်းရှိပါတယ်ဆိုတဲ့ သတင်းလွှင့်ရမယ်”
“….”
ဘတ်ချုန်း ချွန်းမြောင်၏စကားကြောင့် အံဩတကြီး ကြည့်လာလေသည်။
သူက ရူးသွားတာလား…
ဓါးသင်္ချိုင်း၏ တည်ရှိမှုဆိုသည်က အဖိုးဖြတ်၍ မရသောအရာပင်။ ထိုသတင်းသာ ပြန့်သွားပါက ဂိုဏ်းတိုင်းက လာလု၍ သွေးချောင်းစီးမည်က အမှန်ပင်ဖြစ်လေသည်။ ဤသည်ကို သိသိကြီးနှင့်ပင် သတင်းလွှင့်ရန် ပြောနေလေသည်။
“ဒါက…”
“နေဦး..”
ယွန်းဂျွန်ကလည်း ချွန်းမြောင်၏ အကြံကို မေးခွန်းထုတ်ရန်အပြင်မှာပင် ဘတ်ချုန်းကို လက်ကိုဆွဲကာ တားလိုက်လေသည်။
“ကြားရတာတော့ ထူးဆန်းနေသလိုဖြစ်နေပေမယ့် ငါလည်း တွေးကြည့်နေတာ… အဲ့လိုလုပ်တာ ကောင်းမယ်ထင်တယ်…..ဝူတန်က တကယ်လာခဲ့ရင် ငါတို့က တားဆီးနိုင်မှာ မဟုတ်ဘူး…ဒါပေမယ့် ဂိုဏ်းတွေအကုန်လုံးပေါင်းပြီး တားမယ်ဆိုရင်ကျ ဖြစ်လာနိုင်တယ်…”
“သူတို့ကို တားဖို့ အကုန်လုံးကို ခေါ်မှာလား”
“ဟုတ်တယ်”
ယွန်းဂျွန်က မျက်မှောင်ကြုတ်ကာ ပြောလာလေသည်။
“အဲ့လို လုပ်မှဖြစ်မယ်ဆိုရင် တကယ်လို့ လုပ်လိုက်ရင်ရော အကောင်းဆုံးရလဒ် ထွက်လာပါ့မလား..ဝူတန်ဂိုဏ်းတစ်ဂိုဏ်းထဲကိုတောင် မတားနိုင်တာ ဂိုဏ်းအားလုံးဆို ပိုမဆိုးသွားဘူးလား”
ယွန်းဂျွန်က ချွန်းမြောင်ကို ကြည့်လိုက်လေသည်။
“ဆိုးဆိုးဝါးဝါးတွေ ဖြစ်လေ ဂိုဏ်းတွေက ပိုကြိုက်ကြလေပဲလေ….မဟုတ်ဘူးလား”
ဘတ်ချုန်းကမူ ချွန်းမြောင်၏အပြောကြောင့် ရင်မောသွားလေ၏။
ရူးရူးနှမ်းနှမ်းတွေတော့ လုပ်တော့မှာ သေချာနေပြီ…
ရူးချင်စရာတွေ ဖြစ်လာတော့မှာပဲ….
ဘတ်ချုန်း၏ ခေါင်းထဲတွင် အချက်ပေးခေါင်းလောင်းများက မြည်နေပြီး ချွန်းမြောင်ကို လှမ်းကြည့်ကာ မေးလိုက်လေသည်။
“ဒါဆို မင်းက သတင်းကို ဘယ်လိုဖြန့်မှာလဲ…ငါတို့တွေ ဟိုဟိုဒီဒီသွားပြီး ဓါးသင်္ချိုင်းအကြောင်းကို ပြောကြမှာလား”
“လူတွေကရော ငါတို့ပြောတာကို ယုံကြပါ့မလား”
“အဲ့လိုဆိုရင်ရော ငါတို့အချိန်လောက်မလား…”
ချွန်းမြောင်က ခေါင်းကိုခါကာ ရယ်လိုက်လေသည်။
“ကျွန်တော်တို့ ဘယ်လောက်ပြောပြော လူတွေက ယုံကြမှာမဟုတ်ဘူး….ကျွန်တော်တို့ လုပ်သင့်တာက လူတိုင်းယုံမယ့်သူတစ်ယောက်ကို ဒီသတင်းပေးလိုက်တာပဲ”
“ဘယ်သူလဲ”
ချွန်းမြောင်က ပြုံးလိုက်လေသည်။
“ဘယ်သူ မဟုတ်ဘူး…ဘယ်နေရာလဲ လို့မေး”
ချွန်းမြောင်က အပြုံးကြီးပြုံးလျက် ဘတ်ချုန်းသို့ဘက်သို့ လှည့်လာလေသည်.
“အားလုံးနားလိုက်ကြပါဦး…ကျွန်တော် ပြန်လာခဲ့မယ်”
“မင်း ဘယ်ကိုသွားမှာလဲ”
ချွန်းမြောင်က ဘတ်ချုန်းတို့အား ပြန်မကြည့်ဘဲ ဖြေလိုက်လေသည်။
“လိုယောင်”
အပိုင်း(၁၄၁)
မင်းနဲ့ငါ အတူအလုပ်လုပ်ကြရအောင်(၁)
"ဟင်း..."
ဂျင်ဟဲယွန်သည် သူနှင့်မလှမ်းမကမ်းတွင်ထိုင်နေသောသူကို ကြည့်လိုက်သည်နှင့် တုန်ယင်နေလေသည်။ထိုသူသည် ဆံပင်တို့ကို ပိပြားစွာ ဖြီးသိမ်းထားပြီး တချက်ကြည့်ရုံနှင့်ပင် သေသပ်နေသည်ကို တွေ့ရသည်။
မျက်နှာက အနည်းငယ်နူးညံ့သော်လည်း အမည်းရောင် နှုတ်ခမ်းမွှေးရှည်ကြီးများကြောင့် ရင့်နေသယောင် ထင်ရလေသည်။ ဤသူသည်က တာအိုကျင်ကြံ့သူတစ်ယောက်၏ အသွင်အပြင်ကို ရှင်းရှင်းလင်းလင်း ပြသနေပြီး ထိုသူသည်က ဝူတန်ဂိုဏ်း၏ ဂိုဏ်းချုပ် ခေါင်းဆောင် ဒိုဂျင်အင် ပင် ဖြစ်လေတော့သည်။
သူသည်က အတွေးများနေပုံရကာ မျက်လုံးများကို တင်းတင်းကြပ်ကြပ် မှိတ်ထားလေပြီးမှ ဖြေးညင်းစွာ ဖွင့်လာလေသည်။
"ဆိုတော့ မုဂျင်ကပါ ရှူံးခဲ့တာလို့ ပြောချင်တာလား"
"ဟုတ်ပါတယ်...ဂိုဏ်းချုပ်"
"ရှုံးတာကလည်း ဟွာဆန်းက တတိယတန်းကလေးတစ်ယောက်ဆီမှာပေါ့"
"ဟုတ်ပါတယ်"
"အင်း"
ဂိုဏ်းချုပ်၏မျက်နှာကိုကြည့်ရုံနှင့် တွေးနေသည့်အရာများကို ဂျင်ဟဲယွန် မတွေးတတ်ပေ။
"ဟွာဆန်းရဲ့ တက်သစ်စနဂါး ...သတင်းတွေက ဒီလိုဆိုရင်တော့ မှန်နေပြီပေါ့...တောင်ဘက်အစွန်အဖျားဂိုဏ်းရဲ့ ဒုတိယတန်းတပည့်တွေကသာ ကိုင်တွယ်နိုင်ခဲ့ရင် သူဒီလောက် သန်မာလာမှာ မဟုတ်ဘူး"
ဂျင်ဟဲယွန် နှုတ်ခမ်းကိုင်လိုက်လေသည်။ သူတို့ ဝူတန်သည်လည်း ယခုတွင်မူ တောင်ဘက်အစွန်အဖျားဂိုဏ်းနှင့် မကွာခြားတော့ပေ။ သူတို့သည်လည်း အရှုံးကြီးရှုံးလာခဲ့သည်ပင်။
"မုဂျင်က အခု ဘယ်မှာလဲ"
"နည်းပြ ဒဏ်ရာအပြင်းအထန် ရထားလို့ ဆေးကုသမှု ခံယူနေရပါတယ်"
"ဒဏ်ရာအပြင်းအထန် ရတယ်"
ဂိုဏ်းချုပ်က ခေါင်းကို ငြိမ့်လိုက်လေသည်။
"ဂျင်ဟဲယွန်"
"ဟုတ်ကဲ့....ဂိုဏ်းချုပ်"
"ဘယ်လိုဖြစ်ခဲ့တာလဲဆိုတာ မင်းသိလား"
"ဒီတပည့်က ညံ့ဖျင်းလို့ ဒီလိုတွေ ဖြစ်ရတာပါ"
"မဟုတ်ဘူး..""
ဂိုဏ်းချုပ်၏စကားကြောင့် နားမလည်ဖြစ်နေသော ဂျင်ဟဲယွန်ကို ဂျင်ဒိုအင် က ရှင်းပြလေ၏။
"ဒီလိုဖြစ်ရတာက ဝူတန်ဂိုဏ်းရဲ့ သိုင်းပညာသင်ကြားမှု ပုံစံကြောင့်ပဲ...လူတစ်ယောက်က သိုင်းပညာတစ်မျိုးထက် ပိုသင်ရပြီး ပိုသင်လေ ပိုသန်မာလာလေပဲ..ရှေ့ရောက်လေလေ ပိုသိသာတာလေလေ...ပြတော့မှ အချိန်နဲ့အမျှ အင်အားကြီးမားလာတာ"
"ဟုတ်ကဲ့"
"ပြီးတော့ လုံလောက်တဲ့အင်အားမရှိဘဲနဲ့ ဓါးသိုင်းတစ်ခုကို တတ်မြောက်ဖို့ဆိုတာကလည်း မလွယ်ဘူး..
ငါ အာမခံရဲတယ်....မုဂျင်က ဝူတန်ကလူမဟုတ်ဘဲ တခြားဂိုဏ်းက လူသာဆိုရင် သူအခုလိုရှုံးမှာ မဟုတ်ဘူး"
ဂျင်ဟဲယွန် ထိုစကားကြောင့် ဦးညွတ်ကာအရိုအသေပေးလိုက်ပြန်သည်။ ထိုစကားအား လက်ခံချင်သည်မဟုတ်သော်လည်းဂိုဏ်းချုပ်က ပြောနေသည်မို့ မမှားနိုင်ဟုလည်း ထင်လေသည်။
"ဂျင်ဟဲယွန် ငါပြောတာ နားလည်ရဲ့လား..."
"ဒီဂိုဏ်းသား နားလည်ပါတယ်"
"အဲ့တာကြောင့်ပဲ ငါတို့က ယာ့ဆွန်းရဲ့ ဆေးညွှန်းကိုလိုတာ"
"အာ"
ဂျင်ဟဲယွန် ခေါင်းကိုငြိမ့်လိုက်လေသည်။
ဤသည်က ဝူတန်သာ ဓါးသင်္ချိုင်းကို တွေ့ခဲ့ပါက ထိုသို့ဖြစ်လာမည်မဟုတ်။ ယာ့ဆွန်း၏ ဆေးညွှန်းများသည် သူတို့၏ အားနည်းချက်ကို ဖြည့်ဆည်းပေးမည့်အရာဟု သွယ်ဝိုက်ကာ ပြောဆိုလိုက်ခြင်းပင်။
"ကျွန်တော်တောင်းပန်ပါတယ်...ဂိုဏ်းချုပ်"
"ဒါက မင်းအမှားမဟုတ်ပါဘူး"
"ငါက ဟွာဆန်းရဲ့ တက်သစ်စနဂါး ကိုယ်တိုင် လာမယ်လို့ ခန့်မှန်းမိပြီးသားပါ...ငါက သူ မုဂျင်ကိုတောင်
တိုက်ခိုက်နိုင်တဲ့အထိ အင်အားကောင်းတယ်လို့ မထင်ထားခဲ့မိဘူး...သူ ကိုင်တွယ်နိုင်မယ်လို့ပဲ ထင်ထားခဲ့တာ....ပြောရရင်တော့ ငါ့အယူအဆ မှားတာလဲ ပါပါတယ်"
"ကျွန်တော် တောင်းပန်ပါတယ်"
ဂျင်ဟဲယွန် ပြောနိုင်သည်က တောင်းပန်စကား တစ်ခုပင်။
"ဆိုတော့ သူကရော ဘယ်လိုနေလဲ..ဟွာဆန်းရဲ့ နဂါးဆိုတဲ့တစ်ယောက်လေ"
"…"
ဂျင်ဟဲယွန် မေးခွန်းကြောင့် အံကြိတ်လိုက်လေသည်။
ထို ရက်စက်ကြမ်းကြုတ်လှသူအကြောင်းကို ပြည့်စုံအောင် မည်သို့သောစကားနှင့် ဖော်ပြရမည် မသိတော့ပေ။ပြောချင်သောအရာများက ရင်တွင်းတင် ပြည့်နှက်နေသော်လည်း နှုတ်မှ ထွက်မလာပေ။ အဆုံးသတ်တွင်မူ စကားတစ်လုံးသာ ထွက်လာလေသည်။
"သူက သူက..မကောင်းဆိုးဝါးပါ"
ဒိုဂျင်အင်၏ မျက်လုံးများ မှိုင်းပြသွားလေတော့သည်။
"တခြား ဟွာဆန်းဂိုဏ်းသားတွေလည်း သန်မာကြပါတယ်...ပြောရမှာတော့ ရှက်ပေမယ့် ကျွန်တော် သူတို့ကို မနိုင်ခဲ့ပါဘူး...ဒါပေမယ့် ဟွာဆန်းရဲ့နဂါးကတော့ သူတို့နဲ့ယှဉ်ရင်တောင် မတူတဲ့ အဆင့်တစ်ခုမှာ ရှိပါတယ်...တခြားသူတွေ သန်မာတာက သိပ်ကွာခြားမှုမကြီးပေမယ့် နဂါးနဲ့ကျွန်တော်တို့ကတော့ ယှဉ်မရအောင် ကွာခြားလွန်းပါတယ်"
"အင်း"
ဒိုဂျင်အာ သက်ပြင်းချလိုက်လေသည်။
ဒါက အလုပ်ရော ဖြစ်ပါ့မလား...
မုဂျင် တိုက်ခိုက်ခံရသည်နှင့် ဂျင်ဟဲယွန်၏ စကားများအရ ထိုကလေး၏အင်အားကို သာမန်မဟုတ်သည်ကို ခန့်မှန်း၍ ရလေသည်။
ဂျင်ဟဲယွန်က မုဂျင် သူ့အရွယ်တုန်းက သန်မာတာထက်တောင် ပိုပြီးသန်မာတာကို...
ဒီလိုကလေးကတောင် ချွန်းမြောင်နဲ့သူ့ကြားမှာ ကွာခြားချက်က ကြီးလွန်းတယ်လို့ ထင်နေတာလား..
ဒီလိုဆိုရင်တောင် ငါတို့ဝူတန်ရဲ့ အနာဂတ်မျိုးဆက်တွေက ဟွာဆန်းကလူတွေ နင်းခြေတာကို ခံရတော့မှာပဲ...
ဤသည်က မချင့်မရဲဖြစ်စရာပင်။
"ဂျင်ဟဲယွန်"
"ဟုတ်ကဲ့...ဂိုဏ်းချုပ်"
"မင်း နောက်တစ်ခေါက် ကြိုးစားကြည့်ချင်လား"
ထိုစကားကြောင့် ဂျင်ဟဲယွန် ခေါင်းမော့ကာ ဂိုဏ်းချုပ်ကို ကြည့်လိုက်လေသည်။
"ဒီဂိုဏ်းသားမှာ အခွင့်အရေးရှိပါသလား"
"မင်းအမှားလုပ်ခဲ့တယ်လေ...""
"…"
"ဒါကြောင့်...ငါက မင်းကိုအမှားကို ပြန်အဖတ်ဆယ်ဖို့ အခွင့်အရေးပေးတဲ့ သဘောပဲ...နန်ယောင်ကို သွားဖို့ ပြင်ဆင်မှုတွေ လုပ်နေကြတာက ပြီးသွားပြီ...ဒီတစ်ခါ အကြီးအကဲတွေက တိုက်ရိုက်သွားလိမ့်မယ်..မင်းလည်း အဆင်သင့်ဖြစ်တာနဲ့ နန်ယောင်ကို လိုက်သွားပြီး ဓါးသင်္ချိုင်းကို ဖော်ခဲ့"
"ဒီတပည့်က အောင်ပွဲနဲ့အတူ ပြန်လာခဲ့ပါ့မယ်"
"ငါပြောလို့ မပြီးသေးဘူး"
ဒိုဂျင်အင်က ဆက်ကာပြောလာသည်မို့ ဂျင်ဟဲယွန်က နှုတ်ဆိတ်ကာ နားထောင်လိုက်လေသည်။
"ဟွားဆန်းရဲ့နဂါးဆိုတဲ့တစ်ယောက်က သူသာမြေပုံကို မဖော်နိုင်ရင် အရှုပ်ထုတ်တွေ လုပ်မှာပဲ...အဲ့လိုမဟုတ်ဘဲ ဉာဏ်ရှိရင်တော့ သူ ငါတို့ကို တောင်အောက်ကနေပဲ စောင့်နေလိမ့်မယ်"
"ဟုတ်"
"တကယ်လို့ ဓါးသင်္ချိုင်းကသာ ငါထင်ထားသလိုဖြစ်ခဲ့မယ်ဆိုရင် ငါတို့ဝူတန်ဂိုဏ်းကလွဲပြီး ဘယ်သူမှသိလို့ မဖြစ်ဘူး...ဝူတန်ကအရာတွေကို အပြင်လူသိလို့မဖြစ်ဘူး"
ဂျင်ဟဲယွန် မျက်လုံးပြူးသွားလေသည်။
ဤသည်က ဖြစ်နိုင်စရာ မရှိပေ။
" မင်း ငါပြောချင်တာကို နားလည်မယ်လို့ မျှော်လင့်တယ်...မင်းလုပ်ခဲ့တဲ့အမှားကို မင်းပြန်ပြင်နိုင်လို့လဲ မျော်လင့်ပါတယ်"
ဂျင်ဟဲယွန် လက်သီးကို ဆုပ်လိုက်လေသည်။
"ဒီတပည့်က..."
ဒိုဂျင်အာက အေးစက်ကာပေါ့ပါးသော လေသံလေးနှင့် ဆက်ကာပြောလာလေသည်။
"တာဝန်ကို အောင်မြင်အောင် ဆောင်ရွက်ပြီးမှ ပြန်လာမယ် မို့လား"
လိုယောင်........
လိုယောင် သူတောင်းစားအဖွဲ့အစည်း၏ ခေါင်းဆောင်ဖြစ်သူ ဟုန်ဒယ်ဂွမ် က စားပွဲပေါ်သို့ ခြေထောက်ကို စားပွဲပေါ်သို့တင်ကာ သန်းဝေလိုက်လေသည်။
"ဟားဟားဟား"
သူ၏ပါးစပ်ကို ညစ်ပတ်သောအင်္ကျီလက်နှင့် သုတ်လိုက်လေပြီး မှေးကျဉ်းနေသော မျက်လုံးများနှင့် စားပွဲပေါ်ရှိ အစီရင်ခံစာများကို ကောက်ယူလိုက်လေသည်။
"ဒီရက်ပိုင်း စောင့်ကြည့်နေရတာတွေထဲမှာ ဘာမှစိတ်ဝင်စားစရာလည်း မရှိပါလား"
သိုင်းလောကကြီးတစ်ခုလုံးက ငြိမ်သက်နေသည်မို့ အားလုံးက ပကတိငြိမ်းချမ်းနေလေသည်။ထိုမျှ အရာအားလုံးက အလွယ်တကူ ဖြစ်နေသည်မို့ အနာဂတ်တွင်လည်း ထိုသို့သာဆက်သွားနေပါက သူပျင်းရိ၍ သေသွားနိုင်ပေသည်။
ဒါ ဒီဂိုဏ်းခွဲခေါင်းဆောင် နေရာကို မယူခဲ့သင့်တာကို
ဤရာထူးက လုပ်စရာ မယ်မယ်ရရလည်း မရှိပေ။
သိုင်းလောကဆိုသည်က ဆတ်ဆတ်ထိမခံသော နေရာဖြစ်လေပြီး သေးငယ်သောအရာလေးကပင် ပြဿနာကြီး ဖြစ်သွားတတ်သော လောကဖြစ်လေသည်။ သူ၏တာဝန်က ထိုသို့သောကိစ္စရပ်များကို ထောက်ပြကာ ကိုင်တွယ်ရခြင်း ဖြစ်လေသည်။
"ဘာလို့ ဘာမှ မဖြစ်တာလဲဟ.."
တစ်စုံတစ်ခုဖြစ်မှသာ သူ့တွင်အလုပ်ရှိမည် ဖြစ်၍ ဤမျှ ငြိမ်သက်နေသည်က အဆင်မပြေပေ။ အမှန်ပင် ပျင်းရိ၍ သေသွားနိုင်သည်။
"ကဲ...ကြည့်ရအောင်"
အစီရင်ခံစားများကိုဖတ်ကာ သတင်းအချက်အလက်များကို စုဆောင်းပြီး သူတောင်းစားဂိုဏ်းချုပ်ဆီသို့ သတင်းပို့ရမည်မို့ စတင်ကာ ဖတ်လိုက်လေ၏။
လိုယောင်မှ သူတောင်းစားများသည် အတောင်းထွက်ရင်းမှာပင် သူတို့မြင်၊ကြားသမျှကို မှတ်သားခဲ့ကြပြီး ကြုံတွေ့ရသည်များကို မှတ်တမ်းယူကာ အစီရင်ခံစာ တင်ရလေသည်။ ထိုအစီရင်ခံစာများထဲမှ အမှန်တကယ်လိုအပ်သောအချက်များကို ရွေးကာ ရုံးချုပ်သို့ ပြန်လည်တင်ပြရခြင်း ဖြစ်လေသည်။
"ကဲ ...ကြည့်ရအောင်...အစားအသောက်က ကောင်းပါတယ်..တည်းခိုခန်းပိုင်ရှင်က အားလုံးကိုလည်း လက်ခံတယ်...အဲ့တာကို ဘယ်လိုအဖြစ်ဆိုးကြောင့် တည်းခိုခန်းက ပျက်စီးဆုံးရှုံးသွားရတာလဲ"
ဟုန်ဒယ်ဂွမ် စာကိုလွှင့်ပစ်လိုက်လေသည်။
"လိုယောင်မှာ အရာရှိတစ်ယောက်နဲ့ ဂိုဏ်းသားတစ်ယောက် ရန်ဖြစ်ကြတာ အရာရှိက နိုင်သွားပါတယ်.ဒီကိစ္စကို အခုထိ အငြင်းပွားနေကြတုန်းပါပဲ"
နောက်တစ်ရွက် ထပ်ကာကြမ်းပြင်ပေါ်သို့ ပစ်ချခံလိုက်ရလေသည်။
"အောက်လမ်းထဲမှာနေတဲ့ အမချိုက လေးမွှာပူးလေး မွေးပါတယ်..သူတို့အားလုံးကလည်း ကျန်းကျန်းမာမာပါပဲ."
ဟုန်ဒယ်ဂွမ် စာရွက်များကို ပစ်ချလိုက်ပြီး ညည်းညူလိုက်လေသည်။
"အား...ဘာမှကို အရေးပါအရာရောက်တဲ့ သတင်းမရှိပါလား"
ညည်းညည်းညူညူနှင့်ပင် ဟုန်ဒယ်ဂွမ် နောက်စာတစ်လိပ်ကို ယူလိုက်ပြန်သည်။
"ဝူတန်ဂိုဏ်းသားတွေက ဟွာဆန်းဂိုဏ်းသားတွေကို နန်ယောင်မှာ ရှုံးသွားပါတယ်"
ထိုစာကြောင့် ဟုန်ဒယ်ဂွမ် ခွက်ထိုးခွက်လှန် ထရယ်လေတော့သည်။
"ဒီလို အဓိပ္ပါယ်မရှိတဲ့စာမျိုးကို ဘယ်ခွေးသားက ရေးပို့လိုက်တာလဲကွာ"
သူက စာကိုပစ်ချကာ နောက်တစ်စောင်ကို ယူလိုက်ပြန်သည်။
"နန်ယောင်မှာ ကြောက်မခန်းလိလိ အဖြစ်တွေဖြစ်နေပါတယ်...ဝူတန်ရဲ့ လေ့ကျင့်ရေးခန်းမနဲ့ ဟွာဆန်းရဲ့ လက်အောက်ခံဂိုဏ်းခွဲ ဟွာယုန်းတို့ ပြဿနာဖြစ်တာ
ပင်မဂိုဏ်းကြီးကလူတွေ လာရောက်ပြီး တိုက်ခိုက်ဖြေရှင်းကြပါတယ်....ဝူတန်ဂိုဏ်းကရှုံးပြီး ဟွာဆန်းက နိုင်သွားတာပါ"
ဟုန်ဒယ်ဂွမ် မရယ်နိုင်တော့ပေ။ထိုကိစ္စက အတည်ကြီးဖြစ်နေလေပြီ ဖြစ်သည်။
နေပါဦး...အဲ့သတင်းက အမှန်ပဲလား...
ဟုန်ဒယ်ဂွမ်က စိတ်ဝင်စားသွားလေပြီမို့ စောနကပင် အောက်သို့ပစ်ချထားသော စာကိုကောက်ယူကာ ပြန်ဖတ်လိုက်လေသည်။
စာ၏ခေါင်းစဉ်က ထိုသို့ပင်။
"ဟွာဆန်းရဲ့ ဒုတိယတန်းတပည့်က ဝူတန်ရဲ့ဒုတိယတန်းတပည့်ကို အနိုင်ယူလိုက်ပြီလား"
ဤသည်က မယုံကြည်နိုင်ဖွယ်ရာပင်။
သို့သော်လည်း ထိုသတင်းကို လူများစွာက ပုံစံအမျိုးမျိုးနှင့် ရေးပို့ထားကြလေ၏။
လူတွေ ဒီလောကိအများကြီးကတော့ လီဆယ်ပြီးပို့တာ မဖြစ်နိုင်တော့ဘူး..
ဒါဆို တကယ်ကြီး ဟွာဆန်းက ဝူတန်ကို အနိုင်ယူလိုက်တာပေါ့.. နန်ယောင်မှာ ဟွာယုန်းပဲ ကျန်ခဲ့ပြီး ဝူတန်လေ့ကျင့်ရေးခန်းမက ထွက်သွားရပြီပေါ့....
"အင်း"
ဟုန်ဒယ်ဂွမ် စတင်ကာ တွေးတောလေတော့သည်။
ပြန်တွေးကြည့်တော့လည်း ဒါက သိပ်တော့မထူးဆန်းပါဘူး...
ဟွာဆန်းက တောင်ဘက်အစွန်အဖျားဂိုဏ်းကိုလည်း အပြတ်အသတ်ကို နိုင်လိုက်တာပါပဲ..
ပြီးတော့ ရိုးရိုးကုပ်ကုပ်နေလို့ ဘာသတင်းမှ ထွက်မလာတာဘဲ ရှိတာကို...
ဖြစ်နိုင်ပါတယ်...
ဒါပေမယ့် အခုကျ ဝူတန်ကိုပါ အနိုင်ယူလိုက်ပြီ...
နှစ်ဂိုဏ်းလုံးကို အနိုင်ရနေမှတော့ ဒါက သာမန်တိုက်ဆိုင်တာ မဟုတ်တော့ဘူး...
ဟွာဆန်းက တကယ်အင်အားရှိလာပြီဆိုတဲ့ သဘောပဲ..
ဟွာဆန်းသည် အင်အားမရှိတော့ဘဲ ဂုဏ်သရေညိုနွမ်းသွားပြီဖြစ်၍ ဂိုဏ်းကြီးများ စာရင်းမှ ထုတ်ပယ်ခံလိုက်ရခြင်း ဖြစ်လေသည်။ ယခုတွင်မူ ပြန်လည်အင်အားရှိလာပြီဖြစ်၍ ဂိုဏ်းကြီးများထဲတွင် ပြန်လည်ပါဝင်လာနိုင်ပြီး ကျန်ဂိုဏ်းကြီးများကမူ မငြိမ်မသက် ဖြစ်ကြဦးမည်လားပင်...
အင်း...ဒီအရှုပ်တွေက ဘယ်အချိန်ကတည်းကများ စဖြစ်နေတာလဲ...
"ဟင်း...ငါအတွေးလွန်နေတာလည်း ဖြစ်ကောင်းဖြစ်"
ဟုန်ဒယ်ဂွမ်က အစီရင်ခံစာကို ဖတ်ရင်းနှင့်ပင် မျက်လုံးများ ပြူးလာလေတော့သည်။
"ဘာ...မုဂျင်...မုဂျင်က ရှုံးသွားလို့ ဝူတန်ဂိုဏ်းကို
ဂိုဏ်းသားတွေက ပြန်သယ်သွားရတယ်"
ဒါက ဘယ်လိုတောင် ချေးကြတဲ့သတင်းလဲ...
မုဂျင်ဆိုသည်က ဝူတန်၏ဓါးသုံးဖော်ထဲမှ တစ်ယောက်ဖြစ်လေပြီး သိုင်းပညာအဆင့်အတန်း မြင့်မားလှသူလည်း ဖြစ်လေသည်။ ဤသို့သော လူကပင် ရှုံးနိမ့်လေသတဲ့လား...
နန်ယောင်မှာ ဘာတွေဖြစ်နေပြီလဲဟ...
အခြေအနေများက ရှုပ်ထွေးနေပြီမို့ သူထိုအကြောင်းအရာကို စုံစမ်းရန် ဆုံးဖြတ်လိုက်လေတော့သည်။ ထိုအချိန်မှာပင် ဝင်ပေါက်ဝမှ သူ့လူများကအသံကို ခပ်ဆူဆူ ကြားလိုက်ရလေသည်။
တံခါးခေါက်သံကို ကြားလိုက်ရပြီး တံခါးအားဖွင့်လိုက်သည်နှင့် အမောတကော လာခဲ့ဟန်ရသော သူ့လူတစ်ယောက်က ပြောလေ၏။
"ဌာနခွဲခေါင်းဆောင် ...ခေါင်းဆောင် ထွက်လာပြီး ဘာဖြစ်နေလဲဆိုတာ ကြည့်သင့်တယ်လို့ ထင်ပါတယ်"
"ဟင်"
ဟုန်ဒယ်ဂွမ် ထိုသို့ပြောလာသူအား ကြည့်လိုက်လေသည်။
လိုက်လာပြီးတော့ ကြည့်ရမယ် ဟုတ်လား...
ဘယ်လိုသောက်ပြဿနာတွေ တက်နေတာမို့လို့ ငါ့ကိုလာကြည့်ခိုင်းနေရတာလဲ...
ဒီခေတ် သူတောင်းစားလေးတွေကတော့ အတော်စည်းပျက်ကမ်းပျက် ဖြစ်နေကြတာပဲ...
မည်သို့သောကိစ္စပေမို့ ဤတပည့်လေးက ဤမျှကြောက်လန့်နေသည်ကို မသိသော်လည်း သွားကြည့်ရန် ဝတ္တရားက ရှိသည်မို့ သက်ပြင်းသာချလိုက်လေတော့သသည်။
"မင်း အထဲကို ဝင်လို့မရဘူး"
"ရပ်စမ်း"
ဟင်
ဟုန်ဒယ်ဂွမ်က မြင်လိုက်ရသော မြင်ကွင်းကြောင့် ခေါင်းကိုပင်ပြန်ခါကာ ပြန်ကြည့်ယူလိုက်ရလေသည်။
ဒါက ဘာလဲ
"ဘာ သောက်ရှုပ်တွေ ဖြစ်နေကြတာလဲ"
ဟုန်ဒယ်ဂွမ် အော်လိုက်သည်နှင့် ထိုလူက သူ့ထံသို့ လျောက်လာလေသည်။ခြေသံတိုးတိုးနှင့်အတူ သူ့ရှေ့သို့ရောက်လာသော သူကို ကြည့်လိုက်လေသည်။
"အေ့"
ကျွတ်ထိုးလိုက်တာလား...
မဟုတ်ဘူး...ဒါက တမင်သက်သက် သူလုပ်လိုက်တာပါ။
သူ ကြောက်လို့ ကျွတ် ထိုးမိသွားတာ မဟုတ်ပါဘူး...
ဟုန်ဒယ်ဂွမ်နားသို့ ရောက်လာသူကမူ သူ့အားတချက်ကြည့်လိုက်ပြီး ဘေးဘီကိုဝေ့ကြည့်ကာ သူ့အား ပြန်ကြည့်လာလေသည်။
"မင်းက ဌာနခွဲခေါင်းဆောင်လား"
"…"
ဟုန်ဒယ်ဂွမ် ထိုစကားနှင့်ပင် ခြိမ်းခြောက်သကဲ့သို့ ခံစားရပြီး ပြန်ဖြေရန် အသံမထွက်လာပေ။ ခေါင်းသာငြိမ့်ပြလိုက်ရလေသည်။
"ဟုတ်..ဟုတ်ပါတယ်...ဘာကိစ္စ ရှိလို့ပါလဲ.""
ထိုလူက အထဲသို့လမ်းလျှောက်ဝင်လာပြီး ပြုံးပြကာပြောလာလေ၏။
"လုပ်ကိုလုပ်ရမယ့်ကိစ္စလေး ရှိလို့ လာခဲ့တာပါ"