အခန်း (၁၄၂-၁၄၄)
Vol. 10 Ch. 142-144
အပိုင်း(၁၄၂)
မင်းနဲ့ငါ အတူအလုပ်လုပ်ကြရအောင်(၂)
ဟုန်ဒယ်ဂွမ် ရှေ့တွင်ချထားသော လက်ဖက်ရည်ခွက်ကို ကြည့်နေလိုက်လေသည်။ဈေးပေါသော လက်ဖက်ရည်ကို ညစ်ပတ်သောခွက်နှင့် ဧည့်ခံထားသည်ကို ထိုလူက ပဓာနမထားဘဲ ခွက်ကိုကိုင်ကာ သောက်လိုက်လေသည်။
သူ့ကြညိ့ရတာ ဇီဇာကြောင်တတ်ပုံ မရဘူး....
ဟုန်ဒယ်ဂွမ်အနေနှင့် ဂိုဏ်းများစွာမှ လူပေါင်းများစွာနှင့် တွေ့ကြုံဖူးပြီး ဖြစ်သော်လည်း သူတို့ဂိုဏ်းမှ ဧည့်ခံသော လက်ဖက်ရည်ကိုသောက်သည့်သူ တစ်ယောက်ကိုမျှ မတွေ့ဖူးပေ။ ထိုလူက ပထမဆုံးပင်။
သူတောင်းစားဂိုဏ်းက ဧည့်ခံမှုကို အရေးလုပ်တဲ့သူကို မြင်ရတာ အတော်ထူးဆန်းတာပဲ....
မည်သို့ပင်ဖြစ်စေကာမူ ဟုန်ဒယ်ဂွမ်၏ ရှေ့တွင်ရှိနေသူသည် အရိပ်အကဲကို ကောင်းစွာသိပုံပေါ်ပြီး အခြေအနေကိုလည်း နားလည်လွယ်ပုံရလေသည်။
သို့သော်....
"ဆိုတော့"
ဟုန်ဒယ်ဂွမ်က သူ့ရှေ့တွင်ထိုင်နေသောသူအား အနည်းငယ် စူးစမ်းဟန်နှင့် ပြောလိုက်လေသည်။
"ဆိုတော့ မင်းက ဟွာဆန်းက တတိယတန်းတပည့်တစ်ယောက်ပေါ့ "
"ချွန်းမြောင်ပါ"
"ဒါဆို မင်းက ဟွာဆန်းရဲ့ နဂါးဆိုတဲ့တစ်ယောက်ပေါ့...ဟုတ်လား"
"ကျွန်တော့်အကြိုက် နာမည်တော့မဟုတ်ပေမယ့် လူတိုင်းကတော့ အဲ့လိုခေါ်ကြပါတယ်"
ချွန်းမြောင် ပြောနေရင်းမှပင် သက်ပြင်းခိုးချလိုက်လေသည်။
တက်သစ်စနဂါး...ဘာ တက်သစ်စနဂါးလဲ...အဲ့လို ထူးထူးဆန်းဆန်း နာမည်ကို ဘယ်သူကများ ပေးလိုက်တာလဲ....
ဒီလောက်မိမိုက်နေတဲ့ နာမည်တွေ ပေါနေတာကို ဒီတောကျတဲ့ နာမည်ကျမှ လာပေးရတယ်လို့..
ကလေးဆန်ချက်ကလည်း ပြောမနေနဲ့...
"ဪ...အင်း ."
ဟုန်ဒယ်ဂွမ်က ချွန်းမြောင်ပြောသည်ကို နားထောင်နေရင်းမှပင် လက်ထဲရှိ အစီရင်ခံစာကို စိုးရိမ်စွာ ကြည့်လိုက်လေသည်။
တော်ကြာ ...စာကိုမြင်သွားမှ အိပ်နေတဲ့ကျားကို နှိုးမိသလို ဖြစ်သွားလိမ့်မယ်...
ထိုသို့သော အခြေအနေနှင့် နှိုင်းရန်မလိုသော်လည်း သူ့အကြောင်းရေးထားသည့် အစီရင်ခံစာကို တွေ့သည်ကတော့ မဖြစ်သင့်ပေ။မသင့်တော်ဟု ခံစားရလေသည်။
ဟုန်ဒယ်ဂွမ်က ချွန်းမြောင်ကိုကြည့်ကာ မေးလိုက်လေသည်။
"မင်းက ဟွာဆန်းက ဂိုဏ်းသားဆိုတာ သိပါပြီ...ဒါနဲ့ မင်းက ဒီကိုဘာကိစ္စရှိလို့ လာခဲ့တာပါလဲ"
"ရောင်းစရာလေး ရှိလို့ပါ"
"...."
ဟုန်ဒယ်ဂွမ်က ထိုစကားကြောင့် မျက်မှောင်ကြုတ်သွားလေသည်။
ဒီသောက်ကလေးက သူ့ကိုယ်သူ ဘယ်နေရာရောက်နေမှန်းရော သိရဲ့လား မသိဘူး...
"ဒါဆို မင်းက ဒီကို အရောင်းဝယ် လုပ်ချင်လို့ လာခဲ့တာလား..အဲ့တာကိုများ ဘာလို့ ငါ့လူတွေနဲ့ ရုန်းရင်းဆန်ခတ် လုပ်နေတာလဲ"
"အဲ့တာတော့ မတတ်နိုင်ဘူးလေ...ကျွန်တော်က ခေါင်းဆောင်နဲ့ပဲ တွေ့ချင်တာကို...သူတို့က အထဲမှ ပေးမဝင်တာ"
"ဟင်း"
ဟုန်ဒယ်ဂွမ် သက်ပြင်းရှည်ကြီးကို ချလိုက်လေ၏။
ချွန်းမြောင်အား အတင်းအကြပ်လုပ်သည်ဟူ၍ အပြစ်တင်၍ မရနိုင်ပေ။ ဤသူငယ်သည်က ဂုဏ်အသရေနှင့်ပြည့်စုံကာ နာမည်ကျော်ကြားမှုကလည်း တရှိန်ထိုး တက်နေသူဖြစ်လေသည်။ ထို့အပြင် သူနှင့်တွေ့ဆုံချင်သူများလည်း ရှိမည်ဖြစ်ပြီး တွေ့ရန်ခက်ခဲသူလည်း ဖြစ်ပေလိမ့်မည်။ ထိုသို့ ခက်ခဲသောသူက သူ့အား လာတွေ့သည်ကိုပင် ကျေးဇူးတင်ရမတတ် ဖြစ်နေ၏။ သို့သော်လည်း သူ၏အစောင့်များက အဝင်မခံဘဲ ဆူဆူပူပူပင် ဖြစ်လိုက်ရသေးသည်။
"ဝင်ပေါက်ဝမှာ ဖြစ်ခဲ့တာအတွက် ငါတကယ်တောင်းပန်ပါတယ်"
"အာ...ရပါတယ် သူတောင်းစားတွေက ဘယ်သိမှာလဲ"
"…"
ဟုန်ဒယ်ဂွမ် မျက်မှောင်ကြုတ်ကာ ချွန်းမြောင်အား သေချာကြည့်လိုက်လေသည်။
သူက သာမန်မဟုတ်တာကတော့ သေချာတယ်...
သို့သော်လည်း အဆင်ပြေပေသည်။ သာမန်လူများကြားထဲတွင် သမိုင်းဝင်ထူးချွန်သော လူတစ်ယောက်ပေါ်လာရန်က ခက်ခဲလေပြီး ထိုပေါ်လာသူများကလည်း သူ့တို့နည်း သူတို့ဟန်ဖြင့်သာ နေတတ်ကြလေသည်။ လောက၏ စည်းမျဉ်း၊ သဘောသဘာဝတို့ကို အာရုံမထားတတ်ကြပေ။ ထူးချွန်သူတိုင်းက ထိုသဘော အနည်းနှင့်အများရှိသည်မို့ နားလည်ပေး၍ ရလေသည်။
"ဒါနဲ့ ...မင်းက ဒီကို ပစ္စည်းတစ်ခုရောင်းဖို့ ရောက်လာတာနော်"
"ဟုတ်"
"ဂိုဏ်းသားလေး...မင်းက ငယ်သေးလို့ နားမလည်တာ ဖြစ်ပါလိမ့်မယ်...ဒီနေရာက အဲ့လိုပစ္စည်းဝယ်တဲ့နေရာ မဟုတ်ဘူး...မင်း တစ်ခုခု ရောင်းချင်တယ်ဆိုရင် နန်ယောင်ကို ပြန်ရမယ်"
"ဪ...အဲ့လိုလား"
ဟုန်ဒယ်ဂွမ်၏စကားကြောင့် ချွန်းမြောင်က ခေါင်းငြိမ့်ကာ နားလည်သွားသည့်ပုံနှင် ထိုင်နေရာမှ ချက်ချင်းထလိုက်လေသောကြောင့် ဟုန်ဒယ်ဂွမ် သူစကားမှားသွားလေသလားပင် တွေးလိုက်ရလေသည်။
သူ့ကို ပြန်တားလိုက်ရမလား...
သူတို့သည် ဈေးရောင်းဈေးဝယ် လုပ်လေ့ရှိသောသူများ မဟုတ်သော်လည်း ချွန်းမြောင်ရောင်းမည့်အရာကိုတော့ သိလိုသေးသည်။ဟုန်ဒယ်ဂွမ်၏ စကားပင် မဆုံးခင်မှာပင် ချွန်းမြောင်က ဆက်ကာမေးလိုက်လေသည်။
"အနိမ့်ပိုင်း ဂိုဏ်းတွေကို ရောင်းချလို့ရတဲ့ ဒေသခံနေရာက ဘယ်နားမှာလဲ"
"မင်းက ဘာလို့ သူတို့ကို ရှာနေတာလဲ"
"ကျွန်တော် ရောင်းစရာရှိလို့လေ"
"…"
ချွန်းမြောင်ကြောင့် သူစိတ်ညစ်သွားရလေသည်။ဒေသခံနေရာများသို့ သွားရောက်ရောင်းချမည်ဟုဆိုခြင်းသည် သူတောင်းစားအဖွဲ့က သူ့အားငြင်းပယ်လိုက်သည်ဟူသော သဘောကို ပြောလိုခြင်းပင်။
"ကဲ...ကဲ.. မင်းက ဘာရောင်းချင်တာလဲ"
"မဝယ်မယ့်သူကို မပြောပြနိုင်ဘူး"
"အာ...ခဏလေး နေပါဦး...အခုမှ တွေးကြည့်လိုက်တော့ ငြင်းလိုက်တာ မှားသွားသလားလို့"
ဟုန်ဒယ်ဂွမ်က ချွန်းမြောင်အား အလျင်အမြန်ပင်ဆွဲကာ ထိုင်ခိုင်းလိုက်လေသည်။
"မင်းကလည်း ဒီထိတောင် ရောက်ပြီးနေပြီပဲကို..သူတောင်းစားလေး တစ်ယောက်နှစ်ယောက်က တားတာနဲ့ ဒါမျိုးလုပ်တော့မလို့လား...ကဲ...ခေါင်းဆောင်ဖြစ်တဲ့ ငါ့ကိုသာ မင်းဘာရောင်းမှာလဲ ပြောလိုက်စမ်းပါ"
ငါက ဘယ်လောက်အရေးပါတဲ့ကောင်ကြီးလည်းဆိုတာ မင်းကြည့်လိုက်စမ်း.
"ကဲပါ...မင်းကလည်း ပြန်ထိုင်ပါဆို"
"ဟင့်အင်း...မထိုင်ချင်ဘူး"
"လုပ်စမ်းပါ...မင်းကလည်း အဲ့လိုကြီး လုပ်မနေစမ်းပါနဲ့"
ချွန်းမြောင် စိတ်မပါဘဲ ထိုင်ရသည့်ပုံနှင့် ပြန်ထိုင်လိုက်လေသည်။ ဟုန်ဒယ်ဂွမ်ကမူ အစောင့်အား အော်ကာပြောလိုက်လေ၏။
"လက်ဖက်ရည်လေး ယူခဲ့စမ်းဟေ့...."
"လက်ဖက်ရည် တော်ပါပြီ...ဆန် လက်ဖက်ရည်လေးပဲ လုပ်ပါ"
"…"
ဟုန်ဒယ်ဂွမ် ခေါင်းငြိမ့်ပြလိုက်လေသည်။ ဆန်လက်ဖက်ရည်ဆိုသည်က သေရည်အား စကားအလှနှငိ့ ပြောခြင်းပင် ဖြစ်သည်။
"ဂိုဏ်းသားလေး...သေချာရဲ့လား"
"ဟုတ်ကဲ့...ဆန်လက်ဖက်ရည်ပါပဲ"
"အင်း....ဟုတ်ပါပြီ...ဆန်လက်ဖက်ရည် ယူလာခဲ့ဟေ့"
ဟုန်ဒယ်ဂွမ်က ပြောပြီးသည်နှင့် ချွန်းမြောင်ဘက်သို့ လှည်လာလေသည်။
သူ၏ ဆဌမအာရုံအရ ချွန်းမြောင်ယူလာသောပစ္စည်းသည် အလွန်ပင်ကောင်းမွန် အဖိုးတန်သော ပစ္စည်းဟူ၍ ခံစားနေရ၍ မျက်နှာအား အလှဆုံးပြုံးထားလိုက်လေသည်။
"ဟုတ်ပြီ...ဒီတော့ မင်းက ဘာရောင်းမှာလဲ"
"ဒီဟာ"
ချွန်းမြောင်က ချက်ချင်းပင် အင်္ကျီလက်ထဲမှ မြေပုံကို ထုတ်ကာပြလိုက်လေသည်။
စာတစ်စောင်လားဟ....
ဟုန်ဒယ်ဂွမ် တချက်ကြည့်ကာ မျက်မှောင်ကြုတ်လိုက်လေသည်။ ကြည့်ရုံနှင့်ပင် တစ်စုံတစ်ခု၏ မြေပုံဖြစ်သည်က သိနိုင်လေသည်။ သူသည် ဌာနခွဲခေါင်းဆောင် ဖြစ်သည်မို့ မြေပုံပေါင်းများစွာကို တွေ့ဖူးလေပြီး ထိုမြေပုံများနှင့် ထူးမခြားဟုပင် ခံစားရလေသည်။
ဒီမြေပုံက ဘယ်လိုတောင် ရှုပ်နေတာတုန်း...
မျဉ်းများမှာ ရှုပ်ထွေးလှသော်လည်း ကျပန်းရေးထားသည်မဟုတ်သည်က သိသာလေသည်။ဤသည်က အသေးစိတ် ရေးသားထားခြင်း ဖြစ်လေသည်။ မည်မျှပင် တော်ကာထက်မြက်သည့်လူက ဤမြေပုံကို ရေးဆွဲထားသနည်းဟုပင် တွေးယူရလေသည်။
"ဒါက "
ဟုန်ဒယ်ဂွမ်က စိတ်ဝင်တစား အနားသို့တိုးကာ လက်လှမ်းလိုက်သည်နှင့် ချွန်းမြောင်က လက်ကို ပုတ်ထုတ်လိုက်လေသည်။
"ဟေ့....ထလို့မရဘူးလေ....မျက်လုံးနဲ့ပဲကြည့်...လက်မပါနဲ့"
"…"
ဟုန်ဒယ်ဂွမ် အရိုက်ခံလိုက်ရသောကြောင့် သနားစဖွယ် မျက်နှာလးနှင့် ချွန်းမြောင်အား ကြည့်လိုက်လေသည်။
အမလေး...လန့်လိုက်တာ..နှလုံးသားလေးတောင် ထွက်ကျမတတ်ပဲ။
ဟုန်ဒယ်ဂွမ် လျင်မြန်သော ချွန်းမြောင်၏ ရိုက်ချက်ကြောင့် အထင်ကြီးမိသွားလေသည်။ ဓါးသာ ကိုင်ထားသည်ဆိုပါက သူ့လက်ကောက်ဝတ်အား နှုတ်ဆက်နေရလောက်ပြီ ဖြစ်သည်။
ဟွာဆန်းရဲ့ နဂါးဆိုတာ ဒါမျိုးလားကွာ....
ငါတို့ ဟွာဆန်းက ဒီကလေးကိုတော့ သေချာလေးကို စိစစ်အကဲဖြတ်ဖို့ လိုနေပြီ....
သူ့ဂုဏ်ပုဒ်နဲ့ ကောလဟလတွေအရ ငါ သူ့အင်အားကို ယုံကြည်လို့တော့ ရနိုင်လောက်တယ်.....
သူရောင်းမယ့်ပစ္စည်းက အစစ်တော့ ဖြစ်မှာပါ...
ဟုန်ဒယ်ဂွမ်က တံတွေးတချက်မြိုချပြီး မြေပုံကိုကြည့်လိုက်လေသည်။ ယခုတွင်မူ အရေးကြီးဆုံးက ဤကိစ္စပင် ဖြစ်သည်။
"ဘာလဲ...ဒါက"
"အင်း...ဘယ်ကနေစပြီး ရှင်းပြရမလဲတောင် မသိဘူး"
ချွန်းမြောင် ညည်းညူပြလေသည်။
"…"
ဟုန်ဒယ်ဂွမ်ကမူ ချွန်းမြောင်ပြောပြလာသညိ့ ဇာတ်လမ်းရှည်ကြီးကို စိတ်ရှည်ရှည်ပင် နားထောင်ပေးပြီး ချွန်းမြောင် အားကြည့်လိုက် မြေပုံကိုကြည့်လိုက်နှင့် အလုပ်များနေလေသည်။
"ဟင်..."
"ခဏ...ခဏ.....နေပါဦး"
တိတ်ဆိတ်စွာပင် နားထောင်နေသော ဟုန်ဒယ်ဂွမ်က စကားစကာပြောလာလေသည်။ သို့သော်လည်း ချွန်းမြောင်က လက်မြှောက်ကာ တားလိုက်ပြီး ပြောခွင့်မပေးပေ။
"မင်းပြောတာကို ငါ ဘယ်လိုယုံရမှာလဲတို့...ဘယ်လိုတောင် မဖြစ်နိုင်တဲ့ဇာတ်လမ်းလည်းတို့ကို ထပ်မပြောနဲ့တော့...မကြားချင်တော့ဘူး...အခုပြောတဲ့ ကိစ္စကို မှန်မမှန် စစ်ဆေးဖို့က ခင်ဗျားအလုပ်မဟုတ်ဘူး...ဒီမြေပုံကို စစ်မစစ်ပဲ ကြည့်"
"ဒါက အစစ်ပဲ"
ချွန်းမြောင်က ထိုစကားကြောင့် ပြုံးလိုက်လေသည်။
"ကဲ....ဒါဆို ခင်ဗျားဒါကို ဝယ်တော့မှာလား"
"ဘယ်လောက်လဲ"
ဟုန်ဒယ်ဂွမ် စိတ်လှုပ်ရှားမှုကြောင့် မျက်နှာများပင် ပူတက်လာသည်။
ချွန်းမြောင်ပြောသည်က အမှန်တွေကြီးပဲဆိုလျှင် ဤမြေပုံသည် သူမုဂျင်အား တိုက်ခိုက်ကာ လုလာသောမြေပုံဖြစ်ပြီး ထိုမြေပုံက 'ခြေရာဖျောက်ဖမ်းဆုပ်ခြင်းဓါးသိုင်း' ပိုင်ရှင်၏ အုတ်ဂူကို ညွှန်ပြလေပြီး ထိုအုတ်ဂူထဲတွင် ယာ့ဆွန်း၏ ဆေးလုံးဖော်စပ်နည်း အညွှန်းများပါ ရှိသည်ဟု သိရလေသည်။
ဒါကို မှန်မမှန် ခန့်မှန်းနေဖို့တောင် မဖြစ်နိုင်ဘူး...
ဒီသတင်းစကားနဲ့တင် တန်နေပြီ...
ယာ့ဆွန်းဆိုတာ ဘယ်သူမို့လို့လဲ.....
ဟုန်ဒယ်ဂွမ်က အမှန်ပင် စိတ်လှုပ်ရှားလွန်းနေပြီး မျက်လုံးများကလည်း ဂဏာမငြိမ်တော့ပေ။
"အင်....အဲ့တာဆို"
ဟုန်ဒယ်ဂွမ် မည်သို့ပြောရမည်မသိဖြစ်နေရင်းမှ ရုတ်တရက်ဆိုသလိုပင် ချွန်းမြောင်အား ကြည့်လိုက်လေသည်။
"မင်းက ဒါဆိုရောင်းမှာ ဟုတ်လား"
"ဟုတ်တယ်"
"ဘာလို့လဲ"
"တစ်ယောက်ယောက်က ပစ္စည်းရောင်းရင် ခင်ဗျားအဲ့လိုပဲ မေးနေကြလား"
"ဘယ်ဟုတ်မလဲ...ငါမေးချင်တာက"
ဟုန်ဒယ်ဂွမ် ချွန်းမြောင်စိတ်မခုသွားမည့် ဆင်ခြေကို အလျင်အမြန်ပင် ရှာဖွေနေရလေသည်။ ထို့အပြင် ဤသို့ တန်ဖိုးကြီးရှားပါးကို အဘယ်ကြောင့် ရောင်းချင်နေသနည်းကိုလည်း တွေးနေရလေသေး၏။
သူက ဘာလို့ ဒါကိုရောင်းတာလဲ...
ဒီမြေပုံကသာ တကယ်ယာ့ဆွန်းရဲ့ အုတ်ဂူကိုလမ်းညွှန်ပေးတာဆို လောကမှာတန်ဖိုးအကြီးဆုံးအရာကို လမ်းညွှန်တဲ့မြေပုံပဲ..
သူ့ရဲ့ဆေးလုံးတွေနဲ့ ဆေးဖော်စပ်နည်းကလည်း တန်ဖိုးအနဂ္ဂ ထိုက်တာ
ဒီမြေပုံရှိနေကြောင်းသာ သတင်းပျံ့သွားလို့ကတော့
သိုင်းလောကတစ်ခုလုံး သွေးချောင်းစီးလိမ်...
ရတဲ့သူကလည်း တစ်ယောက်တည်းပဲဖြစ်ဖြစ် ဂိုဏ်းတစ်ဂိုဏ်းပဲ ဖြစ်ဖြစ် ဘဝပြောင်းပြီပဲ...
ဒီဆေးလုံးတွေက လောကကြီးတစ်ခုလုံးကိုတောင် ပြောင်းလဲပစ်နိုင်တယ်...
ဒါကိုတောင်မှ သူက လာရောင်းနေတယ်...ဘာလို့လဲ...
တစ်ခုခုရှိရမယ် ..အကြောင်းပြချက် တစ်ခုခု...
"မင်းကိုယ်တိုင် မြေပုံကို အဖြေရှာပြီး ရတနာတွေ မရှာဘူးလား"
"ခင်ဗျား မဝယ်တော့ဘူးလား"
"အာ...အဲ့လို မဟုတ်ဘူးလေ...ဝယ်မှာပါ...ငါက မင်းရောင်းရတဲ့အကြောင်းကို သိချင်လို့."
ချွန်းမြောင် ခါးသည်းစွာ ပြုံးလိုက်လေသည်။
"ကျွန်တော်သာ ဒီမြေပုံကို အဖြေထုတ်နိုင်ရင် ထုတ်ပြီးနေလောက်ပြီ...အဓိကက ဒါကြီးကို ကျွန်တော် လုံးဝမဖြေရှင်းနိုင်တာပဲ...အဲ့တာကြောင့် အလကားထားမယ့်အစား ရောင်းလိုက်တော့ ပိုက်ဆံရတာပေါ့"
"အင်..."
ဟုန်ဒယ်ဂွမ် ခေါင်းငြိမ့် လိုက်လေ၏။
ချွန်းမြောင်၏ ရှင်းပြမှုကလည်း ယုတ္တိရှိပေသည်။ လူအတော်များများသည် ထိုသို့သောရတနာမြေပုံများရလျှင် ငွေအားလူအားစိုက်ကာ ရှာဖွေတတ်ကြသည်။ သို့သော် ရတနာရှာသည်ဆိုသည်က ကံစမ်းရသကဲ့သို့ပင်။ မသေချာတတ်ပေ။ ရေလိုက်လွဲကာ အခန့်မသင့်လျှင် အရာအားလုံးပင် ဆုံးရှုံးသွားနိုင်လေသေးသည်။
ထိုသို့တွေးလျှင်လည်း ဤလူငယ်၏အတွေးက မှန်သည်ဟုပင် ဆိုရမည်ပင် .....
ဒီလိုဆိုတော့လည်း သူပြောတာက ဟုတ်ပေသားပဲ...
ရိုးရိုးသားသား ကျင့်ကြံသူထက် ကုန်သည်တွေ ဘာတွေနဲ့တောင် ပိုတူတယ်....ဟွာဆန်းဂိုဏ်းသားလို့ ယုံဖို့တောင် ခက်ခက်ပဲ.....
ဟုန်ဒယ်ဂွမ် ချွန်းမြောင်က ထင်ထားသည်ထက် အန္တာရယ်များသည်ဟု တွေးမိလာလေသည်။ ထို့အပြင် ဂိုဏ်းများတွင်က သစ္စာဖောက်သည်မှလွဲ၍ ဂိုဏ်းတိုးတက်ရေးကြိုးပမ်းရာတွင် လုပ်ဆောင်မှုအားလုံးနီးပါးကို လက်ခံကြသည်မို့ ဤလူငယ်က သူ့နည်းသူ့ဟန်နှင့် ကြိုးစားကာ ဂိုဏ်းအား မြင့်တင်ဦးမည်ကိုလည်း သိလိုက်လေသည်။
ဟွာဆန်းတော့ လာမယ့်နှစ်သုံးဆယ်လောက်အတွင်း ထောင်တက်သွားဦးမှာပဲ....
ဟုန်ဒယ်ဂွမ်က သူ၏အတွေးကမ္ဘာထဲတွင် နစ်နေသည်မို့ ချွန်းမြောင်ကမျက်မှောင်ကြုတ်လိုက်လေသည်။
"တဆိတ်လောက်ပါ"
"ဟုတ်ကဲ့...ပြောပါ"
"ကျွန်တော်တို့ နှစ်ယောက်လုံးက အလုပ်များတဲ့သူတွေလေ...ဒါကြီးကို မြန်မြန်အပြီးသတ်လိုက်ရအောင်...ခင်ဗျား ဈေးဘယ်လောက်ပေးမှာလဲ"
"အင်း"
ဟုန်ဒယ်ဂွမ် မြေပုံကို တချက်ကြည့်လိုက်ပြီး ချွန်းမြောင်ကို ပြန်ကြည့်လိုက်လေသည်။
သူ့ကြည့်ရတာ စိတ်မြန်တဲ့ပုံပဲ...အရောင်းဝယ်လည်း လုပ်ဖူးပုံတော့ မရဘူး...
ဟုန်ဒယ်ဂွမ် မည်သို့ဈေးဖြတ်ရမည်မသိ ဖြစ်နေလေ၏။
"ဒါက တကယ်ပဲ ယာ့ဆွန်းရဲ့ဂူဆိုရင်တော့ တန်ဖိုးဖြတ်မရဘူး"
"မှန်တယ်"
"ဒါပေမယ့် ဒါကိုက သေချာစစ်ဆေးဖို့လည်း အများကြီး လိုသေးတယ်"
"ဟုတ်လို့လား"
"ပထမဆုံးအနေနဲ့ မြေပုံက ဝူတန်ဂိုဏ်းကနေ ထွက်လာတာ...ဝူတန်က လူတွေက တပိုင်းစီလေ့လာဖို့ ယူထားလိုက်တာမျိုးလည်း ဖြစ်နိုင်လို့ ဒါက တစ်ပိုင်းတစ်စပဲ ဖြစ်နေတာလည်း ဖြစ်နိုင်တယ်"
"ဟမ်"
"နောက်တစ်ခုက ဒါက အတု ဒါမှမဟုတ် အဖြေထုတ်လို့မရတဲ့ဟာလည်း ဖြစ်နိုင်တယ်"
"ဘယ်လို"
"ဆိုတော့ ငါတို့ အခုသတင်းကို ဖုံးထားလိုက်ပြီးတော့ နောက်ထပ်ဘယ်သူတွေက ဒီလိုမြေပုံမျိုးကိုတိတ်တဆိတ် ဝယ်ထားနိုင်လဲဆိုတာ စုံစမ်းသင့်တယ်...အခု မင်းပြောပြတာတွေမှာ မြေပုံကအစစ်ပါဆိုတဲ့ သက်သေခံနိုင်တဲ့အရာမပါဘူး"
"အဲ့ဒီတော့..."
ချွန်းမြောင်က ဟုန်ဒယ်ဂွမ်ကို မျက်စောင်းထိုးကြည့်ကာ မေးလိုက်လေသည်။ သူကမူ ချောင်းတချက်ဟန့်ကာ ဆက်ပြောလေ၏။
"အကြောင်းအရာအားလုံးကို ပေါင်းစပ်လိုက်တော့ သင့်တော်တဲ့ဈေးနှုန်းက ယွမ်တစ်သိန်းပေါ့ကွာ...ဒါပေမယ့် ငါ မင်းကို ယွမ် နှစ်သောင်း အပိုပေးလိုက်ဦးမယ်....ဘာလို့လဲဆိုတော့ ဟွာဆန်းရဲ့နဂါးနဲ့ မိတ်ဖြစ်ဆွေဖြစ် သဘောပေါ့.. ယွမ် တစ်သိန်းနှစ်သောင်း ...ကဲ ဘယ်လိုသဘောရလဲ"
"တစ်သိန်းနှစ်သောင်းလား"
"အင်း"
"အဲ့လောက်ပဲ တန်တာလား"
"ဟားဟားဟား....မိုက်လှချည်လား."
ချွန်းမြောင်က ပြုံးလိုက်သည်နှင့် ဟုန်ဒယ်ဂွမ်ကလည်း ပြုံးလိုက်လေသည်။
မည်သို့ပင် တော်ထက်နေသော သိုင်းပညာရှင်ကြီး ဖြစ်နေပါစေ ငွေရေးကြေးရေးနှင့် ပတ်သက်လာလျှင် ကျင့်ကြံသူများအားလုံးက အစိမ်းသက်သက် အတွေ့အကြုံမရှိကြပေ.။ ထို့ကြောင်ပင် အမြဲလိုလိုပင် ကုန်သည်များ၏ နှပ်ချခြင်းကိုလည်း ခံကြရလေသည်။ ယခုတွင်လည်း အရောင်းဝယ် လုပ်ဖူးပုံမရသော ဟွာဆန်း၏နဂါးလေးသည် သူပေးသောဈေးအား သဘောကျသွားလေပြီ ဖြစ်သည်။
သူ ငါ့ကို ချက်ချင်းပဲ ရောင်းတော့မယ် ထင်တယ်....
ချွန်းမြောင် ချက်ချင်းဆိုသလိုပင် စားပွဲပေါ်မှ မြေပုံကိုဆွဲယူကာ အင်္ကျီလက်ထဲသို့ ထည့်လိုက်ပြီး မတ်တပ်ထရပ်လိုက်လေသည်။
"အနီးဆုံးမှာ ရှိတဲ့ ရောင်းလို့ရတဲ့နေရာက ဘယ်မှာလဲ"
"… ဂိုဏ်းသားလေး"
ချွန်းမြောင်က ဟုန်ဒယ်ဂွမ်အား ပြုံးပြလိုက်လေသည်။
"ကြည့်ရတာ ဈေးက မမှန်သလိုပဲ...ဆိုတော့ ဒီမှာပဲ အဆုံးသတ်လိုက်ကြတာပေ့ါ"
"ဂိုဏ်းသားလေးဘာပြောချင်တာလဲ...ဈေးက မှန်ပါတယ်"
ချွန်းမြောင်က ဟုန်ဒယ်ဂွမ်အား မယုံသင်္ကာမျက်လုံးများနှင့် ကြည့်ကာ မေးလာ၏။
"တစ်သိန်းနှစ်သောင်း...ဟုတ်လား"
"ဟုတ်တယ်လေ ..မင်းမကြိုက်ဘူးလား...အာ့ဆို တစ်သိန်းငါးသောင်း ပေးမယ်လေ…."
"တစ်သိန်းငါးသောင်း ဟုတ်လား"
"…"
ချွန်းမြောင်၏ လေသံကြောင့် ဟုန်ဒယ်ဂွမ်၏ရင်ထဲတွင် မူမမှန်သကဲ့သို့ ခံစားလာရလေသည်။
ငါ အကဲခတ်တာ မှားသွားပြီ...
ချီး....သူက ပေါက်ဈေးကို သိတယ်ဟ...
ဟုန်ဒယ်ဂွမ်က အခြေအနေမဟန်သည်ကို သိလိုက်ပြီမို့ အခြေအနေအား ထိန်းရန် ပြင်လိုက်လေသည်။
"မျိုးမစစ်ကောင်...မင်းကများ ဆက်ပြီးတော့ လိမ်ရဲတယ်"
ချွန်းမြောင်၏ မျက်လုံးများက ယခင်ကကဲ့သို့ ရယ်ရေးသွမ်း မနေတော့ပေ။
ဘမ်း....
စားပွဲက ပက်လက်လှန်သွားလေသည်ကိုသာ ဟုန်ဒယ်ဂွမ် မြင်လိုက်ရပြီး လက်ဖက်ရည်များက နေရာအနှံ့ စိုရွဲသွားလေသည်။
"လူတစ်ယောက်ကို နှပ်ချရဲရအောင် မင်းက ဘာကောင်လဲ...ဟမ် ..မျိုးမစစ်ကောင်"
သွားပြီ...
အရာအားလုံးက ပြင်ဆင်ရန် နောက်ကျသွားပြီကို သူသိလိုက်လေပြီ ဖြစ်သည်။
အပိုင်း(၁၄၃)
မင်းနဲ့ငါ အတူအလုပ်လုပ်ကြရအောင်(၃)
မျှော်လင့်ထားတဲ့အတိုင်းပါပဲလား...နဂါးဆိုတဲ့အတိုင်း တကယ်ထူးချွန်တယ်...
ချွန်းမြောင်၏ ထက်မြက်မှုများက တချက်ကြည့်ရုံနှင့်ပင် မြင်နေရသည်ဟု ဟုန်ဒယ်ဂွမ် ထင်လေသည်။ သို့သော်လည်း ထိုသို့ထင်နေရက်ကပင် တပတ်ရိုက်ရန် ကြိုးစားမိသွားလေ၏။
သူ စိတ်မရှိလောက်ပါဘူးနော်...
မဟုတ်ဘူး...သူ စိတ်ရှိတာ အသိသာကြီးကို....
ငါ့အထင် သူနောက်ဆို ငါတို့သူတောင်းစားဂိုဏ်းနဲ့တောင် မပတ်သက်ချင်လောက်တော့ဘူး...
ချွန်းမြောင်ကမူ ဒေါသတကြီးအော်လိုက်ပြီးသည်နှင့် လက်ကောက်ဝတ်ကို အကြောလျော့ကာ တစ်စုံတစ်ယောက်အား ကောင်းကောင်းကြီး ဆုံးမတော့မည့်ပုံပင်။ ထိုသို့သာ ဆုံးမခံရပါက ဘဝတသက်တာအတွက် အသားစား၍ မရနိုင်တော့ဟုပင် ထင်ရလေသည်။ သူ့ဘဝကြီးတစ်ခုလုံးက ဖျက်စီးခံရတော့မည့်အလားပင်။
"တစ်သန်းနဲ့ နှစ်သိန်းပေးရင်ရော..."
"လာနောက်နေတာလား"
"တစ်သန်းနဲ့သုံးသိန်း..."
"ဘာ...."
"…"
ဟုန်ဒယ်ဂွမ်ဆိုသည်က သူတောင်းစားဂိုဏ်း၏ ထူးချွန်သော ဂိုဏ်းသားတစ်ယောက်ဖြစ်လေပြီး ဂိုဏ်းမှလည်း မျက်နှာသာပေးကာ ထိုသို့ ဌာနခွဲခေါင်းဆောင်အဖြစ် ခန့်အပ်ထားခံရခြင်းဖြစ်လေသည်။ ထို့သို့ယုံကြည်ခံထားရပါသောသူက ချွန်းမြောင်အား ခယနေရသည်ဆိုသည်က မဖြစ်သင့်ပေ။
ဟုန်ဒယ်ဂွမ် သူ၏ဂုဏ်သိက္ခာနှင့် သူတောင်းစားဂိုဏ်း၏ ပုံရိပ်ကို ထိန်းရန်အတွက် ဟန်ကိုယ်ဖို့ကြိုးစားလိုက်လေသည်။ သူ၏ တစ်ဘဝတာလုံး ရခဲ့သော အတွေ့ကြုံတို့ကို သုံးပစ်လိုက်လေတော့မည်။
"အိုး...ဘုရားရေ....ဂိုဏ်းသားလေးရယ်...ဒါက ဌာနခွဲမှာ ရှိတဲ့ပိုက်ဆံအကုန်ပါပဲ...ပင်မဂိုဏ်းကြီးကနေ အကူအညီတောင်းမယ်ဆိုလည်း လဝက်လောက်ကြာမှာ...နှစ်သန်းပဲ ထားလိုက်ပါတော့ ..."
"သုံးသန်း...."
"…"
"သုံးသန်းကို လက်ငင်းငွေချေ...ကျန်တာတွေ ထပ်မပြောချင်တော့ဘူး..."
ဒီသောက်ကလေးကတော့....
သုံးသန်း ဟူသော ဈေးကြောင့် ဟုန်ဒယ်ဂွမ် တုန်လှုပ်သွားသည်ကတော့ အမှန်ပင်။ ထိုဈေးက သူခန့်မှန်းထားသော ပေါက်ဈေးကွတ်တိ ဖြစ်နေလေသည်မို့ ပိုမိုကာ အံဩရလေ၏။
ဤသူငယ်အား ထိုသို့ဈေးနှုန်းများကို နားလည်မည်ဟု မထင်ထားသော်လည်း သူက ကောင်းစွာနားလည်နေလေသည်။ ပေါက်ဈေးရရန်ပင် သူကတဖန် ဈေးကိုင်နေပြန်လေ၏။
မဖြစ်နိုင်တာကြီးကိုကွာ...
ထိုဈေးမပေးချင်သော်လည်း အခြားသောနည်းလမ်းက ရှိမနေပေ။ ချွန်းမြောင်ကမူ စားပွဲပေါ်တွင် ခြေနှစ်ချောင်းကို ထပ်တင်ကာ ထိုင်နေပြီး မြေပုံကိုလည်း လက်ကကိုင်ထားသေးသည်။ သူငြင်းလိုက်သည်နှင့် ချက်ချင်းပင် အခြားသို့ သွားရောင်းတော့မည့်ပုံပင်။
"ဂိုဏ်းသားလေး ငါပြောသလိုပဲ အခုဒီမှာ ပိုက်ဆံအဲ့လောက် မရှိပါဘူးဆိုနေမှ"
"ဟုတ်ပြီ....ကျွန်တော် သဘောပေါက်ပြီ"
"အင်း"
"သူတောင်းဂိုဏ်းမှာက ငွေအများကြီး ဘယ်ရှိမှာလဲပေါ့...ရှိသမျှအကုန်စုမှ အလွန်ဆုံးရ တစ်သန်းကျော်လောက်ပေါ့ ...ဟုတ်တယ်မို့လား.."
"ဟုတ်တယ်...ဟုတ်တယ်"
"အဲ့လိုဆိုလည်း စိတ်ပူစရာ မလိုပါဘူး..တခြားနည်းလမ်း ရှိပါတယ်"
"တခြားနည်းလမ်းလား"
ချွန်းမြောင်က ပြုံးပြုံးကြီးလုပ်ကာ ပြောလိုကိလေသည်။
"ပတ်ဝန်းကျင်ကို ကြည့်လေ..လိုယောင်မှာ ပြန်လည်ထူထောင်ရေး ဌာနရှိတယ်...အဲ့ဒီကိုသွားပြီးတော့ သူတောင်းစားဂိုဏ်းနာမည်နဲ့ အရေးပေါ်ချေးငွေ ချေးလိုက်...သူတို့ချက်ချင်းပဲ ယွမ်သုံးသန်းချေးပေးလိမ့်မယ်...ပြီးတော့ သူတို့ပြန်ပေးတဲ့ ငွေချေးစာရွက်လေး ယူခဲ့"
"…."
"လွယ်လွယ်လေးပဲ ...ဟုတ်တယ်မို့လား"
ဪ...တော်တော်လွယ်တာပဲကို...အဲ့လိုစဉ်းစားပေးလို့ ကျေးဇူးပဲ...
"ဘယ်လို"
"ဒါပေမယ့် အကြွေးယူတာက အသက်တိုအောင် လုပ်နေသလိုပဲလေ...အဆင်မပြေဘူးလားလို့"
"ဟမ်...သူတောင်းစားဘဝနဲ့ အသက်ရှင်ရတာထက်စာရင် စောစောသေလည်း ဘာအရေးလဲဟာကို"
"ငွေမရှိလို့ သူတောင်းစားဖြစ်ပေမယ့် သူတောင်းစားဖြစ်ပြီး ငွေမရှိတာကတော့ မဖြစ်သင့်ဘူးနော်"
"…"
ထိရှသွားပြီကွာ...
ငါ တကယ် ရင်ထဲထိသွားပြီ...
"ဘယ်လိုပဲဖြစ်ဖြစ် ငါကတော့ ဒီထက်ဈေးပိုမပေးနိုင်တော့ဘူး...ဒီမှာတော့ ဘယ်နေရာမှာရောင်းရောင်း အဲ့ဈေး မင်းရမှာ မဟုတ်ဘူး"
ဤသည်ကတော့ အမှန်ပင် ဖြစ်လေသည်။
လိုယောင်တွင် ငွေပမာဏများစွာကို လက်ဝယ်ထားနိုင်သူက မရှိကြပေ။
"ဒါဆိုလည်း ဒီမှာ မရောင်းရုံပဲပေါ့"
ချွန်းမြောင်က မြေပုံကိုခေါက်ကာ အင်္ကျီလက်ထဲ ထည့်လိုက်လေသည်။
လုပ်ကြည့်လေ....ငါ့ကိုများ သောက်ကလေးက ဈေးကြီးပေးနေစေချင်သေးတယ်....
ဟုန်ဒယ်ဂွမ် လိုယောင်မြို့မှ လူများ၏အခြေအနေကို သိသည်မို့ စိတ်ချလက်ချသာ နေလိုက်လေသည်။ မည်သို့ပင်ဖြစ်စေ သူ့ထက်ဈေးပိုပေးသည့်သူက ဤ လိုယောင်တွင် ရှိမည် မထင်ပေ.။
"မင်း မြို့ထဲ သွားမေးချင်လည်း မေးလေ...အဲ့လိုလုပ်တာ ပိုကောင်းပါတယ်...ပြီးမှ ပြန်လာခဲ့ပေါ့"
"ကျွန်တော် မသွားပါဘူး"
"ဟမ်"
"ကျွန်တော် မြို့ထဲမသွားဘူး"
"ဒါဆို မင်းက ဘယ်သွားမှာလဲ"
"ဝူဟန်"
"ဝူဟန်လား...ဘာလုပ်လဲ"
"လိုယောင် ဌာနခွဲက မဝယ်လို့ ဝူဟန်ဌာနခွဲမှာ သွားရောင်းမှာလေ."
"…"
"ဝူ...ဝူဟန် ဌာနခွဲကိုလား"
"အင်း...ဟုတ်တယ်...ကျွန်တော်လည်း ထပ်တော့ မသွားချင်ပေမယ့် မတတ်နိုင်ဘူးလေ...သွားရတော့မှာပဲ"
ဟုန်ဒယ်ယွန် တံတွေးမြိုချလိုက်လေသည်။
သူသာ အဲ့ဒီအထိ သွားရောင်းလို့ကတော့ ...
ငါတော့ သေပါပြီ.....
ဌာနခွဲခေါင်းဆောင် ထားရသည့်ရည်ရွယ်ချက်သည် ထိုအတွက်ပင်။ ပင်မဂိုဏ်းက အရေးပေါ်လာရောက် မဖြေရှင်းနိုင်သော ကိစ္စများကို ကိုယ်စားဖြေရှင်းရန်ပင်။ ချွန်းမြောင်သာ ဝူဟန်ထိ ရောက်သွားပါက သူအမှန်ပင် ကန်ထုတ်ခံရမည် ဖြစ်သည်။ ထို့ပြင် ဌာနခွဲတစ်ခုနှင့်တစ်ခုကလည်း အပြိုင်အဆိုင်ပေမယ့် ဝူဟန်မှ ဌာနခွဲခေါင်းဆောင်က မြေပုံအား ဝယ်လိုက်လျှင် ပင်မဂိုဏ်းမှ သူတောင်းစားဂိုဏ်းချုပ်ကြီး၏ မျက်နှာသာပေးမှုကို အပြည့်အဝ ရပေလိမ့်မည်။ ထို့အပြင် ပစ္စည်းကလည်း အဖိုးတန်ဆုံးဟုပင် ဆိုနိုင်သော ယာ့ဆွန်းဂူ၏ မြေပုံပင်။ သူသေချာဆုံးဖြတ်ရပေတော့မည်။
ဟင့်အင်း ...လုံးဝပဲ...
ကျောက်ကဲ ကိုတော့ လုံးဝ မျက်နှာသာမရစေရဘူး...
ကမ္ဘာပေါ်က ဘယ်သူမဆို ရပေမယ့် သူကတော့ လုံးဝပဲ...။
ကျောက်ကဲဆိုသည်က သူနှင့်အမြဲလိုပင် ပြိုင်ဆိုင်နေပြီး တစ်ဦးနှင့်တစ်ဦး ဆုတ်ယုတ်ကြောင်းသာ ရှာနေကြသူများဖြစ်ကြလေ၏။ သူ့လက်ထဲသို့ မြေပုံအရောက် မခံနိုင်ပေ။ အကယ်၍ ကျောက်ကဲသာ မြေပုံကိုရသွားပြီး ဂိုဏ်းချုပ်အား လိုယောင်ဌာနက မဝယ်၍ သူဝယ်ကြောင်း ပြောလျှင် ဂိုဏ်းချုပ်က သူ့အား အပြေးပင်လာကာ ကန်ထုတ်မည်က အသေချာပင်။
"ကျွန်တော်က အလျင်လိုနေတာဆိုတော့ သွားပါတော့မယ်...အဲ့ဒီကို တရက်အတွင်းရောက်မှ ဖြစ်မှာမို့."
"နေပါဦး...ဂိုဏ်းသားလေး"
"ဘာလုပ်ဖို့လဲ"
"ခဏလေးပါ"
"ငါ..ငါဝယ်ပါ့မယ်...ယွမ် သုံးသန်းနော်"
"ဘယ်သူပြောတာလဲ ...သုံးသန်းလို့"
"ဘာ"
ချွန်းမြောင်က ချောင်းတချက်ဟန့်ကာ လက်ထဲရှိမြေပုံကို ခါလိုက်လေသည်။
"သုံးသန်းနဲ့နှစ်သိန်း"
"ဘယ်လို...နေပါဦး...စောနက ပြောတော့"
"ဈေးကွက်ဆိုတာ အဲ့လိုပဲ အမြဲပြောင်းလဲမှု ရှိတယ်..အလျင်လိုလေ ဈေးတက်လေပဲ...ဟော...ပြောရင်းတောင် ယွမ်နှစ်သိန်း ထပ်တက်သွားပြီ"
"...."
"ဪ...ပြောနေရင်းပဲ ထပ်တက်သွားပြန်ပြီ...မကြာခင်မှာ သုံးသန်းနဲ့ ငါးသိန်းဖြစ်....."
"အား...ရပ်လိုက်တော့ ...ဝယ်မယ် ...အခုပဲ ငါဝယ်လိုက်မယ်..သုံးသန်း သုံးသိန်း ...ဟုတ်ပြီလား"
"ကဲ...အဝယ်မှန်သွားပြီဗျာ..."
ဟုန်ဒယ်ဂွမ် တာဝေးပြေးထားရသူလိုပင် မောဟိုက်ပြီး ရင်တုန်နေလေ၏။
ဒီသောက်ကလေးက ကျောက်ခဲရေညှစ် ရှိသမျှအကုန်ယူသွားတာပဲ....
"အာမခံစာချုပ်တော့ ချုပ်ရမယ်"
"ရပါတယ်."
"ဒါက အတုဆိုရင် မင်းကိုငါ တရားစွဲမယ်"
"သဘောပါ"
ဟုန်ဒယ်ဂွမ် သက်ပြင်းမောကြီး ချလိုက်လေသည်။
"ချန်ဘတ်...ချန်ဘတ် အပြင်မှာ ရှိလား"
"ရှိပါတယ် ...ခေါင်းဆောင်"
"ပြန်လည်ထူထောင်ရေးဌာနကို သွား...ငါ့နာမည်နဲ့ ယွမ် နှစ်သန်းနဲ့ငါးသိန်း ချေးခဲ့...ပြီးတော့ ဌာနခွဲခေါင်းဆောင်ရဲ့ မတည်ငွေတွေထဲကလည်း ယွမ် ရှစ်သိန်း ထုတ်လာခဲ့"
"ဒီလောက် ငွေတွေ အများကြီးကို ဘယ်မှာသုံးမလို့လဲ—?"
"ပြန်မမေးနဲ့...ငါခိုင်းတာတာ သွားလုပ်"
"ဟုတ်ကဲ့"
ချန်ဘတ်ဟုခေါ်သော ထိုလူက အလောတကြီး ပြေးသွားသည်ကို ကြည့်ကာ ချွန်းမြောင် ပြုံးလိုက်လေသည်။
"စာချုပ် ဘယ်လိုချုပ်ရတယ်ဆိုတာ မင်းသိတယ်မို့လား"
"ဂိုဏ်းသားက အတော်လေးတော့ ကောင်းသားပဲနော်."
ချွန်းမြောင်၏ ချီးကျူးစကားကြောင့် ဟုန်ဒယ်ဂွမ် ဒေါသပိုထွက်လာလေသည်။ အသက်အရွယ်က ငယ်သော်လည်း လူလည်ကျသည်က အခြားသော ဂိုဏ်းချုပ်ကြီးများထက်ပင် ဆိုးဝါးလေသေးသည်။ ခံပြင်းစိတ်ကြောင့် သူ အံပင်ကြိတ်ထားရလေသည်။ဤသို့ ကလေးပေါက်စက သူ့အား နှပ်ချနေသည်က ခံရအခက်ဆုံးပင်။
"ဟွာဆန်းရဲ့နဂါးက ပိုက်ဆံဒီလောက်ကြိုက်မယ်လို့ မထင်ထားမိဘူး."
"အင်း...ခင်ဗျားသာ ငွေကောင်းကောင်းရှာတတ်ရင် သူတောင်းစား ဘယ်ဖြစ်မလဲ...ဟုတ်တယ်မို့လား"
"…"
ဒီသောက်ကလေးက ဘယ်လိုတောင် ပြန်ပြောတတ်နေတာလဲ....ဂါး.....။
"ဟင်း...."
နေ့ခင်းကြောင်တောင်မှာပင် အေးဓါးပြတိုက်ခံနေရသော ဟုန်ဒယ်ဂွမ်ကမူ သက်ပြင်းသာ ချနိုင်လေတော့သည်။
အရောင်းအဝယ်ကိစ္စကလည်း ပြီးသွားပြီမို့ သူ မြေပုံကို ယူကာ ပိုက်ဆံပေးပြီးသည်နှင့် ဤလူအား တခါတည်းပင် ထွက်သွားခိုင်းတော့မည်ဟု တွေးလိုက်လေသည် ။ ဤလူ၏မျက်နှာကို မမြင်ချင်တော့ပေ။
တွေးကြည့်တော့လည်း သုံးသန်းကျော်က တန်ပါတယ်လေ...
ပြန်ရောင်းရင်လည်း ဒီထက်မက ရနိုင်သလို ကိုယ်တိုင်အတွက်သုံးမယ်ဆိုလည်း မနစ်နာပါဘူး...
ဘာပစ္စည်းမို့လို့လဲ....ယာ့ဆွန်းရဲ့ အုတ်ဂူပဲဟာကို...
ဟုတ်တယ် ...ဘယ်လိုပဲတွေးတွေး လုံးဝ အရှုံးမရှိဘူး...
ဟုန်ဒယ်ဂွမ်က ရှေ့ဆက်ကာ ဤမြေပုံအား မည်သို့ဆက်လုပ်ရမညိကို တွေးနေစဉ်မှာပင် ချန်ဘတ်က ပြေးဝင်လာလေသည်။
"ရခဲ့ပါပြီ....ခေါင်းဆောင်"
"တော်တယ်."
"ပြီးတော့ ဒီမှာ ခေါင်းဆောင် မှာထားတဲ့ သေရည်ပါ"
ဟုန်ဒယ်ဂွမ် မျက်ဖြူလန်သွားလေ၏။
ဘာသေရည်လဲ....ဒီလောက်ဈေးကြီးတဲ့ သေရည်ကို..
ဒင်းက အမြတ်နဲ့ ငါတို့ကို ရောင်းသွားတာလေ...
ဘာလို့ တိုက်ရမှာလဲ.......ဘာလို့လဲ...
သို့သော် မမှီတော့ပေ။ ချွန်းမြောင်က သေရည်ပုလင်းကို လှမ်းကာယူလိုက်လေပြီး အဖုံးဖွင့်ကာ အနံ့ခံလိုက်လေသည်။
"အိုး...ကျေးဇူးပါ"
"…အား...အနံ့လေးက ကောင်းလိုက်တာ...ဒါပေမယ့် ဌာနခွဲခေါင်းဆောင် အကြိုက်တော့ ဟုတ်ပုံမရပါဘူး"
သေရည်ပုလင်းအား တကြိုက်တည်းပင် မော့ချလိုက်လေပြီး သူ၏ပါးစပ်အား အင်္ကျီလက်ဖြင့် ပြန်သုတ်လိုက်လေသည်။
"တစ်ခွက်လောက်တော့ မြည်းဦးမလား"
"တော်ပါပြီ"
ယခုလက်ရှိတွင်မူ ဟုန်ဒယ်ဂွမ်၏ တစ်ခုတည်းသောဆန္ဒသည် ချွန်းမြောင် ပြန်သွားရန်ပင် ဖြစ်သည်မို့ သူက ငွေစာရင်းစာရွက်ကို စစ်ရင်း ပြောလိုက်လေသည်။
"ငါ့ဘဝမှာ ငွေတွေ ဒီလောက်အများကြီး ချေးရမယ်လို့ တခါမှ မတွေးဖူးဘူး"
"သူတောင်းစားတစ်ယောက်အတွက် အတွေ့အကြုံအသစ်လေး ရတာပေါ့."
"… ရော့...ဒီမှာ စစ်ကြည့်လိုက်ဦး."
ချွန်းမြောင်က ငွေစာရွက်များကို သေချာစစ်လိုက်လေပြီး အင်္ကျီလက်ထဲသို့ ထိုးထည့်ကာ ဂုဏ်ယူဝင့်ကြွားစွာနှင့် မတ်တပ်ရပ်လိုက်လေသည်။
"အင်း ...ငွေနံ့ခံရတာ ပင်ပန်းတယ်လို့ကို မရှိတာ."
ဒီကောင်က တကယ် တာအိုကျင့်ကြံသူရော ဟုတ်ရဲ့လား...
ဘယ်လိုကြည့်ကြညိ့ အတုပဲ...
ဟွာဆန်းကရော ဘယ်လိုလူကို ဂိုဏ်းသားအဖြစ် လက်ခံထားတာလဲ...
ကြည့်ရတာ ဟွာဆန်းလည်း ပြန်လည်ထူထောင်လာတော့ အရင်လို မဟုတ်တော့ဘူးနဲ့ တူပါရဲ့....
"ကဲ...ရော့...ဒီမှာဗျာ..."
ချွန်းမြောင်က ဟုန်ဒယ်ဂွမ်ကို မြေပုံအား ကမ်းပေးလိုက်လေသည်။
ဟုန်ဒယ်ဂွမ်က သူ့လက်ထဲရောက်လာသော မြေပုံလေးအား အထပ်ထပ်ကြည့်ကာ စစ်ဆေးနေလေသည်။
ဘယ်လိုပဲကြည့်ကြည့် အစစ်ပုံတော့ ပေါက်ပါတယ်...
မြေပုံပေါ်တွင် ရေးဆွဲထားသော မျဉ်းများကလည်း မှိန်ပျနေပြီး မြေပုံစာရွက်ကလည်း နွမ်းဖတ်ကာ ကြေနေလေ၏။ နှစ်နှစ်ရာကျော်က ပစ္စည်းတစ်ခု ဖြစ်နိုင်သည်ဟု ယူဆ၍ ရနိုင်လေ၏။
"ဒါဆို"
ချွန်းမြောင်က ထလိုက်သည်နှင့် ဟုန်ဒယ်ဂွမ်က မူလကနှင့် မတူသောလေသံနှင့် ပြောလာလေ၏။
"ဒါဆို အရောင်းဝယ်ဖြစ်သွားပြီမို့ ဒီပစ္စည်းနဲ့ ပတ်သက်ပြီး တစ်ခုခုဆိုရင်တော့ မင်း သူတောင်းစားဂိုဏ်းကနေ လွတ်အောင် ပြေးနိုင်မယ်လို့တော့ မထင်လိုက်နဲ့...သူတောင်းစားမရှိတဲ့နေရာဆိုတာ မရှိဘူး"
"ကျွန်တော့်ကို လူလိမ် ထင်နေတာလား...မြေပုံက အစစ်ပါဆို."
"မင်းက သေချာတယ်လား"
"အင်း."
"ဟုတ်လား...ဘယ်လိုကြောင့် သေချာတာလဲ"
"ဝူတန်ဂိုဏ်းက အဖြေထုတ်ပြီးလို့ နေရာတောင် သိနေပြီလေ...အဲ့တာ အစစ်မို့ပေါ့.
"အာ...ဒါဆိုရင်တော့ သေချာပေါက်....""
"မင်း ဘာပြောလိုက်တယ်"
"အဖြေလေ...နေရာသိပြီးသားလို့"
"ဘယ်သူက သိတာ"
"ဝူတန်လေ"
"ဘာ...ဝူတန် ဟုတ်လား"
"အင်း"
"ဒါဆို ဝူတန်က ဓါးသင်္ချိုင်းကို သွားတူးတော့မှာပေါ့"
"အင်း...သူတို့ အခုတောင် ထွက်လာနေလောက်ပြီ"
"ဒါ....ဒါဆို"
"အဲ့တာကို ဘာလို့ အခုမှ လာပြောနေတာလဲ ...မျိုးမစစ်ခွေးသားရဲ့"
ဟုန်ဒယ်ဂွမ်၏ ဖြစ်ပျက်နေပုံကိုကြည့်ကာ ချွန်းမြောင်က တခစ်ခစ်ရယ်ရင်း ထွက်ပြေးသွားလေတော့သည်။
"သူ့ကို ရအောင်ဖမ်းကြစမ်း"
မည်သိုပင် ကြိုးစားစေကာမူ ချွန်းမြောင်သည် အပြင်သို့ပြေးထွက်ကာ အနီးနားရှိ အိမ်အမိုးပေါ်သို့ ခုန်တက်လိုက်ပြီး အော်လိုက်လေသည်။
"ကျွန်တော် မလိမ်ဘူးလေ"
"အကုန်လုံးကို အပြည့်အစုံ မပြောတာပဲ ရှိတာကို"
"ဝူတန်က အဲ့တာကို ရှာမတွေ့ခင် ခင်ဗျားလည်း မြန်မြန်ပြန်ရောင်းလိုက် သင့်တယ်နော်"
ထွက်ပြေးသွားသော ချွန်းမြောင်ကိုကြည့်ကာ ဟုန်ဒယ်ဂွမ် နောက်ပြန်ပင် လှန်ကျသွားလေသည်။
"ခေါင်းဆောင်"
"ခေါင်းဆောင် အဆင်ပြေရဲ့လား"
"အဲ့ဒီ ..အဲ့ဒီ သောက်ရူးကတော့…."
"မဟုတ်ဘူး...ငါ့ငွေတွေ ငါ့မှာ အချိန်မရှိတော့ဘူး"
ဟုန်ဒယ်ဂွမ်က မြေပုံကို ကျစ်ကျစ်ပါအောင် ဆုပ်ရင်း မီးတောက်မတတ် မျကိလုံးများနှင့် ပြောလာလေသည်။
"အခုချက်ချင်း ဒီမြေပုံကို ဝယ်နိုင်တဲ့ဂိုဏ်းအားလုံးကို ဖိတ်လိုက်...သူတို့ကို ပစ္စည်းကောင်းတစ်ခု ရှိကြောင်း သတင်းပါးလိုက်"
"ကျွန်တော်တို့ဘာသာ ဆေးလုံးကို မရှာဘူးလား"
"ဟင့်အင်း...တခြားသူ ရှာလိမ့်မယ်...ငွေပေးပြီး ဝယ်နိုင်တဲ့သူဆို တစ်ကောင်တစ်မြီးတောင် မကျန်စေနဲ့...အကုန်ဖိတ်ခဲ့"
"ဟုတ်ကဲ့ ခေါင်းဆောငိ"
"ပြီးတော့"
"ပင်မဂိုဏ်းကို တပ်ကူလှမ်းတောင်းလိုက်...ငါတို့လည်း သွားရမယ်"
"သွားမှာလား"
"ဘယ်လိုပဲ ဖြစ်ဖြစ် ကြိုးစားကြည့်ရမှာပဲ...အားလုံးမှာ အခွင့်အရေးရှိတယ်"
သူတောင်းစားဂိုဏ်း တစ်ဂိုဏ်တည်းဆိုလျှင် ဝူတန်အား မယှဉ်နိုင်သော်လည်း ဂိုဏ်းများစွာ စုပေါင်းသွားလျှင်မူ အခြေအနေက ပြောင်းလဲသွားပြီ ဖြစ်လေသည်။
"ဟုတ်ပြီ...ဒါဆို အခုပဲ ကြိုးစားလိုက်ရအောင်...အခုက ဓါးသင်္ချိုင်းအတွက် တိုက်ပွဲပဲ...ဟို ဟွာဆန်းနဂါးဆိုတဲ့ကောင်ကိုလည်း အခွင့်အရေးရရင် တချက်လောက်ကန်ပစ်ရမယ်"
ဤသည်ကပင် ချွန်းမြောင်ဖန်တီးလိုသော အခြေအနေဖြစ်သည်ကို သူမသိခဲ့ပေ။
အပိုင်း (၁၄၄)
မင်းနဲ့ငါ အတူအလုပ်လုပ်ကြရအောင် (၄)
တောင်ပေါ်လေအေးက တဖြူးဖြူးတိုက်ခတ်နေလေသည်…။.
ဟွမ်းဂျွန်က တောင်ပေါ်မှနေကာ ဟွာကျေးရွာ၏ ရှုခင်းနှင့် တောင်ပိုင်းနယ်မြေများ၏ အလှကို ခံစားနေလေသည်.
ဟွမ်းဂျွန်၏ နောက်တွင်မူ တိတ်ဆိတ်စွာ ရပ်နေသော ဟွမ်းယုန်က ရှိနေလေပြီး စကားစတင်ကာ ပြောလာလေ၏။
“ဒါက သူတို့ပြန်လာရမယ့် အချိန်ရောက်နေပြီမို့လား”
“အင်း”
“ဘာလို့ ဒီလောက် ဘာမှမထူးခြားသလို နေနေတာလဲ…သိထားရတဲ့ သတင်းတွေရှိရင်လည်း ကျွန်တော့်ကိုလည်း အကျိုးအကြောင်း ပြောပြပါဦး”
ဟွမ်းယုန်၏ စကားကြောင့် ဟွမ်းဂျွန်က ခါးသက်သက်ပြုံးလိုက်လေသည်။
“သူတို့က အပြင်ကို အပျော်အပါး သွားကြတာ မဟုတ်ဘူး…သူတို့ရဲ့ တာဝန်ကို ပြီးဆုံးအောင် လုပ်ဖို့ သွားကြတဲ့ကလေးတွေ …ဒါပဲလေ..တခြားဘာရှိရဦးမှာလဲ…အချိန်တန်ရင် ပြန်လာမှာပေါ့”
“စိတ်ပျက်စရာပဲ…စိတ်ပျက်စရာပဲ…တအားကို စိတ်ပျက်စရာပဲ….”
ဟွမ်းဂျွန်က သူ့ပါးအား သူ့ကိုယ်သူ ရိုက်ဟန်ဆောင်ကာ ဒရမ်မာတဖြတ်ခင်းနေသော ဟွမ်းယုန်ကို ကြည့်လိုက်လေသည်။
“ငါ ဘာလုပ်ရမှာလဲ…ဂိုဏ်းချုပ်တစ်ယောက်က စိတ်ရှည်လက်ရှည်စောင့်ပေးတာအပြင် ဘာလုပ်နိုင်မှာမို့လဲ”
“အဲ့လိုဆိုလည်း ဒီတိုင်းလုပ်နေလို့တော့ မရဘူးလေ…လုပ်သင့်တာကို လုပ်ပြီး ပြောပေါ့…ဂိုဏ်းချုပ် ဒီနေရာမှာ ရောက်နေတာ ရက်ပိုင်းနဲ့တင် ဆယ်ခါရှိနေပြီ…”
“…”
ထိုစကားကြောင့် ဟွမ်းဂျွန် ပြောစရာစကားမဲ့သွားကာ တိတ်ဆိတ်သွားလေသည်။ ကလေးများအား စိုးရိမ်နေသော်လည်း ပြန်လာသည်ကိုသာ မျှော်ရန်တတ်နိုင်သည်မို့ တောင်ပေါ်သို့ တက်ကာ ပြန်အလာကိုကြည့်မိနေခြင်းပင်။ ယနေ့တွင်လည်း တတိယအကြိမ်မြောက် တက်လာခြင်းဖြစ်ပြီး ဟွမ်းဆန်းနှင့် ဟွမ်းယုန်တို့ကပါ မနေနိုင်စွာနှင့် လိုက်ခဲ့ကြခြင်း ဖြစ်လေသည်။
“သူတို့ အဆင်ပြေမှာပါ”
ဟွမ်းဆန်းက ဖြောင့်ဖြစကားဆိုလိုက်သော်လည်း ဟွမ်းယုန်ကမူ လက်ခံနိုင်ပုံ မရပေ။
“သူတို့ ပြန်လာသင့်နေပြီ မဟုတ်ဘူးလား…သူတို့ ဘယ်လောက်ပဲကြိုးစားနေပါစေဦးတော့ သူတို့ရင်ဆိုင်ရမှာ ဝူတန်က လူတွေလေ….မင်း သူတို့အဆင်ပြေမယ်လို့ ဘယ်လိုတောင် လွယ်လွယ် ပြောနိုင်ရတာလဲ”
“ငါတို့ကလေးတွေက ဘာမို့လို့လဲ…သူတို့က ငါတို့နဲ့ မတူဘူး…သူတို့တွေ အဆင်ပြေမှာ သေချာတယ်”
ထိုစကားကြောင့် ဟွမ်းယုန်၏ မျက်နှာကမူ ရှုံမဲ့သွားလေသည်။
“သူတို့က ငါတို့နဲ့ တူလို့မရဘူး…သူတို့ ငါတို့လို ဖြစ်မလာရဘူး”
ထိုစကားကြောင့်ပင် သုံးယောက်သား၏ ရင်ထဲတွင် ခါးသက်သွားလေသည်။
သူတို့သည် ဟွာဆန်း၏ ပျက်သုန်းစဉ်ကာလကို ကိုယ်တွေ့ကြုံခဲ့ကြရပြီးပြီး ဖြစ်ပြီး ခါးသီးမှုများကို ခံခဲ့ရပြီးပြီ ဖြစ်သည်။ ထို့အပြင် သူတို ဆရာတူအကိုကြီးများကိုယ်တိုင်ကလည်း ဟွာဆန်းကို စွန့်ခွာသွားခဲ့ကြသည်ကို မြင်ဖူးခဲ့ကြပြီး ဖြစ်လေသည်။ သူတို့၏ ရင်ထဲတွင် အမျိုးမျိုးသော စိုးရိမ်ပူပန်မှုများက ပြည့်နှက်လေကြ၏။ ထို့အပြင် ထိုနေ့ရက်များတွင် ကြီးပြင်းခဲ့ရသော သူတို့အနေနှင့် သိုင်းပညာရပ်ကို ကောင်းစွာသင်ကြားနိုင်ခြင်းလည်း မရှိခဲ့ပေ။ သူတို့၏ဘဝက အမှောင်မိုက်ဆုံးအချိန်များကို ဖြတ်သန်းခဲ့ရသည် ဖြစ်ပြီး ရောင်နီသမ်းစ အချိန်ကို ယခုမှသာ ကြုံရသည် ဖြစ်လေ၏၊။
“သူတို့တွေက ငါတို့တွေနဲ့ မတူပါဘူး..သူတို့က ဟွာဆန်းရဲ့ ဂုဏ်ကို ဆောင်မယ့်သူတွေပါ”
“ဟွာဆန်းရဲ့ ဂုဏ်အသရေ …”
ဟွမ်းဆန်း၏ စကားမဆုံးခင်မှာပင် ဟွမ်းယုန်က ကြားဖြတ်ကာ ပြောလိုက်လေသည်။
“ဂုဏ် တွေက အရေးကြီးလို့လား…သူတို့တွေ တစ်နေရာရာမှာ ဒုက္ခရောက်နေတာ ဒါမှမဟုတ်လည်း ဂိုဏ်းကို ပြန်မလာတော့တာ မဟုတ်ရင်ကို ကျေနပ်စရာကောင်းလှပြီကို”
ဟွမ်းယုန်သည် ဘဏ္ဍာရေးမှုးပေမို့ သူ၏အတွေးများက သိုင်းပညာနှင့်ပတ်သက်သည့် ဂုဏ်အသေရေများက သူ့အတွက် အရေးမပါပေ။ တခြားသော လက်တွေ့ကျသည့်အရာများကို ပိုမိုကာ အာရုံစိုက်တတ်လေသည်။ ယခုတွင်လည်း ဖြစ်သင့်သည့် လက်တွေ့ကျသော အရာတစ်ခုကို ပြောလိုက်သည်မို့ ဟွမ်းဆန်း ပါးစပ်ပိတ်သွားလေသည်။
“ကလေးတွေက ဟွားဆန်ကို သမိုင်းသစ်တစ်ခု ယူလာပေးမှာပါ”
ဟွမ်းဂျွန်ကမူ အပြုံးနုနုနှင့် ပြောလာလေသည်။
“ငါတို့တွေက သူတို့ကို ငါတို့မသေခင်အချိန်အထိ ကောင်းကောင်းပျိုးထောင်ပေးခဲ့ရင်ပဲ လုံလောက်နေပြီ မဟုတ်ဘူးလား…ဘာတွေ ငြင်းနေကြဦးမှာလဲ”
ထိုစဉ်မှာပင် ဟွမ်းဂျွန်တို့ ဆီသို့ ယုအန်းက ပြေးကာလာနေသည်ကို တွေ့လိုက်ရလေသည်။
“ဘာဖြစ်လာတာလဲ”
“ဟွားကျေးရွာရဲ့ ကုန်သည်လေးတစ်ယောက်က ကျွန်တော်တို့ကို နန်ယောင်က အမှာစကားကို ပေးပို့လာလို့ပါ”
ထိုစကားကြောင့် ဟွမ်းဂျွန် မျက်လုံးများပင် ပြူးသွားလေသည်။ သတင်းကို ကြားချင်လှပြီ ဖြစ်သော်လည်း သတင်းဆိုး ဖြစ်မည်ကိုတော့ စိုးရိမ်နေရှာသည်။ ရင်တုန် စိတ်လှုပ်ရှားဖြစ်နေသည်ကို ထိန်းမရတော့ပေ။
“ကုန်သည်လေးတစ်ယောက်ကလား”
“မြန်မြန်လေး ပြောစမ်း…”
“ဟုတ်ကဲ့…သတင်းကတော့ ဟွာဆန်းက ဂိုဏ်းသားတွေနဲ့ ဝူတန်ကဂိုဏ်းသားတွေက တိုက်ပွဲအတွက် စိန်ခေါ်ပြီး တိုက်ခိုက်ခဲ့ကြတာပါတဲ့….ဟွာဆန်းက နိုင်သွားတာပါတဲ့….အဲ့တာကြောင့် ဟွာဆန်းရဲ့ လက်အောက်ခံဂိုဏ်းဖြစ်တဲ့ ဟွာယုန်းက နန်ယောင်မှာ ဆက်နေရပြီး ဝူတန်ဂိုဏ်းရဲ့ လက်အောက်ခံ လေ့ကျင့်ရေးခန်းမကတော့ နန်ယောင်ကနေ ထွက်သွားရပါတယ်တဲ့”
“သတင်းက အမှန်ပဲလား”
“ကုန်သည်လေး ပြောတာကတော့ သူ သတင်းကို သေချာကို စိစစ်ကြည့်ပြီးပါပြီတဲ့…အကြိမ်ကြိမ်မေးတာတောင် ဟွာဆန်းနိုင်သွားတယ်ပဲ ပြောကြပါတယ်တဲ့”
“သူတို့က ဝူတန်ကိုတောင် ယှဉ်ပြီးတော့ တိုက်နိုင်တယ်…ငါတို့ကလေးတွေက ဝူတန်ကို ထပ်နိုင်လိုက်တယ်ပေါ့”
“ဟုတ်ပါတယ်..ဂိုဏ်းချုပ်”
“ဟူးရေး….ဟားဟားဟား…”
ဟွမ်းဂျွန် အားပါးတရသာရယ်နေပြီး ဆက်ကာ မပြောတော့ပေ။ အပျော်လုံးစို့ သွားပြီဖြစ်လေသည်။
“ကြည့်စမ်း…မင်းတို့ကို ငါက ကလေးတွေက ထူးခြားပါတယ်လို့ မပြောဘူးလား”
နဂိုကပင် ကလေးများအား မယုံကြည်သည် မဟုတ်သော်လည်း ဝူတန်ဂိုဏ်း၏ သိုင်းပညာအဆင့်ကို မသိရ၍ စိတ်ပူခဲ့ခြင်း ဖြစ်လေပြီး ယခုတွင်မူ ထိုစိုးရိမ်မှုကြီးက ပျက်သုန်းသွားပြီဖြစ်လေသည်။
“ဪ ..ဒါနဲ့ ဟွာယုန်းကရော”
“အခုဆိုရင် ဟွာယုန်းဂိတ် က နန်ယောင်မှာပဲ ဆက်နေရပြီး ဂိုဏ်းသားအသစ်တွေလည်း အများကြီး လက်ခံနေရတယ်လို့ ပြောပါတယ်”
“ဒါဆိုရင်တော့ အားလုံးက အဆင်ပြေပြေ ပြီးသွားပြီပဲ”
“ငါ သိပြီးသားပါ…အဲ့ဒီ မျိုးမစစ်ကလေးတွေ လုပ်နိုင်မယ်ဆိုတာကို သိထားသားပဲ…ဟားဟား”
“ဟူး…ဝူတန်ကို နိုင်သတဲ့ကွာ”
“တကယ့်အံဩစရာ ကောင်းလိုက်တာ…အဲ့ကလေးတွေကတော့ တကယ်ဟွာဆန်းကို တစ်ခေတ်ပြန်ဆန်းသစ်အောင် လုပ်ပေးနိုင်မယ့် သူတွေပဲ”
ဟွမ်းဆန်းကမူ ပျော်ရွှင်လွန်း၍ စကားပင် မပြောနိုင်တော့ပေ။ ဤသို့သာ ဆက်သွားလျှင် ဟွာဆန်းသည် ဂိုဏ်းကြီး ကိုးဂိုဏ်းထဲသို့ မကြာမှီပင် ပြန်လည် ဝင်ရောက်နိုင်သွားမည်က သေချာလေသည်။ ယခင်ကမူ အိမ်မက်ပင် မမက်ရဲသော်လည်း ယခုတွင်မူ မျှော့်လင့်ချက် ရှိလာပြီ ဖြစ်လေသည်။
“ဒါဆို ကလေးတွေက ပြန်လာနေကြပြီလား”
“သူတို့ကတော့ ကျွန်တော်တို့ကို တိုက်ရိုက်မဆက်သွယ်သေးလို့ သေချာတော့ မသိရသေးဘူး…
ဒါပေမယ့် အဲ့ကတည်းကသာ နန်ယောင်က ထွက်လာခဲ့မယ်ဆိုရင် သူတို့တွေ မကြာခင်ရောက်လာကြတော့မယ်ထင်တယ်”
“အင်း …ဟုတ်သားပဲ”
ဟွမ်းဂျွန်က ပြုံးကာ ပြောလိုက်လေသည်။
“ကဲ…ဘဏ္ဍာရေးမှူးကြီး “
“ဟုတ်ကဲ့ …ဂိုဏ်းချုပ်”
“အောင်ပန်းဆင်လာတဲ့ကလေးတွေကို ကျုပ်တို့က တစ်ခုခုလေး လုပ်ပေးသင့်တယ် မထင်ဘူးလား”
“စိတ်ချပါ..ကျွန်တော် အားလုံး သေချာ ပြင်ဆင်ထားလိုက်ပါ့မယ်…”
“ဟုတ်ပြီ…ဒါဆို သူတို့ သုံးရက်အတွင်း ပြန်ရောက်လိမ့်မယ်…”
ပြောပြီးသည်နှင့် ဟွမ်းဂျွန်သည် နန်ယောင်ရှိရာဘက်သို့ လှမ်းမျှော်ကာ ကြည့်လိုက်လေ၏။
မင်းတို့တွေ တကယ်ကြိုးစားခဲ့ကြတာပဲ..ကလေးတွေ…
ထိုစဉ်မှာပင် ဟွမ်းယုန်က သတိရသွားကာ ထပြောလေတော့သည်။
“ဒါနဲ့ ဒီတစ်ခေါက်က ထူးဆန်းမနေဘူးလား”
“ဘာကို ပြောချင်တာလဲ”
“ချွန်းမြောင်လေ….ဘာသံမှကို မကြားရဘူး…သူသာ ပြဿနာရှာထားရင် အခုချိန်ဆို ကြားပြီးနေရလောက်ပြီ…မဟုတ်ဘူးလား”
ထိုစကားကို ကြားသည်နှင့် ဟွမ်းဂျွန်က အကျယ်ကြီး အော်ရယ်ကာ ပြောလေတော့သည်။
“သူလည်း တာအိုကျင့်ကြံသူပါဟ… အပြင်မှာ ဘယ်လောက်ပဲ ဆိုးသွမ်းနေပါစေ…ရင်ထဲမှာတော့ ကျင့်ကြံသူရဲ့ စိတ်ထားလေး ရှိပါတယ်ကွ…”
“ဟုတ်လို့လား”
“ဘယ်လိုပဲဖြစ်ဖြစ် ဒီအဖြစ်ပျက်ကြောင့် ငါတို့ဂိုဏ်းက ပျက်သုန်းသွားတော့မှာ မဟုတ်ဘူးဆိုတာနဲ့ ဟွာဆန်းဂိုဏ်းသားတွေက ပေါ့သေးသေးတွေ မဟုတ်ဘူးဆိုတာကို လောကကြီးက သိသွားပြီ…အခု ငါတို့က ပိုပြီး ကြိုးစားရတော့မှာ မဟုတ်ဘူးလား”
“ဟုတ်ပါတယ်…ဂိုဏ်းချုပ်”
“ကောင်းတယ်…ကောင်းတယ်”
ဟွမ်းဂျွန် တောက်ပစွာ ပြုံးလိုက်လေသည်။ စိုးရိမ်ပူပန်မှု အလုံးစုံတို့က တိမ်စင် လပမာ ပျောက်ကွယ်သွားပြီ ဖြစ်လေသည်။သို့သော်…..
ဟွာဆန်းမှ လူအားလုံးသည် ချွန်းမြောင် မွှေးထားသည့် မီးက ဂိုဏ်းအားလုံးအား စတင်လောင်မြိုက်နေပြီဖြစ်သည်ကိုတော့ မသိလိုက်ကြပေ။
“အဲ့ဒီတော့….”
ဝူတန်၏ အကြီးအကဲဖြစ်သူ ဆရာကြီးဟ်ုက ခေါင်းကို လှည့်ကာ ဂျင်ဟဲယွန်ကို ကြည့်လာလေသည်။
‘မင်းပြောလိုက်တာက…”
“ဟုတ်ပါတယ်”
“နန်ယောင်မှာ ဟွာယုန်းဂိတ်က လွဲရင် တခြားလက်အောက်ခံဂိုဏ်း မရှိဘူးပေါ့ ဟုတ်လား”
“ဟုတ်ပါတယ်”
“နန်ယောင်က လူနေနည်းတဲ့ ရွာလိုမျိုးလား…”
“ဟုတ်ပါတယ်’”
ဟို ခေါင်းဆောင်က ခေါင်းကိုငြိမ့်လိုက်ကာ အချိန်အတော်ကြာအောင် စဉ်းစားနေပြီးမှ ဆက်ကာပြောလေသည်။
“ဒါဆို အခု အဲ့ဒီလူတွေက ဘာတုန်း”
“ဒါက …”
ဂျင်ဟဲယွန် ခေါင်းမော့ကာ ကြည့်လိုက်ပြီး ကြောင်အမိနေလေသည်။
သူလည်း မည်သို့ရှင်းပြရမည် မသိပေ။
လူစည်နေသည်လား …လူစုထားသည်လားကိုပင် မသဲကွဲခြင်းပင်။
နန်ယောင် အဝင်ကတည်းကပင် လူများက ပြည့်ကြပ်နေသည်ဖြစ်ပြီး တစ်ခါမျှပင် နန်ယောင်တွင် ထိုသို့ လူစည်ခြင်းမျိုးကို သူမမြင်ဖူးခဲ့ပေ။ လူပေါင်းများစွာက နန်ယောင်သို့ ရောက်နေကြသည်။ ရောက်လာနေဆဲပင် ဖြစ်ပြီး ထပ်ပြီးလည်း ရောက်လာကြဦးမည် ဖြစ်လေသည်။
ထို့အပြင် အားလုံးကလည်း ခါးတွင် လက်နက်ကိုယ်စွဲ ချိတ်ဆွဲထားကြသည်မို့ အားလုံးက သိုင်းပညာနယ်ပယ်မှ လူများချည်းပင်။
“ဟင်”
အဆုံးသတ်တွင်မူ ဂျင်ဟဲယွန် နားလည်သွားပြီ ဖြစ်လေသည်။
ဟိုခွေးသား တစ်ခုခုတော့ လုပ်ထားတာ သေချာနေပြီ….
သူ့လက်ချက် မဟုတ်ဘဲနဲ့ လူတွေ ဒီလောက်အများကြီး ဒီကို ရောက်လာစရာ အကြောင်းမရှိဘူး”
ဂျင်ဟဲယွန် သဘောပေါက်သွားလေပြီမို့ ဒေါသထွက်လာသော်လည်း ဒေါသကို ထိန်းကာ ဟို ခေါင်းဆောင်ကို တိုးတိုးလေး လှည့်ကာ ပြောလိုက်လေသည်။
“ကျွန်တော့် အထင်တော့ ဟွာဆန်းက ခွေးသားက တစ်ခုခုလုပ်ထားလိုက်ပြီနဲ့ တူပါတယ်”
“ဟမ်”
“သူက မြေပုံရဲ့ သတင်းကို ဖြန့်လိုက်တာတော့ မဟုတ်ဘူးမို့လား”
ဟို ခေါင်းဆောင် ရုတ်တရက် ထိတ်လန့်သွားလေသည်။
“တကယ်ကြီး သတင်းဖြန့်လိုက်တာလား…သူက ဘယ်လိုတောင် သောက်ရူးကျတာလဲ…သောက်ကျိုးနည်း”
ဓါးသင်္ချိုင်းဆိုသည်က တန်ဖိုးသတ်မှတ်ရန်ပင် မရသောနေရာဖြစ်လေသည်။ မဟုတ်ပါက ဝူတန်ဂိုဏ်းက ငွေအား လူအားရင်းကာ တိတ်တခိုး လုပ်ကိုင်နေမည် မဟုတ်ပေ။ သို့သော် ဟွာဆန်းဂိုဏ်းက လူကမူ ထိုသို့တန်ဖိုးရှိလှစွာသော သတင်းအား လက်လွတ်စပယ် ဖြန့်လိုက်လေသည်။
ထိုလူကိုမှ အရူးဟု မခေါ်လျှင် အခြားခေါ်ရမည့်သူ ရှိတော့မည် မဟုတ်ပေ။
“သတင်းကို ဖြန့်တယ်ဆိုရင်တောင် သုံးရက်နဲ့တော့ လူဒီလောက် ရောက်နေစရာမှ မရှိတာ”
“ကြည့်ရတာ နန်ယောင် အနီးနားကနေရာတွေရော သတင်းပြန့်သွားပြီ ထင်တယ်…နန်ယောင်နားတဝိုက်က ဂိုဏ်းသားတွေ အကုန်ရောက်နေကြသလိုပဲ”
“ဟင်း…’
ဟို ခေါင်းဆောင် ခေါင်းကိုက်သွားလေသည်ကတော့ အမှန်ပင်။ လူများအား ရှောင်ရှားလို၍ တိတ်တခိုးလုပ်နေကာမှ လူများအားလုံးက အဓိကနေရာဖြစ်သော နန်ယောင်တွင် လာစုနေကြလေသည်။ လူများလေလေ သွေးမြေကျသည်က များလေမို့ သူ မည်သို့ဆက်လက်ကာ လုပ်ဆောင်ရမည်ပင် မသိတော့ချေ။
အင်း…တော်တော် ယုတ်မာတဲ့သူပဲ…
ဟို ခေါင်းဆောင် သေချာတွေးတောရင်းမှပင် နားလည်လာသလိုပင်။ စေ့စေ့တွေး ရေးရေးပေါ်ပင်။
ဤလူများသည် ဓါးသင်္ချိုင်းကို လာရှာနေကြခြင်း မဟုတ်ပေ။ ဓါးသင်္ချိုင်းကို တကိုယ်တည်းရောက်လာမည့် ဝူတန်ဂိုဏ်းကို ပေါင်းကာတိုက်ခိုက်ရန် စုပေါင်းနေကြခြင်းပင် ဖြစ်လိမ့်မည်။ သေချာပေသည်။ မြေပုံကို ရှာရန်ဆိုပါက အားလုံး ဤမျှ အေးချမ်းနေကြမည် မဟုတ်ပေ။ ယခုသည်က ဘုံရန်သူရှိပြီးဖြစ်၍ ညီညွတ်အေးချမ်းနေခြင်းပင်။
“ဟွာဆန်းရဲ့နဂါးကောင်က ငါတို့ဆီက မြေပုံကို ယူသွားသေးတာလား”
“ဟုတ်ပါတယ်”
သောက်ကျိုးနည်း…သူ ဘာတွေများလုပ်ထားတာလဲကွာ…
ဘယ်လိုလုပ် အရွယ်ငယ်သလောက် အဆိပ်ပြင်းနေရတာလဲ…
“အခု ကျွန်တော်တို့ ဘာဆက်လုပ်ကြမလဲ…ခေါင်းဆောင်”
ဟို ခေါင်းဆောင်သည်လည်း ရုတ်တရက် တွေ့ကြုံလိုက်ရသည့် အခြေအနေကြောင့် မည်သို့ရှေ့ဆက်ရမည် မသိဖြစ်သွားလေကာ ဂျင်ဟဲယွန်အား ကြည့်ပင်ကြည့်နေလိုက်လေသည်။
“အကုန်လုံး နန်ယောင်ကိုပဲ သွားနေကြပုံထောက်ရင်တော့ သူတို့ အဖြေရှာမတွေ့သေးဘူးဆိုတဲ့ သဘောပဲ…မင်းရော အဲ့လိုထင်လား”
“ဟုတ်”
“အင်း…”
ဟိုခေါင်းဆောင်က နှုတ်ခမ်းကိုကိုက်ကာ အကြံထုတ်လိုက်လေသည်။
“ဒါဆို ရတယ်…အစီအစဉ်က ဘာမှ မပြောင်းလဲဘူး…လူတွေ အာရုံစိုက်တာ မခံရစေနဲ့…မြန်နိုင်သမျှ မြန်အောင် ဓါးသင်္ချိုင်းကို သွားကြမယ်…လူတွေသာ ငါတို့ကို သတိမထားမိသွားစေနဲ့”
ထိုစကားကြောင့် အားလုံးက ငိုရခက် ရယ်ရခက် ဖြစ်ကာ အကြပ်ရိုက်သွားကြလေသည်။
“ဒီကိုကြည့်ကြ”
“ငါတို့က ဒီမှာ အားလုံးရဲ့ အာရုံစိုက်တာကို ခံနေကြရပြီးသား…ငါတို့ ဒီမှာဆက်နေလို့ မရဘူး…သွားမှ ဖြစ်မယ်…လူတွေကလည်း ငါတို့လမ်းကြောင်းအတိုင်း မှတ်ထားပြီး လိုက်ကြမှာပဲ”
“ဟုတ်”
“ဒီမှာ ငါတို့မှတ်ထားရမှာ တစ်ခုပဲ…ငါတို့က ဝူတန်ဂိုဏ်းသားတွေ…ငါတို့ လုပ်ရမယ့်တာဝန်ကို ပြီးအောင် လုပ်ရမယ်…ဒါကို စိတ်ထဲမှာထည့်ထားရင် တစ်လောကလုံးနဲ့ ရင်ဆိုင်နေရရင်တောင် ငါတို့ လုပ်နိုင်ပါတယ်”
“ဟုတ်ကဲ့…ခေါင်းဆောင်”
ဝူတန်ဂိုဏ်းသားများက ရင်ထဲတွင် သတ္တိကို မွေးဖွားလိုက်လေတော့သည်။
“ငါတို့ ကြောက်လို့ဆိုပြီး ဒီဘေးအန္တာရယ်ကနေ ရှောင်ပြေးစရာ မလိုဘူး…ဒါကို အားလုံးသိသွားစေရမယ်”
ဟို ခေါင်းဆောင်က အားလုံးကိုကြည့်လိုက်ကာ အေးစက်သောလေသံနှင့် ပြောလိုက်လေတော့သည်။
“အဆင်သင့် ပြင်ထားကြ… ငါတို့ ဓါးသင်္ချိုင်းကို စပြီး သွားကြမယ်”