← Chapters

အခန်း (၁၄၅-၁၄၇)

Vol. 10 Ch. 145-147

အခန်း (၁၄၅-၁၄၇)

Vol. 10 Ch. 145-147

အပိုင်း (၁၄၅)

မင်းနဲ့ငါ အတူအလုပ်လုပ်ကြရအောင်(၅)

“ဒီလူကြီးက အိုဒူစု မို့လား”

“ကျန်းရှီရဲ့ ဝိဉာဉ်လို့ ခေါ်တဲ့ သူက ဘယ်လိုလုပ်ပြီး ဒီကိုရောက်နေတာလဲ…ကြည့်ရတာ တစ်ခုခုကိုလည်း ပြင်ဆင်နေတဲ့ပုံပဲ”

“ငါတို့ မသိလိုက်ဘဲ ဖြစ်သွားတာ တစ်ခုခုများ ရှိနေကြတာလား”

“သူက အခြေခံဓါးအဖွဲ့အစည်းက လူမို့လား….သူက ဘယ်လိုလုပ် ဒီကို ရောက်နေတာလဲ”

“ငါ ထင်းရှုးပင် ဂိတ်က လူတွေကိုလည်း တွေ့လိုက်သေးတယ်…ပြီးတော့ လိုယောင်က လဆုတ်မျှော်စင်က လူတွေရောပဲ…..ဒီမှာ နာမည်ကြီးအဖွဲ့အစည်းတွေက လူတွေ အားလုံးရောက်နေကြသလိုပဲ”

“နေပါဦး …ဟို အနီရောင်ဝတ်ထားတဲ့သူက သူ့ကို မြင်ဖူးတယ်လို့ မထင်ကြဘူးလား”

“အကျော်အမော်တွေ အားလုံးစုနေပုံထောက်ရင်တော့ ကိစ္စကြီးကြီးမားမား တစ်ခုဖြစ်တော့မှာ သေချာတယ်”

နန်ယောင်မှ လူများကမူ အသီးသီးရောက်ရှိလာကြသော နာမည်ကျော်များကို ကြည့်ကာ လာမည့်အရေးကို ကြိုတွေးစိုးရိမ်နေကြပြီ ဖြစ်လေသည်။

“ဓါးသင်္ချိုင်းကြီးဆိုတာက တကယ်ပဲ ဒီနေရာမှာ ရှိနေတာများလား”

“အဲ့ဒီ သတင်းကြောင့် ရောက်လာကြတာလည်း ဖြစ်နိုင်တယ်…ဒါပေမယ့် ဓါးသင်္ချိုင်းပေါ်လာတယ်ဆိုပြီး သတင်းထွက်တာကလည်း ဒါနဲ့ဆို ငါးကြိမ်လောက် ရှိတော့မယ်…ဆိုတော့ အကုန်လုံးကတော့ သတင်းကြောင့် လာကြတာ မဖြစ်နိုင်ဘူး”

“ကြည့်ရတာတော့ ဒီတစ်ကြိမ်ကတော့ ကြမ်းတမ်းမယ့်ပုံပဲ….သူတောင်းစားဂိုဏ်းက သတင်းကများ မှားနေတာမျိုးတွေရော မဖြစ်နိုင်ဘူးလား မသိဘူး..တမင် သတင်းလွှင့်တာ ဖြစ်ဖြစ်ပေါ့”

“ဟင်…သတင်းက အမှန်ပါ”

“မဟုတ်ရင် ဂိုဏ်းတွေအကုန်လုံးက အဲ့လိုအပြေးအလွှား ရောက်လာကြပါ့မလား…ဓါးသင်္ချိုင်းသာ ရှာတွေ့လို့ကတော့ နန်ယောင်က လောကကြီးမှာ နာမည်အကြီးဆုံးနေရာ ဖြစ်ပြီပဲ”

“အဲ့တာတွေ အသာထားစမ်းပါ….ဘယ်လိုလူကသာ တန်ဖိုးကြီးအဲ့ဒီရတနာကို ရသွားမလဲဆိုတာ ကြည့်စမ်းပါ…”

“ငါလည်း မသိဘူး…လူတစ်ယောက်ရဲ့ကံဆိုတာက ခန့်မှန်းလို့ရတဲ့အရာ မဟုတ်ဘူးလေ…မင်း လည်းသိတယ်မို့လား”

အားလုံးက ကံကောင်းသွားမည့်လူကို စိတ်ဝင်စားနေကြပြီး ထိုဖိုးကံကောင်းက မိမိဖြစ်သွားရန်လည်း စိတ်ထက်သန်နေကြလေသည်။ မက်လောက်စရာ အဖိုးတန်ပစ္စည်းများပေမို့ မျက်နှာလွဲသွားနိုင်သူပင် မရှိဟု ထင်ရလေသည်။

သိုင်းပညာလောကတွင် လူအားလုံးက အတော်ဆုံးဟူသော အထိတ်အထိပ်ကို ရောက်ချင်ကြသော်လည်း အတော်ဆုံး သိုင်းသမားဘွဲ့ကို ရရှိနိုင်သူက တစ်ယောက်သာလျှင် ဖြစ်ပေလိမ့်မည်။ သို့ဖြစ်၍ သူတို့၏ သိုင်းပညာအဆင့်အား မြင့်တက်သွားစေမည့် မည်သည့်အရာကိုမဆို အားလုံးက စိတ်ဝင်တစားနှင့် လိုချင်တပ်မက်ကြသည်ပဲ ဖြစ်လေသည်။ ထိုရတနာပစ္စည်းများကိုသာ ရသွားပါက သိုင်းလောက၏ အောက်ဆုံးအဆင့်တွင်ပင် ရှိနေစေကာမူ အင်အားကြီးမားကာ သန်မာလာပြီး သိုင်းလောက၏ ဥသျှောင်ဟူသော ဘွဲ့ကို ရနိုင်လာမည် ဖြစ်လေသည်။ ထို့ကြောင့်ပင် အားလုံးက လောဘတက်ကာ စုရုံးရောက်ရှိလာကြခြင်း ဖြစ်လေသည်။

သိုင်းလောကမှ လူများအားလုံးနီးပါးရောက်ရှိနေကြသော်လည်း မည်သူကမှ ကြောက်ရွံအရှုံးပေးလိုစိတ် မရှိကြဘဲ အဆုံးစွန်းထိ တိုက်ခိုက်ရန် ပြင်ထားကြလေသည်။

“ကြည့်ရတာ စစ်ပွဲဖြစ်တော့မယ့်အတိုင်းပဲ”

“တကယ်လည်း စစ်ပွဲဖြစ်တော့မှာပဲလေ…သူတို့အားလုံးထဲက တစ်ယောက်တည်းကပဲ ဓါးသင်္ချိုင်းကို ဖွင့်ပြီး ရတနာတွေကို ပိုင်ဆိုင်ရမှာ”

လူများ၏ တီးတိုးပြောဆိုနေသံများကို နားထောင်နေသော လူနှစ်ယောက်က ထိုနေရာမှ တိတ်တဆိတ် ခိုးကာထွက်လာခဲ့ကြလေသည်။

“အခြေအနေက တကယ်ဆိုးနေပြီပဲ…ဟုတ်တယ် မို့လား…ဆရာတူအကိုကြီး”

ဂျိုဂု၏စကားကြောင့် ယွန်းဂျွန် ပို၍ ဆူပုတ်သွားလေသည်။

“ဒါက ရူးချင်စရာပဲ”

ဤမျှ လူပမာဏ အများကြီးအား မည်သို့ သူတို့တိုက်ခိုက်နိုင်မည်နည်း….

ရှေ့ဆက်ကာ မည်သို့ဖြစ်လာမည်ကိုပင် မခန့်မှန်းတတ်တော့ပေ..။ လူများက ယခုပင် နန်ယောင်မြို့ထဲတွင် ခြေကျင်းလိမ်နေကြပြီး ရှေ့ဆက်တွင်လည်း မည်သို့ဖြစ်လာမည်ကို ခန့်မှန်း၍ မရသေးပေ။ နောက်ရက်အနည်းငယ်တွင်မူ နန်ယောင်တွင် လူပင်လယ်ကြီး ဖြစ်နေတော့မည်က အမှန်ပင်။ ယခုအချိန်ထိပင် လူများက လာ၍ မဆုံးနိုင်ကြသေးပေ။

“သူ ဘာတွေတွေးနေလဲဆိုတာ ငါတော့ တကယ်ကို နားမလည်နိုင်တော့ဘူး”

တဖက်က ကြည့်လျှင်မူ ဓါးသင်္ချိုင်း သတင်းပြန့်သွားခြင်းက သတင်းကောင်းပင်။ ထို့ကြောင့်ပင် ဝူတန်ဂိုဏ်းမှ လူများ ဓါးသင်္ချိုင်းကို သွားဖောက်ရာတွင် ဟန့်တားနိုင်သွားမည် ဖြစ်လေသည်။ သို့သော်လည်း ယခုတွင်မူ လူက များလွန်းလှ၍ မည်သို့ဆက်လုပ်ရမည် မသိတော့ပေ။ ယွန်းဂျွန် ချွန်းမြောင်၏ အကြံများကို နားလည်နိုင်လျှင် ကောင်းလိမ့်မည်ဟု တွေးမိလေသည်။

ချွန်းမြောင်၏ အတွေးများသည် အမြဲလိုလိုပင် သူတို့နှင့်ကွဲပြားလေပြီး သူ၏ ရည်မှန်းချက်အား တနည်းတဖုံနှင့်တော့ ရောက်သည်ပင်။ သို့သော်လည်း မအောင်မြင်မှီအချိန်အထိမူ အရာအားလုံးကို နားမလည်နိုင်ဘဲ ရင်တထိတ်ထိတ် နေရသည်ကြီးပဲပင်။

“အခုတော့ ပြန်ကြစို့…’

“ဟုတ်ကဲ့ပါ..ဆရာတူအကိုကြီး”

ယွန်းဂျွန်နှင့် ဂျိုဂုက အလျင်အမြန်ပင် ပြန်လာကြပြီး ဟွာယုန်းသို့ ရောက်သည်နှင့် တံခါးကိုဖွင့်ကာ အထဲသို့ အမြန်ဝင်လာလေသည်။

အထဲသို့ ရောက်လျှင်ရောက်ခြင်းပင် ဘတ်ချုန်းက သူတို့ဆီသို့ ပြေးလာကာ မေးလေတော့သည်။

“အခြေအနေ ဘယ်လိုရှိလဲ”

“အုတ်အုတ်ကျတ်ကျတ်ကတော့ ဖြစ်နေပြီ…ကျွန်တော့် တသက်မှာ အဲ့လောက်များတဲ့ သိုင်းပညာရှင်တွေ တစ်နေရာတည်းမှာ စုနေတာ တခါမှ မမြင်ဖူးဘူး”

“ကြည့်ရတာ နန်ယောင် ပတ်ဝန်းကျင်မှာရှိသမျှ သိုင်းပညာရှင်တွေ အကုန်ရောက်လာတာထင်တယ်….”

“သိပြီ”

ဘတ်ချုန်းက ခေါင်းကိုဖြေးဖြေးငြိမ့််ကာ နားလည်ကြောင်း ပြောလိုက်လေသည်။

“အဲ့လိုဆို ငါတို့ တကယ်ပဲ အဆင်ပြေပါ့မလား”

အရာအားလုံးကို စီစဉ်ထားသူက ချွန်းမြောင်ပင်။ အဆင်ပြေမည်လား မပြေမည်လား …မည်သို့ ရှေ့ဆက်ကာ သွားမည်ကို သူတို့မသိရသေးပေ။

“ဒါနဲ့ …သူတို့က ဘယ်သူတွေလဲ”

“…”

ယွန်းဂျွန်က ပင်မဆောင်၏ အရှေ့ဘက်တွင် ထိုင်နေကြသော လူနှစ်ယောက်ကို ကြည့်ကာ မေးလိုက်လေသည်။

ထိုလူများတွင် အရှေ့တွင်ရှိနေသည့်သူကမူ သေရည်ပုလင်းတစ်လုံးကိုင်ကာ ထိုင်နေသည့်ချွန်းမြောင်ပင်။

“သူတောင်းစားလား…”

“ရှုူး …တိုးတိုး”

ဘတ်ချုန်းက နှုတ်ခမ်းပေါ် လက်တင်ကာ တိုးတိုးပြောရန် အချက်ပြလိုက်လေသည်။

“မရိုင်းစမ်းနဲ့….သူတို့က သူတောင်းစားဂိုဏ်း က လူ”

“အာ”

သူတောင်းစားဂိုဏ်းမှ သူတောင်းစားများသည် သူတောင်းစားများ ဖြစ်ကြသော်လည်း သူတောင်းစားဟု ခေါ်လျှင်မူ မကြိုက်ကြပေ။ သူတို့အား သတင်းစုဆောင်းသူများဟု ခေါ်သည်ကိုသာ သဘောကျကြလေသည်။

“အင်း…သူက ဘာလို့…”

“သူ က လိုယောင်က သူတောင်းစားဌာနခွဲခေါင်းဆောင်လေ…”

“အင်း…အဲ့တာကို သူက ဘာလို့ ဒီရောက်နေတာလဲ”

“အင်း…ချွန်းမြောင်….သူ တစ်ခုခုလုပ်ထားလို့ နေမှာပေါ့”

ထိုစကားကြောင့် အားလုံးက ဖြူရော်သွားကြလေ၏။

လူသားတစ်ယောက်လို ရှင်သန်စမ်းပါ….ခွေးသားလေးရယ့်…

မင်း ဘာတွေလုပ်လုပ် အခြေခံလူ့ကျင့်ဝတ်လေးတော့ နားလည်ဦးလေကွာ…

ဒီလိုအခြေအနေမှာတောင် ပြဿနာရှာနိုင်သေးတယ်…တကယ်ကြီးလေ…

သူတို့က မည်သို့ပင် တွေးကာ ကျိန်ဆဲနေစေကာမူ ချွန်းမြောင်က အသောက်မပျက်ပေ။

“ပြီးပြီလား”

“ဘာလဲ”

“မင်း လုပ်နေတာတွေကို ပြီးပြီးလာလို့ မေးနေတာလေ”

“ဘာတွေ လာပြောနေတာလဲ…ကျွန်တော်က ဘာလုပ်နေလို့လဲ”

“ဟမ်”

ဟုန်ဒယ်ဂွမ်၏ မျက်နှာက ရှုံတွသွားလေသည်။

ဒီ ခွေးလိုကောင်ကတော့…

ဟုတ်ပေသည်။ ရုန်းရင်းဆန်ခတ် အခြေအနေကို ဖန်တီးခဲ့သော ဟုန်ဒယ်ဂွမ်က ချွန်းမြောင်ရှိရာသို့ ရောက်နေခြင်းပင်။ ဝူတန်မှ လူများရောက်ရှိနေသောသတင်းနှင့် ရတနာမြေပုံ သတင်းကို ဖြန့်ခဲ့သည့်သူပင်။

ဝူတန်ဂိုဏ်းက နန်ယောင်သို့ရောက်ကာ ဓါးသင်္ချိုင်းကို ရှာတွေ့ပြီး ရတနာများအား တူးဖော်သွားခဲ့လျှင် ဂိုဏ်းချုပ်၏ အသေသတ်ခြင်းကို ခံရမည့်သူက သူပင်။ ထို့အပြင် မြေပုံကိုလည်း မရောင်းနိုင်ပေ။ မြေပုံကို ရောင်း၍ ဝူတန်ဂိုဏ်းနှင့် ပြဿနာဖြစ်ရပြီး သူတောင်းစားအခက်ခဲကြုံရပါက အကြီးအကဲများက သူ့အား အရှင်လတ်လတ်ပင် အရေခွံနွာပေလိ့မ်မည်။

“အာ့ဆို အခုက ဘာဆက်လုပ်မှာလဲ”

‘ဘာလဲ…ကျွန်တော်တို့က ပွဲကြည့်ပရိတ်သတ် လုပ်ရုံပဲလေ”

“ဒီလိုကြီး ထိုင်ပြီးတော့လား”

“အင်းလေ…ဒီလို ကြည့်ရလည်း အဆင်ပြေတယ်..ကျွန်တော်က ငွေလုံလုံလောက်လောက် ရထားပြီးပြီ”

“ဂါးးးး”

ချွန်းမြောင်က လုံးဝန်းတင်းကားနေသော သူ၏ဗိုက်လေးကို ပွတ်ကာပြလိုက်လေသည်။ ထိုအမူအယာကို နားလည်သော ဟုန်ဒယ်ဂွမ်ကမူ စွေ့စွေ့ခုန်နေလေတော့သည်။

ဟုန်ဒယ်ဂွမ် အမှန်ပင် ခံပြင်းမိလေသည်။ သူသည် အကင်းပါးသူတစ်ယောက်ဖြစ်သော်လည်း ချွန်းမြောင်၏ ရိုက်ချက်ကြီးကြီးကို ခံလိုက်ရလေသည်။ ရတနာလည်း မရ၊ ငွေလည်း ဆုံး အနေအထားသို့ ရောက်နေပြီး နှစ်ဖက်ရှုံးသည့်အနေအထားနှင့် အရှုံးသမား လုံးလုံး ဖြစ်နေလေပြီ ဖြစ်သည်။

ဂိုဏ်းက တပ်ကူတွေ လာဖို့ကလည်း ရက်နည်းနည်းကြာဦးမယ်…

ပြီးတော့ ဝူတန်ဂိုဏ်းကလည်း ရှိနေတယ်…

သူတောင်းစားဂိုဏ်းအနေနှင့် ဝူတန်ဂိုဏ်းကို မယှည်နိုင်သည်က အမှန်ပင်။ ထို့အပြင် သူတို့သူတောင်းစားဂိုဏ်းဆိုသည်က နေရာအနှံတွင် လူအင်အားကို ဖြန့်ကျက်ထားသည်ဖြစ်ပြီး ဝူတန်ဂိုဏ်းကဲ့သို့ တစ်နေရာထဲတွင် စုကာ နေရခြင်း မဟုတ်ပေ။ သို့ဖြစ်၍ ဂိုဏ်းမှ လူများပေါင်းကာ တိုက်ခိုက်ရန်ကလည်း မဖြစ်နိုင်ပေ။

ဒီလိုပဲ လုပ်ရတော့မှာပဲ…မတတ်နိုင်ဘူး…

ဘာကိစ္စ …ဒီကောင်နဲ့မှ အတူထပ်ပြီး လုပ်ရဦးမှာလဲကွာ…

ဟုန်ဒယ်ဂွမ် အနေနှင့် စိတ်ဓါတ်လုံးလုံးကျနေသော်လည်း အခွင့်အရေးမရှိသည်မို့ ချွန်းမြောင်ထံသို့ လာကာ အသနားခံရုံမှ လွဲ၍ မတတ်နိုင်တော့ပေ။ ချွန်းမြောင်တို့သည်သာလျှင် ဤနေရာတွင် ဝူတန်အား အနိုင်တိုက်ဖူးသူဟူ၍ ရှိလေသည်မို့လား…။

ထို့အပြင် ချွန်းမြောင်ထံသို့ လာရသည့်အခြားအကြောင်းအရင်း တစ်ခုလည်း ရှိလေသေး၏။ ထိုသည်က

ငါ အရူးမဟုတ်ဘူး…ဒီကလေး ဒီလိုလုပ်နေတာ သူလုပ်နိုင်တဲ့အရာ တစ်ခုခုရှိကို ရှိလို့ပဲ ဖြစ်ရမယ်..သူ့နားမှာပဲ ကပ်နေရမယ်….

ဤသည်ပင်။ ပွင့်ပွင့်လင်းလင်း ပြောရလျှင်မူ သတင်းဖြန့်ပြီးသည်နှင့် ဟုန်ဒယ်ဂွမ် ရှေ့မဆက်တတ်တော့ပေ။ သို့သော် ချွန်းမြောင်ဆိုသောကလေးတွင်မူ ရည်ရွယ်ချက်တိတိပပနှင့် အစီအစဉ်ရှိသည်ကို‌တော့ သူသိလေသည်။ ထို့ကြောင့်ပင် ဤကလေးနားတွင် ကပ်နေခြင်း ဖြစ်လေသည်။

“အခုက လှုပ်ရှားရမယ့်အချိန် မဟုတ်သေးဘူး”

“တစ်ခွက်တစ်ဖလား သောက်ဦးမလား”

“လူတွေအကုန်လုံးက အမဲလိုက်ခွေးတွေလိုကို ဝိုင်းအုံနေတာကို မင်းက အချိန်မရောက်သေးဘူးတဲ့လား..”

“ဟုတ်ပ…အကုန်လုံးက လောဘအပြည့်နဲ့ကြီးပဲ”

ချွန်းမြောင်၏ အေးဆေးနေမှုကြောင့် ဟုန်ဒယ်ဂွမ် ပေါက်ကွဲလေတော့သည်။

“ဟဲ့…သောက်ကလေး….ကိုယ့်လက်ထဲမှာ ရှိတဲ့အရာကို ဘယ်လိုဖမ်းဆုပ်ရမယ်ဆိုတာ မင်းမသိဘူးလား…

မင်းသာ ဒီလိုဆက်နေလို့ကတော့ တခြားသူတွေအားလုံးက လက်ဦးကုန်ကြတော့မှာ”

“ခင်ဗျားကလည်း တခြားသူတွေကိစ္စကို စိတ်ဝင်စားလှချည်လား”

ချွန်းမြောင်က ထိုသို့ဆိုကာ လေလေးချွန်လျက် လှဲကာနေလိုက်ပြန်သည်။

ဟုန်ဒယ်ဂွမ်က မတတ်သာသည်မို့ ဒေါသကိုကြိုးစားကာ လျော့နေရလေသည်။

အမလေး….ငါ ရင်တွေနာလိုက်တာ..

ဘယ်လိုသောက်ကလေးနဲ့ ပြောနေရတာလဲ..ဒီလို မကောင်းဆိုးဝါးလေးက ဘယ်ကမ္ဘာက ရောက်လာတာလဲ…

ဝှီး…

“အမလေး…ဘုရား ငုတ်တုတ်….

လန့်လိုက်တာဟ…”

ဟုန်ဒယ်ဂွမ် ထိုင်နေရာနားသို့ ရုတ်တရက်ဆိုသလိုပင် မိန်းကလေးတစ်ဦးက ရောက်လာလေသောကြောင့် သူက နောက်လှည့်ကြည့်လိုက်လေသည်။

ဘာတုန်းဟ…သူက…

သူ၏အတွေး မဆုံးမှီမှာပင် မိန်းကလေးက ပြောလာလေ၏။

“ဝူတန်ဂိုဏ်းက ရောက်လာပါပြီ”

ချွန်းမြောင်က ချက်ချင်းဆိုသလိုပင် ခုန်ကာထလိုက်လေသည်။

“သူတို့တွေ ရောက်နေကြပြီပေါ့”

ချွန်းမြောင် ချန်ထားခဲ့သော သေရည်ပုလင်းလေးကမူ ကြမ်းပြင်ပေါ်တွင် ကျွမ်းထိုးမှောက်ခုံနှင့် ဖိတ်စင်ကာ သွားလေပြီး ချွန်းမြောင်ကမူ အရေးမစိုက်စွာပင် သွားလေတော့သည်။

“သွားကြစို့”

“အင်း”

“သွားကြမယ်”

အစောပိုင်းကမူ ငြင်းခုန်ပြောဆို ပျော်ပါးနေကြသော ဟွာဆန်းမှ ဂိုဏ်းသားများသည် ချွန်းမြောင်ထလိုက်သည်ကို မြင်သည်နှင့် အားလုံးလိုက်ကာ ထလိုက်ကြပြီး ချွန်းမြောင်နောက်သို့ လိုက်သွားကြလေတော့သည်။

“ဟမ်”

ခန်းမထဲတွင် ရုတ်တရက် ဖြစ်သွားသော အပြောင်းအလဲကို နားမလည်လိုက်သူက ဟုန်ဒယ်ဂွမ်ပင်။ သူ ထရပ်လိုက်သည့်အချိန်တွင်မူ ဟွာဆန်းမှ ဂိုဏ်းသားအားလုံးက ပြေးထွက် ပျောက်ကွယ် သွားကြပြီ ဖြစ်လေသည်။

ဟုန်ဒယ်ဂွမ် နားလည်ရန် အချိန်တစ်ခု ယူလိုက်ရပြီး နောက်မှ အော်ဟစ်လေတော့သည်။

“ဟေ့…ဟေ့…ဘယ်လဲ….ဟာ…မျိုးမစစ်တွေ ရပ်ကြစမ်း…. ဟား…လိုက်ကြစမ်း…သူတို့ကို …မိရင် ဖမ်းထားကြ”

“သူတို့ ဘယ်ကိုသွားလိုက်မှန်းတောင် မမြင်မိလိုက်ဘူး…ငါတော့”

“ချီးပဲ…သူတို့နောက်ကို မှီအောင်လိုက်ကြ”

အဆုံးသတ်တွင်မူ ဟုန်ဒယ်ဂွမ်၏ သူ၏လူများကို ပြန်ခေါ်ကာ ပြန်လာခဲ့ရလေတော့သည်။

တကယ်ချီးပဲ…ဘယ်လိုသွားလိုက်ကြမှန်းတောင် မသိလိုက်ဘူး….

လူတွေရော ဟုတ်ကြရဲ့လား….ပြေးသွားတာမှ လျှပ်နေတာပဲ…

ဟိုကောင် အဆိုးဆုံးပဲ….သောက်နေရင်းကနေ ဘယ်လိုတောင် ထသွားတာလား..

ဒီ ဟွာဆန်းက ကောင်တွေဆီမှာပဲ တစ်ခုပြီးတစ်ခု ခံနေရတယ်…ချီး…ချီး….

နန်ယောင်တွင် ဝူတန်ရောက်လာပြီဆိုသည်နှင့် သူတို့အား တားဆီးရဲမည့်သူက ရှိမည်မဟုတ်ပေ။ ရှိလျှင်လည်း ထိုလူများက ဟွာဆန်းက လူများသာ ဖြစ်ပေလိမ့်မည်။ ဟုန်ဒယ်ဂွမ် မမြင်လိုက်ရသော ချွန်းမြောင်တို့အား မှန်းမျှော်ကာ ကြည့်ရင်း ဝင်ပေါက်သို့ ဖြေးဖြေးချင်း လျှောက်သွားလေသည်။

ထွက်သွားလေကြသော လူများကို မတ်တပ်ရပ်ကာ ကြည့်နေကြသော လူနှစ်ယောက်လည်း ထိုနေရာတွင် ရှိနေလေသည်။

“အဖေ”

“ပြော”

“ဒါကြီးက အဆင်တော့ပြေသွားမှာပါနော်”

“ငါလည်း မပြောတတ်ဘူး”

ဝေ့လီရှန်း လူသူကင်းမဲ့နေသော ခန်းမကိုကြည့်ကာ တုန်ယင်လှုပ်ရှားနေသော အသံနှင့် ပြောလိုက်လေသည်။

“သူတို့တွေ တစ်ခုခု စီစဉ်ထားတာတော့ ရှိလောက်မှာပါ”

“တကယ်ကြီးလား”

“ငါ ထင်တာကို ပြောတာလေ”

ရိုးရိုးသားသား ပြောရလျှင်မူ ဝေ့လီရှန်းသည်လည်း စိတ်မချဖြစ်ကာ ဟွာဆန်းမှကလေးများအား စိုးရိမ်နေသည်ကတော့ အမှန်ပင်။

အပိုင်း (၁၄၆)

ငါ့ပစ္စည်းကိုထိတဲ့ ဘယ်သူမဆို အသေပဲ(၁)

ဝူတန်ဂိုဏ်းက နန်ယောင်ကို ဖြတ်ပြီးသည်နှင့်ချက်ချင်းပဲ တောင်ပေါ်သို့ တက်သွားလေတော့သည်။ သူတို့၏ မြေပုံတွင် ဖော်ပြထားသော အမှတ်အသားများသာ မှန်မည်ဆိုပါက ဓါးသင်္ချိုင်းသည် ဤတောင်ပေါ်တွင် သေချာပေါက်ပင် ရှိနေမည် ဖြစ်လေသည်။

“အခြေအနေ ဘယ်လိုလဲ”

“ဖော်ပြချက်တွေအရဆိုရင်တော့ ကျွန်တော်တို့ တောင်ပေါ်ကို ဆက်ပြီးတော့ တက်ရဦးမယ်”

ဟို ခေါင်းဆောင် မျက်မှောင်ကြုတ်လိုက်လေသည်။

လူတွေက ငါတို့နောက်ကို ဆက်တိုက်လိုက်လာတာပဲ…

ထိုအခြေအနေက မျှော်လင့်ထားပြီး ဖြစ်သော်လည်း လက်တွေ့ကြုံရသည့်အခါတွင်မူ အနည်းငယ် ရင်ထိတ်စရာ ဖြစ်လာလေသည်။ လူတိုင်းကလည်း ဝူတန်ဂိုဏ်း၏ ဓါးသင်္ချိုင်းကို သိသည်ဆိုသည့်သတင်းကို ယုံကြည်နေကြပုံလည်း ရလေသည်။

အချိန်ဆွဲထားလေလေ ထိန်းမရနိုင် ဖြစ်လေလေ ဖြစ်လာတော့မှာပဲ….

အလားတူ ရတနာရှာသော ဖြစ်ရပ်များသည်ကလည်း အတိတ်တွင် အကြိမ်များစွာ ဖြစ်ခဲ့ဖူးကြလေပြီး ဂိုဏ်းကြီးများက အများအားဖြင့် လက်ရှောင်ကြခြင်းဖြင့် ဂိုဏ်းမှလူသေဆုံးနှုန်းကို လျော့ချထိန်းနိုင်ကြလေသည်။ ဂိုဏ်းကြီးများအနေနှင့် ထိုပစ္စည်းများကို လောဘမရှိခြင်း မဟုတ်သော်လည်း ဂိုဏ်းသားများ၏ အသက်နှင့်ယှဉ်ရမည်ကို မတန်ဟု ယူဆကြ၍ လက်ရှောင်ကြခြင်းပင်။ သို့သော် ယခုကဲ့သို့ တစ်ဦးတစ်ယောက်နှင့် တစ်ဂိုဏ်းလုံးပါ ပြောင်းလဲသွားစေနိုင်သော သိုင်းပညာနှင့် ဆေးလုံးအညွှန်းများကိုမူ လက်ရှောင်မည် မဟုတ်ပေ။ ဂိုဏ်းကြီးများသည်လည်း မိမိတို့၏ နေရာအား ဆက်လက်ထိန်းသိမ်းရန်အတွက် လိုအပ်သည်များ ရှိနေသည်မို့ သူတို့သည်လည်း ရတနာအား ရရန်ကြိုးစားရ ပေလိမ့်မည်။

ယခုတွင်မူ ဝူတန်ဂိုဏ်း၏နောက်တွင် သူတို့အား အလွတ်မပေးဘဲ စောင့်ကြည့်ကာ လိုက်ပါလာသော ဂိုဏ်းများစွာလည်း ရှိနေလေသည်။

ငါတို့သာ ဓါးသင်္ချိုင်းကို ဖွင့်လိုက်နိုင်တာနဲ့ ဒီလူတွေအကုန်လုံးက ငါတို့ကို ဝိုင်းပြီး တိုက်ခိုက်ကြတော့မှာပဲ…

ဟို ခေါင်းဆောင် ခံစားချက်များ ကောင်းမွန်မနေတော့ပေ။

“မုယွန်”

“ဟုတ်ကဲ့…ခေါင်းဆောင်”

“အနောက်ဘက်ကို သေချာလေး ဂရုစိုက်ပါ…ငါတို့ ဓါးသင်္ချိုင်းကို ဖွင့်လိုက်တာနဲ့ ငါတို့ကို တိုက်ခိုက်ကြလိမ့်မယ်…အနောက်ဘက်ကို သေချာလေး ပိတ်ထားပါ”

“ဟုတ်ကဲ့…ခေါင်းဆောင်”

တောင်ပေါ်သို့ တစီတတန်းကြီးလိုက်ပါလာသော လူများကို မတိုက်ခိုက်ရေးအတွက် ဆွယ်တရားဟောရန်က မဖြစ်နိုင်ပေ။ အားလုံးက လောဘသားများသာ ဖြစ်၍ သေချာပေါက် တိုက်ခိုက်ကြမည်ပင်။ သူတို့ အထူးအာရုံထားရမည်က သူတို့ဂိုဏ်းမှ သေဆုံးသူဦးရေ တတ်နိုင်သမျှ နည်းရန်သာ ဖြစ်လေသည်။

“ငါတို့ ဘယ်လောက်လိုသေးလဲ”

“ရောက်ခါနီးပါပြီ…ဒီနားလေးတင်ပါပဲ…”

ထို့နောက်တွင်မူ သူတို့သည် သစ်ပင်ထူထပ်သော တောနက်ကြီးထဲမှ ရုတ်တရက် လွင်တီးခေါင် ဖြစ်နေသော နေရာကြီးသို့ ရောက်သွားလေသည်။

ဒါက…

မြေပြင်အနေအထားက ထူးဆန်းလွန်းလှသည်မို့ ဟို ခေါင်းဆောင် မျက်မှောင်ကြုတ်မိသွားလေသည်။ အပင်များသည် ဤနေရာတွင်သာ ကွက်ကာ မပေါက်နေခြင်း ဖြစ်လေသည်။ သစ်ပင်များလည်း ရှိမနေဘဲ မြေပြင်ပြေပြေသာ ရှိနေလေပြီး အပင်ကြီးဟူ၍ တစ်ပင်တစ်လေပင် ရှိမနေပေ။ ကျောက်တုံးနှင့် မြေကြီးများသာ နေရာအနှံ့ ပြည့်နှက်နေလေသည်။

“ဒီနေရာမှာပဲ ဖြစ်ရမယ်”

“ဟုတ်ပါတယ်…ခေါင်းဆောင်…ဒီနေရာပါ..”

ဒီနေရာက တကယ်ကို ထူးဆန်းတဲ့ နေရာပဲ…

သာမန် ဓါးသင်္ချိုင်းအကြောင်း မသိသူများဆိုလျှင်မူ တောအတွင်းမှ လွင်တီးခေါင်ပြင်ဟု တွေးကာ ကျော်သွားကြမည် ဖြစ်လေသည်။ အသွင်အပြင်က အမှန်ပင် ခြောက်ကပ်နေလေသည်။ သို့သော် သူတို့ကမူ ဤနေရာကိုပင် ဦးတည်လာခဲ့သည်ဖြစ်၍ ဤသို့ခြောက်ကပ်နေသည့် အကြောင်းရင်းကိုလည်း သိပေသည်။ ရည်မှန်းချက်ပန်းတိုင်ကို ရောက်ပြီဖြစ်သော်လည်း ဟိုခေါင်းဆောင်၏ စိတ်ထဲတွင်မူ ထူးဆန်းနေသေးသည်က အမှန်ပင်။ နေရာတိုင်းတွင် မြေပြင်ခြောက်ခြောက်ကိုသာ မြင်နေရသောကြောင့်လည်း ဖြစ်မည်ထင်၏။

“ရှာကြ”

“ဟုတ်ကဲ့”

ဝူတန်ဂိုဏ်းသားများက သူတို့၏ဓါးများကို ထုတ်ကာ နေရာအနှံ့ တူးဆွကြလေတော့သည်။ ပုံမှန်တွင်မူ သူတို့သည် ဓါးအား အမွန်အမြတ်ထားသည် ဖြစ်သော်လည်း ယခုတွင်မူ ဇီဇာကြောင်နေကြရန် အချိန်မရှိပေ။ အခြားပစ္စည်းများလည်း ပါမလာလေသည်မို့ သူတို့၏ဓါးများကိုပင် သုံးကြလေတော့သည်။

ဓါးသင်္ချိုင်းသာ ဤနေရာတွင်ရှိသည်ဆိုပါက မြေအနေအထားအရ သေချာပေါက် မြေကြီးအောက်တွင်သာ ရှိပေလိမ့်မည်။ အုတ်ဂူသို့ ဝင်ရန်ဝင်ပေါက်ကိုလည်း မြေအောက်တစ်နေရာရာတွင်သာ ဖုံးကွယ်ထားခြင်း ဖြစ်လိမ့်မည်။

အားလုံးက အလျင်စလိုပင် ရှာနေကြလေပြီး သူတို့အား နောက်ယောင်ခံလိုက်လာသည့် တခြားသူများ ရောက်မလာမှီပင် ဝင်ပေါက်ကို တွေ့ရန်လိုအပ်လေသည်။

“ဒီမှာ တစ်ခုခုရှိနေတယ်”

အော်သံကြားလိုက်သည်နှင့် ဟိုခေါင်းဆောင်က ချက်ချင်းပင် ခေါင်းထောင်လာကာ ထိုနေရာသို့ ပြေးသွားလေတော့သည်။

“ဘယ်မှာလဲ”

“ဒီနေရာမှာပါ”

ဂိုဏ်းသားတစ်ယောက်က မြေကြီးအား ဓါးနှင့်ထိုးလိုက်သော်လည်း မြေကြီးအောက်တွင် တစ်စုံတစ်ခုရှိနေသကဲ့သို့ ဓါးကမြေကြီးအောက်သို့ တိုးမဝင်သွားပေ။ အပေါ်ယံတွင်သာ ထောက်မိနေလေသည်။

“ဒီနေရာက ဖယ်ကြ”

ဟို ခေါင်းဆောင်သည် သူ၏ဓါးကို ချက်ချင်းဆိုသလို ဆွဲထုတ်လိုက်ပြီး မြေကြီးထဲသို့ တရှိန်ထိုးပင် ထိုးစိုက်လိုက်လေသည်။ သူ၏ ဓါးက ချီစွမ်းအင်များ ဖုံးလွှမ်းနေပြီး အရာအားလုံးကိုပင် ထိုးဖြတ်လိုက်တော့မည့်အလားပင်။ သို့သော် ယခုတွင်မူ ထိုသို့စွမ်းအင်များ ပြည့်နှက်နေသော ဓါးသည်ပင် မြေကြီးအောက်သို့ ဝင်မသွားပေ။ ဤသည်က ဤမြေကြီးအောက်တွင် သာမန်မဟုတ်သော ချီစွမ်းအင်ဖြင့်ပင် ထိုးဖြတ်ရန်မစွမ်းသော သတ္တုတစ်မျိုး ရှိနေသည်ဆိုသည့် သဘောပင်။

“နောက်ဆုတ်ကြ”

“ဟုတ်ကဲ့”

ဟို ခေါင်းဆောင်၏ ဓါးတွင် ရစ်သိုင်းနေသော ချီစွမ်းအင်များက ပိုမိုသိပ်သည်းလာလေပြီး အနက်ရောင် ရေစီးကြောင်းကြီး တစ်ခုကဲ့သို့ပင် ဖြစ်လာလေတော့သည်။

ခွမ်း….

မြစ်ကမ်းပါးများကို ပြင်းထန်သော ရေစီးကြောင်းများက တိုက်စားသွားသကဲ့သို့ပင် မြေကြီးအောက်တွင် ခံနေသော သတ္တုကြီးက ချီစွမ်းအင်ပြည့်ဝနေသော ဓါးချက်ကြောင့် လူအနည်းငယ် ဝင်ဆန့်ရုံမျှ အပေါက်ကြီး ဖြစ်သွားလေတော့သည်။

ဝင်ပေါက်ရသွားပြီဖြစ်၍ အားလုံးက ပျော်ရွှင်နေကြပြီး အပျော်ပင် မထိန်းနိုင်ကြတော့ပေ။

“ခေါင်းဆောင်’

“အင်း”

ဟိုခေါင်းဆောင်ပင် ပျော်နေသည်ကို မဖုံးကွယ်ထားနိုင်တော့ပေ။

လူနည်းစုသာ ဝင်၍ရသော ဝင်ပေါက်၍ အနောက်တွင်မူ ကြီးမားလှသော အခန်းကျယ်ကြီးက စောင့်ကြိုနေလေသည်။ ထို့ပြင် ဝင်ပေါက်ဝတွင်လည်း သူတို့၏ ပူပန်နေမှုအား လျော့ချသွားစေမည့် ပန်းစာလုံးများနှင့် ရေးထိုးထားသည့် ဆိုင်းဘုတ်ကြီးကလည်း အရှေ ၊ အနောက် နှစ်ဖက်စလုံးတွင် ချိတ်ဆွဲထားလေသည်။

[ ဓါးသင်္ချိုင်း…..]

“ငါတို့ တွေ့ပြီဟေ့”

အော်ဟစ်သံပင် မဆုံးလိုက်ရချေ…

“ဟိုဘက်မှာ….ဟိုဘက်မှာတဲ့…”

“ဝူတန်ဂိုဏ်းကွ”

ဟို ခေါင်းဆောင် အသံလာရာသို့ ကြည့်လိုက်လေသည်။ မြေလွင်တီးခေါင်း၏ အနောက်တွင်ရှိသော သစ်တောကြီးထဲမှ လူများအားလုံးက သူတို့ရှိရာသို့ အရှိန်အဟုန်နှင့် ဝိုင်းကာ ပြေးလာနေကြသည်ကို တွေ့လိုက်ရလေသည်။

“မုယွန်”

“ကျွန်တော် သူတို့ကို တားဆီးထားလိုက်ပါ့မယ်”

သူ၏ ပထမတန်းတပည့်ဖြစ်သော မုယွန်က တခြားသော ဂိုဏ်းသားများကို ဦးဆောင်ကာ ပြေးလာနေသော သူများရှိရာသို့ ပြေးသွားလေပြီး အနောက်ဘက်ကို လုံခြုံအောင် စောင့်နေလိုက်လေသည်။

ဟို ခေါင်းဆောင်ကမူ ဓါးသင်္ချိုင်း၏ အဝင်ဝကို တချက်ကြည့်လိုက်လေပြီး ပြောလိုက်လေသည်။

“ဖွင့်လိုက်”

“ဟုတ်ကဲ့”

ဂိုဏ်းသားလေးများက သူတို့၏ဓါးများနှင့် ကြိုးစားကာ ဖွင့်ကြလေတော့သည်။ သို့သော် တံခါးကမူ တုတ်တုတ် မလှုပ်ပေ။ တံခါးပွင့်လာရန်ကမူ ဝေးစွပင်။

“ကျွတ်..ဖွင့်ပါဆိုမှဟေ့”

ဟိုခေါင်းဆောင်က သူ၏တပည့်များ ဖွင့်နေသည်ကိုကြည့်ကာ အားမရနိုင်တော့ပဲ သူ၏ကိုယ်မှ ချီစွမ်းအင်များကို ထုတ်ကာ တံခါးအား တချက်တည်းပင် ရိုက်ချလိုက်လေတော့သည်။ ကျယ်လောင်သော အသံကြီးတစ်ခုက ထွက်လာလေပြီး တံခါးကျိုးပျက်သွားကာ အဆုံးမရှိဟုပင် ထင်ရသော ကြမ်းပြင်ပေါ်သို့ ပစ်ကာ အရှိန်နှင့် ကျသွားလေတော့သည်။

“အား”

“ဂူက ငါတို့ထင်ထားတာထက် ပိုပြီးတော့ နက်တာပဲ…ငါတို့ ဘာမှမတွေးဘဲ ဒီထဲကို ဝင်ခဲ့ကြမိပြီ…”

ဟို ခေါင်းဆောင် သူတို့ ဝင်ခဲ့သော ဝင်ပေါက်ကို တချက်ကြည့်လိုက်လေပြီး ကြမ်းပြင်ကိုမူ မမြင်ရတော့ပေ။ အောက်တွင် အမှောင်ထုသာ ရှိလေသည်။ တောင်ပေါ်တွင် ထိုကဲ့သို့သော တွင်းကြီးတူးထားနိုင်သော သူကိုပင် သူတကယ် ချီးကျူးမိသွားလေတော့သည်။ ဟို ခေါင်းဆောင် အကြပ်ရိုက်နေပြီ ဖြစ်လေသည်။

အောက်မှာ ဘာတွေဆက်ရှိနေဦးမလဲ ..ငါတို့ မသိနိုင်ဘူး…

အတွင်းတွင်လည်း ပိတ်ပိန်းအောင်ပင် မှောင်နေလေပြီး အလင်းဟူ၍ တစိုးတစိပင် မရှိချေ။ သို့သော် သူတို့ ကြောက်ရွံနေ၍ မရပေ။

အပြင်တွင် တခြားဂိုဏ်းမှ လူများအား ခုခံနေရသောကလေးများသည် အချိန်တစ်ခုထိသာ တောင့်ခံနိုင်မည်ဖြစ်ပြီး ရေရှည်အချိန်ဆွဲထားနိုင်မည် မဟုတ်ပေ။ သူတို့ကြောက်ရွံစိုးရိမ်နေ၍ မဖြစ်ပေ။

“ငါအထဲကို သွားမယ်,,,ဟိုဂွန်”

“ဟုတ်ကဲ့ ဆရာတူအကိုကြီး”

“မုယွန်တို့ကို အခြေအနေကြည့်ပြီး လိုအပ်လာရင် အဆင်သင့်ဖြစ်အောင် ပြင်ထားလိုက်”

ဟိုဂွန်က ခေါင်းငြိမ့်ပြလိုက်သည်နှင့် ဟို ခေါင်းဆောင်က ဓါးသင်္ချိုင်း၏ ဝင်ပေါက်ကို ကြည့်လိုက်လေတော့သည်။

ငါ မိစ္ဆာချီစွမ်းအင်တွေကို ခံစားမိနေတယ်….

မိစ္ဆာချီတွေ ရှိနေတဲ့နေရာကို ငါတို့ ဆက်သွားသင့်ရဲ့လား…

“အားလုံး ငါ့နောက်လိုက်ခဲ့ကြ”

ထို့နောက်တွင်မူ တချက်ပင်တုန့်ဆိုင်း မနေတော့ဘဲ ဓါးသင်္ချိုင်းသို့ ဂိုဏ်းသားများကို ဦးဆောင်ကာ ဝင်သွားလေတော့သည်။

“ရေး…..ဒီမှာပဲ’

“ဒီမှာ တစ်ခုခုရှိနေတယ်….ဒါက ဓါးသင်္ချိုင်းတဲ့ဟ”

ဓါးသင်္ချိုင်းဟူသော စကားထွက်လာသည်နှင့်ပင် အားလုံးက ဝူတန်ဂိုဏ်းမှ လူများအား တိုက်ခိုက်ကြလေတော့သည်။

“ထိန်းထားကြ”

မုယွန်က အော်ဟစ်ကာ သတိပေးလိုက်လေပြီး အစွမ်းကုန် ခုခံနေရလေ၏။

ချီးလိုပဲ….

ဤလူများအားလုံးအား သူတို့တချိန်လုံး တိုက်ခိုက်နေရမည်ဆိုသည်က မဖြစ်နိုင်သည့်ကိစ္စပင် ဖြစ်လေပြီး အချိန်ကြာလာသည်နှင့်အမျှ သူတို့က အင်အားနည်းလာမည် ဖြစ်လေသည်။ ဤလူအုပ်ကြီးကမူ လျော့သွားမည့် ပုံမပေါ်ပေ။

“နောက်ကို ဖြေးဖြေးချင်း ဆုတ်ကြ…ဘယ်လိုပဲဖြစ်ဖြစ် သူတို့ ဖောက်ဝင်လို့ မရသွားစေနဲ့….”

“ဟုတ်ကဲ့”

မုယွန်နှင့် ဂိုဏ်းသားများက တဖြည်းဖြည်းချင်းပင် ပြန်ဆုတ်လာကြလေသည်။ သူတို့သည် နောက်ဆုတ်သည်နှင့် ရပ်လိုက်သည်နှင့် ရပ်သည့်နေရာတွင်ပင် သေပွဲဝင်ရမည်ကလည်း မလွဲမသေပင်။ ဤလူများအား မတားဆီးနိုင်သည်ကို မူလကပင် သိထားပြီး ဖြစ်သော်လည်း ဓါးသင်္ချိုင်းကို ရှာနေကြသည့် သူတို့၏ ခေါင်းဆောင်များ အချိန်ပိုရစေရန်သာ ထိုသို့တိုက်ခိုက်နေရခြင်းလည်း ဖြစ်ပေသည်။

“ဟားဟားဟား…ဖယ်ကြစမ်း…မလောက်လေးမလောက်စားတွေ”

ဘမ်း…

တောကြီးတစ်ခုလုံးပင် သိမ့်သိမ့်တုန်သွားသည့်အလားပင်။

မုယွန် တုန်လှုပ်သွားလေတော့သည်။

“ဧရာမပုဆိန်ကြီး မာ ဟွိုက် လား”

ပုဆိန်၏ အရွယ်အစားကပင် လူဘီလူးတစ်ယောက်စာမျှ ရှိလေသည်။ ထိုလူသည်က ရှန်ရှီတခွင်တွင် ကျော်ကြားသော လူဘီလူး ပုဆိန်သူရဲကောင်း မာ ဟွိုက် ပင်။

ဒီလို လူဘီလူးကလည်း ဓါးသင်္ချိုုင်းကို စိတ်ဝင်စားတာပဲလား…

“ဟားဟားဟား…ဝူတန်ဂိုဏ်းက တော်တော် လောဘကြီးပါလား…တခြားသူတွေပိုင်တဲ့ ပစ္စည်းတွေကိုရော အကုန်ထိရဲတာပါပဲလား…”

အလင်းကဲ့သို့ပင် လျင်မြန်သော ဧရာမအားကြီးတစ်ခုက ရုတ်တရက် ရိုက်ခတ်လာပြီးသူ၏ အင်အားကြောင့်ပင် သူခြေချလိုက်ရာ နေရာတဝိုက်ရှိ လူများအားလုံးက မရှောင်လိုက်နိုင်ဘဲ အားပြင်းနှင့် ရိုက်ခတ်ခံလိုက်ရပြီး အဝေးနေရာများသို့ပင် လွှင့်စင်သွားကြလေသည်။

“ဟမ်…မဟုတ်ဘူးလေ”

မုယွန် ငိုချင်သွားမိလေသည်။ ဤလူသာ ရှေ့ဆက်တိုးလာပါက သူတို့၏ ခံတပ်လိုင်းသည် ပျက်စီးသွားမည်ဖြစ်လေသည်မို့ မုယွန် မည်သို့လုပ်ရမည်ကို ခေါင်းစားနေစဉ်မှာပင် နောက်မှအသံတစ်သံကို ကြားလိုက်ရလေသည်။

“ကျွတ်…ကျွတ်..ငါက အဲ့ဒီအသံကို တောဝက်အော်သံ ထင်နေတာကို”

“ခေါင်းဆောင်”

ဟိုဂွန်က ရုတ်တရက်ပင် မာဟွိုက် ဆီသို့ ခုန်ဝင်သွားတာ ပိတ်ထားသော နောက်တန်းလိုင်းကို ပြန်ကာကွယ်လိုက်လေသည်။

“ငါ့ လမ်းကနေ ဖယ်စမ်း…အဖိုးကြီး ..တစ်ခါတည်း စိစိညက်ညက် ခြေပစ်လိုက်မယ်…’

“အဲ့လို လုပ်နိုင်ရင်တော့ ဒီအဖိုးကြီးက ခွင့်ပြုရမှာပေါ့…”

‘ဟားဟားဟား…’

ကြီးမားလှသော ပုဆိန်ကြီးကို ပြင်းစွာသော အားနှင့် လွဲကာ ယမ်းလိုက်လေသည်။ ပုဆိန်သွားရာ လမ်းကြောင်းတွင် ရှိသမျှ အရာအားလုံးကိုပင် ဇီဝိန် ချုပ်ပစ်တော့မည့်အလာပင်။

“ကျွတ်”

သို့သော် ပုဆိန်က ဦးတည်ရာသို့ မရောက်လိုက်ပေ။ အင်အားပြင်းစွာ ဝင်ရောက်လာသော ပုဆိန်ကြီးကို ဟိုဂွန်က ဓါးနှင့် အသာအယာပင် ထိန်းလိုက်လေပြီး ဓါးအား ယမ်းထုတ်လိုက်သည်နှင့်ပင် လူ့ဘီလူးကြီးရော ပုဆိန်ပါ အဝေးသို့ လွှင့်သွားလေတော့သည်။

“…”

ဝူတန်အား တိုက်ခိုက်ရန် ပြင်နေကြသူအားလုံးက တံတွေးကိုယ်စီမြိုချလိုက်ပြီး အနည်းငယ်မျှ ကိုယ်ရှိန်သတ် သွားကြလေ၏။

ဝူတန်ရဲ့ အကြီးအကဲတွေက ဒီလောက်တောင်ပဲ စွမ်းတာလားဟ…

ဧရာမပုဆိန်ကြီးတောင် တချက်တည်းနဲ့ အရှုံးပေးသွားရတယ်….

ဝူတန်ဆိုတာ ဘာလဲဆိုတာကို ပြလိုက်တာပဲ…

“ငါ ဒီနေရာကို သေချာလေးကြည့်ထားလိုက်မှာမို့ မင်းတို့က မြန်မြန် အထဲကို လိုက်သွားကြ”

“ဟုတ်ကဲ့ ..ခေါင်းဆောင်”

ထို့နောက်တွင်မူ ဟိုဂွန်က တိုက်ရန်ပြင်နေသောသူများကို ကြည့်ကာ ပြောလိုက်လေသည်။

“မင်းတို့က ငါတို့ဝူတန်ရဲ့ကိစ္စတွေကို ဝင်ရှုပ်ချင်ကြတာပေါ့”

“…”

“ဒီနေရာကို ဝူတန်ဂိုဏ်းက ရှာတွေ့ထားတာ…အထဲကို ဝင်ချင်တဲ့ ဘယ်သူမဆို ဝူတန်ရဲ့ ဓါးချက်ကို ခံစားဖူးသွားစေရမယ်…မင်းတို့ လုပ်ရဲကြလား….”

ဟိုဂွန်က စိန်ခေါ်စကားကို တုံ့ပြန်ရန် ဝေးစွ…သူ့အား အားလုံးက စေ့စေ့ပင် မကြည့်ရဲကြပေ။

ဤလူသည်က ဝူတန်၏ အကြီးအကဲများထဲမှ တစ်ယောက်ပင်။ ဩဇာတိက္ကမနှင့် ပြည့်စုံကာ စွမ်းအင်လည်းပြည့်ဝလေသည်။ သူတို့ မယှဉ်နိုင်ပေ။

“ဒီအဖိုးကြီးကတော့ ပေါက်ကရတွေ…..”

လူတစ်ယောက်က ပြောပြောဆိုဆိုနှင့် အစိမ်းရောင် တောအုပ်ကြီးထဲမှ ထွက်လာလေသည်။

ထိုသူသည်က ရဲရဲတောက်နီသော ဝတ်ရုံကို ဝတ်ဆင်ထားပြီး မျက်လုံးကိုလည်း အနီရောင် ပိုးကြိုးနှင့်ပင် ဖုံးအုပ်ထားလေသည်။

“မင်းက ဆမ်ဆော ဂွေ့ လား…”

(စကားချပ်…ကိုရီးယားမှာ ဆမ်ဆော က ဝက်သုံးထပ်သားပါတဲ့…..သုံးထပ်သား ဂွေ့လို့ မသုံးချင်လို့ အမည်အတိုင်းသုံးလိုက်ပါတယ်နော်)

“ခင်ဗျားကြီး မျက်လုံးတော့ ကောင်းသေးတယ်မို့လား….အဖိုးကြီးရယ့်”

“မင်းပြောတဲ့ ပေါက်ကရတွေဆိုတာ ဘာကိုပြောတာလဲ”

“ခင်ဗျားက ဓါးသင်္ချိုင်းပိုင်ရှင်လား …ဝူတန်ပိုင်တယ် ပြောရအောင်”

“…”

“ပိုင်ရှင်က ခြေရာဖျောက်ဖမ်းဆုပ်ဓါးပိုင်ရှင်ကမှ ပိုင်ရှင်ပဲ….သူက ဝူတန်ဂိုဏ်းက မဟုတ်ဘူး…ဘယ်ဂိုဏ်းကမှလည်း မဟုတ်ဘူး…အဲ့တာကို ပထမဆုံးတွေ့တယ်ဆိုရုံနဲ့ ကိုယ့်အပိုင်ကြီးလို လုပ်နေလို့ မရဘူးလေ……ကျန်တဲ့သူတွေသာ သိလို့ကတော့ တစ်လောကလုံးဟားစရာကြီး ဖြစ်သွားလိမ့်မယ်”

ထိုစကားအား တခြားသောသူများကလည်း အားတက်သရော ထောက်ခံကြလေသည်။ သူပြောသည်ကလည်း မှားတော့ မမှားပေ။

“ဟားဟား..သူကတော့ အမှန်တွေကို ပြောနေပါပြီလား..”

နောက်ထပ်အသံတစ်သံက ထွက်လာပြီး တောထဲမှ လူတစ်ဦးက ထပ်ကာထွက်လာပြန်လေသည်။

“မင်းက ဂွတ်ဘူလား…ရွှေမောင်းသံ ဓါးသိုင်းပိုင်ရှင်”

“အခုလို တွေ့ရလို့ ဝမ်းသာပါတယ်ဗျာ…ဝူတန်အကြီးအကဲ ဟိုဂွမ် ခင်ဗျာ”

“ဟင်း……”

ဟိုဂွမ်သက်ပြင်းချလိုက်လေသည်.

ရှိသမျှ သိုင်းအကျော်အမော်တွေအကုန် ဒီရောက်နေကြတော့တာလား….

“ဒါပေမယ့် စိတ်မကောင်းစရာပဲ…ကျော်ကြားတဲ့သူတစ်ယောက်ဆီက ဒီလိုမောင်ပိုင်စီးတဲ့စကားမျိုး ကြားရတာ…ဆမ်ဆော ဂွေ့နဲ့ တစ်ဖက်တည်း မဖြစ်ချင်ပေမယ့် ကြည့်ရတာတော့ ပူပေါင်းရတော့မယ် ထင်တယ်…တချို့လူတွေက ကိုယ်ပိုင်ပစ္စည်းလိုပြောချင်နေကြပြီလေ”

“မင်းကလည်း ဝူတန်ကို ဆန့်ကျင်မလို့ပေါ့”

“ကျွန်တော်က မျှတတဲ့ အခွင့်အရေးလေး တစ်ခု ရချင်ရုံတင်ပါ”

“ကြည့်ရတာ အားလုံးရဲ့ လမ်းကို ဝူတန်က ပိတ်ထားသလိုပဲ…ဟုတ်တယ်မို့လား…ကိုယ့်လူတို့ရေ…”

“ဟုတ်ပါတယ်”

“ဝူတန်ဂိုဏ်းက ကြီးကျယ်မြင့်မြတ်ပါတယ်…ဒါပေမယ့် သူတို့က အတ္တကြီးလွန်းတယ်”

“ဝူတန်က အားလုံးနဲ့သက်ဆိုင်တာကိုတောင် လူတွေမရှိတာနဲ့ သူတို့အပိုင်လို့ပြောနိုင်တဲ့အထိကို လောဘလည်း ကြီးတယ်”

“ငါတို့ အားလုံး သူတို့ကို တိုက်ထုတ်ပစ်ရမယ်…သူတွေ လူတွေက အခုဆို ဓါးသင်္ချိုင်းထဲမှာ ရှာနေကြပြီ”

“မင်းတို့ကို ငါသတိပေးလိုက်မယ်နော်…ဓါးသင်္ချိုင်းနားကို သီရဲတဲ့ဘယ်သူမဆို

ဝူတန်ရဲ့ ဓါးနဲ့တွေ့မယ်”

“အိုး….ကြောက်စရာကောင်းလိုက်တာ…ဟင့်….ဒါပေမယ့် ကြောက်တတ်ရင် အစကတည်းက ဒီအထိ ရောက်မလာခဲ့ဘူး…”

“ဒါဆို”

“မင်းတို့ကြိုက်တာ လုပ်ကြ”

ဝူတန်ဂိုဏ်းသားများ အားလုံးက ဓါးသင်္ချိုင်းထဲသို့ နောက်ဆုတ်ရင်း တဖြည်းဖြည်းဝင်သွားပြီးကို သိ၍ ဟိုဂွမ်ကလည်း ထိုသို့ပြောပြီး ဓါးသင်္ချိုင်းထဲသို့ ခုန်ဝင်သွားလေပြီး အဝင်ဝအား ပိတ်ထားလိုက်လေတော့သည်။

“မသေချင်ရင် ဖယ်ကြစမ်း”

“ခွေးသား..အခုလမ်းဖယ်စမ်း…”

ဓါးသင်္ချိုင်းက မည်မျှကျယ်စေကာမူ ဟိုယွန်ဖောက်ထားသည့် အပေါက်လေးက သေးလေသည်မို့ အဝင်ဝတွင်ပင် ပိတ်ထားကာ ဓါးများကို ကိုင်ဆွဲထားသည့် ဝူတန်ဂိုဏ်းသားများကို တိုက်ရန် တခြားသူများကလည်း သွေးဆူနေကြပြီ ဖြစ်လေသည်။

ဆမ်ဆော ဂွေ့နှင့် ဂွတ်ဘူတို့ပင် ပူးပေါင်းရန်ပြင်နေကြပြီ ဖြစ်လေသည်။

“မင်း ငါနဲ့တိုက်မှာလား…”

“မလိုအပ်ဘဲ အားမဖြုန်းချင်ဘူး”

“ဟုတ်ပြီ”

ထိုလူနှစ်ဦးက ဦးဆောင်ကာ ကျန်သည့်လူတစ်အုပ်တစ်မကြီးက ဓါးသင်္ချိုင်းဝတွင် ပိတ်ထားကြသော ဝူတန်ဂိုဏ်းသားများကို ဝင်ကာ တိုက်ခိုက်ကြလေတော့သည်။

“လမ်းကနေ ဖယ်ကြစမ်း…ခွေးသားတွေ…”

“ချီး…လမ်းဖယ်ကြ”

“ဓါးသင်္ချိုင်း…ငါ့ဟာ…ငါ့ဟာ….ငါရမှ ဖြစ်မှာ’

တွန်းကာ တိုက်ကာ ခုန်ကာ ထိုးကာ ခုတ်ကာနှင့် တိုက်ပွဲက ပြင်းထန်နေကြပြီ ဖြစ်လေသည်။

“ဘာလား.ဟ…ချေးတုံး ယင်အုံသလိုကြီး ဖြစ်နေကြပါလား”

လူတစ်ချို့ကမူ ယခုမှပင် တောထဲမှ ထွက်လာနေကြဆဲပင်။

“မင်းကို သိမ်းထားလို့ ငါပြောတာကို နားမထောင်ဘူးလား..ခွေးသားရယ့်”

“ဟ…ဘယ်လိုလုပ် သိမှာလဲလို့”

တောထဲမှ လူတစ်စုက အေးအေးလူလူပင် ရှိသေးသော်လည်း ဓါးသင်္ချိုင်း အဝင်ဝတွင်မူ ကမ္ဘာပျက်နေပြီ ဖြစ်လေသည်။

“ငါ သေတော့မယ်…အား”

“ချီးချီး…ရတော့မယ်..ရတော့မယ်ဟ”

“အကုန်လုံး ဖယ်ကြစမ်း…အေး …ငါ သတိပေးနေတာနော်”

ဆူဆူညံညံ အသံများကြောင့် တောထဲမှ လူစုက ခေါင်းထောင်သွားလေသည်။

ရှေ့ဆုံးမှ ဦးဆောင်ကာသွားနေသော ချွန်းမြောင်ကမူ အသံလာရာသို့ တရှိန်ထိုးပင် ပြေးသွားလေတော့သည်

“သွားကြမယ်ဟေ့…”

“ကျား…”

ဓါးသင်္ချိုင်း အဝင်ဝတွင် ပိတ်ဆိုးနေသော လူအုပ်ကြီးက အားလုံးလွှင့်စင်သွားကြလေသည်။ ထိုသို့ ဖြစ်သွားစေသည့် တရားခံကမူ ရဲရဲတောက်နီနေသော မျက်လုံးကြီးများနှင့် ချွန်းမြောင်ပင်။

“ငါ့ပစ္စည်းကို လာထိတဲ့သူတွေ အကုန်လုံး သေသွားမယ်…”

ချွန်းမြောင်၏ နောက်တွင်မူ ဟွာဆန်း၏ဂိုဏ်းသားများက လိုက်လာလေပြီး ဓါးသင်္ချိုင်းထဲသို့ အားလုံးအလျင်အမြန်ပင် ဝင်သွားကြလေတော့သည်။

အပိုင်း(၁၄၇)

ငါ့ပစ္စည်းကို ထိတဲ့ဘယ်သူမဆို အသေပဲ(၂)

ယွန်းဂျွန် သူ၏ရှေ့တွင်ရှိနေသော လူအုပ်ကြီးကိုကြည့်ကာ မျက်တောင်ပင် မခတ်နိုင်တော့ပေ။ လူတံတိုင်းကြီးကဲ့သို့ပင် ဖြစ်နေလေပြီး မည်သို့မည်ပုံ ကျော်ဖြတ်ရမည် မသိပေ။ ခြောက်ခြား၍ အံခြင်းရိုက်လာသလိုပင် ခံစားလိုက်ရလေသည်။

"ဘာလားဟ"

"တားကြ...ဒီကောင်တွေကို အရင်တားကြစမ်း"

လူများက ချွန်းမြောင်ဆီသို့ ကမူးကရူး ပြေးဝင်လာကြလေသည်။

ထိုလူများကို ကြည့်ကာ ယွန်းဂျွန်သို့တသိုက်က စိုးရိမ်သွားကြလေသည်။ တိုက်ခိုက်ခံရမည်ကို စိုးရိမ်ကြခြင်း မဟုတ်ပေ။ ချွန်းမြောင်၏ လက်ချက်မိတော့မည့် ထိုလူများအတွက် တွေးကာစိုးရိမ်သွားကြခြင်းပင်။

"သွားကြစမ်း..."

ဖုန်း....

ဘမ်း...

အား....

ချွန်းမြောင်နှငိ့ မျက်နှာချင်းဆိုင်လိုက်သည့်လူတိုင်းက သူ၏ဓါးနှင့်ရိုက်ခံလိုက်ရပြီး ကောင်းကင်ပေါ်သို့ လွှင့်စင်သွားကြလေသည်။ ငှက်ကလေးများသဖွယ်ပင်။

အင်း ...သူတော့ တစ်လလောက် အသားစားနိုင်မှာ မဟုတ်တော့ဘူး...

မဟုတ်ဘူး...တသက်လုံး ယာဂုပဲသောက်နေရတဲ့ဘဝတောင် ရောက်သွားနိုင်တယ်...

ရတနာအတွက်နဲ့ တသက်လုံး ယာဂုပဲ သောက်နေရတော့မယ့်ဘဝ ...မတန်လိုက်တာကွာ.....

ယွန်းဂျွန်တို့က ချွန်းမြောင်က လက်ဆကို ရင်းနှီးသူများပီပီ ရိုက်ခံလိုက်ရသူတိုင်းကို သနားနေကြလေသည်။

ချွန်းမြောင်ကမူ မုန်တိုင်းတစ်ခုလိုပင်။ သူ၏လမ်းတွင်ရှိနေသော အရာအားလုံးကို ဖယ်ရှားတိုက်စားပြီး အားလုံးကို အဝေးသို့ လွှင့်ထွက်သွားစေလေသည်။

လမ်းတစ်လျှောက်ရှိ လူများအားလုံးက ဖြစိနေသည်ကို မသုံးသပ်နိုင်ခင်မှာပင် အဝေးသို့လွှင့်စင်သွားရပြီ ဖြစ်လေသည်။ တုန့်ပြန်ချိန်ပင် မရလိုက်ကြပေ။

ချွန်းမြောင်က ရင်ဆိုင်ရန်အခက်ဆုံးသူဟုပင် အားလုံးက ထင်လာကြလေတော့သည်။

ဘမ်း..ဘမ်း...ဘမ်း

ချွန်းမြောင်၏ ဓါးအိမ်မချွတ်ရသေးသော ဓါးရောက်ရာ နေရာတိုင်းက လူများအားလုံးက ကောင်းကင်ပေါ်သို့ ပျံတက်သွားကြသော ငှက်ကလေးများသဖွယ် တစ်ယောက်ပြီးတစ်ယောက် လွှင့်စင်သွားကြလေတော့သည်။

"အား....."

ယွန်းဂျွန်ကမူ ထိုလူအပေါင်းအတွက် ဆုတောင်းပေးရုံသာ တတ်နိုင်လေသည်။ သို့သော်လည်း ဤသည်က ဖြစ်ကိုဖြစ်ရမည့်အခြေအနေပင် ။ထိုသို့မဟုတ်လျှင် ဤလူအုပ်အား တိုးရန် မဖြစ်နိုင်ပေ။ ချွန်းမြောင်ကမူ စိတ်လွတ်နေပုံတောင် ရလေသည်။

"ဓါးသင်္ချိုင်း...ဓါးသင်္ချိုင်း...အား...ဓါးသင်္ချိုင်း"

ထိုစကားလုံးကိုသာ နှုတ်မှထပ်တလဲလဲ ရေရွတ်နေလေသည်။

ငါ ဒီထက်ပိုပြီး စိတ်မရှည်နိုင်တော့ဘူး...

အမှန်ပင်...ချွန်းမြောင် ဒီထက်ပို၍ စိတ်မရှည်နိုင်တော့ပေ။ သူသည် ဓါးသင်္ချိုင်းသတင်းနှင့် ဝူတန်ရောက်လာရန်ကိုပင် အတော်သည်းခံကာ စောင့်ဆိုင်းခဲ့ရပြီး ဖြစ်လေသည်။

ယခုတွင်မူ သူ၏လမ်းတွင် တားဆီးနေသောအရာမှန်သမျှကို ညှာတာရန် ဆန္ဒမရှိတော့ပေ။ အားလုံးကို ရှင်းလင်းပစ်လေတော့၏။

"ဘာလဲဟ."

"လူတွေက ဘာလို့လွှင့်ထွက်လာကြတာလဲ..."

လူအားလုံးက လွှင့်ထွက်လာသော လူများကိုကြည့်ကာ ဒွိဟဖြစ်လာကြလေသည်။ ဓါးသင်္ချိုင်းလုပွဲတွင် လူများကို လွှင့်စင်အောင်ပင် စွမ်းသည့်သူ ပါဝင်နေပြီလားဟု အတွေးများလည်း ဝင်လာကြလေသည်။

အရှေ့တွင်မဲကာ တိုက်ခိုက်နေသူများသည် နောက်တွင် မည်သို့ကမ္ဘာပျက်နေကြသည်ကို မသိကြပေ။ သို့သော်လည်း လူများလွှင့်စင်နေကြသော မြင်ကွင်းက ဓါးသင်္ချုင်းကိုပင် ‌မေ့သွားစေပြီး တအံတဩ ကြည့်နေကြလေတော့သည်။ အားကြီးသူတစ်ယောက် ရှိလာလျှင်မူ အားလုံးက စုပေါင်းကာ ထိုလူအား ဘုံရန်သူအဖြစ်တိုက်ခိုက်ပြီးမှသာ ကျန်လူ‌တို့ကို တိုက်ခိုက်ကြပေလိမ့်မည်။ ဤသည်က သဘာဝပင်။

မည်သို့ပင်ဖြစ်စေကာမူ ချွန်းမြောင်က ရှေ့ဆုံးမှနေကာ ပြေးဝင်လာသမျှ လူတိုင်းကို ဓါးနှင့်ရိုက်ထုတ်နေလေတော့သည်။

"သူတို့ကို သောက်ရေးမစိုက်နဲ့....ဓါးသင်္ချိုင်းထဲ ရအောင် ဝင်ကြ"

အခြားသောသူများကမူ ဆုံးဖြတ်ချက်ချလိုက်လေပြီ ဖြစ်လေသည်။သူတို့ ဓါးသင်္ချိုင်းထဲ ဝင်ရရေးထက် ဤလူစုအား တားရန်က ဦးစားပေးဖြစ်သွားလေပြီပင် ဖြစ်သည်။

သန်မာသောလူများက တစ်စုစုလိုက်ပြီး ဝင်ပေါက်ကို ကာထားသည့် လူများ၏ ရှေ့မှပင် ထပ်ကာ တစ်ထပ်ကာလိုက်ကြပြန်သည်။ ဤလူများ အထဲမရောက်ရေးသည် သူတို့အရေးသာ ဖြစ်လေတော့၏။

"ဖယ်ကြစမ်း..."

ချွန်းမြောင်က သူရှေ့တွင် ရပ်နေသောလူအုပ်ကြီးကို ကြည့်ကာ ယွန်းဂျွန်တို့အား လှမ်းပြောလိုက်လေသည်။

"စိတ်အေးအေးထားပြီး ကျွန်တော့်နောက်ကို လိုက်ခဲ့ကြ"

"အင်း..."

ပြောပြီးသည်နှင့် ချွန်းမြောင်က တရှိန်ထိုး တိုးဝင်သွားလေပြီး သူ၏ဝဲယာတွင်ရှိသော လူများအားလုံးကထပ်ကာ လွှင့်စင်သွားလေကာ လမ်းကြောင်းဖြစ်လာလေသည်။

လမ်းကြောင်းပွင့်သွားပြီဟ...

ခွေးလေးက အတည်ကြီးကို လုပ်နေတာပဲဟ...

ယွန်းဂျွန်တို့ ချွန်းမြောင်၏ နောက်မှ ကပ်ဝင်သွားကြလေသည်။ ပုံမှန်ဆိုလျှင် ဤလူအုပ်က အားအင်အလွန်သုံးကာ ကျော်ဖြတ်ရမည် ဖြစ်သော်လည်း ယခုတွငိမူ ချွန်းမြောင် ကောင်းမှုနှင့် သူတို့မပင်ပန်းရတော့ပေ။ သက်သက်သာသာပင် ကျော်ဖြတ်၍ ရနေပြီ ဖြစ်လေ၏။ ဟွာဆန်း၏ တိုက်ပွဲမဟုတ်လေဘဲ ချွန်းမြောင် တကိုယ်တော် အစွမ်းပြနေသည့်ပွဲတစ်ခုကဲ့သို့ပင်။

စင်စစ်အားဖြင့်ဆိုရသော် အားလုံးသည် ဓါးသင်္ချိုင်းနားသို့ စုပြုံရောက်ရှိနေကြသော်လည်း မည်သူကမှမူ ဓါးသင်္ချိုငိး၏ ဖွဲ့စည်းထားပုံကို သိကြသည် မဟုတ်ပေ။ သို့ဖြစ်၍ အုတ်ဂူထဲတွင်လည်း မည်သို့သော အန္တာရယ်များက စောင့်ကြိုနေသည်ကို မသိကြရပေ။ ထိုအကြောင်းပြချက်ကြောင့်ပင် လူအများစုက ရမ်းသမ်းကာလည်း ဂူထဲသို့ မဝင်ရဲပေ။ သို့သော်လည်း အခြားသူများ ဝင်မည်ကိုလည်း လက်မခံနိုင်ပေ။ထို့အပြင် ဂူထဲသို့ ရောက်သွားပြီးသည့်လူများကိုလည်း စွန့်စွန့်စားစား အန္တာရယ်ပြုရဲမည် မဟုတ်ပေ။

ချွန်းမြောင်၏ အစီအစဉ်က မည်သို့မှန်းမသိသေးသော်လည်း ယခုထိ လုပ်ကိုင်နေသည်များကတော့ ထိရောက်မှု ရှိသည်ကတော့ အမှန်ပင် ဖြစ်လေသည်။

လမ်းကြောင့်ပွင့်သွားသည်နှင့် ချွန်းမြောင်က အသံကိုမြှင့်ကာ အော်လေတော့သည်။

"ဝင်ကြ...ဝင်ကြ...ဝင်ပြီးရင် ဝင်ပေါက်ကို ဖျက်စီးပစ်"

"ဟမ်"

အဲ့လိုလုပ်လို့ မရဘူးလေ...

ချွန်းမြောင် စကားဆုံးသည်နှင့် ဂူထဲကို ခုန်ကာမဝင်နိုင်သူက ယွန်းဂျွန်ပင်။ ကျန်သည်လူများကအူ တွေဝေမနေကြတော့ပဲ အသီးသီး ခုန်ဝင်သွားကြလေတော့သည်။ ယွန်းဂျွန်ကမူ မျက်လုံးပြူး မျက်ဆန်ပြူးနှင့် ကျန်ခဲ့လေ၏။

ဘာတွေလုပ်ဖို့ ကြံစည်နေတာတုန်း ခွေးသားလေးရယ့်....

ဂူထဲမှာ တိုက်ပွဲဆင်နွဲဖို့ ကြံစည်နေတာလား..

ဝူတန်ကရော ...အခုမှ လိုက်ဝင်ကြတဲ့ မင်းဖေတွေရောက ဂူထဲမှာ စုနေပြီဟ ခွေးလေးရ....

"အခုချက်ချင်း ဝင်ဟ...!"

ချွန်းမြောင်က ဂူဝကို ဖြိုဟူသော စကားကြောင့် သိုင်းပညာအဆင့်မြင့်မားသည့် လူတချို့ကလည်း ဂူထဲသို့ ဝင်လာကြလေသည်။ အများစုကမူ ဂူပြင်တွင်သာ စောင့်နေခဲ့ကြလေ၏။ ဂိုဏ်းငယ်လေးများမှ လူတစ်ချို့ပါလာသော်လည်း အများစုကမူ တိုးရင်းဝှေ့ရင်းပင် ကျန်နေခဲ့ပြီး ထိုသို့ တိုးခံရသောကြောင့် ဂူထဲသို့ ရောက်လာကြသူများလည်း ရှိလေသည်။

"ဟေ့...သူတို့ နည်းနည်းလောက် မတားသင့်ဘူးလား"

ဓါးသင်္ချိုင်းထဲသို့ ရောက်သွားပြီဖြစ်သော်လည်း ဘတ်ချုန်းတို့ကမူ အရှိန်မသတ်သေးပေ။

"ဘာလို့လဲ"

"ဂူထဲမှာ ရန်သူတွေ ရှိနေတယ်လေ..."

"ဆရာတူအကိုကြီး.."

"အင်း.."

"ဆရာတူအကိုကြီးကတော့ ဂိုဏ်းချုပ်ရာထူးနဲ့ အလှမ်းဝေးနေတုန်းပဲ....."

ဒင်းက အဲ့တာ ဘာပြောချင်တာတုန်း...

ယွန်းဂျွန်က ချွန်းမြောင်အား ဆက်ကာမေးလိုက်ချင်သော်လည်း ချွန်းမြောင်က ဓါးကိုမြောက်ကာ အတွင်းသို့ ဝင်သွားသည်မို့ နောက်ကနေသာ အမှီလိုက်ခဲ့ရလေတော့သည်။

"ဒီလူတွေကို ရှင်းလိုက်ကြစမ်း"

ဓါးသင်္ချိုင်းထဲသို့ ရောက်နှင့်နေသည့် လူအချို့က လာရောက်ကာ တိုက်ခိုက်လေသည်မို့ ချွန်းမြောင်၏ ဓါးချက်ကို ခံစားသွားရပြန်လေသည်။

ချွန်းမြောင်တို့အဖွဲ့ကမူ လူစုံသွားပြီ ဖြစ်လေ၏။ ချွန်းမြောင်၏ ဝဲယာတွင် ဘတ်ချုန်းနှင့် ယွန်းဂျွန်တို့ ပါလေပြီး နောက်ဘက်ကိုမူ ယုရီဆိုးနှင့် ဂျိုဂုက စောင့်ကြည့်ရင်း ပါလာကြလေသည်။

ယွန်းဂျွန် သွားနေရင်းပင် စိုစွတ်စွတ်အချို့ကို နင်းမိလိုက်သည်မို့ ငုံ့ကြည့်လိုက်လေတော့ သွေးအိုင်များပင်။ ယွန်းဂျွန် မျက်နှာရှုံ့သွားလေတော့သည်။

အားလုံးက အထဲကို ရောက်နေကြပြီမို့ ဂူဝတွင် ရပ်မနေဘဲ ဂူထဲအတွင်းထဲသို့ ဝင်ရန် ပြင်ကြလေသည်။ချွန်းမြောင် ပတ်ဝန်းကျင်ကို တချက်အကဲခတ်လိုက်လေသည်။

သူတို့တွေ အထဲထိရောက်သွားပြီပဲ....ထပ်ပြီးတော့ကို သွားရဦးမယ်....

ချွန်းမြောင်က အားလုံးအား နောက်ထပ် ယုတ္တိမရှိသော လုပ်ဆောင်မှုတစ်ခုကို လုပ်ရန် ခိုင်းပြန်လေ၏။

"အားလုံး ခုန်ကြ..."

ထိုစဉ်မှာပင်.....

"ဟေ့...ဟွာဆန်းရဲ့ နဂါးလေး"

ချွန်းမြောင် လှည့်ကြည့်လိုက်သောအခါတွင်မူ သူထံသို့ ချွေးတလုံးလုံးနှင့် ပြေးလာသော သူတောင်းစားများကို တွေ့လိုက်ရလေသည်။

"ဟေ့....မင်းအတော်လေးကို စာနာစိတ်မရှိပါလား...

မဟုတ်ရင် ငါတို့ကို ဒီလိုထားခဲ့မှာ မဟုတ်ဘူး"

ကြိုးစားပမ်းစား ပြေးလာကြသော သူတောင်းစားများကို တွေ့လိုက်သည့်အချိန်တွင်မူ ချွန်းမြောင် မသနားစဖူး သနားသွားလေသည်။

ချွန်းမြောင် ခေါင်းကိုခါလိုက်ပြီး ဘတ်ချုန်းအား လှမ်းပြောလိုက်လေသည်။

"နညိးပြ...ကလေးတွေကို ဦးဆောင်ပြီး အရင်ဝင်နှင့်...သူတောင်းစားတွေကို ခေါ်ပြီးနောက် လိုက်ခဲ့မယ်"

"မင်း အဆင်ပြေပါ့မလား"

"ရတယ်"

"ကောင်းပြီ"

ဘတ်ချုန်းက ထပ်ကာအပိုဆာလာမမေးတော့ပေ။အခုအခြေအနေထိ ရောက်နေပြီဖြစ်၍ နောက်ပြန်ဆုတ်သည်ကလည်း အဆင်မပြေတော့ပေ။ အခြားသူများကို ဦးဆောင်ကာ ရှေ့ဆုံးမှ ခုန်ချသွားရန်သာ ဆုံးဖြတ်လိုက်လေတော့သည်။

"ငါရှေ့‌ဆုံးက သွားမယ်...ဆရာတူညီမလေးက နောက်ကို သေချာကြည့်ထား"

"ဟုတ်ကဲ့"

အုတ်ဂူ၏ ခန်းမ အဝသို့ ရောက်သောအခါတွင်မူ အားလုံးက တွေဝေခြင်းမရှိ တွင်းထဲသို့ ခုန်ချသွားကြလေတော့သည်။

"မင်းက ဘယ်သွားမလို့လဲ..."

ချွန်းမြောင်တို့ပင် ဝင်နေကြပြီလေမို့ အားတက်ကာ ဂူထဲသို့ ဝင်ရောက်ရန် ကြိုးစားနေသူကို ချွန်းမြောင်က ထိပ်ကပင်ပိတ်ကာ ကန်ချလိုက်လေ၏။

ထို့အပြင် အံကိုကြိတ်ကာ စိတ်မရှည်သောအသံဖြင့် လာနေသော သူတောင်းစားများကို အော်လိုက်လေသည်။

"မြန်မြန် လာခဲ့ကြ..."

"အား...ချီး...ချီး..."

ဟုန်ဒယ်ဂွမ်ကမူ ကြောက်ကြောက်လန့်လန့်နှင့်ပင် အမြန်လာလေတော့သည်။

"ဒီ သောက်ကောင်တွေက ဟွာဆန်းက လူတွေကိုပဲ လမ်းဖယ်ပေးချင်ကြပြီး ငါတို့ကိုကျ မဖယ်ပေးချင်ကြဘူး...ချီး"

ဟုန်ဒယ်ဂွမ် ရောက်လာသည့်အခါတွင်မူ လမ်းသည် လူများနှင့် တဖန်ပြန်ပိတ်သွားပြီဖြစ်၍ အတင်းပင် တိုးဝှေ့ကာ လာရပြန်လေသည်။ အသက်ထွက်လုနီးပါးပင်။

"ချီးပဲ...ခွေးသားတွေ.. လမ်းကြောင်းပွင့်အောင် အမြန်လုပ်ကြစမ်း...ဓါးသင်္ချိုင်း...အား...ငါ ဓါးသင်္ချိုင်းကို မြင်ချင်လှပြီ."

"ဌာနခွဲခေါင်းဆောင်...ကျွန်တော်တို့လည်း ကြိုးစားနေတာပဲ...အစွမ်းကုန်"

"မင်း ဘာပြောလိုက်တယ်...ဟွာဆန်းကောင်တွေကဖြင့် အထဲမှာတောင် ရောက်နေပြီကို မင်းက ဘာကြိုးစားတာလဲ..

"ကျွန်တော်တို့ မလုပ်နိုင်ဘူး..."

ဟုန်ဒယ်ဂွမ် ဒေါသကြောင့် မျက်နှာကြီးပင် နီလာပြီဖြစ်လေသည်။

ဟွာဆန်းက ကောင်တွေက ဘာတွေစားထားလို့ အားတွေရှိပြီး ဒီလူအုပ်ကို တိုးသွားတာလဲ....

သောက်ချေးလိုပဲကွာ.....

တိုးတာ တိုးနေသော်လည်း ရှေ့‌မရောက်သော ဟုန်ဒယ်ဂွမ်တို့ကို ကြည့်ကာ ချွန်းမြောင် စိတ်မရှည်တော့ပေ။ သက်ပြင်းတစ်ချက် ချလိုက်ပြီး ဟုန်ဒယ်ဂွမ်သို့ ရှေ့ရှိ လူအုပ်ဆီသို့ သူပြေးဝင်သွားလေတော့သည်။

ချွန်းမြောင် ဓါးတစ်ချက်ဝေ့လိုက်တိုင်းတွင် လွင့်စင်သွားသောသူများကို ကြည့်ကာ ဟုန်ဒယ်ဂွမ် အံ့အားမသင့်ဘဲ မနေနိုင်တော့ပေ။

သူက တကယ် မကောင်းဆိုးဝါးပဲ....

ဝူတန်ဂိုဏ်းက လူတွေ မလုပ်နိုင်လောက်ဘူး....

တစ်‌လျှောက်လုံး ပိတ်နေသောလမ်းက ပွင့်သွားလေပြီ ဖြစ်လေသည်။ ဟုန်ဒယ်ဂွမ်ကမူ ချွန်းမြောင်ထံမှ မျက်စိပင် မလွဲနိုင်တော့ပေ။ ငေးမောနေလေတော့သည်။

"အဲ့ဒီမှာ ဘာရပ်လုပ်နေတာလဲ....မြန်မြန်လာလေ"

ရပ်ကာငေးနေသော ဟုန်ဒယ်ဂွမ်ကို အော်လိုက်သော်လည်း မလှုပ်သေးသည်မို့ ဇာတိပြကာ အော်လေတော့သည်။

"ငါလူး...ချီးမို့ ရပ်နေတာလား..လာဟ..."

"ငါ အဖော်တစ်ယောက်လောက်တော့ ပါဖို့ လိုသေးတယ်လေ"

"ချီး..."

ချွန်းမြောင် တစ်ချက်ဆဲရေးကာ ဟုန်ဒယ်ဂွမ်၏ လူများဆီသို့ ပြေးသွားလေတော့သည်။

ဟမ်...

သူက ငါတို့ဆီကို ပြေးလာနေတာလား...

ဘာလုပ်ဖို့လဲ....

အနားသို့ ရောက်သည်နှင့် နီးစပ်ရာသူ‌‌ေတာင်းစားတစ်ယောက်ကို ဆွဲကာ ခေါ်ခဲ့လေပြီး ထိုလူအား လက်တဖက် ဆွဲချကာ ဓါးသင်္ချိုင်းထဲသို့ ပစ်ချလိုက်လေသည်။

"အား...."

"ငါကို ဘာလို့လွှင့်ပစ်နေတာလဲ ....အား"

ဟုန်ဒယ်ဂွမ်ကမူ ပို၍ တုန်လှုပ်သွားလေတော့သည်။

ဘောလုံးကစားသလို ငါတို့ကို ပစ်လိုက်နိုင်တယ်..

ဒီကောင် တကယ်လူ မဟုတ်ဘူး....

သူ့၏ အဖွဲ့ထဲမှ သူတောင်းစားတစ်ယောက်ကို ပစ်ပြီးသည်နှင့် သူ့အား ကြည့်လာသည်မို့ ဟုန်ဒယ်ဂွမ်က ကြောက်သွားလေပြီး အပစ်မခံပေ။ သူကိုယ်တိုင်သာ ပြေးပြီး ဓါးသင်္ချိုင်းထဲသို့ ဝင်သွားလေတော့သည်။

အားလုံးအထဲသို့ ရောက်သည်နှင့် ချွန်းမြောင်က ဘေးဘီကို ‌ဝေ့ဝဲကာ ကြည့်ရှုလိုက်လေသညိ။

"အင်း"

ငါတို့ အချိန်ဆွဲလေလေ ဂူထဲဝင်လာတဲ့သူက ပိုများလာလေလေပဲ ဖြစ်လာတော့မှာ....

ငါ ဘယ်လောက်ပဲ သန်မာတယ် ပြောပြော အကုန်လုံးအထဲရောက်လာရင်တော့ ဘယ်လိုမှ ရင်ဆိုင်နိုင်မှာ မဟုတ်ဘူး...

ပြဿနာက မဖြစ်ခင်ရှင်းတာ အကောင်းဆုံးပဲ.....

ချွန်းမြောင်က ဂူပေါက်ကို ပိတ်ရန်ဆုံးဖြတ်လိုက်ပြီမို့ မည်သို့ပိတ်သည်က အဆင်ပြေဆုံး ဖြစ်မည်ကို စဉ်းစား‌‌နေလေ၏။ အတွေးများနေသော မျက်နှာက မှုန်ကုတ်နေသည်ကို ကြည့်ကာ ဟုန်ဒယ်ဂွမ်က ချွန်းမြောင် တစ်ခုခုလုပ်တော့မည်ကို သိ၍ ဝေးဝေးသို့သွားကာ ရှောင်နေလေ၏။

ဂူပြင်မှ လူများကလည်း ချွန်းမြောင်၏ အရိပ်အကဲကိုကြည့်ကာ မည်သို့ရှေ့ဆက်ရမည်ကို အရိပ်အခြေ ကြည့်နေကြလေသည်။ ဂူထဲသို့ သူတို့အား ဝင်ခွင့်မပေးသည်ကိုတော့ သူတို့လက်ခံမည် မဟုတ်ပေ။ ထိုသို့ အဖြစ်ခံမည့်အစား အသက်ပင်သေသေ တိုက်ခိုက်ကြရမည် ဖြစ်လေသည်မို့ အားလုံးကလည်း ဓါးကိုယ်စီနှင့် အဆင်သင့် ဖြစ်နေကြလေ၏။

စစ်ပွဲ ဖြစ်နေတဲ့အတိုင်းပဲကွာ.....

ချွန်းမြောင်သည်လည်း သူ၏ ဓါးကို ဓါးအိမ်ထဲမှ ထုတ်လိုက်လေပြီ ဖြစ်သည်။

"ကဲ...ဖိတ်ကြားမှုက ဒီလောက်နဲ့ပဲ အဆုံးသတ်ပြီ"

ချွန်းမြောင်က မဲ့ပြုံးတစ်ချက်ပြုံးလိုက်ပြီး ပြောလိုက်လေ၏။

"အားလုံးပဲ ပြန်တွေ့ရဖို့ မျော်လင့်ပါတယ်"

စကားဆုံးသည်နှင့် ဓါးကို အချက်ပေါင်းများစွာ ဝေ့ယမ်းကာ တွင်းထဲသို့ ခုန်ချသွားလေတော့သည်။

ချွန်းမြောင် ခုန်ချပြီး ဓါးသံများ ရပ်သွားသည်နှငိ့ ဓါးသင်္ချိုငိး၏ အဝင်ဝကြီးက အက်ရာများထပ်လာကာ ယိုင်နဲ့လာပြီး ပြိုကျသွားလေတော့သည်။

"မဖြစ်ရဘူး..."

"ပြိုနေတာကြီးကို တားပေးကြပါ"

အားလုံးက အပြေးလာခဲ့ကြသော်လည်း မမှီတော့ပေ။

အဝင်ဝနေရာတွင် အုတ်ခဲနှင့် မြေပြိုထားသည့် အပြိုအပျက်ပုံ ကြီးသာ ရှိလေတော့သည်။

"တူးကြ...ဒီနေရာကို ပြန်တူးကြ...လုပ်ကြဟ"

"အဲ့ဒီ ဉာဏ်များတဲ့ ခွေးသားကတော့"

အပေါ်တွင် ကျန်နေခဲ့သောသူအပေါင်းက ချွန်းမြောင်အား ကျိန်ဆဲ ဆဲရေးကာ ပိတ်သွားသော မြေနေရာကို ပြန်တူးနေကြလေသည်။ သို့သော်လည်း အရာမထင်ပေ။ အားလုံး၏ စိတ်တွင် ဂူအား အကျင့်ယုတ်ကာ ပိတ်သွားသော လူတစ်ယောက်၏မျက်နှာကသာ စွဲထင်နေကာ အကြိမ်ကြိမ် ဆဲရေးနေကြလေတော့သည်။

All Chapters