← Chapters

အခန်း (၁၅၁-၁၅၃)

Vol. 11 Ch. 151-153

အခန်း (၁၅၁-၁၅၃)

Vol. 11 Ch. 151-153

အပိုင်း(၁၅၁)

နှလုံးသားမရှိတာအမှန်က ဘယ်လိုဆိုတာ ပြမယ်(၁)

ထိုအနီရောင် အစက်များက မည်သည့်အရာများမှန်း မသိသော်လည်း ရွေ့လျားနေကြသည်ကတော့ အမှန်ပင်။

ဒါတွေက ဘာတွေလဲ....

ဇောချွေးများပင် စိုလာသကဲ့သို့ ဂျိုဂုခံစားလိုက်ရလေသည်။

ချီစွမ်းအင်တွေလား...ဘာတွေလဲ..

ရွေ့လျားနေသော အနီရောင်အစက်‌များကြောင့် သူတို့အားလုံး မလှုပ်ရဲကြပေ။ ထိုအနီစက်များက သူတို့အား သတိပေးနေသကဲ့သို့ပင်။

ဂျိုဂု အားကိုးတကြီးနှင့် ချွန်းမြောင်အား ကြည့်လိုက်လေသည်။ဤသို့သောအခြေအနေတွငိ ချွန်း‌မြောင်က အယုံကြည်ထိုက်ဆုံးသူပင်။

"ချွန်းမြောင်"

"ဟင်"

"ဒါတွေက ဘာတွေလဲ"

"အင်း ..ကြည့်ရတာ‌တော့ လင်းနို့‌တွေထင်တယ်"

"လင်းနို့လား"

"အင်း...တချို့နေရာတွေမှာ မျက်လုံးအနီနဲ့ လင်းနို့တွေရှိတယ်လို့ ကြားဖူးတယ်ရယ်.."

"ဒါပေမယ့် လင်းနို့တွေက ပုံမှန်ဆို မျက်လုံးက အနီရောင် မဟုတ်ဘူးမို့လား"

ချွန်းမြောင်က ခေတ္တမျှ စဉ်းစားလိုက်ပြီးမှ တစ်ခုခုကို သတိရသွားဟန်နှင့် လက်ခုပ်တစ်ချက်တီးကာ ပြောလာ‌လေသည်။

"အား...သိပြီ...သွေးလင်းနို့ ...ဟုတ်တယ် အဲ့တာပဲ"

အကြောက်လွန်နေသော ဟုန်ဒယ်ဂွမ် ထိုအခါမှသာ စကားစကာ ပြောလာလေသည်။

"ဒါဆို ဒီအနီစက်တွေအားလုံးက လင်းနို့မျက်လုံးတွေပေါ့"

"အင်း...ထင်တာပဲ"

"ဒါဆို ငါတို့အခု ဘာဆက်လုပ်ကြမှာလဲ "

"ဘာတွေ ရူးရူးနှမ်းနှမ်း မေးနေတာလဲ...အကုန်လုံးက လင်းနို့တွေဆို ဒီတိုင်း ကျော်သွားရုံပဲလေ"

ချွန်းမြောင်ကမူ အေးအေးသက်သက်သာသာပင် ပြောကာ ရှေ့သို့ဆက်သွားလေ၏။ ကျန်လူများကမူ ကြောက်ရွံ့နေသောမျက်နှာနှင့်ပင် ချွန်းမြောင် အခြေအနေအား ကြည့်နေလေသည်။

အဆင်ပြေပါ့မလား...

အင်းလေ...ပြေတော့ ပြေမှာပါ...

လင်းနို့ကိုက်လို့ သေတဲ့မသာလို့မှ မရှိတာကို...

ချွန်းမြောင် အေးအေးလူလူ သွား‌နေသည်ကိုတွေ့ရမှ အားလုံးက သက်မ ချနိုင်သွားပြီး ချွန်းမြောင်နောက်မှ ဂရုတစိုက်နှင့် လိုက်သွားကြလေတော့သည်။ ဘတ်ချုန်းကမူ ချွန်းမြောင်နားသို့ ကပ်ကာ မေးလာလေသည်။

"ဒါနဲ့ ချွန်းမြောင်..."

"အင်း"

"ငါလေ သွေးလင်းနို့တွေ အကြောင်းကိုတော့ ကြားဖူးပါတယ်...ဒါပေမယ့် သူတို့မှာ မျက်လုံးနီကြီးတွေ ရှိတာတော့ မကြားဖူးဘူး...အခုက သွေးလင်းနို့ ဟုတ်ရဲ့လား"

"အင်း..ဟုတ်ချင်မှလည်း ဟုတ်မှာရယ်...ကျွန်တော်ကြားဖူးတာကတော့..."

ချွန်းမြောင်က တစ်စုံတစ်ခုကို ထပ်ကာ သတိရသွားဟန်နှင့် လက်ခုပ်တစ်ချက်ထတီး ပြန်လေသည်။

" ဟုတ်သား...အခု လင်းနို့တွေက လူသတ်သွေးလင်းနို့ ဖြစ်မယ်ထင်တယ်...ပါးစပ်ရာဇဝင်တွေ ပြောကြတယ်လေ...လူသတ်သွေးလင်းနို့တွေက လူတစ်ယောက်ကို တစ်ခါကိုက်ပြီဆိုတာနဲ့ အဲ့လူရဲ့ သွေးတွေ မကုန်မချင်း မရပ်တော့ဘူးတဲ့...ပြီးတော့ သူတို့ တော်ရုံချီစွမ်းအင်ကိုလည်း ခံနိုင်ရည်ရှိလို့ သတ်ဖို့လည်း မလွယ်ဘူး ပြောကြတာပဲ"

ချွန်းမြောင်က စကားဆုံးသွားသည်နှင့် နောက်သို့ လှည့်ကာ ကြည့်လိုက်လေသည်။ အားလုံးမှာ ငိုတော့မည့်အလား မျက်နှာငယ်လေးများနှင့်ပင်...။

"အဲ့တာကို သိကြတယ်မို့လား..."

"ဟင့်"

စကားပင် မပြန်နိုင်သော လူအုပ်ကြောင့် ချွန်းမြောင် သက်ပြင်းရှည်ကြီးချကာ ခြေတစ်လှမ်းလျှောက်လိုက်ပြန်သည်။ သတိအပြည့်နှင့် ခြေသံပင် မထွက်ပေ ။

"အာ့ဆို အခု ငါတို့ လှုပ်ရင် ဘာဖြစ်မှာလဲ…"

ခြေတစ်လှမ်း‌လှမ်းလိုက်၏။

"အသံထွက်ရင်ရော…"

နောက်ထပ် ခြေတစ်လှမ်း ထပ်ကာ လှမ်းလိုက်ပြန်၏။

ခြေသုံးလှမ်း လှမ်းပြီးသည့်အခါတွင်မူ ချွန်းမြောင်က ပြုံးပြုံးကြီး လုပ်ကာ ပြောလာလေတော့သည်။

"အကုန် ကိစ္စပြတ်ပြီပေါ့..."

ဂီး....ဂီး....

စူးရှသောအသံက သူတို့ခေါင်းပေါ်မှ ပဲ့တင်ထပ်ကာ။ထွက်လာလေသည်ကသူတို့၏ နားစည်များပင် ကွဲမတတ်ပင်။ အနီရောင် မျက်လုံးများနှင့် လင်းနို့အုပ်ကြီးက သူတို့နောက်သို့ ပြိုကျလာသော မိုးတိမ်မဲကြီးကဲ့သို့ပင် လိုက်လာလေတော့သည်။

"ပြေး....."

ချွန်းမြောင်က ပြေးဟု အော်လိုက်သည်နှင့် သူ‌နောက်တွင်ကပ်ကာ လျှောက်နေသည့်သူအပေါင်းက သူ့အားကျော်တက်ကာ ပြေးသွားကြလေတော့သည်။

"အား..."

"မိရင် ‌အရိုးတောင် ကျန်မှာမဟုတ်ဘူး...ပြေးကြ...အား..."

ရှေ့မှ အသီးသီးကျော်တက်ကာ ပြေးသွားသူများကိုကြည့်ကာ ချွန်းမြောင် သက်ပြင်းမောကြီး ချလိုက်လေသည်။

"ဒီလူတွေကတော့..."

...ဘယ်လို

ပြောကြတုန်းကတော့ သေအတူ ရှင်မကွာတဲ့...

အခုက အကုန် ငါ့ထားပြီး ပြေးသွားကြတယ်...

ဒါက ဘယ်လိုတောင် အားကိုးရတဲ့ ဆရာတူအကိုကြီး‌တွေလဲ..

ကြည့်စမ်း ...သူတို့ ရှင်သန်ဖို့ကပဲ အဓိက...

ငါ့ကျ ထားခဲ့ကြတယ်...

ဘတ်ချုန်း နည်းပြကိုလည်း ကြည့်လိုက်ဦး...

ရှေ့ဆုံးက ပြေးနေပြီး ငါ့ကို တချက်တောင် လှည့်မကြည့်သွားဘူး...

ငါ့ကို ဘယ်သူမှ စိတ်မပူကြပါလား...

အသည်းနာလိုက်တာကွာ....

"အကျင့်မကောင်းတဲ့ အကိုကြီးတွေ"

လင်းနို့များက ဟိုဟိုဒီဒီ အရပ်မျက်နှာ အကုန်လုံးမှ ထွက်လာသလိုပင်။

"အား..."

ချွန်းမြောင်လည်း စတင်ကာ ပြေးလေတော့သည်။

".အား...လင်းနို့တွေက ဘာလို့ ဒီဂူထဲမှာ ရှိနေရတာလဲ"

"လင်းနို့တွေက အစကတည်းက ဂူထဲမှာပဲ နေတာပဲ...သောက်ရူးရဲ့"

"ဘယ်လိုလူက ယူနန်မှာပဲ ရှိတတ်တဲ့လင်းနို့တွေကို ဒီအထိ အပါသယ်လာတာလဲ...ချီး...ချီး"

"ငါလည်း ဘယ်လိုလုပ် သိမှာလဲ...ငါလူး..."

ဟုန်ဒယ်ဂွမ်သည် ယခုတစ်ခေါက်တွင်မူ ခြေမနှေးတော့ပေ။ ရှေ့မှ ဦးဆောင်ကာ ပြေးနေလေပြီ ဖြစ်၏။

"ယာဆွန်း...ငါလူးမသား...သူက ငါတို့အကုန်လုံးကို သေအောင် လုပ်နေတာပဲ..သူပဲ ဒီလင်းနို့တွေကို ယူနန်ကနေ သယ်ပြီးတော့ ဒီလာလွတ်ထားတာ..အား...အကိုကြီးတို့...ကျွန်တော့်ကို ကယ်ကြပါဦး...ကျွန်တော်သာ ဒီမှာသေလို့ကတော့ တမလွန်မှာ ခွေးသားကို ချီးသုတ်ပြီး ရိုက်ပစ်မယိ"

"မဟုတ်ဘူး...မဟုတ်ဘူး...အဖေလို့ အရင်ခေါ်ခိုင်းပြီးမှ သေအောင် ရိုက်မယ်"

"ဘာကိစ္စ တစ်ယောက်တည်း အမျိုးမျိုး ပြော‌နေရတာလဲ ခွေးသားရဲ့"

ဒီသောက်ရူးကတော့ ပြေးရင်းလွှားရင်းကို တဖြတ်အရူးထပြီး ဂိုဏ်းသိက္ခာကို ချနေသေးတယ်...ငါလူး

ချွန်းမြောင် ပြေးလွှားရင်းပင် သူ့နားသို့ ကပ်လာသော လင်းနို့များကို လက်နှင့် ဘယ်ညာရိုက်ချနေလေ၏ ။

ဘာလားဟ...

လင်းနို့များကို ရိုက်ချလိုက်သော သူ၏လက်များသည်

ပန်းပဲဖိုကို ကိုင်လိုက်မိသည့်နှယ်ပင်။

ယူနန်တွင် အဆိုတစ်ခုရှိလေသည်။ သွေးစုပ်လင်းနို့ဟု ခေါ်သော မျက်လုံးနီလင်းနို့များရှိသည့်နေရာသို့ သင်ရောက်သွားလျှင် အရိုးပင် ပြန်ရမည်မဟုတ် ဟူ၍ ဖြစ်ကြလေသည်။

"သတိထားကြ...လင်းနို့လက်သည်းတွေက ရှတယ်"

ချွန်းမြောင်က လင်းနို့များကို ရိုက်ချနိုင်သော်လည်း တခြားသူများကမူ တတ်နိုင်သည် မဟုတ်ပေ။ လင်းနို့များ၏ လက်သည်းများနှင် ထိမိ၍ ကွဲသူက ကွဲ ၊ပြဲသူက ပြဲ ဖြစ်နေလေပြီ ဖြစ်သည်။

သွေးနံ့ကို ရနေကြသည့် လင်းနို့များကလည်း ယခင်ကထက်ပင် ပို၍ မြန်မြန်ဆန်ဆန် လိုက်လာကြလေ‌တော့သည်။ သူ့တို့အား လိုက်နေကြသည့် လင်းနို့အုပ်ကြီးက ရာချီထောင်ချီပင်။

မည်သူကမှ ခြေလှမ်းကို တစ်လှမ်းပင် မလျော့ရဲကြပေ။ အသက်ကို ဖက်နှင့်ထုပ်ကာ ပြေးနေရသည်မို့ အသက်တစ်ချက်ရှုချိန်မျှလောက်ပင် မနားရဲပေ။

"အား...ဌာ...ဌာနခွဲခေါင်းဆောင် ...ကျွန်တော့လက် လှုပ်လို့ မရတော့ဘူး"

"ဘာ...သောက်ချေး...ဒီမှာ အကြောသေစေတဲ့ အဆိပ်ပါ ရှိနေတာလား"

သောက်ကျိုးနည်း...ဘယ်လိုလုပ် လင်းနို့တစ်ကောင်က အဲ့လောက်ဆိုးဝါးနေတာတုန်း...

လက်သည်းတွေက ဓါးလို ရှပြီး အဲ့မှာ အကြောသေအဆိပ်က ပါသေးတာ...ကိုက်မိရင်လညိး သေမှလွတ်တယ်....

ဒါက ဘယ်လိုလုပ် လင်းနို့လဲ...မကောင်းဆိုးဝါးပဲ...

"အ.."

ဟုန်ဒယ်ဂွမ် သူ၏ပုခုံးတွင်လည်း စူးကနဲဖြစ်သွားသည်ကို ခံစားလိုက်ရလေသည်။ ကြည့်လိုက်သည့်အခါတွင်မူ ပုခုံးထက်တွင် ဝဲလည်လည်လုပ်နေသော လင်းနို့တစ်ကောင်ကို တွေ့လိုက်ရလေသည်။

"သောက်ချေး လင်းနို့ကတော့"

ဟုန်ဒယ်ဂွမ် ပြေးနေရင်းမှပင် အော်ဆဲကာ လင်းနို့အား ရိုက်ချလိုက်ပြီး ဆက်ကာပြေးလေသည်။ လက်ရော ပုခုံးမှသာ သွေးများက ထွက်လာနေတော့သည်။

ဒီပုံအတိုင်းဆိုရင်တော့ အကုန်ဒီမှာတင် သေကုန်ကြတော့မှာပဲ....

ထိရှထားသည့် ဒဏ်ရာများက မကြီးသော်လည်း အကြောသေအဆိပ်ပါသည်မို့ တဖြည်းဖြည်းမလှုပ်ရှားနိုင်ဖြစ်ကာ လင်းနို့များ၏လက်တွင် အသက်စွန့်ရပေလိ့မ်မည်။ အကြောများက စတင်ကာ ကပ်လာပြီ ဖြစ်သော်လည်း မည်သူကမှ ပြေးနေသည်ကို မရပ်ရဲကြပေ။

"အကိုက်မခံကြရစေနဲ့...အနားကိုကပ်လာတဲ့ လင်းနို့တိုင်းကို သတ်ပစ်ကြ"

"ဌာနခွဲခေါင်ဆောင် ...လက်နက်တွေက အလုပ်မလုပ်ဘူး...သူတို့တွေ လှုပ်ရှားတာက အရမ်းထူးဆန်းတယ်...သူတို့ကို ကျွန်တော်တို့က ရှောင်မှပဲ ရမယ်"

"ဘာ"...

ဟုန်ဒယ်ဂွမ် ငြင်းခုံမနေတော့ပေ။ သူ၏ အကြောကပ်စပြုနေပြီ ဖြစ်သောလက်ကိုကြိုးစားထုတ်ကာ သိုင်းကွက်ထုတ်လိုက်လေသည်။

သူသည် သူတောင်းစားဂိုဏ်းကြီး၏ ဂုဏ်ယူဝင့်ကြွားဖွယ်ရာ မသေမျိုးလက်ဝါးရှစ်မျိုးထဲမှ ပထမဆုံးသိုင်းကွက်ကို ထုတ်ကာ သူ့ရှေ့တွင် ရှိနေသော လင်းနို့အား အင်အားအပြည့်နှင့်ပင် ထိုးချလိုက်လေသည်။

သောက်ကျိုးနည်း...ရှောင်လိုက်တာလား...

ဒီလင်းနို့ကလေ...ငါတို့ရဲ့ မသေမျိုးလက်ဝါးကိုလေ...

ဘယ်လိုတောင် အရှက်ကွဲရတာလဲ.....

ဒီလို သတ္တဝါမျိုးကိုတောင် ငါတို့ရဲ့သိုင်းပညာက ဘာမှ မလုပ်နိုင်ဘူးလား...

ငါလေး ထင်ထားတာက လင်းနို့ဆယ်ကောင်လောက်တော့ ငါသတ်နိုင်မယ်လို့ ထင်ထားတာလေ...ဟူးး

ဒါက ဘယ်လို အဖြစ်ဆိုးမျိူးလဲ...

လင်းနို့တစ်ကောင်ကိုပင် မထိနိုင်လျှင် လင်းနို့များစွာရှိသော ဤဂူထဲတွင် သူတို့မည်သို့ ရှင်သန်ရမည်နည်း..

သေချာပေါက်ပင် သေရပေတော့မည်။

"ဟွာဆန်းရဲ့ နဂါးလေးရေ...တစ်ခုခုတော့ လုပ်ပါဦး.."

ဤကပ်ဘေးမှ သူတို့အားကယ်တင်နိုင်မည့်သူက ချွန်းမြောင်တစ်ယောက်သာ ရှိ‌တော့သည်ဟု သူထင်လေ၏။အားကိုးရာကြီးကိုပင် အော်ဟစ်ရလေတော့သည်။

ချွန်းမြောင် ပြေးနေရင်းမှပင် စိတ်ရှုပ်သောမျက်နှာနှင့် ဓါးကိုဆွဲထုတ်လိုက်လေသည်။

"ဟွာဆန်းရဲ့..."

ဟုန်ဒယ်ဂွမ်က ထပ်အော်ရန်ပြင်ကာ နောက်သို့လှည့်ကြည့်လိုက်သောအခါ ဓါးကိုင်ထားသည့် ချွန်းမြောင်ကို တွေ့လိုက်သည်မို့ ပါးစပ်ပိတ်သွားလေ၏။

ချွန်းမြောင် ဓါးကိုင်သည်ကို တွေ့လိုက်ရသည်နှင့် အရာအားလုံးက ပြောင်းလဲသွားသလိုပင် ဟုန်ဒယ်ဂွမ် ခံစားလိုက်ရလေသည်။ လုံခြုံသွားသလိုပင်။ ချွန်းမြောင်ကမူ ပြေးနေဆဲပင်။ အားလုံးကလည်း ပြေးနေကြဆဲပင် ဖြစ်လေသည် ။သို့သော် လုံခြုံမှုတစ်ခုကိုမူ စိတ်က ခံစားမိနေလေပြီ။

ချွန်းမြောင်က ပြေးနေရင်းမှပင် ဓါးကိုဖြေးညှင်းစွာ လှုပ်ရှားလိုက်လေသည်။ လေတစ်သုတ်က ချွန်းမြောင်၏ဓါးလာရာအတိုင်း တသုန်သုန်တိုက်ခတ်လာလေသည်။

ဇီးပန်းပွင့်တွေလား...

ဓါးဦးတချက် လှုပ်ရှားတိုင်းတွင် ဇီးပန်းပွင့်များက ဓါးဦးထိပ်မှအစီအရီထွက်လာလေပြီး ပန်းပွင့်ပင်လယ်ကြီးသဖွယ် ဖြစ်လာလေတော့သည်။

ဟုန်ဒယ်ဂွမ် ဆက်‌မပြေး‌နိုင်တော့ပေ။ ဇီးပန်းပွင့်များ ထံတွင်သာ သူ့အာရုံတို့က အလုံးစုံကပ်ပါသွားပြီ ဖြစ်လေသည်။

ဒါက ဟွာဆန်းရဲ့ သိုင်းပညာလား...

ဇီးပန်းပွင့်ဓါးသိုင်းဆိုတာ ဒါလား...

ဟွာဆန်းမှ ပျောက်ကွယ်သွားပြီဟု သတင်းကြီးသော ဇီးပန်းပွင့် ဓါးသိုင်းက သူတို့မျက်စိရှေ့ကို ရောက်ရှိနေပြီ ဖြစ်လေ၏ ။ဟုန်ဒယ်ဂွမ် မျက်တောင်ပင် မခတ်နိုင်တော့ပေ။

ဇီးပန်းပွင့်ရနံ့များကလည်း ဂူတစ်ခုလုံးပင် မွှေးပျံ့ကြိုင်လှိုင်နေလေသည်။ ချွန်းမြောင်၏ ဓါးသိုင်းကလွဲလျှင် အရာအားလုံးကိုပင် မေ့လျော့သွားလေကြတော့သည်။

လေအဝေ့တွင် ဇီးပန်းပွင့်များက ဝေ့ဝဲလွင့်ပါလာပြီး လင်းနို့များအားလုံးကို တိုက်ခတ် တိုက်စားသွားကြလေသည်။

ဂီးဂီးဂီး

လင်းနို့များ၏ အော်သံများက နေရာအနှံ့အပြားကပင် ထွက်နေလေပြီး လေတိုက်သံ တဝူးဝူးကလည်း ကြားနေရလေသည်။

ခဏမှကြာပြီးနောက်တွင်မူ ဂူထဲတွင် အရာအားလုံးငြိမ်ကျသွားပြီ ဖြစ်လေသည်။ လင်းနို့များအများစုက ထက်ပိုင်းပြတ်ကာ သေဆုံးသွားကြလေပြီး ကျန်နေသေးသည့် အကောင်များကမူ အနားကိုပင် ကပ်မလာကြတော့ပေ။ ဝေးဝေးမှသာ တကျီကျီတကျာကျာ အော်မြည်နေကြလေသည်။ သူတို့အနားပင် မသီရဲကြတော့ပေ။

ဟုန်ဒယ်ဂွမ် သက်ပြင်းချနိုင်သွားလေပြီ။

ရွှမ်း...

ချွန်းမြောင်က ဓါးကိုသိမ်းကာ လေပူတချက် မှုတ်ထုတ်လိုက်လေသည်။

"ဖူး"

ဟုန်ဒယ်ဂွမ် သူ၏ရှေ့မှကယ်တင်ရှင်ကြီးအား မလေးစားဘဲ မနေနိုင်တော့ပေ။ ဓါးတစ်ချက် အဝေ့နှင့်ပင် အန္တရယ်အားလုံးကို တိမ်လိုလေလို ရှင်းလင်းပစ်

နိုင်လေသည်။ အထင်ကြီးဖွယ် ကောင်းလေစွ။

"ဟင်း.....ဒီ လင်းနို့တွေက သူတို့ ဘယ်သူ့ကို လာစမ်းမိနေလဲဆိုတာ မသိဘူးထင်တယ်"

ချွန်းမြောင်က ထုံးစံအတိုင်း ခေါင်းကိုမော့ ရင်ကိုကော့ကာ ထွက်သွားပြီ ဖြစ်လေသည်။

"…"

တဖြတ်ဝင်ကာ ဂုဏ်ဆာသွားသော ချွန်းမြောင်ကြောင့် အားလုံးက ကြောင်ကာပင် ကြည့်နေကြသည်မို့ ချွန်းမြောင်က တချက်ဟန့်ကာ ရှုးသိုးသိုး ပြောလာလေသည်။

"ဘာတုန်း...ဆက်မသွားကြတော့ဘဲ ဒီမှာပဲ နေကြ‌တော့မလို့လား"

"အာ...သွား...သွားကြမယ်ဟေ့..."

အားလုံးက ရှေ့သို့ ခရီးဆက်လာကြပြီး

ဤသို့နှင့် လမ်းဆုံးတော့မည့်ဂူကို မြင်လိုက်ရသည့်အခါ‌တွင်မူ ဟုန်ဒယ်ဂွမ် စိတ်ညစ်သွားလေ၏။

ချီးပဲ ...နောက်ထပ် ဘယ်လိုအန္တရယ်က ထပ်လာဦးမှာလဲ မသိဘူး...

တွေးရင်းတောင် ကျောချမ်းတယ်...

တော်သေးတာပေါ့...ရွှေခြေသလုံးကြီး ဖက်ထားမိလို့..

မဟုတ်ရင် စဝင်လာကတည်းက သေနေလောက်ပြီ. ။

အတွေးနှင့်အတူ ဟုန်ဒယ်ဂွမ်က ချွန်းမြောင်အား ယုံကြည်မှုပြည့်ဝနေသောမျက်လုံးကြီးများနှင့် လှမ်းကာ ကြည့်လိုက်လေသည်။ ထိုအကြည့်ကို သိလိုက်သော ချွန်းမြောင်က ပြုံးကာ ပြောလာလေ၏။

"ဒီနေရာကို အပျင်းပြေကစားဖို့ လာတာလား...ဘာလို့ ကျွန်တော့်ကို လာကြည့်နေတာလဲ..."

"…"

"အင်...ဒါကြီးပြီးသွားရင်တော့ သူတောင်းစားဂိုဏ်းက ပြီးပြီးပဲ...လုံးဝကို ပြီးပြီ"

".."

အေးပါကွာ....

မင်းလက်နဲ့သေမယ်ဆိုလည်း တန်နေပါပြီ.....

အပိုင်း(၁၅၂)

နှလုံးသားမရှိတာ အမှန်က ဘယ်လိုဆိုတာ ပြမယ်(၂)

ဂူတစ်ဂူအဆုံးတွင် တစ်ဂူက ဆက်ကာရှိနေလေသည်။ တစ်ခုနှင့်တစ်ခုလည်း ခြားနားမှုမရှိကြဘဲ ညမီးအိမ်ကျောက်တုန်းများ ရှိနေသည်ကပင် အတူတူ ဖြစ်လေ၏။

“ဒီနေရာက ရောက်ပြီးသား နေရာကြီး ပြန်ရောက်နေတယ်လို့ မထင်ဘူးလား…ဆရာတူအကိုကြီး”

“အင်း…ကြည့်ရတာတော့ တူသလိုပဲ…ငါလည်း သေချာတော့ မသိဘူး..ဒီမီးအိမ်ရှိနေတဲ့နေရာတွေက ထူးထူးဆန်းဆန်း ဘာမှမလုပ်ရင်တော့ ဘာအန္တာရယ်မှ မရှိလောက်ဘူး ထင်တာပဲ…ဆိုတော့ ငါတို့ မလိုအပ်ဘဲ ဘာမှ မလုပ်တာကောင်းမယ်”

ဘတ်ချုန်းတို့ ပြောနေသည်ကိုကြည့်ကာ ဟုန်ဒယ်ဂွမ် သက်ပြင်းချလိုက်လေသည်။ သူ့အား စောင်းပြောနေသကဲ့သို့ပင် ခံစားလိုက်ရလေသည်။

“လူတိုင်းတစ်ခါတစ်လေမှာတော့ အမှားလုပ်မိကြတာပဲလေ…”

“အယ်…ကျွန်တော်တို့ ဘယ်သူ့ကိုမှ ရည်ရွယ်ပြီး ပြောတာမဟုတ်ပါဘူး ခင်ဗျာ…လူကြီးမင်း ”

ကောင်းတယ်…အဲ့ဒီသူတောင်းစား ဆိုတာကြီးထက်စာရင် ငါလည်း လူကြီးမင်းဆိုတဲ့ ခေါ်သံမျိုးပဲ ကြားချင်တယ်…

ဟုန်ဒယ်ဂွမ် လမ်းလျှောက်ရင်း ဟွာဆန်းဂိုဏ်းသားများကို တချက်ကြည့်လိုက်လေသည်။ ချွန်းမြောင် တစ်ယောက်မှ လွဲလျှင် ကျန်သည့်သူများအားလုံးက အခြားသူများအပေါ်တွင် လေးစားသမှုရှိလေသည်။ အပြုအမူကလည်း ကောင်းမွန်သကဲ့သို့ ပြောဆိုပုံကလည်း သင့်တင့်လေးစားမှုရှိလေသည်။ စုန်းပြူး ချွန်းမြောင်တစ်ကောင်သာ ကွက်ကာ ရိုင်းစိုင်းနေခြင်းပင်။

ထို့အပြင် သူတို့အားလုံးတွင် အငယ်ဆုံးဖြစ်သော ချွန်းမြောင်၏ စိတ်ကြီးဝင် မလေးစားသော အပြုအမူများကိုလည်း စိတ်ထဲရှိပုံမရပေ။ ဘာသိဘာသာပင် နေကြလေသည်။ ပြီးနောက်တွင် နောက်ထပ်သတိထားမိသည့်အရာ တစ်ခု ရှိလေသေးသည်။

အားလုံးက သန်မာကြခြင်းပင်။ ဂူထဲသို့ စဝင်ကတည်းကပင် အမျိုးမျိုးသော အန္တာရယ်များကို ကြုံတွေ့ထားရသော်လည်း ဒဏ်ရာအသီးသီးနှင့် ထိခိုက်နေကြသူများက သူတောင်းစားဂိုဏ်းမှ လူများပင်။ ဟွာဆန်းမှ လူတစ်ယောက်တစ်လေမှ ခြစ်ရာအသေးလေးပင် မရှိကြချေ။ ကံကောင်းသည်ဟု ဆိုချင်သော်လည်း တစ်ကြိမ်ကံကောင်းလျှင်သာ ကံဖြစ်ပြီး အကြိမ်ကြိမ် ကံကောင်းလျှင်မူ စွမ်းဆောင်ရည် ဖြစ်သွားပြီ ဖြစ်လေသည်။ သူတို့အားလုံးက တမူထူးခြားအောင် ထူးချွန်ကြသူများပင် ဖြစ်ကြသည်က အရှင်းကြီးပင်။

“ဟွာဆန်းရဲ့ တရားမျှတမှု ဓါးသိုင်းပိုင်ရှင်လေး…”

“အာ…ကျွန်တော့်ကို ဘတ်ချုန်းလို့ ခေါ်လို့ရပါတယ်..အဲ့လိုကြီး အခေါ်ခံရတာ ထူးဆန်းနေလို့”

“အာ..ဟုတ်ပြီလေ..ဘတ်ချုန်း”

“ဟုတ်ကဲ့”

“ဟွာဆန်းက လူတွေအကုန်လုံးက အဆင့်တူတူတွေပဲလား”

မေးခွန်းကြောင့် ဘတ်ချုန်း အနည်းငယ် ရှုပ်ထွေးသွားဟန်ရပြီးမှ ပြန်ဖြေလာလေသည်။

“ မတူကြပါဘူး…ယွန်းဂျွန်နဲ့ ဂျိုဂုက တတိယတန်းက အသန်မာဆုံးဆိုတဲ့ ဂိုဏ်းသားတွေထဲက နှစ်ယောက်ပါ…ကျွန်တော်နဲ့ ယုဆရာတူညီမလေးက ဒုတိယတန်းတပည့်တွေထဲက လက်ရွေးစင်တွေပါ…အဲ့လိုပြောလို့ ဟွာဆန်းမှာ ကျန်နေခဲ့တဲ့ကလေးတွေကလည်း ကျွန်တော်တို့ထက် စွမ်းရည်နိမ့်တယ်ဆိုတဲ့ သဘောတော့ မဟုတ်ပါဘူး…အားလုံး သူ့ဟာသူ ရှိကြပါတယ်”

ဘတ်ချုန်း ပြောနေရင်းမှပင် ချွန်းမြောင်အား လှမ်းကြည့်လိုက်လေသည်။ သူတို့ ဟွာဆန်းဂိုဏ်းသားအားလုံးသည် မကောင်းဆိုးဝါးတစ်ကောင်၏ မတရားဖိအားပေး လေ့ကျင့်ခံရမှုကြောင့် ယခုကဲ့သို့ သန်မာလာကြသည်ပင်။

“ဪ…အင်း…သိပြီ”

ဟုန်ဒယ်ဂွမ် အနည်းငယ် စိတ်ပျက်သွားရလေသည်။ သူသည် သူတောင်းစားဂိုဏ်းမှ အရာရှိတစ်ယောက်ဖြစ်လေပြီး လိုယောင်၏ ဌာနခွဲခေါင်းဆောင်လည်း ဖြစ်လေသည်။ လိုယောင်မြို့သည် အရှေ့အပိုင်းထဲတွင် အကြီးဆုံးမြို့ဖြစ်လေပြီး လိုယောင်တွင် တာဝန်ထမ်းဆောင်ကြသည့် သူတောင်းစားများကလည်း ညံ့ဖျင်းကြသူများတော့ မဟုတ်ကြပေ။

သို့သော်လည်း သူတို့ဂိုဏ်း၏ သဘောသဘာဝအရ အရည်အသွေးထက် အရေအတွက်က ပို၍ အရေးပါလေသည်မို့ သူတောင်းစားဂိုဏ်းတွင် ရှိနေသောသူများ၏ သိုင်းပညာအဆင့်က တခြားသူများထက် နှာတစ်ဖျားသာနေသည်တော့ မဟုတ်ပေ။ သို့သော် မိမိကိုယ်ကို ကာကွယ်နိုင်ရုံမျှတော့ သိုင်းပညာတတ်မြောက်ကြလေသည်။

သို့ဖြစ်၍ ဟွာဆန်းမှလူများနှင့် သူတို့ သူတောင်းစားဂိုဏ်းမှ လူများ၏ အရည်အချင်းက အမှန်ပင် ကွာခြားနေလေသည်။ ထို့အပြင် ကြောက်စရာကောင်းအောင်ပင် အင်အားကြီးသော မကောင်းဆိုးဝါးလေးတစ်ကောင်ကလည်း ဟွာဆန်းတွင် ရှိနေပြန်သည်။

ဟုန်ဒယ်ဂွမ် အတွေးနှင့်အတူ ချွန်းမြောင်ကို လှမ်းကာ ကြည့်လိုက်လေသည်။

ဤကလေးနှင့်အတူ အခြားအရည်အချင်းရှိသော ကလေးများက မွေးဖွားပေးလာမည့် ဟွာဆန်းသည် အနာဂတ်တွင် တဖန်ပြန်လည်တောက်ပလာဦးမည်က အမှန်ပင် ဖြစ်လေသည်။

ဟွာဆန်းကတော့ တချိန်ကျရင် ဘယ်သူမှ လိုက်မမှီနိုင်တဲ့ ဂိုဏ်းတစ်ဂိုဏ်း ဖြစ်လာဦးမှာပါလား…

အတိတ်တုန်းကလည်း ဟွာဆန်းသည် လောက၏အထွတ်အထိပ်တွင် ရှိသော အကောင်းဆုံးဂိုဏ်းဖြစ်ခဲ့ပြီး ကောင်းကင်နတ်ဆိုးဂိုဏ်း၏ တိုက်ခိုက်မှုကြောင့်သာ ယခုကဲ့သို့ ချွတ်ချုံကျကာ ပျက်စီးသွားခြင်းဖြစ်လေသည်။ ယခုပုံအတိုင်းအရ ဆိုရလျှင်မူ ဟွာဆန်းသည် သူ၏အတိတ်က ရရှိခဲ့သော အောင်မြင်မှုတို့ကို ပြန်ရရန် အချိန်ကြာကြာ လိုမည်မထင်ရတော့ပေ။

“ဌာနခွဲခေါင်းဆောင်”

ဟုန်ဒယ်ဂွမ် အတွေးထဲတွင် နစ်မြောနေရာမှ ခေါ်သံကြောင့် သတိပြန်ကပ်လာလေသည်။ ထို့နောက်တွင်မူ သူ၏ နှေးကွေးလေးလံ ပင်ပန်းစွာ သွားနေရသော သူ၏ သူတောင်းစားဂိုဏ်းသားကိုကြည့်ကာ သနားမိသွားလေသည်။

“ဟွာဆန်းရဲ့ နဂါးလေး…မင်းတို့ အလျင်လိုနေတယ်ဆိုတာကိုတော့ ငါသိပါတယ်..ဒါပေမယ့် ငါတို့ အခု ခဏလောက် နားလို့ ရမလား…ငါ့ဂိုဏ်းသားတွေ ခဏအနားယူနေဖို့ လိုလို့ပါ”

“အင်း…ဟုတ်ပြီလေ….နားတာပေါ့”

အံဩဖွယ်ရာပင် ချွန်းမြောင်က ခေါင်းငြိမ့်လက်ခံလာလေသည်။ ဟုန်ဒယ်ဂွမ် ယုံပင် မယုံနိုင်ပေ။

“ဘယ်လို”

“မဟုတ်ဘူး….မင်း စောနက ပြောလိုက်တဲ့အဖြေကို ပြန်ပြောစမ်း”

“ခင်ဗျားပဲ ခင်ဗျားလူတွေ နာနေကြတယ်ဆို”

“ကျေးဇူးတကယ်တင်ပါတယ်ကွာ”

ဟုန်ဒယ်ဂွမ် ချွန်းမြောင်အား အမှန်ပင် ကျေးဇူးတင်သော မျက်လုံးများနှင့် ကြည့်လိုက်လေသည်။

ဒီကလေးက ငါ့ကို အသိအမှတ်ပြုပေးသားပဲ…

ငါက ဘယ်လိုပဲ သူတောင်းစားဖြစ်နေပါစေဦးတော့ ဂိုဏ်းတစ်ခုရဲ့ခေါင်းဆောင်ဆိုတာကို သူ စိတ်ထဲ ထည့်ပေးထားတာပဲ….

ငါ့လူတွေအတွက် ငါတောင်းဆိုပေးတာကို သူအသိအမှတ် ပြုပေးတာပဲ…

တကယ်ကိုပဲ…ဒီကလေးရဲ့ ရင်ထဲကတော့ သန့်စင်လွန်းပါတယ်….

ဟူးး…

ငါ သူ့ကို အထင်တွေ မှားခဲ့မိတယ်…

ဟုန်ဒယ်ဂွမ် ချွန်းမြောင်အား ခေါင်းတဆတ်ဆတ် ငြိမ့်ပြကာ သူ့လူများရှိရာသို့ သွားလေ၏။

ချွန်းမြောင်ကမူ မျက်မှောင်အစုံကို ကြုတ်ကာ အဝေးတစ်နေရာမှအသံကို အာရုံစိုက်နေလေသည်။

အဲ့နားမှာ တစ်ခုခုရှိနေတဲ့ပုံပဲ…

ပရမ်းပတာ ဖြစ်မှုများနှင့် အလျင်စလိုလှုပ်ရှားမှုများကို အာရုံခံမိသည်မို့ ထိုနေရာတွင် တိုက်ပွဲတစ်ခု ဖြစ်ပွားနေသည်ဟု ချွန်းမြောင် ယူဆလိုက်လေသည်။ တပ်ဖွဲ့နှစ်ဖွဲ့တွေ့ကာ တိုက်ခိုက်နေကြခြင်း မဟုတ်လျှင် ထောင်ချောက်တစ်ခုမိကာ ထိုထောင်ချောက်ထဲမှ ရှင်သန်ရေးအတွက် ရုန်းကန်တိုက်ခိုက်နေကြခြင်း ဖြစ်ပေလိမ့်မည်။

အင်းလေ…အဲ့မှာ တိုက်ပွဲဖြစ်နေတယ်ဆိုမှတော့လည်း အလျင်စလိုကြီး သွားစရာမလိုပါဘူး…

သူတို့ အေးဆေး တိုက်ကြပါစေပေါ့….

လမ်းကြောင်းရှင်းသွားသည်အထိ အေးအေးဆေးဆေး စောင့်ဆိုင်းရန် ချွန်းမြောင်ဆုံးဖြတ်လိုက်လေသည်။ ယခုအချိန် မနားဘဲနှင့် ထိုနေရာသို့ အလျင်စလိုသွားကာ သူတစ်ပါး၏ တိုက်ပွဲအတွင်းသို့ ပါရန်ဆန္ဒမရှိပေ။

ဤဂူထဲတွင်က မရေမတွက်နိုင်သော ထောင်ချောက်များရှိသည်ဖြစ်ပြီး အချိန်မရွေးပင် အန္တာရယ်က ကျရောက်လာနိုင်၍ အင်အားကို တတ်နိုင်သမျှ ချွေတာထားသည်က ကောင်းပေလိမ့်မည်။ မည်မျှပင် သန်မာသည့်သူ ဖြစ်စေကာမူ ပွဲဆက်များလာသည့်အခါတွင်မူ ခြေကုန်လက်ပန်းကျမည်ပင်။ သူ မလိုအပ်ပဲ မသေချင်သေးပေ။ ထို့ကြောင့် ထိုနေရာတွင်ဖြစ်နေသော တိုက်ပွဲပြီးချိန်ထိ ယခုနေရာတွင်သာ စောင့်နေရန် တွေးထားလိုက်၏။

ချွန်းမြောင်က ခွင့်ပြုလိုက်ပြီမို့ အားလုံးက ထိုင်သူကထိုင် ၊ မှီသူက မှီနှင့် နားနေကြပြီ ဖြစ်လေသည်။

“အိုး…ဘုရား..ဘုရား”

ယွန်းဂျွန်က ကြမ်းပြင်ပေါ်တွင် ထိုင်ချရင်း ပြောလိုက်လေသည်။

“ဒီလိုနေရာမျိုးကတော့ အသက်ဆယ်သက်ရှိရင်တောင် မလွယ်ပါဘူး”

“အဲ့တာကို ထောက်ခံတယ်”

ယွန်းဂျွန်၏ အပြောကို ချွန်းမြောင်က ပြုံးလိုက်လေသည်ကို မြင်သောကြောင့် ယွန်းဂျွန် အတွေးတစ်ခု ဝင်သွားရလေသည်။

အဲ့ကလေးကြည့်ရတာ ဒီလိုအရာမျိုးတွေကို ကြုံဖူးနေကြကြီးလိုပဲ”

မည်သို့သော ပြဿနာကြီးပင် ဖြစ်နေစေကာမူ ချွန်းမြောင် တုန်လှုပ်သွားသည်ကို မမြင်ဖူးပေ။ အေးအေးလူလူ ကျော်ဖြတ်သွားသည်ကြီးပင်။ ပြဿနာအားလုံးအား ကြုံတွေ့ဖူးလေသူအလား…အားလုံးကိုလည်း ကိုင်တွယ်နိုင်လေသည်။ မတူညီသောပြဿနာများကို ဖြေရှင်းနိုင်လေ၏။ ချွန်းမြောင်က အသန်မာဆုံးသော လူသားတစ်ယောက်လိုပင်။

“အခုလုပ်နေရတာကြီးက တအားခက်ခဲလွန်းတယ်လို့ မထင်ကြဘူးလား”

“ဘာက ခက်ခဲတာလဲ..ဒါ အခုမှအစပဲရှိသေးတယ်”

‘အစ ဟုတ်လား…”

“ယာ့ဆွန်း ဖြစ်ဖြစ် ခြေရာဖျောက် ဖမ်းဆုပ်ဓါးဖြစ်ဖြစ် ဒီဟာကို ဆောက်ခဲ့တဲ့ဘယ်သူပဲဖြစ်ဖြစ် သူက ဒီနေရာကို ခြေချလိုက်တဲ့သူတိုင်းကို သေသွားရစေမယ်လို့ ဆုံးဖြတ်ထားပြီးသား…ဒါကြောင့်လည်း ဒီလို ထောင်ချောက်တွေကို သေချာတပ်ဆင်ထားခဲ့တာ…နောက်ထပ် ဘယ်လို အန္တာရယ်တွေက စောင့်ကြိုနေမလဲဆိုတာ ဘယ်သူမှ ကြိုမသိနိုင်ဘူး..”

“ခြေရာဖျောက် ဖမ်းဆီးဓါးပိုင်ရှင်က ဘာလို့ ဒီဂူကြီးကို တည်ဆောက်ခဲ့တာလဲ”

“ဟင်”

“သူက သူ့ဆေးလုံးတွေကို ဖွက်ထားခဲ့တာပဲဖြစ်ဖြစ် သူ သိမ်းထားတဲ့ဓါးတွေကို ဖွက်ထားခြင်သာပဲဖြစ်ဖြစ် ဘာထောင်ချောက်မှ မဆင်ဘဲ ထားခဲ့လိုရတာပဲ…ဘာလို့ ဝင်လာတဲ့သူတိုင်းကို သူက အန္တာရယ်ဖြစ်စေချင်ရတာလဲ”

“အဲ့တာတော့ ကျွန်တော်လည်း မသိဘူး”

ချွန်းမြောင်က ခါးသက်သက်ပင်ပြုံးကာ ဖြေလေသည်။

ယွန်းဂျွန်ကမူ ဆက်ကာပြောလေ၏။

“ပထမဆုံးအနေနဲ့ ဒီနေရာက ငါထင်ထားတာ ငါတွေးထားတာနဲ့ တစက်မှမတူဘူး…

ငါ ထင်ထားခဲ့တာက ယာ့ဆွန်းဆိုတဲ့သူက ဆေးပညာမှာကျွမ်းကျင်ပြီး ဆေးလုံးတွေ ဖော်စပ်တဲ့သူလို့ပဲ သိထားတာ…လူတွေကို ကုသပေးတဲ့သူပေါ့…ဒါကြောင့်ပဲ သူက ယာ့ဆွန်းဆိုပြီး ဖြစ်လာတာ မဟုတ်ဘူးလား”

“အင်း”

“ဒါပေမယ့် သူလို့လူမျိုးက ဒီလို ရက်စက်ကြမ်းကြုတ်တဲ့နေရာကြီးကို တည်ဆောက်ထားခဲ့တယ်…

ငါ လုံးဝကို နားမလည်နိုင်တော့ဘူး”

“ကျွန်တော်တို့ သူ့ကို နားလည်စရာ မလိုပါဘူး’

ချွန်းမြောင်က မဲ့ပြုံးတစ်ချက်ပြုံးကာ ဆက်ပြောလာလေသည်။

“ဘယ်လိုပဲဖြစ်ဖြစ် သေချာတာ တစ်ခုပဲရှိတယ်”

“ဘာလဲ”

“လူတွေက ဘယ်တော့မှ ခန့်မှန်းလို့ရတဲ့သတ္တဝါ မဟုတ်ဘူး…”

‘…”

“ကျွန်တော်တို့ ကောင်းကောင်းကြီး သိကျွမ်းပါတယ်ဆိုတဲ့သူတွေတောင် တစ်ခါတစ်လေမှာ သူတို့ရဲ့ မမြင်ရတဲ့တဖက်ခြမ်းဆိုတာ ရှိသေးတာပဲ… လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ရာကျော်က လူတစ်ယောက် ရင်ဆိုင်ခဲ့ရတဲ့ ပြဿနာတွေနဲ့ သူရဲ့အတွေးတွေကို ဘယ်လိုလုပ် သိနိုင်မှာလဲ…ဆိုတော့ သူ့ကို နားလည်ဖို့ ကြိုးစားနေမယ့်အစား သူဘာတွေ ချန်ထားခဲ့လဲဆိုတာကို သိအောင်လုပ်တာကပဲ ပိုပြီးအကျိုးရှိတယ်လို့ ကျွန်တော်ထင်တယ်”

ချွန်းမြောင် ပြောသည့်အရာများက လက်တွေ့ကျသော အရာများပင်။ သို့သော်လည်း

ဤမျှရက်စက်သောသူ၏ ဂူကို အဘယ်ကြောင့် လူများအား ကုသပေးသော ဆေးဆရာကြီးယာ့ဆွန်း၏ ဂူဟု ဆိုကြမှန်းကို သူတကယ်မသိတော့ပေ။ ချွန်းမြောင်ကမူ ယွန်းဂျွန်၏ အတွေးများကိုသိနေသည့်အလားပင် ။ဆက်ကာ ပြောလာလေသည်။

“အဲ့လို တရားသေမတွေးထားနဲ့”

“ဟင်”

“အထဲမှာ ဖြစ်နေတဲ့အရာတွေကို မကြည့်နဲ့…သေချာပြန်စဉ်းစား…

ဒီဂူကို ဘာကြောင့် ယာ့ဆွန်းရဲ့ အုတ်ဂူနဲ့ ခြေရာဖျောက် ဖမ်းဆုပ်ခြင်းဓါးသိုင်းပိုင်ရှင်ရဲ့ အုတ်ဂူဆိုပြီး နှစ်မျိုးခေါ်ကြတာလဲဆိုတာကို ဖော်ထုတ်နိုင်ရင် အဖြေအားလုံး ရှင်းသွားလိမ့်မယ်…”

“ဪ”

ယွန်းဂျွန် ထိုအခါမှသာ အနည်းငယ် စိတ်ကျေနပ်သွားလေတော့သည်။ ချွန်းမြောင် ပြောသည်က ယုတ္တိရှိ‌လေ၏။

သူတို့ သတိမထားမိသောအရာကို ချွန်းမြောင်က ချိတ်ဆက်တွေးကာ အဖြေထုတ်သွားသည်ပင်။ ယွန်းဂျွန် ချွန်းမြောင်အား မကြည့်ဘဲ မနေနိုင်သလိုပင် ခံစားလိုက်ရလေသည်။

“ဘာလဲ”

“မင်း အဖြေထုတ်သွားလေးကို သဘောကျလို့”

ချွန်းမြောင် မဲ့ပြုံးပြုံးကာ ပြောလေ၏။

“ဘာများ ဆန်းနေလို့လဲ”

“အင်း”

“ဒါနဲ့ ယာ့ဆွန်းမှာသာ တခြားရည်ရွယ်ချက် ရှိသေးတယ်ဆိုရင် သူ သူ့ရဲ့ဆေးလုံးတွေနဲ့ ဆေးညွှန်းတွေကို ထားခဲ့ပါ့မလား”

“ဘယ်ထားခဲ့မှာလဲ…သေချာပေါက် မထားဘူးပေါ့”

“ဘယ်လိုပဲဖြစ်ဖြစ် ဘယ်သူ့ဂူပဲဖြစ်ဖြစ် ကျွန်တော် စိတ်မဝင်စားဘူး…ဒီကို လာခဲ့တာက ဆေးလုံးဖော်စပ်နည်းကိုရဖို့ …အဲ့တာက အရေးကြီးဆုံးပဲ”

“အင်း”

“အဲ့ဆေးလုံးကိုရဖို့ ကျွန်တော်သေရမယ်ဆိုရင်တောင် သေချာပေါက် ရအောင်ယူမှာပဲ”

ယွန်းဂျွန် ဆုံးဖြတ်ချက်တို့ကြောင့် တောက်ပနေသော ချွန်းမြောင်၏ မျက်လုံးများကို ကြည့်လိုက်လေသည်။

သူ့လိုစိတ်ပြတ်သားတဲ့သူတွေက အကောင်းဆုံးပဲ…အောင်နိုင်သူတွေ….

အကြောက်တရားဆိုတာလည်း မရှိ..

ရည်မှန်းချက်ကိုပဲ ရောက်အောင်သွားတဲ့သူတွေ…

ထိုအချိန်မှာပင် ယုရီဆိုးက ချွန်းမြောင်သို့ စကားပြောနေကြရာနေရာသို့ လာကာ ချွန်းမြောင်အား ရေဘူးကို ကမ်းပေးလာလေသည်။ ချွန်းမြောင်ကလည်း ချက်ချင်းဆိုသလိုပင် ယူသောက်လိုက်ပြီး ဟုန်ဒယ်ဂွမ်အား လှမ်းမေးလိုက်လေသည်။

“ဗျို့ လူကြီးမင်း သူတောင်းစား… ပြီးကြပြီလားဗျ”

“အဆိပ်ဖြေဆေးက အစွမ်းတော့ ပြနေပြီဗျ’

“ခင်ဗျားတို့က အဆိပ်ဖြေဆေးတွေပါ ပါလာတာလား”

“ဒါက အကြောသေတာအတွက်သုံးတဲ့ အဆိပ်ဖြေဆေးလေ… ဘယ်လိုလူမျိူးတွေနဲ့ ဘယ်အချိန်မှာ တွေ့ရမလဲဆိုတာ မပြောတတ်တော့ အရေးအကြောင်းရှိရင် သုံးရအောင် ဆောင်ထားတာ..အခုတော့ အံကိုက်ဖြစ်သွားတာပေါ့”

“ဝိုး…”

ချွန်းမြောင်က ဟုန်ဒယ်ဂွမ်အား လေးစားသော မျက်လုံးများနှင့် ကြည့်လာသည်မို့ ဟုန်ဒယ်ဂွမ်က ထကာပြောလေတော့သည်။

“ဘာလဲ…မင်းက ငါ့ကို အချဉ်မှတ်နေတာလား..ငါက…ဟုန်ဒယ်ဂွမ်ပါကွ…သူတောင်းစားဂိုဏ်းရဲ့ ဂုဏ်ဆောင်လေး”

“ဟုတ်ပါပြီ…ဟုတ်ပါပြီ”

“အင်း”

ဟုန်ဒယ်ဂွမ်က ဂုဏ်ဆာနေသည်ကို တားဆီးခံလိုက်ရ၍ အနည်းငယ်တော့ ရင်ခံသွားလေသည်။

“ပြီးကြပြီလား…ပြီးကြပြီဆိုလည်း ကျွန်တော်တို့ ဆက်သွားကြရအောင်”

“ဒါနဲ့ ဓါးသင်္ချိုင်းက ဘယ်နေရာမှဆုံးမှာလဲ… လာခဲ့ကြတဲ့ခရီးကလည်း မနည်းတော့ဘူး”

ချွန်းမြောင် ဟုန်ဒယ်ဂွမ်၏မေးခွန်းကို ပုခုံးသာ တွန့်ပြလိုက်လေသည်။

“ဂူက အကွေးလေ…တကယ့်ခရီးက တိုပါတယ်…”

“အဲ့တာဆို ဘာလို့ အဲ့လောက်လျှောက်နေရတာလဲ”

“အထဲမှာ ဟိုဟိုဒီဒီတွေ ထည့်ထားတော့ ရှည်နေတယ် ထင်ရတာ… ဓါးသင်္ချိုင်း အဆုံးက သိပ်မကြာခင် ရောက်တော့မှာပါ…အချိန်မရွေး ပေါ်လာနိုင်တယ်ရယ်”

“အင်းပါ…အင်းပါ….အဲ့တာဆိုလည်း သွားကြတာပေါ့”

အားလုံးက တဖန်ခရီးဆက်ရန် ပြင်လိုက်ကြပြန်လေသည်။ ချွန်းမြောင်ကမူ အနီးအနားကို တဖန်ပြန်ကာ အာရုံခံကြည့်လိုက်ပြီး မျက်နှာက တည်သွားလေသည်။ ဓါးသင်္ချိုင်းအဆုံးက နီးနေပြီဟူသော စကားကအမှန်ပင် ဖြစ်လေသည်။ သိပ်မဝေးတော့ပေ။ မကြာခင်အချိန်အတွင်းမှာပင် ရောက်ရှိတော့မည် ဖြစ်လေသည်။ သူ တစ်စုံတစ်ခုအား ကောင်းကောင်းကြီး အာရုံခံမိနေပြီ ဖြစ်လေသည်။

နတ်ဆိုး ချီ….

မကောင်းဆိုးဝါး ချီစွမ်းအင်တွေ….

ယာ့ဆွန်း၏ ဂုဏ်ပုဒ်ကို သတိပြန်ရသွားကာ ချွန်းမြောင်ပြုံးလိုက်လေသည်။

“ကဲ…နောက်ထပ်ကျွန်တော်တို့အတွက် ဘာတွေများပြင်ဆင်ပေးထားလဲဆိုတာ ကြည့်လိုက်ကြတာပေါ့”

ရှေ့မှ ဦးဆောင်ကာသွားလေသော ချွန်းမြောင်၏မျက်နှာတွင် နတ်ဆိုးဆန်ဆန် အပြုံးတစ်ပွင့်က ချိတ်ဆွဲထားလေသည်။

အပိုင်း(၁၅၃)

နှလုံးသားမရှိတာ အမှန်က ဘယ်လိုဆိုတာ ပြမယ်(၃)

ချွန်းမြောင် လျှာတချက်သပ်ကာ နောက်သို့ပြန်လှည်ကြည့်ပြီး ပြောလာလေသည်။

"သွားကြစို့.."

"အင်း...ဒါတွေအကုန်လုံးလည်း ယူခဲ့ရဦးမယ်"

"မင်းက ဘာလို့အဲ့လောက် လောဘကြီးနေရတာလဲ...မင်းတို့ဂိုဏ်းက ချမ်းသာပြီးသားကို "

"ဟ...ပိုက်ဆံက ဘယ်လောက်ပဲရှိရှိ လောက်တယ်လို့မှ မရှိတာ..ဟွာဆန်းကလူတွေကို ကျွေးမွေးထားရတာ ဘယ်လောက်ကုန်တယ်မှတ်နေလဲ..ယွမ်တစ်သိန်းလောက် ကုန်တယ်...အဲ့လိုသာ ငွေမရှာဘဲနေရင် သူတောင်းစားတွေထက်တောင် ဆင်းရဲသွားလိမ့်မယ်"

ချွန်းမြောင် ညမီးအိမ်များကို လောဘရောင်လက်နေသော မျက်လုံးများနှင့် ကြည့်လိုက်လေသည်။

"ဒါနဲ့ ဒါတွေအကုန်လုံးဆို ဘယ်လောက်တန်မလဲ မသိဘူးနော်"

ချွန်းမြောင် မေးလည်းမေးကာ အဖော်ရှာသော မျက်လုံးများနှင့် ဟုန်ဒယ်ဂွမ်အား ကြည့်လိုက်လေသည်။ဟုန်ဒယ်ဂွမ်ကမူ မသိယောင်သာဆောင်ကာ အကြည့်လွဲလိုက်လေ၏။ ညမီးအိမ်ကျောက်အနီကို သူဖြုတ်၍သာ ပြိုမကျလာခဲ့လျှင် ယခုကျောက်များကိုလည်း သူဒီတိုင်းကြည့်နေမည် မဟုတ်ပေ။ သေချာပေါက် ဖြုတ်မည်ပင်။ ယခုတော့ ဖြုတ်ရန်ကြံနေသော ချွန်းမြောင်ကိုသာ မျက်စောင်းထိုး၍ နေရလေတော့သည်။

ချွန်းမြောင် အဖော်ညှိမရ၍ စိတ်ညစ်သွားလေသည်။

မျက်စိရှေ့တွင် တွေ့နေရသော ငွေပုံကြီးကို မတို့မထိရဘဲ ကျော်သွားရသည်ဆိုသည်က အလွန်မှနှမြောစရာပင်။

"အား...သူတောင်းစား..."

"…"

"အခုလို မလေးမစားလုပ်တာကို ကျွန်တော် ဘယ်တော့မှ ခွင့်လွှတ်မှာ မဟုတ်ဘူး"

"နေပါဦး...ငါ ဘာလုပ်မိလို့လဲ"

"ကဲကဲ လာ...သွားကြမယ်..မြန်မြန်လေး သွားကြရအောင်"

ချွန်းမြောင် ဒေါသမီးပုံမကျခင် ဘတ်ချုန်းနှင့်ယွန်းဂျွန်က သူ့အားဆွဲခေါ်သွားလေတော့သည်။ ကျန်သည့်လူများကလည်း ထိုအခါမှသာ သက်မချနိုင်လေတော့၏။

"ဝါး"

နောက်တစ်နေရာသို့ ရောက်သောအခါတွင်မူ အားလုံးက အံ့အားသင့်ကုန်ရ၏။

မြေအောက်မှာတောင် ဒီလိုနေရာမျိုးကို ဆောက်ထားတယ်...

သူတို့၏မျက်စိရှေ့တွင် ရှိနေသောအခန်းသည်က ကြီးမားသောစတုရန်းပုံအခန်းကြီး ဖြစ်လေသည်။

သူတို့အားလုံး ထိုအခန်းကြီးထဲသို့ ဝင်လိုက်သည်နှင့်

အခန်းကြီး၏ စတင်လှုပ်ရှားလာပြီး အောက်သို့ ဆင်းသွားလေတော့သည်။

အောက်သို့ ရောက်သည်နှင့် ဧရာမကျောက်တံခါးကြီးက အောက်သို့ပြုတ်ကျသွားပြီး တံခါးပွင့်သွားလေသည်။

.နောက်နေရာသစ်တစ်ခုကို ရောက်ရှိလာခဲ့ပြီ ဖြစ်လေသည်။

ရင်ထဲ ခံစားချက် မကောင်းလိုက်တာကွာ...

ယခုအချိန်တွင်မူ သူတို့နောက်ကြောင်းပြန်လှည့်၍လည်း မရတော့ပေ မဟုတ် ဓါးသင်္ချုင်းထဲသို့ ဝင်လိုက်လေကတည်းက သူတို့နောက်ကြောင်းပြန်လှည့်၍ မရတော့ခြင်းပင်။

ယခုတွင်မူ ကျောက်သားရွေ့လျားအခန်းကြီးက သူတို့အား ဤနေရာသို့ ဆိုက်ဆိုက်မြိုက်မြိုက် ပို့လိုက်သည့်အကြောင်းကို ဟုန်ဒယ်ဂွမ်သိသွားလေပြီဖြစ်သည်။

ကျောက်သားခန်း၏ အလယ်တွင် လူတစ်စု ရှိနေလေသည်။

တွေ့လိုက်ရသည့်လူများက တစ်ဦးနှင့်တစ်ဦး ဝတ်ဆင်ထားသည်များ မတူကြပေ။ အဓိပ္ပါယ်ကမူ သူတို့သည် ဂိုဏ်းတူသူများ မဟုတ်ဘူးဆိုသည့် သဘောပင်။ သတင်းအရ ဤနေရာသို့ စု‌ဝေးလာကြပြီး ယခုမှသာ အဖွဲ့ဖွဲ့ဖြစ်သွားသူများ ဖြစ်သည်ဆိုသည့်သဘောပင်။ ထိုလူများကို တွေ့လိုက်ရခြင်းက ပြဿနာ မဟုတ်ပေ။

အမှန်တကယ် ပြဿနာကမူ…

“ဒီနေရာမှာ တစ်ခုခုရှိနေတယ်”

“ကျွန်တော့်အထင်တော့ ကျွန်တော်တို့ ရောက်ခါနီးနေပြီလို့ ထင်တယ်…ဆိုတာ့ သူတို့ရဲ့ ညှိုနှိုင်းပြီးသွားတာက ပိုကောင်းမလားပဲ…သူတို့ကိုကြည့်ရတာ လက်နက်တွေကို လိုချင်လို့ လာတဲ့ပုံပဲ..ဆေးလုံးတွေကို လိုချင်ပုံမရဘူး”

“ဟုတ်ပြီ”

ဟုန်ဒယ်ဂွမ် အနည်းငယ်တော့ မျက်နှာပျက်သွားလေသည်။ ရင်ထဲတွင် ခံစားချက်များ တကယ်ကောင်းမနေပေ။

သွေးနံ့တို့က လှိုင်လှိုင်ထနေ‌၏။ အခန်း၏ တဖက်ခြမ်းမှ သွေးနံ့တို့က လှိုက်တက်ကာ လာနေခြင်းပင်။ ဟုန်ဒယ်ဂွမ် ရှေ့ဆက်ကာ သွားလိုက်ပြီး မြေပြင်ပေါ်တွင် လဲနေသည့်သူအား မည်သူဖြစ်သည်ကို သိရရန် မှောက်နေသောကိုယ်ကို လှန်ကာ ကြည့်လိုက်လေသည်။

ဟုန်ဒယ်ဂွမ်က ထိုလူ၏မျက်နှာကို မြင်လိုက်သည်နှင့် အံဩတကြီး ပြောလိုက်လေတော့သည်။

“မာဟွိုက်…ဒါက ဧရာမပုဆိန်ကြီး မာဟွိုက်ပဲ”

ထိုအခါ လဲလှောင်းနေသူကြီးက တဟားဟားရယ်ကာ ထလာလေတော့သည်။

“ဟားဟားဟား…နောက်ဆုံးတော့လည်း ငါ့ကိုသိတဲ့သူတစ်ယောက် ပေါ်လာပြီပေါ့….ကဲ…မင်းကရော ဘယ်သူတုန်း ပြောပါဦး”

ဟုန်ဒယ်ဂွမ် စကားမပြန်ဘဲ ကြီးမားလှသော မာဟွိုက်၏ ပုဆိန်ကြီးကိုသာ ကြည့်နေလေသည်။

“ဆမ်ဆောဂွေ့..၊ ဒယ်ယာဂွမ် ၊မဟူရာဓါးသွား ယန်းထယ်…၊ ချိုမြောင်ဆန်း …..

အကုန်လုံးက ဒီလိုစုနေကြတာလား”

တခြား အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့်သူကလည်း သူတို့အား ခေါင်းမော့ကာ ကြည့်လာလေသည်။ ထိုသူက ချိုမြောင်ဆန်းပင်။

“အခု မင်းကို သေချာကြည့်ကြည့်မှ မင်း ဟုန် ဟုတ်တယ်မို့လား…”

“ဟုတ်တယ်လေ…ငါပါ…ငါ သိထားက မင်းက ရိုးသားပြီးဖြူစင်တဲ့သူတစ်ယောက်ပါ…ဘယ်လိုလုပ်ပြီးတော့ အခုလို အပြစ်မရှိတဲ့သူတွေ အများကြီးကို သတ်ထားရတာလဲ.. ကိုယ်ချင်းစာတရား မထားနိုင်တော့ဘူးလား”

“ကိုယ်ချင်းစာတရား ဟုတ်လား”

ချိုမြောင်ဆန်းက ပြုံးကာ မေးလိုက်လေသည်။

“ဟုန် …မင်း အမှားကြီး မှားနေပြီ…ငါတို့ ရှင်သန်နေတဲ့လောကကြီးက ဘယ်လိုမျိုးလဲဆိုတာ မင်းမေ့နေပြီလား… ဒီရတနာတွေကို လာရှာနေပြီဆိုကတည်းက ရိုးသားနေလို့ မရတော့ဘူး… မင်း ရိုးသားနေရင် မင်းအသတ်ခံရမှာပဲ…မင်းက မသတ်ရင် မင်းကိုသတ်သွားမှာပဲ”

“မင်း…”

ဟုန်ဒယ်ဂွမ် မျက်နှာ ခက်ထန်သွားလေသည်။

“မင်းကို အနည်းဆုံးတော့ တဖက်သားကို ကြင်ကြင်နာနာရှိမယ့် လူလို့ထင်ထားခဲ့တာ”

“ဒါပေါ့…ငါဟုတ်တာပေါ့”

ချိုမြောင်ဆန်းက ပြောနေရင်းနှင့် ဟုန်ဒယ်ဂွမ်ကိုကြည့်လိုက်လေသည်။

“ငါသာ ဒီလက်နက်တွေကိုရရင် ပိုပြီးတော့ သန်မာလာမှာ ..ဒါဆို တခြားသူတွေက ငါ့ကိုဘယ်လိုကြင်ကြင်နာနာဆက်ဆံရမလဲဆိုတာ သိလာတော့မှာလေ”

“ငါအခုပြောနေတာက မင်းသတ်လိုက်လို့ သေသွားတဲ့သူတွေအကြောင်းကို ပြောနေတာကွ”

“အို့…အဲ့တာတော့ မတတ်နိုင်ဘူးလေ,,,သူတို့တွေကို မသတ်ရင် သူတို့က ငါတို့ကို သတ်ရင်သတ်သွားမှာပေါ့”

“သောက်ရူးကောင်”

ချိုမြောင်ဆန်းက တသိမ်သိမ့်တုန်အောင်ပင် ရယ်နေလေသည်။

ငါက မင်းလည်း ဒီကိုရောက်နေတာဆိုတော့ ဒါတွေကို ပြောစရာမလိုဘဲ နားလည်ပြီးသားလို့ ထင်ထားတာကို..

မင်း ငါ့ကို နားလည်မယ် ထင်ပါတယ်”

“ငါ မင်းကို ဘာသောက်ကြောင်းနဲ့မှ နားလည်စရာ အကြောင်းမရှိဘူး…မင်းကို နားလည်နိုင်ရင် ငါလည်း မင်းလို မကောင်းဆိုးဝါးဖြစ်သွားပြီဆိုတဲ့ သဘောပဲ…”

ဟုန်ဒယ်ဂွမ်၏ စကားများကြောင့် ဟွာဆန်းဂိုဏ်းသားများက သူ့အား အနည်းငယ်လေးစားလာကာ အမြင်လည်း ပြောင်းလာကြလေသည်။ ခေါင်းဆောင်တစ်ယောက်တွင် ရှိသင့်သော စိတ်ထားမျိုးတော့ ဟုန်ုဒယ်ဂွမ်ထံတွင် ရှိနေလေသည်။

ဟုန်ဒယ်ဂွမ်က အံကိုတင်းတင်းကြိတ်ကာ ပြောလိုက်လေသည်။

“မင်းတော့ ရတနာတွေကြောင့် အမှောင်ဖုံးသွားပြီပဲ…မင်း ဘယ်လောက်ပဲ လောဘကြီးနေပါစေ မင်းရနိုင်တဲ့ပစ္စည်း ရှိသလို မရနိုင်တဲ့ပစ္စည်းလည်း ရှိတယ်”

“ဟားဟားဟား…သူ‌တောင်းစားက စကားပြောတော့ ကောင်းသားပဲ..”

မာဟွိုက်က ဝင်ပြောကာ လှောင်လေ၏။။

“ဒါဆို မင်း က စကားလေးပဲ ပြောပြီးနေချင်တာလား… လူတိုင်း ဒီထဲကို ရောက်လာပြီဆိုကတည်းက အကုန်လုံးက ရတနာတွေရဖို့ဆို ဘယ်သူ့ကိုပဲ ရင်းရရင်းရဆိုတဲ့အတွေးနဲ့ လာခဲ့ကြတာပဲလေ”

“ဒါပေမယ့်လည်း မင်းတို့တွေ မလိုအပ်ဘဲ လူသတ်စရာလိုလို့လား… အခု မင်းတို့ အကုန်လုံးကို သတ်ထားတယ်….ဒီလူတွေက မင်းတို့ကို မယှဉ်နိုင်မှန်း သိရဲ့သားနဲ့လေ…အဲ့တာက ရတနာလုဖို့ဆိုတာထက် မင်းတို့ စိတ်ဆန္ဒ အလျောက်ပဲ သတ်ထားကြတာလေ”

“အဲ့ဒီတော့….”

ဒယ်ယာဂွမ်က ကြားဖြတ်ကာ ဝင်မေးလာလေသည်။

“လူတွေက တစ်ယောက်နဲ့တစ်ယောက် ဆုံးဖြတ်ပုံချင်း တူနေရမှာလား…ဟမ်…သူတောင်းစားကောင်ရဲ့”

“ဒယ်ယာဂွမ်..”

“အင်းပါ…ဒါနဲ့ပတ်သက်ပြီး အနာဂတ်မှာ ရှေ့လျောက် မင်းဘာမှတော့ ပြောစရာလိုတော့မှာ မဟုတ်ပါဘူး….ဘာလို့ဆို မင်းတို့က အခုဒီမှာပဲ သေကြရတော့မှာမို့လေ”

“မင်းတို့ ဘာလို့ ဒီလိုတွေ လုပ်နေကြတာလဲ”

“ဟားဟားဟား…ဒီလောက်သိသာနေတာကြီးကို မင်းကမေးနေသေးတယ်…မင်းတို့လည်း သိပါတယ်…ဒီနေရာမှာက သတ်နိုင်သလောက် အင်အားချွေတာလေ အကောင်းဆုံးဖြစ်လေပဲဆိုတာကိုလေ…

ဒီဂူကြီးတစ်ခုလုံးက ထောင်ချောက်တွေနဲ့ပြည့်နေတာ …မင်းတို့လည်း ဒီကိုရောက်လာပြီပဲလေ….ဒီနေရာကို သိနေလောက်ပြီပဲ…အရင်သွားတဲ့သူတွေက အရင်ထောင်ချောက်တွေနဲ့တွေ့ပြီး အန္တာရာယ်တွေ ရင်ဆိုင်ရတာသိလို့ နောက်မှ ဖြေးဖြေးချင်း ဝင်လာကြတာမို့လား…နောက်မှ ရောက်လေ လမ်းကြောင်းရှင်းလေ…

ပြီးတော့ ဒီနားထိ ရောက်ခဲ့ပြီဆိုမှတော့ မင်းတို့ရော ငါတို့ရော ခရီးဆုံးရောက်ဖို့ပဲ ကျန်တော့တာလေ..”

ဟုန်ဒယ်ဂွမ် အံကိုတင်းတင်းကြိတ်လိုက်လေသည်။

ဤလူများသည် ဝူတန်ဂိုဏ်း၏ နောက်သို့ နောက်ယောင်ခံကာ လိုက်ကာခဲ့ဟန် တူကြလေသည်။ ဝူတန်ဂိုဏ်းမှ လူများက အန္တာရယ်များကို ရှင်းပြီးမှ နောက်မှ အခန့်သားလာခဲ့ကြသည့်ပုံပင်။ အကြံကောင်းလှပေသည်။

သို့သော် ဟုန်ဒယ်ဂွမ်သို့ အားလုံးသတိမထားမိသည့် အချက်တစ်ခုက လေးထောင့်ကျောက်သားအခန်းကြီးတွင် ရှိနေလေသည်။ ကျောက်သားအခန်းအား ကာရံထားသည့် လေးဖက်လေးတန် ကျောက်ပြားများသည် အရှင်များဖြစ်လေသည်။ မည်သည့် ကျောက်သားမဆို ရွေ့နိုင်လှုပ်ရှားနိုင်လေသည်။

ယာ့ဆွန်း၏ ရည်ရွယ်ချက်က ရှင်းရှင်းပင်။ ချွန်းမြောင်တို့ကဲ့သို့ တခြားသူများ ရှင်းထားသောလမ်းအား အခန့်သားလိုက်ခဲ့သူတိုင်းသည် လမ်းတလျှောက်မှ အန္တာရယ်များကို ကျော်လွှားနိုင်ခဲ့လျှင်ပင် မည်သူ့လမ်းမှ လာသူဖြစ်စေ ဤနေရာတွင် ဆုံစေရန် ကျောက်သားခန်းဆောင်က ပို့ဆောင်ပေးမည်ပင် ဖြစ်လေသည် ။ ထို့်အပြင် ဤနေရာတွင် ဆုံကြသူများက အချင်းချင်း သတ်ဖြတ်ကြစေရန်ပင်။ ယာ့ဆွန်းက ရက်စက်လှပေသည်။ ထိုသို့ သတ်ဖြတ်ကြပြီးနောက် အနိုင်ရသူကသာ တစ်ခုတည်းသော ထွက်ပေါက်ကို ရှာတွေ့ပြီး ရတနာကို ရယူနိုင်လိမ့်မည် ဖြစ်လေသည်။

“အခု မင်းတို့ဘာလုပ်မှာလဲ”

“ဘာကို မေးချင်တာလဲ”

“ငါတို့က ခြေရာဖျောက်ဖမ်းဆုပ်ခြင်းဓါးကို ယူဖို့ လာခဲ့ကြတာလေ…အဲ့ဒီရည်ရွယ်ချက်အထမြောက်ဖို့ဆို နည်းက တစ်နည်းပဲ ရှိတယ်…ဓါးမှာ သွေးစွန်းစေတာကလွဲရင် တခြားဘာနည်းမှ မရှိဘူး…ဒါကြီးမှာ ထွက်လမ်းက တလမ်းထဲ…ဆိုတော့…”

ဒယ်ယာဂွမ်က ပြုံးကာ ဆက်ပြောလာလေသည်။

“ဆိုတော့ ငါတို့ ဒီနေရာမှာပဲ တစ်ယောက်နဲ့တစ်ယောက် သတ်ရင်သတ် မဟုတ်ရင် ရတနာတွေရမှ လုရင်းသတ် …ဒါပဲ”

ဟုန်ဒယ်ဂွမ် ထိုစကားများကြောင့် တုန်လှုပ်သွားလေသည်။

“ဆိုတော့ ရွေးစရာက သတ်မလား သေမလားပဲ… အခုကနေစပြီးတော့ ငါတို့ကတော့ သတ်ဖို့ပဲ ရွေးထားတယ်”

ဒယ်ယာဂွမ်က သူ၏ဓါးကို ဆွဲထုတ်ကာ ပြောလိုက်လေသည်။ သူ၏ ဓါးတွင်စီးကျနေသော သွေးများက ခြောက်ပင်မခြောက်သေးပေ။ ဟုန်ဒယ်ဂွမ် ထိုသွေးများကို မြင်သောအခါတွင်မူ ပို၍ တုန်လှုပ်သွားလေတော့သည်။

“ဘယ်လိုတောင် ရက်စက်လိုက်တဲ့ အကြောင်းပြချက်လဲ”

“အရမ်းကို မတရားခံရသလိုလည်း လုပ်ပြမနေပါနဲ့ သူတောင်းစားရယ်…အခုချိန်ထိ ဓါးသင်္ချိုင်းဆိုပြီး ပေါ်လာလိုက်တာနဲ့ ဓါးသင်္ချိုင်းအတုတွေမှာတောင် အသက်တွေ ရာချီရင်းရသေးတာပဲကို…အခုဒီမှာ မင်းတို့သေရတာကလည်း အဆန်းမဟုတ်ပါဘူး…ဒီထဲကို ဝင်လာကတည်းက သေရတော့မယ်ဆိုတာကို တွေးလာခဲ့ရမှာ…ဒါနဲ့ မင်းနဲ့အတူ လာခဲ့တဲ့ ဒီလူတွေကိုရော မင်းတကယ်ကြီး ယုံနေတာလား”

ဒယ်ယာဂွမ်၏ အမေးကို ဟုန်ဒယ်ဂွမ်က မဖြေပေ။

ဒယ်ယာဂွမ်ပြောသည်ကလည်း မှားတော့မမှားပေ။. ဟုန်ဒယ်ဂွမ် ဤနေရာသို့ ရောက်လာလေကတည်းက သွေးမြေကျမှုများကို မြင်ရမည်ကို ကြိုတွေးထားပြီးသားပင်။ ထို့အပြင် သူ့အနေနှင့် ဟွာဆန်းမှလူများကောင်းမှုကြောင့် တစ်စုံတစ်ယောက်ကိုပင် ထိခိုက်နစ်နာအောင် မလုပ်ခဲ့ရသေးပေ။ ကလေးများကို အားကိုးအသုံးချလာခဲ့မိ၍ပင် ရှက်မိလေသည်။

ဟွာဆန်းမှသူများကိုလည်း မယုံမကြည် မဖြစ်မိသည်ကတော့ အမှန်ပင်။ ထို့အပြင် ဟွာဆန်းမှကလေးများကလည်း လက်လွတ်စပယ် လူသတ်ခြင်းမျိုး မရှိကြပေ။ တကယ်၍ လူသတ်လျှင်လည်း သူက တားမြစ်မည်ပင် ဖြစ်သည်။

“ဆိုတော့ မင်းက အခုငါတို့ကို သတ်တော့မှာလား”

“တခြား လုပ်စရာရှိသေးလို့လား”

“ဒါဆို စကားတွေလည်း ဆက်ပြီးတော့ ပြောနေစရာ မလိုတော့ဘူးပေါ့”

ဟုန်ဒယ်ဂွမ်က လက်သီးကိုတင်းတင်းဆုပ်လိုက်လေသည်။ သူတောင်းစားဂိုဏ်းမှ ပါလာသူများကမူ ဟုန်ဒယ်ဂွမ်ရှေ့မှ ကာကွယ်ထားကြလေသည်။

“အင်း…သူတောင်းစားတွေ…မင်းတို့ကို ရှင်းရတာကတော့ ကလေးကစားသလောက်ပဲ ဖြစ်တော့မှာပဲ…ဒါပေမယ့် ဒီမှာမင်းတို့ကို ကူမယ့်သူကလည်း မရှိဘူးဆိုတော့ မြန်မြန်လေး တိုက်ပွဲကို အဆုံးသတ်လိုက်ကြတာပေါ့”

ဟုန်ဒယ်ဂွမ်တို့ သူတောင်းစားဂိုဏ်း၏ သိုင်းပညာက သာမန်သာ ဖြစ်ပြီး ထိုလူများအား သူတို့မယှဉ်နိုင်သည်ကို ကောင်းစွာသိလေသည်။ ရန်သူများသည် တစ်ယောက်ချင်းစီကပင် သန်မာသူများဖြစ်ကြပြီး ယခုတွင်မူ အဖွဲ့လည်း ဖွဲ့ထားလေသေးသည်။ သူတို့မည်မျှပင် တိုက်ခိုက်စေကာမူ သေရမည်က သေချာလေသည်။ သို့ဖြစ်၍ …

“ဂိုဏ်းသား ဘတ်ချုန်း…ငါတို့ကို ကူညီပါဦး”

“အင်း…ကျွန်တော်တို့ ကူပါ့မယ်”

ဘတ်ချုန်းက ဓါးကိုဆွဲထုတ်ကာ ဟုန်ဒယ်ဂွမ်၏ ဘေးတွင် ရပ်လိုက်လေသည်။ သူ၏ဘေးတွင်မူ ယွန်းဂျွန်၊ ယုရီဆိုးနှင့် ဂျိုဂုတို့က ဓါးကိုအသီးသီးဆွဲကိုင်ကာ ရပ်နေကြလေသည်။

“ကျွန်တော်တို့က ဘာဂုဏ်ပုဒ်မှတော့ ရှိတဲ့သူတွေ မဟုတ်ကြဘူး…ဒါပေမယ့် စည်းကျော်ဘောင်ကျော်ြဖစ်လာတဲ့သူတွေကိုတော့ ဒီတိုင်းကြည့်မနေနိုင်ဘူး..”

ဘတ်ချုန်း၏စကားကို တခြားသူများကလည်း ခေါင်းငြိမ့်ကာ ထောက်ခံကြလေသည်။

ဤနေရာတွင် လူသေအလောင်းများက နှစ်ဆယ်ကျော်ခန့်ရှိနေလေသည်။ ပြောရလျှင်မူ ဤလူများသည် မလိုအပ်လေဘဲနှင့် လူနှစ်ဆယ်ကျော်ကို သတ်ဖြတ်ကြပြီးလေပြီ ဖြစ်၏။ ညှိနှိုင်းလျှင် ဖြစ်ပါလျက်နှင့် အင်အားသုံးကာ သတ်ဖြတ်လိုက်ကြခြင်းပင်။

ဟွာဆန်းမှ ကလေးများကိုကြည့်ကာ ဒယ်ယာဂွမ် က ပြုံးလိုက်လေသည်။

“ဒီ ဟွာဆန်းက ဆိုတဲ့ကလေးတွေက …အင်း…ဟွာဆန်းက နာမည်လေးတော့ ရလာပါပြီ… စိတ်မကောင်းစရာက ကန်ဟို ဆိုတဲ့သိုင်းလောကက မင်းတို့ထင်သလောက် မလွယ်ကူတာပဲ…”

“ပါးစပ်ပိတ်ထားစမ်း”

ဒယ်ယာဂွမ်၏အပြောကို ဘတ်ချုန်းက အော်ဟစ်ကာ တားဆီးလိုက်လေသည်။

“မင်းတို့လို အခုမှ ဂိုဏ်းကထွက်လာပြီး လက်တွေ့ဘဝထဲရောက်ဖူးတဲ့ကလေးတွေနဲ့ တွေ့ရတာတော့ ဝမ်းသာစရာပဲ”

“ကဲ..ငါတို့ အချိန်ဖြုန်းနေလို့ မဖြစ်ဘူး…သူတို့ကို မြန်မြန်ရှင်းပြီးတော့ ဝူတန်ဂိုဏ်းနောက်ကို လိုက်ကြရအောင်”

“ဟားဟား…ငါ့ရဲ့ ဓါးလေးတော့ သွေးကို အရသာထပ်ခံရပြန်ဦးမယ်”

အားလုံးက လက်နက်ကိုယ်စီကို ဆွဲထုတ်လိုက်ကြလေသည်။

သူတို့အားလုံးက ဝူတန်ကို ဘုံရန်သူအဖြစ် သတ်မှတ်ထားကြပြီး ကျန်သည့်ဂိုဏ်းသားများကိုလည်း မလိုအပ်သည်ဖြစ်၍ ဟုန်ဒယ်ဂွမ်တို့ကိုလည်း သေချာပေါက်ပင် သတ်မည်က သေချာလေသည်။ ဝူတန်ကို ရှင်းလင်းပြီးချိန်တွင်လည်း အချင်းချင်း သတ်ဖြတ်ကြမည်က သေချာပေါက်ပင်။ ယခုတွင်မူ သူတို့တစ်ရန်ရှင်းစေရန်အတွက် ဟုန်ဒယ်ဂွမ်တို့အား ရန်လိုနေခြင်းပင်။ ဟွာဆန်းမှ ကလေးများကလည်း ဓါးကိုယ်စီနှင့် အဆင့်သင့်ဖြစ်နေသော်လည်း သူကမူ ကြောက်ရွံစိုးရိမ်နေမိလေသည်။ ဤလူများ အားလုံးက သိုင်းလောကတွင် နာမည်ကိုယ်စီနှင့် အဆင့်တစ်ခုအထိ သန်မာကြသူများပင်။ သူတို့မယှဉ်နိုင်မည်ကို စိုးရိမ်ရပေသည်။

“ဟုန်..ငါ့ကို အပြစ်မတင်ပါနဲ့…လောကကြီးက ဒီလိုပဲ လည်ပတ်နေတာမို့လို့ပါ”

ဟုန်ဒယ်ဂွမ် အမှန်ပင် ကြောက်ရွံနေပြီ ဖြစ်လေသည်။

ငါ သူတို့နောက်မှာရှိနေတဲ့ ဝင်ပေါက်ကို ဖွင့်လို့ရနိုင်မယ့် အခွင့်အရေးလေးတစ်ခုလောက် ရနိုင်ရင် ကောင်းမှာပဲ…….

“ပြောတဲ့အတိုင်း လုပ်မှာဆိုလည်း လုပ်ကြတော့လေ”

ထိုအချိန်မှာပင် နောက်မှ လူတစ်ယောက်၏အသံက ထွက်လာလေသည်။

အသံကလည်း အတက်အကျကင်းသကဲ့သို့ ရောက်လာသူမျက်နှာကလည်း ထွေထွေထူးထူး စိတ်လှုပ်ရှားနေဟန် မပေါ်ပေ။

ထိုလူကို ကြည့်ကာ ဒယ်ဟာဂွမ် လှမ်းမေးလိုက်လေသည်။

“မင်းက ဘယ်သူလဲ”

“မင်း သိစရာ မလိုဘူး”

“ဘာ…”

ချွန်းမြောင်က ဒယ်ယာဂွမ်ကိုကြည့်ကာ ပြောလိုက်လေသည်။

“လောကကြီးက ဒီလိုပဲ ဖြစ်နေတာမို့ပါ…ဟုတ်လား…တကယ်ကြီးလေ”

“…”

“တကယ် နှလုံးသားမရှိတာက ဘယ်လိုလဲဆိုတာ မင်းတို့ကို ငါပြမယ်”

စကားဆုံးသည်နှင့် ချွန်းမြောင်က သူ၏ဓါးကို ဆွဲကာထုတ်လိုက်လေတော့သည်။

All Chapters