အခန်း (၁၅၄-၁၅၆)
Vol. 11 Ch. 154-156
အပိုင်း (၁၅၄)
နှလုံးသားမရှိတာ အမှန်က ဘယ်လိုဆိုတာ ပြမယ်(၄)
ချိုမြောင်ဆန်း၏ လက်များက တုန်ယင်လာလေသည်။
သူက ဘာလဲဟ..
သူ၏အကြည့်များက နောက်မှရောက်လာသော ထိုကလေးထံမှ မခွာနိုင်ပေ။ ထိုကလေးတွင် ထွေထွေထူးထူး ထူးခြားမှုများတော့ ရှိမနေပေ။ သို့သော်လည်း သူ့ထံမှ အဆုံးအစမရှိသော ချီစွမ်းအင်များကို ချိုမြောင်ဆန်း ခံစားမိနေလေသည်။
သူသည်က ယန်းထယ်၏ မဟူရာဓါးသွားဟူသော အမည်နာမကို အလွယ်တကူရလာခဲ့ခြင်း မဟုတ်ပေ။ တိုက်ပွဲပေါင်းများစွာကို ကျော်ဖြတ်ပြီးမှသာ ရရှိလာခဲ့ခြင်း ဖြစ်လေသည်။ ထိုတိုက်ပွဲအတွေ့အကြုံများအရ ရန်သူတစ်ယောက်ကိုမြင်သည်နှင့်ပင် ထိုလူ၏ အစွမ်းအစကို ခံစားနိုင်သောအာရုံက သူ့ထံတွင် စီးဆင်းနေလေသည်။ သူ၏ ခံစားမှုများအရ ဤလူငယ်လေးသည် မွေးရာပါ ပါရမီ မဟုတ်လျှင် ဝါရင့်စစ်သည် တစ်ဦးပင်။
မွေးရာပါ ပါရမီရှင်ဖြစ်ခဲ့လျှင်မူ စိုးရိမ်ဖွယ် မဟုတ်သော်လည်း တိုက်ပွဲအလီလီကို ဆင်နွဲဖူးသည့် သိုင်းပညာရှင်ဆိုလျှင်မူ အန္တာရယ်ကြီးမားသွားပြီ ဖြစ်လေသည်။
ဒီကလေးက ဘာလဲဟ…
သူ၏ အာရုံခံစားမှုများက သတိပေးနေသောကြောင့် သူ ထိုကလေးအား လက်လွတ်စပယ် မဆက်ဆံရဲပေ။ မသိစိတ်က ကြောက်ရွံ့နေမိလေသည်။ တိုက်ပွဲအလီလီဆင်နွဲရန်ကလည်း အသက်ပင်ပြည့်မည်မထင်ရသေးသည်မို့ သူခံစားနေရသည်ကိုလည်း သူကိုယ်တိုင် နားမလည်တော့ပေ။
သို့သော်လည်း ဤကလေးက အန္တာရယ်အများဆုံးရန်သူဟု သူ၏အာရုံခံနိုင်စွမ်းက အော်ဟစ်နေလေသည်။ သူ မည်သို့ ရှေ့ဆက်ရမည် မသိတော့ပေ။
ချိုမြောင်ဆန်း၏ နဖူးမှ ချွေးသီးချွေးပေါက်များက တောက်လျောက်ပင် ကျလာလေတော့သည်။ သိုင်းလောကဆိုသည်က အချိုးအကွေ့များကာ မာယာများလှပြီး အသွင်အပြင်နှင့်လည်း တိုက်ရိုက်ကြီးအချိုးကျသည် မဟုတ်လေတော့ ဤကလေးအား သတိထားရန်သာ သူဆုံးဖြတ်လိုက်လေတော့သည်။
“ဒီကလေးကို ပေါ့ပေါ့လေး မတွေးလိုက်ကြနဲ့နော်”
ချိုမြောင်ဆန်းက သူ၏ဘက်တော်သားများကို သတိပေးလိုက်လေသည်။ သို့သော် မည်သူကမှ သူပြောသည်ကို မယုံကြည်ကြပေ။
ဒယ်ယာဂွမ်က သူ့အားကြည့်ကာ လှောင်ပင် လှောင်လိုက်လေသေးသည်။
“မင်း ဘာပြောလိုက်တယ်… လာနောက်နေတာလား”
“ခစ်ခစ်ခစ်..ကြည့်ရတာ ယန်းထယ် မဟူရာဓါးပိုင်ရှင်ကြီး ကကြောက်နေတာထင်တယ်…ဒီလို မလောက်လေးမလောက်စားလေးကို မြင်လိုက်တာနဲ့ ကြောက်ချေးပါနေတော့တာပေါ့”
မာဟွိုက်ကမူ တဟားဟားပင်ရယ်ကာ လှောင်နေတော့သည်။
ချိုမြောင်ဆန်း သူပြောသည်ကို မယုံကြည်ဘဲ သူ့အား လှောင်နေကြသည့် ဤလူတသိုက်အား သူ စိတ်မဆိုးမိပေ။ သူသည်လည်း ခံစားမိသည့်အတိုင်းသာ ပြောလိုက်သည်ဖြစ်ပြီး အဘယ်ကြောင့် ထိုသို့ခံစားနေရမှန်းပင် မသိချေ။ သို့ဖြစ်၍ ထိုလူများကိုလည်း သူရှင်းပြမနေတော့ပေ။
“မင်း ကြောက်တတ်တယ်ဆို ဘေးထွက်နေလေ…ငါ ရှင်းလိုက်မယ်”
ဒယ်ယာဂွမ်က ရယ်ကာပြောလိုက်ပြီး လှောင်ပြုံးတစ်ပွင့်နှင့် ရှေ့ဆက်လာလေသည်။ ချိုမြောင်ဆန်းကလည်း သူ့အား လှောင်ကာ ရှေ့တက်သွားသည့် ဒယ်ယာဂွမ်ကို တားဆီးရန် အတွေးမရှိပေ ။ သူ သတိပေးပြီးပြီဖြစ်သည် ။ လက်ခံသည် လက်မခံသည်က သူတို့ကိစ္စပင်။ ထို့အပြင် သူတို့သည် မိတ်ဆွေများ မဟုတ်ပေ။, ဓါးသင်္ချိုင်းအတွင်းတွင် ရန်သူများကို အတူရှင်းရန်အသင်း ခဏဖွဲ့ထားခြင်းပင်။ သို့ဖြစ်၍ ကိုယ့်သေတွင်းကိုယ်တူးနေသော ဤလူအား သူမတားပေ။ ကြည့်သာ နေလိုက်လေသည်။
ဒယ်ယာဂွမ်က ရှေ့သို့တိုးကာသွားလေပြီး ချွန်းမြောင်အား လှမ်းကာပြောလိုက်လေသည်။
“နှလုံးသားမရှိတာအမှန်က ဘယ်လိုဆိုတာပြမယ်လို့ မင်းပြောလိုက်တယ်နော်…ပြစမ်းပါဦး…ကြည့်ရအောင်”
ချွန်းမြောင်က မတုန့်ပြန်ပေ။
“ကလေးတွေများ အန္တာရယ်ကို ကြောက်ရမှန်းကို မသိကြဘူး…ဒါမှမဟုတ်လည်း မင်းစိတ်ထဲမှာ တရားမျှတမှုရှိရမယ်တွေ ဘာတွေတွေးနေတာလား…ကလေးတွေများ ရယ်ရတယ်ကွာ…ဟားဟား”
ဒယ်ယာဂွမ်၏ လှောင်ပြောင်စကားများကို ချွန်းမြောင်က မတုန့်ပြန်ပေ ကြည့်သာ နေလေ၏။
“ငါ မင်းကို တစ်ခုပြောပြမယ် ကောင်လေး… ကန်ဟိုမှာ တရားမျှတမှုဆိုတာက အလကားပဲ..အသုံးမဝင်ဘူး…
နာမည်ဂုဏ်သတင်းနဲ့ အင်အားကြီးတဲ့ သူတွေကသာ တရားမျှတမှုဆိုတာကို ဖော်ဆောင်တာ…သံတမန်လုပ်တာ ညှိနှိုင်းတာတွေလည်း ဒီလိုပဲ…အာဏာမရှိဘဲ လုပ်လို့ရတာ ဘာမှမရှိဘူး…မင်းမှာ အာဏာရှိရင် မင်းလုပ်သမျှက တရားမျှတပြီးမှန်ကန်နေတာပဲ.. မင်း ဒီနေ့ အဲ့တာကို သင်ယူရမယ်…ဒါပေမယ့် ဝမ်းနည်းစရာပဲ မင်းဘဝကလည်း ဒီနေ့မှာပဲ အဆုံးသတ်ပြီဆိုတော့..”
ဒယ်ယာဂွမ်ကို ချွန်းမြောင်က စိတ်ပျက်သလို တချက်ကြည့်ကာ မေးလိုက်လေသည်။
“ပြောလို့ ပြီးပြီလား”
“ဘာ”
“ပြောလို့ ပြီးပြီလားလို့… မပြီးသေးဘဲ ဆက်ပြီး အာလူးဖုတ်ဦးမှာလား သိချင်လို့”
ဒယ်ယာဂွမ် ချွန်းမြောင်၏စကားကြောင့် ဒေါသထွက်သွားလေသည်။
“ဒီမလောက်လေး မလောက်စားက နှုတ်သီးကတော့ ကောင်းသားပဲ”
ချွန်းမြောင် က တခွန်းမှ မတုန်ပြန်ဘဲ ဒယ်ယာဂွမ်နားသို့သာ တဖြည်းဖြည်း တိုးလာလေသည်။
ဇီးပန်းပွင့်ဓါးကိုလည်း လက်ထဲတွင် သဘာဝကျကျပင် ကိုင်ထားလေပြီး တိတ်တဆိတ်ပင်တိုးကပ်လာပုံက သွေးအေးလွန်းလှလေသည်။ ချွန်းမြောင် အနားသို့ရောက်လာသည်နှင့် ဒယ်ယာဂွမ် ဖိအားတစ်ခုကို ခံစားမိလာလေသည်။
“မင်း”
ဟုန်ဒယ်ဂွမ်က ရုတ်တရက် ခံစားလိုက်ရသော ဖိအားကြောင့် ထိတ်လန့်သွားပြီး အော်ဟစ်ဆဲဆိုရန် ပြင်လိုက်သော်လည်း ချွန်းမြောင်က စကားဖြတ်ကာ ပြောလိုက်လေသည်။
“ဘယ်လိုပဲ ဖြစ်ဖြစ် ခင်ဗျားတို့က ကျွန်တော်တို့ကို သတ်မှာပဲ ဟုတ်တယ်မို့လား…”
“ဆိုတော့လည်း ကျွန်တော်က မတားမဖြစ် တားဆီးရတော့မှာပေါ့”
“…”
မည်သို့ပင် ချွန်းမြောင်တို့က လုပ်ဆောင်ပါစေ ဒယ်ယာဂွမ်တို့က သူတို့အား သတ်ရန်ဆုံးဖြတ်ထားကြပြီးသားပင်။ အရင်သတ်ထားနှင့်သည့်သူများကိုလည်း သတ်လိုသောဆန္ဒကြောင့်ပင် သတ်ဖြတ်ထားကြခြင်း ဖြစ်လေသည်မို့ ချွန်းမြောင်တို့အားလည်း အလွတ်ပေးရန် ဆန္ဒမရှိပေ။
ဒယ်ယာဂွမ် ချွန်းမြောင်ထံမှ ဖိအားတို့ကြောင့် နှုတ်ခမ်းကိုတင်းတင်းကိုက်လိုက်လေသည်။ သူသည်က ချွန်းမြောင်၏ ဖိအားတို့ကို ခံစားနေရသော ခွေးပေါက်လေးတစ်ကောင်ကဲ့သို့ပင်။ လေးလံမှုများစွာပါနေသောစကားတို့ကိုပင် ပြန်မတုံ့ပြန်နိုင်ပေ။
သောက်အဓိပ္ပါယ် မဲ့လိုက်တာကွာ…
ငါက ဘာလို့ ဒီကလေးပေါက်စကိုကြောက်နေရမှာလဲ…
ဒီ သူတောင်းစားတွေနဲ့ ဟွာဆန်းက ကောင်တွေကို ကြောက်ရမယ် ဟုတ်လား…
ဘယ်လို ဟာသလဲ..
ဟွာဆန်း၏ ဂိုဏ်းသားများကသာ လက်နက်ကိုယ်စီပါလေပြီး ကျန်သည့်သူတောင်းစားများကမူ လက်ဗလာပင်။ သိုင်းပညာအရရော အခြေအနေများအရပါ သူတို့အား အနိုင်ရရန် အကြောင်းမရှိပေ။
ဤသည်ကိုပင် အဘယ်ကြောင့် သူတုန်လှုပ်ကာ ဖိအားတို့ကို ခံစားနေရသည် မသိပေ။
ဒယ်ယာဂွမ် သူ၏လက်သီးတင်းတင်းဆုပ်ကာ သူ၏ဓါးကြီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်လေသည်။တကိုယ်လုံးမှ အင်အားများကိုလည်း စုစည်းလိုက်လေသည်။
ငါ့ရဲ့ ဓါးချက်အောက်မှာ သူရဲ့လည်ပင်းရောက်သွားစေရမယ်….ကြည့်ကြသေးတာပေါ့ကွာ…
ဒယ်ယာဂွမ် ဓါးကိုမြောက်ကာ ချွန်းမြောင်ထံသို့ ပြေးဝင်လာလေသည်။ ဒယ်ယာဂွမ်သည် တိုက်ပွဲအလယ်သို့ ရောက်လာသည်အထိ အခြေအနေအမှန်ကိုနားမလည်ခဲ့ပေ။ဒေါသကသာ ဦးဆောင်နေပြီး သူ့အား စိတ်ခြောက်ခြားအောင် လုပ်နိုင်သော ဤကလေးကိုပင် အနိုင်ယူကာ သူ၏စိတ်ကို သက်သာရာရစေချင်နေပြီဖြစ်လေသည်။
ဒယ်ယာဂွမ် ချွန်းမြောင်အား တချက်ကြည့်ကာ သူ၏ဓါးကြီးကို ဆွဲထုတ်လိုက်လေသည်။ သူ၏ ဓါးက မူလကထက် နှစ်ဆမျှ ရှည်ထွက်လာပြီး ချွန်းမြောင်၏ ဦးခေါင်းထံသို့ ချိန်ရွယ်ကာ ခုတ်လိုက်လေသည်။
ခွမ်း….
သူ၏ဓါးက ချွန်းမြောင်ထံသို့ မရောက်မှီမှာပင် ချွန်းမြောင်က ခုန်ကာ ရှောင်လိုက်လေသည်မို့ လေကိုသာ ခုတ်ပိုင်းမိသွားလေသည်။ နောက်ဓါးတစ်ချက်ကို ထပ်မံကာသွင်းလိုက်လေတော့ ချွန်းမြောင်က ဓါးကြီးကို အသာအယာပင် တားထားလိုက်လေ၏။
သူ တားလိုက်တာလား….
ကလေးတစ်ယောက်က ငါ့ရဲ့ ဓါးချက်ကို တားလိုက်တယ်ပေါ့လေ…
ခံပြင်းစိတ်နှင့် ရှက်စိတ်တို့က ဒယ်ယာဂွမ်၏ နှလုံးအိမ်အတွင်း နိုးထလာလေသည်။ သူသည်က ကန်ဟိုတွင် မည်မျှ ကျော်ကြားသူ ဖြစ်သနည်း..။ ဤသည်ကိုပင် ကလေးတစ်ယောက်အား မယှဉ်နိုင်ဆိုသည်က ကြီးစွာသော အရှက်ခွဲခံရမှုပင်။ သူ ထိုသို့ အဖြစ်မခံနိုင်ပေ။ ဒယ်ယာဂွမ် အင်အားအားလုံးတို့ကို စုစည်းကာ ဓါးကို ချွန်းမြောင်ထံသို့ လွဲကာ ခုတ်လိုက်လေသည်။
နက်ပြာရောင် ချီစွမ်းအင်များ ဖုံးလွှမ်းထားသည့် ဓါးကြီးက ချွန်းမြောင်ထံသို့ ထပ်ကာဝင်လာပြန်သည်။ သို့သော်လည်း ယခင်နည်းတူပင် အောက်မှပင့်ကာခံလိုက်သော ဓါးချက်ကြောင့် ဓါးက ပြန်ကန်ကာ ထွက်လာလေသည်။
ထပ်ပြီး ငါ့ဓါးချက်ကို တားလိုက်ပြန်ပြီ…
သူ တကယ်ပဲ တားလိုက်နိုင်တာလား…
မဟုတ်ဘူး…အဲ့တာက အခုအရေးကြီးတာ မဟုတ်ဘူး…
အရေးကြီးတာက ငါ သူ့ကို အနိုင်ယူဖို့ပဲ……..
ဒယ်ယာဂွမ် အနည်းငယ်ထိတ်လန့်လာပြီ ဖြစ်လေသည်။ ချွန်းမြောင်သည် သူ၏ဓါးချက်များကို တစ်ချက်ပြီးတစ်ချက်တားဆီးနေသော်လည်း သူကမူ ချွန်းမြောင်၏ ဓါးလှုပ်ရှားမှုကိုပင် မမြင်လိုက်ရချေ။ဓါးက လေဟာနယ်ထဲမှ ထွက်ထွက်လာကာ သူ၏ဓါးချက်များကို တားဆီးနေသည့်အတိုင်းပင်။ မည်သည်ကို ဦးတည်ကာ တိုက်ခိုက်ရမည်ပင် မသိတော့ပေ။ သူ့အား ကြောင်မှကြွက်ကလေးအား ဆော့နေသကဲ့သို့ပင် ဆော့ကစားနေသည်ဟု ခံစားလာရလေသည်။
မဖြစ်ရဘူး..
သူ၏ရန်သူက ဂိုဏ်းတစ်ဂိုဏ်း၏ ပထမတန်းတပည့်များဆိုလျှင်ပင် သူ့အား ကြောက်ရွံ့ကြရသည်ပင်။ ဤသည်ကို ထိုတတိယတန်းကလေးက သူ့အား ကစားနေကာ သူ့ထက်ပင် သန်မာနေသည်ဆိုသည်က အဓိပ္ပါယ် မရှိပေ။ မဖြစ်နိုင်ပေ။
“အား..”
ဒယ်ယာဂွမ် အာရုံမစိုက်နိုင်တော့ပေ။ အမျက်ဒေါသတို့ကသာ သူ့အား ဦးဆောင်နေလေတော့သည်။ သို့သော် ချွန်းမြောင်ကမူ မတုန်မလှုပ် အမူအရာမပျက် ရေခဲရိုက်မျက်နှာနှင့်ပင် ရှိနေလေသေးသည်။
ဟုန်ဒယ်ဂွမ် အင်အားအပြည့်သုံးကာ ဓါးချက်တစ်ချက်ကို ပို့လွတ်လိုက်လေတော့သည်။ ဓါးချက်၏ အင်အားအရ သူ၏ရန်သူသည် အသက်ရှင်ရန်အကြောင်းမရှိတော့ပေ။ အသက်ရှင်နိုင်မည့် အကြောင်းအရင်းလည်း မရှိပေ။ သူတကယ်ပင် ထိုကလေးအား အသေသတ်ပစ်ရန် ဆုံးဖြတ်လိုက်ပြီ ဖြစ်လေသည်။
ခွမ်း..ခွမ်း..ခွမ်း…
ဓါးချက်များက ဆက်တိုက်ဆိုသလို ကျရောက်နေသောလည်း ချွန်းမြောင်ကမူ ချွေးပင် ထွက်ပုံမရပေ။ ကျရောက်လာသော ဓါးချက်တိုင်းကို ဓါးလေးနှင့်အသာကာ ကာ ဟိုရွေ့ဒီရွေ့လေးသာ လုပ်နေလေသည်။ ဆယ်ချီသော ဓါးအချက်ပေါင်းများစွာကပင် ချွန်းမြောင်အား တချက်မထိပေ။ ချွန်းမြောင်က သူ၏ဓါးချက်များကို သက်သက်သာသာ ရင်ဆိုင်နေလေ သူဒေါသထွက်လေပင် ဖြစ်လေသည်။ သူ၏စိတ်တွင် ချွန်းမြောင်အား တစစီလုပ်ပစ်ရန်က လွဲလျှင် အခြားအတွေး မရှိတော့ပေ။
“မင်း..”
ဟုန်ဒယ်ဂွမ် ဗျူဟာပြောင်းလိုက်ပြီ ဖြစ်လေသည်။ သူ၏ဓါးချက်များက ချွန်းမြောင်အပေါ်သက်ရောက်မှုမရှိလျှင် သက်ရောက်မှုရှိနိုင်သည့် ချီစွမ်းအင်များကိုသာ သုံးတော့မည်ဟု ဆုံးဖြတ်လိုက်လေသည်။ ဤကလေးသည် မည်မျှပင် တော်ထက်နေစေကာမူ လူငယ်ကလေးတစ်ယောက်ဖြစ်၍ ချီစွမ်းအင်ကမူ နည်းပါးဦးမည်က သေချာလေသည်။ ဓါးချက်များကို ရှောင်နိုင်သော်လည်း ချီစွမ်းအင်များကို အံတုနိုင်လိမ့်မည်ဟု မထင်ပေ။
“ကျား…”
ဒန်တျန်အတွင်းမှ အတွင်းချီစွမ်းအင်များကို သယ်ဆောင်ထားသည့် ဓါးချက်တစ်ချက်က ချွန်းမြောင်ထံသို့ ကျရောက်လာလေသည်။ ဓါးကလည်း မူလကထက် နှစ်ဆမျှ ပြန့်ပိုကြီးသွားပြီး ပို၍လည်း ရှည်လာလေသည်။ ထိုဓါးချက်ကြီးက ချွန်းမြောင်၏ ဓါးကိုပင် နှစ်ပိုင်းပိုင်းပစ်တော့မည့်အလားပင်။
သို့သော်လည်း သူရွေးချယ်မှုမှားယွင်းသွားခဲ့သည်ကို ဒယ်ယာဂွမ်က အချိန်နှောင်းကသာ သိလိုက်ရလေသည်။
ဘမ်း….
ဒယ်ယာဂွမ်၏ ကြီးမားလှသော ဓါးကြီးက ချွန်းမြောင်၏ဓါးကို ထိလိုက်သည့်အချိန်မှာပင် ပြန်ကန်ကာ ထွက်လာခဲ့ပြီး ချွန်းမြောင်က သူ့ထက်ပင် အဆပေါင်းများစွာ ပို၍လျင်မြန်သောအရှိန်နှင့် သူ့ထံသို့ ပြေးဝင်လာခဲ့လေသည်။ သူ တုန့်ပြန်ရန် အချိန်ပင် မရခဲ့ပေ။
ထို့နောက်တွင်မူ ဒယ်ယာဂွမ် မြင်လိုက်ရသည်က…
သူ၏ဓါးက ဟိုးအဝေးကောင်းကင်ပေါ်အထိ လွှင့်စင်သွားသည်ကိုပင်။ ဓါးတွင် ဖြန့်ကျက်ထားသော နက်ပြာရောင်ချီစွမ်းအင်များကပင် ရှိနေလေသေးသည်။ သူ၏လက်ထဲတွင်လည်း ကိုင်ထားသည့် ဓါးလက်ကိုင်ကြီးက ရှိနေလေပြီး ဓါးပြားကမူ လွှင့်စင်သွားခြင်းပင်၊ သူ၏ဓါး ကျိုးသွားခြင်းပင်။
ထို့နောက်တွင်မူ သူမြင်လိုက်ရသည်က ခံစားချက်ကင်းမဲ့နေသော ချွန်းမြောင်၏ မျက်လုံးများကိုပင်။ ချွန်းမြောင်က အေးစက်စွာပင် သူ့အား စိုက်ကြည့်နေလေသည်။ ဒေါသ မရှိ၊ ပျော်ရွှင်မှု မရှိ။ ပကတိ ခံစားချက်ကင်းနေသော မျက်လုံးများနှင့် ကြည့်နေခြင်းပင်။
သူ ဘယ်လိုများ တခြားသူတစ်ယောက်ကို ဒီလိုမျက်လုံးတွေနဲ့ ကြည့်နိုင်ရတာလဲ….
ဘယ်လိုလုပ် ကလေးတစ်ယောက်မှာ ဒီလိုမျက်လုံးမျိုးတွေ ရှိနေရတာလဲ..
ချွန်းမြောင်အား တချက်ပင်ကြည့်ကာ ပုံမှန်ပင် လမ်းလျှောက်သွားလေတော့သည်။
မေးရန်ရှိသည်က သူသည် အဘယ်ကြောင့် အပေါ်စီးသို့ရောက်ကာ အောက်ကိုမြင်နေရသော မြင်ကွင်းနှင့် မြင်နေရခြင်းဟုပင်။
ဟင်…
ဒယ်ယာဂွမ် မြင်နေရသောလောကကြီး၏ မြင်ကွင်းများ ကတဖြည်းဖြည်းချင်း တိမ်းစောင်းလာသလိုပင်။
အရာအားလုံးကို အပေါ်မြင်ရလိုက် အောက်မြင်ရလိုက်ဖြစ်နေပြီး သူ၏မြင်ကွင်းက တည်ငြိမ်မနေပေ။
အဘယ်ကြောင့်နည်း…
ဘာဖြစ်နေတာလဲ…
ဘာလို့ ကောင်းကင်ကြီးက ပြိုကျလာသလို ဖြစ်နေရတာလဲ…
ဘာလို့လဲ…
ဒယ်ယာဂွမ် သူ၏မေးခွန်းများအတွက် အဖြေမတွေ့ခင်မှာပင် လူတစ်ယောက်အား သူတွေ့လိုက်ရလေသည်။ထိုလူက သူနှင့်လည်း အလွန်ပင် တူနေလေပြီး မတူဟုလည်း ထင်ရလေသည်။ သူ၏ခန္ဓာကိုယ်အား ဤသို့သော ရှုထောင့်မှ သူတစ်ကြိမ်မှ မကြည့်ခဲ့ဖူးပေ။
သေချာကြည့်မိလေမှ ရပ်နေသော သူ၏ခန္ဓာကိုယ်တွင် ခေါင်းမပါပေ။
ဟင်..
ဟင့်အင်း…မဖြစ်ရဘူး…
ဤသည်က ဒယ်ယာဂွမ် တွေးလိုက်နိုင်သော နောက်ဆုံးစကားပင်။
ဘုန်း…
ဒယ်ယာဂွမ်၏ ခေါင်းမပါသော ခန္ဓာကိုယ်ကြီးက မြေပြင်ပေါ်သို့ လဲကာကျသွားလေတော့သည်။
လည်ပင်းမှသွေးများက ရေပန်းမှထွက်သော ရေများပမာ နေရာအနှံ့အပြားသို့ စီးဆင်းသွားလေတော့သည်။
ထိုမြင်ကွင်းကြောင့် အားလုံးက ထိတ်လန့်သွားကြလေပြီး ထိုသို့ဖြစ်စေခဲ့သော ချွန်းမြောင်ကမူ မပြောင်းမလဲအနေအထား အမူအရာနှင့်ပင်။
“နောက်တစ်ယောက်”
အပိုင်း(၁၅၅)
နှလုံးသားမရှိတာ အမှန်က ဘာဆိုတာ ပြမယ်(၅)
တိတ်ဆိတ်ခြင်းကသာ ကြီးစိုးနေလေ၏။
"…"
မာဟွိုက် ပါးစပ်ပင် မစိနိုင်တော့ပေ။ ထိုကလေးက ဒယ်ယာဂွမ်အား ကိုင်တွယ်လိုက်လေသည် ။ မယုံကြည်နိုင်ဖွယ်ရာပင်။ သူနှင့် ဒယ်ယာဂွမ် ယှဉ်လျှင်ပင် သူအနိုင်ရရန်က မသေချာသည့်ကိစ္စပင်။သို့သော် ဤကလေးကမူ ဒယ်ယာဂွမ်ကို ပေါ့ပေါ့ပါးပါး အထိခိုက်မရှိ ဇီဝိန်ချုပ်လိုက်နိုင်လေသည်။
လူတစ်ယောက်လုံးအား သတ်လိုက်သော်လည်း ထိုကလေးကမူ ကြမ်းပိုးတစ်ကောင်ကို သတ်လိုက်သလိုပင်။
"ဒါက …”
မာဟွိုက် စကားပြောရန်ပြင်လိုက်သော်လည်း ချက်ချင်းပင် တိတ်သွားလေသည်။ မည်သို့သောစကားမျိုးကို ဖြစ်စေ ၊ မေးခွန်းမျိုးကို ဖြစ်စေ မေးခြင်းပြောခြင်းက အသုံးမဝင်တော့ပေ။ နောက်ကျသွားပြီ ဖြစ်လေသည်။
ဒယ်ယာဂွမ် ခေါင်းပြတ်ကြီးကမူ မြေပြင်ပေါ်တွင် မျက်လုံးပြူးကြီးနှင့်သာ ရှိနေလေပြီး အားလုံးကလည်း ကြက်သေသေနေကြဆဲပင်။
ချိုမြောင်ဆန်းကမူ သူ၏ဓါးကို ပို၍ပင် တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားမိလေတော့သည်။
ငါ ထင်တဲ့အတိုင်းပဲ…
ဤမျှ အစွမ်းထက်မည်ဟု မထင်ရသော်လည်း လက်တွေ့ကိုမူ မြင်လိုက်ရပြီ ဖြစ်လေသည်။ ဤကလေးသည် ယခုမှ သိုင်းလောကသို့ စတင်ဝင်ရောက်လာသူ တစ်ယောက် မဟုတ်ပေ။ သေချာပေါက်ပင် လူသတ်ရသည်ကို ရင်းနှီးနေသော သူတစ်ယောက်ပင်။ သတ်ရဲဖြတ်ရဲ သေရဲသော စိတ်ဝိဉာဉ်က သူ့ထံတွင် ရှိနေလေပြီ ဖြစ်သည်။ လူတစ်ယောက်လုံးအား ခေါင်းဖြတ်လိုက်ပြီး ဖြစ်သော်လည်း ထူးထူးထွေထွေ မရှိပုံက သူ့မျက်နှာတွင် အထင်းသားပင်။ အမှန်ပင် လူသတ်ရခြင်းကို ရင်းနှီးနေသူပင်။ သွေးချောင်းစီးသည်ကို ကြုံတွေ့ခဲ့ဖူးတစ်ယောက်ပင် ဖြစ်ပေလိမ့်မည်။
ချိုမြောင်ဆန်း ချွန်းမြောင်၏အမူအရာများကိုကြည့်ကာ သူ၏အတွေးများက ပို၍ပင်ခိုင်မာလာရလေသည်။
ဒီကလေးက တကယ်ကို လူသတ်ရတာကို လက်ယဉ်နေတာပဲ…
ချိုမြောင်ဆန်း တံတွေးမြိုချမိသွားလေသည်။
အခန့်မသင့်ရင် ဒီနေရာက ငါ့သင်္ချိုင်းတောင် ဖြစ်သွားနိုင်တယ်…
ချိုမြောင်ဆန်း အခြေအနေအား ကောင်းကောင်းကြီး နားလည်သွားသည့်အခါတွင်မူ ကျောတွင်းတွင် ချွေးစေးများ ထွက်လာလေတော့သည်။ သူ ရှင်သန်ရန်အတွက် ဤကလေးအား ဆန့်ကျင်၍ မဖြစ်ပေ။ မှန်ကန်သော ရွေးချယ်မှုကို ပြုလုပ်တတ်ရပေမည်။
‘”ငါတို့ သူတို့နဲ့ ပူးပေါင်းရအောင်”
“…”
“မင်း ဘာပြောလိုက်တယ်”
“ငါပြောနေတာက ငါတို့ ပူးပေါင်းလိုက်ကြရအောင်လို့”
ချိုမြောင်ဆန်း၏ စကားကြောင့် အားလုံးက ချွန်းမြောင်အား ကြည့်နေကြရာမှ သူ့ထံသို့ ရွေ့ကာကြည့်လာကြလေသည်။ သူတို့၏ အကြည့်များတွင် တုန်လှုပ်ခြောက်ခြားခြင်းများရော ဒေါသများပါ ရောစပ်ပါဝင်နေကြလေ၏။
“မင်း ငါတို့ကို ဒီကလေးတွေနဲ့ ပူးပေါင်းဖို့ ပြောလိုက်တာလား”
“မင်း ပါးစပ်ပိတ်ထားတာ ပိုကောင်းမယ်…သိုင်းလောကမှာ အသက်အရွယ်က အရေးမကြီးဘူး…အင်အားကသာ အရေးကြီးတာ… ဒီနေရာမှာ ဘယ်သူအသန်မာဆုံး ဖြစ်နိုင်လဲဆိုတာ မင်းတို့လည်း မြင်နေတာပဲ…အဲ့တာကိုတောင်”
ချိုမြောင်ဆန်း ဆက်ကာ မပြောတော့ပေ။
သူမည်မျှပင် ရှင်းပြစေကာမူ ထိုနလိန်ပိန်းတုံးများက ချွန်းမြောင်၏ လက်ရှိအင်အားကို နားလည်မည် မဟုတ်ပေ။ ထို့အပြင် ချွန်းမြောင်က သူ့တို့အားလုံးက တချိန်တည်းမှာပင် လက်စတုံးလိုက်နိုင်သည်ကိုလည်း မသိကြပေ။
အဲ့ဒီသောက်ကလေးက ဘယ်လောက်တောင် အန္တာရယ်ရှိတယ်ဆိုတာ မင်းတို့ကို ဘယ်လိုနားလည်အောင် ပြောရမှာလဲ…ငတုံးတွေရဲ့…
“ငါတို့ သူတို့နဲ့ မပူးပေါင်းရင် ငါတို့အားလုံး သေကုန်ကြလိမ့်မယ်”
ထိုစကားက ဟာသတစ်ခုလိုပင်။ ကလေးတစ်ယောက်က သိုင်းလောက ၏ အကျော်အမော်ကြီးများကို အသက်အန္တာရယ် ပေးမည်ဆိုသည်က မဖြစ်နိုင်ပေ။ သို့သော် ထိုစကားအား မည်သူကမှ မရယ်မောကြပေ။ ချိုမြောင်ဆန်းပြောသောစကားက အဓိပ္ပါယ်မရှိဟု ခံစားနေရသော်လည်း မှန်နေသည်ဟုလည်း တဖက်မှ ခံစားနေကြရသောကြောင့်ပင်။
သူတို့အားလုံး ဒယ်ယာဂွမ် မည်သို့သေသွားရသည်ဆိုသည်ကို မျက်မြင်မြင်ကြပြီး ဖြစ်လေသည်။ ဒယ်ယာဂွမ်သာ သေသွားရသော်လည်း ထိုကလေးကမူ ချွေးတစက်ပင် ကောင်းကောင်းထွက်လိုက်ပုံ မပေါ်ပေ။ သူတို့ကိုယ်တိုင် မြင်တွေ့လိုက်ရသည်မဟုတ်လျှင် ယုံမည်မဟုတ်သော်လည်း ယခုတွင်မူ သူတို့အားလုံး ထိတ်လန့်နေကြပြီ ဖြစ်လေသည်။
အကယ်၍ ဤကလေးကသာ စိတ်ရူးပေါက်ကာ အားလုံးအား ကမူးရူးထိုး ဝင်တိုက်ခဲ့လျှင် အားလုံးအသက်ဆုံးကြပေလိမ့်မည်။ သူတို့ ညှိနှိုင်းချိန်ပင် ရလိမ့်မည် မဟုတ်ပေ။
“ဘယ်လိုလုပ်ပြီးတော့ ဒီလိုမကောင်းဆိုးဝါးက ရှိနေရတာလဲ”
ဆွန်မြောင် ညည်းတွားလိုက်လေသည်။
သူသည် သိုင်းလောကတွင် နေရာတစ်ခုရရှိပြီးဖြစ်သော်လည်း ဤကလေးနှင့် ယှဉ်ရန်ကမူ အဝေးကြီးပင် လိုသေးသည်ကို သိလိုက်ရလေ၏။ သူ့အတွက် ခြိမ်းခြောက်မှုတစ်ခုပင်။ သူရှင်သန်ချင်သေးသည်။ မသေလိုသေးပေ။
ဆွန်မြောင် နှုတ်ခမ်းကိုကိုက်ကာ ပြောလိုက်လေတော့သည်။
“အတူပူးပေါင်းလိုက်ကြရအောင်”
“…”
လူတိုင်းက ထိုစကားအား မည်သို့သောတုန့်ပြန်မှုမှ မပေးကြပေ။
“မင်းတို့ရဲ့ ဂုဏ်ပုဒ်တွေကို အဝေးကြီးမှာ ထားခဲ့လိုက်တော့…အခု မင်းတို့လုပ်ဖို့လိုတာက မင်းတို့အသက်ကို မင်းတို့ ကာကွယ်ဖို့ပဲ..မင်းတို့ ဒီမှာ သူတို့နဲ့ပူးပေါင်းလိုက်တယ်ဆိုရင်လည်း ဘယ်သူက သိမှာမို့လို့လဲ..ဟုတ်တယ်မို့လား”
ဂူထဲတွင် ဖြစ်ပျက်သမျှသော အရာအားလုံးသည်က ဂူပြင်တွင် ရှိနေသောသူများ မသိနိုင်သော ကိစ္စများပေ။ မည်သူ့ကို မည်သူက သတ်လိုက်သည်။ မည်သူက ယုတ်မာခဲ့သည်။ မည်သူတို့ ပူးပေါင်းလိုက်သည်။ မည်သူက သစ္စာဖောက်သည် ။ မည်သို့သော ကိစ္စမျိုးအား ဂူထဲတွင် လုပ်ဆောင်ခဲ့သည်ဖြစ်စေ မိမိဆန္ဒအလျောက် မပြောပြလျှင် တခြားသူတို့ သိမည် မဟုတ်ကြပေ။
ကလေးတစ်ယောက်၏အင်အားကို ကြောက်ရွံ၍ ပူးပေါင်းသည်ဆိုသည်က သိုင်းလောကအကျော်အမော်များအနေနှင့် ရှက်ဖွယ်ဖြစ်သော်လည်း ယခုနေရာတွင်မူ ထိုသို့ လှောင်ပြောင်ကဲ့ရဲ့ကြမည့် မျက်လုံးများက ရှိမနေပေ။ ပူးပေါင်းလိုက်သည်က အသက်ချမ်းသာရာရဖွယ် သေချာသော နည်းလမ်းပင် ဖြစ်လေသည်။
သို့သော် သူတို့တွင် တခြားသော တွေးစရာတစ်ခုက ရှိနေပြန်လေသည်။. ယခုပူးပေါင်းလိုက်လျှင်ပင် ရတနာများရရှိလာသည့်အခါတွင်မူ မည်သို့ ဖြစ်မည်နည်း။ ချွန်းမြောင်ကရော သူတို့အား ရတနာများ ရရှိခဲ့လျှင် ဆက်ကာ အသက်ရှင်ခွင့် ရမည်လေလား..။ တကြိမ်တခါပင် မဆုံဖူးသော ဤလူများအား ယုံကြည်၍ ရမည်လေလား…သူတို့ မသေချာကြပေ။ မည်သို့ပင်ဆိုစေကာမူ အဆုံးတွင် သူတို့ရှင်သန်ကျန်ရစ်ကာ ရတနာများကို လက်ဝယ်ပိုင်ဆိုင်ရစေရန်အတွက် ချွန်းမြောင်ဆိုသည့်ကလေး သေဆုံးသွားမှကို ရပေလိမ့်မည်။
ချွန်းမြောင်ကမူ ဗလာမျက်လုံးများနှင့် ချိုမြောင်ဆန်းတို့ တသိုက်အား ကြည့်နေလေသည်။
သူ၏မျက်လုံးများကမူ ဗလာသက်သက်ပင်. ။ ထိုလူတို့အတွက် ခံစားချက်ရှိမနေပေ။ အားလုံးကမူ သူသည် မတရားအသတ်ခံရကာ သေဆုံးသူများအတွက် ဒေါသထွက်နေသည်ဟု ထင်ကောင်းထင်နေကြပေလိမ့်မည်။
ထို လူသေများအတွက်လည်း ချွန်းမြောင်တွင် ခံစားချက်မရှိပေ။ ဓါးသင်္ချိုင်းထဲသို့ ဝင်ရောက်လေပြီဆိုကတည်းက အားလုံးက အင်အားချင်း ပြိုင်ဆိုင်ကြကာ ဓါးတွင် သွေးစွန်းလေပြီး သွေးချောင်းစီးမည့် အဖြစ်များရှိကြမည်ကို သိပြီးသားပင်။ သို့ဖြစ်၍ မည်သူမဆို သေသည်ဖြစ်စေ ရှင်သည်ဖြစ်စေ သူ မခံစားရပေ။
ဒယ်ယာဂွမ်အား သူသတ်ပစ်လိုက်သည့်အတွက်လည်း သူနောင်တမရပေ။ ဒယ်ယာဂွမ်နှင့် တိုက်ခိုက်ရခြင်းက သူပြန်လည်မွေးဖွားပြီးနောက်တွင် ပထမဆုံးအကြိမ် တိုက်ပွဲစစ်စစ်ကို ရင်ဆိုင်ရခြင်းပင်. ။ သနားခြင်း မရှိ၊ ညှာတာခြင်း မရှိ။ ရှုံးသူက အသက်စွန့်စတမ်း….။အသက်ကိုရင်းထားရသည့်တိုက်ပွဲတွင် သူညှာတာရန် လိုအပ်မည် မဟုတ်ပေ။ ညှာလည်း မညာတာခဲ့ပေ။ သူ၏ ဓါးတွင် သွေးများက စက်စက်ကျနေဆဲပင် ရှိလေသေးသည်။
ဟုန်ဒယ်ဂွမ်နှင့် တခြားသူများကမူ ထိုသို့ မတရားသတ်ခံရသည့်လူများအတွက် ဒေါသထွက်နာကြဉ်းနေကြဟန် ရလေသည်။ ဤသည်ကလည်း ဖြစ်တတ်သည့်အရာပင်။ ချွန်းမြောင်နှင့် ယှည်လျှင် သူတို့အားလုံးသည် သိုင်းလောကတွင် ကျင်လည်ရသည့်အချိန်နှင့် အတွေ့အကြုံက နုသေး၍ ယခုကဲ့သို့သော အဖြစ်အပျက်များကို ကျင့်သားမရကြသေးပေ။ သို့ဖြစ်၍ ခံစားကြရဦးမည်ပင်။ ထို့ကြောင့် သူတို့အားလည်း ချွန်းမြောင် အပြစ်မတင်ပေ။
ချွန်းမြောင် ဓါးကို ဆွဲကိုင်ကာ တဖက်မှရန်သူများကို တိတ်တဆိတ် ရေတွက်လိုက်လေသည်။
ကိုးယောက် ရှိလေ၏။
ဤနေရာတွင် သူ လူကိုးယောက်ကို သတ်ရတော့မည့် အနေအထားပင်။
“ကောင်လေး…မဟုတ်ဘူး..မင်းကို ကောင်လေးလို့တောင် မခေါ်သင့်ဘူး..မင်းက အန္တာရယ်များတဲ့သူပဲ”
မာဟွိုက်က သူ၏ကြီးမားသော ပုဆိန်ကြီးကို ဆွဲကိုင်ကာ စိတ်ရှုပ်နေသောမျက်နှာထားနှင့် စကားစကာ ပြောလာလေသည်။
“မင်း ဂုဏ်ယူနေသလို ခံစားနေရတာကိုတော့ နားလည်ပါတယ်..ဒါပေမယ့် မင်း ငါတို့အားလုံးကို ရင်ဆိုင်နိုင်လောက်တဲ့အထိ မသန်မာရင် မင်း ဒီလိုတိုက်ပွဲကို မစသင့်ဘူး”
“ပြောလို့ပြီးပြီးဆိုရင် လာသာလာခဲ့စမ်းပါ”
“…”
မာဟွိုက်က အံကိုတင်းတင်းကြိတ်လိုက်လေသည်။
ကလေးတစ်ယောက်ထံတွင် အညံခံကာ ပူးပေါင်းရမည်က ရှက်ဖွယ်လိလိပင်။ ထိုသို့ အရှက်ကွဲခံမည့်အစား ဓါးချက်များအောက်တွင် အကြိမ်ရာထောင်သောင်းမက အသေခံလိုက်ရသည်က ပင် သူတို့အဖို့ မြင့်မြတ်လေဦးမည်။
“မင်းမှာ သတ္တိရှိတာကိုတော့ လေးစားပါတယ်…မင်းတို့သေသွားရင်လည်း ရဲရဲရင့်ရင့် သေသွားတယ်ဆိုတာ ငါတို့က လူတွေကို သေချာပေါက် ပြောပေးမှာပါ”
မာဟွိုက် အားလူးဖုတ်နေသည်များကို နားထောင်ကာ ချွန်းမြောင် ရန်သူများ၏ အင်အားများကို သုံးသပ်ဆန်းစစ်ကြည့်လိုက်လေသည်။ အရှက်တရားကို ကိုးကွယ်၍ သေရတော့မည့်လူများအား ကြည့်ကာ စိတ်မကောင်းသလိုပင် ဖြစ်သွားလေသည်။ မည်သို့ပင် ဖြစ်စေ သူနှင့်တိုက်ခိုက်သည်နှင့် ဤလူမားအားလုံးက သေချာပေါက် သေရမည်ပင်။
“တစ်ယောက် နှစ်ယောက်တောင် မဟုတ်ဘူး…လူကိုးယောက်က ကလေးတစ်ယောက်ကို ဝိုင်းတိုက်မှာက မမျှတမှန်းတော့ ငါတို့လည်း သိပါတယ်…အရေထူ အခွက်ပြောင်လွန်းတယ်ဆိုရင်လည်းက ဒါကတိုက်ပွဲပဲလေ…ငါတို့ ရှင်သန်ဖို့အတွက် လုပ်သင့်တာကို လုပ်ကြရမှာပဲ”
မာဟွိုက်၏ စကားဆုံးသွားသည်နှင့် ချွန်းမြောင်၏နောက်မှ ခြေသံပါးပါးကို ကြားလိုက်ရလေသည်။
လူတစ်ယောက်က လမ်းကိုခပ်ဖြေးဖြေးပင် လျှောက်လာလေပြီး ချွန်းမြောင်၏နံဘေးတွင် လာရပ်လေသည်။
ဘတ်ချုန်းပင်။
ချွန်းမြောင်က ဘတ်ချုန်းအား မြင်သည်နှင့် ဘုဆတ်ဆတ် မေးလိုက်လေသည်။
“ဘာတုန်း..ဘာလာလုပ်တာတုန်း…လာမရှုပ်နဲ့..ဖယ်”
“ငါ လာကူညီတာ”
ဘတ်ချုန်း ချွန်းမြောင်၏ ဘုဘောက်စကားတို့ကို မကြားယောင်ပြုကာ ဓါးကိုဆွဲထုတ်ပြီး ရပ်လိုက်လေသည်။
“မင်းကိစ္စဆိုရင်တောင် ငါကတော့ ကူညီမှာပဲ”
“…”
“ငါက မင်းရဲ့ နည်းပြ…ပြီးတော့ ဂိုဏ်းတူညီအကိုတွေ… ငါ့ရဲ့ ဂိုဏ်းတူညီလေး ဒုက္ခရင်ဆိုင်နေရတဲ့အချိန်မှာ လက်ပိုက်ကြည့်မနေနိုင်ဘူး”
သောက်ကျိုးနည်း…လာကူတာကိုက ဒုက္ခလာပေးနေတာပဲနော်…မကူရင်ကို ကူညီရာရောက်နေပြီ……
“နည်းပြပြောတာက မှန်တယ်…ကျွန်တော်လည်း ထောက်ခံတယ်”
ဘတ်ချုန်း၏ မေတ္တာပြယုဒ်စကားများကြောင့် ယွန်းဂျွန်ကလည်း ဓါးကိုဆွဲထုတ်ကာ ရောက်လာလေသည်။
“ဆရာတူညီလေးက သေရေးရှင်ရေးတိုက်ခိုက်နေတာကို ကြည့်မနေနိုင်ဘူး…”
“…”
“ကျွန်တော်လည်း အကိုကြီးတို့ပြောတာကို သဘောတူတယ်”
ဂျိုဂုကလည်း ထပ်ကာ ရောက်လာလေသည်။
“လာ …အတူတူ တိုက်ကြစို့”
ယုရီဆိုးပါ ပါလာလေတော့၏။
ချွန်းမြောင် သူ၏ဝဲယာတွင် ဓါးကိုယ်စီနှင့် ရပ်လာကြသော ကလေးများကိုကြည့်ကာ သက်ပြင်းချလိုက်လေသည်။
ထားပါ..သူတို့က လူငယ်လေးတွေဆိုတော့လည်း…
ဘတ်ချုန်းတို့ မပါလျှင်လည်းဘဲ သူက အခြေအနေကို ကောင်းစွာကိုင်တွယ်နိုင်သည်ပင် ။ ပါဝင်ကူညီကြသည်ကပင် သူတို့အား ထိခိုက်မည်စိုးရိမ်၍ အနှောင့်အယှက် ဖြစ်ရပေဦးမည်။
“ဆိုတော့ အကိုကြီးတို့က သူတို့ရဲ့ လက်တွေ ခေါင်းတွေကို ဖြတ်ဖို့ အဆင်သင့်ဖြစ်နေကြပြီလား…အဲ့လိုလုပ်ရတာကို လွယ်တယ်လို့တော့ ထင်နေကြတာ မဟုတ်ဘူးမို့လား”
“အဲ့လိုလုပ်ဖို့က မလွယ်ဘူးဆိုတာ ငါတို့လည်း သိပါတယ်”
“ဒါပေမယ့် ငါတို့အမြဲတမ်း မင်းရဲ့ကာကွယ်ပေးမှုအောက်မှာပဲ ပုန်းနေလို့ မရဘူးလေ…ငါတို့တွေက အခုချိန်မှာ ရှုပ်နေမယ်ဆိုရင်တောင် မင်းနဲ့အတူတိုက်ခိုက်မှပဲ ဖြစ်မယ်… ဒါမှ တစ်ရက်ကျရင် ငါတို့လည်း မင်းလို ဖြစ်လာနိုင်မှာ”
“..”
“မင်းက ဝင်မပါခိုင်းရင်လည်း ငါတို့ကတော့ နောက်မဆုတ်ဘူး… ဒီနေရာမှာ ငါသေရမယ်ဆိုလည်း ငါ အသေခံပြီး ဒီတိုက်ပွဲမှာ ဝင်တိုက်မယ်…ဘေးကနေပြီးတော့တော့ ထိုင်ကြည့်မနေနိုင်ဘူး”
ဘတ်ချုန်း၏စကားကြောင့် ချွန်းမြောင် သက်ပြင်းချလိုက်လေသည်။
သူပြောတာလည်း ဟုတ်တာပဲ…
ဘတ်ချုန်းပြောသည်များကလည်း တရားနည်းလမ်းကျသည်ကို ချွန်းမြောင်သိပေသည်။ သိုင်းသမားတစ်ယောက်အနေနှင့် ပို၍ ရင့်ကျက်ပြည့်စုံလာစေရန်က အမှန်တကယ်တိုက်ပွဲများကို ကြုံဖူးရန်လိုအပ်လေသည်။ အန္တာရယ်များသော တိုက်ပွဲများကို ကြုံဖူးလေလေ ပို၍အတွေ့အကြုံများ ရလေလေဖြစ်ပြီး သိုင်းလောကတွင်လည်း ရှင်သန်ရသည်က ပို၍အဆင်ပြေလေ ဖြစ်လာလိမ့်မည်။
ထိုအချက်ကို သူကောင်းကောင်းကြီး သိလေသည်။သို့သော် ချွန်းမြောင်သည် အတိတ်ဘဝတွင် တပည့်မမွေးခဲ့ဖူးပေ။ မွေးရန်စိတ်ကူးလည်း မရှိခဲ့ဖူးပေ။ သို့ဖြစ်၍ တဖက်သားအတွက် စိုးရိမ်ခြင်းဆိုသည်က သူ့တွင် လုံးလုံးမရှိခဲ့ပေ။
သို့သော် ယခုတွင်မူ မိဘမှ သားသမီးများ ထိခိုက်ဒဏ်ရာရမည်ကို စိုးရိမ်သကဲ့သို့ပင် ဤလူသားများ ထိခိုက်နာကြင်မည်ကို စိုးရိမ်မိနေလေသည်။ မထိခိုက်စေချင်ပေ။ ထို့ကြောင့်လည်း တိုက်ပွဲအတွင်း ဝင်ကာ မစွက်ဖက်ခိုင်းခြင်းပေ။
ချွန်းမြောင် သက်ပြင်းရှည်ကြီးကိုချကာ ဘတ်ချုန်းတို့အား တချက်ကြည့်လိုက်ပြီး ပြောလိုက်လေသည်။.
“အကိုကြီးတို့ တိုက်ပွဲထဲမှာ ပါလို့ သေမလိုဖြစ်နေတယ်ဆိုရင်တောင် ကျွန်တော် မကူညီဘူးနော်”
“အဲ့လို မကူညီဖို့ပဲ ငါတို့ကလည်း မျှော်လင့်နေတာပါ”
“မင်း လာကူမယ်လို့လည်း တခါမှ မတွေးဖူးပါဘူး…မင်းကိုယ်မင်းလည်း ပြန်ကြည့်ပါဦး..ငါတို့ကို ကူမယ့်သူလားလို့”
“ဆရာတူအကိုကြီး ဂျိုဂု….ဒါတွေပြီးသွားရင်တော့ စကားလေးနည်းနည်း ပြောကြရအောင်”
“ဟမ်”
အားလုံးက ချွန်းမြောင်၏စကားကြောင့် ဂျိူဂုက သနားစဖွယ်မျက်လုံးလေးများနှင့် ဝိုင်းကြည့်ကြလေသည်။
ဂျိုဂုက စိတ်လှုပ်ရှားလေတိုင်း မပြောသင့်သည်များကို ပြောနေကြပင်။ ယခုတွင်လည်း ပြောမိသွားလေပြီမို့ လာမည့်ဘေးကိုတွေးကကာ ဂျိုဂု ငိုချင်သွားလေတော့သည်။
နောက်ဆုံးတွင်မူ အားလုံးတိုက်ပွဲတွင် ဝင်ပါရန် သဘောတူညီချက် ရသွားပြီဖြစ်လေသည်။ချွန်းမြောင်က ဓါးကိုတင်းတင်းဆုပ်ကိုင်ကာ ကြည့်လိုက်လေသည်။ သူ၏ရင်ထဲတွင် အမျိုးအမည်မသိသော လေးလံမှုကြီးက တစ်စတစ်စ တိုးလာလေပြီး အတိတ်မှ အဖြစ်တို့ကိုပင် ပြန်သတိရမိသွားလေသည်။
[သွားကြစို့ ဆရာတူအကိုကြီး…
သွားကြစို့ ဆရာတူညီလေး..
လာ ..သူတို့ကို ဟွာဆန်းရဲ့ အစွမ်းကို ပြလိုက်ကြရအောင်…
ချွန်းမြောင် ဆရာတူအကိုကြီး…ကျေးဇူးပြုပြီးတော့ ကျွန်တော်တို့ အစွမ်းပြဖို့လည်း ချန်ပါဦး…]
ချွန်းမြောင် ခေါင်းကို ယမ်းကာ အတွေးတို့ကို ဖယ်ထုတ်လိုက်လေသည်။
ထူးဆန်းလှပေသည်. ယခုခံစားနေရသော ခံစားချက်တို့က အမည်မတပ်တပ်အောင်ပင်…
အတိတ်မှ ဟွာဆန်းသည် ပျောက်ကွယ်ပျက်သုန်းခဲ့ရလေပြီဖြစ်သည်။
သို့သော်လည်း မည်သို့ပင်ကြိုးစားရစေကာမူ အတိတ်က အတိတ်တွင် ကျန်ခဲ့ပြီး ပြန်မရနိုင်တော့ပေ။
သို့သော် အတိတ်ထက် တောက်ပသော ဟွာဆန်းကိုမူ သူတည်ဆောက်၍ ရနိုင်လေသေးသည်။
ချွန်းမြောင် အော်ကာပြောလိုက်လေတော့သည်။
“တက်ကြ… ဒီ ခွေးသားတွေရဲ့ ခေါင်းတွေကို ဖြတ်ပစ်ကြမယ်…”
“ယေး…”
“အား…”
ဘတ်ချုန်းတို့ကလည်း ညာသံပေးကာ တက်ကြလေတော့သည်။
သူတို့နှင့်အတူ တက်ကာချွန်းမြောင် နှုတ်ခမ်းကို တင်းတင်းကိုက်လိုက်လေသည်။
အကိုကြီး…ကျွန်တော့်ရဲ့ ဆရာတူအကိုကြီး…
ငါ့ရဲ့ ဟွာဆန်း…
ပြီးတော့ အခုပြန်ဖြစ်လာဦးမယ့် ငါ့ရဲ့ ဟွာဆန်း………..
အပိုင်း (၁၅၆)
အခု ဝူတန်ဂိုဏ်းကကောင်တွေကို အမှီသွားလိုက်ကြစို့(၁)
“ငါ ..ငါတို့လည်း တိုက်မယ်လေ…ဘာလုပ်နေကြတာလဲ..သူတောင်းစားတွေ”
ဟုန်ဒယ်ဂွမ်က အော်လိုက်လေသည်။
သူတို့က ညာသံပေးနေစဉ်မှာပင် ဟွာဆန်းမှ ဂိုဏ်းသားများကမူ ရန်သူများနှင့် ရင်ဆိုင်နေကြပြီ ဖြစ်လေသည်။
ချီးပဲ..
သူတို့ အခွင့်အရေးကို မဆုပ်ကိုင်နိုင်လိုက်ပေ။
ကလေးများလောက်ပင် သတ္တိမရှိဟု ထင်စရာဖြစ်သွားလေပြီ ဖြစ်သည်။
အဲ့ဒီကလေးတွေ အကြောက်တရားရော ရှိကြရဲ့လား မသိဘူး…
သူတောင်းစားဂိုဏ်းသည် ဂိုဏ်းကြီးကိုးဂိုဏ်းစာရင်းတွင် ပါဝင်သော်လည်း သူတို့၏သိုင်းပညာက သာမန်ပင် ဖြစ်လေသည်။ သူတို့ဂိုဏ်း၏ အဓိကလုပ်ငန်းစဉ်ဖြစ်သော သတင်းအချက်အလက်စုဆောင်းရေး တို့ကြောင့်သာ ဂိုဏ်းကြီးကိုးဂိုဏ်းထဲတွင် ပါဝင်နေရခြင်း ဖြစ်လေသည်။ သတင်းအချက်အလက်များ အကြောင်းအရာများကို စုဆောင်း သိကျွမ်းရာတွင်မူ အခြားဂိုဏ်းများထက် နှာတစ်ဖျားသာကာ ကျွမ်းကျင်မှုရှိလေသည်။ သတင်းအချက်လက်များဆိုသည်ကလည်း စစ်မြေပြင်တိုင်း၊ အကြောင်းကိစ္စတိုင်းအတွက် အရေးပါလေပြီး သတင်းအချက်အလက် မရှိပါဘဲ ရမ်းသမ်းကာ လုပ်ဆောင်၍ အောင်မြင်နိုင်သောကိစ္စ ဟူသည်က မရှိပေ။ သို့ဖြစ်၍ သတင်းများကို စုဆောင်းရာ ၊ ဖြန့်ဖြူးရာတွင် အလွန်ပင်အရေးပါသော သူတောင်းစားဂိုဏ်းကြီးက ဂိုဏ်းကြီးကိုးဂိုဏ်းတို့ ပါဝင်လာခြင်း ဖြစ်လေသည်။ သို့သော် သိုင်းပညာကမူ သာမန်ပေမို့ ယခုလက်ရှိအခြေအနေတွင် ဟုန်ဒယ်ဂွမ်နှင့် သူတောင်းစားအပေါင်းတို့သည် တိုက်ပွဲထဲသို့ ဝင်ရောက်ကာ ရန်သူနှင့် ရင်ဆိုင်ရဲခြင်း မရှိပေ။ ဟွာဆန်းမှ ကလေးများကမူ ညာသံပေးကာ ချီတက်သွားကြပြီ ဖြစ်လေသည်။
“အာ..ဒီကလေးတွေက တစ်ယောက်မှ ကြောက်တတ်ပုံမရဘူးပဲ”
မာဟွိုက်က သူ၏ဧရာမပုဆိန်ကြီးကို လွဲယမ်းကာ ပြောလာလေသည်။
ဝှီး ….
မာဟွိုက်နှင့် ထိပ်တိုက်ရင်ဆိုင်နေသော ဘတ်ချုန်းကမူ မာဟွိုက်၏ပုဆိန်ချက်ကို နောက်သို့တချက်ခုန်ကာသာ ရှောင်ရှားလိုက်လေသည်။
“အကြီးတွေကို လေးစားရမှာက သဘာဝပဲလေ..မင်းတို့ နားမလည်ကြဘူးလား”
ဘတ်ချုန်းက မဲ့ပြုံးတစ်ပွင့်နှင့် ပြန်ပြောလာလေသည်။
“မင်းကို ကြည့်ရတာ အသက်ကြီးသလောက် တော်ထက်နေပုံတော့ မရပါဘူး…ဆိုတော့ မလေးစားလည်း ရမယ်ထင်တာပဲ”
“ဒီသောက်ကလေးကတော့….”
မာဟွိုက်က ဘတ်ချုန်းထံသို့ ဒေါသတကြီးပြေးဝင်လာလေပြီး ဘတ်ချုန်းက ကပ်သီလေးပင် ရှောင်ရှားကာ သူ၏ဓါးကို မာဟွိုက်ဘက်သို့ တွန်းပို့ ထိုးချလိုက်လေသည်။
ထိုမြင်ကွင်းကို ဘေးမှမြင်နေရသော ဟုန်ဒယ်ဂွမ်ကမူ ဘတ်ချုန်အား မလေးစားဘဲ မနေနိုင်တော့ပေ။
ရုပ်လေးကသာ သနားကမားလေး…စကားနဲ့ ဒေါသကို ဘယ်လိုဆွရမလဲဆိုတာတော့ ကောင်းကောင်းကြီးကို သိတာပဲ…
ချွန်းမြောင်ကမူ တဖက်သားကို နားမခံသာအောင် အလုံးအရင်းနှင့် ပြောသည်ဖြစ်ပြီး ဘတ်ချုန်းကမူ ပါးပါးလေးပုတ်ကာ ဒေါသကို မထိတထိ ဆွကာ ပြောခြင်းပင်။ ဟွာဆန်း၏တပည့်များသည် ဓါးစောင်းတင်မဟုတ်..လျှာစောင်းလည်း ထက်ကြပေသည်။
ဘတ်ချုန်း၏ လျှာစောင်းထက်မှုကြောင့်ပင် မာဟွိုက်က ဒေါသတကြီး တရှူးရှူးဖြစ်လာကာ သူ၏ပုဆိန်ကို လွဲရင်း ပြေးဝင်လာလေတော့သည်။ ဘတ်ချုန်းက မာဟွိုက်အား ကျွမ်းကျင်စွာပင် တိုက်ခိုက်နေလေသည်။ သိုင်းပညာအဆင့်အရမူ ဘတ်ချုန်းသည် မာဟွိုက်၏ ပြိုင်ဘက်မဖြစ်သေးပေ။ မာဟွိုက်၏ သိုင်းပညာကို မယှဉ်နိုင်သေးပေ။ သို့သော် သူက မာဟွိုက်၏ ပျော့ကွက်တို့ကို ကြည့်ကာ တိုက်ပွဲအား သူမရှုံးစေရန်အတွက် အရှိန်နှင့် တိကျမှုတို့ကိုပေါင်းစပ်ကာ တိုက်ခိုက်နေလေသည်။ မိမိထက် များစွာသာလွန်သော ပြိုင်ဘက်အား ဉာဏ်ကိုသုံးကာ ယှဉ်ပြိုင်နေနိုင်သည်ကပင် အထင်ကြီးစရာဖြစ်နေလေပြီ ဖြစ်သည်။
ထို့အပြင် အသက်ငယ်ငယ်နှင့် အစွမ်းပြနေသူများကလည်း ရှိလေသေးသည်။
‘အား…”
ဂျိုဂုက ဓါးကို လွဲကာ ဆွန်မြောင်ထံသို့ ပြေးဝင်သွားလေသည်။
ရှန်ဒုန်၏ အမြန်ဓါး ဟူသော အမည်နာမတော်အတိုင်းပင် ဆွန်မြောင်၏ ဓါးရေးအရှိန်က အံ့အားသင့်ဖွယ်ပင် လျှင်မြန်လှလေသည်။ သူ၏ ဓါးအရှိန်မျှ မည်မျှပင် လျင်မြန်သည်ဖြစ်စေ ဂျိုဂု၏အရှိန်ကိုမူ လျော့မသွားစေပေ။
ယှဉ်၍ တိုက်မြဲပင်။
“ဂု…အာရုံမများနဲ့..စိတ်မလှုပ်ရှားနဲ့”
ယွန်းဂျွန်က ဘေးမှနေကာ ဂျိုဂုအား ကူညီပေးနေလေသည်။ ဆွန်မြောင်သည် သူနှင့်လက်ရည်ကွာလှသော အားအနည်းဆုံးဟု ခံစားရသည့် ဂျိုဂုကို ပစ်မှတ်ထားကာ တိုက်ခိုက်သော်လည်း ယွန်းဂျွန်က ဂျိုဂုအား အထိခိုက်မခံပေ။ ဘေးမှပါဝင်ကာ ကူညီတိုက်ခိုက်ပေးလာလေသည်။
ယွန်းဂျွန်၏ ဓါးချက်များသည် ဂျိုဂု၏ ဓါးချက်များကဲ့သို့ မလျင်မြန်ပေ။ နှေးကွေးကာ လေးလံသိပ်သည်းသော သဘောရှိလေသည်။ ဂျိုဂု၏လျင်မြန်သွက်လက်သော ဓါးချက်များနှင့် ယွန်းဂျွန်၏ လေးလံသိပ်သည်းသော ဓါးရေးတို့ ပူးပေါင်းကာ ဆွန်မြောင်ကို တိုက်ခိုက်နေကြလေသည်။
လူနှစ်ယောက်အား တပြိုင်နက်တိုက်ခိုက်နေရသော ဆွန်မြောင်ကမူ ရန်သူများအား ခက်ခက်ခဲခဲရင်ဆိုင်နေရလေသည် ။
ကောက်ကျစ်တဲ့ ခွေးသားတွေ…
ယွန်းဂျွန်နှင့် ဂျိုဂုတို့သည် တစ်ဦးချင်းစီအနေနှင့် သိုင်းပညာသက်တမ်းက နိမ့်သေးသော်လည်း နှစ်ဦးသားပူးပေါင်းလိုက်သည့်အခါတွင်မူ ပြီးပြည့်စုံသော ဆယ်စုနှစ်သက်တမ်းရှိ ဓါးသမားတစ်ယောက်၏စွမ်းရည်နှင့် ဓါးရေးကဲ့သို့ ဖြစ်လာလေသည်။ သူတို့၏ ပူးပေါင်းတိုက်ကွက်များတွင် ဟာကွက်ပင် ရှိမနေပေ။
ဒီလိုဖြစ်နေအောင် ဘယ်နေရာကများ လေ့ကျင့်ခဲ့ကြတာလဲ မသိဘူး…
ဆွန်မြောင်သည် ဤလူငယ်လေးနှစ်ဦးအား သူမယှဉ်နိုင်တော့သည်ကို သိသော်လည်း မျက်နှာတွင်တော့ မူပျက်နေသော အမူအရာမျိုး ပြုလုပ်ခြင်း မရှိပေ။ အားတင်းကာသာ တိုက်နေလေသည်။
အမှန်တကယ် ဘေးဒုက္ခရင်ဆိုင်နေရသူကမူ နီလာဓါးသွား နိုဂွမ်ပင်…။
“ချီး…ချီး..သောက်ချီး”
နိုဂွမ်၏ ဟွာဆန်းက တစ်ဦးတည်းပါလာသော မိန်းကလေးနှင့် ရင်ဆိုင်တိုက်ခိုက်နေရသည်ဖြစ်ပြီး ဤသို့သော အရှက်ကွဲခြင်းမျိုးကို တစ်ကြိမ်မှပင် မကြုံဖူးပေ။ သူတို့၏ စွမ်းရည်များက ကွာခြားသည်ဖြစ်သော်လည်း နိုဂွမ်အနေနှင့် မိန်းကလေးဟူ၍ အလျော့ပေးရန် စိတ်မကူးထားပေ။ သို့သော် သူမကလည်း သူမ၏ လျင်မြန်သော ဓါးချက်များနှင့် တဟုန်ထိုးတိုက်ခိုက်နေရာ သူသည်ပင် ပို၍ပို၍ အရေးနိမ့်ကာ နောက်ဆုတ်လာရတော့သည်။
သူမ၏ဓါးချက်များကို ကြည့်ကာပင် နောက်လာမည့်ဓါးချက်ကိုလည်း ခန့်မှန်း၍ မရပေ။ သူမ၏ လှုပ်ရှားမှုများကို ကြည့်ရင်းပင် ချွေးသီးချွေးပေါက်များ ကျလာလေတော့သည်။
ဟွာဆန်းက ဘယ်အချိန်ကတည်းက အဲ့လောက်သန်မာသွားရတာလဲ…
ဟွာဆန်းသည် တချိန်က အလွန်သန်မာအင်အားကြီးသော ဂိုဏ်းဖြစ်ခဲ့သော်လည်း ပျက်သုန်းခဲ့သည်က ကြာပြီဖြစ်လေသည်။ ခေါင်းဆောင်များတွင်လည်း သန်မာသော သိုင်းပညာရှိတော့သည် မဟုတ်ပေ။ ဤသည်ကိုပင် အဘယ်ကြောင့် အငယ်တန်းဂိုဏ်းသားများက ထိုမျှ သန်မာနေကြသည်ကို သူတို့နားမလည်နိုင်တော့ပေ။ ယခုတွင်မူ ဤကလေးများအား သူတို့ရှုံးနိမ့်တော့မည်ဟူသော ခံစားချက်များက အသီးသီးရရှိနေကြပြီ ဖြစ်လေသည်။
ချွမ်း…
ဆွန်းမြောင်က အံကိုကြိတ်ကာ ယွန်းဂျွန်၏ လက်ကောက်ဝတ်ဆီသို့ ဓါးကို ဦးတည်လိုက်လေသည်။
မင်းတို့တော့ သေပြီတာ မှတ်လိုက်တော့…သောက်ကလေးတွေ…
ချွမ်း…
ယွန်းဂျွန်အား ထိလုနီးပါးဓါး က ပြန်ကန်ကာ လွှင့်သွားလေပြီး ယွန်းဂျွန်ကလည်း အသံတစ်သံကို ကြားလာရလေသည်. ။ ပျစ်တောက်ပျစ်တောက် ပြောနေသောအသံပင်။
“ဘာလဲဟ”
ယွန်းဂျွန် ထိတ်လန့်သွားလေတော့သည်။
“ဟမ်…ကျွန်တော် သေချာပြောထားပြီးသား မဟုတ်ဘူးလား… လက်လွတ်စပယ် မနေနဲ့လို့… ဒီလောက် ပြောထားတာကို…. ဘယ်လိုခုခံရမယ်ဆိုတာတောင် မသိဘူးလား…ဟမ်.. နားတွေက အလုပ်မလုပ်လို့ မကြားဖြစ်ပြီး အခုလို ဖြစ်နေတာလား”
“…”
“အဲ့တာကြောင့် ပြောတာ…ကျွန်တော် တစ်ယောက်တည်း တိုက်ပါမယ်လို့ … ချီးပဲ…တကယ်ပဲ စိတ်ရှုပ်အောင် လုပ်နေကြတယ်… အား..ငါ့ဘဝကလည်း..”
ဒီခွေးကလေးကတော့ ပွစိပွစိ လုပ်ပြန်ပြီ…
ယွန်းဂျွန် ဘာမှမပြောပေ။ သူ့အားကူရင်း ပွစိပွစိလုပ်နေသော ချွန်းမြောင်ကိုသာ တချက်ဆွေကြည့်လိုက်လေသည်။ လူခြောက်ယောက်အား အလဲသိပ်ပြီးလေပြီမို့ ချွန်းမြောင်က ကျန်လူများအား ဝင်ကူကာ ပွစိပျစ်တောက် လုပ်နေခြင်းပင်။ ချွန်းမြောင်က သူ့အား ကူနေရင်း တချိန်တည်းမှာပင် ဘတ်ချုန်းနှင့် ယုရီဆိုးကိုပါ ဝင်ကာ ကူညီလိုက်သေးသည်။
“ကျေးဇူးပြုပြီး အာရုံလေးစိုက်ကြစမ်းပါ…ဘာတုန်း..စိတ်လွှင့်နေရင် တစ်ယောက်ယောက်က ချီးကျူးမယ် ထင်နေလို့လား….ဘယ်လိုလား…အား…အာရုံစိုက်ပါဆို…ငါ သေသာသေလိုက်ရင်တော့တယ်”
ယွန်းဂျွန် ချွန်းမြောင်အား တချက်ပြန်ကြည့်လိုက်လေသည်။ ချွန်းမြောင်က ပွစိပွစိလုပ်နေသည် မှန်သော်လည်း အသံကမူ ဒေါသမပါနေသလိုပင် ထူးဆန်းပေသည်။
ဘာတုန်း..သူက အခုစိတ်ကောင်းဝင်နေတာလား…
တော်တန်တိတ်…သူက ဘယ်လိုလုပ် စိတ်ကောင်းဝင်မှာလဲ…
ဒီလိုသေရေး ရှင်ရေးမှာ စိတ်ကောင်းဝင်တယ်ဆိုတာ ဖြစ်နိုင်လို့လား…
“တွေးမနေနဲ့ …တိုက်ဟ”
ဒီ အကုန်သိနေတဲ့ သရဲလို သောက်ကလေးကတော့…
ယွန်းဂျွန် ချွန်းမြောင်၏အော်သံကြောင့် အတွေးများနေသောသူ၏စိတ်ကို ဖယ်ကာ ဆွန်မြောင်ကိုသာ အာရုံစိုက်ထားလိုက်လေတော့သည်။
ဟုန်ဒယ်ဂွမ်ကမူ ရန်သူအပေါင်းအား အလဲသိပ်ကာ ထောင့်တစ်ထောင့်တွင် ပုံထားလိုက်ကြသော ဟွာဆန်း၏ တပည့်များကို မချီးကျူးဘဲ မနေနိုင်တော့ပေ။ ထိုသို့ အားရဖွယ်မြင်ကွင်းကြောင့် စိတ်များလည်း တက်ကြွလာကြလေသည်။
“ဌာနခွဲခေါင်းဆောင်…ကျွန်တော်တို့ ဘယ်သွားကြမလဲ”
ဟုန်ဒယ်ဂွမ်က သူတောင်းစားများ၏အမေးကြောင့် ထကာအော်လေတော့သည်။
“မင်းတို့ တိုက်ပွဲထဲကို ဝင်ကြ…မှီရာနေရာကို ကိုက်…တွေ့တဲ့နေရာကိုရိုက်”
“ဟုတ်ကဲ့”
စကားဆုံးသည်နှင့် သူတောင်းစားများကလည်း တိုက်ပွဲထဲသို့ ခုန်ပျံလွှားကာ ဝင်လာကြလေတော့သည်။
“အား…အခုတော့ သူတောင်းစားတွေကပါ ဝင်ပြီးရှုပ်နေကြပြီပေါ့….တကယ်ပါပဲ”
ချွန်းမြောင်၏ စကားကို ဟုန်ဒယ်ဂွမ်က မကြားယောင်သာ ဆောင်နေလိုက်လေသည်။ အားလုံးက ရုတ်ရုတ်သဲသဲပင်။ ထိုအထဲမှ ချွန်းမြောင်အား အကြည့်မခွာစတမ်း အာရုံစိုက်နေသူ တစ်ဦးလည်း ရှိလေသည်။
ချိုမြောင်ဆန်းပင်။
တိုက်ပွဲစလေကတည်းကပင် သူ ချွန်းမြောင်အား လိုက်ကာကြည့်နေခြင်းပင်။
ချွန်းမြောင်အား မတိုက်နိုင်လျှင် တခြားသူများကို မည်မျှတိုက်နေစေကာမူ အလကားပင် ဖြစ်သည်ကို သူသိလိုက်ပြီ ဖြစ်လေသည်။ရှင်သန်ချင်ရင် အဓိကလူကိုသာ ဦးတည်တိုက်ခိုက်ရပေမည်။
“ဟမ်”
ချွန်းမြောင်ကလည်း သူ့အား အာရုံရနေသည့်ပုံပင်.
ချွန်းမြောင်သည်လည်း ချိုမြောင်ဆန်းထံမှ ထုတ်လွှတ်နေသော စူးစမ်းမှုတို့ကို အာရုံခံမိလေပြီး သူကိုင်တွယ်ရမည့် ရန်သူရှိနေသည်ကို သတိထားမိလိုက်လေသည်။
မုဂျင်မှလွဲလျှင် ဤလူသည်လည်း သူနှင့်ကိုက်ညီသော ပြိုင်ဘက်ဟု ဆိုနိုင်သူဖြစ်လေသည်။
ချိုမြောင်ဆန်း ဓါးကို မြောက်ကာ ချွန်းမြောင်ထံသို့ ချိန်ရွယ်လိုက်လေသည်။
“ချိုမြောင်ဆန်း’
“ချွန်းမြောင်”
နောက်ထပ် အပိုစကားများ ထွက်မလာတော့ပေ။ တိုက်ပွဲက စပြီ ဖြစ်လေသည်။
ချိုမြောင်ဆန်းက သူ၏ကိုယ်တွင်းမှ ချီစွမ်းအင်များကို စတင်စုပ်ယူကာ ဓါးသို့ ချီစွမ်းအင်များကို လွဲပြောင်းလိုက်လေသည်။ ကြီးမားသောဓါးကြီးသည် အပြာရောင်ချီစွမ်းအင်များ အပြည့်နှင့် ချွန်းမြောင်ထံသို့ ပြေးဝင်လာလေသည်။
ခွမ်း…
ချိုမြောင်ဆန်း၏ ဓါးချက်ကို တားဆီးလိုက်သော ချွန်းမြောင်၏ခန္ဓာကိုယ်က တချက်တုန်သွားကာ နောက်သို့ ခြေတလှမ်းဆုတ်သွားလေသည်။ သို့သော် ထိုဓါးချက်နှင့်ပင် အဆုံးမသတ်သေးပေ။ ဓါးချက်များက ထပ်ကာထပ်ကာ ဆင့်ကဲကျလာလေသည်။
ချွမ်း…ချွမ်း..ချွမ်း…
ချိုမြောင်ဆန်းသည် တဖက်လူက ပြန်မတိုက်သေးသောကြောင့် ရထားသည့်အခွင့်အရေးကို လက်လွတ်မခံဘဲ ဆက်တိုက် ဓါးချက်များကို အဆက်မပြတ် ထိုးနှက်လေတော့၏။ ဓါးချင်းထိခတ်နေသည့် အသံက ကြောက်မက်ဖွယ်ရာ ထွက်ပေါ်နေပြီး ပတ်ဝန်းကျင်တစ်ခုလုံးတွင်လည်း ဆူညံနေသည်။ ချိုမြောင်ဆန်း ၏ အားထုတ်မှုကလည်း အသိအမှတ် ပြုဖွယ်ရာပင်။
ချွန်းမြောင် ဓါးချက်များကို တားဆီးကာ နေရင်းမှ မျက်လုံးများက အရောင်ပြောင်းလာလေပြီ။ အခွင့်အရေးပေးထားသည်က လုံလောက်ပြီ ဖြစ်၏။
ဓါးချက်များကို တင်းခံထားသော သူ၏လက်က ထုံကျင်နေပြီး ခန္ဓာကိုယ်ကလည်း နောက်သို့ အနည်းငယ်ရောက်နေလေပြီ ဖြစ်သည်.။
တော်လောက်ပြီ….
‘အား…”
ချိုမြောင်ဆန်းကမူ အားမာန်အပြည့်နှင့်ကြုံးဝါးကာ အရှိန်ကို ပိုမြင့်ပြီး ဓါးကို ချွန်းမြောင်ထံသို့ ထပ်ကာ ထိုးနှက်လိုက်ပြန်၏။
ဤတစ်ချက်လေးကိုသာ သူ၏ဒန်တျန်ထဲမှ ချီစွမ်းအင် အနည်းငယ်ကိုထုတ်ကာ အားစိုက်နိုင်ခဲ့လျှင် ချွန်းမြောင်အား ကိစ္စဖြတ်နိုင်ပြီဟု သူထင်ထားမိခြင်းပင်။
ချိုမြောင်ဆန်း၏ တိုက်ခိုက်မှုကြောင့် ပတ်ပတ်လည်တွင်ပင် ဖုန်များ အူတက်လာလေသည်။ သူ၏ ဓါးချက်များက ယခုအထိ အဆက်မပြတ်သေးပေ။ ပြင်းစွာသော အရှိန်နှင့်ပင် ထင်ရာမြင်ရာအား ခုတ်ပိုင်းနေလေတော့သည်။ ဖုန်များအကြားတွင် သူချွန်းမြောင်အား မမြင်ရပေ။ သို့သော် ထိုကလေး အသက်မရှင်နိုင်တော့ ဟုလည်း သူထင်လေသည်.။ သူ၏တိုက်ခိုက်မှုက ပြောင်မြောက်လွန်းလှသည် မဟုတ်ပါလား…။
ဖုန်များအကြားမှ ချိုမြောင်ဆန်း ထူးဆန်းသောအရာတစ်ခုကို မြင်လိုက်လေသည်။
ဇီးပန်းပွင့်တစ်ပွင့်ပင်။
ရဲရဲနီနေသော ဇီးပန်းပွင့်လေးက ဖုန်များအကြားမှ တိုးထွက်လာလေသည်။
ပန်းပွင့်လား…
ထို့နောက်တွင်မူ နောက်ထပ်ပန်းပွင့်များက ဖုန်များတသောသော ထနေရာမှ ထွက်လာကြလေသည်။တစ်ပွင့်မှသည် နှစ်ပွင့်၊ နှစ်ပွင့်မှသည် သုံးပွင့်၊ သုံးပွင့်မှသည် လေးပွင့် တစတစနှင့် ပန်းပွင့်များက ပို၍များလာကြလေသည်။ ထို့နောက်တွင်မူ လေအလူးတွင် ဇီးပန်းနီနီများက တောက်လျောက်ပျံဝဲနေလေတော့သည်။ ဇီးပန်းပွင့်စမ်းချောင်းကြီးအလားပင်။
ဇီးပန်းပွင့်များက လေယူရာကို သိမ်းနေကြရင်း အားလုံး ချိုမြောင်ဆန်း၏ ဦးခေါင်းထက်တွင် တဝဲလည်လည်လုပ်ကာ ရပ်တန့်ကုန်ကြလေသည်။
“…”
ချိုမြောင်ဆန်း တိုက်ပွဲကို မေ့လျော့သွားလေသည်။ ဓါးကိုလည်း သတိမရတော့သကဲ့သို့ ချွန်းမြောင်အား အလွတ်မပေးရမည်ကိုလည်း သတိမရတော့ချေ။
အရာအားလုံးက တိတ်ဆိတ်သွားလေပြီး တိုက်ပွဲမှအသံများကိုပင် မကြားရတော့ပေ။ ချိုမြောင်ဆန်းသည်လည်း အတူတူပင်။ ပန်းပွင့်များဆီသို့သာ စိတ်ရောက်သွားလေတော့သည်။ သတိဝင်လာသည့်အခါတွင်မူ ချိုမြောင်ဆန်းသည် ချွန်းမြောင်အား လှမ်းကြည့်လိုက်လေသည်။ ချွန်းမြောင်ထံသို့ မည်သို့သောအရာများ ထပ်လာဦးမည်လဲဟု စောင့်စားမိခြင်းပင်။
ချွန်းမြောင်က ပေါ့ပေါ့ပါးပါးပင် ပြုံးကာ ခေါင်းတစ်ချက်ငြိမ့်ပြပြီး ပြောလာလေသည်။
“တိုက်ပွဲကောင်းတစ်ခု ဖြစ်ခဲ့ပါတယ်”
ချွန်းမြောင်၏ စကားအဆုံးတွင် ချိုမြောင်ဆန်း၏ မြင်ကွင်းများ ပြာဝေသွားလေသည်။
သူ၏ခြေထောက်များကလည်း အားများစတင်ယုတ်လျော့လာပြီး သူ၏ခန္ဓာကိုယ်ကလည်း တဆတ်ဆတ်တုန်ယင်လာလေသည်။ တစ်ခုခုတော့ မှားနေပြီ ဖြစ်လေသည်။ သူ၏ခန္ဓာကိုယ်က မြေပြင်ပေါ်သို့ လှဲကျသွားသော်လည်း ချိုမြောင်ဆန်း၏ မျက်နှာပေါ်တွင်မူ အပြုံးတစ်ခုနှင့်ပင်။
ငါ ပညာတွေလည်း ရခဲ့ပါတယ်ကွာ…
သေပျော်ပါပြီ…
ချိုမြောင်ဆန်း ကျေကျေနပ်နပ်ကြီးပင် သေသွားခဲ့ပြီ ဖြစ်လေသည်။