အခန်း (၁၆၀-၁၆၂)
Vol. 11 Ch. 160-162
အပိုင်း (၁၆၀)
အခုပဲ ဝူတန်ကောင်တွေကို အမှီလိုက်ကြရအောင်(၅)
လူနှစ်ယောက်က တောင်ထိပ်ပေါ်သို့ ခြေချလိုက်ကြပြီး တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြလေသည်။ ထို့နောက်တွင်မူ ဘေးဘီကို ဝေ့ဝဲကြည့်လိုက်လေပြီး ချွန်းမြောင်က ဝမ်းသာအားရ အော်လာလေသည်။
“ဟိုမှာ….”
ချွန်းမြောင် အကြည့်ရောက်နေသည့်နေရာတွင် ဓါးများစွာ ရှိနေပြီး လှံများနှင့် ပုဆိန်အချို့လည်း ရှိလေသည်။အများစုမှာမူ ဓါးများပင်။
ဒါက ဓါးသင်္ချိုင်း များလား…
“ဟုတ်တယ်…ဒါက ဓါးသင်္ချိုင်းပဲ”
ဓါးသင်္ချိုင်းကြီးအား တွေ့လိုက်ရသည့်အခါတွင်မူ ဂူထဲဝင်စဉ်တလျှောက်လုံး ဖြစ်နေသည့် သံသယများက ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်လေတော့သည်။ ဓါးသင်္ချိုင်းရှိနေလျှင် ဆေးလုံးများလည်း ရှိမည်က အသေအချာပင်။
ချွန်းမြောင် စိတ်လှုပ်ရှားစွာနှင့်ပင် အနားသို့ကပ်ကာ ကြည့်လိုက်လေသည်။
ဓါးသင်္ချိုင်းသာ ဒီမှာဆိုရင် ဆေးညွှန်းတွေကလည်း ဒီနားမှာပဲ ရှိရမယ်…
ချွန်းမြောင် ဓါးများကို လုံးလုံးပင် စိတ်မဝင်စားချေ။ သူစိတ်ဝင်စားသည်က ဆေးလုံးများနှင့် ဆေးညွှန်းပင်။ ထို ဆေးဖော်စပ်နည်းကသာ သူအမှန်တကယ် အလိုရှိသော အရာဖြစ်လေသည်။
ဟုတ်တယ်..ဒီမှာပဲ..
အနီးကပ်ကာ ကြည့်လေမှ ဓါးများ၏အလယ်တွင် ကျောက်တုံးတစ်တုံးရှိလေပြီး ထိုကျောက်တုံးပေါ်တွင် သေတ္တာငယ်လေးတစ်ခု ရှိနေသည်ကို တွေ့လိုက်ရလေသည်။ ထိုသေတ္တာထဲတွင် မည်သည့်ပစ္စည်းများမှ မရှိလျှင် ထိုသို့ ဓါးများအလယ်၌ ထားမည်မထင်ပေ။ တန်ဖိုးကြီးမားသော တစ်စုံတစ်ခု ရှိ၍သာ ထားခြင်း ဖြစ်ပေလိမ့်မည်။
“စိတ်ဝိဉာဉ် ဖြတ်လတ်ခြင်း ဆေးလုံး”
သေတ္တာထဲတွင် အခြားအရာတစ်ခု ရှိနေနိုင်သော်လည်း ချွန်းမြောင်ကမူ မျက်မြင်အတည်မပြုရသေးသရွေ့ စိတ်ဝိဉာဉ်ဆေးလုံးများဟုသာ ယုံကြည်ထားလေသည်။
ချွန်းမြောင် သေချာစေရန်အတွက် စစ်ဆေးကြည့်ရန် အနားသို့ ကပ်သွားသည်နှင့် နောက်မှ အသံလေးကြီးတစ်ခုက ထွက်လာလေသည်။
“မင်းက ဟွာဆန်းရဲ့ နဂါးဆိုတာလား”
ချွန်းမြောင်က ခေါင်းကိုလှည့်ရုံလေးလှည့်ကြည့်လေတော့ ဓါးကိုလက်တဖက်က ဆွဲကိုင်ထားသော ဝူတန်၏အကြီးအကဲ ဟိုခေါင်းဆောင်ကို မြင်လေ၏။
အိုး…ကြည့််ရတာတော့ သတ်ဖို့လိုရင်လည်း သတ်မယ့်ပုံပဲ…
ချွန်းမြောင်က ချက်ချင်းဆိုသလိုပင် ခေါင်းကို ခါယမ်းလိုက်ပြီး ပြောလိုက်လေသည်။
“ဟုတ်တယ်ဆိုရင် ဘာဖြစ်မှာလဲ”
“မင်းလည်း ဒီရတနာတွေကို အလိုရှိနေတဲ့ သူပဲ မဟုတ်ဘူးလား…ဘာလို့ အခြေအနေတွေကို ရှုပ်ထွေးသွားအောင် ဖန်တီးခဲ့တာလဲ”
“ခင်ဗျား ဘာတွေပြောနေတာလဲ ကျွန်တော်တော့ မသိပါဘူးနော်”
ဗြောင်လိမ်နေသော ချွန်းမြောင်ကြောင့် ဟို ခေါင်းဆောင် မျက်နှာပုတ်သိုးသွားလေတော့သည်။
ချွန်းမြောင်သာ မုဂျင်ထံမှ မြေပုံကို ဓါးပြတိုက်ကာ နန်ယောင် တနယ်လုံးသို့ ထိုသတင်းကို မဖြန့်ခဲ့လျှင် သူတို့၏ ရတနာရှာသောခရီးသည် ဤမျှလည်း ပရမ်းပတာနိုင်မည် မဟုတ်သကဲ့သို့ ဤမျှလည်း ဆုံးရှုံးမှုများမည် မဟုတ်ပေ။ ထို့သို့သာ ဖြစ်ခဲ့လျှင် ဟွာဆန်းမှကလေးများလည်း ဤနေရာအထိ ရောက်လာနိုင်မည် မဟုတ်ပေ။
သို့သော် ငနဲသားလေးက လုပ်ထားသမျှသော ကိစ္စတို့အား သူနှင့်မဆိုင်သကဲ့သို့ ဗြောင်ငြင်းနေလေသည်။
ဤသည်ကို ပါးနပ်သည် ခေါ်မလား ၊ ကောက်ကျစ်စဉ်းလဲသည်ဟု အမည်တပ်ရမလား..မည်သို့ ပြောရမည်ပင် မသိတော့ချေ။
“မင်းရဲ့ စွမ်းဆောင်ရည်ကိုတော့ ငါ လေးစားပါတယ်…ဒါပေမယ့် ဒီလောက်နဲ့ပဲ တော်သင့်ပြီ… မြန်မြန်ပဲ နောက်ပြန်ဆုတ်လိုက်ပါ…ငါ ဒီထက်ပိုပြီး ထပ်သည်းခံနေမှာ မဟုတ်တော့ဘူး… မင်းက တတိယတန်းကလေးတစ်ယောက်…ငါက အကြီးအကဲတစ်ယောက်…မင်းသာ ငါနဲ့ယှဉ်ပြီးတိုက်ရင် မင်းပဲ ဆုံးရှုံးရလိမ့်မယ်”
“အား…ကျွန်တော် ကြောက်တောင်ကြောက်လာပြီ”
ချွန်းမြောင်က တဆတ်ဆတ် တုန်ယင်နေသလို လုပ်ပြလေ၏။
“ဒါနဲ့ ခင်ဗျားအဲ့လိုကြီးတွေပြောနေရတာ ကြောင်တောင်တောင် မနေဘူးလား”
“ဘာ”
ချွန်းမြောင်က တချက်ပြုံးလိုက်လေ၏။
“ခင်ဗျားမှာ ကျွန်တော့်ကို သတ်ဖို့တောင် ဆုံးဖြတ်ချက် ရှိနေပြီးသားမဟုတ်ဘူးလား…ဘာလို့ တခါတည်း လာမသတ်ဘဲ ထူးထူးဆန်းဆန်းတွေ ပြောနေတာလဲ…ဘာလဲ…တခြားတစ်ခုခု ကြံစည်နေတာရှိလို့လား”
“…”
ဟို ခေါင်းဆောင် ချွန်းမြောင်ကို တစ်စုံတစ်ရာ ပြန်မပြောပေ။
ချွန်းမြောင်ပြောသည်များက အလုံးစုံမှန်နေသည် မဟုတ်သော်လည်း မှားနေသည်လည်း မဟုတ်ပေ။
ချွန်းမြောင်အား လိုအပ်လာလျှင် ဇီဝိန်ချုပ်ပေးလိုက်လေမည်။ ဤကလေးသည် မည်မျှပင် တော်နေစေကာမူ ကျူ့ဟယ် မိသားစုနှင့် တခြားကောင်းစွာလေ့ကျင့်ထားသော အကြီးအကဲများနှင့် ယှဉ်လျှင်မူ ဖွဲနှင့်ဆန်ကွဲပေ။ သူ ကလေးတစ်ယောက်ကို ရှုံးမည်ဟုလည်း မထင်သကဲ့သို့ ကြောက်ရွံရန် လိုသည်ဟုလည်း မခံစားရပေ။
သို့သော် ချွန်းမြောင်အား အနီးကပ်မြင်ရသည့် အခါတွင်မူ ချီစွမ်းအင်တစ်ချို့ကို ခံစားမိလာလေသည်။
ဒီကလေးက နည်းနည်းတော့ သတိထားရမယ်ထင်တယ်..
ချီးပဲ..ငါက ကလေးတစ်ယောက်ကို သတိထားရမယ်လို့ တွေးနေတာလား..
ထားပါတော့…ထားပါတော့ သူက ကလေးဆိုလည်း သတိတော့ ထားရမယ့် အနေအထားပဲ…
သူ က အန္တာရယ်ရှိမယ့်ပုံပဲ…
ဝူတန်ဂိုဏ်းမှ ကလေးများသည် ငယ်စဉ်ကပင် ကောင်းစွာလေ့ကျင့်ထားရပြီး အရည်အချင်း မသေးကြသူများပင်။ သို့သော် ယနေ့အခြေအနေကို ကြည့်ခြင်းအားဖြင့် ဟွာဆန်းသည် တစ်နေ့တွင် ဝူတန်ဂိုဏ်းမှ လူများကို လွှမ်းမိုး အနိုင်ယူသွားနိုင်မည်ဟု ထင်ရလေသည်။ ဟို ခေါင်းဆောင် သူ၏အတွေးကြောင့် ရင်ထဲတွင် မသက်မသာ ဖြစ်သွားလေသည်။ သူ ထိုသို့ အဖြစ်မခံနိုင်ပေ။ ဟွာဆန်းအား ဒီထက်ပို၍ အင်အားကောင်းသွားသည်မျိုးကို သူခွင့်မပြုနိုင်ပေ။
“ဝေးဝေးကို သွားစမ်း”
ဟို ခေါင်းဆောင်က အံကိုတင်းတင်းကြိတ်ကာ ပြောလိုက်လေသည်။
“မင်း ပြောကြည့်…ငါက အခု တာအိုလမ်းစဉ်ကို ခဏမေ့ထားလိုက်ပြီ ဆိုပါစို့…မင်းကလည်း ငါ့ကို ခဏခဏ စိတ်တွေ ရှုပ်နေရအောင် လာလုပ်တယ်ဆိုရင်…ငါ မင်းကို ဘာလုပ်ပစ်မယ်လို့ မင်းထင်လဲ”
ချွန်းမြောင်က ခွန်းတုံပြန်ခြင်း မရှိဘဲ ကြည့်သာနေလေသည်။
ဟို ခေါင်းဆောင် အမှန်ပင် အာရုံများနေပြီဖြစ်သည်။
သူတို့၏ ဝူတန်ဂိုဏ်းကို နောက်ကျမခံနိုင်သကဲ့သို့ ဟွာဆန်းမှကလေးများ၏ အစွမ်းအစကိုကြည့်ကာ ရင်ထိတ်နေပြီလည်း ဖြစ်သည်။
ငါက ဒီကလေးကို ယှဉ်တိုက်နိုင်လောက်လား..
မတိုက်နိုင်စရာ ဘာရှိလဲ…ဒီဂူထဲမှာ ငါက အင်အားအကောင်းဆုံးသူပဲ..
ဘယ်သူမှ ငါ့ထက် ပိုပြီး အင်အားကြီးသွားတာမျိုးလည်း ငါက အဖြစ်မခံနိုင်ဘူး…
ဟုတ်တယ်…
တွေးလေလေ ဤကလေးအား သတ်ပစ်ရမည်ဟူသော အဖြေက ရှင်းရှင်းကြီး ထွက်လာလေလေပင်။ ထို့အပြင် အနားတွင်မူ တစ်ဦးတစ်ယောက်မှ မရှိ၍ သတ်ပစ်မည်ဆိုလျှင်လည်း ရပေသည်။ ကျင့်ဝတ်များကို ခဏမျှတော့ မေ့ပစ်ထား၍ ရနိုင်ပါသည်။
“ကျွန်တော် နောက်ပြန်မဆုတ်နိုင်ပါဘူး”
ချွန်းမြောင်က ပြောလည်းပြောကာ ရှေ့သို့ တစ်လှမ်းတိုးလာလေသည်။ ထိုလုပ်ရပ်က ဟို ခေါင်းဆောင်၏ ထိန်းထားသော ဒေါသကို ဆွလိုက်သလိုပင်။
“ငါ့ရဲ့ ကမ်းလှမ်းမှုကို ငြင်းလိုက်တယ်…”
“အာ…တော်ပါတော့…တိုက်ပွဲကို ကြောက်လို့ တစ်ခုပြီးတစ်ခု ရှာပြောနေသလိုပဲ…လာပါ…အပြောလေးတွေ လျော့ပြီး အလုပ်နဲ့သက်သေပြလိုက်ကြရအောင်…လာ ..တိုက်မယ်”
“မင်း”
ဟို ခေါင်းဆောင် အံကြိတ်မိသွားလေသည်။ သူ့အား သူ၏မြေးအရွယ်ရှိသော ကလေးတစ်ယောက်က ထိုသို့ပြောသည်ကို တကြိမ်မှ မကြုံခဲ့ဖူးပေ။ ဤသည်က ပထမဆုံးသော အကြိမ်ပင်. သွေးများပင် တက်လာသလို ခံစားရလေသည်။
ငါ သူ့ကို အခွင့်အရေး လုံလုံလောက်လောက် ပေးပြီးပြီ…
သူ့ထိုက်နဲ့ သူ့ကံပဲ…
ဟို ခေါင်းဆောင် ကလေးတစ်ယောက်အား ညှာတာသည့် အနေနှင့် အတတ်နိုင်ဆုံး ဂရုဏာထားခဲ့သော်လည်း စံချိန်က လွန်သွားပြီဖြစ်လေသည်။ ဤကလေးအား အမှန်ပင် ရှင်းပစ်လေတော့မည်။
“ကျား….”
ဟို ခေါင်းဆောင်က ဓါးကို တင်းတင်းဆွဲကိုင်ကာ ချွန်းမြောင်ထံသို့ ပြေးဝင်သွားလေတော့သည်။ ချွန်းမြောင်လည်း ထိုနည်းတူပင်။ ဟို ခေါင်းဆောင်ထံသို့ ပြေးဝင်လာလေသည်။
ချွမ်း…
အရှိန်နှင့် ခုန်ဝင်လာသူနှစ်ဦး၏ ဓါးများက ရိုက်ခတ်သွားကြပြီး အပြာရောင်ချီအလင်းတန်းကြီးက လေထဲတွင် ဖြစ်ပေါ်လာလေ၏။ ထိုအလင်းတန်းက ဟို ခေါင်းဆောင်၏ ဓါးချီစွမ်းအင်များဖြစ်ပြီး မုဂျင်နှင့် တိုက်ခိုက်တုန်းကလိုပင် ဖြစ်လေသည်။ သို့သော် ဟို ခေါင်းဆောင်ကိုမူ မုဂျင်အား အနိုင်ယူခဲ့သော နည်းလမ်းနှင့် အနိုင်မယူနိုင်သည်ကိုလည်း သူကောင်းကောင်းကြီး သိလေ၏။
ချွန်းမြောင် ယခုရင်ဆိုင်နေရသောသူသည် ဝူတန်ဂိုဏ်း၏ ခေါင်းဆောင်ပိုင်းထဲမှ တစ်ယောက်ဖြစ်လေပြီး ပြန်လည်မွေးဖွားလာပြီးနောက် ချွန်းမြောင်တိုက်ခိုက်ခဲ့ဖူးသမျှထဲတွင် အင်အားအကြီးဆုံးသော ပြိုင်ဘက်ပင်။
ချွန်းမြောင် လက်သီးကို တင်းတင်းဆုပ်ကာ အလျင်အမြန်ပင် သူထံသို့ ပြေးဝင်လာသော ဓါးကို လက်ကိုင်မှ ကန်ထုတ်လိုက်လေသည်။ ဓါးချီများက သူ့အားထိခိုက်မိပြီး ဝတ်စုံနှင့် အစွန်းများနှင့် ပါးပြင်အား ရှပ်ထိသွားလေသည်။
သူက လျော့တွက်လို့ မရဘူးပဲ….
အတိတ်ဘဝတုန်းကမူ ထိုကဲ့သို့ ဓါးချီများကို သူ၏လက်နှင့်ပင် တန်ပြန်သွားအောင် တားဆီးနိုင်သော်လည်း ယခုဘဝတွင်မူ ထိုကဲ့သို့သော အခြေအနေသို့ မရောက်သေးပေ။ ဤလူနှင့် တိုက်ခိုက်ရသည်က သူ့အတွက်လည်း အနည်းငယ်တော့ အန္တာရယ်များလေသည်။
ငါသာ သူ့ဓါးချက်မိလို့ကတော့ သွားပြီပဲ…
ဝူတန်၏ မူလသိုင်းပညာသည် နူးညံ့သော်လည်း ဤလူ၏သိုင်းပညာအဆင့်ကမူ အနူးညံ့ဆုံးကပင် အသန်မာဆုံးဟူ၍ အသွင်ပြောင်းနိုင်သော အဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။ ထို့အပြင်က ထိုလူက သူ့အား သတ်ရန်စဉ်းစားထားပြီမို့ သူ့အား လျော့ပေါ့တိုက်ရန်လည်း ဆန္ဒရှိပုံ မပေါ်ပေ။
“ကဲ…လုပ်လိုက်ရအောင်”
ချွန်းမြောင်၏ မျက်လုံးများတွင်လည်း မီးဝင်းဝင်းတောက်နေပြီ ဖြစ်လေသည်။
ချွမ်း..ချွမ်း….
ချွန်းမြောင်ထံသို့ ဓါးချီများက တစ်သုတ်ပြီးတစ်သုတ် ရောက်ရှိလာကြပြီး ချွန်းမြောင်ကလည်း တစ်ခုပြီးတစ်ခု ကန်ထုတ်နေရလေသည်။
“ဘာလားဟ”
နေပါဦး..သူက ဓါးချီတွေကို ကန်ထုတ်နေတာလား…
သူက ဘာကောင်တုန်း…
ဓါးချီများကို ကန်ထုတ်နေသည့်အကွက်ကမူ ဟို ခေါင်းဆောင် အမှန်ပင် မမျှော်လင့်ထားသော အကွက်ပင်။ အိမ်မက်လိုပင် ခံစားလိုက်ရလေသည်။ ဤသို့ စွမ်းဆောင်နိုင်သောသူကို ပထမဦးဆုံးအကြိမ်အဖြစ် မြင်ဖူးခြင်းပင်။ သတ်ရမည်ပင် နှမြောသွားလေသည်။
ဟို ခေါင်းဆောင် အံ့အားသင့်ကာ ကြောင်နေသည်ကို အခွင့်ကောင်းယူကာ ချွန်းမြောင်က အနားသို့ကပ်လာလေသည်။
“မင်း…”
ချွန်းမြောင် တိတ်တဆိတ် ချဉ်းကပ်လာသည်ကို မြင်သောအခါတွင်မူ ဟို ခေါင်းဆောင်က သိုင်းကွက်များကို ဖော်ကာ တရစပ်တိုက်ခိုက်လေတော့သည်။
ဓါးချင်းထိခတ်သံများက တရစပ်ထွက်နေပြီး တိုက်ပွဲကြောင့် မြေပြင်များပင် သိမ့်သိမ့်တုန်နေလေသည်။
“အဟွတ်…”
ချွန်းမြောင် ချောင်းတချက်ဆိုးလိုက်ပြီး သွေးအနည်းငယ် အန်လာလေသည်။
သူသည်လည်း အားကြိုးမာန်တက် တိုက်ခိုက်နေသော်လည်း သူ၏ဓါးချက်က ဟို ခေါင်းဆောင်၏ဓါးချက်များကို တိုးမပေါက်ပေ။
ဒီခွေးသားကတော့…
ဘယ်လိုတောင် တော်နေရတာလဲ…
ဝူတန်၏ ဓါးသိုင်းက အမှန်တကယ်ကျွမ်းကျင်သူ၏ လက်ထဲတွင်မူ အမှန်ပင် အစွမ်းထက်လှပေ၏။
ထို့ပြင် ဟို ခေါင်းဆောင်၏ သမာနှင့်ဝါအရ ချွန်းမြောင်၏ လှုပ်ရှားမှုများကိုလည်း အလိုက်သင့်ခန့်မှန်းကာ ကြိုတင်ကာကွယ်နိုင်လေသည်။ သိသိသာသာကြီး အနိုင်ရနေသည်မဟုတ်သော်လည်း တပန်းကတော့သာနေပြီဖြစ်၏။
ဟို ခေါင်းဆောင်ကမူ သူ၏ ဓါးချက်များကို ရပ်တန့်တားဆီးကာ ခုခံနိုင်နေသောကြောင့် မကျေမနပ်ဖြစ်ကာ အံ့အားသင့်နေရပြီ ဖြစ်သည်။ တတိယတန်းကလေးတစ်ယောက်အား သူ ထိုမျှအထိ မမျှော်လင့်ထားပေ။
“မင်း…ဓါးချက်ကိုတွေ တားလိုက်နိုင်တာလား”
ပထမတန်း တပည့်များပင် မစွမ်းဆောင်နိုင်သော အရည်အချင်းနှင့် လူမို့ ဟို ခေါင်းဆောင် သတ်ရမည်ကို နှမြောသွားသည်က အမှန်ပင်။
“ငါက မင်း မုဂျင်ကို ကံကောင်းလို့ နိုင်သွားတယ်လို့ ထင်ထားခဲ့တာ..ခုတော့ မင်းက ငါ့ရဲ့ဓါးချက်တွေကိုတောင် ခုခံနိုင်တယ်”
“အင်း…လောလောဆယ်တော့ အဲ့ကိစ္စ ဆွေးနွေးရအောင်အထိ ကျွန်တော်တို့က မရင်းနှီးသေးဘူး ထင်တာပဲ”
ဒီလိုဆိုလည်း တိုက်တာကို နားလိုက်လေ..ခွေးသားရယ့်..
သူက တကယ်ကို အမှတ်အတေးမထားတတ်တာလားဟ…ဘာလဲ…
ဟို ခေါင်းဆောင် မနေနိုင်စွာ ပြောလာလေသည်။
“နားထောင်…ကောင်လေး”
“ဒါက တာအိုကျင့်စဉ်လိုက်နာတဲ့ ဂိုဏ်းတွေအတွက် အတော်လေးကို ဆိုးဝါးတယ်ဆိုတာ သိပေမယ့် ငါပြောမယ်…
မင်းသာ ဝူတန်ဂိုဏ်းရဲ့ ဂိုဏ်းသားလုပ်မယ်ဆိုရင် မင်းကိုငါ ဒုတိယတန်းတပည့် ဖြစ်ခွင့်ပေးမယ်..
ဘယ်လို သဘောရလဲ”
“ဘာ..”
“မင်း သိုင်းပညာတွေကို အစကနေ ပြန်မသင်ရင်လည်း ရတယ်…ငါတို့ ဝူတန်ဂိုဏ်းမှာ အချိန်နဲ့အမျှ ပိုပြီးပြည့်စုံကောင်းမွန်အောင် သင်ပေးနိုင်တဲ့ သိုင်းပညာတွေ အများကြီးရှိတယ်”
အဲ့ဒီတော့…
ချွန်းမြောင် ပြုံးလိုက်လေသည်။
ကြီးမြတ်လှသော ဝူတန်ဂိုဏ်းက အကြီးအကဲတစ်ယောက်က ဟွာဆန်းမှ တပည့်ကို သွေးဆောင်ဖြားယောင်ကာ ဂိုဏ်းသို့ လာရန် ဆွဲဆောင်နေသည် မဟုတ်ပါလား…တခြားသူများအတွက်မူ ဤသည်က မက်လောက်စရာ အခွင့်အရေးဖြစ်သော်လည်း သူကမူ ချွန်းမြောင်ပင်။ သူသည် ဟွာဆန်းအတွက် ပြန်လည်မွေးဖွားလာသူ ဖြစ်လေသည်။ ထိုကမ်းလှမ်းမှုသည် သူ့အား ရယ်ရစေသည်ထက် မပိုပေ။
“တော်တော်..အဖိုးကြီး…စိတ်လွတ်သွားတော့တာလား…တခြားဂိုဏ်းက လူကိုတောင် လာပြီးသွေးဆောင်နေတယ်”
“ဒါဆို..”
ဟို ခေါင်းဆောင် နှုတ်ခမ်းကို ကိုက်ကာ ပြောလိုက်ပြန်လေ၏။
“မင်းကို ငါ့ရဲ့တပည့်အဖြစ် လက်ခံမယ်ဆိုရင်ရော..ဒါဆို မင်း ဝူတန်ရဲ့ ပထမတန်းတပည့် ဖြစ်လာမှာ”
“တော်လောက်ပြီ”
ချွန်းမြောင်က မဲ့ပြုံးတစ်ချက်ပြုံးလိုက်လေ၏။ မည်သို့ပင်ဖြစ်စေကာမူ သူဤလူအိုကြီးကို အရှုံးမပေးနိုင်ပေ။
“မင်း မှာ မင်းရဲ့ မိခင်ဂိုဏ်းအပေါ် သံယောဇဉ်ကြီးမားတာကို ငါနားလည်ပါတယ်…ဒါပေမယ့် မင်းကလည်း နောက်ထပ် တိုးတက်မှုတွေ အလားအလာတွေ လိုအပ်နေသေးတဲ့ သိုင်းသမားတစ်ယောက်လေ…ဝူတန်ဂိုဏ်းက ဟွာဆန်းထက် အများကြီး ပိုကောင်းတယ်..မင်းစဉ်းစားပါဦး”
“အား..တော်လောက်ပြီလို့ ပြောနေတယ်လေ”
ချွန်းမြောင်က ဓါးကိုကျစ်ကျစ်ပါ ဆုပ်လိုက်လေသည်၊။
“ဘာလို့လဲ…မင်း ဘာလို့ မင်းအတွက် ဘယ်ဟာက ပိုပြီးအကျိုးရှိနိုင်တယ်ဆိုတာကို နားမလည်ရတာတုန်း’
“အား…ခင်ဗျား တကယ်ကြီး ပေကပ်ကပ်နိုင်တာပဲ”
“ဝူတန်ဂိုဏ်းက မင်းကို ဟွာဆန်းဂိုဏ်းထက် ပိုပြီးတောက်ပနိုင် လုပ်ပေးနိုင်တယ်”
“ခင်ဗျားကို ကြည့်ရတာ အခုထိ နားလည်ပုံမရဘူး”
ချွန်းမြောင်က ပြုံးလိုက်ပြန်၏။
“ကျုပ် က ကျုပ်တို့ဂိုဏ်းထက် အားနည်းတဲ့ ဘယ်ဂိုဏ်းကိုမှ သွားဖို့ ဆန္ဒမရှိဘူး”
“ဘာ..”
“ဆိုတော့..”
ချွန်းမြောင်က သူထံသို့ ပြေးဝင်လာသော ဓါးကို အားအနည်းငယ်သုံးကာ တန်ပြန်တိုက်လိုက်လေသည်။ ထို့နောက်တွင်မူ နောက်သို့ ခုန်ကာ တောင်စွန်းပေါ်သို့ တက်သွားလေတော့သည်။
‘ကျား….”
ချွမ်း..
မြေပေါ်တွင် အားယူကာ ခုန်လိုက်သည်မို့ အမြင့်တစ်ခုသို့ ရောက်သွားပြီး တောင်စွန်းအား တချက်ကန်ကာ ဓါးသင်္ချိုင်းတွင် ထိုးစိုက်နေသော ဓါးများကို လေထဲသို့ လွှင့်ပျံတက်ကုန်စေသည်။ ထို လေထဲသို့ ဝဲပျံလာသော ဓါးများအားလုံးကို ဟို ခေါင်းဆောင်ထံသို့ ကန်ကာ ပစ်သွင်းလိုက်လေတော့သည်။
“ဝူတန်ဂိုဏ်းကို လာရမယ် …ဟုတ်လား”
“…”
ချွန်းမြောင်က သူ၏ချီစွမ်းအင်များကို တတ်နိုင်သမျှ ထုတ်လိုက်လေသည်။
“ငါ..”
ဓါးများကို ထပ်ကာကန်လိုက်ပြန်၏။
“ဟွာဆန်းကို….”
ဓါးသင်္ချိုင်းတွင် ရှိရှိသမျှသော လက်နက်တို့က ဟို ခေါင်းဆောင်ထံသို့ ဦးတည်ကာ သွားလေကြတော့သည်။
“ကမ္ဘာပေါ်မှာ အကောင်းဆုံးဂိုဏ်း ဖြစ်အောင် လုပ်မှာ”
သူ အသက်ရှင်နေသရွေ့…
ဟွာဆန်းက တိုးတက်နေမည်က အမှန်ပင် ဖြစ်လေတော့၏။
အပိုင်း(၁၆၁)
မလုပ်နဲ့.. မင်းလုပ်လိုက်တယ်လို့ တွေးမိတာနဲ့တောင်အတော်လေး များနေပြီ(၁)
“မြန်မြန်လေး..မြန်မြန်လေး…”
“နည်းပြ…ကျွန်တော်တို့ ဒီထက်ပိုပြီး မမြန်နိုင်တော့ဘူး…”
“အဓိပ္ပါယ် မရှိတာ…မင်းတို့ ဘာဖြစ်နေတယ်ဆိုတာကို မမြင်လိုက်ကြဘူးလား”
ဘတ်ချုန်း၏ အသံက စိုးရိမ်မှုနှင့် ဒေါသတို့ အချိုးကျပါဝင်နေလေသည်။ သူတို့၏ တောင်တက်နှုန်းသည် လျင်မြန်သည်ဆိုသော်လည်း ဦးစွာပထမတက်ထားနှင့်သူများကိုမူ မမှီသေးပေ။ ဤနှုန်းအတိုင်းသာ ဆက်သွားပါက ဝူတန်ဂိုဏ်းက အရင်ရောက်ကာ လက်ဦးမှုရသွားပေလိမ့်မည် ဖြစ်သည်။
ချွန်းမြောင်က ဦးစွာတက်သွားပြီ ဖြစ်သည်မို့ ချွန်းမြောင်နှင့် ဝူတန်ဂိုဏ်းသားများ တွေ့ကြမည်မှာလည်း အသေအချာပင်ဖြစ်ပြီး ရှိသမျှသော ဝူတန်ကောင်တို့ကိုမူ ချွန်းမြောင် တစ်ယောက်တည်းမကိုင်တွယ်နိုင်သည်က သေချာလှပေ၏။ ချွန်းမြောင်မှမဟုတ် ချွန်းမြောင်၏ အဖိုးအဖေများ ဆင်းကူလျှင်ပင် နိုင်မည် မထင်ပေ။
“မင်းတို့ မင်းတို့ဆရာတူညီလေး သေသွားတာ မမြင်ချင်ဘူးဆိုရင် မင်းတို့မှာရှိသမျှ အားကုန်သုံးပြီး တက်ကြ…လာကြ..သွားကြမယ်…”
ဘတ်ချုန်းက ပြောပြောဆိုဆိုပင် ယခင်ကထက်မြန်သောအရှိန်နှင့် တက်သွားလေပြီး ယုရီဆိုးကလည်း နောက်မှ ထပ်ကြပ်မကွာ လိုက်သွားလေသည်။
“ချီးလို့ပဲ”
အတူတူ လေ့ကျင့်ကြရသည်မှန်သော်လည်း ဒုတိယတန်းတပည့်များနှင့် တတိယတန်းတပည့်များကြားထဲတွင် သမာနှင့်ဝါအရ အင်အားကွာခြားမှုက ရှိလေသေးသည်။ ဘတ်ချုန်းနှင့် ယုရီဆိုးက အရှိန်ကို အသာအယာပင် တင်သွားနိုင်သော်လည်း သူတို့ကမူ ယခုထက်မြန်ရန်ဆိုသည်က မလွယ်ကူတော့ပေ။
“ဂု….အားတင်းထားစမ်း…ငါတို့ ဒီထက်မြန်မြန် သွားမှဖြစ်မယ်”
“ကျွန်တော်…ကျွန်တော် သေတော့မယ် ထင်တယ်”
“ညည်းညူမနေစမ်းနဲ့”
ယွန်းဂျွန်သည်လည်း အံကိုကြိတ်ကာ အားတင်းလိုက်လေသည်။ သူတို့ အမြန်မရောက်လျှင် သူတို့၏ဆရာတူညီလေး ချွန်းမြောင် က ဒုက္ခသေချာပေါက် ရောက်မည်ပင်။ ထိုသို့ဖြစ်ပါက သူတို့နှောင့်နှေးမှုကြောင့် ဖြစ်ရသည်ဟူသော နောင်တမျိုးလည်း မရချင်ပေ။ သူတို့ အားလျော့၍ မဖြစ်ပေ။ တင်းထားကာမှ တော်ကာကြပေလိမ့်မည်။
“ငါ ဘယ်လိုများ…ဟမ်”
ယွန်းဂျွန် အားယူရင်းမှပင် ထူးဆန်းသည့်အရာတစ်ခုကို သတိထားမိသွားလေသည်။ တောင်တက်နေကြသော ဝူတန်ဂိုဏ်းသားများသည် သူတို့ရှိရာဘက်များသို့ ဖြေညှင်းစွာ ချဉ်းကပ်လာနေကြလေသည်။
“သူတို့ ဘာလုပ်နေကြတာလဲ…ဘာလုပ်ချင်ကြတာလဲ”
“သူတို့ ငါတို့ကို တားဖို့ လာနေတယ်လို့ မင်းထင်လား”
“ထူးတော့ ထူးဆန်းနေတယ်…ဟုတ်တယ်မို့လား”
အခြေအနေက အမှန်ပင် ထူးဆန်းနေလေသည်။
“တောင်ထိပ်ပေါ်တက်ပြီး တိုက်ခိုက်ရတဲ့ လေ့ကျင့်ခန်းက ကြည့်ရတာ အလကားမဖြစ်တော့ဘူး ထင်တယ်..အခုတော့ အသုံးဝင်တော့မယ့် ပုံပဲ”
ယွန်းဂျွန်နှင့် ဂျိုဂုတို့က ဓါးကိုကိုယ်စီ ဆွဲထုတ်လိုက်ကြလေသည်။
သူတို့သည် ဤဝူတန်တပည့်များကို မြေပြန့်နေရာတွင် တိုက်ခိုက်ရဲလေသလားဟု မေးလာလျှင် ဟင့်အင်း ဟုပင် ဖြေပေလိမ့်မည်။ လက်ရှိ သူတို့တွေ့ကြုံနေရသော ဝူတန်ဂိုဏ်းမှ တပည့်များသည် တတိယတန်းတပည့်လည်း မပါသကဲ့သို့ ဒုတိယတန်းတပည့်များကြီးပဲလည်း မဟုတ်ပေ။ ပထမတန်းတပည့်များကလည်း ရောနေလေသေးသည်။ သို့ဖြစ်၍ ယှည်တိုက်ရန် ဆိုသည်က မဖြစ်နိုင်ပေ။ သို့သော် ယခုကမူ တောင်ခါးပန်းကြီးတွင် ဖြစ်လေသည်။ ဝူတန်ဂိုဏ်းမှ လူများက စမ်းတဝါးဝါးတိုက်ရမည်ဖြစ်သော်လည်း သူတို့ကမူ ဤသို့သော နေရာများတွင် တိုက်ပွဲအတွေ့အကြုံက ရှိလေသည်မို့ သွေးမကြောင်ပေ။ ယှဉ်ကာ တိုက်ရဲလေသည်။
“မင်းတို့ကတော့ ကိုယ့်သေတွင်းကိုယ်တူးနေကြတာပဲ”
ယွန်းဂျွန်က သူတို့ဆီသို့ တွားသွားကာ တိုးကပ်လာနေသော လူများဆီသို့ တရွေ့ရွေ့ကပ်သွားသည်ကို ကြည့်ရင်း ဂျိုဂု တကိုယ်တည်း ရေရွတ်မိနေလေသည်။
“တကယ်ကို စိတ်ရှုပ်ဖို့ ကောင်းတာပဲ…ဟူး”
“အကွက်လေးတွေကတော့ လှတယ်နော်”
ဟို ခေါင်းဆောင်က သူ့ထံသို့ လွှင့်ပျံလာသော လက်နက်များကို ကြည့်ကာ ပြောလိုက်လေသည်။
ဤသည်က ရင်ဆိုင်ရန်မလွယ်ကူပေ။ ဤဓါးသင်္ချိုင်းရှိ လက်နက်များကို လူအများလိုချင်တပ်မက်ရသည့်အကြောင်းအရင်းက လက်နက်အားလုံးသည် နတ်ဘုရားတို့၏လက်နက်ကဲ့သို့ပင် စွမ်းအားနှင့်ပြည့်ဝပြီး မဖျက်ဆီးနိုင်သောကြောင့်ပင်။ ယခုတွင်မူ သူ့ထံသို့ လွှင့်ပျံလာသော လက်နက်များကို သူမည်သို့ပင် ရှောင်ရှားကာကွယ် ရမည်မသိတော့ပေ။
“ဟမ်”
မြင်လိုက်ရသော မြင်ကွင်းကြောင့် ဟို ခေါင်းဆောင်၏ မျက်လုံးများ ပြူးကျယ်သွားလေသည်။
နတ်ဘုရားလက်နက်တွေက….
ပျက်စီးသွားတာလား…
သူထုတ်လွှတ်လိုက်သည်က အင်အားအပြည့်ပါသော ဓါးချီများပင် မဟုတ်။ ကြောက်အားလန့်အား ထုတ်လွှတ်မိသော ချီစွမ်းအင် တချို့ကြောင့်ပင် နတ်ဘုရားလက်နက်ဟု ကျော်ကြားသည့် ဤလက်နက်များက ပျက်စီးသွားလေသတဲ့လား…။
“ဒါက ဘယ်လိုမျိုးလဲ”
သူ၏ တုန်တုန်လှုပ်လှုပ် ဓါးချက်များကပင် ထိုလက်နက်များကို ဖျက်စီးလိုက်နိုင်သတဲ့လား…
ဟို ခေါင်းဆောင် အံဩသွားကာ ဗျာပါဒများ တိုးပွားလာသည်ကတော့ အမှန်ပင်။
မည်သို့သောအကြောင်းပြချက်ကြောင့် ဤသို့ဖြစ်ရမည်ကို သိရမှဖြစ်တော့မည်ပင်။
ချွန်းမြောင်ကမူ လွှင့်စင်လာသော ဓါးများကို ခုတ်ပိုင်းလိုက်ပြီး ကြောင်ငေးနေသည့် ဟို ခေါင်းဆောင်အား အခွင့်အရေးယူကာ သူ၏ဘက်မှ တရစပ်ဝင်ကာ တိုက်ခိုက်လေတော့သည်။
“ကျား”
ချွမ်း..
ဟို ခေါင်းဆောင်က ဓါးကိုမြောက်ကာ ချွန်းမြောင်၏ဓါးချက်ကို ကာလိုက်သော်လည်း အလစ်ဝင်တိုက်ခံရသည်မို့ ဟန်ချက်ကတော့ ပျက်သွားလေသည်။ တောင်စွန်းပေါ်မှ အောက်သို့ ကျလုနီးပါးပင် ဖြစ်သွားလေပြီး ဟို ခေါင်းဆောင်ကမူ အံကိုကြိတ်လိုက်လေတော့သည်။
“မင်းက အဆုံးထိကို ဉာဏ်နီဉာဏ်နက်တွေ သုံးနေတာပါပဲလား”
ဟို ခေါင်းဆောင်က ကျလုနီးနီးဖြစ်နေသောကိုယ်ကို ဓါးတွင်အားပြုကာ အလင်းလိုပေါ့ပါးသောအရှိန်နှင့် တောင်စွန်းပေါ်သို့ ပြန်ထိန်းပြီး တက်လာလေသည်။
ထိုသို့ပြန်တက်လာသည်ကိုကြည့်ကာ ချွန်းမြောင်က စုပ်တချက်သပ်ပြီး မျက်ခုံးပင့်လိုက်လေသည်။
ကြည့်ရတာ အင်အားကတော့ သာမန်မဟုတ်ဘူးပဲ…
ထိုသို့ပြုတ်ကျလုနီးမှ ဟန်ချက်ကိုပြန်ထိန်းကာ တောင်စွန်းသို့ ပြန်ရောက်လာနိုင်သူမျိုး ချွန်းမြောင်တစ်ကြိမ်မှပင် မတွေ့ဖူးပေ။ ဟို ခေါင်းဆောင်သည် ချွန်းမြောင်နှင့်စကားပြောကာ တောင်ထိပ်တွင် ရပ်နေရင်းမှပင် မြေပြင်ပေါ်တွင် ပြန့်ကျဲကာ တစစီဖြစ်နေသောလက်နက်များကို ကြည့်လိုက်ပြန်လေသည်။
“ဒါတွေက…”
“ဟုတ်တယ်..အဲ့ဒီ လက်နက်တွေပဲ”
“…”
လက်နက်များကို သေချာကြည့်လေမှ လက်နက်များအားလုံးက နီရဲကာ သံချေးအထပ်ထပ်ပင် တက်နေကြပြီဖြစ်လေသည်။ နတ်ဘုရားလက်နက်များသာ ဆိုပါက နှစ်ထောင်ချီလျှင်ပင် သံချေးတက်မည် မဟုတ်ပေ။ သို့သော် ယခုလက်နက်များကမူ နှစ်နှစ်ရာနှင့်ပင် ဂူ၏ စိုထိုင်းဆတို့ကြောင့် သံချေးအထပ်ထပ်နှင့် ဖြစ်နေကြလေပြီ။ လက်နက်ပေါင်းများစွာထဲတွင် ဓါးတစ်ချောင်းနှစ်ချောင်းသာ အကောင်းတိုင်းရှိလေ၏။ ကြည့်ရသည်က နတ်ဘုရားလက်နက်များဆိုသည်က ထိုတစ်ချောင်းနှစ်ချောင်းသော ဓါးများသာ ဖြစ်ပေလိမ့်မည် ထင်၏။
တော်သေးတာပေါ့…တစ်ချောင်းဆိုလည်း အလကားမဖြစ်တော့ဘူးပေါ့…
ဟို ခေါင်းဆောင်ကမူ ယာ့ဆွန်း၏ဓါးသင်္ချိုင်းဆိုသော စကားလုံးကြီးကို ပြန်တွေးရင်း ရယ်ချင်နေတော့သည်။ အလွန်ပင် ပြောင်မြောက်လှသော လှည့်စားမှုပင်။
လက်နက်ကြောင့် ဤဂူထဲသို့ ဝင်ရောက်လာကြသူများကမူ သေချာပေါက်ပင် လက်နက်လုပွဲကြီးဖြစ်ကာ သွေးချောင်းစီးကြဦးမည်က အမှန်ပင်။ ရယ်စရာလည်း ကောင်းသကဲ့သို့ ရယ်စရာလည်း မကောင်းပေ။ ယာ့ဆွန်းက အမှန်ပင် ရက်စက်လွန်းလှလေ၏။
ခြေရာဖျောက်ဖမ်းဆုပ်ခြင်း ဓါးတစ်ချောင်းထဲပင် ရှိသည်ကို နတ်ဘုရားလက်နက်များစွာရှိသည်ဟု သတင်းဖြန့်ကာ လူများကို ဆွဲဆောင်ခဲ့လေသည်။ သို့သော် ဓါးအစစ်ကမူ တစ်ချောင်းတည်းပင်။
ကောင်းလေစွ…..
“သူကတော့ ဒီဂူထဲရောက်လာသမျှ လူတိုင်းကို လောဘသားကောင်တွေဆိုပြီး လှောင်နေလောက်လား…တွေးကြည့်လိုက်တော့ ယာ့ဆွန်းကလည်း လူကောင်းတစ်ယောက် မဟုတ်ဘူးပဲ”
ဟို ခေါင်းဆောင်က စကားပြောနေရင်းမှပင် သစ်သားသေတ္တာအား လှမ်းကြည့်လိုက်လေသည်။
လက်နက်များ အတုဖြစ်နေစေကာမူ သူဂရုမစိုက်ပေ။ သူ၏မူလ ရည်ရွယ်ချက်ကလည်း လက်နက်များကို ရှာဖွေရန် မဟုတ်ပေ။ ဤဆေးလုံးနှင့် ဆေးဖော်စပ်နည်းပင်။
ကြည့်ရသည်က ချွန်းမြောင်သည်လည်း သူနှင့်အလားတူရည်ရွယ်ချက် ရှိပုံပေါ်လေသည်။
ချွန်းမြောင်၏အာရုံက ဓါးများပေါ်တွင် လုံးလုံးအာရုံရှိမနေပေ။
“ကြည့်ရတာ မင်းလည်း ငါနဲ့ရည်ရွယ်ချက်က အတူတူပဲထင်တယ်”
“မင်းသာ လက်နက်တွေအတွက် လာသာဆိုရင် ခြေရာဖျောက် ဖမ်းဆုပ်ခြင်းဓါးကို ငါက ပျော်ပျော်ကြီး ပေးလိုက်မှာကို…”
“ခင်ဗျားကလည်း ဟာသတွေ တအားပြောတာပဲ”
“မင်း လောဘကြီးလွန်းနေတယ်လို့ မင်းမထင်ဘူးလား”
ဒါပေါ့…
သေချာပေါက် လောဘကြီးတာပေါ့..
ချွန်းမြောင် ဓါးကိုတင်းတင်းဆုပ်ထားလိုက်လေသည်.။ သူ ယခုထက် အချိန်ဆွဲ၍ မဖြစ်တော့သည်ကို သေချာသိလေသည်။ တခြားဝူတန်ဂိုဏ်းသားများပါ ရောက်လာလျှင် သူ ဟို ခေါင်းဆောင်ကို တိုက်နိုင်တော့မည် မဟုတ်ပေ။
“ကဲ…စလိုက်ကြရအောင်”
“မင်းက တော်တော်လည်း အလျင်လိုနေပါလား”
“ခင်ဗျားကိုက စကားတအားများလွန်းနေတာပါ”
ချွန်းမြောင်က ဓါးကိုလေထဲတွင် ဝေ့ကာဝိုက်ကာ ပုံဖော်လိုက်လေသည်။
“ဟင်”
ချွန်းမြောင်၏ ဓါးရေးကစားပုံက သာမန်မဟုတ်သည်ကို ဟို ခေါင်းဆောင် သတိထားမိလေသည်။အနီရောင်ပန်းပွင့်များက ချွန်းမြောင်၏ဓါးထိပ်မှ တစ်ပွင့်ပြီးတစ်ပွင့် ထွက်ကာလာနေလေသည်။ ထိုမြင်ကွင်းကြောင့် ဟို ခေါင်းဆောင် အံဩတုန်လှုပ်သွားလေ၏။
‘ဇီးပန်းပွင့် ဓါးသိုင်းလား…မင်း တကယ်ကြီး ဇီးပန်းပွင့်ဓါးသိုင်းကို သုံးလိုက်တာလား”
ဝူတန်ဂိုဏ်းမှ လူများသိထားသည်က ဟွာဆန်းသည် သူတို့၏အဓိကသိုင်းပညာဖြစ်သော ဇီးပန်းပွင့်ဓါးသိုင်းကို ပျောက်ဆုံးသွားပြီဟူ၍ ဖြစ်လေသည်။ သို့သော် ယခုတွင်မူ ဤကလေး၏ဓါးမှ ဇီးပန်းပွင့်များက တဖွားဖွားထွက်လာနေလေသည်။ သို့သော် သူတို့မသိသည်က ယခုချွန်းမြောင်သုံးနေသော သိုင်းပညာသည် ဇီးပန်းပွင့်ဓါးသိုင်း မဟုတ်လေဘဲ သူတော်စင်ခုနှစ်ပါး ဓါးသိုင်းဆိုသည်ကိုပင်။ သိအောင်လည်း ပြောမည် မဟုတ်ပေ။
ပန်းပွင့်နှင့် သက်ဆိုင်သောအရာများ လားလားမှ မရှိသည်ကိုပင် ဇီးပန်းပွင့်များက တဖွားဖွားပင်။ ဇီးပန်းပွင့်များ အားလုံးက တညီတညွတ်ထဲပင် ဟို ခေါင်းဆောင်ထံသို့ လာနေကြလေသည်။
ဇီးပန်းပွင့်များကို အံဩနေသည် မှန်သော်လည်း သတိကမူ လွတ်မနေပေ။ ဤသည်က ဟွာဆန်း၏ အမြင့်ဆုံးသိုင်းပညာမှန်းသိလိုက်သည်မို့ ဟို ခေါင်းဆောင် သိုင်းကွက်ဖော်လိုက်လေသည်။
ဝူတန်၏ဓါးသိုင်းများထဲမှ အတည်ငြိမ်ဆုံးဟု ဆိုနိုင်သောဓါးသိုင်းတစ်ခုပင်။
ဟို ခေါင်းဆောင်က သူ၏ဓါးနှင့် ကြီးမားသောစက်ဝိုင်းကြီးတစ်ခုကို ဖန်တီးလိုက်လေသည်။ ထိုစက်ဝိုင်းသည် ကမ္ဘာမြေကြီးကို ကိုယ်စားပြုသည့်အရာတစ်ခုပင်။
ကနဦးလောကအစသည် ကမ္ဘာမြေကြီးသာလျှင်ရှိပြီး ယင် နှင့် ယန် ဟူ၍ ကွဲပြားသွားကာ အရာအားလုံးကို ဖန်တီး ဖြစ်ပေါ်စေခဲ့ခြင်း ဖြစ်လေသည်။
“ဟား”
ဟို ခေါင်းဆောင် ဖန်တီးထားသော စက်ဝိုင်းက နှစ်ခုကွဲသွားပြီး တစ်ဖက်က အနက် ၊တစ်ဖက်က အဖြူရောင်ပင်။ ကြီးမားသော ယင်ယန်စက်ဝန်းကြီးက ပေါ်လာလေ၏။
ထိုက်ကျိ ပညာရှိ ဓါးသိုင်းပင်။
ဝူတန်ဂိုဏ်း၏ အမြင့်ဆုံးသိုင်းပညာဖြစ်ပြီး အားလုံး၏အခြေခံအုတ်မြစ်ဟူလည်း ဆို၍ရနိုင်လေသည်။ ဟို ခေါင်းဆောင်သည် ထိုက်ကျိ ဓါးသိုင်းကို အပြည့်အဝပင် ပြသထားနိုင်လေ၏။ မုဂျင်သည်လည်း ထိုသိုင်းပညာကို သုံးခဲ့သေးသည်ဖြစ်သော်လည်း မုဂျင်ကမူ အင်အားမပြည့်ဝသကဲ့သို့ သိုင်းပညာ၏နှစ်သာရကိုလည်း အပြည့်အဝ ပုံဖော်နိုင်ခြင်း မရှိခဲ့ပေ။ ဟို ခေါင်းဆောင်ကမူ ထိုသို့ မဟုတ်ပေ။ အပြည့်အဝပင် ပုံဖော်ထားပြီး ဝူတန်၏ အင်အားအစစ်အမှန်ကို ပြသလျက်ရှိပေသည်။
ချွန်းမြောင်၏ ရဲရဲနီနေသော ပန်းပွင့်များက စက်ဝိုင်းကြီးအား အကြိမ်ကြိမ် ရိုက်ခတ်နေကြလေသည်။
နူးညံ့ခြင်းနှင့် သန်မာခြင်း…
ဆန့်ကျင့်ဘက်နှစ်ခုတို့က အချင်းချင်း ထိတွေ့ကာ ပျက်စီးမှုကို ဖော်ဆောင်နေကြလေသည်.
“ဒီအသက်အရွယ်လေးနဲ့ ဇီးပန်းပွင့်တွေကို ဖန်တီးနိုင်တယ်”
သက်ညှာမှုဆိုသည်တို့က ဟို ခေါင်းဆောင်ထံတွင် မရှိတော့ပေ။, သတ်ဖြတ်လိုခြင်းတို့သာ ကျန်လေတော့သည်။
“အံ့အားသင့်ဖို့ဆိုရင် စောလွန်းပါသေးတယ်”
ချွန်းမြောင်၏ ဓါးကနောက်တစ်ကြိမ် ဝေ့ဝဲသွားပြန်လေသည်။
ညီတူသော ကန့်သတ်ချက်များ…
ဟွာဆန်း၏ ဓါးသိုင်းသည် နူးညံ့ပျော့ပြောင်းကာ လျင်မြန်သည်။
အလားတူပင် ဝူတန်သည်လည်း နူးညံ့ကာ လျင်မြန်သည်။ သဘောတရားတူညီကာ ကန့်သတ်ချက်တို့ တူညီသည်။
အလှည့်အပြောင်းများကာ လျင်မြန်သော ဓါးချက်များက နူးညံ့သိမ့်မွေ့သော ဓါးသိုင်း၏ အမြဲလိုလို ဖြစ်နေကြဖြစ်သော အားနည်းချက်ပင်။
သို့သော်….
မီးအနည်းငယ်ကမူ ရေနှင့်ငြိမ်းသတ်နိုင်သည်ဖြစ်ပြီး မီးများလျှင်မူ ရေကို ဆူပွက်ကာ ရေငွေ့အဖြစ် ပြောင်းလဲစေနိုင်လေသည်။ သူလိုသည်က မှန်ကန်သော တိုက်ခိုက်မှုပင်…
လာလေရော….
ချွန်းမြောင်က ဒန်တျန်များအတွင်းမှ ချီစွမ်းအင်များကို ထုတ်ကာ ချီများကို တဖန်ပြန်လည် စုစည်းလိုက်လေသည်။ ပန်းများက တဖန်ပြန်၍ ပွင့်လာကြပြီး ပန်းတောကြီး ဖြစ်လာလေတော့သည်။
ယခုအခါတွင်တော့ သူတော်စင်ဓါးသိုင်း မဟုတ်တော့ပေ။ နှစ်ဆယ့်လေးချက် ဇီးပန်းပွင့် ဓါးသိုင်းပင် ဖြစ်လေသည်။
တောင်ဘက်အစွန်အဖျားဂိုဏ်းက ခိုးယူသွား၍ ပျောက်ကွယ်သွားရသော ဓါးသိုင်းပင်။ ပန်းပွင့်များက များပြားလွန်းလှ၍ လေထုထဲတွင်မူ ဇီးပန်းပွင့်နံ့များကို ရနေလေသည်။
ဇီးပန်းပွင့်များက ဟိုမှသည် တဖန်ပြန်လည်ကာ ပွင့်လာလေ၏။
ဟို ခေါင်းဆောင် နောက်တဖန် ငေးမောသွားရပြန်သည်.။သို့သော် သိုင်းပညာ၏အနှစ်သာရကို ဆင်ခြင်ရန်တော့ မမေ့ပေ။ ပညာရှိဓါးသိုင်းသည် ယင်ယန်ဖြစ်သကဲ့သို့ တရားသဘောကိုလည်း ညွှန်ပြထားလေသည်။ အရာအားလုံး၏ ကနဦးပထမ။ နတ္တိ မရှိခြင်းနှင့် ။ အစွန်းနှစ်ဖက်ကို ချန်လှပ်ကာ အလယ်အလတ်လမ်းစဉ်ကို လိုက်ခြင်း။ မဇ္ဇျိမ ပဋိပဋာ လမ်းစဉ်နှင့် သဘာဝအတိုင်း ဖြစ်လေပြီး သဘာဝကပင် မမြဲခြင်းဟူသော သဘောကို ပြသခြင်းတို့ကို နားလည်ခြင်းပင်။ ဟွာဆန်းသည် ပန်းတို့ကို ကြည့်ကာ သဘာဝကို ဖော်ကျူးသကဲ့သို့ သူတို့၏ ယင်ယန်စက်ဝန်းနှင့် ပညာရှိဓါးသိုင်းကလည်း အလားတူပင်။ သို့ဖြစ်၍ ချွန်းမြောင်၏ ဓါးသိုင်းတွင် အလုံးစုံနစ်မြောသွားခြင်းမျိုး မဖြစ်ပေ။
“ဟား…”
“ကျား”
ညာသံပေးကာ အော်ဟစ်လိုက်သံက နှစ်သံထွက်လာလေပြီး ပန်းပွင့်စမ်းချောင်းကြီးနှင့် ဧရာမစက်ဝန်းကြီးတို့ တိုက်မိသွားကြလေသည်။ နှစ်ဦးသားလုံး နောက်ပြန်ကန်ထွက်သွားကြလေ၏။
‘အဟွတ်”
ဟို ခေါင်းဆောင် ပြန်ကန်လာသည့်အရှိန်ကြောင့် နောက်သို့ ရွေ့သွားပြီး သူ၏ရင်ဘက်ကို အသာထိန်းလိုက်လေသည်။
သူက ငါဖန်တီးထားတဲ့စက်ဝန်းကြီးကို ဖျက်လိုက်တာလား…
ရင်ဘက်တွင် သွေးစို့နေသောကြောင့် ဒဏ်ရာရနေသည်ကို သိလိုက်ပြီး ဒဏ်ရာကလည်း တစ်ခုတည်းမကပေ။ ပန်းပွင့်များနှင့် ထိခတ်လိုက်သည့်နေရာတိုင်းတွင် ဒဏ်ရာပိစိလေးများ ရှိနေသလိုပင်။
သူကရော…
ချွန်းမြောင်ကမူ မြေပြင်ပေါ်တွင် လဲနေလေ၏။
ကြိုးစားကာ ထရန်ပြင်နေသော်လည်း မလှုပ်နိုင်သေးသည့်ပုံပင်။
သူလည်း ထိခိုက်သွားတယ်လား…
ဟို ခေါင်းဆောင်၏ ရင်ထဲတွင် အမှန်ပင် လေးစားစိတ်တို့က ရုတ်တရက်ပေါ်လာလေသည်. ။သူ၏သိုင်းပညာကို အသက်မသေဘဲ ခုခံနိုင်သည့် ဤကလေးအား မလေးစားဘဲ မနေနိုင်တော့ပေ။သို့သော်လည်း လက်ရှိပြဿနာကမူ မပြီးသေး၍ ကြာကြာလေးစားမနေနိင်ပေ၊။
“မင်းကလည်း အတော်လေးကို အကွက်တွေတော့ များတာပဲ”
ချွန်းမြောင်က ကြမ်းပြင်ပေါ််တွင် လဲနေရာမှ အားယူကာ ထလာလေပြီး ပါးစပ်ထဲမှ သွေးများကို ထွေးထုတ်လိုက်လေသည်။
“ကြည့်ရတာတော့ ဒီတစ်ကြိမ်ပြီးရင်တော့ အရှုံးအနိုင်ပေါ်ပြီထင်တာပဲ”
“ငါလည်း အဲ့လိုဖြစ်ဖို့ပဲ မျှော်လင့်ပါတယ်”
နှစ်ဦးသားက တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ နောက်တစ်ကြိမ် မျက်နှာချင်းဆိုင်လိုက်ကြပြန်သည်။
“ဆရာတူအကိုကြီး”
နှစ်ဦးသား ခေါင်းချင်းဆိုင်နေရာမှ လှည့်ကာကြည့်လိုက်လေတော့ ဟို ဂွန်ကို တွေ့ရလေသည်။
ထို အချိန်မှာပင် ဟို ခေါင်းဆောင်၏စိတ်ထဲတွင် အကြံတစ်ခုရကာလာ ကြုံးကာအော်လေတော့သည်။
“ဆရာတူညီလေး…သစ်သားသေတ္တာ…သစ်သားသေတ္တာကိုယူ….”
ဟို ခေါင်းဆောင်၏စကားကြောင့် ဟိုဂွန် ပတ်ကာကြည့်လေတော့ ကျောက်တုံးများပေါ်တွင် မားမားစွံ့စွံ့ကြီး ရှိနေသော သစ်သားသေတ္တာကို တွေ့လိုက်သည်မို့ တရှိန်ထိုးပြေးလေတော့သည်။
“မဖြစ်ရဘူး…”
ချွန်းမြောင်က တားရန်ပြင်သော်လည်း ဟို ခေါင်းဆောင်က ချွန်းမြောင်၏ လမ်းကို ကာထားလေသည်။
“အဆုံးသတ်ပြီ..ချီးထုတ်လေး..”
“မဟုတ်ဘူး.,,…အဲ့လို မဖြစ်ရဘူးလေ”
ချွန်းမြောင်၏ မျက်လုံးများက သေတ္တာဆီသို့ ရောက်သွားသော ဟိုဂွန် ထံမှ မခွာနိုင်ပေ။
“အား…”
ငါတို့တော့ အဆုံးသတ်သွားပြီ..
ဒီခွေးသားတွေကတော့….
အပိုင်း (၁၆၂)
မလုပ်နဲ့.. မင်းလုပ်လိုက်တယ်လို့ တွေးမိတာနဲ့တောင်အတော်လေး များနေပြီ(၂)
ဟိုဂွန် သစ်သားသေတ္တာအား ကိုင်ကာထားရင်းပင် တုန်တုန်လှုပ်လှုပ်ဖြစ်နေရှာသည်။
ဒီ…ဒီသေတ္တာ …ငါကိုင်ထားတဲ့ ဒီသေတ္တာက ….
သူသည် ဝူတန်၏အကြီးအကဲတစ်ယောက်ပင်။ တုံးနုံကာ ထုံအလွန်းနေသူ မဟုတ်ပေ။ ဝူတန်ဂိုဏ်း၏ အကြီးအကဲဖြစ်သည့်အလျောက် ဤနေရာသို့ အဓိကလာရသည့် ရည်ရွယ်ချက်ကိုလည်း သိလေပြီး ဤသေတ္တာနှင့် ပတ်သက်ကာဖြစ်နေကြသည့် ဟို ခေါင်းဆောင်နှင့် ချွန်းမြောင်တို့၏ အရိပ်အကဲကိုကြည့်ကာ ဤသေတ္တာထဲတွင် ပါဝင်သည့်အရာကို သိရှိလိုက်ပြီ ဖြစ်လေသည်။ ထို့ကြောင့်ပင် နှလုံးခုန် ရင်တုန်ဖြစ်နေခြင်းပင်။
ဟို ခေါင်းဆောင်က ဟိုဂွန်အား ကာကွယ်ထားသည့် အနေအထားနှင့် ရပ်နေပြီး လှမ်းကာခေါ်လိုက်လေသည်။
“ဒီနားကို လာခဲ့”
“ဟုတ်ကဲ့”
ဟိုဂွန်က သေတ္တာကို ယူကာ အနားသို့ကပ်လာသည်နှင့် ဟို ခေါင်းဆောင်က သေတ္တာကို အလျင်စလိုပင် ဆွဲယူလိုက်လေသည်။ ဟိုဂွန်ကလည်း ချွန်းမြောင် ရုတ်တရက်လုမည်ကိုစိုးရိမ်၍ ဓါးကိုထုတ်ကာ ကာထားလေ၏။ ချွန်းမြောင်လုလျှင်ပင် လု၍ မရစေရန် ဖြစ်လေသည်။
ထူးထူးဆန်းဆန်းပင် ချွန်းမြောင်ကလည်း သူတို့အား စိတ်ကုန်သည့်မျက်နှာထားနှင့်သာ ကြည့်နေလေပြီး မလုပေ။ ဘေးမှာသာ ရပ်နေလေ၏။
ဟို ခေါင်းဆောင်ကမူ သေတ္တာအား တယုတယပွတ်နေလေသည်။
ဒီလိုပြဿနာတွေကို ကျော်လွှားပြီးတဲ့အချိန်မှာတော့….
ဤဂူထဲသို့ ဝင်စကပင် မျိုးစုံသော ဒုက္ခတို့အား ကျော်လွှားခဲ့ပြီးသည့်နောက်တွင်မူ သူတို့သည် အောင်မြင်မှု၏ရလဒ်အနေနှင့် ဤသေတ္တာအား လက်ဝယ်ပိုင်ဆိုင်ခွင့်ရခဲ့ပြီဖြစ်လေသည်။ စွန့်လွတ်ပေးဆပ်ရခဲ့သမျှက တန်သွားပြီဟု ဆိုရပေမည်။
ငါ တချက်တော့ ကြည့်လိုက်ပါဦးမယ်…
ဟို ခေါင်းဆောင်က သေတ္တာ၏ပတ္တာကို ဆွဲခွာလိုက်လေသည်။ သေတ္တာအား မဖွင့်ခင်မူ စိတ်ကိုပြင်ဆင်လိုက်လေသေး၏။ ထိုသေတ္တာထဲတွင် စိတ်ဝိဉာဉ်ဖြတ်လတ်ခြင်း ဆေးလုံးများကို တွေ့ပါက ဣန္ဒြေမရဖြစ်မည် စိုးရိမ်သောကြောင့်ပင်။ သူ စိတ်ကိုအရင်ပြင်ဆင်ထားလိုက်လေသည်။
ဟို ခေါင်းဆောင်က တံတွေးမြိုချကာ သေတ္တာကို ဖွင့်လိုက်လေသည်။
ရုတ်တရက်ဆိုသလိုပင် သူ၏မျက်လုံးများက ပြုးကျယ်သွားလေသည်။
“ဒါက…”
အသားများပင် တဆတ်ဆတ်တုန်နေရှာ၏။ ဟို ခေါင်းဆောင် အပျော်လွန်နေသည့်ပုံပင်။ ဟို ခေါင်းဆောင်ကို ကြည့်ကာ ဟိုဂွန်ကမူ မသင်္ကာဖြစ်လာမိလေသည်။
“ဆရာတူအကိုကြီး…အဆင်ပြေရဲ့လား”
ဟို ခေါင်းဆောင်က တဆတ်ဆတ်တုန်နေရာမှ ယူကြုံးမရ ဒေါသတကြီးဖြစ်လာသည့်ပုံသို့ ပြောင်းလာလေသည်။ နှစ်ပေါင်းများစွာ အတူနေလာသော ဟိုဂွန်ပင် သူ့အား နားမလည်နိုင်ဖြစ်လာတော့သည်မို့ လှမ်းကာမေးလိုက်လေသည်။
“ဘာတွေဖြစ်နေလို့…”
ဟို ခေါင်းဆောင်၏ တဆတ်ဆတ်တုန်ယင်နေသော လက်ထဲတွင်ကိုင်ထားသော သေတ္တာကို ဟို ခေါင်းဆောင်က အထက်အောက်လှန်ကာ မှောက်လိုက်လေသည်။
“ဘာလို့လဲ…..”
“ဘာကိစ္စ ဗလာကြီး ဖြစ်နေရတာလဲ…ဘာလို့ ဒီထဲမှာ ဘာမှရှိမနေရတာလဲ”
ဟို ခေါင်းဆောင်က ကြမ်းကြမ်းတမ်းတမ်းပင် သေတ္တာကို အထက်အောက် ဖင်ပြန်ခေါင်းပြန်လှန်ကြည့်နေပြီး တစ်ခုခုလွဲနေသလား ၊အမြင်မှားနေသလားဟူ၍ ထပ်ခါထပ်ခါ စစ်ဆေးနေလေသည်။မည်သို့ပင်စစ်ဆေးစေကာမူ သေတ္တာသည် လျှို့ဝှက်အံဆွဲ ပါဝင်ခြင်းမရှိဘဲ ပကတိဗလာပင်။
ဟို ခေါင်းဆောင် ဒေါသထွက်လွန်း၍ မျက်လုံးများက ရဲရဲနီနေလေပြီဖြစ်သည်။ နားထင်မှ သွေးကြောများကလည်း ပေါက်ပင်ထွက်တော့မည့်အလားပင်။
များစွာရင်းနှီးခဲ့ရသော်လည်း ဤသေတ္တာထဲမှ စာရွက်လေးတစ်ရွက်ပင် ထွက်မလာခဲ့ပေ။ ဤသည်က မည်သို့သော အဖြစ်ဆိုးနည်း…။သူ၏ဒေါသကို မည်သို့ရှင်းပြ ဖြေသိမ့်ရမည်ကို အမှန်ပင် မသိတော့ချေ။
“ဟား….”
ဘာလို့လဲ…
သူတို့ ရင်းနှီးခဲ့ရသမျှ အားလုံးက ဒီဗလာသေတ္တာတစ်လုံးအတွက်လား…
ပေးဆပ်ခဲ့ရတဲ့ ဝူတန်ဂိုဏ်းသားတွေရဲ့ အသက်က ဒီဗလာသေတ္တာတစ်လုံးအတွက်လား…
နတ်ဘုရားလက်နက်ဆိုတာကလည်း အကုန်လုံး သံချေးတက်နေတဲ့ သောက်စုတ်တွေ,….
ဒါဆို ဘာကိစ္စ ဒီသောက်ချေး ဓါးသင်္ချိုင်းကို ဖန်တီးခဲ့တာလဲ…
ဟို ခေါင်းဆောင် သူ၏ဗလောင်ဆူနေသော စိတ်ကို မည်သို့ထိန်းရမည်ပင် မသိတော့ပေ။
ချွန်းမြောင်က ယူကြုံးမရဖြစ်နေသော ဟို ခေါင်းဆောင်၏ရင်ဘက်ကို အသာပုတ်ကာ နှစ်သိမ့်လိုက်လေသည်။
“အိုး…ဘုရားဘုရား…ဒီလောက်အသက်အရွယ်ပဲ ရှိနေပြီကို…စိတ်လေးထိန်းပါဦး”
“…”
“ဒီဂူထဲကို စဝင်လာကတည်းက လှည့်စားခံနေရတာကို ဒီဟာကျမှ ဒီလောက်ကြီးကို ဒေါသထွက်နေတော့တာလား…မျက်လုံးတွေက အလှထားထားတာလား…အဲ့တာပဲလေ ..လောဘကို လျော့..မောဟကို လျော့…ဆိုပြီး ပြောကြတာ…အားလုံးကို သေချာတွေးကြည့်လိုက်ရင် ဒါက ဘာဆိုတာကို နားလည်လာမှာပါ”
လောဘ…ဟုတ်လား..
မောဟ..ဟုတ်လား..
ဟိုဂွန်က ချွန်းမြောင်ပြောနေသည်များကို နားမလည်သော်လည်း ဟို ခေါင်းဆောင်ကမူ ကောင်းကောင်းကြီးနားလည်လေသည်။ သူ့အား ဣန္ဒြေထိန်းရန် ချွန်းမြောင်က တရားချနေခြင်းပင်။
ချွန်းမြောင်၏စကားကြောင့် ဟို ခေါင်းဆောင် စိတ်ကိုထိန်းကာ အဖြစ်ပျက်များကို ပြန်လည်စဉ်းစားသုံးသပ်လိုက်လေသည်။ ချွန်းမြောင်စကားအရဆိုလျှင်မူ ဤသည်ကလည်း ယာ့ဆွန်း၏ စမ်းသပ်မှုများထဲမှ တစ်ခုဟု ဆိုလိုခြင်းပင်။
စမ်းသပ်မှုတဲ့လား…
ဘယ်သူက ဒီလိုမျိုး အသက်ကို အကြိမ်ကြိမ်ရင်းရတာမျိုး စမ်းသပ်ခိုင်းတာလဲ…
မျက်နှာကျက်တွေ ပြိုကျ၊ သွေးစုပ်လင်းနို့တွေနဲ့တွေ့၊ အဆိပ်အပ်တွေလည်းရှိ၊ ကန်ရှီတွေပါ ပါပြီးတာတောင် စမ်းသပ်မှုက မကုန်နိုင်သေးတာလား….
ဘယ်သူက ဒီလိုစမ်းသပ်မှုမျိုးတွေကို လိုနေလို့လဲ…
သောက်ကျိုးနည်း စမ်းသပ်မှုတွေကို ဘယ်သူက လိုအပ်နေလို့လဲ…
ချွန်းမြောင်သည်လည်း ပြောတာပြောလိုက်ရသော်လည်း အံကိုမူ ကြိတ်လိုက်လေသည်။ သူလက်ဝယ်မပိုင်ဆိုင်ရသော်လည်း ဤမျှထိကြီးကတော့ ယာ့ဆွန်းက ရက်စက်လွန်းလှသည်ဟု ထင်၏။
ဂူထဲသို့ ဝင်စကပင် ကြုံတွေ့ခဲ့ရသော အတွေ့အကြုံများအရဆိုလျှင် ဤသစ်သားသေတ္တာကပင် ထောင်ချောက်တစ်ခု ဖြစ်နေနိုင်လေသည်။
“ငါတို့ တစ်ခုခုရသွားရင် သူ့အတွက် ထိခိုက်နစ်နာသွားမှာမို့လား..ငါလူး…ယာ့ဆွန်း…ဒေါသထွက်လွန်းလို့ အစာအိမ်တောင် နာလာသလိုပဲ”
ချွန်းမြောင်ကမူ ကရားရေလွတ်သကဲ့သို့ တရစပ် ဆဲရေးနေကြသော ဝူတန်မှဂိုဏ်းခေါင်းဆောင် နှစ်ယောက်ကိုကြည့်ကာ ဘာမှမပြောပေ။ ထိန်းမနိုင်သကဲ့သို့ပင် လွတ်ထားလိုက်လေသည်။ နောက်မှ တက်လာကြသော နှစ်ဖက်သောဂိုဏ်းများမှ လူများကလည်း အသီးသီးရောက်ရှိလာကြပြီ ဖြစ်လေသည်။ တက်လာနေသည့်အချိန်ကမူ တစ်ဂိုဏ်းနှင့်တစ်ဂိုဏ်း အသေအကြေ တိုက်ခိုက်ကြရန် တွေးထားကြသော်လည်း တောင်ထိပ်ပေါ်မှ ချွန်းမြောင်တို့၏အခြေအနေကြောင့် ကြောင်အမ်းအမ်း ဖြစ်ကုန်ကြလေသည်။
“မင်းတို့ ဘာတွေပြောနေကြတာလဲ”
ထိုမေးခွန်းကြောင့် ချွန်းမြောင်က စိတ်မထိန်းနိုင်စွာပင် ထကာအော်လေတော့သည်။
“မင်းတို့မှာ ခေါင်းရှိတယ် မဟုတ်ဘူးလား..စဉ်းစားကြလေ…ခေါင်းက ဘာလုပ်ဖို့ထားတာလဲ..ဒီသေတ္တာထဲမှာ ဘာမှမရှိဘူးဆိုတာကို ကြည့်ရုံနဲ့ မသိဘူးလား..ပြောမှ ရမှာလား”
“သူ ပြောတာ ဟုတ်တယ်”
“ဒါဆို အခု ဘာဆက်လုပ်ကြတော့မှာလဲ”
ထိုအချိန်မှာပင် အဝေးမှ အသံသဲ့သဲ့တစ်ခုကို ကြားလာရလေသည်။
လူတိုင်းက အသံလာရာကို မျှော်ကာကြည့်လိုက်ကြလေ၏။
ကျောက်တုံးတွေရဲ့ အသံလား…
မူလက သစ်သားသေတ္တာကို တင်ထားသည့် ကျောက်တုံးစွန်းကြီးသည် သိသိသာသာ တုန်ခါယမ်းလာလေသည်။
“နေပါဦး…အခုက ငါထင်နေတဲ့ဟာတော့ မဟုတ်ပါဘူးနော်”
ဟို ခေါင်းဆောင်က ဒေါသတကြီးနှင့်ပင် လှုပ်ခတ်နေသော ကျောက်စွန်းကြီးကို ကြည့်လိုက်လေသည်။ ထို့အပြင် မည်သည့်အရာဖြစ်နေသည်ဟုလည်း ခေါင်းထဲတွင် အလျင်အမြန်ပင် ပေါ်လာလေသည်။
တုန်ခါနေမှုကြီးက ပိုကာအရှိန်များလာပြီး သိသိသာသာပင် ဖြစ်လာလေသည်။
“ဘာလား…”
“မဟုတ်သေးဘူးလေ..ရုတ်တရက်ကြီး ဘာထဖြစ်”
ဘတ်ချုန်းသည်လည်း တောင်စွန်းပေါ်သို့ ရောက်၍အပန်းဖြေကာစပင် ရှိသေးသည်ကို ကျောက်တောင်ကြီးတစ်ခုလုံးက တုန်လှုပ်လာသည်မို့ စိုးရိမ်ထိတ်ပြာသွားလေသည်။
“နေပါဦး…ဒါကလည်း ထောင်ချောက်တစ်မျိုးပဲလား”
“အား…”
ချွန်းမြောင် လက်နှင့်မျက်နှာကို သုတ်လိုက်လေသည်။
သောက်ချေးလိုပဲ….အခုက အဲ့လိုဖြစ်ရမယ့် အချိန်မဟုတ်သေးဘူးလေ…
စိတ်ဝိဉာဉ်ဖြတ်လတ်ခြင်း ဆေးလုံးမတွေ့လို့ ဘူနေတာကို အခုက ဘာထပ်ဖြစ်ရပြန်တာတုန်း….
သို့သော်လည်း ချွန်းမြောင် စိတ်ညစ်ညစ်နှင့် ကြာကြာမထိုင်နိုင်ပေ။ ဆေးလုံးက အရေးကြီးသည် မှန်သော်လည်း အသက်ရှင်ရေးက ပို၍ အရေးကြီးပေသည်။ ရှင်သန်ရန် ရုန်းကန်ရပေဦးမည်။
ချွန်းမြောင်က ပတ်ပတ်လည်ကို လှည့်ကာကြည့်လိုက်လေသည်။
ဟိုမှာပဲ..
အလင်းရနေတဲ့ နေရာ…
ဒါက …
အလင်းရနေရာ ထွက်ပေါက်ကပါ တုန်ခါကာ ကျောက်သားစများ ပြိုကျလာသည်ကို တွေ့လိုက်ရလေသည်။
“အား…”
“ဘာဖြစ်တာလဲ…ဘာဖြစ်တာလဲဟ”
“မဖြစ်နိုင်တာကြီးကိုကွာ”
အားလုံးက လက်ရှိဖြစ်နေသောအရာကြီးကို နားလည်သွားကြကာ စိတ်ပျက်လက်ပျက် ညည်းညူကြလေတော့သည်။ အမှန်ပင် ထောင်ချောက်ကြီး ဖြစ်နေလေသည်။
ချွန်းမြောင်သည်လည်း စိတ်ပျက်စွာပင် ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်လေသည်။ ဟွာဆန်းမှ လူများကမူ မသိလိုက်ခင်မှာပင် သူ့ဘေးသို့ ရောက်ရှိနေကြပြီဖြစ်လေသည်။ ချွန်းမြောင်ကမူ ဂူမိုးပေါ်မှ အလင်းကျနေသောနေရာကိုသာ ကြည့်နေလေသည်။
နောက်ဆုံးတွင်မူ ချွန်းမြောင်သည် ငေးကြည့်နေရာမှ စကားပြောလာလေတော့သည်။
“နည်းပြ”
“အင်း”
“ဒါကြီးက အကုန်ပြိုကျတော့မယ်လို့ ထင်လား”
“အင်း…ငါ့မျက်စိမှောက်နေတာ မဟုတ်ရင်တော့ အကုန်ပြိုကျလိမ့်မယ်လို့ ထင်တယ်”
“ဒါဆို ကျွန်တော်တို့ ဘာဖြစ်သွားကြမှာလဲ”
“သေသွားမယ်လို့တော့ ထင်တာပဲ”
“ဟုတ်လား”
ချွန်းမြောင်က ဘတ်ချုန်း၏အဖြေကြောင့် ယောင်ယောင်လေးပြုံးလိုက်လေသည်။ ထို့နောက်တွင်မူ စိတ်ဆိုးမာန်ဆိုးနှင့် ထကာအော်ဆဲလေတော့သည်။
“အား..ချီး..ငါလူးမသား…ယာ့ဆွန်း …သောက်ကျိုးနည်း တရားလွန်လွန်းတယ်…သောက်ရူးကောင်”
ချွန်းမြောင် ယာ့ဆွန်းအား မကျိန်ဆဲ မဆဲရေးပဲ မနေနိုင်တော့ပေ။ လူအသက်များကို ကယ်တင်သူဆိုသည့်သူက အဘယ်ကြောင့်များ ဤသို့သော အန္တာရယ်အတိနှင့် ဂူကို စီရင်ထားခဲ့သည်ကို သူနားမလည်နိုင်တော့ပေ။
ဂူကလည်း တစ်စတစ်စ တုန်ခါလာကာ ကျောက်သားများကလည်း တစ်စတစ်စ ပြိုကျလာပြီ ဖြစ်လေသည်။မျက်နှာကျက် ဂူသားများကလည်း အက်ကွဲလာပြီ ဖြစ်ပြီးအချိန်မရွေး ပြိုကျတော့မည့် အလားပင်။
ချွန်းမြောင် ထိုင်မနေနိုင်တော့ပေ။ လွတ်မြောက်လမ်းကို ရှာနေရပြီ ဖြစ်လေသည်။
“ဒီနေရာကနေ ထွက်လို့ရအောင် အရင်လုပ်မယ်..ပြီးရင် ဝူတန်ဂိုဏ်းကကောင်တွေကို အကုန်သတ်ပစ်မယ်…
အား…ငါကလည်း သောက်ရူး…အကုန်လုံးကို ယုံတဲ့ကောင်..သုံးနှစ်သားတောင် ဒီလိုရူးကြောင်ကြောင်ကိစ္စကို လုပ်မယ်မထင်ဘူး…ချီးပဲ …ဘယ်လိုထွက်ရမှာလဲတောင် မသိတော့ဘူး”
ချွန်းမြောင်၏ ပြောဆိုနေသံများကို ကြားသော်လည်း ဟို ခေါင်းဆောင် မတုန်ပြန်နိုင်ပေ။ သူတို့ ဝူတန်ဂိုဏ်းက စခဲ့သောဇာတ်လမ်းသည် အတုအယောင်သဘောမျိုးနှင့်သာ အဆုံးသတ်ခဲ့ရသည် မဟုတ်ပါလား….
ထို့အပြင် ထပ်မံကာ ငြင်းခုန်လိုခြင်းလည်း မရှိပေ။ သူတို့အားလုံးသည် မကြာခင်ပင် ဤနေရာတွင် အသက်ဆုံးရတော့မည်ဟု သူထင်နေလေသည်။
“ဝူတန်ဂိုဏ်းသားတွေ…ငါတို့ ဘာဆက်လုပ်ကြမလဲ…အခုက ဘာဖြစ်နေတာလဲ…ဘာဆက်လုပ်ရမှာလဲဆိုတာ သိကြလား”
“ဒါကြီးက ပြိုကျနေတာ မင်းလည်း မြင်တာပဲလေ…ဘယ်လိုပဲဖြစ်ဖြစ် အကုန်လုံးသေရတော့မှာပဲ”
အားလုံးက ပရမ်းပတာနှင့် ကြောက်ရမ်း ယမ်းကာ ကယ်ပါယူပါ အော်သူက အော်၊ တက်မိတက်ရာ တက်သူတို့က တက်နှင့် ဖြစ်ကုန်ကြလေပြီ။ ရှင်သန်ရေးအတွက် အားလုံးက ခေါင်းမအေးနိင်ကြတော့ပေ။ ဂူပြိုနေသည်ကလည်း တစ်စတစ်စ ပိုကာပြင်းထန်လာပြီ ဖြစ်လေသည်။
ဘတ်ချုန်းကမူ ကစဉ့်ကလျား ပြေးလွှားနေကြသော လူများကိုကြည့်ကာ အဖြေရှာနေလေသည်။ ဂူတည်ဆောက်ပုံကို ကြည့်ကာ လွတ်လမ်းတွေ့လို့တွေ့ငြား လိုက်ကာ ကြည့်မိနေလေ၏။
ဂူသည် စလင်ဒါပုံသဏ္ဍာန်ဖြစ်ပြီး သူတို့အားလုံး၏ စလင်ဒါပုံ၏ ထိပ်ပိုင်းတွင် ရှိနေသည့်သဘောပင်။ အထက်ကို တက်စရာကို ပြိုကျနေပြီ မို့ အပေါ်ကိုတက်ကာ လွတ်လမ်းရှာရန်က မဖြစ်နိုင်တော့ပေ။ အောက်ဘက်တွင်သာ ထွက်ပေါက်ရှာသည်က ပို၍အဆင်ပြေပေလိမ့်မည်။
“ခြေရာဖျောက် ဖမ်းဆုပ်ခြင်း ဓါးပိုင်ရှင်…ခင်ဗျားက တကယ့် လူယုတ်မာပဲ”
“ချွန်းမြောင်”
“မစိုးရိမ်ကြနဲ့…ကျွန်တော်က ချွန်းမြောင်ပါ…’
ချွန်းမြောင်က ဓါးကို ဆွဲထုတ်လိုက်ပြီး ပြိုကျလာသော မျက်နှာကျက်များကို ကြည့်နေလေ၏။
“ကောင်းကင်ကြီး ပြိုကျလာရင်တောင် ပုန်းခိုဖို့ တွင်းဆိုတာက ရှိနေရမှာကို… အခု ဂူမိုးကြီး ပြိုကျနေလည်း …သေချာပေါက်…”
နေပါဦး…
ချွန်းမြောင်က ချက်ချင်းပင် ခေါင်းလှည့်ကာ ခေါ်လိုက်လေသည်။
“နည်းပြ”
“အင်းး”
“ကျွန်တော် တွင်းတို့ အပေါက်တို့လည်း တစ်ခုမှ မမြင်မိဖူးကို”
‘….”
“ဒီမှာ ပုန်းစရာ တွင်းမရှိဘူးဆို…ငါတို့ ဘာဆက်လုပ်ကြမလဲ….”
“ဟမ်…တွင်းမရှိတာကို ကျွန်တော်က ဘာလုပ်ပေးလို့ရမှာလဲ…ဟိုကို ကြည့်လိုက်ဦး”
ချွန်းမြောင် ညွှန်ပြသည့်နေရာတွင် ဥယျာဉ်ငယ်တစ်ခုစာမျှ ရှိသော ကျောက်တုံးကြီးများက ပြိုကျနေလေသည်။
“ကျွန်တော်က ကောင်းကင်ကနတ်ဆိုးလည်း မဟုတ်ဘူးလေ…ဘာတတ်နိုင်မှာတုန်း”
“ကြံစမ်းပါဦး…ငါတို့ လုပ်နိုင်တာ တစ်ခုခုမရှိတော့ဘူးလား”
“နည်းပြ…နည်းပြ သိလား”
“ဘာလဲ”
“လူတိုင်းက ဘယ်သူမဆို ပုံစံအမျိုးမျိုးနဲ့ သေသွားရနိုင်တာပဲ…အဲ့ဒီတော့ နည်းလမ်းစဉ်းစားနေတာကြီးကို မေ့လိုက်တော့ …အခု ဒီပုံစံနဲ့ပဲ သေရတော့မယ် ထင်တယ်”
“ဒီဖေ…..သောက်ကျိုးနည်း ခွေးသားလေးကတော့…”
ဘတ်ချုန်းက ဆဲလိုက်သော်လည်း အားလုံးကမျက်နှာငယ်လေးများဖြစ်နေကြသည်မို့ ဆဲနေသည့်အသံက တိမ်ကာဝင်သွားလေသည်။
“ဒါကို ဖြတ်ကြ”
“ဝူတန်ဂိုဏ်းသား အားလုံးပဲ…မင်းတို့ တတ်နိုင်သလောက် ကျောက်တုံးတွေကို တားကြ…အခုချက်ချင်း လုပ်ကြနော်”
“ဟုတ်ကဲ့”
ဟို ခေါင်းဆောင်၏အသံဆုံးသည်နှင့် ဟိုဂွန်က စကာ မျဉ်းကြောင်းတစ်ကြောင်း ပုံစံ စီတန်းလိုက်ကြလေသည်။
ထိုက်ကျိဓါးပုံသဏ္ဍာန်လား…
သေရေးရှင်ရေးအခြေအနေကို ညီညီညွတ်ညွတ် ရင်ဆိုင်နေကြသောဝူတန်ဂိုဏ်းသားများကို မြင်သောအခါတွင်မူ ချွန်းမြောင် အနည်းငယ် ချီးကျူးမိသွားလေသည်။
ဒါပေမယ့် အခုလို လုပ်နေတာကြီးက ဒီအချိန်မှာ အသုံးဝင်ပါ့မလား…
မည်သို့သော သိုင်းကွက်များနှင့် ကာကွယ်စေကာမူ ယာ့ဆွန်း၏ နဂိုမူလအစီအစဉ်အရ တားဆီး၍ ရနိုင်မည်ဟု ချွန်းမြောင် မထင်ပေ။ တခြားလွတ်မြောက်လမ်းကိုသာ ရှာနေမိလေသည်။
သေချာပေါက်ကို ထွက်ပေါက်တစ်ခုကတော့ ရှိနေရမှာကို…
စဉ်းစားစမ်း…စဉ်းစားစမ်း…
“အား….ချီးပဲ…ငါ ဘယ်တုန်းက ဦးနှောက်ကို သုံးတတ်လို့လဲ…”
ဒီလို ဉာဏ်သုံးရတာတွေက ငါ့ပုံစံမဟုတ်ပါဘူးဆိုမှ…
“ဒီနေရာကြီးကိုက ချီးကျနေတာပါကွာ”
ချွန်းမြောင် စဉ်းစားရင်းမှပင် သူတို့ဂူထဲသို့ စဝင်လာသည်ကို တွေးမိသွားလေသည်။ ပြိုကျနေသော ဂူမိုးမှ အလင်းသဲ့သဲ့ကလည်း ရှိနေလေပြီး ဤတောင်ထိပ်သို့ သူတို့ကြိုးစားပမ်းစား တက်လာသည်ကိုပင် ပြန်တွေးမိသွားလေသည်။
သောက်ခွေး…ဟုတ်သားပဲ….
ချွန်းမြောင် မျက်လုံးပြူးသွားလေပြီ ဖြစ်သည်။
ထွက်ပေါက်….
ဟုတ်တယ်…အဲ့တာပဲ..
အဲ့တာကပဲ ယာ့ဆွန်းရဲ့ ရည်ရွယ်ရာပဲ…
“သေချာပေါက် အဲ့တစ်ခုပဲ”
တောင်ထိပ်မှာ မဟုတ်ဘူး…တောင်ထိပ်ကို အယောင်ပြပြီး မျှားထားခဲ့တာ…
တမင်သက်သက် ဒီလိုဖြစ်အောင် လုပ်ထားတာပဲ…
ဒါဆို ကျန်တဲ့ထွက်ပေါက်က ဘယ်နေရာမှာ ဖြစ်မလဲ…
ချွန်းမြောင် ခေါင်းကိုကုတ်လိုက်ရင်း မြေပြင်ကို ကြည့်မိသွားလေသည်။
“ခုန်ကြဟေ့…..”
ချွန်းမြောင်က အားပါသော အသံနက်ကြီးနှင့် ကြုံးကာအော်လိုက်လေတော့သည်။