အခန်း (၁၆၆-၁၆၈)
Vol. 12 Ch. 166-168
အပိုင်း( ၁၆၆)
အဲ့လိုဆိုရင်တောင် ငါက မင်းနဲ့အတူ ရှိနေမှာပါ(၁)
“ယား…အကူအညီမရ ကောင်းကျိုးမပေးတဲ့ သောက်ကောင်..”
ချွန်းမြောင်က မျက်မှောင်ကြုတ်ကာ ခေါင်းထောင်ကြည့်လိုက်လေသည်။ သူ၏ဆရာတူအကိုကြီးကို ချွန်းမြောင် အသက်ကို ပြင်းပြင်းရှုရင်း ကြည့်လိုက်လေ၏။
အာ..လုပ်ပြန်ပြီ..သူက နေ့တိုင်းကို ငါ့နောက်ပဲ လိုက်နေတော့မှာလား…
ချွန်းမြောင် စိတ်ညစ်သွားလေပြီး ဆူပုတ်ပုတ် လုပ်လိုက်လေသည်။ သို့သော်လည်း သူ၏ဆရာတူအကိုကြီးကမူ သူ၏ အမူအရာများကို စိတ်ထဲထားပုံ မရပေ။
“ဟေ့…ငါ မင်းကို ဘာပြောထားတာလဲ”
“အင်း…အကိုကြီး ကျွန်တော့်ကို တစ်နေ့တစ်နေ့ ပြောနေတာတွေ များလွန်းလို့ အခု ဘာပြောချင်တာလဲ မသိတော့ဘူး…”
“မင်းကတော့လေ တကယ့်ကို လူဆိုးကောင်ပဲ”
ချွန်းမြောင် နှာခေါင်းရှုံကာ ခေါင်းကိုတဖက်သို့ လှည့်လိုက်လေသည်။ ခပ်လှမ်းလှမ်းတွင်မူ သူ၏ဆရာတူညီလေးများက သူတို့အား လှမ်းကာကြည့်နေလေပြီး ချွန်းမြောင်က လှမ်းကြည့်သည်ကို တွေ့လိုက်သည်နှင့် အသီးသီး ခေါင်းများလှည့်သွားကာ မသိသလို လုပ်နေကြလေသည်။
ဒီခွေးသားတွေကတော့..
သေချင်နေကြတာလားပဲ…
ဖတ်…
‘”အား”
ချွန်းမြောင် သူ့ခေါင်းသူ ပွတ်လိုက်ပြီး သူ့အား ရှုတည်တည်ကြီး ကြည့်နေသော သူ၏ဆရာတူအကိုကြီးကို ကြည့်လိုက်လေသည်။
“လုပ်ပြန်ပြီ..မင်း ကြည့်ပြန်ပြီ”
“အား…”
ချွန်းမြောင် တုန်လှုပ်လာမိလေသည်။ ချွန်းမြောင်ဆိုသည့်သူက မည်သူနည်း။ သူသည် ဟွာဆန်း၏အကျော်အမော်ဖြစ်လေပြီး သိုင်းလောက၏ဥသျှောင် ဟုပင် တင်စားခေါ်ဝေါ်ခံရသူ ဖြစ်လေသည်။
သူ့အား မနာလိုဝန်တိုကြသူများကလည်း လက်ထိုးမကုန်အောင်ပင် ရှိလေပြီး သူ့အားလေးစားအားကျသူများကလည်း ဒုနှင့်ဒေးပင်။ ထို့အပြင် ဟွာဆန်း၏အနာဂတ်သည် သူ့အပေါ်တွင်သာ မှီတည်နေသည်ဟုပင် တင်စားပြောဆိုဆံရသူပင်။ သူ၏ဆရာတူအကိုကြီးများ ၊ ဆရာတူညီလေးများ မဆိုထားနှင့် နည်းပြများကပင် အပြစ်တစ်ခွန်းမပြောရဲသည့်သူပင်။ သူသည် ဤသို့သော လူစားပင်။
သို့သော် ဤလူတစ်ယောက်ကမူ စုန်းပြူးကာ သူ့အား မလေးမစားလုပ်ရုံတင်သာမက ကိုယ်ထိလက်ရောက်ပါ ဆုံးမရဲသူ ဖြစ်နေလေသည်။ သူ၏ နာမည်ဂုဏ်သတင်းများကို သောက်ဖက်မလုပ်ကာ နေရဲသည့် တစ်ဦးတည်းသော ဆရာတူအကိုကြီးပင်။
“မင်းကို ဆရာတူညီလေးတွေကို မရိုက်ရဘူးလို့ ငါ မပြောထားဘူးလား”
“ဟမ်…ဘယ်မှာ ကျွန်တော်…”
ချွန်းမြောင် သတိရသွားကာ ခဏမျှ တိတ်ဆိတ်သွားလေသည်။
“သူတို့က အရင်ရန်စလာတာလေ..”
“ဘာ..မင်း …ဖြစ်နိုင်တာကို ပြောစမ်းပါ…သူတို့က ရူးနေလို့ မင်းကို အရင်လာပြီး ရန်စရဲရမှာလား…
ဦးနှောက်လေး ဘာလေးရှိရင် ယုံနိုင်လောက်တဲ့ ဆင်ခြေတွေပဲ ပေးစမ်းပါ”
“…”
ဘယ်လို…ငါကပဲ မဖြစ်နိုင်တာတွေ ပြောနေရတယ် ရှိသေး…
“ဟေ့…..”
ချွန်းမြောင်က ဆူပုတ်ပုတ်နှင့် သူပြောနေသည်များကို ဂရုမစိုက်သည်မို့ သူ၏ဆရာတူအကိုကြီးက ဒေါသတကြီး အော်လာလေတော့သည်။
“ဆရာတူညီလေးတွေ မပြောနဲ့…မင်းကို နည်းပြတွေကတောင် ကြောက်လို့ မင်းကို ရှောင်နေကြပြီ”
“အာ…မဟုတ်တာတွေ…အဓိပ္ပါယ်မရှိ…အကုန်လုံး သူတို့ဘာသာ ကျွန်တော့်ကို ရန်လာစ ပြီးတော့ စိန်ခေါ် ၊ တကယ်တိုက်တော့ သူတို့က ရှုံး…ပြီးတော့ ကျွန်တော့်ကို မဟုတ်တရုတ် သတင်းတွေ ဖြန့်ကြ…အကုန်လုံး သူတို့က ကျွန်တော့်ကို ကြောက်လို့ ဖြစ်နေကြတာပဲကို ..သူတို့ ဘာသာ ကြောက်နေကြတာလေ..ကျွန်တော် ဘာအမှား လုပ်ထားလို့လဲ”
“တော်စမ်း…နားညီးတယ်”
“ငါနော်…”
ချွန်းမြောင် စိတ်ဆိုးပန်းဆိုးနှင့် နှုတ်ခမ်းကိုကိုက်ကာ ကိုယ့်ဒေါသကိုယ် ထိန်းလိုက်ရလေသည်။ သူပြောနေသည်က အမှားမပါသေ ။နည်းပြများ ၊ ဆရာတူညီလေးများနှင့် ပြဿနာတက်သည်က တစ်ကြိမ်မှနှစ်ကြိမ် မကတော့ပေ။ အကြိမ်ကြိမ် ဖြစ်နေခြင်းပင်။ မည်သို့ပင် ဖြစ်စေကာမူ အများနှင့်တစ်ယောက် ဖြစ်၍ အဆိုးဖြစ်ရသူက ချွန်းမြောင်ပင်။ သို့ဖြစ်၍ သူ၏ဆရာတူအကိုကြီးက သူ့အား အမြဲပင် ငေါက်လေ့ရှိပေသည်။
တကယ်ကြီး ငါပြောတာကို ယုံနိုင်တဲ့သူက လောကမှာ မရှိတော့ဘူးလား…
သူ့အား လော်လီပြောဆိုကာ တိုင်တန်းသူအားလုံးကို တစ်ရက်တွင်မူ ကောင်းကောင်းကြီး လက်စားချေပစ်မည်ဟု သူကျိန်ဆိုထားလေသည်။ သူအား မကြာခဏပင် ငေါက်ငမ်းနေသော သူ၏အကိုကြီး ချွန်းမန်ကိုလည်း အလွတ်ပေးမည် မဟုတ်ပေ။
ချွန်းမန် ချွန်းမြောင်အား တချက်ကြည့်ကာ သူ၏အတွေးများကို သိနေသကဲ့သို့ သက်ပြင်းမောကြီး တစ်ချက်ချလိုက်လေသည်။
“ငါ့နောက်ကို လိုက်ခဲ့”
‘’ဟမ်”
“ငါ့နောက်ကို လိုက်ခဲ့လို့..”
“…”
ချွန်းမန်က ဦးဆောင်ကာ ခေါ်သွားပြီး တောင်ပေါ်သို့ တက်လာခဲ့ကြလေသည်။ တောင်ထိပ်သို့ ရောက်သည်အထိ သူတို့စကားတစ်ခွန်းပင် မဟကြချေ။ တောင်ပေါ်သို့ ရောက်သောအခါတွင်မူ ချွန်းမန်က ချွန်းမြောင်၏ ဘေးနားတွင် ကပ်ကာရပ်လာလေသည်။ တောင်အောက်တွင်မူ ဟွာဆန်းက လှပတင့်တယ်စွာပင် ရှိနေလေ၏။
ငါ့ကို ဒီအထိခေါ်လာပြီး တောင်ပေါ်က ကန်ချမလို့တော့ မဟုတ်ပါဘူးနော်..
အဲ့လိုဆိုရင်တောင် ငါကမသေနိုင်ပါဘူး…
ချွန်းမြောင်က မြင်နေရသော မြင်ကွင်းကိုကြည့်ကာ တောင်ရောက်မြောက်ရောက် တွေးနေစဉ်မှာပင် သူ၏ဆရာတူအကိုကြီးက စကားစလာလေသည်။
“ချွန်းမြောင်”
“ဟုတ်ကဲ့ …ဆရာတူအကိုကြီး”
“မင်း ဟွာဆန်းကို ဘယ်လိုထင်လဲ”
“အမ်…အကိုကြီး ဘာတွေပြောနေတာလဲ…ကျွန်တော်တို့က ကျင့်ကြံသူတွေမှ မဟုတ်တာကို”
(ဒီနေရာမှာ သူပြောချင်တဲ့ကျင့်ကြံသူဆိုတာက အသက်ရှည်ပြီး မသေမျိုးဖြစ်ဖို့အတွက် ကြိုးစားနေတဲ့သူတွေကို ဆိုလိုခြင်တာပါနော်)
“အင်း..ဒါပေမယ့် ငါတို့က တာအိုကျင့်ကြံသူတွေလေ…မဟုတ်ဘူးလား”
“တကယ်လို့ လောကကြီးကသာ ပြောင်းလဲသွားမယ်ဆိုရင် ဂိုဏ်းတစ်ခုက ဘယ်လိုမျိုးအရာဖြစ်လာမယ်လို့ မင်းထင်လဲ”
“ဒါက..”
ချွန်းမြောင် အဖြေရှာမရဘဲ ခေါင်းကိုသာ ခါပြလိုက်လေသည်။
“ ဟွာဆန်းကိုပဲ ဥပမာ ထားလိုက်ပါတော့…လောကကြီးကို အကုန်လုံးတွေ့မြင်ဖူးသွားတဲ့ လူတစ်ယောက် သာမန်လူတွေကို စိတ်ကုန်သွားလို့ သူနဲ့ သူ့လူနည်းနည်းနဲ့ပဲ နေဖို့ နေရာတစ်ခုကို ရှာခဲ့တယ်ပေါ့…
ပြီးတော့ အဲ့ဒီလူတွေနဲ့ပဲ နေရာတစ်ခုကို ဖန်တီးခဲ့ပြီး အဲ့နေရာကို နာမည်တစ်ခုပေးလိုက်တယ်ပေါ့…နောက်ထပ် ဘယ်သူတွေနဲ့မှလည်း ထပ်ပြီးတော့ မပတ်သက်တော့ဘူးလေ…ဟုတ်တယ်မို့လား..
ကျွန်တော်တို့ ဟွာဆန်းကလည်း အဲ့လိုပဲ ဖြစ်လာခဲ့တာ မို့လား”
“…”
ချွန်းမြောင်၏ အဖြေကြောင့် ချွန်းမန်က အံဩတုန်လှုပ်နေသော မျက်လုံးများဖြင့် ချွန်းမြောင်ကို ကြည့်လာလေသည်။
“မဟုတ်တာ..”
“မင်း ဘယ်လိုများ ဒီလိုတွေးနိုင်ရတာလဲ”
“အဲ့လိုမျိုးနဲ့ စခဲ့ရင်တောင် အဲ့လိုပုံစံနဲ့ပဲ အဆုံးသတ်သွားလို့ မရဘူးလေ..ချွန်းမြောင်ရဲ့”
“ချွန်းမြောင်..”
“ဟုတ်ကဲ့..ဆရာတူအကိုကြီး”
“လူတွေက အမြဲအသက်ရှင်နေနိုင်တာ မဟုတ်ဘူး..ငါတို့က သေမျိုးတွေ”
“…”
ဤသည်က ချွန်းမန် ထုတ်မပြောလျှင်လည်း သိပြီးသားအရာကြီးပင်။ သို့သော်လည်း ထိုသို့ ပြောနေရခြင်းက အကြောင်းရင်း ရှိလေသည်။
“မင်းက အရည်အချင်းတွေ ကောင်းချီးတွေ အများကြီးနဲ့ မွေးလာတဲ့ ကလေးတစ်ယောက်ပါ..
အခုလက်ရှိ ဟွာဆန်းမှာ…မဟုတ်ဘူး ဟွာဆန်းရဲ့ သမိုင်းတစ်လျှောက်မှာ မင်းလိုထူးချွန်ပြီး မင်းလောက်ထူးချွန်တဲ့သူဆိုတာ မရှိခဲ့ပါဘူး”
“ဟီးဟီး..အကိုကြီးက ဘာလို့ ရုတ်တရက်ကြီး ထပြီးချီးကျူးနေရတာလဲ”
ချွန်းမြောင် ထူးထူးဆန်းဆန်း အချီးကျူးခံလိုက်ရ၍ နေမထိထိုင်မသာပါ ဖြစ်သွားလေသည်။
“ဒါပေမယ့် အဲ့လောက်နဲ့ မပြီးသေးဘူး”
“ဟမ်”
“မင်း ဘယ်လောက်ပဲ တော်နေပါစေ.. မင်း လည်း ဘာများထူးခြားသွားမှာမို့လဲ..အဆုံးသတ်မှာတော့ မင်းမှာရှိသမျှ အရာအားလုံးကို ထားခဲ့ပြီး မင်းလည်း သေသွားရမှာပဲ..ဘာကိုများ နောက်ဘဝထိ သယ်သွားနိုင်မှာမို့လို့လဲ”
“…”
“ဟွာဆန်းရဲ့ ပထမဆုံး ဘိုးဘေးကြီးက ဂိုဏ်းကို မတည်ထောင်ခဲ့ဘူးဆိုရင် ၊ သိုင်းပညာတွေကို မမျှဝေခဲ့ဖူးဆိုရင် ငါတို့တွေ သူ့ကို အခုထိ တမ်းတကျေးဇူးတင်နေဦးမယ်လို့ မင်းထင်လား…သူချန်ထားခဲ့တဲ့ ပညာတွေကသာ သူ့ကို မေ့မရဘဲ အမြဲသတိရနေအောင် လုပ်ပေးနေတာ”
ချွန်းမြောင် မျက်မှောင်ကြုတ်ကာ ပြောလိုက်လေသည်။
“အကိုကြီး ဘာပြောချင်နေတယ်ဆိုတာ ကျွန်တော် သိပြီထင်တယ်..ဒါပေမယ့် ကျွန်တော်ကတော့ အဲ့လို မလုပ်ချင်ပါဘူး…အခုသွားနေတဲ့အတိုင်းလေးပဲ ဆက်သွားနေပြီးတော့ သေသွားရင်လည်း ဘာမှ မချန်ထားခဲ့ချင်ဘူး”
“မင်း အခုလိုတွေ ပြောနေတယ်ဆိုတာက မင်းမှာ ရည်ရွယ်ချက်မရှိသေးလို့ပါ”
“ရည်ရွယ်ချက်လား”
ချွန်းမန်က ခေါင်းငြိမ့်ပြလေသည်။
“တစ်ရက်ရက်မှာတော့ မင်းမှာ အဲ့လိုဆန္ဒရှိလာပါလိမ့်မယ်…မင်းရဲ့ နောင်လာနောက်သားတွေနဲ့ ဆရာတူညီလေးတွေကို မင်းရဲ့ ပညာတွေ မျှဝေပေးချင်တဲ့ နေ့ဆိုတာ ရောက်လာမှာပါ..ဒီလိုစိတ်မျိုးကပဲ ငါတို့လို သိုင်းပညာဂိုဏ်းတွေကို ဖြစ်ပေါ်လာစေတာပဲ.. အတူတူနေကြရုံလေးနဲ့ ဂိုဏ်းတစ်ခု ဖြစ်လာခဲ့တာ မဟုတ်ဘူး..
ချမှတ်ထားတဲ့ နည်းဥပဒေသတွေ ၊ ယုံကြည်ချက်တွေ၊ ရည်မှန်းချက်တွေ ကို အတူမျှဝေကြပြီးမှ ဂိုဏ်းတစ်ခုဆိုတာ ဖြစ်လာတာ…”
“အင်း…ကြားရတာတော့ တော်တော်ခက်မယ့်ပုံပဲ”
“အင်း..မင်းအတွက်တော့ ဒါက ခက်ခဲရင် ခက်ခဲနေမှာပေါ့…မင်း ဆန္ဒမရှိတဲ့အရာတစ်ခု မင်း မလုပ်ချင်တဲ့အရာတစ်ခုကို လုပ်နေရပြီဆိုရင် အဲ့တာက ခက်ခဲမှာပဲလေ”
ချွန်းမြောင်က ချွန်းမန်၏စကားကို ထောက်ခံသည့်အနေနှင့် ခေါင်းကို ဖြေးညင်းစွာ ငြိမ့်ပြလိုက်လေသည်။
သူ၏ အကိုကြီးပြောနေသည်များကို ကောင်းစွာ နားမလည်သော်လည်း ခေါင်းတော့ ငြိမ့်ပြသင့်သည်ဟု ထင်မိသောကြောင့်ပင်။
“ဆိုတော့ မင်းရဲ့ ဆရာတူညီလေးတွေကို နည်းနည်းလောက် ဂရုစိုက်ပေးလိုက်စမ်းပါ..
မင်းရဲ့ မျက်စိထဲမှာတော့ အကုန်လုံးက အင်အားနည်းပြီး အရည်အချင်း မရှိတဲ့သူတွေ ဖြစ်ရင်ဖြစ်နေမှာပေါ့..
ယုတ်စွအဆုံး ငါတောင် မင်းမျက်လုံးထဲတော့ အာပလာကောင် ဖြစ်ရင်ဖြစ်နေမှာပေါ့..”
“အာ..အဲ့လိုတော့ မဟုတ်ပါဘူး”
ချွန်းမြောင်က ပြာပြာသလဲပင် ငြင်းလိုက်လေသည်။
“ဆရာတူညီလေးတွေကိုက တုံးအလွန်းတာ ဟုတ်ပါတယ်..အကိုကြီးကိုတော့ အာပလာကောင်လို့ ကျွန်တော် တစ်ခါမှ မတွေးဖူးပါဘူး”
“…”
အဟမ်း..ငါ အကိုကြီးကိုတော့ ကောင်းကောင်း နှစ်သိမ့်ပေးလိုက်နိုင်တယ်မို့လား…
ချွန်းမန်က ချွန်းမြောင်ကို ကြည့်ကာ သက်ပြင်းရှည်ကြီး တစ်ခုကို ချလိုက်လေသည်။
‘ခွေးသားလေး…ပြုံးစိစပ်ဖြဲ လုပ်မနေနဲ့…ဒါ ရယ်စရာ မဟုတ်ဘူး..ခွေးကောင်”
“ဟုတ်ပါပြီ”
ချွန်းမြောင်က ပြုံးစစလုပ်နေသည်မို့ ချွန်းမန်က ခေါင်းခါကာ မေးလာလေသည်။
“ချွန်းမြောင်..”
“လောကကြီးမှာ ဘာက ကြောက်စရာအကောင်းဆုံးလဲ သိလား..”
“ခြေသလုံးကို ရိုက်ခံရတာလား”
“နောင်တ…”
“…”
ချွန်းမန်က လေသံတိုးလေးနှင့် ပြောလေ၏။
“ငါ မင်းလိုကလေးတွေ ကနေ လူတွေကို အထင်မြင်သေးနေတာကိုလည်း မစိုးရိမ်ဘူး…
ကြောက်လည်း မကြောက်ဘူး…ငါ မင်းတစ်နေ့မှာ နောင်တတွေနဲ့ ကျန်နေခဲ့မှာကိုပဲ စိုးရိမ်တယ်…
မင်း နောင်တတရားကို ရင်ဆိုင်ရတဲ့အခါ တခြားသူတွေထက် ပိုပြီး ခက်ခဲလေးပင် လိမ့်မယ်…မင်း နောင်တကြီးကြီး ရလိမ့်မယ်…အခု ငါပြောနေတဲ့စကားတွေကိုတော့ မင်းအခု နားလည်နိုင်မှာ မဟုတ်သေးဘူး…
ဒါပေမယ့် အဲ့ဒီစကားတွေကို မင်းစိတ်ထဲမှာ မှတ်ထားပါ…ပြဿနာတွေ ကြုံရတဲ့အခါ နည်းနည်းတော့ စိတ်ဖြေစရာလေး ဖြစ်ရင်ဖြစ်မှာပေါ့”
“…ဆိုတော့ အခုက အကိုကြီးက အငယ်လေးတွေကို မရိုက်ဖို့ ပြောချင်နေတာလား”
“ဟုတ်တယ်ဟေ့…ခွေးသားလေးရဲ့”
“သိပါပြီ…သိပါပြီ…တကယ်တည်း ပွစိပွစိကို ပြောနိုင်လိုက်တာ…”
“ဟင်း”
ချွန်းမန် ခေါင်းခါကာ တဖက်သို့ လှည့်ပြီး လျှောက်သွားလေတော့သည်။
မင်းလိုကောင်ကို ပြောနေမယ့်အစား ကျင့်ဝတ်တွေ သွားဖတ်နေတာကမှ အကျိုးရှိဦးမယ်..
“အာ…ဆရာတူအကိုကြီး…အတူတူ သွားမယ်လေ…”
ချွန်းမန်က နောက်မှ ပြေးလိုက်လာသော ချွန်းမြောင်ကို မျက်စောင်းထိုးကာသာ ကြည့်လိုက်လေသည်။
ဒီကလေးကတော့ တကယ့်ကို ကောင်းချီးတွေနဲ့ကို မွေးဖွားလာတဲ့ ကလေးပဲ..
ဒါပေမယ့် ဒင်းက လူတိုင်းနဲ့ မတည့်ဘူး ဖြစ်နေတဲ့…
လူဆိုးလူညစ်တွေ ဒီလောက်ပေါတဲ့ လောကကြီးမှာ တစ်ယောက်တည်းနေထိုင်ရတာ ဘယ်လောက်ခက်ခဲလဲဆိုတာ ဒင်းကလေး မသိပါလားနော်…
ငါရဲ့ အလုပ်က သူ့ကို ဆရာတူအကိုကြီးပီပီ လမ်းမှန်ရောက်အောင် ဆုံးမပေးရမှာပဲ…
“’ဒါနဲ့ အကိုကြီး… အခု အကိုကြီး ဘာပြောချင်တယ်ဆိုတာ ကျွန်တော် နည်းနည်းနားလည်လာပြီ ထင်တယ်”
“ဟေ…”
“အကိုကြီး ပြောချင်တာက ကျွန်တော် ဆရာတူအကိုကြီးတွေနဲ့ အဆင်ပြေအောင်နေ ပြီးတော့ ဂိုဏ်းကကလေးတွေကိုလည်း ကျွန်တော်လို့ ဖြစ်အောင်လုပ်…ဟုတ်တယ်မို့လား…အဲ့လို”
“”ဟမ်…”
ချွန်းမန် ပြုံးလိုက်လေသည်။
“ မဟုတ်တာ..မင်း ဒီလိုအဖြေမျိုးရအောင် ဘယ်လိုများ စဉ်းစားခဲ့တာတုန်းကွာ..”
“ဟင်…ပြောချင်တာက အဲ့လို မဟုတ်ဘူးလား…”’
ချွန်းမြောင် ချွန်းမန်၏ စကားများကို နားလည်ရန်အတွက် အချိန်များစွာပင် ကြာခဲ့လေသည်။ သို့သော် ယခုတွင်မူ သူ ထိုစကားကို နားလည်နိုင်ခဲ့ပြီ ဖြစ်လေသည်။
“ဒါနဲ့…”
“ဟုတ်ကဲ့ …ဆရာတူအကိုကြီး”’
“ဒီရက်ပိုင်း ဘတ်ဂုန်းက မင်းကို ရှောင်နေသလားလို့…တစ်ခုခု ဖြစ်ထားကြတာလား”
“အမ်…အင်း…အဲ့တာကလား…အင်း…ပြောရရင်တော့…အား…ဘာမှ မဖြစ်ပါဘူး”
“ရန်ဖြစ်ထားကြတာလား”
“အာ..မဟုတ်တာ…ရန်ဖြစ်ထားစရာလား…အင်း…ဖြစ်ရင်လည်း ဖြစ်ထားမှာပေါ့”
ဘုရားရေ..
ဒီကလေးကို ငါ ဘယ်လိုဆုံးမရမှာတုန်း…
“မင်း ဒီနေ့ကနေစပြီး လေးရက် ဥပုသ်စောင့်စမ်း”
“အာ…လေးရက်ကြီးက မများလွန်းဘူးလား”
“ပါးစပ်ပိတ်ထားစမ်း..ခွေးကောင်…”
ချွန်းမန်က အပြစ်ပေးသည်ကိုပင် အထွန့်လာတက်နေသော ချွန်းမြောင်ကြောင့် စိတ်မရှည်ဒေါသဖြစ်သွားကာ ချွန်းမြောင်ကို ဆံပင်မှ ဆွဲကာ ခေါ်သွားလေတော့သည်။
“ဘယ်လိုလုပ်ပြီးတော့ ဒီလိုကောင်က ရှိနေရတာတုန်း…ဟမ်”
“အား….ဆရာတူအကိုကြီး…အား…နာတယ်လို့…အကိုကြီး …နာပါတယ်ဆို..”
ချွန်းမန်ကမူ ချွန်းမြောင်အား ဆံပင်ဆွဲလျက်တိုင်းပင် တောင်ဆင်းလမ်းတစ်လျောက် ဆွဲကာ ခေါ်သွားလေတော့သည်။ တောင်ပေါ်မှ ဇီးပန်းပွင့်များကမူ ထိုမြင်ကွင်းကို ပြုံးကာ ကြည့်နေကြသည့်အလားပင်။
ချွန်းမြောင် ရုတ်တရက် နိုးလာလေ၏။
“’…”
သူ ချက်ချင်းပင် ထလိုက်လေပြီး မရင်းနှီးသောနေရာကို ဝေ့ဝဲကာ ကြည့်လိုက်လေသည်။
အာ..
သူအိမ်မက်မက်နေခြင်းပင်။
ချွန်းမြောင် မျက်လုံးကို တင်းကြပ်စွာ ပိတ်လိုက်လေသည်။
သူ အတိတ်ကို မည်သို့သော အခါကမှ အိမ်မက် မမက်ဘူးပေ။ သူ၏ ဆရာတူအကိုကြီး၏ မျက်နှာကိုသာ မျက်စိထဲ တဝဲလည်လည် ဖြစ်နေလေပြီး အမည်မတပ်တတ်သော ခံစားချက်ကြီးက ရင်ထဲတွင် ရစ်ဝဲနေလေသည်။
အတိတ်က အတိတ်တွင် ကျန်ခဲ့ပြီ ဖြစ်လေသည်။ ယခုလက်ရှိကိုသာ အကောင်းဆုံး ဖြစ်စေရန် ချွန်းမြောင် တွေးထားလေသည်။ အတိတ်တွင် မှားခဲ့သောအမှားများကြောင့် ပစ္စုပ္ပန်ကို လျစ်လျူရှုကာ ပူဆွေးနောင်တရနေတတ်သူများထဲတွင် ချွန်းမြောင် မပါပေ။
“အကိုကြီးက ငါ့ကို ဘာပြောပြချင်နေတာလဲ…အကိုကြီး ကျွန်တော့်ကို ဘာပြောချင်နေတာလဲ”
ပြီးတော့ ဘာလို့ အခုမှလဲ..
မဟုတ်တာ..ငါ အတွေးလွန်နေတာ နေမှာပါ…
ဒီတိုင်း သွေးလေခြောက်ခြားလို့ မက်တဲ့ အိမ်မက်ပဲ ဖြစ်မှာပါ…
ချွန်းမြောင် ခေါင်းကိုခါကာ အတွေးတို့ကို ရှင်းထုတ်လိုက်လေသည်။
“ချီးပဲ…စိတ်ဝိဉာဉ် ဖြတ်လတ်ခြင်းဆေးလုံးတွေက ငါရလိုက်သင့်တာကို”
ချွန်းမြောင် ထိုကိစ္စကို တွေးမိလိုက်သည်နှင့် ဒေါသက ထွက်လာရပြန်သည်။ ထိုဆေးလုံးသည် ဟွာဆန်းဂိုဏ်းတိုးတက်ရေးအတွက် အမှန်ပင် လိုအပ်နေသောအရာဖြစ်သောကြောင့်လည်း ချွန်းမြောင် ထိုဆေးလုံးအား အသည်းအသန် ဖြစ်နေခြင်းပင်။ သို့သော်လည်း ကံမကောင်းစွာနှင့် မရခဲ့ပေ။
“ငါတို့ တကယ်မရှိနိုင်တဲ့ စိတ်ကူးယဉ်အရာကြီးကိုများ ရေလိုက်လွဲနေတာလား”
ခဏမျှ တွေးတောပြီးနောက်တွင်မူ ချွန်းမြောင် ကံတရားကိုသာ အပြစ်ပုံချကာ စိတ်ကိုဖြေလိုက်လေတော့သည်။ စိတ်ကမူ အလုံးစုံ မကျေလည်သေးပေ။ ပြီးခဲ့သောအရာများကို ပြန်တွေးကာ စားမြုံပြန်ဒေါသထွက်နေမည့်အစား အနာဂတ်တွင်သာ ပိုကောင်းသောအရာများကို လုပ်ဆောင်ရန် တွေးလိုက်လေတော့သည်။
ချွန်းမြောင် စိတ်ဒုံးဒုံးချလိုက်လေပြီး တံခါးကို ဖွင့်လိုက်ပြီး အပြင်သို့ ထွက်လာခဲ့လေသည်။ အဓိကခန်းမဆောင်ကြီးထဲတွင်မူ အထုတ်အပိုးများ ပြင်နေသော သူ၏ဆရာတူအကိုကြီးများကို တွေ့လိုက်ရလေသည်။
“မင်း နိုးလာပြီလား”
“အင်း”
“မင်း ဒီနေ့ တော်တော်လေး အိပ်လိုက်တာပဲ…မင်း ခန္ဓာကိုယ်က နာနေတာတွေ ဘာတွေ ရှိသေးလား”
“ဟင့်အင်း ..မနာဘူး”
“ဒါဆိုရင်တော့ အဆင်ပြေတာပေါ့”
ဘတ်ချုန်းက ထိုင်နေရာမှ ထလာကာ ပြောလိုက်လေသည်။
ယနေ့သည် သူတို့အားလုံး ဟွာဆန်းသို့ ပြန်ကြမည့်နေ့ပင်။ ဆေးလုံးအား စိတ်ဖြတ်ရန်တွေးလိုက်သော်လည်း ချွန်းမြောင် အိမ်မက်ကိုရော ဆေးလုံးကိုပါ စိတ်အရှင်းမထားနိုင်သေးပေ။
ရိုးရိုးရှင်းရှင်းလေး ပြောပါလားလို့ ..အကိုကြီးရဲ့…
ဘယ်လိုလုပ် အဲ့ဒီခွေးသားကရော ဆေးလုံးကို ဒီလောက် သေရေးရှင်ရေးကြိုးစားထားရတာတောင် မပေးချင်ရတာလဲ..
ဟွာဆန်းကို ကယ်တင်ဖို့ ကြိုးစားနေတာလေ..အဲ့တာကို ဘာလို့ အကိုကြီးက ဒဲ့မကူညီဘဲ အိမ်မက်ထဲတောင် ဝေ့လည်ကြောင်ပတ် လာလုပ်နေတာလဲ…
ထားပါလေ…ဒါတွေအားလုံးက ကျွန်တော့်ကံပါပဲ…
“ဟူး”
“ငါ အရင်ဘဝက ဘယ်လိုအကုသိုလ်တွေများ လုပ်ထားမိလို့ အဲ့လောက်တောင် ကံဆိုးနေရတာလဲ”
သူ၏ ဆရာတူအကိုကြီး သူ့အား ပြောခဲ့သည်ကို သူနားမထောင်မိခဲ့ခြင်းပင်။ ဆရာတူညီလေးများကို ရိုက်ခဲ့သည့်ကံက ယခုမူ တပတ်လည်ကာ ကံဆိုးမိုးမှောင် ကျနေရပြီ ဖြစ်လေသည်။
“ဟူး..”
ချွန်းမြောင်က သက်ပြင်းများ တစ်ခေါက်ပြီးတစ်ခေါက် ချနေသည်ကိုကြည့်ကာ ဘတ်ချုန်းက ပြုံးလိုက်လေသည်။
“ဘာလို့ ဒီလောက်တွေ နောင်တရနေတာလဲ…ငါတို့ တတ်နိုင်သလောက် လုပ်ခဲ့ကြပြီးပြီပဲလေ… ကဲ..အခုကတော့ ဟွာဆန်းကို ပြန်ကြရတော့မယ့် အချိန်ရောက်ပြီ..ငါတို့ ပြန်ကြရအောင်”
“အင်း…ဟုတ်တယ်,…ပြန်ကြရအောင်”
ချွန်းမြောင် ခေါင်းငြိမ့်ပြလိုက်ပြီး ကောင်းကင်ကို တချက်မော့ကြည့်လိုက်လေသည်။
ရာသီဥတုကမူ ခရီးထွက်ရန်အတွက် အသင့်တော်ဆုံးသော အနေအထားပင် ဖြစ်နေလေ၏။
အပိုင်း (၁၆၇)
အဲ့လိုဆိုရင်တောင် ငါက မင်းနဲ့အတူ ရှိနေမှာပါ(၂)
“မင်း ကောင်းကောင်းကြီး လုပ်ခဲ့ပါတယ်…ဟွာဆန်းရဲ့ နဂါးလေး..”
“ခင်ဗျားပြောတော့ တရက်တည်း တည်းပြီးတာနဲ့ သွားမှာဆို..ဒီမှာ ဘယ်နှရက်တောင် နေဖို့ စဉ်းစားနေတာလဲ”
“အစားအသောက်တွေကလည်း အရသာရှိ … အိပ်ရတာလည်း ကောင်း..သေရည်ကလည်း အပြစ်ပြောစရာ မရှိဆိုတော့…အား..မဟုတ်ပါဘူး..ငါ့ ခန္ဓာကိုယ်က ကောင်းကောင်း ပြန်မကောင်းသေးလို့ပါ”
ချွန်းမြောင်က ဟုန်ဒယ်ဂွမ်ကို မျက်လုံးမှေးကာ စူးစမ်းသလို ကြည့်လိုက်လေသည်။
သူတောင်းစားဂိုဏ်းက ဘယ်တုန်းက ဒီလိုဇိမ်ခံရတာကို ကြိုက်သွားတာလဲ..
အတိတ်တုန်းကဆို သူတောင်းစားဂိုဏ်းက ဘယ်လောက်တောင် ကြိုးစားလိုက်လဲ..
စွန့်စွန့်စားစားနဲ့ သတင်းယူတဲ့နေရာမှာ လုံးဝထိပ်တန်းပဲ..’
အဲ့တာကြောင့်လည်း ကောင်းကင်နတ်ဆိုးနဲ့ တိုက်တဲ့တိုက်ပွဲတုန်းက အရင်ဆုံးသေတဲ့ဂိုဏ်းသားတွေက သူတောင်းစား ဂိုဏ်းက လူတွေချည်းပဲ..
ကြည့်ရတာ သူတောင်းစားဂိုဏ်းက ကြိုးစားပါရက်နဲ့ ဒီလူကိုက ပျင်းလွန်းနေတာများလား…
မသိပါဘူးလေ…ဒါက သူတို့ဂိုဏ်းရဲ့ ပုံစံလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်..
“စကားမစပ်…ဟွာဆန်းရဲ့ နဂါးလေးတို့က ဟွာဆန်းကို ဒီနေ့ပြန်ကြတော့မှာ မို့လား”
“ခဏနေရင် ပြန်ကြတော့မှာ”
“တကယ်ကြီးလေ”
ဟုန်ဒယ်ဂွမ်က မျက်လုံးပြူးသွားပြီး ချွန်းမြောင်အား မှတ်မှတ်ရရပင် အရိုအသေပေးလိုက်လေသည်။
“ငါ ..ဟုန်ဒယ်ဂွမ် သူတောင်းစားဂိုဏ်းရဲ့ လိုယောင်ဌာနခွဲခေါင်းဆောင် က ဓါးသင်္ချိုင်းထဲမှာ ဟွာဆန်းက ရခဲ့တဲ့အကူအညီတွေအတွက် ကျေးဇူးတင်ပါတယ်…ငါတို့အပေါ်မှာတင်နေတဲ့ ဒီကျေးဇူးကြွေးကို သူတောင်းစားဂိုဏ်းက ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး”
ချွန်းမြောင်က ဟုန်ဒယ်ဂွမ်က အရိုအသေပေးမှုကို ဘာသိဘာသာပင်။ ကပြောင်ကချော် ပြောကာ စနောက်ခြင်းများ မရှိပေ။
“ဒါက ဘာမှ မဟုတ်ပါဘူး..ရပါတယ်”
နှစ်ဦးသား တစ်ဦးနှင့်တစ်ဦး အပြန်အလှန်အရိုအသေပေးလိုက်ကြပြီး တစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက်ကြလေသည်။ တစ်ချိန်လုံးပင် ပြောဆိုလာကြသည့်သူများပေမို့ အနေရခက်သော ခံစားချက်ကြီးက နှစ်ဦးသားကြားတွင် ဖြစ်ပေါ်နေလေသည်။
“ပြီးတော့ မင်းတို့ အခုထက်ပိုပြီး ဂရုတစိုက် နေကြတာ ပိုကောင်းမယ်”
“ဟမ်”
ဟုန်ဒယ်ဂွမ်က လေသံတိုးလေးနှင့် ပြောလာလေသည်။
“မင်း ကြိုက်သည်ဖြစ်စေ ၊ မကြိုက်သည်ဖြစ်စေ မင်းနာမည်က ဒီကိစ္စကြောင့် တအားကို ပျံ့နှံ့သွားပြီ…လူတိုင်းကလည်း မင်းရဲ့အစွမ်းအစကို မြင်လိုက်ကြရတယ်လေ…
လွန်ခဲ့တဲ့ နှစ်နှစ်က တောင်ဘက်အစွန်အဖျားဂိုဏ်းကို နိုင်ခဲ့လို့နာမည်ကြီးတာထက် အခုကအများကြီး ပိုပြီး မင်းက ကျော်ကြားသွားပြီ…မင်းရဲ့ ဂုဏ်သတင်းက တောမီးလိုကို ပျံ့နှံ့သွားတော့မှာ,”
“အင်း”
“ကန်ဟိုမှာက မလိုအပ်ပဲ တအားကြီးကျော်ကြားနေတာက မကောင်းဘူး..မင်းကို အတော်များများက အာရုံစိုက်လာကြပြီး မလိုတဲ့သူတွေက မင်းကို အန္တာရာယ်ပြုဖို့ ကြိုးစားလာကြတော့မှာ…သူတို့ကိုယ်သူတို့ မမြှင့်တင်နိုင်ရင် မင်းကိုဆွဲချဖို့ ကြိုးစားလာကြလိမ့်မယ်…အဲ့တော့ အစစအရာရာ ပိုပြီး ဂရုစိုက်ပါ”
“အင်း…အဲ့တာကတော့ သိသာပါတယ်”
ချွန်းမြောင် ခပ်အေးအေးပင် ပြန်ပြောလိုက်လေသည်။ ထိုသို့သော အဖြစ်အပျက်မျိုးက သူအတိတ်တုန်းကလည်း ကြုံခဲ့ပြီးပြီ ဖြစ်လေသည်။ သို့သော် သူ့အား လာကာစမ်းကြသူတိုင်းက အမြီးကုပ်ကာပင် ပြန်သွားကြရလေသည်။ သူ ဇီးပန်းပွင့်ဓါးသူရဲကောင်းဆိုသည့် ဂုဏ်ပုဒ်က အလိုလိုနေရင်း ရလာခဲ့သည် မဟုတ်ပေ။ အားလုံးကို အနိုင်ယူကျော်ဖြတ်ပြီးမှ ရလာခြင်းပင်။
“ငါက အကြံပေးတာပါ”
ဟုန်ဒယ်ဂွမ်က ချွန်းမြောင်၏ အင်းမလှုပ် အဲမလှုပ်အမူအရာနှင့် ခေါင်းသာငြိမ့်ပြနေသည်မို့ သူစကားအား ချွန်းမြောင်က ဘဝင်မကျဟု ထင်သွားလေသည်မို့ စကားလမ်းကြောင်းကို ပြောင်းလိုက်လေတော့သည်။
“အခုလို သိကျွမ်းခွင့်ရတဲ့အတွက် ကျေးဇူးတင်ပါတယ်…ပြီးတော့ အခုကနေစပြီး ဟွာဆန်းရဲ့ ထူးခြားတဲ့သတင်းတွေ ရှိရင်လည်း ငါတို့ကို သတင်းပါးပါဦး”
ဟုန်ဒယ်ဂွမ်၏ စကားကြောင့် ချွန်းမြောင် မျက်ခုံးများပင့်သွားလေသည်။
ဟွာဆန်း၏ သတင်းကို အဆက်မပြတ်ပေးဆိုသည်က သူတောင်းစားဂိုဏ်းနှင့် ဟွာဆန်းဂိုဏ်းတို့ မိတ်ဆွေဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းထားခြင်သည် ဆိုသည့်သဘောပင်။
“ကျွန်တော်တို့မှာ ဘာမှတော့ ပေးစရာမရှိဘူးလားလို့ပါ…ဒါပေမယ့် စဉ်းတော့စဉ်းစားပေးမယ်”
ဟုန်ဒယ်ဂွမ်က တချက်ချောင်းဟန့်လိုက်ပြီး ပြောလိုက်လေသည်။
“ငါ ဟွားကျေးရွာမှာ ဂိုဏ်းခွဲလာဖွင့်လို့ စီစဉ်ထားပါတယ်…မင်းတို့ သူတောင်းစားဂိုဏ်းက သိချင်တာရှိရင် သူတို့ဆီကတဆင့် ငါတို့ကို ဆက်သွယ်လိုက်ပေါ့”
“ပြီးတော့ ခင်ဗျားတို့ကလည်း ဟွာဆန်းက သတင်းတွေကို ဟွားကျေးရွာကနေ ယူနေမှာပေါ့…အဲ့လိုလား”
“အဟား.. ဟား..လူတွေဆိုတာက ဒီလိုပဲ အချင်းချင်းရိုင်းပင်းရင်း နေထိုင်ကြရတာပဲလေ”
ထိုစကားကြောင့် ချွန်းမြောင် ပြုံးလိုက်လေသည် ထိုစကားကလည်း မှားတော့မမှားပေ။ ချွန်းမြောင် အတွေးအရဆိုလျှင် ထိုသို့ သူတောင်းစားဂိုဏ်းနှင့် အဆက်အသွယ် မပြတ်သည်ကလည်း အတော်တော့ ကောင်းသည်ဟု ဆို၍ ရပေသည်။ ဂိုဏ်းကြီးများတွင်ထဲ ဟွာဆန်းသည် သတင်းစီးဆင်းမှု ပြတ်တောက်နေသည်က အတော်ပင် ကြာလေပြီမို့လား။ ယခုတွင်လည်း ဟွာဆန်းသည်လည်း ပြန်လည်နလန်ထလာလေပြီမို့ အသင့်အတင့် စာရင်းတွင် ဝင်လာပြီဖြစ်ပြီး လောကကြီးထဲသို့ တိုးဝင်ရမည့် အချိန်ရောက်လာပြီ ဖြစ်လေသည်။ သို့ဖြစ်၍ သတင်းအချက်အလက်များကလည်း အရေးပါလာပြီ ဖြစ်လေသည်။
ချွန်းမြောင် ခေါင်းငြိမ့်ပြလိုက်ပြီး ပြောလိုက်လေသည်.
“အဲ့လိုပဲ လုပ်ကြတာပေါ့”
“တကယ်လား”
“ဟွားကျေးရွာကို လွတ်လိုက်တဲ့သူတွေကတော့ ထက်ထက်မြက်မြက်တွေ ဖြစ်ပါစေနော်…သတင်းတွေကိုက တတ်နိုင်သလောက် ကောင်းကောင်းမြန်မြန်ပဲ ရချင်တာ”
“အင်း”
“ပြီးတော့ ဟွာယုန်းကိုလည်း သူတောင်းစားနှစ်ယောက်လောက် လွတ်ပေးထားလိုက်ဦး…အဲ့တာမှလည်း အဆက်အသွယ်က မပြတ်မှာ”
“သေချာပေါက် အဲ့လိုလုပ်လိုက်မယ်လေ”
ဆုံးဖြတ်ချက်များက မြန်မြန်ဆန်ဆန်ပင် ချပြီးသွားကြလေသည်။
ကြည့်ရတာတော့ ငါတို့ လက်ဗလာနဲ့ပဲ ပြန်သွားရတဲ့ပုံတော့ မပေါက်ပါဘူး..
အနည်းဆုံးတော့ သူတောင်းစားဂိုဏ်းနဲ့တော့ အဆက်အသွယ် ရခဲ့ပြီပဲကို..
ဂိုဏ်းချုပ်သာ ဒီသတင်းကို ကြားလို့ကတော့ ဝမ်းသာမျက်ရည်တွေတောင် ကျနေမလားပဲ….
“ဘာပဲဖြစ်ဖြစ် မင်းကို ကျေးဇူးတင်ပါတယ်…ဟွာဆန်းရဲ့ နဂါးလေး..”
“အင်း..ခင်ဗျားလည်း ကောင်းကောင်းနေရစ်ပါ… နောက်ဆို တစ်ယောက်နဲ့တစ်ယောက် မတွေ့ရလောက်တော့ဘူး”
“ပြန်တွေ့ရင်လည်း တွေ့ရမှာပေါ့လေ..အတိအကျတော့ ပြောမရပါဘူး”
ဟုန်ဒယ်ဂွမ်က ချွန်းမြောင်၏စကားကို မယုတ်မလွန်လေး ပြောပြီး လက်ပြကာ နှုတ်ဆက်ရှာလေ၏။
“ခဏ”
ချွန်းမြောင်က သူတို့အား နှုတ်ဆက်ပြီးသည်နှင့် လှည့်ကာသွားရန် ပြင်နေသော ဟုန်ဒယ်ဂွမ်ကို လှမ်းကာ ဆွဲလိုက်လေသည်။
“ကတိကို မမေ့နဲ့နော်”
“ဘာကတိလဲ”
“ဟွာဆန်းကို သူတောင်းစားတွေ လွတ်မယ်ဆိုတာလေ”
“…”
“အာ…သေချာပေါက်ပေါ့..လုံးဝ မမေ့ပါဘူး”
“မေ့လို့ကတော့ အချိန်ဘယ်လောက်ကြာကြာ ခွင့်လွတ်မယ်လို့ ထင်မနေနဲ့နော်…ကျွန်တော် သေသွားရင်တောင် ခွင့်မလွတ်ဘူး”
“…”
“စိတ်ချပါ…ငါ လုံးဝ မမေ့ပါဘူး… ငါကတိကို တည်ပါတယ်ကွ…ငါက ဟုန်ဒယ်ဂွမ်ပါ”
“ကတိ မတည်လို့ကတော့ ဟွာကျေးရွာမှာ ဂိုဏ်းခွဲလာထားဖို့လည်း စိတ်မကူးနဲ့”
“ကဲ…မမေ့ပါဘူးလို့ ပြောနေကာမှ…မမေ့ဘူးလို့”
ဟုန်ဒယ်ဂွမ်က သူ့အား ခြိမ်းခြောက်နေသော ဤကလေးအား ကြည့်ကာ ပြုံးပြီးပြောလိုက်လေသည်။ ဤကလေးသည်က ဟာသသွားလုပ်၍ မရသောကလေးဖြစ်သည်ကို သူကောင်းကောင်းကြီးပင် သိလေသည်မို့ ဟွာကျေးရွာသို့ သူတောင်းစားများကို အမှန်ပင် ပို့ပေးမည်ပင်။ ဤသည်ကိုပင် ဒင်းက သူ့အား ခြိမ်းခြောက်နေလေသေးသည်။ ဟုန်ဒယ်ဂွမ် ပြုံးရုံသာတတ်နိုင်လေတော့သည်။
ကျန်သည့် ဟွာဆန်းမှ လူများကမူ ဟွာယုန်းတွင် လုပ်ရန်တာဝန်ရှိသည်များက အားလုံးပြီးဆုံးပြီမို့ ထွက်ခွာရန် အဆင်သင့်ဖြစ်နေပြီး မုဒ်ပေါက်ဝတွင် စောင့်နေကြလေသည်။ မုဒ်ပေါက်ဝတွင် ဝေ့လီရှန်းနှင့် ဝေ့ဆိုဟုန်ပါ ရှိနေပြီး သူတို့အား နှုတ်ဆက်ရန် စောင့်နေကြလေသည်။
“ကျေးဇူးအများကြီး တင်ပါတယ်”
“ရပါတယ်..ဒါက ဘာမှ ထွေထွေထူးထူး လုပ်ပေးလိုက်ရတာ မဟုတ်ပါဘူး”
ဘတ်ချုန်းက ဝေ့လီရှန်း၏ ကျေးဇူးတင်စကားကို ယဉ်ယဉ်ကျေးကျေးပင် တုန့်ပြန်လေသည်။
ဘတ်ချုန်းနှင့် ဝေ့လီရှန်းတို့သည် ဟွာယုန်း ရှေ့ဆက်ကာ မည်သို့ လည်ပတ်ရမည်ဆိုသည်နှင့် ဟွာဆန်းက မည်သို့ ထောက်ပံ့ကူညီမည်ဆိုသည်များကိုပင် ဆွေးနွေးကြပြီး ဖြစ်လေသည်။
ဝေ့လီရှန်းကလည်း နောက်ဆုံးအချိန်အထိ ဟွာဆန်း၏ လက်အောက်ခံဂိုဏ်းခွဲအဖြစ် နေရန် အာမခံထားပြီး ဟွာဆန်းကလည်း ဟွာယုန်း၏ ပြဿနာများကို ကူညီဖြေရှင်းပေးရန် သဘောတူညီချက် ထားကြပြီး ဖြစ်လေသည်။
“ဟွာယုန်းဂိတ်တံခါးရဲ့ ခေါင်းဆောင်က အလုပ်ကို ကောင်းကောင်းကြီး လုပ်တတ်တယ်ဆိုတော့ ကျွန်တော်တို့ကလည်း အများကြီး မျှော်လင့်နေပါမယ်နော်”
“ကျွန်တော်က အဲ့လိုလူမျိုးလား ဆိုတာတော့ ကိုယ့်ကိုယ်ကိုယ် သေချာမသိပေမယ့် တတ်နိုင်သမျှတော့ အကောင်းဆုံး လုပ်ပါ့မယ်လို့ အာမခံပါတယ်”
ဝေ့လီရှန်းက ဦးညွတ်အရိုအသေပေးလိုက်သည်နှင့် ဟွာဆန်းဂိုဏ်းသားကလည်း ပြန်လည်ကာ အရိုအသေပေးလိုက်လေ၏။
“ဂိုဏ်းသားလေး ချွန်းမြောင်”
ဝေ့ဆိုဟုန်က ချွန်းမြောင်ကို လှမ်းကာ ခေါ်လိုက်လေသည်။
“အာ..ခေါ်လိုက်တာလား”
“စိတ်မကောင်း အများကြီး ဖြစ်နေတာလား”
“မင်းကို ကြည့်ရတာ တအားခံစားနေရပုံပဲ…ကျွန်တော်တို့ နောက်လည်း တွေ့နိုင်ကြဦးမှာပါ”
ချွန်းမြောင် မည်သည့်အရာကို စိတ်မကောင်းဖြစ်နေသည်ကို မသိသော်လည်း သူသိသလိုတော့ နှစ်သိမ့်လိုက်လေသည်။
“ကျွန်တော် ပင်မဂိုဏ်းကြီးမှာ ဂိုဏ်းသားလာလုပ်ရမလား…နောက်ကျရင်ပေါ့”
“မရဘူး…”
ဝေ့ဆိုဟုန်၏ စကားပင် မဆုံးရသေး ချွန်းမြောင်က ချက်ချင်းပင် ငြင်းလိုက်လေသည်။
“မင်းက ဟွာယုန်းရဲ့ ခေါင်းဆောင်အဖြစ်နဲ့ပဲ အသင့်တော်ဆုံးပါပဲ”
“ဟုတ်လား”
“ဒါပေမယ့် ပင်မဂိုဏ်းမကြီးမှာ သိုင်းပညာကို လာရောက်သင်ယူလေ့လာချင်တယ် ဆိုရင်တော့ ရပါတယ်…ဟွာဆန်းက ဂိုဏ်းသားတွေကြားမှာ ခွဲခြားထားတာတွေ မရှိပါဘူး…ဂျိုဂုဆရာတူအကိုကြီးဆိုရင်လည်း တစ်နေ့ကျရင် ဟွာဆန်းကနေ ထွက်ပြီးတော့ သူ့မိသားစုကို ပြန်သွားမယ့်သူပါပဲ…ဒါပေမယ့် အားလုံးကို အတူတူပဲ ဆက်ဆံပါတယ်…”
“အာ..ဂိုဏ်းသားဂျိုဂုကလား…”
ဝေ့ဆိုဟုန်က ဂျိုဂုက မိသားစုကို ဂုဏ်ဆောာင်ကာ နေရပ်တွင် ဟွာဆန်းကို ဂုဏ်တက်စေမည့်သူမို့ လေးစားသော မျက်လုံးများနှင့် ကြည့်လိုက်လေသည်။ သူသည်လည်း သူဖခင်၏ အမွေအနှစ်ကို ဆက်ခံကာ ဟွာယုန်းကို ပိုမိုတိုးတက်အောင် ဆောင်ရွက်ရမည့် လူပေမို့လား။ ဂျိုဂုကမူ ခြေတကာကာ လက်တကာကာနှင့် အနေရခက်နေလေတော့သည်။
“ကျွန်တော်က အဲ့ဒီလိုအဆင့်ကို မရောက်သေးပါဘူး…အဝေးကြီး လိုပါသေးတယ်”
“ဘယ်လိုပဲဖြစ်ဖြစ် မင်းလုပ်နိုင်မှာပါ…”
ဝေ့ဆိုဟုန် အဖော်ရှိလေသည်မို့ အားတက်သွားရလေသည်။
“ဆိုတော့ မင်း အခု မင်းအဖေကိုပဲ ကူညီလိုက်ပါဦး…နောက်ရက်တွေဆို မင်းတို့မှာ လုပ်စရာတွေအများကြီး ရှိလာဦးမှာ”
“ဟုတ်ကဲ့ပါ”
ဝေ့ဆိုဟုန်ကလည်း ချွန်းမြောင်၏ အားပေးစကားကြောင့် စိတ်အားတက်သွားရလေပြီး ဝန်ထုတ်ဝန်ပိုးကြီး ကျသွားသည့်သဏ္ဍာန်နှင့် ပြုံးလားလေသည်။
အားလုံးက အသီးသီး နှုတ်ဆက်ပြီးကြပြီမို့ ဘတ်ချုန်းက လောဆော်လိုက်လေတော့သည်။
“ဒါဆို ငါတို့ သွားကြစို့”
“မင်းတို့က ခရီးဝေးကြီး ပြန်ကြရမှာ..ဆိုတော့ မင်းတို့ ပိုက်ဆံအများကြီး လိုမှာနော်….ပါကြရဲ့လား”
“ရပါတယ်”
ချွန်းမြောင်က ဖောင်းနေသော သူ၏ဗိုက်နေရာကို ပြကာ အဆင်ပြေကြောင်း ပြောလေ၏။
“ပိုက်ဆံတယ်လည်း ပေါကြသကိုးကွယ့်..”
“….”
“ဘာပဲဖြစ်ဖြစ် နောက်တစ်ကြိမ်တော့ ပြန်တွေ့ကြတာပေါ့”
“ကျန်းမာရေး ဂရုစိုက်ပါ”
ဟွာဆန်းက လူများက စတင်ထွက်ခွာလာသည်နှင့် ကျန်လူများက လက်ပြနှုတ်ဆက်ကာ ကျန်နေရစ်ခဲ့ကြလေသည်။
“သူတို့တွေ သွားကြပြီ”
“ဟုတ်တယ်..သွားကြပြီ”’
ဝေ့လီရှန်း ထွက်သွားသော ဟွာဆန်းဂိုဏ်းသားများကို ကြည့်ကာ ပြုံးလိုက်လေသည်။
ဟွာဆန်းကတော့ ရှေ့ဆက်ပြီးတော့ တောက်ပနေဦးမှာပဲ…”
ငါတော့ ဘယ်လိုတွေ ဆက်ပြီးဖြစ်လာမလဲဆိုတာ သိချင်လှပြီ…
“အထဲဝင်ကြစို့…လုပ်စရာတွေ အများကြီး ရှိသေးတယ်…အလုပ်တွေက များလွန်းလို့ လူဆယ်ယောက်လောက် ဝိုင်းကူရင်တောင် တော်ရုံပြီးမယ် မထင်ဘူး”
“ဟုတ်ကဲ့ပါ..အဖေ”
ဟွာယုန်းမှ လူများကလည်း အသီးသီး ပြန်ဝင်သွားကြပြီ ဖြစ်လေသည်။ အားလုံးက ယုံကြည်ချက်အပြည့်နှင့်ပင် ဝံ့ကြွားနေကြလေသည်။
ဟွာယုန်း၏ မုဒ်ပေါက်ဝတွင် ချိတ်ထားသောဆိုင်းပုဒ်ကလည်း အသစ်ဖြစ်လေပြီး ဟွာယုန်း ဂိတ်တံခါး…ဟွာဆန်း၏ လက်အောက်ခံဂိုဏ်းခွဲ ဟူ၍ ထည်ထည်ဝါဝါကြီးပင် ရေးသားထားလေသည်။
ဟွာယုန်းမှ ဟွာဆန်း၏သမိုင်းကတော့ လှနေခဲ့ပြီဖြစ်လေသည်။
“အဆုံးမှာတော့ ငါတို့ လက်ဗလာနဲ့ပဲ ပြန်ခဲ့ကြရတာပဲ..”
“လက်ဗလာ မဟုတ်ပါဘူး”
ယွန်းဂျွန်၏ ညည်းညည်းညူညူစကားကို ဘတ်ချုန်းက အပြုံးလေးနှင့် ခေါင်းခါကာ ငြင်းလေသည်။
“ငါတို့ ဟွာယုန်းဂိတ်ကို ကူညီပေးနိုင်ခဲ့တယ်..သူတောင်းစားဂိုဏ်းနဲ့လည်း ကောင်းမွန်တဲ့ ဆက်ဆံရေး တည်ဆောက်နိုင်ခဲ့တယ်… ပြီးတော့ တချိန်တည်းမှာပဲ ဝူတန်ဂိုဏ်းကလူတွေကို ဟွာဆန်းက လူတွေရဲ့ အစွမ်းကို ပြသနိုင်ခဲ့တယ်လေ…ငါတို့ ဂိုဏ်းရဲ့နာမည်ကို တည်ဆောက်နိုင်ခဲ့တာပဲကို ..ဘယ်လိုလုပ် လက်ဗလာလို့ ပြောလို့ရမှာလဲ”
“နည်းပြ ပြောတာလည်း ဟုတ်ပါတယ်လေ”
ဘတ်ချုန်းက ကလေးများကို နှစ်သိမ့်ဖြေတွေးရန် ပြောနေသော်လည်း သူအပါအဝင် အားလုံး၏ စိတ်ထဲတွင် မကျေနပ်ကြပေ။ သက်စွန့်ဆံဖျားပင် ကြိုးပမ်းခဲ့ရပြီးမှ လက်ဗလာပြန်ခဲ့ရသည့် အဖြစ်က ရင်ကွဲလောက်စရာပင်။
“ယာ့ဆွန်း…ယာ့ဆွန်း…အား အဲ့ဒီမျက်နှာနှစ်ဖက်နဲ့ ခွေးသားကတော့”
ချွန်းမြောင် ငြိမ်နေရာမှ ရုတ်တရက်ပင် ထဆဲလိုက်လေ၏။ မကျေမနပ် ဖြစ်နေသည်က အမှန်ပင်။ သို့သော် မည်သို့မှလည်း ဆက်ကာလုပ်၍ မရပေ..
ဘတ်ချုန်းကမူ နန်ယောင်မှ အမြန်ထွက်ပါမှသာ ဖြစ်တော့မည်ကို သိ၍ လမ်းကို အမြန်လျှောက်ရန် စဉ်းစားလိုက်လေတော့သည်။ မဟုတ်လျှင် ထိုစိတ်ဝိဉာဉ်ဖြတ်လတ်ခြင်း ဆေးလုံးအကြောင်းကို တွေးကာ ရင်နာနေရပေဦးမည်။
အားလုံးက အတွေးကိုယ်စီနဲ့ တိတ်ဆိတ်နေကြစဉ်မှာပင် တချိန်လုံးငြိမ်နေသော ယုရီဆိုးက စကားစလာလေသည်။
“ဒါနဲ့”
‘အင်း”
“ယာ့ဆွန်းက ဘယ်လိုလုပ်ပြီး ခြေရာဖျောက်ဖမ်းဆုပ်ခြင်း ဓါးပိုင်ရှင် ဖြစ်လာတာလဲ”
“ဟမ်”
ယုရီဆိုးက ချွန်းမြောင်ကို ကြည့်ကာ မေးလိုက်လေသည်။
“နင် ပြောဖူးတယ်လေ.. ဓါးသင်္ချိုင်းထဲကို စဝင်တုန်းက… ဒါက ခြေရာဖျောက်ဓါးသင်္ချိုင်းနဲ့ ပိုတူတယ်ဆိုပြီး”
ယုရီဆိုး ပြောသည်များကို ဘတ်ချုန်းကလည်း နားထောင်နေပြီး ခေါင်းငြိမ့်ပြကာ အသံတိတ် ထောက်ခံနေလေပြီးမှ ဝင်ကာပြောလေသည်။
‘ငါလည်း အခုမှ စဉ်းစားကြည့်မိတယ်…မင်း အဲ့လိုပြောခဲ့တာ ဟုတ်တာပဲ…အဲ့တာ ဘာအဓိပ္ပါယ်လဲ”
“ဟမ်…ဘယ်သိမှာတုန်း…ကျွန်တော်က ဒီတိုင်း ပြောလိုက်တာလေ…”
“အင်း”
ဘတ်ချုန်း ခေါင်းခါကာ စဉ်းစားလိုက်လေသည်။ ထိုစဉ်မှာပင် ဂျိုဂုက ဝင်ကာဖြေလာလေ၏။
“ကြည့်ရတာ သူက သူဘယ်သူဘယ်ဝါဆိုတာ လျှို့ဝှက်ထားတာရော မဖြစ်နိုင်ဘူးလား”
“ဟင်”
“တွေးကြည့်တော့လည်း ဒါကြီးက တော်တော်ကြီးကို မဖြစ်နိုင်နေသလိုကြီး…
ဆေးတွေကုပြီး လူတွေကို ကယ်နေတဲ့သူတစ်ယောက်က ရုတ်တရက်ကြီး သိုင်းပညာရှင်တွေ အားလုံးကို စိန်ခေါ် ၊ ပြီးတော့ သူတို့အားလုံးရဲ့ လက်နက်တွေကို ပတ်သိမ်း၊ ပြီးတာ့ ဓါးသင်္ချိုင်းကြီး ဆောက်လိုက်တယ်ဆိုတာက မဖြစ်နိုင်သလိုကြီး …ဘယ်လိုမှ ဆက်စပ်မရဘူး ဖြစ်နေတယ်”
“အင်း..ပြောတာကလည်း ဟုတ်သလိုလိုတော့ ရှိသားပဲ”
ဘတ်ချုန်းက မျက်မှောင်ကြုတ်ကာ စဉ်းစားလိုက််လေသည်။ သူတို့ ကြားထဲတွင် လွတ်နေသည့်အရာ တစ်ခုခုတော့ ရှိနေဦးမည်ဟုထင်လေသည်။
“မဟုတ်ဘူး…အဲ့လို မဟုတ်ဘူး”
ယွန်းဂျွန်က ဝင်ကာပြောလာလေသည်။
“ဓါးတွေကို သိမ်းသွားတဲ့သူက ဘယ်သူပါဆိုပြီး သူ့ကိုယ်သူ ထုတ်ပြောတာမျိုး မလုပ်ခဲ့ဘူးလို့ ပြောကြတာ..
အဲ့ဒီ လူက ဘယ်တုန်းကမှ သူက ယာ့ဆွန်းပါဆိုပြီး မပြောခဲ့ဘူးတဲ့”
“အင်း”
“ဒါဆို သူက ဘာလို့ ဒီလိုလုပ်တာလဲ…ဂုဏ်တွေ ပကာသနတွေကြောင့်လို့ မထင်ဘူးနော်…
သိုင်းအကျော်အမော်တွေရဲ့ လက်နက်တွေကို အကုန်လုံးသိမ်းဆည်းပြီး ဓါးသင်္ချိုင်းတည်ဆောက်ခဲ့ရတဲ့ ရည်ရွယ်ချက်က ဘာလဲ”
ဂျိုဂု ခေါင်းရှုပ်သွားလေပြီ။ တွေးလေလေ ရှုပ်ထွေးလေလေပေ။
ယာ့ဆွန်းသည် နတ်ဘုရားလက်နက်များကို လိုအပ်သူ မဟုတ်ပေ။ သို့သော် သိုင်းပညာရှင်အားလုံး၏ လက်နက်များကို သူ သိမ်းယူခဲ့လေသည်။ ထို့အပြင် ခြေရာဖျောက်ဖမ်းဆုပ်ခြင်း ဟူသောအမည်ကိုပါ ခံယူကာ ဓါးသင်္ချိုင်း တစ်ခု တည်ဆောက်ခဲ့လေသည်။ အဘယ်ကြောင့်နည်း။ အဘယ်သို့သော ရည်ရွယ်ချက်ကြောင့် ဓါးသင်္ချိုင်းကို တည်ဆောက်ခဲ့သနည်း။
“ကြည့်ရတာ သူက လက်နက်တွေကို မုန်းတီးနေလို့များလား”
“ဟမ်”
“ဘာ အကြောင်းပြချက်မှ မရှိဘဲ သူက လက်နက်တွေကို မုန်းလို့ ဒီလိုလုပ်ခဲ့တာ ဆိုရင်ရော”
မုန်းတာလား..
သူကလည်း စစ်သည်တစ်ယောက် ဖြစ်ခဲ့တာပဲ မဟုတ်ဘူးလား…
ဘတ်ချုန်းက စဉ်းစားလိုက်လေသည်။
“ဆရာတူညီမလေး ယု…သေချာလေး ရှင်းပြပေးလို့ ရမလား’
“ယာ့ဆွန်းက ဆေးကုတဲ့ သမားတော် တစ်ယောက်နော်”
“အင်း”
“ဆိုတော့ သူက ဒဏ်ရာရတဲ့သူတွေနဲ့ နာမကျန်းဖြစ်တဲ့ သူတွေကို ကုသပေးရတဲ့ သူပေါ့…
လူတွေကို ကယ်တင်တဲ့နေရာမှာပဲ ပျော်မွေ့တဲ့ သူပေါ့…ဟုတ်တယ်မို့လား…
သူက ကန်ဟိုမှာ သူ့ဆေးလုံးတွေကြောင့် နာမည်ကျော်ကြားတယ်ဆိုပေမယ့် ဘဝတစ်လျောက်လုံး လူတွေကို ကုသကယ်တင်ရင်းနဲ့ပဲ ကုန်ဆုံးလာတာလေ”
“သူက လူတွေရဲ့ အသက်တွေကို တန်ဖိုးထားတတ်တဲ့သူမို့လို့ ဒီလို ကြမ်းတမ်းရဲ့ သိုင်းလောကကို သူမုန်းတီးလာတာလေ…သိုင်းပညာရှင်တွေ အားလုံးက သူတို့ရဲ့ လက်နက်တွေကို အသုံးပြုပြီးတော့ပဲ လူသတ်ကြတာလေ…သူ ဘယ်လောက်ပဲ ကုသပေးနေပါစေ တိုက်ပွဲတွေ ရှိနေသ၍ သေဆုံးတာတွေ ဒဏ်ရာ ရတာတွေက ဖြစ်နေဦးမှာပဲ”
“ညီမလေးယု ပြောချင်တာက သူက အဲ့လိုမုန်းတာကြောင့်ပဲ ဒီလိုတွေ လုပ်ခဲ့တာပေါ့…ဓါးသင်္ချိုင်းကြီးကိုလည်း အဲ့တာကြောင့်ပဲ ဆောက်ခဲ့တာလား”
“သိပ်တော့ မသေချာပေမယ့်…အဲ့တာက သတိပေးတာမျိုးလည်း ဖြစ်နိုင်တာပဲလေ..
သိုင်းလောကထဲမှာ ရှိနေတဲ့သူတွေကိုပေါ့… ယာ့ဆွန်းရဲ့ တကယ့်စိတ်အနေအထားက ဘယ်လိုဆိုတာတော့ ယာ့ဆွန်းရဲ့ တပည့်တပန်းတွေကလွဲရင် ဘယ်သူမှ သေချာသိနိုင်မယ်လို့တော့ မထင်ဘူး”
“ငါကြားဖူးတာတော့ ယာ့ဆွန်းက ဘယ်သူ့ကိုမှ ဆေးပညာမသင်ပေးခဲ့ဖူးဘူးတဲ့…အရည်အချင်း မပြည့်မှီဘူးဆိုပြီး ပယ်ချခဲ့တာကြီးပဲတဲ့”
“သူအကြောင်းကတော့ ကြားရလေလေ ပိုပြီး ထူးဆန်းလာလေလေပဲနော်”
“ဒါဆို အခု ငါတို့ ပြောနေတာကို ဆက်စပ်ကြည့်လိုက်မယ်ဆိုရင် ဓါးသင်္ချိုင်းက သူ့ရဲ့ လှည့်ကွက်တွေထဲက တစ်ခုလား…အစိတ်အပိုင်း တစ်ခုလား”
ထိုစကားဝိုင်းကို နားထောင်ရင်း လမ်းကိုဖြေးဖြေးလျှောက်နေသော ချွန်းမြောင်က ရုတ်တရက် ရပ်သွားလေသည်။
အားလုံးက ချွန်းမြောင်အား ဝိုင်းကာကြည့်လိုက်ကြလေသည်။
“ချွန်းမြောင်က ဘာဖြစ်တာလဲ”
ချွန်းမြောင်သည် ကောင်းကင်ကြီးကို မော့ကြည့်ကာ နှုတ်မှလည်း တတွက်တွက် ရေရွတ်နေလေသေး၏။
‘ယာ့ဆွန်း…ဆေးလုံး… သိုင်းပညာဂိုဏ်းတွေ…
ခြေရာဖျောက် ဖမ်းဆုပ်ခြင်းဓါး… ကုသတဲ့သူ …ဂိုဏ်းသာားတွေ…ပြီးတော့ စမ်းသပ်မှုတွေ…အား”
နှုတ်မှုလည်း တတွက်တွက်ရွတ်ကာ အသည်းအသန်လည်း စဉ်းစားနေပုံပင်။
“ရှေ့ဆက်တယ်..ထွက်ခွာတယ်…စမ်းသပ်ချက်တွေ …ပြီးတော့ ကန်ဟို…ပြီးရင်…”
ချွန်းမြောင် တစ်ခုခုအား နားလည်သွားဟန်နှင့် တုန်လှုပ်သွားလေသည်။အခြေအနေကို သဘောပေါက်သွားလေပြီး ဟွာဆန်းသို့ ပြန်နေရာမှ ဆန့်ကျင်ဘက်သို့ လျောက်ကာသွားလေတော့သည်။
“သူ ဘယ်ကို သွားနေတာလဲ”
ယွန်းဂျွန်က ချွန်းမြောင်အား တားရန်ပြင်လိုက်သော်လည်း ဘတ်ချုန်းက လှမ်းကာ တားလိုက်လေသည်။
“ရှူး”
“ငါတို့ အားလုံး သူ့နောက်က လိုက်ကြမယ်…တိတ်တိတ်ဆိတ်ဆိတ် လိုက်ကြ”
“ဟုတ်ကဲ့”
အားလုံးက ချွန်းမြောင် ၏ နောက်မှ ဂရုတစိုက်ပင် လိုက်လာကြလေသည်။
မင်း ဘာကို သိသွားတာလဲ ခွေးပေါက်လေး…
မျှော်လင့်ချက်ရောင်စဉ်တန်းများက ဘတ်ချုန်း၏ မျက်လုံးတွင် ဝင်းလက်တောက်ပနေလေ၏။
အပိုင်း (၁၆၈)
အဲ့လိုဆိုရင်တောင် ငါက မင်းနဲ့အတူ ရှိနေမှာပါ (၃)
ပြောရလျှင်မူ ချွန်းမြောင်သည် နန်ယောင်ဘက်သို့ ပြန်သွားနေခြင်းပင်။ အတိအကျဆိုလျှင်မူ ဓါးသင်္ချိုင်းရှိရာ တောင်ပေါ်သို့ ပြန်သွားနေခြင်းပင်။
လမ်းကို ပုံမှန်သာလျောက်နေပြီး ခံစားချက်ဗလာမျက်နှာနှင့်သာ အတွေးများနေရင်းပင် တောင်ပေါ်သို့ တက်သွားလေတော့သည်။
“ယာ့ဆွန်း…ခြေရာဖျောက် ဖမ်းဆုပ်ခြင်း ဓါး..ယာ့ဆွန်း ခြေရာဖျောက် ဖမ်းဆုပ်ခြင်း ဓါး…..တပည့်တွေ”
ချွန်းမြောင်က ပါးစပ်ကလည်း တတွက်တွက် ရေရွတ်နေပြီး စဉ်းစားနေပုံရလေသည်။
စဉ်းစားစမ်း…
စဉ်းစားစမ်း…
သေချာလေး စဉ်းစားလျှင် အဖြေထွက်လာတော့မည်ဟု ခံစားနေရပြီး ချွန်းမြောင်၏စိတ်ထဲတွင် အကြောင်းအရာ များစွာက တောင်စဉ်ရေမရ ပြေးလွှားပေါ်လာနေကြလေသည်။
ငါ အဖြေရအောင် ဘယ်လိုစဉ်းစားရမလဲ…
စိတ်ဝိဉာဉ် ဖြတ်လတ်ခြင်း ဆေးလုံး…ပြီးတော့ ဆေးဖော်စပ်နည်း…
ငါ အဲ့ဒီစကားလုံးကို ဘယ်နေရာမှာ ကြားဖူးတာပါလိမ့်…
ဓါးသင်္ချိုင်း …ဓါးသင်္ချိုင်းကလူ…
ဒါတွေ အားလုံးက အစကတည်းက ရေလိုက်လွဲနေတာပဲ..
ယာ့ဆွန်းက ခြေရာဖျောက်ဖမ်းဆုပ်ခြင်း ဓါးသိုင်းပိုင်ရှင်ဆိုပေမယ့် ခြေရာဖျောက်ဖမ်းဆုပ်ခြင်း ဓါးသိုင်းကတော့ ယာ့ဆွန်းအတွက် မဟုတ်ခဲ့ဘူး…အဲ့တာက ယာ့ဆွန်းရဲ့ နေရာမဟုတ်ခဲ့ဘူး…
ဒါဆို အဲ့တာက ဘာလဲ..
ယာ့ဆွန်းသည် ခြေရာဖျောက်ဖမ်းဆုပ်ဓါးကို ပိုင်ဆိုင်ကာ ထိုဓါးပိုင်ရှင်ဟု ကျော်ကြားခဲ့သော်လည်း ထိုအချက်ကို ကွယ်ဝှက်ထားခြင်း မရှိခဲ့ပေ။ဓါးသင်္ချိုင်းတစ်ခုပင် တည်ဆောက်ကာ သူ၏တခြားတစ်ဖက်သော ဇာစ်မြစ်ကို ဖော်ထုတ်ခဲ့လေသည်။ ယာ့ဆွန်းသည်က ထိုဓါးသင်္ချိုင်းကို တမင်ပင် တည်ဆောက်ခဲ့ပြီး ထိုဓါးသင်္ချိုင်း တည်ရှိကြောင်းကိုလည်း ဖုံးကွယ်ထားခြင်ပုံ မရခဲ့ပေ။ သို့သော်လည်း ဓါးသင်္ချုင်းထဲတွင်မူ ဆွေးမြေ့နေသော ဓါးများကိုသာ ထားထားလေသည်။ အဘယ်ကြောင့်နည်း…။ဓါးသင်္ချိုင်းသည်က ယာ့ဆွန်း၏ဆေးလုံးများရှိရာကို ညွှန်ပြပေးနိုင်သည့် လမ်းညွှန်ခြေရာကောက်စရာလေပင်လား။
ဆေးလုံးတကယ်ရှိနေတဲ့နေရာကို ညွှန်ပြပေးမယ့် လမ်းညွှန်လား….
တောင်ပေါ်တွင်က လမ်းပေါင်းများစွာရှိပြီး သဘာဝအန္တာရာယ်များကြောင့် ပျောက်ကွယ်သွားသော လမ်းများလည်း ရှိလေသည်။ ထို့အပြင် ထိုသဘာဝဘေးအန္တာရာယ်များကြောင့် ဖြစ်ပေါ်လာသော လမ်းများလည်း ရှိလေသေးသည်။ မည်သည့် လမ်းကို ဆိုလိုခြင်သနည်း။ တောင်ပေါ်တွင် လမ်းအတိုင်း နဂိုကပင် ရှိပြီး အကောင်းတိုင်းကျန်နေသောလမ်းဟူ၍ ဓါးသင်္ချိုင်းသို့ သွားသောလမ်းတစ်လမ်းသာ ရှိလေသည်။
အတွေးများစွာဖြင့် ချွန်းမြောင် တောင်ပေါ်သို့ တဖြည်းဖြည်း တက်လာလေသည်။ ဓါးသင်္ချိုင်းဝသို့ ပြန်ကာရောက်ရှိလာလေပြီး ချွန်းမြောင် ထိုနေရာတွင်ပင် ရပ်နေလေ၏။
“တာအိုကျင့်ကြံတဲ့သူ …တာအို မကျင့်ကြံတဲ့သူ…လမ်းကြောင်း…လမ်းကြောင်း မရှိတဲ့နေရာ”
ဤတောင်ပေါ်သို့ တက်လာသူမှန်သမျှသည် ဤလမ်းကြောင်းပေါ်သို့သာ ရောက်၍ ဤဓါးသင်္ချိုင်းသို့သာ ရောက်ရှိလာမည် ဖြစ်လေသည်။ မည်သူကမှလည်း လမ်းမရှိသောနေရာများကို စပ်စုကာ သွားကြမည် မဟုတ်ပေ။ ဤသည်က လမ်းကြောင်းနှင့် လမ်းကြောင်း မရှိတဲ့နေရာ ဟူသော သဘောပင်။
“မင်း တစ်ခုခု သိတာရှိထားပြီလား”
ဘတ်ချုန် အမေးကြောင့် ချွန်းမြောင် ခေါင်းခါပြလိုက်လေသည်။
“နည်းပြ”
“အင်း”
“ကျွန်တော်တို့ ဓါးသင်္ချိုင်းထဲကို ဝင်တုန်းက ဘာတွေတွေ့တာလဲ”
“ဘာကြီး”
“ကျွန်တော် မေးတာက ဓါးသင်္ချိုင်းကို တွေ့တဲ့သူတွေက ဘာလုပ်ကြမှာလဲလို့”
“ဒါက..”
ချွန်းမြောင်၏ မေးခွန်းက ရူးကြောင်ကြောင်ဟုပင် ထင်ရလေသည်။ သို့သော်လည်း ဘတ်ချုန်း ပြန်ကာဖြေလိုက်လေသည်။ မည်သို့သော အဖြေကို ဖြေသင့်သည်ဟု မသိ၍ သမာရိုးကျဖြစ်စဉ်အတိုင်းသာ ဖြေလိုက်လေသည်။
“အထဲကို ဝင်ကြမှာပေါ့”
“ဘယ်လိုမျိုးလဲ..”
“နေပါဦး…မင်းက ဘာကို မေးချင်တာလဲ…ထားပါ…သူတို့တွေ ဝင်ပေါက်ကို ဖွင့်ပြီးတော့ ဝင်ကြမှာပေါ့”
ဝင်ပေါက်ကို ဖွင့်ပြီးတော့ ဝင်ကြတယ်…
“ဝင်ပေါက်”
စကားလုံး တစ်လုံးက အဓိပ္ပါယ်များစွာရှိနိုင်လေပြီး ယခု ချွန်းမြောင်ဆိုလိုချင်သည်ကတော့ တစ်မျိုးတည်းပင်။
“ဓါးတွေနဲ့ တစ်ယောက်ကိုတစ်ယောက် ရွယ်ထားစေနိုင်တဲ့ ဝင်ပေါက်”
“ဟုတ်တယ်..ဒါက ငါတို့ သိုင်းပညာလောက ထဲကို ဝင်လိုက်သလိုပဲ”
“ပြီးရင်ရော ဘာဆက်ဖြစ်လဲ”
“ရှည်လျားပြီးတော့ ကျဉ်းမြောင်းတဲ့လမ်း..အလယ်မှာ ထောင်ချောက်တစ်ခုလည်း ရှိသေးတယ်”
ဂျိုဂုက ဝမ်းသာအားရ လက်ခုပ်ထတီးကာ ဝင်ပြောလေသည်။
“အဲ့တာ…လေ့ကျင့်ရေးပဲ..လေ့ကျင့်ရေးပဲ ဖြစ်ရမယ်”
“ဟုတ်တယ်…လေ့ကျင့်ရေးပဲ…လေ့ကျင့်ရေးဆိုတာကလည်း ခက်ခဲပြီးတော့ ရှည်လျားတဲ့လမ်းပဲ…လူတိုင်းက လမ်းကျယ်ကြီးကို လျှောက်ရသလိုပဲ အားလုံးကို လေ့ကျင့်ပြီးမှ တဖြေးဖြေးကျဉ်းမြောင်းသွားတဲ့ လမ်းကိုရောက်သလို ရွေးချယ်စရာနည်းသွားရတာ…ပြီးတော့ ရှေ့ဆက်လုပ်ရမယ့်အရာကို ရွေးရတာ..
နောက်တစ်ဆင့်ကို တက်ဖို့ လုပ်ရတာပဲ….လမ်းက တဖြည်းဖြည်းကျဉ်းမြောင်းပြီး ရှေ့နောက်ပဲ ဆင့်သွားရတာက အရည်အချင်း နည်းပါးတဲ့သူတွေက အရည်အချင်း ပြည့်ဝတဲ့သူတွေရဲ့ နောက်မှာ ကျန်နေခဲ့ရတာကို ပြတာပဲ”
“လမ်းခရီးတစ်လျောက်မှာ ကြုံရတဲ့ မြူတွေနဲ့ အခက်အခဲတွေက …”
“ပြောရမယ်ဆိုရင်….”
“ဓါးသင်္ချိုင်းက သိုင်းလောကထဲကို ဝင်လာတဲ့သူတစ်ယောက်ရဲ့ ဘဝကို သရုပ်ဖော်ပြထားတာပဲ…
သိုင်းသမားတစ်ယောက်ရဲ့ ဘဝမှာ ဖြတ်သန်းရတာတွေကို ပြသထားတာ”
“ဒီလိုဆို….”
“လမ်းတဝက်မှာ လျောက်လမ်းတွေ ခွဲထွက်သွားတာကရော”
“ဒါက အကုန်လုံး အစပိုင်းမှာ သိုင်းပညာဆိုတဲ့ခေါင်းစဉ်အောက်မှာ အသီးသီး သင်ကြားကြပြီးမှ ကိုယ်အားသန်ရာကို လိုက်ပြီး ကွဲပြားသွားကြတာကို ပြတာပဲ…ဒါပေမယ့် အဆုံးမှာကျ နောက်တစ်လမ်းက ထပ်ပြီးပေါ်လာပြန်တယ်”
“လမ်းကြောင်းတွေ နောက်တကြိမ် ပြန်ရွေးရတာကို ပြချင်တာပဲ”
“စမ်းချောင်းငယ်လေးတွေ ဘယ်လောက်ပေါပေါ ၊မြစ်ပြင်ကျယ်ထဲမှာ ပေါင်းဆုံရသလို ပဲ…ငါတို့တွေ ဘယ်လိုလမ်းတွေကိုပဲ လိုက်လိုက် နောက်ဆုံးတော့ အင်အားအကြီးဆုံးသူ ဖြစ်ဖို့ဆိုတဲ့ ခေါင်းစဉ်အောက်ကိုပဲ ရောက်သွားကြတာကို ပြောချင်တာပဲ”
ဘတ်ချုန်း သက်ပြင်းရှည်ကြီးချကာ ညည်းတွားလိုက်လေသည်။
“သိုင်းပညာပြီးမြောက်ခြင်းလား..နောက်တစ်ခုက..”
“ဟုတ်တယ်”
ချွန်းမြောင်တို့ ကြုံတွေ့ခဲ့ရသော အခက်အခဲတစ်ခုချင်းစီက သိုင်းပညာ၏ အဆင့်တစ်ခုချင်းစီကို ဖော်ပြလိုခြင်းပင်။
“ပြီးရင်ရော…ဘာထပ်တွေ့ရသေးတာလဲ”
“ရှည်လျားပြီး ကျဉ်းမြောင်းတဲ့ ဂူနဲ့ ကန်ရှီတွေ”
ယွန်းဂျွန် ဝင်ကာပြောလိုက်လေသည်။
“မကောင်းတဲ့စိတ်ရိုင်းတွေလား..”
“ဟုတ်တယ် …သိုင်းပညာပြည့်ဝသွားတဲ့အခါမှာ ဖြစ်ပေါ်လာတတ်တဲ့ မာနနဲ့ စိတ်ရိုင်းတွေပဲ..”
“ဒါဆို တောင်ထိပ်ကရော…ကျွန်တော်တို့ အမှောင်ထဲကို ဖြတ်ပြီးမှ တောင်ထိပ်ကို ရောက်တာလေ…ပြီးတော့ ကြိုးစားပြီး တက်ရတာ”
အဖြေကို ချွန်းမြောင်က မဖြေပေ။ ဘတ်ချုန်းက ဝင်ကာဖြေလေသည်။
“မသေမျိုးလမ်းစဉ်ပဲ”
“တလက်လက်တောက်ပနေတဲ့ အလင်းရောင်က ငါတို့ သိုင်းပညာတွေ ပြည့်ဝသွားတဲ့လက္ခဏာပဲ…တာအိုကျင့်ကြံသူတွေအနေနဲ့ဆိုရင် ဉာဏ်အလင်းပွင့်ပြီး သိုင်းပညာရဲ့ အနှစ်သာရကို အပြည့်အဝ နားလည်သွားတာဖြစ်ပြီး ဗုဒ္ဓလမ်းစဉ်အရဆိုရင်တော့ လွတ်မြောက်ရာ နိဗ္ဗာန်ကို လှမ်းနိုင်သွားပြီဆိုတဲ့ အဓိပ္ပါယ်ပဲ”
“ဒါဆိုရင်လည်း သံချေးတက်နေတဲ့ လက်နက်တွေနဲ့ ဘာမှမပါတဲ့ သစ်သားသေတ္တာကရော”
ချွန်းမြောင်က ဝင်ကာဖြေလေသည်။
“မရှိခြင်း သဘောတရားပဲ…မမြဲခြင်းပဲ…အနိစ္စပဲ”
“ဟမ်”
“အဝင်ဝကတည်းက လူတွေက တစ်ယောက်နဲ့တစ်ယောက် တိုက်ခိုက်လာကြရတာ..ဒါပေမယ့် ဒီနေရာမှာ ဘာမှရှိမနေဘူး…သူပြောချင်တာက မမြဲတဲ့သဘောနဲ့ အမြဲတည်ရှိနေတဲ့ မမြဲခြင်း ၊မရှိခြင်း အနိစ္စကို ပြောချင်တာပဲ”
“ယာ့ဆွန်းရဲ့ ဓါးသင်္ချိုင်းက လူတွေကို စမ်းသပ်တဲ့နေရာလည်း မဟုတ်သလို ဘာမှလည်း မဟုတ်ဘူး..
သူ ဘဝကြီးကို မြင်တဲ့အမြင်နဲ့ သိုင်းပညာကို မြင်တဲ့အမြင်ကို ဖော်ပြထားတဲ့ အညွှန်း သရုပ်ဖော်ပြ နေရာတစ်ခုပဲ”
ယုရီဆိုး၏ စကားကြောင့် အားလုံးက နားလည်သွားကြလေသည်။
ယာ့ဆွန်းသည် သမားတော် တစ်ယောက်ဖြစ်လေပြီး လူများ သေကြေဒုက္ခရောက်သည်ကို မုန်းတီးသူတစ်ယောက်ပင်။ သို့သော်လည်း ဂိုဏ်းများမှ သိုင်းပညာရှင်များက တစ်ဦးနှင့်တစ်ဦး အပြိုင်အဆိုင်ပင် ရှိကြပြီး ရန်လိုသတ်ဖြတ်မှုတွေ များပြားလွန်းလှ၍ သူက ဤလောကကြီးထဲသို့ ဝင်ကာ သူတတ်နိုင်သ၍ တားဆီးခဲ့ခြင်းပင်။
“ဒါကြောင့် သူက ကန်ဟိုထဲကို ဝင်လာခဲ့ပြီး သိုင်းအကျော်အမော်တွေကို မာန်စွယ်ချိုးခဲ့တာ..
သူ့က သာမန်မှာ အားနည်းတဲ့သူဆိုရင်တောင် သူ သန်မာလွန်းတဲ့ သိုင်းပညာရှင်ကြီးတွေကို အနိုင်ယူနိုင်ခဲ့တယ်..
သူ့နည်းသူ့ဟန်နဲ့ လူတွေကို တတ်နိုင်သလောက် ကယ်တင်ပြီး ဓါးသင်္ချိုင်းဆောက်ပြီး လူတွေကို အသိတရားပြထားခဲ့တာ…ဒါကို ငါတို့က နားမလည်နိုင်ခဲ့ကြတာပဲ”
“ဒါပေမယ့် ဘာများ ပြောင်းလဲသွားလို့လဲ”
“သူ ဘယ်လောက်ပဲကြိုးစားခဲ့ပါစေ လူတွေက တစ်မျိုးမဟုတ် တစ်မျိုးနဲ့တော့ ဆိုးဝါးခဲ့ကြတာပဲ…
ဒါကြောင့် သူက အားလုံးကို စိတ်ကုန်ပြီး သူရဲ့ ပညာတွေကိုလည်း မမျှဝေခဲ့တာ”
အဆုံးသတ်တွင်မူ အရာအားလုံးကို သူတို့နားလည်သဘောပေါက်ကာ ခြေရာကောက်နိုင်သွားပြီဖြစ်လေသည်။
“ဆိုတော့ အစကတည်းက ဒီနေရာမှာ ဘာမှရှိမနေဘူးပေါ့”
“အင်းပေါ့”
“အားလုံးက အလကားပဲ…”
အရာအားလုံးကို နားလည်လိုက်ပြီမို့ သူတို့အားလုံး သက်ပြင်းကိုယ်စီချမိသွားကြလေတော့သည်။
“ဒါဆို ငါတို့က ဒီကို ဘာပြန်လာလုပ်တာလဲ…အဲ့တာကို အတည်လာပြုတာလား”
“မဟုတ်ဘူး”
ချွန်းမြောင်က ထကာ ငြင်းလေသည်။
“ကျွန်တော် ပြောတယ်လေ…ယာ့ဆွန်းက ခြေရာဖျောက်ဖမ်းဆုပ်ခြင်းဓါးနဲ့ မတူဘူးလို့..
ဆိုတော့ ဒါက ခြေရာဖျောက်ဖမ်းဆုပ်ခြင်း ဓါးသင်္ချိုင်းဆိုရင် ယာ့ဆွန်းရဲ့ ဂူက သပ်သပ်တစ်နေရာမှာ ရှိလိမ့်မယ်…
ဒါက သူရဲ့နေရာအစစ်အမှန် မဟုတ်တော့ သူ့အတွက် အစစ်အမှန်လို့ ခံစားရတဲ့နေရာမှာ သူ့ရဲ့ အုတ်ဂူက သပ်သပ်ရှိနေမှာပဲ…”
“…”
“လမ်းလိုက်တာ မှားနေသရွေ့ပဲ ဘယ်လောက်ပဲကြိုးစားနေပါစေ လိုချင်တဲ့ပန်းတိုင်ကို ရောက်နိုင်မှာ မဟုတ်ဘူး..
ပြီးတော့ အခု ဓါးသင်္ချိုင်းမှာ ဘာမှ မတွေ့သွားဘူးဆိုတော့ လူတွေက နောက်ထပ်ဘာလုပ်ကြမယ်လို့ ထင်လဲ”
“သူတို့တွေ နောက်တစ်မျိုးကြိုးစားပြီး ထပ်ရှာကြမှာပဲ”
အားလုံးက အပျက်အစီးပုံကြီးကို ကြည့်ကာ စဉ်းစားနေကြလေသည်။
“ဒီနေရာမှာတော့ နောက်ထပ်ဘာမှ မတွေ့နိုင်တော့ဘူးဆိုတာ သေချာသွားပြီ…
ဒီအောက်ထဲကို ရောက်ခဲ့ကြတဲ့သူတွေက ဒီဂူမြေအောက်ထဲမှာ သူတို့အသက်မသေအောင် ကျွန်တော်တို့ အပါအဝင် အားလုံးကြိုးစားပြီး ရုန်းကန်ခဲ့ကြတယ်…အားလုံး အသက်ရှင်ရေးအတွက် ရုန်းကန်ခဲ့ကြတယ်”
“ဒါပေမယ့် ဂူပြိုသွားတာကို မြင်ရတဲ့ ဒီမြေပေါ်က လူတွေကကျ ဂူပြိုသွားတာ တွေ့တော့ သူတို့ ဘာလုပ်ကြသလဲ”
“သူတို့ ပြန်သွားကြတာလား”
“မဟုတ်ဘူး”
“သူတို့ နောက်တစ်နေရာကို ပြောင်းစဉ်းစားကြတာ”
“ယာ့ဆွန်းက ဂူထဲကို စဝင်ကတည်းက သူပေးချင်တဲ့စကားလက်ဆောင်ကို ပေးပြီးသား..
မင်းတို့တွေ ရှင်သန်ခြင်ရင် ရပ်တန့်နေလို့ မရဘူး…ရှေ့ဆက်နေရမယ်ဆိုတာကို ပြောထားပြီးသား..
တကယ်လည်း ကျွန်တော်တို့ ရုန်းကန်ခဲ့ရတာပဲ”
“ဒီတောင်ပေါ်မှာ သစ်ပင်တွေ စမ်းချောင်းတွေ စိမ်းစိမ်းစိုစို နေရာတွေ အများကြီးရှိတာပဲ…
ကတုံးပြောင်ပြီး ခေါင်နေတဲ့နေရာက ဒီနေရာတစ်ခုပဲ ရှိတယ်…အဲ့ကတည်းကကို သိသင့်နေတာ ..
ဒီနေရာက ဖုန်းဆိုးမြေ သင်္ချိုင်းမြေဆိုတာပဲ..ဒီနေရာကို ရောက်လာလို့ ကောင်းတာတွေ ဖြစ်မလာနိုင်ဘူးဆိုတာ သူက ပြသထားပြီးသားပဲ…ကျွန်တော်တို့ကသာ တုံးအခဲ့ကြတာ…လောဘနောက်ကို လိုက်ပြီး အမှန်ကို မမြင်နိုင်ခဲ့ကြတာ…အဲ့တာ ကျွန်တော်တို့ အမှားပဲ”
ကောက်ချက်ဆွဲမှုများအပြီးတွင်မူ ယာ့ဆွန်း၏ဂူ အစစ်အမှန် ရှိနေနိုင်သေးသည်ဟူသော အဖြေထွက်လာလေသည်။ ချွန်းမြောင်ကမူ သူ၏ ယူဆချက်များအတိုင်း စတင်ကာ လှုပ်ရှားနေပြီ ဖြစ်လေသည်။ အခြားတစ်နေရာသို့ စတင်ကာ သွားနေပြီဖြစ်လေသည်။
ချွန်းမြောင်သည် ဓါးသင်္ချိုင်း၏ရှေ့တွင်ရှိသော သက်တမ်းရင့် ချုံပုတ်များ ရှိရာနေရာသို့ ထွက်လာခဲ့လေသည်။
ချွန်းမြောင်၏နောက်တွင်မူ ကျန်လူများက ခပ်ဖြေးဖြေး လိုက်ပါလာလေသည်။
ဘဝမှာ လိုချင်တာတွေ ဖြစ်မလာခဲ့ရင်တောင် ရှင်သန်နေဖို့ဆိုရင် ရပ်တန့်မနေဘဲ တတ်နိုင်သမျှ ရွေ့နေရမယ်ပေါ့..
ဒါက သိုင်းပညာအတွက်မှ မဟုတ်တာ..ဒါက ဘဝတစ်ခုအတွက်ပဲ…
ခင်ဗျား ဘာကို တကယ်ပဲပြောချင်နေတာလဲ…
ချွန်းမြောင်သည် ယာ့ဆွန်း၏ စိတ်ကူးနှင့်အကြံစည်များကို တကယ်ပင် နားမလည်နိုင်တော့ပေ။ မြင်ရကြားရသည်က သိပ်ကို ခက်ခဲလွန်းသည်ဟု ထင်လေသည်။ သို့သော်လည်း မတတ်နိုင်ပေ။ မိမိတို့က လိုဘ ရှိနေသူများဖြစ်၍ ဦးနှောက်ကို ဖျစ်ညစ်ကာသာ ထုတ်နေရလေတော့သည်။
ချွန်းမြောင်သည် အရှေ့အရပ်အတိုင်းပင် လိုက်လာခဲ့ရာ နောက်ထပ်မြေနိမ့်လွင်ပြင်တစ်ခုကို ရောက်လာခဲ့လေပြန်သည်။ ဓါးသင်္ချိုင်းရှိသော မြေနိမ့်လွင်ပြင်နှင့် မတူသည်က ဤနေရာကမူ စိမ်းစိမ်းစိုစိုနှင့် တောတောင်သဘာဝနှင့် သဟဇာတ ဖြစ်နေခြင်းပင်။
စီးဆင်းနေသော စမ်းချောင်းကလေးများ၊ စိမ်းစိုသော သစ်ပင်များ ၊ လွတ်လပ်စွာ ပြေးလွှားကျက်စားနေကြသော တိရစ္ဆာန်များနှင့် သာသာယာယာပင်။ သာမန်တောင်ပေါ်နေရာလေး တစ်ခုပင်။
သို့သော် ချွန်းမြောင်ကမူ ဤနေရာနှင့် ပတ်သက်ကာ ယုံကြည်မှုအပြည့်ပင် ရှိနေလေသည်။ ဖုန်းဆိုးမြေနှင့် ကပ်လျက်ဖြစ်နေသော သာယာလှပသည့်နေရာလေး။ ဤနေရာက ယာ့ဆွန်းရွေးချယ်ထားသော နေရာဖြစ်ပေလိမ့်မည်ဟု တထစ်ချ ယုံကြည်နေမိလေသည်။
“ယာ့ဆွန်း ရဲ့ ဆိုလိုရင်းတွေကိုသာ သဘောမပေါက်ခဲ့ရင် ဒီနေရာကို ရောက်လာရင်လည်း ဘာမှသိမှာ မဟုတ်ဘူး..
ဒါကို သာမန်တောတစ်နေရာလို့ပဲ ထင်နေကြလောက်တယ်”
“ဟုတ်တယ်..ဒီနေရာက သာမန်နေရာတစ်ခုလိုပဲ”
ချွန်းမြောင်၏ အကြည့်များကမူ တစ်နေရာထဲတွင်သာ ရပ်တန့်နေလေသည်။ ဤနေရာတွင် တဖက်ခြမ်းသည် ကျောက်တုံးများနှင့် ကာရံထားပြီး ကျောက်ကြားမှ ရေများကလည်း စိမ့်ကာကျနေလေသည်။ ဤနေရာက တောင်၏ ရေအရင်းအမြစ် နေရာပင်။
“ရေစီးအားက ပျော့လွန်းနေတယ်”
ချွန်းမြောင် တကိုယ်တည်းရေရွတ်လိုက်လေသည်။
“ရေတိမ်တယ်..ပြီးတော့ ရေတွေကျနေတဲ့ပုံကလည်း စမ်းချောင်းလေးတွေကနေ မြစ်ထဲကို စီးဝင်သွားသလိုပုံဖြစ်နေတယ်…ပြီးတော့ မရေမတွက်နိုင်တဲ့ အသက်တွေအတွက် ကူညီပေးနေတဲ့ မြစ်ပြင်ကျယ်ကြီးလို ခံစားချက်လည်း ပေးနေတယ်”
ဒါက သေချာပေါက် တာအိုကျင့်စဉ်သဘောတရားပဲ…
“ယာ့ဆွန်းက သူ့ရဲ့ ခံစားချက်တွေကို တကယ်ကို ဖော်ပြဖို့ ကြိုးစားခဲ့တာပဲ..ဒါကြောင့်လည်း သူ ဒါမျိုးတွေ လုပ်ခဲ့တာ ဖြစ်မယ်”
ချွန်းမြောင် သူ့ကိုယ်သူ ယာ့ဆွန်းဟု ခံစားကြည့်ကာ ယာ့ဆွန်းသာဆိုလျှင် မည်သို့လုပ်မည်ဆိုသည်ကို တွေးတောကြည့်လေသည်။
“ငါသာဆိုရင် မြောက်မြားလှတဲ့အသက်တွေကို ကယ်တင်ဖို့အတွက် ဘာတွေကို တတ်နိုင်သလောက် လုပ်ခဲ့မှာလဲ..
ငါ ဘယ်လိုစဉ်းစားပြီး ဘယ်နေရာမှာ သိမ်းဆည်းထားခဲ့မှာလဲ”
ချွန်းမြောင် ကိုယ်စားဝင်ရောက်ခံစားကြည့်ကာ ရေများစိမ့်ထွက်နေရာသို့ ခပ်ဖြေးဖြေး လျှောက်လာခဲ့လေသည်။
ငါ့ရဲ့အတွေးတွေသာ မှန်မယ်ဆိုရင် သေချာပေါက် ဒီနေရာပဲ…
သေချာပေါက်ပဲ…
ချွန်းမြောင် ရေများထွက်နေသော ကျောက်တုံးကို အားစိုက်ထုတ်ကာ တွန်းလိုက်လေသည်။ ထိုသို့တွန်းလိုက်သည်နှင့် ကျောက်တုံးက ရွေ့သွားပြီး လူပိန်လေးတစ်ယောက် ဝင်စာမျှ အပေါက်တစ်ခု ပေါ်လာလေသည်။ ချွန်းမြောင် ထိုထဲသို့ လက်နှိုက်ကာ ရှာလိုက်လေ၏။
ရေများကမူ ဆက်လက်ကာ ကျနေဆဲဖြစ်၍ ချွန်းမြောင်၏ ကိုယ်ကမူ စိုရွဲနေပြီ ဖြစ်သည်။ ဤနေရာက ရေပန်းတစ်ခုဖြစ်ပြီး လူသားတို့ကို အသက်ဆက်စေနိုင်သော ရေအရင်းမြစ်ရှိသည့် နေရာတစ်နေရာလည်း ဖြစ်လေသည်။
“သောက်ကျိုးနည်း ဒီလောက်ကျဉ်းကျဉ်းလေး ဆောက်ထားတာ …ဘယ်လိုစိတ်ကူးနဲ့များ ဆောက်ထားတာလဲ မသိဘူး….”
ယာ့ဆွန်းက ထပ်ကာပေးချင်သော သဘာဝသဘောတရားများကို ချွန်းမြောင် အာရုံမရတော့ သကဲ့သို့ နားလည်း မလည်နိုင်တော့ပေ။ ချွန်းမြောင် တတ်နိုင်သမျှ လိုက်ကာစဉ်းစားတွေးတော ပြီးပြီဖြစ်လေသည်။ ယခုတွင်မူ အထဲတွင်ရှိနေသော အရာကိုသာ သိရရေးက အရေးကြီးလေတော့သည်။
ချွန်းမြောင် ကြိုးစားပမ်းစားပင် နှိုက်နေရင်း အရာတစ်ခုကို စမ်းမိလေသည်။ အေးစက်ကာ မာကြောနေပြီး ကျောက်သားမဟုတ်ပေ။ သတ္တုတစ်မျိုးပင်။
ချွန်းမြောင် ပိုကပ်ကာ လက်ကို အထဲသို့ ပိုရောက်အောင်ကြိုးစားလိုက်လေသည်။ ပုံသွင်းထားသော သတ္တုတစ်မျိုးကို အမှန်ပင် တိတိပပ ကိုင်မိလိုက်လေသည်။ချွန်းမြောင် ချီစွမ်းအင်တို့ကို ထုတ်ကာ သေတ္တာကို ဆွဲကပ်ထားလိုက်ပြီး သူ့ဘက်သို့ ပါလာအောင် ဆွဲယူလိုက်လေသည်။
သေတ္တာအား ဆွဲလိုက်သည်နှင့် ဖြေးဖြေးညင်ညင်သာသာ စီးနေသောရေများက ဒလဟောစတင်ကာ စီးလာလေသည်။ ချွန်းမြောင် အသက်ပင် မရှုနိုင်အောင်ပင်။ ကြိတ်မှိတ်သည်းခံကာ သေတ္တာအား ဆွဲကာထုတ်လိုက်လေသည်။
ဒီသေတ္တာပဲ…
သေတ္တာလက်ထဲသို့ ရောက်သည်နှင့် ချွန်းမြောင် အပျော်လွန်ကာ လက်များပင် တုန်ယင်လာလေသည်။ သူ၏ ဆရာတူအကိုကြီးများကမူ စကားပင် မပြောနိုင်ပေ။အံဩနေကြလေသည်။
သတ္တုသေတ္တာက နှစ်ပေါင်းရာချီကြာက လက်ရာဖြစ်လေပြီး အခိုင်အခန့်ပင် ရှိနေလေသေး၏။ သေချာပေါက်ပင် သေတ္တာထဲရှိ ပစ္စည်းက သာမန်ပစ္စည်း ဟုတ်ပုံမရပေ။
ချွန်းမြောင်က သေတ္တာအား ဖြေးညင်းစွာ ဖွင့်ကြည့်လိုက်လေသည်။ သေတ္တာအဖုံးလေး အနည်းငယ် ဟလာသည်နှင့်ပင် အထဲမှ ရနံ့သင်းသင်းက တိုးထွက်လာလေ၏။
“ဟင်း”
သေတ္တာက လုံးဝကို ပွင့်သွားသော်အခါတွင်မူ အားလုံးက တံတွေးကိုယ်စီ မြိုချလိုက်ကြလေတော့သည်။
သေတ္တာထဲတွင် ဆေးလုံးငယ်လေးများက အလုံးနှစ်ဆယ်ခန့်ရှိလေပြီး စာအုပ်ဟောင်းတစ်အုပ်လည်း ရှိလေသည်။
ချွန်းမြောင် မျက်ရည်များပင် ကျလာလေတော့သည်။
စိတ်ဝိဉာဉ် ဖြတ်လတ်ခြင်းဆေးလုံး ဖော်စပ်နည်းစာအုပ်နှင့် ဆေးလုံးများပင်..
“စိတ်ဝိဉာဉ်ဆေးလုံးတွေ”
“စာ…စာ…စာ……”
“တွေ့ပြီဟေ့….”
‘အဟား…..တွေ့ပြီဟ….အား”
“ရူးချင်စရာပဲ..တွေ့ပြီကွ…ငါတို့ တွေ့ပြီကွ”
ချွန်းမြောင်က ဝမ်းသာအားရပင် အော်နေလေသည်။
“အဟား..ယာ့ဆွန်း ခွေးသား နောက်ဆုံးတော့ တွေ့ပြီကွ…ငါတွေ့ပြီ…ဟားဟား”
ချွန်းမြောင် ဝမ်းသာအားရ အော်ရင်း ကောင်းကင်ကြီးကို မော့ကြည့်လိုက်လေသည်.။
အကိုကြီး..ကျွန်တော်ရဲ့ ဆရာတူအကိုကြီး…
နောက်ဆုံးတော့ ကျွန်တော် ရှာတွေ့ခဲ့ပြီ…ကျွန်တော် တွေ့ခဲ့ပြီ….