အခန်း (၁၆၉-၁၇၁)
Vol. 12 Ch. 169-171
အပိုင်း (၁၆၉)
အဲ့လိုဆိုရင်တောင် ငါက မင်းနဲ့အတူ ရှိနေမှာပါ (၄)
“အား”
“တွေ့ပြီ..တွေ့ပြီ…ရှာတွေ့ပြီကွ”
“စိတ်ဝိဉာဉ် ဖြတ်လတ်ခြင်းဆေးလုံး…အား ရူးချင်စရာပဲ….တကယ်ကြီးကို ရှိနေတာပဲ”
ဘတ်ချုန်းက ချွန်းမြောင်ကို တွန်းဖယ်လိုက်ပြီး သေတ္တာကို အမြန်ပင် ဆွဲလိုက်လေသည်။
ချွန်းမြောင်က တွန်းခံလိုက်ရသည့်အရှိန်နှင့် ချောင်းထဲသို့ ပြုတ်ကျသွားပြီး မည်သူကမှလည်း သူ့အား အရေးမလုပ်ကြပေ။ ဆေးလုံးဆီသို့သာ စိတ်ရောက်နေကြလေသည်။
“ဒါက တကယ်ကြီး စိတ်ဝိဉာဉ်ဖြတ်လတ်ခြင်း ဆေးလုံး ဖော်စပ်နည်းနဲ့ ဆေးလုံးတွေလား…နည်းပြ”
“ဟုတ်တယ်…ဒါက တကယ်ဟုတ်တယ်,,,အဟားဟား…နောက်ဆုံးတော့လည်း တွေ့ပြီဟ”
“အား…ဂိုဏ်းချုပ်…ကျွန်တော်တို့ လုပ်နိုင်ခဲ့ပြီ…အဟားဟား”
“ရှူး…”
ယုရီဆိုးက သူတို့အားလုံးအား တိတ်တိတ်ကလေးနေရန် အချက်ပြလိုက်လေသည်။
“ဆရာတူအကိုကြီး…ဒီနားတဝိုက်မှာ လူတွေ ရှိနေနိုင်သေးတယ်လေ…ရတနာတွေ မရလို့ လူတွေက ဒေါသထွက်ချင်နေကြတာ…အခု ဒီမှာကျွန်မတို့ ရှာတွေ့ထားတယ်ဆိုတာကို ဘယ်သူ့ကိုမှ အသိခံလို့ မဖြစ်ဘူး”
“အာ…ဟုတ်သားပဲ”
ဘတ်ချုန်းနှင့် ကျန်လူများ အားလုံးကို ပါးစပ်ကိုပိတ်ကာ သေတ္တာကိုလည်း ပြန်လည်ပိတ်ထားလိုက်လေသည်။
မည်သူတစ်ဦးတစ်ယောက်၏ တည်ရှိမှုကိုမှ အာရုံမခံမိသော်လည်း သေချာစေရန်အတွက် တိတ်တဆိတ်နေလိုက်ကြလေသည်။
“ငါတို့ အခုဘာလုပ်ကြမလဲ”
“အခုလား”
“ဒါကို ဟွာဆန်းကို ယူသွားလိုက်တာပဲ ကောင်းမလား”
“ဟုတ်တယ်…အဲ့လိုလုပ်တာပဲ ကောင်းတယ်”
ချွန်းမြောင်က မမျှော်လင့်ထားသည့် နေရာမှ ယာ့ဆွန်း၏ဆေးလုံးများ ရှာဖွေတွေ့ရှိခဲ့သည်ကို သူမယုံနိုင်သေးပေ။ အားလုံးကလည်း မယုံနိုင်ကြသေးပေ။
“ချွန်းမြောင်…ချွန်းမြောင် …ခွေးသားလေး ..မင်းတော်တယ်…တကယ်တော်တာ”
ဘတ်ချုန်းက ရေထဲတွင် တပိုင်းမြုပ်နေသော ချွန်းမြောင်ကို ကြည့်ကာ ချီးကျူးလိုက်လေသည်။ ကိုယ်ပိုင်းက ရေထဲတွင် ရောက်ကာ ခြေထောက်က အပေါ်ထောင်နေသည်ပင်။ ပါးစပ်မှ ရေပူပေါင်းလေးများပင် ထွက်နေလေသေးသည်။ ထိုမြင်ကွင်းကြောင့် ဘတ်ချုန်း လန့်သွားလေပြီး အလျင်စလိုပင် ပြေးကာထူလိုက်လေ၏။
“’ဟေ့…မင်း ဘာလုပ်နေတာလဲ…လန့်စရာကောင်းလိုက်တာကွာ”
“အဟွတ်”
ဘတ်ချုန်းက ချွန်းမြောင်အား ရေထဲမှ ဆွဲထူကာ စကားပြောလိုက်လေမှ ချွန်းမြောင် ချောင်းတဟွတ်ဟွတ်ဆိုးရင်း သတိဝင်လာလေသည်။ ထို့နောက်တွင်မူ ဘတ်ချုန်းအား ကြည့်ကာ ဒရမ်မာတဖြတ် ချိုးလေတော့၏။
“ကိုယ့်ရဲ့ ဆရာတူညီလေးက သေတော့မလိုဖြစ်နေတာကို…သေတော့မလို ဖြစ်နေတာကို …အရေးမစိုက်ဘဲ ဆေးလုံးတွေကိုပဲ အာရုံရနေကြတယ်…”
“ဟ…ဘယ်သူက မင်းအဲ့လို ဖြစ်နေတယ်လို့ ထင်မှာလဲဟ…”
“လာမပြောနဲ့…ကျွန်တော် အကိုကြီးတို့နဲ့ စကားမပြောတော့ဘူး”
ချွန်းမြောင် စိတ်ဆိုးသယောင်နှင်ပွစိပွစိလုပ်လိုက်ပြီးမှ ရေပေါ်သို့ ပြန်တက်လာလေသည်။
“သေတ္တာ ကျွန်တော့်ကိုပေး”
ချွန်းမြောင်က သေတ္တာကို လှမ်းတောင်းလိုက်သည်မို့ ဘတ်ချုန်းက လက်ဆင့်ကမ်းကာ ပေးလိုက်လေသည်။
ချွန်းမြောင်က မယုံနိုင်သေးသည့်သဖွယ် သက်ပြင်းရှည်ကြီးကို ချကာ သေတ္တာကို နောက်တစ်ကြိမ် ဖွင့်ကြည့်လိုက်ပြန်၏။
သေတ္တာထဲမှ သင်းပျံ့သော ဆေးရနံ့သင်းသင်းက ထွက်လာလေပြန်ပြီး အရပ်မျက်နှာအနှံ့ကို ပြန့်နှံသွားလေသည်။
တကယ့်ကို တော်တာပဲ…ဒီလိုဆေးလုံးမျိုးကို ဖော်စပ်နိုင်တယ်..
ဒါက အတုဆိုရင်တောင် စွမ်းအင်ကတော့ နည်းမှာမဟုတ်ဘူး..အတုဆိုရင်လည်း နှစ်ပေါင်းနှစ်ရာကျော်တာတောင် အနံ့မပျောက်သေးဘဲတော့ နေမှာ မဟုတ်ပါဘူး…အစစ်ပဲ နေမှာပါ…
“ဖူး..ဖူး…ဖူး”
ချွန်းမြောင်က စာအုပ်ကို ထုတ်ယူလိုက်ပြီး အနည်းငယ်တင်နေသော ဖုန်များကို တဖူးဖူးမှုတ်ကာ ထုတ်လိုက်လေသည်။ ထို့နောက်တွင်မှု သေတ္တာကို သူ၏အင်္ကျီလက်ထဲသို့ ထည့်သွင်းထားလိုက်ပြီး စာအုပ်ကို စတင်ကာ ဖတ်လိုက်လေတော့သည်။ ရင်ခုန်လွန်းနေသောကြောင့် သေချာနားထောင်ကြည့်လျှင် ချွန်းမြောင်၏ အသံတို့က တုန်နေသည်ကို သိရပေလိမ့်မည်။
“ကျော်လွှားနိုင်ခဲ့ပြီဖြစ်သော သူတို့ပေးစာ”
“ဝိုး..”
ချွန်းမြောင်၏ စာဟန်ပေဟန်နှင့် ဖတ်လိုက်သည့် စကားလုံးကြောင့် ဟွာဆန်းမှ လူများက တဝိုးဝိုး တဝါးဝါး ဖြစ်ကုန်ကြတော့သည်။
“မင်းတို့က ငါရဲ့စီမံချက်နဲ့ ဆိုလိုရင်းကို ကောင်းစွာသဘောပေါက်တဲ့အတွက် အဓိကအချက်တွေကို နားလည်ပြီး ဒီနေရာကို ရောက်လာခဲ့ပြီ ဖြစ်တယ်.. ငါရဲ့ သုတေသနတွေနဲ့ ဆေးလုံးတွေကို လောကကြီးမှာရှိတဲ့ လူတွေကို ကယ်တင်ဖို့ သုံးတဲ့နေရာမှာအသုံးပြုပေးပါ”
“
“ဒါ…ဒါဆို ဒါက ဆေးလုံးအစစ်တွေနဲ့ ဖော်စပ်နည်းဆိုတာ အသေအချာပဲ”
ချွန်းမြောင်က စာအုပ်ကို ပိတ်လိုက်လေသည်။ စာအုပ်ထဲတွင်မူ အခြားဆေးလုံးဖော်စပ်နည်း အမျိုးမျိုး ရှိသေးသော်လည်း အဓိကကမူ စိတ်ဝိဉာဉ် ဖြတ်လတ်ခြင်း ဆေးလုံးပင် ဖြစ်လေသည်မို့ ချွန်းမြောင် ဆက်မဖတ်တော့ခြင်းပင်။
“ခစ်ခစ်ခစ်”
ချွန်းမြောင် ခနဲ့ပြုံးကာ တခစ်ခစ်ရယ်လိုက်လေသည်။
အကြောင်းအရင်းမရှိဘဲ ရယ်ကိုရယ်ချင်နေခြင်း ဖြစ်၏။ အသက်ကိုရင်းကာ စွန့်စားထားရသော ဆေးလုံးကို ဤနေရာတွင်မှ အလွယ်တတူ တွေ့လိုက်ရသောကြောင့် အူမြူးကာ ကယောင်ခြောက်ခြား ဖြစ်နေခြင်းဟုလည်း ဆို၍ ရမည်ထင်သည်။ မည်သို့ပင်ဆိုစေကာမူ ရယ်နေသည်ကိုတော့ ရပ်မရသည်က အမှန်ပင်။
ချွန်းမြောင်သည် တခစ်ခစ်ရယ်နေရင်းမှပင် အင်္ကျီလက်ထဲမှ သေတ္တာကို ထုတ်ယူလိုက်ပြီး စာကို သေတ္တာထဲသို့ ပြန်ထည့်ကာ ပြန်သိမ်းလိုက်လေ၏။ အင်္ကျီရင်ဘက်နေရာတွင်လည်း ဖြုတ်လာသော ညမီးအိမ်ကျောက်များဖြင့် ဖောင်းကားနေပြီး လက်ထဲတွင်လည်း ဆေးလုံးနှင့်ဆေးဖော်စပ်နည်းက ရှိနေသည်မို့ ကျေနပ်ပိတီ ဂွမ်းဆီထိဖြစ်နေလေသညငေ
“ဟားဟားဟား…အခုအချိန်များ တောင်ဘက်အစွန်အဖျားဂိုဏ်းက ဂိုဏ်းချုပ်နဲ့ အတူ သေရည်ထိုင်သောက်ရမယ်ဆိုရင်တောင် စိတ်ဆိုးမိမယ် မထင်ဘူး..ဟိ..ဟိ”
ဟုတ်တယ်လေ…သေရည်ဆိုတာကလည်း ဘဝရဲ့တစိတ်တပိုင်းပဲကို…
“ချွန်းမြောင်..အခု ဆေးလုံးတွေကိုက…”
“ဟား..ဟား..ဟား”
“ဟားဟား…ဟား…စိတ်ဝိဉာဉ် ဖြတ်လတ်ခြင်း ဆေးလုံးတွေကွ….ဟားဟား”
“အဟီးဟီး..”
ခေါ်မရ ပြောမရနှင့် တဟားဟားလုပ်ကာ အူမြူးနေသော ချွန်းမြောင်ကို ကြည့်ကာ ဘတ်ချုန်း ခေါင်းခါလိုက်လေသည်။
ဒီကလေးကတော့ ရူးသွားပြီပဲ…
ဘတ်ချုန်းသည်လည်း ရင်ထဲတွင် အလွန်ပျော်ရွှင်နေသည်ဖြစ်သော်လည်း ချွန်းမြောင်လောက်တော့မူ ဣန္ဒြေမပျက်သေးပေ။
“အိုဘယ့်….စိတ်ဝိဉာဉ်ဖြတ်လတ်ခြင်း ဆေးလုံးလေးရယ့်”
သူတို့အားလုံးသည် စိတ်ဝိဉာဉ်ဖြတ်လတ်ခြင်းဆေးလုံးကို စိတ်လျော့လိုက်ပြီးကာမှ မထင်မှတ်သောနေရာက ရလိုက်ခြင်းကြောင့် အားလုံးက အပျော်လွန်နေကြသည်ကတော့ အမှန်ပင်။ ချွန်းမြောင်က အားလုံးကို သိမ်းထားလေသည်မို့ ချွန်းမြောင်ကိုပင် အထိခိုက်မခံနိုင်စွာ အရိပ်တကြည့်ကြည့် လုပ်နေရလေသည်။
ချွန်းမြောင်ကမူ အတည်ကြီးဖြစ်နေသော မျက်နှာပေးနှင့် ပြောလာလေသည်။
“ဟား…အဟမ်း…ဘယ်လိုပဲဖြစ်ဖြစ် လူကျင့်ဝတ်လေးတွေတော့ လုပ်ပေးရဦးမှာပေါ့”
“ဟမ်”
ချွန်းမြောင်က ကိုယ်ကိုလှည့်ကာ သေတ္တာကို ထုတ်လိုက်သော ကျောက်တောင်ဘက်သို့ လှည့်ကြည့်လိုက်လေပြီး ဦးညွတ်ကာ အရိုအသေပေးလိုက်လေသည်။ တလေးတစားနှင့် အရိုအသေပေးပြီးနောက်တွင်မူ သူက ရေများစီးဆင်းနေရာ နေရာကိုကြည့်လိုက်လေသည်။
“ဒါက ဓါးသင်္ချိုင်းမဟုတ်ဘူးဆို ဒါက ဘာလဲ…ဝတ်ပြုကျောင်းလား”
ဘေးက အမေးကို ချွန်းမြောင်က ခေါင်းခါကာ ဖြေလိုက်လေသည်။
“ဒါက ယာ့ဆွန်းရဲ့ ဂူပဲ”
“ဟမ်”
ယာ့ဆွန်း၏ ကိုယ်ခန္ဓာသည် အခြားတစ်နေရာတွင် မြှုပ်ကောင်းမြှုပ်ထားနိုင်သော်လည်း ဤနေရာကမူ ယာ့ဆွန်း၏ဂူသင်္ချိုင်းစင်စစ်ပင်။ ဓါးသင်္ချိုင်းသည် ယာ့ဆွန်းက သူ၏ ဂူသင်္ချုင်းအား ရှာတွေ့ရန် အရိပ်အမြိတ်ပေးထားခဲ့သော နေရာဖြစ်ပြီး ဤနေရာကသည်သာ သူ၏ ဂူသင်္ချိုင်းစစ်စစ် ဖြစ်လေသည်။ ကိုယ်ခန္ဓာအလောင်း မရှိ၍ ဂူသင်္ချိုင်းဟု မဆိုအပ်သော်လည်း မြေပုံတွင်ညွှန်ကြားထားသည့် နေရာကမူ ဤနေရာသာ ဖြစ်လေသည်။
“တော်လောက်ပြီ”
ချွန်းမြောင်က ယာ့ဆွန်း၏ အုတ်ဂူကိုလည်း အရိုအသေပေးပြီးလေပြီမို့ တုန့်ဆိုင်းမှုမရှိ ပြန်လှည့်လိုက်လေတော့သည်။ သူတို့တွင် အိမ်ပြန်ခရီးက ရှိနေလေသေးသည်။
“ဒါနဲ့…”
ယွန်းဂျွန်က ချွန်းမြောင်အား လှမ်းကာ မေးလာလေသည်။
“ငါတို့ ဒါကို ဟွာဆန်းကို ယူသွားလို့ ရပါ့မလား…ဒါရှိတယ်ဆိုတဲ့ သတင်းထွက်လာရင် ငါတို့အတွက် အန္တာရယ်မများဘူးလား…ပြီးတော့ ယာ့ဆွန်းကလည်း ဆေးလုံးတွေကို ငါတို့သုံးတာ ကြိုက်မယ်မထင်ဘူး”
ဟွာဆန်းသည် သိုင်းပညာဂိုဏ်းတစ်ခု ဖြစ်လေသည်။ ယာ့ဆွန်းသည်ကလည်း သိုင်းပညာဂိုဏ်းများကို ဆေးလုံးပိုင်ဆိုင်စေချင်သူ မဟုတ်ပေ။ သူ၏ဆုံးဖြတ်ချက်ကို လိုက်နာကာ လူသားများကို ကယ်တင်မည့်သူများကိုသာ ဆေးလုံးများကို လက်ဝယ်ပိုင်ဆိုင်စေချင်ခဲ့လေသည်။
ချွန်းမြောင်ကမူ အရာအားလုံးကို အရေးမစိုက်စွာပင် ပြန်ပြောလိုက်လေသည်။
“စိတ်မဝင်စားဘူး…ဘာကိုမှလည်း ဂရုမစိုက်ဘူး”
“ဘယ်လို”
“ယာ့ဆွန်းက အလောင်းအစား လုပ်ထားခဲ့တာပဲလေ… သူရဲ့ ကျော်ကြားမှုကို သုံးပြီး ဓါးသင်္ချိုင်းဆောက်ပြီးတော့ လူတွေကို ထင်ယောင်ထင်မှားဖြစ်အောင်လုပ်ပြီး လှည့်စားမှုတွေ လုပ်ထားခဲ့တာပဲကို”
“ပြီးတော့…”
“ယာ့ဆွန်းကသာ အမှန်တကယ် သူ့ဆန္ဒတွေကို အကောင်အထည်ဖော်ပြီး လူတွေကိုကယ်တင်ခြင်ရင် ရပါလျက်နဲ့ အကုန်လုံးကို အစဖျောက်ထားခဲ့တာ…အဲ့သည်တော့ သူက လူတွေကို ကယ်တင်ခြင်တယ်ဆိုတာထက် သူ့အတ္တကို သူပဲ ဦးစားပေးချင်ခဲ့တဲ့သဘောပဲ…”
ချွန်းမြောင် ပြောနေရင်းနှင့်ပင် တိတ်ဆိတ်သွားရလေသည်။
မနေ့ညက အိမ်မက်ထဲတွင် သူ၏အကိုကြီး ပြောခဲ့သည်က ထိုအရာပင်။ ဆရာတူညီလေးများကို ကြည့်ရှုစောင့်ရှောက်ခြင်း။ ထိုအချိန်ကမူ ထိုသို့ရိုးရိုးသာ အတွေးပေါက်ခဲ့သော်လည်း အမှန်ကမူ ထိုသို့ဆိုလိုရင်း မဟုတ်ဘဲ..။သူ၏အတ္တကို တထစ်လျော့ကာ ဂိုဏ်းအကျိုးကို ကြည့်တတ်စေရန် ဆုံးမခဲ့ခြင်းပင်. ။သူသည် အတိတ်ဘဝတုန်းကမူ ထိုအရာကို နားမလည်နိုင်ခဲ့ပေ။ နောင်တများစွာ ရမိလေသည်။
“ချွန်းမြောင်”
“အာ…ရတယ်…ဘာမှ မဖြစ်ဘူး”
မျက်လုံးကို မှိတ် ၊ နှုတ်ခမ်းကိုကိုက်ကာ မျက်ရည်များကျနေသော ချွန်းမြောင်ကြောင့် ဘတ်ချုန်းက အလန့်တကြားခေါ်လိုက်ခြင်းပင်။ ဘတ်ချုန်း၏ ခေါ်သံကြောင့် ချွန်းမြောင်က ကျဆင်းနေသော မျက်ရည်များကို သုတ်လိုက်ကာ ကောင်းကင်သို့ မော့ကြည့်ပြီး လေသံတိုးလေးနှင့် ပြောလိုက်လေသည်။
“အကိုကြီး ကို ကျွန်တော်ပြောပြရင်တောင် ယုံမလားတော့ မသိပေမယ့် ပြောပါ့မယ်…ကျွန်တော် မျိုးဆက်အဆက်ဆက် ဆင့်ပွားသယ်ဆောင်ရမယ်ဆိုတာကြီးကို အရင်ဘဝက နားမလည်ခဲ့ပေမယ့် အခုတော့ အကုန်လုံးကို ကောင်းကောင်းကြီး နားလည်နေပါပြီ…အတူစုနေကြရုံနဲ့ ဂိုဏ်းတစ်ခုဖြစ်မလာဘူးဆိုတာကိုလည်း ကောင်းကောင်းကြီး နားလည်နေပါပြီ…ပြီးတော့ ဂိုဏ်းကို ဘယ်လိုသယ်ဆောင်ပြီး ကိုယ်ကျိုးအတ္တကို ဘယ်လိုလျော့ချရမယ်ဆိုတာလည်း နားလည်နေပါပြီ”
ချွန်းမြောင်က ကောင်းကင်ကိုကြည့်ကာ ပြောနေရင်းမှ ခေါင်းကိုလှည့်ကာ ရေထွက်ပေါက်ကို ကြည့်လိုက်ပြန်လေသည်။
“ယာ့ဆွန်းရဲ့ သူရဲ့တပည့်တွေအပေါ်မှာ ယုံကြည်ချက်မရှိခဲ့ဘူး… ပြီးတော့ သူရဲ့စွမ်းဆောင်ရည်တွေကို မမျှဝေချင်သလို သူ့လို ကျော်ကြားတဲ့သူတွေကိုလည်း မရှိစေချင်ခဲ့ဘူး..မျိုးဆက်တစ်ခု ထားပေးခဲ့ဖို့ဆိုတာထက် သူဆိုတဲ့ တစ်ကိုယ်ကောင်းစိတ်ကိုပဲ မွေးခဲ့တယ်…ဒါက မှန်ကန်တဲ့နည်းလမ်းလည်း မဖြစ်ခဲ့သလို သူ့ရဲ့ ဘယ်သူကမှလည်း အကျိုး မရှိခဲ့ဘူး…သူ့ရဲ့ လောကကြီးကို ကယ်တင်ခြင်တဲ့ ဆန္ဒကလည်း သူရဲ့အတ္တတွေကြောင့်ပဲ အဆုံးသတ်သွားခဲ့ရပြီ”
ချွန်းမြောင်က ယာ့ဆွန်းနှင့် သူ၏အတိတ်ဘဝကို ယှဉ်ကြည့်ကာ သူတို့အမှားကြီးမှားခဲ့ကြသည်ကို သိလိုက်ရလေသည်။ သူတို့ မည်သို့ပင် အစွမ်းထက်ခဲ့ပါစေ သူတို့၏ မဝေမျှလိုသောဆန္ဒကြောင့် သူတို့၏လိုအင်များ ဆုံးရှုံးခဲ့ကြရသည်ပင်။ သူတို့ မယုံကြည်ခဲ့ကြသော ဤသာမန်လူများကလည်း တစ်ချိန်တွင်မူ အဖိုးတန်လူများဖြစ်လာကာ သူတို့၏ ဆန္ဒများကို အကောင်အထည်ဖော်ပေးနိုင်သည့် လူများဖြစ်လာနိုင်သည်ကို သူတို့နားမလည်ခဲ့ခြင်းပေ။ သူတို့မှားခဲ့ကြပေသည်။
သို့သော် ယခုဘဝတွင်မူ ချွန်းမြောင် အမြင်မှန်ရခဲ့ပြီဖြစ်သည်။ တော်သည့် လူအား ပို၍တော်စေရန်၊ အသင့်အတင့်သူအား တော်ထက်လာစေရန် ၊ညံ့ဖျင်းသူအား အသင့်အတင့်ဖြစ်လာစေရန် သူမြှင့်တင်ပေးမည် ဖြစ်လေသည် ။ သူ၏ တန်ဖိုးထားရသော ဟွာဆန်း နောက်တစ်ကြိမ် ပြိုလဲမသွားစေရေးအတွက် နောင်လာနောက်သားကောင်းများကို သူမွေးမြူမည်။ ပညာအမွေများကို လက်ဆင့်ကမ်းခဲ့မည်။ ချွန်းမြောင် အမှန်ကို ပြင်နိုင်ခဲ့ပြီ ဖြစ်လေသည်။
ချွန်းမြောင် အတွေးတို့ကြောင့် စိတ်သက်သာရာရသွားကာ သူ၏အကိုကြီး အမကြီးများကို ကြည့်ကာ ပြောလိုက်လေ၏။
“အားလုံး ကြိုးစားခဲ့ကြပါတယ်”
“ဘာလား”
ရှားရှားပါးပါး ချီးကျုးသံကြောင့် အားလုံးက အံ့အားသင့်ကုန်ကြလေသည်။
“သူ ရူးများသွားတော့တာလားပဲ”
“ဟုတ်လောက်တယ်…စိတ်လွတ်သွားပြီ နေမှာ… အရမ်းတွေကို အပိုတွေ လုပ်ပြနေပြီဆိုတော့”
“ဆေးလုံးတွေ ရလိုက်လို့ အပျော်လွန်ပြီး ရူးသွားတာပဲ ဖြစ်ရမယ်”
“….”
တယ်…ဒီသောက်ကျိုးနည်း မျိုးမစစ်တွေကတော့ …ငါက သူတို့ကို ချီးကျူးတာကို….
ချွန်းမြောင် သူ့အား ဝိုင်းပြောနေရကြသော သူ၏အကိုကြီးများကို ကြည့်ကာ သက်ပြင်းရှည်ကြီးတစ်ချက်ချလိုက်လေသည်.။
ချွန်းမြောင် ယာ့ဆွန်း၏ ဂူနေရာကို တချက်ပြန်ကြည့်ကာ စိတ်ထဲမှလည်း ပြောလိုက်လေသည်။
ဘယ်လိုပဲ ကျွန်တော်တို့တွေ လမ်းမှားကို ရွေးခဲ့ပါစေ ဒါကလည်း ခင်ဗျားရဲ့ အကောင်းဆုံးရွေးချယ်မှု ဖြစ်ကောင်းဖြစ်နိုင်ပါတယ်…ခင်ဗျား ဘာတွေကို ရင်ဆိုင်ခဲ့ရတယ်ဆိုတာ ကျွန်တော်လည်း မသိတာမို့ ဘာပဲဖြစ်ဖြစ် ဆေးလုံးတွေအတွက် ကျေးဇူးတင်ပါတယ်…..
“အင်းပါလေ…မင်း ရူးနေရင်တောင် ငါတို့က မင်းနဲ့အတူ ဆက်ပြီး ရှိနေဦးမှာပါ”
ဘေးမှ ဘတ်ချုန်း၏အသံကြောင့် ချွန်းမြောင်ပြုံးမိသွားလေသည်။ ယခုတွင်မူ သူသည် ယခင်ဘဝကဲ့သို့ မဟုတ်တော့ပေ။ ကိုယ်ပိုင်ရည်မှန်းချက်နှင့် ထိုရည်မှန်းချက်ဆီသို့ အတူလိုက်ပေးမည့် လူများမှာ ရှိနေလေပြီ ဖြစ်သည်။ သူ၏ဆရာတူအကိုကြီးနှင့် ယာ့ဆွန်းသည်လည်း ရှိနေသေးလျှင် သူကဲ့သို့ပင် ဆုံးဖြတ်လိမ့်မည်ဟု ထင်လေသည်။
သေချာသည့်အရာတစ်ခုကမူ ဟွာဆန်းတည်ရှိနေသ၍ သူ၏ဆရာတူအကိုကြီးကလည်း သူနှင့်အတူ ကောင်းကင်ဘုံတွင် ရှိနေလိမ့်မည်ဟု ထင်လေသည်။
“အကိုကြီး.ဟွာဆန်းရှိနေသ၍ ကျွန်တော့်နားမှာ အကိုကြီးလည်း ရှိနေမှာမို့လား….ဟုတ်တယ်မို့လား”
ချွန်းမြောင် လေသံတိုးတိုးနှင့် မေးလိုက်သော်လည်း မည်သည့်သော တုန့်ပြန်သံကိုမှ မကြားရပေ။ သို့သော် သူ၏ဆရာတူအကိုကြီးက သူနှင့်အတူရှိနေဦးမည်ဆိုသည်ကတော့ သေချာသည့်ကိစ္စဟု သူထင်ပေသည်။
ချွန်းမြောင် အတိတ်တွင်မှားခဲ့သော်လည်း ယခုဘဝတွင်မူ ပြန်ပြင်ခွင့် ရနေပြီဖြစ်၍ ဝမ်းမနည်းပေ။ သူ၏ဘေးတွင် ရှိနေသောဆရာတူအကိုကြီးများနှင့် သူဟွာဆန်းကို တဖန်ပြန်လည်မြှင့်တင်နိုင်မည်ဟု ယုံကြည်ပေသည်။
ချွန်းမြောင် ကောင်းကင်ကြီးကို ကြည့်ပြီးနောက်တွင်မူ သူ၏ရှေ့တွင်ရှိနေသော ဘတ်ချုန်းနားသို့ လျောက်သွားလေသည်။
“နည်းပြ”
“အင်း”
ဘတ်ချုန်း၏ ထူးသံကြောင့် ချွန်းမြောင် ပြုံးလိုက်မိလေသည်။ ယခုအချိန်က အိမ်ပြန်ရမည့် အချိန်ပင်။ သူတို့လမ်းများနေသည်က ကြာပြီဖြစ်၍ အကြီးအကဲများက မျှော်နေလောက်ပြီ ဖြစ်သည်။ ချွန်းမြောင် ဘေးဘီကို တချက်ဝေ့ကြည့်လိုက်ပြီး ပြောလိုက်လေသည်။
“ဟွာဆန်းကို ကျွန်တော်တို့ ပြန်ကြစို့”
ချွန်းမြောင်၏ စကားကို အားလုံးက ပြုံးကာ ခေါင်းငြိမ့်ပြလာကြလေသည်။
ယခုတွင်မူ သူတို့၏နန်ယောင်ခရီးရှည်ကြီးသည် အမှန်ပင် အဆုံးသတ်သွားလေပြီ ဖြစ်လေ၏။
အပိုင်း (၁၇၀)
အဲ့လိုဆိုရင်တောင် ငါက မင်းနဲ့အတူ ရှိနေမှာပါ (၅)
“သူတို့တွေ ရောက်သင့်နေပြီ”’
ဟွမ်းဂျွန်က မျက်မှောင်ကြုတ်ကာ ပြောလိုက်လေသည်။
နန်ယောင်သို့ သွားသည်က အတော်ပင်ကြာပြီဖြစ်၍ ပြန်ရောက်သင့်သည့်အချိန်ကလည်း အတော်လေး ကျော်လွန်နေပြီ ဖြစ်လေသည်။
ဓါးသင်္ချိုင်းဆီ သွားနေတာများလား…
ဟွမ်းဂျွန် သက်ပြင်းရှည်ကြီးကို မှုတ်ထုတ်လိုက်လေသည်။
ကလေးတွေက အဲ့လိုလောဘမျိုး ရှိပါ့မလား..
ဟွာယုန်းဂိတ်တံခါးမှ ပေးပို့သော သတင်းစကားအရ ဓါးသင်္ချိုင်းသို့ သွားကြသူတိုင်းသည် လက်ဗလာနှင့်သာ ပြန်ထွက်လာရသည်ဟူသော သတင်းကို သူရရှိထားပြီး ဖြစ်လေသည်။
ဟွမ်းဂျွန်အနေနှင့် ဓါးသင်္ချိုင်းဆိုသည်က မည်မျှပင် အန္တာရယ်များသော နေရာဖြစ်သည်ကို ကောင်းကောင်းကြီး သိလေသည်မို့ ကလေးများကပါ ဓါးသင်္ချိုင်းသို့ သွားသည်ဟု ကြားလိုက်ရသည့်အချိန်က ထပင် အော်မိလေသည်။ သို့သော်လည်း ကလေးများက ဂိုဏ်းအကျိုးကို ရည်သန်ကာ သွားကြသည်ကို တွေးမိသွားသောအခါတွင်မူ မပြည့်စုံသည့်ဂိုဏ်းကြောင့် အသက်ကိုပင် ပဓာနမထားနိုင်သောကလေးများအဖြစ်ကို တွေးမိကာ စိတ်မကောင်းဖြစ်ရလေသည်။
“ဂိုဏ်းချုပ်”
“အင်း”
ဟွမ်းဆန်းက တချက်ကြည့်ကာ စကားပြောလာလေသည်။
“ဂိုဏ်းချုပ် …ကလေးတွေ ပြန်ရောက်လာရင်တော့ ဂိုဏ်းချုပ် သူတို့ကို နည်းနည်းတော့ ပြောဆိုဆုံးမသင့်မယ် ထင်တယ်”
“ဟေ…”
ဟွမ်းဆန်းက မျက်နှာတည်ကြီးနှင့်ပင် ဆက်ပြောလေသည်။
“ကျွန်တော် အခုလိုပြောတာက သူတို့ကို မကျေနပ်လို့လည်း မဟုတ်သလို မုန်းလို့လည်း မဟုတ်ပါဘူး…
ဒါပေမယ့် သူတို့တွေ အခုလို လုပ်ချင်ရာလုပ်နေတာကျ မဖြစ်သင့်ဘူးလို့ ထင်ပါတယ်… အခုဆိုရင် ကျွန်တော်တို့က ဗလာကျင်းနေတဲ့ ဂိုဏ်းတစ်ခုပါ…ဂုဏ်သတင်းတွေ နာမည်ကျော်ကြားတာတွေက အတိတ်မှာ အမှတ်တရ တစ်ခုအနေနဲ့ ကျန်နေခဲ့ပါပြီ…အခုမှပြန်ပြီး စလုံးရေစ ပြန်စနေရတဲ့အချိန်ပါ”
“ဟုတ်တယ်”
“ဆိုတော့ ကလေးတွေက ကျွန်တော်တို့ရဲ့ တန်ဖိုးအရှိဆုံး အရာတွေပါ…ဂိုဏ်းအတွက်ဆိုပြီး အန္တာရာယ်ရှိတာတွေကို ခဏခဏလုပ်နေမယ့်အစား ဂိုဏ်းမကြီးမှာ ငြိမ်းငြိမ်းချမ်းချမ်းနေတာက ဂိုဏ်းကောင်းကျိုးကို ဆောင်ရွက်ရာ ကြပါတယ်”
“အင်း…ဒါလည်း ဟုတ်တာပဲ”
ဟွမ်းဂျွန်က ခေါင်းတဆတ်ဆတ်ငြိမ့်ကာ ထောက်ခံလိုက်လေသည်။
“ငါ သူတို့ပြန်လာရင် ပြောလိုက်ပါ့မယ်”
ဟွမ်းဂျွန်နှင့် ဟွမ်းဆန်းတို့၏ စကားဝိုင်းကို တိတ်ဆိတ်စွာ နားထောင်နေသော ယုအန်းကမူ ထိုစကားကြောင့် ပြုံးလိုက်လေသည်။
“အဲ့လိုဆိုရင်တောင် သူတို့ကို အနည်းဆုံးအနေနဲ့ ဆုတစ်မျိုးမျိုးတော့ ချီးမြှင့်သင့်တယ် မဟုတ်ဘူးလား..
ဒီတစ်ကြိမ် သူတို့လုပ်ဆောင်နိုင်ခဲ့တာက တော်ရုံအောင်မြင်မှု မဟုတ်ဘူးလေ”
“အင်း…အဲ့တာလည်း မှန်တာပဲ”
ဟွမ်းယုန်ကမူ ကလေးများအား လျော့လျော့ပေါ့ပေါ့ လုပ်ဆောင်ကာ ဆုချီးမြှင့်ရန်ပါ စးကားလမ်းကြောင်းလိုက်သည်မို့ ဟွမ်းဆန်းက မျက်နှာမဲ့သွားလေသည်။
ထားပါတော့လည်း…သူ ပြောသလိုပါပဲ..ကလေးတွေက တကယ်လည်း ကြိုးစားတာတော့ ကြိုးစားခဲ့ပါတယ်…
ဟွာဆန်းသည် တောင်ဘက်အစွန်အဖျားဂိုဏ်းနှင့် ညီလာခံပြီးလေကတည်းက ဂိုဏ်းတွင်းလှုပ်ရှားမှုများကိုပင် သိုသိုသပ်သပ်လုပ်ကာ နေထိုင်ခဲ့ခြင်း ဖြစ်သည်မို့ တောင်ဘက်အစွန်အဖျားဂိုဏ်းကို နိုင်ခဲ့သည်ကလွဲလျှင် မည်သို့သော အောင်မြင်မှုသတင်းမှ ထွက်မလာခဲ့သည်က နှစ်နှစ်ကျော် ကြာခဲ့ပြီဖြစ်လေသည်။ သိုဖြစ်၍ပင် တချို့လူများကမူ တောင်ဘက်အစွန်အဖျားဂိုဏ်းနှင့်ကိစ္စကိုပင် ကောလဟလဟု ထင်လာကြသူများလည်း ရှိလာလေသည် ။
ယခုတွင်မူ ကလေးများသည် နန်ယောင်တွင် အများသူငါတို့၏ ရှေ့၌ပင် ဝူတန်ဂိုဏ်းကို အနိုင်ယူနိုင်ခဲ့လေသည်မို့ ဟွာဆန်း၏ ဂုဏ်သတင်းက အတိုင်းအတာ တစ်ခုထိတော့ ပျံ့နှံ့သွားပြီဟု ဆိုနိုင်လေသည်။ ဤသည်က ချီးကျူးဂုဏ်ပြုထိုက်သောကိစ္စပေမို့ ဟွမ်းဆန်း ပြိုင်ကာ မကန့်ကွက်တော့ပေ။
ဟွမ်းဂျွန်ကမူ တိတ်တဆိတ်ပင် ကြည့်နေလေသည်။ နှုတ်ခမ်းမွှေးကို ဆဆပွတ်နေပြီး အတွေးလည်း များနေသည့်ပုံပင်။ နှုတ်ခမ်းကမူ ယောင်ယောင်လေး ပြုံးနေလေ၏။ပြုံးလျှင်လည်း ပြုံးသင့်ပေသည် ဝူတန်ဂိုဏ်းသားများကို အင်အားမမျှသည်ပင် အနိုင်ယူနိုင်ခဲ့သည်ဆိုသည်က မပြုံးဘဲမနေနိုင်အောင်ပင် ဂုဏ်တက်သော ကိစ္စမဟုတ်ပါလား။
သို့သော်လည်း ဟွမ်းဂျွန် အပြည့်အဝ ပျော်ရွှင်နေသည် မဟုတ်သည်ကိုတော့ ဟွမ်းဆန်သိလေသည်။
ကလေးများ ထူးချွန်လွန်း၍ ပျော်ရဂုဏ်ယူရသည်က မှန်သော်လည်း ကလေးများသည် ပညာစုံသည့်အခါတွင်မူ ဂိုဏ်းကို စွန့်ခွာကာ မိမိတိုးတက်ရေးအတွက် အခြားလမ်းကြောင်းများကို ရွေးချယ်သွားခြင်းမျိုးလည်း ဖြစ်နိုင်လေသည်။
အဓိကအနေနှင့်မူ ချွန်းမြောင်သည်သာ ဖြစ်လိမ့်မည်ထင်လေ၏။ ချွန်းမြောင်သည် တကိုယ်တည်းတိုးတက်မှုကိုသာမက ဂိုဏ်းတစ်ခုလုံးကိုပါ လိုက်ပါတိုးတက်လာအောင် ကြိုးစားခဲ့သူ ဖြစ်လေသည်။ ရေမြင့်လျှင် ကြာတင့်သည် ဆိုသလို ချွန်းမြောင်၏ နည်းပညာများကို အမှီပြုကာ ဟွာဆန်းမှကလေးများက တိုးတက်လာခြင်းလည်း ဖြစ်လေသည်။ ဟွာဆန်းဂိုဏ်းသားများ တိုးတက်ခြင်းသည် ဟွာဆန်းတိုးတက်ခြင်းပင် ဖြစ်သည် ။
တခြားဂိုဏ်းများသို့ ကူးသွားမည်ကို စိုးရိမ်ရသည်က လွဲလျှင် ကလေးများ၏ တိုးတက်မှုကိုတော့သူတို့ ဂုဏ်ယူရသည်က အမှန်ပင်။ ကိစ္စနှင့် အခြေအနေများက ယခင်ကနှင့်မတူ တမူထူးခြားကာ ပြောင်းလဲလာခဲ့ပြီ ဖြစ်လေ၏။
“ဒါနဲ့ ဟွမ်းယုန်က ဘယ်ရောက်သွားတာတုန်း”
စကားပြောနေရင်းမှပင် ရုတ်တရက်ပျောက်သွားသော ဟွမ်းယုန်အား သတိထားမိသွား၍ ဟွမ်းဂျွန်က လှမ်းကာ မေးလိုက်ခြင်းပင်။
ပါ
“ဂိုဏ်းချုပ်က ကလေးတွေကို ရောက်လာရင် စားသောက်ပွဲနဲ့ ကြိုဆိုဖို့ ပြောထားလို့ သွားပြင်ဆင်တာ ဖြစ်ပါလိမ့်မယ်”
“အင်း …သိပြီ”
“အာ…ဒါမျိုး အသေးစိတ်တွေကစ သူ့ကို မလုပ်ခိုင်းပါနဲ့..သူလည်း အကြီးအကဲတစ်ယောက်ပဲလေ…သူ့ကို ဒါမျိုးတွေ လုပ်ခိုင်းနေတာက မတရားရာ ကျပါတယ်”
ဟွမ်းဂျွန်၏ အပြောကြောင့် ဟွမ်းဆန်းက မျက်ဖြူလန်မတတ်ဖြစ်သွားလေသည်။
“ကျွန်တော်က အန်း တပည့်တွေကို လုပ်ခိုင်းလိုက်တာပါ..သူကိုက သူကိုယ်တိုင်ပဲ လုပ်မယ်ဆိုလို့ လွတ်ထားလိုက်တာပါ”
“ဪ …အဲ့လိုလား”
“သူကလည်း ကလေးတွေ ပြန်လာမှာကို တအားစိတ်လှုပ်ရှားနေပြီးတော့ အကောင်းဆုံးဖြစ်စေချင်နေတာလို့လည်း ပြောပါတယ်…ဆိုတော့ ကျွန်တော်လည်း သူ့ကို မတားရက်တော့တာနဲ့ ထားလိုက်တာပါ”
“အဲ့ဒီအတွက် ကျွန်တော် တောင်းပန်ပါတယ်”
ဟွမ်းဆန်းက ဟွမ်းယုန် အကြောင်းကို ပြောပြီးသည်နှင့် ရင်မောကာ ခေါင်းခါမိသွားလေသည်၊။ အတိတ်နေ့ရက်များတွင် ဟွမ်းယုန်သည် ဘဏ္ဍာရေးမှူးတစ်ယောက်အနေနှင့် ငွေကြေးဖိအားများစွာကို ဒိုင်ခံရင်ဆိုင်ခဲ့ရသူမို့ ထိုဖိအားများမှ လွတ်မြောက်အောင် ကူညီပေးခဲ့သူ ချွန်းမြောင်ကို မြတ်နိုးရင်းစွဲ ရှိနေသည်က အမှန်ပင်။ ထို့ကြောင့်ပင် ချွန်းမြောင်တို့နှင့် ပတ်သက်လာလျှင် သူ့ခြေသူ့လက် ဖြစ်နေတတ်ခြင်းပင်။
သို့သော်လည်း ပြန်လာမည့်သူများကမူ ဘယ်ဆီဘယ်ဝယ်သို့ ရောက်နေကြသည်မသိ။ ယခုအချိန်ထိပင် အရိပ်အယောင် မမြင်ရသေးပေ။
အားလုံးကလည်း သူတို့အတွက် စိတ်ပူနေကြပြီ ဖြစ်လေသည်။
“အင်း…”
ရုတ်တရက်ဆိုသလိုပင် ဟွမ်းဂျွန်၏ မျက်လုံးများက အံ့အားသင့်သယောင် ပြူးကျယ်လာလေသည်။
“တစ်ယောက်ယောက် လာနေတယ်လို့ မခံစားရကြဘူးလား”
“အား..”
ဟွမ်းဆန်းကလည်း သူ့၏ခေါင်းကို လှည့်ကာ နားစိုက်ကြည့်လိုက်လေတော့ သူတို့ဆီသို့ တသားကုန်ဒုန်စိုင်းကာ လာနေသည့်အသံကို ကြားလိုက်ကြရလေသည်။
“ဒါက ဟိုကလေးတွေ ပြန်လာတာများလား”
“ဟားဟားဟား..သူတို့တွေ မြန်မြန်ပြန်လာကြမယ်ဆိုတာ ငါသိသားပဲကွ”
ဟွမ်းဂျွန်က ဝမ်းသာအားရပင် ပြောလိုက်လေပြီး ပြုံးရွှင်ကာပင် ပြန်လာကြသူများအား ကြိုဆိုရန် ဂိတ်ပေါက်ဝသို့ ထသွားလေတော့သည်။
ကလေးများက ဟွာဆန်းသို့ ဆိုက်ဆိုက်မြိုက်မြိုက်ကြီးပင် ပြန်လာသည်မို့ ရင်ထဲတွင် ဖြစ်ပေါ်နေသော အပူအမျိုးမျိုးကလည်း ကျသွားပြီ ဖြစ်လေသည်။ဟွမ်းဂျွန်သည် ကလေးများကို ဂိတ်တံခါးဝထိပင် ဝမ်းသာအားရ ကြိုဆိုရှာလေသည်။
ဟွမ်းဂျွန်က ဂိတ်ဝတွင် ရပ်နေသည်မို့ ကျန်ကလေးများကလည်း မည်သည့်အရေးကိစ္စဖြစ်နေသည်ကို သိရရန် ဂိတ်ဝသို့ ဝိုင်းလာကြလေသည်။ ဟွမ်းဂျွန်က ဝိုင်းလာသောကလေးများကိုလည်း ပြုံးကာရယ်ကာပင် ပြလိုက်လေသေးသည်. ။သူ၏ပျော်ရွှင်မှုက ထိန်းမရပေ။
ဟွမ်းဂျွန်သည် လှမ်းမြင်နေရပြီဖြစ်သော ကလေးများကိုကြည့်ကာ နွေးနွေးထွေးထွေး အပြုံးကြီးပြုံးပြပြီး လှမ်းကာ ပြောလိုက်လေသည်။
“အထဲကို လာကြ…မင်းတို့တွေ အများကြီးကို…”
ကျား….
“ဘာလားဟ”
“ငါတို့တွေတိုက်ခိုက်ခံရပြီ”
ဟွမ်းဂျွန်၏ နွေးထွေးစွာ ကြိုဆိုမှုကြီးက ဖျက်ဆီးခံလိုက်ရပြီး ဂိတ်တံခါးဝကြီးကလည်း ပြိုကျသွားလေ၏။
ထိုမြင်ကွင်းကိုကြည့်ကာ ဟွမ်းဆန်း မျက်ရည်လည်သလိုလိုပင် ဖြစ်လာလေသည်။
ဒီတံခါးဝကြီးက ပြင်ထားတာမှ ဘာမှမကြာသေးဘူးလေ...သောက်ကျိုးနည်း...
တံခါးကြီးကျိုးပျက်ကာ ကျသွားသည်နှင့် လူတစ်အုပ်က ဝင်လာလေတော့သည်။
ထိုဝင်လာသူများသည် အလွန်ပင်ညစ်ပတ်ပေရေနေကာ ဖုန်များကလည်း အလိပ်လိပ်ပေမို့ ရုတ်တရက် မည်သူမှန်း ခန့်မှန်း၍မရသည်မို့ အားလုံးက ဓါးဆီသို့ လက်ရောက်သွားကြလေ၏။
ဒီကောင်တွေက ဘာတုန်း...
ဘယ်စစ်ပွဲက လက်ကျန်ကောင်တွေလဲ...
ငါတို့ဆီ ဘာလာလုပ်တာလဲ....
ဟွမ်းဆန်း ထိုလူများကိုကြည့်ကာ အတွေးပွားနေရလေ၏။
ဟွမ်းဆန်းနှင့် မတူစွာပင် ဟွမ်းဂျွန်ကမူ တည်တည်ငြိမ်ငြိမ်ပင် ရှိလေပြီး အပြုံးကြီးကြီးကို ပြန်ပြုံးကာ လက်နှစ်ဖက်ကို ဖြန့်လျက်ကြိုဆိုလေ၏။
"မင်းတို့အားလုံး ကြိုးစားခဲ့ကြတယ်...အခု လာကြတော့..."
"ဂိုဏ်းချုပ်"
ချွန်းမြောင်က အသံနက်ကြီးနှင့်အော်ကာ လက်ဖြန့်လျက်ကြိုဆိုနေသော ဟွမ်းဂျွန်ထံသို့ ကြောက်မခန်းလိလိ အရှိန်ဖြင့် ပြေးဝင်သွားလေသည်။
ဟွမ်းဂျွန်၏ အပြုံးကြီးကမူ သိမ်း၍ပင် မရတော့ပေ။
ချွန်းမြောင် သူ့ထံသို့ အပြေးဝင်လာပုံက အဖေတွေ့သော သားငယ်လေးကဲ့သို့ဟုပင် သူခံစားရလေသည်။
"လာပါ"
ဟမ်...
သူ ဘာလုပ်နေတာတုန်း...
ဟွမ်းဂျွန် ချွန်းမြောင်၏လုပ်ရပ်ကို နားမလည်နိုင် ဖြစ်သွားလေသည်။ ချွန်းမြောင်သည် သူ့ထံသို့ ပြေးဝင်လာလေပြီး သူ့အား ပုခုံးပေါ် ထမ်းတင်ကာ သူ၏ခန်းဆောင်ဆီသို့ ဦးတည်ကာ ပြေးနေခြင်းပင်။
"ဟေ့...မင်းတို့ ဒါဘာလုပ်..."
ဟွမ်းဆန်းသည်လည်း ရုတ်တရက် ကြောင်ကြည့်နေမိကာ သတိဝင်လာမှ တားဆီးရန် ပြင်လေတော့သည်။
သို့သော် ရင်းနှီးလွန်းနေသော လူတစ်ယောက်က သူ၏ရှေ့သို့ ရောက်လာလေတော့သည်။
"ဘတ်ချုန်း...မင်း ဒါဘာလုပ်တာလဲ..ဟမ်...ဟမ်"
စကားပင် မဆုံးလိုက်ရ ဘတ်ချုန်းက သူ့အားမတင်ကာ ချွန်းမြောင်နောက်သို့ တတန်းတည်း ပြေးလိုက်လေတော့သည်။ ဟွမ်းဆန်း၏ ဘေးတွင်ရပ်နေသော ယုအန်းကလည်း ယွန်းဂျွန်၏ ကောက်ထမ်းလိုက်ခြင်းကို ခံလိုက်ရပြီး ရုန်ရင်းကန်ရင်းနှင့် ပါသွားလေတော့၏။
အကြီးအကဲ သုံးယောက်ကို ဆွဲမသွားပြီ ဖြစ်သော်လည်း ကျန်ဂိုဏ်းသားများကမူ သူတို့နောက်သို့ မလိုက်ရဲကြပေ။
အကြောင်းမူကား ဓါးကိုကိုင်ကာ ခြိမ်းခြောက်လိုက်သည့် ဂျိုဂုကြောင့်ပင်။
"နည်းနည်းလေးမှ ရှေ့တိုးမလာကြနဲ့နော်...ဘယ်သူ့ကိုမဆို ခုတ်ပစ်လိုက်ဖို့ လက်တွန့်နေမှာ မဟုတ်ဘူး"
"…"
ခြိမ်းခြောက်နေသော ဂျိုဂုသည်သာမက ယုရီဆိုးကလည်း ဓါးကိုထုတ်ကာ အဆင်သင့်စောင့်နေသည်မို့ အားလုံးက လှုပ်လည်း မလှုပ်ရဲ၊လိုက်လည်း မလိုက်ရဲပေ။ ဂျိုဂု၏ မိုက်ရူးရဲမျက်လုံးများကိုကြည့်ကာ စကားတစ်ခွန်းပင် မထွက်ရဲကြပေ။
သူတို့က ဘာဖြစ်နေကြတာလဲ...
တစ်ခုခုဖြစ်လာကြတာလား...
ကျေးဇူးပြု၍ အသိတရားဝင်ကြစမ်းပါ..
ချွန်းမြောင်နဲ့တင်တောင် အတော်လေးဒုက္ခရောက်နေပါပြီဆိုမှ....
ဂျိုဂုနှင့် ယုရီဆိုးတို့က ဓါးကိုကိုင်ကာ ချွန်းမြောင်သို့နောက်သို့ လိုက်သွားကြပြီး မြင်ကွင်းက ပျောက်ကွယ်သွားပြီဆိုကာမှ ကျန်ဂိုဏ်းသားများက သက်မချနိုင်လေတော့သည်။
"သူတို့က အခု ရူးသွားကြတော့တာလား...ဂိုဏ်းချုပ်ကိုတောင် ပြန်ပေးဆွဲသွားတယ်"
မည်သူကမှ ထိုအမေးကို ပြန်မဖြေကြပေ။သူတို့အားလုံးလည်း ထိုမေးခွန်းကိုသာ မေးနေမိသည်မို့ အဖြေ မရှိကြပေ။
"ဒါ...ဒါက ...ဒါက ဘာ..."
ဟွမ်းဂျွန်က သေတ္တာကို ကိုင်ထားရင်းမှပင် တဆတ်ဆတ် တုန်ယင်နေလေသည်။သူ၏ဘေးတွင် ရှိနေသော ယုအန်းနှင့် ဟွမ်းဆန်းကလည်း အမှန်ပင် အရောင်တောက်နေသော မျက်လုံးများနှင့် ကြည့်နေကြလေသည်။
"အား..."
"သေတော့မလိုတောင် ခံစားနေရတယ်...တကယ် သေတော့မလိုဘဲ"
အလွန်အမင်း စိတ်လှုပ်ရှားသည့်အခါများတွင် ကျိုးကြောင်းဆင်ခြင်နိုင်စွမ်း လျော့ကျကာ ကယောင်ခြောက်ခြား ဖြစ်ကြသည်က သဘာဝပင်။ ယခုတွင်လည်း ကလေးများက သယ်ဆောင်လာသော အံ့ဩဖွယ်ရာကြောင့် ဟွမ်းဂျွန်တို့တသိုက် ဣန္ဒြေမရနိုင်တော့ပေ။
သောက်ကျိုးနည်း...စိတ်ဝိဉာဉ် ဖြတ်လတ်ခြင်းဆေးလုံးက ငါနဲ့လက်တကမ်းမှာတင် ရှိနေတာပါလား..
ငါ့ရင်ဘက်ထဲမှာ ကုလားဘုရားပွဲကျင်းပနေသလိုတောင် ခံစားရတယ်(ဘင်ခရာတပ်ကြီး ရောက်နေသလိုပဲလို့ ပြောတာပါနော်...ရင်အရမ်းခုန်နေလို့ပါ)
စိတ်ဝိဉာဉ် ဖြတ်လတ်ခြင်းဆေးလုံးဆိုသည်က သွေးချောင်းစီးသွားစေနိုင်သော အရာမျိုးပင်။ စွမ်းအားကြီးမားသလောက် ရန်သူများကို ဆွဲဆောင်နိုင်စွမ်းကလည်း ကြီးလှပေသည်။ တန်ဖိုးလည်း ဖြတ်၍မရပေ။
ဟွာဆန်းတွင် စိတ်ဝိဉာဉ် ဖြတ်လတ်ခြင်းဆေးလုံး ရှိနေသည်ဆိုသော သတင်းသဲ့သဲ့သာ ထွက်မိပါက ဂိုဏ်းပေါင်းစုံက အင်အားအပြည့်သုံးကာ လာရောက်လုယက်ကြပေလိမ့်မည်။ သွေးချောင်းစီးပေလိမ့်မည်။
ထို့အပြင် ခရီးသွားရင်း ရတနာရှာလာခဲ့သည်ဆိုသည်ကိုသာ သိသွားကြပါက အမြဲလိုပင် သူလျှိုထားကာ သူတို့နောက်သို့ လိုက်ကြပေလိမ့်မည်။ဟွာဆန်းမှ လူများအတွက် လွတ်လပ်သောနေရာဆိုသည်က ရှိမည်မဟုတ်တော့ပေ။
ထိုသို့သော အကြောင်းများကြောင့်ပင် တခြားသူများမသိရစေရန် အကြီးအကဲများကိုသာ ဆွဲခေါ်လာခဲ့ခြင်း ဖြစ်လေသည်။
"မင်း...ဒါကို ဘာလို့ ပြောလိုက်တယ်...ပြန်ပြောပါဦး..."
"စိတ်ဝိဉာဉ် ဖြတ်လတ်ခြင်းဆေးလုံး"
"စိတ်...စိတ်...စိတ်ဝိဉာဉ် ဖြတ်လတ်ခြင်းဆေးလုံး ဟုတ်လား...တကယ်ကြီးလား...အံ့မခန်းအစွမ်းနဲ့ ဆေးလုံးဆိုတာလေ...တကယ်ကြီးပေါ့"
"ဟုတ်ပါတယ်...စိတ်ဝိဉာဉ် ဆေးလုံးနဲ့ ဆေးဖော်စပ်နည်း စာအုပ်ပါ"
"ဖော်စပ်နည်း ရော....ဟုတ်လား"
ဟွမ်းဂျွန် သူ၏ဦးနှောက်ကပင် အလုပ်မလုပ်နိုင်တော့ဟု ထင်မိလေသည်။
ကလေးတွေက တကယ်ကြီး ယာ့ဆွန်းရဲ့ ဆေးစာအုပ်ကို ပြောနေတာလား...
လွန်ခဲ့တဲ့ နှစ်နှစ်ရာက လူလေ..
သူ့ရဲ့ အဖိုးတန်ဆေးတွေ ၊စာအုပ်တွေက တကယ်ကြီး ဒီထဲမှာပေါ့...
သောက်ကျိုးနည်း...ဒါက တကယ်ကြီးလား...
အိမ်မက်များလား.....
"ဘာ...ဘာ..ဒါက ဘာ"
အကြီးအကဲများက မယုံနိုင်စွာပင် အထပ်ထပ်မေးကာ အတည်ပြုနေကြလေသည်။ တန်ဖိုးကြီးမားလှပြီး မည်သူမျှ ရရှိမသွားဟု သတင်းထွက်နေသောအဖိုးတန်ရတနာများဖြစ်သည့် ယာ့ဆွန်း၏ ရတနာများက သူတို့လက်ဝယ် ရောက်ရှိနေခြင်းကို လုံးလုံးပင် မယုံနိုင်ကြသေးပေ။
"ကြည့်ရအောင်"
ဟွမ်းဂျွန်က တံတွေးမြိုချကာ သေတ္တာကို ဖွင့်ကြည့်လိုက်လေသည်။
သင်းရနံ့မွှေးမွှေးက အခန်းထဲတွင် ပျံ့နှံ့သွားလေ၏။
"ဟား..."
"အိုး...မိုးနတ်မင်း....ဘုရား...ဘုရား"
အားလုံးက အနံ့နှင့်ပင် အံ့အားတကြီး တုန့်ပြန်ကြပြီး ဟွမ်းဂျွန်သည်ပင် ခံစားချက်များကို ထိန်းနိုင်ပုံ မရပေ။
"ဒါက ...ဒါက တကယ်ကြီးပဲ .…."
ဟွမ်းဂျွန် မျက်ရည်များပင် ကျလာလေတော့သည်။
ကလစ်...
"အား..""
"အား...လန့်လိုက်တာ"
တံခါးမကြီးက ပွင့်လာလေပြီး လူတစ်ယောက် ဝင်လာလေသည်။
"မင်းတို့ ဒီမှာ ပြောလို့ဆိုလို့ ပြီးသွားရင်လည်း ဟိုကို လာပြီး စားကြတော့…."
ဝင်လာသူက ဟွမ်းယုန်ပင်။
အနေအထားကလည်း စိတ်အေးလက်အေးပင်။
အခန်းထဲသို့ ရောက်လာကာမှ ဟွမ်းဂျွန် ကိုင်ထားသောသေတ္တာကို ကြည့်ကာ မျက်လုံးများက အရောင်လက်လာပြီး ချွန်းမြောင်ကို ချက်ချင်းပင် ကြည့်လာလေ၏။ထို့နောက်တွင်မူ ကမ္ဘာပေါ်တွင် အနွေးထွေးဆုံးသော အပြုံးကိုပြုံးပြကာ မေးလာလေသည်။
"ဒီတစ်ကြိမ်ရော ဘာတွေ ရှာလာတာလဲ...အချစ်တုံးလေး..."
"…"
သောက်ကျိုးနည်း...ဒီလူလည် အဖိုးကြီးကတော့.....
အပိုင်း (၁၇၁)
မင်းက သူတို့ကို တစ်ကြိမ်ရိုက်လိုက်ပြီဆိုတော့ သူတို့ကလည်း ငြိမ်ခံနေမှာ မဟုတ်တော့ဘူး (၁)
“ကြည့်ရတာဒါက ယာ့ဆွန်းရဲ့ ဂူထဲက ပစ္စည်းထင်တယ်…”
ဟွမ်းဂျွန်ကမူ ဤသည်က မည်သည့်ပစ္စည်းဆိုသည်ကို ရေရေရာရာ သိရှိထားပြီးသည်မို့ လှုပ်ပင်မလှုပ်ပေ။ အပျော်လုံးဆို့ကာ ငြိမ်သက်နေရှာလေသည်။
စိတ်ဝိဉာဉ် ဖြတ်လတ်ခြင်း ဆေးလုံးတဲ့လား..
ဟုတ်ပေသည်..မည်သူကမှလည်း ထိုဆေးလုံးအား သံသယ မရှိကြပေ။ သံသယဖြစ်ရန်လည်း မလိုပေ။ အနံ့နှင့်ပင် ဆေးလုံးအစစ်ဖြစ်ကြောင်းကို သက်သေပြသွားခဲ့ပြီး ဖြစ်လေသည်။
ဤသို့သော ရတနာသေတ္တာကို ယူခဲ့နိုင်သည့် ကလေးများကို ဟွမ်းဂျွန် ဂုဏ်ယူဝမ်းမြောက်သည့် မျက်လုံးများနှင့် ကြည့်လိုက်လေသည်။ အထူးသဖြင့် ချွန်းမြောင်ပင်။ ကလေးများပြောပြသော အဖြစ်အပျက်များအရဆိုလျှင်မူ ချွန်းမြောင်သည် ဝူတန်၏အကြီးအကဲတစ်ယောက်ဖြစ်သော ဟိုခေါင်းဆောင်နှင့်ပင် တိုက်ခိုက်ခဲ့ကြသေးသည်ဟု သိရလေသည်။
ဒီကလေးက ဝူတန်ဂိုဏ်းရဲ့ အကြီးအကဲတစ်ယောက်ဖြစ်တဲ့ ဟို ခေါင်းဆောင်နဲ့ ယှဉ်နိုင်တဲ့အထိတောင် စွမ်းအားကြီးတာလား…
ကြားရသည်က အမှန်ပင် စိတ်အားတက်ဖွယ်ရာပင်။ ဝူတန်ဂိုဏ်း၏ အကြီးအကဲတစ်ယောက်ဖြစ်ရန်က လွယ်ကူသည့်ကိစ္စ မဟုတ်သကဲ့သို့ စွမ်းအားကလည်း သာမန်မဟုတ်ပေ။ သာမန်ထက် များစွာ သာလွန်လေ၏။ ဤသည်ကိုပင် ထိုကလေးက ယှဉ်နိုင်ခဲ့သည်ဆိုသည်က ဤကလေး၏ စွမ်းအားကလည်း သာမန်မဟုတ်ဆိုသည့်အချက်ကို မီးမောင်းထိုးပြနေလေသည်။
သို့သော်လည်း ချွန်းမြောင်ကို ထိုမျှ အလွန်အမင်း အံဩခြင်းတော့ မဖြစ်မိပေ။ တောင်ဘက်အစွန်အဖျားဂိုဏ်းကို အနိုင်ယူလိုက်လေကတည်းက ဟွမ်းဂျွန် ချွန်းမြောင်၏ အစွမ်းအစကို ခန့်မှန်းမိခဲ့လေပြီး စိတ်အနှောင့်အယှက် ဖြစ်သွားမည်စိုးရိမ်၍ မေးခွန်းထုတ်ခြင်းမျိုးလည်း မပြုလုပ်ခဲ့ပေ။ ယခုလည်း ပြုလုပ်မည် မဟုတ်ပေ။
ဟွမ်းဂျွန် ချွန်းမြောင်ကို အံဩရသည်က တခြားတစ်ခုပင်။ ယာ့ဆွန်း၏ ပဟေဠိများကို ဖြေရှင်းနိုင်ခဲ့ခြင်းပင်။ ပြည့်ဝသော အတွေ့အကြုံရှိသူများပင် ထိုဆက်စပ်တွေးတောခြင်းများကို အလွယ်တကူ ဖြေရှင်းနိုင်မည် မထင်ပေ။ သို့သော် ငယ်ရွယ်နုနယ်သေးလှသည့် ဤကလေးက ဖြေရှင်းနိုင်ခဲ့လေသည်။
ဒီကလေးက အန်ဟာ ကုန်သည်အစည်းအရုံးနဲ့ မဟာမိတ်ဖွဲ့နိုင်ကတည်းက သူ ပါးနပ်ထူးချွန်တာကို သိလိုက်ပေမယ့် ဒီလောက်ထိ တော်နေမယ်လို့ ငါ တကယ်မထင်ထားခဲ့ဘူး…
သူ မမျှော်မှန်းနိုင်သည့် အခြေအနေတစ်ခုအထိပင် ဤကလေးက တော်ထက်လွန်းနေသည်။ မည်သို့ပင် ဖြစ်စေကာမူ ထိုသို့သောကလေးတစ်ယောက် သူတို့ဂိုဏ်းတွင် ရှိနေသည်ကလည်း ကံကောင်းမှုတစ်ခုပင်။
ဟွမ်းဂျွန် သက်ပြင်းတစ်ခုချကာ သေတ္တာကို တချက်ကြည့်လိုက်လေပြီး အားလုံးကို ပြောလိုက်လေသည်။
“ဒါဆို…”
ဟွမ်းယုန်ကမူ ဟွမ်းဂျွန်၏စကားပင် မစရသေး သေတ္တာကို ဆွဲယူကာ သိမ်းဆည်းရန် ပြင်နေပြီဖြစ်လေသည်။ ဟွမ်းယုန်၏ဆွဲယူမှုကို မတားလိုက်သောလည်း သူ၏လက်ထဲမှ ပါသွားသော သေတ္တာကိုမူ ဟွမ်းဂျွန်က နှမြောတသဖြစ်စွာ လိုက်ကြည့်နေလေသည်။ အတန်ငယ်ကြာကာမှ စကားဆက်ကာ ပြောလေသည်။ ဟွမ်း
“ကောင်းပြီ…ဒါဆို ဒီ..စိတ်…စိတ်ဝိဉာဉ် ဆေးလုံးကို …ဟုတ်တယ်နော်…စိတ်ဝိဉာဉ်ဖြတ်လတ်ခြင်း ဆေးလုံးဆိုတာ”
“ဟုတ်ပါတယ်”
“ဒီဆေးလုံးက ယာ့ဆွန်းရဲ့ တီထွင်မှုတွေထဲက အကောင်းဆုံးဆေးလုံးဆိုတဲ့ ဆေးလုံး ဟုတ်တယ်နော်”
“ဟုတ်ပါတယ်”
ဟွမ်းယုန်ကမူ သေတ္တာကို ကိုင်ထားရင်း ချွန်းမြောင်အား ကြည့်နေလေသည်။ ထို့နောက်တွင်မူ တောက်ပနေသော အပြုံးကြီးက မျက်နှာပေါ်တွင် ပေါ်လာလေပြီး ပြောလာလေတော့သည်။
“ဒါက..ဒါက …တကယ့်ကိုပဲ …မင်းက တကယ့််ကို ကြွယ်ဝချမ်းသာခြင်း နတ်ဘုရားများလားပဲ…
အပြင်ကို တစ်ခါထွက်လိုက်တိုင်း အခုလို ငွေတွေရှာလာနိုင်တဲ့လူမျိုး ငါ တစ်ခါမှ မတွေ့ဖူးသေးဘူး”
ဘာလားဟ…အကြီးအကဲက ဘာတွေ ပြောနေတာတုန်း…
မသိရင် ငါက အပြင်ထွက်တိုင်း တွေ့ရာဆွဲလာတဲ့ ခွေးလိုလို ..ဘာလိုလို…
“ဟားဟားဟား…ဒါနဲ့ မင်းနောက်ထပ်ရော အပြင်သွားပြီး အလုပ်လုပ်စရာ ထပ်ရှိသေးလား..ရှိရင် ပြောဦးနော်”
“…”
“မဟုတ်သေးဘူး…မဟုတ်သေးဘူး…မင်းတို့က ဒီလောက်တောင် ကြိုးစားလာခဲ့တာကို ..ဒီအတိုင်း ပြန်လွှတ်ဖို့ မဖြစ်ဘူး…သုံးရက်လောက် ကောင်းကောင်းစား ကောင်းကောင်းနားကြဦး…နေဦး…သုံးရက်တောင် နည်းဦးမလား မသိသေးဘူး… လမ်းမှာလည်း မင်းတို့တွေ ကောင်းကောင်းစားခဲ့ရမှာ မဟုတ်ဘူးဆိုတော့ ငါအခုပဲ ဝက်တစ်ကောင် သွားဖမ်းလိုက်ဦးမယ်..နွားလည်း တစ်ကောင်လုံးကို ပြင်ထားတာ…မင်းတို့ စိတ်ကြိုက်စားကြစမ်း…
စိတ်ဝိဉာဉ်ဖြတ်လတ်ခြင်း ဆေးလုံးကို ရှာလာခဲ့တဲ့သူတွေကို ဒီလောက်တော့ ငါက ဘာလို့ မကျွေးနိုင်ရမှာလဲ”
ဟွမ်းယုန်၏ ရက်ရက်ရောရော ကျွေးမွေးနေမှုကြီးကြောင့် ယုအန်း ချွေးစေးများပင်ထွက်လာလေတော့သည်။
“အကြီးအကဲ..စိတ်ကို ငြိမ်ငြိမ်ထားပါဦး”
“ဘာတုန်း..ငါက စိတ်ငြိမ်တဲ့ပုံ ပေါက်မနေဘူးလား… ရူးရူးနှမ်းနှမ်း…ဒီထက်တော့ စိတ်ငြိမ်စရာ ရှိမှာတောင် မဟုတ်ဘူး…ငါတို့ ကလေးတွေကို ငါတို့ရဲ့ ကျေးဇူးကြွေးတွေကိုဆပ်ဖို့ နန်ယောင်ကို လွှတ်လိုက်တယ်..သူတို့က ငါတို့ရဲ့ ဟွာယုန်းအပေါ်တင်နေတဲ့ ကျေးဇူးကြွေးတွေကို ဆပ်ပေးခဲ့ရုံတင်မကဘူး ဒီလိုအဖိုးတန်ရတနာတွေကိုပါ ယူလာပေးခဲ့တယ်…ငါတို့ သူတို့ကို မြောက်ပိုင်းပင်လယ်ကို လွတ်ရင် သူတို့က ဆုတောင်းပြည့် ပုလဲတွေများ ယူလာပေးမလား မသိဘူး…
ဂိုဏ်းချုပ် …အဲ့ဒီ ဆုတောင်းပြည့်ပုလဲ ကိစ္စကို ဘယ်လိုသဘောရလဲ…သူတို့ကို နောက်ထပ် ပြင်ပထပ်လွှတ်ဖို့ ကိစ္စ မရှိတော့ဘူးလား”
ဟွမ်းယုန်က ချွန်းမြောင်တို့တသိုက်အား မြောက်ပိုင်းပင်လယ်သို့ လွတ်ကာ ပုလဲများကို အမှန်ပင် ရှာစေချင်နေသည့်အလားပင်။
ချွန်းမြောင် သူ့အား အတင်းရော ဇွတ်ရောပင် အပြင်သို့လွတ်နေသော အကြီးအကဲကို ကြည့်ကာ မျက်ဖြူပင် လန်မိသွားလေတော့သည်။
“အင်း…စိတ်ဝိဉာဉ် ဖြတ်လတ်ခြင်းဆေးလုံး”
ဟွမ်းဆန်းကလည်း သေတ္တာကို ကြည့်လိုက်လေသည် သံရှည်ဆွဲကာ ပြောလိုက်လေသည်။
“မင်းတို့တွေ အများကြီး ကြိုးစားခဲ့ကြပါတယ်”
“မဟုတ်ဘူး…ဟွာဆန်းရဲ့ ဂိုဏ်းသားတစ်ယောက်အနေနဲ့ ငါတို့မလုပ်နိုင်တာကိုတောင် မင်းတို့ လုပ်နိုင်ခဲ့ကြတယ်”
“ဒါပေမယ့်..”
ဟွမ်းဆန်းက ရုတ်တရက်ကြီး လေသံမာလာသောကြောင့် ဘတ်ချုန်းလန့်ပင် လန့်သွားလေသည်။.
“မင်းတို့ ဘာမှ မထိခိုက်ခဲ့လို့ပဲ ငါတို့ ဒီလို အေးအေးလူလူ ချီးကျူးနေနိုင်တာ ..
ပြီးတော့ မင်းတို့ ဒီတစ်ကြိမ်က ကံကောင်းသွားလို့ ဘာမှ မဖြစ်ခဲ့ကြတာ…..”
ဟွမ်းဆန်း၏ စတင်ကာ ငေါက်ငမ်းနေခြင်းကို အားလုံးက နှုတ်လှန်မထိုးဘဲ ခေါင်းငုံ့ကာ ခံနေကြရလေသည်။
“မင်းတို့တွေ စိတ်ဝိဉာဉ် ဖြတ်လတ်ခြင်း ဆေးလုံးနဲ့ ဆေးဖော်စပ်နည်း စာအုပ်ကို တွေ့ခဲ့ ရခဲ့တာတော့ တကယ်ကောင်းတဲ့ကိစ္စပါ… ဒါပေမယ့် တစ်ခုခုသာ လွဲချော်သွားခဲ့မယ်ဆိုရင် ဘယ်လိုလုပ်မလဲ…မင်းတို့လို အငယ်လေးတွေ အနေနဲ့ လောကကြီးက ဘယ်လောက်တောင် အန္တာရယ် များလိုက်သလဲ”
ဟွမ်းဆန်း၏စကားကို ဘတ်ချုန်းတို့ ခေါင်းငြိမ့်ကာ နားလည်ကြောင်းပြရလေသည်။
ဟွမ်းဆန်း ပြောသည်ကလည်း မမှားပေ။ ဂိုဏ်းအကျိုးကို ရှေးရှူကာ သူတို့ စွန့်စားခဲ့ကြသည် မှန်သော်လည်း အန္တာရာယ် များလွန်းလှသည်ကို ကိုယ်တွေ့ကြုံကြိုက်ခဲ့ကြပြီး ဖြစ်လေသည်။ သူတို့ အသက်နှင့် ခန္ဓာ အိုးစားမကွဲခဲ့သည်ကပင် လွန်စွာကံကောင်းနေပြီ ဖြစ်သည်။
“ကျွန်တော်တို့ စိတ်ထဲမှာ သေချာမှတ်သားထားပါ့မယ်…နောက်မဖြစ်စေရပါဘူး”
“ဟုတ်ပြီ…ငါအခုလို ပြောတာကို ဆူပူနေတယ်လို့ မထင်ကြနဲ့…မင်းတို့ရဲ့ လုံခြုံရေးက ကမ္ဘာပေါ်မှာရှိတဲ့ အရာတိုင်းထက် ပိုပြီးတော့ တန်ဖိုးကြီးလို့ ငါဒီလိုပြောနေတာ”
ဟွမ်းဆန်း၏ စကားကြောင့် ဘေးတွင်နားထောင်နေသော ဟွမ်းယုန်က နှာခေါင်းရှုံ့ကာ ပြောလေ၏။
“အကိုကြီးက အဲ့လိုပြောတော့ ကျွန်တော်နဲ့ ဂိုဏ်းချုပ်ကကျ ဘာဖြစ်သွားပြီလဲ…ကလေးတွေထက် ရတနာတွေကို သဘောကျတဲ့ လောဘကောင်တွေလား”
ဟွမ်းယုန်၏စကားကြောင့် ဟွမ်းဂျွန် မျက်လုံးပြူးသွားလေသည်။
သောက်ကျိုးနည်း…ဘဇာကြောင့် မင်းတို့ရန်ပွဲထဲ ငါ့ဆွဲထည့််နေတာတုန်း..
ဒါက ဘယ်လိုတောင် ဒုက္ခရောက်တာကြီးတုန်း…
“ကဲ…အရင်ဆုံး မင်းတို့နှစ်ယောက်လုံး စိတ်အေးအေးထား..
မင်းလည်း တော်တော့…မင်းလည်း တော်တော့”
ဟွမ်းယုန်က ဆက်ကာပြောချင်သေးသော်လည်း ဟွမ်းဂျွန်က တားဆီးနေပြီမို့ မရပ်ချင်ရပ်ချင်နှင့် ရပ်လိုက်ရလေသည်။ ဟွမ်းဆန်းကလည်း မျက်စောင်းတစ်ချက် လှမ်းထိုးကာ တိတ်ဆိတ်သွားပြီဖြစ်လေသည်။
ဟွမ်းဂျွန်က ဟွမ်းယုန်၏ လက်ထဲမှ သေတ္တာကို အသာအယာပင် ယူလိုက်လေပြီး ဟွမ်းယုန်ကလည်း မပေးချင်ပေးချင်နှင့် မသိမသာ ဆွဲထားလေသည်။ ဟွမ်းယုန်အား မျက်စောင်းနှင့် လှမ်းကာကြည့်လိုက်လေမှ သေတ္တာများ တွန့်ဆုတ်တွန့်ဆုတ်နှင့် ပေးလိုက်ရလေသည်။
“အဟမ်း”
ဟွမ်းဂျွန်က ချောင်းတစ်ချက်ဟန့်လိုက်ပြီး သေတ္တာကို ပြန်သိမ်းထားလိုက်လေသည်။ အကြောင်းရင်းကမူ ဟွမ်းယုန်သည် ဤဆေးလုံးများကို ဈေးကွက်ရှာကာ ရောင်းချတော့မည်ဟု ခံစားနေရသောကြောင့်ပင်။
“ဘတ်ချုန်း”
“ဟုတ်ကဲ့ …ခေါင်းဆောင်”
“မင်းတို့ အခု ဒီဆေးလုံးတွေရလာတာကို တခြားဘယ်သူတွေ သိတာရှိသေးလဲ”
“ကျွန်တော်တို့ ဘယ်သူ့ကိုမှ အသိမပေးထားပါဘူး”
“ဟွာယုန်းဂိတ်ကိုတောင်လား”
“ဟုတ်ပါတယ်..ဘယ်သူ့ကိုမှ မပြောထားတာပါ”
ဟွမ်းဂျွန် ခေါင်းကိုငြိမ့်လိုက်လေသည်။
ကောင်းတယ်…ကောင်းတယ်…
ရတနာများသည်က အန္တာရာယ်များသော ပစ္စည်းများပင်။ သူတို့လက်ဝယ်ရှိနေသည်ကို သိသူများလေ ရန်သူများလေပင်။
ငါတို့ဆီမှာ ယာ့ဆွန်းရဲ့ပစ္စည်းတွေ ရှိနေတာကို လူတွေ မသိလေ ပိုကောင်းလေပဲ…
ဓါးသင်္ချိုင်းထဲသို့ စွန့်စားကာ ဝင်ရောက်သူအများစုသည် နတ်ဘုရားလက်နက်များအတွက်သာ ဝင်ရောက်ကြခြင်း ဖြစ်လေပြီး ယာ့ဆွန်း၏ ဆေးလုံးများ အကြောင်းကို သိသူက နည်းပါးလေသည်၊။ ဟွာဆန်းဂိုဏ်း ၊ ဝူတန်ဂိုဏ်းနှင့် သူတောင်းစားဂိုဏ်းမှ လူများသာ ယာ့ဆွန်း၏ ဆေးလုံးများတည်ရှိနေသည်ကို သိရှိကြခြင်းပင်။
ဂိုဏ်းကြီးများက ယာ့ဆွန်း၏ ဆေးလုံးများသာ ရှိနေသေးသည်ဟူသော သတင်းရပါက ရောက်ရာဒေသကို မြေလှန်ကာဆေးလုံးကို ရှာကြမည်က အမှန်ပင်။ ဟွာဆန်းတွင် ထိုဆေးလုံးများ ရှိနေသည်ဟူသော သတင်းသာရပါက သေချာပေါက်ပင် ဟွာဆန်းအား အမှုန့်လာချေမည် ဖြစ်လေ၏။ ဟွမ်းဂျွန် အနေနှင့် ကလေးများက မည်မျှပင် တော်နေစေကာမူ ထိုသို့သော ဂိုဏ်းကြီးများနှင့်မူ ယှဉ်ရန် မဝံ့ရဲပေ။
ငါတို့မှာ ဒီဆေးလုံးတွေ ရှိနေတဲ့ဆိုတဲ့ သတင်းကိုသာ မပေါက်ကြားအောင် ထိန်းနိုင်ရင် ငါတို့ စိုးရိမ်စရာ မရှိတော့ဘူး…
ဟွာဆန်းဂိုဏ်းသည် တောင်များအလယ်တွင် တည်ဆောက်ထားခြင်းကပင် တပန်းသာနေလေပြီ ဖြစ်သည်။ တခြားဂိုဏ်းများကဲ့သို့ လူသူပေါက်ရောက်ရန်က မလွယ်ပေ။ အကယ်၍ ဂိုဏ်းများ သတင်းရကာ လာခဲ့လျှင်လည်း အရေးကြီးသည်က ဆေးလုံးများမဟုတ်…ဆေးဖော်စပ်နည်းသာ ဖြစ်လေသည်။
ဆေးဖော်စပ်နည်း ရှိနေသ၍ ဆေးလုံးများက ရှိနေမည်ပင်။
ဟွမ်းဂျွန် သေတ္တာကို ဖွင့်ကာ ဆေးဖော်စပ်နည်း စာအုပ်ကို ထုတ်ယူလိုက်လေသည်။
“ကြည့်ရတာ ငါတို့ကို နတ်ကောင်းနတ်မြတ်တွေက စောင့်ရှောက်နေကြပုံပဲ
ဟွမ်းဂျွန်၏ ထိုစကားကြောင့် ချွန်းမြောင်က ပြုံးလိုက်လေသည်။ လှောင်ပြောင်ခြင်း မဟုတ်ပေ။ အမှန်ပင် ကူညီနေခြင်းကြောင့် သူပြုံးလိုက်ခြင်းပင်။ သူ၏ဆရာတူအကိုကြီးကိုသာ အိမ်မက် မမက်ခဲ့လျှင် သူ ပဟေဋိကို ဖြေရှင်းနိုင်ခဲ့မည် မဟုတ်ပေ။ ဆရာတူအကိုကြီးက အမှန်ပင်စောင့်ရှောက်နေသည်မို့ ချွန်းမြောင်ပြုံးမိခြင်းပင်။
“အဟမ်း…ဒါနဲ့”
ချွန်းမြောင်က ဟွမ်းဂျွန်က ကြည့်လိုက်သည်မို့ ဟွမ်းဂျွန်က ပိုက်ထားသောသေတ္တာကို သူ၏ရှေ့တွင် ပြန်ချထားလိုက်လေသည်။
“မင်းတို့ပြောသလိုဆိုရင် ယာ့ဆွန်းက ဆေးလုံးတွေကို သူ့ရဲ့စိတ်ဆန္ဒကို ဆက်လက်ထိန်းသိမ်းပေးမယ့် ဆက်ခံသူတစ်ယောက်ကို လိုချင်နေတာပေါ့…”
ဟွမ်းဂျွန်၏ စကားကြောင့် ချွန်းမြောင် စိတ်အချဉ်ပေါက်သွားပြီး သေတ္တာကို ဆွဲကာယူလိုက်လေသည်။၊
“ဒါဆိုလည်း ဒီဆေးလုံးတွေကို ကျွန်တော်သွားရောင်းပြီး ပြန်လာခဲ့လိုက်မယ်လေ..ပေး”
“အားအား….နေပါဦး…စကားကို ဆုံးအောင်လေးတော့ နားထောင်ပါဦး”
ဟွမ်းဂျွန်က ချွန်းမြောင်၏ တကယ်ရောင်းတော့မည့်ပုံကြောင့် လန့်ဖြတ်သွားကာ အလန့်တကြားပင် တားလေတော့သည်။
“ယာ့ဆွန်းရဲ့ ဆန္ဒကို ထည့်တွက်တယ်ဆိုရင်တောင် ဟွာဆန်းရဲ့ အရေးကိစ္စအတွက်ကလည်း အရေးကြီးတာပဲကို..
အဲ့လောက်ကြီး စိတ်မစောပါနဲ့…ဟွာဆန်းက ဒီဆေးလုံးကို အသုံးပြုပြီး သူ့ဆန္ဒတွေကို ဖြည့်ဆည်းပေးရင်လည်း ရပါတယ်…”
ဟွမ်းဂျွန်၏ စကားကိုသာ ယာ့ဆွန်းကြားနိုင်ပါက ထဆဲနေလေလောက်သည်ဟု ချွန်းမြောင် ထင်လေသည်။၊
မဟုတ်လျှင်လည်း သူ၏ဆရာတူအကိုကြီးရှိလျှင်လည်း ထကာရိုက်လိမ့်မည်ဟု ထင်မိလေသည်။
အကိုကြီးရယ်…လုပ်လိုက်စမ်းပါ…
အပိုတွေ သိပ်ပြောနေတဲ့ အဲ့ဒီလူကို…
“ငါတို့ အရင်ဆုံး ဒါကို အစစ်ဟုတ်မဟုတ် စစ်ဆေးရမှာပေါ့”
ဟွမ်းဂျွန်က ယုအန်းကို လှမ်းကာပြောလိုက်လေသည်။
“သမားတော်ကြီး ခေါ်လာခဲ့ကြစမ်း”
စာအုပ်စင်ကြီးက ဘေးသို့ ရွေ့သွားလေပြီး ထိုလျို့ဝှက်နေရာတွင် သမားတော်က ဆေးဖော်စပ်နည်း စာအုပ်ကို ချွေးတလုံးလုံးနှင့် ဖတ်နေလေသည်။အန်းဂတ်သည် ဟွာဆန်းမှ အတော်ဆုံးသမားတော်ဖြစ်လေပြီး ဆေးပညာတွင်လည်း နှံ့နှံ့စပ်စပ် ရှိလေသည်။
“အင်း…”
အန်းဂတ်က သက်ပြင်းလေးကြီးကို ချလိုက်လေသည်။နေရ
“ပြောစမ်း….တကတည်း စာအုပ်လေးဖတ်တာကို အဲ့လောက်ကြာတာ ဘာများ ဖြစ်နေလို့လဲ"
အဖြေက မရဘဲ အန်းဂတ်က စိတ်လွတ်နေသူပမာ စာအုပ်ကိုသာ ဆက်တိုက်ဖတ်နေသည်မို့ ဟွမ်းယုန် မရိုးမယွ ဖြစ်လာလေသည်။
အားလုံးကလည်း အသံတစ်သံပင် မထွက်ရဲကြပေ
အန်းဂတ်ပြောလာမည့်စကားကိုသာ စောင့်ဆိုင်းနေကြလေသည်။ သူတို့အားလုံး ရင်ခုန်နေကြပြီ ဖြစ်လေ၏။
အန်းဂတ်၏ စိတ်ဖိစီးပုံရနေသော အမူအရာကြောင့် ဟွမ်းဂျွန်ပင် ရတက်မအေးဖြစ်လာလေတော့သည်။
"ဂိုဏ်းချုပ်"
"အင်း...အခြေအနေက ဘယ်လိုလဲ"
"စစ်ဆေးကြည့်ရသလောက်ကတော့ အစစ်ပါပဲ.."ဆေးဖော်စပ်နည်းအများစုကလည်း မှန်ပါတယ်..
ဒါပေမယ့် ကျွန်တော် နားမလည်နိုင်တဲ့ တချို့ဟာလေးတွေတော့ ရှိပါသေးတယ်"
"ပြီးတော့...""
အန်းဂတ်က တံတွေးမြိုချကာ ဆက်ပြော၏။
"ကျွန်တော်က ရေးထားတဲ့တချို့စာတွေကို နားမလည်ရုံ မကဘူး...ဆေးလုံးတစ်လုံး ကြိုချက်ဖို့ လိုအပ်တဲ့အရာတွေကလည်း များလွန်းလှပါတယ်...ပုံမှန်လူတွေအတွက် လုံးဝမဖြစ်နိုင်တဲ့ ကိစ္စပါ"
"အင်း....""
ဟွမ်းဂျွန် အန်းဂတ်ဆက်ပြောလာမည့်စကားများကို
ရှုတည်တည်နှင့် ဆက်ကာနားထောင်နေလေ၏။
"ဆိုတော့ မင်းက ဒီဆေးလုံးကို ဖော်စပ်နိုင်လား"
အန်းဂတ် ပြုံးကာဖြေလာလေသည်။
"ဖော်စပ်နိုင်ရင်တောင် ရမယ်မထင်ပါဘူး"
"...."
ဟွမ်းယုန်၏ဒေါသက ငယ်ထိပ်ရောက်သွားပြီ ဖြစ်လေသည်။
"ဒီမှာရှိနေတဲ့ သူတွေကို မင်းက သောက်ရူးလာလုပ်နေတာလား"
"စိတ်လျော့ပါဦး...နည်းပြ...အယ် မဟုတ်ပါဘူး...အကြီးအကဲ"
အန်းဂတ်က ပျာပျာသလဲပင် ရှင်းပြလေသည်။
"စိတ်ဝိဉာဉ် ဖြတ်လတ်ခြင်းဆေးလုံးဖော်စပ်တာက ကျွန်တော့ အရည်အချင်းနဲ့ဆို ဘာမှ မဟုတ်ပါဘူး...နည်းနည်းလေး အားစိုက်လိုက်တာနဲ့ ရသွားမှာပါ..စာအုပ်ကို ဖတ်ရတဲ့ဘယ်သူမဆို ဆေးလုံးကို သေချာပေါက် ဖော်တတ်မှာပါ"
"ဒါဆို ပြဿနာက ဘာလဲ"
"ပြောပါ့မယ်…"
အန်းဂတ်က သက်ပြင်းတစ်ချက် ချလိုက်လေသည်။
"… စိတ်ဝိဉာဉ် ဖြတ်လတ်ခြင်းဆေးလုံးမှာ ပါဝင်တဲ့ပါဝင်ပစ္စည်းတွေ အားလုံးက တန်ဖိုးကြီးလွန်းပါတယ်."
ဘယ်လို...တန်ဖိုးကြီးလွန်းတာလား...
ငွေကုန်ပေါက်ဟု သိလိုက်ရသည်နှင့် ဟွမ်းယုန်ငြိမ်ကျသွားလေ၏။
"ကျွန်တော်တို့ ဆေးလုံးများများလိုချင်ရင်တော့ ဟွာဆန်းကို ရောင်းလိုက်မှပဲ ရလောက်မှာပါ..ဟွာကျေးရွာမှာ ရှိနေတဲ့လုပ်ငန်း အနည်းစုနဲ့ကတော့ ဘာမှလုပ်လို့ မရပါဘူး"
ထိုစကားကြောင့် ဟွမ်းယုန် သွေးတက်သလိုပင် ဖြစ်သွားလေသည်။
"ပါဝင်ပစ္စည်းတွေက ဘာလို့အဲ့လောက် ဈေးကြီးနေတာတုန်း"
"သူတို့က ပင်ကိုကိုက တန်ဖိုးကြီးပစ္စည်းတွေပါ...ငွေပေါလွန်းတဲ့ ရှောင်လင်ဂိုဏ်းတောင် ဒီဆေးလုံးကို အနည်းငယ်ပဲ ဝယ်နိုင်တာကို ကြည့်ပြီး..ဒီဆေးလုံး ဘယ်လောက် အဖိုးတန်တယ်ဆိုတာ ခန့်မှန်းလို့ ရပါတယ်"
"…"
"ဒီပါဝင်ပစ္စည်းတွေနဲ့သာဆိုရင် ယာ့ဆွန်းက အချွေတာဆုံးလုပ်ပေးခဲ့ရင်တောင်မှ ကျန်တဲ့အသုံးစရိတ်အားလုံးပေါင်းရဲ့ ဆယ်ဆမက ကုန်ကျခဲ့မှာပါ...ဘယ်ဂိုဏ်းမှ အများကြီးတတ်နိုင်ခဲ့မှာ မဟုတ်ပါဘူး..."
ဟွမ်းယုန် သက်ပြင်းရှည်ကြီးကို ချလိုက်လေသည်။
"ကောင်းပြီ...ဒီတော့ မင်းပြောချင်တာက ငါတို့မှာ ငွေကြေးမလုံလောက်လို့ ဒီဆေးလုံးကို ဖော်စပ်လို့ မရဘူးပေါ့...ဟုတ်လား"
"ဟုတ်ပါတယ်"
"နေပါဦး....ဘယ်လောက်တောင် ဈေးကြီးတာမို့လို့တုန်း...ငါတို့ဟွာဆန်းကလည်း ဒီလောက်တော့ မွဲတေနေတာ မဟုတ်ပါဘူး.."
"အင်း...""
အန်းဂတ်၏ ချီတုံချတုံအမူအရာကို ကြည့်ကာ ဟွမ်းယုန်က မျက်ခုံးလှုပ်နေပြီ ဖြစ်သည်။
"ဘယ်...ဘယ်လောက်တောင်လဲဟင်..."
ဟွမ်းယုန် ကယောင်ခြောက်ခြားဖြစ်ကာ ဟွမ်းဂျွန်အား လှမ်းကာအော်လေတော့သည်။
"ဂိုဏ်းချုပ်...ဒီ ဆေးညွှန်းကို အခုပဲလွှင့်ပစ်လိုက်ပါတော့...ဒီဆေးညွှန်းကြောင့် ဟွာဆန်း ပျက်စီးမွဲပြာကျသွားလိမ့်မယ်...ယာ့ဆွန်းဆိုတဲ့ အရူးကောင်က အလိမ်အညာတွေ ရေးခဲ့တာ ဖြစ်ရင်ဖြစ်မှာပါ...စိတ်ဝိဉာဉ်ဆေးလုံးမကလို့ ဘာပဲဖြစ်ဖြစ် လွှင့်ပစ်လိုက်ပါတော့...ဒါက ရတနာ မဟုတ်ပါဘူး... ပြဿနာတွေပါ.."
ဟွမ်းယုန်၏ ပေါက်ကရအော်သံကြီးက ဟွမ်းဂျွန် စိတ်ပျက်သွားလေသည်။
"ဆေးဖော်တာက ခက်မလား"
"ဆေးဖော်တာက မခက်ပါဘူး...ဒါပေမယ့် ဆေးတစ်လုံး ကုန်ကျစရိတ်နဲ့တင် ဟွာဆန်းက မွဲပြာကျသွားမှာပါ...ခိုးဆိုးလုနှိုက် ဘဝတောင်ရောက်သွားနိုင်ပါတယ်...ဒါတောင် လောက်မယ်မထင်သေးပါဘူး"
အန်းဂတ်၏စကားကြောင့် ဟွမ်းယုန်က ခါးခါးသီးသီးပင် ထအော်လေတော့သည်။
"လုံးဝပဲ....လုံးဝပဲ...ငါ့မှာ ဟွာဆန်း ဒီလိုအခြေအနေ ဖြစ်လာဖို့ ဘယ်လောက်တောင် ခြွေတာခဲ့ရသလဲ...ပြုပြင်ပြောင်းလဲကာစ ဟွာဆန်းကို အထိခိုက်မခံနိုင်လို့ မကုန်သင့်တာ မကုန်အောင် စောင့်ရှောက်နေရတာ ...လုံးဝပဲ...အဲ့လို အဖြစ်မခံနိုင်ဘူး.ဘဏ္ဍာရေးမှတစ်ယောက် အနေနဲ့ လုံးဝ ဒီကိစ္စကို ခွင့်မပြုနိုင်ဘူး...ဒါပဲ"
"ဟင်း."
ဟွမ်းယုန်၏ ပြတ်ပြတ်သားသား စကားသံကြီးကြောင့် ဟွမ်းဂျွန်က သက်ပြင်းရှည်ကြီး ချလိုက်လေသည်။ ဟွမ်းယုန်၏ စကားကလည်း မှားတော့မမှားပေ။
ချွန်းမြောင်ကမူ ငြင်းခုံနေကြသော စကားဝိုင်းကို ငြိမ်ကာ နားထောင်နေပြီးမှ အေးအေးလူလူ ဝင်ပြောလေသည်။
"ငွေကြောင့်ဆိုရင်တော့ မစိုးရိမ်ပါနဲ့"
"ဟင်"
"အခု ပြဿနာက ငွေပဲ မဟုတ်လား"
"အင်း...ဟုတ်တယ်"
ချွန်းမြောင်က ပြုံးကာ တခစ်ခစ်ရယ်လိုက်ပြီး ပြောလာလေသည်။
"ဒါဆို စိတ်မပူကြပါနဲ့"
"… မင်း ဘာပြောချင်တာလဲ"
အကြီးအကဲ အားလုံးက ချွန်းမြောင်ဆီ အာရုံရောက်လာကြပြီမို့ ချွန်းမြောင်က သူ၏ဝတ်စုံကို ဖြည်ချလိုက်လေသည်။ ကြမ်းပြင်ပေါ်သို့ တတောက်တောက် ကျလာသော အရာများကို မြင်လိုက်သည့်အခါတွင်မူ ဟွမ်းယုန်မျက်လုံးများက အရောင်တောက်လာလေတော့သည်။
"နေ...နေပါဦး....ဒါတွေက ညမီးအိမ်ကျောက်တွေမို့လား..."
"ကျွန်တော်တို့က အခု ချမ်းသာသွားပြီမို့လား."
"…"
ဟွမ်းယုန်ကမူ ချွန်းမြောင်ကို ပြုံးပြုံးကြီးကြည့်ကာ ချီးကျူးလေတော့သည်။
"… မင်းက တကယ့်ကို ကြွယ်ဝချမ်းသာခြင်း နတ်ဘုရားပဲ"