အခန်း (၁၇၂-၁၇၄)
Vol. 12 Ch. 172-174
အပိုင်း (၁၇၂)
မင်းက သူတို့ကို တစ်ကြိမ်ရိုက်လိုက်ပြီဆိုတော့ သူတို့ကလည်း ငြိမ်ခံနေမှာ မဟုတ်တော့ဘူး(၂)
စိတ်ဝိဉာဉ် ဖြတ်လတ်ခြင်းဆေးလုံး ဖော်စပ်ရန်အတွက် ပြင်ဆင်ခြင်းများက လျင်လျင်မြန်မြန်ပင် စတင်လာလေသည်။
ဦးစွာပထမအနေနှင့် လိုအပ်သောပစ္စည်းများကို ဝယ်ယူကာ စုဆောင်းရန်ဖြစ်ပြီး ထိုသို့ဝယ်ယူရန်အတွက်လည်း အန်ဟာ ကုန်သည်အဖွဲ့အစည်းကို အကူအညီတောင်းခဲ့လေသည်။ အန်ဟာကုန်သည်အဖွဲ့အစည်းသည်က အဆက်အသွယ်ကောင်း ပေါများသည်မို့ လိုအပ်သောပစ္စည်းများကိုလည်း အလွယ်တကူပင် ဝယ်ယူ၍ ရနိုင်လေသည်။ ထိုဆုံးဖြတ်ချက်ကြောင့်ပင် ဟွားကျေးရွာတွင် အခြေစိုက်တာဝန်ယူနေသော ဟွမ်ဂျွန်ဂီကို ဟွာဆန်းသို့ ဆင့်ခေါ်လိုက်လေသည်။
“ဒါ…ဒါတွေ အကုန်လုံးလား”
ဝယ်ယူရမည့် ပါဝင်ပစ္စည်းစာရင်းအား မြင်ပြီးသည့်နောက်တွင်မူ ဟွမ်ဂျွန်ဂီက အံဩထိတ်လန့်သွားလေတော့သည်။
“ဒီပစ္စည်းတွေ အကုန်လုံးကို ဘယ်နေရာမှာများ သွားသုံးဖို့ စဉ်းစားထားလို့လဲ…ဒီလောက် အများကြီး “
ဟွမ်းယုန်က ပြုံးကာ ဖြေလိုက်လေသည်။
“သိပ်လည်း အံဩမနေပါနဲ့… ငါတို့ ဟွာဆန်းက တဖြည်းဖြည်းချင်း အခြေခိုင်အောင် တည်ဆောက်နေတာလေ..ဒါကြောင့် ဆေးလုံးတချို့ ဖော်စပ်ကြည့်ဖို့ လုပ်မလို့ပါ..ငါတို့ ဂိုဏ်းကလူတွေ အတွက်သုံးဖို့လေ”
“ဆေးလုံးလို့ ပြောလိုက်တာလား..ဘာဆေးလုံး..”
“အားတိုးဆေးတွေ ၊ ဖြတ်လတ်ခြင်း ဆေးလုံးတွေက လွဲရင် တခြားဘာဆေးလုံးတွေများ ရှိသေးလို့လဲ”
“အာ…အဲ့လိုလား”
ဟွမ်းယုန် သူ၏အဖြေကို သဘောကျစွာ ပြုံးလိုက်လေသည်။ အန်ဟာကုန်သည်အစည်းအရုံးကို သူ ယုံကြည်ရသည်ဟု မထင်ပေ။ ကုန်သည်များဆိုသည်က အကျိုးစီးပွားကို ကြည့်တတ်သည်ဖြစ်၍ ပို၍ပင် မယုံကြည်သင့်ပေ။ ထို့ကြောင့် သူအမှန်တိုင်း မပြောခြင်း ဖြစ်လေသည်။
ငါတို့ဆီမှာသာ ယာ့ဆွန်းရဲ့ စိတ်ဝိဉာဉ် ဖြတ်လတ်ခြင်းဆေးလုံး ရှိတယ်ဆိုတာ သိလို့ကတော့ ဘယ့်နှယ့်နေကြမယ်ဆိုတာ တွေးကြည့်လို့တောင် မရဘူး…ဒါလေးဝယ်ခိုင်းတာတောင် ဒီလောက်ဖြစ်နေတယ်..
အခုကစပြီး သေချာလေး နှုတ်ပိတ်နေမှ ဖြစ်မယ်…
ဓါးသင်္ချိုင်းသို့ သွားကြသူများတွင် ယာ့ဆွန်း၏ ဆေးလုံးများအကြောင်း သိသူက ဟွာဆန်း ၊ ဝူတန်နှင့် သူတောင်းစားဂိုဏ်းတို့သာ သိသည်မို့ ဆေးလုံးအကြောင်းကို သိသူက နည်းလေသေးသည်။ ထို့ကြောင့်ပင် သိုသိုသိပ်သိပ်နေသည်က ပို၍အန္တာရာယ် ကင်းမည်ဆိုသည်ကို အားလုံးက သိကြလေသည်။
ဤသည်ကလည်း မဟာမိတ်ဖွဲ့ထားသည့် အန်ဟာဂိုဏ်းအား သူတို့၏ဆေးလုံးအကြောင်းကို မပြောပြရခြင်း အကြောင်းပြချက်တစ်ခုလည်း ဖြစ်လေသည်။
“ဆိုတော့ ဒီပစ္စည်းတွေ အကုန်လုံး ပို့ပေးရမှာပေါ့…”
“အင်း…အာ ..ပြီးတော့ တစ်ခုရှိသေးတယ်”
“နောက်ထပ် ရှိသေးတာလား”
ဟွမ်းယုန်က မရယ်မပြုံးမျက်နှာနှင့်ပင် ဆက်ကာပြောလေသည်။
“ဖြစ်နိုင်မယ်ဆိုရင် မှာထားတဲ့ပစ္စည်းတွေကို တတ်နိုင်သမျှ နောက်မကျဘဲနဲ့ မြန်မြန်လေး လိုချင်ပါတယ်..
ပြီးတော့ ဒီပစ္စည်းတွေ ဝယ်တဲ့အကြောင်းလည်းသတင်းမပျံ့ပါစေနဲ့”
“ဟမ်…ဘာလို့လဲ”
ဟွမ်းယုန်က ရုပ်တည်ကြီးနှင့် ဆက်ကာပြောလေသည်။
“ကန်ဟို ဆိုတာက အညှာတာကင်းမဲ့တဲ့ လောကပါ…အခုဆိုရင် ဟွာဆန်းက ဂိုဏ်းအားလုံးနီးပါးရဲ့ အာရုံကျစောင့်ကြည့်ခံနေရတာ…တောင်ဘက်အစွန်အဖျားဂိုဏ်းနဲ့ ညီလာခံကြောင့်လည်း ပါသလို ဝူတန်နဲ့လည်း တိုက်ခိုက်ခဲ့တယ် အတွက် အားလုံးရဲ့ သတိထားတာကိုလည်း ခံနေရပါတယ်…မင်း အဲ့တာကို သိထားတယ်မို့လား”
“အင်း..”
ဟွမ်ဂျွန်ဂီ ခေါင်းငြိမ့်ပြလိုက်လေသည်။ ဟွမ်းယုန်ပြောသည်ကလည်း မှန်ပေသည်။ နန်ယောင်တွင် ဝူတန်ကို အနိုင်ယူခဲ့သည်နှင့် ပတ်သက်၍ ဝူတန်ဂိုဏ်းက ဟွာဆန်းဂိုဏ်အား လွယ်လွယ်နှင့် အခဲကြေမည် မထင်ပေ။
“ကျွန်တော် တစ်ခုလောက်တော့ မေးလို့ရမလား”
“ဟုတ်ကဲ့…မေးလို့ရပါတယ်”
“ကျွန်တော် သတင်းတစ်ခုကြားထားလို့ပါ…အဲ့ဒီသတင်းကို တကယ်လည်း အံဩနေလို့ပါ..
ဟွာဆန်းက ဂိုဏ်းသားတစ်ချို့က တခြားဂိုဏ်းတွေနဲ့အတူ ဓါးသင်္ချိုင်းထဲကို ဝင်သွားတယ်ဆိုတဲ့ သတင်းက အမှန်ပဲလား”
“မဟုတ်ပါဘူး…”
“အာ…အဲ့လိုကိုး”
ဟွမ်ဂျွန်ဂီ ခေါင်းကိုငြိမ့်လိုက်လေသည်။
အင်းလေ..သူပြောတာ ဖြစ်နိုင်တာပဲ…
ဟွာဆန်းက နန်ယောင်မှာ ရလဒ်ကောင်းကောင်း ရခဲ့လို့ ချဲ့ကားပြီး ကောလဟလ ထွက်လာတာလဲ ဖြစ်နိုင်ပါတယ်…
ဟွမ်ဂျွန်ဂီ ကြားထားသည့် ကောလဟလက ဟွာဆန်းမှ ဂိုဏ်းသားများသည် ပြိုကျသွားသော ဓါးသင်္ချိုင်းထဲမှပင် မြေကိုဖောက်ကာ ထွက်လာသည် ဟူ၍ပင်။ ထိုမျှသာမကသေး တခြားသောဂိုဏ်းပေါင်းများစွာက ဂိုဏ်းသားများကိုလည်း တိုက်ခိုက် အနိုင်ယူသွားသည်ဟုလည်း သတင်းထွက်နေလေသေးသည်။
အထူးသဖြင့် သတင်းကြီးနေသူကမူ ဟွာဆန်း၏ နဂါးဆိုသည်ပင်။ တောင်ဘက်အစွန်အဖျားဂိုဏ်းနှင့် ယှဉ်ပြိုင်ရသော ညီလာခံတွင် စတင်ကာ နာမည်ရလာသော ဟွာဆန်း၏ တက်သစ်စနဂါးသည် ယခုဆိုလျှင်မူ ဟွာဆန်း၏ နဂါးနတ်ဘုရား ဟုပင် ဆိုရလောက်အောင်အထိ အစွမ်းထက်နေပြီဟုပင် ဆိုနေကြလေသည်။
အင်း…ငါ ကြားထားတဲ့ သတင်းတွေအရဆို အဲ့နဂါးက ဝူတန်ဂိုဏ်းက အကြီးအကဲတစ်ယောက်ကိုတောင် စိန်ခေါ်ခဲ့သေးတာတဲ့…ပြီးတော့ ကြံ့ကြံ့ခိုင် ရင်ဆိုင်ခဲ့တယ်ဆိုလားပဲ…
ဟွမ်ဂျွန်ဂီ ဟွမ်းယုန်၏ အဖြေကို သဘောမကျခြင်း မဖြစ်မိပေ။ ဓါးသင်္ချိုင်းထဲသို့ ရောက်ခဲ့သည်ဆိုဦးတော့ ယခုကဲ့သို့ ပြောဆိုခြင်းက လက်ခံ၍ ရပေသည်။ ထူးချွန်၍ အရွယ်မရောက်သေးသော တပည့်ကို တခြားသော သိုင်းပညာရှင်များ လက်မှကာကွယ်ရန် လိမ်ညာပေးထားခြင်းပင်။ ဟွမ်းယုန်၏ စိတ်သဘောထားကို သူနားလည်ပေး၍ ရလေသည်။
“မစိုးရိမ်ပါနဲ့ …အကြီးအကဲ…ယုံကြည်မှုဆိုတာ ကုန်သည်တွေအတွက် အရေးကြီးဆုံးအရာပါ… ကုန်သည်တစ်ယောက်အနေနဲ့ ကိုယ့်ရဲ့ဝယ်သူဆန္ဒကို လိုက်နာပေးရမှာက အရေးကြီးပါတယ်…
ဒီသတင်း မပျံ့စေရပါဘူး”
“အဟင်း…ဟင်း…ဒါကြောင့်လည်း ကျွန်တော်တို့ကလည်း မင်းကို ယုံကြည်တာပါ…
ယုံကြည်လို့လည်း ပစ္စည်းဝယ်ဖို့ ပြောတာပေါ့”
“ဒါပေမယ့်….”
“အင်း”
“ခင်ဗျားတို့ ရချင်တဲ့ ကုန်ပစ္စည်း အားလုံးကို ရဖို့ကတော့ လွယ်ကူလှမှာ မဟုတ်ဘူး…ပြီးတော့ တန်ဖိုးကလည်း မနည်းတော့….”
အရိပ်ပြလျှင် အကောင်မြင်သော ဟွမ်းယုန်က ချက်ချင်းပင် ဟွမ်ဂျွန်ဂီ၏ ဆိုလိုခြင်သောအရာကို နားလည်လေသည်။
အရောင်းဝယ်ကိစ္စက ဖြစ်လေပြီမို့ ဟွာဆန်း၏ ဘဏ္ဍာရေးအခြေအနေကို သိနေသော ဟွမ်ဂျွန်ဂီက ပြောရခက်နေလေသည်။ မပြော၍က မရပေ။ ပစ္စည်းဖိုး ငွေချေရန် ပြောဖို့အား နှုတ်တွန့်နေလေသည်။
သို့သော် ဟွမ်းဂျွန်၏ တုံ့ပြန်မှုက မယုံကြည်စရာပင်။
"အာ...ပိုက်ဆံလား...ဟုတ်တာပေါ့..ဟုတ်တာပေါ့"
ဟွမ်းယုန်က လိုလိုလားလားပင် ငွေထုတ်ပေးတော့မည့်ပုံပေါက်နေသည်မို့ ဟွမ်ဂျွန်ကီ သူနားကြားမှားသွားသလားဟုပင် ထင်မိနေလေသည်။
"ဟုတ်ကဲ့...ပြောရတာတော့ အားနာပေမယ့်..."
"အာ....ရပါတယ်..ငွေက အဓိက မဟုတ်ပါဘူး...
အခုပဲ ပေးဆိုရင် ပေးလိုက်လို့ ရပါတယ်...အခုပဲ ငွေချေလိုက်ပါ့မယ်"
ဟွမ်ဂျွန်ဂီ အမှန်ပင် အံဩသွားလေသည်။
အခုချက်ချင်း ငွေချေမှာတဲ့လား....
ဒီလောက် တန်ဖိုးကြီးတဲ့ပစ္စည်းတွေအတွက် တန်ဖိုးကို တခါတည်း ချေလိုက်မယ်ပေါ့....
ဟွမ်ဂျွန်ဂီ မအောင့်နိုင်ဘဲ မေးမိသွားလေတော့သည်။
"အာ...ဒီလောက် ငွေတွေအများကြီးကို ဘယ်လိုလုပ်"
"ဟူးး...ဒီလိုပါပဲ...ဟွာဆန်းက ဒီကလူငယ်လေး ထင်နေတာထက်တော့ ချမ်းသာနေတာ ဖြစ်မှာပါ"
ဟွမ်းယုန်က ပြုံးပြုံးကြီးနှင့်ပင် အဖြေပေးလိုက်လေသည်။
ငါတို့ ဟွာဆန်းမှာ ကြွယ်ဝချမ်းသာခြင်း နတ်ဘုရားရှိနေတာ မင်းတို့ မသိပါဘူးကွာ...ဟက်.ဟက်...
ဟွမ်းဂျွန်က အတွေးတို့ကြောင့် အူမြူးသွားပြီး ပါးစပ်ပင် မစိနိုင်တော့ပေ။ ပြုံးပြုံးကြီးသာ ဖြစ်နေလေသည်။
"ကဲ...ဒီမှာပါဗျာ"
ဟွမ်းယုန်က သေတ္တာတစ်လုံးကို ဟွမ်ဂျွန်ဂီထံသို့ ကမ်းလိုက်လေသည်။ ဟွမ်ဂျွန်ဂီကမူ ကမ်းပေးလာသောသေတ္တာကို ကြောင်အအဖြင့် လက်ခံလိုက်ရလေ၏။
"ဒါက…"
"ဖွင့်ကြည့်လိုက်ပါ"
ဟွမ်ဂျွန်ဂီက သေတ္တာကို ဂရုတစိုက် ဖွင့်လိုက်ပြီး အထဲရှိပစ္စည်းများကို မြင်သည်နှင့် မျက်လုံးများက တလက်လက်တောက်ပ လာလေတော့သည်။
"ဒါ...ဒါက"
"ညမီးအိမ် ကျောက်တွေလား"
"ဟုတ်တယ်."
ဟွမ်းယုန်၏ အဖြေကြောင့် ဟွမ်ဂျွန်ဂီ ပါးစပ်ပင် မစိနိုင်တော့ပေ။
"ဟာ...မဖြစ်နိုင်တာ..ဘယ်လိုလုပ် ညမီးအိမ်ကျောက်တွေက ဒီလောက်အများကြီး…"
ညမီးအိမ်ကျောက်များဆိုသည်က အရည်အသွေးကောင်းလွန်းလှပြီး အရည်လဲ့ကာ တလက်လက်ပင် တောက်ပနေသည်မို့ ရတနာများထဲတွင် အလွန်ပင် အဖိုးထိုက်တန်လေပြီး တခြားရတနာများထက် တန်ဖိုးကြီးမားလေသည်။ ထိုသို့ တန်ဖိုးကြီးသောရတနာများက အဘယ်ကြောင့် ဤလူများဆီတွင် ထိုမျှရှိနေသနည်း။
သူသည်လည်း ငယ်စဉ်ကပင် ကြွယ်ဝချမ်းသာစွာနေခဲ့ရသူဖြစ်သော်လည်း ထိုမျှလောက် များပြားသော ညမီးအိမ်ကျောက်များကို မမြင်ဖူးခဲ့ပေ။
ဒီလူတွေက ဒီကျောက်တွေ ဘယ်လောက်အဖိုးတန်တယ်ဆိုတာ မသိဘူးလား....
ဟွမ်ဂျွန်ဂီ၏ အတွေးများနေပုံကို ကြည့်ကာ ဟွမ်းယုန်ပြုံးလိုက်လေသည်။
"ကျွန်တော့်အထင်ပြောရရင်တော့ ဒီကလူငယ်လေးက ဒီကျောက်တွေရဲ့ တန်ဖိုးကို မသိတဲ့သူလို့တော့ မထင်ပါဘူး...ကျေးဇူးပြုပြီးတော့ သင့်တော်တဲ့ဈေးလေးသာ ဖြတ်ပေးပါ..အဲ့လိုလုပ်လို့ အဆင်ပြေရဲ့လား"
ဟွမ်းယုန်၏ ကမ်းလှမ်းမှုကြောင့် ဟွမ်ဂျွန်ဂီ တုန်လှုပ်လာလေသည်။ လောဘနှင့် ကုန်သည်ကျင့်ဝတ်ကြားတွင် ဗျာများလာမိလေ၏။
ငါ ဒီကျောက်တွေကို လက်လွှတ်လိုက်ရလို့ မဖြစ်ဘူး...
ဟွမ်ဂျွန်ဂီက အကြွေးတို့နှင့် နှုတ်ခမ်းကိုကိုက်ကာ ကြိတ်ပြုံးလိုက်ပြီး အတွေးတို့ကို အမြန်ပင် အဆုံးသတ်လိုက်လေသည်။
"အကြီးအကဲ...ဒါဆို အခုပဲ အသေးစိတ်ကို ဆွေးနွေးပြီး စာချုပ်အကြမ်းလုပ်လိုက်ကြရအောင်...ဒီကျောက်တဝက်နဲ့တင် အကြီးအကဲတို့ မှာတဲ့ပစ္စည်းက အကုန်ရနေပါပြီ..."
"အာ...အဲ့လိုလား"
ဟွမ်းယုန် ထိုကဲ့သို့ ပြောနေခြင်းကလည်း ဟွမ်ဂျွန်ဂီအား စမ်းသပ်နေခြင်းပင်။ ညမီးအိမ်ကျောက်များ၏ တန်ဖိုးအမှန်ကို သိရှိထားပြီးဖြစ်သော်လည်း ဟွမ်ဂျွန်ဂီနှုတ်မှ ထွက်လာမည့်စကားကို သိချင်၍ ဉာဏ်ဆင်လိုက်ခြင်းပင်။
ကြည့်ရတာတော့ ယုံလို့ရလောက်မယ် ထင်ပါတယ်...
ငါထင်ထားတဲ့ ဈေးထက်တောင် သူကပိုပေးနေသေးတာပဲကို...
"ဒါဆိုလည်း ဒါတွေကိုယူသွားပြီး ဝယ်ခြမ်းလို့ ပိုလာမှပဲ ကျန်တာကို ပြန်ပေးပါ...အဲ့လိုဆို အဆင်ပြေမလား"
"အခု ခင်ဗျားတို့က ကျွန်တော့်ကို အလုံးစုံယုံပြီး အပ်လိုက်ပြီလို့ ပြောနေတာလား..."
"ဟားဟားဟား...ဒါလေးကို ဘာတွေတုန်လှုပ်နေတာလဲ...ဟွာဆန်းနဲ့ အန်ဟာဆိုတာက ညီအကိုတွေလိုပဲ မဟုတ်ဘူးလား...မင်းတို့ကိုမှ မယုံရင် ငါတို့ဟွာဆန်းက ဘယ်သူ့ကို ယုံရမှာလဲ"
ဟွမ်းယုန်နှင့် ဟွမ်ဂျွန်ဂီက တစ်ဦးနှင့်တစ်ဦး ကြည့်လိုက်ကြလေသည်။ အသီးသီး အတွေးကိုယ်စီဖြစ်နေကြသော်လည်း ယုံကြည်မှုကမူ တည်ဆောက်ထားပြီးပြီ ဖြစ်၏။
"ဒါဆို ကုန်ကျစရိတ်ကကျ...."
"အဆင်ပြေသလိုသာ ကြည့်လုပ်ခဲ့လိုက်ပါ"
"…"
"အဆင်ပြေသလိုလား...."
ချွေတာရန်မလို၊ ပူပင်ရန်မလိုပေ.
"ကောင်းပါပြီ...ကောင်းသလိုကြည့် စီစဉ်ခဲ့ပါမယ်..
အားလုံး ဝယ်ပြီးသွားတဲ့အချိန်ကျ အကုန်လုံးကို လုံလုံခြုံခြုံ သိမ်းပြီး ပြန်လာခဲ့ပါမယ်...ပိုငွေကို ငွေစာရင်း စာရွက်လိုချင်သလား...ငွေသားအနေနဲ့ လိုချင်ပါသလား"
"ငွေသားဆိုရင်တော့ ပိုကောင်းမယ်"
"ဟုတ်ကဲ့ပါ...အကြီးအကဲ"
ဟွမ်ဂျွန်ဂီက ထကာရပ်လိုက်ပြီး သေတ္တာကို အမြန်ပင် ကောက်ယူလိုက်လေသည်။
"ဒါဆို ကျွန်တော် တောင်အောက်ကို အခုပဲဆင်းလိုက်ပြီးတော့ တတ်နိုင်သလောက် မြန်မြန် ဆောင်ရွက်ခဲ့ပါမယ်"
"ဟမ်...ရေနွေးကြမ်းလေး သောက်သွားပါဦး"
"ဟာ...တော်ပါဗျာ...လက်တကမ်းတင် ငွေထုပ်ကြီးရောက်နေပြီကို လက်ဖက်ရည်ထိုင်သောက်နေရင် ကုန်သည်လို့ ဘယ်ခေါ်လို့ ရတော့မလဲဗျ...ကျွန်တော် မကြာခင် သတင်းကောင်း ကြားရအောင် ဆောင်ရွက်ပေးပါ့မယ်ခင်ဗျ"
"ကျွန်တော် မှာထားတာလေး မမေ့ပါနဲ့ဦးနော်"
"စိတ်ချပါဗျ...ဘာသတင်းမှလည်း မထွက်စေရသလို ကျွန်တော့်ဆီမှာ ညမီးအိမ်ကျောက်တွေ ရှိနေတာလည်း မသိအောင် သိုသိုသိပ်သိပ် လုပ်ခဲ့ပါ့မယ်"
"ဒါဆိုလည်း ကျေးဇူးပါဗျာ"
"ဒါဆို ကျွန်တော် သွားပါတော့မယ်"
ဟွမ်ဂျွန်ဂီ ထွက်သွားသည်နှင့် ဟွမ်းယုန်က အူလှိုက်သည်းလှိုက် ရယ်မောလေတော့သည်။
"ဟားဟားဟား..."
ရယ်နေသည်က ရပ်၍ပင် မရပေ။
"အခုမှပဲ ကျေးဇူးတော်ကြောင့် ငါ့အိမ်မက်တွေလည်း ပြည့်ဝတော့တယ်"
ဟွမ်းယုန်၏ တစ်ခုတည်းသောဆန္ဒက ငွေအပြည့်ကိုင်ကာ ပစ္စည်းမျိုးစုံ ဝယ်နိုင်ရန်ပင်။ အမျိုးမျိုးသော အကြောင်းကြောင်းတို့ကြောင့် မဝယ်ခဲ့ရသော်လည်း ယခုမူ ဝယ်ခွင့်ရခဲ့ပြီ ဖြစ်လေသည်။
"အား ...ချွန်းမြောင်..ချွန်းမြောင်..ငါတို့ရဲ့ ဖိုးကံကောင်းလေး ...သူသာ တောင်းဆိုလို့ကတော့ နဂါးကောင်လုံးကင်တွေ ဘာတွေပါ လုပ်ပေးလိုက်ချင်သေးတယ်"
စိတ်ကြည် အူမြူးကာ ပေါ်နေသည့် အပြုံးမျက်နှာကြီးက ရပ်တန့်၍ပင် မရတော့ချေ။
ငါတို့ ဟွာဆန်းကတော့ ဒီထက်မက တိုးတက်လာဖို့ပဲ ရှိတော့တာပဲ....
ဟွမ်းယုန် အတွေးနှင့် အူမြူးသွားလေသည်။
သိုင်းပညာဂိုဏ်းများဆိုသည်က ခွန်အားပေါ်တွင် စွမ်းရည်ထပ်ပေါင်းကာ အရောင်တင်မွှန်းမံရသော ပညာမျိုး ဖြစ်လေသည်။ အခြေနေ အရပ်ရပ်ကြောင့် ဟွာဆန်း၏ ပထမတန်းတပည့်များနှင့် အန်းတပည့်များအထိ သိုင်းပညာကို ထိထိရောက်ရောက် သင်ယူခွင့်မရခဲ့ကြပေ။
ဒုတိယတန်းတပည့်များနှင့် တတိယတန်းတပည့်များကသာ ချွန်းမြောင်၏ ကြပ်မတ်မှုအောက်တွင် ကောင်းကောင်းမွန်မွန် သင်ယူရလေသေးသည်။ သို့ဖြစ်၍ ရိုးရိုးသားသားပြောရလျှင် ထိုကလေးများ၏ သိုင်းပညာက ပို၍ပင်ကောင်းမွန်သည်ဟု ဆိုနိုင်လေသည်။ သို့သော် ယခုဆေးလုံးများသာ ဖော်စပ်နိုင်ခဲ့လျှင် ဂိုဏ်းရှိ လူအားလုံး၏ စွမ်းအားများတိုးတက်လာမည်ဖြစ်ပြီး ပထမတန်းတပည့်များနှင့် အန်းတပည့်များ၏ စွမ်းရည်များလည်း တိုးတက်လာမည်ဖြစ်လေသည်။
ဤသည်က ဟွာဆန်းတိုးတက်ရေးအတွက် နောက်ထပ်ခြေလှမ်းတစ်ခုပင်။
ဟွမ်းယုန် အတွေးတို့ကြောင့် ကျေနပ်စွာပင် ပြုံးလိုက်ပြီးမှ ဂိုဏ်းချုပ်၏အဆောင်သို့ ထွက်လာခဲ့လေသည်။
ကိစ္စအဝဝ ကို အစီရင်ခံရဦးမည် မဟုတ်ပါလား
"ဂိုဏ်းချုပ် အထဲမှာ ရှိလား..."
မေးပြီးသည်နှင့် ဟွမ်းယုန်က စကားပြန်ကို မစောင့်တော့ဘဲ တံခါးကို ဖွင့်ဝင်လိုက်လေသည်။ မြင်လိုက်ရသော မြင်ကွင်းကြောင့် မျက်မှောင်ကြုတ်ကာ မေးလိုက်လေ၏။
"ဟမ်...အမ်...ဒါက ဘာလဲ"
"…"
"…"
ဟွမ်းဂျွန်က သူ့လက်ထဲတွင် ကိုင်ထားသော ပဝါကို အောက်သို့ အသာချလိုက်လေသည်။ သူ့ရှေ့တွင်မူ တောက်ပြောင်နေသော သေတ္တာတစ်လုံး ရှိနေလေ၏။
"… အခြေအနေ ဘယ်လိုပဲ"
"လုံးဝ အဆင်ပြေတာပေါ့"
ဟွမ်းယုန် ပြုံးကာ ဖြေလိုက်လေ၏ ။
ဟွမ်းဂျွန်သည်က သူ၏ဝမ်းနည်းမှုများကို အမြဲပင် ဖုံးကွယ်ထားပြီး ဂိုဏ်းအပေါ်လည်း သစ္စာ ရှိလွန်းခဲ့သည့် လူပင်။အခုတွင်မူ စိတ်အခြေအနေကောင်းလွန်းနေ၍ သေတ္တာကိုထုတ်ကာ သုတ်နေခြင်းပင်။
"ဒါကို အလုံခြုံဆုံး နေရာမှာ ထားရမယ် ...မတော်လို့ ပျောက်သွားရင် ဘယ်လိုလုပ်မလဲ"
"ဟွာဆန်းမှာ ငါ့နေရာက အလုံခြုံဆုံးပဲ မဟုတ်ဘူးလား"
"ချွန်းမြောင် လက်ထဲထားတာက အလုံခြုံဆုံးလို့ မထင်ဘူးလား"
ဟွမ်းဂျွန် နှုတ်ဆိတ်သွားလေသည်။ ဟွမ်းယုန် ပြောသည်က မှန်လေသည်။ ချွန်းမြောင်၏ လက်ထဲသို့ အပ်နှံထားသည်က အလုံခြုံဆုံးပင်။
"စကားမစပ်....အန်ဟာက ပစ္စည်းတွေကို သိပ်မကြာခင်အတော်တွင်းမှာ ရမယ်လို့ ပြောသွားတယ်...သူတို့ရဲ့ အလုပ်လုပ်ပုံနဲ့ဆို တကယ်ပဲ မကြာလောက်ဘူးထင်တယ်"
"အိုး..အဲ့လိုလား...အဲ့လိုဆိုရင်တော့ အခုကစပြီး အရာရာ အဆင်ပြေနေပြီပေါ့...ဟုတ်တယ်မို့လား...ဟားဟားဟား..."
တဟားဟား အော်ရယ်နေကြရင်း ဝမ်းသာမျက်ရည်များက ဟွမ်းဂျွန်ရော ဟွမ်းယုန်ပါ ကျလာကြလေသည်။ သူတို့ဘဝမဆုံးခင်အချိန်တွင် ဟွာဆန်း၏ရွှေရောင်နေ့ရက်များကို ပြန်မြင်ခွင့် ရပြန်လေဦးမည်။ ဤသည်က သူတို့တစ်သက်နှင့်တကိုယ် မတွေးခဲ့ဖူးသော အတွေး မမက်ရဲခဲ့သော အိမ်မက်ပင်။ ယခုတွင်မူ ထိုအိမ်မက်က အမှန်တကယ် ဖြစ်လာခဲ့ပြီမို့ သူတို့ဝမ်းသာမျက်ရည်မကျဘဲ မနေနိုင်ကြပေ။
ပြီးခဲ့သော နှစ်နှစ်ကျော်ကာလအတွင်းမှာပင် သူတို့ဂိုဏ်းက တရှိန်ထိုးတိုးတက်လာသည်က သူတို့မျက်မြင်ပင် ဖြစ်ပြီး ရှေ့ဆက်ကာ မည်မျှတိုးတက်လာဦးမည်ကို တွေးကြည့်ရုံနှင့်ပင် မျက်ရည်မဆည်နိုင်ကြတော့ပေ။ အငိုမျက်လုံး အပြုံးမျက်နှာနှင့်သာ တစ်ဦးနှင့်တစ်ဦး ကြည့်နေကြလေသည်။
"ဒါကတော့ ထူးထူးဆန်းဆန်းပဲ."
"ဒါက ချီနဲ့ တာအိုလမ်းစဉ်ရဲ့ ဆက်နွယ်မှုပဲ"
ထိုစကားကြောင့် ဟွမ်းယုန်မျက်နှာရှုံ့မဲ့သွားလေသည်။
""ဘယ်နေရာမှာမှ သန့်စင်တဲ့ချီနဲ့ တာအိုလမ်းစဉ်ရဲ့ ဆက်နွယ်မှုကို ကျွန်တော်တို့ သွားရှာလို့ ရမှာလဲ"
"ဟားဟားဟား...ရှည်ရှည်ဝေးဝေး လျှောက်တွေးမနေနဲ့...တာအိုရဲ့ အနှစ်သာရဆိုတာ အပြင်က ရှာရတဲ့အမျိုး မဟုတ်ဘူး...တခါတရံမှာ တာအိုလမ်းစဉ်ရဲ့ စစ်မှန်တဲ့ နည်းသဟာကို မင်းရဲ့ အတွင်းပိုင်းသဘောသဘာဝကနေ ရှာလို့ရနိုင်တယ်"
"ပေါက်တတ်ကရ မပြောနဲ့နော်...ဒါနဲ့ ဒီတစ်ကြိမ် အကိုကြီး ချွန်းမြောင်ကို ဘာပေးမှာလဲ"
"ဟမ်...ဘာကြီးကို ဘာပေးရမှာလဲ"
"ဆုလာဘ်လေ...ဆုဆု......သူ ဒီလောက်ကြီး လုပ်ပေးခဲ့တာကို ဘာမှမပေးဘူးလို့ကတော့ လာမပြောနဲ့နော်...နွားတွေတောင် အလုပ်လုပ်ပေးလို့ အစာကျွေးရသေးတာ...သူ ဒီလောက်ကြီးလုပ်ပေးထားတာကို ဘာမှ မလုပ်ပေးဘူးဆိုတာကတော့ မဖြစ်သင့်ဘူး...သူ အပြင်တစ်ခါထွက်ရင် ကျွန်တော်တို့အတွက် ဘယ်လောက်တောင် ငွေရှာလာလိုက်သလဲ "
"…"
"ပြီးခဲ့တဲ့အခေါက်တုန်းကလည်း ကျွန်တော်မှတ်မိသလောက်ကတော့ သူ့ကို ဘာမှလည်း ကောင်းကောင်းကန်းကန်း ဆုချီးမြှင့် ခဲ့တာမဟုတ်ဘူး...ဒီတစ်ခေါက်တော့ သူ့ကို သာမန်ကာလျှံ ဆုမျိုးပေးတာ ကျွန်တော်လက်မခံနိုင်ဘူး"
ချွန်းမြောင်၏ ဘက်တော်သားလုံးလုံးဖြစ်နေသော ဟွမ်းယုန်အား ဟွမ်းဂျွန် အံ့ဩတကြီးပင် ကြည့်မိသွားလေသည်။
"ငါ မင်းပြောတာကို အထွန့်တက်ပြီး ငြင်းတာတော့ မဟုတ်ပါဘူး...ဒါပေမယ့် သိချင်နေတာလေးရှိလို့ မေးပါဦးမယ်...မင်းက ဘယ်သူ့ဘက်က လူတုန်း...ငါ့ဘက်ကလား...အဲ့ကလေး ချွန်းမြောင်ဘက်ကလား..."
"ဟမ်...ဘာလို့တုန်း...ရုတ်တရက်ကြီး ဘာတွေ ထမေးနေတာလဲ...သေချာပေါက် ကျွန်တော်က...အင်....ဆရာတူအကို ဂိုဏ်းချုပ်ကြီး ...ကျွန်တော် စိတ်ထဲ တကယ်နာကြင်သွားပြီနော်"
ဟွမ်းယုန်၏ ဆူပုတ်ပုတ်မျက်နှာကြောင့် ဟွမ်းဂျွန်ရယ်ချင်မိသွားလေသည်။
"အေးပါကွာ...စတာပါ...ဒီကိုကြည့်...ငါတို့တွေ ဒီလောက်နှစ်တွေ အကြာကြီး ကုန်ဆုံးခဲ့ကြတာကို ...မင်းက ငါ့ဘက်ကမှန်း သိပါတယ်"
"ဟင်...ဟုတ်ပါဘူး...ကျွန်တော်က သေချာပေါက် ချွန်းမြောင် ဘက်ကပါ...သူကမှ ငွေရှာကောင်းတာကို ..ဂိုဏ်းချုပ်ဘက်က ဘာလို့နေရမှာလဲ"
"…"
သောက်ကျိုးနည်း...သစ္စာဖောက်ကောင်...
"ကျွန်တော် တွေးကြည့်လိုက်တော့ ကျွန်တော့်ဘဝ တသက်လုံး အကိုကြီးဘေးမှာပဲ နေရင်းအချိန်ကုန်လာခဲ့တာ...လက်လည်း မထပ်ရနဲ့...အခုတော့ အဖိုးကြီး ဖြစ်နေပြီ...သားမရှိ...မြေးမရှိ...သမီးမရှိနဲ့....ချွန်းမြောင်ကို ဘယ်လိုလုပ်မှ ဆွေမျိုးတော်လို့ ရမှာလဲတောင် မသိတော့ဘူး"
"ပေါက်ကရ...မင်းသမီးဆိုရင်တောင် အခုအတော်ကြီးပြီး အိုနေတော့မှာကို...ဘယ်လိုပေးစားချင်တာလဲ"
"ဒါဆိုလည်း မြေးနဲ့ပေးစားမယ်"
"ဘယ်လိုဖြစ်ဖြစ် ဒီတစ်ကြိမ်ကတော လွယ်လွယ်နဲ့ ကျော်မသွားနိုင်ဘူးနော်...ကောင်းကောင်းမွန်မွန် ဆုလာဘ်ပဲ ပေးရမှာ..မဟုတ်မှ စိတ်ဝိဉာဉ် ဖြတ်လတ်ခြင်းဆေးလုံး ပေးရင်ရော...သူလည်း ရသင့်တာပဲ မဟုတ်လား...အကိုကြီး သိမ်းထားလည်း ဘာထူးမှာလဲ ...သူ့တစ်လုံးပေးလိုက်လေ...ဒါဆို"
ကလစ်...
ရုတ်တရက်ဆိုသလိုပင် တံခါးဖွင့်သံကြားလိုက်ရပြီး ဟွမ်းဆန်းက ဝင်လာကာ ဟွမ်းယုန်ကို ဆွဲခေါ်သွားလေတော့သည်။
"ဘာလဲ...ဘာလဲ...အခုက ဘာဖြစ်တာလဲ...ဂိုဏ်းချုပ် ကျွန်တော် ပြောတာမမေ့နဲ့နော်...အား...နားကို မဆွဲနဲ့လို့....အား...နာတယ်လို့...အား..အားအား...."
ဘမ်း
လေတချက်က ပြင်းပြင်းတိုက်လာလေပြီး ဟွမ်းဂျွန်၏ ဆံပင်များကိုပင် အဖျားခတ်ဖြတ်တိုက်သွားလေသည်။
ဟွမ်းဂျွန် လေကိုခံစားရင်း ပြုံးလိုက်လေသည်။
"အင်း...လေလေးကလည်း ကောင်းလိုက်တာ..."
ဒါနဲ့ အခုတလော ငါ့ဩဇာက ကျသွားသလိုပဲ...
ဟွမ်းယုန်ဆို ပြောလို့ကို မရတော့တာ...
မဟုတ်သေးပါဘူး...အကုန်လုံးကလည်း ငါ့စကားကို နားထောင်နေတာပဲကို...
ငါပဲ စိတါထင်နေတာ နေမှာပါ...
ဟွမ်းဂျွန် တကိုယ်တည်း ခန်းမဆောင်ထဲတွင် အတွေးပွားနေလေသည်။
အပိုင်း(၁၇၃)
မင်းက သူတို့ကို တစ်ကြိမ်ရိုက်လိုက်ပြီဆိုတော့ သူတို့ကလည်း ငြိမ်ခံနေမှာ မဟုတ်တော့ဘူး(၃)
ဟွာဆန်းက နွေဦးရာသီကို တဖန်ပြန်ရောက်နေလေသည်။ နွေဦးရာသီသို့ ပြန်ရောက်သည်ဆိုသည်က အမှန်ရောက်နေခြင်း မဟုတ်ဘဲ နွေဦးကို ရောက်နေသကဲ့သို့ လေပြေညှင်းများက နေရာတကာတွင် တိုက်ခိုက်နေ၍ ဖြစ်လေသည်။ မည်သို့သော လေပြေညှင်များ ဖြစ်သည်ကိုတော့ ရှင်းပြအံ့။
"အဟီးဟီးဟီး..."
"…"
"အဟက်ဟက်.."
ဟွမ်းယုန်သည် အနူးညံ့ဆုံးသော အပြုံး ၊ အနွေးထွေးဆုံးသော အကြည့်တို့နှင့် ပတ်ဝန်းကျင်ကို ကြည့်နေလေသည်။ သူသည် ပင်ကိုကပင် ကြင်နာတတ်သူဖြစ်လေပြီး ယခုလို ကျေနပ်ပီတိ ဂွမ်းဆီထိဖြစ်နေသော စိတ်နှလုံးနှင့်မူ ပြောဖွယ်ရာပင် မရှိတော့ပေ။ အရာအားလုံးကို မေတ္တာရှေ့ထား ခွင့်လွှတ်နိုင်နေလေသည်။
"ခစ်ခစ်...ပစ္စည်းတွေ ဒီလောက်ကြီးဝယ်ပြီးတာတောင် ပိုက်ဆံတွေက ကျန်နေတုန်းပဲဆိုတော့ ငါတို့ ဂိတ်တံခါးဝကြီးကို ပြန်ပြင်လို့ ရပါသေးတယ်.. ဟိဟိ"
"...."
ဟွမ်းယုန် ငွေကုန်ပေါက်အကြောင်းပြောရသည်ကိုပင် မျက်နှာတစ်ချက်ပျက်သွားခြင်း မရှိပေ။ အင်မတန် စိတ်ရွှင်လန်းနေပုံ ရလေသည်။
ထိုသို့ မူပျက်ကာ အတိုင်းထက်အလွန် ဖြစ်နေသည်က ဟွမ်းယုန် တစ်ယောက်ထဲတင်မဟုတ် ။တခြားသူများလည်း ရှိပေသေး၏။
"ဟီးဟီးဟီး...."
"ဟားဟားဟား..."
"ဂိုဏ်းချုပ်...ဒီနေ့ ရာသီဥတုလေးက တအားသာယာမနေဘူးလား"
"ဟားဟား...ဟုတ်ပကွာ...မိုးတိမ်မဲလေးတွေ တလှိမ့်လှိမ့်တက်ပြီး အချိန်မရွေးကို ရွာချလိုက်တော့မယ့်ပုံနဲ့....ဘယ်လောက်တောင် လှလိုက်တဲ့ မြင်ကွင်းလည်း...ဒီလိုမြင်ကွင်းမျိုး နေ့တိုင်းမြင်နေရပါစေလို့တောင် ငါဆုတောင်းမိတယ်"
တလိပ်လိပ်တက်နေသော မိုးတိမ်တိုက်များကိုကြည့်ရင်း နှစ်ဦးသား ရယ်မောလိုက်ကြလေသည်။
ဂိုဏ်းသားများနှင့် ပုံမှန်ဆိုလျှင် အရောမဝင်တတ်သော အကြီးအကဲများက ဤရက်ပိုင်းအတွင်း ဂိုဏ်းသားများကို အထူးဂရုစိုက်ကာ စောင့်ရှောက်ပေးနေသောကြောင့် ဂိုဏ်းသားများကြားထဲတွင် အကြီးအကဲများ နေမကောင်းဟူသော သတင်းများက တီးတိုးတီးတိုး ထွက်လာကြလေတော့သည် ။ တစ်ခုခုတော့ ဖြစ်နေကြပြီ ဖြစ်၏။
ထို့အပြင် အန်းတပည့်များကလည်း ထူးထူးဆန်းဆန်းပင် တချိန်လုံး ရယ်ကာပြုံးကာ ဖြစ်နေကြသည်မို့ ကိစ္စအဝဝကို မသိကြသော ဂိုဏ်းသားငယ်များက မျက်ခုံးလှုပ်နေကြပြီ ဖြစ်သည်။ ဂိုဏ်း၏ အကြီးပိုင်းအားလုံး နီးပါးက ပုံမှန် မဟုတ်ကြတော့ပေ။
ဘာလို့ အားလုံးဒီလိုဖြစ်နေကြတာလဲဟ...
သူတို့ တစ်ခုခုကို ပျော်နေကြလို့ ဒီလိုဖြစ်နေကြတာကတော့ အသိသာကြီးပဲ.. ဒါပေမယ့် သူတို့ဆီမှာ ဘယ်လိုကိစ္စကောင်းတွေဖြစ်ထားလို့ ဒီလောက်တောင် ဖြစ်နေကြတာလဲပဲ…
ဘတ်ချုန်းတို့ လူသုတ်မှ လွဲ၍ ကျန်သည့်ဂိုဏ်းသားများက သို့လောသို့လော သံသယများ စတင်ကာ ဝင်လာကြလေတော့သည်။
အားလုံးထဲတွင် သံသယဖြစ်ဖွယ် အကောင်းဆုံး ဖြစ်နေသူကတော့ ချွန်းမြောင်ပင်။ တခြားသူများကိုမူ စိတ်ဖြေနားလည်ပေး၍ ရသေးသော်လည်း ချွန်းမြောင်ကိုမူ လုံးဝနားမလည်နိုင်ကြတော့ပေ။
“ဪ…အကိုကြီးတို့ လေ့ကျင့်တာကို မလုပ်ဘဲ ကျော်ချလိုက်တာလား…အင်း..ရပါတယ်..ရပါတယ်…
အဲ့လိုမျိုးတွေလည်း ဖြစ်တတ်ပါတယ်လေ… လူတွေဆိုတော့လည်း နေ့တိုင်းတော့ ဘယ်လိုလုပ် အလုပ်လုပ်နေနိုင်မှာလည်း …နားပါ..နားပါ..နားပါကြ…အကိုကြီးတို့လည်း နားရက်လေး ဘာလေးတော့ ယူကြရမှာပေါ့”
“….”
“ဟင်...ကျွန်တော် အကိုကြီးတို့ လေ့ကျင့်ဖို့ လုပ်ပေးထားတဲ့ ကြိုးစကြီးပြတ်နေတာကို မပြင်ထားကြဘူးပေါ့…အခုထိတောင် မပြင်ရသေးဘူးပေါ့လေ… အားဟားဟား…အင်းပါ..အင်းပါ…
ပျက်နေတာကို မပြင်ဘဲ သက်တောင့်သက်သာ နေနေကြတာပေါ့…ရပါတယ်..ရပါတယ်…ကြိုးပျက်ကျလို့ တစ်ယောက်ယောက် မထိခိုက်သွားဘူးမို့လား”
“အား…..”
ချွန်းမြောင်၏ အကြင်နာတရပွနှင့် အားလုံးအပေါ် အကောင်းမြင်နေမှုကြီးကို သူတို့မခံစားနိုင်ကြတော့ပေ။ ထူးဆန်းစွာပင် ချွန်းမြောင်က နားလည်မှုများ ထားပေးနေလေသည်။ ချွန်းမြောင် ကောင်းပြနေလေလေ သူတို့ ပို၍စိုးရိမ်လာကြလေလေ ဖြစ်သည်။
“သောက်ကျိုးနည်း ..အဲ့ဒီကလေးက ဘာဖြစ်နေတာလဲ”
“ငါလည်း ဘယ်လိုလုပ် သိမှာလဲ”
အားလုံးက သက်မပင် ရဲရဲမချရဲကြတော့ပေ။ ရုတ်တရက်ကြီး. ပြောင်းလဲကောင်းမွန်သွားကြသော အခြေအနေများကြောင့် အားလုံး ရင်ထိတ်နေကြလေသည်။
“ငါကြားဖူးတာတော့ လူတွေက သူတို့ သေရတော့မယ့် အချိန်ရောက်လာပြီဆိုရင် အဲ့လို မူမမှန် တာတွေ ဖြစ်လာတတ်ကြတယ်တဲ့…ကြည့်ရတာ တစ်နေရာရာကများ ရောဂါတွေ ဘာတွေ ရလာသလားပဲ”
“ရောဂါရလာတာလား…အဲ့ဒီကလေးကလေ…ရောဂါဆိုတာ လူတွေပဲ ဖြစ်တာ…သူက လူမဟုတ်ဘူး…ဘယ်လိုလုပ် ရောဂါဖြစ်မှာလဲ..ရောဂါကတောင် သူ့ကြောက်နေလို့ ဖြစ်မှာ မဟုတ်ဘူးရယ်”
“အဲ့လိုလား…”
သာမန်အချိန်များတုန်းကမူ လေ့ကျင့်ခန်းလေးတစ်ခုပျက်လျှင်ပင် ချွန်းမြောင်က ယမ်းပုံမီးကျ ဒေါသထွက်ကာ အပစ်ပေးတတ်လေသည်။ ထို့အပြင် လေ့ကျင့်ရေးပစ္စည်းများကို ပျက်ဆီးအောင် ပြုလုပ်မိပါက ပျက်စီးသွားသော အပျက်စီးများကို ထမ်းကာ တောင်တက်ရပြီး တောင်စွန်းတွင် တချိန်လုံးရပ်ကာ ရပ်နေရလေသည်။ သို့သော် ယခုတွင်မူ ထိုသို့သော အပြစ်ပေးခြင်းများ ရရှိရန် မဆိုနှင့် လေသံမာမာနှင့်ပင် မငေါက်ငမ်းပေ။ ထူးဆန်းနေသော ချွန်းမြောင်ကြောင့် သူတို့ နေမထိ ထိုင်မသာ ဖြစ်လှပေသည်။
ဒီကောင်က ဘာဖြစ်နေတာတုန်း…
ဒါ ထောင်ချောက်ပဲ ဖြစ်ရမယ်…ငါတို့ကို ဒီနေ့ပြင်ထားဖို့ သွယ်ဝိုက်အသိပေးသွားတာများလား…
ဘာပဲဖြစ်ဖြစ် ဒီနေ့ပြင်ထားမှ ဖြစ်မယ်…မဟုတ်ရင် မနက်ဖြန် ခေါင်းပြုတ်နေမှ…
ထိုသို့ ထူးဆန်းလှသော ပြောင်းလဲမှုများကို သည်းမခံနိုင်တော့သည့် အဆုံးတွင်မူ ဂိုဏ်းသားများသည် ခရီးသွားစဉ်ကာလတွင် ကြုံတွေ့ခဲ့ရသည်များကို မေးမြန်းရန် ဆုံးဖြတ်လိုက်လေတော့သည်။
“ဆရာတူ အကိုကြီး…ဘတ်ချုန်း ဆရာတူအကိုကြီး…. အကိုကြီးတို့ အပြင်မှာ ဘာတွေကြုံတွေ့ခဲ့ကြတာလဲ”
ဘတ်ဆန်း၏ အမေးကြောင့် ဘတ်ချုန်း၏ အပြုံးများက ရုတ်တရက် ခါးသီးမှူများ ဖုံးလွှမ်းသွားလေသည်။
“ငါတို့ အပြင်ထွက်တုန်းက ဘာတွေဖြစ်ခဲ့တာလဲဆိုတာ ဘာကိုမေးချင်တာလဲ”
“ကျွန်တော်တို့ ဘယ်လိုပဲ ကြည့်ကြည့် အကုန်လုံးက ထူးဆန်းနေတာတော့ အမှန်ပဲ…မဟုတ်သေးဘူး..ထူးဆန်းနေတယ်ဆိုတာထက်တောင် ပိုသေးတယ်…တော်တော်လေးကို သံသယဝင်စရာကောင်းတဲ့ အခြေအနေ ဖြစ်နေတာ”
“သိလား…ချွန်းမြောင်လေ..သူ ကျွန်တော်တို့ကို အပြစ်မပေးတာတော့ ဝမ်းသာပါတယ်…
ဒါပေမယ့်ဖြစ်သင့်လို့လား…သူ့လို မကောင်းဆိုးဝါးပေါက်စက ကျွန်တော်တို့ကို အပြစ်မပေးဘဲ လွတ်လိုက်တယ်ဆိုတာက “
“အင်း.ဒါကတော့ တကယ်ထူးဆန်းနေတာပဲ”
ဘတ်ချုန်းက ဘတ်ဆန်း၏စကားကို ယောင်ယောင်လေးပြုံးကာ ထောက်ခံလေသည်။
“ကြည့်ရတာ သူစိတ်ကောင်းဝင်နေလို့ ဖြစ်ရင်ဖြစ်မှာပေါ့”
“အင်း…ကျွန်တော်တို့လည်း အဲ့လိုထင်နေပေမယ့် သေချာစောင့်ကြည့်ကြည့်တော့ မဟုတ်ဘူး..
သူက တချိန်လုံးကို အဲ့လိုဖြစ်နေတာ “
“ဪ…အဲ့လိုဆိုလည်း ထားလိုက်ပါ…ဘာမှ ထွေထူး စိုးရိမ်မနေကြပါနဲ့”
“မင်းတို့ အပါအဝင် လူတိုင်းမှာ ကောင်းတဲ့ကိစ္စဆိုတာ ရှိတတ်ကြတာပဲလေ…အဲ့လို ကိစ္စကောင်းတွေ ဖြစ်နေရင် ဘယ်သူပဲဖြစ်ဖြစ် ပျော်ကြတာပဲ မို့လား… ကိစ္စတွေ အားလုံးကိုတော့ မင်းတို့ကို ပြောပြပေးလို့ မရသေးလို့ သူ ထူးဆန်းနေတာကို ဒီတိုင်းသာ ထားလိုက်ရယ်…နောက်ဆို ဘာလို့ ပျော်နေလဲဆိုတာ မင်းတို့ သိကြရလိမ့်မယ်”
“ဟာ….ဆရာတူအကိုကြီးကလည်း…အခုပြောပြလည်းရတာပဲကို…ကျွန်တော်တို့ကို မယုံကြည်ဘူးလား”
ဘတ်ဆန်း၏ မကျေမနပ် အထွန့်တက်စကားကြောင့် ဘတ်ချုန်း၏ မျက်ခုံးများက တွန့်ကုတ်သွားလေတော့သည်။
“အခု မင်းတို့က အထွန့်တက်နေကြတာလား”
“…”
ဘတ်ချုန်း၏ သွားစိ အံကြိတ်ကာ မေးလိုက်သည့်အသံကြီးကြောင့် ဘတ်ဆန်း ကျောချမ်းသွားလေသည်။
သောက်ကျိုးနည်း…ဒီလူတသိုက်က ဘာဖြစ်နေကြတာလဲ…
ငါတို့ရဲ့ ကြင်နာတတ်တဲ့ အကိုကြီး ဘတ်ချုန်းက ဘယ်ရောက်သွားပြီလဲ…လူစားထိုးခံလိုက်ရပြီလား..
ဘာလို့ ငါတို့အကိုကြီးက ချွန်းမြောင်လိုကြီး ဖြစ်လာရတာတုန်း….ဟူးး…အရမ်း ဝမ်းနည်းသွားပြီ…
ဘတ်ချုန်းက ထပ်ကာပင် မေးလိုက်လေသည်။
“ထပ်ပြီး ဆင်ခြေတက်ချင်တဲ့သူ အထွန့်တက်ချင်တဲ့သူ ရှိသေးလား”
“ဟင့်အင်း…မရှိတော့ပါဘူး”
ဘတ်ချုန်း၏ အပြောကို စိတ်ကျေနပ်သွားကြသည်မဟုတ်ဘဲ သူ့အားကြောက်၍သာ ဆက်မပြောကြတော့သော ဆရာတူညီလေများ၏ မျက်နှာများကို ကြည့်ကာ ဘတ်ချုန်း စုပ်သပ်လိုက်လေသည်။
“အချိန်တစ်ခု ရောက်လာရင် မင်းတို့ အားလုံးကိုလည်း ပြောပြမှာ…မင်းတို့အတွက် ထူးဆန်းပြီး မကျေမနပ် ဖြစ်နေစရာကောင်းတာကို သိပေမယ့် အခုတော့ မင်းတို့သိလို့ မရသေးဘူး…မင်းတို့ လုပ်ရမှာကို ကိုယ်လုပ်ရမယ့် အလုပ်ကိုပဲ အာရုံစိုက်ပြီး လုပ်နေဖို့ပဲ…အချိန်တန်ရင် သိရလိမ့်မယ်…ငါပြောတာ နားလည်ကြလား”
“ဟုတ်ကဲ့…နားလည်ပါတယ်..ဆရာတူအကိုကြီး…ဒါပေမယ့်လည်း…”
“အင်း…ဒါပေမယ့် ဘာဖြစ်တာလဲ”
“ဟိုဟာလေ… ဝူတန်ဂိုဏ်းသားတွေနဲ့ကရော ဘယ်လိုလဲ”
ဘတ်ဆန်း၏ ပြောင်းလဲသွားသော မေးခွန်း၏ ဘတ်ချုန်း ပြုံးသွားလေသည်။
“ဒီဆရာတူအကိုကြီးက ဝူတန်ရဲ့ ဂျင်ဟဲယွန်ကို အနိုင်ယူခဲ့တယ်”
“ဝူတန်ရဲ့ ဂျင်ဟဲယွန်…သူက ဓါးနဂါးလို့ နာမည်ကြီးတဲ့တစ်ယောက်မို့လား…အဲ့လိုလူကိုတောင် ဆရာတူအကိုကြီးက နိုင်ခဲ့တယ်”
“ဂျင်ဟဲယွန်က သန်မာတာတော့ မှန်ပါတယ်…ဒါပေမယ့် ဓါးနဂါးဆိုတဲ့ ဘွဲ့ကို ပိုင်ဆိုင်ရလောက်တဲ့အထိတော့ မဟုမတ်သေးဘူး…သူက ရန်သူတွေအများကြီးကိုရင်ဆိုင်နိုင်တဲ့ အခြေအနေ မဟုတ်သေးဘူး”
“အင်း…အဲ့လိုဆိုလည်း အကိုကြီးမို့ နိုင်ခဲ့တာ နေမှာပါ…ကျွန်တော်တို့ဆို မနိုင်လောက်ဘူး…”
“အဲ့လိုတော့ ငါ မပြောချင်ပါဘူး”
ဘတ်ချုန်း သူ၏ဆရာတူညီလေးများကို ကြည့်လိုက်လေသည်။
ငါက မင်းတို့ ပြောတာ ဟုတ်တယ်ဆိုပြီး ဂုဏ်ဆာပြလိုက်ရင် မင်းတို့ ပိုပြီး ထူးဆန်းသွားမှာပေါ့..
အဲ့တော့လည်း ဒီတိုင်းလေးပဲ ဖြေရတာပေါ့နော်…
“ဒါဆို အကိုကြီးလည်း ဓါးနဂါးဆိုတဲ့ ဘွဲ့ကို မရသင့်ဘူးလား”
ဘတ်ချုန်း မျက်မှောင်ကြုတ်ကာ ဖြေလိုက်လေသည်။
“အဲ့ဒီ နာမည်ကြီး ငါမလိုချင်ပါဘူး”
“ဟမ်…ဘာလို့လဲ…နဂါးလို့ ပါတဲ့နာမည်တွေက ဒီလောက်မိုက်နေတာကို”
“ဟွာဆန်းရဲ့ နတ်ဘုရားနဂါးဆိုတာကြီးကတော့ ထိပ်ဆုံးမှာ ရှိနေမှာပေါ့…ပြီးရင် အကိုကြီး ဓါးနဂါး…”
“အင်း…”
ဘတ်ဆန်းတို့ ပြောသည်က သဘာဝကျသော်လည်း ဂိုဏ်း၏အငယ်ဆုံးလေးက နည်းပြ၏ ထိပ်တွင် ရှိနေသည်ကတော့ သင့်တော်သည့် ကိစ္စ မဟုတ်ပေ။ သို့သော်လည်း မတတ်နိုင်ပေ။ ထိုအငယ်ဆုံးလေး၏ အင်အားကလည်း သာမန်ဟုတ်မနေပေ။
"စကားမစပ် မင်းတို့တွေ လေ့ကျင့်ရေးကို ပြီးချင်ဇောနဲ့ ဖြစ်သလိုမလုပ်ကြနဲ့...တကယ်ဆို မင်းတို့က ဒီထက်ပိုပြီး သန်မာသင့်နေပြီ"
ဘတ်ချုန်း ထိုသို့ပြောနေရခြင်းက အကြောင်းရှိပေသည် ။ ဂိုဏ်းသားများအားလုံးသည် စိတ်ဝိဉာဉ်ဖြတ်လတ်ခြင်းဆေးလုံးကို မစားရခင်အတောအတွင်း အကောင်းဆုံးလေ့ကျင်ရေးဆင်းကာ ခွန်အားကို မွေးမြူထားရပေမည်။
သို့သော်လည်း ဘတ်ချုန်း သူတို့ပိုကြိုးစားစေရန်အတွက် ဟွာဆန်းတွင် စိတ်ဝိဉာဉ်ဖြတ်လတ်ခြင်း ဆေးလုံး ရှိနေပြီဆိုသည့်အကြောင်းကိုမူ ပြောမည်မဟုတ်ပေ။
လျို့ဝှက်ထားရပေမည်။ ထိုသတင်းက လူသိနည်းလေ ကောင်းလေဖြစ်ပြီး နည်းနည်းပေါက်ကြားသွားလျှင်ပင် အန္တာရယ်ရှိလေ၏။ နန်ယောင်တွင် သတင်းပြန့်သွားသည်နှင့် ရောက်လာကြသော သိုင်းလောကသားအပေါင်းကို မြင်ဖူးလေကတည်းက ထိုသို့မဖြစ်စေရန် သူတွေးထားပြီးသားပင်။ ထို့ကြောင့် အကြောင်းရင်းမှတ်ကို ဘတ်ချုန်း သူ၏ဆရာတူညီလေးများကို မပြောပြဖြစ်ပေ။
"အင်း...ဒါဆို ဆရာတူအကိုကြီး"
"ပြော"
"ချွန်းမြောင်က ဝူတန်ရဲ့အကြီးအကဲနဲ့ တိုက်ခိုက်ခဲ့တယ်ဆိုတာကရော အမှန်ပဲလား...သရေကျခဲ့တာဆို အနိုင်အရှုံး မပေါ်ဘဲနဲ့"
."...."
ထိုမေးခွန်းအား ဘတ်ချုန်း ဖြေရခက်သောကြောင့် မယုတ်မလွန်သာ ဖြေလိုက်လေသည်။
"… ငါလည်း မမြင်ခဲ့ရတော့ မပြောတတ်ဘူး."
"အင်း...ဒါဆို …"
ဘတ်ချုန်း ဖြေရခက်နေသည်မို့ မသိယောင်ဆောင် လိုက်ချင်သော်လည်း မသိယောင်ဆောင်သည်ကြီးက သူ့ဝန်တိုစိတ်လေးကြောင့် ဖြစ်မည်ကို သိစိတ်က စိုးရိမ်နေမိလေသည်။ ဂိုဏ်းတူညီလေးအား မနာလိုသည့် နည်းပြတစ်ယောက် သူ မဖြစ်ချင်ပါ။ မဖြစ်သင့်ပါ။ ထို့ကြောင့် ဆက်ကာ ဖြေလိုက်လေသည်
"ချွန်းမြောင် လက်ရည်တူလား မတူလားတော့ ငါမသိပေမယ့် ငါ အဲ့ဒီရောက်သွားတဲ့အချိန်မှာ နှစ်ယောက်သားကတော့ တိုက်ခိုက်ထားကြတဲ့ပုံပဲ....ဒါပေမယ့် ချွန်းမြောင်ဆီမှာတော့ ကြီးကြီးမားမား ထိခိုက်မိထားတာ မတွေ့မိဘူး...တစ်ခုတစ်လေတောင် မရှိတာရယ်"
"…"
"ဒါဆို တကယ်ကြီးပေါ့..."
"…အင်...အဲ့လိုတော့ ပြောလို့ရတာပေါ့"
"ယုံချင်စရာတော့ မကောင်းဘူးနော်"
ဘတ်ဆန်းတို့က နှုတ်ကသာ လက်မခံနိုင်ကြောင်း ပြောနေကြသော်လည်း ရင်တွင်းကမူ ထိုမကောင်းဆိုးဝါးလေး တကယ်လုပ်နိုင်သည်ဆိုတာကို သိနေလေ၏။
ဘတ်ဆန်း ခေါင်းကို ငြိမ့်လျက် ပြောလာလေ၏။
"ကြားရတာတော့ လုံးဝ မဖြစ်နိုင် ...နေပါဦး..ဆရာတူအကိုကြီးကရော ဓါးနဂါးကို နိုင်ခဲ့တယ်ဆိုတာ ဖြစ်နိုင်လို့လား....မင်းတို့ ဘယ်လိုထင်လဲ"
"ချွန်းမြောင်က နိုင်ခဲ့တာဆိုမှ ယုံချင်စရာ ကောင်းဦးမယ်...
သူတို့ပြောတဲ့ တိုက်ခိုက်တယ်ဆိုတာ အပျင်းပြေ ဆော့ကြတာကို ပြောတာလားမှ မသိတာ.ဘာလို့လဲဆိုတော့ အကိုကြီးက နည်းနည်းအို...."
ဂျွတ်....
ဘတ်ဆန်း ပါးစပ်ကို မထိန်းဘဲ ပြောပြီးကာမှ ထွက်လာသော လက်ဆစ်ချိုးသံကြောင့် သတိကပ်သွားလေ၏။ မျက်နှာက ဖြူရော်သွားပြီး အသံလာရာကို ကြောက်ကြောက်ရွံ့ရွံ့ပင် ကြည့်လိုက်လေသည်။
ဘတ်ချုန်းပင်....
"အိုတယ်...ဟုတ်လား"
"…"
"မင်းတို့က တကယ်အဲ့လိုထင်နေတယ်ပေါ့လေ... "
"ဆ...ဆရာတူ အကိုကြီး...စိတ်လျော့ပါ"
"စိတ်လျော့ပါတဲ့...ကောင်းလိုက်တဲ့ စကားလေး...လောလောဆယ်တော့ ငါက စိတ်လျော့မယ့်အစား တခြားတစ်ခုပဲ လုပ်ချင်နေတယ်...မင်းတို့ပြောတဲ့ အပျင်းပြေ ဆော့နည်းလေးနဲ့လေ..."
စကားဆုံးသည်နှင့် ဘတ်ချုန်းက ဓါးကိုဆွဲထုတ်ကာ သူ၏ဆရာတူညီလေးများဆီသို့ ပြေးဝင်သွားလေတော့သည်။ ဆရာတူညီလေးများကမူ ဓါးကြီးဆွဲကာ ပြေးလာသော ဘတ်ချုန်းကို တွေ့သည်နှင့် အသီးသီး ထွက်ပြေးသွားကြလေတော့သည်။
"အကိုကြီး...အား...ဘာလို့ အကိုကြီးက ချွန်းမြောင်နဲ့ ပိုတူလာရတာလဲ"
"ဟုတ်တယ်လေ...ငါတို့က ကြာလေပိုတူလာလေပဲ"
"အား...ဆရာတူအကိုကြီး...ဓါးကြီးနဲ့ မလုပ်နဲ့....နာတယ်လို့"
ထိုမြင်ကွင်းကို အဝေးမှ လှမ်းကြည့်နေသော ယုရီဆိုးကမူ သက်ပြင်းတစ်ချက်သာ ချလိုက်လေတော့သည်။
ဟွားဆန်းတွင် ဤသို့သော နွေးထွေးမှုများနှင့် ပြည့်နှက်နေလေတော့သည်။
ဟွာဆန်းသို့ မမျှော်လင့်ထားသော ဧည့်သည်တစ်ယောက် ရောက်လာလေသည်။
"ချွန်းမြောင်"
"အင်း"
"ဂိုဏ်းချုပ် ...မင်းကို ရှာနေတယ်"
"ကျွန်တော့်ကိုလား..."
"အင်း...မင်းရော ဂျိုဂုရော."
ယွန်းဂျွန်၏ စကားကြောင့် ချွန်းမြောင် ခေါင်းငြိမ်ပြလိုက်လေသည်။ ဂိုဏ်းချုပ်က သူတို့အား အကြောင်းမရှိဘဲနှင့်တော့ ဆင့်ခေါ်မည် မဟုတ်ပေ။
"လာကြ.."
ချွန်းမြောင်လည်း စောဒကမတက်တော့ဘဲ ယွန်းဂျွန်နောက်သို့ တခါတည်း လိုက်သွားလေတော့သည်။ ဂိုဏ်းချုပ်၏ အဆောင်သို့ ရောက်သောအခါတွင်မူ ယွန်းဂျွန်က အပြင်မှနေကာ ရောက်ရှိပြီဖြစ်ကြောင်း အသိပေးလိုက်လေသည်။
"အထဲကို ဝင်ခဲ့ကြ"
"ဟုတ်ကဲ့"
ယွန်းဂျွန်က တံခါးကို အသာအယာတွန်းဖွင့်လိုက်ပြီး အဆောင်ထဲသို့ ဝင်သွားလေသည်။ ချွန်းမြောင်ကမူ အထဲရောက်သည်နှင့် မည်သူများ ရှိနေသည်ကို အရင်ဆုံး ကြည့်လိုက်လေသည်။ ပုံမှန်အတိုင်းပင်။
အကြီးအကဲများ၊ဘတ်ချုန်း ၊ယုရီဆိုးနှင့် သူတို့သုံးယောက်ပင်။
အပြင်လူအနေနှင့်မူ ခပ်လှမ်းလှမ်းရှိနေသည့် လူတစ်ဦးသာ ရှိလေသည်။
"ဟော...."
အန်ဟာကုန်သည်အစည်းအရုံး၏ ခေါင်းဆောင် အကြီးအကဲ ဟွမ်ရောက်နေခြင်းပင်။
"ဂိုဏ်းသားလေး မတွေ့တာ ကြာပြီနော်..."
"ဟုတ်သားပဲ...တော်တော်လေးတောင် ကြာနေပြီကို...နေကောင်းပါရဲ့လား"
"ဟားဟား...ကျန်းမာရေးကတော့ ဘာကောင်းသလဲ မမေးနဲ့ဗျို့....ဂိုဏ်းသားလေး ကျေးဇူးနဲ့ နေလို့ထိုင်လို့လည်း အတော်ကောင်းနေပါရဲ့"
"ကြည့်ရတာတော့ တကယ်နေကောင်းနေတဲ့ပုံပဲ...အရင်ကထက်တောင် ပိုငယ်နေသလိုပဲနော်"
ထိုစကားကြောင့် အကြီးအကဲဟွမ် ပြုံးလိုက်လေသည် ဤသည်က အမှန်ပင်။ ချွန်းမြောင်၏ ကျေးဇူးနှင့် အသားအရေများလည်း ပြန်လည်ကာ တင်းရင်းလာသလို ပိုကာလည်း နုပျိုသန်မာလာသည်က အမှန်ပင်။
"ထိုင်ပါဦး"
"ဟုတ်ကဲ့"
"အကြီးအကဲ ပြောသလို ချွန်းမြောင်တို့ကို ကျွန်တော် ဆင့်ခေါ်ပြီးပါပြီ...အကြီးအကဲ ဘာများပြောချင်တာလဲ...ပြောလို့ရပါပြီ"
ဟွမ်းဂျွန် စကားဆုံးသည်နှင့် အကြီးအကဲဟွမ်က သက်ပြင်းတစ်ချက်ချလိုက်လေ၏။
"ကျွန်တော် ဒီကိုလာပြီး ဂိုဏ်းချုပ်တို့နဲ့ တွေ့ရတဲ့အကြောင်းကတော့ ဟွာဆန်းက အန်ဟာကို အဝယ်တော်လွတ်ထားတဲ့ ပစ္စည်းတွေနဲ့ပတ်သက်ပြီးတော့ ရောက်လာတာပါ"
"… ဘာလို့များလဲ...ပြဿနာတစ်ခုခု ရှိနေလို့လား"
"ပြဿနာဆိုတာထက်....'
အကြီးအကဲဟွမ်က ပြောရခက်နေသည့်ပုံပင်။
သက်ပြင်းကိုသာ ထပ်ကာထပ်ကာ ချနေလေသည်။
"ဂိုဏ်းချုပ်"
မျက်နှာကိုလည်း မပြရဲဟန်နှင့် ငုံ့ထားပြီး
တောင်းပန်လာလေ၏။
"အန်ဟာရဲ့ အခုလက်ရှိ အရည်အချင်းနဲ့ ဟွာဆန်းက လိုအပ်တဲ့ ပစ္စည်းအလုံးစုံကို ရအောင် ရှာပေးနိုင်မယ် မထင်ပါဘူး..."
"ဟင်..."
အကြီးအကဲဟွမ်၏ စကားကြောင့် ချွန်းမြောင် အံဩသွားလေသည်။
"… အန်ဟာရဲ့ စွမ်းရည်နဲ့တောင် မဝယ်နိုင်ဘူးပေါ့...ဟုတ်လား"
ချွန်းမြောင်၏ မေးခွန်းကြောင့် အကြီးအကဲဟွမ်က ခါးသက်စွာပြုံးလိုက်ပြီး ပြောလာလေသည်။
"ကျွန်တော့်မှာလည်း ပေးစရာဆင်ခြေ မရှိပါဘူး...ဟွာဆန်းက တောင်းဆိုတဲ့ပစ္စည်းတွေကို အန်ဟာမှ မဟုတ်ပါဘူး...ဘယ်ကုန်သည်အစည်းအရုံးကမှလည်း ဝယ်ပေးနိုင်မှာ မဟုတ်ဘူးဆိုတာ ကျွန်တော်ပြောရဲပါတယ်"
ဘယ်သူမှ မတတ်နိုင်ဘူး ...ဟုတ်လား
ဒါဆို ဆေးလုံးက ဘယ်လိုလုပ်ရတော့မှာလဲ...
"ချီး…"
စိတ်အလိုမကျမှုကြောင့် ချွန်းမြောင်၏ မျက်လုံးများက နက်မှောင်လာလေတော့သည်။
အပိုင်း(၁၇၄)
မင်းက သူတို့ကို တစ်ကြိမ်ရိုက်လိုက်ပြီဆိုတော့ သူတို့ကလည်း ငြိမ်ခံနေမှာ မဟုတ်ဘူး(၄)
"နေပါဦး...ခဏလေးပါ..ဒီလောကမှာ မဖြစ်နိုင်ဘူးဆိုတာမှ မရှိတာ ...မဖြစ်သေးတာပဲရှိတာကို...မဖြစ်သေးတာကို ဖြစ်အောင်လုပ်လို့ ရနိုင်ပါသေးတယ်"
ချွန်းမြောင်က ရုတ်တရက် ထအော်လိုက်သည်မို့ အကြီးအကဲဟွမ် လန့်သွားလေသည်။
တခြားသူက ထိုစကားပြောလျှင်မူ သူလက်မခံမည်ဖြစ်သော်လည်း ပြောသည့်သူက ချွန်းမြောင်ပေမို့ အကြီးအကဲဟွမ် လက်ခံနိုင်သလို ဖြစ်သွားလေ၏။
"ဂိုဏ်းသားလေး စိတ်အေးအေးထားပါ"
"ကျွန်တော် အရမ်းကို စိတ်အေးနေတာပါ...အခုက"
"လေသံလေး လျော့...."
ဟွမ်းဂျွန်၏ စကားကြောင့် ချွန်းမြောင် စိတ်လျော့လိုက်ပြီး ဘတ်ချုန်းနှင့် ယွန်းဂျွန်က သူ့အားဆွဲထားကြလေသည်။
ဟွမ်းဂျွန် အကြီးအကဲ ဟွမ်ကို ကြည့်ကာပြောလိုက်လေ၏။
"ရေခဲသလင်းတွေ ကြောင့်လား"
ရေခဲသလင်းဆိုသည်က မြောက်ပိုင်းပင်လယ်၏ အနက်ဆုံးအပိုင်းတွင်သာ ရှိပြီးဆေးလုံးဖော်စပ်မည့်အထဲတွင် တန်ဖိုးအကြီးဆုံး ပါဝင်ပစ္စည်းလည်း ဖြစ်ပေသည်။ထို့အပြင် မြောက်ပိုင်းပင်လယ်တစ်ခုလုံးကိုက မြောက်ပိုင်းရေခဲနန်းတော်က ချုပ်ကိုင်ထားသည်မို့
ငွေရှိလျှင်ပင် အလွယ်တကူ ဝယ်ယူ၍မရနိုင်ပေ။
"ရေခဲသလင်းက ရဖို့ခက်ခဲတဲ့ပစ္စည်းဆိုပေမယ့် အန်ဟာအနေနဲ့ ဆိုရင်တော့ လိုရင်လိုသလောက် ရနိုင်တဲ့ပစ္စည်မျိူးပါ"
"ဒါဆို ဘာလို့လဲ"
"တကယ်ပြဿနာရှိနေတဲ့ ပါဝင်ပစ္စည်းက ခရမ်းစွဲနွယ်ပင်ပါ"
"ဘာကြီး"
ခရမ်းစွဲနွယ် ဟူသည်က တန်ဖိုးကြီးပစ္စည်း မဟုတ်သကဲ့သို့ ရှားပါးပစ္စည်းလည်း မဟုတ်ပေ။ ယုတ်စွအဆုံး ကြားပင်မကြားဖူးသည့် အပင်မျိုးပင်။
"အဲ့ အပင်က တော်တော်လေး ရှားလို့လား ...ဒါမှမဟုတ် ဈေးကြီးလို့လား"
"တစ်ခုမှ မဟုတ်ပါဘူး...တစ်ခုတော့ ရှိပါတယ်...သူက နေရာတိုင်းမှာတော့ ရနိုင်တဲ့ပစ္စည်း မဟုတ်ပါဘူး...သူက မူလမျိုးရင်း နေရာမှာပဲ ပေါက်ပြီး ဆေးဖက်ဝင် အပင်တစ်မျိုးပါ"
"အင်း...အဲ့တာက ဘာလို့လဲ"
ဟွမ်းဂျွန်၏ အမေးကြောင့် အကြီးအကဲဟွမ် သက်ပြင်းချလိုက်လေသည်။
"ဂိုဏ်းချုပ်...ဂိုဏ်းချုပ် မဟာတံတိုင်းကြီးရဲ့နောက်က နန်းတော်ငါးခုဆိုတာကိုတော့ ကြားဖူးမယ် ထင်ပါတယ်"
"ဒါပေါ့"
မဟာတံတိုင်းနောက်မှ နန်းတော်ငါးခု...
ပြည်မကြီး၏ အပြင်ဘက်တွင် နယ်မြေငါးခု ရှိလေ၏။ ထိုနယ်မြေငါးခုစီတွင် ဂိုဏ်းကြီးကိုးဂိုဏ်းကဲ့သို့ပင် အင်အားကြီးမားကြသော ဂိုဏ်းကြီးများရှိကြပြီး တသီးပုဂ္ဂလီ ခွဲခြားနေထိုင်ကြလေသည်။
တောင်ပိုင်းပင်လယ် နေနန်းတော်၊ မြောက်ပိုင်းပင်လယ် ရေခဲနန်းတော်၊ ဖုတာလာ နန်းတော်၊ နန်မန်သားရဲ နန်းတော်နှင့် မာယာသွေးနန်းတော်တို့ ဖြစ်ကြလေသည်။
"ပြဿနာက နန်မန်သားရဲ နန်းတော်ပါ"
အကြီးအကဲဟွမ်၏ စကားကြောင့် ဟွမ်းဂျွန် မျက်မှောင်ကြုတ်သွားလေသည်။
သောက်ကျိုးနည်း …နန်မန်သားရဲ နန်းတော်က ဘာဖြစ်တာတုန်းဟ…
ဟွမ်းဂျွန်၏ မျက်နှာအရိပ်အကဲကို နားလည်သော အကြီးအကဲဟွမ်က ချက်ချင်းပင် ရှင်းပြလေတော့သည်။
“ခရမ်းစွဲနွယ်ပင်က ယန်နန်ရဲ့ တောင်ကြားတွေထဲမှာ ပေါက်ရောက်တဲ့ ဒေသမျိုးရင်း အပင်တစ်မျိုးပါ…
ဟိုးအရင်တုန်းကတော့ ကုန်သည်တွေလည်း မရှိ ကူးသန်းရောင်းဝယ်တာလည်း မရှိဆိုတော့ အဲ့ဒီကို တိုက်ရိုက်သွားပြီး ခူးယူလိုက်လို့ ရတဲ့အတွက် မခက်ခဲဘူးလို့ ပြော လို့ရပါတယ်..ဒါပေမယ့် အခုကျတော့ လမ်းက လုံးဝကို ပိတ်သွားပါပြီ”
“လမ်းက ပိတ်တယ်…ဘာပြောချင်တာလဲ ..အဲ့တာက”
“နန်မန် သားရဲနန်းတော်ကပါ..သူတို့က လမ်းကို ပိတ်ကြလိုက်တာပါ…သေသေချာချာ ပြောပြရမယ်ဆိုရင်တော့ သူတို့က ခရမ်းစွဲနွယ်ပင်ကို လူတွေယူမှာဆိုးလို့ ပိတ်တာမဟုတ်ဘဲ ပြည်မကြီးက လူတွေ သူတို့ဆီကို ရောက်လာမှာဆိုးလို့ ပိတ်ကြလိုက်တာပါ”
“ဂိုဏ်းတစ်ဂိုဏ်းနဲ့ လမ်းပိတ်လိုက်တာနဲ့ကို ငါတော့ ဘယ်လိုမှ မဆက်စပ်တတ်ဘူး ဖြစ်နေတယ်”
“ဒီလိုပါ…နန်မန်ဆိုတာက ကျွန်တော်တို့နဲ့ လုံးဝကွာခြားတဲ့ ဒေသတစ်ခုပါ… သိုင်းပညာရှင်တွေက ဂိုဏ်းတွေတည်ထောင်ပြီး စိတ်ကြိုက်မင်းလုပ် အုပ်စိုးလို့ရတဲ့ ကိုယ့်မင်းကိုယ့်ချင်း ဒေသပါ… နိုင်ငံရဲ့ အကြီးအကဲတွေကလည်း ပြည်သူပြည်သားတွေကို ထိန်းချုပ်နိုင်စွမ်း မရှိပါဘူး”
“သူတို့က ဘာလို့ လမ်းကို ပိတ်လိုက်ရတာလဲ”
“ပြည်မကြီးနဲ့ နန်မန်ရဲ့ ဆက်ဆံရေးက နတ်ဆိုးဂိုဏ်းကို သုတ်သင်လိုက်ကတည်းက အခြေအနေဆိုးဝါးလာခဲ့တာပါ… နတ်ဆိုးဂိုဏ်းက စတင်ပြီး နယ်ချဲ့ကတည်းက ပြည်မကြီးပြင်ပက နန်းတော်ငါးခုက သူတို့ကို အကူအညီပေးဖို့ ပြည်မကြီးကို တောင်းဆိုလာခဲ့ပါတယ်..ဒါပေမယ့် ဘယ်ဂိုဏ်းကမှ မကူညီပေးခဲ့တဲ့အတွက် အခုလို အဖြစ်တွေ ဖြစ်လာရတာပါ”
“ကျွတ်”
အကြီးအကဲဟွမ်၏ ရှင်းပြမှုကို ဘေးမှနားထောင်နေသော ချွန်းမြောင်က စုပ်သပ်လိုက်လေသည်။
ပြီးတော့ ငါတို့ ပြည်မကြီးလည်း အကုန်သေသွားရတာပဲလေ…
မကူညီပေးခဲ့တာ မဟုတ်ဘဲ မကူညီနိုင်ခဲ့ခြင်း ဖြစ်သည်ကို ချွန်းမြောင် ဝင်မပြောလိုက်ပေ။
“အဲ့ဒီအဖြစ်ရဲ့ အကျိုးရလဒ်အဖြစ် နန်မန်သားရဲနန်းတော်က ပြည်မကြီးနဲ့ အဆက်အသွယ်အားလုံးကို နတ်ဆိုးဂိုဏ်းကို သုတ်သင်ပြီးကတည်းက ရပ်ဆိုင်းလိုက်တာပါ… အခု ကျွန်တော်တို့ဘက်က ဘယ်သူ့ကိုမှ သူတို့ နယ်မြေထဲကို အဝင်မခံပါဘူး”
“အဲ့လို လုပ်လိုက်တဲ့အတွက်ကြောင့် ပြည်မကြီးမှာလည်း ဆုံးရှုံးမှုတွေ အတော်များပါတယ်… ကျွန်တော်တို့ အကျော်ကြားဆုံး လက်ဖက်ခြောက် ယန်နန်ခြောက်ကိုလည်း မရတော့သလို ယန်နန်ကို ပိတ်လိုက်တာကြောင့် ယန်နန်ကို အဓိကထား ကုန်သွယ်နေတဲ့ ရှန်းရှီနဲ့ စီချွမ်က ကုန်သည်တွေ အမြောက်အများ အရှုံးပေါ်ခဲ့ရပါတယ်”
“ပြောရမယ်ဆိုရင်တော့…”
“ကုန်သည်တွေအားလုံးလည်း သူတို့နဲ့ကုန်သွယ်ခွင့်ကို လက်လျော့လိုက်ရတယ်ပေါ့,,,ဟုတ်လား”
‘ဟုတ်ပါတယ်”
အကြီးအကဲဟွမ်၏ စကားကြောင့် ဟွမ်းဂျွန်တို့ မျက်နှာပျက်သွားလေသည်။
“ဂိုဏ်းချုပ်…ကျွန်တော်တို့ ဂိုဏ်းချုပ်တို့ တောင်းဆိုတဲ့ တခြားဘာပစ္စည်းကိုမဆို ယူပေးလို့ ရပါတယ်…ဒါပေမယ့် ဒါကြီးကတော့ ဘယ်လိုမှ မဖြစ်နိုင်တဲ့အရာမို့ပါ…ကျွန်တော်ကပဲ ဂိုဏ်းချုပ်ကို ထပ်ပြီးတော့ တောင်းပန်ပါတယ်”
“မဟုတ်တာ..တောင်းပန်စရာ မလိုပါဘူး..ဒါက ခင်ဗျား အမှားမှ မဟုတ်တာပဲ”
ဟွမ်းဂျွန်က အကြီးအကဲဟွမ်အား ပြောသာပြောလိုက်ရသော်လည်း သူကမူ အမှန်တကယ် မျက်စိမျက်နှာပျက်နေပြီ ဖြစ်သည်။ ဟွာဆန်း၏ ရွှေရောင်နေ့ရက်များကို ရောက်တော့မည်ဟု သူတို့ထင်ထားကြသော်လည်း မမျှော်လင့်ထားသည့် အတားအဆီးများက ရှိနေပြန်လေ၏။ ရင်မောလှပေသည်။
“သမားတော်ကြီး”
“ဟုတ်ကဲ့ပါ..ဂိုဏ်းချုပ်”
ဆင့်ခေါ်ခံထားရ၍ မကြာသေးမှီကမှပင် ရောက်လာသော အန်းဂတ်က ချက်ချင်းပင် ပြန်ထူးလေသည်။
“ငါ့ကို ပြောစမ်းပါ… ခရမ်းစွဲ နွယ်ပင် မပါဘဲနဲ့ မင်း အဲ့ဒီ စိတ်…အင်း…ဆေးလုံးကို တီထွင်နိုင်မလား”
“ဂိုဏ်းချုပ်”
အန်းဂတ်က သက်ပြင်းမောကြီးချကာ ပြောလိုက်လေသည်။
“ဘယ်ဆေးလုံးပဲဖြစ်ဖြစ် ပါဝင်ပစ္စည်းအားလုံး ပြည့်စုံအောင် ဆောင်ရွက်ရပါတယ်…ပါဝင်ပစ္စည်း မစုံလင်ဘဲ ဖော်စပ်လို့ ရတဲ့ဆေးမရှိသလို အာနိသင်ကိုလည်း ပေးမှာ မဟုတ်ပါဘူး…ပါဝင်ပစ္စည်းလေး တစ်ခုတောင်လိုလို့ မဖြစ်ပါဘူး”
“….”
“ပါဝင်ပစ္စည်း မစုံလင်ရင်တော့ အဲ့ဒီဆေးလုံးကို ကျွန်တော် ဖော်စပ်နိုင်မယ်လို့ မထင်ပါဘူး”
အန်းဂတ်၏ စကားကြောင့် ခန်းမထဲရှိ လူအားလုံးက မျက်နှာပျက်ကုန်ကြလေတော့သည်။
“အဲဒီတော့….”
ဒေါသကြောင့် ကွဲအက်နေသော အသံကြီးက ခန်းမထဲတွင် ထွက်လာလေပြီး ထိုအသံကြောင့် အားလုံးက ထိတ်လန့်သွားကြလေသည်. ။အသံပိုင်ရှင်က တမိုးအောက် ချွန်းမြောင်ပင်။
“အဲ့ဒီနန်မန် ခွေးသားတွေက ငါ့ကို ငါ့ရဲ့ စိတ်…မဟုတ်ဘူး…ငါ့ရဲ့ ဆေးလုံးဖော်စပ်တဲ့နေရာမှာ လိုနေတဲ့ ပါဝင်ပစ္စည်းကို မပေးချင်ကြဘူးပေါ့.,….ဟုတ်လား”
“…”
ချွန်းမြောင်၏ မျက်နှာက ပေါက်ထွက်တော့မည့် ဘောလုံးအလားပင်။ ရဲတွက်နေလေသည်။
“ချီးပဲ…အဲ့ဒီခွေးသားတွေကတော့…”
“သူ့ကို တားကြစမ်း”
“ဟုတ်ကဲ့”
ဒေါသတကြီးနှင့် ပြေးထွက်သွားရန် ပြင်နေသူအပေါင်းက ချွန်းမြောင်၏ လက်သီးစာမိသွားကြလေပြီး အဝေးသို့ အသီးသီး လွှင့်ထွက်သွားကြလေသည်။သို့သော်လည်း အများနှင့်တစ်ယောက်ဖြစ်သည့်အပြင် သူ၏ဆရာတူအကိုကြီးများပေမို့ ချွန်းမြောင် သူ၏အင်အားကို ပြန်ထိန်းလိုက်သည်နှင့် ကျန်လူများအား သူ့အား ဝိုင်းထိန်းနိုင်သွားကြလေသည်။
“လွှတ်..ကျွန်တော့်ကို လွှတ်…အဲ့ဒီခွေးသားတွေက လူကိုစိတ်တိုအောင် တမင်လာလုပ်နေတာ..သောက်အဓိပ္ပါယ် မရှိ….မြက်ကလေး နည်းနည်းရောင်းတာက ဘာဖြစ်မှာမို့လို့လဲ”
“စိတ်လျော့စမ်း…စိတ်လျော့လို့ ….သူတို့က ငါတို့သွားရမယ့်နေရာကို ပိတ်ထားတာ ငါတို့က ဘာလုပ်နိုင်မှာမို့လဲ..မင်း အခုလိုလုပ်နေလည်း အပိုပဲ…စိတ်အေးအေးထားစမ်းပါ”
“အား….”
ချွန်းမြောင် တွေးမိလေ ဒေါသထွက်လေပေ။ ဆင်ပြောင်ကြီး အမြီးကျမှ တစ်နေသည့်အဖြစ်ကို သူ မည်သို့မှ စိတ်အေးအေးနှင့် လက်ခံ၍ မရပေ။
“ဂိုဏ်းချုပ်”
“အင်း…ဘာလဲ”
သောက်ကလေး…ငါ့ကို ခေါ်ပြီး ဘာလုပ်ချင်သေးတာတုန်း…
“ကျွန်တော် ယန်နန်ကို သွားမယ်”
“….”
“အဲ့ခွေးသားတွေ ပိတ်ထားတဲ့လမ်းကို ကျွန်တော်ဖြတ်ပြီး လိုတဲ့ပစ္စည်းကို ရအောင်ယူခဲ့မယ်”
ချွန်းမြောင်၏ စကားကြောင့် ဘတ်ချုန်းနှင့် ယွန်းဂျွန်တို့က လန့်သွားပြီး ချွန်းမြောင်အား အလန့်တကြားပင် ဆွဲထားလိုက်ကြလေသည်။
“သောက်ကလေး…အဲ့တာက နန်မန်သားရဲနန်းတော်နော်… မဟာတံတိုင်းကြီးနောက်က နန်းတော်ငါးခုထဲက တစ်ခု”
“မင်းမှာ အသက်ဆယ်သက်ရှိနေရင်တောင် သူတို့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး”
ချွန်းမြောင်ကမူ ထိုစကားကို မမူသည့်ပုံပင်။
“ကျွန်တော့်ကို ဘာလို့ စိတ်ပူနေကြတာလဲ…အဲဒီခွေးသားတွေကသာ သူတို့ခေါင်းတွေအတွက် သူတို့စိတ်ပူနေကြရမှာ”
“….”
ချွန်းမြောင်၏ ရဲရဲတောက် အကြည့်များကြောင့် တကယ်ပင် ဖြစ်နိုင်သည်ဟု အားလုံးက ခံစားသွားကြရလေသည်။
ထိုအချိန်မှာပင် တချိန်လုံးတိတ်ဆိတ်နေခဲ့သော ဂျိုဂုက ဝင်ကာပြောလာလေသည်။
“လမ်းညွှန်ကရော”
“ဟမ်”
“ယန်နန် တစ်ခုတည်းကသာ ပြည်မကြီးက လူတွေကို လာလို့မရအောင် ပိတ်ထားတာဆိုရင် ကျွန်တော်တို့ တခြားနေရာတွေကနေ လူငှားလို့ ရမှာပဲလေ… အနောက်ဘက်ကလိုမျိုးပေါ့…. ပြည်မကြီးက လူတွေကြီးပဲ ယန်နန်ထဲ ဝင်သွားလို့ မရဘူးလေ…လမ်းပြလိုမှာပေါ့….မဟုတ်ရင်လည်း အနောက်ပိုင်းဒေသက ကုန်သည်တွေကို ကိုယ်စားဝယ်ခိုင်းရင်ရော”
“အိုး…ဒီကလေးကလည်း အလာကြီးပါလား”
ဂျိုဂု၏ ဝင်ထောက်သောစကားကြောင့် အကြီးအကဲဟွမ် အံဩသွားလေသည်။
“ဝိုး…မိုက်လိုက်တာ….အကိုကြီး ဂျိုဂုကွ”
“ကြည့်ရတာ နောက်ဆုံးတော့ အကိုကြီးလည်း သူ့ဦးနှောက်ကို သုံးဖူးခဲ့ပြီပေါ့”
“…”
ဂျိုဂု သူ့အား မြောက်ပင့်လိုက် ရိုက်ချလိုက် လုပ်နေသော ချွန်းမြောင်အား နှုတ်လှန်ထိုးလိုက်ခြင်သော်လည်း တခြားသူများပါ ရှိနေသည်မို့ မပြောတော့ပေ။ တိတ်တဆိတ်သာ နေလိုက်လေသည်။
အကြီးအကဲဟွမ်က ဂျိုဂု၏ စကားကို ဝင်ဖြေလေသည်။
“ကျွန်တော်တို့ အရင်က အဲ့လိုဝင်ဖို့ ကြိုးစားခဲ့ဖူးပါတယ်….ဒါပေမယ့် မရခဲ့ဘူး… အနောက်ပိုင်းဒေသက ကုန်သည်တွေက ကျွန်တော်တို့ကို ဘာပစ္စည်းမှ မရောင်းဖို့ ကတိခံထားကြတယ်… ဒါကြောင့် တခြားကိုယ်စားဝယ်ပေးမယ့်သူ ရှာတာကလည်း အဆင်မပြေနိုင်ဘူး… သူတို့ကလည်း သူတို့ကိုမိသွားရင် အသတ်ခံရမှာမို့ ကိုယ်စားဝယ်တာတွေ ဘာတွေကလည်း အလုပ်မဖြစ်နိုင်ဘူး”
“ကျွန်တော် သိပြီ”
“ဘာလဲ”
“ခရမ်းစွဲနွယ်ပင်က ယန်နန်အတွင်းပိုင်းထဲမှာ ပေါက်တာမို့လား… နန်မန်သားရဲနန်းတော်ရဲ့ ပိုင်နက်လေ… ပြီးတော့ အဲ့နေရာက အနောက်ပိုင်းဒေသက လူတွေ ဝင်ဖို့ တားမြစ်ထားတဲ့ နေရာဆိုတော့ အဲ့ဒီကိုယ်စားဝယ်ခိုင်းတဲ့ နည်းလမ်းကလည်း အလုပ်မဖြစ်နိုင်ဘူး…ယန်နန်က လူကိုပဲ လုပ်ခိုင်းမှ ရမှာ”
ဂျိုဂုက ဆက်ကာပြောလေသည်။ အကြီးအကဲဟွမ်ကမူ ဆက်ကာ အကဲခတ်နေလေသည်။ ဂျိုဂု၏ အသွေးသားထဲမှ ကုန်သည်ဗီဇကို သူမြင်နေရလေသည်။
“တော်လောက်ပြီ”
ချွန်းမြောင်က အားလုံး၏ အကြံပေးချက်များကို မကြားလိုတော့ပေ။ တုံးတိုက်တိုက် ကျားကိုက်ကိုက်သာ ရင်ဆိုင်လိုက်ချင်တော့သည်။ အံကိုကြိတ်ကာ ပြောလိုက်လေသည်။
“ကျွန်တော် ယန်နန်ကိုသွားပြီး အဲ့ကောင်တွေဆီက ခရမ်းစွဲနွယ်ပင်ကို ရအောင် တောင်းမယ်”
“အဲ့တာ သားရဲနန်းတော်နော်”
“အဲ့တော့ ဘာဖြစ်လဲ…ကျွန်တော်လည်း ဟွာဆန်းကပဲ”
ချွန်းမြောင်၏ ထိုတုံ့ပြန်စကားကြောင့် ဟွမ်းဂျွန် ရင်ထဲထိသွားလေသည်။ တစ်ဦးတစ်ယောက်၏ မိမိတို့ဂိုဏ်း၏ ဖြစ်တည်မှုကို ဂုဏ်ယူစွာပြောခြင်းက ထိုမျှ ကြည်နူးဖွယ်ကောင်းကြောင်းကို ယခုမှသာ သိလေတော့သည်။
ထို့အပြင် ခရမ်းစွဲနွယ်ပင်ကိုကလည်း လိုနေသည်က အမှန်ပင်။ ခရမ်းစွဲနွယ် မရလျှင် စိတ်ဝိဉာဉ်ဖြတ်လတ်ခြင်း ဆေးလုံးဆိုသည်ကလည်း ရှိလာမည် မဟုတ်တော့ပေ။ ဟွမ်းဂျွန် ဆုံးဖြတ်ချက်တစ်ခုချကာ ချွန်းမြောင်အား ကြည့်လိုက်လေသည်။
“ချွန်းမြောင်”
“ဟုတ်ကဲ့ ..ဂိုဏ်းချုပ်”
“မင်း လုပ်နိုင်မှာ သေချာလား”
“အခုတစ်ခေါက် တကယ်ကို အန္တာရယ်များတယ်နော်…ပြီးတော့ ပစ္စည်းကလည်း အရေးတကြီး လိုအပ်နေတယ်…ဆိုတော့ ငါမင်းကို တစ်ခုမေးချင်တယ်…လူရော ပစ္စည်းပါ ဘေးမသီရန်မခနဲ့ ပြန်ရောက်လာမယ်လို့ အာမခံနိုင်လား”
ချွန်းမြောင် ပြုံးကာ ဖြေလိုက်လေသည်။
“ဂိုဏ်းချုပ်”
“အင်း”
“ကျွန်တော်က ချွန်းမြောင်ပါ”
“…”
ထိုစကားလုံးနှင့်ပင် အားလုံး လုံလောက်သွားလေပြီ ဟုတ်ပေသည် ချွန်းမြောင်ပင်။ ချွတ်ချုံကျနေသော ဟွာဆန်းကို ရတနာရှာပေးသော ၊ ပျောက်ဆုံးသွားသော သိုင်းပညာများကို ပြန်လည် မွေးမြူပေးသော ၊ ကျဆင်းနေသော ဟွာဆန်း၏ ဂုဏ်သိက္ခာတို့ကို ပြန်လည်မြှင့်တင်ပေးခဲ့သော ချွန်းမြောင်ပင်။
‘’မစိုးရိမ်ပါနဲ့ …သေချာပေါက် အတားအဆီးတွေကို ကျော်ပြီး ခရမ်းစွဲနွယ်ပငိကို ရအောင်ယူခဲ့မှာပါ… ကျွန်တော်တို့က သူတို့ကို စစ်တိုက်နေတာလည်း မဟုတ်.. ရန်ရှာနေတာလည်း မဟုတ်…နွယ်ပင်လေး တစ်နွယ်နှစ်နွယ် ယူရုံကိုတောင် တားဆီးနေရင်တော့ သူတို့အားလုံးကို သတ်ပစ်ထားခဲ့လိုက်ပါမယ်…
ပြီးရင်တော့ သူတို့ရဲ့ နွယ်ပင်အားလုံးကို မီးရှို့ပြာချထားပစ်ခဲ့မှာပါ’
“…..”
သောက်ကျိုနည်း…မင်းက စစ်ခင်းသွားတာနဲ့ ဘာထူးသေးလို့လဲ…
ဒီလိုလူက ဘယ်လိုလုပ် ငါတို့ဂိုဏ်းမှာ ရှိနေရတာတုန်း…
ဟွမ်းဂျွန် ခေါင်းကို ခါလိုက်လေပြီး ဟွမ်းယုန်ကို လှမ်းကာခေါ်လိုက်လေသည်။
“ဟွမ်းယုန်”
“ဟုတ်ကဲ့ပါ…ဂိုဏ်းချုပ်”
“ကလေးတွေ သွားဖို့ အမြန်ပြင်ဆင်ပေးလိုက်”
“ဂိုဏ်းချုပ်…တကယ်ကြီးလား”
“ငါ ချွန်းမြောင်ကို ယန်နန်ကို လွှတ်လိုက်တော့မယ်’
ဟွမ်းဂျွန် ချွန်းမြောင်ကို ကြည့်ကာ ပြောလိုက်ပြန်၏။
“မင်း သေချာပေါက် အောင်မြင်ခဲ့မှ ရမယ်”
“မစိုးရိမ်ပါနဲ့ …ကျွန်တော် ခရမ်းစွဲနွယ်ပင် တစ်ခင်းလုံး ခူးပြီးမှ ပြန်လာခဲ့ပါ့မယ်”
“….”
ချွန်းမြောင်၏ အာမခံစကားကြောင့် ဟွမ်းဂျွန် ယန်နန်မှ လူများကိုပင် အားနာသလို ဖြစ်သွားလေသည်။
“အဟမ်း”
ထိုအချိန်မှာပင် ဟွမ်းဂျွန်၏ဘေးတွင် ရပ်နေသော ဟွမ်းယုန်က ချောင်းတချက်ဟန့်ကာ အရိပ်အကဲပြလာလေသည်။
ဟွမ်းယုန်၏ အချက်ပေးမှုကို နားလည်စွာနှင့် ဟွမ်းဂျွန်က ခုံမှ ထလိုက်လေသည်။
“ခဏနော်…ငါ အပြင်လေး ခဏထွက်စရာ ရှိလို့”
ဟွမ်းဂျွန်နှင့် ဟွမ်းယုန်တို့သည် အခန်းအပြင်သို့ အလျင်အမြန်ပင် ထွက်သွားကြပြီး ခန်းမနှင့် ဝေးနိုင်သမျှ ဝေးအောင် သွားလေကြ၏။
“ဘာလဲ..ငါ့ကို ခေါ်လာတာက”
“ကလေးတွေကို အန္တာရယ်များတဲ့ နောက်တစ်နေရာကို ထပ်ပို့ဖို့ ပြောနေတာလား…အကိုကြီးက”
“အန္တာရယ်များမှန်းတော့ ငါလည်းသိပါတယ်…ဒါပေမယ့် မင်းလည်း သိတာပဲလေ…ဒါက လုပ်သင့်လို့ လုပ်ရတာပဲကို…ပြီးတော့ ကလေးတွေကလည်း ….”
“မဟုတ်သေးဘူး’
“ဟမ်..ဘာကလဲ”
“ကလေးတွေကို အဲ့လောက်အန္တာရယ်များတဲ့နေရာပို့မယ်ဆိုလည်း သူတို့အတွက် ပြင်ဆင်သင့်တာလေးတော့ ပြင်ဆင်ပေးလိုက်ရမယ်မို့လား… သူတို့ကို ပေးလိုက်ရအောင်”
“ဘာကို ပေးမှာလဲ”
“ဆေးလုံးလေ..စိတ်ဝိဉာဉ် ဖြတ်လတ်ခြင်းဆေးလုံး”
ဟွမ်းယုန်၏ စကားကြောင့် ဟွမ်းဂျွန် သွေးတက်သလိုပင် ဖြစ်သွားလေသည်။
“မဟုတ်သေးပါဘူး…သူတို့က နွယ်ပင် ကို ရဖို့ မရဖို့က မသေချာသေးတာကို ငါတို့က ဘာလို့အခုကတည်းက သူတို့ကို ဆေးလုံးပေး…”
“ဂိုဏ်းချုပ်ကြီး …ခင်ဗျားဘယ်ကတည်းက သူခိုးလိုလူဘဝရောက်သွားတာလဲ”
“ဟမ်..သူခိုးလား”
“ဒါက ဟွာဆန်း…ဟွာဆန်းကို တလျောက်လုံး ကယ်တင်လာက ချွန်းမြောင်…ပြီးတော့ ဒီဆေးလုံးကို ရှာလာတာက ကလေးတွေ…ဒါကို ခင်ဗျားကြီးက အကုန်လုံးကို သိမ်းထားချင်နေတာပေါ့…. ကလေးတွေ အတွက် ထုတ်မပေးချင်ဘူးပေါ့..မတော်လို့ ကလေးတွေ တစ်ခုခုဖြစ်ခဲ့ရင် ဘယ်လိုလုပ်မလဲ”
ဟွမ်းယုန်က ပြောနေရင်းနှင့်ပင် ဟွမ်းဂျွန်အား တစ်ခုခုထလုပ်တော့မည့် အလားပင်။
“ကလေးတွေကို ဆေးလုံးကျွေးလိုက်… အကုန်လုံးကို”
“…”
“အခုနော်”
“…”
“အခုလို့…”
“အာ…အေးပါ ..သိပါပြီ…သိပါပြီ..
ကျွေးဆိုလည်း ကျွေးလိုက်ပါ့မယ်”