အခန်း (၁၇၈-၁၈၀)
Vol. 12 Ch. 178-180
အပိုင်း(၁၇၈)
အလကားဖြစ်သွားတာထက်စာရင် သေသွားတာက ကောင်းဦးမယ်(၃)
ဟွာဆန်းမှ ထွက်၍ ဟွာကျေးရွာသို့ ရောက်သောအခါတွင်မူ ချွန်းမြောင်တို့က အန်ဟာကုန်သည်အဖွဲ့အစည်းနေရာကိုပင် တန်းလာခဲ့ကြလေသည်။
အန်ဟာသို့ ရောက်သောအခါတွင်မူ ဟွမ်ဂျွန်ဂီက ပျူငှာစွာပင် ကြိုဆိုလေ၏။
"ဒီကို လာကြပါခင်ဗျ."
ဘတ်ချုန်းကမူ ပြင်ဆင်ထားသော ရထားလုံးကြီးကို ကြည့်ပြီး မချိပြုံးပြုံးလိုက်လေသည်။
"ကျွန်တော်တို့က ဒါကြီးစီးရမှာလား..."
မြင်းလေးကောင် ကထားသော ဇိမ်ခံရထားလုံးကြီးကိုကြည့်ကာ ဘတ်ချုန်း သင်္ကာမကင်း ဖြစ်လာသလိုပင် ခံစားရလေ၏။
"ကြည့်ရတာ အကြီးကြီးပဲနော်."
"သိပ်တော့ မကြီးပါဘူး...."
ဘတ်ချုန်း၏ အံဩတကြီးအပြောကို ဟွမ်ဂျွန်ဂီက ရယ်ချင်သည်ကို အောင့်ထားရသောမျက်နှာနှင့် ပြန်ဖြေလာလေသည်
"ဒါက ကျွန်တော်တို့ ပျက်ကွက်မှုအတွက်ကြောင့် ဖြစ်ရတာမို့...တတ်နိုင်သမျှ အကောင်းဆုံး လုပ်ပေးထားတာပါ "
ဟွမ်ဂျွန်ဂီက ဟွာဆန်းမှ တောင်းဆိုသော ပါဝင်ပစ္စည်းများကို စုံလင်အောင် မဝယ်ပေးနိုင်၍ အပြစ်မကင်းဟန် ခံစားနေရသည့်ပုံပင်။ အထူးတလည်ပင် ဧည့်ဝတ်ကျေနိုင်ရန် ကြိုးစားနေလေသည်။
ထိုသို့ ပစ္စည်းစုံလင်အောင် မဝယ်ယူနိုင်သည်က သူတို့၏ အပြစ်မဟုတ်သော်လည်း အန်ဟာအနေနှင့်မူ ဟွာဆန်းမှ အမြတ်များစွာကို ယူထားပြီးဖြစ်၍ ပစ္စည်းလက်ဝယ်ရောက်ရှိသည်အထိ ကူညီပေးရန်ကတော့ တာဝန်ရှိလေသည်မို့ အကြီးအကဲဟွမ်ကလည်း အထူးပင် မှာကြားထားလေသည်။
"အိုး...ကြည့်ရတာတော့ သခင်လေးလည်း ကျွန်တော်တို့ကြောင့် အကုန်အကျများနေရပြီ ထင်တယ်"
ချွန်းမြောင်က ရထားလုံးကြီးကို ကြည့်ကာ ပြောလာလေသည်။
"ဒါပေမယ့်လည်း ဒီဟာစီးသွားတာထက် စာရင်တော့ ပြေးသွားတာကပဲ ပိုမြန်မလားပဲနော်"
"ဘာ...ဘာကို ပြောချင်တာလဲ မသိဘူးနော်"
"ဘယ်လိုလုပ်ပြီးတော့ လူက မြင်းထက်ပိုမြန်အောင် ပြေးနိုင်ရမှာလဲ"
သူ၏ဆရာတူအကိုကြီးများ၏ ပျာပျာသလဲ ဝင်ထောက်မှုကြောင့် ချွန်းမြောင် ပြုံးမိသွားလေသည်။
"ဖြစ်နိုင်ပါတယ်...မစိုးရိမ်ပါနဲ့...မစိုးရိမ်ကြပါနဲ့...လူတွေ မလုပ်နိုင်တဲ့အရာဆိုတာ မရှိပါဘူး...တကယ်ပြေးရင် မြင်းထက်မြန်အောင် ပြေးလို့ရပါတယ်"
"မဟုတ်တာ...အရူးရဲ့...ဖြစ်နိုင်တာကိုပဲ ပြောစမ်းပါ"
"ဟမ်...ဖြစ်နိုင်ချေတွေကို ချိုးဖျက်တာက သိုင်းသမားတွေရဲ့ လမ်းစဉ်ပဲလေ...ခွေးတွေလို ပြေးနိုင်ရင် တစ်ရက်မှာတော့ မြင်းတွေထက်မြန်အောင် ပြေးနိုင်လာမှာပဲ"
"… သူကတော့ တကယ်ရူးသွားပြီ"
အကြီးအကဲဟွမ်ကမူ ချွန်းမြောင်နှင့် သူ၏ဆရာတူအကိုကြီးများအဖြစ်ကို ကြည့်ကာ ရယ်လိုက်လေသည်။
“ဒါပေါ့ သေချာပေါက် ဂိုဏ်းသားလေး ချွန်းမြောင်အတွက် ဒါက ဘယ်ခက်ခဲတဲ့ အလုပ်ဖြစ်မှာလဲ..ဟွာဆန်းက တခြားဂိုဏ်းသားတွေလည်း လုပ်ကောင်းလုပ်နိုင်လောက်ပေမယ့် သွားရမယ့် ခရီးကရှည်လို့ အင်အားကို ခြွေတာဖို့ လိုအပ်တယ်လေ…ဒါကြောင့်ဖို့ စီစဉ်ပေးထားတာပါ”
“အင်း”
“စီချွမ်ကို သွားတဲ့လမ်းမှာလည်း လမ်းပြပေးမယ့်ကုန်သည်တွေက နောက်ထပ်မြင်းတွေ စီစဉ်ပေးထားဦးမှာပါ…မြင်းတွေက ပန်းလာတဲ့အခါ လဲပြီးတော့ သုံးလို့ရအောင်လို့လေ.. အဲ့လိုဆိုရင် မြင်းတွေနားရအောင် လုပ်နေဖို့လည်း မလိုတော့ဘူးလေ…မလိုအပ်ဘဲ အချိန်မပုပ်တော့ဘူးပေါ့…
ဒီလိုဆို ယန်နန်ကို အလွယ်တကူနဲ့ ရောက်သွားနိုင်မှာပါ”
ဘတ်ချုန်းက အကြီးအကဲဟွမ် ပြောနေသည်ကို နားထောင်လိုက်ပြီးမှ ရုတ်တရက်ထကာ မေးလာလေသည်။
“အကြီးအကဲက ကျွန်တော်တို့ကို ဒီလောက်ဈေးကြီးတဲ့ မြင်းတွေကို ပေးလိုက်တော့မလို့လား”
“ဒီမြင်းတွေက ဈေးကြီးတာတော့ မှန်ပေမယ့် ဟွာဆန်းက ဂိုဏ်းသားတွေ သုံးမှာဆိုရင်တော့ တန်တယ်လို့ပဲ ပြောရမှာပါ… အဲ့အတွက် အားမနာပါနဲ့”
ဘတ်ချုန်းက ဟွမ်ဂျွန်ဂီနားသို့ အမြန်ပင် သွားပြီး ကျေးဇူးတင်စကားဆိုလိုက်လေသည်။
“အခုလို အန်ဟာက ကျွန်တော်တို့အပေါ် ဧည့်ဝတ်ကျေပွန်မှုအတွက် ကျေးဇူးတကယ် တင်ပါတယ်”
ဘတ်ချုန်းက အမှန်ပင် ကျေးဇူးတင်သွားခြင်းပင်။ ကောင်းမွန်သော အရာများကို စီစဉ်ပေးခြင်းဆိုသည်က ချွန်းမြောင်က သူတို့အား သေအောင်ပြေးခိုင်းမည့် ဒဏ်မှ လွတ်အောင် ကယ်တင်ပေးသွားသောကြောင့််ပင်။
“ဟင်း”
ချွန်းမြောင်ကမူ ပါးစပ်အတွင်းတွင် မြက်ပင်တစ်ပင်ကို ကိုက်ထားပြီး ရထားလုံးကို သဘောမကျသည့်နှယ် ကြည့်နေလေသည်။
သောက်ကလေး …သဘောမကျသလိုလို ရုပ်လာလုပ်ပြမနေနဲ့…
“အန်ဟာရဲ့ ဧည့်ဝတ်ကျေပွန်မှုကို ငြင်းပယ်လိုက်ရင် ရိုင်းပျရာကျမှာ ဆိုးမိပါတယ်”
“ဒါဆို ဒါကို စီးကြမှာမို့လား”
“ဒါပေါ့…ကဲ…အားလုံးပဲ လာကြဟေ့”
ဘတ်ချုန်းက ထိပ်ဆုံးမှ ဦးဆောင်ကာ ရထားလုံးပေါ်သို့ ဦးစွာတက်သွားလေတော့သည်။ ချွန်းမြောင်ကို တချက်ပင် လှည့်မကြည့်သွားပေ။တခြားသူများကလည်း ချွန်းမြောင် စိတ်ပြောင်းသွားမည်ကို စိုးရိမ်၍ တားဆီးသံမထွက်လာမှီမှာပင် အသီးသီးတက်သွားကြလေတော့သည်။
ချွန်းမြောင်က သူ့အား မသိကျေးကျွန်ပြုကာ ရထားလုံးပေါ်သို့ အသီးသီးတက်သွားကြသောသူများကို ကြည့်လိုက်လေသည်။ အားလုံးကမူ ထိုင်နေရင်းမှာပင် မျက်လွှာကို ချထားရင်း မျက်လုံးချင်းမဆုံမိစေရန် ရှောင်လွဲနေကြလေသည်။
“ဟုတ်ပြီ”
ချွန်းမြောင် ခေါင်းငြိမ့်လိုက်လေသည်။
“ဒါနဲ့သွားတာလဲ ပိုကောင်းရင် ကောင်းနေမှာပါ”
“….”
ဘာတုန်း ..သူက တကယ်ကြီး မပြေးခိုင်းဘဲ ရထားနဲ့ သွားတော့မှာလား…
ဘာတွေထပ်ကြံနေပြန်ပြီတုန်း…
အားလုံးက ချွန်းမြောင်၏ လွယ်လင့်တကူ လက်ခံလိုက်မှုကြောင့် အသီးသီးစိုးရိမ်နေကြသော်လည်း ဟွမ်ဂျွန်ဂီကမူ အထူးပင် ဝမ်းသာသွားလေသည်။ ချွန်းမြောင်က သူတို့ အန်ဟာ၏ အထူးဧည့်ဝတ်ကျေပွန်မှုကို အသိအမှတ်ပြုသည်ဟု ယူဆလိုက်ပြီး ကျေနပ်ကာလည်း သွား၏။
ဟွမ်ဂျွန်ဂီက တံခါးရှေ့တွင် ရပ်ကာ ပြောလိုက်လေသည်။
“ ဟွာဆန်းက တောင်းဆိုတဲ့ပစ္စည်းတွေကို အစုံအလင် မရှာပေးနိုင်သလို ရှာတဲ့နေရာမှာလည်း အတူမလိုက်နိုင်တဲ့အတွက် တောင်းပန်ချင်ပါတယ်…အခုလို ကျွန်တော်တို့ရဲ့ တတ်နိုင်သမျှ လုပ်ပေးတာလေးကိုပဲ ကျေနပ်ကြလိမ့်မယ်လို့လည်း မျှော်လင့်ပါတယ််…”
“အာ..ရပါတယ်..အဲ့လို လုပ်ဖို့ကလည်း လွယ်တာမှ မဟုတ်တာကို”
ချွန်းမြောင်က ဟွမ်ဂျွန်ဂီကို အဆင်ပြေကြောင်း ပြောလိုက်သည်နှင့် ဟွမ်ဂျွန်ဂီ စိတ်သက်သာရာ ရသွားလေသည်။
“ဒါပေမယ့် အဲ့ဒီအစား မင်းတို့ကို ယန်နန်အထိ အရောက်ခေါ်သွားမယ့် လူတစ်ယောက်ကို အတူထည့်ပေးလိုက်ပါ့မယ်….လမ်းပြသဘောပေါ့”
“ကောင်းပါပြီ”
ဟွမ်ဂျွန်ဂီစကားဆုံးသည်နှင့် လူတစ်ယောက်က ရထားလုံးဝရှေ့တွင် ပေါ်လာကာ မိတ်ဆက်လေသည်။
“ကျွန်တော်ကတော့ အန်ဟာက လီဘိုပါ…အားလုံးနဲ့အတူ ယန်နန်ကို လိုက်ပါခဲ့မယ့်သူလည်း ဖြစ်ပါတယ်”
“ကျွန်တော်တို့ကို ဂရုစိုက်ပေးပါဦး”
“ကျွန်တော့်ကိုလည်း ဂရုစိုက်ပေးပါဦး”
လီဘိုက ဟွာဆန်းမှ ဂိုဏ်းသားများကို ပြုံးရွှင်စွာဖြင့် ယဉ်ယဉ်ကျေးကျေးပင် နှုတ်ဆက်လိုက်လေသည်။
သခင်လေး ပြောထားတာနဲ့လည်း မတူပါဘူး…
ဟွာဆန်း ဂိုဏ်းသားတွေ ဒီလောက်ပျူငှာတတ်တာကို…
ဟွမ်ဂျွန်ဂီ၏ ပြောကြားချက်အရ လီဘိုက ဂွစာကျကာ စည်းကမ်းတင်းကြပ်လှသော တာအိုကိုယ်တော် များကို မျှော်လင့်ထားသော်လည်း ယခုအမြင်အရမူ အားလုံးက ယဉ်ကျေးပျူငှာသူတွေကြီးပင်။
ဤသည်ကိုပင် သူ၏သခင်လေးက သူ့အား အဘယ်ကြောင့် သတိထားနေရန် မှာကြားထားသည်ကို နားမလည်ဖြစ်ရလေသည်။
“ဒါဆို ကျွန်တော်တို့ သွားကြတော့မလား”
လီဘိုက ရထားလုံးတံခါးကို အသာအယာပင် ပိတ်လိုက်ပြီး ဟွမ်းဂျွန်ဂီကို နှုတ်ဆက်လိုက်လေသည်။
‘သခင်လေး ..ဒါဆို ကျွန်တော်တို့ သွားပါတော့မယ်”
“စိတ်ထဲမှာ ဘာမှ တွေးပူမနေနဲ့ …အန်ဟာရဲ့ ဂုဏ်သိက္ခာကို ထည့််တွက်ပြီး တတ်နိုင်သမျှသာ အကောင်းဆုံး ကြိုးစားခဲ့ …ဟုတ်ပြီလား”
“နားလည်ပါပြီ…သခင်လေး”
လီဘိုက နှုတ်ဆက်ပြီးသည်နှင့် ရထားပေါ်သို့ တက်ကာ အချိန်ဆွဲမနေတော့ဘဲ ရထားလုံးကို မောင်းနှင်သွားလေတော့သည်။
ဟွမ်ဂျွန်ဂီကမူ အပြုံးမျက်နှာလေးနှင့်သာ ရထားလုံးကို မမြင်ရတော့သည့်အချိန်အထိ ငေးကြည့်နေလေသည်။ ပြီးမှ သက်ပြင်းရှည်ကြီးကို ချလိုက်လေသည်။
ချွန်းမြောင် ပါနေရင်တောင် နန်မန်ကတော့ ကိုင်တွယ်ဖို့ လွယ်ကူတဲ့နေရာဖြစ်မယ် မထင်ဘူး…
ရထားလုံးသည် တစ်စက်လေးပင် နှောင့်နှေးခြင်း မရှိဘဲ ခရီးနှင်နေလေသည်။
ဟွမ်ဂျွန်ဂီပြောခဲ့သလိုပင် မြင်းများပန်းလာလျှင် တောက်လျောက် မြင်းအသစ်များနှင့် လဲကာ ခရီးဆက်ခဲ့ကြသည့်အတွက် အချိန်နှင့်အမျှပင် ခရီးကတွင်နေလေသည်။ မရပ်မနား ခရီးနှင်နေသော်လည်း မည်သူကမှမူ ရပ်နားရန် မတောင်းဆိုပေ။ ယန်နန်သို့ အမြန်ဆုံးရောက်ရှိရေးကသာ ဦးစားပေးမို့ အားလုံး နှုတ်ဆိတ်လျက်သာ လိုက်ပါလာခဲ့ကြလေသည်။
“နည်းပြ…နန်မန်သားရဲ နန်းတော်က ဘယ်လိုနေရာမျိုးလဲ…”
“အင်း”
ယွန်းဂျွန်၏ မေးခွန်းကို ပြန်ဖြေရန်အတွက် ဘတ်ချုန်းအနည်းငယ်မျှ စဉ်းစားလိုက်လေသေးသည်။
“တကယ်တော့ ငါလည်း သိပ်ပြီးတော့တော့ သေချာမသိဘူး..ဒါကြောင့် ငါ စီချွမ်ရောက်ရင် ခဏနားပြီးတော့မှ သူတောင်းစားဂိုဏ်းကို ဝင်ပြီး သတင်းနည်းနည်းလောက် စုံစမ်းဖို့ စိတ်ကူးထားတယ်”
“အာ..”
သူတောင်းစားဂိုဏ်းနှင့် ဆက်ဆံရေးကောင်းခြင်းက ယခုအခါတွင်မူ အတော်လေးပင် အကျိုးရှိသွားသည်ဟု ဘတ်ချုန်း ခံစားမိလေသည်။ မဟုတ်လျှင် သူတို့သတင်းအချက်အလက်အတွက် အတော်လေး ဒုက္ခရောက်ပေလိမ့်မည်။
“ဒါပေမယ့် ငါကြားဖူးသလောက်တော့ နန်မန်ရဲ့ သတင်းက သိပ်တော့ မရှိဘူး ပြောကြတာပဲ..
သူတောင်းစားဂိုဏ်းရောက်မှ အခြေအနေကြည့်ရတာပေါ့”
“ဟုတ်..သိပါပြီ”
“ငါ့အထင်တော့ သူတို့က သူတို့ရဲ့ နာမည်အတိုင်း တော်တော်လေးတော့ သန်မာကြမယ် ထင်တယ်…
သူတို့ က သားရဲတွေလိုပဲလို့ ပြောကြတယ်…ဒါပေမယ့် အဲ့တာတွေကလည်း အရင်တုန်းက သတင်းတွေပါ,…အခုအခြေအနေကိုတော့ ဘယ်သူမှ မသိကြဘူးထင်တာပဲ”
ထိုစကားကြောင့် တချိန်လုံး တိတ်ဆိတ်နေသော ချွန်းမြောင်က ဝင်ကာပြောလာလေသည်။
“တကယ်တော့ နန်မန်သားရဲနန်းတော်က ဘယ်လိုနေရာမျိုးလဲဆိုတာက အရေးမကြီးဘူး”
“အင်း”
“သူတို့က တိရစ္ဆာန်တွေလို ဖြစ်ရုံမကလို့ သရဲတစ္ဆေလိုပဲ ဖြစ်ဖြစ် အဲ့တာက အရေးမကြီးဘူး…အရေးအကြီးဆုံးက သူတို့ ဘယ်လောက်သန်မာကြလဲဆိုတာပဲ”
“အင်း”
ချွန်းမြောင်၏ စကားကို အားလုံးက ထောက်ခံသယောင် ခေါင်းငြိမ့်ပြကြလေသည်။
ဂျိုဂုကလည်း ခေါင်းငြိမ့်ထောက်ခံရင်းမှ ဝင်ကာပြောလာလေသည်။
“ကျွန်တော် ကြားဖူးတာကတော့ နန်းတော်ငါးခုကလည်း ဂိုဏ်းကြီးကိုးဂိုဏ်းလိုပဲ အစွမ်းထက်ကြတယ်လို့ ပြောတယ်”
“ငါလည်း အဲ့တာကို ကြားဖူးတယ်”
“ဒါဆို နန်မန်သားရဲနန်းတော်ကလည်း စွမ်းအားကြီးမှာပေါ့”
“အင်းပေါ့”
ဘတ်ချုန်းက သူ၏ခေါင်းကိုခါရင်း ဝင်ပြောလာလေသည်။
“အတိတ်မှာတုန်းကဆိုရင်တော့ အဲ့ဒီစကားက မမှားဘူး… ဒါပေမယ့် လက်ရှိက ဘယ်လိုအခြေအနေ ဖြစ်နေပြီလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူး…နန်းတော်ငါးခုကလည်း ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ ကျူးကျော်တာကို ခံလိုက်ရသေးတယ်မို့လား”
“အင်း…မြောက်ပိုင်းပင်လယ် ရေခဲနန်းတော် တစ်ခုပဲ မကျူးကျော်ခံရတာ”
“ဟုတ်တယ်”
ကောင်းကင်နတ်ဆိုးက ပြည်မကြီးထဲရှိ ဂိုဏ်းများကို အကုန်သိမ်းပိုက်ခဲ့သကဲ့သို့ ပြင်ပမှ နန်းတော်ငါးခုကိုလည်း အလွတ်မပေးခဲ့ပေ။ မြောက်ပိုင်းပင်လယ်သာလျှင် ဝေးလံခေါင်သီလှသော ခရီးလမ်းကြောင့် စစ်ဘေးဒဏ်မှ ကင်းလွတ်ခဲ့ခြင်း ဖြစ်လေသည်။ ထိုစစ်ဘေးတွင် လူပေါင်းများစွာ သေဆုံးခဲ့ပြီး သိုင်းပညာရှင်ပေါင်းများစွာလည်း ပျက်သုန်းခဲ့ရလေသည်။ နန်မန်သားရဲနန်းတော်သည်လည်း ထိုစစ်ဘေးမှ မကင်းလွတ်ခဲ့ပေ။
“ဆိုတော့ ထင်ထားတာလောက်တော့ ခက်ချင်မှပဲ ခက်တော့မှာပါ”
“အဲ့လိုဆိုရင်တော့ ကောင်းတာပေါ့…ဒါပေမယ့်လည်း”
ချွန်းမြောင်က နားထောင်နေရင်းမှပင် ရုတ်တရက် ရထားလုံးတံခါးကို ဖွင့်ကာ ခေါင်းကို အပြင်ထုတ်လိုက်လေသည်။
“ဗျို့ …လမ်းပြ လီ’
“ဟုတ်ကဲ့…ဂိုဏ်းသားချွန်းမြောင် ..ပြောပါ”
“အခုနားပြီး စားကြရအောင်လေ”
“ကျွန်တော်တို့ ခဏနေရင် ရွာတစ်ရွာကို ရောက်တော့မှာပါ…အဲ့ရောက်တော့မှ တစ်ခုခုစားရင် မကောင်းဘူးလား”
“ဟင့်အင်း…ဒီနေရာလေးက ရှုခင်းလှလို့ ဒီမှာပဲ ရပ်ချင်တာ”
“အာ…ဟုတ်ကဲ့…နားလည်ပါပြီ”
လီဘိုက ချွန်းမြောင်၏ ဆန္ဒအတိုင်းပင် လှည်းကို ရပ်ပေးလိုက်လေသည်။
အားလုံးကမူ ချွန်းမြောင်၏ ရထားလုံးကို ရပ်ခိုင်းလိုက်သည့် အကြောင်းရင်းကို သိနေကြသလိုပင် ခံစားလိုက်ရလေသည်။
“မင်း ဘာလို့ လှည်းကို ရုတ်တရက်ကြီး ရပ်ခိုင်းလိုက်ရတာလဲ”
“ကျွန်တော် လုပ်စရာလေးရှိလို့’
ချွန်းမြောင်က ခပ်ပြုံးပြုုံးကြီး လုပ်ကာပြောလေသည်.
“အားလုံးပဲ ဆင်းကြမယ်”
“…”
အားလုံးက တံတွေးကိုယ်စီ မြိုချကာ စိတ်ခံစားချက်များ ရုတ်တရက်ကြီး မကောင်းဖြစ်လာကြလေသည်။ ချွန်းမြောင်ကမူ ရိုးသားသူအပြုံးလေးကို ပြုံးထားဆဲပင်။
“ဘာတုန်း…မဆင်းကြတော့ဘူးလား”
“….”
တစ်ခုခုတော့ လွဲနေပြီ…တစ်ခုခုပဲ..
လူတိုင်းက အထုတ်ကိုယ်စီပိုက်ကာ လှည်းထဲမှ ထွက်လာကြလေသည်။ ဂျိုဂုတစ်ယောက်သာလျှင် သူ၏အထုတ်ကို လှည်းထဲတွင် ချန်ထားရစ်ခဲ့လေသည်။
ယွန်းဂျွန်က ဂျိုဂုအား မြင်သည်နှင့် လှမ်းကာမေးလိုက်လေသည်.
“’ပစ္စည်းတွေ ဘာလို့ လှည်းထဲမှာ ထားခဲ့တာတုန်း”
“သူက ရူးကြောင်ကြောင်နဲ့ လှည်းကို ပြန်ခိုင်းလိုက်မှာ ဆိုးလို့ပေါ့…အထုတ်တွေ ထားခဲ့တော့ သူ အဲ့လိုလုပ်လို့ မရတော့ဘူးလေ’
“မင်းက မင်းအထုတ်တွေသာ အဲ့ထဲမှာရှိရင် ချွန်းမြောင်က လှည်းကို ပြန်မလွတ်လောက်ဘူးလို့ ထင်နေတာလား”
“…”
“မင်းပစ္စည်းတွေ အကုန်ပါသွားမှ နောင်တမရနဲ့..”
ယွန်းဂျွန်၏ စကားကြောင့် ဂျိုဂုသူ၏ပစ္စည်းများကို ပြာပြာသလဲပင် ထုတ်ယူလိုက်လေသည်။
အားလုံးက အထုတ်ကိုယ်စီနှင့် အပြင်ရောက်လာပြီမို့ ချွန်းမြောင်က ခေါင်းကို တဆတ်ဆတ်ငြိမ့်ကာ ပြောလာလေသည်။
“ဒါနဲ့ ဘာလို့ အကုန်လုံးက အထုတ်ကိုယ်စီနဲ့ အပြင်ထွက်လာကြတာလဲ”
“ဟမ်…”
“ကျွန်တော်က အကိုကြီးတို့ကိုပဲ ဆင်းခိုင်းတာလေ…ဘာလို့ အထုတ်တွေပါ ယူလာကြတာလဲ”
‘အင်း…ဒါက…”
“နည်းပြ….”
ဖြေရခက်နေသော အဖြေကို မစောင့်တော့ဘဲ ချွန်းမြောင်က ဘတ်ချုန်းကို လှမ်းကာခေါ်လိုက်လေသည်။
“ဓါးသင်္ချိုင်းထဲမှာတုန်းက နည်းပြက ဘယ်လောက်တောင် ကျွန်တော့်အတွက် အကူအညီဖြစ်ခဲ့တယ်လို့ ထင်လဲ”
ထိုမေးခွန်းကြောင့် ဘတ်ချုန်း မျက်နှာတင်းသွားလေသည်။ ဤမေးခွန်းက အရှက်ကွဲသည့်မေးခွန်း မဟုတ်လင့်ကစား အရှက်ခွဲနေသကဲ့သိုပင်။ ကူညီရန် ခေါင်းစဉ်တပ်ကာ လိုက်ပါသွားသော သူတို့သည် ချွန်းမြောင်အတွက် အနှောင့်အယှက်သက်သက်မှ မပိုသည်ကို သူတို့အားလုံး သိကြပေသည်။
“ငါ….ငါ..”
အဖြစ်မှန်ကို မဖြေချင်သော်လည်း နှုတ်ခမ်းကိုကိုက်ကာသာ ဘတ်ချုန်း ဖြေလိုက်လေသည်။
“ငါက ဝန်ထုပ်ဝန်ပိုးပဲ ဖြစ်ခဲ့တာပါ”
ဘတ်ချုန်း ထိုသို့ဖြေလာမည်ကို ချွန်းမြောင်က မျှော်လင့်ထားပြီးသားပင်။
“ဟုတ်တယ်…အမှန်ပဲ”
သူ၏နည်းပြများနှင့် ဆရာတူအကိုကြီးများကို သိက္ခာကျလိုသည်မဟုတ်သော်လည်း အမှန်တရားကိုမူ ပြသရပေမည်။ အတိတ်မှ ချွန်းမြောင်အနေနှင့်မူ ဤသို့ လူပိုများကို ခေါ်မည်မဟုတ်သော်လည်း သူကမူ တမင်ပင် နှောင့်နှေးခံကာ ခေါ်ယူနေရသည့် အကြောင်းပြချက်က ရှိပေသည်။ ဤသို့ ကြမ်းတမ်းသော အန္တာရာယ်များကြားတွင် သူ ဤလူများကို သင်ကြားပေးနိုင်ပြီး ဤလူများမှတစ်ဆင့် အခြားသောဂိုဏ်းသားများကို သင်ကြားပေးနိုင်မည်ဟူသော ယုံကြည်ချက်ကြောင့်ပင်။
“ယန်နန်ဆိုတာ ဓါးသင်္ချိုင်းထက် အန္တာရာယ်များတဲ့ နေရာတစ်ခု…အခု အခြေအနေနဲ့ဆို အကိုကြီးတို့အားလုံး ဒီခရီးမှာ သေသွားနိုင်တယ်”
ချွန်းမြောင်၏စကားကြောင့် ဘတ်ချုန်း နှုတ်ခမ်းကိုက်လိုက်လေသည်။
“ငါတို့က အခုအခြေအနေအတွက် မသင့်တော်မှန်တော့ ငါတို့လည်း သိပါတယ်..ဒါပေမယ့် ငါတို့မှာလည်း ငါတို့အင်အားတွေကို ရုတ်တရက်တိုးတက်လာအောင် လုပ်နိုင်တဲ့နည်းလမ်းမှ မရှိတာ”
“မရှိဘူးလို့ ဘယ်သူကပြောတာလဲ”
“ဟမ်”
ချွန်းမြောင်က ပြုံးရင်းဆက်ပြောလာလေသည်။
“အကိုကြီးက စိတ်ဝိဉာဉ်ဖြတ်လတ်ခြင်းဆေးလုံးကိုလည်း စားထားတာပဲ..အဲ့ဆေးလုံးကိုသာ အပြည့်အဝစုပ်ယူလိုက်နိုင်ရင် အင်အားက ချက်ချင်းတိုးလာမှာပဲ”
ဘတ်ချုန်း ခေါင်းငြိမ့်ပြလိုက်လေသည်။ ဟုတ်ပေသည်။ ဆေးလုံး၏စွမ်းအင်ကို အပြည့်အဝစုပ်ယူလျှင် စွမ်းအင်က နှစ်ဆမက ခုန်တက်လာမည်က အမှန်ပင်။ သို့သော် ပြဿနာက သူတို့၏ ဒန်တျန်များသည် စွမ်းအင်များကို အလျင်စလို စုပ်ယူနိုင်စွမ်း မရှိခြင်းပင်။
“ငါ ဘယ်လောက်ပဲကြိုးစားကြိုးစား ငါ့အထင်တော့ ဆေးလုံးကို အပြည့်အဝစုပ်ယူဖို့ ခုနှစ်နှစ်လောက် ကြာမယ်ထင်တယ်..ခဏလေးနဲ့တော့ ရမယ်မထင်ဘူး”
“အိုး…ဒါအတွက်တော့ မစိုးရိမ်ကြပါနဲ့ …အကိုကြီးတို့ ခုနှစ်နှစ် မလိုပါဘူး…တစ်လဆို ရပါပြီ”
“တစ်လ…တစ်လ..”
ဘတ်ချုန်း ကြောင်အသွားလေသည်။
“တကယ်ကြီးလေ”
“ကျွန်တော်က လိမ်ရမယ့်အကြောင်းရှိလို့လား”
“တကယ်…”
“….””
“…”
လေထုက ရုတ်တရက်ကြီး သံသယအငွေ့များ ထွက်လာလေသည်။
“ဟုတ်ပြီ..ဟုတ်ပြီ…အရင်တုန်းကတော့ ကျွန်တော်လိမ်ပေမယ့် အခုကတော့ တကယ်..မလိမ်ဘူး”
“ငါလည်း အမှန်ပဲဖြစ်စေချင်ပါတယ်…ဒါပေမယ့် ဘယ်လိုလုပ်ပြီး အဲ့လောက်မြန်မြန်ကြီး စုပ်ယူနိုင်မှာလဲ…
မင်းမှာ ငါတို့ကို ကူညီနိုင်မယ့် နည်းလမ်းရှိလား”
“သေချာပေါက် ရှိတာပေါ့”
ချွန်းမြောင်၏ စကားကြောင့် အားလုံး၏ မျှော်လင့်ချက်အလင်းတန်းများက တောက်ပလာကြလေသည်။
“ဟုတ်ပြီ …ဒါဆို ဘယ်လိုလုပ်ရမှာလဲ…မင်းက ကူညီပြီး စုပ်ယူပေးမှာလား’
“အဲ့လို မဟုတ်ဘူး..အခုနည်းလမ်းက ပိုလွယ်တယ်”
“’ပိုလွယ်တဲ့နည်းလမ်း …ဟုတ်လား”
ဒီသောက်ကလေးက ဟုတ်ရောဟုတ်ရဲ့လား …မသိဘူး..
ဘတ်ချုန်းမှာ ချွန်းမြောင်မှာ ယုံရခက်ခက် ဖြစ်နေလေသည်. ။ လုံးဝယုံကြည်ကာ ဝကွက်အပ်လိုက်ရန်လည်း စိုးရိမ်နေပြီး အခွင့်အရေးကို လက်လွတ်ရမည်ကိုလည်း နှမြောနေလေသည်. ။သူ၏လောဘက ဤအခွင့်ရေးကို အမိအရ ဆုပ်ကိုင်လိုက်ရန် နှိုးဆော်လေနေ၏။
ဘတ်ချုန်းကမူ ဗျာများနေသော ကျန်လူများကမူ တွေးကာ စိုးရိမ်နေကြပြီဖြစ်လေသည်။
ဘုရားကယ်တော်မူကြပါ…ဒီကောင်တစ်ခုခု ကြံစည်နေတာ သေချာနေပြီ…
ဘာတုန်း…ဘာတုန်း…ဒီတစ်ကြိမ်က ဘာတုန်း..
ဟော..ဟော …ပြုံးပါ ပြုံးနေတာဆိုတော့ သေချာပေါက် ဆိုးဝါးတာ တစ်ခုခုပဲ ဖြစ်မှာ..
ချွန်းမြောင်နှင့် အချိန်အကြာဆုံးဖြတ်သန်းဖူးသည့် ယွန်းဂျွန်နှင့် ဂျိုဂုကမူ ဘုရားတနေကြပြီဖြစ်၏။
နောက်ဆုံးတွင်မူ ဘတ်ချုန်းက ဆုံးဖြတ်ချက်ချလိုက်ပြီဖြစ်သည်။
“ဟုတ်ပြီ…မင်းက ဘယ်လိုကူညီမှာလဲ”
အာရုံများနေသော ဘတ်ချုန်းက ယွန်းဂျွန်တို့အား မကြည့်မိဘဲ ချွန်းမြောင်နှင့် ပူးပေါင်းလိုက်လေတော့သည်။
“ဘာမှ ရှုပ်ရှုပ်ထွေးထွေး မရှိပါဘူး..ဒီတိုင်း ဟိုနည်းနည်း ဒီနည်းနည်း ဟိုထိဒီထိ လုပ်ရုံလေးပါပဲ”
“ရတယ်…အင်အားတိုးလာမှာဆိုရင် ဘာဖြစ်ဖြစ် ငါသည်းခံနိုင်တယ်”
“တကယ်နော်”
“အေး…ဟမ်…ဘာ”
“တကယ်နော်လို့ မေးတာ”
“…”
“အင်အားတိုးလာမယ်ဆို ဘာမဆို သည်းခံနိုင်တယ်ဆိုတာလေ”
“…”
တစ်ခုခုတော့ လွဲလာပြီထင်တယ်….
ငါ့ကို ဒီကလေး မဟုတ်တာ တစ်ခုခုတော့ လုပ်မှာမဟုတ်ဘူးမို့လား…
ချွန်းမြောင်က ဘတ်ချုန်းနားသို့ အပြုံးလေးနှင့် ကပ်လာလေသည်။
“ဟုတ်ပြီ…ဒီလိုရှေ့ရေးကို မျှော်တွေးတတ်တဲ့ စိတ်ဓါတ်ကို ကြိုက်တယ်..
နည်းပြက တွန့်ဆုတ်နေမှာကို ကျွန်တော်က စိုးရိမ်နေပေမယ့် အခုလို သတ္တိရှိနေတာ မြင်ရတော့ ရင်ထဲထိသွားပြီ”
သောက်ကျိုးနည်း ထူးဆန်းတာတွေ ပြောနေပါလား…
“နည်းပြ”’
“အင်း”
“နည်းပြ သွေးကြောဖွင့်တယ်ဆိုတာ ကြားဖူးလား”’
သွေးကြောဖွင့်တာလား..”
“ဟာ…ဒါလေးတောင် မသိဘူးလား…တကယ်လို့ ချီစွမ်းအင်တွေက မကြေတာဖြစ်ဖြစ် ပိတ်ဆို့နေတာဖြစ်ဖြစ် အဲ့လိုဖြစ်တဲ့အခါကျရင် လုပ်တာလေ…အဲ့ချီတွေ ပိတ်နေတဲ့ နေရာကို”
အာ…အဲ့တာလား..
နေပါဦး..သူက အခု ရုတ်တရက်ကြီး အဲ့ဒီအကြောင်း ပြောပြနေတာလား…
နေဦး..နေဦး …ငါထင်နေသလိုတော့ မဟုတ်ပါဘူးနော်…
ဟုတ်တယ်မို့လား..
ချွန်းမြောင်က တကိုယ်လုံးရှိ အကြောအချင်များကို တကျွတ်ကျွတ်မြည်အောင် ဆန့်နေလေပြီဖြစ်သည်။ လက်သီးကိုလည်း တင်းတင်းဆုပ်ကာ အားထည့်လိုက်သလိုပင်။
“နည်းပြ”
“….”
“အခုလို လုပ်ရတာ နည်းပြကို ကျွန်တော်နည်းနည်းလေးတောင် မုန်းလို့မှ မဟုတ်ဘူးဆိုတာ သိထားပါ…ကျွန်တော့်ရဲ့ လက်သီးချက်တိုင်းက အချစ်တွေနဲ့ပဲ ပြည့်နေတယ်ဆိုတာ နားလည်ပေးပါ”
ချွန်းမြောင်၏ မျက်လုံးများက တလက်လက်တောက်ပလာလေသည်။
“အခုလိုလုပ်ရတာဟာ လုံးဝလူမှုရေး ခံစားချက် လုံးဝမပါပါဘူးဆိုတာ နည်းပြယုံပေးပါ…ဒီက ညီလေးရဲ့ မေတ္တာတွေကို လက်သီးချက်ကတဆင့် ခံစားမိနိုင်ပါစေ”
“….”
ဘတ်ချုန်း သူ့ဆီသို့ ပြေးဝင်လာသော ချွန်းမြောင်ကို ကြည့်ကာ မျက်ရည်များပင် ဝဲလာလေသည်။
အိုး ..ကောင်းကင်က နတ်မင်းအပေါင်းတို့..
ကျေးဇူးပြု၍ ဒီခွေးသားကို အပြစ်လေး ပေးပေးပါ….
အပိုင်း (၁၇၉)
အလကားဖြစ်သွားတာထက်စာရင် သေသွားတာကမှ ကောင်းဦးမယ်(၄)
“ဆိုတော့…”
ဟိုဒိုဂျင် လက်ထဲမှ လက်ဖက်ရည်ခွက်ကို စားပွဲပေါ်သို့ တင်လိုက်လေသည်။.
“မင်းက ဟွာဆန်းက ကလေးတွေရဲ့ အဟားခံဘဝနဲ့ ပြန်လာခဲ့ရတာလို့ ပြောချင်တာလား”
ဟို ခေါင်းဆောင်ကမူ ဂိုဏ်းချုပ်၏ စကားကို အဖြေမပေးဘဲ မျက်စိမှိတ်ကာသာ နားထောင်နေရလေသည်။
“ဟို ခေါင်းဆောင်’
“ဟုတ်ကဲ့ပါ..ဂိုဏ်းချုပ်”
“ဒါက ထူးဆန်းမနေဘူးလား… ရှက်စရာဆိုလည်း ဟုတ်တယ်…ဒါပေမယ့် ကြည့်ရတာ ဟိုခေါင်းဆောင်ရဲ့ မျက်နှာမှာ ရှက်နေတာမျိုးလည်း မရှိပါလား…ဒါကို ကျွန်တော် ဘယ်လိုမျိုး ဆက်လုပ်ရမလဲ”
ဟို ခေါင်းဆောင် ဂိုဏ်းချုပ်၏ ပြစ်တင်ခနဲ့စကားကြောင့် သက်ပြင်းရှည်ကြီး ချလိုက်လေသည်။
“ဂိုဏ်းချုပ်”
“ပြောပါဦး”
“ကျွန်တော် မရှက်ရတဲ့အကြောင်းအရင်းက ကျွန်တော်တတ်နိုင်သမျှ အကောင်းဆုံး လုပ်ခဲ့လို့ပါ”
“…”
“ကျွန်တော်က ကပျက်ကချော်နဲ့ လုပ်မိခဲ့သော်လည်းကောင်း၊ အရည်အချင်းမပြည့်ဝလို့သော်လည်းကောင်း ရှုံးနိ့မ်ခဲ့တယ်ဆိုရင်တော့ ဒါက ကျွန်တော်ရှက်သင့်တာ မှန်ပါတယ်…အဲ့လိုဆိုရင် ကျွန်တော်က ဂိုဏ်းချုပ်ဆီက အပြစ်ပေးခံရဖို့ကိုတောင် တောင်းဆိုမှာပါ…ဒါပေမယ်…”
“ကျွန်တော် အတတ်နိုင်ဆုံး ကြိုးစားခဲ့ပါတယ်… ဒါကြောင့် ဘာမှ ရှက်နေစရာ မရှိပါဘူး… ကျွန်တော် ခွန်အားနည်းနေတာကလွဲရင် အားလုံးအကောင်းဆုံးကြိုးစားခဲ့တဲ့အတွက် လိပ်ပြာလုံပါတယ်”
“သိပြီ’
ဟိုဒိုဂျင်က မျက်မှောင်ကြုတ်ကာ ပြောလိုက်လေသည်။
ဟိုခေါင်းဆောင်ဆိုသည်က ယုံကြည်ချက်ရော စွမ်းအားပါ ပြင်းထန်မြင့်မားသူတစ်ယောက်ဖြစ်လေသည်. ။ ထို့ကြောင့်လည်း ဝူတန်ဂိုဏ်း၏ အားကိုးယုံကြည်ရဆုံး လူများထဲမှ တစ်ယောက်လည်း ဖြစ်လေ၏။ ထို့အပြင် ရင်ဆိုင်ရန်လည်း မလွယ်ကူသော သိုင်းပညာရှင်တစ်ယောက်ဖြစ်လေသည်။
“ကျွန်တော် ဓါးသင်္ချိုင်းကို သွားခဲ့ပြီး လက်ဗလာနဲ့ ပြန်လာခဲ့ရလို့ ပြန်ရတာက ဟားတိုက်ခံရခြင်းတွေပဲ…ဒါပေမယ့် ကျွန်တော် မရှက်ပါဘူး…”
ဟိုဒိုဂျင်က လက်ဖက်ရည်ခွက်ကိုကောက်ကာ တစ်ငုံငုံလိုက်ပြီးမှ သက်ပြင်းရှည်ကြီးကို ချလိုက်လေသည်။
“မင်းပြောချင်တာကို ငါနားလည်ပါပြီ’
“ဂိုဏ်းချုပ်”
“ဓါးသင်္ချိုင်းထဲမှာ ဘာမှ ရှိမနေခဲ့လို့ မင်းဘာမှ ရမလာတာကို ငါသိပါပြီ…ဒီလိုတာ အမှန်ဆိုရင်တော့ ဒါကလည်း မင်းအပြစ် မဟုတ်ပါဘူး..”
“ကျွန်တော် တောင်းပန်ပါတယ်’
“မင်း တောင်းပန်စရာ မလိုပါဘူး”
ဟိုဒိုဂျင် ထိုသို့ပြောလိုက်သော်လည်း နှုတ်ခမ်းကတော့ ခါးသီးစွာ ပြုံးနေလေသည်။
“မတော်လောဘက ဒေါသကို ဖြစ်စေတတ်တယ်…
ငါတို့ ဝူတန်ဂိုဏ်းက ပြည့်စုံသင့်သလောက် ပြည့်စုံနေပြီးသားကို ငါတို့က လောဘတက်မိကြတယ်…မထားသင့်တဲ့ လောဘကို ငါထားမိတဲ့အတွက် မင်းတို့တွေကို အန္တာရာယ်တောထဲကို ငါတွန်းပို့မိသလို ဖြစ်သွားခဲ့တယ်… ငါတောင်းပန်ပါတယ်…ဒါက ငါ့အမှားပါ”
“ဒါက ဘယ်လိုလုပ် ဂိုဏ်းချုပ် အမှားဖြစ်ရမှာလဲ…”
“ဟုတ်တယ်…ဒါက ငါ့အမှား…ငါ ဝိသမလောဘ ထားမိသွားတယ်…ယာ့ဆွန်းရဲ့ ဆေးလုံကို ငါလောဘတက်မိသွားတာ… အဲ့လူဖန်တီးထားတဲ့နေရာဟာ ဘယ်လိုနေရာဆိုတာ နည်းနည်းလေးမှ ငါမတွေးဘဲ မင်းတို့ကို အန္တာရာယ်ထဲ ပို့မိသွားတာပါ”
ဟိုဒိုဂျင် လွန်ခဲ့သော နှစ်နှစ်ရာခန့်က သေဆုံးသွားသော လူတစ်ယောက်၏ မသေချာမရေရာသော ဆေးလုံးများကို လောဘတက်ကာ ထောင်ချောက်မိသွားသော မိမိကိုယ်ကို တွေးမိ၍ ရယ်လိုက်လေသည်။
“သူက သိုင်းပညာဆိုတာ အဆုံးသတ်မှာတော့ ဘာမှမဟုတ်ဘူးဆိုတာကိုပဲ ပြသချင်ခဲ့တာလား…
ဒါက သေဆုံးသွားတဲ့အချိန်မှာ ဘာမှချိန်မထားခဲ့တဲ့ လူတစ်ယောက်ရဲ့ နောက်ဆုံးစကားတဲ့လား”
ဟိုခေါင်းဆောင်ကမူ မသိနိုင်စွာနှင့်ပင် ခေါင်းခါပြလိုက်လေသည်။
ဟိုဒိုဂျင်၏ စိတ်ထဲတွင် မကျေလည်သောအရာများရှိနေသော်လည်း ဟိုခေါင်းဆောင်းအား ထုတ်ကာမပြောတော့ပေ။ တချို့သောအရာများသည် အချိန်တစ်ခုမရောက်ခင်အချိန်ထိ လျှို့ဝှက်ထားသည်က အကောင်းဆုံးပင်။ သူ မျက်စိကိုမှိတ်ကာ အတွေးများကိုသာ တစ်စချင်း ဆွဲယူဆက်စပ်နေလေသည်။
နောက်ဆုံးတွင်မူ အဖြေရသွားဟန်နှင့် ဟိုခေါင်းဆောင်အား လှမ်းကာမေးလိုက်လေသည်။
“ဒါပေမယ့် တစ်ခုတော့ ရှိတယ်”
“ဟုတ်ကဲ့”
“နားမလည်နိုင်ဘူး ဖြစ်နေတာတစ်ခုခုပေါ့… အဲ့ဒီဟွာဆန်းဂိုဏ်းက ကလေးက မင်းနဲ့ လက်ရည်တူတယ်လို့ ပြောလိုက်တာနော်…ဟုတ်တယ်မို့လား”
“ဟုတ်ပါတယ်’
ဤအရွယ်လေးနှင့် ဟိုခေါင်းဆောင်ကိုပင် ယှဉ်နိုင်သည်ဆိုပါက ထိုကလေးသာ အရွယ်ရောက်လာပါက မည်သူမျှ ယှဉ်နိုင်သည့်သူ ရှိမည်မဟုတ်တော့ပေ။
“ပါရမီရှင်လား”
“သူက မကောင်းဆိုးဝါးလို ပါရမီရှင်မျိုးပါ”
“ဆက်ပြီးတော့ တိုက်မယ်ဆိုရင်တော့ ကျွန်တော် နိုင်မယ်လို့ ယုံကြည်ချက်ရှိပါတယ်..ဒါပေမယ့် ဆက်တော့ မတိုက်ဖြစ်ခဲ့ပါဘူး”
“ဟုတ်တာပေါ့…မင်းနိုင်တယ်ဆိုတာက ဖြစ်သင့်တာပဲလေ”
“ဒါပေမယ့် ပြဿနာက သူ့ကို နိုင်အောင် ဘယ်လောက်ကြာကြာတိုက်ရမယ်ဆိုတာ ကျွန်တော်ကိုယ်တိုင်လည်း မသိတာပါပဲ”
“သူက မင်းနဲ့တကယ့်ကို လက်ရည်ညီနေတာလား”
“ဟုတ်ပါတယ်”’
အင်အားနှင့် ဝါ ကွာခြားမှုကြီးက အဖိုးနှင့်မြေးပမာ ကွာခြားနေသည်ကိုပင် အသေအကြေတိုက်ခိုက်ရမည်ဆိုသည်က တစ်ခုခုတော့ လွဲနေသည်ဟု ဟိုဒိုဂျင် ခံစားရလေသည်။
“အင်း…မင်းပြောသလိုဆို ဟွာဆန်းက တတိယတန်းကလေးတစ်ယောက်က ဝူတန်ရဲ့ အကြီးအကဲတစ်ယောက်ကိုတောင် လက်ရည်ညီသတဲ့လား…မင်း မုဂျင် အဲ့ကလေးကို ရှုံးခဲ့တယ်ဆိုတုန်းက ဘယ်လိုတောင် ရယ်ခဲ့တာတုန်း”
“ဟွာဆန်းမှာ မကောင်းဆိုးဝါးလို ပါရမီရှင်လေး ရှိနေပြီပေါ့”
ဟိုဒိုဂျင် အတွေးတို့ကြောင့် တုန်လှုပ်သွားပြီး ရေနွေးခွက်ကို တတောက်တောက် ခေါက်နေလေသည်။ဟိုခေါင်းဆောင်ကမူ အတွေးများနေသာ ဂိုဏ်းချုပ်ဖြစ်သူကို ကြည့်ကာ တိတ်တဆိတ်သာ နေနေလေသည်။ ရေနွေးတစ်ခွက်မှ အေးနိုင်သည့်အချိန်သို့ ရောက်သောအခါတွင်မူ ဟိုဒိုဂျင် ကပြောလာလေသည်။
“ဟိုခေါင်းဆောင်..ပြန်လို့ ရပါပြီ”
“တကယ်ပြန်လို့ အဆင်ပြေပါရဲ့လား”
“မင်း ဘာပြောချင်တယ်ဆိုတာ ကျွန်တော်သိပါတယ်…တကယ်လည်း ပြန်လို့ ရပါတယ်… အတိတ်မှာတုန်းက ဟွာဆန်းက ကျော်ကြားတဲ့ ဂိုဏ်းတစ်ဂိုဏ်းဖြစ်ခဲ့တယ်ဆိုပေမယ့် ဝူတန်ကိုတော့ ကျော်နိုင်ခဲ့တာ မဟုတ်ပါဘူး..
တကယ်လို့ ဝူတန်ကို ထိပါးလာမယ်ဆိုရင်တော့ ဒါက လျစ်လျူရှုထားလို့ မရတဲ့ကိစ္စဖြစ်သွားပါပြီ”
“ပြီးတော့ ပါရမီရှင်တစ်ယောက် အစွမ်းရှိတယ်ဆိုတာ အကန့်အသတ်တစ်ခုရှိပါတယ်…အထူးသဖြင့် ပြိုလဲပျက်ဆီးနေတဲ့ဂိုဏ်းက ပါရမီရှင်ဆိုရင်တော့ ပိုဆိုးတာပေါ့… ဒါပေမယ့်လည်း ကိစ္စမရှိပါဘူး…ဘယ်လိုပဲ ပါရမီရှင်ကြီးဖြစ်နေပါစေ သူ့ရဲ့ ပျက်စီးနေတဲ့ဂိုဏ်းကပဲ သူ့ကို ဆွဲချသွားမှာပါ”
“သူက သာမန်ကလေးတစ်ယောက် မဟုတ်ပါဘူး..
သူရဲ့ သိုင်းပညာစွမ်းရည်အပြင် သူရဲ့ ဆုံးဖြတ်မှုလည်း ကောင်းသလို သိသာတဲ့ ထူးခြားမှုတွေလည်း ရှိပါတယ်”
“မင်း အဲ့ကလေးကို တော်တော်လေး လေးစားနေတာကိုတော့ ငါသိပါတယ်”
ဟိုခေါင်းဆောင်က ခေါင်းငြိမ့်ပြလိုက်လေသည်။
“ကျွန်တော် သူ့ကို ဝူတန်ဂိုဏ်းကို ပြောင်းခဲ့ဖို့ တတ်နိုင်သမျှ မဲဆွယ်ခဲ့ပါတယ်”
“အဲ့လို အခြေအနေမှာတောင်လေ..”
“ကျွန်တော်က သူ့ကို ဝူတန်မှာ ဒုတိယတန်းတပည့်အဖြစ် ထားမယ်…ခေါင်းဆောင်ရဲ့ တပည့်အဖြစ် ထားပေးမယ်လို့တောင် ပြောခဲ့တာပါ”
ထိုစကားကြောင့် ဟိုဒိုဂျင် မျက်မှောင်ကြုတ်သွားလေသည်။
ဟိုခေါင်းဆောင်က အကြီးအကဲတစ်ယောက်ဖြစ်၍ စိတ်ကြိုက် ဂိုဏ်းသားခေါ်ယူခွင့်ရှိသော်လည်း ပထမတန်းတပည့်အဆင့်ကို ပေးခြင်းကမူ လွန်လွန်းလှပေသည်။ အစဉ်အလာတွင် မရှိခဲ့သော ဖြစ်ရပ်မျိုးဖြစ်လေသည်။ ထို့ကြောင့်ပင် မျက်မှောင်ကြုတ်သွားခြင်းပင်. ။လွန်လွန်ကြူးကြူး ကမ်းလှမ်းမှုကို ပြုလုပ်ခဲ့လေသည် မဟုတ်လား။
“အဲ့တာတောင်မှ အဲ့ကလေးက ငြင်းတာကို ခံလိုက်ရပါတယ်”
“….”
“သူက သူ့ကိုယ်သူ မြှင့်တင်နေတာပဲ…ဒါပေမယ့် အဲ့လိုလူက ဂိုဏ်းတစ်ခုလုံးကိုတော့ ဆွဲတင်နိုင်မှာ မဟုတ်ဘူး…
ဂိုဏ်းတစ်ဂိုဏ်းဆိုတာက လူတွေအများကြီး အတူတကွ လက်တွဲခေါ်ဆောင်ရတဲ့အရာမျိုး…တစ်ယောက်တည်း ကွက်ပြီး ထူးချွန်နေရုံနဲ့ အရာမထင်ဘူး…သူတို့ဂိုဏ်းက ဒါမျိုးလည်း လုပ်နိုင်မှာ မဟုတ်ပါဘူး”
“သူတို့ ဟွာဆန်းတိုးတက်လာတာကို ကျွန်တော်တို့ အခုကနေစပြီး စောင့်ကြည့်သင့်နေပြီ”
“ဂိုဏ်းချုပ်…ကျွန်တော်လည်း ဒီကလေးနဲ့ ပတ်သက်ပြီးတော့တော့ စိုးရိမ်ပါတယ်”
ဟိုဒိုဂျင်က ခေါင်းခါပြလေသည်။
“သိပ်မစိုးရိမ်ပါနဲ့ …မင်း နောက်တစ်ကြိမ် အဲ့ကလေးကို ထပ်တွေ့ရတဲ့အချိန်ကျရင် ဒီနေ့ ငါပြောတာကို နားလည်လာမှာပါ…အခုတော့ စိတ်အေးအေးထားပါ”
ဟိုခေါင်းဆောင် ခေါင်းငြိမ့်ပြလိုက်လေသည်။
“ကောင်းပါပြီ”
“အခုတော့ မင်းကိုယ်မင်း အနားပေးပါဦး… မင်းလည်း အများကြီးပင်ပန်းထားတာကို”
“ဟုတ်ကဲ့ပါ…ဂိုဏ်းချုပ်”
ဟိုခေါင်းဆောင်က မတ်တပ်ထရပ်ကာ အရိုအသေပေးလိုက်လေသည်။ အခန်းပြင်သို့ ထွက်ရန်ပြင်လေပြီးမှ ရုတ်တရက် သတိရသွားဟန်နှင့် ပြန်ဝင်လာလေသည်။
“ဒါနဲ့”
“အင်း”
“တကယ်လို့ အဲ့ကလေးက ဂိုဏ်းချုပ်ပြောသလိုမဟုတ်ဘဲ ဂိုဏ်းကိုပါ ဆွဲခေါ်နိုင်တဲ့သူ ဖြစ်ခဲ့ရင်ရော”
“ဂိုဏ်းကို ဦးဆောင်နိုင်တဲ့ကလေး ဖြစ်ခဲ့ရင်လား”
“အင်း”
ဟိုဒိုဂျင်က အနည်းငယ်စဉ်းစားဟန် ပြုလိုက်ပြီးမှ ဖြေလိုက်လေသည်။
“အဲ့လိုမဖြစ်နိုင်ပါဘူး… သူက အဲ့လိုဂိုဏ်းကို ဆွဲခေါ်ရမှန်းသိရင်တောင် လုပ်နိုင်မှာ မဟုတ်ဘူး…
အရည်အချင်းတစ်ခုထဲ ရှိရုံနဲ့ အရာအားလုံး ဖြစ်လာတာမှ မဟုတ်တာကို …မစိုးရိမ်ပါနဲ့…မင်းရဲ့ စိတ်ကို လျော့ထားပါ”
“ကျွန်တော် သိပါပြီ”
ဟိုခေါင်းဆောင် အခန်းထဲက ထွက်သွားသည်နှင့် ဟိုဒိုဂျင် ရေနွေးခွက်ကို ကောက်ယူကာ သောက်လိုက်လေသည်။ အရာရာမွဲပြာကျနေသော ဂိုဏ်းအား မည်သို့သော ပါရမီဖြစ်နေပါစေ ဆွဲမထူနိုင်ပေ။ ဂိုဏ်းတစ်ဂိုဏ်း အား မြှင့်တင်ရန်က အတွေ့အကြုံ ၊ ငွေ၊ အဆက်အသွယ် အရာအားလုံးပင် လိုအပ်လေပြီး မနူးမနပ်ကလေးတွင် အခြားအရာများအားလုံးရှိလျှင်ပင် အတွေ့အကြုံက ရှိမည် မဟုတ်ပေ။ ထို့ကြောင့် မည်သို့ပင် စဉ်းစားစေကာမူ ဟွာဆန်းအောင်မြင်လာမည်ဆိုသည်က မဖြစ်နိုင်သောကိစ္စပင်။
ဟိုဒိုဂျင် မိမိ၏အတွေးကို သဘောကျစွာ ပြုံးလိုက်လေသည်။
ဒါကြီးကတော့ လွန်လွန်းပါတယ်ကွာ…
အလွန်အကြူး..
ဘမ်း…
“အား”
ဂျိုဂု တစ်ယောက် နာကြင်သွားသော ဂုတ်ကို လက်နှင့်ပွတ်လိုက်လေသည်။
ပြင်းထန်သော ရိုက်ချက်ဖြစ်သော်လည်း ကျိုးတော့ မသွားပေ။ တော်သေးသည်။
သူ၏ အရိုက်ခံရသော လည်ပင်းလေးကျိုးသွားလေမလားဟု စိတ်ပူမိသော်လည်း ကံကောင်းစွာပင် မကျိုးပေ။
နာကြင်ခြင်းကသာ နှိပ်စက်နေလေသည်.
“အား”
သေပါပြီ…အား..
ဂျိုဂု သူ၏မေးကို ပွတ်ကာ မြေပြင်ပေါ်တွင် လှိမ့်ချလိုက်လေသည်။
လူးလှိမ့်နေသော ဂျိုဂုကို ကြည့်ကာ ချွန်းမြောင်ကတော့ စုပ်တသပ်သပ်ပင်။
“ကြည့်ပါဦး… ဘယ်လောက်တောင် ရှက်စရာကောင်းလိုက်သလဲ”
ဂျိုဂု ဆူပုတ်သွားလေသည်။
ကြည့်ပါဦး …ဟုတ်လား..
‘ရှက်စရာ ဟုတ်လား..
သေအောင်ရိုက်တာ မင်းလေ…
ငါဖြင့် မေးပြုတ်ပြီတောင် ထင်တာကို…
“အငိုသန်တဲ့ကလေးလို လုပ်နေတာ တော်လိုက်ပါတော့ …ကျွန်တော်ထိုးတာက အကိုကြီးကို ချစ်လို့ပါ”
ချီးကိုပဲ ချစ်..
သေမတတ်နာအောင် ထိုးတဲ့အချစ်မျိုး ဘယ်မှာ ရှိလို့လဲ…
နောက်တစ်ခါတော့ ချစ်တယ်ဆိုတာကို ကြောက်သွားပြီ …ချီးပဲ….
ဂျိုဂု မျက်ဖြူလှန်လိုက်ပြီးမှ ထလာလေသည်။
အားလုံးက ဂျိုဂုနည်းတူပင် ဂုတ်ကို တချက်စီရိုက်ခံရသည်ပင်။
ဒီသောက်ကလေးဆီကနေတော့ လွတ်မယ့်လမ်းဆိုတာလည်း ရှိမယ် မထင်ဘူး…
အားလုံးက စိတ်ကိုပြင်ဆင်ထားလိုက်ကြရလေသည်။ ထိုးလျှင်လည်း ခံရမယ် ထားလျှင်လည်း နေရမည် ပင်။ သူတို့ ငြင်းဆန်၍ မရပေ။ အားလုံးက ဤကလေး၏စိတ်ကြိုက်ပင်။
ထို့နောက်တွင်မူ…
“ဟာ…အဲ့လိုကြီး လုပ်မနေပါနဲ့ …တစ်ချက်ပဲ ထိုးမှာ…တကယ်တစ်ချက်ပဲ ထိုးမှာပါဆိုမှ”
ဂျိုဂုက သူ့ထံပြေးဝင်လာသော ချွန်းမြောင်ကို ကြည့်ကာ မျက်စိကို မှိတ်ထားလိုက်လေသည်။ ချွန်းမြောင်ကမူ ပြုံးရွှင်မြူးနေလေသည်.။ လူယုတ်မာများ ပြုံးနေလျှင် ပိုကြောက်ရသည်ဟူသော စကားက မှန်လှပေသည်ဟု ဂျိုဂု စိတ်ထဲတွင် တွေးမိသွားလေသည်။ ယခုလည်း မကောင်းဆိုးဝါးလေးက ပြုံးပြုံးရယ်ရယ်နှင့်ပင် သူတို့အား ညှင်းပန်းနှိပ်စက်နေသည် မဟုတ်ပါလား…
“ဟုတ်ပြီ…ဟုတ်ပြီ..လာခဲ့စမ်းပါ”
ဘမ်း..
“နောက်တစ်ချက်ကတော့ ကျောလေးပေါ့ဗျာ”
ဘမ်း…
“ဆရာတူအကိုကြီး…အကိုကြီး”
“ဘာလဲ”
“ခြေဖဝါးလေးတွေ ရောပဲ”
အဆုံးသတ်တွင် ဂျိုဂု မျက်ရည်ဘူးသီးလုံးလောက် ကျလာလေတော့သည်။
ခြေထောက်ကလည်း အရိုက်ခံရ၍ ရဲရဲပင် နီနေလေပြီ ဖြစ်သည်။
“ခြေကောက်ဝတ် ၊ လက်ကောက်ဝတ်၊ ခြေကျင်းဝတ် ..”
ရုတ်တရက်ပင် အဆစ်အမြစ်ပေါင်းများစွာရှိသည့် လူ့ခန္ဓာကြီးကို ဂျိုဂု စိတ်နာမုန်းတီးသွားလေသည်။
“အား..”
ဂျိုဂု အော်ဟစ် ငိုယိုနေရာမှ ဣန္ဒြေထိန်းရန် ပြင်လိုက်သော်လည်း ကျောပြင်သို့ နောက်ထပ်ရိုက်ချက်တစ်ချက်က ကျလာလေသည်။
‘အား”
ကျယ်လောင်လှသော အော်သံအဆုံးတွင်မူ ဂျိုဂုက ထွက်ပြေးသွားလေတော့သည်။
“နောက်တစ်ယောက်”
နောက်ထပ် အလှည့်ကျလာသည့် သူက ယုရီဆိုးပင်။ တစ်ဦးတည်းသော မိန်းကလေးပေမို့ သက်ညှာခံရမည်မျိုးကို သူ မလိုချင်ပေ။ ထို့အပြင် ဤမျှလောက်သော နာကြင်မှုကိုလည်း ခံနိုင်ရည်ရှိမည်ဟု ယုံကြည်သောကြောင့် ဝင့်ကြွားစွာပင် ပြောလိုက်လေသည်။
“ငါ့ကို မိန်းကလေးဆိုပြီး သက်သက်ညှာညှာ မလုပ်လိုက်ပါနဲ့….”
ဘမ်း…
“ဟမ်..ဘာလဲ”
“ဘာမှ မဟုတ်ဘူး..ရတယ်”
ယုရီဆိုးက ဓါးကိုဆွဲကာ ထုတ်လိုက်ပြီး ချွန်းမြောင် လည်ပင်းပေါ်သို့ တင်လိုက်လေသည်။ သူမအား ရိုက်သည်နှင့် ခုတ်တော့မည့်အလားပင်။
“ဝိုး…အမကြီးရဲ့ သတ်ချင်ဖြတ်ချင်စိတ်ကြီးကတော့,,,,”
ယုရီဆိုး၏ ဓါးချက်ကို ချွန်းမြောင်က အသာလေးပင် လှည့်ရှောင်လိုက်ပြီး ယုရီဆိုးအား တကိုယ်လုံးကို တချက်ရိုက်လိုက်လေသည်။
“အလင်းလိုခြေလှမ်းဆိုတာ အမကြီးက ဘာမှန်းမသိသေးဘူး ထင်တယ်”
“အလင်းလို မြန်တယ်ဆိုတာနဲ့ အားအင်ကို စတေးပြီး အသုံးချတာကို ခန္ဓာကိုယ်ကိုရော ချီစွမ်းအင်ကိုပါ အပြည့်အဝ ထိန်းချုပ်နိုင်မှ အဆင်ပြေတာမျိုး… ဒါပေမယ့်အခု အမကြီး ဓါးကိုင်နေတာက သုံးနှစ်ကလေး ဓါးကိုဆော့နေသလိုပဲ”
“အား”
ယုရီဆိုးက ဓါးကို လွဲကာဝင်လာသော်လည်း ချွန်းမြောင်က ကာလိုက်သည်မို့ ပြန်ကန်ကာ ထွက်လာလေသည်။
“ကဲ…ကျောပြင်”
ချွန်းမြောင်က ယုရီဆိုးအား တခြားသူများနည်းတူပင် ဆယ့်နှစ်ချက်ရိုက်လိုက်ပြီးမှ ကျောပြင်ကိုရိုက်ကာ လှည့်လိုက်လေသည်။
“နောက်ဆုံး ရိုက်ချက်လေး”
ယုရီဆိုး လဲပင်ကျသွားလေသည်။
“ဒါဆို အခုက ငါတို့ ပြီးသွားပြီပေါ့ ဟုတ်လား..သွေးကြောဖွင့်လို့က”
ဘတ်ချုန်း၏ ထိုအမေးစကားကြောင့် ချွန်းမြောင် တောက်တောက်ပပကြီး ပြုံးပြလိုက်လေသည်။
“ခဏလောက်နားပြီးရင် ပြန်စကြတာပေါ့နော့်”
“ဒီခွေးသားကတော့..’
“မင်းက လူရော ဟုတ်ရဲ့လား…ဟမ် ..ပြောစမ်း”
“အိုး..ဘိုးဘေးတို့..ကျွန်တော့်မှာ ဘာအပြစ်ရှိလို့ ဒီလိုကောင်မျိုးနဲ့ ဆရာတူညီအကိုတွေ ဖြစ်နေရတာလဲ…”
မြေပြင်ပေါ်တွင် လူးလှိမ့်ကာ အော်ဟစ်နေကြသော သူ၏ဆရာတူအကိုကြီးများကို ကြည့်ကာ ချွန်းမြောင် ရယ်လိုက်လေသည်။
“ဟားဟား…အကိုကြီးတို့ အသံကတိုးလွန်းလို့ ဘာပြောနေမှန်း ကျွန်တော်တော့ မကြားရပါဘူး’
ချွန်းမြောင်ကမူ နားဖာချေး ကလော်ဟန်လုပ်ကာ ရယ်နေလေသည်။
ထိုမြင်ကွင်းကို ကြည့်ကာ လီဘိုကမူ အသိတရားရသွားလေသည်။
ဒါကြောင့်မို့ သခင်လေးက သူ့ကို သတိထားနေဖို့ ငါ့ကို မှာလွတ်လိုက်တာကို …..
အပိုင်း (၁၈၀)
အလကားဖြစ်သွားတာထက်စာရင် သေသွားတာက ကောင်းဦးမယ် (၅)
နောက်တစ်ရက်တွင် ဖြစ်သည်။
ယွန်းဂျွန် နိုးလာလေ၏။
ငါ ဘာလို့ ဒီနေရာမှာ အိပ်နေတာလဲ…
စဉ်းစားလိုက်သည်နှင့် အဖြစ်ပျက်များက တန်းစီကာပင် ပေါ်လာလေသည်။
“အား..ဟုတ်သားပဲ”
မနေ့က ချွန်းမြောင်က ရူးလောက်ဖွယ်ရာ ရိုက်ချက်များအပြီးတွင် သူတို့အားလုံး နာကြင်လွန်း၍ သတိလစ်မေ့မြောသွားကြခြင်းပင်။
ငါ မထချင်တော့ဘူး…
ယွန်းဂျွန် နိုးလာပြီဖြစ်သော်လည်း အိပ်နေရာမှ မထသေးဘဲ အတွေးတို့ကိုသာ ဖြန့်ကျက်နေမိလေသည်။ မနေ့က သူတို့အားလုံး အတော်လေးပင် ပင်ပန်းသွားကြလေသည်။
“အင်း”
ယွန်းဂျွန် သူ၏ခေါင်းကိုခါလိုက်ပြီး ထဟန်ပြင်လိုက်သည်နှင့် ငိုသံသဲ့သဲ့ကို ကြားလိုက်ရလေသည်။
ငိုနေတာလားဟ..
ယွန်းဂျွန် ခေါင်းထောင်လိုက်လေတော့ ငိုသံက ပိုမိုကာ ပြတ်သားလာလေသည်။ ယွန်းဂျွန် ငိုသံလာနေသည့်နေရာကို ပြူးပြူးပြာပြာပင် ရှာမိလေတော့သည်။
အသံထွက်ကာ ရှိုက်ကြီးတငင်ငိုနေသူက တခြားသူ မဟုတ်ပေ ဂျိုဂုပင်။ ဂျိုဂုက အသည်းအသန်ပင် ငိုကြွေးနေသည်မို့ ယွန်းဂျွန် စိတ်ပူသွားပြီး ဂျိုဂုနားသို့ အပြေးအလွှားပင် သွားကာမေးလိုက်လေသည်။
“ဂု..ဂု ..ဘာဖြစ်လို့လဲ…တစ်ခုခု အဆင်မပြေလို့လား”
“ဟီးအီး….အီး…ဆရာတူအကိုကြီး”
“အင်း..ပြော …ဘာဖြစ်တာလဲ…ဒဏ်ရာရထားလို့လား”
ဂျိုဂုဆိုသည်က လေ့ကျင့်ခန်းအပြင်းအထန် လုပ်ရချိန်တွင်ပင် မျက်ရည်ကျသော သူမဟုတ်ပေ ။အံကြိတ်ကာသာ တင်းခံတတ်သူမို့ ယခုကဲ့သို့ အသည်းအသန်ငိုနေသည့်အခါ ယွန်းဂျွန် အမှန်ပင် စိတ်ပူမိလေသည်။
“ဟီး….အီး…ဆရာတူအကိုကြီး…ကျွန်တော့်ရဲ့ အတွင်းချီတွေလေ….အတွင်းချီတွေလေ..’
“အင်း…အတွင်းချီတွေ ဘာဖြစ်တာလဲ…ထိခိုက်သွားတာလား…ဘာဖြစ်သွားတာလဲ”
“ဟုဟူးဟူး…ကျွန်တော်ရဲ့ အတွင်းချီတွေကလေ…အီး…ဟီး…တိုးလာပြီလို့”
“…”
သောက်ကျိုးနည်း…
“အာ့ဆို မင်းက ဘာလို့ ငိုနေတာလဲ”
“”အကိုကြီး သိလား…ကျွန်တော်ရဲ့လေ အတွင်းချီစွမ်းအင်တွေကလေ တိုးလာပြီ သိလား”
“အေးလေ..ဒါဆို မင်းက ဘာလို့ငိုနေတာလဲ…သောက်ရူးရဲ့”
ဂျိုဂုက ယွန်းဂျွန်၏ စိတ်ဆိုးမာန်ဆိုး အပြောကို အတော်လေး ဝမ်းနည်းပက်လက်ဖြစ်နေပုံနှင့် ဖြေလာလေသည်။
“အကိုကြီးပဲ …စဉ်းစားကြည့်ပါ…အခု အတွင်းချီတွေက တိုးလာပြီဆိုတော့ ကျွန်တော်တို့ ဒါကြီးကိုပဲ ဆက်လုပ်ရတော့မှာ မဟုတ်ဘူးလား”
ဟေ…
ငါများ နားကြားမှားလိုက်တာလား…
“ကျွန်တော်တို့ တိုက်ပွဲဝင်နေရတာဖြစ်ဖြစ် လေ့ကျင့်ပြီးတိုက်ခိုက်ရတာပဲဖြစ်ဖြစ် တစ်ခါမှ ခံခဲ့ရတယ်ဆိုတာ မရှိဘူး..ကျွန်တော်ရဲ့ သောက်သုံးမကျတဲ့ ဒီခန္ဓာကိုယ်က အရိုက်ခံရပြီးမှ ခွန်အားတွေ တိုးလာတဲ့အမျိုးတဲ့…အဲ့တာဖြစ်သင့်ရဲ့လား..အကိုကြီး စဉ်းစားကြည့်စမ်းပါ”
“….”
ယွန်းဂျွန် ဂျိုဂု၏စကားကို သင်္ကာမကင်းဖြစ်စွာနှင့်ပင် သူ၏အတွင်းချီစွမ်းအင်များကို မသိမသာစစ်ဆေးလိုက်လေသည်။
“တကယ်ကြီးလားဟ”
သူ၏ချီစွမ်းအင်များက ဒီရေအလားပင် တရိပ်ရိပ်တက်ကာ တိုးလာနေသည်ကို သူခံစားမိလေသည်။
အမှန်ပင် အံဩဖွယ်ရာပင်။ မည်သို့များ ဖြစ်၍ ဤသို့ပင် ထိရောက်မှုရှိရသနည်းကို နားမလည်နိုင်တော့ပေ။
တစ်နှစ်စာ စုဆောင်းသလောက်ကို ချီစွမ်းအင်တွေက သိသိသာသာကြီးကို တိုးလာနေတာပါလား…
တစ်ရက်ထဲနဲ့ ဒီလောက်တောင် တိုးတက်လာတာပေါ့…သောက်ချေး..
ဒါကြီးက ဘယ်လိုတောင် ထူးဆန်းနေတာတုန်းဟ…
ယွန်းဂျွန် သူ၏ ဒန်တျန်များကို မသိလိုက်ခင်မှာပင် ထိမိလိုက်ပြီး ဒန်တျန်ထဲတွင် စီးဆင်းနေသော ချီစွမ်းအင်များကိုလည်း တွေ့မြင်လိုက်ရလေသည်။ အံချီးဖွယ်ရာပင်။
“သွေးကြောဖွင့်တာလား ဘာလားတော့ ငါ သေချာမသိပေမယ့် ဒါကြီးက တကယ်ရူးလောက်အောင် ထိရောက်တဲ့ သောက်ကျိုးနည်း နည်းလမ်းကြီးပဲ”
ထိုစဉ်မှာပင် ယွန်းဂျွန်နှင့် ဂျိုဂုတို့ရှိရာသို့ ပုတ်သိုးဆူအောင့်နေသော မျက်နှာထားနှင့် ဘတ်ချုန်းက ရောက်ရှိလာလေသည်။ ဘတ်ချုန်းကလည်း ခါးသီးလှသည့် အမှန်တရားကြီးကို လက်မခံနိုင် ဖြစ်နေသည့်ပုံပင်။
မျက်နှာသေနှင့်သာ ယွန်းဂျွန်၏စကားကို ထောက်ခံလေသည်။
“ဟုတ်တယ်..ဒါကြီးက သောက်ကျိုးနည်း နည်းလမ်းကြီးပဲ”
ဒီအနိုင်ကျင့်တဲ့နည်းလမ်းက သောက်ကျိုးနည်းကို အလုပ်ဖြစ်နေတယ်…
ရိုက်ခံရလေ ချီစွမ်းအင်များကို စုပ်ယူနိုင်လေဆိုပါက သိုင်းပညာဂိုဏ်းအားလုံးက အကြမ်းဖက်ဂိုဏ်းများအဖြစ်သို့ ပြောင်းလဲသွားမည်ဟုပင် ဘတ်ချုန်း ထင်မိသွားလေသည်။ ဤနည်းလမ်းကြီးက ယုတ္တိမရှိလှသော်လည်း သူတို့၏စွမ်းအားများကမူ မနေ့ကထက် များစွာတိုးပွားလာသည်ကတော့ အမှန်ပင်။ ဘတ်ချုန်း ရိုက်ခံလိုက်ရကာမှ ချီစွမ်းအင်များကို ပိုမိုစုပ်ယူလာနိုင်သော မိမိကိုယ်ခန္ဓာကို သတိရသွားကာ ရှေ့ဆက်ရိုက်ခံရမည်ကို တွေးရင်း ကျောချမ်းသွားလေသည်။
အားလုံးက အတွေးကိုယ်စီနှင့် တံတွေးမြိုချလိုက်ချိန်မှာပင် လက်သည်တရားခံကြီးက ရောက်ချလာလေသည်။
“ဘာတွေ တိုးတိုးပြောနေကြတာလဲ”
“အင်း…”
ဘတ်ချုန်း အောင့်သက်သက်နှင့်ပင် ပြောလိုက်လေသည်။
“အတွင်းချီတွေ တိုးလာတယ်”
“ဒါပဲလေ,…ပြောပါတယ်…ဒါကြောင့်ပဲ မနေ့က ကျွန်တော် ကြိုးစားပမ်းစား လုပ်ပေးခဲ့တာပေါ့…တန်ပါတယ်ကွာ”
အာ..အဲ့လိုလား..
ကျေးဇူးပါ …ကျေးဇူးရှင်လေး…
ချွန်းမြောင်၏ ဂုဏ်ယူသလို အပြောကို အားလုံးက စိတ်ထဲမှ ဝိုင်းကာ ဆဲရေးလိုက်ကြလေသည်။
သူကလည်း ငါတို့အကုန်လုံးကို သေမတတ်ရိုက်ပြီး ယှဉ်ချထားရတာကိုတောင် ဒီလိုလန်းဆန်းနေနိုင်သေးတယ်…
ဘတ်ချုန်း အနည်းငယ်ပင် ပင်ပန်းဟန်ပေါ်မနေသော ချွန်းမြောင်ကို ကြည့်ကာ သက်ပြင်းရှည်ကြီးချလိုက်လေသည်။
“ရလဒ်က ကောင်းကောင်းကြီးကို ထွက်လာလို့ ငါဘာမှတော့ ပြောစရာမရှိပါဘူး..ဒါပေမယ့် လုံးဝနားမလည်နိုင်သေးတာတော့ ရှိတယ်… ဒီနည်းလမ်းက တကယ်ပဲ ပိတ်နေတဲ့ သွေးကြောတွေကို ဖွင့်ပေးတာ ဟုတ်ရဲ့လားဆိုတာပဲ”
“အာ..ဒါလား…ဟုတ်ပါတယ်…ပြောရမယ်ဆိုရင်တော့ အတူတူပါပဲ..ကျွန်တော်က နည်းနည်းလေး နည်းလမ်းပြောင်းပေးလိုက်တာပဲ ရှိတာ..”
“…ပြောချင်တာက..”
“ဒီတိုင်းပဲလေ..ပိတ်နေတာကိုတွေ ရိုက်ပြီးတော့ ဖွင့်ပေးလိုက်တာ…ဒါပဲလေ”
“…”
ချွန်းမြောင်၏ စကားကြောင့် ဘတ်ချုန်းကို ဓါးကိုပင်ဆွဲထုတ်မိမတတ် ဖြစ်သွားလေသည်။
ငါတို့ ဒီကောင်ကို လက်စတုံးလိုက်တာကပဲ လောကကြီးကို ကယ်တင်ရာ ကျလောက်မလား မသိဘူး…
“ဘယ်လိုလုပ်ပြီးတော့ ရိုက်တာက သွေးကြောဖွင့်တာနဲ့ ဆက်စပ်တာလဲ”
“အင်း…”
ချွန်းမြောင်က သက်ပြင်းရှည်ကြီးကို ချလိုက်ပြီး ဘတ်ချုန်းတို့အား မသိနားမလည်သူများ ဟူသော အကြည့်နှင့် ကြည့်လာလေသည်။ အတိတ်ဘဝက ချွန်းမြောင်ဆိုလျှင်မူ ရှင်းပြရန် စိတ်ပါမည်မဟုတ်သော်လည်း သူကမူ လုပ်ရန် လိုအပ်လေသည်။ ဤလူများကလည်း ဂိုဏ်းကောင်းကျိုးကို တဖက်တလမ်းမှ သယ်ပိုးကြမည့်သူများဖြစ်ကြ၍ နည်းလမ်းများကို သူတို့လည်း သိထားရန် လိုအပ်ပေသည် ။ ထို့ကြောင့်ပင် ချွန်းမြောင် သည်းခံစိတ်ကို ဆွဲဆန့်ကာ ရှင်းပြရန် ပြင်လိုက်လေတော့သည်။
ချွန်းမြောင် ဘတ်ချုန်းနားသို့ ကပ်သွားလေပြီး ရုတ်တရက်ပင် ဘတ်ချုန်း၏ ရင်ဘတ်ကို ကိုင်လိုက်လေသည်။
“ဒါတွေကို အကိုကြီး ဘယ်လိုလုပ်ထားတာလဲ”
“ဟမ်”
“ဒီကြွက်သားတွေလေ..”
ဘတ်ချုန်း မိမိရင်ဘက်ကို မိမိငုံကြည့်လိုက်လေတော့ တောင့်တင်းသော ရင်အုပ်ကြွက်သားများကို တွေ့ရလေသည်။ ချွန်းမြောင်၏ လေ့ကျင့်ရေးများကို မဆင်းရခင်ကမူ သူ့တွင် ထိုကြွက်သားတောင့်တောင့်များ မရှိပေ။ ယခုမှသာ လေ့ကျင့်ခန်းများ ကျေးဇူးနှင့် အလိုအလျောက် ဖြစ်လာခြင်းပင်။ ဘတ်ချုန်း ကြွက်သားများ တောင့်လာသည်ကို သတိပင် မထားမိခဲ့ပေ။ ဖြစ်နိုင်သည်က တတိယတန်းကလေးများ၏ သံအလေးပြားများကို မ ရာမှ ဤသို့ ကြွက်သားများ ထွက်လာခြင်း ဖြစ်ပေလိမ့်မည်။
“ငါ လေ့ကျင့်ထားလို့လား”
“ဒါဆို ဒီကြွက်သားတွေ ရအောင် လေ့ကျင့်ရင်းနဲ့ ဘယ်လိုလုပ်ထားတာလဲ”
“အဲ့တာက…”
ဘတ်ချုန်း အမှန်ပင် သတိမထားမိသည့် အရာပေမို့ မည်သို့အဖြေပေးရမည် မသိဘဲ တိတ်ဆိတ်နေလေသည်။
“ရိုးရိုးလေးပါ…အကိုကြီး နာကြင်လို့လေ”
“ဘာပြောချင်တာလဲ …နားမလည်ဘူး”
“ဒီကြွက်သားတွေက နာကြင်ရလို့”
ချွန်းမြောင်က ရင်ဘက်ကို လက်နှင့်ထိကာ ပြောလိုက်လေသည်။
ချွန်းမြောင်၏ စကားကို ယွန်းဂျွန်က နားထောင်နေရင်းမှ ထကာမေးလိုက်လေသည်။
‘ဆိုတော့ မင်းပြောချင်တာက ကြွက်သားတွေက နာကြင်တဲ့အခါ ပိုပြီးတော့ သန်မာလာကြတယ်ဆိုတဲ့ သဘောလား”
“ကြွက်သားတွေမှ မဟုတ်ဘူး…လောကကြီးမှာ ရှိတဲ့အရာအားလုံးက နာကြင်ထိခိုက်မှုတွေနဲ့ ကြုံရပြီးတဲ့အခါ ပိုပြီးသန်မာလာကြတာပဲ…အမာရွတ်ရှိတဲ့နေရာက ပိုပြီးအရေထူလာသလိုပေါ့…ကျိုးသွားတဲ့အရိုးက ပြန်ကောင်းလာတဲ့အခါ ပိုပြီးတော့ သန်မာလာသလိုပေါ့…အခြေအနေတွေအရ တစ်ခုနဲ့တစ်ခု မတူညီနိုင်ပေမယ့် ဘယ်အရာမဆို နာကြင်ရပြီးတဲ့နောက်မှာ ပိုပြီးတော့ သန်မာလာကြတယ်..အဲ့တာက သဘာဝပဲ”
ချွန်းမြောင် ပြောပြီးသည်နှင့် တချက်ရယ်လိုက်ပြီးမှ ဆက်ကာပြောလေသည်။
“ဆိုတော့ ကိုယ်ခန္ဓာကို လေ့ကျင့်ပေးဖို့ အကောင်းဆုံးနည်းလမ်းက ဘာဖြစ်မယ်ထင်လဲ”
“နာကြင်အောင် လုပ်တာလား”
“ဒါပေါ့…ကြားရတာတော့ အဆင်မပြေပေမယ့် အဲ့နည်းလမ်းက အမှန်ဆုံးပဲ…နာကြင်မှုက သန်မာမှုတစ်ခုကို တည်ဆောက်ပေးနိုင်တဲ့ တစ်ခုတည်းသော အရာပဲ…မဟုတ်ရင် ရှောင်လင်ဂိုဏ်းတွေမှာ သူတို့ ဂိုဏ်းသားတွေက မီးပေါ်ထိုင် ၊ သဲပူကို ထိုး တွေ လုပ်နေရမှာလဲ…သက်သက်သာသာပဲ နေကြမှာပေါ့ မဟုတ်ဘူးလား…”
ချွန်းမြောင်၏ ရှင်းပြချက်ကြီးက လက်ခံရန်မလွယ်ကူသော်လည်း ယုတ္တိတော့ ရှိလေသည်။ ရှောင်လင်ဂိုဏ်းများတွင် ထိုသို့ ပြင်းပြင်းထန်ထန်လေ့ကျင့်ရသည်ဆိုသော စကားများကိုလည်း သူကြားဖူးထားသည်မို့ ချွန်းမြောင် ပြောသည်ကို လက်ခံနိုင်သွားလေသည်။
“ဒါပေမယ့် ငါတို့လို့ ဓါးသိုင်းသမားတွေ အတွက်ကျ ဒါကြီးက မသင့်တော်တဲ့ နည်းလမ်းကြီး မဟုတ်ဘူးလား”
“မဟုတ်ပါဘူး…ကျွန်တော်တို့ ဟွာဆန်းမှာလည်း အဲ့လိုနည်းလမ်းတွေ ရှိတာပဲလေ”
“ဟမ်…ရှိတယ်လား…သိတောင် မသိဘူးရော်”
“အကိုကြီးတို့ သစ်သားဓါးကို စကိုင်ရတဲ့အချိန်မှာ တစ်ချိန်လုံး လက်ဖဝါးမှာ ဓါးမပေါက်ဘူးလား”
ချွန်းမြောင်၏ စကားကြောင့် ဘတ်ချုန်း ခေါင်းငုံကာ သူ၏လက်ကို ပြန်ကြည့်လိုက်လေသည်။ ဓါးကိုင်ထားသည့် အချိန်တို့က မနည်းလှပြီမို့ အသားမာတစ်ချို့ပင် တက်နေလေပြီဖြစ်သည်။ ဟုတ်ပေသည်။ ဓါးစကိုင်ရသည့် မနူးမနပ်အရွယ်တွင် သစ်သားဓါးကို ဆွဲကိုင်ရသည်ကပင် သူတို့အတွက် ခက်ခဲလှခဲ့သည် မဟုတ်ပါလား…
“အင်း..ဟုတ်တယ်….”
“ဒါဆို ..အခုကရော အကိုကြီးတို့ ဓါးကို ကိုင်ရလို့ လက်ပေါက်ကြသေးလား…ငိုကြရသေးလား”
“ဟင့်အင်း”
“လူရဲ့ ခန္ဓာကိုယ်ကလည်း နာကြင်မှုတွေကို ခံရလေ သန်မာလာလေပဲ ဖြစ်လာတာ..အဝေးကြီးမတွေးနဲ့ မတော်တဆ ထိခိုက်မှုလေးတွေကတောင် ထိခိုက်မိတဲ့နေရာကို ပိုပြီးသန်မာကြံ့ခိုင်လာစေတယ်”
“ဝိုး…”
ချွန်းမြောင်၏ ရှင်းပြချက်များကြောင့် ဘတ်ချုန်းက ချွန်းမြောင်အား လေးစားယုံကြည်သော မျက်လုံးများနှင့် ကြည့်လာလေသည်၊
“ဘာလဲ…”
“ဟင်”
“ငါ မင်းရဲ့ ခေါင်းထဲမှာ ဒီလိုတန်ဖိုးရှိတဲ့ အတွေးအမြင်တွေ ရှိနေမယ်လို့ တစ်ခါမှ မတွေးခဲ့ဖူးဘူး”
“…”
ဘတ်ချုန်း၏ အပြောကို ကျန်လူများကလည်း ဝမ်းသာအားရပင် ထောက်ခံပြလေကာ သူတို့၏အမြင်များကိုပါ ဖြည့်စွတ်ပြောလာကြလေသည်။
“တကယ်ကို အံဩစရာပဲ”
“ငါ ထင်ထားတာက မင်းက ဆာရင်စားမယ် ၊ စိတ်တိုရင် ရန်ဖြစ်မယ် ၊ အမြီးမြှောက်လိုက် အီးပေါက်လိုက်ပဲ လုပ်တတ်တယ်လို့ ထင်ထားခဲ့တာ”
“အခုလိုကျတော့လည်း မင်းက တကယ်ကို ဦးနှောက်ရှိနေတာပဲကို”
“….”
ဒီမျိုးမစစ် တသိုက်ကတော့ ….
ချွန်းမြောင် ချီးကျူးစကားလေလား၊ ဝေဖန်စကားလေလား မသဲကွဲသော ချီးကျူးစကားများကြောင့် ဒေါသများပင် တလိပ်လိပ်ထွက်လာလေသည်။
“ကျွန်တော် ခေါင်းမသုံးဘဲနေရင် ဘယ်လိုနေတယ်ဆိုတာ အကိုကြီးတို့ကို ပြရမလား”
“အဟီးဟီးဟီး”
“ဟာ…မိုးရွာတော့မယ် ထင်တယ်..ရာသီဥတုကြီးက”
ချွန်းမြောင်၏ ဒေါသသံကြီးကြောင့် အားလုံးက ဟိုဟိုဒီဒီ အကြောင်းပြကာ ငြိမ်သက်သွားကြလေတော့သည်။
ချွန်းမြောင်က အားလုံးအား မျက်စောင်းစူးစူး လှည့်ကာထိုးလိုက်ပြီးမှ ဆက်ပြောလေသည်။
“အခုလည်း အခြေခံအားဖြင့်တော့ အတူတူပဲ”
“ဘာလဲ”
“အတွင်းချီစွမ်းအင်တွေရဲ့ အလုပ်လုပ်ပုံကလည်း အတူတူပဲ”
“…”
ဘတ်ချုန်းက မယုံကြည်သည့် မျက်နှာပေးနှင့် ကြည့်လာလေသည်။
“ဒါဆို ငါတို့အတွင်းဒဏ်ရာတွေရရင် ငါတို့အတွင်းချီတွေက ပိုတိုးလာမှာလား”
“အဲ့လိုပဲ ဖြစ်မယ်ထင်တယ်”
သူ၏ဆရာတူအကိုကြီးများကြောင့် ချွန်းမြောင် တအော်မိလေတော့သည်။
“အဓိပ္ပါယ် မရှိလိုက်တာ…အတွင်းဒဏ်ရာရတာနဲ့ ကြွက်သားနာကြင်တာနဲ့ ကို ဘယ်လိုများ တစ်ပုံစံထဲလို့ ထင်ရတာလဲ…အတွင်းဒဏ်ရာတွေ ရတာများပြီး မကုစားနိုင်ရင် ဘာဖြစ်မှာလဲ သိလား..သေမှာ ..သေမှာ သေသွားမှာ”
“ဒါဆို အတွင်းဒဏ်ရာကြီးရင် လူက သေသွားမှာပေါ့ ..အဲ့လိုလား”
“အင်း…အဲ့လို”
ချွန်းမြောင် သက်ပြင်းမောကြီးတစ်ချက်ချကာ ဆက်ရှင်းပြလိုက်လေသည်။
“ဒါပေမယ့် ချီစွမ်းအင်ဆိုတာနဲ့ အလုပ်လုပ်ပုံက မတူတော့တာလည်း မဟုတ်ပြန်ဘူး..
အတွင်းဒဏ်ရာရတယ်ဆိုတာက အကိုကြီးတို့ရဲ့ စွမ်းအားတွေ ထိခိုက်မိပြီး ဒဏ်ရာရသွားတယ်ဆိုတဲ့ သဘောပဲ,..အဲ့ဒီထိခိုက်သွားတာကို ပြန်လည်ကုသတဲ့ ဖြစ်စဉ်မှာဆိုရင် ချီစွမ်းအင်တွေက စုပေါင်းပြီး ထိခိုက်သွားတဲ့နေရာကို ပြုပြင်ကြတယ်…လျော့ကျသွားတဲ့ စွမ်းအင်တွေကို ပြန်လည်ဖြည့်တင်းပေးတယ်…
အဲ့ဒီအခါမှာ အဲ့လိုပြန်လည်ပြုပြင် ပေးခံရတဲ့ ချီစွမ်းအင်တွေက ပိုပြီးတော့ အားကောင်းသန်မာလာတယ်”
“ဒါပေမယ့် အဲ့လိုမျိုး ရှိတယ်လို့ ငါတို့တော့ မကြားဖူးဘူးရော”
“ဟုတ်တယ်…ဘာလို့လဲဆိုတော့ ချီစွမ်းအင် စုစည်းတာကလည်း အကန့်အသတ်တစ်ခုရှိလို့ …ကျင့်စဉ်တွေ ကျင့်ကြံနေရင်းနဲ့ ချီစွမ်းအင်ကို စုပ်ယူတာက အကန့်အသတ်ရှိတယ်…ဒါပေမယ့် အခုတော့ အကိုကြီးတို့က အထူးတလည် မလေ့ကျင့်ရဘဲ ချီတွေ တိုးပွားလာနေတယ်မို့လား”
“အင်း…”
ဘတ်ချုန်း မသိလိုက်ခင်မှာပင် ခေါင်းငြိမ့်ပြမိသွားလေသည်။
“ဆိုတော့ ခန္ဓာကိုယ်က သူ့ဟာသူ စုပ်ယူနေတယ်ဆိုတဲ့ သဘောလား”
“အခုက အဲ့သဘောတရားနဲ့ ဖြစ်နေပြီလို့ ပြောချင်တာလား”
ချွန်းမြောင်က ပုခုံးတွန့်ပြကာ ဆက်ပြောပြလေသည်။
‘ဒါက နားလည်ဖို့တော့ သိပ်မခက်ပါဘူး…အကိုကြီးတို့ ထိခိုက်မိတာရှိရင် အကိုကြီးတို့ရဲ့ ခန္ဓာကိုယ်တွင်းမှာ ရှိနေတဲ့ ချီစွမ်းအင်တွေက အဲ့ဒီထိခိုက်သွားတဲ့ စွမ်းအင်တွေကို ပြန်ပြီးပြုပြင်ပေးမှာပဲ…ဆိုတော့ ပြုပြင်ပေးဖို့ ချီစွမ်းအင်တွေကို များများထုတ်ရမှာဖြစ်ပြီး ရနိုင်တဲ့နေရာတွေကနေ ချီစွမ်းအင်တွေကို စုဆောင်းပြီး ထိခိုက်သွားတဲ့စွမ်းအင်တွေကို ပြုပြင်ပေးမှာပဲ.. အဲ့လိုတစ်ခါဖြစ်တိုင်း အကိုကြီးတို့က အရင်ကထက် ပိုပြီးသန်မာလာကြ ၊ ချီစွမ်းအင်တွေ တိုးပွားလာကြ ဖြစ်မှာပဲ”
“ချီစွမ်းအင်ဖြစ်ဖြစ် ၊ လူခန္ဓာကိုယ်ပဲဖြစ်ဖြစ် ဒီလိုပဲ အလုပ်လုပ်တာပါ”
“…”
ချွန်းမြောင်၏ တစ်မေ့တစ်မော ရှင်းပြချက်ကြီးကအားလုံးက မျက်စိသူငယ် နားသူငယ် နှင့်ပင် နားထောင်နေကြလေသည်။ အူကြောင်ကြားပုံလေးများနှင့် သူ၏ဆရာတူအကိုကြီးများကို ကြည့်ကာ ချွန်းမြောင်က သက်ပြင်းတစ်ချက်ခိုးချလိုက်လေသည်။
ကြည့်ရတာ နားလည်ဖို့ ခက်နေကြတဲ့ပုံပဲ…
ဤအကြောင်းအရာများက သိုင်းပညာဂိုဏ်းများက သင်ပေးနိုင်သော အရာများမဟုတ်ပေ။
ဖန်တရာတေ ကြုံတွေ့ခဲ့ရသော စစ်ပွဲများမှ ရခဲ့သော သင်ခန်းစာများပင်ဖြစ်လေသည်။
ယခုအချိန်တွင် သူ၏ဆရာတူအကိုကြီးများက အလွယ်တကူပင် ကြားနေရသော်လည်း သူကမူ သေခြင်းနှင့် ရှင်ခြင်းကြားတွင် စစ်ခင်းတံတားထိုးနေရသည့်အချိန်တွင် သင်ယူခဲ့ရသော အကြောင်းအရာများ ဖြစ်လေသည်. ။
ကိုယ်တိုင်ကိုယ်ကျ မကြုံတွေ့ရသ၍ နားလည်ရန်ခက်ခဲနေဦးမည်ဖြစ်ပြီး အချိန်တစ်ခုရောက်လာသည့်အခါတွင်မူ အားလုံးက အလိုလိုပင် နားလည်သွားကြမည်ကို ချွန်းမြောင် သိလေသည်။
“ငါ တစ်ခု နားမလည်သေးဘူး”
ဂျွတ်….
ချွန်းမြောင်ထံမှ လက်ခေါက်ချိုးလိုက်သံက ကျယ်လောင်စွာထွက်လာလေသည်။
“အကိုကြီးတို့ ဦးနှောက်တွေက တအားမှ နားလည်ဖို့ ခက်နေတယ်ဆိုတော့လည်း အကိုကြီးတို့ ခန္ဓာကိုယ်က နားလည်သွားအောင် ကျွန်တော် ကူညီပေးလိုက်ပါ့မယ်”
“…”
ဂျွတ်..ဂျွတ်…
ချွန်းမြောင်က အကြောအချင်များကို ဖြေလျော့နေပြီး ဘတ်ချုန်းသို့ နားသို့ တိုးလာလေသည်။
“နည်းပြ …ဒါကို ဓါးရေးယှဉ်နေတယ်လို့ပဲ သဘောထားလိုက်…အဲ့လိုတွေးထားလိုက်တယ်ဆိုရင် နည်းပြရိုက်ခံရနေရင်တောင် သိပ်နာတယ်လို့ ခံစားရမှာ မဟုတ်တော့ဘူး”
ချွန်းမြောင်၏ စကားကြောင့် အားလုံး စိုးရိမ်သွားကြလေသည်။
မလုပ်ပါနဲ့ဆိုဟာ..စလာပြန်ပြီ…
ဒီလိုလုပ်လို့လည်း ဘာမှ မကောင်းတာကို…
ချွန်းမြောင် …အစုတ်ပလုတ်ကောင်…မင်း ဘယ်လိုပြောပြော ရင်ထဲမှာ နေလို့ကောင်းမသွားဘူးဆိုတာ သိရဲ့လား…
မင်းလို ချီးကောင်က ဒါတွေ ဘယ်နားလည်မှာလဲ….ဟူးးး
“အကိုကြီးတို့ ဒီထက်ကောင်းတဲ့ လေ့ကျင့်ရေး ဘယ်မှာရှာလို့ ရမှာလဲ…ဒါက လက်တွေ့ကွင်းဆင်းနေတာပဲလေ…
ဒါ အကိုကြီးတို့ တကယ်ကြုံရမယ့်အရာပဲလေ…ဒီလိုလုပ်တာကပဲ အကိုကြီးတို့ရဲ့ ခွန်အားတွေ ချီစွမ်းအင်တွေကို တိုးတက်စေလာမှာလေ”
“ဟင်း …မင်းပြောတဲ့စွမ်းအင်တွေ မရခင် ငါတို့အရင်သေသွားမှာ …သိလား ..သောက်ရူးရဲ့…”
“ခစ်ခစ်..အကိုကြီးတို့ကတော့”
“ပေါက်ပေါက်ရှာရှာ…လေ့ကျင့်လို့ သေတဲ့မသာဆိုတာ ဘယ်မှာ ရှိလို့လဲ…အကိုကြီးတို့ ကြားဖူးလို့လား”
အင်း ..အဲ့လိုကျတော့လည်း မကြားဖူးသလိုပဲနော်..
ဒါပေါ့..ဘယ်ကြားဖူးမှာလဲ…သေနေတဲ့ ဘယ်မသာက စကားထပြောနိုင်လို့လဲ..
မင်းပဲ မကြားဖူးနေလိုက် ..အရူးကောင်…
ဘတ်ချုန်း ဆုံးဖြတ်ချက်ချကာ သက်ပြင်းရှည်ကြီးကို ချလိုက်လေသည် ။ပထမတစ်ရက်ကမူ ရှောင်ပြေးနေ၍ အသက်ထွက်မတတ် ရိုက်ခံရပြီး ဖြစ်သည်။ သူ၏ နည်းပြဟူသော ဂုဏ်သိက္ခာကို ထိန်းရန်အတွက် ယနေ့တွင်မူ ရှောင်မပြေးတော့မည်ဟု ဆုံးဖြတ်လိုက်ပြီဖြစ်သည်။
ဘတ်ချုန်း ဓါးကိုတင်းတင်းကိုင်ကာ သူ၏ရှေ့တွင်ရှိနေသော ချွန်းမြောင်ကို ကြည့်လိုက်လေသည်။
“တော်လောက်ပြီ”
“ဟမ်”
‘”ဆိုတော့ မင်းပြောသလိုဆို ငါတို့က ဒီလေ့ကျင့်ရေးတွေမှာသာ ပူးပေါင်းလိုက်ရင် အချိန်တိုအတွင်းမှာတင် သန်မာလာမယ်ပေါ့…ဟုတ်လား”
“သေချာတာပေါ့”
“ကောင်းပြီ…”
သေချာတွေးကြည့်လိုက်ရင်လည်း ဒါက နှစ်ခါမရနိုင်တဲ့ အခွင့်အရေးမျိုးပဲ…
ချွန်းမြောင်နဲ့ တစ်ရက်ထဲမှာ နှစ်ကြိမ်တိုက်ဖို့ဆိုတာ ဘယ်သူမှတောင် တွေးဖူးမှာ မဟုတ်ဘူး…
“ဒါနဲ့…”
ဘတ်ချုန်းက အံကိုကြိတ်ကာ ကြုံးဝါးလိုက်လေသည်။
“မင်း …ဂရုစိုက်နေတာတော့ ပိုကောင်းမယ်..မင်းရဲ့ မျက်နှာကိုသာ ထိမိသွားရင် မင်း စိတ်အခြေအနေကောင်းနေနိုင်မယ် မထင်ဘူး”
ဘတ်ချုန်း၏ ကြိမ်းဝါးခြိမ်းခြောက်မှုကြောင့် ချွန်းမြောင်ပြုံးလိုက်လေသည်။
“နည်းပြက အဲ့လိုကို ယုံကြည်မှုတွေ ရှိနေပြီပေါ့”
ချွန်းမြောင် ဘတ်ချုန်းအား သဘောကျသည့်အချက်က ထိုအချက်ပင်။ အရှုံးမပေးတတ်ခြင်းပင် ။မည်မျှပင် လဲကျနေစေကာမူ ပြန်ထရန်အသင့်ဖြစ်နေသည့်စိတ်ကို သဘောအကျဆုံးပင်။
“စွမ်းတယ်ဆိုလည်း ကြိုးစားကြည့်လေ”
“စောင့်ကြည့်နေလိုက် ခွေးသားလေး”
ဘတ်ချုန်းက ဓါးကိုဆွဲကာ ချွန်းမြောင်ဆီသို့ ပြေးဝင်သွားလေသည်။
“သေပေတော့…”
“မသေပါဘူး…”
တိုက်ခိုက်နေကြသော လူနှစ်ယောက်ကိုကြည့်ကာ ဂျိုဂုက ညည်းညူလိုက်လေသည်။
“နည်းပြက ဘယ်အချိန်ကတည်းက အဲ့လိုရန်စတဲ့ စကားတွေ ပြောတတ်သွားတာတုန်း”
“ငါလည်း မသိဘူး”
ယွန်းဂျွန် ခေါင်းသာခါပြလိုက်လေသည်။
“ငါတို့ ယန်နန်ရောက်တဲ့အထိတော့ အသက်ရှင်မယ်ထင်ပါတယ်နော်…ဟုတ်တယ်မို့လား…ဒီမှာပဲ မသေသွားလောက်ဘူးမို့လား”
“….”
ယွန်းဂျွန်နှင့်ဂျိုဂုတို့ နှစ်ဦးသားက များစွာအလှမ်းဝေးနေသေးသော ယန်နန်ကို မျှော်တွေးကာ ငိုချင်သွားကြလေတော့သည်။