တေးသံသာဂိုဏ်း
Vol. 3 Ch. 21
နောက်တနေ့မနက်မှာတော့ ကျင်းခရိုင်ရှိ လမ်းမများပေါ်၌ လူများ ပြည့်ကျပ်နေသည်ကို သတိပြုမိလိုက်သည်။
ထိုသို့ဖြစ်ရခြင်းမှာ တေးသံသာဂိုဏ်း၏ အတွင်းစည်းအကဲဖြတ်ပွဲ တခုတည်းကြောင့် ဟုတ်ဟန်မတူချေ။ ထိုထက်ပိုသည့် အကြောင်းရင်းများ ရှိနိုင်သော်လည်း ထိုအရာက အဆင့်နိမ့်ကျင့်ကြံသူများ မှန်းဆနိုင်သည့်အရာ မဟုတ်သည့်အပြင် တေးသံသာဂိုဏ်ဘက်မှလည်း ထူးခြားသည့် အတွင်းစည်းအကဲဖြတ်ပွဲနဲ့ပက်သက်၍ တစုံတရာထုတ်ပြန်ထားခြင်း မရှိပေ။
ထို့ကြောင့် ပုံမှန်နည်းလမ်းများနဲ့မတူညီစွာ အကဲဖြတ်ပွဲအား လူအများဝင်ရောက်ကြည့်ရှုရန် ဖိတ်ခေါ်ရခြင်းရဲ့ နောက်ကွယ်ကအကြောင်းတရားများအား ကိုယ်စီခန့်မှန်းကြလေတော့သည်။
“တေးသံသာဂိုဏ်းနဲ့ ဓားတထောင်ဂိုဏ်းတို့က ကျင်းခရိုင်ရဲ့ ထိပ်တန်းဂိုဏ်း၂ခုဖြစ်ပြီးတော့ ပြီးခဲ့တဲ့ သားရဲကပ်ဘေးကာလတုန်းကလည်း ရှေ့တန်းကနေ ပါဝင်တိုက်ခိုက်ပေးခဲ့တယ်လို့ ကြားမိတယ်”
“အမှန်ပဲ တေးသံသာဂိုဏ်းရဲ့ ထိပ်တန်းအကြီးအကဲအချို့ အပြင်းအထန်ဒဏ်ရာရသွားတယ်လို့တောင် သတင်းကြီးမိသေး တကယ်ကို သမာသမတ်ကျတဲ့ ဂိုဏ်းကြီးတခုပါပဲ”
“အဲ့ဒါတင်ဘယ်ကဦးမလဲ ကျုပ်တစွန်းတစ ကြားရတာကိုပြောရရင် အခုအကဲဖြတ်ပွဲမှာ အရေးပါတဲ့သတင်းအချို့ ထုတ်ပြောမယ်လို့တောင် ကြားထားတာ ကျုပ်တော့အတော်စိတ်ဝင်စားနေပြီ”
ကျင့်ကြံသူများက ကိုယ်စီအယူများ ထုတ်ဖော်ပြောဆိုကြပြီး အချို့ကတော့ တေးသံသာဂိုဏ်းက အင်အားပြထောင်လွှားနေသည်ဟု ပြောဆိုကြသည်။
“ဟမ့် ကံကောင်းပြီး သားရဲကပ်ဘေးကနေ ရှင်ကျန်ခဲ့တာကိုများ အင်အားကပြချင်နေသေးတယ် ကျင်းခရိုင်မှာ သူတို့ဂိုဏ်းတခုတည်း ရှိတယ်ထင်နေလားမသိဘူး”
“ဟုတ်ပါ့ ဒီအတွင်းစည်းအကဲဖြတ်ပွဲက ဂိုဏ်းအတွင်းလုပ်လို့ရတာပဲ ဘာများထူးခြားသွားမှာမို့လဲ”
ကျန်းရင်ရင်က ကျန်းထန်နဲ့ ယန်ချန်တို့လူတစုကို ခေါ်ဆောင်လာပြီ တိုက်ပွဲစင်မြင့်ရှိရာ ကွင်းပြင်ကျယ်ကိုရောက်သွားချိန်မှာတော့ ယန်ချန်တို့ထက် စောလျင်စွာရောက်နေကြသည့် အစုအဖွဲ့များအား တွေ့လိုက်ရသည်။ အချို့က ဓားပျံများစီးနင်းပြီး ရောက်ရှိလာကာ အချို့အင်အားစုများကတော့ ပျံသန်းရေးရတနာများဖြင့် ပျံသန်းရောက်ရှိလာကြလေသည်။
“တကယ်ကို ရုပ်ရှင်တွေထဲကအတိုင်းပဲ လေပေါ်ပျံနေလိုက်ကြတာများ အားကျဖို့ကောင်းလိုက်တာ”
ယန်ချန်က ကောင်းကင်ပေါ်ပျံသန်းနေသည့် ကျင့်ကြံသူများကို ကြည့်ရှုကာ ကျင့်ကြံမရနိုင်သည့် မိမိကိုယ်ကို အားမလိုအားမရဖြစ်ရသည်။ ငိုးမစနစ်က ငါ့ကိုကျင့်ကြံနိုင်အောင်လုပ်မပေးခဲ့ဘူး။ ယန်ချန်အတွက် ကျင့်ကြံသူဖြစ်လာရန် နှစ်တစ်ရာ စောင့်ဆိုင်းရမည်မဟုတ်လော။ ထိုအရာက ညည်းပန်းခြင်းနဲ့တူသည်။
ကျန်းရင်ရင်က ကျန်းထန်နဲ့ယန်ချန်တို့ကို ကွင်းပြင်ကျယ်ရှိ ပရိတ်သက်နေရာ၌ စီစဥ်ပေးကာ ပြိုင်ပွဲဝင်မည့် အပြင်စည်းတပည့် ၁၀၀၀ကြား သွားရောက်တော့သည်။ ယခုတကြိမ် တေးသံသာဂိုဏ်းက အပြင်စည်းတပည့်တထောင်ကို ယှဥ်ပြိုင်စေပြီး ထိုအထဲမှ အယောက်တစ်ရာကိုသာ အတွင်းစည်းထဲ ပို့ဆောင်ပေးမည်ဟု ကြေညာထားကာ အရည်အချင်းနဲ့ပါရမီရှိသူများကိုလည်း အကြီးအကဲအချို့က တိုက်ရိုက်တပည့်အဖြစ်ခေါ်ယူဦးမည် ဖြစ်သည်။
“သခင်လေး တေးသံသာဂိုဏ်းရဲ့ အတွင်းစည်းအကဲဖြတ်ပွဲ စတော့မယ် ကျတော်တို့ ကျန်းရင်ရင်ကို သွားကြည့်ဖို့လိုမလား”
ဖန်းဟိုင်ရဲ့ လက်ပါးစေတဦးက ပြောလာသည်။
“ကျန်းရင်ရင်က မီးဆအိပ်သင့်ပြီး ကျန်းအိမ်တော်ထဲ ပုန်းခိုနေရတာ ကြာပြီမဟုတ်လား ဟမ့် ဒီအတွင်းစည်းအကဲဖြတ်မှုက ကျန်းရင်ရင်နဲ့ ဘာမှမဆိုင်မှာကို ငါကြောက်မိတယ် ဟားးး”
ဖန်းဟိုင်ရဲ့ အားရကျေနပ်စွာရယ်မောသံကြောင့် လက်ပါးစေကလည်း ရဲတင်းလာကာ ဝင်ရောက်ပြောဆိုသည်။
“အမှန်ပဲသခင်လေး ပထမသခင်လေးရဲ့ အစီစဥ်က လုံးဝပြီးပြည့်စုံတယ် ကျန်းရင်ရင်အနေနဲ့ အဆိပ်ကနေ သက်သာသွားရင်တောင် သူ့ကျင့်ကြံဆင့်က ချီစုဆောင်းခြင်း အထွဋ်အထိပ်ပဲ ရှိဦးမှာ ရွှေအမြူတေအဆင့်ကို မတတ်သရွေ့ အယောက်တစ်ရာ စာရင်းထဲမပါနိုင်ဘူး ဒါဆိုရင် အတွင်းစည်းတပည့်ဂုဏ်ဒြပ်လည်း မရနိုင်တော့ဘူး”
“ဒါပေါ့ကွ ကျန်းရင်ရင်သာ အတွင်းစည်းတပည့်မဖြစ်ရင် ငါ့အစ်ကိုရဲ့နောက်ခံနဲ့ ကျန်းအိမ်တော်ကို လာမယ့်ရက်ပိုင်းအတွင်း ဖယ်ရှားလို့ရပြီ”
ဖန်းဟိုင်တယောက် ကျင်းစီရင်စုကို လွှမ်းမိုးမည့်အစီစဥ်အား တွေးရင်း ကျေနပ်နေသည်။ ကျန်းအိမ်တော်အနေဖြင့် ကျန်းဝမ်လီ တံခါးပိတ်ကျင့်ကြံခြင်း ကျန်းရင်ရင်အဆိပ်သင့်သွားရခြင်းတို့က အင်အားချိနဲ့စေပြီး ဖန်းအိမ်တော်၏ ပထမသခင်လေး အတွင်းစည်းတပည့်အဖြစ် အဆင့်တန်းတိုးမြင့်သွားခြင်းနောက် အိမ်တော်နှစ်ခုကြား ပြိုင်ဆိုင်မှုက တဖက်သတ်ဆန်တော့မည်ဟု ဖန်းဟိုင်ထင်သည်။
“ဘာပဲဖြစ်ဖြစ် ငါ့အမြင်အရ ကျန်းအိမ်တော်ကအဆိပ်ကို အပြတ်မကုသနိုင်ရင်တောင် အကဲဖြတ်ပွဲမှာ ဟန်မပျက်ယှဥ်ပြိုင်နိုင်ဖို့ သေချာပေါက်အားထုတ်လိမ့်မယ် သွားကြ ကျန်းရင်ရင်ကို စောင့်ကြည့်ပြီး ကျန်းအိမ်တော်အလားအလာကို စောင့်ကြည့်ခဲ့ ဟားး ကျန်းဝမ်လီ ကျန်ဝမ်လီ အဖိုးကြီး ခဗျားတို့ကျန်းအိမ်တော်ကို နင်းချေဖို့က မကြာတော့ပါဘူး”
လက်ပါးစေတပည့်များက ဖန်းဟိုင်ကို အရိုသေပေးကာ ထွက်သွားချိန်မှာတော့ ဖန်းဟိုင်တယောက် ဖန်းစုန့်ရှိရာ ဓားတထောင်ဂိုဏ်းအား ထွက်ခွာသွားတော့သည်။ မထင်မှတ်ထားသည့်အရာ တခုခု မဖြစ်ခဲ့ပါက တေးသံသာဂိုဏ်းအတွင်းစည်း အကဲဖြတ်ပွဲအပြီး ရက်အနည်းငယ်၌ ဖန်းအိမ်တော်အနေဖြင့် ကျန်းအိမ်တော်အား စတင်ဖိနှိပ်တော့မည်ဖြစ်သည်။
တေးသံသာဂိုဏ်း၏ ကွင်းပြင်ကျယ်ထဲမှာတော့ အင်အားစုများက ဆက်လက်ရောက်ရှိနေကြပြီး ထိုအထဲ၌ ပြိုင်ဘက်ဓားတထောင်ဂိုဏ်းမှလွဲ၍ မဟူရာမြစ်ဂိုဏ်း ဗုဒ္ဓဂိုဏ်းနဲ့ သူတော်စင်ဂိုဏ်းကဲ့သို့ အလယ်အလတ်ဂိုဏ်းများသာမက အခြားသော ထိပ်တန်းကျင့်ကြံသူအချို့ကလည်း တေးသံသာဂိုဏ်းချုပ်၏ ဖိတ်ခေါ်မှုကြောင့် ရောက်ရှိလာကြလေသည်။
“အော်မီတောဖော”
“ဗုဒ္ဓက အယုတ်အလတ် အမြတ်မရွေး သတ္တဝါတိုင်းကို တူညီစွာ သဘောထားတော်မူတယ်”
ဗုဒ္ဓကိုယ်တော်များရောက်ရှိလာပြီးမကြာမီ မဟူရာမြစ်ဂိုဏ်းမှ အကြီးကဲများရောက်ရှိလာကြပြီး ရှေးဟောင်းသူတော်စင် ဂိုဏ်းမှပါရမီရှင်လူငယ်များနှင့် အကြီးအကဲများတို့လည်း ရောက်လာကြသည်။ နောက်ထပ် နာရီအနည်းငယ် ကြာချိန်မှာတော့ ကွင်းပြင်တခုလုံး လူများပြည့်ကျပ်သွားစဥ် ကြည်လင်ပြတ်သားသည့် အသံတခုထွက်ပေါ်လာသည်။
“အားလုံးပဲ အခုလိုလာရောက်ပေးတဲ့အတွက် တေးသံသာဂိုဏ်းတခုလုံးရဲ့ကိုယ်စား ကြိုးကြားတောင်ထွဋ်သခင်ဖြစ်တဲ့ ကျမလီဖူယွဲ့က ကျေးဇူးတင်စကားပြောလိုပါတယ်”
သာယာဖွယ်ကောင်းပြီး ကြည်လင်တဲ့အသံက ချီဓာတ်သုံး၍ ပြောလိုက်ခြင်းကြောင့် ကွင်းပြင်တခုလုံး ပျံ့နှံ့သွားကာ ဆူညံနေသည့်သူများအားလုံး တိတ်ဆိတ်သွားတော့သည်။ သို့သော်လည်း ထိုအရာက တခဏပင်..
“ကြိုးကြာတောင်ထွဋ်သခင် ဆိုပါလား”
“သူက ပါရမီရှင်လီဖူယွဲ့ပေါ့ အသက်၂၅နှစ်နဲ့ အခြေတည်ဝိဉာဥ် အထွဋ်အထိပ်အဆင့် ဖြစ်နေပြီ ကြောက်ဖို့ကောင်းလိုက်တာ”
အချို့ကလည်း စင်မြင့်အနောက်ဘက်ရှိ အဆောက်အုံပေါ်မှ တေးသံသာဂိုဏ်းအကြီးကဲများကိုကြည့်၍ တီးတိုးဝေဖန်နေကြလေသည်။
“တောင်ထွဋ်၅ခုက အကြီးကဲတွေအစုံရောက်နေတာပဲ ပြီးတော့ အဓိကအကြီးကဲတွေလည်း ရှိနေတယ် ဒီအကဲဖြတ်ပွဲက ဘယ်လောက်အရေးပါလို့ ခုလိုလုပ်နေတာလည်း”
“ဟုတ်တယ် ငါ့အထင် တေးသံသာဂိုဏ်းချုပ်တောင် ပေါ်လာလောက်တယ်”
ယန်ချန်ကမူ ကွင်းပြင်အနှံ့ စေ့စေ့စပ်စပ်ကြည့်ရှုနေခဲ့ပြီး သောင်းချီတဲ့ ကျင့်ကြံသူများကိုကြည့်ကာ မှင်သက်နေသည်။ သူနှင့်အတူထိုင်နေသည့် ယင်ယင်လေးကမူ များပြားသည့်လူများကိုကြည့်ကာ ထိတ်လန့်နေဟန်ဖြင့် မိခင်ဖြစ်သူကိုသာ ဖက်တွယ်ထားလေသည်။
မိနစ်အနည်းငယ် ကြာမြင့်သွားသည်။
“ရှင်တို့အကုန်လုံး တခုခုထူးခြားနေတယ်လို့ တွေးနေမှန်း ကျမသိတယ်”
လီဖူယွဲ့က ကွင်းပြင်အနှံ့ တချက်စူးရဲစွာ ဝေ့ကြည့်၍ ဆက်ပြောသည်။
“အတွင်းစည်းအကဲဖြတ်မှုကို အခုလိုလူသိထင်ရှားလုပ်ရတဲ့အကြောင်းက ကျမတို့တေးသံသာဂိုဏ်းရဲ့ ပါရမီရှင်လူငယ်တွေရဲ့ အစစ်မှန်ခွန်အားကို မြင်စေချင်တာဖြစ်တယ်”
လီဖူယဲဲရဲ့စကားက ကွင်းပြင်ရှိလူများအား ဂယက်ထသွားစေသည်။
“ငါပြောသားပဲတွေ့လား ဒါက တေးသံသာဂိုဏ်းရဲ့ အင်အားပြတာပဲ ဘာအဓိပ္ပါယ်မှမရှိဘူး”
“ဟမ့် တေးသံဂိုဏ်းက အကြွားထူတဲ့ဂိုဏ်းပဲ”
အကုန်လုံးက ကျယ်ကျယ်လောင်လောင်ဝေဖန်နေကြသော်လည်း လီဖူယွဲ့ကတော့ အလေးမထားပေ။ သူမက လိုရင်းကိုဆက်ပြောပြန်သည်။
“ဒါပေမယ့် အခုလိုအင်အားစုအများပြား ဖိတ်ခေါ်ရခြင်းကတော့ ပိုလေးနက်တဲ့ ကိစ္စအချို့ရှိပါတယ် အဲ့ဒါကတော့ နောက်နှစ်ဝက်မှ ဖြစ်လာမယ့်သားရဲကပ်ဘေးပဲ”
နောက်ထပ်တကြိမ် လူအုပ်ထဲ ဗုံးကွဲသလို အုန်းခနဲ ဖြစ်သွားပြန်သည်။ သားရဲကပ်ဘေး ဖြစ်ထားသည်မှာ မည်မျှကြာသေးသနည်း။ နောက်တကြိမ်က နီးလာပြီတဲ့လား။
ကျန်းထန်က မျက်မှောက်ကြုတ်ကာ ပြောလာသည်။
“တနှစ်ကိုတကြိမ် သားရဲကပ်ဘေးဖြစ်နေမယ်ဆိုရင် ဒီကိစ္စက ထင်သလောက်မရိုးရှင်းတော့ဘူး”
ယန်ချန်ကလည်း ခေါင်းညိတ်သည်။
ကျင့်ကြံသူများ အပြင်းအထန်ခုခံခဲ့ရသည့် သားရဲကပ်ဘေးပထမလှိုင်းက မည်သည့်အတိုင်းထိ ပျက်စီးစေခဲ့သည်ကို လူမနေတော့တဲ့ သေမျိုးဒေသများ ကျေးရွားများက သက်သေပင်။
“တေးသံသာဂိုဏ်းမှ အစီစဥ်ရှိနေပုံရတယ် နားထောင်ကြည့်ကြတာပေါ့”
ယန်ချန်ကထိုမျှသာ ပြောလိုက်ပြီး စိတ်ထဲမှာတော့ သားရဲကပ်ဘေးအား မည်သို့ရင်ဆိုင်ရန် အလေးအနက် တွေးနေပြီဖြစ်သည်။
“မကြာခင်က ကျမတို့ဂိုဏ်းချုပ်နဲ့ မြို့တော်ကြီးက ထိပ်တန်းကျင့်ကြံသူတွေ ပြီးတော့ တော်ဝင်ဧကရာဇ်အနားက ပညာရှင်တွေစုဝေးပြီး ပထမသားရဲကပ်ဘေး ဖြစ်ပွားရခြင်းရဲ့ နောက်ခံကိုစစ်ဆေးကြည့်တော့ ဒီသားရဲတွေက စိတ်ဖောက်ပြန်ပြီး လူနေရွာတွေကို ဦးတည်တိုက်ခိုက်နေတာကို သတိပြုမိသွားကြတယ် ဒီတော့ နောက်ကွယ်မှာ အမည်မသိအင်အားစုတခုက ကျင်းနိုင်ငံကို ထိခိုက်စေလိုတာလား ဒါမှမဟုတ် ကျမတို့လို ကျင့်ကြံရေး အင်အားစုတွေကို ထိခိုက်စေချင်တာလား”
လီဖူယွဲ့ရဲ့စကားအဆုံး၌ ဗုဒ္ဓကိုယ်တော်တပါးက ဝင်ရောက်မေးမြန်းသည်။
“အော်မိီတောဖော ဒကာမလေးယွဲ့ ကိုယ်တော်မေးချင်တာရှိပါတယ် သားရဲကပ်ဘေးနောက်ကွယ်မှာ အမည်မသိအင်အားစုရှိနေပါတယ်ဆိုတာကို ဒကာမလေးတို့က သက်သေရှာတွေ့ခဲ့ပြီလား ပြီးတော့ ဘယ်အင်အားစုကများ ခုလိုယုတ်ညံ့တဲ့ အလုပ်ကိုလုပ်ရသလဲ”
“လေးစားပါတယ် ကိုယ်တော် တပည့်တော်ရဲ့ ဂိုဏ်းချုပ်ဆီက သိထားရသမျှ ပြန်ပြောရရင် ပြီးခဲ့တဲ့ရက်အနည်းငယ်က အမှောင်ကုန်းမြေအနီးက အင်အားစုတွေ ပျောက်ကွယ်သွားခဲ့ပြီး မထင်မရှားသက်သေအချို့ ရထားပါတယ်”
ကွင်းပြင်တခုလုံးက လီဖူယွဲ့စကားကို အလေးအနက်တွေးနေကြပြီး ကျင်းနိုင်ငံ၏ ကျင့်ကြံရေးအင်အားစု တခုလုံးအား ရင်ဆိုင်ရဲသည့် အင်အားစုက မည်သည့်အရာများ ဖြစ်လေသနည်း အပြင်းအထန်တွေးတောနေကြလေသည်။
……………………………………………..