အခန်း (၂၂)
Vol. 3 Ch. 22
“တစ်ခုလောက်မေးပါရစေ…
ရုတ်တရက်အသံတခုထွက်ပေါ်လာပြီး ထိုသို့ပြောဆိုသူကတော့ မဟူရာဂိုဏ်းရဲ့ အကြီးအကဲဖြစ်သည်။
“မေးပါ”
“မထင်မရှားသက်သေလို့ မင်းပြောသွားတယ်နော် ဒီတော့ သက်သေက ခိုင်လုံမှုအားနည်းတဲ့သဘောပဲ မသေချာတဲ့ သက်သေတွေ ချပြတာက ကျင့်ကြံရေးလောကတခုလုံး ဂယက်ရိုက်သွားမှာကို မင်းမစိုးရိမ်ဘူးလား”
ထိုစကားကို အကုန်လုံးကထောက်ခံဟန်ဖြင့် တီးတိုးပြောဆိုကြတော့သည်။ သက်သေကမည်သို့နည်း။ ရှင်းလင်းတိကျတဲ့ သက်သေကသာ အများလက်ခံနိုင်မည်ဖြစ်သည် မဟုတ်လော။
လီဖူယွဲ့က ဦးခေါင်းကိုခါယမ်းလိုက်ပြီး
“မထင်မရှားဆိုပေမယ့် ရှင်တို့သာ ဒီသက်သေကိုသိရင် ရလာဒ်က ပြတ်သားသွားမှာပါ”
“ဒါဆိုဘာလဲ ပြောတော့လေ…”
“ဟုတ်တယ် အမြန်ပြောပြတော့ အမှောင်ကုန်းမြေဆိုတာက ထိပ်တန်းအဆင့် ကျင့်ကြံသူတွေ အများကြီးရှိတာပဲ ရုတ်တရက်ပျောက်ကွယ်သွားတယ်ဆိုတာက မင်းပြောသလောက် မလွယ်ဘူး”
“သက်သေကိုသာ ချပြလိုက်တော့”
အကုန်လုံးက လီဖူယွဲ့ကို အပြင်းအထန်ဖိအားပေးနေချိန်မှာပဲ လေဟာနယ်ထံမှ အသံတခုထွက်ပေါ်လာကာ ပြင်းထန်တဲ့ဖိအားက ထိပ်သီးကျင့်ကြံသူများကို တုန်ယင်သွားစေသည်။
“ဟမ့် သက်သေကိုသိခွင့်ရဖို့ဆိုတာ အရည်အချင်းကလည်း ရှိဦးမှ”
အသံနဲ့အတူ အမျိုးသမီးတဦး လေဟာနယ်ထဲမှ တလှမ်းချင်းလှမ်းရင်း ထွက်ပေါ်လာကာ သူမက ခရမ်းရောင်ဝတ်ရုံရှည်ကို ဆင်မြန်းထားပြီး ဖြူနုသည့်မျက်နှာပြည့်ပြည့်လေးက မာန်မာနကြီးမယ့်အသွင် ဆောင်လေသည်။
“ဂိုဏ်းချုပ်စု မင်းစကားက ဘာအဓိပ္ပါယ်လဲ”
သူတော်စင်ဂိုဏ်းမှ အကြီးအကဲမှ မကျေမနပ်ဖြစ်ဟန်ဖြင့် မေးသည်။ ဂိုဏ်းချုပ်စုက နှာခေါင်းရှုံ့လိုက်သည်။
“ဒီ မှာရှိတဲ့ ဆရာကြီးတို့က ဂိုဏ်းအသီးသီးရဲ့ ထိပ်တန်းပုဂ္ဂိုလ်တွေဆိုတာ ကျမသိတယ် ဒါပေမယ့် အခုကျမပြောပြမယ့် မထင်မရှားသက်သေကိုသိခဲ့ရင် နောက်ဆက်တွဲအစီစဥ်ကိုလည်း ရှင်တို့ အပြည့်အဝပူးပေါင်းဖို့လိုမယ် ကောင်းပြီ ရှည်လျားတဲ့ စကားအစတွေလုပ်မနေတော့ဘူး အမှောင်ကုန်းမြေကို ပျောက်ကွယ်သွားစေတဲ့ တရားခံက ဘယ်သူလဲသိလား”
ဂိုဏ်းချုပ်စုက ပြောလက်စအား အသာရပ်ပြီး အကုန်လုံးအား တချက်ဝေ့ကြည့်သည်။ ပြီးနောက်
“အဲ့ဒီအင်အားစုက သွေးမိစ္ဆာဂိုဏ်းပဲ”
သွေးမိစ္ဆာဂိုဏ်း. ဟုတ်လား။
မဟူရာဂိုဏ်း ဗုဒ္ဓဂိုဏ်းနဲ့ သူတော်စင်ဂိုဏ်းတို့သာမက ထိပ်တန်းလေလွင့်ကျင့်ကြံသူများပါ တုန်လှုပ်သွားကြတော့သည်။
သွေးမိစ္ဆာဂိုဏ်းဆိုသည်ကား လွန်ခဲ့တဲ့နှစ်တထောင်ခန့်ကာလ ထျန်းဟွမ် ကျင့်ကြံရေးလောကတခုလုံးကို အပြင်းအထန်ကိုင်လှုပ်ခဲ့ပြီး သွေးမိစ္ဆာဂိုဏ်းကြောင့် ထိပ်သီးဂိုဏ်းများ အမြောက်အမြား ပြိုလဲသွားခဲ့ရသည်ကို ရှေ့မီနောက်မီများ သိထားကြသည်မဟုတ်လော။
“ဂိုဏ်းချုပ်ကို နှုတ်ဆက်ပါတယ်”
လီဖူယွဲ့က ဂိုဏ်းချုပ်စုအား နေရာဖယ်ပေးလေသည်။
“သက်သေတွေကိုတော့ ကျမက ဒီအကဲဖြတ်ပွဲပြီးရင် လူကြီးမင်းတို့ကို အပြည့်အစုံချပြမှာပါ”
အဆုံးသတ်စကားအားပြောပြီးနောက် တေးသံသာဂိုဏ်းဝင်များရှိရာ စင်မြင့်တခုပေါ်သို့ ဝင်ရောက်သွားတော့သည်။
“ကောင်းပြီ ကိုယ်တော်တို့ စောင့်ကြတာပေါ့”
ဗုဒ္ဓဂိုဏ်းမှ ကိုယ်တော်ရန်က ပြောလာသည်။
“ကိုယ်တော်ရန် ဒီကိစ္စကမရိုးရှင်းဘူး တေးသံသာဂိုဏ်းက ကျုပ်တို့ကို သူတို့နဲ့ပူးပေါင်းဖို့ ဆန္ဒရှိနေတာဖြစ်မယ်”
လေလွင့်ကျင့်ကြံသူတဦးက သတိပေးသည်။ တေးသံသာဂိုဏ်းမှာ ကျင့်ကြံရေးလောက၌ အမည်ပျက်မရှိသော်လည်း ကျင့်ကြံရေးလောကတခုလုံးနှင့် သက်ဆိုင်သည့် ကိစ္စများဖြစ်လာချိန်မှာတော့ ရှေ့မထွက်ရဲတဲ့ အင်အားစုများအကြား တေးသံသာဂိုဏ်းအနေဖြင့် ရှေ့ထွက်လာခြင်းကို မယုံနိုင်ဖြစ်နေကြသည်။ လူသားများက တကိုယ်ကောင်းဆန်ကြသည်။ ကျင့်ကြံသူများလည်း ထို့အတူပင်။
“ကောင်းပြီ အခုတော့ အကဲဖြတ်ပွဲကို စတင်ကြတာပေါ့”
အကြီးအကဲတဦးက ကျယ်လောင်စွာပြောကြားပြီးနောက် ချက်ချင်းပင် စင်မြင့်ပေါ်၌ အပြင်စည်းတပည့် တထောင်အား ဆယ်ယောက်အုပ်စု တစ်ရာခွဲကာ ထိုအထဲမှ နောက်ဆုံးကျန်ရစ်သူက နောက်တဆင့်တက်ရောက်ရမည်ဟု ကြေငြာကာ အကဲဖြတ်ပွဲစတင်တော့သည်။
“ညီမလေးရင် ညီမလေးဒဏ်ရာတွေ သက်သာသွားပြီလား ဒီအကဲဖြတ်ပွဲက ဂိုဏ်းအတွက်အရေးပါတော့ ညီမလေး ကိုယ့်ကိုကိုယ် ဂရုစိုက်သင့်တယ်”
ကျန်းရင်ရင်တစ်ယောက် တတိယအုပ်စုအတွင်း မတ်မတ်ရပ်နေစဥ်မှာပဲ တခြားဆယ်ယောက်အုပ်စုထဲမှ အသံတခုထွက်ပေါ်လာသောကြောင့် လှည့်ကြည့်လိုက်မိသည်။
“သြော်.. အစ်မရှို့မေပဲ”
ထိုမျှသာ ဖြစ်သည်။ ရှို့မေသည် ဖန်းအိမ်တော်မှ လူဖြစ်ပြီး သူမအဆိပ်သင့်ရခြင်းနောက်ကွယ်၌ ရှို့မေရဲ့စနက် မကင်းကြောင်း သိထားတဲ့အတွက် ပြိုင်ပွဲ၌သာ မတော်တဆကြုံပါက လက်တုန့်ပြန်ရမည်ဟု တေးမှတ်ထားကာ သူမကိုလျစ်လျူရှုဟန်ဖြင့် မျက်နှာလွှဲထားလိုက်တော့သည်။
ကျန်းရင်ရင်း အေးတိအေးစက် လေသံကြားလျင် ရှို့မေတယောက် နှာခေါင်းရှုံ့ကာ မျက်နှာလွှဲသွားသည်။ သူမစိတ်ထဲမှာတော့ မီးအဆိပ်သင့်ထားသည့် ကျန်းရင်ရင်တယောက် သူမနဲ့အုပ်စုတခုတည်း မကြုံသည်မှာ ကံကောင်းသည်ဟု တွေးကာ အားမလိုအားမရ ဖြစ်နေလေသည်။
“ဟာ ကျန်းရင်ရင်က အကဲဖြတ်ပွဲကို တကယ်ကြီး ရောက်လာတာပဲ”
ထိုအချိန် ပရိတ်သက်ကြားထဲမှာတော့ ဖန်းဟိုင်ရဲ့ လက်ပါးစေတပည့်အချို့က ကျန်းရင်ရင်ကို စောင့်ကြည့်နေကြပြီး အကြောင်းထူးပါက ဖန်းဟိုင်ဆီ သတင်းပို့ရန် ဆုံးဖြတ်လိုက်ကြသည်။
“ငါတို့သူ့ကိုစောင့်ကြည့်ထားရမယ် ကျန်းရင်ရင် ထိပ်ဆုံးတစ်ရာထဲဝင်သွားလို့မရဘူး”
“မပူပါနဲ့ ပထမသခင်လေးရဲ့လူဖြစ်တဲ့ ရှို့မေတယောက်လုံးရှိပါသေးတယ် ဟမ့် အယောက်တစ်ရာစာရင်းဝင်ဖို့လား အိပ်မက်မက်နေမှပဲရမယ်”
“ဟုတ်တယ် သူ့ပုံစံကြည့်ရတာ ချီစုဆောင်းခြင်း အထွဋ်အထိပ်မှာပဲရှိဦးမှာ နောက်ပြီး မီးအဆိပ်သင့်တာကို လုံးဝပျောက်အောင်ကုဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး ငါတို့စောင့်ကြည့်ကြတာပေါ့”
လက်ပါးစေတပည့်များ အပြန်အလှန်ပြောနေစဥ်မှာပဲ ပထမအဆင့် အုပ်စုပွဲများ စတင်လာတော့သည်။ ကျန်းရင်ရင်က တတိယအုပ်စုဖြစ်ကာ သူမအုပ်စုထဲ၌ ချီစုဆောင်းခြင်းအထွဋ်အထိပ်များသာဖြစ်၍ သူမက ကျင့်ကြံဆင့်အား ချီစုဆောင်းခြင်းအထွဋ်အထိပ်သို့ ဖိနှိပ်ထားလိုက်သည်။
“စမယ် ပထမအုပ်စု”
ပြိုင်ပွဲက စတင်လေပြီ။
ယန်ချန်တစ်ယောက် စင်မြင်ပေါ်မှတဆင့် ကျင့်ကြံသူများ၏ တိုက်ပွဲကိုကြည့်ကာ စိတ်ကျေနပ်နေခဲ့ပြီး အဆင့်နိမ့်ကျင့်ကြံသူများသာ ဖြစ်သော်လည်း ပြိုင်ပွဲက အလွန်ပြင်းထန်ပေသည်။
ယင်ယင်လေးကလည်း ရှုယင်ကျွေးသည့် စားစရာများ တခုပြီးတခုစားကာ ရှုယင်ရဲ့ပေါင်ပေါ်မှတဆင့် ကွင်းပြင်ကျယ်အား လှည့်ပတ်ကြည့်ရင်း ပျော်နေလေသည်။
…………………………………………….