အခန်း (၂၃)
Vol. 3 Ch. 23
ပြိုင်ပွဲကပြင်းထန်ပြီး အုပ်စုတစုဆီမှာ လျင်မြန်စွာပြီးဆုံးသွားလေသည်။ ရှို့မေက ရွှေအမြူတေအဆင့် အစောပိုင်းဖြစ်ကာ သူမအုပ်စုထဲတွင်လည်း သူမနဲ့အဆင့်တူမရှိခြင်းက နောက်တဆင့်ကိုအလွယ်တကူ ရောက်သွားစေသည်။
ကျန်းရင်ရင်အတွက်မူ အုပ်စုအဆင့်မှာ ထမင်းစားရေသောက်မျှပင်။ အနည်းငယ်ပင် ချွေးမထွက်ခဲ့ပေ။
“တိုက်ခိုက်မှုတွေက ဂိုဏ်းတခုရဲ့တပည့်တွေလို့ မပြောရဘူး စနစ်ကျပြီး အားပါတယ် ဒါပေမယ့် အနှစ်သာရတော့ ကင်းမဲ့နေတုန်းပဲ”
ယန်ချန်က တွေးတွေးဆဆဖြင့် ပြောသည်။ ထိုစဥ် ဘေး၌ထိုင်နေသည့် ကျန်းထန်က ထိုအကြောင်းအားကြားလျင် သိလိုစွာဖြင့်မေးလာသည်။
“သခင်လေးယန်ရဲ့ အမြင်ကိုကြားပါရစေ”
ယန်ချန်က အနည်းငယ်ပြုံးလိုက်ပြီး ဆက်မပြောတော့ပဲ ဒုတိယအဆင့်ဖြစ်သည့် အယောက်တစ်ရာအား ဆယ်ယောက်တအုပ်စီနဲ့ ဆယ်စုစီခွဲနေသည်ကိုသာ ကြည့်နေလိုက်သည်။ အနှီကျင့်ကြံသူများ၏ ဓားသိုင်းများနှင့် အခြားသိုင်းပညာရပ်များမှာ ချို့ယွင်းချက်များပြည့်နေပြီး သူ့လိုသာမန်လူပင် အမှားများအား မြင်တွေ့နိုင်လေသည်။
“ညီမလေးရင်ရင် ကံကောင်းပြန်ပြီ”
ရှို့မေ့က မထိတထိ ရန်စသည်။ ကျန်းရင်ရင်အနေဖြင့် ကျင်းစီရင်စု၌ ထင်ရှားသော်လည်း သူ့ထက်ငါ နဂါးများကျားများပေါများသည့် ဂိုဏ်းကြီးတခုထဲမှာတော့ သာမန်သာဖြစ်၍ ကျန်းရင်ရင်က အမည်ကြီးသူမဟုတ်ချေ။
“ကျမလည်း အစ်မရှို့နဲ့ဆုံချင်နေတာပါ ကံကောင်းပါစေ”
ကျန်းရင်ရင်ရဲ့တုန့်ပြန်မှုကိုမြင်လျင် ရှို့မေတယောက် ဒေါသထွက်ကာ နှာခေါင်းရှုံ့လိုက်သည်။
“ကောင်မ.. ငါနဲ့မတွေ့စေနဲ့ တွေ့လို့ကတော့ ဟမ့်”
ကျန်းရင်ရင်ကတော့ ရှို့မေကိုဂရုမစိုက်တော့ပဲ အနည်းငယ်လျော့ပါးသွားသည့် ချီဓာတ်များကိုသာ တိတ်တဆိတ်ဖြည့်တင်းရင်း ဒုတိယအဆင့်အား စောင့်စားနေလေသည်။
“ဒုတိယအဆင့် စမယ်”
အကြီးအကဲတဦး၏ ကြေငြာမှုနဲ့အတူ ဒုတိယအဆင့် ပြိုင်ပွဲကလည်း ပြင်းထန်သည့် တိုက်ပွဲများဖြင့် စတင်လာတော့သည်။
“တုဖန်း နောက်တဆင့်တက်မယ်”
“ကျစ်ယွဲ့ နောက်တဆင့်တက်မယ်”
“ကျန်းရင်ရင် နောက်တဆင့်တက်မယ်”
“ကုလင်း နောက်တဆင့်တက်မယ်”
“ရှို့မေ နောက်တဆင့်တက်မယ်”
“.................”
ဒုတိယအဆင့်ပြီးဆုံးချိန်မှာတော့ ထိပ်ဆုံးဆယ်ယောက် ထွက်ပေါ်လာပြီဖြစ်ကာ ထိုအထဲမှ ကျန်းရင်ရင်တယောက်တည်းသာလျင် ချီစုဆောင်းခြင်းအဆင့်ဖြစ်ပြီး အများစုက ရွှေအမြူတေအဆင့်အစောပိုင်း ဒါမှမဟုတ် ရွှေအမြူတေအဆင့် အလယ်အလတ်များဖြစ်၍ အများအမြင်မှာတော့ ကျန်းရင်ရင်၏ ကံကောင်းမှုများက ပြီးဆုံးသွားပြီ ဖြစ်သည်။
“မကောင်းတော့ဘူး ကျန်းရင်ရင်မှာ အဆိပ်သင့်တဲ့လက္ခဏာ မရှိတော့ဘူး ထိပ်ဆုံးဆယ်ယောက်ထဲဝင်သွားပြီ ဒီအကြောင်းကို သခင်လေးဆီသတင်းပြန်ပို့ရမယ်”
ဖန်းဟိုင်ရဲ့လက်ပါးစေတပည့်များက ပြိုင်ပွဲရလာဒ်ကိုကြည့်ကာ ထိတ်လန့်သွားကြပြီး ဖန်းဟိုင်ဆီသတင်းပို့ရန် အသည်းအသန် ထွက်ခွာသွားတော့သည်။ တဖက်တွင် ကျန်းထန်မှာမူ အားရကျေနပ်နေပြီး ထိုအရာများက ကျန်းရင်ရင်အပေါ် ယန်ချန်၏ အကူညီများကြောင့်ဖြစ်ကြောင်း သိထားတဲ့အတွက် ယန်ချန်အပေါ် ပို၍လေးစားသွားတော့သည်။
“ကောင်းတယ် ကောင်းတယ် ရင်အာကအခုတော့ အတွင်းစည်းတပည့်ဖြစ်ပြီ ဟားး”
ကျန်းအိမ်တော်နဲ့ရင်းနီးသူများကလည်း ကျန်းထန်ကိုမျက်နှာလိုမျက်နှာရဖြင့် လာရောက်ဖားလျားနေကြပြီး ရှို့မေရဲ့အမူအရာကတော့ သိသိသာသာပင် ပျက်ယွင်းနေလေသည်။
သူက ချီစုဆောင်းခြင်းအထွဋ်အထိပ်အဆင့်လေးနဲ့ ဆယ်ယောက်ထိရောက်လာတာလား သူ့မှာမီးအဆိပ်သင့်တဲ့ လက္ခဏာလည်း ငါမတွေ့မိဘူး မဟုတ်သေးဘူး ငါသူ့ကိုပစ်မှတ်ထားရတော့မယ်။
“အားလုံးပဲ တတိယအဆင့်ရဲ့ စည်းမျဥ်းကို ကြေငြာမယ် ပထမဆုံး ၅ယောက်ကို မဲနှိုက်ရွေးချယ်ပြီး အဲ့ဒီ၅ယောက်က ပြိုင်ဘက်ကိုယ်စီ ရွေးချယ်ခွင့်ရှိတယ်”
စည်းမျဥ်းက ရိုးရှင်းစွာပင် ဖြစ်သည်။ မဲနှိုက်ရွေးချယ်ရာတွင် ပထမအကြိမ်မဲပေါက်ထားသူ၅ဦးက မိမိပြိုင်ဘက်ကို မိမိကိုယ်တိုင်ရွေးချယ်နိုင်မည်ဖြစ်သည်။
မဲနှိုက်ရွေးချယ်မှုစတင်သည်။ ရွေးချယ်ခွင့်အား ၅ဦးရရှိသွားပြီး ထိုအထဲ၌ ကံကောင်းထောက်မစွာဖြင့် ကျန်းရင်ရင်ပါရှိကာ ရှို့မေကတော့ စိန်ခေါ်ခံရမည့် ၅ဦးထဲ ပါသွားလေသည်။
“အဲ့ဒီတပည့်က ဘယ်သူလဲ ချီစုဆောင်းခြင်းအဆင့်လေးနဲ့ ဒီထိရောက်လာတာလား”
လီဖူယွဲ့က အနားရှိအကြီးကဲတဦးအား မေးလိုက်သည်။ အကြီးကဲက
“အဲ့တပည့်မလေးက ကျန်းရင်ရင်ပါ ကျင်းစီရင်စု ကျန်းအိမ်တော်ရဲ့ ဒုတိယသခင်မလေးဖြစ်ပြီး မကြာသေးမီက သားရဲကပ်ဘေးမှာ ပါဝင်တိုက်ခိုက်ရင်း ဒဏ်ရာအပြင်းအထန်ရသွားခဲ့လို့ အိမ်တော်ဆီပြန်ပြီး ကုသမှုခံယူနေရတယ်လို့ ကြားမိပါတယ်”
လီဖူယွဲ့က ခေါင်းညိတ်ပြလိုက်သည်။
“အရည်အချင်းမဆိုးဘူး ဒီအဆင့်ကိုကျော်နိုင်မလားဆိုတာ စောင့်ကြည့်ရမယ်”
လီဖူယွဲ့တို့ အပြန်အလှန်ပြောနေစဥ်မှာပဲ မဲပေါက်ထားသူများက ကိုယ်စီပြိုင်ဘက်များအား ရွေးချယ်တော့သည်။
“အစ်မရှို့ ကျွန်မနဲ့ရင်ဆိုင်ရဲလား”
ချီစုဆောင်းခြင်းအထွဋ်အထိပ်က ပါရမီရှင်ဟုအမည်ကြီးသည့် ရှို့မေအားစိန်ခေါ်ခြင်း။
“အိုး.. ဒီကောင်မလေးက ရှို့မေကိုစိန်ခေါ်လိုက်တာပဲ သတ္တိကောင်းလိုက်တာ”
“ကျန်းအိမ်တော်ရဲ့သခင်မလေးကတော့ မနိုင်ဝန်ထမ်းတော့မယ် ရှို့မေက ဘယ်သူမို့လဲ ရွှေအမြူတေအဆင့်အစောပိုင်းကို ရောက်နေတာ ၂လ ကျော်ပြီ”
“ဟူးး ကောင်မလေးတော့ ဒီအဆင့်မှာထွက်ရတော့မယ်.”
ကျန်းရင်ရင်ကိုအများက ဝေဖန်နေကြသော်လည်း အယောက်တစ်ရာ ရွေးချယ်မှု၌ ပါဝင်ခဲ့ပြီး ဆယ်ယောက်ထိ တက်လာခဲ့တဲ့ ကျန်းရင်ရင်ကို လျှော့တော့မတွက်ရဲကြချေ။ ပြိုင်ပွဲတောက်လျှောက် ကျန်းရင်ရင်က ခွန်အားတဝက်ကိုပင် ထုတ်မသုံးခဲ့သည်မှာ အမှန်ပင်။
“ထိပ်ဆုံး ၃ယောက်ဆုလာဒ်က လုံးဝအထင်ကြီးစရာလို့ ငါကြားထားတယ်”
“ဟုတ်လား ဘာများလဲ”
“အဆင့်မြင့်စိတ်ဝိဉာဥ်ဆေးလုံးနဲ့ စိတ်ဝိဉာဥ်လက်နက်တခုစီရမယ် ပြီးတော့ ပထမရတဲ့သူက တေးသံသာဂိုဏ်းရဲ့ ကပ်ဘေးဖြတ်ကျော်အဆင့် အကြီးအကဲဆီမှာ လက်ရင်းတပည့်ဖြစ်ခွင့်ရဦးမယ်”
ဆုလာဒ်များအကြောင်းပြောနေသည့် ကျင့်ကြံသူများမှာ အယောက်တရာကစ ထိပ်ဆုံးဆုထိ အကြောင်းရာအားဆွေးနွေးနေကြပြီး စိတ်ဝိဉာဥ်လက်နက်များပေးမည်ကြားလျင် အုန်းအုန်းကြွက်ကြွက် ဖြစ်သွားတော့သည်။ တေးသံသာဂိုဏ်းက သူတို့ထင်ထားသည်ထက် ပို၍ ကြွယ်ဝနေသည်မဟုတ်လား။
“ဟမ့် ညီမလေးရင်ရင် အစ်မကလည်း ဒီအခွင့်အရေးကိုစောင့်နေတာပါ”
ရှို့မေက မထိတထိပြုံးကာ စင်မြင်ပေါ်၌ နေရာယူလိုက်ပြီး ကျန်းရင်ရင်နဲ့တိုက်ခိုက်ရန် အသင့်ပြင်ထားလေသည်။
“ကျစ်ယွဲ့ နဲ့လီမု”
“တုဖန်းနဲ့ ရှလေ”
“ကျန်းရင်ရင်နဲ့ ရှို့မေ”
“ကုလင်းနဲ့……”
“.............”
ပြိုင်ပွဲ၅ ခုအား စင်မြင်၅ခုပေါ်၌ တပြိုင်နက်စတင်စေသည်။
“ညီမလေးရင်ရင် ဂရုစိုက်ပါ ဟင်းဟင်း”
ကျန်းရင်ရင်ကမူ နှုတ်ဆိတ်နေပြီး ရှို့မေကိုသာ စူးစိုက်ကြည့်နေသည်။
“ပြိုင်ပွဲစမယ်”
………………………………………………..