အခန်း (၂၄)
Vol. 3 Ch. 24
ပြိုင်ပွဲစတင်တာနဲ့ ရှို့မေက စတင်တိုက်ခိုက်လာသည်။ သူမက ပြင်းထန်တဲ့ အသေသတ်တိုက်ကွက်များကို အသုံးပြုခြင်းဖြစ်ပြီး ရွှေအမြူတေအစောပိုင်းအဆင့် ချီဓာတ်အား အပြည့်အဝသုံးစွဲထားမှန်း သိသာနေသည်။
“ညီမလေး ဂရုစိုက်”
ကျန်းရင်ရင်ကမူ စူးစိုက်၍သာ ကြည့်နေခဲ့ပြီး သူမ၏ ရှားပါးသည့်သူငယ်ချင်းက နောက်ကျောဓားနဲ့ထိုးခဲ့ခြင်းအပေါ် လက်တုန့်ပြန်ရန် စဥ်းစားနေခဲ့သည်။
ရှို့မေ၏ဓားက ရေပြင်ညီအတိုင်း ဆန့်တန်းစွာတိုးဝင်လာပြီး ကျန်းရင်ရင်အနားရောက်ချိန်မှာတော့ လှည့်ကွက်များဖြစ်ပေါ်လာကာ ခန္ဓာကိုယ်၏ သေကွင်းသေကွက်များကို ခုတ်ပိုင်းတော့သည်။
“အိုး.. ဒါက တေးသံသာဂိုဏ်းရဲ့ လျှပ်စီးဓားသိုင်းမဟုတ်လား ရှို့မေက ဒုတိယအဆင့်ကိုရောက်နေပြီပဲ”
အကြီးအကဲတဦးမှ မယုံနိုင်ဟန်ဖြင့်ပြောလာသည်။ လျှပ်စီးဓားသိုင်းက အမြန်နှုန်းကိုအခြေပြုပြီး အဆင့်၅ဆင့်ခွဲထားကာ တဆင့်ချင်းစီကလည်း ကျင့်ကြံသူရဲ့အရှိန်ကို ဆယ်ရာခိုင်နှုန်းကစ တိုးလာစေသည့် အမြန်နှုန်းအားပြု အဆင့်မြင့်ကျင့်စဥ်ဖြစ်သည်။
အဆိုပါကျင့်စဥ်ကို ပါရမီရှင်များက ဒုတိယအဆင့်ထိရောက်အောင် ကျင့်ကြံနိုင်ကြပြီး ထိုသူအရေတွက်မှာလည်း လက်ချိုးရေလို့ရသည်ထိ နည်းပါးသည်ကို သိထားရမည်။
ကျန်းရင်ရင်က ယန်ချန့်ဆီမှရထားတဲ့ ဓားအားထုတ်မသုံးပေ။ သူမရဲ့သိုလှောင်လက်စွပ်ထဲမှ အခြားဓားတလက်ကို ထုတ်ယူကာ အသေသတ်ပိုင်းချက်များအား လှပစွာတိမ်းရှောင်လိုက်သည်။
“သူကလည်း ဒုတိယအဆင့်ကိုရောက်နေတာလား အဆင့်တူမှ ဒီဓားချက်တွေကို ကိုင်တွယ်နိုင်လိမ့်မယ်”
တေးသံသာဂိုဏ်း၏ အကြီးအကဲများ အခြားတပည့်များကတော့ ကျန်းရင်ရင်၏ တုန်လှုပ်ဖွယ်ရာတိုးတက်မှုကို မှင်သက်နေကြပြီး သူတို့မသိသည်မှာ ယန်ချန်ရဲ့အကူညီက ကျင့်ကြံဆင့်တိုးတက်တာအပြင် စိတ်စွမ်းအားကိုပါ တိုးမြင့်စေခဲ့ပြီး ယခင်က ပထမအဆင့်လျှပ်စီးဓားသိုင်းအား ပြိုင်ပွဲမတိုင်ခင် ရက်အနည်းငယ်လေးဖြင့် ဒုတိယအဆင့်ထိ ထိုးဖောက်သွားနိုင်ခဲ့သည်။
“မဆိုးဘူး ချီစုဆောင်းခြင်းအဆင့်လေးနဲ့ ဒီလောက်ထိခုခံနိုင်တယ်”
ရှို့မေ့က ထေ့ငေါ့လျက် တိုက်ခိုက်မှုကိုတော့ လုံးဝလျှော့မချလိုက်ပဲ ဓားချက်များကပို၍ အနုစိပ်လာကာ ပို၍လည်း ပြင်းထန်လာသည်။
“ငါက ချီစုဆောင်းခြင်းလို့ ဘယ်သူပြောလဲ”
ချက်ချင်းပဲ ရွှေအမြူတေအဆင့် အစောပိုင်းခွန်အားက ထုတ်ပြကာ ဓားချက်များအား မတိမ်းရှောင်တော့ပဲ လက်ထဲမှဓားဖြင့် ခုခံရင်း ရှို့မေ့ရဲ့အနီးသို့ လျှပ်တပြတ်တိုးကပ်သွားသည်။
“ ရွှေအမြူတေအဆင့်အစောပိုင်း ဒီကောင်မလေး ထင်သလောက်မရိုးဘူးပဲ”
ပွဲကြည့်စင်ပေါ်မှ လီဖူယွဲ့ကတော့ ခေါင်းတညိတ်ညိတ်ဖြင့် ကျေနပ်နေကာ ကျန်းရင်ရင်၏ တည်ငြိမ်တဲ့အမူအရာ ခွန်အားကိုထိန်းချုပ်ရာ၌ ပါရမီရှင်အရည်သွေး ပိုင်ဆိုင်ထားမှုကို ကျိတ်၍ ချီးကျူးနေသည်။
“ဟမ်.. ရွှေအမြူတေအစောပိုင်းအဆင့်လား ဟွန့် ဒီလောက်နဲ့တော့ မလုံလောက်သေးဘူး ညီမလေး ငါ့ဓားကိုကြည့်လိုက်”
ရှို့မေက သူမရဲ့ခွန်အားကို တစက်မှမကျန် ထုတ်သုံးလာပြီး တဖက်တွင်တော့ ကျန်းရင်ရင်က ခွန်အားအသစ်ပေါ်အသားကျရန် လေ့ကျင်နေရာမှ တကွက်တည်းဖြင့် ပွဲဖြတ်ရန် ဆုံးဖြတ်လိုက်သည်။
“ရေပြင်ညီခုတ်ချက်”
တိုးညင်းတဲ့ ရေရွတ်သံနဲ့အတူ တောက်ပတဲ့ဓားအလင်းက ငါးဖမ်းပိုက်ကဲ့သို့ ရှုပ်ထွေးတဲ့ ရှို့မေ၏ဓားချက်များကို အဆတ်အပျက်ချိုးဖြတ်ကာ တိုးဝင်သွားတော့သည်။
“ရွှတ်..”
တကွက်တည်းမှ တကွက်တည်း…။ အဆင့်တူချင်းကို ကျန်းအိမ်တော်၏ အမွေအနှစ်ဓားသိုင်းဖြစ်တဲ့ ရေပြင်ညီခုတ်ချက်ဖြင့် အနိုင်ပိုင်းခြင်း။ ကွင်းပြင်ရှိ လူအားလုံးရဲ့အာရုံက ကျန်းရင်ရင်ဆီကိုသာ စုပုံနေကာ ၁၆နှစ် ရွှေအမြူတေအစောပိုင်းအဆင့် ပါရမီရှင်လေး၏ အလားအလာအား တွက်ဆတော့သည်။
“ကောင်းတယ် သိပ်ကောင်းတယ် ဟားးး ဒါမှငါ့သမီးကွ”
ကျန်းထန်ရဲ့ကျယ်လောင်တဲ့ ရယ်သံကြီးထွက်ပေါ်လာမှသာ မှင်သက်မှုမှ ပျောက်ကွယ်သွားကြပြီး လက်ခုပ်သံများ အုန်းအုန်းထလာတော့သည်။ ရှို့မေကမူ ပြင်းထန်တဲ့ဓားချက်ကြောင့် ရင်ဘတ်ပေါ်၌ ကန့်လန့်ဖြတ်ဓားရာတခုရှိနေပြီး သူမအနေဖြင့် အဆိုပါဓားချက်မှရသည့် ဒဏ်ရာကိုကုသရန် အနည်းဆုံး တလမှ သုံးလထိ အနားယူရတော့မည်ဖြစ်သည်။
“ကျန်းရင်ရင် အနိုင်ရပါတယ်”
အကြီးကဲက ကြေငြာပြီးနောက် အခြားစင်မြင့်ပေါ်တွင်လည်း တုဖန်း ကျစ်ယွဲ့ ကုလင်တို့က အခြားဂိုဏ်းဝင်တဦးနဲ့အတူ အနိုင်ရရှိသွားကာ နောက်တဆင့်အတွက် မဲနှိုက်ရွေးချယ်တော့သည်။ ကျန်းရင်ရင်ကမူ စင်ပေါ်၌ အဆုံးခိတည်ငြိမ်နေခဲ့ပြီး ဒဏ်ရာကြောင့် ထွက်ခွာသွားရသည့် ရှို့မေအား စူးစိုက်ကြည့်နေခဲ့သည်။
နောက်တဆင့်တွင်တော့ ကျန်းရင်ရင်က အခြားဂိုဏ်းတူတပည့်နဲ့တွေ့ဆုံကာ ပြိုင်ပွဲအား အချိန်တိုအတွင်းအနိုင်ယူခဲ့ပြီး နောက်ထပ်တဆင့်တွင်တော့ ဗလာမဲကြောင့် ဗိုလ်လုပွဲ၌ စောင့်နေခွင့်ရလေသည်။
“သခင်လေးယန်ရဲ့ အကူညီအတွက် ကျေးဇူးတင်ပါတယ်”
ဗိုလ်လုပွဲမစတင်မီမှာပဲ ကျန်းရင်ရင်က ယန်ချန့်ကို လာရောက်ဦးညွတ်ခဲ့ပြီး သူမသာ အဆိပ်ဒဏ်သင့်နေခဲ့ပါက ပြိုင်ပွဲကိုတောင် ဝင်ပြိုင်ရန် အခွင့်ရေးဆုံးရှုံးနိုင်ပြီး အခြားအကူညီတွက်ကိုမူ ကျန်းရင်ရင်က ထုတ်ဖော်မပြောခဲ့ပေ။
“ရင်ရင်က တော်ပြီးသားပါ ဒီပွဲမှာ ပထမရလိမ့်မယ်လို့ အစ်ကိုယုံတယ်”
ယန်ချန်က အားပေးစကားပြောလိုက်ပြီး ဘေးနားရှိ ရှုယင်ကလည်း ယန်ချန့်နည်းတူ အားပေးစကားပြောဆိုလေသည်။ ထိုချိန် ပွဲကြည့်စင်တနေရာမှာပေါ့ ဂိုဏ်းချုပ်စုနဲ့ လီဖူယွဲ့တို့က ကျန်းရင်ရင်ရှိရာကို ကြည့်နေမှန်း ကျန်းရင်ရင်တယောက် သတိမထားမိပေ။
အချိန်အချို့ထပ်ကုန်ဆုံးသွားကာ တတိယအဖြစ် ကျစ်ယွဲ့က ရရှိသွားကာ ကျန်းရင်ရင်က ဗိုလ်လုပွဲကိုတော့ ကုလင်နဲ့ ယှဥ်ပြိုင်ရလေသည်။
“ကုလင်က ရွှေအမြူတေအလယ်လတ်အဆင့် မဟုတ်လား ပြီးတော့ ခန္ဓာကိုယ်ကျင့်ကြံရေးနည်းလမ်းကိုလည်း ကျင့်ကြံထားသေးတယ် ဒီတခါတော့ ကျန်းရင်ရင် မလွယ်ကူတော့ဘူး”
တေးသံသာဂိုဏ်းမှ အကြီးကဲတဦးမှ တွက်တွက်ဆဆ ပြောလာသည်။ ထိုစကားကိုကြားလျင် လီဖူယွဲ့က ဦးခေါင်းအား ခါယမ်းလိုက်ပြီး တီးတိုးပြောသည်။
“အဲ့လောက်မရိုးရှင်းဘူး ကျန်းရင်ရင်က ခုထိခွန်အားအကုန်မသုံးရသေးဘူး သူ့မှာနောက်ထပ်ဝှက်ဖဲတွေရှိနိုင်တယ် ကျမအထင်သူမက ရွှေအမြူတေနှောင်းပိုင်းအဆင့် ဖြစ်နေမှာကိုတောင် စိုးမိတယ်”
လီဖူယွဲ့၏စကားကို မည်သူမှမယုံကြပေ။ ထိပ်တန်းပါရမီရှင်ဖြစ်ခဲ့သည့် ဂိုဏ်းချုပ်စု ကျင်းဧကရာဇ်တို့ပင် ထိုအသက်ရွယ်၌ ရွှေအမြူတေနှောင်းပိုင်းအဆင့်သို့ မရောက်ရှိခဲ့ပဲ မထင်မရှားပါရမီရှင်လေးက ထိုအဆင့်ရောက်နေသည်က ဖြစ်နိုင်ချေသုညနီးပါးပင် ဖြစ်သည်။
“မဖြစ်နိုင်ဘူး ရွှေအမြူတေအလယ်ဆင့်က သူမရဲ့အမြင့်ဆုံးပဲ ဖြစ်မယ်”
ဗိုလ်လုပွဲမစတင်မီ အချိန်အနည်းငယ်အလို၌ ယန်ချန်က ကျန်းရင်ရင်၏ ရေပြင်ညီဓားခုတ်ချက်၌ ချို့ယွင်းချက်များကို မြင်ခဲ့ရကြောင်း မည်သည့်ဓားကျင့်စဥ်မဆို အခြေခံဓားသိုင်းများကို အမှီပြုရသည့်အတွက် ဓားသဘောတရား၌ အခြေခံကိုမမေ့သင့်ကြောင်း ပြောပြနေခဲ့ကာ တဖက်သူ၏ တောင့်တင်းသန်မာတဲ့ ခန္ဓာကိုယ်ကို တိုက်ခိုက်ရန် လွယ်ကူမည်မဟုတ်ဟု မှတ်ချက်ပြုခဲ့သည်။
“နားလည်ပါပြီ သခင်လေးယန် ကျမခွန်အားအကုန်ထုတ်သုံးပါ့မယ်”
ကျန်းထန်ကလည်း ယန်ချန်ရဲ့ သင်ပြပေးမှုကို ခေါင်းတညိတ်ညိတ်ဖြင့် ကျေနပ်နေပြီး ယန်ချန်ကသို့ ဆရာ့ဆရာကြီးတဦးထံမှ သင်ပြပေးခြင်းခံရသည်က အမြင့်သို့ရောက်နိုင်သည် မဟုတ်လော။
ယန်ချန်ကမူ ထိုသို့မတွေးချေ။ စနစ်၏ အခြေခံဓားနည်းစနစ်များက ရိုးရှင်းသော်လည်း အလုပ်ဖြစ်နေသည်ကို တွေ့ရသည့်အတွက် အနည်းငယ်ထောက်ပြခြင်းသာဖြစ်ကာ အခြားအကြောင်းအရာတော့ မရှိပေ။ နောက်ဆုံး သူက ကျင့်ကြံသူမဟုတ်တဲ့ သေမျိုးဖြစ်နေဆဲပင်။
……………………………………………