အခန်း (၁၈၁-၁၈၃)
Vol. 13 Ch. 181-183
အပိုင်း (၁၈၁)
လောကကြီးက ဘာတွေဖြစ်ကုန်ပြီလဲဟ (၁)
ရထားက ကြားထဲတွင် လုံးလုံးမရပ်တန့်တော့ပေ။ မူလ ပထမကမူ ခရီးတစ်ထောက်နားသည့်နေရာတိုင်းတွင် မြင်းများကို လဲလှယ်ရန်ဖြစ်သော်လည်း ချွန်းမြောင်က အစီအစဉ်ပြောင်းကာ လမ်းတဝက်တွင် လေ့ကျင့်ရေးများ ပြုလုပ်နေသောကြောင့် မြင်းများကို အထူးတလည်လ၏လဲလှယ်ရန် မလိုတော့ပေ။ ချွန်းမြောင် သူ၏ဆရာတူအကိုကြီးများကို ရိုက်ရန်နားလိုက်သည့်နေရာတိုင်းတွင် မြင်းများကလည်း အနားရနေလေသည်မို့ လီဘိုလည်း အလုပ်ရှုပ်သက်သာနေလေတော့သည်။
သူကလည်း ဘာတွေလုပ်နေတာမှန်းကို မသိဘူး…
လီဘိုအနေနှင့်မူ ချွန်းမြောင်တို့ လုပ်နေသမျှအရာအားလုံးကို တစ်ခုတစ်လေပင် နားမလည်ချေ။ ချွန်းမြောင်က သူ၏အကိုကြီးများနှင့် အမကြီးကို အညှာတာမရှိ ရိုက်နှက်နေသည်ဟုသာ မြင်မိလေသည်။ အရိုက်ခံရသူတသိုက် ပင်ပန်းသွားကြသည့်အချိန်တွင် ရိုက်နှက်နေသည်ကို နားလိုက်ပြီး တဖန်ပြန်လည်သက်သာသွားသည်နှင့် တိုက်ပွဲက စကြပြန်လေသည်။ အားလုံးက လေ့ကျင့်ရေးလုပ်နေသည်နှင့်မတူလေဘဲ အမှန်ပင် သူသေကိုယ်သေ တိုက်နေကြသည့်အလားပင်။
ဟွာဆန်းက ဘယ်တကည်းက ဒီလိုသွေးဆာတဲ့ဂိုဏ်းမျိုး ပြောင်းသွားတာလဲ မသိဘူး…
သေချာသည်တစ်ခုတော့ ရှိလေသည်။ လီဘို၏ အမြင်နှင့်ပင် သေချာနေသောအရာပင်။ ဟွာဆန်းရှိ ကလေးများအားလုံးက ထိုသို့သာ နေ့စဉ်တိုက်ခိုက်နေရပါက ဟွာဆန်း၏ ရွှေရောင်နေ့ရက်တို့က ကြာမည် မဟုတ်တော့ပေ ။ အနှေးနဲ့အမြန်ပင် ပြန်လည်ရောက်ရှိလာတော့မည်ဟု ထင်မိလေသည်။
“သူတို့ ဟိုမရောက်ခင်တော့ မသေသွားကြလောက်ပါဘူးနော်”
လီဘို ဟွာဆန်းမှ ဂိုဏ်းသားများကို ပြန်ကာ ကြည့်လိုက်ပြန်သည်။
သူတို့က တကယ်ကို ထူးဆန်းတာပဲ..
လမ်းခရီးတစ်လျောက် ကြာချိန်ငါးရက်ရှိပြီဖြစ်လေပြီး ထိုငါးရက်အတွင်းတွင် အားလုံးက ခွေးရိုက်နွားရိုက် ရိုက်ခံထားရပြီး ဖြစ်လေသည်။ မကျိုးမကန်းသည်ကပင် ထူးဆန်းနေလှပေသည်။ ကျန်လူလေးယောက်အား ဒိုင်ခံရိုက်နေသည့် ချွန်းမြောင်အားကြည့်ကာ အမှန်တကယ် တာအိုကိုယ်တော်ပင် ဟုတ်လေရဲ့လားဟု လီဘိုတွေးမိလာသည် အထိပင်။ မည်မျှပင် သန်မာနေသော လူဖြစ်စေကာမူ နေ့စဉ်ရက်ဆက် ရိုက်ခံနေရသည်ကြီးကတော့ ထိုလူအတွက် မကောင်းနိုင်တော့ပေ။ သို့သော်လည်း ထိုလူများကမူ နေ့စဉ်သေမသတ် ရိုက်ခံနေရသည့်ကြားမှပင် ပို၍လျင်မြန်သွက်လက်ကာ သန်မာလာကြသလိုပင်။ ထို့ကြောင့် လီဘို မအံဩဘဲ မနေနိုင်တော့ပေ။
ရိုက်ခံရ၍ သန်မာလာသည်ဆိုသည်ကြီးက အဓိပ္ပါယ်မရှိသော်လည်း သူ၏မျက်စိရှေ့မှ လူများကမူ အမှန်ပင် အရိုက်ခံလေပြီးမှ သန်မာလာကြသည်ပင်။ အရိုက်ခံရခြင်းနှင့် ပို၍သန်မာလာခြင်းက မည်သို့ဆက်စပ်သည်ကိုပင် ချွန်းမြောင် မတွေးတတ်တော့ပေ။ ထူးဆန်းလှပေသည်။
“ကျား…”
ယွန်းဂျွန်က အံကိုကြိတ်ကာ ဘေးသို့ ရွေ့လိုက်လေသည်။
ဘမ်း…
မြေပြင်ပေါ်သို့ လဲကျသွားလေပြီး ခန္ဓာကိုယ်ကလည်း တဆတ်ဆတ် တုန်ယင်နေလေ၏။ ထိုမြင်ကွင်းကိုကြည့်ကာ ချွန်းမြောင်ကမူ စုပ်တသပ်သပ်ပင်။
“အောက်ပိုင်း…ခန္ဓာကိုယ်အောက်ပိုင်း… အကိုကြီးရဲ့ ခန္ဓာကိုယ်အောက်ပိုင်းက လေ့ကျင့်ခန်းတွေ ဒီလောက်လုပ်နေတာတောင် မပြောင်းလဲဘူးဆိုတာ ဖြစ်သင့်လို့လား..ခန္ဓာကိုယ်အောက်ပိုင်းကို အာရုံစိုက်ထားစမ်းပါ… ကိုယ့်ခန္ဓာကိုယ်ကို ပြောင်းလဲဖို့ စိတ်ပါမနေဘူးလား”
ချွန်းမြောင်က လဲကျနေသော ယွန်းဂျွန်ကို ကြည့်ကာ ဆူငေါက်နေလေသည်။ အားလုံးက မြေပြင်ပေါ်တွင် တုံးလုံးပက်လက်ဖြစ်နေကြသည်ကို မြင်သောအခါတွင်မူ အားမလိုအားမရဟန်နှင့် ထပ်ကာ စုပ်သပ်လိုက်ပြန်သည်။
“ငါတို့ အားလုံးလည်း တတ်နိုင်သလောက် ကြိုးစားနေတာပဲ”
“တတ်နိုင်သလောက်ကြိုးစားတယ် …ဟုတ်လား”
ချွန်းမြောင်နှင့် တစ်ကြိမ်တိုက်ခိုက်ပြီးလေတိုင်း အသေအကြေရိုက်ခံရတတ်သော်လည်း သူတို့အားလုံးက ရိုက်ခံပြီးချိန်တိုင်းတွင် ခွန်အားနှင့် ချီစွမ်းအင်များ ပို၍တိုးလာကြသည်ကတော့ ငြင်းမရသည့်ကိစ္စပင်။ သို့သော်လည်း ချီစွမ်းအင်များတိုးလာသည်နှင့်လည်း ရိုက်ခံရသည့်နေရာများက မနာဟုတော့ မဆိုလိုပေ။ အသည်းခိုက်အောင်ပင် နာကြင်လေသည်. ။ နာကြင်မှုက ပို၍ပို၍သာ ပြင်းထန်လာလေပြီး ထုံသွားသည်ဟူ၍ပင် မရှိ ဖြစ်နေလေသည်။
“ကျင့်ကြံအားထုတ်ပြီးတော့ အကိုကြီးတို့ ခန္ဓာကိုယ်ကို အဆင့်သင့်ဖြစ်အောင် လုပ်ကြ”
ချွန်းမြောင်က ပြောပြီးသည်နှင့် တဖက်သို့လှည့်ကာ ချုံပုတ်ထူများ ရှိရာဘက်သို့ အလျင်အမြန်ပင် လျှောက်ကာ သွားလေသည်။
“မင်း ဘယ်သွားမလို့လဲ”
“ဟိုနားဒီနား …ဘာလို့လဲ”
ဂျိုဂုက ထွက်သွားသော ချွန်းမြောင်ကိုကြည့်ကာ လက်သီးကိုကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်လေသည်။
“သူ့ နှာခေါင်းကို ကျိုးအောင်ကို ထိုးပစ်မယ်”
ဂျိုဂု၏ ကြိမ်းဝါးစကားကြောင့် ဘေးတွင်လှဲနေသော ယွန်းဂျွန်က တိုးတိုးလေး ပြန်ပြောလာလေသည်။
“ဖြစ်နိုင်တာလေးပဲ ပြောစမ်းပါကွာ…သူက ငါတို့အကုန်လုံးကို ချိုးပစ်တယ်တို့ ဘာတို့ပေါ့”
“ဟွန့််”
ဂျိုဂုက ပက်လက်လှန်လိုက်ပြီး ကောင်းကင်ကြီးကို မော့ကာ ကြည့်လိုက်လေသည်။
“အကိုကြီး”
“ဘာလဲ”
“ဒီလိုလုပ်နေတာက တကယ်ကြီးပဲ ကျွန်တော်တို့ကို သန်မာစေလာတာလား”
“အေးပေါ့”
ယွန်းဂျွန် ခံစားမိသည့်အတိုင်း ဖြေလိုက်ခြင်းပင်။ ငါးရက်တာ ကာလမှာပင် သူ၏ စွမ်းအင်များ တိုးတက်လာသည်က အသိသာကြီးပင်။ သူ၏ဓါးရေးလှုပ်ရှားမှုများကပင် ယခင်ထက် သန်မာလျင်မြန်လာလေသည်။ ချွန်းမြောင်က သူတို့အား ပိုမိုတိုးတက်လာအောာင် တမင်ရိုက်ပေးနေသည့်အလားပင်။
ချွန်းမြောင်သည် သူတို့အား လက်ဗလာနှင့် တိုက်ခိုက်ပြီး သူတို့ကသာ လက်နက်ကိုင်ဆောင်ကြခြင်း ဖြစ်လေသည်။ ချွန်းမြောင် ပုတ်ထုတ်လိုက်သည့် လက်ဝါးချက်တိုင်းကို ခုခံရသော သူတို့က သူတို့၏ အားအင်များတိုးတက်လာသည်ကို ပုတ်ထုတ်ခံရချိန်တိုင်း သိနိုင်နေလေသည်။
“အင်း…အဲ့လိုဆိုလည်း ပြီးတာပါပဲ”
ဂျိုဂုက သက်ပြင်းရှည်ကြီးကို ချလိုက်လေသည်။
ယခုလေ့ကျင့်ရေးက ထိရောက်လွန်းသော်လည်း အထိနာမှုကလည်း မသေးပေ။ အတော်လေးပင် ခံရလေသည်။
ဒီလောက်ကြီး လေ့ကျင့်ပြီးမှ မသန်မာလာရင်တော့ ငါတို့တော့ ဘယ်လောက်တောင် ရှက်စရာကောင်းလိုက်မလဲ…
ဂျိုဂုက သူ၏ပျော့ညံ့သွားသော စိတ်ကို ပြန်လည်ပြင်ဆင်နေချိန်မှာပင် ဘတ်ချုန်းကမူ ချွန်းမြောင်၏ နောက်ကျောကိုသာ စကားတစ်ခွန်းမှ မဆိုဘဲ ကြည့်နေလေသည်။
“နည်းပြ”
“အင်း”
“ဘာလို့ သူ့ကို အဲ့လိုကြီး စိုက်ကြည့်နေတာလဲ”
“အာ…”
ဘတ်ချုန်း ထိုအခါမှသာ သတိဝင်လာဟန်နှင့် ပြောလာလေသည်။
“မင်းပြောကြည့်စမ်း”
“အင်း..နည်းပြ”
“မင်း …ချွန်းမြောင် ချွေးထွက်နေတာ မြင်ဖူးလား”
“ဟမ်”
ဒါက ဘာမေးခွန်းကြီးတုန်း..
“အကိုကြီး ဘာပြောချင်တာလဲ…ကျွန်တော် နားမလည်ဘူး”
“မင်းကလည်း…မင်း ချွန်းမြောင် ချွေးထွက်နေတာ မြင်ဖူးလားလို့”
“ဟားဟားဟား…ဘယ်လိုတောင် ထူးဆန်းလိုက်တဲ့ မေးခွန်းလဲ… ဒါပေါ့… ကျွန်တော်တို့တောင်…”
ယွန်းဂျွန် ရယ်မောနေပြီးမှ ရုတ်တရက်တန့်သွားလေသည်။
“ဟင့်အင်း မမြင်ဖူးဘူး”
“တစ်ခါမှ မမြင်ဖူးဘူးလို့ ထင်တာပဲ…နော်…အကိုကြီး”
“ပြန်တွေးကြည့်တော့ ချွန်းမြောင်က ဓါးသင်္ချိုုင်းထဲတုန်းကတောင် ချွေးတစ်စက်မှ ထွက်တာမဟုတ်ဘူးရယ်”
“ဟုတ်လား”
ဂျိုဂု၏ စကားကြောင့် ဘတ်ချုန်း၏ အမူအရာက ပိုကာ ထူးဆန်းလာလေသည်။
“ဒါနဲ့ နည်းပြက ဘာလို့ အခုမှ ရုတ်တရက်ကြီး အဲ့တာကို ထမေးနေတာလဲ”
“အာ..ဘာမှ မဟုတ်ဘူး”
ဘတ်ချုန်း ခေါင်းကိုခါကာ ပြောလိုက်လေပြီး သူ၏အကြည့်များက ချွန်းမြောင်ဆီသို့ ပြန်ရွေ့သွားလေသည်။
အခု …သောက်ကလေးက ခေါင်းနောက်တစ်ခုလုံးက ဆံပင်တွေက စိုနေတယ်..
ဒါ ချွေးထွက်နေတယ်ဆိုတဲ့ သဘောပဲ…
ဝူတန်၏အကြီးအကဲကိုပင် ချွေးတစ်စက်မထွက် တစ်ချက်မပင်ပန်းဘဲ တိုက်ခိုက်ခဲ့သူက ယခုတွင်တူ သူ၏သာမန်ညောင်ည အကိုကြီးများနှင့် တိုက်ခိုက်သည်ကိုပင် ချွေးတို့ထွက်ကာ ပင်ပန်းနေလေသည်။ ဤသည်က သူတို့ အဆမတန် သန်မာလာသည်ဆိုသည့် သဘောလားပင်။ သူတို့သည် ဝူတန်အကြီးအကဲနှင့် တစ်ယောက်ချင်း ယှဉ်နိုင်ပြီဟု ဆို၍မရသေးသော်လည်း သာမန်အဆင့်တစ်ခု မဟုတ်သည်ကတော့ သေချာသွားပြီ ဖြစ်လေသည်။ ဘတ်ချုန်း၏ မျက်လုံးတွင် အလင်းတန်းတစ်ခုပေါ်လာပြီး ချွန်းမြောင် အား ထပ်ကာကြည့်လိုက်လေသည်။ ချွန်းမြောင် ကနေရာတွင် မရှိတော့ပေ။
ဘတ်ချုန်းက အတန်ကြာအောင် ကြည့်နေပြီးမှ ပြောလိုက်လေသည်။
“အားလုံးပဲ နားထောင်ကြ”
‘ဟုတ်ကဲ့”
ဘတ်ချုန်းက အားလုံးကိုအလေးအနက်ကြီးပင် ပြောလေ၏။
“အား…ဟူး”
သူ၏ဆရာတူအကိုကြီးများနှင့် ဝေးရာအထိကို ချွန်းမြောင်က လျောက်လာခဲ့ပြီးမှ လဲချလိုက်လေသည်။
“အမလေး..ပင်ပန်းလိုက်တာ ..သေတော့မတတ်ပဲ”
သွေးကြောဖွင့်ခြင်း …
အပြောလွယ် အလုပ်ခက်သော အလုပ်ပင်။ သာမန်လူများ သုံးလေ့မရှိဘဲ သိုင်းအကျော်အမော်များသာ သုံးသည့် အထူးနည်းလမ်းတစ်မျိုးပင်။ မိမိ၏ ကိုယ်ပိုင်အတွင်းချီများကို သုံးကာ လမ်းလွဲနေသော တဖက်လူ၏ချီများကို ပြုပြင်လမ်းပြပေးရသောအလုပ်ဖြစ်ပြီး အလွန်လည်း ပင်ပန်းလေသည်။ ထိုသို့ တဖက်သား၏ ချီများကို လမ်းကြောင်းဖွင့်ပေးရာတွင် သုံးရသော မိမိ၏ ချီစွမ်းအင်များသည် တဖက်လူနှင့် သင့်တော်သည့် ပမာဏဖြစ်စေရန်လည်း အနည်းအများ ညှိယူရပြီး ထိရောက်စေရန်ကလည်း လုပ်ဆောင်ရလေသေးသည်။. မိမိ လွှဲပြောင်းသော ပမာဏများသွားပါက တဖက်လူတွင် ဒန်တျန်ထိခိုက်မှုများ ဖြစ်ပေါ်လာမည်ဖြစ်ပြီး နည်းသွားပါကလည်း တိုးတက်သင့်သလောက် တိုးတက်လာတော့မည် မဟုတ်ပေ။ သူ၏ မူလအခြေအနေနှင့်မူ သူ၏ဆရာတူအကိုကြီးများကို ထိုသို့ လုပ်ပေးနိုင်မည် မဟုတ်သော်လည်း ဆေးလုံးကျေးဇူးနှင့်ပင် သူ၏သိုင်းပညာက အဆင့်များစွာ တက်သွားပြီးဖြစ်လေသည်၊ ထို့ကြောင့်ပင် သူ၏အကိုကြီးများကို ပြင်ဆင်ပေးနေနိုင်ခြင်းပင်။ ထို့အပြင် ထိုသို့ပြုလုပ်ခြင်းက သူ၏ချီများကိုလည်း ပိုမိုသန်မာလာစေသည်။
“ဘယ်လို အကောင်းတွေကိုတောင် ငါရနေတာတုန်း”
ချွန်းမြောင် မိမိကိုယ်ကိုတွေးမိ သွားလေသည်။ အတိတ်က ချွန်းမြောင်အနေနှင့်မူ မိမိအတွက် အကျိုးရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ တဖက်လူအား ကူညီရန်ဆိုသည်က စိတ်မပါသည့်ကိစ္စပင်။ မသိသလိုသာ နေလိုက်မည်ဖြစ်သည်။သို့သော် ယခုတွင်မူ သူပြောင်းလဲခဲ့လေပြီ။
[မင်း ဘယ်လောက်ပဲ သန်မာနေစေပါစေ မင်းတစ်ယောက်တည်းသန်မာနေရုံနဲ့ ဂိုဏ်းတစ်ဂိုဏ်းဆိုတာ ဖြစ်မလာနိုင်ဘူး…မင်း သေဆုံးသွားတဲ့အခါ မင်း ဘာမှချန်မထားခဲ့နိုင်ရင် မင်းက ဘယ်လိုလုပ် တာဝန်ကျေတဲ့သူတစ်ယောက်ဖြစ်တော့မှာလဲ… ]
သူ၏ ဆရာတူအကိုကြီး ပြောခဲ့သောဆရာများက သူ့နားထဲတွင် တဝဲလည်လည်ပင်။
“ဟုတ်ပါပြီ…သိပါပြီ..သိပါပြီ…ခဏခဏ ပေါ်လာပြီး ပြောမနေပါနဲ့တော့”
ချွန်းမြောင် ကခေါင်းငြိမ့်ကာ ညည်းညူလိုက်လေသည်။
ယခုလက်ရှိတွင် အကိုကြီးတို့အနေနှင့်မူ ချီစုပ်ယူမှုက အလွန်ပင် နှေးနေသေးသည်ဟု ချွန်းမြောင်မြင်လေသည်။ ထို့အပြင် သွားရမည့်နေရာကလည်း အန္တာရာယ်အပြည့်နှင့်ပေမို့ လုံလုံလောက်လောက်မသန်မာသေးသော သူများကို သေတွင်းထဲသို့ ခေါ်မသွားချင်ပေ။ ထို့ကြောင့်သာ ဤမျှခက်ခဲသော နည်းလမ်းကိုသုံးကာ ချွန်းမြောင် အလျင်စလို လေ့ကျင့်ပေးနေခြင်းပင်။ ဤနည်းလမ်းနှင့် လေ့ကျင့်ရသည်က ချွန်းမြောင်လည်း ပင်ပန်းလှပေသည်။
“လက်သီးတစ်ချက်ဆို တစ်ချက်တော့ ဒီနည်းလမ်းက သိသာပါတယ်”
ငါးရက်ဆက်တိုက် တစ်ချက်မက အထိုးခံနေရသော သူ၏အကိုကြီးများအကြောင်းကို တွေးမိသွားသောအခါတွင်မူ ချွန်းမြောင် ပြုံးလိုက်လေတော့သည်။ သူ၏အကိုကြီးများ တစ်ရက်ထက်တစ်ရက် တိုးတက်လာသည်ကိုကြည့်ကာ ချွန်းမြောင် ကျေနပ်မိလေသည်။
ယခင်ကမူ မည်သူမှ သူနှင့်ယှဉ်ကာ ဓါးရေးမယှဉ်ရဲကြသော်လည်း ယခုတွင်မူ ယှဉ်ရဲသည့်သတ္တိရှိလာပြီဖြစ်သည်. နောင်တွင်မူ ယှဉ်နိုင်သည့် စွမ်းရည်ပင် ရှိလာတော့လေမည် ဖြစ်သည်။ ချွန်းမြောင် သူ၏အတွေးကြောင့် မသိလိုက်ခင်မှာပင် ပြုံးမိသွားလေသည်။ တစ်ယောက်မှသည် နှစ်ယောက်. ၊ နှစ်ယောက်မှသည် သုံးယောက် ၊တစ်စတစ်စနှင့် ပြန့်ပွားကာ တိုးတက်လာမည့် ဟွာဆန်းကို တွေးမိသည့်အခါတွင်မူ မောပန်းမှုများပင် ပြေပျောက်သွားသလိုပင်။
ချွန်းမြောင် ပင်ပန်းရကြိုး နပ်သကဲ့သို့ ခံစားမိလေသည်။
“ကဲ…”
ချွန်းမြောင်က ညကောင်းကင်ကြီးကို ကြည့်ကာ ရေရွတ်လိုက်လေသည်။
“ငါ က သူတို့ကို သင်ပေးရင် သူတို့က သူတို့ရဲ့ ဆရာတူ အကိုတွေ ညီတွေကို သင်ပေးလိုက်မယ်..
အဲ့လူတွေကနေတဆင့် နောက်ထပ်လူတွေကို တဆင့်ပြန်သင်ပေးပြီးတော့ ဒီလိုနဲ့ပဲ ငါတို့ ဟွာဆန်းက ပြန်ပြီးတော့ သန်မာလာမယ်….ကျွန်တော် ပြောတာဟုတ်တယ်မို့လား အကိုကြီး”
သူ၏ဆရာတူအကိုကြီးက သူ့အား ကောင်းကင်မှ ပြုံးပြနေသယောင် ချွန်းမြောင် ခံစားလိုက်ရလေသည်။
“အင်း…ကျွန်တော် သိပါတယ်”
အတိတ်တွင် အပူအပင်တစ်စက်ပင် မထားတတ်သော ချွန်းမြောင်က ယခုတွင်မူ ဂိုဏ်းတစ်ဂိုဏ်းလုံး ရှေ့ရေးကို မျှော်တွေးကာ ပူနေရသည့်အဖြစ်က တွေးကြည့်လျှင်တော့ ရယ်ချင်စရာပင်။. ချွန်းမြောင် ပြုံးသာပြုံးနေမိလေတော့သည်။
“အား”
ချွန်းမြောင်က သူ၏အားအင်များကို စုစည်းလိုက်ပြီး ခန္ဓာကိုယ်မှ ချွေးများကို ခါထုတ်လိုက်လေသည်။အဝတ်များကို သပ်ရပ်အောင်ပြုပြင်လိုက်ကာ မည်သူမှ သတိမထားမိအောင် သက်ပြင်းတစ်ချက် ခိုးချလိုက်လေသည်။
“ငါ့စိတ်တွေတော့ ပေါ့ပါးသွားပြီ’
သူတို့အတွက် ငါဘယ်လောက်တောင် ပင်ပန်းနေရလဲဆိုတာတော့ ဒင်းတို့က သိမှာမဟုတ်ဘူး..
အရူးအကိုကြီးတွေ…
ချွန်းမြောင်က သူ၏အကိုကြီးများကို ပွစိပွစိလုပ်ကာ သူ၏ဆရာတူအကိုကြီးများ ရှိရာဘက်သို့ ပြန်လာခဲ့လေသည်။. အချိန်က သူထင်ထားသည်ထက် စောနေလေပြီး သူ၏အကိုကြီးများကလည်း နေရာတွင်သာ ရှိနေကြလေသည်။
“အာ….မင်းကတော့ အမြဲတမ်းကို မင်းဖြစ်ချင်နေတာတွေကြီးပဲ လုပ်ချင်နေတာလား”
သူ့အား လှမ်းကာ ပြောလိုက်သည့်စကားကြောင့် ချွန်းမြောင် ကြောင်အသွားလေသည်။ ယနေ့အတွက်က လုံလောက်ပြီဟု သူယူဆထားသောကြောင့် လေ့ကျင့်ရေးကို နားရန် ဆုံးဖြတ်ပြီးသားပင်။ သူတို့အားလုံးက လူများဖြစ်ကြလေသည်။ စက်ပစ္စည်းများမဟုတ်။ အလိုကြီးအရနည်းဆိုသလိုပင် လောဘတကြီးလေ့ကျင့်ခြင်းက သူတို့အား ထိခိုက်စေမည်ကို မလိုလားပေ။ သို့သော် သူ၏အကိုကြီးများက လှည်းအတွင်းတွင် ဝင်ကာနားနေခြင်း မရှိကြဘဲ အပြင်တွင်သာ နားနေကြပြီး သူ့အား တွေ့သည်နှင့် ပြောလိုက်ခြင်းပင်…
ဘာလား…
“ဘာဖြစ်နေကြတာလဲ…အကိုကြီးတို့က မနားကြဘူးလား”
“နားတာလား”
ဘတ်ချုန်းက ခေါင်းခါပြကာ ဖြေလာ၏။
“ငါတို့ ဒီလောက်လေး လေ့ကျင့်ရုံနဲ့တော့ မနားနိုင်သေးဘူး… ထပ်ပြီး တိုက်ကြရအောင်”
“ဟမ်”
ချွန်းမြောင် အံ့အားလည်းသင့်ကာ ရယ်လည်း ရယ်ချင်သွားလေသည်။
ဆိုတော့ အကိုကြီးတို့ရဲ့ ခြေထောက်တွေက ထပ်ပြေးနိုင်သေးတဲ့သဘောပေါ့..
မတ်တပ်ရပ်နိုင်ကြသေးတယ်ပေါ့…
ဂျိုဂုကလည်း ဘေးမှနေကာ ရန်စသယောင် မဲ့ပြုံးပြုံးပြလေသည်။
“ကဲပါ…အကုန်လုံး ပင်ပန်းထားကြလို့ ကျွန်တော်က အနားယူခိုင်းတာပါ”
“ဟင့်အင်း”
ယွန်းဂျွန်က နောက်မဆုတ်သွားပေ။
“မင်း အခုထိ မပင်ပန်းသေးဘူး …ဟုတ်တယ်မို့လား”
“ဟ…”
အလာကြီးပါလား..
သူတို့ အစားမှားထားကြတာလား..
ယုရီဆိုးကလည်း သူမ၏ ဓါးကိုထုတ်လိုက်ပြီး ချွန်းမြောင်ဆီသို့ ချိန်ရွယ်ထားလေသည်။
“နားချင်ရင် နားလို့ရတယ်လို့ …ကျွန်တော်က အကိုကြီးတို့အတွက် ပြောနေတာနော်”
“….”
ချွန်းမြောင် သိသွားလေပြီဖြစ်သည်.
“ကောင်းပြီလေ…”
“အသည်းကောင်းလို့ ပွဲတောင်းနေတော့လည်း”
ချွန်းမြောင် လက်များကို တဂျွတ်ဂျွတ် ချိုးနေလေတော့သည်.
“ခံစားချက်ကတော့ မလိမ္မာတဲ့တပည့်တွေကို ဆုံးမရတော့မယ့် ခံစားချက်မျိုးပဲ”
ချွန်းမြောင်၏ အပြောကြောင့် အားလုံးက ရှူးရှူးရှားရှား ဖြစ်သွားကြလေသည်။
“အပိုတွေ ပြောမနေနဲ့… လာတာ တိုက်လိုက်”
“တိုက်ကြ”
“မင်းကို ခေါင်းဖြုတ်ပစ်မယ်”
“မင်း ရှုံးရင် အသေပဲ ဟေ့ကောင်…အတည်ပြောတာ”
သူ၏ဆရာတူအကိုကြီးများ အားလုံးက ဓါးကိုယ်စီကိုဆွဲကာ သူ့ဆီသို့ ပြေးဝင်လာကြသည်ကို ကြည့်ပြီး ချွန်းမြောင်စိတ်ထဲမှ ဆဲရေးလိုက်လေသည်။
ဒီ နှလုံးသားမရှိတဲ့ မျိုးမစစ်တစ်စုကတော့ ….
အိုး …ဆရာတူအကိုကြီးရဲ့…
အနာဂတ် ဟွာဆန်းကြီးကတော့ ကြည့်လို့ကောင်းနေတော့မှာပဲ..
ဟီးဟီးဟီး…..
အပိုင်း (၁၈၂)
လောကကြီးက ဘာတွေဖြစ်ကုန်ပြီလဲဟ(၂)
လမ်းခရီးတွင် ရက်အတန်ကြာ ဖြုန်းခဲ့သည့် ဟွာဆန်းဂိုဏ်းသားတစ်စုက နောက်ဆုံးတွင်မူ စီချွမ်ပိုင်နက်ထဲသို့ ဝင်ရောက်လာခဲ့ပြီဖြစ်လေသည်။
“ဝါး…”
ရထားလုံးက မြို့ဝင်ပေါက်နားသို့ နီးကပ်လာသည်နှင့်အမျှ အနီးအနားရှိ လူများကလည်း ပို၍ကွက်ကြည့်ကွက်ကြည့် လုပ်လာကြလေသည်။ မြင်းကသော ရထားကို စီးနိုင်သောသူကို စူးစမ်းလိုကြဟန်ရ၏။ စပ်စုစူးစမ်းခြင်းကိုက လူတို့၏သဘာဝဖြစ်လေသည်မို့ နားလည်ရပေမည်။
လီဘိုက မြင်းဇက်ကိုသပ်ကာ လှည်းဘက်သို့ လှည့်ပြီး ပြောလိုက်လေသည်။
“ကျွန်တော်တို့တွေ ချန်ဒူကို ရောက်ပါပြီ”
လီလိုပြောလိုက်သည်နှင့် ဟွာဆန်းဂိုဏ်းသားများက လှည်းထဲမှ ထွက်လာကြလေသည်။
“ဘာလဲဟ”
“သူတို့ရဲ့ပုံစံတွေက ဘာဖြစ်နေကြတာလဲ”
“သူတို့က စစ်ပွဲက ပြန်လာကြတာလား”
လှည်းထဲမှ ဆင်းလာသော လူတစ်စု၏ပုံပန်းသဏ္ဍာန်များကို ကြည့်ကာ လူအားလုံးက ထိတ်လန့်သနားသွားကြလေတော့သည်။ လူရုပ်ပင် ကောင်းကောင်းမထွက်တော့သော ဟွာဆန်းဂိုဏ်းသားများက လူအများ၏အာရုံကို ကောင်းကောင်းကြီး ထိန်းထားနိုင်လေသည်။
“အား…ငါတော့ သေတော့မလိုပဲ”
“ငါတို့အားလုံးကြိုးစားလွန်းလို့ အသက်ထွက်တော့မလို့ပဲနော်”
“အခု စီချွမ်ကိုရောက်ပြီဆိုတော့ ငါတို့ ခရီးတဝက်ကို ရောက်လာပြီပေါ့… ဘယ်အချိန်ကျမှ ယန်နန်ကို ရောက်မှာလဲ”
လမ်းခရီးတစ်လျှောက် လေ့ကျင့်ရေးဆင်းထားရသောကြောင့် ဟွာဆန်းဂိုဏ်းသားများ အားလုံးက လူကောင်းပုံသဏ္ဍာန် မပေါ်တော့ပေ။ မျက်ကွင်းချောင်ချောင် ၊ ဒူးချောင်ချောင်နှင့် အပြိုင်းပြိုင်းကျနေလေပြီ ဖြစ်လေသည်။ ချွန်းမြောင်သည်ပင် လူရုပ်မပေါ်တော့ပေ ပြိုင်းနေလေပြီ ဖြစ်၏။
“ဒီတစ်ခေါက် ခရီးကတော့ ပျော်စရာဆိုတာ မရှိတော့ဘူး”
“နောက်ခါ ဒါမျိုး ထပ်မလုပ်နဲ့ကြစို့နော်”
“အခုမှ ခရီးတစ်ဝက် ..တဝက်ကျန်သေးတယ်”
စီချွမ်မြို့ဝင်ပေါက်၏ တံခါးဝကြီးသည် မရင်းနှီးသောကမ္ဘာတစ်ခုမှ တံခါးကြီးကဲ့သို့ပင်။ လုံးလုံး စိမ်းသက်နေလေသည်.။ယခုလက်ရှိတွင်မူ ဟွာဆန်းမှ ကလေးများသည် ခြေကုန်လက်ပန်းကျလွန်းနေပြီး စိတ်ညစ်ဖွယ်ရာ လေ့ကျင့်ရေးမှ ခဏတာလွတ်မြောက်လာကြပြီမို့ ငိုကြွေးမိမတတ်ပင် ပျော်ရွှင်နေကြလေသည်။
“ဟား…ကျွန်တော် အထင်တော့ နောက်ထပ်နှစ်ရက်လောက်သာ လေ့ကျင့်ရေးထပ်ဆင်းလိုက်လို့ကတော့ တစ်ခုခုထူးခြားလာတော့မယ်လို့ အာရုံတွေ ရနေတယ်”
ချွန်းမြောင်၏ ဝမ်းသာအားရအပြောကို အားလုံးက ချဉ်တူးတူးသာ ကြည့်လိုက်ကြလေသည်။
“တော်စမ်းပါ…နောက်ထပ်နှစ်ရက်ဆိုလို့ကတော့ ငါသေနေလောက်ပြီ”
“အဲ့လိုထပ်ပြီး လေ့ကျင့်နေမယ့်အစား ငါ့ကိုသတ်လိုက်တာကမှ ဟုတ်ဦးမယ်..ငါ့ကိုသာ သတ်လိုက်ပါတော့”
“မင်းက တကယ်နှလုံးသားမရှိတဲ့ကောင်ပဲ …နှလုံးသားမရှိတဲ့ကောင်”
အားလုံး၏ ဝိုင်းကာအပြစ်တင်သောကြောင့် ချွန်းမြောင် တအံတအားနှင့်ပင် ဖြစ်မိသွားလေသည်။
“အား…ဘာပဲဖြစ်ဖြစ်လေ.. အခု ဒီနေရာကို အသက်ရှင်လျက် ရောက်လာပြီပဲကို..အဲ့တာက ကောင်းတာပဲ မဟုတ်ဘူးလား”
“ဟွန့်”
ဟွာဆန်းမှ ဂိုဏ်းသားများ စကားပြောနေကြစဉ်မှာပင် လီဘိုကလည်း မြင်းများကို ဖြုတ်ကာ အနားပေးနေလေသည်။
“အခု ဘာဆက်လုပ်ကြမှာလဲ…အန်ဟာကုန်သည်အဖွဲ့ဆီကိုပဲ တန်းပြီးသွားမှာလား”
“အင်း…”
ဘတ်ချုန်းက မျက်မှောင်ကြုတ်လိုက်လေသည် ။ ဘတ်ချုန်း၏ အမူအရာကြောင့် လီဘိုက မြင်းများဆီမှ လျောက်လာကာ ပြောလေသည်။
“စီချွမ် ဌာနခွဲကိုလည်း ယန်နန်ရဲ့ သတင်းအချက်အလက်တွေ စုစည်းပေးထားဖို့ အမိန့်ပေးထားပါတယ်”
“ဒါဆို အခုက သတင်းတွေ ရနေလောက်ပြီလား”
‘အင်း”
လီဘို မရေမရာပေမယ့် မျက်မှောင်ကြုတ်ကာ ခဏစဉ်းစားလိုက််ပြီးမှ ဆက်ကာ ပြောလာလေသည်။
“ရိုးရိုးသားသားပြောရရင်တော့ အန်ဟာက ယန်နန်က သတင်းတွေကို ရနိုင်မယ်လို့ မထင်ဘူး.. ဘာလို့လဲဆိုတော့ ယန်နန်မှာ အန်ဟာဌာနခွဲ မရှိဘူးလေ…ဟိုးအရင်တုန်းကတော့ ယန်နန်နဲ့ ဆက်စပ်မှုရှိပေမယ့် အခုကကြ မရှိတော့ဘူး…ပြီးတော့ ကျွန်တော်တို့ အန်ဟာလို ကုန်သည်ကြီးတွေ မပြောနဲ့ ကုန်သည်ငယ်လေးတွေကိုတောင် ဝင်ဖို့ သိပ်မလွယ်တော့ သတင်းတော့ ကောင်းကောင်းကြီး ရနိုင်မယ်လို့ ကျွန်တော် မထင်ဘူး”
“ကျွန်တော် သဘောပေါက်ပြီ”
“ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင်တော့ ကျွန်တော့်တို့ အန်ဟာက ဒီနေရာကနေစပြီး ဘာအကူအညီကောင်းကောင်းမှ ပေးနိုင်မယ် မထင်တော့ပါဘူး..ယန်နန်ကို ဝင်ဖို့ လမ်းကြောင်းတစ်ခုလည်း မရှာပေးနိုင်လောက်ဘူးရယ်…ပစ္စည်းကို မရမချင်း အတူလိုက်ပေးဖို့က ဖြစ်နိုင်ပါတယ်…ဆိုတော့ တကယ်လို့ တည်းခိုဖို့ နေရာများလိုအပ်ခဲ့ရင် အန်ဟာကုန်သည်အစည်းအရုံးကို လာခဲ့လို့ရပါတယ်”
“အခုလို ကူညီပေးတာ အတွက်ကို ကျေးဇူးပါ…ကျွန်တာ်တို့ အခုလောလောဆယ်တော့ အခြေအနေကိုတစ်ချက်လေ့လာချင်သေးတာမို့လို့ ခင်ဗျားအရင် ပြန်ပြီးနားနှင့်လို့ ရပါတယ်”
“ဒီလိုဆိုရင်တော့ ကျွန်တော် အရင်သွားနှင့်ပါမယ်..လှည်းက ပြင်စရာရှိတာတွေလည်း ပြင်ရဦးမှာမို့လို့ပါ..
အားလုံးပြီးသွားရင်တော့ ကျွန်တော့်ကို တချက်အသိပေးပါဦး…”
“ဟုတ်ကဲ့ပါ”
ဘတ်ချုန်း၏ စကားဆုံးသည်နှင့် လီဘိုက ခေါင်းငုံ့ကာ အရိုအသေပေးလိုက်ပြီး လှည်းဆီသို့ ပြန်သွားလေတော့သည်။ ထို့နောက်တွင်မူ လှည်းအား မြို့ဝင်ဝမှအဝေးသို့ ဆွဲသွားသည်ကို ကြည့်ကာ ဘတ်ချုန်းက သူ၏ဆရာတူညီလေးများကို ပြောလိုက်လေသည်။
“ငါတို့လည်း သွားကြစို့”
“ဟုတ်ကဲ့”
“အားလုံးပဲ စိတ်ထဲမှာ တစ်ခုမှတ်ထားကြပါ”
“ငါတို့က ဒီကိုလာခဲ့ကြတယ်ဆိုတာ ယန်နန်ကို ဝင်ဖို့ လမ်းကြောင်းရှာဖို့ပဲ..ပြဿနာဖြစ်ဖို့ မဟုတ်ဘူး..
စီချွမ်မြို့တော်မှာက စီချွမ်က ထန် မိသားစုအုပ်စိုးတာကြောင့် ချီချန် ဂိုဏ်းကလည်း ဒီနေရာနဲ့ မနီးမဝေးမှာပဲ ရှိလိမ့်မယ်…ဒါကြောင့် သူတို့တွေက ဒီနေရာတွေမှာ အမြဲလိုလို အသွားအလာတွေ ရှိနေနိုင်တယ်…ပြီးတော့ အမျိုးသမီး သီလရှင်ဂိုဏ်းဖြစ်တဲ့ အယ်မေ့ ဂိုဏ်းကလည်း ဒီနားမှာပဲ ရှိတာမို့ ငါတို့အားလုံး သတိနဲ့သွားလာရမယ်”
“မစိုးရိမ်ပါနဲ့ ..နည်းပြ…ဒီဆရာတူအကိုကြီးတွေက အားလုံးနားလည်ကြပါတယ်”
ချွန်းမြောင်၏ ဝမ်းသာအားရ သွက်သွက်လက်လက် အဖြေကြောင့် ဘတ်ချုန်းက ရွဲ့ပြုံးကြီးပြုံးပြကာ ပြောလာလေသည်။
“ငါ ပြောချင်တာက မင်းကို ..မင်းကိုပြောနေတာ ခွေးသားရဲ့.. တခြားသူတွေကို စိတ်မပူဘူး..မင်း ပြဿနာရှာမှာကိုပဲ ကြောက်တာ”
“ဟင်း..မသိရင် ကျွန်တော်က အမြဲပြဿနာရှာနေတဲ့အတိုင်းပဲ”
“ဒါဆို မင်းပြဿနာမရှာမိတဲ့အချိန်တစ်ချိန်လောက်ကို ပြောပြစမ်း”
စကားပြန် မလာတော့ဘဲ ချွန်းမြောင် နှုတ်ဆိတ်သွားကာမှ ဘတ်ချုန်းက စကားဆိုလာလေသည်။
“စိတ်ထဲမှာ သေချာမှတ်ထားကြပါ…ငါတို့ အားလုံး ယန်နန်ကို ဝင်ဖို့ နည်းလမ်းရတာနဲ့ ဒီကနေ ထွက်သွားကြမယ်.. ဘာပြဿနာမှ မဖြစ်ကြစေနဲ့.. ဟွာဆန်းက ငါတို့ရဲ့ အကြီးအကဲတွေက ငါတို့ ဘေးကင်းကင်းနဲ့ အောင်အောင်မြင်မြင် ပြန်လာဖို့ကို မျှော်လင့်ထားကြတာ… ငါတို့ တတ်နိုင်သမျှ မြန်မြန်လုပ်ပြီး မြန်မြန် ပြန်ကြရမယ်”
“ဟုတ်ကဲ့..စိတ်ချပါ”
“…”
“ပထမဆုံး အနေနဲ့ ငါတို့ သူတောင်းစားဂိုဏ်းကို အရင်ဆုံး သွားသင့်တယ်… ကုန်သည်အဖွဲ့ထက်စာရင် သူတောင်းစားဂိုဏ်းက ပိုပြီးတော့ သတင်းစုံလိမ့်မယ်လို့ ငါထင်တယ်…အခုကနေစပြီး ငါတို့ သူတောင်းစားဂိုဏ်းကို ရှာလိုက်ရင် ကောင်းမလားပဲ”
“ဒါဆိုလည်း ရှာလိုက်ကြရအောင်လေ”
“သွားကြစို့”
ချန်ဒူသို့ ရောက်ပြီးနောက်တွင်မူ ဘတ်ချုန်းတို့တသိုက်သည် ယန်နန်သတင်းရလိုရငြား လိုက်လံကာ သတင်းစုကြ လေ့လာကြလေသည်။
ချွန်းမြောင်ကမူ ဤသည်က အကျိုးမရှိဟု ပြောသော်လည်း ဘတ်ချုန်းကမူ လက်မခံပေ။ ကြိုးစားကာသာ ရှာနေကြလေသည်။
သတင်းအစအနလေး တစ်ခုကပင် သူတို့အား အထောက်အကူပေးနိုင်သည်မို့ အကြောတင်းကာ သတင်းစုဆောင်းနေကြခြင်းလည်း ဖြစ်လေသည်။ ချန်ဒူက ဆက်သွယ်ပို့ဆောင်ရေး ကောင်းမွန်သော နေရာပေမို့ သတင်းလည်း သေချာပေါက်ပင် ရလိမ့်မည်ဟု ယုံကြည်ထားကြသောကြောင့်ပင်။
သို့သော်…
“ဟူးးး”
ဟွာဆန်းမှ ဂိုဏ်းသားများသည် စားသောက်ဆိုင်တစ်ဆိုင်တွင် ထိုင်ကာနေရင်း သက်ပြင်းမောကြီးများကို ထုတ်ချလိုက်လေသည်။
“စီချွမ်က ယန်နန်ဘေးနားလေးတင် ကပ်နေတာကို ဘာလို့ ဘာသတင်းမှ မရရတာတုန်း”
“အံဩစရာ အကောင်းဆုံးကတော့ သူတောင်းစားဂိုဏ်း.ပဲ”
ယွန်းဂျွန် ကြုံခဲ့ရသည်များကို ပြန်မတွေးဘဲ မနေနိုင်ပေ။
[ယန်နန်ကို သွားဖို့ လမ်းဟုတ်လား… မင်းတို့က ဘာလို့ ဒါကိုမေးနေကြတာလဲ..
ဌာနခွဲခေါင်းဆောင်၏ အေးအေးလူလူ အပြောက ယွန်းဂျွန် နားထဲတွင် တဝဲလည်လည်ပင်။
ထိုလူက နှာခေါင်း တစ်ချက်ပင် ရှုံ့ကာ သူတို့ထံတွင် မည်သည့်သတင်းမှ မရှိကြောင်း ပြောလာခဲ့လေသည်။
သူတောင်းစားတွေက ယန်နန်မှာ နေလို့ မရဘူးလေ…ဆိုတော့ ငါတို့မှာ ဘာသတင်းရှိမှာလဲ..
ထိုသူတောင်းစားခေါင်းဆောင်၏ စကားက သူတို့၏မျှော်လင့်ချက်များကို ရိုးရိုးရှင်းရှင်းပင် ရိုက်ချိုးကြလိုက်လေသည်။]
လူရိုင်းနယ်မြေဖြစ်သော ယန်နန်တွင် မည်သူတစ်ဦးတစ်ယောက်ကမှ မတောင်းစားကြ၍ သူတောင်းစားမရှိခြင်းပင် ။သို့ဖြစ်၍ သူတောင်းစားဂိုဏ်းက ယန်နန်နှင့် အဆက်ပြတ်နေခြင်းပင် ဖြစ်လေသည်။ ထို့အပြင် နန်မန်သားရဲနန်းတော်ကလည်း သူတောင်းစားများကို ယန်နန်သို့ ဝင်ရောက်ခွင့်မပြုထားသောကြောင့် သူတောင်းစားများ မရှိခြင်းလည်း ဖြစ်လေသည်.။ မည်သို့ပင်ဆိုစေကာမူ ဘတ်ချုန်းတို့ သူတောင်းစားဂိုဏ်းမှ သတင်းအချက်အလက် တစ်ခုမှ မရရှိခဲ့ပေ။ ဝမ်းနည် စိတ်ပျက်စရာပင်။
“ကုန်သည်တွေဆီကို သွားတော့လည်း အတူတူပဲ ..ဘာသတင်းမှ မရခဲ့ဘူး”
“ဘာ သတင်းမှလည်း မရဘူး..ကျွန်တော်တို့ ဘာဆက်လုပ်လဲကြမလဲ”
“အင်း”
ယွန်းဂျွန်က သက်ပြင်းချကာ ပြောလာလေသည်။
“ဒီမှာကတော့ သေချာပေါက် ယန်နန်က သတင်းကိုရစရာ နေရာမရှိတော့ဘူး…ကုန်သည်တွေကလည်း ဘာသတင်းမှ မပေးဘူး..ဆိုတော့..”
“ဒါက တမင်လုပ်နေတာဆိုရင်ရော”
“ဟမ်”
ဂျိုဂု၏စကားကြောင့် အားလုံးက ခေါင်းထောင်သွားကြလေသည်။
“သူတောင်းစားဂိုဏ်းက ယန်နန်အကြောင်း မရှိနိုင်ဘူးဆိုတာ ထားပါတော့ ..ကုန်သည်တွေကတော့ မသိဘူးဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး… သူတို့က တမင်သက်သက်ကို သတင်းကို ဖုံးကွယ်ပေးထားတာ ဖြစ်နိုင်တယ်”
“ဘာလို့လဲ”
“ကျွန်တော်တို့ကို မပြောပြချင်လို့လေ…ကျွန်တော်တို့ကို ပြောပြလိုက်လို့ သူတို့ဘာအကျိုး ရှိမှာမို့လို့လဲ”
“ငါတို့ သူတို့ကို နည်းနည်းပါးပါးပေးဆိုလည်း ပေးမှာပေါ့”
“မရဘူးလေ…ကျွန်တော်တို့ ပြောတဲ့ပမာဏလောက်ကို သူတို့က ဘယ်မက်မောမှာလဲ..ပြီးတော့ ကျွန်တော်တို့က ဟွာဆန်းဂိုဏ်းဝတ်စုံတွေကိုလည်း ဝတ်ထားသေးတယ်လေ..”
“အာ”
ဘတ်ချုန်းက ဂျိုဂု၏ရှင်းပြချက်ကို နားလည်ဟန် ပြကာ မေးလာလေသည်။
“ဒါကြောင့် သူတို့က ငါတို့ကို မပြောပြဘဲ ငြင်းလိုက်တာပေါ့”
ဂျိုဂုက ခေါင်းငြိမ့်ပြလိုက်လေသည်။
“စီချွမ်ဆိုတာ အပြင်လူတွေကို ထင်ထားတာထက်ကို ပိုပြီးသတိကြီးကြီးနဲ့ ဆက်ဆံတဲ့နေရာမျိုးလေ…ပြည်မကြီးနဲ့လည်း ဝေးပြီးတော့ အတိတ်က အဖြစ်တွေကလည်း ရှိထားတော့ သူတိုက ပြည်မကြီးက လူတွေကိုဆို သတိကြီးကြီးထားကြတယ်”
“ဪ…အဲ့လိုကိုး”
“ပြီးတော့ စီချွမ် ထန် မိသားစုကလည်း ဒီမှာ ဩဇာလွှမ်းမိုးမှုကလည်း အတော်ကြီးတယ်…
ကျွန်တော့်အထင်အရဆို ထန်မိသားစုကလည်း ကျွန်တော်တို့ကို အာရုံမကျအောင် ကျွန်တော်တို့က ဘယ်ဂိုဏ်းက လူတွေဆိုတာကိုပါ ဖုံးကွယ်ထားသင့်တယ်လို့ ထင်တာပဲ”
ဂျိုဂု၏ ထိုစကားကို ကြားသည်နှင့် ချွန်းမြောင်က ထကာအော်လေတော့သည်။
“အကိုကြီး အခုပြောချင်နေတာကို ဒဲ့ပဲပြောလိုက်စမ်းပါ”
“ငါ ပြောရင် မင်းက ဝတ်စုံကိုချွတ်ပစ်မှာမို့လား”
“မချွတ်ပါဘူး…ဝတ်ထားမှာပဲ”
ချွန်းမြောင် စူပုတ်ပုတ်နှင့်ပြောလာလေသည်။
ဟွာဆန်းမှ လူများ ဖြစ်သည်ဆိုသောအချက်ကို ဖုံးကွယ်ထားရမည်ဆိုသည်က အဓိပ္ပါယ်မရှိဟု သူထင်လေသည်။ မဖြစ်နိုင်သည်မို့ ဂျိုဂုက ထုတ်မပြောမှီမှာပင် ငြင်းလိုက်ခြင်းပင်။
“ဒီလိုဆို ကျွန်တော်တို့ မျက်နှာဖုံးဝတ်ပြီး ညကျမှ ထွက်စုံစမ်းကြမလား”
“မဖြစ်ဘူး”
“ဘယ်လိုပဲ ဖြစ်ဖြစ် အဲ့လိုလုပ်လို့ မရဘူး..ငါတို့ တကယ်သာ သတင်းအချက်အလက်တွေ လိုချင်တာဆိုရင် ထန် မိသားစုဆီသွားပြီး အကူအညီတောင်းတာဖြစ်ဖြစ် လုပ်ရမယ်..အနည်းဆုံးတော့ ငါတို့က ဘယ်သူတွေပါဆိုတဲ့ သရုပ်မှန်ကို ဖုံးကွယ်ထားနိုင်မှပဲ ရမယ်”
“အင်း…မင်းပြောချင်တာကို ငါသိပြီ”
ဘတ်ချုန်းကလည်း မည်သို့ဆက်လုပ်ရမည်ကို ခေါင်းစားနေလေသည်။ ရုတ်တရက်ဆိုသလိုပင် ယွန်းဂျွန်က ဂျိုဂုကိုကြည့်ကာ ထအော်လာလေသည်။
“မင်းက အဲ့တာတွေကို ဘယ်လိုသိ…နေပါဦး ..မင်းက စီချွမ်ကမို့လား’
“..”
ယွန်းဂျွန်၏ ဝမ်းသာအားရ စကားကြောင့် ဂျိုဂုမျက်နှာရှုံမဲ့သွားလေသည်။
“စဉ်းစားကြည့်လိုက်တော့ မင်းက စီချွမ်ကလို့ ပြောထားတာကို ငါမှတ်မိသွားပြီ…ဟုတ်တယ်မို့လား”
“အင်း”
ဂျိုဂုက မဖြေချင် ဖြေချင်နှင့်သာ ခေါင်းငြိမ့်ပြလာလေသည်။
“ဟုတ်ပြီ…ဟုတ်ပြီ”
“ဒါဆို….အဟား..”
ဘတ်ချုန်းကလည်း အခြေအနေကို နားလည်သွားလေပြီဖြစ်၏။
ဂျိုဂုက စီချွမ်ကသာ မဟုတ်လျှင် ဤကလေး ထိုအကြောင်းများ သိနေခြင်းကို သူသံသယဝင်မိတော့မလို့ပင်။
ယခုမှသာ အဖြစ်မှန်ကို နားလည်သွားလေတော့သည်။
ချွန်းမြောင်၏ မျက်လုံးများကမူ တလက်လက်ပင်တောက်ပနေပြီ ဖြစ်လေသည်.
“အကိုကြီး…အကိုကြီးက ကုန်သည်သားလို့ ပြောဖူးတယ်နော်… ဒါဆို ဘာလို့ အကိုကြီးအိမ်ကို မပြန်တာလဲ…”
“ဟမ်”
“ဟာ…ကိုယ့်အိမ်ကိုယ့်ယာရှိတဲ့ မြို့ကိုရောက်နေတာတောင် ကိုယ့်ရဲ့ဆရာတူညီအကိုတွေကို အိမ်မခေါ်ချင်တာ ဘယ်လိုတောင် လူမှုပေါင်းသင်းဆက်ဆံရေး မရှိတဲ့လူလဲ…လူမှုရေး ခေါင်းပါးလိုက်တာ”
“မင်းကပဲ ပြောရတယ် ရှိသေးတယ်”
ဂျိုဂု၏ ပြန်ပက်သောစကားကို အားလုံးက တိတ်တဆိတ် ထောက်ခံလိုက်လေသည်။ ချွန်းမြောင် ထံမှ လူမှုရေးခေါင်းပါးသူဟု ပြောခံရခြင်းက ဓါးနှင့်ထိုးခံရသည်ထက်ပင် နာကြင်စရာကောင်းသောကြောင့်ပင်။ အမှန်တကယ် လူမှုရေး မသိတတ်သူက ဒင်းပင် မဟုတ်ပါလား..
“မဟုတ်ဘူး…ဒါက အင်း..”
“တော်ပြီ..တော်ပြီ”
ချွန်းမြောင်က ပြုံးကာ သူ့ရင်ဘတ်ကိုသူပုတ်ပြလိုက်ပြီး ပြောလာလေသည်။
“လူမှုရေးက အားလုံး အတူတူပဲ…
အခု သေချာတာကတော့ အိမ်က ကန်ထုတ်ခံလိုက်ရတဲ့ ကောင်လေးတစ်ယောက်မို့ အကိုကြီးက အိမ်ကို မပြန်ချင်တာပဲ နေမှာ …ဟုတ်တယ်မို့လား”
“…”
“အဲ့လိုဆိုလည်း ရပါတယ််…အဆင်ပြေတယ်…အကိုကြီးတစ်ယောက်ထဲ မဟုတ်ပါဘူး..
ဘတ်ချုန်း နည်းပြရော အဖော်ရှိသေးတယ်ရယ်”
“သောက်ကျိုးနည်း…ငါက ငါ့ဘာသာ ထွက်လာခဲ့တာကွ…ငါ့စိတ်နဲ့ငါ့ကိုယ် ..နားလည်လား”
“အဲ့လိုပဲ ပြောကြတာပါပဲ…နည်းပြရဲ့”
“အဟက်”
ချွန်းမြောင်က တချက်ရယ်လိုက်ပြီးမှ ဂျိုဂု၏ပုခုံးကို ပုတ်ကာပြောလိုက်လေသည်။
“ဘယ်လိုပဲဖြစ်ဖြစ်လေ …ဒီတောင် ရောက်နေမှတော့ အိမ်ကိုပဲ ပြန်ကြရအောင် အကိုကြီး”
ဂျိုဂုက သက်ပြင်းမောကြီးကို ချကာ ထရပ်လိုက်လေသည်။
“ဟုတ်ပါတယ်လေ…ဘာပဲဖြစ်ဖြစ် ဒါက ဂိုဏ်းအတွက်ပဲကို…သွားကြတာပေါ့”
“ဒါဆို …သွားကြစို့…”
“ဟုတ်ကဲ့ ..နည်းပြ”
အားလုံးက ဝင်းပရွှင်လန်းသော မျက်နှာများနှင့် ဂျိုဂုနောက်မှ လိုက်လာခဲ့ကြလေသည်။ ချွန်းမြောင်ကမူ လက်ကိုနောက်ပစ်ထားပြီး လေလေးတချွန်ချွန်နှင့်ပင်.
“ဘယ်လိုလုပ်ပြီးတော့ မိသားစုထဲမှာ အကိုကြီးကို လေးစားတဲ့သူတစ်ယောက်တောင် ရှိမနေရတာတုန်း”
ချွန်းမြောင်၏ ဂျိုဂုအား မေးလိုက်သောမေးခွန်းကြောင့် ဘတ်ချုန်းက နောက်လှည့်ကာ မျက်စောင်းထိုးလာလေသည်။
“ဘာတုန်း…ကျွန်တော် နည်းပြကို ပြောတာ မဟုတ်ဘူးနော်…အကိုကြီး ဂျိုဂုကို ပြောနေတာ..
ဘယ်လိုလုပ် အကုန်လုံး နည်းပြအကြောင်းပဲ ထင်နေရတာတုန်း”
“မင်း စကားကို ရှင်းရှင်းပြောလေ”
ဘတ်ချုန်းက အံကြိတ်ကာ ကြုံးဝါးလေသည်။
“ဘာလို့ ဒီလောက်ကျော်ကြားပြီး အချစ်ခံနေရတဲ့လူတစ်ယောက်က ဟွာဆန်းကို ရောက်လာရတာလဲလို့ မင်းမေးရမှာ”
“ဟမ်…မေးပါဘူး…အကိုကြီး အဲ့စကားကို တောင်ဘက်အစွန်အဖျားဂိုဏ်းကိုပဲ သွားပြီးမေးရမှာ… အဲ့လိုမေးတာကို ဂိုဏ်းချုပ်ကြားသွားရင်တော့ အကောင်းဆုံးပဲ”
“ဟမ်း”
ဘတ်ချုန်းက ခေါင်းခါကာ ပြောလိုက်လေသည်။
“ဘယ်လိုပဲဖြစ်ဖြစ် ငါက ဟွာဆန်းကို ရွေးချယ်ခဲ့တာပဲ”
“ဟုတ်ပါတယ်..ဒါပေမယ့် အကိုကြီးတောင်ဘက်အစွန်အဖျားဂိုဏ်းကို သွားခဲ့ရင်လည်း အခုချိန်ထိ အကိုကြီးရဲ့ အကိုနှိပ်စက်တာကို ခံနေရဦးမှာလေ ..မဟုတ်ဘူးလား”
ဘတ်ချုန်း၏လက်က ဓါးဆီသို့ရောက်သွားလေပြီး ဓါးကို ဆွဲထုတ်လိုက်လေသည်။သို့သော် ယွန်းဂျွန်က သူ့အားဆွဲခေါ်သွားသည်မို့ ပြဿနာတော့ မဖြစ်လိုက်ရပေ။
“စိတ်လျော့ပါ”
“ဘာ..”
ထိုစဉ်မှာပင် ဂျိုဂုက သူတို့အား ဦးဆောင်ကာ ခေါ်လာသည်မှာ ချန်ဒု၏ ထောင့်ကျသော နေရာတစ်ခုသို့ပင်ရောက်လာပြီ ဖြစ်လေသည်။
“ဪ…ဒီနားမှာ ရှိတာလား”
“ဒီတစ်ခုလား”
သေးငယ်လှသော ဈေးဆိုင်လေးက ချွန်းမြောင်တို့၏ မျက်စိရှေ့တွင်ရှိနေလေသည်။
ချန်ဒုကုန်သည်ဈေးဆိုင် …
အမည်ကလည်း သာမန်ကာလျှံပင် ပေးထားပုံရလေပြီး ဆိုင်လေးကလည်း ခြောက်တိခြောက်ကပ်ပင်။
“ဆိုတော့ အကိုကြီးကလည်း အကိုကြီးရဲ့ မိသားစုကြောင့် ဟွာဆန်းကို ရောက်လာတဲ့နောက်ထပ်လူတစ်ယောက်ပေါ့”
“…”
“ဘယ်လိုပဲဖြစ်ဖြစ် ဆရာတူအကိုကြီးဂျိုဂုက ပိုကောင်းပါတယ်…အကိုကြီးရဲ့ မိဘတွေနဲ့ ကျွန်တော်တို့ကို မိတ်ဆက်ပေးမှာလား”
ချွန်းမြောင်က ဂျိုဂုနားတွင်ကပ်ကာ မနားတမ်းပြောနေလေတော့သည်။
“ဟေ့ …အကိုကြီး ဘယ်ကိုဆက်သွားနေတာလဲ”
“’ဘာလဲ…ကျွန်တော်တို့ကို အိမ်ထဲအရင်ဝင်စေချင်တာလား”
“အဲ့ဘက်မဟုတ်ဘူး…အိမ်က ဒီဘက်မှာဟ…သောက်ရူးရ’
“ဟမ်…ဘယ်မှာလဲ”
“ဒီမှာ”
ချွန်းမြောင်၏ အကြည့်များက ဂျိုဂု ညွှန်ပြနေရာသို့ ရောက်သွားလေသည်။
နံရံကြီးလား…
သောက်ရမ်းကြီးတဲ့ နံရံကြီးပေါ့…
အနီဆေးသုတ်ထားသော တမျှော်တခေါ် နံရံကြီးက သူတို့ရှေ့တွင် ထီးထီးမားမားကြီး ရှိနေလေသည်။ တံခါးမကြီးကလည်း ကြီးမားလှလေပြီး “လေးရာသီကုန်သည်ခန်းမဆောင်” ဟူသော ဆိုင်းပုဒ်ကြီးက ဝင့်ဝင့်ကြွားကြွား ရှိနေလေသည်။
ဦးစွာ စကားဆိုလာသူက ချွန်းမြောင်ပင်.
“မဟုတ်ဘူး…မဖြစ်နိုင်ဘူး”
“ဒီအိမ် ဟုတ်တယ်”
“တကယ်ကြီး ဒီအိမ်လား”
‘အင်း”
“ဒါက အကိုကြီးဂျိုဂု အိမ်ပေါ့ ….ဟုတ်လား…ဒါက ဧကရာဇ်ရဲ့ နန်းဆောင်တစ်ခု မဟုတ်ဘူးလား”
“ဟုတ်တယ်”
ဟမ်…
ဘာ…
အကိုကြီးက ဒီအိမ်က ကလေးပေါ့…
အိုး ဘုရား..လောကကြီး က ဘာတွေ ဖြစ်ကုန်ပြီလဲဟ…..
အပိုင်း(၁၈၃)
လောကကြီးက ဘာတွေဖြစ်ကုန်ပြီလဲဟ(၃)
လူတိုင်းက ကြီးမားလှသော အိမ်တော်ကြီးကို ကြည့်လိုက် ဂျိုဂုကို ကြည့်လိုက်နှင့် အပြန်ပြန်အလှန်လှန် ကြည့်နေကြလေသည်။
အားလုံးက ဂျိုဂုအား ထူးထူးဆန်းဆန်း ဝိုင်းကြည့်နေကြသည်မို့ ဂျိုဂုက လက်သီးဆုပ်နှင့်ပါးစပ်ကိုကာကာ ချောင်းတစ်ချက်ဟန့်လိုက်လေသည်။
"ဒီမှာလား"
"အင်း"
"ဒီနေရာလေ"
"အင်းလို့"
ချွန်းမြောင်က ပါးစပ်အဟောင်းသားပင်။
"ဆရာတူအကိုကြီးဂျိုဂုက ဒီအိမ်ကလား...ဒါဆို ဒီအိမ်က အလုပ်သမားရဲ့ သားပဲ ဖြစ်ရမယ်..ဟုတ်တယ်မို့လား"
"ဒါက ငါ့အိမ်"
ဂျိုဂု၏ အပြောကို ချွန်းမြောင်က လက်မခံနိုင်ဟန်နှင့် ခေါင်းခါလိုက်ပြီး သူ၏လက်ကို ဂျိုဂုပုခုံးပေါ်သို့တင်ကာ ပြောလိုက်လေသည်။
.
"မဖြစ်နိုင်ဘူး...ဒီအကိုကြီးကို ကြည့်ပြီး တွေးကြည့်ကြစမ်းပါ"
"ဘာလဲ"
"လူတစ်ယောက်ရဲ့ဘဝက သူတို့ရဲ့မျက်နှာမှာ ပေါ်နေပြီးသား..ကျွန်တော် အကိုကြီးရဲ့မျက်နှာကို မြင်ကတည်းက သိတယ်..အကိုကြီးက ဘယ်လိုမှ ချမ်းသာတဲ့မိသားစုက မဖြစ်နိုင်ဘူး...ဘယ်လိုပဲကြည့်ကြည့် ဆင်းရဲသားရုပ်ပဲ...ပြော...အကိုကြီးက ဒီအိမ်က အလုပ်သမားရဲ့ သားမို့လား"
"ဘာ"
ဂျိုဂု သည်းမခံနိုင်စွာနှင့် ချွန်းမြောင်အား ကန်ချလိုက်လေတော့သည်။
"ဘာတုန်း...ငါက ဒီမိသားစုက သားဖြစ်တာက ဘာများဆန်းကြယ်လို့ ဒီလောက်ပြောဆိုနေကြတာတုန်း..သောက်ချေးပဲ"
"ဟမ်...ဆန်းတယ်လေ...အတော်လေး ဆန်းတာ"
"တော်တော်ကိုနော်."
"ဟုတ်တယ်နော်..ဂု...ဒါကြီးက တော်တော်ကြီးကို ဆန်းကြယ်နေတာ"
မယုံသင်္ကာ ဝိုင်းကြည့်ကာ ပြောနေကြသောသူများကို ကြည့်ကာ ဂျိုဂု စိတ်ညစ်သွားလေတော့သည်။
ဒီလူတွေက တကယ်ပဲ ငါ့ဆရာတူညီအကိုတွေတဲ့လား...ရင်နာလိုက်တာကွာ...
ဂျိုဂု ငိုချင်သလိုပင် ခံစားလာမိလေသည်။
"ဂျိုဂု ...အမှန်တိုင်း ပြောစမ်းပါ...ဒါက တကယ်ပဲ မင်းအိမ်လား..."
"ဆရာတူအကိုကြီး"
ယွန်းဂျွန်ပင်လျှင် မယုံကြည်နိုင်ပေ။ ယွန်းဂျွန်ကပင် မယုံသင်္ကာဖြစ်နေသည်မို့ ဂျိုဂုက စိတ်ဓါတ်ကျစွာနှင့်ပင် ဆံပင်တို့ကိုဆွဲကာနေသည်မို့ ယွန်းဂျွန်က မနေသာတော့ဘဲ ရှုတည်တည်မျက်နှာပေးနှင့် ပြောလာလေသည်။
"မင်းပဲလေ...မင်းပဲ မင်းက သာမန်မိသားစုအသေးလေးကပါဆိုပြီး ပြောခဲ့တာ မဟုတ်ဘူးလား"
"အဲ့တာက အမှန်တိုင်းပြောပြလို့ မရလို့လေ"
"ဟွန့် ...အခုက မင်းစကားနဲ့ မင်းပဲလေ...ဒီအိမ်ကြီးက မယုံချင်စရာ ဖြစ်နေတာကို"
"မဟုတ်တာ...ဒါက ဘာများ ထူးဆန်းနေလို့လဲ..ထူးဆန်းနေလို့လား"
"အင်း...အင်း...မထူးဆန်းဘူးပဲ ထားပါတော့…."
"အကိုကြီး မျက်လုံးတွေက မယုံနိုင်ဘူးလို့ ပြောနေတုန်းပဲနော်"
"အယ်...မင်းသိတယ်လား"
ယွန်းဂျွန်တို့ မယုံနိုင်သည့်ပုံ လုပ်ပြလေလေ ဂျိုဂု စိတ်ဓါတ်ကျလေလေပင်။ ဂျိုဂုက ကန်လိုက်၍ လွှင့်သွားသော ချွန်းမြောင်ကမူ အိမ်နားသို့ ပြန်ရောက်နေပြီဖြစ်လေသည်။
"မဟုတ်သေးဘူး...မဟုတ်သေးဘူး...အကိုကြီး ဂျိုဂု ဒီအိမ်က ဖြစ်နိုင်တယ်...ဖြစ်နိုင်တာကို ကျွန်တော်သိပြီ...အကိုကြီးက ဒီမိသားစုက ဟုတ်ပေမယ့် မိသားစုက အရေးပေးတာမခံရ၊ အနှိမ်ခံရနေတဲ့သားမို့ ထွက်လာတာ ...ဟုတ်တယ်မို့လား...အဲ့လို သားမို့လား"
"ပါးစပ်ပိတ်ထားစမ်း"
အံကြိတ်ကာ ဝင်ငေါက်သူက ဘတ်ချုန်းပင်။
"အာ...ကျွန်တော် နည်းပြကို ပြောတာ မဟုတ်ပါဘူး.."
"ဒါဆို ဘာလို့ ပြောနေတုန်းမှာ ငါ့ကိုကြည့်နေတာလဲ ခွေးသားရဲ့"
သူတို့၏ ဂျိုဂုအိမ် ဟုတ်သည်မဟုတ်သည်ဟူသော ငြင်းပွဲက အိမ်ထဲရှိလူများပါ ကြားသွားနိုင်သည်အထိ ပြင်းထန်သွားပုံရလေသည်။ အိမ်တံခါးမကြီးက ပွင့်လာပြီး စူးရှပြတ်သားသော မျက်နှာနှင့် လူအိုကြီးတစ်ယောက်က ထွက်လာလေပြီး ပြောလိုက်လေသည်။
"ဘယ်ကကောင်တွေက လေးရာသီကုန်သည်ခန်းမဆောင် ရှေ့မှာ စကားလာပြောရဲကြတာလဲဟေ့"
ပြောလည်းပြော၊ တံခါးကိုလည်း ဖွင့်လိုက်ပြီး ဟွားဆန်းမှ ဂိုဏ်းသားများကို ရန်လိုသောအကြည့်နှင့် ကြည့်လာလေသည်။
"ဟမ်.....သ..သခင်လေး"
သခင်လေးလား...
ချွန်းမြောင်က အခြေအနေကို အကဲခတ်နေကာ ယွန်းဂျွန်အား တိုးတိုးလေးကပ်ကာ ပြောလိုက်လေသည်။
"ကျွန်တော်ကြားသလိုပဲ အကိုကြီးကြားလိုက်တာလား"
"ဒီမြင်ကွင်းလေးကိုကြည့်ပြီး ငိုတောင် ငိုချင်လာပြီ"
လူအိုကြီးက တံခါးမှ ဂျိုဂုရှိရာသို့ အပြေးအလွှားပင် လာရောက် ကြိုဆိုလေသည်။
"အိုး...တကယ်ပဲ...သခင်လေး...မဟုတ်ဘူး...အရှင်ငယ်လေး ပြန်ရောက်လာပြီပဲ.. ကြိုဆိုပါတယ်.အရှင်ငယ်ရယ်""
ထိုမြင်ကွင်းကိုကြည့်ကာ ချွန်းမြောင်က ကပ်တိုးလေး ပြန်ပြော၏။
"ကြည့်ရတာတော့ တကယ်ပဲ ဒီအိမ်ကထင်တယ်နော်...အဖိုးကြီးကို သူကပုံမှန်ပဲ ပြောနေတာ"
"ဟမ်...တကယ်ကြီးလေ...နေပါဦး...မင်းအဲ့လိုပြောလို့ မရသေးပါဘူး...သေချာစောင့်ကြည့်ဦး"
အားလုံးက အခြေအနေကို တိတ်တဆိတ် အကဲခတ်နေကြလေသည်။.
"ဟေ့ .မင်းတို့ သခင်လေးပြန်ရောက်နေပြီဆိုတာကို သွားပြောလိုက်ကြစမ်း...အခုသွားကြ"
လူအိုကြီး၏ အမိန့်ပေးသံအဆုံးတွင်မူ အားလုံးက ပြာပြာသလဲပင် ပြေးသွားကြလေသည်
ချွန်းမြောင်ကမူ ဝမ်းနည်းနေသော အဖိုးကြီးကို နှစ်သိမ့်ပေးနေသော ဂျိုဂုကိုကြည့်ကာ စုပ်တသပ်သပ်ပင်။ ထို့ပြင် အပြင်ပိုင်းအသွင်အပြင်ကို ကြည့်ကာ အကဲမဖြတ်သင့်ဟူသော အသိတရားလည်း ရသွားလေသည်။ အကိုကြီးဂျိုဂုက အမှန်ပင် ဤမိသားစုမှ ဖြစ်ဟန်ရလေသည်။
"ယွန်းဂျွန် အကိုကြီး..အကိုကြီးလည်း ဒီလိုပဲ မိသားစုကို ဖုံးကွယ်ထားတာမို့လား..ကြည့်ရတာ အကိုကြီးလည်း မျိုးရိုးမြင့်မိသားစုထဲကပဲ မို့လား...ဟုတ်တယ်မို့လား"
"…. ငါက မိဘမဲ့"
"ဟုတ်ပြီ...မိဘမဲ့ပဲဖြစ်မယ်ဆိုတာ သိသားပဲ."
ဂျိုဂု၏ ပြန်ရောက်လာမှု့ကို ဝမ်းပန်းတသာ ကြိုဆိုနေသော အဘိုးအိုက အချိန်အတန်ကြာမှ ကျန်လူများကို သတိထားမိသွားလေသည်။
"ဒါနဲ့...ဒီလူတွေက ဘယ်သူတွေလဲ"
"ဂိုဏ်းက နည်းပြနဲ့ဆရာတူညီအကိုတွေ."
"ဪ"
ဘတ်ချုန်းက ဦးဆောင်ကာ နှုတ်ဆက်လိုက်လေသည်။
"ကျွန်တော်က ဟွာဆန်းက ဒုတိယတန်းတပည့် ဘတ်ချုန်းပါ...ကျွန်တော်တို့က မမျှော်လင့်ထားတဲ့အခြေအနေတွေကြောင့် ဒီက ဆရာတူညီလေးရဲ့အိမ်ကို ရောက်လာရတာပါ...ကြိုတင်အကြောင်းကြားထားတာ မရှိဘဲ ရောက်လာမိခဲ့တဲ့အတွက် တောင်းပန်ပါတယ်"
"မဟုတ်တာ...တောင်းပန်ဖို့ မလိုပါဘူး...ရောက်လာတာအတွက်ကို ကျေးဇူးတင်လှပါပြီ"
ဆမ်ဂျုန်ဟွမ်က မျက်ရည်စများကို အင်္ကျီလက်နှင့် သုတ်ကာ ပြောလာလေသည်။
“အရှင်ငယ်လေး ဟွာဆန်းကို ထွက်သွားကတည်းက ကျွန်တော်တို့က တအားစိုးရိမ်နေခဲ့ရတာ ..ဘာလို့ဆို အရှင်လေးက ကျွန်တော်တို့ကို အဆက်အသွယ် နည်းနည်းလေးမှ မလုပ်ဘူးလေ..သခင်ကြီးကသာ မတားထားလို့ရှိရင် ကျွန်တော် အဲ့ဒီနေရာကို မကြာခဏလာနေမှာပါ”
ဂျိုဂုက စိတ်မကောင်းဖြစ်သွားဟန်နှင့် လူအိုကြီး၏ကျောကို ပွတ်သပ်ပေးလိုက်ပြီးမှ ပြောလာလေသည်။
“အထဲကို အရင်ဝင်ကြရအောင်…ကျွန်တော့်ရဲ့ နည်းပြနဲ့ ဧည့်သည်တွေကို အပြင်မှာစောင့်ခိုင်းထားရတာ ရိုင်းပြရာ ကျမှာပေါ့”
“အာ..ဟုတ်သားပဲ..ကျွန်တော် အပျော်လွန်ပြီး သတိမထားမိဘူး ဖြစ်သွားတယ်… အားလုံးပဲ အထဲကို ကြွကြပါ”
ဆမ်ဂျန်ဂွမ်က ရှေ့ဆုံးမှဦးဆောင်ကာ ခေါ်သွားလေသည်။ ဟွာဆန်းမှ ကလေးများကမူ အတွေးတစ်ခုတည်းကိုသာ အတူတူတွေးရင် အိမ်ထဲသို့ ဝင်လာကြလေသည်။
ငါ့အထင်တော့ ဒီတံခါးကြီးက ဟွာဆန်းက တံခါးကြီးထက်တောင် ကြီးသလိုပဲ…
ကြည့်လိုက်စမ်းဦး…ဒီလောက်တောင် ခမ်းနားပြီး အထက်တန်းစားဆန်တဲ့အိမ်ကို ငါတော့ ပထမဆုံးအကြိမ်ရောက်ဖူးတာပဲ…
အိုး…ကြည့်ပါဦး…အခုကြည့်ရတာ သူတောင် နည်းနည်းအရောင်ထွက်လာသလိုပဲ..
ဟွာဆန်းမှ ကလေးများက ဆင်းရဲဒဏ်ကို အတန်ကြာခံခဲ့ရသည်မို့ ငွေနှင့်ပတ်သက်လာလျှင် အနည်းငယ်တော့ ဆတ်ဆတ်ထိမခံ ဖြစ်ကြလေသည်။ ယခုမူ ခမ်းနားလှသော နေရာကြီးကို မြင်လိုက်ရသည့်အကျိုးဆက်အနေနှင့် သူတို့အားလုံး ဂျိုဂုဆီမှ အရောင်အဝါများ ထွက်နေသလို ခံစားလာကြရခြင်းပင်။
ထို့နောက်တွင်မူ….
“ဂု”
လူနှစ်ဦးသားက အပြေးလေးပင် လာနေကြလေသည်။ အမျိုးသမီးဖြစ်သူကမူ အသက်အလယ်အလတ် ရှိလေပြီး အကောင်းစားပိုးထည်ကို ဝတ်ဆင်ထားကာ အမျိုးသားဖြစ်သူကလည်း အကောင်းစားပိုးထည်ဝတ်စုံကိုပင် ဝတ်ဆင်ထားလေသည်။ ဝတ်ပုံစားပုံကို ကြည့်သည်နှင့်ပင် ထိုလူနှစ်ဦးက မည်သူများ ဖြစ်သည်ကို ခန့်မှန်း၍ ရနိုင်လေသည်။
အမျိုးသမီးဖြစ်သူက အပြေးပင်လာလေပြီး ဂျိုဂုအား ပွေ့ဖက်လေသည်.
“’နေနိုင်ရက်တဲ့ ကလေးလေး..အိမ်ကို ဘာကြောင့် ဒီလောက်နောက်ကျမှ ပြန်လာရတာတုန်း”
“ကျွန်တော် တောင်းပန်ပါတယ်…မေမေ”
အတူလာခဲ့သော အမျိုးသားဖြစ်သူကလည်း ထိုမြင်ကွင်းမှ မျက်နှာလွဲထားသော်လည်း မျက်ဝန်းတွင်တော့ မျက်ရည်စများနှင့်ပင်။
အိမ်ပြေးကလေးတစ်ယောက်၏ အိမ်အပြန်မြင်ကွင်းက နွေးထွေးဆွတ်ပျံ့မှုများ အပြည့်နှင့်ပင်.။
ဘဝကြီးက မတရားလိုက်တာကွာ..
သူ့ကိုကြည့်လိုက်စမ်းပါဦး…ဘယ်လောက်တောင် ကောင်းလိုက်သတုန်း..
သစ္စာဖောက်ကောင် …ငါတို့ကို ဘာမှမပြောဘဲ လျှို့ဝှက်ထားတဲ့ကောင်..
ချွန်းမြောင် သက်ပြင်းချလိုက်ရင်း ဒေါသထွက်လာလေသည်.
သူ့ကျ ကြည့်လိုက်စမ်းဦး…ငါက သူတောင်းစားအဖြစ် ပြန်လည်မွေးဖွားလာရသတဲ့..
ဘယ်မှာလဲ ငါ့အတွက် တရားမျှတမှု …..
ငါလည်း ဒီလိုမိသားစုမှာ မွေးတော့ ဘာဖြစ်မှာမို့လို့လဲ..ကိစ္စတွေက ပိုပြီးတော့တောင် ချောချောမွေ့မွေ့ ပြီးသွားဦးမယ်…
အခုတော့…
မိသားစု ပြန်ဆုံသည့်ကြည်နူးဖွယ်ရာ မြင်ကွင်းလေးကို ကြည့်နေကြရင်းမှာပင် တခြားသူများက ရင်နာလာကြလေသည်။ မနာလိုစိတ်ကြောင့် ချဉ်တူးနေသူ တစ်ယောက်လည်း ရှိနေလေ၏။
“ဆိုတော့…”
ချွန်းမြောင်က တည်ခင်းထားသော ရှားပါးလှသော တန်ဖိုးကြီး ဟင်းပွဲများကို ကြည့်ကာ ဂျိုဂုကို မျက်စောင်းလှမ်းထိုးလိုက်လေသည်။
ဂျိုဂုကမူ အကြည့်များကြောင့် နေရခက်နေလေသည်။
“အကိုကြီးမှာ ငွေတွေအများကြီး ရှိမှာပေါ့”
“…”
“အဟမ်း…ကျွန်တော်ဖြင့် ဒါကို သိတောင်မသိခဲ့ဘူး… ဒီက သခင်လေးက ချမ်းသာတဲ့မိသားစုက သခင်လေးဆိုတာရော..ပိုက်ဆံတွေရှိတယ်ဆိုတာရောပေါ့”
ဂျိုဂုက ချွန်းမြောင်၏ အငေါ့တူးစကားကြောင့် ချောင်းတစ်ချက်ဟန့်လိုက်လေသည်.
“ဂိုဏ်းကို ရောက်ပြီဆိုရင် လူတိုင်းက အတူတူပဲလေ…ဘယ်မိသားစုက ဘယ်လိုလူပဲဖြစ်ဖြစ် ကိစ္စမရှိဘူး …မဟုတ်ဘူးလား”
“ဘာလို့ ကိစ္စမရှိရမှာလဲ…ရှိတာပေါ့’
“ကျွန်တော်ဆို အိမ်တောင် မရှိဘူး”
“ငါရောပဲ”
“ငါလည်းပဲ မရှိဘူးရော’
“အင်း..ငါလည်း…”
ဘတ်ချူန်းကလည်း ဝင်ပြောမည်ပြုပြီးမှ တိတ်ဆိတ်သွားလေသည်.
“ရပါတယ်..အကိုကြီး..အကိုကြီးလည်း ပြောလို့ရပါတယ်..အကိုကြီးလည်း အိမ်ကစွန့်ပစ်တာ ခံလိုက်ရတာပဲလေ”
“ငါ့ဟာငါ. ထွက်လာတာလို့…ငါ့ဟာငါ ထွက်လာတာ”
ချွန်းမြောင်ကမူ ဘတ်ချုန်း၏ ငြင်းဆိုနေသံကို မသိသလိုသာ နေနေလေ၏။
“အကိုကြီးမှာ ပိုက်ဆံတွေ ဒီလောက်အများကြီးရှိတာကို ဟွာဆန်း မွဲပြာကျနေတုန်းက တပြားတောင် မထောက်ပံ့ဘူးနော်..ဟုတ်တယ်မို့လား”
‘အာ..မဟုတ်ဘူးလေ..ဒါက ငါ့မိသားစုပိုက်ဆံကို ငါစိတ်ကြိုက်သုံးလို့ ရတဲ့အရွယ် မရောက်သေးဘူးလေ…ပြီးတော့ ဒါတွေက ငါ့ငွေတွေမှ မဟုတ်တာ,,မိဘတွေ ပိုက်ဆံလေ”
“အဲ့လိုဆိုရင်တောင်မှ အကိုကြီး အကူအညီတောင်းပေးလို့ ရတယ်လေ…ရန်သူတွေတောင် တဖက်ကတောင်းဆိုရင် အစာမျှဝေရသေးတာပဲ မဟုတ်လား’
“သစ္စာဖောက်ကောင်”
“ကပ်စေးအိုး”
အားလုံးက ဝိုင်းကာပြောနေကြခြင်းကြောင့် ဂျိုဂုရင်ပင်နာသလို ဖြစ်လာလေသည်။
အားလုံးကလည်း သူတို့၏အမြင်ကိုယ်စီနှင့်ပင် ။သူ့ထံတွင်လည်း သူ့ဒုက္ခနှင့်သူ ရှိလေသည်။
သူသာ ဟွာဆန်းအတွက် ငွေကိုတောင်းခံပြီး ဟွာဆန်းမွဲပြာကျနေကြောင်းကို ပြောလိုက်ပါက သူ၏ဖခင်က အပြေးလာကာ သူ့အား အိမ်ပြန်ဆွဲခေါ်လာမည်ကို ကောင်းကောင်းကြီး သိလေသည်. ။ ထို့ကြောင့်ပင် ပေတေကာ ကြိတ်မှိတ်သည်းခံခဲ့ခြင်းပင်။
ထို့အပြင် သူ၏ဖခင်သည် ကုန်သည်တစ်ယောက်ပင်။. ကုန်သည်တို့မည်သည် အကျိုးမရှိသောအလုပ်ကို လုပ်ရိုးထုံးစံ မရှိပေ။ မွဲပြာကျသော ပျက်သုန်းနေသော ဟွာဆန်းအတွက် သူ့အဖေက ရင်းနှီးမည်မဟုတ်သည်ကိုလည်း သိလေသည်မို့ သူအကူအညီမတောင်းခဲ့ခြင်းပင်။
“ဘာပဲဖြစ်ဖြစ် ထားပါတော့”
ဂျိုဂု၏ သနားကမားဖြစ်နေသော မျက်နှာကို ကြည့်ကာ ဘတ်ချုန်းက ဝင်ကာပြောလာလေသည်။
“အပိုတွေ သိပ်လုပ်မနေကြနဲ့တော့… ငါတို့ တစ်ယောက်တစ်ယောက် ရည်ရွယ်ချက်ရှိရှိ ဖုံးကွယ်ထားကြာတာမှ မဟုတ်တာပဲ…ပြီးတာတွေကို ပြီးပါစေတာ့”
သို့သော် ကျန်လူများကမူ အထွန့်တက်ခြင်နေသေးသည့်ပုံပင်။
“ကြည့်ကြည့် …လူချမ်းသာလေးတွေ တစ်ယောက်ကိုတစ်ယောက် ဘယ်လိုကာကွယ်ပေးနေလဲဆိုတာ”
“ကျွန်တော်တို့ပဲ မိဘမဲ့ဖြစ်နေတာ”
“ဟုတ်တယ်”
ချွန်းမြောင်၏ စကားကို ဝိုင်းကာထောက်ခံနေကြသူများကြောင့် ဘတ်ချုန်းချောင်းတစ်ချက်ဟန့်လိုက်လေသည်။
‘မဟုတ်ဘူး…ဒါက မင်းတို့ ပြောနေသလိုမျိုး မဟုတ်သေးဘူး…
အခုအချိန်မှာ အရေးကြီးတာက ဘာလဲ…အရေးကြီးတာက ယန်နန်ကို သွားဖို့ လမ်းကြောင်းတစ်ခု တွေ့ဖို့နော်…ဟုတ်တယ်မို့လား…အရေးကြီးတာကိုပဲ ခေါင်းထဲထည့်ကြ”
“ဟွန့်”
ထိုအခါမှ ချွန်းမြောင်က စကားကောင်းပြန်စလာလေသည်။
“ဆိုတော့ အကိုကြီးအဖေက ဘာတဲ့လဲ”
“ငါ သူ့ကို မမေးရသေးဘူး”
“ဘာလို့လဲ”
“ဒါက နည်းနည်း..”
ဂျိုဂုက ပြောရခက်နေဟန်နှင့် သက်ပြင်းရှည်ကြီး ချလိုက်လေသည်။
“တကယ်က ငါ ဟွာဆန်းမှာ နေမယ်လို့ ပြောထားတဲ့ရက်က ကျော်နေပြီ ..တကယ်ဆို မနှစ်ကတည်းက ပြန်လာပြီး မိသားစုရဲ့ အလုပ်ကို ဆက်ခံဖို့ သင်ယူနေရတော့မှာ”
“ဒါဆို ဘာလို့မပြန်တာလဲ”
“ဒါက..”
မင်း ..ပညာတွေ ပြနေလို့လေ..
စိတ်ထဲမှ ဖြေလိုက်သော်လည်း ဂျိုဂု ပြင်ပတွင်တော့ မဖြေလိုက်ပေ။
“ဘာပဲဖြစ်ဖြစ် ထားပါတော့ …အခု ငါပြန်လာတာကို ငါ့အဖေက အိမ်ကစီးပွားရေးကို ကူညီဖို့ ပြန်လာတယ်လို့ ထင်နေတာ…အရင်ဆုံး အဲ့ဒီအထင်လွဲနေတာကြီးကို အရင်ရှင်းရဦးမှာ”
“အာ..အဲ့လိုဆိုလည်း ရတယ်လေ…ကျွန်တော်တို့ပဲ သွားလိုက်မယ်’
“ဟ…မင်းဘယ်လိုပြောလိုက်တာလဲ..ငါလည်း ဟွာဆန်းဂိုဏ်းသားတစ်ယောက်ပဲ…သေရမယ်ဆိုရင်တောင် ယန်နန်ကို ရအောင်လိုက်ခဲ့မှာ”
“အိုး..ကြည့်ပါဦး…သခင်လေးတစ်ယောက်က စကားကို ဘယ်လိုလေး ပြောတယ်ဆိုတာ”
ချွန်းမြောင်၏ အပြောကြောင့် ယွန်းဂျွန်က အနားကပ်ကာ တိုးတိုးလေးမေးလာလေသည်။
“ဂျိုဂုရဲ့အဆင့်က တော်တော်လေး မြင့်တာလား”
“ကျွတ်ကျွတ်…အကိုကြီး…အကိုကြီး ဒီလောက်အနီးကပ်မြင်နေရတာတောင် မသိသေးဘူးလား..
ဒီနေရာကို ဘယ်လိုနှိုင်းပြရမလဲတောင် မသိဘူး…ဒါကြီးက အန်ဟာကုန်သည်အစည်းအရုံးထက်တောင် ကြီးသေးတာကို ..မသကာ ဂျိုဂုအကိုကြီးက အန်ဟာက သခင်လေးနဲ့တောင် အဆင့်တူဖြစ်ရင်ဖြစ်နေလောက်တယ်”
ချွန်းမြောင်က ရှင်းပြလိုက်ရင်းမှ ဂျိုဂုကို မေးဆတ်ကာ မေးလိုက်ပြန်လေသည်။
“ဒါဆို ဂျိုဂုအကိုကြီး ဒီနေရာရဲ့ သခင်လေးပေါ့…မဟုတ်သေးဘူး..စဉ်းစားကြည့်လိုက်တော့ ဒါကတကယ့်ကိစ္စကြီးပဲ …ဟုတ်တယ်မို့လား…”
“အင်း..ငါလည်း အဲ့လိုထင်တာပဲ”
သူတို့အားလုံးက ဟွမ်ဂျွန်ဂီဆိုသည်နှင့်် ဟွာဆန်းသို့ ရောက်လေတိုင်း နဖူးနှင့်ကြမ်းပြင်ထိမတတ် ရိုကျိုးနေသည်ကိုပြေးမြင်သွားကြပြီး ဂျိုဂုက ကပျာကယာ ထငြင်းလိုက်လေတော့သည်။
“အာ…မဟုတ်တာ ..ငါက အဲ့လောက်ကြီးတော့ မဟုတ်သေးပါဘူး’
‘”အာ…ဟုတ်လား…ဒါဆို ဘယ်လောက်ပဲ ဟုတ်သေးတာလဲ”
အားလုံး၏ သူ၏သခင်လေးဖြစ်သည့်အပေါ် မပြီးနိုင်သောစစ်မေးမှုများအဆုံးတွင်မူ ဂျိုဂုထူးထူးဆန်းဆန်းပင် စိတ်တိုလာလေတော့သည်။
“ဟုတ်ပြီ…တော်ပြီ”
“ကျွန်တော် ကျွန်တော့်မိသားစုနဲ့ ခဏနေရင် ထမင်းလက်ဆုံစားရမှာမို့ ယန်နန်အကြောင်း မေးခဲ့မယ်…
အဆင်ပြေမလား …နည်းပြ”
“အင်း”
ဘတ်ချုန်းက ခေါင်းငြိမ့်ပြလေသည်.။ ဂျိုဂု၏အနေရခက်နေမှုကို သူနားလည်လေသည်။
“ဒါက မလွယ်ဘူးဆိုပေမယ့် ဂရုစိုက်ပါ…
ယန်နန်ကို သွားရမယ့်အကြောင်းကို ဖုံးကွယ်ထားပြီးတော့ပဲဖြစ်ဖြစ် တခြားတစ်ခုခုကို ပြောပြပြီးတော့ပဲ ဖြစ်ဖြစ် ..ဘယ်လိုနည်းနဲ့ပဲ ဖြစ်ဖြစ် ယန်နန်အကြောင်း ပြည့်ပြည့်စုံစုံ သိခဲ့ရဖို့ လိုအပ်တယ်”
“ကျွန်တော် သိပါပြီ”
“တကယ်လို့ မင်းအဆင်မပြေတာ တစ်ခုခုရှိရင်လည်း ငါ့ကိုပြောပါ”
“ဟုတ်ကဲ့ပါ နည်းပြ”
ဂျိုဂုက ခေါင်းငြိမ့်ပြလိုက်ပြီးမှ နေရာမှ ထလိုက်လေသည်။
‘ဒါဆို…”
“နေပါဦး…အကိုကြီး…”
“ဘာလဲ”
“အောက်ထပ်က တစ်ယောက်ယောက်ကို ကျွန်တော့်အတွက် သောက်စရာလေးပေးဖို့ ပြောပေးပါဦး”
“….”
“လုပ်ပါ… သခင်လေးကလည်း ကျွန်တော်မျိုးကို လျစ်လျူရှုမထားပါနဲ့…သေရည်လေး ပြောပေးပါနော်..
ပုံမှန်ဆိုရင်တော့ မတောင်းပါဘူး…အခုဟာက ဒီလောက်အစားအစာတွေ အများကြီးဧည့်ခံထားတော့ သေရည်လေးနဲ့မှ လိုက်ဖက်မယ်လို့ ထင်လို့ပါ..နော်…ဈေးကြီးကြီးသေရည်လေး ပို့ပေးလိုက်နော်”
“…”
“အကိုကြီး..နော်လို့”
“အကိုကြီး…ဈေးကြီးတဲ့သေရည်နော်”
ဒီသောက်ကလေးကတော့ …
သူ့ကို ဘယ်သူမှ မထိန်းနိုင်ကြတော့ဘူးလား…