အခန်း (၁၈၇-၁၈၉)
Vol. 13 Ch. 187-189
အပိုင်း(၁၈၇)
ဒီလိုအရည်အချင်းတွေနဲ့လား(၂)
ထန်ဇန်၏ မျက်နှာက တင်းမာသွားလေသည်။
ဒီကောင် ဘာစကားပြောလိုက်တာလဲ....
စမ်းသပ်မယ် ...ဟုတ်လား
ဘယ်သူက ဘယ်သူ့ကို စမ်းသပ်မှာလဲ...
ဒီလို ဟွာဆန်းက ကမြောက်ကခြောက်ကောင်က သူတို့ကိုများစမ်းသပ်မလို့တဲ့လား...
ထန်ဇန် အံကိုတင်းတင်းကြိတ်ကာ လက်သီးကိုကျစ်ကျစ်ပါအောင် ဆုပ်ထားလေသည်။ သူတစ်စုံတစ်ရာ ပြန်မပြောရသေးခင်မှာက သူ၏တဖက်တစ်ချက်စီတွင် ရပ်နေကြသော သူ၏ညီနှစ်ယောက်ကမူ အသီးသီးပြောလာကြပြီ ဖြစ်လေသည် ။
"အကိုကြီး...ဒီလူတွေက ရူးသွားကြပြီထင်တယ်"
"ကျွန်တော်တို့က ဟွာဆန်းနဲ့ပြဿနာ မတက်ချင်လို့ တတ်နိုင်သလောက် ရှောင်ပေးနေတာကိုတောင် သူတို့က နားမလည်ဘူး...သူတို့ကစပြီး အရင်တိုက်ခိုက်ဖို့ စိန်ခေါ်လိုက်တာမို့လား"
ညီနှစ်ယောက်ကမူ ဒေါသလည်း ထွက်နေကြပြီဖြစ်ပြီး သည်းခံစိတ်လည်း မထားနိုင်ကြတော့ပေ။ တွေးကြည့်လျှင်မူ ထိုသို့ဖြစ်သည်က သဘာဝကျပေသည်။ သူတို့အား ဤသို့ပြောဆိုဆက်ဆံရဲသူက မရှိပြီ မဟုတ်ပါလား.
ဟွာဆန်းက လူတွေက အကုန်လုံးပဲ ရူးနေကြတော့တာလားဟ...
ထန်ဇန်အနေနှင့် ဂိုဏ်းအတွင်းတွင် အမူးသမားတစ်ယောက် ရှိနေခြင်းကို လက်ခံ၍ရပေသည်။ ဂိုဏ်းများတွင် စုန်းပြူးများတစ်ယောက် နှစ်ယောက်ရှိတတ်သည်က သဘာဝပင်။သို့ဖြစ်၍ ငမူးဖြစ်သူက မူးယစ်ရမ်းကားနေသည်ကိုလည်း လက်ခံ၍ရသော်လည်း အုပ်စုတစ်စုလုံးက တစ်ပုံစံတည်းဖြစ်နေသည်ကတော့ လက်မခံနိုင်ဖွယ်ရာပင် ဖြစ်၏။
ဘတ်ချုန်းက ဂျိုဂုအား ဂိုဏ်းတူညီအကိုအနေနှင့် ကာကွယ်ပေးသည်က ဆန်းကြယ်သောကိစ္စ မဟုတ်သော်လည်း ထန်မိသားစုကို တဖန်ပြန်ကာ စိန်ခေါ်ခြင်းကမူ သူတို့ထန်မိသားစုအား စော်ကားလိုက်ခြင်းပင်။ ချန်ဒူမြေတွင် လာကာ ထန်မိသားစုကို မလေးစားခြင်းသည် ခွင့်လွှတ်နိုင်ဖွယ်ရာ အပြုအမူမျိုး မဟုတ်ပေ။
ထန်ဇန် လက်သီးကိုတင်းတင်းဆုပ်ထားလိုက်ပြီး ဘတ်ချုန်းအား ချက်ချင်းပင် သတ်ပစ်ချင်သည့်အလား စူးရဲစွာ စိုက်ကြည့်နေလေသည်။
"မင်း စကားကို မင်းတာဝန်ပြန်ယူရမယ်"
"ငါက ငါ့စကားတွေကို အမြဲတမ်းတာဝန်ယူတယ်..အခုလည်း အဲ့လိုပဲ...ငါပြောတဲ့စကားတွေ အကုန်လုံးအတွက် ဘာမှရင်မဆိုင်ရဲစရာ မရှိဘူး"
ဘတ်ချုန်းက ချက်ချင်းဆိုသလိုပင် ပြန်ဖြေလာလေသည်။ ဘတ်ချုန်း၏ ထိုအဖြေစကားကို ကြားလိုက်ရသည်က ထန်ဇန်၏ ဒေါသကို အထိတ်အထိပ်သို့ ရောက်သွားစေတော့သည်။
"ဟွာဆန်းဂိုဏ်းက အတော်ကို ကြီးကျယ်ခမ်းနားပုံပဲ..ဂိုဏ်းသားတစ်ယောက်ကို ကာကွယ်ဖို့အတွက် ငါတို့ ထန်မိသားစုကိုတောင် မထီမဲ့မြင် ပြုရဲတယ်...မင်းတို့တကယ်ပဲ ငါတို့ကို ယှဉ်နိုင်မယ် ထင်လို့လား
ဘတ်ချုန်းက မဲ့ပြုံးတစ်ချက်ပြုံးပြလိုက်လေသည်။
"ကြည့်ရတာက မင်းတို့ ထန် မိသားစုကသာ နားလည်ပုံ မရတာပါ...ငါတို့ ဟွာဆန်းက ဂိုဏ်းသားတွေကို ကာကွယ်ဖို့ဆို တစ်ချက်လေးတောင် တွန့်ဆုတ်မနေဘူးဆိုတာကို မင်းသိထား...ငါတို့ဂိုဏ်းရဲ့ ပထမဦးစားပေးက ငါတို့ဂိုဏ်းသားတွေပဲ"
"...."
"ပြီးတော့ မင်းတို့ဂိုဏ်းတွေနဲ့ မတူတာက အခုလို ဂိုဏ်းသားအချင်းချင်း ကာကွယ်ပေးရင်းက ငါရှုံးသွားပြီး ဟွာဆန်းကို မျက်နှာပျက်စေခဲ့ရင်တောင် ဘယ်သူကမှ ငါ့ကိုအပြစ်တင်ကြမှာ မဟုတ်ဘူး...ငါတို့ ဟွာဆန်းဆိုတာက ဒီလိုစိတ်နဲ့ တည်ဆောက်ထားတာ"
ဂိုဏ်းအား ချစ်မြတ်နိုးသည့်စိတ်အပြည့်နှင့် ပြောလိုက်သည့် ဘတ်ချုန်း၏စကားများက ရင်ထဲထိချင်စရာပင်။ သို့သော် ကျန်ဟွာဆန်းဂိုဏ်းသားများကမူ ဘတ်ချုန်း မျှော်လင့်ထားသည်နှင့် တခြားစီပင် တုန့်ပြန်လာကြလေသည်။
"နည်းပြက ဘာတွေပြောနေတာလဲဟ'
"မဖြစ်နိုင်တာတွေပါကွာ..ငါဆိုရင်ကတော့ ရှုံးသွားရင် သူ့ကိုသေချာပေါက်အပြစ်တင်မှာပဲ"
"အကိုကြီးက သူ့ဟာသူ ကိုယ်ရည်သွေးနေတာတော့ မဟုတ်ဘူးမို့လား...ဟုတ်လား..."
သူ၏ဂိုဏ်းတူညီငယ်များ ထံမှ ထွက်လာသော စကားများကြောင့် ဘတ်ချုန်းပါးစပ်ပိတ်သွားပြီး စိတ်ထဲတွင်ကြိတ်ကာ ဆဲရေးနေလေတော့သည်။
သောက်ရူးကောင်တွေ...မင်းတို့သောက်ပေါက်တွေကို ခဏလောက် ပိတ်ထားပေးလို့ မရဘူးလား...
ဟွာဆန်းဂိုဏ်းသားများက တဖက်တွင် ဖြစ်ပျက်နေကြသော်လည်း ထန်ဇန်ကမူ ထိုအခြင်းအရာများကို အာရုံရမနေပေ။ သူ၏ ထန် မိသားစုကို စော်ကားရဲသော ဤငနဲကို မည်သို့အပြစ်ပေးရမည်နည်း ဟူသောအတွေးသာ ခေါင်းထဲတွင် ရှိနေလေသည်။
"ဝူတန်ရဲ့ ဓါးနဂါးသိုင်းပညာရှင်ကို အနိုင်ယူခဲ့တဲ့ ဟွာဆန်းရဲ့ တရားမျှတမှုဓါးသိုင်းပိုင်ရှင်..."
သတင်းများ အရဆိုလျှင်မူ ဤလူ၏အထက်တွင် ဟွာဆန်း၏ နတ်ဘုရားနဂါးသာ ရှိလေတော့သည်။ ထို့အပြင် သူသည် သိုင်းလောက၏ နဂါးငါးဖော်ထဲမှ တစ်ဦးဖြစ်သော ဓါးနဂါးကို အနိုင်ယူခဲ့သူဖြစ်၍ သူ၏ အင်အားနှင့် သိုင်းပညာကလည်း နဂါးသိုင်းသမားများထက်မသာလျှင်ပင် အောက်တော့လျော့မည် မဟုတ်ပေ။ ဝူတန်၏ နဂါးကို အနိုင်ယူလိုက်သည်မို့ နဂါးငါးဖော်ထဲတွင် အသစ်ဖြစ်လာရန် အလားအလာပင် ရှိလောက်လေသည်။
တဖက်လူကိုတော့ ငါလျော့တွက်ထားလို့ မရဘူးပဲ...
ထန်ဇန်က သတိကြီးကြီးထားကာ ရှေ့သို့တက်လာလေသည်။
"ငါက စီချွမ် ထန်မိသားစုက ထန်ဇန်ပဲ..သတိထားပါ..ငါ့မှာ တိုက်ပွဲအတွင်း သနားညှာတာတယ်ဆိုတာ မရှိဘူး.."
"ငါက ဟွာဆန်းက ဘတ်ချုန်း...သိပ်တော့ စိုးရိမ်မနေပါနဲ့...ငါ့ရဲ့ဓါးက ဘယ်လိုသနားညှာတာရတာလဲဆိုတာကို ကောင်းကောင်းကြီး သိတယ်"
"အခုချိန်ထိတောင်မှ....ဒီမောက်မာတဲ့ မျိုးမစစ်ကောင်တော့.."
ထန်ဇန်က ကြုံးဝါးကာ ဓါးကိုဆွဲထုတ်ရန်ပြင်လိုက်သည်နှင့် ချွန်းမြောင်က ဘတ်ချုန်း၏နောက်မှ ဆူပုတ်ပုတ် မျက်နှာထားနှင့် ပေါ်လာလေတော့သည်။
"နေပါဦး...အကိုကြီးက ဘာလို့တိုက်နေတာလဲ"
"ဟမ်"
ချွန်းမြောင်၏ မေးခွန်းကြောင့် ဘတ်ချုန်းက တိုက်ခိုက်ရန်ပင် အဆင်သင့်ဖြစ်နေပြီဖြစ်သော ထန်ဇန်ကို လျစ်လျူရှုကာ ချွန်းမြောင်အား လှည့်ကြည့်လာလေသည်။
ဘာလား...
ဒီကောင်တွေက အကုန်သောက်ရူးတွေလား...
သိုင်းသမားတစ်ယောက်အနေနှင့် တိုက်ပွဲကာလတွင် ပြိုင်ဘက်အား ကျောပေးထားခြင်းက မသင့်တော်သည့်အပြုအမူပင်။
ဘတ်ချုန်းက ချက်ချင်းဆိုသလိုပင် ချွန်းမြောင်အား လှည့်ကြည့်ပြီး သူ့ကိုကျောပေးလိုက်သည်မို့ ထန်ဇန်တဖန် မျက်လုံးပြူးသွား ရပြန်လေသည်။ ဟွာဆန်း၏ဂိုဏ်းသားများက အမှန်ပင် ရူးသွပ်နေကြပုံ ရလေသည်။
"နည်းပြ...ဒီကိစ္စထဲမှာ တစ်ချိန်လုံးကြီး ဝင်ပါနေတော့မှာလား...ဒါက အကိုကြီးဂျိုဂု ရှင်းသင့်တဲ့ ပြဿနာလို့ မထင်ဘူးလား"
"ဂျိုဂုကို တိုက်ခိုက်ခိုင်းဖို့ ပြောနေတာလား"
"နည်းပြက အခု အရမ်းတွေ ဂုဏ်ဆာပြဖို့ စိတ်စောနေတာကိုတော့ ကျွန်တော်သိပါတယ်..ဒါပေမယ့် အခုကတော့ အကိုကြီးဂျိုဂုကို လက်စွမ်းပြဖို့ အလှည့်ပေးသင့်တယ်လို့ ကျွန်တော်ထင်တယ်...အကိုကြီးမိဘတွေရော ရှိနေတုန်းလေ...မဟုတ်ဘူးလား"
ချွန်းမြောင်၏စကားကြောင့် ဘတ်ချုန်း ထိတ်လန့်သွားလေသည်။
သောက်ကျိုးနည်း ..မင်းက ထန်မိသားစုကို ဘာထင်နေတာလဲဟ...
ဒါက ထန်မိသားစုနော်..ထန်မိသားစု..စီချွမ်က ထန်မိသားစု...
အဆိပ်နဲ့ အမှတ်အတေးမှာ နာမည်ကြီးလွန်းတဲ့ သမိုင်းဝင် မိသားစုနော်...
ထန် မိသားစုက ကိစ္စသေးသေး အမှားသေးသေးများကိုပင် အမှတ်သည်းခြေ ကြီးလွန်းကြ၍ ထန်မိသားစုနှင့် ဆက်ဆံရာတွင် အကောင်းဆုံးဟူသော ဂိုဏ်းများကပင် သတိထားကြရလေသည်။ ချွန်းမြောင်က ထိုသို့အန္တာရာယ်များလှသော မိသားစုနှင့် ဂျိုဂုအားထိပ်တိုက်တွေ့ပေးရန် စဉ်းစားထားသည်က မဖြစ်သင့်ဟု ဘတ်ချုန်းထင်လေသည်။
"ဒါက အန္တာရာယ် မများလွန်းဘူးလား"
"ရပါတယ် ...ဘာမှ မဖြစ်ပါဘူး...တကယ် မဖြစ်တာပါ...ကျားတွေတောင် သူတို့သားပေါက်လေးတွေ သန်မာလာဖို့ တောင်စွန်းက ပစ်ချတယ်လို့ အဆိုရှိကြသေးတာပဲ"
"သောက်ရူး...တောင်စွန်းက ပစ်ချလိုက်ရင် သေမှာပေါ့"
ဘတ်ချုန်းက ချွန်းမြောင်၏ ဥပမာကို လက်မခံနိုင်စွာပင် ပြောလာလေသည်။ ချွန်းမြောင်ကမူ ဘာသိဘာသာပင် နေလိုက်ပြီး ဘတ်ချုန်းအား ကြည့်ကာ စုပ်သပ်လိုက်လေသည်။
"ကျွတ် ...ကျွတ် ..ပူပန်နေတဲ့ ဒီလူကိုလည်း ကြည့်ကြပါဦး"
နည်းပြတစ်ယောက်အနေနှင့် ဘတ်ချုန်း စိတ်ပူနေသည့်အရာကို ချွန်းမြောင် ကောင်းစွာ နားလည်လေသည် ။သို့သော် စိတ်ပူလေတိုင်း ကိစ္စအလုံးစုံကို လိုက်ကာ ပါဝင်လုပ်ဆောင်ပေးနေသည်ကတော့ နည်းလမ်းမကျပေ။ အနာဂတ်တွင် ဒုက္ခများကြုံလာပါက ရင်ဆိုင်နိုင်စေရန်အတွက် ရံဖန်ရံခါတွင်မူ အန္တာရာယ်ကို ထိပ်တိုက်ရင်ဆိုင်ခိုင်းရသည့် အခါများလည်း ရှိပေသည်။
အန္တာရာယ်များကို ရင်ဆိုင်သည့် အတွေ့အကြုံမရှိ၍ တစ်သက်လုံး သူတစ်ပါးကို အားကိုးကာ မိမိကိုယ်ကိုယ် ယုံကြည်မှုပျောက်ဆုံးသွားသူများ ဖြစ်သွားခြင်းက ချွန်းမြောင် အစိုးရိမ်ဆုံးသော ကိစ္စပင်။ သို့ဖြစ်၍ အခါအခွင့်သင့်လေတိုင်း တတ်နိုင်သ၍ အန္တာရာယ်များနှင့် ရင်ဆိုင်ခိုင်းခြင်းပင်။ ထို့သို့ အန္တာရာယ်များကို ရင်ဆိုင်ဖူးမှသာလည်း ပို၍ အတွေ့အကြုံများကာ ရင့်ကျက်လာမည် ဖြစ်လေသည်။
"အကိုကြီးဂျိုဂုကို ကြည့်ရတာ အားနည်းတဲ့ပုံ ပေါက်နေသလား"
"…"
ချွန်းမြောင်တစ်ချက်ပြုံးကာ ဆက်ပြောလာလေသည်။
"သူ ဒီလူတွေကို ရှုံးမှာ မဟုတ်ဘူး...."
ဘတ်ချုန်း မျက်နှာပျက်နေလေပြီ။ သူသည် ဂျိုဂု၏ အစွမ်းအစကို ယုံကြည်သော်လည်း စိုးရိမ်စိတ်က သတ်၍မရသေးပေ။
"ငါ သူ့ကို ဘယ်လိုလုပ်ပြီး တိုက်ပွဲထဲကို လွတ်ရက်မှာလဲ"
"…"
ဘတ်ချုန်း၏ အကဲပိုပို စကားကြောင့် ချွန်းမြောင် မျက်ဖြူပင် လှန်မိသွားလေသည်။ ဘတ်ချုန်းက ဖြောင့်ဖြမရပြီမို ချွန်းမြောင် ဂျိုဂုဆီကိုသာ ကြည့်လိုက်လေတော့သည်။
"အကိုကြီး ..ကျွန်တော်ပြောတာ ဟုတ်တယ်မို့လား"
ဂျိုဂုက ခေါင်းငြိမ့်ပြလေသည်။
အရှုံးလား...
သူ လုံးဝရှုံးမည် မဟုတ်ပေ...
ယုံကြည်ချက်အပြည့် ရှိလေသည်။
ထို့အပြင် ဤသည်က သူနှင့် ထန်မိသားစုကြားက ပြဿနာဖြစ်၍ ပြဿာနာကို ခေါင်းခံဖြေရှင်းသင့်သူကလည်း မိမိဟုသာ ဂျိုဂုလက်ခံထားလေသည်။
ဂျိုဂု ချွန်းမြောင်ကို ကြည့်လိုက်လေသည်။
ဒီကလေးကတော့ တကယ်ပဲ...
သူတို့ ဖြေရှင်းကိုင်တွယ်ရန် မည်မျှပင် ခက်ခဲနေသော ပြဿနာဖြစ်စေကာမူ ချွန်းမြောင် လက်သို့ရောက်သည်နှင့် အဆင်ပြေသွားသည်ပင်။ မှင်စာတစ္ဆေတစ်ကောင်လိုပင် ပြဿနာအရပ်ရပ်ကို ကိုင်တွယ်နိုင်လေသည်။ ယခုတွင်လည်း သူ၏ခံစားချက်ကို နားလည်းကာ သူ့အား အခွင့်အရေးရစေရန် ဖန်တီးပေးနေခြင်းပင်။
ဒီကလေးကတော့ ဘာမှကို ဖုံးကွယ်ထားလို့ မရတာပါလား...တသက်လုံးလည်း ဒီကလေးရဲ့အရိပ်အောက်မှာပဲ နေနေလို့တော့လည်း မဖြစ်သေးပါဘူးလေ...
ချွန်းမြောင်က သူတို့အားလုံးထက် များစွာသာလွန်သည်ကို သူတို့သိကြလေသည်။ ယခုတွင်မှ မဟုတ် နောင်တွင်လည်း ချွန်းမြောင်နှင့် လက်ရည်တူဖြစ်ရန်က မဖြစ်နိုင်သည့်ကိစ္စပင်။
သို့သော်လည်း တသက်တာလုံး ချွန်းမြောင်၏အရိပ်တွင်ခိုကာ နေ၍တော့ မရပေ။ တတ်နိုင်သမျှ ဝန်ကိုတော့ ထမ်းကာ ဂိုဏ်းတာဝန်ကို ကျေပွန်ရပေမည်။ အနည်းဆုံးအနေနှင့် မိမိတာဝန်တော့ မိမိယူရမည်ဟု ယူဆထားလေသည်။ မိမိတာဝန်ပင် မိမိမယူနိုင်လျှင် သေသွားသည်က ကောင်းဦးမည်ပင်။ ဂျိုဂု ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်ပြီဖြစ်လေသည်။
"နည်းပြ"
ခေါ်သံကြောင့် ဘတ်ချုန်းက ဂျိုဂုအား ကြည့်လာလေသည် .
"နည်းပြရဲ့ စိတ်ကို ကျွန်တော်နားလည်ပါတယ်..ဒါပေမယ့် ဒါက ကျွန်တော်ဖြေရှင်းရမယ့် ပြဿနာပါ."
"မင်း တကယ်လုပ်နိုင်မှာလား"
ဂျိုဂု ပြုံးကာ ဖြေလိုက်လေသည်။
"ကျွန်တော်က ဟွာဆန်းဂိုဏ်းသားတစ်ယောက်ပါ.'
ထို အဖြေနှင့်ပင် လုံလောက်သွားပြီဖြစ်လေသည်။ တခြားသောအရာများ ထပ်ကာပြောရန် မလိုတော့ပေ ။
ဘတ်ချုန်းက အပြုံးတစ်ပွင့်နှင့် ဂျိုဂု၏တောင်းဆိုမှုကို လက်ခံလိုက်လေသည်။
"သွားပါ"
"ဟုတ်ကဲ့"
ဘတ်ချုန်းနှင့် ချွန်းမြောင်အား နောက်တွင်ချန်ထားခဲ့ကာ ဂျိုဂုက ရှေ့ထွက်လာသည်ကို ထန်ဇန်က မျက်မှောင်ကြုတ်ကာကြည့်လိုက်လေသည်။
"မင်းနဲ့လား"
"ငါက အစကတည်းက မင်းတို့စမ်းချင်နေတဲ့လူပဲ မဟုတ်ဘူးလား"
"ဒီလိုဆိုမှတော့ ငါနဲ့တိုက်ခိုက်လိုက်တာကမှ ပိုပြီးအဓိပ္ပါယ်ရှိမှာပေါ့...ဟုတ်တယ်မို့လား"
ထန်ဇန် ခံပြင်းမိသွားလေသည်။
သူက ဘယ်လိုတောင်မှ မခန့်တာလဲ...
ထန် မိသားစုအကြောင်းကို မသိသော ဘတ်ချုန်းနှင့် ချွန်းမြောင်က အန္တာရာယ်ကို မသိ၍ သူ့အားစိန်ခေါ်ရဲသည်ဟု စိတ်ဖြေ၍ရသော်လည်း ချန်ဒူတွင် ငယ်မွေးခြံပေါက်ဖြစ်သော ဂျိုဂုကမူ မတူပေ။
ထန်မိသားစု၏ အရှိန်အဝါကို သိလျက်နှင့် ရဲဝံ့နေခြင်းပင်။ ဂျိုဂု၏ စိန်ခေါ်မှုက ထန်ဇန်ကို ပို၍ခံပြင်းသွားစေသည်။ ဦးချိုးပေးရန် လိုအပ်နေပြီဟုလည်း တွေးမိသွားလေသည်။
မင်းတို့ ဒီကိစ္စကို လွယ်လွယ်ပြီးသွားမယ် ထင်မနေကြနဲ့....
ထန်ဇန်က စော်ကားခံရမှုများအားလုံးအတွက် ပညာပေးရန် တွေးပြီးပြီမို့ သူတို့မိသားစု၏ လက်အိတ်အစိမ်းရောင်များကို ထုတ်ကာဝတ်လိုက်လေသည်။
အစိမ်းရောင်သားရေလက်အိတ်များသည် ထန်မိသားစုမှ ကိုယ်တိုင်အမဲလိုက်ထားသော သမင်များ၏အရေခွံများနှင့်ပြုလုပ်ထားပြီး
သူတို့ကိုသူတို့ အဆိပ်မှ ကာကွယ်နိုင်စေရန်လည်း ဖြစ်လေသည်။
ထိုလက်အိတ်များ ဝတ်ဆင်လိုက်ခြင်းက တဖက်လူနှင့်တိုက်ခိုက်ရာတွင် အဆိပ်ရှိသောလက်နက်များနှင့် အဆိပ်များကို ထုတ်ကာအသုံးပြုတော့မည်ဟု သွယ်ဝိုက်သတိပေးလိုက်ခြင်းလည်း ဖြစ်လေသည်။
ဂျိုဂုက ထန်ဇန်အား မျက်နှာသေနှင့်သာ ကြည့်လိုက်လေသည်။ နှစ်ဦးသားက အပြန်အလှန်ကြည့်နေကြပြီး မည်သူကမှလည်း အကြည့်လွဲ အလျော့ပေးခြင်းမရှိပေ။
လူတိုင်းက အခြေအနေကို တိတ်တဆိတ်ပင် စောင့်ကြည့်နေကြပြီး ပတ်ဝန်းကျင်ကလည်း တိတ်ဆိတ်နေလေသည်။ သို့သော် ထိုမြင်ကွင်းကိုကြည့်ကာ ရတက်မအေးနိုင်သူ တစ်ဦးတော့ရှိနေလေသည်။
ဂျိုဖြောက်ပင်.
ဂျိုဂုက တိုက်ပွဲကို လက်ခံလိုက်လေကတည်းက ဂျိုဖြောက် မတည်ငြိမ်နိုင်တော့ပေ။ထန်ဇန်ဆိုသည်က ထန်မိသားစု၏ မျိုးဆက်ဖြစ်လေပြီး ငယ်စဉ်ကတည်းကပင် မွေးရာပါထူးချွန်မှုများကြောင့်ကျော်ကြားသူ ဖြစ်လေသည်။ ထိုသို့သော သူနှင့် ရင်ဆိုင်ရဲသောသတ္တိကို ချီးကျူးသော်ငြားလည်း အန္တာရာယ်ထဲ ခုန်ဆင်းသွားသည်ကိုတော့ လက်မခံနိုင်ပေ။
ငါ ငါ့သားကို တားမှဖြစ်မယ်...
ဂျိုဖြောက် သူ့သားအား ကယ်တင်ရန်အလို့ငှာ ထန်ဇန်ကို ဖြောင့်ဖြအသနားခံရန်သာ တွေးမိလိုက်လေသည်။
"ဂိုဏ်းသားထန်...ဒါက"
"အဖေ"
"… ဂု"
ဂျိုဂုက သူ၏ဖခင်ကို ပြတ်သားသောမျက်လုံးများနှင့် ကြည့်လာလေသည်။
"အဖေ ဒါက ထန်မိသားစုလက်ကနေ ရုန်းထွက်ရုံတင်မကဘူး..ဟွာဆန်းရဲ့ ဂုဏ်ကိုပါ ပြသရမယ့် အခြေအနေမို့ ကျွန်တော့်ကို ယုံပြီး စောင့်ပေးပါ"
"သား...မင်း ဘာတွေပြောနေတာလဲ"
ဂျိုဂုက ဓါးကိုဆွဲထုတ်လိုက်လေတော့သည်။ စကားများများ မပြောလိုတော့ပေ။ ဓါးချင်းသာ ယှဉ်ပေတော့မည်။
စီချွမ် ထန် မိသားစု...
သူမွေးစကတည်းကပင် ထိုအမည်ကို ရင်းနှီးခဲ့ရပြီး
ကြောက်ရွံ့နေရကာ လွှမ်းမိုးခြင်းကိုလည်း ခံခဲ့ရလေသည်။ ယခုတွင်မူ ထိုအခြေအနေကို ပြောင်းလဲပစ်ရန်အခွင့်အရေးက သူ့ထံသို့ရောက်ရှိလာပြီ ဖြစ်လေသည်။ ဂျိုဂု ထိုအခွင့်အရေးကို အမိအရပင် ဖမ်းဆုပ်ထားရလေမည်။
ထန်ဇန်ကမူ သူတို့အား ရဲရဲကြီးပင် အာခံကာ ဓါးကိုဆွဲထုတ်လိုက်သော ဂျိုဂုကို ကြည့်လိုက်လေသည်။
မင်းက ဟွာဆန်းက ဘာတွေများသင်ယူခဲ့ရလို့ ဒီလောက်တောင် မောက်မာနေနိုင်ရတာလဲ...
တွေ့ကြသေးတာပေါ့ကွာ...
ထန်ဇန်ကလည်း ဂျိုဂုကို ကြည့်ကာ တိုက်ခိုက်ရန်အသင့်ပြင်လိုက်သည်နှင့် နောက်မှလူတစ်ယောက်က ခေါ်လာလေသည်။
"အကိုကြီး."
ခေါ်သံကြောင့် ထန်ဇန်က နောက်လှည့်ကြည့်လိုက်လေသည်။
"ကြက်ကိုသတ်ဖို့ ပုဆိန်သုံးစရာ မလိုပါဘူး...
အကိုကြီးနေပါ...ကျွန်တော်တိုက်ပါ့မယ်."
ညီငယ်ဖြစ်သူ ထန်ဟိုက ပြောကာ ရှေ့သို့တက်လာလေသည်။
"ဒါက ငါရှင်းရမယ့်—"
"ဟွာဆန်းရဲ့ တရားမျှတမှုဓါးသိုင်းပိုင်ရှင် မထွက်လာသေးဘဲ အကိုကြီးလည်း ရှေ့ထွက်ဖို့ မလိုပါဘူး"
ထန်ဇန် ထန်ဟိုဆိုလိုသည်ကို နားလည်စွာနှင့် နောက်ဆုတ်ပေးလိုက်လေသည်။
"သူ့ကို သေချာပေါက်လုံးဝ အလွတ်မပေးနဲ့."
"စိတ်ချပါ."
ထန်ဟိုက ရှေ့သို့ထွက်လာလေပြီး သူ၏လက်များကို အင်္ကျီလက်ထဲသို့ ထည့်လိုက်လေသည်။ ဤသည်က အင်္ကျီလက်အတွင်းရှိ မည်သည့်အဆိပ်ကိုမဆို စိတ်ကြိုက်အသုံးပြုမည်ဆိုသည့်သဘောပင်။
"ထန်မိသားစုက ထန်ဟို"
"ဟွာဆန်းက ဂျိုဂု."
တစ်ဦးနှင့်တစ်ဦး အချင်းချင်း အရိုအသေပေးလိုက်ကြပြီး တိုက်ခိုက်ရန်အသင့်ပြင်လိုက်ကြလေသည်။
ဂျိုဂုသည် လွန်ခဲ့သောနှစ်များကမူ ထန်မိသားစုဝင်များအား မော်ပင်မကြည့်ရဲခဲ့သော်လည်း ယခုတွင်မူ လက်ရည်ချင်းပင် ယှဉ်ရဲနေပြီဖြစ်လေသည်။
မောက်မာနေတဲ့ မျိုးမစစ်ကောင်ကတော့...
ထန်ဟို ချန်ဒုရှိ လူတိုင်းအား နမူနာယူသွားနိုင်စေရန် ဂျိုဂု၏လက်တစ်ဖက်ကို သုံးမရဖြစ်သွားအောင် လုပ်ပစ်မည်ဟု ရည်ရွယ်ထားလေသည်။
ထန်ဟို သူ၏အင်္ကျီလက်ထဲမှ နွားမွှေးအပ်များကိုနှိုက်ကာ ဂျိုဂုဆီသို့ ပစ်လွှတ်လိုက်လေသည်။
မြောက်များစွာသော အပ်များက ဂျိုဂုဆီသို့ မမြင်နိုင်သော အလျင်ဖြင့်ပင် ပြေးဝင်သွားကြလေ၏။
သူ၏အပ်များ ပစ်လွတ်လိုက်ခြင်းကို ဂျိုဂုက သာမန်လှုပ်ရှားမှုလေးပင် မရှိသောအခါတွင်မူ ထန်ဟို ခံပြင်းသွားလေသည်။ အပ်လေးတစ်ချောင်း ထိမိလျှင်ပင် ဂျိုဂုက လုံးဝလှုပ်ရှားနိုင်တော့မည် မဟုတ်ပေ။
"ဟမ်"
ဘမ်း...
ထိုစဉ်မှာပင် ဂျိုဂု၏ ဓါးက ရုတ်တရက်ပင် လျင်မြန်သောအရှိန်လှုပ်ရှားလာလေပြီး လူကလည်း လေထဲသို့ ခုန်တက်သွားလေ၏။
ချွင်..ချွင်...ချွမ်
များစွာသော အပ်တို့ကို ဓါးနှင့် ဖယ်ထုတ်ကာဆီးလိုက်လေပြီး ဂျိုဂုက မြေပြင်ပေါ်သို့ ပြန်ကျလာသည်နှင့် ထန်ဟိုက အလင်းလိုအမြန်နှင့် အဝေးသို့ လွှင့်စင်သွားလေတော့သည်။
"ဟမ်"
ဘုန်း...
ထန်ဟို ဟန်ချက်မထိန်းနိုင်ဘဲ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျလေသည်။ ထို့နောက်တွင်မူ ဂျိုဂု၏ရိုက်ချက်တစ်ချက်က ကျလာလေပြီး ထန်ဟိုမေ့မြောသွားလေတော့သည်။
မေ့မြောသွားသော ထန်ဟိုကိုကြည့်ကာ ဂျိုဂုက တချက်ပြုံးလိုက်လေသည်။ ထို့နောက်တွင်မူ ထန်ဇန်၏မျက်လုံးကို တည့်တည့်ကြည့်ကာ ပြောလိုက်လေသည်။
"နောက်တစ်ယောက်"
သောက်ချေး...ငါ အဲ့လိုမျိုး အမြဲတမ်း စမ်းပြီးပြောချင်နေခဲ့တာကွ..
အပိုင်း (၁၈၈)
ဒီလိုအရည်အချင်းတွေနဲ့လား (၃)
ဓါးချက်တစ်ချက်ထဲနဲ့ အလဲထိုးလိုက်တာလား…
ထန်ဇန် မျက်လုံးများပင် ပြူးသွားလေသည်။
တကယ်ကြီး တစ်ချက်ထဲလေ…
ဟုတ်ရော ဟုတ်ရဲ့လား…
ထန်ဇန်က လဲကျနေသော ထန်ဟို ကိုလှမ်းကာ ကြည့်လိုက်လေသည်။
ထန်ဟို၏ သိုင်းပညာသည် ထန်ဇန်၏သိုင်းပညာလောက် အဆင့်မမြင့်သေးသော်လည်း ထန်မိသားစုမှ အကြီးအကဲတစ်ယောက်၏သားဖြစ်သည့်အလျောက် သိုင်းပညာက နိမ့်ပါးနေသည်တော့လည်း မဟုတ်ပေ။ ဤသို့ အလွယ်လေး အနိုင်ယူလိုက်နိုင်သည်အထိ လွယ်ကူနေသည့်သူတော့ မဟုတ်ပေ။
သို့သော် ဂျိုဂုကမူ ဓါးတစ်ချက်နှင့်သာ အလဲသိပ်လိုက်လေသည်။
ထန်ဟိုက သတိလက်လွတ် ဖြစ်သွားလို့နေမှာပါ…
သူက ဒီလောက်သန်မာမယ့် ကောင်တော့ ဟုတ်ပုံမရပါဘူး…
ဓါးချက်တစ်ချက်နှင့် မေ့မြောသွားသည်ကို ထန်ဟို၏ပေါ့ဆမှုကြောင့်သာဟု ထန်ဇန်တွေးတောယူဆလိုက်လေသည်။ ထန်ဟိုက တဖက်လူအား အထင်သေးကာ သတိမထားမိလိုက်သောကြောင့် ရှုံးနိမ့်သွားရသည်ဟုသာ ယူဆထားလိုက်လေ၏။
ထန်ဇန် ဂျိုဂုအား စကားအနည်းငယ်ပြောချင်သော်လည်း မပြောတော့ပေ။ နှုတ်ဆိတ်ကာသာ နေလိုက်လေသည်။ ပြောနေလျှင်လည်း အပိုသာဖြစ်ပေလိမ့်မည်။ ပွဲသိမ်းရလဒ်ကို ကောင်းကောင်းလုပ်ပြနိုင်လျှင် အဆင်ပြေသွားမည်ဟုသာ ထန်ဇန်တွေးထားလိုက်လေတော့သည်။
“နောက်တစ်ယောက်..”
“…”
ဂျိုဂု၏ ပြတ်သားသော စိန်ခေါ်သံကြီးက ထွက်လာလေသည်။ ယခင်ကမူ မျက်နှာကိုပင် စေ့စေ့မကြည့်ရဲသူက ထိုသို့စိန်ခေါ်ခံရသည်ကို ထန်ဇန် နာကြဉ်းလှပေသည်။
ဂျိုဂုကမူ ထန်ဟိုကို ဓါးချက်တစ်ချက်ထဲနှင့် အနိုင်ယူလိုက်နိုင်၍ ကျေနပ်ပီတိဖြာလေသည်။ ဂျိုဂု ဓါးကိုဟန်ပါပါကိုင်ထားပြီး နောက်လှည့်မကြည့်မိစေရန်လည်း ထိန်းထားလေသည်. ။ နောက်လှည့်ကြည့်လိုက်သည်နှင့် သူ့အား အားပေးနေရင်းမှပင် စနောက်နေကြသော အကိုကြီးများကို တွေ့မိလျှင် ရယ်ချင်မိမည်က အမှန်ပင်။ ထိုသို့ ရယ်မိလျှင် မိမိုက်သော သိုင်းသမားပုံရိပ်ကို ထိန်းသိမ်းနိုင်မည် မဟုတ်တော့ပေ။ သူ၏အကိုကြီးများကမူ အော်ဟစ်ကာ စနောက်နေကြလေသည်။
“ဝိုး…ဓါးသမားကြီးက မိမိုက်နေပါလားကွ”
“သူ့ကို ကြည့်စမ်းပါဦး…အရမ်းတွေ မိုက်တဲ့ပုံစံလုပ်နေပြီ..ဟိဟိ”
“ဒါပဲလေ..ဒါပဲကွ…ဒါမျိုးလေး ထပ်ပြီး အစွမ်းပြလိုက်ပါဦး..ဖေ့သားကြီးရ”
စနောက်သံများက ဂျိုဂုကို ပို၍အမောပြေစေသလိုပင်။ ဂျိုဂု၏ အနိုင်ရမှုအပေါ် သူတို့၏ကျေနပ်နေမှုများကလည်း အထင်းသားပင်။ ဂျိုဂု ရယ်ချင်စိတ်ကိုထိန်းထားရကာ တိုက်ပွဲအပေါ်တွင် ထပ်ကာသာ အာရုံစိုက်ထားရလေသည်။
“နောက်တစ်ယောက်…”
“…”
ဂျိုဂုက ဟွာဆန်းမှ လူများကို ကြည့်မိလျှင် ရယ်မိမည်စိုးရိမ်၍ တစ်စက်လေးပင် လှည့်မကြည့်သော်လည်း ထန်ဇန်ကိုမူ တစ်စက်လေးပင် အကြည့်မလွဲပေ။ တည့်တည့်ကြည့်ကာသာ စိန်ခေါ်နေလိုက်လေသည်။
အချိန်တစ်ခုကြာသည့်တိုင် ထန်ဇန်က ထွက်မလာသည်မို့ ဂျိုဂုအံဩသွားလေသည်။ ဓါးကိုလည်း အသင့်ပြင်ထားရာမှ ပြန်ကာချလိုက်ပြီး ချောင်းတစ်ချက်ဟန့်ကာ မေးလိုက်လေသည်။
“မင်းတို့ မလာဘူးလား”
“…”
ဂျိုဂု၏စကားကြောင့် ထန်ဇန်က မလှုပ်သော်လည်း ထန်မြောင်ကမူ ဒေါသတကြီးပင် အော်လာလေသည်။
“မင်းကများ…”
ထန်မြောင်က ဒေါသတကြီးနှင့် ရှေ့သို့တက်ရန်ပြင်လိုက်သည်နှင့် အစိမ်းရောင်လက်အိတ်ဝတ်ထားသော လက်တစ်ဖက်က ထန်မြောင်ရှေ့မှ တားဆီးလာလေသည်။
“အကိုကြီး..”
ထန်ဇန်က အေးစက်နေသော မျက်လုံးများနှင့်ကာ ပြောလိုက်လေသည်။
“နောက်ဆုတ်နေ”
“ဒါပေမယ့် သူက တအားကိုမောက်မာ…”
“သူက မင်းပြိုင်ဘက် မဟုတ်ဘူး”
ထန်မြောင် ထန်ဇန်၏စကားကြောင့် အံ့အားသင့်သွားလေသည်။ ထန်ဇန်ကမူ အပိုအလိုထပ်ကာ ပြောမလာပေ။ မြေပြင်ပေါ်တွင် လဲနေသော ထန်ဟိုကိုသာ တစ်ချက်ကြည့်လိုက်လေသည်။ ထန်မြောင် ထန်ဇန်ပြောလိုသည့်အရာကို နားလည်သွားပြီ ဖြစ်လေသည်။ ထန်ဟိုနှင့် ထန်မြောင်တို့သည် အသက်လည်း မကွာသကဲ့သို့ သိုင်းပညာအရည်အချင်းကလည်း ကွာခြားလှသည် မဟုတ်ပေ။ ထန်ဟို မရင်ဆိုင်နိုင်လျှင် ထန်မြောင်လည်း ရင်ဆိုင်နိုင်မည်မဟုတ်သည်က သေချာသလောက်ပင်။ သို့ဖြစ်၍ ထန်ဇန်က တားမြစ်ခြင်းပင်။
ထန်ဇန်၏ ဆိုလိုရင်းကို သဘောပေါက်သွားသော နှုတ်ခမ်းကိုကိုက်ကာ အငြင်းစကားမဆိုတော့ဘဲ အဝေးသို့သွားကာ ရပ်လိုက်လေသည် ။ လဲကျနေသော ထန်ဟိုကို သယ်သွားရန်လည်း မမေ့ပေ။
“ဝေးဝေးသွားနေ’
“ဟုတ်ကဲ့”
ထန်မြောင်အဝေးသို့ရောက်သွားကာမှ ထန်ဇန်က ဟွာဆန်းမှ လူများနှင့် သက်တောင့်သက်သာအနေအထားဖြင့် တိုက်ပွဲကိုစောင့်နေသော ဂျိုဂုကိုပါ ကြည့်လိုက်လေသည်။
“ငါ့ရဲ့ ညီငယ်လေးက အမှားတစ်ခု လုပ်ခဲ့မိတယ်”
“…”
“ဒါပေမယ့် ငါကတော့ သူ့လို မဟုတ်ဘူးဆိုတော့ မင်းသတိတော့ထားပေါ့”
သတိပေးစကားက ထိုမျှနှင့်ပင် အဆုံးသတ်သွားပြီ ဖြစ်လေပြီး အကြည့်ချင်း စစ်ခင်းနေကြလေသည်။ ဂျိုဂုကမူ ထန်ဇန်၏ သတိပေးစကားကို နားထောင်နေရင်းမှပင် အားမွေးနေလေသည်။ ထန်ဇန်၏ ခြိမ်းခြောက်စကားက သူ့အား အားအင်များ ဖြစ်လာစေသကဲ့သို့ပင်။
ဂျိုဂု ထန်ဇန်၏ အင်အားကို ကောင်းကောင်းကြီး ခန့်မှန်းမိလေသည်။ ထန်ဇန်၏ ကိုယ်ခန္ဓာမှ ထုတ်လွှတ်နေသော အရှိန်အဝါများသည် သာမန်မဟုတ်ပေ။
သူက ဝူတန်က ဒုတိယတန်းတပည့်တွေထက်တော့ သန်မာမယ့်ပုံပဲ…
ဂျိုဂုသည် ဝူတန်၏ဒုတိယတန်းတပည့်များကို အလွယ်လေးအနိုင်ယူနိုင်ခဲ့သော်လည်း ထန်ဇန်ကိုမူ မသေချာသေးပေ။ ဂျိုဂု၏ အကဲဖြတ်ချက်အရ ထန်ဇန်က ဝူတန်၏တပည့်များထက် သန်မာသည်ကတော့ သေချာလေသည်။
ထန်ဇန်၏ အဆင့်က ဓါးနဂါးဟု တင်စားရလောက်အောင်ပင် မြင့်မားသည်ဟု သူထင်မိလေသည်။
ဓါးနဂါးလား…
နည်းပြ ဘတ်ချုန်းတောင် မဖြစ်ဖြစ်အောင် အနိုင်ယူခဲ့သေးတာပဲကို…
ငါဆိုရင်ရော သူ့ကို နိုင်ပါ့မလား…
ဂျိုဂု သူ၏ရှေ့တွင် မားမားကြီး ရပ်နေသော ထန်ဇန်ကို ကြည့်ကာ စိတ်လှုပ်ရှားလာလေသည်။ စိတ်ကလည်း မတည်ငြိမ်တော့ပေ။
“ကြည့်ဦး…ကြည့်ဦး..ဇာတ်လမ်းက စလာပြီ…အာရုံတွေ များနေလိုက်တာ…ရိုက်ခံချင်နေတော့တာ နေမှာ”
“…”
ဟင်..ဒီသောက်ကလေးကတော့ လုပ်ပြန်ပြီ…
စိတ်လှုပ်ရှားကာ အတွေးများနေသော ဂျိုဂုကိုပေါ်တင်ပင် အပြစ်တင်နေသူက အခြားသူမဟုတ် ချွန်းမြောင်ပင်။
“လူတွေကလေ ဒီလောက်ပြောဆိုနေတာကို ဘာကိစ္စ အရေးမစိုက်ကြတာလဲ မသိဘူး… လေ့ကျင့်ရေး လုပ်ထားတဲ့ နေ့တွေကလည်း မနည်းတော့ဘူးဆိုတော့ ဒါမျိုးတွေ ပြောစရာမလိုတော့ဘူးလို့ ထင်ထားတာ…ကြည့်ရတာ ငါကပဲ မှားနေတာပါလား…ကျွန်တော် ပြောနေတဲ့အချိန် ဘာတွေ လုပ်နေကြတာလဲ…နားထဲကို ဘာထည့်ထားလို့ မှာထားတာတွေကို မသိကြရတာလဲ”
ချွန်းမြောင်၏ ပြစ်တင်စကားများက ဂျိုဂုအား နောက်က ရိုက်ချလိုက်သကဲ့သို့ပင်။
“အေးနော်…ကျွန်တော် အကြိမ်ကြိမ်ပြောထားပြီးသားနော်…တိုက်ပွဲမှာ စိတ်မတည်ငြိမ်ဘဲ အာရုံလွှင့်နေတဲ့သူက ရှုံးတဲ့သူပဲ ဆိုတာ…အဲ့လိုလူတွေကပဲ စစ်ပွဲဆို အရင်ဆုံးသေမှာ..သေချင်ရင်တော့ လုပ်ကြပေါ့…ပြီးတော့ သေချင်နေကြတယ်ဆိုရင်လည်း တခြားသူကို ဒုက္ခမပေးကြနဲ့..တခြားသူ လက်ချက်နဲ့ မသေကြနဲ့.,…ကိုယ့်ဟာကို မြစ်ထဲဆင်းပြီး နှာခေါင်းငုတ်သေကြ…ရေမရှိတဲ့ချောင်းမှာ နှာခေါင်းမြှုပ်ပြီး သေကြ…ဒီလိုတိုက်ပွဲမှာ မသေကြနဲ့…လေ့ကျင့်ပေးတဲ့သူ သိက္ခာကျတယ်”
ချွန်းမြောင်၏ စကားများကြောင့် ဂျိုဂုလန့်သွားလေသည်။
ကိုယ်ခန္ဓာအား ဓါးမြောင်နှင့် အချက်ပေါင်းများစွာ ထိုးလျှင်ပင် မည်မျှ နာကြင်ရမည် မထင်ပေ။ ချွန်းမြောင်၏ စကားများကမူ တစ်ခွန်းဆို တစ်ခွန်းပင်။ အသည်းထိပင် တဆတ်ဆတ်နာကြင်ရလေသည်။ ယခုသည်လည်း အာရုံများနေသော ဂျိုဂုကို တည့်တည့်ကြီးပင် ပြောဆိုနေသည်က နာကြင်ဖွယ်ရာပင်။
ငါတော့ သေတော့မှာပဲ..
ရန်သူက ငါ့ရှေ့ရောက်လာတာနဲ့ စိတ်ကလှုပ်ရှားနေပြီ…
ကလေးတွေတောင် ငါ့လောက် သတိလက်လွတ်မဖြစ်လောက်ဘူးရယ်…
အား…ခြေဖျားလက်ဖျားတွေတောင် အေးလာသလိုပဲ…
ဟွာဆန်းက ဓါးအဓိကသုံးသည့် ဂိုဏ်းဖြစ်သည်မို့ ဓါးကိုသုံးရာတွင် တကိုယ်လုံးကလည်း ဟန်ချက်ညီနေကြရန် လိုအပ်လေသည်။ ဓါးအား ငြိမ်ငြိမ်မထားနိုင်လျှင် စွမ်းအင်က တစက်မှပင် အလုပ်ဖြစ်မည် မဟုတ်ပေ။
ကောင်းပြီ…စိတ်ကို တတ်နိုင်သမျှ ငြိမ်အောင် ထားရမယ်…
ဂျိုဂု စိတ်ကို ပြန်လည်စုစည်းကာ အာရုံကို တစ်ခုတည်းသာ ထားလိုက်လေသည်။ ဂျိုဂု၏ စိတ်များ ပြန်လည်တည်ငြိမ်သွားသည်ကိုမြင်မှသာ ပြောဆိုနေသော ချွန်းမြောင်က ခေါင်းငြိမ့််ကာ အသံတိတ်သွားလေသည်။
“သူ့ကို ဘယ်လိုပြောရမလဲဆိုတာ ငါသိနေလို့ တာပေါ့…ဟွန့်”
အခြေအနေကို နောက်မှ အကဲခတ်နေသော ဘတ်ချုန်းကမူ ချွန်းမြောင်ကို ကြည့်ကာ သက်ပြင်းခိုးချလိုက်လေသည်။
ဒီကလေးကတော့ တကယ်ပဲ…
ဤကလေး ချွန်းမြောင်က အမှန်ပင် တော်ထက်လွန်းသည်ကို ဘတ်ချုန်း ဝန်ခံပေသည်။ ဘတ်ချုန်းသည် နည်းပြတစ်ယောက်အနေနှင့် အငယ်များကို ကာကွယ်ပေးလိုသည် မှန်သော်လည်း ဤကလေးကဲ့သို့ နည်းမှန်လမ်းမှန် သင်ပြပေးနိုင်ခြင်းတော့ မရှိပေ။ ဟွာဆန်းရှိ ကလေးများအားလုံးကို မဆိုထားနှင့် ယခုလက်ရှိလေးယောက်ကိုပင် သင့်တော်သော ပုံစံနှင့် လမ်းညွှန်သင်ပြပေးနိုင်ခြင်း မရှိသေးပေ။ သို့သော် ချွန်းမြောင်ကမူ အရာအားလုံးကို ပေါ့ပေါ့ပါးပါးပင် သင်ကြားသွားကာ အရိပ်အကဲကြည့်သည်နှင့်ပင် အားလုံးကိုလည်း သိနေလေသည်။ အဆုံးတွင်မူ ဘတ်ချုန်း လက်မခံချင်သော်လည်း အမှန်တရားကိုသာ လက်ခံလိုက်ရလေတော့သည်။ သူတို့အားလုံးကို ပြောင်းလဲကာ မြှင့်တင်ပေးနေသူက ချွန်းမြောင်ပင်။
ဒီကလေးကို မှီဖို့ ငါကတော့ အဝေးကြီးကို လိုပါသေးတယ်…
ဘတ်ချုန်း နည်းပြတစ်ယောက်အနေနှင့် တစ်ဖက်တွင်လည်း ရှက်စိတ်ဝင်မိလေသည်မို့ ဂျိုဂု၏ကျောပြင်ကို ကြည့်ကာ ဘတ်ချုန်းနှုတ်ခမ်းကိုက်မိလိုက်လေသည်။
ချွန်းမြောင်က ဂျိုဂုအား လုပ်နိုင်မည်ဟု ယုံကြည်ထားသည်မို့ သူလည်း ယုံကြည်ပေးရပေမည်။
ဂျိုဂု၏ စွမ်းရည်ကို သူတို့ ယုံကြည်ရပေမည်။ ပြီးလျှင် ဟွာဆန်း၏ဂိုဏ်းသားများကိုလည်း ယုံကြည်ရပေမည်။ ဘတ်ချုန်း သက်ပြင်းရှည်ကြီးကိုသာ ချကာ ဂျိုဂုအား ကြည့်နေလေတော့သည်။
ထန်ဇန်က ဂျိုဂုအား မျက်နှာသေနှင့်သာ ကြည့်နေလေသည်။ မျက်လုံးများကလည်း ခံစားချက် တစ်စုံတစ်ရာကင်းမဲ့နေပြီး အသက်မဲ့နေသူအလားပင်။
ထန်ဇန်သည် သူ့အား ဓါးနှင့်ရွယ်ကာ စောင့်နေသော ဂျိုဂုကို တစ်ချက်ကြည့်နေလိုက်လေသည်။ ဂျိုဂုထံမှ မည်သို့သော အရာကိုမှ မခံစားမိပေ။ တိုက်ပွဲကိုသာ တသမတ်တည်း အာရုံစိုက်ထားပုံ ရလေသည်။ ဤသည်က သူ့အား ပထမဆုံးအကြိမ်အဖြစ် ပြင်ပသူစိမ်းတစ်ယောက်က တည်တည်ငြိမ်ငြိမ် ရင်ဆိုင်နိုင်ခြင်းပင်။
သို့သော်လည်း ထန်ဇန် ယုံကြည်ပေသည် ဂျိုဂုအား သူရှုံးနိမ့်မည် မဟုတ်ပေ။ ဤသည်က သေချာသောအမှန်တရားပင်။ တစ်ချက်ကြည့်ရုံနှင့်ပင် သူနှင့် ဂျိုဂုကြားရှိ သန်မာမှုက အကွာကြီးပင်။
ထန်ဇန် မဲ့ပြုံးတစ်ချက်ပြုံးလိုက်လေသည်။ အသိတရားမဲ့နေသောသူကို အသိတရားဝင်အောင် ဆုံးမပေးရမည့် အချိန်သို့ ရောက်လာလေပြီ ဖြစ်သည်။
တိုက်ပွဲအား ဖွင့်ချလိုက်သည်နှင့် ပြိုင်ဆိုင်အနိုင်ယူစိတ်များက နှစ်ဖက်စလုံးမှ လျှံကျလာလေသည်။ ချက်ချင်းဆိုသလိုပင် ထန်ဇန်က အင်္ကျီလက်တွင်းမှ ဓါးများကို ထုတ်ကာ ပစ်လိုက်လေသည်။ ဓါးများ ပစ်လွတ်လိုက်သည့်အရှိန်က အလင်းလိုပင်။ မြန်ဆန်လွန်းလှပေသည်။
အသံတိုးတိုးနှင့်အတူ ဓါးများအားလုံးက ဂျိုဂုနားသို့ ရောက်လာကြသည်နှင့် ဂျိုဂု ဓါးကို ထုတ်ကာ ဓါးမြောင်နှစ်ချောင်းကို ရိုက်ချလိုက်လေသည်။ ဂျိုဂုသည် ဟွာဆန်းမှ တတိယတန်းတပည့်များထဲတွင် အမြန်ဆုံးသော ဓါးသမားဖြစ်သော်လည်း ထန်ဇန်၏ တတိယဓါးမြောင်ကို ရှောင်ရှားရန်အထိမူ မလျင်မြန်သေးပေ။ တတိယဓါးမြောင်က တည့်တည့်ကြီးပင် ပြေးဝင်လာသည်မို့ ဂျိုဂု ကိုယ်ကို တပတ်လှည့်ကာ ဓါးမြောင်ကို ရှောင်ရှားလိုက်လေသည်။
ထို့နောက်တွင်မူ နောက်ထပ်ဓါးမြောင်နှစ်စင်းကာ ထပ်ကာ ဂျိုဂုထံသို့ ပြေးဝင်လာလေသည်။
ကျား…..
ဂျိုဂုက အမြန်ပင် ရှောင်လိုက်သော်လည်း မမျှော်လင့်ထားသည့်အချိန်တွင် ဓါးမြောင်များက ထပ်ကာရောက်လာသည်မို့ ဂျိုဂု၏ ဓါးကို မြေပြင်ကို ထိမိသွားပြီး အရှိန်နှင့် ပျံကာဝဲတက်သွားလေသည်။ ဓါးမြောင်များက ဂျိုဂုနှင့်အလွန်ပင် နီးကပ်လှသော အကွာအဝေးမှ ဖြတ်သွားလေပြီး ဓါးမြောင်တစ်ချောင်းကမူ သူ၏ဆံပင်စများကိုပင် အနည်းပင် ထိခတ်မိသွားလေသေးသည်။
သန်မာလှချည်လား…
ဆံဖျားကို ထိသွားသော ဓါးချက်မှပင် ဂျိုဂုခံစားမိလိုက်သည်က သန်မာမှုပင်။ သာမန်ပစ်လိုက်သော ဓါးချက်လေးကပင် ကြောက်မခန်းလိလိ ပြည့်စုံနေလေပြီး ထိုဓါးချက်သာ ထိမှန်ခဲ့မည်ဆိုပါက မတွေးဝံ့စရာပင်။ ဤဓါးချက်မှပင် ထန်ဇန်၏ သိုင်းပညာဝါကို ဂျိုဂုသိလိုက်ရလေသည်လေးစားလောက်ဖွယ်ရာပင်။
ထန်ဇန်၏ ဓါးမြောင်များက အတားအဆီးမရှိ လွတ်လပ်လျင်မြန်စွာပင် ဂျိုဂုထံသို့ တစ်စင်းပြီးတစ်စင်း ပြေးဝင်လာနေကြလေသည်။
ဂျိုဂု လေပေါ်ဝဲပျံနေရာမှ မြေပြင်ပေါ်သို့ ပြန်ကျလာသည်နှင့် ဓါးမြောင်ငါးချောင်းက ထပ်မံကာ ပြေးဝင်လာလေသည်။
ဓါးမြောင်တွေက တစ်ချောင်းနဲ့တစ်ချောင်း ဆက်သွယ်ထားတာပါလား…
ဓါးမြောင်တစ်ချက်ထိမိသည်နှင့်ပင် ကြီးစွာသော ဒဏ်ရာရမည်ဖြစ်ပြီး ဓါးမြောင်များက ချိတ်ဆက်ထားသည် ဖြစ်သည့်အတွက် တခြားသော ဓါးများကလည်း ရစ်ပတ်လာကာ ဒဏ်ရာက နည်းမည်မဟုတ်ပေ။ အလယ်ကျသော ဓါးမြောင်နှင့် ထိမိလျှင် ပို၍အဆိုးဆုံး ဖြစ်ပေလိမ့်မည်။
ဂျိုဂု တိုက်ခိုက်နေရင်းမှပင် ထန်ဇန်၏အင်အားကို အမှန်ပင် လေးစားလာမိလေသည်။
ဒီကောင် သန်မာလိုက်တာ…
ဒါပေမယ့် စိတ်မကောင်းစရာက ငါက မင်းလောက်တော့ မပြောနဲ့…
မင်းထက်ဆိုးတဲ့ မကောင်းဆိုးဝါးလိုအကောင်နဲ့ နေ့တိုင်းတိုက်ခိုက်ခဲ့ရတာလေ…
ဂျိုဂု အားအင်များကို စုစည်းကာ နောက်ခြေကို ထုတ်ပြီး လေထဲသို့ အားထည့်ကာ ကန်လိုက်လေသည်။ ထို့နောက်တွင်မူ လေတွင်ရှိနေသော အားနှင့် ဒန်တျန်မှ ချီစွမ်းအင်များကို လှုံနှိုးလိုက်ကာ သူ့ထံသို့ပြေးဝင်လာသော ဓါးမြောင်များဆီသို့ ဂျိုဂု တရှိန်ထိုးပြေးဝင်သွားလေတော့သည်။
သူ၏လက်များကလည်း သူ၏ဓါးပေါ်တွင် စွဲမြဲစွာ ရှိနေလေသည်။ ဓါးသမားတို့၏ တိုက်ပွဲဝင်ပုံစံအတိုင်းပင်…
သူ၏ ရန်သူက သန်မာသည်ဖြစ်စေ..
အန္တာရာယ်များသည် ဖြစ်စေ…
အရည်အချင်းရှိလွန်းသည်ဖြစ်စေ…
ဂျိုဂု ရင်ဆိုင်နိုင်ပေသည်။
ဟွာဆန်းတွင် ပွင့်သော ဇီးပန်းတို့သည် ရာသီဥတု သင့်တင့်ကောင်းမွန်သော နွေဦး ၊ ဆောင်းဦးတွင် ပွင့်သည်မဟုတ် ။ကြမ်းတမ်းအေးခဲလွန်းလှသော ဆောင်းရာသီကြမ်းကြမ်းတွင် ပွင့်လန်းခြင်း ဖြစ်လေသည်။ ကြမ်းတမ်းသော ခက်ခဲမှုများကို အနိုင်ပိုင်းကာ ဖိအားကြီးကြီးအောက်တွင် ဖူးပွင့်လာသော ဇီးပန်းဖြစ်လေသည်။
ဂျိုဂု၏ ဓါးဖျားထိပ်မှ ဇီးပန်းပွင့်လေး စတင်ကာပွင့်လန်းလာလေသည်။
တစ်ပွင့် …နှစ်ပွင့်…
တစ်စတစ်စပွင့်လာသော ပန်းများက ဂျိုဂု၏ ဓါးကို ဖုံးလွှမ်းသွားလေသည်။
ဓါးသွားက ပန်းများဖုံးလွှမ်းသွားသော သန်မာလာမှုကမူ အတိုင်းအဆ မရှိပင်။ ဓါးမြောင်နှင့် ပန်းပွင့်များ ထိမိသွားလေတိုင်း ဓါးမြောင်များလည်း လွှင့်ထွက်သွားသကဲ့သို့ ပန်းပွင့်များကလည်း ဖြာထွက်လာလေသည်။
ဂျိုဂုက ထန်ဇန်ဆီသို့ ပြေးဝင်လာသည်ကလည်း မရပ်သကဲ့သို့ ထန်ဇန်ကလည်း ဓါးများပစ်လွတ်နေခြင်းကို မရပ်တန့်ပေ။
ထန်ဇန်၏ နောက်ဆုံးသော ဓါးမြောင်က ဂျိုဂုထံသို့ မယုံနိုင်ဖွယ်ရာ အလျင်နှင့်ပြေးဝင်လာပြီး ချီစွမ်းအင်များကလည်း တရဟောပင်။ ဓါးကိုပစ်လွတ်လိုက်သည့် ထန်ဇန်ကိုကြည့်ရုံနှင့်ပင် ထိုဓါးတွင် စွမ်းအင်မည်မျှ စိုက်ထုတ်ထားသည်ကို ကောင်းကောင်းကြီး သိနိုင်လေသည်။
ဓါးမြောင် ဆယ့်တစ်ချက်ဓါးလား…
ဂျိုဂု ထိုဓါးပညာကို အတိတ်က ကြားဖူးလေသည်။ ထိုဓါးပစ်ပညာက ထန်မိသားစု၏ လက်ဆင့်ကမ်းသိုင်းပညာဖြစ်လေပြီး နာမည်လည်း ကျော်ကြားလေသည်။
နောက်ဆုံး ဆယ့်တစ်ချက်မြောက် ဓါးကို သတိထားရမယ်… နောက်ဆုံးဓါးကပဲ မသိလိုက်ခင်မှာတင် စိတ်ဝိဉာဉ်ကိုတောင် နှုတ်ယူသွားနိုင်တယ်လို့ ပြောရတာ…
ယခုတွင်မူ ထန်ဇန်၏နောက်ဆုံးသော ဓါးချက်ကို ရောက်ရှိနေပြီ ဖြစ်လေသည်။
ထန်ဇန်ကို ပစ်လွှတ်လိုက်သော ဓါးချက်သည် အလင်းကဲ့သို့ပင် မြန်ဆန်လှသော ဂျိုဂုထံသို့ဝင်လာသည်ကမူ နှေးကွေးလွန်းနေလေသည်။ အမြန်နှင့်အနှေးကို အာရုံလှည့်စားထားသည်ဖြစ်ပြီး ဓါးချက်ပြေးဝင်လာသည့်ပုံက အနှေးပြကွက် တစ်ခုပြသနေသည့်အလားပင်။
ဂျိုဂု ထိုဓါးမြောင်ဆီသို့ပင် ပြေးဝင်သွားလေသည်။
သူသိလေသည် ထိုဓါးမြောင်က အန္တာရာယ်အများဆုံး ဆိုသည်ကို သူသိလေသည်၊
ဤဓါးချက်ကို ရင်ဆိုင်နိုင်လျှင် သူနိုင်ပြီဖြစ်သည်ကိုလည်း ဂျိုဂုသိလေသည်။
ကျား…
ဂျိုဂုပြေးဝင်သွားစဉ်မှာပင် သူ့ထံသို့ အနှေးပြကွက်သဘောနှင့် လာနေသော ဓါးက ချက်ချင်းဆိုသလိုပင် ပေါက်ကွဲထွက်လာသော အလျင်နှင့် ပြေးဝင်လာလေတော့သည်။ မျက်စိနှင့်ပင် မမြင်နိုင်သော အလျင်မျိုးပင်။
ဂျိုဂု ဓါးရှေ့သို့ ရောက်သည့်အချိန်နှင့် ဓါးမြန်လာသည့်အချိန်က ကွက်တိပင်။ ဂျိုဂု ရှောင်လွဲချိန်ပင် မရနိုင်လောက်တော့ပေ…။
“ဂျိုဂု,,”
“အား..”
ထိုမြင်ကွင်းကြောင့် ဟွာဆန်းမှလူများက အလန့်တကြား ထအော်ကာ တုန်လှုပ်သွားကြသော်လည်း ဂျိုဂုကမူ မတုန်လှုပ်သွားပေ။
ခြေတစ်လှမ်း..
ဘေးကို ခြေတစ်ဖျား..
ကိုယ်ကို တစ်ပတ်လှည့်..
ဂျိုဂု ကိုယ်ကိုတစ်ပတ်လှည့်ကာ တိမ်းသည်ဆိုရုံလေး ရှောင်လိုက်နိုင်လေသည်။
ရွှပ်..
ပြတ်ရှသော အသံနှင့်အတူ ဓါးမြောင်က ဂျိုဂု၏ လည်ပင်းကို ကပ်သီလေး ထိရှသွားပြီး လည်းပင်ရှရာမှ သွေးစများ ထွက်လာလေသည်။ ဂျိုဂု၏ ခန္ဓာကိုယ်က အချိန်မရွေး လဲကျသွားတော့မည့် အလားပင်။
နောက်ဆုံးတော့ ထိသွားပြီ…
ထိသွားသော ဓါးချက်ကြောင့် ထန်ဇန်ပြုံးလိုက်လေသည်။
ဂျိုဂုကမူ ထန်ဇန်ဆီသို့ ပြေးဝင်လာဆဲပင်။
“ဟမ်”
အနီးသို့ ရောက်သောအခါတွင်မူ ထန်ဇန်တွေ့လိုက်ရသည်က ပြေးဝင်လာသော ဂျိုဂုမဟုတ်ဘဲ နီစွေးကာ လှပနေသော ဇီးပန်းပွင့်များပင် …။
ဇီးပန်းပွင့်တွေ ပါလား…
ထန်ဇန်၏ မြင်ကွင်းတစ်ခုလုံးတွင် ဇီးပန်းပွင့်များက ဖုံးလွှမ်းနေပြီး ထန်ဇန် လက်ရှိအခြေအနေကိုပင် မေ့လျော့သွားလေသည်။
ဘမ်း…
ထို့နောက်တွင်မူ သူ၏ပုခုံးထက်တွင် အလေးချိန်အနည်းငယ်က ပို၍လာသည်ဟု ခံစားလိုက်ရလေသည်။
ချက်ချင်းဆိုသလိုပင် ဇီးပန်းပွင့်များက ပျောက်ကွက်သွားပြီ သူ၏ပုခုံးထက်တွင် လူတစ်ယောက်က ရပ်နေလေသည်။
ဂျိုဂုပင် ….
ဂျိုဂု၏ ကိုယ်ပေါ်မှ စီးကျနေသော သွေးနှင့်ချွေးများက ထန်ဇန်ကိုယ်ပေါ်သို့ပင် ကျလာလေသည်။
ထို့အပြင် ဂျိုဂု၏ဓါးကလည်း ထန်ဇန်၏ လည်ပင်းပေါ်တွင် အသင့်အနေအထားနှင့်ပင်။
“…..’
ထန်ဇန် ဆွံ့အသွားလေတော့သည်။
“နောက်တစ်ယောက်…အာ..မောတာ…ခဏနားကွာ”
ဂျိုဂု ပြုံးကာ ပုခုံးပေါ်မှ ဆင်းလိုက်ပြီး တသိမ့်သိမ့်ပင် ရယ်နေလိုက်လေသေးသည်။
‘ကဲ…ဒါဆိုရင်တော့ ငါနိုင်သွားပြီနော်”
ဂျိုဂုက အပြုံးလေးနှင့်ပင် ပြောလိုက်လေပြီး ထန်ဇန်ကမူ ထိုအပြုံးကြောင့် မျက်လုံးကိုတင်းကြပ်စွာ မှိတ်လိုက်ပြီး စိတ်ပျက်သွားလေသည်။
အရှုံးတဲ့လား…
သေချာပေါက်ပင် သူရှုံးနိမ့်သွားခဲ့လေပြီ ဖြစ်သည်။
အပိုင်း(၁၈၉)
ဒီလို အရည်အချင်းတွေနဲ့လား(၄)
ဂျိုဖြောက် ယုံပင် မယုံကြည်နိုင်သေးပေ။
ဂျိုဂုက အနိုင်ရသွားခဲ့လေသည်။
သူ၏သား ဂျိုဂုက ထန်မိသားစုမှ ထန်ဇန်ကို အနိုင်ရသွားခဲ့လေသည်။
ဂျိုဖြောက် မြင်နေရသည်ကိုပင် မယုံကြည်နိုင်ပေ။
တမိုးအောက် ထန်မိသားစု၏မျိုးဆက်ကို သူ၏သားက အနိုင်ယူလိုက်နိုင်လေသည်။
ထန်မိသားစုဆိုသည်က မျိုးဆက်အဆက်ဆက် စီချွမ်တွင် အုပ်စိုးခဲ့ကြသူများ ဖြစ်ပြီး သိုင်းပညာအရာတွင်လည်း ပြိုင်ဘက်ကင်းကြသူများပင်။ ဤသို့သော မျိုးဆက်မှ လူကိုပင် သူ၏သားက အနိုင်ယူလိုက်နိုင်လေသည်။
ဒါက ဘယ်လိုဖြစ်ရတာလဲ...
ဂျိုဖြောက်သည် ဂျိုဂုအား သိုင်းပညာနှင့် ပတ်သက်၍ ယုံကြည်မှု မရှိ၍ ဟွာဆန်းသို့ တမင်ပို့ခဲ့ခြင်းပင်။
သူသည် သားဖြစ်သူ၏ တောင်းဆိုမှုအရ ဟွာဆန်းကိုပို့ခဲ့သော်လည်း မျှော်လင့်ကြီးကြီးမားမားထားခဲ့ခြင်းမျိုးလည်း မရှိပေ ။ သူ၏သားတွင် သိုင်းပညာနှင့် ပတ်သက်၍ အရည်အချင်း ကောင်းကောင်းမွန်မွန် မရှိသည်ကို သိသောကြောင့်ပင်။ သို့မဟုတ် သူသိသည်ဟု ထင်ခဲ့ခြင်းလည်း ဖြစ်ကောင်းဖြစ်နိုင်လေသည်။
သို့သော်လည်း သူ၏သားကမူ ထန်ဇန်ကိုပင် အနိုင်ယူလိုက််နိုင်လေသည်။ အံဩဖွယ်ရာပင်။
ငါက ငါ့သားကို သိုင်းပညာမှာ မထူးချွန်လောက်ဘူး ထင်ထားတာလေ...
ဒါပေမယ့် ငါ့သားက ထန်မျိုးဆက်ကိုတောင် အနိုင်ယူနိုင်တယ်...
ငါ့သားမှာ ငါမသိတဲ့အရည်အချင်းတွေ ရှိနေပါလား....
ဂျိုဖြောက် အတွေးတို့နှင့် စိတ်မကောင်းဖြစ်မိသွားလေသည်။ သူသည် ကုန်သည်တစ်ယောက်ပီပီ သားဖြစ်သူကို အထင်သေးစွာပင် အကဲဖြတ်ခဲ့မိလေသည်။
သားဖြစ်သူ၏ မိမိကိုယ်ကိုပျိုးထောင်ခြင်းကိုလည်း တစ်စုံတစ်ရာပင် ကူညီပေးခြင်းမရှိဘဲ ဖိအားပင် ပေးမိလေသေးသည်။ သို့သော်လည်း ဂျိုဂုကမူ အခက်အခဲများကြားမှပင် ကောင်းစွာ အစွမ်းပြနိုင်ခဲ့လေသည်။ သူ့ထံတွင် သားဖြစ်သူအား ပြောရန်စကားများစွာရှိသော်လည်း ယခုအချိန်တွင်တော့ မဟုတ်သေးပေ။
ဂျိုဂုကမူ အနိုင်အရှုံး ကွဲပြားသွားပြီဖြစ်၍ သူ၏ဓါးကိုပြန်ရုတ်သိမ်းကာ ဓါးအိမ်ထဲသို့ ပြန်ထည့်လိုက်လေသည်။ထို့နောက်တွင်မူ သူ့၏ဖခင်ရှိရာသို့ ပြုံးကာလမ်းလျောက်လာလေသည်။
"နည်းပြ..ကျွန်တော် နိုင်ပြီ."
"တော်တယ်..ဂျိုဂု"
ဗွက်...ဗလွတ်..
"ကျွန်တော်...ကျွန်တော် နိုင်ပြီ...ဒါက ..ဘာ..ဘာလဲဟ...ဘယ်အချိန်ကတည်းက ကျွန်တော် သွေးထွက်နေတာလဲ...အား...နည်းပြ ..ကျွန်တော် မူးလာပြီ"
"မင်း..စကားမပြောနဲ့တော့"
"အား...နည်းပြ...ဂျိုဂု လည်ပင်းက သွေးတွေက ဆက်ထွက်နေတုန်းပဲ...သူက ဒီလိုနဲ့ပဲသေသွားတော့မှာတော့ မဟုတ်ပါဘူးနော်"
"သမားတော်..သမားတော်တွေ ဘယ်မှာလဲ...အခုချက်ချင်း ဒီကိုလာပြီး ကူပေးကြပါဦး"
ဘတ်ချုန်းနှင့် ယွန်းဂျွန်က ဂျိုဂုအားစိုးရိမ်စွာနှင့်ပင် မည်သို့လုပ်ပေးရမည်မသိ ဖြစ်နေကြပြီး ပြာယာကာ အော်ဟစ်နေကြစဉ်မှာပင် ယုရီဆိုးကမူ ဂျိုဂုဆီသို့လာကာ သွေးထွက်နေသော နေရာအား သွေး တိတ်လို တိတ်ငြား ဖိထားပေးလာလေသည်။
"အင်း...နည်းပြယု...ကျွန်တော် ရပါသေးတယ်.."
"စကားမပြောနဲ့...နင် အားနည်းလာလိမ့်မယ်"
"ဟုတ်ကဲ့"
တိုက်ပွဲတွင် အနိုင်ရခဲ့သော်လည်း လည်ပင်းကို ထိခိုက်မိသွားသောကြောင့် ဂျိုဂုက ဖြူရော်နေရှာလေပြီ ဖြစ်၏။ လည်ပင်းဒဏ်ရာမှလည်း သွေးများက တရစပ်ထွက်နေပြီး နောက်ဆုံးသော ဓါးမြောင်က လည်ပင်းသွေကြောကို ဖြတ်မိသွားသလားဟုပင် ထင်ရလေသည်။
"ကျွတ်..ကျွတ်"
ချွန်းမြောင်ကမူ စုပ်တသပ်သပ်ဖြင့် ဂျိုဂုနားသို့ကပ်လာလေပြီး ဂျိုဂု၏လည်ပင်းမှ နေရာနှစ်ခုကို ဖိလိုက်လေသည်။ ထိုအခါမှသာ တရဟောထွက်နေသော သွေးများ ရပ်တန့်သွားလေတော့သည်။
'အိုး..ဘုရား...နောက်တစ်လက်မလောက်သာ နစ်လို့ကတော့ အကိုကြီး သေပြီပဲ"
"မင်း ဘာပြောလိုက်တယ်"
"ဒဏ်ရာရနေတဲ့သူကို စကားကောင်းလေး ပြောပေးလို့ မရဘူးလား...မကောင်းဆိုးဝါးကောင်ရဲ့...နိမိတ်ကောင်းတာလေး ပြောပေးလို့ မရဘူးလား"
ချွန်းမြောင်က သူ့စကားအား အဖြစ်သည်းနေကြသော လူတစ်စုကို နှုတ်ခမ်းစူကာ ပြလိုက်လေသည်။
"ကျွန်တော်က အမှန်တိုင်း ပြောပြရုံတင်လေးကို"
"ဟွန့်"
ထိုစကားကို ဘတ်ချုန်းနှင့်ယွန်းဂျွန်က အံကြိတ်ပြလာလေပြီး ဂျိုဂုကမူ ရယ်သာနေလေတော့သည်။
"မင်းက ပျော်နေတာလား...ချီးကောင်"
"ဒါပေါ့...ပျော်နေတာပေါ့."
"ဒီလိုဖြစ်နေတာတောင်မှပေါ့လေ"
"အင်း"
"အကိုကြီး ..ကျွန်တော့်ကို တစ်ယွမ်လောက်ထည့်ပေးလိုက်ဦးနော်."
"အင်း...ငါထည့်ပေး..တယ်...ဒီခွေးသားကတော့"
"အား...အား ...ဒဏ်ရာကြီးနဲ့နော်"
ချွန်းမြောင် ထိုမြင်ကွင်းကိုကြည့်ကာ ပြုံးလိုက်လေသည်။ ဂျိုဂုအား သူအနည်းငယ်ထပ်ကာ စနောက်ချင်သေးသော်လည်း ကမ္ဘာကြီးအား အပိုင်ရလိုက်သည့်နှယ် ပျော်နေသည့်ဂျိုဂုကို မြင်ရသည့်အချိန်တွင်မူ ချွန်းမြောင် မစနောက် ဖြစ်တော့ပေ။ ဂျိုဂု သဘောကျပျော်ရွှင်နေသည်ကိုသာ ကြည့်နေလိုက်လေသည်။
ဂျိုဂုသည် ဝူတန်ဂိုဏ်းမှ လူများကို အနိုင်ရစဉ်အခါကလည်း ထိုမျှပျော်ပုံမရခဲ့ပေ။ စိတ်ဝိဉာဉ်ဆေးလုံးကို ရစဉ်အခါကပင် ဤမျှပျော်နေခဲ့သည် မဟုတ်ပေ။ ယခုမှသာ ကိုယ်ရောစိတ်ပါ အားပါးတရပျော်ရွှင်နေလေသည်။
အင်း...ကြည့်ရတာ ဒီကိစ္စကလည်း အကိုကြီးဂျိုဂုအတွက် အခက်အခဲကြီးတစ်ခု ဖြစ်ခဲ့ပုံပဲ....
ယခုတွင်မူ သူ့ဘဝ၏အခက်အခဲကြီးကို ကျော်လွှားပြီးဖြစ်၍ သူ၏ဘဝက ရှေ့သို့ဆက်တက်ရန်သာ ကျန်လေတော့သည်။ ဂျိုဂု၏အရည်အချင်းနှင့်သာဆိုလျှင် သူသည်လည်း ဟွာဆန်းတွင် ပြိုင်ဘက်မရှိဖြစ်လာပြီး အားလုံးကို အနိုင်ယူသွားမည်ဆိုသည်က သေချာလေသည်။ တစ်ချိန်တွင်မူ ဘတ်ချုန်းနည်းပြကိုပါ ကျော်လွန်သွားနိုင်မည်ဟု ချွန်းမြောင်ထင်လေသည်။
တကယ်ဆို ဒီနေ့တိုက်ပွဲမှာ ပန်းပွင့်ကနောက်ထပ်နည်းနည်းလောက် ထပ်ပွင့်လိုက်ရမှာကို...
အင်း...ဘယ်လိုပဲဖြစ်ဖြစ် ပန်းတော့ ပွင့်လိုက်ပါတယ်လေ..
ပြီးတော့ သိုင်းပညာက အဓိကပါပဲ...ပန်းပွင်က အဓိကမှ မဟုတ်တာ...
ချွန်းမြောင် ဂျိုဂုအပေါ် မချင့်မရဲစိတ်တို့နှင့်သာ ခေါင်းကိုခါလိုက်လေတော့သည်။
ထန်မိသားစုမှ ရောက်လာခဲ့ကြသော ဧည့်သည်သုံးယောက်က အရှုံးကို လက်မခံနိုင်စွာပင် မပြန်သေးပေ။ အိမ်တော်ဝင်းထဲတွင်သာ ရှိနေလေသည်။
"မင်းတို့ မပြန်သေးဘူးလား"
"…"
"ဒါမှမဟုတ် နောက်ထပ်စမ်းသပ်ချင်တာ ရှိသေးလို့လား"
ထိုစကားကြောင့် ထန်ဇန် နှုတ်ခမ်းကိုက်လိုက်လေသည်။ သူ့တွင် ပြောစရာစကားများ များစွာရှိနေသော်လည်း ယခုအခြေအနေနှင့်က ပြောရန်မသင့်ဖြစ်နေလေသည်။ သူသည်က ဟွာဆန်း၏ နဂါးလည်း မဟုတ်၊ တရားမျှတမှု ဓါးသိုင်းပိုင်ရှင်လည်း မဟုတ်...ဘာဘွဲဂုဏ်ထူးမှ မရှိသေးသောလူတစ်ယောက်ကိုပင် ရှုံးနိမ့်ခဲ့လေသည် ။ ထို့အပြင် ရှုံးနိမ့်သည်ကလည်း အပြတ်အသတ်ရှုံးနိမ့်မှုကြီးပင်။
ထန်ဇန် လက်သီးကိုသာ တင်းတင်းဆုပ်ထားမိလေသည်။ ရှက်ရွံခြင်းနှင့် နာကြင်ခြင်းက သူ၏ခန္ဓာတစ်လျောက် ကူးလူးနေပြီး လူကလည်း ထူပူနေလေ၏။
သူ၏ဤရှုံးနိမ့်မှုကြောင့် သူမိသားစုက လှောင်ရယ်ခံ လူဟားစရာဖြစ်တော့မည့်အရေးကို တွေးမိလိုက်သည့် အချိန်တွင်မူ လူကထုံထိုင်းသွားလေပြီး အသက်ပင် မရှုနိုင်တော့ပေ။ ထို့ကြောင့်လည်း အိမ်မပြန်နိုင်သေးခြင်း ဖြစ်လေသည်။
"ရော့."
"…"
ဘေးမှ ထွက်လာသောအသံကြောင့် ထန်ဇန်ခေါင်းထောင်ကြည့်လိုက်လေတော့ သူ့ဆီသို့ သေရည်ပုလင်းတစ်လုံး ကမ်းပေးနေသည့် ချွန်းမြောင်ကို တွေ့လိုက်လေသည်။
"ဝမ်းနည်းနေတဲ့အချိန်မှာ သေရည်သောက်တာက အကောင်းဆုံး ကုစားနည်းပဲ...ရော့...သောက်လိုက်"
"..."
ထန်ဇန် သူ့ဘေးနာသို့ရောက်လာသော ချွန်းမြောင်ကြောင့် အံဩသွားလေသည်။
ဘာတုန်း...ဒီတစ်ယောက်က ငါစိတ်သက်သာအောင် လုပ်ပေးနေတာလား...
ချွန်းမြောင်က ပုံမှန်သမာရိုးကျလူမျိုး မဟုတ်သည်ကို ထန်ဇန်သိထားသော်လည်း သူ့အား ထိုကဲ့သို့ လာရောက်နှစ်သိမ့်ပေးမည့်လူဟုတော့ မထင်မိပေ။
"မင်း...မင်းဘဝမှာ အရှုံးနဲ့မတွေ့ရတော့ဘူးလို့ ထင်ထားခဲ့တာမို့လား"
"..."
ချွန်းမြောင်၏ စကားကြောင့် ထန်ဇန်မျက်လုံးပြူးသွားလေသည်။ ချွန်းမြောင်၏ စကားက သူ့ရင်အား ထိုးနှက်လိုက်သလိုပင်။ သို့သော်လည်း ထန်ဇန်က ချွန်းမြောင်၏ စကားကို လက်မခံနိုင်စွာပင် ငြင်းလိုက်လေသည်။
"ခင်ဗျား...ဘာတွေပြောနေတာလဲ...ကျွန်တော်က အဲ့လောက်လည်း ဘဝင်လေဟတ်နေတဲ့ကောင် မဟုတ်ပါဘူး..ကျွန်တော်တို့ ထန်မိသားစုမှာဆိုရင် ကျွန်တော့်ထက်ပိုပြီး သန်မာတဲ့ အကိုကြီးတွေမှ တစ်ပုံကြီး"
"ဟုတ်တယ်...အကိုကြီးတွေ"
"ဘာလဲ...ဘာပြောချင်တာလဲ"
ချွန်းမြောင် မဲ့ပြုံးတစ်ချက်ပြုံးကာ ပြောလာလေသည်။
"မင်း မင်းနဲ့ရွယ်တူတန်းတူ ဒါမှမဟုတ် မင်းထက်ငယ်တဲ့သူတွေကိုတော့ မရှုံးနိုင်တော့ဘူးလို့ ထင်ထားခဲ့တာမို့လား"
"…"
“အခုဆိုရင် မင်းထက်သန်မာတဲ့သူတွေ အများကြီး ရှိနေပြီ..ဒါပေမယ့် သူတို့က မင်းကို ယှဉ်နိုင်လိမ့်မယ်လို့တော့ မင်းမထင်ထားခဲ့ဘူး မို့လား”
ထန်ဇန် စကားမပြန်ပေ။ တိတ်တဆိတ်သာ နေနေလေသည်။ တိတ်နေသော ထန်ဇန်ကို ကြည့်ကာ ချွန်းမြောင် နားလည်သွားလေသည်။
အင်း သေချာပေါက် သူအဲ့လိုပဲ တွေးထားမှာပေါ့..
ထိုသို့သော အတွေးက သူသည်မှ မဟုတ်။အောင်မြင်သော မိသားစုများမှ သခင်လေးတိုင်း တွေးတတ်ကြသော အတွေးမျိုးပင် ဖြစ်လေသည်။ မိမိတို့ ရွယ်တူတန်းတူများကြားထဲတွင် မိမိသာလျှင် အသာလွန်ဆုံး ဟူ၍ စိတ်အထင်မှားတတ်ကြသည်က ဆယ်ကျော်သက်များ၏ ထုံးစံပင်။
ချွန်းမြောင်သည်လည်း အတိတ်ဘဝတုန်းကမူ ထိုသို့သောအတွေးရှိခဲ့သည်ပင်။ အမှန်တကယ်လည်း သူ သက်တူရွယ်တူများကြားတွင် အရှုံးဆိုသည်က မရှိခဲ့ဖူးပေ။ သို့သော် …
အရှုံးဆိုသည်က လူတိုင်းကြုံတွေ့ကြရမည့်အရာပင်။ အောင်မြင်မှုများကြီးသာ ဆွတ်ခူးနိုင်သူဟူ၍ မရှိပေ ။ လူသားတိုင်းက တစ်ခုမဟုတ် တစ်ခု ၊တစ်ချိန်မဟုတ် တစ်ချိန်တွင်တော့ ရှုံးနိမ့်တတ်ကြသည်ပင်။ အရေးကြီးသည်က အရှုံးကို လက်ခံကာ အောင်မြင်မှုအတွက် အားအဖြစ်ပြောင်းလဲမွေးမြူတတ်ရန်ပင် ဖြစ်သည်။
“မရှုံးဘဲဖူးဘဲနဲ့ ပိုပြီးသန်မာလာတဲ့သူဆိုတာ ရှိမယ်လို့ မင်းထင်လား…”
“…”
ချွန်းမြောင်၏ မေးခွန်းကြောင့် ထန်ဇန်က မျက်မှောင်ကြုတ်ကာ ကြည့်လာလေသည်။ ချွန်းမြောင်၏ မျက်နှာပေါ်တွင် စနောက်နေသော အရိပ်အယောင်တို့ မရှိပေ။ အတည် အလေးအနက်ကြီး မေးနေခြင်းပင်။ ချွန်းမြောင်၏ မျက်လုံးများက ညအလင်းရောင်အောက်မှာပင် တလက်လက်တောက်ပနေလေသည်။
“ဒဏ်ရာတစ်ခု အနာကျက်သွားတဲ့အခါ အမာရွတ်ထင်နေခဲ့တဲ့နေရာက တခြားနေရာကအသားအရေ ထက် ပိုပြီးတော့ ထူလာတယ်…ကိုယ်ခန္ဓာမှာတောင် ထိခိုက်ဒဏ်ရာမရှိရင် ၊ နာကြင်ရတာ မရှိရင် မသန်မာလာဘူး”
ချွန်းမြောင်က သက်ပြင်းရှည်ကြီးကို ချကာပြောလာလေသည်။
“ဒါက မင်းရဲ့ရွေးချယ်မှုပါ…ဒီနာကြင်မှုကို မင်းက အောင်မြင်မှုအတွက် လှေကားထစ်အဖြစ် သုံးမလား… ဒါမှမဟုတ် ဒီအရှုံးကြီးကိုပဲ တမြေ့မြေ့ခံစားပြီး နောင်တရအချိန်ကုန်နေမလားဆိုတာကတော့ မင်းရဲ့ရွေးချယ်မှုပဲ”
ချွန်းမြောင်က သေရည်ပုလင်းကို ကိုင်ကာမေးလိုက်လေသည်။
“မင်းရဲ့ ရွေးချယ်မှုက ဘာဖြစ်မလဲ”
“…”
ထန်ဇန် ချွန်းမြောင်ကို ကြည့်လိုက်ပြီး လက်ထဲမှ သေရည်ပုလင်းကို လှမ်းယူလိုက်လေပြီး မော့သောက်လိုက်လေသည်။
“ကောင်းတယ်”
သေရည်တစ်ပုလင်းလုံး ကုန်သောက်ပြီးသောအခါတွင်မူ ချွန်းမြောင်အား ပုလင်းအလွတ်ကို လှမ်းကာပေးလိုက်လေသည်။
“ကောင်းတယ်…မင်းရွေးချယ်မှု မှန်တယ်”
ချွန်းမြောင် ပြုံးကာ ပုလင်းအလွတ်ကို ပြန်ယူလိုက်လေသည်။ သူကိုယ်တိုင်ကလည်း တခြားတစ်ပုလင်းအား မော့ကာသောက်လိုက်ပြီး ပြောလာလေသည်။
“ကောင်းတယ်…ဒီလိုရှုံးတယ်ဆိုတာက ထူးဆန်းတာမှ မဟုတ်တာ…အခုလို ရှုံးဖူးရဲ့သားနဲ့ ဘာမှတိုးတက်မှုမရှိလာရင်ကမှ ထူးဆန်းတာ ဖြစ်မှာ”
ချွန်းမြောင် ပြောနေရင်းမှပင် ဂျိုဂုဆီသို့ တစ်ချက်လှမ်းကြည့်လိုက်လေသေးသည်။
“နောက်ဆိုရင် ဒီလူဆီမှာရှုံးရတာက ရှက်စရာမဟုတ်ဘူးဆိုတာ မင်းတို့သိလာကြတော့မှာပါ”
“…”
ထန်ဇန် ထိုစကားကို နှုတ်ခမ်းကို မသိလိုက်စွာပင် ကိုက်မိသွားပြန်လေသည်။
“အဲ့လိုဖြစ်လာပါစေလို့ ကျွန်တော်လည်း မျှော်လင့်ပါတယ်”
“ဒါပေါ့..သေချာပေါက် ဖြစ်လာမှာပါ”
ချွန်းမြောင်က ပြောပြီးသည်နှင့် ထန်ဇန်နားမှ ထကာသွားလေတော့သည်။ ထန်ဇန် ထသွားသောချွန်းမြောင်ကို ကြည့်ကာ မနေနိုင်တော့ဘဲ လှမ်းကာမေးလိုက်လေသည်။
“ကျွန်တော် တစ်ခုလောက်မေးလို့ ရမလား”
“ဟမ်”
“မင်းက ဘယ်လောက်တောင် အင်အားကြီးတာလဲ”
“အာ..ဒါလား…ဟားဟားဟား”
ချွန်းမြောင်က ရယ်ကာ ပြန်ဖြေလာလေသည်။
“မင်းရဲ့အရည်အချင်းနဲ့ဆိုရင်တော့ သိဖို့ ခက်မယ်ထင်တာပဲ”
“ဟမ်..”
“ဒါပေမယ့် မင်းဘယ်တော့မှတော့ သိနိုင်မှာ မဟုတ်ပါဘူး”
“ဘယ်လို”
ချွန်းမြောင်က ပြောင်ချောချော မျက်နှာနှင့် ပြုံးကာပြောလာလေသည်။
“ဓါးမြောင်က ဆယ့်တစ်ချောင်းမဟုတ်ဘဲ ဆယ့်နှစ်ချောင်းဆိုရင်တောင် ငါကတော့ ဂရုမစိုက်ဘူးဆိုတဲ့ အနေအထားလောက်အထိပေါ့”
“…”
ချွန်းမြောင်၏ ထိုစကားကြောင့် ထန်ဇန်အံဩသွားလေသည်။ မဟုတ် တုန်လှုပ်သွားသည်ဆိုလျှင် ပို၍မှန်မည် ထင်လေသည်။
“ဒါကို ဘယ်လိုလုပ်ပြီးတော့ သိတာလဲ…”
“အင်း…နောက်တော့ သိလာရမှာပေါ့..ဘာပဲဖြစ်ဖြစ်ပါ..မင်း အကောင်းဆုံးတော့ ကြိုးစားခဲ့တာပဲ…အနာဂတ်မှာ မင်းငါ့ကို မနိုင်နိုင်ဘူးဆိုရင်တောင် မင်းတို့ထန်မိသားစုထဲမှာတော့ မင်းက အင်အားအကောင်းဆုံးတစ်ယောက် ဖြစ်လာမှာပါ”
ချွန်းမြောင်က လက်ကိုဝေ့ယမ်းပြကာ လှည့်သွားလေတော့သည်။
“ဧည့်သည်တွေ ပြန်ရတော့မယ့် အချိန်ရောက်ပြီ”
ချွန်းမြောင်က လှမ်းအော်ပြီးသည်နှင့် အခန်းထဲသို့ ဝင်ကာသွားလေတော့သည်။
ချွန်းမြောင် ဝင်သွားသည်နှင့် အဝေးမှစောင့်ကြည့်နေသော ဘတ်ချုန်းက ထန်ဇန်ရှိရာသို့ ရောက်လာလေသည်။
“စိတ်ထဲမထားပါနဲ့…သူက အဲ့လိုပါပဲ…”
“ဟုတ် …မထားပါဘူး..”
ဘတ်ချုန်းက စတင်ကာပင် ပြေပြေလည်လည်ပြောလာသည်မို့ ထန်ဇန် အနည်းငယ်စိတ်သက်သာရာ ရသွားလေသည်။
ထန်ဇန်က ဘတ်ချုန်းကို ကြည့်ကာ တောင်းပန်လိုက်လေသည်။
“ကျွန်တော်တို့ရဲ့ ရိုင်းပျမှုအတွက် တောင်းပန်ပါတယ်”
“ရပါတယ်”
ဘတ်ချုန်းကလည်း ထန်ဇန်အား ပြန်လည်ကာပင် အရိုအသေပေးလိုက်လေသည်။ ထို့အပြင် ထန်ဇန်ထံမှလည်း အကြည့်မလွဲနိုင်သေးပေ။
ထူးထူးဆန်းဆန်းပင် ချွန်းမြောင်က အခြားသောဂိုဏ်းမှ လူတစ်ယောက်ကို ဖေးမပြောဆိုနေသည်ကို မြင်ရသည်က ဘတ်ချုန်းအတွက် ထူးဆန်လှပေသည်။ ချွန်းမြောင်အနေနှင့် ထန်မိသားစုနှင့် ပတ်သက်ရန်အကြောင်းလည်း မရှိပါဘဲ ကြည့်ရှုစောင်မနေခြင်းက သူ့အားစိတ်ဝင်စားစေသည့်အရာပင်။
ဘတ်ချုန်း ထန်ဇန်အား အကဲခတ်နေရင်းမှ ဘတ်ချုန်း၏ အကြည့်များက လက်အိတ်မဝတ်ထားသော ထန်ဇန်၏လက်သို့ ရောက်သွားလေသည်. ။အင်္ကျီလက်အောက်တွင်ထိုးထားသော လက်တွင် အမာရွက်ပေါင်းများစွာက ရှိနေလေပြီး သူမည်မျှလေ့ကျင့်ခဲ့ရသည်ကို ပြသထားသလိုပင်။
ဒီကလေးက တအားကြိုးစားထားတာ သိလို့များ ချွန်းမြောင်က နှစ်သိမ့်ပေးတာလား…
ဘတ်ချုန်း အဘယ်ကြောင့် ဤကလေးအား ချွန်းမြောင် လာရောက်ကာ နှစ်သိမ့်ပေးသည်ကို အဖြေထုတ်မရ ဖြစ်နေလေသည်။
“ဒါဆို ကျွန်တော်တို့ အခုပဲ ပြန်ပါတော့မယ်”
“ပြန်သွားလို့ အဆင်ပြေပါ့မလား”
“အင်း…ကျွန်တော်လည်း မပြောတတ်ဘူး…ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်ပြန်ပြီးတော့ ဂျိုဂုကို ရှုံးခဲ့တယ်ဆိုတာတော့ အိမ်ကိုပြန်ပြီးတော့ အကြောင်းကြားရမှာပါပဲ…ဒီလိုရှုံးခဲ့လို့ ဘာဆက်လုပ်မယ်ဆိုတာကိုတော့ အိမ်ကပဲ ဆုံးဖြတ်မယ်ထင်ပါတယ်…ဒါက မိသားစုတွင်းကိစ္စဆိုတော့ ကျွန်တော်လည်း သေချာတော့ မပြောတတ်သေးဘူး”
ဘတ်ချုန်းက နားလည်စွာပင် ခေါင်းငြိမ့်ပြလိုက်လေသည်။
“ဒါဆိုလည်း ဂရုစိုက်ပြီးပြန်ပါ”
“ဒါဆို …”
ထန်ဇန်က မြေပေါ်သို့ ကျနေသော ဓါးများကို ပြန်လည်ကောက်ယူလိုက်ပြီး ပြန်လည်သိမ်းဆည်းလိုက်လေသည်။
“လာ..သွားကြစို့”
“ဟုတ်ကဲ့..အကိုကြီး”
ထန်မြောင်က မေ့မြောနေသော ထန်ဟိုကို သယ်ကာ ထန်ဇန်နောက်မှ လိုက်သွားလေတော့သည်။
ပြန်သွားကြသော ထန်မိသားစုမှ လူများကို ကြည့်နေကြသော ဟွာဆန်းဂိုဏ်းသားများကမူ ထိုအခါမှသာ သက်ပြင်းကိုယ်စီချနိုင်ကြလေတော့သည်.
“ဒါကလည်း မုန်တိုင်းဝင်တိုက်သွားတာကြနေတာပဲ”
“ထန်မိသားစုက ဒီလောက်နဲ့ပဲ ပြီးသွားပါ့မလား…အကိုကြီး…”
“အင်း…”
ဘတ်ချုန်း မေးကို ပွတ်ကာစဉ်းစားလိုက်လေသည်။
ထန်မိသားစုသည် အသေးငယ်ဆုံးသော အရှုံးကိုပင် ခွင့်မလွတ်တတ် ဟု အဆိုရှိလေသည်. ။
သို့သော် ယခု ထန်ဇန်ကမူ ပကတိငြိမ်းချမ်းစွာပင် အရှုံးကိုလက်ခံသွားလေသည်.။ ထန်ဇန် အေးအေးချမ်းချမ်း လက်ခံသွားသည်က ထန်မိသားစုမှ လေးရာသီကုန်သည်ခန်းမဆောင်အပေါ် ပေးထားမည့်တုန့်ပြန်မှုနှင့် တစ်ထပ်တည်းကျမည်မကျမည်ကိုတော့ ပြော၍ မရသေးပေ။ ထန်မိသားစုမှ သခင်ကြီး၏ အဆုံးအဖြတ်ကသာ အတည်ဖြစ်လိမ့်မည်မို့ ဘတ်ချုန်းလည်း အဖြေမပေးနိုင်ဘဲ နှုတ်ဆိတ်ကာသာ နေလိုက်လေတော့သည်။
“သူကတော့ ပြဿနာထပ်ရှာပြန်ပြီ”
“….”
“..”
ဂျိုဂုနှင့် ယွန်းဂျွန်က ဘတ်ချုန်း၏ထိုစကားကြောင့် မတရားစွပ်စွဲခံရသူများသဖွယ် ဘတ်ချုန်းအား ကြည့်လိုက်ကြလေသည်။
“ဒီတစ်ခေါက် ပြဿနာဖြစ်တာက နည်းပြကြောင့်လေ”
“ကဲ…တော်ပါ…ငါတို့ မင်းဒဏ်ရာကို ကုရဦးမယ်မို့လား…အထဲကိုဝင်”
“မဟုတ်သေးဘူးလေ…ဒီတစ်ခေါက် ပြဿနာဖြစ်ရတာ အကိုကြီးကြောင့်ကို အဲ့လိုကြီးပြောတာတော့ လက်မခံနိုင်…”
“အာ…ကဲ..တော်ပါတော့ …မင်း စကားဆက်မပြောသင့်တော့ဘူးနော်…မင်းဒဏ်ရာက တော်တော်လေးဆိုးတယ် သိလား”
“…”
“အဟမ်း”
ဘတ်ချုန်းက ပြောပြီးသည်နှင့် အရှက်ပြေ ချောင်းတစ်ချက်ဟန့်ကာ အခန်းထဲသို့ ဝင်သွားလေတော့သည်။
ယုရီဆိုးနှင့် တခြားသောဂိုဏ်းသားများကမူ တစ်ယောက်နှင့်တစ်ယောက်ကြည့်လိုက်ပြီး ပြောလိုက်လေ၏။
“အကိုကြီး”
“အင်း”
“ဒီနေ့ နည်းပြက ထူးဆန်းနေတယ်လို့ မထင်ဘူးလား”
“ဒီရက်ပိုင်းတွေထဲလား.. နည်းနည်းလေးတော့ ထူးဆန်းနေသလိုပဲ”
“…”
“အင်း..ဟွာဆန်းမှာလည်း တဖြည်းဖြည်းနဲ့ လူတွေက ထူးဆန်းလာကြပြီပဲ”
အားလုံးက သက်ပြင်းကိုယ်စီချလိုက်ကြလေတော့သည်။
ချွန်းမြောင် လူစုခွဲသွားကြသည်နှင့် အခန်းထဲသို့ ဝင်လာကာ သေရည်ကို ခွက်တစ်လုံးထဲသို့ ငှဲ့ကြလိုက်လေသည်။
သူ၏ရှေ့ခုံတွင်လည်း ခွက်တစ်လုံးကိုချထားပေးပြီး ထိုခုံတွင်မူ မည်သူမှ ရှိမနေပေ။ ချွန်းမြောင်ကမူ လူနှစ်ဦးအတူသောက်နေကြသည့်အလား သူ၏ခွက်ကို မြောက်လိုက်ပြီးမှ သေရည်ကို သောက်လိုက်လေသည်။
“တူလိုက်တာ..”
ချွန်းမြောင် ပြုံးမိသွားလေသည်။
ထန်ဇန်က သူ၏အတိတ်ဘဝနေ့ရက်များက ပြန်လည်ရောက်ရှိသွားစေသလိုပင်။
ဟိုးအရင်က အတိတ်နေ့ရက်များပင်….
[ဟာ..မဟုတ်ဘူးလေ…တာအိုအကိုကြီး… ကျွန်တော်ပြောတာက ကျွန်တော်တိုက်ဖို့လည်း ချန်ထားပေးဦးလေ..
ကျွန်တော် ဒီနတ်ဆိုးတွေရဲ့ နောက်ကျောက ဓါးတွေပဲ ထိုင်နှုတ်မနေချင်ဘူးလို့..ကျွန်တော်လည်း တိုက်ဦးမှာပါဆို…
ဒီခွေးသားတွေကြောင့် စီချွမ်က ဖျက်ဆီးခံလိုက်ရတာလေ…ကျွန်တော် အဲ့ကောင်တွေကို ဘယ်တော့မှ ကောင်းကောင်းသေခွင့်ပေးမှာ မဟုတ်ဘူး..
အကိုကြီး…အကိုကြီးက တကယ်ရော တာအိုကိုယ်တော် ဟုတ်ရဲ့လား… ကျွန်တော် ပြောချင်တာကလေ…ဘယ်လိုပဲ ..ဟိုလေ …အကိုကြီးကို ကြာကြာပေါင်းလေ ပိုပိုထူးဆန်းလာလေပဲ…
ဘယ်တာအိုကိုယ်တော်က စကားနဲ့မဖြေရှင်းဘဲ ဓါးနဲ့ပဲ ဖြေရှင်းနေလို့လဲ…အကိုကြီးတစ်ယောက်ပဲ အဲ့လိုကိုယ်တော် ရှိမှာ…
အကိုကြီး…ထန်…ထန် မိသားစု..ကျွန်တော့်ရဲ့….ထန်မိသားစုကို….စောင့်ရှောက်…… ]
ချွန်းမြောင် ခွက်ပိုပြင်းပြင်းထန်ထန် ဆောင့်ချလိုက်ပြီး မျက်လုံးကိုလည်း တင်းကြပ်စွာ မှိတ်လိုက်လေသည်။
ကောင်းကင်နတ်ဆိုးဂိုဏ်းအား နှိမ်နင်းရန်အတွက် ဂိုဏ်းများစွာမှ လူများအသက်များ မြောက်များစွာကို စတေးခဲ့ရလေသည်။ ဟွာဆန်းသည်လည်း ထိုနည်းလည်းကောင်းပင်။
ငါ တောင်းပန်ပါတယ်..
ငါ မင်းရဲ့ နောက်ဆုံးဆန္ဒကို မဖြည့်ဆည်းပေးနိုင်ခဲ့ဘူး..မင်းမိသားစုကို မစောင့်ရှောက်နိုင်ခဲ့ဘူး…
ဟုတ်သည် …။ချွန်းမြောင် ထန်မိသားစုကို မစောင့်ရှောက်ပေးနိုင်ခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် သူသည်လည်း ထိုတိုက်ပွဲတွင်ပင် အသက်ဆုံးခဲ့ရသောကြောင့် ဖြစ်လေသည်။ သူ ပေးခဲ့သောကတိကို မတည်နိုင်ခဲ့ပေ။
သို့သော် ယခုဘဝတွင်မူ ထိုကတိကိုတည်ရန် သူအဖတ်ဆယ်နိုင်တော့မည်ကို ချွန်းမြောင်သိလေသည်။
“မင်းရဲ့ သိုင်းပညာတွေက ဆက်ပြီးတော့ ရှိနေတုန်းပါ”
ဆယ့်နှစ်ချက်ဓါးချက်..
ထန်မိသားစုက အခုထိ ဒီသိုင်းပညာတွေကို ထိန်းသိမ်းထားနိုင်ဆဲပါ..
အခုချိန်မှာ ကလေးတွေက ဆယ့်တစ်ချက်ဓါးသွားကိုပဲ သုံးနေကြတယ်ဆိုပေမယ့် တစ်ရက်ရက်ကျရင်တော့ မင်းရဲ့ မူလသိုင်းပညာဖြစ်တဲ့ ဆယ့်နှစ်ချက်ဓါးချက်ကို သုံးနိုင်အောင် ငါကူညီမှာပါ…
“ငါ့အတွက် အရေးကြီးဆုံးက ဟွာဆန်းဆိုပေမယ့်လည်း…”
“စိတ်မပူပါနဲ့…မင်းတို့ မိသားစုက တစ်ကြိမ်နာကြင်ခဲ့ရပြီးပြီဆိုရင်တောင် ငါတတ်နိုင်သလောက်တော့ စောင့်ရှောက်ပေးသွားမှာပါ”
ငါ ဒီကတိကို သေချာပေါက် တည်သွားမှာပါ…
ချွန်းမြောင်က စားပွဲ၏ တဖက်တွင်ရှိနေသော ခွက်ကိုလည်း ယူကာသောက်လိုက်လေပြီး ချက်ချင်းပင် ထပ်ကာထည့်လိုက်လေသည်။
“လာ..တစ်ခွက်လောက် သောက်လိုက်ကြရအောင်… ဒီသေရည်တောင် အရင်တုန်းက အရသာနဲ့ မတူတော့ဘူးရယ်”
ပြောလည်းပြောကာ သေရည်ခွက်ကိုလည်း ကိုင်ကာမော့သောက်လိုက်ပြီး ချွန်းမြောင် နာနာကြင်ကြင် ပြုံးလိုက်လေသည်။