← Chapters

အခန်း (၁၉၃-၁၉၅)

Vol. 13 Ch. 193-195

အခန်း (၁၉၃-၁၉၅)

Vol. 13 Ch. 193-195

အပိုင်း(၁၉၃)

ပြဿနာက ရုတ်တရက်ကြီး ခြေထောက်ပေါက်ပြီး ရောက်လာတယ်(၃)

ချွန်းမြောင် ထန်ဂန်းသို့အနားသို့ ရောက်သွားသည်နှင့် အရှိန်အဟုန်ပြင်း‌သော စွမ်းအင်တစ်မျိုးကို ခံစားမိလေသည်။ ထိုစွမ်းအင်က အနီးရှိလူများဖြစ်သော ထန်ပယ်နှင့် ထန်ဇန်ကိုပင် ဖုံးအုပ်လွှမ်းမိုး ထားလေသည်။

မည်သို့ပင် စွမ်းအားများ ထုတ်လွှတ်ထားစေကာမူ ချွန်းမြောင်ကတော့ တုန်လှုပ်မှုမရှိပေ။ မျက်နှာသေနှင့်သာ ခပ်တည်တည်ရပ်နေလေသည်။ ထို့နောက်တွင်မူ တခြားသောသူလေးယောက်လည်း အခန်းထဲသို့ ဝင်လာကြလေသည်။.

အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသော ဘတ်ချုန်းက ချွန်းမြောင်၏ ရှေ့တွင်ဝင်ကာရပ်လိုက်လေပြီး ထန်ဂန်းအား ကြည့်လိုက်လေ၏။

"ထန်မိသားစု ခေါင်းဆောင်ကြီးကို နှုတ်ဆက်ပါတယ်.ကျွန်တော်က ဟွာဆန်းက ဒုတိယတန်းတပည့် ဘတ်ချုန်းပါ"

ထန်ဂန်းက လမ်းလျောက်နေသည်ကို ရပ်တန့်ကာ တစ်ချက်ကြည့်လိုက်လေသည်။ လက်များကိုမူ အင်္ကျီလက်ထဲမှ ထုတ်မလာပေ။

"ဟွာဆန်းရဲ့ တရားမျှတမှု ဓါးသမားပေါ့"

"ထန်ခေါင်းဆောင်ကြီးက ကျွန်တော့်ကို သိနေတဲ့အတွက် ဂုဏ်ယူမိပါတယ်..အစောကြီးကတည်းက ခေါင်းဆောင်ကြီးဆီကို လာပြီးနှုတ်ဆက်သင့်တာကို ကျွန်တော်တို့ သတိလက်လွတ် လုပ်မိသွားတယ်..ဒါကလည်း မရည်ရွယ်ဘဲ လုပ်မိသွားတာမို့ ဒါအတွက်ကို အနူးအညွတ်ပဲ တောင်းပန်ပါတယ်"

"အင်း."

ချွန်းမြောင်နှင့်မတူစွာပင် ဤတစ်ယောက်က အတော်လေး ယဉ်ကျေးသမှုရှိသည်ဟု ထန်ဂန်းမြင်လေသည်။

တခြားဂိုဏ်းသားများကလည်း ယဉ်ယဉ်ကျေးကျေး အပြုံးကိုယ်စီနှင့်ပင်..

ချီးပဲ...အဲ့ဒီကလေးကတော့ သွားရှုပ်လို့ ရတဲ့သူနဲ့မရတဲ့သူကို မခွဲနိုင်တော့တာလား...မခွဲတတ်တော့တာလား...

ဘုရား...ဘုရား...သူက ထန်ခေါင်းဆောင်ကြီးကို ကကျိုးကကြောင်တွေ သွားလုပ်နေတာလား...

အရူးပဲ...အရူးပဲ...အဲ့ခွေးလေးကတော့ အရူးလို့ပြောခံရတာကို ချီးကျူးနေတယ်လို့ ထင်နေတာများလား...

သူ အပြောမတတ်တာနဲ့ ငါတို့ပါ အကုန်သေကုန်ကြတော့မှာပဲ...

ထန်ဂန်းဆိုသည်က ထန်မိသားစုတွင် လက်ရှိခေါင်းဆောင်လည်း ဖြစ်လေပြီး အဆိပ်ဘုရင် ဟုလည်း ကျော်ကြားလေသည်။ စွမ်းရည်များစွာရှိသော သိုင်းပညာရှင်များပင် ထန်ဇန်ကို လက်လွတ်စပယ် မဆက်ဆံရဲကြပေ။

ဟွာဆန်း၏ ဂိုဏ်းချုပ်ဖြစ်သူ ဟွမ်းဂျွန်ပင်လျှင် တလေးတစား ဆက်ဆံရသူဖြစ်လေသည်။ ထိုသို့သော သူကို ချွန်းမြောင်က ပေါ့ပေါ့ပါးပါးပင် ပြောဆိုနေသည်မို့ အားလုံးက ချွန်းမြောင်အား ကြိတ်ကာကျိန်ဆဲနေလေတော့သည်။

အဲ့ဒီ ပါးစပ်ဖွာနဲ့ နှုတ်သီးကောင်းလျှာပါး ခွေး‌ကတော့....သူပါးစပ်နဲ့ အကုန်သေမှာပဲ..

ဘတ်ချုန်း တံတွေးမြိုချမိလိုက်လေသည်။

ထန်ဂန်းထံမှ ခံစားနေရသော အရှိန်အဝါများက အင်အားကြီးလှပေသည်။ စကားနှင့် မဖော်ပြလျှင်ပင် ထိုလူ၏ အရှိန်အဝါက သာမန်မဟုတ်သည်ကို သိနိုင်လေသည် ။ ဘတ်ချုန်း ဝူတန်မှအကြီးအကဲများနှင့် ဆုံဖူးသော်လည်း ထိုမျှအားပြင်းသော အရှိန်အဝါကိုမူာမရဖူးချေ။ ဤသို့သောလူနှင့်က ပြဿနာမဖြစ်သည်က အကောင်းဆုံးဟု ဘတ်ချုန်း ထင်မိလေသည်။ ထို့ကြောင့်ပင် အခန်းတွင်းသို့ ဝင်လာခဲ့ခြင်း ဖြစ်လေသည်။

ထန်ခေါင်းဆောင်က အတော်တကာ့အတော်ဆုံးတွေထဲ တစ်ယောက်ဆိုတာ အသိသာကြီးပဲ...ချီးပဲ..

ချွန်းမြောင်...ပြဿနာပဲ မီးခွက်ထွန်းရှာနေလိုက်....

ဘတ်ချုန်း ထန်ဂန်းကို လေးလေးစားစားပင် ပြောလိုက်လေသည်။

"ဂိုဏ်းတူညီလေးဖြစ်သူရဲ့ ရိုင်းပျတဲ့အပြုအမူတွေအတွက် ကျွန်တော်ကပဲ တောင်းပန်ပါတယ်နော်..တကယ်လို့ အပြစ်ပေးချင်ရင်လည်း ကျွန်တော့်ကိုသာ ပေးပါ"

"မင်းကိုလား"

"ဟုတ်ပါတယ်"

"ကျွန်တော်က သူတို့ရဲ့ အုပ်ထိန်းသူပါ...ဒါကြောင့်..."

"အား...ဖယ်စမ်းပါ...ရှေ့က.."

ဘတ်ချုန်း စကားပင်မဆုံးလိုက်ရ ချွန်းမြောင်က ရောက်လာကာ ဆွဲခေါ်သွားသည်မို့ ချွန်းမြောင်ဆွဲရာနောက်သို့ ဘတ်ချုန်း ယက်ကန်ယက်ကန်နှင့် ပါသွားလေတော့သည်။

"ဟေ့...ဟေ့...ခွေးလေး..ဒါက ဖယ်စမ်း…."

"အာ...အခုက အဲ့လိုလုပ်နေရမယ့်အချိန် မဟုတ်ဘူး"

"ဟမ်"

ချွန်းမြောင်က မဲ့ပြုံးလေးပြုံးကာ စိတ်မကောင်းသယောင်နှင့် ပြောလာလေသည်။

"ဒီလူကြီးက စလာကတည်းက ကျွန်တော့်ဆီကို ဦးတည်လာတာ..အဲ့တာကြောင့် နည်းပြ ဒါတွေလုပ်နေဖို့ မလိုဘူး"

"… အဲ့တာက ဘာပြောချင်တာလဲ"

"အင်...ဒါက ဒီလိုရှိတယ်."

ချွန်းမြောင်က ထန်ဂန်းကို လှမ်းကာ ကြည့်လိုက်လေသည်။ ထန်ဂန်းက အိမ်တော်ထဲသို့ ဝင်လာကတည်းကပင် အဖျက်အစီးစွမ်းအား အပြည့်နှင့် ဝင်လာခြင်းဖြစ်‌လေသည်။ မူလကမူ ချွန်းမြောင်က ပြဿနာမဖြစ်ရန် ရှောင်တိမ်းဖို့တွေးထားသော်လည်း ဂျိုဖြောက်ခြိမ်းခြောက်ခံရသောအခါတွင်မူ ငြိမ်မနေနိုင်တော့ပေ။ ရှင်းရမည့်ပြဿနာက ရှင်းလိုက်မှပင် အဆုံးသတ်သွားမည် ဖြစ်လေသည်။

"အကိုကြီး..သေချာနားထောင်..ဒီလူကြီးက တကယ့်လူကြီး...စွမ်းအားလည်း မြင့်တယ်"

ချွန်းမြောင်ထံမှ ထိုသို့ထုတ်ဖော်ပြောခံရသည်ကို ဘတ်ချုန်း တစ်ကြိမ်ပင် မကြုံဖူးသည်မို့ ဘတ်ချုန်း ထန်ဂန်းအား ပြန်ကာကြည့်မိလိုက်လေသည်။

ဘတ်ချုန်းက မယုံနိုင်သလို အံ့အားတကြီးကြည့်နေသည်မို့ ချွန်းမြောင်က ပုခုံးကို အသာပုတ်ပေးလိုက်ပြီး ထန်ဂန်းရှိရာသို့ ပြန်လာခဲ့လေသည်။

"ဘာကိစ္စများ ရှိလို့လဲ"

"… ကိစ္စလား"

"ဟုတ်တယ်လေ..ခင်ဗျား ဒီအထိရောက်လာတာ အကြောင်းအရင်း တစ်ခုခုတော့ ရှိမှာပေါ့...အဲ့တာက ဘာလဲ"

ချွန်းမြောင်၏စကားကြောင့် ထန်ဂန်းက ပြုံးလိုက်လေသည်။

"ငါ မင်းကို တစ်ခုလောက်မေးချင်တယ်"

"မေးပါ"

"ငါ့ရှေ့မှာ ဒီလောက်ထောင်လွှား မောက်မာပြနေပြီးမှ မင်းအသက်ဆက်ရှင်နေလို့ ရဦးမယ်လို့ထင်လား"

ထိုစကားကြောင့် လူတိုင်းက တုန်လှုပ်သွားကြသော်လည်း ချွန်းမြောင်ကမူ မူမပျက်ပေ။

"ထင်တယ်လေ"

"ဘယ်လို"

"ထင်တယ်လို့...ဘာလို့ဆို အခုချိန်ထိ ကျွန်တော့်ကို သတ်နိုင်တဲ့သူဆိုတာ တစ်ခါမှ မတွေ့ဖူးသေးဘူးလေ"

"ဟုတ်ပြီ..ဒါဆိုရင်တော့ ငါက မင်းကို သတ်နိုင်တဲ့ ပထမဆုံးလူဖြစ်လာတော့မယ် ထင်တယ်"

ထန်ဂန်း၏ အေးစက်စက်မျက်နှာက ဒေါသနှင့်စူးစမ်းလို‌စိတ်ကြောင့် အရောင်ပြောင်းနေလေသည်။

ဒီကလေးက ဘာလဲဟ...

သူသည် ဤအိမ်တော်ထဲသို့ ရောက်ကတည်းကပင် ချီစွမ်းအင်များကို အပြည့်ထုတ်ထားလေပြီး အားလုံးကလည်း ထိုချီ၏ဖိနှိပ်ထားမှုကို ကောင်းကောင်းကြီး ခံနေကြရလေသည်။ သူ၏ သားဖြစ်သူပင် ခေါင်းမထောင်နိုင်သောအခြေအနေပင်။ ချီများကို ထပ်တိုးကာ ထုတ်လွတ်လျှင်လည်း ဤလူများက သေဖွယ်ရာသာ ရှိပေတော့မည်။ ထန်မိသားစုဝင်များအပါအဝင် အားလုံးက ထန်ဂန်း၏ ဖိနှိပ်ထားမှုအောက်တွင် အလဲလဲအပြိုပြို ဖြစ်နေကြသော်လည်း ထိုကလေးကမူ သက်တောင့်သက်သာပင်။ စကားလည်း အေးအေးလူလူသာ ပြောနေလေသည်။ သူ၏ချီစွမ်းအင်ကို မမှုဆိုသည့်သဘောပင်။

ဒီလိုအစွမ်းတွေနဲ့ မကောင်းဆိုးဝါးလေးက ဘယ်ကမ္ဘာကနေ ဟွာဆန်းကို ရောက်နေရတာလဲ....

ထို့အပြင် ချွန်းမြောင်၏ ပုံပန်းသဏ္ဍာန်ကလည်း အလွန်ပင် တောင့်တင်းခိုင်မာနေခြင်းမျိုးလည်း မရှိပေ။ သာမန် ကျစ်ကျစ်လျစ်လျစ်ဟူသော အခြေအနေလောက်သာ ရှိပေသည်။

ကန်ဟိုဟူသော သိုင်းလောကတွင်က အသွင်အပြင် တောင့်တင်းမှုနှင့်သာ အရင်ဆုံးဖြတ်ကြသည်ဖြစ်ပြီး ပြီးမှသာ အရည်အချင်းကို ကြည့်ကြခြင်းဖြစ်လေသည်။ ထိုကလေးက အထူးတလည်ကြီး သန်မာနေခြင်းမျိုးလည်း ရှိမနေပေ။ သိုင်းပညာရှင်ဟု ထင်ရက်စရာ တစ်ကွက်ကလေးပင် ရှိမနေပေ။

ထန်ဂန်းခေါင်းခါကာ ဖြေလိုက်လေသည်။

"ဘာကိစ္စမှ မရှိပါဘူး"

"မဟုတ်ရင်လည်း ရှိရင်ရှိနေမှာပေါ့"

အားလုံးက ထန်ဂန်း၏ စကားကြောင့် ဇဝေဇဝါ ဖြစ်သွားကြသော်လည်း ချွန်းမြောင်ကမူ ကောင်းကောင်းကြီး နားလည်လိုက်လေသည်။

"ဒီကို အတည်ပြုဖို့ လာခဲ့တာမို့လား"

"ဟုတ်တယ်...ဒါပေမယ့် အတည်မပြုခင်အရင် မေးစရာတစ်ခု ရှိသေးတယ်"

"မေးကြည့်လေ"

"ငါ မင်းကို မသတ်လောက်ဘူးလို့ မင်းထင်လား"

"အင်း...ထင်တယ်"

"ဘယ်လိုမျိုးလဲ...ဟွာဆန်းက မင်းနောက်မှာ ရှိနေလို့လား...မင်းတို့ ဟွာဆန်းက ထန်မိသားစုက ခေါင်းထဲထည့်မယ် ထင်လို့လား"

ချွန်းမြောင် ကျောထောက်နောက်ခံဟူသော စကားလုံးကို တွေးမိသည်နှင့် မျက်နှာက ရှုံမဲ့သွားလေတော့သည်။

"နောက်မှာ ဘာရှိ...ကျွန်တော့်နောက်မှာ...အမလေး တွေးလိုက်ရုံနဲ့တောင် သေချင်တယ်"

ငါ့နောက်မှာတော့ ဟွာဆန်းကရှိမနေဘူး...ဟွာဆန်းနောက်မှာပဲ ငါကရှိနေတာ...

တခြားလူတွေကတော့ ဟွာဆန်းနောက်ခံကြီးနဲ့ကောင်လို့ ငါ့ကိုထင်ကြမှာပေါ့...တကယ်တော့ ငါကသာ ဟွာဆန်းကို နောက်ခံပေးထားရတာ..

ဟွာဆန်းတစ်ခုလုံးကို ငါကပဲ သယ်ပိုးထားရတာ...

ချွန်းမြောင် အတွေးတို့နှင့်ဘဝင်မကျ ဖြစ်သွားသော်လည်း ထုတ်မပြောတော့ဘဲ လက်ခံသလိုသာ ခေါင်းငြိမ့်ပြလိုက်လေသည်။

"ကျွန်တော့်နောက်မှာ ဟွာဆန်းရှိတယ်ဆိုတာက ထုတ်တောင်ပြောစရာမလိုတဲ့ကိစ္စပါ...အင်းပါ...အဲ့လိုပဲ ထားလိုက်ပါတော့"

ချွန်းမြောင်က စကားစအမြန်ပြတ်စေရန် လက်ကိုသာယမ်းကာ ပြလိုက်လေသည်။

"ဒါပေမယ့်..အဲ့တာကြောင့်ကြီးပဲတော့ မဟုတ်ဘူး."

"ဒါဆို ဘာလို့လဲ"

"ကျွန်တော် ထန် မိသားစုကို ယုံကြည်လို့.."

"မင်း ဘာပြောချင်တာလဲ"

ချွန်းမြောင်က ထန်ဂန်းကို ကြည့်ကာ ပြောလိုက်လေသည်။

"ထန်မိသားစုက မိသားစုကောင်းကျိုးအတွက်ဆိုရင် ဘာကိုမဆို တွေဝေမနေဘဲ လုပ်တယ်လို့ ကျွန်တော်ကြားဖူးတယ်..အဲ့တာ ဟုတ်သလား..."

"အဲ့လို ပြောလို့ရပါတယ်"

ထန်ဂန်း ဝန်မခံလျှင်လည်း ဤသည်က အဟုတ်ပင်။

ထိုအခြင်းအရာကို ချွန်းမြောင် ယခင်ဘဝကတည်းက ကောင်းကောင်းကြီး သိခဲ့ပြီးသားပင်။

[ကျွန်တော့်မိသားစုသာ အကျိုးရှိလို့ကတော့ နိုင်ငံကြီး ရောင်းဆိုလည်း ရောင်းပစ်လိုက်မှာ...ထန်မိသားစု အကျိုးရှိမယ့်ဟာဆို ကျွန်တော့်မျက်စိက မြင်ကိုမြင်တယ်...တကယ်ပြောတာ‌နော်..မိသားစုအတွက်သာ မက်လောက်စရာကြီးကြီးမားမား ကျန်ရစ်လို့ကတော့ သေရရင်လည်း သေရရယ်...ဖြစ်တယ်...မိသားစုအတွက်ဆို သေတောင်သေပေးရဲတယ် ..သိလား...အကိုကြီး...ကျွန်တော်က အမှောင်သခင်ကြီးပဲ...ဝူးထွားထွားထွား...]

"ဒီလိုဆိုရင်တော့ ခင်ဗျား ကျွန်တော့်ကို မသတ်ပါဘူး"

ချွန်းမြောင်၏ သေချာနေမှုကြီးကြောင့် ထန်ဂန်းမျက်မှောင်ကြုတ်သွားလေသည်။

"အကြောင်းပြချက်က"

"မကြာခင်မှာ ကျွန်တော်က လောကမှာအတော်ဆုံး ဓါးသမားဖြစ်လာမှာလေ...ဟွာဆန်းကိုလည်း အကောင်းဆုံးဂိုဏ်းဖြစ်အောင်လုပ်ပေးမယ့် အကောင်းဆုံးဓါးသမား ဖြစ်လာမှာကြောင့်ပေါ့"

"အဲ့တာက ငါ မင်းကို မသတ်မယ့် အကြောင်းပြချက်ကြီးလား"

"ဒါပေါ့...ဒီနေရာမှာသာ ခင်ဗျား ကျွန်တော့်ကို သတ်ဖို့လုပ်ခဲ့ရင် ကျွန်တော်တို့ကရန်သူတွေ ဖြစ်သွားပြီလေ...လောကမှာ အတော်ဆုံးဓါးသမားနဲ့ မိတ်ဆွေဖြစ်တာနဲ့ ရန်သူဖြစ်တာ ဘယ်ဟာက ပိုအကျိုးရှိလဲဆိုတာ ခင်ဗျားလဲ သိပါတယ်...ထန်မိသားစုက လောကမှာ အကောင်းဆုံးဆိုတဲ့အရာတွေနဲ့ ဝေးဝေးနေချင်မယ်လို့တော့ မထင်ပါဘူး"

"...""

ထန်ဂန်း စကားမပြန်ဘဲ ချွန်းမြောင်ကိုသာ ကြည့်နေဘေသည်။

ဒါကြီးက မကောင်းဆိုးဝါးက သွေးဆောင်ဖြားယောင်နေတဲ့အတိုင်းပဲ..

ချွန်းမြောင်၏ စကားလုံးတိုင်းက ထန်ဂန်း၏ မူလရည်ရွယ်ချက်ကို ကောင်းကောင်းကြီး ထိလေသည်။

သူ၏သားဖြစ်သူကပင် သူကိုယ်တိုင်လာရောက်ရသည့် အကြောင်းရင်းကို နားမလည်သော်လည်း ဤကလေးကတော့မူ ကောင်းကောင်းကြီး သိနေသည့်အလားပင်။

"အဲ့လိုဆိုရင်တော့ မင်းပြောတာ မှန်တယ်ပဲ ပြောရမှာပေါ့...အင်း...ဟုတ်တယ်ပဲ ဆိုပါတော့..မင်းက ထက်မြက်သားပဲ"

"ဟားဟားဟား...ခေါင်းဆောင်ကြီးက ဒီလိုပွင့်ပွင်းလင်းလင်း ချီးကျုးလိုက်တော့ အနေရတောင် ခက်သွားသလိုပဲ"

"မင်းပြောသလိုပေါ့...မင်းက အနာဂတ်မှာ လောကရဲ့အတော်ဆုံး ဆိုတာမျိုးဖြစ်ခဲ့ရင် သေချာပေါက် ထန်မိသားစုက မင်းနဲ့မိတ်ဆွေ ဖြစ်လာမှာပဲ...မိတ်ဆွေဆက်ဆံရေးဆိုတာ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် ဖေးမဖို့ ရှိနေမှာပဲလေ"

"အာ..ကျေးဇူးပါ"

"ဒါပေမယ့်.."

"မင်းက သေချာပေါက် အကောင်းဆုံးဓါးသမားဖြစ်လာမယ့်သူဆိုတာကို ဘာနဲ့သက်သေပြမှာလဲ...အခုက"

ထန်ဂန်း၏ နှုတ်မှ ထွက်လာသော အေးစက်စက်စကားကြောင့် ဘတ်ချုန်း ဖြူရော်သွားလေသည်။ ချွန်းမြောင်က အရဲကိုးကာ ပြောနေသော်လည်း ထန်ဂန်း စိတ်ကျေနပ်နိုင်လောက်သည်အထိ သက်သေမပြနိုင်လျှင် ချွန်းမြောင်၏ဘဝက ထန်ဂန်း လက်ခုပ်ထဲမှ ရေဖြစ်သွားပေလိမ့်မည်။ ထိုသို့ အဖြစ်မခံနိုင်ပေ။ ချွန်းမြောင်အား မယုံကြည်သည် မဟုတ်သော်လည်း ထိုမျှစွန့်စားရန်တော့ မလိုဟု ဘတ်ချုန်း ထင်မိလေသည်။

"မင်း ပေါက်တတ်ကရပြောနေတာတွေ တော်လိုက်တော့"

ချွန်းမြောင်က ခေါင်းခါပြလေသည်။

"မင်း တအားတွေ ယုံကြည်မှုရှိနေတာလား"

"အာ...လုပ်ပြန်ပြီ...ဒါပဲမေးပြန်ပြီ"

ချွန်းမြောင်က ဟွာဆန်းဂိုဏ်းသားများ ရှိနေရာဘက်သို့ လှည့်ကာ ပြောလိုက်လေသည်။

"အခုကနေစပြီး မျက်တောင်တစ်ချက် မခတ်ဘဲ သေချာလိုက်ကြည့်ထားကြ"

"ချွန်းမြောင်"

"မင်း အဆင်ပြေပါ့မလား"

"မဟုတ်ဘူး...မင်း သေသွားလောက်လား..."

"သေမှာ...သူသေမှာ..တကယ်သေမှာ"

"ဟမ်..အကိုကြီးတို့ ကျွန်တော့်ကို သေမှာလို့ ပြောနေကြတာလား"

ချွန်းမြောင် သူ၏အကိုကြီးများကို ဆက်ကာမပြောတော့ဘဲ ထွက်လာခဲ့လေသည်။

"နည်းပြ"

"ငါ မင်းကို တားလို့မရတော့ဘူးလား"

ဘတ်ချုန်း မည်သို့လုပ်ရမည်မသိ ဖြစ်နေသည်က အမှန်ပင်။ သူ ချွန်းမြောင်ကို မယုံကြည်သည် မဟုတ် ယုံကြည်ပေသည်။ ဘတ်ချုန်း ချွန်းမြောင်၏ အရည်အချင်းအပေါ် ထားသည့်ယုံကြည်မှုက တခြားသူများထားသည့် ယုံကြည်မှုထက်ပင် သာလွန်လေသေးသည်။

သို့သော် သူ၏ ပြိုင်ဘက် တဖက်လူက ထန်မိသားစု၏ ခေါင်းဆောင်ဖြစ်နေလေသည်။ ချွန်းမြောင် မွေးဖွားမလာခင်ကပင် ရှိနေပြီး အရှိန်အဝါတစ်ခုနှင့် ရပ်တည်နေသော သူလည်း ဖြစ်လေ၏။ အင်အားချင်း မမျှသည်ကလည်း အသိသာကြီးပင်။ ထို့ကြောင့်ပင် လက်ချော်ခြေချော်ဖြစ်ကာ ချွန်းမြောင် ထိခိုက်သွားမည်ကို ဘတ်ချုန်း စိုးရိမ်နေခြင်းပင်။

ချွန်းမြောင် ထန်ဂန်းကို အနိုင်ပိုင်းလိုက်ရန်ဆိုသည်က မဖြစ်နိုင်သည့်အရာပေ။

မဟုတ်...ဖြစ်ကောင်းဖြစ်နိုင်သည်။ ဘတ်ချုန်းက နှစ်ဦးနှစ်ဖက်လုံးကို မခန့်မှန်းနိုင်၍ ချွန်းမြောင်အတွက် စိုးရိမ်နေခြင်းပင်။

"ဟေ့..""

ဘတ်ချုန်းက တားဆီးရန် ပြင်လိုက်သည်နှင့် ယုရီဆိုးက ဘတ်ချုန်း၏ အင်္ကျီစကို ဆွဲကာ ခေါင်းခါပြလာလေသည်။

"ဘာလို့လဲ..ဆရာတူညီမလေး"

"သူ ယုံကြည်ချက်မရှိဘဲနဲ့တော့ ဒီလိုမလုပ်ပါဘူး"

"…"

ဘတ်ချုန်း ယုရီဆိုး၏ သဘောကိုနားလည်စွာ ခေါင်းငြိမ့်ပြလိုက်လေသည်။ သူသည်လည်း ချွန်းမြောင်၏ ရည်မှန်းချက်ကို ကြားမိလိုက်ပါသည်။

လောကတွင် အကောင်းဆုံးဓါးသမား ဖြစ်ရန် ဟူ၍ပင်။ သူတို့က အတွင်းချီတိုးရန် ခွန်အားတိုးလာစေရန် ကြိုးစားနေကြစဉ်မှာပင် ချွန်းမြောင်က လောကကို ကိုင်လှုပ်မည့်သူဖြစ်ရန် ရည်ရွယ်နေပြီဖြစ်သည်။ အခြေအနေက မတူဆိုသည်ထက် ကွာခြားကွဲပြားလွန်းနေသော အခြေအနေပင်။ ထိုကြောင့်လည်း သူ့အတွေးမှီသလောက်နှင့် လိုက်ကာ စိတ်မပူမိစေရန် ဘတ်ချုန်း တွေးလိုက်လေသည်။

သို့သော်လည်း လက်ကမူ ဓါးရိုးပေါ်တွင် အဆင်သင့်ပေ ။

ထန်ခေါင်းဆောင် မကလို့ ဘာကြီးဖြစ်ဖြစ် ချွန်းမြောင်ကို ထိခိုက်ခဲ့ရင်တော့ ပြန်တိုက်ခိုက်ရမှာပဲ....

ဘတ်ချုန်း အသင့်အနေအထားနှင့်သာ ပွဲကြည့်ပရိတ်သတ် လုပ်နေလိုက်‌လေတော့သည်။

ချွန်းမြောင် ရှေ့သို့တက်လာကာ ထန်ဂန်းကို ကြည့်လိုက်လေသည်။

"ဒါနဲ့ ကျွန်တော်တစ်ခုလောက် မေးလို့ရမလား"

"မေးလို့ရပါတယ်."

"ခင်ဗျားက ဘာလို့ ဒီအထိလာခဲ့တာလဲ..ကျွန်တော့်ကို တွေ့ဖို့လာတာ ကျွန်တော်သိတယ်...ဒါပေမယ့် ဘာလုပ်မိလို့ ကျွန်တော့်ကို ဒီအထိလာတွေ့တာလဲဆိုတာပဲ မသိတာ...ပြီးတော့ မနေ့က တိုက်ခဲ့တဲ့သူကလည်း အကိုကြီးဂျိုဂုလေ...ကျွန်တော်မှ မဟုတ်တာ"

ချွန်းမြောင်၏ စကားကိုကြားသည်နှင့် ထန်ဂန်းက ပြုံးလိုက်ပြီး နှစ်ကိုယ်ကြားအသံလေးနှင့် ပြောလာလေသည်။

"မင်း ဓါးမြောင်ဆယ့်နှစ်ချောင်းအကြောင်းကို ပြောခဲ့လို့လေ"

"အာ..."

"ငါ အဲ့ဒီအကြောင်းကို စိတ်ဝင်စားလို့ ဒီထိရောက်လာတာ"

ချီး...သောက်ကျိုးနည်း....

ဒါက တကယ်ကြီးဖြစ်နေမယ်လို့ ငါမထင်ထားဘူး...

အဲ့ဒီ ခွေးသားလေးကတော့...

[အကိုကြီး...သိလား...အကိုကြီးကိုပဲ ပြောပြတာနော်..

သိလား...ဘယ်သူ့ကိုမှ ပြန်မပြောနဲ့နော်...လူတိုင်းကတော့လေ ကျွန်တော့်ကို ဓါးမြောင် တစ်ဆယ့်တစ်ချောင်းပဲ သုံးတယ်လို့ ထင်ကြမှာ..ဟီဟိ..သိလား..တကယ်ကလေ ဆယ့်နှစ်ချောင်း..သိလား...လျို့ဝှက်ပြီး သုံးတာ တစ်ချောင်းပါတယ်..သိလား....

ဝိုး...အခုဆိုရင် အကိုကြီးက ကျွန်တော်တို့မိသားစုရဲ့ မဟာလျို့ဝှက်ချက်ကြီးကို သိသွားပြီပေါ့...ပြီးခဲ့တဲ့အခေါက်တုန်းက ကျွန်တော်သုံးလိုက်တာ အကိုကြီးရှောင်လိုက်တယ်လေ...အခုဆို သူစာတတ်သွားပြီပေါ့...အကိုကြီး ...နားထောင်ပါဆို...အား...ငါလေးဘဝက အပယ်ခံလေး...ရင်နာစရာ ကောင်းလိုက်တာကွာ]

‌ချီးကို ရင်နာပါလား..

ဒါဆို သူပြောခဲ့တာက တကယ်လျို့ဝှက်ချက်ကြီးပေါ့..

ဘယ်လိုသောက်ရူးက မိသားစုလျို့ဝှက်သိုင်းကို သောက်ပေါလို ပြောပြလို့လဲ....

ဆရာတူအကိုကြီး...အိုး...ဆရာတူအကိုကြီး

ကောင်းကင်ဘုံမှ အဲ့ခွေးကောင်ကိုတွေ့ရင် ကျွန်တော့်အစား ဖင်နှစ်ချက်လောက် ကန်ပေးပါလား...

ချွန်းမြောင် စိတ်ထဲတွင် ကြိတ်ကာဆဲလိုက်ပြီး ထန်ဂန်းအား မချိပြုံးလေးသာ ပြုံးပြလိုက်လေသည်။

"ကျွန်တော် ဒီအတိုင်း ခန့်မှန်းလိုက်တာပါ"

"မင်း ခန့်မှန့်လိုက်တာက ငါတို့အတွက် တော်တော်လေး အရေးကြီးတဲ့ကိစ္စဖြစ်နေတယ်"

ထန်ဂန်း၏ အေးစက်စက် စကားကြောင့် ချွန်းမြောင် စိတ်လှုပ်ရှားသွားလေသည်။

ဒီလူကြည့်ရတာ ငါ့ကို တကယ်များ သတ်ပစ်မလား မသိဘူး...

သူတို့မိသားစု လျို့ဝှက်ချက်ကြီးကို သိနေလို့လေ...

အား ..မဖြစ်ရဘူး...အဲ့တာ ဟိုခွေးသားလေးကြောင့်ပဲ..

ငါလူး...ချီး...ချီး

ချွန်းမြောင် ခဏဗျာများသွားသည်ကတော့ အမှန်ပင်။

"မင်းကိုယ်မင်း သက်သေပြဖို့ လုပ်ရမှာက ရိုးရိုးလေးပါ "

"ဆယ်ချက်...မင်း ဓါးချက်ဆယ်ချက်ကို ရှောင်နိုင်ရင် မင်းကို အတော်ဆုံးဓါးသမားအဖြစ် အသိအမှတ်ပြုပေးမယ်"

အာ...ဓါးချက်ဆယ်ချက်လား..

အဆိပ်ဘုရင်ရဲ့ ဓါးချက်ဆယ်ချက်ကို ရှောင်နိုင်ရင် ရပြီပေါ့...ဒါလေးများ...

"ဟာ..ဒီလူက တကယ်လူသတ်ချင်နေတာပဲ...ကျွန်တော့်လို အငယ်တမ်းတစ်ယောက်က ဘယ်လိုလုပ် ခဏလေးနဲ့ ဓါးဆယ်ချက်ကို ရှောင်နိုင်မှာလဲ"

"ဒါပေမယ့်လည်း သက်သေပြဆိုတော့လည်း လုပ်ရမှာပေါ့လေ"

ချွန်းမြောင်က ဟန်ဆောင်ညည်းတွားလိုက်ပြီး ရင်ထဲတွင် ကြိတ်ပျော်သွားလေသည်။

ကဲကဲ...မြန်မြန်လေး လုပ်လိုက်ကြတာပေါ့..

ချွန်းမြောင်က လေပူတစ်ချက်ကို မှုတ်ထုတ်လိုက်ပြီးမှ ထန်ဂန်းကို ကြည့်ကာ ပြောလိုက်လေသည်။

"ခင်ဗျား ကိုယ့်ကတိကိုယ်တော့ မမေ့နဲ့နော်"

"ကတိလား"

"မိတ်ဆွေတွေ ဖြစ်သွားရင် တတ်နိုင်တာမှန်သမျှ ကူညီမယ်ဆိုတာလေ"

"ဒါပေါ့...မမေ့ဘူး"

"ဒါဆိုရင်တော့ ကူညီဖို့သာ ပြင်ထားလိုက်တော့"

ချွန်းမြောင်က အံကြိတ်ကာပြောလိုက်လေသည်။

"ကျွန်တော်က ခင်ဗျားတို့ကို သေအောင် သောက်ပူကပ်တော့မှာ"

"မင်း လုပ်နိုင်ရင်ပေါ့"

ထန်ဂန်း စကားကြောင့် ချွန်းမြောင်ပြုံးလိုက်လေသည်။

ဟွန့်...

နောက်နေတယ်လို့ ထင်နေတာလား..

ဟိဟိ...ပြီးမှတော့ နောင်တမရနဲ့...

အပိုင်း (၁၉၄)

ပြဿနာက ရုတ်တရက်ကြီး ခြေထောက်ပေါက်ပြီး ရောက်လာတယ်(၄)

ချွန်းမြောင်နှင့် ထန်ဂန်းက တစ်ယောက်နှင့်တစ်ယောက် အပြန်အလှန် အကဲခတ်နေကြလေသည်။ အားလုံးကလည်း ထိုနှစ်ယောက်ကို စိတ်လှုပ်ရှားစွာပင် ကြည့်နေကြလေသည်။ ဟွာဆန်းမှ ကလေးများကမူ စိတ်လှုပ်ရှားရုံသာမက ချွန်းမြောင်အတွက် စိုးရိမ်နေရသည်ကလည်း ပါလေသေးသည်။

“နည်းပြ”

ယွန်းဂျွန်က တုန်တုန်လှုပ်လှုပ်နှင့်ပင် ဘတ်ချုန်းအား ပြောလာလေသည်။

“ထန်ခေါင်းဆောင်ကြီးက တအားကို သန်မာလွန်းတယ်မို့လား..ဟုတ်တယ်မို့လား”

“အင်း”

“ဘယ်လောက်ထိ သန်မာတာလဲ”

ဘတ်ချုန်း မျက်မှောင်ကြုတ်သွားလေသည်။ ယွန်းဂျွန်၏ မေးခွန်းကိုဖြေရန် သူ့တွင် အဖြေမရှိပေ။ ထန်ဂန်း မည်မျှသန်မာသည်ကို သူမခန့်မှန်းနိုင်ပေ။

“သိုင်းလောက အဆင့်နဲ့တော့ ငါသေချာမပြောတတ်ဘူး…ဒါပေမယ့် စီချွမ်မှာဆိုရင်တော့ ထိပ်ဆုံးသုံးယောက်ထဲကပဲ”

“ကျွန်တော် သိပါပြီ”

ယွန်းဂျွန်က စိုးရိမ်စိတ်ကြောင့် ဖြူရော်တုန်လှုပ်နေလေသည်။ ထိပ်ဆုံး သုံးယောက်တဲ့လား။ စီချွမ်ဆိုတဲ့ အသိုင်းအဝန်းကြီးက ဘယ်လောက်တောင် ကျယ်ပြန့်လိုက်သလဲ ။ဒါကိုတောင် ထိပ်ဆုံးသုံးယောက်တဲ့လား။

“ချွန်းမြောင်ကိုင်တွယ်နိုင်လောက်တဲ့ လူမျိုးလား..”

“…”

ဘတ်ချုန်း မဖြေပေ။ ချွန်းမြောင် ထန်ဂန်းကို ယှဉ်နိုင်မည်လား မယှဉ်နိုင်မည်လား ဘတ်ချုန်း တကယ်ပင် မသိပေ။ မည်သူက သာနိုင်သည်၊ မည်သူက နာနိုင်သည်ကိုလည်း သူမခန့်မှန်းနိုင်ပေ။ ထိုနှစ်ဦးသားနှင့် သူတို့အကြားတွင် ကွာခြားမှုက ကြီးမားလွန်း၍ သူမည်သို့ပြောရမည်ပင် မသိတော့ပေ။ စောင့်ကြည့်ရုံသာ တတ်နိုင်မည်။ သို့ဖြစ်၍ ယွန်းဂျွန်၏ ပူပန်မှုကိုလျော့ပါးသွားစေမည့် အဖြေမျိုးသာ ပေးလိုက်လေသည်။

“အနိုင်အရှုံးက အဓိကတော့ မဟုတ်ပါဘူး”

“ကျွန်တော် သိပါတယ်”

“ပြီးတော့ သူလည်း တိုက်ခိုက်ရမှာမှ မဟုတ်တာ ..ဓါးချက်ဆယ်ချက်ကို ရှောင်ရုံပဲဆိုတော့ အဆင်ပြေမယ် ထင်ပါတယ် “

“…”

ဘတ်ချုန်း လုံးလုံးပင် စိတ်ချထားဟန်နှင့် ဆက်ကာပြောလာလေသည်။

“ ပြီးတော့ ဓါးချက်တစ်ချက်တောင် ရှောင်ဖို့မဖြစ်နိုင်ဘူးဆိုတာ သာမန်လူတွေပဲ ဖြစ်မှာပါ..ချွန်းမြောင်က သာမန်လူမှ မဟုတ်တာ သူလုပ်နိုင်မှာပါ”

ဘတ်ချုန်း ချွန်းမြောင်၏ ကျောပြင်ကို ပြောနေရင်းမှပင် ငေးကာကြည့်လိုက်လေသည်။ ဘတ်ချုန်း ကောင်းကောင်းကြီး နားလည်ပါသည်။ ချွန်းမြောင်က ဤကိစ္စကို လုပ်နိုင်၍ လက်ခံသည်ဆိုသည်ကို ။ သူ ကိုယ်သူ ယုံကြည်၍သာ ထန်ဂန်း၏တောင်းဆိုမှုကို အထွန့်ပင်မတက်ဘဲ လက်ခံလိုက်ခြင်း ဖြစ်သည်ကို သူသိပေသည်။ သို့သော်လည်း ချွန်းမြောင်အနေနှင့် ထန်ခေါင်းဆောင်အား မထီမဲ့မြင် ပြုထားသည်မို့ အနည်းငယ် သတိထားသင့်သည်ဟု ခံစားရပြီး သူတို့စိုးရိမ်မိနေခြင်းပင်။

ထို့အပြင် ဤသို့သော စိန်ခေါ်မှုမျိုးက သမိုင်းတွင် တစ်ခါပင် ရှိမလာနိုင်သော စိန်ခေါ်မှုမျိုး ဖြစ်လေသည်။ ဟွာဆန်း၏ အကြီးအကဲများပင် လုပ်ရဲမည်မဟုတ်သော စိန်ခေါ်မှုမျိုး ဖြစ်လေပြီး နှစ်ဦးနှစ်ဖက်လုံးက အင်အားကြီးလွန်းကာ သန်မာလွန်းသော ပြိုင်ဘက်များလည်း ဖြစ်ကြလေသည်။ ဤတိုက်ပွဲမှ အတွေ့အကြုံများစွာကို ဘတ်ချုန်းတို့ တွေ့မြင်ကြားသိရနိုင်ပြီး နောင်တွင် ထိုသို့သော တိုက်ပွဲမျိုး မြင်ရရန်က မသေချာတော့ပေ။ ဘတ်ချုန်းတို့ ထိုတိုက်ပွဲအား သေချာစွာပင် အာရုံစိုက်ထားကြရလေမည်။

ငါတို့ တစ်ခုလေးတောင် အလွတ်ခံလို့ မဖြစ်ဘူး…

အားလုံးက စိတ်လှုပ်ရှားစွာနှင့်ပင် တိုက်ပွဲစတင်လာမည့်အချိန်ကို စောင့်မျှော်နေကြလေသည်။

ထန်ဂန်းကမူ သူ့ရှေ့တွင် ရပ်နေသော ချွန်းမြောင်ကို ကြည့်လိုက်လေသည်။

အင်း ..ဒီကလေးက တကယ်ကိုပဲ…

ချွန်းမြောင်ကို ကြည့်ရသည်က သာမန်လူတစ်ယောက်ကဲ့သို့ပင်။ ကြောက်မက်ဖွယ်ရာ အရှိန်အဝါများကလည်း လျှံထွက်မနေသကဲ့သို့ မည်သို့သောအရိပ်အယောင်မှလည်း ရှိမနေပေ။ သန်မာသည်လည်း မဟုတ် ၊ အင်အားနည်းသည်လည်း မဟုတ်နှင့် ကြားအခြေအနေထဲမှ ရှိနေလေသည်။ သို့သော်လည်း ထိုကလေးက သူ၏အရှိန်အဝါများကို ကြောက်ရွံနေပုံလည်း မရပေ။ အေးဆေးတည်ငြိမ်ကာ စိတ်ပိုင်းဖြတ်ထားပုံလည်းရလေသည်။ အမြင်အားဖြင့် ပြောရလျှင်မူ ရိုးရှင်းလွန်းသည်ဟု ဆိုရပေမည်။

သို့သော် ..

ထိုသို့ ရိုးရှင်းခြင်း၏ နောက်တွင်နက်ရှိုင်းမှုတစ်ခု ရှိနေသည့်အလားပင်။ နစ်ကျွံ့မိလျှင် ရုန်းမရနိုင်တော့သည့်နွံအလား ..ဆွဲနှစ်နိုင်မှု တစ်ခုတော့ ရှိနေသည်ဟု သူထင်လေသည်။ ထန်ဂန်းတွေ့ဖူးသမျှသော လူငယ်များထဲတွင်မူ အတော်ပင် ထူးဆန်းသော လူဖြစ်လေသည်။ ထို့အပြင် ထိုကလေးထံမှ အရှိန်အဝါဟု မဆိုအပ်သော်လည်း အငွေ့အသက်တစ်မျိုးတော့ ရနေသည်ဟုထင်လေသည်။ သက်တမ်းရင့်သော သိုင်းသမားတစ်ဦးတွင် ရှိနေသော တည်ငြိမ်မှု အငွေ့အသက်ဟု ဆိုရမလားပင်။

လူငယ်လေးတစ်ယောက်အနေနှင့် ထိုသို့သော အငွေ့အသက်ရှိသည်က ထူးဆန်းလှသည်ဟုတော့ ပြောနိုင်လေသည်။ ထို့အပြင် ထိုကလေး၏အသွင်အပြင်က ရေသေလိုတည်ငြိမ်နေပြီး ထန်ဂန်းပင်လျှင် ထိုကလေး၏ စိတ်အတွေးတို့ကို အကဲခတ်၍မရဖြစ်နေလေသည်။ သူပင်လျှင် ထိုအသက်အရွယ်က မတတ်နိုင်ခဲ့သော တည်ငြိမ်မှုမျိုးပင်။ ထန်ဂန်းငယ်စဉ်အခါက ထန်ဂန်၏စိတ်အကြံတို့သည် ဖခင်ဖြစ်သူကို မဖုံးကွယ်နိုင်ခဲ့ပေ။ ဤကလေးကမူ ကောင်းကောင်းကြီး ထိန်းသိမ်းဖုံးကွယ်ထားနိုင်လေ၏။ ချီးကျူးလောက်ပါပေသည်။

ဟင်း…

ငါလည်း အခုတစ်လော ထူးဆန်းတာတွေ အတွေ့များတော့ အတွေးတွေကလည်း ပုံမှန်မဟုတ်တော့ဘူး ထင်ပါရဲ့…

ထန်ဂန်းက ချွန်းမြောင်ကို မသိစိတ်မှ ချီးကျူးမိလိုက်သည်မို့ စိတ်ကိုပြန်လည်ကာ စုစည်းလိုက်လေသည်။

“ဓါးဆယ်ချက်”

( ဒီနေရာမှာ ဓါးဆယ်ချက်ဆိုတာက ဓါးမြောင်ဆယ်ချောင်းကို ပြောတာမဟုတ်ပါဘူးနော်…ဓါးမြောင်ပစ်မယ့် သိုင်းကွက်ဆယ်မျိုးကို ပြောတာပါ)

ထန်ဂန်းက ချွန်းမြောင်ကို ပြန်ကာပြောလိုက်လေသည်။ ဤသည်က အသိပေးသည် မဟုတ်ပေ သတိပေးခြင်းပင်။ ချွန်းမြောင်အား ရှောင်လွဲလိုလျှင် နောက်ဆုတ်လိုလျှင် မှီသေးသည်ဟု အသိပေးခြင်းပင်။

“တကယ်လို့ မင်းသာ ဓါးဆယ်ချက်ကို မရှောင်နိုင်ခဲ့ရင် ငါက .မဟုတ်ဘူး ထန်မိသားစုက မင်းကို အသိအမှတ်ပြုမှာ မဟုတ်ဘူး”

“အဆင်ပြေပါတယ်..”

ချွန်းမြောင်က ခေါင်းငုံ့ကာ လက်ခံလိုက်လေသည်။

“ဒါဆို စလိုက်ကြရအောင်… ဘာမှလည်း ဆက်ပြီးပြောစရာ မရှိတော့ဘူးဆိုတော့”

ထန်ဂန်းက ပြုံးလိုက်လေသည်။

“စိတ်ကြီးကတော့ တကယ်ဝင်နေတာပဲ”

အခြားသောသူတစ်ယောက်ယောက်က ထိုသို့သောအပြုအမူမျိုး ထန်ဂန်း၏ရှေ့တွင် လာရောက်ကာ ပြုလုပ်လျှင် ထန်ဂန်း ဒေါသချောင်းချောင်းထွက်ကာ ခွင့်လွှတ်နိုင်မည်မဟုတ်သော်လည်း ချွန်းမြောင် စိတ်ကြီးဝင်နေသည်ကိုတော့ မည်သို့မှ မခံစားရပေ.။ မသိစိတ်က အားပေးနေသည့်သဘောလား မပြောတတ်ပေ။

ဒီကလေးက စိတ်ကြီးဝင်နေတာဆိုတာထက် ယုံကြည်ချက်ပြင်းထန်လွန်းနေတာလို့ ပြောရမလားပဲ…

ထန်ဂန် ယုံကြည်မှုအပြည့်နှင့် ဖြစ်နေသော ချွန်းမြောင်ကိုကြည့်ကာ သဘာဝဟုပင် တွေးမိလိုက်လေသေးသည်။ သိုင်းပညာမြင့်မားသော သိုင်းသမား ယုံကြည်ချက်ရှိကြသည်က အဆန်းမဟုတ်ပေ။ ပုံမှန်ပင်။ ဤကလေးသည်လည်း ထိုသို့သာ ဖြစ်ပေလိမ့်မည်။

ဟုတ်လည်း ဟုတ်ပေသည်။ ဤကလေးသည် သူ၏သားနှင့် သက်တူရွယ်တူ သို့မဟုတ် ပို၍ပင် ငယ်ရွယ်နိုင်သေးသော်လည်း သိုင်းပညာကမူ များစွာအမြင့်ရောက်နေလေပြီ ဖြစ်သည်။ ပြောရလျှင်မူ သူတို့ကဲ့သို့ အကြီးအကဲများနှင့်ပင် ယှဉ်ရဲသည့် ဘောင်ဝင်တန်းဝင် အဆင့်တစ်ခုရောက်နေလေပြီ ဖြစ်သည်။ ဤသည်က သာမန်ကလေးများ မဖြစ်နိုင်သော အရာပေမို့ သူစိတ်ကြီးဝင်လျှင်လည်း ဝင်သင့်ပါပေသည်။

ထန်ဂန်း ချွန်းမြောင်ကို ကြည့်ကာမေးလိုက်လေသည်။

“မင်းက ငါ့သားရဲ့ ဓါးချက်ကိုတောင် ရှောင်နိုင်တယ်လို့ ငါကြားမိတယ်”

“ကျွန်တော် မဟုတ်ပါဘူး..အကိုကြီးဂျိုဂုပါ”

“ဟမ်…မင်းတို့က တူတူပဲလေ”

“အင်း…အဲ့လိုဆိုလည်း ဟုတ်ပါတယ်…ဓါးကို ရှောင်နိုင်တာက အထူးအဆန်းမှ မဟုတ်တာ”

ချွန်းမြောင်က ထန်ဂန်းကို ကြည့်သာနေလိုက်လေသည်။

“ငါလည်း မင်းကိုစမ်းသပ်ဖို့အတွက် အဲ့ဒီသိုင်းပညာကိုပဲ သုံးမှာ “

“ဟမ်…ထန်ဇန်ပြပြီးသား သိုင်းအကွက်တွေလား..”

“မင်းက ငါနဲ့သူကို တူမယ်ထင်နေလို့လား”

ချွန်းမြောင် ပြုံးလိုက်လေသည်။ သေချာပေါက် တူမည်မဟုတ်ပေ။ သိုင်းကွက်ခြင်း ၊နည်းပညာခြင်းတူလျှင်ပင် လက်ခံပြသသည့် သိုင်းသမာရှင်ပေါ် မူတည်၍ ရလဒ်က ကွဲပြားသည်ပင်။ ဥပမာအားဖြင့် ပြောရမည်ဆိုလျှင် ချွန်းမြောင်၊ ဘတ်ချုန်း နှင့် ယွန်းဂျွန်တို့သည် သိုင်းကွက်တစ်ကွက်ထဲကို လေ့ကျင်လျှင်ပင် ရလဒ်မတူသကဲ့သို့ပင်။ သေချာပေါက် ထန်ဇန်သုံးခဲ့ပြီးသော သိုင်းကွက်ကို ထပ်ကာ ထန်ဂန်းက ပြသလျှင်လည်း ကွဲပြားမည်ပင်။ တူညီရန်အကြောင်းမရှိပေ။ ထန်ဂန်း၏ အင်အားနှင့် ထန်ဇန်၏အင်အားက အကွာကြီးပင်။

“အဲ့လို ဖြစ်နိုင်လို့လား”

“မင်းလည်း ကောင်းကောင်းသိတာပဲလေ…ဖြစ် မဖြစ်ဆိုတာ”

ထန်ဂန်းက ပြောနေရင်းမှပင် သူ၏အင်္ကျီလက်ထဲမှ ဓါးမြောင်အိုတစ်ချောင်းကို ဆွဲထုတ်လိုက်လေသည်။

“…”

ထန်ဂန်းလက်ထဲမှ ဓါးမြောင်ကို မြင်လိုက်ရသောအခါတွင်မူ ချွန်းမြောင် ရင်ထဲမွန်းကြပ်သွားလေသည်။ ချွန်းမြောင် မျက်စိကိုတင်းတင်းပိတ်ကာ သက်ပြင်းတို့ကို အထပ်ထပ်ချလိုက်လေသည်။

ဒီဓါးကိုတောင် မတွေ့ရတာ ကြာလှပြီ…

မိုးမခသစ်ရွက်ဓါးမြောင်ပင်…

“ဒီဓါးကို တွေ့ရတာ ကောင်းချီးတစ်ခု ဂုဏ်ယူစရာတစ်ခုလို့ မင်းတွေးသင့်တယ်..ဒီဓါးက ငါတို့ ထန်မိသားစုမှာ အကောင်းဆုံးဆိုတဲ့ သိုင်းသမားရဲ့ အမြတ်နိုးဆုံးဓါး‌‌ေမြာင်ပဲ"

ချွန်းမြောင် ထန်ဂန်း၏စကားကြောင့် ပြူံးလိုက်လေသည်။

ဒါပေါ့...မင်းထက်တောင် ဒီဓါးတွေအကြောင်းကို ငါကောင်းကောင်းကြီး သိတာပေါ့...

သို့သော်လည်း ချွန်းမြောင် မသိဟန်သာဆောင်ကာလိုက်ရလေသည်။

ဤအိုဟောင်းကာ ထက်မြနေသော ဓါးများက သူနှင့် ညီအစ်ကိုကောင်း မိတ်ဆွေကောင်းဖြစ်ခဲ့သူ ထန်ဘိုသုံးခဲ့သည့် ဓါးများပင်။

စိတ်ဝိဉာဉ်စားသုံးဓါးမြောင် ...

နောက်ဆုံးတော့ မင်းကမင်းအိမ်ကို ပြန်ရောက်ခဲ့ပြီပေါ့...

.

ထန်ဘို၏ လက်ထဲတွင် အမြဲမြင်တွေ့ခဲ့ရသောဓါးများကို ထန်ဂန်းထံတွင် ပြန်မြင်တွေ့ရသည်က အနည်းငယ်တော့ ထူးဆန်းသလို ခံစားနေရလေသည်။ ချွန်းမြောင် သက်ပြင်းတစ်ချက်မှုတ်ထုတ်လိုက်ပြီး စိတ်ကိုတည်ငြိမ်အောင် ပြန်စုစည်းလိုက်လေ၏။

.

"ဟုတ်ပါတယ်..ဒါက ကောင်းချီးပါပဲ"

"ကောင်းချီးတဲ့လား.."

ချွမ်း...

ချက်ချင်းဆိုသလိုပင် ‌ဆူဆူညံညံအသံများထွက်လာလေပြီး ထန်ဂန်း၏ဓါးများကို ချွန်းမြောင်ထံသို့ ပစ်လွတ်လိုက်လေတော့သည်။

ဓါးမြောင်တစ်ချောင်းက ချွန်းမြောင်၏ပါးစုန့်မို့ကို ခြစ်မိသွားပြီး သွေးများလည်း စို့လာလေသည်။ ထန်ဂန်းကမူ ချွန်းမြောင်ကို ‌မဲ့ပြုံးတစ်ချက်ပြုံးပြကာ ပြောလိုက်လေသည်။

"ကောင်းချီးတဲ့လား...ငါ့အထင်တော့ မင်းအတွက်ကြောက်မက်ဖွယ်ရာ သေဘေးပဲ ဖြစ်မယ်ထင်တယ်.‌.."

ထန်ဂန်း၏ စကားကြောင့် ချွန်းမြောင်က ပြုံးသည်ဆိုရုံလေး ပြုံးလိုက်ပြီး လက်ကိုမြောက်ကာ ကျနေသော သွေးများကို သုတ်လိုက်လေပြီး ထိုသုတ်ထားသောလက်ကို လျက်လိုက်လေသည်။

"အား"

ထို့နောက်တွင်မူ ရှုံ့မဲ့နေသောမျက်နှာနှင့် လက်ကိုခါကာ ပြောလာလေတော့သည်။

"ကျွတ်..ကျွတ်...အား...ငါ့ရဲ့ အစားစားချင်စိတ်လေးတော့ ကုန်ပါပြီ."

သွေးများကို လျက်တုန်းက လျက်လေပြီးမှ ပြာပြာသလဲ လုပ်ကာ လက်ကိုလည်း အင်္ကျီနှငိ့အမြန်သုတ်လိုက်ပြီး ထန်ဂန်းကို လှမ်းကာပြောလိုက်လေသည်။

"တစ်ချက်နော်"

"ဘာလားဟ"

"ဒါက ဓါးချက်တစ်ချက်လေ..အခု ကိုးချက်ပဲ ကျန်တော့တယ်"

"ဟမ်"

ထန်ဂန်း ဓါးထိသွားသည်ကိုပင် နောက်မဆုတ်ဘဲ ရှေ့ဆက်တိုးနေသည့် ချွန်းမြောင်အား အံဩသွားလေသည်။

သူ့၏ပါးအား ရှပ်ထိသွားသောဓါးတွင် သက်ရောက်နေသည့် အင်အားနှင့်အရှိန်ကို မြင်ပါလျက်နှင့်ပင် ဤကလေးက ရှေ့သာဆက်တိုးလာလေသည်။ နောက်ဆုတ်သွားခြင်း မရှိပေ။ ထန်ဂန်း ထင်ထားသည်က ပထမဓါးချက်နှင့်ပင် ချွန်းမြောင် ကြောက်ရွံ့ကာ နောက်ဆုတ်သွားမည် ဟူ၍ပင်။ သို့သော် ယခုကမူ အထင်နှင့်အမြင် တက်တက်စင်အောင် လွဲနေလေသည်။

ငါ သူ့လိုလူတစ်ယောက်မှ မမြင်ဖူးဘူး...

ချွမ်...

ထန်ဂန်းက လက်ထဲရှိဓါးနှစ်ချောင်းကို ပွတ်ဆွဲလိုက်သောကြောင့် အသည်းကြိမ်းဖွယ် ဓါးချင်းပွတ်တိုက်သံကြီးက ထွက်လာလေသည်။

"ကိုးချက်နော်"

"ကျန်တဲ့ ဓါးကိုးချက်နဲ့ဆို မင်းအသက်ကတော့ အသာလေးနှုတ်လိုက်လို့ ရမယ်ထင်တယ်"

"မဟုတ်တာ..ခင်ဗျား အဲ့လိုထင်မိရင် နောက်ကျ နောင်တရရနေရမယ်...အခုတောင် ဓါးချက်တစ်ချက်ကို အလကားနေရင်း ဖြုန်းပစ်လိုက်ပြီလေ"

"မင်း….'

"တွေ့ကြသေးတာပေါ့ကွာ–"

ရွှမ်း..

ချွန်းမြောင်ကလည်း ဓါးကို ဓါးအိမ်က ဆွဲထုတ်လိုက်ပြီဖြစ်၏။

"ခင်ဗျား ဘာမှားသွားသလဲဆိုတာကို ဒီဓါးက ပြပေးလိမ့်မယ်"

ချွန်းမြောင်က ဓါးကိုထုတ်လိုက်သည်နှင့် ပြောင်ချောချောမျက်နှာပေးက ပျောက်ကွယ်သွားပြီဖြစ်ပြီး တည်တံ့သွားလေပြီ ဖြစ်သည်။ ချွန်းမြောင်၏ ဓါးဦးက သူ့ဆီသို့ ဦးတည်လိုက်သည်နှင့် ထန်ဂန်း၏ ရင်ထဲတွင် အမည်မဖော်ပြတတ်သော ခံစားချက်များက ထိုးတက်လာကာ တင်းကြပ်လာသည်ကိုလည်း သတိထားမိလေသည်။

ဒါက ဘယ်လိုခံစားချက်ကြီးလဲ...

စိုးရိမ်နေတာလား...ငါကလေ..

ထန်ဂန်း မိမိကိုယ်ကို ခံပြင်းစွာဖြင့် နှုတ်ခမ်းကိုကိုက်လိုက်လေသည်။ သူ ထန်ဂန်းသည်က သားဖြစ်သူထက်ပင် ငယ်သော ကလေးတစ်ယောက်၏စွမ်းရည်ကို ကြောက်ရွံနေသတဲ့လား...

မဖြစ်သင့်လိုက်တာကွာ..

ရာဇဝင်ရိုင်းလိုက်တာ...

ငါက ထန်ဂန်း...အဆိပ်ဘုရင်..

ဒီလိုကလေးတစ်ယောက်ကို ဘာတွေစိုးထိတ်နေရမှာလဲ...

ထန်ဂန် ခံပြင်းစိတ်ကို မွေးကာ စိတ်ကိုပြန်လည်စုစည်းလိုက်လေသည်။ သူ ဤကလေးအား မယှဉ်ရဲရန် အကြောင်းမရှိပေ။ မူလကမူ ကလေးတစ်ယောက်ပေမို့ သက်သက်ညှာညှာစမ်းသပ်ရန် စဉ်းစားထားသော်လည်း ယခုတွင်မူ စိတ်ပြောင်းသွားပြီ ဖြစ်လေသည်။

ဤကလေး သေသွားခဲ့လျှင်ပင် သူကတော့ အလျော့ပေး‌‌ေတာ့မည်မဟုတ်ပေ။ ဤကလေးသည်လည်း သူဓါးချက်အောက်တွင် အသက်ပျောက်ခဲ့ရသည့် အခြားသူများလိုသာ ဇာတ်သိမ်းသွားပေတော့မည်။

ငါတို့မိသားစုလည်း ဆယ်စုနှစ်တွေကြာမှ ဒီလိုပြိုင်ပွဲမျိုး ပြန်ကြုံနေရတယ်...

ငါတို့ကို ပြန်အာခံရဲတဲ့ သူနဲ့ပေါ့...

ထန်ဂန်း၏မျက်လုံးများက ရက်စက်မှုများ ပြည့်နေလေပြီး တချိန်တည်းမှာပင် မိုးမခသစ်ရွက်ဓါးမြောင်တစ်ချောင်းကို ပစ်လွှတ်လိုက်လေသည်။

ဓါးလေးတစ်ချောင်းသာ ပစ်လွတ်လိုက်သည်ဖြစ်သော်လည်း ဓါး၏အလျင်ကမူ လေနှင့်အလားတူပင်။ ချွန်းမြောင်ထံသို့ မြန်ဆန်လှသော အရှိန်နှုန်းနှင့် ပြေးဝင်သွားလေသည်။

ချွန်းမြောင်ကမူ ထန်ဂန်း၏ လှုပ်ရှားမှုများကို မျက်ခြေမပြတ်စောင့်ကြည့်နေသည်မို့ ဓါးပစ်လွတ်လိုက်သည်ကို မြင်လိုက်လေပြီး သူ့ထံသို့ ပြေးဝင်လာသော ဓါးမြောင်ကို ဓါးဦးထိပ်နှင့်ရိုက်ကာ လမ်းကြောင်းလွဲလိုက်လေသည်။ ဓါးမြောင်၏ လမ်းကြောင်းက ရိုက်ကာပြောင်းခံလိုက်ရသောကြောင့် ချွန်းမြောင်၏ဘေးဘက်သို့ ပြေးဝင်သွားပြီး ထိခတ်မိသော တိုင်လုံးကြီးက အစိတ်စိတ်အမွှာမွှာ ကျိူးကြေသွားလေသည်။

ထိုမြင်ကွင်းကြောင့် ထန်ဂန်း မျက်လုံးပြူးသွားလေတော့သည်။

သူက ရိုက်ပြီး‌လမ်းကြောင်းပြောင်းလိုက်တယ်..

ငါ့ရဲ့ ဓါးမြောင်ကိုလေ...ဘယ်လိုဖြစ်ရတာလဲ..ဒါက

ထန်ဂန်း ပစ်လိုက်သောဓါးသည် အလျင်လည်း ပြင်းသကဲ့သို့ အင်အားကလည်းအပြည့်ပင်။ လမ်းကြောင်းပြောင်းသူ၏ ဓါးကိုချိုးဖျက်နိုင်သကဲ့သို့ လမ်းကြောင်းပြောင်းသူကိုလည်း လည်မြိုကို ဖြတ်သန်းဖောက်ထွက်သွားနိုင်သော မယိမ်းမယိုင် အင်အားမျိုး ပါဝင်လေသည် ။သို့သော် ချွန်းမြောင်က အသာအယာပင် ဓါးနှင့်ခတ်ကာ လမ်းကြောင်းလွဲလိုက်လေသည်။ ထန်ဂန်း အံဩသည်ရော မကျေနပ်မှုများရောပါ ရောပြွန်းလာလေတော့သည်။

"မဖြစ်နိုင်တာ.."

ထန်ဂန်း တခဏမျှ အံဩသွားသော်လည်း ခဏအကြာတွင်မူ အပြုံးကြီးတစ်ခုက ပေါ်လာလေသည်။

"ကြည့်ရတာ ငါမင်းကို သိပ်အထင်သေးမိသွားတယ် ထင်တယ်"

"ပြောပါတယ်..နောင်တရမယ်လို့"

"ဟုတ်ပြီလေ...ဒါဆိုလည်း..."

ချက်ချင်းဆိုသလိုပင် ထန်ဂန်း၏ အင်္ကျီလက်များက ပြန့်တက်လာလေပြီး သူ၏ခန္ဓာကိုယ်မှလည်း ချီစွမ်းအင်များက ပေါက်ထွက်လာလေသည်။ သူ၏အတွင်းချီစွမ်းအင်များက ခန္ဓာကိုယ်ပတ်လည်တွင် စက်ဝန်းပုံသဏ္ဍာန် လည်ပတ်နေလေ၏။

ထန်ဂန်းထံမှ ထွက်လာသော ကြောက်မက်ဖွယ်ရာအရှိန်များကြောင့် နောက်တွင်ရပ်နေကြသော ဟွာဆန်းမှလူများပင် အန္တာရာယ်အငွေ့အသက်ကို ခံစားမိလာကြလေသည်။ ချွန်းမြောင်သည်ပင် နောက်သို့ခြေတစ်လှမ်း ဆုတ်မိသွားလေသည်။

ထန်ဂန်းက သူ၏လက်နှစ်ဖက်ကို ဆန့်တန်းလိုက်ပြီး တရားဝင်ပင် စစ်ကြေငြာလိုက်လေသည်။

"အခုကစပြီး"

"ငါ မင်းကို လုံးဝသက်ညှာတော့မှာ မဟုတ်ဘူး..

အစွမ်းကုန်တိုက်မယ်"

"အဲ့တာကြီးကတော့ ရက်စက်လွန်းရာ မကျဘူးလား"

ဒါက ဟာသမဟုတ်ဘူးဆိုတာ မင်းသိသွားစေရမယ်.ခွေးကောင်လေး...

အူး..ဝါး...ဒါကြီးက အရင်တုန်းက ထန်မိသားစုနဲ့လည်း ဘာမှမတူတော့ဘူး...ဝူးဝူး...

အပိုင်း(၁၉၅)

ပြဿနာက ရုတ်တရက်ကြီး ခြေထောက်ပေါက်ပြီး ရောက်လာတယ်(၅)

ချွန်းမြောင် ထန်ဂန်း၏ အင်္ကျီလက်ထဲတွင် ဝှက်ထားသော လက်များမှ အကြည့်မခွာနိုင်ပေ။

စိတ်ဝိဉာဉ်စားသုံးဓါးချက်နှင့်

ဆယ့်နှစ်ချက်မြောက်သော ဓါးသွား..

ထိုဓါးသွားနှစ်ခု၏ ပေါင်းစပ်အင်အားက မည်မျှကြီးမားသည်ကို သူကောင်းကောင်းကြီး သိလေသည်။ ထိုဓါးချက်အောက်မှာပင် အသက်ပေးခဲ့ရသည့် ကောင်းကင်နတ်ဆိုးဂိုဏ်းသားများမှာလည်း မရေမတွက်နိုင်အောင်ပင် ။ ထိုဓါးချက်၏အစွမ်းကို သူကောင်းစွာ သိရှိထားခဲ့ပြီးသားပင်။ ယခုတွင်မူ ထိုဓါးသွားနှင့် သူ၏လည်ပင်းကို ချိန်ရွယ်ထားခြင်း ခံရလေသည်။

အေးပေါ့...ဒီဟာကလည်း သေချာပေါက်ရင်ဆိုင်ရမယ့် အဆင့်ပဲလေ...

ထန်ဘို...

ထန်မိသားစု၏ သိုင်းပညာဖြစ်သော ဓါးမြောင်ပစ်ခြင်းနှင့် သိုင်းပညာကို ပေါင်းစပ်ခဲ့သူဖြစ်ပြီး ထန်မိသားစုသမိုင်းတွင် အကြီးကျယ်ဆုံးသော သိုင်းပညာရှင်လည်း ဖြစ်ခဲ့လေသည်။ ထိုလူနှင့် ညီအကိုကောင်းများဖြစ်ခဲ့ကြသော ချွန်းမြောင်အနေနှင့် ဤသိုင်းကွက်များက စိမ်းသက်ခက်ခဲနေသည် မဟုတ်ပေ။ ယခင်ဘဝကလည်း ထိုသိုင်းကွက်များကို ရှောင်ရှားအောင်နိုင်ခဲ့သည်ပင်။ ယခုဘဝတွင်လည်း ထိုသိုင်းပညာများက သူ့အတွက် အဆန်းတကြယ် မဟုတ်ပေ။ ယခု ထန်ဂန်း၏စွမ်းရည်က မူလထန်ဘို ၏စွမ်းရည်နှင့် နှိုင်းယှဉ်လျှင် နံ့သာဆီနှင့်အီးပင်။ ထန်ဘို၏ အစွမ်းအစ အဖျားအနားပင် မရှိချေ။ သို့ဖြစ်၍ ယခုအခြေအနေက ချွန်းမြောင် ရင်ဆိုင်ရန် မခက်ပေ။ သို့သော် အတိတ်နှင့် မတူသည့်အရာတစ်ခုတော့ ရှိလေသည်။ အခြားမဟုတ်ပေ ချွန်းမြောင်၏ အင်အားပင်။ ချွန်းမြောင်၏ လက်ရှိအင်အားက အတိတ်ဘဝတွင် ရှိခဲ့သော အင်အားထက် အဆပေါင်းများစွာ နည်းပါးလေသည်။ ထို့ကြောင့်သာ သူ ဤဓါးချက်ကို ရင်ဆိုင်ရန် ခက်ခဲပေလိမ့်မည်။

ဒီဓါးချက်တွေသာ ထိလို့ကတော့ ငါကတော့ သေမှာပဲ...

ချွန်းမြောင် စိုးရိမ်စိတ်ကလေး အနည်းငယ် ဖြစ်မိသည်ကတော့ အမှန်ပင်။ ဤဓါးပစ်ခြင်း၏ အကြီးမား‌ဆုံးသော အားနည်းချက်သည် ပြန်လည်ရုတ်သိမ်း၍ မရခြင်းပင်။ ဓါးချက်ပစ်ပြီးသည်နှင့် ပြန်လည်ရုတ်သိမ်းရန် မဖြစ်နိုင်ပေ။ ထန်ဂန်း၏ သူ့အားသေစေလိုသော ဆန္ဒမရှိလျှင်ပင် ဓါးချက်မိလျှင် ချွန်းမြောင် သက်သာမည် မဟုတ်ပေ။

"ဟူး."

ချွန်းမြောင် သက်ပြင်းရှည်ကြီးကိုချကာ ဓါးကို အသေအချာပင် ကိုင်စွဲကာ အသင့်အနေအထား ပြင်ထားလိုက်လေသည်။

ဘမ်း....

ဓါးမြောင်သုံးချောင်းက သူ့ဆီသို့ပြေးဝင်လာလေသည်။ တစ်ချောင်းကမူ ချွန်းမြောင်ဆီသို့ တည့်တည့်ပင် ဦးတည်လာလေကာ ကျန်နှစ်ချောင်းကမူ ဘေးတစ်ချက်တစ်ဖက်စီမှ လည်ပတ်ကာလာနေကြခြင်းပင်။ တည့်တည့်လာနေသောဓါးများထက် လှည့်ပတ်ကာလာနေသော ဓါးများ၏အရှိန်က ပို၍ပင် မြန်သည်ဟု ထင်ရလေသည်။ ချွန်းမြောင် ဓါးများ သူ့ဆီသို့ ရောက်လာသည်အထိ မစောင့်တော့ဘဲ ကြုံးဝါးအံကြိတ်ကာ ပစ်ဝင်လာသော ဓါးမြောင်များကို ဓါးနှင့်ဖြတ်ကာ ခုတ်လိုက်လေသည်။

အံ့ဩဖွယ်ရာပင်။

ဓါးမြောင်များနှင့်ထိခတ်မိသွားသော ချွန်းမြောင်၏ ဓါးဖျားလေးသည် တုန်လာလေပြီး ဓါးပေါင်းများစွာ ခွဲဖြာထွက်လာသည့်အလားပင်။ မည်သည်က ဓါးစင်စစ်ဆိုသည်ကိုပင် မသိနိုင်တော့ပေ။

"ဓါး ဒိုင်းကာလား"

ချွမ်..ချွမ်...ချွမ်..

သုံးချောင်းသော ဓါးမြောင်များသည် ဓါးဒိုင်းကာကို ဖြတ်သန်းလာနိုင်ခြင်း မရှိဘဲ နေရာအနှံ့အပြားသို့သာ လွှင့်စင်သွားလေတော့သည်။

ထိုအဖြစ်အပျက်ကို မြင်သောအခါတွင်မူ ထန်ဂန်းက နှောင့်နှေးနေခြင်း မရှိဘဲ နောက်ထပ်သောဓါးမြောင်များကို ပစ်လွတ်လိုက်လေသည်။

ယခုတစ်ကြိမ်တွင်မူ ဓါးက ငါးချောင်းပင်။

ဓါးငါးချောင်းက ချွန်းမြောင်ထံသို့ မတူညီသောအရှိန်များနှင့် ပစ်ဝင်လာကြပြီး အင်အားကမူ အစောပိုင်းက ဓါးမြောင်သုံးချောင်းထက် မနည်းပေ။

ချွမ်း...

"ဟင်"

ပထမဆုံးဝင်လာသော ဓါးမြောင်ကို ချွန်းမြောင်က ဓါးအိမ်နှင့် ခံလိုက်ပြီး ဓါးမြောင်က ဓါးအိမ်ထဲသို့ တန်းတန်းမတ်မတ်ပင် ဝင်သွားလေသည်။ ဓါးဝင်လာသည့် အရှိန်က ပြင်းလွန်းလှ၍ လက်ကောက်ဝတ်ပင် ကျိုးလေတော့မလားဟု ချွန်းမြောင် ထင်မိလေသည်။

ချွမ်း..

ဒုတိယဓါးမြောင်ကိုမူ ဓါးနှောင့်နှင့်ရိုက်ချလိုက်ပြီး

ထိုအရှိန်ကြောင့်ပင် ချွန်းမြောင်တကိုယ်လုံး ယမ်းခါသွားလေသည်။

တတိယတစ်ချောင်းကမူ ဓါးဒိုင်းကာကြောင့် ပျက်သုန်းသွားပြီး စတုတ္ထတစ်ချောင်းကိုလည်း အပြည့်အဝ ဖျက်ဆီးလိုက်နိုင်လေသည်။ ပဉ္စမ ဓါးမြောင်တစ်ချောင်းသာ ကျန်လေတော့သည်။

"ကျား...""

ချွန်းမြောင်က ချီစွမ်းအင်ကိုထုတ်ပြီး ဓါးကိုထုတ်ချလိုက်လေသည်။ ဓါး၏ထိပ်ဖျားတွင် ဇီးပန်းပွင့်လေးတစ်ပွင့်က ပွင့်လာလေပြီး နောက်ထပ်များစွာသော ဇီးပန်းပွင့်များက ဆင့်ကာဆင့်ကာ ပွင့်လာကြလေသည်။

"ခွန်အားထိန်းချုပ် နူးညံ့ခြင်းလား"

ထန်ဂန်းသည် ပန်းပွင့်များကို ကြည့်ကာ ခေတ္တမျှ ငြိမ်သက်သွားသော်လည်း လက်ကမူ အင်္ကျီလက်ထဲမှ ဓါးမြောင်များဆီသို့ ရောက်ပြီးနေပြီ ဖြစ်လေသည် ။ချွန်းမြောင်က ပဉ္စမမြောက်ဓါးကို ဖျက်စီးပစ်သည်ကိုမြင်သည်နှင့် နောက်ထပ်ဓါးမြောင်ကို ထပ်ကာပစ်ပြီးနေပြီဖြစ်လေသည်။

ယခုဓါးချက်ကမူ အင်အားမပါချေ။ အမြန်နှုန်းသက်သက်သာ ဖြစ်လေသည်။ ပစ်လွတ်လိုက်သော ဓါးမြောင်သည် လေထဲတွင်မူ ပျောက်ကွယ်သွားပြီး ချွန်းမြောင်ရှေ့သို့ ရောက်လာမှသာ မြင်ရလေတော့သည်။ ချွန်းမြောင် ထိုသိုင်းပညာကို အတော်လေးပင် အံဩသွားလေပြီး အလောတကြီးပင် ကိုယ်ကိုလှည့်ကာ ရှောင်ရှားလိုက်လေသည်။

.

ဝှစ်...

သို့သော်လည်း လုံးလုံးလျားလျားတော့ မလွတ်သွားပေ။ ပါးပြင်ကို ဓါးနှင့်ခြစ်မိသွားလေပြီး လှည့်ကာကန်လိုက်သော ပေါင်ကိုလည်း ဓါးက ခြစ်သွားလေသည်။

လေထဲတွင် ခုန်ကာရှောင်လိုက်သော်လည်း ဓါးချက်ကမူ ထိသွားလေသည်။ ချွန်းမြောင် လေထဲတွင် နှစ်ပတ်ခန့်လည်ထွက်သွားပြီးနောက်တွင်မူ မြေပြင်ပေါ်သို့ ပြန်ကျလာလေသည်။ ချွန်းမြောင်က သူ၏ ခြေထောက်ရှိ သွေးကြောကို ပေါင်မှဒဏ်ရာသွေးထွက်ရပ်သွားစေရန်အတွက် ဖိကာ ပိတ်လိုက်လေသည်။ ဤဒဏ်ရာနှင့်တော့ သူမသေနိုင်သေးပေ။ သို့သော်လည်း သွေးများတောက်လျောက်ထွက်နေပါက အင်အားဆုံးရှုံးကာ တိုက်ပွဲကိုလည်း အာရုံစိုက်နိုင်မည် မဟုတ်ပေ။

"… သူ ဓါးချက်ကို ရှောင်လိုက်တာလား"

ထန်ဂန်း ချွန်းမြောင်အား အံဩတကြီးပင် ကြည့်လာလေသည်။ ငါးချက်မြောက် ဓါးချက်ကို ရှောင်လိုက်နိုင်သည်အထိ သူမအံဩသေးသော်လည်း ဆက်တိုက်ကပ်ပါသွားသော ဓါးချက်ကို ရှောင်ကာ ရှပ်ထိလေးသာ ထိလိုက်သည်ကမူ အံဩစရာ ဖြစ်သွားပြီဖြစ်လေသည် ။ သူအခုအချိန်ထိ သူ၏ဓါးချက်ကို ရှောင်ရှားနိုင်သောသူကို မတွေ့ဖူးသေးပေ။ သို့သော်လည်း ဤကလေးကမူ ရှောင်လိုက်နိုင်သည်။

အံ့ချီးဖွယ်ရာပင်။

ဒီကလေးက ပစ်ဝင်လာတဲ့ ဓါးမြောင်ကို တားဆီးဖို့ နူးညံ့ခြင်းခွန်အားကိုလည်း သုံးနိုင်သေးတယ်..

ဒီကလေးသာ အရွယ်ရောက်လာရင် ဘယ်လောက်တောင် သန်မာလာလိုက်မလဲ...

မဟုတ်ဘူး...သူအခုတောင် ဘယ်လောက်သန်မာနေပြီလဲ...

"စတုတ္ထဓါးချက်"

ထန်ဂန်းက သူ့အားအံဩတကြီး ကြည့်နေစဉ်မှာပင် ချွန်းမြောင်က ကြည့်ကာပြောလာလေသည်။

‌"နောက်ထပ် ခြောက်ချက်ကျန်သေးတယ်"

"…"

ထန်ဂန်း တစ်ချက်ပြုံးလိုက်ပြီး မြေပြင်ပေါ်တွင် ကျနေသော ဓါးမြောင်များကို ကောက်ကာ သူ၏အင်္ကျီလက်ထဲသို့ တဖန်ပြန်ထည့်လိုက်လေသည်။

လက်ရှိတွင်မူ ထန်ဂန်း၏ခေါင်းထဲတွင် အတွေးတစ်ခုသာ ရှိနေလေသည်။

ဓါးခြောက်ချက်ကျန်သေးတယ်...

ဒီကလေးကတော့ သူပြောတဲ့အတိုင်း သူက လောကမှာ အကောင်းဆုံးဓါးသမားဆိုတာကို သက်သေပြဖို့တော့ တကယ်ကြိုးစားနေတာပဲ...

ပြီးတော့ တကယ်လည်း အရည်အချင်းရှိတယ်..

ထန်ဂန်း ကျန်ရှိနေသော ဓါးချက်ခြောက်ချက်နှင့် ထိုကလေးကို အလဲမထိုးနိုင်မည်ကို မစိုးရိမ်ပေ။သေချာပေါက် အလဲထိုးနိုင်ပေသည်။

သို့သော် ဤကလေး၏ အရည်အချင်းနှင့် စိတ်ပြင်းပြမှုကိုမူ ထန်ဂန်းအမှန်ပင် အသိအမှတ်ပြုလေသည်။ ဤကလေးအသက်အရွယ်နှင့် သူ၏ဓါးချက်များကို ဤမျှကာကွယ်နိုင်နေသည်ကပင် လေးစားဖွယ်ဖြစ်နေလေပြီ ဖြစ်သည်။ သို့သော်လည်း ထန်ဂန်း မကျေနပ်သေးပေ။ ချွန်းမြောင်အား မည်မျှခံနိုင်ရည်ရှိမည်ကို စမ်းသပ်လိုသေးသည်။

ငါ သူ့ကိုစမ်းသပ်ကြည့်ချင်သေးတယ်..

သူ ဘယ်လောက်ထိ အစွမ်းထက်မလဲ...

ဘယ်အချိန်ထိ သည်းခံနိုင်မလဲဆိုတာကို သိချင်သေးတယ်...

ဒီကလေးကို စမ်းသပ်ရင်းနဲ့ပဲ သူသေသွားမယ်ဆိုရင်တောင် သူဘယ်အထိသွားနိုင်လဲဆိုတာ ငါသိချင်သေးတယ်.

ဝှီး...ဝှစ်..

နောက်တဖန်ပင် ဓါးမြောင်များက ချွန်းမြောင်ဆီသို့ ပျံသန်းလာ‌လေသည်။ အားအင်အပြည့်နှင့် ပြေးဝင်လာသော ဓါးမြောင်က သုံးချောင်းဖြစ်လေပြီး ချွန်းမြောင်က ထိုဓါးများကို မျက်မှောင်ကုတ်ကာ ကြည့်လိုက်လေပြီ ။

လာပြန်ပြီ...သုံးချောင်း...

ချွန်းမြောင် မြေကြီးကို ကန်ကာ ပြင်းထန်စွာ အားယူလိုက်ပြီး ပြေးဝင်လာသော ဓါးသုံးချောင်းဆီသို့ သူသည်လည်း ပြေးဝင်သွားလေသည်။ သူကြောက်ရွံ့နေ၍ မဖြစ်ပေ။ ကြောက်ရွံနေလျှင် သူသည်က ထန်ဂန်း၏ အုပ်စိုးမှုအောက်သို့ လုံးလုံးကျရောက်သွားပေလိမ့်မည်။

ချွန်းမြောင် သူ၏ဓါးကိုကိုင်ဆွဲကာ ‌ပျံဝင်လာသော ဓါးများကို ခုတ်ထစ်ချလိုက်လေသည်။ ဓါးမြောင်တစ်ချောင်းကို ခုတ်လိုက်သည့် တစ်ကြိမ်တိုင်းစီတွင် ပြင်းထန်သော ပြန်ကန်အား ထွက်ပေါ်လာပြီး လက်ပင်ကျိုးပြုတ်ထွက်တော့မည့်အလားပင်။ ချွန်းမြောင်၏ ယခုခန္ဓာကိုယ်သည် အဆိပ်ဘုရင်၏ အင်အားကို သက်သက်သာသာ ဆန့်ကျင်ရန် မဖြစ်နိုင်သည့်အလားပင်။

ငါ တောင့်ခံထားရမယ်...

ငါ ဒါကြီးကို ကျော်ဖြတ်နိုင်ရမယ်..

ဒီသောက်ကျိုးနည်း လက်ရည်ယှဉ်တာကြီးကို အဆုံးသတ်နိုင်မှပဲ ရမယ်...

ဒါမှ သူတို့လည်း သူတို့မှားတာကို သိသွားမှာ...

ပဉ္စမ ဓါးချက်....

ချွန်းမြောင်က မြေကိုကန်ကာ အားယူလိုက်ပြီး ရှေ့သို့ ပိုတိုးသွားလေသည်။ ထန်ဂန်းကမူ ချွန်းမြောင်က အရဲကိုးကာ ရှေ့တိုးလာသည်ကိုကြည့်လိုက်ပြီး ကျေနပ်သွားကာ အင်္ကျီလက်ထဲမှ ဓါးများကို ထပ်မံကာ ထုတ်လိုက်လေသည်။

ဓါးမြောင် ခုနှစ်ချောင်းက တစ်ပြိုင်နက်တည်းပင် ချွန်းမြောင်ထံသို့ ပြေးဝင်လာကြလေသည်။

ချွန်းမြောင် ပြေးဝင်လာသော ဓါးများကို အံဩတကြီးသာ ကြည့်နေမိလေသည်။ သူ ကောင်းစွာရင်းနှီးနေသော သိုင်းကွက်တစ်ခုပင်။ ထိုသိုင်းကွက်ဖြင့် သေဆုံးခဲ့သည့် ကောင်းကင်နတ်ဆိုးဂိုဏ်းသားများကလည်း တောင်ပုံရာပုံပင်။

စိတ်ဝိဉာဉ်ကောက်သိမ်းခုနှစ်ဆင်ကြယ်....

ထန်ဘို၏ အထူးဓါးသိုင်းပင်....

"ဟူးးး...."

ပစ်ဝင်လာသော ဓါးများကို မြင်သည်နှင့် ချွန်းမြောင် နောက်သို့တစ်လှမ်းပင် မဆုတ်ပေ။ ဓါးများဆီသို့သာ ပြေးဝင်သွားလေသည်။ စိတ်ဝိဉာဉ်ရိတ်သိမ်းဓါးသိုင်းသည် လူကို ရန်ပြုရန် အဓိကထားသည်မဟုတ်။ စိတ် ဝိဉာဉ်ကို ဦးတည်ချက်ထားသည်ပင်။ ကြောက်ရွံ့မှုကို အနံ့ခံကာ ထိုသူ၍ စိတ်နှင့်ဝိဉာဉ်ကို ဖျက်စီးပစ်သည့် သဘောတရားရှိပြီး ဓါးနှင့်ရင်မဆိုင်ဘဲ နောက်ဆုတ်ပြေးပါက သေချာပေါက် သေဖွယ်ရာပင် ရှိပေလိမ့်မည်။

ချွန်းမြောင် ဓါးမြောင်များနှင့် အနီးကပ်ဆုံးနေရာထိ ပြေးဝင်သွားလေပြီး လေထဲသို့သုံးလက်မခန့်ပင် အတိအကျခုန်ပြီး ဓါးများကို ရှောင်တိမ်းလိုက်လေသည်။

"ဟမ်"

ထန်ဂန်းကမူ မျက်စိရှေ့တွင် မြင်လိုက်ရသောမြင်ကွင်းကို မယုံကြည်နိုင်ဖြစ်သွားလေပြီး မျက်တောင်ပင် မခတ်နိုင်တော့ချေ။

ဒါကို ကြည့်စမ်းပါဦး...

ဤပစ်ချက်က ထန်ဂန်းပစ်သည်မဟုတ်ဘဲ ထန်ဘိုသာပစ်မည်ဆိုပါက သေချာပေါက်ပင် ယခုအခြေအနေနှင့် ချွန်းမြောင် အသက်ထွက်ပေလိမ့်မည်။ သို့သော်လည်း ထန်ဘိုမဟုတ်ဘဲ ထန်ဂန်းသည်မို့သာ ချွန်းမြောင် သက်သာရာ ရသွားခြင်းပင်။ သို့သော်လည်း အလုံးစုံတော့ လွတ်မြောက်သွားသည် မဟုတ်ပေ။ဘယ်ဘက်လက်မောင်း၊ နံရိုးဘေးနှင့် ညာဘက်လက် ညို့သကျည်းတို့ ထိခိုက်မိသွားလေသေးသည်။

ထိုဒဏ်ရာများမှ သွေးတောက်တောက် ကျနေသော်လည်း ချွန်းမြောင်က အရေးမစိုက်ဘဲ ထန်ဂန်းဆီသို့သာ ဆက်ကာအရှိန်နှင့် ပြေးဝင်သွားလေသည်။

ဆဌမမြောက် ဓါးချက်..

ထန်ဂန်းကမူ အမူအရာပင် မပျက်သေးပေ။ ညာလက်ဘက်မှ ဓါးများကို စုကာထုတ်လိုက်လေပြီး ဘယ်လက်နှင့် သူထံပြေးဝင်လာသော ချွန်းမြောင်ကို ဓါးမြောင် ငါးချောင်းပစ်ကာ ဆီးကြိုလိုက်လေသည်။

ဓါးမြောင်များက ချွန်းမြောင်ဆီသို့ တချိန်တည်းမှာပင် အတူတကွ လှည့်ပတ်ကာပြေးဝင်လာကြလေသည်။ မနေ့ညက ထန်ဇန် ဂျိုဂုနှင့်တိုက်ခိုက်စဉ်က သုံးခဲ့သော သိုင်းပညာပင်။ သို့သော်လည်း အင်အားကမူ တခြားစီပင်။ လားလားမှကို မသက်ဆိုင်ပေ။ ဤအချက်ကို ကြည့်ကာ သိုင်းပညာက သုံးသည့်သူအပေါ် မူတည်၍ ကွဲပြားသည်ဆိုသည်ကို အားလုံးနားလည်သွားကြလေတော့သည်။ သိုင်းပညာတစ်မျိုးတည်းပင် ဖြစ်နေစေကာမူ သုံးသည့်သိုင်းပညာရှင်မတူလျှင် ရလဒ်နှင့်အကျိုးသက်ရောက်မှုကလည်း မတူပေ။

ဒီဓါးတွေကို‌တော့ ငါမရှောင်နိုင်လောက်တော့ဘူး...

ချွန်းမြောင် အံကိုတင်းတင်းကြိတ်လိုက်လေသည်။

ဓါးမြောင် ငါးချောင်းက သူ့ထံသို့ တည့်တည့်ပင် ပြေးဝင်လာလေပြီး ရှောင်၍လည်း မဖြစ်သည်ကို ချွန်းမြောင်သိလေသည် ။ မရှောင်လျှင် လွတ်မည် ဟု ဆိုနိုင်သည် မဟုတ်သော်လည်း ရှောင်လျှင် အခြေအနေက ပို၍ဆိုးဝါးသွားနိုင်လေသည်။ ရှောင်လိုက်သည်နှင့် ဓါးထိကာ အတုံးတုံးအပိုင်းပိုင်း ပြတ်ပေလိမ့်မည်။ မဖြစ်ပေ။

ဤသို့နှင့် ဇီးပန်းပွင့်များ စတင်ကာ ပွင့်လာလေတော့သည်။ တစ်ပွင့်မှသည် နှစ်ပွင့်၊ နှစ်ပွင့်မှသည် သုံးပွင့်နှင့် ဇီးပန်းများက ဖြေးညှင်းစွာပင် ပွင့်လန်းလာကြပြီး ‌နေရာတစ်ခုလုံးအား ဖုံးလွှမ်းသွားတော့မည့်အလားပင်။

ဒါက....

ထန်ဂန်း ဇီးပန်းပွင့်များကိုကြည့်ကာ အနည်းငယ် အံ့အားသင့်သွားသည်ကတော့ အမှန်ပင်။

ဇီးပန်းပွင့်များက အမှန်ပင် ‌နေရာတစ်ခုလုံးကို ဖုံးအုပ်တော့မည့်အလားပင်။ ဇီးပန်းပွင့်ပင်လယ်ကြီးအလား ‌နေရာတိုင်းက ပန်းပွင့်များနှင့် ပြည့်နှက်လာလေသည်။

ဓါးမြောင်များက ဇီးပန်းပွင့်များကို ဖြတ်သန်းကာ ဦးတည်ရာကို သွားနေကြဆဲပင်။

ဩချလောက်ဖွယ်စွမ်းရည်နှင့် ဩချလောက်ဖွယ်ရာ အင်အားတို့၏ တိုက်ပွဲပင်။

အဆုံးတွင်မူ ဓါးမြောင်များက အဆုံးမဲ့ပန်းပင်လယ်ကို မဖြတ်နိုင်တော့သည့်အလား မြေပြင်ပေါ်သို့ ပြုတ်ကျသွားကြလေတော့သည်။ ပန်းပွင့်ပင်လယ်ကြီး

နောက်မှ ချွန်းမြောင်ကမူ ထန်ဂန်းဆီသို့ ပြေးဝင်လာနေဆဲပင်။ ‌နှုတ်ခမ်းမှပင် သွေးများက စီးကျနေပြီဖြစ်လေသည်။ သို့သော်လည်း ဤသည်က ဖြစ်သင့်ပေသည်။ သိုင်းပညာနှင့် အင်အားတွင် အဆင့်အမြင့်တစ်နေရာသို့ ရောက်ရှိနေပြီဖြစ်သော ထန်ဂန်း၏သိုင်းပညာကို ရင်ဆိုင်နေရသည်မို့ ဤမျှလောက်ကို စာဖွဲ့နေ၍ မဖြစ်ပေ ။

သတ္တမ ဓါးချက်...

ချွန်းမြောင် လည်ချောင်းထဲသို့ ဆန်တက်လာသော သွေးများကို ပြန်မြိုချလိုက်ပြီး တတ်နိုင်သမျှ တည်တည်ငြိမ်ငြိမ် ရင်ဆိုင်ရန် ဆုံးဖြတ်ကာ ကြည့်လိုက်လေသည်။

ထန်ဂန်းနှင့် ချွန်းမြောင်တို့ကြားရှိ အကွာအဝေးက အလွန်ပင် နီးကပ်လာပြီဖြစ်ပြီး တစ်ဦးနှင့်တစ်ဦးလည်း အလစ်မပေးရဲကြပေ။

ဓါးမြောင်တစ်ချောင်းက ချွန်းမြောင်ထံသို့ ပစ်ဝင်လာလေသည်။

ငါ ဒါကိုကျော်လွှားနိုင်မှ ရမယ်...

ပြေးနေသော အရှိန်ကိုသုံးကာ ချွန်းမြောင် ခုန်လိုက်ပြီး ဓါးချက်ကိုရှောင်ကာ သူ၏ဓါးကို မြေပြင်သို့ ပစ်စိုက်လိုက်လေသည်။

ချွမ်း....

ထိုအချိန်မှာပင် အခြားတစ်နေရာမှ ဝင်လာသော ဓါးမြောင်က ချွန်းမြောင်၏ မျက်စိရှေ့သို့ ရောက်လာလေသည်။ မထင်မှတ်ထားသော ပစ်ချက်ပေမို့ ချွန်းမြောင်အံဩသွားသော်လည်း နောက်ကျသွားလေပြီ ဖြစ်သည်။

ငါ ရှောင်လို့ မရနိုင်လောက်တော့ဘူး...

ချွန်းမြောင် ရှောင်ရှားချိန်ပင် မရလိုက်ပေ ...

"အား.."

"ချွန်းမြောင်"

ဟွာဆန်းမှ ကလေးများအားလုံးက ဖြစ်ပျက်သွားသော ကိစ္စကြောင့် ချွန်းမြောင်ထံသို့ ပြေးဝင်လာကြလေသည်။

ဘမ်း....

ပစ်ဝင်သွားသော ဓါး‌မြောင်က ချွန်းမြောင်၏ ညာဘက်ခြမ်းကို ဖြတ်တိုက်သွားကာ ချွန်းမြောင်က ဓါး၏အရှိန်ကြောင့် ကြိုးပြတ်သွားသည့် စွန်ပမာ လွှင့်စင်သွားလေတော့သည်။

All Chapters