အခန်း (၂၀၂-၂၀၄)
Vol. 14 Ch. 202-204
အပိုင်း(၂၀၂)
ဒါကတော့ ကျွန်တော့်စိတ်ကူးပဲ ဆိုပါတော့(၂)
"ပူးပေါင်းတယ် ဟုတ်လား."
ဘတ်ချုန်းက ချွန်းမြောင်အား မယုံသင်္ကာအကြည့်နှင့် ကြည့်လာလေသည်။ ထိုသို့ ထန်မိသားစု လိုလိုလားလား ပူးပေါင်းလာလိမ့်မည်ဟု သူအမှန်ပင် မထင်ထားချေ။
ချက်ချင်းကြီးလေ...ပူးပေါင်းတာက...
ထမင်းစားနေတဲ့ အချိန်ခဏလေးပဲ ပျောက်သွားပြီးတော့ ပြန်လာတော့ ပူးပေါင်းမယ့်အကြောင်းကို လာပြောပြနေတယ်...
ပြီးတော့ ပူးပေါင်းတာကလည်း ထန်မိသားစုနဲ့ ဟွာဆန်းဂိုဏ်းတဲ့.
ဟုတ်မှ ဟုတ်ပါ့မလား...
ယွန်းဂျွန်ကလည်း မနေနိုင်စွာပင် ဝင်ပြောလာလေသည်။
"ဒါနဲ့ နေကြပါဦး...ဒီလောက် အရေးကြီးတဲ့ဆုံးဖြတ်ချက်ကို ငါတို့ဘာသာ ငါတို့ရော ချလိုက်လို့ ဖြစ်လို့လား"
ဂိုဏ်းချုပ်က ဘတ်ချုန်းအား လုပ်ပိုင်ခွင့်အာဏာအပြည့်ပေးလိုက်သော်လည်း ယွန်းဂျွန်ကမူ မယုံကြည်နိုင် ဖြစ်နေဆဲပင်။
"ဘာလို့ မရရမှာလဲ...ဒီမှာလေ..နည်းပြကြီး တစ်ယောက်လုံး ရှိနေတာကို..နော့်လေ..."
"ဟင်"
"ဘတ်ချန်းနည်းပြလား...ဘယ်လိုလုပ်ပြီးတော့ ဘတ်ချုန်းနည်းပြနဲ့တင် ရသွားတာလဲ"
"ဟား...အကိုကြီး မေ့သွားပြီလား..ကျွန်တော်တို့ ထွက်မလာခင်တုန်းက နည်းပြဘတ်ချုန်းကို ဂိုဏ်းချုပ်က ဟွာဆန်းကိုယ်စားပြု လုပ်ပိုင်ခွင့်အပြည့်ပေးလိုက်တယ်လေ'
အာ..
ဟုတ်သားပဲ..
ဂိုဏ်းချုပ် သေချာပြောလိုက်တာကို..
ဒါပေမယ့်လည်း...
"မင်းက အဲ့တာကို ဒီမှာသုံးလိုက်တာလား"
ပြောနေရင်းမှ ဘတ်ချုန်းက တစ်စုံတစ်ရာအား သတိရသွားဟန်နှင့် ပြောလာလေသည်။
"အာ...နေပါဦး..ငါတို့ နန်မန်သားရဲနန်းတော်မှာ ဘာဖြစ်မလဲ မသိဘဲ ဒီလိုလုပ်လို့ ဖြစ်ပါ့မလား"
ဘတ်ချုန်းအား ဟွမ်းဂျွန် လုပ်ပိုင်ခွင့်ပေးလိုက်သည်က ဆက်သွယ်ရန်ဆက်ခဲသောနေရာများတွင် အကြပ်အတည်းနှင့် ရင်ဆိုင်ရပါက အလွယ်တကူ ဖြေရှင်းဆုံးဖြတ်နိုင်ရန် ဖြစ်လေသည်မို့ ဤနေရာတွင် ဘတ်ချုန်း မဆုံးဖြတ်ရဲဖြစ်နေလေသည်။ ဂိုဏ်းချုပ်များ၏ သဘောဆန္ဒကိုပင် မမေးမြန်းပါဘဲ ထန်မိသားစုနှင့် ပူးပေါင်းလိုက်ခြင်းကို အကြီးအကဲများအနေနှင့် လက်ခံနိုင် လက်မခံနိုင်ကိုလည်း သူမတွေးတတ်ပေ။
"ဂိုဏ်းချုပ်သာ ဒီပူးပေါင်းတာကို သိရင် ဘာပြောမယ်လို့ ထင်လဲ"
"သူပျော်သွားမှာပေါ့...တခြား ဘာရှိဦးမှာလဲ"
"ဟုတ်တယ်..သူပျော်သွား...ချီး...သူက ဘယ်လိုလုပ် ပျော်မှာလဲ"
ဘတ်ချုန်း ခေါင်းကို တဗျင်းဗျင်း ကုတ်လိုက်လေသည်။
ချွန်းမြောင်ရယ်..
တကယ်ကို ခြေလေးတစ်လှမ်းစာလောက်တော့ ချန်ခဲ့ပြီးမှ ပြန်လာပြီး တိုင်ပင်ရင် ဘာဖြစ်မှာမို့လို့လဲ...
ဒီလောက် ခေါင်းရှုပ်စရာကိစ္စကြီးကို မင်းမို့ အစားတစ်လုပ်အတွက်နဲ့ လက်ခံခဲ့တယ်...ငါ သေသာသေလိုက်ချင်တော့တယ်...
"ဟား...."
ဘတ်ချုန်းက သက်ပြင်းရှည်ကြီးကို ရှုထုတ်ချလိုက်လေသည်။ ဟွာဆန်းမှ ကလေးများကလည်း ခေါင်းနပန်းကြီးနေကြပြီး မယုံရဲမယုံဝံ့လည်း ဖြစ်နေကြလေသည်။
ထန်မိသားစုနှင့် အကျိုးတူပူးပေါင်းခြင်းဆိုသည်က ပြောပြ၍ပင် မရနိုင်သော အောင်မြင်မှုကြီးပင်။
ဘတ်ချုန်း ယခုအခြေအနေကို မည်သို့ကိုင်တွယ်ရမည်ကို အမှန်ပင် မသိတော့ချေ။ ဟွာဆန်းဂိုဏ်းအနေနှင့် မိသားစုကြီးငါးစုမှ တစ်စုဖြစ်သော ထန်မိသားစုနှင့် ပူးပေါင်းခွင့်ရခြင်းသည် မဟာကံကောင်းမှုကြီး ဖြစ်သော်လည်း တချို့သော အကြောင်းအရာများက ရှိသေးသည်မို့ ဘတ်ချုန်း ဗျာများနေရခြင်းပင်။
ဘတ်ချုန်း စိတ်ရှုပ်စွာပင် မျက်မှောင်ကြုတ်လိုက်လေသည်။
ကိစ္စတွေအားလုံးက ဒီလောက်ကြီးတော့လည်း ရိုးရှင်းမနေဘူး...
ဘတ်ချုန်းက အတွေးများထဲမှ ရုန်းထွက်လာပြီး အတည်အတန့်ပင် ပြောလာလေသည်။
"ပထမဆုံးအနေနဲ့ မင်းလုပ်ခဲ့တာ ကောင်းတယ်"
"ဟမ်"
ဘတ်ချုန်းက ချွန်းမြောင်ကို လှမ်းကြည့်လိုက်လေပြီးမှ ပြောလာလေသည်။
"မင်းနဲ့ ခေါင်းဆောင်ကြီး ဘယ်လိုတွေပြောခဲ့ဆိုခဲ့ကြတယ်ဆိုတာတော့ ငါမသိပေမယ့် ဒီလိုရလဒ်မျိုး ထွက်လာတာကတော့ တကယ်ကောင်းတဲ့ကိစ္စပဲ...မင်း ကြိုးကြိုးစားစား လုပ်ခဲ့တာ သိသာပါတယ်"
"နည်းပြ ဒီနေ့အစားမှားထားတာလား"
"…"
"စီချွမ်ကအစားအသောက်တွေနဲ့ပဲ ဓါတ်မတည့်တာလား...ဒါမှမဟုတ် ထန်မိသားစုကပဲ အဆိပ်ခတ်လိုက်တာလား...တစ်ခါမှ မချီးကျူးစဖူးတွေ ချီးကျုးနေတယ်"
ဒီသောက်ကလေးကတော့ စကားအကောင်း ပြောလို့ မရဘူးပဲ...
ဘတ်ချုန်း၏ ချွန်းမြောင်အား ကြိတ်ကာဆဲလိုက်ပြီးမှ ဆက်ပြောလာလေသည်။
"ဒါပေမယ့် တစ်ခုတော့ ရှိတယ်"
"အင်း"
"ဟွာဆန်းက သမိုင်းတစ်လျောက်မှာတော့ သီးသန့်ရပ်တည်ခဲ့ပြီး ဘယ်မိသားစုကြီးတွေနဲ့မှ လက်တွဲတာမျိုး မရှိခဲ့ဘူး...ပြီးတော့ အခုလို ပူးပေါင်းလိုက်တာက ငါတို့ ဂိုဏ်းကြီးကိုးဂိုဏ်းထဲကို ပြန်ဝင်တဲ့အခါကျ စကားပြောစရာတွေ ဖြစ်လာနိုင်တယ်"
"အင်း...ဒါကတော့ ဟုတ်ပါတယ်"
ချွန်းမြောင် ဘတ်ချုန်း၏စကားကို ခေါင်းငြိမ့်ကာသာ ထောက်ခံလိုက်လေသည်။ ဤသို့သော ဖြစ်လာနိုင်ချေရှိသည့် အကြောင်းအရာများကို သူမသိသည် မဟုတ်ပေ။ အားလုံးကို တွေးတောထားပြီးသားပင်။
"ငါတို့က ထန်မိသားစုနဲ့ပူပေါင်းလိုက်ရင် လက်ရှိဟွာဆန်းအတွက် အကူအညီအများကြီးဖြစ်လာနိုင်ပေမယ့် ဂိုဏ်းကြီးကိုးဂိုဏ်းကို ပြန်ပြီးဝင်တဲ့အခါကျရင်တော့ ပြဿနာတစ်ခုဖြစ်လာလိမ့်မယ်"
"မင်း ဒါကိုရော တွေးမိရဲ့လား"
ဘတ်ချုန်း၏စကားကြောင့် ချွန်းမြောင်က ဘတ်ချုန်းအား ထူးထူးဆန်းဆန်းကြည့်လာလေသည်။
"နည်းပြ...ကျွန်တော် တစ်ခုမေးဦးမယ်"
"အင်း"
"ဂိုဏ်းကြီးကိုးဂိုဏ်းစာရင်းထဲ ပြန်ဝင်တော့ ဘာကောင်းကျိုး ရှိလို့လဲ"
"ဟမ်"
ချွန်းမြောင်က ဖြေရခက်နေသော ဘတ်ချုန်းကိုကြည့်ကာ ခေါင်းတငြိမ့်ငြိမ့်လုပ်ပြီး ပြောလာလေသည်။
"အကြောင်းပြချက်ကောင်းကောင်း ရှာမရဘူးမို့လား"
"ဟင်း.."
"ဂိုဏ်းကြီးကိုးဂိုဏ်းထဲကို ဝင်ရတာက မင်းထင်သလောက်တော့လည်း မဆိုးပါဘူး..ဂိုဏ်းသားသစ်တွေလည်း အများကြီးစုဆောင်းလို့ရသလို ဂိုဏ်းရဲ့အင်အားကလည်း လူတွေအသိအမှတ်ပြုစရာ ဖြစ်လာပြီးတော့...ပြီးတော့"
"အဲ့တာတွေက ထန်မိသားစုနဲ့ပူးပေါင်းလိုက်လို့ရတဲ့ အကျိုးကျေးဇူးတွေထက် ပိုကောင်းနေလို့လား"
"အခုပူးပေါင်းတာက အကျိုးကျေးဇူး အများကြီးရတာမှန်ပေမယ့် ပူးပေါင်းချင်တယ်ဆိုရင် မိသားစုကြီးငါးခုထက် ဂိုဏ်းကြီးကိုးဂိုဏ်းက ပိုသင့်တော်တယ်လို့ မင်းမထင်ဘူးလား"
"နည်းပြ"
"ပြော"
"နည်းပြ..မရှက်တတ်ဘူးလား"
"...."
"မင်း ဘာပြောလိုက်တာလဲ"
"ဂိုဏ်းကြီးကိုးဂိုဏ်းဆိုတာ ကျွန်တော်တို့ကို ကန်ထုတ်ခဲ့တဲ့ ကောင်တွေလေ"
"ဒါက"
"အဲ့ဒီ မျိုးမစစ်တွေက ကျွန်တော်တို့ ပျက်သုန်းတော့မယ့်အချိန်မှာ ကန်ထုတ်လိုက်ကြပြီးတော့ အခုပြန်ပြီး သန်မာလာကာမှ ပြန်ပြီးပေါင်းစည်းချင်နေတာ.သူတို့တွေ ဟွာဆန်းကို ဘယ်လိုဆက်ဆံခဲ့တယ်ဆိုတာကို အကုန်လုံးက မေ့ပစ်လိုက်ကြတော့တာလား"
"...."
"ကျွန်တော်ကတော့ မမေ့ဘူး.."
"ဒီလိုမျိုးမစစ်ကောင်တွေကို ခယပြီးပြန်ပေါင်းချင်နေတာပေါ့"
"ဟာသဆိုရင်တောင် မရယ်ရဘူး"
"ကျွန်တော့်ဘဝကို ရင်းပြီးတော့ မဟုတ်ဘူး ဟွာဆန်းက လူတိုင်းရဲ့ဘဝကို ရင်းပြီးတော့ သူတို့ကို ကယ်တင်ပေးခဲ့တာတောင် သူတို့ဆီက ဘာပြန်ရခဲ့လဲ..ဟွာဆန်းကို ကန်ထုတ်ခဲ့ပြီးတော့ပဲ ကျေးဇူးတရားကို သိတတ်ခဲ့တာလား"
ကောင်းကင်နတ်ဆိုး တိုက်ပွဲကို ကြုံတွေ့ခဲ့ဖူးလျှင် ချွန်းမြောင်ပြောဆိုနေသမျှကို နားလည်မည်ဖြစ်သော်လည်း ယခုတွင်မူ ပြောဆိုနေသောအကြောင်းအရာများကို ချွန်းမြောင်တစ်ယောက်မှလွဲ၍ မည်သူမှ နားမလည်ပေ။
"နည်းပြ...တောင်တောင်အီအီတွေ တွေးမနေနဲ့ ..အဲ့ဒီဂိုဏ်းတွေက လူအိုကြီးတွေက သူတို့လိုဘရှိမှ သူတို့အကျိုးရနိုင်မှ ပတ်သက်ချင်ကြတာ...ဟွာဆန်းက သူတို့နဲ့မတူဘူး"
ချွန်းမြောင်၏ စကားကြောင့် ဘတ်ချုန်း ပါးစပ်ပိတ်သွားလေသည်။ ဟုတ်တော့လည်း ဟုတ်ပေသည်။ ဂိုဏ်းကြီးကိုးဂိုဏ်းကသာ သူတို့ဂိုဏ်းသား တွေကိုမပစ်ပယ်ထားဘဲ အနည်းအကျဉ်းစီ ကူညီခဲ့လျှင်ပင် သူတို့၏ဟွာဆန်း ထိုမျှအဖြစ်ဆိုးသွားမည် မဟုတ်ပေ။
အားလုံးက အပေါ်ယံသမားများဖြစ်ကြသည်ကို သိ၍ ချွန်းမြောင်က သူတို့နှင့် ပြန်လည်ပူးပေါင်းလိုဟန် မရပေ။
ချွန်းမြောင် အမှန်တကယ်လိုအပ်သည်က တစ်ယောက်၏ဘေးတွင် တစ်ယောက်အမြဲတမ်းရှိကာ တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ဖေးမမည့် မိတ်ဆွေမျိူးကို အလိုရှိခြင်းပင်။
"ဆိုတော့ မင်းပြောတာက ထန်မိသားစုကတော့ ဂိုဏ်းကြီးကိုးဂိုဏ်းလို မဟုတ်ဘဲ ငါတို့ကို ကူညီပေးမယ့်သူပေါ့...အဲ့လိုလား"
"အဲ့လို ပြောလို့ရတယ်"
"ဆက်ဆံရေး တစ်ခုမှာအမြဲတမ်း ရနေတယ်ဆိုတာကြီးထဲကတော့ မရှိဘူး...ဘယ်လိုဆက်ဆံရေးပဲ ဖြစ်ဖြစ် အသွားအပြန်ကတော့ ရှိရမှာပဲ..ကျွန်တော်တို့ လိုအပ်နေတဲ့အချိန်မှာ သူတို့က ကူညီသလို သူတို့လိုအပ်နေတဲ့အချိန်မှာလည်း ကျွန်တော်တို့ကူညီရမယ်"
ဘတ်ချုန်း ချွန်းမြောင်ပြောသည်ကို သဘောပေါက်ဟန်နှင့် ခေါင်းငြိမ့်ပြလေသည်။
သူ့ကို ကြည့်ရတာ ဒီပူးပေါင်းတာကို သဘောကျနေတဲ့ပုံပဲ...
ဘတ်ချုန်း ချွန်းမြောင်၏သဘောထားကို နားလည်သွားသော်လည်း လုံးလုံးတော့ လက်ခံသေးသည် မဟုတ်ပေ။ ချွန်းမြောင်သည်က သူအယုံကြည်ရဆုံးသောလူဖြစ်သကဲ့သို့ မယုံရဲဆုံးသောသူလည်း ဖြစ်လေသည်။
"ဒီပူးပေါင်းမှုကနေ ငါတို့ဘာမှတော့ မဆုံးရှုံးနိုင်ဘူးမို့လား"
ချွန်းမြောင် ဘတ်ချုန်းကို ကြည့်လိုက်လေသည်။
"နည်းပြ"
"အင်း"
"ပူးပေါင်းမှုတစ်ခုကနေ ဘာတွေများဆုံးရှုံးနိုင်တယ်လို့ ထင်နေလို့လဲ"
"ဟွာဆန်းဂိုဏ်းက ဂိုဏ်းတစ်ခုဆိုပြီး တအားဂုဏ်ဆာနေတာလား...ဟွာဆန်းဆိုတာ မနေ့တစ်နေ့ကမှ ချီးတွင်းထဲက ရုန်းထွက်လာရတဲ့ဂိုဏ်း...ကျွန်တော်တို့ဂိုဏ်းမှာ မက်လောက်စရာဘာမှ ရှိမနေဘူး.."
"ဟွန့်"
ချွန်းမြောင်၏ စကားကြောင့် အရှိုက်ထိသွားပြီး ဘတ်ချုန်း နှာမှုတ်လိုက်လေသည်။ ဟွာဆန်းသည် ယခင်ကလောက် ပျက်စီးနေပြီ မဟုတ်သော်လည်း အတိတ်ကနှင့် နှိုင်းယှဉ်လျှင်ပင် စလုံးရေစ အဆင့်မှာပင် ရှိနေပြီး ဂိုဏ်းအနေနှင့် လက်ဆုပ်လက်ကိုင်ပြစရာ အောင်မြင်မှုမယ်မယ်ရရလည်း မရှိသေးပေ။ တစ်ခွန်းတည်း ပြောရလျှင်မူ မက်လောက်စရာ တစ်ကွက်မှမရှိ ဟူသော အခြေအနေပင်။
ဘတ်ချုန်း အတွေးများနေပြီးမှ ဆုံးဖြတ်ချက်ချကာ ခေါင်းငြိမ့်လိုက်လေသည်။
"ဒီလိုဆိုလည်း ပူးပေါင်းတာကိုပဲ ဆက်လုပ်ကြတာပေါ့"
"ဆရာတူအကိုကြီး"
"ဒါက အဆင်ပြေပါ့မလား"
ယွန်းဂျွန်နှင့် ယုရီဆိုးက ဘတ်ချုန်း၏ အတည်ပြုလိုက်မှုကြောင့် အသံထွက်လာကြလေသည်။ ဘတ်ချုန်းက ဆုံးဖြတ်ချက်ခိုင်မာသွားဟန်ရလေသည်။
"စိတ်အေးအေးထားကြပါ..စောနက ငါ အစစ်ဆေးထူသွားတာက ပူးပေါင်းမှုတစ်ခုက ရုတ်တရက်ကြီးဖြသ်လာလို့ ပြာတောက်သွားတဲ့သဘောပါပဲ..ပြောရမယ်ဆိုရင်တော့ ဒါက သတင်းကောင်းပါပဲ."
"ဟမ်"
"ဟုတ်ရဲ့လား..ဒါပေမယ့်"
"ဒီဆုံးဖြတ်ချက်ကြီးကို အကြီးအကဲတွေကို မတိုင်ပင်ဘဲ ကျွန်တော်တို့ဘာသာပဲ ဆုံးဖြတ်လို့ ရနိုင်ပါ့မလား"
"ဒါအတွက်လည်း ငါတွေးထားပြီးသား...အခုအချိန်မှာ အချိန်က အရမ်းအရေးကြီးနေတယ်..ငါတို့ တွေဝေလွန်းပြီး အချိန်တအားဆွဲနေရင် ပူးပေါင်းတာကြီးက အဆင်မပြေဖြစ်သွားလိမ့်မယ်"
"ဂိုဏ်းချုပ်ကလည်း လုပ်ပိုင်ခွင့်ပေးထားတယ်ဆိုတော့ ငါတို့ အခုပဲ ပူးပေါင်းမှုအကြောင်းအရာပါ စာချုပ်ကိုရေးပြီးတော့ ဟွာဆန်းကို ပို့သင့်နေပြီ..ငါတို့ရေးလို့ပြီးရင် ချွန်းမြောင်က တစ်ချက်ပြန်ကြည့်လိုက်"
"ဒါက တကယ်အဆင်ပြေပါ့မလား"
"ငါ အကုန်လုံး တာဝန်ယူမယ်လို့ ပြောနေတယ်လေ"
ယွန်းဂျွန်က ဘတ်ချုန်း၏စကားကြောင့် နားလည်ကြောင်း ခေါင်းငြိမ့်ပြလေသည်။
"ဟုတ်ကဲ့..သိပါပြီ..နည်းပြ"
ဘတ်ချုန်း ချွန်းမြောင်ကို တစ်ချက်လှမ်းကြည့်လိုက်လေသည်။
ဒီခွေးလေးကတော့ တကယ့်ကို တစ်ခုခုပဲ
ဘတ်ချုန်း ချွန်းမြောင်ကိုကြည့်ကာ ပြုံးလိုက်လေသည်။
အင်း...တကယ်လို့ ပူးပေါင်းမှုစာချုပ်က ပြဿနာတစ်ခုခုရှိနေရင်တောင် အကြီးအကဲ ဟွမ်းယုန်က ဖြေရှင်းနိုင်မှာပါ..
ချွန်းမြောင် တစ်ခုခုလုပ်လာတိုင်းလည်း သူက ကူပြောပေးနေကြပဲဆိုတော့ ဒီတစ်ခေါက်လည်း အဆင်ပြေသွားလောက်ပါတယ်..
"ဒါဆို ထန်မိသားစုကိစ္စတွေက ပြီးသွားပြီမို့လား"
"အင်း..အခု ကျွန်တော်တို့ ယန်နန်ကို သွားဖို့ပဲ လိုတော့တယ်"
ချွန်းမြောင်က ဂျိုဂုကို ကြည့်ကာမေးလိုက်လေသည်။
"ဆရာတူအကိုကြီး..ယန်နန်ကို သွားဖို့ပြင်ဆင်တာက ပြီးပြီးလား"
"..."
ချွန်းမြောင် မေးလိုက်သည်နှင့် ဂျိုဂု၏မျက်နှာက ချက်ချင်းပြောင်းလဲသွားလေသည်။
"ချွန်းမြောင်...အဲ့တာကလေ"
"အင်း...ဘာဖြစ်တာလဲ..သူတို့ သွားနှင့်ကြပြီတဲ့လား"
ဂျိုဂု၏နဖူးမှ ချွေးစေးများပင် ထွက်လာလေသည်။
"မ..မဟုတ်ပါဘူး"
"ဒါဆို"
"ဘယ်သူမှလည်း မသွားကြဘူး"
"ဘယ်လို ..ပြီးခဲ့တဲ့အခေါက်တုန်းက ယန်နန်ကိုသွားတဲ့အဖွဲ့နဲ့ လိုက်သွားဖို့ ကျွန်တော်တို့ကို ပြောခဲ့တာ မဟုတ်ဘူးလား"
"အဲ့တာက ငါ့အဖေက ငါတို့ကို ချန်ဒူကနေ ထွက်သွားအောင်လို့ လိမ်ခဲ့တာ"
"သူက ကုန်သည်တွေကို ငါတို့ကို စိတ်ကျေနပ်အောင် တောင်ထိပ်ထိခေါ်သွားပြီး ပြန်ဆင်းခဲ့ဖို့ မှာထားတာ"
"အယောင်ပြခိုင်းတာပေါ့"
"အ.အင်း"
ဂျိုဂု တုန်တုန်လှုပ်လှုပ်နှင့်ပင် ချွန်းမြောင်ကို ကြည့်လိုက်လေသည်။ အလိမ်ခံရသည်ကို သိပါက ချွန်းမြောင်က သေလောက်အောင် ဆဲရေးမည်ကိုလည်း သိ၍ အဆဲခံရန်လည်း ပြင်ဆင်ထားလိုက်လေသည်။သို့သော် ဂျိုဂုမျှော်မှန်းထားသည်နှင့် တခြားစီပင် တုန့်ပြန်လာလေသည်။
"တကယ့်ကုန်သည်စစ်စစ်ပဲ...ပြဿာနာကို ဘယ်လိုလိမ်ပြီး ရှောင်ရမလဲဆိုတာ ကောင်းကောင်းသိတယ်"
"..."
ဒါက ဘာတုန်း..
ချီးကျူးတာလား..အပြစ်ပြောနေတာလား..
"ထားပါလေ...ဖခင်ဆိုတော့လည်း သားကိုစိတ်ပူပြီး လုပ်မိလုပ်ရာ လုပ်တာပေါ့...တခြားယန်နန်ကို သွားတဲ့အဖွဲ့ရော မရှိတော့ဘူးလား"
"မဟုတ်ဘူး...ရှိတယ်...ယန်နန်ကို သွားတာက ကိစ္စကြီးဆိုတော့ ကန့်သတ်ချက်တွေလည်း ရှိတယ်..ယန်နန်သွားဖို့ ပြင်ဆင်ရင် အနည်းဆုံးတစ်လလောက်တော့ ကြာတယ်လို့ပြောကြတယ်...အုပ်စုတောင့်တောင့် ဖွဲ့ပြီးမှသွားကြတယ်ဆိုလားပဲ"
"အဲ့ထက်မြန်အောင် လုပ်လို့မရတော့ဘူးလား"
"ဘယ်လိုလုပ်လုပ် အဲ့ထက်တော့ မမြန်နိုင်ဘူးလို့ ပြောကြတာပဲ"
"အင်း..ဒါဆိုရင်တော့ တော်တော်လေးကြာတော့မှာပဲ…"
ချွန်းမြောင် ခေါင်းကုတ်ကာ အကြံထုတ်လေတော့သည်။ တစ်လမျှ ဤနေရာတွင် သောင်တင်နေသည်က ထန်မိသားစုအတွက်လည်း အနေခက်သကဲ့သို့ ဟွာဆန်းမှ သူတို့အား စောင့်နေရသော အကြီးအကဲများအတွက်လည်း အဆင်မပြေပေ။ သူတို့ ဟွာဆန်းသို့ ပြန်မရောက်မချင်း အကြီးအကဲများက ရင်တမမနှင့် စောင့်နေရမည်ဖြစ်သည်မို့ ချွန်းမြောင် နည်းလမ်းရှာရပေတော့မည်။ ဘတ်ချုန်းသည်လည်း ချွန်းမြောင်နည်းတူ အကြပ်ရိုက်နေရှာလေသည်။
"ငါတို့ တခြားအဖွဲ့နဲ့သွားရင်ရော မရဘူးလား"
"မလွယ်လောက်ဘူး...ယန်နန်ကို လူဝင်ခွင့်က ကန့်သတ်ထားတယ်...ကုန်သည်တွေရဲ့ ပြောရေးဆိုခွင့် ရှိသူပါမှ လွတ်ပေးတာလို့ပြောပြီး တစ်ခုခုမှားသွားရင်လည်း ယန်နန်နဲ့တသက်တာကုန်သွယ်ခွင့်က ပိတ်သိမ်းသွားမှာ"
"အင်း...သိပြီ"
ကုန်သွယ်ခွင့်ပါ ပိတ်သိမ်းမည်ဆိုသောကြောင့် ဂျိုဖြောက်အား အပူကပ်ရန် အဆင်မပြေတော့ဟု ချွန်းမြောင် တွေးမိလေသည်။
"ဒါဆို ဘယ်လိုလုပ်ကြမလဲ"
"ကြည့်ရတာတော့ ကျွန်တော်တို့လုပ်နိုင်တာ ဘာမှမရှိဘူးထင်တာပဲ"
လူတိုင်းက ချွန်းမြောင်ကို လှမ်းကာကြည့်လာလေသည်။
"မင်း ဘာပြောချင်တာလဲ"
"အားလုံးပဲ...မစိုးရိမ်ကြပါနဲ့..ဒါအတွက် ကျွန်တော်တို့ စိတ်ပူနေစရာ မလိုပါဘူး"
"ဟမ်"
ချွန်းမြောင်က ကျေနပ်သောအပြုံးကြီးပြုံးပြီး ပြောလာလေသည်။
"ဒါက မိတ်ဆွေအချင်းချင်း ကူညီရမယ့်အချိန်ရောက်လာပြီ မဟုတ်လား"
"ဟေ.."
အားလုံးက ချွန်းမြောင်အား နားမလည်နိုင်သော အကြည့်များနှင့် ကြည့်လာကြလေသည်။
ဘမ်း...
တံခါးက ကျယ်ကျယ်လောင်လောင်ပင် အသံမြည်ကာ ပွင့်သွားလေသည်။ ထန်ဂန်းက သူ၏ရုံးခန်းထဲတွင် ရှိနေသည်ဖြစ်ပြီး သူတို့ထန်မိသားစုတွင် တံခါးကို ထိုမျှကြမ်းကြမ်းတမ်းတမ်း ဖွင့်တတ်သူရှိလေသလားဟု တွေးမိလေသည်။ ဝင်ခွင့်ပင် မတောင်းဘဲ ကန်ဖွင့်ကာ ဝင်လာခြင်းပင်။
ဝင်လာသူက လူမမြင်ရခင် အသံအရင်ထွက်လာလေသည်။
"ကျွန်တော့်မှာ နောက်ထပ်တောင်းဆိုစရာ တစ်ခုရှိတယ်"
"..ဘာ..တောင်း..""
"တောင်းဆိုစရာ ဆိုတာထက် မေတ္တာရပ်ခံအကူအညီတာင်းစရာ ရှိတယ်လို့ပြောရင် ပိုမှန်မယ်ထင်တယ်..ကျေးဇူးပြုပြီးတော့ ယန်နန်ကို သွားလို့ရမယ့် နည်းလမ်းလေး ရှာပေးပါဦး"
"..."
"အချိန်လည်း မရှိတော့လို့ မြန်မြန်လေး ရှာပေးနော်"
ထန်ဂန်း က ကျေးဇူးပြု၍ဟူသော စကားလုံးပါ၍သာ အကူအညီတောင်းသည်ဟု ထင်ရသော စကားများကိုပြောနေသည့် ချွန်းမြောင်ကို သေချာကြည့်လိုက်လေသည်။
ဒီလိုအထက်စီးကနေ အကူအညီတောင်းတဲ့ကောင်မျိုး တွေ့ဖူးကြလား...
"ယန်နန်တင်ဆို ရပြီလား"
"မဟုတ်ဘူး...နန်မန်သားရဲ နန်းတော်ထိ"
"…"
ချွန်းမြောင်က ထန်ဂန်းအား ပြုံးပြကာ ပြောလာလေသည်။
"ကျွန်တော်ကြားဖူးတာတော့ ယန်နန်ကို သွားရတာက မလွယ်ဘူးတဲ့...ဒါပေမယ့်လည်း ထန်မိသားစုအတွက်ဆိုရင်တော့ ဒါကခက်ခဲမယ် မထင်ပါဘူး..."
"..."
"ဟုတ်တယ်မို့လား...ကျွန်တော်တို့ သွားလို့ရအောင် စီစဉ်ပေးနိုင်တယ်မို့လား"
"ငါကလား"
"အင်းလေ"
"ငါ့ကိုသာ တစ်ခါတည်း သတ်သွားလိုက်ပါလား..အဲ့တာက ပိုလွယ်မယ်ထင်တယ်"
ထန်ဂန်း တကယ်ပင် စိတ်ညစ်သွားလေတော့သည်။ သူ့ဘဝတစ်သက်တာတွင် ထန်မိသားစုခေါင်းဆောင်နေရာကို ဆက်ခံမိ၍ နောင်တရသည်ကို ယခုမှသာ ခံစားဖူးလေတော့သည်။
ယနေ့ ထန်ဂန်း ကံမကောင်းပါ။
အပိုင်း (၂၀၃)
ဒါကတော့ ကျွန်တော့်စိတ်ကူးလို့ပဲ ဆိုပါတော့ (၂)
“ခေါင်းဆောင်ကြီးက ဘာတွေများတွေးနေတာလဲ”
စားပွဲဝိုင်း၏ ထိပ်ဆုံးတွင်ထိုင်နေသော ထန်ဂန်းက ထိုစကားကြောင့် မျက်နှာမဲသွားလေသည်။
ဒီလူအိုကြီးကတော့…
ထန်မိသားစုက သွေးရင်းမိသားစုများ ဖွဲ့စည်းထားသောဂိုဏ်းတစ်ဂိုဏ်းဟု ပြောလျှင်လည်း မှားမည်မဟုတ်ပေ။ မိသားစုဝင် ဆွေမျိုးများနှင့်သာဖွဲ့စည်းထားသောဂိုဏ်းကြီးဖြစ်သောကြောင့် တခြားသောဂိုဏ်းများနှင့်ယှဉ်လျှင် ပို၍ စည်းလုံးမှုရှိသည်ဟုလည်း ပြောနိုင်လေသည်။ သို့သော်လည်း မိသားစုဝင်များသာ ဖွဲ့စည်းထားသည့်အတွက် ကောင်းကျိုးချည်းသာ ရှိနေသည်တော့ မဟုတ်ပေ။ မိသားစုတွင်း တိုက်ပွဲများလည်း ရှိပေသေးသည်။ ရှင်းရှင်းပြောရလျှင်မူ အာဏာလုမှုများဟု ဆိုရမလားပင်။
သာမန်ဂိုဏ်းများတွင်မူ ဂိုဏ်းချုပ်သည်သာလျှင် တစ်ဦးတည်းအာဏာပိုင်စိုးသူဖြစ်ပြီး အခြားသောအကြီးအကဲများက အကြံပေးရုံမှအပ ဆုံးဖြတ်ချက်ချပိုင်ခွင့် မရှိပေ။ မည်သို့ပင် အယူအဆမတူကြစေကာမူ ဂိုဏ်းချုပ်၏ဆုံးဖြတ်ချက်ကသာ အတည်ဖြစ်လေသည်။ ထန်မိသားစုတွင်မူ အားလုံးက ဆွေမျိုးသားချင်းများဖြစ်ကြပြီး ခေါင်းဆောင်ဖြစ်သူကလည်း ဆွေမျိုးတစ်ယောက်ပေမို့ တခြားသောအကြီးအကဲများတွင်လည်း အာဏာမျှတစွာရှိလေသည်။ တစ်ဦးတည်းဆုံးဖြတ်ခွင့်ဆိုသည်ထက် အားလုံး၏သဘောတူညီမှုကလည်း တော်တော်လေးအရေးပါအရာရောက်လေသည်။
“ဟွာဆန်းနဲ့ ပူးပေါင်းတာ ဟုတ်လား…ဝူတန်လည်း မဟုတ် တောင်ဘက်အစွန်အဖျားဂိုဏ်းလည်း မဟုတ်ဘဲ ဟွာဆန်းပေါ့…မင်း ဘယ်လိုတွေများ တွေးနေတာလဲ”
အကြီးအကဲများ၏ တစ်ယောက်တစ်ပေါက် ပြောဆိုနေမှုများကြောင့် ထန်ဂန်းခေါင်းကိုက်သွားလေသည်။
အားလုံးက ထန်ဂန်း၏ဆုံးဖြတ်ချက်ကို လက်မခံနိုင်ဟန်နှင့် ပြောဆိုနေကြပြီး ထန်ဂန်းအော်မထုတ်မိခင်မှာပင် အေးဆေးသောအသံတစ်သံက အရင်ထွက်လာလေသည်။
“အားလုံးပဲ စိတ်အေးအေးထားပြီးတော့ ခေါင်းဆောင်ကြီးပြောတာကို အရင်နားထောင်ကြပါ..”
“ဒါပေမယ့်..”
‘”မင်းတို့ကို ငါပြောနေတယ်မို့လား”
ထန်ဝူးဟု အမည်ရသော အကြီးအကဲဖြစ်သူက အခြားသောအကြီးအကဲများကို မာန်မဲလိုက်ပြီး ထန်ဂန်ကို ကြည့်လာလေသည်.
“ခေါင်းဆောင်ကြီး …အခု ပြောလို့ရပါပြီ..ဘာလို့ ဟွာဆန်းကို ရွေးချယ်လိုက်လဲဆိုတာကိုပေါ့”
ထန်ဝူ၏အသံထဲတွင် လှောင်ပြောင်ခြိမ်းခြောက်လိုရိပ်များက ယက်သိုင်းနေလေပြီး ထန်ဂန်းကို တစ်မျိုးတစ်မည် အကြပ်တည်းထဲသို့ တွန်းပို့နေသယောင်ပင်.
“ဟွာဆန်းက ကျွန်တော်တို့နဲ့ ပူးပေါင်းဖို့ ထိုက်တန်ပါတယ်”
“ဟုတ်လား..ထူးဆန်းလိုက်တာနော်”
ထန်ဝူးက ထန်ဂန်းကို ကြည့်ကာ ပြောလာလေသည်.
“ခေါင်းဆောင်ကြီးရဲ့ မျက်လုံးတွေသာ ကောင်းသေးတယ်ဆိုရင် ဒီလိုတွေးမယ်မြင်မယ်လို့တော့ ကျုပ်မထင်ပါဘူး…ကျုပ် သိရသလောက်တော့ ဟွာဆန်းက အရင်တုန်းကလို အခြေအနေမျိုးကို ပြန်ရောက်နေတာလည်း မဟုတ်သေးဘူးမို့လား..ဒါမှမဟုတ်”
“ထန်မိသားစုကပဲ ဒါတွေကို မသိနိုင်တော့တဲ့အထိ အင်အားနည်းသွားတော့တာလား”
ထန်ဝူးက တမင်သက်သက်ပင် ထန်ဂန်းကို ထိုးချနေသည်က အသိသာကြီးပင်.
“
"ကျွန်တော် ထပ်ပြောမယ်..ဟွာဆန်းက အလားအလာအများကြီးရှိတာကို ကျွန်တော်မြင်ခဲ့တယ်"
ထန်ဂန်းက သူ၏ယုံကြည်ချက်ကို ရဲရဲကြီးပင် ပြောချလိုက်လေသည်။ လူနှစ်ဦးသားက အကြည့်ချင်းစစ်တိုက်နေကြပြီး တစ်ဦးကမူ ထန်မိသားစု၏ ခေါင်းဆောင်ဖြစ်ကာ တစ်ဦးကမူ ထန်မိသားစု၏ အကြီးအကဲများကို ကိုယ်စားပြုသူ ဖြစ်လေသည်။
"ဟွာဆန်း ကံကောင်းသွားတာပေါ့"
"..."
"ငါကြားတာတော့ ထန်ပယ် ဆက်ခံသူရာထူးက ပယ်ချခံလိုက်ရတယ်လို့ ကြားမိတယ်"
ထန်ဝူးဆီမှ ထိုအကြောင်းအရာ ထွက်လာမည်မထင်၍ ထန်ဂန်း အံဩသွားသော်လည်း ခေါင်းငြိမ့်ပြလိုက်လေသည်။
"မင်းကိုယ်တိုင် ဆုံးဖြတ်လိုက်တာလား..မင်းစိတ်တိုင်းကျလေ"
ထန်ဂန်းက ထန်ဝူး၏ မေးခွန်းကိုမဖြေဘဲ ခဏမျှ ကြည့်နေပြီးမှ ခေါင်းငြိမ့်ပြလိုက်လေသည်။
"ဟုတ်ပါတယ်"
"ဒါဆို မင်းက မင်းတစ်ယောက်ထဲရဲ့ ဆုံးဖြတ်ချက်နဲ့လုပ်လိုက်တာပေါ့"
"ဒါဆို ကျွန်တော်အခု ထန်ပယ်ကို ဆက်ခံသူနေရာကို ပြန်ထားပေးရမလား..အဲ့လိုဆို အဆင်ပြေသွားမှာလား"
ထန်ဂန်း၏ အငေါ့တူးစကားကြောင့် ထန်ဝူးကာပြုံးလိုက်လေသည်။
"ခေါင်းဆောင်ကြီး..ကျုပ်တို့ အခုပြောနေကြတဲ့စကားတွေက မိသားစုအတွက် စိုးရိမ်ပြီးတော့ ရင်ထဲကထွက်လာကြတဲ့စကားတွေပါ...မင်းကို ခက်ခဲပါစေဆိုတဲ့ အတွေးနဲ့ ပြဿနာရှာနေကြတာ မဟုတ်ပါဘူး"
ထန်ဂန်း နှုတ်ခမ်းကို ကြိတ်ကာကိုက်လိုက်လေသည်။
အာဏားရူး အဖိုးကြီးတွေကတော့ အကုန်တစ်ပုံစံထဲပဲ..
မိသားစုတွင်း အကြီးအကဲများက တစ်ဦးချင်း၏အာဏာသည် ခေါင်းဆောင်ဖြစ်သူ၏ အာဏာနှင့်ယှဉ်လျှင် ဖွဲနှင့်ဆန်ကွဲပင် ဖြစ်သည်ကို သိထားလေသောကြောင့် အချင်းချင်း လက်ဝါးရိုက်ပူးပေါင်းကာ အင်အားစုစည်းပြီး ခေါင်းဆောင်ဖြစ်သူ၏ အာဏာနှင့် တန်းညှိထားခြင်းပင်။ ထိုသို့ဦးစီးဦးဆောင်လုပ်နေသူက ဦးလေးအရင်းခေါက်ခေါက်ဖြစ်နေ၍ ထန်ဂန်း အပြစ်မပြောနိုင်တော့ပေ။
"အရင်ဦးဆုံး...ထန်ပယ်က ဘာကြောင့်ဆက်ခံသူရာထူးကနေ ထုတ်ပယ်ခံလိုက်ရသလဲဆိုတာ သိချင်ပါတယ်"
"သူနဲ့ မသင့်တော်လို့ပါ.."
"မသင့်တော်ဘူး..ဟုတ်လား"
"ဟုတ်ပါတယ်"
ထန်ဂန်းက ချက်ချင်းပင် အဖြေပေးလာလေသည်။
"သူက ခေါင်းဆောင်တစ်ယောက်ဖြစ်လာပြီး အနာဂတ်မှာ ထန်မိသားစုကို ဦးဆောင်ဖို့ မသင့်တော်သေးပါဘူးဒါကြောင့်လည်း ရာထူးကနေ ပယ်ချလိုက်တာပါ..ဒီဆုံးဖြတ်ချက်က သူ့ကိုလည်း အများကြီး တိုးတက်စေလာမှာပါ"
"ဒါဆို နောက်ထပ်ဘယ်သူ့ကိုများ ဆက်ခံသူနေရာမှာ ထားဖို့စဉ်းစားထားလဲ"
"သူ့ရဲ့ညီတွေထဲတစ်ယောက်ယောက်ကိုပေါ့"
ထန်ဂန်း၏အဖြေကြောင့် ထန်ဝူးမျက်မှောင်ကြုတ်သွားလေသည်။
ဒီလောဘကြီးတဲ့ ခွေးသားကတော့..
ထန်ဝူးသည်လည်း အတိတ်က ဆက်ခံသူတစ်ယောက်ဖြစ်ခဲ့လေပြီး ဖခင်ဖြစ်သူက သူ့အားရာထူးမှ ပယ်ချကာ ညီဖြစ်သူကို ဆက်ခံသူရာထူးပေးအပ်ခဲ့ခြင်းပင်။ သူ၏ညီဖြစ်သူက ထန်ဂန်း၏ဖခင်ဖြစ်လေပြီး ညီဖြစ်သူလက်ထက်မှစ၍ ဆက်ခံသူရာထူးက ပြောင်းလဲသွားခြင်းပင်။ ပြောရလျှင်ပင် ခေါင်းဆောင်ကြီးရာထူးက သူ၏နေရာပင်။ သူ့အတွက်သာလျှင် ဖြစ်သင့်ပေသည်။
"ထန်ပယ်ရဲ့စွမ်းရည်တွေက ခေါင်းဆောင်ဖြစ်ဖို့ မလုံလောက်သေးဘူးပေါ့"
"သူက လိုအပ်တာတွေ ရှိနေပါသေးတယ်"
"သူက"
"ဟုတ်ပါတယ်...အရင်တုန်းကတော့ ထန်ပယ်ကို ဆက်ခံသူရာထူးနဲ့ ထိုက်တန်မတန်ဆိုတာကို မဆွေးနွေးခဲ့ဖူးပါဘူး...ဒါပေမယ့် "
ထန်ဂန်းက သားဖြစ်သူ၏ မထိုက်တန်မှုကို ကိုယ်တိုင်ဖွင့်ဟနေရသည်မို့ ရင်နာစွာဖြင့်ပင် နှုတ်ခမ်းကိုက်လိုက်လေသည်။
"သူ့မှာ လိုအပ်ချက်တွေရှိတာကို ကျွန်တော်ကိုယ်တိုင် မြင်လိုက်ရပြီမို့ အခုလိုဆုံးဖြတ်လိုက်တာပါ..သူက နည်းနည်းလေးတောင် မယှည်နိုင်သေးတဲ့ အနေအထားမို့ပါ"
"မင်း ဟွာဆန်းရဲ့နတ်ဘုရားနဂါးအကြောင်းကိုပြောချင်တာလား"
"ဟုတ်ပါတယ်"
ထန်ဂန်း၏ ထောက်ခံမှုကြောင့် ထန်ဝူးမျက်လုံးများက အရောင်တလက်လက်ပင်။
"ဒါဆို မင်းပြောချင်တာက စွမ်းရည်က အရေးကြီးတယ်ဆိုတဲ့သဘောလား"
"အတိအကျပါပဲ"
"ဒါဆို "
ထန်ဝူးက သူ၏အကွက်တွင်းသို့ ရောက်လာလေပြီမို့ ပြုံးရွှင်စွာပင် ပြောလာလေသည်။
"ဆက်ခံသူက အရည်အချင်းပြည့်ဝနေရင် ခေါင်းဆောင်ကြီးရဲ့ သားမဟုတ်ရင်ရော အဆင်ပြေမှာလား"
ထန်ဝူး၏ စကားကြောင့် ထန်ဂန်း မျက်မှောင်ကြုတ်သွားလေသည်။ ဤသည်က စကားမှား၍မရသောအခြေအနေမျိုးမှန်း သိလျက်နှင့်ပင် ထိုသို့ပြောလာသည်မို့ ကြည့်ရသည်က တမင်ပင် ပြောပုံရလေသည်။
"ထန်မျိုးရိုး အမည်ခံထားတဲ့သူတွေထဲပဲ အရည်အချင်းပြည့်ဝတဲ့ဘယ်သူမဆို ဆက်ခံသူရာထူးကို ဆက်ခံနိုင်မယ့် သဘောပေါ့"
ထန်ဝူး ပြုံးလိုက်လေသည်။
"ခေါင်းဆောင်ကြီးရဲ့ သဘောထားပြည့်ဝမှုကိုတော့ လေးစားလောက်ပါပေတယ်..ဒီစကားတစ်ခွန်းနဲ့တင် ခေါင်းဆောင်နေရာအတွက် အပိုင်သိမ်းထားချင်တဲ့ လောဘမျိုး ရှိမနေတာကို မြင်နေရတာပဲ"
"တကယ်လို့များ ထန်မိသားစုမှာ ဟွာဆန်းရဲ့နတ်ဘုရားနဂါးကို အနိုင်တိုက်နိုင်တဲ့ လူရှိခဲ့ရင် အဲ့လူက ဆက်ခံသူရာထူးကို ရသွားနိုင်မယ် ဟုတ်တယ်မို့လား"
ထန်ဂန်းက ဝမ်းသာအားရပင် ပြောနေသောထန်ဝူးကို ကြည့်လိုက်လေသည်။
"အဲ့ဒီ ဟွာဆန်းကကလေးက ထန်အိမ်တော်ကို အနိုင်ပိုင်းရုံတင်မကဘူး နောက်ဆို လောကကြီးမှာပါ အကောင်းဆုံးဖြစ်လာနိုင်တယ်လို့ ပြောနေကြတာ ..ကျွန်တော် ကြားမိပါတယ်"
"အဲ့တာကတော့ အမှန်ပါဆို"
"ဒါဆိုရင်တော့ အဆင်သင့်လိုက်သေသပေါ့ဗျာ..ဒီလိုလုပ်ရင် မကောင်းဘူးလား...အဲ့ဒီကလေးနဲ့ ထန်အိမ်တော်က ကလေးတွေကို ဓါးရေးယှည်ပွဲလေး ကျင်းပပေးပြီး ဆက်ခံသူအတွက် သင့်တော်မယ့်သူကို ရွေးချယ်ကြရင် မကောင်းဘူးလား"
ထန်ဝူး၏ စကားကြောင့် ထန်ဂန်းက ဟက်ဟက်ပက်ပက် ရယ်လေတော့သည်။
ယခင်ကမူ ခေါင်းဆောင်တစ်ယောက်၏ ဣန္ဒြေကြောင့် ဟဟပင် မပြုံးဖူးသော်လည်း ယခုမူ အောင့်ပင်မထားနိုင်တော့ချေ။ သည်းသည်းမဲမဲ ရယ်နေလေတော့သည်။
"ခေါင်းဆောင်ကြီး"
ထန်ဝူးကလည်း မိမိ၏စကားကို လှောင်သကဲ့သို့ခံစားလိုက်ရသည်မို့ မကျေမနပ်ဖြစ်သွားလေသည်။
"ကြည့်ရတာ အကြီးအကဲကြီးတို့က အထင်လွဲနေတယ် ထင်တယ်..."
"ကျွန်တော်တို့ ထန်မိသားစုမှာ ဟွာဆန်းရဲ့ နတ်ဘုရားနဂါးကို ယှဉ်နိုင်တဲ့သူ မရှိပါဘူး"
ထန်ဂန်း၏စကားကြောင့် ထန်ဝူးကလှောင်ပြုံးပြုံးလိုက်လေသည်။
"အဟင်း..ခေါင်းဆောင်ကြီးလည်း အဲ့ကလေးကို ရှုံးနိမ့်ခဲ့တယ်လို့တော့ ကြားမိပါတယ်"
"..."
"အဲ့လိုဆိုတိုင်း လူတိုင်းရှုံးမယ်လို့တော့ ပြောလို့မရပါဘူး..ဟွာဆန်းမှာ အရည်အချင်းရှိတဲ့ကလေးတွေ ရှိပါသေးတယ်"
"အကြီးအကဲ ...စကားကို ကွေ့ဝိုက်ပြောမနေပါနဲ့...ဒဲ့ပဲ ပြောလိုက်ပါ"
"ခေါင်းဆောင်ကြီးက ဒီလိုပြောမှတော့ ကျွန်တော်ကလည်း ဒဲ့ပဲပြောပါတော့မယ်..ထန်ဟုတ်ကို အဲ့ဟွာဆန်းက ကလေးနဲ့ ဓါးရေးယှဉ်ခိုင်းလို့ရမလား"
"ထန်ဟုတ်ကိုလား"
"ဟုတ်ပါတယ်...တကယ်လို့ ထန်ဟုတ်ကသာ ဟွာဆန်းက အဲ့ကလေးကို နိုင်ခဲ့ရင် သူက ဆက်ခံသူနေရာကို ရနိုင်မှာ မို့လား"
ထန်ဝူး၏စကားကြောင့် ထန်ဂန်းပြုံးသွားလေတော့သည်။
"ခေါင်းဆောင်ကြီးက ထန်ဟုတ်ကို ဆက်ခံသူနေရာအတွက် မျှော်လင့်ထားတာလား..ပြောတော့ မြေးဖြစ်သူကိုတောင် မျက်နှာသာမပေးဘဲ မျှမျှတတလုပ်နိုင်ပါတယ်ဆို"
"မင်း...ငါ ပြောနေတာက ထန်ဟုတ်ရဲ့ အရည်အချင်းကိုပဲ ပြောနေတာ"
"ထန်ဟုတ် ဟွာဆန်းရဲ့ နတ်ဘုရားနဂါးကို နိုင်မှာမဟုတ်ဘူး"
"ခေါင်းဆောင်ကြီးက ခေါင်းဆောင်ကြီးရဲ့ ထန်မိသားစုကို မယုံကြည်လို့ ဒီလိုတွေးနေတာပါလား"
ထန်ဝူးက ထန်ဂန်းအား စကားလုံးများနှင့် ထိုးနှက်တိုက်ခိုက်နေသည်မို့ ထန်ဂန်းပြိုင်မငြင်းတော့ပေ။
"ဟုတ်ပြီလေ.ပြိုင်ချင်လည်း ပြိုင်တာပေါ့...ဒါပေမယ့်"
ထန်ဂန်း၏ မဲ့ပြုံးတစ်ချက်ပြုံးကာ ဆက်ပြောလာလေသည်။
"အလောင်းအစားဆိုရင်တောင် လောင်းကြေးကတော့ ရှိရသေးတာဆိုတော့ အခုရော တန်ကြေးလေး နည်းနည်းထပ်ထည့်ရင် မကောင်းဘူးလား"
"လောင်းကြေးလား"
"ဒါပေါ့.."
"တကယ်လို့ ထန်ဟုတ်ကသာ ပြိုင်ပွဲမှာနိုင်ခဲ့ရင် သူ့ကို ဆက်ခံသူရာထူးကိုလွဲပေးပြီး လုပ်ပိုင်ခွင့်တွေလည်း ပေးမယ်..အကြီးအကဲကိုလည်း အုပ်ချုပ်ရေးအာဏာအားလုံး လွဲပေးလိုက်မယ်"
"ဟို..တကယ်လား..."
ထန်ဂန်း၏ရက်ရောမှုကြီးကြောင့် ထန်ဝူး မျက်လုံးပြူးသွားလေသည်။
ဤသည်က သူတသက်လုံးမျှော်လင့်ခဲ့သော အရာပင်။
"အဲ့ဒီအစား..တကယ်လို့ ဟွာဆန်းရဲ့နတ်နဂါးကသာ ထန်ဟုတ်ကို နိုင်ခဲ့မယ်ဆိုရင် အကြီးအကဲတွေက ဘယ်တော့မှ ကျွန်တော့်ရဲ့ဆုံးဖြတ်ချက် ကျွန်တော့်ရဲ့လုပ်ပိုင်ခွင့်ကို ဝင်ပြီးမနှောင့်ယှက်ရဘူး.."
"အင်း..."
"ဆိုတော့ အဆင်ပြေသွားပြီမို့လား...အကြီးအကဲကြီးတို့ မျှော်လင့်နေကြတာကလည်း ဒါပဲဆိုတော့"
နှစ်ဦးသဘောတူ အလောင်းအစားဖြစ်မြောက်သွားသည်နှင့် ကျန်အကြီးအကဲများထံမှ တီးတိုးစကားသံများက စလာလေတော့သည်။
"ကြည့်ရတာ သူ့မှာလည်း နိုင်ကွက်ရှိနေတဲ့ပုံပဲ…"
"အမလေး..ကျောချမ်းလိုက်တာ..အလောင်းအစားကြီးက တကယ်ကြီးတာပဲ"
မည်သို့ပင်ဖြစ်စေကာမူ ထန်ဝူးကတော့ ထိုအလောင်းအစားအတွက် ကျေနပ်နေလေသည်။
"ကောင်းတယ်"
"အား..ခေါင်းဆောင်ကြီး ဖြစ်ပါ့မလား"
ထန်ဂန်းကမူ မတုန်မလှုပ်ပင်။
"ဒါဆို နက်ဖြန်ကို ပြိုင်ပွဲအတွက် ကြိုပြီးပြင်ဆင်ထားလိုက်ပ့ါမယ်..အဆင်ပြေရဲ့လား"
"လုံးဝပါပဲ"
"ဒါဆို..."
ထန်ဂန်းက အကြီးအကဲများကို တချက်အရိုအသေပေးလိုက်ပြီး ထွက်လာခဲ့လေသည်။ ထန်ဂန်းထွက်သွားသည်နှင့် ခန်းမထဲတွင် ဆူညံ့သံများက လျှံကျလာလေတော့သည်။
"သူအဆင်ပြေပါ့မလား..ဒါကြီးက"
"သူဘာပြောသွားလဲ..ကြည့်လေ"
"..."
"သူ့ ကြည့်ရတာက ထန်ဟုတ်က ဟွာဆန်းရဲ့နဂါးကို မနိုင်နိုင်ဘူးဆိုတာ သေချာနေသလိုကြီးပဲ"
"ကြည့်ရတာတော့ အပိုင်ကြီးပြောနေတာနော်"
"တော်ကြစမ်း...တုံးအလိုက်တဲ့ လူတွေ"
ထန်ဝူးက တွက်ထိုးနေကြသော အားလုံးကို ငေါက်ငမ်းလိုက်လေသည်။
"အခွင့်အရေးဆိုတာက သူ့ဟာသူခြေထောက်ပေါက်ပြီး ရောက်မလာဘူး...ဖန်တီးယူရတာ..ခေါင်းဆောင်ကြီးဆီကနေ ဒီလိုအခွင့်အရေးမျိုးကို နောက်တစ်ခါပြန်ရမယ်ထင်နေလား...သေတောင်မရနိုင်ဘူး"
"ဟုတ်တော့ဟုတ်ပါတယ်..ဒါပေမယ့်…"
ထန်ဝူး သွေးကြောင်နေကြသူများကို အထင်သေးသယောင် ကြည့်လိုက်လေသည်။
သုံးစားမရတဲ့ ငကြောက်တွေ...
ရင်းထားရသည့် တန်ဖိုးက ကြီးသော်လည်း ပြန်ရမည့်တန်ဖိုးကလည်း မနည်းပေ။ တစ်သက်တွင်တစ်ခါပင် မရနိုင်သော အခွင့်အရေးဖြစ်လေပြီး ထိုအခွင့်အရေးကပင် သူ့မြေးအား ဆက်ခံသူရာထူးကို ရစေလိမ့်မည် ဖြစ်သည်။ သူမရခဲ့သော အခွင့်အရေးအား သူ့မြေးကို ရအောင် ဆောင်ရွက်ရမည်။ ဤပြိုင်ပွဲက သေချာပေါက်ကို နိုင်ရမှဖြစ်မည့်ပွဲပင်။ မနိုင်နိုင်အောင်လည်း ထန်ဝူးက လမ်းခင်းပေးမည်ဖြစ်ပြီး မည်သို့သောအနှောင့်အယှက်မှလည်း အဝင်ခံမည် မဟုတ်ပေ။ သူ၏မြေးဖြစ်သူ သေချာပေါက်ပင် ဆက်ခံသူ ဖြစ်ရပေမည်။
"ဒါပေမယ့် ထန်ဟုတ်က ဟွာဆန်းရဲ့နတ်ဘုရားနဂါးကို အနိုင်တိုက်နိုင်ပါ့မလား...သူကဖြင့် ဘာဘွဲ့ထူးဂုဏ်ထူးမှတောင် ရှိသေးတာ မဟုတ်ဘူးကို...""
"မစိုးရိမ်ပါနဲ့...ထန်မိသားစုခေါင်းဆောင်ကြီးကိုတောင် အနိုင်တိုက်ခဲ့တဲ့သူ့ကို ငါအထင်မသေးပါဘူး...သတိထားရမယ်ဆိုတာ ငါသိပါတယ်"
"ဘယ်လိုပဲဖြစ်ဖြစ် ငါတို့မှာ အသာစီးရနိုင်တာတွေကရှိပါတယ်..ပထမတစ်ချက်က သူနဲ့ခေါင်းဆောင်ကြီးတိုက်တုန်းက သူဒဏ်ရာရထားတာ ရှိတယ်လေ...အဲ့ဒဏ်ရာကလည်း ကောင်းကောင်းပြန်ကောင်းမှာ မဟုတ်သေးဘူး"
"အဲ့တာတော့ ဟုတ်တယ်"
"နောက်တစ်ခုက သူက တိုက်ဖူးတာ ဓါးမြောင်တွေပဲရှိတာ..ငါတို့ ထန်မိသားစုရဲ့ အင်အားစစ်စစ်ဖြစ်တဲ့အရာတွေနဲ့ မတိုက်ဖူးသေးဘူး"
ထန်မိသားစု၏ အင်အားစစ်စစ်ဆိုသည်က အဆိပ်နှင့်အပ်များကို ဆိုလိုခြင်းဖြစ်လေသည်။
"နောက်ဆုံးတော့.."
ထန်ဝူးက အားလုံးကို ကြည့်ကာ ပြောလိုက်လေသည်။
"အနိုင်ရဖို့ဆို လုပ်သင့်တာတွေ အားလုံးကို လုပ်ပြီး အနိုင်ယူရတော့မှာပဲ ...ဟုတ်တယ်မို့လား"
"..."
"ပြိုင်ပွဲမှာ အဲ့ကလေးဘာမှ ထိခိုက်ဒဏ်ရာကြီးကြီးမားမား မရသွားပါစေနဲ့လို့ ငါဆုတောင်းပေးလိုက်ပါတယ်"
အကြီးအကဲများက ထန်ဝူး၏ဆိုလိုရင်းကို နားလည်သွားကြဟန်နှင့် အချင်းချင်းကြည့်ကာ ခေါင်းငြိမ့်လိုက်ကြလေသည်။
မတရားမှု ဆိုသည်က အင်အားနည်းသူပြုလုပ်လျှင်သာ မတရားမှုဖြစ်ပြီး အင်အားကြီးသူပြုလုပ်လျှင်မူ စံနမူနာပုံစံ ဖြစ်သွားလေသည်။ မည်မျှပင် မတရားစေကာမူ အနိုင်ရရန်ကသာ အရေးကြီးနေသည်မို့ အားလုံးက သဘောတူလက်ခံသွားကြလေတော့သည်။
"ဟွာဆန်းရဲ့နတ်ဘုရားနဂါးဆိုတဲ့ ကလေးက ဟွာဆန်းကိုတောင် သူ့ခြေထောက်နဲ့သူ ပြန်နိုင်မယ်လို့တောင် ငါတော့ မထင်တော့ဘူး"
"အားတော့ နာပါရဲ့...သူနဲ့ ငါကြားမှာ ဘာအဆင်မပြေတာမှ မရှိထားပေမယ့် ငါ့လုပ်ရပ်အပေါ်မှာပဲ ထန်မိသားစုရဲ့ အနာဂတ်က မူတည်နေတာဆိုတော့ မတတ်နိုင်ဘဲ ရက်စက်ရတော့မှာပဲ"
ကောက်ကျစ်ယုတ်မာသော အပြုံးကြီးများက ထန်ဝူးတို့ လူတသိုက်မျက်နှာတွင် အသီးသီးပေါ်လာကြလေတော့သည်။
အပိုင်း(၂၀၄)
ဒါကတော့ ကျွန်တော့်စိတ်ကူးပဲ ဆိုပါတော့(၄)
"အဲ့မှာ ခဏရပ်နေဦး"
"မရပ်ဘူး...ဘာလို့ မျော့လိုတွယ်ကပ်နေတာလဲ"
ချွန်းမြောင်က ရှေ့မှပြေးနေလေပြီး ထန်ဆိုဆိုကလည်း နောက်မှတောက်လျောက်လိုက်နေလေ၏။
ထန်ဆိုဆိုသည် အလှအပပစ္စည်း အဆင်တန်ဆာများကို အပြည့်ပင် ဝတ်ဆင်ထားပြီး ရှည်လျားလှသော ဂါဝန်ရှည်ကြီးကို ဝတ်ဆင်ထားသည့် ကြားမှပင် သိုင်းပညာရှင်တစ်ယောက်သဖွယ် တလွှားလွှားပြေးလွှားနေလေသည်။
ဘယ်လိုလုပ်ပြီးတော့များ ဒီလောက်ဂါဝန်ရှည်ကြီးကိုဝတ်ပြီး ပြေးလွှားနိုင်နေရတာလဲ...ချီးပဲ
"ဟဲ့..နင်က တကယ်ကြီးကို ပြေးနေတော့မှာလား..ခဏရပ်ပါဆိုနေမှ"
"..."
"အေး...အခု ဒီမှာအဲ့လိုပြေးနေလို့လည်း လွတ်မယ်မထင်နဲ့နော်..ငါ ဟွာဆန်းအထိ လိုက်လာမှာ"
"ဟင်"
နောက်ဆုံးတွင်မူ ချွန်းမြောင်ကသာ အလျော့ပေးကာ ပြေးနေသည်ကို ရပ်လိုက်ပြီး ထန်ဆိုဆိုကို စောင့်ဆိုင်းလိုက်ရလေသည်။
"နောက်ဆုံးတော့လည်း မပြေးတော့ဘူးပေါ့"
ထန်ဆိုဆိုက မောမောပန်းပန်းနှင့်ပင် ချွန်းမြောင်နားသို့ရောက်လာလေပြီး သူမခါးထဲက ပုလင်းလေးတစ်လုံးကို ထုတ်လိုက်လေသည်။
"ဟမ်"
ပုလင်းတစ်လုံးလား..ဘာပုလင်းတုန်း..ဒါက
ထန်ဆိုဆိုက ပုလင်းတင်မက ခွက်တစ်လုံးကိုပါ ထုတ်လိုက်လေပြီး ပုလင်းကိုငဲ့ကာ လှမ်းပေးလာလေသည်။
"သောက်လိုက်"
"ဒါက ဘာလဲ"
"လန်းဆန်းစေတဲ့ လက်ဖက်ရည်..ပြေးထားတော့ နင်မောနေမှာပဲလေ..ရော့..အေးတာလေး သောက်လိုက်"
ချွန်းမြောင် အံဩသွားလေသည်။
ဘာလား...သူက ပြေးလိုက်နေကြပဲမို့ ဒါမျိုးတွေပါ ဆောင်ထားတော့တာလား...တကယ်ကို ထူးဆန်းတဲ့သူပဲ..
"ရော့...မြန်မြန်သောက်."
"အာ'
ချွန်းမြောင်က ထန်ဆိုဆိုကမ်းပေးနေသောခွက်ကိုယူကာ တစ်ကျိုက်တည်းမော့သောက်ချလိုက်လေသည်။
လက်ဖက်ရည်က အမှန်ကို အေးမြလေပြီး လန်းဆန်းသွားစေသည်။ ချွန်းမြောင်က တမော့တည်းသောက်လိုက်သည်ကို ကြည့်ကာ ထန်ဆိုဆိုက ပြုံးပြီးမေးလာလေသည်။
"လန်းဆန်းသွားတယ်မို့လား"
"အင်း"
"ဒါဆိုလည်း စကားပြောရအောင်...နင်က ဘာလို့ ငါ့မြင်တိုင်း ပြေးနေရတာလဲ..ငါ့ကို မုန်းလို့လား"
"…"
ချွန်းမြောင် ခေါင်းခါပြလိုက်လေသည်။
လူကို မမုန်းပါဘူး...လက်ထပ်ဖို့ ပြောလာမှာကိုပဲ မုန်းတာ...
"ပုံမှန်ဆို မိန်းကလေးတွေက တာအိုကိုယ်တော်တွေနဲ့ လက်ထပ်ရမယ်ဆိုရင် ငိုကြယိုကြနဲ့..မင်းကျမှ ဘာလို့ဒီလောက် တက်ကြွနေတာလဲ"
ချွန်းမြောင်၏ အမေးကို ထန်ဆိုဆိုက မဖြေပေ။ဖြေလိုဟန်လည်း မရှိပေ။
"ငါရုပ်ဆိုးလား"
"မဆိုးပါဘူး.."
"ဒါဆို အကျင့်ကောင်းတယ်လို့ ထင်လား"
"အကျင့်လည်း ဆိုးပုံမရပါဘူး"
"ဒါဆို နင်ကရော ဘာလို့အမြဲထွက်ပြေးနေတာလဲ..လူကချော အကျင့်လည်း ကောင်း မိသားစု နောက်ခံလည်းတောင့်တဲ့ ငါ့လိုမိန်းကလေး နောက်ထပ်ရှိဦးမယ်လို့ ထင်နေတာလား"
ထန်ဆိုဆို အနေနှင့်က အဘက်ဘက်မှ ပြည့်စုံနေသည်မို့ ချွန်းမြောင်၏ခါးခါးသီးသီးဖြစ်နေခြင်းကို အတော်လည်း ရင်ခံနေပုံရလေသည်။
ချီးပဲ..သေသာသေလိုက်ချင်တော့တယ်..
"တစ်ခုလောက် ပြောပါရစေနော်"
"အင်း"
"ကျွန်တော်က အိမ်ထောင်ပြုဖို့အတွေးကို ရှိမနေတာပါ"
"လူတိုင်းက ဒီလိုပဲပြောကြတာပါပဲ..နောက်တော့လည်း စိတ်ပြောင်းသွားကြတာပဲကို"
"ကျွန်တော်က တာအိုကိုယ်တော်တစ်ပါးပါ"
"ဟွာဆန်းဂိုဏ်းက သူတို့ဂိုဏ်းသားတွေကို လက်ထပ်ဖို့ ခွင့်ပြုထားတယ်လို့ ကြားမိပါတယ်နော်"
"အဲ့တာကတော့ ဟုတ်ပါတယ်..ဒါပေမယ့် ကျွန်တော်က အိမ်ထောင်ပြုဖို့ စိတ်ကူးမရှိဘူးလေ"
"ပြီးတော့ ကျွန်တော်တို့ တစ်ယောက်နဲ့တစ်ယောက်လည်း သိကြတာ မဟုတ်ဘူး..ကျွန်တော်က တသက်လုံးလည်း မိန်းမယူမှာမဟုတ်ဘူးဆိုတော့ ဒီမှာလာပြီး အချိန်ဖြုန်းနေမယ့်အစား တခြားအိမ်ထောင်ဖက်ကိုသာ ရှာလိုက်ပါ"
ထန်ဆိုဆိုက ချွန်းမြောင်အား မယုံကြည်သလို ကြည့်လာလေသည်။
"ရှင် လိမ်ပြောနေတာ..ဟုတ်တယ်မို့လား"
"ဟမ်"
"နင်..ဆရာတူအမကြီးအပေါ်မှာ ခံစားချက်တွေ ရှိနေတာ မို့လား"
"ဟမ်...."
"အဲ့တာကြောင့် ငါ့ကိုလက်မခံနိုင်ဘူး ဖြစ်နေတာမို့လား"
သောက်ကျိုးနည်း..
ဒါက ဘယ်လိုဆက်စပ်တွေးခေါ်မှုကြီးလဲ....
"သိသာပါတယ်..သူက အလှလေးကို..ဘယ်လိုလူက သူ့အလှကနေ ရုန်းထွက်နိုင်မှာတဲ့လဲ"
ချွန်းမြောင် သက်ပြင်းရှည်ကြီးကို ချလိုက်လေသည်။
သောက်ကလေးမရယ်..
ငါ့ရဲ့တကယ့်အသက်ကိုရော သိရဲ့လား..
ငါက လူအိုကြီးပါကွာ..
ဘယ်လောက်အလှလေးဖြစ်ဖြစ် ငါ့မြစ်လောက်ပဲရှိမယ့်သူတွေနဲ့တော့ ငါလက်မထပ်ရဲပါဘူး....
အလှအပဆိုတာလည်း မမက်ပါဘူးဟ..
ဒီလူအိုကြီးကို အေးအေးလေးသာ နေခွင့်ပေးစမ်းပါ...
ထန်ဆိုဆိုကမူ သူမ၏စကားများကို ချွန်းမြောင်က မငြင်းဆန်သည်မို့ ပြောသည်များက အမှန်ဟု ယူဆကာ ဒေါသထွက်လာလေတော့သည်။
"ငါပြောတာ မှန်တယ်မို့လား"
"စကားမပြောနဲ့"
"ငါက တကယ်ကို အိမ်ထောင်ပြုဖို့ စိတ်ကူးမရှိတာပါ...အဲ့တာကြောင့် တခြားသူကိုသာ ရှာလိုက်ပါလားလို့"
"နင် အဲ့လိုပြောရုံနဲ့ ငါကလက်လျော့သွားမယ်လို့ ထင်နေတာလား"
"ငါလည်း သာမန်မဟုတ်ပါဘူးနော်...ငါ့အလှတရားတွေကို ငါပြပြမယ်"
"မဟုတ်ပါဘူးဆို"
"ငါက မင်းထက်အသက်ကြီးတယ်"
ထန်ဆိုဆိုက ချွန်းမြောင်ကို ကြည့်လာလေသည်။
သူက အခုထိ လက်မလျော့သေးဘူးလား မသိဘူး..
နားပူလို့ လူသတ်မှုဖြစ်တယ်ဆိုတာမျိုး ရှိလားမသိဘူးနော်..
အကြောင်းပြချက် လက်မခံနိုင်စရာတော့ မရှိပါဘူး..
သောက်ရူး...ဒါလေးနဲ့ကို လူသတ်ဖို့ တွေးနေတယ်ပေါ့..
"အား..မဖြစ်ဘူး...မဖြစ်ဘူး...လုပ်လို့မဖြစ်ဘူး"
"ဘာကိုလဲ"
"ဘာမှ မဟုတ်ဘူး"
ချွန်းမြောင် လက်ခါကာ ငြင်းလိုက်လေသည်။
"ဘယ်လိုပဲဖြစ်ဖြစ် ငါကတော့.."
"နေဦး..နင်ဘာမှမပြောနဲ့ဦး...ထပ်လည်း ထွက်ပြေးဖို့မစဉ်းစားနဲ့..ဒီနေ့တစ်ရက်ကို ငါတို့တူတူ ကုန်ဆုံးမယ်..ချန်ဒူကို သွားမယ် ..လက်ဖက်ရည်တူတူသောက်မယ်..နေဝင်ချိန်ကို တူတူကြည့်ကြမယ် ..ဒါဆို ငါတို့တစ်ယောက်ကိုတစ်ယောက် ပိုပြီးတော့ ခံစားချက်တွေ ရှိရင်ရှိလာမှာပေါ့"
သောက်ကျိုးနည်း...မသွားချင်ပါဘူးဆိုမှ..
ငါမသွားချင်ဘူးလို့...ဝူးဝူး
"မမ"
"ဟင်"
ထန်ဆိုဆိုက ခေါ်သံကြောင့် နောက်လှည့်ကြည့်လိုက်လေတော့ သူတို့ဆီသို့ လျောက်လာနေသော ထန်ဇန်ကို တွေ့လေသည်။
"ခေါင်းဆောင်ကြီးက ဂိုဏ်းသားချွန်းမြောင်ကို ရှာနေတယ်"
"ဘာလုပ်ဖို့လဲ"
"မသိဘူးလေ..ကြည့်ရတာတော့ အရေးကြီးတယ် ထင်တာပဲ"
"ဟွန့်"
ထန်ဆိုဆို အလိုမကျဖြစ်သွားလေသည်။ ချွန်းမြောင်အား ခက်ခက်ခဲခဲပင် ဖမ်းထားရသည် မဟုတ်ပါလား
။ထန်ဆိုဆို မကျေမနပ်ဖြစ်ကာ ချွန်းမြောင်ကိုလှည့်မေးလာလေသည်။
"တကယ်ကြီး အရေးကြီးတာလား"
"ခေါင်းဆောင်ကြီးဆီ မင်းကိုယ်တိုင်သွားပြီး မေးကြည့်လိုက်လေ"
"ဟူး..ကောင်းပြီလေ..ဇန်လေး"
"ဟုတ်မမ"
"နင် ဂိုဏ်းသားချွန်းမြောင်ကို ခေါ်သွားပြီး အဖေ့ဆီကိုပို့လိုက်.ပြီးပြီဆိုရင် သူ့ကိုသေချာပြန်ခေါ်ပြီး ငါ့ဆီလာပို့လိုက်"
"...""
"ကြားလား"
"ဟုတ်"
ထန်ဆိုဆိုက သေချာစေရန် မောင်ဖြစ်သူအား ထပ်ကာမှာကြားလိုက်လေသေးသည်။
"လမ်းမှာ ဟိုဟိုဒီဒီ မဝင်စေနဲ့နော်..အဖေ့ဆီပဲ တန်းခေါ်သွား"
"..."
ချွန်းမြောင် ထန်ဆိုဆိုအား ပြိုင်ကာမပြောချင်တော့သောကြောင့် ထန်ဇန်နောက်သို့သာ လိုက်သွားလေတော့သည်
"ဒါက မလွယ်ဘူးမို့လား"
"…စောင့်ကြည့်ခံနေရတာကလေ"
"ဟမ်"
"ကြည့်ရတာ ထန်မိသားစုထဲမှာ အမှန်ကိုမြင်တတ်တဲ့သူ မရှိဘူးလား မသိဘူး"
"..."
ချွန်းမြောင်၏ဆူပုတ်ပုတ်နှင့် ပြောလာသောစကားကို ထန်ဇန် မတုံ့ပြန်ဖြစ်ပေ။ သူလည်း ထိုသို့ခံစားမိသောကြောင့်ပင်။
နောက်တွင် ကျန်နေခဲ့သော ထန်ဆိုဆိုကမူ အကြံထုတ်နေရပြီဖြစ်လေသည်။ အကောင်းဆုံးဟု ထင်၍ရွေးချယ်ခဲ့သောလမ်းကြောင်းက အပိတ်ကြီးဖြစ်ကာ ရှေ့ပင်တိုးမရပေ။ ထန်ဆိုဆို လမ်းကြောင်းအသစ်ကို ရှာရပေဦးမည်။
ငါ့မှာ အချိန်သိပ်မရှိဘူး...
ငါတစ်ခုခုတော့ လုပ်မှဖြစ်မယ်...
"အ့..."
ထန်ဆိုဆိုက အသံလာရာသို့ကြည့်လိုက်လေပြီး မျက်လုံးတွင်အရောင်တစ်ချို့ ဖြတ်ပြေးသွားလေသည်။လက်ကိုလည်း အသာပိုက်ကာ ထိုလူရှိရာသို့ လျောက်လာခဲ့လေ၏။
"ဘာလဲ.."
"စကားခဏပြောရအောင်"
"ဟမ်"
ယုရီဆိုးက ထန်ဆိုဆိုကို နားမလည်သလိုကြည့်လာလေသည်။
"ငါ နင်နဲ့စကားနည်းနည်း ပြောစရာရှိလို့"
"…"
ယုရီဆိုးက ရေကန်ထဲသို့ ကျောက်တုံးများကို ပစ်ချကာ လှိုင်းများထလာသည်ကိုသာ ကြည့်နေလေသည်။ ထန်ဆိုဆိုအား စကားမပြန်ပေ။
"ငါသိပါတယ်...အဲ့လိုကြီးမြင်နေရတာ သဘောမကျဘူးမို့လား...နင်လည်း"
"..."
"ငါလည်း ငါလုပ်ချင်လွန်းလို့ လုပ်နေတာ မဟုတ်ပါဘူး..နင်သိထားဖို့က ငါက သူ့ကိုအဲ့လိုကြီးအတင်းလိုက်နေတာ လုပ်ဖို့လိုအပ်လို့ပဲ..နင့်မျက်စိထဲမှာတော့ ဆိုးနေမလား မသိဘူး..နင်ကရော သူ့ကိုသဘောကျနေတာလား"
"ဂိုဏ်းတူမောင်လေး"
"ဟမ်.."
"သူက ဒီတိုင်းဂိုဏ်းတူမောင်လေးပဲ"
"တခြား ဘာပတ်သက်မှုမှ မရှိဘူးပေါ့...အဲ့လိုပြောချင်တာလား"
"အင်း"
"သူက နင့်လိုဒီလောက်လှတဲ့မိန်းကလေးကိုတောင် ဘာခံစားချက်မှ မရှိဘူးပေါ့"
"သူခံစားတာ သိုင်းပညာပဲ ရှိတယ်"
"အိုး..ဘုရား..တကယ်ကြီးလေ"
တကယ့် တာအိုကိုယ်တော်အစစ်ပေါ့...သေပါပြီ
ယုရီဆိုးက တည်တည်ငြိမ်ငြိမ်နှင့်ပင် ပြောနေသည်မို့ ထန်ဆိုဆို အမှန်တရားကို လက်ခံလိုက်ရလေတော့သည်။ အိမ်ထောင်ရေးရာကိစ္စကို စိတ်မဝင်စားသော တာအိုကိုယ်တော်နှင့် သူမည်သို့ လက်ထပ်နှစ်ပါးသွားရန် ကြိုးစားရတော့မည်နည်း...
"ဒါကြီးကတော့ တကယ်ထိသွားပြီ..ငါတော့ သွားပါပြီ"
ထန်ဆိုဆိုက စိတ်ပျက်လက်ပျက်ပင် ထိုင်ချကာညည်းညူးလာလေသည်။ ယုရီဆိုးက ထန်ဆိုဆိုကို ကြည့်လိုက်ပြီး မေးလာလေသည်။
"နင်လည်း သူ့ကိုခံစားချက်ရှိနေတဲ့ပုံတော့ မပေါ်ပါဘူး"
"..."
"ငါပြောတာ မှားလို့လား..."
ထန်ဆိုဆို ခေါင်းငြိမ့်ပြလိုက်လေသည်။
"မကြိုက်ဘူးဆိုလို့လည်း အထင်မမှားနဲ့ဦး..ငါက သူ့ကို အသုံးချချင်တာ မဟုတ်ဘူး...ဒီအတိုင်း မိသားစုအတွက် အကောင်းဆုံးလုပ်ပေးချင်တာ"
"ဪ..အဲ့လိုလား..ဒါပေမယ့် တော်တော်လေးတော့ ဆိုးဝါးနေသလိုပဲနော်"
ယုရီဆိုးက ကြည့်ကာ မေးလာလေသည်။
"လက်ထပ်ဖို့ကို ဘာလို့ဒီလောက်ကြီး အလောတကြီး ဖြစ်နေရတာလဲ"
"ဟမ်"
"နင်က လက်မထပ်ရင်တောင် နင့်ဖြစ်တည်မှုလေးနဲ့ ပြည့်စုံနေပြီးသားလေ"
ယုရီဆိုး၏စကားကြောင့် ထန်ဆိုဆိုရယ်လိုက်လေသည်။ လူတိုင်းကလည်း ယုရီဆိုးကဲ့သို့ပင် ထင်ရခြင်းပင်။
"ထန်မိသားစုက ဘယ်လိုမိသားစုလဲဆိုတာ နင်သိလား"
"…"
"ထန်မိသားစုက စည်းကမ်းတင်းကြပ်လွန်းတယ်..ပြီးတော့ ဒီမိသားစုမှာ မိန်းကလေးတွေအတွက်က လမ်းကြောင်းတစ်ကြောင်းပဲ ရှိတယ်..အဲ့တာက မိသားစုက ပေးစားတဲ့သူနဲ့ ယူရတာပဲ..အိမ်ကိုတော်လှန်ပြီး ငါလုပ်ချင်တာလုပ်ရင်လည်း အိမ်က ဖိအားပေးပြီး အိမ်ထောင်ပြုခိုင်းမှာ..လက်ထပ်လိုက်ရင်မှ အနည်းဆုံး လွတ်လပ်ရင်လွတ်လပ်ဦးမယ်..အဲ့ဒီမျှော်လင့်ချက်ကြောင့် ငါဒီလောက်လုပ်နေတာ"
"တခြားနည်းလမ်းရော.."
"တခြားနည်းလမ်းဆိုတာ မရှိဘူး...သိုင်းပညာလည်း သင်လို့မရသလို စိတ်ကြိုက်လည်း နေလို့မရဘူး..ထန်မိသားစုက မိန်းကလေးတစ်ယောက်ရဲ့ဘဝမှာ ဘာရွေးချယ်ခွင့်မှ မရှိဘူး...အထူးသဖြင့် ခေါင်းဆောင်ကြီးရဲ့သမီးဖြစ်နေမယ်ဆိုရင် ပိုဆိုးပေါ့"
"အင်း...ပြီးတော့ ငါအခုလိုတွေ ပြောနေတယ်ဆိုတာကလည်း အဲ့လိုတွေနေရတဲ့အပေါ် မကျေနပ်တာတွေ ရှိလို့ မဟုတ်ပါဘူး...ငါ့မိသားစုရဲ့ ထုံးစံကိုလည်း ငါလက်ခံပါတယ်..ငါက မိသားစုက ဖိအားပေးပြီး လက်ထပ်ခိုင်းတာမျိုးတွေ ဖြစ်လာမှာဆိုးလို့ အဆင်ပြေမယ်ထင်တဲ့သူကို ဒီတိုင်းကြိုးစားကြည့်တာပါ"
ထန်ဆိုဆို ရေကန်ကိုကြည့်ကာ သက်ပြင်းချလိုက်လေသည်။
"ဒီတိုင်းလေး တကယ်ပဲ..."
"ကြိုးစားကြည့်တာပါ"
ယုရီဆိုးက စိတ်ဓါတ်ဆုံးဆုံးကျနေသော ထန်ဆိုဆိုကိုကြည့်ကာ ပြောလာလေသည်။
"နည်းလမ်း ရှိပါတယ်"
"ဟင်.."
"တကယ်တော့ နည်းလမ်းရှိပါတယ်..နင်က အဲ့ဒီနည်းလမ်းကို မတွေးမိရုံတင်ပါ"
ထန်ဆိုဆိုက နှုတ်ခမ်းကို ကိုက်လိုက်လေသည်။ယုရီဆိုးက သူမအား နှစ်သိမ့်နေသည့်အဖြစ်ကို မလိုချင်ပေ။
"အကုန်လုံးကို သိတဲ့ပုံနဲ့ ပြောမနေနဲ့..ငါ့ကို အဲ့လိုနှစ်သိမ့်ပေးနေစရာ မလိုပါဘူး"
"ငါ နင့်ကို ပြပေးမယ်..လွတ်မြောက်လမ်းကိုလေ"
ထန်ဆိုဆိုက ယုရီဆိုး၏စကားကြောင့် သူမအား ကြည့်လာလေသည်။
ငါ့ကို သူက လမ်းကြောင်းပြပေးချင်နေတာလား..
"နင်ကလေ..."
"အင်း.."
ယုရီဆိုးသည် ယခင်က ထန်ဆိုဆိုနှင့် ဘဝတူပင် လွတ်မြောက်လမ်းမရှိ။ ပုံသေသတ်မှတ်ထားသောဘဝတွင်နေထိုင်ကာ အရာအားလုံးကို လက်မြောက်ထားခဲ့ရလေသည်။ ထိုအဖြစ်ကို မလိုချင်၍ လွတ်မြောက်လမ်းကို မမှိတ်မသုန်ရှာခဲ့လေပြီး သူမတွေ့ရှိခဲ့သည်က ဟွာဆန်းပင်။ ကမ္ဘာပေါ်တွင် မိုက်ရူးရဲအဆန်ဆုံးသော ရွေးချယ်မှုဟု ထင်ရကောင်းထင်ရနိုင်သော်လည်း ရွေးချယ်မှုက မှန်ကန်သည်ဟု ပြောရပေမည်။ ယခုတွင် ယုရီဆိုး အရှုံးကိုရင်ဆိုင်ရရန် အကြောင်းမရှိတော့ပေ။
"နင်က ဘာလို့ ငါ့ကိုကူညီချင်တာလဲ"
"ငါတို့က ဘဝတူတွေမို့လေ"
"အဲ့လိုဆိုလည်း ဘာမှပြောင်းလဲသွားမှာ မဟုတ်ပါဘူး.."
"အနည်းဆုံးတော့ နင်လမ်းကြောင်းတစ်ခုကို ရွေးချယ်နိုင်သွားမှာပါ.."
ထန်ဆိုဆိုက စကားဆုံးသည်နှင့် သူမအား လက်ကမ်းပေးလာသော ယုရီဆိုးကို ကြည့်လိုက်လေပြီး လက်ကိုဆုပ်ကိုင်လိုက်လေသည်။
"ရဲဘော်ရဲဘက် ညီအမ ဖြစ်ကြမယ်"
"အဖြေကို အဆုံးထိကြည့်ကြတာပေါ့"
"အင်း"
ထန်ဆိုဆိုက တောက်ပစွာပြုံးလိုက်လေသည်။
"ဒါနဲ့ ငါတစ်ခုမေးရဦးမယ်"
"မေး"
"နင် တကယ်သူနဲ့ ဘာမှ မပတ်သက်ဘူးလား"
"..."
"တကယ်ကြီးလေ.."
ယုရီဆိုး မဖြေတော့ပေ။ သူမ၏အခန်းဘက်သို့သာ ပြန်သွားလေတော့သည်။
"အင်း ..ဘာပဲဖြစ်ဖြစ် ကိစ္စတော့ မရှိပါဘူး"
ထန်ဆိုဆိုသည်လည်း ပူပန်မနေတော့ပေ။ စိတ်လက်ရင်အေး ဖြစ်သွားလေပြီ ဖြစ်၏။
ဘမ်း.....
ချွန်းမြောင်က တံခါးကိုဖွင့်ကာ ထန်ဂန်းကို ကြည့်လိုက်လေသည်။
"ခေါင်းဆောင်ကြီးကြည့်ရတာ အလုပ်များနေတဲ့ပုံပဲ"
"တစ်စုံတစ်ယောက်ရဲ့ ကျေးဇူးကြောင့်လေ"
"အဲ့တာဆိုရင်တော့ ဆက်မမေးတော့ဘူးနော်"
"ဟမ်"
ချွန်းမြောင် အသာလေးပြုံးပြကာ ရှေ့တွင် ဝင်ထိုင်ပြီး မေးလိုက်လေသည်။
"ကျွန်တော့်ကို ဘာကိစ္စရှိလို့ ရှာနေတာ"
ထန်ဂန်းက ချွန်းမြောင်ကိုကြည့်ကာ သက်ပြင်းရှည်ကြီးတစ်ချက်ချလိုက်ပြီးမှပြောလာလေသည်။
"တောင်းဆိုစရာလေး အကူအညီတောင်းစရာလေး ရှိလို့ပါ"
"အာ...အကူအညီတောင်းစရာလား"
ချွန်းမြောင်က မျက်လုံးများကို မှေးကျဉ်းကာကြည့်လိုက်ပြီး ထန်ဂန်းအား ပြောလိုက်လေသည်။
"ဟာ..ခေါင်းဆောင်ကြီးက တကယ်နော်..ဆေးလုံးလေးတစ်လုံးပေးရတာနဲ့ အဲ့လို.."
"အဲ့ကိစ္စ မဟုတ်ပါဘူး."
"အရင်ဆုံး မင်းကိစ္စတွေကို အရင်ပြောမယ်..မင်းပြောတဲ့နေ့ကတည်းက ငါ မင်းတို့ ချန်ဒူကနေ ယန်နန်ကို သွားဖို့ စီစဉ်ပြီးပါပြီ...ငါ မင်းကို အဲ့အကြောင်းကို ပြောမလို့ပဲ..မင်းတို့ သွားလို့ရတော့မယ်"
"ဘယ်နေ့လဲ.."
"သဘက်ခါဖြစ်ဖြစ် ..ဖိန်းနွဲခါဖြစ်ဖြစ်ပေါ့.."
"ကျွန်တော် ထင်ထားတာထက်တောင် မြန်သေးတာပဲ..ကျေးဇူးပါ"
ထန်ဂန်းက မလိုပါဘူးဟူသော သဘောနှင့်ခေါင်းငြိမ့်ပြကာ သက်ပြင်းမောကြီးကို မှုတ်ထုတ်ပြီး ပြောလိုက်လေသည်။
"ကျွန်တော် ပြောချင်တာကလေ"
"အင်း"
"ဘယ်လိုဖြစ်တာလဲဆိုတော့လေ"
ထန်ဂန်းက ဖြစ်ပျက်ခဲ့သော အလုံးစုံကို ပြောပြကာ အလောင်းအစားကိစ္စကိုပါ အသိပေးလိုက်လေသည်။
ဤသည်က ချွန်းမြောင်အတွက် ခက်ခဲသောကိစ္စ မဟုတ်ပေ။ မိတ်ဆွေတစ်ယောက်အနေနှင့် ပိုမိုရင်းနှီးစေရန် ကြိုးစားနေသော ချွန်းမြောင်အတွက် အခွင့်အရေးကောင်း တစ်ခုပင်။
"ဖြစ်ခဲ့တာတွေကတော့ အဲ့လိုပါပဲ"
ထန်ဂန်းက ပြောပြီးသည်နှင့် ချွန်းမြောင်၏အရိပ်အခြေကို လှမ်းကာ အကဲခတ်လိုက်လေသည်။ ချွန်းမြောင်၏ပုံစံက တက်တက်ကြွကြွနှင့် အားရဖွယ်ရာ မဟုတ်သည်မို့ ထန်ဂန်းမျက်မှောင်ကြုတ်သွားလေသည်။
"ဆိုတော့.."
"အကြီးအကဲဆိုတဲ့ လူကြီးက ခင်ဗျားထိုင်ခုံကို လာလှုပ်နေတာပေါ့"
"အဲ့လိုပဲ ပြောရမှာပေါ့"
"အင်း.."
ချွန်းမြောင် ထန်ဂန်း၏ မျက်နှာကိုကြည့်ကာ ထန်ဘို၏ တောင်းဆိုမှုများကို ပြန်လည်ကာ သတိရမိလေသည်။ ခေါင်းဆောင်ဖြစ်ရန် ဆန္ဒမရှိသော်လည်း မိသားစုအတွက်မူ အကောင်းဆုံးလုပ်ပေးချင်ခဲ့သော ထန်ဘိုနှင့် ယှဉ်လျှင် အာဏာကိုမက်မောနေသော လူအိုကြီးများကို မြင်ရသည်က အတော်ပင် အဆင်မပြေဟု ခံစားရလေသည်။ သေသည့်သူက သေသွားပြီဖြစ်သော်လည်း ရှင်သူကမူ ပေးထားသောကတိတို့ကို တည်သွားရမည်ဖြစ်လေသည်။ ထန်ဘိုအား ပေးထားသောကတိအရ ထန်မိသားစုကို စောင့်ရှောက်ကာ ပညာပေးသင့်သူများကို ပညာပေးရမည်ဟု ချွန်းမြောင် တွေးလိုက်လေသည်။
"ဒါကို ခေါင်းဆောင်ကြီးက တောင်းဆိုမှုလို့ ပြောလိုက်တာလား"
"ဟုတ်ပါတယ်"
"ကျွန်တော် ဒီတောင်းဆိုမှုကို ငြင်းပါတယ်"
ချွန်းမြောင်၏စကားကြောင့် ထန်ဂန်းက အံဩစိတ်ပျက်သွားလေသည်။ ချွန်းမြောင်ဆန္ဒမရှိလျှင် သူအတင်းအကြပ် တိုက်တွန်း၍ ရမည်မဟုတ်ပေ။
"အဲ့ဒီအစား..""
ချွန်းမြောင်၏ မျက်လုံးများက တလက်လက်တောက်ပလာလေသည်။
"ဒါကို လက်ဆောင်လို့ပဲ သဘောထားကြတာပေ့ါ"
"လက်ဆောင်လား"
"အင်း"
ချွန်းမြောင်က ထန်ဂန်းအား ခေါင်းငြိမ့်ပြလိုက်လေသည်။ ဤသည်က သူပေးသော လက်ဆောင်မဟုတ်ပေ။ ထန်ဘိုက ထန်မိသားစုသို့ လူကြုံပါးလိုက်သော လက်ဆောင်သာ ဖြစ်လေသည်။
"စီစဉ်ထားတဲ့အတိုင်းသာ လက်ခံထားလိုက်ပါ..ပြီးတော့ အဲ့နေ့ကျ ကျွန်တော်ဘာပဲလုပ်လုပ် ဝင်မပါပါနဲ့"
"မင်း ဘာတွေလုပ်ဖို့ ကြိုးစားနေတာလဲ"
"ရှင်းရှင်းလေးပါ..ကျွန်တော် အကောင်းဆုံးလုပ်ဖို့ ကြိုးစားနေတာလေ"