အခန်း (၂၀၅-၂၀၇)
Vol. 14 Ch. 205-207
အပိုင်း (၂၀၅)
ဒါကတော့ ကျွန်တော့်စိတ်ကူးလေးလို့ပဲ ဆိုပါတော့ (၅)
“မင်း အခုထိ ဒီမှာပဲ ရှိနေတုန်းလား”
“လုပ်လုပ်…မြန်မြန်လေး..သွားကြရအောင်”
“ဟမ်..အဲ့တာဆို ကန်ဖောင်ကြက်ကင်လေး ကဘယ်လိုလုပ်ရမှာလဲ…စောနကမှ မှာထားတာလေ..မကြာပါဘူး…မရသေးဘူးလား…အဲ့တာက”
ထန်မိသားစုမှ လူများကမူ ပြိုင်ပွဲအတွက် လှုပ်လှုပ်ရှားရှားဖြစ်နေကြပြီ ဖြစ်လေသည်။
“မင်းပြောတော့ လူငါးယောက်စာပဲဆို…ဘယ်လိုလုပ် အယောက်နှစ်ယောက်စာလောက် ချက်နေရတာလဲ..ပြီးကို မပြီးနိုင်တော့ဘူး”
“အဲ့လို ပြောမနေနဲ့…လူတစ်ယောက်ထဲ ဒါတွေအကုန်လုံးကို စားပစ်နေတာကို”
“အကုန်လုံးကိုလေ”
“အင်းလေ”
“ဘာတုန်း..သူက တစ္စေကပ်နေတာလား…ဖုတ်ဝင်နေတာလား…အကုန်စားရအောင်က”
စာဖိုးမှုးက ညည်းညူတောက်တီးကာ လက်ကလည်း အလျင်အမြန်ပင် ချက်ပြုတ်နေလေသည်။ စာဖိုးမှုးက ပြင်ဆင်၍ပြီးသွားသော ဟင်းများကို လူတစ်ယောက်က လာကာသယ်လေပြီး ထိုလူကို စားဖိုမှုးက တစ်ချက်ကြည့်လိုက််လေသည်။
“ရော့ရော့..ရပြီ…မအေးခင်ကို သယ်သွား”
“ဟုတ်ကဲ့”
ဟင်းပွဲများကို လာကာသယ်သည့်လူက ဟင်းပွဲများကို တစ်ခါတည်းပင် ယူသွားလေပြီး သူ၏အင်္ကျီအောက်တွင် ပါလာသောပစ္စည်းတစ်ခုကို သေချာစေရန် စစ်ဆေးလိုက်လေသည်။ ထို့နောက်တွင်မူ နံဘေးရှိ သေရည်ပုလင်းတစ်လုံးကိုလည်း ယူလိုက်ပြီး သေချာစေရန်အတွက် နောက်ထပ်ပုလင်းတစ်လုံးကိုပါ ယူလိုက်လေသည်။ ထို့နောက်တွင်မူ အင်္ကျီလက်ထဲတွင်ပါလာသော ပစ္စည်းကို ထုတ်ကာ အမှုန့်များကို ပုလင်းထဲသို့ ထည့်လိုက်ပြီး သေချာပျော်ဝင်သွားစေရန်အနည်းငယ် ခါလိုက်လေပြီးမှ ဟန်မပျက် သယ်သွားလေတော့သည်။
စားပွဲဝိုင်းသို့ရောက်သောအခါတွင်မူ သေရည်ပုလင်းနှင့် ဟင်းပွဲများကို ဟွာဆန်းဂိုဏ်းသားများရှေ့တွင် ဟန်မပျက်ချထားလိုက်ပြီးသည်နှင့် အခြားသူများနှင့် ရောနှောကာ ပျောက်ကွယ်သွားလေတော့သည်။
“အစားအစာတွေ ရောက်လာပြီ”
“နောက်ထပ်ကိုလေ”
“မင်းကပဲ စားလွန်းလို့ တမင်ချပေးနေတာလား..ထန်မိသားစုကပဲ ချမ်းသာလွန်းလို့ ဒီလောက်ကျွေးနေတာလားဆိုတာ ငါတော့ နားမလည်နိုင်တော့ဘူး”
စားပွဲပေါ်တွင် ဟင်းပွဲအလွတ်ပန်းကန်များစွာကလည်း ရှိနေလေပြီး စားပွဲထိုးများကို ဟင်းလျာအသစ်များချပြီးသည်နှင့် ပန်းကန်းလွတ်များအားလုံးကို ပြန်သယ်သွားကြလေသည်။
“အား..ထပ်စားရဦးမှာပဲ”
ချွန်းမြောင်က လေချွန်ကာ တူကိုပြန်ကိုင်လိုက်ပြီး စားသောက်ခြင်းကို နောက်တဖန် စတင်လိုက်ပြန်လေသည်။ ဘတ်ချုန်းကမူ ချွန်းမြောင်အား အမြင်ကပ်သောအကြည့်တို့နှင့် ကြည့်နေလေပြီဖြစ်သည်။
“မင်းတကယ်ကြီးကို နောက်တစ်ခေါက် ထပ်စားနေတာလား”
“အင်းလေ..အကိုကြီးရော စားချင်လို့လား…အာ့ဆိုလည်း စားလေ”
“ငါပြောတာကို သေချာနားမထောင်ဘူးလား…ခွေးရဲ့… မင်း နေ့လည်ပိုင်းက ဓါးရေးယှဉ်စရာရှိတယ်နော်…သေလောက်အောင် စားထားရင် မင်းတိုက်ရတာ အဆင်ပြေမှာလား”
“ပြေပါတယ်..ပြေတာပေါ့”
“ဟွာဆန်းက အစားအသောက်တွေလည်း အရသာရှိတာပဲကို…မင်းက ဘာကိစ္စ ဒီရောက်မှ မစားဖူးမသောက်ဖူးသလို…”
“နည်းပြ”
“အင်း”
“ဒါက အစားအစာနော်”
“အင်း”
“ဒါက ချက်ပြုတ်ထားတာနော်”
“…”
ထန်မိသားစု၏ စာဖိုမှူးသည် စီချွမ်တွင် အကောင်းတကာ့အကောင်းဆုံးသော စားဖိုမှုးဖြစ်လေပြီး သူချက်ပြုတ်သော ဟင်းလျာများက ငြင်းဆန်ရန် မဖြစ်နိုင်ပေ။
“အား…တစ်ကိုက်ဆိုရင်ကို တစ်ကိုက်ပဲ…အရသာက..”
ချွန်းမြောင်က ဟင်းကို စားလိုက်ပြီး ခေါင်းတငြိမ့်ငြိမ့်နှင့် အရသာခံနေလေသည်။ ထို့နောက်တွင်မူ ဘေးတွင်ရှိနေသော သေရည်ပုလင်းကို လှမ်းကာကြည့်လိုက်လေသည်။
“အား…ဒါက ဘာတုန်း…အနံ့နဲ့တင် သေလောက်တယ်”
ချွန်းမြောင်က ပြောလည်းပြောကာ လက်ကလည်း နှောင့်နှေးမနေပေ။ သေရည်အိုးကို ချက်ချင်းပင် ဆွဲယူကာ တစ်ကျိုက်တည်းမော့ချလိုက်လေတော့သည်။
“အား…ကွာ”
“တကယ်ကို သေလောက်အောင်ပဲ”
“ဒါတောင် တကယ်ကောင်းနေတုန်းပဲ”
ချွန်းမြောင်က သေရည်အိုးကို ကြည့်ကာ အားပါးတရ ပြောလာလေသည်။
“အား..တကယ်ကွာ…ဒါက ဘာတုန်း..ဘာသေရည်လဲ..လုံးဝကို လျှာပေါ်မှာစွဲပြီး ကျန်နေခဲ့တာ…မေ့လို့ကို မရနိုင်အောင်ပဲ …အရသာက”
ချွန်းမြောင်၏ အညွှန်းကောင်းမှုက ဘတ်ချုန်းက ချွန်းမြောင်နားသို့ ရောက်လာလေသည်။
“ဒါဆို ငါ့လည်း တစ်ငုံတိုက်”
“အာ..မတိုက်နိုင်ပါဘူး…သူများလက်ထဲက သေရည်အိုးကို ဘယ်လိုတောင် လက်လှမ်းဝံ့တာတုန်း…မတိုက်နိုင်ဘူး…ကျွန်တော် အိုးထဲကို တံတွေးထွေးချထားပြီးပြီ …သောက်ချင်သောက်’
“မင်း ရူးနေတော့တာလား”
“အား..ကြက်သားကလည်း တကယ်ကို အနုပညာတစ်ပါးပဲ…ပြန်ရင် ထန်မိသားစုက စားဖိုမှုးတွေအကုန် ဟွာဆန်းကို ခေါ်သွားရမယ်”
“ဟွန့်..ဟွာဆန်းက သူတို့အကုန်လုံးကို ငှားနိုင်မတဲ့လားဗျာ”
“မငှားနိုင်ဘူးလေ..ဒါပေမယ့် ကျွန်တော်ကတော့ ငှားနိုင်တယ်လေ’’
“’..”
ချီးပဲ..
ဘယ်လိုလုပ်ပြီး ဒီလိုလူက ဟွာဆန်းကို ရောက်သွားရတာလဲ..
ချွန်းမြောင်က တည်ခင်းထားသော သေရည်နှင့် အစားအသောက်အားလုံးကို ကုန်စင်အောင် စားသောက်လိုက်ပြီးသည် သေချာမှ စောင့်ကြည့်နေသောသူက အခန်းထဲက ထွက်ကာသွားလေတော့သည်။
ဂလုဂလုဂလု..
ချွန်းမြောင်က နှုတ်ခမ်းတွင် စီးကျနေသော သေရည်များကို သုတ်လိုက်ပြီး ပြုံးလိုက်လေသည်။ ထို့နောက်တွင်မူ မလှုပ်နိုင်တော့သကဲ့သို့ ခုံပေါ်တွင် ဆန့်ဆန့်ကြီး မှီကာနေနေလေ၏။
“အား…အစားများသွားပြီပဲ”
"ကြည့်.မင်းကို အဲ့လောကြီးမစားဖို့ငါပြောသားပဲ"
"ရပါတယ်..ဒီလောက်တော့ ကျွန်တော်ကိုင်တွယ်နိုင်ပါတယ်"
ဂျိုဂုကမူ စားပွဲကိုကြည့်ကာ မျက်မှောင်ကြုတ်သွားလေသည်။
"ဟင်းတွေကလည်း မကုန်သေးဘူး..ဒီတိုင်းကြီး ထားခဲ့ရင်လည်း နှမြောစရာ..ငါစားလိုက်မယ်"
ဂျိုဂု၏ တူက ချက်ချင်းဆိုသလို ရိုက်ထုတ်ခံလိုက်ရလေသည်။
"...."
"ဒါကျွန်တော့်ဟာ ..အကိုကြီးက တခြားဟာ သပ်သပ်စား"
"ဟမ်"
ချွန်းမြောင်က ပြုံးပြုံးကြီးကြည့်ကာ ပြောလာလေသည်။
"ဒါက ထန်မိသားစု ကျွန်တော့်အတွက် သီးသန့်ပြင်ပေးထားတာ.."
ချွန်းမြောင်၏ ထူးဆန်းသောစကားကြောင့် ဂျိုဂုက နားမလည်ဟန်နှင့် ခေါင်းသာကုတ်နေလေတော့သည်။
---
ဟွာဆန်း၏နတ်ဘုရားနဂါးနှင့် ထန်ဟုတ်တို့၏ ဓါးရေးယှဉ်မည့်သတင်းက ထန်မိသားစုတွင် တမဟုတ်ချင်း ပျံ့နှံ့သွားလေသည်။
"ဟွာဆန်းရဲ့ နဂါးနဲ့တဲ့လား..."
"သခင်လေး ထန်ဟုတ်ကရော ပြိုင်ရဲတယ်တဲ့လား"
"ဒါက ဘယ်လိုကြီးတုန်း..သခင်လေး ထန်ဟုတ်က ခေါင်းဆောင်ကြီးရဲ့ သွေးသားလည်းမဟုတ်..ထန်မိသားစုရဲ့ အတော်ဆုံး သိုင်းပညာရှင်လည်း မဟုတ်ဘဲနဲ့လေ"
"ငါလည်း အဲ့တာပြောချင်တာ..ပြီးတော့ ဟွာဆန်းရဲ့နဂါးဆိုတာက ဟိုတစ်နေ့ကမှ ခေါင်းဆောင်ကြီးကိုတောင်မှ အနိုင်ယူထားတာကို"
"အေးလေ..ကြည့်ရတာ ဟွာဆန်းကသူရဲကောင်းတွေကို တစ်ခုခုများ လုပ်ချင်နေတာလား မသိဘူး"
လူတိုင်းက ထင်ကြေးအမျိုးမျိုးပေးနေကြပြီး တိုက်ပွဲကို မျက်မြင်ကိုယ်တွေ့ ကြည့်လိုကြသည်မို့ ဓါးရေးပြိုင်ပွဲ ကျင်းပမည့်ခန်းမထဲတွင် လူများ ပြည့်သိပ်နေလေတော့သည်။ ပြိုင်ပွဲကျင်းပမည့်အချိန်က နေ့လည်ပိုင်းဖြစ်သော်လည်း မနက်ကတည်းကပင် နေရာလာဦးကြသူများနှင့် ပြည့်နေလေတော့သည်။
ထန်ဟုတ်က တဖြည်းဖြည်း ပြည့်နှက်လာသော လူအုပ်ကြီးကိုကြည့်ကာ ရင်များတုန်လာလေတော့သည်။ တဒိန်းဒိန်းခုန်နေသောရင်ကိုဖိကာ လက်သီးကို တင်းတင်းဆုပ်ပြီး ထန်ဟုတ် စိတ်အားတင်းထားလိုက်လေ၏။
"မင်း ဘာမှ စိုးရိမ်နေစရာ မလိုဘူး"
အသံလာရာကို ကြည့်လိုက်လေတော့ အဖိုးဖြစ်သူ ထန်ဝူးက သူ့ထံသို့ လာနေသည်ကို တွေ့လိုက်ရလေသည်။
"အကြီးအကဲကို နှုတ်ဆက်ပါတယ်"
"အဲ့လိုတွေ လုပ်စရာမလိုပါဘူး..အဖိုးလို့ပဲ ခေါ်ပါ၊"
"ဟုတ်ကဲ့ပါ..ဖိုးဖိုး.."
ထန်ဝူးက မြေးဖြစ်သူကို ပြုံးကာကြည့်ပြီး မေးလာလေသည်။
"မင်း ယုံကြည်ချက်ရှိရဲ့လား..."
"ကျွန်တော်က လေ့ကျင့်ရေးတွေ မလုပ်ဘဲ အပါးခိုလစ်လပ်နေတဲ့သူတော့ မဟုတ်ပါဘူး..ဒါပေမယ့် ကျွန်တော်နဲ့ ယှဉ်ရမယ့်တဖက်လူက ဟွာဆန်းရဲ့ နဂါးဆိုပြီး နာမည်ကြီးနေတဲ့သူဆိုတော့ သူ့ကို ယှဉ်နိုင်ပါမယ်ဆိုတဲ့ ယုံကြည်ချက်တော့ ရှိမနေပါဘူး"
"ကျွတ်..ကျွတ်..အသုံးမကျလိုက်တဲ့ကလေး...မင်းက မင်းထက် ဆယ်နှစ်ကျော်ငယ်တဲ့ ကလေးတစ်ယောက်ကို ကြောက်နေတာလား"
"အဲ့လိုတော့ မကြောက်ပါဘူး"
"ဘာမှ မစိုးရိမ်နဲ့"
"ငါက တစ်ဦးတည်းသောမြေးကို ဟွာဆန်းက လူဆီမှာရှုံးအောင် ငါက တမင်လွှတ်ပါ့မလား..ဘာမှ အချိန်မဆွဲဘဲနဲ့ သူ့ကို သတ်ပစ်လိုက်"
"ဘယ်လိုလုပ်ပြီးတော့..."
"ပြောတာ ကြားတယ်မို့လား..."
"အဲ့ကလေး အသက်ရှင်လို့ မရဘူး"
ထန်ဟိုက ခဏမျှကြောင်အ သွားသော်လည်း အနည်းငယ်ကြာသောအခါတွင်မူ အဖိုးဖြစ်သူပြောချင်သည့်စကားကို သဘောပေါက်သွားသည့်အလား ကောက်ကျစ်သောအပြုံးကြီးက မျက်နှာထက်တွင် ပေါ်လာလေသည်။
"အဖိုး ပြောချင်တာကို နားလည်ပါပြီ...စိတ်ချပါ သိုသိုသိပ်သိပ်နဲ့ အမြန်ဆုံးကိစ္စပြတ်အောင် ဆောင်ရွက်ခဲ့ပါ့မယ်"
"အင်း..ကိစ္စပြီးဖို့ဆို သုံးဖို့လိုတဲ့အဆိပ်ရှိရင်လည်း သုံးခဲ့"
မြေးအဖိုး နှစ်ဦးသားက တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ ပြုံးလိုက်ကြလေသည်။
"ဒီကိစ္စသာ အထမြောက်ပြီး မင်းနိုင်သွားခဲ့ရင် ဆက်ခံသူရာထူးက မင်းလက်ထဲကို ရောက်လာမှာပဲ..ပြီးရင်အချိန်တစ်ခုရောက်တာနဲ့ မင်းက ထန်မိသားစုရဲ့ ခေါင်းဆောင်ကြီး ဖြစ်လာမှာ"
"အဖိုးရဲ့ မျက်နှာသာပေးမှုကို ကျွန်တော်ဘယ်လိုပြန်ပြီး ကျေးဇူးဆပ်ရမလဲတောင် မသိတော့ပါဘူးဗျ"
"မင်း မိသားစုရဲ့ ခေါင်းဆောင်ကြီးဖြစ်လာရင်ကို လုံလောက်ပါပြီ..ကျန်တာက ဒီလူအိုကြီးအတွက် ဘာမှ မလိုတော့ပါဘူး"
ထန်ဝူးက ခေါင်းလှည့်ကာ ခန်းမထဲရှိ လူများကို ကြည့်လိုက်လေသည်။
"မင်းမြင်လား"
"ဟုတ်ကဲ့"
"ထန်မိသားစုထဲမှာ မိသားစုပေါင်းများစွာက လူတွေအများကြီးပဲ"
"ဒီလောက်လူတွေ အများကြီးကို အုပ်ချုပ်ဖို့ တကယ့်ကို စစ်မှန်တဲ့နှလုံးသားနဲ့ လူတစ်ယောက်ရှိဖို့လိုတယ်..မမာမပျော့ ကြင်နာတတ်တဲ့ နှလုံးသားနဲ့ မိသားစုကို သေချာဦးဆောင်ပေးနိုင်တဲ့သူ ဖြစ်မှပဲ ဒီလူတွေအားလုံးကို ကောင်းကောင်းကြီး တိုးတက်အောင် လုပ်နိုင်မှာ"
"ဟုတ်ကဲ့...နားလည်ပါပြီ.အဖိုး""
ထန်ဝူးက ကျေနပ်စွာပြုံးလိုက်လေသည်။
သူမှာကြားခိုင်းစေထားသည့် လူများက ချွန်းမြောင် အားလုံးကို စားသောက်သွားပြီဖြစ်ကြောင်း ပြောလေသည်။
သူ့ဟာသူ ဘာကောင်ကြီးပဲဖြစ်နေနေ အဆိပ်ကအစွမ်းပြလာရင်တော့ ဘာမှလုပ်နိုင်မှာ မဟုတ်တော့ဘူး..
သူသုံးထားသည့်အဆိပ်က ရက်ပေါင်းတစ်ထောင် အဆိပ်ဖြစ်လေပြီး ထူးခြားသောအဆိပ်တစ်မျိုးလည်း ဖြစ်ပေသည်။ အဆိပ်သည် သေရည်နှင့်မတွေ့မချင်း မည်သည့်ဆိုးကျိုးမှ မရှိဘဲ သေရည်နှင့်တွဲဖက်သောက်သုံးမိမှာသာ အာနိသင်ပြလာခြင်း ဖြစ်လေသည်။ အဆိပ်မိသူသည် အဆိပ်အာနိသင်ပြလာသည်နှင့်တစ်ပြိုင်နက် အတွင်းချီစွမ်းအားများ ပိတ်ဆို့ခံရပြီး မည်သို့သော စွမ်းအင်ကိုမှ အသုံးပြုနိုင်မည် မဟုတ်တော့ပေ။
ဒီလိုနေရာမှာ သုံးဖို့ အသင့်တော်ဆုံးအဆိပ်ပဲ..
ထန်ဝူးက ကျေနပ်စွာပင် ပြုံးကာ ပွဲကြည့်စင်အလယ်တွင် ထိုင်နေသော ထန်ဂန်းကို ကြည့်လိုက်လေသည်။
ဒီကောင်က ခေါင်းဆောင်ပေါ့လေ..
ဒီလိုကောင်ရဲ့လက်ထဲမှာ ငါတို့ထန်မိသားစုကို မထားနိုင်ဘူး...
ထန်မိသားစုဝင်ကို မထောက်ခံဘဲ ဟွာဆန်းဘက်က ရပ်တည်တဲ့ကောင်...
ဒီနေ့ပြီးတာနဲ့ ငါတို့ထန်မိသားစုက ခေါင်းဆောင်အသစ်ပြောင်းပြီပဲ...
ထန်ဝူး ကျေနပ်မှုအပြည့်နှင့်ပင် ခန်းမထဲသို့ ဝင်လာကြသော ဟွာဆန်းဂိုဏ်းသားများကို ကြည့်လိုက်လေသည်။
"သူတို့ လာကြပြီ"
"ဟွာဆန်းရဲ့နတ်ဘုရားနဂါးကွ"
တိုက်ပွဲလာကြည့်ကြသော ထန်ဂိုဏ်းသားများသည် ဟွာဆန်းမှလူများကို ကျယ်ကျယ်လောင်လောင် အားမပေးရဲကြပေ။ ထန်ဝူးက သူတို့အား မျက်စိဒေါက်ထောက် ကြည့်နေသည်မို့ တိတ်တခိုးလေးသာ အော်ဟစ်ရဲကြလေသည်။
"မင်း အဆင်သင့်ဖြစ်ပြီလား"
"ဟုတ်..ဖြစ်ပါပြီ..အဖိုး"
"ကောင်းတယ်..မင်း ဘာမှ စိတ်ပူနေစရာ မလိုဘူး..အလိုက်သင့်လေးသွားပြီး အနိုင်ယူခဲ့ရုံပဲ"
"ဟုတ်ကဲ့"
ထန်ဝူး၏ အားပေးမှုကြောင့် ထန်ဟုတ်က ဝံ့ကြွားစွာပင် တိုက်ပွဲကျင်းပရာနေရာသို့ ဝင်သွားလေသည်။
ဒီနေရာက ငါ အောင်ပန်းဆင်ရမယ့်နေရာပဲ...
ငါ ဘာလဲဆိုတာ ဒီနေ့ အားလုံးကို ပြရမယ်..
"ဟွာဆန်းရဲ့နဂါး ရှေ့တက်ခဲ့ပါ..ငါက ဒီနေ့ မင်းကိုရင်ဆိုင်ပြီးတော့ ငါတို့ထန်မိသားစုက ဝူတန်ထက်ရော ဟွာဆန်းထက်ပါ သာလွန်တယ်ဆိုတာကို သက်သေပြမယ်"
"ဝိုး..."
"ဒါပဲကွ...ထန်မိသားစုဝင်ဆိုတာ"
ထန်ဟုတ်၏ စိန်ခေါ်စကားကြောင့် အားလုံးက တက်ကြွသွားကြပြီး ဝမ်းသာအားရ အော်ဟစ်အားပေးပြီးကာမှ ထန်ဂန်းကို သတိရကာ ကြည့်လိုက်ကြလေသည်။ ထန်ဂန်းကမူ ထိုသို့အားပေးမှုအပေါ် စိတ်ဆိုးစိတ်တိုဖြစ်ပုံလည်း မရပေ။
တဖက်တွင်မူ ဟွာဆန်းဂိုဏ်းသားများကလည်း အလုပ်ရှုပ်နေကြလေသည်။ ထန်ဝူးက စိန်ခေါ်နေပြီ ဖြစ်သော်လည်း ဟွာဆန်း၏နဂါးက ထွက်မလာသေးပေ။ စက်ဝန်းပုံကြီး ဝိုင်းကာဆွေးနွေးငြင်းခုန်နေကြလေသည်။
"တကယ်ကြီးလား."
"အဲ့လို လုပ်လို့ဖြစ်ပါ့မလား"
"ဖြစ်တယ်"
"ဟုတ်ပါပြီ...အဆင်ပြေတယ်ဆိုလည်း ပြီးတာပဲ"
အချိန်အတော်ကြာမျှ ဆွေးနွေးပြီးသွားသည့်အချိန်တွင်မူ လူတစ်ယောက် ထွက်လာလေသည်။ ထွက်လာသူကို ကြည့်ကာ လူတိုင်းက အံဩသွားကြလေ၏။
"နေပါဦး...သူက ဟွာဆန်းရဲ့နတ်ဘုရားနဂါးလား..လောကမှာ အတော်ဆုံးဖြစ်လာမယ်ဆိုတဲ့သူလေ.."
"သောက်ကျိုးနည်း...တကယ်ပဲ သူလားဟ."
"ဟွာဆန်းရဲ့နဂါးက မိန်းကလေးတစ်ယောက်ပေါ့..အာ့ဆို"
စီချွမ်တွင် ဟွာဆန်း၏နဂါးသတင်းက ကျယ်ကျယ်ပြန့်ပြန့်မဖြစ်သေးသည်မို့ ဟွာဆန်း၏နဂါးကို မိန်းကလေးဟု ထင်သူများကလည်း ထင်ကုန်ကြတာ အခြေအနေက ရုတ်ရုတ်သဲသဲ ဖြစ်လာလေသည်။
"ပြောတော့ ဟွာဆန်းရဲ့နဂါးနဲ့ ယှဉ်မှာဆို"
"ဒီမိန်းကလေးက ဘယ်သူလဲ"
"ဘာလဲ ..သခင်လေးက မိန်းကလေးတစ်ယောက်နဲ့ တိုက်ခိုက်ရမှာလား"
ပရိတ်သတ်အုပ်ကြီးက စတင်ကာတီးတိုးပြောဆိုလာကြလေတော့သည်။ ထိုလူများထက် ပို၍ဒေါသချောင်းချောင်းထွက်နေသူက ထန်ဟုတ်ပင်။
"ဒါက ဘာသဘောလဲ"
ထန်ဟုတ်က ဒေါသတကြီးနှင့်ပင် သူနှင့်တိုက်ခိုက်ရန် ဝင်လာသော ယုရီဆိုးကို အော်ဟစ်လေတော့သည်
"ငါက ဟွာဆန်းရဲ့နဂါးနဲ့ ယှဉ်ပြိုင်ဖို့ ပြောထားတာလေ...မင်းလို လူမသိသူမသိ မိန်းကလေးတစ်ယောက်နဲ့ မဟုတ်ဘူး"
"ငါက ဟွာဆန်းက ယုရီဆိုး"
"မင်းကို ကြည့်ရတာ ငါပြောတာကို နားမလည်ဘူးထင်တယ်..ဟွာဆန်းရဲ့နဂါးက ဘယ်မှာလဲ"
ထိုအခိုက်မှာပင် ဟွာဆန်းဂိုဏ်းသားများထဲမှတစ်ယောက်က ရှေ့ထွက်လာလေသည်။
"ငါ့ကို မေးနေတာလား"
"..."
"မင်းက ငါနဲ့ပဲ ဓါးရေးယှဉ်ချင်တာပေါ့"
"မင်းက ဘာလို့ ထွက်လာပြီး မတိုက်တာလဲ"
"အာ..ဒါကလား..ဒီလိုပဲ"
"ဘယ်လိုပဲလဲ.."
"ငါ စားပို့နင့်ပြီး အစာမကြေဖြစ်နေလို့"
"ဘာ...သိုင်းသမားက စားပိုးနင့်တယ် ဟုတ်လား ဘယ်သိုင်းသမားက အဲ့လောက်စားတာရှိလို့လဲ"
"မင်းတို့ ထန်မိသားစုက ဟင်းလျာတွေက အရသာရှိတာကို"
"...."
ထန်ဂန်းကမူ ထိုအခြင်းအရာကိုကြည့်ကာ မျက်နှာကို လက်နှင့်သာ အုပ်ထားလိုက်လေတော့သည်။
"ဟွာဆန်းက လူတွေက နည်းနည်းလေးမှ အရှက်မရှိပါလား"
"တကယ်ကြီးလေ..မင်းကို ဘာလုပ်လို့ ငါတို့ကို အရှက်မရှိဘူး ပြောနေရတာလဲ..မင်းကပဲ ပြောရတယ်ရှိသေးတယ်"
"ဘာ.."
ချွန်းမြောင်က ပြုံးကာပြောလိုက်လေသည်။
"မင်းက ငါနဲ့မှ ဓါးရေးယှဉ်ချင်တာပေါ့"
"အင်း"
"ဒါဆို မင်းရဲ့အရည်အချင်းကရော...မင်းမှာ ဘာဘာညာညာ ဘွဲ့တွေရှိလား"
"..."
ထန်ဟုတ် မျက်လုံးများ ရှက်စိတ်ကြောင့် ရဲတွက်လာလေသည်။
"ငါက ဟွာဆန်းရဲ့ နတ်ဘုရားနဂါး"
ချွန်းမြောင်က သူ၏တင်းကားနေသော ဗိုက်ကို နှစ်ချက်မျှ ပုတ်ပြကာ ဆက်ပြောလာလေသည်။
"မင်းက ငါဘယ်သူပါ ဘာပါဆိုပြီး ငါ့ပါးစပ်ကကို ထုတ်ပြောရအောင်လုပ်နေတော့တာ ပါလား "
"သောက်အဓိပ္ပါယ်မရှိ...မင်းတို့ငါးယောက်က ငါတို့ထန်မိသားစုကို လာပြီး ဘာအရှုပ်တွေ လာလုပ်နေကြတာလဲ"
"....."
ထန်ဟုတ်၏ ဒေါသတကြီး ပြောဆိုလာမှုကြောင့် ချွန်းမြောင် ပြုံးလိုက်လေသည်။
"နေပါဦး ..မင်းက ငါရဲ့ဘွဲ့ထူးကြီးက ခြေဗလာနဲ့ပြေးလွှားလေ့ကျင့်ခဲ့ရုံနဲ့ ရခဲ့တယ်လို့ ထင်နေတာလား..အကြိမ်တိုင်းအကြိမ်တိုင်း အသက်ဘေးနဲ့ထိပ်တိုက်ရင်ဆိုင်ပြီးမှ ရလာခဲ့တာ...ဒါကို အခုကြည့်ပါဦး...ဓါးရေး ပြိုင်ရမယ် ဟုတ်လား..မင်းလို နာမည်တောင် မကြားဖူးတဲ့ လူနဲ့လေ"
"ဓါးရေးယှဉ်စေချင်ရင် ထန်မိသားစုက လူဆိုရင်တောင် အနည်းဆုံးတော့ ရိုသေသမှုတပ်ခေါ်ရတဲ့လူမျိုးမှ ဖြစ်မှာပေါ့...မင်းလို လူမသိသူမသိ ကမြောက်ကခြောက်ကောင်နဲ့ ငါကပြိုင်စရာလား"
ချွန်းမြောင်၏ စကားတို့ကြောင့် ထန်ဟုတ်ပြောစရာမဲ့သွားလေသည်။
"မင်းလို အခြေအနေနဲ့ ငါ့ကို ဒီလိုဆက်ဆံနေတာတောင်မှ လွန်လွန်းလှနေပြီနော်.ငါက မင်းလက်လွတ်စပယ် ဆက်ဆံလို့ရတဲ့ အခြေအနေမဟုတ်ဘူး"
ထန်ဟုတ်ကမူ မျက်နှာလေးပင် မရှိတော့ဟု ထင်ရလေသည်။
ချွန်းမြောင်က ယုရီဆိုးကို လှမ်းကြည့်ကာ ပြောလာလေသည်။
"မင်း သိပ်တော့မစိုးရိမ်ပါနဲ့...အမကြီးကို နိုင်ရင် မင်း ငါနဲ့ ယှဉ်လို့ရမှာပါ...မဟုတ်ပါဘူးကွာ...ရှုပ်ပါတယ်"
"အမကြီးကို နိုင်ရင် မင်းအနိုင်လို့ပဲ သဘောထားလိုက်တော့..ဟုတ်ပြီလား"
ထန်ဟုတ်၏ မျက်နှာက တမဟုတ်ချင်း မဲတက်လာလေသည်။
"မင်းက ငါ့ကို မိန်းကလေးတစ်ယောက်နဲ့ ယှဉ်ခိုင်းနေတာလား"
"အိုး..ဘုရားရေ..မင်းဘယ်လိုတောင်လား"
"မင်း သေချင်ရင် ရေခွက်ထဲ နှာခေါင်းနစ်ပြီး ရိုးရိုးသေလို့ရတယ်..အရိုက်ခံရပြီးမှ သေချင်ရင်တော့ အမကြီးနဲ့...."
"နင်တို့ ပြောလို့ မပြီးကြသေးဘူးလား...ပြီးပြီလား"
ယုရီဆိုးက ခါးမှဓါးကို ဆွဲထုတ်လိုက်လေသည်။
"ပြောလို့ပြီးရင် လာတိုက်တော့"
ထန်ဟုတ် ဒေါသကို မထိန်းနိုင်တော့ပေ။
"ဒီခွေးမကတော့ သူ့နေရာ သူမသိဘူးပဲ"
ရွှမ်း...
အသံကြောင့် ထန်ဟုတ်က အောက်ကိုငုံ့ကာကြည့်လိုက်လေတော့ ပြတ်ကျသွားသော သူ၏အင်္ကျီလက်စများကို တွေ့လိုက်ရလေသည်။
"...."
"နင် တအား စကားများလွန်းတယ်"
ထန်ဟုတ်က ယုရီဆိုးကို အံကြိတ်ကာ ကြုံးဝါးလာလေသည်။
"ဒီနေရာကနေ အသက်ရှင်လျက် ထွက်သွားရမယ်လို့မထင်လိုက်နဲ့"
စင်မြင့်ထက်မှ လူနှစ်ယောက်၏ အရှိန်များက မြင့်တက်လာပြီဖြစ်လေသည်။ ထိုမြင်ကွင်းကို ကြည့်နေသော လူများကလည်း တစ်ဦးနှင့်တစ်ဦး တွက်ထိုးပြောဆိုနေကြလေသည်။
"ဆရာတူညီမလေး..သူတို့ကိုယ် သူတို့တအားအထင်ကြီးနေတဲ့ သူတွေနဲ့ စကားကို ဖက်ပြောမနေနဲ့ရယ် ..ညီမလေး.."
"ဟမ်...နည်းပြ ဘာပြောလိုက်တာ"
"ဘာမှ မဟုတ်တော့ဘူး"
ဘတ်ချုန်းက သက်ပြင်းတစ်ချက်ချကာ တဖက်သို့လှည့်သွားလေတော့သည်။
အပိုင်း(၂၀၆)
ဖိုးဖိုးကြီးရဲ့ နည်းလမ်းက လက်ခံဖို့ သောက်ရမ်းခက်ခဲနေတာပဲ(၁)
ထန်ဟုတ်က ငယ်ထိပ်ပုတ်ခံလိုက်ရသည့်လူလို ဆတ်ဆတ်ခါ နာကြင်သွားလေသည်။
မင်းကများ ငါ့ကိုလှောင်ရဲတယ်ပေါ့..
ချွန်းမြောင်၏ စကားလုံးများကို သူ ငြင်းဆန်ရန်မတတ်နိုင်ပေ။ အမှန်တရားများ ဖြစ်သောကြောင့် ခါးသီးစွာသာ လက်ခံထားရလေသည်။သို့သော်လည်း ဤသို့ထုတ်ဖော်ပြောဆိုခြင်းကမူ လွန်လွန်းသည်ဟု သူထင်လေသည်။ သူသည် မည်မျှပင် အားနည်းနေစေကာမူ ထုတ်ပြောခံရသည်က မဖြစ်သင့်ပေ။ သိသာသိစေ မမြင်စေနှင့်ဟူသော စကားက အလကားသက်သက်ရှိခဲ့ခြင်း မဟုတ်ပေ။
အရှက်တရား ကျင့်ဝတ်သိက္ခာလေးနည်းနည်းတောင်မှ မရှိကြတော့ဘူးလား...
တာအိုကိုယ်တော်တစ်ပါးအနေနှင့် သူတစ်ပါး၏ အားနည်းမှုကြီးကို ပြောဆိုပြက်ရယ်ပြုသည်က လုံးဝမဖြစ်သင့်သောကိစ္စပင်။
ငါ့ကိုများ မိန်းကလေးတစ်ယောက်နဲ့ တိုက်ခိုက်ခိုင်းတယ်ပေါ့လေ...
ဘာ..အဲ့ဒီ မိန်းကလေးရှူံးရင် သူတို့အရှုံးပဲ ဟုတ်လား..
ဤသည်က ထန်ဟုတ် ဟူသောသူသည် အနှီမိန်းကလေးကိုပင် မနိုင်နိုင်ဟု ယူဆခြင်းပင် မဟုတ်ပါလား...
ရာရာစစ...
ထန်ဟုတ်က လက်သီးကို တင်းတင်းဆုပ်လိုက်လေသည်။ ထန်မိသားစု၏ အစဉ်အလာအရ မိန်းကလေးဆိုသည်က တစ်ဆင့်နိမ့်သော သတ္တဝါဖြစ်လေပြီး သူ့အနေနှင့် မိန်းကလေးတစ်ယောက်နှင့် လက်ရည်ယှဉ်ရမည်ဟု တသက်တွင်တစ်ခါပင် မတွေးဖူးပေ။ယခုတွင်မူ ဟွာဆန်းမှ အမျိုးသမီးဓါးသမားက သူ့အား ဓါးနှင့်ရွယ်ကာ ကွင်းလယ်တွင် ရပ်နေလေသည်။
"ခေါင်းဆောင်ကြီး"
ထန်ဟုတ် အော်ကာခေါ်လိုက်လေသည်
"ခေါင်းဆောင်ကြီး ဒါကိုအသိအမှတ်ပြုပါသလား"
ထန်ဂန်းက အဖြေမပေးခင်တွင် ချွန်းမြောင်နှင့် ယုရီဆိုးအား လှမ်းကြည့်လိုက်လေသည်။ ချွန်းမြောင်ကမူ မျက်နှာသေနှင့်ပင်။ ချွန်းမြောင်သည် အမှန်ပင် တစ်ဖက်သားအား ရန်စရာတွင် တဖက်ကမ်းခတ်သည်ကို ထန်ဂန်း အသိအမှတ်ပြုမိသွားလေသည်။
"အင်း...အသိအမှတ်ပြုတယ်"
"ဒါဆို ခေါင်းဆောင်ကြီးက ကျွန်တော်သာ ဒီမိန်းကလေးကို အနိုင်ယူနိုင်ခဲ့ရင် ဆက်ခံသူရာထူးကို ရပြီလို့ ပြောချင်တာလား"
ထိုမေးခွန်းကြောင့် ထန်ဂန်း လက်သီးတင်းတင်းဆုပ်လိုက်ပြီး ထန်ဝူးကို လှမ်းကြည့်မိသွားလေသည်။
ထန်ဝူးကလည်း အတွေးများနေလေသည်။
ဒီသောက်ကောင်တွေကတော့...
ထန်ဝူး မကျေမနပ်ဖြစ်မိသည်က အမှန်ပင်။ သူ၏မြေးဖြစ်သူက ရှေ့ထွက်ကာ လူလုံးပြထားသော်လည်း နောက်ကွယ်မှ လက်မဲကြီးကမူ သူသာဖြစ်လေသည်။
မင်းက ဘာတွေကြံနေတာလဲ ဟွာဆန်းနဂါးကောင်..
ချွန်းမြောင်၏ အပြောင်းအလဲများကြောင့် မူလစီစဉ်ထားသည်နှင့် တစ်ထပ်တည်းမကျဘဲ အစီအစဉ်များက ကမောက်ကမဖြစ်၍ သူ၏ဒေါသက သူပုန်ထလာသည်ပင် မဆုံးရသေး။ မြေးဖြစ်သူက မိန်းကလေးတစ်ယောက်နှင့် ဓါးရေးယှဉ်ရဦးမည်။ ဤသည်က သူတို့အား စော်ကားလွန်းနေခြင်းပင်။
စားပိုးအင့်တယ် ဟုတ်လား...
သိုင်းသမားဖြစ်ပြီးတော့လေ..
နေပါဦး.သူ ငါတို့ အဆိပ်ခတ်တာကို သတိထားမိသွားတာလား..
မဖြစ်နိုင်တာ..
ဟုတ်ပါတယ်..သူ မသိလောက်ပါဘူး..
ဒီတိုင်း ထူးဆန်းတယ်လို့ ခံစားနေရလို့ တခြားတစ်ယောက်ကို လွတ်တာနေမှာပါ...
အကယ်၍ ဤမိန်းကလေးအား သူတို့နိုင်သွားခဲ့လျှင် ဟွာဆန်း၏နဂါးဆိုသည်က ရလဒ်ကိုအဖတ်ဆယ်ရန် ရှေ့ထွက်လာမည်ဟု သူထင်လေသည်။
အခြေအနေအရဆိုရင်တော့ ဟွာဆန်းရဲ့နဂါးဆိုတဲ့ကောင်ကို အဲ့အချိန်ကျမှ လက်စတုံးလိုက်ရင်လည်း ရမယ်ထင်တယ်..အရင်ဆုံးတော့ အဆိပ်ခတ်ထားတာကို သိသွားလား..မသိသွားဘူးလားဆိုတာ သေချာအောင် အရင်လုပ်ရမယ်..
ထန်ဝူး အတွေးတို့နှင့် ကျေနပ်သွားလေသည်။ ထိုမိန်းကလေး ရှုံးနိမ့်သွားပါက ဟွာဆန်း၏နဂါးဆိုသူက တိုက်ပွဲထဲသို့ ပါလာမည်ဖြစ်ပြီး ထိုအခါမှ သူတို့သူတို့၏အရှက်ကို ကယ်တင်သောအနေနှင့် နဂါးကောင်အား သတ်ပစ်လိုက်သည် ဆိုသည်က လက်ခံ၍ရသော အခြေအနေပင်။ ထန်ဂန်းသည်လည်း မည်သို့မှ ဝင်ကာ စွတ်ဖက်နိုင်မည် မဟုတ်ပေ။ ထိုအခါတွင်မူ သူတို့သည် ထန်မိသားစု၏ အာဏာကိုလည်း ရယူနိုင်သကဲ့သို့ နဂါးကောင်ကို သတ်နိုင်ခဲ့သည့်အတွက် ဂုဏ်သတင်း ကျော်ဇောခြင်းကိုလည်း ရရှိဦးမည် ဖြစ်လေသည်။ ဤသည်က သူတို့အတွက် အရှုံးမရှိ သားရွှေအိုးထမ်းကာ ပြန်လာသော အနေအထားပင်။ ထန်ဝူး အတွေးနှင့် ကျေနပ်ကာ ထန်ဟုတ်ကို လှမ်းကာ ခေါင်းငြိမ့်ပြလိုက်လေသည်။
"မင်းတို့တွေ မင်းတို့မောက်မာမှုအတွက် ပြန်ပြီးပေးဆပ်ကြရမယ်"
ယုရီဆိုးက ထန်ဟုတ်၏ ခြိမ်းခြောက်မှုကို တည်တည်ငြိမ်ငြိမ်ပင် တုံ့ပြန်လေသည်။
"ဟွာဆန်းက လူတွေက ပါးစပ်နဲ့မပြောဘူး..လက်တွေ့ပဲ သက်သေပြတယ်"
"အဆုံးထိ ကြည့်ရသေးတာပေါ့"
ထန်ဟုတ်က အံကိုတင်းတင်းကြိတ်ကာ လက်ကို အင်္ကျီအိတ်ထောင်ထဲသို့ ထည့်လိုက်လေသည်။
"ဂရုစိုက်ပါ. ငါ ဒီတိုက်ပွဲမှာ အဆိပ်တွေကို အသုံးပြုပါမယ်"
ထန်ဟုတ်က သူအဆိပ်များ အသုံးပြုမည့်အကြောင်းကို ပွင့်လင်းစွာ ကြေညာလာလေသည်။ ဤသည်က ယုရီဆိုးအား အခွင့်အရေးပေးသည့်အနေနှင့် ကြေငြာခြင်း မဟုတ်ပေ။ သူတို့ ထန်မိသားစု၏ စည်းမျဉ်းအရ ကြိုတင်ကြေငြာထားခြင်းပင်။ ထန်မိသားစု၏ စည်းမျဉ်းများအရ တိုက်ပွဲတွင် အဆိပ်များကို အသုံးပြုမည်ဆိုပါက ပွင့်ပွင့်လင်းလင်း ကြေငြာရမည် ဖြစ်၏။
"ရပါတယ်..သုံးလေ".
"..."
ယုရီဆိုးကမူ စိုးရိမ်ထိတ်လန့်သွားပုံမရဘဲ အေးအေးဆေးဆေးသာ တုန့်ပြန်လေသည်။
ထန်ဆိုဆို အံ့အားသင့်စွာပင် ကြည့်နေလေသည်။
သူက ဘာလုပ်ချင်နေတာလဲ..
သူမ ယုရီဆိုးအား အမှန်ပင် နားမလည်နိုင်ပေ။
ထန်ဟုတ်ဆိုသည်က ထန်မိသားစု၏ မျိုးဆက်မှဆင်းသက်လာသူဖြစ်ပြီး အရည်အချင်းက နည်းလှသူ မဟုတ်ပေ။ ယခင်က ဆက်ခံသူဖြစ်ခဲ့သော ထန်ပယ်ထက် ပို၍စွမ်းရည်မြင့်မားသည်ဟု ပြောကြသူများလည်း ရှိပေသည်။ ခေါင်းဆောင်ကြီး၏ သားမဟုတ်၍သာ ဆက်ခံသူရာထူးနှင့် လွဲခဲ့ခြင်းဖြစ်ပြီး ထိုသူနှင့် ယုရီဆိုးက ဓါးရေးယှဉ်ရန် ကြိုးစားနေလေသည်။ ယုရီဆိုးအနေနှင့် သူ့အား ယှဉ်နိုင်မည်မဟုတ်ဟု ထန်ဆိုဆို ထင်မိလေသည်။ ထန်ဆိုဆို ယုရီဆိုးအတွက် စိုးရိမ်မိသွားလေသည်။
"ငါ ဒါကို တားရမယ်"
"မမ"
ထန်ဇန်က သူမ၏ စကပ်စကိုဆွဲကာ တားလာလေသည်။
"စိတ်အေးအေးထားစမ်းပါ..အခု မမ ကွင်းထဲဝင်ပြီး သွားတားရင် မမပဲ အဟားခံရမှာ"
"ဒါပေမယ့် သူက ဘယ်လိုလုပ် ထန်ဟုတ်ကို ယှဉ်နိုင်မှာလဲ...မတော်လို့ တစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ"
ထန်ဆိုဆို အမှန်ပင် စိုးရိမ်မိခြင်းပင်။ ယုရီဆိုးက သူမ၏အခြေအနေကို နားလည်သောတစ်ဦးတည်းသောလူဖြစ်ပြီး သူမအား ကူညီရန်ကြိုးစားနေခြင်းပင်။ သူမအတွက်နှင့် ယုရီဆိုး ထိခိုက်သွားမည်ကို မလိုလားပေ။ ထန်အိမ်တော်၏ အဆိပ်များက လူရွေးကာ သက်ညှာနေမည်မဟုတ်သည်ကို သူမ ကောင်းကောင်းကြီး သိလေသည်။
"သူကရော ဒါတွေကို မသိဘဲနဲ့ ကွင်းလယ်ကို ရောက်နေမယ်လို့ ထင်နေတာလား"
"ဘာ"
"သူ ဖြစ်လာနိုင်တာတွေ အကုန်လုံးကို သိပြီးသားပါ..သူက စစ်သည်တစ်ယောက် သိုင်းသမား တစ်ယောက်"
"...."
"သူ့ရဲ့ ဆုံးဖြတ်ချက်ကို မလေးမစား မလုပ်ပါနဲ့.. တိုက်ပွဲထဲကို ခြေချလိုက်ပြီဆိုတာနဲ့ ယောက်ျား မိန်းမဆိုတဲ့ ပညတ်က မရှိတော့ဘူး..အကုန်လုံးက စစ်သည်တွေပဲ..အားလုံးက တန်းတူပဲ..သူတို့ရဲ့ မြင့်မြတ်တဲ့ ဓါးရေးယှဉ်ပွဲကို မမ မနှောင့်ယှက်ချင်စမ်းပါနဲ့."
ထန်ဆိုဆို တုန်လှုပ်သွားလေသည်။
ဒါက..သူ ငါ့ကို ပြပေးချင်တဲ့ လမ်းကြောင်းလား..
ထန်ဆိုဆို ယုရီဆိုးကို ပြန်ကာ ကြည့်လိုက်လေ၏။
ယုရီဆိုးက အမှန်ပင် တည်ငြိမ်မှုအပြည့်ပင်။
ယုရီဆိုး ရှေ့သို့တိုးလာသည်ကို မြင်သည်နှင့် ထန်ဟုတ်က ခြိမ်းခြောက်လာလေသည်။
"မင်း ငါက ဘယ်သူဆိုတာကိုတာ သိလို့ကတော့ ဒီလိုရဲဝံ့နေမယ်လို့ မထင်မိဘူး..."
"နင်စကား တအားများတာပဲ"
ယုရီဆိုး မျက်မှောင်ကြုတ်ကာ သူမရှေ့တွင် ရှိနေသောသူကို ကြည့်လိုက်လေသည်။ သူမသည် စကားများသူများကို မုန်းတီးသည်မဟုတ်သော်လည်း ဤလူကမူ အတော်လေးပင် လေကြီးလေကျယ်နိုင်သည်ဟု ခံစားရလေသည်။
"မင်းက သေချင်နေတာဆိုတော့လည်း စိတ်ချ..ငါ သတ်ပေးရတာပေါ့..."
"သေဖို့သာ ပြင်ပေတော့"
ထန်ဟုတ်က အင်္ကျီလက်ထဲသို့ လက်နှိုက်ကာ အလင်းလို အရှိန်နှင့် ယုရီဆိုးထံသို့ ပစ်လွှတ်လိုက်လေသည်။ ပစ်လွှတ်လိုက်သည့်အရာများက အပ်များဖြစ်လေပြီး အပ်တိုင်းက မဲနက်နေကာ အဆိပ်သုတ်လိမ်းထားသည်က အသိသာကြီးပင်။
ယုရီဆိုးက ဓါးကိုဖြေးညင်းစွာ ဝေ့ယမ်းလိုက်လေသည်။ အမှန်ပင် ဖြေးညင်းစွာဝေ့ယမ်းနေပြီး သိုင်းကစားနေသည်ထက် ဓါးသိုင်းကနေသည်နှင့်ပင် ပို၍တူလေသည်။ ဓါးကို ဝေ့ယမ်းကာ ကစားနေပုံက ကျက်သရေရှိကာ အလွန်ပင်လှပနေလေသည်။ ယုရီဆိုးက ဓါးနှင့်ပြေးဝင်လာသော အပ်များကို တားဆီးခုတ်ပိုင်းလိုက်လေသည်။ အပ်များအားလုံးက ဓါးနှင့်တားဆီးခံလိုက်ရသောကြောင့် မြေပြင်ပေါ်သို့ ပြုတ်ကျကုန်ကြလေ၏။
"ဟွန့်..မင်းနောက်တစ်ကြိမ် ထပ်ပြီးတားနိုင်ဦးမလား ကြည့်ရသေးတာပေါ့"
ထန်ဟုတ်က အပ်များအသုံးမဝင်တော့သည်ကို မြင်သည်နှင့် ချက်ချင်းပင် နောက်ထပ်ဓါးမြောင်များကို ပစ်လွှတ်လိုက်လေသည်။ ဓါးမြောင်များက အဆိပ်ကြောင့် အပြာရောင်ဖြစ်နေပြီး အားလုံးက ယုရီဆိုးထံသို့ ပြေးဝင်သွားကြလေသည်။
ယုရီဆိုးက ဓါးထိပ်ကိုငြိမ်အောင်ထိန်းကာ ဓါးမြောင်များ လာရာလမ်းကို ဦးတည်ထားလိုက်လေသည်။ ပြေးဝင်လာသော ဓါးမြောင်များက ယုရီဆိုး၏ ဓါးဦးနှင့်ထိပြီး မူလအရှိန်အတိုင်းပင် ထန်ဟုတ်ဆီသို့ ပြေးဝင်သွားကြလေသည်။
ထန်ဟုတ်က ထိုတန်ပြန်တိုက်ကွက်ကြောင့် အံဩသွားပြီး ဒေါသလည်း ထွက်သွားလေသည်။ ကိုယ့်အတတ်ကိုယ်စူးခြင်းပင်။ ထန်ဟုတ် တစ္စေအဆိပ်လက်သည်းကို ထုတ်ကာ ပြန်လည်ပစ်လွှတ်လိုက်မှသာလျှင် သူ့ထံသို့ပြေးဝင်လာသော သူ၏ဓါးမြောင်များ အားလုံးက မြေပေါ်သို့ ပြုတ်ကျကုန်ကြလေတော့သည်။
ထန်ဟုတ် ယခင်ကလောက် အရဲစွင့်ကာ မတိုက်ရဲတော့ပေ။ အနည်းငယ် တုံ့နှေးသွားလေသည်။
ငါ လုပ်နိုင်မှာပါ..
သူ၏ရှေ့တွင်ရှိနေသော ဤအမျိုးသမီးက သူထင်ထားသည်ထက်ပင် သန်မာနေသည်ကိုတော့ ဝန်ခံရပေမည်။ ထန်ဇန်ကလည်း ဂျိုဂုကို ရှုံးနိမ့်ခဲ့သည်ကို ကြည့်လျှင် ဟွာဆန်း၏ဂိုဏ်းသားတိုင်းကပင် သန်မာသည်ဟု သူလက်ခံမိသွားလေသည်။သို့သော်..
"မင်းသာ မိန်းကလေးတစ်ယောက် မဟုတ်ရင်တော့ ငါ့ကို နိုင်ကောင်းနိုင်နိုင်ပါတယ်"
"...""
"ဒါပေမယ့် ယောက်ျားတစ်ယောက် ဟုတ်မနေတော့လည်း သေချာပေါက်ကို ရှုံးမှာပဲ"
ထန်ဟုတ်၏စကားကြောင့် ယုရီဆိုးက ပြုံးလိုက်လေသည်။
"ဘာကများ ရယ်စရာပါနေလို့လဲ"
"ငါတွေးမိသွားလို့"
"ဘာကိုလဲ"
"နင် ပျော့လွန်းနေတာကိုလေ..နင် ယောက်ျားတစ်ယောက်တော့ ဟုတ်ပါတယ်နော်"
"မင်း...မင်..ကများ"
"နင် သိလား...မိန်းမ ယောက်ျားဘယ်အရာကမှ အရေးကြီးဆုံး မဟုတ်ဘူး...တကယ့်အရေးကြီးဆုံးက"
ယုရီဆိုးက ဓါးကိုဝေ့ယမ်းကစားကာ ထန်ဟုတ်ကို ချိန်ရွယ်ထားလိုက်လေသည်။
"နင် သန်မာသလား...အားနည်းသလား ဆိုတာပဲ"
ထန်ဟုတ် သူ၏ဒေါသကို မထိန်းနိုင်တော့ပေ။ ယုရီဆိုးအား မီးတောက်နေသော ဒေါသမျက်လုံးများနှင့် ကြည့်ကာ ကြိမ်းဝါးလိုက်လေသည်။
“မင်းက သေချင်နေတာပဲ ဖြစ်ရမယ်”
“နင် ထင်ချင်သလို ထင်လို့ရတယ်”
“စိတ်ချ သေချင်နေတော့လည်း သေချာပေါက် ဆန္ဒဖြည့်ဆည်းပေးရမှာပေါ့”
ထန်ဟုတ်က သူ၏အင်္ကျီလက်ထဲသို့ တစ်ခါပြန်ကာ နှိုက်လိုက်ပြန်လေသည်။ ယခုတစ်ခေါက်တွင်မူ နိုက်သောနေရာက အနည်းငယ် နစ်လေသည်။ ထန်မိသားစုမှ လူများသည် အများအားဖြင့် ဓါးမြောင်သုံးရသည်ကို သဘောကျသော်လည်း ထန်ဟုတ်ကမူ ထိုသို့မဟုတ်ပေ။ သေစေနိုင်သော အဆိပ်များကို သုံးရသည်ကို ပို၍နှစ်ခြိုက်လေသည်။
ငါ သုံးလိုက်လို့ရလောက်လား..
အကယ်၍ သူသည်သာ အဆိပ်သုံးသည်က အောင်မြင်သွားခဲ့လျှင် ယုရီဆိုးကို နိုင်သွားမည်ဖြစ်လေသည်မို့ ထန်ဟုတ် ညှာတာရန် မတွေးတော့ပေ။ ထန်ဟုတ် အင်္ကျီလက်ထဲသို့ နှိုက်ကာ ပစ်လိုက်လေတော့သည်။ ယခုတစ်ကြိမ်တွင်မူ ယခင်အကြိမ်များကကဲ့သို့ သတ္တုသံက မြိုင်မြိုင်ဆိုင်ဆိုင် ထွက်မလာတော့ပေ။ တိုးတိုးတိတ်တိတ်သာ ထွက်လာလေသည်။ အသံသဲ့သဲ့သာ ကြားရလေပြီး မြင်လည်းမမြင်နိုင်ပေ။
ယုရီဆိုးက လေတိုးသံကို နားဆင်ကာ သူမဆီသို့ ပြေးဝင်လာသောအရာများကို ဓါးနှင့်တားဆီးလိုက်လေသည်။
“ဘာလားဟ”
ထန်ဟုတ်သုံးလိုက်သောအရာကို မြင်လိုက်ကြသော ထန်မိသားစုမှ အကြီးအကဲများနှင့် ကျန်လူများကမူ ထိတ်လန့်သွား၍ နေရာမှပင် အလန့်တကြားခုန်ထလာကြလေသည်။
“နွားမွှေးအပ်တွေလား”
နွားမွေးအပ်ဆိုသည့်အတိုင်းပင် အပ်များက နွား၏အမွေးများလိုပင် ပါးလှပြီး သေးသွယ်လှလေသည်။ အရွယ်အစားက သေးငယ်လွန်းလှသည်မို့ ပေါ့ပါးလှကာ သွက်လက်လွန်းလေပြီး လျင်မြန်သောအရှိန်နှင့်ဆိုလျှင် သာမန်မျက်စိနှင့် မမြင်နိုင်တော့ပေ။
ယုရီဆိုးက အပ်များကို ဓါးနှင့်တားဆီးကာ ရှောင်ရှားလိုက်သောလည်း သူမ၏ရှောင်ရှားမှုက မပြည့်စုံလိုက်ပေ။ ယုရီဆိုး အပ်များကို ခုတ်ပိုင်းပြီးလိုက်သည်နှင့် သူမ၏ပုခုံးတွင် စိုက်နေသော အပ်တစ်ချောင်းကို သတိထားမိသွားလေသည်။ ယုရီဆိုး ထိုထိုးစိုက်နေသောအပ်ကို ဆွဲကာနှုတ်လိုက်ပြီး ကြမ်းပြင်ပေါ်သို့ ပစ်ချလိုက်လေသည်။
အဆိပ်ပါတာလား…
သူမ၏ ပုခုံးက တဖြည်းဖြည်း နာကာ ထုံကြင်လာသည်ကို သတိပြုမိလိုက်လေသည်။ နာကြင်မှုက တစ်စထက်တစ်စတိုးပွားလာကာ ထိုနာကြင်သောနေရာများအားလုံးက ထုံကြင်ကာလိုက်လာလေပြီး မလှုပ်ရှားနိုင်တော့ ဟုပင် ထင်လာရလေသည်။
“မင်း ထန်မိသားစုက ဘယ်လောက်ကြောက်စရာကောင်းတယ်ဆိုတာ သိထားသင့်တယ်”
“အပ်လေးတစ်ချောင်း စိုက်မိရင်တောင် မင်းတော့ သွားပြီပဲ… ထန်မိသားစုရဲ့ အင်အားအစစ်အမှန်က အဆိပ်တွေက လာတာ..အခု မင်းသာ ငါ့ကို ခွင့်လွတ်ဖို့သာ တောင်းဆိုမယ်ဆို ငါမင်းကို သက်ညှာပေးလိုက်မယ်”
“အဆိပ်လား”
“ဟုတ်တယ်…မင်းက မင်းခန္ဓာကိုယ် ဘာဖြစ်နေမှန်းတောင် မသိဘူးလား…မင်း အခု အဆိပ်မိနေပြီ”
“ဪ”
ယုရီဆိုးက တိုးတိုးလေး ရေရွတ်လိုက်လေသည်။
“နင်က တကယ့်ရူးတာပဲ”
“ဘာကိုလဲ”
“အဆိပ်မပြန့်ခင်အချိန်အထိ နင် တောင့်ခံပြီး ရပ်တည်နိုင်မယ်လို့ ထင်နေတာလား”
ယုရီဆိုးက ပြောပြီးသည်နှင့် သူမ၏ဓါးကို ထန်ဟုတ်ထံသို့ ချိန်ရွယ်ထားလိုက်လေတော့သည်။
“သောက်ရူးခွေးမ… မင်းရဲ့ အခုလိုသောက်ပြောတွေအတွက် နောင်တရဖို့ ပြင်ထားလိုက်”
ထန်ဟုတ်က သူ၏လက်ကို ဝေ့ယမ်းလိုက်လေသည်။ လက်ယမ်းလိုက်သည်နှင့် တစ်ပြိုင်နက် အမျိုးအမည်မသိရသော အမှုန့်များက စင်ပေါ်တွင် ဖုံးလွှမ်းသွားလေပြီး မြင်ကွင်းများအားလုံးကို ဝေဝါးသွားစေလေသည်။
“စိတ်ဝိဉာဉ်ဖြိုခွဲသဲ”
ထိုသဲသည်ကလည်း အဆိပ်တစ်မျိုး ဖြစ်လေပြီး ယုရီဆိုးလာမည့်လမ်းကြောင်းကို ပိတ်ပင်ထားလေသည်။ အချိန်နှင့်အမျှ ယုရီဆိုးက ထိုသဲများကိုဖြတ်သန်းကာ ထန်ဟုတ်ဆီသို့ ပြေးဝင်လာသည်နှင့် သူမက ထိုအဆိပ်များသင့်နေပြီ ဖြစ်၏။ အဆိပ်များက မိလျှင်မိခြင်း ကုသသည်က အကောင်းဆုံးပင်။ ဤသည်ကိုပင် ယုရီဆိုးက မကုသဘဲ တိုက်ပွဲကိုသာ အာရုံစိုက်ပြီး ဆက်လက်တိုက်ခိုက်နေလေသည်။
ထန်ဟုတ်သည် အခြေအနေအရ တစ်ပန်းသာသွားပြီဖြစ်သော်လည်း မထင်မှတ်ဘဲ အမှားတစ်ခု ပြုလုပ်မိသွားလေသည်။ ချွန်းမြောင်၏ လေ့ကျင့်ရေးကို ရဖူးသူတိုင်းသည် မည်သို့ပြန်လည် တိုက်ခိုက်ရမည်ဆိုသည်ကို ကောင်းကောင်းကြီး သိရကြသူများဖြစ်လေသည်။
ယုရီဆိုး၏ ဓါးသွားက စတင်ကာ တုန်လှုပ်လာလေပြီးနောက်တွင်မူ ပန်းပွင့်တစ်ပွင့် ပွင့်လာလေသည်။
ယုရီဆိုး၏ ပထမဆုံးသော ပန်းပွင့်ခြင်းပင်။ ပန်းပွင့်များက တစ်ပွင့်မှသည် တစ်ရာ ဖြစ်လာလေပြီး ဖုံးလွှမ်းနေသော အဆိပ်သဲများကို ကာကွယ်ပေးထားသည့်အပြင် ဒိုင်းကာသဖွယ် ထိုးဖောက်နိုင်သည့်အရာလည်း ဖြစ်လာလေသည်။
ထန်ဟုတ်ကမူ ပန်းပွင့်များကို ဒိုင်းသဖွယ်အသုံးပြုကာ ရှေ့သို့တက်လာသော ယုရီဆိုးကို တွေ့သည်နှင့် တုန်လှုပ်လာလေတော့သည်။ ထန်ဟုတ်အနေနှင့် သဲများမှ အဆိပ်ဒဏ်ကို မခံရနိုင်သော်လည်း မြင်ကွင်းမှမူ ဝေဝါးနေဆဲပေမို့ ရှောင်ရှားရန် နေရာတစ်ခုကို ရှာလိုက်လေသည်။ သို့သော် ချက်ချင်းဆိုသလိုပင် သူ၏ရှေ့မှ သဲများက ရှင်းလင်းသွားပြီး ပန်းပွင့်များပွင့်နေသော ဓါးနှင့် ယုရီဆိုးကို တွေ့လိုက်ရလေသည်။ ထန်ဟုတ် အံဩလွန်း၍ မျက်လုံးများပင် ကျွတ်ကျတော့မတတ်ပင်။
သူ ဘယ်လိုလုပ်ပြီး လွတ်လာနိုင်ရတာလဲ..
ဒီ သဲတွေကို ဖြတ်ပြီးတော့လေ..အဆိပ်လည်း မိထားသေးတာကို…
သို့သော် ထန်ဟုတ် ကြာကြာတွေးတောချိန် မရလိုက်ပေ။
ယုရီဆိုး၏ ဓါးက သူ့မျက်နှာရှေ့သို့ ရောက်လာလေပြီး သူကြောက်လန့်တကြား ကြမ်းပြင်ပေါ်သို့ လဲကျသွားလေသည်။ ယုရီဆိုးက သတ်ဖြတ်လိုသော အရိပ်အယောင်အပြည့်နှင့် သူ၏ရှေ့တွင် ရပ်နေလေသည်။
“ဒါ..ဒါက”
“မင်းက တကယ့်ကို ရူးနေတာပဲ”
“ငါ နင့်ကိုပြောပါတယ်”
“နင်က ပျော့လွန်းတယ်လို့”
“…”
“နင်က တိုက်ပွဲလေးတစ်ခုတောင် ဝင်တိုက်နိုင်လောက်အောင် မသန်မာသေးဘူး..”
“နင် ဘယ်လောက်ပဲ သန်မာသန်မာ နင့်ထက် သန်မာတဲ့သူကတော့ အမြဲတမ်းရှိနေမှာပဲ…”
ထန်ဟုတ် သိသွားခဲ့ပြီဖြစ်လေသည်။ ယုရီဆိုးသည် သူ၏ပြိုင်ဘက်မဟုတ်ပေ.။သူ့ထက် တစ်ဆင့်မြင့်နေသော သူသာဖြစ်လေသည်။
“အား…”
ထန်ဟုတ်က ထရန်ပြင်လိုက်သည်နှင့် ယုရီဆိုးက သူမ၏ဓါးနှင့် ရိုက်ချလိုက်လေပြီး ခေါင်းကို အဆက်မပြတ်ရိုက်လေတော့သည်။
ဘတ်ချုန်းကမူ ထိုမြင်ကွင်းကို ကြည့်ရင်း ပါးစပ်မှ လိုက်ကာ ရွတ်နေလေသည်။
“ခေါင်းခေါင်းခေါင်း…အား..ထပ်ပြီးတော့လည်း ခေါင်းခေါင်းခေါင်း”
ယွန်းဂျွန်ကမူ ထိုမြင်ကွင်းကို ကြည့်ကာ တုန်လှုပ်စွာဆိုလာလေသည်။
“ဟာ..အဲ့လိုမျိုး သင်ပေးခံထားရရင်တောင် သူများကို သင်ပေးထားတဲ့အတိုင်း တစ်ထပ်တည်းရိုက်နေတာတော့ မဖြစ်သင့်ပါဘူး”
ချွန်းမြောင်၏ လမ်းစဉ်ကိုလိုက်ကာ ခေါင်းကိုသာ ရိုက်နေသောယုရီဆိုးကြောင့် ဟွာဆန်းဂိုဏ်းသားများက ထန်ဟုတ်ကို သနားသောမျက်လုံးလေးများနှင့် ကြည့်လာကြလေသည်။
အဆက်မပြတ် ရိုက်ခံနေရသော ထန်ဟုတ်ကမူ မေ့မြောကာ ကြမ်းပြင်ပေါ်သို့ လဲကျသွားပြီဖြစ်လေသည်။ ထိုမြင်ကွင်းကို မြင်နေရသော အသည်းနုသူတစ်ချို့ကဆိုလျှင် မျက်ရည်များပင် လည်နေကြပြီဖြစ်လေသည်။
“ဆရာတူအမကြီး….လာတော့”
ချွန်းမြောင်က ရုတ်တရက်ဆိုသလို စင်ပေါ်သို့ တက်လာလေပြီး ယုရီဆိုးကို ဆွဲလာလေသည်။
“…”
“စောနက မိထားတဲ့အဆိပ်ကို ကုတာက ပိုကောင်းမယ်”
ယုရီဆိုးက ချွန်းမြောင်ကို ခေါင်းငြိမ့်ပြကာ စင်အောက်သို့ ဆင်းလာလေသည်။
ယုရီဆိုးက စင်ပေါ်တွင် လဲနေသော ထန်ဟုတ်ကိုမူ တစ်ချက်လှည့်ကာကြည့်လိုက်လေသေးသည်။
ချွန်းမြောင်ကမူ ယုရီဆိုးကိုဆွဲကာ မည်သူ့ကိုမှ ဂရုမစိုက်စွာနှင့်ပင် ထန်ဂန်းရှေ့သို့သွားကာ လက်ဖြန့်လိုက်လေသည်။
“ကျွန်တော့်ကိုပေး…အဆိပ်ဖြေဆေး’
ထန်ဂန်းက အဆိပ်ဖြေဆေးအား ချက်ချင်းဆိုသလိုပင် ထုတ်ကာပေးလိုက်လေသည်။
“အဆင်ပြေသွားမှာပါ”
“ကျစ်”
ချွန်းမြောင်က ယုရီဆိုးအား မျက်မှောင်ကြုတ်ကာ ကြည့်လိုက်ပြီး ပြောလာလေသည်။
“ဘာလို့ ဒီလောက်အဆင်အခြင်မဲ့ တိုက်ရတာတုန်း..အမကြီး”
“အဲ့ကောင်နဲ့ တစ်လေတည်း မရှုချင်တော့လို့”
“ဟမ်”
ချွန်းမြောင် ယုရီဆိုး၏စကားကြောင့် ထန်ဟုတ်ကိုပင် အားနာသလို ခံစားမိသွားလေသည်။ ချွန်းမြောင်က ခေါင်းကို လှည့်ကာ ယုရီဆိုးကို ပြောလိုက်လေသည်။
“အဆိပ်တွေ တအားမပြန့်သွားခင် ဆေးကို သောက်လိုက်တာ ကောင်းမယ်…အခုသောက်လိုက်တော့”
“နင်ကရော”
“ကျွန်တော်လား”
ချွန်းမြောင်က တခစ်ခစ်ရယ်ရင်း ပြောလာလေသည်။
“ကျွန်တော်ကတော့ သွားပြီးတော့ လက်ဆောင်ပေးရဦးမယ်လေ”
ချွန်းမြောင်က ပြောကာ ထန်ဝူးကို လှမ်းကာကြည့်လိုက်လေသည်။
“အင်း…သူ့ကို ပေးမှာက လက်ဆောင်လို့တော့ ပြောလို့ရမယ်ထင်တာပဲ”
ချွန်းမြောင်က သူ၏ဓါးလက်ကိုင်ကို ဖွဖွပွတ်ကာ ပြောလိုက်လေတော့သည်။
အဆင့်သင့်သာ ပြင်ထားလိုက်ပေတော့…
ဖိုးဖိုးကြီးရဲ့ နည်းလမ်းက လက်ခံဖို့ သောက်ရမ်းကို ခက်ခဲနေတာဆိုတော့လည်းပေါ့လေ..
အပိုင်း (၂၀၇)
ဖိုးဖိုးကြီးရဲ့ နည်းလမ်းက လက်ခံဖို့ သောက်ရမ်းခက်ခဲနေတာပဲ (၂)
ပြိုင်ပွဲစင်မြင့်ကြီးက လုံးဝတိတ်ဆိတ်သွားလေသည်။ သူ ရှုံးသွားခဲ့လေပြီ ထန်ဟုတ််အမှန်ပင် ရှုံးသွားပြီဖြစ်လေသည်။ ထန်မိသားစုမှ လူတိုင်းကလည်း ဤအဖြစ်ပျက်ကြီးကို လက်ခံရန်ခက်ခဲစွာနှင့်ပင် လက်ခံလိုက်ကြရလေပြီ ဖြစ်သည်။
ရှုံးသွားခဲ့တာ ဟွာဆန်းက နဂါးကိုတောင် မဟုတ်ဘူး…
လူမသိသူမသိ သာမန်ဟွာဆန်းဂိုဏ်းသားတစ်ဦးကို ရှုံးသွားခဲ့တာတဲ့လား..
နဂါးထက် အသက်အများကြီးကြီးရင်တောင် သူ့ထက်တော့ ငယ်သေးတဲ့မိန်းကလေးတစ်ယောက်ကိုတဲ့လား…
မိန်းကလေးများကို လူရာမသွင်း များစွာချိုးနှိမ်ထားသော ထန်ဟုတ်သည် မိန်းကလေးတစ်ယောက်ထံတွင် ရှုံးနိမ့်ခဲ့လေသည်သတဲ့လား…
ထန်ဆိုဆို လက်သီးကို ဆုပ်လိုက်လေသည်။
“ငါတို့ နိုင်သွားပြီ”
ယုရီဆိုးက ထန်ဟုတ်အား နိုင်သွားသည့်အပေါ်တွင် လူတိုင်းက အံဩကြသည်မှန်သော်လည်း ထန်ဆိုဆိုကမူ ပို၍ပင် အံဩတုန်လှုပ်မိလေသည်။ မိန်းကလေးတစ်ယောက်က ထန်မိသားစုမှ ယောက်ျားလေးတစ်ယောက်ကို အနိုင်ယူလိုက်ခြင်းပင်။ ဤသည်က သူတစ်သက်တွင် တစ်ကြိမ်ပင် မတွေးဖူးသောအတွေးဖြစ်လေပြီး ယုရီဆိုးက သူမအား လမ်းပြပေးလိုက်သလိုပင်။
သူမသည် ထန်မိသားစု၏စည်းမျဉ်းဟူသော ဘောင်ထဲတွင် အမြဲလိုလိုပင် ပိတ်မိနေခဲ့ပြီး အရာအားလုံးကိုလည်း မလွန်ဆန်ရဲခဲ့ပေ။ ယုရီဆိုးကမူ သူမနှင့်မတူ ။တမူထူးခြားသောလမ်းကို ရွေးခဲ့လေသည်။
အံဩစရာ ကောင်းလိုက်တာ…
ယုရီဆိုးက သူမအား လမ်းကြောင်းအသစ်ကို ပြသလိုက်သကဲ့သို့ ခံစားလိုက်ရလေသည်။ သူမ မည်သည့်အခါကမှ မတွေးခဲ့ဖူးသော လမ်းကြောင်းပင်။ ထန်ဆိုဆို လမ်းကြောင်းတစ်ခုကို တွေ့သွားသကဲ့သို့ ခံစားလိုက်ရလေသည်။
ဟမ်..
အဲ့လူက စင်ပေါ် ဘာတက်လုပ်နေတာလဲဟ..
ချွန်းမြောင်က စင်ပေါ်သို့ တက်လာလေသည်။
“သူတို့က ဓါးရေးယှဉ်တာလည်း နိုင်သွားပြီကို …ဘာတက်လုပ်ပြန်တာတုန်း”
လူတိုင်းက ပွဲပြီးသွားကာမှ စင်ပေါ်သို့ တက်လာသောချွန်းမြောင်ကြောင့် အားလုံးက ဝိုင်းကာကြည့်ရှုနေကြပြီး ချွန်းမြောင်က အားလုံးကို ပြန်ကြည့်ကာ မတိုးမကျယ်သောအသံနှင့် ပြောလာလေသည်။
“ရိုးရိုးသားသား ပြောရရင်တော့ ထန်မိသားစုက လူတွေကို ဒီထက်ပိုပြီး မျှော်လင့်ထားတာ”
“အခုတော့ ကြည့်ပါဦး…ဘာလို့ ဒီလိုဖြစ်နေတာလဲတောင် နားမလည်နိုင်တော့ဘူး”
လူတိုင်းက ချွန်းမြောင်၏ အထင်သေးစကားကြောင့် သွေးဆူလာကြသလို ရှက်ရွံခြင်းကိုလည်း တစ်ပြိုင်နက်တည်း ခံစားလာကြရလေသည်။ ဤသို့ ထုတ်ဖော်ပြောဆိုခံနေရခြင်းက အရှက်ခွဲခံနေရခြင်းနှင့် အတူတူပင်။
“အာ…အဲ့လို ဒေါသမျက်လုံးတွေနဲ့ ကျွန်တော့်ကို လာာကြည့်မနေကြနဲ့…ခင်ဗျားတို့သာ ကျွန်တော်တို့ နေရာမှာဆိုရင်လည်း ခင်ဗျားတို့ ဒီလိုပဲတွေးမှာပဲ”
ချွန်းမြောင်က မေ့မြောနေ၍ ဝိုင်းကာမသွားကြသော ထန်ဟုတ်ကို ညွှန်ပြကာ ပြောလာလေသည်။
“ကြည့်လိုက်”
“…”
အားလုံးက ပါးစပ်ပိတ်ခေါင်းငုံ့သွားကြလေသည်။ အရှုံးသမားများအနေဖြင့် စောဒကတက် မကျေနပ်ဖြစ်နေရန် အခွင့်အရေးမရှိပေ။
“သိုင်းသမားတစ်ယောက်က တိုက်ပွဲမစခင်မှာ သူ့ရန်သူရဲ့စွမ်းရည်ကို သိနားလည်ရမှာက သိုင်းသမားတိုင်းရဲ့ အခြေခံလိုအပ်ချက်ပဲ”
ချွန်းမြောင်က ပြုံးလိုက်လေသည်။ ထန်မိသားစုမှ လူတိုင်းက ချွန်းမြောင်၏စကားများကြောင့် မကျေမနပ်ဖြစ်နေကြသော်လည်း တစ်ခွန်းသော်မှ ပြန်ကာမတုံ့ပြန်ရဲကြပေ။ ချွန်းမြောင်ပြောနေသည်များက ခံရခက်သည်မှန်သော်လည်း အမှန်တရားများ ဖြစ်နေသောကြောင့်ပင်။
ထို့အပြင် အားလုံးမျှော်လင့်ထားသည့်အတိုင်းပင်။ ထန်ဟုတ်သည် ဟွာဆန်း၏နဂါးကို မယှဉ်နိုင်ခဲ့ပါ မဟုတ်ပေ ဟွာဆန်း၏ သာမန်ဂိုဏ်းသားတစ်ယောက်ကိုပင် မယှဉ်နိုင်ခဲ့ခြင်းပင်။ အကယ်၍ ယုရီဆိုးသည်သာ ချွန်းမြောင်ထက် သန်မာခဲ့သည်ဆိုပါကာ နဂါးဘွဲ့ရသူမှာ ယုရီဆိုးသာ ဖြစ်ပေလိမ့်မည်။ သို့သော် ယခုတွင် နဂါးဘွဲ့ခံထားသူက ချွန်းမြောင်ဖြစ်ပြီး ချွန်းမြောင်က ယုရီဆိုးထက် များစွာသန်မာသည်ဆိုသည်က အသိသာကြီးပင်။ ထန်ဟုတ် ချွန်းမြောင်ကို ယှဉ််နိုင်ရန်ဆိုသည်က မဖြစ်နိုင်သောကိစ္စပင်။ ထို့ကြောင့်ပင် ဤသို့အလှောင်ခံနေရခြင်းလည်း ဖြစ်လေသည်။
ချွန်းမြောင်က အားလုံးကို ကြည့်ကာ မေးလိုက်လေသည်။
“ကျွန်တော် ဘာလို့ ဒါတွေပြောနေတာလဲ”
“ဘာလို့ ပြောနေတာလဲ သိကြလား…ဘယ်သူကများ ဒီလိုရူးကြောင်ကြောင် အဓိပ္ပါယ်မရှိတဲ့ ဓါးရေးယှဉ်ပွဲကို အကြံပေးခဲ့တာလဲဆိုတာ သိချင်လို့”
ချွန်းမြောင်၏ စကားကို မည်သူမှ အသံထုတ်ကာ မဖြေကြသော်လည်း အားလုံး၏မျက်လုံးများကမူ တစ်နေရာထဲသို့သာ ရောက်ရှိသွားကြလေသည်။ ထန်ဝူးဆီသို့ပင်။
“အဟမ်း..”
ထန်ဝူးက မသက်မသာခံစားချက်ကြီးကို သက်သာလိုသက်သာငြား ချောင်းတစ်ချက်ဟန့်လိုက်လေသည်။
ချီးလိုပဲ..
ထန်ဝူး ကြိတ်ကာ ဆဲရေးလိုက်လေသည်။ ကိစ္စများ အားလုံးက ကမောက်ကမ ဖြစ်ကုန်လေပြီဖြစ်၏။ ထန်ဟုတ်က ဟွာဆန်း၏နဂါးကို မယှဉ်နိုင်ဆိုသည်က သူမသိသည်မဟုတ်ပေ သူသိပြီးသားပင်။ ထို့ကြောင့်ပင် ကြိုတင်ကာ အဆိပ်ခတ်ကာ သူ့မြေးအား ကူညီပေးခဲ့ခြင်း ဖြစ်လေသည်။ သို့သော်လည်း ထန်ဟုတ်သည် ချွန်းမြောင်နှင့် မရင်ဆိုင်ရဘဲ မိန်းကလေးတစ်ယောက်ဖြစ်သည့် ယုရီဆိုးနှင့် ရင်ဆိုင်ရကာ ယုရီဆိုးကိုပင် ရှုံးနိမ့်သွားခဲ့လေသည်။ စီစဉ်ထားသည့်အရာများအားလုံးက ပရမ်းပတာဖြစ်သွားလေပြီဖြစ်သည်။
အနိုင်ရကာ ဆက်ခံသူနေရာကိုရရန် များစွာကြိုးပမ်းခဲ့ရသော်လည်း ယခုတွင်မူ သဲထဲရေသွန်ဖြစ်ကာ လုံးလုံးအရှက်ကွဲရသည့် ဘဝသို့ရောက်သွားပြီဖြစ်လေသည်။ ထန်ဟုတ်သည်သာမက ဤဓါးရေးယှဉ်ပွဲကို တောင်းဆိုခဲ့သည့် သူ့ကိုပါ လူများက ဝိုင်းကာလက်ညှိုးထိုးလာခဲ့ပြီဖြစ်လေသည်။
ထန်ဝူး စီစဉ်ထားသည့် အရာများအားလုံးက ပျက်သုန်းသွားခဲ့ရပြီမို့ ဒေါသက ချောင်းချောင်းထွက်နေလေပြီး အားလုံး၏ တရားခံဖြစ်သည့် ချွန်းမြောင်ကိုသာ အပိုင်းပိုင်း စုတ်ဖြဲလိုက်ချင်တော့သည်။ အကြီးအကဲများ အားလုံးရှိနေ၍သာ သူ၏ဒေါသကို ထိန်းချုပ်ထားရလေသည်။
ချွန်းမြောင်ကမူ သူ့အားဒေါသတကြီးကြည့်နေသော ထန်ဝူးကို ပြုံးကာကြည့်လိုက်လေသည်။
“အာ…အဖိုးကြီး”
“ထူးတော့ ထူးဆန်းတာနော်…ခင်ဗျားက ထန်မိသားစုရဲ့ ခေါင်းဆောင်ကြီးကို အမြဲအကြံပေးနေရတဲ့ လူလို့ ပြောကြတာ..ဘယ်လိုဖြစ်တာတုန်း…ကိုယ့်မြေးအခြေအနေတောင် ကိုယ်မသိတဲ့သူက ထန်မိသားစုကို အကြံပေးနေတာလား”
“မင်း…မင်းက များ ပြောရဲလိုက်တာ”
ထန်ဝူးဒေါသတို့က မီးနှင့်တွေ့သည့် ယမ်းပမာ ပေါက်ကွဲတော့မည့်အလားပင်။
“ကြည့်ပါဦး..ခေါင်းဆောင်ကြီး လောင်းထားတဲ့ဘက်က နိုင်သွားပြီ…အခုဆို ဘယ်သူက ဘယ်သူ့ကိုအကြံပေးသင့်တာလဲဆိုတာ သိသွားပြီမို့လား”
“မင်း..”
ထန်ဝူး၏ မျက်နှာက ပုတ်သိုးနေလေတော့သည်။ ချွန်းမြောင်သည်က သူ၏အရှိုက်ကို ထိုးနှက်ကာ ပြောဆိုနေခြင်းပင်။ သို့သော်လည်း ကိစ္စများက သူစီစဉ်ထားသည့်အတိုင်း ဖြစ်မလာသည်မို့ တုံ့ပြန်ရန်လည်း မတတ်နိုင်ပေ။
သဘာဝအရဆိုလျှင် အကြံပေးပုဂ္ဂိုလ် တစ်ဦးသည် ခေါင်းဆောင်တစ်ဦးထက် ပို၍ အာဏာမရှိသင့်သည်က မှန်သော်လည်း သူတို့ကမူ အကြီးအကဲအားလုံး စုပေါင်းကာ ထန်ဂန်းအားချုပ်ကိုင်ထားခြင်းကို တမင်ရည်ရွယ်ကာ ပြောဆိုနေခြင်းဖြစ်သည်ကိုလည်း အားလုံးက ကောင်းကောင်းကြီးသဘောပေါက်ကြလေသည်။
“ခင်ဗျား အကြီးအကဲဖြစ်နေတာ ကောင်းပါတယ်…မဆိုးပါဘူး..ဒါပေမယ့် ဘာအရည်အချင်းမှ မရှိဘဲနဲ့တော့ တခြားသူရဲ့ ခုံကိုသွားလှုပ်နေတာကတော့ မကောင်းဘူး မဟုတ်ဘူးလား”
“မင်း စကားကိုကြည့်ပြောရင် ကောင်းမယ်..မင်းတို့ ဟွာဆန်းကလူတွေကြည့်ရတာ သိပ်ကိုစိတ်ကြီးဝင် အောက်ခြေလွတ်နေကြတာပဲ”
ထန်ဝူးက ချွန်းမြောင်၏ စကားတို့ကို သည်းမခံနိုင်စွာ ပြန်ပြောလိုက်သော်လည်း ချွန်းမြောင်ကမူ မမှုပေ။
“ကြည့်လိုက်”
ချွန်းမြောင်က မဲ့ပြုံးတစ်ချက်ပြုံးကာ ကြည့်လိုက်လေသည်။
“ ခင်ဗျားက ကိုယ့်ကိုယ်ကိုယ်တော့ ပြန်မကြည့်ဘူးပဲ.. ဒီနေရာမှာ ဘယ်သူကမှ တကယ်စိတ်ကြီးဝင်နေတာလဲ”
ချွန်းမြောင်က ပုခုံးတွန့်ကာ ပတ်လည်ကိုကြည့်လိုက်လေသည်။
“ဘာလို့ ဒီလိုတွေဖြစ်နေတာလဲဆိုတာ ခင်ဗျားတို့အားလုံးသိကြလား”
ချွန်းမြောင်၏ ထိုမေးခွန်းကို မည်သူကမှ မဖြေပေ။ မဖြေတတ်သည်လား မဖြေရဲကြသည်လားလည်း မပြောတတ်ပေ။
“ရှင်းရှင်းလေးပါ”
ချွန်းမြောင်က အားလုံးကို လက်ညိုးငေါက်ငေါက်ထိုးကာ ပြောလိုက်လေသည်။
“ခင်ဗျားတို့အားလုံး ပျော့ညံ့လို့ အင်အား မရှိကြလို့လေ”
“..”
ထန်ဝူးက ထိုစကားကြောင့် မျက်လုံးပြူးသွားလေသည်။
“ခင်ဗျားတို့ရဲ့ ရန်သူက ဘယ်လောက်သန်မာတယ်ဆိုတာတောင် မခန့်မှန်းအောင်အထိ ခင်ဗျားတို့ ပျော့ညံ့လို့လေ..အဲ့တာကိုတောင် ခင်ဗျားတို့က သူများကို အကြံပေး ဉာဏ်ပေးလုပ်နေကြသေးတယ်ပေါ့”
ချွန်းမြောင်က ခေါင်းခါကာ ဆက်ပြောလာလေသည်။
“ကျွန်တော်က အဲ့လိုလူမျိုးမဟုတ်လို့ ကိုယ့်ဟာကိုယ်တောင် ဝမ်းသာဂုဏ်ယူမိတယ်”
“လူငယ်လေး”
“ဒါက ဒီလိုရှိပါတယ်..ငါတို့က အကြံပေးတယ်ဆိုတာ ငါတို့ ထန်မိသားစုအတွက် ကောင်းကျိုးကို ရှေ့ရှုပြီး လုပ်တာဖြစ်ပြီး ခေါင်းဆောင်ကလည်း သူစိတ်ကူးအတိုင်း ငါတို့ကို တိုင်ပင်ဆွေးနွေးပြီး လုပ်ရုံပါပဲ..ဒါကို ဂဃနဏ မသိဘဲ မပြောစေချင်ဘူး..နောက်ကကွယ် ဘယ်လက်မဲကြီးမှလည်း ရှိနေတာမဟုတ်ပါဘူး”
“ဟွာဆန်းရဲ့ နတ်ဘုရားနဂါး”
ထန်ဂန်းက မနေနိုင်စွာပင် ဝင်ပြောလာလေတော့သည်။
“စကားပြောတာလေးကို တစ်ချက်ဂရုစိုက်ပေးပါ…သူတို့က ထန်မိသားစုရဲ့ အကြီးအကဲတွေပါ”
“အာ…ကျွန်တော်တို့ရဲ့ ခေါင်းဆောင်ကြီးကတော့ သိပ်ကိုကြင်နာတတ်တာပဲ”
ချွန်းမြောင်က အေးစက်စွာပြောလိုက်လေသည်။
“ဒီလိုအရှုပ်ထုပ် တွေကို ခေါင်းဆောင်ကြီးက အကြီးအကဲတွေလို ဆက်ဆံနေတုန်းပါပဲလား”
“မင်း…”
ချွန်းမြောင်၏ ထိုစကားကြောင့် ထန်ဝူးက ခုံပေါ်က ခုန်ကာ ထလာလေသည်။
“မင်း ပြောနေသမျှကို ထိုင်ပြီးနားထောင်နေတာနဲ့ပဲ မင်းက စည်းကျော်လာပြီ…မင်းပြောသမျှကို ငါက ထိုင်ပြီး သည်းခံနားထောင်နေမယ်လို့ မင်းထင်နေတာလား”
“ကြည့်ဦး..ခင်ဗျားက တကယ့်ကို အမြင်မရှိတာပဲ”
“ဘာ”’
“တစ်ချိန်လုံးပဲ ကျွန်တော်ပြောနေတာ..ရန်သူကို သေချာမသိဘဲ မပြောပါနဲ့လို့.. ဘယ်လိုလုပ်ပြီး ပြောသမျှကို တစ်စက်လေးတောင် နားမလည်ရတာတုန်း..အကြီးအကဲကြီးရဲ့”
ချွန်းမြောင်က ထန်ဝူးကို ကြည့်ကာပင် ပြောလာလေသည်။
“သက်သေပြလေ… ခင်ဗျားက အကြီးအကဲတစ်ယောက်နေရာနဲ့ တကယ်ထိုက်တန်တယ်ဆိုရင်”
“ဘယ်လိုပြရမလဲ”
ဤသည်က ထန်ဝူးမျှော်လင့်နေသော အခြေအနေတစ်ခုပင်။ သူ၏ အမှန်တကယ်အင်အားကိုပြကာ ချွန်းမြောင်ကို ပါးစပ်ပိတ်သွားစေရန် လုပ်ပြချင်နေသည်က သူ၏တစ်ခုတည်းသော မျှော်လင့်ချက်ပင်။
“ရှင်းပါတယ်…ခင်ဗျားက ကျွန်တော့်ကို တောက်လျောက်သည်းခံထားရသလို ခံစားနေရတယ်မို့လား..ဒါက အားကြီးတဲ့သူတွေက အားနည်းတဲ့သူတွေကို ဆက်ဆံတဲ့နည်းလား”
“ဘာ”
“ခင်ဗျားတို့ကို မျက်စိတစ်ချက်မလွဲဘဲ အားမနာစတမ်း ကျွန်တော်ဘာလို့ ပြောနေတာလဲ သိလား”
ချွန်းမြောင်က ဓါးကို အသာလေးပုတ်ကာပြောလိုက်လေသည်။
“ကျွန်တော်က ခင်ဗျားတို့ထက် ပိုသန်မာလို့ပဲ”
“…”
“ခင်ဗျားသာ တကယ် အကြီးအကဲတစ်ယောက်ဖြစ်ဖို့ ထိုက်တန်တယ်လို့ ထင်ရင် လာပြီး သက်သေပြလိုက်လေ
ရှုံးသွားရင်တော့ ခင်ဗျားအသုံးမကျတာ လူတိုင်းသိပြီးသားဖြစ်သွားမှာပေါ့”
“အဟား..”
ထန်ဝူးက တစ်ချက်ထကာ ရယ်လိုက်လေသည်။
“ဟားဟားဟား..မင်းကများ”
ရယ်မောပြီးသွားသည့်နောက်တွင်မူ ထန်ဝူးက ထလာကာ ချွန်းမြောင်အား ထီမမြင်ဟန်နှင့် လှမ်းကာမေးလိုက်လေသည်။
“မင်းက ငါနဲ့ လက်ရည်ယှဉ်ချင်နေတာလား”
“ဝိုး..ဒီလောက် ရှည်ရှည်ဝေးဝေး ရှင်းပြနေတာတောင်မှ သဘောမပေါက်နိုင်ဘူးလို့ ထင်နေတာ…နောက်ဆုံးတော့ နားလည်သွားပြီပဲ”
“…”
“မင်းက ဂုဏ်ထူးလေး နည်းနည်းရှိနေတာနဲ့ ကျိုးကြောင်းဆင်ခြင်နိုင်စွမ်း မင်းမှာ မရှိတော့တာပဲ…ငါ့လို ထန်မိသားစုရဲ့ အကြီးအကဲတစ်ယောက်နဲ့ လက်ရည်ယှဉ်ချင်တယ်ပေါ့လေ”
“တဆိတ်လောက်ပါနော်”
ချွန်းမြောင်က သက်ပြင်းရှည်ကြီးချကာ ပြောလာလေသည်။
“ခင်ဗျားက အသက်ကြီးပြီမို့ အကြားအာရုံတွေ သိပ်မကောင်းတော့တာကိုတော့ သိပါတယ်…ဒါပေမယ့် ပြောပြီးသားကြီးကို ထပ်ခါတလဲလဲ ပြောနေရတာကျ အဆင်မပြေဘူးပေါ့နော်..”
ထန်ဝူးက နှုတ်ခမ်းကို ကိုက်လိုက်လေသည်။ သူ၏မြေးက ရှုံးနိမ့်သွား၍ သိက္ခာက ကျပြီးဖြစ်နေသော်လည်း ယခုတွင်မူ အဖတ်ဆယ်စရာ ရပြီဟု ခံစားမိလေသည်။ ဤလေကြီးလှသော ငချွတ်ကောင်ကို အနိုင်ပိုင်းကာ ကျဆင်းသွားသော သူတို့မြေးအဖိုး၏ ဂုဏ်သိက္ခာကို ပြန်အဖတ်ဆယ်ရန် ထန်ဝူးဆုံးဖြတ်လိုက်လေသည်။
“ခေါင်းဆောင်ကြီး”
ထန်ဝူးက ထန်ဂန်းထံသို့ကြည့်ကာပြောလာလေသည်။
“ကျွန်တော် ဘာဆက်လုပ်ရမှာလဲ..ဒီကလေးကို တိုက်ခိုက်နေရင်းနဲ့ သတ်မိသွားရင်တော့ ကျုပ်ကို နားလည်ပေးမှာ မဟုတ်လား”
ထန်ဂန်းက မျက်နှာတည်ကြီးနှင့်ပင် ပြောလာလေသည်။.
“ဟွာဆန်းရဲ့ နဂါးက ထန်မိသားစုရဲ့ မိတ်ဆွေပါ”
“…”
“မိတ်ဆွေ တစ်ယောက်အနေနဲ့ သူလုပ်နေတဲ့အရာတွေကို မတားဆီးနိုင်ပါဘူး”’
ထန်ဂန်း၏ အဖြေက မယုတ်မလွန်ပေ။ ထန်ဝူးကမူ ခဏမျှ အံဩသွားလေပြီးမှ တဟားဟားအော်ရယ်လေတော့သည်။
“ဟားဟားဟား…ဟုတ်ပါပြီ…ဒါကတော့ တကယ့်ကို ပျော်စရာကောင်းတော့မှာပဲ”
ထန်ဝူးက ချက်ချင်းဆိုသလိုပင် စင်ပေါ်သို့ တက်သွားလေတော့သည်။ ထို့နောက်တွင်မူ ချွန်းမြောင်အား ကြည့်ကာ ပြောလာလေသည်။
“မင်း သိပ်စည်းကျော်သွားပြီ…ရပ်သင့်တဲ့နေရာမှာ မင်းမရပ်ခဲ့ဘူး…”
“ကြည့်…”
“ဟမ်”
ချွန်းမြောင်က ရယ်ရယ်မောမောပင် ပြောလာလေသည်။
“ကျွန်တော်စကားကို အပိုမပြောဘူး…ဒီတိုက်ပွဲပြီးသွားတဲ့အခါ ခင်ဗျားအသက်ရှင်သေးရင် အကြီးအကဲတစ်ယောက်အနေနဲ့ ဆက်ပြီးနေနိုင်ပါစေလို့သာ ဆုတောင်း”
ထန်ဝူးက ချွန်းမြောင်ကို ပြန်မပြောတော့ပေ။ ပြန်ပြောရန်လည်း အာရုံမရတော့ပေ။ အဆိပ်များ ၊ အပ်များကိုသုံးကာ ဤလူသားအား ဇီဝိန်ချုပ်ပေးလိုက်ရန်သာ အားခဲနေလေတော့သည်။
“အမ်း…အခုတော့ မေးဦးမယ်…ခင်ဗျားအဆိပ်တွေတော့ သုံးဦးမှာမို့လား”
“ခင်ဗျားအဆိပ်တွေ သုံးချင်တယ်ဆိုရင် တစ်ခုတော့ ရှိတယ်”
“ဘာလဲ”
“ဒါက အလောင်းအစားမဟုတ်ဘူးနော်..လုံးဝကို လုပ်ပေးရမယ့်အရာ”
ချွန်းမြောင်က ပြုံးကာကြည့်နေသော ထန်ဂန်းကို လှည့်ကြည့်လိုက်လေသည်။
ထန်ဂန်း ပြုံးနေသည်က ချွန်းမြောင် ရှေ့ဆက်ကာ လုပ်ဆောင်မည့်အရာကို သိနေသောကြောင့်မဟုတ်ပေ။ ဤအတိုင်းပင် ချွန်းမြောင်အား ယုံကြည်နေသောကြောင့် ပြုံးလိုက်ခြင်းပင်။ သို့သော်လည်း ချွန်းမြောင် ပြောလိုက်သောစကားများကြောင့် မပြုံးနိုင်တော့ပေ။
“ခင်ဗျားသာ နိုင်သွားခဲ့ရင် ခင်ဗျားဖြစ်စေချင်တဲ့အတိုင်း အကုန်ဖြစ်စေရမယ်..ဟွာဆန်းကလည်း ထန်မိသားစုရဲ့ ပူးပေါင်းထားတာကို ဖျက်သိမ်းပေးပြီး နောက်ကို ဘယ်တော့မှ ထန်မိသားစုနဲ့ မပတ်သက်တော့ဘူး…ပြီးတော့ ခင်ဗျားရဲ့ မြေး..ဆက်ခံသူနေရာကို လိုချင်နေတာ မို့လား..ရမယ်..သူလည်း ဆက်ခံသူဖြစ်ခွင့်ရှိမယ်..ဘယ်လိုလဲ”
ချွန်းမြောင်၏ အပေးအယူကြောင့် ထန်ဝူး မယုံကြည်နိုင်ဖြစ်သွားပြီး မေးလာလေသည်။
“’မင်း ရူးနေတာာလား”
“အင်း..မစိုးရိမ်နဲ့ ကျွန်တော်က အစကတည်းက ရူးပြီးသား..
နေဦး နောက်ထပ် ပြောစရာကျန်သေးတယ်”
“အဲ့တာက ဘာလဲဆိုတော့…”
“တကယ်လို့ ကျွန်တော်နိုင်ခဲ့ရင်…”
ချွန်းမြောင်က ပြုံးနေရင်းမှ အေးစက်သွားကာ ပြောလာလေသည်။
“ခင်ဗျားတို့ရဲ့ အကြီးအကဲတွေဆိုတဲ့ အပေါင်းအပါ အဖွဲ့အစည်းကြီးကို ဖျက်သိမ်းပေးရမယ်…အာဏာအကုန် ပြန်လွဲရမယ်..ပြီးတော့ ခေါင်းဆောင်ကြီးကို ဘယ်တော့မှ အကြံပေးမလုပ်ရတော့ဘူး ..”
ချွန်းမြောင်၏ အေးစက်စက်အသံက ခန်းမထဲရှိ လူတိုင်း၏နားထဲသို့ အေးစက်စွာ တိုးဝင်သွားလေတော့သည်။. ချွန်းမြောင် မပိုင်လျှင် ခြင်ပင် ရိုက်မည် မဟုတ်ပေ။ ထန်ဝူးအား ပညာပေးရတော့မည်ဖြစ်သည့်အတွက် ချွန်းမြောင် ရင်ခုန်စွာပင် ပြုံးလိုက်လေတော့သည်။