← Chapters

အခန်း (၂၈)

Vol. 3 Ch. 28

အခန်း (၂၈)

Vol. 3 Ch. 28

ယန်ချန်ရဲ့နေ့ရက်များက ရိုးရှင်းစွာပဲ ကုန်လွန်သွားခဲ့ပြီး ကျင်းစီရင်စုထဲမှာတော့ အိမ်တော်နှစ်ခုက ၎င်းတို့ပိုင်စီးပွားရေးလုပ်ငန်းများ ယာယီရပ်နားထားကြပြီး ပြင်းထန်တဲ့ အငွေ့အသက်တို့ လွှမ်းခြုံနေကြသည်။ ထိုအချင်းအရာကိုတော့ ယန်ချန်တယောက် မသိချေ။

“အစ်မရှု ဒီဆေးက ခန္ဓာကိုယ်ကိုအားဖြည့်ပေးတယ် ပြီးတော့ အရိုးအဆစ်ကို ကြံခိုင်စေတယ် အစ်မရှုနဲ့ယင်ယင်လေးအတွက်ပါ”

ယန်ချန်က သူဖော်စပ်ထားသည့် ဆေးရည်ပုလင်းအား ကမ်းပေးလိုက်သည်။ ယင်ယင်လေး ဆေးရည်ပုလင်းအား အထူးဆန်းသဖွယ်ကြည့်နေပြီး ရှုယင်ကမူ ယန်ချန့်ရဲ့စွမ်းရည်ကို ကျန်းအိမ်တော်က သက်သေပြထားပြီး ဖြစ်သည့်အတွက် တုန်လှုပ်နေလေသည်။

တုန့်ဆိုင်းနေသည့် ရှုယင်ကိုကြည့်ကာ ယန်ချန်က စိတ်ရှုပ်ထွေးစွာဖြင့်မေးသည်။

“အစ်မရှု ဆေးရည်မှာ ဘေးထွက်ဆိုးကျိုးရှိမယ်ထင်နေတာလား”

“မဟုတ်..မဟုတ်ပါဘူး”

“ဒါဆို အာနိသင်အမြင့်ဆုံးရှိချိန် မြန်မြန်သောက်လိုက်တော့”

ယန်ချန်ရဲ့ အလေးအနက်တိုက်တွန်းမှုအောက် ဆေးရည်ပုလင်းတခုအားဖွင့်ကာ ယင်ယင်ကိုအရင် သောက်စေပြီး နောက်ပုလင်းတခုကို ချက်ချင်းပင် မော့သောက်လိုက်တော့သည်။ သူမတုန့်ဆိုင်းနေရခြင်းက ယန်ချန်ထင်သလိုမဟုတ်ပဲ ယန်ချန့်ရဲ့ အံ့ဖွယ်ဆေးပညာစွမ်းရည်ကြောင့် ဒီဆေးရည်၏ တန်ဖိုးက သူမသိတာသည်ထက်ပို အဖိုးတန်နေမည်ဟု ထင်နေခြင်းဖြစ်သည်။ ထိုမျှအဖိုးတန်သည်အရာက သူမတို့သားအမိနဲ့ မထိုက်တန်ချေ။

“ဘယ်လိုနေလဲ..”

ယန်ချန်က ရှုယင်တို့သားအမိအား စေ့စေ့စပ်စပ်ကြည့်ကာ မေးလိုက်သည်။

“အရင်ကထက်ပို သန်မာလာတယ်လို့ ခံစားနေရတယ် ပြီးတော့ ပေါ့ပါးနေသလိုပဲ”

ရှုယင်ရဲ့တုန့်ပြန်မှုကိုကြားတော့ စိတ်ကျေနပ်စွာဖြင့် ခေါင်းတဆတ်ဆတ် ညိတ်လိုက်ပြီး တဖက်ရှိယင်ယင်လေးကမူ မည်သို့မှမခံစားရသည့်ပုံနှယ် ငြိမ်သက်ကာ အရသာခံနေလေသည်။

“ဆေးအာနိသင်က မကြာမီအပြည့်အဝ ချေဖျက်သွားလိမ့်မယ် အဲ့ဒိအခါကျ ခန္ဓာကိုယ်ထဲက မသန့်စင်တာတွေ ဖယ်ထုတ်ပေးမှာဆိုတော့ အစ်မရှုတို့သားအမိ ကိုယ်လက်သန့်စင်ဖို့တော့ လိုမယ်နော်”

ယန်ချန်တယောက် ထိုသို့ပြောနေစဥ်မှာပဲ ရှုယင်ဆီမှ အနံ့တခု စတင်ထွက်ရှိလာကာ ဆိုးရွားသည့်အနံ့ကိုရတာနဲ့ ရှုယင်လည်း ယင်ယင်ကိုဆတ်ခနဲ ပွေ့ချီ၍ ရေချိုးရန် ပြေးထွက်သွားတော့သည်။ ထိုအရာက ခန္ဓာကိုယ်အားဖြည့်ဆေးရဲ့ အကျိုးအာနိသင်ဖြစ်ပြီး သာမန်သူအနေဖြင့် တနှစ်ကိုတကြိမ် သောက်သုံးရုံမျှဖြင့် ခန္ဓာကိုယ်အား ကောင်းကျိုးများစွာပေးလေသည်။

ဖန်းအိမ်တော်ဝင်း။ ဖန်းအိမ်တော်ခန်းမ

ဖန်းအိမ်တော်ခန်းမထဲ၌ ဖန်းမု ဖန်းစုန့် ဖန်းဟိုင်နဲ့ ဖန်းအိမ်တော်၏ အကူညီများဖြစ်သည့် ဓားတထောင်ဂိုဏ်းမှ အကြီးကဲနှစ်ဦးတို့ စုဝေးနေကာ ကျန်းအိမ်တော်ကို တိုက်ခိုက်သည့် အရေးကိစ္စအား ဆွေးနွေးနေသည်။

“အကြီးကဲလုနဲ့ အကြီးကဲလုန်တို့က လိုအပ်တဲ့အခါမှ အကူညီပေးဖို့ပဲ ကျုပ်တောင်းဆိုလိုတာပါ အဲ့အတွက်လည်း ထိုက်ထိုက်တန်တန် ပေးပါ့မယ်”

ဖန်းမုက သူ့ထက်ကျင့်ကြံဆင့်မြင့်ပြီး ဓားတထောင်ဂိုဏ်း၌ ဂုဏ်သိက္ခာကြီးမားသည့် အကြီးကဲနှစ်ဦးအား ဖန်းစုန့်မျက်နှာဖြင့် ဖိတ်ခေါ်ထားခြင်းဖြစ်ပြီး ကျန်းဝမ်လီကိုသာ သူမကိုင်တွယ်နိုင်ပါက ဝင်ရောက်ကူညီပေးရန်ဖြစ်သည်။

“ဟားးး ကိစ္စမရှိပါဘူး ကျုပ်တို့အတွက် အကျိုးအမြတ်က မက်လောက်စရာဖြစ်နေသရွေ့ ကူညီဖို့အသင့်ပါပဲ”

ဒီမြေခွေးအိုကြီးတွေကတော့…။

ထိုအကြီးကဲနှစ်ဦး၌ အကြီးကဲလုမှာ ဖန်းစုန့်ရဲ့ ဆရာဖြစ်ပြီး နှစ်ဦးစလုံးက အတိဒုက္ခအစောပိုင်းအဆင့်များ ဖြစ်ကြသည်။ အတိဒုက္ခအဆင့်ဆိုသည်က မဟာကျင်းနိုင်ငံတော်တခုလုံး၌ပင် ထိပ်သီးများဟု ယူဆနိုင်သည်။

“ဒါဆို ကျုပ်တို့ ဒီည ကျန်းအိမ်တော်ကို ဝင်စီးကြတာပေါ့ ကျန်းဝမ်လီကို ကျုပ်ရင်ဆိုင်မယ် စုန့်အာ မင်းက ကျန်းရင်ရင်ကို ထိန်းထား ကျန်တဲ့သူတွေကတော့ သူတို့တာဝန်သူတို့လုပ်ကြလိမ့်မယ် ကျုပ်စိုးရိမ်နေတဲ့ တေးသံသာဂိုဏ်းက ဝင်စွတ်ဖက်ရင် လူကြီးမင်းတို့ ကူညီလိမ့်မယ် မင်းတို့အသင့်ပြင်ကြတော့”

ဖန်းမုက လျင်မြန်စွာပဲ အစီစဥ်ချနေပြီး သူတို့မသိသည်က ကျန်းအိမ်တော်ကလည်း ဖန်းအိမ်တော်ဘက်မှ လှုပ်ရှားမှုကို စောင့်ဆိုင်းနေခြင်းဖြစ်သည်။ ကျန်းဝမ်လီက အခြေတည်ဝိဉာဥ်အလယ်လတ်အဆင့် ရောက်နေသည်ကို ဖန်းမုထင်မှတ်ထားမည် မဟုတ်ပေ။

တနေ့တာက လျင်မြန်စွာကုန်ဆုံးသွားသည်။ ကုန်သွယ်ရေးခန်းမနှစ်ခု ပိတ်သိမ်းထားပြီး စီးပွားရေးအများစု ရပ်နားထားသည်က ကျင်းစီရင်စု၏ စည်ကားမှုကို လျော့ကျစေပြီး အချိန်က မှောင်စပြုနေကာစ ဖြစ်သော်လည်း လမ်းပေါ်တွင် လူအသွားအလာက ပြတ်တောက်လုနီးပါး ဖြစ်နေတော့သည်။

ထိုအချိန် လူတစုက ကျန်းအိမ်တော်ကို ကောင်းကင် မြေပြင် လမ်းကြောင်း၂ခုဖြင့် ချဥ်းကပ်လာပြီး တခဏအကြာမှာတော့ ကျန်းအိမ်တော်အား ဝိုင်းပတ်ထားလိုက်တော့သည်။

“ကျန်းဝမ်လီ ထွက်ခဲ့စမ်း မင်းငါနဲ့ရင်ဆိုင်ရဲလား”

ဖန်းမုက တိုက်ရိုက်ဆန်စွာပင် ကျန်းအိမ်တော်ထက် ရပ်ကာ ကျန်းဝမ်လီအား စိန်ခေါ်တော့သည်။

“ဘယ်သူက ကျားသွေးသောက်ပြီး ကျန်းအိမ်တော်ကို စိန်ခေါ်နေတာလဲ”

အသံတခုနဲ့အတူ ကျန်းထန် ကျန်းယန်နဲ့ အကြီးအကဲများ အိမ်တော်တပည့်များ ထွက်လာကာ ကျန်းရင်ရင်ကမူ သိမ်မွေ့ညင်သာသည့် ခြေလှမ်းများဖြင့် ကျန်းထန်တို့အနောက်မှ လိုက်ပါလာသည်။

“ဟမ့် ကျန်းထန် ကျန်းရင်ရင် မင်းတို့ကျန်းအိမ်တော်ကို ဒီနေ့ဒီလူအိုကြီး မြေမလှန်နိုင်ရင် ဖန်းအိမ်တော်တခုလုံး ဖန်းမျိုးရိုးအမည်ကို စွန့်လွှတ်ပစ်မယ်”

ဖန်းမုရဲ့ စကားသံက ဟိန်းထွက်နေပြီး မသိတဲ့သူများသာဆိုလျှင် ဖန်းမုပုံစံက ဘဝပေါင်းများစွာ ဖိနှိပ်ခံခဲ့ရသည့်အပေါ် လက်စားချေလိုသည့်နှယ်။

“အဘိုးကြီး သတ္တိကောင်းလှချည်လား ရှင့်ကြောင့် ကျမအဘိုးဒဏ်ရာရပြီး” ကျန်းရင်ရင်က ဖန်းစုန့်ကိုကြည့်၍ ဆက်ပြောသည်။ “ဖန်းစုန့် နင့်ရဲ့လူယုံ ရှို့မေ ငါ့အပေါ်အကောက်ကြံခဲ့တဲ့ လုပ်ရက်အတွက် ဒီနေ့ အတိုးကောအရင်းပါ ပေါင်းပြီးပေးဆပ်ဖို့ပြင်ကြ”

ကျန်းရင်ရင်၏ လေသံမှာတိကျပြတ်သားပြီး တစက်ကလေးမှ စိုးရွံဟန်မပြပေ။ ဖန်းမုက

“နို့နံ့တောင်မစင်သေးတဲ့ ခွေးမလေး နင့်အဖိုးဘယ်မှာပုန်းနေလဲ ထွက်ခဲ့လို့ပြောလိုက် ငါအငယ်တွေကို အနိုင်မကျင့်ချင်ဘူး”

“ဟက်…ကျမကခွေးမဆို ရှင်တို့ဖန်းအိမ်တော်တခုလုံး ခွေးထက်တောင် ယုတ်ညံ့တဲ့ လူ့မိစ္ဆာပဲ ရှင့်အရည်ချင်းလောက်နဲ့ ကျမအဘိုးကို တွေ့ချင်နေတာလား လဲသေလိုက်စမ်း သောက်အဘိုးကြီး”

“မင်း….”

ဖန်းမုတယောက် ဒေါသအပြင်းအထန် ထွက်သွားကာ ဘေးရှိ ဖန်းစုန့်ကလည်း ကျန်းရင်ရင်ကို စူးရဲစွာစိုက်ကြည့်လာသည်။

“ရိုင်းစိုင်းတဲ့ ကောင်မလေး သေပေတော့”

ဖန်းမုရဲ့ အခြေတည်အဆင့် ဝိဉာဥ်လက်ဝါးပုံရိပ်ကြီးက ကျန်းရင်ရင်ကို အုပ်မိုးတိုက်ခိုက်တော့သည်။

“အဘိုးကြီး နောက်ဆုတ်တော့ စိတ်မထိန်းနိုင်တော့ဘူးပေါ့”

ကျန်းရင်ရင်ကမူ တုန်လှုပ်မနေပဲ လက်ဝါးပုံရိပ်ကြီးကိုသာ စိုက်ကြည့်ကာ နှာခမ်းထောင့်က တွန့်ကွေးသွားသည်။ လက်ဝါးပုံရိပ်ကြီး နီးကပ်လာချိန်မှာတော့ ဟန့် ခနဲ နှာမှုတ်သံတခုနဲ့အတူ ကြီးမားတဲ့ လက်သီးပုံရိပ်ကြီးတခု ကျန်းအိမ်တော်ဝင်းအတွင်းမှ ထွက်ပေါ်လာကာ လက်ဝါးပုံရိပ်ကြီးအား ပျယ်လွင့်သွားစေတော့သည်။

“ငါ့မြေးကိုတိုက်ခိုက်ချင်တာလား ငါ့ဆီကကော ခွင့်ပြုချက်တောင်းပြီးပြီလား”

………………………………………………

All Chapters