အခန်း (၂၄၃)
Vol. 25 Ch. 243
စုန့်ရှီးယန်အနေဖြင့် ဤအချိန်တွင် ချန်ကျားယန်ကို အပေါ့သွားရန် တမင်ထွက်ခိုင်းရခြင်း အကြောင်းရင်းမှာ လူကုန်ကူးသူအဖွဲ့ထဲမှ သတိအရှိနေဆုံးသော လူများကို ခေါ်ထုတ်ရန်သာ ဖြစ်သည်။
အချိန်က ညနှောင်းပိုင်းဖြစ်နေပြီ ဖြစ်သောကြောင့် လူကုန်ကူးသူများမှာလည်း စောင့်ကြပ်ရန်အတွက် လူများကို သေချာပေါက် စီစဉ်မည်ဖြစ်ပြီး ကျန်ရှိနေသောလူများကတာေ့ ဤအချိန်တွင် အနားယူနေကြပေလိမ့်မည်။
ထို့အပြင် ညစောင့်အဖြစ် တာဝန်ယူထား သူက ဖမ်းဆီးထားသောလူများအား အပေါ့သွားရန်အတွက် အပြင်သို့ထုတ်ပေးခြင်းကဲ့သို့ တခြားကိစ္စများအတွက်လည်း တာဝန်ယူပေလိမ့်မည်။
ထို့ကြောင့် ချန်ကျားယန်ကသာ သူတို့ကို ဖြားယောင်းပြီး အပြင်ကို ခေါ်ထုတ်နိုင်သရွေ့ စုန့်ရှီးယန်နှင့် အဖွဲ့ဝင်များမှာ တခြားကိစ္စများကို ပေါ့ပေါ့ပါးပါး လုပ်ဆောင်နိုင်သည်။
လက်ရှိအချိန်တွင်တော့ သူတို့က သတိရှိနေသည့် လူကုန်ကူးသူနှစ်ဦးကို ဖြေရှင်းပြီးသွားခဲ့ပေပြီ။
ထို့ကြောင့် သူတို့ ပြေးဝင်သွားပြီးနောက်တွင် တခြား လူကုန်ကူးသူများမှာ လုံးဝ တုံ့ပြန်နိုင်တော့မည် မဟုတ်ဘဲ အလွယ်တကူဖမ်းဆီးခြင်း ခံလိုက်ရပေလိမ့်မည်!
ထို့နောက်တွင်တော့ နောက်ဆက်တွဲ ဖြစ်ပျက်ခဲ့သမျှက စုန့်ရှီးယန် မျှော်လင့်ထားသည့်အတိုင်းပင် ဖြစ်ခဲ့သည်။
သူက သူ၏ အဖွဲ့ဝင်များနှင့်အတူ ပြေးဝင်သွားပြီးနောက်တွင် ကျန်ရှိနေသည့် လူကုန်ကူးသူများကို ချက်ချင်း ဖမ်းဆီးနိုင်ခဲ့သည်။
လူကုန်ကူးသူတချို့မှာ ဖမ်းဆီးခံရပြီးနောက် စိတ်ရှုပ်ထွေးစွာဖြင့် မျက်လုံးများ ဖွင့်ကြည့်လာခဲ့ကြပြီး သူတို့ အိပ်မက်,မက်နေသည်ဟုပင် ခံစားခဲ့ကြရသည်။
ထို့နောက်မှသာ လူကုန်ကူးသူများက စတင် အော်ဟစ်ခဲ့ကြသည်။
“မင်းတို့ ဘယ်သူတွေလဲ၊ မင်းတို့ ဘယ်လို ဝင်လာတာလဲ!”
“စန်းလော်၊ စစ်လော်၊ မင်းတို့ နှစ်ယောက် သေနေပြီလား”
ယနေ့ညအတွက် စောင့်ကြပ်ရမည့်သူများက စန်းလောနဲ့စစ်လော်တို့ ဖြစ်ပြီး သူတို့က ချန်ကျားယန် ခေါ်ထုတ်သွားသည့် လူနှစ်ယောက်လည်း ဖြစ်ပေသည်။
အိမ်ထဲမှ လူကုန်ကူးသူများက ဒေါသတကြီးဖြင့် နှစ်ကြိမ် အော်ခေါ်ပြီးနောက် မည်သူ့ဆီကမှ ပြန်ဖြေ ခြင်းကို မကြားခဲ့ရပါချေ။
ဤအချိန်တွင်တော့ သူတို့၏ စိတ်များက မည်မျှပင် နှေးကွေးပါစေ၊ စန်းလော်နှင့် စစ်လော်တို့က အရင်ဆုံး ဖမ်းဆီးခံလိုက်ရပြီ ဖြစ်ကြောင်းကို သဘောပေါက်သွားကြသည်။
သူတို့ကို ပို၍ စိတ်ပျက်သွားစေသည်မှာ မျက်စိတစ်မှိတ်အတွင်း အိမ်ထဲရှိ လူတိုင်းက ကြိုးတုပ်ခံလိုက်ရပြီဖြစ်၍ပင်။
သူတို့အနေဖြင့် ဤတစ်ကြိမ်တွင်တော့ အမှန်တကယ်ပင် ပြဿနာတက်သွားပေပြီ...
နောက်ဆုံးတွင် လူကုန်ကူးသူအားလုံး က ဖမ်းဆီးခံရပြီးနောက် ရဲများသည်လည်း ကျန်အဖွဲ့ဝင်များနှင့် ပူးပေါင်းကာ မြေအောက်ခန်းထဲမှ လူများကို ကယ်ဆယ်ခဲ့ကြသည်။
ရဲဘော်များနှင့် စစ်ဝတ်စုံဝတ်ထားသော စစ်သား ရဲဘော်များကို မြင်သောအချိန်တွင် အောက်တွင်ရှိနေသော အမျိုးသမီး ရဲဘော်များမှာ မျက်ရည်များပင် ကျလာကြသည်။
“ကျေးဇူးတင်ပါတယ်၊ ရှင်တို့က ကျွန်မတို့ရဲ့ အသက်သခင်တွေပါပဲ!”
“ဝူးဝူး.. နောက်ဆုံးတော့ ကယ်တင်ခံရပြီ.. ရှင်တို့တွေ ကျွန်မတို့ကို ဒီအတိုင်း ပစ်ဘူးဆိုတာ ကျွန်မ သိတယ်!”
“ကျွန်မ နောက်တစ်ခါ ဘယ်တော့မှ လျှောက်သွားတော့မှာ မဟုတ်ဘူး၊ ကျွန်မ အိမ်ပြန်ချင်တယ်၊ အမေ...”
အမျိုးမျိုးသော ငိုကြွေးသံများနှင့် ကျေးဇူးတင်စကားများက ရောနှောနေခဲ့ပြီး အခန်းထဲရှိ ရဲများနှင့် စစ်သားများသည်လည်း စိတ်ခံစားမှုများ ရှုပ်ထွေးနေခဲ့ကြသည်။
နောက်ဆုံးတွင် သူတို့က လူတိုင်း၏ စိတ်ခံစားမှုများကို နှစ်သိမ့်ရန် ကြီးလေးသော တာဝန်ကို ထမ်းဆောင်ခဲ့ကြလေသည်။
သို့သော် ဤအချိန်တွင် တံခါးဝမှ အံ့အားသင့်သော အော်သံတစ်ခုက ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
“အစ်ကိုစုန့်! ရှင် ကျွန်မကို သေချာပေါက် လာကယ်မယ်ဆိုတာ ကျွန်မ သိသားပဲ!”
လူတိုင်းက မသိစိတ်ဖြင့် လှည့်ကြည့်လိုက်ကြပြီးနောက် စိတ်လှုပ်ရှားနေသော ချန်ဖေးဖေးကို မြင်တွေ့လိုက်ရသည်။
သူမက ငယ်ရွယ်ပြီး လှပသော မိန်းကလေးဖြစ်ကြောင်းကို မြင်လိုက်ရလျှင် စုန့်ရှီးယန်၏ လက်အောက်ငယ်သားများမှာ စုန့်ရှီးယန်၏ ညနေဘက်က သိသိသာသာ ကြွားလုံးထုတ်သော စကားများကို ရုတ်တရက် သတိရလိုက်သည်။
သူ့ထံတွင် လက်တွဲဖော်တစ်ယောက်ရှိကြောင်း ပြောခဲ့သည်!
ဒါဆို သူတို့ရဲ့မရီးက ဒီတစ်ယောက်များလား။
သို့သော် နောက်တစ်စက္ကန့်တွင် စုန့်ရှီးယန်က သူတို့၏ ခန့်မှန်းချက်များကို ရက်ရက်စက်စက် ချေဖျက်လိုက်သည်။
စုန့်ရှီးယန် ချန်ဖေးဖေးကို အေးစက်သော အကြည့်ဖြင့် ကြည့်လိုက်ပြီး သူမ၏ မျက်နှာကိုပင် ဂရုမစိုက်ဘဲ ပြောလိုက်သည်။
“ဒီဘက်က အမျိုးသမီးရဲဘော်၊ ကျေးဇူးပြုပြီး ကိုယ့်ကိုယ်ကို တန်ဖိုး မတင်ပါနဲ့တော့၊ ငါ ဒီကို ရောက်လာတာက ရာဇဝတ်မှု ကျူးလွန်တဲ့ လူကုန်ကူးသူတွေ ဖမ်းခေါ်သွားတဲ့ လူတွေအားလုံးကို ကယ်ဖို့ လာတာပါ၊ မင်းအတွက် လာတာ မဟုတ်ပါဘူး၊ မင်းက မတော်တဆ ရောနှောပါလာရုံ သက်သက်ပါ”
ဆိုရလျှင် သူသည်က ပုံမှန် အခြေအနေများအောက်တွင် တခြားလူများကို ဤမျှ မလေးမစား ပြောဆိုလိမ့်မည် မဟုတ်ပေ။
သို့သော် သူ့အနေဖြင့် ချန်ဖေးဖေး၏ မျက်နှာက အလွန်အမင်းထူထဲကြောင်းကို သဘောပေါက်ခဲ့သောကြောင့် ရှင်းရှင်းလင်းလင်း မပြောလျှင် မဖြစ်ကြောင်း သိရှိခဲ့သည်။တစ်ဖက်မှ မိန်းကလေးက တစ်ယောက်တည်း စိတ်လှုပ်ရှားနေပြီး သူနှင့် ရန်ရန်၏ကြားထဲတွင် အနှောင့်အယှက် ဖြစ်စေမည့် ကိစ္စများ ထပ်လုပ်မည်ကို သူ စိုးရိမ်ပေသည်။
စုန့်ရှီးယန်ဘက်မှ ထိုကဲ့သို့ရက်စက်သည့် စကားကို ပြောလာလျှင် ချန်ဖေးဖေး၏ အမူအရာသည် ချက်ချင်း ပြောင်းလဲသွားခဲ့သည်။
သူမက လုံးဝ မယုံကြည်သကဲ့သို့ပင်။
“မဟုတ်ဘူး၊ မဖြစ်နိုင်ဘူး.. ရှင် ကျွန်မကို လာကယ်တာ မဟုတ်ဘူးဆိုရင် ရှင် ဘယ်လိုလုပ်...”
“တော်လောက်ပြီ၊ ဒီဘက်က အမျိုးသမီးရဲဘော်၊ ဗိုလ်ကြီးစုန့်ကို ကျွန်တော်တို့ ဒေသခံရဲတွေက စစ်တပ်ကနေတဆင့် အကူအညီ တောင်းခံခဲ့တာပါ၊ ဒါကြောင့် သူရောက်ရှိလာတာက ခင်ဗျားအတွက် မဖြစ်နိုင်ပါဘူး...”
သူမ၏ ဘေးရှိ ရဲအရာရှိက ၎င်းကို သည်းမခံနိုင်တော့ပေ။
ရဲဘော်စုန့်မှ ဤအမျိုးသမီးရဲဘော်အပေါ် လုံးဝ ခံစားချက်မရှိကြောင်း သူ မြင်နိုင်သည်။ သူမက ဤနေရာတွင် တစ်မျိုးပြီးတစ်မျိုး ပြောနေခြင်းသည် အမှန်တကယ် စိတ်အနှောင့်အယှက် ဖြစ်စရာ ကောင်းပေ၏။
ထို့အပြင် ရဲဘော်စုန့်မှာ သူတို့ဘက်မှ အလွန်တရာ ကျေးဇူးတင်စကား ပြောချင်နေခဲ့ရသည့် ပုဂ္ဂိုလ်လည်း ဖြစ်နေသေးသည်။
သူတို့အနေဖြင့် တစ်ဖက်လူ၏ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ စိတ်ခံစားချက်များကို ပို၍ ဂရုစိုက်ရမည်။ နောက်ပိုင်းတွင် ကိစ္စတစ်ခုခု ထပ်ဖြစ်ပါက ဗိုလ်ကြီးစုန့်မှ ကူညီရန် စိတ်မပါတော့မှာကို စိုးရိမ်ရပေသည်။
တစ်ယောက်ပြီးတစ်ယောက်ထံမှ ဤမျှ ရက်ရက်စက်စက် ပြောဆိုခံရပြီးနောက် ချန်ဖေးဖေးမှရ စုန့်ရှီးယန်နှင့် ဆက်လက် စကားပြောနိုင်ခြင်း မရှိတော့ပေ။
သူမသည်က သူမ၏ မျက်နှာကို ဖုံးအုပ်ပြီး နောက်ဆုံးတစ်ကြိမ်ကကဲ့သို့ လှည့်ထွက်၍ ပြေးချင်ခဲ့သည်။
သို့သော်လည်း သူမ၏ ခြေလှမ်းများ လှုပ်ရှားလိုက်သည်နှင့် ဤကဲ့သို့ ပြေးထွက်သွားခဲ့သည့် နောက်ဆုံး အကျိုးဆက်က လူကုန်ကူးသူများ၏ ပြန်ပေးဆွဲခြင်းကို ခံရခြင်းဖြစ်ကြောင်းကို သတိရလိုက်သည်။
သို့သော် ယခု ဤနေရာက တောနက်ထဲတွင်ဖြစ်ပြီး နက်ရှိုင်းသော တောင်များနှင့် ချိုင့်ဝှမ်းများ ရှိနေပြီး နေရာက မှောင်မည်းနေသည်။
သူမ ခြေလှမ်းအနည်းငယ်လောက် မလှမ်းနိုင်မီပင် တောင်အောက်သို့ ပြုတ်ကျသွားမည်ကို ကြောက်ရွံ့မိသည်။
မသေလျှင်ပင်အရေခွံများ အားလုံး ကွာကျသွားလိမ့်မည်။
ထို့ကြောင့် နောက်ဆုံးတွင် သူမက လူတိုင်း၏ မတူညီသော အကြည့်များကို သည်းခံကာ အခြားတစ်ဖက်တွင် စိတ်ပျက်လက်ပျက်ဖြင့် ရပ်နေခဲ့ရသည်။
သူမ ထွက်သွားရုံသာ ရှိသေးသော်လည်း နောက်ထပ် အံ့အားသင့်သော အသံ တစ်သံက ထပ်မံ ထွက်ပေါ်လာလိမ့်မည်ဟု သူမ မမျှော်လင့်ခဲ့ပေ။
“စုန့်ရှီးယန်လား.. ဘယ်လိုလုပ်ပြီး။။မင်း ဖြစ်နေတာလဲ!”
ဤတစ်ကြိမ် စုန့်ရှီးယန်ကို တားဆီးလိုက်သူက ချန်ဖေးဖေး မဟုတ်ဘဲ ချန်ကျားယန် ဖြစ်နေခဲ့သည်။
သူသည်က နောက်ဆုံးတွင် တစ်ဖက်လူ၏ မျက်နှာကို မြင်လိုက်ရပေပြီ။
သူ့ကို ကယ်တင်ခဲ့သူာ စုန့်ရှီးယန် ဖြစ်လိမ့်မည်ဟု သူ လုံးဝ မမျှော်လင့်ခဲ့ပေ!
အဓိကကတော့ သူတို့ နှစ်ဦးသည်က အမှန်တကယ်ပင် “ချစ်ပြိုင်ဘက်များ” ဖြစ်နေခြင်းပင်!
သူသည်က လင်းရန်ကို ပစ်မှတ်အဖြစ် မသတ်မှတ်တော့သော်လည်း သူနှင့် စုန့်ရှီးယန်တို့ကြားတွင် ပြဿနာတချို့ ရှိခဲ့သည်ကို သူ မငြင်းနိုင်ပေ။
ထို့ကြောင့် စုန့်ရှီးယန်က သူ့ကို လာကယ်လိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။
စုန့်ရှီးယန်က သူ့ကို ယခုအချိန်ထိ မမှတ်မိသေးခြင်းဖြစ်နိုင်သည်ဟု ထင်ခဲ့သော်လည်း မမျှော်လင့်ဘဲ ထိုသူက ချန်ကျားယန်ကို ပေါ့ပေါ့ပါးပါး တစ်ချက်သာ ကြည့်လိုက်လေ၏။
ပြီးနောက် မျက်နှာလွှဲကာ သူ့ကို စကားပြန်မပြောခဲ့ပါချေ။
“လူတိုင်းပဲ.. အမိန့်ကို နားထောင်ပြီး ဒီရာဇဝတ်ကောင်တွေကို ခေါ်သွားကြ!”
သူ အမိန့်ပေးလိုက်သည်နှင့် တခြား စစ်သားများသည်လည်း ချက်ချင်း အမိန့်ကို နာခံပြီး လူကုန်ကူးသူအဖွဲ့ကို အပြင်ဘက်သို့ ခေါ်ဆောင်သွားခဲ့ကြသည်။
သူတို့အနေဖြင့် ယခုအချိန်တွင် တောင်အောက်ကို ဆင်းသောလမ်းကို သိရှိခဲ့ကြပြီဖြစ်ပြီး တောတောင်များထဲတွင် ညဘက် လျှောက်သွားသည့် အတွေ့အကြုံလည်း ရှိခဲ့သောကြောင့် အန္တရာယ်ကို စိုးရိမ်ရန် မလိုအပ်တော့ပေ။
သို့သော် ကျန်ရှိနေသော လူများ၊ အထူးသဖြင့် လူကုန်ကူးသူများ ဖမ်းဆီးသွားသော အမျိုးသမီး ရဲဘော်အဖွဲ့ ကတော့ ယခု တောင်အောက်ကို ဆင်းသွားပါက အန္တရာယ် ရှိလိမ့်မည်ဖြစ်သောကြောင့် ကျန်ရှိနေသည့် ရဲဘော်များက သူတို့နှင့်အတူ တောင်ပေါ်တွင် နေခဲ့ကြပြီး မနက်ဖြန် မိုးလင်းသည်အထိ စောင့်ဆိုင်းပြီးမှ သူတို့ကို တောင်အောက်သို့ ခေါ်သွားကြမည်ဖြစ်သည်။
ထို့အပြင် စုန့်ရှီးယန်နှင့် အဖွဲ့ဝင်များက အကူအညီ ပေးရန်သက်သက်သာ ဤနေရာသို့ လာခဲ့ခြင်း ဖြစ်ပြီး ယခု လူကုန်ကူးသူကို ဖမ်းမိပြီ ဖြစ်သောကြောင့် ကျန်ရှိသော သားကောင်များနှင့် ပတ်သက်သည့် ကိစ္စများသည်က သူတို့နှင့် မသက်ဆိုင်တော့ပေ။
သူတို့က ဤလူကုန်ကူးသူအဖွဲ့ကို စစ်တပ်သို့ ပြန်ခေါ်သွားပြီး သူတို့၏ လုပ်ငန်းတာဝန်ကို ပြန်လည် စတင်ရမည်ဖြစ်သည်။
ဤလူကုန်ကူးအဖွဲ့ထဲမှ တချို့မှာ ပြည်ပ အင်အားစုများနှင့် အဆက်အသွယ် ရှိနေသောကြောင့် စစ်တပ်ရှိ ကျွမ်းကျင်ပညာရှင်များက စုံစမ်းစစ်ဆေးရန် လိုအပ်နေသေးသည်။
နောက်ဆုံးတွင် စုန့်ရှီးယန်နှင့် အခြားသူများက တောင်အောက်သို့ ဆင်းသွားခဲ့ကြလေသည်။မှောင်မည်းနေသော ညကို ကြည့်ရင်း စုန့်ရှီးယန်တစ်ယောက် လူကုန်ကူးသူများကို ကားထဲသို့ ခေါ်ဆောင်ရန် စောင့်ဆိုင်းနေစဉ် လင်းရန်တို့ဘက်သို့ မည်သို့ ရှိနေလောက်မည်ကို တွေးတောမိသည်။
သူက ဤတစ်ကြိမ် ရုတ်တရက် မစ်ရှင်သို့ သွားခဲ့ပြီး လင်းရန်ကို ပြန်မပို့ခဲ့ပေ။
သူမ စိတ်ဆိုးမည် မဟုတ်သော်လည်း လင်းမိသားစုက သူ့ကို တာဝန်မဲ့သည်ဟု ထင်မည်လားကို ပူပန်မိရသည်။
ဆိုရလျှင် အဖေလင်းနှင့်မိသားစုဝင်များမှ သူ့အပေါ် အထင်အမြင် ပြောင်းလဲရန်အတွက် သူ များစွာ ကြိုးစားခဲ့ရသည်။
သို့သော် ယခုတွင်တော့ ဤဖြစ်ရပ်ကြောင့် နောက်ပြန်လှည့် သွားရနိုင်ခြေ ရှိနေခဲ့သည်။
စုန့်ရှီးယန်တစ်ယောက် သူ၏ လက်ထပ်ပွဲအတွက် ခရီးစဥ်က အလွန် ခက်ခဲသည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။
ယခုအချိန်တွင် သူ့အနေဖြင့် သူ၏ မျှော်လင့်ချက်အားလုံးကို သူ၏ မိခင် ချင်းယွင်ကျစ်အပေါ်တွင်သာ ထားရှိနိုင်တော့သည်။
သူမဘက်မှ သူ ဆုံးရှုံးခဲ့သော အမှတ်များကို ပြန်လည် ရရှိရန် စွမ်းဆောင်ပေးနိုင်လိမ့်မည်ဟု သူ မျှော်လင့်မိပေသည်။
...