← Chapters

အခန်း (၂၄၆)

Vol. 25 Ch. 246

အခန်း (၂၄၆)

Vol. 25 Ch. 246

တုန်လိလိမှာဤကာလအတွင်း ကိုယ်ဝန်ဆောင်ထားရသောကြောင့် အလွန် ခက်ခဲနေသည်လား မသိသော်လည်း သူမက ကိုယ်အလေးချိန် များစွာ ကျဆင်းသွားရုံသာမက သူမ၏ မျက်နှာသည်လည်း ဝါလာခဲ့သည်။

ဤအချိန်တွင် သူမက မျက်လုံးများကို ထပ်မံ လှန်လိုက်သောကြောင့် အနည်းငယ် ရုပ်ဆိုးနေခဲ့လေသည်။

လော်ပင်းသည်ပင် တုန်လိလိ၏ အသွင်အပြင်ကို မြင်လျှင် မျက်လုံးများတွင် ငြီးငွေ့သည့်အရိပ်အယောင်တို့ လျင်မြန်စွာ ဖြတ်ပြေးသွားခဲ့သည်။

တစ်ချိန်တည်းမှာပင် သူ့အနေဖြင့် ယခု လင်းကျန်းဖူ၏ အလွန် နုပျိုပြီးတောက်ပသော အသွင်အပြင်ကို မြင်လိုက်ရသည့်အတွက် ငြီးငွေ့သည့်ခံစားချက်များက များစွာ နက်ရှိုင်းလာခဲ့သည်။

သူက သူ၏ ရှေ့တွင် ပေါ်လာသော လင်းကျန်းဖူကို စိုက်ကြည့်နေခဲ့မိသည်။ သူမကို ဤနေရာမှာ တွေ့ရလိမ့်မည်ဟု လုံးဝ မမျှော်လင့်ခဲ့ပေ။

ထို့အပြင် ဤအချိန်တွင် သူမက သူနှင့် လက်ထပ်ခဲ့စဉ်ကထက် ပို၍ လှပပြီး မျက်စိဖမ်းစားထားနိုင်ပုံရသည်။

သူ သူမဆီမှ မျက်လုံးမခွာနိုင်လုနီးပါးပင် ဖြစ်သွားခဲ့ရသည်။

လင်းကျန်းဖူကတော့ လော်ပင်းနှင့် တုန်လိလိတို့ကို ငြီးငွေ့နေခဲ့ပေပြီ။ ထိုအခိုက်တွင် လော်ပင်း၏ မျက်လုံးများမှ အကြည့်ကို မြင်လိုက်ရပြီး ရွံရှာစွာ မျက်မှောင်ကြုတ်လိုက်မိသည်။

သူမ၏ လက်ရှိ ရာထူးမှာ ကုန်တိုက်မှ အရောင်းဝန်ထမ်းတစ်ဦး ဖြစ်သောကြောင့် ဖောက်သည်များဖြစ်သော တုန်လိလိနှင့် လော်ပင်းတို့ကို တိုက်ရိုကချေပနိုင်ခြင်းမရရှိပေ။

နောက်ဆုံးတွင် သူမက ထိုလူနှစ်ယောက်ကို သူစိမ်းများအဖြစ်သာ ဆက်ဆံခဲ့ပြီး တုန်လိလိ ပြောသည့်စကားများကို မကြားသကဲ့သို့ ဟန်ဆောင်လိုက်ရသည်။

လင်းရန်အတွက်ကတော့ သူမက တုန်လိလိ၏ အသုံးမဝင်သော စကားများကို ပြန်ဖြေရန်အတွက်ပင် ပျင်းရိနေခဲ့သည်။

ဤစကားများကို ပြန်ဖြေသည့် မည်သူမဆို “ရွံစရာကောင်းသော လူ” ဖြစ်ကြောင်း တိုက်ရိုက် သက်သေပြသကဲ့သို့ ဖြစ်သွားလိမ့်မည်ပင်။

သူမက တုံးအစွာ တုံ့ပြန်လိုစိတ်မရှိပေ။

လင်းရန်နှင့် လင်းကျန်းဖူတို့ သူမကို လျစ်လျူရှုကာ အမူအရာမဲ့စွာ ကြည့်နေသည်ကို မြင်လိုက်ရလျှင် တုန်လိလိတစ်ယောက် ပို၍ပင် ဒေါသထွက်လာခဲ့ပြီး သူမကဘ လင်းရန်နှင့် လင်းကျန်းဖူတို့ကို တိုက်ရိုက် အော်ဟစ်လိုက်သည်။

“ဟေး! ငါ မင်းတို့ကို ပြောနေတာ၊ နားမကြားဘူးလား”

လင်းရန်နှင့် လင်းကျန်းဖူတို့က နောက်ဆုံးတွင်တော့ ပြန်လည် တုံ့ပြန်ခဲ့ကြသည်။

“ရဲဘော်၊ ရှင်က ကျွန်မတို့ကို ခေါ်နေတာကိုး.. တောင်းပန်ပါတယ် ကျွန်မတို့လို ပုံမှန်လူတွေကတော့ တခြားသူတွေကို နာမည်တွေနဲ့ နှုတ်ဆက်လေ့ရှိတယ်လေ”

လင်းကျန်းဖူ၏ ဤကဲ့သို့ ပြောဆိုခြင်းကို ခံရပြီးနောက် တုန်လိလိ ပို၍ပင် ဒေါသထွက်လာခဲ့သည်။

“လင်းကျန်းဖူ၊ မင်း ဘာကို ဆိုလိုတာလဲ.. မင်းက ငါ ပုံမှန်လူ မဟုတ်ဘူး လို့ ပြောနေတာလား!”

လင်းကျန်းဖူသည် အနည်းငယ် ပြုံးလိုက်သည်။

“ကျွန်မ အဲဒီလို မပြောပါဘူး”

သို့သော် သူမ ကိုယ်တိုင် ဝန်ခံချင်သည်ဆိုမှတော့ သူတို့လည်းမတတ်နိုင်ပါချေ။

တုန်လိလိအနေဖြင့် လင်းကျန်းဖူနှင့် မတွေ့ရသည်က လဝက်မျှသာ ရှိသေးသော်လည်း ပြန်တွေ့ချိန်တွင် ဤကဲ့သို့ အကြီးအကျယ် ပြောင်းလဲ သွားလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။

သူမ၏ အဒေါ်အိမ်တွင်ရှိနေစဥ်တုန်းက လင်းကျန်းဖူက ရှုံ့မဲ့နေသော ဖရုံသီးကဲ့သို့ မျက်နှာငယ်လေးဖြင့် နေခဲ့သည်။

သူမက အရာခပ်သိမ်းတွင် လှောင်ပြောင်ခံရသော်အခိုက်တွင်ပင် ပြန်လည် ခုခံရန် မရဲဝံ့ခဲ့ပေ။

သူမက မခုခံတတ်သော သားကောင်တစ်ကောင်ကဲ့သို့သာ ရှိနေခဲ့သည်။

သို့သော်လည်း ယခုအချိန်တွင်တော့ သူမကိုပင် လှောင်ပြောင်ရန် သတ္တိရှိလာခဲ့သည်။

အထူးသဖြင့် သူမ၏ ကိုယ်ရည်ကိုယ်သွေး ပြောင်းလဲမှုများအပြင် သူမ၏ ရုပ်ရည်သည်လည်း အလွန်အမင်း ပြောင်းလဲမှုများကို ရှိနေခဲ့ပြီး အပြင်ဘက်အလွှာရှိ ဖုန်မှုန့်များကို ဆေးကြောပစ်လိုက်နိုင်သော ပုလဲ တစ်လုံးကဲ့သို့ တောက်ပသော အလင်းရောင်ကို ထုတ်ဖော်လာခဲ့သည်။

လော်ပင်းအတွက်တော့ ပြောရန်ပင်မလိုအပ်ပါချေ။

တုန်လိလိကိုယ်တိုင်ပင် သူမကို နောက်ထပ် အကြိမ်အနည်းငယ် စိုက်မကြည့်ဘဲ မနေနိုင်ခဲ့ပေ။

လင်းကျန်းဖူတစ်ယောက် ပို၍ ကောင်းမွန်လာခြင်းက တုန်လိလိ၏ မကြာသေးမီက ပို၍ ဆိုးရွားလာခဲ့သော ဘဝအကြောင်းကို တွေးမိစေခဲ့ပြီး သူမ၏ နှလုံးသားက ရုတ်တရက် ပို၍ပင် မမျှတသကဲ့သို့ ခံစားလာရသည်။

သို့သော် သူမ၏ အကြည့်တို့က ရုတ်တရက် ရပ်တန့်သွားခဲ့လေ၏။

တုန်လိလိတစ်ယောက် လင်းကျန်းဖူ၏ ယူနီဖောင်းကို သတိပြုမိလိုက်သည်။

သူမအနေဖြင့် မြို့ပေါ်ရှိ ကုန်တိုက်သို့ ယခင်ကလည်း သွားလာခဲ့ဖူးသောကြောင့် လော်ပင်ထက် ပို၍ အမြင်ကျယ်သည်။

သူမက လင်းကျန်းဖူ ဝတ်ဆင်ထားသော အဝတ်အစားများက အနည်းငယ် ရင်းနှီးနေကြောင်းကို သတိပြုမိခဲ့သည်။

ဒါက ကုန်တိုက်ထဲက အရောင်းဝန်ထမ်းတွေရဲ့ ယူနီဖောင်း မဟုတ်ဘူးလား!

ဒါဆို လင်းကျန်းဖူက ကုန်တိုက်မှာ အရောင်းဝန်ထမ်းအဖြစ် အလုပ်လုပ်ဖို့ ရောက်လာတာလား!

သူမက ဘယ်လိုလုပ်ပြီး ဒီလောက်တောင် ကံကောင်းရတာလဲ!

ဤရက်များတွင် လူတစ်ယောက်က အရောင်းဝန်ထမ်းတစ်ဦးအဖြစ် အလုပ်လုပ်မည်ဆိုပါက လူများ၏ ပထမဆုံး တုံ့ပြန်မှုမှာ သူတို့ကို နှိမ့်ချခြင်း မဟုတ်ဘဲ သူတို့ကို အားကျခြင်းသာ ဖြစ်သည်။အဘယ်ကြောင့်ဆိုသော် ၎င်းသည်က သေချာပေါက် သံထမင်းပန်းကန် ဖြစ်သော အလုပ်တစ်ခုဖြစ်ပြီး လူအများအပြားမှ မျက်နှချိုသွေးရမည့် အလုပ်တစ်ခုလည်း ဖြစ်ပေသည်။

(T/n: သံထမင်းပန်းကန် = အချိန်တန်ရင် လစာရနိုင်တဲ့အလုပ်)

ထောက်ပံ့ရေးနှင့် စျေးကွက်ရှာဖွေရေး သမဝါယမများ သို့မဟုတ် ကုန်တိုက်များတွင် အရောင်းဝန်ထမ်းများအဖြစ် အလုပ်လုပ်သော သူထဲတွင် ရင်းနှီးသည့်လူများ ရှိနေရန်အတွက် လူတိုင်းက လိုလားဆန္ဒရှိကြသည်။

သို့ဆိုပါက သူတို့အနေဖြင့် စတိုးဆိုင်တွင် မည်သည့် ပစ္စည်းကောင်းများက ရောက်ရှိနိုင်မည်ကို ပထမဆုံးကြိုတင် သိရှိနိုင်ပြီး ၎င်းတို့ကို ဝယ်ယူနိုင်ရန်အတွက် အချိန်ကို ဆုပ်ကိုင်ထားနိုင်သည်။

၎င်းသည်က သူတို့အတွက် ပံ့ပိုးပေးနိုင်မည့် နည်းလမ်းကောင်းတစ်ခုသာ မဟုတ်ပါလား။

ထို့ကြောင့် လင်းကျန်းဖူက ဤအဝတ်အစားများကို ဝတ်ဆင်ထားသည်ကို မြင်လိုက်ရပြီးနောက်တုန်လိလိက ပို၍ပင် အံ့အားသင့် သွားခဲ့သည်။

“မင်း.. ဒီက အရောင်းဝန်ထမ်းလား”

သူမ သတိထားမိကြောင်း သိလိုက်လျှင် လင်းကျန်းဖူကလည်း ပွင့်ပွင့်လင်းလင်း ဝန်ခံလိုက်သည်။

“ရှင် တစ်ခုခု ဝယ်ချင်လို့လား.. ဒီမှာ အလှကုန်တွေ တော်တော်များများ ရှိပြီး ရှင့်ရဲ့ အခုအခြေအနေအတွက် ပိုပြီး သင့်တော်ပါလိမ့်မယ်”

ဤစကားများသည် ဒေါသကိုဆွလိုသည့် အရိပ်အငွေ့တို့ အပြည့်အဝ ရှိနေပြီး သူမက တုန်လိလိမှာ အသားအရေ မကောင်းသောကြောင့် မိတ်ကပ်လိမ်းရန် လိုအပ်သည်ဟု တိုက်ရိုက် ပြောလုနီးပါးပင်။

တုန်လိလိတစ်ယောက် ဒေါသတကြီး အံကြိတ်လိုက်သည်။

“ဟားဟား.. ကောင်းပြီ၊ ငါက အစတုန်းက ဒီကို အလှကုန်နည်းတည်းလောက် ဝယ်ဖို့ စီစဉ်ခဲ့တာပဲ

ဘာပဲဖြစ်ဖြစ် လော်ပင်းက ငါ့ကို ပစ္စည်းတွေ ဝယ်ပေးချင်နေတာလေ.. ငါက မလိုပါဘူးပြောနေပေမဲ့ သူ ငါ့ရဲ့ အကြံဉာဏ်ကို နားမထောင်ဘူး!”

လင်းကျန်းဖူတစ်ယောက် နှလုံးသားထဲတွင် ရယ်မောလိုက်သည်။ လော်ပင်းသည်က နှမြောတတ်သူ မဟုတ်သော်လည်း ရက်ရောသူဟု ခေါ်ဆို၍ မရနိုင်ပေ။

အထူးသဖြင့် သူသည်က မကြာသေးမီနှစ်များအတွင်း အလုပ်ထဲတွင်အရေးပါသူ မဟုတ်ခဲ့သကဲ့သို့ သူ၏ လစာသည်လည်း မမြင့်မားပေ။

သူက ပိုက်ဆံအချို့ ရရှိရန်အတွက်လည်း အားကြိုးမာန်တက်လုပ်မည် မဟုတ်။

ထိုကဲ့သို့ လူမျိုးက တုန်လိလိအတွက် ပစ္စည်းအမျိုးမျိုး ဝယ်ပေးရန် အတင်းအကျပ်တိုက်တွန်းနေမည်လား။

တုန်လိလိ လိမ်ညာနေခြင်းဖြစ်ကြောင်းကို သူမ သိနိုင်သည်။

သို့သော် လင်းကျန်းဖူက သူမကို ထုတ်ဖော်ရန် စိတ်မဝင်စားဘဲ တည်ငြိမ်စွာ မေးမြန်းလိုက်သည်။

“ဒါဆို ရှင် ဘာဝယ်ချင်လဲ”

သူမအနေဖြင့် တုန်လိလိ တမင်တကာ ပြဿနာရှာမည်ကို မကြောက်သော်လည်း တခြား ဧည့်သည်များကို ဆက်ဆံသည့် တူညီသော ဖော်ရွေသော သဘောထားဖြင့် တုန်လိလိကို ဆက်ဆံမည် မဟုတ်ပေ။

သူမက သူတို့၏ရှေ့တွင် မကြွားဝါခြင်းသည်ပင် သူမ၏ သည်းခံနိုင်စွမ်းမြင့်မားသည်ဟု ဆိုနိုင်ပေပြီ ။

လင်းကျန်းဖူ၏ ဆန္ဒမရှိသော အကြည့်ကို မြင်လျှင် တုန်လိလိက ရုတ်တရက် ကောင်းချီးပေးခံရသကဲ့သို့ ခံစားလိုက်ရသည်။

လင်းကျန်းဖူက သူတို့ကိုမမြင်တွေ့ချင်လေလေ ၊ သူမက လင်းကျန်းဖူ၏ ရှေ့တွင် နေချင်လေလေ ဖြစ်သည်!

လင်းကျန်းဖူသည်က ယခုအချိန်တွင် ကုန်တိုက်မှ အရောင်းဝန်ထမ်းတစ်ဦး ဖြစ်သော်လည်း သူမ၏ လစာက နည်းနိုင်သောကြောင့် အစားအသောက်နှင့် အဝတ်အထည်များ လိုအပ်နေလောက်သေးသည်။

သူမအနေဖြင့် ဤအလှကုန်များကို ဝယ်ယူနိုင်ခြင်း မရှိလောက်ပေ။

ဤရက်များတွင် အလှကုန် များက အလွန် စျေးကြီးသည်။

ကောင်းမွန်သော မိသားစုနောက်ခံ ရှိသူများ သို့မဟုတ် အလှအပကို ချစ်မြတ်နိုးသူများသာလျှင် အံကိုတင်းတင်းကြိတ်ကာ ဝယ်ယူနိုင်လိမ့်မည်။

လင်းကျန်းဖူကဲ့သို့သော လူများအတွက်မူ သူမက ဘေးမှနေ၍ အကူအညီမဲ့စွာဖြင့်သာ ကြည့်နေရပြီး အခမဲ့ဝေမျှသော အလှကုန်များကိုသာ အသုံးပြုရမည်ဟု ထင်ရသည်။

ထို့ကြောင့် လင်းကျန်းဖူက လော်ပင်းမက သူမအတွက် တစ်ခုခု ဝယ်ပေးနေသည်ကို မြင်လိုက်လျှင် အလွန်ပင် မသက်မသာ ခံစားရပေလိမ့်မည်။

တုန်လိလိ တွေးတောရင်းဖြင့် ရုတ်တရက် ရယ်မောလိုက်သည်။

“အိုး၊ ငါ ဘာဝယ်ချင်လဲဆိုတာ အရင် ကြည့်ရအောင်.. မင်းတို့မှာ ဘယ်လို နှုတ်ခမ်းနီတွေ ရှိလဲ.. ဘယ်ဟာက ငါနဲ့ အလိုက်ဆုံးလဲဆိုတာ ကြည့်ပါရစေဦး”

လင်းကျန်းဖူက ၎င်းကို သည်းခံခဲ့ပြီး နှုတ်ခမ်းနီများ ထားသည့် ကောင်တာကို လက်ညှိုးထိုးပြ၍ ပြောလိုက်သည်။

“ဒါတွေ ရှိတယ်၊ ရှင် ဘယ်အရောင်ကို လိုချင်လဲ

တကယ်တမ်းတွင်တော့ တုန်လိလိက မည်သည့်အရောင်ကိုမဆို လိုချင်နေခဲ့သည်။ မည်သို့ပင်ဆိုစေ ဤရက်များတွင် နှုတ်ခမ်းနီ တစ်ချောင်းကို ပိုင်ဆိုင်ခြင်းသည်က သေချာပေါက် ဂုဏ်ယူစရာ ကိစ္စတစ်ခု ဖြစ်ပေသည်။

သို့သော် သူမက ယနေ့တွင် လော်ပင်းတစ်ယောက် ပိုက်ဆံ များစွာ သုံးစွဲခဲ့ခဲ့သည်ကို ကောင်းစွာ သိသည်။ သူ၏ အိတ်ကပ်ထဲတွင် ပိုက်ဆံ သိပ်မရှိတော့ပေ။

ဤပိုက်ဆံ အားလုံးမှာလည်း သူ၏ မိဘများက သုံးစွဲနိုင်ရန် ထောက်ပံ့ခဲ့ခြင်း ဖြစ်သည်။

ကျန်ရှိနေရှိသော ပိုက်ဆံက နှုတ်ခမ်းနီ တစ်ချောင်း ထပ်ဝယ်ရန်သာ လုံလောက်သည်။ ၎င်းထက် ပို၍ များပြားလာပါက ထိုသူက သေချာပေါက် ညည်းညူနေလိမ့်မည်။ထို့ကြောင့် တုန်လိလိက နှုတ်ခမ်းနီများ တန်းစီသည့်နေရာတွင် နောင်တရစွာဖြင့် ခဏလောက် ရပ်တန့်လိုက်ရပြီးနောက် သူမ ဝယ်ချင်သည့် တစ်ချောင်းကို ရွေးချယ်ရန်အတွက် အချိန်ကို တမင်တကာဆွဲနေခဲ့သည်။

All Chapters