← Chapters

သစ်သားဒြပ်စင် ပြိုင်ပွဲဗျူဟာ

Vol. 53 Ch. 790

သစ်သားဒြပ်စင် ပြိုင်ပွဲဗျူဟာ

Vol. 53 Ch. 790

“ထိန်းချုပ်တာ ... သူ ထိန်းချုပ်နိုင်တယ်”

လင်းရှီနှင့် တခြားသူများ၏ မျက်နှာတွင် စိုးရိမ်မှုနှင့် ထိတ်လန့်မှုများ ချက်ချင်း ပေါ်ပေါက်လာသည်။

ကျန်ရှိနေသော ပရိသတ်များအားလုံး၏ အမူအရာမှာလည်း သိသိသာသာ ပြောင်းလဲသွားသည်။ အပင်များ၏ ကြီးထွားမှုကို လှုံ့ဆော်နိုင်စွမ်းရှိရုံတင် အလွန်ကြောက်စရာကောင်းနေပြီဖြစ်ရာ၊ ယခုကဲ့သို့ စိတ်ကြိုက် ထိန်းချုပ်နိုင်စွမ်းပါ ရှိနေခြင်းမှာ သစ်သားဒြပ်စင် နိုးထသူတစ်ဦး၏ စစ်မှန်သော ကြောက်မက်ဖွယ် စွမ်းအားပင် ဖြစ်သည်။

ထိုအခိုက်အတန့်တွင် ...

မရေမတွက်နိုင်သော မိစ္ဆာချုပ်နွယ်ပင်များသည် ဝိညာဉ်မြွေများကဲ့သို့ ရဲ့လင်းချန်ထံသို့ တစ်ဟုန်ထိုး တိုးဝင်သွားကြသည်။ ထိုမြင်ကွင်းမှာ မြွေပေါင်းသောင်းခြောက်ထောင် ရွေ့လျားနေသကဲ့သို့ ရှိနေသဖြင့် ကြည့်ရှုသူတိုင်း ကြက်သီးမွေးညင်း ထသွားကြရသည်။

“ဖီးနစ် လှံသိုင်း”

ရဲ့လင်းချန်သည် နောက်သို့ ဆုတ်ခွာရင်း သူ၏ လှံရှည်ကို ခန္ဓာကိုယ်ပတ်လည်တွင် အဝိုင်းလိုက် ဝှေ့ယမ်းလိုက်သည်။ ချက်ချင်းပင် ရဲ့လင်းချန်ကို ဗဟိုပြု၍ စူးရှလှသော လှံစွမ်းအင် လှိုင်းတစ်ခု ထွက်လာပြီး လမ်းကြောင်းပေါ်ရှိ နွယ်ပင်အားလုံးကို ပြတ်တောက်သွားစေသည်။

ရဲ့လင်းချန်၏ လက်များသည် ရပ်တန့်မသွားဘဲ လှံရှည်၏ ပုံရိပ်များသည် ကောင်းကင်ယံတစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။ တစ်ခဏအတွင်းမှာပင် လှံစွမ်းအင်များသည် စက်သေနတ် တစ်လက်ကဲ့သို့ တရစပ် ပစ်ခတ်နေပြီး မီတာ ၁၀၀ ပတ်လည်ရှိ အပင်အားလုံးကို ခြေမှုန်းဖျက်ဆီးပစ်လိုက်တော့သည်။

“တကယ်ကို... တကယ်ကို သန်မာတာပဲ”

ဝူထျန်းပေါင်က မနေနိုင်ဘဲ ပြောလိုက်မိသည်။

“အဲဒီလှံစွမ်းအင်က နဂါးတစ်ကောင်လိုပဲ ဖျတ်လတ်ပြီး အားမာန်ပါတယ်။ ရဲ့လင်းချန်ဟာ အရင်ပွဲစဉ်တွေမှာ အစွမ်းကုန် မထုတ်သေးဘဲ ဝှက်ထားခဲ့လိမ့်မယ်လို့ ထင်မထားမိဘူး၊ ဒီလိုလှံသိုင်းမျိုးက သူ့အရွယ်တူတွေထဲမှာ ထိပ်တန်း သုံးယောက်စာရင်းထဲကို သေချာပေါက် ပါဝင်နိုင်ပါတယ်”

တိုက်ပွဲမှာ စတင်ကာစသာ ရှိသေးသော်လည်း ရဲ့လင်းချန်နှင့် ကယ်လ်ဗင်တို့ ပြသလိုက်သည့် စွမ်းအားများမှာ ပရိသတ်တစ်ရပ်လုံးကို တုန်လှုပ်စေခဲ့သည်။ အခြားသော ပြိုင်ပွဲဝင်များအားလုံးမှာ သူတို့နှစ်ဦးနှင့် ယှဉ်လျှင် မှေးမှိန်သွားကြရသည်။

“ဒါတော့ ခက်ခဲလိမ့်မယ်”

ထျဲကျွင့်က အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။

“ကယ်လ်ဗင်ကို ကြည့်လိုက်။ အဲဒီအပင်တွေကို ထိန်းချုပ်ဖို့ သူ အင်အားအများကြီး သုံးစရာမလိုတာ ထင်ရှားတယ်။ တစ်ဖက်မှာလဲ ရဲ့လင်းချန်က ဒီလောက်ကျယ်ပြန့်တဲ့ ဧရိယာမှာ သူ့ရဲ့လှံသိုင်းကို သုံးနေရတာကြောင့် အင်အား အမြောက်အမြား ကုန်ခမ်းမှာ သေချာတယ်။ ဒီအတိုင်းသာ ဆက်သွားရင် သူ သေချာပေါက် ရှုံးလိမ့်မယ်။”

“ဒါကတော့ လွန်လွန်းတယ်”

ကျင့်ရှန် ပင့်သက်ရှိုက်မိသည်။

“သစ်သားက မီးကို ကြောက်တာ မဟုတ်ဘူးလား၊ ရဲ့လင်းချန်က ဘာလို့ မီးကို မသုံးတာလဲ”

လင်းရှီက မေးလိုက်သည်။

သိုင်းပညာရှင်တစ်ယောက်၏ စိတ်ဝိညာဉ်စွမ်းအင်သည် အသုံးပြုပုံ များပြားသည်။ ၎င်းကို မီးအဖြစ် တိုက်ရိုက် မပြောင်းလဲနိုင်သော်လည်း မြင့်မားသော အပူချိန်ကို ထုတ်လုပ်ရန်မှာ အလွန်လွယ်ကူသည်။ ရဲ့လင်းချန်သာ အလိုရှိပါက သူ၏လှံရှည်ကို မီးလျှံလှံအဖြစ် အလွယ်တကူ ပြောင်းလဲနိုင်သော်လည်း သူက ထိုသို့မလုပ်ခဲ့ပေ။

ထျဲကျွင့်က ခေါင်းယမ်းလိုက်သည်။

“အဲဒါက ပြောသလောက် မလွယ်ဘူး။”

သာမန်အားဖြင့် သစ်သားသည် မီးကို ကြောက်သည်မှာ မှန်သော်လည်း ချွင်းချက်များ ရှိသည်။ မိစ္ဆာချုပ်နွယ်ပင် များသည် မီးကို သိပ်မကြောက်သော အပင်အမျိုးအစား ဖြစ်နေသည်။

ဟင်းလင်းပြင်နယ်မြေတွင် ကမ္ဘာမြေ၏ သာမန်အသိတရားများမှာ အသုံးမဝင်တော့ပေ။ ဤနွယ်ပင်၏ ရှင်သန်မှု စွမ်းအားမှာ အလွန်မြင့်မားပြီး ကြီးထွားနှုန်းမှာလည်း အလွန်မြန်သည်။ ဆူးချွန်များနှင့် ခိုင်မာလှသော အမြစ် များကြောင့် ရဲ့လင်းချန်အတွက် လှံဖြင့် ခြေမှုန်းရန်ပင် အတော်လေး ခက်ခဲနေခြင်းဖြစ်သည်။

ထို့နောက် ထျဲကျွင့်က ထပ်ပြောသည်။

“တကယ်တော့ သာမန်မီးက ဒီနွယ်ပင်တွေအပေါ်မှာ အသုံးမဝင်ပေမဲ့ ဝိညာဉ်နယ်မြေမှာ ရှိတဲ့ အထူး မီးလျှံမျိုးဆိုရင်တော့ ရလဒ်က ကွဲပြားသွားနိုင်တယ်”

“ဒါဆို ဘာမှလုပ်လို့ မရတော့ဘူးလား”

ကျင့်ရှန်က မကျေမနပ် မေးလိုက်သည်။

“မျိုးစေ့တွေကို ပြိုင်ကွင်းထဲ ယူလာပြီး တိုက်ခိုက်တာက မတရားသလိုပဲ”

ပြိုင်ကွင်းအတွင်း ထိုနွယ်ပင်များသည် အဆုံးမရှိ ကြီးထွားနေပြီး ရဲ့လင်းချန်က မည်မျှပင် ဖျက်ဆီးပါစေ မြေပြင်မှ အဆက်မပြတ် ထွက်ပေါ်လာနေသည်။ ၎င်းတို့၏ ကြီးထွားနှုန်းမှာ ကြည့်နေသူကိုပင် ခေါင်းမူးသွားစေသည်။ ဤကဲ့သို့သော ပြိုင်ဘက်မျိုးနှင့် တွေ့ဆုံရခြင်းမှာ တကယ့်ကို အားကိုးရာမဲ့စရာ ခံစားချက်ပင်။

“လုံးဝ အားကိုးရာမဲ့တာတော့ မဟုတ်ပါဘူး။ ရဲ့လင်းချန်သာ လှံတစ်ချက်တည်းနဲ့ အရာအားလုံးကို ဖျက်ဆီး နိုင်မယ်ဆိုရင် တိုက်ပွဲက ပြီးဆုံးသွားမှာပါ”

ထျဲကျွင့် ပြောလိုက်သည့်အချိန်နှင့် တစ်ချိန်တည်းလိုမှာပင် ရဲ့လင်းချန်၏ လှံသိုင်းက ရုတ်တရက် ပြောင်းလဲ သွားသည်။

ကောင်းကင်ယံတစ်ခုလုံးကို ဖုံးလွှမ်းထားသော လှံပုံရိပ်များသည် တစ်နေရာတည်း၌ စုစည်းသွားခဲ့သည်။ သူ၏ ခန္ဓာကိုယ်မှာ အရင်ကထက် အဆပေါင်းများစွာ ပိုမိုမြန်ဆန်လာပြီး တစ်ကိုယ်လုံးမှ ထွက်ပေါ်နေသော အရှိန်အဝါ မှာလည်း ဤအခိုက်အတန့်တွင် အဆမတန် မြင့်တက်လာခဲ့သည်။

“လာပြီ”

“လှံတစ်ချက်တည်းနဲ့ အနိုင်အရှုံးကို ဆုံးဖြတ်တော့မှာလား”

“သူက အစောပိုင်းမှာ လှံစွမ်းအင်ကိုသုံးပြီး နွယ်ပင်တွေကို ဖယ်ရှားပြီး နေရာရှင်းလင်းခဲ့တာက သူ့ရဲ့ အားအပြင်းဆုံး တိုက်ကွက်ကို ထုတ်ဖို့အတွက် အရှိန်ယူခဲ့တာလား”

လူတိုင်းက ရဲ့လင်းချန်၏ ရည်ရွယ်ချက်ကို ခန့်မှန်းမိသွားကြသည်။

အေးစက်စက် အလင်းတန်းတစ်ခု ဖြတ်ပြေးသွားသည်။

ထိုနွယ်ပင်များသည် မည်သည့်အရပ်မျက်နှာမှ လာသည်ဖြစ်စေ အလွယ်တကူပင် ပြတ်တောက်သွားကြသည်။ အချို့မှာ ရဲ့လင်းချန်၏ လှံစွမ်းအင်ကြောင့် မီတာအနည်းငယ်အကွာမှာတင် အပိုင်းပိုင်းပြတ်သွားကြသည်။ ၎င်းသည် တားဆီး၍မရသော လှံချက်ပင်။

“ဒီလောက် ပြင်းထန်တဲ့ စိတ်ဝိညာဉ်စွမ်းအား၊ ရဲ့လင်းချန်ရဲ့ ခွန်အားနဲ့ မြန်နှုန်းက မူလစိတ်ဝိညာဉ်အဆင့်ရဲ့ အထွတ်အထိပ်ကိုတောင် ကျော်လွန်နေပြီ”

ဝူထျန်းပေါင်က ထိတ်လန့်တုန်လှုပ်စွာဖြင့် မတ်တပ်ရပ်၍ အော်ဟစ်လိုက်မိသည်။

ထိုလှံချက်သည် အဝေးမှနေ၍ ကယ်လ်ဗင် ရှိရာနေရာကို ပစ်မှတ်အသေ ထားပြီးသား ဖြစ်သည်။

တိုက်ခိုက်မှုအားလုံးမှာ ထိုလှံချက်တစ်ချက်အောက်တွင် ချေမှုန်းခြင်း ခံလိုက်ရသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် လှံရှည်သည် ကယ်လ်ဗင်၏ ကိုယ်နှင့် လက်မအနည်းငယ်အကွာသို့ ရောက်ရှိသွားခဲ့ပြီ။

သို့သော်...

ကယ်လ်ဗင်၏ ခြေဖဝါးအောက်ရှိ ငြိမ်သက်နေသော မြေပြင်မှ ပျိုးပင်လေးတစ်ပင် ရုတ်တရက် ပေါ်ထွက်လာသည်။ ထို့နောက် ထိုပျိုးပင်လေးမှာ တစ်မီတာခန့်အမြင့်သို့ အရှိန်အဟုန်ဖြင့် ကြီးထွားလာခဲ့သည်။

တစ်မီတာခန့် အမြင့်ကို မြင့်သည်ဟု မသတ်မှတ်နိုင်သော်လည်း ထိုသစ်ပင်မှာ ထူးထူးခြားခြား ထူထဲပြီး ခိုင်မာလှသည်။ ၎င်းသည် အမြင့်တစ်မီတာရှိသော်လည်း အနံမှာ သုံးမီတာခန့်ရှိရာ စည်ပိုင်းကြီး တစ်ခုနှင့်ပင် တူနေတော့သည်။ ထိုအပင်သည် ကယ်လ်ဗင်၏ ရှေ့တွင် လမ်းကြောင်းကို တိကျစွာ ပိတ်ဆို့ထားလိုက်သည်။

“ရှီး”

လှံရှည်သည် အပင်ကို ထိုးဖောက်ဝင်ရောက်သွားပြီး နားကွဲမတတ် ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။ အံ့ဩစရာကောင်းသည်မှာ တားဆီး၍မရနိုင်သော အရှိန်ဖြင့် တိုးဝင်လာသော လှံရှည်သည် ရုတ်တရက် အရှိန် လျော့သွားခြင်းပင်။ ၎င်းသည် သစ်ပင်၏ တစ်ဝက်ခန့်အထိသာ ထိုးဖောက်နိုင်ခဲ့ပြီး ရှေ့သို့ ထပ်မံတိုးဝင်နိုင်ခြင်း မရှိတော့ပေ။

“သံစားသစ်ပင်ပဲ”

ဝူထျန်းပေါင်သည် ဝေဖန်သုံးသပ်သူပီပီ ဗဟုသုတကြွယ်ဝလှသဖြင့် ထိုအပင်၏အမည်ကို ချက်ချင်းပင် မှတ်မိသွားသည်။

“ဒါလဲ ဟင်းလင်းပြင်နယ်မြေက အပင်တစ်မျိုးပဲ၊ သံစားသစ်ပင်က ရေလောင်းပေးစရာ မလိုဘူး။ သူက သတ္တုကို မြေဩဇာအဖြစ် စားသုံးတာကြောင့် ဒီလို နာမည်တွင်လာတာ၊ ဒါကြောင့် သူက သတ္တုရဲ့ ဂုဏ်သတ္တိတွေအားလုံး ရှိနေတယ်၊ ရေနဲ့ မီးကို မကြောက်ဘူး၊ သံလိုပဲ မာကျောတယ်။ ကယ်လ်ဗင်က အဲဒီအပင်ကို ဒိုင်းတစ်ခုလို အသုံးပြုလိုက်တာ၊ သူ့ရဲ့ ခံစစ်က တကယ့်ကို ကြောက်စရာကောင်းတယ်”

“မတရားဘူး၊ ဒါ မတရားတာပဲ”

ကျင့်ရှန်က ဒေါသတကြီး အော်ဟစ်နေတော့သည်။

“ဒါတွေအားလုံးက ဟင်းလင်းပြင်နယ်မြေက အပင်တွေချည်းပဲ။ ဒါက လုံးဝ မမျှတဘူး”

အမေရိကန်အဖွဲ့၏ မာန်တက်နေမှုမှာ သူတို့တွင် အစီအစဉ်ကောင်းကောင်းရှိနေ၍ ဖြစ်ကြောင်း သိသာသွားသည်။

မိစ္ဆာချုပ်နွယ်ပင် ဖြစ်စေ၊ သံစားသစ်ပင် ဖြစ်စေ၊ အမေရိကန်သည် ဤအထူးအပင်များ၏ မျိုးစေ့များကို ရရှိရန် ငွေကြေး အမြောက်အမြား အသုံးပြုခဲ့ပုံရသည်။ ဤအပင်များကို အသုံးပြုခြင်းဖြင့် ကယ်လ်ဗင်သည် သူနှင့် အဆင့်တူ ပြိုင်ဘက်များကြားတွင် ပြိုင်ဘက်ကင်း ဖြစ်နေတော့သည်။

“အရှုံးပေးလိုက်တော့လေ”

ကယ်လ်ဗင်က ရဲ့လင်းချန်ကို အေးစက်စွာ ကြည့်ရင်း ပြောလိုက်သည်။

“မင်း ဆက်တိုက်နေရင် သေလိမ့်မယ်”

ရဲ့လင်းချန်၏ မျက်နှာအမူအရာမှာ ပြောင်းလဲခြင်းမရှိဘဲ တည်ငြိမ်စွာပင် ပြန်ပြောလိုက်သည်။

“ဒီသံစားသစ်ပင်ရဲ့ ကြီးထွားမှုကို လှုံ့ဆော်ပေးရတာ မင်းရဲ့ အင်အားတွေကို အများကြီး ကုန်ခမ်းစေတယ် မဟုတ်လား”

သံစားသစ်ပင် ကြီးထွားလာသည်နှင့်အမျှ ကယ်လ်ဗင်၏ မျက်နှာမှာ ရုတ်တရက် ဖြူဖျော့သွားပြီး နဖူးပေါ်တွင် ချွေးစက်များ ထွက်ပေါ်လာသည်ကို ရဲ့လင်းချန် သတိပြုမိလိုက်သည်။

“ဒါက လျှို့ဝှက်ချက်တော့ မဟုတ်ပါဘူး။ အပင်တစ်ပင်ရဲ့ ကြီးထွားမှုကို လှုံ့ဆော်ပေးရတာ ခက်ခဲလေလေ၊ ငါ့ရဲ့ အင်အားကို ပိုသုံးရလေလေပဲ။ မိစ္ဆာချုပ်နွယ်ပင်က သူ့ဘာသာသူ တော်တော်သန်မာပြီးသားမို့ ထိန်းချုပ်ရတာ လွယ်ပေမဲ့ သံစားသစ်ပင်ရဲ့ ကြီးထွားမှု သံသရာက အရမ်းရှည်လျားလွန်းတော့ ငါ့အတွက် အင်အားအများကြီး ကုန်ခမ်းစေတာ အမှန်ပဲ။”

ကယ်လ်ဗင်က သူ၏ လက်ဖဝါးနှစ်ဖက်ကို ပူးကပ်လိုက်သည်။

“မင်း အရှုံးမပေးချင်ရင်တော့ ငါ့ကို အပြစ်မတင်နဲ့တော့။”

“ကျိ … ကျိ … ကျိ”

သံစားသစ်ပင်ဆီမှ စူးရှသော အသံများ ထွက်ပေါ်လာသည်။ ရဲ့လင်းချန်၏ လှံစိုက်ဝင်နေသော နေရာမှာ ပြန်ကောင်းလာပြီး လှံကို တင်းကျပ်စွာ ပြန်လည်ညှပ်ထားလိုက်သည်။ ထို့ကြောင့် ရဲ့လင်းချန်အနေဖြင့် လှံကို လွယ်လွယ်နှင့် ပြန်ဆွဲထုတ်၍ မရတော့ပေ။

ထိုအချိန်မှာပင် မိစ္ဆာချုပ်နွယ်ပင်များပေါ်မှ လှပသော ပန်းပွင့်များစွာ စတင်ပွင့်လာသည်။

ထိုပန်းပွင့်များသည် အဝါရောင်ရှိပြီး အလွန်ပင် နုနယ်လှပကြသည်။

သို့သော် ထိုပန်းများ ပွင့်လာသည်နှင့်အမျှ မိစ္ဆာချုပ်နွယ်ပင်များမှာ အသက်ဓာတ် စုပ်ယူခံလိုက်ရသကဲ့သို့ မည်းမှောင် သွားပြီး ချက်ချင်းပင် ခြောက်သွေ့သွားကြသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ထူးဆန်းသော ရနံ့တစ်ခုသည် ပြိုင်ကွင်း တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။ ထိုရနံ့မှာ ရဲ့လင်းချန်၏ နှာခေါင်းထဲသို့ တိုးဝင်သွားရာ၊ အဆိပ်အမျိုးမျိုးကို ခံနိုင်ရည်ရှိသော သူ၏ ခြေလှမ်းများပင် အနည်းငယ် ယိုင်နဲ့သွားခဲ့ရသည်။

“မြေကွယ်ပန်း၊ ဒါ မြေကွယ်ပန်းပဲ”

ဝူထျန်းပေါင်၏ အသံမှာ ကြောက်ရွံ့မှုကြောင့် တုန်ယင်နေသည်။

ပြိုင်ကွင်း၏ အပြင်ဘက်တွင် ရှိနေသော ဘုရင့်အဆင့် သိုင်းပညာရှင်များသည် သူတို့၏ ဝိညာဉ်စွမ်းအားများကို ချက်ချင်း ထုတ်ဖော်လိုက်ပြီး ထိုရနံ့အနည်းငယ်မျှပင် အပြင်သို့ မထွက်နိုင်အောင် အကာအကွယ် လုပ်လိုက် ကြသည်။

ထျဲကျွင့်နှင့် စွန်းဟုန်ထောင် တို့၏ မျက်နှာများမှာ တစ်ပြိုင်နက်တည်း ပျက်ယွင်းသွားပြီး ရဲ့လင်းချန်ကို အရှုံးပေးရန် အော်ဟစ်တော့မည့် အခြေအနေသို့ ရောက်သွားသည်။

သို့သော်လည်း ထိုအချိန်မှာပင် စင်ပေါ်မှ ရဲ့လင်းချန်၏ ရယ်မောသံ ထွက်ပေါ်လာသည်။

“ဆိုတော့ သစ်သားအခြေခံ တိုက်ခိုက်ရေးနည်းစနစ်က ဒီလိုမျိုးလား၊ ဒါဆိုရင် ငါလည်း တစ်ချက်လောက် စမ်းကြည့်ဦးမယ်”

All Chapters