ပြိုင်ပွဲချန်ပီယံ ဖြစ်ခြင်း
Vol. 53 Ch. 791
ရဲ့လင်းချန်သည် စကားအဆုံးတွင် သူ၏လက်ထဲမှ လှံရှည်ကို စွန့်လွှတ်လိုက်ပြီး နွယ်ပင်တစ်ခုပေါ်သို့ ခုန်တက်ကာ မတ်တပ်ရပ်လိုက်သည်။
ဝူထျန်းပေါင်သည် ရဲ့လင်းချန်၏ မည်သို့မျှ ထိခိုက်ဒဏ်ရာရခြင်း မရှိသော ပုံစံကို ကြည့်ပြီး မနေနိုင်ဘဲ တီးတိုးရေရွတ်မိသည်။
“မြေကွယ်ပန်းရဲ့ အဆိပ်က အာနိသင် မရှိတော့ဘူးလား”
“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
ကယ်ဗင်၏ မျက်နှာမှာ ပို၍ပင် ဖြူဖျော့သွားပြီး သူ၏ မျက်နှာတွင် မျှော်လင့်ချက်မဲ့မှုများ သိသိသာသာ ပေါ်လွင်လာသည်။
မြေကွယ်ပန်းသည်လည်း ဟင်းလင်းပြင်မှ အပင်တစ်မျိုးပင် ဖြစ်သည်။ ၎င်းသည် သဘာဝအတိုင်း ထူးဆန်းသော ရနံ့တစ်ခုကို ထုတ်လွှတ်ပြီး ထိုရနံ့တွင် ပါဝင်သော အဆိပ်မှာ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းလှသည်။ သာမန်သိုင်းပညာရှင်တစ်ဦးမှာ ထိုရနံ့ကို ရှူမိရုံနှင့် ချက်ချင်းပင် မေ့လဲသွားနိုင်သည်။ အကယ်၍ ၎င်းကို ငါးကြိမ်ထက်ပို၍ ရှူမိပါက ဘုရင်အဆင့်အောက်ရှိ မည်သည့် သိုင်းပညာရှင်မဆို သေချာပေါက် သေဆုံးမည် ဖြစ်သည်။
ဘုရင်အဆင့် သိုင်းပညာရှင်များပင်လျှင် ဤကဲ့သို့သော ပတ်ဝန်းကျင်တွင် အချိန်ကြာမြင့်စွာ မနေရဲကြပေ။
တစ်ချိန်တည်းမှာပင် မြေကွယ်ပန်းတွင် အလွန်ရက်စက်သော ဂုဏ်သတ္တိတစ်ခု ရှိသေးသည်။ ၎င်းသည် ကြီးထွားလာရန်အတွက် အခြားအပင်များကို အစာအဖြစ် အသုံးပြုရသည်။
ကယ်လ်ဗင်၏ မိစ္ဆာချုပ်နွယ်ပင်များသည် မအားနည်းသော်လည်း ၎င်းတို့မှာ မြေကွယ်ပန်းအတွက် အာဟာရ အဖြစ်သာ အသုံးချခံလိုက်ရသည်။ ဤနည်းဖြင့် သစ်သားဒြပ်စင်၏ အစွမ်းကို တိုက်ပွဲတွင် အစွမ်းကုန် အသုံးချ ခဲ့ခြင်း ဖြစ်သည်။
ရဲ့လင်းချန်သည် ဤပွဲစဉ်တွင် သူ၏ တိုက်ခိုက်ရေးစွမ်းရည် သက်သက်ကိုသာ အသုံးပြုခဲ့သည်။ အကြောင်းမှာ သစ်သားဒြပ်စင် နိုးထသူတစ်ဦးနှင့် သူ၏ ကိုယ်ပိုင် သစ်သားဝိညာဉ်ခန္ဓာကိုယ်အကြား ကွာခြားချက်ကို စမ်းသပ်လို သောကြောင့် ဖြစ်သည်။ တစ်ချိန်တည်းမှာပင် သူသည် သူ၏ သစ်သားဝိညာဉ်ခန္ဓာကိုယ်ကို တိုက်ပွဲတွင် ပိုမိုထိရောက်စွာ အသုံးပြုနိုင်ရန် ကယ်လ်ဗင်၏ တိုက်ခိုက်ရေး နည်းစနစ်များထံမှ သင်ယူလိုခဲ့ခြင်း ဖြစ်သည်။
ယခင်က ရဲ့လင်းချန်သည် သူ၏ သစ်သားဝိညာဉ်ခန္ဓာကိုယ်ကို စိတ်ဝိညာဉ်ဆေးပင်များ ကြီးထွားလာစေရန် အတွက်သာ အသုံးပြုခဲ့ပြီး တိုက်ပွဲတွင် အသုံးချနိုင်သည့် အခွင့်အလမ်းများကို လျစ်လျူရှုခဲ့မိသည်။
“ဒီကောင်လေးက တကယ် အဆိပ်ဒဏ်ခံနိုင်တာပဲ”
ဒိုင်လူကြီးနေရာတွင် ကျိုးကျန့်က အမေရိကန်မှ အထွတ်အထိပ် ဘုရင်အဆင့် သိုင်းပညာရှင်ကို ပြုံး၍ ပြောလိုက်သည်။
“မိစ္ဆာချုပ်နွယ်ပင်၊ သံစားသစ်ပင်နဲ့ မြေကွယ်ပန်းတွေဟာ တကယ်ကို ရှားပါးပစ္စည်းတွေပဲ၊ ဒါပေမဲ့ ပြင်ဆင်မှုတွေ အားလုံး အလဟဿ ဖြစ်သွားတာကတော့ နှမြောစရာ ကောင်းတယ်”
အမေရိကန်မှ ဘုရင်အဆင့် သိုင်းပညာရှင်မှာ မျက်နှာပျက်သွားခဲ့သည်။ ကယ်လ်ဗင်သည် သူတို့ အယုံကြည် ရဆုံးသူဖြစ်ပြီး ငါးပွဲဆက်တိုက် အနိုင်ရလိမ့်မည်ဟုပင် မျှော်လင့်ထားခဲ့ကြခြင်း ဖြစ်သည်။ ယခုကဲ့သို့ ကြီးမားသော အတားအဆီးနှင့် တွေ့လိမ့်မည်ဟု သူတို့ လုံးဝ မထင်မှတ်ထားခဲ့ပေ။
နိုးထသူ တစ်ဦးမှာ ထူးခြားသော ခန္ဓာကိုယ်ပိုင်ရှင်ဟု သတ်မှတ်နိုင်သော်လည်း အဆိပ်မတိုးသော ခန္ဓာကိုယ်မှာ ပို၍ပင် ရှားပါးလှသည်။ ၎င်းသည် တိုက်စစ်ပိုင်းတွင် ပြင်းထန်မှုနည်းပါးသော်လည်း ၎င်း၏ တန်ဖိုးမှာ သစ်သား ဒြပ်စင် နိုးထသူတစ်ဦးထက် မနည်းပေ။
“အဆိပ်ပြီးခြင်း၊ ဒီလို ခန္ဓာကိုယ်မျိုး တကယ်ရှိတာလား”
ကျင့်ရှန်၏ မျက်လုံးများ နီရဲလာသည်။
“ရဲ့လင်းချန်ရဲ့ ဘဝက တကယ်ကို အံ့ဩဖို့ကောင်းတာပဲ၊ ငါတော့ တကယ် မနာလိုဖြစ်မိတယ်”
စွန်းဟုန်ထောင်က ရယ်မောလိုက်သော်လည်း ဇဝေဇဝါဖြင့် မေးလိုက်သည်။
“သူ့ရဲ့ နောက်ဆုံးစကားက ဘာကို ဆိုလိုတာလဲ”
သစ်သား ဒြပ်စက်၏ တိုက်ခိုက်ရေး ပုံစံက တကယ်ပင် အံ့ဩစရာ ကောင်းပါသည်။ သို့သော် ၎င်းက ရဲ့လင်းချန်နှင့် ဘာများ ဆိုင်နေလေသလဲ။
ရဲ့လင်းချန်က ကယ်လ်ဗင်ကို ကြည့်ပြီး အေးအေးဆေးဆေး ပြောလိုက်သည်။
“မင်းရဲ့ အကန့်အသတ်ကို ရောက်သွားပြီ မဟုတ်လား”
ကယ်လ်ဗင်က နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး သူ၏ လက်နှစ်ဖက်ကို ရဲ့လင်းချန်ထံသို့ ညွှန်လိုက်သည်။
မိစ္ဆာချုပ်နွယ်ပင်များမှာ တစ်ဖန် လှုပ်ရှားလာပြီး ဧရာမ မြွေဟောက်ကြီးများကဲ့သို့ ရဲ့လင်းချန်ကို ရစ်ပတ်ရန် ကြိုးစားတော့သည်။
၎င်းတို့သည် ရဲ့လင်းချန်၏ ခြေထောက်အောက်တွင်ပင် ပြန်လည် အသက်ဝင်လာပြီး သူ လှုပ်ရှားမရအောင် တင်းကျပ်စွာ ချည်နှောင်လိုက်ကြသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် မရေမတွက်နိုင်သော နွယ်ပင်များက ရဲ့လင်းချန်ကို ဝါးမြိုသွားကြသည်။
“ဟားဟားဟား၊ မင်းက အရမ်း မောက်မာလွန်းတယ်”
ကယ်လ်ဗင်က အကျယ်ကြီး ရယ်မောလိုက်သည်။
ပွဲကြည့်စင်အောက်တွင်လည်း လူများစွာက ခေါင်းယမ်းကာ သက်ပြင်းချနေကြသည်။
“သူက ကယ်လ်ဗင် အပင်တွေကို ထိန်းချုပ်နိုင်မှန်း သိသိကြီးနဲ့ နွယ်ပင်ပေါ်မှာ သွားရပ်တာ၊ သေတွင်းထဲ ကိုယ့်ဘာသာ ဆင်းတာပဲ”
“သူက အရမ်း မောက်မာတာပဲ၊ အနိုင်အရှုံးကတော့ ပေါ်သွားပြီ။”
“ဒီကောင်က လူကြားထဲ ပေါ်လွင်ချင်တာကိုပဲ ကြိုက်နေတာ”
စွန်းဟုန်ထောင်၏ မျက်နှာအမူအရာ ပျက်ယွင်းနေသည်။
“သူ အဲ့ဒါကြောင့် ရှုံးခဲ့ရင် ငါ ဒါကို ဒီအတိုင်း မထားဘူး”
လူတိုင်း စိုက်ကြည့်နေစဉ်မှာပင် အရူးအမူး လှုပ်ရှားနေသော နွယ်ပင်များသည် ရုတ်တရက် ငြိမ်သက်သွားပြီး ဖြည်းဖြည်းချင်း ဖယ်ခွာသွားကြသည်။
ကယ်လ်ဗင်၏ ရယ်သံမှာ ရုတ်တရက် ရပ်တန့်သွားသည်။
လူအုပ်ကြီး၏ ဆွေးနွေးသံများမှာလည်း ချက်ချင်း ပျောက်ကွယ်သွားပြီး ပြိုင်ကွင်းတစ်ခုလုံး သုသာန်အလား တိတ်ဆိတ်သွားသည်။
“ဒါ ... ဒါက...”
အမေရိကန်မှ နိုးထသူများအုပ်စုမှာ သူတို့၏ မျက်လုံးများ ပြူးထွက်မတတ် အံ့ဩမှင်သက်စွာ စိုက်ကြည့် နေကြသည်။
ထျဲကျွင့်နှင့် စွန်းဟုန်ထောင်တောင်မှ မျက်စိရှေ့မှ မြင်ကွင်းကြောင့် ထိတ်လန့်သွားပြီး စကားမပြောနိုင် ဖြစ်နေကြသည်။
မရေမတွက်နိုင်သော နွယ်ပင်များအလယ်တွင် ရဲ့လင်းချန်သည် ကမ္ဘာလောက၏ ဘုရင်တစ်ပါးကဲ့သို့ မတ်တပ်ရပ်နေသည်။ ထိုအခိုက်အတန့်တွင် သူသည် ထိုနွယ်ပင်အားလုံး၏ အရှင်သခင် ဖြစ်နေပုံရသည်။
“ဝှစ်”
ရဲ့လင်းချန်၏ စိတ်ကူးတစ်ချက်ဖြင့်ပင် ထိုနွယ်ပင်များသည် လေထုကို ဖြတ်တောက်ကာ အရှိန်အဟုန်ဖြင့် ပြေးထွက်သွားပြီး မှင်သက်နေသော ကယ်လ်ဗင်ကို ပြန်လည်၍ တင်းကျပ်စွာ ပတ်ထားလိုက်တော့သည်။
“သစ်သား ဒြပ်စင် နိုးထသူလား၊ ဒါ လုံးဝ မဖြစ်နိုင်ဘူးလေ”
အမေရိကန်မှ အထွတ်အထိပ် ဘုရင်အဆင့် သိုင်းပညာရှင်သည် ရုတ်တရက် ဟိန်းဟောက်လိုက်သည်။ သူ၏ စကားမဆုံးခင်မှာပင် သူ၏ ခန္ဓာကိုယ်သည် ရဲ့လင်းချန်၏ ဘေးသို့ ရောက်ရှိသွားပြီး အဆုံးမရှိသော ဖိအားများကို ထုတ်လွှတ်လိုက်တော့သည်။
ရဲ့လင်းချန်သည် အသက်ရှူရပ်မတတ် ဖြစ်သွားပြီး နောက်သို့ အရှိန်အဟုန်ဖြင့် ဆုတ်ခွာလိုက်ရသည်။
သို့သော် အမေရိကန်မှလူသည် တစ်ချိန်တည်းမှာပင် လက်ဝါးကို ဆန့်ထုတ်လိုက်ပြီး ကြုံရာကို ဆွဲဖမ်းသကဲ့သို့ ဖမ်းလိုက်ရာ ရဲ့လင်းချန်၏ ကြီးမားသော အရည်အချင်းများနှင့်တောင့်မှ သူ့လက်မှ မလွတ်နိုင်ချေ။
“ရှုံးမှာကြောက်လို့ လူငယ်တစ်ယောက်ကို အနိုင်ကျင့်တာလား၊ အမေရိကန်တွေမှာပဲ ဒီလို အရှက်မရှိတဲ့ သတ္တိမျိုး ရှိတာပဲ”
အေးစက်သော အော်ဟစ်သံနှင့်အတူ ကျိုးကျန့်သည် ရဲ့လင်းချန်၏ ရှေ့မှ ပိတ်ရပ်လိုက်ပြီး သူ၏ တစ်ကိုယ်လုံးမှ စိတ်ဝိညာဉ်စွမ်းအင်များကို ထုတ်ဖော်လိုက်သည်။
ရဲ့လင်းချန်၏ အမြင်တွင် ကျိုးကျန့်သည် အရာအားလုံးကို ဖျက်ဆီးပစ်နိုင်သော ထက်မြက်လှသည့် ဓားတစ်လက် အဖြစ် ပြောင်းလဲသွားပုံရသည်။
“ဝုန်း”
သူတို့နှစ်ယောက် မည်သို့ တိုက်ခိုက်လိုက်သည်ကိုပင် မမြင်လိုက်ရဘဲ အမေရိကန်မှ ဘုရင်အဆင့် သိုင်းပညာရှင်မှာ တုန်ယင်သွားပြီး နောက်သို့ သုံးလှမ်းခန့် ဆုတ်ခွာလိုက်ရသည်။
“နောက်တစ်လှမ်း ထပ်တိုးရင် မင်းသေပြီ”
ကျိုးကျန့်၏ မျက်နှာမှ အပြုံးများ ပျောက်ကွယ်သွားပြီး အလွန်အမင်း အေးစက်သော အကြည့်ဖြင့် ကြည့်လိုက်သည်။
အမေရိကန်မှ သိုင်းပညာရှင်သည် မကျေမနပ် ဖြစ်နေသော်လည်း ထပ်မံ၍ တိုက်ခိုက်ခြင်း မပြုတော့ဘဲ မေးလိုက်သည်။
“မင်းတို့နိုင်ငံမှာ ဘယ်လိုလုပ် နိုးထသူ တစ်ယောက် ရှိနေတာလဲ?”
“တရုတ်မှာ နိုးထသူ မရှိနိုင်ဘူးလို့ ဘယ်သူပြောလဲ၊ ပြီးတော့ သူက နိုးထသူ ဟုတ်၊ မဟုတ်ဆိုတာ မသေချာသေးဘူး”
ကျိုးကျန့်က ပြောပြီးနောက် ဝူထျန်းပေါင်ကို လှည့်ကြည့်လိုက်သည်။
“အနိုင်အရှုံးက ပေါ်သွားပြီ၊ ရလဒ်ကို ကြေညာဖို့ အချိန်တန်ပြီ”
“အာ … အာ”
ဝူထျန်းပေါင် တစ်ယောက် သတိပြန်ဝင်လာပြီး အလျင်အမြန်ပင် ကြေညာလိုက်သည်။
“ဒီနှစ် နိုင်ငံတကာ သိုင်းပညာ တံခွန်စိုက်ပြိုင်ပွဲရဲ့ ချန်ပီယံကတော့ တရုတ်နိုင်ငံ ဖြစ်ပါတယ်”
ထိုစကားများက ဤပြိုင်ပွဲ၏ အဆုံးသတ်ကို သေချာပေါက် ပြသနေ၏။
လူတိုင်း သတိပြန်ဝင်လာပြီး မရေတွက်နိုင်သော အကြည့်များက ရဲ့လင်းချန်အပေါ် ကျရောက်နေသည်။
သူ၏ စွမ်းအားမှာ လူတိုင်း၏ မျှော်မှန်းချက်ကို ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။ အထူးသဖြင့် သိုင်းပညာနှင့် နိုးထသူ စွမ်းရည်တို့ကို ပေါင်းစပ်ထားနိုင်ခြင်းမှာ ကမ္ဘာကြီးကို တုန်လှုပ်စေခဲ့သည်။
သိုင်းပညာရှင်များနှင့် နိုးထသူများသည် လုံးဝ မတူညီသော တည်ရှိမှုများ ဖြစ်သော်လည်း ရဲ့လင်းချန်၏ ခန္ဓာကိုယ်တွင် ပြီးပြည့်စုံသော ပေါင်းစပ်မှုကို ရရှိခဲ့သည်။
အကယ်၍ လူတိုင်း ဤသို့ လုပ်နိုင်ခဲ့ပါက …
ထိုအခိုက်တွင် လူပေါင်းများစွာက ရဲ့လင်းချန်ကို မီးဝင်းဝင်းတောက်နေသော မျက်လုံးများဖြင့် ကြည့်နေကြသည်။ အထွတ်အထိပ် ဘုရင်အဆင့် သိုင်းပညာရှင်များတောင်မှ အရူးသဖွယ် မျက်လုံးများ တောက်ပနေ၏။
ထူးဆန်းသော အခြေအနေကို ခံစားမိပြီးနောက် ရဲ့လင်းချန် ဇတ်ပုသွားပြီး ကျိုးကျန့်နောက်၌ တန်းပုန်းလိုက်သည်။
ကျိုးကျန့်က ရဲ့လင်းချန်ကို စိုက်ကြည့်ပြီး သူ့ပခုံးကို ကိုင်ကာ စွန်းဟုန်ထောင်ဘေး၌ ဖျပ်ခနဲ ပြန်ပေါ်လာပြီး ခပ်တိုးတိုး ပြောလိုက်သည်။
“ငါတို့ ပြန်ရောက်ရင် ဒီအကြောင်း ပြောကြတာပေါ့”
တရုတ်အဖွဲ့၏ အနားယူဆောင်အတွင်း၌။
ကျိုးကျန့်က ရဲ့လင်းချန်ကို အပြစ်တင်သည့်လေသံဖြင့် အော်ပြောလိုက်သည်။
“မင်းက အရမ်း ဘဝင်မြင့်လွန်းတယ်။ မင်းရဲ့ သိုင်းပညာနဲ့တင် အေးအေးဆေးဆေး အနိုင်ရနိုင်ပါလျက်နဲ့ ဘာလို့ အစွမ်းပြချင်ရတာလဲ။ အခုတော့ ငါတို့အတွက် ပြဿနာကြီးသွားပြီ”
ရဲ့လင်းချန်၏ အဆိပ်ဒဏ်ခံနိုင်သော ခန္ဓာကိုယ်သည် ကယ်လ်ဗင်ကို လုံးဝ အနိုင်ပိုင်းထားနိုင်ခဲ့ပြီးသား ဖြစ်သည်။ ကယ်လ်ဗင်မှာလည်း အားအင်များစွာ ကုန်ခမ်းနေပြီဖြစ်သဖြင့် ရဲ့လင်းချန်အနေဖြင့် သူ၏ သစ်သား ဒြပ်စင် ပါရမီကို ထုတ်ဖော်ပြစရာ မလိုဘဲ အနိုင်ရနိုင်ခဲ့သည်။ သို့သော် ယခုကဲ့သို့ အစွမ်းပြလိုက်ခြင်းကြောင့် သူသည် ကမ္ဘာ့နိုင်ငံတိုင်း၏ စောင့်ကြည့်ခြင်းခံရမည့် "အဓိက ပစ်မှတ်" တစ်ဦး ဖြစ်သွားခဲ့လေပြီ။
ကျင့်ရှန်ကလည်း စိတ်လှုပ်ရှားစွာဖြင့် ချက်ချင်း မေးလိုက်သည်။
“မင်း ဒါကို ဘယ်လိုလုပ်လိုက်တာလဲ၊ မင်း နိုးထသူတစ်ယောက် ဖြစ်သလို သိုင်းပညာရှင်လည်း ဖြစ်နေတာ တကယ်ကို အံ့ဩစရာပဲ၊ မင်းက မှော်ပညာနဲ့ သိုင်းပညာ နှစ်မျိုးလုံးကို လေ့ကျင့်နိုင်တာလား”
ရဲ့လင်းချန်က ပြုံးနေသော်လည်း ဘာမှ ပြန်မပြောပေ။ သူသည် စွန်းဟုန်ထောင်ကို လှည့်ကြည့်ကာ ပြောလိုက်သည်။
“နည်းပြစွန်း၊ အခု ကျွန်တော် ပထမ ရခဲ့ပြီဆိုတော့ ကျွန်တော်တို့ရဲ့ သဘောတူညီချက်အရ ကျွန်တော့်ကို သိုင်းသင်တန်းကျောင်းတစ်ခု တည်ထောင်ခွင့် ရပါပြီ။ အဲဒီကျောင်းမှာ ကျွန်တော် သိသမျှ အကုန်လုံးကို ဘာမှမချန်ဘဲ အကုန်သင်ပေးသွားမှာပါ။”