အခန်း (၂၅၀၆-၂၅၁၀)
Vol. 129 Ch. 2506-2510
Chapter 2506
သာမာန်အခြေအနေမျိုးတွင် နတ်ဘုရားကုန်းမြေအတွင်းရှိ ကျင့်ကြံသူများသည် သေမျိုးများကို ကျွန်များအဖြစ်သာ ဆက်ဆံကြသည်။
ထို့ပြင် လူသားမျိုးနွယ်၏ပိုင်နက်နယ်မြေသည် ကျက်တီးမြေကဲ့သို့ဖြစ်နေသဖြင့် ကျင့်ကြံသူများသည် အရင်းအမြစ်များရရှိရန်အတွက် အမြဲတစေတိုက်ခိုက်နေကြရ၏။
ထို့ကြောင့် ကျင့်ကြံသူများသည် သေမျိုးများအားကူညီခြင်းမှာ အလွန်ကြုံတောင့်ကြုံခဲဖြစ်စဥ်ပင်။
ကျင့်ကြံသူများက ထိုကဲ့သို့ကူညီခြင်းကို ခက်ခဲကြမ်းတမ်းပြီး အကျိုးမရှိသောလုပ်ရပ်ဟုသာ ခံယူထားသည်။
သို့ရာတွင် လုယွီအတွက်မူ ဤသည်က အဓိပ္ပါယ်မရှိသော ကိစ္စတစ်ရပ်မဟုတ်ချေ။
သေမျိုးများအားလုံးက ဦးညွှတ်အရိုအသေပြု၍ သူ့အား ကျေးဇူးတင်မှုကို ဖော်ပြနေကြစဥ်တွင် လုယွီက သူ၏ခန္ဓာကိုယ်ပေါ်သို့ ရွှေရောင်အလင်းတန်းများ ဖြာကျလာခြင်းကို ခံစားမိသည်။ဤသည်က သူ၏ကုသိုလ်ကောင်းမှုလုပ်ဆောင်ချက်အတွက် ရလဒ်ပင်။
အကယ်၍ တစ်စုံတစ်ယောက်သည် ကုသိုလ်ကောင်းမှုစွမ်းအားများကို လုံလောက်စွာစုဆောင်းနိုင်ပါက ကောင်းကင်နှင့်မြေပြင်၏ မျက်နှာသာပေးခြင်းကို ခံရပေမည်။ဤသည်က ထိုလူ၏ ကျင့်ကြံရာ၌ဖြစ်စေ မဟာတာအိုအပေါ်လေ့လာဆင်ခြင်ရာ၌ဖြစ်စေ အလွန်ကြီးမားသောကူညီထောက်ပံမှုဖြစ်သည်။
"စီနီယာ....ကျေးဇူးပြုပြီး ကျွန်တော်တို့ကိုကယ်ပါ"
ကျင့်ကြံသူများကြား၌ရှိနေသော အကြီးအကဲတစ်ယောက်က အသနားခံတောင်းဆိုလေ၏။
ဤကဲ့သို့နယ်မြေတစ်ခုလုံး ပျက်သုဥ်းနေသော အနေအထားမျိုးတွင် သူတို့ထံ၌ မှော်စွမ်းအားများရှိသည့်တိုင် တောင့်ခံနိုင်ရန်အတွက် အလွန်အမင်းခက်ခဲနေသည်။
လုယွီက ထိုအကြီးအကဲကိုကြည့်၍ ပြောဆိုသည်။
"မင်းတို့ရဲ့ဂိုဏ်းခေါင်းဆောင်က ဘယ်မှာလဲ....ဘာလို့ သူက ဒီနေရာမှာမရှိတာလဲ"
"ဂိုဏ်းခေါင်းဆောင်က တစ်ခုခုဆောင်ရွက်စရာရှိတယ်ဆိုပြီး အပြင်ကိုထွက်သွားခဲ့တယ်...သူက ဂိုဏ်းကိုစောင့်ရှောက်ဖို့ ကျွန်တော်တို့လူအိုကြီးတွေကို မှာထားခဲ့တယ်",
ထိုအကြီးအကဲ၏မျက်နှာသည် သုန်မှုန်နေကာ စိတ်ပျက်အားငယ်ခြင်း အရိပ်အယောင်တချို့ကလည်း သူ၏မျက်နှာပေါ်၌ ထင်ဟပ်နေသည်။
လူတိုင်းသည် ကောင်းကင်နှင့်မြေပြင်ကြားမှ အပြောင်းအလဲများကို အာရုံခံမိလေ၏။
ဤနတ်ဘုရားကုန်းမြေသည် ပျက်သုဥ်းချိန်သို့ပင် ဆိုက်ရောက်နေလေပြီ။
လုယွီသည် ရုတ်တရက် အမွေအနှစ်နယ်မြေအတွင်း၌ ဖူချန်ချင်းနှင့်တခြားကျင့်ကြံသူများကို သူ တွေ့ခဲ့ရသည့်အကြောင်းကို ပြန်အမှတ်ရသွားသည်။သူတို့သည် ကျောင်းတော်မှတပည့်များကို အလစ်အငိုက်ဖမ်း၍ တိုက်ခိုက်နေကြခြင်းပင်။
ထိုကျင့်ကြံသူများသည် လူသားမျိုးနွယ်၏အမာခံကျောရိုးများဖြစ်သော ဂိုဏ်းခေါင်းဆောင်များနှင့်မဟာအကြီးအကဲများဖြစ်သည်။
သူတို့သည် ဖူချန်ချင်း၏နောက်မှလိုက်ပါခြင်းဖြင့် ကြီးမားစွာရိတ်သိမ်းနိုင်မည်ဟု တွေးတောခဲ့ကြ၏။သို့ရာတွင် အဆုံးသတ်၌ ထိုလူစုသည် သေခြင်းတရားနှင့်သာ ကြုံတွေ့ခဲ့ရသည်။
လုယွီက သူ၏လက်ကိုမြှောက်လိုက်ရာ မှော်စွမ်းအင်လှိုင်းတစ်လှိုင်းက ဂိုဏ်း၏မဟာအကာအကွယ်ဝင်္ကပါပေါ်သို့ ကျရောက်သွားသည်။
ဤအချိန်အခိုက်အတန့်တွင် ဂိုဏ်း၏အကာအကွယ်ဝင်္ကပါကြီး အပြည့်အဝအသက်ဝင်လာခဲ့သည်။ပတ်ဝန်းကျင်နေရာတစ်ဝိုက်တွင် ဝင်္ကပါကြီးမှအလင်းရောင်များကြောင့် တဖျတ်ဖျတ်တောက်ပနေသည်။
လုယွီ၏မှော်စွမ်းအားများသည် ထိုဝင်္ကပါအတွင်းသို့ ပေါင်းစပ်သွားသည်။ရုတ်တရက် မြောက်များစွာသောဝင်္ကပါအလံများမှနေ၍ ပဲ့တင်သံများထွက်ပေါ်လာကာ ဝင်္ကပါ၏စွမ်းအား အဆများစွာ ပို၍မြင့်တက်သွားသည်။
လုယွီသည် ဝင်္ကပါပညာရှင်တစ်ယောက်ဖြစ်ကာ ဝင်္ကပါပညာရပ်အပေါ် သူ၏နားလည်သဘောပေါက်မှုသည် သာမာန်ထက်သာလွန်ထူးကဲသောအဆင့်သို့ ရောက်ရှိနေလေပြီ။ထို့ကြောင့် သူသည် မှော်စွမ်းအားများစွာ အသုံးပြုခဲ့ရခြင်းမရှိချေ။သူ အနည်းငယ်ပြုပြင်ပေးရုံဖြင့် ဝင်္ကပါကြီးကို အဆင့်သစ်တစ်ခုသို့ မြှင့်တင်ပေးနိုင်ခဲ့လေ၏။
ဝင်္ကပါအတွင်း၌ရှိနေသော အကြီးအကဲများနှင့်ဂိုဏ်းသားများသည် အလွန်ပျော်ရွှင်သွားကြကာ ချက်ချင်းဆိုသလိုပင် လုယွီအား ဦးညွှတ်၍ အရိုအသေပြုလိုက်ကြသည်။
ထိုအကြောင်းအရင်းကြောင့် လုယွီသည် ကောင်းမှုကုသိုလ်စွမ်းအားများကို ထပ်မံ၍ရရှိခဲ့သည်။
"လုယွီ...ငါ နောက်ဆုံးတော့ မင်းကိုရှာတွေ့ပြီ"
မင်ရည်သင်္ဘောပေါ်မှနေ၍ လီစစ်နှင့်ချိုင်လုံရှင်းတို့ ဆင်းသက်လာကြ၏။တခြားတပည့်များကမူ ကုန်းပတ်ပေါ်တွင် မတ်တတ်ရပ်နေသည်။
လုယွီကိုမြင်ချိန်တွင် လီစစ်က စိုးရိမ်ပူပန်တကြီးပြောဆိုသည်။
"လုယွီ...ဖြစ်နိုင်တာတော့ ဒါက နဂါးဘုရင်ချန်ထားခဲ့တဲ့ ကိစ္စများလား...ဒီနတ်ဘုရားကုန်းမြေက အချိန်မရွေးပြိုလဲသွားနိုင်တယ်လို့ ငါ ထင်မိတယ်"
လုယွီက မြေအောက်တွင်မြှုပ်နှံထားသော ဝင်္ကပါကြီး၏အကြောင်းကို လီစစ်အား ပြောပြလိုက်၏။
နဂါးဘုရင်သည် ဝင်္ကပါကြီးတစ်ခုကို နဂါးသွေးကြောပေါ်၌ နေရာချထားခဲ့သောအကြောင်းကိုကြားချိန်တွင် လီစစ်က ကူကယ်ရာမဲ့စွာဖြင့် တုန်လှုပ်ချောက်ချားသွားသည်။
မည်သူမည်ဝါဖြစ်နေပါစေ ဝင်္ကပါတစ်ခုကို ခင်းကျင်းတော့မည်ဆိုပါက နဂါးသွေးကြောကိုရှောင်လွှဲနိုင်ရန် အတက်နိုင်ဆုံး ကြိုးစားကြသည်။
အကြောင်းအရင်းမှာ အကယ်၍ ဝင်္ကပါကို အသက်သွင်းလိုက်ပါက ပတ်ဝန်းကျင် စိတ်ဝိညာဥ်စွမ်းအင်လှုပ်ခတ်မှုလှိုင်းများ သက်ရောက်စေနိုင်သောကြောင့်ပင်။ဤသည်က နဂါးသွေးကြောကို အတင်းအကြပ်ညှစ်ထုတ်လိုက်သည်နှင့်တူညီကာ တောင်ပြိုခြင်းနှင့် မြေငလျှင်လှုပ်ခြင်းတို့ကဲ့သို့သော သဘာဝဘေးအန္တရာယ်များကို ဖြစ်ပွါးစေနိုင်သည်။
ဤသည်က ဝင်္ကပါပညာရှင်များတွင်ရှိရမည့် အခြေခံအသိပညာဗဟုသုတပင်။နဂါးဘုရင်သည် ကြီးမားသောတားမြစ်ချက်ကို ဖောက်ဖျက်ခဲ့လေ၏။
ချိုင်လုံရှင်းက အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။
"ကြည့်ရတာတော့ နဂါးဘုရင်က သူ ရှုံးနိမ့်သွားရင် ဘာတွေရင်ဆိုင်ရမလဲဆိုတာကိုသိနေလို့ ကြိုတင်ပြင်ဆင်ထားတဲ့ပုံပဲ...ဒါကြောင့် သူက ဝင်္ကပါကို နဂါးသွေးကြောပေါ်မှာ တမင်သက်သက်နေရာချထားခဲ့တာ...တကယ်လို့ သူ ရှုံးနိမ့်သွားတာနဲ့ သူနဲ့အတူ နတ်ဘုရားကုန်းမြေတစ်ခုလုံး ပျက်စီးသွားလိမ့်မယ်"
နဂါးဘုရင်၏ရူးသွပ်မိုက်မဲသောဆုံးဖြတ်ချက်ကိုကြားချိန်တွင် လူတိုင်းက ထိတ်လန့်တုန်လှုပ်သွားသည်။
ဤသည်က နတ်ဘုရားကုန်းမြေအတွင်းရှိ သက်ရှိများအားလုံး သေကြေကာ ရှင်သန်ရာသဘာဝပတ်ဝန်းကျင်ကိုလည်း လုံးလုံးလျားလျား ပျက်စီးသွားစေပေမည်။ဤကဲ့သို့နည်းလမ်းမျိုးကို အလွန်အမင်းရက်စက်ကြမ်းကြုတ်သောနည်းလမ်းဟု ခေါ်ဆိုနိုင်ပေ၏။
Chapter 2507
"ခဏလောက်စောင့်ကြဦး...နတ်ဘုရားကုန်းမြေမှာ ဒီလိုမျိုးကိစ္စကြီးဖြစ်နေတာ ကျောင်းတော်က သတိမထားမိဘဲနေမှာမဟုတ်ဘူး"
လုယွီ၏စိတ်နှလုံးသား လေးလံနေသည်။သူသည် ကျောင်းတော်၏သဘောထားကို ကောင်းစွာသိရှိထားသည်။
သူတော်စင်ယီဟန်သည် နတ်ဘုရားကုန်းမြေကို အရင်ဆုံးရှာဖွေတွေ့ရှိခဲ့သူဖြစ်သဖြင့် ဤနေရာတွင် ထောင်ချောက်တစ်ခုကို ထားခဲ့မည်မှာ တိကျသေချာလှ၏။
"အားလုံးပဲ...ငါက ကျောင်းတော်က မဟာကွန်ဖြူးရှပ်ပညာရှင်တချို့နဲ့ အဆက်အသွယ်ရခဲ့တယ်...ဒီနေရာမှာ မတော်တဆကိစ္စတချို့ဖြစ်ပွါးခဲ့တာကြောင့် ငါတို့ကို ကျောင်းတော်ကနေ သတ်မှတ်ချိန်ထက်စောပြီး ပြန်ခွင့်ပြုလိုက်တယ်...ဒါပေမယ့် လမ်းကြောင်းပွင့်လာဖို့က နှစ်နာရီလောက်လိုသေးတယ်...ငါတို့ စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းရမယ်"
လီစစ်က ကျယ်လောင်သောအသံဖြင့် ပြောဆိုသည်။
ကျောင်းတော်တပည့်များသည် မူလက ထိတ်လန့်တုန်လှုပ်နေကြ၏။လီစစ်၏စကားကိုကြားချိန်တွင် သူတို့၏စိတ်နှလုံးသားများအတွင်း၌ လှိုင်းထန်နေသော စိတ်ခံစားချက်များ အေးဆေးတည်ငြိမ်သွားသည်။
ကျောင်းတော်၏အကူအညီသာရရှိပါက မကြာမီမှာပင် သူတို့ ဘေးကင်းလုံခြုံသွားပေမည်။
"အောက်ဘုံကယုတ်ညံတဲ့ကောင်တွေက တကယ့်ကို သတ္တိကောင်းနေတာပဲ...သူတို့က ကျောင်းတော်ကတပည့်တွေရဲ့ခန္ဓာကိုယ်တွေကိုတောင် အပိုင်စီးဝံ့တယ်...ကံကောင်းထောက်မပြီး လုယွီ ဒီနေရာမှာရှိနေလို့သာပဲ...မဟုတ်ရင် ငါတို့က ဒီအချိန်မှာ တခြားသူတွေရဲ့အခွံရုပ်သေးတွေ ဖြစ်နေလောက်ပြီ"
လီစစ်၏စကားများမှတဆင့် ကျောင်းတော်မှတခြားတပည့်များသည် နတ်ဘုရားကုန်းမြေမှ လျှို့ဝှက်ကြံစည်မှုကြီးအကြောင်းကို သိရှိထားပြီးလေပြီ။
ဤနေရာရှိ နတ်ဆိုးသားရဲများဖြစ်စေ လူသားများဖြစ်စေ သူတို့၏ခန္ဓာကိုယ်များကိုအပိုင်စီး၍ ကောင်းကင်ဘုံနယ်မြေသို့တက်လှမ်းရန် ပစ်မှတ်ထားနေကြ၏။
ကျောင်းတော်အတွင်းတွင် ခန္ဓာကိုယ်အပိုင်စီးခြင်းခံထားရသူများဖြင့် ပြည့်နှက်နေမည်ဟု မည်သူကမျှ မျှော်လင့်မထားမိကြချေ။ထို့ပြင် ထိုလူများသည် ကျောင်းတော်အတွင်း၌ မြင့်မားသောအဆင့်အတန်းကို ပိုင်ဆိုင်ထားသည်။
"ငါတို့ ကျောင်းတော်ကိုပြန်ရောက်တာနဲ့...ဒီကိစ္စကို ကျောင်းအုပ်ကြီးဆီ သတင်းပို့ရမယ်"
"ဒါက ကျောင်းတော်အတွက် အရှက်ရစရာကိစ္စကြီးပဲ...မင်းတို့အားလုံးပဲ...ဒီသတင်းကို မပေါက်ကြားစေတာ ပိုကောင်းလိမ့်မယ်"
"အဲ့ဒီလိုလုပ်ရမှာပေါ့...ငါတို့က ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်ရဲ့ကျောင်းတော်သားတွေ....ကျောင်းတော်ရဲ့နာမည်ဂုဏ်သတင်းက ငါတို့နဲ့ တိုက်ရိုက်သက်ဆိုင်တယ်...ငါတို့ရဲ့ပါးစပ်တွေကိုပိတ်ထားရမယ်...ဒီသတင်းကိုပေါက်ကြားသွားစေလို့မဖြစ်ဘူး"
ကျောင်းတော်တပည့်များက ဆုံးဖြတ်ချက်ချလိုက်၏။ဤကဲ့သို့ကိစ္စမျိုးသည် လူနည်းစုသာသိသင့်သောအရာပင်။
ထိုသတင်းသာ ပျံ့နှံ့သွားပါက ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်၏ နာမည်ဂုဏ်သတင်း ကျဆင်းသွားနိုင်ကာ ကျောင်းတော်သားများအပေါ်တွင်လည်း ကြီးမားသောရိုက်ခတ်မှုကြီး သက်ရောက်လာနိုင်သည်။
အကယ်၍ ကျောင်းတော်သားတစ်ယောက်သည် သူ၏မိတ်ဆွေ သို့မဟုတ် သူ၏ဆရာသခင်ဖြစ်သူသည် အောက်ဘုံမှသက်ရှိတစ်ယောက်၏ ခန္ဓာကိုယ်အပိုင်စီးခြင်းခံထားရသူဟုသာ သိရှိသွားပါက အလွန်တုန်လှုပ်ချောက်ချားသွားပေမည်။ထိုအချိန်တွင် ကျောင်းတော်သားများသည် တစ်ယောက်နှင့်တစ်ယောက် ယုံကြည်ကြတော့မည်မဟုတ်ဘဲ ကျောင်းတော်တစ်ခုလုံးဖရိုဖရဲဖြစ်ကာ ပျက်စီးသွားနိုင်သည်။
ဝုန်း....ဝုန်း...
မြေပြိုကျခြင်းနှင့်တောင်ပြိုကျခြင်းတို့မှ ထွက်ပေါ်လာသောအသံများက အဆက်မပြတ်မြည်ဟီးနေဆဲပင်။
တောင်များတစ်လုံးပြီးတစ်လုံးပြိုလဲကာ မြေပြင်ပေါ်တွင် ရေလွှမ်းမိုးမှုများဖြစ်ပေါ်နေသည်။ယခင်က မြေပြန့်နေရာများအားလုံးတွင် ရေလွှမ်းမိုးနေလေ၏။ယခင်က မြင့်မားသောတောင်တချို့၏တောင်ထိပ်များကိုပင် ရေမျက်နှာပြင်အထက်တွင်သာ မြင်တွေ့နိုင်တော့သည်။
ဤသည်က အလွန်ကြီးမားသောကပ်ဘေးပင်။လုယွီတစ်ယောက်တည်းဖြင့် ထိုကိစ္စများကို ဖြေရှင်းနိုင်ခြင်းမရှိချေ။
"ဒီရေလွှမ်းမိုးမှုက ရေအောက်မှာနေတဲ့ နတ်ဆိုးသားရဲတွေ ရုတ်တရက် ရူးသွပ်သွားလို့ဖြစ်လာတာပဲ...သူတို့က ထျန်းသီမဟာမိတ်အဖွဲ့ရဲ့အကာအကွယ်ဝင်္ကပါကို ပြင်းပြင်းထန်ထန် တိုက်ခိုက်နေကြတယ်...ဖူချန်ချင်းက သေပြီ...ထျန်းသီမဟာမိတ်အဖွဲ့မှာ ခေါင်းဆောင်မရှိတော့ဘူး...အခုချိန်မှာ ကျင့်ကြံသူတွေကလည်း သူတို့ရဲ့အသက်ဘေးလွတ်ဖို့အတွက် ပြေးလွှားနေကြတယ်...အဲ့ဒီဝင်္ကပါကြီးကိုထိန်းချုပ်မယ့်လူ မရှိဘူး...ထျန်းသီမဟာမိတ်အဖွဲ့ရဲ့ပင်မခန်းမတစ်ခုလုံး ရေအောက်ကို နစ်မြုပ်သွားပြီ"
လီစစ်က ပြောဆိုသည်။
လေပြင်းများဝှေ့ယမ်းတိုက်ခိုက်နေခြင်းနှင့်အတူ မင်ရည်သင်္ဘောသည် လူးလွန့်စပြုလာပေ၏။
"နှစ်နာရီ...ငါတို့ နှစ်နာရီပဲ စောင့်ရတော့မယ်...ကျောင်းတော်ကနေ လူတွေစေလွှတ်ပြီးတော့ ငါတို့ကို လာကယ်လိမ့်မယ်...ဒီသင်္ဘောက အဲ့ဒီအချိန်ထိ တောင့်ခံနိုင်ဖို့ ငါ မျှော်လင့်တယ်"
တပည့်တစ်ယောက်က ညည်းတွားလိုက်သည်။
ရုတ်တရက် စူးရှရှလေတိုးသံများက အဝေးတစ်နေရာမှ ထွက်ပေါ်လာသည်။
မြောက်မြားစွာသောဓားပျံများက မိုးကုတ်စက်ဝိုင်းအတွင်း၌ ထွက်ပေါ်လာသည်။ကျင့်ကြံသူတစ်ရာကျော်သည် အလွန်ဆိုးရွားသောအခြေအနေမျိုးတွင်ရှိနေပြီး ဓားပျံများကိုစီးနင်းကာ ကျိုးဂိုဏ်းထံသို့ ဦးတည်၍ပျံသန်းလာကြ၏။
ထိုကျင့်ကြံသူများသည် လမ်းတလျှောက်လုံး ဓားပျံများကို ဒုန်းစိုင်းစီးလာကြသဖြင့် သူတို့အနက်မှအများစု၏ မှော်စွမ်းအားများ ကုန်ခမ်းစပြုနေလေပြီ။သူတို့သည် ဓားပျံကိုထိန်းချုပ်၍ စီးနင်းရုံလောက်သာ တောင့်ခံထားနိုင်ကြသည်။
သူတို့သည် ဓားပျံများကိုအကောင်းဆုံးထိန်းချုပ်၍ ကျိုးဂိုဏ်း၏အကာအကွယ်ဝင်္ကပါရှေ့သို့ ရောက်ရှိလာကာ အသနားခံတောင်းဆိုလေသည်။
"ကျိုးဂိုဏ်းကတာအိုမိတ်ဆွေတို့...ငါတို့က လီဖုန်းဂိုဏ်းကပါ...ကျေးဇူးပြုပြီးတော့ ငါတို့ကို အထဲဝင်ပြီး ခဏလောက်ပုန်းခိုခွင့်ပေးပါလား"
ကျိုးဂိုဏ်း၏မဟာဝင်္ကပါကြီးသည် အချိန်တခဏကြာ တိတ်ဆိတ်ငြိမ်သက်နေသော်လည်း နောက်ဆုံးတွင် ထိုကျင့်ကြံသူများ ဝင်ရောက်နိုင်ရန်အတွက် အပေါက်တစ်ပေါက် ဖွင့်ပေးလိုက်၏။
Chapter 2508
ဤကဲ့သို့အချိန်အခိုက်အတန့်မျိုးတွင် ကျင့်ကြံသူအင်အားပို၍များပြားလေလေ အရံအင်အားပို၍ရှိလာလေလေပင်။
"ကျေးဇူးတင်ပါတယ်...တာအိုမိတ်ဆွေတို့...ကျေးဇူးတင်ပါတယ်"
အသက်ဘေးမှလွတ်မြောက်ရန် အလျင်စလိုပြေးလွှားလာကြသောကျင့်ကြံသူများသည် ကျေးဇူးတင်ကြောင်းပြောဆိုကာ အကာအကွယ်ဝင်္ကပါအတွင်းသို့ဝင်လိုက်တော့သည်။
သို့သော် ထိုအချိန်မှာပင် အကန့်အသတ်မဲ့ရေလွှမ်းမိုးကြီး၏အောက်မှ ရုတ်တရက် လှိုင်းလုံးကြီးများထိုးတက်လာကာ ထိုကျင့်ကြံသူအုပ်စုကို တိုက်ခိုက်လိုက်၏။
"မြန်မြန် ဝင်ကြစို့"
ထိုကျင့်ကြံသူများသည် ထိတ်လန့်တုန်လှုပ်သွားကာ သူတို့၏မျက်နှာများ ဖြူရော်သွားပြီး ကျိုးဂိုဏ်း၏အကာအကွယ်ဝင်္ကပါထံသို့ အလျှင်အမြန်ကူးခတ်သွားကြသည်။
ထိုကျင့်ကြံသူအုပ်စု၏ရှေ့ဆုံး၌ရှိနေသူများက အတွင်းသို့အောင်မြင်စွာ ဝင်ရောက်နိုင်ခဲ့သည်။
သို့ရာတွင် သူတို့၏နောက်၌ ကျင့်ကြံသူအမြောက်အများ ကျန်ရှိနေလေ၏။
လီဖုန်းဂိုဏ်းသည် ဤနေရာပတ်ဝန်းကျင်တစ်ဝိုက်ရှိ ထိပ်သီးဂိုဏ်းကြီးတစ်ဂိုဏ်းပင်။သူတို့၏ဂိုဏ်းတည်နေရာသည် ရေလွှမ်းမိုးမှုကြောင့် ပျက်စီးသွားကာ နေထိုင်၍မရတော့သဖြင့် ဤနေရာသို့ထွက်ပြေးလာကြခြင်းဖြစ်သည်။
မြေကမ္ဘာနဂါးသွေးကြော တုန်ခါလာမှုနှင့်အတူ ပတ်ဝန်းကျင်ရှိ မြေပြင်တည်နေရာများပြောင်းလဲကာ စိတ်ဝိညာဥ်စွမ်းအင်များလည်း ဖရိုဖရဲဖြစ်သွားခဲ့သည်။ထို့ကြောင့် ကျင့်ကြံခြင်းဂိုဏ်းများသည် သူတို့၏အကာအကွယ်ဝင်္ကပါများအတွက် လိုအပ်သောစွမ်းအားများကို ထောက်ပံပေးနိုင်ခြင်းမရှိတော့ချေ။ကျင့်ကြံသူများသည် သူတို့၏ခွန်အားသက်သက်ဖြင့် ဤကဲ့သို့ဘေးကပ်ဆိုးကြီးကို ရင်ဆိုင်နိုင်ရန်မှာ အလွန်အမင်းခက်ခဲလှ၏။
"အကြီးအကဲ...ရေလှိုင်းတွေတက်လာပြီ"
ထိုမြင်ကွင်းကိုကြည့်ပြီး ဂိုဏ်းသားတစ်ယောက်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
ပတ်ဝန်းကျင်နေရာတစ်ဝိုက်တွင် ရေလှိုင်းလုံးကြီးများက နေရာအနှံ့အပြား၌ရှိနေသည်။
ကျိုးဂိုဏ်း၏တောင်ထိပ်တစ်ခုတည်းသာ ရေမျက်နှာပြင်အထက်၌ ရှိနေလေ၏။
ထိုတောင်ထိပ်၏တစ်ဖက်ခြမ်းတွင် အစောပိုင်းက လုယွီ ကယ်တင်ထားသော သေမျိုးမြို့တစ်မြို့ရှိနေသည်။
ဤအချိန်အခိုက်အတန့်တွင် မြို့ရို့များပေါ်၌ သေမျိုးများဖြင့်ပြည့်နှက်နေကာ သူတို့ရှေ့ရှိ နယ်မြေပျက်သုဥ်းနေသောမြင်ကွင်းကို မျက်တောင်မခတ်စတမ်း စူးစိုက်ကြည့်နေကြ၏။သေမျိုးအများစုသည် ဒူးထောက်နေကြကာ သူတို့၏ဘေးကင်းလုံခြုံမှုရရန်အတွက် ဝတ်ပြုဆုတောင်းနေလေသည်။
ကျိုးဂိုဏ်းအကြီးအကဲသည် ဧရာမလှိုင်းလုံးကြီးများကို မြင်တွေ့ချိန်တွင် သူ၏မျက်ခွံများ တဆတ်ဆတ်တုန်ရီသွားသည်။
ဤကဲ့သို့ ကြောက်မက်ဖွယ်ဘေးကပ်ဆိုးနှင့် ရင်ဆိုင်ရချိန်တွင် မည်သူကမျှ တည်ငြိမ်အေးဆေးမှုကို ထိန်းသိမ်းထားနိုင်မည်မဟုတ်ချေ။
"မြန်မြန်...အကာအကွယ်ဝင်္ကပါကြီးကို ပိတ်လိုက်တော့...လူတိုင်းပဲ ဝင်္ကပါထဲကိုတက်နိုင်သမျှ အမြန်ဆုံးဝင်ပြီးတော့...မင်းတို့ အင်အားရှိသမျှ တောင့်ခံကြတော့"
ကျိုးဂိုဏ်းအကြီးအကဲက စိတ်ဓာတ်ကျဆင်းစွာဖြင့် အော်ဟစ်လိုက်သည်။
အမှန်အားဖြင့် သူ၏သတိပေးမှု့သည် လိုအပ်ခြင်းမရှိချေ။ကျင့်ကြံသူများသည် အကာကွယ်ဝင်္ကဘာကြီးရှေ့၌ ထိုင်ကာ သူတို့၏မှော်စွမ်းအားများကို ဝင်္ကဘာ အတွင်းသို့ ထည့်သွင်းလိုက်ကြ၏။
ကျိုးဂိုဏ်း၏အကာအကွယ်ဝင်္ကပါကြီး တစ်ဖန်ပြန်၍ လင်းလက်တောက်ပသွားသည်။အလင်းတန်းများက ကောင်းကင်ယံအတွင်းရှိ တိမ်တိုက်များထိတိုင် မြင့်တက်နေသည်။
ဝင်္ကပါကြီး၏အလင်းလွှာကြီး ပိတ်ဆို့သွားသည်ကိုမြင်ချိန်တွင် အတွင်းသို့မဝင်ရောက်ရသေးသော ကျင့်ကြံသူများ ချက်ချင်းဆိုသလိုပင် စိတ်ဓာတ်ကျဆင်းသွားသည်။
ကျိုးဂိုဏ်းသည် သူတို့အတွက်ဖြင့် အကာအကွယ်ဝင်္ကပါကြီးအား ထပ်မံ၍ဖွင့်မပေးမည်ကို သူတို့အားလုံး ရှင်းရှင်းလင်းလင်း သိထားကြ၏။
သို့ရာတွင် ကောင်းကင်နှင့်မြေပြင်အကြား၌ နေရာကျယ်ဝန်းသည့်တိုင် သူတို့အတွက် ပုန်းအောင်းစရာနေရာမရှိချေ။
"ဖြစ်နိုင်တာတော့ ဒီနေ့က ငါတို့သေဆုံးရမယ့်နေ့ထင်တယ်"
"ငါ မကျေနပ်ဘူး...ငါ ဒါကို လက်မခံနိုင်ဘူး"
မြောက်မြားစွာသောကျင့်ကြံသူများက ခါးသည်းစွာ အော်ဟစ်လိုက်ကြသည်။
သူတို့သည် ဤနေရာရှိလူသားမျိုးနွယ်များကြားတွင် အထူးချွန်ဆုံးသူများဖြစ်သော်လည်း ဤကဲ့သို့နည်းလမ်းမျိုးဖြင့် သေဆုံးကြရတော့ပေမည်။မည်သူကမျှ ဤကိစ္စကို လက်ခံနိုင်ခြင်းမရှိချေ။
"အားလုံးပဲ...ငါတို့ သေမှာကို ထိုင်စောင့်နေမယ့်အစား ငါတို့က ဝင်္ကပါပုံစံဖွဲ့စည်းပြီး အစွမ်းကုန်တောင့်ခံကြရအောင်"
နောက်ဆုံး၌ တစ်စုံတစ်ယောက်က အကြံပြုလိုက်၏။
ကျင့်ကြံသူတစ်ယောက်က တုန်ရီနေသောအသံဖြင့် ပြောဆိုသည်။
"ငါတို့က ဘယ်လိုလုပ်ပြီး တောင့်ခံနိုင်မှာလဲ...ငါတို့ရဲ့အကြီးအကဲတွေကနေစပြီး ဂိုဏ်းတစ်ဂိုဏ်းလုံးရဲ့ခွန်အားနဲ့ ဒီရေလွှမ်းမိုးမှုကို ခုခံခဲ့ပြီးသွားပြီ...ဒါပေမယ့် အသုံးမဝင်ခဲ့ဘူး...ငါတို့လူနည်းစုလောက်နဲ့ ဒီရေလွှမ်းမိုးမှုအောက်မှာ သေဆုံးသွားရမှာပဲ"
"ငါတို့အကုန်လုံး သေရလိမ့်မယ်...ဘယ်သူမှ လွတ်မြောက်နိုင်မှာမဟုတ်ဘူး...ဒါက နယ်မြေတစ်ခုလုံးပျက်သုဥ်းမယ့် ဘေးကပ်ဆိုးကြီးပဲ"
စိတ်ဓာတ်ကျဆင်းမှုများက ကျင့်ကြံသူများ၏စိတ်နှလုံးသားများအတွင်း၌ ပျံ့နှံ့နေသည်။
လှိုင်းလုံးကြီးများမြင့်တက်လာချိန်တွင် မင်ရည်သင်္ဘောပေါ်ရှိ ကျောင်းတော်တပည့်များ၏မျက်နှာများပေါ်၌ အလေးအနက်ထားသောအရိပ်အယောင်များ ထင်ဟပ်လာသည်။
လီစစ်က မေးမြန်းသည်။
"အရှင့်သား...ဒီမှော်ရတနာက နောက်ထပ်ဘယ်လောက်ကြာကြာ တောင့်ခံနိုင်မှာလဲ"
ချိုင်လုံရှင်းက ပြောဆိုလိုက်၏။
"အရင်တုန်းကတော့ ဒီသင်္ဘောက အချိန်နှစ်နာရီကျော်ကြာ တောင့်ခံထားဖို့လုံလောက်တယ်...ဒါပေမယ့် ရေလှိုင်းတွေကိုရှောင်တိမ်းဖို့အတွက် လေဟာနယ်ကိုဖြတ်သန်းသွားရမယ်ဆိုရင် ဒါက အမွှေးတိုင်တစ်တိုင်စာလောက်ပဲ တောင့်ခံထားနိုင်မှာကို ငါ စိုးရိမ်မိတယ်"
တခြားကျောင်းတော်တပည့်များအားလုံး စိတ်လှုပ်ရှားသွားကြသည်။
"လုယွီ...မင်းမှာ နည်းလမ်းတစ်ခုခုများ ရှိနေမလား"
လီစစ်က လုယွီကိုကြည့်၍ မေးမြန်းသည်။
ကျောင်းတော်တပည့်များအားလုံး၏စိတ်အတွင်း၌ လုယွီသည် သူတို့လူစုအနက် အစွမ်းထက်ဆုံးဖြစ်သည်။ထို့ကြောင့် သူတို့၏မသိစိတ်မှနေ၍ လုယွီကို သူတို့၏အဓိကကျောရိုးအဖြစ် ယူဆထားကြ၏။
လုယွီက သူ၏လက်ကိုဆန့်တန်းလိုက်ရာ ချက်ချင်းဆိုသလိုပင် ရေအနည်းငယ်က သူ၏လက်ဖဝါးအတွင်းသို့ ကျရောက်လာသည်။
Chapter 2509
ထိုရေသည် အလွန်နောက်ကျိနေကာ လုယွီ၏လက်အတွင်းသို့ရောက်ရှိလာချိန်တွင် တရှဲရှဲအသံများ ထွက်ပေါ်နေသည်။
ထို့နောက် သူ၏လက်ဝါးအတွင်းရှိရေသည် ရေငွေ့များအဖြစ်ပြောင်းလဲသွားကာ အနက်ရောင်မြူခိုးများအဖြစ်ဖွဲ့စည်းပြီး လေထုအတွင်းသို့ မျောလွင့်သွားတော့သည်။
"ဒီရေမှာ ပြဿနာတစ်ခုခုရှိနေလို့လား"
ထိုမြင်ကွင်းကိုမြင်တွေ့ချိန်တွင် လီစစ်ကလည်း ရေအနည်းငယ်ကို ယူဆောင်လိုက်၏။
ဤရေတွင် ထူးခြားချက်တစ်စုံတစ်ခုရှိနေပုံရသည်။လီစစ်သည် သူ၏လက်ဖြင့် ထိုရေအားထိတွေ့မိချိန်တွင် သူ၏လက်ချောင်းထိပ်ရှိမှော်စွမ်းအားများအား အလျှင်အမြန်ဝါးမြိုသွားသည်ကို ခံစားမိသည်။
သူတို့ရှေ့ရှိ ရေများသည် မှော်စွမ်းအားများကို တိုက်စားနိုင်လေ၏။
"ဒါက ဆုတ်ယုတ်ခြင်းရေပဲ...ဒီဆုတ်ယုတ်ခြင်းရေအကြောင်းကို ရှေးဟောင်းမှတ်တမ်းတွေထဲမှာ မှတ်တမ်းတင်ထားတာကို ငါ ဖတ်ဖူးတယ်...ကောင်းကင်နဲ့မြေပြင်တစ်ခုလုံးပြိုလဲပြီးတော့ တောင်တွေမြစ်တွေ ပျက်စီးသွားတဲ့အချိန်မျိုးကျမှသာ ဒီလိုသဘာဝလွန်ကိစ္စမျိုး ထွက်ပေါ်လာတက်တယ်"
လုယွီက ရှင်းပြလေသည်။
လုယွီ၏မှတ်ဥာဏ်အတွင်း၌ ထောင်သောင်းချီသောကျမ်းစာများရှိနေသည်။အချိန်တခဏကြာတွေးတောပြီးနောက် သူသည် ဤသဘာဝလွန်ဖြစ်ရပ်၏ရင်းမြစ်ကို ရှာဖွေတွေ့ရှိလိုက်၏။
အတိတ်တွင် အောက်ဘုံအမြောက်အများ တည်ရှိခဲ့သည်။အချိန်များကုန်လွန်လာသည်နှင့်အမျှ အောက်ဘုံများရှိ မိုးကောင်းကင်တာအိုများ အလိုအလျောက် ဆုတ်ယုတ်လာကြသည်။
ထိုအချိန်မှစ၍ အောက်ဘုံတစ်ခုလုံးအတွင်း၌ စိတ်ကူးယဥ်တွေးတောကြည့်၍ပင်မရနိုင်သော ဖြစ်ရပ်များ ဖြစ်ပွါးလာတော့သည်။ပုံမှန်မဟုတ်သောဖြစ်ရပ်များ တစ်ခုပြီးတစ်ခု ဆက်တိုက်ဖြစ်ပွါးလာကာ အစွမ်းထက်ကျင့်ကြံသူများလည်း တစ်ယောက်ပြီးတစ်ယောက် သေဆုံးသွားကြရ၏။တစ်ချိန်တည်းမှာပင် ထိုအောက်ဘုံကို သဘာဝဘေးအန္တရာယ်များကလည်း အဘက်ဘက်မှဝိုင်းဝန်း၍ တိုက်ခိုက်ကြသည်။
ဆုတ်ယုတ်ခြင်းရေသည် ထိုသဘာဝဘေးအန္တရာယ်များအနက်မှတစ်ခုပင်။
ထိုရေသည် ကျောက်ဆောင်များဖြစ်စေ သစ်ပင်များဖြစ်စေ ကျင့်ကြံသူများ၏မှော်စွမ်းအားများဖြစ်စေ ထိတွေ့မိသမျှအရာအားလုံးကို တိုက်စားကာ အရာအားလုံးကို ဝါးမြိုနိုင်စွမ်းရှိသည်။
ရေအတွင်း၌အသက်ရှင်နေထိုင်သော ငါးများ ဝေလငါးများ ရေနဂါးများနှင့် .တခြားနတ်ဆိုးသားရဲများပင်လျှင် ထိုဆုတ်ယုတ်ခြင်းရေ ရောက်ရှိလာချိန်တွင် သေခြင်းတရားမှလွတ်မြောက်နိုင်ခြင်းမရှိချေ။
ဆုတ်ယုတ်ခြင်းရေသည် အောက်ဘုံတစ်ခုလုံးအား လွှမ်းမိုးသွားချိန်တွင် အရာအားလုံး ရေအောက်သို့နစ်မြုပ်သွားပေမည်။ထို့နောက် မိုးကောင်းကင်တာအိုအသစ် မွေးဖွားလာချိန်ထိ စောင့်ဆိုင်းပြီးမှသာ ထိုအောက်ဘုံသည် ရေအောက်မှတဖန်ပြန်၍ မြင့်တက်လာကာ သက်ရှိသတ္တဝါအသစ်များလည်း ထွက်ပေါ်လာပေလိမ့်မည်။
"တကယ်လို့ ဒါက ဆုတ်ယုတ်ခြင်းရေဆိုရင်...ငါတို့က နည်းလမ်းတစ်ခု ရှာဖွေရလိမ့်မယ်"
လီစစ်၏မျက်နှာပေါ်၌ တည်ကြည်လေးနက်သောအရိပ်အယောင်များ ထင်ဟပ်နေသည်။
ကျောင်းတော်မှကယ်ဆယ်မှုများရောက်မလာမီ အချိန်တစ်နာရီကျော်ခန့် လိုအပ်အုံးမည်ဖြစ်ရာ ဤအချိန်ကာလသည် တိုတောင်းခြင်းမရှိချေ။
"အရှင့်သား...မင်းဆီမှာ ဒီလိုမြင့်မြတ်တဲ့မှော်ရတနာမျိုး ထပ်ရှိသေးလား"
လီစစ်က မေးမြန်းလိုက်၏။
လီစစ်ထံ၌ ယခုလက်ရှိချိန်တွင် တရားဝင်ရာထူးအဆင့်အတန်းမရှိသေးသဖြင့် သူသည် သာမာန်တိုင်းသူပြည်သားတစ်ယောက်ပင်။မင်းသားတစ်ပါးကို ဤကဲ့သို့အပြုအမူမျိုးနှင့်မေးမြန်းသည်မှာ အနည်းငယ်ရိုင်းပျနေသည်။
သို့ရာတွင် ဘေးကပ်ဆိုးကြီးက သူတို့ထံသို့ ဆိုက်ရောက်လာတော့မည်ဖြစ်သဖြင့် မည်သူကမျှ ထိုကိစ္စကို အာရုံစူးစိုက်ခြင်းမရှိချေ။
ချိုင်လုံရှင်းက ခေါင်းခါပြလေသည်။
"ငါ့မှာ ဒီတစ်ခုတည်းပဲရှိတယ်...ငါ ဒီနေရာကိုလာတဲ့အချိန်မှာ တခြားမှော်ရတနာတွေကို ငါ ယူမလာခဲ့ဘူး...မြင့်မြတ်တဲ့မှော်ရတနာတွေကို အများကြီးယူဆောင်လာရင် ငါ့ရဲ့ကျင့်ကြံမှုအတွက် ကောင်းကျိုးရှိမှာမဟုတ်ဘူး"
ဤသည်က အမှန်တရားပင်။အကယ်၍ တစ်စုံတစ်ယောက်သည် မှော်ရတနာအမြောက်အမြားကိုယူဆောင်လာပါက ထိတ်လန့်ကြောက်ရွံမှုကင်းမဲ့ကာ ရဲရင့်နေပေမည်။သူသည် မသိစိတ်မှနေ၍ ထိုမှော်ရတနာများကို မှီခိုအားထားနေကာ သူ့ကိုယ်သူ လေ့ကျင့်နိုင်ရန်အတွက် အခွင့်အရေးပျောက်ဆုံးသွားပေလိမ့်မည်။
"ဒါဆိုရင် ငါတို့ ဘာလုပ်ကြမလဲ...လှိုင်းလုံးကြီးတွေက ရောက်လာတော့မယ်"
ကျောင်းတော်တပည့်များသည် ကူကယ်ရာမဲ့စွာဖြင့် စိုးရိမ်ပူပန်နေကြ၏။
ဤရေပြင်အတွင်း၌ သက်ရှိသတ္တဝါတစ်ကောင်တစ်လေမျှ ရှိမနေသည်မှာ အံ့အားသင့်စရာမရှိတော့ချေ။နတ်ဆိုးသားရဲများပင်လျှင် ပျောက်ကွယ်နေလေ၏။
ဤသည်က ဒဏ္ဍါရီလာ ဆုတ်ယုတ်ခြင်းရေပင်။
မည်သူမဆို ထိုရေအတွင်းသို့ကျရောက်သွားသည်နှင့် အရိပ်အယောင်ပင်မကျန်ရှိဘဲ သေချာပေါက် သေဆုံးရပေမည်။
ထိုအချိန်မှာပင် သင်္ဘောရှိမင်ရည်များ ဝေဝါးစပြုလာသည်။
ယခင်က သင်္ဘောကုန်းပတ်ပေါ်တွင် နှစ်ထပ်အဆောက်အအုံကြီးရှိနေသည်။သို့ရာတွင် ယခုလက်ရှိချိန်တွင် အဆောက်အအုံ၏ဒုတိယထပ်ပျောက်ကွယ်သွားကာ ပထမထပ်ရှိအခန်းငယ်တစ်ခန်းသာ ကျန်ရှိတော့သည်။
လုယွီက သူ၏အသက်ရှုနှုန်းကိုထိန်းသိမ်းကာ ပြောဆိုလိုက်၏။
"ဘာမှမစိုးရိမ်ကြနဲ့...ငါက ပန်းချီပညာရပ်ကို နည်းနည်းတော့ နားလည်သဘောပေါက်ထားတယ်...ဒီပန်းချီကားကို ငါ ဖြည့်ဆွဲနိုင်လောက်တယ်"
"မင်းက တကယ့်ကိုပဲ ပန်းချီပညာရပ်မှာ ကျွမ်းကျင်တာလား"
ကျောင်းတော်တပည့်များက တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြသည်။
သူတို့သည် လုယွီ၏နာမည်ကို ယခင်က တစ်ကြိမ်တစ်ခါမျှပင် မကြားခဲ့ဖူးချေ။သူ့ကို လက်ထောက်ကျောင်းအုပ်ပိုင်မင်ဟန်မှထောက်ခံပေးထားသော တပည့်တစ်ယောက်ဟုသာ သိရှိထားသည်။
လုယွီသည် အဆက်အသွယ်ကိုအားကိုးနေသော အသုံးမကျသည့်ငတုံးငအတစ်ယောက်ဟု သူတို့အားလုံး မူလက တွေးထင်မိကြသည်။သို့ရာတွင် ယခုလက်ရှိချိန်၌ သူတို့အားလုံး အံ့အားသင့်တုန်လှုပ်နေကြရ၏။ဤနတ်ဘုရားကုန်းမြေအတွင်း၌ သူတို့ မည်သည့်အရာကို ပြုလုပ်သည်ဖြစ်စေ လုယွီပေါ်တွင်သာ မှီခိုအားထားနေရသည်။
Chapter 2510
"အချိန်က လူတွေကို စောင့်ဆိုင်းမနေဘူး...ကျေးဇူးပြုပြီးတော့ ငါတို့ကိုကူညီပေးပါ"
လီစစ်က သူ၏လက်နှစ်ဖက်ကိုပူးဆုပ်၍ အရိုအသေပြုကာ ပြောဆိုသည်။
တခြားတပည့်များကလည်း လုယွီကို အရိုအသေပြုလိုက်ကြ၏။
အတိတ်တွင် သူတို့သည် မည်မျှထိမာန်မာနဝင့်ကြွားခဲ့သည်ဖြစ်စေ ယခုချိန်တွင် သူတို့အားလုံး၏အသက်များသည် လုယွီ၏လက်အတွင်းသို့ ကျရောက်နေသည်။လုယွီ အောင်မြင်သည်ဖြစ်စေ ရှုံးနိမ့်သည်ဖြစ်စေ သူ့အား သူတို့ကျေးဇူးတင်ရပေမည်။
မင်းသားတစ်ပါးဖြစ်သော ချိုင်လုံရှင်းပင်လျှင် သူ၏လက်နှစ်ဖက်ကိုပူးဆုပ်၍ ပြောဆိုလိုက်သည်။
"ဒီတစ်ကြိမ်မှာ ငါတို့အားလုံးကို ညီအကိုလုက ကယ်တင်လိုက်တာပဲ"
"အရှင့်သားက အရမ်းယဥ်ကျေးလွန်းနေပြီ"
လုယွီက ထပ်မံ၍အပိုစကားများ မပြောဆိုတော့ချေ။သူ၏သိုလှောင်အိတ်အတွင်းမှ စုတ်တံနှင့်စာရွက်ကို ဆွဲထုတ်လိုက်၏။
သူ၏ခြေထောက်အောက်ရှိသင်္ဘောကို အာရုံခံပြီးနောက် လုယွီသည် ထိုပန်းချီပညာရှင်၏နယ်ပယ်နှင့် ပန်းချီပညာရပ်အပေါ် ထိုးထွင်းသိမြင်မှုကို နားလည်သဘောပေါက်သွားသည်။
အချိန်တခဏကြာ စဥ်းစားတွေးတောပြီးနောက် လုယွီက စာရွက်ပေါ်တွင် စတင်၍ရေးဆွဲလိုက်သည်။
စုတ်ချက်အနည်းငယ်ရေးဆွဲပြီးနောက် စာရွက်ပေါ်၌ သင်္ဘော၏အကြမ်းထည်ပုံစံ ထွက်ပေါ်လာသည်။
ဘုန်း....
ထိုအချိန်မှာပင် ကြီးမားသောလှိုင်းလုံးကြီးတစ်လုံးက အဝေးရှိတောင်ထိပ်ကို ရိုက်ခတ်သွားသည်။
"တားဆီးကြစို့"
ထိုတောင်ထိပ်ပေါ်ရှိ ထောင်သောင်းချီသောကျင့်ကြံသူများက တညီတညီညွတ်တည်း အော်ဟစ်လိုက်ကြ၏။
တလိမ့်လိမ့်ထွက်ပေါ်လာသော မှော်စွမ်းအင်လှိုင်းများကြောင့် ကောင်းကင်နှင့်မြေကြီးပင် အရောင်ပြောင်းလဲသွားသည်။နောက်ဆုံး၌ ထိုရေလှိုင်းကို ကျင့်ကြံသူများက ဟန့်တားနိုင်ခဲ့သည်။
သို့ရာတွင် ထိုကျင့်ကြံသူများအားလုံး၏မျက်နှာအမူအယာများ ပျက်ယွင်းနေသည်။ထိုရေလှိုင်းကို တားဆီးနိုင်ရန်အတွက် သူတို့၏မှော်စွမ်းအားအမြောက်အများ ကုန်ဆုံးသွားခဲ့လေ၏။
တောင်၏အစွန်အဖျားတွင် သတိလက်လွတ်နေခဲ့သော တချို့ကျင့်ကြံသူများသည် ရေလှိုင်းကြီး၏သက်ရောက်မှုကြောင့်လွင့်စင်ကာ သူတို့အားလုံး ရေအောက်သို့ နစ်မြုပ်သွားခဲ့သည်။သူတို့သည် သေဆုံးမသွားမီအချိန်တွင် အော်ဟစ်ရန်ပင် အခွင့်အရေးမရခဲ့ချေ။
နောက်ထပ်ရေလှိုင်းတစ်လှိုင်းက မိုးကုတ်စက်ဝိုင်းပေါ်၌ မြင့်တက်လာလေပြီ။
လူများအားလုံး၏မျက်နှာများပေါ်၌ စိတ်ဓာတ်ကျဆင်းမှုများ ရှိနေသည်။
တစ်ချိန်တည်းမှာပင် လုယွီ၏ပန်းချီကား တစတစ ပို၍ပီပြင်ထင်ရှားလာပေ၏။
ကောက်ကြောင်းများကို အရင်ဆုံးရေးဆွဲပြီးနောက် လုယွီ၏စုတ်တံသည် ပျံဝဲနေသကဲ့သို့ လှုပ်ရှားနေကာ စုတ်ချက်များက ပန်းချီကားပေါ်၌ ထွက်ပေါ်လာသည်။
"သူ ဘာကိုဆွဲနေတာလဲ...ဒါက သင်္ဘောပုံနဲ့လည်းမတူဘူး...မဟုတ်သေးဘူး...ဘာလို့ ဒီလောက်ထိ ရှုပ်ထွေးနေတာလဲ"
ချိုင်လုံရှင်းသည် ပန်းချီပညာရပ်ကို အနည်းငယ်နားလည်သဘောပေါက်ထားလေ၏။သူသည် လုယွီ၏ပန်းချီကားကိုမြင်တွေ့ချိန်တွင် အနည်းငယ်ထိတ်လန့်တုန်လှုပ်သွားသည်။
ယခင်က သူသည် ဤမင်ရည်သင်္ဘောပုံပန်းချီရေးဆွဲစဥ်က အသုံးပြုခဲ့သော စုတ်ချက်များကို မြင်တွေ့ထားပြီးလေပြီ။သို့ရာတွင် ထိုအရာများသည် လုယွီ ယခုရေးဆွဲနေသော စုတ်ချက်များကဲ့သို့ ရှုပ်ထွေးခြင်းမရှိချေ။
သူ အနည်းငယ်မျှပင် နားလည်သဘောပေါက်ခြင်းမရှိချေ။
ချိုင်လုံရှင်းသာမက ကျောင်းတော်မှတခြားတပည့်များသည်လည်း လုယွီ၏စုတ်ချက်များသည် အလွန်ထူးဆန်းနေသည်ဟု တွေးတောနေကြ၏။
သို့ရာတွင် မည်သူကမျှ လုယွီကို အကြံပြုတိုက်တွန်းခြင်း မပြုဝံ့ချေ။ယခုလက်ရှိချိန်တွင် လုယွီသည် သူ၏စိတ်စွမ်းအားများအားလုံးကို ဤပန်းချီကားရေးဆွဲခြင်းပေါ်တွင်သာ စူးစိုက်ထားလေရာ မည်သည့်နှောက်ယှက်မှုမျိုးကိုမျှ ခွင့်ပြုနိုင်မည်မဟုတ်ပေ။
သူတို့အားလုံး၏အကြည့်များအောက်တွင် လုယွီ ရေးဆွဲနေသောပန်းချီကား ပြီးပြည့်စုံစပြုလာသည်။
နောက်ဆုံးမှသာ လုယွီ မည်သည့်အရာအားရေးဆွဲနေသည်ကို သူတို့အားလုံး မြင်တွေ့လိုက်ရ၏။
ရှည်လျားသောစာရွက်ဖြူပေါ်တွင် သင်္ဘောတစ်စီး၏ဖွဲ့စည်းတည်ဆောက်ပုံကို ရေးဆွဲထားသည်။ထိုသင်္ဘော၏ကုန်းပတ်ပေါ်တွင် အဆောက်အအုံအမြောက်အများရှိနေကာ ရွက်တိုင်များကိုလည်း စိုက်ထူထားလေ၏။
ဤသည်က ဧရာမသင်္ဘောကြီးတစ်စင်းပင်။
ကျောင်းတော်တပည့်များသည် ထိုပန်းချီကားကိုမြင်တွေ့ချိန်တွင် သူတို့အားလုံး အလွန်အမင်းအံ့အားသင့်သွားကာ ကြက်သေသေသွားကြသည်။
"ဖြစ်နိုင်တာတော့ မင်း ပြင်ဆင်နေတာက...."
ချိုင်လုံရှင်း၏မျက်လုံးအကြည့်ရွေ့လျားသွားကာ မလှမ်းမကမ်းအကွာအဝေးရှိ တောင်ထိပ်ပေါ်သို့ ကျရောက်သွားသည်။
ကျိုးဂိုဏ်းသည် နောက်ထပ်ရေလှိုင်းတစ်ခု၏ရိုက်ခတ်မှုဒဏ်ကို ကြုံတွေ့ရပြီးလေပြီ။ဤတစ်ကြိမ်တွင် ဝင်္ကပါ၏အစွန်အဖျားတွင်ရှိနေသော ကျင့်ကြံသူအားလုံးနီးပါး သေဆုံးသွားလေ၏။
ထို့ပြင် ဝင်္ကပါအတွင်း၌ကျန်ရှိနေသော ကျင့်ရှိနေသော ကျင့်ကြံသူများ၏အခြေအနေမှာလည်း ကောင်းမွန်ခြင်းမရှိချေ။
သူတို့သည် ဝင်္ကပါကြီးကို ထောက်ပံနိုင်ရန်အတွက် ဂိုဏ်းအတွင်း၌သိမ်းဆည်းထားသော စိတ်ဝိညာဥ်ကျောက်တုံးများအားလုံးကို ထုတ်ယူအသုံးပြုခဲ့ရသည်။
သို့ရာတွင် ရေလှိုင်းကြီးတစ်လှိုင်းကို ဟန့်တားရုံဖြင့် သူတို့သိမ်းဆည်းထားသော စိတ်ဝိညာဥ်ကျောက်တုံးများအားလုံး ကုန်ဆုံးသွားလေပြီ။
ကျင့်ကြံဆင့်နယ်ပယ်နိမ့်ပါးသော ကျင့်ကြံသူအမြောက်အများသည် သတိလစ်မေ့မျောသွားကြသည်။
ကျင့်ကြံဆင့်နယ်ပယ်မြင့်မားသူများသည်လည်း သူတို့၏မှော်စွမ်းအားများ ကုန်ခမ်းမှုကြောင့် ပင်ပန်းနွမ်းနယ်နေသည်။
သေမျိုးများကမူ သူတို့၏မြို့သည် ကျိုးဂိုဏ်း၏နောက်ဘက်တွင် ရှိနေသဖြင့် အနည်းငယ်မျှပင် သက်ရောက်မှုမရှိသေးချေ။
သို့ရာတွင် သေမျိုးများသည် အကယ်၍ ကျိုးဂိုဏ်းမှလူများသာ တောင့်ခံနိုင်ခြင်းမရှိတော့ပါက သူတို့၏အလှည့်သို့ကျရောက်လာမည်ကို သူတို့အားလုံး ကောင်းစွာသိထားကြ၏။
"ကောင်းကင်ဘုံက ကျွန်တော်တို့ကို ကောင်းချီးပေးပါစေ"
သေမျိုးတချို့သည် မြေပြင်ပေါ်၌ ဒူးထောက်၍ ဝတ်ပြုဆုတောင်းနေကြတော့သည်။