အခန်း (၂၅၁၆-၂၅၂၀)
Vol. 129 Ch. 2516-2520
Chapter 2516
သူတို့သည်လည်း လုယွီကို တခြားသူများမှ ဖြောင့်ဖျစကားပြောဆိုနေသည်ကို ကြားခဲ့ရလေ၏။
သေမျိုးတိုင်း၏စိတ်နှလုံးသားများအတွင်း၌ ထုံကျင်မှုများဖြင့် ပြည့်နှက်နေသည်။
မည်သို့ပင်ဆိုစေကာမူ သူတို့ကဲ့သို့သေမျိုးများသည် ကျင့်ကြံသူများ၏အမြင်၌ ပုရွက်ဆိတ်များသက်သက်ပင်။သူတို့သည် အရေးမပါသောသူများသာ ဖြစ်ပေ၏။
အချိန်အများစုတွင် နတ်ဆိုးသားရဲများ၏ရုတ်တရက်တိုက်ခိုက်မှုကိုခံရစဥ်တိုင်း အနီးအနား၌စောင့်ကြပ်နေသောကျင့်ကြံသူများသည် ခုခံကာကွယ်နိုင်ခြင်းမရှိပါက ရည်ရွယ်ချက်ရှိရှိ နောက်ဆုတ်ခဲ့သဖြင့် သေမျိုးများသည် ထိုနတ်ဆိုးသားရဲများ၏လက်သည်းများအောက်သို့ ကျရောက်ခဲ့ရသည်။
ဤကဲ့သို့ကိစ္စမျိုးမှာ မကြာခဏ ဖြစ်ပွါးလေ့ရှိသည်။
အကယ်၍ ထိုသေမျိုးများသည် နတ်ဆိုးသားရဲများ၏လက်ချက်ဖြင့် သေဆုံးရလျှင်ပင် ကျင့်ကြံသူများသည် ထွက်လာ၍ ကယ်တင်ခြင်းမရှိချေ။
သို့ရာတွင် ဤတစ်ကြိမ်ကပ်ဘေးတွင် ကျင့်ကြံသူများသည် သူတို့ကိုယ်သူတို့ပင် မကယ်တင်နိုင်သည်ကို သေမျိုးများအားလုံး မြင်တွေ့လိုက်ရ၏။
ထိုကဲ့သို့အခြေအနေမျိုးတွင် လုယွီသည် သူတို့အားကူညီပေးခဲ့သည်။ဤသည်က သာမာန်ကူညီထောက်ပံပေးမှုတစ်ခုကဲ့သို့ ရိုးရှင်းခြင်းမရှိချေ။
မြောက်မြားစွာသောသေမျိုးများသည် မြေပြင်ပေါ်၌ဒူးထောက်ကာ လုယွီ၏နာမည်ကို ရေရွတ်နေကြသည်။သူတို့၏စိတ်နှလုံးသားများအတွင်း၌ ကျေးဇူးတင်မှုများဖြင့် ပြည့်နှက်နေပေ၏။
ယုံကြည်သက်ဝင်မှုစွမ်းအားများက လုယွီ၏ခန္ဓာကိုယ်အတွင်းသို့ စီးဝင်လာကာ သူ၏ကျင့်ကြံမှုလည်း အနည်းငယ်မြင့်တက်လာသည်။
ဤအချိန်အခိုက်အတန့်တွင် နဝမလွှသွားစစ်သင်္ဘောပေါ်၌ရှိနေသော ကျင့်ကြံသူများအားလုံး အံ့အားသင့်နေကာ ထိုမြင်ကွင်းကို ပါးစပ်အဟောင်းသားဖြင့် ကြည့်နေကြသည်။
ကြီးမားသောမြို့ကြီးကို အောက်ခြေမြေပြင်နှင့်အတူ လုယွီက သူ၏လက်ဖြင့် မတင်လာခြင်းကို သူတို့အားလုံး မြင်တွေ့လိုက်ရ၏။
ဤသည်က မည်ကဲ့သို့နည်းစနစ်မျိုး ဖြစ်သနည်း...
"နဂါးဘုရင်က ဘာလို့သူကို မယှဥ်ပြိုင်နိုင်တာလဲဆိုတာ ငါ သိသွားပြီ...တကယ်လို့ ငါမှာသာ ဒီလိုခွန်အားမျိုးရှိနေရင် ငါ့ရဲ့လက်သီးတစ်ချက်နဲ့အားကုန်ထိုးနှက်လိုက်တာနဲ့ နဂါးဘုရင် သေသွားလောက်တယ်"
လီစစ်က သက်ပြင်းတစ်ချက်ရှိုက်၍ ပြောဆိုသည်။
ကျောင်းတော်တပည့်တစ်ယောက်က ရုတ်တရက် ပြောဆိုလေ၏။
"အားလုံးပဲ...ငါတို့က စောင့်ကြည့်နေကြရုံသက်သက်ဖြစ်နေတယ်...လုယွီကိုသွားပြီး ကူညီပေးကြရင် မကောင်းဘူးလား"
တခြားတပည့်များကလည်း အသိဝင်လာကြသည်။သူတို့၏အသက်များကို လုယွီမှကယ်တင်ခဲ့ခြင်းပင်။ယခုလက်ရှိချိန်တွင် လုယွီသည် တခြားသူများကို ကယ်တင်နိုင်ရန်ကြိုးစားနေလေရာ သူတို့ ရပ်ကြည့်နေခြင်းသည် မသင့်လျော်ချေ။
"လုယွီရဲ့ကံကြမ္မာကောင်းကို မင်းတို့ သွားပြီးမဖျက်ဆီးဖို့ ငါ မင်းတို့ကို အကြံပြုချင်တယ်"
ချိုင်လုံရှင်းက ရုတ်တရက် ကျောင်းတော်တပည့်များကို ဟန့်တားလိုက်၏။
တခြားတပည့်များ ဇဝေဇဝါဖြစ်နေသည်ကိုကြည့်ပြီး ချိုင်လုံရှင်းက လုယွီ၏နောက်ကျောကို လက်ညှိုးညွှန်၍ ပြောဆိုသည်။
"သူ အဲ့ဒီသေမျိုးတွေကိုကယ်တင်တာက ကြည့်ရတာတော့ မပြောပလောက်တဲ့ ကိစ္စတစ်ခုလိုပဲ...ဒါပေမယ့် အဲ့ဒါက သူ့အတွက် ကြီးမားတဲ့ ကူညီထောက်ပံမှုကြီးဖြစ်သွားတယ်...သေမျိုးတွေကနေရတဲ့ ယုံကြည်သက်ဝင်မှုစွမ်းအားတွေက သူ့ရဲ့ပိုင်ဆိုင်မှုပဲ...တကယ်လို့ မင်းတို့က သွားပြီးလုယက်လိုက်မယ်ဆိုရင် သူ မင်းတို့ကို အပြစ်တင်မှာ ငါ စိုးရိမ်မိတယ်"
ထိုအချိန်ကျမှသာ ကျောင်းတော်တပည့်များအားလုံးက ဂရုတစိုက်စောင့်ကြည့်လိုက်ရာ လုယွီ၏နောက်ကျောတွင် အလင်းဘီးကြီးတစ်ခု ထွက်ပေါ်နေခြင်းကို မြင်တွေ့မိကြသည်။
ထိုအလင်းဘီးကြီးသည် မြင့်မြတ်ပြီးတည်ကြည်လေးနက်သော အရှိန်အဝါများရှိနေကာ အတွင်း၌ မဟာတာအိုသဘောတရား၏အရိပ်အယောင်တချို့ ကိန်းအောင်းနေသည်။ဤသည်က နတ်ဘုရားများ ပိုင်ဆိုင်သောအရာကဲ့သို့ပင်။
နတ်ဘုရားများ၏နောက်ကျောရှိ အလင်းဘီးကြီးသည် မြောက်မြားစွာသောယုံကြည်သက်ဝင်သူတို့၏ အမွှေးနံ့သာထွန်းညှိပူဇော်ခြင်းမှ ထွက်ပေါ်လာခြင်းပင်။နတ်ဘုရားတစ်ပါးသည် အမွှေးနံ့သာထွန်းညှိပူဇော်မှု ပို၍ရရှိလေလေ သူ၏နောက်ကျောမှ အလင်းဘီးကြီး ပို၍တောက်ပလေလေဖြစ်သည်။
သို့ရာတွင် ယခုလက်ရှိချိန်တွင် လုယွီ၏နောက်ကျော၌ ထိုကဲ့သို့ အလင်းဘီးကြီးရှိနေသည်။
"သူက နတ်ဘုရားတစ်ပါး ဖြစ်လာတော့မှာလား"
"လုယွီအတွက် ရုပ်ထုတွေတည်ဆောက်ပြီး ကိုးကွယ်မယ်လို့ အဲ့ဒီသေမျိုးတွေပြောနေတာကို မင်း မကြားဘူးလား...ဒါက နတ်ဘုရားတစ်ပါးလို့သတ်မှတ်ခံရတာနဲ့ အတူတူပဲလေ"
"သူက နတ်ဘုရားစာရင်းထဲကို မရောက်သေးတာတောင် အလင်းဘီးကို ပိုင်ဆိုင်ထားရပြီ...သေမျိုးတွေကိုကူညီတာက သူ စိတ်သက်သာရာရဖို့အတွက်လို့ပဲ ငါ အစက တွေးထင်ထားခဲ့တာ...ဒီလိုအကျိုးကျေးဇူးမျိုးရှိနေမယ်လို့ ငါ မျှော်လင့်မထားမိဘူး"
ကျောင်းတော်တပည့်များသည် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်နေကြကာ လုယွီအပေါ်ထားရှိသည့် သူတို့၏အမြင် ချက်ချင်းဆိုသလိုပင် ပြောင်းလဲသွားသည်။
ယခင်က လုယွီ သေမျိုးများအားကယ်တင်ရန် ကြိုးပမ်းနေစဥ်တွင် သူတို့သည် စကားတစ်ခွန်းမျှမဆိုသော်လည်း သူသည် ခရေစေ့တွင်းကျလုပ်လွန်းသူဟု တွေးတောနေခဲ့သည်။
သို့ရာတွင် ယခုလက်ရှိချိန်၌ ဤသည်က သူတို့၏လျှစ်လျှူရှုတက်ခြင်းနှင့်အသိတရားခေါင်းပါးခြင်းသာဖြစ်ကြောင်း သူတို့အားလုံး သိရှိသွားလေပြီ။
ကျင့်ကြံသူများသည် များသောအားဖြင့် သူတို့အတွက် အကျိုးကျေးဇူးရရှိစေသောကိစ္စများကိုသာ လုပ်ဆောင်လေ့ရှိသည်။အမှန်အားဖြင့် လုယွီသည်လည်း ချွင်းချက်မဟုတ်ချေ။
အကယ်၍ တစ်စုံတစ်ယောက်သည် လူအများကိုကယ်တင်ပါက ကောင်းမှုကုသိုလ်စွမ်းအားများ ရရှိနိုင်သည်။ထို့ကြောင့် သူတို့သည် လွယ်ကူစွာကူညီနိုင်သောကိစ္စများနှင့် ကြုံတွေ့ရလျှင်အကျိုးကျေးဇူးလည်းရရှိနိုင်ပေရာ မည်သည်ကြောင့် မပြုလုပ်ဘဲ နေရမည်နည်း။
"လက်ထောက်ကျောင်းအုပ်ပိုင်မင်က ဒီနေရာကိုဝင်ဖို့ သူ့ကိုထောက်ခံပေးတာ အံ့အားသင့်စရာမရှိတော့ဘူး...အဲ့ဒီအချိန်တုန်းက ငါက သူ့ကို အဆက်အသွယ်နဲ့ဝင်လာတဲ့ကောင်ဆိုပြီး သဘောမကျခဲ့ဘူး...ဒါကိုကြည့်ရရင် ငါတို့က သူ့ကို ကောင်းကောင်းမသိခဲ့တဲ့ပုံပဲ"
ကျောင်းတော်တပည့်တစ်ယောက်က ညည်းတွားလိုက်၏။
Chapter 2517
လုယွီသည် သူ၏ရုပ်ခန္ဓာကိုယ်ခွန်အားသက်သက်ဖြင့် မြို့တစ်မြို့လုံးကိုမယူခဲ့ခြင်းဖြစ်သည်။
အသက်တစ်ရှိုက်စာအချိန်အတွင်းမှာပင် မြို့သည် နဝမလွှသွားစစ်သင်္ဘောဖြင့် နီးကပ်လာကာ နှစ်ဘက်အကြားရှိအကွာအဝေးသည် တစတစ ပို၍ကျဥ်းမြောင်းလာလေပြီ။
ဘုန်း...
ထိုအချိန်မှာပင် လုယွီ၏နောက်ရှိတောင်မှနေ၍ ကျယ်လောင်သောတုန်ခါသံကြီး မြည်ဟီးလာသည်။
မူလက ကျိုးဂိုဏ်း၏အကာအကွယ်ဝင်္ကပါတည်ရှိသောနေရာသည် မည်သည့်ထောက်ပံ့မှုမျှမရှိတော့သဖြင့် အလွန်အားပျော့သွားခဲ့သည်။
ဆုတ်ယုတ်ခြင်းရေမှ ဧရာမလှိုင်းလုံးကြီးများ၏သက်ရောက်မှုကြောင့် မူလကတည်းက ပြိုလဲလုဆဲဆဲဖြစ်နေသော ကျိုးဂိုဏ်းအကာအကွယ်ဝင်္ကပါသည် ထပ်မံ၍တောင့်မခံနိုင်တော့ဘဲ အစိတ်စိတ်အမွှာမွှာ ကြေမွှပျက်စီးသွားတော့သည်။
ကျိုးဂိုဏ်းသည်လည်း တလိမ့်လိမ့်တက်နေသော လှိုင်းလုံးကြီး၏ရိုက်ခတ်ခြင်းကိုခံရကာ ဂိုဏ်းအတွင်းရှိ မြောက်မြားစွာသော ကြီးကျယ်ခမ်းနားသည့်အဆောက်အအုံများအားလုံး ရေအောက်သို့ဆွဲချသွားခြင်း ခံလိုက်ရ၏။
နဝမလွှသွားသင်္ဘောပေါ်တွင်ရှိနေသည့် လွတ်မြောက်လာသောကျင့်ကြံသူများသည် ထိုမြင်ကွင်းကိုမြင်တွေ့ချိန်တွင် သူတို့၏မျက်နှာများ ဖြူရော်သွားသည်။
အကယ်၍ သူတို့သာ ခြေတစ်လှမ်းနောက်ကျခဲ့ပါက သူတို့အားလုံး ပင်လယ်ရေအောက်သို့ နစ်မြုပ်သွားပြီးဖြစ်ပေမည်။
"လှိုင်းလုံးကြီးတွေ ထပ်လာနေပြီ"
တစ်စုံတစ်ယောက်က ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
ထိုလှိုင်းလုံးကြီးများသည် မိုးကောင်းကင်ယံရှိ တိမ်စိုင်များကိုပင် ထိလုမတက်မြင့်မားကာ လောကကြီးအတွင်းရှိအရာရာတိုင်းကို ဖျက်ဆီးတော့မည့်ပုံပင်။
လုယွီသည် သူ၏နောက်မှတိုးဝင်လာသော ခြိမ်းခြောက်နိုင်မှုအငွေ့အသက်ကို ခံစားမိလေ၏။သူက ထိတ်လန့်ကြောက်ရွံသွားခြင်း မရှိချေ။သူက နဝမလွှသွားစစ်သင်္ဘောထံ လက်ညှိုးညွှန်၍ အသံနက်ကြီးဖြင့် အော်ဟစ်လိုက်သည်။
"လာစမ်း"
ဝုန်း...
စစ်သင်္ဘော၏နံဘေးနှစ်ဘက်လုံးမှ အပေါက်ငယ်အမြောက်အများရုတ်တရက်ပွင့်လာကာ အနက်ရောင်သံကြိုးကြီးများ ပျံဝဲလာပြီး မြို့ရို့များအောက်ခြေရှိမြေပြင်ကို တင်းတင်းကြပ်ကြပ် ရစ်ပတ်သွားသည်။
သေမျိုးမြို့သည် ပြင်းပြင်းထန်ထန် တုန်ခါသွားလေ၏။ထို့နောက် ချက်ချင်းဆိုသလိုပင် မြို့တစ်မြို့လုံး၏အောက်ခြေရှိမြေပြင်သည် စစ်သင်္ဘော၏ဆွဲယူခြင်းကိုခံရကာ လေထုအတွင်းသို့ အလျှင်အမြန် မြောက်တက်သွားတော့သည်။
"ဒါဆိုရင် ဒါက သူ့ရဲ့အကြံအစည်ပေါ့...စစ်တပ်တစ်တပ် ချီတက်တဲ့အချိန်ကျရင် အရင်ဆုံးအနေနဲ့ သံကြိုးတွေကိုအသုံးပြုပြီးတော့ စစ်သင်္ဘောတွေကို ချိတ်ဆက်ထားမယ်...နဝမလွှသွားစစ်သင်္ဘောနဲ့ တခြားစစ်သင်္ဘောတွေအားလုံးကို သံကြိုးတွေနဲ့ တွဲဆက်ချည်နှောင်ထားတယ်...ဒါကြောင့် စစ်တပ်တစ်ခုလုံးရွေ့လျားတဲ့အချိန်မှာ အရှိန်ကုန်မြှင့်ပြီး သွားလာနိုင်တယ်...စစ်သင်္ဘောတွေ တကွဲတပြားစီဖြစ်သွားမှာကို စိုးရိမ်ပူပန်စရာမလိုတော့ဘူး"
ချိုင်လုံချင်းက ချက်ချင်းဆိုသလိုပင် လုယွီ၏အစီအစဥ်ကို နားလည်သဘောပေါက်သွားသည်။
လုယွီက နောက်သို့ပြန့်လှည့်ကာ ကုန်းပတ်ပေါ်သို့ ခုန်တက်လိုက်၏။ထို့နောက် သူ၏လက်ချောင်းထိပ်၌ ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာသည်။
ထိုအလင်းရောင်ကို မင်အဖြစ်အသုံးပြု၍ လုယွီက လေဟာနယ်အတွင်း၌ 'လွတ်မြောက်ခြင်း'ဟူသောစာလုံးကို ရေးသားလိုက်သည်။
ဝုန်း....ဝုန်း...ဝုန်း...
နဝမလွှသွားစစ်သင်္ဘောကြီး ရုတ်တရက် တုန်ခါသွားသည်။ထို့နောက် စစ်သင်္ဘောကြီး၏အရှိန်နှုန်း ရုတ်တရက်မြင့်တက်သွားကာ အဝေးရှိလေဟာနယ်အတွင်းသို့ တဟုန်ထိုးပြေးထွက်သွားတော့သည်။
ရုတ်ချည်းဆိုသလိုပင် နဝမလွှသွားစစ်သင်္ဘောသည် အနီးပတ်ဝန်းကျင်ရှိ ရေလှိုင်းများကို လွတ်လွတ်ကျွတ်ကျွတ် ရှောင်ရှားနိုင်ခဲ့လေ၏။
မကြာမီမှာပင် နဝမလွှသွားစစ်သင်္ဘောကြီးသည် ကျင့်ကြံသူများနှင့်သေမျိုးအမြောက်အများ အကူအညီတောင်းခံနေသောနေရာသို့ ရောက်ရှိသွားသည်။
လုယွီသည် မည်သူတစ်ဦးတစ်ယောက်ကိုမျှ မငြင်းဆန်ခဲ့ချေ။သူ ကယ်တင်ပေးနိုင်သရွေ့ မည်သူကိုမဆို ကူညီပေးခဲ့သည်။
အချိန်တိုအတွင်းမှာပင် နဝမလွှသွားစစ်သင်္ဘောပေါ်၌ သိန်းနှင့်ချီသောကျင့်ကြံသူများနှင့် သန်းဆယ်ချီသောသေမျိုးများကို ကယ်တင်ပြီးလေပြီ။
မြောက်မြားစွာသောလူများသည် သေခြင်းတရားနှင့်ရင်ဆိုင်ရချိန်တွင် စိတ်ဓာတ်ကျဆင်းနေကြ၏။လုယွီသည် သူတို့အားကယ်တင်လိုက်စဥ်မှစ၍ သူတို့၏စိတ်နှလုံးသားများအတွင်းတွင် သူ့ကို အစစ်အမှန်နတ်ဘုရားအဖြစ်သတ်မှတ်ကာ အလွန်အမင်း ကျေးဇူးတင်နေကြသည်။
ဤအချိန်အခိုက်အတန့်တွင် လုယွီ၏ကောင်းမှုကုသိုလ်စွမ်းအားများ အဆများစွာ မြင့်တက်လာခဲ့သည်။အစစ်အမှန်နတ်ဘုရားတချို့ပင်လျှင် သူ့အား အမှီလိုက်နိုင်မည်မဟုတ်ချေ။
"ဟောင်တုနတ်ဘုရားမကြွေလွင့်သွားတာ အချိန်အတော်ကြာနေပြီ...လက်ရှိနတ်ဘုရားကုန်းမြေမှာ လုယွီက နတ်ဘုရားတစ်ပါးဖြစ်သွားပြီလို့ ငါ ထင်တယ်"
"ဒီလိုကျင့်ကြံနည်းစနစ်မျိုးကို ငါ အရင်က တစ်ခါမှ မမြင်တွေ့ခဲ့ဖူးဘူး...ကြည့်ရတာတော့ နောင်အနာဂတ်မှာ ငါက အခွင့်အရေးရှာပြီးတော့ သေမျိုးတွေကို ကူညီရမယ့်ပုံပဲ"
"သူ ခုဏက အသုံးပြုသွားတဲ့နည်းလမ်းက ကွန်ဖြူးရှပ်ကျင့်ကြံနည်းစနစ်နဲ့တူတာကို မင်းတို့အားလုံး သတိပြုမိကြလား"
ကျောင်းတော်တပည့်တစ်ယောက်က ပြောဆိုသည်။
ကျောင်းတော်တပည့်များအားလုံးက လုယွီသည် သူ၏လက်ချောင်းမှအလင်းတန်းများကို မင်အဖြစ်အသုံးပြုခဲ့ခြင်းကို အမှတ်ရသွားသည်။သူသည် လေဟာနယ်အတွင်း၌ မှော်စာလုံးတချို့ရေး၍ စစ်သင်္ဘောကြီး၏အရှိန်ကိုမြှင့်တင်ခဲ့သည်။
ဤကဲ့သို့နည်းစနစ်မျိုးကို များသောအားဖြင့် ကွန်ဖြူးရှပ်ပညာရှင်များသာ အသုံးပြုနိုင်သည်။
ကွန်ဖြူးရှပ်ပညာရှင်များသည် ကျင့်ကြံသူများဖြစ်ရုံသာမက ကဗျာစာပေကျမ်းဂန်များကိုတတ်ကျွမ်းသော ကျောင်းတော်သားများလည်းဖြစ်ပေ၏။သူတို့သည် မှော်နည်းစနစ်များကို အသုံးပြုချိန်တွင် သူတို့၏မှော်စွမ်းအားများသည် ကြီးကျယ််ခမ်းနားသောအရှိန်အဝါနှင့်အတူ မှော်စာလုံးများအဖြစ် သိပ်သည်းသွားသည်။
ရှေးဟောင်းအလယ်ခေတ်အတွင်းမှ ကွန်ဖြူးရှပ်ပညာရှင်များသည် သူတို့၏လက်မှစုတ်တံဖြင့် ရန်သူများကို သတ်ဖြတ်နိုင်စွမ်းရှိသည်။သူတို့သည် ကျယ်လောင်စွာ တစ်ချက်အော်ငေါက်လိုက်ရုံဖြင့် ကြီးကျယ်ခမ်းနားသောအရှိန်အဝါကိုအသုံးပြုကာ တစ်ဖက်လူများကို သေလုမတတ်ထိတ်လန့်ကြောက်ရွံစေသည်။ထို့ကြောင့် ကွန်ဖြူးရှပ်ပညာရှင်များ၏စွမ်းအားကို လျှော့တွက်၍မရချေ။
Chapter 2518
သို့ရာတွင် ရှေးဟောင်းအလယ်ခေတ်မှ ယခုချိန်ထိတိုင် ကျင့်ကြံသူများသည် ကျင့်ကြံနည်းစနစ်တစ်ခုကို ကျင့်ကြံပြီးသည့်တိုင် သူတို့နှင့်သင့်လျော်သော ကျင့်ကြံနည်းစနစ်ကို ထပ်မံ၍တွေ့ရှိပါက ကျင့်ကြံကြသည်ပင်။
ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်တွင် ကွန်ဖြူးရှပ်ပညာရှင်အမြောက်အများရှိသော်လည်း သန့်စင်သောကွန်ဖြူးရှပ်တာအိုကျင့်ကြံသူများမဟုတ်ချေ။
တချို့ကျင့်ကြံသူများသည် ကွန်ဖြူးရှပ်တာအိုကျင့်ကြံနည်းစနစ်များနှင့် ဗုဒ္ဓကျင့်ကြံနည်းစနစ်များ ယင်ယန်ကျင့်ကြံနည်းစနစ်များ ဆေးပညာတာအိုအစရှိသည်တို့ကို တွဲဖက်၍ကျင့်ကြံကြ၏။တချို့ကွန်ဖြူးရှပ်ပညာရှင်များသည် ရုပ်ခန္ဓာကိုယ်ကိုလည်း ကျင့်ကြံကြသည်။ထိုရုပ်ခန္ဓာကိုယ်ကျင့်ကြံသူအများစုသည် တခြားသူများနှင့်တိုက်ခိုက်စဥ်တွင် သူတို့၏ကျောင်းတော်သားဝတ်စုံများကို ဆုတ်ဖြဲပစ်ကာ မျက်နှာပြောင်တိုက်၍ တိုက်ပွဲဆင်နွှဲလေ့ရှိသည်။
ထို့ကြောင့် လုယွီသည် ကွန်ဖြူးရှပ်တာအိုကျင့်ကြံနည်းစနစ်ကို အသုံးပြုခဲ့သည်မှာ ထူးဆန်းသောကိစ္စတစ်ရပ်မဟုတ်ချေ။
သို့ရာတွင် အံ့အားသင့်တုန်လှုပ်ဖွယ်ကောင်းသည်မှာ လုယွီသည် အစောပိုင်းကလှုပ်ရှားမှုကို အလွန်ချောမွေ့စွာ အသုံးပြုသွားသည်ကို ကြည့်ခြင်းအားဖြင့် ကွန်ဖြုူးရှပ်တာအိုတွင် ကြီးမားသောအောင်မြင်မှုမျိုးရရှိထားသည်မှာ သိသာထင်ရှားလှ၏။
ကျောင်းတော်တပည့်များအားလုံး စိတ်ခံစားချက်များဖြင့် ပြည့်နှက်နေကာ သက်ပြင်းရှိုက်နေကြသည်။ထိုအချိန်မှာပင် ကုန်းပတ်ပေါ်ရှိ လူအုပ်ကြီးအကြားမှနေ၍ ဆူညံသံတစ်သံထွက်ပေါ်လာသည်။
"ထွက်သွားစမ်း...ငါ ဒီနေရာကို ယူလိုက်ပြီ"
"ငါက မင်းကို ဘာလို့ ဒီနေရာပေးရမှာလဲ...ဒါက အစကတည်းက ငါ့နေရာလေ"
"မင်းလို စိတ်ဝိညာဥ်နယ်ပယ်ကျင့်ကြံသူလေးကများ...မင်းက ငါ့ရဲ့ဖိနပ်ကိုကိုင်ပေးဖို့တောင် အရည်အချင်းမမီဘူး...ဒီနေရာက မြန်မြန်ထွက်သွားစမ်း"
မောက်မာဝံ့ကြွားသောအသံတစ်သံနှင့်အတူ ထိုနေရာတစ်ဝိုက်တွင်ရှိနေသော ကျင့်ကြံသူများ ရုန်းရင်းဆန်ခတ်ဖြစ်နေကြလေ၏။
ချိုင်လုံရှင်းက သင်္ဘောလက်ရမ်းကိုလက်နှင့်ပုတ်၍ ဒေါသတကြီးအော်ဟစ်လိုက်သည်။
"မင်းတို့ ဘာလုပ်နေကြတာလဲ...ငြိမ်ငြိမ်သက်သက် နေကြစမ်း"
သူသည် မင်းသားတစ်ပါးဖြစ်ပြီး တော်ဝင်မိသားစု၏မြေတောင်မြှောက်ခြင်းဖြင့် ကြီးပြင်းခဲ့ရသူဖြစ်သည်။သူ၏လှုပ်ရှားမှုတိုင်းတွင် ဘုရင်တစ်ပါး၏အရှိန်အဝါမျိုးရှိနေကာ လွှမ်းမိုးချုပ်ကိုင်နိုင်သောအပြုအမူမျိုးကို ပိုင်ဆိုင်ထားသည်။
သူ၏ဒေါသတကြီးအော်ငေါက်သံက ရုန်းရင်းဆန်ခတ်ဖြစ်နေသော ကျင့်ကြံသူများအားလုံးကို တိတ်ဆိတ်ငြိမ်သက်သွားစေသည်။
လီစစ်က တည်ကြည်လေးနက်သောအသံဖြင့် ပြောဆိုလေ၏။
"ဒီလိုသေရေးရှင်ရေးအချိန်အခိုက်အတန့်မျိုးမှာ...ငါတို့က အတူတူပူးပေါင်းပြီး ငြိမ်းငြိမ်းချမ်းချမ်းနေရမှာလေ...ဘာလို့ မင်းတို့က အငြင်းပွါးနေတာလဲ"
ပတ်ဝန်းကျင်ရှိကျင့်ကြံသူများအားလုံး နံဘေးသို့ရှောင်ခွါသွားကာ အငြင်းပွါးနေသူနှစ်ယောက် ထွက်ပေါ်လာသည်။
ထိုလူနှစ်ယောက်မှတစ်ယောက်သည် ဆံပင်ဖြူနေသောအဖိုးကြီးတစ်ယောက်ဖြစ်ကာ လီစစ်ကိုမြင်ချိန်တွင် ပျာပျာသလဲပြောဆိုသည်။
"ကျေးဇူးပြုပြီး သူတော်စင်သံတမန်က ဆုံးဖြတ်ပေးပါ...ဒီနေရာမှာ ကျွန်တော် အရင်ကတည်းက အနားယူနေခဲ့တာ...ဒါပေမယ့် လူတစ်ယောက်က ဒီနေရာကျယ်ဝန်းတာကိုမြင်ပြီးတော့ ကျွန်တော်ကို နံဘေးတွန်းထုတ်ချင်ခဲ့တယ်...ကျွန်တော်က ဒဏ်ရာရထားတဲ့အတွက် အင်အားပြန်ဖြည့်တင်းဖို့ နေရာလိုအပ်နေတယ်...ပြီးတော့ ကျွန်တော်က ဒီနေရာကိုအရင်ရောက်ပြီးတော့ သူက နောက်မှရောက်တာလေ...ဘာလို့ သူက ကျွန်တော်ကို တွန်းထုတ်နေရတာလဲ"
"အောက်ဘုံက ပုရွက်ဆိတ်တစ်ကောင်ကများ...နေရာတစ်နေရာအတွက်နဲ့ ငါ့ကိုလာပြီးငြင်းခုံဝံ့တယ်...တော်တော်မောက်မာပြီးတော့ အကြောက်အလန့်မရှိတဲ့ကောင်ပဲ"
ထိုစကားပြောဆိုလိုက်သောအသံကို သူတို့အားလုံး အလွန်အမင်း ရင်းနှီးကျွမ်းဝင်နေသည်။ကျောင်းတော်တပည့်များအားလုံး အသိဝင်လာကြကာ လူအုပ်ကြီး၏နောက်သို့ အပြေးသွားလိုက်ကြ၏။
ယခင်ကပျောက်ဆုံးနေခဲ့သော ထျန်းသခင်လေးကို သူတို့က ထိုနေရာ၌ မြင်တွေ့လိုက်ရသည်။
ထျန်းသခင်လေးကိုကြည့်ရသည်မှာ အလှည့်အပြောင်းများစွာကို ရင်ဆိုင်ခဲ့ရပုံပင်။သူ၏ခန္ဓာကိုယ်ပေါ်ရှိ ပိုးထည်ဝတ်စုံသည် မှော်ရတနာတစ်ခုဖြစ်သော်လည်း ဟောင်းနွမ်းစုတ်ပြတ်နေလေပြီ။သူ၏မျက်နှာတွင်လည်း ဖုန်မှုန့်များအလိမ်းလိမ်းကပ်နေကာ ယခင်က သူ၏ပုံပန်းသွင်ပြင်မျိုး မရှိတော့ချေ။
ထျန်းသခင်လေးကိုမြင်တွေ့ချိန်တွင် ကျောင်းတော်တပည့်များက ဒေါသထွက်သွားကြသည်။
ထိုအချိန်တုန်းက ကျောင်းတော်တပည့်များကို နတ်ဆိုးသားရဲတပ်မှူးများက ဝိုင်းရံတိုက်ခိုက်နေစဥ်တွင် ထျန်းသခင်လေးနှင့်ချင်းဖုန်သည် ကိုယ်လွတ်ရုန်း၍ ထွက်ပြေးသွားကြ၏။
ထိုကဲ့သို့အခြေအနေမျိုးတွင် အကယ်၍ လူတစ်ယောက်ပိုရှိပါက ကျောင်းတော်တပည့်များအားလုံး အသက်ရှင်သန်နိုင်သောမျှော်လင့်ချက် ပို၍မြင့်တက်နေပေမည်။ထျန်းသခင်လေးနှင့်ချင်းဖုန်တို့ ကိုယ်လွတ်ရုန်း၍ ထွက်ပြေးသွားသည်မှာ တခြားတပည့်များကို သေတွင်းသို့တွန်းပို့ခဲ့ခြင်းဖြစ်ကြောင်း သံသယဖြစ်ဖွယ်မရှိချေ။
ချင်းဖုန် သေဆုံးသွားလေပြီ။ထို့ကြောင့် မည်သူကမျှ သူ့အား စွပ်စွဲပြစ်တင်၍ မရတော့ချေ။ကျောင်းတော်တပည့်များ၏နာကျည်းမုန်းတီးမှုများသည် ထျန်းသခင်လေးထံသို့သာ စုပြုံ၍ကျရောက်သွားပေ၏။
ထျန်းသခင်လေး ထွက်လာဝံ့သည်ကိုကြည့်ပြီး ကျောင်းတော်တပည့်တစ်ယောက်က ဒေါသတကြီးအော်ငေါက်လိုက်သည်။
"မင်း....ထျန်းမျိုးရိုးနဲ့ကောင် မင်းက ထွက်လာဝံ့မှတော့....ဒီနေ့ ငါ မင်းကိုသတ်ပြီး လက်စားချေမယ်"
စကားဆုံးသည်နှင့် ထိုတပည့်သည် ထျန်းသခင်လေးအား သတ်ဖြတ်ရန်ရည်ရွယ််၍ သူ၏ဓားကို ဆွဲထုတ်လေသည်။
"အကိုကျန်း...မလုပ်နဲ့"
"ဘယ်လိုပဲဖြစ်ဖြစ် သူက လက်ထောက်ကျောင်းအုပ်ထျန်းရဲ့တူ...မင်း မဆင်မခြင်မလုပ်သင့်ဘူး"
တခြားတပည့်များသည်လည်း ထျန်းသခင်လေးကို အလွန်အမင်း ဒေါသထွက်နေကြ၏။သို့ရာတွင် အကယ်၍ သူတို့သည် ထျန်းသခင်လေးကို ဤနေရာတွင်သတ်ဖြတ်လိုက်ပါက လက်ထောက်ကျောင်းအုပ်ထျန်းပိုယန်သည် သူတို့အား အလွတ်မပေးမည်ကို ကောင်းစွာနားလည်ထားသည်။
ထျန်းသခင်လေးသည် ကျောင်းတော်အတွင်း၌ မောက်မာဝံ့ကြွားစွာ ပြုမူနေခြင်းမှာ သူ၏ဦးလေးသည် လက်ထောက်ကျောင်းအုပ်တစ်ယောက် ဖြစ်နေသောကြောင့်ပင်။
သူ့အား မုန်းတီးနေသော ကျောင်းတော်တပည့်အမြောက်အများရှိသော်လည်း ထိုအချက်ကြောင့် သူတို့ လုပ်ဆောင်နိုင်သောအရာမရှိခဲ့ချေ။
Chapter 2519
ထျန်းသခင်လေးသည် ကျောင်းတော်မှတခြားတပည့်များကိုမြင်တွေ့ချိန်တွင် သူက ကူကယ်ရာမဲ့စွာဖြင့် အနည်းငယ်ထိတ်လန့်တုန်လှုပ်သွားသည်။
သူသည် ဖူချန်ချင်း သူ့အားရှာတွေ့သွားမည်ကို စိုးရိမ်ပူပန်နေသဖြင့် ဂိုဏ်းငယ်တစ်ခုအတွင်း၌ပုန်းအောင်းကာ တံခါးပိတ်ကျင့်ကြံနေခဲ့သည်။
နောက်ပိုင်းတွင် နတ်ဘုရားကုန်းမြေတစ်ခုလုံးသည် တုန်လှုပ်ချောက်ချားဖွယ်အပြောင်းအလဲများနှင့် ရင်ဆိုင်ခဲ့ရကာ သဘာဝဘေးအန္တရာယ်များက နေရာအနှံ့အပြား၌ ပြည့်နှက်နေသည်။
ထိုကဲ့သို့အချိန်မျိုးတွင် အကယ်၍ သူသည် ဂိုဏ်းငယ်လေးအတွင်း၌ ထပ်မံ၍ပုန်းအောင်းနေပါက သူ အဆုံးသတ်ကောင်းနှင့် ရင်ဆိုင်ကြုံတွေ့ရမည်မဟုတ်ချေ။
ထို့ကြောင့် ထျန်းသခင်လေးသည် သူ ပုန်းအောင်းနေသောနေရာမှထွက်ခွါကာ လမ်းတလျှောက်လုံး၌ သဘာဝဘေးအန္တရာယ်များကို ရှောင်တိမ်းခဲ့ရသည်။
ကံကောင်းထောက်မစွာဖြင့် သူ့ထံတွင် အကာအကွယ်အမြောက်အများ ကျန်ရှိနေလေ၏။ထို့ကြောင့် သူသည် လမ်းတလျှောက်တွင် သဘာဝဘေးအန္တရာယ်အမြောက်အများနှင့် ရင်ဆိုင်ခဲ့ရသော်လည်း သူ၏အသက်ဆုံးရှုံးသွားခဲ့ခြင်းမရှိချေ။
ဤှကဲ့သို့ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်မှာ ကောင်းကင်ယံ၌ ပျံသန်းနေသော ဧရာမစစ်သင်္ဘောကြီးကို တွေ့မြင်ခဲ့သည့်အချိန်ထိပင်။
ထျန်းသခင်လေးက ဤစစ်သင်္ဘောသည် တာယွီအင်ပါယာမှ ကယ်ဆယ်ရန်အတွက် စေလွှတ်လိုက်ခြင်းဖြစ်သည်ဟု တွေးတောမိကာ အလျင်စလို ပြေးတက်လိုက်၏။
သူသည် သာမာန်အချိန်မျိုးတွင် အလွန်မောက်မာဝံ့ကြွားသူဖြစ်သဖြင့် စစ်သင်္ဘောပေါ်၌ လူအမြောက်အများပြွတ်သိပ်နေခြင်းကိုမြင်ချိန်တွင် အနည်းငယ်စိတ်မကျေမနပ်ဖြစ်သွားသည်။ကျင့်ကြံသူအများစုသည် သူတို့၏အသက်ရှင်သန်ရုံဖြင့် စိတ်ကျေနပ်သွားကြသော်လည်း ထျန်းသခင်လေးသည် ထိုကိစ္စကို သည်းခံနိုင်ခြင်းမရှိချေ။
ထို့ကြောင့် ကျယ်ဝန်းသောနေရာတစ်နေရာကိုတွေ့ချိန်တွင် ထျန်းသခင်လေးသည် ထိုလူများကိုမောင်းထုတ်ရန် ကြံရွယ်လိုက်၏။သို့ရာတွင် မမျှော်လင့်ဘဲ သူသည် တခြားကျင့်ကြံသူများနှင့် ရုန်းရင်းဆန်ခတ်ဖြစ်သွားခဲ့သည်။
"မျှော်လင့်ထားသလိုပဲ စိတ်ပျက်ဖို့ကောင်းတဲ့ကောင်ပဲ...ဒီကောင်ကတော့ ဘယ်နေရာကိုသွားသွား အတူတူပဲဖြစ်နေမှာ"
အစောပိုင်းက အကိုကျန်းဆိုသောတပည့်ကို ဟန့်တားလိုက်သောကျောင်းတော်တပည့်က ပြောဆိုသည်။
သူတို့အားလုံးသည် စီနီယာတပည့်များပင်။ထျန်းသခင်လေး၏နောက်ခံအဆင့်အတန်းကြောင့် သာမာန်အခြေအနေမျိုးတွင် သူ လွန်ကျုးနေသည့်တိုင် မည်သူကမျှ စကားအပိုပြောဆိုခြင်းမပြုချေ။
သို့ရာတွင် ယခုချိန်၌ ထျန်းသခင်လေးသည် သူတို့အားလုံး၏အောက်ခြေစည်းကို ထိတွေ့ခဲ့လေ၏။
မည်သူကမျှ သူ၏နောက်ခံအဆင့်အတန်းကို ထည့်သွင်းစဥ်းစားခြင်းမပြုတော့ဘဲ စတင်၍ကျိန်ဆဲနေကြတော့သည်။
"မင်းတို့ ငါ့ကို နားလည်မှုလွဲနေကြပြီ...အဲ့ဒီအချိန်တုန်းက ငါ့ကို ချင်းဖုန်က ဆွဲခေါ်သွားခဲ့တာ...ငါက မင်းတို့ကိုကူညီချင်ပေမယ့် ချင်းဖုန်ရဲ့ခွန်အားက ငါ့ထက်သာနေတော့ ငါ ဘာမှမတက်နိုင်ခဲ့ဘူး...ငါလည်း သူ့ရဲ့လုပ်ရပ်ကို သဘောမကျပါဘူး"
ထျန်းသခင်လေးက သူ့ကိုယ်သူ ခုခံပြောဆိုသည်။
တခြားတပည့်များ၏စိတ်နှလုံးသားများအတွင်း၌ ထျန်းသခင်လေးကို ရွံရှာစက်ဆုပ်မှုများဖြင့် ပြည့်နှက်နေသည်။ဤကဲ့သို့အရှက်ကင်းမဲ့သောလူစားမျိုး ကျောင်းတော်တွင်ရှိနေမည်ဟု သူတို့အားလုံး မျှော်လင့်မထားမိချေ။
အကယ်၍ ထျန်းသခင်လေးထံသာ ထွက်ပြေးသွားရန် အစီအစဥ်ရှိမနေပါက ချင်းဖုန်သည် သူ့အား အတင်းအကြပ်ဖိအားပေးနိုင်မည်မဟုတ်ပေ။
ကျောင်းတော်တပည့်တစ်ယောက်က သရော်တော်တော် ပြောဆိုလိုက်၏။
"ဘာလဲ...ချင်းဖုန်က မင်းကိုဖိအားပေးပြီး ဆွဲခေါ်သွားခဲ့တာလား...ဟား ဟား ဟား...ဒါက အလိမ်အညာတစ်ခုဆိုတာ ငါတို့ မသိဘူးလို့ မင်း ထင်နေတာလား"
"မင်းတို့ ဒါကိုမယုံရင် ချင်းဖုန်ကို သွားမေးကြလေ...ဘယ်လိုပဲဖြစ်ဖြစ် ဒါက ငါနဲ့ ဘာမှမဆိုင်ဘူး"
ထျန်းသခင်လေးက ပြောဆိုသည်။
"ထွီ...ချင်းဖုန်က သေသွားပြီ...ငါတို့က သူ့ကို ဘယ်နေရာသွားရှာရမှာလဲ"
ကျောင်းတော်တပည့်တစ်ယောက်က ဒေါသတကြီး အော်ငေါက်လိုက်သည်။
ထျန်းသခင်လေးက သူ၏ပခုံးကိုတွန့်၍ ပြောဆိုသည်။
"ဒါဆိုလည်း ငါ ဘာမှမတက်နိုင်ဘူးလေ....ဘယ်လိုပဲဖြစ်ဖြစ် ဒီကိစ္စတွေကို အစကနေအဆုံးထိ ချင်းဖုန်လုပ်ခဲ့တာ...ငါက ဖိအားပေးခံရတဲ့သူပဲ"
ကျောင်းတော်တပည့်များသည် သူတို့၏အဆုတ်များကွဲလုမတက် ဒေါသထွက်နေသည်။ဤထျန်းသခင်လေး အရှက်မဲ့သည်မှာ ကမ်းကုန်နေလေပြီ။
"စကားအများကြီးမပြောကြနဲ့တော့...မင်း ဘုရားကျောင်းထဲမှာရလာတဲ့ဒိုင်းကို လက်လွှဲပေးစမ်း"
လီစစ်က အလေးအနက်ထားသောလေသံဖြင့် ပြောဆိုလိုက်၏။
ထိုစကားကိုကြားချိန်တွင် ထျန်းသခင်လေး၏မျက်နှာပေါ်၌ သတိကြီးစွာထားသောအမူအယာမျိုး ထင်ဟပ်လာသည်။
"လီစစ်...ငါက မင်းကို မျှတပြီးတော့ဖြောင့်မတ်မှန်ကန်တဲ့သူလို့ အမြဲတမ်းတွေးထင်ထားခဲ့တာ...မင်းက ငါ့ရဲ့မှော်လက်နက်ကို လိုချင်နေမယ်လို့ ငါ ထင်မထားမိဘူး"
တခြားတပည့်များက အေးစက်စက် နှာမှုတ်လိုက်ကြသည်။ဤသည်က စက်ဆုပ်ရွံရှာဖွယ်ကောင်းသော လူတစ်ယောက်သည် သူ၏စိတ်နှလုံးသားဖြင့် ဖြောင့်မတ်မှန်ကန်သူတစ်ယောက်ကို တိုင်းတာခြင်းပင်။
"အရူး...လုယွီက အစကတည်းက ဒီမှော်ရတနာတွေကိုဖျက်ဆီးပစ်ဖို့ ငါတို့အားလုံးကို အသံသတင်းစကားပို့ထားတယ်...အဲ့ဒီမှော်ရတနာတွေထဲမှာ စိတ်ဝိညာဥ်တွေ ပုန်းအောင်းနေတာ...တကယ်လို့ တစ်ယောက်ယောက်က သတိလက်လွတ်နေမယ်ဆိုရင် အဲ့ဒီစိတ်ဝိညာဥ်တွေက သူ့ရဲ့ခန္ဓာကိုယ်ကို အပိုင်စီးသွားလိမ့်မယ်...စီနီယာအကိုလီစစ်က မင်းကိုကယ်တင်ဖို့ ကြိုးစားနေတာ...ကျေးဇူးမကန်းစမ်းနဲ့"
ကျောင်းတော်တပည့်များအနက်မှတစ်ယောက်က ခက်ထန်တင်းမာစွာ အော်ငေါက်လိုက်၏။
ထျန်းသခင်လေးက အချိန်တခဏကြာတွေဝေတုံ့ဆိုင်းနေပြီးမှ ပြောဆိုသည်။
"သူတို့ပြောတာ အမှန်ပဲလား"
"အမှန်ပဲ...အဲ့ဒီမှော်ရတနာတွေထဲမှာ စိတ်ဝိညာဥ်တွေပုန်းအောင်းနေတယ်...တကယ်လို့ မင်းရဲ့ခန္ဓာကိုယ်ကို အပိုင်စီးတာမခံချင်ဘူးဆိုရင် အဲ့ဒီမှော်ရတနာကို မြန်မြန်ထုတ်ပေးတော့...အဲ့ဒီစိတ်ဝိညာဥ်တွေက လှုပ်ရှားဖို့အတွက် အခွင့်ကောင်းကိုစောင့်နေတာ...အခုချိန်မှာ ငါတို့ကအမှန်ကိုသိသွားပြီဆိုမှတော့ သူက မကြာခင်မှာပဲလှုပ်ရှားလာမှာကို ငါ စိုးရိမ်မိတယ်"
လီစစ်က ပြောဆိုသည်။
Chapter 2520
ထျန်းသခင်လေးက အံ့အားသင့်သွားပြီးနောက် သူက တစ်စုံတစ်ခုကို တွေးတောမိသွားပုံဖြင့် သူသိသည်ဟုအဓိပ္ပါယ်သက်ရောက်သည့် အမူအယာမျိုး သူ၏မျက်နှာပေါ်၌ ထွက်ပေါ်လာသည်။
"လီစစ်...လီစစ်...ငါ့ကိုငတုံးတစ်ကောင်လို့ မင်းထင်နေတာလား...တကယ်လို့ ဒီမှော်ရတနာတွေထဲမှာ စိတ်ဝိညာဥ်တွေပုန်းအောင်းနေတယ်ဆိုရင်...အဲ့ဒီဟာတွေကို စပြီးရကတည်းက မင်းတို့ဘာလို့မဖျက်ဆီးခဲ့တာလဲ....ဒါပေမယ့် အခုချိန်ကျမှ ငါ့ရဲ့မှော်ရတနာကိုဖျက်ဆီးပစ်ဖို့ မင်းက လာပြောနေတယ်"
ထျန်းသခင်လေးသည် လျှို့ဝှက်ချက်တစ်ခုကို ရှာဖွေဖော်ထုတ်နိုင်ခဲ့ပုံဖြင့် သူ၏မျက်နှာပေါ်၌ ဂုဏ်ယူဝင့်ကြွားမှုများဖြင့် ပြည့်နှက်နေသည်။
လီစစ်က မျက်မှောင်ကြုတ်လိုက်၏။
"ငါ ဒါကိုအရင်က မသိခဲ့ဘူး...လုယွီ အရင်ဆုံး ရှာဖွေဖော်ထုတ်နိုင်ခဲ့တာ...အဲ့ဒီကျမှ ငါလည်း သတိပြုမိတာပဲ"
"ဟား...ဟား...ဟား...ဟား"
ထျန်းသခင်လေးက အလွန်ရယ်ရွှင်ဖွယ်ကောင်းသော ဟာသပြက်လုံးတစ်ခုကိုကြားလိုက်ရသည့်အလား ကျယ်လောင်စွာအော်ဟစ်ရယ်မော၍ ပြောဆိုသည်။
"လီစစ်...တကယ်လို့ မင်း ငါ့ကို လိမ်ချင်တယ်ဆိုရင်...အနည်းဆုံးတော့ ဒီထက်ယုတ္တိရှိတဲ့အကြောင်းပြချက်မျိုးရှာသင့်တယ်...မင်းက ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်မှာ အချိန်အတော်ကြာ နာမည်ကျော်ကြားခဲ့တဲ့ စီနီယာတပည့်လို့ ယူဆလို့ရတယ်...တကယ်လို့ ဒီကိစ္စကို မင်း ရှာတွေ့ခဲ့တယ်ဆိုရင် ငါ ယုံကောင်းယုံမိမယ်...ဒါပေမယ့် လုယွီဆိုတဲ့ကောင်စုတ်လေးက ခုလတ်တလောမှ ကျောင်းတော်ကိုဝင်ရောက်လာပြီးတော့ ဝင်ခွင့်စာမေးပွဲမှာတောင် ဘိတ်ချေးရခဲ့တဲ့ကောင်...အဲ့ဒီလိုအမှိုက်ကောင်က ဒါကို ရှာဖွေဖော်ထုတ်နိုင်ခဲ့တယ်လို့ မင်းပြောခဲ့တာ...ဘယ်လောက်တောင် ရယ်ဖို့ကောင်းလိုက်လဲ"
ထိုကိစ္စကို လုယွီရှာဖွေဖော်ထုတ်နိုင်ခဲ့သည်ဟု ပြောဆိုခဲ့ခြင်းကြောင့် ထျန်းသခင်လေးသည် အနည်းငယ်မျှပင် ယုံကြည်ခြင်းမရှိတော့ချေ။
သူ၏စိတ်နှလုံးသားအတွင်း၌ လုယွီသည် လှည့်စားမှုတချို့ကိုအသုံးပြု၍ ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်ဟု ဝင်ရောက်လာသူဟုသာ ယူဆတော့သည်။
လုယွီသည် တာဝန်ခန်းမအတွင်း၌ သူ့အား ခြိမ်းခြောက်နိုင်ခဲ့သည့်တိုင် ထျန်းသခင်လေးက ကိစ္စကြီးတစ်ရပ်ဟု တွေးတောထားခြင်းမရှိချေ။
ထို့ထက်ပို၍အရေးကြီးဆုံးအရာမှာ ထျန်းသခင်လေးသည် သူ၏ပါရမီအရည်အချင်းကို ယုံကြည်ချက်ရှိခြင်းကြောင့်ပင်။အကယ်၍ သူသည် ယခုလက်ရှိချိန်တွင် လုယွီ၏ပြိုင်ဘက်မဖြစ်နိုင်သည့်တိုင် သူ၏ပါရမီသည်အလွန်မြင့်မားသောကြောင့် နောင်တစ်ချိန်တွင် လုယွီထက် ပို၍သာလွန်သွားပေမည်။
ပါရမီအရည်အချင်းမရှိသောသူများမှာမူ သူတို့၏အနာဂတ်အောင်မြင်မှုသည် မြင့်မားမည်မဟုတ်ချေ။
"မင်းကတော့ တကယ့်ကို မျှော်လင့်ချက်မဲ့နေတဲ့ကောင်ပဲ"
ကျောင်းတော်တပည့်တစ်ယောက်က ဒေါသတကြီး အော်ဟစ်လိုက်၏။
"ဟား ဟား ဟား...အမှန်တော့ ငါ အဲ့ဒီကိစ္စကိုမယုံဘူး...လုယွီက ဘာအရည်အချင်းရှိတဲ့ကောင်မလို့လဲ"
ထျန်းသခင်လေးက ရယ်မောပြီး သရော်တော်တော်ပြောဆိုသည်။
"မင်းရဲ့ခွေးပါးစပ်ကို ပိတ်ထားစမ်း"
ရုတ်တရက် အော်ဟစ်ကြုံးဝါးသံတစ်သံက လူအုပ်ကြားမှ ထွက်ပေါ်လာသည်။
ထျန်းသခင်လေးက ထိတ်လန့်တုန်လှုပ်သွားသည်။သူက အသံထွက်ပေါ်လာသောနေရာသို့ လှည့်ကြည့်လိုက်ရာ သူ့အား ကျင့်ကြံသူတစ်စုက ဝိုင်းရံထားသည်ကို မြင်တွေ့လိုက်ရ၏။
ထိုကျင့်ကြံသူများသည် နတ်ဘုရားကုန်းမြေမှ နယ်မြေခံကျင့်ကြံသူများပင်။
သူတို့သည် ဒေါသအမျက်ချောင်းချောင်းထနေသော အကြည့်များဖြင့် ထျန်းသခင်လေးကို စူးစူးဝါးဝါး စိုက်ကြည့်နေကြသည်။
မြောက်မြားစွာသောလူများ၏ ဒေါသတကြီးစိုက်ကြည့်နေခြင်းကိုခံရသဖြင့် ထျန်းသခင်လေးက သူ၏ကျောရိုးတလျှောက်ချမ်းစိမ့်သွားခြင်းကို ခံစားလိုက်ရသည်။
"တာအိုမိတ်ဆွေတို့...ငါတို့ တစ်ယောက်နဲ့တစ်ယောက်ကြားမှာ ဘာရန်ငြိုးမှမရှိဘူးလေ...မင်းတို့က ဘာလိုချင်လို့လဲ"
ထျန်းသခင်လေးက တုန်ရီနေသောအသံဖြင့် ပြောဆိုသည်။
အဖိုးအိုတစ်ယောက်ကထျန်းသခင်လေးကို စူးစိုက်ကြည့်ကာ ခက်ထန်တင်းမာသောလေသံဖြင့် ပြောဆိုလိုက်၏။
"လုယွီက ငါတို့အားလုံးကို ကယ်တင်ခဲ့တာ...သူက ငါတို့နတ်ဘုရားကုန်းမြေတစ်ခုလုံးရဲ့ ကျေးဇူးရှင်ပဲ...မဟုတ်ဘူး...လုယွီက ငါတို့နယ်မြေရဲ့နတ်ဘုရားပဲ...တကယ်လို့ မင်းက ကောင်းကင်ဘုံနယ်မြေကလာတဲ့ သူတော်စင်သံတမန်ဖြစ်နေရင်တောင်...ငါတို့ နတ်ဘုရားကိုထပ်ပြီးစော်ကားမယ်ဆိုရင်...ငါ့ကိုယ်ငါဖောက်ခွဲပြီး မင်းကိုအပါခေါ်သွားဖို့ ဝန်လေးနေမှာမဟုတ်ဘူး"
ထိုစကားနှင့်အတူ အဖိုးအို၏ခန္ဓာကိုယ်မှ စိတ်ဝိညာဥ်စွမ်းအင်များ အရူးအမူးလူးလိမ့်ထွက်လာကာ သူ၏ခန္ဓာကိုယ်ကိုဖောက်ခွဲရန် အဆင်သင့်ပြင်ဆင်ထားသည်။
ပတ်ဝန်းကျင်ရှိကျင့်ကြံသူအမြောက်အများကလည်း ထိုအဖိုးအိုကဲ့သို့ပင် ထျန်းသခင်လေးကို သူတို့နှင့်အတူသေရွာသို့ခေါ်ဆောင်သွားရန် အဆင်သင့်ပြင်ထားကြလေပြီ။
ထိုအခြေအနေကိုမြင်ချိန်တွင် ထျန်းသခင်လေး၏မျက်နှာအမူအယာ ပျက်ယွင်းသွားကာ နောက်သို့ခြေလှမ်းအနည်းငယ်ခန့် ဆုတ်လိုက်သည်။
"မင်းတို့ ငါကို အထင်မှားနေကြပြီ...လုယွီနဲ့ငါနဲ့က ကျောင်းတော်တစ်ခုတည်းကလာတဲ့ တပည့်တွေ...သူက ငါ့ရဲ့ ဂျူနီယာညီလေးပဲ"
ကျင့်ကြံသူများ၏စူးစူးဝါးဝါး မျက်လုံးအကြည့်များအောက်တွင် ထျန်းသခင်လေးသည် ထောင့်တစ်နေရာ၌ ရို့ရို့ကျိုးကျိုးမတ်တတ်ရပ်နေကာ ထိတ်လန့်တုန်လှုပ်နေလေ၏။
ထိုမြင်ကွင်းကိုကြည့်ပြီး ကျောင်းတော်တပည့်တစ်ယောက်က ကျယ်လောင်စွာအော်ဟစ်ရယ်မောလိုက်သည်။
"ဟား ဟား ဟား...ဒါက တကယ့်ကို စိတ်ကျေနပ်စရာပဲ"
ထိုအချိန်မှာပင် ချိုင်လုံရှင်းက ရုတ်တရက် ပြောဆိုသည်။
"ထျန်းယင်...မင်းရထားတဲ့မှော်ရတနာ ငါ့ကို ပေးစမ်း...ငါ အတင်းအကြပ်ဖိအားပေးရအောင် မင်း မလုပ်နဲ့"
ချိုင်လုံရှင်းသည် မင်းသားတစ်ပါးဖြစ်သဖြင့် သူ၏စကားလုံးများတွင် မေးခွန်းထုတ်ဖွယ်မရှိအောင် အခွင့်အာဏာကြီးမားမှုမျိုးရှိနေသည်။
ထျန်းသခင်လေး၏မျက်နှာအမူအယာ ပြောင်းလဲသွားသည်။တခြားသူများသည် သူ၏မှော်ရတနာကို လုယက်ရန် ကြံစည်နေသည်မှာ ဖြစ်နိုင်ချေရှိသော်လည်း ချိုင်လုံရှင်းကမူ မဖြစ်နိုင်ချေ။
ရေခဲဘုရင်နန်းတော်တွင် မှော်ရတနာများသည် တောင်ပုံရာပုံရှိနေလေရာ ဧကရာဇ်တစ်ဝက်အဆင့်မှော်လက်နက်သည်လည်း ရှားပါးခြင်းမရှိချေ။