အခန်း (၂၅၃၁-၂၅၃၅)
Vol. 130 Ch. 2531-2535
Chapter 2531
ထိုအလင်းလုံးတစ်ခုစီအတွင်း၌ ရတနာတစ်ခု ကိန်းအောင်းနေပုံရသည်။
"ငါ ခန့်မှန်းထားသလို အတိအကျဖြစ်လာတာပဲ...ရတနာတွေကို အလယ်ခန်းမထဲမှာ ဖုံးကွယ်ထားတယ်"
"ဟောင်တုနတ်ဘုရားမရဲ့စိတ်ဝိညာဥ်အမျှင်တန်းက ဒီနေရာအကြောင်းကို အရင်ကတည်းက သိနေလောက်တယ်...ဒါပေမယ့် သူ့မှာ ဒီလေဟာနယ်အက်ကွဲကြောင်းထဲကိုဝင်နိုင်တဲ့ အရည်အချင်းမျိုးမရှိဘူး...ဒါကြောင့် သူက မလှုပ်ရှားခဲ့တာပဲ"
"ဒီရတနာတွေက ပိုင်ရှင်မဲ့တွေ...ငါ ရှာဖွေဖော်ထုတ်နိုင်ပြီးမှတော့ ဒါတွေက ငါတို့ရဲ့ပိုင်ဆိုင်မှုပဲဖြစ်သင့်တယ်...စိတ်ပျက်ဖို့ကောင်းတာတစ်ခုကတော့ အခုထိ ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်ရဲ့သင်္ချိုင်းဂူကို ရှာမတွေ့တာပဲ"
မျောက်သည် စကားများကို ပွင့်ပွင့်လင်းလင်းနှင့်ဗြောင်ကျကျပြောဆိုနေသည်။သူထံတွင် အနည်းငယ်မျှပင် ရှက်ရွံမှုရှိပုံမရချေ။
သေခြင်းရှင်ခြင်းသံလိုက်အိမ်မြှောင်ကလည်း သူ၏လက်နှစ်ဖက်ကိုမြှောက်ကာ အော်ဟစ်လိုက်၏။
"ကောင်းကင်ဘုံဧကရာဇ်ရဲ့သင်္ချိုင်းဂူကို ဖောက်ထွင်းမယ်...အဲ့ဒီထဲကရတနာတွေကို ခိုးယူမယ်"
ဘုန်း...
လုယွီက သူ၏နတ်ဘုရားစိတ်အာရုံကိုအသုံးပြု၍ သေခြင်းရှင်ခြင်းသံလိုက်အိမ်မြှောင်၏ခေါင်းကို ရိုက်နှက်လိုက်သည်။
"ဒီရတနာတွေကိုရဖို့ မလွယ်ကူမှာကို ငါ စိုးရိမ်မိတယ်"
လုယွီသည် ထိုရတနာများကြောင့် တွေဝေမိန်းမောသွားခြင်းမရှိချေ။
သူသည် အတိတ်ဘဝတွင် မှော်ရတနာအမြောက်အများကို မြင်တွေ့ဖူးလေ၏။သို့ရာတွင် အကြိမ်အများစု၌ အဖိုးတန်ရတနာတစ်ခုထွက်ပေါ်လာချိန်တိုင်း ရှေ့ဆုံးမှသွားရောက်ယူဆောင်သောသူ သေဆုံးသွားရသည်။
ထို့ကြောင့် လုယွီသည် မည်သည့်မှော်ရတနာမျိုးဖြစ်နေပါစေ သတိကြီးစွာထား၍ ချဥ်းကပ်လေ့ရှိသည်။
ထို့ပြင် ဤနေရာသည် ဟောင်တုနတ်ဘုရားမ၏ဘုရားကျောင်းပင်။
မျောက်သည် ဟောက်တုနတ်ဘုရားမကိုသိကျွမ်းသည်ဟု သူ့အား ပြောဆိုခဲ့လေ၏။သို့ရာတွင် လုယွီ၏ခွဲခြမ်းစိတ်ဖြာမှုအရ မျောက်သည် ဟောင်တုနတ်ဘုရားမကို မြင့်တွေ့ဖူးရုံသာ ဖြစ်နိုင်သည်။
မျောက်၏စကားကို အကြွင်းမဲ့ မှီခိုအားထား၍မရချေ။
လုယွီက ရတနာများကိုလွှမ်းခြုံထားသော အလင်းလုံးများကို လေ့လာဆန်းစစ်လိုက်သည်။ရုတ်ချည်းဆိုသလိုပင် ထိုအလင်းလုံးများသည် မြောက်များစွာသောရွှေရောင်မှော်အက္ခရာများဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း သူ သိရှိလိုက်ရ၏။
ထိုမှော်အက္ခရာများ အတူတကွစုဝေးလာရာမှ ကျိန်စာတစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။
အကယ်၍ တစ်စုံတစ်ယောက်သည် ထိုအလင်းလုံးများကို တိုက်ရိုက်ထိတွေ့လိုက်ပါက ကျိန်စာ၏လွှမ်းမိုးခြင်းကိုခံရကာ မျှော်လင့်မထားသောကိစ္စရပ်အမြောက်အများ ဖြစ်လာနိုင်သည်။
"ဒီကျိန်စာတွေကို နောက်ကွယ်မှာ ဝင်္ကပါတစ်ခုနဲ့ဆက်သွယ်ထားတယ်...ဒါကိုကြည့်ရတာ တစ်ယောက်ယောက်ဆီကို သတင်းပို့ဖို့ ကြိုးပမ်းနေသလိုပဲ...ဒါပေမယ့် ဒီနေရာကိုစွန့်ပစ်ထားတာ အချိန်အတော်ကြာနေပြီ....ဘယ်သူကို သတင်းပို့နိုင်မှာလဲ......."
လုယွီက မျက်မှောင်တင်းတင်းကြပ်ကြပ် ကြုတ်ထားလေ၏။သို့ရာတွင် သူ၏အကြည့်သည် သူ့ရှေ့ရှိအလင်းလုံးများထံတွင်သာ နစ်မြုပ်နေသည်။
ထိုကျိန်စာများကို ချိတ်ဆက်ထားပုံမှာ အလွန်ရှေးကျပြီး မှော်အက္ခရာတစ်ခုခြင်းစီတွင် ကြီးကျယ်ခမ်းနားသောအရှိန်အဝါမျိုး ရှိနေလေ၏။ဤကျိန်စာများကို ချိုးဖျက်နိုင်ရန်မှာ အလွန်အမင်းခက်ခဲပေမည်။
ဤကျိန်စာများကို မန်းမှုတ်ခဲ့သူသည် သာမာန်လူတစ်ယောက်မဟုတ်ခြင်းမှာ သိသာထင်ရှားသည်။ဟောင်တုနတ်ဘုရားမ၏နောက်ခံအဆင့်အတန်းဖြင့် ပေါင်းစပ်ကြည့်ပါက ထိုအလင်းလုံးများအတွင်းမှရတနာများကို သူ လွယ်လင့်တကူ ရယူနိုင်မည်မဟုတ်ချေ။
မျောက်သည်လည်း ထိုကျိန်စာများကို တွေ့ရှိသွားပြီးနောက် ခါးသည်းစွာပြုံးကာ မြေပြင်ပေါ်၌ ပလ္လင်ခွေထိုင်၍ တွေဝေစဥ်းစားနေသည်။မျောက်၏နံဘေးတွင် သေခြင်းရှင်ခြင်းသံလိုက်အိမ်မြှောင်နှင့်ဝံပုလွေပေါက်တစ်ကောင်က ဆောင့်ကြောင့်ထိုင်နေလေ၏။မျောက်တစ်ကောင် ကလေးတစ်ယောက်နှင့် ဝံပုလွေတစ်ကောင်တို့သည် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်နေကြသည်။သူတို့ တက်စွမ်းနိုင်သောအရာဟူ၍မရှိချေ။
"ငါ ဒီလိုဟာမျိုးတွေကို အမုန်းဆုံးပဲ...ဒါတွေကို မင်းရဲ့သန့်စင်တဲ့ခွန်အားသက်သက်နဲ့ ချိုးဖျက်လိုက်တာ ပိုကောင်းလိမ့်မယ်...မင်းရဲ့စွမ်းအားတွေကို ဖြုန်းတီးမနေနဲ့"
အချိန်တခဏကြာပြီးနောက် မျောက်က ခေါင်းကုတ်ကာ ရှက်ရွံသောအမူအယာဖြင့် ဒေါသတကြီးပြောဆိုသည်။
သူသည် ရှေးဟောင်းခေတ်မှသက်ရှိတစ်ကောင်ဖြစ်သော်လည်း ဤကျိန်စာကိုရင်ဆိုင်ရာ၌ ကူကယ်ရာမဲ့ဖြစ်နေသည်မှာ သိသာထင်ရှားလှ၏။
လုယွီက ထိုအလင်းလုံးများကို ထပ်မံ၍အာရုံစိုက်ခြင်းမရှိတော့ချေ။ထိုအစား သူ၏နတ်ဘုရားစိတ်အာရုံကိုဖြန့်ကျက်၍ ပတ်ဝန်းကျင်ကို စူးစမ်းလေ့လာလိုက်သည်။
ဘုရားကျောင်းအတွင်း၌ သူ၏နတ်ဘုရားစိတ်အာရုံကို အနှောက်အယှက်ပေးနေသော လျှို့ဝှက်ဆန်းကြယ်သည့်အားလှိုင်းတစ်ရပ်ရှိနေသည်။
ရှေးဟောင်းခေတ်အတွင်းမှ အဆင့်ခွဲခြားထားမှုများအရ လုယွီ၏စိတ်ဝိညာဥ်သည် ရှေးဟောင်းမြေကမ္ဘာအင်မော်တယ်နယ်ပယ်နှင့် နီးကပ်နေလေပြီ။သို့ရာတွင် ဤဘုရားကျောင်းအတွင်း၌ သူ၏နတ်ဘုရားစိတ်အာရုံကို အကုန်အစင် ထုတ်လွှတ်နိုင်ခြင်းမရှိချေ။
ထိုသို့ဆိုသည့်တိုင် လုယွီသည် သူ၏နတ်ဘုရားစိတ်အာရုံကို အဆုံးစွန်ဆုံးအဆင့်ထိ ဖြန့်ကျက်လိုက်၏။
"ဒီကျိန်စာတွေက လျှို့ဝှက်ဆန်းကြယ်ပေမယ့်...ငါ ဖြေရှင်းဖို့ နည်းလမ်းမရှိတာတော့ မဟုတ်ဘူး...တကယ်လို့ ငါက ဒီတားမြစ်ကန့်သတ်ချက်တွေကို ချိုးဖျက်နိုင်မယ်ဆိုရင် ငါ့ရဲ့ဝင်္ကပါတာအိုမှာ ကြီးမားတဲ့တိုးတက်မှုရနိုင်လိမ့်မယ်"
လုယွီသည် အလင်းလုံး၏ရှေ့၌ ရိုးရှင်းစွာဖြင့် ပလ္လင်ခွေထိုင်ကာ ကျိန်စာ၏အားနည်းချက်များကို တိတ်ဆိတ်ငြိမ်သက်စွာ ရှာဖွေလိုက်သည်။
မျောက်က ထိုအရာကိုမြင်တွေ့ချိန်တွင် စိတ်ပျက်လက်ပျက်ဖြင့် ညည်းညူလေသည်။
"ဒီနတ်ဘုရားတွေကတော့ တကယ့်ကိုစည်းမျဥ်းတင်းကြပ်တဲ့ကောင်တွေပဲ...ငါက ရတနာတွေကို မြင်တွေ့နေရတာတောင် ဒါတွေကိုယူနိုင်ဖို့အတွက် အပိုအလုပ်တွေလုပ်ဖို့လိုသေးတယ်"
သေခြင်းရှင်ခြင်းသံလိုက်အိမ်မြှောင်ကလည်း သဘောတူညီပုံဖြင့် ခေါင်းညိတ်လိုက်၏။သူသည် ထိုအလင်းလုံးများအတွင်းမှနေ၍ ဧကရာဇ်အဆင့်မှော်ရတနာ၏အရှိန်အဝါကို အာရုံခံမိသည်။အကယ်၍ သူ ထိုအရာကိုသာဝါးမြိုနိုင်ပါက သူ၏ခွန်အား ခုန်ပျံကျော်လွှား၍ တိုးတက်သွားပေမည်။
Chapter 2532
လုယွီက ပလ္လင်ခွေထိုင်နေကာ သူ၏ခေါင်းထက်၌ မှိန်ဖျော့ဖျော့အစိမ်းရောင်အခိုးအငွေ့များက မျောလွင့်နေသည်။
ဤသည်က သူ အလွန်အကျွံတွေးတောနေသဖြင့် မရေမတွက်နိုင်သောအတွေးများ ဆင့်ကဲပြောင်းလဲနေခြင်း၏ရလဒ်ပင်။
အလင်းလုံးတစ်ခုစီတိုင်းတွင် တွယ်ကပ်နေသော ကျိန်စာများသည် အလွန်အမင်းအစွမ်းထက်ပြီး ရှုပ်ထွေးကာ အပြောင်းအလဲမြန်သည်။ထိုအရာများ၏ရိုးရှင်းသောပုံစံကို တွေ့မြင်နိုင်ရန် အလွန်အမင်းခက်ခဲပေမည်။
လုယွီသည် အချိန်အတော်ကြာတွေးတောနေသော်လည်း ထိုအရာကိုဖြေရှင်းနိုင်မည့် သင့်တော်သောနည်းလမ်းကို ရှာဖွေ၍မရချေ။
အမွှေးတိုင်တစ်တိုင်လောင်ကျွမ်းချိန်စာ မပြည့်မီမှာပင် လုယွီသည် ထိုကျိန်စာ၏အဓိပ္ပါယ်ကိုဖော်၍ အကြိမ်ပေါင်းများစွာ ဆင့်ကဲတွက်ချက်ပြီးလေပြီ။
သို့ရာတွင် မည်သည့်အပြောင်းအလဲမျိုးဖြစ်နေပါစေ လုယွီသည် တစ်ကြိမ်တည်းဖြင့် ဤကျိန်စာကို ချိုးဖျက်နိုင်မည်ဟု ယုံကြည်ချက်မရှိချေ။
"ဖြစ်နိုင်တာတော့ ငါက အစကတည်းကမှားနေတာပဲ...ဒီကျိန်စာတွေကို ဟောင်တုနတ်ဘုရားမက ဖန်တီးခဲ့မှတော့ သူကိုယ်တိုင်ပဲ ချိုးဖျက်နိုင်လိမ့်မယ်....ငါ တွေ့ခဲ့တဲ့ ဟောင်တုနတ်ဘုရားမက စိတ်ဝိညာဥ်အမျှင်တန်းသက်သက်ပဲ...သူက ဒီနေရာကိုလာဖို့ ရုပ်ခန္ဓာကိုယ်တစ်ခုကို အပိုင်စီးချင်ခဲ့တယ်...ကြည့်ရတာတော့ အထဲမှာရှိတဲ့ရတနာတွေက အစစ်အမှန်ဟောင်တုနတ်ဘုရားမ ပိုင်ဆိုင်ခဲ့တဲ့အရာတွေပဲ"
လုယွီက မကြာမီမှာပင် ပြဿနာ၏သော့ချက်ကို ရှာဖွေတွေ့ရှိသွားသည်။
ဤတစ်ကြိမ်တွင် သူသည် အလင်းလုံးများပေါ်မှ ကျိန်စာမှော်အက္ခရာများကို နားလည်သဘောပေါက်နိုင်ရန် မကြိုးစားတော့ချေ။ထိုအစား သူ၏ရုပ်ခန္ဓာကိုယ်မှနေ၍ ဟောင်တုနတ်ဘုရားမ၏အရှိန်အဝါ ထွက်ပေါ်လာစေရန် လှုံဆော်လိုက်၏။
ဟောင်တုနတ်ဘုရားမ၏စိတ်ဝိညာဥ်အမျှင်တန်းကို လုယွီ သတ်ဖြတ်ခဲ့ကာ သူ၏သိုလှောင်အိတ်အတွင်းသို့ ဆွဲသွင်းထားခဲ့သည်။ယခု ဤအရာအား အသုံးပြုရမည့်အချိန်ပင်။
တည်ကြည်လေးနက်သော မြေစွမ်းအင်အရှိန်အဝါများက တဖြည်းဖြည်း ခန်းမအတွင်း၌ ပျံ့နှံ့သွားသည်။
မူလက တိတ်ဆိတ်ငြိမ်သက်နေသော ဘုရားကျောင်းခန်းမအတွင်း၌ တစ်စုံတစ်ခုအသက်ဝင်လာသည့်အလား နံရံများပေါ်ရှိ နံရံဆေးရေးပန်းချီများ လင်းလက်တောက်ပလာသည်။
လုယွီ၏နောက်၌ ဟောင်တုနတ်ဘုရားမ၏ပုံရိပ်ယောင်ကြီးက မျောလွင့်နေလေ၏။
ထိုပုံရိပ်ယောင်ကြီးသည် အလင်းလုံးအားထိတွေ့ရန်အတွက် သူမ၏လက်ကိုဆန့်တန်းလိုက်သည်။
ရွှပ်...ရွှပ်....
ဟောင်တုနတ်ဘုရားမ၏လက် တဖြည်းဖြည်း နီးကပ်လာချိန်တွင် အလင်းလုံးများပေါ်ရှိ ထူထပ်သိပ်သည်းသောမှော်အက္ခရာများ တဖြည်းဖြည်းပျက်ပြယ်စပြုလာသည်။
ဤသည်က ထိုကျိန်စာမှော်အက္ခရာများသည် သူတို့အားဖိနှိပ်နိုင်သော တစ်စုံတစ်ခုဖြင့် ဆုံတွေ့လိုက်ရသကဲ့သို့ပင်။
ထိုကျိန်စာများ တစတစ ပျက်ပြယ်သွားပြီးနောက် အတွင်း၌ ကြေးနီချိပ်စည်းတံဆိပ်တစ်ခု ထွက်ပေါ်လာသည်။
ထိုချိပ်စည်းတံဆိပ်ပေါ်၌ ထူးဆန်းသော ရက်စက်ကြမ်းကြုတ်သည့် မှော်သားရဲတစ်ကောင်၏ပုံစံကို ရေးထွင်းထားသည်။ဤသည်က ချီလင်တစ်ကောင်နှင့်တူညီသော်လည်း ဦးချိုလေးချောင်းရှိနေသည်။သူ၏နောက်ကျော၌ တောင်ပံများရှိနေကာ သူ၏လက်အတွင်း၌ ပုလဲတစ်လုံးကို ကိုင်ဆောင်ထားလေ၏။သူ၏မျက်လုံးအတွင်းမှနေ၍ စူးရှတောက်ပသောအလင်းရောင်များ ဖြာထွက်နေသည်။
ထိုကြေးနီချိပ်စည်းတံဆိပ်၏အောက်၌ ရှေးဟောင်းနတ်ဘုရားအက္ခရာဖြင့် ရေးထွင်းထားသော စာလုံးကြီးရှစ်လုံး ရှိနေပေ၏။
'မြင့်မြတ်တဲ့ မြေနတ်ဘုရားမရဲ့အမိန့်အောက်မှာ တိုင်းပြည်တွေက ငြိမ်းချမ်းနေရမယ်'
ထိုစာလုံးများ ထွက်ပေါ်လာသော အချိန်အခိုက်အတန့်တွင် လုယွီသည် သူ၏ခန္ဓာကိုယ်အတွင်းမှ မြေဒြပ်စင်ချီများ သူ၏ထိန်းချုပ်မှုအောက်မှလွတ်ကင်းသွားကာ ပြင်းပြင်းထန်ထန်လှုပ်ခတ်သွားခြင်းကို ခံစားမိသည်။
ကံကောင်းထောက်မစွာဖြင့် လုယွီ၏ကျင့်ကြံဆင့်အခြေခံသည် အလွန်အမင်း ကျစ်လစ်သိပ်သည်းသောကြောင့် သူ၏ခန္ဓာကိုယ်အတွင်းမှ မြေဒြပ်စင်ချီများလှုပ်ခတ်ခြင်းကို ဖိနှိပ်ထားနိုင်ခဲ့သည်။
"ဒီကြေးနီချိပ်စည်းတံဆိပ်မှာ သာမာန်မဟုတ်တဲ့ဇစ်မြစ်မျိုးရှိနေမယ်လို့ ငါ ထင်တယ်"
လုယွီက တီးတိုးရေရွတ်လိုက်၏။
မျောက်သည် ယခင်ကနုံးခွေနေသော်လည်း ထိုကြေးနီချိပ်စည်းတံဆိပ်ကိုမြင်တွေ့ချိန်တွင် ရုတ်တရက် ခုန်ထလာသည်။
"တော်လိုက်တဲ့ကောင်လေး...ဒါက တကယ့်ကိုပဲ အဲ့ဒီပစ္စည်း ဖြစ်နေပါလား...အဲ့ဒီအရာကို ငါ့ဆီမြန်မြန်ယူလာခဲ့စမ်း...တစ်ချက်ကြည့်ကြည့်ရအောင်"
မျောက်က စိတ်လှုပ်ရှားစွာဖြင့် ပြောဆိုသည်။
လုယွီက မေးမြန်းလိုက်၏။
"မင်း ဒီပစ္စည်းကို သိလို့လား"
"ငါ သိတာပေါ့...ကောင်လေး...မင်း ငါနဲ့ အပေးအယူမလုပ်ချင်ဘူးလား...မင်း ငါ့ကို ဒီပစ္စည်းပေးရင်...ငါ မင်းကို နတ်ဘုရားသွေးစက်ငါးစက်ပေးမယ်...ဘယ်လိုသဘောရလဲ"
မျောက်၏မျက်နှာပေါ်တွင် အပြစ်ကင်းစင်သောအမူအယာမျိုး ထင်ဟပ်နေသည်။
ကံအကြောင်းမလှစွာဖြင့် လုယွီသည် မျောက်၏စိတ်နေစိတ်ထားကို သိရှိနေသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။ထို့ကြောင့် မျောက်သည် အကျိုးအမြတ်မရှိဘဲ မည်သည့်ကိစ္စကိုမျှ လုပ်ဆောင်လေ့မရှိကြောင်း သူ ကောင်းစွာသိရှိထားသည်။
"တကယ်လို့ ဒီပစ္စည်းကဘာလဲဆိုတာ မင်း ငါ့ကို မပြောပြဘူးဆိုရင်...ငါ မင်းနဲ့ အပေးအယူမလုပ်နိုင်ဘူး"
လုယွီက ပြောဆိုလိုက်၏။
မျောက်က တုံ့ပြန်ပြောဆိုသည်။
"ဒါက ဟောင်တုနတ်ဘုရားမနဲ့အမြဲတမ်းအတူရှိနေတတ်တဲ့ အသုံးအဆောင်ပစ္စည်းတစ်ခုပဲ...ငါက အရင်ကတွေ့ခဲ့တဲ့ ပစ္စည်းတစ်ခုကို ပြန်မြင်ရလို့ ပျော်ရွှင်သွားရုံသက်သက်ပဲ...ဒီပစ္စည်းက မင်းရဲ့လက်ထဲမှာရှိနေရင် အသုံးဝင်မှာမဟုတ်ဘူး...ငါ့ကို ပေးတာ ပိုကောင်းလိမ့်မယ်"
လုယွီက အေးစက်စက်နှာတစ်ချက်မှုတ်လိုက်သည်။
"ငါ ဘာမှမသိဘူးလို့ မင်း တကယ်ကြီးထင်နေတာလား...ရှေးဟောင်းတာအိုကျမ်းစာထဲမှာ'ကောင်းကင်ဘုံဧကရာဇ်က သူ့ရဲ့အမတ်ကြီးဖြစ်တဲ့ ဟောင်တုနတ်ဘုရားမကို ချိပ်စည်းတံဆိပ်ကိုကိုင်ဆောင်ပြီးတော့ အရပ်မျက်နှာအဘက်ဘက်ကိုအုပ်ချုပ်စေတယ်'လို့ ရေးထားတယ်...ဒါက လောကကြီးထဲမှာရှိတဲ့ မြေပြင်လှုပ်ရှားမှုတွေကို ထိန်းချုပ်နိုင်တဲ့ ဟောင်တုနတ်ဘုရားမရဲ့ချိပ်စည်းတံဆိပ်ပဲ...ပြီးတော့ ဒါက ဟောင်တုနတ်ဘုရားမရဲ့ အစွမ်းထက်ဆုံးမှော်ရတနာပဲ"
Chapter 2533
လုယွီ၏စကားကိုကြားချိန်တွင် မျောက်သည် အမြှီးကိုတက်နင်းခံလိုက်ရသော ကြွက်တစ်ကောင်အလား စူးရှကျယ်လောင်စွာ အော်ဟစ်လိုက်၏။
"မင်း...မင်းက ငါ့ကိုလှည့်စားဝံ့တာလား"
"အလုပ်ကိစ္စဆိုရင် မင်း အလုပ်နဲ့တူအောင်လုပ်...တကယ်လို့ မင်း ငါနဲ့အပေးအယူလုပ်ချင်တယ်ဆိုရင် မျှတတဲ့ညှိနှိုင်းမှုမျိုးရှိဖို့လိုအပ်တယ်...နတ်ဘုရားသွေးစက်ငါးစက်က ဒီလိုနတ်ဘုရားပစ္စည်းနဲ့လဲလှယ်ဖို့အတွက် မလုံလောက်ဘူး"
လုယွီက ပြောဆိုသည်။
မျောက်က သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။
"လူသားတွေရဲ့စိတ်နှလုံးသားက တကယ့်ကိုမရိုးရှင်းဘူးပဲ...ငါတို့နှစ်ယောက်ရဲ့ကြားမှာ နက်ရှိုင်းတဲ့မိတ်ဆွေသံယောဇဥ်မျိုးရှိတယ်လို့ ငါ ထင်ခဲ့မိတာ"
လုယွီက သူ၏ခေါင်းကို ခါယမ်းပြလိုက်၏။
"မင်းက ငါ့ကို ဒီနေရာဆီခေါ်လာခဲ့တယ်...တကယ်လို့ မင်းအတွက် ငါ တစ်စုံတစ်ခုကိုမှ ယူမပေးဘူးဆိုရင် ဒါက အဓိပ္ပါယ်မရှိဘူး...မင်း ရတနာတစ်ခုကို ရွေးချယ်နိုင်တယ်...ငါ မင်းကို ကူညီပေးမယ်"
တခြားမှော်ရတနာများကို လေ့လာဆန်းစစ်ပြီးနောက် လုယွီသည် ထိုအရာများ၏မူရင်းဇစ်မြစ်ကို ဝိုးတဝါးခန့်မှန်းနိုင်ခဲ့သည်။
ဤကဲ့သို့ဖြစ်ရခြင်းမှာ မရေမတွက်နိုင်သောရှေးဟောင်းကျမ်းစာများကို သူ ဖတ်ရှုခဲ့သောကြောင့်ပင်။ရှေးဟောင်းတာအိုကျမ်းစာသုံးခုအနက်မှ တစ်ခုဖြစ်သော လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာ၏ကူညီထောက်ပံမှုကြောင့် လုယွီ၏အသိပညာဗဟုသုတသည် အလွန်ကြီးမားကျယ်ပြန့်လှ၏။သူ ယခင်ကတစ်ကြိမ်တစ်ခါမျှ မမြင်ဖူးသော အရာအများစုကိုပင် အကြမ်းဖျင်းပုံစံကိုကြည့်၍ မူရင်းဇစ်မြစ်ကို ခန့်မှန်းနိုင်သည်။
ဤကြေးနီချိပ်စည်းတံဆိပ်ထက် ပို၍အဖိုးတန်ရှားပါးသောရတနာများ ရှိနေသော်လည်း လုယွီသည် ယခုလက်ရှိချိန်၌ ထိုအရာများကို အသုံးပြုနိုင်ခြင်းမရှိချေ။
လုယွီ၏လက်ဝဲဘက်ခြမ်းတွင် ခရမ်းရောင်အလင်းလုံးတစ်လုံးက လေထုအတွင်း၌ မျောလွင့်နေသည်။ထိုအရာအတွင်း၌ ရှည်လျားသောနဂါးတစ်ကောင်၏ဝိုးတဝါးပုံရိပ်က ရှေ့နောက်လူးလွန့်နေလေ၏။
ရှေးဟောင်းတာအိုကျမ်းစာများအတွင်းရှိ ဖော်ပြချက်များအရ ဤသည်က ရှေးဟောင်းနဂါးဝိညာဥ်ပင်။
အကယ်၍ နတ်ဆိုးသားရဲတစ်ကောင်သည် နဂါးဝိညာဥ်ကို ဝါးမြိုလိုက်ပါက နဂါးမျိုးနွယ်၏သွေးမျိုးဆက်ကို ရရှိနိုင်သည့်အပြင် အလွန်အစွမ်းထက်သော မွေးရာပါပါရမီအရည်အချင်းကိုလည်း ပိုင်ဆိုင်နိုင်သည်။
လုယွီသည် ယခင်က ဘိုးဘေးနဂါးတစ်ကောင်၏စိတ်ဝိညာဥ်အမျှင်တန်းကို ဖမ်းဆုပ်နိုင်ပြီးနောက် နတ်ဘုရားနဂါးဟိန်းသံကို လေ့လာဆင်ခြင်၍ အသုံးပြုနိုင်ခဲ့သည်။သူသည် နဂါးမျိုးနွယ်အတွင်း၌ မြင့်မားသောအဆင့်အတန်းကို ရရှိထားပြီးလေပြီ။ဤရှေးဟောင်းနဂါးဝိညာဥ်ကို သူ ဝါးမြိုလိုက်လျှင်ပင် သိသာထင်ရှားသောအကျိုးကျေးဇူး ရရှိမည်မဟုတ်ချေ။
တခြားမှော်ရတနာများသည်လည်း ဤနဂါးဝိညာဥ်နှင့် တူညီလေ၏။
ယခုလက်ရှိချိန်တွင် လုယွီသည် ထိုမှော်ရတနာများကို ရရှိလျှင်ပင် သူ့အတွက် များစွာအသုံးဝင်မည်မဟုတ်ချေ။
ဆန့်ကျင်ဘက်အနေဖြင့် လုယွီသည် ဤမှော်ရတနာများနှင့် ဘုရားကျောင်းအကြား၌ ဝိုးတဝါးဆက်သွယ်ချက်တစ်ခုရှိနေခြင်းကို ဆင်ခြင်သုံးသပ်နိုင်ခဲ့သည်။
အကယ်၍ သူသည် ဟောင်တုနတ်ဘုရားမ၏အရှိန်အဝါကိုတုပနိုင်လျှင်ပင် ထိုရတနာများအားလုံးကို ယူဆောင်နိုင်မည်မဟုတ်ချေ။
"ကောင်းပြီလေ...မင်းရှေ့က အပြာရောင်အလင်းလုံးထဲပစ္စည်းကို ငါ လိုချင်တယ်"
မျောက်က ပြတ်ပြတ်သားသား ပြောဆိုသည်။
လုယွီက သူ၏ခေါင်းကို ခါယမ်းလိုက်၏။သေသင့်သောမျောက်စုတ်သည် ထိုပစ္စည်းကို ယခင်ကတည်းက မျက်စေ့ကျနေပုံရသည်။
အပြာရောင်အလင်းလုံးအတွင်းတွင် ခုနစ်ရောင်ခြယ်ကျောက်တုံးတစ်တုံးက လေထုအတွင်း၌ မျောလွင့်နေသည်။
ဤသည်က ဒဏ္ဍါရီလာ မိုးကောင်းကင်ဖာထေးကျောက်တုံးဖြစ်သော်လည်း အပြည့်အစုံမဟုတ်ဘဲ အပိုင်းအစတစ်ခုသက်သက်ပင်။
မိုးကောင်းကင်ဖာထေးကျောက်တုံးသည် ကောင်းကင်နှင့်မြေပြင်ကြားမှ ပြီးပြည့်စုံသောအရာဝတ္ထုတစ်ခုဖြစ်ကာ ရှေးဟောင်းအချိန်ကာလများအတွင်း၌ပင် အလွန်အမင်းအဖိုးတန်ရှားပါးသည်။
အတိတ်တွင် ရှေးဟောင်းကောင်းကင်ဘုံနယ်မြေအတွင်း၌ ကသောင်းကနင်းကိစ္စတစ်ရပ် ဖြစ်ပွါးခဲ့သည်။ထို့နောက် ဘိုးဘေးနတ်ဘုရားတစ်ပါးသည် မိုးကောင်းကင်ဖာထေးကျောက်တုံးကို အသုံးပြု၍ မိုးကောင်းကင်ယံအတွင်းရှိ အက်ကွဲကြောင်းကြီးကိုဖာထေးကာ ထိုကသောင်းကနင်းကိစ္စကို ပျောက်ကွယ်သွားစေခဲ့၏။
သို့ရာတွင် အပြာရောင်အလင်းလုံးအတွင်း၌ရှိနေသည်မှာ အပိုင်းအစတစ်ခုသက်သက်ပင်။အကယ်၍ ထိုအရာသည် ပြီးပြည့်စုံသော မိုးကောင်းကင်ဖာထေးကျောက်တုံးဆိုပါက လုယွီသည် သူ့အတွက်သူ ယူဆောင်ထားပေမည်။
မပြည့်စုံသောမိုးကောင်းကင်ဖာထေးကျောက်တုံးသည် အဖိုးတန်ရှားပါးသောရတနာတစ်ခုဖြစ်သော်လည်း လိုအပ်သောအရင်းအမြစ်တချို့ ကင်းမဲ့နေသည်။ထိုအရာသည် အစစ်အမှန်စွမ်းအားကို ထုတ်ဖော်ပြသနိုင်မည်မဟုတ်ချေ။
ဝှစ်...
လုယွီသည် ဟောင်တုနတ်ဘုရားမ၏အရှိန်အဝါကို ထပ်မံလှုံဆော်၍ တဖြည်းဖြည်းနှင့် အပြာရောင်အလင်းလုံးအနီးသို့ ချဥ်းကပ်လိုက်၏။
ရုတ်ချည်းဆိုသလိုပင် အပြာရောင်အလင်းလုံးပေါ်ရှိ ကျိန်စာမှော်အက္ခရာများ အလျှင်အမြန်ပျက်ပြယ်သွားကာ အတွင်းရှိ မိုးကောင်းကင်ဖာထေးကျောက်တုံးအပိုင်းအစ၏ပုံသဏ္ဌာန် တစတစထွက်ပေါ်လာသည်။
သို့သော် ထိုအချိန်မှာပင်...
လုယွီသည် သူ၏နတ်ဘုရားစိတ်အာရုံမှတဆင့် သူ့ထံချဥ်းကပ်လာသော အန္တရာယ်အငွေ့အသက်ကို ခံစားမိသည်။
"တစ်ခုခုတော့ မူမမှန်တော့ဘူး"
လုယွီ၏မျက်ခွံ ပြင်းပြင်းထန်ထန်လှုပ်ခတ်သွားသည်။သူသည် မပြည့်စုံသောမိုးကောင်းကင်ဖာထေးကျောက်တုံးကို သူ၏လက်ဖြင့် အတင်းအကြပ်ဆွဲယူကာ တစ်ချိန်တည်းမှာပင် သူက အလျှင်အမြန်နောက်ဆုတ်လိုက်၏။
လုယွီ နောက်ဆုတ်ပြီးသောအချိန်မှာပင် ကျယ်လောင်သောပေါက်ကွဲသံတစ်သံက သူ၏နားအတွင်း၌ မြည်ဟီးသွားသည်။
မူလက လုယွီ မတ်တတ်ရပ်နေသောနေရာတွင် လှံရှည်တစ်လက် စိုက်ဝင်နေသည်။
ထိုလှံရှည်သည် မြေကြီးအတွင်း၌ နစ်ဝင်နေလေ၏။ထို့နောက် ထက်ရှသောလှံသွားကို ဗဟိုပြု၍ မြေပြင်ပေါ်၌ အက်ကွဲကြောင်းများက ပင့်ကူအိမ်ကဲ့သို့ ပျံ့နှံ့သွားသည်။
ဟူးး....
ဘုရားကျောင်းအတွင်း၌ အေးစက်စက်လေပြင်းများ ရုတ်တရက် တိုက်ခတ်လာသည်။
ခန်းမ၏အနောက်ဘက်မှနေ၍ အေးစက်စက်ယင်ချီအရှိန်အဝါများဖြင့် ပြည့်နှက်နေသော အမျိုးသမီးတစ်ယောက် ထွက်ပေါ်လာလေ၏။
သူမ၏မျက်နှာသွင်ပြင်သည် ဟောင်တုနတ်ဘုရားမနှင့် အတိအကျတူညီနေသည်။
Chapter 2534
ဒုန်း...ဒုန်း...ဒုန်း...
ထိုအမျိုးသမီးသည် မှောင်မည်းပြီးအေးစက်သော ဘုရားကျောင်းအတွင်း၌ လမ်းလျှောက်နေသည်။သူမ ခြေတစ်လှမ်းချသည့်အချိန်တိုင်း ပြင်းထန်သောခြေလှမ်းသံကြီး မြည်ဟီးနေပေ၏။
သူမ ခြေလှမ်းလှမ်းနေစဥ်တွင် ထောင်နှင့်ချီသော နတ်ဘုရားအလင်းတန်းများ ဆင်းသက်လာသည့်အလား သက်ရှိများအားလုံးကို သူမအား ဦးညွှတ်အရိုအသေပြုလိုစိတ် ပေါက်ဖွားစေသည်။
"ဒီဖိအားအရှိန်အဝါက နည်းနည်းတော့ထူးဆန်းနေတယ်"
လုယွီသည် သူ့ရှေ့ရှိအမျိုးသမီးထံမှ ထွက်ပေါ်နေသော မကြုံစဖူးဖိအားအရှိန်အဝါမျိုးကို ခံစားမိသဖြင့် သူ၏မျက်နှာ သုန်မှုန်သွားသည်။
အရိုးကွဲလုမတက်အေးစိမ့်သော ယင်ချီအရှိန်အဝါများနှင့်အတူ နံရံဆေးရေးပန်းချီများလည်း ပြောင်းလဲသွားပေ၏။
နံရံဆေးရေးပန်းချီပေါ်မှ ဟောင်တုနတ်ဘုရားမ၏ဟောပြောမှုကို နားထောင်နေသော အင်မော်တယ်များအားလုံး၏မျက်လုံးများအတွင်းမှ ရုတ်တရက် သွေးများယိုစီးကျလာသည်။သူတို့၏မျက်နှာအမူအယာများသည် သနားကြင်နာမှုမှ ရက်စက်ကြမ်းကြုတ်မှုသို့ ပြောင်းလဲသွားသည်။
ထိုအင်မော်တယ်များသည် တစ်ယောက်ပြီးတစ်ယောက် ရက်စက်ကြမ်းကြုတ်ပြီး တုန်လှုပ်ချောက်ချားဖွယ်ကောင်းသည့်သွင်ပြင်မျိုး ဖြစ်လာလေ၏။
နတ်ဘုရားမကို လူအများကယဇ်ပူဇော်နေသော ပထမဆုံးနံရံဆေးရေးပန်းချီသည်လည်း သိသိသာသာ ပြောင်းလဲသွားခဲ့သည်။
လူသူအများ၏ဝတ်ပြုကိုးကွယ်ခြင်းကို ခံနေရသော ဟောင်တုနတ်ဘုရားမသည် ရုတ်တရက် ရက်စက်ကြမ်းကြုတ်သောအသူရာနတ်ဆိုးအဖြစ်သို့ ပြောင်းလဲသွားပေ၏။ထိုအသူရာနတ်ဆိုးသည် ဒူးထောက်ပြီးဝတ်ပြုကိုးကွယ်နေဆဲဖြစ်သော လူများကိုဖမ်းဆုပ်ကာ သူ၏ပါးစပ်အတွင်းသို့ထည့်၍ ဝါးမြိုလိုက်၏။
ဟောင်တုနတ်ဘုရားမ၏အနီး၌ စောင့်ကြပ်နေသော အစောင့်များသည် အသူရာနတ်ဆိုးစစ်သားများအဖြစ် ပြောင်းလဲသွားကာ နေရာအနှံ့ လုယက်သတ်ဖြတ်နေကြသည်။
"ကယ်ပါ....ကယ်ပါ....ကယ်ကြပါ...."
"နတ်ဘုရား...ငါ့ရဲ့ဘဝတစ်သက်လုံး မင်းကို အလုပ်အကျွေးပြုခဲ့တာ...ဘာလို့ ငါ့ကို သတ်တာလဲ....ဘာလို့ သတ်တာလဲ"
ဘုရားကျောင်းအတွင်း၌ ရှေးဟောင်းအချိန်ကာလအတွင်းမှ စူးရှနာကျင်စွာအော်ဟစ်သံများ ထွက်ပေါ်လာသည်။
နံရံဆေးရေးပန်းချီများသည် အသက်ဝင်လာပုံရကာ ရှေးဟောင်းခေတ်မှလူများ၏အော်သံများသည် နံရံများမှတဆင့် ခန်းမအတွင်း၌ ပဲ့တင်ထပ်ပျံ့နှံ့နေသည်။
ဤဘုရားကျောင်းသည် လုံးလုံးလျားလျား ပြောင်းလဲသွားလေပြီ။
မူလက မြင့်မြတ်ပြီးကြီးကျယ်ခမ်းနားသော ဘုရားကျောင်းသည် ဤအချိန်အခိုက်အတန့်တွင် နတ်ဆိုးလှိုဏ်ဂူတစ်ဂူနှင့် တူညီနေသည်။နတ်ဆိုးများစုဝေးနေမှုသည် လူအများအား ကျောရိုးများချမ်းစိမ့်သွားသည်အထိ တုန်ရီချောက်ချားနေစေလေ၏။
"နတ်ဘုရားတွေကိုဆန့်ကျင်ပြီး နတ်ဆိုးဖြစ်လာခြင်း...ထာဝရနတ်ဆိုးရုပ်အလောင်းတွေ...ဟောင်တုနတ်ဘုရားမက ဒီနည်းလမ်းကိုအသုံးပြုပြီးတော့ ပြန်ရှင်သန်ဖို့ ကြံစည်ခဲ့တာပဲ....သူက မီးနတ်ဘုရားနဲ့တစ္ဆေဧကရာဇ်ထက်တောင် ပိုပြီးလိမ္မာပါးနပ်သေးတယ်...မြန်မြန်ထွက်သွားကြစို့"
မျောက်က စူးရှကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
အမှန်အားဖြင့် မျောက်၏သတိပေးမှုမရှိလျှင်ပင် လုယွီသည် စတင်၍ဆုတ်ခွါနေလေပြီ။
မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် လုယွီသည် ဘုရားကျောင်း၏တံခါးထံသို့ မိုင်ပေါင်းများစွာအကွာအဝေးထိ ပျံသန်းသွားပြီးဖြစ်သည်။
သို့ရာတွင် ဟောင်တငနတ်ဘုရားမဖြစ်ပုံရသော အမျိုးသမီးသည် ခြေလှမ်းအနည်းငယ်လှမ်းလိုက်ရုံဖြင့် သူ့အားအမှီလိုက်နိုင်သွားမည်ဟု သူ မျှော်လင့်မထားမိချေ။
သူမ လမ်းလျှောက်သည်ကိုကြည့်ရသည်မှာ ပန်းခြံအတွင်း၌ အပန်းဖြေအနားယူနေသည်နှင့်တူညီပြီး စွမ်းအားများစွာ အသုံးပြုထားပုံ မပေါ်ပေ။
မည်သည့်သတိပေးမှုမျိုးမျှမရှိသော်လည်ူ ဟောင်တုနတ်ဘုရားမသည် သူ့အား သတ်ဖြတ်ချင်နေကြောင်း လုယွီက သိရှိလိုက်ရ၏။
"အင်မော်တယ်သုတ်သင်ဓားချက်"
လုယွီက ဓားချီတစ်လှိုင်း ထုတ်လွှတ်လိုက်သည်။ထိုဓားချီသည် ပြင်းထန်သောစွမ်းအားလှိုင်းများနှင့် ရောယှက်နေကာ ဟောင်တုနတ်ဘုရားမထံသို့ တိုးဝင်သွားသည်။
ဝှစ်...ဝှစ်...
အမျိုးသမီး၏ခန္ဓာကိုယ်တစ်ခုလုံးကို ဓားချီများက လွှမ်းခြုံသွားသည်။သို့ရာတွင် သူမ၏ခန္ဓာကိုယ်နံဘေးပတ်လည်၌ အနက်ရောင်အခိုးအငွေ့များလှည့်ပတ်နေကာ လုယွီ ထုတ်လွှတ်သောဓားချီကို ပိတ်ဆို့ဟန့်တားလိုက်၏။
အကယ်၍ ရွှယ်အင်မော်တယ်တစ်ယောက်သည်ပင် အင်မော်တယ်သုတ်သင်ဓားချီနှင့် ရင်ဆိုင်ရပါက သူ၏ခန္ဓာကိုယ်ပေါ်တွင် ပြတ်ရှရာများ ထင်ကျန်ရစ်ပေမည်။
သို့ရာတွင် ထိုအမျိုးသမီးအား အနည်းငယ်မျှပင် ထိခိုက်နာကျင်စေခြင်းမရှိချေ။
ဤကဲ့သို့ခွန်အားမျိုးသည် ရွှယ်အင်မော်တယ်နယ်ပယ်အထွတ်အထိပ်အဆင့် သို့မဟုတ် နယ်မြေသခင်များတွင်သာရှိနိုင်သော အရာမျိုးပင်။
"နတ်ဘုရားတွေကိုဆန့်ကျင်ပြီး နတ်ဆိုးဖြစ်လာခြင်းဆိုတာက ဘာလဲ"
လုယွီက မေးမြန်းသည်။
ထိုအမျိုးသမီးထံမှနေ၍ သူ အလွန်ကြီးမားသောနတ်ဆိုးအငွေ့အသက်ကို အာရုံခံမိသည်။
သူမသည် လောကကြီးအတွင်းမှနတ်ဆိုးများအားလုံး၏ မူရင်းဇစ်မြစ်ဖြစ်ပုံပင်။သူမ၏ခန္ဓာကိုယ်တစ်ခုလုံးကို ပြင်းထန်သောနတ်ဆိုးအငွေ့အသက်များ ဖုံးလွှမ်းနေသဖြင့် လူများသည် သူမအား တစ်ချက်ကြည့်မိရုံဖြင့် မူးဝေမှုကို ခံစားရပေမည်။သူမ၏စိတ်အတွင်းမှနေ၍ ဆိုးညစ်သောအတွေးများက ပြင်ပသို့ပျံ့နှံ့နေသည်။
လုယွီသည် ကွန်ဖြူးရှပ်တာအိုပညာရှင်တစ်ယောက်ပင်။ထို့ကြောင့် သူ၏သမာဓိချီစွမ်းအင်များဖြင့် ဆိုးညစ်သောအတွေးများကျူးကျော်လာမှုကို ခုခံကာ သူ၏နတ်ဘုရားစိတ်အာရုံကို ကြည်လင်အောင် ထိန်းသိမ်းနိုင်ခဲ့သည်။
"တကယ်တော့ ရှေးဟောင်းကောင်းကင်ဘုံနယ်မြေရဲ့နတ်ဘုရားတွေက ကပ်ဘေးကြီးအတွင်းမှာ ကြွေလွင့်သွားကြပြီ....နတ်ဘုရားအများစုက သူတို့အတွက် ထွက်ပေါက်တစ်ခုကို ကြိုရှာထားကြတယ်...ဥပမာအနေနဲ့ပြောရရင် မီးနတ်ဘုရားရဲ့တစ္ဆေဧကရာဇ်တို့က သူတို့ရဲ့အကြွင်းအကျန်စိတ်ဝိညာဥ်တွေကိုချန်ထားပြီးတော့ နောင်တစ်ချိန်မှာ ပြန်လည်မွေးဖွားလာဖို့ စောင့်ဆိုင်းနေကြသလိုမျိုးပဲ"
"ဒါပေမယ့် အကြွင်းအကျန်စိတ်ဝိညာဥ်တွေ ချန်ထားခဲ့တဲ့နည်းလမ်းက ဘေးကင်းလုံခြုံမှုမရှိဘူး...အဆင့်မြင့်နတ်ဘုရားတွေရဲ့စိတ်ဝိညာဥ်အမျှင်တန်းတွေက အတွေးတစ်ချက်နဲ့တင် ကိုယ်ပိုင်အသိဥာဏ်တွေ ပေါက်ဖွားနိုင်စွမ်းရှိတယ်....အဲ့ဒီအချိန်ကျရင် တကယ်လို့ အဲ့ဒီနတ်ဘုရားက ပြန်လည်ရှင်သန်လာရင်တောင် သူကိုယ်တိုင် မဟုတ်တော့ဘူး"
Chapter 2535
"တချို့နတ်ဘုရားတွေမှာ တားမြစ်နည်းစနစ်တချို့ရှိတယ်...ဒါပေမယ့် အဲ့ဒီတားမြစ်နည်းစနစ်တွေကို ကောင်းကင်ဘုံနန်းတော်က တားမြစ်ကန့်သတ်ထားပြီးတော့ မိုးကောင်းကင်ဥပဒေသတွေရဲ့ ပိတ်ဆို့ဟန့်တားတာကို ခံထားရတယ်...တကယ်လို့ သူတို့က ခွင့်ပြုချက်မရှိဘဲနဲ့ အဲ့ဒီနည်းစနစ်တွေကို ကျင့်ကြံဝံ့မယ်ဆိုရင် ကောင်းကင်ဘုံနန်းတော်က ရှာတွေ့သွားတာနဲ့ အပြစ်ပေးခံရမယ်"
"ရှေးဟောင်းကောင်းကင်ဘုံနယ်မြေရဲ့ကပ်ဘေးကြီးအတွင်းမှာ အင်မော်တယ်တွေနဲ့နတ်ဘုရားတွေအားလုံး ကြွေလွင့်သွားခဲ့တယ်...ဒီရုန်းရင်းဆန်ခတ်မှုအတွင်းမှာ ယုံကြည်ကိုးကွယ်သူဘယ်လောက်များများရှိတဲ့ နတ်ဘုရားဖြစ်နေပါစေ ကြွေလွင့်သွားတဲ့ဘေးကပ်ဆိုးကနေ မလွတ်မြောက်နိုင်ခဲ့ဘူး"
"ဒါပေမယ့် မဟာမိုးကောင်းကင်ကပ်ဘေးမိုးကြိုး ဆင်းသက်လာတဲ့ အချိန်အခိုက်အတန့်မှာ အဲ့ဒီနတ်ဘုရားက သူ့ရဲ့စိတ်ဝိညာဥ်ကို သူ့ရဲ့ရုပ်ခန္ဓာကိုယ်ကနေ အောင်အောင်မြင်မြင် ခွဲထုတ်နိုင်မယ်ဆိုရင်....သူ့ရဲ့ရုပ်ခန္ဓာကိုယ်က လုံးလုံးလျားလျားကွဲပြားခြားနားတဲ့ စိတ်ဝိညာဥ်တစ်ခုကို လက်ခံနိုင်လိမ့်မယ်....ငါ မင်းနားလည်လွယ်အောင်ပြောရရင် သူတော်စင်တစ်ယောက်က ရုပ်ပျက်ဆင်းပျက်လောဘကြီးလာပြီးတော့ ကြင်နာသနားတက်တဲ့သူက ရက်စက်ကြမ်းကြုတ်လာသလိုမျိုးပဲ...အတိတ်တုန်းက ဟောင်တုနတ်ဘုရားမဆိုတာ နယ်မြေတစ်ခုလုံးကို လှုပ်ခတ်နိုင်ခဲ့တဲ့ အစွမ်းထက်နတ်ဘုရားတစ်ပါး...သူက သေမျိုးလောကထဲကို မကြာခဏဆင်းပြီးတော့ လောကကြီးထဲကလူသားတွေကို ကူညီတယ်...သူက ကုသိုလ်ကောင်းမှုမျိုးစေ့တွေ အများကြီးချထားခဲ့တယ်...ပြီးတော့ သူက နတ်ဘုရားတွေကိုဆန့်ကျင်ပြီး နတ်ဆိုးဖြစ်လာတဲ့နည်းလမ်းကို အသုံးပြုခဲ့တာပဲ...သူ့ရဲ့ စိတ်စေတနာကောင်းတွေအားလုံးကို သူက စွန့်လွှတ်လိုက်ပြီးတော့...ယုတ်မာကောက်ကျစ်ပြီး ရက်စက်ကြမ်းကြုတ်တဲ့ နတ်ဆိုးအနေနဲ့ ရုပ်လုံးဖော်ခဲ့တယ်...ဒါကြောင့် ဟောင်တုနတ်ဘုရားမက ပြန်လည်ရှင်သန်လာရင်တောင် အရင်တုန်းကလိုနတ်ဘုရားမျိုးမဟုတ်တော့ဘူး"
မျောက်က ဆက်လက်ပြောဆိုသည်။
"အဲ့ဒီနည်းလမ်းနဲ့ ကပ်ဘေးကြီးက သူ့ကိုရှာမတွေ့ဘဲ ပျောက်ကွယ်နေလိမ့်မယ်...သူ အသက်ရှင်လွတ်မြောက်နိုင်ဖို့ အခွင့်အရေးလည်း ရသွားလိမ့်မယ်...ပြန်တွေးကြည့်ရင် ရှေးဟောင်းကောင်းကင်ဘုံနယ်မြေ ပျက်စီးသွားတဲ့အချိန်မှာ ကောင်းကင်ဘုံဧကရာဇ်က တားမြစ်နည်းစနစ်တွေအားလုံးကို ချိပ်ပိတ်ခဲ့တယ်...ဒါပေမယ့် ဟောင်တုနတ်ဘုရားမနဲ့ကောင်းကင်ဘုံဧကရာဇ်ကြားမှာ နက်ရှိုင်းတဲ့ဆက်နွယ်ချက်မျိုးရှိနေတာကြောင့် သူက ဒီတားမြစ်နည်းစနစ်ကို ရယူနိုင်ခဲ့တာပဲဖြစ်မယ်"
ထိုစကားများပြောဆိုနေစဥ်တွင် လုယွီသည် နတ်ဆိုးစိတ်ဝိညာဥ်နှင့် တိုက်ခိုက်မှုခြင်းဖလှယ်နေခဲ့သည်။
လုယွီက ပြင်းထန်သောလက်သီးတစ်ချက်ကို ထိုးနှက်လိုက်၏။သူ၏လက်သီးတွင် အစစ်အမှန်နဂါးဆယ်ကောင်၏စွမ်းအားနှင့်ညီမျှသော ခွန်အားမျိုးပါဝင်နေသည်။
သို့ရာတွင် ထိုလက်သီးချက်သည် နတ်ဆိုးစိတ်ဝိညာဥ်အား ရိုက်ခတ်မိစဥ်တွင် မဖျက်ဆီးနိုင်သောမာကျောသည့် ကျောက်နံရံကြီးနှင့် ရိုက်ခတ်မိသကဲ့သို့ ပြန်ကန်ထွက်လာခဲ့သည်။
လုယွီသည် သူ၏လက်သီးအားလှိုင်းထက် အဆများစွာ ပို၍ပြင်းထန်သောတန်ပြန်အားလှိုင်းကို ခံစားလိုက်ရ၏။
ဘန်း...
ကျယ်လောင်သောဆူညံသံနှင့်အတူ လုယွီသည် နောက်သို့ မီတာရာပေါင်းများစွာအကွာအဝေးထိ လွင့်ထွက်သွားခဲ့သည်။
နတ်ဆိုးစိတ်ဝိညာဥ်သည် လုယွီအား လိုက်လံ၍ဖမ်းဆီးခြင်းမပြုဘဲ သတိကြီးစွာထား၍ စောင့်ကြည့်နေလေသည်။
"ဘယ်လောက်တော် ကြီးမားတဲ့ခွန်အားမျိုးလဲ...ကြည့်ရတာတော့ သူက ခွန်အားကုန်တောင် အသုံးပြုထားတဲ့ပုံမပေါ်ဘူး"
လုယွီ၏စိတ်နှလုံးသား လေးလံသွားသည်။
လုယွီ၏ခွန်အားသည် အလွန်အမင်းကြီးမားသော်လည်း နတ်ဆိုးစိတ်ဝိညာဥ်နှင့် ရင်ဆိုင်ရချိန်တွင် ဖိနှိပ်ခြင်းခံလိုက်ရ၏။
သိုင်းပညာသူတော်စင်များတွင် ပြိုင်ဘက်ကင်းခွန်အားမျိုးရှိသည်ဟု ဆိုနိုင်သော်လည်း အကန့်အသတ်ရှိနေဆဲပင်။တစ်ဖက်လူသည် ရှေးဟောင်းခေတ်အတွင်းမှ ယခုလက်ရှိအချိန်ထိ နှစ်ခြိုက်စွာအိပ်မောကျနေခဲ့သော နတ်ဘုရားတစ်ပါးဖြစ်သည်။ဤသည်က မီးနတ်ဘုရားနှင့်တစ္ဆေဧကရာဇ်တို့ ချန်ထားခဲ့သော အကြွင်းအကျန်စိတ်ဝိညာဥ်များနှင့် နှိုင်းယှဥ်၍ရသောအရာမျိုးမဟုတ်ချေ။
ကံကောင်းထောက်မစွာဖြင့် တစ်ဖက်လူထံတွင် လုယွီအား သတ်ဖြတ်လိုသောရည်ရွယ်ချက် မရှိခြင်းကြောင့်သာ သူ ခုခံနိုင်ခဲ့ခြင်းဖြစ်သည်။
နယ်ပယ်ကွာခြားချက်က အရမ်းကြီးမားတယ်...ဒါပေမယ့် အခုချိန်မှာ သူ့ရဲ့အသိဥာဏ်က အပြည့်အဝမဖွံဖြိုးသေးဘူး...ငါ့အတွက် လွတ်လမ်းတစ်လမ်းတော့ရှိရမယ်"
လုယွီက နက်နက်နဲနဲ တွေးတောလိုက်သည်။
သို့ရာတွင် နတ်ဆိုးစိတ်ဝိညာဥ်သည် လုယွီအား အချိန်များစွာမပေးချေ။လုယွီ ထွက်ခွါမသွားနိုင်သည်ကိုကြည့်ပြီး နတ်ဆိုးစိတ်ဝိညာဥ်၏မျက်လုံးများ စူးရှရှတောက်ပလာကာ နားအူလုမတက်အသံကြီးဖြင့် အော်ဟစ်လိုက်၏။
ဂါး.....
ရုတ်ချည်းဆိုသလိုပင် လေထုအတွင်း၌ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများဖြင့် ပြည့်နှက်ကာ အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။
ထိုသတ်ဖြတ်လိုခြင်းစိတ်ဆန္ဒသည် ခန်းမ၏ထောင့်နေရာတိုင်းမကျန် ပျံ့နှံ့သွားကာ တစ်ဖက်လူအား ခုခံကာကွယ်နိုင်မှုကင်းမဲ့စေနိုင်စွမ်းရှိသည်။
လုယွီသည် ကွန်ဖြူးရှပ်တာအိုဥပဒေသဖြင့် သူ၏စိတ်ဝိညာဥ်ကို ကာကွယ်ထားသည့်တိုင် ဤအချိန်အခိုက်အတန့်တွင် သူ၏ခုခံကာကွယ်နိုင်မှု ဆုံးရှုံးသွားသကဲ့သို့ ခံစားနေရ၏။
"ဒီနတ်ဆိုးစိတ်ဝိညာဥ်က နိုးထလာတာ မကြာသေးပုံပဲ...ငါတို့က ဘုရားကျောင်းထဲမှာရှိတဲ့မှော်ရတနာတွေကို ထိတွေ့မိတဲ့အတွက် သူ့ကို မတော်တဆနှိုးလိုက်မိသလို ဖြစ်သွားခဲ့တယ်...တကယ်လို့ အခုချိန်မှာ မင်းနဲ့ငါ ပူးပေါင်းပြီးတိုက်ခိုက်ရင်တောင် အဲ့ဒီနတ်ဆိုးစိတ်ဝိညာဥ်ကို ဘာမှလုပ်နိုင်မှာမဟုတ်ဘူး...အကောင်းဆုံးနည်းလမ်းကတော့ ငါတို့ အခုချက်ချင်း ထွက်သွားဖို့ပဲ"
မျောက်က လုယွီအား ဖြောင့်ဖျစကားပြောဆိုသည်။
လုယွီ ရူးမိုက်သည့်ကိစ္စတစ်ခုအား ပြုလုပ်မည်ကို သူ စိုးရိမ်နေမိသည်။မျောက်သည် သာမာန်အားဖြင့် မည်သည့်အရာကိုမျှ ကြောက်ရွံထိတ်လန့်လေ့မရှိသော်လည်း အစစ်အမှန်အစွမ်းထက်သူမျိုးနှင့် ရင်ဆိုင်ရချိန်တွင် သူ၏အကန့်အသတ်ကို သူ ကောင်းစွာသိရှိလေ၏။
နတ်ဆိုးစိတ်ဝိညာဥ် လှုပ်ရှားလာစဥ်တွင် လုယွီက သူ၏လက်သီးကို လက်သည်းအသွင်ပြောင်းလဲ၍ သူ့ရှေ့ရှိလေဟာနယ်တစ်နေရာကို ပြင်းပြင်းထန်ထန် ဆွဲဖြဲလိုက်သည်။