အခန်း (၂၅၄၁-၂၅၄၅)
Vol. 130 Ch. 2541-2545
Chapter 2541
သူတို့သည် ကူးပြောင်းရေးဝင်္ကပါမှထွက်လာစဥ်တွင် လုယွီကို မမြင်တွေ့ရချေ။
သို့ရာတွင် သူတို့အားလုံး ထိတ်ထိတ်ပျာပျာဖြစ်သွားခြင်းမရှိချေ။သူတို့သည် ကျောင်းတော်သို့ရောက်ရှိနေပြီဖြစ်သဖြင့် အစွမ်းထက်အကြီးအကဲများက လုယွီကို ကယ်တင်ပေလိမ့်မည်။
ရွှယ်အင်မော်တယ်တစ်ယောက်သည် လေဟာနယ်ဥပဒေသကို နားလည်သဘောပေါက်ထားပြီးလေပြီ။သူတို့၏စွမ်းအားဖြင့် လေဟာနယ်ကိုဖြတ်သန်းကာ တခြားကမ္ဘာလောကတွင်ရှိနေသော လုယွီကို ကယ်တင်နိုင်ပေမည်။
"လက်ထောက်ကျောင်းအုပ်...ကျေးဇူးပြုပြီး လုယွီကို ကယ်တင်ပေးပါ"
"လက်ထောက်ကျောင်းအုပ်...ကျေးဇူးပြုပြီး ကူညီပေးပါ"
ချိုင်လုံရှင်းအပါအဝင် တပည့်များသည် ထျန်းပိုယန်ကို ဦးညွှတ်အရိုအသေပြု၍ တောင်းဆိုလိုက်ကြ၏။
လုယွီက သူတို့၏အသက်ကို ကယ်တင်ခဲ့သည်။ထို့ကြောင့် လုယွီအား ကယ်တင်နိုင်ရန် သူတို့ အကောင်းဆုံးကြိုးစားရပေမည်။
ထျန်းပိုယန်သည် အချိန်တခဏကြာ တိတ်ဆိတ်ငြိမ်သက်နေပြီးမှ ပြောဆိုသည်။
"အဲ့ဒီအကြောင်းတွေကို အခု မပြောကြနဲ့အုံး...နတ်ဘုရားကုန်းမြေကသက်ရှိတွေရဲ့ လျှို့ဝှက်ကြံစည်မှုက လုယွီရဲ့အပြောသက်သက်ပဲရှိတာ...ဘယ်လိုလုပ်ပြီး ယုံကြည်လို့ရမှာလဲ...ငါထင်တာတော့ အောက်ဘုံကသက်ရှိတွေ မင်းတို့ကိုတိုက်ခိုက်တာက မင်းတို့ဆီမှာရှိနေတဲ့မှော်ရတနာတွေကို လိုချင်လို့ပဲဖြစ်မယ်....သူတို့က ဒီလိုကိစ္စကြီးမျိုးကိုလုပ်ဖို့ သတ္တိရှိမှာမဟုတ်ဘူး"
လက်ရှိနေရာတွင်ရှိနေသော တပည့်များအားလုံး ကြက်သေသေသွားသည်။
သူတို့သည် ဖြစ်နိုင်ချေဟူသမျှကို စဥ်းစားခဲ့သော်လည်း ထျန်းပိုယန်သည် သူတို့၏စကားများကိုမယုံကြည်ရန် ရွေးချယ်မည်ဟု သူတို့အားလုံး မျှော်လင့်မထားမိချေ။
ဤကိစ္စရပ်များကို လုယွီမှ ပြောဆိုခဲ့သည်ဟူသည်ကို ယုံကြည်ကြမည်မဟုတ်ကြောင်း သူတို့အားလုံး တွေးတောထားပြီးလေပြီ။
သို့ရာတွင် ဤသည်က အမှန်တကယ်ဖြစ်ပျက်ခဲ့သော ကိစ္စများပင်။
ကျောင်းတော်မှအဆင့်မြင့်အကြီးအကဲများသည် ထိုသတင်းကိုကြားချိန်တွင် အလွန်အမင်း ဒေါသထွက်သွားကြ၏။သို့ရာတွင် ထျန်းပိုယန်၏တုံ့ပြန်မှုကိုမြင်ချိန်၌ တပည့်များအားလုံး သူတို့၏ကျောရိုးများတလျှောက် ချမ်းစိမ်လာသကဲ့သို့ ခံစားမိသည်။
ချိုင်လုံရှင်းက အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။
"ဆရာထျန်း...ဒီကိစ္စကို ခင်ဗျား သေသေချာချာစစ်ဆေးတာပိုကောင်းမယ်လို့ ကျွန်တော်ထင်တယ်"
ဤတစ်ကြိမ်တွင် ချိုင်လုံရှင်းသည် ထျန်းပိုယန်ကို လက်ထောက်ကျောင်းအုပ်ဟု ခေါ်ဆိုသုံးနှုန်းခြင်းမရှိတော့ချေ။
ယခုလက်ရှိချိန်၌ သူသည် မင်းသားတစ်ပါးဟူသော သူ၏အဆင့်အတန်းကိုအသုံးပြု၍ ထျန်းပိုယန်ကို ပြောဆိုလိုက်ခြင်းဖြစ်သည်။
"အရှင့်သား...ငါက အကုန်လုံးဘေးကင်းလုံခြုံဖို့အတွက်ကိုပဲ ဦးစားပေးရမယ်...အရာရာတိုင်းကို ချက်ချင်းရမ်းသန်းပြီး ကောက်ချက်ချလို့မရဘူး...ဒီကိစ္စရပ်တွေ အကုန်ဖြေရှင်းပြီးတာနဲ့ ငါက ကောင်းကင်ဘုံနယ်မြေထဲ ခိုးဝင်လာတဲ့ကောင်တွေအားလုံးကို ရှင်းထုတ်ပစ်မယ်"
"ဒါဆိုရင်လည်း လုယွီကို အရင်ဆုံးကယ်တင်ပေးပါ...ကျွန်တော်တို့က ကိစ္စတွေအားလုံးကို အမြန်ဆုံးရှင်းရှင်းလင်းလင်းဖြစ်အောင်လုပ်ဖို့ လိုအပ်တယ်"
ချိုင်လုံရှင်းက ပြောဆိုသည်။
လုယွီသည် အောက်ဘုံအတွင်း၌ ကျန်ရှိနေခဲ့သည်ဟူသော သတင်းကိုကြားချိန်တွင် ယခုလက်ရှိနေရာတွင်ရှိနေသော မဟာကွန်ဖြူးရှပ်ပညာရှင်အများစု၏ မျက်နှာအမူအယာများ ပျက်ယွင်းသွားပေ၏။
လုယွီသည် သူတော်စင်ယီဟန်၏တပည့်ဖြစ်ကြောင်း သူတို့အနက်မှအများစုက သိရှိထားပြီးလေပြီ။
သူတော်စင်ယီဟန်တွင် နာမည်ခံတပည့်အမြောက်အများရှိသော်လည်း တိုက်ရိုက်တပည့်အရေအတွက်မှာ အလွန်အမင်းနည်းပါးသည်။
ထို့ပြင် သူ၏တိုက်ရိုက်တပည့်တိုင်းသည် ကောင်းကင်ဘုံနယ်မြေတစ်ခုလုံးအနှံ့ နာမည်ကျော်ကြားသော အစွမ်းထက်ပုဂ္ဂိုလ်များဖြစ်သည်။
ယခုလက်ရှိချိန်တွင် လုယွီသည် လှောင်ပိတ်မိနေသဖြင့် သူတော်စင်အတွက်ဖြစ်စေ သူ၏ကိုယ်ပိုင်အနာဂတ်အတွက်ဖြစ်စေ သူတို့သည် သူ့အား ကယ်တင်ရပေမည်။
"ကောင်းပြီလေ...ငါ တစ်ချက်ကြည့်ကြည့်မယ်"
ထျန်းပိုယန်၏လက်အတွင်း၌ ရုတ်တရက် အပြာရောင်အလင်းလုံးတစ်လုံး ထွက်ပေါ်လာသည်။
ထိုအလင်းလုံးသည် ဖြည်းညှင်းစွာလည်ပတ်နေကာ နောက်ဆုံး၌ သူတော်စင်ခန်းမဆောင်၏ပုံရိပ် ထင်ဟပ်လာသည်။
ထိုအလင်းလုံး တစ်ကြိမ်လှည့်ပတ်သည့်အချိန်တိုင်း လေဟာနယ်စွမ်းအင်လှိုင်းများ ဖြာထွက်နေသည်။
ဤသည်က ရွှယ်အင်မော်တယ်နယ်ပယ်ကျင့်ကြံသူများသာ ထိန်းချုပ်နိုင်သော လေဟာနယ်စွမ်းအားပင်။
ထိုအလင်းလုံးလှည့်ပတ်နေသည့်အကြားတွင် နံဘေးပတ်လည်၌ အပြာရောင်အလင်းတန်းများ ဖြာထွက်နေသည်။အလင်းလုံး၏အလယ်ဗဟိုတွင် တခြားကမ္ဘာလောကတစ်ခု၏ပုံရိပ်က တဖြည်းဖြည်းတောက်ပလာပေ၏။
အလင်းလုံးသုံးကြိမ်ဆက်တိုက် လှည့်ပတ်ပြီးနောက် ထျန်းပိုယန်က သက်ပြင်းတစ်ချက် ရှိုက်လိုက်သည်။
"ငါ လုယွီကို ရှာမတွေ့ဘူး"
ကျောင်းတော်မှတပည့်တစ်ယောက်က အလွန်အံ့အားသင့်တုန်လှုပ်နေသောအသံဖြင့် ပြောဆိုလိုက်၏။
"လက်ထောက်ကျောင်းအုပ်...သေချာရှာကြည့်ပါအုံး....သူက ကျွန်တော်တို့နဲ့အတူ ရှိနေခဲ့တာလေ"
"မင်းက ငါ့ရဲ့အရည်အချင်းကို သံသယဝင်နေတာလား"
ထျန်းပိုယန်က အေးစက်စက်အကြည့်ဖြင့် ထိုတပည့်ကို ကြည့်လိုက်သည်။
အစောပိုင်းက စကားပြောဆိုလိုက်သောတပည့် နေရာမှာပင် ကြက်သေသေသွားသည်။သူ မည်မျှရဲတင်းနေပါစေ ရွှယ်အင်မော်တယ်တစ်ယောက်ကို မေးခွန်းမထုတ်ဝံ့ချေ။
ချိုင်လုံရှင်းက ခြေတစ်လှမ်းရှေ့တိုးကာ ပြောဆိုသည်။
"ဆရာထျန်း...ကျေးဇူးပြုပြီး ထပ်ကြိုးစားပေးပါအုံး"
တခြားသူများသည် ထျန်းပိုယန်အား ကြောက်ရွံမည်ဖြစ်သော်လည်း ချိုင်လုံရှင်းကမူ မတူညီချေ။
ထျန်းပိုယန်က မျက်မှောင်ကြုတ်ကာ သူက အနည်းငယ်နှစ်သိမ့်သောလေသံမျိုးဖြင့် ပြောဆိုလေ၏။
"အရှင့်သား...သူက နတ်ဘုရားကုန်းမြေထဲမှာပဲ ရှိနေမှာပါ...ဒီကိစ္စတွေအကုန်ပြီးသွားတာနဲ့ ငါကိုယ်တိုင်အောက်ဘုံကိုဆင်းပြီး သူ့ကိုသွားရှာမယ်"
Chapter 2542
ချိုင်လုံရှင်းသည် ငယ်ရွယ်စဥ်ကတည်းက တာယွီအင်ပါယာတွင် အခြေခံအကျဆုံးအရာရှိငယ်အဆင့်ဖြင့် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်၍ ထျန်းပိုယန်သည် အကြောင်းပြချက်ရှာကာ အချိန်ဆွဲနေကြောင်း ကောင်းစွာသိရှိသည်။
"ကျောင်းတော်ရဲ့တပည့်တစ်ယောက်ကို ကယ်တင်ဖို့ထက် ပိုပြီးအရေးကြီးတဲ့အရာ ဘာရှိလဲဆိုတာ ငါ သိချင်မိတယ်"
ချိုင်လုံရှင်းက အေးစက်စက်လေသံဖြင့် ပြောဆိုသည်။
ချန်းကျင်းကလည်း သူ့ရှေ့ရှိစားပွဲခုံကို လက်ဖြင့်ရိုက်ပုတ်ကာ မတ်တတ်ထရပ်လိုက်၏။
"ထျန်းပိုယန်...လုယွီနဲ့မင်းကြားမှာ ဘယ်လိုအငြိုးအတေးမျိုးတွေရှိနေလဲဆိုတာ ငါ မသိဘူး...ဒါပေမယ့် မင်း လုယွီကို အမြန်ဆုံးကယ်တင်တာ ပိုကောင်းလိမ့်မယ်...ဘာကိစ္စတွေပဲရှိရှိ...လူကယ်ဖို့ထက်အရေးကြီးတဲ့အရာ ဘာမှမရှိဘူး"
ထျန်းပိုယန်က အေးစက်စက်နှာတစ်ချက်မှုတ်လိုက်သည်။
"ဟမ့်...တကယ်လို့ မင်း သူ့ကို အရမ်းကယ်တင်ချင်နေတယ်ဆိုရင် မင်းဟာမင်းလုပ်လေ...ငါ မင်းကို မတားဘူး"
"ကောင်းပြီလေ...ငါ မင်းကို မတောင်းဆိုတော့ဘူး"
ချန်းကျင်း၏လက်ဝါးအတွင်းမှနေ၍ မြင့်မြတ်သော သမာဓိချီစွမ်းအားများ ထွက်ပေါ်လာသည်။
မဟာကွန်ဖြူးရှပ်ပညာရှင်တစ်ယောက်ဖြစ်သော ချန်းကျင်းသည် အသိပညာဗဟုသုတကြွယ်ဝသော်လည်း သူထံတွင် မြေကမ္ဘာအင်မော်တယ်နယ်ပယ် ကျင့်ကြံဆင့်သာရှိသည်။
သို့ရာတွင် ထိုသို့ဆိုသည့်တိုင် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်အတွင်း၌ မဟာကွန်ဖြူးရှပ်ပညာရှင်တစ်ယောက်သည် ကောင်းကင်နှင့်မြေပြင်အကြားမှ စွမ်းအားများကို ငှါးယမ်းကာ ရွှယ်အင်မော်တယ်တစ်ယောက်၏စွမ်းအားမျိုးကို ယာယီပိုင်ဆိုင်နိုင်သည်။
မြင့်မြတ်သောချီစွမ်းအင်းလှိုင်းများ ရုတ်တရက် ပွင့်အံလာခြင်းနှင့်အတူ အပြာရောင်အလင်းလုံးတစ်လုံးက ချန်းကျင်း၏ရှေ့၌ ထွက်ပေါ်လာသည်။
ထိုအလင်းလုံးပေါ်မှနေ၍ နတ်ဘုရားကုန်းမြေ၏ထောင့်တစ်နေရာတိုင်းကိုမကျန် ချန်းကျင်းက စူးစမ်းရှာဖွေနေလေ၏။
သို့ရာတွင် သူ မည်သည့်နေရာကို ရှာဖွေနေပါစေ လုယွီအား မတွေ့ရှိချေ။
ထို့နောက် ချန်းကျင်းသည် နတ်ဘုရားကုန်းမြေ၏ အနီးပတ်ဝန်းကျင်ရှိ ကွဲပြားခြားနားသော ကမ္ဘာလောကများကို ရှာဖွေလိုက်သည်။
ထိုကမ္ဘာလောကများအတွင်းတွင်လည်း သူသည် လုယွီ၏အရိပ်အယောင်ကို မမြင်တွေ့ရချေ။
လုယွီသည် ပါးလွှာသောလေထုအတွင်း၌ သဲလွန်စပင်မကျန်အောင် ပျောက်ကွယ်နေခဲ့သည်။
"ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ...သူက ငါတို့နဲ့အတူ ထွက်လာတာလေ"
ကျောင်းတော်တပည့်တစ်ယောက်က ညည်းတွားလိုက်၏။
ထျန်းပိုယန်က မတုန်မလှုပ်လေသံဖြင့် ပြောဆိုသည်။
"ချန်းကျင်း...ကြည့်ရတာတော့ လုယွီက တကယ့်ကိုပျောက်နေပုံပဲ"
"သူ ပျောက်နေတာကြောင့်...ငါတို့ သူကို ရှာရမှာလေ"
"ဒါပေမယ့် ဒီတပည့်တွေရဲ့ပြောစကားအရ နတ်ဘုရားကုန်းမြေက ကြီးမားတဲ့ဘေးကပ်ဆိုးကြီးနဲ့ ရင်ဆိုင်ကြုံတွေ့ခဲ့ရတယ်...ငါတို့ကျောင်းတော်က နတ်ဘုရားကုန်းမြေထဲက ကိစ္စတွေကို အမြန်ဆုံးအခြေကျအောင်လုပ်ဖို့လိုအပ်တယ်...အဲ့ဒီနယ်မြေကို သူတော်စင်ယီဟန်က ရှာဖွေတွေ့ရှိခဲ့ပြီးတော့ သူ့ရဲ့ကံကြွေးခံမြေပဲ...အခုချိန်မှာ အရေးအကြီးဆုံးကိစ္စက နတ်ဘုရားကုန်းမြေကို ပြန်လည်ကောင်းမွန်လာအောင် ပြုပြင်ထိန်းသိမ်းဖို့ပဲ...တပည့်တစ်ယောက် ပျောက်ဆုံးနေတာကတော့ သူ့ရဲ့ကံပေါ်မှာပဲ မူတည်တယ်"
ထျန်းပိုယန်က လေသံပြတ်ပြတ်ဖြင့် ဆက်လက်၍ပြောဆိုသည်။
"တော်ကြတော့...မင်းတို့ ဘာမှထပ်မပြောနဲ့တော့...ငါက လက်ထောက်ကျောင်းအုပ်တစ်ယောက်....ကျောင်းအုပ်ကြီးက ဒီနေရာမှာရှိမနေတာကြောင့် ကျောင်းတော်ရဲ့အရေးကိစ္စတွေကို ဖြေရှင်းတဲ့နေရာမှာ ငါ့မှာ အခွင့်အာဏာအပြည့်အဝရှိတယ်...ဦးစားပေးရမယ့်ကိစ္စကို အရင်လုပ်ရမှာပဲ...ပြီးမှ တခြားကိစ္စတွေကို ငါ ဖြေရှင်းနိုင်မယ်"
ချန်းကျင်းက ဒေါသထွက်သွားကာ အသံနက်ကြီးဖြင့် အော်ဟစ်လိုက်၏။
"အဓိပ္ပါယ်မရှိတာတွေ...နတ်ဘုရားကုန်းမြေကို ထိန်းသိမ်းဖို့က လူတစ်ယောက်ရဲ့အသက်ထက် ပိုအရေးကြီးလို့လား...ထျန်းပိုယန်...မင်းက တကယ့်ကို စည်းလွတ်ဝါးလွတ် ပြုမူနေတာပဲ"
ချိုင်လုံရှင်း၏အကြည့်က ခက်ထန်တင်းမာနေသည်။
"နတ်ဘုရားကုန်းမြေထဲက သန်းရာနဲ့ချီတဲ့လူသားတွေကို ကယ်တင်ခဲ့တဲ့ တပည့်တစ်ယောက်က ကျောင်းတော်ရဲ့သမိုင်းတလျှောက်လုံးမှာ အလားအလာအရှိဆုံး တပည့်တစ်ယောက်ပဲ...ခင်ဗျားက သူ့ကို ဒီအတိုင်း စွန့်ပစ်လိုက်တော့မှာလား"
ထိုစကားကိုကြားချိန်တွင် မဟာကွန်ဖြူးရှပ်ပညာရှင်များအားလုံး အံ့အားသင့်သွားသည်။
ချိုင်လုံရှင်းသည် ရေခဲနယ်မြေ၏အိမ်ရှေ့စံဖြစ်သည့်အပြင် တာယွီအင်ပါယာ၏မင်းသားများအနက် အစွမ်းထက်သော လူငယ်ကျင့်ကြံသူတစ်ယောက်ပင်။
အကယ်၍ မမျှော်လင့်သော ကိစ္စတစ်ခုခုသာမရှိပါက ချိုင်လုံရှင်းသည် နောင်အနာဂတ်၌ ရေခဲနယ်မြေဘုရင်ဖြစ်လာပေမည်။
လုယွီသည် နတ်ဘုရားကုန်းမြေအတွင်း၌ မည်သည့်ကိစ္စများကို ပြုလုပ်ခဲ့သဖြင့် အနာဂတ်နယ်မြေဘုရင်တစ်ပါး၏ အထင်ကြီးခြင်းကိုခံယူနေရသည်အား မဟာကွန်ဖြူးရှပ်ပညာရှင်များ ပုံဖော်ကြည့်ရန် အလွန်အမင်းခက်ခဲနေသည်။
သို့ရာတွင် မဟာကွန်ဖြူးရှပ်ပညာရှင်များသည် သိချင်စိတ်ပြင်းပြနေသော်လည်း အံ့အားသင့်တုန်လှုပ်နေကြခြင်းမရှိချေ။
မည်သို့ပင်ဆိုစေကာမူ လုယွီသည် မဟာကွန်ဖြူးရှပ်ပညာရှင်များကိုပင် ကျမ်းစာများ ဟောပြောခဲ့သူဖြစ်သည်။
ကျင့်ကြံနည်းစနစ်များအပေါ် လုယွီ၏နားလည်သဘောပေါက်မှုသည် အလွန်နက်နဲသိမ်မွေ့လှ၏။မဟာကွန်ဖြူးရှပ်ပညာရှင်များသည် သူတို့၏ဘဝတလျှောက်လုံး လေ့လာဆင်ခြင်ရမည့်အရာများကိုပင် လုယွီထံမှ သင်ယူနိုင်ခဲ့သည်။
ဤကဲ့သို့ အသိပညာဗဟုသုတကြွယ်ဝသော လူစားမျိုးသည် သူတော်စင်၏တပည့်ဟူသောအချက်နှင့် တွဲဖက်လိုက်ပါက တုန်လှုပ်ချောက်ချားဖွယ်ကောင်းသောကိစ္စမျိုးကို ချွင်းချက်မရှိ လုပ်ဆောင်နိုင်ပေမည်။
ထျန်းပိုယန်က သရော်တော်တော် ပြောဆိုသည်။
"အရှင့်သား...မင်းက တချို့လူတွေအပေါ် အရမ်းအထင်ကြီးလွန်းနေတယ်လို့ ငါထင်တယ်...အောက်ဘုံမှာ ကြီးမားတဲ့ကပ်ဘေးကြီးဖြစ်ပျက်ခဲ့ပေမယ့် နောက်ပိုင်းမှာ ငြိမ်းချမ်းသွားခဲ့တယ်...ဒါက သူတော်စင်ရဲ့လှုပ်ရှားမှုကြောင့်မဟုတ်ဘူးလား...ဘာလို့ ဂျူနီယာတပည့်တစ်ယောက်ကြောင့်လို့ ပြောရတာလဲ"
Chapter 2543
ထျန်းပိုယန်သည် 'ဂျူနီယာတပည့်'ဟူသောစကားကို ရည်ရွယ်ချက်ရှိရှိ ပြောဆိုလိုက်ခြင်းပင်။
သာမာန်ထက်သာလွန်ထူးကဲသော ခွန်အားမျိုးရှိသည့် ချိုင်လုံရှင်းနှင့်တူကျန့်ထျန်းမှလွဲ၍ နတ်ဘုရားကုန်းမြေသို့ ဝင်ရောက်မည့်တပည့်များကို စီနီယာတပည့်များအကြားမှ ရွေးချယ်ခဲ့ခြင်းဖြစ်သည်။
ကျောင်းတော်မှတပည့်များကို အဆင့်ခွဲခြားရာတွင် ကျောင်းတော်သို့ဝင်ရောက်သည့် သက်တမ်းအပြင် သူတို့၏အစစ်အမှန်ခွန်အားပေါ်လည်း မူတည်သည်။
အကယ်၍ တစ်စုံတစ်ယောက်သည် ကျောင်းတော်သို့ဝင်ရောက်လာသည်မှာ နှစ်အနည်းငယ်ခန့်ကြာမြင့်နေလျှင်ပင် သူ၏ခွန်အားမြင့်တက်လာခြင်းမရှိပါက စီနီယာတပည့်အဆင့်သို့ ရောက်ရှိမည်မဟုတ်ချေ။
ထို့ကြောင့် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်အတွင်း၌ တပည့်များ၏အဆင့်ကိုခွဲခြားရာတွင် အစစ်အမှန်ခွန်အားကသာ အကောင်းဆုံးစံသတ်မှတ်ချက်ပင်။
လုယွီသည် ဂျူနီယာတပည့်တစ်ယောက်ဟု ထျန်းပိုယန်က ရည်ရွယ်ချက်ရှိရှိပြောဆိုခဲ့သည်။အကြောင်းအရင်းမှာ ဂျုနီယာတပည့်တစ်ယောက်ကို ကယ်တင်ရန်အတွက်နှင့် သူ၏စွမ်းအားကိုဖြုန်းတီးရန် မလိုအပ်သောကြောင့်ပင်။
လီစစ်နှင့်တခြားကျောင်းတော်တပည့်များက မျက်မှောင်ကြုတ်လိုက်ကြ၏။လုယွီအပေါ်ထားရှိသော ထျန်းပိုယန်၏စိတ်နေသဘောထား အနည်းငယ်ထူးဆန်းနေခြင်းကို သူတို့အားလုံး သိနားလည်သွားကြသည်။
အမှန်အားဖြင့် အကယ်၍ လုယွီကိုသာ ကယ်တင်လိုပါက လက်ထောက်ကျောင်းအုပ်ဖြစ်သော ထျန်းပိုယန်သည် မတုံ့မဆိုင်းဘဲ အကြိမ်ပေါင်များစွာ ရှာဖွေပေမည်။
သို့ရာတွင် ယခုလက်ရှိချိန်၌ ထျန်းပိုယန်သည် လုယွီကို ကယ်တင်လိုစိတ်မရှိခြင်းမှာ သိသာထင်ရှားလှ၏။
"ပြန်တွေးကြည့်ရင် အဲ့ဒီအချိန်တုန်းက နတ်ဘုရားကုန်းမြေတစ်ခုလုံး ပျက်စီးလုဆဲဆဲအခြေအနေကို ရောက်နေပြီ...တကယ်လို့ လုယွီကသာ နဝမလွှသွားစစ်သင်္ဘောပန်းချီကားကို ရေးဆွဲပြီး မရေမတွက်နိုင်တဲ့သက်ရှိတွေကို မကယ်တင်ခဲ့ဘူးဆိုရင်...အခုချိန်မှာ ငါတို့အားလုံး သေနေလောက်ပြီ....ဆရာထျန်း...ခင်ဗျားက ဒီလိုကိစ္စမျိုးကို ဘယ်တုန်းကမှ ကြုံတွေ့ခဲ့ဖူးမှာမဟုတ်ဘူး...ဒါကြောင့် ခင်ဗျား အလျင်စလို ကောက်ချက်မချတာ ပိုကောင်းလိမ့်မယ်"
ချိုင်လုံရှင်းက ပန်းချီကားစာလိပ်ကို တိုက်ရိုက်ပင်ဖြေချလိုက်၏။
ထိုပန်းချီစာလိပ်ပေါ်၌ ကြီးကျယ်ခမ်းနားသော စစ်သင်္ဘောကြီးတစ်စီး၏ပုံကို ရေးဆွဲထားသည်။
တစ်စုံတစ်ယောက်သည် ပန်းချီတာအိုကို နားလည်သဘောပေါက်ခြင်း ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ထိုအရာကိုတစ်ချက်ကြည့်မိရုံဖြင့် ထိတ်လန့်တုန်လှုပ်ခြင်းကို ခံစားရပေမည်။
ထိုစစ်သင်္ဘောကြီးသည် အရွယ်အစားကြီးမားရုံသာမက အသေးစိတ်အချက်အလက်များကိုလည်း တိကျမှန်ကန်စွာ ဖော်ပြထားသည်။ဤသည်က စစ်သင်္ဘောကြီးတစ်စီး စာရွက်ပေါ်မှ ခုန်ထွက်လာတော့မည့်အလားပင်။
"ဒီပန်းချီကားကိုရေးဆွဲခဲ့တဲ့သူရဲ့ပန်းချီတာအိုက ဘယ်လောက်ထိတောင် မြင့်မားနေပြီလဲ"
မဟာကွန်ဖြူးရှပ်ပညာရှင်တချို့က အံ့အားတသင့် ရေရွတ်လိုက်၏။
သူတို့အနက်မှအများစုသည် ပန်းချီတာအိုကို ကျင့်ကြံခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေလေပြီ။ထို့ကြောင့် သူတို့က အကြည့်တစ်ချက်ဖြင့်ပင် ဤပန်းချီကားကိုရေးဆွဲသူ၏ ပန်းချီတာအိုအဆင့် အလွန်အမင်းမြင့်မားကြောင်း တွေ့မြင်နိုင်ကြသည်။
ဤကဲ့သို့ပန်းချီကားမျိုးကို ပန်းချီတာအို၌ မဟာဆရာသခင်အဆင့်သို့ ရောက်ရှိသူများသာ ရေးဆွဲနိုင်သည်။
ထို့ပြင် ဤပန်းချီကားကိုပုံဖော်ရာ၌ အပိုင်းနှစ်ပိုင်း ခွဲခြားရပေမည်။
ဤကဲ့သို့ကြီးမားသောအရာဝတ္ထုကြီးကို ပုံဖော်နိုင်ရန်အတွက် အလွန်အမင်းအားကောင်းသော စိတ်စွမ်းအားလိုအပ်သည်။ထို့ပြင် ပန်းချီတာအိုအပေါ် နားလည်သဘောပေါက်မှု အလွန်မြင့်မားမှသာ ဤကဲ့သို့အရာမျိုးကို ရေးဆွဲနိုင်ပေမည်။
"ငါတို့ရဲ့ကျောင်းတော်မှာ ပန်းချီတာအိုအပေါ် မဟာဆရာသခင်အဆင့်ရောက်နေတဲ့တပည့်မျိုးရှိနေမယ်လို့ ငါ ထင်မထားမိဘူး"
"ဒီပန်းချီဆရာရဲ့နယ်ပယ်က ငါ့ထက်မြင့်မားတယ်လို့ ငါ ခံစားမိတယ်...တကယ်လို့ သူကသာ ငါ့ကို နည်းနည်းလောက်လမ်းညွှန်ပေးမယ်ဆိုရင် ငါ့ရဲ့ပန်းချီတာအို ပိုပြီးအဆင့်မြင့်မားလာမှာ သေချာတယ်"
"တော်ဝင်မြို့တော်မှာရှိတဲ့ ပန်းချီအစည်းအရုံးရဲ့ခေါင်းဆောင်က ခုလတ်တလောအချိန်မှာ လက်ရာမြောက်ပန်းချီကားတစ်ချပ်ကို ရေးဆွဲခဲ့ပြီးတော့ သူ့ကိုယ်သူ အရမ်းဂုဏ်ယူဝင့်ကြွားနေခဲ့တယ်...ဒါပေမယ့် ငါထင်တာတော့ သူ့ရဲ့ပန်းချီကားက ဒီဟာကိုမှီဖို့ အဝေးကြီးလိုသေးတယ်"
လက်ရှိနေရာတွင်ရှိနေသော မဟာကွန်ဖြူးရှပ်ပညာရှင်အားလုံးနီးပါးသည် ဤပန်းချီကားအပေါ် အလွန်တန်ဖိုးထားနေကြ၏။
အကယ်၍ တခြားလူငယ်တစ်ယောက်သာ ဤကဲ့သို့ပန်းချီကားမျိုးကို ရေးဆွဲခဲ့သည်ဆိုပါက သူတို့က ယုံကြည်မည်မဟုတ်ချေ။
သို့ရာတွင် လုယွီသည် သူတော်စင်၏တပည့်တစ်ယောက်ပင်။
ဤသည်က လုံလောက်သော အကြောင်းပြချက်ဖြစ်သည်။
ဖူကျစ်ရွှယ်သည် သူတော်စင်၏လက်အောက်၌ လေ့လာသင်ယူခဲ့သည်မှာ နှစ်ငါးဆယ်မပြည့်မီမှာပင် အတွင်းဝန်ရုံး၌ အမတ်ကြီးရာထူးကိုရရှိခဲ့သည်။သူသည် အမတ်ကြီးများ အရာရှိများအကြားတွင် ထိပ်ဆုံးမှရပ်တည်နိုင်ခဲ့သည်။သူတော်စင်၏လက်အောက်မှနေ၍ မည်ကဲ့သို့ပါရမီရှင်မျိုး ထွက်ပေါ်လာပါစေ အံ့အားသင့်စရာမရှိချေ။
"လက်ထောက်ကျောင်းအုပ်...လုယွီကို ကယ်တင်မှဖြစ်မယ်"
"ဒီလိုမျိုး ပန်းချီတာအိုမှာ အရမ်းထူးချွန်တဲ့ ပါရမီရှင်မျိုးသာ...နတ်ဘုရားကုန်းမြေထဲမှာ အမှားအယွင်းတစ်စုံတစ်ခုဖြစ်သွားမယ်ဆိုရင်...ကျွန်တော်တို့ ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်အတွက် ပြန်ပြီးဖြည့်ဆည်းလို့မရတဲ့ ဆုံးရှုံးမှုကြီးဖြစ်သွားလိမ့်မယ်"
မဟာကွန်ဖြူးရှပ်ပညာရှင်များအားလုံးက တောင်းဆိုလိုက်ကြသည်။
အကယ်၍ လီစစ်နှင့်ချိုင်လုံရှင်းတို့လူစုသက်သက်ဖြင့်သာ ပြောဆိုလာပါက သူသည် တုံဏှိဘာဝေလုပ်နေ၍ရပေ၏။သို့ရာတွင် မဟာကွန်ဖြူးရှပ်ပညာရှင်များ တညီတညွတ်တည်းတောင်းဆိုရာမှ ထွက်ပေါ်လာသော အရှိန်အဝါသည် ထျန်းပိုယန်ကဲ့သို့ လက်ထောက်ကျောင်းအုပ်တစ်ယောက်ကိုပင် ဖိအားပေးနိုင်စွမ်းရှိသည်။
သို့ရာတွင် ထျန်းပိုယန်၏မျက်နှာအမူအယာသည် အနည်းငယ်မျှပင် ပြောင်းလဲသွားခြင်းမရှိချေ။ထိုအစား သူ၏မျက်နှာပေါ်တွင် ကြေကွဲဝမ်းနည်းသောအရိပ်အယောင် တစွန်းတစထင်ဟပ်လာသည်။
"မင်းတို့ရဲ့မျက်လုံးထဲမှာ သေလား ရှင်လားမသိရတဲ့ ဂျူနီယာတပည့်တစ်ယောက်က စိတ်ဝိညာဥ်မပြည့်မစုံဖြစ်သွားတဲ့ စီနီယာတပည့်တစ်ယောက်ထက် ပိုပြီးအရေးကြီးတယ်လို့ ငါ့ကို မပြောကြနဲ့"
Chapter 2544
"အခုချိန်မှာ အရေးဆုံးကိစ္စက ထျန်းယင်ရဲ့စိတ်ဝိညာဥ် ဘာလို့မပြည့်မစုံဖြစ်သွားရတာလဲဆိုတာကို ရှာဖွေဖော်ထုတ်ဖို့ပဲ...လုယွီကတော့ အောက်ဘုံမှာ ရတနာတွေရှာနေတာလည်း ဖြစ်နိုင်တယ်...သူ့ကို ငါတို့ကူညီပေးဖို့ မလိုဘူး"
ထျန်းပိုယန်က အေးစက်တင်းမာစွာ ပြောဆိုသည်။
ချန်းကျင်းက ဒေါသတကြီး အော်ဟစ်လိုက်၏။
"အောက်ဘုံမှာ နယ်မြေတစ်ခုလုံးပျက်သုဥ်းသွားစေနိုင်တဲ့ ဘေးကပ်ဆိုးကြီးဖြစ်နေတယ်ဆိုတာ မင်း သိထားပြီးပြီ...အခုချိန် အောက်ဘုံမှာ ဘယ်လောက်ထိအန္တရာယ်များတယ်ဆိုတာကိုလည်း မင်း သိမှာပဲ...မင်းက တပည့်တစ်ယောက်ကိုကယ်တင်ဖို့ကို ဘာတွေစောင့်ဆိုင်းနေသေးတာလဲ"
"ငါက လက်ထောက်ကျောင်းအုပ်...ကျောင်းအုပ်ကြီးက ဒီနေရာမှာရှိမနေမှတော့ ငါ့ရဲ့ဆုံးဖြတ်ချက်က အတည်ပဲ"
ထျန်းပိုယန်က သူ၏စည်းတံဆိပ်ကို ထုတ်ယူလိုက်၏။
ကျောင်းတော်၏မြေပြင် ရုတ်တရက် တုန်ခါသွားသည်။သူတော်စင်ခန်းမအတွင်း၌ ရေးထွင်းထားသော သင်္ကေတအက္ခရာများအားလုံး တဖျတ်ဖျတ်တောက်ပလာသည်။
မြင့်မြတ်သောအရှိန်အဝါတစ်ရပ်က ရုတ်တရက် ထျန်းပိုယန်၏ခန္ဓာကိုယ်ကို လွှမ်းခြုံသွားကာ သူ့အား အလွန်မြင့်မြတ်ပြီး ကြီးကျယ်ခမ်းနားသောသွင်ပြင်မျိုး ဖြစ်ပေါ်စေသည်။
"ထျန်းယင် အခုလိုမျိုးရလဒ်ထွက်ပေါ်လာတာက သူကိုယ်တိုင် ဖန်တီးခဲ့တာပဲ"
လီစစ်က အေးစက်စက်လေသံဖြင့် ထျန်းသခင်လေးနှင့်ချင်းဖုန်တို့ နတ်ဘုရားကုန်းမြေအတွင်း၌ ပြုလုပ်ခဲ့သောကိစ္စများအားလုံးကို ထုတ်ဖော်ပြောဆိုလိုက်၏။
ထျန်းသခင်လေးနှင့်ချင်းဖုန်တို့သည် ပြင်းထန်သောတိုက်ပွဲအတွင်း၌ တခြားတပည့်များကိုချန်ထားကာ ကိုယ်လွတ်ရုန်းထွက်ပြေးသွားခဲ့သည်။ထျန်းယင်အား ကယ်တင်ပြီးနောက် သူသည် တခြားသူများ၏အကြံပေးမှုကို လက်မခံခဲ့သဖြင့် မှော်ရတနာအတွင်းမှစိတ်ဝိညာဥ်၏ ခန္ဓာကိုယ်အပိုင်စီးခြင်းကို ခံယူရခြင်းဖြစ်သည်။
ထိုစကားများကိုကြားချိန်တွင် ထျန်းပိုယန်က နာကျင်ကြေကွဲစွာဖြင့် သူ၏မျက်လုံးကိုစုံမှိတ်ကာ ဒေါသတကြီး အော်ဟစ်လိုက်၏။
"ဒီမှော်ရတနာတွေက အန္တရာယ်ရှိတယ်ဆိုတာ မင်းတို့သိနေမှတော့...ဘာလို့ သူ့ရဲ့ခန္ဓာကိုယ်ကို တခြားသူတစ်ယောက်က အပိုင်စီးနေတာကို မင်းတို့ ကြည့်နေရတာလဲ...မင်းတို့အားလုံးက ကျောင်းတော်တူညီတဲ့တပည့်တွေလေ...ကျောင်းတော်က မင်းတို့ကို ကြင်နာသနားပြီးတော့ ဖြောင့်မတ်မှန်ကန်ရမယ်လို့ သင်ကြားပေးထားတယ်မဟုတ်လား"
ချိုင်လုံရှင်းက ခက်ထန်တင်းမာစွာ ပြောဆိုသည်။
"အဲ့ဒီလိုဆိုရင်...သူက နတ်ဆိုးသားရဲတွေနဲ့တိုက်ခိုက်နေတဲ့အချိန်မှာ တပည့်ငါးယောက်ကို ချန်ထားပြီးတော့ ကိုယ်လွတ်ရုန်းထွက်ပြေးသွားခဲ့တယ်...သူ့ရဲ့လုပ်ရပ်က ကြင်နာသနားပြီးတော့ ဖြောင့်မတ်မှန်ကန်တယ်လို့ ယူဆနိုင်လား"
"ပြီးတော့ ငါတို့ သူ့ကို အကြိမ်ရေအများကြီး ကြိုသတိပေးခဲ့တယ်....သူက မယုံကြည်ဖို့ရွေးချယ်ခဲ့တာကြောင့် ဒီလိုရလဒ်မျိုး ထွက်လာတာပဲ...ဒါက ငါတို့ကြောင့် ဖြစ်သွားလား"
ထျန်းပိုယန်က အသံနက်ကြီးဖြင့် အော်ဟစ်သည်။
"အရှင့်သားပြောတာ မှားနေပြီ...ဖရိုဖရဲတိုက်ပွဲအတွင်းမှာ ထျန်းယင်ထွက်ပြေးခဲ့တာက ချင်းဖုန်ရဲ့လှည့်ဖျားမှုတွေကြောင့်ပဲ....ထျန်းယင်ရဲ့မှော်ရတနာကတော့ မင်းတို့က အတင်းအကြပ်တွေတောင်းဆိုနေတော့ သူ့ရဲ့စိတ်ထဲမှာ သံသယဝင်နေမှာပဲ...သူ မင်းတို့ကို မယုံကြည်တာက သဘာဝကျတာပဲလေ...ကျောင်းတော်တူတပည့်အချင်းချင်း မင်းတို့က စကားကောင်းပြောပြီး သူကို နားချသင့်တယ်...သူ ဒီလိုမျိုးဝေဒနာခံစားရတာကို မင်းတို့ ကြည့်မနေသင့်ဘူး"
"ငါက လုယွီကို မကယ်ခင် ထျန်းယင်ကို အရင်ကယ်တင်ချင်တယ်...မင်းတို့က စီနီယာတပည့်နဲ့ဂျူနီယာတပည့်ကြားက အရေးပါမှုကို သိထားသင့်တယ်"
ထိုစကားလုံးများထွက်ပေါ်လာချိန်တွင် ထျန်းပိုယန်သည် လူသူအများအား စည်းရုံးသိမ်းသွင်းနိုင်ရန် ကျရှုံးခဲ့ရုံသာမက ပတ်ဝန်းကျင်ရှိလူများ၏ ဒေါသတကြီးစူးစိုက်ကြည့်မှုကိုလည်း သူ ခံယူရတော့သည်။
ထျန်းယင်သည် ထျန်းပိုယန်၏တူဖြစ်ကြောင်း လူတိုင်းအသိပင်။
အကယ်၍ ထျန်းယင် ထိခိုက်ဒဏ်ရာရရှိထားလျှင်ပင် ကျောင်းတော်အတွင်းတွင် ဆေးပညာထူးချွန်သော မဟာကွန်ဖြူးရှပ်ပညာရှင်များရှိသည်။ထျန်းပိုယန်ကိုယ်တိုင်လှုပ်ရှားရန် အနည်းငယ်မျှပင် မလိုအပ်ချေ။
ထို့ပြင် ထျန်းယင်သည် စိတ်ဝိညာဥ်ထိခိုက်ထားခြင်းဖြစ်သည်။ဤကဲ့သို့ ထိခိုက်ဒဏ်ရာမျိုးကိုကုသနိုင်ရန် အလွန်ခက်ခဲပြီး အပြည့်အဝပြန်လည်ကောင်းမွန်လာရန်မှာ မဖြစ်နိုင်ပေ။
"ဆရာထျန်း...ငါ မင်းနဲ့စကားဆက်ပြောပြီး အချိန်မဖြုန်းတော့ဘူး...မင်းက လုယွီကိုကယ်တင်ဖို့ ဆန္ဒမရှိမှတော့ ငါ့ဟာငါလုပ်မယ်"
ရုတ်ချည်းဆိုသလိုပင် ချိုင်လုံရှင်းက သူ၏လက်ချောင်းများကို လှုပ်ခတ်လိုက်ရာ သူ့ရှေ့၌ တံဆိပ်ပြားတစ်ခုထွက်ပေါ်လာပြီး တောက်ပသောအနက်ရောင်အလင်းတန်းများ ဖြာထွက်နေသည်။
ထိုတံဆိပ်ပြားပေါ်၌ ရေခဲနယ်မြေနန်းတော်၏အမှတ်သင်္ကေတဖြစ်သော ရေခဲသိမ်းငှက်တစ်ကောင် တောင်ပံဖြန့်၍ ပျံဝဲနေပုံကို ရေးထွင်းထားလေ၏။
ဟူး....
တံဆိပ်ပြား ရုတ်တရက် တုန်ခါသွားသည်။ထိုအရာ၏မျက်နှာပြင်ပေါ်ရှိ ရေခဲသိမ်းငှက်၏မျက်လုံးများမှ စူးရှသောအလင်းတန်းများ ဖြာထွက်လာသည်။
ခရက်...
ရုတ်ချည်းဆိုသလိုပင် ထျန်းပိုယန်ဖန်တီးထားသော အကာအကွယ်အလင်းလွှာ အက်ကွဲသွားခဲ့သည်။
ပတ်ဝန်းကျင်ရှိတပည့်များသည် အလင်းလွှာအတွင်းမှလူများကို တဖန်ပြန်၍ မြင်တွေ့လိုက်ရ၏။
အမ်...
ထျန်းပိုယန်က မျက်မှောင်ကြုတ်လိုက်သည်။
ချိုင်လုံရှင်း၏နောက်၌ မည်သည့်အချိန်ကမျှ ရောက်ရှိလာမှန်းမသိရဘဲ အနက်ရောင်ဝတ်စုံဝတ်အဖိုးအိုတစ်ယောက် ရောက်နေသည်။
ထိုအဖိုးအို၏ခန္ဓာကိုယ်တစ်ခုလုံးမှ အေးစက်စက်အခိုးအငွေ့များထွက်ပေါ်နေကာ သူ၏မျက်လုံးသည် သလင်းကျောက်ကဲ့သို့ ကြည်လင်တောက်ပနေလေ၏။သူ့အား တစ်ချက်ကြည့်မိရုံဖြင့်ပင် မည်သူမဆို ရေခဲလှိုဏ်ဂူကြီးအတွင်းသို့ကျရောက်သွားကာ သူတို့၏ခန္ဓာကိုယ်များ အေးစက်သွားသကဲ့သို့ ခံစားရပေမည်။
ထျန်းပိုယန်သည် အနက်ရောင်ဝတ်စုံဝတ်အဖိုးအိုကို မြင်တွေ့ချိန်တွင် သူ၏မျက်ခွံများ တဆတ်ဆတ်တုန်ရီသွားသည်။အချိန်တခဏကြာပြီးနောက် သူက အလေးအနက်ထားသောလေသံဖြင့် ပြောဆိုလိုက်၏။
"အေးစက်တောင်ကြားဘိုးဘေး"
ထိုနာမည်ကိုကြားချိန်တွင် လက်ရှိနေရာတွင်ရှိနေသော မဟာကွန်ဖြူးရှပ်ပညာရှင်များအားလုံး မျက်မှောင်ကြုတ်လိုက်ကြကာ သတိအနေအထားဖြင့် နေလိုက်ကြသည်။
Chapter 2545
"တကယ်လို့ ငါ သိတာမမှားဘူးဆိုရင် မင်းက တော်ဝင်တရားစီရင်ရေးဌာနက ဝရမ်းထုတ်ထားတဲ့ နတ်ဆိုးကျင့်ကြံသူမဟုတ်လား"
ထျန်းပိုယန်က ဒေါသတကြီး အော်ဟစ်လိုက်၏။
"တပည့်တွေအားလုံး...နောက်ဆုတ်ကြစမ်း"
မဟာကွန်ဖြူးရှပ်ပညာရှင်များသည် အနက်ရောင်ဝတ်စုံဝတ်အဖိုးအိုကို ဝိုင်းရံလိုက်ကြကာ တစ်ချိန်တည်းမှာပင် ကျောင်းတော်တပည့်များကို နောက်ဆုတ်ရန် အမိန့်ပေးလိုက်သည်။
"အဲ့ဒီအဖိုးကြီးက ဘယ်သူလဲ"
"လက်ထောက်ကျောင်းအုပ် ပြောပုံအရဆိုရင်...သူက နတ်ဆိုးကျင့်ကြံသူတစ်ယောက်လား"
"တော်ဝင်တရားစီရင်ရေးဌာနရဲ့ ဝရမ်းထုတ်ခံထားရတဲ့ နတ်ဆိုးကျင့်ကြံသူတွေအားလုံးက တင်းတင်းကြပ်ကြပ် တားမြစ်ကန့်သတ်ခံထားရတဲ့သူတွေချည်းပဲ...သူက ဘယ်လိုသတ္တိမျိုးနဲ့ ဒီနေရာကို လာဝံ့တာပါလိမ့်"
ပတ်ဝန်းကျင်ရှိတပည့်များက အနက်ရောင်ဝတ်စုံဝတ်အဖိုးအိုသည် သူတို့ လွယ်လင့်တကူ ရန်စစော်ကား၍ရသူမျိုး မဟုတ်ကြောင်း သိရှိသဖြင့် အလျင်စလို နောက်ဆုတ်လိုက်ကြ၏။
သို့ရာတွင် မည်သူမျှ ဤနေရာမှထွက်ခွါသွားခြင်းမပြုချေ။
ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်သည် သူတော်စင်တည်ထောင်ခဲ့သောကျောင်းတော်ဖြစ်ပြီး တာယွီအင်ပါယာ၏ထိပ်သီးကျောင်းတော်ငါးခုအနက်မှတစ်ခုပင်။နတ်ဆိုးကျင့်ကြံသူတစ်ယောက် ဤနေရာသို့ရောက်ရှိလာလျှင်ပင် မဆင်မခြင်လုပ်ဝံ့မည်မဟုတ်ချေ။
အေးစက်တောင်ကြားဘိုးဘေးသည် အေးစက်စက်အကြည့်ဖြင့် လူအုပ်ကြီးကိုဝေ့ဝိုက်ကြည့်ကာ ခနဲ့တဲ့တဲ့ပြောဆိုသည်။
"မင်းတို့အားလုံး ငါ့ကို နားလည်မှုလွဲနေကြပြီ...ငါက အခုချိန်မှာ ရေခဲဘုရင်အိမ်တော်ရဲ့ဧည့်အကြီးအကဲတစ်ယောက်ပဲ...ငါ့ရဲ့နာမည်ကို ချိုင်ကူလို့ ပြောင်းထားတယ်...ငါ ဒီနေရာကိုရောက်လာတာ အိမ်ရှေ့စံကို ကာကွယ်ဖို့အတွက်ပဲ"
ထိုသို့ပြောဆိုပြီးသည်နှင့် ချိုင်ကူဘိုးဘေးက သူ၏တံဆိပ်ပြားကို ထုတ်ပြလိုက်သည်။
ထျန်းပိုယန်သည် ထိုတံဆိပ်ပြားကို ဂရုတစိုက်ကြည့်ရှုပြီးနောက် အမှန်တကယ်ကိုပင် ရေခဲဘုရင်အိမ်တော်၏တံဆိပ်ပြားဖြစ်နေကြောင်း သိရှိလိုက်ရသည်။
ဤကဲ့သို့တံဆိပ်ပြားမျိုးကို အတုပြုလုပ်ဝံ့သော မည်သူကိုမဆို ပုန်ကန်မှုကျူးလွန်သူဟု ယူဆနိုင်သည်။
ချိုင်ကူဘိုးဘေးသည် တစ်ချိန်က မောက်မာဝံ့ကြွားသော နတ်ဆိုးကျင့်ကြံသူတစ်ယောက်ဖြစ်သဖြင့် ဤကဲ့သို့အရာမျိုးကို လှည့်ဖျားရန်မလိုအပ်သည့်အပြင် သူ၏နံဘေးတွင် ရေခဲနယ်မြေ၏အိမ်ရှေ့စံမင်းသားလည်းရှိနေသည်။
ချိုင်လုံရှင်းက အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။
"ငါ ဒီအကြောင်းကို ထပ်မပြောချင်တော့ဘူ...ဆရာထျန်းက ထျန်းယင်ကို ကယ်ဖို့ကိုပဲ ရည်ရွယ်ထားတာမလား....ငါ ထပ်ပြီးဂရုမစိုက်တော့ဘူး...ငါ့ရဲ့လူနဲ့ လုယွီကို ရအောင်ကယ်ထုတ်မယ်"
သူသည် မည်သူကိုမျှ ခခယယတောင်းဆိုရန် မလိုအပ်ချေ။အိမ်ရှေ့စံမင်းသားတစ်ပါးဖြစ်သော ချိုင်လုံရှင်းတွင် တာအိုအစောင့်အရှောက်ရှိသည်မှာ ဖြစ်ရိုးဖြစ်စဥ်ကိစ္စတစ်ရပ်ပင်။
အတိတ်တွင် ချိုင်ကူဘိုးဘေးသည် သူ၏စွမ်းအားဖြင့် ကောင်းကင်ဘုံနယ်မြေတစ်ခုလုံးကို လှုပ်ခတ်နိုင်ခဲ့သူဖြစ်သည်။နောက်ပိုင်းတွင် သူသည် အရိပ်အယောင်ပင်မကျန်ရှိဘဲ ပျောက်ကွယ်သွားလေ၏။သူ သေဆုံးသွားပြီဟု လူအများက တွေးတောခဲ့ကြသည်။သို့ရာတွင် မမျှော်လင့်ဘဲ သူသည် ရေခဲဘုရင်အိမ်တော်၏ဧည့်အကြီးအကဲတစ်ယောက် ဖြစ်နေခဲ့သည်။
လွန်ခဲ့သောနှစ်ပေါင်းများစွာအကြာကတည်းက ချိုင်ကူဘိုးဘေးသည် ရွှယ်အင်မော်တယ်နယ်ပယ်သို့ ရောက်ရှိနှင့်ပြီးလေပြီ။
သူ့ထံတွင် အောက်ဘုံသို့သွား၍ လုယွီကိုကယ်တင်နိုင်သောအရည်အချင်းမျိုးရှိလေ၏။
"အမိန့်အတိုင်းပါ အရှင့်သား"
အေးစက်စက်အပြုံးနှင့်အတူ ချိုင်ကူဘိုးဘေးက ကူးပြောင်းရေးဝင်္ကပါထံသို့ဦးတည်၍ လျှောက်လှမ်းသွားလိုက်သည်။
ထျန်းပိုယန်က မျက်မှောင်ကြုတ်လိုက်၏။ချိုင်လုံရှင်းသည် လုယွီအား အလွန်အမင်းကယ်တင်လိုနေမည်ဟု သူ မျှော်လင့်မထားမိချေ။လုယွီအတွက်ဖြင့် သူ၏တာအိုအစောင့်အရှောက်ကိုပင် ချိုင်လုံရှင်းက ဆင့်ခေါ်ခဲ့သည်။
"ခဏနေဦး"
ထျန်းပိုယန်က ခက်ထန်တင်းမာစွာပြောဆိုသည်။
"ဒီနေရာက သူတော်စင်ခန်းမဆောင်...မင်းလို နတ်ဆိုးကျင့်ကြံသူတစ်ယောက် လာလို့ရတဲ့နေရာမျိုးမဟုတ်ဘူး...ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်ကနေ အခုချက်ချင်းထွက်သွားစမ်း...ငါ ဘာမှမဖြစ်ခဲ့သလို သဘောထားလိုက်မယ်...မဟုတ်လို့ကတော့ ငါ မင်းကိုတိုက်ခိုက်တဲ့အတွက် ငါ့ကိုအပြစ်မတင်နဲ့"
လုယွီကို ကျောင်းတော်မှ အောင်မြင်စွာမောင်းထုတ်နိုင်သရွေ့ သူသည်လည်း ဤနေရာမှ ထွက်ခွါနိုင်ပေမည်။
ထိုအချိန်သို့ကျရောက်လာပါက သူသည် နဂါးအစောင့်တပ်၌ နေရာတစ်နေရာ ရရှိပေလိမ့်မည်။
အကယ်၍ သူသည် ချိုင်လုံရှင်းအား ရန်စစော်ကားမိလျှင်ပင် ပြဿနာတစ်ရပ်ဖြစ်တော့မည်မဟုတ်ချေ။
ချိုင်လုံရှင်း၏မျက်နှာအမူအယာပြောင်းလဲသွားကာ သူက ဒေါသတကြီး အော်ငေါက်လိုက်၏။
"ထျန်းပိုယန်...ငါ့ကို ဖိအားမပေးနဲ့"
ထျန်းပိုယန်က အေးစက်စက်လေသံဖြင့် တုံ့ပြန်ပြောဆိုသည်။
"ဒီနေရာက ရေခဲဘုရင်နန်းတော်မဟုတ်ဘူး...အရှင့်သားက ဒီနေရာမှာလာပြီး အာဏာပြမနေသင့်ဘူး"
"ဟီး ဟီး...မင်းကိုယ်မင်း ဘာကောင်ထင်နေတာလဲ....အရှင့်သားကို မင်းက ဘယ်လိုပုံစံမျိုးနဲ့ စကားပြောနေတာလဲ"
ချိုင်ကူဘိုးဘေးထံမှ အေးစက်စက်အရှိန်အဝါများက အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။
ပတ်ဝန်းကျင်မှ ကျောင်းတော်တပည့်များသည် ခြေလှမ်းအနည်းငယ်ခန့် ထပ်မံ၍နောက်ဆုတ်လိုက်ကြ၏။သူတို့အားလုံးသည် အရိုးကွဲလုမတက် အေးစိမ့်မှုကို ခံစားမိကြသည်။
သူတို့ရှေ့ရှိ အနက်ရောင်ဝတ်စုံဝတ်အဖိုးအိုသည် မည်သူကိုမဆို လွယ်လင့်တကူ အေးခဲသွားစေနိုင်သော အေးစက်စက်အရှိန်အဝါများ၏အရှင်သခင်နှင့် တူညီနေသည်။
ဤသည်က ရွှယ်အင်မော်တယ်နယ်ပယ် ထိပ်သီးကျင့်ကြံသူတစ်ယောက်၏စွမ်းအားပင်။
အကယ်၍ သူ လှုပ်ရှားလိုက်ပါက လောကကြီးတစ်ခုလုံးတုန်လှုပ်ချောက်ချားသွားစေကာ သူ့အားဟန့်တားနိုင်မည့်သူဟူ၍ အနည်းစုသာရှိပေမည်။
"ချိုင်ကူ...ငါတို့ရဲ့ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်မှာလာပြီး ထင်ရာစိုင်းမနေစမ်းနဲ့"
ထျန်းပိုယန်၏မျက်နှာအမူအယာ ပြောင်းလဲသွားခြင်းမရှိချေ။သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှနေ၍ မြင့်မြတ်သောအရှိန်အဝါများ ထွက်ပေါ်လာကာ သူက လေထုအတွင်းသို့ ပျံတက်လိုက်၏။
သူ၏နောက်တွင် မြင့်မြတ်သောအရှိန်အဝါများမှနေ၍ တောက်ပသောအဖြူရောင်အလင်းတန်းများအဖြစ် ဖွဲ့စည်းသွားကာ သူ၏ပုံရိပ်ကို အလွန်အမင်းကြီးကျယ်ခမ်းနားနေစေသည်။
ရွှယ်အင်မော်တယ်နှစ်ယောက်သည် သူတို့၏အရှိန်အဝါများကို တပြိုင်နက်တည်း ဖြန့်ကျက်လိုက်ကြသည်။ပတ်ဝန်းကျင်ရှိလူများအားလုံး၏စိတ်အာရုံများက ထိုလူနှစ်ယောက်ပေါ်တွင်သာ စူးစိုက်၍ကျရောက်နေသည်။
သူတို့၏အစွမ်းထက်သော အရှိန်အဝါများကြောင့် သူတော်စင်ခန်းမ၏အထက်ကောင်းကင်ယံပင် အရောင်ပြောင်းလဲသွားသည်။မူလက ကြည်လင်နေသော မိုးကောင်းကင်ယံကို ရုတ်တရက် တိမ်မည်းများက လွှမ်းခြုံသွားပေ၏။
Thank For Reading.