← Chapters

ဟင်းလင်းပြင်နယ်မြေသို့ ဝင်ရောက်ခြင်း

Vol. 53 Ch. 793

ဟင်းလင်းပြင်နယ်မြေသို့ ဝင်ရောက်ခြင်း

Vol. 53 Ch. 793

လဝက်ဟူသော အချိန်မှာ မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားခဲ့သည်။ လူတိုင်းသည် ဟင်းလင်းပြင်နယ်မြေသို့ ဝင်ရောက်ရန်အတွက် အစွမ်းကုန် ပြင်ဆင်ခဲ့ကြသည်။

ရဲ့လင်းချန်နှင့် အခြားသူများသည် ကျိုးကျန့်၏ နောက်မှလိုက်၍ စုရပ်သို့ ရောက်ရှိလာခဲ့ကြသည်။ ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်ရာ ရဲ့လင်းချန်မှာ အံ့ဩမှင်သက်သွားရတော့သည်။

“လူတွေ ဒီလောက်တောင် များတာလား၊ အားလုံး လိုက်ကြမှာလား”

ကျိုးကျန့်က ခေါင်းညိတ်ပြသည်။

“ဟုတ်တယ်၊ ပြိုင်ပွဲဝင်အားလုံး လိုက်ကြမှာ”

ရဲ့လင်းချန်က နှုတ်ခမ်းဆူသွားသည်။

“ဘာဗျာ... ကျွန်တော်က ပထမရတဲ့သူတွေပဲ ရတဲ့ အခွင့်ထူးလို့ ထင်နေတာ”

“ဟားဟားဟား၊ ကျိုးကျန့် ... မင်းတို့နိုင်ငံက ဒီကောင်လေးကတော့ တကယ်ကို စိတ်ဝင်စားဖို့ကောင်းတာပဲ”

ရှေးဟောင်းဂရိနိုင်ငံမှ အထွတ်အထိပ် ဘုရင်အဆင့် သိုင်းပညာရှင်က ပြုံးရွှင်စွာ လျှောက်လာရင်း ရဲ့လင်းချန်ကို ကြည့်ကာ ပြောလိုက်သည်။

“မင်းတို့ ဒီတစ်ခါတော့ ကံကောင်းတယ်လို့ ပြောရမယ်။ အကြိမ်ကြိမ် နှိမ်နင်းပြီးတဲ့နောက်မှာ Buff Island ပေါ်က ငရဲတံခါးက အတော်လေးကို တည်ငြိမ်သွားပြီ။ ဒါဟာ လက်ရှိမှာ အခိုင်မာဆုံး စစ်မြေပြင်လို့တောင် ပြောလို့ရတယ်။ ဒါကြောင့်လည်း မင်းတို့မှာ အထဲကိုဝင်ပြီး လေ့လာခွင့်ရတာပေါ့”

ဝိညာဉ်နယ်မြေထဲသို့ ဝင်ရောက်လေ့လာခွင့်ရခြင်းသည် အမှန်တကယ်ပင် ရှားပါးလှသော အခွင့်အရေးတစ်ခု ဖြစ်ပေသည်။

“ဒါဟာ စီနီယာတွေအားလုံးရဲ့ ကြိုးပမ်းအားထုတ်မှုတွေကြောင့်ပါ”

ရဲ့လင်းချန်က ရိုးသားစွာ ပြောလိုက်သည်။

တော့သ်က ခေါင်းညိတ်သည်။

“ဟုတ်တယ်၊ မင်းပြောတာကို ငါသဘောကျတယ်။ ငါ့နာမည်က တော့သ်ပါ၊ ကျိုးကျန့်နဲ့ သူငယ်ချင်းဖြစ်တာ နှစ်အတော်ကြာပြီ”

ထိုစဉ် အာရီနာက လျှောက်လာပြီး ရဲ့လင်းချန်ကို တိုးတိုးလေး ကပ်ပြောသည်။

“ကျေးဇူးတင်ပါတယ်”

ရဲ့လင်းချန် အနည်းငယ် အံ့အားသင့်သွားသော်လည်း သူမသည် ပြိုင်ပွဲစင်မြင့်ထက်က ကိစ္စကို ပြောနေခြင်းမှန်း သိလိုက်သည်။

ဂျပန်နိုင်ငံသည် ပြိုင်ပွဲတွင် ဝင်ရောက် စွက်ဖက်ခဲ့ပြီး သူတို့၏ လုပ်ရပ်များက အတော်လေး အရှက်မဲ့လှသည်။ ရဲ့လင်းချန်က ဂျပန်နိုင်ငံကို လုံးလုံးလျားလျား ဖျက်ဆီးခဲ့သဖြင့် အန်ရီနာ၏ ဒေါသကိုပါ ဖြေဖျောက်ပေးလိုက်သလို ဖြစ်ခဲ့သည်။

သူက ပြုံးလျက် ပြန်ပြောလိုက်သည်။

“ကျေးဇူးတင်စရာ မလိုပါဘူး၊ ကျွန်တော် ကိုယ်တိုင်လည်း သူတို့ကို မကြိုက်တာနဲ့ အတော်ပဲပေါ့”

သာမန်စကားစမြည် ပြောဆိုပြီးနောက် ကျိုးကျန့်၏ မျက်နှာအမူအရာမှာ ရုတ်တရက် တည်ကြည် လေးနက် သွားသည်။

“ဟင်းလင်းပြင်နယ်မြေထဲကို ဝင်သွားတာနဲ့ မင်းတို့ ငါ့နားကနေ လုံးဝမခွာရဘူး။ ဘာပဲမြင်မြင်၊ ဘာပဲကြားကြား ကိုယ့်သဘောနဲ့ကိုယ် လုံးဝ မလုပ်ရဘူး၊ နားလည်လား”

ရဲ့လင်းချန်နှင့် အခြားသူများ ခေါင်းညိတ်လိုက်ကြသည်။

“ဟင်းလင်းပြင်နယ်မြေေ ကမ္ဘာမြေနဲ့ လုံးဝမတူဘူး။ အဲ့ဒါက နှိုင်းမရအောင် ကြီးတယ်၊ အကောင်းပြောရရင်တော့ ငါတို့ အခြေစိုက်စခန်းတစ်ခု တည်ဆောက်ထားနိုင်တယ်ပေါ့၊ ဒါပေမဲ့ တကယ်တမ်းမှာတော့ ကမ္ဘာပေါ်က ပျမ်းမျှ မြို့နယ်တစ်ခုစာလောက်ပဲ ရှိတာ။ အဲ့ဒါအပြင် အပြင်ဘက်မှာ ဟင်းလင်းပြင်နယ်မြေ သတ္တဝါတွေ လှည့်လည် သွားလာ နေကြတယ်။”

ကျိုးကျန့်က ခေတ္တရပ်ပြီးနောက် ဆက်ပြောသည်။

“နောက်ပြီး မင်းတို့ ကမ္ဘာပေါ်မှာ သိထားသင့်တဲ့ အချက်အလက် အတော်များများဟာ ဟင်းလင်းပြင်နယ်မြေထဲမှာ အသုံးမဝင်ဘူး။ ဥပမာ မင်းတို့သာ ရည်ရွယ်ချက်မရှိဘဲ လျှောက်သွားနေမယ်ဆိုရင် လမ်းပျောက်ဖို့က အရမ်းလွယ်တယ်”

ရဲ့လင်းချန်မှာ အနည်းငယ် စိတ်ပျက်သွားသဖြင့် နှာခေါင်းကို ပွတ်လိုက်သည်။

ကျင့်ရှန်နှင့် အခြားသူများ၏ တက်ကြွနေမှုများမှာလည်း သိသိသာသာ ထိုးဆင်းသွားခဲ့သည်။

ဟင်းလင်းပြင်နယ်မြေထဲတွင် ရတနာများ ပေါများလှသည်ဟု သူ ကြားဖူးထားသဖြင့် အခွင့်အရေးရှာပြီး တန်ဖိုးရှိသည့်အရာအချို့ ယူဆောင်လာကာ ချမ်းသာကြွယ်ဝချင်ခဲ့သော်လည်း ယခုတော့ ဖြစ်နိုင်ခြေ မရှိတော့ပုံ ရသည်။

သူတို့သည် ပတ်ဝန်းကျင်အနီးအနားတွင်သာ လှုပ်ရှားနိုင်ပြီး ထိုနေရာရှိ ရတနာများကိုလည်း ယူဆောင်သွားပြီး ဖြစ်လိမ့်မည်။ ထို့အပြင် အဖွဲ့နှင့်လည်း ခွဲ၍မရသဖြင့် ဤခရီးစဉ်မှာ ဝိညာဉ်နယ်မြေသို့ လေ့လာရေး ခေတ္တ သွားရောက်သည့် ခရီးစဉ်သက်သက်သာ ဖြစ်ပေတော့မည်။

“ချမ်းသာဖို့ စိတ်မကူးနဲ့”

ကျိုးကျန့်က သူတို့၏ အတွေးကို ရိပ်မိသွားပြီး အေးစက်စွာ ဟောက်လိုက်သည်။

“ဒီလောကမှာ အလကားရတဲ့ ထမင်းဆိုတာ မရှိဘူး။ ရတနာတွေက ရဖို့သာ လွယ်နေရင် ငါတို့ ဒီလောက် ဆင်းရဲပါ့မလား၊ ငါ့မှာတောင် ဝိညာဉ်ကျောက်တုံး အများကြီး မရှိဘူး”

ရဲ့လင်းချန်က အလျင်အမြန်ပင် မေးလိုက်သည်။

“အဲ့ဒီ အများကြီး မရှိဘူးဆိုတာက ဘယ်လောက်လဲ၊ ကျွန်တော့်ကို ဥပမာ ကောင်းကောင်းလေး ပေးပါဦး”

“ပါးစပ်ပိတ်ထားစမ်း”

ကျိုးကျန် စိတ်တိုသွားပြီး ဆက်ပြောသည်။

“သိပ်မများဘူး။ ရတနာတိုင်းမှာ အစောင့်အရှောက်တွေ ရှိတယ်ဆိုတာပဲ မှတ်ထား။ မင်းတို့ရဲ့ အင်အားနဲ့ဆိုရင် ရတနာတွေ့တဲ့အခါ ပထမဆုံး တုံ့ပြန်မှုဟာ လုယူဖို့ မဖြစ်သင့်ဘူး၊ ပြေးဖို့ပဲ ဖြစ်သင့်တယ်၊ မဟုတ်ရင် မင်းတို့ ဘယ်လိုသေသွားမှန်းတောင် သိမှာမဟုတ်ဘူး။”

ဤညွှန်ကြားချက်များကို ပေးပြီးနောက် ကျိုးကျန့်သည် အဖွဲ့ကို ငရဲတံခါး၏ အဝင်ဝဆီသို့ ဦးဆောင် ခေါ်သွားခဲ့သည်။

ငရဲတံခါးသို့ ချဉ်းကပ်လာသည်နှင့်အမျှ စိတ်ဝိညာဉ်စွမ်းအင်မှာ ပိုမိုသိပ်သည်းလာသော်လည်း လေထုမှာလည်း အလွန်အမင်း လေးလံလာပြီး အသက်ရှူရသည်မှာ မွန်းကျပ်လုမတတ် ဖြစ်လာသည်။

အသိသာဆုံး ပြောင်းလဲမှုမှာ သူတို့ ဝင်လိုက်သည်နှင့် သိုင်းပညာရှင်များ ပိုမိုများပြားလာခြင်းဖြစ်သည်။

ရဲ့လင်းချန်၏ အကြည့်က သူတို့အပေါ်သို့ ဝေ့ဝဲသွားရာ သူ၏နှလုံးသားမှာ အံ့ဩတုန်လှုပ်မှုဖြင့် ပြည့်နှက် သွားသည်။

ဤသိုင်းပညာရှင်များသည် Buff Island ပေါ်ရှိ ငရဲတံခါးကို စောင့်ရှောက်နေကြသူများဖြစ်ပြီး မရေမတွက်နိုင်သော တိုက်ပွဲများကို ရင်ဆိုင်ကျော်ဖြတ်လာခဲ့သူများ ဖြစ်သည်။ သူ၏ အရှိန်အဝါ ဟောကိန်း စွမ်းရည်ကို အသုံးပြုလိုက်ရာ ကမ္ဘာတစ်ခုလုံးနီးပါးသည် နီရဲနေပြီး သူတို့အထဲမှ မည်သူမဆို ထုတ်လွှတ်နေသည့် သတ်ဖြတ်ခြင်း အငွေ့အသက်မှာ ထျဲကျွင့်ထက်ပင် မလျော့နည်းချေ။

ဤအခြေအနေအောက်၌ လူတိုင်း တိတ်ဆိတ်သွားကြသည်။

ရှေ့သို့ ဆက်သွားနေစဉ်မှာပင် သူတို့၏ မျက်လုံးအိမ်များ ကျဉ်းမြောင်သွားပြီး အလွန်အမင်း ထိတ်လန့် သွားကြသည်။

“အရမ်းကြီးတာပဲ”

ရဲ့လင်းချန် အသက်ရှူပင် မှားသွားခဲ့သည်။ သူ၏ရှေ့မှ ငရဲတံခါးမှာ မြို့တော်ရှိ တံခါးထက် အဆပေါင်းများစွာ ပိုကြီးသည်။

မြို့တော်ရှိ တံခါးမှာ ဟာလာဟင်းလင်း ဖြစ်နေသည့် တွင်းနက်နှင့် တူသော်လည်း ဤနေရာမှာမူ တကယ့် တံခါးကြီးတစ်ခု ဖြစ်နေသည်။

တံခါးသည် မီတာ ဒါဇင်ချီ၍ မြင့်မားပေသည်။

ဤမျှ ကြီးမားသော ဝဲကယက်ကြီးမှာ အလွန်အမင်း နက်ရှိုင်းပြီး ကြည့်ရုံနှင့်တင် လူတစ်ယောက်ကို စုပ်ယူ သွားနိုင်ပုံရပြီး ခေါင်းပင် မူးနောက်သွားစေသည်။

“ငရဲတံခါးက အစပိုင်းမှာ ဝဲကယက်လေးတစ်ခုကနေ စခဲ့တာ၊ သူကြီးထွားလာတာနဲ့အမျှ ဒီတံခါးကြီးအဖြစ် ပြန့်ကားလာတာပဲ”

စွန်းဟုန်ထောင်က ရှင်းပြသည်။

ရဲ့လင်းချန်က သံသယဖြင့် မေးလိုက်သည်။

“အပြင်ဘက်မှာ အစောင့်တွေက အရမ်းနည်းနေသလိုပဲ”

“ဒီအစောင့်တွေက အပြင်ဘက်ကို အဓိကထားတာ၊ ပင်မအင်အားစုတွေကတော့ ဟင်းလင်းပြင်နယ်မြေရဲ့ အထဲမှာ ရှိတယ်”

စွန်းဟုန်ထောင်က ပြုံးလျက် ပြောသည်။

ကျိုးကျန့်က တည်ကြည်စွာ ပြောလိုက်သည်။

“သွားကြစို့”

အထဲသို့ ဝင်လိုက်သည့် အခိုက်အတန့်တွင် ရဲ့လင်းချန်သည် ထူးဆန်းသော ခံစားချက်တစ်ခုကို ခံစားလိုက်ရသည်။ သူသည် ခြေတစ်လှမ်း လှမ်းလိုက်ရုံမျှသာ ဖြစ်သော်လည်း အတားအဆီးတစ်ခုကို ဖြတ်ကျော်သွားသကဲ့သို့ ခံစားလိုက် ရသည်။ သူ၏ခန္ဓာကိုယ်မှာ အနည်းငယ် ယိုင်နဲ့သွားပြီး လေဟာနယ်နှင့် အချိန်ကို ဖြတ်ကျော်၍ ခရီးသွားလိုက်ရသလိုပင်။

နောက်တစ်ခဏတွင် သူ၏ရှေ့မှ မြင်ကွင်းမှာ လုံးဝ ပြောင်းလဲသွားခဲ့သည်။

သူတို့သည် သစ်သားအဆောက်အအုံများ စုဝေးနေသည့် နေရာတစ်ခုသို့ ရောက်ရှိသွားကြသည်။

ဗိသုကာ လက်ရာပုံစံမှာ ရိုးရှင်းပြီး ရှေးဟောင်းခေတ်ကာလများကို အမှတ်ရစေသည်။ စီတန်းနေသော အိမ်ခြေ များက ရှေးဟောင်း မြို့ကလေးတစ်မြို့ထဲသို့ ခြေချလိုက်ရသကဲ့သို့ ခံစားချက်ကို ပေးစွမ်းနေသည်။

လမ်းမများပေါ်တွင် များပြားလှသော သိုင်းပညာရှင်များသည် သူတို့၏ လက်နက်များကိုယ်စီ ကိုင်ဆောင် ထားကြသည်။

သူတို့၏ အာရုံမှာ အဝေးမှ ဆိုင်းဘုတ်တစ်ခုဆီသို့ အလျင်အမြန် ရောက်ရှိသွားသည်။

“ဆိုင်တွေတောင် ရှိတာပဲ”

“ဒီနေရာက ကမ္ဘာပေါ်က အဆင့်မြင့် သိုင်းပညာရှင်အများစု စုဝေးရာနေရာပဲလေ၊ ဒါကြောင့် သူတို့အချင်းချင်း ကုန်သွယ်မှုတွေ ရှိတာကတော့ သဘာဝပါပဲ။ ဝိညာဉ်ကျောက်တုံးတွေ၊ ကျင့်စဉ်ကျမ်းတွေ၊ ဆေးလုံးတွေ အားလုံးကို လဲလှယ်ရောင်းချနိုင်တယ်”

စွန်းဟုန်ထောင်က ပြုံးလျက် ပြောလိုက်သည်။

နိုင်ငံခြားသား သိုင်းပညာရှင်များအပါအဝင် လူတိုင်းက စူးစမ်းစွာဖြင့် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်ကြသည်။

“ဒါက ဟင်းလင်းပြင်နယ်မြေထဲက ငါတို့ရဲ့ ပထမဆုံး အခြေစိုက်စခန်းပဲ။”

မြို့ကလေးမှာ သိပ်မကြီးလှသဖြင့် သူတို့ အမြန်ပင် တစ်ပတ်ပတ်ကြည့်နိုင်ခဲ့သည်။ ဤနေရာတွင် ကမ္ဘာမြေ၏ ထိပ်တန်းတိုက်ခိုက်ရေးစွမ်းအား ထက်ဝက်ကျော် စုဝေးနေပြီး မူလ စိတ်ဝိညာဉ်အဆင့် သိုင်းပညာရှင်များမှာမူ အောက်ခြေအဆင့် ဆိုင်စောင့်များအဖြစ်သာ ရှိနေကြသည်။

ငရဲတံခါးကို ဖြတ်ကျော်လိုက်ရုံနှင့် လုံးဝကွဲပြားခြားနားသော ကမ္ဘာတစ်ခု ဖြစ်နေတော့သည်။

လမ်းတစ်လျှောက်တွင် လူတိုင်းက အံ့အားသင့်စွာ ရေရွတ်နေကြပြီး လုံးဝ မရင်းနှီးသော နေရာသို့ ရောက်သွားသည်ဟု ခံစားနေရသည်။

မြို့ရိုးများက မြို့ကလေးကို ဝန်းရံထားပြီး သိုင်းပညာရှင်များက စောင့်ကြပ်နေကြသည်။ မြင့်မားသော မျှော်စင်အချို့လည်း ရှိနေပြီး ပတ်ဝန်းကျင်ကို စောင့်ကြည့်ရန်အတွက် သိုင်းပညာရှင်များကို သီးသန့် တာဝန်ပေး ထားသည်။

“ပုံမှန်ထက်ပိုပြီး သိပ်သည်းတဲ့ စိတ်ဝိညာဉ်စွမ်းအင်ကလွဲရင် ကျန်တာအားလုံးက ကမ္ဘာမြေနဲ့ အတူတူပဲလို့ ခံစားရတယ်”

ရဲ့လင်းချန်က ရေရွတ်ရင်း ကောင်းကင်ယံသို့ မော့ကြည့်လိုက်သည်။

သူမြင်လိုက်ရသည့် အရာကြောင့် သူ၏ မျက်လုံးသူငယ်အိမ်များမှာ သိသိသာသာ ကျုံ့သွားခဲ့သည်။

ဟင်းလင်းပြင်နယ်မြေ၏ ကောင်းကင်တွင် နေမရှိပေ။

၎င်းမှာ စာရွက်အလွတ်တစ်ချပ်လိုပင်။ တိမ်လည်းမရှိ၊ နေလည်းမရှိ၊ ဘာတစ်ခုမှ မရှိချေ။

ဒါဟာ သာမန်အသိတရားကို လုံးဝဆန့်ကျင်နေသည်။ နေမရှိဘဲနှင့် နေ့နှင့်ည မည်သို့ရှိနိုင်မည်နည်း။

ကျိုးကျန့်က ရဲ့လင်းချန်ကို ကြည့်လိုက်သည်။

“မင်းလည်း သတိထားမိတယ်ပေါ့၊ ဒီမှာ နေမရှိဘူးဆိုတ။”

“ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ၊ ဒီမှာ ညဆိုတာကော ရှိရဲ့လား”

“ရှိတာပေါ့”

ကျိုးကျန့်က ခေါင်းညိတ်ပြပြီး ဆက်ပြောသည်။

“ငါတို့ ဝိညာဉ်နယ်မြေထဲကို ပထမဆုံးဝင်တုန်းကလည်း အံ့ဩခဲ့ကြတာပဲ၊ အခုထိလည်း ဘာကြောင့်လဲဆိုတာ ငါတို့ မသိသေးဘူး။

ထိုစဉ် တစ်စုံတစ်ယောက်က အယူအဆတစ်ခုကို ပြောလာသည်။

“မီးချောင်းအောက်က ပိုးကောင် ဆိုတာကို မင်းသိလား”

“မီးချောင်းအောက်က ပိုးကောင် ဟုတ်လား”

ရဲ့လင်းချန်၏ ရင်ခုန်သံမှာ တစ်ချက်မျှ တုံ့သွားသည်။ ပိုးကောင်တစ်ကောင်အတွက်တော့ မီးချောင်းဆိုသည်မှာ နေမင်းကြီးဖြစ်ပြီး ကောင်းကင်ယံလည်း ဖြစ်သည်။

မီးဖွင့်ထားချိန်မှာ နေ့ဘက်ဖြစ်ပြီး၊ မီးပိတ်လိုက်ချိန်မှာတော့ ညဘက် ဖြစ်သည်။

ရဲ့လင်းချန်နှင့် အခြားသူများအတွက် ဤဟင်းလင်းပြင်နယ်မြေ၏ ကောင်းကင်ကြီးမှာ မီးချောင်းကြီးတစ်ခုကဲ့သို့ပင် ဖြစ်နေပြီး သူတို့ကိုယ်တိုင်မှာမူ ထိုမီးချောင်းအောက်က ပိုးကောင်လေးများ ဖြစ်နေကြပေတော့သည်။

All Chapters