လူမဆန်ခြင်း
Vol. 53 Ch. 794
ရဲ့လင်းချန်က ခပ်တိုးတိုးလေသံနှင့် ပြောလိုက်သည်။
“ဒီကောင်းကင်ကြီးက... တကယ်ကို ထူးခြားတာပဲ”
ထိုကောင်းကင်ကြီးသည် ဟင်းလင်းပြင်နယ်မြေ၏ နေ့နှင့်ညကို ဖန်တီးပေးသည်။ တစ်ချိန်တည်းမှာပင် ဟင်းလင်းပြင်နယ်မြေထဲက မရေတွက်နိုင်သော စိတ်ဝိညာဉ် စွမ်းအင်များကိုလည်း ထိုကောင်းကင်က ပေးထားခြင်း ဖြစ်သည်။
ရှင်းရှင်းပြောရလျှင် ဤနေရာမှ ကောင်းကင်ကြီးသည် ခလုတ်ကြီး တစ်ခုလိုပင်။ နေ့ည အကူးအပြောင်း၊ လေ၊ နှင်းခဲ၊ မိုးနှင့် နှင်းတို့၏ ရာသီအလိုက် ပြောင်းလဲမှု သို့မဟုတ် စိတ်ဝိညာဉ် စွမ်းအင် ဖြစ်ပေါ်လာမှု အားလုံးကို ဤကောင်းကင်က ပံ့ပိုးပေးထားခြင်း ဖြစ်လေသည်။
သာမန်အသိက ဤနေရာ၌ မရှိပေ။
“ဒါက ကမ္ဘာတစ်ခုချင်းစီရဲ့ လည်ပတ်ပုံ နိယာမတွေ မတူလို့ ဖြစ်နိုင်တယ်။ အခုချိန်မှာတော့ ဒါက ငါတို့ ဆွေးနွေးနိုင်တဲ့ အရာမျိုး မဟုတ်သေးဘူး”
ကျိုးကျန့် က ပြောပါတယ်။
“အခု ငါတို့ မြို့ပြင်ဘက်ကို သွားကြမယ်။ ပတ်ဝန်းကျင် ဧရိယာကို နေ့တိုင်း ရှင်းလင်းထားတာမို့လို့ ဘေးကင်းတယ်လို့ သတ်မှတ်လို့ ရပေမဲ့ အဖွဲ့ထဲကနေ ခွဲမထွက်သွားဖို့တော့ မှတ်ထားကြပါ”
မြို့ရိုးကို ဖြတ်ကျော်ပြီးနောက်တွင် သူတို့၏ အမြင်အာရုံကို ပိတ်ဆို့ထားသောအရာဟူ၍ ဘာမှမရှိတော့ပေ။
ခပ်လှမ်းလှမ်းတွင် တောအုပ်ကြီးတစ်ခု ရှိနေသည်။ သစ်ပင်တိုင်းသည် ကမ္ဘာပေါ်က နှစ်တစ်ထောင် သက်တမ်းရှိတဲ့ သစ်ပင်ကြီးတွေလိုပင်။ ၎င်းတို့သည် တိမ်တိုက်အထိ မြင့်မားနေကြပြီး သစ်ရွက်များလည်း အလွန် ထူထပ်လှသည်။ တောအုပ်တစ်ခုလုံးကို အစိမ်းရောင် အဖုံးကြီးတစ်ခုနှင့် ဖုံးအုပ်ထားသကဲ့သို့ ဖြစ်နေပြီး ကောင်းကင်နှင့် နေရောင်ခြည်ကိုတောင် ကွယ်နေသည်။
“ဟင်းလင်းပြင် နယ်မြေမှာ တောအုပ်တွေက အကျယ်ပြန့်ဆုံးပဲ”
ကျိုးကျန့်က ပြောသည်။
“တစ်ချိန်တည်းမှာပဲ တောအုပ်က အန္တရာယ်အရှိဆုံး နေရာလည်း ဖြစ်တယ်။ အဲဒီထဲမှာ မိစ္ဆာသားရဲတွေ အများကြီး နေထိုင်ကြတယ်။ ဟင်းလင်းပြင် နယ်မြေထဲက လူနဲ့တူတဲ့ သတ္တဝါတွေတောင် တောထဲကို စိတ်ကူးပေါက်တိုင်း ဝင်ဖို့ ကြောက်ကြတယ်။”
ထိုအချိန်တွင် လင်းရှီက မူနွဲ့နွဲ့လေသံနဲ့ ဆူပူလိုက်ပြီး ကျင့်ရှန်ကို စိုက်ကြည့်၍ ပြောလိုက်သည်။
“ဒီမြက်ပင်ကို ငါ အရင်မြင်တာနော်။ နင် ဘာလုပ်တာလဲ။ ငါ့ကိုပေး”
“နင် အရင်မြင်တော့ ဘာဖြစ်လဲ။ ငါ အရင်နုတ်တာလေ”
ကျင့်ရှန်က သူ့နှုတ်ခမ်းကို တွန့်လိုက်ပြီး မြက်ပင်ကို သူ့အိတ်ကပ်ထဲသို့ အေးအေးလူလူ ထည့်လိုက်သည်။
ထိုမြက်ပင်သည် လူတစ်ယောက်၏ လက်ဝါးခန့် ရှည်ပြီး မြစိမ်းရောင် သစ်ရွက်များ၏ အလယ်တွင် မီးနီရောင် အမှတ်အသားလေးတွေ တန်းစီနေသည်။ ၎င်းသည် အလွန် ကြည့်ရ ထူးဆန်းနေ၏။
“နင်က ယောကျ်ားမဟုတ်ဘူး။ မိန်းမတစ်ယောက် ပိုင်တဲ့အရာကို လုယူနေတယ်”
လင်းရှီက နှာခေါင်းရှုံ့လိုက်ပြီး မြေပြင်ပေါ်ကို အမြန်ဝေ့ကြည့်ကာ သူမရဲ့ ပစ်မှတ်ကို ချက်ချင်း ပြောင်းလိုက်သည်။
တခြားနိုင်ငံက လူတွေတောင်မှ ထပ်တူ ပြုမူနေကြပြီး မြက်ပင်တစ်ပင်တောင် မကျန်အောင် လုပ်နေကြသည်။
“မင်းတို့ ဘာတွေလုပ်နေကြတာလဲ”
ဘုရင်အဆင့် ခေါင်းဆောင် ခုနစ်ယောက်၏ မျက်နှာများ ပျက်ယွင်းသွားကြသည်။
ကျင့်ရှန်၏ အဝတ်အစားများသည် တကယ်တမ်းတွင် ပြုပြင်ထားခြင်း ဖြစ်ပြီး နေရာအနှံ့တွင် အတွင်းအိတ်ကပ်များ ရှိနေသည်။ ရဲ့လင်းချန် မပြောဘဲ မနေနိုင်အောင် ဖြစ်သွားရသည်။
“အထင်ကြီးစရာပဲ”
“ဟားဟား၊ ငါ ဒီဝတ်စုံအတွက် ပြီးခဲ့တဲ့ လဝက်လောက်ကတည်းက အလုပ်ရှုပ်နေခဲ့တာ။ အတွင်းထဲမှာ အိတ်ကပ် ရှစ်လုံး ရှိတယ်၊ ဒီတစ်ခါတော့ အပြည့်နဲ့ ပြန်နိုင်မယ်လို့ ငါ သေချာပေါက် ယုံကြည်တယ်”
ကျင့်ရှန်က ဂုဏ်ယူစွာ ပြောလိုက်သည်။
“ငါနုတ်ထားတဲ့ ဒီပေါင်းပင် တွေကို အထင်မသေးနဲ့ဦး။ ဟင်းလင်းပြင်နယ်မြေမှာ ပေါက်တယ်ဆိုကတည်းက ဒါတွေက ကမ္ဘာကို ပြန်ယူသွားလို့ရတဲ့ ပစ္စည်းကောင်းတွေပဲ။ အနည်းဆုံးတော့ ဒါတွေက မင်းတို့ သာမန် ဟင်းသီးဟင်းရွက်တွေထက် အများကြီး ပိုကောင်းတယ်
ထိုသို့ပြောပြီးနောက် သူက မြက်ပင်တစ်ပင်ကို နုတ်ပြီး သရုပ်ပြလိုက်သေးသည်။
“ဒီမြက်ပင်ရဲ့ အမြစ်ကိုကြည့်ဦး။ ဒါက လက်တွေ့မှာတော့ ဂျင်ဆင်းအသေးလေးလိုပဲ”
ထိုအခိုက်မှာပင် တစ်နေရာလုံးက ဓားပြများ စုဝေးရာနေရာကဲ့သို့ ဖြစ်သွားသည်။ လူတိုင်းက နယ်စပ်ကို ဖြတ်ကျော်လာသည့် ကျိုင်းကောင်များကဲ့သို့ ကိုယ့်နည်းကိုယ့်ဟန်ဖြင့် တစ်နေရာလုံးကို မွှေနှောက် ရှာဖွေ နေကြသည်။ မြက်ပင်တစ်ပင်တောင် မချန်ကြချေ။
“ဟားဟား၊ ဟားဟား...”
သို့သော် ထိုအချိန်တွင် ဂရိက အထွတ်အထိပ် ဘုရင်အဆင့် သိုင်းပညာရှင်က ရုတ်တရက် ရယ်မောလိုက်ပြီး အတိတ်ကို သတိရသော အမူအရာနှင့် ပြောလိုက်သည်။
“ဒီကလေးတစ်သိုက်ကို ပျော်ခွင့်ပေးလိုက်ပါ။ ငါတို့လည်း ပထမဆုံး စဝင်လာတုန်းက ဒီလိုပဲ မဟုတ်လား”
ထို့နောက် သူက ရဲ့လင်းချန်ကို ကြည့်ပြီး သက်ပြင်းချ၍ ပြောလိုက်သည်။
“ကောင်လေး၊ မင်းကတော့ ဟင်းလင်းပြင်နယ် မြေကို မလာခင် ကိုယ့်ကိုယ်ကိုယ် ပြင်ဆင်ဖို့လောက်အထိ ဉာဏ်မပြေးခဲ့ဘူး ထင်တယ်”
ကျင့်ရှန်က မထီမဲ့မြင် ပြုလိုက်သည်။
“စိတ်မပူနဲ့ ညီလေး လင်းချန်၊ ငါတို့ ပြန်ထွက်သွားတဲ့အခါ ငါ မင်းကို နည်းနည်း ပေးပါ့မယ်”
“မလိုပါဘူး”
ရဲ့လင်းချန်က ခေါင်းခါလိုက်သည်။ သူ၏ အမူအရာက အလွန်တည်ငြိမ်နေပြီး သူ့အိတ်ကပ်ထဲမှ မြွေရေခွံအိတ် အကြီးကြီးတစ်ခုကို တိတ်တဆိတ် ထုတ်လိုက်သည်။
“ကျွန်တော်ကတော့ မင်းတို့လိုမျိုး အထာမကျပါဘူး။ ကျွန်တော် ယူလာတာက မြွေရေခွံအိတ်တစ်လုံးပဲ ရှိတယ်”
“သောက်ကျိုးနည်း”
ကျင်ရှန်း ကျိန်ဆဲလိုက်သည်။ သူ သေချာပြင်ဆင်ထားသော အင်္ကျီကို ပြန်ကြည့်ပြီးနောက် မြွေရေခွံအိတ်ကြီးကို ကြည့်လိုက်မိသည်။ သူ မထိန်းနိုင်ဘဲ ထအော်လိုက်မိသည်။
“ဒါဆို ငါ ဒီအင်္ကျီကို ဘာအတွက် လိုတော့မှာလဲ”
ထို့နောက် ရဲ့လင်းချန်က မြက်ပင်များကို တစ်ပင်ချင်း နုတ်မနေဘဲ မြေကြီးတွေကိုပါ အိတ်ထဲကို တိုက်ရိုက် သိမ်းကျုံး ထည့်နေသည်ကို သူ တွေ့လိုက်ရသည်။
“မြေကြီးကိုပါ ယူသွားရအောင် မင်းက ဘယ်လောက်တောင် ရက်စက်ရတာလဲ ...”