← Chapters

ခေတ်သစ်တစ်ခု၏ အစ

Vol. 53 Ch. 795

ခေတ်သစ်တစ်ခု၏ အစ

Vol. 53 Ch. 795

လူတိုင်း ဟင်းလင်းပြင်နယ်မြေထဲမှာ ပစ္စည်းတွေ သိမ်းကျုံးယူနေစဉ်မှာပင် ဆူညံသံတချို့ ထွက်ပေါ်လာသည်။

ရှေ့မလှမ်းမကမ်းက တောအုပ်ထဲမှ လှုပ်ရှားနေသော အရိပ်တချို့ကို သူတို့ မြင်လိုက်ရသည်။ ထိုသတ္တဝါများသည် ရဲ့လင်းချန်နှင့် အခြားသူများကို မြင်သွားသောအခါ သူတို့၏ မျက်နှာများတွင် မုန်းတီးမှုတွေ ပြည့်နှက် သွားလေသည်။ သူတို့က သတ်ဖြတ်လိုသော အငွေ့အသက်များနှင့် စကားပြောဆိုရင်း အဖွဲ့ဆီသို့ ပြေးဝင် လာကြသည်။

၎င်းတို့သည် ဟင်းလင်းပြင်နယ်မြေက သတ္တဝါ လေးကောင်ဖြစ်ပြီး အားလုံးက A+ အဆင့်နှင့် ညီမျှသော စွမ်းအားများ ရှိကြသည်။

“သတ်ကြ”

လူတိုင်း၏ မျက်နှာများ တင်းမာသွားသည်။ သူတို့သည် တိုက်ခိုက်ရန် တွန့်ဆုတ်မနေဘဲ မကြာခင်မှာပင် အသေအလဲ တိုက်ပွဲတစ်ခု စတင်လေသည်။

ဤနေရာသည် ဟင်းလင်းပြင်နယ်မြေ၏ အပြင်ဘက် ဧရိယာသာဖြစ်ပြီး လူသားများ၏ အခြေစိုက်စခန်းလည်း ဖြစ်သည်။ ယုတ္တိကျကျ ပြောရမည်ဆိုလျှင် ဤနေရာတွင် ဟင်းလင်းပြင်နယ်မြေမှ သတ္တဝါများ မရှိသင့်ပေ။ သူတို့ အဘယ်ကြောင့် ရောက်နေသလဲဆိုသည်က စဉ်းစားစရာပင်။

သို့သော် အခုချိန်က ထိုပြဿနာကို စဉ်းစားနေရမယ့် အချိန် မဟုတ်ပေ။

ရဲ့လင်းချန် ပုန်းကွယ်နေရန် စိတ်ကူးမရှိချေ။ သူသည် လှံရှည်ကို ကိုင်စွဲ၍ ဖီးနစ်လှံသိုင်းကို ထုတ်ဖော်လိုက်သည်။ ပစ်မှတ်တစ်ခုကို ရွေးချယ်လိုက်ပြီး ပြိုင်ဘက်အား လှံရိပ်လှံခြေအလွှာတွေကြားထဲ ပိတ်မိစေခဲ့သည်။

သူ့ရဲ့ လက်ရှိအင်အားသည် A+ အဆင့် သတ္တဝါတစ်ကောင်ကို ကိုင်တွယ်ရန် လုံလောက်သည်ထက် ပိုနေသည်။ သူ ပြိုင်ဘက်ကို ထွက်ပြေးရန် လုံးဝ အခွင့်အရေး ပေးမည် မဟုတ်ပါ။

ကျိုးကျန့်ကလည်း ပစ်မှတ်တစ်ခုကို ရွေးချယ်လိုက်ပြီး ကျန်တဲ့နှစ်ကောင်အား တခြားသူများ ကိုင်တွယ်ရန် ချန်ထားလိုက်သည်။

ဤသတ္တဝါများသည် ဟင်းလင်းပြင်နယ်မြေထဲတွင် တစ်နှစ်ပတ်လုံး နေထိုင်ကြသဖြင့် တောအုပ်များနှင့် အလွန် ကျွမ်းဝင်သည်။ ကမ္ဘာပေါ်မှာ ရှိစဉ်ကထက် ပိုပြီး လျင်မြန်ဖြတ်လတ်နေသောကြောင့် သူတို့ကို ရင်ဆိုင်ရ ပိုခက်ခဲစေ၏။

သူတို့အခြေအနေ မကောင်းသည်ကို သတိပြုမိလာချိန်တွင် ဆုတ်ခွာရန် အရိပ်အခြေ ပြလာသည်။

သို့သော် ရဲ့လင်းချန်က သူတို့ကို တားဆီးပြီး လေးကောင်လုံးကို သနားညှာတာမှုမရှိဘဲ သတ်ပစ်လိုက်သည်။

ဟင်းလင်းပြင်နယ်မြေ၏ သတ္တဝါများကို ရှင်လျက် ဖမ်းဆီးရန်က အဓိပ္ပာယ် မရှိပေ။ နှစ်ဖက်လုံးသည် အခြားတစ်ဖက်က မသေမချင်း ရပ်မည် မဟုတ်ပါ။ ထို့ကြောင့် ထိုသတ္တဝါများကို ချက်ချင်း သတ်လိုက်ခြင်း ဖြစ်သည်။

ကျိုးကျန့်က မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။

“သူတို့ ငါတို့ကို လာထောက်လှမ်းတာ ဖြစ်လိမ့်မယ်၊ သူတို့ ဒီကို လာတာ အခြား မကောင်းတဲ့ ရည်ရွယ်ချက် ရှိတာ သေချာတယ်”

ရဲ့လင်းချန်သည် ဤသတ္တဝါလေးကောင်၏ ပုံပန်းသဏ္ဍာန်ကို ကြည့်ရင်း စဉ်းစားခန်းဝင်နေသော အမူအရာ ဖြစ်သွားခဲ့ပြီး ပြောလိုက်သည်။

"နည်းပြကျိုး၊ ကျွန်တော့်မှာ အကြံတစ်ခုရှိတယ်"

ခေတ္တအကြာတွင်...

လူတိုင်းက ရဲ့လင်းချန်ကို မျက်လုံးအပြူးသားနှင့် အံ့အားသင့်စွာ ကြည့်နေကြသည်။

“မင်း ... မင်းက ရဲ့လင်းချန်လား?”

“လခွမ်း မင်း တကယ်ကြီးလား၊ ဒါက မိတ်ကပ်လိမ်းတာ မဟုတ်တော့ဘူး၊ ဒါက လုံးဝ ရုပ်ပြောင်းရုပ်လွှဲ လုပ်လိုက်တာပဲ”

“ဒါ ငါ မင်းကို ဒီလို ပထမဆုံး မြင်ဖူးတာသာ ဖြစ်ခဲ့ရင် ငါ မင်းကို ဟင်းလင်းပြင်နယ်မြေက သတ္တဝါတစ်ကောင်လို့ သေချာပေါက် သံသယ ဝင်မိမှာ၊ ငါ မင်းကို တွေ့တွေ့ချင်း သတ်တောင် သတ်မိလောက်တယ်”

ဟင်းလင်းပြင်နယ်မြေ သတ္တဝါ လေးကောင်ရဲ့ အလောင်းတွေကို အသုံးပြုပြီး ရဲ့လင်းချန်ဟာ ရုပ်ပြောင်းရုပ်လွှဲ ပညာကို အသုံးပြုကာ မည်သည့်အပြစ်အနာအဆာမျှ မရှိဘဲ ဟင်းလင်းပြင်နယ်မြေ သတ္တဝါတစ်ကောင်အဖြစ် ပြောင်းလဲလိုက်ခြင်း ဖြစ်သည်။

ဤသည်က မိတ်ကပ်လိမ်းခြင်း မဟုတ်တော့ဘဲ နတ်ဘုရား ရုပ်ပြောင်းရုပ်လွှဲအတတ် ဖြစ်သွားလေပြီ။

ကျိုးကျန့်က ခေါင်းခါ၍ ပြောလိုက်သည်။

“လင်းချန်၊ ဟင်းလင်းပြင် နယ်မြေ သတ္တဝါတွေမှာ သူတို့ရဲ့ ကိုယ်ပိုင် ထူးခြားတဲ့ အရှိန်အဝါ ရှိပုံရတယ်၊ သူတို့ပုံစံကို ပြောင်းရုံလောက်က မလုံလောက်မှာကို ငါ စိုးရိမ်တယ်”

အတိတ်အခါက ဟင်းလင်းပြင်နယ်မြေထဲသို့ ခိုးဝင်ရန် ကြိုးစားခဲ့သည့် သူများ ရှိခဲ့သော်လည်း သူတို့၏ အကြံများ အားလုံးသည် အဆုံး၌ ရှုံးနိမ့်ခဲ့ရသည်။

ရဲ့လင်းချန်က ပြုံး၍ ပြောလိုက်သည်။

“စိတ်မပူပါနဲ့ နည်းပြကျိုး၊ ကျွန်တော့်မှာ အလုပ်ဖြစ်လောက်တဲ့ နည်းလမ်းတစ်ခု ရှိပါတယ်”

ရဲ့လင်းချန်တွင် ဖုံးကွယ်ခြင်းမှ အဆင့်မြှင့်ထားသည့် အသက်ရှူထိန်းချုပ်ခြင်း စွမ်းရည် ရှိသည့်အတွက် သူ၏ အရှိန်အဝါကိုပါ ဖုံးကွယ်နိုင်သည်။ သူသည် ယခင်က ယင်းကို စမ်းခဲ့ဖူးပြီး ဖြစ်ကာ ဟင်းလင်းပြင်နယ်မြေ၏ သတ္တဝါများထံမှ ထောက်လှမ်းခြင်းကို အောင်မြင်စွာ ရှောင်ရှားနိုင်ခဲ့သည်။ ရုပ်ပြောင်းရုပ်လွှဲ ပညာနှင့်ပါ ပေါင်းလိုက်သောအခါ သူ လူမိသွားနိုင်ခြေ မရှိသလောက်ပင် ဖြစ်သည်။

ကျိုးကျန့်က စိုးရိမ်နေဆဲဖြစ်သဖြင့် ပြောလိုက်သည်။

"ဒါကို ငါတို့ အချိန်ယူပြီး သေချာစဉ်းစားဖို့ လိုအပ်တယ်"

ထို့နောက် သူက တည်ကြည်လေးနက်စွာဖြင့် ပြောလိုက်သည်။

"လင်းချန်၊ မင်း လုံးဝ တစ်ယောက်တည်း လှုပ်ရှားလို့ မရဘူး”

ရဲ့လင်းချန်သည် သူ၏နှလုံးသားထဲတွင် နွေးထွေးမှုကို ခံစားလိုက်ရသည်။

နောက်ရက်အနည်းငယ်အတွင်း လူတိုင်းသည် အပြင်ဘက်အနားသတ်တွင်သာ လှုပ်ရှားသွားလာခဲ့ကြသည်။ သို့သော် ကျိုးကျန့်သည် ရဲ့လင်းချန်၏ အကြံပြုချက်ကို တင်ပြခဲ့ပြီး အထက်လူကြီးများနှင့် အလေးအနက် ဆွေးနွေးခဲ့သည်။ နောက်ဆုံးတွင် အခြေအနေကို စုံစမ်းရန်အတွက် ရဲ့လင်းချန်ကို အပြင်ဘက်ဧရိယာရှိ အဖွဲ့ငယ်လေးတစ်ခုအတွင်းသို့ ဦးစွာ ရောနှောဝင်ရောက်ခိုင်းရန် သူ ဆုံးဖြတ်ခဲ့သည်။ အကယ်၍ အခြေအနေများ လွဲချော်သွားပါက သူတို့အားလုံး စုပေါင်းတိုက်ခိုက်နိုင်မည်ဖြစ်သည်။ ထို့

နောက်တွင် အသေးစိတ်ပြင်ဆင်မှုများ ပြုလုပ်ခဲ့ပြီး ရဲ့လင်းချန်သည် ဟင်းလင်းပြင်နယ်မြေမှ သတ္တဝါများနှင့် အပြည့်အဝ တသားတည်းဖြစ်အောင် ရောနှောနိုင်ခဲ့သည်။

သို့သော် သူ့တွင် ရင်ဆိုင်ရမည့် ခက်ခဲသော ပြဿနာတစ်ခု ကျန်ရှိနေသေးသည်၊ ၎င်းမှာ ဆက်သွယ်ပြောဆိုမှုပင် ဖြစ်သည်။

သူသည် အသံသရုပ်ဆောင်စွမ်းရည်ကို အထူးတလည် သင်ယူထားသဖြင့် သူ၏အသံမှာ ပြဿနာရှိမည်မဟုတ်ပေ။ ပြဿနာမှာ ဘာသာစကားဖြစ်သည်။ ကံကောင်းထောက်မစွာဖြင့် ဟင်းလင်းပြင် နယ်မြေ၏ အခြေခံဘာသာစကား အတော်များများကို သူ ကျွမ်းကျင်ပိုင်နိုင်ထားသည့်အတွက် အနည်းဆုံးတော့ အဆင်ပြေအောင် လုပ်ဆောင် နိုင်ခဲ့သည်။

လူတိုင်း၏ စိုးရိမ်တကြီး အကြည့်များကြားမှ ရဲ့လင်းချန်သည် ဟင်းလင်းပြင်နယ်မြေ သတ္တဝါများကြားထဲ ရောနှော ဝင်ရောက်ကာ ဟင်းလင်းပြင်နယ်မြေ အနီးရှိ မြို့တစ်မြို့အတွင်းသို့ ဝင်ရောက်သွားခဲ့သည်။

သူသည် အစပိုင်းတွင် အလွန်သတိထားခဲ့သည်။ ပတ်ဝန်းကျင်နှင့် အသားကျသွားပြီးနောက် မြို့၏ အခြေခံပုံစံမှာ ကမ္ဘာမြေနှင့် ဆင်တူကြောင်း သူ သတိပြုမိခဲ့သည်။ သို့သော် နည်းပညာမှာမူ အလွန်အမင်း တိုးတက်မနေဘဲ ကမ္ဘာ့ရှေးဟောင်းခေတ်များနှင့် ပို၍တူနေသည်။ ထို့ပြင် ထူးခြားဆန်းပြားသော အရာများစွာလည်း ရှိနေသည်။

ဥပမာအားဖြင့် ကိုယ်ပိုင်အလင်းရောင် ထွက်နိုင်သော ကျောက်ခဲများကို မီးအလင်းရောင်အဖြစ် အသုံးပြုကြပြီး စိတ်ဝင်စားဖွယ်ကောင်းသော အပင်များနှင့် အိမ်မွေးတိရစ္ဆာန်များလည်း အမျိုးမျိုး ရှိနေသည်။

သူသည် ဟင်းလင်းပြင်နယ်မြေ၏ စာကြည့်တိုက်ထဲသို့ ဝင်ရောက်ရန် အခွင့်အရေး ရရှိခဲ့ပြီး ဗဟုသုတများကို ချက်ချင်းပင် အလုအယက် စတင်ဆည်းပူးလေတော့သည်။

သူ့ကဲ့သို့ ပါရမီရှင်တစ်ဦးအတွက်မူ အကြီးမားဆုံးသော အထောက်အကူမှာ စာအုပ်များပင် ဖြစ်တော့သည်။

['ဟင်းလင်းပြင်နယ်မြေ အဘိဓာန်' ကို ဖတ်ရှုခြင်း၊ ဟင်းလင်းပြင်နယ်မြေ ဘာသာစကား ကျွမ်းကျင်မှု +၁]

['ဟင်းလင်းပြင်နယ်မြေ ပထဝီဝင်' ကို ကြည့်ရှုခြင်း၊ ဟင်းလင်းပြင်နယ်မြေ ပထဝီဝင် ကျွမ်းကျင်မှု +၁]

['ဟင်းလင်းပြင်နယ်မြေ ခန္ဓာကိုယ် သန့်စင်ခြင်းအတတ်' ကို ကြည့်ရှုခြင်း၊ ဟင်းလင်းပြင်နယ်မြေ ခန္ဓာကိုယ် သန့်စင်ခြင်းအတတ် +၁]

...

*ဒီနေရာက တကယ်ကို ရတနာသိုက်ပဲ*

ရဲ့လင်းချန်သည် အလွန်အမင်း စိတ်လှုပ်ရှားစွာဖြင့် စိတ်ထဲမှ ရေရွတ်လိုက်မိသည်။

အဘိဓာန်က သူ့ကို ဘာသာစကားနှင့် ရင်းနှီးကျွမ်းဝင်စေခဲ့သည်။ ၎င်းသည် သူ့ကို အဟန့်အတားမရှိ ရောနှော ဝင်ရောက်နိုင်စေရုံသာမက ဟင်းလင်းပြင်နယ်မြေကို ရင်ဆိုင်ရန် အပြည့်အဝ ပြင်ဆင်နိုင်မည်ဖြစ်သောကြောင့် တစ်ကမ္ဘာလုံးအတွက်ပါ အရည်အသွေးပိုင်းဆိုင်ရာ ကြီးမားသော ခုန်ပျံကျော်လွှားမှုတစ်ခု ဖြစ်လာလိမ့်မည်။

ပထဝီဝင်စာအုပ်မှာမူ ပို၍ပင် တန်ဖိုးဖြတ်မရနိုင်ပေ။ အကယ်၍ လူတစ်ဦး၏ ဟင်းလင်းပြင်နယ်မြေအပေါ် မူလနားလည်မှုမှာ ၁၀% ရှိပါက ဤပထဝီဝင်စာအုပ်သည် သူတို့၏နားလည်မှုကို ၅၀% အထိ မြှင့်တင်ပေးနိုင်မည်ဖြစ်သည်။

၎င်းမှာ ပိုပိုသာသာ ပြောခြင်းမဟုတ်ပေ။

ပို၍လေးနက်စွာ စဉ်းစားကြည့်ပါက အကယ်၍ ဟင်းလင်းပြင်နယ်မြေ၏ နေထိုင်သူများသာ ကမ္ဘာမြေ၏ ပထဝီဝင်ကို ရရှိသွားပါက အလွန်တရာ ထိတ်လန့်စရာကောင်းလိမ့်မည်။

ခန္ဓာကိုယ်သန့်စင်ခြင်းအတတ်မှာမူ ဟင်းလင်းပြင်နယ်မြေရှိ သတ္တဝါများ ကျင့်ကြံကြသည့် သာမန်နည်းစနစ်တစ်ခု ဖြစ်သည်။ ၎င်းကို ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်အပေါ် အာရုံစိုက်သည့် သာမန်သိုင်းပညာတစ်ခုဟု ဆိုနိုင်သော်လည်း သူတို့၏ တိုက်ခိုက်ရေးစွမ်းရည်နှင့် ပေါင်းစပ်လိုက်သောအခါ ထိုသိုင်းပညာမှာ သာမန်ထက် များစွာ သာလွန် သွားသည်။ ရဲ့လင်းချန်သည် သူ၏ ကြံ့ခိုင်မှု ပိုမိုအားကောင်းလာသည်ကို သိသိသာသာ ခံစားနေရသည်။

*ခန္ဓာကိုယ်သန့်စင်ခြင်းအတတ်ရှိတယ်ဆိုရင် တခြား ကျင့်ကြံခြင်းနည်းစနစ်တွေလည်း ရှိနေမှာပဲ။ ဒါတွေကိုသာ ကမ္ဘာမြေကို ပြန်ယူသွားနိုင်ရင် ကမ္ဘာ့သိုင်းပညာလောကကို ပိုမြင့်တဲ့အဆင့်တစ်ခုဆီ သေချာပေါက် ပို့ဆောင်ပေးနိုင်လိမ့်မယ်*

ရဲ့လင်းချန်က စိတ်ထဲမှ တွေးတောနေခဲ့သည်။ နောက်ရက်များတွင် သူသည် အချိန်ရတိုင်း စာကြည့်တိုက်သို့ သွားရောက်ခဲ့သည်။

သို့သော် သူ၏စိတ်မှာ တဖြည်းဖြည်း လေးလံလာခဲ့သည်။ စာအုပ်အချို့၏ အဆိုအရ ဟင်းလင်းပြင်နယ်မြေသည် ထင်သလောက် မရိုးရှင်းပေ။ ဤနေရာ၌ နေထိုင်ကြသော သတ္တဝါများသည် အလွန်အမင်း အစွမ်းထက်ကြပြီး ကမ္ဘာဦးသားရဲများ အဆင့်ရှိသည့် သတ္တဝါများပင် ရှိနေသည်။

ခန္ဓာကိုယ်သန့်စင်ခြင်းအတတ်အပြင် တခြားသော နည်းစနစ်များလည်း အမှန်တကယ်ပင် ရှိနေသည်။ ထိုနည်းစနစ်များအားလုံးမှာ အလွန်စွမ်းအားကြီးပြီး ရဲ့လင်းချန်၏ အမတ ကျင့်ကြံခြင်းထက်ပင် သာလွန်နေသဖြင့် ရဲ့လင်းချန်သည် ဤနေရာကို မသေမျိုးကျင့်ကြံခြင်း ကမ္ဘာကြီးများလားဟုပင် ထင်မှတ်သွားခဲ့သည်။

“အရင်တုန်းက ဟင်းလင်းပြင် အက်ကွဲခြင်း ဆိုတဲ့ ဆိုရိုးစကား ရှိခဲ့ဖူးတယ်။ ဒါက ဟင်းလင်းပြင် အက်ကွဲပြီးနောက် ရောက်ရှိလာတဲ့ ကမ္ဘာများလား။ ဒါဆို ဘာတွေ ဖြစ်ပျက်ခဲ့လို့ ဒီလိုအခြေအနေမျိုး ဖြစ်သွားရတာလဲ”

ကံမကောင်းစွာဖြင့် ၎င်းမှာ မြို့ငယ်လေးတစ်မြို့သာ ဖြစ်သောကြောင့် သူ နောက်ထပ် အဖြေများ မရရှိနိုင်ခဲ့ပေ။ ဟင်းလင်းပြင်နယ်မြေတွင် အစွမ်းထက်သော တည်ရှိမှုများစွာ ရှိနေကြောင်းသာ သူ သိရှိခဲ့ရသော်လည်း ဟင်းလင်းပြင် ဖြတ်သန်းခြင်း၏ ကန့်သတ်ချက်ကြောင့် သူတို့ ကမ္ဘာဘက်သို့ ကူးမလာနိုင်ကြခြင်း ဖြစ်သည်။

“SSS အဆင့် ပုဂ္ဂိုလ်တွေတောင် ရှိတာပဲ”

ရဲ့လင်းချန် အသက်ကို ပြင်းပြင်းရှူလိုက်မိသည်။ ၎င်းမှာ အလွန်တရာ ထိတ်လန့်စရာကောင်းလှသည်။ အကယ်၍ SSS အဆင့် တည်ရှိမှုများသာ ကမ္ဘာမြေသို့ ရောက်ရှိလာပါက ကမ္ဘာပျက်ကိန်း သေချာပေါက် ဆိုက်ရောက် ပေလိမ့်မည်။ သူတို့သည် နျူကလီးယားလက်နက်များကိုပင် ချေမှုန်းပစ်နိုင်လိမ့်မည်ဖြစ်ပြီး မည်သူမျှ တားဆီးနိုင်မည်မဟုတ်ပေ။

ထို့နောက် ရဲ့လင်းချန်သည် ဟင်းလင်းပြင်နယ်မြေတွင် ဆက်လက်နေထိုင်ခဲ့သည်။ သူသည် ကင်းလှည့်ခြင်း မှတစ်ဆင့် ရရှိခဲ့သော သတင်းအချက်အလက်များကို နှစ်ပတ်တစ်ကြိမ် လက်ဆင့်ကမ်း ပေးပို့ခဲ့သည်။

တစ်ချိန်တည်းမှာပင် ဟင်းလင်းပြင်နယ်မြေတွင် အစွမ်းထက်သော စစ်သည်တော်များ စုရုံးနေကြသည်ဟူသော သတင်းကိုလည်း သူ ရရှိခဲ့သည်။ အထူးသဖြင့် စိတ်ရှည်သည်းခံမှု ကုန်ဆုံးနေပြီး ကမ္ဘာမြေကို အကြီးအကျယ် တိုက်ခိုက်ရန် ပြင်ဆင်နေသည့် ထူးခြားစွမ်းအားရှင်တစ်ဦး ရှိနေပုံရသည်။ ထို့ပြင် ဥမင်လိုဏ်ခေါင်းသစ် အချို့ကိုလည်း ထပ်မံတူးဖော်ထားပုံရသည်။

အခြေအနေမှာ ချက်ချင်းပင် အလွန်တင်းမာလာခဲ့သည်။

ထိုအတောအတွင်း ကမ္ဘာမြေဘက်တွင်လည်း အခြေအနေများမှာ အရှိန်မြင့်လာခဲ့သည်။ အဓိကမီဒီယာများက စိတ်ဓာတ်တက်ကြွဖွယ် ဇာတ်လမ်းများကို ရည်ရွယ်ချက်ရှိရှိ စတင်ထုတ်လွှင့်လာကြသည်။ တစ်ချိန်တည်းမှာပင် စစ်ဆန့်ကျင်ရေးရုပ်ရှင်များနှင့် မျိုးချစ်စိတ်ဓာတ်ဆိုင်ရာ ရုပ်သံလိုင်းများလည်း တိုးပွားလာခဲ့သည်။ ရံဖန်ရံခါတွင် လူတစ်ဝက်ခန့် အရွယ်အစားရှိသော ကြွက်များ၊ အစွမ်းထက်သော မျိုးရိုးဗီဇပြောင်း ကျားများ အစရှိသည့် ထူးခြားသော သတင်းထုတ်လွှင့်မှုများပင် ရှိလာခဲ့သည်။

အသိသာဆုံးအချက်မှာ နိုင်ငံအသီးသီးကြားရှိ အခြေအနေများမှာ များစွာ ပြေလည်သွားခြင်းပင် ဖြစ်သည်။ ပူးပေါင်းဆောင်ရွက်ရေးဘက်သို့ ဦးတည်လာသည့် အလားအလာများလည်း သိမ်မွေ့စွာ တွေ့လာရသည်။ တစ်ချိန်တည်းမှာပင် တရုတ်နိုင်ငံ၏ အဆင့်အတန်းမှာ ပိုမိုထင်ရှားလာပြီး ခေါင်းဆောင်မှုကဏ္ဍသို့ ရောက်ရှိ လာမည့် အရိပ်အယောင်အချို့ ပြသလာခဲ့သည်။

အကဲခတ်ကောင်းသူအချို့မှာ တစ်ခုခုဖြစ်နေပြီဖြစ်ကြောင်းနှင့် ကမ္ဘာကြီးမှာ အနည်းငယ် မတည်မငြိမ် ဖြစ်နေပုံရကြောင်း ဝေဝေဝါးဝါး ခံစားမိနေကြသည်။

အတွင်းသိများကမူ ဤအရာအားလုံးမှာ ဟင်းလင်းပြင်နယ်မြေထဲတွင် ပုန်းလျှိုးနေထိုင်ကာ ကမ္ဘာမြေအတွက် ဓားသွားပေါ်တွင် လမ်းလျှောက်ခဲ့ရသည့် သူရဲကောင်းတစ်ဦးကြောင့်ဖြစ်ကြောင်း သိရှိကြသည်။

မျက်တောင်တစ်ခတ်အတွင်းမှာပင် တစ်နှစ်တာ ကုန်ဆုံးသွားခဲ့လေသည်။

ဟင်းလင်းပြင်နယ်မြေမှ ကျူးကျော်မှုများ ပေါက်ကွဲထွက်လာပြီးနောက် မကြုံစဖူး ကြီးမားသော စစ်ပွဲကြီး စတင်ပါတော့သည်။ အရာအားလုံးကို ကြိုတင် တိုင်ပင်ထားသကဲ့သို့ပင် မရေမတွက်နိုင်သော ဟင်းလင်းပြင် ဝင်ပေါက်များမှတစ်ဆင့် ကမ္ဘာမြေကို အလုံးအရင်းနှင့် စတင်တိုက်ခိုက်လာကြသည်။ ဒုံးကျည်များ ပစ်ခတ်မှု၊ အစွမ်းထက်ပုဂ္ဂိုလ်များ အပြန်အလှန် ရင်ဆိုင်မှုများနှင့်အတူ ထိတ်လန့်ဖွယ် စစ်ပွဲကြီးကြောင့် တစ်ကမ္ဘာလုံး တုန်ဟိန်းသွားခဲ့သည်။ ထူးဆန်းသော သားရဲတိရစ္ဆာန်များလည်း မကြာခဏ ပေါ်လာပြီး အဆက်မပြတ် ဟိန်းဟောက်နေကြသည်။

သတင်းများကို ဖုံးကွယ်ထား၍ မရတော့ဘဲ ကမ္ဘာတစ်ဝှမ်းတွင် ရုတ်တရက် အုတ်အော်သောင်းနင်း ဖြစ်သွားခဲ့သည်။

ထိုအချိန်တွင် သွေးချောင်းစီးနေသော ဗီဒီယိုဖိုင်များ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာပြီး သူရဲကောင်းများ၏ အမည်များမှာလည်း လူပြောများလာခဲ့သည်။ သူရဲကောင်းအချို့မှာ ရှေ့မှ မားမားမတ်မတ် ရပ်ကာ ဦးဆောင်လာကြသည်။

“ဟာ... သိပ္ပံလောကဆိုတာ အပေါ်ယံပဲပေါ့။ တကယ်တော့ ဒါက မသေမျိုး ကျင့်ကြံခြင်း ကမ္ဘာကြီးပဲ”

“ကြောက်စရာကြီးပဲ။ လူသားတွေက တကယ်ပဲ ဒီလောက်ထိ အစွမ်းထက်နိုင်တာလား။”

“အား... ငါ သိုင်းပညာ သင်ချင်ပြီ၊ ရန်သူတွေကို သတ်ချင်ပြီ၊ ငါ့သွေးတွေ ဆူပွက်နေပြီ”

“ငါ့သူငယ်ချင်းကို ငါမြင်လိုက်တယ်၊ ဒီကောင်စုတ်လေး၊ သူက ရှေ့တန်းမှာ တစ်ယောက်တည်း ရောက်နေတာပဲ၊ ငါ့ကိုတောင် မခေါ်သွားဘူး”

“ဒါဆို ဒီဝိုင်တွေအားလုံးက လူတစ်ယောက်တည်းပဲပေါ့၊ အဲ့ဒါ ရဲ့လင်းချန်၊ ရဲ့နတ်ဘုရားပဲ”

“ရဲ့နတ်ဘုရားက အစွမ်းထက်လွန်းတယ်၊ ရဲ့နတ်ဘုရားရဲ့ ကုမ္ပဏီက အခုတလော လူပေါင်းများစွာကို ကယ်တင်ခဲ့ပြီးပြီ၊ နည်းပညာကုမ္ပဏီတွေကတောင် လျှို့ဝှက်နည်းပညာတွေကို စတင်အသုံးပြုနေကြပြီ”

“Iron Man က အပြင်မှာ တကယ်ရှိနေပြီလို့ ငါကြားတယ်။ ရဲ့နတ်ဘုရားက တကယ့်နတ်ဘုရားပဲ၊ သူက အရာအားလုံးကို တတ်နိုင်သူပဲ”

“ရဲ့နတ်ဘုရားက ကမ္ဘာမြေအတွက် ဟင်းလင်းပြင်နယ်မြေမှာ သူလျှိုအဖြစ် အလုပ်လုပ်ပေးနေခဲ့တာ။ ငါ တကယ်ကို မျက်ရည်ကျမိတယ်”

“ရဲ့နတ်ဘုရားက ဒီကမ္ဘာကြီးရဲ့ အလင်းရောင်ပဲ”

..

ထို့နောက်တွင် သိုင်းပညာကျင့်ကြံခြင်း နည်းလမ်းများကို လူထုထံ အများပြည်သူသိအောင် ထုတ်ပြန်ခဲ့သည်။

အမည်မသိ လူပေါင်းများစွာသည် စစ်ပွဲအတွင်းသို့ ဝင်ရောက်ရန် မကြာမီပင် စာရင်းပေးခဲ့ကြသည်။

လူအုပ်ကြီးသည် သူတို့၏ ဇာတိမြေ၊ သူတို့၏ မိဘများနှင့် သူတို့ ချစ်ရသူများကို ထားရစ်ခဲ့ကြသည်။

သူတို့သည် ထိုသူများကို ပိုမိုကောင်းမွန်စွာ ကာကွယ်နိုင်ရန်အတွက် ထွက်ခွာခဲ့ကြခြင်း ဖြစ်သည်။

၎င်းမှာ ကမ္ဘာနှစ်ခုကြားရှိ ကြီးမားပြီး ကြေကွဲဖွယ်ကောင်းသော တိုက်ပွဲကြီးတစ်ခု ဖြစ်ခဲ့သည်။

မျက်တောင်တစ်ခတ်အတွင်းမှာပင် နောက်ထပ် သုံးနှစ် ကုန်ဆုံးသွားခဲ့ပြန်သည်။

ထိုကာလအတွင်း ရဲ့လင်းချန်သည် တိုက်ခိုက်မှုများကို အကြိမ်ကြိမ် ချေမှုန်းနိုင်ရန် ကမ္ဘာမြေနှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး ကမ္ဘာမြေဘက်မှ အသာစီးရစေရန် လုပ်ဆောင်ပေးခဲ့သည်။ သူ၏ အင်အားမှာလည်း အဆမတန် တိုးတက်လာခဲ့သည်။

သူသည် လူသားအားလုံး၏ သူရဲကောင်းဖြစ်လာပြီး သူ၏ ရေပန်းစားမှုမှာလည်း တစ်နေ့ထက် တစ်နေ့ ထိုးတက် လာခဲ့သည်။ အဆင့်မြင့်အဆင့် ကံစမ်းမဲများနှိုက်ပြီးနောက် ၎င်းမှာ နတ်ဘုရားအဆင့် ကံစမ်းမဲအဖြစ်သို့ အဆင့်တိုး သွားခဲ့ပြီး သူ၏လက်ထဲတွင် နတ်ဘုရားအဆင့် နည်းစနစ်များစွာ ရှိနေပြီဖြစ်သည်။

သူ၏ အင်အားမှာ အထွတ်အထိပ်သို့ ရောက်ရှိသွားပြီဖြစ်၍ သူလျှိုလုပ်ရန် မလိုအပ်တော့ပေ။ ဟင်းလင်းပြင် နယ်မြေရှိ မြို့ကြီးတစ်မြို့ကို ဖျက်ဆီးရန် ကမ္ဘာမြေနှင့် ပူးပေါင်းပြီးနောက် သူသည် တိုက်ရိုက် ပေါ်ထွက်လာပြီး သူ၏ ကြောက်မက်ဖွယ်ကောင်းသော အင်အားကို အသုံးပြုကာ ဟင်းလင်းပြင်နယ်မြေမှ 'ဘုရင်အဆင့်' တည်ရှိမှု တစ်ခုကို အပြတ်အသတ် အနိုင်ယူလိုက်တော့သည်။

ကမ္ဘာမြေတစ်ခုလုံး၏ စိတ်ဓာတ်မှာ အကြီးအကျယ် တက်ကြွသွားခဲ့သည်။

[ဂုဏ်ယူပါတယ် အရှင်၊ နတ်ဘုရားအဆင့် ကံစမ်းမဲမှတစ်ဆင့် ကျင့်ကြံခြင်းသည် သူတော်စင်အဆင့်သို့ ပြောင်းလဲ သွားပါပြီ]

[ဂုဏ်ယူပါတယ် အရှင်၊ နတ်ဘုရားအဆင့် ကံစမ်းမဲမှတစ်ဆင့် အဆင့်မြင့် ခန္ဓာကိုယ်သန့်စင်ခြင်းသိုင်းသည် နက်နဲ ကိုးဆင့်သိုင်း အဖြစ်သို့ ပြောင်းလဲသွားပါပြီ]

[ဂုဏ်ယူပါတယ် အရှင်၊ နတ်ဘုရားအဆင့် ကံစမ်းမဲမှတစ်ဆင့် ကောင်းချီးပေးခြင်းသည် လေနှင့်မိုးကို ဆင့်ခေါ်ခြင်း အဖြစ်သို့ ပြောင်းလဲသွားပါပြီ]

[ဂုဏ်ယူပါတယ် အရှင်၊ နတ်ဘုရားအဆင့် ကံစမ်းမဲမှတစ်ဆင့် မီးထိန်းချုပ်ခြင်းသည် တောက်ပသော တောင်ပိုင်း မီးလျှံ အဖြစ်သို့ ပြောင်းလဲသွားပါပြီ]

...

ရဲ့လင်းချန်သည် တိုက်ပွဲတိုင်း၏ ရှေ့ဆုံးတွင် အမြဲရှိနေခဲ့သည်။ သူ၏ တစ်ကိုယ်လုံးမှာ ပြိုင်ဘက်ကင်းသော စစ်နတ်ဘုရားတစ်ဦး ဆင်းသက်လာသကဲ့သို့ အလင်းတန်းများဖြင့် ဖုံးလွှမ်းနေသည်။

သူ၏ ရေပန်းစားမှုမှာ ယုံကြည်ကိုးကွယ်မှုတစ်ခုအဖြစ် ပြောင်းလဲသွားပြီး သူ့ကို သူတော်စင်အဆင့်သို့ အဆင့်တက်နိုင်စေခဲ့သည်။

သူသည် ဟင်းလင်းပြင်နယ်မြေကို အောင်နိုင်ခဲ့ပြီး အလွန်ခမ်းနားထည်ဝါသော ခေတ်သစ်ကြီးတစ်ခုကို ဖွင့်လှစ် ပေးခဲ့ပါတော့သည်။

၎င်းမှာ သိုင်းပညာနှင့် နည်းပညာတို့ ဒွန်တွဲတည်ရှိနေသည့် ခေတ်တစ်ခေတ် ဖြစ်သည်။ ရှေးဟောင်းသိုင်းပညာ၊ အဆင့်မြင့် နည်းပညာနှင့် သက်ရှိတို့၏ မျိုးရိုးဗီဇဆိုင်ရာ ဆင့်ကဲပြောင်းလဲမှုများမှာ တခြားသောအရာများနှင့်အတူ ယှဉ်တွဲ တည်ရှိနေကြသည်။

ဟင်းလင်းပြင်နယ်မြေနှင့် ကမ္ဘာမြေမှာ မူလက သီးခြားကမ္ဘာနှစ်ခု ဖြစ်သည်။ ရဲ့လင်းချန်သည် ထိုဟင်းလင်းပြင် ဝင်ပေါက်များကို ပြန်လည်ပြုပြင် ပိတ်ဆို့ခဲ့သည်။ တစ်ချိန်တည်းမှာပင် သူသည် သူ၏သိုင်းပညာအမွေအနှစ်များကို ပြန့်ပွားစေခဲ့ပြီး ကမ္ဘာမြေကို လူသားတို့၏လောကအဖြစ် လည်းကောင်း၊ ဟင်းလင်းပြင်နယ်မြေကို မသေမျိုးတို့၏ လောကအဖြစ်လည်းကောင်း တည်ထောင်ခဲ့သည်။

ရဲ့လင်းချန်မှာမူ စိုးရိမ်ပူပန်မှုကင်းဝေးပြီး သူ၏ ချစ်သူသက်ထား အမျိုးသမီးများစွာနှင့်အတူ ပျော်ရွှင်စရာ ကောင်းသော ဘဝကို ပိုင်ဆိုင်သွားပါတော့သည်။

ပြီးပါပြီ။

(ဘာသာပြန်သူ၏ မှတ်ချက်။ ။ စာစဉ် အတင်နှေးခဲ့တာတောင်မှ စာစဉ်အဆုံးထိ မညည်းမငြူ စိတ်ရှည် လက်ရှည်နှင့် အားပေး ဖတ်ရှုခဲ့သော စာဖတ်သူ ပရိသတ်အားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါသည်။)

All Chapters