← Chapters

အခန်း (၁၄၂)

Vol. 12 Ch. 142

အခန်း (၁၄၂)

Vol. 12 Ch. 142

မသိလိုက်မသိဘာသာဖြင့် အချိန်က နှစ်နာရီခန့် ကုန်ဆုံးသွားခဲ့ပြီး ကောင်းကင်ယံက တဖြည်းဖြည်း မှောင်စပျိုးလာသည်ကို အန်လုရှန် သတိပြုမိသွားသည်။ ထို့နောက် သူဟာ အသံကျယ်လောင်စွာဖြင့် “ဒီနေ့အတွက် ဒီလောက်ပဲ၊ ဒီနေရာမှာပဲ အနားယူကြမယ်၊ မီးဖိုပြီး ထမင်းချက်ကြတော့” ဟု အမိန့်ပေးလိုက်သည်။

“ဟုတ်ကဲ့ပါ ဗိုလ်ချုပ်” ဟု စစ်သည်များက တညီတညွတ်တည်း ပြန်ဖြေခဲ့ကြသည်။

စားဖိုမှူးများက အရင်ဆုံး စတင်လှုပ်ရှားခဲ့ကြပြီး အစားအစာများကို လှည်းပေါ်မှချကာ ချက်ပြုတ်ရန် ပြင်ဆင်လိုက်ကြသည်။ သို့သော်လည်း အိတ်တွေကို ဖြေလိုက်တဲ့အခါ သူတို့အားလုံး ဆွံ့အသွားခဲ့ကြသည်။ အဘယ်ကြောင့်ဆိုသော် အိတ်ထဲတွင် ဆန်ရှိရမည့်အစား သဲများဖြင့် ပြည့်နှက်နေသောကြောင့် ဖြစ်သည်။

ဒုတိယအိတ်ကို ဖွင့်ကြည့်လိုက်ပြန်တော့လည်း အတူတူပင်။ ဆန်တွေမဟုတ်ဘဲ သဲများသာ ဖြစ်နေလေသည်။ တတိယအိတ်၊ စတုတ္ထအိတ်... အိတ်တွေအားလုံးကို ဖွင့်ကြည့်ပြီးသည့်တိုင်အောင် ဆန်တစ်စေ့မှ မတွေ့ရဘဲ သဲများဖြင့်သာ ပြည့်နေခဲ့သည်။

စစ်သားများမှာ ထိတ်လန့်တုန်လှုပ်သွားကြပြီး မျက်နှာများ ဖြူဖျော့လာကာ ချွေးစေးများလည်း ပြန်လာကြသည်။ “ဆန်တွေအစား ဘာလို့ သဲတွေ ဖြစ်နေတာလဲ၊ ငါမှတ်မိသလောက်တော့ အထဲမှာ ဆန်တွေချည်းပါပဲ၊ ဘယ်လိုလုပ်ပြီး သဲတွေ ဖြစ်သွားရတာလဲ၊ သရဲများ ခြောက်နေတာလား၊ ဆန်မရှိရင် ဘယ်လိုလုပ် ချက်ပြုတ်ရမလဲ၊ ဗိုလ်ချုပ်က ငါတို့ကို အပြစ်တင်တော့မှာပဲ” ဟု ပြောဆိုနေခဲ့ကြသည်။

“ဘာတွေ ဆူညံနေကြတာလဲ” ဟု အန်လုရှန် က ဟိန်းဟောက်ရင်း ရောက်လာလေသည်။

စစ်သားများမှာ တုန်တုန်ရင်ရင်ဖြင့် ဒူးထောက်လိုက်ကြပြီး “ဗိုလ်ချုပ်ကို သတင်းပို့ပါတယ်၊ ကျွန်တော်တို့ မီးဖိုဖို့ လုပ်တဲ့အခါမှာ အထဲက ဆန်တွေ အကုန်ပျောက်နေပြီး သဲတွေဖြစ်နေတာ တွေ့ရလို့ပါ၊ ချက်ပြုတ်လို့ မရတော့ပါဘူး” ဟု လျှောက်တင်လိုက်ကြသည်။

“မဖြစ်နိုင်တာ၊ ဆန်တွေက ဘယ်လိုလုပ်ပြီး လေထဲပျောက်သွားမှာလဲ” ဟု ပြောကာ၊ အန်လုရှန် ၏ မျက်နှာအမူအရာမှာလည်း တင်းမာသွားခဲ့သည်။

“ဗိုလ်ချုပ်၊ ကိုယ်တိုင်ပဲ ကြည့်ရှု လိုက်ပါ”

အန်လုရှန်က ဆန်အိတ်တွေကို စစ်ဆေးလိုက်တဲ့အခါ ဆန်တစ်စေ့မှ မရှိဘဲ သဲတွေနဲ့သာ ပြည့်နေတာကို မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရသည်။ အိတ်တွေအားလုံးကို စစ်ဆေးပြီးနောက်တွင်လည်း ထိုအတိုင်းပင် ဖြစ်နေခဲ့သည်။

သူသည် ဒေါသအလိပ်လိပ် ထွက်လာပြီး “ဆန်တွေ ဘယ်ရောက်ကုန်ပြီလဲ၊ ဘယ်လိုဖြစ်လို့ ပျောက်သွားတာလဲ၊ မြန်မြန်ပြောစမ်း၊ မင်းတို့တွေ ခိုးဝှက်ထားကြတာလား၊ အခုချက်ချင်း ဆန်တွေကို ထုတ်ပေးစမ်း၊ မဟုတ်ရင် မင်းတို့ခေါင်းတွေကို အကုန်ဖြတ်ပစ်မယ်” ဟု ဟိန်းဟောက်တော့သည်။

စစ်သားများမှာ ကြောက်လန့်တကြားဖြင့် ဦးတိုက်ကာ အသနားခံကြသည်။ “ဗိုလ်ချုပ်၊ စိတ်လျှော့ပါဦး၊ ကျွန်တော်တို့ ဘယ်လိုလုပ်ပြီး ရဲဝံ့ပါ့မလဲ၊ ကျွန်တော်တို့ကို သတ်ရင်တောင် ဆန်တွေကို ဖန်တီးပေးလို့ မရနိုင်ပါဘူး”

အန်လုရှန်သည်လည်း သူတို့ မလုပ်ဝံ့ကြောင်းကို ရိပ်မိသည်။ အကယ်၍ သူတို့ တကယ်လုပ်ခဲ့လျှင် ထွက်ပြေးသွားကြမည်ဖြစ်သည်။ အပြစ်ပေးခံရမည့် နေရာတွင် ဆက်ရှိနေမည်မဟုတ်ပေ။ ထို့အပြင် သူတို့သည် သာမန်စစ်သားများသာဖြစ်ရာ ဤကဲ့သို့ လုပ်ဆောင်နိုင်စွမ်း မရှိကြပေ။

ဤသို့ဆိုလျှင် ဆန်တွေ ဘယ်ရောက်ကုန်သနည်း။ မည်သူကများ ရိက္ခာတွေကို ခိုးယူသွားသနည်း။

ဤကိစ္စမှာ သာမန်ကိစ္စမဟုတ်ပေ။ စစ်ချီတက်ရာတွင် စားနပ်ရိက္ခာသည် အဓိကဖြစ်ကြောင်းကို လူတိုင်းသိကြသည်။ စစ်သည် ငါးသိန်း၏ စားနပ်ရိက္ခာ လုံခြုံရေးသည် အရေးအကြီးဆုံး ဖြစ်သည်။ ထို့ကြောင့် သူသည် ရိက္ခာများကို စောင့်ရှောက်ရန် အဓိကတပ်မကြီးကိုပင် တာဝန်ပေးထားခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း စစ်သည်ငါးသိန်းစာ ရိက္ခာတွေသည် သူတို့ မျက်စိရှေ့တွင်ပင် ဘယ်သူမျှ မသိလိုက်ဘဲ ခိုးယူခံလိုက်ရသည်။ ဤကဲ့သို့ နားမလည်နိုင်သော ဖြစ်ရပ်ကြောင့် အန်လုရှန်မှာ ထိတ်လန့်တုန်လှုပ်သွားခဲ့ရသည်။

“ဗိုလ်ချုပ်၊ ကျွန်တော့်မှာ ပြောစရာရှိပါတယ်၊ ဒါပေမဲ့ ပြောသင့်မပြောသင့်...”

“ပြောစရာရှိတာ ပြောစမ်း” ဟု အန်လုရှန် က စိတ်မရှည်စွာဖြင့် ပြောလိုက်သည်။

“ဟုတ်ကဲ့ပါ၊ ဒါဆိုရင် ကျွန်တော် ဝံ့ဝံ့ရဲရဲပဲ လျှောက်တင်ပါရစေ” စစ်သည်တစ်ဦးက ကြောက်ကြောက်လန့်လန့်ဖြင့် “ဗိုလ်ချုပ်၊ ကျွန်တော်တို့ရဲ့ ပုန်ကန်မှုက ကောင်းကင်ဘုံရဲ့ အလိုတော်ကို ဆန့်ကျင်နေလို့ နတ်မင်းတွေကများ အမျက်ထွက်ပြီး ရိက္ခာတွေကို ဖျောက်လိုက်တာများလား”

“ပါးစပ်ပိတ်စမ်း၊ အဓိပ္ပာယ်မရှိတာ” အန်လုရှန် က အော်ဟောက်လိုက်လေသည်။ “ငါတို့က တရားသော စစ်ကို တိုက်နေတာ၊ ငါတို့ရဲ့ ပုန်ကန်မှုက ကောင်းကင်ဘုံရဲ့ အလိုတော်အတိုင်း မိုက်မဲတဲ့ ဧကရာဇ်ကို အပြစ်ပေးဖို့နဲ့ သစ္စာဖောက်အမတ်တွေကို နှိမ်နင်းဖို့ပဲ။ ဒါကြောင့် မင်းတို့ စိတ်မလှုပ်ရှားကြနဲ့၊ ကောလာဟလတွေ မဖြန့်ကြနဲ့၊ အကယ်၍ ဒီလို လိမ်လည်လှည့်ဖြားတဲ့ စကားတွေကို ဆက်ပြောနေရင် မင်းတို့ခေါင်းတွေကို ငါဖြတ်ပစ်မယ်”

“ကျွန်တော်မျိုးတို့ မဝံ့ရဲတော့ပါဘူး ဗိုလ်ချုပ်” ဟု စစ်သားများ ဦးတိုက်လိုက်ကြသည်။

“မီးဆက်မွှေးကြ၊ ငါ မဟာယွဲ့ တပ်မတော်ဆီကနေ ဆန်သွားချေးလိုက်ဦးမယ်”

အန်လုရှန်သည် မဟာယွဲ့ တပ်မတော်ရှိရာသို့ သွားသောအခါ၊ မဟာယွဲ့တပ်မှ ဗိုလ်ချုပ် လျှူတာ့ချန်း သည်လည်း သူ့ထံသို့ လျှောက်လာနေသည်ကို တွေ့လိုက်ရသည်။

အန်လုရှန်က ဖော်ဖော်ရွေရွေ ပြုံးပြလိုက်ပြီး “ဗိုလ်ချုပ်လျှူ၊ အချိန်ကိုက်ပါပဲ၊ ကျွန်တော်လည်း ခင်ဗျားဆီ လာမလို့ပဲ” ဟု ဆိုလိုက်သည်။

“တိုက်ဆိုင်လိုက်တာ၊ ကျုပ်လည်း ဗိုလ်ချုပ်အန်ဆီမှာ အကူအညီတောင်းစရာ ရှိနေတယ်” ဟု လျှူတာ့ချန်းကလည်း စိတ်အားထက်သန်စွာ ပြန်ပြောခဲ့သည်။

အန်လုရှန်က မျက်နှာကို တည်ကြည်လိုက်ပြီး “ပြောပါ ဗိုလ်ချုပ်လျှူ၊ ကျွန်တော့်ဘက်က တတ်နိုင်တာဆိုရင် မငြင်းပါဘူး” ဟု ဆိုလိုက်သည်။ အကူအညီ တောင်းမည်ဆိုပါက တစ်ဖက်လူ၏ ပြဿနာကို အရင်ဖြေရှင်းပေးမှ ရိက္ခာချေးရန် လွယ်ကူမည်ဟု သူတွေးထားသည်။

“ဗိုလ်ချုပ်အန်က တကယ့်ကို အားကိုးထိုက်တာပဲ၊ ဒါဆို ကျုပ် ပွင့်ပွင့်လင်းလင်းပဲ ပြောပါရစေ။ ကျုပ်တို့ မီးဖိုဖို့ လုပ်တဲ့အခါ ရိက္ခာတွေ အကုန်လုံး လေထဲ ပျောက်သွားတာကို တွေ့ရလို့ပါ၊ ဗိုလ်ချုပ်လည်း သိတဲ့အတိုင်း ဗိုက်ဟောင်းလောင်းနဲ့ စစ်တိုက်ဖို့က မဖြစ်နိုင်ဘူးလေ၊ ဒါ့ကြောင့် ကျုပ်တို့ကို ရိက္ခာလေး နည်းနည်းလောက် ချေးပေးလို့ရနိုင်မလား”

အန်လုရှန်၏ အပြုံးများ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး “ခင်ဗျားတို့ ရိက္ခာတွေလည်း လေထဲပျောက်သွားတာလား”

ဗိုလ်ချုပ်လျှူကလည်း အံ့သြစွာဖြင့် “ခင်ဗျားကလည်း လို့ ပြောလိုက်တာလား၊ ဆိုလိုတာက ခင်ဗျားတို့ရဲ့ ရိက္ခာတွေလည်း ပျောက်ကုန်တာလား”

“အတိအကျပဲ” အန်လုရှန်က ခါးသက်သက် အပြုံးဖြင့် ခေါင်းညှိတ်ပြလိုက်သည်။ “ကျွန်တော်တို့ ရိက္ခာတွေလည်း ပျောက်သွားပြီ၊ ကျွန်တော် ခင်ဗျားဆီက ရိက္ခာလာချေးမလို့ လုပ်နေတာ၊ ဒါပေမဲ့ ခင်ဗျားတို့လည်း ဒီလိုအခြေအနေ ဖြစ်နေမယ်လို့ မမျှော်လင့်ထားဘူး”

ဗိုလ်ချုပ်နှစ်ဦးစလုံး အံ့အားသင့်စွာဖြင့် တစ်ဦးကိုတစ်ဦး ကြည့်နေမိကြသည်။ သန်းနှင့်ချီသော စစ်တပ်ကြီး၏ အစောင့်အရှောက်ကြားမှ ရိက္ခာအားလုံးကို တစ်စုံတစ်ယောက်က ခိုးယူသွားနိုင်ခဲ့သည်။ ဤသည်မှာ လူသားတစ်ဦး၏ လက်ချက် ဖြစ်နိုင်ပါ့မလား ဒါမှမဟုတ် နတ်ဘုရားတွေများလား၊ သို့မဟုတ် တစ္ဆေတွေရဲ့ လက်ချက်များလား။

သူတို့သည် ထိုအတွေးတွေကို ခေါင်းထဲမှ ထုတ်ပစ်လိုက်ကြသည်။ သူတို့သည် မျက်မြင်ကိုယ်တွေ့ကိုသာ ယုံကြည်သူများ ဖြစ်ကြသည်။ တစ်စုံတစ်ယောက်က သူတို့မသိနိုင်သော နည်းလမ်းဖြင့် ခိုးယူသွားခြင်းသာ ဖြစ်ရပေမည်။ ဒါပေမယ့်လည်း ယခုအချိန်တွင် မည်သူလုပ်သည်ကို ရှာဖွေခြင်းထက် ရိက္ခာပြဿနာကို ဖြေရှင်းရန်မှာ ပို၍ အရေးကြီးနေသည်။

“ဗိုလ်ချုပ်အန်၊ ရိက္ခာတွေမရှိဘဲ ဆက်သွားလို့ မရဘူး၊ စစ်သည်တစ်သန်းက စားဖို့ကို စောင့်နေကြတာ၊ ခင်ဗျားက ဒီဒေသခံဆိုတော့ ဒီနေရာအကြောင်း ကောင်းကောင်းသိမှာပဲ၊ ဘယ်လိုနည်းလမ်းတွေရှိလဲ”

အန်လုရှန် ခဏလောက် စဉ်းစားလိုက်ပြီး “ရှေ့က မိုင် ၁၅ အကွာမှာ ဖုန်းပေါ်ဆိုတဲ့ မြို့တစ်မြို့ ရှိတယ်၊ အဲဒီကို ရိက္ခာသွားစုဆောင်းဖို့ တပ်တစ်စု လွှတ်လိုက်ရင် ဒီအရေးပေါ်အခြေအနေကို ဖြေရှင်းနိုင်လိမ့်မယ်” ဟု အကြံပေးလိုက်သည်။

“ကောင်းပြီ” ဗိုလ်ချုပ်လျှူကလည်း သဘောတူလိုက်သည်။

ထို့နောက် အန်လုရှန်က ရှီစစ်မင်ကို စစ်သည် ၅,၀၀၀ နှင့်အတူ ဖုန်းပေါ်မြို့သို့ ရိက္ခာရှာရန် စေလွှတ်လိုက်သည်။ နှစ်နာရီကြာပြီးနောက်တွင် ရှီစစ်မင် ပြန်ရောက်လာခဲ့သည်။

အန်လုရှန်က မျှော်လင့်ချက်အပြည့်ဖြင့် ခရီးဦးကြိုဆိုလိုက်ကာ “ညီလေး၊ ရိက္ခာတွေ ရခဲ့လား” ဟု မေးလိုက်သည်။

ရှီစစ်မင်၏ မျက်နှာမှာ ညှိုးငယ်နေပြီး “အစ်ကိုကြီး၊ ကျွန်တော် အစ်ကိုကြီးကို စိတ်ပျက်အောင် လုပ်မိပြီ၊ ဖုန်းပေါ်မြို့ကို ရောက်တဲ့အခါ တစ်မြို့လုံး လူသူကင်းမဲ့နေတာကို တွေ့လိုက်ရတယ်၊ အိမ်တိုင်းကို ရှာဖွေခိုင်းပေမဲ့လည်း ဆန်တစ်စေ့တောင် ရှာမတွေ့ခဲ့ဘူး” ဟု ပြောသည်။

အန်လုရှန်မှာ ထိတ်လန့်သွားပြီး “ဘာ၊ ဆန်တစ်စေ့တောင်မှ မရှိဘူးလား”

“ဟုတ်ပါတယ်၊ တစ်စေ့မှ မရှိတာပါ၊ သူတို့တွေ အကုန်လုံးကို ပြောင်နေအောင် သယ်သွားကြတာ၊ ကြွက်တောင်မှ အထဲဝင်သွားရင် မျက်ရည်ကျပြီး ပြန်ထွက်လာရမယ့် အခြေအနေပါ”

“ဘာ... ဘယ်လိုဖြစ်နိုင်မှာလဲ” အန်လုရှန် က စိတ်ပျက်လက်ပျက်ဖြင့် မျက်လုံးများကို မှိတ်လိုက်သည်။

ထိုအချိန်တွင် မဟာယွဲ့တပ်မှ ဗိုလ်ချုပ်လျှူ ပြေးလာပြီး “ရှီစစ်မင် ပြန်ရောက်ပြီလို့ ကြားတယ်၊ ရိက္ခာရခဲ့လား” ဟု မေးပြန်သည်။ ရှီစစ်မင်က အခြေအနေကို ထပ်မံရှင်းပြလိုက်သောအခါ ဗိုလ်ချုပ်လျှူလည်း စိတ်ပျက်သွားခဲ့သည်။

“စစ်သားတွေ တစ်ညလုံး ဗိုက်ဆာနေကြမှာ၊ ရိက္ခာတွေမရှိရင် ဘယ်လိုလုပ် ချီတက်တိုက်ခိုက်နိုင်မှာလဲ၊ ရန်သူက တိုက်စရာတောင် မလိုဘူး၊ လမ်းမှာတင် ငတ်သေကုန်ကြလိမ့်မယ်” ဟု ဗိုလ်ချုပ်လျှူက စိုးရိမ်တကြီး ပြောလိုက်သည်။

“ဒီလိုလုပ်ကြတာပေါ့” ဟု အန်လုရှန်က “ မိုင် ၅၀ အတွင်းမှာ ဒင်ဘို၊ အန်ဟွာ နဲ့ လော့နန် ဆိုတဲ့ မြို့ ၃ မြို့ ရှိသေးတယ်၊ အဲဒီမြို့တွေမှာ ရိက္ခာသွားရှာဖို့ တပ်တွေ ထပ်လွှတ်ရမယ်၊ လမ်းဘေးက ရွာတွေကိုလည်း ကျော်မသွားစေနဲ့၊ ဒါဆိုရင် အနည်းဆုံးတော့ အရေးပေါ်စားဖို့ ရိက္ခာရနိုင်လိမ့်မယ်”

“ကောင်းပြီ၊ အဲဒီအတိုင်း လုပ်ကြစို့”

ဤသို့ဖြင့် သူတို့သည် ရိက္ခာစုဆောင်းရန် တပ်ဖွဲ့အချို့ကို ထပ်မံစေလွှတ်လိုက်ကြပြန်သည်။ ဒုတိယနေ့ မနက်ခင်းတွင် ထိုတပ်ဖွဲ့တွေ ပြန်ရောက်လာခဲ့ကြသည်။

“ဘယ်လိုလဲ” ဟု အန်လုရှန် က စိုးရိမ်တကြီး မေးလိုက်သည်။

ဗိုလ်ချုပ်ကို သတင်းပို့ပါတယ် “ဒင်ဘိုမြို့မှာ ရိက္ခာမတွေ့ရပါဘူး၊ ခွင့်လွှတ်ပေးပါ”

ဗိုလ်ချုပ်ကို သတင်းပို့ပါတယ် “ အန်ဟွာမြို့မှာ ရိက္ခာမတွေ့ရပါဘူး၊ ခွင့်လွှတ်ပေးပါ”

ဗိုလ်ချုပ်ကို သတင်းပို့ပါတယ် “ လော့နန်မြို့မှာလည်း ရိက္ခာမတွေ့ရပါဘူး၊ ခွင့်လွှတ်ပေးပါ” ဟု လျှောက်တင်ခဲ့ကြသည်။

ဤသတင်းတွေကို ကြားလိုက်ရတဲ့အခါ အန်လုရှန်မှာ ယိုင်လဲသွားပြီး ဒေါသတကြီးဖြင့် “ဆန်တစ်စေ့တောင် ရှာမတွေ့ဘူး ဟုတ်လား၊ သေသေချာချာရော ရှာခဲ့ကြရဲ့လား၊ ဘယ်လိုလုပ် ဆန်တစ်စေ့မှ မရှိနိုင်ရတာလဲ” ဟု ဟိန်းဟောက်တော့သည်။

“ဗိုလ်ချုပ်၊ ကျွန်တော်တို့ တကယ်ကို နေရာအနှံ့ ရှာခဲ့တာပါ၊ ကြွက်တွင်းတွေထဲအထိတောင် မချန်ဘဲ ရှာခဲ့တာပါ၊ ဒါပေမဲ့ ဘယ်လောက်ရှာရှာ စားလို့ရတာ တစ်ခုမှ မတွေ့ခဲ့ပါဘူး၊ ကျွန်တော်တို့ အစွမ်းကုန် ကြိုးစားခဲ့ပါတယ်၊ အကယ်၍ ကျွန်တော်တို့ ပြောတာ လိမ်ညာတာတွေပါခဲ့ရင် စစ်ဥပဒေအတိုင်း အပြစ်ပေးတာ ခံပါ့မယ်” ဟု စစ်သည်များက ဒူးထောက်လျှောက်တင်ခဲ့ကြသည်။

“အသုံးမကျတဲ့ အကောင်တွေ၊ အကုန်လုံး စောက်သုံးကို မကျဘူး၊ ငါ့မျက်စိရှေ့က ထွက်သွားကြစမ်း” အန်လုရှန်က ဒေါသတကြီး အော်ဟစ်လိုက်သည်။

ရှီစစ်မင်က စိုးရိမ်တကြီး ချဉ်းကပ်လာပြီး “အစ်ကိုကြီး၊ ရိက္ခာမရှိတော့ဘူး၊ စစ်သားတွေလည်း ဗိုက်ဆာနေကြပြီ၊ ကျွန်တော်တို့ ဘာဆက်လုပ်ကြမလဲ”

အန်လုရှန်က အံကြိတ်ကာ “ခရုသင်းမှုတ်လိုက်တော့၊ တပ်မတော်တစ်ခုလုံး ဆက်ပြီး ချီတက်ရမယ်”

ရှီစစ်မင်မှာ အံ့သြသွားပြီး “အစ်ကိုကြီး၊ စစ်သားတွေ ဘာမှမစားရသေးဘူးလေ၊ သူတို့တွေ အရမ်းဆာနေကြတာ၊ ဘယ်လိုလုပ် ချီတက်နိုင်မှာလဲ”

“ညီလေး၊ မင်းစိုးရိမ်နေတာကို ငါလည်း မသိတာ မဟုတ်ဘူး၊ ဒါပေမဲ့ ငါတို့မှာ ရှေ့ဆက်ဖို့ကလွဲလို့ တခြားရွေးချယ်စရာ မရှိဘူး” အန်လုရှန် က ခါးသီးစွာ ပြုံးလိုက်ကာ “ဒီပတ်ဝန်းကျင် မိုင်တစ်ရာအတွင်းမှာ ရိက္ခာတစ်စေ့မှ မရှိဘူး၊ ဒီမှာနေရင် သေဖို့ပဲ ရှိမယ်၊ အကယ်၍ နောက်ဆုတ်မယ်ဆိုရင်လည်း နန်းတော်က ငါတို့ကို အခွင့်ကောင်းယူပြီး နှိမ်နင်းတော့မှာ၊ ဒါကြောင့် ရှေ့ကိုပဲ တိုးရမယ်၊ မြို့တော်နဲ့ နီးလေလေ၊ ရိက္ခာရဖို့ အခွင့်အလမ်း ပိုများလေလေပဲ”

“အစ်ကိုကြီးရဲ့ စကားက တကယ့်ကို မှန်ပါတယ်၊ ကျွန်တော် အခုပဲ အစီအစဉ်တွေ လုပ်လိုက်ပါ့မယ်”

ထို့နောက် သူတို့နှစ်ဦးနှင့် မဟာယွဲ့တပ်မတော်မှ ဗိုလ်ချုပ်များက ညှိနှိုင်းတိုင်ပင်ခဲ့ကြပြီး ရှေ့သို့ ဆက်လက်ချီတက်ရန် တညီတညွတ်တည်း သဘောတူလိုက်ကြသည်။ ထိုသို့ဖြင့် စစ်သည်တစ်သန်းရှိတဲ့ တပ်မတော်ကြီးသည် ထပ်မံ ထွက်ခွာလာခဲ့လေသည်။ သို့သော်လည်း လူတိုင်းမှာ တစ်နေ့လုံး ဗိုက်ဆာနေခဲ့ကြသဖြင့် အားအင်ကုန်ခမ်းကာ ခြေလှမ်းများမှာ သိသိသာသာ နှေးကွေးနေတော့သည်”

တစ်နေကုန်သွားတာတောင် သူတို့သည် ၂၀ ကီလိုမီတာပင် မပြည့်သည့် ခရီးကိုသာ ရောက်ရှိခဲ့ပြီး ရှေ့ဆက်ရန် အင်အား မရှိတော့ပေ။ ထိုအချိန်တွင် ရိက္ခာရှာထွက်သည့် အဖွဲ့တွေ တစ်ဖွဲ့ပြီးတစ်ဖွဲ့ ပြန်ရောက်လာကြသည်။

အန်လုရှန်က စိုးရိမ်တကြီးဖြင့် “အခြေအနေ ဘယ်လိုလဲ၊ ရိက္ခာတွေ တွေ့ခဲ့လား” ဟု မေးလိုက်သည်။

ရှာဖွေရေးအဖွဲ့ခေါင်းဆောင်က ရှက်ရှက်ဖြင့် “မိုင်တစ်ရာအတွင်းက မြို့တွေ၊ ရွာတွေအကုန် ရှာခဲ့ပေမဲ့ ရိက္ခာမတွေ့ခဲ့ပါဘူး၊ ခွင့်လွှတ်ပါ ဗိုလ်ချုပ်”

အန်လုရှန်က “ဒါဆိုရင် ဆက်ရှာကြ၊ ရှာမတွေ့မချင်း ပြန်မလာနဲ့” ဟု အော်ဟောက်လိုက်သည်။

“အစာလွန်၍ မြေပြင်ပေါ်တွင် လဲကျနေသော စစ်သားများကို ကြည့်ရင်း အန်လုရှန်မှာ သက်ပြင်းချမိလိုက်သည်။

ရိက္ခာရှာဖွေရေးအဖွဲ့မှာ နောက်ထပ် တစ်ညလုံး ရှာဖွေသော်လည်း ဘာမှ မတွေ့ရပြန်ပေ။

တတိယမြောက်နေ့တွင် စစ်သည်တစ်သန်းရှိတဲ့ တပ်မတော်ကြီးမှာ မချီတက်ချင်သော်လည်း ဆက်လက် ထွက်ခွာခဲ့ရသည်။ အစားမစားရသည်မှာ နှစ်ရက်ရှိပြီဖြစ်ရာ ချီတက်နှုန်းမှာ အလွန်နှေးကွေးနေပြီး မနက်ခင်း တစ်ဝက်လုံးတွင် ၂.၅ ကီလိုမီတာပင် မရောက်ခဲ့ပေ။

ထိုအချိန်တွင် ‘ကံဆိုးမသွားရာ မိုးလိုက်လို့ရွာ’ ဆိုသကဲ့သို့ ကောင်းကင်မှ မိုးဖွဲဖွဲလေးများ စတင်ကျဆင်းလာတော့သည်။ ၎င်းမှာ သီးနှံများအတွက် ကောင်းမွန်သော နွေဦးမိုး ဖြစ်သော်လည်း၊ နှစ်ရက်တိုင်တိုင် အစာငတ်နေသော စစ်သည်တစ်သန်းအတွက်မူ ထိုမိုးမှာ သေမိန့်နှင့်ပင် တူနေတော့သည်။

All Chapters