← Chapters

အခန်း (၁၄၃)

Vol. 12 Ch. 143

အခန်း (၁၄၃)

Vol. 12 Ch. 143

အခုဆိုလျှင် သူတို့သည် ဆာလောင်မောပန်းနေကြပြီး မိုးကလည်း ရွာသွန်းနေသဖြင့် ခန္ဓာကိုယ်များမှာ အလွန်အမင်း အေးစက်လာကာ ရလဒ်အနေဖြင့် စစ်သည်အများအပြား ဖျားနာပြီး တစ်ယောက်ပြီး တစ်ယောက် လဲကျကုန်ကြသည်။

ဖျားနာခြင်းမရှိသေးသူများပင်လျှင် ချမ်းတုန်နေကြပြီးတော့ မျက်နှာများမှာ အအေးဒဏ်ကြောင့် ဖြူဖျော့နေကြသည်။

“ဗိုလ်ချုပ် ကျွန်တော်တို့ ဆက်မသွားနိုင်တော့ပါဘူး၊ ခဏလောက် အနားယူခွင့်ပေးပါ”

“ဒီလိုမျိုး မိုးတွေသည်းထန်စွာ ရွာနေတာက လူတစ်ယောက်ကို အအေးပတ်ပြီး သေစေနိုင်ပါတယ်”

“ကျွန်တော်တို့ အရမ်းကို ဗိုက်ဆာနေပြီး၊ ချမ်းလည်း ချမ်းနေပြီမို့ တကယ်ကို ဆက်မသွားနိုင်တော့ပါဘူး”

“ကျွန်တော် တကယ်ပဲ အအေးမိနေပြီ ထင်တယ်”

အန်လုရှန်သည်လည်း ဤအခြေအနေတွေကို သတိပြုမိသွားပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်ကာ “တပ်သားတွေ ရပ်လိုက်ကြတော့၊ အခု မိုးရွာနေပြီး ရာသီဥတုကလည်း အရမ်းအေးနေတာကြောင့် ချီတက်ဖို့ အဆင်မပြေဘူး၊ အားလုံး ဒီနေ့ ကောင်းကောင်း အနားယူကြ မနက်ဖြန်မှ ခရီးဆက်မယ်”

သို့ဖြစ်၍ သူတို့သည် အနီးဆုံးမြို့တစ်မြို့တွင် စခန်းချ ရပ်နားလိုက်ကြသည်။

တစ်ရက်ကြာ အနားယူပြီးနောက် မိုးတိတ်သွားသော်လည်း စစ်သည်အများအပြားမှာ ဖျားနာလာကြသည်။ အင်အားတစ်သန်းရှိသော စစ်တပ်ကြီးထဲတွင် လူပေါင်း ၂၀၀,၀၀၀ ခန့်မှာ အအေးမိဖျားနာနေကြပြီဖြစ်သည်။ လူဆယ်ယောက်တွင် နှစ်ယောက်မှာ ဖျားနာနေသည့် သဘောပင် ဖြစ်ချေသည်။

ရောဂါမကူးစက်သေးသူများ၏ အခြေအနေမှာလည်း အလွန်ပင် စိုးရိမ်စရာကောင်းနေသည်။

“အစ်ကိုကြီး ကျွန်တော်တို့ အခု ဘာဆက်လုပ်ကြမလဲ” ဟု ရှီစစ်မင်က လေးနက်သော အမူအရာဖြင့် မေးမြန်းလိုက်သည်။

“ငါက ဘယ်လိုလုပ် သိမှာလဲ” ဟု အန်လုရှန်က ဒေါသတကြီး ဟောက်လိုက်သည်။

သူတို့သည် ထီးနန်းကို ရက်ပိုင်းအတွင်း ပြောင်းလဲနိုင်လိမ့်မည်ဟု ထင်မှတ်ကာ အလျင်စလို ပုန်ကန်ခဲ့ကြခြင်းဖြစ်သည်။ ဤမျှအထိ အသေးစိတ်ကျသော အစီအစဥ်များ လိုအပ်လိမ့်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့ကြပေ။

ရိက္ခာတွေ ပျောက်ဆုံးသွားခြင်းက သူတို့အတွက် သေစေလောက်မည့် ထိုးနှက်ချက် ဖြစ်ခဲ့သည်။ ယခုအခါ ရာပေါင်းများစွာသော စစ်သားများမှာ အအေးမိဖျားနာနေကြပြန်သဖြင့် နောက်ထပ် ထိုးနှက်ချက်တစ်ခုကို ထပ်မံခံစားလိုက်ရခြင်းပင် ဖြစ်သည်။

ဤကဲ့သို့ ဖျားနာနေသော စစ်တပ်ဖြင့်ဆိုလျှင် စစ်တိုက်ရန်ပင် မလိုတော့ဘဲ သူတို့ဘာသာ အလိုအလျောက် ပျက်စီးသွားပေလိမ့်မည်။

“ငါ ဘယ်သူ့ကို ပြစ်မှားမိလို့ ဒီလိုတွေ ဖြစ်နေရတာလဲ”

အန်လုရှန်က ဟိန်းဟောက်လိုက်ကာ “ မင်းတို့ ဘာရပ်ကြည့်နေတာလဲ၊ မြန်မြန်သွားပြီး ဆေးဖော်ဖို့ ဆေးဘက်ဝင် အပင်တွေ ရှာခိုင်းလိုက်၊ ပြီးတော့ စားဖို့ အစားအစာတွေကိုပါ ဦးစားပေးပြီး ရှာခိုင်းလိုက်”

“ဟုတ်ကဲ့ပါ ဗိုလ်ချုပ်”

ဤသို့ဖြင့် စတုတ္ထမြောက်နေ့တွင်တော့ အင်အားတစ်သန်းရှိသော စစ်တပ်ကြီးက ခရီးမဆက်ဘဲ ထိုနေရာ၌ပင် အနားယူခဲ့သည်။ နောက်ပိုင်းတွင် ရိက္ခာရှာဖွေရေးအဖွဲ့ ပြန်ရောက်လာသော်လည်း ရိက္ခာမရရှိခဲ့သည့်အပြင် ဆေးဘက်ဝင်အပင်များကိုလည်း မတွေ့ရှိခဲ့ကြပေ။

စစ်တပ်တစ်ခုလုံးတွင် စိတ်ဓာတ်ကျဆင်းမှုတွေက ပျံ့နှံ့လာပြီး လူတိုင်း ထိတ်လန့်တုန်လှုပ်နေကြသည်။

“ကျွန်တော်က ငယ်သေးတယ် မသေချင်သေးဘူး”

“ဒါက ငါတို့တွေ ကောင်းကင် နဲ့ လူသားတွေကို ဆန့်ကျင်တဲ့ အလုပ်တွေ လုပ်ခဲ့လို့ ကောင်းကင်ဘုံက ငါတို့ကို အပြစ်ပေးနေတာပဲ ဖြစ်ရမယ်”

.မင်းပြောတာ မှန်တယ်၊ ဒါက ဘယ်တော့မှ မတိုက်သင့်တဲ့ စစ်ပွဲပဲ”

“ငါ ပြန်ချင်နေပြီ အသေခံဖို့ ရှေ့ဆက်မတိုးချင်တော့ဘူး”

“ထွက်ပြေးကြစို့၊ ငါတို့ ဆက်တိုက်နေရင် အားလုံး သေကုန်ကြလိမ့်မယ်”

အန်လုရှန်က မြို့တံခါးဝတွင် ရပ်နေရင်း ထွက်ပြေးရန် ကြိုးစားသူ စစ်သား ဒါဇင်ပေါင်းများစွာကို သတ်ဖြတ်ပြီး ဟိန်းဟောက်လိုက်သည်မှာ “ဘယ်သူက ထွက်ပြေးမှာလဲ၊ ဘယ်သူက သတင်းအမှားတွေ လွှင့်နေတာလဲ၊ အားလုံးပဲ မင်းတို့နေရာကို မင်းတို့ ပြန်သွားလိုက်ကြ၊ ငါ့စကားကို နားမထောင်ရင် မင်းတို့ကို ငါကိုယ်တိုင် သတ်ပစ်မယ်”

ထိုသို့ဖြင့် သူသည် စစ်တပ်တစ်ခုလုံးကို ခေတ္တမျှ ငြိမ်ဝပ်သွားစေခဲ့သည်။

ပဉ္စမမြောက်နေ့သို့ ရောက်သောအခါ စစ်တပ်သည် ငတ်မွတ်မှုနှင့် အအေးဒဏ်ကို ဆက်လက် အောင့်အီးသည်းခံနေရပြီး ဖျားနာသူ အရေအတွက်မှာ ၃၀၀,၀၀၀ အထိ ရှိလာခဲ့သည်။ မြို့တစ်မြို့လုံးတွင် ချောင်းဆိုးသံများက ပဲ့တင်ထပ်နေတော့သည်။

ထိုအချိန်တွင် ရောဂါကြောင့် သေဆုံးသူများ ရှိလာခဲ့ပြီဖြစ်သည်။ အန်လုရှန်ခင်ဗျာ ဤမြင်ကွင်းကို ကြည့်ကာ များစွာ စိတ်ထိခိုက်မိခဲ့သည်။ သူ၏ စစ်တပ်ကြီးမှာ အမှန်တကယ် ပျက်စီးလုနီးပါး ဖြစ်နေပြီ ဖြစ်သည်။

ဤမျှကြီးမားသော စစ်တပ်ကြီးက မဟာရှ၏ ထိပ်တန်းတပ်သား ၅၀၀,၀၀၀ ကို အနိုင်ယူနိုင်တော့မည် မဟုတ်ပေ။ သူ အခု အကြောက်ဆုံးအရာမှာ မဟာရှစစ်တပ် ရုတ်တရက် တိုက်ခိုက်လာမှာကိုပင် ဖြစ်သည်။ သူ၏ အင်အားတစ်သန်းရှိသော စစ်တပ်ကြီးတွင် ခုခံရန် အင်အား လုံးဝ မရှိတော့ပေ။

သူ၏ ကြီးမားလှသော ရည်မှန်းချက်ကြီးမှာလည်း ဤမျှနှင့်ပင် လမ်းဆုံးတော့မည်လော။ မြို့တော်သို့ပင် မရောက်သေးဘဲ ထိုမိုက်မဲသော ဧကရာဇ်၏ ဆံပင်တစ်ပင်ကိုတောင် မထိရသေးဘဲ သူ အရှုံးပေးရတော့မည်လော။

အန်လုရှန်သည် ဤဖြစ်ရပ်ကို လုံးဝ လက်မခံနိုင်ပေ။

“မဖြစ်နိုင်ဘူး ငါ မရှုံးသေးဘူး၊ ငါ…. အန်လုရှန်က ဘယ်လိုလုပ် ရှုံးနိုင်မှာလဲ”

အန်လုရှန်၏ မျက်လုံးများထဲတွင် ရူးသွပ်မှုများစွာတို့ဖြင့် ပြည့်နှက်လာသည်။ ‘ဒီ စစ်သည်တစ်သန်းရှိသော စစ်တပ်ကြီးကို သေလမ်းထဲ ပို့ရမယ်ဆိုရင်တောင်မှ ငါ အမြင့်မြတ်ဆုံးသော ထီးနန်းပေါ်မှာ ထိုင်ပြီး ဧကရာဇ် တစ်ယောက်ရဲ့ အရသာကို မြည်းစမ်းကြည့်ရမယ်”

ချက်ချင်းပင် သူက အမိန့်ထုတ်ပြန်လိုက်သည် “ခရာမှုတ်လိုက်ကြ အခုချက်ချင်း ချီတက်မယ်”

ရှီစစ်မင်က တုံ့ဆိုင်းစွာဖြင့် “ဒါပေမဲ့ အစ်ကိုကြီး စစ်သားတွေက” ဟု ဆိုလိုက်ရာ….

အန်လုရှန်က အော်လိုက်ကာ “ငါ့အမိန့်ကို မကြားဘူးလား။ အခုချက်ချင်း ထွက်ခွာမယ် ဘာအမှားမှ မရှိစေနဲ့”

“ဟုတ်ကဲ့ အစ်ကိုကြီး” ဟု ရှီစစ်မင်က မတတ်သာဘဲ ပြန်လည်ဖြေကြားလိုက်ရသည်။

သို့သော်လည်း မဟာယွဲ့မှ ဗိုလ်ချုပ်လျှူကမူ သဘောထားကွဲလွဲနေသည်။

“ဘာ..အခု ချီတက်ရမယ် ဟုတ်လား၊ မဖြစ်နိုင်တာ၊ ကျွန်ုပ်တို့ စစ်သားတွေကို ကြည့်ပါဦး။ သူတို့မှာ ငတ်မွတ်နေရုံတင်မကဘူး၊ အအေးကလည်း မိနေကြတယ်။ ဒါဟာ တိုက်ခိုက်နိုင်တဲ့ အခြေအနေ မဟုတ်တော့ဘူး၊ မင်းက မင်းရဲ့ စစ်သားတွေရဲ့ အခြေအနေကို မငဲ့ကွက်ပေမဲ့ ငါကတော့ ငါ့လူတွေအတွက် တာဝန်ယူရမယ်”

“ ဗိုလ်ချုပ်လျှူ ကျုပ်တို့မှာ တခြားလမ်း ရှိသေးတယ်လို့ ခင်ဗျား ထင်နေတာလား”

အန်လုရှန်က အံကြိတ်ကာ- “ ကျုပ်တို့ရဲ့ စစ်သားတွေက ငတ်မွတ်နေတင်မကဘူး၊ ဖျားပါ ဖျားနာနေကြတယ်၊ တိုက်ခိုက်နိုင်စွမ်းက အရင်က ဆယ်ပုံတစ်ပုံတောင် မရှိတော့ဘူး။ မဟာရှကသာ ကျုပ်တို့ အခြေအနေကို သိသွားရင် သူတို့တွေ တပ်တွေလွှတ်ပြီး တိုက်ခိုက်ကြလိမ့်မယ်၊ အဲ့ဒီအခါ ကျုပ်တို့မှာ ခုခံဖို့ အင်အား ရှိမှာမဟုတ်ဘူး”

“ဒါကြောင့် ဒီမှာနေတာက သေမှာကို ထိုင်စောင့်နေတာနဲ့ အတူတူပဲ။ ကျုပ်တို့မှာ ဒီလမ်းကို အဆုံးထိ လျှောက်ဖို့ကလွဲပြီး တခြားရွေးချယ်စရာ မရှိတော့ဘူး။ မြို့တော်ကို တိုက်ခိုက်နိုင်မှသာ ကျုပ်တို့ အသက်ရှင်ဖို့ အခွင့်အရေးရှိမယ်”

“ဒီမှာ အစားအစာ မရှိပေမဲ့ မြို့တော်မှာတော့ သေချာပေါက် ရှိလိမ့်မယ်၊ ဒီမှာ စစ်သားတွေကို ကုသဖို့ ဆေးမရှိပေမဲ့ မြို့တော်မှာတော့ ဆေးဝါးတွေ လိုလေသေးမရှိ ရှိနေမှာပဲလေ..

မြို့တော်ကို သိမ်းပိုက်နိုင်တာနဲ့ ကျုပ်တို့ရဲ့ ပြဿနာအားလုံး ပြေလည်သွားလိမ့်မယ်”

ခဏလောက် စဉ်းစားပြီးနောက် ဗိုလ်ချုပ်လျှူသည် ထိုအချက်ကို လက်ခံသွားပြီး သူ၏ တပ်များကို စုစည်းကာ ထပ်မံ ထွက်ခွာခဲ့ကြသည်။

ဤအချိန်တွင် တစ်ဖန်ပြန်လည် ထွက်ခွာလာသော စစ်တပ်ကြီးမှာ အသက်မဲ့နေသကဲ့သို့ပင်။ သူတို့သည် စစ်တိုက်ရန် သွားနေကြခြင်းမဟုတ်ဘဲ သူတို့၏ သေမင်းထံသို့ ချီတက်နေကြသကဲ့သို့ ဖြစ်နေသည်။

လမ်းတစ်လျှောက်တွင်လည်း စစ်သည်အများအပြား လဲကျသွားပြီး ပြန်လည် ထမလာနိုင်ကြတော့ပေ။ အန်လုရှန်သည် ဤမြင်ကွင်းကို ကြည့်ကာ ရင်နာမိသော်လည်း မမြင်ချင်ယောင်ဆောင်ကာ “ အားလုံးပဲ ဆက်လျှောက်ကြမယ်၊ ခြေလှမ်းတွေကို မြန်မြန်လှမ်းကြ။ ရှေ့က မြို့ကို ရောက်တာနဲ့ စားစရာတွေ ရှိလိမ့်မယ်။ မင်းတို့ရဲ့ ဝေဒနာတွေကို ကုသပေးနိုင်တဲ့ ဆေးဝါးတွေလည်း အလုံအလောက် ရှိတယ်။ မျှော်လင့်ချက်က ရှေ့မှာ ရှိတယ် လက်မလျှော့ကြနဲ့”

ထိုစဉ် စစ်သားတစ်ဦးမှာ ဒူးထောက်လဲကျသွားပြီး အားနည်းသော လေသံဖြင့် “ဗိုလ်ချုပ် ကျွန်တော် တကယ်ကို ဆက်မသွားနိုင်တော့ဘူး” ဟု ပြောလိုက်သည်။

“မင်း ဆက်မသွားနိုင်တော့ဘူးလို့ ခံစားနေရရင်တောင်မှ ဆက်သွားရမယ်။ တခြားသူတွေ အားလုံး သွားနေတာ မမြင်ဘူးလား”

“ဒါပေမဲ့ ကျွန်တော် တကယ်ကို ရှေ့ဆက်မတိုးနိုင်တော့ဘူး။ ကျွန်တော် အရမ်းပင်ပန်းနေပြီ၊ အရမ်းကို ပင်ပန်းနေပြီ”

အန်လုရှန် ဒေါသထွက်သွားပြီး “မင်း အခုချက်ချင်း မသွားရင် ငါ မင်းကို ရိုက်သတ်ပစ်မယ်”

“ဒါဆိုလည်း ကျွန်တော့်ကို ရိုက်သတ်လိုက်ပါတော့”

“ကောင်းပြီ ငါ မင်းကို ရိုက်သတ်မယ်”

အန်လုရှန်သည် ကြာပွတ်ကို ထုတ်ယူကာ စစ်သား၏ ကျောပြင်ကို ပြင်းထန်စွာ ရိုက်နှက်လိုက်ရာ အရေပြားများ စုတ်ပြတ်သတ်ကာ သွေးချင်းချင်းနီသွားလေသည်။

သို့သော်လည်း ထိုအခိုက်အတန့်တွင် ထိုစစ်သားသည် ရုတ်တရက် အားအင်များ ပြန်လည်ရရှိလာသကဲ့သို့ မတ်တပ်ထရပ်လိုက်ပြီး ခြောက်ကပ်ကာ စိတ်ပျက်အားငယ်နေသော အသံဖြင့် “ဗိုလ်ချုပ်က ရက်စက်လွန်းတာပဲ၊ ငါတို့ကို အလကား အသေခံခိုင်းနေတာပဲ၊ ပြေးကြတော့ ငါတို့တွေ ပြေးမှဖြစ်မယ် မဟုတ်ရင် ငါတို့အားလုံး သေကုန်ကြလိမ့်မယ်”

“ပြေးကြ…”

“ငါ ဒီမှာ ဆက်မနေချင်တော့ဘူး..”

“ငါ အိမ်ပြန်ချင်တယ်…”

လူတိုင်းမှာ ရုတ်ရုတ်သည်းသည်း ဖြစ်ကုန်ကြပြီး အရပ်မျက်နှာအသီးသီးသို့ ထွက်ပြေးကြလေသည်။

အန်လုရှန်သည် မိုးကြိုးပစ်သံကဲ့သို့ ဒေါသတကြီး ဟိန်းဟောက်လိုက်ကာ “ ဘယ်သူက ထွက်ပြေးရဲတာလဲ၊ သူတို့အားလုံးကို ဖမ်းလိုက် ခုခံရင် အကုန်သတ်ပစ်”

ဤသို့ဖြင့် အန်လုရှန်သည် ထွက်ပြေးတဲ့သူတွေကို သွေးချောင်းစီး သတ်ဖြတ်ခဲ့သည်။ လူပေါင်း ထောင်ချီ သတ်ဖြတ်ပြီးသည့်နောက်တွင်မှ ကျန်ရှိနေသော စစ်သားများကို ခြိမ်းခြောက်နိုင်ခဲ့ပြီး စစ်ကြောင်းကို ပြန်လည် တည်ငြိမ်စေခဲ့သည်။

သို့သော်လည်း စစ်သားများက အန်လုရှန်ကို လေးစားသော မျက်လုံးများဖြင့် မကြည့်ကြတော့ပေ။ ထိုအစား သူတို့၏ မျက်နှာများတွင် ဒေါသနှင့် မကျေနပ်မှုများ ပြည့်နှက်နေပြီး ရင်ထဲမှာသာ ကြိတ်မနိုင်ခဲမရ ဖြစ်နေကြသည်။

ဒါပေမဲ့ အန်လုရှန်ကတော့ ဒါတွေကို ဂရုမစိုက်နိုင်တော့ပေ။ သူ ပုန်ကန်တဲ့ လမ်းကြောင်းပေါ်ကို စတင် လျှောက်လှမ်းကတည်းက သူဟာ အဆုံးထိ လျှောက်ရတော့မည် ဖြစ်သည်။ တခြားသူတွေက သူ့ကို အပြစ်တင်တာပဲဖြစ်ဖြစ် မုန်းတာပဲဖြစ်ဖြစ်၊ ဒါတွေက သူ့ရဲ့ ကျောက်စိုင်လို မာကျောတဲ့ နှလုံးသားကို မလှုပ်ခတ်နိုင်တော့ပေ။ သူရဲ့ ကြီးကျယ်တဲ့ ရည်မှန်းချက်တွေ အောင်မြင်ဖို့အတွက်ဆိုရင် ဘယ်လို စတေးမှုမျိုးမဆို ထိုက်တန်သည်။

“ဆက်ပြီး ချီတက်ကြ ဘယ်သူပဲဖြစ်ဖြစ် စစ်တပ်ရဲ့ စိတ်ဓာတ်ကို ပျက်ပြားအောင်လုပ်ရင်၊ စစ်ပြေးခဲ့ရင် ဒီဗိုလ်ချုပ်က ဘယ်သူ့ကိုမှ ညှာနေမှာ မဟုတ်ဘူး”

ထိုသို့ဖြင့် စစ်တပ်ကြီးသည် ဆက်လက် ချီတက်ခဲ့ကြသည်။

သုံးရက်အကြာတွင် စစ်သည်ပေါင်း ၂၀၀,၀၀၀ ကျော် ဆုံးရှုံးခဲ့ရသော စစ်တပ်ကြီးသည် နောက်ဆုံးတွင် မြို့တော်သို့ ရောက်ရှိလာခဲ့သည်။

အဝေးရှိ မြို့တော်ကို လှမ်းကြည့်ရင်း အန်လုရှန်က သက်ပြင်းချလိုက်သည် “ငါတို့တွေ နောက်ဆုံးတော့ ရောက်ပြီ”

နန်းတော်အတွင်း၌မူ စစ်သည်များက အလျင်အမြန် လာရောက် သတင်းပို့ကြသည်။ “အရှင်မင်းကြီးကို လျှောက်တင်ပါတယ်၊ ပုန်ကန်သူ အန်လုရှန်နဲ့ ရှီစစ်မင်တို့ဟာ သူတို့ရဲ့ တပ်ဖွဲ့တွေကို ဦးဆောင်ပြီး မြို့တော်ကို ရောက်ရှိလာပါပြီ။ အခု သူတို့ဟာ မြို့ပြင် လီ ၃၀ အကွာမှာ ရှိနေပါတယ်”

လင်းပိုင်ဖန်က ပြုံးကာ မတ်တပ်ရပ်လိုက်ပြီး “သူတို့တွေ ရောက်လာမှတော့ ငါတို့ အပြင်ထွက်ပြီး ဗိုလ်ချုပ်အန်ကို သွားကြိုကြတာပေါ့၊ ငါတို့တွေ မတွေ့ရတာလည်း အတော်ကြာပြီဆိုတော့ ငါကိုယ်တော် သူ့ကို အရမ်းလွမ်းနေတာ”

All Chapters