← Chapters

အခန်း (၁၄၄)

Vol. 12 Ch. 144

အခန်း (၁၄၄)

Vol. 12 Ch. 144

လင်းပိုင်ဖန်သည် စစ်ဘက်နှင့် အရပ်ဘက် အရာရှိ ကြီးငယ်များကို ဦးဆောင်၍ မြို့တော်၏ မြို့ရိုးတံတိုင်းထက်သို့ တက်လှမ်းလာခဲ့သည်။

မြို့ရိုးပေါ်မှ ငုံ့ကြည့်လိုက်သောအခါ အန်လုရှန် နှင့် ရှီစစ်မင် တို့ ဦးဆောင်သည့် သူပုန်တပ်ဖွဲ့များသည် မဟာယွဲ့တပ်မတော်နှင့်အတူ လူပင်လယ်သဖွယ် များပြားလှသော စစ်အင်အားကြီးဖြင့် မြို့တံခါးများဆီသို့ ချဉ်းကပ်လာနေသည်ကို မြင်တွေ့လိုက်ရသည်။

ဧကရာဇ်၏ ကျေးဇူးတော်ကို မေ့လျော့ကာ ပုန်ကန်ရဲကြသည့် သူ၏ ရဲဘော်ဟောင်းများကို ကြည့်ရှုရင်း ချိုင်ယွိရှင်းသည် ဒေါသကို မထိန်းနိုင်တော့ဘဲ မတ်တပ်ရပ်ကာ အော်ဟစ်ကြိမ်းမောင်းလေတော့သည်။

“အန်လုရှန်၊ ရှီစစ်မင်း… မင်းတို့ သစ္စာဖောက် အရာရှိယုတ်တွေ”

“မင်းတို့ ကိုယ့်ကိုယ်ကိုယ် ပြန်ဆန်းစစ်ကြည့်စမ်း။ အရှင်မင်းကြီးက မင်းတို့ကို ဘယ်တုန်းက မတရား ဆက်ဆံခဲ့ဖူးလို့လဲ။ မင်းတို့ စစ်သည်အင်အား သိန်းနဲ့ချီ ကွပ်ကဲရတဲ့ စစ်သူကြီးတွေ ဖြစ်လာတာက အရှင်မင်းကြီးရဲ့ ပံ့ပိုးမှုတွေကြောင့်ပဲ မဟုတ်ဘူးလား။ မင်းတို့က အရှင်မင်းကြီးကို ဒီလိုနည်းနဲ့ ကျေးဇူးဆပ်တာလား”

“မင်းတို့ရဲ့ အသိတရားတွေကို ခွေးစားသွားပြီလား။ ဒါမှမဟုတ် မင်းတို့က ရှက်ရကောင်းမှန်း မသိတော့တာလား”

အခြားသော စစ်ဘက်နှင့် အရပ်ဘက် အရာရှိများကလည်း ဝိုင်းဝန်း ဆဲဆိုကြလေသည်။

“စစ်သူကြီးချိုင် ပြောတာ မှန်တယ်။ ဒါတွေက အသိတရားမရှိတဲ့ တိရစ္ဆာန်တွေပဲ”

“စကားပုံ ရှိတယ် မဟုတ်လား။ အရှင်မင်းကြီးရဲ့ ကျေးဇူးကို ခံယူထားရင် အရှင်မင်းကြီးရဲ့ သောကကို မျှဝေခံစားရမယ်” တဲ့။ ဝံပုလွေလို ရက်စက်ပြီး ခွေးလို ယုတ်ညံ့တဲ့ စိတ်ဓာတ်ရှိတဲ့ ဒီနှစ်ယောက်က ဧကရာဇ်ရဲ့ ကျေးဇူးနဲ့ ယုံကြည်မှုကို ရထားပါလျက်နဲ့ ကျေးဇူးမသိဘဲ ပုန်ကန်ကြတယ်။ သူတို့က တိရစ္ဆာန်တွေထက်တောင်မှ ယုတ်ညံ့ကြတယ်”

“ခွေးတစ်ကောင်တောင် အရိုးတစ်ချောင်း ကျွေးရင် အမြီးနန့်ပြီး ကျေးဇူးသိတတ်သေးတယ်။ မင်းတို့ သစ္စာဖောက် အရာရှိယုတ်တွေကတော့ ကိုယ့်သခင်ကို ပြန်ကိုက်ဖို့ ကြံစည်နေကြတာပဲ”

“တကယ်ကို ယဉ်ကျေးမှုမရှိ၊ အရှက်မရှိ၊ ကိုယ်ကျင့်တရား ကင်းမဲ့တဲ့သူတွေပဲ”

“ဒီလို ဓားပြ အုပ်စုကို အားလုံး ကွပ်မျက်ပစ်ရမယ်”

“ငါ မင်းတို့ကို မသတ်နိုင်ရင်တောင်မှ သေတဲ့အထိ ကျိန်ဆဲသွားမယ်၊ မင်းတို့ရဲ့ နာမည်ဆိုးက နှစ်ပေါင်းထောင်ချီ ကျန်ရစ်နေလိမ့်မယ်”

အန်လုရှန်သည် ကျိန်ဆဲခံရမှုကြောင့် ရင်ဘတ်ထဲတွင် အောင့်တက်သွားသလို ခံစားလိုက်ရသည်။ သူ မည်မျှပင် ရှင်းပြရန် ကြိုးစားပါစေ၊ ပုန်ကန်မှုကို ဦးဆောင်သည့် လက်အောက်ခံ တစ်ဦးအနေဖြင့် ဤအမည်းစက်မှာ မည်သည့်အခါမျှ ဆေးကြော၍ ရနိုင်တော့မည် မဟုတ်ပေ။

“ပါးစပ်ပိတ်ထားစမ်း။ မင်းတို့ ဘာသိလို့လဲ”

အန်လုရှန်က ဒေါသတကြီး အော်ဟစ်လိုက်ကာ “မင်းတို့တွေ စောင့်ရှောက်နေတဲ့ ဧကရာဇ်က လူတိုင်းသိတဲ့ အသုံးမကျတဲ့ ဧကရာဇ်ပဲ။ သူက ကာမဂုဏ်တွေထဲမှာ နစ်မွန်းနေပြီး ဇိမ်ခံ ပျော်ပါးနေတဲ့သူပဲ၊ ကိုယ့်အပျော်အပါးအတွက် အဆောက်အဦးကြီးတွေ ဆောက်ပြီး စားသောက်ပွဲကြီးတွေ လုပ်နေတဲ့သူပဲ”

“သူက ရည်မှန်းချက်ကြီးပြီး အတ္တတွေ ဖုံးလွှမ်းနေတဲ့သူ၊ ကိုယ့်ရည်မှန်းချက်အတွက် မရပ်မနား စစ်ခင်းနေတဲ့သူပဲ”

“ဒီလို လုပ်ရပ်တွေကြောင့် ပြည်သူတွေရဲ့ မကျေနပ်မှုတွေဟာ ပေါက်ကွဲလုနီးပါး ဖြစ်နေပြီ”

“ဒါကြောင့်ပဲ ငါဟာ ကောင်းကင်ဘုံရဲ့ ကိုယ်စား ဒီအသုံးမကျတဲ့ ဧကရာဇ်ကို အပြစ်ပေးဖို့၊ သစ္စာဖောက် အရာရှိတွေကို သတ်ဖို့၊ မတရားမှုကို တိုက်ဖျက်ဖို့နဲ့ ပြည်သူတွေအတွက် ဖြောင့်မတ်ပြီး တရားမျှတတဲ့ တိုင်းပြည်တစ်ခုကို ပြန်လည်ပေးအပ်ဖို့နဲ့ သာယာဝပြောတဲ့ ခေတ်သစ်တစ်ခုကို ဆောင်ကြဉ်းပေးဖို့ လုပ်ဆောင်နေတာပဲ”

“လူပေါင်း ထောင်သောင်းချီပြီး ငါ့ကို လက်ညှိုးထိုးပါစေ၊ ငါကတော့ ရှေ့ဆက်သွားဦးမှာပဲ”

အန်လုရှန်သည် စကားပြောလေလေ ပို၍ စိတ်လှုပ်ရှားလာလေဖြစ်ပြီး သူ့ဘာသာသူ ပြန်လည် လှည့်ဖျားနေလေတော့သည်။

ချိုင်ယွိရှင်းမှာ အလွန်ဒေါသထွက်သွားပြီး “အလကား စကားတွေ၊ မင်းက မဟုတ်မမှန်တွေ လျှောက်ပြောပြီး အမှားအမှန်ကို ပြောင်းပြန်လှန်နေတာပဲ” ဟု ဆိုလိုက်သည်။

ထိုအချိန်တွင် လင်းပိုင်ဖန်က ချောင်းဟန့်လိုက်ကာ “တော်ပြီ၊ ငြင်းမနေကြနဲ့တော့။ ဒီလို အချင်းချင်း စကားများနေတာက အဓိပ္ပာယ်မရှိဘူး။ ငါကိုယ်တော် စကားအနည်းငယ် ပြောပါရစေ” ဟု ဆိုလိုက်သည်။

“မှန်လှပါ၊ အရှင်မင်းကြီး” ချိုင်ယွိရှင်းသည် မလိုလားသော်လည်း နောက်သို့ ဆုတ်ပေးလိုက်ရသည်။

လင်းပိုင်ဖန် မတ်တပ်ရပ်လိုက်သည့်အခါ အကုန်လုံး တိတ်ဆိတ်သွားခဲ့သည်။ သူပုန်ခေါင်းဆောင် နှစ်ဦးဖြစ်သည့် အန်လုရှန် နှင့် ရှီစစ်မင်တို့ပင်လျှင် လင်းပိုင်ဖန် ဘယ်လို ပညာရှိ စကားမျိုး ပြောမလဲဆိုသည်ကို စောင့်ကြည့်ရင်း တိတ်ဆိတ်သွားကြသည်။

လင်းပိုင်ဖန်၏ အကြည့်က သူပုန်တပ်ဖွဲ့များအပေါ်သို့ အမြန်ဝေ့ကြည့်လိုက်ပြီးနောက် “ စစ်သူကြီးအန်၊ မောင်မင်း ငါကိုယ်တော်ရဲ့ စစ်စရိတ်နဲ့ ရိက္ခာတွေကို ခိုးယူထားတာလား”

အရာရှိများမှာ မှင်တက်သွားကြပြီး အန်လုရှန်နှင့် ရှီစစ်မင်တို့လည်း အံ့အားသင့်သွားခဲ့ကြသည်။ စစ်တပ်နှစ်ခု တိုက်ပွဲဝင်ရန် ပြင်ဆင်နေသည့် ဤအရေးကြီးသော အချိန်တွင် အရှင်မင်းကြီးက အဘယ်ကြောင့် မသက်ဆိုင်သော မေးခွန်းကို မေးနေရသနည်း။

“မင်း အသုံးမကျတဲ့ ဧကရာဇ်၊ ဘာတွေ ပြောနေတာလဲ” ဟု အန်လုရှန်က အော်ဟစ်လိုက်သည်။

“ စစ်သူကြီးအန်၊ မောင်မင်း ကိုယ့်ဘာသာကိုယ် မမြင်ဘူးလား”

လင်းပိုင်ဖန်က ပြုံးကာ သူ၏ စစ်သည်တွေကို ညွှန်ပြကာ ပြောလိုက်သည်မှာ- “ မောင်မင်းရဲ့ လူတွေကိုလည်း ကြည့်လိုက်ဦး။ ဘာလို့ အားလုံးက သေခါနီး လူတွေလို ဖြူဖျော့ပြီး ပိန်ချုံးနေကြတာလဲ။ ငါကိုယ်တော် တကယ် နားမလည်နိုင်ဘူး။ ငါကိုယ်တော် ပေးတဲ့ စစ်စရိတ်ကလည်း မနည်းဘူး၊ ရိက္ခာကလည်း အလုံအလောက် ပေးထားတာပဲ၊ ဒါကို မောင်မင်းရဲ့ စစ်သည်တွေက ဒုက္ခသည်တွေထက်တောင်မှ ဘာလို့ ပိုဆိုးနေရတာလဲ”

စစ်ဘက်နှင့် အရပ်ဘက် အရာရှိများက သေချာ ကြည့်လိုက်သောအခါ ချက်ချင်းပင် ထိတ်လန့်သွားခဲ့ကြသည်။ အကြောင်းမှာ အန်လုရှန် ခေါ်ဆောင်လာသော စစ်သည်များသည် အရိုးပေါ် အရေတင်မျှသာ ရှိနေကြပြီး ခန္ဓာကိုယ်များမှာ အလွန်အားနည်း နေကြသောကြောင့်ပင် ဖြစ်သည်။

တစ္ဆေများကဲ့သို့ မျက်နှာဖြူဖျော့နေသူများစွာလည်း ပါဝင်နေပြီး တည့်တည့်မတ်မတ် မရပ်နိုင်ဘဲ ၎င်းတို့၏ လက်နက်များကို အားပြုကာ ခန္ဓာကိုယ်ကို မနည်းထိန်းထားကြရသည်။ လေတစ်ချက် တိုက်လိုက်ရုံနှင့် လဲကျသွားမည့်ပုံမျိုး ပေါက်နေကြသည်။

အရှင်မင်းကြီး ပြောလိုက်သကဲ့သို့ စစ်သည်တွေရဲ့ လစာနှင့် ရိက္ခာတွေကို အန်လုရှန်က ခိုးယူထား၍ ဤအခြေအနေသို့ ရောက်နေတာများ ဖြစ်နေမလား။ ဤကဲ့သို့ ခေါင်းပုံဖြတ်မှုမျိုးမှာ အလွန်ကို ပြင်းထန်လှပြီး မြေရှင်ကြီးတွေတောင် ငိုရလောက်သည့် အခြေအနေပင် ဖြစ်သည်။

“စစ်သူကြီးအန်၊ ဒီလို ဖျားနာနေတဲ့ စစ်သည်တွေနဲ့ ငါကိုယ်တော်ရဲ့ အုပ်ချုပ်မှုကို ဖြုတ်ချနိုင်မယ်လို့ မောင်မင်း တကယ်ပဲ ထင်နေတာလား။ မောင်မင်း အိပ်မက်မက်နေတာပဲ ဖြစ်ရမယ်” ဟု လင်းပိုင်ဖန်က ပြောကာ အော်ရယ်လိုက်သည်။

“ဟား…ဟား…” အရာရှိများကလည်း လိုက်၍ ရယ်မောလိုက်ကြသည်။ သူတို့သည် အားရပါးရနှင့် အတားအဆီးမရှိ ရယ်မောနေကြခြင်းဖြစ်သည်။

အန်လုရှန်သည် ရှက်ပြီး ဒေါသထွက်လာကာ အော်ဟစ်လိုက်သည်။ “ အသုံးမကျတဲ့ ဧကရာဇ်၊ မင်း ဘာသိလို့လဲ။ ပုန်ကန်မှု စစချင်းမှာပဲ ငါတို့ရဲ့ ရိက္ခာတွေကို ဘယ်ကမှန်းမသိတဲ့ သူခိုးက ခိုးသွားတာ။ စားစရာမရှိတော့ စစ်သည်တွေက ဒီလို ဖြစ်ကုန်တာပေါ့။ ပြောစမ်း၊ ဒါတွေက မင်း စီစဉ်ထားတာ မဟုတ်လား”

ထိုသို့ပြုလုပ်ရန် အခြားတစ်ဖက်တွင်သာ အကြောင်းပြချက်ရှိသဖြင့် လင်းပိုင်ဖန်က တစ်ဦးဦးကို လွှတ်၍ လုပ်ခိုင်းသည်ဟု သူ အမြဲ သံသယရှိခဲ့သည်။

လင်းပိုင်ဖန်က လျှာကိုသပ်လိုက်ကာ ခေါင်းခါရင်း “စစ်သူကြီးအန်၊ မောင်မင်း တကယ်ကို တာဝန်ရှောင်တတ်တာပဲ။ ကိုယ့်ရိက္ခာကို ကိုယ်မစောင့်ရှောက်နိုင်တာနဲ့ ငါကိုယ်တော်ရဲ့ ခေါင်းပေါ် ပုံချနေတယ်။ ငါကိုယ်တော် လုပ်ခဲ့တာပဲ ထားဦး၊ ဘာဖြစ်လဲ။ ငါ့ရိက္ခာ ငါပြန်ယူတာ ဘာမှားလို့လဲ”

“ငါ...” အန်လုရှန် စကားထစ်သွားခဲ့သည်။

“အိုး...သိပြီ၊ မောင်မင်းတို့ ဘာလို့ ဒီလို ဖြစ်နေရတာလဲဆိုတာ ငါကိုယ်တော် သိပြီ။ ဒါက မောင်မင်းတို့မှာ ကြီးလေးတဲ့ အပြစ် သုံးပါး ရှိနေလို့ပဲ”

အပြစ် နံပါတ် (၁)၊ မိဘကို မလေးစားခြင်း..

လင်းပိုင်ဖန်က အသံကျယ်လောင်စွာဖြင့် “ကောင်းကင်နဲ့ မြေကြီး၊ အုပ်ချုပ်သူ နဲ့ ဆရာ။ မင်းတို့ စစ်သည်တွေဟာ မူလက ဒုက္ခသည်တွေပဲ၊ ဘဝက မရေမရာ ဖြစ်နေတာ။ ငါကိုယ်တော်ရဲ့ ကရုဏာတော်ကြောင့်သာ မောင်မင်းတို့ကို စစ်တပ်ထဲ သွင်းပေးပြီး လစာနဲ့ ရိက္ခာတွေ ပေးခဲ့တာ။ ငါကိုယ်တော်ဟာ မောင်မင်းတို့ကို အဝတ်အစားနဲ့ အစားအသောက် ထောက်ပံ့ပေးခဲ့တဲ့သူပဲ။

ဒါပေမဲ့ မောင်မင်းတို့ဟာ မိဘသဖွယ် ကျေးဇူးကို မမှတ်မိဘဲ သစ္စာဖောက်နောက်ကို လိုက်ပြီး စစ်တပ်တွေဖွဲ့တယ်၊ မိဘကို သတ်သလိုမျိုး အပြစ်ကျူးလွန်ကြတယ်။ ကျားတောင် ကိုယ့်သားသမီးကို ပြန်မစားဘူး၊ မောင်မင်းတို့က ကျားတွေထက်တောင် ဆိုးနေသေးတယ်။ တိရစ္ဆာန်တွေမှာတောင် မောင်မင်းတို့ထက် အသိတရား ရှိသေးတယ်”

ဒါကို ကြားလိုက်ရတဲ့အခါ သူပုန်တွေဟာ သူတို့ဘာသာ ပြန်တွေးမိလိုက်ကြသည်။ ‘ဟုတ်သားပဲ၊ သူတို့ လစာရတာ အရှင်မင်းကြီးဆီကပင်၊ သူတို့ စားနေရတာကလည်း အရှင်မင်းကြီးပေးလို့ပင်။ တစ်နည်းအားဖြင့် အရှင်မင်းကြီးဟာ သူတို့ရဲ့ ကျွေးမွေးစောင့်ရှောက်သူ၊ ဒုတိယ မိဘလို ဖြစ်နေတာပဲ။ ဒါပေမဲ့ အခုတော့ သူတို့ဟာ လက်နက်စွဲကိုင်ပြီး မိဘကို ပြန်သတ်ဖို့ လုပ်နေကြတယ်၊ ဒါဟာ တိရစ္ဆာန်တွေနဲ့ ဘာထူးမှာလဲ’

‘မဟုတ်ဘူး…၊ တိရစ္ဆာန်တွေတောင် သူတို့ထက် အသိတရား ရှိသေးတယ်။’

အပြစ် နံပါတ် (၂)၊ သစ္စာမဲ့ခြင်း…

လင်းပိုင်ဖန်က လက်နှစ်ဖက်ကို ဖြန့််လိုက်ကာ ဒေါသတကြီး ဆက်လက် ရှုတ်ချလိုက်သည်။ “ငါကိုယ်တော်ဟာ နိုင်ငံတစ်ခုရဲ့ အရှင်သခင်ပဲ၊ ကောင်းကင်အောက်မှာ ရှိတဲ့ အရာအားလုံးရဲ့ အချုပ်အခြာအာဏာပိုင်ပဲ။ မောင်မင်းတို့ဟာ ဧကရာဇ်ရဲ့ ကျေးဇူးရိပ်မှာ ခိုလှုံနေကြပြီး ဧကရာဇ်ရဲ့ ကျေးဇူးတော်တွေကို ခံစားနေကြတာ။ ဒါကို ကျေးဇူးမသိဘဲ နိုင်ငံအပေါ် သစ္စာမရှိဘူး၊ အထက်လူကြီးကို ပုန်ကန်ကြတယ်”

“ဒီလို သစ္စာမဲ့တဲ့သူတွေကို မိသားစု ကိုးဆက်တိုင်အောင် ကွပ်မျက်ပစ်ရင်တောင် မလွန်ဘူး။ ဒီလို ဆိုးကျိုးတွေ ရှိနေပါလျက်နဲ့ မောင်မင်းတို့ဟာ ကိုယ့်ရဲ့ ဆွေမျိုးတွေ၊ သားမြေးတွေအတွက် မစဉ်းစားကြဘူး။ အမြတ်အစွန်းကို မက်မောပြီး ပုန်ကန်မှုကို အလွယ်တကူ လုပ်ခဲ့ကြတယ်”

“ဒီလို သစ္စာမဲ့ပြီး အသိဉာဏ်မဲ့တဲ့သူတွေ၊ မောင်မင်းတို့ ဒီလောကမှာ ဘယ်လို မျက်နှာမျိုးနဲ့ နေနေကြတာလဲ”

ဒါကို ကြားရတဲ့အခါ သူပုန်တွေဟာ အရှင်မင်းကြီး ပြောတာ မှန်နေတယ်ဆိုတာ သိလိုက်ကြသည်။ သူတို့ လုပ်နေတာဟာ ခေါင်းဖြတ်ခံရမယ့် အလုပ်ဆိုတာ သေချာသည်။ အသိဉာဏ်ရှိသူတိုင်း အသေအချာ စဉ်းစားရမယ့် ကိစ္စပင်ဖြစ်သည်။ ဒါပေမဲ့ သူတို့ဟာ ဘာမှ မစဉ်းစားဘဲ အန်လုရှန်နောက်ကို လိုက်ခဲ့ကြသည်။ လောဘဇောတွေတက်ပြီး ကိုယ့်ရဲ့ အမိုက်တရားတွေကြောင့် ကိုယ့်အသေတွင်းကို ကိုယ်တူးခဲ့ကြတာပင် ဖြစ်သည်။

အပြစ် နံပါတ် (၃)ကတော့ လူသားချင်းစာနာမှုနဲ့ ဖြောင့်မတ်မှု ကင်းမဲ့ခြင်းပဲ…

လင်းပိုင်ဖန်က အသံကျယ်လောင်စွာဖြင့် “ ငါကိုယ်တော် နန်းတက်ကတည်းက တစ်ပြည်လုံး အေးချမ်းသာယာခဲ့တယ်၊ ပြည်သူတွေဟာလည်း စိတ်အေးချမ်းသာစွာနဲ့ နေထိုင်လုပ်ကိုင်နိုင်ခဲ့ကြတယ်။ ဒါပေမဲ့ မောင်မင်းတို့ရဲ့ ကိုယ်ပိုင် ရည်မှန်းချက်တွေ ပြည့်ဝဖို့အတွက် မောင်မင်းတို့ဟာ မဆင်မခြင် စစ်ခင်းခဲ့ကြတယ်၊ နွေရာသီမှာ စစ်တပ်ဖွဲ့ပြီး တိုက်ခိုက်ခဲ့ကြတယ်၊ ပြည်သူတွေကို ဒုက္ခတွင်းထဲ ဆွဲချခဲ့ကြတယ်”

“ ဒီ ကြီးလေးတဲ့ အပြစ်သုံးပါးဟာ ကောင်းကင်နဲ့ မြေပြင်ရဲ့ ဟန်ချက်ညီတဲ့ လမ်းစဉ်နဲ့ ဆန့်ကျင်နေတယ်။ ကောင်းကင်နဲ့ မြေပြင်က မောင်မင်းတို့ကို သည်းခံမှာ မဟုတ်ဘူး။ ဒီလိုမျိုး မိဘကို မရိုသေ၊ သစ္စာမဲ့၊ လူသားချင်းမစာနာ၊ မဖြောင့်မတ်တဲ့ သူတွေကို ကောင်းကင်နဲ့ မြေပြင်က မျက်နှာသာပေးမှာ မဟုတ်ဘူး။ ဒါကြောင့် မောင်မင်းတို့ အခုဖြစ်နေတဲ့ အခြေအနေက ဝဋ်လည်နေတာပဲ”

“မောင်မင်းတို့ဟာ ကောင်းကင်ကို စော်ကားခဲ့တယ်၊ ဒါဟာ မောင်မင်းတို့ ကိုယ်တိုင် ရှာခဲ့တဲ့ အကျိုးဆက်ပဲ”

“ မောင်မင်းတို့ဟာ ကောင်းကင်ကို အန်တုခဲ့တယ်၊ ဒီအပြစ်ဒဏ်က မောင်မင်းတို့နဲ့ တန်တယ်”

လင်းပိုင်ဖန်၏ စကားလုံးတိုင်းသည် ဒေါသတကြီးနှင့် အားမာန်အပြည့် ပါဝင်နေလေသည်။

All Chapters