← Chapters

အခန်း (၂၉၈-၃၀၀)

Vol. 20 Ch. 298-300

အခန်း (၂၉၈-၃၀၀)

Vol. 20 Ch. 298-300

အခန်း (၂၉၈) မိစ္ဆာဝေဟင်မျှော်နန်း၌ ဓားတိုက်ပွဲ

အစီအရင်သွေးကြောတွေ မပါရှိဘဲ ခေါင်းတလားက ခေါင်းတလားသာ ဖြစ်ပေသည်။ သေမင်းခံတွင်းဝ ရောက်နေသူသည် ဘာမှကြောက်နေစရာ မရှိပေ။ ကုန်းယွမ်တုက သူ့အနေအထားကို ရှင်းလင်းအောင် လုပ်လိုက်သည်။ အစီအရင်သွေးကြောများ ပျောက်ကွယ်သွားပြီးနောက် သူ့အသံက မိစ္ဆာဝေဟင်မျှော်နန်းထဲ ပဲ့တင်ထွက်လာသည်။

“ တာအိုနည်းနဲ့ ဓားကို လေ့ကျင့်မယ် …”

တာအိုနည်းနဲ့ ဓားကို လေ့ကျင့်မယ်တဲ့လား …

ကျန်လူများက အချင်းချင်း ကြည့်လိုက်ကြသည်။ ကျင့်ကြံရေးလောက၌ ဂိုဏ်းအမျိုးမျိုး ကျင့်ကြံသည့် ကျင့်စဉ်နည်းစနစ်များစွာ ရှိသော်လည်း အဆုံးသတ်ကား အတူတူသာ ဖြစ်၏။

သဘောတရားအရ ကျင့်ကြံသူများသည် သူတို့ချီပင်လယ်မှ ချီများကို စုစည်းတာမျိုး ဒါမှမဟုတ် ပတ်ဝန်းကျင်မှ စွမ်းအားများကို စုစည်းတာမျိုးသာ လုပ်ကြသည်။ ကွာခြားချက်က ဂိုဏ်းအသီးသီး၏ ယုံကြည်ချက်အပေါ်တွင်သာ ဖြစ်သည်။

ကွန်ဖြူးရှပ်၊ ဗုဒ္ဓနှင့် တာအိုဂိုဏ်းများက အမြင်မတူမှုများ ရှိကြသောကြောင့် ကျင့်စဉ်နည်းလမ်းများစွာ ရှိကြလေသည်။ တာအိုဂိုဏ်းများက ဓားနှင့် ပတ်သက်လာလျှင် အကြီးမားဆုံး အောင်မြင်မှု ရထားကြ၏။ ထို့ကြောင့် ဓားကို ချစ်မြတ်နိုးသော ကျင့်ကြံသူသည် တာအိုကျင့်ကြံနည်းကိုသာ ရွေးချယ်လိမ့်မည်။

ကျန်းအိုက်ကျန့်၊ ယွင်ဂိုဏ်း၏ လော့ရှစ်စန်း၊ လော့ချန်းချင်၊ ဓားရူး ချန်ဝမ်ကျယ်နှင့် လန်လော့၊ ဖန်လီထန်းတို့ပင် တာအိုကျင့်ကြံနည်းမှ ဖြစ်ကြသည်။ သူတို့က ဇာစ်မြစ်တူလေ၏။ သို့သော် သူတို့အဓိပ္ပာယ်များက ကွဲပြားကြ၏။

ထိုအကြောင်းအရင်းကြောင့် တာအိုဂိုဏ်းများက ဂိုဏ်းခွဲများ ထပ်ဖွဲ့ထားခြင်း ဖြစ်၏။ တချို့က လွတ်မြောက်ခြင်း နည်းစနစ်များကို အထူးပြုကြပြီး တချို့က တိုက်ခိုက်ရေး၊ ကာကွယ်ရေးအစရှိသဖြင့် နည်းစနစ်မျိုးစုံ ခွဲကာ အထူးပြုကြသည်။ ကျင့်ကြံရေးလမ်းစဉ်၌ ဓားနည်းစနစ် စွဲလမ်းသူများပါ ထွက်ပေါ်လာသည်။ ကုန်းယွမ်တုက ထိုလူများထဲမှ တစ်ယောက် ဖြစ်သည်။

“ ဓားအကြောင်း စကားရည်လုပွဲလား” ဖန်လီထန်းက ရယ်မောလိုက်သည်။

“ ကျုပ်က ခင်ဗျား သေအောင်တိုက်မယ် ထင်နေတာ”

ခေါင်းတလားက တိတ်ဆိတ်သွားလေသည်။

တွမ့်မူရှန်းက သက်ပြင်းချကာ “ အဲဆိုရင် ကျွန်တော်က ဒီမှာ လုပ်စရာ မရှိဘူးပဲ။ လောင်စစ်ကပဲ နှုတ်ရေးရာ ကျွမ်းတာ ကျွန်တော် မပါဘူး ”

တရားဝင် စကားရည်လုပွဲက မင်းအတွက် စကားများစရာလား …

ရှောင်ယွမ်အာက ပြောလိုက်သည်။

“ကျွန်မကလည်း စကားပြောမကောင်းဘူး။ လမ်းမပေါ်မှာ ပွစိပွစိပြောတတ်တဲ့ မိန်းမကြီးအဖြစ် မကြီးပြင်းသွားချင်ဘူးနော်”

လန်လော့နှင့် ဖန်လီထန်းတို့က ခေါင်းတလားကို ကြည့်လိုက်ကြသည်။ သူတို့က ကုန်းယွမ်တု ဘာကိုတွေးနေကြောင်း စဉ်းစားနေကြသည်။

ဖန်လီထန်းက ပြုံးကာ “ ဓားအကြောင်းပြောရမယ်ဆိုတော့ ကျုပ်အနေနဲ့ ရှောင်ယွမ်အာက ခင်ဗျားကို အနိုင်ရမယ်လို့ ထင်တယ်”

“ကျုပ်လည်း သဘောတူတယ်” လန်လော့က ခေါင်းညိတ်လိုက်သည်။

“ကျွန်တော်တို့ရောပဲ” ကျိုးကျစ်ဖုန်းနှင့် ဖန်ကျုံးတို့က တစ်ပြိုင်နက် ပြောလိုက်ကြသည်။

ရှောင်ယွမ်အာက နားမလည်နိုင်ဖြစ်သွားလေသည်။

ဝှစ် …

ခေါင်းတလားက အသာတုန်သွားပြီး ထူးထူးဆန်းဆန်း အသံထွက်လာသည်။ ထိုစဉ် ခေါင်းတလားဝန်းကျင် ချီစွမ်းအားများမှ စွမ်းအားအဖြစ် စုဝေးလာသည်။ ရေခဲပန်းဆွဲနှင့် တူသည့် စွမ်းအားဓားများက ခေါင်းတလားဝန်းကျင် ပျံဝဲလှည့်ပတ်နေပြီးနောက် ရုတ်ခြည်းဆိုသလို ပျောက်ကွယ်သွားသည်။ ကုန်းယွမ်တိက စိတ်တိုနေမှန်း သိသာလှသည်။

သူက အသံဩဩဖြင့် ပြောလိုက်သည် “ ဓားအကြောင်း စကားရည်လုပွဲက နှုတ်ရေးချည်း မဟုတ်ဘူး။ လက်တွေ့လည်း ပါတယ် ”

“ အိုး ”ဖန်လီထန်းက နားမလည်သလိုဖြင့် “ အဲဆို ကျုပ်တို့ တိုက်နေရင်း စကားရည်လုကြမှာလား”

“အဲလိုပဲ ”

အခြားလူများက အံ့အားသင့်သွားကြသည်။ သူတို့က ချက်ချင်းဆိုသလို သတိကြီးကြီးထားလိုက်ကြ၏။

ထိုလူက ရူးနေတာပဲ ဖြစ်ရမယ် …

သူက ရူးနေတာပဲ

ကုန်းယွမ်တုက ပြောလိုက်သည်။

“ဒါပေမဲ့ သေတဲ့အထိ တိုက်မှာတော့ မဟုတ်ဘူး။ ကျင့်ကြံသူတစ်ယောက်က ခန္ဓာ တည်ဖွဲ့ခြင်း အဆင့်ကနေ စိတ်နက်နဲမှု ဉာဏ်အလင်းပွင့်နယ်ပယ်အဆင့်အတွင်း ချီစွမ်းအားကို ထိန်းချုပ်နိုင်လာကြတယ်။ နတ်ဒေဝါဦးတည်နယ်ပယ်အဆင့်ရဲ့ တာအိုပုံသွင်းအဆင့်မှာ ကျင့်ကြံသူက ကျင့်ကြံရေးလမ်းကြောင်းကို ကျွမ်းကျင်လာလိမ့်မယ် …. တာအိုပုံသွင်းအဆင့်နည်းလမ်းကို အသုံးချပြီး စိတ်နက်နဲမှု ဉာဏ်အလင်းပွင့်နယ်ပယ်အဆင့်က ချီစွမ်းအားကို ထိန်းချုပ်နိုင်တယ်။ ဓားလမ်းစဉ်က ဓား စကားရည်လုပွဲကနေ အစပြုလာတာပဲ ”

ဖန်လီထန်းက ရယ်လိုက်ပြီး “ ကျုပ် အခု နားလည်ပြီတူတယ်။ ကျုပ်တို့က စိတ်ဝိညာဉ်သဏ္ဌာန်တွေ မပါဘဲ စိတ်နက်နဲမှု ဉာဏ်အလင်းပွင့်နယ်ပယ်အဆင့်မှာ ယှဉ်ပြိုင်ကြမယ်လို့ ပြောနေတာမလား ”

အရှင်းဆုံးပြောရလျှင် သူတို့က ဓားအကြောင်း နားလည်နိုင်စွမ်းကို ယှဉ်နိုင်ရန်အတွက် သူတို့ကျင့်ကြံဆင့်များကို ကန့်သတ်ထားမည် ဖြစ်သည်။ ဤသည်မှာ နှစ်ဖက်လုံးအတွက် အကောင်းဆုံး ဖြစ်၏။ ထို့အပြင် လန်လော့နှင့် ဖန်လီထန်းတို့၏ ကျင့်ကြံဆင့်က အပြည့်အဝ ပြန်မကောင်းလာသေးပေ။ တွမ့်မူရှန်းနှင့် ရှောင်ယွမ်အာတို့၏ ကျင့်ကြံဆင့်က မြင့်မားသော်လည်း နှစ်ဖက်လုံးသာ သေသည်အထိ တိုက်ခိုက်ပါက သူတို့လည်း အရေးသာမည် မဟုတ်ပေ။ သူတို့ပြိုင်ဘက်မှာ သေခါနီး ဘာမှဆုံးရှုံးစရာမရှိတော့သည့် လူအိုကြီး ဖြစ်လေသည်။

“ ပုံမှန်ပဲ …” ကုန်းယွမ်တု စကားအဆုံးတွင် ခေါင်းတလားက ကျွမ်းပစ်ကာ လှန်လိုက်သည်။ ယခု မြေပေါ် အသာလဲလျောင်းနေလေပြီ။ ခေါင်းတလား အဆုံးတစ်ဖက်က ပိုမိုရှည်ကာ စောင်းလှဲနေသလိုမျိုး ဖြစ်၏။ ပိုမိုရှည်သည့်ဘက်က အခြားလူများကို မျက်နှာချင်းဆိုင်ထားသည်။

အပေါ်တွင် အနက်ရောင် စာလုံးတစ်လုံး ရှိနေသည်။ ကြည့်ရသည်မှာ တော်ဝင်အမိန့်မှ စာလုံးများကို ပေါင်းစပ်ထားသည့် သင်္ကေတဖြစ်ပုံပေါ်၏။

“ငါတို့ အနိုင်ရသူ မဆုံးဖြတ်နိုင်ခင် စကားရည်လုကြမယ် … လာကြ ” ကုန်းယွမ်တု၏ အသံက အသံလှိုင်းအဖြစ် ပျံ့နှံ့သွားကာ မိစ္ဆာဝေဟင်မျှော်နန်း အနှံ့ ပျံ့နှံ့သွားလေသည်။

ဟွားဝူတောက်က လက်ဝေ့ကာ “ အငယ်လေးတွေက ဒီပွဲမှာ မပါဘူး။ သူတို့အဆင့်နဲ့ ဓားလမ်းစဉ်ကို အသိအမြင် ယှဉ်ပြိုင်ဖို့က မဖြစ်သေးဘူး။ ဘေးကနေ ကြည့်ပြီး သင်ယူကြ ”

အခြားလူများက လက်နှစ်ဖက်ယှက်လိုက်ကြသည်။

ဖန်လီထန်းနှင့် လန်လော့တို့က အချင်းချင်း ကြည့်လိုက်ကြသည်။

“ ငါ သွားမယ်” လန်လော့က ပြောရင်း ရှေ့တိုးလာသည်။

သူ နယ်နမိတ်အတွင်း ရောက်သွားသည့်အခါ ခေါင်းတလားအနားတွင် ရေခဲပန်းဆွဲနှင့် တူသည့် စွမ်းအားဓားများက တဖန်ပြန်လည် ထွက်ပေါ်လာသည်။ ထိုဓားသဏ္ဌာန်များက ထူးခြားလှ၏။

“ ဓားလမ်းစဉ်ရဲ့ မူလဇာစ်မြစ်က ချီစွမ်းအားကို စုစည်းပြီး ဓားသဏ္ဌာန်ဖြစ်လာဖို့ စွမ်းအားကို သိပ်သည်းအောင် လုပ်ရတယ်။ စိတ်နက်နဲမှု ဉာဏ်အလင်းပွင့်နယ်ပယ်အဆင့်ရဲ့ ချီစွမ်းအားက စွမ်းအားဓားနှစ်ခုကိုပဲ အများဆုံး ထုတ်ပေးနိုင်တယ်”

လန်လော့ စကားအဆုံးတွင် ခေါင်းတလားဘေးရှိ စွမ်းအားဓားနှစ်ခုကလွဲ၍ ကျန်တာအကုန် ပျောက်ကွယ်သွားလေသည်။

လန်လော့က ညာဘက်လက်ကို မြောက်လိုက်သည့်အခါ “ အရေအတွက်ထက် အရည်အသွေးက ပိုသာတယ်”

သူ့လက်ဝါး၌ သိပ်သည်းကြီးမားသည့် စွမ်းအားဓား တစ်လက် ပေါ်ထွက်လာသည်။ ဤသည်ကလည်း စိတ်နက်နဲမှု ဉာဏ်အလင်းပွင့်နယ်ပယ်အဆင့်တွင် ဖြစ်၏။

ဟွားဝူတောက်က ထိုအရာကို မြင်လိုက်သည့်အခါ “ ဒါက ဓားလမ်းစဉ်ရဲ့ သဘောတရားကြားက ထိပ်တိုက်တွေ့မှုပဲ … ဘယ်သူအနိုင်ရမလဲ ကြည့်ရအောင် ”

နောက်စက္ကန့်ပိုင်းလေး၌ ခေါင်းတလားဘေးရှိ စွမ်းအားဓားများက လည်ကာ ပြေးဝင်လာသည်။

လန်လော့၏ စွမ်းအားဓားကိုလည်း ပစ်လွှတ်လိုက်သည်။

ထိုစဉ် အခြားလူများက ကွာခြားချက်ကို မြင်လိုက်ရသည်။

မူမမှန် ပုံသဏ္ဌာန်များကြောင့် စွမ်းအားဓားများက လေထဲ ဝေ့ဝဲရင်း လမ်းကြောင်းပြောင်းသွားကြသည်။ သူတို့က လန်လော့ဆီ ဝင်ရောက်လာသည်။

ထိုစဉ် ခေါင်းတလားက စက်ဝိုင်းတစ်ပတ် ကျွမ်းထိုးကာ လှန်လိုက်သည်။ စိတ်နက်နဲမှု ဉာဏ်အလင်းပွင့်နယ်ပယ်အဆင့်ရှိ ကျင့်ကြံဆင့်လောက်ဖြင့် ကုန်းယွမ်တိက တိုက်ခိုက်မှုကို ရှောင်ရှားလိုက်သည်။

လန်လော့လည်း ပေါ့ပေါ့ပါးပါး လှုပ်ရှားကာ စွမ်းအားဓားတစ်လက်ကို ရှောင်လိုက်သည်။

ဘန်း

အခြားစွမ်းအားဓား တစ်လက်က ချက်ချင်း လမ်းကြောင်းပြောင်းသွားလေသည်။

အနည်းငယ် အံ့ဩစရာ ဖြစ်၏။ လန်လော့က လက်ကို မြောက်ကာ စွမ်းအားဓားအား လက်ညိုးနှင့် လယ်ခလယ်ဖြင့် ကြားညှပ်ကာ ဖမ်းလိုက်သည်။

စွမ်းအားဓားက ပျောက်ကွယ်သွားလေသည်။ မြင်ကွင်း၌ တိတ်ဆိတ်မှုသာ ကြီးစိုးသွားလေသည်။

အခြားလူများလည်း ကြောင်အမ်းနေကြသည်။ သူတို့က ဘယ်သူအနိုင်ရသွားလဲ မပြောနိုင်ကြပေ။ ထို့နောက် သူတို့က ခေါင်းတလားဆီ လှည့်ကြည့်လိုက်ကြသည်။

တိုက်ပွဲ၌ အားကောင်းသည့် ချီအတက်အကျ မရှိသလို ဉာဏ်နီဉာဏ်နက် လှည့်ကွက်များလည်း မရှိပေ။ ဓားလမ်းစဉ်သာ ရှိ၏။

“ ငါ ရှုံးပြီ ” လန်လော့က လက်နှစ်ဖက်ယှက်လိုက်သ်ည။ သူက သူ့ဘာသာ မရှင်းပြလိုပေ။

အားလုံးက လန်လော့သည် အနည်းငယ် သတိလက်လွတ်ဖြစ်သွားကြောင်း မြင်လိုက်ကြသည်။

သတိလက်လွတ် ဖြစ်ခြင်းနှင့် ရန်သူကို လျော့တွက်ခြင်းတို့က သေစေလောက်သည့် အမှားမျိုး ဖြစ်ပေသည်။

လန်လော့က လက်ချောင်းဖြင့် စွမ်းအားဓားကို ဖမ်းလိုက်စဉ်က သူ့အနေနှင့် ပြိုင်ဘက်ကို အလေးအနက်ထား တိုက်ခိုက်မည်ဆိုလျှင်ပင် အများဆုံး တိုက်ကွက်အနည်းငယ်သာ ခံယူနိုင်လိမ့်မည်။ အကယ်၍ ရလဒ်က အတူတူ ဖြစ်သွားမည်ဆိုလျှင် နောက်ဆုတ်လိုက်သည်က ပိုကောင်းပေ၏။

“ …” ဟွားဝူတောက်က ရှင်းပြရေးကို တာဝန်ယူထားလေသည်။

“ လန်လော့က စွမ်းအားဓားကို ကောင်းကောင်းဖမ်းနိုင်ခဲ့တယ်ဆိုပေမဲ့ စိတ်နက်နဲမှု ဉာဏ်အလင်းပွင့်နယ်ပယ်အဆင့် ကျင့်ကြံသူက လက်ဗလာနဲ့ စွမ်းအားဓားကို ဖမ်းနိုင်မှာ မဟုတ်ဘူးလေ။ စိတ်နက်နဲမှု ဉာဏ်အလင်းပွင့်နယ်ပယ်အဆင့် ကျင့်ကြံသူနှစ်ယောက်ကြားက တိုက်ပွဲဆိုရင် စွမ်းအားဓားက သူ့လည်ပင်းကို ဖြတ်သွားလောက်ပြီ။ လန်လော့က ဓားရေးထက် တာအိုကိုယ်ပျောက်မှုမှာ ပိုကျွမ်းကျင်တယ် ”

အခြားလူများက ခေါင်းညိတ်လိုက်ကြသည်။

“မြောက်ဘက်မြို့တော်က ဓားပါရမီရှင် ဆိုတဲ့အတိုင်းပဲ … ပုံသဏ္ဌာန်ဆန်းတဲ့ စွမ်းအားဓား။ ကျုပ်တော့ အံ့ဩမိပါတယ် ” လန်လော့က နောက်ဆုတ်လိုက်သည်။

ဖန်လီထန်းက ရှေ့တက်လိုက်သည်။ သူက သူ သယ်လာသည့် သေရည်အိုးမှ သေရည်တစ်ငုံ သောက်လိုက်ပြီးနောက် ဖန်ကျုံးဆီ ပစ်ပေးလိုက်သည်။

“ ယူထားလိုက် ”

လောင်ဖန်က သူ့လက်နက်များကို ထုတ်ကာ “ ကျုပ်က လန်လော့ မဟုတ်ဘူး။ သူက အတွေ့အကြုံနည်းလွန်းတယ် ”

လန်လော့က တိတ်ဆိတ်နေလေသည်။ အရှုံးက အရှုံးသာ ဖြစ်၏။ ဖြေရှင်းပြနေဖို့ မလိုပေ။ သူက ဒီစကားနှင့် မစိမ်းတော့ပေ။ သူက စိတ်ထဲ မထားပေ။

ကုန်းယွမ်တုက ပြောလိုက်သည်။ “သူတောင်းစားအိုကြီးလား ”

“ဟုတ်တယ် ”

“ဓားလမ်းစဉ်မှာ စိတ်နက်နဲမှု ဉာဏ်အလင်းပွင့်နယ်ပယ်အဆင့်က ယင်နဲ့ ယင်ကို ပေးစွမ်းပြီးတော့ ထိုက်ကျိအဖြစ် ပြောင်းသွားကြတယ်။ အပြန်အလှန်အနေနဲ့ ဖြစ်စဉ်လေးခု ဖြစ်လာတယ်။ အဲလိုဆက်ဖြစ်လာတော့ ဘယ်တော့မှ အဆုံးမသတ်တဲ့ သံသရာထဲ ရောက်သွားတယ် ” ကုန်းယွမ်တုက ပြောလိုက်သည်။

ဖန်လီထန်းက ပြောလိုက်သည် “ စိတ်နက်နဲမှု ဉာဏ်အလင်းပွင့်နယ်ပယ်အဆင့်မှာ စွမ်းအားဓား နှစ်လက်ပဲ ထုတ်နိုင်တယ်။ ဖြစ်စဉ်လေးခု လုပ်ဖို့ မဆိုထားနဲ့ တစ်ခုတည်းတောင် ထိန်းထားဖို့ မဖြစ်နိုင်ဘူး ”

ကုန်းယွမ်တုက ပြောတော့မည့်ဆဲဆဲတွင် ဖန်လီထန်းက ဆက်ပြောလိုက်သည် “ ကျုပ်က တောင်နဲ့ မြောက်အထိ သွားခဲ့တယ်။ ဓားပါရမီရှင်တွေကို အလုံအလောက် မြင်တွေ့ဖူးတယ်။ ခင်ဗျားက ဓားအစီအရင် ဖွဲ့စည်းပြီး ဖြစ်စဉ်လေးခုနဲ့ ဘယ်တော့မှ အဆုံးမသတ်တဲ့ သံသရာစက်ဝန်းကို ဖန်တီးဖို့အတွက် စွမ်းအားဓားကို အသုံးချဖို့ ကြိုးစားနေတာလား”

“စိတ်ဝင်စားစရာပဲ ”ကုန်းယွမ်တုက စိတ်ပေါ့ပါးနေသည်။

“ ကျုပ် ပြောသားပဲ။ ကျုပ်က လန်လော့ မဟုတ်ဘူးလို့ ” ဖန်လီထန်းက မျက်လုံးထောင့်မှ လန်လော့ကို ကြည့်လိုက်သည်။

ကုန်းယွမ်တုက ပြောလိုက်သည် “ အဲဆို မင်း ဘယ်လိုဖြေရှင်းမလဲဆိုတာ ငါ့ကိုပြ ”

ခေါင်းတလားအောက်တွင် နှစ်မီတာအလွန်အထိ လည်ပတ်နေသည့် ထိုက်ကျိ အလင်းစက်ဝန်း ပေါ်ထွက်လာသည်။ ယင်ယန်လည်း ရစ်ပတ်ထားလေသည်။ စွမ်းအားဓားများက ပေါင်းစပ်သွားလေ၏။

လန်လော့က ချီးကျူးလိုက်သည် “ စိတ်နက်နဲမှု ဉာဏ်အလင်းပွင့်နယ်ပယ်အဆင့်မှာ ဒီလိုမျိုး အောင်မြင်ဖို့ … လောင်ဖန်း မင်း လက်လျော့လိုက်သင့်တယ်”

ဖန်လီထန်းက မြေပေါ်မှ အလင်းစက်ဝန်းကို ကြည့်ကာ အံ့အားသင့်သွားလေသည်။ သူက ဗဟုသုတကြွယ်ဝသူ ဖြစ်ပြီး ဒီနည်းလမ်းနှင့် မဆန်းလှပေ။ သို့သော်လည်း သူက ဒီလောက်အထိ လေ့ကျင့်ထားသည့် ဓားပါရမီရှင်မျိုးကို မမြင်ဖူးပေ။ ဓားလေ့ကျင့်သူအများစုက သူတို့နဂိုရည်ရွယ်ချက်နှင့် တန်ဖိုး ပျောက်ဆုံးသွားတတ်ကြသည်။ တစ်မိုးအောက် ဓားကို လေ့ကျင့်ရင်း သတ်ဖြတ်နိုင်ပြီး စွမ်းအားကြီးလာဖို့ မည်သူက ဂရုမစိုက်ဘဲ နေမည်နည်း။

အခန်း (၂၉၉) နောက်ထပ်သေရည်တစ်ခွက်

ဖန်လီထန်းက လန်းဆန်းသွားသည်။ ကုန်းယွမ်တု ယင်းကို မည်ကဲ့သို့ ပြုလုပ်ခဲ့မှန်း မသိသော်ငြား ထိုဓားစွမ်းရည်ကနေ ထိုးနှက်ချက်တချို့ခံရန် ဆန္ဒရှိသည်။ သူ၏ညာဖက်လက်ကို ဖြည်းဖြည်းချင်း မြှောက်လိုက်၏။ ထိုက်ကျိစက်ဝန်း စည်းတံဆိပ်သည် သူ၏လက်ဖဝါးထက် အနည်းငယ်ကြီးနေ၏။

ကျိုးကျစ်ဖုန်း၊ ဖန်ကျုံးနှင့် အမျိုးသမီးကျင့်ကြံသူတို့၏မျက်လုံးများကပြူးကျယ်ကုန်သည်။ ယင်းက အကြီးအကဲဖန်လှုပ်ရှားတာကို သူတို့ ပထမဆုံးအကြိမ်မြင်တွေ့ဖူးတာဖြစ်သည်။ သူ၏ကနဦးချီကို ဒဏ္ဍာရီလာအဖိုးကြီးပေါင်းစည်းလိုက်တာကို မျက်မြင်တွေ့တာလည်း ပထမဆုံးအကြိမ်လည်း ဖြစ်သည်။ ဖျက်ဆီးခံရပြီးနောက် သူ၏ကျင့်ကြံဆင့်ဆုံးရှုံးသွားသည့် သူတောင်းစားအိုကြီး ဖြစ်သည်။ နောက်ဆုံးတွင် သူက သူ၏သွင်ပြင်အချို့တောင် ဆုံးရှုံးသွားပြီဖြစ်သည်။ သို့သော်ငြား သူ့လက်ဖဝါးပေါ်ရှိထိုက်ကျိစည်းတံဆိပ်က မည်သည့်တာအိုကျင့်စဉ်မျိုးနည်း။

မျက်နှာဖုံးအောက်၌ လန်လော့၏မျက်နှာထက်တွင် ထောက်ခံသည့်အမူအရာမျိုးမြင်တွေ့နိုင်၏။

ဖန်လီထန်းက လက်ဖဝါးကိုရှေ့တိုးလိုက်ပြီး ထိုက်ကျိစည်းတံဆိပ်ကနေ စွမ်းအင်ဓားသွားက ပေါ်ထွက်လာလေ၏။ ၎င်းက စည်းတံဆိပ်ဖြင့် ဓားသွားကိုအားဖြည့်ပေးနေသည်။ တစ်ချိန်တည်းတွင် စွမ်းအင်များစွာသည် ကုန်းယွမ်တုရှိသည့်ခေါင်းတလား၏ ဧရိယာထဲ၌ ပေါ်လာ လေ၏။ ပုံမှန်အတိုင်းပင် ဆန်းကြယ်ဉာဏ်အလင်းပွင့်ခြင်းနယ်ပယ်ကျင့်ကြံသူက စိတ်နက်နဲမှု ဉာဏ်အလင်းပွင့်ခြင်းနယ်ပယ်ကျင့်ကြံသူတစ်ယောက်သည် အလွန်ဆုံးမှ စွမ်းအင်ဓားသွားနှစ်ခုသာ ထုတ်နိုင်၏။ သို့သော် ခေါင်းတလားအောက်ရှိ အသေးစားအစီအရင်၏ အားဖြည့်ပေးမှုအောက်တွင် သူက အကန့်အသတ်မဲ့ ကနဦးချီများ ပံ့ပိုးပေးနိုင်၏။

သူကနှစ်ဖက်လုံးက ပေါ်ထွက်လာသည့် စွမ်းအင်ဓားသွားများက လေကိုခွင်းသွားသည်။ ကျန်သည့် သူများကအလိုလိုပင်နောက်ဆုတ်လိုက်ကြ၏။ ယင်းက စိတ်နက်နဲမှု ဉာဏ်အလင်းပွင့်ခြင်း နယ်ပယ်ရှိ ကျင့်ကြံသူများကြားရှိတိုက်ပွဲတစ်ပွဲနှင့်မတူတော့ပေ။ သူတို့မည်သို့ပင်ဖြစ်စေကာမူ ဗြဟ္မာပင်လယ်နယ်ပယ်ကျင့်ကြံသူများကြားရှိ တိုက်ပွဲတစ်ပွဲနှင့်ပိုတူပေ၏။

ဘန်း ဘန်း ဘန်း

စွမ်းအင်ဓားသွားတို့တိုက်မိကုန်သည်။

ဖန်လီထန်းက ပြုံးပြီးရှေ့တစ်လှမ်းတိုးလိုက်လေ၏။ သူက ကြီးမားကျယ်ဝန်းသည့်လက်ဝါးကို မြေပြင်ပေါ် ရိုက်ချလိုက်တော့သည်။

ဖုန်း

မြေပြင်က အက်ကွဲသွား၏။ အစီအရင်ပြိုကွဲသွားသည်။

“ကောင်းတယ်” ဖန်ကျုံးက လက်ခုပ်တီးလိုက်တော့သည်။ အသက်ကြီးလေ ဉာဏ်ပိုရှိလေဟူသော ဆိုရိုးစကားအတိုင်းပေ သူတို့က စွမ်းအင်ဓားသွားများသာ သုံးနေသည်ဟု မည်သူမှမပြောခဲ့ပေ။ ယင်းက စိတ်နက်နဲမှုဉာဏ်အလင်းပွင့်ခြင်းနယ်ပယ်ကျင့်ကြံသူတစ်ဦးအဖို့ မြေပြင်ကို အက်ကွဲသွား အောင်လုပ်နိုင်တာက ပြီးပြည့်စုံသည်။ ခန္ဓာတည်ဖွဲ့ခြင်း ကျင့်ကြံသူတစ်ဦးတောင် ထိုကဲ့သို့ လုပ်နိုင်သည်။

ဖန်လီထန်းသည် အနိုင်ရတော့မည်ဟုလူတိုင်းတွေးမိသည့်အချိန်၌ပြိုကွဲသွားသော အစီအရင် သွေးကြောများက စွမ်းအင်တစ်ခုအထဲသိပ်သည်းသွားပြီးစုဝေးကာ ဖန်လီထန်း၏ ထိုက်ကျိစည်း တံဆိပ်ဆီ ဦးတည်ပြီးပစ်ခတ်လာတော့သည်။

ဘန်း

ထိုက်ကျိစည်းတံဆိပ်ပြိုကွဲသွားချေ၏။

ကုန်းယွမ်တုသည် သူ၏ခေါင်းတလားနား၌ ပျံဝဲနေသောစွမ်းအင်ဓားသွားနှစ်ခုသာကျန်တော့၏။

“စိတ်ဝင်စားစရာပဲ” လန်လော့က လက်ခုပ်တီးလိုက်၏။ ကျန်သည့်သူများက ထိုအရာကြောင့် ဇဝေဇဝါဖြစ်နေသည်။

ဘာကြောင့် သူတို့ ဆက်မတိုက်ခိုက်တာလဲ ... ပြီးသွားတာတော့မဟုတ်ဘူးမလား။

ဖန်လီထန်းသည် နောက်ထပ်တိုက်ကွက်ထုတ်ရန် အချိန်ရလေ၏။ ကုန်းယွမ်တု၏ စွမ်းအင်ဓားသွား နှစ်ခုက ဘာကောင်းမည်နည်း။ ကျန်သည့်သူများက ဇဝေဇဝါဖြစ်နေသေးစဉ် ဖန်လီထန်းက လက်သီးဆုပ်မိုးလျက်ပြောလိုက်၏။

“ကျုပ် အရှုံးဝန်ခံတယ်”

ဟွားဝူတောက်က ခေါင်းညိတ်ပြီး ရှင်းပြသည့်အခန်းကဏ္ဍကို တဖန်ယူလိုက်ပြန်၏။

“စိတ်နက်နဲမှုဉာဏ်အလင်းပွင့်ခြင်းနယ်ပယ်ရဲ့ အကန့်အသတ်ကိုရောက်နေပြီလေ”

ကျန်သည့်သူများက ထိုစကားကိုကြားသောအခါ သဘောပေါက်သွား၏။ သူတို့က ပြဿနာ တစ်ရပ်ကိုကျော်ကြည့်မိသွားသည်။ ဟွားဝူတောက်မှန်ပေ၏။ စိတ်နက်နဲမှုဉာဏ်အလင်းပွင့်ခြင်း နယ်ပယ်ကျင့်ကြံသူတစ်ဦးသည် တာအိုစည်းတံဆိပ်နှင့် စွမ်းအင်ဓားသွားနှစ်ခုကိုသာ အလွန်ဆုံး ထုတ်နိုင်၏။ ကုန်းယွမ်တု၏ အစီအရင်စည်းတံဆိပ်က ပြိုကွဲသွားပြီး သူ၏စွမ်းအင်ဓားသွားနှစ်ခုသာ ကျန်တော့သည်။ ထို့ကြောင့် သူက အသာစီးရနေ၏။

ဖန်လီထန်းက ပြုံးပြီးပြောလိုက်တော့သည်။

“ခင်ဗျားရဲ့နည်းလမ်းတွေက တကယ် ကျုပ်ကို အမြင်ကျယ်စေတာပဲ” ထိုသို့ပြောပြီးနောက် သူ နောက်ဆုတ်သွားသည်။

လန်လော့နှင့် ဖန်လီထန်းကဲ့သို့ အတွေ့အကြုံ ကြွယ်ဝသော ဆရာကြီးများက ဓားရေးယှဉ်မှုတွင် ကုန်းယွမ်တုကို မယှဉ်နိုင်ပါက ကျန်သည့်သူများအတွက်ဆို မဖြစ်နိုင်ပေ။ လူငယ်ကျင့်ကြံသူများ၏ အတွေ့အကြုံကို ပါရမီတစ်ခုတည်းဖြင့် တိုင်းတာ၍ မရပေ။

ဟွားဝူတောက်က လက်သီးဆုပ်မိုးလိုက်၏။

“ကျုပ်ကို ကျော်လိုက် ... ကျုပ်က ခုခံတဲ့နေရာမှာပဲတော်တယ်။ ဒါအပြင့် ကျုပ်ရဲ့လျှို့ဟယ်တာအို စည်းတံဆိပ်က သူ့ရဲ့အထူးအာနိသင်ကိုထုတ်ဖော်ဖို့အတွက် နတ်ဝိညာဉ်နယ်ပယ်ဝဋ်ကြွေးချေ နယ်ပယ်ကျင့်ကြံဆင့်ရှိဖို့လိုတယ်။ ဓားရေးယှဉ်တဲ့နေရာမှာ အရူးတစ်ယောက်သာသာပဲ”

လက်တစ်ချက်ဝေ့ပြီးနောက် သူက နောက်ဆုတ်သွားတော့သည်။

အဖိုးအိုသုံးဦးလုံးက ကုန်းယွမ်တုကို မယှဉ်နိုင်ကြပေ။ အနည်းငယ်အနေခက်သည့်လေထုက ဖြစ်တည်လာလေ၏။

ကုန်းယွမ်တုက ရယ်မောပြီး ပြောလိုက်တော့သည်။

“ငါက နှစ်ပေါင်းတစ်ရာလောက် ဓားသင်္ချိုင်းထဲမှာ ဓားသိုင်းကိုပဲ ကြိုးကြိုးစားစားကျင့်ကြံခဲ့တာ။ မင်းတို့ အနိုင်ယူနိုင်တာ အံ့ဩစရာမဟုတ်ဘူး”

တွမ့်မူရှန်းက သူ၏နယ်ရှင်လှံကိုဝေ့ယမ်းပြီး နှာခေါင်းရှုံကာပြောလိုက်တော့၏။

“ခင်ဗျား တတ်သမျှက အဲဒီအပြောတွေပဲ ... ဒါက ကျင့်ကြံဆင့်အစစ်အမှန်နဲ့ ယှဉ်ပြိုင်တာ မဟုတ်ဘူးလေ။ ခင်ဗျား စစ်မြေပြင်ထဲမှာဆိုရင် မျှတလားမမျှတဘူးဆိုတာ ဘယ်သူက ဂရုစိုက် မှာလဲ” သူ့စကားကမှန်ပေ၏။ အစစ်အမှန်တိုက်ပွဲတစ်ပွဲတွင် သူတို့၏ကျင့်ကြံဆင့်ကို ဖိနှိပ်ပြီးတတ်စွမ်းသမျှတိုက်ခိုက်မည်မဟုတ်ပါလော။ ကျင့်ကြံဆင့်ကို မည်သူကများဖိနှိပ်ပြီး မည်သူကများ သူတို့အစွမ်းကုန် မတိုက်ခိုက်ဘဲနေမည်နည်း။

ဘန်း

နယ်ရှင်လှံက ကျောက်သားကြမ်းပြင်ကိုထိသွားသည်။ တွမ့်မူရှန်း၏ ကနဦးချီများက သူ၏ပတ်ဝန်းကျင်ဆီ ပျံ့နှံ့သွားတော့၏။

ကျန်သည့်သူများက နောက်ဆုတ်လိုက်တော့သည်။

ဖန်လီထန်းနှင့်လန်လော့က တွမ့်မူရှန်းလောက် စွမ်းအင်များများစားစားမရှိပေ။

တွမ့်မူရှန်းနှင့် အနက်ရောင်ခေါင်းတလားက တစ်ယောက်နှင့် တစ်ယောက် မျက်နှာချင်းဆိုင်နေပြီး ကျန်သည့်သူများကမူ အဝေးကနေ ကြည့်နေ၏။

ခဏတာတိတ်သွားပြီးနောက် ကုန်းယွမ်တုကပြောလိုက်တော့သည်။

“ငါက မင်းနဲ့ခွန်အားအပြည့်တိုက်ခိုက်ရမယ်ဆိုရင် မင်း သေမှာသေချာတယ်။ ဒါကြောင့် ငါ တိုက်ခိုက်မှာ မဟုတ်ဘူး”

ခေါင်းတလားက မလှုပ်ရှားပေ။ သူက တွမ့်မူရှန်းကို စဉ်းစားရန်အချိန်ပေးနေပုံပေါ်၏။

မင်းလုပ်ရဲလား ...

မိစ္ဆာဝေဟင်မျှော်နန်းမှသူများသည် တွမ့်မူရှန်း၏စိတ်နေစိတ်ထားဘာမှန်းကောင်းကောင်း သိကြ သည်။ သူတို့ခေါင်းခါပြီး စိတ်ထဲသက်ပြင်းချလိုက်တော့သည်။

တွမ့်မူရှန်းက လက်တစ်ဖက်မြှောက်လိုက်၏။ သူ၏ထိန်းချုပ်မှုအောက်တွင် နယ်ရှင်လှံက မြေကြီးပေါ်ကြွတက်လာပြီး သူ့လက်ထဲပါလာ၏။

လွှမ်းမိုးနိုင်သောစွမ်းအင်က နယ်ရှင်လှံကိုရစ်ပတ်ထားလေ၏။

“ဒါဆို ... စမ်းကြည့်တာပေါ့”

ဝှစ် .....

ပေသုံးဆယ်ခန့်ရှိသည့် စိတ်ဝိညာဉ်သဏ္ဌာန်က တွမ့်မူရှန်းနောက်၌ပေါ်လာသည်။ ၎င်း၏ခြေထောက် အောက်၌ ရွှေရောင်ကြာပွင့်ရှိနေပြီး ဓားသွားနှစ်ခုက ဖြည်းဖြည်းချင်းလှည့်ပတ်နေလေ၏။

ကျန်သည့်သူများက တွမ့်မူရှန်း ထိုမျှ ရဲတင်းစွာ ပြုမူလိမ့်မည်ဟု မထင်ထားပေ။ သူဤမျှ အကြောက်တရား ကင်းမဲ့လိမ့်မည်ဟု သူတို့မထင်ထားကြချေ။

လေထုက တင်းမာလာပြီး အသေးငယ်ဆုံးမီးပွားကတောင် မီးထတောက်နိုင်၏။

“တွမ့်မူရှန်း ... ငါပြောတာနားထောင် စိတ်လိုက်မာန်ပါ မလုပ်နဲ့” ဟွားဝူတောက်က အကြံပေးလိုက်၏။

ဆိုရလျှင် ကုန်းယွမ်တုသည် မြောက်ပိုင်းမြို့တော်၏ ပါရမီရှင်ဓားကျင့်ကြံသူတစ်ယောက်ဖြစ်သည်။ သူသည် စိတ်နက်နဲမှုဉာဏ်အလင်းပွင့်ခြင်းနယ်ပယ်၌ ဓားရေးယှဉ်ရန် စည်းမျဉ်းသတ်မှတ်ပေးခြင်း က အခွင့်အရေးတစ်ခု ပေးပြီးသားဖြစ်သည်။ တွမ့်မူရှန်းက ဤနေရာ၌ အသက်နှင့်ရင်းပြီး အဘယ်ကြောင့် တိုက်ခိုက်ရမည်နည်း။ ယင်းက မတန်ပေ။

“ကျုပ်ကို ဖျောင်းဖျနေဖို့မလိုဘူး ... အကြီးအကဲဟွား ကျုပ် မတိုက်ခိုက်ရင် ဘယ်သူက တိုက်ခိုက်မှာလဲ”

ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်တို့ မိစ္ဆာဝေဟင်မျှော်နန်းတွင်မရှိဘဲ သူတို့ရှစ်စွင်းကလည်းမရှိလေရာ တွမ့်မူရှန်းကသာလျှင် အကြီးဆုံးတာဝန်ကိုယူထားရတာဖြစ်သည်။ ပုံမှန်ဆို ဖန်လီထန်းနှင့်လန်လော့ က သူ့ရှေ့တွင်ရပ်ပိုင်ခွင့်ရှိ၏။ သို့သော် သူတို့ကျင့်ကြံဆင့်များကပြန်ကောင်းရန် ဝေးလွန်းနေသေး သည်။ ထို့ကြောင့် သူတို့ကကြည့်နေရုံမှလွဲပြီး ဘာမှမတတ်နိုင်ပေ။

“ကောင်းတယ် ... သိပ်ကောင်းတယ်” ကုန်းယွမ်တုက ကျယ်လောင်စွာပြောလိုက်လေ၏။

“ငါက အစ်ကိုကျိကို လျှော့တွက်ခဲ့မိတာပဲ ... သူ့မှာ ဒီလိုတပည့်မျိုးရှိနေတာဆိုတော့ ဒီလိုဆိုရင် ဓားရဲ့ မှန်ကန်တဲ့လမ်းကြောင်းဘာဆိုတာမင်းကိုပြမယ်” ခေါင်းတလားနားရှိ ကနဦးချီများက စတင်ပေါ် ထွက်လာသည်။ ယင်းက ယခင်ကနှင့်ယှဉ်လျှင် မိုးနှင့်မြေပမာကွာခြားသွားတော့၏။ သို့သော်ငြား ခေါင်းတလားက အနည်းငယ်ပျံတက်လာပြီး အရှေ့ဖက်မျှော်နန်းမှ နက်ရှိုင်းသည့်အသံတစ်သံက ပေါ်ထွက်လာလေ၏။

“နောက်ဆုတ်”

တွမ့်မူရှန်းက တုန်ယင်သွားပြီးဒူးတစ်ဖက်ထောက်လိုက်သည်။ “ရှစ်စွင်း”

လန်လော့၊ ဖန်လီထန်းနှင့် ဟွားဝူတောက်တို့ကလည်း အဝေးကိုလှည့်ကြည့်လိုက်ကြသည်။

ထိုသုံးယောက်မှအပ ကျန်သည့်သူများက လုကျိုးကို ဒူးထောက်ပြီးနှုတ်ဆက်လိုက်ကြသည်။

“မျှော်နန်းသခင်”

အရှေ့ဖက်မျှော်နန်းအထက်၌ လုကျိုးက လေပေါ်လျှောက်လှမ်းလာ၏။ သူတို့ဆီလာနေစဉ်၌ သူက ငှက်မွေးပမာပေါ့ပါးနေသည်။

ရှောင်ယွမ်အာက ရှေ့သို့လျှောက်လာပြီးစိတ်လှုပ်ရှားစွာပြောလိုက်တော့၏။

“ရှစ်စွင်း ... ဒီကိုနောက်ဆုံးတော့ ရောက်လာပြီပဲ။ ဓားသင်္ချိုင်းက အရူးကြီးက ပြဿနာလာရှာနေတာ”

လုကျိုးက ဆင်းသက်လိုက်သည်။ သူက လက်နောက်ပစ်ထားလျက် သူတို့ဆီလျှောက်သွားလိုက် တော့၏။

လန်လော့နှင့် ကျန်သည့်သူများက လုကျိုးဖက်လှည့်ပြီး လက်သီးဆုပ်မိုးလျက် နှုတ်ဆက်လိုက်တော့သည်။

လုကျိုး၏အကြည့်ကခေါင်းတလားပေါ်ရောက်သွားတော့သည်။ သူက အတန်ငယ်လေ့လာပြီး နောက် နောက်ဆုံးတွင် ပြောလိုက်တော့သည်။

“သေရည်ပြင်လိုက်...”

ခေါင်းတလားထဲကနေ ကုန်းယွမ်တု၏ရယ်သံကပေါ်ထွက်လာ၏။ သူက စကားပြောချိန်တွင် သူ၏ အသံက အနည်းငယ်တုန်နေသည်။ သူဒေါသထွက်နေခြင်းကြောင့်လည်းဖြစ်နိုင်ပေလော ... သို့တည်း မဟုတ် စိတ်လှုပ်ရှားခြင်းကြောင့်ပေလောဆိုတာမည်သူမှမသိပေ။

“ခင်ဗျားတစ်ယောက်ပဲ ကျုပ်ကိုနားလည်တာ အစ်ကိုကျိ”

အမျိုးသမီးကျင့်ကြံသူများသည် နှစ်တရာသေရည်ကိုယူရန်အတွက် မြောက်ပိုင်းမျှော်နန်းဆီသို့ အမြန်သွားလိုက်သည်။ ပြီးနောက် စားပွဲတစ်လုံးနှင့်ခုံအချို့ကို မဟာခန်းမအပြင်ဖက်၌ ပြင်ဆင်လိုက်တော့၏။

လုကျိုးက မုတ်ဆိတ်သပ်ကာပြောလိုက်သည်။

“မင်းက အကြီးတစ်ယောက်ပဲ ... ဒါတောင် အငယ်တွေကိုအနိုင်ကျင့်သေးတယ်။ မင်းကိုယ်စား ရှက်မိတယ်”

ခေါင်းတလားက ဖြည်းဖြည်းချင်း ဆင်းသက်လာတော့သည်။

ကျန်သည့်သူများက တိတ်နေလေ၏။ ကျန်သည့်သူများက အစောတုန်းကကုန်းယွမ်တုသည် ဖိနှိပ်၍မရအောင် ထောင်လွှားနေ၏။ ယခုမူသူက အနည်းငယ်ရိုကျိုးလာပုံပေါ်သည်။ သူတို့ရှစ်စွင်းကသာ ကုန်းယွမ်တုကို ထိန်းနိုင်သည့်သူဖြစ်နိုင်လောက်သည်။

“အစ်ကိုကျိ ... ခင်ဗျားက ကတိဖျက်တတ်တဲ့သူ မဟုတ်ဘူးလေ”

လုကျိုးရဲ့အမူအရာက မပြောင်းမလဲရှိ၏။ အမှန်တကယ်တွင် ယခုအခေါက်၌ သူကျင့်ကြံတာ အဘယ်ကြောင့် ထိုမျှကြာသွားမှန်း မသိပေ။ အံ့ဩစရာကောင်းသည်က သူက ရက်အနည်းငယ်သာ ကုန်သွားခဲ့သည်ဟု ခံစားမိတာဖြစ်သည်။ မျက်လုံးပြန်ဖွင့်တော့မှ တလကုန်သွားပြီမှန်းသိလိုက်ရ၏။

လုကျိုးက ထိုအရေးကိစ္စကိုဖြေရှင်းမနေတော့ဘဲ လက်ဝှေ့ယမ်းလိုက်သည်။ လက်တစ်ချက်အဝေ့၌ သေရည်ကရားက စားပွဲပေါ်လွင့်ပျံလာ၏။

“မင်း ခေါင်းတလားထဲမှာ တသက်လုံးပုန်းနေဖို့ စီစဉ်ထားတာလား”

သေရည်၏သင်းပျံ့သောရနံ့က ပေါ်ထွက်လာသည်။

ဘေးနားရှိ ဖန်လီထန်းက သောက်ရန် တောင့်မခံနိုင်တော့ပေ။ သူကရယ်မောပြီးပြောလိုက်တော့၏။

“ခင်ဗျားက ကြင်နာတတ်တဲ့သူပဲ။ အစောတည်းက သိမယ်ဆိုရင် ဓားရေးယှဉ်မဲ့အစား အသောက်ပြိုင်လိုက်ပါတယ်”

အခန်း (၃၀၀) အရောင်အစစ်အမှန်

သေရည်က စိတ်ကြည်နူးစရာတစ်ခု ဖြစ်၏။ ဟိုးပဝေသဏီခေတ်ကတည်းက ပညာသင်သားများနှင့် ကဗျာဆရာများက သောက်သုံးခဲ့ကြသည်။ သိုင်းလောကသားများ ဓား သို့မဟုတ် စကားနှင့် တိုက်ခိုက်သည့်အခါ၌ပင် အစားထိုးမရသည့် ပစ္စည်းအဖြစ် သတ်မှတ်၍ ရလေသည်။

လုကျိုးက ဖြည်းဖြည်းချင်း ထိုင်လိုက်သည်။ သူက လက်ကို ဝေ့လိုက်သည့်အခါ သေရည်အိုးက သူ့ထိန်းချုပ်မှုအတိအကျအောက် ခွက်များဆီ လောင်းချလိုက်သည်။

ခွက်နှစ်ခွက်လုံး အပြည့်ဖြစ်သွားလေပြီ။

သေရည်ရနံ့လေးက လေထဲသင်းလာသည်။

ဖန်လီထန်းက ဘေးနားတွင် သရေကျလုမတတ် ဖြစ်နေသည်။ သူက ရောက်လာသူသည် အကြံဆိုးဖြင့် ရောက်လာကြောင်း မသိထားလျှင် သူက အပြေးသွားကာ သောက်မိလောက်သည်။

လုကျိုးက ခွက်ကို မြှောက်လိုက်ကာ တစ်ငုံသောက်လိုက်သည်။

ဒေါက် ဒေါက် ဒေါက်

ခေါင်းတလားက ထူးထူးဆန်းဆန်း အသံများ လုပ်နေသည်။

ကုန်းယွမ်တု၏ သေရည်တပ်မက်မှုက ဖန်လီထန်းထက် မနိမ့်ကျပေ။ လေထဲထိုးထွက်လာသည့် သေရည်ရနံ့လေးက သောက်ချင်စိတ်ကို နှိုးဆွပေးနေသည်။

လုကျိုးက သေရည်ကို မျိုမချလိုက်ဘဲ အသာထွေးထုတ်လိုက်သည်။

ဖူး

သေရည်က ဓားသုံးလက်အသွင် ပြောင်းသွားကာ ခေါင်းတလားထံ ဘယ်၊ ညာနှင့် အလယ်သို့ ဝင်ရောက်သွားသည်။

ဘန်း ဘန်း ဘန်း

ခေါင်းတလားဆီ စွမ်းအားဓား သုံးလက် ထိုးစိုက်သွားသည်။

ဟွားဝူတောက်က ချီးကျူးလိုက်၏။

“ မျှော်နန်းသခင်ရဲ့ ဓားရေးကျွမ်းကျင်မှုအဆင့်ကို မေ့တော့မလို့။ ယွင်ဂိုဏ်းရဲ့ လော့ချန်းချင်က ယွီရှန်းရုန်ရဲ့ ဓားရေးကို တစ်ကြိမ်မက ချီးကျူးဖူးတယ်။ တပည့်ရဲ့ အရည်အချင်းက ဆရာထက် ဘယ်လိုလုပ်သာလွန်နိုင်မှာလဲ”

အကယ်၍ တပည့်၏ အရည်အချင်းက ကြောက်မက်ဖွယ်ဖြစ်နေလျှင် ဆရာကလည်း သာမန် မဖြစ်နိုင်ပေ။

ကုန်းယွမ်တုက အသံဩဩဖြင့် ပြောလိုက်သည်။ “ ငါတော့ အံ့အားသင့်မိသွားပြီ။ သာမန်ဓားပါရမီရှင်တွေက ချီကိုပဲ စွမ်းအားအဖြစ် စုစည်းနိုင်ကြတာ။ စစ်မှန်တဲ့ ဓားပါရမီရှင်ကသာ အရာရာကို ဓားအဖြစ် ပြောင်းလဲပစ်နိုင်တယ် ”

လုကျိုးက ထိုစကားများကြောင့် စိတ်လှုပ်ရှားသွားခြင်းမျိုး မရှိပေ။ ထို့အစား သူက မုတ်ဆိတ်သပ်ကာ “ ဒါ မပြောပလောက်ပါဘူး။ ပြောဖို့ အရမ်းသေးနုတ်လွန်းတယ်။ မင်း ဒီဟာကို အလွယ်လေး တားနိုင်မှာပါ”

ဒါပေမဲ့ သူက ဘာလို့ မလုပ်နိုင်တာလဲ …

ဝုန်း

ခေါင်းတလား အဖုံးက ပွင့်လာသည်။ ခေါင်းတလားထဲမှ အမျိုးသား ထွက်လာသည့်အခါ ဘေးပတ်ဝန်းကျင်ရှိ စွမ်းအားလှိုင်းများက ထွက်ပေါ်လာသည်။

ကုန်းယွမ်တုက ချက်ချင်းဆိုသလို အားလုံးရှေ့မှောက် ပေါ်ထွက်လာသည်။ သူက ဆံပင်များရှုပ်ပွကာ မျက်နှာထားခက်ထန်လှပြီး ကျောက်ခေတ်လူသားနှင့် တူနေသည်။ မုတ်ဆိတ်များက သူ့မျက်နှာအပြည့် ဖြစ်နေသည်။ သူ့ဝတ်စုံက စုတ်ပြဲနေလေသည်။ သူ့လက်များက ပေပွနေပြီး အရေပြားပင် မမြင်ရတော့ပေ။ ဤသည်မှာ မြောက်ပိုင်းမြို့တော်၏ နာမည်ကျော် ဓားပါရမီရှင် ကုန်းယွမ်တု၏ ပုံစံအစစ်အမှန် ဖြစ်ပေသည်။ သူက မာမီနှင့် တူ၏။

အခြားလူများက နောက်ဆုတ်လိုက်ကြသည်။

ဤသည်မှာ ခေါင်းတလားထဲ ကြာရှည်စွာနေခဲ့သည့် ရလဒ် ဖြစ်ပေသည်။

သာမန်ကျင့်ကြံသူများက စိတ်နက်နဲမှု ဉာဏ်အလင်းပွင့်နယ်ပယ်အဆင့်ထဲ စားသုံးမှု လျော့ချနိုင်ကြသည်။ ဗြဟ္မာပင်လယ်နယ်ပယ်အဆင့်တွင် ကျင့်ကြံသူက သုံးရက်မှ ငါးရက်အတွင်း တစ်နပ်လောက်ဖြင့် ရှင်သန်နိုင်လေသည်။ နတ်ဒေဝါဦးတည်နယ်ပယ်အဆင့်မှာတော့ ဆယ်ရက်မှ တစ်ကြိမ်လောက်စားလျှင် လုံလောက်လေပြီ။ နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ်အဆင့်၌ ကျင့်ကြံသူက ချီစွမ်းအားဖြင့် ဝမ်းရေးထိန်းထားနိုင်သည်။ သို့သော်လည်း ကျင့်ကြံသူများက အစားအစာအစစ်အမှန်များကို လိုအပ်နေဆဲ ဖြစ်၏။ ကုန်းယွမ်တုအနေနှင့် ဒီခေါင်းတလားထဲ တစ်ချိန်လုံး မည်သို့အသက်ရှင်ခဲ့သည်ကို တွေးကြည့်ဖို့ ခက်လှသည်။

သူက သင်္ချိုင်းထဲက ကြွက်တွေ၊ ပိုးမွှားတွေ ဖမ်းစားခဲ့တာလား …

ကုန်းယွမ်တုက ဒီလိုမျိုး နေထိုင်ခဲ့သည်ကို တွေးကြည့်ဖို့ ခက်ခဲနေသည်။ ကံကောင်းစွာဖြင့် ကုန်းယွမ်တုဆီမှ အနံ့ဆိုးများကို သူတို့ကာကွယ်ရေးစွမ်းအားများမှ ကာဆီးပေးထားသည်။ ယခု အားလုံးက သူ့ကိုသာ အာရုံစိုက်ထားကြလေသည်။

ကုန်းယွမ်တုက မျက်လုံးဖွင့်လာသည်။ သူက အလင်းရောင်ကြောင့် စိတ်အနှောင့်အယှက်ဖြစ်နေပုံရ၏။ သူ့ကိုယ်သူ အလင်းထဲ နေသားကျဖို့ အချိန်ယူလိုက်ရသေးသည်။ ထို့နောက် သူက စားပွဲကို ကြည့်လိုက်ပြီးနောက် လုကျိုးကို ကြည့်လိုက်သည်။ သူက ထိုင်ခုံပေါ်တွင် ဖြည်းဖြည်းချင်း ဝင်ထိုင်ကာ ပြောလိုက်သည် “အစ်ကိုကျိက ပြောင်းလဲသွားပြီပဲ ”

“အိုး ”

“ ဒါပေမဲ့ ငါတော့ လက်မလွှဲနိုင်တော့ဘူး ” ကုန်းယွမ်တုက ညာဘက်လက်ကို မြောက်လိုက်သည့်အခါ သေရည်ကရားက သူ့အပေါ် ရောက်လာသည်။ သေရည်ကရားမှ သေရည်များကို ရေတံခွန်အလား လောင်းချလိုက်သည်။

ဂလု ဂလု ဂလု

“ကောင်းလိုက်တာ ”

ထိုအရာနှင့် ယှဉ်လိုက်လျှင် လုကျိုး၏ ဖြည်းဖြည်းချင်း သောက်နေသည့် အပြုအမူက ပို၍ ကြော့ရှင်းလေသည်။

သေရည်ကရားက ဗလာကျင်းသွားလေပြီ။ ထို့နောက် လက်တစ်ချက်အဝေ့ဖြင့် သေရည်ကရားက ဘေးဘက် လွင့်စဉ်သွားပြီး ကုန်းယွမ်တု ထားလိုသည့် နေရာဆီ ကွက်တိကျရောက်သွားသည်။

“အစ်ကိုကျိ ငါ့ကျင့်ကြံဆင့်က အရင်ကလို မဟုတ်တော့ဘူး။ တကယ့်လက်နက်နဲ့ တိုက်ရင် ငါ ရှုံးမှာ အသေအချာပဲ”

သူက ပြောနေရင်း သူ့မျက်နှာမှ အညစ်အကြေးဖတ်များ ကွာကျလာသည်။

လုကျိုးက သက်ပြင်းချကာ “ မင်း ကန့်သက်ချက်က မင်းအပေါ် မူတည်နေတယ်ဆိုတာ သိတယ်မလား။ ဘာလို့ ခေါင်းမာနေရတာလဲ”

ကုန်းယွမ်တုက သက်ပြင်းအရှည်ကြီးချကာ “ အစ်ကိုကျိက ငါ့လို မဟုတ်တော့ဘူး ”

“အိုး ”

“အစ်ကိုကျိက ငါ့လိုမျိုး ရက်စက်တယ်၊ ဆုံးဖြတ်ချက် ပြတ်သားတယ်၊ သွေးအေးတယ်။ ဒါပေမဲ့ ရန်သူကို ကြင်နာပြတာက ကိုယ့်ဘာသာ ရက်စက်မှုကို ဆောင်ကြဉ်းလိုက်သလိုပဲ။ အဲဒီတုန်းက ငါ ရှုံးသွားတော့ ငါ့ကို သတ်လိုက်သင့်တာ … အဲလိုသာ လုပ်ခဲ့ရင် ငါတို့ ဒီလိုအခြေအနေ ဖြစ်မလာနိုင်ဘူး ”

လုကျိုးက သေရည်ခွက် မြောက်လိုက်ပြီး ဖြည်းဖြည်းချင်း ပြောလိုက်သည်။ “ မင်း နားမလည်ပါဘူး ”

ကုန်းယွမ်တုက နားရှုပ်သွားလေသည်။

လုကျိုးက ဆက်ပြောလိုက်သည်။ “ တကယ်လို့ မင်း သေသွားရင် ငါ ပြိုင်ဘက် ရှိတော့မှာ မဟုတ်ဘူး။ ထိပ်ဆုံးမှာရှိရတာ အထီးကျန်တယ်။ အရမ်းပျင်းစရာကောင်းတယ်မလား ”

“ အစ်ကိုကျိက ကြင်နာတတ်လွန်းတယ်” ကုန်းယွမ်တုက သူ့ထက် ဂုဏ်သတင်းကျော်လွန်ကာ တစ်မိုးအောက် အကြီးမားဆုံး မိစ္ဆာအိုကြီး၏ ပြိုင်ဘက်အဖြစ် သတ်မှတ်ခံရသည့်အတွက် စိတ်ပေါ့ပါးသွားသည်။ သို့သော်လည်း သူ့မျက်နှာပေါ်ရှိ အညစ်အကြေးအလွှာနှင့် ခေါင်းတလားထဲတွင် ကြာရှည်စွာ နေလာမှုကြောင့် သူ့အမူအရာ အပြောင်းအလဲကို သတိမပြုမိနိုင်ပေ။ သူက လက်ဝေ့ကာ “နောက်ထပ် သေရည်ချပါဦး ”

အမျိုးသမီး ကျင့်ကြံသူများက ရာစုနှစ်သက်တမ်းရှိ သေရည်ကရားများ သယ်ဆောင်လာကြသည်။

ဖန်လီထန်းက အားကျနေလေသည်။ သူက ဒီလိုမျိုး သောက်ပစ်ဖို့ မိစ္ဆာဝေဟင်မျှော်နန်းတွင် ရာစုနှစ် သက်တမ်းရှိ သေရည်ကရားများ လုံလောက်သည်ဟု မထင်ပေ။

ကုန်းယွမ်တု ဖန်လီထန်း မည်သို့ခံစားနေရသည်ကို ဂရုမစိုက်ပေ။ သူက နောက်ထပ် သေရည်ကရားကို ဆွဲယူလိုက်ပြီး အချိန်တိုအတွင်း အကုန်ပြောင်စင်အောင် သောက်ပစ်လိုက်သည်။ ထို့နောက် သူက လက်နှစ်ဖက်ယှက်ကာ “ အစ်ကိုကျိ ဒီသေလူရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးနိုင်မလား ”

“ အဲလိုဆိုရင်တော့ ငါ ဖြည့်ဆည်းပေးမယ် ” လုကျိုးက တည်ငြိမ်စွာ ပြောလိုက်သည်။

“ အရင်လိုပဲ ဓားအကြောင်း ဆွေးနွေးကြမယ်” ကုန်းယွမ်တုက လန့်လော၊ ဖန်လီထန်းနှင့် ဟွားဝူတောက်တို့ကို ကြည့်လိုက်သည်။ ဟွားဝူတောက်က ရှေ့တိုးလာကာ စောစောလေးက အဖြစ်အပျက်အကြောင်း ပြန်ပြောပြလိုက်သည်။

ဟွားဝူတောက်၏ ရှင်းပြချက် မပါရှိဘဲဖြင့်လည်း လုကျိုးက ကုန်းယွမ်တု၏ ဆိုလိုရင်းကို နားလည်လေသည်။ သူက ကုန်းယွမ်တု၏ ကျင့်ကြံဆင့်သည် ဓားသင်္ချိုင်းမှာ တွေ့ဆုံစဉ်ကတည်းက ဆုတ်ယုတ်နေပြီဖြစ်ကြောင်း သိထား၏။ ကုန်းယွမ်တုက သူနှင့် ရင်ဆိုင်ရန် သူ ထုတ်သုံးနိုင်သည့် ဖျက်ဆီးရေး တိုက်ကွက်များ သိပ်မကျန်လောက်တော့ပေ။

ဝုန်း

ကုန်းယွမ်တုက လက်ကို မှောက်လိုက်သည့်အခါ သူ့ရှေ့ရှိ သေရည်ကရားက လွင့်စဉ်သွားလေသည်။ သေရည်များ စီးထွက်လာကာ စွမ်းအားအဖြစ် ပြောင်းလဲသွားသည်။ ထို့နောက် မြေကြီးပေါ်တွင် ထိုက်ကျိစည်းတံဆိပ် တစ်ခု ပေါ်ထွက်လာသည်။ ထို့နောက် လက်နက်နှစ်ခုနှင့် ဖြစ်စဉ်လေးခုအဖြစ် ပြောင်းလဲသွားသည်။ စည်းတံဆိပ် ဖြစ်လာသည့်အခါ သူ့ရှေ့ရှိ စွမ်းအားဓားများက ပုံပေါ်လာသည်။ နည်းစနစ်အတူတူသာ ဖြစ်၏။

တစ်မိုးအောက် မိစ္ဆာအိုကြီးက ဘယ်လိုရင်ဆိုင်မှာလဲ …

စောစောလေးက ဒီတိုက်ကွက်ကြောင့် ရှုံးနိမ့်ထားသည့် ဖန်လီထန်းလည်း မျက်လုံးအပြူးသား ဖြစ်လာမိသည်။ သူက လုကျိုး၏ အပြုအမူများကို ကြည့်ချင်မိသည်။ သို့သော်လည်း လုကျိုးက လှုပ်ရှားမည့် အရိပ်အယောင်မပြဘဲ သေရည်ခွက်ကိုသာ အသာမြောက်လိုက်သည်။ သူက လုကျိုး၏ မျက်ဝန်းအတွင်း ယုံကြည်ချက်အရိပ်အယောင်တို့ မြင်နေရသည်။

ဝှီး ဝှီး ဝှီး

စွမ်းအားဓားများက လုကျိုးထံ ဝင်ရောက်လာသည့်အခါ လုကျိုးက ခွက်ကို ရုတ်ခြည်း ပစ်ပေါက်လိုက်သည်။ ထိုအခါ ထိုက်ကျိစည်းတံဆိပ် ပေါ်ထွက်လာ၏။

ဖန်လီထန်းက မျက်မှောင်ကြုတ်ကာ “ငါ့ခန့်မှန်းချက်က မှန်နေတာပဲ … ”

ဘန်း

ထိုက်ကျိစည်းတံဆိပ်က စွမ်းအားဓားများကို တားဆီးလိုက်သည့်အခါ လုကျိုးက လက်ဝါးချက်ဖြင့် ရိုက်ချလိုက်သည်။

ဘုန်း

အစီအရင်သွေးကြော ဖျက်ဆီးခံလိုက်ရပြီး ထိုက်ကျိစည်းတံဆိပ်လည်း ပျောက်ကွယ်သွားလေသည်။ ဓားအစီအရင် ဖြစ်စဉ်လေးခုလည်း ပျောက်ကွယ်သွားသည်။ ဤတစ်ကြိမ် ကုန်းယွမ်တုတွင် မည်သည့်စွမ်းအားဓားမှ မကျန်ရှိနေပေ။

တစ်ဖက်တွင် လန်လော့က လက်နောက်ပစ်ထားလျက် ပြောလိုက်သည်။ “ နည်းစနစ်တူတာတောင် လူမတူတော့ ကွာခြားချက်အကြီးကြီး ရှိလာတာပဲ ”

ဖန်လီထန်း၏ မျက်နှာက အနီရောင်သမ်းလာကာ “ ငါ့ကို လာစမ်းနေတာလား ”

လန်လော့က ဒီအခွင့်အရေးကို လက်လွှတ်ခံမည် မဟုတ်ပေ။ ဖန်လီထန်းလည်း သူ့အလှည့်တုန်းက အလွတ်မပေးခဲ့ပေ။

“စိတ်နက်နဲမှု ဉာဏ်အလင်းပွင့်နယ်ပယ်အဆင့်ရဲ့ ကန့်သတ်ချက်ကို ရောက်သွားပြီ … သရေပဲ ”

ကုန်းယွမ်တုက ခေါင်းခါလိုက်သည်။

“ ဒီတစ်ခါ ငါ ရှုံးပြီ ”

သူက လန်လော့နှင့် အခြားလူများကို ကြည့်ကာ ပြောလိုက်သည်။ “ဖြစ်စဉ်လေးခု အစီအရင်က ထိုက်ကျိစည်းတံဆိပ်ထက် အနည်းဆုံး စွမ်းအားလေးဆ ကုန်တယ်။ အစ်ကိုကျိက လက်ဝါးချက်လေးပဲ ထုတ်လိုက်ပေမဲ့ သူ သုံးလိုက်တဲ့ စွမ်းအားက ငါ့ထက် နည်းတယ်။ စွမ်းအားအနည်းဆုံးနဲ့ အကြီးမားဆုံး အင်အားကို ထုတ်လွှင့်နိုင်တာက … ငါ အရှုံးကို ဝန်ခံတယ် ”

လုကျိုးက ကုန်းယွမ်တု၏ ချီးကျူးမှုကြောင့် စိတ်လှုပ်ရှားသွားပုံမပေါ်ပေ။ ဤသည်မှာ ဓားကျင့်ကြံရေးနှင့် ပတ်သက်သည့် သူ့အတွေ့အကြုံနှင့် ဗဟုသုတတချို့သာ ဖြစ်၏။ သူ မျှော်လင့်မထားသည့် တစ်ခုတည်းသောအရာမှာ ဒီအခြေအနေတွင် အသုံးပြုလိုက်ရခြင်း ဖြစ်၏။

ကုန်းယွမ်တုက သေရည်ကရားကို မြောက်ကာ လေထဲ ပစ်လွှင့်လိုက်သည်။

ဝှီး

သေရည်များက ဖိတ်စင်ကုန်သည်။

“နောက်တစ်ခါ ”

သေရည်ကရားက ရုတ်ခြည်း ပေါက်ကွဲသွားကာ သေရည်များက ဓားချွန်များအဖြစ် ပြောင်းလဲသွားသည်။

All Chapters