အခန်း (၂၂၃-၂၂၅)
Vol. 15 Ch. 223-225
အခန်း (၂၂၃) နန်းတော်မှစစ်ကူများ
ကျင့်ကြံခြင်းလောက၌ အမျိုးစုံသော ကျင့်စဉ်များကိုကျွမ်းကျင်သည့် ကျင့်ကြံသူ မချို့တဲ့ပေ။ ပါရမီရှင်များစွာရှိ၏။ သို့သော် လက်တစ်ဆုပ်စာကသာလျှင် ကျင့်စဉ်မျိုးစုံကို တတ်ကျွမ်းကြတာပဲဖြစ်သည်။
လုကျိုးကဲ့သို့ ဘေးအန္တရာယ်မှ ကယ်ဆယ်ခြင်း၏ ကရုဏာလှေကို အလွယ်တကူ ထုတ်ဖော်နိုင်သည့်သူတစ်ဦးကို တွေ့ရန် ရှားပါးလွန်းသည်။ တစ်စုံတစ်ခုပေါ်၌ သူတို့အချိန်ကုန်နေသည့်အခါတွင် ကုသခြင်းကျင့်စဉ်ကို မည်သူကကျင့်ကြံမည်နည်း။ ခဏကြာပြီးနောက် အပြာရောင်အလင်းက မှိန်ဖျော့သွားတော့သည်။
ဖန်ကျုံး၏မျက်နှာ၌ အရောင်အသွေးများပေါ်လာပြီး သူ၏အသက်ရှူနှုန်းက ပိုမိုချောမွေ့လာတော့၏။
လန်လော့က ပြောလိုက်သည်။
“ဘေးအန္တရာယ်မှ ကယ်ဆယ်ခြင်း၏ ကရုဏာလှေက မဟာကုသခြင်းအာနိသင်ရှိနေတယ်ဆိုပေမဲ့ သူရဲ့အာနိသင်ကို ပြီးပြည့်စုံအောင် ထုတ်ဖော်ဖို့က ရှားပါးလွန်းတယ်” သူက ချီးကျူးရာတွင်ကပ်စေးနည်းနေတာ မဟုတ်ဘဲ သူပြောသည့်စကားတိုင်း၌ အဓိပ္ပာယ်ပါသည်။
လုကျိုးသည် ကုသပြီးသည့်အချိန်၌ လက်ကို ရုပ်လိုက်သည်။
ဖန်လီထန်း၏ မျက်နှာထက်၌ ပျော်ရွှင်သည့်အမူအရာပေါ်လာပြီးနောက် သတိအနေအထားကို ထိန်းလိုက်တော့သည်။ သူက ပြောလိုက်၏။ “ကျေးဇူးပါပဲ”
လုကျိုးက ဖန်လီထန်းကို တစ်ချက်ကြည့်လိုက်၏။
သစ္စာရှိမှု +ငါးရာခိုင်နှုန်း။
ဖန်လီထန်းသည် ကျင့်မင်တာအိုဂိုဏ်းမှ လာခြင်းဖြစ်သော်ငြား သူက ဂိုဏ်းဖျက်ဆီးခဲ့ရမှု အကြောင်းကို ဂရုမစိုက်ပုံရသည်။
ယင်းက အခုအခေါက်ရိတ်သိမ်းမှုများထဲမှ အကျိုးအမြတ်အဖြစ် လုကျိုးသတ်မှတ်လိုက်သည်။ ဆိုရလျှင် ဖန်လီထန်းက ကျင့်မင်တာအိုဂိုဏ်း၏ ပထမဆုံးလက်ရွေးစင်ဖြစ်ရာ သူက လန်လော့နှင့် တစ်တန်းတည်းယှဉ်နိုင်သည်ဟု သတ်မှတ်၍ရသည်။
လုကျိုးက စနစ်အသိပေးသံကိုကြားလိုက်ရ၏။ သူ၏လက်အောက်ငယ်သားက သူ့ကို ကုသိုလ်မှတ် နှစ်ထောင်ရစေခဲ့သည်။ ဆိုလိုသည်က လက်အောက်ငယ်သားက သူ့ကို ထိန်းကျောင်းဖို့က ခက်ခဲမှာပဲဖြစ်သည်။
သူက စိတ်ကျေနပ်စွာခေါင်းညိတ်လိုက်၏။ ‘ဒီတစ်ခေါက်အတော်လေးရလိုက်တာပဲ။ ငါက အသေရိုက်ချက်ကတ်တစ်ကတ်သုံးလိုက်ရတယ်’
ပြီးနောက် သူကပြောလိုက်၏။
“သူ့ကို ရွှေနန်းဥယျာဉ်တောင်ဆီ ပြန်ခေါ်သွား”
“ဟုတ်ကဲ့ ရှစ်စွင်း” ကျောင်းယွဲ့က လက်မြှောက်လိုက်၏။
ဖန်ကျုံး ကစွမ်းအင်တို့ဖြင့် ရစ်ပတ်ခံလိုက်ရပြီးနောက် တိမ်ခွင်းရထားလုံးဆီ သယ်ဆောင်ခံလိုက်ရသည်။
ဖန်လီထန်းက ချောင်းဟန့်လိုက်ပြီးနောက် တိမ်ခွင်းရထားလုံးကို ကြည့်လိုက်၏။
ငါ ဘယ်လိုလုပ် အဲဒီကိုတက်နိုင်မှာလဲ။ ငါ့ရဲ့အထောက်အထား အဆင့်အတန်းနဲ့ အကူအညီတောင်းဖို့ဆိုခက်နေမှာ။
ရှိချန်းသဲ့ရှီးရေကန်၏ မလှမ်းမကမ်းမှ လေချွန်သံ ကြားလိုက်ရ၏။
လန်လော့က ပြောလိုက်သည်။ “နန်းတော်က စစ်ကူတွေနေမယ်”
“ဘယ်သူက ဂရုစိုက်မှာလဲ။ ရောက်လာတာနဲ့သတ်လိုက်ရုံပေါ့” ရှောင်ယွမ်အာက နိဗာနခါးစည်းကို ထုတ်လိုက်၏။ ကြက်သွေးရောင်ခါးစည်းသည် လွင့်လူးနေပြီး လေထဲပျံနေလေ၏။
၎င်းကို ကြည့်ရုံဖြင့် ဖန်လီထန်းက မူးဝေလာသည်။ အရာအားလုံးက အနီရောင်စွေးစွေး ဖြစ်နေသည့်ပုံပေါ်နေ၏။ သူ့အကန့်အသတ်ကို ကျော်လွန်အောင် မသောက်ထားတာ သိသာနေသည်။ ထိုလေခွင်းသံက ထပ်မံပေါ်လာပြန်၏။
သူတို့ကို မျှားရန် ကြိုးစားနေမှန်း သိသာသည်။
“ရှစ်စွင်း အဲ့ဒါက ထောင်ချောက်တစ်ခုဖြစ်နိုင်တယ်။ ဂရုစိုက်ပါ” ရှောင်ယွမ်အာက လုကျိုးရှေ့တွင် ရပ်နေသည်က သူ့ကိုအံ့ဩသွားစေ၏။
“ဟုတ်ပြီလေ” လုကျိုးက လက်နောက်ပစ်ထားလျက် ရှိချန်းသဲ့ရှီးရေအိုင်၏ အရှေ့ဖက်ဆီသို့ လျှောက်သွားလိုက်သည်။
လန်လော့နှင့် ဖန်လီထန်းတို့က သူတို့နောက်က လိုက်သွားသင့်သလားဟု တွေးနေကြသည်။ ဆိုရလျှင် နှစ်ယောက်လုံးက တိုက်ပွဲဝင် ခွန်အားများများစားစား မရှိသည့်အဘိုးကြီးများသာ ဖြစ်သည်။ လန်လော့က ဒဏ်ရာတစ်ဝက်ပျောက်ကင်းပြီဖြစ်သော်ကြောင့် သူ၏ ကျင့်ကြံဆင့်က နှစ်ဆယ်ရာခိုင်းနှုန်းခန့် အနည်းငယ်ပိုတော်သည်။ သို့သော် ဖန်လီထန်းက သူတို့ကို ဝန်ပိစေမည့် ဘာမှမကောင်းသည့်သူဖြစ်သည်။
ရှောင်ယွမ်အာက လွတ်လပ်ပေါ့ပါးနေပုံရကာ သူမ၏ ရှစ်စွင်းနောက် လိုက်သွား၏။ ဤလောကထဲတွင် ရှစ်စွင်း၏ဘေးထက်ပိုလုံခြုံသည့်နေရာမရှိပေ။
လန်လော့က ပြုံးပြီးပြောလိုက်၏။ “ခင်ဗျား ကြောက်ရင် ဒီမှာစောင့်နေလို့ရတယ်”
“ရယ်စရာမပြောနဲ့။ ငါ ကြောက်တယ်ဆိုရင် မိစ္ဆာဝေဟင်မျှော်နန်းကို တစ်ယောက်တည်းလာမှာ မဟုတ်ဘူး” ဖန်လီထန်းက ပြန်ပက်လိုက်၏။
နှစ်ယောက်သားက အကြည့်ချင်းဖလှယ်ပြီးနောက် ရှိချန်းသဲ့ရှီးကန်၏ အရှေ့ဖက်ဆီသို့ လျှောက်သွားလိုက်သည်။
လေးယောက်သားက ပျက်စီးနေသည့်ဥယျာဉ်ကို ဖြတ်ကျော်လျက် နောက်ဆုံးတွင် ရောက်လာကြသည်။ တွမ့်မူရှန်းက တိမ်ခွင်းရထားလုံးမှ ကြည့်နေပြီး သူကော လိုက်သင့်သလားဟု တွေးနေသည်။ သူကရထားလုံးကို ပဲ့ကိုင်ရာ၌ မရင်းနှီးပေ။ သူက ပျံသန်းနိုင်သော်ငြား သူ၏ ရှစ်စွင်းနောက်လိုက်ရန် လမ်းကြောင်းသည် လေထဲမောင်းရန်က တောင်းဆိုချက်များလွန်းသည်။ အတော်ကြာစဉ်းစားပြီးနောက် နေနေရန်ဆုံးဖြတ်လိုက်၏။
လုကျိုးနှင့်ရှောင်ယွမ်အာက ရှေ့သို့လျှောက်သွားသည်။ သူတို့က စင်္ကြန်ရှေ့ကိုဖြတ်ကျော်သွားသည့် အချိန်၌ ဓားကိုင်ထားသည့် လူငယ်လေးတစ်ဦးကို မြင်နေရသည်။ သူက ပျင်းရိပျင်းရွဲ မှီနေလျက် ခြေထောက်ကို ခါနေသည်။ ထိုလူငယ်က လေချွန်ပြန်၏။
ရှောင်ယွမ်အာက မျက်စောင်းထိုးကာပြောလိုက်တော့သည်။
“အရှက်မရှိလိုက်တာ”
ထိုလူငယ်က ကျန်းအိုက်ကျန့်ပင်ဖြစ်သည်။
ကျန်းအိုက်ကျန့်က လုကျိုးကို အရိုအသေပေးပြီးနောက်ပြောလိုက်၏။
“လောင်ချန်းပေ့ရဲ့လက်ထဲကို ကျုပ်ရဲ့စာ ဘေးကင်းကင်းနဲ့ရောက်တယ်လို့မှတ်ယူလိုက်ပါတယ်။ မဟုတ်ရင် ဘယ်လိုလုပ်တွေ့နိုင်ပါ့မလဲ"
လုကျိုးက ကျန်းအိုက်ကျန့်ကို သိချင်စိတ်ဖြင့်မေးလိုက်တော့၏။ “ဒီမှာ မော့ချီရှိတယ်ဆိုတာ ဘယ်လိုလုပ်သိတာလဲ”
ကျန်းအိုက်ကျန့်က ကျောမတ်လျက်ပြောလိုက်တော့သည်။ “လွယ်ပါတယ်။ မော့ချီဆီက စာကို ကြားဖြတ်ယူလိုက်လို့လေ။ သူက အမျိုးမျိုးသော အင်အားစုတွေဆီက စစ်ကူတောင်းထားတာ။ သူ့ကို ကယ်နိုင်တဲ့တစ်ယောက်တည်းသောသူက မော့လီပဲ”
လုကျိုးက ခေါင်းညိတ်လိုက်၏။ ထိုစဉ် လန်လော့နှင့် ဖန်လီထန်းက လျှောက်လာလေ၏။
ကျန်းအိုက်ကျန့်က သူတို့ကို ကြည့်ပြီးပြောလိုက်၏။
"နှုတ်ဆက်ပါတယ် အကြီးအကဲဟွား” သူက သူတို့ဆီလျှောက်လာပြီးနောက် ဖန်လီထန်း၏ ရင့်ရော်သော လက်ကိုဆွဲကိုင်ပြီး နှုတ်ဆက်လိုက်သည်။
ဖန်လီထန်းက ကျန်းအိုက်ကျန့်၏ အမူအကျင့်ကြောင့် ဝေခွဲမရ ဖြစ်သွားတော့သည်။
ကျန်းအိုက်ကျန့်၏ အကြည့်က ဖန်လီထန်းဆီကနေ လန်လော့ဆီရောက်သွား၏။
“မဟူရာစစ်သည်တော်တွေရဲ့ခေါင်းဆောင် အရှင်ဖန်း နှုတ်ဆက်ပါတယ်”
“ပေါက်တက်ကရ”
ကျန်းအိုက်ကျန့်က ဖန်လီထန်းဘေးအမြန်နောက်ဆုတ်လိုက်၏။ သူက တိုးတိုးတိတ်တိတ်ရေရွတ် ပြောလိုက်၏။ “အကြီးအကဲဟွားက ဖော်ရွေမှန်းသိသာပဲ"
ဖန်လီထန်းက ယင်းကို သည်းမခံနိုင်တော့ဘဲ ကျန်းအိုက်ကျန့်ကို ကန်ထုတ်လိုက်တော့သည်။
“ဒီကောင်က ဘယ်ကနေထွက်လာတာလဲ”
ကျန်းအိုက်ကျန့်က ကြောင်အသွားလေ၏။ ‘ခင်ဗျား နှုတ်ဆက်လို့ဖော်ရွေတယ်လို့ ပြောလိုက်တာလေ။ ဒါက ခင်ဗျား ပြန်ပေးဆပ်တာတဲ့လား’
ရှောင်ယွမ်အာ စိတ်အားထက်သန်စွာပြောလိုက်၏။ "ဒါက ဖန်ကျုံးရဲ့ အဖိုး ကျင့်မင်တာအိုဂိုဏ်းရဲ့ ပထမဆုံးလက်ရွေးစင်လေ”
ကျန်းအိုက်ကျန့်က ခေါင်းကုတ်ပြီးနောက် မျက်နှာထက်တွင် ထိတ်လန့်သည့်အမူအရာပေါ်လာသည်။
“အဖိုးလား”
“အဓိပ္ပာယ်မရှိတာလေ”
ဖန်လီထန်းက ဒေါသထွက်သွား၏။
ကျန်းအိုက်ကျန့်က ကျင့်မင်တာအိုဂိုဏ်း၏ ပထမဆုံးထိပ်သီးသည် လွန်ခဲ့သည့်နှစ်ပေါင်းများစွာက ဂိုဏ်းထဲကထွက်သွားပြီး ပျောက်ကွယ်သွားတာ ရာစုနှစ်တစ်စုကြာနေပြီမှန်းသိသည်။ မည်သည့်နေရာသို့ သူသွားမှန်း မည်သူမှမသိပေ။ ပြောရန်မလို။ မိစ္ဆာဝေဟင်မျှော်နန်း၌ သူပေါ်လာလိမ့်မည်ဟု မထင်ထားချေ။ သူက ယခုအချိန်တွင် ဤသတင်းကို ပိုင်ဆိုင်ထားပြီဖြစ်သည်။ မိစ္ဆာဝေဟင်မျှော်နန်း၏ခေါင်းဆောင်နှင့် ထိုကျွမ်းကျင်သူများက မယှဉ်နိုင်သော်ငြားသူတို့က ပေါ့သေးသေးလူများမဟုတ်ပေ။
ဟင်း သိုသိုသိပ်သိပ်နေရင် အကောင်းဆုံးပဲ။ ပြောရရင် ငါ့ဘဝက အရေးကြီးတယ်
“တောင်းပန်ပါတယ်။ မျက်စိပါပေမဲ့ မမြင်လိုက်လို့ပါ။ ကျေးဇူးပြုပြီး အာဃာတမထားပါနဲ့။ ကျုပ်က ဖန်ကျုံးကို ကယ်လိုက်တဲ့သူလေ” ကျန်းအိုက်ကျန့်ကပြောလိုက်၏။
လုကျိုးက လှည့်ကြည့်ပြီးနောက် ပြုံးနေသည့် ကျန်းအိုက်ကျန့်ကို ကြည့်လိုက်သည်။
“မင်းက ဖန်ကျုံးကို ကယ်တယ်တဲ့လား”
ကျန်းအိုက်ကျန့်က ဆံပင်သပ်လိုက်ပြီးနောက် သူ့ကိုယ်သူအထင်ကြီးနေသည့်ပုံဖြင့်ပြောလိုက် တော့၏။
“ကျွန်တော်သာ သူ့ကို မြန်မြန်ဆန်ဆန် မကယ်ခဲ့ရင် သူသေနေလောက်ပြီ။ သူက နတ်ဒေဝါဦးတည်နယ်ပယ်မှာပဲ ရှိသေးတာ။ ဒါပေမဲ့ မော့ချီကို ချုံခိုတိုက်ခိုက်ချင်နေတာလေ။ သူ့ရဲ့ကိုယ်ပိုင်အကန့်အသတ်ကို သတိမပြုမိဘူးပဲ"
ဖန်လီထန်းက ထိုစကားကြောင့် ရန်စမခံလိုက်ရပေ။ ထိုအစားလက်သီးနှစ်ဖက်ဆုပ်ပြီး ကျန်းအိုက်ကျန့်ဖက်ကို လှည့်လိုက်၏။
ကျန်းအိုက်ကျန့်က ပြုံးကာပြောလိုက်တော့သည်။ “ဘာမှမဟုတ်ပါဘူး။ ဘာမှမဟုတ်ပါဘူး”
လုကျိုးက ပြောလိုက်၏။ "ဒီတော့ မင်းကို ကျေးဇူးတင်သင့်တယ်လို့ပြောနေတာလား”
ကျန်းအိုက်ကျန့်က အမြန်လက်ကာပြလိုက်သည်။
“မဟုတ်ဘူး။ မဟုတ်ဘူး။ မဟုတ်ဘူး။ ကျွန်တော့်ကို ကျေးဇူးတင်စရာမလိုပါဘူး။ ပြောရရင် ကျွန်တော်တို့အတူတူ ပူးပေါင်းခဲ့တာပဲလေ” သူ၏လေသံက နားထောင်သူများအဖို့ မသက် မသာဖြစ်စေ၏။ ကျန်းအိုက်ကျန့်က ပြောလိုက်သည်။ “ဒါက ခမ်းနားခြင်းတိမ်ဖွဲ့အစီအရင်ပဲ။ အပြည့် အဝ အသက်မဝင်သေးဘူး။ ဒါ့အပြင် မော့ချီလိုလူက ကျွန်တော်တို့လို ယင်ကောင်လေးတွေကြောင့် မရှုံးနိမ့်နိုင်ဘူးလေ။ ကျွန်တော် ဒီကို ဆွဲခေါ်တာက မြန်မြန်ထွက်သွားသင့်တယ်ပြောမလို့။ နန်းတော်က လူတွေရောက်လာခဲ့ရင် နောက်ကျသွားလိမ့်မယ်”
“မင်းမော့ချီရဲ့စာကို ကြားဖြတ်ယူထားတာမဟုတ်ဘူးလား”
“သူက တစ်စောင်ထက်ပိုပို့ခဲ့တာပဲလေ။ အားလုံးကို ကြားဖြတ်မယူနိုင်ဘူး”
အားလုံးက ဆွံ့အသွားကြသည်။
ထိုစဉ် လူတစ်စုက သူတို့ဆီရောက်ချလာ၏။
လန်လော့နှင့် ဖန်လီထန်းက မော့ကြည့်လိုက်သည်။ မြေပြင်က အနည်းငယ်တုန်လှုပ်သွားပြီး ရေကန်မျက်နှာပြင်က အနည်းငယ်တုန်လှုပ်သွား၏။
သို့သော် ကျန်းအိုက်ကျန့်က ကြောက်လန့်ပုံမပြပေ။ သူက ခြံစည်းရိုးကို မှီနေဆဲဖြစ်၏။ သူက ပုံမှန်ဆို ပထမဆုံးပြေးနေကြဖြစ်သည်။ သူကမေးလိုက်တော့၏။
“နန်းတော်က စစ်ကူတွေ ဒီရောက်လာနေပြီ။ မင်းမကြောက်ဘူးလား”
ဖန်လီထန်းက လန်လော့ဖက်ကို လှည့်ကြည့်ပြီးပြောလိုက်တော့၏။ “သူ မင်းကိုပြောနေတယ်”
လန်လော့က သူ့ကို လျစ်လျူရှုထားလိုက်သည်။
စစ်သည်တစ်ရာကျော်က သူတို့မြင်ကွင်းရှေ့၌ ပေါ်လာသည်။
အပြာရောင်ပန်းထိုးဝတ်ရုံကို ဝတ်ထားသည့် အမျိုးသမီးက ဦးဆောင်လျက် နောက်မှ အမျိုးသား လေးဦးက လိုက်ပါလာသည်။ သူတို့၏ အရှိန်အဝါအရ သူတို့အောက်မနိမ့်ကြောင်းပြောနိုင်၏။
လန်လော့နှင့် ဖန်လီထန်းက တည်ငြိမ်ပုံပေါ်အောင် အကောင်းဆုံးကြိုးစားခဲ့ပြီး လုကျိုးကို ကြည့်လိုက်သည်။ ကိစ္စရပ်များကို ဖြေရှင်းဖို့ရာ မိစ္ဆာကြီးဤနေရာတွင်ရှိနေတာ ကံကောင်းသည်ဟု ခံစားမိသည်။ မဟုတ်လျှင် သူတို့ အမြီးကုပ်ပြီးထွက်ပြေးရမှာပဲဖြစ်သည်။ မကြာမီ၌ စစ်သည်များက ရပ်တန့်သွားတော့၏။
မြင်းများက ဟီလာတော့သည်။
အမျိုးသမီးကခုန်ဆင်းလိုက်ပြီးနောက် ကျက်သရေရှိရှိလျှောက်လှမ်းလာ၏။ အကျင့်အတိုင်းပင် သူမက ကျန်းအိုက်ကျန့်ကို ကြည့်ပြီးနောက် လုကျိုးကို အရိုအသေပေးလိုက်တော့သည်။
“ကျင်းရီက လောင်ချန်းပေ့ကို နှုတ်ဆက်ပါတယ်”
ရှောင်ယွမ်အာက ပြုံးပြီးပြောလိုက်တော့၏။ “အစ်မဒီရောက်လာတာပဲ”
လန်လော့နှင့် ဖန်လီထန်းက ဇဝေဇဝါဖြစ်သွား၏။
ဘယ်အချိန်ကစပြီး မိစ္ဆာဝေဟင်မျှော်နန်းက တော်ဝင်ရုံးတော်နဲ့ ပူးပေါင်းသွားတာလဲ။
လုကျိုးသည် အန်းရန်၌ လီကျင်းယီ၏အသက်ကို ကယ်တင်ခဲ့ကြောင်း နှစ်ယောက်လုံး သတိမပြုခဲ့မိပေ။ ထို့ကြောင့် သူမ သူ့ကို နှုတ်ဆက်တာ သဘာဝကျ၏။
လုကျိုးက မုတ်ဆိတ်သပ်လျက်ပြောလိုက်တော့၏။ “မော့ချီကို ကူဖို့အတွက် ဒီရောက်လာတာလား”
လီကျင်းယီ၏ မျက်နှာထက်တွင်အနေခက်သည့် အမူအရာက ပေါ်လာသည်။ “အမိန့်အတိုင်း လိုက်နာရုံပါပဲ။ ရှိချန်းသဲ့ရှီးနားကပ်လာတဲ့ ဘယ်သူ့ကို မဆို သတ်ရမှာ။ လောင်ချန်းပေ့ ကျွန်မကို ကူညီပေးခဲ့တာကို မမေ့ပါဘူး။ ကျွန်မက ကျေးဇူးမသိတတ်တဲ့သူ မဟုတ်ပါဘူး။ အခု ရှိချန်းသဲ့ရှီး ရေကန်ကနေ ထွက်သွားသင့်ပါပြီ လောင်ချန်းပေ့။ ဒီက ကိစ္စတွေကို ဖြေရှင်းလိုက်ပါ့မယ်”
“ကူညီကယ်တဲ့လား” ဖန်လီထန်းက ချောင်းဆိုးမိသွား၏။ သူနေရာသို့ နေရာမှားရောက်လာသည်ဟု ထင်သွားသည်။
လီကျင်းယီက ဆက်ပြောလိုက်သည်။ “နန်းတော်ကနေ စစ်ကူတွေထပ်ရှိသေးတယ်။ သူတို့မကြာခင် ဒီကိုရောက်လာတော့မယ်လို့ ထင်တယ်”
…
အခန်း (၂၂၄) အမှောင်စစ်သည်တော် လေးယောက်
“ နောက်ထပ် တပ်ကူရှိနေသေးတာလား” ကျန်းအိုက်ကျန့်က အနည်းငယ် ကြောင်သွားလေသည်။
လီကျင်းယီက ကျန်းအိုက်ကျန့်ကို တစ်ချက်ကြည့်ကာ ခပ်ပြတ်ပြတ် ပြန်ဖြေလိုက်သည်။
ကျန်းအိုက်ကျန့်က လက်နှစ်ဖက်ယှက်ကာ ပြောလိုက်သည်။ “အာ … ကျုပ် လုပ်စရာလေး ရှိသေးလို့။ အရင်သွားနှင့်မယ် ”
“ခဏနေဦး” လုကျိုးက ပြောလိုက်သည်။
ကျန်းအိုက်ကျန့်က အပြစ်ရှိဟန်ဖြင့် လှည့်လာကာ မေးလိုက်သည်။
“လောင်ချန်းပေ့ …တစ် … တစ်ခုခုများ ပြောချင်တာ ရှိလို့လား”
“မင်းကို မေးစရာရှိတယ်”
“ လောင်ချန်းပေ့ ကြိုက်တာ မေးပါ။ ကျုပ် သိသမျှ အကုန်ပြောပြပါ့မယ်။ မနေ့က ကျန့်ယွမ်ရှန်းက သူ့အရင်းနှီးဆုံး မိတ်ဆွေရဲ့ ကိစ္စကို သိသွားပြီးတော့ နှစ်ယောက်လုံးကို တစ်ချက်တည်းနဲ့ သတ်ပစ်ခဲ့တဲ့ သတင်းရထားသေးတယ်။ ဒီရက်ပိုင်း သူက စိတ်အခြေအနေ မကောင်းဘူး”
အခြားလူများက ကျန်းအိုက်ကျန့်ကို ရူးသွားပြီလားဟု တွေးကာ ကြည့်လိုက်ကြသည်။
လုကျိုးက ကျန့်ယွမ်ရှန်း၏ မိသားစုရေးရာ ကိစ္စများကို စိတ်မဝင်စားပေ။ သူက လက်ကို မြှောက်ကာ ကျန်းအိုက်ကျန့် လက်မောင်းကို ဆွဲထားလိုက်သည်။ သူက ကျန်းအိုက်ကျန့်ကို ရေကန်နားသို့ ကြက်လေးသဖွယ် ဆွဲခေါ်သွားသည်။
ကျန်းအိုက်ကျန့်၏ အမူအရာက မလိုလားကြောင်း ပြသနေသော်လည်း ငြင်းဆန်ရန် အနေအထား မဟုတ်ပေ။
“မော့လီက နန်းတော်ထဲမှာပဲလား” လုကျိုးက မေးလိုက်သည်။
“ အံ့ဖွယ်မြို့တော်ရဲ့ နတ်လေးသျှင်သုံးယောက်ထဲက ချန်ကျူးက သူမ လက်အောက်ငယ်သားလေ။ သူ သေသွားတော့ ဒုတိယမင်းသားက သူမကို သွေးအန်တဲ့အထိ ဒေါသထွက်ပြီးတော့ အခုအကျဉ်းချထားတယ်”
ဤသည်မှာ လုကျိုး ခန့်မှန်းချက်နှင့် တူပေသည်။ သူက ထပ်မေးလိုက်၏။
“အခုတလော မော့လီက ဘာလုပ်နေလဲ ”
“သူမက ဒီအတိုင်းပါပဲ။ လောင်ချန်းပေ့နဲ့ အကြိမ်အများကြီး တိုက်ခိုက်ခဲ့တာဆိုတော့ ဒဏ်ရာအပြင်းအထန် ရထားတယ်။ သူမက အချိန်တိုအတွင်း ပြနကောင်းနိုင်မယ် မထင်ဘူး”
ကျန်းအိုက်ကျန့်က အရိုးသားဆုံး ဖြေလိုက်သည်။
မော့လီ၏ စုန်းပညာအရ ဖြစ်စေ သို့မဟုတ် မဟာစုန်းအစီအရင်ဖြင့် ဖြစ်စေ ထိန်းချုပ်ထားသော လူများကို လုကျိုးက ပြန်ဖြေပေးလိုက်ပြီ ဖြစ်၏။ ဤသည်မှာ စုန်းပညာ၏ ဆိုးကျိုး ဖြစ်ပေသည်။ စုန်းအတတ်က အားပြင်းလေလေ မန္တန် ပျက်ပြယ်သွားသည့်အခါ မန္တန်ချထားသူအပေါ် တန်ပြန်သက်ရောက်အားက ပိုကြီးမားလေလေ ဖြစ်၏။
လုကျိုးက ခေါင်းညိတ်ကာ “ ဧကရာဇ်ကရော နန်းတော်ထဲက အတွင်းရေး ပဋိပက္ခတွေကို ဘာမှဝင်မပါဘူးလား”
ကံကောင်းသည်မှာ ကျန်းအိုက်ကျန့်က တတိယမင်းသား ဖြစ်ပေသည်။ တခြားလူဆိုပါက သည်မေးခွန်းကို ဖြေနိုင်မည် မဟုတ်ပေ။
ကျန်းအိုက်ကျန့်က ခေါင်းခါလိုက်သည်။ ထို့နောက် သူက သက်ပြင်းချကာ “ အရှင်းဆုံးပြောရရင် ကျွန်တော်လည်း မသိဘူး ”
“မင်းကို ယုံတယ်” လုကျိုးက မုတ်ဆိတ်သပ်ကာ ဆက်ပြောလိုက်သည်။
“နောက်ဆုံးမေးခွန်း …”
သူက ရပ်လိုက်ပြီးနောက် ရှိချန်းသဲ့ရှီးကန် မျက်နှာပြင်ကို ကြည့်လိုက်ကာ ကွေ့ပတ်ပြောမနေတော့ဘဲ တည့်တိုးမေးလိုက်သည်။
“ချန်းဟွမ်ကို ရှာချင်တာ ဧကရာဇ်လား ”
ယဲ့ထျန်းရှင်း မိစ္ဆာဝေဟင်မျှော်နန်းမှ ထွက်သွားကတည်းက လုကျိုးသည် ထိုကိစ္စကို စဉ်းစားနေခဲ့သည်။ မော့လီက သက်တမ်းကုန်ဆုံးဖို့ အချိန်များစွာ လိုနေသေးလေရာ အဘယ်ကြောင့်များ ချန်းဟွမ်ကို ရှာဖို့ အသည်းအသန် ဖြစ်နေရသနည်း။
ဧကရာဇ်က အသက်အရွယ် ရလာသော်လည်း နေရာကို ထိန်းထားနိုင်ဆဲ ဖြစ်၏။ သူ့တွင် အားအကောင်းဆုံး တက်ကြွမှုတို့ ပိုင်ဆိုင်ထားသည်။ ကမ္ဘာမြေမှ ဧကရာဇ်ချင်လိုမျိုး သူလည်း တိုင်းပြည်ခြောက်ခုကို ပေါင်းစည်းပြီးနောက် အသက်ဓာတ်ဆေးလုံး ရှာနေတာ ဖြစ်နိုင်သည်။
ကျန်းအိုက်ကျန့်က ခေါင်းခါကာ “ မဟုတ်ဘူး”
အစပိုင်းတွင် လုကျိုးက သော့အကြောင်း မေးချင်သော်လည်း ဘယ်ကနေ စရမှန်း သဲလွန်စ တစ်ခုမှ မရှိချေ။ သူက ဘယ်အရာနှင့်တူမှန်း မသိသလို လုပ်ဆောင်ချက်ကိုလည်း မသိထားပေ။ သူက ဘာဆိုဘာမှ မသိထားလေရာ ကျန်းအိုက်ကျန့်ကို ရှာပေးဖို့ မည်သို့ပြောရမည်နည်း။ ထိုအကြောင်းအရင်းကြောင့် သူက သော့အကြောင်း ထုတ်မပြောခြင်း ဖြစ်၏။
ကျန်းအိုက်ကျန့်က ရုတ်ခြည်း သဘောပေါက်သွားကာ မေးလိုက်သည်။
“လောင်ချန်းပေ့က နန်းတော်က တပ်ကူတွေ ရောက်လာအောင် တမင်စောင့်နေတာလား ”
လုကျိုးက မုတ်ဆိတ်သပ်လိုက်ပြီး တိတ်ဆိတ်နေကာ ပြောရခက်သည့် လေထုကို ထုတ်လွှင့်နေသည်။
ထိုစဉ် လေထဲ အသံများ ထွက်ပေါ်လာသည်။
လူများစွာက တောအုပ်ကို ဖြတ်ကာ ရှိချန်းသဲ့ရှီးကန်ဆီ ဦးတည်လာကြသည်။ သူတို့က လီကျင်းယီ၏ အဖွဲ့နှင့် ယှဉ်လိုက်လျှင် ပိုအံ့ဩဖို့ကောင်းလေသည်။
လီကျင်းယီအနားတွင် သူမ လက်ထောက်များနှင့် ကျင့်ကြံသူတချို့သာ ပါရှိသည်။ သို့သော်လည်း တပ်ကူအဖွဲ့တွင် အားလုံးက ကျင့်ကြံသူများ ဖြစ်ကြသည်။
သူမက ထိုအရာကို မြင်လိုက်သည့်အခါ အော်ပြောလိုက်သည် “ မဟူရာစစ်သည်တော်တွေ ရောက်လာပြီ။ အားလုံး ဒီကနေ ချက်ချင်း ထွက်သွားကြတော့ ”
ကျန်းအိုက်ကျန့်က ထိုအကြောင်းကြားသည့်အခါ တုန်လှုပ်သွားပြီး “လောင်ချန်းပေ့ ကျွန်တော် အခုသွားတော့မယ်။ နှုတ်ဆက်ပါတယ်”
သူ့စကားဆုံးသည်နှင့် လေထဲ ပျံသန်းကာ ထွက်ပြေးဖို့ ကြံလိုက်သည်။
လုကျိုးက ကျန်းအိုက်ကျန့် လက်မောင်းကို ဆွဲထားလိုက်ကာ “ မင်း ဘယ်မှမသွားရဘူး “
ကျန်းအိုက်ကျန့်က ပြောလိုက်သည်။
“ကျွန်တော် ဒီမှာနေလို့ အကျိုးမရှိဘူးလေ ”
လုကျိုးက ပြန်မဖြေပေ။ သူက မဟူရာစစ်သည်တော်များကိုသာ ကြည့်လိုက်သည်။
ထိုလူများက နန်းတော်မှ ရောက်လာသည့် တပ်ကူများ ဖြစ်သောကြောင့် လုကျိုးက သူတို့ကို လျှော့မတွက်ပေ။ သူတို့က ဒီလူများကို မခုခံနိုင်သည့် အခြေအနေကို ထည့်တွက်၍ ကျန်းအိုက်ကျန့်အား နောက်ဆုံးအားကိုးရာအဖြစ် အသုံးချနိုင်လေသည်။ သူက တတိယမင်းသား မဟုတ်ပါလော။
မဟူရာစစ်သည်တော်များက ကျယ်လောင်စွာ ချဉ်းကပ်လာကြသည်။ ကျင့်ကြံသူများက အနက်ရောင်ဝတ်ရုံနှင့် ငွေရောင်ခေါင်းဆောင်းများ ဆောင်းထားကြသည်။ ဦးဆောင်လာသူလေးယောက်က အစီအရင်တစ်ခုလို ဖြစ်၏။
လီကျင်းယီ၏ လူများက ရှိချန်းသဲ့ရှီးကန်ဘက် နောက်ဆုတ်လိုက်ကြသည်။
မဟူရာစစ်သည်တော်များက တညီတည်း ရပ်လိုက်ကြသည်။
“လီကျင်းယီလား” မဟူရာစစ်သည်တော် တစ်ယောက်က လီကျင်းယီကို ကြည့်ကာ နားမလည်ဖြစ်နေသည်။
လီကျင်းယီက မေးလိုက်သည်။
“ ရှင်တို့က မဟူရာစစ်သည်တော်အနေနဲ့ အမိန့်အောက်ကနေ ရောက်လာတာလား”
သူမက သူတို့သည် အမိန့်အရ ရောက်လာကြောင်း သိထားပေသည်။ သို့သော်လည်း သူမကလည်း ဧကရာဇ်၏ အမိန့်အရ ဒီနေရာ ရောက်နေခြင်း ဖြစ်၏။ သူမအနေနှင့် မဟူရာစစ်သည်တော်များက မည်သူကို ခစားနေမှန်း မသိပေ။
ဝှစ်
မဟူရာစစ်သည်တော်များက ဓားကို ဆွဲထုတ်လိုက်ကြသည်။
ရှေ့ဆုံးမှ စစ်သည်တော်လေးယောက်က လေထဲ ရောက်လာကြသည်။ သူတို့က လီကျင်းယီတို့ရှေ့ ဆင်းသက်လိုက်၏။
“ ငါတို့က ခေါင်းဆောင်ရဲ့ အမိန့်နဲ့ ရှိချန်းသဲ့ရှီးကန်ကို ရှင်းဖို့ ရောက်လာတာ။ လီကျင်းယီ … မင်းက မူမမှန်ဘူး။ မဟူရာစစ်သည်တော်တွေက မင်းကို နန်းတော်ဆီ တိုင်ကြားရမယ်” အမှောင်စစ်သည်တော် လေးယောက်ထဲက တစ်ယောက်က မည်းမှောင်နေသည့် အမူအရာဖြင့် ပြောလိုက်သည်။
လီကျင်းယီ၏ အမူအရာက တည်ငြိမ်နေဆဲ ဖြစ်၏။
ထိုစဉ် လန်လော့က ရှေ့ထွက်လာသည်။ လန်လော့၏ သွင်ပြင်က သူများနှင့် မတူကွဲပြားသောကြောင့် သူ့ကို ထင်းထွက်နေစေသည်။ သူ ထွက်လာသည့်အခါ မဟူရာစစ်သည်တော်များ၏ အာရုံကို ဖမ်းစားနိုင်သွားသည်။
“မင်းတို့က ဘယ်သူ့အမိန့်ကို နာခံနေတာလဲ ” လန်လော့က မေးလိုက်သည်။
အမှောင်စစ်သည်တော် လေးယောက်က လန်လော့အား ကြည့်လိုက်ကြသည်။ သူ့အကျွမ်းတဝင် ဝတ်စုံက သူတို့ကို စိတ်ရှုပ်ထွေးစေသည်။
လီကျင်းယီက ခပ်ယဲ့ယဲ့ ပြုံးကာ “မဟူရာစစ်သည်တော် ခေါင်းဆောင် ဖန်းရှုဝမ်ရဲ့ အမိန့်ပဲ ဖြစ်မှာပေါ့ ”
“ခွေးသားတွေ ” လန်လော့က ရုတ်ခြည်း ကျိန်ဆဲလိုက်ပြီး အသံလှိုင်း ဖန်တီးလိုက်သည်။ သူ့အနေနှင့် အမှောင်စစ်သည်တော် လေးယောက်က အသစ် ဖြစ်နေသည့် အကြောင်းအရင်းကို နားလည်လေသည်။ မဟူရာစစ်သည်တော်အတွက် ခေါင်းဆောင် အသစ်လိုအပ်သည်လည်း နားလည်ပေးနိုင်သည်။ သို့သော်လည်း သူ့နာမည်ကို တခြားသူ အသုံးချနေသည်ကိုတော့ လက်မခံနိုင်ပေ။
အမှောင်စစ်သည်တော် လေးယောက်က လန်လော့ကို ကြည့်ကာ “ခင်ဗျားက ဘယ်သူလဲ ”
လန်လော့က သူတို့ဆီ လျှောက်လာပြီး သူတို့ဓားဖျားနှင့် မီတာဝက်လောက် လိုတော့သည့်အချိန် ရပ်တန့်လိုက်သည်။
အကြောင်းအရင်းတချို့ကြောင့် အမှောင်စစ်သည်တော် လေးယောက်က နောက်တစ်လှမ်း ဆုတ်လိုက်ရသည်။
လန်လော့က အေးစက်စက် ပြောလိုက်သည်။
“ ချန်းကျုံးဟယ်၊ ယွဲ့ချုံး၊ လီချင်းနဲ့ တွမ့်ယန်ဟုန်တို့က ငါနဲ့အတူတူ တိုက်ပွဲအများကြီး ဆင်နွှဲလာတာ။ ဘဝတစ်လျှောက်လုံး တိုက်ခိုက်ခဲ့ရလို့ သူတို့အရိုးထဲအထိ သတ်ဖြတ်ငွေ့နဲ့ ပြည့်နှက်နေပြီးသား … မင်းတို့က အမှောင်စစ်သည်တော်လေးယောက်လို့ ခေါ်ဆိုဖို့ ထိုက်တန်တယ် ထင်နေလား ”
လေးယောက်သား နောက်ဆုတ်လိုက်ကြပြန်သည်။ အကယ်၍ သူတို့က အဖြစ်အပျက်ကို နားမလည်လျှင် အရူး ဖြစ်သွားပေမည်။ သူတို့က မျက်လုံးအပြူးသားဖြင့် လန်လော့ ချဉ်းကပ်လာသည်ကိုသာ ကြည့်နေမိသည်။
လီကျင်းယီက ပြောလိုက်သည်။ “ဖန်းရှုဝမ် … လန်လော့လား ”
အမှောင်စစ်သည်တော် လေးယောက်က နောက်ဆုတ်လိုက်ကြပြန်သည်။ သူတို့က ကယောင်ချောက်ခြားဖြစ်နေမှန်း သိသာလှသည်။ သူတို့ မဟူရာစစ်သည်တော်အဖွဲ့ဆီ ဝင်ကတည်းက အမှောင်စစ်သည်တော်အဖြစ် နေရာချထားမခံရခင်အထိ သူတို့တစ်ယောက်ချင်းစီ၏ နာမည်ကျော်အကြောင်းများကို ကြားဖူးကြလေသည်။ လန်လော့ ဒဏ္ဍာရီက မဟူရာစစ်သည်တော် အခြေစိုက်စခန်း၌ နာမည်အကြီးဆုံး ဖြစ်၏။ ဖန်းရှုဝမ်အတုက အပိုင်စီးလိုက်လျှင်ပင် သူ့အနေနှင့် မဟူရာစစ်သည်တော်များ၏ စိတ်ထဲမှ လန်လော့နေရာကို အစားထိုးယူနိုင်မည် မဟုတ်ချေ။
“မဖြစ်နိုင်ဘူး … ဖန်းရှုဝမ်ကို မိစ္ဆာအိုကြီးက သတ်လိုက်ပြီ။ ကျုပ်တို့ကို လာလိမ်နေတာလား ”
သူတို့က ဓားမြှောက်ကာ သေချာရပ်လိုက်ကြသည်။
“ အားလုံး အမိန့်နာခံကြ … ဒီလူက သခင်ဖန်းအယောင်ဆောင်နေတယ်။ သူ့ကို ဒီမှာပဲ သုတ်သင်ကြမယ်။ ရှိချန်းသဲ့ရှီးကန်ကို ကျူးကျော်လာတဲ့သူတိုင်းကို သတ်ကြ … ဘယ်သူကိုမှ ချမ်းသာမပေးနဲ့”
“ အကုန်သတ်ကြ ”
မဟူရာစစ်သည်တော်ရာချီက တစ်ပြိုင်နက် အော်လိုက်ကြသည်။ သူတို့ချီများ ထွက်လာကာ အသံလှိုင်းလည်း လီကျင်းယီ အုပ်စုဆီမှ တဆင့် ကျန်းအိုက်ကျန့်နှင့် လုကျိုးတို့ဆီပါ ရောက်လာသည်။
ဖန်လီထန်းက ခေါင်းခါလိုက်သည်။ သူက လုကျိုးအား ကြည့်လိုက်ကာ “ သူတို့က လေလုံးကြွားဖို့ လုပ်နေတာပဲ။ အခု မျှော်နန်းသခင်အပေါ်ပဲ မူတည်တော့တယ် ”
လုကျိုးက တည်ငြိမ်နေဆဲ ဖြစ်၏။ သို့သော် သူက စိတ်ထဲ တွေးနေလေသည်။
ငါက ဘာလုပ်ရမှာလဲ …
ဒီလောက် လူအများကြီးကို … ငါ့ဆီမှာ အသေရိုက်ချက်ကတ် ဆယ်ဆမက ရှိနေရင်တောင် လောက်မှာ မဟုတ်ဘူး
ကံကောင်းတာက ငါ့ဆီမှာ ဒိုင်းသဖွယ် အသုံးချလို့ရတဲ့ မင်းသားတစ်ပါး ရှိနေတာပဲ …
“ ကျန်းအိုက်ကျန့် မကြောက်နဲ့” လုကျိုးက ကျန်းအိုက်ကျန့်ကို သေချာဆွဲထားလိုက်သော်လည်း သူ့အမူအရာတို့က ညင်သာနေလေသည်။
“ယွမ်အာ သူ့ကို စောင့်ကြည့်ထား ”
ရှောင်ယွမ်အာက ကျန်းအိုက်ကျန့်အား ကြည့်ကာ “ကြက်ပေါက်စ ”
ထိုစဉ် မဟူရာစစ်သည်တော် ရာချီက ဓားများ ဆွဲထုတ်လိုက်ကြသည်။
…
အခန်း (၂၂၅) ယွီကျန့်ဟိုင်၏ရည်ရွယ်ချက်
လေထုက တင်းမာပြီးပြင်းထန်နေ၏။ နှစ်ဖက်လုံးက တိုက်ခိုက်ရန်ပြင်နေသည်။
လီကျင်းယီက ကျန်းအိုက်ကျန့်ကို ကြည့်လိုက်၏။
လန်လော့က မလှုပ်ရှားပေ။ ဆိုရလျှင် သူက အပြည့်အဝမပျောက်ကင်းသေးပေ။ သူက မဟူရာစစ်သည်တော် လေးယောက်ကို တိုက်ခိုက်ခဲ့လျှင် အရေးနိမ့်ပေလိမ့်မည်။
မဟူရာစစ်သည်တော်များက လန်လော့၏ မူမမှန်သော အပြုအမူကို သတိပြုမိပုံပေါ်၏။ သူတို့ထဲမှ တစ်ယောက်က နှာခေါင်းရှုံ့ပြီးပြောလိုက်၏။ “မင်းက ခေါင်းဆောင် ယောင်ဆောင်ဖို့ ကြိုးစားတဲ့အထိ သတ္တိရှိနေတာပဲ။ အားလုံးကို သတ်ကြ”
မဟူရာ စစ်သည်တော်ရာချီက သူတို့ကို ဝိုင်းလိုက်ကြသည်။
ရှောင်ယွမ်အာက ဒေါသများ ဆူပွက်လာကာပြောလိုက်တော့၏။
“ရှစ်စွင်း သူတို့ဆီ တပည့်ကို သွားခွင့်ပေး။ သူတို့ဆီဖြတ်သွားတဲ့အချိန် သူတို့ ဘာမှမကျန်တော့အောင် လုပ်ပစ်မယ်လို့ အာမခံတယ်”
လုကျိုး ပြန်မပြောနိုင်ခင် လန်လော့က ခေါင်းခါပြီးပြောလိုက်၏။
“ဝင်စွက်ဖက်ဖို့မလိုဘူး။ ဒီလောကထဲ နှစ်ပေါင်းများစွာ လှည့်လည်သွားလာနေတာ၊ ငါ့ဆီမှာလည်းလှည့်ကွက်တွေက ရှိနေတာ သဘာဝပဲ”
နောက်ဆုတ်မည့်အစားသူက ရှေ့တိုး၏။ ထိုအပြုအမူက ကျန်သည့်သူများက ထိတ်လန့်သွားစေသည်။
“သတ်” အမှောင်စစ်သည်တော်လေးယောက်က တိုက်ခိုက်တော့သည်။ ဓားရှည်လေးလက်က လန်လော့ဆီ တစ်ပြိုင်နက်တည်း ထိုးစိုက်လာ၏။
လန်လော့၏လက်က နောက်ကျောတွင်ထားထားလျက် အစကနေအဆုံးထိ လက်နောက်ပစ်ထားသည်။ သူက နှစ်ပေါင်းများစွာကြာအောင် မြင့်မားပြီး ကြီးမြတ်သည့်ရာထူးတစ်ခုကို ထိန်းလာတာဖြစ်ရာ သူ့ကိုယ်သူ အရှက်ကွဲခွင့်ပေးမှာမဟုတ်ပေ။
ဝှစ်
လန်လော့သည် အမြင်အာရုံရှေ့မှ ရုတ်တရက်ပျောက်ကွယ်သွားသည်။ နောက်တစ်စက္ကန့်၌ သူက မဟူရာစစ်သည်တော်များကြား၌ ပေါ်လာလေ၏။
ဘီး
တစ်ချိန်တည်းတွင် ပွင့်ချပ်ရှစ်လွှာ ရွှေကြာစိတ်ဝိညာဉ်သဏ္ဌာန်က ပါးလွှာသည့် လေထုထဲမှ ပေါ်လာ၏။ ကြာပွင့်နား၌ ရွှေရောင်တောက်ပနေသည့်ပွင့်ချပ်များက လျင်မြန်စွာ လှည့်ပတ်နေတော့သည်။
လည်ပတ်နေသောစွမ်းအင်က မဟူရာစစ်သည်တော်များ၏ အစွမ်းကိုဖျက်ဆီးသွားသည်။
တစ်ချက်တည်းဖြင့် အရေအတွက်တစ်ရာကျော်သော မဟူရာစစ်သည်တော်တစ်စုကပြိုလဲကုန်၏။
မလှမ်းမကမ်းကနေ ရွှေရောင်ကြာပွင့်က ရွှေရောင်ဧရာမပန်းကန်လုံးနှင့်ဆင်တူနေတော့သည်။
စိတ်ဝိညာဉ်သဏ္ဌာန်က ၎င်းပေါ်လာပြီးသည်နှင့် လျင်မြန်စွာပျောက်ကွယ်သွားတော့၏။
၎င်းသည် ၎င်း၏သွင်ပြင်ကို တစ်စက္ကန့်သာထိန်းသာနိုင်ရုံမျှသာရှိသော်ငြား မဟူရာစစ်သည်တော်များကို ဖြေရှင်းနိုင်ရန်လုံလောက်တာထက်ပိုသည်။
ပွင့်ချပ်ရှစ်လွှာက ကျင့်ကြံခြင်းလောကထဲရှိ လူသားများ ရရှိနိုင်သည့် အကန့်အသတ်ဟူ၍ သိကြသည်။
သမာသမတ်ဂိုဏ်းနှင့် ကောင်းကင်ဓားဂိုဏ်းတို့က မိစ္ဆာဝေဟင်မျှော်နန်း၏ မိစ္ဆာခေါင်းဆောင်သည် ပွင့်ချပ်ရှစ်လွှာအဆင့်ကို အစောတည်းက ရရှိခဲ့ပြီးဖြစ်ကာ ယခုဆို ပွင့်ချပ်ကိုးလွှာရွှေကြာကို ပိုင်ဆိုင်ထားပြီ ဟူ၍ ကောလာဟလများ ရှိကြသည်။ သို့သော် ၎င်းကို မည်သူမျှမယုံရဲပေ။ ယဲ့ထျန်းရှင်းက ပွင့်ချပ်ကိုးလွှာကို မျက်မြင်တွေ့ခဲ့ပြီး ထိုစဉ်က မှားမြင်သလားဟုတွေးခဲ့သည်။ ဆိုရလျှင် ရွှေကြာက မြန်ဆန်သည့် အရှိန်နှင့်လည်ပတ်နေသည့်အချိန်၌ ပွင့်ချပ်အရေအတွက်ကို ဆုံးဖြတ်ရန်ခက်ခဲလှသည်။
လန်လော့၏စိတ်ဝိညာဉ်သဏ္ဌာန်ကမူ မတူပေ။ ဂိမ်းထဲရှိကစားသမားများ၏ အိုင်တမ်ကို ပြသထားသည်နှင့် ဆင်တူကာ အဆင့်တစ်ခုရောက်သည့်အချိန်၌ ကျင့်ကြံသူများက သူတို့မြင်ရသည့် စိတ်ဝိညာဉ်သဏ္ဌာန်၏အဆင့်ကိုလည်း ဆုံးဖြတ်နိုင်ကြသည်။
အချိန်တိုတောင်းစွာပြသလာသော ပွင့်ချပ်ရှစ်လွှာရွှေကြာက မဟူရာစစ်သည်တော်များကို ကြောက်လန့်သွားစေ၏။ အများစုက အကောင်းပကတိရှိနေသော်ငြား အချို့ကမူ သွေးအန်ကုန်ပြီး အချို့က ကြောက်လန့်ကာ အချို့ကထိတ်လန့်ကုန်၏။
ယခုအချိန်တွင် လန်လော့က မတိုက်ခိုက်တော့ချေ။ သူက လက်နောက်ပစ်ထားလျက် မတ်မတ်ရပ်နေသည်။ သူက မြေပြင်ပေါ်လဲပြိုနေသော မဟူရာစစ်သည်တော်များကို ကြည့်လိုက်ပြီး ပြောလိုက်တော့၏။
“အားနည်းလိုက်တာ”
အမှောင်စစ်သည်တော်လေးယောက်က လန်လော့ကို ဖြူရော်သောမျက်နှာများဖြင့်ကြည့်နေပြီး ပင့်သက်ရှိုက်မိသွားကြသည်။
ဓားများက တောအုပ်မြေပြင်ပေါ်လွင့်ကျနေ၏။
မဟူရာစစ်သည်တော် တစ်ရာကျော်က သူတို့သည်အင်မတန်ဖြုံလောက်သည့် ရန်သူကို ရင်ဆိုင်နေရကြောင်းသိသွားကြကာ ထရပ်နိုင်ရန်တောင် ရုန်းကန်နေရသည်။
“ခေါင်းဆောင်ကို မမှတ်မိတဲ့အတွက် ကန်း ကျွန်တော်တို့ကန်းနေတာပါ။ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ အရှင်ဖန်း” မဟူရာစစ်သည်တော်လေးယောက်က ချက်ချင်းပင် အညံ့ခံတော့သည်။
ပွင့်ချပ်ရှစ်လွှာရွှေကြာစိတ်ဝိညာဉ်သဏ္ဌာန်ဖြင့် ကျင့်ကြံသူတစ်ဦးကိုရင်ဆိုင်ရာတွင် မဟူရာ စစ်သည်တော်များ၏ ခေါင်းဆောင်အသစ်ဤနေရာတွင် ရှိနေလျှင်တောင် ဒူးထောက်ရုံမှတစ်ပါး ကျန်သည့်အရာလုပ်နိုင်မှာမဟုတ်သေးပေ။
မဟူရာစစ်သည်တော်လေးယောက်နောက်၌ မဟူရာစစ်သည်တော်များစွာကလည်း ရှေ့တိုးပြီး ဒူးထောက်လာ၏။
“ဒါ အရှင်ဖန်းပဲ”
“အရှင်ဖန်း သက်တော်ရာကျော်ရှည်ပါစေ”
“အရှင်ဖန်း အသက်ရှင်နေတာပဲ”
စစ်သည်တော်များ၏အသံထဲ၌ စိတ်လှုပ်ရှားမှုအရိပ်အယောင်ကိုကြားရသည်။
အချိန်ကြာလာသည်နှင့်အမျှ ကိစ္စရပ်များပြောင်းလဲသွား၏။ အချို့သော ကိစ္စများက တူညီကောင်း တူညီနိုင်သော်ငြား လူများက ပြောင်းလဲမှာ မလွဲမသွေပေဖြစ်သည်။
လန်လော့ကပြောလိုက်၏။ “အရှင်ဖန်းက ဒီလောကထဲမှာမရှိတော့ဘူး”
“အရှင်ဖန်း”
“တိတ်ကြ” လန်လော့က ပြောလိုက်၏။ သူ၏အသံက ကနဦးချီမသုံးထားသလို အသံလှိုင်းကိုလည်း မဖန်တီးခဲ့ပေ။ သို့သော်ငြား မဟူရာစစ်သည်တော်များက ထိတ်လန့်မှုကြောင့် နောက်ဆုတ်လိုက်သည်။ သူတို့၏ ယခင်ခေါင်းဆောင်ကို မယုံနိုင်မှု၊ မယုံသင်္ကာဖြစ်မှုဟူသည့် အကြည့်တို့ဖြင့် ကြည့်နေသည်။ အမှောင်စစ်သည်တော်လေးဦးက လန်လော့၏ ယခင် လက်အောက်ငယ်သားများ မဟုတ်ပေ။ သူတို့သည်အစောတုန်းက သူကို ရန်စခဲ့၏။ ထိုအမှောင်စစ်သည်တော်အသစ်များက သူ၏ယခင်လူများနှင့် မယှဉ်နိုင်သော်ငြား မဟူရာစစ်သည်တော်များကြားထဲ၌ လက်ရွေးစင်များဖြစ်နေသေးသည်။ မည်သို့ပင်ဆိုစေကာမူ ပွင့်ချပ်ရှစ်လွှာလက်ရွေးစင်နှင့် တိုက်ခိုက်သည့်အချိန်တွင် တိုက်ခိုက်နိုင်ရန် စိတ်အင်အားတို့ ကင်းမဲ့ကုန်၏။
လုကျိုးနှင့် ကျန်သည့်သူများက လန်လော့သည် သူမည်သို့သောလူမှန်း သူတို့သိချိန်မှစပြီး မဟူရာစစ်သည်တော်တိုင်းကို လန်လော့သတ်ဖြတ်နိုင်ကြောင်းသိထား၏။ ယခင်အချိန်ကြောင့် သက်ညှာပေးခဲ့တာသိသာသည်။
လန်လော့က ဒဏ်ရာရထားပြီး သူ၏ကျင့်ကြံဆင့်ကလည်း အပြည့်အဝပြန်ကောင်းဖို့ဝေးသေး၏။ ပွင့်ချပ်ရှစ်လွှာ စိတ်ဝိညာဉ်သဏ္ဌာန်ကို ခဏတာထုတ်ပြပြီး ထိန်းသိမ်းနိုင်သည့်ကပင် ချီးကျူးနိုင်စရာ ဖြစ်သည်။
လန်လော့က ဤနေရာတွင် ဝန်ထုပ်ဝန်ပိုးဖြစ်နေလိမ့်မည်ဟု လုကျိုးတွေးခဲ့သည်။ လန်လော့သည် ထိုကဲ့သို့ ဆောင်ရွက်နိုင်စွမ်းရှိလိမ့်မည်ဟု မည်သူက ထင်မည်နည်း။
လုကျိုးအဖို့ ယခုအချိန်တွင် လှုပ်ရှားဖို့မလိုအပ်တော့ချေ။
ဖန်လီထန်း၏ မျက်နှာထက်၌တောင့်တင်းသည့် အမူအရာပေါ်လာသည်။ သို့သော် သူ၏နည်းစနစ်အတွက် လန်လော့ကို လက်ခုပ်မတီးဘဲ မနေနိုင်တော့ချေ။
လုကျိုးက ကျန်းအိုက်ကျန့်ကိုလွှတ်ပေးလိုက်၏။
ကျန်းအိုက်ကျန့်က သက်ပြင်းချလိုက်သည်။ နှစ်တစ်ရာစာ ချုပ်နှောင်ခံရပြီးနောက် လွတ်မြောက်လာ သည့်ပမာ ခံစားလိုက်ရ၏။
လုကျိုးက ရှေ့တက်ပြီးပြောလိုက်တော့သည်။ “လန်လော့”
လန်လော့က လှည့်ကြည့်လိုက်၏။ သူလက်နောက်မပစ်တော့ပေ။ ထိုအစား လုကျိုးဖက်လှည့်ပြီး လက်သီးနှစ်ဖက်ကို ဆုပ်မိုးထားလိုက်၏။
ထိုအရာကို မြင်သောအခါ အမှောင်စစ်သည်တော်များက ထိတ်လန့်ကုန်၏။
ပွင့်ချပ်ရှစ်လွှာစိတ်ဝိညာဉ်သဏ္ဌာန်ရှိတဲ့ လန်လော့ရဲ့ လေးစားမှုရအောင်လုပ်နိုင်တဲ့သူက ဘယ်သူများလဲ။
လူတိုင်းက တစ်ချိန်တည်းတွင် လုကျိုးဆီသို့ရောက်သွားသည်။ သူက အိုမင်းနေပုံပေါ်သော်ငြား ဖျတ်လတ်မှုတို့ ပြည့်နေပုံရသည်။
ရှောင်ယွမ်အာက ရှစ်စွင်းဆီအမြန်သွားလိုက်၏။
လုကျိုး မဟူရာစစ်သည်တော်များကို ကြည့်ပြီးမေးလိုက်တော့၏။
“မော့လီရဲ့အမိန့်လား”
မဟူရာစစ်သည်တော်များက အရူးမဟုတ်ပေ။ လန်လော့တောင် ထိုအဖိုးအိုကို မောက်မာထောင်လွှားစွာ မပြုရဲချေ။ သူတို့က သူ့ကို လျှော့တွက်ရလောက်သည်အထိ အရူးများမဟုတ်ကြပေ။
မဟူရာစစ်သည်တော်များထဲမှ တစ်ယောက်က အကြောက်တရားကို ဖိနှိပ်လျက်ပြောလိုက်သည်။
"အမှောင်စစ်သည်တော်တွေက တော်ဝင်မိသားစုရဲ့အမိန့်အောက်မှာ တိုက်ရိုက်လှုပ်ရှားတဲ့သူတွေ။ ကျွန်တော်တို့က အရှင်မင်းကြီးရဲ့အမိန့်အတိုင်းရောက်လာတာ”
လုကျိုးက လီကျင်းယီနှင့် ကျန်းအိုက်ကျန့်ဖက်ကို လှည့်ကြည့်လိုက်သည်။ မော့လီက ဧကရာဇ်ကို ထိန်းချုပ်ထားရလောက်အောင်ရဲတင်းလိုက်မည်ဟု သူမထင်ထားချေ။ ထိုသို့ဆိုလျှင် ဖြစ်နိုင်ခြေ တစ်ခုသာ ရှိတော့၏။ ဧကရာဇ်က ကျင့်မင်တာအိုဂိုဏ်းရဲ့ပြိုလဲမှုကို မလိုလားတာပဲဖြစ်မည်။ ထိုအကြောင်းအရင်းကြောင့် လီကျင်းယီနှင့် အမှောင်စစ်သည်တော်များကို ပို့ကာ ကျင့်မင်တာအိုဂိုဏ်းကို ကူခိုင်းတာပဲဖြစ်၏။
နန်းတော်က သူတို့စေလွှတ်နိုင်သည့်အင်အားစုသုံးစုသာရှိကြောင်းသိသည်။ ပထမတစ်စုက ဝေ့ကျိုးယန်၏ အင်အားစုဖြစ်သော်ငြား သူပုန်တပ်ကို သူတို့ကဖိနှိပ်ထားရ၏။ သူဤနေရာတွင် ရှိနေလျှင်တောင် များများစားစား ခြိမ်းခြောက်နိုင်မှာမဟုတ်ပေ။ ထို့အပြင် လုကျိုးက လီကျင်းယီ၏အသက်ကိုတောင် ကယ်တင်ခဲ့သည်။ ဒုတိယတစ်ခုက မဟူရာစစ်သည်တော်များကို ပို့ရန်ဖြစ်၏။ ဖန်းရှုဝမ်က သူတို့ကို ဦးဆောင်ခြင်းမရှိဘဲ သူတို့ခွန်အားက သိသိသာသာ လျော့ကျနေ၏။ ထို့အပြင် ဤနေရာတွင် လန်လော့ရှိနေလေရာ ယခင်လက်အောက်ငယ်သားများက သူ့ကိုမြင်လျှင် နောက်ဆုတ်သွားမှာပဲဖြစ်သည်။ တတိယတစ်ခုက တော်ဝင်အစောင့်များဖြစ်၏။ ဧကရာဇ်က တော်ဝင်အစောင့်များကို သာမန်ကာလျှံကာ လှုပ်ရှားခိုင်းမှာမဟုတ်ပေ။
ယင်းက လူမိုက်ယွီကျန့်ဟိုင်က ဧကရာဇ်ကို ရန်စနေကြောင်း လုကျိုး၏သီအိုရီကိုအတည်ပြုခဲ့၏။ သူ၏အမြင့်ဆုံးရည်မှန်းချက်က ရှင်းရှင်းလင်းလင်းပေါ်နေပြီဖြစ်၏။
လန်လော့က ထိန်းချုပ်ခံခဲ့ရသည်ဟုပြောခဲ့စဉ် သူက မဟူရာစစ်သည်တော်များ၏ ခေါင်းဆောင်ဖြစ်နေပြီး မဟူရာစစ်သည်တော်များအကြောင်း သူလွဲချော်ခဲ့တာဘာမှမရှိကြောင်း သူသဘောပေါက်လိုက်၏။ သို့သော် မဟူရာစစ်သည်တော်များသည် မဟူရာစစ်သည်တော်များသာ ဖြစ်ပေ၏။ ယခင်လက်အောက်ငယ်သားများစွာ က အတိတ်တုန်းက သူနဲ့အတူတိုက်ခိုက်ခဲ့ဖူး၏။
အတိတ်တုန်းက ငါ့ရဲ့နှောင်ကြိုးတွေကို ဖြတ်ရမယ်။ ဖန်းရှုဝမ်က အခုသေပြီ။ ကျုပ်က လန်လော့ထပ်ဖြစ်သွားပြီ။
ထိုသို့တွေးပြီးနောက် လန်လော့က မဟူရာစစ်သည်တော်များကိုကြည့်ပြီးပြောလိုက်၏။
"မင်းတို့ဘာစောင့်နေတာလဲ။ သွားကြ”
မဟူရာစစ်သည်တော်များက ရိုကျိုးစွာ ပြုမူကြလျက် လွတ်ငြိမ်းချမ်းသာခွင့် ရသည့်ပမာ ခံစားလိုက်ရသည်။ သူတို့၏ စီးတော်မြင်းများကို အမြန်စီးလျက် တောအုပ်ထဲလျင်မြန်စွာပျောက်ကွယ်သွားတော့သည်။
မဟူရာစစ်သည်တော်များ ထွက်သွားသည်နှင့် လန်လော့က ယိုင်နဲ့သွားသည်။ အစောတုန်းက အကွက်က သူ့ကို ဝန်ထုပ်ဝန်ပိုးဖြစ်ခဲ့စေတာ သိသာနေ၏။ ယင်းက သူ့စွမ်းအားကို ထုတ်ပြဖို့ရန် ဖြစ်သည်။ ဒဏ်ရာက ပြင်းထန်လွန်း၏။ သူက ယခုအချိန်ထိ ခပ်မိုက်မိုက်ပုံစံ ထိန်းထားရုံသာတတ်နိုင်သည်။ အတိတ်တုန်းက နှောင်ကြိုးအားလုံးကို နောက်ဆုံးတွင် ဖြတ်နိုင်ခဲ့ပြီ ဖြစ်သည်။
ကျန်းအိုက်ကျန့်က ဓားကိုသယ်ထားလျက်လျှောက်လာပြီး အဓိပ္ပာယ်ပါပါပြောလိုက်တော့သည်။
“လောင်ချန်းပေ့ ဒီကို အဆင့်မြင့်လှည့်ကွက်ကြီးသယ်လာတာပဲ”
ရှောင်ယွမ်အာက ကျန်းအိုက်ကျန့်ကို ဇဝေဇဝါကြည့်ကာမေးလိုက်၏။
“ဘာအကွက်လဲ”
“မဟူရာစစ်သည်တော်တွေက ဧကရာဇ်ရဲ့နယ်ရုပ်တွေပဲလေ။ မဟူရာစစ်သည်တော်တွေကို သွားခွင့်ပေးလိုက်မယ်ဆိုရင် ယွီကျန့်ဟိုင်အတွက် ပြဿနာတွေဖန်တီးပေးရုံပဲရှိမှာ"
ကျန်းအိုက်ကျန့်က ပြောသည်။
လုကျိုးက ကျန်းအိုက်ကျန့်ဖက်လှည့်ကြည့်ပြီးပြောလိုက်တော့၏။
“မင်းက တကယ် ထက်မြက်တာပဲ။ မင်းမထွက်သွားခင် မိစ္ဆာဝေဟင်မျှော်နန်းကို လာပြီး လက်ဖက်ရည်တစ်ခွက်လောက် သောက်ပါလား”
“…” ကျန်းအိုက်ကျန့်က အမြန်လက်ကာပြပြီးပြောလိုက်၏။
“မလိုပါဘူး။ ကျေးဇူးပါပဲ။ ကျွန်တော်ကိစ္စတစ်ခုရှိသေးလို့ လောင်ချန်းပေ့ နောက်မှတွေ့ကြတာပေါ့”
ပြောပြီးသည်နှင့်သူက ဖြည်းဖြည်းချင်းနောက်ဆုတ်သွားသည်။ လုကျိုးသူ့ကို ထပ်ဆွဲထားမှာကို သူကြောက်နေမိ၏။ တောအုပ်ထဲသို့ ခုန်ဝင်ပြီးပြောလိုက်၏။
“လောင်ချန်းပေ့ ကျွန်တော်ထွက်မသွားခင် နောက်ထပ်သတင်းပေးခဲ့မယ်။ သတ္တမမြောက်တပည့်စီးဝူယာ့က ကျင့်မင်ဂိုဏ်းရဲ့ အဓိကယဇ်ပလ္လင်မှာရှိနေတယ်” သူ၏ အသံကပျောက်ကွယ်သွား၏။ ကျန်သည့်သူများက ဆွံ့အသွား၏။
ကျန်းအိုက်ကျန့်က သူထွက်သွားသည့်အချိန်ကျမှသာ လုကျိုးကို ထိုအကြောင်းပြော၏။ လုကျိုးကို မည်မျှကြောက်လန့်နေသနည်း။
လီကျင်းယီက ရယ်မောခြင်းကို မထိန်းနိုင်တော့ပေ။ သူမက အမြန်ထိန်းပြီးနောက်ပြောလိုက်၏။
"ကျွန်မ ထွက်သွားပါတော့မယ်”
လုကျိုးက လီကျင်းယီအပေါ် အမြင်ကောင်းရှိ၏။ အနည်းဆုံးတော့ သူမက ကျေးဇူးသိတတ်သည့်သူမျိုး ဖြစ်သည်။ ထို့ကြောင့် သူက သူမကို မတားတော့ပေ။
လီကျင်းယီသည် သူ၏လက်ထောက်လေးယောက်နှင့် ကျန်သည့်သူများကို ခေါ်လျက်ထွက်သွားသည်။
ရှိချန်းသဲ့ရှီးရေကန်၌ တိတ်ဆိတ်မှုတို့ကြီးစိုးလာပြန်သည်။
လုကျိုးကလှည့်ပြီး ရထားလုံးပျံဆီသို့လျှောက်သွားကာ ငေါက်ငမ်းပြီးပြောလိုက်၏။ “လူမိုက်”
“ရှစ်စွင်း တပည့်တို့ဘယ်သွားမလဲ။"
“ကျင့်မင်ဂိုဏ်းရဲ့အဓိကယဇ်ပလ္လင်ဆီသွားမယ်”
…