အခန်း (၂၂၆-၂၂၈)
Vol. 16 Ch. 226-228
အခန်း (၂၂၆) တပည့်များကို ဖမ်းဆီးခြင်း
ရှောင်ယွမ်အာက ပျော်ရွှင်နေလေသည်။ သူမက မိစ္ဆာဝေဟင်မျှော်နန်းကို ပြန်စရာမလိုသေးသည့်အတွက် ပျော်နေပုံပေါ်၏။
ဒါပေမဲ့ ဖန်လီထန်းနှင့် လန်လော့အတွက် ကျင့်မင်တာအိုဂိုဏ်း၏ ပင်မယဇ်ပလ္လင်ဆီ သွားဖို့ စောလွန်းမနေဘူးလား …
သူတို့က ကျင့်မင်တာအိုဂိုဏ်းကို ကြောက်၍ မဟုတ်ပေ။ ယခု မော့ချီလည်း အမှုန့်ဖြစ်သွားပြီ ဖြစ်ရာ ဂိုဏ်းက ဘာအင်အားမှ မရှိတော့ပေ။ ယို့ဟုန်ယီနှင့် ကျင့်မင်တာအို သားတော်ခုနှစ်ပါးကလည်း မီးစာကုန်သည့် ဖယောင်းတိုင်လို ဖြစ်နေလေပြီ။ အဓိကအချက်က ငရဲဂိုဏ်း ဖြစ်၏။ ငရဲဂိုဏ်းက ကျင့်မင်တာအိုဂိုဏ်းတွင် ရှိနေလေသည်။
ငရဲဂိုဏ်း၏ ကာကွယ်သူလေးယောက်လုံးက ပထမအဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်။ ကောလာဟလများအရ ငရဲဂိုဏ်းချုပ် ယွီကျန့်ဟိုင်၏ ကျင့်ကြံဆင့်သည် မိစ္ဆာဝေဟင်မျှော်နန်းသခင်နှင့် အတူတူ ဖြစ်ကြောင်း သတင်းထွက်ခဲ့ဖူးသည်။ တစ်ယောက်ချင်းစီ တိုက်ခိုက်လျှင် လက်ခံ၍ ရနိုင်လေသည်။ သို့သော်လည်း ငရဲဂိုဏ်းဘက်တွင် လူအများကြီး ရှိ၏။
သူတို့က အားလုံးကို ဘယ်လိုရင်ဆိုင်မှာလဲ …
ထို့အပြင် ရွှေနန်းဥယျာဉ်တောင်၏ အကာအရံက လတ်တလောလေးမှ ပြဿနာတက်ထားလေရာ သူတို့အနေနှင့် တောင်ဆီ ပြန်ကာ အရင်ဆုံး ပြန်လည်ပြုပြင်တာက ဖြစ်သင့်လေသည်။
လူအိုကြီးသုံးယောက်က မိန်းမငယ်လေးကို ခေါ်ကာ ခရီးဆက်လာကြသည်။ ဘယ်သူကြည့်ကြည့် ထူးထူးဆန်းဆန်း မြင်ကွင်းမျိုး ဖြစ်နေသည်။ သူတို့က ရထားလုံးပျံဆီ ရောက်လာကြသည်။
ဖန်လီထန်းက ပြောလိုက်သည်။
“ ဒီလိုက အလုပ်ဖြစ်မယ် မထင်ဘူး ”
“ဘာက မဖြစ်တာလဲ”
“ ခင်ဗျား ဂိုဏ်းက အရှုပ်တွေကို ရှင်းချင်တာ နားလည်တယ်။ ဒါပေမဲ့ ယွီကျင့်ဟိုင်ရဲ့ ကျင့်ကြံဆင့်က နက်နဲတယ် … သူ့ဆီမှာ အင်အားစုလည်း ရှိနေသေးတယ်။ သူ့နဲ့ ရင်ဆိုင်ဖို့ လွယ်မှာ မဟုတ်ဘူး ”
ဖန်လီထန်းက ပြောလိုက်သည်။
“ ငါ ဘာလုပ်နေတယ်ဆိုတာ သိပါတယ် ” လုကျိုးက ပြောလိုက်သည်။
လန်လော့က သဘောမတူစွာ ဝင်ပြောလိုက်သည်။
“ ကျင့်မင်တာအိုဂိုဏ်းကို သွားဖို့ အဲလောက်တောင် ဝန်လေးနေတာလား။ ကျုပ်တွေ့သမျှလူထဲ ခင်ဗျားက ခေါင်းရှောင်ချင်လို့ အကြောင်းပြချက်ရှာတဲ့လူပဲ ”
“လောင်လန် … ငါနဲ့ လိုက်အတိုက်အခံ မလုပ်ရရင် နေမပျော်ဘူးလား ”
“လောင်ဖန် … မင်းကို ရှောင်ပြေးမဲ့အစား အကြောက်တရားနဲ့ ရင်ဆိုင်ဖို့ သင်ပေးနေတာ ”
သူတို့က လတ်တလော အချေအတင်ဖြစ်လွန်းလှသည်။ အခြားလူများက အသားကျနေပြီဖြစ်၍ သူတို့နှစ်ယောက်ကို မကြားချင်ယောင်ဆောင်နေကြတော့သည်။
လုကျိုးက ရထားလုံးပျံပေါ်တွင် လဲနေသည့် ဖန်ကျုံးကို ကြည့်ကာ “ ကျောင်းယွဲ့ … သူ့ကို ပြန်ခေါ်သွားလိုက် ”
နတ်ခြင်္သေ့က တိမ်တိုက်ကြားမှ ရောက်ရှိလာသည်။
ဖန်လီထန်းက နတ်ခြင်္သေ့ကို မြင်လိုက်သည့်အခါ လန်လော့နှင့် စကားဆက်မများနိုင်တော့ပေ။ သူက မျက်လုံးအပြူးသားဖြင့် မင်္ဂလာရှိသည့် ချီများ လွှမ်းခြုံထားသည့် နတ်ခြင်္သေကို တအံ့တဩ အမူအရာဖြင့် လိုက်ကြည့်နေမိသည်။ ဒီလိုမျိုး ဒဏ္ဍာရီလာ စီးတော်သားရဲမျိုးကို မြင်တွေ့ရဖို့အတွက် ကျင့်ကြံသူတစ်ယောက်အနေနှင့် ရှစ်ဘဝလောက် ကံကောင်းကြွယ်ဝမှုအားလုံး သုံးစွဲခဲ့ရလိမ့်မည်။ ကျင့်ကြံရေးဂိုဏ်းများ၌ပင် စီးတော်သားရဲကို မျိုးဆက်အလိုက်သာ မျှဝေအသုံးပြုကြသည်။ သူက လုကျိုးတွင် ဒဏ္ဍာရီလာ စီးတော်သားရဲ နှစ်ကောင် ပိုင်ဆိုင်ထားလိမ့်မည်ဟု မထင်ထားခဲ့ပေ။
တစ်ဖက်တွင် လန်လော့က တည်ငြိမ်နေလေသည်။ မဟာဘိုးဘေး အစီအရင်အကြောင်း မှတ်ဉာဏ်များက စိတ်ထဲ လတ်ဆတ်နေဆဲ ဖြစ်၏။ သူက နတ်ခြင်္သေ့၏ အံ့မခန်း စွမ်းအားကို ဘယ်တော့မှ မေ့မည် မဟုတ်ချေ။
ဖန်လီထန်းက မေးလိုက်သည်။
“နတ်ခြင်္သေ့ကို ဘယ်လိုရလာတာလဲ။ စာအုပ်ထဲမှာတော့ နတ်ခြင်္သေ့က နာခံလာအောင် လုပ်ဖို့ ခက်တယ်တဲ့။ ပြီးတော့ မြူခိုးတောအုပ်ထဲမှာ မတွေ့နိုင်ဘူး ”
“နတ်ခြင်္သေ့လား ” လုကျိုးက မုတ်ဆိတ်သပ်လိုက်ပြီး ခေါင်းအသာယမ်းလိုက်ကာ “ ကံကောင်းလို့ ရလာရုံလေးပါ။ အမွှမ်းတင်ဖို့ မထိုက်တန်ပါဘူး ”
ဖန်လီထန်းက ပြောလိုက်သည်။
“ ခင်ဗျားက နှိမ်ချလွန်းနေတာပဲ။ နတ်ခြင်္သေ့ကို နာခံအောင်လုပ်နိုင်သူတိုင်းက အရမ်းအားကောင်းမှာပဲ။ နတ်ခြင်္သေ့က လူသားစကား ပြောနိုင်ပြီး သက်ရှိတွေရဲ့ ခံစားချက်တွေ နားလည်နိုင်တယ်။ တစ်မိုးအောက်ထဲက အရာအားလုံးရဲ့ သွင်ပြင်တွေကို သိတယ်လို့တောင် ကောလာဟလ ရှိခဲ့ဖူးတယ်။ အဲဒါ အမှန်ပဲလား ”
ရှောင်ယွမ်အာက သူမ ရှစ်စွင်းအစား ဝင်ဖြေပေးလိုက်သည်။ “ သူက တစ်ခါမှ စကားမပြောဖူးတော့ အဲဒါတော့ မသိဘူး။ ကျွန်မ သိထားသမျှက သူက အရမ်းအားကောင်းတယ်ဆိုတာပဲ ”
မဟာဘိုးဘေး အစီအရင်နှင့် ရင်ဆိုင်စဉ်အခါက မင်္ဂလာချီမိုးများ ရွာသွန်းအောင် လုပ်ခဲ့သည့် အရည်အချင်းက တကယ်ကို အံ့မခန်း ဖြစ်၏။
နတ်ခြင်္သေ့က ရထားလုံးပျံဘေးမှ ဝဲပျံနေသည်။
ကျောင်းယွဲ့က စွမ်းအားတချို့ဖြင့် ဖန်ကျုံးအား ရစ်ပတ်ကာ နတ်ခြင်္သေ့ဆီ တက်လိုက်သည်။
“ သွားကြတော့ ” လုကျိုးက လက်ဝှေ့ပြလိုက်သည်။
နတ်ခြင်္သေ့က တိမ်များကြား ပျံသန်းကာ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားတော့သည်။
အရှိန်အားဖြင့် နတ်ခြင်္သေ့သည် ရထားလုံးပျံထက် အနည်းငယ် ပိုမြန်လေသည်။ စီးတော်သားရဲ၏ တစ်ခုတည်းသော အားနည်းချက်မှာ လူအများကြီး မသယ်ဆောင်နိုင်ခြင်းသာ ဖြစ်၏။
ဖန်လီထန်းက နတ်ခြင်္သေ့ မြင်ကွင်းမှ ပျောက်သွားသည့်အထိ လိုက်ကြည့်နေမိသည်။ ထို့နောက် သူက ခေါင်းခါကာ ဘာမှဆက်မပြောတော့ပေ။ သူက လုကျိုးအား လက်နှစ်ဖက် အသာယှက်လိုက်သည်။ သူက သူ့အသက်အရွယ်ဖြင့် ကျေးဇူးတင်စကားဆိုဖို့ အနည်းငယ် ရှက်ရွံ့နေမိသည်။ သူက ဘာမှမပြောခြင်းက ပိုကောင်းသည်ဟု ထင်မိသည်။ သူက သေရည်ခရား မကာ တစ်ယောက်တည်း တစ်ခွက် သောက်လိုက်သည်။
ပဲ့ထိန်းနေသည့် တွမ့်မူရှန်းက မေးလိုက်သည်။ “ ရှစ်စွင်း ကျွန်တော်တို့ ကျင့်မင်တာအိုဂိုဏ်းရဲ့ ပင်မယဇ်ပလ္လင်ဆီ သွားကြမှာလား ”
လုကျိုးက တွမ့်မူရှန်းအား ကြည့်လိုက်ကာ “ မင်းက သံသယဝင်နေတာလား ”
“ ကျွန်တော် မလုပ်ရဲပါဘူး။ ကျွန်တော် သေချာပဲ့ထိန်းလိုက်ပါ့မယ် ”
လုကျိုးက သူ့ကျန်ရှိနေသည့် ပစ္စည်းကတ်များကို ကြည့်လိုက်သည်။
အသေရိုက်ချက်ကတ် သုံးကတ်၊ ပြစ်ချက်မဲ့ကတ် လေးကတ်၊ အတိုက်ခိုက် ဒဏ်ပြင်းကို ကာကွယ်နိုင်သော ကတ် ခုနှစ်ကတ်၊ ချုပ်နှောင်ခြင်း လှောင်ချိုင့် လေးကတ်၊ ပြန်လည်သန့်စင်ရေး အဆောင် တစ်ခု၊ ကျိထျန်းတောက်၏ အထွတ်အထိပ်သဏ္ဌာန်ကတ် တစ်ကတ်၊ အရေးပေါ် ကုသရေးကတ် သုံးကတ်၊ အဆင့်မြင့် အရေးပေါ် ကုသရေးကတ် သုံးကတ်၊ နတ်ခြင်္သေ့၊ ပိအန်း
အကယ်၍ သူသာ ကတ်များကို သူ့တပည့်များအပေါ် သုံးလိုက်လျှင် သူတို့ကို သင်ကြားဆုံးမမည့် ဖြစ်စဉ်က ချောမွေ့သွားနိုင်သည်။ အထူးသဖြင့် အဆင့်မြင့် ချုပ်နှောင်ခြင်း လှောင်ချိုင့်ကတ်များ ဖြစ်၏။
ယွီကျန့်ဟိုင်၊ ယွီရှန်းရုန်နှင့် စီးဝူယာ့တို့က အဆင့်မြင့် ကျင့်ကြံသူများ ဖြစ်ကြသည်။ လုကျိုးက သူတို့ သူ့ဆီ လာဝန်မခံခင် အရင်ဖမ်းရမည်။
လုကျိုးတွင် အထွတ်အထိပ်အသွင်ကတ် ရှိသောကြောင့် ယွီကျန့်ဟိုင် ဆယ်ယောက်ကို ကိုင်တွယ်နိုင်လိမ့်မည်ဟု ယုံကြည်ချက် ရှိလေသည်။
ဝှစ်
တိမ်ခွင်းရထားလုံးပျံက လေထဲ ပျံသန်းသွားလေသည်။ နဂါးဂိတ်ကို ဖြတ်ကျော်သည့် ရွှေငါးလိုမျိုး ရထားလုံးပျံကြီးက ကျင့်မင်တာအိုဂိုဏ်းဆီ ဦးတည်လိုက်သည်။
“ ရှောင်ရှစ်မေ့ သေချာကိုင်ထား ”
“ ရှစ်ရှိုး ရတယ် .. ဒါက ပျော်စရာကြီး ”
လူအိုကြီးများက ရှောင်ယွမ်အာလိုမျိုး ပျော်စရာကောင်းသည်ဟု မထင်ကြပေ။
ရထားလုံးပျံက အရှိန်မြင့်ကာ သွားလိုက်သည်။ ခရီးလမ်းကြောင်းတစ်လျှောက် ရထားလုံးပျံက ဖြည်းဖြည်းချင်း တည်ငြိမ်လာသည်။
………….
ထိုစဉ် ကျင့်မင်တာအိုဂိုဏ်း၏ ပင်မယဇ်ပလ္လင်အထက်၌ …
ပင်မယဇ်ပလ္လင်ကြီးက သွေးများဖြင့် စွန်းကာ လက်နက်များကလည်း ပြန့်ကျဲနေသည်။ မြင်ရသလောက် ကပ်ဘေးသဖွယ် ဖြစ်၏။
တောင်ထိပ် ခုနှစ်လုံးအနက် တစ်ဝက်လောက်က မီးကျွမ်းနေလေပြီ။
ကောင်းကင်မှ ဝဲပျံလာသည့် ရထားလုံးပျံကြီးက ထိုမြင်ကွင်းကို သေချာမြင်လိုက်ရသည်။
ကျင့်ကြံသူအုပ်စုလိုက်က ပင်မယဇ်ပလ္လင်ပေါ်တွင် လေးထောင့်ဆန်ဆန် ရပ်ကာ အရှေ့ဘက်ရှိ တိမ်များကို ကြည့်နေကြသည်။ ရှေ့ဆုံးမှ ဦးဆောင်သူများက အရောင်ကွဲသည့်ဝတ်ရုံကို ဝတ်ဆင်ထားကြသည်။
ခဏတာ တိတ်ဆိတ်သွားပြီးနောက် မီးငှက်ခန်းမ၏ ယန်ယန်းက သူ့ဘာသာ မထိန်းထားနိုင်တော့ဘဲ မေးလိုက်သည်။
“ မိစ္ဆာအိုကြီး တကယ် ထွက်လာမှာလား ”
ဟွားချုံးယန်က သူ့ကို ခက်ထန်စွာ ကြည့်လိုက်ပြီး “ မင်း ကြည့်ပြော … ဂိုဏ်းချုပ်သာ ကြားသွားရင် မင်း အပြစ်ပေးခံရလိမ့်မယ်”
ပိုင်ယွီချင်းက ပြောလိုက်သည်။ “ လောင်ချန်းပေ့က ရှိချန်းသဲ့ရှီးကန်ဆီ သွားပြီလေ။ သူ့ဒေါသကို သိရက်နဲ့ မော့ချီတော့ ဒီတစ်ခေါက် မလွတ်နိုင်တော့ဘူး။ ဒါပေမဲ့ နန်းတော်က တပ်ကူတွေက သူ့ကို တားထားလောက်တယ်။ ဝေ့ကျိုးယန်ကလည်း သူ့ဘက်မှာ ကျွမ်းကျင်အကူ ရှိတယ်။ လောင်ချန်းပေ့တစ်ယောက် ဒီတစ်ခေါက် နည်းနည်းတော့ အခက်တွေ့သွားမှာပဲ ”
“ မော့ချီက ငါတို့ဂိုဏ်းချုပ်လက်ထဲကနေ ထွက်ပြေးသွားပြီးတော့ လောင်ချန်းပေ့ လက်ထဲ သေသွားရလိမ့်မယ်လို့ တွေးထားမိမှာ မဟုတ်ဘူး ”
အခြားသူများက အကြည့်ချင်း ဖလှယ်ကာ ခေါင်းညိတ်လိုက်ကြသည်။
“ ဂိုဏ်းချုပ်က မိစ္ဆာဝေဟင်မျှော်နန်းရဲ့ စတုတ္ထသခင်လေးကို ယုံတယ် … သတ္တမသခင်လေးက လောင်ချန်းပေ့ ရောက်လာမယ် ပြောထားမှတော့ သေချာပေါက် ရောက်လာလိမ့်မယ် ”
“ သူက အဲလောက်တောင် ယုံကြည်ချက်ရှိတယ်လား ”
“ မင်း အရင်တစ်ခါ အပြစ်ပေးခံရတာ မေ့သွားပြီလား။ အဲဒီလူကို လျှော့မတွက်နဲ့ … မိစ္ဆာဝေဟင်မျှော်နန်းက ဘယ်တပည့်ကိုမှ လျှော့မတွက်မိစေနဲ့ ” ဟွားချုံးယန်က ပြောလိုက်သည်။
“ တကယ်လို့ လောင်ချန်းပေ့သာ သူ့အကြံအစည်ရှိနေလို့ မဟုတ်ရင် သူတို့အထဲ ငါတို့ထက် အားနည်းတဲ့သူ မရှိနိုင်ဘူး ”
“ မှတ်ထား … ငါတို့က ဂိုဏ်းချုပ်အတွက် လောင်ချန်းပေ့ကို စကားနဲ့ အချိန်ဆွဲထားဖို့ပဲ … ယို့ဟုန်ယီနဲ့ အခြားလူတွေပဲ ကျန်တော့တာ ”
“ ငါတို့လေးယောက် ရှိနေရက်နဲ့ ဘာမှမဖြစ်နိုင်ပါဘူး။ တကယ်လို့ ငါတို့ မတတ်နိုင်တော့ရင်လည်း ထွက်ပြေးရုံပေါ့ ”
လေးယောက်သား သဘောတူလိုက်ကြသည်။ သူတို့က ဒီလိုမျိုး ပညာရှင်ဆီမှ ထွက်ပြေးဖို့ မရှက်ကြပေ။
သူတို့က အချင်းချင်း ဆွေးနွေးနေစဉ် တိမ်ခွင်းရထားလုံးပျံက တိမ်ကြားမှ ပေါ်ထွက်လာသည်။
ဟွားချုံးယန်က မော့ကြည့်ကာ ကျန်လူများကို အသိပေးလိုက်သည် “သူတို့ ရောက်လာပြီ ”
ပိုင်ယွီချင်းက အနည်းငယ် အံ့ဩနေဟန်ဖြင့် “နန်းတော်က တပ်ကူတွေက ဒီလောက်မြန်မြန် ရှုံးနိမ့်သွားတာလား ”
“ ဒါက မိစ္ဆာဝေဟင်မျှော်နန်းရဲ့ ရထားလုံးပျံပဲ ”
“ ဂိုဏ်းချုပ်နဲ့ သတ္တမသခင်လေးကို သတိထားပြီး လုပ်ဖို့ အကြောင်းကြားလိုက် … ”
…
အခန်း (၂၂၇) ဘာကြောင့်များကျွန်တော့်ကို ထိခိုက်အောင်လုပ်ရတာလဲ စန်းရှစ်တိ
တိမ်ခွင်းရထားလုံးပေါ်တွင်ဖြစ်၏။
လုကျိုးက ကျင့်မင်တာအိုဂိုဏ်း၏ ပင်မယဇ်ပလ္လင်ကို လက်နောက်ပစ်ထားလျက် ငုံ့ကြည့်လိုက်၏။
“ရှစ်စွင်း ကျင့်မင်တာအိုဂိုဏ်းရဲ့ အရံအတားက ပျက်နေပြီ။ တောင်ထွတ်ခုနစ်လုံးကလည်း လောင်နေတာ” တွမ့်မူရှန်းက ပြောပြီးနောက် ယဇ်ပလ္လင်နားတစ်ဝိုက်ရှိတောင်ခုနစ်လုံးကို ကြည့်လိုက်သည်။
“ငရဲဂိုဏ်းရဲ့ရထားလုံးပျံပဲ” ရှောင်ယွမ်အာက ထုတ်ဖော်ပြောလိုက်ပြီးနောက် ပင်မယဇ်ပလ္လင်အထက်တွင် ပျံဝဲနေသော ရထားလုံးပျံကို လက်ညှိုးထိုးပြလိုက်သည်။
တွမ့်မူရှန်းက နှာခေါင်းရှုံ့လိုက်၏။ သူက ငရဲဂိုဏ်း၏ရထားလုံးပျံရှိရာဆီသို့ သူတို့ရထားလုံးပျံကို မောင်းနှင်လိုက်သည်။
သူတို့က ယင်းကို သတိပြုမိဟန်တူ၏။ ငရဲဂိုဏ်း၏ရထားလုံးပျံက ပင်မယဇ်ပလ္လင်၏နောက်ဆီသို့ လျင်မြန်စွာ ဆုတ်သွားသည်။
တိမ်ခွင်းရထားလုံး၏အရှိန်က လျော့သွားပြီးနောက် ပင်မယဇ်ပလ္လင်အထက်လေထဲ၌ ဝဲနေလေသည်။
“မိုးပြာနဂါးခန်းမရဲ့ ဟွားချုံးရန် လောင်ချန်းပေ့ကို ဂါရဝပြုပါတယ်”
“လိပ်နက်ခန်းမရဲ့ တိချင်းက လောင်ချန်းပေ့ကို ဂါရဝပြုပါတယ်”
“မီးငှက်ခန်းမရဲ့ ယန်ယန်းက လောင်ချန်းပေ့ကို ဂါရဝပြုပါတယ်”
“ကျားဖြူခန်းမရဲ့ပိုင်ယွီချင်းက လောင်ချန်းပေ့ကို ဂါရဝပြုပါတယ်”
လေးယာက်သား၏အသံသည် ရှင်းလင်းသည့်အသံကိုပို့ဆောင်ပေးသည့်သိမ်မွေ့သော အသံလှိုင်းဖြစ်နေလေရာ တိမ်ခွင်ရထားလုံးဆီသို့ ရောက်ရှိလာ၏။
တိမ်ခွင်းရထားလုံးပေါ်ရှိလူများက ဝင့်ကြွားသည်လည်းမဟူ နှိမ့်ချလွန်းသည်ဟု မမည်သည့် လူသုံးယောက်ကို ကြည့်လိုက်၏။
“ရှစ်စွင်း အဲ့ဒါက ငရဲဂိုဏ်းရဲ့မဟာကာကွယ်စောင့်ရှောက်သူလေးယောက်ပဲ”
လုကျိုးက ခေါင်းညိတ်ပြီးနောက်ပင်မယဇ်ပလ္လင်ကို ငုံ့ကြည့်လိုက်၏။ တိမ်ခွင်းရထားလုံးက ပင်မယဇ်ပလ္လင်အထက်ပျံဝဲနေသည်။
လန်လော့က ရထားလုံးပျံကနေ မြေပြင်ကိုလေ့လာလိုက်၏။ သူက “ငရဲဂိုဏ်းရဲ့ မဟာကာကွယ်စောင့်ရှောက်သူနှစ်ယောက်က ပွင့်ချပ်ခြောက်လွှာကျင့်ကြံသူတွေလို့ပြောတယ်။ ကျန်နှစ်ယောက်က ပွင့်ချပ်ခုနစ်လွှာတဲ့။ ကောလဟလကမှန်လားဆိုတာသိချင်မိတယ်”
“ဒီလိုခွန်အားနဲ့ ငရဲဂိုဏ်းက ကျင့်မင်တာအိုဂိုဏ်းကို သုတ်သင်နိုင်တာအံ့ဩစရာမရှိဘူးပဲ”
ဖန်လီထန်းကပြောလိုက်၏။
လုကျိုးသည် ဖန်လီထန်းကို ဖျတ်ခနဲကြည့်လိုက်သည်။ ဖန်လီထန်းသည်လည်း ကျင့်မင်တာအိုဂိုဏ်းမှ ဖြစ်၏။ သူသည် ကျင့်မင်တာအိုဂိုဏ်းပြိုလဲမှုဖြစ်ပေါ်ခဲ့သော ကပ်ဘေးကြောင့် သက်ရောက်မခံရပုံပေါ်သည်။
သို့သော် လုကျိုးက ဖန်လီထန်းကို ထိုအကြောင်းမမေးခဲ့ပေ။ သူက မဟာကာကွယ်စောင့်ရှောက်သူလေးဦးကို ကြည့်ပြီးနောက်မေးလိုက်၏။
“ယွီကျန့်ဟိုင်ဘယ်မှာလဲ”
ဟွားချုံးရန်က အရိုအသေပေးကာ လက်နှစ်ဖက်ဆုပ်မိုးလျက်ပြောလိုက်တော့သည်။
“လောင်ချန်းပေ့ ဂိုဏ်းချုပ်က ကျွန်တော်တို့ကို ဒီမှာစောင့်ခိုင်းခဲ့တာပါ။ ငရဲဂိုဏ်းက ကျင့်မင်တာအိုဂိုဏ်းကို သုတ်သင်ရှင်းလင်းခဲ့တဲ့သူဆိုပေမဲ့ လောင်ချန်းပေ့အလိုရှိတာကို ယူလို့ရတယ်ဆိုတဲ့အကြောင်း ဂိုဏ်းချုပ်ကလည်းပြောသွားပါတယ်”
လုကျိုးကပတ်ဝန်းကျင်ကို မတွေ့ရပေ။ ထင်သည့်အတိုင်းပင် ထိုလူမိုက်က ကောက်ကျစ်လှ၏။
တွမ့်မူရှန်းကအော်ပြောလိုက်သည်။
“ယွီကျန့်ဟိုင်နဲ့ စီးဝူယာ့ကို အခုချက်ချင်း မျက်နှာလာပြဖို့ပြောလိုက်။ ရှစ်စွင်း ဒီရောက်နေတဲ့ အချိန်မှာတောင် အကြောက်တရားကြောင့် သူရဲဘောကြောင်နေတာ ရယ်စရာကောင်းလိုက်တာ”
ဟွားချုံးရန်က ဒေါသမထွက်သွားပေ။ သူက ဆက်ပြောလိုက်၏။
“ကျေးဇူးပြုပြီး ဒေါသထိန်းပါ တတိယသခင်လေး။ ဂိုဏ်းချုပ်နဲ့ သတ္တမသခင်လေးက အလုပ်များနေလို့ပြန်မလာပါဘူး”
“အဓိပ္ပာယ်မရှိတာ။ သတ္တိမရှိတဲ့သူတွေအတွက် ဆင်ခြေမရှိဘူး။ သူတို့ ဟန်ဆောင်ရတာ မရှက်ကြဘူးလား” တွမ့်မူရှန်းသည်က မင်ရှစ်ရင်လို ရွှန်းရွှန်းဝေအောင် မပြောတတ်သောကြောင့် သူက ဆဲသာဆဲတတ်သည်။
မည်သို့ပင်ဆိုစေကာမူ ဟွားချုံးရန်နှင့် ကျန်သည့်သူများက ဒေါသမထွက်ကြပေ။ ဆိုရလျှင် တွမ့်မူရှန်း၏ စကားကမှန်ပေ၏။ မဟုတ်လျှင် သူတို့လေးယောက်ဤနေရာတွင် စောင့်နေရန် အမိန့်ပေးခံရမှာမဟုတ်ပေ။
“လောင်ချန်းပေ့ ကျွန်တော်အမှန်အတိုင်းပြောနေတာပါ။ ကျွန်တော်မလိမ်ရဲပါဘူး” ဟွားချုံးရန်က ထပ်မံ အရိုအသေပေးလိုက်၏။ သူသည် လုကျိုး၏ဒေါသအပူခံစားမိနေပြီးဖြစ်သည်။
ဤအတိုင်းဆက်ဖြစ်ပွားနေပါက လုကျိုးက သူတို့အပေါ်၌ ဒေါသပေါက်ကွဲလောက်၏။
မဟာကာကွယ်စောင့်ရှောက်သူလေးဦးသည် ပြန်ဆုတ်ခွာရန်ပြင်ဆင်ပြီးသားဖြစ်၏။ လောင်ချန်းပေ့က တိုက်ခိုက်သည်နှင့် သူတို့တွေဝေမနေဘဲ ချက်ချင်းထွက်ပြေးလျှင်ပြေး မဟုတ်လျှင် သူ၏တိုက်ခိုက်မှုကို ပိတ်ဆို့ထားမှာပဲဖြစ်သည်။ သူတို့က ပွင့်ချပ်ခြောက်လွှာနှင့် ပွင့်ချပ်ခုနစ်လွှာနတ်ဝိညာဉ်ဝဋ်ကြွေးချေ နယ်ပယ်ကျင့်ကြံသူများဖြစ်သောကြောင့် ထွက်ပြေးရာ၌ ပြဿနာမရှိပေ။ လုကျိုးက သူတို့ကိုအလေးတောင်မထားတာကို သူတို့ သတိမပြုမိတာပဲဖြစ်၏။
“ဒါဆိုပြော ယွီကျန့်ဟိုင်နဲ့ စီးဝူယာ့အခုဘယ်မှာလဲ။" လုကျိုးက သူတို့လေးယောက်ထိုအကြောင်းကို မသိဘူးဆိုတာမယုံပေ။
“အမ်း”
“မင်းက မပြောဘူးလား”
“လောင်ချန်းပေ့ ကျွန်တော်တို့က ငရဲဂိုဏ်းသားတွေပါ။ ဒီလို သစ္စာဖောက်တဲ့အမှုကို ကျူးလွန်မှာ မဟုတ်ဘူး။ ဒါကို နားလည်ပေးမယ်လို့မျှော်လင့်ပါတယ် လောင်ချန်းပေ့ “ ဟွားချုံးရန်က ပြောလိုက်၏။
“မင်းပြောဖို့ ဆန္ဒမရှိဘူးဆိုမှတော့ ငါမိစ္ဆာဝေဟင်မျှော်နန်းကိုပြန်တော့မယ်” လုကျိုး၏ အကြည့်က ဟွားချုံးရန်ဆီရောက်သွား၏။
ဟွားချုံးရန်က တုန်ယင်သွားတော့၏။ သူက အလိုလိုပင် နောက်တစ်လှမ်းဆုတ်မိသွားသည်။ သူ၏ ဦးနှောက်ကအလွန်အကျွံ သုံးစွဲနေတာပဲဖြစ်သည်။ သူက ကမန်းကတန်းစကားစီပြီး ပြောလိုက်တော့သည်။
“ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ လောင်ချန်းပေ့။ ကျွန်တော်တို့က မဟာကာကွယ်စောင့်ရှောက်သူ လေးယောက်ပါပဲ။ ဂိုဏ်းထဲမှာ ခရာကျတဲ့ရာထူးမရှိပါဘူး။ ဒါ့အပြင် ရွှေနန်းဥယျာဉ်တောင်ရဲ့ အရံအတားကလည်း နောက်ပိုင်းမှ ဒီလိုဖြစ်လာတာ။ အမြတ်ထုတ်သူတွေကို ဂရုစိုက်သင့်ပါတယ် လောင်ချန်းပေ့”
ပိုင်ယွီချင်းကလည်း လိုက်ပြောသည်။ “ကောင်းကင်ဓားဂိုဏ်းရဲ့ဂိုဏ်းချုပ် လော့ချန်ဖုန်းနဲ့ လော့ရှင်းခုံရဲ့သားကို လောင်ချန်းပေ့ သတ်လိုက်တာလို့ကြားထားတယ်။ လော့ရှင်းခုံက လောင်ချန်းပေ့ကို လက်စားချေဖို့အတွက် နည်းလမ်းတစ်ခုကိုရှာနေတာ သူ့ကို သတိထားမှရမယ် လောင်ချန်းပေ့”
ရန်ရန်းက ထပ်ပြော၏။ “ကျုပ်တို့ဂိုဏ်းချုပ်ကို ဒီလောက်အထိထည့်တွက်ဖို့မလိုပါဘူး လောင်ချန်းပေ့။ သူက အဲ့ဒီတုန်းက ရွေးချယ်စရာမရှိဘဲ မိစ္ဆာဝေဟင်မျှော်နန်းက ထွက်လာခဲ့ရတာ”
ထိုစကားကို သူတို့ကြားသည့်အချိန်၌ ရှောင်ယွမ်အာနှင့်တွမ့်မူရှန်းတို့က သူတို့စကားကို နားလည်သွားသည်။ နှစ်ယောက်လုံးက ယွီကျန့်ဟိုင်၏ လက်အောက်ငယ်သားများဖြစ်တာကြောင့် ထိုစဉ်က သူတို့ရှစ်စွင်း သူတို့ကို မည်ကဲ့သို့ ဆက်ဆံကြောင်းလူတိုင်းထက်ကောင်းကောင်း သိပေလိမ့်မည်။ သို့သော် တာ့ရှစ်ရှိုးထွက်သွားရန် ဆုံးဖြတ်ရသည့်အကြောင်းအရင်းကို သူတို့မသိပေ။
တစ်ချိန်လုံးငရဲဂိုဏ်း၏မဟာကာကွယ်စောင့်ရှောက်သူလေးဦးက တလေးတစားပြုမူနေ၏။
လန်လော့ကပြောလိုက်သည်။ "ဘယ်လိုပဲဖြစ်ဖြစ်ဆရာကိုသစ္စာဖောက်တာက သေသင့်တဲ့ပြစ်မှုပဲ။ ခင်ဗျားတို့လေးယောက်က အရူးတွေမဟုတ်ဘူး။ ခင်ဗျားတို့ကို သဘောတရားတစ်ခု ရှင်းပြရလိမ့်မယ်လို့မထင်ဘူး။ သူအခုပြေးလို့ရတယ်။ ဒါပေမဲ့ တစ်သက်လုံးမပြေးနိုင်ဘူး”
ဟွားချုံးရန်နှင့် ကျန်သည့်သူများက ဆိတ်ဆိတ်သာနေလေ၏။
မဟာကာကွယ်စောင့်ရှောက်သူလေးဦးက အခြေအနေကို မည်သို့ဖြေရှင်းရမည်မှန်းမသိဖြစ်နေစဉ် ကျင့်မင်တာအိုဂိုဏ်း၏ တတိယတောင်ထွတ်မှာ အသံတစ်သံပေါ်ထွက်လာ၏။
“ရှစ်စွင်း ဘာကြောင့်များဒီလိုလုပ်ရမှာလဲ” အသံက တောင်တန်းနဲ့တောအုပ်ကို ခွင်းလျက် ဟိုးဝေးကွာသည့်နေရာကနေ ရောက်လာပုံပေါ်၏။ ပင်မယဇ်ပလ္လင်နှင့် တောင်ထွတ်ခုနစ်ခုကြား ကျောက်နံရံများ၌ ပဲ့တင်သံထွက်သွားတော့သည်။
ထိုအချင်းအရာအရ ယွီကျန့်ဟိုင်သည် သူတို့ပြောနေတာကို ကြားနိုင်သည်ဆိုတာ ရှင်းလင်းနေ၏။
လုကျိုးက မျက်နှာသေဖြင့် လက်ဝှေ့ယမ်းလိုက်၏။ “လူလိမ်လူကောက်”
“နားလည်ပါပြီ” တွမ့်မူရှန်းက တိမ်ခွင်းရထားလုံးကို တတိယမြောက်တောင်ထွတ်ဆီသို့ မောင်းနှင်ရန်ဆုံးဖြတ်ချက်ချလိုက်၏။
မဟာကာကွယ်စောင့်ရှောက်သူလေးဦးက ထိတ်လန့်သွားကြသည်။ သူတို့က လောင်ချန်းပေ့ ရုတ်တရက်ကြီး လှုပ်ရှားလိမ့်မည်ဟု မထင်ထားပေ။
တိမ်ခွင်းရထားလုံးက ကြယ်တံခွန်ကြွေကျသည့်ပမာ အမြီးတန်းသာကျန်ခဲ့လျက် မျက်တောင်တစ်ခတ်အတွင်း တတိယမြောက်တောင်ထွတ်ဆီရောက်သွားသည်။
ကျင့်မင်တာအိုဂိုဏ်း၏ တတိယတောင်ထွတ်ပေါ်ရှိ အခြေအနေကပင်မယဇ်ပလ္လင်ထက် မသာပေ။ အနားတစ်ဝိုက်က အပြည့်ရှုပ်ထွေးနေလေ၏။ အဆောက်အဦးများက ပြိုလဲနေပြီး ပြာဖြစ်လုနီးပါး ဖြစ်နေလေ၏။ ကျင့်မင်တာအိုဂိုဏ်းသားများ၏အလောင်းများကလည်း ထပ်နေလေသည်။
ဖန်လီထန်းသည် ကျင့်မင်တာအိုဂိုဏ်းကို မည်မျှစက်ဆုပ်စေကာမူ ထိုမြင်ကွင်းကို မြင်သောအခါ သက်ပြင်းချလိုက်သေး၏။
“သူတို့လုပ်လို့ သူတို့ခံရတာပဲ”
လုကျိုးသည် ယခုအချိန်၌ ဖန်လီထန်း၏အတိတ်အကြောင်း ဂရုစိုက်ရန်အချိန်မရှိပေ။ သူက အသံရင်းမြစ်ကိုရှာဖွေရန်ဆုံးဖြတ်လိုက်၏။
တောအုပ်က ထူထပ်လွန်းသောကြောင့် အမြင်အာရုံကိုဟန့်တားထားသည်။ လုကျိုးက ယွီကျန့်ဟိုင် သို့မဟုတ် စီးဝူယာ့၏ အရိပ်သာတွေ့ရန်လိုအပ်ပြီး ချုပ်နှောင်ခြင်း လှောင်ချိုင့်ကတ်များကို ထုတ်ဖော်ရန်သာလိုအပ်၏။
တောင်တန်းတစ်ခုလုံးက ခြောက်ခြားဖွယ်ကောင်းလောက်အောင်တိတ်ဆိတ်နေသည်။
ထိုစဉ် မဟာကာကွယ်စောင့်ရှောက်သူလေးဦးကလည်း လေထဲကနေ သူတို့ဆီ ချဉ်းကပ်လာ၏။ သူတို့က ရထားလုံးပျံနား၌ ပျံဝဲနေကာ တစ်တန်းတည်းရပ်နေလေ၏။
“လောင်ချန်းပေ့”
“လောင်ချန်းပေ့ ကျင့်မင်တာအိုဂိုဏ်းက မိစ္ဆာဝေဟင်မျှော်နန်းကို အကြိမ်ပေါင်းများစွာ ထိခိုက်အောင်ကြိုးစားခဲ့တယ်။ သူတို့က ဖြောင့်မတ်ခြင်းလမ်းစဉ်က တခြားသူတွေနဲ့ပေါင်းပြီး မိစ္ဆာဝေဟင်မျှော်နန်းကိုတိုက်ခိုက်ဖို့လည်းစီစဉ်နေတာ။ ကျုပ်တို့ဂိုဏ်းချုပ်က ကျင့်မင်တာအိုဂိုဏ်း ကို ရှင်းလင်းပစ်ခဲ့တယ်ဆိုတော့ လောင်ချန်းပေ့ ပျော်နေသင့်တယ်” ဟွားချုံးရန်က တတ်စွမ်းသလောက် လုကျိုးကို ဖျောင်းဖျရန်ကြိုးစားနေသည်။ သူက အရိုအသေပေးလျက် ခေါင်းငုံ့ထားကာ တည်ကြည်သောလေသံဖြင့်ပြောလိုက်၏။
လုကျိုးက သူ့ကိုကြည့်တောင်မကြည့်ပေ။
တွမ့်မူရှန်းက ပြောလိုက်သည်။ "သူ့ရင်ထဲမှာ မိစ္ဆာဝေဟင်မျှော်နန်းရဲ့အကျိုးအတွက် အမှန် တကယ်ရှိမယ်ဆိုရင် ထိပ်သီးဆယ်ယောက်က ရှစ်စွင်းကို တိုက်ခိုက်တဲ့အချိန် သူဘာလုပ်နေတာလဲ။ ရွှေနန်းဥယျာဉ်တောင်ကို ထိပ်သီးလက်ရွေးဆယ်ယောက်ဒုတိယအကြိမ်တိုက်ခိုက်တုန်းက သူဘာလုပ်နေလဲ။ ရှစ်စွင်းကို သစ္စာဖောက်ခဲ့ရုံတင်မကဘူး သူက ဖြောင့်မတ်ခြင်းလမ်းစဉ်နဲ့ပါ ပူးပေါင်းပြီး ရှစ်စွင်းရှိနေတဲ့နေရာကို ထုတ်ဖော်လိုက်သေးတယ်။ ရှစ်စွင်းကိုလိမ်ညာပြီး ဂိုဏ်းချုပ်ကိုရှုံ့ချတာ သူသေသင့်တယ်”
ထိုစကားကိုကြားသောအခါ မဟာကာကွယ်စောင့်ရှောက်သူ လေးဦးက ဆွံ့အသွား၏။ အဆုံးတွင်မူ ယင်းက မိစ္ဆာဝေဟင်မျှော်နန်း၏ ဂိုဏ်းသားများကြားကိစ္စသာဖြစ်သည်။ မဟာကာကွယ်စောင့်ရှောက်သူလေးဦးနှင့် အနည်းအကျဉ်းသာ သက်ဆိုင်၏။ သူတို့နှင့် တစ်ခုခု သက်ဆိုင်လျှင်တောင် ဝင်ပါရန်သတ္တိမရှိပေ။ ထို့ကဲ့သို့ ပညာရှင်ကို မည်သူကများ အဆင်အခြင်မဲ့လှုပ်ရှားရဲမည်နည်း။ ထို့အပြင် သူတို့ဂိုဏ်းချုပ်က မိစ္ဆာဝေဟင်မျှော်နန်းကို တိုက်ခိုက်ရာ၌ မတိုက်ခိုက်ရန် သူတို့ကို ထပ်ခါတလဲလဲညွှန်ကြားခဲ့သည်။
ကျင့်မင်တာအိုဂိုဏ်း၏ တတိယတောင်ထွတ်နောက်၌ ယွီကျန့်ဟိုင်က တွမ့်မူရှန်း၏စကားကြောင့် စိတ်အနှောင့်အယှက်ဖြစ်သွားပုံပေါ်သည်။ သူကပြန်ပြောလိုက်၏။
“စန်းရှစ်တိ ငါတို့က ဆရာတူတပည့်တွေပါ။ ဘာကြောင့်များ ငါ့ကို ထိခိုက်အောင်လုပ်ရတာလဲ”
လေထဲတွင် သူ၏အသံက ပေါ်ထွက်လာပြီး ကနဦးချီက ပေါ်ထွက်လာ၏။ ကျင့်မင်ဂိုဏ်းထဲ၌ ယွီကျန့်ဟိုင်သာမက သူကတိုက်ပွဲအတွင်းပိတ်မိနေတာလည်းသိသာသည်။
…
အခန်း (၂၂၈) ချုပ်နှောင်ရေး မန္တန်
ဘွတ်အဲ …
တိုက်ပွဲအငွေ့အသက်ဖြင့် ပြည့်နှက်နေသည့် အသံက လေထဲ ထွက်ပေါ်လာသည်။
အသံထွက်ပေါ်လာသည့်အခါ ပေါက်ကွဲသံကျယ်ကြီးလည်း ထွက်လာသည်။
တတိယမြောက် တောင်ထိပ်အောက်ရှိ တောင်ပူစာလေးပေါ်မှ ရွှေရောင်အလင်းတန်း တစ်ခု ထွက်လာသည်။ ထိုအရာက လေထဲ ပေရာချီ မြင့်တက်သွား၏။ ရွှေရောင်အလင်းတန်းက နာရီလက်တံ ပြောင်းပြန်အတိုင်း လည်ကာ တောအုပ်ထဲဝင်သွားပြီး လမ်းကြောင်းရှိ သစ်ပင်များကို ရှင်းလင်းသွားသည်။ စွမ်းအားကြောင့် ဘေးပတ်ဝန်းကျင်ဆီ ပျံ့သွားသည့် ဧရာမလှိုင်းတွန့် ပေါ်လာစေသည်။
ရုတ်ရုတ်သည်းသည်း ဖြစ်သွားတာ ကြီးမားလွန်းလှသည်။
အားလုံးက ဖြစ်ပွားရာနေရာဆီ လှည့်ကြည့်လိုက်ကြ၏။
လန်လော့က ပြောလိုက်သည်။ “စီးတော်သားရဲ ကွေ့နျူပဲ။ အဲဒါ ကွေ့နျူရဲ့ အော်သံပဲ ”
“ တာ့ရှစ်ရှိုးရဲ့ သားရဲက တခြားသားရဲ မဟုတ်ဘူးလား” ရှောင်ယွမ်အာက ကြားဖူးရုံမျှ ဖြစ်သော်လည်း မမြင်ဖူးပေ။ ထို့အပြင် သူမ သိထားသည်က ကျင့်ကြံရေးလောကမှ ကောဟလာလများသာ ဖြစ်၏။
လန်လော့က ဗဟုသုတကြွယ်ဝသည့်အတွက် မှားယွင်းခန့်မှန်းမိတာ မဖြစ်နိုင်ပေ။
လုကျိုးက ရွှေရောင်အလင်းတန်းကို ကြည့်လိုက်သည်။ သူက ယွီကျန့်ဟိုင်၏ နာမည်ကျော် အမှောင်ကောင်းကင် ကြယ်အလင်းရောင် တိုက်ကွက်ဖြစ်ကြောင်း မှတ်မိလေသည်။ သို့သော်လည်း သူတို့က ဝေးလွန်းနေသည့်အတွက် ထိုငမိုက်သားကို မမြင်ရပေ။
တွမ့်မူရှန်းက ရထားလုံးပျံအား မောင်းနှင်ဖို့ ပြင်ဆင်လိုက်သည်။
ကာကွယ်သူလေးယောက်က အကြည့်ချင်း ဖလှယ်ကာ သူတို့ဘာသာ တစ်တန်းတည်း နေရာယူလိုက်ကြသည်။ ထို့နောက် သူတို့က ပေါ့ပါးသွက်လက်စွာ လှုပ်ရှားရင်း တိမ်ခွင်းရထားလုံးပျံရှေ့မှ ကာဆီးရပ်လိုက်ကြသည်။ တစ်ချိန်တည်းဆိုသလို လေးယောက်သား သူတို့စိတ်ဝိညာဉ်သဏ္ဌာန်များကို ထုတ်ဖော်လိုက်ကြသည်။ ပွင့်ချပ်ခြောက်လွှာ စိတ်ဝိညာဉ်သဏ္ဌာန် နှစ်ခုနှင့် ပွင့်ချပ်ခုနှစ်လွှာ စိတ်ဝိညာဉ်သဏ္ဌာန် နှစ်ခုစီ ထွက်လာကြသည်။
ဒီလိုမျိုး အားကောင်းသည့် ပြိုင်ဖက်မျိုးက တကယ်ကို လှုံ့ဆော်ပေးနိုင်သည်။
စိတ်ဝိညာဉ်သဏ္ဌာန်များက ခဏမျှသာ တည်ရှိပြီးနောက် ပျောက်ကွယ်သွားကြသည်။ နွားအော်သံနှင့်အတူ ပဲ့တင်ထွက်လာသည့် စွမ်းအားလည်း တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။ သူတို့ပတ်ဝန်းကျင်က တဖန် ပြန်လည်ငြိမ်သက်သွားလေ၏။
“ ကျွန်တော်တို့က လောင်ချန်းပေ့အတွက် ပြိုင်ဖက် မဟုတ်တာ သိပါတယ်။ ကျွန်တော်တို့ဂိုဏ်းချုပ်က လောင်ချန်းပေ့ရဲ့ ပြိုင်ဖက်ကင်း စွမ်းအားကြီးကြောင်း ပြောပြဖူးပါတယ်။ ကျွန်တော်တို့လေးယောက် ပူးပေါင်းတိုက်ရင်တောင် လောင်ချန်းပေ့ကို အနိုင်တိုက်ဖို့ မဖြစ်နိုင်ပါဘူး။ လောင်ချန်းပေ့ သေချာစဉ်းစားပေးပါခင်ဗျ ”
သူတို့က အသာတကြည်နှင့် ခက်ခက်ခဲခဲ နည်းလမ်းနှစ်မျိုးလုံးကို ကြိုးစားနေသည်။ တခြားနည်းဖြင့်ဆိုရလျှင် လုကျိုးသာ သူတို့အား တားခဲ့မည်ဆိုလျှင် လေးယောက်လုံးက တိုက်ခိုက်ကြမည် ဖြစ်၏။
ဖန်လီထန်းက ချောင်းဟန့်ကာ နောက်ဆုတ်လိုက်သည်။ သူက ကူကယ်ရာမဲ့ ဖြစ်နေမိသည်။
လန်လော့က ဖန်လီထန်းထက် ပိုတည်ငြိမ်လေ၏။ သူ့မျက်နှာဖုံးကြောင့် မည်သူကမှ သူ့အမူအရာကို မမြင်နိုင်ပေ။
ထိုစဉ် ယွီကျန့်ဟိုင်၏ ကျင့်ကြံဆင့်က သူ့ရှစ်စွင်းဖြစ်သူနှင့် လက်ရည်တူ ဖြစ်ကြောင်း အချက်ကို သက်သေပြပြီးသား ဖြစ်သွားလေပြီ။ အကယ်၍ ကာကွယ်သူလေးယောက်သာ ဒီလိုမျိုး ကျင့်ကြံဆင့်မျိုး ရှိနေလျှင် သူတို့ဂိုဏ်းချုပ် ယွီကျန့်ဟိုင်က ပွင့်ချပ်ရှစ်လွှာ ကျင့်ကြံဆင့်ရှိလျှင်ပင် မထူးဆန်းပေ။
လုကျိုးက လေးယောက်လုံးကို ကြည့်လိုက်သည်။ သူက ထိုလေးယောက်အပေါ် အမြင်ကောင်း ရှိ၏။ အနည်းဆုံးတော့ သူတို့က အမြဲတမ်း ယဉ်ကျေးကြလေသည်။ ထိုအကြောင်းအရင်းကြောင့် သူက သူတို့ကို သတ်ဖို့ မရည်ရွယ်ထားပေ။ သို့သော်လည်း မိုးကြိုးကတ် လေးကတ်ကို ထုတ်ယူလိုက်ပြီး “ မင်းတို့ ရဲစွမ်းသတ္တိအတွက် ချီးကျူးပါတယ်”
သူ့အသံက နက်ရှိုင်းကာ လွှမ်းမိုးမှုအပြည့်ဖြင့် “ တိမ်ယံခြေလှမ်း ဖိနပ်ကို ထောက်ပြီးတော့ ဒီတစ်ခါ လွှတ်ပေးလိုက်မယ်။ ဘေးဖယ်ကြ ”
“ဘေးဖယ်ကြ” ဆိုသည့် စကားသံက အားလုံး နားစည်ထဲ ပဲ့တင်ရိုက်ထွက်လာသည်။ အသံလှိုင်းလည်း မဟုတ်သလို ချီအတက်အကျလည်း မရှိပေ။
လုကျိုးက ထိုလေးယောက်လုံးကို ရင်ဆိုင်နိုင်လိမ့်မည်ဟု ယုံကြည်ချက် အပြည့်အဝ ရှိသည်။ အကယ်၍ သူတို့က ၁ ရာခိုင်နှုန်း သတ်ဖြတ်နှုန်းကို ကံစမ်းကြည့်ချင်လျှင် သူတို့ကံပေါ်သာ မူတည်တော့သည်။
ဟွားချုံးယန်က ဦးညွှတ်လိုက်ကာ သူ့နဖူးမှ ချွေးများ စီးကျလာသည်။ သူက လုကျိုးအား မကြည့်ရဲပေ။ သူက အံကြိတ်လျက် ဆုံးဖြတ်လိုက်ရသည်။ ထို့နောက် သူက လက်ဝေ့ကာ “နောက်ဆုတ်ကြ ”
ပိုင်ယွီချင်းက နားမလည်ပေ။ သူက မိစ္ဆာဝေဟင်မျှော်နန်း အရှင်သခင်နှင့် မတိုက်ချင်သော်လည်း သူတို့ စီစဉ်ရမည့် အစီအစဉ်ကြီးရှိနေရက်နှင့် မည်သို့နောက်ဆုတ်နိုင်မည်နည်း။
“ ငါတို့က ဂိုဏ်းချုပ်အတွက် အချိန်ဆွဲပေးထားရမှာ မဟုတ်ဘူးလား။ ယို့ဟုန်ယီက ကြာကြာတောင့်မခံနိုင်လောက်တော့ဘူး။ တတိယမြောက် တောင်ထိပ်ရဲ့ ကာကွယ်ရေးက အချိန်မရွေး ပျက်စီးသွားနိုင်ပြီလေ။ ငါတို့ နောက်ဆုတ်လို့ မဖြစ်ဘူး” ယန်ယန်းက ပြောလိုက်သည်။
“ငါ ထပ်ပြောမယ်။ ဂိုဏ်းချုပ် မရှိတုန်း ငါက သူ့နေရာကို တာဝန်ယူပေးရမယ်” ဟွားချုံးယန်က ပြောလိုက်သည်။
“နားလည်ပါပြီ ” ကျန်သုံးယောက်က ရွေးချယ်စရာ မရှိဘဲ အမိန့်ကို နာခံလိုက်ရသည်။
လေးယောက်လုံးက လုကျိုးအတွက် လမ်းဖယ်ပေးလိုက်ကြသည်။
လန်လော့နှင့် ဖန်လီထန်းတို့က အချင်းချင်း အကြည့်ဖလှယ်လိုက်ကြသည်။ ထို့နောက် သူတို့က လုကျိုးအား ကြည့်လိုက်ကြသည်။ လုကျိုး ခန္ဓာကိုယ်၌ အရှိန်အဝါ အတက်အကျပင် မရှိချေ။
သို့သော်လည်း ကြည့်ရှုသူတို့၏ စိတ်နှလုံးကို ကြောက်ရွံ့သွားစေဖို့ လုံလောက်သည့် သဏ္ဌာန်မဲ့ အရှိန်အဝါစက်ဝန်းတစ်ခု ရှိနေသည်။
ရေခဲသုံးပေက ဆောင်းတွင်းတစ်ညတာအတွင်း ဖြစ်လာခြင်း မဟုတ်ပေ။ လုကျိုးဆီမှ တည်ရှိမှုက နှစ်သန်းချီ လေ့ကျင့်ထားခြင်းသာ ဖြစ်၏။ ဟွားချုံးယန်၊ ယန်ယန်း၊ ပိုင်ယွီချင်းနှင့် တိချင်းတို့က ရိုရိုကျိုးကျိုး ဘေးကပ်လိုက်ကြသည်။
တွမ့်မူရှန်းက သူ့ရှစ်စွင်း ဖြစ်ချင်တာကို တန်းနားလည်ကာ ရထားလုံးပျံအား ကျင့်မင်တာအိုဂိုဏ်း၏ တတိယမြောက် တောင်ထိပ်ဆီ ပျံသန်းလိုက်သည်။
တတိယမြောက် တောင်ခြေတွင် မြင့်မားသည့် သစ်ပင်များစွာ ရှိနေသည်။ တိမ်ခွင်းရထားလုံးပျံက တောအုပ်ထဲ ပင်လယ်ထဲမှ လျှပ်စစ်ငါးရှည့်အလား ဖြတ်ပြေးသွားသည်။
“ ရှစ်စွင်း ရှေ့မှာ …” ရှောင်ယွမ်အာက လက်ညှိုးထိုးပြလိုက်သည်။
ဖန်လီထန်းက ပြောလိုက်သည်။
“အဲဒါ ကျင့်မင်တာအိုဂိုဏ်းက အကျဉ်းသားတွေ ဖမ်းထားတဲ့နေရာပဲ။ အဲဒီမှာ အတားအဆီးတွေ တစ်ထောင်လောက်အထိ ရှိတယ်။ မဆန်းတော့ပါဘူး မဆန်းတော့ပါဘူး … ”
လန်လော့က ပြောလိုက်သည် “ ကာကွယ်သူလေးယောက်က ယွီကျန့်ဟိုင်အတွက် အချိန်ဆွဲပေးနေတာပဲ … ယွီကျန့်ဟိုင်ရဲ့ စွမ်းအားအရဆိုရင် သူက ဒီအတားအဆီးတွေကို ချိုးဖောက်ဖို့ အချိန်နည်းနည်းတော့ လိုမှာပဲ ”
ရှောင်ယွမ်အာက သိပ်စိတ်မရှည်ပေ။ သူမက ခုန်ကာ “စန်းရှစ်ရှိုး မြန်မြန်လေး မြန်မြန် … တာ့ရှစ်ရှိုးကို ထွက်မပြေးစေနဲ့ ”
သူမက စွမ်းအားပေါက်ကွဲရာ နေရာကို လက်ညှိုးထိုးကာ ပြောလိုက်သည်။
သစ်ပင်များက အမြစ်ကနေ ကျွတ်ထွက်သွားပြီး မြေပေါ်၌ အပျက်အစီးပုံ ဖြစ်နေသည်။
တိမ်ခွင်းရထားလုံးပျံ၏ အရေးသာချက်က တောအုပ်ထဲ၌ သိပ်မသိသာတော့ပေ။
ခပ်မြင့်မြင့်၌ ရထားလုံးပျံက အမြန်ဆုံးနှုန်းဖြင့် ပျံသန်းနိုင်လေသည်။ သို့သော် တောအုပ်ထဲ၌ တူညီသော နှုန်းဖြင့် မပျံသန်းနိုင်ပေ။
ဘွတ်အဲ …
ကွေ့နျူ၏ အသံက တဖန် ထွက်လာပြန်သည်။ အသံက တိမ်ဝင်သွားပုံပေါ်၏။
“ထွက်ပြေးသွားတာလား ” လုကျိုးက မြေပြင်ကို ကန်ကာ တိမ်ခွင်းရထားလုံးပျံမှ ခုန်ဆင်းလိုက်သည်။
သူမက ရှစ်စွင်းဖြစ်သူ ခုန်ဆင်းသွားသည်ကို မြင်လိုက်သည့်အခါ ရှောင်ယွမ်အာက လက်ခုပ်တီးလိုက်သည် “ ရှစ်စွင်း လှုပ်ရှားပြီဆိုတော့ အခု တာ့ရှစ်ရှိုး ပြေးမလွတ်တော့ဘူး ”
လုကျိုးက ခုန်ဆင်းသွားသည့်အခါ သူ့မဟာနည်းစနစ်ကို ထုတ်မသုံးလိုက်ပေ။
ပိအန်းက ပေါ်လာပြီး ဟိန်းလိုက်၏။
လုကျိုးက ပိအန်းကျောပေါ် တက်လိုက်ပြီး အရှိန်မြင့်မြင့်ဖြင့် ပျံသန်းသွားကြသည်။
ပိအန်းက တောအုပ်ထဲ သွားသည့်နေရာတွင် လျှပ်စီးအလား ဖြစ်၏။ သူတို့က အမှောင်ကောင်းကင် ကြယ်အလင်း ထွက်ပေါ်ခဲ့သည့် နေရာသို့ ရောက်သွားကြလေသည်။
လုကျိုးက ဘေးပတ်လည်ကို တစ်ချက်ကြည့်လိုက်သည်။ သူက သစ်ပင်များကို သေချာလေ့လာလိုက်ပြီး ပိအန်းကို ဖြည်းဖြည်းချင်း ဆင်းသက်ခိုင်းလိုက်သည်။ ထိုသစ်ပင်များအနားတွင် စွမ်းအားကြောင့် ကျန်နေခဲ့သည့် အငွေ့အသက်အပိုင်းအစတချို့ ရှိနေသည်။
မဟာအမှောင်ကောင်းကင် အောက်မေ့ရာသာ ဒီလိုမျိုး ချန်ရစ်ထားနိုင်လိမ့်မည်။
လုကျိုးက အကျဉ်းထောင်ဆီ ဦးတည်လိုက်သည်။ သိပ်မကြာခင် သူက တောင်ခြေတွင် အကျဉ်းတောင်ဝင်ပေါက်ကို မြင်လိုက်ရသည်။ ဝင်ပေါက်ရှိ တိုင်လုံးနှစ်လုံးက ပျက်စီးနေပြီး တစ်ခုက တစ်ဖက်သို့ စောင်းနေသည်။ ထိုအရာကို စွမ်းအားဖြင့် ဖျက်စီးထားမှန်း သိသာလှ၏။ ကြမ်းပေါ်တွင် သွေးအစွန်းအကွက်များ ရှိနေ၏။ တိုက်ပွဲတစ်ခု ဖြစ်ပျက်ခဲ့သည်မှာ သိသာလှသည်။
လုကျိုးရှေ့ အတားအဆီးအလွှာများစွာ ရှိနေသည်။ ကျင့်မင်တာအိုဂိုဏ်း၏ အတားအဆီးအလွှာထောင်ချီက ပင့်ကူအိမ် တစ်ထောင်လိုမျိုး ဖြစ်၏။
‘ယွီကျန့်ဟိုင်က ဘယ်မှာလဲ’
ဂျစ် ဂျစ် …
အတားအဆီး အလွှာထောင်ချီတစ်လျှောက် လျှပ်စီးများ ထွက်ပေါ်လာသည်။ အားကောင်းသည့် အတားအဆီးများက အလျော့မပေး တိုက်ခိုက်မှုအောက်တွင် အားပျော့လာပြီး အချိန်မရွေး ပျောက်ကွယ်သွားတော့မလို ဖြစ်နေသည်။
ထိုစဉ် …
ဘွတ်အဲ ..
ကွေ့နျူ၏ အော်သံက လုကျိုးနှင့် နီးလာသည်။ သူက လှည့်ကြည့်လိုက်သည့်အခါ ကွေ့နျူသည် တောအုပ်ထဲ ဖြတ်ပြေးသွားသည်ကို မြင်လိုက်ရသည်။ ထိုအရာက ဦးချိုမရှိသည့် အဖြူရောင် တိဗက်နွားနှင့် တူလေသည်။ ထိုစဉ် သူက တောက်ပနေပုံရ၏။
ကွေ့နျူပေါ်က လူက ဟိုငမိုက်သားပဲ ဖြစ်ရမယ် …
လုကျိုးက လက်အသာဝေ့လိုက်သည်။ အဆင့်မြင့် ချုပ်နှောင်ခြင်း လှောင်ချိုင့်ကို ချက်ချင်း ပစ်လွှတ်လိုက်သည်။
လုကျိုးက အဆင့်မြင့် ချုပ်နှောင်ခြင်း လှောင်ချိုင့်ကတ် အသက်ဝင်လာသည်ကို မမြင်ဖူးသေးပေ။ သို့သော်လည်း ထုတ်လွှင့်လိုက်သည်နှင့် အရှိန်နှင့် စွမ်းအားအရ ယခင်နှင့် ကွာခြားကြောင်း တန်းသိလိုက်သည်။ အဆင့်မြင့် ချုပ်နှောင်ခြင်း လှောင်ချိုင့်သည် သူ ထင်ထားသလောက် မကြီးမားသော်လည်း ပိုမို မြန်ဆန်ကာ ပေါ့ပါးလှသည်။
“ တာအိုချုပ်နှောင်ခြင်းလား … ချုပ်နှောင်ခြင်း မန္တနလား” လုကျိုးက စဉ်းစားလိုက်၏။ သူက အဆင့်မြင့် ဗားရှင်းသည် လှောင်ချိုင့် မဟုတ်ကြောင်း တွေးနေမိသည်။ ထို့အစား တာအိုချုပ်နှောင်ခြင်း မန္တန်နှင့် တူနေသည်။
ရွှေရောင်ပါကွား ဝန်းရံထားသည့် ချုပ်နှောင်ခြင်း ဟူသော စာလုံးကြီး ထွက်ပေါ်လာသည်။ ထိုအရာ ကွေ့နျူဆီ ပြေးဝင်သွား၏။
“လိုက်ဖမ်း ” လုကျိုးက ယွီကျန့်ဟိုင်သည် ဒီတစ်ကြိမ် မလွတ်မြောက်နိုင်ကြောင်း သေချာသိလိုက်သည်။ ပိအန်းက ပစ်မှတ်နောက် လိုက်လိုက်သည်။ သူတို့က ချက်ချင်းဆိုသလို အကျဉ်းထောင်အပေါ် ရောက်သွားလေသည်။ ဤသည်မှာ မြေပြင်နှင့် ထောင့်မှန်ကျနေသည့် ချောက်ကမ်းပါးစွန်း တစ်ခု ရှိနေသည်။ ချောက်ကမ်းပါးအလွန်တွင် မန္တန်က ပျောက်ကွယ်သွားလေသည်။ ဆိုလိုသည်မှာ သက်ရောက်မှုက အသက်ဝင်လာခြင်း ဖြစ်၏။
ငမိုက်သား ဒီတစ်ခါတော့ မလွတ်တော့ဘူး …
လုကျိုးက ပိအန်းကျောပေါ်မှ ထရပ်ကာ နေရာတစ်ဝှက် ရှာလိုက်သည်။
“ငမိုက်သား … မင်း ငါ့မန္တန်ကနေ ပုန်းနေရုံနဲ့ လွတ်ပြီ ထင်နေလား ”
လုကျိုးက ယန်ကျစ်ယွင်စန်းနှင့် ကြုံသလိုမျိုး လှောင်ချိုင့်နောက် မလိုက်နိုင်သည်မှာ နှမြောစရာကောင်းလှသည်။ မန္တန်က မြန်မြန် ရွေ့လျားသွားလေ၏။
အဆင့်မြင့်ကတ်များတွင် ဆိုးကျိုးနှင့် ကောင်းကျိုး ဒွန်တွဲနေလေသည်။
ကံကောင်းစွာဖြင့် ပိအန်းက အနံ့ခံကောင်းလေသည်။ မန္တန်က ထိမိသွားပြီဖြစ်၍ ယွီကျန့်ဟိုင်က အနီးအနားတွင် ပုန်းအောင်းနေခြင်းသာ ဖြစ်ရမည်။
ထိုစဉ် လုကျိုးက စနစ်၏ အသိပေးချက်ကို လက်ခံရလိုက်သည်။
“တင်း .. ငမိုက်သားကို အပြစ်ပေးနိုင်တဲ့အတွက် ဆုလာဘ် ကုသိုလ်ရမှတ် သုံးရာ ရရှိပါမယ် ”
အပြစ်ပေးတာတဲ့လား …
လုကျိုးက ဒီအသိပေးချက်မျိုး မကြားဖူးပေ။
ဆိုလိုတာမှာ ချုပ်နှောင်ခြင်း မန္တန်က သူ့ပစ်မှတ်ကို မိသွားတာပေါ့ …
…