အခန်း (၂၂၉-၂၃၁)
Vol. 16 Ch. 229-231
အခန်း (၂၂၉) မင်းအသက်က ငါနဲ့ဘာမှမသက်ဆိုင်ဘူး
ပိအန်းက ဖြည်းဖြည်းချင်း ဆင်းသွားလိုက်၏။ နှာခေါင်းကို ရှုံ့ချည်ပွချည် လုပ်နေလိုက်သည်။ နှာခေါင်းတရှုံ့ရှုံ့ဖြင့် ပိအန်းက ကျောက်ထရံပေါ်၌ သားကောင်ကို ရှာဖွေနေသည့် အရွယ်အစား ကြီးမားလွန်းသော အမဲလိုက်ခွေးနှင့် ဆင်တူနေ၏။ ရံဖန်ရံခါ၌ အော်နေလေသည်။ တစ်ယောက်ယောက် ပေါ်လာချိန်၌ တွေဝေခြင်းမရှိ ခုန်အုပ်မှာပဲ ဖြစ်သည်။
လုကျိုးက အလျင်မလိုပေ။ ပိအန်းကို ထိုအတိုင်း လုပ်ခွင့်ပေးထားလိုက်သည်။
၎င်းက ကျောက်ထရံမျက်နှာပြင်တောက်လျှောက် ဆင်းသွားပြီးနောက် တောအုပ်ထဲသို့ ထပ်မံ ဝင်ရောက်သွား၏။ သိပ်သည်းလွန်းသော အမိုးအကာက နေရောင်အများစုကို ပိတ်ဆို့ထား၏။
လုကျိုးက တောအုပ်ကို ကြည့်ပြီး ထူးဆန်းတာ ဘာတစ်ခုမှ ရှာမတွေ့ပေ။
ကောက်ကျစ်လိုက်တဲ့သူပဲ။ ပိအန်းက ရှေ့သို့ ဆက်လက် ရွေ့လျားသွားပြီး အရှိန်မြှင့်လိုက်သည်။ လုကျိုးက သူ့ရှေ့ရှိ လဲပြိုကျသွားသော သစ်ပင်များကို ကြည့်နေလိုက်သည်။ တောရိုင်းတိရစ္ဆာန်တစ်ကောင်ကြောင့် ယိုင်နဲ့သွားသည့်လက္ခဏာရပ် ဖြစ်သည်။
သူအရှေ့မှာရှိလောက်တယ်။ သစ်ပင်များအတန်းလိုက်လဲပြိုကျကုန်၏။
မကြာမီ၌ ပိအန်းက ရပ်တန့်သွားတော့သည်။ သူက ခေါင်းမော့ပြီး သစ်ပင်ကြီးကို ကြည့်ကာ စတင်အူတော့၏။ လုကျိုးကလည်း မော့ကြည့်လိုက်သည်။ နည်းစနစ်မှန်စွမ်းအင်က ကျန်ရှိနေရာ ၎င်းကို နိုးထစေသည်။ သစ်ပင်ဘေး၌ အဝတ်စားများလွင့်စဉ်ကျနေ၏။
လုကျိုးက မုတ်ဆိတ်သပ်လျက် ခေါင်းညိတ်လိုက်တော့သည်။
“ပုစဉ်းရင်ကွဲက သူ့အရေခွံလဲသွားပြီပဲ”
ပိအန်း၏ အနံ့ခံအာရုံက မကျသွားပေ။ ၎င်းက ဤနေရာတွင် ရပ်တန့်လိုက်ပြီဖြစ်သောကြောင့် ဤနေရာက ပစ်မှတ်ရှိသည်ဟု ဆိုလိုတာပဲ ဖြစ်သည်။
ပတ်ဝန်းကျင်က အပြည့်အဝတိတ်ဆိတ်နေလေ၏။ လုကျိုးက လှုပ်ရှားမှုအရိပ်အယောင်အတွက် ပတ်ဝန်းကျင်ကို စစ်ဆေးကြည့်လိုက်သည်။
အာလား... သူထွက်သွားပြီ။ လုကျိုးက မျက်မှောင်ကျုံ့လိုက်၏။ မဖြစ်နိုင်တာ။
သူက စနစ်မျက်နှာပြင်ကို ဖွင့်လိုက်၏။ သူက တိုးတက်နေသော ချုပ်နှောင်ခြင်းလှောင်ချိုင့်ကတ်၏ အညွှန်းကို ထပ်မံဖတ်ရှုလိုက်၏။ အမှန်တကယ်ပင် ယင်းက သေချာပေါက် ဖွင့်လှစ်သည့်နှုန်း ရှိသည်။ စနစ်ကလည်း သူ့ကို ကတ်ကပစ်မှတ်ကို ထိသွားကြောင်း သတိပေးထား၏။ ထိုသို့ဆိုလျှင် ယွီကျန့်ဟိုင်၏ ကျင့်ကြံဆင့်က ချိပ်ပိတ်ခံထားရသည်ဆိုပါက သူက ရက်စက်ကြမ်းကြုတ်သည့် စီးတော်သားရဲကို မည်ကဲ့သို့ ထိန်းချုပ်ပြီး တောအုပ်ကို ရှင်းလင်းကာ ထိုမျှမြန်ဆန်သည့်အရှိန်ဖြင့် ထွက်သွားနိုင်မည်နည်း။
လုကျိုးက ပိအန်း၏ကျောပေါ် ခုန်တက်လိုက်ပြီးနောက် အဝတ်ပုံဆီသို့ လျှောက်သွား၏။ သူက ခါးကိုင်းလိုက်ပြီးနောက် သူတို့ကို တစ်ချက်ကြည့်လိုက်သည်။
“ယွီကျန့်ဟိုင်ရဲ့ အဝတ်အစားတွေပဲ” လုကျိုးသည် ရွှေနန်းဥယျာဉ်တောင်တွင် သူ ကျင့်ကြံနေသေးသည့် အချိန်က ယွီကျန့်ဟိုင်၏ ဝတ်စုံ အရွယ်အစားကို အမှတ်ရသွား၏။
ထွက်ပြေးဖို့အတွက် ပါးနပ်တဲ့အကြံအစည်ပဲ။
ထို့သို့တိုင် ယွီကျန့်ဟိုင်အဖို့ ထိုကဲ့သို့ မြန်မြန်ဆန်ဆန် ထွက်ပြေးဖို့က မဖြစ်နိုင်ပေ။
သူက ယန်ကျစ်ယွင်စန်းလိုမျိုး ထွက်ပြေးဖို့အတွက် မြေရှိုးဖို့နည်းလမ်းတစ်မျိုးကို သုံးသွားတာများ ဖြစ်နိုင်မလား။
လုကျိုးက လက်မြှောက်လိုက်၏။ စွမ်းအင်ချိပ်က သူ၏ပတ်ဝန်းကျင်နား၌ ပွင့်ချပ်များသဖွယ် ပျံဝဲလာတော့သည်။ စွမ်းအင်ချိပ်ကို ဖျက်ဆီး၍မရ။ သူတို့က ခြေရာခံချိပ်နှင့် ပိုတူ၏။ သူတို့ကို အစပိုင်းအဆင့် ကျင့်ကြံခြင်းချိပ်ဟူ၍ အမျိုးအစား ခွဲနိုင်ပြီး သင်ယူရတာ လွယ်ကူသည်။ ကျင့်ကြံသူ၏ အရင်းအမြစ် အများအပြားလည်း မလိုအပ်ချေ။ ရှောင်ယွမ်အာ၏ မျိုးနွယ်စုဝင်များ ပြန်ပေးဆွဲခံရစဉ် မုရုံဟိုင်က ဓားစာခံများကို ခြေရာခံရန်အတွက် ဤကျင့်စဉ်ကို ကျင့်သုံးခဲ့သည်။ တစ်ချိန်တည်းတွင် ချိပ်သင်္ကေတများက ပတ်ဝန်းကျင်ရှိ သက်ရှိများကို ခြေရာခံနိုင်၏။ ပစ်မှတ်က ကျင့်ကြံဆင့်တစ်ခု ပိုင်ဆိုင်ထားလျှင် ထိုနည်းစနစ်က အသုံးပြုရန် ခဲယဉ်းပေလိမ့်မည်။ အကြောင်းမှာ ကျင့်ကြံသူ၏ ကာကွယ်ခြင်းစွမ်းအင်ကြောင့် ပိတ်ဆို့ခြင်း ခံရနိုင်သောကြောင့် ဖြစ်သည်။ သို့သော် ချုပ်နှောင်ခြင်းလှောင်ချိုင့်ကတ်က အောင်မြင်စွာ ကျရောက်သွားလေရာ ပစ်မှတ်၏ ကျင့်ကြံဆင့်က အပိတ်ခံထားရလောက်သည်။ ကျင့်ကြံဆင့်မရှိဘဲ ခြေရာခံချိပ်များကို ပိတ်ဆို့ရန် နည်းလမ်းမရှိချေ။ ထို့သို့တိုင် ချိပ်သင်္ကေတများက အချိန်အတိုင်းအတာတစ်ခုအထိ တောအုပ်ထဲ ဖြတ်သန်းသွားပြီးနောက် လေထဲတွင် ပူဖောင်းများပမာ ပျောက်ကွယ်သွားတော့၏။
လှုပ်ရှားမှု အရိပ်အယောင်မရှိ။ လုကျိုးက အနီးအနား၌ မည်သည့်သက်ရှိကိုမှ အာရုံမခံမိပေ။
“ကွေ့နျူက သူ့ကိုဆွဲသွားတာများလား” စာအုပ်ထဲတွင် မှတ်တမ်းတင်ထားသည်က ကွေ့နျူကလည်း ဒဏ္ဍာရီလာစီးတော်သားရဲဖြစ်သည်။ အရှိန်ပြင်းပြင်းဖြင့်ခရီးနှင်ခဲ့လျှင် လိုက်ဖမ်းရန်ခက်ခဲမှာပဲ ဖြစ်သည်။ သို့သော် ရုတ်ရုတ်သဲသဲ မဖြစ်ပွားဘဲ ထွက်သွားနိုင်ဖို့က အနည်းငယ် မယုံနိုင်စရာ ကောင်းလှပေ၏။
လုကျိုးက အဝတ်အစားပေါ်ရှိ စွန်းထင်းနေသောသွေးများကို ကြည့်လိုက်သည်။
သူက ကွေ့နျူထွက်သွားအောင်လို့ သူ့ရဲ့ကျင့်ကြံဆင့်ကို မလိုအပ်တဲ့ တခြားနည်းကို သုံးထားတာပဲ ဖြစ်ရမယ်။
တာ့ယန်၏ကောင်းကင်အောက်၌ ဂိုဏ်းမျိုးစုံ ရှိကြပေသည်။ သင်ကြားခြင်းနည်းလမ်းသုံးသွယ်က ကျင့်ကြံသူအများစုပါဝင်သည့် အဓိကဂိုဏ်းများ ဖြစ်သည်။ မန္တန်ရွတ်ဆိုရန်အချိန်အတော်ကြာသည့် စုန်းအတတ်လည်း ပါဝင်သည်။ ထို့ကြောင့် လူအများက တာအိုကျင့်စဉ်များကို ကျင့်ကြံရတာ ပိုနှစ်သက်၏။ လုကျိုးကမူ ကျင့်ကြံသူများ အသုံးပြုသည့် တိမ်ယံငှက်မွေးဝတ်စုံ၊ ကောင်းကင်အဆင့် လက်နက်များ၊ အစီအရင်များကို ဖွဲ့တည်နိုင်သော အစီအရင် တည်ဆောက်သူများ စသည့် အရံအသုံးဆောင်အချို့ကို သိထားပေ၏။
“လူလိမ်လူကောက် မိစ္ဆာဝေဟင်မျှော်နန်းထဲက ထွက်သွားပြီးတဲ့နောက် မင်းက အရည်အချင်းတချို့ ရလာတဲ့ပုံပဲ”
လုကျိုးက ခြေထောက်ကို ဖြည်းဖြည်းချင်း ကြွလိုက်၏။ သူ၏ကနဦးချီများကို လှည့်ပတ်လိုက်ကာ စွမ်းအင်အဖြစ် သိပ်သည်းလိုက်တော့သည်။ လက်တစ်ချက်အဝှေ့ဖြင့် စွမ်းအင်က လည်ပတ်သွားပြီးနောက် အသေးစား မဟူရာကောင်းကင်ကြယ်အလင်းအဖြစ် အသွင် ပြောင်းလဲသွားသည်။ သူက နတ်ဒေဝါဦးတည်နယ်ပယ်တွင်သာ ရှိသေးသော်ငြား ထိုသိုင်းကို သူ၏ကျွမ်းကျင်မှုက သက်သေပြနိုင်၏။
မဟူရာကောင်းကင်ကြယ်အလင်းက မျက်တောင်တစ်ခတ်အတွင်း သူနှင့် မီတာတစ်ရာအတွင်းရှိ သစ်ပင်များအားလုံးကို စွမ်းအင်ဖြင့် ဖြတ်ချသွားသည်။ အပေါ်မှ ကြည့်လိုက်လျှင် ရှင်းလင်းနေသော အဝိုင်းကိုသာ မြင်တွေ့ရပေမည်။
လုကျိုးက သူ၏စွမ်းအင်ဗဟိုချက်ရှိ ချီပင်လယ်ကိုအာရုံခံမိသည်။ သူကစိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်၏။ ကျင့်ကြံဆင့်က ဖြည်းဖြည်းချင်း ပြန်ကောင်းလာသည်နှင့်အမျှ သူ့တပည့်များ၏ကျင့်စဉ်များနှင့် နည်းစနစ်များကို အသုံးပြုရတာ ပိုလွယ်ကူလာကြောင်း သူသိလိုက်ရသည်။ သူဤနေရာသို့ ရောက်လာကာစက တပည့်များ၏ကျင့်စဉ်များ၊ နည်းစနစ်များကို အသုံးမပြုနိုင်သည့် ပြဿနာကို သူ့သက်တမ်းပြန်ဖြည့်မှုဖြင့်လည်း ဖြေရှင်းနိုင်ပြီ ဖြစ်သည်။ နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ်ကျင့်ကြံသူတစ်ယောက်ထုတ်ဖော်သကဲ့သို့ အစွမ်းမထက်နိုင်လောက်သော်ငြား ခမ်းနားသည်ဟူ၍တော့ သတ်မှတ်၍ရသည်။ အနည်းဆုံးတော့ သစ်ပင်အချို့ကို ဖြတ်ဖို့က ပြဿနာမရှိပေ။
ခဏအကြာတွင် ပိအန်းက လုကျိုး၏အမိန့်အတိုင်း လိုက်နာ၏။ ဧရိယာတစ်ခုလုံး သိမ်းကြုံးသွားသော်ငြား ဘာကိုမှ ရှာမတွေ့ခဲ့ပေ။ သူ၏သခင်ဆီသို့ လက်ဗလာဖြင့်သာ ပြန်လာရသည်။
လုကျိုးက ပိအန်း၏ ကျောပေါ် ခုန်တက်လိုက်၏။ သူက တောအုပ်ကို တစ်ချက် ကြည့်လိုက်ပြီးနောက် ပြောလိုက်တော့သည်။
“မင်းရဲ့ကျင့်ကြံဆင့်မရှိဘဲ ဘယ်လောက် ကြာကြာပုန်းနိုင်မှာလဲ”
လုကျိုးက ချုပ်နှောင်ခြင်းကျမ်းကို ဖြိုခွင်းနိုင်ရန်စွမ်းရည်ရှိသည့်သူ ရှိလိမ့်မည်ဟုမထင်ပေ။ ချုပ်နှောင်ခြင်းကျမ်းက အချိန်အတော်ကြာခံခြင်းကြောင့်သာ မဟုတ်လျှင် သူက ထိုလူလိမ်လူကောက် အနှေးနှင့်အမြန် တောင်းပန်လာမည်ဆိုတာ ယုံကြည်ချက်ရှိသည်။
“ပြန်မယ်”
ပိအန်းက ခပ်သဲ့သဲ့ မာန်ဖီပြီးနောက် ကျင့်မင်တာအိုဂိုဏ်း၏ တောင်ထွတ်ဆီသို့ သွားလိုက်၏။
တူညီသည့်နေရာတွင် တိမ်ခွင်းရထားလုံးပျံက စောင့်နေပြီးနောက် သူက ထွက်သွားတော့သည်။
လုကျိုးက အကျဉ်းစခန်းသို့ ပြန်လာခဲ့သည်။ သူထွက်သွားစဉ်ကကဲ့သို့ပင်ဘာမှမပြောင်းလဲပေ။ သူက လျှပ်စီးများ ပေါ်ထွက်နေသည့် အလွှာတစ်ထောင် အရံအတားများကိုကြည့်လိုက်၏။ ကျင့်မင်ဂိုဏ်း၏ တားမြစ်စည်းက ဖြိုခွင်းခံလိုက်ရသည်။ ကျင့်မင်ဂိုဏ်း၏ နောက်ဆုံးသော ရှင်သန်သူများက ကန့်သတ်ချက်များနောက်၌ ပုန်းကွယ်နေတာပဲဖြစ်ရမည်။ မဟုတ်လျှင် ယွီကျန့်ဟိုင်က ထိုအတား အဆီးကို ဖျက်ဆီးဖို့ရာ မဟာအမှောင်ကောင်းကင်အောက်မေ့ရာကို အသုံးပြုမှာမဟုတ်ပေ။
လုကျိုးက တမင်တကာခဏတဖြုတ်စောင့်နေခဲ့၏။ သူက ထိုလူများထံမှ ယွီကျန့်ဟိုင်အကြောင်း အချက်အလက်တချို့ ရနိုင်လောက်သည်။
ထိုစဉ်အလွှာတစ်ထောင်ကန့်သတ်ချက်က ပျောက်ကွယ်သွား၏။ တစ်ချိန်တည်းတွင် ဝတ်ရုံနီဖြင့် အမျိုးသမီးက သူ၏ဓားကိုလွှဲယမ်းလျက် ဖြည်းဖြည်းချင်းလျှောက်လာသည်။
သူမနောက်ရှိတပည့်များက သတိထားလျက်ကြည့်နေကြသည်။ သူတို့ခုနစ်ယောက်က စက်ဝိုင်းခြမ်းသဏ္ဌာန်ဝိုင်းဖွဲ့လိုက်၏။ တစ်ယောက်ချင်းစီက ဒဏ်ရာပြင်းပြင်းထန်ထန်ရထားသည်။
“ငရဲဂိုဏ်းက ထွက်သွားပြီလား” သူတို့က ဇဝေဇဝါကြည့်လိုက်ကြသည်။
ဝတ်ရုံနီဖြင့်အမျိုးသမီးက ကျင့်မင်ဂိုဏ်း၏နောက်ဆုံးလက်ရွေးစင် ယို့ဟုန်ယီဖြစ်သည်။ ထိုစဉ်သူက ပိအန်း၏နောက်ကျော၌ မတ်တပ်ရပ်နေသောလူအိုကြီးကို သတိပြုမိလိုက်၏။
သူက ကမန်းကတန်းပြောလိုက်တော့သည်။
“အားလုံးကြည့်ကြဦး”
ကျင့်မင်ဂိုဏ်းရှိတပည့်များက ပိအန်းပေါ်ရှိလူအိုကြီးကိုသတိပြုမိလိုက်တော့၏။
ခမ်းနားသောအရှိန်အဝါဖြင့် ဒဏ္ဍာရီလာစီးတော်သားရဲက သူတို့ရှေ့တွင်ရှိနေသည်။ ယို့ဟုန်ယီက သတိအနေအထားကို မလျော့ချရဲပေ။ သူမက လုကျိုးကိုမေးလိုက်တော့သည်။
“ရှင်က ငရဲဂိုဏ်းကလား”
လုကျိုးက ခေါင်းခါလိုက်၏။
“ငါ့ကြောင့်သာမဟုတ်ရင် မင်းတို့တွေ စမ်းချောင်းဝါကို အပို့ခံရလောက်ပြီ”
ယို့ဟုန်ယီက ထိုစကားကိုကြားသောအခါ သဘောပေါက်သွားပြီးနောက် အမြန်အရိုအသေ ပေးလိုက်၏။
“ဒီတော့ ရှင်က မဟာလူဆိုးယွီကျန့်ဟိုင်ကို မောင်းထုတ်ခဲ့လိုက်တဲ့သူကိုး”
ကျန်သည့်ကျင့်မင်တာအိုဂိုဏ်းသားများကလည်းအရိုအသေပေးကာပြောလိုက်၏။
“ကူညီပေးတာအတွက် ကျေးဇူးတင်ပါတယ် ဆရာကြီး”
“ဆရာကြီးရဲ့ ကြင်နာမှုအတွက် ဘယ်လိုပြန်ပေးဆပ်ရမလဲ”
“တင်း လူဆယ့်ငါးယောက်ဆီမှ ယုံကြည်ကိုးကွယ်မှုကို ရရှိပါတယ်။ ဆုလာဒ်ကုသိုလ်မှတ် တစ်ရာ့ငါးဆယ်”
ဟမ် လုကျိုးက အနည်းငယ်ကြောင်အသွား၏။
ငါက နည်းနည်းပါးပါး စေတနာသဒ္ဓါတရားထက်သန်တဲ့ပုံစံပဲရှိရုံပဲရှိတာလေ။ မင်းတို့အသက်တွေက ငါနဲ့ဘာမှမဆိုင်ဘူးလေ။
ယို့ဟုန်ယီက ပတ်ဝန်းကျင်ကိုကြည့်လိုက်၏။ ပြီးနောက် သက်ပြင်းချကာခေါင်းခါလိုက်တော့သည်။
“ဆရာကြီးသာ မလာဘူးဆိုရင် ကျင့်မင်ဂိုဏ်းက အဆုံးသတ်သွားလောက်ပြီ”
“ငရဲဂိုဏ်းက တကယ်အနိုင်ကျင့်လွန်းတာပဲ”
“ယွီကျန့်ဟိုင်ကို မိစ္ဆာဝေဟင်မျှော်နန်းရဲ့ လူဆိုးကြီးကထောက်ပံ့ပေးထားပြီး သွားလေရာ နေရာတိုင်းမှာ မကောင်းမှုမျိုးစုံကျူးလွန်းခဲ့တာ။ အရင်တုန်းက ကျင့်မင်ဂိုဏ်းက ရွှေနန်းဥယျာဉ်တောင်ကို တိုက်ခိုက်ခဲ့ဖူးတယ်။ ဒီကပ်ဘေးက ဂိုဏ်းကို ပြိုလဲစေလိမ့်မယ်လို့ ထင်ထားပြီးသားပဲ”
ကျင့်မင်သားတော်ခုနစ်ပါးက သူတို့ဖာသာစိတ်ခံစားချက်ပြင်းစွာဆွေးနွေးနေကြ၏။
“ဂိုဏ်းချုပ် ဒီရောက်လာမလားသိချင်မိတယ်”
“ဂိုဏ်းချုပ် ဒီမှာရှိတာသိချင်မိတယ်”
ယို့ဟုန်ယီက ဝင်ဖြတ်ပြောလိုက်၏။ “ဂိုဏ်းချုပ်အကြောင်းထပ်မပြောနဲ့။ သူသာ နန်းတော်က အင်အားစုတွေနဲ့ မပတ်သက်ခဲ့ရင် ဂိုဏ်းက ဒီလိုအဆုံးသတ်မှာမဟုတ်ဘူး”
ကျန်သည့်သူများကခေါင်းငုံ့ထားပြီး မပြောရဲတော့ချေ။
လုကျိုးက သူတို့စိတ်တည်ငြိမ်သွားသည်ကိုမြင်သောအခါ ပြောလိုက်၏။
“မင်းတို့ကို မေးစရာမေးခွန်းတချို့ ရှိတယ်။ မင်းတို့ဖြေပေးရမယ်” သူပြောပြီးသည်နှင့်ရှေ့တွင် ရပ်နေသော ယို့ဟုန်ယီကို လက်ညှိုးထိုးလိုက်၏။
…
အခန်း (၂၃၀) စီးဝူယာ့၏ နည်းလမ်း
ယို့ဟုန်ယီက သူမဘာသာ လက်ညှိုးထိုးကာ နားမလည်နိုင်စွာ မေးလိုက်သည်။
“ကျွန်မလား ”
သူမက အတားအဆီးအလွှာထောင်ချီ နယ်နမိတ်အတွင်းမှ ထွက်လာကာ ဘေးပတ်လည်ကို ကြည့်လိုက်သည်။ သူမ ကြည့်လိုက်သည့်နေရာတိုင်း လုံးဝ ရှုပ်ပွနေပြီး ကျန်တောင်ထိပ် ခြောက်ခုလုံးမှ မီးခိုးများ ထွက်နေသည်။ ထိုအရာကို မြင်ပြီး သူမ၏ အမူအရာက မည်းမှောင်သွားလေသည်။ သူမက ဒဏ်ရာကို တောင့်ခံကာ လုကျိုးထံ လက်နှစ်ဖက်ယှက်လိုက်ရင်း “လောင်ချန်းပေ့ … မေးပါ ”
“ မင်းက ကျင့်မင်တာအိုဂိုဏ်းရဲ့ လက်ရှိ အကြီးအကဲချုပ် ယို့ဟုန်ယီလား ”
“ ဟုတ်ပါတယ် ”
“ စောစောက မင်းနဲ့ တိုက်နေတဲ့လူက ငရဲဂိုဏ်းချုပ် ယွီကျန့်ဟိုင်လား” လုကျိုးက မေးလိုက်သည်။
ယို့ဟုန်ယီ မျက်နှာထက် ဒေါသထွက်သည့် အမူအရာပေါ်လာကာ “ ဟုတ်ပါတယ်။ သူ ပြာဖြစ်သွားရင်တောင် ကျွန်မ မှတ်မိတယ်။ ကျွန်မတို့ ဂိုဏ်းမှာ ဂိုဏ်းသားထောင်ချီ ရှိပေမဲ့ အခုတော့ ဘာမှမကျန်တော့ဘူး။ လောင်ချန်းပေ့ … ကျေးဇူးပြုပြီး ကျွန်မတို့အတွက် တရားမျှတမှုကို ရှာပေးပါ ”
“ ငါ့ကို တရားမျှတမှု ရှာပေးစေချင်တာလား” လုကျိုးက ရယ်ရမည်လား ငိုရမည်လား မသိတော့သော်လည်း သူ့အမူအရာက တည်ငြိမ်နေဆဲ ဖြစ်၏။
“ ကျွန်မတို့ဂိုဏ်းက ဒီအခြေအနေအထိ ဖြစ်သွားခဲ့ပါပြီ။ သိပ်မကြာခင် ဖြောင့်မတ်ခြင်းလမ်းစဉ်ပေါ်က တခြားဂိုဏ်းတွေလည်း ဒီလိုဖြစ်သွားမှာပဲ။ အဲဒီအချိန်ကျ နယ်မြေတစ်ခုလုံး ရုတ်ရင်းဆန်ခတ် ဖြစ်ပြီးတော့ လူတွေလည်း ဆိုးဆိုးရွားရွား နေကြရလိမ့်မယ်။ လောင်ချန်းပေ့က ငရဲဂိုဏ်းက မိစ္ဆာကို မောင်းထုတ်နိုင်တယ်ဆိုတော့ ကျွန်မတို့ကို ကျေးဇူးပြုပြီး ကူညီပေးပါ ” ယို့ဟုန်ယီက ဒူးထောက်ကာ အလေးအနက် ပြောလိုက်သည်။
အခြားလူများလည်း လုကျိုးထံ ဒူးထောက်လိုက်ကြသည်။
လုကျိုးက ကျင့်မင်တာအိုဂိုဏ်းကို အဆုံးသတ်သူ မဟုတ်သော်လည်း ယွီကျန့်ဟိုင်က သူ့တပည့် ဖြစ်လေသည်။ အကယ်၍ ယွီကျန့်ဟိုင်တစ်ယောက် ကျင့်မင်တာအိုဂိုဏ်းကို အဆုံးသတ်သည့် သတင်းသာ ပြန့်သွားခဲ့လျှင် ကျင့်ကြံရေးလောကက မိစ္ဆာဝေဟင်မျှော်နန်းအပေါ်သာ အပြစ်တင်ကြလိမ့်မည်။
သူတို့အတွက် တရားမျှတမှု ရှာခိုင်းနေတာဆိုတော့ ငါ့ကို ဒီနေရာမှာ သတ်သေခိုင်းနေတာတော့ မဟုတ်ဘူးမလား …
လုကျိုးက ပြောလိုက်သည်။
“ ကျင့်မင်တာအိုဂိုဏ်းက သူတို့ဘာသာ ဒီကပ်ဘေးကို ဆောင်ကျဉ်းလာတာပဲ။ ယို့ဟုန်ယီ … မင်းကို မေးပါရစေဦး။ ဘယ်ဟာက ဖြောင့်မတ်ပြီးတော့ ဘယ်ဟာက မိစ္ဆာဆန်တာလဲ။ မော့ချီက ဖြောင့်မတ်ခြင်းလမ်းစဉ်က ဆိုပြီး လျှို့ဝှက်ကျင့်စဉ်တွေ လေ့ကျင့်နေတာ မဟုတ်ဘူးလား။ ပြီးတော့ လွန်ခဲ့တဲ့ နှစ် ၃၀ တုန်းက ကျင့်မင်တာအိုဂိုဏ်းနဲ့ ခုနှစ်စင်ကြယ်ရွာတို့ တိုက်ကြတုန်းက မိုင်ရာချီအတွင်း သာမန်ပြည်သူထောင်ချီပြီး စတေးခဲ့ကြတယ်။ အဲဒါတော့ ဖြောင့်မတ်မှန်ကန်နေတာလား … ”
သူက နောက်ထပ် နမူနာများ မပြောတော့ပေ။ အများကြီး ကျန်ရှိနေသေး၏။ မိစ္ဆာဝေဟင်မျှော်နန်းနှင့် ယှဉ်လိုက်လျှင် ကျင့်မင်တာအိုဂိုဏ်းက မိစ္ဆာလမ်းစဉ်ဘက် ပိုရောက်လေသည်။ မည်သို့ပင်ဆိုစေကာမူ အဆုံးသတ်၌ အသင့်တော်ဆုံးက ရှင်သန်သွားခြင်းသာ ဖြစ်သည်။
“အာ …” ယို့ဟုန်ယီက ပြောစရာရှာမတွေ့တော့ပေ။ အကယ်၍ အတိတ်၌ သူမအား ဒီမေးခွန်းကို မေးခဲ့ပါက တုံ့ဆိုင်းခြင်းမရှိ ကျင့်မင်တာအိုဂိုဏ်းနှင့် ဂိုဏ်းကြီး ဆယ်ဂိုဏ်းလုံးသည် ဖြောင့်မတ်ခြင်းလမ်းစဉ်က ဖြစ်ပြီး မိစ္ဆာဝေဟင်မျှော်နန်း၊ ငရဲဂိုဏ်း၊ မိစ္ဆာဘုရားကျောင်းနှင့် နဂါးပြာအဖွဲ့အစည်းတို့က မိစ္ဆာလမ်းစဉ်က ဖြေဆိုပေလိမ့်မည်။
သို့သော်လည်း သူမ ဆရာဖြစ်သူ မော့ချီက လူသားကျင့်ကြံသူများ၏ သွေးနှင့် အဆီအနှစ်ကို ဝါးမျိုရန် လိုအပ်သည့် လျှို့ဝှက်ကျင့်စဉ်ကို တိတ်တဆိတ် ကျင့်ကြံခဲ့သည်။ ဤသည်မှာ မိစ္ဆာလမ်းစဉ်ထက် အဆရာချီ ပိုဆိုးရွားသည်။ သူမက ထိုအကြောင်း တွေးမိသည့်အခါ လုကျိုးသည် သူမတို့ ကျဆုံးနေချိန်တွင် ရေနစ်သူ ဝါးကူမထိုးခဲ့သည့်အတွက် သဘောကောင်းလှသည်ဟု ဆိုရမည်။
သူမက ခဏတာတွေးတောပြီးနောက် ရှက်ရွံ့စွာ ပြောလိုက်သည်။ “လောင်ချန်းပေ့ စကားတွေက ကျွန်မကို ဉာဏ်အလင်းပွင့်သွားစေပါတယ်”
လုကျိုးက မုတ်ဆိတ်သပ်လိုက်ပြီး “ အဓိကအကြောင်းအရာ ပြန်ပြောရအောင် … ယွီကျန့်ဟိုင်အပြင် နောက်ထပ် တခြားလူ မြင်မိသေးလား”
ယို့ဟုန်ယီက ခေါင်းညိတ်ကာ “ မိစ္ဆာဝေဟင်မျှော်နန်းရဲ့ သတ္တမမြောက် တပည့် စီးဝူယာ့လည်း ပါလာပါတယ်။ အဲဒီလူက ဉာဏ်များလွန်းတယ်။ သူက ဉာဏ်များတဲ့နေရာမှာ ဆရာကြီးပဲ … သူ့ထောက်ပံ့ပေးမှုကြောင့် ငရဲဂိုဏ်းက ကျန်တောင်ထိပ်ခုနှစ်လုံးကို ထိန်းချုပ်နိုင်သွားတာပဲ ”
ထိုအကြောင်းကို ကြားကာ ကျင့်မင်တာအိုသားတော် ခုနှစ်ယောက်က ဝင်ပြောလိုက်သည်။
“ အဲဒီလူက တကယ်စက်ဆုပ်ဖို့ ကောင်းတယ်။ သူက ကျုပ်တို့ဂိုဏ်းထဲ သူလျှိုတစ်ရာ ထည့်ထားသေးတယ် ”
တစ်ရာကျော်တောင် …
“အာ …” လုကျိုးပင် စီးဝူယာ့က အနည်းငယ် လွန်သွားသလို ခံစားမိလေသည်။ သာမန်လူတစ်ယောက်က ရန်သူဘက်ထဲ သူလျှိုတစ်ယောက်၊ နှစ်ယောက်သာ ထည့်ထားကြလိမ့်မည်။ သို့သော် စီးဝူယာ့က တစ်ရာကျော် ထည့်ထားလေသည်။
သူက သတ်မှတ်ချက်ကို ကျော်လွန်ပြီး သူလျှိုတွေနဲ့ အတူတူ ကြံစည်နေတာလား …
ယို့ဟုန်ယီက ပြောလိုက်သည်။
“ကျင့်မင်တာအိုဂိုဏ်းက နှစ်တိုင်း တပည့်အသစ်တွေကို လက်ခံတယ်လေ။ သူ လုပ်ခဲ့တာက အဲဒါကို အသုံးချလိုက်ရုံပဲ … ဘာမှထပ်ပြောနေဖို့ မလိုဘူး ”
စီးဝူယာ့အနေနှင့် ဒီအရာကို လုပ်ဆောင်နိုင်ခြင်းမှာ စွမ်းဆောင်မှုတစ်ခု ဖြစ်ပြီး အနည်းငယ် မယုံနိုင်စရာ ကောင်းလှသည်။
“စီးဝူယာ့က ဘယ်မှာလဲ ” လုကျိုးက မေးလိုက်သည်။
“ မိစ္ဆာဝေဟင်မျှော်နန်းက လူတွေနဲ့ လောင်ချန်းပေ့က ရန်ကြွေးရှိတာလား” ယို့ဟုန်ယီက မေးမြန်းလိုက်သည်။
လုကျိုးက ခဏတာ တွေးလိုက်ပြီးတော့ “အတိအကျ အဲလိုတော့ မဟုတ်ဘူး ”
ယို့ဟုန်ယီက ထိုစကားများ ကြားသည့်အခါ လုကျိုး ဆိုလိုသည့် အဓိပ္ပာယ်ကို လွဲကောက်လိုက်သည်။ သူမက လုကျိုးသည် မိစ္ဆာဝေဟင်မျှော်နန်းနှင့် ရန်ကြွေး မရှိလျှင်ပင် ဆက်ဆံရေးကောင်း မရှိကြောင်း တွေးလိုက်မိ၏။
သူမက ပြောလိုက်သည်။
“လောင်ချန်းပေ့သာ မိစ္ဆာဝေဟင်မျှော်နန်းကို ကိုင်တွယ်ဖြေရှင်းပေးရင် တကယ်ကို ဝမ်းမြောက်စရာပါပဲ”
လုကျိုးက ခေါင်းခါလိုက်သည်။ သူက ဒီမြင်ကွင်းမျိုးနှင့် အသားကျနေသည့်အလား ယခုအခါ ထုံထိုင်းနေလေပြီ။
ယို့ဟုန်ယီက တစ်ခုခု အမှတ်ရသွားဟန်ဖြင့် ဦးညွှတ်ကာ မေးလိုက်သည်။
“လောင်ချန်းပေ့က ဘယ်ဂိုဏ်းကလဲ သိခွင့်ရမလားရှင့် … ကျွန်မတို့ ဂိုဏ်းကိုယ်စား သေချာပေါက် ကျေးဇူးလာတင်ချင်လို့ပါ ”
“ မိစ္ဆာဝေဟင်မျှော်နန်း ” လုကျိုးက အရိုးသားဆုံး ဖြေလိုက်သည်။
ယို့ဟုန်ယီက ကြောင်အမ်းသွားလေသည်။ သူမက လုကျိုးစကားကို နားကြားမှားသည်ဟု ထင်လိုက်မိ၏။ သူမက ထပ်မေးလိုက်သည်။
“ တဆိတ်လောက်ရှင့် … လောင်ချန်းပေ့က ဘယ်ဂိုဏ်းကလို့ ပြောလိုက်တာလဲဟင် ”
ထိုစဉ် သစ်ပင်များကြားမှ တိမ်ခွင်းရထားလုံးပျံ ပေါ်ထွက်လာသည်။ အပေါ်ရှိ လူများက ထပ်မစောင့်နိုင်တော့ပုံပေါ်သည်။
မဟာအမှောင်ကောင်းကင် အောက်မေ့ရာ ရှင်းထားခဲ့သည့် နေရာလွတ်ကြီးက တိမ်ခွင်းရထားလုံးပျံ ပျံဝဲဖို့ အသင့်တော်ဆုံး နေရာ ဖြစ်လာသည်။
အခြားလူများကလည်း တိမ်ခွင်းရထားလုံးပျံ အသံကြောင့် လှည့်ကြည့်လိုက်မိကြသည်။
ထိုစဉ် ယို့ဟုန်ယီက ရထားလုံးပျံကို ချက်ချင်း မှတ်မိသွားသည်။ သူမက တုန်တုန်ယင်ယင်ဖြင့် အော်ပြောလိုက်သည်။
“နောက်ဆုတ်ကြ … အကျဉ်းထောင်ထဲ ပြန်ဝင် …”
ကျင့်မင်တာအိုသားတော် ခုနှစ်ယောက်လည်း တုန်တုန်ယင်ယင်ဖြင့် နောက်ဆုတ်လိုက်ကြသည်။ သို့သော်လည်း သူတို့က ပထမတိုင်လုံးကို ဖြတ်ပြီးနောက် အတားအဆီး အလွှာထောင်ချီက ပျက်စီးသွားပြီ ဖြစ်ကြောင်း အမှတ်ရလာကြသည်။ အကယ်၍ သူတို့ အထဲဝင်သွားလျှင် စဉ့်နီတုံးပေါ် လည်စင်းခံရမည့် ဘဲများသဖွယ် ဖြစ်မနေဘူးလား။
“လောင်ချန်းပေ့ မြန်မြန်လေး … မိစ္ဆာဝေဟင်မျှော်နန်း ရောက်လာပြီ”
“လောင်ချန်းပေ့ ”
ထိုစဉ် အားလုံးက ပိအန်းပေါ်တွင် ရှိနေသည့် လုကျိုးထံ မျှော်လင့်ချက်အားလုံး ပုံအောထားကြသည်။
လုကျိုးက သူတို့မျက်နှာအထက်ရှိ ကြောက်ကြောက်ရွံ့ရွံ့ အမူအရာများကို မအံ့ဩမိပေ။
ထိုစဉ် ရှောင်ယွမ်အာက နိဗာနခါးစည်းကို ရစ်ပတ်ရင်း လေထဲ ခုန်ဆင်းလာသည်။ သူမပုံစံက အစိမ်းရောင် တောအုပ်ထဲ ထင်းထွက်နေသည်။ သူမက လုကျိုးဆီ ရောက်လာကာ “ရှစ်စွင်း …”
ရှစ်စွင်းလား …
ရထားလုံးပျံပေါ်၌ ပဲ့ထိန်းနေသည့် တွမ့်မူရှန်းက လက်နှစ်ဖက်ယှက်ကာ “ ရှစ်စွင်းကို ကျွန်တော်တို့ စောင့်နေတာ … ဟိုသစ္စာဖောက် ဘယ်ရောက်သွားပြီလဲဟင် ”
ယို့ဟုန်ယီက နောက်ဆုတ်လိုက်သည်။ သူမက ရင်ဘတ် တင်းကျပ်လာသလို ခံစားလိုက်ရသည်။
ပြေးရမှာလား … ငါတို့ ကျော်ဖြတ်နိုင်ပါ့မလား
“အကြီးအကဲယို့ ဘာဖြစ်လို့လဲ ”
“ အကြီးအကဲယို့က ယွီကျန့်ဟိုင်ရဲ့ လက်ဝါးချက်ကြောင့် ထိထားတာ။ သူမ ဒဏ်ရာရနေတယ်”
ကျင့်မင်တာအိုသားတော် ခုနှစ်ယောက်က စိုးရိမ်နေကြသည်။ သို့သော်လည်း ယို့ဟုန်ယီက မြန်မြန် ပြောလိုက်သည်။
“အခု ပြေးကြ ပြေးကြတော့ … အဲဒါ မိစ္ဆာဝေဟင်မျှော်နန်းရဲ့ တိမ်ခွင်းရထားလုံးပျံပဲ ”
“မိ … မိစ္ဆာဝေဟင်မျှော်နန်းလား ”
ကျင့်မင်တာအိုသားတော် ခုနှစ်ယောက်က ရထားလုံးပျံကို ကြည့်လိုက်၊ ပျံသန်းလာသည့် မိန်းကလေးကို ကြည့်လိုက်၊ ပိအန်းပေါ်ရှိ လူအိုကြီးကို ကြည့်လိုက် လုပ်နေသည်။ နောက်ဆုံးတော့ ဆက်စပ်မိသွားလေပြီ။ သူတို့က ထပ်မတွေးတော့ဘဲ တန်းထွက်ပြေးကြသည်။
“ထွက်ပြေးချင်တာလား … နောက်ကျသွားပြီ ” ရှောင်ယွမ်အာ၏ နိဗာနခါးစည်းက လွှင့်ထွက်လာသည်။ ထိုအရာက မီးလျှံများ ထွက်လာသကဲ့သို့ ဖြစ်၏။ တစ်ချိန်တည်းဆိုသလို သူမကိုလည်း ရစ်ပတ်ပေးထားသည်။ ကြည့်ရသည်မှာ သူမအနီးအနားက မီးလျှံဝိုင်းထားသလို ဖြစ်နေသည်။
ယို့ဟုန်ယီက မလှုပ်ပေ။ သူမက ကောင်းကင်အဆင့် လက်နက်၏ စွမ်းပကားကို မြင်လိုက်ရသည့်အချိန် ထိတ်လန့်သွားသည်။ သူမက ထိုမိန်းကလေးသည် မိစ္ဆာဝေဟင်မျှော်နန်း၏ ကိုးယောက်မြောက် တပည့် ဖြစ်ကြောင်း သေချာ သိလိုက်သည်။
ယို့ဟုန်ယီနှင့် ကျင့်မင်တာအိုသားတော် ခုနှစ်ယောက်တို့က မီးစာကုန်သည့် ဖယောင်းတိုင်လို ဖြစ်နေလေပြီ။ သူတို့က ရှောင်ယွမ်အာ လက်ထဲမှ ပြေးမလွတ်တော့ပေ။
မျက်စိတစ်မှိတ်အတွင်း နိဗာနခါးစည်းက ကျင့်မင်တာအိုသားတော် ခုနှစ်ယောက်နှင့် ထွက်ပြေးသည့် အခြားတပည့်များကို ဖမ်းဆီးလိုက်သည်။ သူတို့က ထပ်မလှုပ်ရှားနိုင်တော့ပေ။
“တော်တော့ ” ရထားလုံးပျံပေါ်မှ သက်ကြီးရွယ်အိုတစ်ယောက် အသံ ထွက်ပေါ်လာသည်။ ပြောလိုက်သူက ကျင့်မင်တာအိုဂိုဏ်း၏ ယခင်ပါရမီရှင် ဖန်လီထန်းကလွဲ၍ တခြားသူ မဟုတ်ချေ။
ယို့ဟုန်ယီက မော့ကြည့်လိုက်ပြီးနောက် တအံ့တဩဖြင့် “အကြီးအကဲဖန်လား”
သူမက ပျော်ရွှင်သွားလေသည်။
ကျင့်မင်တာအိုသားတော် ခုနှစ်ယောက်ကလည်း အနိုင်နိုင် ထရပ်ကာ ရထားလုံးပျံပေါ်မှ လူအိုကြီးကို ကြည့်လိုက်ကြသည်။ သူတို့က ပြိုင်တူ ပြောလိုက်ကြသည် “အကြီးအကဲဖန်ကို ဂါရဝပြုပါတယ် ”
ကျင့်မင်တာအိုဂိုဏ်း၏ ပထမပါရမီရှင် ပြန်ရောက်လာလေပြီ။ သူတို့အတွက် မျှော်လင့်ချက် ရောင်ခြည်လေး သမ်းလာခဲ့လေပြီ။
ထိုစဉ် ဖန်လီထန်းက အမူအရာကင်းမဲ့စွာ ပြောလိုက်၏။
“ ငါက မင်းတို့ရဲ့ အကြီးအကဲဖန် မဟုတ်တော့ဘူး။ ငါက မိစ္ဆာဝေဟင်မျှော်နန်းရဲ့ အကြီးအကဲပဲ ”
…
အခန်း (၂၃၁) တစ်လှေတည်းစီး
ဖန်လီထန်း၏ စကားက ယို့ဟုန်ယီနှင့် ကျန်သည့်သူများ၏ရင်ထဲ ဖူးပွင့်လာသောမျှော်လင့်ချက်ကို ဆောင့်နင်းလိုက်ရုံပဲဖြစ်သည်။
ယို့ဟုန်ယီက မျက်နှာထက်တွင် မယုံနိုင်သည့်အမူအရာရှိနေလေ၏။ သူမကခေါင်းခါကာ ကြောင်အနေသည့်ပုံဖြင့်ပြောလိုက်တော့၏။
“အကြီးအကဲဖန် ရှင်...”
ယို့ဟုန်ယီက ပြောတာမပြီးသေးခင် ဖန်လီထန်းက အော်ပြောလိုက်၏။ “တိတ်စမ်း”
သူ၏အော်သံက ယို့ဟုန်ယီနှင့်ကျန်သည့်သူများကို ထိတ်လန့်သွားစေသည်။
လုကျိုးက ဖန်လီထန်း ဤကဲ့သို့ မာကျောစွာဖြေရှင်းသည့်အတွက် အံ့ဩသွားမိ၏။ ယင်းက သူ့အတွက် အကျိုးရှိသည်။ ယခုချိန်မှစကာ ဖန်လီထန်းက မိစ္ဆာဝေဟင်မျှော်နန်းအတွက် ဆောင်ရွက်ပေးတော့မှာပဲ ဖြစ်သည်။ ဖန်လီထန်းက မိစ္ဆာဝေဟင်မျှော်နန်းကို အထောက်အပံ့ကြီး ဖြစ်စေလိမ့်မည်။
ထိုစဉ် လန်လော့ကရုတ်တရက်ပြောလိုက်၏။
“ကျင့်မင်ဂိုဏ်းရဲ့လက်ရှိအခြေအနေက ဂိုဏ်းချုပ်မော့ချီကြောင့်ဖြစ်တာပဲ။ ဒါ့အပြင် နန်းတော်က မော့လီရဲ့ ထိန်းချုပ်မှုကို ခံနေရတာ။ ဒါက ယို့ဟုန်ယီနဲ့ ဘာမှမဆိုင်ဘူး။ သူတို့ကို လွှတ်ပေးဖို့တောင်းဆိုပါတယ်” သူ၏အမြင်တွင် မော့လီနှင့်မော့ချီသာရှိ၏။
လန်လော့၏စကားကိုကြားသောအခါ ဖန်လီထန်းက လန်လော့ဖက်လှည့်ပြီး လက်သီးကို ဆုပ်မိုးလိုက်၏။ ယင်းက သူယခင်က တစ်ခါမှ မပြုလုပ်ခဲ့ဖူးသည့်အရာဖြစ်သည်။
လုကျိုးက အမူအရာက မပြောင်းလဲသွားပေ။ သို့သော် စိတ်ထဲတွင်မူ စောဒက တက်နေ၏။
‘ငါက သူတို့အပေါ်ဆိုးယုတ်ပြီး အညှာအတာမရှိတဲ့လူနဲ့တူနေလို့လား’
သူက ယခုအခေါက်တွင် အချိန်ဖြုန်းရန် ရည်ရွယ်ပြီးရောက်လာတာမဟုတ်။ ယို့ဟုန်ယီနှင့် ကျန်သည့်သူများကိုလည်း ဖြေရှင်းဖို့ မရည်ရွယ်ပေ။
လုကျိုးက ပြောတော့မည့်အချိန်တွင် ရှောင်ယွမ်အာက ပင်မယဇ်ပလ္လင်အထက်ရှိ ရထားလုံးပျံကို လက်ညှိုးထိုးပြပြီး ပြောလိုက်၏။
“ရှစ်စွင်း ငရဲဂိုဏ်းရဲ့မဟာကာကွယ်စောင့်ရှောက်သူလေးယောက်ထွက်ပြေးသွားပြီ”
တွမ့်မူရှန်းက ထိုအရာကိုမြင်သောအခါ ဒေါသတကြီး ကြည့်လိုက်၏။ သူကအရိုအသေပေးကာ ပြောလိုက်တော့သည်။
“တိမ်ခွင်းရထားလုံးကို မောင်းနှင်ပြီး သစ္စာဖောက်နောက်လိုက်ဖို့ဆန္ဒရှိပါတယ်”
လုကျိုးက တိမ်ခွင်းရထားလုံးပေါ်ခုန်တက်လိုက်၏။ မြေပြင်ပေါ်ရှိလူများကို တစ်ချက် ကြည့်ပြီးနောက်ပြောလိုက်တော့သည်။
“သွားကြမယ်”
ပြီးနောက် လုကျိုးက ခပ်ဝေးဝေးသို့ရောက်သွားပြီဖြစ်သော ငရဲဂိုဏ်း၏ရထားလုံးပျံကို လှည့်ကြည့်လိုက်၏။ သူတို့က ယခုအချိန်တွင် လိုက်မှီမှာမဟုတ်တော့ချေ။ ဆိုရလျှင် ငရဲဂိုဏ်း၏ရထားလုံးပျံကို မဟာလက်ရွေးစင်လေးဦးက ထိန်းကျောင်းနေတာဖြစ်သည်။ ထို့အပြင် သူတို့၏တိမ်ခွင်းရထားလုံးက တောအုပ်ထဲတွင် ရှိနေသေး၏။ ယင်းက သူတို့အရှိန်ကို သေချာပေါက် နှေးစေလိမ့်မည်။
ရှောင်ယွမ်အာက ရထားလုံးပျံသို့အမြန်တက်နေစဉ် ယို့ဟုန်ယီဖက်လှည့်ပြီး မျက်နှာထိမျက်နှာထား ပြရန် မမေ့ပေ။ ပြီးနောက် သူက လျှာထုတ်ပြကာ ပြောလိုက်တော့၏။ “အကြီးအကဲဖန်ကြောင့် နင့်အသက်ကိုချမ်းသာပေးလိုက်မယ်”
“...” ဖန်လီထန်း သူက ချောင်းဟန့်ပြီးနောက် နောက်ဆုံးတွင် ပြောလိုက်တော့၏။
“မိန်းကလေး... ကောင်းကင်အဆင့်လက်နက်အသုံးပြုစရာအကြောင်းမရှိဘူးလေ”
“ဟမ်”
“ကောင်းကင်အဆင့်လက်နက်ပဲဖြစ်ဖြစ် မြေကမ္ဘာအဆင့်လက်နက်ပဲဖြစ်ဖြစ် သခင်ကို အသိအမှ တ်ပြုပြီးပြီဆိုတာနဲ့ နှောင်ကြိုးက သခင်နဲ့လက်နက်ကြား ဖွဲ့တည်ပြီးပြီ။ နှောင်ကြိုးက နက်ရှိုင်းလေ လက်နက်ရဲ့ ခွန်အားက ပိုကောင်းလေပဲ။ အစောတုန်းက မင်းလက်နက်သုံးတာကိုတွေ့လိုက်တယ်။ လှုပ်ရှားမှုတွေက သိပ်ကောင်းတယ်။ အစွမ်းထက်တယ်လို့ထင်ရတယ်။ ဒါပေမဲ့ မသန့်စင်ဘူး”
သူက ခါးကြားတွင် ချိတ်ထားသော ဘူးသီးခြောက်ကို ကြည့်ပြီးနောက်ဆွဲထုတ်ကာ အစို့ကို ဆွဲထုတ်လိုက်၏။ ပြီးနောက် သူ့လက်ဖဝါးပေါ်အစို့ကို တင်လိုက်၏။
“ဒါကို မဖို့ကြိုးစားကြည့်”
“လွယ်ပါတယ်” ရှောင်ယွမ်အာကပြောလိုက်သည်။ သူမက လက်ဝှေ့ယမ်းလိုက်သည်။ နိဗာနခါးစည်းက လှုပ်ရှားသွားပြီးနောက် ဖန်လီထန်း၏ လက်ဝါးဆီသို့ ပျံသန်းသွား၏။
နိဗာနခါးစည်းက အစို့ကို အလွယ်တကူ ရစ်ပတ်လိုက်၏။ ရှောင်ယွမ်အာက ထိုတာဝန်ကို များများစားစား မတွေးထားတာသိသာနေ၏။
“ပြန်ယူလိုက်” ဖန်လီထန်းက ဘူးသီးခြောက်ကိုမြှောက်လိုက်၏။ သူက ပုလင်းထဲသို့ အစို့ကို ပြန်ထည့်ချင်တာ သိသာနေသည်။
ရှောင်ယွမ်အာက နိဗာနခါးစည်းကို ထိန်းချုပ်ပြီးနောက် ပုလင်းဆီသို့ ရွေ့လိုက်သည်။
ဘန်း
သူမ ကျရှုံးသွား၏။
ဘန်း
သူမထပ်ကျရှုံးသွားပြန်သည်။
ရှောင်ယွမ်အာက စိတ်ပျက်လာတော့၏။ သူမက ကနဦးချီကို သွင်းလိုက်သည်။ နိဗာနခါးစည်းက သူမနားတစ်ဝိုက် လေထဲတွင် လွန့်လူးနေပြီး တစ်စုံတစ်ဦးကိုသတ်ရန် ကြိုးစားနေသည့်ပမာ ဖြစ်နေ၏။
ဘန်း
သူမက တတိယအကြိမ်ကျရှုံးသွားသည်။
တာဝန်က ရိုးရှင်းသည်ဟု ထင်ရသော်ငြား သူမသည် ဘူးပေါ်သို့ အစို့ကို မည်ကဲ့သို့ မတင်နိုင်ရသနည်း။ ထူးဆန်းလိုက်လေခြင်း။
လန်လော့တောင် သူ၏လှုပ်ရှားမှုကြောင့်အံ့ဩသွားပြီး ဆွဲဆောင်ခံလိုက်ရသည်။
ရှောင်ယွမ်အာက အခဲမကြေစွာ ပြောလိုက်၏။ "ဒါက ဘာလဲ။ ရှင်က တမင်တကာကျွန်မကိုလှောင်ဖို့ ဒီလိုလုပ်နေတာလား”
ဖန်လီထန်းက ခေါင်းခါလိုက်သည်။ သူသည် နိဗာနခါးစည်းမှ အစို့ကို ယူလိုက်ပြီးနောက် ပုလင်းပေါ် တန်းဆို့လိုက်သည်။ ပြီးနောက် လက်မကို ထောက်လိုက်ရာပုလင်းအစို့က ဖောက်ကနဲ ပြန်တက်လာသည်။ သူက လက်တစ်ဖက်ဖြင့် အစို့ကို ဖမ်းပြီးနောက်ပြောလိုက်သည်။ “လူသားတွေရဲ့ လက်က အကောင်းဆုံးလက်နက်တွေထဲက တစ်ခုပဲ။ မင်းရဲ့လက်ကို ထိန်းချုပ်နိုင်သလိုမျိုး မင်း နိဗာနခါးစည်းကိုထိန်းချုပ်နိုင်ခဲ့မယ်ဆိုရင် မင်းရဲ့လက်နက်ကို အကျွမ်းတဝင် ဖြစ်သွားမှာပဲ”
ဖန်လီထန်းက သူ၏လက်ကို လက်နက်ပမာ ရည်ညွန်းပြောဆိုခဲ့၏။ တစ်နည်းအားဖြင့် သူမှန်ကန်ပေသည်။
ရှောင်ယွမ်အာက နှုတ်ခမ်းစူကာပြောလိုက်တော့၏။
“ကျွန်မရှင့်ကိုမယုံဘူး။ ကျွန်မယုံတဲ့ တစ်ဦးတည်းသောသူက ကျွန်မရဲ့ရှစ်စွင်းပဲ” သူမက ပြောပြီးသည်နှင့် လုကျိုးနားရွေ့သွားသည်။
ဖန်လီထန်းက ကူကယ်ရာမဲ့စွာခေါင်းခါလိုက်၏။ ယခု သူ့တွင်ကျင့်ကြံဆင့်မရှိဘဲ သူက သူမကို သူ့ဗဟုသုတများကို စိတ်ရင်းမှန်ဖြင့် မျှဝေပေးချင်လျှင်တောင် သူက ယုံကြည်ကိုးစားမခံရပေ။ ထို့အပြင် သူမက မိစ္ဆာဝေဟင်မျှော်နန်း၏ တပည့်တစ်ယောက်ဖြစ်သည်။ ထို့သို့ ပြုလုပ်ခြင်းက ဘောင်ကျော်နေပုံရ၏။ အဆုံးတွင်မူ သူက လုကျိုးဖက် လက်သီးဆုပ်ပြလျက်ပြောလိုက်သည်။
“ကျုပ်ရိုင်းပျမိပါတယ်။ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ”
လုကျိုးက မုတ်ဆိတ်သပ်လျက်ပြောလိုက်တော့သည်။ “ကိစ္စမရှိဘူး”
ဖန်လီထန်းက ကျင့်မင်ဂိုဏ်း၏ပထမဆုံးလက်ရွေးစင်ဖြစ်သည်။ သူက လန်လော့နှင့် မျိုးဆက်တူသည့်သူ ဖြစ်၏။ သူ၏ဗဟုသုတနှင့် အတွေ့အကြုံက လူငယ်မျိုးဆက် ယှဉ်နိုင်သည့်အရာမဟုတ်ပေ။ သူက အငယ်များကို လမ်းညွှန်လိုစိတ်ရှိတာကောင်းမွန်ပေ၏။ ထို့အပြင် လုကျိုးက ယခင်က သူ၏တပည့်များကို သင်ပြပေးရန်အားစိုက်ထုတ်မှု သိပ်မရှိခဲ့ပေ။
လုကျိုးက ရှောင်ယွမ်အာကို ကြည့်ပြီးနောက်ပြောလိုက်သည်။
“အကြီးအကဲဖန် ပြောတာမှန်တယ်။ တကယ်တော့ လက်နက်အပေါ်တက်ကျွမ်းမှုက ပိုပြီး သန့်စင်လာနိုင်တယ်။ အကြီးအကဲဖန်ရဲ့ သတိပေးမှုကြောင့် ငါတို့မိစ္ဆာဝေဟင်မျှော်နန်းကို ပြန်ရောက်တဲ့အချိန်ကျ မင်းကို သင်ပြပေးဖို့အတွက်အချိန်ပိုသုံးမယ်”
“ကျေးဇူးပါရှစ်စွင်း” ရှောင်ယွမ်အာကပျော်ရွှင်စွာပြောလိုက်တော့၏။
လုကျိုးက ဖန်လီထန်း၏လက်ထဲရှိ ဘူးသီးခြောက်ကိုကြည့်ပြီးနောက်ပြောလိုက်သည်။
“ကောင်းကင်အဆင့်လား”
ဖန်လီထန်းက အနည်းငယ် မှင်တက်သွားတော့သည်။ သူက ခေါင်းညိတ်ပြီးနောက် ပြောလိုက်တော့သည်။
“ကောင်းလိုက်တဲ့မျက်လုံး”
လန်လော့က ရှတတအသံဖြင့်ပြောလိုက်၏။ "သေရည်ဘူးသီးခြောက် အထင်ကြီးမိပါတယ်”
“ကျုပ် ကံကောင်းသွားတာပါ။ မဟူရာသစ်တောထဲမှာ လေးဆယ့်ကိုးရက်ကြာလောင်ကျွမ်းခဲ့ပြီး ဒီဟာတစ်ခုပဲ ကျန်ခဲ့တာလေ” ဖန်လီထန်းက သူ့လက်ထဲရှိသေရည်ဘူးသီးခြောက်ကို စိတ်ကျေနပ်စွာကိုင်မြှောက်လိုက်ပြီးနောက် တစ်ချက်လွှဲယမ်းလိုက်၏။ မထင်မရှား ပုံသဏ္ဌာန်ရှိသည့် သေရည်ထည့်သည့်ဘူးသီးခြောက်က ကောင်းကင်အဆင့်လက်နက်ဖြစ်နေ၏။ ကျင့်ကြံဆင့်ဆုံးရှုံးပြီးနောက် သူ၏လက်နက်ကို ထိန်းသိမ်းဖို့က လွယ်ကူမှာမဟုတ်ချေ။
တိမ်ခွင်းရထားလုံးက တောအုပ်ထဲမှ ထွက်သွားပြီးနောက် ခပ်မြင့်မြင့်ပျံသန်းလေရာ ငရဲဂိုဏ်း၏ ရထားလုံးပျံနောက်သို့လိုက်နေလေ၏။
သို့သော် ငရဲဂိုဏ်း၏ရထားလုံးပျံက တိမ်တိုက်များအကြား ခြေရာလက်ရာမကျန်ဘဲ ပျောက်ကွယ်သွားသည်။
တွမ့်မူရှန်းက ပြောလိုက်သည်။ "ရှစ်စွင်း မဟာကာကွယ်စောင့်ရှောက်သူ လေးယောက်က ရထားလုံးပျံကို တစ်ချိန်ထဲမှာစွမ်းအားဖြည့်ပေးနေတော့ လိုက်မှီဖို့နဲနဲခက်ခဲပါတယ်”
“စန်းရှစ်ရှိုး ညီမကိုခွင့်ပြုပေး” ရှောင်ယွမ်အာက ပြောလိုက်၏။
ရထားလုံးပျံက ပဲ့ကိုင်နေသည့်လူတစ်ဦးနှင့် ဝမ်းထဲတွင်အစွမ်းဖြည့်ပေးနေသော ကျန်သည့်သူများပေါ်မူတည်နေသည်။ ရထားလုံးပျံကို စွမ်းအင်ဖြည့်ပေးသည့်ကျင့်ကြံသူများ၏ ကျင့်ကြံဆင့်ကမြင့်လေ ရထားလုံးပျံက ပိုမြန်လေဖြစ်၏။
လုကျိုးက ယင်းကို သတိပြုမိသည်။ သို့သော် သူကပြောလိုက်သည်။ “ကိစ္စမရှိဘူး။ ယွီကျန့်ဟိုင်က ငါ့ရဲ့မန္တန်နဲ့ထိသွားပြီ။ အနှေးနဲ့အမြန် သူ့ဖာသာသူပေါ်လာလိမ့်မယ်။ သူ့နောက်လိုက်တာ ရပ်လိုက်တော့”
ယွီကျန့်ဟိုင်သည် သူ၏ခွန်အား ကျင့်ကြံဆင့်မရှိဘဲ သူ၏ရည်မှန်းချက်ကို ဘယ်တော့မှရမှာမဟုတ်။ ထို့အပြင် မဟာကာကွယ်စောင့်ရှောက်သူလေးဦးကို သူမည်ကဲ့သို့ ထပ်မံထိန်းထားရမည်နည်း။
“ဟမ်”
လုကျိုး၏အမူအရာကတည်ငြိမ်နေကာပြောလိုက်တော့သည်။
“မိစ္ဆာဝေဟင်မျှော်နန်းကိုပြန်မယ်”
ထိုစဉ် စိမ်းသက်သော တောအုပ်တစ်ခုထဲတွင်ဖြစ်သည်။
သစ်ရွက်များကို ဖောက်လျက်နေရောင်ခြည်က စီးဝူယာ့၏ခန္ဓာကိုယ်ပေါ်ဖြာကျနေလျက် အလင်းနှင့်အမှောင် ပေါင်းစပ်မှုတစ်ခုကို ဖန်တီးနေ၏။ ယခုအချိန်တွင် သူက သစ်ပင်တစ်ပင်ပေါ်မှီနေသည်။ သူ၏မျက်နှာထက်တွင် သူက ကူကယ်ရာမဲ့နေပုံရှိနေကာ သူ့ရင်ဘတ်ပေါ်ရှိ ချုပ်နှောင်ခြင်းဟူသောစကားလုံးကို ငုံံ့ကြည့်လိုက်၏။ ယင်းက အရေပြားထဲတွင် ထွင်းထုထားပုံ ပေါ်နေပြီး သွေးရောင်တောက်နေပုံပေါ်သည်။ သူက မော့ကြည့်လိုက်ရာ ယွီကျန့်ဟိုင်၏နောက်ကျောကို တွေ့လိုက်ရသည်။
ယွီကျန့်ဟိုင်က သစ်ကိုင်းပေါ်၌ ခမ်းနားသည့်အမူအရာဖြင့်ထိုင်နေ၏။ သူကလက်ထဲတွင် သက်တော်ရှည်ဓားကို ကိုင်ဆောင်ထားပြီးနောက် သူ့ကိုယ်သူထိန်းထားရန် မြေပြင်ကို ထိုးစိုက်ထားသည်။ သူက တည်ငြိမ်နေပုံရသော်ငြား သူ၏နှုတ်ခမ်းထောင့်၌ သွေးစွန်းထင်းနေတာကို တွေ့နိုင်သည်။
“ချုပ်နှောင်ခြင်းမန္တန်။ ရှစ်စွင်းက သူ့ဆီမှာလှည့်ကွက်တွေအများကြီးရှိနေတာပဲ” စီးဝူယာ့က ကူကယ်ရာမဲ့စွာပြုံးလျက်ပြောလိုက်တော့သည်။
“မင်းခက်ခဲသွားမှာပဲ ချီရှစ်တိ” ယွီကျန့်ဟိုင်က ပြောပြီးမော့ကြည့်လိုက်သည်။
“ကျွန်တော်တို့က ညီအစ်ကိုတွေပဲ။ အားနာနေဖို့မလိုပါဘူး။ ဂရုမစိုက်မိတဲ့အတွက် ကျွန်တော့်မှာပဲ အပြစ်ရှိတယ်။ ရှစ်စွင်းကို ကွေ့နျူက မျှားခေါ်သွားလိမ့်မယ်လို့ထင်ခဲ့တာ။ တာ့ရှစ်ရှိုးက ယို့ဟုန်ယီနဲ့တစ်ခြားသူတွေကို အဆုံးသတ်ဖို့အခွင့်အရေးရလိမ့်မယ်ပေါ့။ နှမြောစရာပဲ” စီးဝူယာ့က ပြောလိုက်၏။
…