အခန်း (၂၃၂-၂၃၄)
Vol. 16 Ch. 232-234
အခန်း (၂၃၂) ရှည်လျားလှသော ဘဝအတွက် လျို့ဝှက်ချက်
ယွီကျန့်ဟိုင်က ရုတ်ခြည်း ဘယ်ဘက်လက်ဖြင့် ထိုးချလိုက်သည်။ လက်သီးပုံစံ စွမ်းအားလုံးက သူ့ရှေ့ရှိ သစ်ပင်ကြီးဆီ ထိုးဖောက်သွားသည်။ သူက လောင်မြိုက်နေသည့် စိတ်ခံစားချက်များကို ချိုးနှိမ်ကာ ပြောလိုက်သည်
“ ဘယ်လိုဖြစ်ဖြစ် ယို့ဟုန်ယီနဲ့ ကျင့်မင်တာအို သားတော်ခုနှစ်ယောက်က အခု အန္တရာယ်တစ်ခု မဟုတ်တော့ဘူး။ လက်ရှိ ကျင့်မင်တာအိုဂိုဏ်းက အမည်ပဲ ရှိတော့တယ်။ ငါတို့ ရည်ရွယ်ချက်ကို အောင်မြင်တယ် ပြောရမယ်။ ဒီကိစ္စကို ထပ်စဉ်းစားနေဖို့ မလိုတော့ဘူး။ ရှစ်တိ …ငါသာ မင်းအကူအညီကို မရခဲ့ရင် တောင်ထိပ်ခုနှစ်လုံးလုံး ဒီလိုအလွယ်လေး ဖြိုချနိုင်မှာ မဟုတ်ဘူး ”
စီးဝူယာ့က ချောင်းဆိုးလိုက်သည်။
ယွီကျန့်ဟိုင်က စီးဝူယာ့ကို လှည့်ကြည့်လိုက်သည့်အခါ ခေါင်းရှုပ်စွာ ပြောလိုက်သည်။
“ ချုပ်နှောင်ရေး မန္တန်၊ တိမ်ခွင်းရထားလုံးပျံ၊ ပိအန်း စီးတော်သားရဲ … ရှစ်စွင်းက အမြဲတမ်း အံ့ဩဖို့ကောင်းနေတုန်းပဲ။ ဒါပေမဲ့ သူ့အသက်အရွယ်နဲ့ ငါတို့ကိစ္စတွေမှာ ဘာလို့ ဝင်ရှုပ်နေတာလဲ”
သူက တည်တည်ငြိမ်ငြိမ် ပြောနေသော်လည်း နောက်ပိုင်းစကား၌ လေသံက ပြောင်းသွားလေသည်။ သူက စိတ်မပျော်ရွင်မှန်း သိသာလှသည်။
စီးဝူယာ့က ပြောလိုက်သည်။
“ လူအိုကြီးက ကျင့်ကြံရေးနည်းလမ်းပေါင်းစုံ သုံးပြီး သူ့သက်တမ်း ဆွဲဆန့်ဖို့ ကြိုးစားနေတာ ဖြစ်နိုင်တယ် ”
ထိုအရာကို ကြားပြီး ယွီကျန့်ဟိုင်က ဘယ်လက်လက်ကို ဆုပ်ထားလိုက်ပြီး “သက်တမ်းကို ဆွဲဆန့်နိုင်တယ်ဆိုရင် အခုထိ ဘာလို့ ဘယ်သူမှ မအောင်မြင်သေးတာလဲ ”
ကျင့်ကြံရေးလောက တည်ရှိခဲ့သည်မှာ ကြာမြင့်လှလေပြီ။ ဟိုးစဉ်ကတည်းက ကောင်းကင်ဘုံ သွေဖယ်ချင်သည့် ပါရမီရှင်များစွာ ရှိခဲ့ဖူးသည်။ သို့သော်လည်း မဖြစ်နိုင်သည့် လုပ်ဆောင်ချက် ဖြစ်မှန်း သက်သေပြပြီးခဲ့လေပြီ။
“ တာ့ရှစ်ရှိုး ဒေါသကို ထိန်းပါ။ ရှစ်စွင်းအပေါ် အငြိုးမထားပါနဲ့ ” စီးဝူယာ့ကို ချုပ်နှောင်ရေး မန္တန်ဖြင့် ချုပ်နှောင်ထားသော်လည်း သူက အနည်းဆုံးတော့ ဒေါသထွက်မနေပေ။
ယွီကျန့်ဟိုင်က ဖြည်းဖြည်းချင်း ခြေကြွလိုက်သည်။ သူက ကောင်းကင်ကို မော့ကြည့်ကာ သက်ပြင်းချလိုက်ရင်း “ရှစ်တိ … ဒီမှာ မင်း ရှိနေလို့ ကံကောင်းသွားတာ ”
စီးဝူယာ့က ခေါင်းခါလိုက်သည်။ သူက တောအုပ်ထဲမှ အခြေအနေကို ပြန်အမှတ်ရသွားကာ “ ပြောဖို့ မလိုပါဘူးဗျာ … တာ့ရှစ်ရှိုးသာ ကျွန်တော်ကို သွေးအဆီအနှစ် လောင်ကျွမ်းခံပြီး အတူခေါ်မလာရင် ကျွန်တော့်ကို ရှစ်စွင်း ဖမ်းမိသွားလောက်ပြီ”
ယွီကျန့်ဟိုင်က မျက်မှောင်အသာကြုတ်လိုက်ပြီး “ ငါလည်း သိချင်မိတယ်။ ရှစ်စွင်းက မဟာအမှောင်ကောင်းကင် အောက်မေ့ရာကို သုံးတာ အမြဲတမ်း တားမြစ်နေတာ။ အခုကျ အမှောင်ကောင်းကင် ကြယ်အလင်းရောင်ကို ဘာလို့ ရုတ်တရက် ထုတ်သုံးရတာလဲ။ သူ့အရှိန်အဝါ အတက်အကျက အံ့ဩဖို့ မကောင်းပေမဲ့ ထိန်းချုပ်နိုင်စွမ်းက ငါ့ထက် မြင့်တယ် ..”
စီးဝူယာ့က ခက်ခက်ခဲခဲ ထလိုက်ပြီး သူ့ခန္ဓာကိုယ်ပေါ်မှ ကျမ်းကို လက်ညှိုးထိုးပြကာ ပြောလိုက်သည်။
“ သူက မန္တန်ကိုတောင် သုံးနေပြီ။ သူက အမှောင်ကောင်းကင် ကြယ်အလင်းရောင်နဲ့ သတိပေးချင်တာပဲ ဖြစ်မယ် တူတယ် ”
ယွီကျန့်ဟိုင်က စီးဝူယာ့ ခန္ဓာပေါ်ရှိ ချုပ်နှောင်ရေး မန္တန်ကို ကြည့်လိုက်သည်။ ချုပ်နှောင်ခြင်း ဟူသည့်စာလုံးကြီးက အာရုံစိုက်စရာ ဖြစ်နေသည်။
“ ရှစ်တိ စိတ်မပူနဲ့ … မင်းကို ချုပ်နှောင်ရေး မန္တန်ကနေ လွတ်မြောက်အောင် နည်းလမ်း စဉ်းစားပေးမယ်” ယွီကျန့်ဟိုင်က ပြောလိုက်သည်။
“ အဆင်ပြေပါတယ် … ကျွန်တော်မှာ ကျင့်ကြံဆင့် ရှိရှိ၊ မရှိရှိ ကိစ္စမရှိပါဘူး ” စီးဝူယာ့က ယုံကြည်ချက်ရှိရှိ ပြုံးလိုက်သည်။ သူက ခန္ဓာကိုယ်ပေါ်ရှိ မန္တန်ကို စိတ်ထဲ မထားပေ။
ယွီကျန့်ဟိုင်က ခေါင်းညိတ်ကာ ပြောလိုက်သည်။
“ ရှစ်တိ ဝူယာ့ … မင်းလိုမျိုး ပွင့်ပွင့်လင်းလင်းသမားက မဟူရာကွန်ယက်ကို ကိုင်တွယ်နိုင်တာ မဆန်းတော့ပါဘူး ”
“ တာ့ရှစ်ရှိုးက မြောက်ပြောလွန်းပါပြီဗျာ ”
“ ဘယ်လိုဖြစ်ဖြစ် မင်းက ငါ့ကြောင့် ဒီမန္တန် မိသွားတာဆိုတော့ နတ်ဘုရားအရှင်သခင်ဂိုဏ်းဆီ တစ်ယောက်ယောက် လွှတ်ပေးမယ်။ မဟူရာကွန်ယက်ကို မင်းကျင့်ကြံဆင့် မရှိလည်း ကိုင်တွယ်နိုင်တယ်လို့ ယုံပေမဲ့ စိတ်ပူမိသေးတယ်” ယွီကျန့်ဟိုင်က ပြောလိုက်သည်။
စီးဝူယာ့အတွက် ကျင့်ကြံဆင့် ရှိထားပါက ပိုလုံခြုံလေသည်။ မဟူရာကွန်ယက် အဖွဲ့သားအားလုံး သစ္စာရှိလိမ့်မည်ဟု မည်သူက ပြောနိုင်မည်နည်း။
“ အရင်ဆုံး ဖင်းတုတောင်ဆီ ပြန်ကြတာပေါ့”
“ တာ့ရှစ်ရှိုးက ခေါင်းဆောင်ပါပဲ ”
………..
မိစ္ဆာဝေဟင်မျှော်နန်း ခန်းမကျယ်ထဲ၌ …
ဟွားဝူတောက်၊ လန်လော့၊ ဖန်လီထန်းနှင့် အခြားတပည့်များက အတွေးနက်နေသည့် လုကျိုးအား ကြည့်နေကြသည်။ သူတို့က သူ တွေးနေသည့်အရာကို စဉ်းစားရင်း နားမလည်ဖြစ်နေကြသည်။
ထိုစဉ် လုကျိုးက စနစ်ပေါ်ရှိ လက်ကျန် ကုသိုလ်ရမှတ်ကို ကြည့်လိုက်သည်။
၁၀၂၂၀ မှတ်
လုကျိုးက မိုးကြိုးကတ် လေးကတ်ကို စောစောလေးက ဝယ်ယူခဲ့သော်လည်း မသုံးခဲ့ရပေ။ သူက မော့ချီဆီမှ ကုသိုလ်ရမှတ်တချို့ ရခဲ့သေးသည်။ သူက ခဏနေရင် ကံစမ်းမဲ စမ်းကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။
လုကျိုးက လက်ဝေ့လိုက်သည်။ စာရင်းက ပျောက်ကွယ်သွားလေသည်။ သူက ယွီကျန့်ဟိုင်အကြောင်း တွေးကာ ပြောလိုက်သည် “ သူက ဘယ်လိုလုပ် လွတ်သွားတာလဲ”
သူက ခရီးတစ်လျှောက်လုံး စဉ်းစားလာသော်ငြား အဖြေမထွက်ခဲ့ပေ။
ချုပ်နှောင်ရေး မန္တန်က ရှင်းရှင်းလင်းလင်း ပစ်မှတ်ကို ထိသွားလေရာ ကုသိုလ်ရမှတ်ပင် ဆုလာဘ်ရခဲ့သေးသည်။
‘ဘယ်နေရာက မှားသွားတာလဲ ’
ဟွားဝူတောက်က လုကျိုးကို ကြည့်လိုက်ကာ လက်နှစ်ဖက်ယှက်လိုက်ပြီး “ မျှော်နန်းသခင် ဒီအကြောင်းကြောင့် စိတ်ရှုပ်စရာ မလိုပါဘူး။ မြစ်ကမ်းပါးဘေးနား ခဏတိုင်းသွားတဲ့လူက ဖိနပ်ခြောက်ဖို့ ခက်တယ်ဆိုသလိုပဲလေ … ပြီးတော့ …” သူက ရုတ်ခြည်း ရပ်လိုက်သည်။ သူ့စကားများက မှားသွားပုံပေါ်သည်။ သူ့စကားများက လုကျိုးသည် အသက်ကြီးပြီဖြစ်၍ အားကောင်းကာ ငယ်ရွယ်သည့် သူတပည့် သူ့ဆီမှ ထွက်ပြေးလွတ်မြောက်သွားသည်မှာ ပုံမှန်ဖြစ်ကြောင်း ပြောနေသလို ဖြစ်နေသည်။
လုကျိုးက သူ့ကို စိတ်ဖြေရန် ကြိုးစားနေသည့် ဟွားဝူတောက်ကြောင့် ပိုစိတ်တိုလာရသည်။
ဟွားဝူတောက်က လုကျိုး၏ အကြည့်ကို ခံစားမိကာ ဆက်မပြောတော့ပေ။ ခဏတာ တွေးလိုက်ပြီးနောက် သူက ပြောလိုက်သည်။
“ ယွီကျန့်ဟိုင်က မျှော်နန်းသခင်ရဲ့ မန္တန်မိသွားတယ်ဆိုတော့ ဒီမန္တန်ကို ချိုးဖောက်ဖို့ နည်းလမ်း ရှာမှာပဲ။ အဲလိုလုပ်ဖို့ နည်းလမ်းနှစ်မျိုးပဲ ရှိတယ်။ ပထမနည်းလမ်းက ပိုအားကောင်းတဲ့ မန္တန်အသုံးပြုသူကို ရှာဖို့ … နတ်ဘုရားအရှင်သခင်ဂိုဏ်းမှာ မန္တန်ကျွမ်းကျင်တဲ့ ကျင့်ကြံသူအများကြီး ရှိတယ်။ ဒုတိယနည်းလမ်းက မိစ္ဆာဝေဟင်မျှော်နန်းဆီ လာဖို့ … ”
တွမ့်မူရှန်းက ခေါင်းညိတ်က “ အကြီးအကဲဟွားပြောတာ ဟုတ်တယ်။ ရှစ်စွင်း အဲဒီအခွင့်အရေးကို အသုံးချပြီး နတ်ဘုရားအရှင်သခင်ဂိုဏ်းမှာ စောင့်ဖမ်းရအောင် ”
“ …” အခြားလူများက တွမ့်မူရှန်းကို ကြည့်လိုက်ကြသည်။
နတ်ဘုရားအရှင်သခင်ဂိုဏ်းက ကျင့်မင်တာအိုဂိုဏ်း မဟုတ်ပေ။ ဖန်လီထန်းလိုမျိုး အဆင့်မြင့် ကျင့်ကြံသူမရှိသော်လည်း နတ်ဘုရားအရှင်သခင်ဂိုဏ်းက မန္တန်နှင့် အစီအရင်များကို ကျွမ်းကျင်ကြသည်။ မည်သူကမှ နတ်ဘုရားအရှင်သခင်ဂိုဏ်းကို သူတို့ ပိုင်နက်အတွင်း လျှော့မတွက်ရဲကြပေ။
ဟိုနေရာကို သွားပြီး ဘာလုပ်ကြမည်နည်း။
သူတို့ခေါင်းကို ငွေလင်ပန်းနှင့် သွားဆက်သ သလို ဖြစ်မနေဘူးလား။
လန်လော့နှင့် ဖန်လီထန်းက အခြားလူများအား မနှောင့်နှေးစေလျှင် ကောင်းကောင်း လုပ်နေသည်ဟုသာ ယူဆကြရမည်။ ကာကွယ်ရေးသာ အာရုံစိုက်ထားသည့် ဟွားဝူတောက်လိုမျိုး လိပ်ခွံကျင့်စဉ်သမားက သူတို့အိမ်ကို စောင့်ရှောက်ဖို့ နေရစ်ခဲ့တာက ပိုသင့်တော်လေသည်။
လုကျိုးက ခေါင်းခါကာ “ နတ်ဘုရားအရှင်သခင်ဂိုဏ်းက ငါ့မန္တန်ကို ချေဖျက်နိုင်မှာ မဟုတ်ဘူး။ အဲဒီငမိုက်သားတော့ သွားစရာ နေရာ မရှိတော့ဘူး။ တစ်ရက်တော့ သူ ဒီရောက်လာရမယ် ”
“ နားလည်ပါပြီ ” တွမ့်မူရှန်းက ပြောလိုက်သည်။
လုကျိုးက ကျောင်းယွဲ့အား ကြည့်ကာ “ ဖန်ကျုံးရော အခြေအနေ ဘယ်လိုလဲ ”
ကျောင်းယွဲ့က ပြန်ဖြေလိုက်သည်။
“ သူ့ဒဏ်ရာတွေက စိတ်ချရအောင် တည်ငြိမ်လာပါပြီ။ ပြည့်ပြည့်ဝဝ အနားယူရင် ပြန်ကောင်းလာပါလိမ့်မယ် ”
“ကျေးဇူးပါ ” ဖန်လီထန်းက လက်နှစ်ဖက်ယှက်လိုက်သည်။ သူ့သဘောထားက သူတို့ဆက်ဆံရေးအကြောင်း ညွှန်ပြနေသည်။
လန်လော့က မေးလိုက်သည်။ “ ငါ သိချင်လို့ပါ … မင်းနဲ့ ဖန်ကျုံးက ဘာတော်စပ်တာလဲ ”
ဖန်ကျုံးက အလွန်ဆုံး လေးဆယ်မျှသာ ရှိသေးလေသည်။ ကျင့်ကြံရေးလောက၌ လူငယ်ဟုသာ ယူဆ၍ရ၏။ ဖန်လီထန်းနှင့် လန်လော့တို့က မျိုးဆက်တူ ဖြစ်ပြီး ဖန်လီထန်းက ကျင့်မင်တာအိုဂိုဏ်းမှ လွန်ခဲ့သည့် ရာစုနှစ်များစွာကတည်းက ထွက်လာခဲ့သည်။ မည်သို့ပင်ကြည့်ပါစေ သူက ဖန်ကျုံး၏ အဘိုးဖြစ်ဖို့ အသက်ကြီးလွန်းနေသည်။
ဖန်လီထန်းက မေးလိုက်သည်။
“အဲဒါ မင်းနဲ့ ဘာဆိုင်လို့လဲ ”
ထိုစဉ် လုကျိုးက လက်ဝေ့ပြလိုက်သည်။ ဖန်လီထန်း လက်ထဲ အနက်ရောင် သေတ္တာတစ်ခု လွင့်လာကာ
“ငါ့စကား ငါ တည်တယ် … ”
ဖန်လီထန်းက အနက်ရောင်သေတ္တာကို လက်ခံရလိုက်သည့်အခါ သူ့လက်အိုအိုများက တုန်ယင်လာသည်။ သူက လုကျိုးကို ဦးညွှတ်လိုက်သော်လည်း တိတ်ဆိတ်နေဆဲ ဖြစ်သည်။ သို့သော်လည်း သူ့တိတ်ဆိတ်မှုက သူ့အတွေးနှင့် ခံစားချက်များကို ဖော်ပြဖို့ လုံလောက်ပေသည်။ ယခင်အတိတ်တုန်းက သူသည် ဟေးမုလျန် ရရှိဖို့ အခွင့်အရေးကောင်းရှိခဲ့သော်လည်း သူ့ကျင့်ကြံဆင့် မရှိဘဲ မည်သို့လုပ်နိုင်မည်နည်း။ သူ့အတွက် ဟေးမုလျန် ရဖို့ထက် ကောင်းကင်ဘုံ တက်လှမ်းခြင်းက ပိုလွယ်ကူပေဦးမည်။
လန်လော့က ဖန်လီထန်း၏ စိတ်လှုပ်ရှားမှုကို မြင်သည့်အခါ နားမလည်နိုင် ဖြစ်လာသည်။
လန်လော့က ပြောလိုက်၏။
“မင်းရဲ့ အဆင့်အတန်းနဲ့ အနေအထားအရ ကျင့်မင်တာအိုဂိုဏ်းကို ဟေးမုလျန် ရှာပေးဖို့ တောင်းဆိုတာ မခက်လောက်ပါဘူး ”
ဖန်လီထန်းက ခေါင်းခါကာ “လန်လော့ … မော့လီက မင်း ကျင့်ကြံဆင့်ကို ဖျက်ဆီးခဲ့တယ်ဆိုရင် သူမက မင်းကို ဟေးမုလျန် ပေးမှာလား ”
လန်လော့က တိတ်ဆိတ်သွားလေသည်။ အခြားသူများလည်း တိတ်ဆိတ်သွားလေသည်။
ဖန်လီထန်းက လက်နှစ်ဖက်ယှက်ကာ “ အခု သွားလိုက်ပါဦးမယ် ”
လန်လော့လည်း လက်နှစ်ဖက်ယှက်ကာ ထွက်သွားတော့မည့် အရိပ်အယောင်ပြလိုက်သည်။
“ သွားကြပါ” လုကျိုးက လက်ဝေ့လိုက်သည်။
နှစ်ယောက်သား ကျင့်ကြံဆင့် ပြန်ကောင်းဖို့ အချိန်အကြာကြီး လိုအပ်နေသေးသည်။ သူတို့ ပြန်မကောင်းလာခင် မိစ္ဆာဝေဟင်မျှော်နန်းအတွက် အနည်းငယ်သာ အသုံးဝင်ပေမည်။
နှစ်ယောက်သား ထွက်သွားပြီးနောက် လုကျိုးက မေးလိုက်၏။
“မင်ရှစ်ရင်ဆီက ဘာသတင်းရလဲ ”
“ ရှစ်စွင်း … စစ်ရှစ်ရှိုးက ဒီတစ်ခါ လွန်လွန်သွားပြီ။ သူက အချိန်အကြာကြီး ကစားပြီးတော့ အခုထိ ပြန်မရောက်လာသေးဘူး ”
လုကျိုးလည်း ထူးဆန်းသည်ဟု ထင်မိသည်။ သို့သော်လည်း စနစ်က မင်ရှစ်ရင်အကြောင်း ဘာမှမပြောထားပေ။ ထို့အပြင် သူက မင်ရှစ်ရင်၏ ရှင်သန်မှု အရည်အချင်းများကို ယုံကြည်သည့်အတွက် ထိခိုက်မည်ကို စိတ်ပူစရာတော့ မရှိပေ။
ထိုစဉ် ကျိုးကျစ်ဖုန်းက ထူးထူးဆန်းဆန်း မျက်နှာထားဖြင့် ခန်းမကျယ်ထဲ လျှောက်လာသည်။
“ဘာကိစ္စလဲ ” လုကျိုးက မေးလိုက်၏။
“ ဟွားယွဲ့ရှင်း ပြန်ရောက်လာပါပြီ ” ကျိုးကျစ်ဖုန်း၏ အမူအရာက တောင့်တင်းနေလေသည်။ သူက ခဏတာ ရပ်လိုက်ပြီးနောက် “ သူမက ကောင်းကင်ဓားဂိုဏ်းရဲ့ ယဲ့ချန်းကျစ် ခေါင်းနဲ့အတူတူ ပြန်ရောက်လာတာပါ ”
…
အခန်း (၂၃၃) မိစ္ဆာဝေဟင်မျှော်နန်းကို အမုန်းဆုံးသူ
လုကျိုးက အပေါ်ယံတွင် မပြသော်ငြား စိတ်ထဲတွင် အံ့ဩနေလေ၏။ မိစ္ဆာဝေဟင်မျှော်နန်းကို ဝင်ရန်အတွက် ဟွားယွဲ့ရှင်းက ထိပ်သီးဂိုဏ်းဆယ်ဂိုဏ်းမှ လက်ရွေးစင်တစ်ယောက်ကို သတ်လိမ့်မည်ဟု သူ မထင်ပေ။ ကောင်းကင်ဓားဂိုဏ်းမှ လက်ရွေးစင်ကို ရွေးချယ်လိမ့်မည်ဟု သူကိုယ်တိုင်တောင် မထင်ထားပေ။
“မင်း စိတ်မပျော်တာလား” လုကျိုးက ကျိုးကျစ်ဖုန်းကိုကြည့်လိုက်၏။ ကျိုးကျစ်ဖုန်းက တုန်ယင်သွား၏။ အမြန်ဒူးထောက်လိုက်သည်။
“မလုပ်ရဲပါဘူး။ လော့ချန်ဖုန်းကို ကျွန်တော့်လက်နဲ့ကိုယ်တိုင်သတ်နိုင်ဖို့ အားလုံးသုံးထားရတာ။ လော့ချန်ဖုန်းက လောင်ချန်းပေ့သတ်တာခံလိုက်ရတယ်လေ။ အစောတည်းက ကောင်းကင်ဓားဂိုဏ်းနဲ့ နှောင်ကြိုးကို ဖြတ်တောက်ပြီးပါပြီ”
တွမ့်မူရှန်းက ပြောလိုက်၏။ “ဒါ အကောင်းဆုံးပဲ။ အဲဒီတုန်းက မင်းဘယ်လိုအသက်ရှင်ခဲ့လဲဆိုတာ မမေ့လိုက်နဲ့”
“ဟုတ်ကဲ့ တတိယသခင်လေး” ကျိုးကျစ်ဖုန်းကပြောလိုက်သည်။
“ကောင်းကင်ဓားဂိုဏ်းက မိစ္ဆာဝေဟင်မျှော်နန်းကို တိုက်ခိုက်ပြီးချိန်ကစပြီး တိတ်နေတာ။ လော့ချန်းဖုန်းရဲ့ သေခြင်းတရားက သူတို့ကို ထိုးနှက်မှုကြီးတစ်ခု ဖြစ်စေခဲ့တာပဲ။ လော့ရှင်းခုံက တံခါးပိတ်ကျင့်ကြံနေပြီး သူ့သားလော့ချန်းဖုန်းဆီ ဂိုဏ်းချုပ်ရာထူးလွဲပေးထားတယ်လို့ကြားတာပဲ။ သားတစ်ယောက်ဆုံးရှုံးရတဲ့ နာကျင်မှုကို သူတွေ့ကြုံပြီးပြီဆိုတော့ လော့ရှင်းခုံကို ရင်ဆိုင်တဲ့အချိန် ကျုပ်တို့ သတိထားရမယ်” ဟွားဝူတောက်က လက်သီးဆုပ်လိုက်၏။
လုကျိုးက ကျောင်းယွဲ့ဖက်လှည့်ကြည့်ပြီးမေးလိုက်တော့သည်။
“စခန်းကနေ သတင်းရသေးလား”
ကျောင်းယွဲ့က ပြန်ပြောလိုက်၏။ “လက်ရှိအပြင်ကစကားတွေက...” သူမက စကားများ မျိုချလိုက်ပြီး ပြောရမှာ စိုးရွံ့နေ၏။
“ပြော”
“သူတို့က ရှစ်စွင်းရဲ့ကျင့်ကြံဆင့်ကျဆင်းနေတာကို ထိန်းသိမ်းဖို့အတွက် အရံအတားရဲ့စွမ်းအင်ကို စုပ်ယူထားတယ်လို့ ပြောနေကြတယ်” ကျောင်းယွဲ့က ခေါင်းငုံ့ထားလိုက်၏။ ထိုသို့ပြောပြီးနောက် အမြန်ပြောလိုက်တော့သည်။ “တပည့်အရံအတားကိုပြင်လိုတဲ့စိတ်ရှိပါတယ်”
လုကျိုးက လက်ရမ်းလိုက်၏။ ”အဓိပ္ပါယ်မရှိလိုက်တာ” အရံအတားကိုပြင်မည်က သဘာဝကျ၏။ သို့သော် နှောင့်ယှက်ခံလိုက်ရသည့်အချက်ကိုမပယ်ဖျက်နိုင်ပေ။
ဆိုရလျှင် အပြင်လောကက လုကျိုး၏ကျင့်ကြံဆင့်လျှင်မြန်စွာကျဆင်းနေကြောင်း ယုံကြည်နေကြသည်။ အရံအတားပြင်ပြီးလျှင်တောင် သူတို့စိတ်ပြောင်းသွားမှာမဟုတ်ပေ။
သူတို့ပြောနေစဉ် အမျိုးသမီးတပည့်နှစ်ဦးက ဟွားယွဲ့ရှင်းကို အထဲသို့ခေါ်လာ၏။
ဟွားယွဲ့ရှင်းက ချွတ်ခြုံကျနေပြီး ရက်ပေါင်းများစွာ မအိပ်ရသေးပုံပေါ်နေ၏။ သူမ၏မျက်လုံးများက ရဲတောက်နေကာဆံပင်များလည်းဖွာလန်ကျဲနေ၏။ သူမလက်ထဲတွင် အစိမ်းရောင်လေးတစ်ခု ရှိနေပြီး ယင်းက ကုန်ကြမ်းကောင်းဖြင့် ပြုလုပ်ထားပုံမပေါ်ပေ။ အဝါရောင်လက်နက် ဖြစ်လောက်သည်။ သူမ၏ နောက်လက်တစ်ဖက်တွင်မူ အိတ်တစ်လုံးကို သယ်လာ၏။ အိတ်၏အခြေက သွေးများဖြင့် မည်းညစ်နေသည်။ အချိန်အတော်ကြာ လေသလပ်ခံပြီးနောက် သွေးများကပ်ကုန်တာဖြစ်၏။
ကျိုးကျစ်ဖုန်းက အစောတည်းက သူတို့ကိုအကြောင်းကြားထားပြီးဖြစ်သောကြောင့် အိတ်ထဲတွင် ရှိနေတာက ခေါင်းပြတ်ဆိုတာခန့်မှန်းရန်မခက်ခဲပေ။
ဟွားဝူတောက်က မယုံနိုင်စွာကြည့်လိုက်ပြီး ဟွားယွဲ့ရှင်းကမူ ကြမ်းပြင်တွင် ဒူးထောက်လိုက်၏။
ဟွားယွဲ့ရှင်းက လက်သီးနှစ်ဖက်ကို ဆုပ်မိုးလျက်ပြောလိုက်တော့သည်။
“ဟွားယွဲ့ရှင်းက အားလုံးရဲ့ မျှော်လင့်ချက်ကို သစ္စာမဖောက်ခဲ့ပါဘူး။ ပွင့်ချပ်နှစ်လွှာနတ်ဝိညာဉ် ကျင့်ကြံသူ ကောင်းကင်ဓားဂိုဏ်းရဲ့အကြီးအကဲ ယဲ့ချန်းကျစ်ကို သတ်ဖြတ်ခဲ့ပါတယ်”
“ယဲ့ချန်းကျစ်လား”
“အိတ်ကိုဖွင့်လိုက်တာနဲ့ သိရမှာပါ”
“ဒီလိုလုပ်ဖို့မလိုဘူး” လုကျိုးက ရွံ့ရှာဖွယ်ကောင်းသည့်ခေါင်းကို ကြည့်သော အလေ့အထမရှိပေ။ သူက လက်ရမ်းပြလျက် ပြောလိုက်၏။ “ဖြေရှင်းလိုက်”
“နားလည်ပါပြီ” အမျိုးသမီးကျင့်ကြံသူနှစ်ဦးက အိတ်ကို ဂရုတစိုက် သယ်သွားတော့သည်။
လုကျိုး၏အကြည့်က ဟွားယွဲ့ရှင်းဆီ ရောက်သွားပြီး သူက မေးလိုက်တော့၏။
“မင်းရဲ့ခွန်အား ကျင့်ကြံဆင့်နဲ့ဆိုရင် ပွင့်ချပ်နှစ်လွှာကျင့်ကြံသူကို သတ်ဖြတ်နိုင်ဖို့က..."
ဟွားယွဲ့ရှင်းက အနေခက်သွား၏။ သူမကရှက်ရွံ့စွာပြောလိုက်တော့၏။
“ကျွန်မရဲ့ခွန်အားက လုံလောက်ဖို့ ဝေးသေးတယ်ဆိုတာသိပါတယ်။ ကောင်းကင်ဓားဂိုဏ်းကလူတွေက ကောက်ကျစ်လွန်းတယ်။ သူတို့ကို တိုက်ခိုက်ဖို့ အခွင့်အရေးမရခဲ့ဘူး”
“ဘာကြောင့် ကောင်းကင်ဓားဂိုဏ်းကို ရွေးခဲ့တာလဲ”
လုကျိုး၏ စကားကို ကြားသောအခါ ကျိုးကျစ်ဖုန်းက ဟွားယွဲ့ရှင်းကိုလှည့်ကြည့်လိုက်သည်။
ဟွားယွဲ့ရှင်းက ပြောလိုက်၏။
“ကောင်းကင်ဓားဂိုဏ်းက တစ်ခုခုလုပ်ဖို့ကြံနေတယ်လို့ ကြားထားတယ်” “လော့ရှင်းခုံးက မိစ္ဆာဝေဟင်မျှော်နန်းကို လက်စားချေဖို့ နည်းလမ်းတစ်ခုရှာထားတာ။ ကျွန်မထင်တာက သူတို့ ဘာမှမလုပ်ခင် အရင်တိုက်ခိုက်လိုက်တာက ပိုကောင်းတာပေါ့။ မိစ္ဆာဝေဟင်မျှော်နန်းက လာရှုပ်လို့ရမဲ့နေရာ မဟုတ်ဘူးဆိုတာ သူတို့ကိုပြချင်တယ်”
နားထောင်ကြည့်စမ်းပါဦး။ ဆုံးဖြတ်ချက်ပြတ်သားလိုက်လေခြင်း။ ဒီလိုနည်းလမ်း ဒါကမှ မိစ္ဆာဝေဟင်မျှော်နန်းရဲ့တပည့်တစ်ယောက်ပြုမူဆောင်ရွက်သင့်တာ။
ဟွားယွဲ့ရှင်း၏အသံက မိစ္ဆာဝေဟင်မျှော်နန်း၏ အစစ်အမှန်တပည့်တစ်ယောက်ထက် တပည့်တစ်ယောက်နှင့် ပိုတူနေ၏။ အားလုံး၏ရင်ထဲနွေးထွေးမှုကိုဖြစ်စေသည်။ ထို့အပြင် မိစ္ဆာဝေဟင်မျှော်နန်းက လေးသည်တော်တစ်ဦးအမှန်တကယ်လိုအပ်နေသည်။
ထိုစဉ် ဟွားဝူတောက်ပြောလိုက်၏။
“မျှော်နန်းသခင် ဟွားယွဲ့ရှင်းက စမ်းသပ်ချက်ကို ဖြတ်ကျော်ခဲ့ပြီးပါပြီ။ ခွင့်ပြုမယ်ဆိုရင် အခုကစပြီး သူမရဲ့ကျင့်ကြံဆင့်ကို ကျုပ်ကို လမ်းညွှန်ပေးခွင့်ပြုပါ”
ဟွားယွဲ့ရှင်းက ထိုစကားကိုကြားသောအခါ ပျော်ရွှင်သွားသည်။ သူမက ကျေးဇူးတင်ရှိကြောင်း အရိုအသေပေးတော့မည့်အချိန်၌
“နေဦး” ဟွားဝူတောက်က ကြောင်အသွား၏။ သူသည်မျှော်နန်းသခင်ရှေ့၌ မျှော်နန်းသခင်နား ဘာမှမပြောရသေးခင် မျှော်နန်းသခင်ကိုယ်စားပြောခဲ့သည်။ သူက စည်းကျော်သွားသည့်ပုံပေါ်၏။ အမြန်ပြောလိုက်တော့သည်။
“ကျုပ် စိတ်မရှည်ဖြစ်မိတာအတွက် ခွင့်လွှတ်ပေးပါ မျှော်နန်းသခင်”
လုကျိုးက ဖြည်းဖြည်းချင်း ခြေကြွလိုက်၏။ သူက လှေကားနား လျှောက်သွားပြီးနောက် ဟွားယွဲ့ရှင်းရှေ့၌ရပ်လိုက်သည်။
“ခေါင်းမော့လိုက်”
ဟွားယွဲ့ရှင်းက မသက်မသာ ခံစားလိုက်ရသည်။ လောကကြီး၏ အကြီးမြတ်ဆုံးလူဆိုးက သူမနှင့် ထိုမျှနီးကပ်နေသည့်အချိန်တွင် တည်ငြိမ်မှုကိုမည်ကဲ့သို့ထိန်းထားပြီး မကြောက်မရွံ့ရှိနိုင်မည်နည်း။ သူမက စိတ်ပူပန်စွာ ခေါင်းမော့လိုက်၏။
လုကျိုး၏အမူအရာက မပြောင်းလဲပေ။ သူက သူမကိုတစ်ချက်မျှသာကြည့်ပြီး လက်ဝါးကို ရှေ့သို့တွန်းထုတ်လိုက်၏။
“အမ်း”
ကျန်သည့်သူများ၏နှလုံးက လည်ပင်းအထိ ဆန်တက်လာသည်။ သူတို့က ထိုအရာကို မကြည့်နိုင်ကြပေ။ ဟွားယွဲ့ရှင်းကတောင် မျက်လုံးမှိတ်ထား၏။ လူတိုင်းက ဟွားယွဲ့ရှင်းကို လုကျိုးရိုက်မည်ဟုတွေးလိုက်သည့်အချိန် အပြာရောင်အလင်းတန်းက လုကျိုး၏ လက်ဖဝါးထဲတွင် ပေါ်လာ၏။ ကနဦးချီက သူမ၏ခန္ဓာကိုယ်ပေါ်ကျရောက်လာသည်။
“ဘေးအန္တရာယ်မှ ကယ်ဆယ်ခြင်း၏ ကရုဏာလှေ” ဟွားဝူတောက်၏ မှုန်မှိုင်းသော မျက်ဝန်းတို့ ပြူးကျယ်သွားသည်။
အပြာရောင်အလင်းဖျော့ဖျော့က ဟွားယွဲ့ရှင်း၏ ခန္ဓာကိုယ်ကို လွှမ်းခြုံသွားသည်။
ဟွားယွဲ့ရှင်းက ချက်ချင်းပင်သူမ၏ ကနဦးချီက ပြောင်းပြန်စီးဆင်းနေတာကိုခံစားမိလိုက်သည်။ ထို့အပြင် သူမ၏ ဒဏ်ရာများကလည်းမြန်ဆန်သည့်နှုန်းဖြင့်ကုသနေလေ၏။ ခဏအကြာတွင် မျက်လုံးဖွင့်ကာ အမြန် အရိုအသေပေးပြီးပြောလိုက်၏။
“ကုသပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ မျှော်နန်းသခင်”
“တင်း စစ်မှန်တဲ့ရိုကျိုးမှုရရှိပါပြီ။ ဆုလာဘ် ကုသိုလ်မှတ်ဆယ်မှတ်”
နှမြောစရာပဲ။
သူက ဦးချသည့်အချိန်တိုင်းအတွက် ဆုလာဘ်ထပ်ခါတလဲလဲရမည်ဆိုလျှင် လုကျိုးအတွက် ပိုကောင်းပေမည်။ ထိုသို့ဆိုလျှင် သစ္စာဖောက်ကျူးဟုန်ကုန်း လောင်ပါ့ကိုဖမ်းပြီး တစ်စက္ကန့်လျှင် တစ်ကြိမ် ဦးချခိုင်းမှာပဲဖြစ်၏။ ဤနည်းဖြင့် တစ်ရက်လျှင် ကုသိုလ်မှတ်ရှစ်သောင်းကျော် ရနိုင်မည်။ စိတ်ဝိညာဉ်သဏ္ဌာန်များအားလုံးကို ဝယ်ယူပြီး အမြင့်ကနေအားလုံးကို အထင်တသေးကြည့်နိုင်မှာပဲ ဖြစ်သည်။
လုကျိုးက သက်ပြင်းချလိုက်၏။ ခြင်တစ်ကောင်ကတောင် အသားရှိပေသည်။ ဘာမှမရှိတာထက်တော့ ယင်းက ပိုကောင်းသည်။
ငါ့ရဲ့စိတ်ကို ဦးတည်ရာထပ်လွှတ်ပေးရဦးမယ်။
လုကျိုးက ခေါင်းညိတ်ပြီး ပြောလိုက်၏။
“မင်း မိစ္ဆာဝေဟင်မျှော်နန်းကို ဝင်လာပြီဆိုတော့ စည်းမျဉ်းတွေကို လိုက်နာရမယ်”
“ကျွန်မနားလည်ပါတယ်”
“တင်း လက်အောက်ငယ်သားတစ်ယောက် ရရှိပါတယ်။ ကုသိုလ်မှတ်တစ်ထောင်”
“မင်းမှာ ပွင့်ချပ်ဘယ်နှစ်လွှာရှိလဲ” လုကျိုးကမေးလိုက်၏။
ဟွားယွဲ့ရှင်းက အနေခက်စွာပြောလိုက်သည်။ "နှစ် နှစ်လွှာ"
ပွင့်ချပ်နှစ်လွှာကျင့်ကြံသူက နတ်လေးသျှင် သုံးယောက်ထဲက တစ်ယောက်တဲ့လား။
ဒါက အတော်လေးစိတ်ပျက်စရာကောင်းသားပဲ။
ဟွားယွဲ့ရှင်းက ပတ်ဝန်းကျင်ကနေကြည့်သည့်အကြည့်များကို ခံစားမိသည့်အချိန်၌ ခေါင်းငုံ့ထားပြီး ရှက်သွားသည်။ သူမ၏ကျင့်ကြံဆင့်ဖြင့် မည်သည့်ဂိုဏ်းတွင်မဆို ထူးချွန်သည့်သူဖြစ်ပြီး ပါရမီရှင် တစ်ဦးသဖွယ်တန်ဖိုးထားခံရပေလိမ့်မည်။ သူမ လော့ဂိုဏ်း၏အမိုးအောက်တွင် ကျင့်ကြံဆင့်က အာရုံစိုက်မှုများစွာလည်း ရရှိခဲ့၏။ ယခုကမူ မိစ္ဆာဝေဟင်မျှော်နန်းဖြစ်သည်။
လုကျိုးက သူမကို ရှောင်ဖယ်ခြင်း မပြုခဲ့ပေ။ ထိုအစားသူကပြောလိုက်၏။
"မင်းမှာ အသိအမှတ်ပြုလောက်ဖွယ် အရည်အချင်းရှိတယ်။ ပွင့်ချပ်နှစ်လွှာလက်ရွေးစင် ယဲ့ချန်းကျစ်ကို မင်းရဲ့ပွင့်ချပ်နှစ်လွှာကျင့်ကြံဆင့်နဲ့သတ်နိုင်တယ်ဆိုတော့ ဒါ ချီးကျူးလောက်တဲ့ လုပ်ရပ်ပဲ”
“ချီးကျူးပေးတာ ကျေးဇူးတင်ပါတယ်။ လောင်ချန်းပေ့”
“အနောက်ဖက်မျှော်နန်းထဲမှာ လေးအတတ်နဲ့ပတ်သက်တဲ့စာအုပ်တွေ အများကြီးရှိတယ်။ မိစ္ဆာဝေဟင်မျှော်နန်းက ဘယ်သူမဆို အဲ့ဒီကို လွတ်လွတ်လပ်လပ်သွားလို့ရတယ်”
ဟွားယွဲ့ရှင်းက မိစ္ဆာဝေဟင်မျှော်နန်း၌ စာအုပ်နှင့် လက်နက်မျိုးစုံရှိသည်ဟုကြားခဲ့ဖူးသည်။ ထို့အပြင် သူတို့ကအကောင်းဆုံးဖြစ်နေ၏။ သူမက ထိုစကားကို ကြားသောအခါ ပျော်ရွှင်သွားပြီး ကျေးဇူးတင်ရှိကြောင်း အမြန်ပြောလိုက်တော့သည်။
“ကျေးဇူးတင်ပါတယ် လောင်ချန်းပေ့”
“မင်းသွားလို့ရပြီ။"
“နားလည်ပါပြီ”
ဟွားဝူတောက်က လုကျိုးက လက်သီးနှစ်ဖက်ဆုပ်မိုးပြီး အရိုအသေပေးလိုက်၏။ သူသည်လည်း ဟွားယွဲ့ရှင်းနှင့်အတူ မဟာခန်းမထဲမှ ထွက်သွားသည်။
လုကျိုးက သူ၏ပလ္လင်ထက်သို့ ပြန်သွားပြီး ဖြည်းဖြည်းချင်းထိုင်ချလိုက်၏။ သူက ကျိုးကျစ်ဖုန်းကို ကြည့်ကာပြောလိုက်တော့သည်။
“ကျိုးကျစ်ဖုန်း” ကျိုးကျစ်ဖုန်းက တုန်ယင်သွား၏။ သူက အမြန်အရိုအသေပေးကာ ပြောလိုက်၏။ “မျှော် မျှော်နန်းသခင်”
သူက မပြောခင်ခဏရပ်လိုက်၏။ “ကျွန်တော် မိစ္ဆာဝေဟင်မျှော်နန်းကိုဝင်တဲ့ ကျွန်တော့် ဆုံးဖြတ်ချက်ကို တစ်ခါမှ နောင်တမရမိပါဘူး။ တစ်ခုတည်းသောနောင်တက သူတို့တွေကို ကျွန်တော့လက်နဲ့မသတ်နိုင်တာပါပဲ”
“ပြီးတာတွေ ပြီးစေတော့။ မင်းအခုလုပ်သင့်တာက ခွန်အားမြှင့်တင်ဖို့ပဲ။ အဓိပ္ပါယ်မရှိတာတွေ တွေးနေဖို့ အချိန်ရှိမယ်ဆိုရင် အနောက်ဖက်မျှော်နန်းက စာအုပ်တွေကို သွားဖတ်ကြည့်”
ကျိုးကျစ်ဖုန်းက ထိုစကားကိုကြားသောအခါ ပြောလိုက်တော့၏။ “ကျွန်တော် နားလည်ပါပြီ”
“အားလုံးသွားလို့ရပြီ။" လုကျိုးကလက်ရမ်းလိုက်တော့သည်။
ကျန်သည့်သူများက အရိုအသေပေးကာ မဟာခန်းမထဲမှ ထွက်သွားတော့၏။
ထိုစဉ် ဖင်းတုတောင်တန်းပေါ်ရှိ ငရဲဂိုဏ်းတွင် ဖြစ်သည်။
ယွီကျန့်ဟိုင်က တလေးတစားပြုမူနေသည့် မဟာကာကွယ်စောင့်ရှောက်သူ လေးယောက်ဖြစ်သည့် ဟွားချုံးယန်၊ ပိုင်ယွီချင်း၊ ယန်ယန်းနှင့် တိချင်းတို့ကို နောက်ကျောပေးထား၏။
“ဂိုဏ်းချုပ် ကျွန်တော်တို့တွေ လောင်ချန်းပေ့ကို မတားနိုင်ဘူး။ ကျေးဇူးပြုပြီး အပြစ်ပေးပါ”
“ကျေးဇူးပြုပြီး အပြစ်ပေးပါ။ ဂိုဏ်းချုပ်”
“ကျေးဇူးပြုပြီး အပြစ်ပေးပါ။ ဂိုဏ်းချုပ်”
…
အခန်း (၂၃၄) ရီမျိုးရိုးနာမည်နှင့် မိတ်ဆွေတစ်ယောက်
ယွီကျန့်ဟိုင်က ကာကွယ်သူသုံးယောက်နှင့် မျက်နှာချင်းဆိုင်လိုက်ပြီး “ မင်းတို့အားလုံး ငရဲဂိုဏ်း အခုလို အားကောင်းလာအောင် ပါဝင်အားဖြည့်ခဲ့ကြတယ် … ”
“ ကျွန်တော်တို့ ဘာမှမလုပ်ခဲ့ရပါဘူး ” ဟွားချုံးယန်က အလျှင်စလို ပြောလိုက်သည်။
“ငါ မိစ္ဆာဝေဟင်မျှော်နန်းကနေ ထွက်လာပြီး ငရဲဂိုဏ်း တည်ထောင်ကတည်းက ဒါက ငါ့မဟာအကြံအစည် အမြဲဖြစ်ခဲ့တယ်” ယွီကျန့်ဟိုင်က ဖြည်းဖြည်းချင်း ပြောလိုက်သည်။
“ မင်းတို့အားလုံးက ငါ့အတွက် ကြီးမားတဲ့ အကူအညီ ဖြစ်စေပြီးတော့ ငါ ယုံရတဲ့ လူတွေပဲ ”
သုံးယောက်လုံးက အသက်ပင် ပြင်းပြင်းမရှုဝံ့ကြပေ။
ယွီကျန့်ဟိုင်က လက်နောက်ပစ်ကာ ဟွားချုံးယန်ရှေ့ ရပ်လိုက်သည်။
ဟွားချုံးယန်က မြေပေါ် ဒူးတစ်ဖက် ထောက်လျက်သားဖြင့် ခေါင်းငုံံ့ထားလေသည်။ သူ့လက်တစ်ဖက်က မြေပြင်ကို ထောက်ထားပြီး “ ကျွန်တော် အပြစ်ပေးခံရဖို့ လိုလားပါတယ်။ ကျွန်တော်က အရှင့်ကိုယ်စား အမိန့်ပေးခဲ့တဲ့သူပါ။ ကျန်လူတွေနဲ့ ဘာမှမဆိုင်ပါဘူး ”
ဟွားချုံးယန် စကားအဆုံးတွင် ယန်ယန်းလည်း ချက်ချင်း ဒူးထောက်လိုက်သည် “အစ်ကိုချုံးယန်က အမြဲတမ်း အခြေအနေတစ်ခုလုံးကို ခြုံကြည့်ခဲ့တာ၊ ကျွန်တော်တို့အားလုံးက သူ့ဆုံးဖြတ်ချက်ကို ထောက်ခံခဲ့ကြတာပါ … ကျွန်တော်လည်း ပြစ်ဒဏ်ခံယူပါ့မယ် ”
တိချင်းလည်း ဒူးထောက်လိုက်သည်။
“ ကျွန်တော် ဘာမှထပ်ပြောစရာ မရှိပါဘူး။ ကျွန်တော်လည်း ပြစ်ဒဏ်ခံယူပါ့မယ် ”
အဆုံးသတ်၌ လေးယောက်လုံးက မိစ္ဆာဝေဟင်မျှော်နန်းနှင့် ရင်ဆိုင်စဉ် နောက်ဆုတ်ဖို့ ရွေးချယ်ခဲ့ကြသည်။ အကယ်၍ သူတို့သာ ယွီကျန့်ဟိုင်ကို အနည်းငယ် အချိန်ထပ်ဆွဲပေးထားခဲ့လျှင် ကျင့်မင်တာအိုဂိုဏ်း တစ်ခုလုံးကို သုတ်သင်ခဲ့နိုင်လိမ့်မည်။ ယွီကျန့်ဟိုင်က ကလေးကစားပွဲ မဟုတ်ဘဲ ကြီးကြီးမားမား အဖြစ်အပျက်ကို ရည်ရွယ်ထားလေသည်။ သူ မနှစ်မြို့ဆုံးအရာမှာ လူများက အရေးကြီးအခိုက်အတန့်၌ ငကြောက်ဖြစ်သွားခြင်း ဖြစ်၏။
သို့သော်လည်း အပြုအမူတစ်ခုက ကာကွယ်သူ သုံးယောက်အား အံ့အားသင့်သွားစေသည်။ ယွီကျန့်ဟိုင်က ဟွားချုံးယန် ပခုံးပေါ် လက်တင်လိုက်ပြီး ဆွဲထူကာ “ မင်းတို့က ငါ ယုံကြည်ရတဲ့ လူတွေပဲ … မင်းတို့ကို ဘယ်တော့မှ အပြစ်မတင်ဘူး ”
“ ဂိုဏ်းချုပ် …”
“ အခုကိစ္စမှာ မင်း ကောင်းကောင်း လုပ်ခဲ့တယ် ”
ဟွားချုံးယန်က ဦးနှောက်ခြောက်သွားလေသည်။
ယန်ယန်း “ …. ”
တိချင်း “ … ”
ဂိုဏ်းချုပ်က ငါတို့ကို အပြစ်ပေးဖို့ ခေါ်လိုက်တာ မဟုတ်ဘူးလား …
သူက ဘာလို့ ရုတ်တရက်ကြီး သက်ညှာပေးလိုက်ရတာလဲ …
ကာကွယ်သူ သုံးယောက်က စဉ်းစားသော်လည်း အဖြေမရလာပေ။
“ ဂိုဏ်းချုပ်ရဲ့ သက်ညှာမှုနဲ့ ကျွန်တော်တို့က မထိုက်တန်ပါဘူး” ဟွားချုံးယန်က နဂိုပုံအတိုင်း ဒူးထောက်လျက်သားဖြင့် ပြောလိုက်သည်။
“ မတ်တတ်ရပ်ပြီး ပြော ” ယွီကျန့်ဟိုင်က ဟွားချုံးယန်ကို ဆွဲမထူတော့ပေ။ ထိုအစား သူက ပြောလိုက်သည်။
“ ငါ ပြောတာ အမှန်ပဲ။ မင်းတို့အားလုံးက ငါ ယုံကြည်ရတဲ့လူတွေမလို့ ဘယ်တော့မှ အပြစ်မပေးဘူး ”
ထိုစဉ် ယွီကျန့်ဟိုင်က ချုပ်နှောင်ရေး မန္တန်ကို သတိရသွားသည်။ အကယ်၍ သူ့ချီရှစ်တိသာ သူ့အတွက် ကြားထဲက ဝင်ခံမပေးခဲ့လျှင် သူ ဘာဖြစ်သွားမည်ကိုတော့ မသိပေ။ တကယ်တော့ သူလည်း ရှစ်စွင်းကို တိတ်တခိုး ကြောက်ရွံ့နေမိသည်။ သို့သော်လည်း သူ့ဂုဏ်သတင်းနှင့် ဂုဏ်ပုဒ်ကြောင့် ထိုအရာကို ထုတ်မပြသနိုင်ပေ။
ဟွားချုံးယန်နှင့် အခြားလူများက ယွီကျန့်ဟိုင် စကားကြောင့် ရင်ထဲထိသွားကြသည်။ သူတို့က ထရပ်ကာ တစ်ပြိုင်နက် ပြောလိုက်ကြသည် “ ဂိုဏ်းချုပ်ကို ကျေးဇူးတင်ပါတယ် ”
ယွီကျန့်ဟိုင်က ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူက အကြောင်းအရာပြောင်းကာ ပြောလိုက်သည်။
“ ဒါပေမဲ့ နောက်တစ်ခါ ငါ့ရှစ်စွင်းနဲ့ ထိပ်တိုက် တွေ့ခဲ့ရင် … ”
ယွီကျန့်ဟိုင် စကားမဆုံးခင် ဟွားချုံးယန်က အလျှင်စလို ဝင်ပြောလိုက်သည် “ ဂိုဏ်းချုပ် စိတ်မပူပါနဲ့။ ကျွန်တော်တို့ သူနဲ့ ထပ်တွေ့ရင် သူ့ကို ကျွန်တော်တို့ အသက်နဲ့ရင်းပြီး တားထားပါ့မယ် ”
“မဟုတ်ဘူး ” ယွီကျန့်ဟိုင်က ခေါင်းခါကာ “ တတ်နိုင်သမျှ မြန်မြန် ထွက်ပြေးခဲ့ ”
သုံးယောက်သား အကြည့်ချင်း ဖလှယ်လိုက်ကြသည်။
ဂိုဏ်းချုပ်က ဘာတွေကစားချင်နေတာလဲ …
သူတို့က မိစ္ဆာဝေဟင်မျှော်နန်းအတွက် ပြိုင်ဖက် မဟုတ်သည်ကို သိကြလေသည်။ ထို့အပြင် သူတို့ကို ရွေးချယ်စရာ မရှိသရွေ့ ထိပ်တိုက်တွေ့ဖို့ ရှောင်ဖို့ရာ ပြောထားသေးသည်။ ဒီစည်းမျဉ်းမှာ ငရဲဂိုဏ်း စတည်ထောင်ကတည်းက မပြောင်းခဲ့ပေ။
“ မင်းတို့ သွားလို့ရပြီ” ယွီကျန့်ဟိုင်က ပြောလိုက်သည်။
“ နားလည်ပါပြီ ”
ဟွားချုံးယန်က ထွက်သွားတော့မည့်ဆဲဆဲတွင် တစ်ခုခုကို အမှတ်ရသွားဟန်ဖြင့် မေးလိုက်သည်။
“ ဂိုဏ်းချုပ် .. သတ္တမသခင်လေးအတွက် ပိုင်ယွီချင်း တစ်ယောက်တည်း ပို့ပေးလို့ လုံလောက်ပါ့မလား”
ယွီကျန့်ဟိုင်က ပြောလိုက်သည်။ “ငါ လုပ်တာကို ငါ့ဘာသာ သိတယ် ”
ထိုအရာကို ကြားပြီး ဟွားချုံးယန်က ဆက်မပြောရဲတော့ပေ။
“ အဲဆို ကျွန်တော် သွားလိုက်ပါဦးမယ် ”
ကျားဖြူခန်းမသခင် ပိုင်ယွီချင်းက ကာကွယ်သူလေးယောက်ထဲမှ ဖြစ်ပြီး လက်ရှိ ဖင်းတုတောင်တွင် မရှိချေ။ ယွီကျန့်ဟိုင်က စီးဝူယာ့၏ ကျင့်ကြံဆင့် ပိတ်ဆို့ခံထားရသည်ကို ထည့်စဉ်းစားကာ ပိုင်ယွီချင်းအား စီးဝူယာ့ကို နဂါးဝပ်ကျင်းဆီ ပြန်လိုက်ပို့စေခဲ့သည်။
နှစ်နာရီကြာမြင့်ပြီးနောက် …
ငရဲဂိုဏ်း၏ ရထားလုံးပျံက တိမ်တွေကြား ထွက်ခွာသွားသည်။
စီးဝူယာ့က ရထားလုံးပျံပေါ်တွင် ကျက်သရေရှိရှိ အမူအရာဖြင့် ထိုင်နေသည်။ သူ့မျက်လုံးများကို မှိတ်ထားကာ စိတ်ကို အနားပေးထားလေသည်။ ရံဖန်ရံခါ သူ့ချီများဖြင့် ချုပ်နှောင်ရေး စည်းတံဆိပ်ကို ချိုးဖျက်ကြည့်သည်။ သူ့ခန္ဓာကိုယ်က အခွံလွတ်လို ခံစားနေရသည်။ လက်ရှိ သူက ကြက်တစ်ကောင်ပင် မသတ်နိုင်သည့် သေမျိုးတစ်ယောက်နှင့် မခြားပေ။ သူ့တွင် ရှိနေသည့် တစ်ခုတည်းသောအရာမှာ ရုပ်ခန္ဓာလေ့ကျင့်ထားသောကြောင့် သန်မာသော ခန္ဓာကိုယ်သာ ဖြစ်၏။ ချီကို မစုဆောင်းနိုင်သည့် ကျင့်ကြံသူက အသုံးမကျပေ။ စီးဝူယာ့က လက်ရှိ အသုံးမကျသည့်သူ ဖြစ်နေသည်။ သူက မျက်လုံးဖွင့်ကာ သက်ပြင်းချလိုက်ရင်း “ရပ်လိုက် ”
ပဲ့ထိန်းနေသည့် ပိုင်ယွီချင်းက ရထားလုံးပျံကို ရပ်တန့်လိုက်သည်။ သူတို့က လေထဲ ရပ်တန့်နေလေ၏။
ပိုင်ယွီချင်းက နားမလည်စွာ မေးလိုက်သည် “ သတ္တမသခင်လေး ကျုပ်တို့ နဂါးဝပ်ကျင်းဆီ ရောက်တော့မှာလေ။ ဘာလို့ ရပ်ခိုင်းလိုက်တာလဲ ”
“ရှစ်စွင်းက ရှိချန်းသဲ့ရှီးကန်ကနေ ကျင့်မင်တာအိုဂိုဏ်းကို အချိန်တိုအတွင်း ရောက်လာတာ … ဆိုလိုတာက သတင်းပေါက်ကြားသွားတာပဲ ” စီးဝူယာ့က ပြောလိုက်သည်။
ပိုင်ယွီချင်းက ကြောင်သွားကာ ပြောလိုက်သည်။
“ သတ္တမသခင်လေးက ကျုပ်ကို သံသယဝင်နေတာလား ”
မော့ချီကို ရှင်းထုတ်ဖို့ တာဝန်ယူခဲ့သူမှာ ပိုင်ယွီချင်းသာ ဖြစ်၏။
စီးဝူယာ့က ခေါင်းခါကာ အပြုံးလေးဖြင့် ပြောလိုက်သည်။
“နားလည်မှု လွဲနေပါပြီ … ”
သူက ရှိချန်းသဲ့ရှီးကန်တွင် ရှိခဲ့သည့် ဝေ့ကျိုးယန်၏ လူများကြား သတင်းအရင်းအမြစ် ရှိကြောင်း မပြောနိုင်ပေ။
“ ဦးတည်ချက် ပြောင်းလိုက် … တောင်ဘက်ကို သွားမယ်။ နဂါးဝပ်ကျင်းက တခြားသူတွေကို အရူးလုပ်ဖို့အတွက် ယာယီအချက်အလက်တစ်ခုပဲ။ တောင်ဘက်ကို သွားကြမယ်။ ဆယ်မိုင်လောက်မှာ သတင်းငှာနတစ်ခု ရှိတယ်။ အဝါရောင်တောင်ထိပ် အဲဒီမှာ လုံခြုံတယ် ” စီးဝူယာ့က ယေဘုယျနေရာတစ်ခုအား လက်ညှိုးထိုးပြလိုက်သည်။
ပိုင်ယွီချင်းက ပြောလိုက်သည်။
“ သူတို့က ခင်ဗျားကို သာမန်လူတွေထက် ပိုသတိကြီးတယ် ပြောကြတယ်။ အဲဒါက အမှန်ဖြစ်နေတာပဲ။ ကျုပ်တော့ အထင်ကြီးမိသွားပြီ”
ထို့နောက် သူက ပဲ့ထိန်းကို တောင်ဘက်ဆီ ဦးတည်လိုက်သည်။
ခဏအကြာတွင် ရထားလုံးပျံက ဖြည်းဖြည်းချင်း ဆင်းသက်လာသည်။
ပိုင်ယွီချင်းက ရထားလုံးပျံကို ဆင်းသက်လိုက်ပြီးနောက် “သတ္တမသခင်လေး … ကျုပ်တို့ အဝါရောင်တောင်ထိပ်ကို ရောက်ပြီ ”
နှစ်ယောက်သား ရထားလုံးပျံမှ ထွက်လာကြသည်။
အဝါရောင်တောင်ထိပ် အစည်းအဝေးခန်း၌ …
စီးဝူယာ့နှင့် ပိုင်ယွီချင်းတို့ က အခန်းထဲ ဝင်လာကြသည်။
“ လိုက်ပို့ပေးတာ ကျေးဇူးပါပဲ။ ညီအစ်ကိုပိုင် ပြန်ရောက်တဲ့အခါ တာ့ရှစ်ရှိုးကို ကျုပ်ကိုယ်စား ကျေးဇူးစကားပြောပေးပါဦး ” စီးဝူယာ့က ပြောလိုက်သည်။
ပိုင်ယွီချင်းက အပြုံးလေးဖြင့် ပြောလာသည်။
“ ဂိုဏ်းချုပ်က ကျုပ်ကို အမိန့်ပေးထားပါတယ်။ ကျင့်ကြံရေး စည်းပိတ်ထားတာ မပြေလျော့ခင်အထိ ကျုပ်က ကိုယ်ရံတော်အဖြစ် စောင့်ကြပ်ပေးမှာပါ ”
စီးဝူယာ့က ကြောင်သွားလေသည်။ သို့သော်လည်း သူက ဘာမှမဖြစ်သလိုမျိုး မြန်မြန် ပြန်ထိန်းကာ “ ထိုင်ပါဦး ”
ပိုင်ယွီချင်းက လက်နှစ်ဖက်ယှက်ကာ “ ခင်ဗျားက တိတ်ဆိတ်ငြိမ်သက်တဲ့ ပတ်ဝန်းကျင်ကို သဘောကျတယ်လို့ ကြားဖူးတယ်။ ကျုပ် မနှောင့်ယှက်တော့ပါဘူး။ ကျုပ်ပစ္စည်းတွေကို စီစဉ်ခိုင်းလိုက်ပါဦး ”
သူက မဟူရာကွန်ယက် အဖွဲ့သားများကို လက်ညှိုးထိုးကာ ပြောလိုက်သည်။ သူက လိမ္မာပါးနပ်သူ တစ်ဦး ဖြစ်၏။
စီးဝူယာ့က မငြင်းဆန်ဘဲ ပိုင်ယွီချင်းကို သူ့စိတ်ကြိုက် လုပ်ခိုင်းလိုက်သည်။ ပိုင်ယွီချင်း ထွက်သွားသည်နှင့် သူ့မျက်နှာပေါ် ခပ်ယဲ့ယဲ့ အပြုံးတို့ ထွက်ပေါ်လာသည်။
ထိုစဉ် အဝါရောင်တောင်ထွတ်ကို တာဝန်ယူထားသူက ရှေ့တိုးလာကာ ဦးညွှတ်လိုက်ပြီး “ နှုတ်ဆက်တာ နောက်ကျနေတဲ့အတွက် တောင်းပန်ပါတယ်။ ဂိုဏ်းချုပ် ကျေးဇူးပြုပြီး ခွင့်လွတ်ပေးပါ … ”
“ကိစ္စမရှိဘူး။ ပိုင်ယွီချင်းက ငရဲဂိုဏ်းရဲ့ ကာကွယ်သူထဲက တစ်ယောက်ပဲ။ သူက ငါ့မိတ်ဆွေလည်း ဖြစ်တယ်ဆိုတော့ ကောင်းကောင်းဆက်ဆံ ”
“ဟုတ်”
“ ဘာမှပြောစရာ မရှိတော့ရင် ထွက်သွားလို့ ရပြီ” စီးဝူယာ့က ပင်ပန်းနေသည်။ သူက ချုပ်နှောင်ရေး မန္တန်ကို ချိုးဖောက်ဖို့ ကြိုးစားကြည့်ချင်မိသည်။
“နောက်ထပ် ကိစ္စတစ်ခု တင်ပြဖို့ ရှိပါသေးတယ် ”
“ ဘာများလဲ ”
“လွန်ခဲ့တဲ့ ရက်ပိုင်းလောက်က ရီမျိုးရိုးနဲ့ လူတစ်ယောက် ရောက်လာပါတယ်။ သူက ဂိုဏ်းချုပ်ဆီကနေ တစ်ခုခု ရချင်နေတယ်”
စီးဝူယာ့က မျက်မှောင်အသာကြုတ်လိုက်သည်။
“ရီမျိုးရိုးနဲ့ မိတ်ဆွေတစ်ယောက်လား …”
သူက ခန့်မှန်းမထားသည့် အခြေအနေများကို မုန်းတီးမိသည်။ သူက သူ့ထိန်းချုပ်မှုအတွင်းမှ လွှတ်ထွက်နေသည်ကို မကြိုက်ပေ။
တာဝန်ရှိသူက ထိုမေးခွန်းကြောင့် တုန်ယင်သွားကာ “ သူက ဂိုဏ်းချုပ်ရဲ့ ဇစ်မြစ်နဲ့ စကားဝှက်ကို သိပါတယ်။ သူက အယောင်ဆောင်များလား … ”
“သူက ဘယ်မှာလဲ”
“သူက အဝါရောင်တောင်ထိပ်မှာ ဧည့်သည်အဖြစ် နေနေပါတယ် ”
အမည်မသိအကြောင်းပြချက် တချို့ကြောင့် စီးဝူယာ့ စိတ်ထဲ ဆိုးဆိုးရွားရွား ခံစားမိလာသည်။ အရာအားလုံးက တိုက်ဆိုင်မှုဟု ဆိုရအောင် များလွန်းနေသည်။
ထိုစဉ် စီးဝူယာ့နားထဲ ရင်းနှီးပြီးသား အသံတစ်သံ ပျံ့လွှင့်လာ၏။
“ ချီရှစ်တိ မတွေ့ရတာ ကြာပြီ … ”
…