အခန်း (၂၀၁၃-၂၀၁၄)
Vol. 142 Ch. 2013-2014
အခန်း(၂၀၁၃)
"လခွမ်း.. ဒီကောင်က ဘယ်သူလဲ.. ကျန်းဝူနတ်ဂိုဏ်းက ဝူရှန့်ကျဲကိုတောင် စိန်ခေါ်ရဲတယ်ဟ"
လူတိုင်းက အသက်ပင် မရှူနိုင်အောင် ဖြစ်သွားကြသည်။
ကျန်းဝူနတ်ဂိုဏ်းသည် ကျန်းဝူ ကောင်းကင် နယ်မြေ၏ တစ်ခုတည်းသော နတ်ဘုရင် အဆင့် အင်အားစု ဖြစ်သလို ကျန်းဝူကောင်းကင်နယ်မြေကို လွှမ်းမိုးထားသည့် အဖွဲ့အစည်းလည်း ဖြစ်သည်။
ပြောနေစရာ မလိုလောက်အောင်ပင် ကျန်းဝူကောင်းကင်နယ်မြေ တစ်ခုလုံးတွင် ကျန်းဝူ နတ်ဂိုဏ်းနှင့် ယှဥ်ပြိုင်နိုင်သည့် အရာဟူ၍ မရှိသလောက်ပင်။
ကျန်းဝူ ကောင်းကင်နယ်မြေရှိ ထိပ်တန်း နယ်မြေနတ်ဘုရား အင်အားစုများပင် ကျန်းဝူနတ်ဂိုဏ်းနှင့် ရင်ဆိုင်ရလျှင် နောက်ဆုတ်ရပေလိမ့်မည်။
သူတို့ ရှေ့မှ ဝူရှန့်ကျဲသည် ကျန်းဝူနတ်ဂိုဏ်း၏ နာမည်ကျော် မဟာကောင်းကင် နတ်ဘုရား တစ်ပါး ဖြစ်ပြီး နံဘေးတွင်လည်း ကျန်းဝူနတ်ဂိုဏ်း၏ ကောင်းကင်အရှင် သုံးပါးထဲမှ တစ်ပါး ဖြစ်သည့် ဟွမ်ယွင် ကောင်းကင်အရှင်က အဖော် အဖြစ် ရှိနေသည်။
သို့တိုင် အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် လူငယ်သည် ဝူရှန့်ကျဲကို အလေးထားပုံ မရပေ။
ယင်းက ကိုယ့်သေလမ်းကိုယ်ရှာသည်နှင့် မခြားတော့ချေ။
"မဆင်မခြင်မိုက်မဲလွန်းတာပဲ"
ထာဝရဘုရားကျောင်း၏ အစောင့်က တိတ်တဆိတ် ခေါင်းခါယမ်းလိုက်သည်။
ဝူရှန့်ကျဲသည် ကျန်းဝူနတ်ဂိုဏ်း၏ အဖွဲ့ဝင် ဖြစ်သည်။
ထာဝရဘုရားကျောင်းသည် ကျန်းဝူနတ်ဂိုဏ်းကို စိုးရိမ်စရာ မလိုသော်လည်း မည်သို့ပင်ဆိုစေကာမူ ကျန်းဝူနတ်ဂိုဏ်းသည် နယ်မြေတစ်ခု၏ တာဝန်ခံ နတ်ဘုရင် အဆင့် အင်အားစု ဖြစ်နေသည့် အတွက် ထာဝရဘုရားကျောင်းသည် အလွယ်တကူ ပြဿနာ တက်လိုခြင်း မရှိပေ။
ထို့ကြောင့် ဝူရှန့်ကျဲက ကျန်းချန်၏ ခွဲတမ်းကို အတင်းအဓမ္မ ယူရန် ကြိုးပမ်းနေခြင်းအား ဝင်ရောက် မစွက်ဖက်ဘဲ မျက်စိမှိတ်နေရန် ဆုံးဖြတ်လိုက်သည်။
"ကောင်လေး.. မင်းက မင်းရဲ့ခွဲတမ်းကို မစွန့်လွှတ်ချင်ဘူးကိုး"
ကျန်းချန်၏ မောက်မာသော စကားကို ကြားလျှင် ဝူရှန့်ကျဲ၏ မျက်နှာသည် ရုတ်တရက် အေးစက်သွားခဲ့ပြီး ကျန်းချန်ကို ကြည့်နေသော သူ၏ အကြည့်တွင် ချက်ချင်းပင် သတ်ဖြတ်လိုသော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့၏။
ကျန်းဝူ နတ်ဂိုဏ်းသည် ကျန်းဝူ ကောင်းကင် နယ်မြေတွင် အမြဲတစေ အနိုင်ကျင့် အမိန့်ပေးနိုင်သည့် အစွမ်းသတ္တိ ရှိခဲ့သည်။
ထို့အပြင် သူက ကျန်းဝူနတ်ဂိုဏ်း၏ အထွတ်အထိပ် ပါရမီရှင် အနည်းငယ်ထဲမှ တစ်ဦးလည်း ဖြစ်သည်။
သူက အမြဲတစေ အထက်တန်းလွှာ အဆင့်အတန်းတွင် ရှိခဲ့ပြီး ကျန်းချန် ကဲ့သို့ တစ်စုံတစ်ဦး၏ အထင်သေး စော်ကားခြင်းကို မခံရဖူးပေ။
"ငါက ဘယ်သူလဲမှတ်တယ်.. လောင်မီးဂိုဏ်းရဲ့ သခင်လေး ဟော်ထျန်းယန် ဖြစ်နေတာကိုး"
ဝူရှန့်ကျဲက မထီမဲ့မြင် ပြုံးလိုက်ပြီး ချက်ချင်းပင် အာဏာရှင်ဆန်ဆန် ပြောလိုက်သည်။
"ငါ မင်းနဲ့ စကားအပိုတွေ ပြောမနေချင်ဘူး ဟော်ထျန်းယန်.. ဒီနေ့ ငါ ဝူရှန့်ကျဲက မင်းတို့နှစ်ယောက်ရဲ့ ခွဲတမ်းကို ဆုံးဖြတ်မယ်.. မင်းတို့ ပေးမှာလား မပေးဘူးလား"
ဝူရှန့်ကျဲ၏ မောက်မာသော အမူအရာကို မြင်လိုက်ရလျှင် ဟော်ထျန်းယန်၏ မျက်နှာအမူအရာသည် အလွန်တရာ အကျည်းတန်သွားခဲ့၏။
သူက အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး ထာဝရဘုရားကျောင်း၏ အစောင့်ကို လက်သီးဆုပ်၍ အရိုအသေပေးကာ ပြောလိုက်သည်။
"ကျွန်တော်တို့ နှစ်ယောက်လုံးက ထာဝရဘုရားကျောင်းထဲ ဝင်ဖို့အတွက် အခကြေးငွေ ပေးဆောင်ထားပြီးသားပါ.. ထာဝရဘုရားကျောင်း အနေနဲ့ တရားမျှတမှုကို ထိန်းသိမ်းပေးမယ်လို့ မျှော်လင့်ပါတယ်"
"ငါ မင်းတို့ကြားက ကိစ္စတွေမှာ ဝင်ရောက်စွက်ဖက်မှာ မဟုတ်ဘူး.. မင်းတို့နှစ်ယောက် ထာဝရဘုရားကျောင်းထဲ မဝင်ဖြစ်ရင် ငါ မင်းတို့ရဲ့ ကုန်ကျစရိတ်တွေ အားလုံးကို ပြန်အမ်းပေးမယ်"
ထာဝရဘုရားကျောင်း၏ အစောင့်က ခပ်ပြတ်ပြတ် ပြောလိုက်ပြီး သူ၏ စိတ်ကို ငြိမ်သက်စေရန် ချက်ချင်းပင် မျက်လုံးများကို မှိတ်ထားလိုက်သည်။
ဟော်ထျန်းယန်၏ မျက်နှာက ချက်ချင်းဆိုသလို ဖြူဖျော့သွားခဲ့သည်။
လောင်မီးဂိုဏ်းသည် ကျန်းဝူကောင်းကင်နယ်မြေတွင် အားမနည်းသော်လည်း ကျန်းဝူနတ်ဂိုဏ်း၏ ရှေ့တွင် ပုရွက်ဆိတ်တစ်ကောင် နီးပါးသာ ရှိသည်။
ယခုအခါ ထာဝရဘုရားကျောင်း၏ အစောင့်က ဤကိစ္စတွင် ဝင်ရောက်စွက်ဖက်ရန် ရည်ရွယ်ချက်မရှိသည် ဖြစ်ရာ သူတို့သည် သူတို့၏ ခွဲတမ်း နေရာများကို စွန့်လွှတ်ရပေတော့မည် မဟုတ်ပါလား။
ထို့အပြင် ဝူရှန့်ကျဲကို ကောင်းကင်အရှင် အဆင့်ရှိ ကျင့်ကြံသူ တစ်ဦးက စောင့်ရှောက်ပေးနေ၍ သူတို့သည် ဝူရှန့်ကျဲ၏ ပြိုင်ဘက် လုံးဝ မဟုတ်ပေ။
စင်စစ် ကောင်းကင်အရှင် အဆင့်ရှိ ထိုကျင့်ကြံသူ မပါခဲ့ရင်လျှင်ပင် ဟော်ထျန်းယန်သည် ဝူရှန့်ကျဲကို အလွယ်တကူ စော်ကားရဲမည် မဟုတ်ချေ။
ဝူရှန့်ကျဲ ဒေါသထွက်သွားသည်နှင့် လောင်မီးဂိုဏ်း တစ်ခုလုံး ပျက်စီးသွားမည်ကို စိုးရိမ်ရသည် မဟုတ်ပါလား။
"ကောင်းပြီ.. မင်းကို ထာဝရဘုရားကျောင်းရဲ့ ဝင်ခွင့်ခွဲတမ်း ပေးပါ့မယ်"
ဟော်ထျန်းယန်က သွားများကို အံကြိတ်လိုက်ပြီး နောက်ဆုံးတွင် အရှက်တရားကို သည်းခံကာ ခွဲတမ်းနေရာကို စွန့်လွှတ်ရန် ရွေးချယ်လိုက်သည်။
နတ်ဘုရားနယ်မြေသည် အင်အားကြီးသူကိုသာ အမြဲတမ်းလေးစားပြီး အားနည်းသူကို နင်းခြေသော ကမ္ဘာကြီး ဖြစ်သည်။
ထို့ကြောင့် ကျန်းဝူနတ်ဂိုဏ်းနှင့် ရင်ဆိုင်ရချိန်တွင် ဟော်ထျန်းယန်သည် ခေါင်းငုံ့ရန်သာ ရွေးချယ်ခဲ့ရသည်။
"ညီနောင် ကျန်းချန်.. ဟိုကောင်က ကျန်းဝူနတ်ဂိုဏ်းက မဟာကောင်းကင်နတ်ဘုရား ဝူရှန့်ကျဲပဲ.. သူ့နောက်က ဆံဖြူအဖိုးအိုက ကျန်းဝူနတ်ဂိုဏ်းရဲ့ ကောင်းကင်အရှင် သုံးပါးထဲက တစ်ပါး ဖြစ်တဲ့ ဟွမ်ယွင် ကောင်းကင်အရှင်ပဲ.. ငါတို့တွေ ထာဝရဘုရားကျောင်းထဲ ဝင်ဖို့အတွက် မနက်ဖြန်အထိ စောင့်လိုက်ရအောင်"
ဟော်ထျန်းယန်က ကျန်းချန်ကို ဝူရှန့်ကျဲ၏ အသေးစိတ် အချက်အလက်များအား မသိရှိမည်ကို စိုးရိမ်သောကြောင့် ခပ်တိုးတိုး သတိပေးလိုက်သည်။
သူနှင့် ကျန်းချန်တို့က အချင်းချင်း ခဏမျှသာ သိကျွမ်းရသေးသော်လည်း သူက ကျန်းချန်အပေါ် အလွန်ကောင်းမွန်သော ခံစားချက် ရှိခဲ့ပြီး ကျန်းချန် ဒုက္ခရောက်မည်ကို မလိုလားခဲ့ပေ။
"ဟော်ထျန်းယန်.. မင်း သွားလို့ရပြီ.. ဒါပေမဲ့ ဒီကောင်လေးကတော့ ငါ့ကို ခုနက ရိုင်းရိုင်းစိုင်းစိုင်း ပြောဆိုခဲ့တယ်.. ငါ သူ့ကို ဘယ်လိုလုပ်ပြီး အလွယ်တကူ လွှတ်ပေးနိုင်မှာလဲ"
ဝူရှန့်ကျဲက အေးစက်စက် ပြောလိုက်ပြီး ချက်ချင်းပင် ကျန်းချန်ကို မထီမဲ့မြင် ကြည့်ကာ ပြောလိုက်သည်။
"ဒီခွဲတမ်းနေရာကို လက်လွှဲပြီးရင် ငါ့ကို တောင်းပန်တဲ့အနေနဲ့ မင်းရဲ့ အိမ်မွေးတိရစ္ဆာန်ကို ငါ့ကို ပေးလိုက်.. အဲဒါဆို ငါ မင်းရဲ့အသက်ကို ချမ်းသာပေးမယ်"
"မေဘေးလေး.. မင်းကို ငါ မျိုချလိုက်မယ်ဆိုတာ မင်း ယုံရဲ့လားတော့ မသိဘူး"
လိပ်အိုကြီးက ဝူရှန့်ကျဲ၏ စကားများကို ကြားလျှင် ဒေါသတကြီး ဖြစ်သွားခဲ့သည်။
အလွန်ပင် ပြင်းထန်ပြီး အန္တရာယ်ရှိသော စွမ်းအင်လှိုင်းတစ်ခုသည် သူ၏ ခန္ဓာကိုယ်ကနေ ပျံ့နှံ့သွားခဲ့သည်။
"သခင်လေး သတိထားပါ.. ဒီထူးဆန်းတဲ့ နတ်ရွှေလိပ် သားရဲက မြေကြီးအရှင် အထွတ်အထိပ် အဆင့် ခွန်အားကို ပိုင်ဆိုင်ထားတယ်"
ထိုအချိန်တွင် ဆံဖြူအဖိုးအို၏ မျက်နှာအမူအရာက အနည်းငယ် ပြောင်းလဲသွားပြီး ဝူရှန့်ကျဲ၏ ရှေ့ကနေ မားမားမတ်မတ် ရပ်တည်ရန် ချက်ချင်းပင် ရှေ့ထွက်လာခဲ့သည်။
"နတ်ရွှေလိပ် သွေးကြောပါတဲ့ ဒီနတ်သားရဲကို ငါ ပိုပြီးတောင် စိတ်ဝင်စားလာပြီ"
ဝူရှန့်ကျဲက ပြုံးလိုက်ပြီး သူ၏ လက်ကို ဝှေ့ယမ်းကာ ပြောလိုက်သည်။
"ကောင်းပြီ.. မင်းနဲ့ အပိုစကားတွေ မပြောတော့ဘူး.. မင်း အသက်ရှင်ချင်တယ် ဆိုရင် ဒီနတ်ရွှေလိပ်ကို ထားခဲ့ပြီး ထွက်သွားလိုက်တော့"
ကျန်းချန်က ဝူရှန့်ကျဲ၏ စကားများကို အရေးမလုပ်ဘဲ လက်နှစ်ဖက်ကို ဟန်ပါပါ နောက်ပစ်ကာ ဝင့်ကြွားစွာ ရပ်နေခဲ့သည်။
သူက ဝူရှန့်ကျဲကို စူးစိုက်၍ ကြည့်လိုက်သည်။
"ဟားဟား.. မင်းက မင်းကိုယ်မင်း တော်တော် အထင်ကြီးနေတာပဲ.. ထာဝရဘုရားကျောင်းရဲ့ ဝင်ခွင့်နေရာကို မင်းဆီ ပေးမယ်လို့ ငါ ဘယ်တုန်းက ပြောလိုက်လို့လဲ"
ကျန်းချန်၏ စကားများကို ကြားလျှင် ဝူရှန့်ကျဲသည် ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့၏။
"မင်းက ငါညှာတာပေးနေတာကို နားမလည်ဘူးပဲ"
"ညီနောင်ဟော်ထျန်းယန်.. သူ ခွဲတမ်းနေရာကို ယူလို့ မရစေရဘူး.. ငါနဲ့ အတူ ထာဝရဘုရားကျောင်းထဲ ဝင်ရအောင်"
ကျန်းချန်က ဝူရှန့်ကျဲကို ကြည့်ရန်ပင် စိတ်မဝင်စားတော့ဘဲ ဟော်ထျန်းယန်ကို ပြောလိုက်သည်။
"ကောင်လေး.. မင်း ကိုယ့်သေတွင်း ကိုယ်ရှာနေတာပဲ"
ကျန်းချန်က သူ၏ တည်ရှိမှုကို အလေးမထားကြောင်း မြင်လိုက်ရလျှင် ဝူရှန့်ကျဲသည် ဒေါသတကြီး အော်ဟစ်လိုက်ပြီး ကြောက်မက်ဖွယ် လက်သီးချက်ဖြင့် ကျန်းချန်၏ ဦးခေါင်းကို ရည်ရွယ်ကာ တိုက်ခိုက်လိုက်သည်။
ကျန်းချန်က သူ့ကို လက်သီးဖြင့် ထိုးနှက်လာသော ဝူရှန့်ကျဲ ကို စိတ်အေးလက်အေးဖြင့်သာ စိုက်ကြည့်နေခဲ့ပြီး လှောင်ပြုံးတစ်ချက်သာ ပြုံးလိုက်သည်။
"ဟမ့်.. မဟာကောင်းကင်နတ်ဘုရား အဆင့်က ငါ့ရှေ့မှာ ရမ်းကားရဲတဲ့ သတ္တိကို ဘယ်နေရာကနေ ရလာသလည်း ဆိုတာ ငါ တကယ် နားမလည်တော့ဘူး.. ထွက်သွားစမ်း"
သူ၏ စကားသံဆုံးသည်နှင့် ဝူရှန့်ကျဲ၏ ခန္ဓာကိုယ်က လေထုထဲတွင် တုန်ယင်သွားခဲ့ပြီး ကြိုးပြတ်သွားသော စွန်တစ်ကောင်နှယ် လွင့်စင်သွားခဲ့သည်။
ဤမြင်ကွင်းကြောင့် ထာဝရဘုရားကျောင်း၏ အခြေစိုက်စခန်း အပြင်ဘက်တွင် ချက်ချင်းဆိုသလို တိတ်ဆိတ်သွားခဲ့သည်။
လူတိုင်း၏ မျက်ဝန်းထဲတွင် တုန်လှုပ်ချောက်ချားသောအမူအရာများ ဖုံးဖိမရစွာ ဖြစ်ပေါ်နေခဲ့၏။
အနက်ရောင်ဝတ် လူငယ်သည် ရိုးရှင်းသော ကြုံးဝါးသံဖြင့်ပင် ကျန်းဝူနတ်ဂိုဏ်း၏ မဟာ ကောင်းကင် နတ်ဘုရား အဆင့် ဝူရှန့်ကျဲကို အနိုင်ယူလိုက်သည်။
သူတို့ရှေ့မှ အနက်ရောင်ဝတ် လူငယ်သည် မည်မျှပင် ကြောက်မက်ဖွယ်ရာ ကောင်းသော တည်ရှိမှုမျိုး ဖြစ်ပါသနည်း။
အခန်း(၂၀၁၃) ပြီး၏
အခန်း(၂၀၁၄)
"သခင်လေး"
ဟွမ်ယွင် ကောင်းကင်အရှင်၏ မျက်နှာအမူအရာက ပြောင်းလဲသွားခဲ့ပြီး သူ၏ ခန္ဓာကိုယ်က ချက်ချင်း လင်းလက်သွားကာ ဝူရှန့်ကျဲ၏ ခန္ဓာကိုယ်ကို တည်ငြိမ်စွာ ဖမ်းယူလိုက်သည်။
သူက ဝူရှန့်ကျဲ၏ ရုပ်ပိုင်းဆိုင်ရာ အခြေအနေကို စစ်ဆေးလိုက်ရာ သူ၏ မျက်ဝန်းထဲတွင် မယုံကြည်နိုင်လောက်အောင် အံ့သြ တုန်လှုပ်သော အမူအရာများ ဖုံးဖိမရစွာ ဖြစ်ပေါ်လာခဲ့သည်။
ဝူရှန့်ကျဲက ခွဲတမ်းကို လုယူရန် ပစ်မှတ်ထားစဥ် ဟွမ်ယွင် ကောင်းကင်အရှင်သည် ကျန်းချန်တို့ နှစ်ဦး၏ ခွန်အားကို စောင့်ကြည့် အကဲခတ်ပြီးပြီ ဖြစ်သည်။
နှစ်ဦးစလုံး ကောင်းကင်နတ်ဘုရား အဆင့်တွင်သာ ရှိနေသေးသည်ကို တွေ့ရှိသောကြောင့် သူ သိပ်ဂရုမစိုက်ခဲ့ပေ။
မည်သို့ပင်ဆိုစေကာမူ ဝူရှန့်ကျဲသည် သူတို့ ကျန်းဝူနတ်ဂိုဏ်း၏ မဟာကောင်းကင်နတ်ဘုရား တစ်ပါး ဖြစ်သည်။
ဝူရှန့်ကျဲ၏ တိုက်ခိုက်ရေးစွမ်းအားက မဟာကောင်းကင်နတ်ဘုရား အဆင့်များထဲမှာပင် အစွမ်းထက်ဆုံးများထဲမှ တစ်ယောက်ဟု ဆို၍ရ၏။
ပြောနေစရာ မလိုလောက်အောင်ပင် ကန့်သတ်ချက်ကို နှစ်ကြိမ်တိုင် ချိုးဖျက်ခဲ့သည့် အထွတ်အထိပ် ကောင်းကင် နတ်ဘုရား မှလွဲ၍ ကောင်းကင် နတ်ဘုရား အဆင့်တွင် ဝူရှန့်ကျဲကို ခြိမ်းခြောက်နိုင်သည့်သူ မရှိသလောက်ပင်။
ကျန်းဝူ ကောင်းကင် နယ်မြေတွင် သူတို့ ကျန်းဝူနတ်ဂိုဏ်း တစ်ခုတည်းသာ အထွတ်အထိပ် ကောင်းကင် နတ်ဘုရားကို မွေးထုတ်ထားနိုင်၏။
သို့ဖြစ်ရာ သူတို့ရှေ့မှ ကောင်လေးနှစ်ယောက်သည် ဝူရှန့်ကျဲကို မည်ကဲ့သို့ ခြိမ်းခြောက်နိုင်ပါမည်နည်း။
အတိအကျ ပြောရလျှင် ထိုအကြောင်းကြောင့်ပင် ဝူရှန့်ကျဲ တိုက်ခိုက်သောအခါ၌ ဟွမ်ယွင် ကောင်းကင်အရှင်က ဝင်ပါခဲ့ခြင်း မရှိပေ။
သို့သော်လည်း ဟွမ်ယွင် ကောင်းကင်အရှင်သည် မည်သို့ပင်ဖြစ်စေကာမူ ကမူးရှူးထိုး မလုပ်ခဲ့ပေ။
ဆန့်ကျင်ဘက်မှ အနက်ရောင်ဝတ် လူငယ်သည် အော်ဟစ်လိုက်ရုံဖြင့်ပင် ဝူရှန့်ကျဲကို လွင့်စင်အောင် လုပ်ဆောင်နိုင်ခဲ့ပြီး ထိုအော်ဟစ်သံကြောင့် ဝူရှန့်ကျဲ၏ အတွင်းအင်္ဂါများပင် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။
ထိုကဲ့သို့သော ခွန်အားမျိုးသည် မဟာကောင်းကင်နတ်ဘုရား အဆင့် ကျင့်ကြံသူ ပိုင်ဆိုင်သော ခွန်အားမျိုး လုံးဝ မဟုတ်ပေ။
သူတို့ ကျန်းဝူနတ်ဂိုဏ်း အပြင် ကျန်းဝူကောင်းကင်နယ်မြေတွင် ဒုတိယမြောက် အထွတ်အထိပ် ကောင်းကင် နတ်ဘုရား တစ်ပါး ရှိနေပါသလော။
"မေဘေး.. မင်း ငါ့ကို ထိခိုက်အောင် လုပ်ရဲတယ်.. သေဖို့သာပြင်ထားလိုက်တော့ "
ဝူရှန့်ကျဲ၏ မျက်နှာက ဒေါသကြောင့် အကျည်းတန်နေခဲ့သည်။
သူက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
"အကြီးအကဲ ဟွမ်ယွင်.. သူ့ကို ငါ့အတွက် သတ်ပေးပါ"
"ကောင်လေး.. မင်း ဘာသာ ဘယ်သူပဲဖြစ်ဖြစ် ငါတို့ ကျန်းဝူနတ်ဂိုဏ်းရဲ့ တပည့်ကို ထိခိုက်အောင် လုပ်ခွင့်မပြုနိုင်ဘူး.. သွားသေလိုက်တော့"
ဟွမ်ယွင် ကောင်းကင်အရှင်က ကျန်းချန်ကို အေးစက်စက် စိုက်ကြည့်နေခဲ့သည်။
သူ၏ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်စွမ်းအားများသည် လှိုင်းလုံးများသဖွယ် လျင်မြန်စွာ ပျံ့နှံ့လာခဲ့၏။
ဤအချိန်တွင် ထာဝရဘုရားကျောင်း အခြေစိုက်စခန်း အပြင်ဘက်ရှိ ကမ္ဘာတစ်ခုလုံးသည် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအား တစ်ခု၏ လွှမ်းမိုးမှုအောက်သို့ ရောက်ရှိသွားသည်။
ကမ္ဘာပေါ်ရှိ လူအားလုံးသည် သူတို့၏ ခန္ဓာကိုယ်များက ထိုအင်အားအောက်တွင် အနည်းငယ်မျှပင် လှုပ်ရှား၍ မရနိုင်သည်ကို သတိပြုမိခဲ့ကြသည်။
"ဒါက ကောင်းကင်အရှင် အဆင့် ကျင့်ကြံသူရဲ့ စွမ်းအားလား.. တကယ်ကို ကြောက်စရာကောင်းတာပဲ"
လူတိုင်းက စိတ်နှလုံးထဲတွင် မှတ်ချက်ချလိုက်ကြသည်။
သူတို့က အတော်လေး ထိတ်လန့်တကြား ဖြစ်နေကြ၏။
ကောင်းကင်အရှင်က ဤအချိန်တွင် သူတို့ကို သတ်ပစ်ချင်လျှင် ပုရွက်ဆိတ် တစ်ကောင်ကို သတ်သည်နှင့် မခြားတော့ပေ။
"အဲဒီကောင်လေးတော့ သေတော့မှာပဲ"
လူတိုင်းက ထိုမြင်ကွင်းကို မြင်လိုက်ရလျှင် တိတ်တဆိတ် ခေါင်းခါယမ်းမိကြသည်။
ထိုကောင်လေးသည် စွမ်းအားကြီးမားပြီး မဟာကောင်းကင်နတ်ဘုရား အဆင့် ဝူရှန့်ကျဲကို တစ်ချက်တည်း အော်ဟစ်ရုံဖြင့် အနိုင်ယူနိုင်ခဲ့သော်လည်း မည်သို့ပင်ဆိုစေကာမူ ကောင်းကင်နတ်ဘုရား အဆင့်တွင်သာ ရှိနေသေး၏။
ထိုကောင်လေးက ကောင်းကင်နတ်ဘုရားအဆင့်၏ ကန့်သတ်ချက်ကို သုံးကြိမ် ချိုးဖျက်ခဲ့သည့် သူတော်စင် နတ်ဘုရား မဟုတ်သ၍ ကောင်းကင်အရှင်နှင့် မည်ကဲ့သို့ ယှဥ်ပြိုင်နိုင်ပါမည်နည်း။
ဆိုရလျှင် သူတော်စင် ကောင်းကင်နတ်ဘုရား အဆင့်သည် ကျန်းဝူကောင်းကင်နယ်မြေတွင် ဒဏ္ဍာရီတစ်ခုလို ဖြစ်နေခဲ့သည်မှာ ကြာပြီဖြစ်ပြီး ယခင်က လုံးဝ မပေါ်ပေါက်ခဲ့ဖူးပေ။
"သေစမ်း"
မရေမတွက်နိုင်သော မျက်ဝန်းများ၏ စိုက်ကြည့်မှုအောက်မှာပင် ကောင်းကင်အရှင်သည် လက်ဝါးရိုက်ချက် တစ်ချက်ကို ထုတ်ဖော်လိုက်သည်။
ထိုလက်ဝါးရိုက်ချက်သည် နေရာလွတ်ကို တိုက်ရိုက် ထိုးဖောက်ဝင်ရောက်ကာ ကျန်းချန်ဆီ ဦးတည်လာခဲ့၏။
"ဟားဟား... ကောင်းကင်အရှင် အစောပိုင်း အဆင့် ပုရွက်ဆိတ်ကလေးကများ ငါ့ရှေ့မှာ လေလုံးထွားရဲတယ်"
သူ့ဆီသို့ ဦးတည်လာသည့် ကောင်းကင်အရှင်၏ လက်ဝါးကို ကြည့်ရင်း ကျန်းချန်က မထီမဲ့မြင် ပြုံးလိုက်သည်။
ကောင်းကင်အရှင်၏ စွမ်းအား သက်ရောက်မှုအောက်တွင် သူက လုံးဝ မထိခိုက်ခဲ့သည့် အလားပင်။
သူက လေထဲသို့ ခုန်တက်ကာ လက်ဝါးရိုက်ချက် တစ်ချက်ကို ထုတ်ဖော်လိုက်သည်။
"ဝုန်း"
သာမန်လောက်သာ ထင်ရသော လက်ဝါးရိုက်ချက်သည် ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအားဖြင့် သူ့ဆီသို့ ဦးတည်လာနေသော လက်ဝါးစွမ်းအားကို ချက်ချင်းဆိုသလို ရိုက်ချိုးလိုက်သည်။
တစ်ချိန်တည်းမှာပင် ပတ်ဝန်းကျင်ရှိ ကောင်းကင်နှင့် မြေကြီးကို လွှမ်းမိုးထားသည့် စွမ်းအားသည်လည်း မှန်များ ကွဲထွက်သွားသကဲ့သို့ အဆက်မပြတ် ပေါက်ကွဲသွားခဲ့သည်။
အဆုံးသတ်တွင် ကျန်းချန်၏ လက်ဝါးရိုက်ချက်သည် အရာအားလုံးကို တိုက်ရိုက် ထိုးဖောက်သွားပြီး ကောင်းကင်အရှင်ကို ဖိနှိပ်လိုက်သည်။
"ဝုန်း"
မမြင်နိုင်သော စွမ်းအားသည် ထိုက်စန်းတောင်ကြီး ကဲ့သို့ ကောင်းကင်အရှင်၏ ဦးခေါင်းအထက်ကနေ ဖိချလိုက်သည်။
ဟွမ်ယွင် ကောင်းကင်အရှင်၏ ခွန်အားဖြင့်ပင် ထိုအင်အား၏ ဖိအားအောက်တွင် မြေပြင်ပေါ်သို့ ဒူးထောက်ကျမတတ် ဖြစ်သွားခဲ့၏။
ဟွမ်ယွင် ကောင်းကင်အရှင်က စိတ်နှလုံးထဲတွင် ထိတ်လန့်သွားခဲ့ပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
ထို့နောက်တွင် သူ၏ ဝတ်ရုံတစ်ခုလုံးသည် ချက်ချင်းဆိုသလို ဖောင်းကားလာခဲ့ပြီး ခမ်းနားသော နယ်မြေနတ်ဘုရား မူလရင်းမြစ် စွမ်းအားသည် သူ၏ ခန္ဓာကိုယ်ကနေ ထွက်ပေါ်လာခဲ့ကာ သူ၏ ဦးခေါင်း အထက်တွင် ရွှေရောင်အကာအကွယ် အလွှာ အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
"ကျန်းဝူနတ်ဓား"
ကောင်းကင်အရှင်က အော်ဟစ်လိုက်ရာ သူ၏ လက်ထဲကို ရွှေရောင် ဓားတစ်လက် ရောက်ရှိလာခဲ့သည်။
"ပြိုကွဲစမ်း"
ဟွမ်ယွင် ကောင်းကင်အရှင်က ဓားချက်တစ်ချက်ကို လျှပ်တပြက် ထုတ်ဖော်လိုက်၏။
သို့ရာတွင် ဟွမ်ယွင် ကောင်းကင်အရှင်၏ ဓားချက်က အစွမ်းထက်သော်လည်း ကျန်းချန်၏ လက်ဝါး ရိုက်ချက် စွမ်းအားကို ရင်မဆိုင်နိုင်ခဲ့ပေ။
မျက်တောင်တစ်ခတ် အတွင်း ထိုဓားချက်သည် ကျန်းချန်၏ လက်ဝါး ရိုက်ချက်အောက်တွင် လုံးလုံးလျားလျား ချေမှုန်းခံလိုက်ရသည်။
ထိုမျှနှင့် မပြီးသေးဘဲ ဦးခေါင်းအထက်ရှိ ရွှေရောင်အကာအကွယ် အလွှာသည်လည်း ကျန်းချန်၏ လက်ဝါးရိုက်ချက် စွမ်းအားဖြင့် ကြေမွသွားခဲ့ရသည်။
ချက်ချင်းဆိုသလိုပင် ကြောက်မက်ဖွယ်စွမ်းအားက ကောင်းကင်ကနေ ဖိနှိပ်လာခဲ့ပြီး ဟွမ်ယွင် ကောင်းကင်အရှင်၏ ခန္ဓာကိုယ်ကို မြေပြင်သို့ ဖိချကာ ကျန်းချန်၏ ရှေ့တွင် တိုက်ရိုက် ဒူးထောက်စေခဲ့သည်။
ဤအခိုက်အတန့်တွင် ထာဝရဘုရားကျောင်း၏ အခြေစိုက်စခန်း အပြင်ဘက်သည် တစပြင်နှယ် တိတ်ဆိတ်သွားခဲ့သည်။
ထိုမြင်ကွင်းကို လူတိုင်းက တွေဝေနေသော မျက်နှာများဖြင့် ကြည့်နေကြပြီး မှင်တက်ရာကနေ သတိပြန်ဝင်လာရန် အချိန်အတော်ကြာ ယူခဲ့ရသည်။
ဟွမ်ယွင် ကောင်းကင်အရှင်သည် ကျန်းဝူနတ်ဂိုဏ်း၏ ကောင်းကင်အရှင် အဆင့် ကျင့်ကြံသူ ဖြစ်သည်။
ကျန်းဝူ ကောင်းကင် နယ်မြေ တစ်ခုလုံးတွင် ကောင်းကင်အရှင် အဆင့် ကျင့်ကြံသူ ဆယ်ဦးသာ ရှိသည်။
ယခုအခါ ကျန်းဝူ ကောင်းကင်နယ်မြေ၏ ထိပ်ဆုံးတွင် ရပ်တည်နေသည့် ဤအစွမ်းထက် ကျင့်ကြံသူသည် သူတို့ရှေ့မှ အနက်ရောင်ဝတ် လူငယ်၏ ဖိနှိပ်ခြင်းကို ခံနေရ၏။
လူငယ်က လက်ဝါး ရိုက်ချက် တစ်ချက်ဖြင့်ပင် ကောင်းကင်အရှင်ကို ဖိနှိပ်နိုင်ခဲ့သည့် အပြင် ကျင့်ကြံခြင်း အဆင့်တွင်လည်း ကောင်းကင်နတ်ဘုရား အဆင့်သာ ရှိသေးသည်။
ဤအနက်ရောင်ဝတ် လူငယ်သည် ကောင်းကင်နတ်ဘုရား အဆင့်၏ ကန့်သတ်ချက်ကို သုံးကြိမ် ချိုးဖျက်ခဲ့သည့် သူတော်စင် ကောင်းကင် နတ်ဘုရား တစ်ပါး ဖြစ်နိုင်ပါသလော။
"ဒါ.. ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
ကောင်းကင်အရှင်က ဒေါသတကြီး အော်ဟစ်လိုက်ပြီး သူ့ရှေ့မှ အဖြစ်မှန်ကို လက်မခံနိုင် ဖြစ်နေခဲ့သည်။
သူက ခန္ဓာကိုယ်ကနေ နယ်မြေနတ်ဘုရား စွမ်းအားကို အစွမ်းကုန် ထုတ်ဖော်ကာ ကျန်းချန်၏ လက်ဝါးဖြင့် ဖိနှိပ်မှုကို ဖြိုခွဲရန် ကြိုးစားနေခဲ့သည်။
ဝမ်းနည်းစရာမှာ ကျန်းချန်၏ လက်ရှိ ခွန်အားဖြင့်ဆိုလျှင် ကျပန်း ဝှေ့ယမ်းလိုက်သည့် လက်ဝါး ရိုက်ချက် ဖြစ်နေလျှင်ပင် ကောင်းကင်အရှင် အစောပိုင်း အဆင့်သည် ခုခံနိုင်မည် မဟုတ်ခြင်းပင်။
ကျန်းချန်က အနည်းငယ် အားထပ်ထည့်လိုက်သည်နှင့် ကောင်းကင်အရှင်၏ ခန္ဓာကိုယ် တစ်ခုလုံးမှ အရိုးများက တဖြောက်ဖြောက် မြည်သွားခဲ့ပြီး ဟွမ်ယွင် ကောင်းကင်အရှင်က မြေပြင်ထဲသို့ နက်နက်ရှိုင်းရှိုင်း နစ်ဝင်သွားခဲ့ကာ အနက်ရောင်ကျောက်ပြားများဖြင့် ဖန်တီးထားသော မာကျောသော မြေပြင်တွင် လူပုံသဏ္ဌာန် အရာတစ်ခု ဖြစ်ပေါ်လာခဲ့၏။
ကောင်းကင်အရှင်၏ ဆိုးရွားလှသည့် အသွင်အပြင်ကို မြင်လိုက်ရလျှင် လူတိုင်းသည် ထိတ်လန့်သွားကြပြီး အချိန်အတော်ကြာ စကားမပြောနိုင် ဖြစ်သွားခဲ့ကြသည်။
"သူတော်စင် ကောင်းကင်နတ်ဘုရား ဖြစ်ခဲ့ရင်တောင် ဒီလောက်ထိ အစွမ်းမထက်လောက်ဘူး ထင်တယ်"
အချိန်မည်မျှကြာသွားသည် မသိပေ။
အဆုံးသတ်တွင် တစ်စုံတစ်ယောက်က မယုံကြည်နိုင်စွာ ရေရွတ်လိုက်သည်။
ကောင်းကင်အရှင် အဆင့် ကျင့်ကြံသူသည် ကောင်းကင်နတ်ဘုရား အဆင့် လူငယ်တစ်ဦး၏ လက်ဝါးရိုက်ချက်ဖြင့် မြေပြင်ပေါ်သို့ နစ်ဝင်သွားခဲ့သည်။
ဒဏ္ဍာရီလာ သူတော်စင် ကောင်းကင် နတ်ဘုရား ဖြစ်နေလျှင်ပင် ကောင်းကင်အရှင် အဆင့် ကျင့်ကြံသူကို ဤမျှလောက်အထိ ဖိနှိပ်နိုင်မည် မဟုတ်ပေ။
သူတို့ရှေ့မှ အနက်ရောင်ဝတ် လူငယ်သည် မည်မျှပင် ကြောက်မက်ဖွယ်ရာ ကောင်းသော တည်ရှိမှု ဖြစ်ပါသနည်း။
အခန်း(၂၀၁၄) ပြီး၏