← Chapters

အခန်း (၂၀၁၅-၂၀၁၆)

Vol. 142 Ch. 2015-2016

အခန်း (၂၀၁၅-၂၀၁၆)

Vol. 142 Ch. 2015-2016

အခန်း(၂၀၁၅)

"မဟုတ်ဘူး.. မဖြစ်နိုင်ဘူး.. မင်း.. မင်း ဘယ်သူလဲ"

ဝူရှန့်ကျဲက ဤမြင်ကွင်းကို ထိတ်လန့်တကြား ကြည့်ရင်း မယုံကြည်နိုင်စွာ အော်ဟစ်လိုက်သည်။

ဆန့်ကျင်ဘက်မှ အနက်ရောင်ဝတ် လူငယ်သည် ကောင်းကင်နတ်ဘုရား အဆင့်သာ ဖြစ်ရာ ကောင်းကင်အရှင်ကို မည်ကဲ့သို့ အေးအေးလူလူ ဖိနှိပ်နိုင်ပါမည်နည်း။

ဟွမ်ယွင် ကောင်းကင်အရှင်သည် ကောင်းကင်အရှင် အဆင့် ကို ထိုးဖောက်ဝင်ရောက်ခဲ့သည်မှာ ကြာပြီ ဖြစ်သည်။

၎င်းက ကောင်းကင်အရှင် အစောပိုင်း အဆင့်သာ ဖြစ်သော်လည်း စစ်မှန်သော ကောင်းကင်အရှင် အဆင့် ကျင့်ကြံသူ ဖြစ်သည့်အပြင် ကျန်းဝူ ကောင်းကင်နယ်မြေရှိ ကောင်းကင်အရှင် ဆယ်ပါး စာရင်းထဲတွင် နေရာယူထားသူလည်း ဖြစ်သည်။

ထိုကဲ့သို့ အစွမ်းထက်သည့် ပုဂ္ဂိုလ်တစ်ဦးကို ကောင်းကင်နတ်ဘုရား အဆင့်မှ လူငယ်တစ်ဦးသည် မည်ကဲ့သို့ အလွယ်တကူ ဖိနှိပ်နိုင်ပါသနည်း။

ဒဏ္ဍာရီလာ သူတော်စင် ကောင်းကင် နတ်ဘုရားပင်လျှင် ထိုမျှလောက် ကြောက်မက်ဖွယ်ရာ ကောင်းသော တိုက်ခိုက်ရေးစွမ်းအား ရှိနိုင်လိမ့်မည်ဟု မထင်ပေ။

သူ့ရှေ့မှ အနက်ရောင်ဝတ် လူငယ်သည် ကောင်းကင်နတ်ဘုရား အဆင့်တွင် လုံးဝ မရှိဘဲ ကောင်းကင်နတ်ဘုရား အဆင့် အရှိန်အဝါကို တမင် ဖိနှိပ်ထားသည့် မွန်းစတားအိုကြီး တစ်ဦး ဖြစ်နေပါသလော။

[လက်ဝါးရိုက်ချက် တစ်ချက်ထဲနဲ့ ကောင်းကင်အရှင်ကိုတောင် ဖိနှိပ်လိုက်တယ်လား.. ညီနောင်ကျန်းချန်က တကယ်ကို ကြောက်စရာကောင်းတာပဲ]

ဟော်ထျန်းယန်က မှင်တက်ရာကနေ သတိပြန်ဝင်လာရန်အချိန်အတော်ကြာ ယူခဲ့ရသည်။

ထို့နောက် သူက စိတ်ထဲကနေ တအံ့တသြ ရေရွတ်လိုက်သည်။

အစကတည်းကပင် ဟော်ထျန်းယန်သည် ကျန်းချန်၏ ထူးခြားမှုကို ခံစားမိပြီးသား ဖြစ်သည်။

သို့သော်လည်း ကျန်းချန်၏ ခွန်အားက ဤမျှအထိ ကြောက်မက်ဖွယ်ကောင်းလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။

"မင်း.. မင်းက ကုဟွမ်တောင်မှာ ရွှယ်ကျီကို သတ်ခဲ့တဲ့ သူတော်စင် ကောင်းကင် နတ်ဘုရား ကျန်းချန်ပဲ"

လူတိုင်းက သူတို့ရှေ့မှ မြင်ကွင်းကြောင့် တုန်လှုပ်နေကြစဉ် ကျန်းချန်၏ လက်ဝါးဖြင့် မြေပြင်ပေါ်တွင် ဖိနှိပ်ခံထားရသော ဟွမ်ယွင် ကောင်းကင်အရှင်သည် အဆုံးသတ်၌ တစ်စုံတစ်ခုကို တွေးမိခဲ့ပြီး ထိတ်လန့်သော အမူအရာဖြင့် အော်ဟစ်လိုက်သည်။

ကုဟွမ်တောင်ရှိ ကျန်းချန်နှင့် အရှင်ရွှယ်ကျီ တို့၏ တိုက်ပွဲသည် အတော်လေး ကြီးကျယ်သော တိုက်ပွဲ ဖြစ်ခဲ့သော်လည်း အဓိကအားဖြင့် နန်လင်း နယ်မြေ နှင့် ပတ်ဝန်းကျင် နယ်မြေနှစ်ခုကိုသာ ပျံ့နှံ့ခဲ့ပြီး ကျန်းဝူ ကောင်းကင်နယ်မြေ တစ်ခုလုံးထိ ကျယ်ကျယ်ပြန့်ပြန့် မပျံ့နှံ့သေးပေ။

သို့သော်လည်း ကျန်းဝူနတ်ဂိုဏ်း၏ ကောင်းကင်အရှင် အဆင့် ကျင့်ကြံသူ တစ်ဦး အနေဖြင့် ဟွမ်ယွင် ကောင်းကင်အရှင်သည် ထိုသတင်းကို သဘာဝကျစွာပင် သိရှိခဲ့သည်။

ကျန်းချန်ကို အထင်သေးမိနေခြင်းကြောင့် အစပိုင်းတွင် ဟွမ်ယွင် ကောင်းကင်အရှင်သည် ထိုအကြောင်းကို လုံးဝ မစဉ်းစားခဲ့ခြင်းသာ။

ယခု ကျန်းချန်၏ လက်ဝါးဖြင့် ဖိနှိပ်ခံရသောအခါမှ ဟွမ်ယွင် ကောင်းကင်အရှင်သည် ကျန်းဝူကောင်းကင်နယ်မြေ တွင် ရုတ်တရက် ပေါ်ထွက်လာခဲ့သည့် အလွန်ပင် ပါရမီရှိသော နတ်ဆိုးကို အဆုံးသတ်တွင် တွေးမိသွားခဲ့သည်။

သူ့ရှေ့မှ လူငယ်သည် ကောင်းကင်အရှင်ကိုပင် သတ်နိုင်သော သူတော်စင် ကောင်းကင် နတ်ဘုရား တစ်ပါး ဖြစ်သည်။

ကျန်းချန်က ဟွမ်ယွင် ကောင်းကင်အရှင်ကို ကြည့်၍ ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။

"ကျန်းဝူနတ်ဂိုဏ်းက ကျန်းဝူကောင်းကင်နယ်မြေရဲ့ တစ်ခုတည်းသော နတ်ဘုရင် အဆင့် အင်အားစု ဖြစ်ထိုက်ပါတယ်.. သတင်းရတာ အတော်မြန်တာပဲ"

"မင်းက တကယ်ပဲ ရွှယ်ကျီကို သတ်ခဲ့တဲ့ သူတော်စင် ကောင်းကင် နတ်ဘုရား ဖြစ်နေတာကိုး.. မင်း ဒီလောက်ထိ မောက်မာနေတာ အံ့သြစရာ မဟုတ်တော့ဘူး"

"ဟိတ်ကောင်.. မင်း ဘာသာ ဘယ်သူပဲဖြစ်ဖြစ် မင်းရဲ့ ပါရမီက ဘယ်လောက်ပဲ ထက်မြက်နေပါစေ.. ငါ ဂရုမစိုက်ဘူး.. ငါတို့ ကျန်းဝူနတ်ဂိုဏ်းရှေ့မှာ ရိုင်းရိုင်းစိုင်းစိုင်း လုပ်ဖို့တော့ စိတ်မကူးနဲ့"

"အခြေအနေကို နားလည်ရင် အရှင်ဟွမ်ယွင်ကို ချက်ချင်း လွှတ်ပေးလိုက်.. မဟုတ်ရင် မင်း အသက်ရှင်လျက် ကျန်းဝူကောင်းကင်နယ်မြေ ကနေ မထွက်သွားစေရဖို့ ငါအာမခံတယ်"

ဝူရှန့်ကျဲက ကျန်းချန်ကို ခက်ထန်သော အမူအရာဖြင့် အော်ဟစ်လိုက်သည်။

သူ့ရှေ့မှ ကောင်လေးသည် ပြိုင်ဘက်ကင်း ပါရမီရှင် ဟုပင် ဆို၍ရပြီး ဆန်းကြယ်ကိုးပါး အစီအရင်ဂိုဏ်း၏ ဘိုးဘေး အရှင် ရွှယ်ကျီကိုပင် သတ်ခဲ့သောသူ ဖြစ်၏။

ထို့အပြင် ထိုကောင်လေး၏ ဇာစ်မြစ်သည် အလွန်ပင် လျှို့ဝှက်ဆန်းကြယ်နေခဲ့သည်။

သို့သော်လည်း ဤကျန်းဝူ ကောင်းကင် နယ်မြေသည် သူတို့ ကျန်းဝူနတ်ဂိုဏ်း စိုးမိုးထားသော ကမ္ဘာကြီး ဖြစ်သည်။

သူတော်စင် ကောင်းကင်နတ်ဘုရားက အလွန်တရာ အစွမ်းထက်သော်လည်း သူတို့ ကျန်းဝူနတ်ဂိုဏ်း၏ နယ်မြေတွင် ရိုင်းရိုင်းစိုင်းစိုင်း လုပ်ဆောင်ရန် အရည်အချင်း မပြည့်မီသေးပေ။

"မင်း ငါ့ကို ခြိမ်းခြောက်နေတာလား.. စိတ်မကောင်းပါဘူး.. ငါကျန်းချန် ဘဝမှာ ဘယ်သူကမှ ငါ့ကို ခြိမ်းခြောက်နိုင်ခဲ့တာ မရှိဘူး"

ကျန်းချန်က ဝူရှန့်ကျဲကို အရေးမစိုက်ဟန်ဖြင့် တစ်ချက် ကြည့်လိုက်ပြီးနောက် သူ၏ လက်ဝါးကို ဖိချလိုက်သည်။

"ဖူး"

ကျန်းချန်က လက်ဝါးကို မြေပြင်ပေါ် ဖိချလိုက်သည်နှင့် ဟွမ်ယွင် ကောင်းကင်အရှင်သည် ချက်ချင်းဆိုသလို သွေးမှုန်များအဖြစ် ကြေမွပျက်စီးသွားခဲ့ပြီး စိတ်ဝိညာဉ်ပါ တစ်ခါတည်း ပျက်သုန်းသွားခဲ့သည်။

"ကောင်းကင်အရှင် တစ်ပါးက ဒီလိုပဲ သေသွားပြီလား"

လူတိုင်းက သူတို့ရှေ့မှ မြင်ကွင်းကို တွေဝေစွာ စိုက်ကြည့်နေကြပြီး သူတို့၏ မျက်လုံးကိုပင် မယုံနိုင်လောက်အောင် ဖြစ်နေကြသည်။

ကျန်းချန်က ဝူရှန့်ကျဲ၏ ခြိမ်းခြောက်မှုကို လျစ်လျူရှုကာ ကျန်းဝူနတ်ဂိုဏ်း၏ ကောင်းကင်အရှင်ကို ပေါ်ပေါ်ထင်ထင် သတ်ပစ်လိုက်မည်ဟု မည်သူကမှ မထင်ထားခဲ့ပေ။

"မင်း... မင်း အရှင်ဟွမ်ယွင်ကို သတ်လိုက်တယ်လား"

ဝူရှန့်ကျဲသည် ကျန်းချန်ကို မယုံနိုင်ကြည်နိုင်စွာ ကြည့်နေခဲ့၏။

သူက အလွန်ပင် အံ့သြ ထိတ်လန့်နေခဲ့သည်။

ကျန်းချန်က ကောင်းကင်အရှင်ကိုပင် အနိုင်ယူနိုင်သော သူတော်စင် ကောင်းကင် နတ်ဘုရား ဖြစ်နေလျှင်ပင် သူတို့ ကျန်းဝူနတ်ဂိုဏ်းကို မျက်နှာသာပေးမည်ဟု သူ ထင်ခဲ့သည်။

သို့ရာတွင် မမျှော်လင့်ဘဲ ကျန်းချန်က အနည်းငယ်မျှပင် မျက်နှာသာမပေးဘဲ သူ့ရှေ့မှာပင် ကောင်းကင်အရှင်ကို လက်ဝါးဖြင့် တစ်ခါတည်း ရိုက်သတ်ပစ်လိုက်သည်။

"ဒီလောကမှာ ငါ မသတ်ရဲတဲ့သူ မရှိဘူး.. မင်းလည်း ဒီအဘိုးကြီး နောက်ကို လိုက်ဖို့ ပြင်ထားလိုက်တော့"

စကားဆုံးသည်နှင့် ကျန်းချန်က သူ၏ လက်ချောင်းများကို လှုပ်ရှားလိုက်ရာ တောက်ပသော ဓားစွမ်းအားများသည် ဝူရှန့်ကျဲ ဆီသို့ဦးတည်လာခဲ့သည်။

"ကောင်းတယ်.. သိပ်ကောင်းတယ်"

ဝူရှန့်ကျဲက ဒေါသတကြီး ရေရွတ်လိုက်သည်။

သူ၏ မျက်ဝန်းများက ရုတ်တရက် အေးစက်သွားခဲ့၏။

"ကောင်လေး.. မင်း ကိုယ့်သေလမ်း ကိုယ်ရှာနေမှတော့ ငါမင်းကို ငရဲပို့ပေးမယ်"

ဝူရှန့်ကျဲက စကားပြောနေရင်း ကြောက်မက်ဖွယ် အရှိန်အဝါများ ထုတ်လွှတ်နေသည့် တံဆိပ်ပြားတစ်ခုကို ထုတ်ယူကာ ချက်ချင်းဆိုသလို လက်ဖြင့် ချေမွလိုက်သည်။

တံဆိပ်ပြား ကြေမွသွားသည်နှင့် အမျှ ထူးဆန်းသော နေရာလွတ် စွမ်းအားသည် ကောင်းကင်နှင့် မြေကြီးကြားတွင် ရုတ်တရက် လှိုင်းထန်သွားခဲ့သည်။

မကြာမီမှာပင် မဟာလမ်းစဥ် အရှိန်အဝါကို ထုတ်လွှတ်နေသော ရွှေရောင်ပုံရိပ် တစ်ခုသည် ဝူရှန့်ကျဲ၏ ရှေ့ရှိ လေထုထဲမှ ထွက်ပေါ်လာခဲ့သည်။

ထိုခဏတွင် ကျန်းချန် ထုတ်လွှတ်လိုက်သော ဓားစွမ်းအားများသည် ရွှေရောင်အရိပ်နှင့် မလှမ်းမကမ်းသို့ အရောက်တွင် မမြင်နိုင်သော စွမ်းအားတစ်ခု လက်ချက်ဖြင့် ပျောက်ကွယ်သွားခဲ့သည်။

ကြည့်ရှုနေသူ အများအပြားသည် ရုတ်တရက် ပေါ်ထွက်လာသော ရွှေရောင်ပုံရိပ်ကို မြင်လျှင် အံ့သြ တုန်လှုပ်သွားကြ၏။

"ဒါက မဟာလမ်းစဥ် စွမ်းအားပဲ"

"ကျန်းဝူနတ်ဂိုဏ်း၏ နတ်ဘုရင် ရောက်လာခဲ့ပြီ"

"ဝူရှန့်ကျဲ.. နောက်ဆုံး အခြေအနေကို ရောက်မှ သုံးဖို့ မင်းကို ငါ ထပ်ခါတလဲလဲ မှာခဲ့တယ်.. မင်း ဘာဖြစ်လို့ ငါ့ကို ဒီလာဖို့ ဆင့်ခေါ်လိုက်တာလဲ"

ရွှေရောင်ပုံရိပ်သည် ဝူရှန့်ကျဲကို စူးစိုက် ကြည့်လိုက်သည်။

ကမ္ဘာကိုပင် လွှမ်းမိုးနိုင်သော သူ၏ အသံက လူတိုင်း၏ နားထဲကို ဖြည်းညင်းစွာ ပဲ့တင်ထပ်လာခဲ့၏။

ဝူရှန့်ကျဲသည် ရွှေရောင်ပုံရိပ် ရှေ့တွင် အလျင်အမြန် ဒူးထောက်လိုက်ပြီး ကျန်းချန်ကို လက်ညိုး ညွှန်ပြကာ ခါးသီးသော အမူအရာဖြင့် ပြောလိုက်သည်။

"ခေါင်းဆောင်.. ဒီကောင်က အရှင်ယွမ်ယွင်ကို သတ်ပစ်လိုက်တယ်.. ခေါင်းဆောင် အရှင်ယွမ်ယွင် အတွက် လက်စားချေပေးမှ ဖြစ်မယ်"

ထိုစကားကိုကြားလျှင် ရွှေရောင်ပုံရိပ်၏ မျက်ဝန်းများသည် အနည်းငယ် ကျဉ်းမြောင်းသွားခဲ့ပြီး ကျန်းချန်၏ ခန္ဓာကိုယ်ပေါ်သို့ ရုတ်တရက် ကျရောက်သွားခဲ့၏။

"ကောင်းကင်နတ်ဘုရား အဆင့်နဲ့ ကောင်းကင်အရှင်ကို သတ်နိုင်ပုံထောက်ရင် မင်းက မကြာသေးခင်ကစပြီး ကျန်းဝူကောင်းကင်နယ်မြေမှာ ကျော်ကြားလာတဲ့ ကျန်းချန် မဟုတ်လား"

ရွှေရောင်ပုံရိပ်က ကျန်းချန်ကို မထီမဲ့မြင် ကြည့်ကာ ပြောလိုက်သည်။

"ငါတို့ ကျန်းဝူနတ်ဂိုဏ်းနဲ့ မင်းနဲ့ကြားမှာ ဘာရန်ငြိုးရန်စမှ မရှိဘဲနဲ့ ဘာလို့ ငါတို့ ဂိုဏ်းရဲ့ ကောင်းကင်အရှင်ကို သတ်လိုက်တာလဲ"

ကျန်းချန်က ရုတ်တရက် ထွက်ပေါ်လာသော ရွှေရောင်ပုံရိပ်ကို ကြည့်လိုက်သည်။

သူ၏ အမူအရာက အလွန်ပင် တည်ငြိမ်ပြီး စိတ်အေးလက်အေး ရှိနေခဲ့၏။

"ငါ လူမသတ်ချင်ပါဘူး.. ဒါပေမဲ့ ဒီလောကမှာ ဘယ်လို အသက်ရှင်ရမလဲဆိုတာ နားမလည်တဲ့ လူတချို့ အမြဲရှိတယ်.. မင်းရဲ့ လူတွေက အထူအပါး နားမလည်ဘဲ ငါ့ကို ပြဿနာလာရှာလို့ ငရဲဆီပို့ပေးလိုက်တာပဲ"

"ဟမ့်.. မင်းက ကောင်းကင်အရှင်ကို သတ်နိုင်တဲ့ သူတော်စင် ကောင်းကင် နတ်ဘုရား ဖြစ်တာနဲ့ပဲ ဒီနတ်ဘုရင် ရှေ့မှာ ရမ်းကားလို့ရမယ် မထင်လိုက်နဲ့"

"မင်းက ကျန်းဝူနတ်ဂိုဏ်းရဲ့ ကောင်းကင်အရှင်ကို သတ်ရဲမှတော့ ငါ ဒီနေ့ မင်းကို လုံးဝ အလွှတ်မပေးနိုင်ဘူး"

စကားဆုံးသည်နှင့် ရွှေရောင်ပုံရိပ် ထံကနေ ကြီးကျယ်ခမ်းနားသော မဟာလမ်းစဥ် စွမ်းအား ထွက်ပေါ်လာပြီး ယွမ်ဝူမြို့တော်၏ ကောင်းကင်ယံ တစ်ခုလုံးတွင် ရုတ်တရက် ပြည့်နှက်သွားခဲ့သည်။

ယွမ်ဝူမြို့တော် တစ်ခုလုံးရှိ ကျင့်ကြံသူများသည် ဤကြီးမြတ်သော စွမ်းအားအောက်တွင် ဒူးထောက် ကိုးကွယ်လိုစိတ်များ တဖွားဖွား ဖြစ်ပေါ်နေကြသည်။

အထူးသဖြင့် ထာဝရဘုရားကျောင်း အခြေစိုက်စခန်း အပြင်ဘက်ရှိ ကြည့်ရှုသူ အများအပြားသည် မဟာလမ်းစဥ်၏ ကြောက်မက်ဖွယ်ရာ ကောင်းသော စွမ်းအားကြောင့် အနည်းငယ်မျှပင် မလှုပ်ရှားနိုင်ခဲ့ပေ။

ရွှေရောင်ပုံရိပ်သည် အတွေးတစ်ချက်ဖြင့်ပင် သူတို့ကို လုံးဝ ဖျက်ဆီးပစ်နိုင်ပုံရ၏။

အခန်း(၂၀၁၅) ပြီး၏

အခန်း(၂၀၁၆)

သို့သော်လည်း လူတိုင်းက နတ်ဘုရင်ထံမှ ထွက်ပေါ်လာသော မဟာလမ်းစဥ် စွမ်းအားအောက်တွင် ရုန်းကန်နေရသည့်အချိန်၌ ကျန်းချန်သည် မဟာလမ်းစဥ် စွမ်းအားဖြင့် လုံးဝ မထိခိုက်သည့်အလား လက်နှစ်ဖက်ကို နောက်ပစ်ကာ ဝင့်ကြွားစွာ ရပ်နေခဲ့သည်။

သူက လေထုထဲရှိ ရွှေရောင်ပုံရိပ်ကို မော့ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။

"နတ်ဘုရင်.. မင်း တကယ်ပဲ ငါနဲ့ တိုက်ချင်တယ်ဆိုရင် မင်းရဲ့ ခန္ဓာကိုယ် အစစ်နဲ့ ကိုယ်တိုင် လာခဲ့လိုက်ပါ.. ဒီပုံရိပ်ယောင်ကိုယ်ပွားလောက်နဲ့တော့ မလုံလောက်ဘူး"

ကျန်းချန်က သူ၏ မဟာလမ်းစဥ် စွမ်းအားဖြင့် ဖိနှိပ်ခြင်း မခံရသည်ကို မြင်လျှင် နတ်ဘုရင်သည်လည်း အံ့အားသင့်သွားခဲ့၏။

"မင်းက ဘယ်ဆိုးလို့လဲ...ကောင်းကင်အရှင်ကို သတ်နိုင်တဲ့ သူတော်စင် ကောင်းကင် နတ်ဘုရား ဖြစ်ထိုက်ပါတယ်.. အရည်အချင်း အနည်းငယ်တော့ ရှိသားပဲ"

ကျန်းဝူ နတ်ဘုရင်က ကျန်းချန်ကို မထီမဲ့မြင် ကြည့်လိုက်ပြီး မဲ့ပြုံးပြုံးကာ ပြောလိုက်သည်။

"ဒါပေမဲ့... မင်း ဘယ်လောက်ပဲ အစွမ်းထက်ပါစေ.. မင်းက ကောင်းကင်နတ်ဘုရား အဆင့် မှာပဲ ရှိနေသေးတယ်.. မင်းက ငါနတ်ဘုရင်နဲ့ ယှဥ်ပြိုင်နိုင်မယ်လို့ တကယ်ပဲ ထင်နေတာလား"

"နတ်ဘုရင်.. ဒီနေ့ ကိစ္စတွေ အားလုံးက ဝူရှန့်ကျဲကြောင့် စခဲ့တာပါ"

"ကောင်းကင်အရှင်ကို ကျန်းချန် သတ်ခဲ့တာက သူ့ကိုယ်သူ ကာကွယ်ဖို့ အတွက်ပါပဲ.. နတ်ဘုရင်အနေနဲ့ ခွင့်လွှတ်ပေးဖို့ တောင်းဆိုပါတယ်"

"လောင်မီးဂိုဏ်းက ကျန်းချန်အတွက် ကျန်းဝူနတ်ဂိုဏ်းရဲ့ ဆုံးရှုံးမှုတွေ အားလုံးကို လျော်ကြေးပေးဖို့ ဆန္ဒရှိပါတယ်.. နတ်ဘုရင်က သဘောထားကြီးစွာနဲ့ ညီနောင်ကျန်းချန်ကို အသက် ချမ်းသာပေးဖို့ မျှော်လင့်ပါတယ်"

ဤအချိန်တွင် ဟော်ထျန်းယန်သည် သွားများကို အံကြိတ်ကာ ရှေ့ထွက်၍ ပြောလိုက်သည်။

သူနှင့် ကျန်းချန်တို့က အချင်းချင်း ခဏမျှသာ သိကျွမ်းရသေးသော်လည်း အကြောင်းတစ်ခုခုကြောင့် သူ၏ စိတ်နှလုံးထဲတွင် ကျန်းချန်နှင့် နားမလည်နိုင်လောက်အောင် ရင်းနှီးသလို ခံစားခဲ့ရသည်။

အတိအကျပြောရလျှင် ထိုအကြောင်းကြောင့် သူက နတ်ဘုရင်ကို စော်ကားမိမည့် အန္တရာယ်ကို ရင်ဆိုင်ပြီး ကျန်းချန်ကို ကယ်တင်ရန် ရှေ့ထွက်ခဲ့ခြင်းပင်။

နတ်ဘုရင်က ဟော်ထျန်းယန်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် အရေးမစိုက်ဟန်ဖြင့် ပြောလိုက်သည်။

"ကောင်လေး.. မင်းရဲ့ လောင်မီးဂိုဏ်းကို ဒုက္ခမပေးချင်ရင် ဒီကိစ္စထဲ ဝင်မပါနဲ့"

ကျန်းချန်က အလွန်အမင်း ပါရမီရှိပြီး ယခုအခါတွင် ကောင်းကင်နတ်ဘုရား အဆင့်၏ ကန့်သတ်ချက် သုံးကြိမ်ကို ချိုးဖျက်ခဲ့သော သူတော်စင် ကောင်းကင် နတ်ဘုရား ဖြစ်သည့် အပြင် တိုက်ခိုက်ရေး စွမ်းအားသည်လည်း ကောင်းကင်အရှင် အဆင့် ကျင့်ကြံသူထက်ပင် ပို၍ သာလွန်နေခဲ့သည်။

ထိုကောင်လေးသာ နယ်မြေနတ်ဘုရား အဆင့်ကို ထိုးဖောက်ပြီး ကြယ်သုံးပွင့် အရှင် ဖြစ်လာလျှင် နတ်ဘုရင် အဆင့်နှင့်ပင် ယှဥ်ပြိုင်နိုင်လောက်၏။

ထိုသို့သော ပါရမီရှင် နတ်ဆိုးက ကျန်းဝူနတ်ဂိုဏ်း၏ ရန်သူ ဖြစ်လာနိုင်သည့် အတွက် အမြန်ဆုံး သတ်ပစ်ရပေလိမ့်မည်။

သို့မဟုတ်လျှင် ကျန်းဝူနတ်ဂိုဏ်း အတွက် ကြီးစွာသော ခြိမ်းခြောက်မှု ဖြစ်လာလိမ့်မည် မဟုတ်ပါလား။

လောင်မီးဂိုဏ်းမှ ကောင်လေးတစ်ယောက် မပြောနှင့်၊ လောက်မီးဂိုဏ်း၏ ခေါင်းဆောင် ကိုယ်တိုင် ရောက်လာလျှင်ပင် ယနေ့ ကျန်းချန်ကို သတ်ဖြတ်ခြင်းကနေ တားဆီးနိုင်မည် မဟုတ်ပေ။

နတ်ဘုရင်ထံတွင် ကျန်းချန်ကို အလွှတ်ပေးရန် ရည်ရွယ်ချက်မရှိသည်ကို မြင်လျှင် ဟော်ထျန်းယန်၏ မျက်နှာအမူအရာသည် အနည်းငယ် ပြောင်းလဲသွားခဲ့သည်။

သူက သွားများကို အံကြိတ်လိုက်ပြီး ဆက်လက် စကားပြောရန် ပြင်ဆင်နေချိန်တွင် ကျန်းချန်က ဦးစွာ ပြောလိုက်၏။

"ညီနောင်ဟော်ထျန်းယန်.. နောက်ဆုတ်လိုက်ပါ.. သူ ငါ့ကို မသတ်နိုင်ပါဘူး"

ကျန်းချန်က လက်ကို ဝှေ့ယမ်းပြ၍ ပြောလိုက်ပြီး ချက်ချင်းပင် ဦးခေါင်းကို မော့ကာ ကောင်းကင်ယံရှိ နတ်ဘုရင်ကို ကြည့်၍ မောက်မာစွာ ကြုံးဝါးလိုက်သည်။

"နတ်ဘုရင်...အဓိပ္ပာယ်မရှိတာတွေ ပြောမနေနဲ့တော့.. ဒီနေ့ မင်း ငါ့ကို ဘယ်လို သတ်မလဲဆိုတာ ငါကြည့်ချင်တယ်"

"မင်း နတ်ဘုရင်အဆင့်ကို မရောက်သေးသ၍ ကောင်းကင်နတ်ဘုရား အဆင့်နဲ့ နတ်ဘုရင်အဆင့် ကြားမှာ ကွာဟချက် ဘယ်လောက်တောင် ကြီးမားလဲဆိုတာ မင်း ဘယ်တော့မှ သိနိုင်မှာ မဟုတ်ဘူး"

"မင်းက ကောင်းကင်အရှင်ကို သတ်နိုင်တဲ့ သူတော်စင် ကောင်းကင် နတ်ဘုရား ဖြစ်နေရင်တောင် စစ်မှန်တဲ့ နတ်ဘုရင် ရှေ့မှာ ပုရွက်ဆိတ် တစ်ကောင် သာသာပဲ"

စကားဆုံးသည်နှင့် နတ်ဘုရင်က သူ၏ လက်ညှိုးဖြင့် ကျန်းချန်ကို ချိန်ရွယ်လိုက်သည်။

ဤလက်ညှိုးသည် ယွမ်ဝူမြို့တော် တစ်ခုလုံးကို တုန်လှုပ်စေခဲ့၏။

မရေမတွက်နိုင်သော လူများသည် မဟာလမ်းစဥ်၏ ကြောက်မက်ဖွယ်စွမ်းအားကို ခံစားမိကာ မျက်နှာများ ဖြူဖျော့သွားကြသည်။

အထူးသဖြင့် နတ်ဘုရင်၏ လက်ညှိုးစွမ်းအားကြောင့် ကျန်းချန်၏ ခန္ဓာကိုယ်ပေါ်မှ အဝတ်စသည်ပင် လှုပ်ရှားခြင်း မရှိတော့ပေ။

"သိပ်ကို ကြောက်ဖို့ကောင်းတဲ့ လက်ညှိုးစွမ်းအားပါလား"

ဤအချိန်တွင် ပတ်ဝန်းကျင်ရှိ မရေမတွက်နိုင်သော လူများသည် ထိတ်လန့်တကြား ကြည့်နေခဲ့ကြသည်။

နတ်ဘုရင်အဆင့်၏ စွမ်းအားသည် အမှန်တကယ်ပင် ကြောက်စရာကောင်း၏။

နတ်ဘုရင်သာ သူ၏ စွမ်းအားကို အလွန် တိကျစွာ ထိန်းချုပ်ထားခြင်း မရှိခဲ့လျှင် ဤလက်ညှိုးစွမ်းအားသည် ကျန်းချန်ကိုသာ ဦးတည်ထားသော်လည်း မိုင်တစ်သောင်း ကျယ်ဝန်းသော ယွမ်ဝူမြို့တော်ကို ချက်ချင်းဆိုသလို ကြေမွပျက်စီးသွားစေမည် ဖြစ်သည်။

"နတ်ဘုရင်ကို မစော်ကားသင့်ဘူး.. ကောင်းကင်နတ်ဘုရား အဆင့်နဲ့ နတ်ဘုရင်ကို စော်ကားတာက ကိုယ်သေတွင်းကိုယ်တူးတာပဲ"

လူတိုင်းက တိတ်တဆိတ် ခေါင်းခါယမ်းလိုက်ကြသည်။

ကောင်းကင်နတ်ဘုရား အဆင့် နှင့် နတ်ဘုရင် အဆင့်ကြား ကွာဟချက်သည် ကောင်းကင်နှင့် မြေကြီး၏ ကွာဟချက် ကဲ့သို့ပင် အလွန်တရာ ကြီးမားသည်။

သူတို့ ရှေ့မှ ကောင်လေးသည် ကောင်းကင် နတ်ဘုရား အဆင့်၏ ကန့်သတ်ချက်ကို သုံးကြိမ် ချိုးဖျက်ခဲ့သော သူတော်စင် ကောင်းကင် နတ်ဘုရား ဖြစ်ပြီး ကောင်းကင်အရှင်ကို သတ်နိုင်ခဲ့လျှင်ပင် နတ်ဘုရင်အဆင့်၏ စွမ်းအားရှေ့တွင် မည်သည့် ခုခံမှုကိုမျှ တတ်နိုင်မည် မဟုတ်ပေ။

"ဟားဟား.. ကျန်းချန်.. မင်း ခုနက အရမ်း မောက်မာနေတာ မဟုတ်လား.. ဒါက ငါတို့ ကျန်းဝူနတ်ဂိုဏ်းကို စော်ကားခြင်းရဲ့ အဆုံးသတ်ပဲကွ"

ဝူရှန့်ကျဲက ဝမ်းသာအားရ အမူအရာဖြင့် လှောင်ပြောင် ရယ်မောလိုက်သည်။

ယခုအချိန်ထိ ကျန်းချန်၏ မျက်နှာအမူအရာက တည်ငြိမ်နေပြီး သူ၏ ခန္ဓာကိုယ်က လုံးဝ မလှုပ်ရှားခဲ့ပေ။

ယင်းအချိန်မှာပင် လမ်းစဥ်ဆယ်ပါး၏ စွမ်းအားသည် သူ၏ ခန္ဓာကိုယ်ကနေ လျင်မြန်စွာ ထွက်ပေါ်လာခဲ့ပြီး ပျက်စီးခြင်း ကမ္ဘာ အဖြစ်သို့ ပြောင်းလဲသွားကာ သူနှင့် ဟော်ထျန်းယန် တို့ကို ဖုံးအုပ်လိုက်သည်။

နောက်ထပ် တစ်စက္ကန့်တွင် လူတိုင်းကို တုန်လှုပ်စေသည့် မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာခဲ့၏။

အဆုံးမဲ့ မဟာလမ်းစဥ် စွမ်းအားများ ပါဝင်သော နတ်ဘုရင်၏ လက်ညှိုးသည် ပျက်စီးခြင်းကမ္ဘာ၏ ပိတ်ဆို့မှုကို ခံခဲ့ရပြီး လုံးဝ ရှေ့ဆက်တိုးရန် မဖြစ်နိုင်တော့ပေ။

"နတ်ဘုရင်.. ပုံရိပ်ယောင်ကိုယ်ပွားလောက်နဲ့ ငါ့ကို မယှဥ်နိုင်ဘူးလို့ ငါပြောခဲ့တာ မေ့နေပြီလား"

ကျန်းချန်က ခံစားချက်ကင်းမဲ့သော အမူအရာဖြင့် သူ၏ လက်တစ်ဖက်ကို မြှောက်၍ အသာအယာ ဝှေ့ရမ်းလိုက်ရာ နတ်ဘုရင်၏ လက်ညှိုးစွမ်းအားသည် ချက်ချင်းဆိုသလို ချေမှုန်းခံလိုက်ရသည်။

ဤမယုံကြည်နိုင်စရာ မြင်ကွင်းကို မျက်စိဖြင့် တပ်အပ် မြင်လိုက်ရလျှင် လူတိုင်းသည် တစ္ဆေတစ်ကောင်ကို မြင်လိုက်ရသလို မှင်တက်သွား၏။

နတ်ဘုရင် အဆင့်သည် ကျန်းဝူ ကောင်းကင် နယ်မြေတွင် အမြင့်ဆုံးဖြစ်ပြီး တစ်ပါးတည်းသာ ရှိသည်။

နတ်ဘုရင်က စစ်မှန်သော ခန္ဓာကိုယ်ကို အသုံးမပြုလျှင်ပင် ကျန်းဝူ ကောင်းကင် နယ်မြေ တစ်ခုလုံးကို ဖိအားပေးနိုင်သော တည်ရှိမှု ဖြစ်သည်။

သို့သော်လည်း ကျန်းချန်သည် ကောင်းကင်နတ်ဘုရား အဆင့်ဖြင့်ပင် နတ်ဘုရင်၏ တိုက်ခိုက်မှုကို အေးအေးဆေးဆေး ပိတ်ဆို့နိုင်ခဲ့သည်။

ကောင်းကင်နတ်ဘုရားအဆင့်ကို အသုံးပြု၍ နတ်ဘုရင် အဆင့်၏ စွမ်းအားကို တုံ့ပြန်ခြင်းသည် သူတို့၏ သိမြင်မှုထက် များစွာ ကျော်လွန်နေခဲ့သည်။

"ဒီလောကမှာ ဒီလိုမျိုး ပါရမီရှင်နတ်ဆိုး တစ်ပါး ဘယ်လိုလုပ်ပြီး ရှိနေရတာလဲ"

"ခုနက လမ်းစဥ်ဆယ်ပါးရဲ့ စွမ်းအားကို အသုံးပြုလိုက်တာ ဆိုတော့ မင်းက သူတော်စင် ကောင်းကင် နတ်ဘုရား အဆင့်ရဲ့ အထက်ကိုတောင် ထိုးဖောက်သွားပြီလား.. ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

နတ်ဘုရင်က ကျန်းချန်ကို လေးနက်စွာ စိုက်ကြည့်နေခဲ့၏။

အဆုံးသတ်တွင် သူ၏ မျက်ဝန်းထဲ၌ အံ့သြ တုန်လှုပ်သော အမူအရာများ ဖုံးဖိမရစွာ ဖြစ်ပေါ်နေခဲ့သည်။

ရှေးခေတ်ကာလ ကတည်းက သူတော်စင် ကောင်းကင် နတ်ဘုရား အဆင့်သည် ကောင်းကင်နတ်ဘုရား အဆင့်တွင် ရောက်ရှိနိုင်သည့် အကန့်အသတ် ဖြစ်သည်။

ဤသံမဏိဥပဒေကို ချိုးဖျက်ပြီး သူတော်စင် ကောင်းကင် နတ်ဘုရား အဆင့်ကို ကျော်လွန်သည့် ကျင့်ကြံသူမျိုး မရှိခဲ့ပေ။

ရှေးခေတ်ကာလမှ အထွတ်အထိပ် ပါရမီရှင်များပင် ထိုသို့ မစွမ်းဆောင်နိုင်ခဲ့ချေ။

သူ့ရှေ့မှ အနက်ရောင်ဝတ် လူငယ်က လမ်းစဥ်ဆယ်ပါး၏ စွမ်းအားကို ပိုင်ဆိုင်ထားပြီး ကောင်းကင်နတ်ဘုရား အဆင့်၏ အဆုံးစွန်သော နယ်ပယ်အဆင့်ကို ထိုးဖောက်နိုင်ခဲ့မည်ဟု နတ်ဘုရင် မမျှော်လင့်ခဲ့ပေ။

"ဟားဟား.. ဒီလောကမှာ မဖြစ်နိုင်တာ ဘာမှ မရှိဘူး"

ကျန်းချန်၏ စူးရှသော အကြည့်က နတ်ဘုရင်ကို ဦးတည်ခဲ့သည်။

သူ၏ ရယ်မောသံက ကမ္ဘာတစ်ဝှမ်းတွင် ဖြည်းညင်းစွာ ထွက်ပေါ်လာ၏။

"နတ်ဘုရင်.. မင်းရဲ့ ပုံရိပ်ယောင်ကိုယ်ပွားနဲ့ မလုံလောက်ဘူးလို့ ငါပြောခဲ့သားပဲ.. မင်း တကယ် ငါနဲ့ တိုက်ချင်ရင် ကိုယ်တိုင် လာခဲ့ပါ"

နတ်ဘုရင်က ခဏမျှ တွေဝေနေပြီးမှ ကျန်းချန်ကို ကြည့်လိုက်သည်။

"ငါ ဝူရှန့်ကျဲကို ခေါ်သွားပါရစေ.. ဒါက ဒီနေ့ ကိစ္စရဲ့ အဆုံးသတ်ပဲ.. ဘယ်လိုလဲ"

နတ်ဘုရင်၏ စကားကြောင့် ပတ်ဝန်းကျင်ရှိ လူတိုင်း၏ မျက်ဝန်းများတွင် တုန်လှုပ်ချောက်ချားသော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

ကောင်းကင်နတ်ဘုရား အဆင့်မှ ပုဂ္ဂိုလ်တစ်ဦးသည် နတ်ဘုရင်ကိုပင် အမှန်တကယ် အလျော့ပေးစေခဲ့သည်။

နတ်ဘုရင်ပင် အလျော့ပေးရသည့် ကောင်းကင် နတ်ဘုရား..

ယင်းမှာ မည်မျှပင် ကောင်းကင်ကို ဆန့်ကျင်နေသည့် တည်ရှိမှုနည်း။

အခန်း(၂၀၁၆) ပြီး၏

All Chapters