← Chapters

အခန်း (၂၀၁၇-၂၀၁၈)

Vol. 142 Ch. 2017-2018

အခန်း (၂၀၁၇-၂၀၁၈)

Vol. 142 Ch. 2017-2018

အခန်း(၂၀၁၇)

"ဒီလောကမှာ နတ်ဘုရင်နဲ့ ယှဥ်ပြိုင်နိုင်တဲ့ ကောင်းကင်နတ်ဘုရား ရှိမယ်လို့ ငါ တကယ် မမျှော်လင့်ခဲ့ဘူး.. ဒါက မယုံကြည်နိုင်စရာပဲ"

"နတ်ဘုရင်က လမ်းစဥ်ဆယ်ပါး စွမ်းအားလို့ ခုနက ပြောလိုက်တာ မင်း မကြားလိုက်ဘူးလား.. အဲဒီကောင်လေးက လမ်းစဥ်ဆယ်ပါးရဲ့ စွမ်းအားကို ပိုင်ဆိုင်ထားတဲ့ ကောင်းကင် နတ်ဘုရားပဲ"

"လမ်းစဥ်ဆယ်ပါးရဲ့ စွမ်းအားလား.. ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

သူတို့ရှေ့မှ မြင်ကွင်းကို မြင်လိုက်ရလျှင် လူတိုင်းသည် အံ့သြထိတ်လန့် သွားကြသည်။

ကောင်းကင် နတ်ဘုရားအဆင့်တွင် ဒဏ္ဍာရီလာ ဖြစ်သည့် သူတော်စင် ကောင်းကင် နတ်ဘုရားပင် လမ်းစဥ်ကိုးပါး၏ စွမ်းအားကိုသာ ပိုင်ဆိုင်ကြသည်။

ယင်းက လမ်းစဥ်ဆယ်ပါး၏ စွမ်းအားကို ပိုင်ဆိုင်သော ကောင်းကင်နတ်ဘုရားအဆင့်သည် သူတော်စင် ကောင်းကင် နတ်ဘုရား အဆင့်ထက် ကျော်လွန်နေသည်ဟု ဆိုလိုရာရောက်နေသည် မဟုတ်ပါလား။

ဤအချိန်တွင် ကျန်းချန်က နတ်ဘုရင်ကို စိန်ခေါ်ရန် အဘယ်ကြောင့် သတ္တိရှိနေသည်ကို သူတို့ အဆုံးသတ်တွင် နားလည်သွားကြသည်။

လမ်းစဥ်ကိုးပါး၏ စွမ်းအားကို ပိုင်ဆိုင်သော သူတော်စင် ကောင်းကင် နတ်ဘုရားသည် ကောင်းကင်အရှင် နှင့် နှိုင်းယှဉ်နိုင်လောက်သော အစွမ်းရှိ၏။

ထို့ကြောင့် သူတော်စင် ကောင်းကင် နတ်ဘုရား အဆင့်ကို ကျော်လွန်သော အဆင့်သည် နတ်ဘုရင်အဆင့် ကျင့်ကြံသူ၏ ပုံရိပ်ယောင်ကိုယ်ပွားနှင့် ယှဥ်နိုင်စွမ်း ရှိနေခြင်းပင်။

[ညီနောင်ကျန်းချန်က ဒီလောက်ထိတောင် အစွမ်းထက်တာလား]

ဟော်ထျန်းယန်သည် နတ်ဘုရင်ကို တုန်လှုပ်စေခဲ့သည့် အနက်ရောင်ဝတ် လူငယ်ကို မှင်တက်စွာ စိုက်ကြည့်နေခဲ့ပြီး စိတ်နှလုံးထဲတွင် ခါးသီးစွာ ပြုံးလိုက်သည်။

ဟော်ထျန်းယန်က ကျန်းချန်ကို ထူးခြားသည်ဟု ခံစားခဲ့ရသော်လည်း သူနှင့် အဆင့်တူ ပါရမီရှင် တစ်ဦးမျှသာ ဖြစ်မည်ဟု ထင်မှတ်ခဲ့သည်။

သို့သော် နောက်ဆက်တွဲ ဖြစ်ပျက်ခဲ့သည့် မြင်ကွင်းများသည် ဟော်ထျန်းယန်၏ အမြင်များကို ပြောင်းလဲသွားစေခဲ့၏။

ကျန်းချန်က မဟာကောင်းကင်နတ်ဘုရား ဝူရှန့်ကျဲကို တိုက်ရိုက် အနိုင်ယူလိုက်ပြီး ဟွမ်ယွင် ကောင်းကင်အရှင်ကိုပင် အသာအယာ သတ်ပစ်လိုက်သည်။

ယခု နတ်ဘုရင်၏ ပုံရိပ်ယောင်ကိုယ်ပွားနှင့် ရင်ဆိုင်ရာတွင်လည်း ကျန်းချန်သည် နတ်ဘုရင်ကိုပင် ရှိန်စေသည့် ခွန်အားကို ပြသခဲ့ပြီး နတ်ဘုရင်ကို အလျှော့ပေးရန် ဖိအားပေးနိုင်ခဲ့၏။

ကောင်းကင်နတ်ဘုရား အဆင့်ဖြင့် နတ်ဘုရင်ကို ရင်ဆိုင်နိုင်သည်မှာ မည်မျှပင် အစွမ်းထက်သော တည်ရှိမှုနည်း။

"ကျန်းချန်.. ငါ ဒီကိစ္စကို လျစ်လျူရှုပေးလိုက်တာက မင်းကို မျက်နှာသာပေးလိုက်တာပဲ.. မင်း ကမ်းတက်မလာနဲ့"

ကျန်းချန်က ပြန်မဖြေဘဲ တွေဝေနေသည်ကို မြင်လိုက်ရလျှင် နတ်ဘုရင်၏ အမူအရာသည် လေးနက်သွားခဲ့၏။

လမ်းစဥ်ဆယ်ပါး စွမ်းအားကို ကျွမ်းကျင်သော ကောင်းကင်နတ်ဘုရား အဆင့်သည် ဤလောကတွင် တစ်ခါမျှ ပေါ်ထွက်လာဖူးခြင်း မရှိခဲ့ပေ။

ထိုသို့သော ကောင်းကင်နတ်ဘုရား အဆင့်က မည်မျှ အစွမ်းထက်သည်ကို မသိသော်လည်း သူ၏ ပုံရိပ်ယောင်ကိုယ်ပွားက ကျန်းချန်၏ ပြိုင်ဘက် မဟုတ်မှန်း သူ ကောင်းစွာ သိသည်။

လက်ရှိတွင် သူ၏ မူလခန္ဓာကိုယ်သည် ပြဿနာအချို့နှင့် ကြုံတွေ့နေရ၍ ပေါ်လာနိုင်ခြင်း မရှိသေးပေ။

ထိုအကြောင်းကြောင့်လည်း ကျန်းချန်က ကျန်းဝူနတ်ဂိုဏ်း၏ ကောင်းကင်အရှင် အဆင့် ကျင့်ကြံသူ တစ်ဦးကို သတ်ခဲ့သည့်တိုင် နတ်ဘုရင်က အလျှော့ပေးရန် ရွေးချယ်ခဲ့ခြင်းပင်။

ကျန်းချန်သည် နတ်ဘုရင်ကို အံ့အားသင့်စွာ ကြည့်လိုက်သည်။

နတ်ဘုရင်အဆင့် ကျင့်ကြံသူများသည် ယေဘုယျအားဖြင့် အလွန် မောက်မာပြီး အရာအားလုံးကို အထင်သေးတတ်ကြသည်။

ယနေ့တွင် သူက ကျန်းဝူနတ်ဂိုဏ်း၏ ကောင်းကင်အရှင် အဆင့် ကျင့်ကြံသူတစ်ဦးကို သတ်ဖြတ်ခဲ့သည်။

ထို့ကြောင့် နတ်ဘုရင်က သူနှင့် တိုက်ခိုက်ရန် စစ်မှန်သော ခန္ဓာကိုယ်ကို ထုတ်ဖော်မည်ဟု ထင်ခဲ့သော်လည်း ဤကဲ့သို့ အလျှော့ပေးမည်ဟု မမျှော်လင့်ခဲ့ပေ။

သို့ရာတွင် နတ်ဘုရင်က အလျော့ပေးရန် ရွေးချယ်ခဲ့သည့် အတွက် ကျန်းချန်ကလည်း နတ်ဘုရင်ကို ရန်သူသဖွယ် ဆက်ဆံရန် ရည်ရွယ်ခြင်း မရှိခဲ့ပေ။

သူက ယခုအခါ လမ်းစဥ်ဆယ်ပါး၏ စွမ်းအားကို ပိုင်ဆိုင်ထား၍ သူ၏ တိုက်ခိုက်ရေးစွမ်းအားသည် ကောင်းကင်အရှင် အဆင့် ကျင့်ကြံသူများထက် များစွာ သာလွန်သည်မှာ မှန်သော်လည်း စစ်မှန်သော နတ်ဘုရင် အဆင့် ကျင့်ကြံသူကို အနိုင်ယူနိုင်မည်ဟု မသေချာပေ။

"နတ်ဘုရင်က ဒီမှာပဲ ရပ်တန့်ချင်တယ် ဆိုမှတော့ ကန့်ကွက်စရာ မရှိပါဘူး"

ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်ပြီး နတ်ဘုရင်ကို စိုက်ကြည့်ကာ ပြောလိုက်သည်။

"ဒါပေမဲ့ လောင်မီးဂိုဏ်းကို ထိခိုက်စေတာမျိုး မလုပ်စေချင်ဘူး.. နတ်ဘုရင် နားလည်မယ်လို့ ထင်ပါတယ်"

သူက ဟော်ထျန်းယန်နှင့် မကြာသေးမီကမှ တွေ့ဆုံခဲ့ခြင်း ဖြစ်သော်လည်း ဟော်ထျန်းယန်သည် နတ်ဘုရင်၏ ကြီးမားသော ဖိအားအောက်တွင် ကြားဝင် စေ့စပ်ပေးခဲ့သည်။

ယင်းက ကျန်းချန်က အနည်းငယ် ခံစားရစေခဲ့၏။

ထို့ကြောင့် နတ်ဘုရင်က သူ့အပေါ် ထွက်နေသည့် ဒေါသကို လောင်မီးဂိုဏ်း အပေါ်တွင် ပုံချကာ ဖျက်ဆီးမည့် အဖြစ်မျိုး ကျန်းချန် မဖြစ်စေလိုခဲ့ပေ။

"စိတ်မပူပါနဲ့.. ဒီနတ်ဘုရင်က လောင်မီးဂိုဏ်းလောက်ကို စိတ်မဝင်စားပါဘူး"

နတ်ဘုရင်က လေးနက်စွာ ပြောလိုက်ပြီး ချက်ချင်းပင် လက်တစ်ဖက်ကို ဝှေ့ယမ်းကာ ဝူရှန့်ကျဲကို ဆွဲယူလိုက်ပြီး ယွမ်ဝူမြို့တော်၏ အထက် ကောင်းကင်ယံကနေ လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။

"သွားကြစို့.. ညီနောင်ဟော်"

ယွမ်ဝူမြို့တော်မှ နတ်ဘုရင် ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရလျှင် ကျန်းချန်သည် ဟော်ထျန်းယန်ကို နှုတ်ဆက်လိုက်ပြီး မရေမတွက်နိုင်သေ အကြည့်များအောက်မှာပင် ထာဝရဘုရားကျောင်း၏ အခြေစိုက်စခန်း ဆီသို့ လျှောက်ဝင်သွားခဲ့သည်။

အလွန် လျင်မြန်စွာပင် ကျန်းချန် တို့သည် အခြေစိုက်စခန်းရှိ တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင်မှတစ်ဆင့် ထာဝရဟင်းလင်းပြင်၏ တောင်ဘက်ပင်မဌာနသို့ ရောက်ရှိသွားခဲ့သည်။

တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင် တည်ရှိရာ ရှေးဟောင်းခန်းမထဲကနေ ထွက်လာပြီးနောက်တွင် ကျန်းချန်တို့သည် ကြီးမားသော မြို့တစ်မြို့ကို မြင်လိုက်ရသည်။

ဤမြို့က ထာဝရဘုရားကျောင်း၏ တောင်ဘက်ပင်မဌာနပင် ဖြစ်သည်။

ဤထာဝရဘုရားကျောင်းသည် ကျန်းချန် အရင်က ရောက်ခဲ့သည့် မဟာမြေရိုင်းနယ်မြေ ဌာနခွဲထက် ဆယ်ဆ ပိုမို ကြီးမားသည်။

ကျန်းချန်၏ မျက်ဝန်းများဖြင့် ပတ်ဝန်းကျင်ကို ပထမဆုံးအကြိမ် ဝေ့ကြည့်လိုက်ရာ ဤထာဝရဘုရားကျောင်းတွင် လူအများအပြား သွားလာနေသည့်အပြင် အလွန်အစွမ်းထက်သော ကျင့်ကြံသူများလည်း ရှိနေသည်ကို တွေ့ရှိခဲ့သည်။

ဤနေရာတွင် မဟာကောင်းကင်နတ်ဘုရား နှင့် နယ်မြေနတ်ဘုရားများကို နေရာတိုင်းတွင် တွေ့မြင်နိုင်၏။

ကောင်းကင်အရှင် အဆင့် ကျင့်ကြံသူများလည်း မရှားပေ။

"ဒီထာဝရဘုရားကျောင်းက သာမန် မဟုတ်လောက်ဘူး"

ကျန်းချန်က နှုတ်ကနေ ခပ်တိုးတိုးလေး ညည်းညူလိုက်သည်။

"ထာဝရဘုရားကျောင်းက ထာဝရ ဟင်းလင်းပြင်မှာ တည်ထောင်ထားတဲ့ လျှို့ဝှက် အင်အားစု ဖြစ်ပြီး မရေမတွက်နိုင်တဲ့ လက်အောက်ခံ ဌာနခွဲတွေ ရှိကြတယ်.. နတ်ကုန်းမြေတိုက်ရဲ့ ထောင့်လေးထောင့်မှာ ရှိတဲ့ ထာဝရဟင်းလင်းပြင်မှာ ထာဝရဘုရားကျောင်းရဲ့ ပင်မဌာန လေးခု ရှိတယ်"

"ဒီထာဝရဘုရားကျောင်းက ပင်မဌာနလေးခုထဲက တစ်ခုဖြစ်တဲ့ တောင်ဘက်ပင်မဌာန ဖြစ်ပြီး ခွန်အားက နတ်ဘုရင်အဆင့် အင်အားစုထက် မနိမ့်ကျဘူး"

"အထူးသဖြင့် မကြာမီ ကျင်းပတော့မယ့် ထာဝရ မဟာပွဲတော်မှာ ထာဝရဘုရားကျောင်းရဲ့ ဒေသအသီးသီးက ဌာနခွဲတွေ ပါဝင်မဲ့ အပြင် မရေမတွက်နိုင်တဲ့ ကျင့်ကြံသူတွေပါ ဆင်နွှဲကြလိမ့်မယ်.. နတ်ကုန်းမြေတိုက်က အရည်အချင်းရှိပြီး အစွမ်းထက်တဲ့ ကျင့်ကြံသူတွေတောင် ရောက်လာနိုင်တယ်"

ဟော်ထျန်းယန်က ပြုံးရွှင်စွာ ရှင်းပြခဲ့သည်။

ကျန်းချန်က ခေါင်းညိတ်လိုက်သည်။

"သွားကြစို့.. အရင်ဆုံး နေစရာနေရာ ရှာကြမယ်"

မူလက ကျန်းချန်သည် ဤထာဝရ မဟာပွဲတော်ကို အလွန်အမင်း စိတ်မဝင်စားဘဲ တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင်မှတစ်ဆင့် နတ်ကုန်းမြေတိုက်သို့ တိုက်ရိုက် သွားရန်သာ စီစဉ်ထားခဲ့သည်။

နတ်ကုန်းမြေတိုက်သို့ တိုက်ရိုက် တည်နေရာ ရွှေ့ပြောင်းသည့် အစီအရင်ကို အမြင့်ဆုံး ထာဝရ တံဆိပ်ပြား ကိုင်ဆောင်ထားသူများသာ အသုံးပြုခွင့် ရှိသည်။

ကျန်းချန်တွင် ယခု ရွေးချယ်စရာ နှစ်ခုသာ ရှိသည်။

ယင်းမှာ ထာဝရဘုရားကျောင်း၏ အမြင့်ဆုံး ထာဝရ တံဆိပ်ပြားကို ရယူရန် နည်းလမ်းရှာခြင်း သို့မဟုတ် သူကိုယ်တိုင် ထာဝရ ဟင်းလင်းပြင်ကို ဖြတ်ကျော်ရန် ဖြစ်သည်။

ထို့ကြောင့် ကျန်းချန်သည် ထာဝရဘုရားကျောင်းတွင် ယာယီနေထိုင်ရန် ရည်ရွယ်ခဲ့၏။

သူ့အနေဖြင့် အမြင့်ဆုံး ထာဝရ တံဆိပ်ပြားကို ရနိုင်လျှင်မူ အကောင်းဆုံး ဖြစ်သည်။

အကယ်၍ အမြင့်ဆုံး ထာဝရ တံဆိပ်ပြားကို မရနိုင်လျှင်လည်း ဤထာဝရဘုရားကျောင်းတွင် အဆင့်မြင့် ထာဝရဟင်းလင်းပြင်လှေကို တည်ဆောက်နိုင်မည် ဖြစ်ပြီး ထိုလှေဖြင့် သူက ထာဝရ ဟင်းလင်းပြင်ကို လွယ်ကူစွာ ဖြတ်ကျော်နိုင်မည် ဖြစ်၏။

ထာဝရဘုရားကျောင်းတွင် ယာယီ နေထိုင်ရန် ဆုံးဖြတ်ပြီးနောက်တွင် ကျန်းချန်က ထာဝရ မဟာ ပွဲတော်ကို ကြည့်ရန် ဆုံးဖြတ်လိုက်သည်။

ကျန်းချန်တို့ နှစ်ဦးနှင့် လိပ်အိုကြီး တစ်ကောင်သည် တည်းခိုနိုင်မည့် နေရာကို ရှာဖွေခဲ့ရာ အဆုံးသတ်တွင် လူများ ပြည့်နှက်နေသည်ကို တွေ့ရှိခဲ့ရ၏။

ယင်းက သူတို့၏ စိတ်ကူးထားသည်ထက်ပင် လုံးဝ ကျော်လွန်နေခဲ့သည်။

သူတို့ စုံစမ်းခဲ့သော နေရာများစွာသည် ဧည့်သည်များဖြင့် ပြည့်နှက်နေခဲ့သည်။

ဤသို့ဖြင့် ကျန်းချန်တို့အဖွဲ့သည် ထာဝရဘုရားကျောင်းတွင် နေစရာနေရာ ရှာမတွေ့နိုင်လောက်အောင် ဖြစ်နေခဲ့၏။

"ညီနောင်ကျန်းချန်.. ထာဝရဘုရားကျောင်းမှာ အခုဆိုရင် လူတွေ ပြည့်နေပြီ.. ဒီအတိုင်းဆို ငါတို့ အတွက် နေစရာနေရာ ရှာဖို့ဆိုတာ လုံးဝ မဖြစ်နိုင်သလောက်ပဲ"

ဟော်ထျန်းယန်က အနည်းငယ် စဉ်းစားပြီးမှ ပြောလိုက်သည်။

"နေစရာနေရာ ရှာဖို့အတွက် နည်းလမ်းတစ်ခုပဲ ရှိတော့တယ်လို့ ငါထင်တယ်"

အခန်း(၂၀၁၇) ပြီး၏။

အခန်း(၂၀၁၈)

"ဖြေရှင်းနည်း ရှိတယ်လား"

ကျန်းချန်က ဟော်ထျန်းယန်၏ စကားကို ကြားလိုက်ရလျှင် ဟော်ထျန်းယန်ကို စိတ်ဝင်တစား ကြည့်လိုက်သည်။

"ထာဝရ မဟာပွဲတော်က တကယ်တော့ ထာဝရဘုရားကျောင်းရဲ့ လက်အောက်ခံ ဌာနခွဲတွေကို အကဲဖြတ်တဲ့ ပွဲတော်ပဲ"

"အခုချိန်မှာ ထာဝရဘုရားကျောင်းရဲ့ ဌာနခွဲတိုင်းက ထာဝရ မဟာပွဲတော်မှာ ကောင်းမွန်တဲ့ ရလဒ်တွေ ရဖို့အတွက် ထိပ်တန်း ပါရမီရှင် အချို့ကို ဆွဲဆောင်စည်းရုံးနေကြတယ်"

"ငါတို့က ထာဝရဘုရားကျောင်းရဲ့ လက်အောက်ခံ ဌာနခွဲ အင်အားစု တစ်ခုခုကို ရှာပြီး သူတို့ကို အကူအညီပေးနိုင်မယ် ဆိုရင် အခမဲ့ နေစရာ ရရှိနိုင်မဲ့အပြင် တန်ဖိုးရှိတဲ့ ဆုလာဘ်တွေပါ ရနိုင်တယ်"

ဟော်ထျန်းယန်က အသေအချာ ရှင်းပြခဲ့သည်။

ဤတစ်ကြိမ်တွင် ဟော်ထျန်းယန်သည် ထာဝရမဟာပွဲတော်တွင် အတွေ့အကြုံယူရန် ရောက်ရှိလာခြင်း ဖြစ်ပြီး အစကတည်းကပင် ပြိုင်ပွဲဝင်ရန် အစီအစဉ် ရှိခဲ့သည်။

ကျန်းချန်သာ မရှိခဲ့လျှင် သူက သင့်လျော်သော ထာဝရဘုရားကျောင်း၏ လက်အောက်ခံ ဌာနခွဲကို ရှာဖွေပူးပေါင်းရန် တိုက်ရိုက် သွားရောက်ခဲ့လိမ့်မည် ဖြစ်၏။

"ထာဝရ မဟာ ပွဲတော်မှာ ပါဝင်လိုက်ရင် ထာဝရဘုရားကျောင်းရဲ့ အဖွဲ့ဝင် စည်းမျဥ်းတွေကို လိုက်နာရတော့မှာပေါ့"

ကျန်းချန်က အနည်းငယ် ညည်းညူလိုက်သည်။

"စိတ်မပူပါနဲ့.. အဲဒီလို မရှိပါဘူး"

"ထာဝရမဟာပွဲတော်ကို အတွေ့အကြုံယူဖို့ ရောက်လာကြတဲ့ ပါရမီရှင်တွေက အရည်အချင်း အမျိုးမျိုး ရှိကြပြီး အများစုက နတ်ကုန်းမြေတိုက်ကနေ လာတဲ့ ထိပ်တန်း ကျင့်ကြံသူတွေပဲ"

ဟော်ထျန်းယန်က ခပ်ယဲ့ယဲ့ ပြုံးကာ ပြောလိုက်သည်။

"ထာဝရဘုရားကျောင်းရဲ့ အဓိကရည်ရွယ်ချက်က ထာဝရမဟာပွဲတော်ကို ပိုပြီး စည်စည်ကားကား ဖြစ်စေဖို့ပါပဲ"

ကျန်းချန်က ခေါင်းညိတ်လိုက်သည်။

"ဒါဆိုရင် ငါတို့ ဌာနခွဲ အင်အားစု တစ်ခုခုကို ရှာပြီး ပူးပေါင်းကြတာပေါ့"

ထာဝရဘုရားကျောင်းသည် အခြားနေရာများလို မဟုတ်ဘဲ နေစရာနေရာ ရှာမတွေ့လျှင် ဤနေရာတွင် နေထိုင်ရန် အလွန် ဒုက္ခရောက်လိမ့်မည် ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ သူတို့သည် ထာဝရဘုရားကျောင်းတွင် ဦးစွာ ခြေကုပ်ယူရလိမ့်မည် မဟုတ်ပါလား။

ထာဝရဘုရားကျောင်းတွင် ပင်မခန်းမ လေးခုရှိပြီး ကျန်းချန်တို့ ရောက်ရှိနေသော တောင်ပိုင်းပင်မခန်းမသည် ထာဝရဟင်းလင်းပြင်၏ တောင်ဘက်ရှိ ထာဝရဘုရားကျောင်း လက်အောက်ခံ ဌာနခွဲခန်းမ အားလုံးကို အမိန့်ပေးနိုင်၏။

တောင်ပိုင်းပင်မခန်းမတွင် ကျင်းပသည့် ထာဝရ မဟာပွဲတော်သို့ ထာဝရ ဟင်းလင်းပြင် တောင်ဘက်ရှိ ဌာနခွဲများ အားလုံး ပါဝင်ဆင်နွှဲရန် လာရောက်ကြမည် ဖြစ်သည်။

ကျန်းချန်တို့က အနည်းငယ် စုံစမ်းကြည့်လိုက်ရာ မကြာမီမှာပင် ထာဝရဘုရားကျောင်း၏ ဗဟိုရှိ သီးခြား ခြံဝင်းများစွာ ရှိသော ဧရိယာ တစ်ခုသို့ ရောက်ရှိလာခဲ့သည်။

ထိုဧရိယာသည် ထာဝရဘုရားကျောင်း၏ လက်အောက်ခံ ဌာနခွဲ ခန်းမများ အတွက် ပြင်ဆင်ပေးထားသော နေရာ ဖြစ်သည်။

ဌာနခွဲခန်းမများ၏ ရှေ့တွင် တစ်ထောင်မီတာ အရွယ်အစားရှိ လေးထောင့်ပုံစံ ကျောက်ပြား ဆိုင်းဘုတ် တစ်ခုစီ ရှိကြ၏။

ကျန်းချန်က အကဲခတ် ကြည့်လိုက်ရာ လူအများအပြားသည်ဆိုင်းဘုတ်နားတွင် ရပ်နေကြသည်ကို တွေ့ရှိခဲ့သည်။

ဌာနခွဲ ခန်းမများ၏ ဆိုင်းဘုတ်ပေါ်တွင် ဌာနခွဲနှင့် ပူးပေါင်းရန် လိုအပ်သည့် အခြေအနေတချို့ကို ရေးထားသည်။

သံသယဖြစ်စရာ မလိုလောက်အောင်ပင် ဤလူများသည် ထာဝရဘုရားကျောင်း၏ ဌာနခွဲခန်းမများမှ ဖြစ်ပြီး ထာဝရ မဟာပွဲတော် အတွက် အကူအညီပေးမည့် သင့်လျော်သော ပါရမီရှင်များကို ရှာဖွေနေကြ၏။

"ညီနောင်ကျန်းချန်.. အကူအညီရှာနေတဲ့ ဌာနခွဲ ခန်းမတွေက အများကြီး ကျန်သေးတယ်.. ငါတို့ ဘယ်ဌာနခွဲ ခန်းမနဲ့ ပူးပေါင်းကြမလဲ"

ဟော်ထျန်းယန်က အနည်းငယ် အကဲခတ် ကြည့်လိုက်ပြီးနောက် ကျန်းချန်ကို မေးမြန်းလိုက်၏။

ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။

"ငါတို့ အရင်ဆုံး လျောက်ပတ်ကြည့်မယ်.. ငါတို့ အကူအညီကို လိုအပ်တဲ့ ဌာနခွဲ ရှိနေမလား ဆိုတာ ကြည့်ကြတာပေါ့"

တကယ်တမ်းတွင် ထာဝရဘုရားကျောင်း၏ မည်သည့် ဌာနခွဲ ခန်းမနှင့် ပူးပေါင်းသည်ဖြစ်စေ ကျန်းချန် အတွက် အရေးမကြီးပေ။

မည်သို့ပင်ဆိုစေ သူ ဤနေရာသို့ လာရခြင်း၏ အဓိက ရည်ရွယ်ချက်မှာ အခမဲ့ နေထိုင်ခွင့် ရရှိရန်သာ ဖြစ်သည်။

ဟော်ထျန်းယန်သည်လည်း ထိုအကြောင်းကို အများကြီး မပြောခဲ့ပေ။

သူက ကျန်းချန် နှင့် နတ်ဘုရင် ပုံရိပ်ယောင်ကိုယ်ပွား၏ တိုက်ပွဲကို သူ၏ မျက်စိဖြင့် ကိုယ်တိုင် မြင်တွေ့ခဲ့ရသဖြင့် ကျန်းချန်၏ ခွန်အားက မည်မျှ ကြောက်မက်ဖွယ်ရာကောင်းသည်ကို မည်သူ့ထက်မဆို ပို၍ သိခဲ့သည်။

ဆိုရလျှင် မည်သူမဆို ထာဝရ မဟာ ပွဲတော်တွင် ပါဝင်ရန် ကျန်းချန်ကို ဖိတ်ကြားနိုင်လျှင် ၎င်းတို့အတွက် ဂုဏ်ယူစရာပင် ဖြစ်သည်။

ကျန်းချန်တို့က အေးအေးဆေးဆေး လှည့်လည်သွားလာခဲ့ကြပြီး မကြာမီမှာပင် ထာဝရဘုရားကျောင်း၏ ဌာနခွဲ ခန်းမမှ လူအချို့သည် သူတို့ဆီသို့ ရောက်ရှိလာခဲ့သည်။

သို့သော်လည်း ဤလူများ၏ ရည်ရွယ်ချက်မှာ မဟာကောင်းကင်နတ်ဘုရား ဖြစ်သော ဟော်ထျန်းယန်ကို ရည်ရွယ်ထားသည်မှာ ထင်ရှားပြီး ကျန်းချန်နှင့် ပတ်သက်၍မူ လုံးဝ လျစ်လျူရှုထားခဲ့သည်။

ယခုအခါတွင် ကျန်းချန်သည် သူတော်စင် ကောင်းကင်နတ်ဘုရား အဆင့်ကို ကျော်လွန်၍ အဆင့် ထိုးဖောက်သွားခဲ့ပြီ ဖြစ်၏။

ဤသည်မှာ ကောင်းကင်နတ်ဘုရား အဆင့်တွင် တစ်ခါမျှ မပေါ်ပေါက်ဖူးသော အသစ်စက်စက် အဆင့် တစ်ခု ဆိုလည်းမမှားပေ။

လမ်းစဥ်ဆယ်မျိုး၏ စွမ်းအားကို မထုတ်ဖော်သ၍ နတ်ဘုရင်အဆင့် ကျင့်ကြံသူ ပင်လျှင် သူ၏ စစ်မှန်သော ခွန်အားကို အလွယ်တကူ မြင်နိုင်မည် မဟုတ်ချေ။

ထာဝရဘုရားကျောင်း ဌာနခွဲခန်းမရှိ လူများထဲတွင် အစွမ်းအထက်ဆုံးသူမှာ ကောင်းကင်အရှင် မျှသာ ဖြစ်ရာ သာမန်ဟုသာ ထင်ရသည့် ကျန်းချန်က နတ်ဘုရင်ကိုပင် အလျော့ပေးစေသည်အထိ ကောင်းကင်ကိုပင် ဆန့်ကျင်နေသော ပါရမီရှင် ဖြစ်မည်ဟု မည်ကဲ့သို့ သိနိုင်ပါမည်နည်း။

ထာဝရဘုရားကျောင်းမှ လူများ၏ အမြင်က အတော်နုံချာသည်ကို မြင်လိုက်ရလျှင် ဟော်ထျန်းယန်သည် ငြင်းပယ်လိုက်ရုံသာမက သူ၏ နှလုံးသားထဲတွင်လည်း တိတ်တဆိတ် သက်ပြင်းချလိုက်သည်။

ဤလူများသည် ၎င်းတို့ လွဲချော်သွားခဲ့သည့် ပါရမီရှင်က မည်မျှအထိ အစွမ်းထက်မှန်း ဘယ်တော့မှ သိနိုင်မည် မဟုတ်ပေ။

ဆိုရလျှင် ကျန်းချန် ရှိနေသရွေ့ ထာဝရမဟာပွဲတော်တွင် ဗိုလ်စွဲရန်ပင် မခက်ခဲချေ။

"ညီနောင်ကျန်းချန်.. မင်းရဲ့ အရှိန်အဝါကို ဒီလိုပဲ ဖုံးကွယ်ထားရင် မင်းကို ဖိတ်ကြားမယ့် ထာဝရဘုရားကျောင်း ဌာနခွဲခန်းမတွေ တစ်ခုမှ ရှိမှာ မဟုတ်ဘူး ထင်တယ်"

ခဏအကြာတွင် ဟော်ထျန်းယန်သည် အဆုံးသတ်၌ မတတ်သာတော့ဘဲ ပြောလိုက်သည်။

ထာဝရ မဟာ ပွဲတော်တွင် ဌာနခွဲခန်းမများမှ ပါဝင်ယှဥ်ပြိုင်ခွင့် ရသည့် နေရာ အရေအတွက်ကို ကန့်သတ်ထား၏။

ထို့ကြောင့် ထာဝရဘုရားကျောင်း၏ ဌာနခွဲ တာဝန်ခံများသည် ထာဝရ မဟာပွဲတော်တွင် ကောင်းမွန်သော အဆင့်တစ်ခု ရရှိရန် အတွက် အကူအညီများကို ဖိတ်ကြားရာတွင် အလွန် သတိထားကြသည်။

ကျန်းချန်က သူ၏ ခွန်အားကို တစ်ခါမျှ မပြသသည်ကို အသာထား၊ တစ်စုံတစ်ယောက်က ကျန်းချန်၏ ထူးခြားမှုကို ရံဖန်ရံခါ မြင်တွေ့ခဲ့သည့်တိုင် အလွယ်တကူ ဖိတ်ကြားရဲမည် မဟုတ်ပေ။

"အလျင်မလိုပါနဲ့.. အခြေအနေကို ကြည့်ပြီး လုပ်ကြတာပေါ့"

ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။

သူ၏ မျက်ဝန်းများက ထာဝရဘုရားကျောင်း လက်အောက်ခံ ဌာနခွဲခန်းမများမှ လူများကို ဆက်လက် အကဲခတ်နေပြီး တစ်စုံတစ်ရာကို ရှာဖွေနေသည့်အလား ဖြစ်နေခဲ့၏။

ခဏအကြာတွင် ကျန်းချန်၏ အကြည့်သည် ညာဘက်ရှိ ထောင့်တစ်နေရာတွင် အဆုံးသတ်၌ ရပ်တန့်သွားခဲ့သည်။

"နောက်ဆုံးတော့ ရှာတွေ့ပြီ"

ကျန်းချန်က ရွှေရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည့် သူနှင့် ရင်းနှီးသော အဘိုးအို တစ်ဦးကို ကြည့်လိုက်သည်။

သူ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့၏။

ရွှေရောင်ဝတ်ရုံ ဝတ်ဆင်ထားသည့် အဘိုးအိုသည် တခြားသူ မဟုတ်ပေ။

ထာဝရဘုရားကျောင်း၏ မဟာမြေရိုင်း ဌာနခွဲခန်းမ အကြီးအကဲချုပ် ရှချန်း ဖြစ်သည်။

ထာဝရ ဟင်းလင်းပြင် တောင်ဘက်ရှိ ဌာနခွဲ ခန်းမများ အားလုံး ထာဝရ မဟာပွဲတော်တွင် ပါဝင်ရန် လာရောက်မည်ဟု ကျန်းချန် သိသိချင်း မဟာမြေရိုင်းနယ်မြေရှိ ထိုဌာနခွဲ ခန်းမသည်လည်း ထာဝရမဟာပွဲတော်တွင် ပါဝင်ရန် ရောက်လာလောက်သည်ဟု သူ တွေးမိခဲ့သည်။

မဟာမြေရိုင်းနယ်မြေ ဌာနခွဲခန်းမသည် သူ့ကို ရွှေရောင် ထာဝရ တံဆိပ်ပြား တစ်ခု ပေးအပ်ခဲ့ဖူးပြီး မဟာမြေရိုင်း ဌာနခွဲ ခန်းမ၏ အဆင့်မြင့်ဧည့်သည် အဖြစ် သတ်မှတ်ခဲ့သည်။

ထို့ကြောင့် မဟာမြေရိုင်းနယ်မြေ ဌာနခွဲ ခန်းမသာ ထာဝရမဟာပွဲတော်တွင် ပါဝင်ရန် ရောက်ရှိလာလျှင် ၎င်းတို့ကို အကူအညီပေးခြင်းသည် ပို၍ သင့်တော်လိမ့်မည် မဟုတ်ပါလား။

ဤ​အကြောင်းကြောင့်ပင် ကျန်းချန်သည် ထာဝရဘုရားကျောင်း၏ မည်သည့် လက်အောက်ခံ ဌာနခွဲနှင့်မျှ ပူးပေါင်းရန် စိတ်မဝင်စားဘဲ မဟာမြေရိုင်းနယ်မြေ ဌာနခွဲ ခန်းမကို ရှာဖွေနေခဲ့ခြင်းပင်။

"ရှချန်း.. မင်း လက်လျှော့လိုက်သင့်ပြီလို့ ငါ ထင်တယ်"

"မင်းရဲ့ မဟာမြေရိုင်းနယ်မြေ ဌာနခွဲ ခန်းမမှာ ပါရမီရှင်တွေ လုံးဝ မရှိဘူး.. ဒါ့အပြင် ဒီထာဝရ မဟာပွဲတော်မှာ မင်းတို့ ဌာနခွဲကို ကူညီပေးမယ့် ပါရမီရှင်တွေ ရှာတွေ့ဖို့ ဆိုတာက ပိုပြီးတောင် မဖြစ်နိုင်တဲ့ကိစ္စပဲ"

"ဒီတစ်ကြိမ် ထာဝရ မဟာပွဲတော်မှာ မင်းတို့ မဟာမြေရိုင်းနယ်မြေ ဌာနခွဲ ခန်းမက ဘိတ်ချီး ဖြစ်ဖို့ ကံကြမ္မာ ပါနေခဲ့ပြီ"

ကျန်းချန်က ရှချန်းကို ကြည့်နေစဉ်မှာပင် မထီမဲ့မြင် ပြောင်လှောင်သံ တစ်သံက ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

ကျန်းချန်က အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့ပြီး အသံလာရာ ဆီသို့ ကြည့်လိုက်ရာ အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည့် အဘိုးအို တစ်ဦးက ရှချန်းအား လှောင်ပြုံးဖြင့် စိုက်ကြည့်နေသည်ကို တွေ့ရှိခဲ့သည်။

ထိုအဘိုးအို၏ မျက်နှာတွင် မထီမဲ့မြင် အမူအရာများ ပြည့်နှက်နေခဲ့၏။

ရှချန်းက အေးစက်စက် ရေရွတ်လိုက်သည်။

"ဝူတ.. မင်း ကိုယ့်ကိစ္စကိုသာ ဂရုစိုက်စမ်းပါ.. ငါတို့ မဟာမြေရိုင်းနယ်မြေ ဌာနခွဲခန်းမရဲ့ ကိစ္စမှာ မင်း ဝင်ရောက် စွက်ဖက်စရာ ဘာအကြောင်းမှ မရှိဘူး"

အခန်း(၂၀၁၈) ပြီး၏

All Chapters